သီတဂူစတား

သီတဂူစတား
Showing posts with label သြ၀ါဒ. Show all posts
Showing posts with label သြ၀ါဒ. Show all posts

03 June 2016

သီတဂူဆရာတော် တက္ကသိုလ်များတွေ့ဆုံပွဲ မိန့်ခွန်း (၂)

သီတဂူဆရာတော် တက္ကသိုလ်များတွေ့ဆုံပွဲ မိန့်ခွန်း (၂)
***************

၁-၆-၂၀၁၆ နေ့ မနက်ပိုင်းက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) တွင် ကျင်းပသော မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်များ တွေ့ဆုံပွဲတွင် သီတဂူဆရာတော်ကြီး မိန့်ကြားတော်မူသော သြ၀ါဒ အပိုင်း (၂) နောက်ဆုံးပိုင်းကို တင်လိုက်ပါပြီ။

သာသနာပြုရာဝယ် ကြည်ညိုခြင်းနဲ့ ချစ်ခြင်း
+++++++++++
 ကိုရင်နိဂြောဓ နန်းတော်ရဲ့ ရှေ့ရောက်လာတယ်၊ ဘုရင်ကြီးမြင်တာနဲ့ ဘာဖြစ်တာလဲ၊ သာမဏေရေ စိတ္တံ ပသီဒိ၊ ပေမံ သဏ္ဌဟိ၊ အရှင်ဘုရားများ နှစ်လုံး ပသီဒိနှင့် ပေမ၊ ကြည်ညိုခြင်းနဲ့ ချစ်ခြင်း၊ Missionary လုပ်ငန်းမှာ မင်းတို့ရဲ့ ချစ်ခြင်း ကြည်ညိုခြင်းကို ရအောင်လုပ်ဖို့ အရေးကြီးတယ်၊ တိုင်းသူပြည်သားတွေရဲ့ ချစ်ခြင်း ကြည်ညိုခြင်းကို ရအောင်လုပ်ဖို့ အရေးကြီးတယ်၊ မင်းနှင့် ပြည်သူတို့ရဲ့ ချစ်ခြင်း ကြည်ညိုခြင်း မရရင်၊ မင်းနှင့်ပြည်သူတို့ရဲ့ အဲဒါ ဆန့်ကျင်ဘက်ပြောရင်တော့ စကားလုံးက နဲနဲမြင့်သွားမှာစိုးလို့ လျှော့ထားတာ၊ ချစ်ခြင်း ကြည်ညိုခြင်းမရရင် ဘာရမလဲနော်၊ ရချင်တာရမယ်၊ အဲဒီနှစ်ခုသာ မရရင် ဘယ်လုပ်ငန်းမှ အောင်မြင်ဖို့ မလွယ်ဘူး။ အဲဒါကြောင့် အရှင်ဘုရားများ မင်းနှင့်ပြည်သူတို့ရဲ့ ချစ်ခြင်းနှင့် ကြည်ညိုခြင်းကိုလည်း ရအောင် မိမိတို့ကိုယ်တိုင်ကိုလည်းပဲ ဆုံးမတော်မူကြပါ၊ တပည့်များကိုလည်း ဆုံးမပေးတော်မူကြပါဆိုတာလည်း တပည့်တော် လျှောက်ထားပါတယ်။
နိဂြောဓသာမဏေ ၀တ္ထုမှာလာခဲ့တဲ့ Missionary Method. အဲတော့ တပည့်တော်တို့ ရှိနေတဲ့ စာတွေ ပိဋကတ်တွေ တပည့်တော် အသုံးချဖို့ လိုတယ်။ အဲဒါကြောင့် သင်ကြားပို့ချတဲ့အခါမှာ apply ဖြစ်အောင် သင်ပေးဖို့၊ လူနဲ့တစ်ထပ်တည်းကျအောင် သင်ပြပေးဖို့ တပည့်တော်တို့ လိုလိမ့်မယ်။
ဟဲ့-အမတ်တွေ ကိုရင် ပင့်ခဲ့၊ နန်းတော်ပေါက်ရောက်ပြီ၊ ကိုရင် တော်မည့်နေရာ ကြည့်ထိုင်၊ ဂျိန်းတွေကို ပင့်တဲ့အတိုင်း၊ ဘာသာရေးခံယူချက် ဘာမှ မရှိဘူး၊ ချစ်တာနဲ့ ကြည်ညိုတာ ဒါပဲရှိတာ၊ တော်မည့်နေရာ ကြည့်ထိုင်ဆိုတော့ ကိုရင်က ဘယ်တက်ထိုင်လဲ၊ သိတော်မူကြတယ်၊ ရာဇပလ္လင်ပေါ် တက်ထိုင်တယ်မဟုတ်လား၊ အဲဒါပဲ။ မတော်တဲ့နေရာ သွားနေကြရင် မတော်တဲ့နေရာ သွားထိုင်ရင် ဘာဖြစ်မလဲ အသောကလို ပုဂ္ဂိုလ်မျိုး ဘယ်တော့မှ မရဘူး။
ဒီကနေ့ တိုင်းပြည်မှာ အငယ်တွေ ခက်များများ တော်ရာမှာ မနေချင်ကြဘူး၊ မတော်တဲ့နေရာတွေမှာ ရောက်နေကြတာ တော်တော်များတယ်။ အားလုံး မင်းနှင့်ပြည်သူတို့၏ ချစ်ခြင်း ကြည်ညိုခြင်း ရအောင် ကိုယ်နဲ့တော်တဲ့ ကိုယ့်နေရာလေးမှာ သတင်းသုံးပြီးတော့ ဗုဒ္ဓရဲ့အဆုံးအမကို နှလုံးသွင်းတော်မူကြပါဆိုတာ ဒီကနေ့ ဒီနေရာကနေ ကြွရောက်လာကြတဲ့ ညီတော်များကိုရော၊ တပြည်လုံးရှိကြတဲ့ ညီတော် နောင်တော်များကိုရော၊ အားလုံး တပည့်တော် လေးလေးနက် နှလုံးသားထဲကနေ လျှောက်ထားပါတယ်။ မတော်တဲ့နေရာတွေမှာ ရောက်ရောက်နေတဲ့အတွက်ကြောင့် လုပ်ငန်းတွေမှာ အဖုအထစ်တွေ အများကြီးရှိတယ်။ တော်တဲ့ နေရာမှာ နေကြပါလို့။

နိဂြောဓလို စွမ်းရည် သာသနာမှာ လိုအပ်
++++++++++++
ရာဇပလ္လင်ပေါ်မှာထိုင်နေတဲ့ ကိုရင်ကို အသောက က Do you have anything learning in Buddha Dispensation? ဗုဒ္ဓသာသနာမှာ သင်ထားတာ ရှိသလား၊ ဘယ်နှယ်လုပ်မလဲ၊ တယ်လီဖုန်းချည်းပွတ်နေလို့ မဖြစ်ဘူး၊ ကွန်ပြူတာချည်း လက်ဆယ်ချောင်းနဲ့ နှိပ်နေလို့ မပြီးဘူးလေ၊ သင်ထားတာ ရှိလားတဲ့။ အဲဒီလို မင်းမျိုးက အဲဒီလိုမေးခဲ့ရင် ဘာဖြေမလဲ၊ တပည့်တော်တို့ တက္ကသိုလ်၊ အကယ်ဒမီ၊ ကောလိပ်က သံဃာတော်တွေကို အဲဒီလိုမင်းမျိုးနဲ့ တွေ့ရင် ဖြေနိုင်အောင် သင်ပေးဖို့လိုပါတယ်။
Yes I have learned a lot?  အကုန်သင်ပြီးပြီ၊ ဒါဆိုလို့ရှိရင် Do you practices in Buddha’s dispensation? ဗုဒ္ဓသာသနာမှာ ကျင့်ကော ကျင့်ရဲ့လား၊ ဒီ မေးခွန်းက ပိုခက်တယ်၊ သင်ပြီးတော့ ကျင့်ရဲ့လား၊ Yes I have practiced. အကုန်ကျင့်ပြီးပြီ၊ ဘုရင်ကြီးက ကိုရင်ငယ်ကို စာမေးပွဲစစ်နေတာ၊ အင်တာဗျူးလုပ်နေတာ၊ အင်တာဗျူးတွေက ရံခါမှာ အတော်ခက်တယ်၊ ရံခါကျတော့လည်း အင်တာဗျူးက အမြင်ကတ်ဖို့ကောင်းတယ်၊ ဒီဘုရင်အင်တာဗျူး မအောင်ရင် ဒီကနေ့ တပည့်တို့ ဒီသာသနာ မရဘူး၊ အသောကရဲ့ အင်တာဗျူး ကိုရင်လေး မအောင်ခဲ့ရင် တပည့်တော်တို့ နိုင်ငံ သာသနာ မရဘူး။ ကွင်းဆက်က အဲဒီလိုရှိတယ်၊ Do you know anything about Buddha’s teachings? Yes I know everything. အကုန်သိတယ်၊ သိရင် ဟောဘုရား၊ ဘာဟောလဲ၊ “အပ္ပမာဒေါ အမတံ ပဒံ ပမာဒေါ မစ္စုနော ပဒံ၊ အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ”။ အပ္ပမာဒေါ အမတံ ပဒံ- Mindfulness is way to deathless. မင်းကြီး သတိနဲ့နေ မသေဘူး။ ဟာ- သူလည်းပညာတတ်ပဲ နားလည်သွားတယ်၊ ဘ၀ဆိုတာ သတိနဲ့ထိန်းထားရတယ်၊ သတိ အထိန်းအကွတ်လွတ်ရင် ဘ၀ဟာ သေပြီ၊ Heedlessness is way to death. သတိကင်းရင်တော့ သေပြီ၊ ဒါပဲ၊ ဘုရင်ကြီးက ဘာပြောလဲ၊ ကိုတော် တော်ပြီ ဒီလောက်ပဲပေါ့၊ ဟ-ငါသင်တာထားတာ အများကြီးပဲ ဆက်ဟောအုံးမယ်၊ မနက်ဖန် ဟောဖို့ ချန်ထားပါအုံး။ ကိုင်း အရှင်ဘုရားများ အလားအလာတွေ ကောင်းသွားပြီမဟုတ်လား၊ အလားအလာကောင်းအောင် ဆောင်ရွက်တော်မူကြပါ။

 မနက်ဖန်အတွက် အလားအလာ ကောင်းအောင် ဒီကနေ့ ဆောင်ရွက်တော်မူကြပါ၊ မနက်ဖန်အတွက် ချန်ထားပါအုံးဆိုတော့ မနက်ဖန် နန်းတော်ထဲ ပြန်ကြွဖို့ သေချာသွားပြီ၊ အဲဒီတော့ ကိုရင်ကို ဘာလုပ်လဲ၊ ဆွမ်း ၈ အုပ်၊ ငါ မစားဘူး ငါ့ ဥပဇ္ဈာယ်ပေးလိုက်မယ်၊ နောက်ထက် ၈ အုပ်၊ ငါ့ရဲ့ စာချဆရာ ဓမ္မာစရိယတွေကို ပေးလိုက်မယ်၊ နောက်ထက် ၈ အုပ် လှူသေးတယ်၊ ငါ မစားဘူး သံဃာ လှူမယ်၊ ၈ အုပ် ၈ အုပ်ဆွမ်းအုပ် သုံးလီ ဆွမ်းတွေ ရတယ်၊ မထမ ၈ အုပ်က ဥပဇ္ဈာယ်လှူတယ်၊ ဒုတိယဆွမ်းအုပ်က ဓမ္မာစရိယ စာချဘုန်းကြီးတွေကို လှူတယ်၊ တတိယဆွမ်း ၈ အုပ်က သံဃာလှူတယ်၊ ဝေငှပြီး စားတာ၊ ဝေစားတာ၊ ကိုယ်ရတာလေး ကိုယ့်အိပ်ထဲချည်း ကြိတ်ပြီးထည့်မထားကြနဲ့၊ ဝေပေး၊ တပည့်တော်တို့ သံဃာ့လောကက ဝေနိုင်ဖို့ သိပ်အရေးကြီးတယ်၊ ဘိက္ခုဆရာတော်ကြီး နာရဒက ရေးတယ်လေ၊ Buddhism in a Nutshell ဆိုတဲ့ စာအုပ်ထဲမှာ ပါတယ်၊ အဲဒီစာအုပ်ကို ငယ်ငယ်ကထဲက ဖတ်တာ၊ အခုထိဖတ်တုန်းပဲ၊ တပည့်တော်ရဲ့ အကယ်ဒမီသုံးခုစလုံးမှာ မသင်မနေရ ကျမ်းစာအဖြစ်နဲ့ ဒီကနေ့အထိ ပြထာန်းထားတယ်၊ ဘယ်တော့မှလည်း ဖြုတ်မှာမဟုတ်ဘူး၊ Missionary အတွက် ကောင်းလွန်းလို့။

လွန်ခဲ့တဲ့ နှစ်ရက်က ချူလာလောင်ကွန်း၊ မဟာချူလာလောင်ကွန်း ရာဇ ၀ိဇ္ဇာလျ မဟုတ်ဘူး၊ ချူလာလောင်ကွန် လူ တက္ကသိုလ်က ပါမောက္ခတစ်ယောက်က တပည့်တော်ဆီလာ ဟိုမေး ဒီမေးနဲ့ အတော်များတယ်၊ ဗုဒ္ဓဘာသာဆိုတာ ဘာလဲ၊  ဒါလေးနှစ်လုံး ပြောလိုက်တယ်၊ Buddhism is democratically constituted- ဗုဒ္ဓသာသနာဟာ ဒီမိုကရေစီနည်းကျကျ ဖွဲ့စည်းတည်ဆောက်ထားတာ၊ တပည့်တော်တို့ ရဟန်းငယ်တွေကို များများကြီး သင်ပေးပါ၊ Buddhism is communically contributed- ကွန်မြူနစ်တွေလိုပဲ ဘုံဆိုင်လေ၊ ပစ္စည်းတွေကို တစ်ကိုယ်ကောင်း တစ်ယောက်ကောင်း စုပုံပြီးတော့ ကျက်သရေခန်းထဲ လှောင်ထားတာ ဒီလိုမဟုတ်ဘူး၊ ဘာလုပ်လဲ၊ ဝေစားတာ၊ အဲဒါကြောင့် ကိုရင်နိဂြောဓက ဝေပေးလိုက်တာ။ အဲဒါကြောင့် တက္ကသိုလ် ကောလိပ်ထောင် သံဃာတော် အရှင်မြတ်များတို့ ရရင် တပည့်တွေကို များများကြီး ဝေပေးကြပါ။ စည်းရုံးရေးမှာ ဝေပေးခြင်းဟာ အလွန်အောင်မြင်တဲ့ နည်းစနစ်တစ်ခု ဖြစ်ပါတယ်။

မနက်ဖန်ခါ ဆွမ်းအုပ်က နောက်ထက် သူ့ ၈ အုပ်လှူလိုက်တော့ ၈x၄=၃၂ အုပ်ဖြစ်သွားတာ၊ ကိုရင်နိဂြောဓ ခေါင်းဆောင် မနက်ဖန် ၃၂ ပါး ကြွ၊ သဘက်ခါ ၆၄ ပါးကြွ၊ တိုအောင်ချုံးလိုက်၊ နန်းတော်ထဲ သံဃာ ၆ သောင်းဝင်သွားပြီ၊ ဂျိန်း ၆ သောင်းစားနေတဲ့ ရွှေနန်းတော် ထေရ၀ါဒသံဃာတော် ၆ သောင်း ၀င်စားတာ၊ အော်--ဘယ်လောက် အံ့သြစရာကောင်းလဲ၊ အဲဒီလို ကိုရင်မျိုးကို ဘယ်သူမွေးလဲ၊ ဆွမ်းခံသွားရင်း ညောင်ပင်အောက် ကစားနေတဲ့ ကလေးတွေထဲက ကောက်မွေးတာနော် အရှင်ဝရုဏ။ အရှင်ဝရုဏထုံး နှလုံမူပြီးတော့ ဆောင်ရွက်တော်မူကြပါ။ သံဃာ ၆ သောင်းလဲ ပြည့်ရော ဂျိန်းဘုန်းကြီး ၆ သောင်းဘာဖြစ်သွားလဲ၊ တံခါးပိတ် နန်းတော်ထဲမလာနဲ့၊ အဲဒါကြောင့် အားလုံးသော ညီတော်များ၊ တက္ကသိုလ် ကောလိပ် အသီးအသီး တည်ထောင်တော်မူကြသော အရှင်ဘုရားများ တပည့်တော်တို့ရဲ့  Missionary training မှ ချစ်ခြင်းနှင့် ကြည်ညိုခြင်း၊ မင်းနှင့်ပြည်သူ နှစ်ဦးသားတို့ရဲ့ ချင်ခင်ကြည်ညိုမှုနဲ့ စိတ်ကြည်နူးမှုကို ရအောင် အဓိကထား ဆောင်ရွက်တော်မူကြပါဆိုတဲ့အကြောင်း ဒီ ၀တ္ထုဖြင့် တပည့်တော် တင်ပြလျှောက်ထားပါတယ်။

Harvard University ကို တည်ထောင်သူ
+++++++++++++
တက္ကသိုလ်နှင့် ကောလိပ်အသီးအသီး ထောင်ကြတဲ့နေရာမှာ တပည့်တော် ခက်ငယ်ငယ်ကထဲက စိတ်ဝင်စားတာ၊ ဒါပေမဲ့ စိတ်ဝင်စားတာတွေ မဖြစ်တာ အများကြီးပဲ၊ တက္ကသိုလ် ကောလိပ်တစ်ခုခု ငယ်ငယ်ကထဲက ကျောင်းတက်ချင်တာ၊ ဘယ်တက္ကသိုလ်မှ တပည့်တော် ကျောင်းသားအဖြစ်နဲ့ ကျောင်းမတက်ခဲ့ရဘူး၊ ကမ္ဘာအရပ်ရပ်ထင်ရှားတဲ့ တက္ကသိုလ်ကြီးတွေ အမေရိကတို့ အင်္ဂလန်တို့ရောက်သွားရင် သွားသွားကြည့်တယ်၊ သမိုင်းတွေကို လေ့လာတယ်၊ အမေရိကန်ပြည်ထောင်စု Massachusetts ပြည်နယ် Cambridge မြို့က Harvard University. Harvard Universityကို ၁၆၃၆ ဒီကနေ့ အဲဒီတက္ကသိုလ် သက်တမ်းဟာ ၃၈၀နှစ်ရှိသွားပြီ ကမ္ဘာမှာ အအိုဆုံးနဲ့ အသက်ကြီးဆုံးတက္ကသိုလ်၊ ဘယ်သူထောင်သွားလဲ ဘုန်းကြီးထောင်သွားတာ၊ ဗုဒ္ဓဘာသာဘုန်းကြီးတော့ မဟုတ်ဘူး၊ အဲဒီတက္ကသိုလ်ရဲ့နာမည်ကိုက တည်ထောင်တဲ့ ဘုန်းကြီးရဲနာမည်၊ Harvard, John Harvard, အင်္ဂလန် Cambridge တက္ကသိုလ်က ဘီအေ လောက်ပဲ အောင်ခဲ့တယ်၊ Puritan Minister- ၀ိနည်းစည်းကမ်း အလွန်လေ့လာပြီးတော့ အနေအထိုင် သိပ်ပြီးတော့ တင်းတင်းကျပ်ကျပ်နေတတ်တဲ့ ဘုန်းကြီး၊ မိဘနှစ်ပါးက နွားကုန်သည်မျိုး၊ နို့ထွက်ပစ္စည်းများနဲ့ အသက်မွေးတဲ့မျိုး၊ ကုန်အောင်ပြောရရင် အမဲသားတောင် ရောင်းတဲ့အမျိုးထဲက Puritan Clergy တစ်ယောက်ဖွားမြောက်တယ်နော်၊ အိုင်ထဲက ထွက်လာတဲ့ ကြာဟာ ရေမျက်နှာပြင်ပေါ် တက်ပြီးပြီဆိုတာနဲ့ ရွှံ့လဲမရှိဘူး ရေလဲမစိုဘူး၊ ဘုန်းကြီးတစ်ပါး၊ နွားသတ်ရောင်းတဲ့ အမျိုးထဲကနေမွေးတယ်၊ ၁၆၀၇ ခုနှစ်မှာ အမေရိကန် Massachusetts ကိုရောက်တယ်၊ သူ့မျာ ပေါင်စတာလင် ၃၇၀၊ စာအုပ် ၇၀၀ လောက်ပါတယ်၊ မြေကြီးလေး ၀ယ်ပြီးတော့ Divinity School ဆိုတာ ထောင်တယ်။ church သေးသေးလေးလုပ်ပြီးတော့ ကလေးတွေ စာပြတာ၊ သုံးနှစ်ပဲနေလိုက်ရတယ်၊ ကွယ်လွန်သွားတယ်၊ မကွယ်လွန်မီ သူ့ရှိတဲ့ ပေါင်စတာလင် ၃၇၀နှင့် စာအုပ် ၇၀၀ကို သူသေသွားတဲ့အခါ စာအုပ်တွေကို Library ထဲ ထည့် Harvard Library. အဲဒီပိုက်ဆံနဲ့ သူ့ခြံ တက္ကသိုလ်တည်ထောင်ဖို့ ပေးပါတယ်ဆိုပြီးတော့ လူကြီးတွေ ကော်မတီဖွဲ့အပ်ပြီးတော့ ကွယ်လွန်သွားရှာတယ်။

ငါ ဘာယူသွားမလဲ
+++++++++++
 သူတည်ထောင်သွားတဲ့ တက္ကသိုလ်၊ ခရစ်ယာန်ဘုန်းတော်ကြီးကြီး Puritan Clergy ဘုန်းတော်ကြီးတစ်ပါး တက္ကသိုလ်ထောင်သွားတာ။ အဲဒီလို ထုံးမျိုးကို နှလုံးမူ၍ မိမိတို့အိပ်ထဲက စိုက်ထုတ် အရင်းအနှီးလေးများလဲ ပြုပြီးတော့ ငါဘာယူသွားမလဲ၊ John Harvard သေသွားပြီလေ၊ သူ ဘာယူသွားလဲ၊ ဘာထားပစ်ခဲ့လဲ၊ ပေါင်စတာလင် ၃၇၀နှင့် စာအုပ် ၇၀၀ ဟာ မသင်သောပညာ ဘာမှမရှိတဲ့ တက္ကသိုလ်ကြီးအဖြစ်နဲ့ ဒီကနေ့ ကျန်ရစ်တယ်၊ အဲဒါကြောင့် အားလုံးသော ညီတော်များ ယူသွားနိုင်အောင်လဲ လုပ်ကြပါ၊ ထားပစ်ခဲ့နိုင်အောင်လဲ အားထုတ်တော်မူကြပါလို့ တပည့်တော် တိုက်တွန်းပါတယ်။ John Harvard ကဲ့သို့ Cambridge ထောင်သွားတဲ့ Harvard University၊ အဲဒီတက္ကသိုလ်က နှစ်ပေါင်း ၃၀၀ ကျော် ၃၅၀လောက်မှာ အမေရိကန်ကို အုပ်ချုပ်တဲ့ သမ္မတပေါင်း ၆ ယောက်ကို မွေးထုတ်ခဲ့တယ်၊ တပည့်တော်တို့ နိဂြောဓကဲ့သို့သော ရှင်တစ်ပါး ရဟန်းတစ်ပါးလောက် မွေးထုတ်နိုင်ရင် တပည့်တော်တို့ ၀မ်းမြောက်ပါပြီ။ သမ္မတလို ပုဂ္ဂိုလ်တွေ မွေးထုတ်နိုင်သည်ဖြစ်စေ၊ မမွေးထုတ်နိုင်သည် ဖြစ်စေ၊ နိဂြောဓသာမဏေလို ပုဂ္ဂိုလ်များ မွေးထုတ်နိုင်ရင် တပည့်တော်တို့ လုံလောက်ပါပြီ၊ ကျေနပ်ပါပြီ။

လူစွမ်းကောင်းတို့ အရည်အချင်း
+++++++++++
နိဂုံချုပ်အားဖြင့် သာသနာပြုပုဂ္ဂိုလ်များမှာ လိုအပ်တဲ့ အရည်အချင်း။ တပည့်တော်တို့ သင်ထားတဲ့ ပါးစပ်က အမြုပ်ထွက်လောက်အောင် နေ့ရောညရော ရွတ်နေတဲ့ စာတစ်ပုဒ်ကို တပည့်တော် ကြိုက်လို့ အသုံးချတယ်။ အဲဒါလေး ပြောပါ့မယ်။
“ကရဏီယမတ္ထကုသလေန”လို့ ပြောလိုက်ရင် ထိုင်း လာအို ကမ္ဗောဒီးယားက ဘာပြောလဲ ကရဏီယမတ္တသုတ်၊ တပည့်တော်တို့က ဘာပြောလဲ မေတ္တာသုတ်ပြောတယ်၊ အဲဒီမှာ If you want to become capable person- လူစွမ်းကောင်းတစ်ယောက် ဖြစ်ချင်တယ်ဆိုရင်။

၁။ Must be skillful in benefit or welfare အတ္ထကုသလလေ၊ အတ္ထကုသလ-ဆိုတာ skillfulness in welfare. အကျိုးရှိတဲ့ လုပ်ငန်းတွေမှာ ကျွမ်းကျင်ရမယ်။ ရံခါ ၀မ်းနဲစရာကောင်းတယ်၊ အကျိုးရှိတဲ့လုပ်ငန်းမကျွမ်းကျင်ဘူး အကျိုးမဲ့တွေမှာ ကျွမ်းကျင်နေကြတာ၊ အဲဒီလမ်းကြောင်း ပြောင်းပြန် အကျိုးရှိလုပ်ငန်းကို ကျွမ်းကျင်အောင် ဆောင်ရွက်တော်မူကြပါ။ ကရဏီယမတ္ထကုသလေန ယန္တသန္တံ ပဒံ အဘိသမေစ္စ၊ ဒါ ပရိတ်ရွတ်တာ မဟုတ်ဘူးနော်။

၂။ ဥဇူ-upright- ဖြောင့်ဖြောင်မက်မက် လုပ်ဖို့လိုတယ်၊

၃။ သုဟုဇူ-perferctly upright-ကိုယ်နှုတ်နှစ်ပါး ဖြောင့်ရုံတင်မကဘဲနဲ့ စိတ်ဓာတ်လည်း ဖြောင့်ဘို့လိုတယ်။

၎။ သုဝစော-easy to talk, easy to speak- ပြောလို့ဆိုလို့ ဘာဖြစ်ရမလဲ၊ လွယ်ရမယ်။ ဒါတွေဟာ Qualitifiaction  of Missionary တွေပါ။

၅။ မုဒု- gentle- နုညံ့သိမ်မွေ့ရမယ်။

၆။ အနတိမာနီ- humble- ရိုရိုကျိုးကျိုးရှိရမယ်။

၇။ သန္တုဿကော- contentment-  ရောင်ရဲတင်းတိမ်ရမယ်။

၈။ သုဘရော- easy to support or easy to serve-ပြုစုလုပ်ကျွေးဘို့ လွယ်ရမယ်၊ တပည့်တော် ရေတောင်းတယ်၊ ရေအေးအေးလေး ပေးပါ၊ မလွယ်တော့ ဘာပြောမလဲ၊ မင်းကလဲကွာ ရေခဲမှ မပါဘဲ၊ ရေခဲတွေ ထည့်လာ ပေးလိုက်တော့ အေးလိုက်တာကွာ ပါးကို ကိုက်နေတာပဲ၊ အဲဒီလို ချေးထူးတဲ့ဘုန်းကြီး မလွယ်ဘူး။ easy to support.

၉။ အပ္ပကိစ္စော- very few responsibility-သူ့အတွက် တာဝန်နဲရမယ်၊ ၀န်ထုပ်ဝန်ပိုးမကြီးရဘူး။

၁၀။ သလ္လဟုက၀ုတ္တိ-simple in livelihood-အသက်မွေးလုပ်ငန်း လွယ်ရမယ်။
၁၁။ သန္တိန္ဒြိယော-peace stability, serene in faculties-ကိုယ်မူရာ နှုတ်မူရာ ငြိမ်နေရမယ်။ တပည့်တော်တို့ သင်တန်းတွေမှာ ဒါတွေပါရမှာ၊ ကိုရင်လေး ငြိမ်နေလို့ ဘုရင်က နန်းတော်ထဲ ပင့်တာပေါ့၊ နန်းတော်တံခါးပေါက် ခဲနဲ့ပေါက်တဲ့ ကိုရင်ဆို ဘယ်ပင့်မလဲ။

၁၂။ နိပကော-prudent-ရင့်ကျက်တဲ့ ပညာရှိရမယ်။

၁၃။ အပ္ပဂဗ္ဘော- modest or polite- ယဉ်ကျေးရမယ်။

၁၄။ ကုလေသွ နနုဂိဒ္ဓေါ- not to be greedily attached to families- ဒါလည်းပဲ သတိထားရမည့် အချက်ပဲ၊ ဒကာ ဒကာမ အထူးသဖြင့် ပိုက်ဆံ ငွေကြေးပေါတဲ့ မျက်နာကြီးတဲ့ ဒကာ ဒကာမ ပလူးပလဲနဲ့ သံယောဇဉ်ကပ်တယ်ဆိုလို့ရှိရင် missionary လုပ်ငန်းမှာ အနှောက်အယှက် မအောင်မြင်ဘူး။ ဒကာဒကာမကို ဘာဖြစ်ရမလဲ၊ သံယောဇဉ် နဲရမယ်၊ အားလုံး ၁၄ပါး၊ မေတ္တာဘာဝနာပွားမည့် ပုဂ္ဂိုလ်တွေရဲ့ ပုဗ္ဗဘာဂပဋိပဒါ ၁၄ ပါးလို့ပြောပါတယ်၊ တပည့်တော်ကတော့ သာသနာပြုပုဂ္ဂိုလ်များအတွက် မရှိမဖြစ်တဲ့၊ မဖြစ်မနေ ရှိရမည့် သာသနာပြု ပုဂ္ဂိုလ်တို့၏ အရည်အချင်း ၁၄ ပါးလို့ တပည့်တော် လျှောက်ထားချင်ပါတယ်။

အဲဒါကြောင့် ဒီကနေ့ တက္ကသိုလ်၊ ကောလိပ်၊ အကယ်ဒမီများ အသင်းရဲ့ ဒုတိယအကြိမ် အစည်းအဝေးမှာ တပည့်တော် အသက် ၈၀ ရှိပါပြီ အနားယူဘို့ကောင်းပါပြီ၊ တပည့်တော်ရဲ့ အတွေ့အကြုံ အယူအဆ ပေါင်းစပ်တဲ့ Idea တွေ၊ experiences တွေကို အားလုံးသော ညီတော်များအား ဤကဲ့သို့ ဖြန့်ချီခွင့်ရတဲ့အတွက်ကြောင့် တပည့်တော် အလွန်ကျေးဇူးတင် ၀မ်းမြောက်ကြောင်းပါ။ နိဂြောဓသာမဏေကဲ့သို့သော သာသနာ့ အာဇာနည်ပုဂ္ဂိုလ်များ မွေးထုတ်ပေးနိုင်တဲ့ တက္ကသိုလ်များဖြစ်အောင် ကျိုးစားအားထုတ်တော်မူကြပါလို့ လျှောက်ထားရင်း တပည့်တော်ရဲ့ ဟောပြောချက်ကို နိဂုဏ်းချုပ်ပါပြီ။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူဆရာတော်
ဒေါက်တာ အရှင်ဥာဏိဿရ
(Ph.D, D.Litt)
အဂ္ဂမဟာပဏ္ဍိတ
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ
၁-၆-၂၀၁၆

မှတ်ချက်။ အသံဖိုင်မှ ကူးယူရသဖြင့် စာလုံးပေါင်းများ အမှားပါက ကူးယူသော မိမိ၏ တာဝန်သာ ဖြစ်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

06 January 2015

ဘာတွေ ထားပစ်ခဲ့မလဲ။ ဘာတွေ ယူသွားမလဲ

ဘာတွေ ထားပစ်ခဲ့မလဲ။ ဘာတွေ ယူသွားမလဲ
 
၃-၁-၂၀၁၅ ရက်နေ့ မနက်စောစော အီရန်နိုင်ငံမှ ပြန်ကြွ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ပြည်သူများအား New Year Wish 2015 နှစ်သစ် နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
-----------------------------------
နှစ်သစ်ဆိုပေမဲ့ နှစ်က သုံးရက်ဟောင်းသွားပြီ၊ New Year Wish က တစ်လုံးတည်းပါ။ တစ်နှစ်ကုန်သွားပြီ။ ငါ့ဘ၀အတွက်ရော၊ ငါ့တိုင်းပြည်၊ ငါ့သာသနာ၊ ငါ့လူမျိုးအတွက် ငါ ဘယ်လောက် အလုပ်လုပ် ပေးနိုင်ခဲ့သလဲ။ လာမည့်နှစ်သစ်အတွက် ငါ့တိုင်းပြည်၊ ငါ့လူမျိုး၊ ငါ့ဘာသာ၊ ငါကိုယ်တိုင်အတွက် ငါ ဘယ်လောက် အလုပ်လုပ်ဦးမလဲ။ အဲဒီမေးခွန်းကို နာနာမေးပြီးတော့ ဖြေနိုင်ဖို့ လုပ်ကြပါ။

နိဂုံးကတော့ ငါ ဘာထားပစ်ခဲ့မလဲ။ တစ်နှစ်ကုန်ရင် တစ်နှစ်သေဖို့ နီးလာကြပြီ။ တစ်ရက်ကုန်တာနဲ့ သေမယ့်ဘက်ကို တစ်ရက်နီးသွားပြီ။ တစ်လကုန်တာနဲ့ သေမည့်ဘက်ကို တစ်လနီးလာပြီ။ တစ်နှစ်ကုန်ရင် လူ့ဘ၀နေဖို့အချိန်ဟာ တစ်နှစ်လျှော့သွားပြီ။ အဲဒါကြောင့် ငါဘာထားပစ်ခဲ့မလဲ။ ငါဘာယူသွားမလဲ။ အဲဒီမေးခွန်းကို နာနာမေးပြီးတော့ တစ်တိုင်းလုံး တစ်ပြည်လုံးက ဘာသာရေး ခေါင်းဆောင်တွေ၊ လူမှုရေး ခေါင်းဆောင်တွေ၊ တိုင်းသူပြည်သားတွေ ဒီမေးခွန်းနှစ်ခုကို အဖြေကောင်းရအောင် လုပ်ကြပါလို့ နှစ်သစ်မှာ နှုတ်ခွန်းဆက်သပါတယ်။

သီတဂူဆရာတော်
၃-၁-၂၀၁၅

မှတ်ချက်။ ။ အတွဲ (၅) အမှတ် (၁၅) လျှပ်တစ်ပြက် ဂျာနယ်မှ ကူးယူဖော်ပြပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၆-၁-၂၀၁၅
www.sitagustar2020.net

01 January 2015

ကမ္ဘာသူ ကမ္ဘာသားအားလုံးအတွက် ၂၀၁၅ နှစ်သစ်ကူး ဆုတောင်း

ကမ္ဘာသူ ကမ္ဘာသားအားလုံးအတွက် ၂၀၁၅ နှစ်သစ်ကူး ဆုတောင်း

နှစ်ဟောင်းကုန်ကြူး နှစ်သစ်ကူးသည့် ၂၀၁၅ မှ စ၍ ကမ္ဘာသူ ကမ္ဘာသားတို့သည်--
ရန်ငြိုးမှန်သမျှကို မေတ္တာ-ခန္တီတို့ဖြင့် ဖြေဖျောက်နိုင်ကြပါစေ--

ဆူပူသောင်းကျန်းခြင်းကို မေတ္တာဖြင့် ချုပ်ငြိမ်းနိုင်ကြပါစေ--

ဒေါသကို မေတ္တာဖြင့် ငြိမ်းချုပ်နိုင်ကြပါစေ--

ကြမ်းတမ်းခြင်းကို ယဉ်ကျေးသိမ်မွေ့ခြင်းဖြင့် ပြောင်းလှဲနိုင်ကြပါစေ--

ဆူပူခြင်း၊ ကြမ်းတမ်းခြင်း၊ ရက်စက်ခြင်း၊ ဖျက်ဆီးခြင်းတို့ကို မေတ္တာ-ခန္တီ- အဟိံသ-သစ္စာတရားတို့ဖြင့် ငြိမ်းချမ်းနိုင်ပါစေ---

ဤအကျင့်မြတ်တို့သည် ဘာသာတရားများမပေါ်မီ ကမ္ဘာဦးလူတို့ ကျင့်သုံးခဲ့သော တရားများဖြစ်သည်။ ဘယ်တော့မှ မဟောင်းနိုင်သော အမှန်တရားဖြစ်သည်။

“သန္တိ၊ သစ္စာ ဤနှစ်ဖြာ၊ ဤကမ္ဘာမှာ ထွန်းတောက်ပါစေသား”

သီတဂူဆရာတော်
ဒေါက်တာ အရှင်ဥာဏိဿရ
အဂ္ဂမဟာပဏ္ဍိတ၊ Ph.D, D.Litt

သြစတြီးယား၊ ဗီယင်နာမြို့မှာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးတွင် မိန့်ခဲ့သော စကားများကို 2015 Happy New Year အတွက် ကောက်နှုတ် ဖော်ပြပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃၁-၁၂-၂၀၁၄
www.sitagustar2020.net

28 March 2014

လိုကွက်များကို ဖြည့်စွက်ခြင်း (သီတဂူဆရာတော်)

လိုကွက်များကို ဖြည့်စွက်ခြင်း
အရှင်ရဋ္ဌပါလက ကောရဗျမင်းကြီးအား မိန့်ကြားသောစကားတစ်ခွန်း ရှိပါသည်။ ““သဗ္ဗောလောကောဦနော”” ဟူ၍ဖြစ်ပါသည်။ အဓိပ္ပါယ်မှာ ““တစ်လောကလုံးမှာ ယုတ်လျှော့ နေသည်”” သို့မဟုတ် ““တစ်လောကလုံး လိုနေသည်”” သို့မဟုတ် ““တစ်လောကလုံးမှာ လိုကွက် ဟာကွက်တွေခြည်းပဲ””ဟု အဓိပ်္ပါယ်ရပါသည်။ လမ်းပမ်းဆက်သွယ်ရေး ဟာကွက်၊ တယ်လီအော်တိုဆက်သွယ်ရေး ဟာကွက်၊ လေကြောင်း, ရေကြောင်းဆက်သွယ်ရေး ဟာကွက်၊ လျှပ်စစ်ဓာတ်အားလိုကွက်၊ ကျန်းမာရေးလိုအပ်ချက်၊ ပညာရေးလိုအပ်ချက်၊ ဘာသာရေး, သာသနာရေးလိုအပ်ချက်၊ လုံခြုံရေးလိုအပ်ချက်၊ ညီညွတ်ရေး တည်ငြိမ်ရေးလိုအပ်ချက် စသည့်စသည့် ဟာကွက် လိုကွက်တို့မှာ တိုင်းပြည်တိုင်း၊ လူမျိုးတိုင်း၊ နေရာတိုင်းမှာ ရှိနေကြပါသည်။ လောဘလွန်ကဲသူတို့၏လိုအပ်ချက်မှာ ဖြည့်စွက်ရန်မဟုတ်ဘဲ ထိုလွန်ကဲသော လောဘတို့ကို ထိန်းပေးရန်သာ ဖြစ်ပါသည်။ လောဘသံတို့ဖြင့် ဘ၀ဂ်ညံအောင် တောင်းဆိုခြင်း မပြုကြဘဲ ရောင့်ရဲတင်းတိမ် ဆိတ်ငြိမ်စွာဖြင့် ကြေနပ်နှစ်သက်စွာ နေကြကုန်သော သူတို့၏ တောင်ပေါ်ဒေသများနှင့်, နိုင်ငံ့ ခေါင်းဆောင်တို့ အရောက်အပေါက်နည်းသည့် အစွန်အဖျားနှင့် တောတောင်လျှိုမြောင်တို့အကြားက တိုင်းရင်းသား လူမျိုးစုများ၏ လိုအပ်ချက်နှင့် ဟာကွက်တို့မှာ လောဘ, ဒေါသတို့၏ ကြွေးကြော်သံတို့မှကင်းသော အမှန်လိုအပ်သည့် လိုအပ်ချက် ဟာကွက်တို့ ဖြစ်ပေသည်။
သီတဂူ Vision Volunteer အဖွဲ့သည် ချင်း, ကချင်, ကရင်, မွန်, နာဂ, ရခိုင်, ကိုးကန့်, ၀, ကယား, ရှမ်းလူမျိုးစုံတို့၏ ဒေသအသီးသီးသို့ အကြိမ်ကြိမ် အခေါက်ခေါက် ရောက်ဖူးခဲ့ပြီ။ စိတ်ဓာတ်နှင့်အသိဉဏ် ဖွံ့ဖြိုးရေးအတွက် တရားမျက်လုံးဓမ္မစက္ခုကို အကြိမ်ကြိမ် ပေးခဲ့လေသည်။ စိတ်ဓာတ်ရေးနှင့်ပညာရေး လိုအပ်ချက်အတွက် ဗုဒ္ဓတက္ကသိုလ် ၃-ခုကို တည်ထောင်ကာ ဓမ္မဒူတရဟန်းတော်များကို မွေးထုတ်ဖြန့်ချီလျှက် ရှိသည်။ ကျန်းမာရေး လိုအပ်ချက်အတွက် ဆရာဝန်လောင်းလျာ လူငယ်ကလေးများကို ပညာသင်စရိတ် ထောက်ပံ့ပြီး ဆရာဝန်ကလေးများဖြစ်အောင် ပြုစုပျိုးထောင်ပေးခြင်းဖြင့်လည်းကောင်း၊ သီတဂူဆေးရုံများ မြန်မာနိုင်ငံအနှံ့ တည်ဆောက်ပြီး တိုင်းသူပြည်သားတို့ကို ကျန်းမာရေး ပြုစုစောင့်ရှောက်ပေးခြင်း ဖြင့်လည်းကောင်း၊ ကျန်းမာရေးလိုအပ်ချက်တို့ကို ဖြည့်စွက်ပေးလျှက်ရှိသည်။
မှတ်ချက်-
၁။ သီတဂူပညာသင်စရိတ်ဖြင့် ဆရာဝန်ပေါင်း (၁၃) ယောက် ဖြစ်သွားပြီးဖြစ်သည်။
၂။ သီတဂူပညာသင်စရိတ်ဖြင့် သူနာပြုနှင့် ကျွမ်းကျင်ပညာရှင်ပေါင်း (၃၈) ယောက် ဖြစ်သွားပြီး ဖြစ်သည်။
၃။ သီတဂူကျန်းမာရေးစီမံချက်ဖြင့် အာရောဂျဒါန, စက္ခုဒါနဆေးရုံပေါင်း (၂၆) ရုံ တည်ဆောက် ခဲ့ပြီးဖြစ်သည်။

သီတဂူ Vision Volunteer အဖွဲ့သည် နိုင်ငံတော်၏ ကျန်းမာရေးလိုအပ်ချက်တစ်ခုကို ဖြည့်စွက်ရန်ဟူသောရည်ရွယ်ချက်ဖြင့် ၂၀၁၄ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် သီတဂူဆရာတော် ကိုယ်တိုင် ခေါင်းဆောင်ပြီး ရှမ်းပြည်နယ် ဗဟိုချက် (Central East) ခိုလန်ကုန်းမြေမြင့်သို့ ရောက်ရှိခဲ့သည်။ ထိုအဖွဲ့ကို ဆရာတော်ကိုယ်တိုင်ဦးဆောင်သည်။ ဆရာတော်၏ လက်ထောက် အဖြစ် အရှင်သေဋ္ဌိလ(Ph.D)နှင့် အရှင်ဓမ်္မိက(M.A)တို့က လိုက်ပါခဲ့သည်။ မျက်စိခွဲစိပ် အထူးကုဆရာဝန်ကြီးများအဖွဲ့တွင် အငြိမ်းစားပါမောက္ခ ဒေါက်တာဦးမြအောင်, အငြိမ်းစား ပါမောက္ခဆရာဝန်မကြီး ဒေါက်တာ ဒေါ်မြင့်ခိုင်နှင့် ဒေါက်တာ ဒေါ်ခင်အုန်းဟန်တို့ ပါဝင်ခဲ့သည်။ ထိုမျက်စိအထူးကုအဖွဲ့တွင် တောင်ကြီးမြို့ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာ အောင်မိုးထွန်းနှင့် လွိုင်လင်ပြည်သူ့ဆေးရုံမှ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာ မြအေးတို့ လာရောက် ဆက်သွယ်ပူးပေါင်း ခွဲစိပ်ခဲ့ကြသည်။ ပြင်ပလူနာဌာနနှင့် ခွဲစိတ်ခန်းဆိုင်ရာ ၀န်ထမ်း ၁၀-ယောက်ပါဝင်သော ကျွမ်းကျင်ပညာရှင်နှင့် သူနာပြုအဖွဲ့ကို သီတဂူဆေးရုံတော် မျက်စိဌာန တာဝန်ခံ ဒေါက်တာမိမိခင်က ဦးဆောင်ခဲ့သည်။ သီတဂူအဖွဲ့ဝင်လူကြီး လေးယောက်တို့လည်း ပါဝင်ကြသည်။ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မင်းနောင်၏ စီမံချက်ဖြင့် ကလောမြို့ စစ်ဦးစီးတက်္ကသိုလ်မှ နေဆွမ်းကပ်, နေ့လည်စာကျွေးပြီး လမ်းမှ ဧည့်ဝတ်ပြုသည်။ စစ်ကိုင်းတောင်ရိုးမှ နံနက် ၆း၃၀ ထွက်သော သီတဂူမျက်စိအထူးကုအဖွဲ့ ကားတန်းကြီးသည် လွိုင်လင်မြို့သို့ ညနေ ၄း၃၀ တွင် ရောက်ရှိခဲ့ကြသည်။ လွိုင်လင်တပ်နယ်မှုး ဗိုလ်မှုးကြီး အောင်ဌေးနှင့် တပ်မတော်အရာရှိများက ကြိုဆိုပြီး တပ်မတော်အရာရှိရိပ်သာတွင် နေရာချထားပြီးနေရာယူကြသည်။ ခေတ္တမျှအနားယူကြပြီးနောက် မြန်မာ့လွတ်လပ်ရေး သမိုင်းတွင် အရေးပါအရာရောက်လှစွာသော သမိုင်းမှတ်တိုင်ပင်လုံကျောက်တိုင်သို့ ရောက်ကြသည်။ ပင်လုံကျောက်တိုင်မှာ တိုင်းရင်းသား ညီနောင်တို့ ဥမကွဲ သိုက်မပျက် ကမ်္ဘာဆုံးသည့်တိုင် လက်တွဲနေထိုင်သွားကြမည်ဟု စာချုပ်ချုပ်ဆိုရာ ညီညွတ်ရေးကျောက်တိုင်၌ ထိုစာချုပ်ကို လက်မှတ်ထိုးကြသော ခေါင်ဆောင်ကြီး ၂၃ ယောက်တို့အား သီတဂူက ပြုသမျှကုသိုလ်တို့ကို အမျှဝေပြီး ဆုတောင်းမေတ်္တာပို့ခဲ့ကြသည်။
 ထို မတ်လ ၁၇ ရက် ၂၀၁၄ ညတွင် ညီညွတ်ရေးကျောက်တိုင်နှင့် ညီညွတ်ရေး စေတီတော်ကြီး ရင်ပြင်၌ ညီညွတ်ရေး, ငြိမ်းချမ်းရေးနှင့် အတူလက်တွဲနေထိုင်ရေး ဟုသော တရား (ရုက္ခဓမ္မဇာတ်နှင့် နိဂြောဓဇာတ်) တို့ကို ဟောကြားခဲ့သည်။ လွိုင်လင်တပ်စခန်းမှာ တစ်ညအိပ်ပြီး ၂၀၁၄ခုနှစ် မတ်လ ၁၈ ရက်နေ့ နံနက်တွင် လွိုင်လင်မှထွက်ခဲ့ပြီး အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ ခိုလန်ကုန်းမြင့် ဒေသသို့ ရောက်သည်။ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မင်းနောင်၊ ခိုလန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအာကာမျိုးထက်နှင့် ခိုလန်ဆေးရုံအုပ်ကြီး ဒေါက်တာယုဝေတို့က စောင့်ကြိုကြသည်။ ဗရမ်းဗတာ မချမ်းမသာဖြစ်နေခဲ့သည်မှာ နှစ်ပေါင်းကြာပြီဖြစ်သော ခိုလန်ရွာကလေးကို နိုင်ငံတော်အစိုးရက ခိုလန်မြို့အဖြစ် အဆင့်မြှင့်တည်ဆောက်ခဲ့သည်။ မကောင်းမှုတို့၏ စုဝေးရာ ခိုအောင်းရာ ခိုလန်ကုန်းမြင့် ကလေးကို တပ်မတော်ခေါင်းဆောင်တို့က အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဟု သန့်ရှင်း သပ်ရပ်စွာ တည်ဆောက်ခဲ့သည်။ မိမိတို့တည်းခိုရသော နေရာမှာ စစ်ဌာနချုပ်အရာရှိရိပ်သာဟု ဆိုသော်လည်း တရားနှလုံးကျင့်သုံးဖို့ကောင်းသော တရားရိပ်သာနှင့် တူပေသည်။ ကားသံ, လူသံတို့ဖြင့် ဆူညံခြင်းမရှိဘဲ ငှက်သံ, ဂျီသံတို့ဖြင့် တောရရိပ်သာဟန်ပေါက်နေသည်မှာ ကြည်နူးဖွယ်ဖြစ်သည်။ ပစ္စန္တရဌ်သဖွယ်ဖြစ်နေခဲ့ရတာ ကြာပြီဖြစ်သော ခိုလန်ရွာကလေးမှာ ကျိုင်းတောင်းရေတံခွန်မှ ထုတ်ယူရရှိသော မီးရောင်တို့ဖြင့် ထိန်ထိန်ညီးလျှက် တောင်ကြီးနှင့် တာချီလိတ်သွား ကားတို့ဖြတ်သန်းရာ, ဆိုက်ကပ်ရပ်နားရာ မြို့ကလေးတစ်ခု ဖြစ်နေပေသည်။ ကမ္မောဇဦးအောင်ကိုဝင်း+ဒေါ်နန်းသန်းထွေးတို့၏ ကောင်းမှုဖြစ်သော ကုတင် (၁၀၀) ဆေးရုံကြီးမှာလည်း အထွေထွေရောဂါကုအတွက် ခန့်ခန့် ညားညား, ထည်ထည်ဝါ၀ါ, ပြည့်ပြည့် စုံစုံ ရှိလေသည်။ စစ်ကိုင်းသီတဂူဆေးရုံမှ သယ်ဆောင်လာခဲ့သော မျက်စိခွဲစိပ်ခြင်းဆိုင်ရာ စက်ကိရိယာနှင့် ဆေးပစ်္စည်းတို့ကို ခိုလန်ဆေးရုံအုပ် ဒေါက်တာယုဝေ စီမံပေးသည့်အတိုင်း အခန်းအသီးသီးမှာ မတ်လ ၁၈ ရက် ၂၀၁၄ နေ့လည်ခင်းတွင် တပ်ဆင်လိုက်သည်။ တိုင်းမှူးဗိုလ်ချုပ်မင်းနောင် စီမံပေးသော လူနာပေါင်း (၂၁၅၁) ယောက်ထဲက ည ၉း၀၀ နာရီခန့်တွင် (၄၀၀)လောက် ကြည့်ရှုစစ်ဆေးပြီးဖြစ်သည်။ ခွဲစိပ်ရန် (၃၀) ကျော် ရွေးချယ်ရရှိသည်။ တစ်နေ့ (၆၀) နှုန်းဖြင့် (၅)ရက်ခွဲမည်။
အရှေ့အလယ်ပိုင်းဒေသ တိုင်းရင်းသား ညီအကိုမောင်နှမပေါင်း (၃၀၀) မျက်စိမြင်ရမည်ဟု စီမံချက်ကို ချမှတ်လိုက်သည်။ ရှမ်းကုန်းမြေမြင့် အရှေ့အလယ်ပိုင်းဒေသမှ ရှမ်း, ပအို့, ပဒေါင်, ပလောင်, မြောင်စီး, လီဆူး, ကိုးကန့်, ၀, တရုတ်, ဗမာ လူမျိုးပေါင်းစုံတို့ ကမ္ဗောဇဆေးရုံ သီတဂူအရိပ်ကို ခိုလှုံ စုစည်းမိကြသည်။ တိုင်းရင်းသားပေါင်း (၁၀၀၀) ကျော်ပါဝင်သည်။ သီတဂူအဖွဲ့က မျက်စိကို အထူးစူးစိုက် ကြည့်ရှုစစ်ဆေးပါသည်။ ကမ္ဗောဇဆေးရုံအဖွဲ့က သွေးတိုး, ဆီးချို, နှလုံး, ကျောက်ကပ် , အသည်း, အိပ်ခ်ျအိုင်ဗွီ, အေအိုင်ဒီအက်စ် တို့ကို အသေးစိပ် စစ်ဆေးပေးပါသည်။

အတွင်းတိမ် , ရေတိမ် စွဲကပ်သည်မှာ နှစ်ပေါင်းကြာညောင်းကာ အချိန်လွန်၍ ခွဲစိတ်ကုသ မရနိုင် တော့သည့် လူနာပေါင်းများစွာ ပြန်လွှတ်လိုက်ရပါသည်။ အားလုံး စိတ်မကောင်းကြပါ။ ရေတိမ်နှင့် သွေးတိုးအလွန်တက်သဖြင့် မျက်ကြည်လွှာပေါက်သည့် လူနာများ ပြန်လွှတ်လိုက်ရ သည်လည်း ရှိပါသည်။ အဆုပ်ရောဂါ, အသည်းရောဂါ, နှလုံးရောဂါ, သွေးတိုးရောဂါ, လွန်ကဲစွာ ဖြစ်နေခြင်းကြောင့် မျက်စိခွဲမရသည့် လူနာများလည်း ရှိပါသည်။ ““သဗ္ဗောလောကော ဦနော”” တစ်လောကလုံးမှာ လိုနေသည်ဟူသော ဒေသနာတော်သည် ရှမ်းကုန်းမြေမြင့် အရှေ့အလယ်ပိုင်း ဒေသတွင်လည်း တစ်ထပ်တည်းပင် ဖြစ်ပါသည်။ တိုင်းမှူး, မြို့နယ်အုပ်ချုပ်ရေးမှူး, ကမ္ဗောဇဆေးရုံအဖွဲ့, သီတဂူအဖွဲ့ လေးဦးလေးရပ်တို့ စုပေါင်း၍ လေးချောင်းထောက်သဖွယ် ၁၈-ရက်မှ ၂၃-ရက် နေ့အထိ (၆) ရက်တိုင် ဟန်ချက်ညီစွာ ဆောင်ရွက်ခဲ့ကြသည်။ အကျိုးကျေးဇူးမှာ လူနာပေါင်း ၂၁၅၁ ယောက်တို့ကို မှတ်ပုံတင်စာရင်း ပြုစုနိုင်ခဲ့သည်။ အပြင်လူနာအဖြစ် စမ်းသပ်စစ်ဆေး ကုသပေးလိုက်သော လူနာပေါင်းမှာ ၂၀၉၃ ယောက် ရှိသည်။ ခွဲစိပ်ခန်းတွင်းသွင်းပြီး ခွဲစိပ်ကုသခြင်းဖြင့် မျက်စိနှစ်ကွင်း အလင်းရသူပေါင်းမှာ ၂၃၇ဩယောက် ရှိပါသည်။ ကျယ်ပြန့်လှစွာသော လိုကွက်, ဟာကွက်ကြီးတစ်ခုမှာ ကွက်လပ်လေးတစ်ခုကို သီတဂူက ဖြည့်စွက်လိုက်နိုင်ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့၏ ကုသိုလ်ဝေစုကို အားလုံးဝေငှယူဖို့ သတင်းစကားပါးအပ် ပါသည်။

အများစုသောလူတို့၏ သဘာဝမှာ အလုပ်တစ်ခုသည် ကောင်းလည်းမကောင်း, အကျိုးလည်းမရှိ, သို့သော် လွယ်ကူ၏။ ထိုအလုပ်မျိုးကို လုပ်တတ်ကြသည်။

လူအနည်းစုတို့သည် အကျိုးရှိ၏၊ ကောင်း၏၊ လုပ်ဖို့ရန်ခက်၏၊ ထိုအလုပ်မျိုးကို လုပ်တတ်ကြ၏။
ကျွန်ုပ်တို့သည် ထိုလူနည်းစုကို လူအများစုဖြစ်အောင် ကြိုးပမ်းရမည်။ အလွယ် ကြိုက်သော လူအများစုကိုမူကား လူအနည်းစုဖြစ်အောင် ကြိုးပမ်းရမည်။

မိမိ၏အချိန်ကို သူတပါးတို့အတွက် ပေးနိုင်ရမည်။ မိမိ၏သက်သာမှုကို စွန့်လွှတ်ပြီး သူတပါးတို့အား ထိုသက်သာမှုကို ပေးနိုင်ရမည်။ မိမိ၏ ကာယသုခကို ၀န်မတိုရ။ ကာယ မစ္ဆရိယကင်းသော ၀ီရဓာတ်နှင့်ပြည့်စုံသော သူသည် သူတပါးတို့၏အကျိုးကို ဆောင်ရွက်နိုင်၏။ ဤခိုလန်ရှမ်းကုန်းမြေမြင့် အရှေ့အလယ်ပိုင်းခရီး၌ နာဂတောင်တန်း ခရီးလောက် အခက်အခဲမရှိပေ။ နာဂတောင်တန်းဒေသ၌ တစ်တောင်ခြားလျှင် ဘာသာစကားတစ်မျိုး ခြားနားသောအဖြစ်နှင့် ကြုံတွေ့ခဲ့ရသည်။ ရှမ်းကုန်းမြေမြင့် အရှေ့အလယ်ပိုင်းမှာမူကား ၀တ်စားဆင်ယင်ပုံ တစ်မျိုးလျှင် ဘာသာစကားတစ်မျိုး ပြောရတော့မည်ဟု စိတ်ထဲတွင်တွေး၍ ငေးမိပါသည်။ ပအို့ဘာသာပြန်, ပလောင်ဘာသာပြန်, ၀ ဘာသာပြန်, လီဆူးဘာသာပြန်, ရှမ်းဘာသာပြန်, မြောင်စီး ဘာသာပြန်, ပဒေါင်ဘာသာပြန်, ကိုးကန့် ဘာသာပြန်ဟူ၍ ဘာသာပြန် (၇)ယောက်နှင့် အလုပ်လုပ်ရပါသည်။ ဆက်သွယ်ရေး လိုကွက်အမျိုးမျိုးကြောင့် ရင်းနှီးမှုမရကြ။ အနီးကလေးမှာပင် အဝေးကြီးဖြစ်ကာ ကျောခြင်းကပ် လမ်းလျှောက် နေကြရသည့် အဖြစ်မျိုးကို မြင်ရသည်မှာ ၀မ်နည်းဖွယ်ရာ ကောင်းလှပေသည်။

မွေးရာပါမျက်စိနှစ်လုံး မမြင်သည့် ၁၀-နှစ် ၁၂-နှစ်အရွယ် ကလေးငယ် ၅-ယောက်ခန့် ရောက်လာကြသည်။ အချို့မှာ မျက်စိသူငယ်အိမ်ကို ပါမလာကြသဖြင့် အလင်းရအောင် မကုသနိုင်တော့ပေ။ အချို့မှာ မျက်စိသူငယ်အိမ် ကြုံ့သွားသည်မှာ ဇီးသီးချောက်သဖွယ် ဖြစ်နေသဖြင့် ကုမရနိုင်ခဲ့ပေ။ အချို့မှာ မျက်ကြည်လွှာ ပေါက်သွားခဲ့လေပြီ။ ဤကလေးငယ်တို့၏ ဘ၀အမြင် ဟာကွက် လိုကွက်တို့ကို ကျွန်ုပ်တို့ ဖြည့်စွက်ခြင်းငှာ မတတ်နိုင်ခဲ့။ သို့အတွက် သူတို့လေးများ၏ ဒုက္ခကို တွေးယူခံစားရင်း စိတ်နှလုံး ပင်ပန်းစွာဖြင့် ဤကလေးတို့ နောင်တစ်ဖန် ဤဘ၀မျိုး မကြုံကြရပါစေနှင့်ဟု ကရုဏာပို့ရုံမျှသာ ကုသိုလ်ပြု ခဲ့ရပါသည်။ မွေးရာပါ နှစ်ဖက်မမြင်သော ကလေးနှစ်ယောက်ကို မေ့ဆေးပေးပြီး တစ်ချိန်တည်းမှာပင် မေ့ဆေး စွမ်းရည်မကုန်ခမ်းမီ ကာလအတွင်း တစ်လုံးပြီးတစ်လုံး ခွဲစိပ်ကုသပေးနိုင်ခဲ့သဖြင့် ရှမ်းနှင့် ပလောင် သမီးငယ်နှစ်ယောက်တို့ အတော်အသင့် မြင်သွားကြပြီ။ လွန်ကဲသော ၀မ်းသာပီတိကြောင့် ဆရာဝန်, ဆရာမ, သူနာပြုများအားလုံး မျက်ရည်ဝဲခဲ့ကြရသည်။ သို့သော် ၀မ်းနည်းမှုတစ်မျိုးကို အံကြိတ်၍ ထိန်းခဲ့ရသည်မှာ သူတို့၏ အသက်နှင့်အမျှ (၁၀-နှစ် ၁၂-နှစ်ခန့်) မမြင်ခဲ့ရဖူးသော ဤလောကကြီးကို ဘာတွေပဲပြောပြပြ ဘာမှန်းမသိသည်မှာ ၀မ်းနည်းဖွယ်ကောင်းလှသော အချက်ဖြစ်ပေသည်။ ဤသည်ကား အဖေ, ဤသည်ကား အမေဟူ၍ အသံသာကြားဖူးခဲ့သော်လည်း ရုပ်အဆင်းကို ယခုမှမြင်ရသည်။ ဟုတ်မှ ဟုတ်ရဲ့လား၊ ဘယ်လိုလူတွေလဲဟု တွေးငေးနေသော ကလေး၏ မျက်နှာမှာ စူးစမ်းလိုစိတ်တို့ဖြင့် ကြည်လင်ဝင်းပ နေသော်လည်း ကျွန်ုပ်တို့သီတဂူအဖွဲ့နှင့် ကမ္ဗောဇဆေးရုံ အဖွဲ့တို့၏ မျက်နှာများမှာ ကြည်လင်နိုင်ခြင်း မရှိပေ။ သူတို့လေးတွေမှာ ပျက်နေသည့် မှတ်ဥာဏ်ကို ဘယ်လိုနည်းနှင့် ပြန်လည်ဖြည့်စွက် ပေးနိုင်အံ့နည်းဟု တွေးငေး၍ စိတ်နှလုံး မချမ်းမမြေ့ ဖြစ်ရပါသည်။
ဆရာဦးမြအောင် ပြောပါသည်။ “ဆရာတော် Physical Eye အသားမျက်လုံးကတော့ ကောင်းသွားပါပြီ၊ သို့သော် The Eye of Memory ကိုတော့ တစ်နှစ် နှစ်နှစ်ခန့် လေ့ကျင့်ရပါဦးမည်။ အဲဒီလောက် လေ့ကျင့်မှ လူ, ကျွဲ, နွား, ခွေး , ကြောင်, ကြက် စသည့် အမည်နှင့် ပုံသဏ္ဍာန်၊ အစိမ်း, အနီ, အ၀ါ, အပြာ အရောင်နှင့် အရိပ်တို့ကို နားလည် လာပါလိမ်မည်” ဟု လျှောက်ထားပါသည်။ ဆရာကြီး ဦးမြအောင်ပြောတော့မှ သြော်- Eye Operation တစ်ခုတည်းနှင့် ကိစ္စမပြီး Operation များစွာလုပ်မှ အလုံးစုံ ပြီးမည်။ လိုအပ်ချက်မှာ အလွန်ကြီးပေစွတကားဟု သံဝေဂပွားလျှက်, မဖြည့် မစွက်နိုင်သော လိုကွက် ဟာကွက်ပေါင်း များစွာအတွက် မဆုံးနိုင်သော အတွေးအမျှင်တန်းကြီးဖြင့် စဉ်းစား တွေးတောရင်း, “ပရေသံ ဟိတ မိစ္ဆေယျံ”” ဟုသာဆုတောင်းမိပါသည်။

ဤရှမ်းကုန်းမြေမြင့် အရှေ့အလယ်ပိုင်းခရီး၌ ဓမ္မ Operation အနေအားဖြင့် ဩ
၁။ ပင်လုံ၌ ငြိမ်းချမ်းရေး, ညီညွတ်ရေး, အတူလက်တွဲနေထိုင်ရေး တရားတော်
၂။ ခိုလန်မြို့၌ လူတို့၏ စရိုက်လက်္ခဏာကောင်းများသည် လူ့ဘ၀၏ တန်ဘိုးနှင့် တန်ခိုးတရားတော်
၃။ ကျိုင်းတောင်းမြို့တွင် မေတ္တာတရားတော်
၎။ မိုးနဲမြို့တွင် အပ္ပမာဒတရားတော်
၅။ လဲချားမြို့တွင် အဆင်သင့်ပြင်ထား တရားတော်
၆။ ကွန်ဟိန်းမြို့တွင် လူသားတို့၏ ဘ၀တန်ဘိုး တရားတော် တို့ကို ဟောကြားခြင်းဖြင့် စာရိတ်္တ, စိတ်ဓာတ်, အသိဉဏ် တို့ကို ခွဲခြမ်း စိပ်ဖြာသည့် ဓမ္မဒါန (Dhamma Operation) ကောင်းမှုကို ကောင်းစွာ ပြုလုပ်ခဲ့ပါသည်။

မတ်လ ၂၄-ရက်, ၂၀၁၄ နေ့တွင် ခိုလန်ကုန်းမြင့်ရိပ်သာ၌ အနားယူလျှက် ဤစာတန်းကို ရေးသားပါသည်။ ၂၅-ရက် နံနက် ၇း၀၀ နာရီတွင် ခိုလန်မြို့မှ နမ့်ပန်မြစ်, သံလွင်မြစ်နှင့် နမ့်ဆင်မြစ်တို့ကို ဖြတ်သန်းပြီး ကျိုင်းတုံနှင့် တာချီလိတ်နယ်ခြားဒေသသို့ ဓမ္မခရီးတစ်ခုကို ဆက်လက်၍ခရီးထွက်ခဲ့ပါသည်။

သူတော်ကောင်းတရား နေရာတိုင်းမှာ ထွန်းတောက်ပါစေ။
သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။

သီတဂူဆရာတော် ဒေါက်တာအရှင်ဉဏိဿရ
(ခေတ္တ-အရှေ့အလယ်ပိုင်း ရှမ်းကုန်းမြေမြင့်)
ခိုလန်
(၂၄၊၃၊ ၂၀၁၄)
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၈-၃-၂၀၁၄
www.thesitagu.org

27 June 2013

သီတဂူဆရာတော် သြ၀ါဒ (မလေးရှား)

မလေးရှားရောက် သီတဂူဆရာတော် သြ၀ါဒ

ဒီကနေ့ မလေးရှား ကွာလာလမ်ပူကို ရောက်လာတာဟာ ဟိုအရင်နှစ်တွေက ရောက်လာသလို တရားဟောဖို့ လာတာ မဟုတ်ဘူး၊ အရင်ခေါက်တွေ ရောက်တုန်းကတော့ မလေးရှားရောက် တပည့်တွေ ဒကာ ဒကာမတွေ အထူးသဖြင့်တော့ လူငယ် လူရွယ်တွေဟာ မြတ်ဗုဒ္ဓရဲ့ ဓမ္မနဲ့ ဝေးသွားမှာစိုးလို့၊ “မီးဝေးရင် ချိတ်မာတယ်” ဆိုတဲ့ စကားတစ်ခုရှိတယ်။ ချိတ်ဆိုတဲ့ ကပ်တဲ့ အစေးလေးတစ်မျိုးဟာ မီးနဲ့ခဏခဏ တွေ့မှ အပူပေးမှ ပျော့ပျော့ပြောင်းပြောင်း ဖြစ်တာ၊ မီးနဲ့ အထိတွေ့ မရရှိတဲ့ ချိတ်ဟာ မာကျွတ်ပြီး ဘယ်မှာမှ အထိမ်းကွပ်မရှိပြီး အကွဲအပြဲ ဖြစ်တတ်တယ်။

စာအိပ်တွေမှာ ချိတ်နဲ့ပို့တယ်ဆိုတာ၊ မီးနဲ့အပူပေးပြီး ကပ်တာ၊ အဲဒီတော့ “မီးဝေး ချိတ်မာ” ဒီစကားလိုပဲ ဗုဒ္ဓဓမ္မနဲ့ ဝေးတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ မာကျောကျော ဖြစ်ပြီး ကွဲကွဲပြားပြား ဖြစ်ကုန်မှာစိုးလို့ တရား လာလာ ဟောပြပါတယ်။

နိုင်ငံရဲ့သားငယ်သမီးငယ်တွေအတွက် စိတ်မကောင်း 
ဒီကနေ့လဲပဲ တကယ်တော့ ဟောဖို့လာတာ မဟုတ်ဘူး၊ ပေးမလို့ လာတာ၊ မလေးရှားနိုင်ငံမှာ လာပြီးတော့ စီးပွားရှာ အလုပ် လုပ်ကြတဲ့ လူငယ် အမျိုးသားတွေ အမျိုးသမီးတွေ အကြောင်းအမျိုးမျိုးပေါ့၊ အကြောင်းအမျိုးမျိုးဆိုတာ ပတ်စပို့မရှိတာ၊ ဗီဇာကုန်သွားတာ စသည်၊ အမှားအယွင်းတစ်ခုကြောင့် အကျဉ်းအကြပ် ဖြစ်နေကြတဲ့ ဒို့နိုင်ငံတော်ရဲ့ သားငယ် သမီးငယ်တွေ အကြောင်းတွေ ကြားပြီးတော့ စိတ်ထဲမှာ တော်တော် ခံစားရတယ်။

ကရုဏာဆိုတာ
ကရုဏာဆိုတဲ့ စကားလုံးကို မှတ်ထား၊ Feeling for others suffering လို့ အဓိပ္ပါယ်ရှိတယ်၊ သူတစ်ပါးတို့ ဒုက္ခရောက်နေသည်ကို အဲဒီ ဒုက္ခရောက်သူတို့ ခံစားရသလိုပဲ၊ မြင်သူ ကြားသူတို့ရဲ့ ရင်ထဲမှာ ခံစားခြင်း။ အဲဒီခံစားချက်နဲ့ ဒီကနေ့ ဒို့လာပြီးတော့ ဒုက္ခရောက်နေကြတဲ့ ညီငယ်တွေ၊ ညီမငယ်တွေ သားငယ် သမီးငယ်တွေ ဒုက္ခမှ လွတ်မြောက်ကြောင်း အနဲငယ်မျှ အထောက်ပံ့ကောင်း ဖြစ်စေတော့ ဆိုပြီးတော့ ရောက်လာတာ။

ဒို့ တရားဟောတဲ့ ဘုန်းကြီးဆိုတော့ တရားလေးဘာလေး ဟောလိုက်ရင် ရတယ်ကိုး၊ လှောင်သလိုလိုနဲ့ သီတဂူက လေဘုန်းကြီပါကွာလို့ ပြောဖူးတယ်၊ ဟုတ်ပါတယ် ဒို့က လေနဲ့ အလုပ်လုပ်တာပါ၊ လေကနေပြီး ရေဖြစ်လာတာ၊ စစ်ကိုင်းတောင် တစ်တောင်လုံး ရေးပေးတာ လေနဲ့ပေးတာ၊ နောက်တစ်ခါ လေကနေ ဆေးရုံတွေလဲ ဖြစ်ပါတယ်၊ မြန်မာပြည် တစ်ပြည်လုံး ဆေးရုံပေါင်း ၂၅ ခု ဆောက်ပြီးတော့ လှူပြီးသွားပြီ၊ အဲဒီလေနဲ့ပဲ တက္ကသိုလ်ကြီးတွေ တည်ထောင်တာ၊ တက္ကသိုလ် ၃ ခုလဲ ထောင်ပြီးပြီ၊ အဲဒီလေပေးပြီး ကျောင်းတိုက်တွေ တည်ထောင်တာ၊ အမေရိကန်မှာ ကျောင်းတိုက် ၃ ခု တည်ထောင်ပြီးပြီ၊ ကျောင်းတိုက်တစ်ခု ဆိုရင်၊ အောစတင်က ကျောင်းဆိုရင် ၂၀ ဘီလျံလောက် အကုန်ကျ ရှိတယ်၊ ၅၄ ပေရှိတဲ့ ရွှေစည်းခုံစေတီတော်ကြီး အော်စတင် တက္ကဆက်ပြည်နယ်မှာ တည်ပြီးပြီ။ ဧရာဝတီ မုန်တိုင်းတုန်းကဆို လေနဲ့ပဲ အလုပ်လုပ်တာပဲ၊ ရေဘေးသင့်တဲ့ သူတွေ တော်တော်များများ ဒို့ ထောက်ပံ့နိုင်ခဲ့တယ်၊ ၈.၅၈ ဘီလျံ ဒို့ သီတဂူရဲ့ အလှူ လှူနိုင်ခဲ့တယ်။

ဒို့ မလေးရှားက ပင်ပန်း ဆင်းရဲနေကြတဲ့ သားငယ် သမီးငယ်တွေ၊ ညီတွေ နှမငယ်တွေ အတွက် လာပြီးတော့ နဲနဲပါးပါး ကူအုန်းမယ်ဆိုပြီးတော့ ရန်ကုန်မှာ ဟောလိုက် ပြောလိုက် အလှူခံလိုက်တော့---
အမေရိကန်ဒေါ်လာ တစ်သိန်း သုံးထောင် သုံးရာ လေးဆယ် (၁၀၃၃၄၀) အဲဒါ လေးငါးရက်အတွင်းမှာ ရလာတယ်။ အဲဒါ ဒီယူလာပြီးတော့ ဒီထဲက စရိတ်ကို မသုံးဘူး၊ ကိုယ့်ပိုက်ဆံနဲ့ လေယာဉ်လက်မှတ် ၀ယ်စီး၊ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဟိုတယ်ခ ပေးပြီးတော့ အဲဒီ(၁၀၃၃၄၀)ကို ဒုက္ခဖြစ်ရှာကြတဲ့ ကလေးတွေကို လှူမလို့။ ဒီကနေ့ပွဲ့ ဘုန်းကြီးက မင်းတို့ကို ပြန်လှူတဲ့ ပွဲနော်၊ ဘယ်သူက ဘယ်သူ့ကိုမဆို လာလှူကောင်းတယ်၊ လှူတယ်ဆိုတဲ့ စကားကို ရှယ်ယာ Share ပေါ့၊ ဝေစုခွဲပေးတာ၊ ဝေပေးတာ၊ သာသနာတော်မှာ ပျော်ရွှင်စရာ အလုပ်တွေ အများကြီးရှိတဲ့ အထဲက သံဝိဘာဂ ရတော ဆိုတာ မှတ်ပါ၊ ပြော- (ပရိသတ် လိုက်ဆိုသံ)။ ဝေပေးရတဲ့ အလုပ်ကို ပျော်ရမယ်တဲ့။ ဘာလဲဟေ့--(ပရိသတ်လိုက်ဆိုသံ)၊ ဒီကနေ့ ငါဝေပေးမယ်၊ ငါ သိပ်ပျော်တယ်၊ ဝေစု ရတဲ့သူတွေကော မပျော်ဘူးလား (ပျော်ပါတယ်ဘုရား ပရိတ်သက်သံ)။

အေးး၊ ဒို့များရဲ့ မေတ္တာပို့မှာ ရှိတယ်၊ “ဒို့လဲ ၀မ်းသာ၊ ငါလည်း ရွှင်ပြုံး၊ နှလုံးစိတ်ဝမ်း လန်းလာယခု ချမ်းသာကို ပြုလျက်”။ Your happiness makes me happy. My happiness also makes you happy. မင်းတို့ ပျော်ရွှင်မှုကလဲ ငါ့ကို ပျော်ရွှင်စေရမည်၊ ငါ့ပျော်ရွှင်မှုကလဲ မင်းတို့ကို ပျော်ရွှင်စေရမည်၊ အဲဒီပျော်ရွှင်မှုနှစ်ခု ပေါင်းစပ်တဲ့ ကောင်းမှုပွဲကို တက်ရောက်လာကြတဲ့ သံမတ်ကြီးနှင့်တကွသော အားလုံးေ ညီအကိုမောင်နှမတွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်၊ ၀မ်းသာတယ်။

ဒဏ်ငွေဆောင်ခြင်းနှင့် အလှူ၏ ရည်ရွယ်ချက် 
အဲဒီတော့ အလှူငွေ အမေရိကန်ဒေါ်လာ တစ်သိန်း သုံးထောင် သုံးရာ လေးဆယ် (၁၀၃၃၄၀)ကို လှူလိုက်ကြတဲ့ အလှူရှင်တွေကတော့ ပြည်ထောင်စု မြန်မာနိုင်ငံ၊ ရန်ကုန်ဆေးခန်းက တပည့် ဒကာ ဒကာမတွေ၊ တော်ဝင်စင်တာက တပည့်ဒကာ ဒကာမတွေ၊ သီတဂူအဖွဲ့ တပည့် ဒကာဒကာမတွေ၊ အားလုံးပေါင်းပြီးတော့ လှူကြတယ်။

အဲဒါတွေကို ဘာကို သုံးရမလဲဆိုတော့၊ ဒီရောက်တော့ သံမတ်ကြီးအမှူးရှိတဲ့ တပည့်ဒကာဒကာမတွေနဲ့ ဒီလုပ်ငန်းကို ဆောင်ရွက်နေတဲ့ မောင်သီဟရယ်၊ နောက်ပြီးတော့ ဘုန်းကြီးက ငါ-နှစ်ပေါင်းများစွာ ခိုင်းလာခဲ့တဲ့သူ ဒီမှာ ရှိတယ်၊ သီဟ မောင်မောင်ဆိုတဲ့ကောင်ရယ်၊ အောင်မိုးဆိုတဲ့ ကောင်ရယ်၊ ရဲထွဋ်ဆိုတဲ့ ကောင်ရယ်၊ ရဲထွဋ်က ကျောက်တံခါး၊ အောင်မိုးက ကျိုက်ထို၊ သီဟမောင်မောင်က ရန်ကုန်သား။ ကြာပြီ-- ၁၀နှစ်လောက်ရှိပြီ၊ ဒီကောင်တွေကို ဘုန်းကြီး ဒီမှာ ခိုင်းလာတာ၊ သူတို့ရွာတွေလဲ သွားသွားပြီး တရားဟောတယ်။ အဲတော့ ဒီရောက်တော့ ငါ ဘယ်နေရာမှာ လှူရရင် ကောင်းမလဲဆိုတော့ ဧရာဝတီ ဖောင်ဒေးရှင်းကတော့ လေယာဉ်စရိတ်ကို အဓိကထားပြီး လှူကြတယ်၊ အဲဒါဆို ငါ့ကို ကျန်တဲ့ နေရာလေး တစ်နေရာပေးပါဆိုတော့ မလေး လူဝင်မှုကြည့်ကြပ်ရေး (လ၀က)မှာ အိုဗာစတေး Over Stay ကြောင့် ဖြစ်တဲ့ ဒဏ်ကြေးပေါ့၊ အဲဒါလေးတွေကို ငါက ပေးမယ်။

ဒဏ် ဆိုတဲ့စကား ငါက တော်တော်ကြိုက်တယ်၊ ဒဏ္ဍဆိုတဲ့ ပါဠိပုဒ်မှာ ဂျိန်းဘာသာမှာနော် ရှေးကနေ အထွဋ်အမြတ်ထားပြီး သုံးတဲ့ စကားလုံး၊ မင်းတို့ သြကာသ ကန်တော့တဲ့အခါ ကာယကံ၊ ၀စီကံ၊ မနောကံ ဆိုတာ ပါတယ်မလား၊ မြတ်ဗုဒ္ဓထက် နှစ်သုံးဆယ်လောက် စောတဲ့ ဂျိန်းဘာသာက ကာယကံ၊ ၀စီကံ၊ မနောကံ မပြောဘူး၊ ကာယဒဏ်၊ ၀စီဒဏ်၊ မနောဒဏ်၊ ဒီလိုပဲပြောတယ်၊ အဲဒီတော့ ဒီစကားဟာ အခုမှပေါ်တာမဟုတ်ဘူး၊ မြတ်စွာဘုရားထက် စောကြီးကထဲက ပေါ်ခဲ့တဲ့ စကားဟောင်း၊ အဲဒါကြောင့် ဒဏ်ဆိုတဲ့ စကားဟာ အမှု၊ ဘာလဲဆိုတော့ ကာယဒဏ်-ကိုယ်နှင့်ပြုတဲ့အမှု၊ ၀စီဒဏ်-နှုတ်နဲ့ပြုတဲ့ အမှု၊ မနောဒဏ်- စိတ်ထဲက ကြံတဲ့ အမှု၊ ကိုယ်-နှုတ်-စိတ် သုံးပါးကြောင့် ဖြစ်လာတဲ့ အမှုတွေကို ဘာခေါ်လဲဟေ့၊ ဒဏ်လို့ ခေါ်တယ်။ အဲဒီဒဏ်လေးတွေကို ငါက လှူမယ်။

ဘာ့ကြောင့် ငါ ဒဏ်သေးသေးတွေကို ရွှေးပြီး လှူမိလဲဆိုတော့ ငါလဲ ဒဏ်မသင့်ချင်ဘူးလေ၊ “ဘ၀အဆက်ဆက်က ကာယကံအမှား ၀စီကံအမှား၊ မနောကံအမှား၊ ကိုယ်-နှုတ်-စိတ် အမှားတွေကြောင့် သင့်လာခဲ့တဲ့ ဒဏ်တွေကို ဒီဘ၀ ဒီအလှူကြောင့် ပြေပါစေတော့လို့” ငါ့ရည်ရွယ်ချက်နဲ့ ငါဆုတောင်းလာတာ။

“မြန်မာနိုင်ငံ လူတွေရော၊ မြန်မာနိုင်ငံအပြင်ဘက်က လူတွေရော ကိုယ်အမှား နှုတ်အမှား စိတ်အမှားကြောင့် ဖြစ်လာတဲ့ ဒဏ်တွေ အားလုံး ပြေကြပါစေ၊ ပျောက်ကြပါစေ”ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အဲဒီ ဒဏ်သင့်အတွက် အလှူငွေ (၁၀၃၃၄၀) ဆိုတာကို ဒီကနေ့ လှူပါတယ်ဆိုတာကို အဲဒါ ကြေငြာပါတယ်။

သီတဂူအထောက်ကူပြုအဖွဲ့ (မလေးရှား) ဖွဲ့စည်းလိုက်
အဲဒီငွေတွေကို ဘယ်သူက ဘယ်လိုကိုင်ပြီးတော့ သုံးစွဲမလဲဆိုတော့ ဒို့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ သီတဂူသာသနာပြုအဖွဲ့ဆိုတာ ရှိတယ်။ သာသနာပြုအဖွဲ့ကြီးကို ၀ိုင်းဝန်းကူညီတဲ့ အဖွဲ့တွေကို အထောက်အကူပြု အဖွဲ့ဆိုတာရှိတယ်၊ အထောက်ကူပြုအဖွဲ့တွေက ရန်ကုန်မှာရှိတယ်၊ မန္တလေးမှာရှိတယ်၊ တခြားမြို့နယ်တွေမှာလဲရှိတယ်၊ စင်္ကာပူမှာလဲရှိတယ်၊ အင်္ဂလန်မှာလဲ ရှိတယ်၊ အမေရိကန်မှာလဲ ရှိတယ်၊ အဲဒီတော့ တစ်သိန်းကျော်သော ပိုက်ဆံတွေကို သုံစွဲဖို့ စနစ်တစ်ခုတော့ လုပ်မှ ဖြစ်မှာပဲ ဆိုတော့၊ ငါက မနေ့က ကိုင်း-ဒီပိုက်ဆံကို ဒို့ရဲ့တာဝန်ပေးချက်အရ လုပ်ဖို့ရန်အတွက် သီတဂူအထောက်ကူပြုအဖွဲ့ ဆိုတာကို မလေးရှားမှာ ဖွဲ့လိုက်အောင်ဆိုပြီး ဒို့က စီမံလိုက်တယ်။ စီမံလိုက်တော့ ဟောဒီမှာ အာရှတော်ဝင် မန်နေဂျင်းဒါရိုက်တာ ဒေါက်တာမြတ်သူ (မက်တက်ရပ်ခိုင်း)၊ သူလဲ အလှူတွေ အများကြီးပါတယ်၊ သူပါမယ်၊ ရန်ကုန်တိုင်းက ဆေး၊ ဆင်ဘရားသားဆေးကုမ္ပဏီက ဘာဘူပီကေဆင်းဆိုတာ ပါမယ်၊ သီတဂူအဖွဲ့ထဲက လှဆန်းယဉ် ကိုမြင့်အောင်ဆိုတာ ပါမယ်၊ အဲဒီ သုံးယောက်နဲ့ မလေးရှားက ခုနက ကြော်ငြာသွားတဲ့ သီဟမောင်မောင်၊ အောင်မိုး၊ ရဲထွဋ် ရယ်၊ အဲဒီသုံးယောက်ပေါင်းပြီးတော့ စုစုပေါင်း ၆ ယောက်၊ ၆ ယောက်ကို တိုက်ရိုက် ခိုင်းမှာက ဘုန်းကြီးကိုယ်တိုင်၊ ဒါရိုက်တာဆိုလဲ ဘုန်းကြီးပဲ၊ ဥက္ကဋ္ဌဆိုလဲ ဘုန်းကြီးပဲ၊ “မလေးရှား သီတဂူအထောက်ကူပြုအဖွဲ့”။ အဲဒီသီတဂူအထောက်ကူပြုအဖွဲ့ကို ဒီကနေ့ ဒီငွေတွေကို ပေးအပ်တဲ့အခမ်းအနား ဒီကနေ့ ကျင်းပခြင်းဖြစ်ပါတယ်။

(အဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့သူက “အရင်က တစ်ယောက်ကို ၄၀၀ လှူရန် အလှူခံမည်ဖြစ်သော်လည်း အခု သီတဂူဆရာတော်နှင့်အဖွဲ့က တစ်ယောက်ကို အမေရိကန် ဒေါ်လာ ၄၀၀ ဆီ ဒဏ်ကြေးငွေအတွက် လှူပေးပြီးဖြစ်၍ သီးခြား အဲဒီအတွက် အလှူမခံရတော့ကြောင်း” ပြော)

“၂၇ရက်နေ့မှာ ဒေါက်တာမြတ်သူ ရန်ကုန်ပြန်မယ်၊ အဲဒီမှာ ၂၇ ရက်နေ့ညမှာ ဘုန်းကြီးတို့ သီတဂူအဖွဲ့ အစည်းဝေးလုပ်မည်၊ ဒီထက် အင်တိုက်အားတိုက် လှူနိုင်လိမ့်မယ်၊ အစည်းဝေးပြီးတာနဲ့ ဒီထဲက လှဆန်းယဉ် ကိုမြင့်အောင်နှင့် ဘာဘူးပီကေဆင်တို့ ဒီမလေးရှားကို ထက်လွတ်မယ်၊ နောက်ထက် ၂၇ ရက်ညမှာ ဘယ်လောက် ဖြစ်မလဲ ဆိုတာ သတင်းကောင်းစောင့်နေကြအုန်း”ဟု ဆရာတော်မိန့်သည်။

 သီတဂူဆရာတော် မလေးရောက် သြ၀ါဒ ဗီဒီယိုဖိုင်မှ စာအဖြစ်ဖန်တီးသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၆-၆-၂၀၁၃

31 March 2013

အကြမ်းဖက်မှုအားလုံး ရှုတ်ချသည် By သီတဂူဆရာတော်

အကြမ်းဖက်မှုအားလုံး ရှုတ်ချသည်
By သီတဂူဆရာတော်
 
 
မည်သည့်အကြမ်းဖက်မှုမျိုးကိုမဆို ဘာသာရေးခေါင်းဆောင်တစ်ယောက်အနေနှင့် ပြင်းပြင်းထန်ထန် ရှုတ်ချပါသည်။

ဒီကနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှာ မည်သည့်ထောင့် မည့်သည့်နေရာက မည်သူတို့ လှုံ့ဆော်သည်ဟု အတိအကျ မသိရနိုင်သော ဆူပူသောင်းကြမ်းမှုများ အကြမ်းဖက်မှုများ၊ ဘာသာ အယူဝါဒနှင့် လူမျိုးမတူ ထူးခြားသူများကို အခြားသော ဘာသာအယူဝါဒ မတူကြသော လူမျိုးခြင်း မတူကြသောသူတို့ဟာ အပြန်အလှန် ဆူပူသောင်းကြမ်း တိုက်ခိုက် နှောက်ယှက်နေကြပါတယ်။ အထူးသဖြင့် ရခိုင်ဒေသက စလိုက်သော လူမျိုးရေး ဘာသာရေး ဆူပူမှုတွေဟာ မန္တလေးတိုင်းထဲသို့ ကူးစက်ဝင်ရောက်လာပြီး မိတ္ထီလာမြို့မှာလဲ ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေ ရန်ဖြစ်ခဲ့ကြတယ်။ အဲဒီကနေ ကူးစက်ပြီးတော့ ပဲခူးတိုင်း အနောက်ဖက်ခြမ်းကို ကူးစက်သွားခဲ့တယ်။ အခြားတိုင်းနှင့်ပြည်နယ်တစ်ချို့မှာလဲ ထိတ်လန့်ဖွယ် ကောလာဟလတွေ ဖြစ်ပေါ်နေကြတယ်။

အဲ့ဒီ ကောလာဟလတွေဟာ ဒီနိုင်ငံမှာ ငြိမ်းငြိမ်းချမ်းချမ်း ညီညီညွတ်ညွတ် လက်တွဲ နေထိုင်လိုကြတဲ့ မြန်မာ့မြေဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေရဲ့ စိတ်ကို စိုးရိမ်စိတ်တွေ ကြောက်ရွံ့စိတ်တွေ ပူပန်စိတ်တွေ ဖြစ်ပွားစေခဲ့တယ်။ အဲ့ဒီကောလာဟလတွေဟာ နိုင်ငံသစ် စနစ်သစ် ငြိမ်းချမ်းသာယာသော လမ်းစဉ်သစ်တစ်ခု တည်ထောင်တဲ့နေရာမှာ ကြီးစွာသော အနှောက်အယှက်တွေ ဖြစ်စေခဲ့ပါတယ်။ ထို့ကြောင့် ဘာသာရေးအကြမ်းဖက်မှု လူမျိုးရေးအကြမ်းဖက်မှု စီးပွားရေးအကြမ်းဖက်မှုအားလုံး မည်သည့်အကြမ်းဖက်မျိုးကို မဆို သီတဂူဆရာတော်က ပြင်းထန်စွာ ရှုတ်ချပါသည်။
(ယာစွန် ဒေါက်တာ သီတဂူအရှင်ပညာသီဟာလင်္ကာရ)
ဘုရားသခင်အားလုံးရဲ့ (Non-Violence) အဟိံသ၀ါဒ
မြတ်ဗုဒ္ဓရဲ့ဝါဒဟာ အဟိံသ၀ါဒ (Non-Violence)၀ါဒသာ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓရဲ့ဝါဒဟာ အဟိံသ၀ါဒ ဖြစ်သလို ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာဆိုတဲ့ အခြားဘာသာတရားတွေရဲ့ ၀ါဒများဟာလဲ Non-Violence ဆိုတဲ့ အဟိံသ၀ါဒ ဟူ၍သာ သီတဂူဆရာတော်က ယုံကြည် လက်ခံထားပါသည်။ ဘာသာတရား အားလုံးကို တည်ထောင်ခဲ့ကြတဲ့ ဘုရားသခင် အားလုံးတို့ဟာ လူသား အားလုံးတို့ကို ဆူပူသောင်းကြမ်းမှုတွေ ပြုလုပ်ကြဖို့ ဘယ်ဘုရားကမှ မဟောကြားခဲ့ကြပါဘူး။ ဘာသာအားလုံးတို့၏ တရားအမျိုးမျိုးတို့ကလည်း ငြိမ်းချမ်းရေး-သန္တိ၊ ညီညွတ်ရေး-သမဂ္ဂ၊ အတူလက်တွဲ နေထိုင်ရေး-သဟာယ Peace-Harmony-Coexistence ဆိုတဲ့ မူဝါဒများကို ဟောကြားဆုံးမတော်မူကြတယ်လို့ ယုံကြည်ပါတယ်။

ထို့ကြောင့် မိမိတို့ ယုံကြည်ရာ ဘာသာတရား အသီးသီးကို လိုက်နာကျင့်သုံးနေကြတဲ့ ကိုးကွယ်နေကြတဲ့ ဘာသာဝင် လူမျိုးအားလုံးတို့သည် ငြိမ်းချမ်းစွာ ညီညွတ်စွာဖြင့် အတူလက်တွဲ နေထိုင်ကြဘို့ အထူး မေတ္တာရပ်လိုပါတယ်။ Peace-Harmony-Coexistence ဆိုတဲ့ အခြေခံလမ်းစဉ် သုံးခုကို တည်ဆောက်တဲ့ နေရာမှာ သည်းခံခြင်း-ခန္တီ Tolerance၊ ခွင့်လွတ်ခြင်း-ခမာ Forgiveness၊ လူသားတစ်ယောက်က လူသားတစ်ယောက်၏ အပြစ်တို့ကို မေ့ပျောက်နိုင်ခြင်း Forgetness ဆိုတဲ့ ဒီသုံးခုဟာ အလွန်တရာမှ အရေးကြီးပါတယ်။

ကောလာဟလနဲ့ သံသယတွေကို မဖန်တီးကြပါနဲ့

နောက်ပြီးတော့ “မသင့်လျှော်သော ရည်ရွယ်ချက်တစ်ခုခုနဲ့ ဆူပူသောင်းကြမ်းမှုတစ်ခုခုကို ရည်ရွယ်ပြီးတော့ ကောလာဟလနဲ့ သံသယတွေကို မဖန်တီးကြပါနဲ့”လို့ တိုက်တွန်းလိုပါတယ်။ ကောလာဟလနဲ့ သံသယတွေဟာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးရဲ့ ကြီးကျယ်တဲ့ အနှောက်အယှက်တွေပဲ ဖြစ်ပါတယ်။ သံသယကို ဖန်တီးတဲ့ပုဂ္ဂိုလ်တွေဟာ ကြီးလေးသော ပြစ်မှုကြီးတွေကို လွန်ကျူးနေကြသလို ကောလာဟလကို ထုတ်လွင့်နေတဲ့ ပုဂ္ဂိုလ်တွေဟာလဲ တည်ငြိမ်အေးချမ်းရေးရဲ့ အနှောက်အယှက်တွေပဲ ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓက “မာ အနုဿဝေန ဂဏှိတ္ထ- တဆင့်စကား တဆင့်ကြားပြီး ချဲ့ထွင်ထားတဲ့ ကောလာဟလတွေကို လက်တွေ့ မျက်မြင် မပါဘဲ၊ ကိုယ်တိုင်လဲ သိမြင် နားလည်ခြင်းမရှိဘဲ အမှန်ဟု မယူဆမိကြစေ”ဘို့ အထူး မိန့်ကြားတော်မူလေ့ရှိပါတယ်။ အဲဒါကြောင့် တိုင်းသူပြည်သားတွေကလဲ ကောလာဟလတွေ ထွက်လာတိုင်း သံသယတွေဝင်ပြီးတော့ တလှုပ်လှုပ်တရွရွ မဖြစ်ကြဘို့ ကောလာဟလရဲ့ ယုတ္တိတွေကို စိစစ်ပြီးမှ စဉ်းစားပြီးမှ လုပ်ကိုင်ဆောင်ရွက်ကြဘို့ သီတဂူဆရာတော် ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံဟာ လူရိုင်းတွေ နေတဲ့ နိုင်ငံမဟုတ်

မြန်မာနိုင်ငံဟာ ဘာသာရေးနဲ့ ယဉ်ကျေးမှုတွေ ထွန်းကားတဲ့ နိုင်ငံဖြစ်ပါတယ်။ လူရိုင်းတွေ နေတဲ့ နိုင်ငံမဟုတ်ပါဘူး။ နှစ်ပေါင်းထောင်ချီ၍ ကြာညောင်းခဲ့ပြီ ဖြစ်တဲ့ ဘာသာရေး ယဉ်ကျေးမှု၊ ဆရာ မိဘ၊ သူတော်ကောင်း အဆုံးအမတွေနဲ့ ဖွဲ့စည်းတည်ထောင်ထားတဲ့၊ နောက်ခံ သမိုင်းကြောင်း ခိုင်မာတောင့်တင်းတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အဲဒါကြောင့် ဒီမြန်မာမြေပေါ်မှာနေပြီးတော့ မြန်မာ့ရေကို အတူသောက်နေကြတဲ့ မြန်မာ့အလံအောက်က လူတွေ အားလုံး မြန်မာ့စိတ်ဓာတ်ကို တစ်ညီတစ်ညွတ်တည်းဖြင့် နေထိုင်ကြပါလို့ အထူးတိုက်တွန်းလိုက်ပါတယ်။

မြန်မာဆိုတာ ဗြဟ္မာကနေ တရွေ့ရွေ့ဆင်းသက်လာတာဖြစ်တယ်။ ဗြဟ္မာရဲ့ အဓိပ္ပါယ်က Noble မွန်မြတ်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ မွန်မြတ်တဲ့ စိတ်ဓာတ်ဆိုတာ သည်းခံခြင်း၊ ခွင့်လွတ်ခြင်း၊ မေတ္တာတရားထားခြင်း၊ ကရုဏာတရားထားခြင်း၊ တရားမျှတခြင်း၊ အကြောင်းအကျိုး ဆင်ခြင်တုံတရားနှင့် ပြည့်စုံခြင်းတို့ပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် မြန်မာတွေဟာ မွန်မြတ်သော စိတ်ဓာတ်ကို နှလုံးသားမှာ အပြည့်ထားပြီး ဆူပူသောင်းကြမ်းမှုမှန်သမျှကို တစ်ညီတစ်ညွတ်တည်း တွန်းလှန်ကာကွယ်ဖို့နဲ့၊ ငြိမ်းချမ်းရေးနှင့်ညီညွတ်ရေးကို တစ်ညီတစ်ညွတ်တည်း တည်ဆောက်ကြဖို့ တိုက်တွန်းလိုပါတယ်။

ဘုရားသားတော် သံဃာထုကို သီတဂူဆရာတော် တောင်းပန်လိုက်ခြင်း
မြန်မာနိုင်ငံတော်မှာ ဘုရားသားတော် သံဃာတော်ဦးရေ ငါးသိန်းနီးပါးရှိပါတယ်။ မြန်မာ့တပ်မတော်တစ်ခုလုံးရဲ့ အင်အားကြီးနဲ့ အညီအမျှလောက်ပဲ ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်က လက်နက်ကိုင်၍ တိုင်းပြည်ရဲ့ ရန်များကို တွန်းလှန် ကာကွယ်ပြီး နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေး တည်ငြိမ်ရေး တည်ဆောက်ရတာကို ကြည့်ပြီး အလွန်တရာ အင်အားကြီးမားတဲ့ ဘုရားသားတော် သံဃာ့အစည်းအရုံးကြီးကလဲ အကြမ်းမဖက်ဘဲ ဆူပူသောင်းကြမ်းခြင်းမှန်သမျှကို မေတ္တာလက်နက် ကိုင်စွဲ၍ ၀ိုင်းဝန်းနှိမ်နင်းတော်မူကြပါ။ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုလဲ အင်လိုက် အားလိုက် ၀ိုင်းဝန်းတည်ထောင် ပေးကြပါလို့ လျှောက်ထား တောင်းပန်လိုပါတယ်။ ငြိမ်းချမ်းရေး တည်ငြိမ်ရေးနှင့် ညီညွတ်ရေးကို တည်ထောင်လိုသော မည်သည့်ဘာသာရေး ခေါင်းဆောင်များနှင့်မဆို လက်တွဲ ဆောင်ရွက်တော်မူကြပါလို့ တိုက်တွန်းလိုပါတယ်။

ဒီကနေ့ ဒီအချိန်ဟာ မြန်မာနိုင်ငံတော်ရဲ့ စာမျက်နှာအသစ်တစ်ခုကို ဖွင့်လှစ်ပြီးတော့ သမိုင်းအသစ်တစ်ခုကို ရေးကြဖို့ နိုင်ငံ့ခေါင်းဆောင်များအားလုံး ပြင်ဆင်နေကြတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ဘာသာရေးခေါင်းဆာင်များ (Religious Leaders) အားလုံး, လူမှုရေးခေါင်းဆောင်များ (Social Leaders)အားလုံးနှင့် စိတ်ဓာတ်ရေးရာခေါင်းဆောင် (Spiritual Leaders) အားလုံးတို့ဟာ စိတ်ထားမှန်၍ ရည်ရွယ်ချက်မှန်မှန်ဖြင့် နိုင်ငံတော်ရဲ့ စာမျက်နှာသစ်ကို ဖွင့်လှစ်ကြမည့် နိုင်ငံ့ခေါင်းဆောင်အားလုံးတို့အား ဖေးမကူညီ စောင့်ရှောက်ပေးကြပါ။

နိဂုံးချုပ်

ဒီကနေ့ ဒီအချိန်မှာ ယခုကဲ့သို့ Peace- (သန္တိ)၊ Harmony-(သမဂ္ဂ)၊ Coexistence-(သဟာယ) ဆိုတဲ့ မွန်မြတ်သော အခြေံမူဝါဒတွေကို မတည်ဆောက်နိုင်ကြဘူးဆိုလျှင် သံသယတွေ ကောလာဟလတွေ ဆူပူသောင်းကြမ်းမှုတွေ အကြမ်းဖက်လုယက်မှုတွေရဲ့ နောက်ကွယ်မှာ မမြင်နိုင်သော စိုးရိမ်ဖွယ်ရာကောင်းသော အခြားကြီးမားသော အနှောက်အယှက် ဆန့်ကျင်ဘက်များ ဖြစ်ပေါ်လာနိုင်ပြီး ကုန်ဆုံးခါနီးဖြစ်သော ဆူးခင်းသောလမ်းကြမ်းကြီးမှ ပန်းခင်းသောလမ်းကြောင်းပေါ်သို့ ဆက် မလျှောက်နိုင်ဘဲ မီးကျီးခဲခင်းသော လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိသွားမှာကို အလွန် စိုးရိမ်ရပါတယ်။

အဲ့ဒါကြောင့် တိုင်းရင်းသားအားလုံး ဗြဟ္မာစိတ်ဓာတ်ကို မွေးထားကြတဲ့ မြန်မာအားလုံး အဟိံသ၀ါဒ (Non-Violence)ကို လက်ကိုင်ထားကြတဲ့ အခြားအခြားသော ဘာသာဝင်အားလုံးတို့ သည်းခံခြင်း Tolerance၊ ခွင့်လွတ်ခြင်း-ခမာ Forgiveness၊ လူသားတစ်ယောက်၏ မေ့ပျောက်နိုင်ခြင်း Forgetness Harmoniously Coexistence ဆိုတဲ့ လောကပါလတရားများ လက်ကိုင်ထား၍ ဆူပူသောင်းကြမ်းခြင်း အားလုံးတို့ကို ၀ိုင်းဝန်းတားဆီးကြပါ။ ငြိမ်းချမ်းရေးနှင့်ညီညွတ်ရေးကို ၀ိုင်းဝန်းတည်ဆောက်ကြပါလို့ အလေးအနက် တိုက်တွန်းလိုက်ရပါတည်။

အားလုံးကို ကျေးဇူးတင်ပါတယ်။
ဒေါက်တာအရှင်ဥာဏိဿရ (Ph.D, D.Litt.)
အဓိပတိ-သီတဂူဆရာတော်

မှတ်ချက်။ ။ ၃၀-၃-၂၀၁၃ နေ့လည်(၂)နာရီ၊ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ရွှေလီလမ်း မြန်မာငြိမ်းချမ်းရေးစင်တာ“Myanmar Peace Center”မှာ ကျင်းပခဲ့တဲ့ “မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနဲ့ သဟဇာတဖြစ်ရေးအတွက် အရပ်ဖက်လူ့အဖွဲ့စည်းများနဲ့ ဘာသာပေါင်းစုံဆွေးနွေးပွဲ” ခေါင်းစဉ်နဲ့ကျင်းပတဲ့ ဆွေးနွေးပွဲအတွက် သီတဂူဆရာတော်ကြီး၏ သ၀ဏ်လွှာမိန့်ခွန်းကို သင်ကြားစီမံ ဒေါက်တာပညာသီဟာလင်္ကာရ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဖတ်ကြားသည်။) (ဓာတ်ပုံများကိုတော့ the voice weekly နှင့် Yangon Media Group တို့မှ ကူးယူသည်)

အထူးမေတ္တာရပ်ခံ။  ။ဤမိန့်ခွန်းကို လိုရာ ကွက်ကြား ဖြတ်တောက်ခြင်း၊ ပြင်ဆင်ခြင်းများ မပြုလုပ်ကြဘဲ အပြည့်အစုံ ကော်ပီယူပြီး ရှယ်နိုင်ကြပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃၁-၃-၂၀၁၃

16 March 2013

အောင်ဆန်းသမီး ရလိုက်တာ အလွန်ကံကောင်းခြင်း

အောင်ဆန်းသမီး ရလိုက်တာ အလွန်ကံကောင်းခြင်း by
သီတဂူဆရာတော်

လက်တလော လက်ပန်တောင်းတောင် အရေး ဖြေရှင်းပေးနေသော ဒေါ်အောင်ဆန်းစုကြည် အား လက်ပန်တောင်းတောင် ဒေသမှ တချို့ချို့သော သူတွေရဲ့ ၀ိုင်းအော်၊ ၀ိုင်းကန့်ကွက်ခဲ့တာနဲ့ ပက်သက်ပြီး သီတဂူဆရာတော်ကြီး မိန့်မှာထားသည်မှာ အလွန့်လွန်ကောင်းလှသည်၊ တန်ဖိုးကြီးမားသည့် မိန့်ခွန်းဖြစ်သောကြောင့် ပြည်သူများ ဖတ်ရှုနိုင်ရန် အသံဖိုင်မှ စာအဖြစ် ကူးပြီး တင်ပါသည်။

နှစ် ၆၀ ဆူးခင်းသောလမ်းခရီး
ပြည်ထောင်စုမြန်မာနိုင်ငံ Union Of Myanmar ရဲ့ သမိုင်းကြောင်းကို အဲဒီလို သည်းမခံနိုင်တာတွေ၊ ခွင့်မလွတ်နိုင်တာတွေ၊ မစွန့်လွတ်နိုင်တာတွေ၊ မမေ့ပျောက်နိုင်တာတွေ၊ အားကြီးလွန်းတယ်၊ Union Of Myanmar ဆိုတဲ့ ပြည်ထောင်စု မြန်မာနိုင်တော်ကြီးဟာ အို---တခါတည်း သွေးချောင်းစီးပြီးတော့ ထပ်တလဲလဲ ပစ်ကြခက်ကြ သတ်ကြဖြတ်ကြ ဖမ်းဆီးကြ နိပ်စက်ကြနဲ့ ဒီလိုတွေ ဖြစ်လာခဲ့တာ။ အဲဒီတော့ ဒို့ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး၏ သက်တမ်းဟာ လွတ်လပ်ရေးရပြီးခါစကထဲက အခုထိ ပြန်ကြည့်ရင် နှစ် ၆၀ ကျော်ကျော် ရှိလာခဲ့ပြီ။ အနှစ် ၆၀ တို့ကာလပတ်လုံး၊ ဒီလိုပဲ တစ်ယောက်နှင့် တစ်ယောက် သည်းမခံနိုင်ကြတာတွေ၊ ခွင့်မလွန်နိုင်ကြတာတွေ၊ မစွန့်လွတ်နိုင်ကြတာတွေ၊ နောက်ပြီးတော့ တစ်ယောက်ရဲ့ အပြစ်ကို တစ်ယောက်က မမေ့ပျောက်နိုင်ကြတာတွေ၊ အဲဒါတွေကြောင့် အခုထိ စည်းလုံးညီညာမှုနှင့် ငြိမ်းချမ်းသာယာရေး၊ ပြီးတော့ လက်တွဲဆောင်ရွက်ခြင်း၊ အင်္ဂလိပ်လို တစ်လုံးနှစ်လုံးပြောရင် လက်ခံကြစမ်းပါ၊ Peace ရယ် Harmonious ရယ် Co-exist ရယ် ဒီကနေ့ထိ မရသေးဘူး။

အချင်းချင်း အပြန်အလှန် ခွင့်လွတ်ကြပါ
ပြီးတော့ ငါပြောချင်တာက လက်ပန်တောင်း တစ်ပတ်လည်က လူတွေရော တစ်နိုင်ငံလုံးက လူတွေရော လူမျိုးမရွေး ဘာသာမရွေး၊ တိုင်းရင်းသား အားလုံး၊ အထူးသဖြင့် မြန်မာ့မြေပုံပေါ်မှာ မွေးတဲ့ သူတွေ၊ မြန်မာပြည်ထဲမှာပဲ နေနေ အပြင်ဘက်မှာပဲ နေနေ၊ အကုန်လုံးဟာ အချင်းချင်း အပြန်အလှန် ခွင့်လွတ်ကြပါလို့၊ နောက်တစ်ခုက သည်းခံကြပါ၊ သည်းခံတယ်ဆိုတာ အဓိကတော့ ဒေါသကို ထိမ်းချုပ်တာ၊ တစ်ယောက်ကတစ်ယောက် အမှားအယွင်းရှိရင်လဲ ခွင့်လွတ်ကြပါ။ ပုထုဇဉ်တွေဟာ မှားတတ်တာရှိတယ်၊ ကြီးကြီးကျယ်ကျယ်မှားရင် ခွင့်မလွတ်နိုင်ပေမဲ့ အနည်းငယ်မျှမှားတာတွေ အကုန်လုံး ခွင့်လွတ်ကြပါ။ နောက်တစ်ခုက စွန့်လွတ်ခြင်းဆိုတာလဲ အရေးကြီးတယ်။

အဲဒီအခြေခံ မူသုံးချက်ကွာ၊ ငါအဲဒါ သဘောကျထားတာ။ နိုင်ငံတော်မှာ လူတွေဟာ အဲဒီလို ကျင့်သုံးနိုင်ခြင်းမရှိကြတဲ့အတွက်ကြောင့် ရန်ဖြစ်ကြ၊ သတ်ကြ၊ ဖြတ်ကြ၊ ပစ်ကြ ခက်ကြနဲ့ နှစ် ၆၀ ကျော်ပြီး ဆူးခင်းတဲ့ ခရီးကြမ်းကြီးကို ဒို့နိုင်ငံသားတွေ ဗမာတွေ၊ ချင်း၊ ကချင်၊ ရှမ်း၊ မွန်း၊ ကယား၊ ရခိုင်၊ ကရင် လူမျိုးစု တစ်ရာကျော်ဟာ ဆူးခင်းတဲ့လမ်းကြီးကို လျှောက်လမ်းခဲ့တာ ကြာလှပြီပဲ။ ဒီကနေ့ အဲဒီခရီးကြမ်းကြီးဟာ ဆုံးတော့မယ်၊ မြန်မာတွေဟာ ကိုယ့်ကိုယ်ကို Golden Myanmar, Golden Land ဒီလိုပြောတယ်။ အဲဒါကြောင့် ရွှေမြန်မာတို့က Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ဖွင့်ခါနီးအနေအထားမှာ အကုန်ရောက်ကြပြီ။ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ဖွင့်ဖို့ အနေအထား ရောက်တာဟာ မစုခေါင်းဆောင်တဲ့ NLD အဖွဲ့ဝင်တွေအားလုံးနှင့် သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်တဲ့ စစ်ဗိုလ်ချုပ်၊ ဗိုလ်ချုပ် လူထွက်တွေ လက်တွဲနိုင်ကြလို့ ဖြစ်တာ။ အဲဒီလို လက်တွဲတာကို စွဲစွဲမြဲမြဲ ဆက်တွဲနိုင်ဖို့ရာ အရေးကြီးတယ်၊ အဲဒီလို ဤနှစ်ဦးသား လက်မတွဲနိုင်ဘူးဆိုလို့ရှိရင်၊ လက်တွဲဖို့ သည်းမခံနိုင်ဘူးဆိုရင်ပေါ့၊ မစွန့်လွတ်နိုင်ကြဘူးဆိုရင်ပေါ့၊ ခွင့်မလွတ်နိုင်ဘူးဆိုရင်ပေါ့ လက်တွဲဟာ ပြုတ်သွားပြီ။ အဲဒီလက်တွဲပြုတ်သွားရင် ဆူးခင်းတဲ့လမ်းကြမ်းကြီးပေါ်မှာပဲ အားလုံး ဆက်လျှောက်ကြအုံးမှာ၊ ဆူးခင်းတဲ့လမ်းကြမ်းကြီးက အခု ဆုံးခါနီးပြီ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ရွှေမြန်မာတွေက အခု စတင်ဖွင့်တော့မှာ။ သော့ကလေး ရှာနေတာ၊ ဘယ်သော့နဲ့ ဘယ်လို ဖွင့်မလဲဆိုတာ ရှာနေတဲ့အချိန်။ အဲဒီအချိန်မှာ အနည်းကလေးမျှသော အကြောင်းကိစ္စကို အခြေခံကို အကြောင်းပြုပြီးတော့ ရန်ဖြစ်ကြမယ်၊ ခွင့်မလွတ်နိုင်ကြမယ်၊ သည်းမခံနိုင်ကြမယ်၊ ရန်တွေ့ကြမယ်၊ သတ်ကြမယ်၊ ဖော်ထုတ်ကြမယ်၊ အဲဒါတွေ စွဲနေကြအုန်းမယ်ဆိုရင် ဒီဆူးခင်းသော လမ်းပေါ်ကို အကုန်လုံး ပြန်လျှောက်ကြရမှာ။ ပြီးတော့ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကလဲ ပိတ်သွားမှာ။

ဒါ့ကြောင့် ရှေးဦးစွာ ငါပြောချင်တာကတော့ ဒီသုံးချက်ပါ။ အားလုံး သည်းခံကြစမ်းပါ။ နောက်တစ်ခုကတော့ တစ်ယောက်ကိုတစ်ယောက် ခွင့်လွတ်ကြစမ်းပါ။ နောက်တစ်ခုက စွန့်လွတ်ခြင်းဆိုတာလဲ အရေးကြီးပါတယ်။

နှစ် ၆၀အတွင်း ပန်းခင်းသောလမ်းဖန်တီးသည် မတွေ့ခဲ့
စွန့်လွတ်ပုံ အမျိုးမျိုးတော့ရှိတယ်။ နိုင်ငံတော်ရဲ့ လွတ်လပ်ရေးအတွက် အောင်ဆန်းတစ်ယောက်နဲ့ အပေါင်းပါ၊ ခေါင်းဆောင်ကြီးတွေ အများကြီးပဲ၊ အသက်တွေ စွန့်လွတ်သွားကြတာပဲ။ အဲဒီတော့ အောင်ဆန်းသေပြီးတဲ့ နောက်ပိုင်းမှာ လွတ်လပ်ရေးရ၊ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၆၀ လောက်ခရီးမှာ နိုင်ငံတော်တစ်ခုလုံးရဲ့ ဆူးခင်းသောလမ်းကြမ်းကြီးကို ပန်းခင်းသော လမ်းအဖြစ် ပြောင်းပေးခဲ့ ခေါင်းဆောင်ဟာ ဒို့တိုင်းပြည်မှာ မတွေ့ခဲ့ဘူး။

Golden Gate ကိုဖွင့်ပေးသူ အောင်ဆန်းသမီး

နောက်တစ်ခါ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ဖွင့်ပေးနိုင်တဲ့သူ ဒီကနေ့ တွေ့ပြီ။ “အောင်ဆန်းမရှိတဲ့ နောက်ပိုင်းမှာ အောင်ဆန်းသမီးတစ်ယောက် ပေါ်လာတာဟာ ဒို့အတွက် အတော် ကံကောင်းတယ်၊ နောက်တစ်ခါ တပ်မတော်ကြီးအတွက်လည်း သိပ်ကံကောင်းတယ်။ မစုတစ်ယောက်ဟာ ဒီပဲရင်းကိစ္စကြီးတစ်ခုလုံးကို လုံးဝ မျှက်နှာလွဲပြီး ခွင့်လွတ်ထားတာ။” ဘာ အစအနမှ ပြန်မဖော်ဘူးဆိုရင် လက်ပန်တောင်းတောင်က ကိစ္စကိုလည်း အားလုံးက ဒီလိုပဲ “အော် မစုတောင် ဒီလောက်ကြီး ခွင့်လွတ်နိုင်ရင် ဒို့တတွေလဲ ခွင့်လွတ် ကျေနပ်ကြဖို့ ကိစ္စဟာ နှလုံးသားထဲမှာ စွဲစွဲမြဲမြဲထား။” ဒီမူဝါဒ သုံးခုပေါ့လေ။ ငါတွေးထားတာ အားလုံးရှိဖို့ကောင်းတယ်။

အဲဒါကြောင့် Union Of Myanmarကို United Myanmar ဖြစ်အောင်၊ Golden Myanmar ဖြစ်အောင် ကြိုးစားကြ။ တိုင်းသူ ပြည်သားအားလုံးဟာ တစ်ယောက်ကို တစ်ယောက် ခွင့်လွတ်ရမည်၊ သည်းခံရမည်၊ ပြီးတော့ “အနည်းငယ်မျှသော အကျိုးအမြတ်ကို စွန့်လွတ်မှ ကြီးကျယ်တဲ့ အကျိုးမြတ်ကို ရရှိနိုင်မှာ” ဖြစ်တယ်။ အဲဒီအချက်သုံးချက်ကိုတော့ ငါ အလေးအနက် ထားပြီး ပြောချင်ပါတယ်။

အမေရိကန်ပြည်ထောင်စုကို နည်းယူ

အေးး- ငါပြောချင်သေးတာက ဘာလဲလို့ဆိုတော့ အမေရိကန်ပြည်ထောင်စုရဲ့ ဖွံ့ဖြိုးတိုးတက်ပုံ၊ တစ်ကမ္ဘာလုံးကို လွမ်းမိုးနိုင်ပုံတွေကို သင်္ခန်းစာ ယူရမည်။ နည်းယူရမည်၊ အမေရိကန်ဆိုတာ နှစ် ၃၀၀ လောက်ပဲ ရှိသေးတယ်။ အမေရိကန်ပေါ်လာတာနော်။ United States ဆိုတာ နှစ်ပေါင်း ၃၀၀ လောက်ပဲ ရှိသေးတယ်။ ပြန်ကြည့်၊ လွတ်လပ်ရေး သက်တမ်းကို ကြည့်၊ သူတို့လည်းပဲ တခါတည်း သတ်ဖြတ်၊ တိုက်ခိုက်ပြီးတော့ လာခဲ့ကြတာ၊ ပြီးတော့ ၀ါရှင်တန်ဆိုတာကို ရလိုက်တော့မှ United States ဆိုတာဖြစ်သွားတာ။ သူတို့သမိုင်းဟာ ဘာမှ မကြာသေးဘူး။ အင်္ဂလိပ်တွေကို ကြည့်၊ United Kingdom။ ဝေလက တစ်ရှင်ဘုရင်၊ စကော့တလန်က တစ်ရှင်ဘုရင်၊ အိုင်ယာလန်က တစ်ရှင်ဘုရင်၊ အင်္ဂလန်က တစ်ရှင်ဘုရင်၊ ဘုရင်ပေါင်းများစွာ ကွဲကွဲပြားပြား ဖြစ်နေတာ၊ အဲဒီလို အစိပ်စိပ်အမွှာမွှာ ကွဲနေတဲ့အချိန်မှာ ဒီဘက်က ပြင်သစ်က နပိုလီယံရဲ့ ခြိမ်းခြောက်မှုကို ခံရတဲ့ အချိန်မှာ အစိပ်စိပ်အမွှာမွှာ ကွဲနေတဲ့ ပဒေသရာဇ်ဘုရင်နေရာမှာ အကုန်ပေါင်းပြီးတော့ United Kingdom လုပ်ခဲ့တာ နှစ် ၂၀၀ ကျော်ပဲရှိသေးတာ။ အဲဒီတော့ United လုပ်နိုင်တဲ့ အဲဒီလူတွေဟာ United ကို ဘာမူနဲ့ လုပ်သွားကြသလဲ ဆိုလို့ရှိရင် ခုနက ငါပြောသလို ခွင့်လွတ်ခြင်းနဲ့ သည်းခံခြင်း၊ ပြီးတော့ သူတပါးတွေရဲ့ အပြစ်ကို မေ့ပျောက်ခြင်း၊ နောက်ပြီးတော့ ကိုယ့်အကျိုးစီးပွား၊ အနည်းငယ်မျှသော စီးပွားကို စွန့်လွတ်ခြင်း၊ အဲဒီမူ လေးချက်နဲ့ United States နှင့် United Kingdomတွေ ဖြစ်လာတာ။

ပြည်ထောင်စုမြန်မာနိုင်ငံ (Union Of Myanmar)
ဒို့ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ သမိုင်းကို တိုတိုလေးပြန်ကြည့်၊ ငါအခု ပုဂံမှာ အနားယူနေတာ၊ မင်း လာမေးတော့ ငါကလဲပဲ ပြောချင်စိတ်ပေါက်နေတာ၊ စိတ်ထဲမှာ ပင်ပန်းလွန်းလို့။ “တိုင်းပြည်အတွက် ဒီလောက်စွန့်လွတ်တဲ့ သူကို ၀ိုင်းပြီး ရန်တွေ့တာ စိတ်မချမ်းသာစရာကောင်းတယ်။” ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို ပထမဆုံး စည်းလုံးခဲ့တာ အနောရထာ မို့လားကွ၊ အနောရထာဟာ အေဒီ ၁၁ ရာစုဆိုတော့ ဒို့မြန်မာနိုင်ငံရဲ့ စည်းလုံးမှုဟာ အင်္ဂလိပ် အမေရိကန်တို့ထက် သက်တမ်း ရှည်ပြီကွ၊ နှစ်ပေါင်း ၉၀၀ ရှိပြီ။ အဲဒီ အနော်ရထာ စည်းစည်းလုံးလုံးနဲ့ တည်ထောင်ထားခဲ့တဲ့ United Myanmar ကို ဖျက်စီးပြစ်ကြတာတော့ ပုဂံသမိုင်းမှာ ပြန်ဖတ်၊ တိုတိုလေး၊ ငါပြောမယ်၊ သီဟပတိဆိုတဲ့ ဘုရင်နှင့် နရသူဆိုတဲ့မင်းပဲ၊ မင်းနှစ်ပါးအကြောင်း အကျယ်မပြောဘူးကွာ၊ ပုဂံသမိုင်းမှာ အဲဒီမင်းနှစ်ပါးကို ဘယ်လိုရေးထားလဲ။ သီဟပတိမင်းကို ဘာခေါ်လဲဆိုတော့ တရုပ်ပြေးမင်းလို့ခေါ်တယ်။ နရသူကိုတော့ ကုလားကျမင်းလို့ ခေါ်တယ်။ အဲဒါဟာ ဒို့နိုင်ငံသူ နိုင်ငံသားတွေ သိပ်သတိထားရမည့် အချက်ပဲ။ တရုပ်ပြေးမင်းနှင့် ကုလားကျမင်း အဲဒီမင်းနှစ်ပါးတို့ကြောင့် အနော်ရထာ စုစည်းညီညွတ်စွာ တည်ထောင်ခဲ့တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးဟာ အစိပ်အစိပ်အမွှာမွှာ ပျက်စီးခဲ့တယ်။

ကုလားကျမင်းဆိုတာ ဘင်္ဂလားဒေ့ရှ်ကလာတဲ့ ပတိက္ခယ မင်းသမီးကို လက်ထပ်ခဲ့တဲ့ ဘုရင်ကွ၊ အဲဒီလူ ကုလား သတ်လို့သေတာပဲ။ အဲဒါကြောင့် “တိုင်းပြည်မှာ အဖက်ဖက်က တရုပ်ကတစ်မျိုး၊ ကုလားကတစ်မျိုး၊ ခြိမ်းခြောက်နေတဲ့အချိန်မှာ ဒီလို ရှားရှားပါးပါး ရထားတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ကို ဒို့တတွေက အားမပေးဘူးဆိုရင် အင်္ဂလိပ်ကျမင်းဆိုတဲ့ သီပေါမင်းဆိုတာလဲ ရှိသေးတယ်။” အဲဒီသမိုင်းတွေကို ဆက်လက်ပြီး စဉ်းစားကြ။

အဲဒီတော့ ဒီအချိန်မှာ ရှေးရှေးက အသက်စွန့်သွားကြတဲ့ နိုင်ငံ့ခေါင်းဆောင်ကြီးတွေရဲ့ လွတ်လပ်ရေးနဲ့ နိုင်ငံတော်ရဲ့ အမွေအနှစ်တွေကို ညီညွတ်ခြင်းဖြင့် ဒို့တတွေဟာ စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ ညီညွတ်ခြင်းဆိုတဲ့ ကိစ္စကလဲ သည်းမခံနိုင်ရင် မညီညွတ်ဘူး၊ ခွင့်မလွတ်နိုင်ရင် မညီညွတ်ဘူး၊ မစွန့်လွတ်နိုင်ရင် မညီညွတ်ဘူး၊ မေ့ပျောက်ခြင်း မရှိရင်လဲ မညီညွတ်ဘူး၊ အဲဒါကြောင့် Tolerance, Forgiveness, Sacrificed, Forgetness၊ အဲဒီအထဲမှာ ထပ်ပြောရရင် self-forgeteness ကိုယ်ကျိုးကိုယ့်စီးပွားကို မေ့ပျောက်ခြင်းဆိုတဲ့ အဲဒီအခြေခံမူလေးနဲ့ Union Of Myanmar ဆိုတဲ့နိုင်ငံတော်ကို ဆက်လက်၍ ထိမ်းသိမ်း စောင့်ရှောက်ကြပါစို့လို့ အလေးအနက်ပြောချင်ပါတယ်။

သီတဂူဆရာတော်ပြောသော “စည်းလုံးညီညွတ်ခြင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် Union Of Myanmar” ဒီဗီဘီ အင်တာဗျူးအသံဖိုင်မှ စာအဖြစ် ဖန်တီးသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၆-၃-၂၀၁၃

02 September 2012

ဗုဒ္ဓတရားတော်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး

ဗုဒ္ဓဘာသာတရားတော်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး

မကြာခင်ကလေးက အိန္ဒိယပြည်ကြီးရဲ့ မြောက်ဘက် ကက်ရှ်မီးယားရဲ့ အရှေ့မြောက် လာဒက်က ပြန်လာတယ်။ လာဒက်မှာ ဘုန်းကြီးတရားဟောတယ်။ Buddhist Centre ဆိုပြီးတော့ ဗုဒ္ဓဘာသာအဖွဲ့ ရဲ့ ဌာနချုပ်မြို့လယ်ခေါင်မှာဖွင့်ထားတယ်။ တစ်မြို့လုံး ပိုစတာ ထောင်ပြီးတော့ ကြော်ငြာလိုက်တော့ ဗုဒ္ဓဘာသာဝင်ရော၊ ခရစ်ယာန်စတဲ့ အခြားဘာသာဝင်တွေရော အားလုံးလာပြီးတော့ နားထောင်ကြတယ်။ Tourist တွေကလည်း အရမ်းပေါတယ်။ သူတို့လည်း လာ နားထောင်ကြတယ်။ ခေါင်းစဉ်က ဘုန်းကြီးပေးတဲ့ ခေါင်းစဉ်မဟုတ်ဘူး။ သူတို့ ပေးတဲ့ခေါင်းစဉ်။ “Buddhist and World Peace (ဗုဒ္ဓဘာသာတရားတော်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး)” ဆိုတဲ့ခေါင်းစဉ်ကို ဟောရမှာ။

ကမ္ဘာ ဆိုတာဘာလဲ .......

စင်ပေါ်ရောက်တော့ ဘုန်းကြီးက ဘာဟောသလဲဆိုရင် The World ကမ္ဘာဆိုတာ ဘာခေါ်တာလဲ။ ဘုန်းကြီးက အဲဒီက စတာ။ ရေ မြေ၊ တော တောင်၊ နေ-လ၊ နက္ခတ်တာရာ၊ ပင်လယ် သမုဒ္ဒရာ၊ အင်္ဂလိပ် အမေရိကန် ဂျပန် ကိုရီးယား မြန်မာ ဒါတွေ အကုန်လုံးကို မင်းတို့က ကမ္ဘာလို့ ခေါ်ချင်သလား။ မင်းတို့ ခေါ်ချင်လည်း ခေါ်ရပါတယ်။ တို့ဗုဒ္ဓကတော့ ခြေဖျားမှ ဆံပင်ဖျားတိုင်အောင် တစ်လံမျှရှိတဲ့ ခန္ဓာကိုယ်ကို “တစ်ကမ္ဘာ”လို့ သတ်မှတ်တယ်။ အဲဒီတော့ ကမ္ဘာက လူ့အပြင်ဘက်မှာရှိတဲ့ အပြင်ကမ္ဘာနှင့် လူသား တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ အတွင်းကမ္ဘာဆိုပြီး ၂ မျိုးရှိတယ်။

ဘုန်းကြီးက သူတို့ကို “အပြင်ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးကို ခဏထားစမ်းပါအုံး။ အတွင်းကမ္ဘာလို့ခေါ်တဲ့ Individual World တစ်ယောက်ဆီ တစ်ယောက်ဆီနှင့် ဆိုင်တဲ့ကမ္ဘာရဲ့ ငြိမ်းချမ်းရေးကိုပဲ မင်းတို့လုပ်ကြပါကွာ”လို့ ဘုန်းကြီးကပြောလိုက်တယ်။ အာရှ အာဖရိက ဥရောပ အမေရိက ငြိမ်းချမ်းရေးတွေကို မင်းတို့ ခဏထား၊ မင်းတို့ တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ ငြိမ်းချမ်းရေး Individual Peace ကိုမှ မတည်ဆောက်နိုင်ရင် ကမ္ဘာ့ ငြိမ်းချမ်းရေးဆိုတာ အဓိပ္ပာယ်မရှိဘူး။ အဲဒီငြိမ်းချမ်းရေးမျိုးကိုလည်း ငါတော့ မယုံဘူး။

ကမ္ဘာစစ်၏ အစ .......

ဒီတော့ “ကမ္ဘာစစ်ဆိုတာ ဘယ်ကစသလဲ” ဆိုရင် အင်္ဂလိပ်က စတယ်။ အမေရိကန်က စတယ်။ ဟစ်တလာက စတယ်။ ကွန်မြူနစ်က စတယ်။ ဆိုရှယ်လစ်က စတယ်ဆိုတာတွေ ပြောမနေပါနဲ့။ ဒါတွေတစ်ခုမှ မဟုတ်ဘူး။ စစ်ကို ဘယ်ကစသလဲဆိုရင် စိတ်က စတယ်။ လူတစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ စိတ်ဓာတ်ကနေပြီးတော့ စတာ။ အဲဒါကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို မလုပ်သေးခင် ဘာအရင်လုပ်မလဲ၊ တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ စိတ်ဓာတ်ငြိမ်းချမ်းရေးကို အရင်လုပ်ရမယ်။ “တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ စိတ်ဓာတ်ငြိမ်းချမ်းရေးကို အရင်လုပ်ရခြင်းသည် ဗုဒ္ဓ၀ါဒပဲ။ ဒါနဲ့ပတ်သတ်လို့ မင်းတို့  စောဒကတက်စရာရှိရင် တက်ကြ။ မေးစရာရှိရင် မေးကြ” ပြောပြီး ကြားထဲမှာ ခဏလောက် တရားရပ်ထားတယ်။ ဘယ်သူမှ ဘာမှမမေးကြဘူး။ ငြိမ်နေကြတယ်။

“မင်းတို့အဲဒီလောက် ငြိမ်ငြိမ်နေရင် ငြိမ်းချမ်းရေးရပြီ” လို့ ပြောတော့ သူတို့ အားလုံး ရယ်ကြတယ်။ ကမ္ဘာစစ်ဆိုတဲ့ စကားလုံးဟာ ပြောနေကြအတိုင်းသာ ပြောတာ။ တစ်ကယ်တော့ ကမ္ဘာက မစဘူး။ စိတ်က စပါတယ်။ ကမ္ဘာစစ်ကို စိတ်က စရင် ကမ္ဘာ့ငြိမ်းချမ်းရေးကိုလည်း ဒီစိတ်ကပင် စတင် တည်ဆောက်ရမှာဖြစ်ပါတယ်။ ဒါကြောင့် စိတ်ရဲ့ ငြိမ်းချမ်းရေးကို အမေရိကန်ထောင်သား နှစ်ယောက်နှင့် နေရူးတို့ က ဗုဒ္ဓရုပ်ပုံတော်တို့ကို ကြည့်ကြည့်ပြီးတော့ သူတို့ ရဲ့စိတ်ဓာတ်ငြိမ်းချမ်းရေးကို ယူသွားကြတယ်။ ရလည်း ရသွားကြတယ်။ အမေရိကန်လူကြီးက ဓမ္မပဒစာအုပ်ကို မရရအောင် ရှာဖတ်ပြီးတော့ ထောင်ထဲမှာ အဲဒီဓမ္မပဒတရားကို တခြားထောင်သားတွေကို ဟောပြတယ်။ ဟောရင်း ဟောရင်းနဲ့ သူထောင်ကလွတ်တော့ ခရစ်ယာန်ဘုန်းကြီးဖြစ်တာပဲ။ ခရစ်ယာန်ဘုန်းကြီး ဘာနှင့်ဖြစ်သလဲဆိုရင် ဓမ္မပဒနဲ့ ဖြစ်တာ။

ဒီအကျဉ်းထောင်မှာ ဗုဒ္ဓဘာသာဝင်လည်း ရှိမှာပဲ။ ခရစ်ယာန်ဘာသာဝင်လည်း ရှိမှာပဲ။ အစ္စလာမ်ဘာသာဝင်လည်း ရှိမှာပဲ။ ဟိန္ဒူဘာသာဝင်လည်း ရှိမှာပဲ။ ဂျုးလည်း ရှိမှာပဲ။ ခရစ်ယာန်တွေရဲ့ ကိုးကွယ်ရာက God၊ ဂျူးတို့ရဲ့ ကိုးကွယ်ရာက ယေဟိုးဝါး၊ အစ္စလာမ်တို့ရဲ့ ကိုးကွယ်ရာက အလ္လာအရှင်မြတ်၊ ဒါတွေက ကိုးကွယ်စရာတွေ။ ဒီကိုးကွယ်စရာ အမျိုးမျိုးကို ဘယ်လိုပင် ကိုးကွယ် ကိုးကွယ် ကိစ္စမရှိပါဘူး။ Godကို ရှိခိုးရင်လည်း ရှိခိုးပေါ့။ အလ္လာကိုလည်း ဦးတိုက်ချင် ဦးတိုက်ပေါ့။ အရေးမကြီးပါဘူး။

အရေးကြီးဆုံး အလုပ်နှစ်ခု ......


ကိုးကွယ်စရာက ပဓာန မဟုတ်ဘူး။ စိတ်ကို ပြင်ဖို့က ပဓာန။ ကိုးကွယ်စရာပေါင်းများစွာကို အကုန်လုံး သိမ်းကျူံး ကိုးကွယ်နေစေကာမူ စိတ်ကို မပြင်နိုင်သေးသမျှ အဲဒီပုဂ္ဂိုလ်တွေရဲ့ စိတ်ဓာတ်ဟာ ငြိမ်းချမ်းရေး မရနိုင်ဘူး။ စိတ်ဓာတ်ငြိမ်းချမ်းရေး Mental Peace (တစ်နည်းပြောရရင်) စိတ်ဓာတ်ယဉ်ကျေးမှု Mental Culture။
ဒီတော့ စိတ်ဓာတ်ငြိမ်းချမ်းရေးကို နောက်မှလုပ်ပါ။ စိတ်ရဲ့ ငြိမ်းချမ်းမှုကို ဘယ်ကစလုပ်ရမလဲ။ စိတ်ဓာတ်ယဉ်ကျေးမှုနှင့် စတင်၍ တည်ဆောက်ရမယ်။ ဒီနှစ်ခုဟာ လူသားအားလုံးမှာ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ဘယ်ဘာသာဝင်မဆို ဘယ်ဘုရားကိုပဲ ကိုးကွယ်၊ ကိုးကွယ် ဒီနှစ်ချက်ကို အဓိက ထားပြီးတော့ အားလုံးလုပ်ကြရမယ်။ စိတ်ဓာတ် ယဉ်ကျေးမှုနှင့် စိတ်ဓာတ်ငြိမ်းချမ်းရေးမှု ဒီနှစ်ခု ပဓာန ထားပြီးတော့ အားလုံးလုပ်ကြရမယ်။ ဒီတော့ စိတ်ဓာတ်ယဉ်ကျေးမှု နှင့် စိတ်ဓာတ်ငြိမ်းချမ်းရေးမှုနှစ်ခုကို အပြည့်အ၀ရအောင် လုပ်နိုင်တယ်ဆိုရင် စိတ်ထဲမှာ အားလုံးပြည့်စုံသွားလိမ့်မည်။ စိတ်ဓာတ် မယဉ်ကျေးသေးသမျှ အဲဒီပုဂ္ဂိုလ်ရဲ့ စိတ်ထဲမှာ ဘာမှ ပြည့်စုံမှာမဟုတ်ဘူး။


အနောက်ဘက်က တိုင်းပြည်တွေကို ကြည့်လိုက်ရင် ရုပ်ပိုင်းဆိုင်ရာ ၀ထ္ထုတွေ အားလုံးပြည့်စုံတယ်။ ဒါပေမယ့် စိတ်ထဲမှာ အမြဲတမ်းလိုနေတယ်။ သူတို့ ကို မေးကြည့်လိုက်ရင် ပြည့်စုံတယ်လို့ ဘယ်သောအခါမှ မပြောကြဘူး။ ဘုန်းကြီးတို့ အရှေ့ဘက်တိုင်းပြည်တွေကတော့ ရုပ်ပိုင်းဆိုင်ရာမှာ လိုနေတာမှန်တယ်။ သို့သော် စိတ်ပိုင်းဆိုင်ရာ ပြည့်စုံတဲ့ အခြေခံအားလုံး အလုံအလောက်ရှိတယ်။

အာရှမှာ အကုန်လုံးပြည့်စုံတယ်......

သိသာအောင်ပြောရမယ်ဆိုရင် Jesus Christ ဘယ်မှာမွေးလဲ။ အာရှမှာ မွေးတယ်။ သိဒ္ဓတ္ထဂေါတမ ဘယ်မှာမွေးလဲ။ အာရှမှာမွေးတယ်။ ဟိန္ဒူဘာသာကို တည်ထောင်ကြတဲ့ Brahim တွေလည်း အာရှမှာပဲ မွေးကြတယ်။ အစ္စလာမ်ဘာသာကို တည်ထောင်တဲ့ မိုဟာမက်လည်း အာရှမှာပဲမွေးတယ်။

ဒါကြောင့် စိတ်ဓာတ်ကို ဖြည့်စွက်ဖို့ရန် Mental Fulfilment အတွက် Mental Culture, Mental Happiness နည်းစနစ်တွေ အာရှမှာ အကုန်လုံး အပြည့်အစုံရှိတယ်။ ဟို အနောက်ဘက် တိုင်းပြည်တွေမှာတော့ မရှိဘူး။ ဒါကြောင့် ဥရောပ အမေရိက စတဲ့ အနောက်တိုင်းကလူတွေ အာရှဘက်ကိုပဲ ရှိခိုးနေရတယ်။ ဗုဒ္ဓကို ရှိခိုးချင်တယ်ဆိုရင် အနောက်ကလူတွေ အရှေ့ကို လှမ်းရှိခိုးရတယ်။ Jesus Christ ကို ရှိခိုးချင်တယ်ဆိုရင်လည်း အရှေ့ကိုပဲ လှမ်းရှိခိုးရတယ်။ ဘုန်းကြီးတို့ အရှေ့ဘက်တိုင်းပြည်က ဟိုအနောက်ဘက်က တိုင်းပြည်တွေထက် Civilize ယဉ်ကျေးမှုပိုဖြစ်တယ်။ ဒါကို အရှေ့တိုင်းသားတွေက အားရဂုဏ်ယူဝင့်ကြွားပြီးတော့ ကိုယ့်ဆီမှာရှိနေတဲ့ စိတ်ဓာတ်ယဉ်ကျေးမှု၊ စိတ်ဓာတ်ငြိမ်းချမ်းမှုတို့နှင့် ပတ်သတ်တဲ့ နည်းစနစ်တွေကို အပြည့်အ၀ အသုံးမချနိုင်ဘူးရင် အာရှတိုင်းသားတွေ အကြီးအကျယ် နစ်နာမယ်။

လူသားအားလုံး ကိုးကွယ်ဖို့ ဘာသာတရား
ဟိုဘက်က လူတွေက ဗုဒ္ဓတရားတော်တွေကို ခရစ်ယာန် Church ကျောင်းမှာ သုံးသွားတယ်။ ဗုဒ္ဓတရား နှင့် ဆရာလုပ်နေကြတယ်။ ဒါဟာ ၀န်တိုစရာမဟုတ်ဘူး။ သိပ်ဝမ်းသာစရာ ကောင်းတယ်။ လူသားတစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ စိတ်ဓာတ်ယဉ်ကျေးမှုနှင့် စိတ်ဓာတ်ငြိမ်းချမ်းရေးကို ဗုဒ္ဓတရားတော်ထဲက နေပြီးတော့ ယူသုံးနေကြတာဟာ ဓမ္မရဲ့တန်ဖိုးကို နားလည်ကြဖို့ပဲ။ ခရစ်ယာန်ဘုန်းကြီးက “ဗုဒ္ဓတရားဟာ Common Religion လူသားအားလုံး ကိုးကွယ်ဖို့ ဘာသာတရားဖြစ်ပါတယ်”လို့ ပြောတယ်။ အလွန်မှတ်သားထိုက်တဲ့ စကား။ လေးစားမြတ်နိုးစရာကောင်းတဲ့ စကားပဲ။

သီတဂူ ဆရာတော်ဒေါက်တာ အရှင်ဥာဏိဿရ
ဓမ္မရိပ်မဂ္ဂဇင်း အတွဲ ( ၁ ) ၊ အမှတ် ( ၃ ) ၊ မတ်လ ၊ ၂၀၀၆
ထူးတင့်နိုင်ဖေ့ဘုတ်မှ ကူးယူသည်။

ကြိုက်လွန်းလို့ ပြန်လည် မျှဝေလိုက်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃၁-၈-၂၀၁၂

17 July 2012

မောင်မယ်သစ်လွင် ကြိုဆိုကြိုပွဲ သ၀ဏ်လွှာ

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်၏

မောင်မယ်သစ်လွင် ကြိုဆိုကြိုပွဲ သ၀ဏ်လွှာ

၃၀-၆-၂၀၁၂ နေ့က သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး) ၏ ကျောင်းသားသစ် ကြိုဆိုပွဲတွင် ပေးပို့သော သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်၏ သ၀ဏ်လွှာဖြစ်သည်။ စာရေးသူ တတ်သလောက်လေးနဲ့ ဘာသာပြန်ဆိုထားသည်။


ချစ်ခင်ရပါသော တပည့်တို့ -------

၃၀-၆-၂၀၁၂ နေ့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး) ၏ ကျောင်းသားသစ် ကြိုဆိုပွဲတွင် သ၀ဏ်လွှာပေးပို့ခွင့်ရတဲ့အတွက် အလွန်ပဲ ၀မ်းသာမိပါတယ်။

တပည့်တော်တို့တတွေဟာ ဘုရားရှင်၏ မွန်မြတ်သော သား သမီးတွေ ဖြစ်ကြပါတယ်။ ဘုရားသားတော် သမီးတော်များ ဖြစ်ကြတဲ့ ဘုရားတပည့်တော်တို့တတွေမှာ မဖြစ်မနေ တာဝန်ထမ်းဆောင်ရမည့် မြတ်ဗုဒ္ဓက လမ်းညွှန်ထားတဲ့ တာဝန်တွေရှိပါတယ်ဘုရား။ အဲဒီတာဝန်တွေကတော့ ချမ်းသာ သုခကို ဆောင်နိုင်တဲ့ ဓမ္မကို ထိမ်းသိမ်းဖို့ တာဝန်တွေပဲ ဖြစ်ပါတယ်ဘုရား။

မြတ်ဗုဒ္ဓက ဓမ္မကို ထိမ်းသိမ်းနည်း (၅) သွယ်ကို အောက်ပါအတိုင်း ညွှန်ကြားထားပါတယ်ဘုရား-

၁။ ဓမ္မကို လေးလေးစားစား နာယူခြင်း

၂။ ဓမ္မကို စိတ်ပါလက်ပါ သင်ယူခြင်း

၃။ ဓမ္မကို ဂရုတစိုက် အာဂုံဆောင် ကျက်မှတ်ခြင်း

၎။ ဓမ္မကို လေးလေးနက်နက် ဆင်ခြင်သုံးသပ်ခြင်း

၅။ ဓမ္မကို ထက်ထက်သန်သန် လက်တွေ့ အသုံးချခြင်း ဟုဆိုအပ်သော ဤနည်းငါးမျိုးဖြင့် ဓမ္မကို ထိမ်းသိမ်းပါက ဓမ္မသည် လောကကြီးထဲမှာ ကြာရှည်စွာတည်နိုင်မည်။

ထို့ကြောင့် ချစ်ခင်ရပါသော တပည့်တို့----------တပည်တော် တပည့်တို့အားလုံးကို “ဓမ္မကို ထိမ်းသိမ်းနိုင်တဲ့ နည်းလမ်းတို့ဖြင့် ဓမ္မကို အကောင်းဆုံး သင်ယူကြပါလို့”တိုက်တွန်းလိုပါတယ်။

အားလုံးကျေးဇူးတင်ပါတယ်။

ဒေါက်တာနန္ဒမာလာဘိဝံသ

==========
အဆင်ပြေသလို ဘာသာပြန်ဆိုထားပါသည်။ အဓိပ္ပါယ်အကောက်မှားက ဘာသာပြန်သူ၏ တာဝန်သာ ဖြစ်ပါသည်။

စာရေးသူ၏ ကွန်မန့်

ပါချုပ်ဆရာတော်က ဓမ္မကို ထိမ်းသိမ်းတဲ့ နေရာမှာ စာပေသင်ကြား လေ့လာနေရုံနဲ့ မလုံလောက်၊ ထိုဓမ္မကို လက်တွေ့ဘ၀ထဲ အသုံးချနိုင်မှသာလျှင် ဓမ္မဖြင့်နေသူ (ဓမ္မ၀ိဟာရီ)ဟု ဆိုအပ်။

ဓမ္မကို သင်ယူရုံ နာယူရုံမျှဖြင့် နေသူသည် ပရိယတ္တိဗဟုလော

ဓမ္မကို ဟောပြောနေရုံမျှဖြင့် နေသူသည် ပညတ္တိဗဟုလော

ဓမ္မကို စဉ်းစား ဆင်ခြင်ရုံမျှဖြင့် နေသူသည် ၀ိတက္ကဗဟုလော

ဓမ္မကို အာဂုံနှုတ်တက်ဆောင်ရုံမျှဖြင့် နေသူသည် သဇ္ဈာယဗဟုလော

ဓမ္မကို လက်တွေ့ကျကျ အားထုတ်ခြင်း၊ ဓမ္မကို သိခြင်းတို့ဖြင့် နေသူသည်သာ ဓမ္မ၀ိဟာရီ= တရားဖြင့်နေသူဟု ဆိုသည်။ (အင်္ဂုတ္တရနိကာယ်၊ ဓမ္မ၀ိဟာရီသုတ်)

ထို့ကြောင့် ဓမ္မကို ထိမ်းသိမ်းလိုသော သူတော်စင်တို့သည် ဓမ္မကိုလဲ သင်ယူ နာယူ ဟောပြော၊ သရဇ္ဈာယ်၊ ဆင်ခြင်သုံးသပ်ပြီး မိမိ၏ နှလုံးသားထဲရောက်အောင် အားထုတ်ခြင်းဖြင့် ဓမ္မကို ထိမ်းသိမ်းနိုင်ကြပါစေကုန်သတည်းးးးး။

ရွှင်လန်းချမ်းမြေ့ပါစေ

သီတဂူစတား

၁၀-၇-၂၀၁၂



Message From Rector to his students

in the Sitagu International Buddhist Academy (Mandalay) 30-Jun-2012


My Dear students

It makes me pleasure that I have an opportunity to send this
message to my all students at this glorious time today, 30-jun-2012,
in the sitagu Buddhist Academy, Mandalay.

We are pious Buddhists and sons and daughters of the Buddha. We
have noble duty that we must be performed, The Buddha taught us how to
maintain the Dhamma that brings about happiness and peace. As long as
the Dhamma remains in the world, we never lose our way to happiness
and peace.



To maintain the Dhamma, there are 5 ways that must be followed by us;

1. by listening attentively to the Dhamma.

2. by learning earnestly the Dhamma,

3. by memorizing carefully the Dhamma,

4. by contemplating the meaning of Dhamma mindfully and

5. by putting the Dhamma into practice ardently.

By means of these five ways the Dhamma taught by the Buddha would
be maintained in the world.

My dear students,

This is the message that i want to send to all of you. Let me encourage you to do your best in study of Dhamma that lead to the Dhamma maintenance.

Thank you alll

03 January 2012

သီတဂူဆရာတော်သြ၀ါဒ (ဂယာ-အပိုင်း-၂)

သီတဂူဆရာတော်သြ၀ါဒ (အပိုင်း-၂)
နေရာ-ဗုဒ္ဓဂယာ မြန်မာကျောင်းသားများကျောင်း
အချိန်- ၁-၁၂-၂၀၁၁၊ ည ၈ နာရီ

တက်ရောက်နာကြားသူ- အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်အသီးသီးရှိ မြန်မာရဟန်းတော်များ၏ ကိုယ်စား မဂဓတက္ကသိုလ်ကျောင်းသားများ။

၂။ နောက်တစ်ခုက ဘာပြောလဲဆိုတော့ အပေါ်ယံ အ၀တ်တွေရဲ့ အရောင်အသွေးတယ်ပဲ။ အင်္ကျီဝတ်တာတွေ ဘောင်းဘီဝတ်တာတွေ၊ အပြာရောင်တွေ အ၀ါရောင်တွေ အနီအရောင်တွေ အညိုရောင်တွေ၊ ခေါင်းဆောင်းတာတွေ ခေါင်းမဆောင်းတာတွေ၊ အဲဒီအပေါ်အယံက အသွင်အပြင်တွေ လျှောက်ပြောတယ်၊ ဒါတွေက Outer-shell အကာတွေပဲ၊ inner-core ကွ၊ အတွင်းပိုင်းက အနှစ်သာရ ဘာလဲ၊ သီလ သမာဓိ ပညာပါပဲ။ သီလ သမာဓိ ပညာဖြင့် အတွင်းပိုင်းကို ငြိမ်းချမ်းအောင် မလုပ်နိုင်သေးသမျှ ကာလပတ်လုံး ဒီသာသနာမှာ ဘယ်ယာနမှာပဲ နေနေ ဒီပုဂ္ဂိုလ်ရဲ့ဘ၀ဟာ မပြီး မပြည့်စုံဘူးတဲ့၊ သူ့လူတွေကိုလဲ ဒီအတိုင်းပြောတာ၊ အဲဒီတော့ သီလ သမာဓိ ပညာကို မကျင့်ဘဲနဲ့ ဘာယာနတွေပဲ ထောင်ထားထား၊ ဘာအ၀တ်တွေပဲ ၀တ်ထားထား ဒီပုဂ္ဂိုလ်ရဲ့ ဘ၀ဟာ သာသနာတော်ထဲကို ရောက်သည် မမည်ဘူး။ ဒလိုင်းလားမား ပြောတာ၊ မင်းတို့ကို ငါ ဒါလေးပြန်ပြီးတော့ ကမ်းလှမ်းတယ်။
အဲတော့ အဲဒီမှတ်စုလေးတွေကို မှတ်ရင်း မှတ်ရင်းနဲ့ ဘယ်တုန်းကမှတ်ထားမှန်းမသိသော ငါ့မှတ်စုလေးတွေ ငါ့စာအုပ်ထဲမှာ သွားတွေ့တာ၊ အဲဒါလေးတွေ ဖတ်ပြပြီးရင် ဒီကနေ့ည မင်းတို့အတွက် စကားလက်ဆောင်ပေါ့နော်။

သင်ကြားရုံမျှနဲ့မပြည့်စုံ
အသက်ရှင်နေသမျှ ဘာလုပ်ကြရမှာလဲ? (သင်နေရမှာ- သံဃာများ ဖြေ)၊ သင်နေသမျှ ဘာဖြစ်ကြမှာလဲ? (အသက်ရှင်နေရမှာ-သံဃာများ ဖြေ)။ သင်နေရင်တော့ အသက်ရှင်နေအုန်းမှာ မသင်ရင်တော့- သေမှာ။ အားလုံး သေအောင် မခေါ်ကြပါနဲ့အုန်း။ (သံဃာများ ရယ်သံ)။ သင်ကြားကြအုန်းပေါ့ ဟုတ်လား။ သာသနာတော်အတွက် သင်ကြားကြရမှာနော်၊ အဲဒီတော့ မှတ်တမ်းလေးတွေ ငါ့ဘာငါ ကြုံသလိုရေးထားတာ မနဲ ပြန်ဖတ်ယူရတယ်၊ Learning alone would not make a man to be a wise. ဘာတဲ့လဲ? (ရဟန်းအချို့ဖြေ၊ မရှင်လင်း)။ သင်ကြားနေရုံမျှနဲ့၊ ဆရာတော်ကြီးမိန့်ကြားသွားတာ ပရိယတ်နဲ့ ပဋိပတ်ပဲမဟုတ်လား၊ သင်ကြားတာ ပရိယတ်၊ ပရိယတ်တစ်ခုတည်းကို သင်ကြားရုံမျှဖြင့် မင်းတို့ငါတို့ ဘာမဖြစ်နိုင်ဘူးလဲ? (ပညာရှိ မဖြစ်နိုင်-သံဃာများ ဖြေ)။ would not be a man to be a wise. ပညာရှိမဖြစ်နိုင်ဘူး။ သင်နေရုံနဲ့ ဘယ်လောက်ပဲ သင်သင် ပညာရှိ တကယ် မဖြစ်သေးဘူး၊ သင်တယ်ဆိုတာ ဘာလုပ်တာလဲ? Collection of information ပဲမဟုတ်လား၊ reading and collecting many books ဒီလို မဟုတ်လား၊ စာအုပ်တွေဖတ်ပြီး ဟိုကဖတ် ဒီကဖတ် အကြောင်းအရာတွေကို စုတာပဲ မဟုတ်လား၊ Ph.D ဆိုလို့ရှိရင် စုတယ်လေ၊ ဟိုစာအုပ်က ဖတ်၊ ဒီစာအုပ်ကဖတ် သူများရေးပြီးသားတွေ စု၊ စုပြီးတော့ ပြန်စီတယ်လေ၊ အဲဒါ ဒို့ professor ဒေါက်တာ ခင်မောင်ညွှန့်က ပြောတယ်၊ ‘‘ခိုးချတဲ့ စာစု ကျမ်းကြီး ဖြစ်မှာပဲ’’တဲ့။ (ရယ်သံ) သူများစာတွေ ခိုးချပြီးတော့ ကိုယ့်စာ လုပ်တာပဲ။ ဒေါက်တာ ခင်မောင်ညွှန့်က ဒို့တက္ကသိုလ်မှာ Ph.Dနှင့် M.A ကျောင်းသားတွေကို စာသင်ရင်းနဲ့ အဲဒါ ပြောတာ။

အဲဒီတော့ ဒီမှာ Learning alone would not make a man to be a wise. သင်ကြားနေရုံမျှဖြင့်တော့ မင်းတို့ ငါတို့ ပညာရှိ တစ်ယောက် မဖြစ်နိုင်။ သင်ရင် ဒို့ဘာရလဲဆိုတော့။ Just collection of knowledge ပေါ့။ Knowledge နဲ့ Wisdom မတူဘူးနော်၊ Knowledge ကို ဒို့က ဗဟုသုတလို့ ပြောရမှာ၊ Wisdom ကို ဘာပြောလဲ၊ ပညာလို့ပြောတယ်၊ ဗဟုသုတဆိုတာ ဟိုဟာဖတ်တာ ဒီဟာဖတ်တာ ဟိုဟာကြည့်တာ ဒီဟာကြည့်တာ၊ နဲနဲနဲ့ သိတယ်၊ အရေးကြီးတာက Knowledge comes but wisdom lingers. အဲဒီလို စာတွေ အများကြီး ဖတ်ဖတ်ပြီးတော့ မှတ်မှတ်ထားလို့ရှိရင်တော့ general knowledge ဗဟုသုတတွေတော့ ရမှာပေါ့၊ wisdom lingers ပညာကတော့ မလာသေးဘူး၊ ရဖို့ ကြာလိမ့်အုန်းမယ်။
ကျောင်းသားကျောင်းဆောင် သြ၀ါဒ အခမ်းအနား


တတ်သည့်ပညာနဲ့ကိုယ်နဲ့တစ်သားတည်း
ဟေ့-who learns the rules and wisdom ပညာတွေ နည်းစနစ်တွေ အချက်အလက်တွေ အများကြီးသင်ထားတယ်၊ without confirming to them and this life. အဲဒီ သင်ကြားထားတာတွေ လူနဲ့ တစ်ထပ်တည်း ဖြစ်အောင် မလုပ်နိုင်သေးဘူးဆိုရင်။ In the life a man who plot his filed but does not sow လယ်သာ ထွန်းတက်ပြီး လက်မစိုက်တတ်တဲ့သူနဲ့ တူတယ်၊ သင်ကြားထားလို့ မှတ်သားထားလို့ စာတွေ တတ်ထားတယ်၊ အများကြီးကို ဖတ်ထားတယ်၊ တကိုယ်လုံး encyclopedia ကြီးလိုကို ဖြစ်နေတာ။ Britannica encyclopedia ကို မျိုထားသလိုပဲ။ ဟိုဟာလဲ သိတယ် ဒါလဲသိတယ်၊ အဲဒီတတ်ထားတဲ့ စာတွေ ပညာတွေ ကိုယ်နဲ့ နှုတ်နဲ့ စိတ်နဲ့ တစ်ထပ်တည်းဖြစ်အောင် မကျင့်နိုင်သေးသမျှတော့ အဲဒီပုဂ္ဂိုလ်ဟာ ဘာနဲ့တူလဲ? လယ်ကို ထွန်ရုံသာ ထွန်ပြီးတော့ မစိုက်ပျိုးတဲ့ လယ်သမားလို ဖြစ်မယ်။ ကြားလား အားလုံး လယ်ကို ထွန်လဲ ထွန်ကြပါ၊ စိုက်လည်း စိုက်ပျိုးကြပါ၊ To think is easy. တွေးတာတော့ လွယ်တာပေါ့၊ To act is hard. လုပ်ဖို့ကတော့ ခက်လိမ့်မယ်၊ Ph.D အောင်ရင် ငါ ဘာတွေ လုပ်လိုက်မယ်ပေါ့လေ၊ တွေးတော့ တွေးတယ်၊ တကယ်လုပ်ရင်တော့ သိပ်တော့ မလွယ်ဘူး။

တက္ကသိုလ်တည်ထောင်လိုစိတ်
ငါ Ph.D ဘယ်တက္ကသိုလ်ကမှ မအောင်ခဲ့ဘူး၊ ဒါပေမဲ့ တက္ကသိုလ်တည်ထောင်ချင်တဲ့ စိတ်က တော်တော် ဖြစ်တယ်။ ဖြစ်ချင်ဆုံးနှစ်ကို ငါပြောရမယ်ဆိုရင် ၁၉၆၂။ ၁၉၆၂ ဆိုတာ မင်းတို့ သိလား၊ နိုင်ငံတော်ရဲ့ အကြီးအကျယ် ပြောင်းတဲ့နှစ်လေ။ ဓမ္မာစရိယအောင်တာ ၁၉၆၁ ကွ၊ ၁၉၆၂ မှာ ကမ္ဘာအေး သံဃာ့တက္ကသိုလ်သွားတာ၊ သံဃာ့တက္ကသိုလ် ဧပြီလ စာရင်းသွင်းထားတယ်၊ အဲ ဆောရီး ဖေဖော်ဝါရီလကထဲက စာရင်းသွင်းထားတယ်၊ မတ်လကျတော့ ဘာဖြစ်လဲ? ၆၂ မတ်လ ၂ ရက်နေ့ ဘာဖြစ်တာလဲ? ဗိုလ်ချုပ်ကြီး နေ၀င်း အာဏာသိမ်းတာလေ။ အာဏာသိမ်းတော့ ပါလီမန် ဒီမိုကရေစီအစိုးရကို တည်ဆောက်ခဲ့တဲ့၊ ဦးနုတို့လက်ထက်က တည်ထောင်ခဲ့တဲ့ ဓမ္မာစရိယ အဒ်ဥပဒေ၊ ပါဠိပထမပြန် အဒ်ဥပဒေ၊ ၀ိနိစ္ဆယအဒ်ဥပဒေ၊ အဒ်တွေ အများကြီးပဲ၊ ဗုဒ္ဓသာသနာအဖွဲ့ အဒ်ဥပဒေ၊ ပါဠိတက္ကသိုလ် အဒ်ဥပဒေ။
နောက်ပြီး ကမ္ဘာအေးမှာ ရှိသေးတယ်၊ International Institute for Advanced Buddhist Study ဆိုပြီးတော့၊ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ရှိတယ်၊ အဲဒီအောက်မှာ သံဃာ့တက္ကသိုလ်ရှိတယ်၊ အဲဒါတွေ အကုန်ဖျက်ပြစ်တာ။ ကျောင်းစဖွင့်မှာက မေ၊ ကဆုန်လပြည့်ကျော် ဂျွန်လဆန်းလောက်မှ စဖွင့်တာ၊ မတ်လမှာ သာသနာနှင့်ဆိုင်တဲ့ အဒ်တွ ဥပဒေတွေ အကုန်လုံး ပျက်ကုန်ပြီမဟုတ်လား။ အဲတော့ ငါ ဘာနဲ့တူလဲဆိုတော့ သေမည့်နေ့ စစ်ထဲလိုက်သလို ဖြစ်သွားတယ်၊ (သံဃာများ ရယ်သံ)။ အဲဒီနေ့ သံဃာ့တက္ကသိုလ် ကျောင်းစ တက်ရတာကွ။

ဘာ့ကြောင့် သံဃာ့တက္ကသိုလ်တက်လဲ ဆိုတော့--
၁။ ကမ္ဘာအရပ်ရပ်မှာ သာသနာ၊ ခရစ်ယာန်ဘုန်းကြီးတွေ ကမ္ဘာအရပ်ရပ်က ဒို့တိုင်းပြည် လာလုပ်ကြတာ အများကြီးပဲ။ ဒို့တိုင်းပြည်က ဘုန်းကြီးတွေ ကမ္ဘာလှည့်ပြီးတော့ ခရစ်ယာန်တွေလို ဘယ်သူတွေများလုပ်ကြသလို ရှားရှားပါးပါး ရှာဖွေကြည့်တော့ အရှင်သေဋ္ဌိလပဲတွေ့တယ်၊ နောက် အရှင်အရိယဓမ္မဆိုတဲ့ တောင်တွင်းကြီးက ဆရာတော်တစ်ပါးတွေ့တယ်၊ ပြင်သစ်မှာ ကားတိုက်လို့ ကွယ်လွန်တော်မူရှာတယ်၊ နောက်တစ်ခုက သီဟိုဠ်ကျွန်းမှာ ဘုန်းကြီးထောင်တဲ့ တက္ကသိုလ်တွေ အများကြီးရှိတယ် အိန္ဒိယမှာလဲ တက္ကသိုလ်တွေ အများကြီးရှိတယ်၊ ဒို့တိုင်းပြည်မှာ ဘုန်းကြီးထောင်တဲ့ တက္ကသိုလ်မရှိဘူးကွ၊ ငါလဲပဲ တက္ကသိုလ်တော့ ထောင်ဦးမယ်ဆိုပြီး အဲဒီကထဲက စိတ်ကလေး ဖြစ်လာတာ။ ၁၉၆၂ ခုနှစ်က စိတ်ကူးဟာ ၆၃-၆၄-၆၅ ဘယ်နှစ်နှစ်လောက် စိတ်ကူးယူရလဲ မင်းတို့ စဉ်းစားကြည့်။ ငါ စစ်ကိုင်း တက္ကသိုလ်ထောင်တာ အခုမှ ၁၅ နှစ်လောက်ရှိသေးတယ်။

လူစွမ်းကောင်းဆိုတာ
အဲတော့ ဘုရားလောင်းရဲ့ ဘုရားဖြစ်ဖို့ ဆုပန်တာတွေရဲ့ ရှေ့နားက စိန္တိတံ သတ္တသံဟိတံ စာလေး ဒို့ ရထားဖူးတယ်နော်၊ ကြံစီတွေးတော့ခဲ့တာ ဘယ်လောက်ကြာလဲ? သိပ်ကြာတဲ့ပေါ့ကွာ။ အဲဒီမှာ To think is easy. တွေးတာတော့ လွယ်တာပေါ့၊ To act is hard. လုပ်တဲ့အခါမှာတော့ ခက်တယ်တဲ့။ အဲဒါကို ကြောက်ရင် မင်းတို့ ဘာမှ လုပ်ဖြစ်မှာ မဟုတ်ဘူး၊ To act according to one’s thinking is hard. အတွေးနဲ့ အလုပ် တစ်ထပ်တည်းဖြစ်အောင် လုပ်ဖို့ဆိုတာကတော့ ခက်ခဲဆုံးပဲတဲ့။ တွေးထားတဲ့အတိုင်း တစ်ထပ်တည်းကျအောင် လုပ်ဖို့ဆိုတာ ကမ္ဘာမှာ အခက်ဆုံးပဲ။ အခက်ဆုံးအလုပ်ကို လုပ်နိုင်ရင် မင်းတို့ လူစွမ်းကောင်းပဲ။ အဲဒါသိစေချင်ပါတယ်။

Sitagu International Buddhist Academy (စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်) ဒို့ ၃ ခုတော့ အခု လုပ်ထားပြီးပြီ၊ အဲဒီတော့ Learning is not merely acquisition of information. သင်ကြားနေတယ်ဆိုတာဟာ အချက်အလက် စုဆောင်းနေရုံမျှမဟုတ်ဘူး၊ Learning is lifelong continuous process. သင်ကြားတယ်ဆိုတဲ့ ကိစ္စဟာ အသက်ရှင်နေသမျှကာလပတ်လုံး ဆက်ပြီးအလုပ်လုပ်နေရမှာ၊ အဲဒါလေး မမေ့ကြနဲ့။ သင်ကြားနေတဲ့ဆိုတာနဲ့ တပြိုင်နက်ထဲမှာ တစ်သက်လုံး အလုပ် လုပ်နေရမယ်။
ဗုဒ္ဓရှင်တော်ရဲ့ဘ၀ကို ပြန်သုံးသပ်ရင်-- အလုပ်လုပ်ရင်း ဘ၀ခရီးဆုံးသွားတာပဲ၊ နောက်ဆုံး ဗုဒ္ဓရှင်တော်ရဲ့ ဆောင်ရွက်ချက်ဟာ သုဘဒ္ဒဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ဘ၀ခရီးထဲကနေ ကယ်သွားသေးတယ် မဟုတ်လား၊ အဲဒါကြောင့် တပည့်တွေအားလုံး As long as we live, we must learn. As long as we learn, we must live. အဲဒီတော့ Learning ဆိုတဲ့ ဥစ္စာကို အနဲ့ငယ် detail လေး ပြောရမယ်ဆိုရင် Learning ထဲမှာ ဘာပါလဲ၊ Idea ပါတယ်၊ ဘာပါလဲ? (သံဃာများ ဖြေသံ)၊ ကျက်မှတ်ထားရုံနဲ့ မပြီးဘူး၊ ခုနက ဒလိုင်းလားမား ဆရာကြီးပြောတဲ့ စကားဟာနော်၊ နောက်ဆုံး ပြောသွားတာ ဘာလဲ? အ--ဲ နောက်ဆုံး ပြောသွားတဲ့ စကား တစ်လုံးကျန်သေးတယ်။

ငြိမ်းချမ်းရေးဆိုတာ
၃။ ကမ္ဘာ့ငြိမ်းချမ်းရေး ကမ္ဘာ့ငြိမ်းချမ်းရေး ပြောနေကြတယ်။ everyone is talking world peace but they don’t have any peace within their heart, any minimum amount of peace within their heart. ကမ္ဘာလုံးငြိမ်းချမ်းရေးလုပ်မည်ဆိုတဲ့ လူတွေရဲ့ နှလုံးသားထဲမှာ ငြိမ်းချမ်းရေးလေးဟာ နဲနဲလေးမှတောင် မရှိဘူး။ Without individual peace, we would not contribute the peace to the world. မိမိကိုယ်တွင်း ငြိမ်းချမ်းရေးမရှိဘဲ တကမ္ဘာလုံး ငြိမ်းချမ်းရေး ဘယ်လိုလုပ် လုပ်ပေးနိုင်မှာလဲ၊ အဲလိုမို့လား၊ အဲဒါပါပဲ၊ အဲတော့ မင်းတို့နှလုံးသားထဲမှာ Knowledge လောက်နဲ့ ကျေနပ်မနေကြနဲ့၊ ဘာလုပ်ရမလဲ? Wisdom အထိ လုပ်ရမယ်၊ wisdom ဆိုလို့ရှိရင် ဘယ်လိုလုပ်ရမလဲဆိုတော့ လယ်ကို ထွန်လဲထွန်ပါ စိုက်လဲစိုက်ပါ။ ထွန်တာလဲ ခက်ပါတယ်၊ စိုက်တာလဲ ခက်ပါတယ်၊ ခက်တဲ့ အလုပ်ကို လုပ်နိုင်တဲ့သူသည် ဘာတဲ့လဲ? လူစွမ်းကောင်း၊ အဲတော့ Idea ဟုတ်လား၊ ဒလိုင်းလားမား ပြောတဲ့ စကားသည်ပင် မင်းတို့ ငါတို့အတွက် Idea ပဲ။

Idea မှ Action
သင်ကြားနေရုံမျှဖြင့် မင်းတို့ ငါတို့နှလုံးသားထဲ peace ကို ဘယ်လိုလုပ် ရမလဲ၊ သင်ရုံနဲ့တော့ peace မရဘူး၊ ဘယ်တော့မှ ရလဲ? ကျင့်မှရတယ်၊ အဲတော့ ဒို့သာသနာပိုင်ဆရာတော်ကြီး ခုနက ပြောသွားတယ်၊ နံပါတ် ၁- Idea၊ အဲဒီ Idea ကို Idea အတိုင်း မထားနဲ့၊ Action ဖြစ်အောင်လုပ်၊ အဲဒီ Action က မိမိရဲ့ Attitude ကို ပြောင်းနိုင်တာ။

ဝိသာခ ဆိုတဲ့ သူဌေး မြတ်စွားဘုရားကျောင်းတော် သွားပြီး တရားနာတယ်၊ တရားနာပြီးလို့ ပြန်လာတယ်၊ အိမ်ပေါက်ကနေ ဓမ္မဒိန္နာက ဆီးကြိုတယ်လေ၊ အလှပြင်ပြီးတော့ မိန်းမက ယောက်ျားကို ဆီးကြိုတာလေ၊ ပွေ့တောမလိုလို၊ ဖတ်တော့မလိုလို၊ နမ်းရှုပ်တော့မလိုလို ဒီလို မဟုတ်လား၊ ဟိုလူက ဘယ်လိုပြန်လာလဲ သိလား? မျက်လွှာချပြီး ခေါင်းငိုက်စိုက်ကျလို့ အိမ်ဘက်လဲ မကြည့်ဘူး၊ မိန်းမက ဆီးကြိုတာလဲ သူ Welcome မလုပ်တော့ဘူး၊ ဘာဖြစ်သွားတာလဲ? Attitude ပြောင်းသွားတာ၊ ဘုရားထံမှာ သင်ရုံသာ သင်လာတာ မဟုတ်ဘူး၊ နာရုံသာ နာလာတာမဟုတ်ဘူး၊ wisdom ကို နှလုံးသားထဲမှာ ထည့်ပြီးပြီလေ။ အနာဂါမိမဂ်နှင့် ယှဉ်သော wisdom မဟုတ်လားကွ၊ မှန်ပါဘုရား.(သံဃာများအသံ)။ ဘာနဲ့ဘာကို ပယ်လိုက်လဲ? (သံဃာဖြေသံ)၊ ကာမရာဂနှင့်ဗျာပါဒကို အနာဂါမိမဂ်က ပယ်ပြီးပြီဆိုတော့ မိန်းမက ဖတ်ရမ်း နမ်းရှုပ်မလို့ လုပ်တာ၊ သူက ဒါကို လက်မခံဘူး၊ Attitude က ပြောင်းသွားပြီ။

အဲတော့ ဆိုလိုချင်တာက ပညာတတ်ရင် အမူအရာတွေ attitude တွေ ဘာဖြစ်သွားလဲ? ပြောင်းသွားတယ်။ ဘယ်လိုပြောင်းသွားလဲ? Stability ပေါ့၊ ဘ၀က တည်ငြိမ်ပြီးတော့ ဣနြေ္ဒရသွားတယ်၊ တစ် Idea နှစ် Action သုံး attitude လေးကတော့ way-နည်းလမ်းတွေ၊ Idea ရပြီ Action ရှိပြီ၊ Attitude ရှိပြီ၊ ဘာလုပ်မလဲ? အဲဒီအထဲ နည်းလမ်းရှာ၊ How to establish a University? How to establish a fundamental Buddhist School? Primary School in Villages? ပေါ့။ ဟုတ်လား၊ ရွာတွေမှာ ဗုဒ္ဓဘာသာ အခြေခံကျောင်းတွေ ဘယ်လို တည်ထောင်မလဲ? ကြည့်လေ ခရစ်ယာန်တွေ ဘယ်လိုလုပ်လဲ? အစ္စလာမ်တွေ ဘယ်လိုလုပ်လဲ? ဟိန္ဒူတွေ ဘယ်လိုလုပ်လဲ? နည်းနော်၊ Way of life ကို အဲဒီမှာ ရှာရမယ်။
အဲဒါကြောင့် Idea ရမယ်၊ အဲဒီ Idea ကို action ဖြစ်အောင် သရုပ်ဖော်ရမယ်၊ အဲမှာ နည်းလမ်းတွေရမယ်၊ မိမိရဲ့ဝဘကလဲ ပညာတွေ တက်လာလေလေ ဘ၀ရဲ့ အမူရာအရာတွေကလဲ ငြိမ်သွားမယ်။ အိန္ဒိယမှာ မာစတာ (Master) သင်တုန်းကလဲ ဘိုင်စကယ်လေးနဲ့ ဂျုတ်ဂျုတ်နဲ့သွား၊ Ph.D ရပြီးတော့ မြန်မာပြည်ပြန်သွား ဘိုင်စကယ်လေးနဲ့ဆိုတော့ ဟန်မကျသေးဘူး။ အဲလိုအဲလို ဘ၀က attitude တွေ အကုန်ပြောင်းပြစ်ရမှာ။
နောက်ပြီးတော့ မင်းတို့ ငါတို့မှာ Initiative power ရှိရမည်။ လုပ်နိုင်စွမ်းရှိရမည်၊ အဲဒီသင်ကြားတဲ့ အထဲက Initiative power တွေ ရအောင် လုပ်ယူရမှာ။ Initiative power ရှိလာလို့ရှိရင် နောက်ထက် Creative power တကယ်လုပ်သည်။ အဲဒါပါပဲ။ Idea, Acts, Attitude, way, Initiative power, Creative power. လုပ်နိုင်စွမ်းလဲရှိတယ်၊ Creative power တကယ်လဲ လုပ်လိုက်ကြပြီ။

Ph.D inflation မဖြစ်အောင်
ဒီကနေ့ ဒို့လှူတဲ့ ၁၀၀ ကို အလှူခံတဲ့ ရဟန်းတော် သီလရှင်တွေ ၅၂၈ ပါးပဲ အကုန်လုံး Ph.D အောင်ကြည့်စမ်းပါ၊ စိတ်မဆိုးနဲ့ Ph.D inflation ဖြစ်ချင်ဖြစ်သွားနိုင်တယ်။ အဲဒီတော့ inflation မဖြစ်အောင် Idea ရအောင်သင်၊ Action မြောက်အောင် လုပ်၊ Attitude တွေပြောင်း၊ way of action- လုပ်ရမည့် နည်းလမ်းတွေရှာ၊ Initiative power ကို ရအောင် စုဆောင်း၊ ပြီးတော့ တကယ် တိုင်းပြည်နဲ့ နိုင်ငံ သာသနာကို မင်းတို့ Creat လုပ်ပါ။ ဘာလုပ်မလဲ? တောက Primary school လေးကို International school ဖြစ်အောင် မင်းတို့ ဘယ်လို creat လုပ်မလဲ? Creative power ရအောင် ဆက်ကြိုးစားရမည်။ အဲဒါ ပြောချင်တာပဲနော်။

နိဂုံး
အဲတော့ ငါ့မှတ်စုလေးတွေ အကုန်မဖတ်ပါဘူးကွာ၊ ဒီတော့၊ နိဂုံးတော့ ငါဘာပြောမလဲဆိုတော့၊ They say that if you want to change society, if you want to change country ပေါ့၊ if you want to change Sasana လား အများကြီးပဲ။ if you want to change Myanmar education system. ပြောင်းချင်တယ်ဆိုတာတွေ မြန်မာပြည်မှာ သိပ်ပြောနေကြတယ်လေ၊ ပြောင်းချင်တယ် ပြောင်းချင်တယ် သိပ်ပြောတယ်၊ နိုင်ငံရေးမပြောပါဘူး၊ ဘာပြောင်းချင်တာလဲ? ပါဠိပထမပြန် စာမေးပွဲထဲမှာ အင်္ဂလိပ်စာ ထည့်သင်ရင်ကောင်းမယ်၊ ခေတ်မီမီစနစ်အတိုင်း၊ change သိပ်လုပ်ချင်တယ်။

အိုဘာမားရဲ့ Changing
အမေရိကန်သမ္မတ အိုဘားမားလေ သူပေါ်လစီက တစ်လုံးတည်း၊ We need to change. ရွေးကောက်ပွဲဝင် ဟာ--အမေရိကန် စီးပွားရေးစနစ်၊ အလုပ်လက်မဲ့စနစ်၊ George export စနစ်၊ George export စနစ်ဆိုတာ သိလား? စက်ရုံ အလုပ်ရုံတွေ အကုန်လုံး နိုင်ငံခြား ရောင်းစားပြစ်တာလေ၊ တရုပ်ပြည်က အကုန်ဝယ်သွားတယ်၊ မင်းတို့သိလား? (မသိပါဘုရား-သံဃာများဖြေသံ)။ အမေရိကန်က စက်ရုံအလုပ်ရုံ အကြီးကြီးတွေ အကုန်လုံး ၈၀ ရာခိုင်နှုံး တရုပ်ပြည်ရောက်သွားတာ။ အဲဒါ George export ခေါ်တယ်။ အဲတော့ ဘာဖြစ်ကုန်လဲ? စက်ရုံတစ်ရုံ တစ်ရုံရဲ့ အလုပ်သမားအရေအတွက် ဘယ်လောက်ရှိမလဲနော်၊ စက်ရုံကြီးတွေ တရုပ်ပြည်ထဲ ပြောင်းသွားရော၊ စက်ရုံတစ်ရုံမှာ အလုပ်သမား ၁၀၀၀ (တစ်ထောင်) ရှိတယ်ထား၊ တရုပ်တစ်ထောင် အလုပ်ရသွားပြီး အမေရိကန် ၁၀၀၀ ဘာဖြစ်သွားလဲ? အလုပ်လက်မဲ့ဖြစ် (သံဃာများ ဖြေ)၊ အဲဒါပဲကွနော်။ သူကတော့ ဟုတ်မလားဆိုပြီး လုပ်လိုက်တာ သူ့တိုင်းပြည် အလုပ်လက်မဲ့ကြီး ဖြစ်သွားတာ။ အလုပ်လက်မဲ့တွေ ဖြစ်ကုန်တော့ အဲဒီအလုပ်လက်မဲ့တွေကို ဘယ်လို ထမင်းကျွေးမလဲ? ဒို့တိုင်းပြည်လို မဟုတ်ဘူး၊ ကိုယ့်ဘာသာ ရှာစား တောင်းစား၊ ဟိုမှာ အဲလိုမဟုတ်ဘူး၊ အလုပ်လက်မဲ့အတွက် အလုပ်လုပ်နေတဲ့သူတွေဆီက အခွန်ကောက်ပြီး ထမင်းကျွေးတာ၊ Social security system ဆိုတာ ဟိုမှာ တော်တော်စနစ်တကျ လုပ်ထားတာ။ အလုပ်မလုပ်တဲ့ လူတွေရဲ့ ထမင်းကို ဘယ်သူက ရှာပေးရလဲ? (အလုပ်လုပ်တဲ့သူက ရှာပေး-သံဃာများဖြေသံ)။ အလုပ်လုပ်တဲ့သူတွေက ရှာပေးတာ၊ အလုပ်လုပ်တဲ့သူတွေအပေါ်မှာ အခွန်ထုပ်က အခွန်က ၂ဆ ၃ဆ တက်မသွားဘူးလား။ အလုပ်လက်မဲ့ များလာလေလေ အခွန်တွေတက်လာလေလေ ဒီလို ဖြစ်ကုန်တာ။ အဲတော့ အမေရိကန် စီးပွားရေးကျဆိုတာ အဲဒါကွ။ ငါဟာ စီးပွားရေးသမား နိုင်ငံရေးသမားတော့ မဟုတ်ဘူး Learn ကွနော် သင်ထားတာ၊ လျှောက်ကြည့်ထားတာ ဘာဖြစ်ကုန်ပြီလဲ။
အဲဒီတော့ တရုပ်ပြည် စက်ရုံကြီးသွားထောင်တော့ မြေကြီးဘယ်ကရလဲ? တရုပ်ဆီက ၀ယ်ရတာပဲ မဟုတ်လား? ချက်ချင်းမ၀ယ်နိုင်တော့ အကြွေး၊ ချက်ချင်း ပိုက်ဆံပေးမ၀ယ်နိုင်တော့ အကြွေး၊ ဒီစက်ရုံတွေက အမေရိကန်စက်ရုံတွေ တရုပ်မှာထောင်တော့ အမေရိကန်စက်ရုံတွေ အပေါ်မှာ တရုပ်က အခွန်ထုပ် မကောက်ဘဲ နေမလား? အခွန်ထုပ်ကိုလဲ ပေးရအုန်းမယ်၊ မြေကြီးလဲ ဘာဖြစ်လဲ အကြွေး၊ အကြွေးဆိုတော့ အတိုးကော မတက်ဘူးလား? အမေရိကန်အပေါ်မှာ တရုပ်အကြွးဟာ ဒေါ်လာ ၁၅ Trillion တရုပ်အကြွေးက အမေရိကန်အပေါ်ရောက်နေပြီ၊ လောကကြီးက ပြောင်းပြန်ကြီးဖြစ်သွားပြီ။

အဲဒါကြောင့် မင်းတို့ ငါတို့တတွေ သူ့ရဲ့ စလောဂန် (slogan) လေး ဘာတဲ့လဲ we need to change. အမေရိကန်က ပြောင်းပြစ်မယ်၊ ပြောင်းမယ်ဆိုတဲ့ကောင်က ဘာပြောင်းလဲ? အဖြူသမ္မတကနေ အမည်းသမ္မတဖြစ်တာ၊ ဒါပဲပြောင်းတာ၊ ကျန်တာ ဘာမှ မပြောင်းဘူး၊ အီရန် အီရက် အာဖဂန် တိုက်မြဲတိုက်မြဲပဲ၊ ကျူးကျော်မြဲ ကျူးကျော်မြဲပဲ၊

ဒီအတိုင်းပါပဲဒီအတိုင်းပဲ
အဲဒီတော့ မင်းတို့ငါတို့တတွေ ခေတ်မီ ပညာတွေ သင်ပြီးတော့ နိုင်ငံတော်ရဲ့ ကျေးလက်ပညာရေး စနစ်တွေ၊ ပါဠိပထမပြန်ပညာရေး စနစ်တွေ၊ High school, Primary School, College, University ပညာရေးစနစ်တွေကို ပြောင်းမယ်လို့ဆိုရင် You want to change society လူ့အဖွဲ့အစည်းကြီးကို မင်းတို့ ပြောင်းချင်တယ်ဆိုရင်၊ You have to change yourself first. မင်းတို့ ငါတို့ ကိုယ်တိုင် ရှေးဦးစွာ ပြောင်းရမယ်၊ သူများကို ပြောင်းမယ်ကြံရင် ကိုယ်ကိုယ်တိုင် ဘာလုပ်ရမလဲ? ပြောင်းပါ။ ကိုယ်ကတော့ ဒီအတိုင်းပါပဲ ဒီအတိုင်းပဲ (သီချင်းလေသံဖြင့် ဆိုပြ)။ ကောင်းလေးတွေ ဆိုတဲ့ သီချင်းလေ ငါတခါတခါ ဆိုပြတယ်။
မန္တလေးက တရားပွဲအပြန် ၁၀-၁၁ ခွဲလောက် ပြန်လာတယ်၊ တခါတလေ မိုးလေးက ဖွဲဖွဲနဲ့ ဓာတ်မီးတိုင်အောက်မှာ ကောင်လေးတွေ ဂီတာတီးနေတာ၊ ကောင်းလေး ၄-၅ ယောက် ဂီတာတီးနေတာ၊ ဘိန်းမူးနေတဲ့ ကောင်လေးတွေပါ၊ ဖြည်းဖြည်း ကားလျှော့မောင်းခိုင်းတယ်၊ ဟေး-မော်တော်ကားမောင်းတဲ့ သူ ၀င်းဇော် လျှော့ကွာ လျှော့ကွာ၊ ဓာတ်တိုင်နားကျ ဖြည်းဖြည်းလေး မောင်းတာ၊ မှန်တံခါးလေးဖွင့်ကြည့်လိုက်တော့--ဟာ--သီတဂူဆရာတော်ကြီးဟေ့ဆိုပြီး အကုန် ကုန်းဦးချတယ်၊ ဟေ့ကောင်တွေ ဆက်တီးကွာ- ငါ နားထောင်ချင်လို့ပါ၊ အားပါးတရ တီးတယ်ဟေ့ ဆရာတော်က မြောက်ပေးတယ်ဆိုတော့၊ ဘာတီးတယ်အောင့်မေ့လဲ? ဘာပဲ ပြောပြော--ဒီအတိုင်းပဲ၊ (သံဃာများ ရယ်သံ)၊ ပါပဲလုပ်လုပ် ဒီအတိုင်းပဲ--ဒီအတိုင်းပါပဲ ဒီအတိုင်းပဲ (သံဃာများ ရယ်သံ)။ ပထမပြန်အောင်လဲ ဒီအတိုင်းပဲ-ဓမ္မာစရိယအောင်လဲ ဒီအတိုင်းပဲ၊ Ph.D အောင်လဲ ဒီအတိုင်းပဲ၊ ဒီအတိုင်းပါပဲ ဒီအတိုင်းပဲ (ရယ်သံ)။
အေး---နိုင်ငံတော်ကို ပြောင်းချင်ရင် မင်းတို့ကိုယ်တိုင် အရင်ပြောင်းကြပါကွာ၊ Learning into Action. Learning into Practice. ဟုတ်လား၊ သင်ကြားခြင်းမှ ကျင့်သုံးခြင်းသို့၊ အဲဒါပြောပြီးတော့ ဒို့များရဲ့စကားလက်ဆောင် ဒီမှာ နဂုံးချုပ်ပါတယ်။ အားလုံး ကျေးဇူးတင်ပါတယ်။

(သာဓု သံများ)

ထို့နောက် မန္တလေးသီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကျောင်းအမကြီး ဒေါ်ညွန့်ညွန့်အေးက တက္ကသိုလ်အသီးသီးရှိ ရဟန်း သီလရှင် ၅၂၈ ပါး၏ ကိုယ်စားလှယ်များအား အမေရိကန်ဒေါ်လာ ၅ သောင်း ၂ ထောင် ၈ ရာ (၅၂၈၀၀) တိတိကို လှူဒါန်းပြီး ရေစက်ချ အမျှဝေသည်။

ဝန်ခံချက်။ ။ အသံဖိုင်မှ စားသားအဖြစ် သီတဂူစတား တည်းဖြတ်သည်၊ အသံဖိုင်မှ ကူးယူရသဖြင့် သက်ပုံ ၀ါကျနှင့် အထူးသဖြင့် အင်္ဂလိပ်စာများ အမှား ပါနေပါက စာရေးသူ၏ အမှားသာ ဖြစ်သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၃၁-၁၂-၂၀၁၁

31 December 2011

သီတဂူဆရာတော် သြ၀ါဒ (ဂယာ)


သီတဂူဆရာတော်သြ၀ါဒ
နေရာ-ဗုဒ္ဓဂယာ မြန်မာကျောင်းသားများကျောင်း
အချိန်- ၁-၁၂-၂၀၁၁၊ ည ၈ နာရီ

တက်ရောက်နာကြားသူ- အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်အသီးသီးရှိ မြန်မာရဟန်းတော်များ၏ ကိုယ်စား မဂဓတက္ကသိုလ်ကျောင်းသားများ။


ရွှေကျင်ဆရာတော်ကြီးသြ၀ါဒအပြီးမှာပဲ သီတဂူဆရာတော်ကြီးက ဆက်လက်ပြီး မဂဓတက္ကသိုလ်ကျောင်းသားများအား သြ၀ါဒ ချီးမြင့်သည်။




အနှစ်ချုပ်
သာသနာပိုင်ဆရာတော်ကြီး၏ သြ၀ါဒမှာ တပ်မတော်နှင့်တိုင်းပြည်ကို စံထားပြီးတော့ သာသနာတော်နှင့် သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေကို ပြောသွားတဲ့စကားဟာ မင်းတို့ ငါတို့အတွက် မှတ်သားဖွယ်၊ မှတ်သားရုံမကဘဲ လိုက်နာဖွယ်ဖြစ်တယ်။

ငါသည် သာသနာအတွက် ဖြစ်ရမည်၊ သာသနာသည် ငါ့အတွက် မဖြစ်ရဘူး။ အဲဒါ သံမှုနှပ်ပြီးတော့ ခေါင်းထဲမှာ စွဲနေအောင် ထားပါ။ ဒို့ဆရာ အနီးစခန်းပြောတာ တစ်ခုရှိတယ်၊ အခု သာသနာပိုင်ဆရာတော်ကြီးပြောတာနဲ့ အဓိပ္ပါယ်တော့ အတူတူပဲ။ ‘‘ သာသနာ့ဝန်ထမ်းဆိုတာ သာသနာတော်ရဲ့ တာဝန်ကို ထမ်းရမှာ၊ သာသနာက မင်းတို့ ငါတို့ကို ထမ်းပြီးတော့ ၀န်လေးမသွားစေနဲ့’’တဲ့ သာသနာရဲ့ တာဝန်ကို ထမ်းရမှာ သာသနာက ဒို့တာဝန်ကို ထမ်းရမှာ မဟုတ်ဘူး။ အဲဒါတော့ ဒို့ဆရာ အနီးစခန်း ပြောသွားတာ။
ဧရာဝတီသက်သေတည်
အဲဒီတော့ ဒီကနေ့ ၅၂၈ ပါးသော အိန္ဒိယပြည်ရောက် မြန်မာပတ်စပို့ကိုင်၍ ကျောင်းတက်ကြသော မြန်မာ့ သံဃာ အားလုံး မွန်ရော ရှမ်းရော ရခိုင်ရော ဗမာရော စသည်ဖြင့် အကုန်လုံးပဲ ငါ ဗမာ (မြန်မာ)လို့ပဲ တမျိုးတည်း သဘောထားတည်။ ပြည်ထောင်စု မြန်မာနိုင်ငံ နယ်နမိတ်အတွင်း ဒီမြေကြီးအပေါ်မှာ မွေးကြတာ။
မေခနဲ့ မလိခ ၂ခုရဲ့ အထက်နား လိုက်ကြည့်တယ်၊ မြစ်ကလေးတွေ ချောင်းကလေးတွေ အများကြီးပဲ ဟို--တိဗတ်ကုန်မြေထဲကစ ဟို--တရုပ်ပြည်ထဲကစလို့ ဆင်းလာခဲ့တာ၊ ချောင်းငယ်လေးတွေ အများကြီး ပေါင်းပေါင်းပြီးတော့မှ မေခနဲ့ မလိခဆိုတာ မြစ်နှစ်ခု ဖြစ်လာတာ၊ အဲဒီ မြစ်နှစ်ခုဟာလဲ မပေါင်းနိုင်ရင် မစုံနိုင်ရင် ဧရာဝတီမြစ် မဖြစ်ဘူးကွဲ့၊ မေခနဲ့မလိခ ပေါင်းမရရင် ဧရာဝတီမဖြစ်ဘူး။

အဲဒီတော့ မင်းတို့တတွေ ရှမ်းကတမျိုး မွန်တမျိုး ရခိုင်တမျိုး ဗမာတမျိုး ကရင်တမျိုး ချင်းတမျိုး ကယား ကချင်တစ်မျိုး၊ ဒီလို မလုပ်ကြနဲ့။ မေခ မလိခ နာမည် ဖယ်လိုက်ရင် ဒီအထဲမှာ ရေပဲရှိတာ။ မြစ်နှစ်ခုဆုံတဲ့နေရာ မြစ်ဆုံဆိုတဲ့ နေရာမှာ ရောလိုက်ပြီးတော့ ဧရာဝတီထဲ ရောက်တဲ့ အခါမှာ ဧရာဝတီနာမည်ခံပြီးတော့ ဆက်စီးတဲ့အခါမှာ အဲဒီရေတွေကို ဓာတ်ခွဲခန်းထဲယူပြီး မေခနဲ့ မလိခရေ ခွဲကြည့်လို့ ရသေးလား၊ (မရပါဟု-သံဃာများ၏ အသံ)။ Harmony ဆိုတာ အဲဒီလို အားလုံး နှစ်လုံးသားချင်းက ဆက်ပြီးတော့ ပေါင်းနေကြရမှာ။

အဲဒါကြောင့် ဒို့များတော့ ကရင်တမျိုး ကချင်တမျိုး မွန်တမျိုး ရခိုင်တမျိုး ရှမ်းတမျိုး ဆိုတဲ့စိတ်ဓာတ် ရည်ရွယ်ချက် ငယ်ငယ်ကထဲက မရှိခဲ့တာ၊ အခုထိ မရှိတာ၊ နောင်လဲ ရှိမှာ မဟုတ်ဘူး၊ အဲဒီတော့ ဒို့များ တတ်နိုင်သလောက် လှူလာတဲ့ အလှူဒါနဟာ ဗမာနိုင်ငံဖွား ဗမာ့စာသင်သား အားလုံး ဗမာ့သာသနာအတွက် အလုပ်လုပ်ကြလိမ့်မယ်လို့ မျှော်လင့်ချက်နဲ့ တတ်နိုင်တာလေးတွေ စုပြီးတော့ တစ်နှစ်တစ်ခါ လာလှူတာ။

မသင်ရင် သေပြီ
အဲဒီတော့ ဒီကနေ့ စာသင်သားဆိုတော့ Leaner. As long as we're alive- အသက်ရှင်နေသမျှ ကာလပတ်လုံး We must learn ပဲ၊ သင်နေရမယ်။ As long as we learn-ဒို့တတွေ သင်ယူနေသမျှကာလပတ်လုံးလည်း၊ We are alive- အသက်ရှင်နေကြမှာ။ အသက်ရှင်နေသမျှ ဘာလုပ်ကြရမှာလဲ? သင်ဟု (သံဃာများ ဖြေ)၊ သင်နေသမျှလဲ? ရှင်နေရမယ် (သံဃာများ ဖြေ)။ မသင်ရင်တော့ သေပြီးပဲ၊ အဲဒါကြောင့်သင်ကြ။

မှတ်စုစာအုပ်လေးနဲ့ သီတဂူဆရာတော်
မှတ်စုစာအုပ်လေးတစ်ခု ဆောင်ထားပြီးတော့ (ဆရာတော် စာအုပ်ကလေး ဖွင့်နေစဉ်) ကြုံရာကြုံရာစာအုပ်တွေကို ဖတ်တိုင်းဖတ်တိုင်း မှတ်ထားပြီး ရေးထားလေ့ရှိတယ်၊ အခုလဲပဲ အစည်းအဝေးကြီးမှာ ၄၆ နိုင်ငံကတက်တဲ့ Global Buddhist Confederation (GBC) ဆိုတဲ့ အစည်းအဝေးကြီးမှာ ဘယ်သူတွေ ဘာပြောတယ်ဆိုတာလေးတွေ မှတ်ဖို့ မှတ်စုစာအုပ်လေးယူထားပြီးတော့ မှတ်ထားတာရှိတယ်။ မှတ်စရာက များများ မရဘူးကွ၊ မှတ်စရာ များများမရဘူးဆိုလို့ရှိရင် အစည်းအဝေးတက်လာတဲ့ လူတွေကို ဘုန်းကြီးတွေကို မင်းတို့ ခန့်မှန်းကြည့်လိုက်တော့ ဟုတ်လား၊။

ဒလိုင်းလားမားပြောသော စကားသုံးခွန်း
တိဗတ်ရဟန်းမင်းကြီး ဒလိုင်းလားမား၊ သူပြောထားတာလေးတွေထဲက ဒို့က ၃ လုံးတော့ သေသေချာချာ မှတ်ထားလိုက်တယ်။

၁။ တစ်လုံးက ဘာလဲဆိုတော့၊ ဗုဒ္ဓစာပေမှာ ပါဠိစာပေဟာ အရင်းအမြစ်ကျဆုံးပဲ။ အဲဒီစကားလုံးထွက်လာနိုင်တဲ့ တိဗက်ဘာသာရေးခေါင်းဆောင်ရဲ့ နှလုံးသားကို မှန်းကြည့်လိုက်၊ Very Honest အလွန်ရိုးသားတဲ့ စိတ်ထားရှိတယ်လို့ ခန့်မှန်းလို့ ရတယ်၊ Tibetan Buddhism ဆိုတာဟာ ဆန်စခရစ် (Sanskrit Buddhism) ပဲ၊ မင်းတို့ အိန္ဒိယပြည်ကြီးမှာ ကျောင်းတက်နေတာဆိုတော့ သင်ပြီးသား ဖြစ်မှာပေါ့၊ ဘုရားသာသနာ နှစ် ၅၀၀ လောက်မှာ ကန္ဓာရတိုင်း ကသ္မီရဒေသ ဒီကနေ့ပြောတော့ ကသျှမီးပေါ့၊ ကနိသျှအင်ပါရာကြီးဟာ ရုရှားပြည် တစ်ခြမ်း အနောက်ဘက် အာဖဂန်နစ္စတန်တို့ ဂရိတို့အထိ ရောက်တယ်၊ မြောက်ဘက်ဆို ရုရှားပြည် တောင်ဘက်ခြမ်း တစ်ခြမ်းလုံးပဲ၊ စတန် (stan)၊ စတန် စတန်ဆိုတဲ့ နာမည်နဲ့ နိုင်ငံပေါင်း ဘယ်လောက်ရှိလဲ သိလား? ။ တာဂျစ္စတန်၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ ဥဇဘက်ကစ္စတန်နဲ့ စတန်စတန် စတန်နဲ့ နိုင်ငံပေါင်း ဘယ်လောက်ရှိလဲ? (သံဃာများ တုဏှီ)။ As long as we're alive, we must learn.
အသက်ရှင်သမျှကာလပတ်လုံး သင်နေရမှာ၊ အားလုံး ၇ ခုရှိတယ်။ အဲဒါတွေ အားလုံးက Buddhist Countries တွေချည်းပဲ၊ မင်းတို့ကို ငါပြောမှာက သာသနာ နှစ် ၅၀၀ လောက်မှာ အဲဒီကသျှမီးဒေသ ဟိမ၀န္တာတောင်ခြေမှာ ကနိသျှကဘုရင်ကြီး၏ အထောက်အပံ့နဲ့ သံဂါယနာ တစ်ခုတင်သွားတယ်၊ သံဂါယနာပွဲ ခေါင်းဆောင်းတဲ့သူက အဿဃောသ၊ ၀သုဗန္ဒု၊ ဂိုဏ်းက သဗ္ဗတ္ထိဝါဒဂိုဏ်းက ခေါင်းဆောင်တာ၊ ယောဂစာရ ဂိုဏ်းထဲပါတယ်။ ယောဂစာရ ဂိုဏ်းသည် သဗ္ဗတ္ထိဝါဒဂိုဏ်းထဲက ခွဲထွက်သွားတာ။ အဲဒီ သံဂါယနာတင်ပွဲမှာ သံဃာ ၁၀၀၀ ပါတယ်။

ဘာလုပ်သလဲ တိုတိုပြောရရင် ပါဠိနဲ့ ထိန်းထားတဲ့ ပိဋကတ်ကို သက္ကဋအဖြစ်ပြောင်းတာ၊ အဲဒီမှာ ပြောင်းတာ၊ ပါဠိပိဋကတ်ကို သက္ကဋနဲ့ပြောင်းပြီးတော့ သုတ္တန်ရော အဘိဓမ္မာရော ၀ိနည်းရော အကုန်လုံး အသစ်ပြန်ရေးပြစ်လိုက်တာ၊ သံဂါယနာတင်လိုက်တာ၊ ဘုရားလက်ထက်ကတော့ ရဟန်းတစ်ပါး ပိဋကတ်တော်တွေကို သက္ကတနဲ့ရေးမယ်ဆိုတော့ ဘုရားကတားတာ သိက္ခာပုဒ် မင်းတို့ သိပါတယ်။ ဒါပေမဲ့ သဗ္ဗတ္ထိဝါဒဂိုဏ်းနဲ့ ယောဂါစာရဂိုဏ်းက ပိဋကတ်ကို အကုန်လုံး သက္ကဋဘာသာနဲ့ ပြန်ရေးပြစ်လိုက်တာ၊ ၀ိဘာသာဆိုပြီးတော့ နာမည်ပြောင်းသွားတယ်၊ အဲဒီလို သက္ကဋဘာသာနဲ့ ရေးထားတဲ့ ကနိသျှကမင်း အထောက်အပံ့နဲ့ အဿဃောသခေါင်းဆောင် တင်တဲ့ သံဂါယနာက သက္ကဋပိဋကတ်ကို Sanskrit Buddhism ကို ဘိက္ခုဗောဓိက တရုပ်ဘာသာပြန်တာ၊ ဘိက္ခုဗောဓိက ဘယ်အရပ်သားလဲ? (သံဃာများ တုဏှီ)၊ As long as you're alive, you must learn. တမီနာရူး (Taminaru)သား၊ တမီးကုလား ဘိက္ခုဗောဓိ၊ သူက အဲဒီဘက်ရောက်ပြီးတော့ အဲဒီသံဂါယနာပိဋကတ်ကို တရုပ်ဘာသာပြန်ပြစ်လိုက်တာ၊ တရုပ်နဲ့တိဘက် ဟိမ၀န္တာကျော်ချသွားတာ ဟိုမြောက်ဘက် ဂျပန်အထိ ရောက်သွားတာ။

အဲဒီလိုတိဗက်ကရလာတဲ့ Buddhism က စင်တင် သံဂါယနာမှ ဖြစ်ပေါ်လာသော သက္ကဋပိဋကတ်ကို ဘိက္ခုဗောဓိက ဘာသာပြန်ပေးတာ၊ ဘာသာပြန်မှ တဆင့် သူတို့ ရရှိကြတာ၊ အဲဒါကြီးကို ဒလိုင်းလားမားဆိုတဲ့ ပုဂ္ဂိုလ်က ကောင်းကောင်းသိတယ်၊ သက္ကဋဘာသာပြန်၊ သက္ကဋမှ တရုပ်၊ တရုပ်ဘာသာမှ တိဗက်ဘာသာပြန်၊ အဲဒီလို အမျိုးအမျိုး ဘာသာပြန်သွားတာကို သူသိတယ်၊ အခု သူဘာပြောလဲ?

မြန်မာသာသနာပိုင်ဆရာတော်ကို ဖူးချင်တဲ့ တိဗတ် ဒလိုင်းလားမား
ဒို့တည်းနေတဲ့ ဟိုတယ်ကို သာသနာပိုင်ဆရာတော်ကြီးကို ဖူးတွေ့ချင်ပါတယ်၊ လာအို့သာသနာပိုင်ဆရာတော်နဲ့ မြန်မာပြည်က သာသနာပိုင်ဆရာတော်ကို ဖူးတွေ့ချင်တယ်ဆိုတဲ့ သတင်းကို သူတို့ တိဗက်ဘုန်းတော်ကြီးတွေကနေ တဆင့် ဒို့တပည့် ဒေါက်တာကုမာရဆီကို လာတယ်၊ ဒေါက်တာကုမာရက ငါ့ကိုလာလျှောက်တယ်၊ အေး-ဖူးချင်ရင် ဒို့ရှိတဲ့နေရာလာ၊ ဒို့က တွေ့ချင်လို့ လိုက်ရှာတာ မဟုတ်ဘူး၊ သူတွေ့ချင်ရင် ဒို့ဆီ လာခဲ့၊ ငါက အဲလို ပြောလိုက်တာ။ ဒို့တည်းတဲ့အခန်းထဲလာပြီး အေးအေးဆေးဆေးတွေ့ပြီး နာရီဝက်လောက်ကြာအောင် စကားပြောသွားတယ်၊ ဒို့ကလိုက်တွေ့တာ မဟုတ်ဘူး၊ သူလာတွေ့တာနော်။

အဲတော့ သူပြောတယ်၊ တစ်က ဘာလဲ? ဗုဒ္ဓသာသနာမှာ ပါဠိစာပေသည် အရင်းအမြစ်အကျဆုံးပဲ။ ဘယ်နေ့ ဘယ်နေရာ ဘယ်ချိန်မှာ ပြောတယ်ဆိုတာလေးကို မှတ်ထားလိုက်တယ်။ ပြီးတော့မှ ဆန်စခရစ် (Sanskrit) တို့ တန္တရစ် (Tantric) တို့ကတော့ အပေါ်ယံကသွားကြတာ။ (Sanskrit) တို့ တန္တရစ် (Tantric)၊ ၀ါဇီရာယာနတို့ မဟာယာနတို့ ဟီနယာနတို့ ဒါတွေဟာ so call name ပဲ၊ နာမည်မျှပဲကွ၊ အနှစ်သာရကတော့ သီလ သမာဓိ ပညာပဲ။ ဟော-မှတ်သားစရာ ကောင်းတယ်။

သဘောထားကြီးကြ
အဲတော့ ခုနက ငါပြောတာ မင်းတို့ မေ့သွားပြီလား၊ ဘာမြစ်နဲ့ ဘာမြစ် မပေါင်းရင် ဘာမဖြစ်ဘူးလဲ? (မေခနဲ့မလိခ မြစ် မပေါင်းရင် ဧရာဝတီမြစ် မဖြစ်ဟု သံဃာများ ဖြေ)။ အဲဒါ broad mind သဘောထား ကြီးကြဖို့ပဲ။

သင်ကြားဆိုတာ ဘယ်နေရာက ဘာပဲရရ အကုန်သင်ထား၊ ထေရ၀ါဒနဲ့ မဟာယာန ၀ဇိရာယာန၊ အဲဒါတွေ ဘာပဲပြောပြောပါ၊ သီလ သမာဓိ ပညာသည်သာ အနှစ်သာရပါ။

(အပိုင်း(၂) ဆက်ပါဦးမည်--မျှော်)

မှတ်ချက်။ ။ အသံဖိုင်မှ စာအဖြစ် သီတဂူစတား တည်းဖြတ်သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၃၁-၁၂-၂၀၁၁

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes