သီတဂူစတား

သီတဂူစတား

29 March 2011

မွေးနေ့အကြို မင်္ဂလာပွဲ (အပိုင်း-၃)


တတိမြောက်နေ့

ဒီနေ့ဆိုရင် မွေးနေ့ပွဲအကြိုမင်္ဂလာသည် တတိယမြောက်နေ့ ဖြစ်ပါသည်။ ရောက်လာတဲ့ ပရိသတ်က အရင်ရက်ကထက် ပိုများလာသည်။ ဘွဲ့နှင်းသဘင်အတွင်းဝန်း ပတ်ပတ်လည်မှာ ကိုယ့်အုပ်စုနဲ့ကိုယ် နေရာယူထားပြီး သံဃာ ၁၂၀၀ တို့အား လောင်းလှူနေကြသည်မှာလည်း မျက်ရည်ကျသည့် ၀မ်းသာ ပီတိဖြစ်မိသည်။

ရှေးဦးစွာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) (ရန်ကုန်) (မန္တလေး) ရှိ သံဃာများကို အစဉ်အတိုင်း ပင့်ခေါ်ပြီး လောင်းလှူစေသည်၊ စောစောအလှူခံပြီးသော ဗုဒ္ဓတက္ကသိုလ် သံဃာများက ထိုလောင်းလှူရာနေရာများ၌ လုပ်အားပေးကြရသည်။

စာရေးသူ ရလိုက်တဲ့ လှူရန်ပစ္စည်းများမှာ အလှူငွေ ၂၀၀၀၀ (နှစ်သောင်း) ကျော်နှင့် ဆေးပစ္စည်းများ၊ ကျောင်းသုံးပစ္စည်းများ၊ သင်္ကန်း၊ တဘက်၊ ဆပ်ပြာအမွှေးအမျိုးစုံ၊ ဆပ်ပြာမှုံ့အမျိုးစုံ၊ ဆန်၊ ငရုပ်၊ ငါးပိနှင့် စားစရာအမျိုးမျိုး စသော မရေတွက်နိုင်တဲ့ ပစ္စည်းများပင် ဖြစ်သည်။ သံဃာ ၁၂၀၀ တို့အား အရုဏ်အတွက် ခေါက်ဆွဲနှင့် နေ့လည်စာအတွက် ဆွမ်းဟင်းအမျိုးစုံတို့ကို တပြိုင်တည်း လှူလိုက်သည်။ ကြွရောက်လာကြသော ရပ်ဝေး ရပ်နီး အရက်လေးမျက်နှာမှ ဓမ္မမိတ်ဆွေအပေါင်းတို့အား ဘိုကလေးမြို့ သီတဂူတပည့်များက ဗူးသီးကြော်များဖြင့် ကျွေးမွေးဧည့်ခံသည်။
မနက်စော သံဃာ ၁၂၀၀ ဆွမ်းလောင်လှူပွဲ
ဘွဲ့နှင်းသဘင်ခမ်းမဆာင် ပရ၀ုဏ်အတွင်း ပတ်ပတ်လည်မှာ အလှူများက လောင်းလှူကြစဉ်
မန္တလေးသီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကျောင်းအမကြီး ဒေါ်ညွှန့်ညွှန့်အေးတို့အဖွဲ့က သရီးရိုင်ဖယ်၊ မာတင်သင်္ကန်းများ
သီတဂူလင်္ကာဒီပကျောင်းဆောင် ကျောင်းအမကြီး ဒေါ်ယင်ထွေးက န၀ကမ္မများ လောင်းလှူနေစဉ်
လင်္ကာဒီပကျောင်းအမသမီးနှင့် သီတဂူကပ္ပိယအဖွဲ့ဝင် သီတဂူကျောင်းအမ ဒေါ်ခင်သိန်းကလဲ န၀ကမ္မများ လောင်းလှူ
မောရိယမိသားစုက မောရိယဆေးများ လောင်းလှူစဉ်
ကျောင်းအမလေး မ၀င်းဝင်းကလဲ သင်္ကန်းများ လောင်းလှူနေစဉ်

သဒ္ဓါပွားရ

လောင်းလှူလိုက်သည့် ကာလတံဖိုးမှာ သိန်း ၉၀၀ (သိန်းကိုးရာ) ၀န်းကျင်ရှိမည်ဟု ခန့်မှန်းရသည်။ တစ်ပါးလျှင် ၂၀၀၀၀ (နှစ်သောင်းကျပ်) သံဃာ ၁၂၀၀ ဆိုရင် သိန်း ၂၂၀ (နှစ်ရာ့နှစ်ဆယ်) ရှိနေပြီ။ သင်္ကန်းဒွိစုံ တစ်စုံတန်ဖိုးသည် ၁၅၀၀၀ ဆိုရင် သိန်း ၁၅၀ ကျော်နေပြီ။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် လင်္ကာဒီပဆောင်ကျောင်းအမကြီး သံဃာအားလုံး တစ်ပါးလျင် ၁၀၀၀ ကျပ်စီအပြင် တက္ကသိုလ်သံဃာများအား ၅၀၀၀ တန်တစ်ရွက်စီပါ လှူလိုက်သေးသည်။ စာရေးသူ မှတ်မိသည်မှာ သီတဂူကျောင်းအမများစုက ၁၀၀၀ တန်တွေ လောင်းလှူကြတာ များပါသည်။ မန္တလေး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကျောင်းအမကြီး ဒေါ်ညွှန့်ညွှန့်အေးနှင့်အဖွဲ့က မာတင်ဘိုမ သင်္ကန်းတွေ လောင်းလှူနေတာကိုလည်း တွေ့ရသည်။ မန္တလေးကျောင်းအမဖွဲ့က သပိတ်များ လောင်းလှူကြသည်။ ကျောင်းအမ ဒေါ်ခင်သိန်းနှင့် လှဆန်းယဉ်တို့မိသားစုအဖွဲ့လည်း အလှူငွေ ၁၀၀၀ တန်တွေ လောင်းလှူနေတာကို တွေ့ရသည်။ စာရေးသူ မရင်းနှီးသေးသော သီတဂူ အဖွဲ့များစွာတို့ကလည်း မိမိတို့ဒေသထွက်ကုန်များ၊ ကိုယ်နိုင်ရာကို လှူဒါန်းနေသည်မှာလည်း ဘုရားလက်ထက်တော်အခါက အနာထပိဏ် ၀ိသာခါတို့အိမ် သံဃာ ထောင်နှင့်ချီ၊ ရာနှင့်ချီပြီး ဆွမ်းခံကြွနေသည့်အလား ကြည်ညိုသဒ္ဓါပွားရပါသည်။
အုပ်အုပ်သဲသဲ နောက်ဆုံးနေ့ စိန်ဖူးတော် တင်ပွဲနှင့် ငှက်မျက်နားတော် တင်ပွဲ
စာရေးသူတို့ Toefl ဆရာမလေး Venassa အမေရိကန်သူလေးလဲ လက်အုပ်ချီ ကြည်ညိုနေစဉ်

စိန်ဖူးတော်တင်ပွဲ

ဒီကနေ့ မဟာစည်းခုံစေတီတော်ကြီး၏ နောက်ဆုံးနေ့ အခမ်းအနားအစီအစဉ်အရ န၀ရတ် ကိုးသွယ် စီခြယ်ထားသော ငှက်မျက်နားတော်နှင့် န၀ရတ်ပါး လွှမ်းခြုံထားသော စိန်ဖူးတော် တင်လှူပွဲဖြစ်သည်။ ထီးအလှူရှင်၊ စိန်ဖူးတော်အလှူရှင်နှင့် ငှက်မျက်နားတော် အလှူရှင်တို့၏ အမည်နာမများ မမှတ်မိသဖြင့် ခွင့်လွတ်ပါရန်လည်း တစ်ဆက်တည်း မေတ္တာရပ်ပါသည်။ အစိုးရလူကြီးများဖြစ်ကြသော ဗိုလ်ချုပ်ကြီးတင်အေး၊ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် သာအေး၊ ၀န်ကြီးဗိုလ်ချုပ်ကြီးမြင့်ဆွေနှင့် သာသနာရေးဝန်ကြီး ၄ ဦး၊ တိုင်းမှူစသော စစ်ဗိုလ်ချုပ်ကြီး ၄ ဦးတို့နှင့် မိသားစုများလည်း တက်ရောက် ကြည်ညိုကြသည်ကို တွေ့ရသည်။ စိန်ဖူးတော်နှင့် ငှက်မျက်နားတော်များကို ထိုဝန်ကြီးများနှင့် ဗိုလ်ချုပ်ကြီးများက စေတီတော်ကြီး တစ်ပတ်လည် ပင့်ဆောင်ပြီး လှည့်လည်အပူဇော်ခံသည်။

ဌာပနာတိုက်ထဲမှာ ရတနာမျိုးစုံတို့ဖြင့် ထည့်သွင်းပူဇော်ထားသည်။ စိန်ဖူးတော်တင်လှူအပြီး ရေစက်ချအခမ်းအနားမှာ သီတဂူဆရာတော်ကြီးက ‘‘ပုပ်သိုးနေတဲ့ ခန္ဓာကိုယ်ကြီးကို တံဆာဆင်မည့်အစား လောကထွဋ်တင် ဘုရားမြတ်ရတနာအား ရတနာတို့ဖြင့် တံဆာဆင် ပူဇော်ကြကုန်လေ၊ ပုပ်သိုးနေတဲ့ခန္ဓာကြီးကို တံဆာဆင်ခြင်းဖြင့် ဘာအကျိုးရှိအံ့နည်း’’ ဟု မိန့်ကြားသောအခါ သူဌေးကော သူကြွယ်ရော သူဆင်းရဲပါမကျန် မိမိတို့ နား,လက်,လယ်ပင်, ခေါင်းတို့မှာ ရွှေရတနာ ကျောက်မျက်ရတနာ တံဆာများကို ချွတ်လှူနေတာကို မြင်ရတော့ ပီတိမျက်ရည်များပင် ကျမိသည်။

သီတဂူကျောင်းဒကာ ကျောင်းအမများရဲ့ သိန်းပေါင်း ရာဂဏန်းရှိ ရွှေမိုး ငွေမိုးများကလည်း တ၀ုန်းဝုန်းနဲ့ အုပ်အုပ်သဲသဲရှိ၏။ အောင်စည်အောင်မောင်းသံတို့ဖြင့် ဇေယျာတစ်ခွင် လွှမ်းခြုံလျက်ရှိသည်။
ဟောပြောပွဲသို့ ကြွရောက် နာယူကြသော အရှင်မြတ်များ

နေ့လည်ပိုင်း

နေ့ပိုင်းအစီးအစဉ်ကတော့ မနေ့ကလိုပဲ ဟောပြောပွဲကို တမ္ပ၀တီ ဦးဝင်းမောင်က ဘုရားစေတီပုထိုး အဆင့်ဆင့် ပေါ်ပေါက် ပြောင်းလဲလာပုံတို့ကို တင်ပြဆွေးနေသွားသည်။ အင်ဒိုနီးရှားနိုင်ငံရှိ ဗောဓောဗုဓောဘုရား သမိုင်းကိုတော့ သြစတေးလျှနိုင်ငံမှ တိဘက်စုလက်ဘာက ဆွေးနွေးတင်ပြသွားသည်။ သီတဂူဆရာတော်ကြီးကလည်း ၀င်ရောက် ဆွေးနွေးသွားသည်။ ထိုနေ့က ညနေ ၆ နာကျော်မှ ပြီးသွားသည်။ စာရေးသူတော့ ဒီနေ့ဟောပြောပွဲ မတက်နိုင်ခဲ့။ တက္ကသိုလ်အဆောင်အားလုံး ဧည့်သည်များဖြင့် ပြည့်နေသည်ဖြစ်၍ စာရေးသူတို့ နေရာတွေပါ ဖယ်ပေးလိုက်ရသည်။ ထိုနေ့ ဧည့်သည်များအတွက် နေရာရွှေ့ပေးနေရသဖြင့် ဟောပြောပွဲသို့ မတက်ရောက်နိုင်ခဲ့။

ညပိုင်း

ညပိုင်းမှာတော့ ဖျော်ဖြေရေးကဏ္ဍပဲဖြစ်သည်၊ ဇေယျာကွက်သစ် အားကစားကွင်းမှာ မြို့မတေးဂီတအဖွဲ့နှင့် သီတဂူဂီတဉ္စလီအဖွဲ့တို့က သီဆိုဖျော်ဖြေကြသည်။

မွေးနေ့ပွဲရက် တပေါင်းလပြည့်နေ့ အပိုင်း (၄) ဆက်လက်ဖော်ပြသွားပါမည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၉-၃-၂၀၁၁

27 March 2011

မွေးနေ့အကြိုမင်္ဂလာ ဒုတိယနေ့


၁၇-၃-၂၀၁၁ ရက်နေ့ ဆရာတော်ကြီး၏ မွေးနေ့မင်္ဂလာပွဲ ဒုတိယနေ့အဖြစ် မနက်စောစော သီလရှင်ဆရာလေး ၁၀၀၀ တို့အား အ၀တ်အစားများ၊ အနယ်နယ်အရပ်ရပ်ရှိ သီတဂူ အထောက်ကူပြုအဖွဲ့များက မိမိတို့ဒေသထွက် အစားအစာများ၊ ငါးပိ သရက်သီးသနှပ်၊ ငရုပ်မုံ့၊ ကုလားပဲ၊ ပဲကြော် စသည်စသည်များကို လောင်းလှူကြသည်။ 

နံနက်စာ

မနက်မိုးလင်း ၄ နာရီတိတိမှာ သီတဂူ စည်တော်ကြီးက သံစဉ်များပေးကာ ‘‘လှူရန်တန်းရန် အချိန်ကျပြီဖြစ်ပါ၍ အိပ်ယာမှ ထတော်မူကြပါ အို--သပ္ပုရိသအပေါင်းတို့’’ဟု အချက်ပေးနေသည့်အလား ကြည်းနူးရသည်။ အချက်ပေးတာနဲ့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် မုဉ်ဝမှာ အရွယ်စုံသီလရှင်များ၊ အလှူရှင်များနှင့် လုပ်အားပေးရန်ကြွရောက်လာကြသော သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သံဃာများ စုရုံးရောက်လာကြသည်။
သီလရှင် ဆရာလေးများအား နံနက်စာ မုံ့ဟင်းခါးနှင့် အကြော်အမျိုးစုံ ကပ်
ကျောင်းအမကြီး ဒေါ်ညွှန့်ညွှန့်အေး က သရပ်သီးသနပ်ဗူးများ လောင်းလှူ
သိမ်တော်ကြီးအတွင်း သီလရှင်ဆရာလေးများ အလှူခံရန် တန်းစီကြွ
သီတဂူကပ္ပိယအဖွဲ့ကလည်း သနပ်သီးသနပ်များ လောင်းလှူ
သီတဂူကျောင်းအမများက အလှူငွေများ တန်းပေါက်လောင်းလှူစဉ်

ပင့်၍ကြွလာကြသော သီလရှင်ဆရာလေး ၁၀၀၀ တို့အား နံနက်စာ မုံ့ဟင်းခါးတို့ဖြင့် ဧည့်ခံကျွေးမွေးသည်၊ မှ သီတဂူဒကာဒကာမများက အကြော်အမျိုးစုံတို့ဖြင့် ပင့်သံဃာများနှင့် သီလရှင် ၁၀၀၀ တို့အား လှူဒါန်းကျွေးမွေးသည်။ နံက်စာစားပြီးသော ပင့်သီလရှင် ၁၀၀၀ တို့က မဟာဘွဲ့နှင်းသဘင်ခန်းမဆောင် ပရ၀ုဏ်အတွင်းမှ အလှူအရှင် အသီးသီးတို့က လောင်းလှူသော လှူဖွယ်များကို တန်းစီအလှူခံကြသည်၊ အလှူရှင်တွေများနေသဖြင့် နာမည်များ အတိအကျ မဖော်ပြနိုင်ပေမဲ့ ရင်းနှီးသော မန္တလေးသီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကျောင်းအမ ဒေါ်ညွှန့်ညွှန့်အေးက အ၀တ်စုံ ၁၀၀၀ လောင်းလှူသည်ကိုတော့ တွေ့ရပါသည်။ သီလရှင် ၁၀၀၀ တို့အား အပါးစေ့ ထောင်တန်ကျပ်များ လောင်းလှူနေကြသော ကျောင်းအမ ဒေါ်ယဉ်ထွေး၊ လှဆန်းယဉ်မိသားစု သီတဂူကျောင်းအမများကိုလည်း တွေ့ရသည်။
သီတဂူဂီတဉ္စလီ ရီရီသန့် စိမ်းလဲ့လဲ့ ရဲ့ သဒ္ဒဒါန အသံအလှူပေးစဉ်
သီတဂူကျောင်းအမများက ဆရာလေးများအတွက် ၀ိုင်းဝန်း အလှူခံပေးစဉ်
သီတဂူ လင်္ကာဒီပကျောင်းအမများကလဲ လုပ်အားဒါနပြုစဉ်
သီတဂူအထောက်ကူအပြုအဖွဲ့များကလည်း လုပ်အားဒါန ပါဝင်ကြစဉ်


ဝိုင်းဝန်းကူညီ

လှူဖွယ်ပစ္စည်းများသည် အလွန်များပြားနေရကား သီတဂူအထောက်ကူပြုအဖွဲ့ အမျိုးသား အမျိုးသမီးလေးများက အိတ်များကိုင်ဆောင်ကာ ၀ိုင်းဝန်း အလှူခံပေးကြသည်မှာလည်း ကြည်းနူးစရာပင်။ နိုင်ငံကျော် မြန်မာသံစဉ် အဆိုတော် ရန်ပိုင်စိုး၊ ရီရီသန့်၊ နှင်းရီသန့်နှင့် စိမ်းလဲ့လဲ့တို့ ဦးဆောင်သော သီတဂူဂီတဉ္စလီအဖွဲ့ရဲ့ ဓမ္မတေးများနှင့် တေးထပ်များကလည်း မြိုင်ဆိုင်လှသည်။ နာမည်ကျော် စစ်ကိုင်းမိုးဇာဗျောရဲ့ ရိုက်ချက်ကလည်း ကြွကြွရွရွ ရှိလှသည်။

မနက်စာ ဘုန်းပေးပြီး ရန်ကုန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကျောင်းသား ၁၀၀ တို့က ကျန်ရှိနေသေးသော ထီးတော်များကို မဟာစည်းခုံစေတီတော်ကြီးအား ဆက်လက်တင်လှူရန် သွားကြရသည်။

နေ့လည်ပိုင်း

နေ့လည်ပိုင်းမှာလည်း အချိန်အအားမရှိရလေအောင် ဟောပြောပွဲများပါ စီမံပေးထားသည်။ နေ့လည် ၂ နာရီမှ ၅-၃၀ အထိ ဒေါက်တာ ခင်မောင်ညွှန့်က စစ်ကိုင်းတောင် နောက်ခံသမိုင်းနှင့် ခရစ်ယန်ဘုန်းတော်ကြီး ဒေါက်တာ ဖာသားမာကုတင်ဝင်းက ခရစ်ယန်ဘာသာနှင့် ကိုးကွယ်မှု အကြောင်းများ ဟောပြောကြသည်။ တက်ရောက်သူ ကျောင်းသားများနှင့် လေ့လာသူများ သဘောကျ နှစ်သက်ကြသည်ကို တွေ့ရသည်။ များစွာ အသိပညာ ဗဟုသုတတွေလည်း ရကြသည်။

လာမည့်နှစ် ဆရာတော်ကြီး၏ ၇၅ နှစ်ပြည့် အထူးပူဇော်ပွဲသို့ ယခုလိုပဲ စုံညီစွာ ကြွရောက်ကြပါရန်လည်း ဖိတ်မန္တကပြုပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၇-၃-၂၀၁၁

24 March 2011

မွေးနေ့အကြို မင်္ဂလာပွဲ (၁)

မဟာစည်းခုံကြီးစေတီတော်
ညစဉ် သီတဂူကမ္ဘာ့တက္ကသိုလ် သံဃာများ အနေကဇာတင် ပရိတ်ရွတ်ပွား
ပထမဘုံ ထီးတော်တင်လှူနေပုံ
သံဃာတော်များ ထီးတော်တင်လှူနေစဉ်
စေတီတော်ကြီး၏ အလယ်ပစ္စယံ ဌာပနာတိုက်အတွင်း၌ အနေကဇာတင်စဉ်
စေတီတော်ကြီး၏ ညရှုခင်း ကြည်ညိုသပ္ပါယ်ဖွယ်
အညာမြေကို နှုတ်ဆက်ခြင်း

ရန်ကုန်မှာ သင်တန်းတွေပြီးတော့ အိန္ဒိယကို ပြန်သွားဖို့ပြင်ဆင်ရသည်၊ အညာက ဆရာသမားနှင့် အမေအိုကြီးနှင့် မိသားစုတို့ကို နှုတ်ဆက်ရန် ပြန်ခဲ့ရသည်။ အညာမြေသည် နွေဦးပေါက် ခြောက်သွေ့ပြီး ဖုန်ထသော ရာသီဖြစ်သည်၊ နေ့ပူ ညချမ်း တပေါင်းလဆန်းဆိုတဲ့ အတိုင်း နေ့အခါ ပူပေမဲ့ ညအခါမှာတော့ အေးနေသေးသည်။ ရပ်ရွာမှာ တစ်ပတ်လောက် နေပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) သို့ ၀င်သည်။ ဆရာတော်ကြီး၏ မွေးနေ့ပွဲသို့ ရပ်ဝေး ရပ်နီးမှ ပရိသတ်များစွာလဲ တဖွဲဖွဲ ရောက်နေကြသည်။ မွေးနေ့ရက် နီးကပ်လာလေ ပရိသတ်များလာလေဖြစ်သည်။ မနေ့က ဆွမ်းစားရင်း တက္ကသိုလ်၏ စီမံဥက္ကဋ္ဌဆရာတော်ပြောတာ ကြားလိုက်သည်၊ ခေါင်းအုံးအသစ်တွေ အလုံး ၅၀၀ မှာယူထားတာတောင် မလောက်ဖြစ်နေသည်တဲ့။ နေရာလည်း သရက်ပင်အောက် နေရာရဖို့ပင် မလွယ်တဲ့။ စာရေးသူတို့လည်း သာမန်အချိန်ဆို နေရာကောင်းလေး ရနိုင်သည်၊ အခုတော့ ကိုယ့်ကျောင်းကိုယ့်ဟာဆိုတော့ သူငယ်ချင်းတွေ အကြား တိုးဝှေ့ အိပ်ရသည်။

ထူးခြားသည့် အစီအစဉ်တစ်ခု

သီတဂူဆရာတော်ကြီး၏ မွေးနေ့ပွဲ အမီ စေတီတော်ကြီး၏ ဌာပနာသွင်း ပူဇော်ခြင်းနှင့် ရွှေထီးတော်ကြီး တင်လှူပူဇော်ပွဲများကို ခမ်းခမ်းနားနား ပြုလုပ်နိုင်ရန် ကြိုတင်စီမံထားသော်လည်း အချိန်မမီနိုင်ဟု ယူဆထားသည်။ သို့သော် ဆရာတော်ကြီး၏ ဆန္ဒကြောင့် အင်တိုက်အားတိုက် တည်ဆောက်ရာ မဟာစည်းခုံစေတီတော်ကြီး ရွှေထီးတော် တင်လှူပွဲကြီးကား ခြိမ့်ခြိမ့်သဲပင်ဖြစ်ခဲ့သည်။

၁၅-၁၆- ရက်များတွင် ထိုစေတီတော်ကြီးကို သီတဂူဆရာတော်ကြီး ဦးဆောင်ကာ ပထမဘုံအဆင့် မှ န၀မ ဘုံအဆင့်အထိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သံဃာတော်များနှင့် ဌာနဆိုင်ရာများက သီတဂူ အဏ္ဏ၀ါနတ်ပန်းရထားဖြင့် တင်လှူပူဇော်ကြသည်၊ နာမည်ကျော် စစ်ကိုင်းမိုးဇာဗျောအဖွဲ့ကလည်း မြိုင်မြိုင်ဆိုင်ဆိုင် သီဆိုပူဇော်သည်။ သံဃာတော်များ၏ နေ့စဉ် ရွတ်ပွားပူဇော်အပ်သော ပရိတ်တော်သည်လည်း ဘ၀ဂ်ညံလျက်ရှိသည်။ ရပ်ကွက်ထဲရှိ အမျိုးသမီး ၀တ်အသင်းများကလည်း ပူဇော်ကြသည်။ ၁၇-ရက်နေ့တွင် ရန်ကုန်သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကျောင်းသားများက ကျန်ရှိနေသေးသော ထီးတော်များကို တင်လှူပူဇော်ကြသည်။ နောက်ဆုံးရက်တွင် စိန်ဖူးတော်နှင့် ငှက်မျက်နှားတော်တို့ကို တင်လှူ ပူဇော်သည်။ 

မန္တလေးသီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကျောင်းအမကြီး ဒေါ်ညွှန့်ညွှန့်အေး ကပ်လှူသော ကောက်ညှင်းဆွမ်းနှင့် အကြော်အမျိုးစုံကလည်း မြိန်ရည်လျှက်ရည်ရှိလှသည်။ နံနက်စာ ဘာမှ မစားခဲ့ရသေးသော စာရေးသူတို့အဖွဲ့ အားပါးတရ ဘုန်းပေးခဲ့ကြသည်။ ဆာလောင်ရောဂါထနေသော စာရေးသူတို့ ကျောင်းအမကြီးအား အထူးကျေးဇူးတင်လို့မဆုံး ဖြစ်ကြသည်။


ဖျော်ဖြေရေးအစီအစဉ်

၁၃-၁၄-၁၅ ရက်များတွင် မြန်မာ့ရိုးရာ နိုင်ငံကျော် ခြင်းအလှခတ် တစ်ဦးချင်း၊ အဖွဲ့လိုက်တို့ ဖျော်ဖြေခြင်း။
၁၄ ရက်နေ့ညက မြတစ်ရာ အငြိမ့်ဖြင့် ဖျော်ဖြေခြင်း
၁၅ ရက်နေ့တွင် ရွှေတံဆိပ်ဆုရှင် ဖိုးချစ် ဇာတ်သဘင်ဖြင့် ဖျော်ဖြေခြင်းများ ပြုလုပ်သည်။
၁၆ ရက်နေ့မှာတော့ လူရွှင်တော်များ၏ သမီးများဖြစ်ကြသော လူရွှင်တော်အမျိုးသမီးတို့၏ ဟာသ ဖျော်ဖြေမှုပဲ ဖြစ်သည်။

မဟာစည်းခုံစေတီတော်

စေတီတော်ကြီး၏ သမိုင်းအကျဉ်းချုပ်သည်လည်း စိတ်ဝင်စားစရာကောင်းသည်။ မြန်မာနိုင်ငံတွင် စည်ခုံကြီးအမည်ရှိ စေတီ ၃ ဆူရှိသည်။ ပုဂံခေတ်က ကျန်စစ်သားမင်း တည်ထားကိုးကွယ်သည့် ရွေစည်းခုံစေတီ၊ ပင်းယခေတ်က ပင်းယမင်း ဥဇ္ဇနာမင်းတည်သည့် မက္ခရာစည်းခုံစေတီတော်နှင့် သက္ကရာဇ် ၇၁၄-တွင် စစ်ကိုင်းမင်း သီဟပတိ တည်းထားကိုးကွယ်သည့် ယခု မဟာစည်းခုံ စေတီတော်ကြီးတို့ ဖြစ်ကြသည်၊ ထိုစေတီတော် ၃ဆူတွင် ဤ မဟာစည်းခုံစေတီတော်ကြီးက အကြီးဆုံး စေတီတော်ကြီးဖြစ်သည်။ ပုဂံရွှေစည်းခုံစေတီတော်ကြီးသည် ပေ ၁၆၀ ရှိသည်၊ စစ်ကိုင်းမြို့ ယခုပြုပြင်သော မဟာစည်းခုံစေတီတော်ကြီးသည်ကား ပေပေါင်း ၁၇၀ ရှိသဖြင့် ၁၀ ပေ ပိုမြင့်သည်။ မက္ခရာစည်းခုံစေတီတော်ကြီးသည် ၁၆၈ ပေ မြင့်သည်။ ဤစေတီတော်ကြီးသည် ပျက်စီးယိုယွင်းပြီး ခြုံများ ပိတ်ဖုံးလျက်ရှိရာ ယခင် စစ်ကိုင်းတိုင်းမှူး ဗိုလ်ချုပ်စိုးမြင့်၏ လျှောက်ထားတောင်းပန်မှုဖြင့် သီတဂူဆရာတော်ကြီး ဦးဆောင်ကာ ပြုပြင် ပြီးစီး ရွှေထီးတင် အဆင့်ထိ ရောက်လာသဖြင့် အထူးကြည်ညို သပ္ပါယ်ကောင်းလှသည်။ စစ်ကိုင်းမြို့၏ ကျက်သရေဆောင် ရှေးဟောင်း စေတီတော်ကြီးအဖြစ် ဇေယျာသူ ဇေယျာသားတို့ ဂုဏ်ယူဝံ့ကြွားကြသည်။

မှတ်ချက်။ ဒုတိယအကြီးဆုံး စဥ့်ကိုင်မြို့နယ်ရှိ မက္ခရာစည်းခုံကြီး စေတီတော်ကြီးကိုလည်း သက်တော် ၇၃ နှစ်ပြည့် မွေးနေ့အဖြစ် ခြုံပိတ်ပေါင်းတို့မှ တူးဖော်ထုတ်ကာ ပြုပြင်ပြီး ရွေထီးတော် စိန်ဖူးတော်များ တင်လှူခဲ့ပြီးဖြစ်သည်။

ဤကား သီတဂူဆရာတော်ကြီး၏ ၇၄ နှစ်ပြည့် မွေးနေ့ပူဇာကျင်းပပုံ ပထမနေ့ အစိတ်အပိုင်းများဖြစ်သည်။

အပိုင်း (၂) အပိုင်း (၃) နှင့် အပိုင်း (၄) များ ဆက်လက်ဖော်ပြသွားပါမည်။

ရွှင်လန်းချမ်းမြေ့ပါစေ

သီတဂူစတား
၂၄-၃-၂၀၁၁

22 March 2011

The voice of the Buddha (ဗုဒ္ဓအသံ)

ဗုဒ္ဓအသံဟူသည် မြတ်ဗုဒ္ဓဟောကြား မိန့်ဆိုထားသမျှ ဓမ္မ အဘိဓမ္မာ ၀ိနယ ပါဝစန အားလုံးသည် ဗုဒ္ဓအသံ၏ အစွမ်းသတ္တိမှာ evil ကို good အဖြစ်သို့ ပြောင်းလဲစေနိုင်သည်၊ Jealousy ကို Joy အဖြစ်သို့ ပြောင်းလဲစေနိုင်သည်။ Ignorance ကိုလည်း Enlightenment သို့ ပြောင်းလဲစေနိုင်သည်။

ယုံကြည်မှုလွန်ကဲသော ပညာမဲ့ကမ္ဘာကို ပညာပေး၍ သဒ္ဓါကိုပညာနှင့် ဟန်ချက်ညီစေခဲ့သည်။ ပညာလွန်ကဲ၍ ကောက်ကျစ်နေသော လောကကိုလည်း သဒ္ဓါပေး၍ ပညာနှင့် ညှိပေးလိုက်သည်။ ၀ီရိယလွန်ကဲသူတို့၏ တုန်လှုပ်နေသော လောကကိုလည်း သမာဓိဖြင့် တည်ငြိမ်စေခဲ့သည်။ ပညာမဲ့လျက် ယုံကြည်ကိုးကွယ်နေကြသော အကန်းကမ္ဘာကို ဗုဒ္ဓ၏အသံတည်းဟူသော မြတ်ဗုဒ္ဓဓမ္မက သစ္စာကို ခင်းပေးခဲ့၍ သစ္စာတရားကို သိမြင်စေခဲ့သည်။ မည်သည့်ဘာသာရေး ခေါင်းဆောင်တို့ကမျှ မသင်ကြား မဟောကြားခဲ့သော သစ္စာလမ်းစဉ် (Eightfold Noble Path)နှင့် သစ္စာတရားတို့ကို မြတ်ဗုဒ္ဓ၏ အသံတိုင်း၌ တွေ့မြင်ရလေသည်။

နက်ရှိုင်းကျယ်ပြန့်စွာသော ဗုဒ္ဓ၏အသံများ၌ သိသာထင်ရှားသော အသံတော်တချို့ကို ရွေးချယ်ကောက်နှုတ်တင်ပြလိုသည်။

သိဒ္ဓတ္ထမင်းမြတ် လုမ္ဗိနီတွင် ဖွားမြင်စဉ်က ကိုယ့်ခြေတောက်ပေါ်ကိုယ်ရပ်တည်၍ ကြွေးကြော်ခဲ့သော ဗုဒ္ဓအလောင်းအလျာမင်းသားငယ်ကလေး၏ အသံမှာ အံ့ချီးဖွယ်ဖြစ်သည်။ မဟာပထ၀ီမြေကြီးကို တုန်ဟီးစေခဲ့သည်။ လူနတ်ဗြဟ္မာ အပေါင်းတို့ကို အံ့အားသင့်စေခဲ့သည်။ ထို့ပြင် အားကိုးလိုစိတ်များ အားကြီးစွာ ပေါ်ပေါက်ခဲ့သည်။

‘‘ငါသည် ဤသတ္တ၀ါလောကတွင် အမြတ်ဆုံး, ငါသည် ဤသတ္တ၀ါလောကတွင် အသာဆုံး, ငါသည် ယခု မွေးဖွားခြင်းသည် နောက်ဆုံး, ငါသည် နောက်တဖန် ဘယ်မှာမှ ပြန်လည် မွေးဖွားတော့မည် မဟုတ်, ငါ၏ ဒုက္ခစက်ဝိုင်းကား ပျက်စဲခဲ့ပြီ’’

ဤသည်ကား မြတ်ဗုဒ္ဓ၏ ပထမဆုံးသော ကြွေးကြော်သံဖြစ်သည်။ ရဲရင့်ပြတ်သားသော သီဟနာဒ ဗုဒ္ဓအသံဖြစ်ပါသည်။ 

ဗုဒ္ဓအဖြစ်သို့ရောက်ခါစ နံနက်ခင်းအရုဏ်ဦး ဥရုဝေလာ နေရဉ္ဇရာက ညောင်ပင်ရိပ်၌ ကြွေးကြော်အသံမှာ သစ္စာရသ သန္တရသ အပြည့်ပါသည့် ကြွေးကြော်သံဖြစ်ပါသည်။ ခန္ဓာ၏ ဖွဲ့စည်းတည်ဆောက်ပုံသည် တိုင်ရစ်မှ ဆင့်, ထုတ် ကြမ်းခင်းမှ အမိုးပေါက် အမွှန်းအပြောက် ချယ်ထားသည့် အိမ်ကြီးနှင့်တူသောကြောင့်၊ ထိုအိမ်သည် လှပသော်လည်း အတွင်း၌မူ ဆင်းရဲခြင်း, စိုးရိမ်ပူဆွေးခြင်း, အလိုမပြည့်ခြင်း, အစိုးမရခြင်းတို့ဖြင့် ပြည့်နပ်နေသော မစင်အိုးအလုံးပိတ် ဆေးရောင်စုံချယ် ပန်းပန်ထားသည်အလားဖြစ်၏။ ဤကဲ့သို့သော ခန္ဓာအိမ်အလိမ်ကြီးကို မည်သည့် God နှင့် goodness တို့များ ဖန်ဆင်းထားခဲ့လေသနည်းဟု ဂဟကာရက (creator of the house) ကို ရှာဖွေခဲ့သည်မှာ ဘ၀ပေါင်းများလှသည်။ ဖန်ဆင်းရှင်ရှိခဲ့သည် အထင်မှားကြောင့် ဒုက္ခများခဲ့လှသည်။ တကယ်တော့ ဤစက်စုပ်ဖွယ်ကောင်းသော ခန္ဓာအိမ်ကို ဖန်ဆင်းသော ဖန်ဆင်းရှင် တကယ်မရှိ။ ဖန်ဆင်းရှင်က ဤခန္ဓာအိမ်ကို တည်ဆောက်ပေးသည်ဟု ယူဆခြင်းသည် အ၀ိဇ္ဇာ၏ စိတ်ကူးယဉ်ခြင်းမျှသာ ဖြစ်သည်။

ဤယနေ့ ငါသည် အ၀ိဇ္ဇာကြောင့် မျက်မှန်အမည်းကို ခွါချလိုက်နိုင်ခဲ့သည်အတွက် ပန်းအိုးမဟုတ် မစင်အိုးမှန်းသိခဲ့လေသည်။ မက်မောဖွယ်ကား လုံးဝမရှိတော့ပြီ။ (တဏှာနံ ခယမဇ္ဈဂါ)

ဘုရားဖြစ်စ ပထမဆုံးသော ကြွေးကြော်ခဲ့သော ဤဗုဒ္ဓ၏အသံတော်မှာ ဖန်ဆင်းရှင်ရှာပုံတော် ၆ နှစ်ကြာ ထွက်ခဲ့သော မြတ်ဗုဒ္ဓ၏ ကိုယ်တိုင်အတွေ့ကို ကြွေးကြော်ခဲ့ခြင်းဖြစ်သည်။ အ၀ိဇ္ဇာ တဏှာ ကံမှတပါး ဖန်ဆင်းရှင် အခြားမရှိဟု သတ္တလောကကို ပြောပြလိုက်ပြီ။ This is the first voice of the Buddha.

ထို့နောင် အဖြစ်အပျက်တို့၏ အကြောင်းအရင်းကို သိအောင် ကျင့်ကြ။

ထို့နောင် ဒုက္ခဇာတ် အဆုံးသက်လိုလျှင် ဇာတ်ကလိုသည့်စိတ်ဓာတ်ကို ပျောက်အောင် အားထုတ်ကြ။

မျိုး, မြေ, ရေ အကြောင်းရင်းသုံးပါးချုပ်လျှင် မည်သည့်အပင်မျှ မပေါက်တော့ကြောင်း၊ ဤ အကြောင်းသုံးပါးတို့၏ အကြား၌ creator မရှိကြောင်း။

‘‘ဤဟာရှိလျှင် ဤဟာဖြစ်၏။ ဤဟာဖြစ်လျှင် ထိုဟာဖြစ်လည်းဖြစ်၏။ ဤဟာချုပ်လျှင် ထိုဟာထိုဟာတို့ချုပ်ကုန်၏။ (ဣတိ ဣမသ္မိံ ဣဒံ ဟောတိ၊ ဣမဿုပ္ပါဒါ ဣဒံ ဥပ္ပဇ္ဇတိ။ ဣမသ္မိံ အသတိ ဣဒံ န ဟောတိ၊ ဣမဿ နိရောဓာ ဣဒံ နိရုဇ္ဈတိ။)

သမာသဂုဏ်အမြောက်ဆုံးသော လိုရင်းတိုကျဉ်းအလွန်ရှင်းသည့် မြတ်ဗုဒ္ဓ၏အသံတော်-------။

ဥရုဝေလာမှ မဂဓသို့အကြွ လမ်းခုလက် ဂယာသီသတော၌ ဂျိန်းဘုန်းကြီး ဥပကနှင့်ဆုံမိရာ ဥပက၏မေးခွန်းပေါင်းများစွာ၌ လွင့်ထုတ်ခဲ့သော မြတ်ဗုဒ္ဓအသံတို့မှာ ရဲရင့်ပြတ်သားလှပေစွ။

‘‘အို--ဥပက! ငါတို့သည် လောက၌ အရဟံ, ငါသည် လောက၌ ပြိုင်ဘက်ကင်းသောဆရာ, တစ်ယောက်တည်းသော သမ္မာသမ္ဗုဒ္ဓ, တကယ့်ကိုပဲ ငါသည် ငြိမ်းချမ်းပြီး ပုဂ္ဂိုလ်ဖြစ်၏, နိဗ္ဗူတကို ငါ ရပြီ’’

သင် ဗုဒ္ဓဖြစ်ဖို့ သင် နိဗ္ဗူတရဖို့ ဘယ်သူ့အထံတပည့်ခံခဲ့သနည်းဟု ဂျိန်းဘုန်းကြီး ဥပက မေးမြန်းခဲ့လျှင်-

‘‘ဟေ့ ဥပက! ငါ့လမ်း ငါဖောက် ငါ့လမ်း ငါ့လျှောက် ငါ့ကျင့်စဉ် ငါကိုယ်တိုင်ဖော်ထုတ် ငါကျင့်တဲ့အတိုင်း ငါကိုယ်တိုင် သိခဲ့တာဖြစ်လို့ ငါ ဘယ်သူကိုမှ ဆရာတင်စရာမလိုဘူး၊ ငါ့မှာ အခြားဆရာမရှိဟု ငါ့ကိုယ်ကို ငါကိုယ်တိုင်သင်၍ ငါကိုယ်တိုင်ကျင့် ငါကိုယ်တိုင်သိခဲ့တာဖြစ်သည်၊ ဒါ့ကြောင့် ဤလောက၌ ငါနှင့်တူသူမရှိ’’ (Self-Taught+Self-Enlighten) ရဲရင့်သော သီဟနာဒဖြစ်လေသည်။

‘‘အို ဥပက! ငါသည် အလုံးစုံကိုအောင်မြင်ခဲ့သည်၊ ငါသည် အလုံးစုံကို သိခဲ့သည်၊ ငါသည် ဘယ်မှာမှငြိကပ်ခြင်းမရှိ၊ ငါ့၌ မည်သည့်အညစ်အကြေးမျှ လိမ်းကြံခြင်းမရှိ၊ ငါသည် အလုံးစုံကို စွန့်လွတ်ခဲ့သည်၊ ငါသည် တဏှာက္ခယသို့ ရောက်၍ လွတ်မြောက်ခဲ့ပြီ’’ဟု မိမိ၏ဘ၀အဖြစ်မှန်နှင့် အရည်အချင်း အစွမ်းသတ္တိတို့ကို အကုန်အစင် ကြွေးကြော်ခဲ့သည်။

နီတိကျမ်း၌ စာတချို့ရှိသည်။ အတ္တဂုဏာ ပကာသတ္တော ဟီနလက္ခဏာ- မိမိဂုဏ်ကိုဖော်ပြလျှင် သူတော်မဟုတ်ဟု ဆိုသည်။ သို့သော် အ၀ိဇ္ဇာနှင့်ဒိဋ္ဌိ အပြည့်ဖုံးသော ဤစုံလုံးကန်းကမ္ဘာ၌ မိမိဘ၀ မိမိ၏၀ါဒကို ပွင့်လင်းစွာ ကြေငြာရသည်ဖြစ်သည်။ အမောက်ထောင်မပြသော နဂါးကို လူညံ့တို့က ရေမြွေထင်တတ်သည်။

သင့်အမည်နာမ ပြောပြပါဦးဟု ဂျိန်းဘုန်းကြီး၏ အမေးကိုမူ မြတ်ဗုဒ္ဓက ဤသို့ဖြေခဲ့သည်။

‘‘ငါတို့လို ပုဂ္ဂိုလ်တို့မှ ဇိန (ဂျိန်း) ဖြစ်သည်။ 

မှတ်ချက်။ ။ နင်တို့ကို လူတွေ ဂျိန်းမဟုတ်ဟု ဆိုလိုရိပ်ရှိသည်။

ဂျိန (ဇိန) ဂျိတ (ဇိတ)= ဂျိန်းဟူသည် အ၀ိဇ္ဇာ တဏှာ ကံ သင်္ခါရနှင့်ကိလေသာတို့ကို အောင်မြင်ခဲ့သည်ဟု အဓိပ္ပါယ်ရသည်။ သို့ဖြစ်ခြင်းကြောင့် ငါ့နာမည်ကို ဇိနလို့လည်း ခေါ်နိုင်သည်။ အနန္တဇိနလို့လည်း ခေါ်နိုင်သည်ဟု ကြေငြာတော်မူခဲ့လေသည်။ တကယ့်ဂျိန်းအစစ်ကား ဗုဒ္ဓဖြစ်တော်မူသည်။ ထိုအခါ ဂျိန်းဘုန်းကြီး ဥပကကား ဗုဒ္ဓရှင်တော်၏ခြေအဆုံး ခေါင်းအဆုံး တကိုယ်လုံးကိုကြည့်၍ ဟုတ်လောက်သည် ဟုတ်လောက်သည် (ဟုပေယျ ဟုပေယျ) ဟုဆို၍ မြတ်ဗုဒ္ဓကိုရှောင် လမ်းလွှဲကိုယူ၍ သွားခါနီး နောက်ဆုံးမေးခွန်းက--သင် ဘယ်သွား ဘာလုပ်မလဲဟူ၍ဖြစ်၏။

ဤ၌ The voice of the Buddha ဖြတ်ဗုဒ္ဓ၏အသံမှာ ပွင့်လင်းသည်၊ ပြတ်သားသည်၊ မဟုတ်သည်ကို မဟုတ်ကြောင်း ရှင်းခဲ့ပြီး ဟုတ်သည်ကိုလည်း ဟုတ်ကြောင်း ကြေငြာခဲ့သည်၊ လုပ်မည့်အလုပ်ကိုလည်း ထုတ်ဖော်ခဲ့သည်။

ဓမ္မစက္ကံ ပ၀တ္တေတုံ၊ ဂစ္ဆာမိ ကာသိနံ ပုရံ။
အန္ဓီဘူတသ္မိံ လောကသ္မိံ၊ အာဟဥ္ဆံ အမတ ဒုန္ဒုဘိံ။

အို ဥပက! ငါသည် ဓမ္မစက်ကိုလှည့်ဖို့ ကာသိတိုင်း၏မြို့တော်သို့ သွားမည်။ အကန်းကမ္ဘာမှာ ငါမျက်လုံးဝေမည်။ အပင်းကမ္ဘာမှာကိုတော့ ဓမ္မစည်ကိုတီး၍ ဥာဏ်နားကို ကြားစေမည်။

ဟုပေယျ ဟုတ်လောက်သည်ဟု ခေါင်းတညိမ့်ညိမ့်နှင့် ရှောင်သွားသော ဂျိန်းဘုန်းကြီး၏ တိမ်သလာဖုံးသော မျက်လုံး၌ ဗုဒ္ဓက ဓမ္မမျက်စဉ်းကို ခတ်သွင်းခဲ့လေသည်။ ဓမ္မဂါထာပုဒ်ပေါင်းများစွာကို နာရသော်လည်း ဓမ္မကိုမကြားသော ဥပက၏ ပင်းသောနား၌ ဓမ္မစည်သံကို ရိုက်သွင်းခဲ့လေသည်။ နောင်သောအခါ ဂျိန်းဘုန်းကြီး ဥပကသည် မုဆိုးသမီးနှင့် ညား သားတစ်ယောက်ဖွားမြောက်၊ ဃရာဝါသ ဒုက္ခမှ သောကအကြီးအကျယ်ရောက်မှ အနန္တဇိနဟုသော တကယ့်ဂျိန်း ဂေါတမကို ပြန်လည်သတိရခဲ့လေသည်။ အနန္တဇိနမြတ်ဗုဒ္ဓကို ပြန်လည်၍ ရှာဖွေခဲ့သည်။ သာဝတ္ထိ ဇေတ၀န်၌ ပြန်လည်၍တွေ့ခဲ့သည်။ အနန္တဇိနထံတော်မှ သစ္စာတရားကို နာကြားခွင့်ရခဲ့လေသည်။ ဂျိန်းဘုန်းကြီး ဥပက၏ ဆူးခင်းသောဘ၀ခရီးကြမ်းကား အဆုံးသက်ခဲ့လေပြီ။ မီးကြီးခဲခင်းသော ဘ၀သံသရာ ခရီးကား ငြိမ်းချမ်းခဲ့လေသည်၊ မျက်ရည်သမုဒ္ဒရာ ခမ်းခဲ့ပြီတကား--------။

*အို ငါ့ရှင်သောတုဇန ဓမ္မဒူတ အပေါင်းတို့!
ငါတို့သည် သတ္တလောက၏ အကျိုးစီးပွား တိုးပွားရန်အလို့ငှါ သွားကြပါကုန်စို့။
*အို ငါ့ရှင်သောတုဇန ဓမ္မဒူတ အပေါင်းတို့!
အ၀ိဇ္ဇာလွမ်းသည့် အကန်းကမ္ဘာ၌ ၀ိဇ္ဇာမျက်လုံး ပေးကြပါကုန်စို့။
*အို ငါ့ရှင်သောတုဇန ဓမ္မဒူတ အပေါင်းတို့!
မိစ္ဆာဒိဋ္ဌိဖြင့် ပိတ်ဆို့၍နေသာ နားတို့ကို ဓမ္မစည်ရိုက်၍ ဖွင့်ကြပါစို့။

ဓမ္မစက္ကံ ပ၀တ္တေတုံ၊ ဂစ္ဆာမိ ကာသိနံပုရံ။
အန္ဓီဘူတသ္မိံ လောကသ္မိံ၊ အာဟဥ္ဆံ အမတ ဒုန္ဒုဘိံ။
ပဓိရဘူတသ္မိံ လောကသ္မိံ ၊ အာဟဥ္ဆံ အမတ ဒုန္ဒုဘိံ။

ဒေါက်တာအရှင်ဥာဏိဿရ
၂၂-၂-၂၀၁၁

ဤပို့စ်လေးက ဆရာတော်ကြီးကိုယ်တိုင် ရှေ့က နှုတ်တိုက်ဆိုပေးသည်၊ စာရေးသူက နောက်က လိုက်ရေးထားသည့် ပို့စ်လေးဖြစ်သည်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး) အတွက် The voice of the Buddha မဂ္ဂဇင်းအတွက် စာမိတ်ဆက်ဖြစ်သည်။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) အတွက် The voice of Dhamm ဟု အမည်ပေးပြီး နှစ်စဉ် ထုတ်ဝေသည်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) အတွက်ကိုတော့ The voice of Samgha အမည်ဖြင့် ၂၀၁၁ ခုနှစ်က စပြီး ဒီပလိုမာ ကျောင်းသားများ၏ လက်ရာများဖြင့် တံဆာဆင်ထားကာ မဂ္ဂဇင်းထွက်ပြီး ဖြစ်ပါသည်။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များတွင် မှာယူနိုင်ပါပြီ။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၂-၃-၂၀၁၁

19 March 2011

သီတဂူဆရာတော်ကြီး၏ မွေးနေ့မင်္ဂလာ ပူဇော်လွာ

၁၃၇၂ ခုနှစ် တပေါင်းလပြည့်နေ့ (၁၉-၃-၂၀၁၁) နေ့တွင် သက်တော် (၇၄) နှစ်ပြည့်တော်မူသည့် ထေရ၀ါဒ ဗုဒ္ဓသာသနာတော်၏ အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်တော်မူနေသော ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီး ၏ ၀ိဇာတ မွေးနေ့မင်္ဂလာကို တပည့်တော် ရိုသေစွာ ရှိခိုးကန်တော့ ပူဇော်လိုက်ပါတယ်ဘုရား…
သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ဖြင့် ပြည့်စုံတော်မူသော ဆရာတော်ကြီးအား ဂုဏ်ပြုချီးကျူးရတာ တပည့်တော် အလွန်ဝမ်းသာ ပီတိဖြစ်ရပါတယ်။ ဆရာတော်ကြီး၏ ဂုဏ်ကျေးဇူးတွေကို တပည့်တော် စာတွေဘယ်လို သီကုံးဖွဲ့သီပါသော်လည်း မှီနိုင်မည်မဟုတ်ပါ။
ဆရာတော်ကြီးသည် သီတဂူအဓိဋ္ဌာန် ဖြစ်သည့်
ငါတို့ ဖြစ်ရ၊ ဤလောက၀ယ်၊
ဘ၀သမိုင်း၊ မရိုင်းစေရန်၊
စိတ်မန်မချ၊ မာနမပါ၊
ဒို့ စွမ်းရာဖြင့်၊ ဒို့ သာသနာ၊
ဒို့ ပြည့်ရွာကို၊ သာယာစေမှု၊
လုလ္လပြုအံ့။ ဟုဆိုသည့်အတိုင်း ဆရာတော်ကြီး ဦးဆောင်လျှက်
၁။ စစ်ကိုင်းတောင်ရေအလှူတော်
၂။ သီတဂူအာယုဒါန၊ စက္ခုဒါန ဆေးရုံအလှူတော်
၃။ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အလှူ ဟူ၍ အဓိက စီမံကိန်းကြီး (၃) ရပ်ကို ပင်မထားကာ ပြည်တွင်းပြည်ပ အလှူရှင်များ၏ ထောက်ပံလှူဒါန်းမှုဖြင့် ဘာဘာရေး၊ လူမှုကယ်ဆယ်ရေး နှင့် တခြားလူမှု အကျိုးပြုလုပ်ငန်းများကို မနားမနေ အင်တိုက်အားတိုက် ဆောင်ရွက်တော်မူခဲ့ပါတယ်။ သာသနာတော်ကြီး အဓွန့်ရှည် တည်တံခိုင်မြဲအောင်လည်း ပြည်တွင်း ပြည်ပ သာသနာပြု လုပ်ငန်းများကိုလည်း ဆောင်ရွက်တော်မူခဲ့ပါတယ်။
ဓမ္မပဒပါဠိတော် တွင်-
အပ္ပမတ္တော အယံ ဂန္ဓော၊ ယွာယံ တဂရစန္ဒနံ။
ယော စ သီလ၀တံ ဂန္ဓော၊ ၀ါတိ ဒေဝေသု ဥတ္တမော။
တောင်ဇလပ်ပန်း စန္ဒကူးပန်းတို့၏ အနံ့သည် အနည်းငယ်မျှသာ မွှေး၏။ သီလရှိသူတို့၏ သတင်း အနံ့သည် ထူးကဲ လွန်မြတ်သည်ဖြစ်၍ နတ်ပြည် ဗြဟ္မပြည်အထိ ပျံ့နှံ့ ကြိုင်လှိုင်၏။
Faint is the fragrance of tagara and sandal, but excellent is the Fragrance of the virtuous, wafting even amongst the gods.
ဟု ဆိုထားသည့်အတိုင်း ဆရာတော်ကြီး၏ ကြီးမားသည့် မေတ္တာကရုဏာ တရားတွေနဲ့ ဒုက္ခရောက်နေသူများကို ဒုက္ခဘေးမှ ကင်းဝေးအောင် ဆေးဝါကုသပေးခြင်း ကျောင်းများကိုလည်း ၀ိရိယစွမ်းအားနဲ့ တည်ဆောက်ပေးခြင်းတို့ဖြင့် အမျိုး၊ ဘာသာ၊ သာသနာတော်အတွက် အားကြိုးမာန်တက် ဆောင်ရွက်ပေးနေသော မေတ္တာ ကရုဏာတရားတွေသည် နေမင်းသည် နေ့အခါ အလင်းရောင်ပေးသကဲ့သို့ လပြည့်နေတွင် ပြည့်ဝန်းနေသော လမင်းသည် ကောင်းကင်၌ တင့်တယ်နေသကဲ့သို့ သူတော်ကောင်းတို့၏ မွှေးပျံ့သော ရနံ့သည် အရပ်ဆယ်မျက်နှာလုံး ပိတ်ပင်တားဆီးလို့မရ သင်းပျံ့မွှေးကြိုင်နေပြီး သီတဂူစန်းလပမာ ထွန်းလင်းတောက်ပလျှက် ရှိနေပါသည်။
ထိုကဲ့သို့ အမျိုး၊ ဘာသာ၊ သာသနာအတွက် မနေမနား ကြိုးပမ်းဆောင်ရွက်နေသော ဆရာတော်ကြီးသည် ပန်းကလေးတွေကို ဖူးပွင့်လာအောင် ရေလောင်းပေါင်းသင်ပေးသော ဥယျာဉ်မှူး တစ်ယောက်ကဲသို့ သာသနာတော်အတွက် အဖိုးထိုက်တန်သော သာသနာ ဥယျာဉ်မှုးတို့ ဂုဏ်တို့နှင့် ပြည့်စုံတော်မူသော သာသနာ့ ဥယျဉ်မှုးပင်ဖြစ်ပေသည်။ ဆရာတော်ကြီး၏ သာသာနာပြုလုပ်ငန်းများ အောင်မြင်မှုသည်လည်း အံမခန်း အောင်မြင်လျက်ရှိတာကို ဘုရားတပည့်တော်နှင့်တကွ သာသနာကိုချစ် သာသနာကို တန်ဖိုးထားသူတိုင်း လေးစားကြည့်ညိုလျက် ရှိပါတယ်ဘုရား။ တပည့်တော်တို့ ဒကာ၊ ဒကာမများအနေဖြင့်လည်း ဆရာအရှင်မြတ်၏ ကျေးဇူးဂုဏ်ကို နက်နက်ရှိုင်းရှိုင်း နားလည်သိရှိ၍ သာသနာပြုလုပ်ငန်းများ အစဉ်သဖြင့် တိုးတက်မြင့်မားနေအောင် လိုအပ်သမျှ ကိစ္စကြီးငယ်များအတွက် ပူးပေါင်းလက်ဖြင့် ဆက်လက်ဆောင်ရွက်သွားခြင်းသည်သာ ဆရာအရှင်မြတ်၏ ဂုဏ်ကို ပို၍ နက်ရှိုင်းစွာ ပူဇော်ရာ ရောက်မည် ဖြစ်ပါသည်။
ဆုံးမစာ
ဆရာတော်ကြီး ဟောကြားဆုံးမ လမ်းညွန်ပေးတဲ့ အဆုံးအမများစွာ ရှိသည့်အထဲမှ အဆုံးအမ အချို့ဖြစ်ပါတယ်ခင်ဗျာ။

နိဂုံးချုပ်အနေဖြင့် ဆရာတော် အရှင်ဇနကဘိဝံသ ၏
ကိုယ်တည်းတစ်ယောက် ချမ်းသာရောက်ဖို့
ခုလောက်ကျိုးကုတ် အားမထုတ်ဘူး၊
ဗုဒ္ဓမြတ်စွာ သာသနာ၏
ရှေးခါဘိုးဘ လက်ထက်ကပင်၊
ရသည့်တန်ဖိုး ထပ်မညှိးဖို့
အားကျိုးမာန်တက် ငါဆောင်ရွက်သည်
ဆက်လက်တည်တံ့ပါစေသော်...
ဟူသည့် လင်္ကာလေးအတိုင်း ဆရာတော်ကြီး ယခု သက်တော် (၇၄) နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာ အမျိုး၊ ဘာသာ၊ သာသနာအကျိုးကို ကျန်းမာချမ်းသာစွာဖြင့် မြန်မာမှာသာမက တကမ္ဘာလုံးတိုင်အောင် မြတ်ဗုဒ္ဓ၏ အေးမြသော ဓမ္မအလင်းရောင်များကို ပေးစွမ်းနိုင်ပါစေလို့ တပည့်တော် မွေးနေ့မှာ ဆုတောင်းပေးလိုက်ပါတယ်ဘုရား။

ဆရာတော်ကြီး ကျန်းမာချမ်းသာစွာဖြင့် သာသနာ့အကျိုးကို ဒီထက်မက အောင်မြင်စွာ ဆောင်ရွက်နိုင်ပါစေ။
လက်စုံမိုး၍ ရှိခိုးလျက်…
တောသားလေး

တောသားလေးအား ကျေးဇူးတင်ပါတယ်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၉-၃-၂၀၁၁

18 March 2011

သီတဂူဆရာတော်ကြီး၏ မွေးနေ့ မင်္ဂလာ ဂုဏ်ပြု ချီးကျူး ပူဇော်လွှာ


သီတဂူဆရာတော်ကြီး၏ မွေးနေ့ မင်္ဂလာ ဂုဏ်ပြု ချီးကျူး ပူဇော်လွှာ။

မြတ်စွာဘုရား သာသနာတော်အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်တော်မူနေသော ကျေးဇူးတော်ရှင် မဟာဓမ္မကထိကဗဟုဇနဟိတဓရ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ အဂ္ဂမဟာပဏ္ဍိတ သီတဂူဆရာတော်ကြီး အရှင်ဥာဏိဿရ ၏ ၁၃၇၂ခုနှစ်၊ တပေါင်းလပြည့် (၁၉-၃-၂၀၁၁)နေ့တွင် ကျရောက်သော သက်တော်(၇၄)နှစ်ပြည့် ၀ိဇာတ မွေးနေ့မင်္ဂလာ ကို တပည့်တော် ရိုသေစွာ ရှိခိုး ကန်တော့လျှက် ချီးကျုး ပူဇော်ပါသည် ဘုရား………။

ပညာရွှေအိုး ၊ပြည့်လျှံဖြိုးအောင်၊

ကြိုးပမ်းပို့ချ၊ သင်ကြားပြ၍

ဖြူစွမနော၊ မိတ်သဘောဖြင့်

မြတ်သောအမွေ ပေးလေသူ။

ပညာရှိများ၏ စကားအတိုင်း သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ဆရာဂုဏ်တို့ဖြင့် ပြည့်စုံတော်မူသော သာသနာတော်အတွက် အားထားကိုးစားရာ သာသနာ့ အာဇာနည်ဖြစ်သော ဆရာတော်ဘုရားအား ဂုဏ်ပြု ချီးကျူးခွင့်ရတဲ့အတွက် ရွှင်ပြုံးကြည်သာ ပီတိဖြာခဲ့ရပါသည်။ မွေးနေ့ ချီးကျုးဂုဏ်ပြုလွှာကို ဒုတိယအကြိမ် ရေးသားခွင့်ပေးသော အရှင်ကောဝိဒသိရီ (သီတဂူစတား) ပူနေး အရှင်ဘုရားအားလည်း ကျေးဇူးတင်ပါသည်..ဘုရား။

သူ့ကိုချီးမြောက်၊ ကိုယ်ဂုဏ်မြောက်၏

ယွင်းဘောက်အလို၊ ၀န်မတိုနှင့်

သူ့ကို ဂုဏ်နှိမ့် ၊ ကိုယ်ဂုဏ်နိမ့်၏

စည်းစိမ်အရာ၊ သူချမ်းသာနှိုက်

ဣဿာမပြု၊ ၀မ်းမြောက်ရှုလော့။

သူ့ကိုစောင့်မှ၊ သူက ကိုယ်ကို

ကြည်ညိုမေတ္တာ၊ စောင့်နိုင်ရာ၏။ (မာဃဒေ၀ ၁၈၅)

သူတစ်ပါး၏ အမှန်တကယ်ရှိသည့် ဂုဏ်ကျေးဇူးကို ထုတ်ဖော်ချီးကျူးခြင်းသည် ဘုရားအလိုကျ သူတော်ကောင်းတို့၏ အလိုကျဖြစ်သည်ဟူသော အချက်ကို ဖော်ပြပါ လင်္ကာဖြင့် သိနိုင်ပါသည်။

ယနေ့ ချီးမြောက်ပူဇော်မည့် သီတဂူဆရာတော်ကြီး အရှင်ဥာဏိဿရ ဆရာအရှင်မြတ်သည် သာသနာအတွက်၊ အများအတွက် အချိန်ကို အကျိုးရှိစွာ အသုံးချနေသည့် သာသနာပြု ရဟန်းတော်တစ်ပါးဖြစ်သည်ကို ဆရာတော်ကြီး၏ သာသနာပြု လုပ်ငန်းများက သက်သေပြ လျက်ရှိပါတယ်။

ဆရာတော်၏ သာသနာပြုလုပ်ငန်းများ၊

ဆရာတော်ကြီး၏ ရေအလှူတော်စီမံကိန်း၊ အာယုဒါန ဆေးရုံအလှူများ၊ ပညာရေး နယ်ပယ်မှာလည်း အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ တက္ကသိုလ်ကြီးများ ညီလာခံကြီးကို လက်ခံကျင်းပ နိုင်ခဲ့သည့်အထိ ဆောင်ရွက်ခဲ့ခြင်း၊

စစ်ကိုင်းမြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီး သက်ဝင်လှုပ်ရှား အထူးအောင်မြင်လျက်ရှိခြင်း၊ ရန်ကုန်၊ မန္တလေး သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်ကို၎င်း ဖွင့်လှစ်ခဲ့ခြင်း ။

ထို့ပြင် တက္ကသိုလ်၏ ပါမောက္ခ၊ ကထိက ဆရာများကို ပြည်ပသို့ပညာတော်သင် စေလွှတ်၍ အမေရိက၊ အင်္ဂလန်၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံ နှင့် နိုင်ငံတကာ တက္ကသိုလ်အသီးသီးမှ ဒေါက်တာဘွဲ့များ၊ အမ်အေဘွဲ့များ ရယူစေခဲ့ခြင်း၊ တပည့်များသည်လည်း သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များတွင် စာပေများ သင်ကြားပို့ချလျက် တာဝန်များ ထမ်းဆောင်နေကြပြီဖြစ်ကြောင်း ကြားသိရပါသည်။ ဒါအပြင် ဆေးကျောင်းသားများကိုလည်း ပညာသင်စရိတ်ထောက်ပံ့ ပညာသင်ပေးလျက်ရှိကြောင်း၊ စက္ခုဒါနဆေးရုံတော်ကြီးများအား နိုင်ငံအ၀ှမ်း တည်ဆောက်လှူဒါန်းမှု သတင်းများ၊ ဘာသာရေးဆိုင်ရာ လုပ်ငန်းများ၊ လူမှု့ရေးဆိုင်ရာ ကူညီထောက်ပံ့မှု့များ အကြောင်းကိုလည်း ပြောမကုန်နိုင်လိုက်အောင် ကြားသိရပြီး သာဓု အကြိမ်ကြိမ်ခေါ်မိပါတယ်။

ဆရာတော်၏ Ground to Crown ဆောင်ပုဒ်အတိုင်း ရေကြည်ရာ မြက်နုရာ မဟုတ်ဘဲ ရေမကြည်သေးတဲ့ နေရာ ရေကြည်လာအောင် မနုသေးတဲ့မြက် နေရာ မြက်နုလာအောင် အရိုင်းပန်းမှ တော်ဝင်ပန်း (သရဖူပန်း)အထိ အောင်မြင်လာအောင် ဆောင်ရွက်လာခဲ့သည် ကိုတွေ့ရပါသည်။

ဆရာတော်ကြီးသည် ကျမတို့မြို့သို့ ယခုနှစ်အတွင်းပင် တရားပွဲ ၂-ကြိမ် လာရောက် ဟောကြားခဲ့သော်လည်း အနီးကပ်ဖူးမျှော်ခွင့် မရခဲ့ပါဘူး။ ၀ီရိယအားနည်းတဲ့အတွက် တရားပွဲကို ပရိုဂျက်တာကပင် ဖူးမျှော်ရတာများပါတယ်။ သို့သော် ဆရာတော်ကြီး ၏ ဆုံးမ သြ၀ါဒများကတော့ ဘ၀အတွက်အဖိုးတန်စွာ နှလုံးသားထဲ တည်ရှိလျက်ရှိပါတယ်။

မကောင်းတာလုပ်မှ လူမိုက်မဟုတ်ဘူး။

အချိန်တွေကို အကျိုးရှိအောင် အသုံးမချပဲ အလကားကုန်ဆုံးစေတဲ့သူသည်လည်း လူမိုက်ပဲ ဆိုတဲ့ ….

သြ၀ါဒကတော့ ကျမတို့လို လူငယ်တွေအဖို့ အင်မတန်မှ ထိရောက်လှပါတယ်။ အချိန်တွေရှိပါလျက် ဘာအလုပ်မှ မလုပ်ဖြစ်လိုက်ဘူး၊ ကုန်ဆုံးသွားတဲ့ အချိန်တွေမှာ အကုသိုလ်၊ တွေလုပ်သလားဆိုတော့လည်း မဟုတ်ပြန်ဘူး၊ ဘာကိုမှ မလုပ်ပဲ ဖြုန်းတီး ကုန်ဆုံးစေတာပါပဲ။

ဘုရားဟော တရားတော်မှာ လူတစ်ယောက်ဟာ တစ်နေ့တာအတွက် ကုသိုလ်၊ ပညာ၊ ဥစ္စာ၊ ကျန်းမာရေးတစ်ခုခုကို ရအောင် ကြိုးစားထိုက်တယ်။ တစ်ခုတည်းသော အကျိုးကျေးဇူးကိုပင် ရအံ့၊ ဒီနေ့ဟာ မင်္ဂလာရှိတဲ့နေ့ပဲ ဆိုတဲ့ သြ၀ါဒကို သတိရမိပါတယ်။

ဆရာတော်သည် မိမိသြ၀ါဒများ အဟောအပြောများနှင့်အညီ သမာသမတ်ကျစွာ ရှေ့ကနေပြီး မားမားမတ်မတ် လုပ်ဆောင်ပြခဲ့ပါတယ်။ ဆရာတော်ကို ကြည်ညိုလေးစား၍ ကိုးကွယ်ကြသော တပည့်ဒကာ၊ ဒကာမများ အနေဖြင့် ဆရာတော်၏ သာသနာအတွက်စွမ်းစွမ်းတမံ ဆောင်ရွက်ချက်များကို တတ်နိုင်သလောက် အတုခိုး ကျင့်သုံးကြလျင်...ယခုဘ၀၌ပင် ကောင်းကျိုးချမ်သာ အဖြာဖြာတို့ ဖြစ်ထွန်း၍ မဂ်ဖိုလ်နိဗ္ဗာန်တိုင်အောင် တက်လှမ်းနိုင်သော အထောက်အပံ့များ ရရှိနိုင်ကြလိမ့်မည်ဟု ယုံကြည်ကာ သဒ္ဓါတရားဖြစ်ပေါ်မိပါတယ်။

ဆရာတော် အရှင်မြတ်၏ (၇၄)နှစ်မြောက် မွေးနေ့မင်္ဂလာ ရက်ြ့မတ်မှ သာသနာတော်မြတ်ကြီး တည်တံ့နေသရွေ့ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာစွာဖြင့် သာသနာအကျိုး ဘာသာအကျိုး ဆောင်ရွက်နိုင်ပါစေဟု ဤဆောင်းပါဖြင့် ဂုဏ်ပြုပူဇော် ကန်တော့လိုက်ပါသည်ဘုရား…

ညခင်း
၁၇-၃-၂၀၁၁၊

ညခင်းအား အထူးကျေးဇူးတင်ပါတယ်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၈-၃-၂၀၁၁

17 March 2011

မွေးနေ့ဂုဏ်ပြုလျှောက်ထားလွှာ


ကျေးဇူးတော်ရှင် သီတဂူဆရာတော် အရှင်ဥာဏိဿရ ၏ ၁၃၇၂ခုနှစ် တပေါင်းလပြည့် (၁၉-၃-၂၀၁၀)နေ့တွင် ကျရောက်သည့် သက်တော်(၇၄)နှစ်ပြည့် မွေးနေ့မင်္ဂလာ ၌ တပည့်တော် ရိုသေစွာ ရှိခိုး ကန်တော့လျှက် ပူဇော်ပါသည် ဘုရား………။

အပြည်ပြည်ဆိုင် သီတဂူ ၀ိပဿနာ ကမ္မဋ္ဌာန်းဌာန (စစ်ကိုင်း) SITAGU INTERNATIONAL VIPASSANA ACADEMY (SAGAING) သီတဂူသာသနာပြုအဖွဲ့ကြီး၏ ဦးစီးပဓာနဖြစ်တော်မူသော သီတဂူ ဆရာတော် ဘုရားကြီး ကို မြန်မာသက္ကရာဇ် ၁၂၉၈ - ခု၊ တပါင်းလပြည့်နေ့၌ အဖ ဦးမောင်ညို၊ အမိ ဒေါ်သန်းတင် တို့က ပဲခူးတိုင်း၊ ပြည်မြို့နယ် စီရင်စု၊ သဲကုန်းမြို့နယ် ပုတီးကုန်းမြို့တွင် ဖွားမြင်ခဲ့ပါသည်။ အသက်(၇)နှစ်အရွယ်တွင် သဲကုန်းမြို့တပ် အလယ်တန်းကျောင်းတွင် စတင်ပညာသင်ကြားခဲ့ပြီး အသက်(၁၅)နှစ် အရွယ်မှာ ရှင်သာမဏေပြုခဲ့ပါသည်။

သက္ကရာဇ်-၁၃၁၈-(သာသနာနှစ်-၂၅၀၀ ပြည့်နှစ်) နယုန်လဆန်း(၄)ရက်နေ့ အသက်(၁၉)နှစ် အရွယ်တွင် သဲကုန်းမြို့၌ ရဟန်းပြုခဲ့ပြီး ရှင်သာမဏေပြုချိန်မှစ၍ ပိဋကတ် အခြေခံကျမ်းစာများကို သဲကုန်းမြို့တပ် အလယ်တန်း ကျောင်း ဆရာတော်ထံ၌ ပြည့်စုံအောင် သင်ကြားခဲ့ပါသည်။

ဆရာတော်ကြီးသည် မြန်မာသက္ကရာဇ် ၁၃၃၄ - ခု၊ ၀ါဆိုလပြည့်နေ့မှစ၍ နှစ်စဉ် တရားပွဲ ပေါင်းများစွာ ဟောကြားခဲ့ပြီး လက်ရွေးစဉ် တရားပုဒ်ရေ(၇၀)ကျော်ကို သီတဂူစာစဉ်များအဖြစ် ထုတ်ဝေပြီး ဖြစ်ပါသည်။

၁၃၃၈ခုတွင် - စစ်ကိုင်းတောင်၊ သဒ္ဓမ္မသီတဂူချောင်ကို စတင်တည်ဆောက်ခဲ့ပါသည်။
၁၃၄၂ - ၄၇ခု - စစ်ကိုင်းတောင် ချောင်ပေါင်း (၉၀၀)ခန့်အတွက်-သီတဂူရေအလှူတော် စီမံကိန်းကို ဆောင်ရွက်ခဲ့သည်။ (တစ်နေ့လျှင် ရေဂါလံ ၅-သိန်းခန့် ပေးဝေလျှက်ရှိ။ ဧရာဝတီမြစ်အတွင်းမှ ရေကို စစ်ကိုင်းတောင်ရိုးပေါ် အရောက် ဆောင်ရွက်ရခြင်းဖြစ်ပါသည်။)

ဆရာတော်ကြီးသည် ရေအလှူတော် စီမံကိန်းကြီး အောင်မြင်အပြီး ၁၃၄၇-၀ါခေါင်လပြည့်နေ့မှစ၍ ''သီတဂူအာယုဒါနဆေးရုံ''ကို ဆောက်လုပ်ခါ ဆေးဝါးကုသ ဒါနပြုလျှက်ရှိပါသည်။ သီတဂူဆရာတော်ကြီးသည် ဆေးရုံစီမံကိန်းများကို အကောင်အထည် ဖော်ဆောင်ရွက်လာရာ ယခုဆိုလျှင် မြန်မာနိုင်ငံရှိ ပြည်နယ်ဒေသကြီးများနှင့် တိုင်းဒေသကြီးများတွင် တည်ဆောက်ဖွင့်လှစ်ပြီး ဆေးရုံ (၁၂)ခုနှင့် တည်ဆောက်ဆဲ ဆေးရုံ (၆) ခုရှိပါသည်။

ယခုအခါတွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)၊ သီတဂူ ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၊သီတဂူ ဗုဒ္ဓတက္ကသိုလ် (မန္တလေး)၊ နာဂစ်အလှူတော်များနှင့် စာသင်ကျောင်း၊ ဆေးရုံအလှူတော်များ၊ သီတဂူဗုဒ္ဓ၀ိဟာရ (အမေရိက) အစရှိသော ပရဟိတ စီမံကိန်းကြီးများကို ပြည်တွင်း ပြည်ပ အလှူရှင်များ၏ ထောက်ပံ့လှူဒါန်းမှုဖြင့် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

ဆရာတော်ဘုရားကြီးသည် ရေအလှူတော်၊ အာယုဒါနအလှူတော်သာမက ပညာရေး၊ လူမှုရေး၊ မိဘမဲ့ကလေးငယ်များ စောင့်ရှောက်နိုင်ရေး အတွက်ပါ သိန်းပေါင်းများစွာ လှူဒါန်းလျက်ရှိပါသည်။

ဆရာတော်ကြီးသည် ပြည်တွင်းသာမက ပြည်ပသာသနာပြု ခရီးများကိုလည်း ကိုယ်တိုင် သွားရောက်ကာ သာသနာပြုခဲ့ပါသည်။ သီတဂူဆရာတော်သည် အမေရိကန်နိုင်ငံတွင် သီတဂူဗုဒ္ဓ၀ိဟာရ ကျောင်းတော်ကြီးကို ထည်ထည်ဝါ၀ါ တည်ထောင်တော်မူပြီး ထိုကျောင်းဝန်းအတွင်းဝယ် မြန်မာမှုမြန်မာ့ဟန်ဖြင့် ရွှေစည်းဂုံစေတီတော်မြတ်ကြီးကို တည်ထားကိုးကွယ်ရန် စတင်နေပြီ ဖြစ်ပါသည်။ ထိုနိုင်ငံတွင် သီတဂူသာသနာပြုအဖွဲ့ကြီးကို တည်ထောင်ခြင်းသည်လည်း သီတဂူသာသနာပြု အဖွဲ့ကြီး၏ သာသနာပြု လုပ်ငန်း များစွာတွင် တစ်ခုအပါအ၀င်ဖြစ်သည်။

ဆရာတော်ကြီးသည် အနာဂတ်သာသနာ ပြန့်ပွားရေးအတွက် သီတဂူဗုဒ္ဓ တက္ကသိုလ်များ ကို ဖွင့်လှစ်ကာ ဗုဒ္ဓစာပေများကို သင်ကြားရုံမကပဲ ဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွားပြီး သာသနာပြုနိုင်ရန်အတွက် သံဃာတော်များကို နိုင်ငံခြားသို့ ပို့လွှတ်ပညာများ သင်ယူလေ့လာရန် စေလွှတ်ခဲ့ပါသည်။

ဆရာတော်ကြီး၏ ဘာသာရေးဆိုင်ရာ လုပ်ငန်းများ၊ လူမှု့ရေးဆိုင်ရာ ထောက်ပံ့မှု့များ အကြောင်းကိုလည်း တပည့်တော်တို့ ကိုယ်တိုင်ကြုံတွေ့ရသည်မှာ တကယ်ပင် ကြက်သီးဖြန်းဖြန်း ထမိအောင် ၀မ်းမြောက်ပီတိဖြစ်မိပါတယ် ဆရာတော်ကြီးရဲ့ မွန်မြတ်လှတဲ့ မေတ္တာ စေတနာများက သာသနာတော်အတွက် တင်မကပဲ လူသားတိုင်းအတွက် တန်ဖိုးမဖြတ်နိုင်သည့် အရာများဖြစ်ပါသည်။

ဆရာတော်ကြီးသည် ကျွန်မတို့နေထိုင်ရာ ဧရာဝတီတိုင်း မြို့တော်ဖြစ်သော ပုသိမ်မြို့တွင်လည်း ရေအလှူတော်၊ ဆေးအလှူတော်၊ စက္ခုဒါန အလှူတော်၊ ဆေးရုံအလှူတော်များ အတွက် တရားပွဲများကို အမြဲလာရောက်ကျင်းပခဲ့ပါသည်။ ဧရာဝတီတိုင်း၏ နာဂစ်ဒေသများတွင်လည်း ဘုန်းကြီးကျောင်း၊ ဆေးရုံ၊ စာသင်ကျောင်းများကို ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။

ဆရာတော်ကြီး၏အလှူများထဲတွင် မည်သူမှ မလုပ်နိုင်သည့်အလှူတော် တစ်ခုကိုလည်း လှူဒါန်းခဲ့ပါသည်။ ၀ါခေါင်လပြည့်နေ့ (မေတ္တာအခါတော်နေ့)အကြို မေတ္တာ-ကရုဏာအလှုလို့ အမည်ပေးထားသည့် အလှူတော်တစ်ခုကို (၂၁-၈-၂၀၁၀)၊ ရန်ကုန်မြို့ အင်းစိန်ထောင်တွင် အပြစ်ဒဏ်အသီးသီး ခံနေကြရသော အကျဉ်းသား(၉၀၀၀)ကို တစ်နေ့တာအဟာရဒါန အလှူအဖြစ် လှူဒါန်းခဲ့ပြီး မန္တလေးဗဟို အကျဉ်းထောင်နှင့် ထုံးဘို ကျောက်ထုစခန်းတို့တွင် ၂၀၁၀ခုနှစ် အောက်တိုဘာလ (၁၆)ရက်နေ့တွင် လှူဒါန်းပြုလုပ်ခဲ့ပါသည်။

ဆရာတော်ကြီး ၏ တရာတော်များမှ ၊ တရားဓမ္မအဆုံးအများ သာမက အသိဥာဏ် ဗဟုသုတများ နာယူမှတ်သားစရာများစွာ ပါရှိပါသည်။ နိဗ္ဗာန်မရောက်ခင်..

“မကောင်းတာမှန်သမျှ မလုပ်နဲ့”

"မကောင်းတာမှန်သမျှ မတွေးနဲ့ "

"မကောင်းတာမှန်သမျှ မပြောနဲ့"

"ကောင်းမှုရှိမှာ ကောင်းကျိုးရတယ် "

"ကောင်းကျိုးများများရခြင်လျှင် "

"ကောင်းမှုများများလုပ်ပါ "

"သူတစ်ပါးအကျိုးကို ဆောင်ရွက်နိုင်သောသူဖြစ်ရပါစေ"

"သူတစ်ပါးအကျိုးကို ဖျက်ဆီးသေသူ မဖြစ်ရပါစေနှင့်။ "

 စသည့်တို့သည် ဆရာတော်ကြီးတရားများတွင် တပည့်တော် မှတ်သားစရာများ၊ လိုက်နာစရာများ အဖြစ် မှတ်သားထားပြီး တကယ့်လက်တွေ့တွင် လိုက်နာကျင့်သုံးခဲ့ပါသည်။

တပည့်တော်တို့ ဧရာဝတီစာကြည့်တိုက်မှ သာသနာတော်အတွက် အားကိုးဖြစ်တော်မူသော သီတဂူဆရာတော်ကြီး မွေးနေ့ပူဇာအား ရေးသားခွင့်ပေးသော ဘုန်းဘုန်း အရှင်ကောဝိဒသိရီ (သီတဂူစတား) အား အထူးကျေးဇူးတင်ပါတယ်။

တုနှိုင်းမရသော ဆရာတော်ကြီး၏ သီလ၊သမာဓိ၊ ပညာဂုဏ်နှင့် သာသာနာအပေါ်တွင် ထားသည့် မေတ္တာ၊ စေတနာတို့အား တပည့်တော် ဒီစာမူဖြင့် ရေးသားပူဇော်ပါတယ် ဘုရား ဆရာတော်ကြီး ကျန်းမာချမ်းသာစွာဖြင့် သာသနာ့ပြုလုပ်ငန်းများနှင့် တပည့်တော်တို့အား တရားဓမ္မများကို ဆက်လက်ပေးစွမ်းနိုင်ပါစေလို့ ဆုတောင်း ပူဇော်ကန်တော့ပါတယ် ဘုရား ။

သီတဂူဆရာတော်ကြီး ကျန်းမာချမ်းသာပါစေ ဘုရား။

အားလုံးကိုချစ်ခင်လေးစားလျှက်
 Flowerpoem 

ပန်းကဗျာအား အထူးကျေးဇူးတင်ပါတယ်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၇-၃-၂၀၁၁



16 March 2011

လင်ဟူသည်

ပြီးတဲ့လပိုင်းလောက်က မယား (၇) မျိုး အကြောင်းရေးခဲ့ဖူးတယ်။ ကွန်မန့်တွေထဲ ‘‘လင်’’ အကြောင်း စိတ်ဝင်စားသူတွေလဲ များပြားတွေ့ရတယ်။ အော်--မယား အကြောင်းသိပြီး လင်အကြောင်းလေးလဲ သိချင်လို့ဖြစ်မှာပါ။ ကိုယ်ကိုတိုင်က လင် မဖြစ်ဘူးတော့ လင်ဆိုတာကို ဘယ်လိုရေးရမလဲပေါ့။ လင်ဆိုး လင်ကောင်းကို သိချင်ကြပုံပါပဲ။ မယားအမျိုးမျိုးတောင်ရှိသေးတာပဲ လင်အမျိုးမျိုးလဲ မရှိတော့ဘူးလား ဘုရားတဲ့။ လင်ယောက်ျားအကြောင်း ရေးပါဦးဘုရားတဲ့။ စာထဲက အရေးကြီးတာလေးတွေ စုစည်းပြီး တင်ပြလိုက်ပါတယ်။

လင်ကောင်း လင်မြတ်

လင်ဝတ် ၅ ပါး၊ ကျင့်ဆောင်ငြား၊ ယောက်ျားမြတ်မဟာ။ လင့်ကျင့်ဝတ် ၅ ပါး ကျင့်သုံးနေသော လင်ယောက်ျားကို ယောက်ျားမြတ်, လင်မြတ်ဟူ၍ ခေါ်ဆိုရပါမည်။ ဆန့်ကျင်ဘက်ကို ယူသော ထိုကျင့်ဝတ်များ မလိုက်နာသော လင်ယောက်ျားကား လင်ညံ့ လင်ဖျင်းဟူ၍ သတ်မှတ်သည်။

ကျင့်ဝတ် ၅ဖြာ

၁။ မိမိမယားအပေါ်၌ မလေးမစားမကျင့်ရ၊ စိမ်းစိမ်းကားကား မနေရ။

၂။ ရသမျှပိုက်ဆံကို မယားဖြစ်သူ (အိမ်သူသက်ထား) အား အပ်နှင်းရမည်။

၃။ မိမိ မယား အိမ်သူမှ တပါး အခြားမိန်းမသားများ၌ ဖောက်ပြန်သော မှားယွင်းသော အကျင့် မကျင့်ရ။

၎။ မိမိအိမ်သူ မယားအား အစားအစာများ အ၀တ်အထည်များ တံဆာများကို မြတ်မြတ်နိုးနိုး ပေးကမ်းခြင်း ဆင်မြန်းပေးရခြင်း။

၅။ မိမိအိမ်သူ မယားအား ချစ်ခင်ရခြင်း၊ မြတ်နိုးကြည်ဖြူသဒ္ဓါထားရခြင်း။

ဤ ၅-ပါးသော တာဝန်များသည် လင်သားတစ်ယောက်၏ မိမိအိမ်သူမယားအပေါ် ဆောင်ရွက်ရမည့် ဗုဒ္ဓပေးသော လူမှုရေးကျင့်ဝတ်များဖြစ်သည်။

လင်ညံ့ လင်ဖျင်း

ညံ့သောလင် ဖျင်းသော လင် မကောင်းသော လင်ဟူသော မကောင်းဂုဏ်တို့နှင့်ပြည့်စုံသော လင်သည်လည်း ရှိပါသေးသည်။ ရှောင်ရန် ဆောင်ရန်လေးတွေဖြစ်ပါတယ်။ သိလည်းသိထိုက်သည်။ စာပေမှာ လင်ညံ့လင်ဖျင်းကို အောက်ပါအတိုင်းတွေ့ရသည်။ ထို ၈-ပါးသော အင်္ဂါရပ်များကို ပြုကျင့်ခြင်း ပြည့်စုံနေသော ယောက်ျားသည် အမျိုးသမီးများ၏ အထင်သေး အမြင်သေးခံရတတ်သည်။

၁။ ဒလိဒ္ဒံ-ဆင်းရဲမွဲတေခြင်း။

၂။ အာတုရံ-အနာရောဂါစွဲကပ်နေခြင်း။

၃။ ဇိဏ္ဏ-အသက်ရွယ်အိုးမင်းနေခြင်း။

၎။ သုရာသောဏ္ဍ- အရက်သေစာ စွဲနေသော ယဇ်ထုပ်ဖြစ်နေခြင်း။

၅။ မုဒ္ဓ-နုံအ, ဖျင်းအ, ထုံထိုင်းခြင်း။

၆။ ပမတ္တာ-မယားအပေါ် ဤ နမော်နမဲ့နိုင်ခြင်း၊ မေ့လျော့နေခြင်း။

၇။သဗ္ဗကိစ္စေသု အနုဝတ္တာ-ဘယ်ကိစ္စမဆို သူများနောက် လိုက်နေခြင်း။ ဦးဆောင်လိုစိတ် မရှိခြင်း။

၈။သဗ္ဗဓနအနုပ္ပါဒါ-ရှာဖွေသမျှ ရသမျှသော ပစ္စည်းတို့ကို မယားဖြစ်သူအား မအပ်နှင်းခြင်း။ မပေးခြင်းတို့ဖြစ်သည်။

(ဇာတကပါဠိ-ဒုတိယ, ၁၂၀ နှင့် ၎င်းအဋ္ဌကထာ ပဉ္စမအုပ် စာမျက်နှာ ၄၆၇ တို့၌ တွေ့နိုင်သည်။

ကဲအမိတို့ရေ--ကောင်းကောင်းရွေးနိုင်ဖို့နဲ့ မောင်ရင်တို့လဲ သူတို့လေးတွေ စိတ်ကြိုက်ဖြစ်အောင် ကျိုးစားလိုက်ကြလေ။ စာပေအရသာ ဖော်ပြလိုက်ပါသည်၊ တကယ့်လက်တွေ့ဘ၀မှာ ဘာက ပိုအရေးကြီးတယ် မကြီးဘူးဆိုတာကိုတော့ လက်တွေ့ဘ၀သမားတွေက ပိုသိပါလိမ့်မည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၆-၃-၂၀၁၁

13 March 2011

သားရဟန်းက အမေကို ရှိခိုးသင့်လား?

ဒီပို့စ်ကလေးတော့ ဟားခါးက နောင်နောင် ကမေးတဲ့ မေးခွန်းလေးဖြစ်ပါတယ်။ မေးထားတော့ ကြာပါပြီ မအားတာနဲ့ မရေးဖြစ် မဖြေဖြစ်တာကိုတော့ မောင်ရင် နားလည်စေလိုပါတယ်။ ပေါ့ပေါ့ပါးပါး ဖြေထားခြင်းဖြစ်တယ်၊ ပြည့်စုံမည်ဟူ၍ မထင်မိပါ။ သို့ကြောင့် ဖြည့်စွပ်ပြီး ဖြေကြည့်ကြပါလေ။

အမေး

အရှင်ဘုရား .... တပည့်တော်က (အရင်တခါ ကာမေသု..ကံ နဲ့ပတ်သက်လို့ ဘုန်းဘုန်းဆီ စာရေးဖူးတဲ့) ဟားခါးမြို့က နောင်နောင် ပါဘုရား။ ဒုတိယအကြိမ် တပည့်တော်စိတ်ထဲ မရှင်းတာလေး မေးချင်လို့ပါဘုရား။

တပည့်တော်အခု စဉ်းစားမိတာက ငါးပါးသီလနဲ့တော့ မပတ်သက်ပေမဲ့ ငယ်ငယ်တုန်းကအကြောင်းနဲ့ ဆက်စပ်ပြီးတွေးမိတာပါဘုရား။

(၁) တပည့်တော်တို့ ငယ်ငယ်ကရှင်ပြုပြီး ရှင်သာမဏေဖြစ်သွားတော့ အဖေနဲ့အမေက ငယ်သေးလို့ ဆိုပြီး အိမ်မှာခေါ်သိပ်တတ်ပါတယ်ဘုရား။ အဲဒီအခါ ညအိပ်ခါနီးရင် အဖေနဲ့အမေတို့က တပည့်တော်တို့ကို
ရှိခိုးပြီးမှအိပ်ကြပါတယ်ဘုရား။ ပြီးတော့ ဦးပဇင်း(ရဟန်း)ဖြစ်သွားတဲ့ ကိုယ်တော်တွေကိုလည်း သူတို့မိဘ၊ အဖိုး၊ အဖွား တွေကနေရှိခိုးတာကို တပည့်တော်တွေ့ဖူးပါတယ်ဘုရား။

(၂) နောက်တစ်ခုက တပည့်တော် ဆယ်တန်း အောင်ပြီးခါစလောက်က နာဖူးတဲ့ တရားခွေ တစ်ခွေမှာ ဆရာတော်ကြီးတစ်ပါး (ဘွဲ့တော်ကိုတော့ မသိတော့ပါဘူးဘုရား) က သူစာသင်သားဘ၀တုန်းက အဖြစ်တွေနဲ့ နှိုင်းယှဉ်ပြီးတော့ သာမဏေတွေကို ဆုံးမဟောကြားထားပါတယ်ဘုရား။ အဲဒီမှာ “မင်းတို့တွေ
ဒီမှာနေပြီး စရိတ်ပြတ်ခါကျရင် မယ်တော်ရေ၊ ခမည်းတော်ရေ၊ ဘာညာဘာညာနဲ့ ပို့ခိုင်းပြီး ၀ါကျွတ်အိမ်ပြန်ရင်လည်း အဖေမေရှေ့ တင်ပြင်ကြီးခွေလို့ အခန့်သားနဲ့ အဲလိုမလုပ်ကြနဲ့’’ ...စသည့်ဖြင့် ပါပါတယ်ဘုရား။

အဲဒီလိုနဲ့ တပည့်တော်စဉ်းစားမိတာက အရှင်ဘုရားတို့သံဃာ ဆိုတာကလည်း ရတနာသုံးပါးထဲ မှာပါပြီး မိဘဆိုတာကလည်း အနန်ဒေါအနန်ဒ (စာလုံးပေါင်း မှားပါတယ်ဘုရား) ငါးပါထဲပါလေတော့......
....ရဟန်းကနေ သူ့မယ်တော်ခမည်းတော်ကို ရှိခိုးထိုက်ပါသလား။ ဒါမှမဟုတ်။ ရှိခိုးလို့ရပါသလား။ အဲလိုရှိခိုးရင် မိဘတွေက ငရဲကြီးတတ်ပါသလား (အပြစ်ဖြစ်သလား) ဆိုတာကိုပါဘုရား။ 

ဘုရားရှင် လက်ထက်က သာဓကတွေ ရှိခဲ့ရင်လည်း သိချင်ပါတယ်ဘုရား။ ဘုန်းဘုန်း အားလပ်တဲ့အချိန်မှ ပြန်လည်ဖြေကြားပေးစေလိုပါတယ်ဘုရား။ 

အရှင်ဘုရား ဒီထက်မက သာသနာ့အကျိုး ထမ်းရွက်နိုင်ပါစေကြောင်း ဆုရည်လျက်

နောင်နောင် ခေတ္တ ဟားခါး


အမေး+အဖြေ

အေးကွာ ဟားခါးသားရေ-- မောင်ရင့်မေးခွန်းက ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ သိသင့်သိထိုက်သော အချက်ဖြစ်သလို ဗုဒ္ဓဘာသာတိုင်း သိထားဖို့လဲ လိုအပ်ပါတယ်။ မောင်ရင့် မေးခွန်းကို ဘုန်းဘုန်း ဥာဏ်မီသလောက် ဖြေပေးပါ့မယ်။ လိုရင်းတိုးရှင်းပေါ့။

မိဘနှင့်သားသမီး 

(ပထမမေးခွန်းက မိဘက ကိုယ့်သားရဟန်း (သာမဏေ)ကို ရှိခိုးထိုက်ခြင်း)

အမေနှင့် အဖေက ရဟန်းပြုသွားသော သို့မဟုတ် ရှင် (ကိုရင်) ဖြစ်သွားသော ကိုယ့်သားကို ရှိခိုးထိုက်ပါတယ်။ ကိုရင် သို့မဟုတ် ရဟန်းဖြစ်သွားသော အခါ ထိုသားကို သူတို့မပိုင်တော့ပါဘူး။ ဘုရားသားဖြစ်သွားပြီ။ အိမ်မှာ နေလို့လဲ မသင့်တော်တော့ဘူး၊ ဘုရားသားဖြစ်၍ ဘုရားရှင်ကျောင်းမှာပဲ နေရပါတယ်။ ဘုရားသားများထဲတွင် အငယ်ဆုံး ကိုရင်သည်ပင် အကျင့်သီလ ၁၀ ပါးသီလမှ ၇၅ ပါးသိက္ခာပုဒ် အကျယ် ၁၂၀ သော သိက္ခာပုဒ်များ ထိမ်းသိန်းစောင့်ရှောက်ပြီး၊ ဗုဒ္ဓစာပေများ နေ့စဉ်ရွတ်ပွားနေရသဖြင့် ကိုးကွယ်ထိုက်သော စေတီသဖွယ်ဖြစ်ရကား မိဘများ၏ ရှိခိုးမှုကို ခံယူထိုက်သည်။ 

ဘုရားသာသနာမှာ မိဘနှင့် သားသမီးဟူ၍ အဆင့်မသတ်မှတ်ဘဲ လောကုတ္တရာဂုဏ်ထူးဖြင့် အဆင့်သတ်မှတ်ထားသည်။ သို့သော် သိပ်ကျေးဇူးများလွန်းသောကြောင့် ရဟန်းဖြစ်သွားသော်လည်း သားရဟန်းက မိဘကို ပြုစု လုပ်ကျွေးသင့်ကြောင်း မာတုပေါသကသုတ် သုဝဏ္ဏသာမဇာတ်တော်တို့တွင် ဟောကြားထားသည်။ ရှိခိုးရမည်ဟုမဆိုလိုပါ။

အနာထပိဏ်သူဌေးကြီးကို သမီးအငယ်ဆုံး သုမန က မောင်လေးဟု ခေါ်သည်။ သမီးလေးသုမနက သကဒါဂါမိမဂ် (ဒုတိယအဆင့်) ရပြီးဖြစ်သည်။ ဖအေဖြစ်သူ အနာထပိဏ်ကတော့ သောတာပန်မျှသာ ရှိသေး၍ အရိယာနယ်ပယ်မှာ နိမ့်နေသဖြင့် သမီးက အဖေကို မောင်လေးဟု ခေါ်သည်။ လူဝတ်ကြောင်လောကတွင် ဤကဲ့သို့ လောကုတ္တရာဂုဏ်ဖြင့် သတ်မှတ်ပေမဲ့ ရဟန်းနှင့် လူဝတ်ကြောင်အကြားမှာတော့ ကိုယ်ကျင့်သီလနှင့် အသွင်ပြင်တို့ဖြင့် အဆင့်သတ်မှတ်ထားသည်ကို တွေ့ရမည်။ ဥပမာ- အနာဂါမ်အရိယာ လူဝတ်ကြောင် အမျိုးသား အမျိုးသမီးတစ်ယောက်သည် ထိုနေ့မှ ရဟန်းဖြစ်သော ပုထုဇဉ်ရဟန်းငယ်ကို ရှိခိုးရမည်။

ဘုရားရှင်သည် ဘုရားဖြစ်ပြီး မကြာမီမှာပဲ ဆွေတော် မျိုးတော်များ ရှိရာ ကပိလ၀တ်သို့ကြွတော်မူသည်။ ထိုမြို့ရှိ ဘုရားရှင်၏ ဦးလေး ဒေါ်လေးတွေက ‘‘ ငါတို့ တူလေးပဲ ရှိခိုးစရာမလိုပါဘူး’’ ဟု ယူဆနေကြသည်။ ဘုရားရှင်ကလည်း သူ၏အမျိုး သာကီနွယ်တွေ က သိပ်မာနကြီးတယ်ဆိုတာ သိသည်။ ဖခင်ဖြစ်သူကလည်း ‘‘ငါ့သားပဲ ဘာရှိခိုးစရာ လိုလဲ’’ဟု တွေးသည်။ ဘုရားရှင်သည် သူ၏ ဆွေတော်မျိုးတော်များ၏ မာနကို ချိုးနိမ်လိုသည်ဖြစ်၍ တန်ခိုးအစုံတို့ကို ပြသတော်မူမှ ဆွေတော်မျိုးတော်တွေကော သူ၏ ဖခင် သုဒ္ဓေါဓနမင်းကြီးပါ ပြားပြားဝတ်ဆင်းပြီး သားတော် ရဟန်း (ဘုရား)ကို ရှိခိုးကြသည်။

မှတ်ချက်။ ။ဤအမေးနှင့်ပတ်သက်ပြီး အဖြေများမှာ စာပေတွင် များစွာရှိသည်။ သို့သော် ဤမျှလောက်ဖြင့် နားလည်နိုင်သည်။

ဒုတိယမေးခွန်း

ဒုတိယမေးခွန်းဖြစ်တဲ့ သားရဟန်းက မိဘကို ရှိခိုးတယ်ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ဘုန်းဘုန်းတော့ ကောင်းကောင်း မသိလှပါဘူး။ ဒါပေမဲ့ သိသလောက်လေး ဖြေပေးပါမည့်၊ ဘုန်းဘုန်း အတွေးလို့ပဲ မှတ်ပါ။
အခါတစ်ပါး သိင်္ဂါလက အမျိုးသားတစ်ယောက် မနက်စောစော အိပ်ယာကထပြီး အရှေ့ရပ်၊ တောင်ရပ်၊ နောက်ရပ်၊ မြောက်ရပ်၊ အထက်အရပ်နှင့် အောက်ရပ် ဟူသော အရပ် ၆ မျက်နှာကို နေ့စဉ် ရှိခိုးလေ့ရှိသည်။ ဘုရားရှင်က ထိုအမျိုးသားအား ‘‘ အမျိုးကောင်းသား-- ငါ့ဘုရားသာသနာမှာ ပကတိ အရပ်မျက်နှာတို့ကို ရှိခိုးမသင့်ဘူး၊ တကယ်ရှိခိုးရမှာက- အရှေ့အရပ်ဟူသော အမိအဖ၊ တောင်အရပ်ဟုသော ဆရာနှင့် အထက်အရပ်ကို ရဟန်းနှင့်သူတော်စင်များကို ထားပြီး အနောက်အရပ်ကို သားသမီးဟူ၍၎င်း၊ မြောက်အရပ်ကို ဆွေးမျိုး မိတ်ဆွေဟူ၍၎င်း၊ အောက်အရပ်ကို အလုပ်သမားများဟူ၍၎င်း ထားကာ ရှိခိုးထိုက်သူကို ရှိခိုး လေးစားသင့်သူကို လေးစားသင့်ကြောင်း ဟောထားသည်။ ရဟန်းတော်ရယ် လူဝတ်ကြောင်ရယ်လို့ ခွဲခြားပြီးမဟောသော်လည်း သိင်္ဂါလကသည် လူဝတ်ကြောင်ဖြစ်ရကား လူဝတ်ကြောင်များအတွက် ရည်ရွယ်ထားဟန်တူပါသည်။

အင်္ဂုတ္တိုပါဠိတော် တိကနိပါတ ပဏ္ဍိတသုတ်မှာတော့ ပညာရှိတွေ သူတော်ကောင်းတွေ အလုပ် ၃ ခုကို ချီးမွန်းကြပါတယ်ဆိုတာ တွေ့ရပါတယ်။ ၁။ ဒါန-စွန့်လွတ်နိုင်ခြင်း။ ၂။ ကရုဏာရှိသော သီလရှိသော ရဟန်းအဖြစ်နှင့် ၃။ မိဘကို ပြုစုလုပ်ကျွေးခြင်း။ ပြုစုလုပ်ကျွေးခြင်းဟူသည် ဘေးအန္တရာယ်မှ စောင့်ရှောက်ခြင်း၊ လုံခြံရာ စိတ်ချရာ၌ ထားပြီး စောင့်ရှောက်ခြင်းနှင့် ပြုစုလုပ်ကျွေးခြင်းတို့ဖြစ်သည်။ ရဟန်းတော်များကို ဟောသောသုတ်ဖြစ်၍ ရဟန်းတော်များသည် မိဘများကို ပြုစုလုပ်ကျွေး စောင့်ရှောက်ရမည်ဟူပင် ဖြစ်သော်လည်း ရှိခိုးရမည်ဟူ၍ကား မပါ။

ရဟန်းတော်များ မိဘများကို ရှိခိုးထိုက်-မထိုက် အငြင်းပွားဖွယ်

ထိုအင်္ဂုတ္တရနိကာယ် သဗြဟ္မကသုတ်မှာတော့ ရဟန်းတော်များအားဦးတည်၍ အောက်ပါအတိုင်း ဟောထားသည်ကို တွေ့ရသဖြင့် မိဘတို့သည် သားရဟန်း၏ ရှိခိုးမှုကို ခံယူထိုက်၏ဟု ဆိုရမလိုဖြစ်နေသည်။

၁။ ဗြဟ္မာ- မိဘတို့သည် ဗြဟ္မာကြီးနှင့်တူသည်။ ဗြဟ္မာကြီးများသည် မေတ္တာ, ကရုဏာ, မုဒိတာ နှင့် ဥပေက္ခာတို့ဖြင့် အမြဲနေသလို မိဘများသည်လည်း သားသမီးများအပေါ် ထိုဗြဟ္မာများကျင့်သော ဗြဟ္မ၀ိဟာရ ၄ ပါးဖြင့် အမြဲရှိနေသည်ဖြစ်သည်။ ထို့ကြောင့် မိဘများသည် ဗြဟ္မာကြီးများနှင့်တူသည်။

၂။ ပုဗ္ဗာစရိယ- လက်ဦးဆရာ။ မိဘများသည် လက်ဦးဆရာများဖြစ်ကြသည်။ မွေးပြီး အချိန်ကစပြီး သား သမီးကလေးများကို ‘‘ ဒီလို ထိုင်၊ ဒီလိုသွား၊ ဒါက ဖေဖေ၊ ဒါက မေမေ၊ ဒါက ဦးဦး၊ ဒါက အမ အကို၊ ဒါက စားလို့ရတယ် စားလို့မရဘူး’’ စသည်ဖြင့် ဦးစွာ သင်ပေးသူဖြစ်သောကြောင့် လက်ဦးဆရာဟု ခေါ်သည်။

၃။ အာဟုနေယျ- သားသမီးများ၏ ပူဇော်အထူးကို ခံယူထိုက်သည်။ မိဘများသည် မိမိတို့၏ သားသမီးကို အသက်ပေး၍ စောင့်ရှောက်ကြသည်။ ဤကဲ့သို့ မိဘများကို ပြုစု စောင့်ရှောက်သော သူများကို သူတော်ကောင်းတွေ ပညာရှိတွေက ချီးမွမ်းကြသည်၊ တမလွန်ဘ၀ကို လားသော် ကောင်းသော ဂတိများသို့သာ သွားရတတ်သည်။

ထိုဂုဏ်ထူးဝိသေသတွေနဲ့ ပြည့်စုံသောကြောင့် မိဘများကို ‘‘နမေႆယ်၊ သကၠေရယ်’’ ဟု စာပေက ဆက်လက်ပြဆိုထားသည်။ ဆုိလုိသည္မွာ နမေႆယ်- ရွိခုိးရာ၏။ သကၠေရယ်- မြတ်မြတ်နိုးနိုး ပြုစုလုပ်ကျွေးရာ၏ ဟု ပြဆိုထားသည်ကို ထောက်ဆ၍သော်၎င်း၊ ရဟန်းတော်များကို ဦးတည်၍ ဟောထားသော သုတ္တန်ဖြစ်သောကြောင့်၎င်း ရဟန်းတော်များသည် မိမိတို့၏ မိဘများကို ရှိခိုးထိုက်၏ ရှိခိုးသင့်၏ဟု ဆိုရမည်လော တွေးစရာဖြစ်၏။ သို့သော် ရဟန်းပရိသတ်၊ ရဟန်းမ ပရိသတ်နှင့် လူပရိသတ်အားလုံးရှိနေသော်လည်း ရဟန်းတော်များကို ဦးတည်၍ ဘိက္ခဝေ ဟု ခေါ်တတ်သဖြင့် သို့မဟုတ် ဘိက္ခဝေ ကို ရဟန်း၊ ရဟန်းမ၊ လူပရိသတ်အားလုံးကို ရည်ရွယ်၍ ဟောလေရှိရကား နမေဿယျ ကို လူပရိသတ်အတွက် ရည်ရွယ်သည်လည်း ဖြစ်နိုင်သည်။

ဒုတိယမေးခွန်းနှင့်ပတ်သက်ပြီး သူငယ်ချင်း ၈ ပါးလောက်ကို မေးဖူးသည်။ သူတို့အားလုံးရဲ့ တစ်ခုတည်းသော တူညီသော အဖြေကတော့ ရဟန်း သာမဏေများသည် မိမိတို့၏ မိဘများကို ရှိမခိုးသင့်ဟူပင်ဖြစ်သည်။ ဆိုလိုသည်မှာ မိဘများသည် မိမိ၏ သား ရဟန်း ကိုရင်တို့၏ ရှိခိုးမှုကို မခံယူထိုက်ဟုဆိုလိုသည်။

အနောက်တိုင်း အတွေးအခေါ်များအရဆိုရင် အကယ်၍ လူဝတ်ကြောင် သားသမီးက မိဘကို ရှိခိုးသင့်တယ်ဆိုရင် ရဟန်းဖြစ်သောသူသည်လည်း မိဘ၏ သားဖြစ်ရကား မိဘကို ရှိခိုးသင့်ဟု ဆိုပါလိမ့်မည်။

စာပေမှာအများစုမှာတော့ မိဘက သားရဟန်းကိုပဲ ရှိခိုးနေရသည်ကို တွေ့ရသည် သားရဟန်းက မိဘကို ရှိခိုးသော ဇာတ်တော်ကိုကား မတွေ့ဖူးသေး။ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး ပရိနိဗ္ဗာန်စံခါနီး ဘာသာခြား အယူဝါဒရှိသော မယ်တော်ကို နောက်ဆုံးအနေနဲ့ သွားရောက်တွေ့သည်၊ ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ နောက်ဆုံး မယ်တော်ကြီးသည် သားရဟန်း အရှင်သာရိပုတ္တရာ အထံမှောက်၌ ၀တ်ဆင်းပြီး ရှိခိုးလေတော့သည်။

ဝိနည်း ငါးကျမ်းလာ ပရိဝါပါဠိတော် စာမျက်နှာ ၃၅၇ တွင် အ၀န္ဒိယ (ရှိမခိုးထိုက်သော) ပုဂ္ဂိုလ်များတွင် လူဝတ်ကြောင်များ၊ အမျိုးသမီးများ၊ ကျားမဟုတ် မ မဟုတ် ကဏ္ဍုတ်များလည်းပါနေသည်။ ထိုအဆိုအရ မိဘများသည် လူဝတ်ကြောင်ဖြစ်ရကား ရဟန်းတော်များ၏ ရှိခိုးမှုကို မခံယူထိုက်ဟု မှတ်ရတော့မည်။

ထိုပရိဝါမှာပဲ ရဟန်းတော်များ၏ ရှိခိုးခြင်းကို ခံယူထိုက်သူတို့မှာ-- ၁။ မြတ်ဗုဒ္ဓ၊ ၂။ သိက္ခာ၊၀ါ ကြီးသူ၊ ၃။ နာနာသံဝါသက ဓမ္မ၀ါဒီ သတင်းကြီးရဟန်း၊ ၄။ ဆရာ ၅ ဦးဖြစ်သူ ရဟန်း၊ ၅။ ဥပဇ္ဈာယ် ရဟန်း ဟူ၍ ပုဂ္ဂိုလ် ၅ ဦးကိုပဲ ထုတ်ဖော်ပြထားသည်။ ထိုအထဲတွင် အမေနှင့်အဖေ မပါ။

အနန္တောအနန္တငါးပါးတွင် မိဘကို ဘုရားနှင့်တစ်ဂိုဏ်းတည်းထား၍ ကိုးကွယ်ကြသည်ကား မြန်မာလူမျိုးတို့၏ မိဘအပေါ် ချစ်မြတ်နိုးသော ဓလေ့တစ်ခုဖြစ်သည်။ ဗုဒ္ဓဂုဏော အနန္တော၊ ဓမ္မဂုဏော အနန္တော၊ သံဃဂုဏော အနန္တောဟု ပိဋကတ်မှာ တွေ့နိုင်ပေမဲ့ မာတာပိတုဂုဏော အနန္တောကိုတော့ မတွေ့ရ။ သို့သော် မပြစ်မှားထိုသောပုဂ္ဂိုလ်၊ ပြစ်မှားမိက ဘုရားကိုပြစ်မှားမိသလို ဂရုကံ (ကြီးလေးသောအပြစ်) ထဲမှာတော့ ပါသည်။ ဒါကို စာက ပဉ္စာနန္တရိယကံဟု ဆိုသည်။ မိဘ၏ ကျေးဇူးတရားပြရာဝယ် လောကီနည်းဖြင့် ဆက်မကုန်အောင် ပြထားပေမဲ့ လောကုတ္တရာနည်းဖြင့် ကျေးဇူးဆပ်က နို့ဘိုးကျေသည်ဟုဆိုသည်။ လောကုတ္တရာနည်းဆိုသည်မှာ သဒ္ဓါတရားမရှိတဲ့ အမေအဖေကို သဒ္ဓါတရားရှိလာအောင်၊ ကောင်းမှုပြုခွင့်ရအောင် ဆောင်ရွက်ပေးခြင်း၊ ပညာမရှိတဲ့ မိဘ ပညာရှိလာအောင် ပညာမျက်လုံး ဓမ္မမျက်လုံးတို့ကို ပေးခြင်းဖြင့် ကျေနိုင်သော ကျေးဇူးဆပ်နည်းဟုဆိုသည်။ အနန္တဂုဏဟု ဆိုပေမဲ့ ဤနည်းဖြင့် ကျေးဇူးဆပ်နိုင်သည်။

နိဂုံး

ပထမမေးခွန်းမှာ လူတိုင်းလက်ခံနိုင်အောင် အထောက်အထားများစွာရှိသည်။ ဒုတိယမေးခွန်းကိုလည်း ပထမမေးခွန်း၏ အဖြေကိုကြည့်၍သော်၎င်း ဒုတိယမေးခွန်း၏ ရှင်းလင်းချက်နှင့် အထောက်အထားများကို ကြည့်၍သော်၎င်း ရဟန်းတော်များကသာ မိဘ၏ ရှိခိုးမှုကိုခံယူထိုက်၊ မိဘများကမူ ကိုယ့်သားဖြစ်သော ရဟန်း၏ ရှိခိုးမှုကို မထိုက်ဟုသော အဖြေက အားသာနေသည်။ ဟားခါးက မောင်ရင်ရေ--ဘုန်းဘုန်းတော့ ဤမျှသာအဖြေပေးနိုင်ပါသည်။ အဖြေကို ကျေနပ်အားရမှု မရှိသေးပါက အခြားတတ်သိနားလည်သော ပုဂ္ဂိုလ်များကိုလည်း ထပ်ပြီး မေးပါ။ မေးခြင်းသည်လည်း ပညာပါရမီဖြစ်သည်။

မှတ်ချက်။ ။ မိမိတတ်သလောက် မှတ်သလောက်လေးနဲ့ တွေးထားသည်မှာ မပြည့်စုံ မလုံလောက်ပါ။ အနည်းငယ်သော စာပေများဖြင့် ဖြေထားသည်ဖြစ်သောကြောင့် ပြည့်စုံသည်ဟူ၍မဆိုနိုင်၊ လိုဖြည့်ပိုနုတ်၍ နားလည်ကြပါကုန်။

ကိုးကားကျမ်းများ
၁။ ဓမ္မပဒအဋ္ဌကထား
၂။ ၀ိနည်းမဟာဝါ
၃။ ပရိဝါပါဠိတော်
၎။ ပါထိက၀ဂ္ဂပါဠိတော်
၅။ အင်္ဂုတ္တိုပါဠိတော် တိကနိပါတ်၊ ၎င်းအဋ္ဌကထား

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၃-၃-၂၀၁၁




09 March 2011

မြန်မာပြည်ရဲ့...လမင်းသီတဂူ...

ကမ္ဘာကျော်မေတ္တာပို့ဂါထာ
"မေတ္တာ နိသာကရောလောကေ၊ သမ္မာ ဘာတု သုခံကရော။
မေတ္တာသီသလ ရံသီဟိ သုခန္တု ဖုသိတာ ပဇာ။" 

လောကေ.. သတ္တ၀ါအလီလီ ခိုမှီပေါလတ်၊ လောကဓာတ် ကမ္ဘာအတွင်း၌၊ မေတ္တာနိသာကရော...မေတ္တာအေးလှူ ဖွေးဖြူပ၀င်း ငွေလမင်းကြီးသည်၊ သမ္မာ...သတ္တ၀ါတစ်တွေ အေးမြစေဖို့ အသရေရွှန်းကာ ကောင်းမွန်စွာ၊ သုခံကရော...သူလည်းဝမ်းသာ ငါလည်းရွှင်ပြုံး နှလုံးစိတ်ဝမ်း လန်းလာယခု ချမ်းသာကိုပြုလျှက်၊ ဘာတု...ရန်လည်းကင်းဝေး၊ ဘေးလည်းမခ အအေးရပေါ်ရွှမ်းမြ အသရေ ထွန်းပပါစေသတည်း။ မေတ္တာသီတလရံသီဟိ... မေတ္တာဖွေးလျှပ် အအေးဓာတ်ဆောင်သည့် အရောင်အ၀ါတို့ဖြင့်၊ မေတ္တာသီတလ ရံသီဟိ...မေတ္တာဖွေးလျှပ်၊ အအေးဓာတ်ဆောင်သည့် အရောင်အ၀ါတို့သည်၊ ဖုသိတာ...အဖုံဖုံလွှမ်းထုံ မွှမ်းမလပ် ထိတွေ့အပ်ကုန်သော၊ ပဇာ..ကမ္ဘာ့ခေတ်ဗွေ အပြည်ပြည်၌ တည်နေများစွာ သတ္တ၀ါတို့သည်၊ သုခန္တု...ကိုယ်စိတ်အေးကာ ဘေးရန်ကွာ၍ ၀မ်းသာတကွ ချမ်းသာကြပါစေကုန်သတည်း...

မေတ္တာပို့ရန်...

၁။ ကိုယ်စိတ်နှစ်ဖြာ၊ ဘေးရန်ကွာ၊ ချမ်းသာကြပါစေ။( သုံးခေါက်စီ...ရွတ်ဆိုရန်)
၂။ မေတ္တာနှလုံး၊ ကိုယ်စီသုံး၊ ရွှင်ပြုံးကြပါစေ။
၃။ မေတ္တာရန်သူ၊ ဒေါသမူ၊ အပူကင်းပါစေ။
၎။ မေတ္တာရေစမ်း၊ ကိုယ်စီဖြန်း၊ အေးချမ်းကြပါစေ။
၅။ ခန္တီ၏ရန်၊ ဒေါသမာန်၊ တွန်းလှန်နိုင်ပါစေ။
၆။ ခန္တီနှလုံး၊ အစဉ်သုံး၊ ရွှင်ပြုံးကြပါစေ။
၇။ ဒို့မေတ္တာစွမ်း၊ ကမ္ဘာလွှမ်း၊ ငြိမ်းချမ်းကြပါစေ။ ။

‘‘မေတ္တာ မဉ္ဇူသကောလောကေ၊ သုဖုလ္လော၊ ဟောတု သဗ္ဗဒါ။
မေတ္တာ ပုပ္ဖါ သုခံတေန၊ သုခန္တု ၀ါသိတာ ပဇာ။’’ 
 
လောကေ...သတ္တ၀ါအလီလီ ခိုမှီပေါလတ်၊ လောကဓာတ်ကမ္ဘာအတွင်း၌၊ မေတ္တာမဉ္ဇူသကော... မေတ္တာတည်းဟူသော မဉ္ဇူသက နတ်ပန်းပင်ကြီးသည်၊ သဗ္ဗဒါ...နေ့နေ့ညညခပ်သိမ်းသော ကာလတိုင်းမှာ၊ သုဖုလ္လော... အခိုင်ခိုင်ကြိုင်လှိုင်စွာ ပွင့်သည်၊ ဟောတု... မုချမသွေ ဖြစ်ပါစေသတည်း။ မေတ္တာပုပ္ဖါသုခံတေန... မေတ္တာတည်းဟူသော မဉ္ဇူသကနတ်ပန်း၏ ရနံ့ဖြင့်၊ ၀ါသိတံ... ထုံအပ်မွှမ်းအပ်ကုန်သော၊ ပဇာ...လူရော နတ်ပါ သတ္တ၀ါတို့သည်၊ သဗ္ဗဒါ...နေ့နေ့ညည ခပ်သိမ်းသော ကာလတိုင်းမှာ၊ သုခန္တု... ကိုယ်စိတ်နှစ်ဖြာ၊ လိုဣစ္ဆာဖြင့် ပြည့်ကာကြွယ်ဝ ချမ်းသာတော်မူ ကြပါစေကုန်သတည်း...။

အထက်ပါမေတ္တာပို့စာပိုဒ်လေးက ကျေးဇူးတော်ရှင် သီတဂူဆရာတော် ဘုရားကြီးရဲ့ တရားပွဲတိုင်းမှာ ဆရာတော်ကြီး အမြဲတမ်းရွတ်ဆိုနေကြ မေတ္တာပို့စာပိုဒ်လေးပါ... ဆရာတော်ကြီး၏ ကြည်လင်ပြတ်သားပြီး ကြည်ညိုဖွယ်ရာ ကောင်းလှတဲ့ အသံဖြင့် မေတ္တာပို့တာက ကြားရသူတိုင်းရဲ့ စိတ်မှာ အေးချမ်းသာယာ ရှိလှပါတယ်။ 

လေးတန်းကျောင်းသားဘ၀ အမှတ်တရ

မှတ်မှတ်ရရ စာရေးသူ ဆရာတော်ကြီးရဲ့တရားကို လေးတန်းကျောင်းသား ဘ၀လောက်မှာ စပြီးတော့ နာဖူးတာပါ။ အဲဒီတုန်းကတော့ ဒီစာပိုဒ်လေး မဟုတ်သေးပါဘူး။ အသံကလည်း ဒီအသံ မဟုတ်ပါဘူး ဆိုတာကိုတော့ ကောင်းကောင်းမှတ်မိပါတယ်။ ယခုအသံနဲ့ မေတ္တာပို့ စာပိုဒ်ကိုတော့ ကြားရပါများလို့ အလွတ်ပင်ရနေပါပြီ။ ဆရာတော်ကြီးကို အခုချိန်အထိ အပြင်မှာ အနီးကပ်ဖူးမြော်ခွင့် မကြုံခဲ့ရသေးပါဘူး။ သို့သော်လည်း ဆရာတော်ကြီးရဲ့ တရားဗွီစီဒီများမှာတော့ ဆရာတော်ကြီးကို ကောင်းစွာဖူးမြင်ရပါတယ်။ 

ဆရာတော်ကြီးရဲ့ အသံကိုကြားရတာ တကယ့်ကို စိတ်မှာ ငြိမ်းအေးမှုကို ခံစားရပါတယ်။ အခုနောက်ပိုင်းမှာ ဆရာတော်ကြီးရဲ့ တရားတော်များကို အမြဲနာကြားဖြစ်ပါတယ်။ ဆရာတော်ကြီး၏ ဘာသာရေးဆိုင်ရာ လုပ်ငန်းများ၊ လူမှု့ရေးဆိုင်ရာ ကူညီထောက်ပံ့မှု့များ အကြောင်းကိုလည်း အမြဲတမ်း ကြားသိရပြီး သာဓု အကြိမ်ကြိမ်ခေါ်မိပါတယ်။ ဘုန်းကြီးတစ်ပါး ဖြစ်လင့်ကစား ဘာသာ သာသနာ အတွက်သာမက လူမျိုးရေး အတွက်တွေကိုပါ အားကြိုးမာန်တက် ထမ်းဆောင်နေတဲ့ ဆရာတော်ကြီးလို ရဟန်းတစ်ပါး မြန်မာပြည်မှာရှိတာ မြန်မာပြည်သူပြည်သားတွေအတွက် တကယ့်ကို အားထားရာ အရိပ်အာဝါသတစ်ခုပါပဲ။ အထူးသဖြင့် အလှူရှင် ဒါယိကာ၊ ဒါယိကာမတွေ စုပေါင်းပါဝင်တဲ့ သီတဂူ အဖွဲ့အစည်းရဲ့ လုပ်ဆောင်မှု့တွေကို ၀မ်းသာပိတီဖြစ်ရပါတယ်။ ဆရာတော်ဘုရားရဲ့ ဦးဆောင်မှု့အောက်မှာ အလှူရှင်များကလည်း အားတက်သရော ထည့်ဝင်လှူဒါန်းကြတာတွေကို တွေ့နေ မြင်နေ ကြားနေရတော့ မြန်မာပြည်သူ ပြည်သားတွေကိုယ်စား ပြောမပြတတ်လောက်အောင် ၀မ်းသာကြည်နူးမိပါတယ်။ 

ဆင်းရဲချမ်းသာ လူမျိုးဘာသာမရွေးဘဲ ကူညီမှု့ပေးတဲ့ ဆရာတော်နဲ့ သီတဂူအဖွဲ့သားများ အားလုံးကိုလည်း ကျေးဇူးအထူတင်ပါတယ်။

မေတ္တာ စေတနာ

ဆရာတော်ကြီး၏ နောက်ထပ်လုပ်ဆောင်ချက်တစ်ခုက ဗုဒ္ဓသာသနာ ပြန့်ပွားရေးအတွက် မြန်မာနိုင်ငံမှာ ဗုဒ္ဓတက္ကသိုလ်တွေ တည်ထောင်ပြီး သာသနာ့ အာဇာနည်တွေ မွေးထုတ်ပေးနေတာပါ။ မြန်မာပြည်မှာသာမက နိုင်ငံရပ်ခြားမှာပါ ဗုဒ္ဓစာပေတွေ ဆက်လက်သင်ယူနိုင်အောင် တပည့်တွေကို အကုန်အကျခံပြီးတော့ ကျောင်းထားပေးနေတာကလည်း ဆရာတော်ကြီးရဲ့ မွန်မြတ်လှတဲ့ မေတ္တာ စေတနာတွေပါပဲ။ 

သူကိုယ်တိုင် တတ်သိနားလည်သလို တပည့်ရဟန်းတွေကိုလည်း သူ့လိုသာမက သူ့ထက်သာအောင် တော်အောင်တတ်အောင် စတဲ့ရည်ရွယ်ချက်တွေနဲ့ ကျောင်းထားပေးတာတွေက ဆရာကောင်း တစ်ယောက်ရဲ့ ဂုဏ်ပုဒ်တွေကို ပိုပြီး ထင်ရှားစေပါတယ်။ အမျိုးသာသာ သာသနာအတွက် ကိုယ်ကျိုးမငဲ့ဘဲ စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ ဆရာတော်ကြီးကို အထူးပင်လေးစားမိပါတယ်။ 

မြန်မာပြည်ရဲ့လမင်းကြီးတစ်စင်း 

လူသားတွေရဲ့ ဘ၀သံမှလွတ်ကြောင်း တရားမျက်စိ (ဓမ္မစက္ခု)ကိုသာမက ပစ္စုပ္ပန်လက်တွေ့ဘ၀မှာ ခံစားနေရတဲ့ မျက်စိ (ပကတိစက္ခု) ဝေဒနာသည်တွေအတွက် မျက်စိဆေးရုံများ ဖွင့်လှစ်ပြီး ကုသိုလ်ပြုနေတာကလည်း ဆရာတော်ဘုရားရဲ့ ကြီးမားလှတဲ့ မေတ္တာ စေတနာတွေကို ဖော်ထုတ်ပြသနေပါတယ်။

နောက်ပြီး လောကီနယ်ပယ်မှာ ကံအကျိုးပေးအမျိုးမျိုးကြောင့် ဒုက္ခရောက် အကျဉ်းကျခံနေကြရတဲ့ ထောင်သားတွေ အကျဉ်းသားတွေ သေဒဏ်ပေးခံထားသူတွေ စတဲ့လူသားများကိုလည်း ဆရာတော်ကြီး ဦးဆောင်ပြီး ကျွေးမွေးလှူဒါန်းမှု ပြုလုပ်တာလည်း သာမာန်လူတွေ လုပ်နိုင်ခဲလှတဲ့ လုပ်ရပ်တွေကို ဆရာတော်ကြီးက လုပ်ဆောင်ပြသပေးနေတာကို မြင်ရတော့ ၀မ်းသာစိတ်နဲ့အတူ မျက်ရည်ပင် ကျမိပါတယ်။ 

လောကမှာ ထောင်ဆိုတဲ့နေရာကို လူတိုင်းလူတိုင်း မသွားချင်ကြပါဘူး။ ထောင်ကထွက်လာတဲ့သူနဲ့ စကားတောင် မပြောချင်ကြတာလည်း ရှိကြပါတယ်။ တကယ်တော့ သူတို့တွေလည်း လောက လူသားတွေပါ။ မပစ်ပယ်သင့်ပါဘူး။ အဲ့ဒီလို လောကမှာ မှားနေတဲ့အမှားတွေကို ဆရာတော်ကြီးက ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ပြီးတော့ မှန်ကန်လာအောင် လမ်းညွှန်ပြသနေတာတွေက ဂုဏ်ယူလေးစား ထိုက်တဲ့ မေတ္တာ စေတနာတွေပါ။ မြန်မာပြည်တ၀ှမ်းမှာ တရားဓမ္မကိုသာမက အသိဥာဏ်ပညာ ဗဟုသုတတွေကိုပါ ပေးကမ်းပြီး မြန်မာပြည်သူပြည်သားတွေအတွက် ဘယ်တော့မှ မမှေးမှိန်တဲ့ အေးမြတဲ့ အလင်းရောင်တွေကို ပေးနေသော မြန်မာပြည်ရဲ့ လမင်းကြီးတစ်စင်း ဆိုလျှင်ပိုပြီးမှန်ကန်ပါလိမ့်မည်။

ကမ္ဘာ့သာသနာပြု

တဖက်က အဲ့ဒီလို လူမှု့ရေးရာတွေကို ဆောင်ရွက်နေရင်း တဖက်ကလည်း ဗုဒ္ဓသာသနာကို ကမ္ဘာကသိအောင် အဝေးမှာ ရောက်နေတဲ့ မြန်မာပြည်သားတွေ ဘာသာတရားကို လေးစားတန်ဖိုးထားတတ်အောင် ကမ္ဘာလှည့်ပြီး သာသနာပြုတာဝန်တွေကိုလည်း မနားမနေ ထမ်းဆောင်နေပါသေးတယ်။ ဗုဒ္ဓဘာသာကို စိတ်ဝင်စားတဲ့ အနောက်နိုင်ငံသားတွေကိုလည်း ဗုဒ္ဓစာပေတွေ သင်ကြားပို့ချပေးတာကိုလည်း တွေ့ရပါတယ်။ 

ဒါတင်မက နိုင်ငံရပ်ခြားမှာ ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း တတ်အားသရွေ့ ကူညီပေးပါတယ်။ သီရိလင်္ကာနိုင်ငံရောက် ဒုက္ခရောက်နေတဲ့ မြန်မာကိုရင်လေးများနဲ့ သီလရှင်လေးများကို ဆရာတော်ဦးဆောင်တဲ့ သီတဂူအဖွဲ့က မြန်မာပြည်ကို ပြန်ပြီးတော့ ရောက်အောင် ပို့ဆောင် ပေးနိုင်ခဲ့ပါတယ်။

မွေးနေ့ဆုတောင်း

ယခုလို သာသနာတော်အတွက်သာမက လူသားအားလုံး အကျိုးပြုလုပ်ငန်းတွေကို ဦးဆောင်ပြီး လုပ်ဆောင်ရင်း တရားရေအေးအမြိုက်ဆေးတွေ တိုက်ကျွေးနေတဲ့ ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ၁၃၇၂ ခုနှစ် တပေါင်းလပြည့်(၁၉.၃.၂၀၁၁)ဆိုရင် သက်တော်(၇၄)နှစ် ပြည့်ပြီဖြစ်ပါတယ်။ 

ထို့ကြောင့် ယခု ဆရာတော်ဘုရားကြီး၏ သက်တော်(၇၄)နှစ်ပြည့်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ အမျိုးသာသာ သာသနာအတွက် သာသနာပြုလုပ်ငန်းများကို ကျန်းမာချမ်းသာစွာနဲ့ ဆထက်တပိုး သယ်ပိုးဆောင်ရွက်ရင်း မြန်မာပြည်သူပြည်သားတွေကို သာမက ကမ္ဘာသူကမ္ဘာသားတွေ အားလုံးအပေါ်မှာ အေးမြတဲ့ဓမ္မလရောင်တွေကို ဆက်လက်ပြီးပေးစွမ်းနိုင်ပါစေလို့ မွေးနေ့ဆုမွန်ကောင်းတောင်းရင်း ဒီစာမူလေးနဲ့ ပူဇော်ကန်တော့လိုက်ပါတယ်။

ကျေးဇူးရှင်ဆရာတော်ဘုရားကြီး ဟောကြားတော်မူတဲ့ တရားတော်များကိုလည်း နားကြားမှတ်သားရင်း ဆရာတော်ကြီးကို အမြဲတမ်းဖူးတွေ့နေရတဲ့အတွက် ၀မ်းသာပီတိတွေဖြစ်ရပါတယ်။ လူကိုယ်တိုင် အနီးကပ် ဖူးမြော်ခွင့်ရဖို့လည်း မျှော်လင့်နေပါတယ်။ 

ကျေးဇူးရှင် သီတဂူဆရာတော်ဘုရားကြီး ကျန်းမာချမ်းသာပါစေ...။

အမေ့သားလတ်(စကားဝါမြေ)
ခေတ္တ ရုရှားနိုင်ငံ။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၉-၃-၂၀၁၁

05 March 2011

တက္ကသိုလ်စာမေးပွဲ

ဒီပလိုမာ ကျောင်းသားများ စာဖြေနေစဉ်
ဒီပလိုမာ ကျောင်းသားများ စာဖြေနေစဉ်
Advanced Level ကျောင်းသားများနှင့် အမှတ်တရ
အတန်းသုံးတန်းလုံးကျောင်းသားများနှင့် ဆရာများ အမှတ်တရ
ဘူဘေး ဆွမ်းကပ်နေစဉ်
စာဖြေကျောင်းသားများ ဆွမ်းဘုန်းပေး
သီတဂူ(ရန်ကုန်) ဝေယျာဝေစ္စအဖွဲ့က ဘူးဘေးဆွမ်းများ ပြင်ဆင်ပေးစဉ်
ဒီကနေ့ နောက်ဆုံးနေ့ စာမေးပွဲဖြစ်သည်။ ရန်ကုန် မန္တလေး စစ်ကိုင်းမြို့များရှိ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်စာမေးပွဲများကို 1,2,3,4,5-3-2011 ငါးရက်တိုင်တိုင် တပြိုင်တည်း တချိန်တည်း ကျင်းပသည်။

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

ရန်ကုန်မြို့ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် ဒီနှစ် ဒီပလိုမာကျောင်းသား အပါး ၁၀၀ ကျော် ၀င်ရောက် ဖြေဆိုကြသည်။ ၅ ရက်တိုင်တိုင် ကုသိုလ်ရှင် အသီးသီးတို့က ဘူဘေးစနစ်ဖြင့် နေ့ဆွမ်းဖြင့် ဆက်ကပ်ကြသည်၊ အလှူရှင်များက ကျောင်းသားရဟန်းတော်များအား လမ်းစရိတ်များကိုလည်း လှူဒါန်းကြသည်။

၂၀၁၀-၂၀၁၁ ခုနှစ်ပညာသင်နှစ်အတွက် နောက်ဆုံးစာမေးပွဲဖြစ်၍ စုပေါင်းဓာတ်ပုံရိုက်ကြသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် လာမည့် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်အတွက် ဘီအေ B.A. တန်းကို စတင်ဖွင့်လှစ်မည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၅-၃-၂၀၁၁

04 March 2011

သပြေတန်းကအမှတ်တရ

သီတဂူစတား
ဓမ္မမိတ်ဆွေများ
သပြေတန်းက ၀တ်အသင်း
မိသားစု အလှူ
မိသားစုနှင့်အတူ
သီတဂူစတားနှင့်မိသားစု အမှတ်တရ

ခရီးသွားအမှတ်တရ လေးဖြစ်ပါတယ်၊ စာရေးသူ ဘလော့ဂ်မရေးခင်က နေ့စဉ်ဒိုင်ယာရီ ရေးလေ့ရှိသည်။ ရောက်လေရာအရပ်တိုင်းမှာ မှတ်တမ်းကျန်အောင် ရေးထားလေ့ရှိသည်။ ၂၀၀၉ ခုနှစ် နောက်ပိုင်း ဘလော့ဂ် စပြီးရေးကထဲက မှတ်တမ်းမှတ်ရာ မရေးဖြစ်တော့၊ ရေးချင်တဲ့ မှတ်တမ်းများကို ဘလော့ဂ်ထဲ ရေးထည့်လိုက်တော့သည်။ ကိုယ့်ဘလော့ဂ်သည် ကိုယ့်မှတ်တမ်းပဲဖြစ်ပါသည် ဆိုတဲ့ရည်ရွယ်ချက်ဖြင့် ရေးခြင်းဖြစ်သည်။ အခုတခါလည်းပဲ သပြေတန်း အမှတ်တရလေးကို မှတ်စုကလေးအဖြစ် ရေးလိုက်ခြင်းပဲ ဖြစ်ပါသည်။

၂၇-၂-၂၀၁၁ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ရဲ့ တဖက်ကမ်းက သပြေတန်းဆိုတဲ့ ရွာလေးတစ်ရွာကို ရောက်ဖြစ်ခဲ့သသည်။ ထိုရွာသူ ညီမဖြစ်သူတစ်ယောက်က ဒေသန္တရဗဟုသုတအဖြစ် အလည်ကြွဖို့ ပင့်သည်။ ထိုသူရွာသူဆိုပေမဲ့ ရန်ကုန်မှာပဲ နေသည်။ အံ့သြစရာကောင်းသည်မှာ ထိုရွာမှာရှိ ရွာသူရွာသားတွေအတွက် ပညာသင်ဖို့ရန် အလွန်ခက်ခဲပါသည်။ နဂိုက ရွာမှာတောင် မူလတန်းကျောင်းမရှိ၊ အထက်တန်းကျောင်းအတွက် နာရီဝက်လောက် သွားရသည့် အိမ်ခြေ ၄၀၀ ကျော်ရှိ တော်လတီရွာကို သွားတက်ကြသည်။ အထက်တန်းပြီးလို့ တက္ကသိုလ်တက်ပြန်ရင်လဲ ရန်ကုန်မြို့သို့ လာတက်ကြရသည်၊ တောသူတောင်သားတွေအတွက် ထိုကဲ့သို့ ကျောင်းတက်နိုင်ဖို့ဆိုတာ မလွယ်ကူလှပေ။ သို့သော်လည်း ထိုမိသားစုတစ်စုလုံး မိဘကစ ဘွဲ့ရပညာတက်တွေချည်းဖြစ်သည်။ ဆရာမအဖြစ်တာဝန်ထမ်းဆောင်သူ၊ ကုမ္ပဏီဝန်ထမ်းလုပ်သူ၊ ပြည်ပရောက်နေသူနှင့် အစိုးရ၀န်ထမ်းများဖြစ်နေကြသည်မှာ အံ့သြစရာဖြစ်သည်။

သပြေတန်းရွာကလေး

ထိုရွာလေးသည် ဧရာဝတီမြစ်လက်တက် ကမ်းဘေးမှာ တည်ရှိသည်။ မြစ်ကမ်းဘေးဆိုပေမဲ့ စာရေးသူတို့ အညာဘက်ကလို မြစ်ထဲမှာ ကျွန်းမရှိ၍ ကျွန်းမြေလုပ်စား၍မရ၊ မြစ်ဆိုပေမဲ့ ချောင်းသာသာပဲ ရှိသည်၊ ရေကြည်သည်၊ လေကောင်း လေသန့်ရသည်၊ စာရေးသူတို့ အညာဘက်မှာက မြစ်က ကျယ်ဝန်သဖြင့် မြစ်လအလယ်မှာ ကျွန်းကြီးများ တည်ရှိသဖြင့် မြေပဲ၊ ပြောင်း၊ အာလူးနှင့် ပဲအမျိုးမျိုးထွက်သည်။ ဒီရွာလေးကတော့ မြစ်နဘေးမှာရှိပေမဲ့ တောင်သူကို အခြေခံတဲ့ရွာကလေးဖြစ်ပါတယ်၊ ဆန်စပါးပေါသည်၊ ပဲပေါသည်၊ ငါးခြောက်ကောင်းကောင်းလဲ စားရသည်။ ရွာရဲ့အိမ်ခြေတော့ နည်းသည်၊ ရွာသူရွာသားတွေက ညီညွတ်ပုံရသည်၊ ရိုးသားကြသည်၊ ဖြူစင်ကြသည်။ အများစုက တစ်ယောက်နဲ့တစ်ယောက် ဆွေးမျိုးတွေဖြစ်ကြတာလည်း ဖြစ်နိုင်သည်။

ထိုရွာလေးကို ရောက်ဖို့ဆိုရင် ရန်ကုန်ဘက်ကနေသွားရင် မော်ဘီမြို့ကိုကျော်ဖြတ်ပြီး တိုက်ကြီးမြို့မရောက်မီ ဘယ်ဘက်သို့ချိုးကွေ့သွားရသည့် ဆိပ်ကမ်းဘက်သို့ သွားလမ်းရှိသည်၊ မိုင်အားဖြင့် ၆ မိုင်လောက်ရှိမည်ထင်သည်၊ သရက်ချောင်းဆိပ်ကမ်းဟု အမည်တွင်သည်။ မြင်းလှည်း၊ သုံးဘီးဆိုက်တွဲကားတို့ဖြင့် သွားနိုင်သည်။ ထိုဆိပ်ကမ်းမှ ညာဘက်သို့ ဦးတည်ပြီး မိနစ် ၄၀ လောက် စက်လှေဖြင့် မြစ်ဘေးတလျှောက် ရွာတန်းများကို ကျော်ဖြတ်ပြီးသွားလျှင် သပြေတန်းရွာကလေးသို့ ရောက်ပါသည်။

တရားပွဲလေး

ညီမဖြစ်သူက ဘာတွေပြောထားလဲမသိဘူး စာရေးသူ ထိုရွာလေးကို အလည်လာမယ်ဆိုတော့ တရားပွဲလုပ်ချင်ကြသည်တဲ့။ အမဖြစ်သူက ရွာကနေ တရားဟောချီးမြင့်ပေးဦးဟု ဖုန်းဆက်ပြီးလျှောက်သည်၊ ထိုရွာမှ ကျောင်းထိုင်ဆရာတော်နှင့် အစီအစဉ်စွဲပြီး လျှောက်ထားခြင်းဖြစ်သည်၊ အမြဲတမ်း တရားဟောနေသူ မဟုတ်ရကား ဘာမှ ပြင်ဆင်ထားတာမရှိသဖြင့် ဖြစ်သလိုဟော ဖြစ်သလို နာယူနိုင်ရင်တော့ ဖြစ်ပါတယ်လို့ အာမခံလိုက်သည်။ လျပ်တပြတ် စီစဉ်လိုက်ရသည်ဆိုပေမဲ့ တရားပွဲလာပရိသတ်က မနည်းလှ၊ နာမည်ကြီး အဟောအပြောကောင်း မဟုတ်သော်လည်း လာအားပေးဖော်ရကြသည်။ ရွာလေးက အိမ်ခြေ ၁၀၀ ၀န်းကျင်ပဲ ဆိုပေမဲ့ ရွာနီးနားချင်းများက စက်လှေ လှည်း ဆိုင်းကယ် ကား ထော်လာဂျီများဖြင့် သဘာဝကြယ်တာရာ အလင်းရောင်ကို အားပြု, ဖုံလုံးကို နှင်းလုံးနှင်းခဲများဟု အမှတ်ပြုပြီး လာကြရသည်။

ကျေးဇူးတင်ခြင်း

ထိုကဲ့သို လမ်းခရီးကား မြို့မှာကဲ့သို့ မနုညံ့ပေမဲ့ သူတော်ကောင်းတရားကို နားကြားလိုတဲ့ဆန္ဒ, ရဟန်းသံဃာကို ဖူးမျှော်လိုတဲ့စိတ်, ပေးကမ်းစွန့်လွတ်လိုတဲ့ စေတနာတို့သည် သဒ္ဓါတရားရှိသူတို့၏ လက္ခဏာများဖြစ်ကြသည်။ ထိုသဒ္ဓါတရားတို့၏သတ္တိဖြင့် လာရောက်ကြသော ရပ်ဝေးရပ်နီးမှ ပရိသတ်များကို အထူးကျေးဇူးတင်ရပါသည်။ အထူးအားဖြင့် ကမကထပြုလုပ်ပေးသော သပြေတန်းရွာကျောင်း ဆရာတော်နှင့် တပည့်များ၊ တရားပွဲကို မ-တည်လှူသော ဦးလှိုင်မြင့်+ဒေါ်ထွေးတင် မိသားတစ်စုတို့အား အထူးကျေးဇူးတင်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂-၃-၂၀၁၁


ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes