သီတဂူစတား

သီတဂူစတား

27 May 2011

နယူးယောက် မိန့်ခွန်း

တူညီသော လမ်းကြောင်းပေါ်မှာ လက်တွဲ လျှောက်ကြပါစို့


၂၀၁၁၁ မေလ ၁၆-ရက်နေ့ (၃) နာရီ အမေရိကန်ပြည်ထောင်စု နယူယောက်မြို့ ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ် အထွေထွေ ညီလာခံ ခန်းမဆောင်ကြီး ၌ သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ တင်သွင်းဖတ်ကြားခဲ့သော စာတမ်း။



အလွန်အရိုသေပြုအပ်ပါသော ရဟန်းသံဃာတော်များ၊
ဂုဏ်သရေရှိ သံတမန်များအဖွဲ့ဝင်များ၊
ချစ်ခင်လေးစားရပါသော ပရိသတ်အားလုံးကို လှိုက်လှဲစွာ နှုတ်ခွန်းဆက်ပါတယ်။
          ဒီနေ့ဟာ ၀ိသာခပုဏ္ဏမာရယ်လို့ ဗုဒ္ဓဘာသာလောကမှာ လူသိများထင်ရှားတဲ့ မေလရဲ့ လပြည့်နေမှာ မြတ်ဗုဒ္ဓဖွားမြင်တော်မူခြင်း၊ သစ္စာတရားကို ဖော်ထုတ်သိမြင်၍ ဗုဒ္ဓအဖြစ်သို့ရောက်ရှိခြင်းနှင့် ဘ၀နှင့်ခန္ဓာ အကြွင်းမဲ့ချုပ်ငြိမ်းခြင်း (ပရိနိဗ္ဗာန်စံခြင်း) ဟူသော ထူးမြတ်သည့် ဖြစ်ရပ်ကြီးများ ဒီတနေ့တည်းမှာပဲ ကျရောက်ခဲ့တာဖြစ်လို့ ဗုဒ္ဓဘာသာလောကတစ်ခုလုံးမှာ အလွန်ထူးမြတ်သော နေ့ထူးတစ်ခု ဖြစ်ပါတယ်။
          ယခုလို လူနတ်လောကကြီးတစ်ခုလုံး၏ ကြီးမြတ်သောဆရာ မြတ်ဗုဒ္ဓ၏ ဂုဏ်ကျေးဇူးများကို အောင့်မေ့တသ ပူဇော်သောအားဖြင့် နယူးယောက်မြို့တော် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်ရဲ့ အထွေထွေ ညီလာခံ ခန်းမဆောင်ကြီးမှာ ကုလသမဂ္ဂအဖွဲ့ကြီးက ကြီးမှူးကျင်းပတဲ့ နှစ် (၂၆၀၀)ပြည့် ဗုဒ္ဓနေ့ အခမ်းအနားနှင့် ဘာသာပေါင်းစုံနှီးနှောဖလှယ်ပွဲကြီးမှာ တက်ရောက်ပါဝင် စကားပြောခွင့်ရတဲ့အတွက် အလွန်နှစ်သက် ကျေနပ်ရုံမျှမက တကယ့်ကိုပဲ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။
ဤကဲ့သို့ ဘုရားဖြစ်သည့် နှစ် (၂၆၀၀) ပြည့်မြောက်သည့်အခါတော်ဝယ် ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ် အထွေထွေ ညီလာခံ ခန်းမဆောင်ကြီးမှ နေ၍ ကျွန်ုပ်၏ဖြူစင်သောနှလုံးသားမှ ကောင်းမြတ်သောဆု ဆန္ဒမွန်များ အေးချမ်းသောမေတ္တာတော်များ၊ ငြိမ်းချမ်းသော ကရုဏာဓာတ်များကို ကမ္ဘာတစ်ဝှမ်းလုံးရှိ သတ္တ၀ါအားလုံးထံ ပို့လွတ်ပါတယ်။ သတ္တ၀ါလောကတစ်ခုလုံး စစ်ဘေးနှင့် ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ကြပါစေ။ ညီညွတ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းနှင့် ငြိမ်းချမ်းခြင်းတို့ အမြန်ဆုံး ရရှိနိုင်ကြပါစေ။
မြတ်ဗုဒ္ဓသည် ဗုဒ္ဓအဖြစ်သို့ ရောက်ပြီးသည့်နောက် ဗုဒ္ဓအဖြစ်ဖြင့် (၄၅) နှစ် နေခဲ့ပါတယ်။ (၄၅) နှစ် အတွင်းမှာ ဟောပြောဆုံးမသွားတဲ့ စကားရပ်အားလုံးဟာ ‘‘ဓမ္မ’’ ဆိုတဲ့ လှပတဲ့စကားလုံးထဲမှာ ပါဝင်ပါတယ်။ ဗုဒ္ဓရဲ့ဓမ္မဟာ religious system မျိုး မဟုတ်ပါဘူး။ တကယ်တော့ ဓမ္မဆိုတာဟာ သင်ဘို့၊ ကျင့်ဘို့၊ လေ့ကျင့်ဘို့၊ သိနားလည်ဘို့ ဖြစ်ပါတယ်။ ဘ၀ရဲ့စာမျက်နှာသစ်တစ်ခုလုံးကို ဖွင့်လှစ်ဘို့ စိတ်အား သန်ကြတဲ့ လူတွေဟာ ဓမ္မကို သင်ကြ ကျင့်ကြပါတယ်။ လောကရဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့ နေရာမှာ ဓမ္မဟာ တန်ခိုးစွမ်းအားကြီးမားသည့် နည်းစနစ်တစ်ခု ဖြစ်ပါတယ်။ ယနေ့ ကမ္ဘာမှာ ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်ပေါင်း မြောက်များစွာတို့ဟာ လူသားတွေရဲ့ ဘ၀ပြဿနာတွေကို ဖြေရှင်းဘို့ မြောက်များစွာသော အသင်းအဖွဲ့တွေကို ဖွဲ့စည်းကြပါတယ်။ ဒီကုလသမဂ္ဂအသင်းကြီးဟာ စံနမူနာယူလောက်တဲ့ တစ်ခုတည်းသော အသင်းကြီးဖြစ်ပါတယ်။
 သို့-- ညီညွတ်ခြင်းထဲမှ ကွဲပြားခြင်း၊ ကွဲပြားခြင်းထဲမှ ညီညွတ်ခြင်း၊ ချစ်ခြင်းထဲမှ မုန်းခြင်း၊ မုန်းတီးခြင်းထဲမှ ချစ်ခြင်း၊ လက်တွဲခြင်းထဲမှ လမ်းခွဲခြင်း၊ လမ်းခွဲခြင်းမှာ ပြန်တွဲခြင်းဆိုတဲ့ ဒွန္ဒ၀ါဒ၊ နှစ်ခုတွဲသဘောတွေဟာ အပြန်အလှန်ရှိနေကြပါတယ်။ ဘယ်သူ ဘယ်အဖွဲ့ကမှ ကမ္ဘာ့လူသားတို့၏ ပြဿနာများရဲ့ နောက်ဆုံးအဖြေကို ယနေ့အထိ ရှာဖွေလို့ မတွေ့နိုင်ကြသေးဘူး။ သိပ္ပံပညာ နည်းပညာတို့ဆိုတာဟာလည်း  လူ့စိတ်နှင့်ဆိုင်သော အဆုံးသတ်အဖြေကို ရှာဖွေ မပေးနိုင်ပါဘူး။ သုတေသနတွေ ဘယ်လိုပဲ လုပ်လုပ် သိပ္ပံနည်းပညာသည် ရုပ်ဝတ္ထုအဖြေကိုသာ ရှာဖွေနိုင်ကြတာ ဖြစ်ပါတယ်။ သိပ္ပံနည်းပညာအရ သုတေသန အကြိမ်ကြိမ်လုပ်၍ ရုပ်ဝတ္ထု၏အဖြေကို ရှာဖွေရာမှာပင် နောက်ဆုံးပြီးနောက်ဆုံး နောက်ဆုံးပြီး နောက်ဆုံးတွေပဲဖြစ်နေပါတယ်။ အပြီးသတ် အဖြေကို သိပ္ပံမှာ ရှာမရဘဲ ဖြစ်နေပါတယ်။
လူသားတွေရဲ့ဘ၀ဟာ ရုပ်ဝတ္ထုတစ်မျိုးတည်းနှင့် ဖွဲ့စည်းတည်ဆောက်ထားတာ မဟုတ်ပါဘူး။ ရုပ်ဝတ္ထုနှင့် စိတ်စေတသိတ်တို့ ဟန်ချက်ညီညီ ဖွဲ့စည်းပေါင်းစပ် တည်ဆောက်ထားကြတာ ဖြစ်ပါတယ်။ အဲ့ဒီလို ဖွဲ့စည်းတည်ဆောက်ရာမှာ ရုပ်ကတော့ လေယာဉ်၊ ရေယာဉ်၊ ကုန်းယာဉ် တစ်ခုလို ဖြစ်ပါတယ်။ စိတ်စေတသိတ်ဆိုတဲ့ နာမ်တရားတွေကတော့ ယာဉ်မောင်းသမားနဲ့ တူပါတယ်။ ယာဉ်တွေကို ကောင်းကောင်း နိုင်နိုင် မကိုင်နိုင်တဲ့ ယာဉ်မောင်းသမားဟာ ယာဉ်စီးတဲ့ ခရီးသည်တွေကိုသာမက သူကိုယ်တိုင်ကိုပါ သတ်ဖြတ်နှိပ်စက်သူ ဖြစ်တယ်။ ဒါ့ကြောင့် ငြိမ်းချမ်းရေးဗိသုကာ မြတ်ဗုဒ္ဓ၏ ငြိမ်းချမ်းရေး သတင်းစကား များစွာထဲက စကားတစ်ခွန်းလောက် ပြောပြချင်ပါတယ်။
‘‘မနော ပုဗ္ဗင်္ဂမာ ဓမ္မာ’’ ဆိုတဲ့စကားပါပဲ။ ‘‘စိတ်သည် လူ့ဘ၀၏ ရှေ့ဆောင် ခေါင်းဆောင်’’ ဖြစ်ပါတယ်။ စိတ်သည် ဆင်းရဲချမ်းသာ အကောင်းအဆိုး အားလုံးကို ဖန်ဆင်းပါတယ်။ ဒါ့ကြောင် ကောင်းစိတ်သည် ဘ၀ကောင်း တစ်ခုကို ဖန်ဆင်းမှာ ဖြစ်ပြီး မကောင်းသော စိတ်သည် ဘ၀ဆိုးတစ်ခုကို ဖန်ဆင်းပါလိမ့်မယ်။ လူသားတွေရဲ့ ဘ၀ဗိသုကာဟာ လူသားတွေရဲ့ စိတ်ပါပဲ။ လှပသောဘ၀တစ်ခု တည်ဆောက်လိုလျှင် စိတ်ကို လှပအောင် ပြုပြင်ရမှာ ဖြစ်ပါတယ်။ စိတ်ဆိုးလျှင်တော့ အရုပ်ဆိုးသော ဘ၀ကိုရကြမှာပဲ။ ယနေ့ ကမ္ဘာလောကကြီးဟာ ညစ်ညမ်းမှုတွေ၊ ပြစ်မှုတွေ အမည်းစက်တွေ၊ လုယတ်လွန်ကြူးမှုတွေ၊ သောင်းကျန်းမှုတွေ၊ သတ်ဖြတ်မှုတွေ၊ စစ်ပွဲတွေနဲ့ အပြည့်ပါပဲ။ ဒီလို အရုပ်ဆိုးနေတဲ့ လောကကို စိုးရိမ်ပူဆွေးခြင်း၊ ဆင်းရဲခြင်းတွေနဲ့ ပြည့်နေတဲ့ ကမ္ဘာကို ဘယ်ဘုရားသခင်ကမှ ဖန်ဆင်းတာ မဟုတ်ပါဘူး၊ ထို့ကြောင့် ငြိမ်းချမ်းသော သာယာ လှပသော ကမ္ဘာကြီးကို ဖန်ဆင်းဘို့ကတော့ ဆိုးသွမ်းသော စိတ်ဓာတ်ကို ကောင်းမြတ်သော စိတ်ဓာတ်သို့ ပြောင်းဘို့ လိုပါတယ်။
အလွန်စိတ်ဆင်းရဲဖွယ် ငြီးငွေ့ဖွယ်ကောင်းတဲ့ ဖြစ်ရပ်ကြီးတွေနဲ့ စီးပွားရေးနှင့် လက်နက်ပြိုင်ဆိုင်မှုတွေဟာ အတ္တသန်သောကမ္ဘာမှာ တစ်ကိုယ်ကောင်းဆန်သော စိတ်ဓာတ်က စတင်ကြတာ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓ၏ ငြိမ်းချမ်းရေးစကားများစွာထဲက စိတ်ဝင်စားဖွယ်ကောင်းသော စကားတစ်ခွန်းမှာ ‘‘အတ္တမှ အနတ္တသို့ ပြောင်းလဲမှု’’ပဲ ဖြစ်ပါတယ်။ ပြီးတော့ ‘‘ဣဿာမှ မုဒိတာသို့’’ ‘‘ အ၀ိဇ္ဇာမှ ၀ိဇ္ဇာသို့’’ ဟူသော ဘ၀စာမျက်နှာသစ် ဖွင့်လှစ်ဘို့ အကြိမ်ကြိမ် မိန့်ကြားခဲ့ပါတယ်။
ဤယနေ့ဟာ နှစ်ပေါင်း (၂၆၀၀) ပြည့်မြောက်သည့် ဗုဒ္ဓနေ့ဖြစ်ပါတယ်။ ဤထူးမြတ်သည့် အခါတော်နေ့မှာ ကုလသမဂ္ဂအထွေထွေ ညီလာခံခန်းမဆောင်ကြီးမှာ အစည်းအဝေးသို့ ရောက်ရှိလာကြကုန်သော ဘာသာရေးခေါင်းဆောင်များအားလုံး နိုင်ငံရေးခေါင်ဆောင်များအားလုံး သံတမန်များ အားလုံး လူ့လောကကြီး၏ အတွင်းရန်သူကြီးဖြစ်တဲ့ ယုတ်မာသော စိတ်ဓာတ် (ပဒုဋ္ဌစိတ်)ကို မွန်မြတ်သော စိတ် (ပသန္နစိတ်)သို့ ၀ိုင်းဝန်းကြိုးပန်း ပြောင်းလဲကြပါစို့ဟု တိုက်တွန်းလိုပါသည်။ မြတ်ဗုဒ္ဓ၏ငြိမ်းချမ်းရေး တည်ဆောင်မှုအတွက် နောက်ထပ် သတင်းစကားတစ်ခုကတော့ ခန္တီတရားပဲဖြစ်ပါတယ်။ အက္ခန္တီ (၀ိဟိံသ)တရားသည် ဘာသာရေး နိုင်ငံရေး လူမှုရေးအားလုံးတို့၏ ရန်သူကြီးတစ်ပါးဖြစ်ပါတယ်။ မြတ်ဗုဒ္ဓက သူ၏တပည့်တွေကို အမြဲတန်းပြောတာကတော့ မည်သူက မည်သို့ပင် မကောင်းစေကာမူ ထိုသူကို စိတ်မဆိုးဘို့၊ မကျေမနပ်မဖြစ်ဘို့ပင်ဖြစ်ပါသည်။ အကယ်၍ မိမိအား မကောင်းပြု မကောင်းပြော မကောင်းကြံလာသော သူအား အမျက်ထွက်လျှင် ‘‘ မိမိသည်ပင် မိမိကိုယ်ကို စိတ်ဓာတ်ရေးရာမှာ ဆုံးရှုံးခြင်းဟူသော အန္တရာယ်အတွင်းထဲသို့ ပို့လိုက်ပြီ ဖြစ်သည်ဟု မှတ်ယူရမည်။
အခြားလေးနက်သော မြတ်ဗုဒ္ဓ၏ဆုံးမချက်များမှာ- သတ္တ၀ါအမျိုးအစား မခွဲခြားဘဲ မေတ္တာတရား ဖြန့်ချီထားရခြင်းပင်ဖြစ်သည်။ မေတ္တာနှင့် ခန္တီ စိတ်ဓာတ်နှစ်ပါးကို ဘာသာရေး နိုင်ငံရေးခေါင်းဆောင် အားလုံး တည်ဆောက်ရမည်။ ညီအစ်ကို မောင်နှမစိတ်၏ အခြေခံအုဌ်မြစ်ဖြစ်ကြောင်း အကြိမ်ကြိမ် အလေးအနက် ညွှန်ပြခဲ့သည်။ မေတ္တာ ခန္တီ ကရုဏာ တရားတို့ရဲ့ အရည်အသွေးကို ပညာဖြင့် တောက်ပြောင်စေဘို့ အစဉ်တစိုက် ဆုံးမတော်မူသည်မှာလည်း ကြီးမြတ်သောဆရာ မြတ်ဗုဒ္ဓပင်ဖြစ်သည်။ ဤမေတ္တာ ကရုဏာ ခန္တီ ပညာတရားများဟာ လောကသားတို့ရဲ့ ကယ်တင်ရှင်များပါပဲ။ ဤတရားများဖြင့် လူမျိုး လူတန်းစား ခွဲခြားမှုဆိုတဲ့ ငြိမ်းချမ်းရေးရဲ့ အတားအဆီးများကို ရှင်းလင်းဖယ်ရှားနိုင်ပါတယ်။
ဘာသာရေး ယုံကြည်ချက်နှင့် နိုင်ငံရေး လူမျိုးရေး ယဉ်ကျေးမှုများ မတူခြားနားကြသော်လည်း မွန်မြတ်သောစိတ်များဖြစ်ကြသည့် ခန္တီ မေတ္တာ ကရုဏာ ပညာဟူသော ဤကျင့်စဉ်များအပေါ်မှာ အားလုံးသော ကျွန်ုပ်တို့လူသားတွေ လက်တွဲလမ်းလျှောက်ကြရမှာ ဖြစ်လို့ ဘုံလမ်းကြောင်းတစ်ခု (Common Platform) လို့ ဆိုလိုချင်ပါတယ်။ အကယ်၍သာ ဒီလမ်းကြောင်းပေါ်မှာ ကျွန်ုပ်တို့ နိုင်ငံရေး ဘာသာရေး လူမှုရေးခေါင်းဆောင်များဟာ ခန္တီ မေတ္တာ ကရုဏာ ပညာ ဟူသော မွန်မြတ်သော စိတ်ဓာတ် (ပသန္နစိတ်)တို့ဖြင့် မတွေ့ဆုံနိုင်၊ တွဲမလျှောက်နိုင်ကြဘူးဆိုလျှင် ကျွန်ုပ်တို့ ဆောင်ရွက်နေကြတဲ့ ငြိမ်းချမ်းရေး ညီညွတ်ရေးနှင့် အတူယှဉ်တွဲ နေထိုင်ရေးဆိုတဲ့ ရည်မှန်းချက်တွေဟာ မအောင်မြင်ရုံမျှမက ဆုံးရှုံးသွားကြဘွယ်သာ ရှိပါတယ်။
ရိုသေလေးစားအပ်ပါသော ဘာသားရေးခေါင်းဆောင်များ သံတမန်များ၊ ဂုဏ်သရေရှိ ဧည့်သည်တော်များ၊ အထူးသဖြင့် ဤအစည်းဝေးကြီးကို ဦးဆောင်စည်းရုံးခဲ့တဲ့ သီရိလင်္ကာနိုင်ငံ၏ ကုလသမဂ္ဂအမြဲတန်းသံအမတ်ကြီး ‘‘ဒီလုပ ဥာဏယကရ’’၊ ထို့ပြင် နိုင်ငံ (၁၆) နိုင်ငံမှ ကိုယ်စားလှယ်တော်များ၊ တက်ရောက်လာကြသော မြန်မာမိသားစု ပရိသတ်အားလုံးကို ပြောချင်ပါတယ်။ ကျွန်ုပ်တို့ အားလုံးမှာ မတူညီသော အချက်တွေ များစွာ ရှိပေမဲ့ ခန္တီ မေတ္တာ ကရုဏာ ပညာ ဆိုတဲ့အပေါ်မှာ ဘာမှငြင်းခုံစရာ မရှိပါဘူး။ ဒီတရား လေးပါးဟာ ကျွန်ုပ်တို့လူသားအားလုံးရဲ့ ဘုံလမ်းကြောင်းဖြစ်ပါတယ်။ အဲဒီဘုံလမ်းကြောင်းကို ၀ိုင်းဝန်းတည်ဆောက်ကြပါစို့၊ ဤဘုံလမ်းကြောင်းပေါ်မှာ လက်တွဲ လျှောက်လှမ်းကြပါစို့။ လူသားလောကကြီးတစ်ခုလုံးရဲ့ အတားအဆီး အနှောက်အယှက် ရန်သူမှန်သမျှ ၀ိုင်းဝန်းကာကွယ် တားဆီးကြပါစို့-ဟု တိုက်တွန်းတောင်းဆိုလိုက်ရပါကြောင်း။   ။
လူသားအားလုံး ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ကြပါစေ။
လူသားအားလုံး စစ်ဘေး စစ်ဒဏ် အန္တရာယ်အပေါင်းမှ လွတ်မြောက်ကြပါစေ။
လူသားအားလုံး စိုးရိမ်ပူဆွေး ငိုကြွေးခြင်းမှ လွတ်မြောက်ကြပါစေ။

ဒေါက်တာအရှင်ဥာဏိဿရ
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
စစ်ကိုင်း၊ မြန်မာနိုင်ငံ
ထို ညီလာခံကြီး၏ ဓာတ်ပုံကဏ္ဍများကို ဖူးမျှော်လိုက ဤလင့်ခ်သို့ သွားနိုင်ပါသည်။

ထို ညီလာခံ (pdf) စာဖိုင်နှင့် ဓာတ်ပုံများ ပို့ပေးသော အမေရိကမှ ကိုခွန်သီရိအား အထူးကျေးဇူးတင်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၇-၅-၂၀၁၁

19 May 2011

သီတဂူ ဗုဒ္ဓနေ့ (ပေးစာ-၁၁)

ဘုန်းဘုန်း ဘုရား
           နေကောင်းပါလားဘုရား၊ တပည့်တော် တို့ မြန်မာလူမျိုးတွေရဲ့ မြန်မာ့ ၁၂လရာသီ ပွဲတော်တွေထဲက ထင်ရှားထူးခြားလှတဲ့ ပွဲတော်တစ်ခုကိုအကြောင်းပြုပြီး ကျင်းပတဲ့  အခမ်းအနားလေး တစ်ခုအကြောင်းကို လျှောက်ထား တင်ပြချင်ပါတယ်ဘုရား။
       တပည့်တော်မတို့ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ ကိုးကွယ်ဆည်းကပ် အားထားရာ ဘုရားရှင်ကိုတော်မြတ်ကို မွေးဖွားရာနေ့၊ ဗောဓိပင်နဲ့ရွှေပလ္လင်မှာ မာရ်ငါးပါးကို အောင်မြင်တော်မူသောနေ့၊ မြတ်စွာဘုရားပရိနိဗ္ဗာန်စံတော်သောနေ့ဆိုတဲ့ (ဖွား ပွင့် ဟော စံ) ထူးခြားလှတဲ့ ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့ဟု တကမ္ဘာလုံးက အသိအမှတ်ပြုပြီး ပွဲတော်များ ကျင်းပလျက်ရှိပါသည်ဘုရား။ ဘုရားတပည့်တော်မတို့ သီတဂူသာသနာပြုအဖွဲ့ကလည်း သီတဂူဓမ္မဗိမာန်တော် (ရန်ကုနု)မှာ ဗုဒ္ဓနေ့ ပူဇော်ပွဲအခမ်းအနားနဲ့ ညောင်ရေသွန်းလောင်းပွဲကို စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့တဲ့ အကြောင်းကိုတင်ပြ လျှောက်ထားခြင်း ဖြစ်ပါတယ်ဘုရား။
 
သီတဂူ ရုံးမှူး ဦးကျော်ရှိန် လျှောက်ထားစဉ်
ပထမပိုင်း အခမ်းအနား
                 ပူဇော်ပွဲအခမ်းအနားကို အပိုင်း(၂)ပိုင်းခွဲကာ ကျင်းပပြုလုပ်ခဲ့ပါတယ်ဘုရား။
နေရာ။ ။ပထမပိုင်း အစီအစဉ်ကို သီတဂူဓမ္မဗိမာန် ကျောင်းအပေါ်ထပ် ဓမ္မသဘာ ဘုရားခန်းမှာ ကျင်းပပြုလုပ်ပါတယ်ဘုရား။
အစီအစဉ်။     ။
(၁) ရှေးဦးစွာ နမောတဿ (၃)ကြိမ်ရွတ်ဆိုပူဇော်ကြကာ  အခမ်းအနုားကို ဖွင့်လှစ်ခြင်း။
 (၂) ဒေါက်တာ အရှင်အဂ္ဂဓမ္မ ထံမှ ရှစ်ပါးသီလဆောက် တည်ကြပါတယ်ဘုရား၊
 (၃) ရုံးအဖွဲ့မှုး သီတဂူ ဦးကျော်ရှိန်မှ ဒီပူဇော်ပွဲအခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို တင်ပြလျှောက်ထားပါတယ်။ ဒီအခမ်းအနား ကို သီတဂူဆရာတော်ဘုရားက ရန်ကုန်မှာ ကျင်းပစေချင်ကြောင်း  ဒေါက်တာ အရှင်သုန္ဒရနှင့် ဒေါက်တာ အရှင်ပညာသီဟာလင်္ကာရ  တို့ကို မိန့်မှာသွားခဲ့တာကိုလဲ လျှောက်ထားပြောကြားသွားပါတယ်ဘုရား၊                     
                                                        
ယနေ့ ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ သီတဂူ ဆရာတော်ဘုရားကလဲ အမေရိကန်နိုင်ငံ၊ ကုလသမဂ္ဂအဖွဲ့ချုပ် (U.N ) ခန်းမအတွင်းမှာ မြတ်ဗုဒ္ဓအကြောင်းကို ကမ္ဘာက သိအောင် ဟောပြော၍ သာသနာပြု လျှက်ရှိပါတယ်၊ သီတဂူမှ ရဟန်းတွေကလဲ အိန္ဒိယနိုင်ငံ၊  ထိုင်းနိုင်ငံတွေမှာပါ ကျင်းပတဲ့ ဗုဒ္ဓနေ့ အခမ်းအနားတွေကို နိင်ငံတော်ကိုယ်စား တက်ရောက် သာသနာပြုနေကြပါတယ်ဘုရား။ အဲလို ရဟန်းသံဃာတွေကလဲ မိမိဒကာ/မတွေကို မသိသေးရင်လဲသိအောင် သိပြီးလျှင်လဲ တိုးပွားအောင် ဗုဒ္ဓကိုဗုဒ္ဓမှန်း၊ ဓမ္မကို ဓမ္မမှန်း၊ သံဃာကို သံဃာမှန်း သိအောင် ကောင်းမှု့ကိုညွန်ပြ မကောင်းမှု့ကို ရှောင်ဖို့ ဆုံးမပြီး သာသနာပြုနေကြသလို မိဘတွေကလဲ အိမ်တွင်းမှာ သားသမီးတွေကို ပြန်လည်ပြောဆို ဆုံးမရင်းနဲ့ အိမ်တွင်းသာသနာပြု လုပ်လေးကိုပါ လုပ်ကြဖို့ တိုက်တွန်းကြောင်း ပြောကြားလျှောက်ထားပါတယ်ဘုရား၊ (ခရစ်တော်ရဲ့ မွေးနေ့ ခရစ်စမတ် နေ့တွေကိုသာ ယနေ့ လူငယ်တော်တော် များများက သိကြပေမဲ့ ကိုယ့်ဗုဒ္ဓနေ့  ကိုတော့သိသူ အလွန်နဲပါးကြောင်းလေးကိုပါ ပြောကြားသွားပါတယ်၊)
 (၄) သီတဂူ အတွင်းရေးမှူး အဘဟန်က ကဆုန်လပြည့်ဗုဒ္ဓနေ့ အကြောင်းလေးနဲ့ ဗုဒ္ဓဘာသာအား ကမ္ဘာ့အမွန်မြတ်ဆုံး ဘာသာအဖြစ် အသိအမှတ်ပြုခံရခြင်းအကြောင်းလေးကိုပါ ၀မ်းမြောက်စွာ လျှောက်ထားတင်ပြခဲ့ပါတယ်ဘုရား၊ အဘဟန် လျှောက်ထားပြောကြားသွာတာကတော့-                      
‘‘၂၀၀၉ ခုနှစ် ဇူလိုင်လ(၁၅)ရက်နေ့တွင် ဂျီနီဗာမြို့ အခြေစိုက်သော နိုင်ငံတကာ ဘာသာပေါင်းစုံ မဟာမိတ် ဖြစ်ပေါ်တိုးတက်ရေးအသင်းကြီး (ICARUS)က နိုင်ငံတကာမှ ဘာသာရေး ဦီးဆောင်မှု့ပြုသူများအား ဖိတ်ကြား၍ မိမိတို့ ကိုးကွယ်ရာ ဘာသာအကြောင်း ဆွေးနွေးစေခဲ့သည်။ ထို့နောက် ဆွေးနွေးခဲ့သည့် ကိုးကွယ်ရာဘာသာအသီးသီးမှ ကမ္ဘာ့အမွန်မြတ်ဆုံးဘာသာကို မဲပေး၍ ရွေးချယ်စေခဲ့ကြပါတယ်။
 ထိုဆွေးနွေးပွဲကြီးသို့ ကမ္ဘာအရပ်ရပ်မှ ဘာသာရေးခေါင်းဆောင် (၂၀၀)ကျော် တက်ရောက်ခဲ့ပါတယ်။ ထို (ICARUS ) အသင်းကြီး ဆွေးနွေးပွဲတွင် ဗုဒ္ဓဘာသာဝင် အရေအတွက်မှာ မဖြစ်စလောက် အနည်းငယ်သာ ပါဝင် နိုင်ခဲ့ပါတယ်။
 သို့သော် စာပွဲဝိုင်းဆွေးနွေးပွဲ ပြီးနောက် ကမ္ဘာ့ အမွန်မြတ်ဆုံး ကိုးကွယ်ရာဘာသာကို မဲပေးဆုံးဖြတ်ကြရာတွင် မယုံကြည်နိုင်လောက်အောင်ပင် ဗုဒ္ဓဘာသာက ကမ္ဘာတွင် အမွန်မြတ်ဆုံး ကိုးကွယ်ရာဘာသာအဖြစ် မဲဆန္ဒပေးခြင်းခံရပါတယ်ဘုရား။ အခြားအခြားသော ဘာသာရေးခေါင်းဆောင်များသည် မိမိတို့ ကိုးကွယ်ရာဘာသာကို မဲဆန္ဒ မပေးဘဲ ဗုဒ္ဓဘာသာကိုပဲ မဲဆန္ဒပေးခြင်း ဖြစ်ပါသည်ဘုရား။ ဤသို့ မဲဆန္ဒပြုရခြင်းနှင့် ပတ်သက်၍ ဘာသာရေးခေါင်းဆောင်များ၏ ဝေဖန်သုံးသပ်မှု့မှာ စိတ်ဝင်စားဖွယ်ကောင်းလှပါသည်ဘုရား။
သူတို့အားလုံးရဲ့ ဗုဒ္ဓဘာသာကိုမြင်တဲ့ အမြင်တွေက အတူတူပဲလေ  သူတို့ဘာသာတွေမှာ ဘာသာရေး စစ်ပွဲတွေဖြစ်ကြ၊ လူအချင်းချင်း သတ်ဖြတ်ကြ၊ အမှားတစ်ခုလုပ်ရင် တိုက်ဖို့ခိုက်ဖို့ လက်နက်တွေ အသင့်ပြင်ထားကြ၊ လူတွေ အချင်းချင်းဘာသာရေးကို အခြေခံပြီး သွေးမြေကျမှုတွေ၊ ဒေါသအာဃာတတွေ ရှိကြတယ်ဆိုတာ တွေ့ကြရတယ် ၊ ဗုဒ္ဓဘာသာမှာတော့ ဘာသာရေးစစ်ပွဲတွေကို မတွေ့ကြရဘဲ ငြိမ်းချမ်းရေး လမ်းစဉ်တွေကို ဗုဒ္ဓဘာသာဝင်တွေအားလုံး လိုက်နာ ကျင့်သုံး နေကြောင်းထုတ်ဖေါ် ပြောကြတယ်ဆိုတာ ကိုပါ ထဲ့သွင်းလျှောက် ထားသွားပါတယ်ဘုရား၊
ဒါကြောင့် တပည့်တော်တို့တွေလဲ ကိုယ်ကို ကို ဗုဒ္ဓဘာသာ ကိုးကွယ်သော နိုင်ငံနဲ့ ဗုဒ္ဓဘာသာကို လေးစားကြည်ညိုပြီး တကယ့်ဗုဒ္ဓဘာသာဝင်ကောင်း ဖြစ်အောင် ကိုးကွယ် ကျင့်ကြံသော မိဘတွေရဲ့ ၀မ်းထဲ ၀င်စားရတာ ဂုဏ်ယူစရာ ကောင်းပြီး ရခဲသောလူ့ဘ၀လေးမှာ မိရိုးဖလာ ကိုးကွယ်ရာ အဖြစ်မကိုးကွယ်ဘဲ၊ တကယ့် ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်ဖြစ်အောင် အခုထက်ပိုပြီး ကျင့်ကြံ အားထုတ်မယ်လို့ သန္နိဋ္ဌာန်ချနေမိ ပါတယ် ဘုရား။
(၅) ထို့နောက် အလှုရှင်များက လှုဖွယ် ပစ္စည်းများကို ဆက်ကပ်လှုဒါန်း ကြပြီး ရေစက်ချတရားကိုနားကြား ကုသိုလ်အစုစုကို အမျှဝေကာ ပထမပိုင်း အခမ်အနားကို သီတဂူအဓိဌာန် ဖြင့် သံပြိုင် ရွတ်ဆိုကာ ရုပ်သိမ်း ခဲ့ကြပါတယ်ဘုရား။
 
သီတဂူအတွင်းရေး ဦးဟန် လျှောက်ထားစဉ်
ဒုတိယပိုင်း အခမ်းအနား
 ဒုတိယပိုင်း အစီစဉ်ကိုတော့ သီတဂူဗိမာန်ရှေ့တွင် သီတဂူသာသနာပြုဗိမာန် အောင်ပွဲ အထိမ်းအမှတ်အဖြစ် စိုက်ပျိုး ပူဇော်ထားသော ဘုရားရှင် ရုပ်ပွားတော်နှင့် ဗောဓိညောင်ပင်တော်တို့ကို ရေသပ္ပါယ်ခြင်း အခမ်းအနားကို ကျင်းပကြပါတယ်ဘုရား။ တက္ကသိုလ်ရှိ သံဃာတော်များက  ဇယန္တော ဗောဓိယာ မူလေ ဂါတာကို (၃)ခေါက်ရွတ်ဆို ပူဇော်စဉ် သီတဂူသာသနာပြု အဖွဲ့ဝင်များနှင့် အလှု့ရှင်များက မြတ်စွာဘုရား အားရေသပ္ပါယ်ခြင်း၊ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်း ပူဇော်ကြပါတယ်ဘုရား။
 ထိုနောက် သံဃာတော်များကို နေ့ဆွမ်းဆက်ကပ် လှုဒါန်းကြပြီး ဧည့်ပရိသတ်များကို မြန်မာဘူဖေးစံနစ်ဖြင့် တည်ခင်း ကျွေးမွေးကြပါတယ်ဘုရား။
 ဘုန်းဘုန်းဘုရား တပည့်တော် မှတ်မိထားသလောက်လေးကို လျှောက်ထားတင်ပြပေးတာပါဘုရား၊ အမှားတွေပါရင်လဲ သီးခံပေးပြီး ပြင်ဆင်ပေးပါလို့  ရိုသေစွာလျှောက်ထားပါသည်ဘုရား။
 ဘုန်းဘုနုးလဲ ကျန်းမာ ချမ်းသာစွာနဲ့ သာသနာ့တာဝန်တွေကို ဆက်လက်ထမ်းဆောင်နိုင်ပါစေလို့ တပည့်တော် ဆုတောင်း မေတ္တာပို့လိုက်ပါတယ်ဘုရား၊
                  သီတဂူစန်းလပမာ ချမ်းမြသာယာရှိပါစေ၊
 ပန်းစပယ်(လှဆန်းယဉ်)

 
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၉-၅-၂၀၁၁

14 May 2011

နို့နှစ်လုံးဖိုးကျေသူများ


စာမိတ်ဆက်
တနေ့က မနက် ၃ နာရီမှ အိပ်ဖြစ်တယ်၊ ဘုံဘေရောက်ကာမှ အိပ်ချိန်တွေ ပြောင်းပြန်ဖြစ်နေတယ်။ ပူနေးမှာ ကျောင်းတက်စဉ်ကတော့ မြန်မာပြည်မှာတုန်းကလို ပုံမှန် အလုပ်လုပ်၊ စားချိန် အိပ်ချိန် မှန်လေ့ရှိတယ်၊ အထူးသဖြင့် အိပ်ချိန် သိပ်မှန်တာ၊ pppppp။ အိန္ဒိယသည် မြန်မာပြည်ထက် ၁ နာရီမျှသာ နောက်ကျသည်။ ဘုံဘေမြို့မှာ ရာသီဥတုက ပူတော့ အိပ်မပျော်တာလဲပါသည်။ အဲနေ့ည နို့နှစ်လုံးဖိုးကျေပါစေ ဆိုတဲ့ဇာတ်ကား အစအဆုံး ကြည့်ဖြစ်လိုက်တယ်။ အစပိုင်း ရယ်စရာ ဟာသတွေနဲ့ ဖွဲ့စည်းထားပေမဲ့ နောက်ပိုင်း ဘိုးတော် ဘွားတော်ကို ကိုးကွယ်မှုနှင့် နတ်လမ်းဓာတ်လမ်းကို လျှောက်နေကြသော မိဘများကို ၀ိပဿနာလမ်း ရတနာသုံးပါး လမ်းမှန်သို့ ရောက်အောင် ဟာသနှောကာ ပို့ပေးတဲ့ အကောင်းဆုံး မိဘကျေးဇူးဆပ်နည်း ဇာတ်ကားကောင်း တစ်ခုဖြစ်ပါသည်။
နိုင်းနိုင်းနှင့် ပန်းဖြူ သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်၊ နိုင်းနိုင်း ပြောတဲ့ မိစ္ဆာဒိဋ္ဌိ ၆၂ ပါးကို သမ္မာဒိဋ္ဌိ ၆၂ ပါးဟူ၍၎င်း ကိလေသာ ၁၀ ပါးကို ၈ ပါးဟု မှား ပြောလိုက်မိခြင်းကလွဲ၍၎င်း အားလုံးကောင်းသည်။ ချစ်သူ ရီးစားစကား ပြောတာသည်ပင် ဓာတ်သံ ပရမတ်သံတွေ ပါနေသဖြင့် ပညာပေး ဟာသဇာတ်ကားကောင်း တစ်ခု ဖြစ်၍ မိဘ ကျေးဇူးအထူးဆပ်လိုသူများ ကြည့်သင့်ပါကြောင်း မိတ်ဆက်လိုက်ပါသည်။
မိဘကျေးဇူး ကြီးမားပုံ ရေးဖွဲ့ထားသည့် စာပေ များစွာရှိပါသည်။ စာရေးသူကိုယ်တိုင်ပင် မိဘကျေးဇူးအကြောင်း ပို့စ်တစ်ခု တင်ခဲ့ဖူးသေးသည်၊ မမှတ်မိတော့ပါ။ သို့ပေမဲ့ ကိုယ်ကိုယ်တိုင်ကလဲ အဖေကို ကောင်းကောင်း မမှတ်မိလိုက်၊ ရှိနေသော အမေအိုတစ်ယောက်ကိုလည်း ယနေ့အချိန်ထိ ကောင်းကောင်း မပြုစုနိုင်ခဲ့သေး။ ထို့ကြောင့် မိဘကျေးဇူးနှင့်ပတ်သက်တာလေးတွေ ရေးချင်စိတ်ဖြစ်မိသည်။ မိဘကျေးဇူးကို အမွှန်းတင်လွန်းပြီး ဘုရားရှင်တောင်မှ အမေ့နို့နှစ်လုံးဖိုး မကြေဟု ပြောကြ ရေးနေကြသည်ကိုလည်း တွေ့နေရသည်။ အမွန်းတင်ခြင်းက မမှားပေမဲ့ အစွန်းရောက်သွားရင် ဘယ်ဟာမဆို မှားနိုင်သည်။
မိဘကျေးဇူးကြီးမားခြင်း
အင်္ဂုတ္တိုရ်ပါဠိတော်တွင် ‘‘ဗြဟ္မာတိ မာတာပိတရော ပုဗ္ဗာစရိယာတိ ၀ုစ္စရေ’’ ဟု အဆိုရှိသည်။ ဆိုလိုသည်မှာ- အမေနှင့် အဖေသည် ---
(၁) ဗြဟ္မာကြီးနှင့်တူ၏၊ ဗြဟ္မာကြီးများသည် မေတ္တာ,ကရုဏာ, မုဒိတာ, ဥပေက္ခာ ဟိုဆိုအပ်သော သူတော်ကောင်းတို့၏ အကျင့်မြတ် ၄ ပါးဖြင့် နေကြသည်။ အမေနှင့် အဖေ ၂ ယောက်တို့၏ နှလုံးသားထဲတွင်လည်း သားသမီးတို့ အပေါ် ထို ၄ပါးလုံး အကြွင်းအကျန်မရှိ တည်ရှိနေသည့်အတွက်ကြောင့် ဗြဟ္မာကြီးများ ဖြစ်ကြသည်။ မေတ္တာသုတ် ပွားရာသည်ပင် လောကကြီးကို အမေ့မေတ္တာမျိုးထား ပွားရမည် (မာတာ ယထာ နိယံပုတ္တ, မာယုသာ ဧကပုတ္တ မနုရက္ခေ) ဟုပင် ဆိုထားသည်။ အမေသည် တစ်ဦးတည်းသော သားကို အသက်ဖြင့် ပေးဆပ်၍ပင် စောင့်ရှောက်သည်။ ထိုမေတ္တာမျိုးသည် လူသားပင်မဟုတ် တိရစ္ဆာန်များသည်လည်း ရှိကြသည်။ ထိုသို့သော ကြီးမားသော မေတ္တာကြောင့် နီရဲသော သွေးသည်ပင် သားသမီးအတွက် ဖြူဖွေးသော နို့ရည် ဖြစ်လာရသည်။
(၂) လက်ဦးဆရာများ ဖြစ်ကြသည့် အမေ အဖေတို့သည် မိမိ ရင်သွေးငယ်ကလေးများကို ထိုသို့ အသက်ပေးကာ မေတ္တာဖြင့်စောင့်ရှောက်ရုံသာမက လူတစ်လုံး သူတစ်လုံးဖြစ်အောင် အတတ်ပညာများ သင်ပေးရသည်။ ရှေးဦးစွာ ထနိုင်အောင် လမ်းလျှောက်နိုင်အောင် စားနိုင်အောင် ပြောနိုင်အောင် သင်ပေးကြသည်။ ဒါက အဖေ, ဒါက အမေ, သူကကတော့ ဦးလေးလို့ခေါ်တယ်ကွဲ့ ဟိုဟာကတော့ ဦးကြီး ဒေါ်လေး အကို အမ လို့ ခေါ်ရသည်ဟု စသည်ဖြင့် ခေါ်တတ်အောင် ပြောတတ်အောင် သင်ပေးကြသည်။ ပညာသင်ချိန်ရောက်တော့ ပညာသင်ပေးရသည်၊ အိမ်ထောင်တစ်ခု တည်ထောင်နိုင်သည်အထိ ပါဝင်ကြရသည်၊ ထို့ပြင် စီးပွားရေးကအစ ဖန်တီးပေးကြရသည် ဟူ၍ ပြော၍ ရေး၍ မကုန်နိုင်လောက်အောင် များပြားသော မေတ္တာတွေ၊ တိုင်းတာလို့ မရသော ကြီးမားသော မေတ္တာတွေ ပေးကြသည့်အတွက် မိဘများသည် လက်ဦးဆရာများ ဖြစ်ကြသည်။ ထို့ကြောင့် မိဘတို့သည် အာဟုနေယျ- သားသမီးတို့၏ အပူဇော်ခံထိုက်သော အလှူခံထိုက်သော ပုဂ္ဂိုလ်များ ဖြစ်ကြသည့် အားလျော်စွာ ပူဇော်ကြပါ အရိုသေပေးကြပါ၊ နမေဿယျ- ရှိခိုးကြပါဟူသတည်း။
ကျေးဇူး သိတတ်သူများ
ဘုရားရှင်က လောကမှာ သူတော်ကောင်း ဟူသည် ကျေးဇူးကို သိတတ်သူ (ကတညူ)နှင့် ကျေးဇူးကို ဆပ်သူ (ကတ ဝေဒီ) များဖြစ်ကြသည်။ မိဘများ၏ ကျေးဇူးကို မဆပ်နိုင်သေးစေကာမူ သိတတ်နေရင်ပဲ သူတော်ကောင်း ဖြစ်နေသည်။ ထို့ထက် တတ်နိုင်ပါက ထိုကျေးဇူးကို သိသည့်အတိုင်း ပြုသူဖြစ်က ပိုတော်သော သူတော်ကောင်း ဖြစ်သည်။ (သမစိတ္တ၀ဂ်၊ အင်္ဂုတ္တရနိကာယ)
ထိုသူတော်ကောင်းသည် မိဘကို ကျေးဇူးဆပ်မည်ဟု ဆုံးဖြတ်ချက်ချကာ အမေကို လက်ျာပုခုံးပေါ်မှာထား၊ အဖေကိုတော့ လက်ဝဲပုခုံးပေါ်မှာ တင်ထားပြီး အသက်ထက်ဆုံး ပြုစုသည်။ ထိုမိမိ ပုခုံးပေါ်မှာပဲ ခြေလက်သုပ်သင်သမှုပြု၊ ကျင်ကြီး ကျင်ငယ်စွန့်စေကာ၊ သက်တမ်းရှိသလောက် ပြုစုစေကာမူ မိဘကျေးဇူး မကျေနိုင်ဟု ဆိုသည်။ ဤကဲ့သို့ ဆပ်ပေမဲ့ အကျေ မဆပ်နိုင်စေကာမူ သူတော်ကောင်း တစ်ယောက်ဖြစ်သည်၊ ပညာရှိများ ချီးမွမ်းကြသည်၊ ပြုစု စောင့်ရှောက်လိုက်ရသဖြင့် စိတ်၏ ကြည်လင် အေးချမ်းခြင်းကို ရသည်၊ နတ်ပြည် နတ်ရွာ ရောက်နိုင်သည်။
ဤနေရာတွင် စကားစပ်၍ အမေနှင့် အဖေ၊ အဖေနှင့် အမေဟူ၍ အသုံးအနှုံးရှိကြသည်၊ အများစုကတော့ အဖေ အမေဟု အဖေကို ရှေ့ကထား ဆိုပေမဲ့ ပါဠိသဒ္ဒါကျမ်းတွေမှာ မာတာပိတု၊ မာတာပိတရော (မာတာ စ ပိတာ စ) ဟု အမေက ဂုဏ်ရည်အားဖြင့် ပိုမြတ်သဖြင့် ရှေ့ကထားရသည်ဟု ဆိုသည်။
နို့နှစ်လုံးဖိုးကျေသူများ
ဘယ်ပုံဘယ်နည်းဖြင့် ဆပ်က မိဘ ကျေးဇူး ကျေနိုင်မည်နည်း?
(၁) သဒ္ဓါတရားမရှိသူကို သဒ္ဓါတရား ရှိလာအောင် ပြုစုပေးခြင်း။ ကျောင်းကန် ဘုရား မသွားနိုင်သော မိဘများကို ရောက်အောင် ပို့ပေးခြင်း၊ သူတော်ကောင်းတရားများ နာယူနိုင်အောင် ဆောင်ရွက်ပေးခြင်း ဘုရားတရား သံဃာနှင့်ဝေးနေသော မိဘများကို နီးစပ်အောင် ဖန်တီးပေးခြင်း စသည့် သူတော်ကောင်း အလုပ်များ လုပ်နိုင်အောင် ဖန်တီးပေးခြင်းတို့ဖြစ်သည်။
သာသနာဝယ် ဘုရားရှင် အားကိုးရဆုံးသော တပည့်ကြီး ပထမအဂ္ဂသာဝက အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည် ပရိနိဗ္ဗာန်စံခါနီး မိဘကျေးဇူးဆပ်လိုသည်။ သူ၏ ကျေးဇူးကြောင့် ဘာသာခြားအယူဝါဒများ လွမ်းမိုးခံရသော ညီအမများဖြစ်သော စာလာ ဥပစာလာ သီသူပစာ ညီမသုံးယောက်၊ ညီတော်များ ဖြစ်သော စုန္ဒနှင့် ရေ၀တတို့ အားလုံးကို သာသနာ့ဘောင် ရောက်အောင် ဆွဲခေါ်ယူနိုင်ပြီး ရဟန္တာပုဂ္ဂိုလ်ကြီးများ ဖြစ်စေနိုင်ခဲ့သည်။ နောက်ဆုံးကျန်ရှိသူမှာ မိခင်ကြီးဖြစ်သည်။ သားသမီးများကို ဆွဲခေါ်သွားသော သားဖြစ်သူ အရှင်သာရိပုတ္တရာ အား အမျက်မပြေသေးဘဲ ရှိနေသေးသည်။ သို့သော်လည်း မထေရ်ကြီးသည် မိခင်ကြီးကို ကျေးဇူးဆပ်လိုလှသည်ဖြစ်၍ နောက်ဆုံး မိမိ ပရိနိဗ္ဗာန်ပြုမည့် အချိန်ကလေးမှာပင် မယ်တော်ကြီးအား ဘာသာခြားအယူမှ ရတနာသုံးပါး ကြည်ညိုတတ်သော ဥပါသိကာမကြီး ဖြစ်အောင် အားထုတ်နိုင်ခဲ့ပြီး နောက်ဆုံး အပါယ်ဘုံဘ၀မှ လုံးဝလွတ် သောတာပန်ဘ၀သို့ရောက်အောင် ပို့နိုင်သဖြင့် အမေ့နိုးဖိုး အကျေဆပ်နိုင်ခဲ့သည်။
တောင်မြို့ဂန္ဓာရုံဆရာတော်ကြီး၏ တပည့်များဖြစ်သော မဟာနာယကဆရာတော်ကြီးတစ်ပါးသည် မိမိ၏ မယ်တော်ကြီး ကျောင်းမှာခေါ်ထားပြီး ပြုစုသည်၊ သီတဂူဆရာတော်ကြီးသည် မိမိမယ်တော်ကြီးကို စစ်ကိုင်းမှာ ခြံနှင့်အိမ်တစ်လုံးတို့ကို ပေးကာ အနီးအနားမှာ ခေါ်၍ပြုစုခြင်းပင်ဖြစ်သည်။
ထိုနည်းတူစွာ မလုပ်နိုင်ပေမဲ့ ရဟန်းတော်များသည် ရဟန်းဘ၀မှာ ကောင်းကောင်း နေပြခြင်းဖြင့် မိဘအား အလိုလို ကျေးဇူးဆပ်ရာ ရောက်သည်။ မိမိသားရဟန်းကို အကြောင်းပြုပြီး ရဟန်းခမည်းတော် မယ်တော် ဆိုသည့် ဂုဏ်ပုဒ်နှင့် အညီ နေပြကြရသည့်အတွက် ကောင်းရာကောင်းကြောင်းများ လုပ်ဖြစ်သည်၊ မကောင်းသော အလုပ်ဟု သက်မှတ်ထားသော အမှုများကိုလည်း ရှောင်ကျဉ်ဖြစ်သည်။
(၂) ပညာနဲသော မိဘများကို ပညာ အသိပညာများ ရရှိအောင် သူတော်ကောင်းတရားများကို များများ နားယူနိုင်အောင် ဖန်တီးပေးခြင်း၊ မုဓပ္ပသန္န-အကျိုးမဲ့တွေ ယုံကြည်နေကြသော၊ နတ်လမ်း ဓာတ်လမ်းတွေကို ယုံကြည်နေကြသော မိဘများကို အသိပညာများ ပေးခြင်းဖြင့် ကျေးဇူးဆပ်နိုင်သည်။
ဘုရားရှင်သည် မွေးဖွားပြီး ၇ ရက်မှာ နတ်ရွာစံသွားသော မယ်တော် မာယာဒေ၀ီမှ သန္တုသိတ နတ်သားဖြစ်သော မယ်တော်ကို အဘိဓမ္မာတရားတော်များ ဟောကြားခြင်းဖြင့် သောတာပန်တည်စေပြီး ကျေးဇူးတရား အကျေဆပ်နိုင်ခဲ့သည်။
(၃) သီလမရှိသော မိဘများ သီလရှိလာအောင်၊ ဥပုသ်သီတင်းများ ဆောက်တည်နိုင်အောင် ဖန်တီးပေးခြင်းဖြင့် ကျေးဇူးဆပ်နိုင်သည်။ သီလယူနေကျ မိဘများကို မပင်မပန်းဆောက်တည်နိုင်စေရန် ဖန်တီးပေးခြင်းဖြင့်လည်း ဆပ်နိုင်သည်။
(၄) စွန့်ကြဲပေးကမ်းမှု နဲနေသော၊ မစ္ဆရိယတရား အလွန်များနေသော မိဘများကို လှူတတ် ပေးတတ် ကမ်းတတ် စွန့်ကြဲတတ်အောင် နည်းလမ်းအမျိုမျိုးပေး၍ ဖန်တီပေးခြင်းဖြင့် ကျေးဇူးဆပ်နိုင်သည်။ ဤသို့အားဖြင့် သူတော်ကောင်းတရားများ နှလုံးသားဝယ် တည်နိုင်အောင် ဆောင်ရွက်ပေးခြင်းဖြင့် မိဘကျေးဇူးများ ဆပ်နိုင်ပါသည်။
ဘုရားရှင်တောင် နို့တစ်လုံးဖိုး ကျေ မကျေ ပြဿနာ
ဘုရားရှင်က အမေ့ကျေးဇူးဆပ်နည်းတွေတော့ ဟောထားတယ် သူကိုယ်တိုင်က အမေ့နို့ဖိုး တစ်လုံးတောင် အကျေမဆပ်နိုင်ခဲ့ဟု စာထဲမှာ ဖတ်ရပါသည်ဘုရား၊ အဲဒါ ဟုတ်ပါသလားဘုရားဟု လူငယ်တစ်ယောက်က စာရေးသူအား မေးဖူးသည်။ လွန်ခဲ့သော ၂ လကျော်လောက်က ဖြစ်ပါသည်။ အိန္ဒိယပြန်သွားဖို့ ပြင်ဆင်နေရချိန်ဖြစ်၍ ပြန်မဖြေလိုက်မိခဲ့။ ထိုဇာတ်ကားလေး ကြည့်လိုက်မှ ထိုအဖြေပေးဖို့ သတိပြန်ရလာသည်။
အမေရင်းဖြစ်သူ သန္တုသိတ နတ်သားအား အဘိဓမ္မာတရားများ ဟောကြားခြင်းဖြင့် အပါယ်တံခါးပိတ်စေပြီး ထိုမှ အဆင့်ဆင့် အထက်မဂ်ဖိုလ်များ ရသွားနိုင်ပြီး ဘ၀ဒုက္ခ သံသရာဆင်းရဲမှ လွတ်စေနိုင်သည်ဖြစ်ရကား အမေ့နို့ဖိုး လုံးဝအကျေ ဆပ်နိုင်ခဲ့ပါသည်။
ဘုရားလောင်းကို မွေးဖွားပြီး ၇ရက်အကြာ ဘုရားလောင်း၏ မယ်တော်ရင်း နတ်ရွာစံပြီးချိန်က စပြီး နို့ချိုတိုက်ကျွေး ကျွေးမွေးစောင့်ရှောက်ခဲ့သော အဒေါ်ဖြစ်သူ မိထွေးတော် ဂေါတမီကိုလည်း ဘုရားရှင်သည် ကျေးဇူးများကို အကျေဆပ်နိုင်ခဲ့သည်။ မိထွေးတော်ဂေါတမီ ပရိနိဗ္ဗာန်မပြုမီ သားတော်ဘုရားအား နောက်ဆုံးလျှောက်ထားသော စကားများကလည်း စိတ်ဝင်စားစရာကောင်းပါသည်။ 
ရဟန္တာ (ကျား) များ ပရိနိဗ္ဗာန်ပြုခါနီး ဂါထာများဖြင့် လျှောက်ထားသော စကားများကို ထေရအပါဒါန်ဟု ခေါ်သည်၊ ရဟန္တာ (မ) များ လျှောက်ထားသော ဂါထားများကိုတော့ ထေရီအပါဒါန်ဟု ခေါ်သည်။
ထိုထေရီအပါဒါန်တွင် မိထွေးတော်ဂေါတမီက ဤကဲ့သို့အောက်ပါအတိုင်း လျှောက်ထားသည်ကို တွေ့ရပါသည်။
  အဟံ သုဂတ တေ မာတာ၊ တွဉ္စ ၀ီရ ပိတာ မမ။
  သဒ္ဓမ္မသုခဒ နာထ၊ တယာ ဇာတာမှိ ဂေါတမ။
  သံဝဒ်္ဓိတောယံ သုဂတ၊ ရူပကာယော မယာ တ၀။
“မြတ်စွာဘုရား … အရှင်ဘုရားကို တပည့်တော်က သဘာဝ (လောက) နို့ရည် တိုက်ကျွေးခြင်းဖြင့် အရှင်ဘုရားရဲ့ ရုပ်ခန္ဓာ ကြီးထွားလာအောင် မွေးမြူခဲ့ရတဲ့အတွက် တပည့်တော်မဟာ အရှင်ဘုရားရဲ့ မိခင် ဖြစ်ပါတယ် ဘုရား။”
 အနိန်္ဒိတော ဓမ္မကာယော မမ သံဝဒ်္ဓိတော တယာ။
 မုဟုတ်္တံ တဏှာသမဏံ၊ ခီရံ တွံ ပါယိတော မယာ။
 တယာဟံ သန္တမစ္စန္တံ၊ ဓမ္မခီရဥှိ ပါယိတာ။
“တပည့်တော်ကို အရှင်ဘုရားက တရားနို့ရည် (ဓမ္မ ခီရ) တိုက်ကျွေးခြင်းဖြင့် တပည့်တော်မရဲ့ အေးချမ်း တည်ငြိမ်သော တရားကိုယ်ထည် (ဓမ္မကာယ) ကြီးထွားလာအောင် မွေးမြူခဲ့ရတဲ့အတွက်ကြောင့် အရှင်ဘုရားဟာ တပည့်တော်ရဲ့ ဖခင် ဖြစ်ပါတယ် ဘုရား။”
 ဗန္ဓနာရက္ခနေ မယှံ၊ အဏဏော တွံ မဟာမုနေ။
ပုတ္တကာမာ ထိယော ယာစံ၊ လဘန်္တိ တာဒိသံ သုတံ။
“အရှင်ဘုရားဟာ တပည့်တော်ကို ကိလေသာအနှောင်အဖွဲ့အားလုံးမှ လွတ်မြောက်အောင် စောင့်ရှောက်ကယ်တင်နိုင်ခဲ့တဲ့အတွက်ကြောင့် (ဗန္ဓနာရက္ခနေ) တပည့်တော်အပေါ်မှာ အရှင်ဘုရားနို့ဖိုးကြွေး (အဏဏော) လုံးဝမကျန်တော့ပါဘုရား။ မိခင်ရဲ့ နို့နှစ်လုံးဖိုး လုံးဝအကျေ ဆပ်နိုင်ခဲ့ပြီးပါပြီဘုရား။”

ထိုဇာတ်ကားလင့်ခ် (http://www.youtube.com/watch?v=B2UGZIUE3N8&feature=related) အပိုင်း (၁-မှ-၁၂ ထိ) ရှိသည်ထင်သည်၊ ယခုအခါ အပိုင်း ၁ ကိုဖွင့်ကြည့်တာနဲ့ ကျန်လင့်များ ပေါ်လာပါလိမ့်မည်၊ မြန်မာပြည် တွင် youtube ဖွင့်မရ၊ လိုင်းမကောင်းသဖြင့် ကြည့်ရလိမ့်မည် မထင်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၃-၅-၂၀၁၁

08 May 2011

သီတဂူမေတ္တာကရုဏာ (ရန်ကုန်)




သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့မှ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ (D.Litt) (Ph.D)သည် နာရေးကူညီမှု၊ ဆေးကူညီမှု၊ ပညာရေးကဏ္ဍများကို စဉ်ဆက်မပျက် ပေးဆပ်လျှက်ရှိသော နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် ရုပ်ကလပ် (အလောင်း) အားပြင်ဆင်ထားရှိချိန်တွင် အသုံးပြုထားရှိရန်အတွက် လေအေး စနစ်သုံး လက်တွန်းလှည်း ၄ စီးကို လှူဒါန်းပေးခဲ့ပါသည်။



ယင်း လေအေးစနစ်သုံး လက်တွန်း လှည်းအား ဘဝနတ်ထံပျံလွန်တော်မူသွားသော ဆရာတော် သံဃာတော်များနှင့် ဘဝတပါးသို့ ကူးပြောင်းသွားသော လူပုဂ္ဂိုလ်များအတွက် ဘုန်းတော်ကြီးကျောင်းများ နှင့် နေအိမ်များ၌ ခေတ္တခဏထားရှိနိုင်ရန် ကူညီဖေးမပေးနိုင်တော့မည် ဖြစ်ပါသည်။

ယင်း လှူဒါန်းပွဲတွင် သီတဂူဆရာတော်ကြီးမှထပ်မံ၍ နာရေးကူညီမှုအသင်း(ရန်ကုန်)၏  သုခ ကုသိုလ်ဖြစ်ဆေးခန်း(ရန်ကုန်)အတွက် ဆေးရုံသုံးပစ္စည်းကိရိယာများ၊ အရေးပေါ်ကယ်ဆယ်ရေးတွင် အသုံးပြုရသည့် အောက်ဆီဂျင်အိုးလွယ်သိုင်းများ၊ ကျောပိုးများ အပါအဝင် အရေးပေါ်လူနာတင် မော်တော်ယာဉ် (Ambulance) TOYOTA အမျိုးအစား ကားတစီးတို့ကို သဒ္ဓါတရား ကြည်လင်စွာ အများပြည်သူတို့အတွက် မေတ္တာ၊ ကရုဏာထားရှိကာ နာရေးကူညီမှုအသင်း(ရန်ကုန်)အား ၆.၅.၂၀၁၁ (သောကြာ) နေ့တွင် လှူဒါန်းမှုကို ပြုလုပ်ခဲ့ပါသည်။ လှူဒါန်းမှု အခမ်းအနား ကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) တွင် ပြုလုပ်သည်ဟု သိရသည်။

 ဤနေရာမှ ကူးယူဖော်ပြသည်။


ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၈-၅-၂၀၁၁
 

03 May 2011

ဘုန်းဘုန်းထံ ပေးစာ (၁၀)


အခုတစ်ပတ်တော့ သီတဂူဆရာတော်ကြီးနှင့် တပည့်များက လူမှုရေးလုပ်ငန်းများတွင် တစ်ခုအပါဝင်ဖြစ်တဲ့ နာဂစ်ကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးပဲဖြစ်သည်။ လမ်းပန်းအသွားအလာ ခက်ခဲသဖြင့် မည်သူမျှ မရောက်သေးသော နာဂစ်ထိ ပြင်စလူဒေသသို့ ဆရာတော်ကြီးနှင့်အဖွဲ့ သွားရောက်ခဲ့ကြသည်၊ ထိုအတွေ့အကြုံများကို ကိုယ်တိုင်လိုက်ပါသွားသော ကျောင်းအမတစ်ယောက်၏ ပေးစာ (၁၀) ကို ကြည်ညိုသဒ္ဓါပွားနိုင်ရန် မျှဝေလိုက်ပါသည်။
သီတဂူစတား

ဘုန်းဘုန်း ဘုရား
  မင်္ဂလာပါ။ ကျန်းမာတော်မူပါစဘုရား၊ ဘုန်းဘုန်းကိုလျှောက်စရာလေး ရှိလို့ပါဘုရား။
သီတဂူသာသနာပြုအဖွဲ့ရဲ့ လူမှု့ရေး လုပ်ငန်းတစ်ခုဖြစ်တဲ့  ဒုက္ခရောက်နေသူတွေကို မေတ္တာ ကရုဏာအလှူတော်များအဖြစ် ပြုလုပ်ဆောင်ရွက်ခဲ့တာ ယနေ့အထိရောက်လာပါပြီဘုရား။ ဒီတခါ ၂၀၀၈ခုနှစ် မေလလဆန်းပိုင်းတုန်းက တိုက်ခဲ့တဲ့ နာဂ်စ်  မုန်တိုင်းကြောင့် တော်တော်လေးကိုခံရသော နေရာလေး ဖြစ်တဲ့ လပွတ္တာခရိုင် ပြင်စလူကျွန်းကို  ပြုပြင်တည်ဆောက်ရေး ကူညီပေးရန် သွားရောက်မဲ့ ခရီးစဉ်လေး အကြောင်းဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ထိုနေရာသို့ ပြန်လည်တည်ဆောက် လှူဒါန်းရေးလုပ်ငန်းများ အကောင်အထည်ဖော်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း မရောက်ဖြစ်ခဲ့ကြဘူးဘုရား၊  အခုတော့ ဒီနေရာလေးကို သွားပြီး  မုန်တိုင်းမှာ ကျန်ခဲ့တဲ့ ပြည်သူတွေဆီကို တည်ဆောက်ပြုပြင်ရေးတွေ လုပ်ဆောင်ပေးရန် သီတဂူ ဆရာတော်ကြီးနှင့်သီတဂူသာသနာပြုအဖွဲ့ဝင်တွေ၊ အလှု့ရှင်တွေက ကိုယ်တိုင်သွားရောက် လှူဒါန်းရန် ခရီးစတင်ခံပါတယ်ဘုရား။
ခရီးစဉ်များ
မတ်လ(၁၁)ရက်နေ့ နေ့လည်(၁၁)နာရီလောက် တွင် သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုဗိမာန် (ယခု သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ရန်ကုန်) တွင် ပြင်စလူခရီးစဉ်ကိုလိုက်ပါကြမဲ့ သူအားလုံးကို အလှု့ရှင်တစ်ဦးက ကြက်ဆီထမင်း ရေခဲမုန့်များနှင့် ဧည့်ခံကျွေးမွေးတာကို စားသောက်ပြီး နေ့လည်(၁)နာရီခန့် လောက်တွင် ကျောင်းမှစီစဉ်ပေးထားသော Express ကား(၂)စီးနှင့် အဖွဲ့ဝင် (၄၀) ဦးခန့်တို့သည်  ဆရာတော်ကြီးရဲ့ကား ဦးဆောင် မှု့ဖြင့်  ဧရာဝတီတိုင်း မော်ကျွန်းမြို့ သို့ ထွက်ခွာလာကြသည်ဘုရား၊ ဘုရင့်နောင်တံထားကိုဖြတ်ပြီး ညောင်တုန်း ဆားမလောက်မှ  မအူပင်မြို့ကို ဖြတ်ကာ မော်ကျွန်းသို့ ရာဇူတိုင်တံတား (၁/၂) တို့ကို ဖြတ်သန်းခဲ့ပြီး မော်ကျွန်းမြို့သို့ ညနေပိုင်း(၆)နာရီခန့် ရောက်ရှိခဲ့ပါတယ်၊ အရင်နှစ်ပေါင်းများစွာ မော်ကျွန်းသို့ သွားလျှင် ရေလမ်းခရီးကိုသာ အသုံးပြု၍သာ သွားကြရပါတယ်ဘုရား၊ အခုဒီနှစ်မှ စပြီး ကားလမ်းနှင့်ပါ အသုံးပြုသွားလာနိုင်သောကြောင့် လမ်းပန်းဆက်သွယ် ရေး အသင့် အတင့် အဆင်ပြေလာပါသည်လို့ ပြောရမှာပေါ့ဘုရား၊ ကားလမ်းကတော့  ကြမ်းသေးတယ်ဘုရား၊ တပည့်တော်တို့ကို မော်ကျွန်း ပစ္ဆိမာရုံကျောင်းဆရာတော်နဲ့ တိုက်အုပ်ဆရာတော် တို့က မော်ကျွန်း-ပြင်စလူ ခရီးစဉ်ကို ဆရာတော်ကြီးနဲ့တကွ လိုက်ပါလာတဲ့ တပည့်ဒကာ/မတွေ ၊ အလှု့ရှင်တွေအားလုံး အဆင်ပြေပြေ သွားနိုင်ရန် လိုလေသေးမရှိအောင် စီစဉ်ထားတာတွေကို မြင်တွေ့လိုက်ပါတယ်ဘုရား။

မိုးထဲ လေထဲ
တပည့်တော်တို့ ရန်ကုန်မှ မထွက်ခွာမှီ ရန်ကုန်မှာ အချိန်အခါမဲ့ မိုးတွေရွာချ လေပြင်းတွေတိုက်နဲ့မို့  ဆရာတော့်ကို မိုးလေ၀သဌာနမှ တပည့်တစ်ဦးက ဒီခရီးစဉ်လေးကို မသွားသင့်ကြောင်း လျှောက်ထားပါသေးတယ်ဘုရား၊  ဒါပေမဲ့ ဆရာတော်က ရည်ရွယ်ထားပြီး စီစဉ်ထားပြီင်္းဖြစ်တဲ့ ခရီးစဉ်လေးကို အရောက်သွားချင်တဲ့ဆန္ဒကြောင့် ဒီခရီးစဉ်လေးကို စတင်ခဲ့ပါသည်။ ဆရာတော်ကြီးစီစဉ်တာ မှန်ပါသည်ဘုရား။ အကယ်၍သာ ဒီခရီးစဉ်ဖျက်လိုက်ရင် ရေးဆွဲပြီးသားခရီးစဉ်တွေဟာ ကမောက်ကမဖြစ်ကုန်မှာပါဘုရား။ တပည့်တော်တို့တတွေ မော်ကျွန်း မရောက်ခင်  လမ်းမှာပဲ ဖုန်းတွေဝင်လာပါတယ် ရန်ကုန်မှာ လေတွေမိုးတွေ ကျနေတယ်ဆိုတာရယ်၊ ပင်လယ်ပိုင်းတွေကိုလဲ လေတွေတိုက်ခတ်နိုင်တယ်ဆိုတဲ့ သတင်းတွေ ရလာပါတယ်ဘုရား။
မော်ကျွန်းကျောင်းကိုရောက်တော့  ဆရာတော်က လိုက်ပါလာတဲ့သူတွေ အားလုံးနဲ့တွေ့ဆုံပြီး မိုးလေ၀သအခြေ အနေလေးကို ဧရာဝတီတိုင်း မြေပုံလေးနဲ့ ရှင်းလင်းပြပါတယ်၊ ဘင်္ဂလားပင်လယ်အော်နဲ့  အရမ်းနီးနေလို့ လေတွေပြင်းထန်ရင် ဒီခရီးစဉ်လေးကို မော်ကျွန်းမှာဘဲ ရပ်နားပြီး နောက်နေ့ မနက် မော်ကျွန်းမုန့်ဟင်းခါး စားပြီး ရန်ကုန်သို့ ပြန်ရန် စဉ်းစားထားကြောင်း တိုင်းမိုးလေ၀သဌာနကိုလဲ အချိန်နဲ့ တစ်ပြေးညီ သတင်းပို့ပေးဖို့ ဆရာတော်က မိန့်ဆိုလိုက်တယ်ဘုရား။
တည်ဆောက်ရေးတာဝန်ပေး
ဆရာတော် နောက်ထပ်မိန့်တာကတော့ ပြင်စလူကျွန်းပေါ်မှာ ရွာပေါင်း (၁၀)ရွာရှိကြောင်း ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် သိမ်ကျောင်း အပါအ၀င် အဆောက်အအုံ(၁၂) ခု နှင့် ရေကန်(၁၂)ကန်ကိုလဲ  ဆောက်လုပ်လှူဒါန်းမည်၊ အားလုံး အလှူ့ရှင်တွေရပြီးဖြစ်ပါတယ်၊ ဆောက်လုပ်ရေးတာဝန်ကိုတော့ တက်လမ်းဆောက်လုပ်ရေးမှ တာဝန်ယူ တည်ဆောက်သွားမယ်လို့ မိန့်ကြားသွားပါတယ်ဘုရား။
နောက်ဆရာတော်က အဆောက်အဦးများသည် ပင်လယ်လေဒဏ်၊ မိုးဒဏ်တွေကို ခံနိုင်ရန်အတွက်  ပိုင်ရိုက်ပြီးမှဆောက်လုပ်မည် ဖြစ်သောကြောင့် ကုန်ကျစရိတ်တွေက အရင်ခန့်မှန်းပြီး အလှုငွေ ထက်ပိုကုန်လိမ့်မည်၊ ဒါပေမဲ့  လှူပြီးသား အလှု့ရှင်တွေဆီက နောက်ထပ် အလှူမခံတော့ဘဲ ဆရာတော်နဲ့ တက်လမ်းဦးရှိန်ဝင်းတို့က  လိုအပ်သောငွေတွေကို ဖြည့်စွပ် ဆောက်လုပ်လှူဒါန်း မယ်လို့လည်း မိန့်မှာသွားပါသေးတယ်ဘုရား။ ဆရာတော်နဲ့ အဖွဲ့ဝင်များသည် မနက်စောစော မိုးလေ၀သ အခြေအနေကို မျှော်လင့်ကာ မော်ကျွန်းဆရာတော်နှင့် တိုက်အုပ်ဆရာတော်တို့  စီစဉ်ပေးထားသော  နေရာတွင် ညအိပ်အနားယူကြပါတယ်ဘုရား။
ပြင်စလူခရီးစတင်နိုင်ခဲ့
နောက်တစ်နေ့ မနက်တွင် သီတဂူဆရာတော်ရဲ့ ဘုန်းကံနှင့် မော်ကျွန်းဆရာတော်တို့ရဲ့ စေတနာ၊ အလှူရှင်တို့၏ သဒ္ဓါထက်သန်မှူ့တို့ကြောင့် မိုးလေကင်းစင်ပြီး ကောင်းကင်ကြီးလည်း ရှင်းလင်း သန့်ရှင်းသွားပါတယ်ဘုရား။ မော်ကျွန်းဆရာတော်နှင့် တိုင်းမှတာဝန်ရှိသူများ မော်ကျွန်းမှ တပည့်ဒကာ/မများ တို့ စီစဉ်ထားသော ငွေစင်ကြယ် နှစ်ထပ်သင်္ဘောကြီးနှင့် ပြင်စလူသို့ ခရီးစ ခဲ့ကြပါသည်ဘုရား၊ သင်္ဘောပေါ်တွင်လဲ နေရေးစားရေးကအစ အားလုံးကို အဆင်ပြေပြေ ဖြစ်စေအောင် မော်ကျွန်းဆရာတော်နှင့် တပည့်  ရဟန်းများ၊ ဒကာ/မများနှင့် ကျောင်းသား/သူများက စီစဉ်ပေးထားပါတယ်ဘုရား။  အစစ အရာရာ လိုလေသေးမရှိ ဧည့်ဝတ်ကျေပွန်လွန်းလို့ အားနာစရာကောင်းလောက်အောင် ဖြစ်ရပါတယ်ဘုရား။ ရေလမ်းတလျှောက်တွင်လဲ ဆရာတော်စီးနင်းလာတဲ့သင်္ဘောကြီးကို ကမ်းပေါ်ကနေ ကန်တော့နေကြသည့်မြင်ကွင်းကလည်း ကြက်သီးထလောက်စရာပဲဘုရား။ စက်တပ်မော်တော်လေးများတွင် သာသနာ့ အလံတွေကိုထောင်ကာ မြစ်လမ်းကြောင်း တစ်လျှောက် ကြိုဆိုနေကြသည်မှာ  ကြက်သီးမွှေးညင်းထလောက်အောင် ပီတိဖြစ်ရပါတယ်ဘုရား။ 
မော်ကျွန်းမြို့မှ မနက်(၆)နာရီလောက်က ထွက်လာကြတာ ပြင်စလူကျွန်းကို နေ့လည်(၂)နာရီလောက်မှာ ဆိုက်ရောက်လာပါသည်၊ ပြင်စလူ ဆိပ်ကမ်းမှာလဲ ကမ်းလုံးကျွတ်မျှ လာရောက်ကြိုဆိုနေ ကြပါတယ်ဘုရား။ သင်္ဘောမှ မဆင်းခင် ဆရာတော်က မိန့်ဆိုပါသည်၊ ပါလာသော အမျိုးသားများအားလုံး   လာကြိုနေသော ဆိုင်ကယ်များနှင့်လိုက်ပါရန်နှင့် အမျိုးသမီးများ အားလုံးကတော့ ရှိစုမဲ့စု ထော်လာဂျီလေး(၂)စီးနဲ့ လိုက်ပါကြရန် မိန့်ဆိုလိုက်ပါသည်။ နေပူပူအောက်က မညီမညာတဲ့လမ်းမပေါ်မှာ    ထော်လာဂျီလေးစီးရတဲ့ အရသာလေးကလည်း တစ်သက်စာ မမေ့သာတဲ့ ခရီးလေးဖြစ်ခဲ့ရပါတယ်ဘုရား။
လုပ်ငန်းများ
ပြင်စလူ ခရိုင်အပိုင် ရွာ(၁၀)ရွာတွင် ဆရာတော်သည် ပထမဆုံး  ပြင်စလူမှာ ဘုန်းတော်ကြီးသင်ကျောင်းကို ပန္နက်တင် အခမ်းအနားပြုလုပ်ခဲ့ပါသည်။ ထိုကျောင်းလေးရဲ့ အလှူ့ရှင်က ဘယ်လဂျီယန်နိုင်ငံက မစ္စတာချာလီ ဖြစ်ပါတယ်၊ ထိုသူက မြန်မာနိုင်ငံရဲ့ နာဂ်စ်ဒဏ်ခံကျောင်းများ ပြန်လည်ပြုပြင်ရေးနှင့် လှုဒါန်းမှု့တွေကို သီတဂူဆရာတော်နဲ့ လက်တွဲပြုလုပ်နေသော ဆရာတော်၏တပည့် ဖြစ်ပါတယ်။ ပြင်စလူမှ တဆင့်  ကျားချောင်းရွာသို့  သွားရောက်ကာ ကျောင်းအတွက် ပန္နက်တင်ခဲ့ပါသည်။ ထို့နောက် တန်းပင်ကုန်းရွာတွင် ဆက်ပြီး ပန္နက်တင်ခဲ့ပါတယ်ဘုရား။ ရွာတစ်ရွာနှင့် ရွာတစ်ရွာကလည်း တော်တော်လေး အလှမ်းဝေးနေပါတယ်ဘုရား။ ဆရာတော်တို့ဖြတ်သွားသော ရွာသူရွာသားတွေကလဲ ထွက်ကြိုကာ သူတို့ ဒေသထွက် အုန်းစိမ်းရေများ ဆက်ကပ်ကြသည်။ ဆရာတော်နှင့်ပါလာသော ဧည့်သည်များကိုလဲ အလျှံပယ် ဧည့်ဝတ်ပြုကြသည်မှာ ချစ်စရာ ဓလေ့လေးဖြစ်တယ်လို့ ခံစားမိပါတယ်ဘုရား၊ နောက်ဆုံးရွာကလေးကတော့ အ၀ကားရွာလေးဖြစ်ပါတယ်၊ ဘင်္ဂလားပင်လယ်အော်နှင့် အလွန်နီးကပ်နေသော ရွာတစ်ရွာဖြစ်ကြောင်း ရွာမှ ၁၅မိနစ်လောက် သွားလျှင် ပင်လယ်အော်သို့ရောက်ကြောင်း ရွာခံလူတွေက ပြော ပြကြတယ်ဘုရား။ ဆရာတော်သည် အသက်အရွယ်ကို အလေးမထားဘဲ အလွန်ကြမ်းတမ်း ခက်ခဲသော လမ်းခရီးကို အရောက်သွားရောက်ခဲ့သည်။ လိုအပ်နေသော ကွက်လပ်လေးတွေကို  မမောနိုင် မပန်းနိုင် လိုက်လံ ဖြည့်ဆည်းပေးနေသည်မှာလည်း ထိုဒေသရှိပြည်သူတွေသာမက မြင်ရသူအပေါင်းတို့ရဲ့ လေးစားကြည်ညို အားကိုးစရာဖြစ်ရပါသည်ဘုရား။ တစ်နေ့လည်လုံး မနားတမ်း ရွာ(၄)ရွာကူးကာ  ပန္နက်တင် အခန်းအနားလေးတွေ ပြီးကာမှ ပြင်စလူမြို့မှ ဆေးရုံကိုသွားရောက် ကြည့်ရှု့သည်။ လိုအပ်နေသော နေရာတွေမှာအသုံးပြုနိုင်ရန် အလှူငွေ သိန်း(၁၀၀) ကို မန္တလေး ကျောင်းအမမှ လှူဒါန်းခဲ့ပါသည်ဘုရား။
သိန်းပေါင်း(၇၀၀၀)ကျော်အလှူ
တစ်နေ့လုံး မမောမပန်း တောက်လျှောက် လမ်းကြမ်းကိုသွားကာအဆောက်အဦးများ ဆောက်လုပ်ရန် တစ်ရွာဝင် တစ်ရွာထွက် ပန္နက်တွေတင်ခဲ့  ကားဆောင့်တဲ့ ဒဏ်တွေနဲ့  ညဘက်လဲ မနားနိုင်သေးဘဲ ပြင်စလူခရိုင် အနီး ပတ်ဝန်းကျင်မှ ပြည်သူတွေကို တရားရေအေး အမြိုက်ဆေးကိုလဲ တိုက်ကျွေးခဲ့ပါသေးတယ်ဘုရား၊ တရားပွဲတွင် ဆရာတော်သည် ဒီနေ့ သိန်းပေါင်း(၇၀၀၀)ကျော်မျှ တန်ဘိုးရှိသော အလှူလေးကို ကျေနပ်အားရမှူ့ မရှိသေးဘဲ နောင် အလျင်းသင့် ရင်လဲ ဆက်ပြီးလှူဒါန်းနိုင်အောင် ဆက်ပြီး ကြိုးစားသွားမယ် ဆိုတာတွေကို ထဲ့ဟောသွားကာ ဆောက်လုပ်မှူ့တွေကိုလဲ ဆောင်းရာသီတွင် အပြီးသတ် ဆောက်လုပ်ရန်နှင့် ဖွင့်ပွဲ အခန်းအနားတွေကို လဲနောက်တစ်ခေါက်လာပြီး ဖွင့်လှစ်မှာ ဖြစ်ကြောင်းနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို  တရားဟောစင်ပေါ်မှ မိန့်ကြားသွားကာ လှူဒါန်းမှု့ အစုစုတွေကို သေဆုံးသွားကြသောသူများ အားအထူးအမျှဝေကာ တရားပွဲသိမ်းပြီး  သင်္ဘောပေါ်တွင် ညအိပ်ရပ်နားကြ ပါတယ်ဘုရား။ ဘုန်းကြီးကျောင်း တစ်ကျောင်းစီကိုလဲ  ဆရာတ်ာက အလှူငွေ တစ်သိန်းစီ လှူဒါန်းခဲ့ပါသည်ဘုရား။
၎ ပုံ ၁ ပုံလောက်သာ အသက်ရှင်ကျန်
၂၀၀၈ခုနှစ် မေလ နာဂ်စ်မုန်တိုင်းဒဏ်ကြောင့် လူဦးရေ (၄)ပုံ  (၁)ပုံလောက်သာ အသက်ရှင်ကျန်နေတဲ့ ဒီပြင်စလူဒေသဆိုတဲ့အကြောင်းကို ဒေသခံပြည်သူတွေပြောပြလို့ သိခဲ့ပါတယ်။ အသက်ရှင်ကျန်နေတဲ့သူတွေသည်လည်း သစ်ပင်တွေပေါ် ဖက်တွယ်မိလို့သာ အသက်ရှင်ကျန်နေတာ ဖြစ်ကြောင်း၊ လှိုင်းလုံးကြီးတွေက အုန်းပင်အမြင့်ထက်တောင် မြင့်တက်လာတဲ့အကြောင်းနှင့် လေပြင်းတိုက် ဒီရေတွေတက်လာမှုကြောင့် ပြေးစရာနေရာမရှိ၍ အသေအပျောက်များကြောင်း ပြောပြတာတွေကို နားထောင်နေရတာ စိတ်ထဲ တော်တော်လေး ခံစားမိပါတယ်ဘုရား။ မျက်ရည်များတောင် လည်မိပါတယ်ဘုရား။ တချို့ကလဲ မိသားစုလိုက်သေ/ ပျောက် တချို့ကလဲ ကလေးသေ ဖြစ်ကြရတယ်ဘုရား။ ကိုယ်ဝန်ကြီးနဲ့ ကံကောင်းထောက်မစွာ ကျန်နေတဲ့သူကိုလဲ တွေ့ခဲ့ ကြားခဲ့ရသေးတယ်၊ အသက်ရှင်ကျန်ခဲ့တဲ့ ကလေးလေးတောင် ၂နှစ်ကျော်နေပြီဘုရား။ တပည့်တော်တို့ တွေ့ခဲ့တယ်ဘုရား၊ ကလေးတွေကို မုန်ဖိုးလေးတွေတောင် ပေးခဲ့ကြသေးတယ်ဘုရား။ သူတို့ကလဲ သီတဂူဆရာတော်ကြီးနဲ့ သီတဂူသာသနာပြု အဖွဲ့ရဲ့ လာရောက် လှူဒါန်းတာတွေကို မျှော်လင့်နေကြတာ  ကြာပြီဖြစ်ကြောင်း၊ အခုလို လက်တွေ့မြင်လိုက်ရတော့ အံ့သြ ၀မ်းသာကြရနေကြတာကို တွေ့မြင်ခဲ့ရပါတယ်ဘုရား။
ဧည့်ဝတ်ကျေပွန်လွန်း                                                                  
နောက်တစ်နေ့ မနက်စာကို ပြင်စလူမှ ဒေသခံအလှု့ရှင်များက ပြင်စလူမုန့်ဟင်းခါးများနှင့် ဧည့်ခံကာ လမ်းတွင်စားသောက်ရန် နေ့လည်စာများကိုပါ ထည့်ပေးလိုက်ကြသည်။ ဧည်ဝတ်ကျေပျွန်စွာ ဧည့်ခဲခဲ့တာလေးတွေကို ဘယ်တော့မှမမေ့နိုင်တဲ့ ချစ်စရာ အလေ့လေးတွေဆိုတာ ကိုကိုယ်တိုင်မြင်ပြီး   ပီတိတွေဖြစ်ခဲ့ ရပါသည်၊၊ မော်ကျွန်းကို နေ့လည် (၂)နာရီလောက် ပြန်ရောက်လာကြသည်။ ခရီးစဉ်တောက်လျှောက် လိုလေသေးမရှိအောင် ဂရုတစိုက်  စောင့်ရှောက်ခဲ့သော မော်ကျွန်း ပစ္ဆိမာရုံ ကျောင်းဆရာတော်နဲ့ တကွ တိုက်အုပ်ဆရာတော်တို့ကို ကန်တော့ နုတ်ဆက်ပြီး ကားများဖြင့်ရန်ကုန်မြို့သို့ ပြန်လာခဲ့ကြပါတယ်ဘုရား။ 
အတွေးတစ်ခု
အပြန်ကားပေါ်တွင် တပည့်တော် တွေးနေမိတာလေးတစ်ခုရှိတယ်ဘုရား။ ကျေးဇူးရှင် သီတဂူ ဆရာတော်ကြီးသည် မိမိရဲ့ အသက်အရွယ်ကို မေ့ရလောက်အောင် အပင်ပန်းခံပြီး ဒုက္ခတွေနဲ့  ရင်ဆိုင်နေကြရတဲ့ မည်သူ့ကိုမဆို ဘာသာမရွေး လူမျိုးမရွေး နေရာ ဒေသမရွေး နွေးထွေးသောမေတ္တာ ကရုဏာတွေဖြင့် ကိုယ်တိုင် လိုက်လံအားပေး  ကူညီနေတာတွေကို ဆရာတော်နဲ့ ခရီးစဉ်တော်တော်များများ လိုက်ပါတဲ့ တပည့်တော်မ မျက်ဝါးထင်ထင် တွေ့နေရပါတယ်ဘုရား။  ထို့ကြောင့် ကမ္ဘာ့သာသနာပြု ဆရာတော်ကြီးသည် သက်ရှည်ကျန်းမာစွာဖြင့် အမျိုး ဘာသာ သာသနာနဲ့ လူမှူ့ရေး ကရုဏာ အလှုတွေကို ဆထက်တပိုး  ဆောင်ရွက်နိုင်ပါစေကြောင်း အကြိမ်ကြိမ် ဆုတောင်းနေမိပါသည်ဘုရား။
ဆရာတော်သည် သူသာအပင်ပန်းခံ လုပ်ဆောင်နေပေမဲ့ သူရဲ့ တပည့်ဒကာ ဒကာမ များအပေါ်တွင် ကရုဏာ ထားတော်မူတယ်ဘုရား။ ဆရာတော့်ထက် ငယ်သော တပည့်တော်ရဲ့ အဖေကို ဆရာတော်က ‘‘ဒကာကြီး ဒီခရီးက အရမ်းကြမ်းတယ် ဒကာကြီး လိုက်လာတော့ တော်တော်လေးပင်ပန်းမှာပေါ့’’ လို့ ကရုဏာသက်စွာ ပြောလိုက်သေးတယ်ဘုရား။ တပည့်ဒကာကြီး ဖြစ်တဲ့ တပည့်တော်အဖေကလဲ အားကျမခံပြန်လျှောက်လိုက်တာကတော့ ဆရာတော်ကိုယ်တိုင်တောင် မနားမနေအပင်ပန်းခံပြီး  လုပ်ဆောင်နေတာကို တပည့်ဒကာ တစ်ယောက်အနေနဲ့ အတူလိုက်ပါ ဆောင်ရွက်ခွင့်ရတာကို ပီတိ ဖြစ်ရကြောင်းပဲဖြစ်ပါတယ်ဘုရား။ ကိုယ်တိုင်တော့ အဆင်းရဲ အပင်ပန်းခံပြီး တပည့်တွေပေါ် ကရုဏာ သက်နေသော ဆရာတော်ကို ပို၍ ပို၍ ကြည်ညိုကာ  လေးစားနေမိပါတယ်ဘုရား။
သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
 ပန်းစပယ်(လှဆန်းယဉ်)

ဒီစာလေးက ပို့ထားတာ အတော်ကြာသွားပြီ၊ မတ်လပိုင်း၊ တပေါင်းလပြည့်နေ့ သီတဂူဆရာတော်ကြီး၏ မွေးနေ့မတိုင်မီက ပို့ပေးထားတဲ့ စာလေးဖြစ်ပါတယ်။ မွေးနေ့ပြီးမှပဲ တင်မယ်လို့ စိတ်ကူးထားခဲ့ပေမဲ့ မတင်ဖြစ်ခဲ့ဘဲ မေ့လျော့နေခဲ့တယ်။ မိမိလည်း အိန္ဒိယပြန်ရောက်ခါစ ရုံးကိစ္စတွေနဲ့ တစ်ပိုင်း၊ ကျမ်းစာအတွက် စာရှာ စာရေးရခြင်းဖြင့် ကျမ်းစာထဲမှာပဲ စိတ်ကို နှစ်ထားရသဖြင့် ပို့စ်အသစ်တင်ဖို့အတွက် မပြင်ဆင်နိုင်ဘဲ ရှိနေသည်။ မနေ့ကမှ စာရေးသူ ပေးစားများ ပို့ပေးနေသော ကျောင်းအမနဲ့ စကားပြောဖြစ်မှ သူပို့ပေးထားတဲ့ ပေးစာ မတင်ရသေးမှန်း သိတော့တယ်။ ဆောရီးပဲ ကျောင်းအမရေ--။

ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
၃-၅-၂၀၁၁

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes