သီတဂူစတား

သီတဂူစတား

29 February 2012

ဖိတ်ကြားအပ်ပါသည် (သီတဂူမွေးနေ့အလှူတော်)

(သီတဂူဆရာတော်ကြီး (၇၅) နှစ်ပြည့် အလှူတော်အတွက် ပင့်စာ-ဖိတ်စာ)


ဖိတ်ကြားအပ်ပါသည် (သီတဂူမွေးနေ့အလှူတော်)

သီတဂူဆရာတော်ကြီး၏ (၇၅) နှစ်ပြည့် ၀ိဇာယန အခါတော်နေ့အတွက် ပူဇော်ပွဲများကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်ပါသည်။
(၂၀၁၁နှစ် သက်တော် ၇၄ နှစ်ပြည့်က အလှူတော် ဓာတ်ပုံ)

(က) တပေါင်းလဆန်း (၁၄)ရက်၊ (၆-၃-၂၀၁၂) နေ့တွင် သီလရှင် အပါး (၁၀၀၀) တစ်ထောင်တို့အား ၀တ်စုံ တစ်ဘက် စားဖွယ် သောက်ဖွယ်များ လှူဒါန်းခြင်း။

(ခ) တပေါင်းလဆန်း (၁၅) ရက်၊ (၇-၃-၂၀၁၂) နေ့တွင် သံဃာတော် အပါး (၁၀၀၀) တစ်ထောင်တို့အား သင်္ကန်း သပိတ် ဆွမ်း စသော လှူဖွယ် ပစ္စည်းများ လောင်းလှူခြင်း

(ဂ) တပေါင်းလပြည့်နေ့ (၇-၃-၂၀၁၂) တွင် သီတဂူဝိပဿနာ အကယ်ဒမီ ဌာနကြီးတွင် တည်ထားကိုးကွယ်ထားသော ရွှေစည်းခုံစေတီတော်မြတ်ကြီးကို စိန်ဖူးတော် ငှက်မြက်နားတော် ထီးတော်များ အထွဋ်တင် ပူဇော်ခြင်း။
(သက်တော် ၇၄ နှစ်ပြည့် မွေးနေ့ အလှူတော်များ)


(ဃ) အရပ်လေးမျက်နှာမှ လာလာသမျှ ပရိသတ်အပေါင်းတို့အား နံက်-နေ့-ည တို့မှာ နာမည်ကျော် ခိုတောင်မုံ့တီ၊ ရွှေတောင်ခေါက်ဆွဲ၊ သားပြွန်းထမင်း၊ မုန့်ပြားသလက်၊ ဗူးသီးကြော် စသည်တို့ဖြင့် ဧည့်ခံကျွေးမွေးခြင်း စသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်မှာ ဖြစ်ပါသည်။
ကြွသာကြွလိုက်ကြပေတော့--------------
(သက်တော် ၇၄ နှစ်မြောက် အလှူတော်က ပုံ)

ဌာန- သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း။
အချိန်-၁၃၇၃ခု၊ တပေါင်းလဆန်း (၁၄၊၁၅)၊ (၆-၇-၃-၂၀၁၂)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၉-၂-၂၀၁၂

26 February 2012

စာတတ်ဖို့အရေးကြီးလား (၃)

(၂) ၀ိနည်းလေးစားဖို့က -----ဒုတိယ
စိတ်ကောင်းရှိပါမှ ၀ိနည်းကို လေးစားပါလိမ့်မည်။ ၀ိနည်းသည် သာသနာ၏ အသက်ဖြစ်သည်၊ ၀ိနည်းသိက္ခာပုဒ်တွေ ဖယ်လိုက်ရင် သာသနာဆိုတာလဲ ပျောက်ပျက်သွားနိုင်သည် (၀ိနယော နာမ သာသနဿ အာယု၊ ၀ိနယေ ဌိတေ သာသနံ ဌိတံ)။ သာသနာတော်အတွက် အရေးတကြီး လိုအပ်သည်ကား ၀ိနည်းဖြစ်၍ ၀ိနည်းလေးစားဖို့က ဒုတိယ ဖြစ်သည်။ အထူးသဖြင့် ထိုစာသင်တိုက်ကြီးရှိ အဆောင်အဦးများသည် နိဿဂ္ဂိကင်းသော အဆောက်အဦးများဖြစ်သည်၊ စားနေသော အစားအစာ သုံးနေသော အသုံးအဆောင်များသည်လည်း နိဿဂ္ဂိလွတ်ရန် ကပ္ပိယ ဒကာများနှင့် ဖိုးသူတော်လေးများ ထားရှိသည်။ ဥပမာ-နိဿဂ္ဂိ ၀ိနည်းအရ-ကိုယ်တိုင် ပိုက်ဆံကိုင်ပြီး ဆောက်လုပ်ထားသည့် ကျောင်းသည် နိဿဂ္ဂိမလွတ်သော ကျောင်းဖြစ်ရကား ထိုကျောင်းထဲ ၀င်တဲ့ ရဟန်းတိုင်း နိဿဂ္ဂိအာပတ် သင့်တော့သည်။ စာရေးသူတို့ရှိစဉ်ကအထိ ထိုတိုက်ကြီးသည် ၀ိနည်းလေးစားသော စာသင်တိုက်ဖြစ်ဆဲပင်။ တခါတရံ တချို့ ၀ိနည်းသိက္ခာပုဒ်တွေ သင်ရုံနဲ့မလုံလောက်ဘဲ လက်တွေ့ လေ့ကျင့်မှ မှတ်မိသည်။ တခါက စာရေးသူ ရဟန်း ၃ ၀ါအရလောက်မှာ ရေညှိတွေ တက်နေသော ရေချိုးကန်ကို ဘရွတ်တွေ အုဋ္ဌ်နီခဲတွေနဲ့ ပွတ်တိုက်နေတော့ စာရေးသူ၏ အနီးကပ်ဆရာက ဒီကောင် ဘာတွေလုပ်နေတာလဲ ၀ိနည်းနားမလည်ဘူးလား ဆိုပြီး ကြိမ်းမောင်းတော့ သည်၊ အဲဒီတော့မှ စာရေးသူလဲ ဘူဇဂါမ်ဗီဇဂါမ်ဆိုတဲ့ သိက္ခာပုဒ်ကို စွဲမြဲသွားသည်။ ထိုနည်းတူစွာ နာယက ဆရာတော်ကြီးတွေ စာချဘုန်းကြီးတွေနဲ့ မြို့ထဲ ရွာထဲ ဆွမ်းစား အတူလိုက်ပါသွားသောအခါ ဆွမ်းဝိုင်းထဲတွင် အပင်ပြန်ပေါက်နိုင်သည့် ပူစီနံ ငရုပ်သီးစသည်များ ပါလာလျှင် ဒကာ ခေါ်ပြီး ‘‘ကပ္ပိယံ ကရောဟိ’’ ဟုပြောပြီး ဒကာက ‘‘ကပ္ပိယံ ဘန္တေ’’ဆိုပြီး ထို ပူစီနံ ငရုပ်သီးကို လက်သည်းနဲ့ ဖြစ်စေ တခြား အရာနဲ့ ဖြစ်စေ ဆိတ်လိုက်ရသည်ကို လက်တွေ့ကျကျ သိရသည်။ စာရေးသူ၏ အနီးကပ်ဆရာဆိုရင် ၀ိနည်း အလွန်လေးစားသည်၊ မနက်တိုင်း အရုဏ်တက်ချိန် ဆွမ်းစားကြွရန် အချိန်ဇယားအတိုင်း တုံးမောင်းခေါက်သည်။ သံဃာအားလုံးက တုံးခေါက်လို့ ဆွမ်းစားကျောင်းမှာ ဆွမ်းစားကြပေမဲ့ စာရေးသူ၏ဆရာက သွားမစားသေး၊ သူ့စိတ်ထဲမှာ အရုဏ်မတက်သေးဘူးဟု ယူဆထားသည်၊ သူအမြဲဆိုနေသည့် အရုဏ်နဲ့ ပတ်သက်ပြီး အဘိဓာန်စကားလေးရှိသည်။ အရုဏော ကဉ္စိရတ္တော စ၊ ပုဗ္ဗုဋ္ဌာယီ သိယာရုဏော။ ဆိုလိုသည်မှာ အရုဏ်ဆိုတာ မိုးတိမ်ကင်းသော အခါ အရှေ့ဘက်မှ ထွက်လာသော အနီရောင် နုနု ပန်းရောင်ရှိ အရောက်တက်လာခြင်းကို အရုဏ်တက်သည်ဟု ဆိုသည်။ နာရီအချိန်ကျရောက်ပေမဲ့ ထိုအရောင် တက်မလာသေးရင် အရုဏ်မတက်သေးဟု ဆိုသည်။ စာရေးသူလဲ အသေးအမွှား သိက္ခာပုဒ်လေးက အစ ဆရာကောင်းနားမှာ နေခွင့်ရတော့ သတိတရ ရှိနေမိသည်။ ကိုယ့်ကိုယ်ကိုလည်း ‘‘ငါ ဆရာကောင်းတွေ သူတော်ကောင်းတွေနဲ့ နေခွင့်ရ တွေ့ခွင့်ရလို့ လူဖြစ်ရကျိုးနပ်လိုက်တာ’’လို့ ပီတိဖြစ်နေမိသည်။
ပရိယတ္တိဖြင့် တည်ဆောက်ထားသော ပဋိပတ္တိဆရာတော်

(၃) ကျန်းမာဖို့က-- တတိယ (၄) သန့်ရှင်းဖို့က--စတုတ္ထ
ကျန်းမာခြင်းနှင့် သန့်ရှင်းခြင်းသည်လည်း အလွန်အရေးပါသည်။ ကျန်းမာပါမှ ပရိယတ် ပဋိပတ်အလုပ် လုပ်နိုင်မည်၊ စိတ်ချမ်းသာမည်၊ သမာဓိရှိနိုင်မည်၊ ကျန်းမာဖို့ အလွန်အရေးကြီးလို့ တိုက်တွင်းမှာ ဆေးရုံဆေးပေးခန်း အမြဲရှိသည်။ စိတ်ကောင်းရှိပြီး မကျန်းမာပြန်လျှင်လဲ သာသနာအတွက် အလုပ်လုပ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ကျန်းမာဖို့လဲ လိုအပ်သည်။ ကျန်းမာရေးအတွက် သန့်ရှင်းဖို့လိုသည်။ အလွန်ကျယ်ဝန်းသော မဟာဂန္ဓာရုံကျောင်းတိုက်ကြီးအတွင်း စ၀င်လိုက်တာနဲ့ ခံစားမှုမျိုးစုံး အတွေးပေါင်းစုံ ရောက်လာပါလိမ့်မည်။ ကြီးမားသော သစ်ပင် သစ်ရိပ်များနဲ့ သံဃာတော်များ၏ မေတ္တာကြောင့် ထိုတိုက်ထဲဝင်လိုက်နဲ့ တပြိုင်တည်း စိတ်၏ အေးချမ်းမှုကို ခံစားရပါလိမ့်မည်။ ကိုယ်၏ အေးချမ်းခြင်း စိတ်၏ အေးချမ်းခြင်းများ ခံစားရပါလိမ့်မည်၊ သံဃာ ၁၃၀၀ ကျော်ရှိတဲ့ကျောင်း သံဃာ တစ်ပါးမှ မရှိလောက်ဘူးဟု ထင်ရလောက်အောင် တိတ်ဆိတ်နေသည်။ တိုက်ထဲမှာ ဆူဆူညံညံ မရှိရ၊ စာကျက်တာသည်ပင် ကိုယ်ကြားရုံလောက်ပဲ ကျက်ကြသည်၊ အသံကျယ်ကျယ် အော်ပြီး စာကျက်တာမျိုးမရှိရ။
ရွှေကျင်ဆရာတော်ကြီး အဆုံးမထဲက ‘‘စကားပြောကျယ် အရယ်ကျယ်နှင့် အခေါ်ကျယ် ချေကျယ် အသန်းကျယ် ကျယ်-ငါးကျယ်ကို ပယ်ရမည်’’ နံက်ခင်းသြ၀ါဒမှာတော့ ‘‘စာအံကျယ်တာကိုလဲ ပယ်ရမည်’’ဟု ထည့်ပြီး နားကြားရပါသည်။ သံဃာ ၁၃၀၀ ကျော် တစ်စုတဝေးတည်း စားနေသော ဆွမ်းစားကျောင်းသည် စကားပြောသံ ဇွန်းသံ ပုဂံသံ မကြားရ၊ တိတ်ဆိတ်နေသည်။ ဘုရားရှင်၏ အလိုကျဖြစ်သည်။ ဘုရားရှင်က ဆူညံတာကို မကြိုက်၊ တခါက အရှင်သာရိပုတ္တရာ၏ တပည့်တွေ ဆူဆူညံညံ အသံကျယ်လောင်စွာ စကားပြောနေလို့ ‘‘ဘယ်သူတွေလဲ ဘယ်သူ့တပည့်တွေလဲ၊ ငါးစိမ်းသည်တွေနဲ့ တူလိုက်တာ’’ ဆိုပြီး ရှုံ့ချကာ ဆရာဖြစ်သူ အရှင်သာရိပုတ္တရာကိုပါ နှင်ထုတ်ခဲ့ဖူးသည်။

‘‘အော်--- ကြီးကျယ်၊ တိတ်ဆိတ်ပြီး သန့်ရှင်းသပ်ရပ်သော ကျောင်းတိုက်ကြီးပါတကား’’ဟု ၀င်လာသူတိုင်း အံ့သြကာ အတွေးဝင်လာပါလိမ့်မည်။ ဒီလောက်ကျယ်ဝန်းတဲ့ ကျောင်းကြီးကို ဘယ်လိုနည်းဖြင့် တိတ်ဆိတ်အောင် သန့်ရှင်းအောင် ဖန်တီးပါလိမ့်ဟု အတွေးများစွာ ရောက်လာပါလိမ့်မည်။
စာရေးသူတို့ ငယ်ငယ်က အလင်္ကာစာဝါတက်စဉ်က စာချဘုန်းကြီးက အတိဝုတ္တအလင်္ကာနဲ့ ပတ်သက်ပြီး ဟာသအဖြစ် ပြောဖူးသည်၊ ပုံပြင်တွေ များစွာထဲက-- ‘‘တခါက တပည့်တော်တို့ကျောင်းထဲမှာ ရဟန်းတော်တစ်ပါးက ဧည့်သည်တွေကို လိုက်ပြသည်၊ လမ်းသွားရင်းလဲ ကျောင်းတိုက်ကြီး၏ သန့်ရှင်းပုံ။ တိတ်ဆိတ်ပုံတို့ကို အာပေါင်အာရင်း သန်သန်နဲ့ ရှင်းပြသည်။ ဆွမ်းစားပြီး သံဃာအားလုံး တစ်နာရီခန့် အနားယူချိန်ဖြစ်၍ သံဃာ ၁၃၀၀ ကျော်ရှိသည့် ကျောင်းတိုက်ကြီးထဲမှာ ဘုန်းကြီး ရဟန်း ကိုရင် တပါးမှ မတွေ့ရ၍ ဧည့်သည်များ အံ့သြနေသည်။ ထိုရဟန်းက ဆက်ပြောတယ်- တိတ်ဆိတ် ငြိမ်သက်တဲ့ နေရာမှာ ရဟန်းသံဃာတင်မကပါဘူး သူတို့ကို အမှီပြုပြီး အသက်ရှင်နေရတဲ့ ခွေးတွေကလဲ ငြိမ်သက်နေတဲ့ အကြောင်းပြောနေတယ်၊ ထိုအခိုက် ခွေ ၂ ကောင်က ၀ုန်းဆို အိပ်ယာက ထပြီး တ၀ုန်းဝုန်း ဟောင်ပါလေတော့သည်၊ ဘုန်းကြီးကလဲ မှင်မပြတ် ဟန်မပြတ် ‘‘ ဒကာကြီး- ဒီခွေးက အခုမှ ရောက်လာတဲ့ ခွေးအသစ် ဖြစ်မယ်၊ ဒါမို့ သောင်းကြမ်းနေတာ ဖြစ်မယ်’’ ဟု သတည်း။’’ ppppppp-

တကယ်လဲ တိတ်ဆိတ်ပြီး သန့်ရှင်းသပ်ရပ်တာတော့ အမှန်ပင်ဖြစ်သည်။ ငယ်ငယ်ကထဲက သန့်ရှင်းရေးကို အထူးအလေးထားတတ်အောင် အထူးလေ့ကျင့်ပေးထားသည်။ တကိုယ်ရေ တကာယ သန့်ရှင်းရေးအပြင် ပတ်ဝန်းကျင် သန့်ရှင်းရေးကိုလဲ အထူးအလေးထားသည်။ မနက်ခင်း သြ၀ါဒ အပြီး တစ်တိုက်လုံး နေ့စဉ် ကိုယ့်ကျောင်းအသီးသီး အတွင်းမှာရော ကျောင်းဝန်းကျင်မှာပါ တံမြတ်လှည်း အမှိုက်ကျုံးနေသည်ကို တွေ့ရမည်၊ အဖိတ် ဥပုသ်နေ့တိုင်း တစ်တိုက်လုံး တစ်ကျောင်းလုံး အထူးသန့်ရှင်းရေးလုပ်ရသည်၊ ကျောင်းဆောင်တွေရဲ့ တံခါးတွေ မှန်တွေ ကြမ်းပြင်တွေ ပွတ်တိုက်ရသည်။ အားလုံးသန့်ရှင်းပြီးတာနဲ့ ခေါင်းရိပ် အ၀တ်လျှော်သည့် တစ်ကိုယ် သန့်ရှင်းရေး အထူးလုပ်ရသည်။ ရေအိုးစဉ်များ သောက်ရေခွက်များ နေ့စဉ် သန့်ရှင်းပြီး ရေမပျက်စေရ။ ထိုအလုပ်အားလုံးသည် လူတိုင်း၏ အသိစိတ် သဒ္ဓါတရားနဲ့ လုပ်ကြသည်အတွက် စည်းကမ်းသည်လည်း စိတ်ကောင်းရှိဖို့ဆိုတဲ့ ဦးတည်ချက်နဲ့ တည်ဆောက်ထားသည်ဟု ဆိုရမည်ဖြစ်သည်။ တစ်ဦးချင်းသောသူတို့၏ လှုပ်ရှားတိုင်းသည် သူတို့၏ သဒ္ဓါတရားများ ဖြစ်ကြသည်။ ဤကား စိတ်ကောင်းရှိဖို့က----ပထမ ဆိုတဲ့ စည်းကမ်း၏ အကျိုးသက်ရောက်မှုပင် ဖြစ်သည်။
ဤကျောင်းတိုက်ကြီးသာသနာဖြင့် ဗုဒ္ဓမြတ်စွာကို ပူဇော်နေသော တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီး

(၅) အ၀တ်အစားတတ်ဖို့က-- ပဉ္စမ (၆) အနေအထိုင်တတ်ဖို့က-- ဆဋ္ဌမ (၇) အပြောအဆိုတတ်ဖို့က-- သတ္တမ (၈) အသွားအလာတတ်ဖို့က -- အဋ္ဌမ
အ၀တ်အစား၊ အနေအထိုင်၊ အသွားအလာ၊ အပြောဆိုနဲ့ ပတ်သက်ပြီး သေခိယ သိက္ခာပုဒ်များကို လက်တွေ့ ကျင့်သုံးခြင်းဖြစ်သည်။ လူမှုအဆင့်အတန်းကို မြင့်စေတဲ့ နေနည်းထိုင်နည်းပြောနည်း ဆိုနည်းများပင် ဖြစ်သည်။ ထိုစာသင်တိုက်က ထွက် အရှင်များကို မြန်မာနိုင်ငံ အနှံ့တွေ့နိုင်သည်၊ သင်္ကန်းကို ညီညီညာညာ ၀တ်တတ်သည်၊ အ၀တ်အစားနဲ့ ပတ်သက်ရင် အမြဲတမ်း သပ်သပ်ရပ်ရပ်ရှိသည်၊ အနေအထိုင်မှာ သေသေသပ်သပ်ရှိသည်။ အပြောအဆိုမှာလဲ ယဉ်ကျေးသည်၊ အရှင်ဘုရား၊ ဦးဇင်း၊ ကိုရင် စသည်ခေါ်လေ့ရှိသည်၊ အများစုက သိပ်ရင်းနှီးရင် မင်းနဲ့ ငါနဲ့ ပြောလေ့ရှိတတ်သည်၊ စာရေးသူဆို အခုထိ ဘယ်သူနဲ့မဆို မင်းနှင့် ငါ မသုံးခဲ့ဖူးသေး၊ ကိုယ့်ထက် ငယ်သည်ဖြစ် ကြီးသည်ဖြစ်စေ ဦးဇင်းတပ်ခေါ်လေ့ ရှိသည်၊ အရှင်ဘုရား ဦးဇင်းအသုံးအနှုံးဖြင့်သာ သုံးတတ်သည့် အကျင့်ရှိသည်။

‘‘ဘူး, တယ် ကို ဖျောက် ‘ပါ’ကိုရောက် လျှောက်တတ်ပါစေ’’ မဟုတ်ဘူး ဟုတ်တယ် ဆိုတဲ့ အသုံးအနှုံးအစား ‘ပါ’ ကို အစားထိုးပြီး ဟုတ်ပါဘုရား ဟုတ်ကဲ့ပါ၊ မှန်ပါဘုရား။ မဟုတ်ပါဘုရား၊ မဟုတ်ပါ ဟု အပြောအဆိုအတွက် နံနက်ခင်း သြ၀ါဒက မှတ်သားရသည်။ ‘‘ဘုရား သံဃာ ဆရာသမား ထံတော်ပါး ခစား မည်သို့ ၀င်မည်နည်’’ ‘‘လက်ကန်တော့ထိုး လက်အုပ်မိုး ညွှတ်လျှိုး ၀င်ပါမည်’’ ဟု သံဃာ့ပရိသတ်ထဲ၊ ဆရာသမားထံ၊ ကိုယ့်ထက် ကြီးသည့် ဆရာတော်များထံ ချဉ်းကပ်ရာဝယ် လက်ကန်တော့ ထိုးခြင်း၊ လက်အုပ်ချီခြင်းနှင့် ခါးကိုင်းပြီး ၀င်သွားရပါသည်။ ဤအလေ့အကျင့်သည်လည်း ငယ်ငယ်ကထဲက ပုံစံသွင်းပေးသည်။
၁၉၉၅ ခုနှစ်က ထင်ပါသည်၊ စာရေးသူ ရဟန်း ၄ ၀ါလောက်မှာ မြောက်ဥက္ကလာပက သန္တာ ရပ်ကွက် မာရ်အောင်တိုက်ထဲက ကျောင်းတစ်ကျောင်းမှာ ရက်ပေါင်း ၁၀၀ နေခဲ့ဖူးသည်။ ထိုအချိန်က အဲဒီနေရာ သိပ်မဖွံ့ဖြိုးသေး၊ အသက်ကြီးမှ ၀တ်လာတဲ့သူတွေရယ်၊ ကိုရင်ငယ်တွေရယ်လောက်ပဲ များများစားစား ရှိနေသည်။ စာရေးသူတို့ အရွယ် သိပ်မရှိ၊ အဲဒီအချိန်က စာရေးသူက ဓမ္မာစရိယတန်းရောက်နေသည်။ ထိုနေရာရောက်တော့ ထိုနေရာရဲ့ ထုံးစံအတိုင်း ဆွမ်းခံအိမ်များ ဖိတ်ရသည်၊ ၀ါတွင်းမှာ ဓမ္မာရုံတိုင်းက သောကြာပတ် စနေပတ် စသည်ဖြင့် မနက်စောစော အရုဏ်ဆွမ်းအတွက် လောင်းလှူကြသည်၊ ထိုဗဟုသုတတွေလဲ ရက် ၁၀၀ အတွင်းမှာ ကောင်းကောင်းရလိုက်သည်။ ထူးဆန်းတာက အဲဒီနားဝန်းကျင်မှာ စာရေးသူလို တောင်မြို့ဂန္ဓာရုံက ပုံစံအတိုင်း ၀တ်ပုံ စားပုံ၊ ဆွမ်းခံပုံ၊ ဆရာသမားများထံ သွားပုံ မရှိရကား စာရေးသူက လူထူးလူဆန်းဖြစ်နေသည်၊ ဆွမ်းခံအိမ်တွေကလဲ တော်တော်လေးကို ဂရုစိုက်သည်။ တခါတော့ ကျောင်းဘုန်းကြီးက ထိုတိုက်ရှိ သက်တော် ၀ါတော်အကြီးဆုံးဆရာတော်ကြီးထံ စာတစ်စောင်နှင့် ဆွမ်းစာပင့်ရန် သွားခိုင်းသည်။ စာရေးသူလဲ ထုံးစံအတိုင်း လက်ကန်တော့ထိုး လက်အုပ်ချီပြီး ဆရာတော်ကြီးအနားသွားပြီး နေရာထိုင်ခင်း ကျကျနန ခင်းပြီး စနစ်တကျ ကန်တော့သည်၊ ပြီးမှ စာကပ်ပြီး လျှောက်ခိုင်းတာမှန်သမျှ လျှောက်သည်။ အဲဒီမှာ ဆရာတော်ကြီးက စာရေးသူ၏ ဟန်နှင့် ပြောပုံဆိုပုံတို့ကို အကဲခတ်သည်၊ ပြီးမှ ဦးဇင်းလေးဘယ်ကျောင်းကလဲ၊ အခု ဘယ်မှာ နေလဲ၊ ဘယ်နှစ်ဝါ ရပြီလဲ၊ ဘာစာမေးပွဲတွေ အောင်ထားလဲ၊ စသည်ဖြင့် အလေးဂရုထားပြီး မေးသည်၊ စာရေးသူလဲ အကုန်လျှောက်ထားပြသည်။ ဆရာတော်ကြီးက မိန့်သည်မှာ‘‘ ဦးဇင်းလေး-- ဦးဇင်းလေးက အသက်လဲ ငယ်သေးတယ်၊ နေတာ ထိုင်တာလဲ စနစ်ကျတယ်၊ စာလဲ တော်တယ်၊ ဒီမှာ နေရင် ပျက်စီးသွားလိမ့်မယ်၊ ဒီမှာ မနေပါနဲ့ ကိုယ်နေခဲ့တဲ့ ကျောင်း (မဟာဂန္ဓာရုံ)ကိုပဲ ပြန်သွားပြီး စာမေးပွဲတွေ ပြီးအောင် လုပ်ပါတဲ့’’။ ဤကား ထိုစာသင်တိုက်ကြီးက ပေးလိုက်တဲ့ အ၀တ်အစား အနေအထိုင် အပြောအဆိုများပင်ဖြစ်သည်။
မှတ်ချက်။ ။ အခုချိန်မှာတော့ ထိုရက်ကွက်ရှိ ကျောင်းတိုက်များလဲ စာချစာသင်များဖြင့် စည်းကားလျက်ရှိသည်ဟု ထင်ပါသည်။

စည်းကမ်းလိုက်နာဖို့က--န၀မ
စည်းကမ်းမလိုက်နာပါက တိုက်တွင်းက ထွက်သွားရပါမည်။ တိုက်တွင်းက စည်းကမ်းသည်လည်း အထူးတည်ထွင်ထားသည့် စည်းကမ်းများ မဟုတ်၊ ဘုရားပေးထားသော စည်းကမ်းများပင် ဖြစ်သည်။ ကျောင်းတိုင်းမှာ စည်းကမ်းချက်များ မှန်ဘောင်သွင်းပြီး ချိတ်စွဲထားသည့် ဆိုင်းဘုတ်များ ရှိသည်၊ မြို့တွင်းရွာတွင်း သင်္ကန်းရုံသွားရမည်၊ ဒုတ်ဓားလက်နက် မကိုင်ဆောင်ရ၊ ရန်မဖြစ်ရ၊ သူများပစ္စည်း မခိုးရ စသည်ဖြင့် စည်းကမ်းများကို မလိုက်နာပါက ဤကျောင်းတိုက်မှ အပြီးထွက်သွားရမည်ဟု ရေးသားထားသည့် ဆိုင်းဘုတ်ကို တွေ့မြင်ရပါမည်။ ၀ိနည်းသည် စည်းကမ်းဖြစ်သည်၊ စည်းကမ်းသည် လူ၏ တန်ဖိုးဖြစ်သလို လူ့ဘောင် အဖွဲအစည်းတစ်ခု၏ အကွတ်ဖြစ်သည်။ စည်းကမ်းမရှိသော ကျောင်းတိုက်၊ အဖွဲအစည်း၊ မိသားစုသည် ဗရမ်းဗတာ ဖြစ်မည်။ စည်းကမ်းရှိသည့် အသိုင်းဝိုင်းမှ ပေါက်ဖွားလာသူနဲ့ စည်းကမ်းဟု မယ်မယ်ရရ မရှိသော အသိုင်းဝိုင်းမှ ပေါက်ဖွားလာသူတို့၏ ကိုယ်မှု နှုတ်မှု တို့ ကွာခြားသည်ကို တွေ့ရပါလိမ့်မည်။ ၀ိနည်းစည်းကမ်းသည် သာသနာတော်၏ အသက်ဖြစ်သလို စာသင်တိုက်၊ မိသားစု၊ အဖွဲ့အစည်း၊ နိုင်ငံများ၏ အသက်သွေးကြောဖြစ်သည်။ ထို့ကြောင့် စည်းကမ်းလိုက်နာဖို့သည် အရေးတကြီး လိုအပ်သောကြောင့် နံပါတ်တွင် ထည့်သွင်းထားသည်။

နိဂုံး (စာတတ်ဖို့ အရေးကြီး)
စာရေးသူ၏ ပို့စ်ကို ခြုံလိုက်ရင် စာတတ်ဖို့ အရေးကြီးလားလို့ မေးလာလျှင် အရေးကြီးပါသည်ဟု ဖြေရပါမည်။ ဆိုက်မှာ စာရေးသူ၏ ပရိယတ္တိအရေးပါမှုပို့စ်တွင် စာတတ်ဖို့ အရေးကြီးကြောင်းဖော်ပြထားသည်။ ထိုစာတတ်ခြင်းသည် စိတ်ကောင်း စေတနာကောင်း သဒ္ဓါတရားတို့ဖြင့် တည်ဆောက်ထားသော စာတတ်ခြင်းဖြစ်သည်။ ထိုစာသင်တိုက်စာသင်ခြင်းစနစ်ကိုက ငယ်ငယ်ကထဲက ပါဠိတော်စာပေထဲမှာ တိုက်ရိုက် ဘုရားနဲ့တွေ့ အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်၊ အရှင်အာနန္ဒာစတဲ့ သူတော်ကောင်းကြီးတွေနဲ့တွေ့၊ ဘုရားနဲ့ သံဃာကို အမြဲတမ်း အတိုက်အခံ လုပ်တတ်သည့် အရှင်ဒေ၀ဒတ်လို ပုဂ္ဂိုလ်မျိုးတွေလဲ တွေ့ရသည့် စနစ်ဖြစ်သည်။ ဘုရားနဲ့ ယှဉ်ပြိုင်သည့် ဘာသာခြား ဆရာတို့၏ အယူဝါဒတွေ စသည်ဖြင့်လဲ လေ့လာမှတ်သားရမည်။ အတုယူစရာတွေ စံနမူထားစရာတွေရ၊ ရှောင်သင့်တာရှောင်လို့ ဆောင်သင့်တာ ဆောင်ရမည့် စနစ်များ သူတော်ကောင်းစိတ်များ ပွားမိသည်မှာ အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် သဒ္ဓါတရားအခြေခံသော စာတတ်မှသာလျှင် အကောင်းအဆိုး၊ အကြောင်းအကျိုးများ ဝေဖန်နိုင်မည်၊ ဆန်းစစ်နိုင်မည်။ တချို့က စာခံ (စာတတ်) ရင် မဂ်ဖိုလ် မရနိုင်ဘူးတဲ့၊ တကယ်တော့ မဟုတ်ပါ၊ အရှင်အာနန္ဒာသည် ဘုရားဟောသမျှ အကုန်ရနေသည်၊ ဘုရားရှင်ဟောသမျှကို အကုန်နာယူမှတ်သား အာဂုံဆောင်ထားသည်၊ အရှင်အာနန္ဒာ မပါသော တရားပွဲတိုင်းမှာ ဟောသည့် တရားများကိုလည်း သူ့အား ပြန်လည်ဟောပြရန်ရန် ဘုရားထံ ဆုပန်ထားသည့်အတွက် ဘုရားဟောသမျှ တရားတိုင်းကို အကုန်တတ်နေသည်။ ဘုရားပရိနိဗ္ဗာန်စံပြီး များမကြာမီမှာပဲ သူတတ်ထားသည့် ပရိယတ်ကပင် သူ့အား ရဟန္တာ ဖြစ်စေခဲ့သည်။

ဆရာတော်ကြီးကိုယ်တိုင်ကပင် ပထမကျော်၊ သကျသီဟ အဘိဝံသ စတဲ့ စာပေနှင့်ဆိုင်သော ဘွဲ့ထူးများ ရရှိထားသည်၊ သူအလုပ်လုပ်နေတာက ပရိယတ္တိစာသင်တိုက်၊ ရေးနေတဲ့ စာတွေက ပရိယတ္တိ၏ အုဌ်မျစ်ဖြစ်သည်၊ ဘာသာဋီကာ ကျမ်းပေါင်း ၆၀ ကျော် ဖြစ်သည်။ တခါက ဆရာတော်ကြီးသည် စာရေးသူ၏ ဆရာအရင်းဖြစ်သူ (စာသင်တိုက်တွင်းမှာ စာပေနဲ့ ၀ိနည်းအရာမှာ အတော်ဆုံးသတ်မှတ်ခံထားရသူ) အား အမိန့်ရှိဘူးသည်။ ‘‘ ဦးဇနပတိ- သကျသီဟ-အဘိဝံသ စာမေးပွဲတွေ ၀င်ဖြေပါလား၊ နောင်တချိန် သာသနာပြုရာမှာ အသုံးဝင်ပါလိမ့်မည်’’ ဟု အမိန့်ရှိခဲ့ဖူးသည်။ ဤသည်မှာ ဆရာတော်ကြီးသည် စာတတ်ဖို့နှင့်ဘွဲ့တွေ ဒီဂရီတွေ အရေးပါကြောင်းကို ပြောပြနေခြင်းဖြစ်သည်။

ဤပို့စ်ဖြင့် နှစ်များစွာ ကျွေးမွေးပြီး အသိပညာတွေသာမက ဘ၀မှာ အဆင့်တန်းမြင့်မြင့် နေနည်းထိုင်နည်းတွေကိုပါ သင်ပေးလိုက်သည့် မိခင် မဟာဂန္ဓာရုံကျောင်းတိုက်ကြီးကို ပူဇော်ပါ၏။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၂၀-၉-၂၀၁၁

21 February 2012

လောကစက္ခုသခင် မြတ်အရှင်




လောကစက္ခုသခင် မြတ်အရှင်
*********************
ကျေးဇူးတော်အရှင်...ဂုဏ်တော်အနန္ဒ
ကြီးများ မြင့်ခေါင်...ချုံ့ ချဲ့ မကုန်
ဂုဏ်ပေါင်းစုံတို့ ...ထူးခြားဆန်းထွေ...
ကြယ်နှယ်များပြား...ကရုဏာမျက်လုံး
တို့ ၏ အရှင်...

ကမ္ဘာအရှေ့ အနောက်..ပျံ့ နှံ့ တန်ခိုးတော်
ဘုန်းအာနုဘော်နှင့်...စောင့်ရှောက်များပြား
သတ္တ၀ါများကို...သနားညှာတာ
ဆောင်ကျဉ်းကာဖြင့်...တရားရေအေး
အမြိုက်ဆေးကို...ကြိုးစားတိုက်ကြွေး
ပီယစက္ကုတို့ ၏အရှင်...

တိုးတက်စေရာ...စေတနာဖြင့်
မြန်ပြည်တိုင်းသား...လူအများကို
နေ့ ညဥ့်မပြတ်...ကျိုးစားသာသနာ
ပြုနေရှာသော...မြင့်မြတ်လှစွာ
ဆရာသခင်...ထိုအရှင်အား
ငါ၏အသည်းနှလုံး ...ရွှေပန်းကုန်းသို့ 
ညွတ်နူးခ,ယ...သိမ်းကြုံးယူငင်
ခေါ်ဆိုချင်သည်....
လောကစက္ခုသခင်...မြတ်အရှင်...။

*************************
ရှင်မိုး (ရန်ကုန်တက္ကသိုလ်)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၁-၂-၂၀၁၂

16 February 2012

စာတတ်ဖို့ အရေးကြီးလား အပိုင်း (၂)

စာတတ်ဖို့ အရေးကြီးလား အပိုင်း (၂)
ကိုယ့်စေတနာကိုယ်

ထိုခေတ်က ကျောင်းတိုက်အတွင်းရှိ သံဃာအားလုံး သိတဲ့ အရှင်တပါးကတော့ အရှင်ခေမာစာရ ဖြစ်သည်။ မနက် ၄ နာရီ တုံးကြီးခေါက်ခေါက်ချင်း မျက်နှာသစ်ပြီး ဧက ၈၀ ကျော်ရှိ တိုက်ကြီး၏ လမ်းများအပေါ်က ခွေးချီးပုံများကို ရဟန်း ရှင်လူ များ မနှင်းမိအောင် ခွေးချီးကျုံးဂေါ်နဲ့ လိုက်ကျုံးသည်၊ ခွေးချီးဂေါ်ဆိုသည်မှာ ဂေါက်ရိုက်တံနှင့်တူသည်၊ စာရေးသူလဲ ဂေါက်ရိုက်နေတဲ့သူတွေရဲ့ ဂေါက်တံကို မြင်တိုင်း ကျောင်းတိုက်က လုပ်ပေးတဲ့ ခွေးချီးကော်သည့် ဂေါ်ကို အမှတ်ရပြီး ရယ်မိသည်။ ထိုအရှင်သည် သံဃာ ၁၃၀၀ ကျော်သုံးသည့် အိမ်သာ (ကုဋီ) အားလုံးကို မနက် သြ၀ါဒပြီးတိုင်း သန့်ရှင်းရေးလုပ်သည်၊ သံဃာ ၁၃၀၀ ကျော်စုပေါင်းပြီး သြ၀ါဒနာယူခြင်းနှင့် ဂုဏ်တော်ပွားခြင်း၊ သံဝေဂပွားသည့်အခါမှာလဲ အမြဲ ဦးဆောင်သည်အတွက် သံဃာအားလုံးက သိနေကြသည်။ တိုက်ကြီးထဲတွင် သောက်ရေခပ်ခြင်း၊ သောက်ရေခွက်၊ အိုးများ သန့်ရှင်းခြင်း၊ ရေအိုးစဉ်များ သန့်ရှင်းတို့သည် မည်သူကမျှ မည်သူကို တာဝန်ပေးထားသည် မဟုတ် ကိုယ့်စေတနာ ကိုယ့်သဒ္ဓါတရားနဲ့ လုပ်ကြသည်၊ မနက်ပိုင်းဆွမ်းခံအပြန်၊ ညနေပိုင်း စာဝါပြီးချိန်တို့၌ တစ်တိုက်လုံးက သောက်ရေခပ်သည့် ရေတွင်းတွင် ကျောင်းအသီးအသီးက သူတော်ကောင်း ရဟန်းသာမဏေများ ရေခပ်ရန် စုဝေးလာကြသည်မှာ အလွန်ကျက်သရေ ရှိလှသည်။ မြင်သူတိုင်းလဲ သဒ္ဓါပွားမိသည်။ ဤသို့အားဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး စိတ်ကောင်း စေတနာရှိသူများ ဖြစ်တော့ ရွှေပင်နားတော့ ရွှေကျေးဆိုတာလို သူတော်ကောင်းစိတ်များ ဖြစ်မိသည်။ ဘယ်အရာမဆို ကိုယ့်အသိစိတ် ကိုယ့်သဒ္ဓါတရားနဲ့ကိုယ် လုပ်ကြသည်။

စာရေးသူနဲ့ အတူနေခဲ့သည့် သူငယ်ချင်းက ပြောတယ် ‘‘ ဦးကောရေ- တပည့်တော်လဲ အပြင် (မဟာဂန္ဓာရုံကျောင်းမှ အပြင်) ရောက်မှ သူတော်ကောင်းစိတ်ဓာတ်တွေ သဒ္ဓါတရားတွေ မှေးမှိန်လာတယ်၊ လုံးဝပျောက်သွားမှာ စိုးရိမ်ရတယ်’’ဟု ငြီးငြူးရှာသည်။ မှန်ပါသည် သူတော်ကောင်း စိတ်ကောင်း ရှိဖို့ဆိုတာလဲ သပ္ပုရိသနိဿျ- သူတော်ကောင်းများနဲ့ ဆုံရခြင်းနှင့် ပဋိရူပဒေသ၀ါသ- ပတ်ဝန်းကျင်ကောင်းဖို့ အလွန်အရေးကြီးပါသည်။ စာရေးသူလည်း ထိုငယ်ငယ်ကထဲက ပါလာသည့် အကျင့်ကောင်းလေးက ထိုစာသင်တိုက်ကြီး၏ အပြင်ရောက်နေပေမဲ့ အလေ့ကျင့်မပျက်ရလေအောင် ယနေ့ထိ လုပ်နေဆဲပင်၊ မနက် အိပ်ယာထ မျက်နှာသစ် ဗုဒ္ဓါနုဿတိ စသည့် ကမ္မဋ္ဌန်းတစ်ခုခု လုပ်ခြင်း၊ မေတ္တာပွားခြင်း၊ အခန်းထဲ တံမျက်စီးလှည်းခြင်း စသည့် လုပ်ပြီးမှ ကွန်ပြူတာဖွင့် စာရှာ စာဖတ် စာရေးသည့်အလုပ် လုပ်လေ့ရှိသည်။ ထိုအလေ့ကျင့်သည် ငယ်ငယ်ကထဲက ထိုစာသင်တိုက်ကြီးက ပေးလိုက်သော အလေ့ကျင့်ကောင်းလေး တစ်ခုဖြစ်သည်။
(ဘာသာဋီကာကျမ်းများစွာ ပြုနေသော တောင်မြို့ဆရာတော်)

ပရိယတ်အခြေခံသေ ပဋိပတ်
ဆရာတော်ကြီးက သူ၏ကျောင်းတိုက်ကြီးသည် အပြင်ပန်းက ကြည့်ရင် စာသင်တိုက်ကြီးပဲလို့ ထင်ရပေမဲ့ တကယ်တမ်း အထဲတဲ ၀င်ကြည့်လျှင်တော့ ပရိယတ်အခြေခံသော ပဋိပတ် စာသင်တိုက်ကြီး ဟု သိရပါလိမ့်မည်။ စာသင်တိုက်ကြီးအတွင်းမှာ ကမ္မဋ္ဌာန်းကျောင်းကလေးများကို ကျောင်းတိုက်ကြီး၏ အစွန်အဖျားတွင် သစ်ရိပ် သစ်ပင်ကြီးများ အောက်မှာ သေသပ်လှပစွာ စီတန်းလျက် ဆောက်ထားသည်ကို မြင်တွေ့နိုင်သည်။ ထို ကမ္မဋ္ဌာန်းကျောင်းလေးများရှိသော နေရာကို ဥယျာဉ်ဟု ခေါ်သည်၊ ထိုဥယျာဉ်သည် သစ်ရိပ်သစ်ပင်များဖြင့် အေးချမ်းလှသည်၊ ထိုနေရာကို ရောက်သွားသည့်သူတိုင်း စိတ်၏ ငြိမ်းချမ်းမှုကို ခံစားရသည်၊ ထို့အပြင် သစ်ပင်သစ်ရိပ် တောင်သမန်အင်းမှ ဖြတ်တိုက်လာသော လတ်ဆတ်သော လေအေးအေးတို့ကြောင့်လဲ ခရီးပန်းလာသူတစ်ယောက်အတွက် အေးချမ်းသွားသည် လန်းဆန်းသွားသည်ကို ခံစားရမည်။ ကမ္မဋ္ဌာန်းတရားအားထုတ်သူအဖို့လဲ ၀နသညာ တောရိပ်တော့ငွေ့ တောသညာများရရှိပြီး သမာဓိကို ကောင်းကောင်း အထောက်ပံ့ပေးနေသည်။ ထိုစာသင်တိုက်ကြီး၏ ကမ္မဋ္ဌာန်းကျောင်းလေးများက ပေးလိုက်သော အေးချမ်းမှုဖြစ်သည်။

မင်္ဂလာနံနက်ခင်း
နံက်ခင်းအိပ်ယာထတဲ့အခါတိုင်း ကိုယ်ရော စိတ်ပါ သန့်စင်သည့်အလုပ်ကို လုပ်ကြသည်။ ကိုယ်လက်သန့်ရှင်းရေးများ ပြီးသောအခါ မင်္ဂလာရှိသော လှပသော နံက်ခင်းကို အစပြုရန် ကျုးလွန်ခဲ့မိသော အသေးအမွှားအပြစ်ကလေးတွေ သန့်စင်ဖို့ ရဟန်း ၂ ပါး သို့မဟုတ် ၃ ပါး အချင်းချင်း ကိုယ့်အပြစ်ကို ထုတ်ဖော်ကာ တောင်းပန်သည့် အကျင့်တစ်ခု လုပ်ကြသည်။ ဒါကိုပဲ အာပတ်ဖြေ သို့မဟုတ် အာပတ်ကုစား သို့မဟုတ် ဒေသနာကြားသည်ဟု ခေါ်သည်။ ထိုသို့ ကိုယ်ရောစိတ်ပါ ၂ ပါးလုံး သန့်စင်ပြီး ဘုရားဂုဏ်တော်ကဲ့သို့ ကိုယ်နှစ်သစ်ရာ ဘာဝနာတစ်ခုခု ပွားကြသည်၊ တချို့လည်း ကိုယ့်နေရာမှာ တရားထိုင်သည်၊ တချို့လည်း ဗုဒ္ဓါနုဿတိဘာဝနာ ပွားများကြသည်၊ တချို့ကတော့ လမ်းလျှောက်ရင်း မေတ္တာပွားသည်၊ တချို့ကြပြန်တော့ ကျက်ပြီးသားစာတွေကို မမေ့အောင် ပြန်ဆိုကြသည်။ ဤနည်းအား နေ့၏အစသည် မင်္ဂလာရှိသော အပြုအမူတို့ဖြင့် ဖွင့်လှစ်ပြီး (သုပုဗ္ဗဏှ) သံချောင်းခေါက်တာနံက် နံနက်စာ စားရန် ဆွမ်းစားကျောင်းသို့ ကြွကြသည်၊ ဆွမ်းစားပြီးတာနဲ့ နံနက်ခင်းသြ၀ါဒ စပါသည်။ သံဃာအားလုံး ကျောင်းတော်ကြီးမှာ တစ်စုတစ်ဝေးတည်း စုပြီး ရှေးဦးစွား ဘုရားဂုဏ် တရားဂုဏ် သံဃာ့ဂုဏ်တော်များကို ရွတ်ပွားပြီ သံဝေဂ ဂါထာ၊ ကဗျာ၊ လင်္ကာများကို ရွတ်ကြသည်၊ ထို့နောက် မေတ္တာပွားများ၊ အမျှဝေကြသည်၊ အားလုံးပြီးသော အခါ နာယက ဆရာတော်ကြီးများက အလှည့်ကျ တစ်ရက်စီ ဆုံးမစကားများ ပြောသည်။

ထိုနံနက်ခင်းသြ၀ါဒသည် အလွန်တန်ဖိုးရှိလှသည်၊ စာသင်တိုက်ကြီးအတွင်း နေစဉ်က နေ့တိုင်းကြားနေရ၍ တန်ဖိုးရှိမှန်း မသိခဲ့၊ နေ့စဉ်ကြားနေရသော ဆောင်ပုဒ်ကဗျာလေးတွေလဲ အလွတ်ရနေသည်၊ နေ့စဉ်တရားနာနေကြရတော့ ဟောနည်း ပြောနည်းကို အထူးသင်စရာပင် မလိုတော့။ ထိုတိုက်ကြီး အပြင်ဘက်ရောက်သွားသောအခါမှ ထိုနံနက်ခင်းသြ၀ါဒကို ပိုပြီး သတိတရ အမှတ်ရကာ အဖိုးမဖြတ်နိုင်သော ဆုံးမစကားများဟု သိလိုက်ရသည်။ နံနက်ခင်းသြ၀ါဒက သဒ္ဓါမရှိသူတွေ သဒ္ဓါတရားရှိလာအောင် သဒ္ဓါတရားရှိပြီးသူတွေကိုလဲ တိုး၍တိုး၍ သူတော်ကောင်းစိတ်များ ဖြစ်လာအောင် ပေးသည့်အပြင် ဘ၀မှာ အဆင့်တန်းမြင့်မြင့် နေနည်း ထိုင်နည်း ပြောနည်း ဟောနည်း ဆက်ဆံနည်းတွေကို ပေးသည်။ ထို့ကြောင့် ထိုတိုက်ထွက်က ရဟန်းသာမဏေများသည် ကိုယ်အမူရာ နှုတ်အမူရာများ သိမ်မွေ့သည်အပြင် အ၀တ်အစားမှာလဲ သေသေသပ်သပ်ရှိလှသည်ကို တွေ့ရသည်။

ထိုစာသင်တိုက်ကြီးက လူတော်ဖြစ်အောင်ကိုသာ သင်ပေးသည့် မဟုတ် လူကောင်းဖြစ်အောင်ကိုလည်း သင်ပေးသည်။ လူကောင်းဖြစ်ဖို့ကို ဦးစားပေးပြီး လူတော်တစ်ယောက် ဖြစ်အောင် ပေးသော ပဋိပတ်အခြေခံသော စာသင်တိုက်ဟူ၍၎င်း ပရိယတ်အခြေခံသော ပဋိပတ်ဟူ၍၎င်း ဆိုနိုင်ပါသည်။ ပရိယတ်နှင့်ပဋိပတ်ကို ဟန်ချက်ညီညီနဲ့ လုပ်ရှားသက်ဝင်နေသည့် စာသင်တိုက်ကြီး ဖြစ်သည်။

မစ္ဆရိယ
စိတ်ကောင်းစေတနာ သဒ္ဓါတရားရှိသူ သို့မဟုတ် စိတ်ကောင်းရှိဖို့ဆိုတာ မစ္ဆရိယစိတ်ကင်းသူကိုလဲ ဆိုပါသေးသည်။ တောင်မြို့မဟာဂန္ဓာရုံသို့ ရောက်လာသည့် သာမဏေငယ် ရဟန်းငယ် အသစ်ကလေးများကို ရက်ရောတဲ့စိတ် ပေးကမ်းချင်တဲ့စိတ် ပေးကမ်းခြင်း၌ ပျော်မွေ့တတ်သည့် သူတော်ကောင်းစိတ်ဖြစ်အောင်လဲ ရိုက်သွင်းပေးထားသည်၊ လေ့ကျင့်ပျိုးထောင်ပေးထားသည်။
(မှော်ဘီ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးတွင် ပထမပြန်စာမေးပွဲတွင် အင်္ဂလိပ်စာနှင့်သင်္ချာထည့်သွင်းရေးစသော သာသနာတော် ပြုပြင်စောင့်ရှောက်ရေးနှင့်ဆိုင်သော စာတမ်းငယ်ကြောင့် ရှေးရိုးစွဲဝါဒီတို့၏ နည်းမျိုးစုံနဲ့ကန့်ကွက်ခြင်းကို ခံလိုက်ရသော ဆရာတော်ကြီးအား ရွှေကျင်သာသနာပိုင် ဆရာတော် စံကင်းဆရာတော်ကြီး၏ ‘‘ထိတော့ ထိတယ် မနာဘူးမဟုတ်လာ’’ ဟု
ဆုံးမမှုကို နာခံစဉ်
)

တိုက်တွင်းစရောက်လာသူတိုင်း စတင်လေ့လာရသည့် တိုက်တွင်းက အတန်း ၃ တန်းရှိသည်၊ အခြေခံတန်းများ ဖြစ်သည်၊ ၆ လတစ်ကြိမ် စာမေးပွဲကျင်းပပေးသည့်အတွက် ၁ နှစ် ၆ လဆိုရင် အတန်း ၃ တန်းလုံးပြီးသည်။ ထို့နောက် တိုက်တွင်းက ကျင်းပတဲ့ သာမဏေကျော်တန်း ၃ တန်းနှင့် မဟာဂန္ဓာရာမိကဓမ္မာစရိယတန်း ဟူ၍ဖြစ်သည်။ နှစ်စဉ် အောင်လက်မှတ်နှင်းအပ်ပွဲ ကျင်းပသည်။ ထိုအောင်လက်မှတ်ပေးအပ်ပွဲအတွက် သင်္ကန်း သပိတ် စာရေးကိရိယာ စသည်ဖြင့် လှူသည်ဖြစ်၍ လက်မှတ်နှင်းအပ်ပွဲ နီးလာသော အခါ ကျောင်းအသီးအသီးမှ သံဃာများက ကိုယ်သဒ္ဓါသလောက် ကိုယ့်မှာ အပိုရှိနေတဲ့ ပစ္စည်းလေးတွေကို စုစည်းပြီး လှူဖို့ရန် သွားပို့ကြရသည်။ ၆ လ တစ်ကြိမ်ကျင်းပတဲ့ အခြေခံတန်းများအတွက်ရော နှစ်စဉ်ကျင်းပတဲ့ သာမဏေကျော်နှင့် ဓမ္မာစရိယတန်းအတွက်ပါ ကိုယ်တတ်နိုင်သလောက် လှူကြသည်၊ ဤနည်းအားဖြင့် ကိုယ့်မှာ အပိုရှိနေသော ပစ္စည်းလေးများကို စွန့်နိုင်တဲ့ အခွင့်အလမ်းရှိအောင် လမ်းဖွင့်ပေးထားသဖြင့် မစ္ဆရိယစိတ်ကင်းပြီး သူတပါးကို ဝေငှချင်စိတ်ရှိအောင်လဲ လေ့ကျင့်ပေးထားသည်။

စိတ်ကောင်းရှိဖို့က ပထမ၊ စာတက်ဖို့က--ဒသမ
စာတတ်ဖို့ကို စည်းကမ်းထဲမှာ နောက်ဆုံးအနေနဲ့ ထားတယ်၊ စည်းကမ်း ဆယ်ချက်လုံးဟာ အရေးကြီးတာချည်းပဲ။ အားလုံးပဲ လူတိုင်းမှာ ရှိရမည့်အချက်တွေပဲ သို့သော်လည်း ဘယ်အချက်က အရေးကြီးလဲ မေးလာရင် အရေးကြီးတာချင်းတူပေမဲ့ တစ်ခုပြီးတစ်ခု အစဉ်တိုင်းကျင့်ဖို့ရန် စီစဉ်ထားသည်အတွက် အားလုံးအရေးကြီးသည်ဟု ဖြေရပါလိမ့်မည်၊ ဒါ့ကြောင့် နံပါတ်အစဉ်နဲ့ အစဉ်လိုက်ထားခြင်းဖြစ်သည်။ စိတ်ကောင်းမရှိဘဲ စာသာ တတ်နေပြန်လျှင် လူမြင်တိုင်းက အော့ချင် အံချင်စရာဖြစ်မည်၊ စာမတတ်ပြန်လျှင်လဲ လူထဲ ရှင်ထဲ အသုံးမကျဖြစ်မည်။ ‘‘စာမတတ်မူ အခေါက်ထူ လူထဲ ရှင်ထဲ အသုံးမကျ၊’’ ဟူ၍၎င်း၊ ‘‘စာတတ်ပြန်လျှင် စိတ်ကြီးဝင် လူမြင်တိုင်းက အော့ချင်ကြ’’ဟူ၍၎င်း နံနက်ခင်းသြ၀ါဒ အဆုံးမများမှ မှတ်သား နာယူခဲ့ဖူးသည်။ ရှေ့ အစဉ် ၉ ချက်ပြည့်စုံနေသူတစ်ယောက်သည်သာ စာသင်ဖို့ စာတက်ဖို့ အဆင်ပြေသည်။ စိတ်ကောင်း မရှိ ရည်ရွယ်ချက် လွဲမှားနေသော စာသင်နည်းဖြစ်နေပါက အလဂဒ္ဒူပမာ-ပရိယတ္တိ ခေါ် မြွေဖမ်းသည့် စာသင်နည်းနှင့်တူပါလိမ့်မည်။ အန္တရာယ်များသော စာသင်နည်းဖြစ်သလို အန္တရာယ်များသော စာတတ်ခြင်း ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် စိတ်ကောင်းရှိပြီး စာတတ်စေသော စာသင်နည်းသည်သာ နိဿရဏ-ပရိယတ္တိခေါ် လွတ်မြောက်ကြောင်း စာသင်နည်း ဖြစ်ပါလိမ့်မည်။ အကျိုးများသော စာသင်နည်းဖြစ်ပါလိမ့်မည်။

တချို့က အထင်မှားနေတတ်သည်၊ ဆရာတော်ကြီးက သူ၏ စည်းကမ်း ၁၀ ချက်တွင် စာတတ်ဖို့ကို နောက်ဆုံးမှ ထားခြင်းကို ကြည့်ပြီး စာတတ်စရာ မလိုဟု ယူဆတတ်သည်၊ တကယ်တော့ မဟုတ်ပါ။ ဆယ်ချက်လုံး အရေးကြီးလိုအပ်သည်ဖြစ်သည်။ ထို ၁၀ ချက်ကိုပဲ အစဉ်အတိုင်း ထားဖို့ကိုပဲ ပြောပါသည်။ ဆရာတော်ကြီး၏ ဘ၀နဲ့အလုပ်ကို ခြုံငုံသုံးသပ်ကြည့်ပါက စိတ်ကောင်းရှိသည်မှာလဲ အံ့သြလောက်သည်၊ ဆရာတော်ကြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ကျော်ကြားလာသည်မှာ သူ၏ စာပေကြောင့်ဖြစ်သည်။ ထိုသို့ကျော်ကြားလာရာဝယ် သစ်ပင်များ အမြင့်ရောက်လာလေလေ လေဒဏ် မိုးဒဏ် နေဒဏ် ပိုခံရလေပဲ ဖြစ်သည်၊ ထို့အတူပါပဲ ဆရာတော်ကြီး၏ အောင်မြင်ကျော်ကြားမှုက ထိုကဲ့သို့ ပြင်းထန်သော ဒဏ်များ ရိုက်ခပ်လာတာတောင် မတုန်လှုပ်ခဲ့၊ ပင်ကိုယ် စိတ်ကောင်းရှိနေခြင်းကြောင့် လာသမျှ ဣဿာ ဒဏ်တွေ မစ္ဆရိယဒဏ်တွေကို ရှိရင်းစွဲစိတ်ကောင်းစေတနာက တွန်းလှန်ပြစ်နိုင်ခဲ့သည်။ ဆရာတော်ကြီး ပြောတဲ့စကားတစ်ခွန်းက ‘‘အလုပ်တစ်ခုလုပ်လျှင် ကောင်း မကောင်း စိစစ်ပြီးပြုပြင်လိုက်ကြစမ်းပါ၊ သူများကို မနာလို ၀န်တိုဖို့လည်း မလိုဘူး။ အဲဒီစိတ်တွေဖြစ်လျှင် ကိုယ်သာဆင်းရဲရတယ်၊ အပြောခံရသူမှာတော့ ဘာမျှမဖြစ်ပါဘူး။ ကိုယ်က အထက်တန်းရောက်နေလျှင် စိတ်ကောင်းလည်း ရှိရတယ်၊ အပြောလဲ ခံရမယ်၊ သို့မဟုတ်လျှင် ပြန်ကျသွားနိုင်တယ်။’’ ဟု ဖြစ်သည်။ (နံက်ခင်းသြ၀ါဒမှ)

သူတည်ထောင်ထားသည့် ကျောင်းတိုက်ကြီးသည်လည်း ပရိယတ္တိစာသင်တိုက်ကြီးဖြစ်သည်၊ သူကိုယ်တိုင်ကလဲ ကျော်ကြားသည့်စာမေးပွဲများ အောင်မြင်ထားသည်၊ သူလုပ်နေတဲ့ အလုပ်ကလဲ ဘာသာဋီကာ ကျမ်းများစွာရေးခြင်းဖြစ်သည်။ အားလုံးသည် စာပေပရိယတ္တိနှင့်ဆိုင်နေသည် ဆိုတော့ကား စာတတ်ဘို့လိုလားဆိုတဲ့ အမေးကို ဆရာတော်ကြီး အလုပ်ဖြင့် အဖြေပေးလိုက်ခြင်းသည် လုံလောက်မည် ထင်ပါသည်။ ပထမဆုံးနှင့် နောက်ဆုံး ဒသမကို ဤမျှလောက် အရေးပါနေလျှင် အလည်က စည်းကမ်းချက်များလဲ အရေးပါနေသည်ဟု သိနိုင်ပါသည်။

အပိုင်း (၃) ဆက်ဖော်ပြပါဦးမည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၀-၉-၂၀၁၁

10 February 2012

စာတတ်ဖို့ အရေးကြီးလား

စာမိတ်ဆက်
တနေ့က တောင်မြို့မဟာဂန္ဓာရုံက ဦးဇင်းလေးတစ်ပါးက တစ်ပိုင်းတစ်စ ပို့လိုက်တဲ့ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီး၏ အဆိုအမိန့်နှင့် အဆုံးအမများကို ဖတ်ပြီး စာလေးတစ်ပုဒ်ရေးဖို့ စိတ်ကူးမိတယ်၊ ထိုပို့ပေးသော ဦးဇင်းလေးတစ်ပါးကလဲ ‘‘အရှင်ဘုရား- အရှင်ဘုရားရေးတဲ့ ပို့စ်တိုင်းကို ဖတ်ဖြစ်တယ်၊ တော်တော်များများ ပို့စ်တွေမှာ ဂန္ဓာရုံနဲ့ ပတ်သက်တဲ့ အကြောင်းလေးတွေ ပါလာတာတွေ့ရတယ်၊ ကျေးဇူးတင်ပါတယ်ဘုရား’’ တဲ့ မှန်ပါသည်၊ စာရေးသူရဲ့ အသိပညာ ဘ၀ နေနည်းထိုင်နည်းတွေကို ထိုတိုက်ကြီးက ပေးလိုက်တာပါ၊ စာရေးသူသည် ထိုတိုက်ကြီးထဲမှာပဲ ၁၉၈၆ ကနေ ၁၉၉၉ ခုနှစ်ထိ ထိုတိုက်ကြီးက ကျွေးတာတွေကို စားပြီး ထိုတိုက်ကြီးက ပေးလိုက်တဲ့ ပညာရပ်တွေနဲ့ ဘ၀ကို ကြီးပြင်းလာခဲ့ရသည်။ ထိုပညာရပ်တွေနဲ့ပဲ ရှေ့ဆက်ပြီး ကိုယ်ဝါသနာပါသည့် ပညာရပ်တွေကို ဆင့်ကဲဆင့်ကဲ သင်ယူနိုင်ခဲ့သည်၊ သို့သော်လဲ ထိုမိခင်တိုက်ကြီးအပေါ်မှာ ကျေးဇူးမဆပ်နိုင်ခဲ့။ ဦဇင်းလေးက အရှင်ဘုရားပို့စ်မှာ တောင်မြို့ဂန္ဓာရုံရဲ့အငွေ့သက်တွေ ပါနေတယ်ဆိုတော့ မှန်ပါ၊ ဟုတ်တယ်ဘုရား၊ တပည့်တော်ရဲ့ ကျေးဇူးဆပ်နည်း တမျိုးလို့ ပြောရမှာပေါ့ဘုရားလို့ပဲ ပြောလိုက်သည်။ ငယ်ငယ်က နေခဲ့သော မိခင်တိုက်ကြီး၏ ဘ၀ကို ပုံဖော်လိုသော အားဖြင့် ‘‘စာတတ်ဖို့ အရေးကြီးလား’’ ဆိုတဲ့ ခေါင်းစဉ်ဖြင့် တိုက်ကြီး စည်းကမ်း ၁၀ ချက်ကို ရေးသွားမည် ဖြစ်ပါသည်။ ထိုပို့စ်ဖြင့်ပင် မိခင်စာသင်တိုက်ကြီးကို ပူဇော်ပါသည်။
ဤပုံလေးက မဟာဂန္ဓာရုံဆရာတော် ကျမ်းပြုနေစဉ် စာရှာပေးနေသော ယခု နာယကချုပ်ဆရာတော် အရှင်ကုဏ္ဍလာဘိဝံသ

ကျေးဇူးဆပ်ခွင့်
ငယ်ငယ်ကတည်းက စာရေးသူ၏ဘ၀ကို နှစ်မြုပ်ခဲ့တဲ့ ထိုမိခင်တိုက်ကြီးကို သတိတရ အမှတ်ရနေသည်မှာ အထူးအဆန်းမဟုတ်ပါ၊ စာရေးသူလှုပ်ရှားတိုင်း ပြောတိုင်း ရွေ့လျားတိုင်းတို့၌ အမှတ်ရစရာတွေ ရှိနေသည်မှာလဲ အမှန်ဖြစ်သည်။ ယခုလဲ သတိတရ ကျေးဇူးဆပ်ဖို့ အခွင့်ကြုံလာပြန်သည်၊ ‘‘ပဋိပတ်ဘက်က အလုပ်လုပ်တဲ့အချိန်များမှ တော်မယ် ပရိယတ်ချည်းကြိုးစားလာကြတာ စိတ်အနေဘာမှ ထူးထူးခြားခြား ကောင်းမလာဘူး၊ သီလအကျင့်မပါတဲ့ ပရိယတ်စာသင်နည်းကိုတော့ ဒီကျောင်းတိုက် (မဟာဂန္ဓာရုံကျောင်းတိုက်)မှာ ဘယ်နည်းနဲ့မှ လက်မခံထိုက်ဘူး’’ တစ်ဘ၀သံသရာ-နှာ-၄၅၈မှာ ပါလာတဲ့ စာပိုဒ်ကလေးကို ထိုဦးဇင်းလေးပို့လိုက်တဲ့ မဟာဂန္ဓာရုံဆရာတော်၏ သြ၀ါဒစာစုများထဲက တစ်ပုဒ်ဖြစ်သည်။ ထိုစာလေးကို ဖတ်ပြီး ထိုတိုက်ကြီးရောက်ခါစက ကျက်ခဲ့ရတဲ့ အဖိုးတန်စာပုဒ်လေးကို သတိတရရှိမိသည်။ ထိုစာပိုဒ်လေးက----
မဟာဂန္ဓာရုံကျောင်းတိုက်၏ စည်းမျဉ်း(၁၀)ချက်
(၁) စိတ်ကောင်းရှိဖို့က ----------- ပထမ
(၂) ၀ိနည်းလေးစားဖို့က ---------- ဒုတိယ
(၃) ကျန်းမာဖို့က ---------------- တတိယ
(၄) သန့်ရှင်းဖို့က ---------------- စတုတ္ထ
(၅) အ၀တ်အစားတတ်ဖို့က ------- ပဉ္စမ
(၆) အနေအထိုင်တတ်ဖို့က ------- ဆဌမ
(၇) အပြောအဆိုတတ်ဖို့က ------- သတ္တမ
(၈) အသွားအလာတတ်ဖို့က ------ အဌမ
(၉) စည်းကမ်းလိုက်နာဖို့က ------- န၀မ
(၁၀) စာတတ်ဖို့က -------------- ဒသမ ဤဆယ်ချက်ကို အစဉ်အတိုင်း ဂရုစိုက်ပါ ဆိုတဲ့ စာစုဖြစ်သည်။

မှန်ပါသည်။ ထိုဆယ်ချက်သည်ပင် တိုက်ကြီး၏ ဥပဒေဟု ဆိုနိုင်သည်။ တိုက်ကြီး၏ဥပဒေ ဆယ်ချက်ကို တိုက်တွင်း ရောက်ရောက်ချင်း ရအောင် ကျက်ရသည်။ အနီးကပ်ဆရာက ထိုဆယ်ချက်၏ အဓိပ္ပါယ်ကို ရှင်းပြရသည်၊ စာရေးသူတို့ ထိုဆယ်ချက်ကို ငယ်ငယ်ကထဲက ရနေတဲ့ အလွန်အဖိုးတန်သည့် ငယ်နိုင်စာစုလေးဖြစ်သည်။ မဟာဂန္ဓာရုံကျောင်းတိုက်ကြီးတွင် ကျောင်းဆောင်တိုင်းမှာ ချိတ်ဆွဲထားသည့် ထိုဥပဒေဆယ်ချက်ပါသည့် ဆိုင်းဘုတ်တစ်ခုရှိသည်၊ ထိုဆိုင်းဘုတ်ကြီးသည် မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ ဖွဲစည်းပုံအခြေခံ ဥပဒေလို့လဲ ပြောလို့ရသည်။ ထိုဆယ်ချက်ထဲက အားလုံးက အရေးကြီးပေမဲ့ ဤနေရာ၌အဆင်ပြေတာလေးတွေကိုပဲ တင်ပြရပါလိမ့်မည်။

(၁) စိတ်ကောင်းရှိဖို့က ပထမ
စိတ်ကောင်းရှိဖို့က ပထမ-- မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ စာသင်နည်းစနစ်က စာမေးပွဲတွေ အောင်ဖို့ထက် သဒ္ဓါတရားတွေ တိုးတက်လာအောင် အားကောင်းလာအောင်ကို ဦးစားပေးသည့် စနစ်ဖြစ်သည်။ တိုက်တွင်းရှိအတန်းများကိုလဲ သဒ္ဓါကို ဖြစ်စေသည့် စာပေများကို ဦးစားပေးပြဌာန်းထားသည်၊ အနိမ့်ဆုံးအတန်း အခြေပြုတန်းမှာပင် ရတနာ သုံးပါးအကြောင်း၊ ကံ ကံ၏ အကျိုးအကြောင်း သီလ အကြောင်းစသည့် သဒ္ဓါတရားကို ဖြစ်စေသော ရတနာ့ဂုဏ်ရည်စာအုပ်ကို လက်ကိုင် ပြုရသည်၊ ကိုရင်ငယ်လေးများ သိ ကျင့်ရမည့် ရှင်ကျင့်ဝတ်, နေ့စဉ်ပွားများရမည့် သံဝေဂခေါ် ဒသဓမ္မ အဘိဏှသုတ်လာ သံဝေဂတရားများ, ကိလေသာများကို နဲပါးအောင် ရှင်းလင်းသွားအောင် အားထုတ်ရသည့် ဓုတင် ၁၃ ပါး စသည့် သဒ္ဓါတရားအခြေခံသော ရုပ်ပုံရှင်ကျင့်ဝတ်စာအုပ်ကိုလဲ ရောက်ခါစ ကိုရင်လေးများ လက်ကိုင်ပြုရသည်။ ထိုစာပေများကို အနီးကပ်ဆရာက လက်တွေ့ကျကျ သွန်သင်ပြကြရသည်၊ ဤနည်းအားဖြင့် မဟာဂန္ဓာကျောင်းတိုက်ရှိ ကိုရင်လေးကအစ စာချဆရာတော်များအထိ သူများနဲ့ မတူသော နူးညံ့စိတ်ရှိကြသည်။ အထူးသဖြင့် ဣဿာ မစ္ဆရိယ နဲကြသည်။

စိတ်ကောင်းရှိဖို့ဆိုသည်မှာ အဓိကအားဖြင့် ဣဿာနဲ့ မစ္ဆရိယ ၂ ပါး မရှိခြင်းပဲဖြစ်သည်။ တစ်ပါးသူ၏ အောင်မြင်မှုကို တစ်ပါးသူက ၀မ်းသာပေးနိုင်ခြင်းသည် စိတ်ကောင်းရှိသော သူပင်ဖြစ်သည်။ ကိုယ့်အောက်လူကိုလဲ ဆွဲခေါ်နိုင်သည်၊ ကိုယ်နဲ့ အဆင့်တူကိုလဲ အားပေးနိုင်သည်။ ကိုယ့်ထက်သာသူကိုလဲ အားပေးသည်။ စာရေးသူတို့ သကျသီဟသာမဏေကျော်တန်း လုပ်စဉ်က တစ်တန်းတည်းနေ သူငယ်ချင်းတွေကို ပြိုင်လေ့ရှိသည်၊ အပတ်စဉ်လေ့ကျင့်ခန်း စာမေးပွဲတွေမှာ ကိုယ့်ထက် အမြဲတမ်းသာနေသူကိုလဲ နောက်တစ်ပတ် ငါ သူ့ထက် သာကိုသာရမည်၊ ကိုယ့်အောက်ကသူကို သူ့ထက် ငါ အမှတ် အမြဲတမ်း သာနေရမယ်၊ ကိုယ်နဲ့ အဆင့်တူသူကိုလဲ သူ့ထက် သာစေရမည် ဆိုတဲ့ ပြိုင်ဆိုင်မှုတွေ ရှိခဲ့သည်၊ ဒါပေမဲ့ ဒါက ဣဿာ မဟုတ်ပါဘူး၊ ငါ သူထက် သာစေရမည်ဆိုတဲ့ စိတ်နဲ့ ကိုယ့်ကိုပဲ ပစ်မှတ်ထားပြီး ကျိုးစားခြင်းက ဣဿာ မဟုတ်ပေမဲ့ သူတပါးက ငါ့ကို ဘယ်တော့မှ မကျော်စေရဘူးဆိုတဲ့ သူတစ်ပါးကို ပစ်မှတ်ထားတဲ့ စိတ်မျိုးဆိုရင်တော့ ဣဿာစိတ်ဖြစ်နိုင်သည်။ သူတစ်ပါးအောင်မြင်မှုကို ၀မ်းသာပေးနိုင်ခြင်းက စိတ်ကောင်းရှိသူပင် ဖြစ်သည်။ ကိုယ့်ထက် အမှတ်များများရပြီး အောင်မြင်သူကို မြင်လျှင် သူ့အတွက် ၀မ်းသာပေးပြီး နောက်တစ်ကြိမ် ငါလဲ သူ့လိုပဲ သို့မဟုတ် သူ့ထက်များတဲ့ အမှတ် ရအောင် ကြိုးစားမည့်ဆိုတဲ့ စိတ်မျိုးသည် သူတော်ကောင်း စိတ်မျိုးဖြစ်သည်။

တိုက်တွင်းရှိစာသင်နည်းကိုက သူတော်ကောင်းစိတ်ဓာတ် မြင့်တင်ရေးကို ရှေ့ရှုသော နည်းဖြစ်ရာကား‘‘ စာမတတ်မူ အခေါက်ထူ လူမြင်တိုင်းက အထင်သေးကြ’’ စာမတတ်ဘူးဆိုလျှင်လဲ လူအများစုက မလေးစားကြ ထို့အတွက် စာတတ်အောင် သင်ကြရသည်၊ လူလေးစားအောင် စာသင်ကြရသည်၊ သို့သော်လဲ ‘‘ စာတတ်ပြန်လျှင် စိတ်ကြီးဝင် လူမြင်တိုင်းက အော့ချင်ကြ’’ စာတတ်လျှင်လဲ အချို့ မာန်မာန၀င်ကာ ဟိတ်ကြီး ဟန်ကြီးများပြီး ဂါရ၀ နိဝါတ နဲကာ မြင်တဲ့ သူတိုင်းက နှာခေါင်းရှုံ့ကြလိမ့်မည် ရွံကြလိမ့်၊ ထို့အတွက် လူလေးစားခံ လူကြည်ညိုခံရအောင် စာတတ်ပြီး စိတ်ကြီး မ၀င်သူ ဖြစ်နေရပါမည်။ စာသင်တိုက်တွင်းနေစဉ် ဆရာတော်ကြီးများ အောက်ပါ စာသင်နည်းများကိုလည်း မကြာမကြာ နာကြားရသည်။

စာသင်နည်း ၃ မျိုး
၁။ အလဂဒ္ဒူပမာ ပရိယတ္တိ
၂။ ဘဏ္ဍာဂါရိက ပရိယတ္တိ
၃။ နိဿရဏ ပရိယတ္တိ
၁။ အလဂဒ္ဒူပမာ ပရိယတ္တိ ဆိုသည်မှာ- စာပေသင်ခြင်း တရားနာခြင်းဖြင့် ဘုရားတရားတော်များကို တတ်မြောက် နားလည်သည်ရှိသော် ငါ့ကို လူတွေက ချီးကြူးဂုဏ်ပြုကြလိမ့်မည်၊ ပစ္စည်းဥစ္စာ ပူဇော်မှုကို လည်း ရလိမ့်မည် စသည်ဖြင့် မာန်မာနကို ဖြစ်စေ၊ လောဘ စသော အကုသိုလ်တို့ကို ဖြစ်စေသော စာသင်နည်းမျိုးဖြစ်သည်။ ဤသည်ကို မြွေဖမ်းမတတ်ခြင်းကြောင့် မြွေက မိမိကို ပြန်ပေါက်သတ်သလို မိမိ သင်ယူသော စာပေ၊ ပညာများက မိမိကို ပြန်နစ်နာစေသည်၊ ဆုံးရှုံးစေသည်။

ဆိုလိုသည်မှာ- ဘုရားတရား စကားတော်များကို ကြွားဝါလို၍ လာဘ်လာဘကို မျှော်ကိုး၍ သင်ယူခြင်း၊ သင်ယူထားသော စာပေဖြင့် သူတပါးကို ချိုးနှိမ်လို၍ စသော အတ္တုက္ကံသန- မိမိကိုယ်ကို ချီးမွမ်း (ကြွားဝါ)၊ ပရ၀မ္ဘန-သူတပါးကို ချိုးနှိမ်လို၍ သင်ယူခြင်းနှင့် တပါးသူ၏ ရန်ကို ကာကွယ်လိုခြင်းမျိုး စသည်တို့ကို စာပေက အလဂဒ္ဒူပမာ ပရိယတ္တိ-မြွေဖမ်းခြင်းနှင့် တူသော စာသင်နည်းဟု ဆိုသည်။ ဤစာသင်နည်းမျိုးကား အကျိုးလုံးဝမရှိ၊ အပါယ် ၄ပါး အစာသာ ဖြစ်သည်။ ဒုတိယ စာသင်နည်းက ဘဏ္ဍာဂါရိက ပရိယတ္တိ ဖြစ်သည်။

၂။ ဘဏ္ဍာဂါရိက ပရိယတ္တိ ဆိုသည်မှာ စင်္ကြာမင်း၏ ဘဏ္ဍာစိုးနှင့်တူသော ရဟန္တာပုဂ္ဂိုလ်များ၏ စာသင်နည်းမျိုးဖြစ်သည်။ ဘဏ္ဍာတိုက်စောင့် ဘဏ္ဍာစိုးပမာ စာပေပရိယတ္တိတွေကို မပျောက်ပျက်ရလေအောင် ထိန်းသိမ်းစောင့်ရှောက်သော စာသင်နည်းမျိုးဖြစ်သည်။ ကိုယ်ကျိုးမရှိ၊ မဂ် ဖိုလ် ကို တိုက်ရိုက် မရနိုင်သည့် နည်းဖြစ်သည်။ ဆိုလိုသည်ကား ကိုယ်ကျိုးကို စွန့်၍ သာသနာ အရှည် တည်တံ့ရေးကို ရည်ရွယ်၍ စာသင်နည်းမျိုးဖြစ်သည်၊ ယနေ့ မြန်မာနိုင်ငံရှိ စာသင်တိုက်ကြီးများ အချို့ကဲ့သို့ပင် ဖြစ်ပါသည်။ တတိယ စာသင်နည်းကတော့ နိဿရဏ ပရိယတ္တိ ဖြစ်သည်။

၃။ နိဿရဏ ပရိယတ္တိ ဆိုသည်မှာ ၀ဋ်ဆင်းရဲမှ လွတ်မြောက်ရေးကို ရှေးရှု၍ သင်ကြားခြင်းမျိုးကိုဆိုလိုသည်၊ အကျိုးရှိသော စာသင်နည်းဖြစ်၍ မဂ် ဖိုလ် နိဗ္ဗာန်ကို ရနိုင်သော စာသင်နည်းဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံရှိ ပရိယတ္တိကို အခြေခံသော ၀ိပဿနာ ကမ္မဋ္ဌာန်းတိုက်များကဲ့ သို့ ဖြစ်ပါသည်။
နိဿရဏ ပရိယတ္တိ= နိဿရဏ- ၀ဋ်ဆင်းရဲမှ လွတ်မြောက်ခြင်းငှါ၊ ပရိယတ္တိ- သင်ယူခြင်း။ နိဿရဏ ပရိယတ္တိ ၀သေနာတိ အဒ္ဓါ ဣမံ ပရိယတ္တိံ နိဿာယ ၀ဋ္ဋဒုက္ခတော နိဿရိတုံ လဗ္ဘာတိ ဧ၀ံ နိဿရဏ ပရိယတ္တိဝသေန။ (သံ၊ဋီ၊၁၊၃၀၃)

‘‘ ငါသည် စာပေများကို တတ်မြောက်ပြီးပါက ထိုတရားတော်အတိုင်း သီလ သမာဓိ ၀ိပဿနာ ပညာများကို အစဉ်အတိုင်း ဖြည့်ကျင့်ကာ မဂ် ဖိုလ် နိဗ္ဗာန်ကို ရစေအံ့၊ မျက်မှောက် ပြုလတံ့’’ ဟု ရည်စူးကာ ပရိယတ္တိစာပေများကို သင်ယူခြင်းသည် အကျိုးရှိ၏ မဂ်ဖိုလ် နိဗ္ဗာန်ကို ရောက်စေနိုင်သော စာသင်နည်းဖြစ်၏။ ဤနေရာတွင် စာသင်နည်း များကို ပြထားပြီး ဖြစ်သည်။

ဆရာတော်ကြီးရဲ့ အောက်ပါ ဆုံးမစကားသည် ကျောင်းတိုက်ကြီး၏ စာသင်နည်း စနစ်ကို ပြနေသည်။ ‘‘ငါ့ရှင်တို့ ဒီကျောင်းတိုက်မှာ ရောက်ရောက်ခြင်း ကျက်မှတ်ရတဲ့ စည်းကမ်းချက်(၁၀)ချက် ရှိတယ် စိတ်ကောင်းရှိဖို့ ပထမဆိုတဲ့အချက်နဲ့ ကိုက်ညီအောင်နေကြ၊ စိတ်ကောင်းရှိဖို့ဆိုတာ လောဘ ဒေါသ မာန ဣဿာ မစ္ဆရိယ အစရှိတဲ့တရားတွေကို နည်းအောင် ကျဲအောင် ပါးအောင် အားထုတ်ကြ ဒီတရားတွေက ရဟန္တာမဖြစ်သေးသမျှ အနည်းနဲ့အများ ရှိနေမှာပဲ ဒါပေမယ့် အစွမ်းမထွက်စေနဲ့ စိတ်ထဲမှာမျိုသိပ်ထား။’’ (၁၃၄၃-ခု ၀ါဆိုလပြည့်ကျော် ၁၂ ရက်)

ထိုကဲ့သို့ သူတော်ကောင်းစိတ်ကို ရှင်သန်စေတဲ့နည်းဖြင့် တည်ဆောက်ထားသည့် တိုက်ကြီးဖြစ်ရကား တစ်ပါးနဲ့တစ်ပါးအပေါ်မှာလဲ ကူညီရိုင်းပင်းသည့်စိတ်ရှိကြသည်။ တစ်ပါး ကျန်းမာရေးမကောင်း ဖြစ်ပြီဆိုရင် သူငယ်ချင်းတွေက တစ်ပါးက ကော်ဖီ ယူပေး၊ တစ်ပါးက ဆန်ပြုတ်ယူပေး၊ တခါတရံ စွပ်ပြုတ်ပင် မြို့ထဲအထိ သွားပြီး ၀ယ်ပေးတတ်သည်၊ တစ်ချို့ကျ ဆေးရုံဆေးခန်းတွေမှာ လိုက်ပို့လေ့ရှိသည်၊ တချို့ကတော့ သင်္ကန်းတွေ အ၀တ်တွေ လျှော်ဖွတ်ပေးတတ်သည်။ ‘‘ဂိလာန-မနာမကျန်းသူကို ပြုစုလုပ်ကျွေးသူသည် ငါ့ဘုရားကို ပြုစုလုပ်ကျွေးတာနဲ့ အတူတူပဲ’’ ဆိုတဲ့ ဘုရားစကားကိုလဲ နံက်ခင်း သြ၀ါဒတွေမှာ မကြာမကြာ ကြားရသည်။ စာရေးသူ သာမဏေဘ၀က စာရေးသူတို့နှင့်အတူနေ အရှင်ဣန္ဒက အမည်ရှိ ရဟန်းတော်တစ်ပါးရှိသည်။ သူသည် သဒ္ဓါတရားအလွန်ကောင်းသည်၊ စိတ်ကောင်းစေတနာရှိသည်၊ စာရေးသူမှာ သွေးစုနာပေါက်သည်၊ သွေးစုနာဆိုသည်မှာ လူမမြင်အပ်သည့် နေရာမှ ပေါက်လေ့ရှိသည်၊ မထိုင်နိုင် မသွားနိုင် ဖြစ်နေသည်၊ သူ့မှာလည်း စာရေးသူနဲ့ အရွယ်တူ တပည့်တွေရှိသည်။ စာရေးသူအတွက် စာရေးသောက်ရေးကို တပည့်တွေကို စီမံစေသည်၊ တခါတရံစားပြီးသား သပိတ် ပုဂံတို့ကို သူကိုယ်တိုင်ဆေးကြောပေးသည်၊ သွေးစုနာ ရင့်လာသောအခါ သွေးပုတ် ပြည်ပုတ်များကို ညစ်ထုတ်ပေးသည်၊ မရွံမရှာ သန့်ရှင်းပေးသည်။ စာရေးသူကိုမှ မဟုတ် အခြား တစ်ပါးပါး နေမကောင်းဖြစ်ရင် စိတ်ပါလက်ပါကို ပြုစုပေးသည်၊ ထိုအရှင်ကို ယခုအချိန်ထိ သတိတရ အမှတ်ရနေဆဲဖြစ်သည်။

အပိုင်း (၂) ဆက်ဖော်ပြပါဦးမည်။

(၂၀-၉-၂၀၁၁ထဲက ရေးထားတဲ့ ပို့စ် အပိုင်း ၃ထိရှိသည်)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၂၀-၉-၂၀၁၁

05 February 2012

ညခင်းပူဇော်သော သီတဂူမွေးနေ့ စာပန်းချီ

သီတဂူဆရာတော်ကြီး၏ မွေးနေ့မင်္ဂလာ ဂုဏ်ပြုချီးကျူး ပူဇော်လွှာ

မြတ်စွာဘုရား သာသနာတော်အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်တော်မူနေသော ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ၊ အဂ္ဂမဟာဂန္တ၀ါစက
ပဏ္ဍိတ၊ သီတဂူဆရာတော်ကြီး Dr.အရှင်ဥာဏိဿရ ၏ သက်တော်(၇၅)နှစ်ပြည့် ၀ိဇာတ မွေးနေ့မင်္ဂလာ ကို တပည့်တော် ရိုသေစွာ ရှိခိုး ကန်တော့လျှက် ချီးကျုး ပူဇော်ပါသည် ဘုရား………။
(၂၀၀၇ နာဂစ်ကယ်ဆယ်ရေးကြွစဉ်က သင်္ဘောကြီးအပေါ်တွင် အလှူရှင်များအား ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို မိန့်ကြားစဉ်က ဓာတ်ပုံဖြစ်သည်)

ဂုဏ်သတင်း လွန်ပျံ့သင်း ကြွယ်ကြွယ်။
သာသနာ့ဝေဟင်နန်းက ထွန်းတောက်လမင်း။
လောကဓာတ်အလယ် အမှောင်ပယ် ထွန်းလင်း။
အကျင့်ဂုဏ် ပညာစွမ်းရယ်က ကမ္ဘာ့နယ် လွှမ်းစေသားရယ်လို့
မှတ်တမ်းတင် ဖော်ကာကျူးမိတယ် သာသနာ လမင်း။

သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ဆရာဂုဏ်တို့ဖြင့် ပြည့်စုံတော်မူသော သာသနာတော်အတွက် အားထားကိုးစားရာ သာသနာ့အာဇာနည် ဖြစ်သော ဆရာတော်ဘုရားအား ဂုဏ်ပြုချီးကျူးခွင့်ရခဲ့သည်မှာ ၃နှစ်တိုင်တိုင် ရှိခဲ့ပါပြီ။ ဒီရက်အတွင်းမှာပဲ ဆရာတော်ကြီးသည် ကျမတို့မြို့သို့ ၂၂.၁.၂၀၁၂ ရက်နေ့တွင် ၂၉ကြိမ်မြောက် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယ ၀ိနယဓမ္မစာဖြေစာပြန်ပွဲတော်ကြီး ဓမ္မသဘင် ဆင်ယင်ကျင်းပပွဲသို့ ကြွရောက်၍ တရားရေအေးများတိုက်ကျွေးခဲ့ပါတယ်။ မြို့နေ တရားချစ်ခင်သူတော်စင်များနှင့် အနီးအနားမြို့များမှလည်း ကား၊ ရေယာဉ်၊ အနှေးယဉ်တို့ဖြင့် ဆရာတော်ကြီး၏တရားပွဲသို့ လာရောက်နာကြားကြသည်မှာ ဓမ္မသဘင် ရင်ပြင်အပြည့်အလျှံခဲ့ပါတယ်။ ဆရာတော်ကြီးသည် တရားပွဲ ပရိသတ် တရားပွဲမစခင် ၄နာရီကြိုပြီးရောက်နှင့် ဆောင့်ဆိုင်းနေကြသော တရားနာ ပရိသတ်ကိုကြည့်ပြီး သနားတဲ့အတွက် တရားပွဲကျင်းပရာသို့ ရောက်ရောက်ခြင်း အနားမယူတော့ပဲ တရားပလ္လင်ပေါ်သို့ ချက်ချင်း ကြွရောက်ခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဆရာတော်ကြီး၏ မေတ္တာကရုဏာမုဒိတာ တရားနှင့် ဘုန်းကံတို့ကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့ခဲ့ရပါတယ်။

ဘ၀ရဲ့ တည်ငြိမ်မှုကို ဓမ္မဖြင့် တည်ဆောက်ရပါတယ်။ ကာယကံဝစီကံ မနောကံ တည်ငြိမ်မှုကို ...သီလ၊ စိတ်...တည်ငြိမ်မှုကို ...သမာဓိ၊ နှလုံးသား တည်ငြိမ်မှုကို... ပညာ၊ သီလ . သမာဓိ. ပညာ (၃)ခု ပေါင်းရင် ဓမ္မဖြစ်ပါတယ်ဟုသော.... ဆုံးမ သြ၀ါဒဟာ...ဘ၀အတွက်အဖိုးတန်စွာ နှလုံးသားထဲ တည်ရှိလျက်ရှိပါတယ်။

ဆရာတော်ကြီးသည် မိမိတို့ဘာသာ၊ သာသနာ စည်ပင်ပြန်ပွားအောင် သာသနာပြုရာ၌ တရားကိုချည်းဟောကာ သာသနာပြုမည်ဟု တစ်သန်တည်း အစွဲမထားပဲ လူအများ လိုအပ်လျက်ရှိသော စီးပွားရေ၊ ပညာရေး၊ ကျန်းမာရေးဟူသော ဘ၀ပြဿနာများကိုလည်း ကူညီဖြေရှင်း ပေးလျှက် သာသနာတော်စည်ပင် ပြန်ပွားအောင် ဗြဟ္မစိုရ်တရားများကိုလည်း လက်တွေ့လိုက်နာကျင့်သုံး ဆောင်ရွက်တော်မူလျက်ရှိတာကို တကယ်ပင် ကြက်သီးဖြန်းဖြန်း ထမိအောင် ၀မ်းမြောက်ပီတိဖြစ်မိပါတယ်။ ဆရာတော်ကြီးရဲ့ မွန်မြတ်လှတဲ့ မေတ္တာ စေတနာများက သာသနာတော်အတွက် တင်မကပဲ လူသားတိုင်းအတွင် တန်ဖိုးမဖြတ်နိုင်သည့် အရာများဖြစ်ပါသည်။

၂၀၁၂ခုနှစ် မတ်လ (၇) နေ့မှာ ကျရောက်မည့် ဆရာတော် အရှင်မြတ်၏ (၇၅)နှစ်မြောက် မွေးနေ့မင်္ဂလာ ရက်ြ့မတ်မှသည် သာသနာတော်မြတ်ကြီး တည်တံ့နေသရွေ့ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာစွာဖြင့် သာသနာအကျိုး ဘာသာအကျိုး ဆောင်ရွက်နိုင်ပါစေဟု ဤဆောင်းပါဖြင့် ဂုဏ်ပြုပူဇော် ကန်တော့လိုက်ပါသည်ဘုရား…

ညခင်း
http://www.nyakhinyaelamin.com/
၃-၂-၂၀၁၂

၂၀၁၂ခုနှစ် မတ်လ (၇) နေ့မှာ ကျရောက်မည့် သီတဂူဆရာတော်ကြီး၏ (၇၅)နှစ်မြောက် မွေးနေ့ပူဇာအတွက် ကလောင်ဖြင့် ပူဇော်နိုင်ပါသည်။ အောက်ပါ အီးမေးလ်သို့ ပေးပို့နိုင်ပါသည်။

sitagustar.0073@gmail.com
sitagustar2010@gmail.com


ကျေးဇူအထူးတင်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ

သီတဂူစတား

၅-၂-၂၀၁၂

01 February 2012

ချက်တင်စကားဝိုင်း-၄ (ဒါန၃မျိုး)

စာမိတ်ဆက်
ပြီးတဲ့ တနင်္ဂနွေနေ့က စာရေးသူတို့ ကောလိပ်ရှိ Ph.D ကျောင်းသား ၂၀ တို့အား မွေးနေ့မင်္ဂလာ အထိမ်းအမှတ် အလှူတစ်ခုနဲ့ပတ်သက်ပြီး မွေးနေ့အတွက် ပို့စ်လေး ရေးခဲ့တယ်၊ ဒါန သူရဲကောင်းများအကြောင်း ဖြစ်တယ်၊ ထိုအထဲတွင် ဒါနဒါသ ဒါနသဟာယနှင့် ဒါနပတိ ဆိုပြီး ဒါန ၃ မျိုးကို အကျဉ်းမျှ ဖော်ပြထားခဲ့တယ်။ စာရေးသူတို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကျောင်းအမတစ်ယောက်က ဒါန ၃ မျိုးနဲ့ သူ၏ နေ့စဉ်ဘ၀ အကြောင်းနဲ့ ဆက်စပ်ပြီး မရှင်းလို့မေးထားတာ ဖြစ်ပါတယ်။ စာရေးသူ၏ ဆိုက်ကို အမြဲတမ်း အားပေးနေသူ ဖြစ်ပါတယ်၊ အဲဒီအတွက် များစွာ ကျေးဇူးတင်ပါတယ်။ ထိုကျောင်းအမလိုပဲ ဒါန ၃ မျိုးအကြောင်း မရှင်းမလင်းသူတွေ ရှိနေပါလိမ့်မည်၊ ထို့အတွက် ဒီချက်တင်စကားဝိုင်းက အထောက်ကူ ပြုပါလိမ့်မည်။
(အမရပူရ မဟာဂန္ဓာရုံကျောင်းတိုက် ဆွမ်းစားဝိုင်း မြင်းကွင်း ဓာတ်ပုံ)

ကျောင်းအမး စတား ဘာလုပ်နေလဲ? အားလား? မေးစရာလေးရှိလို့တဲ့၊ ဒီနေ့ မွေးနေ့အလှူလေးအကြောင်း ဖတ်ပြီး အတွေးဝင်လာ လို့ မေးမလို့။ ‘‘ကိုယ်တောင် မသုံးနိုင် မစားနိုင်တဲ့ အညံ့စားများကို ပေးကမ်းခြင်းသည် ဒါနဒါသဟု ခေါ်သည်၊ အစေခံ အလုပ်သမားများအား ပေးကမ်း ကျွေးသလိုမျိုး အနိမ့်စား အလှူမျိုးကို ဆိုလိုသည်’’ အဲဒီ ဒါနမျိုးကို မေးချင်လို့။

အမပြောပြမယ်၊ အမတို့ အိမ်မှာ အမှိုက်တွေ လာလာ သိမ်းတဲ့သူ မိန်းမ ၃ယောက်ရှိတယ်၊ အမတို့က သူတို့ကို စားစရာတွေ ပေးတယ်လေ၊ ပေးတဲ့အခါ ကိုယ်စားတဲ့ အထဲက ပေးတာလဲရှိတယ်၊ ကိုယ် စားလို့ ပိုတာလဲပေးတာရှိတယ်၊ နောက် ကိုယ်မစားတဲ့ အစားအသောက်တွေပေးတာလဲ ရှိတယ်ပေါ့။
အဲဒါနောက်ဆုံး အစားအသောက်က အညံ့ဆုံး အစားအသောက်များဖြစ်လို့ အညံ့ဆုံးအလှူ ဒါနဒါသများ ဖြစ်နေမလား?

ဒါနဒါသ
သီတဂူစတား အဲဒီတော့ ကိုယ်စိတ်ထဲမှာ ကိုယ်မစားနိုင်လို့ သို့မဟုတ် မကောင်းတော့လို ပေးလိုက်တယ်ဆိုရင် ဒါနဒါသလို့ ခေါ်နိုင်ပါတယ်။

အခါတပါး ဆဗ္ဗဂ္ဂီ ရဟန်းအုပ်စုထဲက မေတ္တိယနှင့် ဘူမဇက ရဟန်း ၂ပါးကား ဘုန်းကံနည်းရှာသည်၊ သူဌေးတွေ ကျောင်းဒကာ ကျောင်းအမများကား အိမ်မှာ အလှူမင်္ဂလာပွဲကျင်းပလျှင် ပညာကြီး အရှင်သာရိပုတ္တရာ၊ တံခိုးကြီးတဲ့ အရှင်မောဂ္ဂလာန်၊ ဘုရှားရှင်၏ အလုပ်ကျွေး အရှင်အာနန္ဒာ စတဲ့ နာမည်ကြီး မထေရ်များကိုသာ ပင့်သွားလေ့ရှိသည်။ တနေ့တော့ နေရာထိုင်းခင်း တာဝန်နှင့် ဆွမ်းစားကွမ်းစားကြွရမည့် သံဃာစာရင်းကိုင် တာဝန်များကို ယူနေသည့် အရှင်ဒဗ္ဗက မေတ္တိယနှင့် ဘူမဇက ရဟန်း ၂ပါးအား မနက်ဖန် သူဌေးအိမ်မှာ ဆွမ်းစားကြွရမည်ဖြစ်သည်၊ အရှင်ဘုရားတို့ ၂ ပါးအလှည့်ကြသဖြင့် ကြွရမည်ဖြစ်သည်။ တခါမှ သူဌေးကပ်တဲ့ ဆွမ်းမစားဘူးတဲ့ ရဟန်းငယ် ၂ပါးတော့ ‘‘မနက်ဖန် အစားကောင်း သောက်ကောင်းများ စားရချေရဲ့’’ ဆိုပြီး ၀မ်းသာလွန်းလို့ ထိုညတစ်ည အိပ်မပျော်ကြ။

သူဌေးကလဲ သူ့အိမ်ဆွမ်းစာအလှည့် ထိုရဟန်းငယ် ၂ ပါးအလှည့်ကျ၍ ကြွလာမည်ဟုသော သတင်းကို ကြားကထဲက စိတ်မသက်သာ ဖြစ်နေသည်၊ အစေခံကောင်မလေးတစ်ယောက်ကို ခေါ်ပြီး မနက်ဖန် ပါပဘိက္ခုတွေ လာလိမ့်မယ်၊ အိမ်အပြင်က ၀ရံတာဘက်မှာပဲ နေရာပေးပြီး ဆန်းကွဲထမင်းနဲ့ပဲ ကပ်လိုက်တော့ဟု ညွှန်ကြားသည်။ ပုံမှန်အားဖြင့် အိမ်ထဲမှာ ကျန ခမ်းနားစွာနေရာခင်းပြီး စားကောင်းသောက်ကောင်းများဖြင့်သာ ကပ်လေ့ရှိသော သူဌေးသည် ယခုတော့ ကျွဲနွားများကိုသာ ကျွေးသော ဆန်ကွဲထမင်းဖြင့် ကပ်ခိုင်းသည်။ နောက်နေ့ ကြွလာသော ရဟန်းငယ် ၂ ပါးလဲ အခြေအနေကို အကဲခပ်မိသည်၊ စိတ်မကောင်းခြင်းများစွာဖြင့် ထိုနေ့ကပ်သော အစားအစာများကို မစားနိုင်ခဲ့။
ဤသည်မှာ သူဌေးက သူတောင် မစားနိုင်တဲ့ ဆန်ကွဲထမင်း အညံ့စားများကို ပေးလှူသဖြင့် အလှူမြောက်သော်လည်း အညံ့စား ဒါနဒါသ ဖြစ်သည်။

ဒါန သဟာယ

ကျောင်းအမ: တပည့်တော်တို့က မကောင်းတော့လို့ ပေးလိုက်တာတော့ မဟုတ်ဘူး ဘုရား။
သီတဂူစတား: အဲလိုမဟုတ်ဘဲ ကိုယ့်စိတ်ထဲမှာ ကိုယ်လဲစားနိုင်တယ် ဒါပေမဲ့ ပိုလျှံနေလို့ ပေးတယ် ဆိုရင် ဒါနသဟာယ အလတ်တန်းစား အလှူမျိုး ဖြစ်ပါတယ်။

ဘုရားလက်တော်က ကျောင်းဒကာ အနာထပိဏ်သူဌေးတို့၊ ကျောင်းအမ ၀ိသာခါတို့ဆိုရင် နေ့စဉ် သံဃာ ၂၀၀၀ ဆွမ်းလောင်းသည်၊ သူတို့စားနေကျ အစားအစားများကို လောင်းလှူသည်၊ ထိုမှ ကြွင်းကျန်သော အစားစာများကို အလုပ်သမား၊ ဘုန်းတောင်းယာစကာများကို ပေးကမ်းသည်။ အလုပ်သမား ဘုန်းတောင်းယာစကာများတို့အား ပေးသည့် အစားစာသည် အကြွင်းကျန်ဆိုပေမဲ့ ကိုယ်စားနေကျ ပိုလျှံ၍ ပေးကမ်းသဖြင့် အလတ်တန်းစား ဒါနသဟာယ ဖြစ်သည်။

ဒါနပတိ
ကျောင်းအမ: တင်ပါး၊ ဆက်ပြောပါဘုရား။
သီတဂူစတား ကိုယ်တောင် မစားရက်ဘဲ အကောင်းစားတွေကို ပေးတယ်ဆိုရင်တော့ ဒါနပတိပေါ့၊ စတားတို့ မြန်မာနိုင်ငံမှာ ရံဖန်ရံခါ ရဟန်းသံဃာများ အိမ်မှာ ပင့်ပြီး ဆွမ်းကပ်လေ့ရှိတယ်၊ ထိုရဟန်းများကိုတော့ အထူးစပါယ်ရှယ် စီမံပြီး ကပ်လေ့ရှိသည်၊ ကိုယ်ကိုတိုင်လည်း နေ့စဉ် မစားနိုင်တဲ့ မွန်မြတ်တဲ့အစားအစာမျိုး (ပဏီတဘောဇဉ်) ကို ကပ်လေ့ရှိကြသည်။ ဒီလို ဒါနမျိုးကိုတော့ ဒါနပတိလို့ ခေါ်နိုင်ပါတယ်။
ဘုရားလက်ထက်တော်က ကောသလမင်းကြီးနှင့် ပြည်သူတွေ အလှူဒါနပြိုင်ကြသည်၊ ဘုရင်က သာလိုက်၊ ပြည်သူတွေက ပြန်သာသွားလိုက်၊ ၆ ကြိမ်တိုင်တိုင် အလှူဒါန ပြိုင်ကြရာဝယ် ပြည်သူတွေရဲ့ အလှူဒါန စီမံရာမှာ ဘာဆို ဘာမှ ဟာကွက်မရှိ လိုအပ်ချက်မရှိ၊ လုံးဝ ပြည့်စုံနေသဖြင့် ဘုရင်ကြီး အရှုံးကြီးရှုံးကာ လက်မှိုင်ချပြီး စိတ်ဓာတ်ကျနေသည်၊ ထက်မြက်သည့် မလ္လိကာ မိဖုရားရဲ့ အကူညီကြောင့် ဘုရင်ကြီး၏ အလှူသည် ပြိုင်ဘက်မရှိ အသဒိသဒါနဖြစ်လာရသည်။ ဒီလိုဒါနမျိုးက အကောင်းတကာထက် ကောင်းအောင် စီမံပြီး လှူတဲ့ အလှုမျိုးဖြစ်တာကြောင့် ဒါနပတိ ဟု ဆိုနိုင်သည်။
(အမရပူရ မဟာဂန္ဓာရုံ အလှူ့ရှင်များ ဆွမ်းလောင်းနေစဉ်)

ဟင်းပို ထမင်းအပိုများ လှူဒါန်းရင် ဘယ်လိုဒါနလဲ?

ကျောင်းအမး တင်ပါ့ဘုရား။ နားလည်ပါပြီဘုရား။ ဒါပေမဲ့ အလုပ်သမားဆိုပေမဲ့ သူတို့ကို အမတို့က တတ်နိုင်သမျှ ကိုယ်စားတဲ့ အထဲက ပေးတာပါဘုရား။ ဥပမာ ထမင်းကြမ်း ပေးတာ အရင်နေ့က ချက်ထားတဲ့ထမင်း ဒါပေမဲ့ ကောင်းနေသေးတယ်၊ စားလို့ရသေးတယ်။ ဟင်းတွေဆို အရင်နေ့ကချက်ထားတဲ့ဟင်း၊ ကိုယ်မစားချင်တော့တာလဲ မဟုတ်ဘူး၊ သူတို့လာလို့ ပေးစရာ မရှိလို့ ပေးတာပါဘုရား။ အဲလိုမျိုးဆိုရင်ကောဘုရား?

သီတဂူစတားး ဒါဆို ဒါနသဟာယ ဖြစ်ပါတယ်၊ ထမင်းကြမ်းကတော့ စားကြွင်းစားကျန်ဖြစ်နေပြီ ကိုယ်လဲ မစားချင်တော့ဘူးလေ ကောင်းတယ်ဆိုပေမဲ့ ကိုယ်မှ မစားချင်တော့တာ ကိုယ့်စိတ်ထဲမှာ ကိုယ်မစားချင်တဲ့ အစားစာဖြစ်သွားတယ်ဆိုရင် ဒါနဒါသထဲ ပါသွားနိုင်တယ်။ သို့သော်လည်း တခါတရံ သူတို့ မလာလို့ ကိုယ်လဲ ထမင်းကြမ်းစားမယ်၊ အဲဒီ ဟင်းကျန်စားမယ်၊ အခု သူတို့လာတဲ့အခါ သူတို့ကို ပေးတယ်ဆိုရင် ဒါနသဟာယ ဖြစ်ပါတယ်။ တခြားပေးစရာမရှိတော့ အဲဒီ ကိုယ်လဲ စားနိုင်တဲ့ ထမင်းကျန် ဟင်းကျန် ပေးတယ်ဆိုရင် ဒါနသဟာယထဲ ပါနိုင်ပါတယ်။ အဲဒီ ထမင်းကျန် ဟင်းကျန် မပေးဘဲ ချက်ခါစ ပူပူနွေးနွေးကို ပေးလိုက်မယ်ဆိုရင် ဒါနသဟာယ အပြင် ဒါနပတိတောင် ဖြစ်နိုင်သေးတယ်။

ကိုယ့်စိတ်မှာလဲ မူတည်ပါသည်။ ဥပမာ- တခါက ဆင်းရဲသား သားအမိနှစ်ယောက် သူတို့မှာ ဆင်းရဲလွန်းလို့ ဆန်ကွဲပဲ ချက်စားရသည်၊ တနေ့တော့ အရှင်သာရိပုတ္တရာ မထေရ်ကြွလာတော့ လှူစရာမရှိ၊ ဒါပေမဲ့ ထိုဆန်ကွဲကိုပဲ လှူလိုက်သည်၊ သူတို့သားအမိနှစ်ယောက်ကတော့ အရင်ရက်တွေက ကျန်တဲ့ မုံ့ပိုင်းလေးကိုပဲ ၂ ယောက် မျှစားကြသည်။ ဤသည်မှာ လှူဖွယ်သည် ဆန်ကျိုး ဆန်ကွဲ ဖြစ်ပေမဲ့ သူတို့သားအမိအတွက်တော့ ပဏီတပင် ဖြစ်နေသည်။ ထို့ကြောင့် ဆန်ကွဲ ထမင်းသည်လည်း ကိုယ့်စိတ်က မွန်မြတ်ဟု ခံယူထားလျှင် ဒါနပတိ ဖြစ်သည်။


ကျောင်းအမ: တင်ပါးဘုရား။ သူတို့တွေကလဲ ပေးစရာတွေများနေလို့ မျှော်နေရင် ရောက်မလာကြဘူး၊ ပေးစရာ မရှိရင် ရောက်လာကြတယ် အဲဒါသူတို့ရဲ့ ရှေးက ကုသိုလ် တရားတွေပေါ့နော်၊
သီတဂူစတား: ဟုတ်လား၊ အေးပေါ့၊ ရထိုက်တဲ့ ကံမပါတော့လဲ အဲလို လွဲတတ်တာပဲ။ ဘုရားလက်ထက်က မထေရ်ကြီးတပါးရှိတယ်၊ သူက အလှူဒါန မပြုခဲ့တော့ ရဟန္တာဖြစ်တဲ့ အထိ ငတ်ငတ်ပြတ်ပြတ် နေခဲ့ရတယ်။ အရှင်သာရိပုတ္တရာနဲ့ အတူ ဆွမ်းခံကြွတယ်၊ ဒကာ ဒကာမတွေက အရှင်သာရိပုတ္တရာကိုပဲ လောင်းတယ်၊ နောက်က ပါလာတဲ့ မထေရ်ကို မလောင်းဘူး၊ ဘာလို့ မလောင်းကြလဲ ဆိုတော့ စေတနာ မပါကြလို့တော့ မဟုတ်ဘူး၊ ထိုမထေရ် သပိတ်ဖွင့်လိုက်ရင် ဒကာ ဒကာမတွေရဲ့ မျက်လုံးထဲမှာ သူ၏သပိတ်ထဲ လောင်းထည့်စရာ နေရာမရှိအောင်ကို ပြည့်နေလို့ပဲ။ အခုလဲ ကိုယ်က သူတို့ကို ပေးချင်လို့ မျှော်နေပေမဲ့ သူတို့ရောက်မလာ၊ ကိုယ်မပေးချင်တဲ့ အချိန်မှ သူတို့က ရောက်လာ။ သူတို့ကံတရားပဲပေါ့။

ကျောင်းအမ: နောက် အလှူတွေမှာ ပိုနေတာတွေကို ပေးကမ်းရင်ကော ဘယ်လို ဒါနမျိုးလဲ အားလုံးပြီးစီးမှလေ။
သီတဂူစတားး ဒါနသဟာယပါပဲ။ မိတ်ဆွေ ဆွေမျိုးတွေကို ကျွေးတဲ့ အစားအစာလေ၊ ကိုယ်လဲ စားတယ် မိတ်ဆွေ သဟာယတွေလဲ စားတယ်၊ အဲဒါမျိုးကို ပေးရင် အကျန် ဖြစ်ပေမဲ့ ဒါနသဟာယပါပဲ။
ကျောင်းအမ: အော်-- တင်ပါးဘုရား။

ကျောင်းအမး ကိုယ်သုံးနေတဲ့ အသုံးအဆောင် အ၀တ်အထည်တွေကို ကိုယ်အဆင်မပြေလို့ ပေးလိုက်တယ်ဆိုရင်ကော ဘယ်လို ဒါန မျိုးလဲဘုရား။: ကိုယ် အ၀တ်ချုပ်လိုက်တယ် ကိုယ် ၀တ်ရတာ အဆင်မပြေလို့ သူများပေးရင်ကောဘုရား။

သီတဂူစတား: ဒါန သဟာယ ဖြစ်ပါတယ်၊ ကိုယ်နဲ့ မတော်လို့ပေးတာပဲ၊ ကိုယ့်ခန္ဓာကိုယ်နဲ့ ကွက်တိမကျ၊ အရောင်လဲ ကိုယ်နဲ့ မကိုက်၊ ပုံစံက ကိုယ်နဲ့အဆင်မပြေတာတို့၊ သို့သော်လဲ အ၀တ်ကအစား အကောင်းစားဖြစ်နေတယ် ကိုယ်ဝတ်နေတဲ့ အ၀တ်ရဲ့ တန်ဖိုးနဲ့လည်း ညီမျှတယ်၊ ကိုယ်ကြိုက်လို့ ၀ယ်လိုက်တာပဲ ပုံစံက ကိုယ်နဲ့အဆင်မပြေ ဖြစ်တာပဲ၊ အဲဒါကို သူများပေးလိုက်တော့ ဒါနသဟာယ ဖြစ်ပါတယ်။

ကျောင်းအမ: စတား ရေးထားတာ တွေ့လို့ ဒါနတွေအကြောင်း ထပ် စပ်စုတာပါ။ အခုလိုရှင်းပြတာ ကျေးဇူး အထူးတင်ပါတယ်။ စတားစာတွေကိုလဲ အမြဲ ဖတ်ဖြစ်ပါတယ်။

သီတဂူစတား အာ--ရပါတယ်။ စတားကတောင် ကျေးဇူးတင်ရမှာ၊ စတားစာတွေ ဖတ်ဖော်ရလို့။
ဒီကနေ့ ချက်တင်းစကားဝိုင်းလေးက ဤမျှသာတည်း။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၃၀-၁-၂၀၁၂

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes