သီတဂူစတား

သီတဂူစတား
Showing posts with label မှတ်စု. Show all posts
Showing posts with label မှတ်စု. Show all posts

26 October 2011

ပျော်ရွှင်ဖွယ် ဒီပါဝလိ၊ ဒိဝါလိ နေ့များ (Happy Diwali Days)

စာမိတ်ဆက်
စာရေးသူ အိန္ဒိယရောက်နေသည်မှာ ၃ နှစ်နီးပါးရှိပြီ၊ ပူနေးမြိ့ ပူနေးတက္ကသိုလ်မှာ အမ်အေ M.A တန်းတက်စဉ်က ၂ နှစ်၊ ယခု ဘုံဘေမြို့ စောမယကောလိပ်တွင် Ph.Dအတွက် စာတမ်းရေးနေဆဲအချိန် ၁ နှစ်နီးပါး နေခဲ့ပြီးဖြစ်သည်။ ဒီပါဝလိနေ့များနှင့် နှစ်များ ၃ နှစ်ကြုံခဲ့ပေမဲ့ ဒီပါဝလိ သို့မဟုတ် ဒိဝါလိ ဆိုတာ ဘာမှန်းမသိခဲ့၊ အသံယောင်မှားပြီး ဒေ၀ါလီ ဟုခေါ်ခဲ့၊ ဘဏ်တွေ ကုမ္ပဏီတွေ အရှုံးပေါ် (bankruptcy) ဒေ၀ါလီခံ ဆိုတဲ့ အသံကို မှားပြီး အဓိပ္ပါယ်တူသည်ဟု ထင်ခဲ့သည်။ ဒေ၀ါလီခံဆိုသည် မြန်မာစကားလဲ ဘယ်က လာမှန်းမသိခဲ့။ တကယ်တော့ ဒီပါဝလိ သို့မဟုတ် ဒိဝါလိဆိုတာ ဒေ၀ါလီနှင့် လုံးဝ မတူခြားနားသည်။ စာရေးသူလဲ စိတ်ထဲမှာ မှတ်မှတ်ရရဖြစ်သွားအောင် ပို့စ်တစ်ခု ရေးမယ်ဆိုပြီး စိတ်ကူးနေမိသည်။ မှတ်စုလဲ ကျန်သွားအောင်ဟု ရည်ရွယ်ပြီး ပို့စ်တစ်ခု ဖြစ်သွားခြင်းဖြစ်သည်။
အိန္ဒိယပြည်ကြီးသည် လူအမျိုးမျိုး ဇာတ်အဖုံဖုံရှိသည်အတွက် နတ်ဘုရား god ပေါင်း ၁၀၀၀ ကျော်ရှိသည်၊ ကိုးကွယ်မှုပေါင်းများစွာရှိသည်။ ထို့ကြောင့် ဒီပါဝလိနေ့နှင့်ပတ်သက်တဲ့ နတ်များအကြောင်းကား အလွန်ကျယ်ဝန်းလှသည်၊ သို့သော် ဤပို့စ်၌ကား Happy Diwali အရိပ်အမြွက်မျှကိုသာ တင်ပြမည်ဖြစ်သည်။

ဒီပါဝလိဟူသည်
ဒီပါဝလီဆိုတဲ့ အမည်က အိန္ဒိယက စခဲ့ပေမဲ့၊ ယခုအခါမှာ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ၊ မြန်မာ မလေးရှား၊ စင်္ကာပူ စတဲ့ ဟိန္ဒူဘာသာဝင်အများစု ရှိရာ နိုင်ငံတွေမှာ အစိုးရရုံးတွေ ပိတ်ပြီး National Holiday အားလပ်ရက်အဖြစ် သက်မှတ်ပေးကြသည်။

ဒီပါဝလိ ကို Diwali သို့မဟုတ် Divali လို့ ရေးကြတယ်၊ တချို့ကြပြန်တော့ Deepavali မီးထွန်းပွဲ (festival of lights) ဟု ခေါ်ကာ တွင်တွင်ကျယ်ကျယ် အသုံးပြုကြသည်။ ဟိန္ဒူဘာသာဝင်တွေရဲ့ အရေးပါတဲ့ ပွဲတော်များထဲက တစ်ပွဲဖြစ်သည်။ ဆန်စခရစ် သို့မဟုတ် ပါဠိအလိုအရ ဒီပါဝလိ(ဒီပ+အာဝလိ) ဒီပ-ဆီမီး၊ အာဝလိ အစဉ်အတန်း ( row of lamps) ဟု ဘာသာပြန်သည်။ ကောင်းမှုတွေက မကောင်းမှုတွေကို အောင်နိုင်တဲ့ အထိမ်းအမှတ်အနေနဲ့ ဆီကို မီးထွန်းရာမှာ အသုံးပြုတာဖြစ်ပါတယ်။ ဒီပါဝလိနေ့မှာ ပွဲတော်ပါဝင်သူတွေက ရောင်စုံအ၀တ်စုံများဝတ်ဆင်ကြသည်၊ မိထားခေါ် မုန့်များကို တစ်ယောက်နဲ့ တစ်ယောက် ပေးကမ်းကြသည်။ မြန်မာပြည် သီတင်းကျွတ်ပွဲတော်မှာလိုပဲ ပွဲရက်မတိုင်မီကထဲက ရောင်စုံမီးတွေ ထွန်းနေကြပါပြီ၊ ဈေးဆိုင်တွေမှာလဲ ရောင်စုံမီးလုံး ပုံစံအမျိုးနဲ့ ရောင်းချနေပါပြီ။ အထူးသဖြင့် ဒီပါဝလိနေ့များအတွင်း ဈေးနှုံးချ၍ ရောင်းခြင်းလည်းပါသည်။
ပွဲရက်ကိုတော့ အောက်တိုဘာနှင့် နိုဝင်ဘာအကြားမှာ ပြုလုပ်လေ့ရှိတယ်။ ဟိန္ဒူဘာသာဝင်တွေ အတွက်ကတော့ တစ်နှစ်မှာ အရေးပါဆုံးပွဲဆိုရင် မမှားပါဘူး။ မိသားစုလိုက်ပဲ ဖြစ်ဖြစ်၊ အစုလိုက် အဖွဲ့လိုက်ပဲဖြစ်ဖြစ်၊ ရပ်ကွက်လိုက်ပဲ အဖြစ်ဖြစ် ရိုးရာအက ပွဲများဖြင့် ကျင်းပကြတယ်။ အခုဆိုရင် ဘုံဘေတစ်မြို့လုံးလည်းပဲ ဗြောက်သံတို့ဖြင့် တအုံးအုံး ဆူညံလျက်ရှိသည်၊ ရောင်စုံမီးပန်းတို့ဖြင့်လည်း လှပနေသည်။

ဒီပါဝလီ ၅ရက်ဆက်တိုက် ပွဲတော်များ
ပထမဆုံးရက် (အောက်တိုဘာ ၂၅)

ပထမဆုံးရက်မှာ Dhanteras ခေါ် အိန္ဒိယစီးပွားရေးအဖွဲ့တွေရဲ့ ဘဏ္ဍာရေးနှစ် (financial-year) အတွက် အိန္ဒိယမြောက်ပိုင်းမှာ ကျင်းပလေ့ရှိတယ်။ Dhan+teras= dhan ဆိုတာ wealth စီးပွားရေးကိုဆိုလိုသည်။ Dhantrayodashi သို့မဟုတ် Dhanvantari Triodasi ဟုလဲ ခေါ်ကြသည်။ လာဘ်ကောင်ဖြစ်တဲ့ ဇီးကွက်ရုပ်ပုံသဏ္ဌာန် နတ်ရုပ်ကို စီးပွားရေးကောင်းရန်အတွက် ပူဇော်ကြတဲ့နေ့ဖြစ်သည်။
ထိုနေ့သည် မင်္ဂလာရှိသောနေ့ မင်္ဂလာကျရောက်သောနေ့ဟု အိန္ဒိယပြက္ခဒိန်များတွင် ဖော်ပြသည်။ အဲဒီရက်ကို လမိုက်ရက်များ (စန္ဒြမာသ) (Thirteenth Lunarday of Karishna paksha=Dark fortnight) ဟု ခေါ်သည်။ အောက်တိုဘာနှင့် နိုဝင်ဘာအကြား သီတင်းနှစ်ပတ်။

မြန်မာပြည်မှာလဲ ဇီးကွက်ရုပ်ကို တွင်တွင်ကျယ်ကျယ် လုပ်ရောင်းနေသည်၊ အိမ်တွေမှာလဲ စွဲချိတ်ထားသည်ကို တွေ့ရသည်၊ လာဘ်ခေါ် ဇီးကွက်ရုပ်ပဲထင်ပါသည်၊ အိန္ဒိယဓလေ့ လွှမ်းမိုးခံရခြင်းဖြစ်သည်။ မြန်မာပြည်မှာ အိန္ဒိယ အခေါ်အဝေါ် အသုံးအနှုံးတွေ ဓလေ့တွေ ရိုးရာတွေ များစွာရှိနေသည်ကို တွေ့ရသည်။

ဒုတိယနေ့ (အောက်တိုဘာ ၂၆)

ဒုတိယနေ့မှာတော့ Naraka Chanturadasi နေ့ဖြစ်တယ်။ Krishna ဘုရားနှင့် သူ့ဇနီး Satyabhama တို့က Naraka ဆိုတဲ့ မကောင်းဆိုးဝါးနတ်ကို နှိမ်နင်းနိုင်တဲ့နေ့ဖြစ်သည်။ အောင်တော်မူနေ့ဟု ခေါ်သည်။
ဗုဒ္ဓဘာသာဝင်တွေကတော့ ‘‘မြတ်ဗုဒ္ဓသည် ကဆုန်လပြည့်နေ့မှာ ဘုရားဖြစ်သည်၊ မာရ်ငါးပါးကို အောင်တော်မူသည်တွက် ကဆုန်လသည် ဗုဒ္ဓဘာသာဝင်တွေအတွက် အောင်နက္ခတ် အောင်နေ့ အောင်လ အောင်နှစ်’’ဟု ယုံကြည်ကြသည်။

တတိယနေ့(အောက်တိုဘာ ၂၇)
တတိယနေ့မှာ လက်ခ်ရှမိ (Lakshmi) စီးပွားရေးနှင့်ဆိုင်သော နတ်မကို ပူဇော်ကြတယ်၊ သူ့မကိုပူဇော်သူတွေကို လိုအင်ဆန္ဒပြည့်ဝစေတယ်၊ ဂျိန်းဘာသာဝင်တွေမှာလဲ မဟာလက်ခ်ရှမိ (mahalakshmi) ဆိုတာရှိတယ်၊ သူကတော့ ကံကောင်းခြင်းများကို သယ်ဆောင်လာတယ်လို့ ဂျိန်းဘာသာဝင်တွေက ယုံကြည်ကြတယ်။ သူ့ကို ယုံကြည်သူတွေကိုလဲ စီးပွားရေး ငွေရေးကြေးရေးစတဲ့ အရာရာနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ မရှိရလေအောင် ကာကွယ်စောင့်ရှောက်ပေးတယ်လို့ ယုံကြည်ထားကြတယ်။
lakshmi နတ်မပုံ

Lakshmi ဆိုတဲ့စကားလုံးသည် LakS ဆိုတဲ့ ပုံစံကနေဆင်းသက်လာတာဖြစ်သည်၊ အဓိပ္ပါယ်မှာ ကာကွယ်စောင့်ရှောက်ခြင်း Rakkha (ရက္ခ) ဟုဆိုသည်။ ဝေဒကျမ်းမှာတော့ မဟာလက်ခ်ရှမိ (mahalakshmi) လူသားတွေရဲ့ ဘ၀ကို မြှင့်တင်ပေးရေး ရည်ရွယ်ချက် ဦးတည်ချက်ရှိတဲ့ သူတစ်ယောက်ဟု ယုံကြည်လက်ခံကြသည်။ ဂုဏ်တော် ၆ ပါးနှင့်ပြည့်စုံတယ်လို့ ယူဆကြသည်၊ သူနဲ့ပတ်သက်ပြီး ယုံကြည်ချက်များစွာရှိနေသေးသည်။ ထိုထိုဆိုခဲ့သော အကြောင်းကြောင့် ထိုနတ်မကို ထိုနေ့မှာ ပူဇော်ကြသည်တဲ့။

ဒီပါဝလီနေ့မှာပဲ အမ၀သျှ (amavasya) ကလဲ ‘‘နတ်သမီးလူပုကလေး ၀င်စားတဲ့ ဗိသျှနူးနတ်က Bali ကို နှင်ထုတ်ပြီး သူ့ကို Patala ခေါ်တဲ့ အသုရာပြည်သို့ နှင်ထုတ်သည်ဟု ဆိုထားသည်။
Bali နတ်ပုံ

စတုတ္ထနေ့ (အောက်တိုဘာ ၂၈)

စတုတ္ထနေ့မှာတော့ အထက်မှာ ပြဆိုထားတဲ့ အသုရာနတ်မင်းရဲ့ အလုပ်ကျွေ့း Baliက မြေအောက်ရှိ ဘုံ ၇ ခုတို့မှ အနိမ့်ဆုံးဘုံဖြစ်တဲ့ Patala ခေါ်တဲ့ နဂါးဘုံ သွားပြီး နေရာအသစ် ယူသူဖြစ်သည်။ မကောင်းဆိုးဝါးတွေ ဘီလူးတွေ မြွေလိုလူသားတွေ နဂါးတွေသည် ထို Patala ဘုံမှာ နေကြသည်။ ဟိန္ဒူဘာသာအရ Heaven ခေါ်ကောင်းကင်ဘုံနှင့် ပထ၀ီ အောက်ရှိ Patala ဘုံဟု ၂မျိုးရှိသည်။ ထို့ကြောင့် စတုတ္ထနေ့မှာ Bali မြေအောက်သွားတဲ့နေ့ဟု သက်မှတ်၍ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ကြသည်။ မြေအောက်ရှိဘုံသားများကို ပူဇော်ခြင်းမျိုးဖြစ်ဟန်တူသည်။

ပဉ္စမနေ့ (အောက်တိုဘာ ၂၉)

ငါးရက်မြောက်နေ့ကိုတော့ ယာမ ဒွိတိယ (Yama Dvitiya) ခေါ် Bhai Dooj အတွက် ရည်ညွှန်းသည်။ အဲဒီနေ့မှာပဲ အစ်မ ညီမတွေကို အဝေးရောက်နေတဲ့ သူတို့ရဲ့ အကို မောင်တွေကို အိမ်ကို ဖိတ်မန်ကြတယ်။ လက်ဆောင်ပေးကြတယ်။
ဂျိန်းဘာသာဝင်တွေအတွက်ကတော့ အဲဒီဒီပါဝလိနေ့သည် သူတို့ရဲ့ဘုရား မဟာဝီရ မောက္ခ သို့မဟုတ် နိဗ္ဗာန်ကို ရရှိတဲ့နေ့ဟု အသိမှတ်ပြုကြသည်။
ဟိန္ဒူဘာသာအရ ဒီပါဝလိ၏နောက်ခံသမိုင်းနှင့် ဒေသအလိုက် ပွဲတော်ရက်များမှာ နတ်ဘုရားများကို ပူဇော်ခြင်း၊ မီးထွန်းခြင်း၊ sweet ခေါ် အချိုမုန့်များ မတူထူးခြားစွာ ပြုလုပ်ကြပေမဲ့ အဓိက လိုရင်းအဓိပ္ပါယ်ကတော့ ‘‘အတ္တမ’’ (The Inner Light) နှင့် အရာအားလုံးပေါ်မှာ တည်ရှိနေတဲ့ ဗြဟ္မာ တို့ကို ကျေနပ်စေဖို့နှင့် ပျော်ရွှင်စေဖို့ပဲ ဖြစ်သည်။
ဗုဒ္ဓဘာသာဝင်တွေကတော့ အတ္တနှင့် ဗြဟ္မာကို လက်မခံ။ ယခုလို သီတင်းကျွတ်လမှာပဲ ဖြစ်ဖြစ် တခြား လတွေမှာပဲ ဖြစ်ဖြစ် အေးငြိမ်းတော်မူသော ဘုရားရှင်ကို အာရုံပြုပြီး ကောင်းမှုပြုနေသော သူတော်စင်တို့သည် ကိုယ်သန္တာန်မှာ လောဘ ဒေါသ မောဟ စတဲ့ အကုသိုလ်အပူတွေ ငြိမ်းအေးခြင်း ရသကို ခံစားကြသည်။ ဓမ္မရသ ဓမ္မပီတိကို သဘောကျ နှစ်ခြိုက်ကြသည်။

မြန်မာဆီမီးထွန်းပွဲတော်

ဒီပါဝလိပွဲတော်များကဲ့သို့ စာရေးသူတို့မြန်မာနိုင်ငံမှာတော့ သီတင်းကျွတ်လပြည့်နေ့သည် ဘုရားရှင်က ၀ါတွင်း၃လပတ်လုံး သူ၏မယ်တော်ဖြစ်ခဲ့သော သန္တုသိတနတ်သားကို အဘိဓမ္မာတရားတော်များကို ဟောပြီးအပြန်မှာ ဂုဏ်ပြုပူဇော်တဲ့အနေနဲ့ ဆီမီးပူဇော်ကြသည်၊ ဘုရားရှင်က သူ၏မယ်တော်ကို ကျေးဇူးဆပ်ခြင်းကို အာရုံပြုပြီး မိဘတွေကို ကန်တော့ကြခြင်း၊ အသက်ကြီး ရွယ်အိုများကို သန့်ရှင်းရေးလုပ်ပေးခြင်း၊ ကန်တော့ခြင်းစတဲ့ ဂါရ၀ နိဝါတ ပူဇာ မင်္ဂလာတွေ လုပ်တဲ့အပြင် ဘုန်းတော်ကြီးကျောင်းတွေမှာ သွားပြီး အလှူအဒါန်းလုပ်ခြင်းနှင့် ဥပုသ်သီလစောင့်ခြင်းစတဲ့ အထူးကုသိုလ်များ ပြုလုပ်ကြသည်။ ဤကား သီတင်းကျွတ်ပွဲ သို့မဟုတ် ဒီပါဝလိပွဲတော်များ၏ ဟန်များဖြစ်သည်။

(ပျော်ရွှင်စရာ ဒိဝါလိနေ့ရက်များမှာ- အောက်တိုဘာ ၂၅-၂၆-၂၇-၂၈-၂၉ ငါးရက်ဖြစ်သည်။)

စာရေးသူတို့ပြည်ပကျောင်းသားများကိုလည်း ဘုံဘေတက္ကသိုလ် ဌာနတစ်ခုက ၂၉ ရက် ဒိဝါလိနောက်ဆုံးရက် Happy Divali ပွဲတော်ကျင်းပမည် ဖြစ်ပါ၍ ပါဝင်ဆင်နွဲရန် ဖိတ်ထားသည်၊ ဗဟုသုတအဖြစ် တက်ရောက်ပါဦးမည်။
အိန္ဒိယရောက်တုန်း ရောက်ခိုက် အိန္ဒိယရဲ့ အရေးပါတဲ့ ရိုးရာဓလေ့ တစေ့တစောင်းကို ဗဟုသုတအဖြစ် လေ့လာစုစည်းပြီး တင်ပြလိုက်ပါသည်။

Happy Divali Days! ပျော်ရွှင်သော ဒိဝါလိနေ့များ ဖြစ်ကြပါစေ။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၀-၁၀-၂၀၁၁

18 April 2011

စောမယကောလိပ် (Somaiya College)




စာမိတ်ဆက်
ရောက်လေရာရာမှာ မှတ်စုမှတ်တမ်းရေးလေ့ရှိသည်။ ပူနေးတက္ကသိုလ် အမ်အေတန်း တက်စဉ်ကလဲ ပူနေးတက္ကသိုလ်အကြောင်း များစွာရေးခဲ့သည်။ တက္ကသိုလ်များ စိတ်ဝင်စားသူတွေအတွက် အကျိုးများသလို မိမိအတွက်လည်း မှတ်တမ်းတစ်ခု ကျန်ခဲ့သည်။ ယခု စာရေးသူ ရောက်နေသော ကောလိပ်တစ်ခုအကြောင်း မိတ်ဆက်လိုပါသည်။ အွန်လိုင်းက တက္ကသိုလ်အကြောင်းတွေ စိတ်ဝင်စားနေသော မိတ်ဆွေများကလဲ အရှင်ဘုရားရောက်နေတဲ့ တက္ကသိုလ်အကြောင်းကို မိတ်ဆက်ပေးပါဦးဟု တောင်းဆိုလာပါသည်။ ထို့ကြောင့် သိသလောက် မှတ်သလောက်လေးပဲ တင်ပြလိုပါသည်။ လိုအပ်တာများရှိက ဖြည့်ဖတ်ပေးစေလိုပါသည်။
Management ဌာန

စောမယကောလိပ်နှင့် နာမည်ကျော်များ
သူကတော့ K.J Somaiya College အကြောင်းပဲ ဖြစ်သည်။ ဤကောလိပ်သည် အိန္ဒိယနိုင်ငံတွင် နာမည်ရ Institute တစ်ခုဖြစ်သည်။ ပုဂ္ဂလိကပိုင် ကောလိပ်ဖြစ်သည်။ အိန္ဒိယလို မဟာဒီမိုကရေစီနိုင်ငံများမှာ ပုဂ္ဂလိက ပညာရေးစင်တာများ အပြိုင်အဆိုင် ဖွင့်လျက်ရှိသည်။ အမေရိကန်နိုင်ငံတွင် ကမ္ဘာကျော်တက္ကသိုလ်ကြီးများစွာထဲက ဟားဗတ်တက္ကသိုလ်ဆိုရင် လူတိုင်းသိမည် ထင်သည်။ အထူးသဖြင့် ဥပဒေဘွဲ့မှာ ပိုနာမည်ရသည်ဟု ထင်ပါသည်။ John Harvard ဆိုသည့် Charlestown ၏ လူငယ်ဝန်ကြီးသည် 1638 ခုနှစ် သူသေပြိးနောက် သူ၏စာကြည့်တိုက်နှင့် ထို ရုံးကြီးကို ကောလိပ်အဖြစ် လှူဒါန်းခဲ့သည်။ ထိုကျေးဇူးရှင်နာမည်ကိုစွဲ၍ Harvard University ဟု ယနေ့ ကမ္ဘာ့စာမျက်နှာတွင် ထိပ်ဆုံးက ရှိနေသည်။ အလားတူ အမေရိကန်နိုင်ငံရှိ Vanderbillt တက္ကသိုလ်ကြီးသည်လည်း ကမ္ဘာကျော်တက္ကသိုလ်ကြီးတစ်ခုဖြစ်သည်။ 1873 နှစ်က ရေတပ်ဗိုလ်မှူးချုပ်ကြီး Vanderbilt သည် အမေရိကန်ဒေါ်လာ သိန်း တစ်ထောင် (၁၀၀၀) တက္ကသိုလ်တည်ထောင်ရန် လှူဒါန်းခဲ့သည်။ မူလက အကျယ်ဝန်းမှာ ၇၅ ဧကသာရှိပြီး နောက်ပိုင်းတိုးချဲ့လာရာ ၁၉၆၀ ခုနှစ်မျာတော့ ဧက ၂၆၀ အထိ ရှိလာသည်။ ထိုကျေးဇူးရှင်၏အမည်ကို အစွဲပြု၍ Vandebilt University ဟု ကမ္ဘာကျော် ပုဂ္ဂလိကတက္ကသိုလ်ကြီး တစ်ခု ဖြစ်လာသည်။
စောမယ (K.J somaiya) ဟု အမည်တွင်
အလားတူ ဤစောမယကောလိပ်သည်လည်း တည်ထောင်သူ Shri K.J. Somaiya အမည်ကို စွဲ၍ K.J Somaiya College ဟု အမည်တွင်သည်။ ထို ကောလိပ်ကို 1959 ခုနှစ် နောက်ပိုင်း Shri K.J. Somaiya (1902-1999) ကတည်ထောင်ခဲ့သည်။ သူသည် စီးပွားရေးလောကမှာ ထိပ်တန်းရောက်ခဲ့သည်၊ နောက်ပိုင်း လူမှုအကျိုးပြုလုပ်ငန်းတွေအတွက် ထက်သန်သောဆန္ဒကြောင့် အလွန်များပြားလှတဲ့ မြေဧကကို ၀ယ်လိုက်သည်။ သူသည် 1959 ခုနှစ်မှာ SOMAIYA VIDYAVIHAR (စောမယ ၀ိဇ္ဇာ ၀ိဟာရ) ဟု အမည်တင်လိုက်သည်။ ၀ိဇ္ဇာ-အတက်ပညာများကို သင်ယူရာ၊ ၀ိဟာရ- နေရာဟု အဓိပ္ပါယ်ရသည်။ စောမယကောလိပ်ဟုလည်း ခေါ်ကြသည်။ KJ Somaiya College of Arts & Commerce ကို ပထမဦးဆုံး ဇွန်လ ၂၁ရက် ၁၉၆၀ ခုနှစ်မှာ စတင်ဖွင့်လှစ်အောင်မြင်ခဲ့သည်။  

Commerce ဌာန

In just five decades it has grown into a large educational complex with 34 institutions catering to diverse fields of education such as Humanities, Engineering, Education, Medicine, Management, Pure Sciences and Mass Communication, with more than 27000 students and 1700 teaching faculty on a throbbing 65 acre campus!
ထိုကောလိပ်တွင် အဓိကအားဖြင့် k.j.somaiya polytechnic, Management, Engineering, Commerce, Medicine, ဘာသာရပ်များနှင့်စပ်လျှင်းပြီး နာမည်ရကောလိပ်ဖြစ်သည်။ 65 acre ကျယ်ဝန်းသော campus ထဲမှာ ကျောင်းသားဦးရေ 27000၊ ဆရာ 1700 နှင့် ဌာနပေါင်း 34 institutions တို့ဖြင့် စည်ကားလျက်ရှိသည်ဟု ဆိုသည်။ K.J Somaiya College များသည် campus ကွဲပြားနေတာလဲ ရှိသည်။ မြန်မာ ရဟန်းတော်များ တက်ရောက်သော ဌာန နှစ်ခုသည်ကား Management, Engineering, Commerce ဌာနတို့နှင့်အတူ Vidyavihar တွင် ရှိသည်။ Somaiya College Vidyavihar ဟု ပြော၍လာရပါသည်။
Engineering ဌာန

မြန်မာရဟန်းတော်များ
စာရေးသူတို့ ၀ိဇ္ဇာဘွဲ့များကိုကား ဤကောလိပ်မှ အထူးမပေး၊ တခြားတက္ကသိုလ်များမှ Branch အနေနဲ့ လာရောက်ဖွင့်သည်။ အထူးသဖြင့် မြန်မာရဟန်းတော်များ အားလုံးသည် အိန္ဒိယနှင့် သီရိလင်္ကာနိုင်ငံများမှ အမ်အေ M.A ပြီး ကျောင်းသားများသာ ဖြစ်ကြသည့်အတွက် ဒေါက်တာဘွဲ့ Ph.D အတွက် စာတမ်းပြုစုရန် ရောက်လာကြသူများ ဖြစ်ကြသည်။ မြန်မာကျောင်းသားများသည် Sanskrit Nargapur University က လာရောက်ဖွင့်လှစ်သော ဆန်စကရစ်ဌာန စောမယကောလိပ်နှင့် ဘုံဘေတက္ကသိုလ် ပင်မက လာရောက်ဖွင့်လှစ်သော ပါဠိဌာန (Buddhist study) များကိုသာ စာတမ်းတင်သွင်းကြသည်။ ထိုကျောင်းသားများသည် အမ်အေတန်းတက်စဉ်က ဘာသာရပ် ဌာန၊ တက္ကသိုလ် မတူညီကြပေမဲ့ နောက်ဆုံး Ph.D စာတမ်းအတွက်ကိုတော့ ထိုနှစ်ခု တစ်ခုခုကိုသာ အများစု ရွေးခြယ်ကြသည်။ စာရေးသူသည်ပင် ပူနေးတက္ကသိုလ် ဒဿနိကဗေဒ (Philosophy) ဌာနမှ Master ပြီးခဲ့သည်၊ အချို့လဲ ဘာသာဗေဒ (Linguistic) ဌာနမှ Master ပြီးသည်၊ အချို့လဲ ဗုဒ္ဓစာပေနဲ့ ပြီးခဲ့ကြသည်။ ထိုစောမယကောလိပ် Sanskrit ဌာနနှင့် Buddhist study ဌာနတို့၌ M.A တန်း တက်ရောက်နေသော မြန်မာကျောင်းသားများကိုတော့ မတွေ့ရ၊ အိန္ဒိယကျောင်းသားများသည်ပင် ဒီပလိုမာတန်းတွေ တက်ရောက် သင်ယူနေတာကိုတော့ တွေ့ရသည်။
မှတ်ချက်။ ။ ဤတက္ကသိုလ်ဝက်ဘဆိုက်ကို ကိုးကားသည်။
ဆရာအခက်အခဲ
မတူညီသော ဘာသာရပ်များမှ အမ်အေပြီးသော ကျောင်းသားများသည် Ph.D အတွက် supervisor အလုအရက် ရှာရသည့်အချိန်ဖြစ်သဖြင့် ရရာ ဌာန ရရာ ဆရာကိုအမိရဖန်းကြရသည်။ ဘယ်ဌာနက ကောင်းတယ်၊ ဘယ်ဆရာက ကောင်းတယ်စသည့် ရွေးချယ်ဖို့ကိုပင် အချိန်မရခဲ့။ အိန္ဒိယတက္ကသိုလ်တစ်ခုခုတွင် M.A ပြီးသောကျောင်းသားတစ်ယောက်သည် Ph.D ကျောင်းသားဖြစ်ဖို့ ဆရာရှာချိန်၊ ဌာန ရှာချိန်၊ တက္ကသိုလ်ရွေးချိန် သိပ်မရတော့ပေ၊ သူ၏ဗီဇာသည် ၂ နှစ်စာမျှသာဖြစ်သောကြောင့် ဖြစ်သည်။ အကယ်၍ ပိုက်ဆံ အကုန်အကျခံနိုင်ပါက stay ရှောင်ရန် သီရိလင်္ကာ သို့မဟုတ် အခြားနိုင်ငံ သို့မဟုတ် မြန်မာပြည်ပြန်ပြီးမှ ဗီဇာအသစ်ဖြင့်လာပါက အချိန်များစွာ ရသဖြင့် စိတ်ကြိုက်ဆရာ ဌာန၊ တက္ကသိုလ်များ ရွေးချယ်ချိန် ရနိုင်ပါသေးသည်။ အချို့လဲ အဲဒီနည်းဖြင့် Ph.D ကျောင်းသားဖြစ်အောင် ကြိုးစားပြီးမှ ကိုယ့်ပြည်ကို ပြန်ကြသည်။ သို့သော်လည်း အချိန် ငွေ များစွာ အသုံးပြုရပါလိမ့်မည်။
ကျောင်းသားတစ်ယောက်ဖြစ်ရန်
M.A course ပြီးသော ကျောင်းသားတစ်ယောက် Ph.D အတွက် အမှတ် (၅၅% B Grad သို့မဟုတ် Second class)မီရပါသည်။ ထိုကျောင်းသားသည်----
၁။ supervisor ရှာရမည်၊ ထိုဆရာနှင့် မိမိ တင်သွင်းမည့် synopsis ကျမ်းစာ အနှစ်ချုပ်ကို ဆွေးနွေးရပါသည်။ ထိုဆရာ မိမိ ခေါင်းစဉ်ကို သဘောကျ လက်ခံပြီးပါက-
၂။ M.A တန်းအောင်လက်မှတ် မိတ္တူ၊ အမှတ်စာရင်း၊ Migration၊ ပတ်စပို့ ကော်ပီ၊ ဓာတ်ပုံ၊ supervisor ၏လက်မှတ်ပါရှိပြီး မိမိ၏ကျမ်းစာခေါင်းစဉ် ၁၀ မူ၊ တို့ကို ကိုင်ဆောင်ပြီး ကိုယ့်စာတမ်းတင်သွင်းမည့် ဌာနကို သွားရမည်၊ ထိုဌာနရှိ ဌာနမှူး (ဒါရိုက်တာ) နှင့်တိုင်ပင်ပြီး သူ၏လက်မှတ်များ ရယူကား ရုံးလုပ်ငန်းများ စတင်ရပါသည်။
၃။ ထိုရုံးလုပ်ငန်းဆိုသည်မှာ မှတ်ပုံတင်ခြင်းဖြစ်သည်၊ ထိုအတွက် ကျောင်းဝင်ကြေးများ ပေးဆောင်ရမည်။ နိုင်ငံခြားသားများ ဖြစ်ပါက အမေရိကန်ဒေါ်လာကို ယနေ့ပေါက်ဈေး အိန္ဒိယငွေးကြေးများလှဲလှယ်ကာ ပေးသွင်းရသည်။ ပထမဆုံး ပေးသွင်းရမည့် ပမာဏမှာ အမေရိကန် ဒေါ်လာ ၅၀၀ ဖြစ်သည်။ ထိုကြေးများကို အောက်ပါအတိုင်းဖော်ပြလိုက်သည်။
K.J Somaiya College Of Mumbai
Department of Sanskrit
Ph.D  Fee Schedule
စောမယကောလိပ် Ph.D ကျောင်းသားတစ်ယောက်၏ Education Fee
---------------------------
၁။ ဖောင် (Form)                                                                            10 $
၂။ မှတ်ပုံတင် Registration Fee                                                          200 $
၃။ Retention Fee (Six monthly)                                                      50 $
၎။ ကျမ်းစာတင်ခြင်း (Thesis Submission Fee)                                     600 $
၅။ Thesis Valuation Fee                                                                60 $
၆။ Department Fee (Yearly)                                10,000 Rs 0r         250 $
ဤကား ထိုဌာ၏ စည်းမျဉ်းကို တိုက်ရိုက် ကူးတင်လိုက်ခြင်းဖြစ်သည်။ ၂နှစ်အတွင်းပြီးသော ကျောင်းသားတစ်ယောက်၏ ပညာရေးကြေးသည် အမေရိကန် ဒေါ်လာ ၁၅၂၀ ဖြစ်သည်။ ၂နှစ်ကျော်သွားပါက လစဉ် နှစ်စဉ် ပေးဆောင်ရသော ကြေးများ တိုးသွားနိုင်ပါသည်။
မှတ်ချက်။ ။ စားစရိတ် အဆောင်စရိတ်များကိုတော့ သီးသန့် ကိုယ့်ဘာသာ တာဝန်ယူကြရ ပါသည်။
ဤကား စာရေးသူ၏ Sanskrit ဌာနတွင် ကိုယ်တိုင်ကိုယ်ကျ လုပ်ခဲ့သော အတွေ့ကြုံများသာတည်း၊ ပါဠိဌာနအကြောင်းကိုတော့ သိပ်မသိပါ။ လုပ်ရိုးလုပ်စဉ်တော့ အနဲငယ်ကွာဟနိုင်ပါသည်၊ ကျောင်းဝင်ကြေးလဲ ကွာခြားနိုင်ပါလိမ့်မည်။ ထိုဌာနသည် လွန်ခဲ့သော နှစ်များက ဈေးသက်သာပေမဲ့ အခုအချိန်မှာ ကျောင်းဝင်ကြေးများ ၃ ဆ မြင့်တက်လာသည်ဟုလဲ ကြားနေရသည်။
ကျောင်းသားများ အဆောင်

၎။ နံပါတ် ၃ အစီအစဉ်များ ပြီးပြည့်စုံပါက ဌာနမှ supervisor နှင့် ညှိနှိုင်းပြီ ၀င်ခွင့်ဖြေရန် ရက်သက်မှတ်ပေးသည်၊ ထိုစာမေးပွဲ ဖြေဆိုပြီးပါက interview ရှိပါသေးသည်၊ ထိုဝင်ခွင့်များသည် စိတ်ပူစရာ ကြောက်စရာမဟုတ်၊ အလွယ်တကူပြီးနိုင်သည်၊ ၀င်ခွင့်ပြီးပါက ထိုဌာနမှ RV (Research Visa) လျှောက်ရန်အတွက် စာတစ်ရွက်ထွက်ခိုင်းရပါသည်။ ထိုစာရွက်ရပြီးပါက ကိုယ့်ပြည်ကို ပြန်လာလို့ ရပြီ၊ ပိုက်ဆံ အလုံလောက်ရှိပါက သွားလိုက် ပြန်လိုက် လုပ်လို့ရပါသည်။ Distance တောင်ရနိုင်သည်။ သို့သော်လည်း Research ကျောင်းသားသည် သမာဓိရဖို့လိုသည်၊ ကိုယ်ရေးမည့်ကျမ်းစာအပေါ်မှာ အာရုံစုစည်းထားမှသာ မြန်မြန်ပြီးနိုင်ပါသည်။ Sanskrit ဌာနတွင် ဤမျှသော အစီအစဉ်ဖြင့် Ph.D ကျောင်းသားတစ်ယောက် ဖြစ်သွားပါပြီ၊ Confirmation letter (approval letter) ကို စောင့်ရင်း ကျမ်းစာများ ရေးလို့ရပါပြီ။ ထိုစာသည် ၅ လ နောက်ပိုင်းမှ ထွက်ပေးသည်၊ စာရေးသူတို့အဖွဲ့ ယခုအချိန် ၉ လတောင်ရှိနေပြီ အခုထိ ထိုစာ မရသေး။
၅။ မြန်မာပြည်ပြန်သွားပြီး ပစတ်စပို့ သက်တမ်းတိုးခြင်း ဗီဇာရယူခြင်းများ ပြုလုပ်ပြီးပါက အိန္ဒိယသို့ တစ်ခေါက်လာသောအခါ-- လုပ်ဆောင်ရမည့် အချက်အလက်များ ရှိပါသေးသည်။ stay permission ဟု ခေါ်သည့် အစီအစဉ်တစ်ခု လုပ်ရပါမည်။ လုပ်ထုံးလုပ်နည်းများသည် တက္ကသိုလ်တစ်ခုနှင့် တစ်ခု မတူညီ။ ပူနေးတက္ကသိုလ်နှင့် ပူနေးအကြောင်းကိုတော့ တင်ပြပြီးဖြစ်ရကား ဘုံဘေအကြောင်းကိုပဲ တင်ပြပါမည်။ (က)ကိုယ်တက်ရောက် သင်ကြားနေသည့် ဌာနမှ Bonafiled ခေါ် ကျောင်းသားဖြစ်ကြောင်းနှင့် stay permission အတွက် ထောက်ခံစာကို ဌာနမှူး သို့မဟုတ် ဒါရိုက်တာဆီက ရယူရပါသည်။ (ခ) ကိုယ်နေသည့် အိမ် သို့မဟုတ် အဆောင် တာဝန်ခံ၏ အဆောင် (အိမ်) မှာ နေသည်မှာ မှန်ကန်ကြောင်း ထောက်ခံစာ မူရင်းစာနှင့် (ဂ) ပတ်စပို့မိတ္တူ၊ ဓာတ်ပုံ ၂၊ နှင့် မူရင် ပတ်စပို့ပါ ကိုင်ဆောင်ပြီး FRRO ( Foreign Regional Registration Office) ရုံးသို့ သွားတင်ရပါသည်။ ထိုရုံးသည် ဘုံဘေ အဓိကဘူတာ (CST) ဘူတာကြီးအနီး ရှိသည်။
မိန်းမနှင့် ရထား
ထိုဘူတာသို့ သွားရသည်မှာလဲ လွယ်ကူလှသည်မဟုတ်၊ ရထားလက်မှတ် ရဘို့ နာရီဝက်နီးပါး တန်းစီရသည်။ မြို့ပတ်ရထားဖြစ်၍ တိုးကြိတ်စီးရသည်။ ဘူတာတစ်ခုကို ၂ မိနစ်ခန့်ပဲ ရပ်သည်၊ အရေးကြီးသည့်ပစ္စည်းများ ဂရုစိုက်ရသည်။ ထိုဘူတာကြီးသည် ဂိတ်ဆုံးဖြစ်သဖြင့် အပြန်မှာတော့ နေရာကောင်းကောင်းရသည်။ စာရေးသူတို့ သွားချိန်သည် ရုံးချိန်၊ ကျောင်းသားများ စာဖြေချိန်ဖြစ်သည်၊ ရရာ လက်ကိုင်ကြိုး သို့မဟုတ် သံတိုင်တစ်ခုခုကို ဆွဲမိဆွဲရာ ဆွဲရသည်။ ၂ သောင်း ၆ ထောင်တန် ဖိနပ်ကျွတ်ကျန်ရစ်မှာကိုပဲ စိုးရိမ်နေရသေးသည်---pppppp။ တစ်ယောက်ထဲ သွားလေ့သွားထ မရှိသော စာရေးသူအတွက် အတော်ခက်ခဲပါလိမ့်မည်။ အစအစအရာအရာ ကူညီပေးသော သူငယ်ချင်းအားလဲ ကြိတ်ပြီး အထူးကျေးဇူးတင်နေရသည်။
ရထားပေါ်တွင် အမျိုးသမီးနဲသည်၊ အများစု အမျိုးသားများဖြစ်သည်။ အမျိုးသမီးများကိုတော့ သီးသန့်အခန်း ပေးထားသည်။ ထိုအခန်း ယောကျာ်းများ နေရာယူသည်ကို မတွေ့ရသဖြင့် ကုလားများ မိန်းမများကို တန်ဖိုးထားသည်ဟု ထင်ရသည်။ သို့သော် လက်ထပ်သည့်အခါမှာတော့ မိန်းမများက ယောကျာ်းလေးကို အကုန်ကျခံ တောင်းရမ်းရသည်၊ အမျိုးသမီး ၅ ယောက်လောက် မွေးသော မိဘများသည်၊ ယောက်ျားတောင်းရမ်းဖို့အတွက် မလွယ်၊ တချို့ မတောင်းနိုင်သဖြင့် ကိုယ့်ကိုကိုယ် သက်သေသည်ဟုလည်း ကြားနေရသည်။ ဘူတာကြီးသည် အံသြစရာ ကောင်းသည်။ အလွန်ကြီးကျယ်သည်။ အိန္ဒိယသည် ရထားကို အဓိက ကုန်းလမ်းပို့ဆောင်ရေးအဖြစ် အသုံးပြုသဖြင့် ဘူတာတိုင်းတွင် စက္ကန့်ပိုင်းအတွင်းမှာပင် ရထား ၃ စီးလောက် ၀င်ထွက်နေသည်။ တပြိုင်တည်း တချိန်တည်းမှာပင် ရထား ၃ စီး ပြိုင်ပြေးနေသည်ကိုလည်း တွေ့ရသည်။ နေ့စဉ် ရထားပေါ်တွင် လူ သန်း၅၀နှင့်သန်း ၃၀ အကြား ရှိနေသည်ဟု သိရသည်။ ကုလားလူဦးရေသည် နေ့စဉ်နှင့် တိုးတက်လာနေသည်၊ ယခုအခါ သန်း ၁၂၀၀ ကျော်နေပြီဟု သိရသည်။

ဘုံဘေနှင့် ပူနေး
ပူနေးက stay permission (ပြည်တွင်း နေခွင့်) ကို တင်တဲ့အချိန်ကစပြီး one year ပေးသည် သို့မဟုတ် အိန္ဒိယကို ၀င်ချိန်ကစပြီး တွက်ပေးသည်။ ဘုံဘေမှာတော့ ကိုယ့်ဗီဇာ စထုတဲ့အချိန်ကစပြီး တစ်နှစ်စာတွက်ပေးသည့်အတွက် စောစော ဗီဇာဝင်ထားလျှင် stay permission လဲ အလိုလျောက် ကုန်နေသည်။ စာရေးသူသည် လွန်ခဲ့တဲ့ ၇ လကျော်လောက်ကထဲက ဗီဇာဝင်ထားသဖြင့် stay permission ကို ၅ လပဲ ရတော့သည်။ ဘုံဘေကို လာလျင်တော့ လာခါနီးမှ ဗီဇာထုတာ အကောင်းဆုံးဖြစ်သည်။ မြန်မာကျောင်းသားများသည် ထို နိုင်ငံခြားသား မှတ်ပုံတင်ရုံးသို့ အိန္ဒိယ immigration ၀င်ချိန်ကစပြီး ၁၄ ရက်အတွင်း သွားရမည်။
ပူနေး FRO (Foreign Registration Office) ရုံးမှာ ပြည်ပကျောင်းသားများဖြင့် တန်းစီနေရသည်ကို တွေ့ရပေမဲ့ ဘုံဘေ FRRO ရုံးမှာတော့ ပြည်ပကျောင်းသားနဲသည်၊ စီးပွားရေးသမားများ၊ လုပ်ငန်းရှင်များ များစွာတွေ့ရမည်။ ရုံးကိစ္စများပြီးပါက အေးအေးဆေးဆေး စာ စတင်ရေးလို့ ရပါပြီ။ ပူနေးတက္ကသိုလ်ကျောင်းသားများသည် စည်းမျဉ်းများ စာရွက်စာတမ်းများ A form B form C form စသည်တို့ဖြင့် ရှုပ်ထွေးလှသည်၊ stay permission (ပြည်တွင်း နေခွင့်) ကိုလည်း တစ်လကြာမှ ရသည်၊ ဘုံဘေမှာတော့ သိပ်မရှုပ်၊ တစ်ရက်တည်းဖြင့် stay permission ကို ထုတ်ပေးသည်။ စာရေးသူ တွေ့ကြုံခဲ့သော တက္ကသိုလ်နှစ်ခု၏ ထူးခြားမှုများစွာထဲက အရေးပါသော အချက်များသာဖြစ်သည်။ အိန္ဒိယရှိ အခြားတက္ကသိုလ်များ၏ အစီအစဉ်များသည်လည်း သိပ်အကွာကြီးမဟုတ်လှ။
ဤကား ဤစောမယကောလိပ်နှင့်ပတ်သက်ပြီး မိမိသိသော အနည်းငယ်မျှသော အကြမ်းပြင်းမျှသာ ဖြစ်ပါသည်၊ မသိသေးသော အကြောင်းများလဲ များစွာရှိနေသေးသည်။

နှစ်သစ်မှာ ရွှင်လန်းကြပါစေ
သီတဂူစတား
၁၇-၄-၂၀၁၁


08 April 2011

ဘုံဘေတစ်ခေါက် ရောက်ပြန်

PG လေကြောင်းပိုင် လေယာဉ်
ဝေဟင်မှ ဘန်ကောက်ရဲ့ ကောင်းကင်လမ်းမကြီးများ
သုဝဏ္ဏဘူမိလေဆိပ် တနေရာ အမှတ်တရ

ဝန်ဆောင်မှုမဆိုး

စာရေးသူ တစ်ခါမှ မစီးဘူးသေးသော လေကြောင်းက PG (Bangkok Airway) လေကြောင်းပဲဖြစ်သည်။ ဘုံဘေမြို့ကိုပြန်မယ်ဆိုတော့ Sun far အေးဂျင့်မှာ လက်မှတ်စုံစမ်းသည်၊ TGလေကြောင်းသည် one way ကိုပဲ အမေရိကန် ဒေါ်လာ ၅၅၀ ရှိနေသည်။ ဈေးသည် တစ်ရက်နှင့်တစ်ရက် အပြောင်းအလဲ ရှိသည်၊ အထူးသဖြင့် သောကြာ တနင်္ဂနွေရက်များအတွက် ပိုဈေးမြင့်သည်။ လူအသွားအလာ များသောကြောင့် ဖြစ်ဟန်တူသည်။ TG ၅၅၅ ဒေါ်လာ ဈေးများနေသဖြင့် နောက်ထက် လေကြောင်းတစ်ခုကို စုံစမ်းရာ PG ဘန်ကောက် အဲယားဝေးကို တွေ့သည်၊ သူက ဈေးသက်သာသည်၊ one way ကို ၄၀၅ ဒေါ်လာပဲ ပေးရသဖြင့် ၁၀၀ ကျော်လောက် သက်သာသည်။ လေယာဉ်ထွက်ချန်ကတော့ ရန်ကုန်မှ မနက်ပိုင်း ၁၀ နာရီးတစ်ကြိမ်နှင့် ညနေပိုင်း ၄-၄၀ တစ်ကြိမ်ရှိသည်။ ထိုလေယာဉ်သည် ဘန်ကောက်မှ ဘုံဘေသို့ ညနေ ၉ နာရီ တစ်စီးတည်းသာ ရှိသဖြင့် ရန်ကုန်မှ ညနေ ၄-၄၀ လေယာဉ်စီးလျင် သိပ်ကြာကြာ မစောင့်ရပေမဲ့ မနက်ပိုင်း လေယာဉ်စီးမိပါက တနေကုန် လေဆိပ်တည်းမှာ နေရလိမ့်မည်။ ၀န်ဆောင်မှုလဲကောင်းသည်ဟု ဆိုရပေမည်၊ ဘုန်းတော်ကြီးများကို ဂရုစိုက်သည်။ ဘန်ကောက်ရောက်တော့ သူတို့လေကြောင်းရုံးခန်း နားနေခန်းများကို နေရာပေးသဖြင့် အဆင်ပြေသည်။ ဘုံဘေရောက်တော့လည်း ကားစီးရသည်အထိ ၀န်ဆောင်မှု လိုက်လုပ်ပေးသည်အတွက် ဘုန်းတော်ကြီးများ အတွက် အဆင်ပြေသည်။

မရိုးနိုင်တဲ့ သုဝဏ္ဏဘူမိ

ဘန်ကောက်လေဆိပ်မှာ လေယာဉ်က ကွင်းနေရာရောက်ဖို့ ကွင်းထဲပတ်မောင်းစဉ် (ကွင်းနေရာ ရွေးရင်း) သိပ်လှပတဲ့ ကွင်းကြီးနှင့် ငှက်ကြီးတစ်ကောင် ပျံနေသည့်အလား လေဆိပ်ကြီးကို ကြည့်ပြီး စိတ်ကူးမိသည်။ သုဝဏ္ဏဘူမိဆိုတဲ့ အရပ်ဒေသကို မြန်မာ အင်ဒိုနီးရှား ထိုင်းနှင့် အိန္ဒိယတို့က အလုအယတ် ပိုင်ဆိုင်မှု လုပ်နေကြသည်။ မြန်မာကလည်း သထုံသည် သုဝဏ္ဏဘူမိ ဖြစ်သလို အင်ဒိုနီးရှားကလဲ ဂျာဗားပြည်နယ် ဆုမတြာကျွန်းကို သုဝဏ္ဏဘူမိဟု ဆိုပြန်သည်။ ထိုင်းနိုင်ငံသူ နိုင်ငံသားတွေကလည်း နခွန်ပထွမ် (နဂရ ပထမ)ကို သောဏ ဥတ္တရမထေရ်တို့ သာသနာသယ်ဆောင်ရာ ပထမဆုံးမြို့ဟု ဆိုကာ သုဝဏ္ဏဘူမိဟု အသိမှတ်ပြုနေကြသည်၊ ဤနည်းအားဖြင့် သူ့ဘက် ကိုယ့်ဘက် ထို သုဝဏ္ဏဘူမိ (ရွှေမြေ) ကို လုနေကြစဉ် ဟော-ဗြုန်းဆို သုဝဏ္ဏဘူမိနိုင်ငံတကာလေဆိပ်ကြီး တည်ဆောက်လိုက်တော့ ကမ္ဘာက သုဝဏ္ဏဘူမိဆိုတာကို ထိုင်းနိုင်ငံနှင့်တွဲမှတ်သွားကြသည်။ အဲဒီအတွေး စာရေးသူသာ မဟုတ် အခြား မိတ်ဆွေများလည်း တွေးမိလိမ့်မည် ထင်သည်။ သုဝဏ္ဏဘူမိ၏ နောက်ခံ story လေး ကမ္ဘာ့လူသားတွေနှလုံးသားထဲအထိ အရောက်ပို့နိုင်ရင် ကောင်းမှာပဲ ဆိုတဲ့အတွေးလည်း ဆင့်ကဲပေါ်လာသည်။ လေဆိပ်ကြီးထဲ အကြိမ်ကြိမ်ရောက်ဖူးပေမဲ့ မရိုးနိုင် မအီနိုင်ဘဲရှိနေသည်၊ ရောက်တိုင်း အသစ်အဆန်းဖြစ်နေသည်။ ဂိတ်ပေါင်း ၅၀ ၀န်းကျင် ရှိသည်အတွက် ကိုယ်သွားမည့်နိုင်ငံ၏ ဂိတ် (Gate) ကို ရှာရသည့် ဒုက္ခလဲ မသေးလှ၊ သိပ်ကြီးကျယ် သိပ်ခန်းနားသည့် ကမ္ဘာကျော်လေဆိပ်ကြီးတစ်ခု ဖြစ်သည်။

သူငယ်ချင်းများ လာကြို့

ဘန်ကောက် သုဝဏ္ဏဘူမိကမ္ဘာကျော်လေဆိပ်မှ ၄-၄-၂၀၁၁ ၉ နာရီ ထွက်လာရာ ဘုံဘေသို့ ၅-၄-၂၀၁၁ နေ့ မနက်စောစော ၁ နာရီ နိုင်ငံတကာဘုံဘေလေဆိပ်သို့ ရောက်သည်။ PG လေကြောင်းမှ ၀န်ဆောင်မှုများပေးသဖြင့် အဆင်ပြေသည်။ အပြင်ရောက်တော့ ကိုမေဓာတို့ စောင့်နေကြသည်။ အားလုံးအဆင်ပြေသည်။ အဆောင်ရောက်တော့ ၂ နာရီဝန်းကျင်ရှိနေသည်။ တချို့ ကျောင်းသားများ မအိပ်ကြသေး၊ အင်တာနက်သုံးသူက သုံး၊ တီဗီကြည့်နေသူက ကြည့်၊ အချို့လဲ စာဖတ်နေကြသေးသည်ကို တွေ့ရသည်။ အော်-- တော်တော် ကြိုးစားကြတာပဲလို့ တွေးမိသည်။ သူငယ်ချင်းဖြစ်သူများက နေရာလည်း အရန်သင့်ခင်းကျင်းထားသည်။ တော်လိုက်တဲ့ သူငယ်ချင်းကောင်းတွေပဲ။ ယခုချိန် ဘုံဘေမြို့ရာသီဥတုသည် နေလို့ကောင်းသည့် အချိန်ဖြစ်သည်၊ မိုးမရွာသေး နေလည်းအရမ်းမပူသေးရကား သင့်တင့်သော ဥတုပင်ဖြစ်သည်။ သို့သော်လည်း ဘုံဘေလေဆိပ်က ထွက်လာတာနဲ့ အသက်ရှူမ၀ ဖြစ်တော့သည်။ လူဦးရေ အထူထပ်ဆုံးမြို့လည်းဖြစ်သလို ကမ္ဘာ့မြိုကြီးများနှင့် နှိုင်းယှဉ်ပြန်ရင်လဲ ညစ်ပတ်ဆုံးမြို့ဟု ဆိုလို့ရပြန်သည်။ မြင့်မားသော အဆောက်အဦးများ ထူထပ်၍လည်း လေကောင်း လေသန့်မရနိုင်။ ကောလိပ်အတွင်း ရောက်ကာမှ လေဖြူဖြူလေးရသည်၊ အသက်ရှူရတာ အရသာရှိလှသည်။ ကိုယ်နေရမည့် အိပ်ယာသည်လည်း ၆ ထပ်မြောက်ရှိ မြန်မာမာကျောင်းသားများ စုဝေးနေသည့် အခန်းထဲက တစ်နေရာဖြစ်သည်။

ငါးပိငါးခြောက်နှင့် ချဉ်ပေါင်ကြော်

နောက်နေ့မနက် ၈ နာရီ (မြန်မာချိန် ၉ နာရီ) မှာ အိပ်ယာထဖြစ်သည်၊ မနေ့က အရမ်းပင်ပန်းနေသည်၊ ၃ နာရီထိုးခါနီးမှ အိပ်ယာဝင်ဖြစ်သည်၊ နေရာအသစ် အိပ်ယာသစ်ဖြစ်၍ ခဏခဏ နိုးနေသည်။ နောက်နေ့ အိပ်ယာက စောစောမထနိုင်။ အိပ်ယာက ထ ထချင်း မနက်စာအတွက် မြန်မာပြည်က ပါလာသည့် အကြော်အလှော် အခြောက်အခြမ်းအထုပ်တွေ ခွဲတန်းချသည်။ လက်ဆောင်ပေးရန်၊ ဟိုကဒီက သူတို့ သူငယ်ချင်း မိတ်ဆွေများအတွက် ပါးလိုက်သည့်အထုပ်တွေ ရွေးထုပ်ပြီး ကိုယ့်အတွက်ပါလာသည့် အထုပ်တွေကိုတော့ အများသုံးထမင်းစားခန်းမှာ ထည့်လိုက်သည်။ ဒကာ ဒကာမများ ညီမများက ချဉ်ပေါင်ကြော်၊ သရက်သီးသနပ်၊ ငါးခြောက်ကြော်၊ ကြက်သားကြော်၊ ပုဇွန်ခြောက်၊ ငါးခြောက်ဖုတ်များ၊ ပဲကြော်များနှင့် ဆေးပစ္စည်း စသည်များကို လှူလိုက်ကြသည်။ ကျောင်းသားရဟန်းတော်များ နှစ်သက်တော်မူကြသဖြင့် အလှူရှင်အားလုံးအတွက် ၀မ်းသာဖွယ်ဖြစ်ရသည်။ ထိုအစားအစာများသည် ဘုံဘေမြို့တွင် ရနိုင်ဖို့ မလွယ်ကူသလို အဆောင်မှာ ချက်ခွင့်မရှိ ကြော်လှော်ခွင့်မရသဖြင့် ပြည်မြန်မာ ဒကာဒကာမတွေရဲ့ ငါးပိ ငါးခြောက် ချဉ်ပေါင်ကြော်စတို့သည်ကား များစွာ ကျေးဇူးများလှသည်။ 

ဘုံဘေနှင့် လူနေမှု

ဘုံဘေမြို့ စောမယကောလိပ်တွင် ပညာသင်ရဟန်းတော် များစွာရှိသည်။ ယခုလောလောဆယ် တပေါင်းတည်း အတူစား ရဟန်းတော်များ ၁၈ ပါးလောက်ရှိသည်။ မီးဖိုပါ အခန်းကြီးတစ်ခန်းနှင့် ၄ ပါးနေ အခန်း ၂ ခန်းရသည်။ အခန်းကြီးတွင် ၁၀ ပါးဝန်းကျင်လောက်နေရသည်။ ခပ်ကြပ်ကြပ် နေရသည်။ စာသင်တိုက်ကြီးမှာ နေရသည့် စာသင်သားငယ်လေးများ ပြန်ဖြစ်သွားသည်။ တစ်ယောက်ခန်းထဲမှာ နှစ်များစွာ နေခဲ့ရသော စာရေးသူအတွက် တစ်ခန်း ၄ ပါးနေရသည်မှာ သိပ်အဆင်မပြေပေမဲ့ သူငယ်ချင်းများက သဘောကောင်းကြသဖြင့် အဆင်ပြေသည်။ ပူနေးတက္ကသိုလ်မှာ နေစဉ်က တစ်ယောက် တစ်ခန်းဖြစ်သည့်အပြင် အားလုံး ပြည်ပကျောင်းသားများဖြစ်သဖြင့် နေရသည်မှာ လွတ်လပ်၏။ ကိုယ်စားချင်တာ ချက်ပြုတ်စားသောက်နိုင်သည်။ နိုင်ငံပေါင်းစုံက ဟင်းလျာများ၏ အနံ့မျိုးစုံကို မလွဲမသေ ခံစားရမှာအမှန်။ လွတ်လပ်စွာ နေနိုင်သလို လွတ်လပ်စွာ ချက်ပြုတ်နိုင်သည်၊ လွတ်လပ်စွာ အားကစား၊ လေ့ကျင့်ခန်းများ လုပ်နိုင်သည့် နေရာ များစွာရှိသည့်အတွက် အဆင်ပြေလှသည်။

ဘုံဘေမြို့သည်ကား အိန္ဒိယနိုင်ငံ၏ လူဦးရေအထူထပ်ဆုံးမြို့ဖြစ်သလို စီးပွားရေးမြို့တော်လည်းဖြစ်သည်။ ဘုံဘေမြို့ရှိ ဤစောမယကောလိပ်မှာ ပညာသင် မြန်မာကျောင်းသားများအားလုံးသည် ပြည်တွင်းမှာတော့ စာချဘုန်းကြီးများဖြစ်ကြသည်။ သို့သော်လည်း ပညာရချင် ဘွဲ့ရချင်လိုသောကြောင့် အဆင်းရဲဒဏ် အပင်ပန်းခံရလေတော့သည်။ ပြည်ပကျောင်းသားများ အဆောင်ဟု သီးသန့်မရှိသဖြင့် အိန္ဒိယ ကျောင်းသားများနှင့် အတူနေကြရသည်မှာ သိပ်အဆင်မပြေလှ။ အချက်အပြုတ်ကအစ အဆင်မပြေ၊ ချေးများ အတိုင်အတောထူတဲ့ ကုလားကြားမှာ နေရတာလဲ သိပ်မလွယ်လှ၊ အသား ငါးမစားသော ဟိန္ဒူဘာသာ အစွန်းရောက်သော ကုလားများကြားတွင် အမှိုက်ပုံးထဲ ကြက်ရိုး ငါးရိုး တစ်ခုတွေ့မိပါက သိပ်ကြီးလေးသော အပြစ်ဟု ယူဆကာ အတိုင်အတောခံရပေမည်။ မြန်မာရဟန်းတော်များအတွက် အခန်းများသည်လည်း ၆ ထပ်မြောက်မှာသာ ရှိသည်။ နတ်ပြည် ၆ ထပ်မှာ နေရသည်ဟု အောင့်မေ့၍ နေရပေတော့မည်၊ ငလျင်တွေ သိပ်ခေတ်စားနေတော့ အဆောက်အဦးကြီး ကြည့်ပြီး ကြက်သီးထမိသေးသည်။ ပင်လယ်ကမ်းခြေမှာကိုးးးးး။ အလှည့်အကျ ချက်စားရသည့် မိသားစု စနစ်ပဲဖြစ်သည်။ စုပေါင်း ကုန်ကျစရိတ်သည် တစ်လ ရူပီး ၂ သောင်းဝန်းကျင် (ကျပ် ၄ သိန်းကျော်) လောက် ကုန်ကျသည်ဟု ခန့်မှန်းကြည့်မိသည်။ စာရေးသူတော့ အခုမှ စရောက်သဖြင့် ချက်ခန်းပြုတ်ခန်းထဲ မ၀င်ရသေးဘဲ အချက်ပြုတ်အလွန်ကောင်းသည့် နောင်တော် ညီတော်များ ချက်ပြုတ်ကျွေးတာကိုပဲ မြိန်ရည်လျှက်ရည် အသာတကြည် ၀င်စားနေရသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၈-၄-၂၀၁၁

03 January 2011

ပူနေးကျောင်းသား ဘဝ

စာမိတ်ဆက်
ဒီပို့စ်လေးကို အပိုင်းများခွဲပြီး လွန်ခဲ့သော ၅ လ ၆ လ လောက်ကထဲက တင်ပြီးဖြစ်ပါသည်။ သို့သော်လည်း ပူးနေတက္ကသိုလ် သို့မဟုတ် အိန္ဒိယတက္ကသိုလ် တခုခုသို့ တက်ရောက် ပညာသင်လိုသူများက ပြန်လည်တင်ပေးဖို့ တောင်းဆိုလာသဖြင့် အပိုင်း(၁) အပိုင်း(၂)နှင့် အပိုင်း (၃) တို့ကို တစုတဝေးထဲ ပေါင်းပြီး တင်လိုက်ရပါသည်။

ပူနေးကျောင်းသားဘဝ

ဤပို့စ်ကတော့ ယျေဘုယျ ကျောင်းတိုင်းအတွက် မဖြစ်မနေ တွေ့ကြုံရမည့် အခက်အခဲများပင်ဖြစ်ပါသည်။ ထို့ကြောင့် အိန္ဒိယပြည်ကြီးမှာ ကျောင်းသားတစ်ယောက် ဖြက်သန်းရတဲ့ဘ၀လေးကို စာဖတ်ပရိသတ်များအား ခံစားကြည့်စေချင်တဲ့ ဆန္ဒလေးတစ်ခုတည်းနဲ့ ဤပို့စ်လေးကို တင်ဖြစ်သွားခြင်းဖြစ်ပါသည်။

အိန္ဒိယကို ရောက်လာကြတဲ့ ပြည်ပကျောင်းသားတိုင်းမှာ အခက်အခဲများစွာရှိတယ်ဆိုတာ အိန္ဒိယပြည်မှာ ကျောင်းတက်ဖူးသူတိုင်း သိရှိပြီးဖြစ်ပါသည်။ ဒေသတစ်ခု စည်းမျဉ်းတစ်ခုဖြစ်ပါတယ်။ ပူနေးမြို့မှာတော့ ပြည်ပကျောင်းသား များလာတာကြောင့် အခြားမြို့များထက် စည်းမျဉ်းဥပဒေတွေ ပိုများနေသည်ဟူ၍ ဆိုပါတယ်။

ပူနေးရောက်လျင်
မြို့ကိုရောက်လာတာနှင့်တပြိုင်တည်း ပထမဆုံး ကျောင်းသားဖြစ်ဘို့ထက် stay-permit ရဘို့ ပိုအရေးကြီးနေသည်၊ မွတ်ဆလင်ဘာသာဝင်နိုင်ငံတွေက လွဲရင် အခြားနိုင်ငံခြားကျောင်းသားများသည် ၁၄ ရက်အတွင်း FRO (Foreign Register Office) သို့ အပြေးသွားရသည်။ မွတ်ဆလင်ဘာသာဝင် နိုင်ငံမှ ကျောင်းသားများသည် ၁၄ နာရီအတွင်း ဖော်ပြပါရုံးသို့ သွားရောက် သတင်းပို့ရပါသည်။

ထိုရုံးကို သွားတော့ ကျောင်းသားတစ်ယောက် ဖြစ်ကြောင်း ထောက်ခံစာများစွာ ပါရပါတယ်၊ တက္ကသိုလ်က ထုတ်ပေးသော (၁) Eligible Letter ခေါ် ကျောင်းသားဖြစ်ကြောင်း ယာယီထောက်ခံစာ ကော်ပီ။ (၂) ပတ်စပို့မိတ္တူ (၃) ရဲရုံးအတွက်တင်ရန် A Form C form စသည်များ ဖြည့်ရ (၄) မိမိနေသည့် အိမ် (သို့) အဆောင်၏ ထောက်ခံစာ (၅) မိမိတက်မည့် ဌာနက ထုတ်ပေးသော Bonafide ခေါ် ကျောင်းသား ဖြစ်ကြောင်း certificate (မူရင်း) (၆) ဓာတ်ပုံ ၂ ပုံ ယူဆောင်ကာ ဖော်ပြပါရုံးသို့ သွားကာ တန်းစီရပါသည်။ ကျောင်းသားလက်ခံချိန်ဖြစ်သဖြင့် ရုံးတိုင်းမှာ နိုင်ငံခြားသားကျောင်းသားများသဖြင့် တန်းစီရတဲ့ ဒုက္ခ မသေးလှပါ။

Department မှ Bonafide Certificate
ကိုယ်တက်ရောက် သင်ကြားမည့် ဌာန Department မှ ကျောင်းသားတစ်ယောက် တရားဝင်ဖြစ်ကြောင်း လုပ်ထုံးများကလဲ အများသား။ International Student Center ခေါ် ပြည်ပကျောင်းသားရေးရာဌာန၊ ကိုယ်တက်ရောက်မည့် ဌာနနှင့် ဘဏ် တို့ကို ပြေးလွားရပေသည်၊ ပြည်ပကျောင်းသားရေးရာဌာနမှ ကျောင်းသားဖြစ်ရန် အချက်အလက် certificate အားလုံးပြီးပြည့်စုံစွာ စစ်ဆေးပြီးမှသာ အမေရိကန် ဒေါ်လာ ၆၅၅ သွင်းဘို့ ချလန် (ငွေပြေစာ) ထုတ်ပေးသည်၊ ထိုငွေပြေစာကို ဘဏ်မှာ သွားသွင်းရသည်၊ ထိုငွေးသွင်းပြီး ပြေစာများဖြင့် ကိုယ်တက်ရောက်မည့် ဌာနသို့ သွားရောက်ရပြန်သည်၊ ထိုဌာနမှ Department fee ရူပီး ၁၂၀၀၀ (အမေရိကန်ဒေါ်လာ ၂၅၀ ၀န်းကျင်) တန် တနှစ်စာ ချလန်ဖြတ်ပိုင်းထုတ်ပေးသည်၊ ဘဏ်သို့ ပြေးရပြန်သည်၊ ဘဏ်မှာက ရာနှင့်ချီသော ကျောင်းသားများက တန်စီးနေကြသဖြင့် စောင့်ဆိုင်းရသည့် ဒုက္ခ မလွယ်ပါ။ ထိုအားလုံးပြီးကာမှ မိမိတက်ရောက်မည့် ဌာနရဲ့ Head လက်မှတ်ဖြင့် Bonafide Certificate ထုတ်ပေးရန် ခွင့်ပြုချက်ရယူကာ Department Office မှ တံဆိပ်ရယူပြန်သည်။ ထိုထောက်ခံစာ အားလုံး စုစည်းပြီးကာမှ အထက်ဖော်ပြပါ ရဲရုံး FRO သို့ သွားရသည်။ အချို့လဲ ဤ procedure များအားလုံး ၁၄ အတွင်းပြီးနိုင်သလို အချို့မှာတော့ မမီသဖြင့် ရှိတဲ့ လက်မှတ်လေးနှင့် အရင်တင်ထားရသည်၊ ကျန်တာ နောက်မှ ပြန်ပို့ရင်ရသည်။ ၁၄ ရက်အတွင်း မပို့ပါက ဒဏ်ရိုက်ခံရမည်။

နေစရာဘယ်လို ဖန်တီးမလဲ?
အခုဆိုရင် ကျောင်းသားတစ်ယောက် ဖြစ်သွားပါပြီ။ အဓိက အရေးကြီးသည့် ပြဿနာတစ်ခုရှိပါသေးသည်။ သူကတော့ နေစရာပင် ဖြစ်သည်။ International Hostel တွင် အခန်းရဘို့ မလွယ်၊ ကြိုတင်ပြီး တင်ထားသော ကျောင်းသားများသည်ပင် တစ်နှစ်စောင့်ရသည်၊ မနှစ်က ရောက်လာသော ပါဠိဌာနမှ သီတဂူစတား သူငယ်ချင်းတွေ အခုထိ အခန်းမရရှိသေးပါ၊ အပြင်မှာ အိမ်ခန်းငှါး နေရသည်။ ပူနေး အိမ်ငှါးစရိတ်သည် နှစ်စဉ် မြင့်မားလာသည့်အတွက် တစ်ယောက်တည်း အိမ်ခန်းငှါးပြီး နေဘို့ဆိုတာ သီတဂူစတားတို့လို ဘုန်းကံနဲသူတွေအတွက် မဖြစ်နိုင်၊ ကြွားလိုက်ဦးမယ်။ စုပေါင်းငှါးမှသာ လုံခြုံရေးရော ငွေရေးကြေးရေးရော သက်သာမည်။ မနှစ်က သီတဂူကျောင်းသားများ စုပေါင်းငှါးသည့် အိမ်သည် တစ်လလျင် ၁၂၀၀၀ (အမေရိကန် ဒေါ်လာ ၃၀၀ ၀န်းကျင်)။ တက္ကသိုလ်က အဆောင်ရလျင်တော့ ၆ လ ရူပီး ၉၀၀၀ (အမေရိကန် ဒေါ်လာ ၂၀၀) ပေးဆောင်ရသည်၊ သက်သာသည်ဟု ဆိုနိုင်သည်၊ လုံခြုမှုရှိသည်။ ယခုအခါ အခန်းရဘို့ စောင့်ဆိုင်းနေသူ waiting lists တွေ များစွာ တန်းစီနေသည်။ အချို့တော့ အဆောင်မှာ မနေချင်ကြ၊ ချစ်သူ ရီးစားရှိသူတွေ၊ ပိုက်ဆံတတ်နိုင်သူတွေကတော့ အပြင်မှာ အိမ်ခန်းငှါးနေကြသည်၊ ပိုလွတ်လပ်သည်၊ အဆောင်မှာက အမျိုးသားဆောင်သို့ အမျိုးသမီးမတက်ရသလို အမျိုးသမီးဆောင်မှာ လဲ အမျိုးသားမ၀င်ရ၊ ယခုအခါ လုံခြုံရေးအတွက် ပိုတင်းကျပ်လာသည်ဖြစ်ရကား အမျိုးသားဧည့်သည် သည်ပင် အမျိုးသားဆောင် တက်ခွင့်မရတော့ပါ၊ သူငယ်ချင်းတွေ လာတွေ့လျင် အောက်ထက်က ဧည့်ခန်းမှာ တွေ့ရန် လုံးခြုံရေးက လာပြောပေးသည်။

ဘယ်လိုစားမလဲ?
နောက်တစ်ခု အရေးကြီးသည့် အချက်တစ်ခု ရှိပါသေးသည်၊ စားရေးသောက်ရေးပင် ဖြစ်သည်။ စားရေးသောက်ရေးကို ဘယ်လို ဖြေရှင်းကြမလဲ? တက္ကသိုလ်အဆောင်မှာ စားစရိတ်ကို ကိုယ့်ဘာသာ ဖြေရှင်းရသည်။ အချို့တက္ကသိုလ်များက အဆောင်တွင် mass ပါသည်။ ပြည်ပကျောင်းသား အများစုသည် အသားဟင်းကို ကြိုက်ကြသည်။ အိန္ဒိယနိုင်ငံသား ၈၅ ရာခိုင်နှုံးက အသား မစား၊ ပြဿနာက သူတို့က အသားမစားတော့ အချို့တက္ကသိုလ်တွေရဲ့အဆောင်မှာ အသားမချက်ရ၊ ပူနေးတက္ကသိုလ်ကတော့ ပြည်ပကျောင်းသားတွေချည်း နေသဖြင့် ကျောင်းသား ၁၀ ယောက်အတွက် မီးဖိုခန်း တစ်ခန်းပေးသည်။ အပြင်မှာ အိမ်ငှါးလျင် အသားချက်ခွင့်ရှိသည့် အိမ်ကို ရှာဖွေ ငှါးရသည်၊ အချို့အိမ်ပိုင်ရှင်များက အသားဟင်း ချက်စားခွင့် မပြု။ သူငယ်ချင်းတွေ စုချက်စားလျင် အကုန်အကျ သက်သာသည်။ သီတဂူစတားတို့ သီးတင်းသုံးဖော်တွေ ဌာနမတူပေမဲ့ အဆောင်မှာ အတူနေ အတူုချက်စားသည့် မိသားစုစနစ်တစ်ခုဖြစ်သည်။ အလှည့်ကျ ချက်စားကြသည်။ အချို့လဲ အတူမချက်ပေမဲ့ ကိုယ့်ဘာသာချက်ပြီး စားချိန်ရောက် အတူဝိုင်းဖွဲ့စားကြသဖြင့် အခြားပြည်ပကျောင်းသားများသည်ပင် အံသြချီးမွမ်းကြသည်။ မြန်မာတွေက စည်းရုံးမှုရှိသည်၊ cooperation ရှိသည်။ အများစုနိုင်ငံတွေက ကိုယ့်ဘာသာ နေကြသည်၊ self-life style ကို သဘောကျသည်။

ပါတီပွဲလေးများ
အဆောင်မှာတော့ ပြည်ပကျောင်းသားများ စုဝေးရာဖြစ်သောကြောင့် ကိုယ့်နိုင်ငံရဲ့ နေ့ထူးနေ့မြတ်၊ ဥပမာ နှစ်သစ်ကူးလိုမျိုးရောက်လာလျင် အဆောင်မှူးထံ ခွင့်ယူကာ ပါတီပွဲ၊ အတီးအက အခုံ၊ အစားအစာတို့ဖြင့် ကျင်းပတတ်သည်။ အပြင်မှာ အိမ်ခန်းငှါးနေသော ကျောင်းသား ကျောင်းသူတွေက အဆောင်မှာ လာစုတက်ကြသည်။ အဆောင်သည် စုရပ်တစ်ခု ဖြစ်နေသည်။ အမျိုးသားဆောင်နှင့် အမျိုးသမီးဆောင်သည် ကပ်လျက်ရှိနေသည်အတွက် စုဝေးရတာ ပိုအဆင်ပြေနေသည်။

ယာယီလက်မှတ်

Admission Letter or Eligible Letter
သူငယ်ချင်းတစ်ယောက်က မေးတယ်၊ အရှင်ဘုရား- အရှင်ဘုရားတို့ ပူနေးတက္ကသိုလ်တက်ချင်ရင် Admission Letter or Eligible Letter ကို ဘယ်လို ရအောင်လုပ်မလဲ ဘုရားတဲ့ ဆိုတဲ့ မေးခွန်းသည်လည်း အရေးပါနေ၍ ကျွန်ုပ်နှင့်ဖီလိုဆိုဖီ ပို့စ်မတင်မီ ပူနေးတက္ကသိုလ်တက်ရန် စိတ်ဝင်စားသည့် ကျောင်းသားများအတွက် ရည်ရွယ်၍ ဤပို့စ်ကို တင်လိုက်ရပါသည်။
မှန်ပါသည်၊ မေးသင့်သည့် မေးခွန်းဖြစ်သည့်အပြင် အကျိုးများမည့် မေးခွန်းလဲဖြစ်ပါတယ်၊ ဒီအချက် တင်ပြဘို့ မေ့သွားခဲ့ပါတယ်၊ ပူနေးကျောင်းသားတစ်ယောက် ဖြစ်ဘို့ရန် အလွန်အရေးပါသည့် မေးခွန်းတစ်ခုဖြစ်ပါသည်၊ ဤ Letter မပါဘဲ student visa မရနိုင်ပါ၊ အိန္ဒိယသံရုံးက တက္ကသိုလ်တစ်ခုခုက ကျောင်းသားဖြစ်ကြောင်း လက်ခံလိုက်တဲ့ admission စာတစ်စောင်ပါမှ ကျောင်းသားဗီဇာ အတွက် ၂ နှစ်စာ ထုတ်ပေးသည် ထိုနှစ်နှစ်စာအတွက် အမေရိကန် ဒေါ်လာ ၇၅ ပေးဆောင်ရသည်။

ကိုယ့်နေရာကနေ Admission Letter or Eligible Letter ဘယ်လို ရအောင် လုပ်မလဲ?
အိန္ဒိယပြည်၊ ကိုယ်တက်ရောက်မည့် တက္ကသိုလ်သို့ ကိုယ်တိုင် သွားရလျင် သွားစရိတ် ပြန်စရိတ် အမေရိကန် ဒေါ်လာ ၇၀၀ လောက် ကုန်ကျဦးမည်။ ဒါမှမဟုတ် လူကြုံနှင့်ပို့ပြန်လျင်လဲ အပြန်အသွားဆိုတော့ အချိန်ကြာမည်၊ စိတ်လဲ မချရပေ။ မြန်မာပြည်မှာ အင်တာနတ်ခေတ်တွေ ခေတ်မစားခင်က အဲဒီလို လူကြုံနှင့်ပို့ကြရသည်၊ ဒါမှမဟုတ် ကိုယ်တိုင် သွားပြီး ဆောင်ရွက်ရသည်၊ လူပန်း ငွေကုန် အချိန်ကုန်ခေတ်ပေါ့။ ယခုအခါမှာ အင်တာနတ်တွေ အီမေးလ် တွေ အဆင်ပြေလာတော့ လူကိုယ်တိုင် သွားစရာမလိုတော့ပေ၊ google ကို အထူးကျေးဇူးတင်ရပေသည်။ အဲဒီတော့ အဲဒီ စာကို ကိုယ့် ပြည်တွင်းကနေဘယ်လို ရအောင် လုပ်မလဲ?

အိန္ဒိယမှာ ကိုယ့်သူငယ်ချင်း၊ ဒါမှ မဟုတ် ကိုယ့်အတွက် အကူအညီပေးနိုင်မည့် မိတ်ဆွေ လိုပါသည်၊ အကောင်းဆုံးက ကိုယ်တက်ရောက်မည့် တက္ကသိုလ်တွင် တက်ရောက် ပညာသင်ဆဲ ပုဂ္ဂိုလ်ဆိုလျင် ပိုအဆင်ပြေသည်၊ အကြောင်းကား သွားရ လာရတာမလွယ်ကူပါ၊ အိန္ဒိယပြည်ကြီးသည် အလွန်ကျယ်ဝန်းသည်ဖြစ်ရကား တနေရာနှင့် တနေရာ သွားဘို့ဆိုတာ ခက်ခဲပါသည်။ ရုံးကိစ္စများသည်လည်း တစ်ရက်တည်းနှင့် ပြီးသည်မဟုတ်၊ ခဏခဏ ရုံးကိုသွားရသည်၊ ကုလား tomorrow တို့ ဧ မိနစ် တို့ဆိုတာ အလွန်ကြောက်စရာပါ၊ tomorrow ဆို တစ်ပတ်လောက်တော့ အနဲဆုံး သွားရသည်။ ထို့ကြောင့် ကိုယ်တက်ရောက်မည့် တက္ကသိုလ်နှင့် ဘာသာရပ်ကို အတိအကျ ပြောဘို့ လိုသည်၊ ဟိုတက္ကသိုလ်တက်ချင်သလိုလို ဒီတက္ကသိုလ်လိုလို ဟိုဘာသာရပ်တက်ချင် သလိုလို ဒီဘာသာ ယူချင်သလိုလို ၀ါးတားတား လုပ်နေရင် လုပ်ပေးရသည့် ပုဂ္ဂိုလ်အတွက် အရမ်းကို ခက်ခဲပါသည်။ ဒါ့ကြောင့် အတိကျသာ ပြောလိုက်ပါ။

ဘာတွေ လိုအပ်သလဲ
ကိုယ်တက်ရောက်မည့် တက္ကသိုလ်နှင့် ဘာသာရပ်တို့ကို ဖြစ်နိုင်ခြေရှိသည့် (လုပ်ပေးနိုင်သူ) သူအား အတိအကျပြောပြီး၊ ကိုယ့်ရဲ့ ကိုယ်ရေးရာဇ၀င် စသည်တို့ကို ပို့ပေးရပါသည်။ အဲဒါတွေကတော့ (၁) ပတ်စပို့ (၂) ပတ်စ်ပို့ ဓာတ်ပုံဆိုဒ် ပုံများ (၂) အောင်လက်မှတ် certificate (၃) ထိုအောင်လက်မှတ်ရဲ့ အမှတ်စာရင်း Mark sheet (၄) မွေးစားရင်း Birth Certificate (၅) တက္ကသိုလ်တစ်ခုခုရဲ့ ထောက်ခံစာ (အောင်လက်မှတ်ရခဲ့သည့် နေရာ) No Objection (၆) ဖြစ်နိုင်ရင် ကိုယ့်အတွက် လုပ်ပေးမည့်သူထံ အမေရိကန် ဒေါ်လာ ၅၀ ကြိုပို့ပေးထားလျင် ပိုကောင်းသည်၊ အထက်ပါ အချက်အလက်များကို စကန် scan ဖတ်ပြီး အီးမေးလ်ကနေ ပို့နိုင်ပါသည်။ အကြောင်းကား (၁)လျှောက်လွာများ ၀ယ်ခြင်း၊ (၂) Notary ခေါ် ရှေ့နေ ထောက်ခံစာ ရအောင် ယူခြင်း၊ (၃) လျှောက်လွှာတင်ခြင်းနှင့် စရိတ်စကတွေ ရှိနေပါသည်။

အချိန်
ဘယ်အချိန် အဲဒီ Admission Letter ထွက်လာမလဲဆိုတော့ အတိအကျ ပြော၍ မရပါ။ သီတဂူစတားတုန်းက လုပ်ပေးနေတဲ့ သူငယ်ချင်းအား ခဏခဏ အပူတိုက်မိသည်၊ မရသေးဘူးလား မထွက်သေးဘူးလား ကြာလှပါလား စသည်ဖြင့် ပြောမိသည်၊ သူစိတ်ဆိုးသည်၊ ဟုတ်ပါသည် သီတဂူစတားလဲ အခြေအနေကို ကောင်းကောင်းမသိခဲ့၊ သူငယ်ချင်းနှစ်ယောက်အတွက် ကိုယ်တိုင်ကိုယ်ကျ လုပ်ပေးလိုက်တော့မှ အတွေ့အကြုံရလိုက်သည်။ International Center ကို ခေါက်တုန့်ခေါက်ပြန်သွားနေရသည်၊ ကျောင်းသားအသစ် လက်ခံချိန်ဖြစ်တာကြောင့် ဒီထွက်လာမည့် စာလေးတစ်ဆောင်ရဘို့ သွားစောင့်ရတာမလွယ်၊ တန်းစီနေရသည်၊ ရောက်သွားပြန်တော့လဲ ကိုယ့်လူအတွက် စာက ထွက်မလာသေး၊ နောက်နေ့ ထက်သွား တန်းစီရပြန်၊ ကိုယ့်ရှေ့မှာက နိုင်ငံပေါင်းစုံက ကျောင်းသာတန်းရှိသည်၊ မြန်မာပြည်မှာတုန်းကလို ဘုန်းကြီးပဲ ဆိုပြီး ရှေ့မှာကျော်တက်လို့မရပါ။ အဲဒီအချိန်မှာတော့ မြန်မာပြည်ရဲ့ ယဉ်ကျေးမှုကို သတိရမိသည်၊ လွမ်းမိသည်။

ပုံမှန်ကျောင်းသားလက်ခံချိန်
ကျောင်းသားလက်ခံချိန်သည် ယေဘုယျအားဖြင့် တက္ကသိုလ်ကြီးတွေမှာ တူညီကြပါသည်။ လုပ်ထုံးလုပ်နည်းလေး နဲနဲတော့ ကွာကြသည်၊ ပူနေးတက္ကသိုလ်ကျောင်းသား စတင်လက်ခံချိန်သည် June လမှာ ဖြစ်ပြီး admission ကတော့ လျှောက်လွာများတင်ပြီး ၂၀ ရက် သို့မဟုတ် တစ်လ ထိရှိနိုင်သည်။ admission ပိတ်ချိန်သည် July လက်ကုန်အထိဖြစ်နိုင်ပါသည်။ ၀င်ခွင့် စာမေးပွဲသည် August လ ပထမဆုံးတနင်္ဂနွေနေ့ ကျင်းပသည်။ ကျောင်းစဖွင့်ချိန်ကတော့ August လမှာပဲ စဖွင့်သည်။ Admission ထွက်လာလျင် အိန္ဒိယမှ ဆောင်ရွက်ပေးနေသူက ကိုယ့်ရဲ့ admission ကို စကန်ဖတ်ပြီး အီးမေးလ်နှင် ပြန်ပို့ပေးပါလိမ့်မည်၊ ရရခြင်းပဲ ထိုစာဖြင့် အိန္ဒိယသံရုံးကို သွားကာ ကျောင်းသား ဗီဇာ လျှောက်လေသတည်း။ ဤ admission သည် ဗီဇာလျှောက်ရန် ယာယီကျောင်းသားဖြစ်ကြောင်း လက်မှတ်ပဲဖြစ်ပါသည်၊ တကယ့်ကျောင်းသားဖြစ်ဘို့ကိုတော့ ကိုယ်တက်မည့် တက္ကသိုလ်ရောက်ခါမှသာ ရုံးကိစ္စတွေ ဆက်လက် လှုပ်ရှားရပါသည်။ သို့ဖြစ်ပါသောကြောင့် ပူနေးတက္ကသိုလ်တက်ရန် ပြင်စင်ထားသူများ ရှေးဦးစွာ သိထားရန် ရည်ရွယ်ပါသည်။

ပူနေးတက္ကသိုလ်နှင့် Migration
မိတ်ဆက်

တက္ကသိုလ်တစ်ခုမှ B.A, B.Sc ပြီးသော ကျောင်းသားတစ်ယောက် သို့မဟုတ် M.A, M.Sc ပြီးသော ကျောင်းသားတစ်ယောက်သည် အခြားတက္ကသိုလ်တစ်ခုသို့ ပြောင်းရွှေ့ပြီး M.A, M.Sc သို့မဟုတ် Ph.D အတွက် ကျောင်းတက်မည်ဆိုလျှင် ကျောင်းပြောင်းလွှဲစာ (Migration certificate သို့မဟုတ် transfer certificate) လိုအပ်သည်။ ထို certificate ထုတ်ပေးသည့် စနစ်မှာ တက္ကသိုလ် တစ်ခုနှင့် တစ်ခုမတူညီကြပါ။ သီတဂူစတား သိသော migration certificate ကို ဘယ်လိုယူရမလဲ ဆိုတာ ပူနေးတက္ကသိုလ်၏ system ကို ဗဟုသုတအဖြစ် တင်ပြလိုပါသည်။ မောင်ကောရေ- ဒီလောက် ခက်ခက်ခဲခဲ လုပ်ယူရတဲ့ migration ကို နောင် ပူနေးတက္ကသိုလ် ကျောင်းတက်မည့်သူတွေအတွက် မှတ်တမ်းလေးရေးထားခဲ့ပါဟု သီတင်းသုံးဖော်တစ်ယောက်က ပြောလာပါသည်။ ဒီမှတ်စုလေးက ပူနေးတက္ကသိုလ်သို့ ကျောင်းတက်မည့်သူ migration ရရန်အတွက် အားထုတ်နေသူတွေနှင့် အခြားဗဟုသုတရလိုသော သူတွေအတွက် မှတ်စုလေးတစ်ပုဒ်အဖြစ် တင်ပြလိုက်ပါသည်။

ပူနေး migration
ပုံမှန်အားဖြင့် ပူနေးတက္ကသိုလ်သည် ဘယ်တက္ကသိုလ်ပဲ လာလာ ဘယ်နိုင်ငံကပဲ လာလာ migration certificate မပါဘဲ လက်ခံလေ့ရှိသည်၊ သို့သော် အိန္ဒိယတက္ကသိုလ်များ ဘုတ်အဖွဲ့ကသော်၎င်း သို့မဟုတ် ကျောင်းသား၏ နိုင်ငံမှာ ရှိသော အိန္ဒိယသံရုံးကသော်၎င်း၊ သို့မဟုတ် အိန္ဒိယနိုင်ငံရှိ ကျောင်းသား၏နိုင်ငံပိုင် သံရုံးကသော်၎င်း ထို အောင်လက်မှတ် Passing Certificate နှင့် အမှတ်စာရင်း Mark sheet တို့ကို အသိမှတ်ပြုဘို့ လိုသည်၊ ထိုဌာနတစ်ခုခုမှ အသိမှတ်ပြု ထောက်ခံစာများ ပါရပါသည်။ ဤကား ပူနေးတက္ကသိုလ်မှ migration certificate မပါဘဲ အောင်လက်မှတ်များကို လက်ခံခြင်းအကြောင်းဖြစ်ပါသည်။

ပူနေးတက္ကသိုလ်မှ migration ထုတ်ယူခြင်း
ပူနေးတက္ကသိုလ်မှ M.A ပြီးသော ကျောင်းသားသည် အကယ်၍ ပူနေးတက္ကသိုလ်မှာ ဆက်မတက်တော့ဘဲ အခြားတက္ကသိုလ်မှာ Ph.D ဆက်လုပ်မယ်ဆိုရင် Migration ထုတ်ယူဘို့လိုပါသည်။ ထိုသို့ migration certificate တစ်ခုရဘို့ရာ လမ်းကြောင်း procedure မသိရင်တော့ ရွာလည်ပြီသာမှတ်ပေတော့။ သီတဂူစတားသည်လည်း ဆရာ guide အခက်အခဲ ကြောင့်၎င်း၊ ပူနေးတက္ကသိုလ်ရဲ့ ရှည်လျားလှတဲ့ procedure တွေကြောင့် ဗီဇာ limitation ရှိနေတာကြောင့် အခြားတက္ကသိုလ်တစ်ခုသို့ ပြောင်းရွှေ့ကာ Ph.D လုပ်ရန်စိတ်ကူးထားသည်ဖြစ်၍ migration certificate ရရန်ကြိုးပမ်းနေရသည်။ လမ်းကြောင်းသိရင်တော့ သိပ်မခက်ခဲပေမဲ့ ဘာသတင်း information မှ ရမထားဘဲ ကိုယ်ကိုယ်တိုင်လုပ်ကြည့်တော့ ၅ ရက်လောက် အချိန် အလကား ကုန်သွားသည်။ ရှေးဦးစွာ ကိုယ့်ရဲ့ဌာန (ဖီလိုဆိုဖီဌာန) က ရုံးမှာ သွားစုံစမ်းခဲ့သည်၊ ငါ migration certificate လိုချင်တယ် ဘယ်မှာ ရနိုင်မလဲ? မေးတော့ ဟာ ငါတို့ ဌာနက migration ရော transfer certificate (TC) ကိုရော ပြည်တွင်းကျောင်းသားအတွက်ရော ပြည်ပကျောင်းသားတွေ အတွက်ပါ ထုတ်ပေးလေ့မရှိဘူး။ Migration Department ကို သွားပါဆိုတော့ ညွှန်ကြားတဲ့အတိုင်း သွားခဲ့သော်လည်း local (ပြည်တွင်း) ကျောင်းသားတွေ အတွက်သာ ထုတ်ပေးတာ ပြည်ပကျောင်းသားတွေ အတွက်မပါဘူး၊ International Center (ပြည်ပကျောင်းသားရေးရာ ဌာန) မှာ သွားစုံစမ်းပါလို့ ပြောလိုက်ပြန်၊ သူပြောသည့်အတိုင်း ထို ဌာနသို့ သွားသည့်အခါ ရာနှင့်ချီသော ပြည်ပကျောင်းသားများ ရုံးထဲ ၀င်ရန် တန်းစီနေကြသည်။ ဒီလူအုပ်ကြီး မြင်ပြီး စိတ်မသက်မသာ ဖြစ်မိသည်၊ ငါ ဘယ်လိုလုပ် ဒီဌာနထဲသို့ ၀င်လို့ရမလဲ။ ဒီလိုနဲ့ လူအုပ်ထဲတိုးပြီး အတင်းကြည့်တော့ ရုံးထဲဝင်ရန် အပြင်ဘက်မှာ လက်မှတ်ထိုးနေရသည်၊ ပါလာသော အိပ်တွေကို လုံခြုံရေး ဒုတ်ချောင်းတွေနှင့် ထိုးပြီး စစ်ဆေးနေသည်။ တစ်ယောက်ချင်းစီ စစ်ဆေးနေတော့ အပြင်မှာတင် ၁ နာရီလောက်ကြာသွားသည်။

ဌာန အဆောက်အဦးအတွင်းရောက်ပြန်တော့လည်း ရုံထဲရောက်ဖို့ တစ်ခါ တန်ဆီရပြန်သည်၊ အတော်ကို စိတ်ပျက်ဖို့ကောင်းသည်၊ အဲဒီလောက် ခက်ခဲစွာ တန်းစီးပြီးမှ ရုံးခန်းထဲသို့ရောက်ရသည်၊ အဆင်ပြေ အမောပြေမလား အောင့်မေ့ migration ကိုသာ ဒီဌာနက ထုတ်ပေးသည် (TC) transfer certificate မပါဘဲ ထုတ်ပေးလို့ မရဘုးဟုပြောပြန်သည်၊ ဒါဆို အဲဒီ TC ကို ဘယ်က ရနိုင်မလဲဆိုတော့ မင်းတို့ ဖီလိုဆိုဖီဌာနကပဲ ပေးမှာပေါ့ ဟု လွှဲချပြန်တော့--ဟူးးးးးးးး မောသွားလိုက်တာမှ လွန်ပါရော-- Ph.D ဆက်လုပ်ချင်စိတ်တောင် ပျောက်သွားတယ်။ TC, DD, စသည့် ဖောင်များ ဖြည့်ပြီး ပို့ခဲ့လို့ tomorrow လာခဲ့ ဟု ပြောသည်၊ သွားတန်းစီရပြန်သည်။ မင်းဟာ ဒါရိုက်တာဆီမှာပဲ ရှိသေးတယ် tomorrow လာခဲ့လို့ ပြောပြန်သည်၊ နောက်နေ့ သူပြောတဲ့အတိုင်း သွားပြန်သော်လည်း ဒီနေ့ ဒါရိုက်တာမလာဘူး tomorrow တော့ သေချာ ရမှာပါကွာဟု ပြောပြန်သည်။ အိန္ဒိယ၏ tomorrow, one minute, one second ဆိုတာတွေရဲ့ အထာကို ကုလားတိုင်းက သိကြသည်။ ဒါ့ကြောင့် သူတို့ အချင်းချင်းသည်ပင် ပြောသည့် စကားတိုင်းကိုပင် တံဖိုးမထားကြတော့ပေ၊ ယုံကြည်မှုလည်းမရှိကြတော့ပေ။

ပြည်မြန်မာပြန်ချင်
အိန္ဒိယမှာ နှစ်နှစ်လောက် နေလိုက်ရတော့ အတော်လေး ရိုးအီးသွားသည်၊ အချို့ကျောင်းသားတွေတော့ မြန်မာပြည် ပြန်ချင်စိတ်ကို မရှိကြတာ၊ အကြောင်းကတော့ ဒီမှာက ပိုက်ဆံအကုန်အကျ များပေမဲ့ နေရတာ အဆင်ပြေပုံရသည်ထင်၊ မီးမပျက် ရေက အဆင်သင့်၊ လိုင်း speed အား ကောင်းတဲ့ အင်တာနက်ကိုလည်း ဈေးပေါပေါနဲ့ သုံးနိုင်၊ အလွယ်တကူ တံဖိုးနဲနဲနှင့် တယ်လီဖုန်းကိုလည်း လူတိုင်း သုံးနိုင်ခြင်းတို့ကြောင့် ဖြစ်ဟန်တူသည်။ သီတဂူစတားတော့ အဲဒီဟာတွေကို သိပ်မမက်မောပေ သို့သော်ရချင်သည်၊ P:၊ ဒါမေပဲ့  အိန္ဒိယ (ကုလား)ရဲ့ tomorrow, one minute, one second ဆိုတဲ့ ရုံး၊ ရဲစခန်း၊ ဌာနက ပြောသော စကားတွေကို စိတ်ပျက်ပြီး ကြောက်ရွှံ့နေတော့သည်။ ယခု migration ရရန် ကြိုးစားကြည့်လိုက်မှ အတော်ကို ခက်ခဲတဲ့ အိန္ဒိယ လူမျိုးတွေပဲ။ လွယ်တာကို ခက်အောင်လုပ်၊ အလုပ်ရှုပ်အောင်လုပ်တဲ့ သူတွေပဲလို့ မြင်မိသည်။ ဒီလိုနဲ့ ဌာန၊ ကျောင်းသားရေးရာ ဌာန နှင့် migration office တို့ သတင်းအတိအကျ မပေးဘဲ ဟိုလွှဲချ ဒီလွှဲချခြင်းဖြင့် ခံရသည့်ကျောင်းသားတွေမှာတော့ မသက်သာ၊ အချိန်ကုန် လူပင်ပန်း။ ကိုယ်လည်း မြန်မာပြည်ကို အမြန်ပြန်ချင်တာကြောင့် migration ကို မရ ရအောင် မပျင်းမရိ ဟိုမေး ဒီမေးရင်းနဲ့ အဖြေတစ်ခုတော့ရလာသည်။

ဘယ်လိုရအောင် ယူမလဲ?
လမ်းကြောင်းသိဖို့သာ လိုသည်။ သီတဂူစတားလဲ လမ်းကြောင်းပေါ် ရောက်လာရော သီတဂူစတားလိုပဲ migration ရရန် ကြိုးစားနေသူတွေ ရှိနေကြသည်။ ထိုင်းကျောင်းသား E-major နှင့် Education ဌာနက ကျောင်းသား ၂ ယောက် သီတဂူစတားထံ ရောက်လာသည်၊ သိပ်မကြာပါ အီရန်ကျောင်းသားတစ်ယောက်လဲ ရောက်လာပြန်သည်။ သီတဂူစတား migration နှင့်ပတ်သက်ပြီး ဆရာကြီးဖြစ်သွားသည်။ ကိုယ့်ရှေ့က ပြီးသွားတဲ့ မြန်မာ ကျောင်းသားတွေကတော့ ပူနေးတက္ကသိုလ်မှာပဲ ပြန်လုပ်ကြသည်ဖြစ်၍ migration နှင့်ပတ်သက်ပြီး မသိကြ။ ဒီနှစ် မြန်မာကျောင်းသား ပူနေးတက္ကသိုလ်မှ M.A ပြီး ၄ ယောက်ရှိသည်၊ ဖီလိုဆိုဖီဌာနမှ ၁၊ ပါဠိဌာနမှ ၂၊ နှင့် အင်္ဂလိပ်စာဌာနမှ ၁၊ တို့ဖြစ်သည်။ အားလုံးက ပူနေးတက္ကသိုလ်မှာ ဆက်မတက်ကြတော့ဘဲ အခြားတက္ကသိုလ်တွေမှာ တက်ဖို့ ပြင်ဆင်နေကြသည်။ migration နှင့်ပတ်သက်ပြီး သီတဂူစတားက အရင်လျှောက်ထားသည်ဖြစ်၍ နောက်လူတွေအတွက် အလွယ်တကူ လျှောက်နိုင်သည်။
Migration ကို International student center ကနေ နိုင်ငံခြားသား ကျောင်းသားများ အတွက် ထုတ်ပေးသည်။ ထိုသို့ ထုတ်ပေးရာမှာ ပြည့်စုံရမည့် documents တွေကတော့----
၁။ TC (transfer certificate) ထို certificate ကို publish department မှ ၅ ရူးပီး ပေးပြီး ၀ယ်ရပါသည်။ ထို ဖောင်တွင် ညွှန်ကြားထားသည့်အတိုင်း ဖြည့်သင့်တာ ဖြည့်ပြီး ကိုယ် အောင်ခဲ့တဲ့ ဌာနမှူးထံသွားပြီး လက်မှတ်ထိုးခိုင်းရပါသည်၊ ထိုဌာန၏ ရုံးတံဆိပ်ပါ ထုခဲ့ရသည်။
၂။ Mark sheet (M.A) တန်း အောင်ခဲ့သော အမှတ်စာရင်း။ ကိုယ်အောင်ခဲ့သော ဌာနမှ ထုတ်ပေးပါသည်။
၃။ DD form (demand draft) ဖြစ်ပါသည်။ ဒီဖောင်ကိုတော့ ပူနေးတက္ကသိုလ် ဘဏ်မှ ရယူပြီး ၂၀၀ တန်းလက်မှတ်ဝယ်ပြီး ငွေသွင်းပြီး DD form ချက်ချင်း ထုတ်ပေးပါသည်။
၎။ online application form migration ပါရပါမည်။ ထိုဖောင်ကို ရဘို့ရန်မှာ ရှေးက ၁-၂-၃ documents တွေ ပြည့်စုံပြီးမှ အွန်လိုင်းသို့ သွားရပါမည်။ ထိုအွန်လိုင်းမှာ- http://migration.unipuenonline.in/ သို့ သွားပြီး မိမိအကောင့်တစ်ခု ဖန်တီးရန် account create ကို သွားရပါမည်။ ညွှန်ကြားထားသည့်အတိုင်း ထို account creation အောင်မြင်ပြီးပါက ကိုယ်ဖြည့်မည့် application form နေရာသို့ ရောက်လာပါလိမ့်မည်၊ ထိုနေရာတွင် ဖြည့်ရမှာက-- ကိုယ့်ရဲ့ အမည်၊ အမေနာမည်၊ ကိုယ် Ph.D ဆက်လုပ်မည့် တက္ကသိုလ် သို့မဟုတ် ကောလိပ်၊ TC နံပါတ် နှင့် သူ့ကို ထုတ်ပေးသည့် ရက်စွဲ၊ DD နံပါတ်နှင့် သူ့ကို ထုတ်ပေးသည့် ရက်စွဲ စသည်အားဖြင့် ညွှန်ကြားထားသည့်အတိုင်း ဖြည့်စွပ်ပြီးပါက submission လုပ်ရပါသည်။ ထိုအစီအစဉ် အားလုံး အောင်မြင်ပြီးပါက ပရင့်ထုတ်ရန် Online application Form ထွက်လာပါလိမ့်မည်။ ပရင့်ထုတ်လိုက်ပါ။

ဤသို့အားဖြင့် ပူနေးတက္ကသိုလ်ရဲ့ Migration တစ်ခုရဘို့ရန်မှာ အစီအစဉ် သိရှိထားပါက လွယ်ကူပါသည်။ အများစုက ထိုလမ်းကို မလျှောက်ခဲ့ကြသေးသဖြင့် သိပ်မသိကြသေးပါ။ ကျောင်းသားတစ်ယောက်သည် အင်တာနက်ကို မဖြစ်မနေ သုံးကို သုံးတတ်ရပါမည်။
၅။ ထိုပြဆိုခဲ့သော form သို့မဟုတ် certificate ၄ ခုကို ယူပြီး international student center မှာ သွားပြီး ထို ဖောင်များကိုပြကာ ရူပီး ၅၀၀ တန် ဖြက်ပိုင်းတစ်ခု တောင်းရပါသည်၊ ပူနေးတက္ကသိုလ် ဘဏ်မှာ ထို ဖျက်ပိုင်းနှင့် ၅၀၀ သွားသွင်းရပါသည်။
၆။ အထက်ပါ ဖောင် ၄ ခုနှင့် ၅၀၀တန် ဘဏ်ဖျက်ပိုင်းတို့ကို ယူပြီး international student center မှာ သွားတင်ရပါမည်။ ဘဏ်နှင့် ကျောင်းသားရေးရာဌာနတို့၌ ခေါက်တုန့်ခေါက်ပြန် သွားရပါမည်၊ သွားရတာ မပင်ပန်းပေမည့် ထိုဌာနတွေမှာ တန်းစီရသည့် ဒုက္ခက မသေးလှပါ။ လုပ်ဖူး ကြုံဖူးမှ သိပါမည်။
ထို့ကြောင့် နောင်လာ နောက်သားများ အင်တာနက် သုံးတက်အောင် သင်ထားကြရန်နှင့် ပူနေးတက္ကသိုလ်မှ M.A ပြီးသော ကျောင်းသားများ migration ထုတ်ယူလိုသော ကျောင်သားများနှင့် စာဖတ်ပရိသတ် အတွက် ဗဟုသုတအဖြစ် ဤပို့စ်ကို သတင်းအဖြစ် တင်လိုက်ရပါသည်။

Ph.D (သုတေသန) ကျောင်းသား
ပထမခြေလှမ်း

Course တစ်ခု ပြီးပြန်တော့လဲ နောက်ထပ် Course တစ်ခုတက်ရန်ပြင်ရပြန်၊ မည်သည့် subject (ဘာသာရပ်)နှင့်မဆို M.A ပြီးကျောင်းသားတစ်ယောက်ဟာ Ph.D ဒေါက်တာဘွဲ့အတွက် ကျမ်းရေးရန် Supervisor or Guide ရှာရတဲ့ ဒုက္ခ နှင့် မလွဲမသွေ ရင်ဆိုင်ကြရမည်။ မထမဆုံး အခက်အခဲကတော့ ကိုယ့်ကျမ်းစာ အတွက် လမ်းညွှန်ပေးမဲ့ ဆရာရဘို့ပင်ဖြစ်သည်၊ ဆရာတစ်ယောက်ကို Ph.D ကျောင်းသား ၈ ယောက်သာ လက်ခံခွင့်ရှိသည်ဟု မှတ်သားရပါသည်။
ရာနှင့်ချီသော M.A ကျောင်းသားများ
အိန္ဒိယနှင့် သီရိလင်္ကာ နှစ်နိုင်ငံတွင်ပင် တစ်နှစ်ကို M.A ဘွဲ့ရ မြန်မာကျောင်းသား ရာဂဏန်းနှင့်ချီပြီး မွေးထုတ်ပေးနေသည်။ ပူနေးတက္ကသိုလ်တွင်ပင် ၂၀၁၀ ခုနှစ်တွင် ဒဿနိကဗေဒ တစ်ယောက် (သီတဂူစတား)၊ အင်္ဂလိပ်စာ ဌာန တစ်ယောက်နှင့် ပါဠိဌာန ၂ ယောက်၊ စုစုပေါင်း ၄ ယောက်သော မြန်မာကျောင်းသားများကို မွေးထုတ်ပေးလိုက်သည်။ အိန္ဒိယနိုင်ငံတွင် မဂဓတက္ကသိုလ်၊ ဆန်စခရစ်တက္ကသိုလ်နှင့် နာလန္ဒာတက္ကသိုလ်ကြီးများမှ ရာနှင့်ချီသော မြန်မာကျောင်းသားများ၊ အထူးအားဖြင့် ရဟန်းတော်များ မွေးထုတ်ပေးနိုင်သလို သီရိလင်္ကာတက္ကသိုလ်များမှလဲ မြန်မာကျောင်းသားများကို ရာနှင့်ချီပြီး မွေးထုတ်ပေးနေသည်ဟု သိရသည်။ ဤသို့အားဖြင့် ထိုတက္ကသိုလ်အသီးသီးမှ တစ်နှစ်ကို M.A ဘွဲ့ရ မြန်မာကျောင်းသား ၂၀၀ ၀န်းကျင် မွေးထုတ်ပေးနိုင်လိမ့်မည်ဟု ခန့်မှန်းရပါသည်။

ပြဿနာက

ထို M.A ပြီးကျောင်းသားအားလုံး ရှေ့ဆက်ပြီး Ph.D အတွက် ပြင်ဆင်နိုင်ကြမည်ဟူ၍ မဆိုနိုင်ပေမဲ့ (အကြောင်းအမျိုးမျိုကြောင့် ဆက်မတက်နိုင်ပေမဲ့) တစ်ဝက်လောက် (၁၀၀ နီးပါး)က ဆက်တက်နိုင်ကြမည်။ ပြဿနာက ထို ၁၀၀ နီးပါးသော ကျောင်းသားတွေ အတွက် Ph.D ကျမ်းပြုရန် Supervisor အဖြစ် ဆရာ အလုံလောက် မပေးနိုင်ခြင်းပင်ဖြစ်သည်။ သီရိလင်္ကာမှ ကျောင်းသား အများစုကလဲ အိန္ဒိယဘက်ကိုပဲ ရောက်လာကြသည်။

Ph.D ကျောင်းသားဖြစ်ရန်
Ph.D ကျောင်းသားဖြစ်ဘို့ရန် M.A တန်းမှာတုန်းက ရမှတ်သည် အနဲဆုံး ၅၅ % နှုန်းရှိရမည်ဟု သိရသည်။ အိန္ဒိယ တက္ကသိုလ်တွေမှာ ယေဘုယျအားဖြင့် တူညီတဲ့ စည်းမျဉ်းများရှိသလို မတူညီတဲ့ စည်းမျဉ်းများလဲ ရှိနေသည်။ ပူနေးတက္ကသိုလ်တွင်မှာလဲ ဌာနတစ်ခု စည်းကမ်းတစ်မျိုးရှိတက်သည်။ ယခုအခါ Ph.D ကျောင်းသားများသည် ပြည်တွင်းရော ပြည်ပကျောင်းပါ ၀င်ခွင့်ဖြေဆိုရမည်။ ၀င်ခွင့် ဖြေဆိုနိုင်သော ကျောင်းသားသည် ပြည်တွင်းကျောင်းသားဖြစ်ပါက အနဲဆုံး Grade Point 55 or Second class ဖြစ်ရမည်၊ ပြည်ပကျောင်းသားဖြစ်ပါက အနဲဆုံး grade point 50 ဆို ၀င်ခွင့်ဖြေဆိုခွင့်ရှိသည်။ တက္ကသိုလ် တစ်ခုနှင့် တစ်ခုလဲ Grade Point သက်မှတ်ပုံ ကွဲပြားပြန်သည်။

ပူနေးတက္ကသိုလ်၏ Grade Point

ပူနေးတက္ကသိုလ်မှာတော့ 40မှ 44 E grade? 45 မှ 49 အထိ D grade ၊ 50 မှ 54 point အထိ C grade ဟုသက်မှတ်သည်၊ 55 မှ 64 အထိ B၊ 65မှ 74 အထိ A grade နှင့် 75 မှ 100 အထိ O grade ဟုသက်မှတ်ထားသည်၊ ပူနေးတက္ကသိုလ်၏ ပုံစံသည် Semester နှင့် သွားသည်ဖြစ်ရကား M.A တန်းအတွက် Semester 4 ခု ရှိသည်၊ ထို semester အားလုံးမှ grade points တွေကို ပေါင်းပြီး နောက်ဆုံးရမှတ်ကို အတည်ပြုသည်။ သီတဂူစတားတို့ ဒဿနိကဗေဒဌာနတွင် ကျောင်းသားအများစုသည် B grade (55) နှင့် B grade အောက်မှာပဲ ရှိကြသည်၊ B grade- 55 ရဘို့ပင် အလွန်ခက်ခဲပါသည်၊ အင်္ဂလိပ်စာတော်လှပါသည်ဆိုသည့် အိန္ဒိယကျောင်းသားများသည်ပင် 55 အောက်မှာ အများစုရှိကြသည်၊ သို့သော် သူတို့အတွက် ကိစ္စမရှိ၊ M.Phil ဆက်တက်နိုင်ရန် အချိန်ပေးနိုင်သောကြောင့်။
သီတဂူစတားရရှိထားသည့် grade points မျာသည်-
First semester တွင် 56 point B grade Second semester တွင် 56 point B grade
Third semester တွင် 64 point B grade မျှသာ ရရှိထားပြီးဖြစ်သည်။ Fourth semester တွင်လည်း 64 point B grade မျှသာ ရရှိထားပြီးဖြစ်သည်။ အားလုံးပေါင်း 57.45 တို့ဖြင့် အောင်မြင်သဖြင့် Ph.D အတွက် ဆက်လှမ်းရန် အဆင်ပြေခဲ့သည်။

ဆိုလိုသည်မှာ ပူနေးတက္ကသိုလ်က ဒဿနိကဗေဒ ကျောင်းသားသည် အခြားတက္ကသိုလ်တွေမှာ Ph.D ကျောင်းသားဖြစ်ရန် အခက်ခဲရှိနိုင်သည်၊ အများစုတက္ကသိုလ်ကြီးတွေက 55 point ကို အနဲဆုံးထား သက်မှတ်ထားသည့် အတွက်ကြောင့်ပင်ဖြစ်သည်၊ ကိုယ့်ပူနေးတက္ကသိုလ်မှာပင် ပြန်တက်ဘို့ စိတ်ကူးပြန်တော့လဲ ၀င်ခွင့် စာမေးပွဲကြောင့် ဗီဇာ မလောက်ဖြစ်၍ အခြားတက္ကသိုလ်တွေမှာတက်ဘို့ စိတ်ကူးရပြန်။ ထို့ကြောင့် ဆရာ (supervisor) ရပေမဲ့ 55 point မရပါက ရှေ့ဆက်ရန် စိတ်မချရပေ။ အဲဒီအတွက်လဲ စိတ်ပူရပြန်သည်။

စတင်လှုပ်ရှား

ယခုအချိန်အခါသည် supervisor အလုအရက် ရှာနေရသည့် ခေတ်ဖြစ်နေသည်။ ထို့ကြောင့် မနေ့က ဂေဇာတ် မထွက်သေးပေမဲ့ supervisor ရှာ ထွက်ခဲ့ရသည်၊ အစဉ်ပြေပါသည် ပူနေးတက္ကသိုလ်မှ အနားယူတော့မည့် ဆရာမကြီးသည် အခြားတက္ကသိုလ်တွင် ဆက်လက်လုပ်မည် ဟု သူငယ်ချင်းများထံမှ တဆင့်ကြားရသဖြင့် ချက်ခြင်း လှုပ်ရှားရတော့သည်၊ seat ပြည့်သွားရင် တက္ကသိုလ်များ တစ်ခုပြီးတစ်ခု လိုက်ရှာနေရရင် ပိုက်ဆံ၊ အချိန်ကုန်မည်၊ နေကလဲပူနဲ့ လူလဲ အရမ်းပင်ပန်းမည်။ သူငယ်ချင်းတစ်ယောက် အကူအညီဖြင့် ဆရာမကြီးဆီ သွားကြသည်။ တွေ့ပါပြီ ဆရာမ၊ ငါက ဒီတက္ကသိုလ်မှာ အနားယူလိုက်ပြီဆိုတော့ ကျောင်းသားလက်ခံဘို့ မဖြစ်နိုင်ဟုပြောရှာပေမဲ့ ကြိုတင်သတင်းရယူထားသော သီတဂူစတားက ချက်ချင်းပဲ နောက်ထက် တက္ကသိုလ်တစ်ခုမှာ အလုပ်လုပ်မည်ဟုကြားသိထားပါတယ်၊ ဆရာမ ဆက်လက် အလုပ်လုပ်မည့် တက္ကသိုလ်မှာ ဆရာမဆီမှာပဲ Ph.D ဆက်လုပ်ချင်ပါသည်ဆိုတော့။

ဆရာမက ကိုယ်ရေးမဲ့ ခေါင်းစဉ်ကို မေးသည်၊ မင်းရေးမည့်ခေါင်းစဉ်က သူများရေးထားတာ ရှိသလား? ဟုမေးသည်၊ မရှိပါဘူးဆရာမ၊ အေး အဲဒါဆို မနက်ဖန်ခါ ကိုယ်ရေးမဲ့ ကျမ်းစာ(thesis)ရဲ့ အကျဉ်းချုပ် SYNOPSIS ရေးခဲ့ဟု ညွှန်ကြားသည့်အတိုင်း အဲဒီနေ့ကပဲ ဆရာမဆီက အပြန် ချက်ချင်း ရေးရသည်၊ နဂိုကလဲ နဲနဲပြင်ဆင်ထားသဖြင့် ပို၍အဆင်ပြေသွားသည်။ ဒီကနေ့တော့ ဆရာမနှင့် သွားတွေ့ပြီး ကျမ်းစာအကျဉ်းချုပ် စာတမ်းကို အပ်ခဲ့သည်၊ သဘောကျဟန်ရှိပေမဲ့ နောက်နေ့ ထက်ချိန်ပြန်သည်၊ ငါဖတ်ကြည့်ဦးမယ် မနက်ဖန်ခါ ထက်လာခဲ့ဦးတဲ့၊ နေပူပူနဲ့ သွားရလိမ့်မည်။ ကိုယ်က မြန်မြန်နှင့် အဆင်ပြေချင်တော့ နေပူပူ မိုးရွာရွာ၊ တုံးတိုက်တိုက် ကျားကိုက်ကိုက် သည်းခံကာ သွားရမည်။ ကုလားပြည်မှာ သည်းမခံ၍မရ။ အချိန် ၊ ဗီဇာ ၊ ငွေကြေး စသည်တို့ကြောင့် မြန်မြန်ပြီးလေ ကောင်းလေပဲ။ ဤကား Ph.D ကျောင်းသားတစ်ယောက်၏ ပထမဆုံး တွေ့ကြုံရမည့် ဒုက္ခပင်ဖြစ်သည်။

သီတဂူစတားသည် လောလောဆယ် ဤ အစီအစဉ်ထိ အဆင်ပြေနေသေးသည်ဟူ၍ ဆိုနိုင်သည်၊ ဂေဇာတ် ကောင်းဘို့ရန်သာ လိုသည်။ အခုမှ ပထမ ခြေလှမ်းသာရှိပါသေးသည်။ နောက်ထက် အစီအစဉ်များကိုတော့ အစီအစဉ် အားလုံးပြီးမှ ဆက်ရေးပါဦးမည်။ အိန္ဒိယနိုင်ငံ၏ Ph.D ကျောင်းသားဘ၀ တစ်စိတ်တဒေသ အဖြစ် ဗဟုသုတရရန် ရည်ရွယ်ပါသည်။

မှတ်ချက်။ ။ ပြောင်းလဲမှုမရှိဘဲ နဂိုမူလ တင်ပြီးပို့စ်ကိုပဲ ပြန်တင်ထားပါသည်။


ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
၁၉-၅-၂၀၁၀

11 December 2010

ကျွန်ုပ်နှင့် ပတ်စပို့

စာမိတ်ဆက်
ဟိုတနေ့က အိန္ဒိယသံရုံးသွားပြီး ဗီဇာ သွားတင်တယ်။ ဗီဇာ သက်တမ်းနှင့်ပတ်သက်ပြီး စိတ်ထဲ မကောင်းဖြစ်မိတယ်။ စိတ်ထဲမှာ ခံစားနေရတာကို ပို့စ်နဲ့ပဲ ရင်ဖွင့်လိုက်တာပါ။ နောက်တခုက ပြည်ပ ပညာတော်သင် သို့မဟုတ် အလည်သွားမည့် ရဟန်းတော်များအတွက် ပတ်စပို့အသစ် သို့မဟုတ် သက်တမ်းတိုးခြင်းနှင့်ပတ်သက်ပြီး သိထားသင့်တယ်ထင်လို့ စိတ်ကူးမိပြီး ဒီပို့စ်ကလေးကို ရေးဖြစ်သွားခြင်းပဲ ဖြစ်ပါသည်။ ဒါပေမဲ့ သူငယ်ချင်းတယောက်က ပြောသေးတယ်၊ အရှင်--- အရှင်ရဲ့ပို့စ်နှင့်ပတ်သက်ပြီး သတိထားဗျတဲ့၊ ဒါဆို ဒီပို့စ်နှင်ပတ်သက်ပြီး တပည့်တော်အတွက် အန္တရာယ်ရှိနေမလား? လို့မေးမိသည်။ နဲနဲတောင် လန့်သွားသည်၊ ကိုယ့်ဟာကို ပြန်ဖတ်ရပြန်သည်၊ သူပြောမှ နိုင်ငံရေးတွေ ဘာတွေ ပါနေမလားပေါ့၊ သို့သော် ကိုယ်ရေးလိုက်သည့်ပို့စ်သည် နိုင်ငံရေးမဟုတ်ပါ။ လက်တလော ကိုယ်ဖြစ်နေတာ ကိုယ်တွေ့ကြုံတာလေးတွေကို ရင်ဖွင့်ခြင်းမျှသာဖြစ်သည်။

ဗီဇာဖြင့် ကုလားလုပ်ကြွေး
ဗီဇာက သုတေသန ဗီဇာ (Research Visa) ဖြစ်တော့ ၅ နှစ်ပေးရမှာ ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံက ပတ်စပို့သည် ၃ နှစ်စာသာ ဖြစ်နေသောကြောင့် ပတ်စပို့သက်တမ်း နှစ်လချန်ပြီး ဇီဇာပေးပါသည်။ ပတ်စပို့က လွန်ခဲ့တဲ့ ၂ လလောက်က လုပ်ထားတာဆိုတော့ ၄ လ စာ နှုတ်လိုက်တော့ ၅ နှစ်ပေးရမည့် သုတေသန ဗီဇာက ၂ နှစ် ကျောပဲ ပေးလိုက်တော့သည်။ သံရုံးက ၀န်ထမ်းကို သုတေသန ဗီဇာအတွက် ၅ နှစ်ပေးဘို့ မေတ္တာရပ်ခံတော့ မင်းတို့ပတ်စပို့ကမှ ၃ နှစ်စာပဲ ငါတို့က ဘယ်လိုလုပ် ပေးလို့ရမှာလဲတဲ့။ ၅ နှစ်လဲ ဒေါ်လာ ၂၀၀၊ ၃ နှစ်လဲ ဒေါ်လာ ၂၀၀၊ ၂ နှစ်ခွဲလဲ ဒေါ်လာ ၂၀၀ ပေးရမှာတဲ့။ ဗီဇာကုန်တော့ ထပ်တိုးလို့ရတာပေါ့တဲ့၊ အဲလိုဆို ပိုက်ဆံ ထပ်ပေးရဦးမှာလားလို့ မေးတော့ ပေးရမှာပေါ့တဲ့။ အဲဒါဆို တို့နိုင်ငံက သုတေသနကျောင်းသားတွေ ရှုံးတာပေါ့၊ သူများနည်းတူ ၅ နှစ်မရဘဲ ၃နှစ်၊ ၂ နှစ်ကျော်ပဲ ရတယ်လို့ ပြောလိုက်တော့ အဲဒါ မင်းတို့ နိုင်ငံ ကဏ္ဍပဲတဲ့၊ တို့နှင့်မဆိုင်ဘူး တို့က မင်းတို့ ပတ်စပို့နှစ်ကို ကြည့်ပေးရမှာပဲတဲ့။

စိတ်မကောင်းတာက စီးပွားရေးဘက်ကကြည့်ရင် ကိုယ့်နိုင်ငံဘက်က အရှုံးပဲဖြစ်တယ်။ ကုလားတိုင်းပြည်ကို လုပ်ကြွေးနေရသလိုပဲ။ ကိုယ့်နိုင်ငံက ပိုက်ဆံ သူများနိုင်ငံ ၅နှစ်ကို အမေရိကန် ဒေါ်လာ ၂၀၀ ပေးရမည့်အစား ၃ နှစ်၊ ၂နှစ်ခွဲလောက်ကိုပဲ ဒေါ်လာ၂၀၀ ပေးနေရတယ်။ သက်တမ်းတိုးတော့ ပိုက်ဆံထပ်ကုန်ပြန်၊ ကုလားကို ထပ် ပူဇော်ရပြန်။ ပတ်စပို့ ၅ နှစ်သာ ပေးမယ်ဆိုရင် ကိုယ့်နိုင်ငံက ပြည်သူတွေ ထောက်ပံ့လိုက်တဲ့ ဒေါ်လာတွေ နောက်ထက် ကုလားကို ပေးစရာမလိုတော့သဖြင့် ကိုယ့်အတွက်ရော နိုင်ငံအတွက်ရော save money ဖြစ်ပါလိမ့်မည်။

နိုင်ငံတကာ ဗီဇာ
အိန္ဒိယနိုင်ငံ ပူနေးတက္ကသိုလ်မှာ ကျောင်းတက်စဉ်က ကိုရီးယားသူငယ်ချင်းနှင့် ထိုင်း သူငယ်ချင်းတို့နှင့် စကားစပ်မိပြီး ဗီဇာအကြောင်း ဆွေးနွေးဖြစ်တယ်။ ကိုယ့်နိုင်ငံကကျောင်းသားတွေ ဗီဇာကုန်လို့ ပတ်စပို့သက်တမ်းကုန်လို့ ပြန်ကြရတာတွေနှင့် ပတ်သက်ပြီး စဆွေးနွေးဖြစ်တာပါ။ သူတို့က ပြောတယ် မင်းတို့နိုင်ငံက ဘာလို့ ပတ်စပို့သက်တမ်းကို ၃ နှစ်ပဲ ပေးသလဲပေါ့။ ဘာရည်ရွယ်ချက်နဲ့ ၃ နှစ်ပေးတယ်ဆိုတာ မသိတာအမှန်ပဲ။ ဒါ့ကြောင့် I don’t know ပဲ ပြောလိုက်ရတယ်။ ထိုင်းသူငယ်ချင်းက ပြောသေးတယ် ‘‘နိုင်ငံတကာ ဗီဇာဆိုတာ အနဲဆုံး ၅ နှစ်ပေးတာတဲ့၊’’ ကိုယ်လဲပဲ ဗီဇာနှင့်ပတ်သက်ပြီး ဃဃနန သိပ်ပြီးမသိဘူး။ ကိုရီးယားသူငယ်ချင်းကို မေးကြည့်တော့ သူတို့နိုင်ငံက ၁၀ နှစ်တောင် ပေးသတဲ့။

ပတ်စပို့အသစ် (သို့) သက်တမ်းတိုး
ပတ်စပို့ အသစ်ပဲ ဖြစ်ဖြစ်၊ သက်တမ်းတိုးတာပဲ ဖြစ်ဖြစ် လုပ်ငန်းစဉ်က သိပ်မကွာလှပါဘူး။ နံပါတ် (၁ ) အရေးကြီးဆုံးက သာသနာရေးဝန်ကြီးဌာန၏ ထောက်ခံစာ ပါရှိပါမှ ပတ်စ်ပို့ရုံးက သတ်တမ်းတိုးပေးခြင်း အသစ်လုပ်ပေးခြင်းများ ပြုလုပ်ပေးမှာဖြစ်ပါတယ်။ ၀န်ကြီးထောက်ခံစာ ဘယ်လို ရနိုင်မလဲ? ပတ်စပို့လုပ်သူတိုင်း တွေ့ကြုံရသည့် ပြဿနာ တစ်ခုဖြစ်သည်။

ဝန်ကြီးထောက်ခံစာ ရဘို့ -----------
(၁) ၀န်ကြီးထံသို့ မေတ္တာရပ်ခံစာ
(၂) ကိုယ်သွားမည့်နိုင်ငံ၏ ဖိတ်စာ၊
(၃) သာသနာဝင်မှတ်တမ်း မိတ္တူ
(၄) ပတ်စပို့ မိတ္တူ
(၅) ဓာတ်ပုံ
(၆) မြို့နယ် ရပ်ကွက်သံဃာ့နာယက ထောက်ခံစာ
(၇) ရဲစခန်း ထောက်ခံစာ ဟူသော အချက်အလတ် ၇ မျိုးပါရှိရမည်။

(၁) ၀န်ကြီးထံ မေတ္တာရပ်ခံစာ ဆိုသည်မှာ ပတ်စပို့ အသစ်လုပ်မည် သို့မဟုတ် သက်တမ်းတိုးမည် မှန်ကန်ကြောင်းကို ကိုယ်နေသည့် ကျောင်းထိုင်ဆရာတော်၏ လက်မှတ် ပါရှိရပါသည်။ ဒါက ပြဿနာမဟုတ်ပေမဲ့ နံပါတ် (၂) က အနဲငယ် ခက်ခဲပါလိမ့်မည်။

(၂) ကိုယ်သွားမည့်နိုင်ငံ၏ ဖိတ်စာ၊ ကျောင်းသားဖြစ်ပါက တက္ကသိုလ်က ခေါ်စာ၊ ဆိုင်ရာကပြောပါလိမ့်မည်၊ ထိုခေါ်စာ ပင့်စာများသည် နိုင်ငံအသီးအသီးရှိ မြန်မာသံရုံး၏ အသိမှတ်ပြု ထောက်ခံစာ ပါရမည်တဲ့။ တက္ကသိုလ်က ကျောင်းသားဖြစ်ကြောင်းစာများသည် ဘယ်သံရုံးကိုမှ ပို့လေ့မရှိ၊ ဘာမှလဲ မပတ်သက်၊ အိန္ဒိယပြည်ကြီးသည် အလွန်ကျယ်ဝန်းရကား မြန်မာသံရုံးသို့ အသိအမှတ်ပြုလက်မှတ်ရဘို့ မလွယ်၊ အချိန် ငွေ များစွာပေးရလိမ့်မည်။ ထိုကုန်ကျစရိုက်သည် သူ့ပြည်မှာ ဖြစ်ပျက်တာဆိုတော့ သူ့နိုင်ငံကို လုပ်ကြွေးနေရခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ပိုက်ဆံ ချွေချွေတာတာ သုံးနေရသော မြန်မာ ကျောင်းသားများအတွက် မြန်မာသံရုံး၏ အသိမှတ်ပြုလက်မှတ် ရနိုင်ဘို့ရာ အလွန်ခက်ခဲပါသည်။ ပြည်ပအခြေအနေကိုလဲ မသိ တာဝန်အရ ထမ်းဆောင်နေကြသော တာဝန်ရှိသူများကို နားလည်အောင် ပြောပြရပါသည်၊ ဟိုက အခက်အခဲကို ရှင်းပြရပါသည်။

(၆) (၇) တို့လဲ ခက်ခဲသည့်မဟုတ် ရဲစခန်းကို ဘယ်ပုံ ဘယ်လို လက်မှတ်ရအောင် ယူမလဲဆိုတာ ကျွန်ုပ်တို့ ပြည်သူပြည်သားတိုင်း ကောင်းကောင်းကြီး သိထားသည်။ ဒါကတော့ ကိုယ့်နိုင်ငံတွင်သာမဟုတ် နိုင်ငံတော်တော်များများမှာ ဖြစ်တတ်သည့် သဘောတရားပင်။ သို့သော်လည်း အလုပ်သဘောအရဆိုတော့ အလုပ်နဲနဲ ရှုပ်သွားသည်။

အချိန်ဘယ်လောက်စောင့်ရမလဲ?
ထို အချက်အလက် (Documents) တွေ အားလုံး စုပြီး ဌာနဆိုင်ရာသို့တင်ရပါသည်။ အချိန်ဘယ်လောက်ပေးရမလ? ဘယ်မှာ သွားတင်ရမလဲ? ဆိုတာ သိဘို့ လိုလာသည်။ နည်းလမ်း ၂ သွယ်ရှိပါသည်။ တနည်းက မဟာပါသာဏလိုဏ်ဂူ နောက်ကျော ဘဲဥပုံ စာကြည့်တိုက်မှာ သာသနာရေးဌာန တစ်ခုရှိသည်။ ထိုနေရာသို့ သွားတင်ရပါသည်။ တစ်နာရီးလောက် အချိန်ပေးရပါလိမ့်မည်။ ထိုဌာနမှာ ဖြည့်စွက်စရာရှိဖြည့်စွက်ရပါသည်။ ဘယ်လောက် ကြာမှ ၀န်ကြီးထောက်ခံစာ ရမလဲ မေးကြည့်တော့ အားရစရာပင်၊ ၂ ပတ် သို့မဟုတ် တစ်လ ကြာမည်တဲ့။ ဘာလို့ အဲလောက်ကြာလဲလို့ ဆက်မေးကြည့်တော့ ‘‘ အရှင်ဘုရားတဲ့ အရှင်ဘုရားတို့ ဖိုင်တွဲ (သူက ပြစ်မှုဖိုင်တွဲဟု ခေါ်သည်) တွေကို နေပြည်တော်ကို ပို့ရပါတယ်ဘုရား၊ နေပြည်တော်မရောက်ခင် ဒီမှာရှိတဲ့ လူကြီးတွေရဲ့ လက်မှတ်တွေ ပါရပါသေးတယ်ဘုရားတဲ့။ လက်မှတ်ထိုးပေးမည့် သူတွေ ရှိနေမှ အဆင်ပြေတာဘုရား။ လူကြီးတွေက နယ်ဘက်ရောက်နေရင် စောင့်ရပါတယ်ဘုရား၊ ဒီမှာ လက်မှတ်ထိုးပြီးရင် နေပြည်တော်သွားမည့် လူကြုံရှာရပါသေးတယ်ဘုရား၊ ဖိုင်တွေအားလုံး စုစည်းပြီး လူကြုံနဲ့ နေပြည်တော်ကို ပို့ပေးရပါတယ်ဘုရား။ ဟိုနေပြည်တော်ရောက်သွားတော့လည်း လူကြီးတွေ စုံစုံညီညီ ရှိနေမှ အဆင်ပြေမယ်ဘုရား။ အကယ်၍ နယ်ရောက်နေကြရင် ထပ်စောင့်ရပါဦးမယ်ဘုရား။ အားလုံးပြီးကာမှ ဟိုကနေ ဒီကို လူကြုံရှိတဲ့အခါ အရှင်ဘုရားတို့ဖိုင်တွဲတွေ ပြန်ပို့ပါတယ်ဘုရား’’ ဟု တာဝန်ရှိသူက ပြောပြသည်။ သူ့ရဲ့လုပ်ငန်းစဉ် the process ကြီးကို ကြည့်မယ်ဆိုရင် ထောက်ခံစာ ရမည့် အချိန်သည် မသေချာ မရေရာ ဖြစ်သည်၊ ထို့ကြောင့် စောစောသာ လုပ်ထားဖို့လိုသည်။

ဒုတိယ နည်းကတော့ နေပြည်တော်ကို တိုက်ရိုက်သွားခြင်းပဲ ဖြစ်သည်။ နေပြည်တော်ရောက်တော့လည်း ဌာနဆိုင်ရာ လူကြီးတွေ စုံညီမှ သူတို့ရဲ့လက်မှတ် ရမည်၊ အကယ်၍ လူကြီးတယောက်ယောက်က နယ်ဘက် ရောက်နေရင် နေပြည်တော်မှာ စောင့်ပေဦးတော့၊ တည်းခိုစရာ နေရာမရှိသူအတွက်ကတော့ ပိုက်ဆံအကုန်ခံပြီး တည်းခိုခန်းရှာရပေဦးမည်။ ပတ်စပို့ရုံးကို မရောက်ခင် ၀န်ကြီးထောက်ခံစာ ရဖို့အတွက် ဤမျှ ကိစ္စများပါသည်။

ပတ်စပို့ရုံး
ဝန်ကြီးထောက်ခံစာ ရလျှင် ပတ်စပို့ရုံးသို့ သွားတင်လို့ရပါပြီ။ ဓာတ်ပုံရိုက်ခြင်း၊ ဘဏ်သွင်းခြင်း စသည်စသည်ဖြင့် မြန်မာကျပ်ငွေ ၃၀၀၀၀ (သုံးသောင်း) ကျပ် ကုန်ကျပါလိမ့်မည်။ အေးဂျင့်နှင့်လုပ်ပါက ၄၀၀၀၀ (လေးသောင်း) ပေးရပါလိမ့်မည်။ တစ်သောင်းပဲ ပိုတာဆိုတော့ အေးဂျင့်နှင့်လုပ်ရင် မဆိုးပါဘူး၊ ဒါက ရဟန်းတော်အများအတွက်ဖြစ်ပါတယ်၊ လူဝတ်ကြောင်တွေ အတွက်တော့ ဈေးတမျိုးဖြစ်ပါလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည့်အလျောက် ရဟန်းတော်များက လူဝတ်ကြောင်တွေလို တန်းစီစရာ မလိုဘဲ အေးဂျင့်က ရုံးများကို တိုက်ရိုက်ဝင်ပေးသဖြင့် အချိန်သက်သာသည်။ ၅၀ ကျော် လူဝတ်ကြောင် အဖိုးအဖွားအတွက်လည်း တန်းစီစရာ မလိုဘဲ တိုက်ရိုက်သွားနိုင်ရန် သီးသန့်လုပ်ပေးထားတာ တွေ့ရပါသည်။ ဒါလေးတွေကတော့ ချစ်စရာလေးတွေပါပဲ။
ဤကဲ့သို့သော အကြောင်းတွေကြောင့် အလုပ်အရှုပ်မခံချင်ပါက ကိုယ်နေဆဲ နိုင်ငံမှ ကိုယ့်တိုင်းပြည်၏သံရုံးမှာပဲ ပတ်စပို့ သက်တမ်းတိုးခဲ့ရင် ပိုအဆင်ပြေပါတယ်။ အိန္ဒိယ ပညာတော်သင် အရှင်မြတ်များကတော့ နယူးဒေလီက ကိုယ့်နိုင်ငံသံရုံးမှာ ပတ်စပို့သက်တမ်းတိုးရင် ပိုအဆင်ပြေပါတယ်၊ သွားစရိတ် လာစရိတ်တွေ ကြီးပေမဲ့ အိန္ဒိယရှိ လက်ရှိမြန်မာသံရုံးဝန်းထမ်းတွေက အလွန်တော်ကြပါသည်။ ရဟန်းတော်များအတွက် ပိုက်ဆံ ပေးဆောင်စရာမလိုဘဲ သက်တမ်းတိုးမှုများကို ဆောင်ရွက်ပေးနေပါသည်။ ပတ်စပို့ အသစ်လဲရမည်ဆိုပါက လူကိုယ်တိုင် သွားရပါလိမ့်မည်၊ သက်တမ်းတိုးရုံ သက်သက်ဆိုရင်တော့ လူကြုံဖြင့်ပင် အဆင်ပြေအောင် လုပ်ပေးနေသည့်အတွက် သံအမတ်ကြီးနှင့် ၀န်ထမ်းများကို ကျေးဇူးတင်ရပါည်။

အကောင်း နှင့် အဆိုး
နိုင်ငံတကာက အနည်းဆုံးပတ်စပို့သက်တမ်း ၅ နှစ်ပေးချိန်မှာ ကိုယ့်တိုင်းပြည်က ၃ နှစ်ထဲပဲ ပေးတော့ ကောင်းကျိုး ဆိုးကျိုးတော့ ရှိပါလိမ့်မည်။ သူများနိုင်ငံတွေလို အနည်းဆုံး ၅ နှစ်ပေးရင် သိပ်ကောင်းမှာပဲဆိုပြီး တွေးမိတယ်။ ဒါက ကိုယ်ဖြစ်ချင်တာကိုပဲ စိတ်ကူးမိတာ ဖြစ်ပါသည်။ အကယ်၍သာ ၅နှစ် သို့မဟုတ် ၁၀ နှစ်သာ ပေးလိုက်မယ်ဆိုရင် ခဏခဏ ခက်ခဲတဲ့ လူကြီးတွေရဲ့ ထောက်ခံစာတွေ မလိုတော့ပေ၊ ဟိုဟို ဒီဒီက ထောက်ခံစာတွေကိုလည်း ယူစရာ မလိုတော့ပေ၊ ဟိုရုံး ဒီရုံးတွေကို သွားရ လာရတဲ့ ဒုက္ခလဲ သက်သာသွားပါလိမ့်မည်၊ အချိန်ကုန် ငွေကုန် လူပန်း သက်သာသွားမှာတော့ အမှန်ပင်ဖြစ်သည်။ သူများနည်း Research Visa (RV) ကို ၅ နှစ်ရတဲ့အတွက်ကြောင့် နောက်ထပ် ကုလားကို ပေးရမည့် ဗီဇာသက်တမ်းတိုး Visa Extention အတွက် ပိုက်ဆံ အကုန်သက်သာသွားမည်။ တကယ်တော့ ထိုဗီဇာအတွက် ပေးနေရတဲ့ ပိုက်ဆံတွေသည် ကိုယ့်ပြည်တွင်းက ပြည်သူတွေရဲ့ ပိုက်ဆံပဲဖြစ်သည်အတွက် ကိုယ့်တိုင်းပြည်က ပိုက်ဆံကိုပဲ သူများကို ပေးလိုက်ရသည်ဟု မြင်မိသည်။

၅ နှစ် သက်တမ်း ထုတ်ပေးလိုက်ခြင်းကြောင့် အဆိုးကျိုးနှင့်ပတ်သက်ပြီး ဘာဖြစ်နိုင်သလဲ? စဉ်းစားမရ ဖြစ်နေသည်။ တချို့ကတော့ပြောပါတယ် ပတ်စပို့နှင့် အသက်မွေးဝမ်းကြောင်းနေသူတွေအတွက် ၀င်ငွေနဲသွားနိုင်သည်။ ဒါလည်းဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့သော် တိုင်းပြည်ချင်း ယှဉ်တဲ့အခါ ကိုယ့်ပြည်တွင်းက ငွေ ကိုယ့်ပြည်တွင်းက အရယူခြင်းထက် ပြည်ပငွေကို အရယူနိုင်မှသာ တိုင်းပြည်အတွက် ပိုပြီး တိုးတက်နိုင်သည်ဟု ပြောသည်။ ဒါလည်းဖြစ်နိုင်တာပဲ။

အိန္ဒိယနှင့် သနားတတ်သော သူငယ်ချင်း

အိန္ဒိယအစိုးရသည် သူများနိုင်ငံက ငွေ ပိုက်ဆံကို ကိုယ့်နိုင်ငံအတွင်း ၀င်အောင် ရောက်လာအောင်သာ ခွင့်ပြုသည်၊ သူ့ပြည်တွင်းက ငွေ ပြည်ပသို့ ထွက်ခွင့်မရှိ။
တကယ့်ဖြစ်ရပ်မှန် တစ်ခု ပြောပြပါဦးမယ်။ စာရေးသူ အိန္ဒိယပြည် မဟာရဋ္ဌပြည်နယ်ရှိ ပူနေးတက္ကသိုလ်မှာ အမ်အေတန်းတက်စဉ်က ခံလိုက်ရတဲ့ သူငယ်ချင်းမြန်မာ ရဟန်းတော်တစ်ပါးအကြောင်းဖြစ်ပါတယ်။ အင်တာနက်ကနေ လိမ်စား ညာစာနေသူတွေ အများကြီးရှိပါတယ်။ မေးလ်တွေ လာပါလိမ့်မည်၊ ငါ့မှာ ဒုက္ခရောက်နေပါတယ်။ အခု ဘယ်မှာနေနေရပါတယ်။ ပထွေးနဲ့ နေရပါတယ်။ ပထွေးက နှိပ်စက်တာ ခံနေရပါတယ်။ တချို့လည်း တိုင်းပြည်ကနေ ထွက်ပြေးနေရပါတယ်။ တိုင်းပြည်အစိုးရက ညှင်းပန်းနှိပ်စက်လို့ ရှောင်ပြေးနေရပါတယ်၊ ငါ့ အဖေက ဘဏ်မှာ ပိုက်ဆံ မီလျံပေါင်းများစွာ အပ်နှံထားပါတယ်၊ သူက စာချုပ်ထားတာက အိမ်ထောင်ကျတဲ့အခါမှသာ ဒီပိုက်ဆံတွေကို ထုတ်ယူခွင့်ရှိမှာပါ ဆိုပြီး မေးလ်တွေ မကြာမကြာ ရရှိပါလိမ့်မည်။။ အများစုက အာဖရိကတိုက်က ဖြစ်ပါတယ်။ ကိုယ်က သနားပြီး စာပြန်လိုက်ရင် နောက်ထက် တဆင့်တက်လာပါလိမ့်မည်။ ဘယ်သူ့ပုံမှန်းမသိတဲ့ ဓာတ်ပုံတွေ ပို့ပေးလိမ့်မည်။ နောက်တဆင့်က ဘဏ်အကောင့် တောင်းပါလိမ့်မည်။ ငွေလွှဲခိုင်းပါလိမ့်မည်။ စာရေးသူ ခဏခဏ ကြုံဖူးပါသည် သို့သော် ဘဏ်အကောင့်မရှိသဖြင့် မခံလိုက်ရ။

ဘုန်းကြီးဆိုတဲ့အမျိုးက သူများဒုက္ခရောက်ရင် သနားတတ်တဲ့ သဘောကိုး။ စာရေးသူ သူငယ်ချင်းက သနားလွန်းလို့ ထင်ပါရဲ့ သူ့ဆီလာတဲ့ ဖော်ပြခဲ့ပါ မေးလ်မျိုးရောက်လာတော့ နှလုံးလှုပ်ခါသွားတယ်၊ ပြီးတော့ မရမက ဆက်သွယ်တယ်၊ ဖုန်းတွေဆက်တဲ့ အဆင့်ရောက်တယ်၊ ဖုန်းနဲ့ တွေ့တော့လဲ သူ့ကို အုပ်ချုပ်တဲ့သူဆိုသည့် အဘိုးအိုနှင့် တွေ့ရတယ်၊ ပထမတော့ အိန္ဒိယ စာတိုက်ကနေ အမေရိကန် ဒေါ်လာ ၁၀၀ ပို့လိုက်တယ်၊ ရောက်သွားတယ်၊ ကုလားအစိုးရ မျက်စိလည်သွားပုံပဲ၊ နောက် ဒုတိယအကြိမ် အမေရိကန် ဒေါ်လာ ၆၀၀ ပို့လိုက်တယ်။ ဒီတခါတော့ ကုလားအစိုးရ တွေ့သွားပါတယ်။ ပို့သူ သူငယ်ချင်းကို ရဲက ခေါ်စစ်ပါလေရော။ မင်းပို့လိုက်တဲ့ ငွေတွေ ပို့မရဘူးဟု ရဲက ပြောသည်။ ပို့လိုက်တဲ့ ငွေက ၆၀၀ သို့သော် ကုလားက ၂၀၀ ပဲ ပြန်ပေးသည်။ အင်း---စဉ်းစားကြည့်တယ်၊ ကိုယ့်သူငယ်ချင်းက တကယ်ပဲ ကရုဏာရှိတာလား၊ သူငယ်ချင်းတယောက် ချီးမွမ်းတယ်၊ ဒီ အရှင်က ဘုရားအလောင်းကွတဲ့။ ဘယ်ကလာ ဘုရားလောင်းဖြစ်ရမှာလဲ အတာ၊ ထုံတာ၊ မအူမလည်လုပ်တာ၊ ခံလိုက်ပေါ့ ဟု နောက်သူငယ်ချင်းကတော့ သြဘာပြုသွားတယ်။ ကုလားအစိုးရကောင်းလို့ ၂၀၀ ပြန်ရတယ်၊ နို့မိုဆို ၉၀၀လုံး အလကား ဘုမသိဘဲ ပေးလိုက်ရသလိုဖြစ်သွားမယ်၊ အခုတော့ ၂၀၀ သက်သာသွားတယ်။

ဆိုလိုချင်တာက ဗီဇာ သက်တမ်းတိုးရင် ကိုယ်သွားရမည့် (သို့မဟုတ်) ကိုယ်နေရမည့်နိုင်ငံ၏သံရုံးကို အမေရိကန် ဒေါ်လာပေးရသည်၊ အနည်းငယ်သော ပတ်စပို့သက်တမ်းကြောင့် ဗီဇာ ၅ နှစ်ရမည့်အစား ၂ နှစ်ခွဲလောက် ရတဲ့ ဗီဇာအတွက် ၂၀၀ ဒေါ်လာပေးရမည်၊ ထိုအနည်းငယ်သော ဗီဇာကြောင့် သက်တမ်းတိုးက ပိုက်ဆံ များစွာကုန်သည့်အပြင် အချိန်ကုန် လူပင်ပန်းဦးမည်။ ထို့ကြောင့် ကျွန်ုပ်တို့အတွက် ပတ်စပို့သက်တမ်း ၅ နှစ် အနဲဆုံး ရလျှင် ကောင်းမှာပဲ ဟု စိတ်ကူးသာ ယဉ်နေရပါတော့သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၉-၁၂-၂၀၁၀

30 July 2010

ရင်ထဲက မှတ်တမ်းလေးတစ်ပုဒ်

မိတ်ဆက်
ကိုကောင်းမွန်က သီတဂူစတားရေ- မြန်မာပြည်ရောက်သည့် ရင်တွင်းဖြစ် ခံစားချက်လေးကို ပြောပြပေးပါဦးတဲ့၊ သီတဂူစတားလည်း ကိုကောင်းမွန် မပြောခင်ကထဲက ခံစားချက်လေးကို ပို့စ်အဖြစ်တင်ဖို့ စိတ်ကူးထားပြီးဖြစ်ပါတယ်၊ သူက တောင်းဆိုလာတော့ ပိုပြီး ရေးဘို့ အခွင့်အလမ်းရှိလာတာပေါ့။ ကိုယ့်ခံစားချက်ကိုပဲ ရေးချခြင်းဖြစ်သဖြင့် ဆွေးနွေးစရာ အမှားအမှန် ပါ ကောင်း ပါနိုင်မည်။

ဘယ်တုန်းကမှ အိန္ဒိယမှာ နေချင်လွန်းလှသည် မရှိခဲ့၊ ပျော်ခဲ့တယ်ဟူ၍လည်း မရှိ။ ပညာရေး အကြောင်းတစ်ခုတည်းနှင့်သာ နေခဲ့ရပေမဲ့ ပျော်လွန်းလှသည် မရှိ။ သို့သော်လည်း အဆင်ပြေသလို နေခဲ့ရသည်။ မြန်မာပြည်ပြန်တဲ့ နေ့တစ်နေ့ပေါ့။ ဘုံဘေ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့သွားရန် kk travel ကားလေးကို ငှားလိုက်သည်၊ နေ့လည် ၁ နာရီ အဆောင်အရောက်လာ ကြီုမည်ဟု မက်စေ့ဂ်ျ ပို့ပြီး အတည်ပြုသည်။ တကယ်တမ်းကျတော့ ထိုကားက၂ နာရီကျော်မှ ရောက်လာသည်။ အတော်စိတ်ပူမိသည်။ ငါများ မှားနေလို့လား ဒါမဟုတ် ဆိုပြီး သို့လောသို့လော အတွေးတွေ ၀င်ပြီး စိတ်ပူနေမိသည်။ ပူနေးမြို့နှင့်ဝန်းကျင်တွင် မိုးအကြီးအကျယ် ရွာသွန်းလျက်ရှိသည်။ ၂၀၀၈ နှစ်က ပူနေးမြို့ကိုေ၇ာက်တော့ သည်းထန်စွာသော မိုးကြီးက ကြိုဆိုသလို ၂၀၁၀ နှစ် ပူနေးမှ ထွက်ခွါတော့လည်း ပူနေးမိုးက အပြင်းအထန် နှုတ်ဆက်လိုက်သည်။ သူတော်သွားလမ်း မိုးကြီးဖြန်းသို့တဲ့-ppppppp။

သူငယ်ချင်းတစ်စုရဲ့ မေတ္တာ
သူငယ်ချင်းတွေ အားလုံးကလည်း အိပ်များဆွဲကာ ကားရောက်လာမည့် နေရာ ၀ိုင်းဝန်းနေကြသည်။ ဦးကောကြီးတော့ ပြန်ရမှာမို့ ပျော်နေတယ် တက်ကြွနေတယ်ဆိုပြီး သူငယ်ချင်း အချို့ကလည်း ပြောကြသေးတယ်။ကိုယ့်ကိုလည်း အဲလိုဖြစ်လိမ့်မယ်လို့ ထင်ထားခဲ့တယ်၊ တကယ်တမ်း ထွက်ခါနီး၊ ကားအပေါ်အတက်မှာ ရင်ထဲ စို့နစ်ပြီး အရာဝတ္ထု တစ်ခု တက်လာသလို ခံစားရတယ်၊ ၀မ်းနည်းလာမိသလို နှင့် မျက်ရည်မကျအောင် မနဲထိမ်းထားရတယ်၊ ဤလွမ်းဆွတ်မှု့က ပူနေးကို လွမ်းလို့ မဟုတ်၊ အိန္ဒိယကို လွမ်းလို့ မဟုတ်၊ ၀ိုင်းဝန်း ခြံရံပြီး လိုက်ပို့တဲ့ သူငယ်ချင်းတစ်စုရဲ့ မေတ္တာကြောင့် မျက်ရည်ကျလုနီးပါး ၀မ်းနည်းလာခြင်းဖြစ်သည်။ ကာယကံ မေတ္တာသည် အလွန်းစူးရှပါသည်။ မတုန်မလှုပ် ကျောက်ရုပ်ပမာ သီတဂူစတား၏ ရင်ဘတ်ကိုတောင် လှုပ်ခါစေပါသည်။

ယောင်လည်လည်
တစ်ယောက်ထဲ ဘယ်တုန်းကမှ ခရီးအဝေးကို မသွားဘူးခဲ့။ ဒီကနေ့တော့ ဘုံဘေလေဆိပ်ကို တစ်ယောက်တည်း တစ်ကိုယ်တော် စိတ်မကောင်းစွာနဲ့ ထွက်ခဲ့ရသည်၊ လေဆိပ်ရောက်တော့ အရမ်းစောနေသေးသည်၊ ဘန်ကောက် ကောင်တာတွေတောင် မဖွင့်သေး၊ လူလည်း တစ်ယောက်မှ မရှိသေး၍ ယောင်လည်လည် ဖြစ်နေသည်၊ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေသည်။ အားငယ်စိတ်တောင် ၀င်လာသည်၊ ဒါနဲ့ ဖုန်းထဲမှာ လက်ကျန် ရူပီးလေးနဲ့ သူငယ်ချင်းတွေဆီ လှမ်းခေါ်ပြိး စကားပြောခြင်းဖြင့် အားမွေးရသည်။ အိတ်ကြီး ၂ နှင့် လက်ထဲကလဲ အထုပ်က ပါသေး၍ တစ်ယောက်တည်းဖြစ်နေတာက တကြောင်း အတော်ကို အဆင်မပြေလှပေ။ ၃ နာရီ နီးပါးလောက်စောင့်ပြီးကာမှ ကောင်တာ (counter) တွေ ဖွင့်ဖို့ ၀န်ထမ်းတွေ ရောက်လာသည်၊ နေရာတွေပြင်ဆင်ကြသည်ကို တွေ့ရတော့မှ စိတ်ထဲ နဲနဲ သက်သာလာသည်။

အားလုံး baggage, hand carry တွေ စစ်ဆေးရေးတွေ လုပ်ပြီးတော့မှ အထုပ်ဆွဲရတဲ့ ဒုက္ခမှ လွတ်သွားသည်၊ အတွင်းထဲမှာ ၁ နာရီလောက် ထပ်စောင့်ရပြန်။ နောက်ဆုံးတော့ ရှိသမျှ ရူပီးလေးတွေ ဖြုန်းပစ်ချင်တာနဲ့ လေယာဉ်တက်ခါနီး အကုန် ဖုန်းဆက် နှုတ်ဆက်ခဲ့သည်။ ည ၁၂ နာရီ လေယာဉ်ပေါ် ရောက်ရောက်ချင်း စိတ်ပန်း လူပန်းတာနဲ့ အိပ်ပြစ်လိုက်သည်။ လေယာဉ်ပေါ်မှာ ခရီးသည် သိပ်မပါသဖြင့် ခုံ ၃ ခု ကုတင်လုပ်ကာ အားရပါး အိပ်ပြစ်လိုက်သည်။ နောက်နေ့မနက် ဘန်ကောက်ရောက်တော့ ၅ နာရီ ထိုးနေသည်။ သိပ်စောနေသဖြင့် ၇န်ကုန်ထွက်ရန် ဂိတ်မှာ မြန်မာဟု ထင်ရသည့် ကလေးမလေးနှင့် သူ့ကလေး ၂ ယောက်သာ တွေ့ရသည်။ ဇဝေဇ၀ါ ဖြစ်သွားပြန်သည်။ ကိုယ်သွားမည့် ဂိတ်မှ ဟုတ်ပါ့မလားပေါ့။ ဘန်ကောက်မြို့ သုဝဏ္ဏလေဆိပ်ရဲ့ များပြားလှစွာ ဂိတ်တွေသည် မသွားဘူး မလာဘူးသူတွေအတွက် သို့မဟုတ် တစ်ယောက်တည်းသမား သီတဂူစတား အတွက် ယောင်လည်လည် ဖြစ်စေသည်။ တောသား မြိ့ ရောက်သလို ဒါတောင် ထိုင်းပဲ ရောက်ဖူးသေးတာ။ ဒီလိုနှင့် ဟိုမေး ဒီမေးနှင့် နေရာမှန်ရောက်လာခဲ့တယ်။

ကျေးဇူးတင်ခြင်း
ဘုံဘေမှ ဘန်ကောက် လေယာဉ် ၅ နာရီ အကြာ စီးရသည်။ ဘန်ကောက်မှ ရန်ကုန် ၁ နာရီခန့်သာ မောင်းရသည်။ ရောက်လာပါပြီ ရန်ကုန်မြို့။ ရန်ကုန်လေဆိပ်ကိုရောက်တော့ အလွန်စည်းကားတဲ့ လူအုပ်ကြီးတစ်အုပ် တွေ့လိုက်ရသည်။ ပြည်တော်ပြန် သားတော်မောင်များကို ကြိုဆို၇န် ရောက်လာကြတဲ့ ဆွေတော်မျိုးတော်တွေဖြစ်ပါသည်။ လေယာဉ်တစ်စီးတည်းမှာ ရုရှားပညာတော်သင်ပြန် ကျောင်းသားများစွာကို လာကြိုသည့် လူအုပ်ကြီးထင်ပါသည်။ အော်--ငါ့ကိုကော ဘယ်သူလာကြိုမှာပါလိမ့်ဟု တွေးမိသည်။ ဘုန်းကံနည်းပါး အခြွေအရံမရှိသည့် သီတဂူစတားတော့ အားငယ်စိတ်တောင် ၀င်မိသည်။ များမကြာမီ လေယာဉ်ပေါ်မှ ထွက်လာသော အထုတ်တွေသယ်ယူဘို့ အထုတ်များရှာဖွေနေစဉ် ကောင်လေးတစ်ယောက် ရောက်လာသည်။ ဘုန်းဘုန်းသီတဂူစတား ပါလာဘုရားတဲ့၊ ဟုတ်ကဲ့ ဘုန်းဘုန်းပဲလို့ ပြောလိုက်သောအခါ အပြင်မှာ ဘုန်းဘုန်းဒကာမတွေ စောင့်နေတယ်တဲ့။ နဲနဲတော့ ပျော်သွားသည်။ ငါ့ကို ဘယ်သူ လာကြိုနေပါလိမ့်ပေါ့။ လာကြိုလိမ့်မည်ဟု ထင်မထားပေမဲ့ တကယ်လာကြီုနေသည်။ သူက အွန်လိုင်းက မိတ်ဆွေတစ်ယောက်ဆိုတော့ လာကြိုမည်ပြောသော်လည်း အသေအခြာ မယုံကြည်ရဲခဲ့ပါ။ တကယ်တန်းကျတော့ လာကြိုရုံတင်မက ရွှေဘဲ စားတော်ဆက်မှာ ပင့်ပြီး ရွှေဘဲကင်နှင့် ခေါက်ဆွဲတောင် ကပ်လိုက်သေးတယ်။ မခင်ဥမ္မာရေ-- သာဓုပါဗျာ-- ကျေးဇူးလည်း အထူးတင်ပါတယ်။ ၀ါဆိုလပြည့်နေ့ အတွက် အထူးကုသိုလ်ပေါ့။
နောက်တစ်ယောက်ရှိသေးတယ်။ ရောက်ရောက်ချင်းပဲ မိတ်ဆက်လာသူပါ။ TG 303 လေယာဉ်ပေါ်မှ ဆင်းလာသူ သီတဂူစတား အပါအ၀င် ရဟန်းတော် ၂ ပါးပါလာတယ်။ တပါးက ဘန်ကောက်ကနေ စီးလာတဲ့ ကမ္မဌာန်း နည်းပြဆရာတော် ချမ်းမြေ့ရိပ်သာမှ ဘုန်းတော်ကြီး ဦးဥတ္တမဖြစ်သည်။ အထုတ်တွေ ရွေးဘို့ စောင့်နေစဉ် ဘုန်းဘုန်းဘုရား သီတဂူက ဘုန်းဘုန်းပါလားဘုရားတဲ့။ ဘုန်းဘုန်းပါပဲ လို့ပြောလိုက်တော့ တပည့်တော်က ဘယ်သူ ဘယ်ဝါ၏ တူမပါဘုရားဟု သူ့ကိုယ်သူမိတ်ဆက်ပေးသည်၊ အိပ်တွေလည်း ကူပြီး ရှာပေးသည်။ ကျေးဇူးအထူးတင်ပါသည်။ ကျောင်းအမ မစပယ်ရဲ့ တူမလေး ဖြစ်တဲ့ အဲယားပုဂံက မဟေမာန်အေးဖြစ်သည်။ အော်--စတားလဲ ဘုန်းကံ မခေပါလားဆိုပြီး ဘ၀င်ကိုတောင် လေဟုန်ဟတ်သွားသည်- pppppppppppppppp။

နောက်ကျေး။ဇူးတင်ထိုက်သူ ရှိသေးတယ်၊ သူ့ကို ချန်ထားမိတော့မလို့။ တော်သေးတယ် pppppppp။ သူက နိုင်ငံခြားပြန်တွေမှာ မြန်မာပြည်ရောက်ရင် လိုအပ်ဆုံးအရာကို လှူချင်သူဖြစ်သည်။ လက်ထဲမှာ တစ်ခုခု လိုနေတာလေး ဖြည့်ပေးချင်ပါတယ်တဲ့၊ ပြည်တော်ပြန်တွေရဲ့ လိုအပ်ဆုံး ပစ္စည်းလေးပါတဲ့။ ကဲ--ကြည့်စမ်း မြင်တတ်လိုက်တာ။ ကိုယ့်ကိုယ်တောင် ဘာလိုအပ်နေမှန်း မသိဘူးဖြစ်နေတဲ့သူကို ဘာလိုအပ်သလဲ ခဏခဏမေးတာတောင် ဘာမှ မလိုဘူးပြောမိတယ်၊ တော်တော် အတဲ့ ငါပါလား။ ဒါပေမဲ့ သူကတော့ သိနေတယ်။ ၂၀၀၀၀ တန် ဖုန်းကဒ်လေး လှူချင်ပါတယ်တဲ့။ သီတဂူစတားတော့ ၂၀၀၀၀တန် ကဒ်ကို နားမလည်ဘူးဖြစ်နေတယ်။ အိန္ဒိယမှာ နေတုန်းကတော့ ကဒ်တွေ အလကားရနိုင်သလို ရူပီး ၁၀၀ သို့မဟုတ် ၂၀၀ (မြန်မာကျပ်-၅၀၀၀ ၀န်းကျင်) ၃ နှစ် အာမခံတွေလည်း ရနိုင်တယ်။ နှစ်ကုန်သွားပါက ထိုနံပါတ်ကိုပဲ ပြန်ပြီး extension လုပ်လို့ရတယ်။ ကဒ်ထဲမှာ ပိုက်ဆံကုန်ပါက recharge ကို ကိုယ်ကြိုက်သလောက် ငွေပမာဏ ထည့်နိုင်တယ်။ ဒီရောက်တော့ ဒကာမတစ်ယောက်က ၂၀၀၀၀ တန် ကဒ်လှူမယ်တဲ့ မနက်ဖန် နေ့လည် အရောက်ပို့ပေးမယ်တဲ့။ ဒကာမလေးရေ-- နောင်လဲ ဒိထက်မက များများ လှူနိုင်ပါစေဗျာ၊ သာဓုလည်းခေါ်တယ် ကျေးဇူးလည်း အထူးတင်ပါတယ်။ သူ ပါနေရင်တော့ ဒိဗ္ဗသောတ အဘိဥာဉ်ရသလိုပဲ။ ဒိဗ္ဗသောတ အလှူပေါ့နော်။ အဲဒီလို ဒကာမမျိုး များများနဲ့သာ တွေ့ချင်ပါဘိ-pppppppp။

တည်ငြိမ်လှဘိ ဒို့မြန်မာပြည်
အလွန်ရှုပ်ထွေး ပွေလီနေတဲ့ အိန္ဒိယပြည် ၂ နှစ်အကြာ နေပြီးကာမှ ပြည်မြန်မာ ရန်ကုန်မြို့ကို ရောက်တော့ စိတ်ထဲမှာ ဟာတာတာ ရှင်းရှင်းလင်းလင်းကြီးဖြစ်နေသည်ဟု ခံစားမိလိုက်သည်။ အေဆေး ငြိမ်သက်နေသည်ဟူ၍လည်း ခံစားမိသည်။ အသက်ရှူလည်း ၀၀လင်လင်ရှိလှသည်။ စိမ်းစို အိစက်နေသော သစ်ပင်များမှ ဖြတ်သန်းလာသော လေအေးနုနုလေးကို ရှူရှိုက်ရသဖြင့် အရသာ တမျိုးထူးလှသည်။ ရာသီဥတုလေးကလဲ သာယာလှသည်။ သီတဂူစတား မလာခင်ရက်ကလေ့းကမှ မိုးသည်းထန်စွာ ရွာထားသဖြင့် ရန်ကုန်မြို့ကြီးသည် သစ်လွင်လျက်ရှိလှသည်။ လူနေမှု့ကလည်း မထူထပ်၊ ယာဉ်ကြောပိတ်ဆို့မှု့ကလည်း ကင်း-ရှင်း၊ မိုးမျှော်တိုက်ကြီးများလဲ နည်း၊ နာဂစ်ဒဏ်ကြောင့် သစ်ပင်သစ်ရိပ်တွေကလည်း ကြိုးတို့ ကြဲတဲ ဆိုတော့ အရာအားလုံး ရှင်းလင်းပြီး တည်ငြိမ်နေဘိ သကဲ့သို့ ခံစားမိသည်။

ကိုယ့်နေရာ
သီတဂူ အပြည်ပြည်ဆိုင်ရာ သာသနာပြုဗိမာန်တော်ကြီးဆီ သို့ရောက်ပါပြီ။ ထိုဗိမာန်ကြီး၏ ကပ်လျက်တွင် သီတဂူဗုဒ္ဓတက္ကသိုလ် သုံးထပ်ဆောင် စာသင်ဆောင်ကြီးကလည်း ထီးထီးကြီးပေါ်လွင်လျက်ရှိနေသည်။ ၈၅ ရာခိုင်းနှုန်းပြိးနေပြီ။ ဆွမ်းစားဆောင်တွင် လူတွေ စည်းကားလျက်ရှိနေသည်ကို တွေ့ရသည်။ ၀ါဆိုလပြည့်နေ့ဖြစ်သောကြောင့် ၀ါဆိုအလှူများပြုလုပ်နေကြသော သီတဂူတပည့်ဒကာ ဒကာများဖြစ်သည်။ ရွှေဘဲဆိုင်မှာ ဘဲကင်နှင့်ခေါက်ဆွဲ ဘုန်းပေးခဲ့ပေမဲ့ ချီးမြောက်ပါဦးဆို၍ ဆွမ်းစားကျောင်းတွင် ၀င်ထိုင်မိလိုက်သည်။ စားပွဲပေါ်တွင် မမြင်ရသည်မှာ ကြာပြီဖြစ်သော မြန်မာ့ အစားအစာများပင်ဖြစ်သည်။ ဗိုက်က မတောင်းဆိုပေမဲ့ ဆန္ဒက တောင်းဆိုလာသဖြင့် ဘုန်းပေးလိုက်ရသေးသည်။ လက်တလော ဘုန်းပေးထားသည့် ရွှေဘဲဆိုင်မှ ဘဲကင်နှင့်ခေါက်ဆွဲကြော်ပင် ပျောက်သွားသည်။ မျိုးစုံ ရသစုံလှသော မြန်မာ့ဟင်းလျာများက အစွမ်းထက်လှသည်။ ပင်ပန်းလာသဖြင့် အနားယူမယ်ကြံကာမှ ဘုန်းဘုန်း သီတဂူစတားနဲ့ တွေ့ချင်လို့ပါဆိုတဲ့ မြည်လာတဲ့ ဖုန်းသံ၊ ဖူးမျှော်လိုတဲ့ ရွှေဧည့်သည်များ တစ်ယောက်ပြီး တစ်ယောက် တစ်သံပြီး တစ်သံ ရောက်လာပါတော့သည်။ ဘာပဲ ပြောပြော ဘုန်းဘုန်း လမ်းခရီး အဆင်ပြေပါသလား၊ ချောမွေ့စွာ ရောက်ပါသလား၊ ရာသီဥတုအပြောင်း ဒေသအပြောင်းဖြစ်၍ ကျန်းမာရေး ဂရုစိုက်ပါဆိုတဲ့ သူတို့လေးတွေရဲ့ စေတနာ မေတ္တာတွေကလည်း အနားယူတာထက် ပိုပြီး ပင်ပန်းသမျှ နွမ်းသမျှတွေကို ပြေပျောက်စေပါတယ်။

သို့သော် ရောက်ရောက်ချင်း အပြေးအလွား အင်တာနက် အီးမေးလ်တွေ စစ်ဦးမယ် ဘာမင်္ဂလာစကားလေးတွေ ကြားရမလဲပေါ့၊ ကွန်ပြူတာ (လက်ပ်တော့) ချက်ချင်း ဖွင့်ပြီး မောဇီလာဘောက်ကို တောက်လိုက်ရာ ကြာလိုက်တဲ့ ကွန်ပဲ။ ပျော်တာလေးတွေ ဘယ်ရောက်ကုန်မှန်းမသိဖြစ်သွားတယ်။ အော်--သူလည်း အနိစ္စပါပဲလား။ ဘလော့ဂ်ထဲ ပို့စ်လေးတွေ တင်မယ်ကြံတယ်၊ denied ပိတ်ထားတာနဲ့တွေ့တော့ စိတ်ညစ်ရပြန်။ ဘုန်းဘုန်း အင်တာနက် သုံးရတာ အဆင်ပြေလားတဲ့ မေးပြန်သည်၊ ပြန်ဖြေရင်လဲ ကိုယ့်ပေါင်ကို ကိုယ် လှန်ထောင်းသလို ဖြစ်တော့မည်။ ဒိလိုပဲလေ-- အကောင်း+အဆိုး ဒွန်တွဲနေတာပါလားလို့ သဘောတရားလေးနဲ့ပဲ ဖြေသိမ့်လိုက်ရပါတော့ သတည်းး။

ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
၂၉-၇-၂၀၁၀


18 July 2010

နှုတ်ဆက်ခြင်း

ကျေးဇူးစကားဆိုခြင်း
ယခုဆိုရင် သီတဂူစတားလဲ မြန်မာပြည် ပြန်ဖို့ အချိန် တော်တော်လေးကပ်လာပြီ၊ ‘‘ ပြည်မြန်မာရောက်ရင် ပို့စ်တွေ တင်ဖို့ မလွယ်ဘူးဘုရားတဲ့၊ ဘလော့ဂ်နှင့်ပတ်သက်တာ ပြင်ဆင်စရာရှိရင် အဲဒီကထဲက ပြင်ခဲ့ပါတဲ့၊ ဘာဖြစ်လို့လဲ မေးတော့ ဒီမှာက ကွန် အားက အရမ်းနှေးတာဘုရား၊ ပို့စ်မှာတင်တဲ့ ဓာတ်ပုံတွေဆို ပေါ်တောင် မပေါ်ဘူးဘုရား’’ တဲ့ ပြည်မြန်မာက ဆွေးတော် မျိုးတော်တွေက ပြောသော စကားတွေပါ။ ထို့ကြောင့် သီတဂူစတား ဘလော့ဂ်ကို အားပေးကြတဲ့ ညီအစ်ကို မောင်နှမများအား အထူးမေတ္တာရပ်ခံသည်မှာ- ပြည်မြန်မာရောက်ရင်တော့ အွန်လိုင်းပရိသတ်၊ ဓမ္ဓ ညီအစ်ကို မောင်နှမများနှင့် ဝေးကွာသွားကောင်း သွားနိုင်ပါသည်၊ သို့သော်လည်း အခွင့်သာတဲ့အခါ ပို့စ်များကိုလည်း တတ်နိုင်သလောက် တင်ဖြစ်အောင် တင်ပေးသွားမှာ ဖြစ်သောကြောင့် ဆက်လက် စောင့်ပြီး အားပေးကြမည်ဟု မျှော်လင့်မိပါသည်။
ပြည်မြန်မာ မပြန်ခင် သီတဂူစတား ပြည်ပပညာ သင်ကြားစဉ် ၂နှစ်အတွင်း ကျေးဇူးပြုဖူးသောသူများကို သီတဂူစတားဘလော့ဂ်၏ ၂နှစ်ပြည့် အထိမ်းအမှတ်အဖြစ်ဖြင့်၎င်း ပြည်တော်ပြန် နုတ်ခွန်းဆက် အနေနဲ့သော၎င်း ရင်မှာပေါက်ဖွား ပီတိစကားလေးများ ပြောပြလိုပါသေးသည်။

သီတဂူစတား မွေးဖွားခြင်း
သီတဂူစတားဘလော့ဂ်သည် ယခုအခါ ၁၁-လ ပြည့်သွားပြီ ဖြစ်ပါသည်။ ၁၃-၈-၂၀၀၉ နေ့က စတင်တည်ထောင်သည်။ သီတဂူစတားဘလော့ဂ်သည်လည်း နာမည်ကြီးဘလော့ဂ်များလို အဆင့်မမြင့်သေးပေမဲ့ အတိုင်းအတာတစ်ခုထိတော့ ရောက်လာခြင်းသည်လည်း အွန်လှိုင်းစာဖတ်ပရိသတ်ရဲ့ ပီတိစကားလေးတွေကြောင့်ဖြစ်ပါသည်။ ထို့ ကြောင့် ၁၁ လပြည့် အထိမ်းအမှတ်အဖြစ်ဖြင့် ၀မ်းသာစကားပြောချင်ပါသည်။ ဘာလက်ဆောင်ဖြင့် ကျေးဇူးတုန့်ပြန်ရမလဲ စဉ်းစားမိတော့ ကိုယ့်မှာက ရင်ဘတ်ထဲက ရင်တွင်းဖြစ် ပီတိစကားများသာ ရှိနေပါသည်။ သီတဂူစတား ပြည်ပ ပညာသင်ကြားနေစဉ် ၂ နှစ်တာ အတောအတွင်း ကိန်းအောင်းနေသော ကျေးဇူးစကားများဖြစ်သည်။ ထိုပီတိစကားများကို အပိုင်း ၃ ပိုင်းခွဲရပါမည်၊ ဘလော့ဂ်တစ်ခု ပြီးမြောက် အောင်မြင်အောင်၊ ဘလော့ဂ် အကယ်ဒမီဆု ရသွားတဲ့အထိ ကူညီသူများနှင့် တပြိုင်တည်းမှာပဲ သီတဂူစတား ပြည်ပပညာရေးအတွက် အကူအညီပေးခဲ့ကြသော ကျေးဇူးရှင်များကို ရင်တွင်းစကားများဖြင့် ကျေးဇူးဆပ်လိုပါသည်။

သီတဂူစတား ဘလော့ဂ်
သီတဂူစတား ဘလော့ဂ်နှင့်ပတ်သက်ပြီး--
၁။ ရှေးဦးစွာ လာရောက် လည်ပတ်ပြီး ဆွေးနွေးကြသူများ၊ နွေးထွေးစွာ အကြံအဥာဏ်ပေးကြသူများ၊ ပို့စ်များ တင်ဖြစ်အောင် အားပေးစကားပေးကြသူများနှင့် ဘလော့ဂါ ညီအကို မောင်နှမများအား အထူးကျေးဇူးတင်ပါသည်။
၂။ သီတဂူစတားဘလော့ဂ်ကို ရှေးဦးစွာ အကောင်အထည် ဖော်ဖြစ်အောင် အကြံအဥာဏ်များ ပေးသော သီတဂူ အရှင်ဒေ၀ိန္ဒာဘိဝံသ (ဓမ္မဝေဒဂူဆရာတော်)။
၃။ သီတဂူစတာအား ဘလော့ဂ်ပညာများနှင့် ပတ်ကသက်ပြီး လမ်းညွန်ပေးသော ညခင်းရဲ့လမင်း။
၎။ ဒုတိယအကြိမ်မြောက် သီတဂူစတားနက် ဒိုမိန်းအလှူရှင် အမေရိကမှ ဒကာ ဦးကိုကို။
၅။ သီတဂူစတား ပို့စ် (စာ) များကို ပြင်ဆင်ပေးသော ကျောင်းအမ မပန်းစပယ် (လှဆန်းယဉ်)။
၆။ သီတဂူစတားဘလော့ဂ်၏ ခေါင်းစဉ်ပြင်စဉ်ပေးသော မေမေ့လပြည့်ဝန်းလေး တို့အား အထူး ကျေးဇူးတင်ပါသည်။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို အထက်ဖော်ပြပါ ပုဂ္ဂိုလ်များ မပါဝင်ခဲ့ပါက သီတဂူစတားဘလော့ဂ်တစ်ခု အကောင်အထည်ဖော်ဖို့ရန်နှင့် အွန်လိုင်းပေါ်မှာ ရပ်တည်နိုင်ဖို့ရန် မလွယ်ကူလှပေ။ ထို့ကြောင့် သူတို့တတွေအားလုံးသည် သီတဂူစတားဘလော့ဂ်အတွက် ကျေးဇူးတင်ထိုက်သူဟူ၍ မှတ်တမ်းတင်ပါသည်။ ဒါ့အပြင် သီတဂူစတားအတွက် အထူးကျေးဇူးထိုက်သော သူများ ကျန်ရှိပါသေးသည်။ သူတို့ကတော့ ပြည်ပညာရေးအတွက် အထောက်အပံ့ပေးသူများ ဖြစ်ကြသည်။

သီတဂူစတား၏ ပြည်ပ ပညာရေး
သီတဂူစတားသည် အိန္ဒိယနိုင်ငံ၊ မဟာရဋ္ဌပြည်နယ်၊ ပူနေးမြို့၊ ပူနေးတက္ကသိုလ်၊ ဖိလိုဆိုဖီ (Department of Philosophy) ဌာနတွင် M.A တန်း တက်ရောက်ပညာသင်ကြားပြီးဖြစ်ပါသည်။ ထို M.A (two years course) အတွက် သီတဂူစတားအား ထောက်ပံ့သူများမှာ- သီတဂူဆရာတော်ကြီးဖြစ်ပါသည်၊ ဆရာတော်ကြီးသည် သီတဂူစတား၏ ပညာရေးအတွက် လိုသလောက်ထောက်ပံ့သည်၊ ဆရာတော်ကြီးသည် ပညာရေးနှင့်ပတ်သက်ပြီး ရုပ်ဝတ္ထုပိုင်းဆိုင်ရာ (material things) သာမက စိတ်ဓာတ်ဖွံ့ဖြိုးရေး (mental progress) တွေပါ ပေးနေသဖြင့် သီတဂူစတားသည် ယခုလို ရပ်တည်နိုင်ခြင်းဖြစ်ပါသည်။ ဆရာတော်ကြီးသည် သီတဂူစတား၏ စံပြဖြစ်သလို ဖခင်ဟူ၍လည်းဆိုနိုင်ပါသည်၊ တပည့်များစွာကို သားသမီးသဖွယ် ကျောသား ရင်သားမခွဲ၊ အဖြူအမဲ မခွဲခြားဘဲ ထောက်ပံ့သည်။

ဒါ့ပြင် ဒေါ်လာ ၁၀၀ ၀န်းကျင် သို့မဟုတ် ၂၀၀ လှူဒါန်းခဲ့သော အလှူရှင်များမှာ- သီတဂူစတား၏ ဆရာဖြစ်သူ ဒေါက်တာအရှင်စန္ဒာသိရီ၊ သူငယ်ချင်းများဖြစ်ကြသော အရှင်ဒေ၀ိန္ဒာဘိဝံသ M.A (Buddhist Philosophy)၊ အရှင် တေဇိန္ဒ M.A (Philosophy)၊ အရှင်ပညိန္ဒ M.A (English)၊ အရှင်ဓမ္မာလောက (M.A ကထိက-နပသ ရန်ကုန်)နှင့် ကာတာနိုင်ငံမှာ အလုပ်လုပ်နေသော မောင်အောင်ကျော်တိုးတို့ဖြစ်ကြသည်။ မောင်အောင်ကျော်တိုးသည် အွန်လိုင်းမှ မိတ်ဆွေဒကာလေးဖြစ်သည်၊ အပြင်မှာ လူချင်း မစုံဘူးပေမဲ့ အရမ်းရင်းနှီးသူဖြစ်သည်။ ထို့ပြင် ရပ်ရွာမှ ဆွေတော်မျိုးတော်များကလည်း ပံ့ပိုးလိုက်ကြသေးသည်။ ထိုအတွက် ၁၁ လပြည့်အထိမ်းအမှတ်အဖြစ် မှတ်တမ်းတင်ပါသည်။

အစားအစာ အလှူ့ရှင်
ပညာရေးအပြင် ကျေးဇူးတင်ထိုက်သော အစားအစာအတွက် အလှူရှင်များလည်း ရှိပါသေးသည်။ သီတဂူစတားတို့ မြန်မာရဟန်းတော်များ ပူနေးတက္ကသိုလ် ကျောင်းတက်စဉ် ဆန်၊ ဆီ၊ သကြား၊ ပဲ စသည့်ချက်စရာများကို ရံဖန်ရံခါ လာလှူလေ့ရှိသည့် အိန္ဒိယလူမျိုး ဒကာ ဦးဒေးတို့မိသားစုသည် မြတ်ဗုဒ္ဓလက်တော်က တိတ္ထိဆရာကြီး ၆ ယောက်ထဲက မဟာဝီရ ဂျိန်းဆရာကြီး၏ တပည့်သာဝကများဖြစ်ကြသည်။ သူတို့မိသားစုသည် ရဟန်းတော်များအား အိမ်သို့ပင့်ဖိတ်ကာ အစားအစာများ ကပ်လေ့ရှိသည်၊ ဘာသာရေးဆိုင်ရာများဆွေးနွေး မေးမြန်းလေ့ရှိသည်။ ဂျိန်းဘာသာသည် ကံ ကံ၏အကျိုးကို ယုံကြည်သည်၊ ကုသိုလ် အကုသိုလ်ကံအကြောင်းကို စိတ်ဝင်စားသည်။ ထို့ကြောင့် ထိုမိသားစုသည် ရဟန်းတော်များနှင့် ရင်းနှီးသည်၊ အထူးသဖြင့် မြန်မာရဟန်းတော်များကို ကြည်ညိုသည်။ ထို့နောက် ၂ နှစ်တာ အတောအတွင်း စားပွဲဝိုင်းလေးအတွက် အလှည့်ကျ ချက်ပြုတ်ကြသော သီတင်းသုံးဖော် မိတ်ဆွေများ၊ စားအတူ သွားအတူ လာအတူ၊ ကိုယ်တူ စိတ်တူ အတူ နေခဲ့ဖူးကြသော သူငယ်ချင်းမိတ်ဆွေ အပေါင်းနှင့် မကြာမကြာ ရဟန်းတော်များကို မိမိအိမ်သို့ပင့်၍၎င်း လူကိုယ်တိုင် အဆောင်သို့လာ၍၎င်း မြန်မာပြည်မှ ပါလာသော ချဉ်ပေါင်ကြော်၊ ငါးပိကြော် ငါးခြောက်ကြော် စသော အစားအစာများလှူလေ့ရှိခြင်းနှင့် အခါအားလျှော်စွာ န၀ကမ္မ (ရူပီး) များ လှူလေ့ရှိသော မြန်မာ့လေယာဉ်မှူးလေး ဒကာ ကိုအောင်သန်းတို့မိသားစုအား ၎င်း အထူးကျေးဇူးတင်ရှိပါကြောင်း သီတဂူစတားဘလော့ဂ် ၁၁- လ ပြည့် အဖြစ် မှတ်တမ်းတင်လိုက်ပါသည်။

အားလုံးကို ကျေးဇူးတင်စကားပြာကြားရင်း ပြည်မြန်မာပြန် အဖြစ် နှုတ်ဆက်ခဲ့ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
၁၈-၇-၂၀၁၀

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes