သီတဂူစတား

သီတဂူစတား

29 August 2010

ကုမုဒြာပွင့်တဲ့ည အပိုင်း (၅)

အလယ်ခေါင် မင်းလမ်းကြောင်းအတိုင်း လျှောက်ပြီးတော့ ဝင်လာ လက်အုပ်ချီလို့ တရွေ့ရွေ့နဲ့ဘုရားနားချဉ်းကပ် ချဉ်းကပ်လို့ ဘုရားရှေ့မှောက်လည်းရောက်ရော နဖူးကျအောင် ဒူးကျအောင် တတောင်ကျအောင် မြတ်စွာဘုရားကို ဦးသုံးကြိမ်ချတယ်။

ဂရုဂါရဝ ရိုသေမှ ထိခြင်း ငါးပါးရှိခိုးကြ

ထိခြင်းငါးပါး ဘုရားဦးသုံးကြိမ်ချပြီးတော့ ဝဲယာ နောက်မျက်နှာ ပေါ့လေ၊ အဲဒီသုံးဌာန သုံးရပ်မှာ ရှိနေတဲ့ သံဃာတော်တွေကို လှည့်ကြည့်ပြီးတော့ လက်အုပ်ချီပြီးတော့ ထိုင်သွားတယ်၊ ဦးမချဘူး။

ဘာကြောင့် ဦးမချတာလဲဆိုတော့ ဘုရားလည်း ဦးသုံးကြိမ်၊ သံဃာလည်း ဦးသုံးကြိမ်၊ လောကဓာတ်တစ်ခုလုံး အမြတ်ဆုံးဘုရားလည်း သုံးကြိမ် သံဃာလည်း၊ တပည့်သံဃာလည်း သုံးကြိမ်ပဲဆို၊ အဲဒါ ဘုရားကို မရိုသေ

ရာကျတယ်။

အဲ့တော့ ဖြစ်ဖို့ကောင်းတာက ဘုရားကို ဦးသုံးကြိမ်ချတယ်။ သံဃာကို တစ်ကြိမ်ချတယ်ဆိုတော့ သိပ်မဆိုးပါဘူး။ သို့သော် အဇာတသတ်မင်းကြီးက စိုးရိမ်နေတယ်၊ ဘုရားကိုဦးချပြီးတော့ သံဃာဘက်လှည့်လည် ဦးချ လိုက်ရော စဉ်းစားကြည့်တာ သူ့ရဲ့ ဒီ position ဟာဘယ်လိုဖြစ်သွား၊ စောစောက ဘုရားဘက်မျက်နှာမူလို့ဦးချတယ်၊ သံဃာတော် တွေဘက် လှည့်ပြီးဦးချလိုက်ရော ဘုရားကို ကျောပေးမိရဲ့သား ဖြစ်သွားတယ်။ အဲဒါကို သူကြောက်တာတဲ့၊ ဘုရားကို မရိုသေရာကျတယ်၊ ဘုန်းကြီးတို့ပရိသတ် သတိ မပြုမိဘူး၊ အဲဒါတွေကို ကြောက်တယ် စိုးရိမ်တယ်လို့ သူတို့မရှိကြဘူး။

ဟာ ဘုရားတစ်ဆူ သွားဖူးတယ်၊ မြတ်စွာဘုရားကို အားပါးတရဦးချ ရှိခိုး ပန်း ရေချမ်း ဆီးမီတင်ပြီးလည်ပြီးရော ပန်း ရေချမ်း ဆီမီး ကတစ်ဝက်ခွဲထားတယ်၊ ဘုရားတစ်ဝက် ကျန်တဲ့တစ်ဝက်ကို ယူသွားပြီးတော့ ဟိုး ဘက် စနေဒေါင့် ရာဟုဒေါင့် တစ်နေရာရှိတဲ့ ဘိုးတော်ကြီးသွားလဲရှိခိုးလိုက်ရော ဘုရားကျောပေးမိရဲ့သားဖြစ်သွားပါတယ်။

ဘုရားလည်းသုံးကြိမ်ပဲ၊ ဘိုးတော်လည်းသုံးကြိမ်ပဲဆို၊ ဘုရားနာတယ်၊ ဘုရားဘက်ကနာတယ်၊ ပြီးတော့ ဘုရားကို ကျောပေးပြီးမှဦးချတာ ဆိုတော့ပိုနာတယ်၊ ဒီပန်းကလေးက ဘုရားတစ်ဝက် ဘိုးတော်တစ်ဝက်ဆိုတော့ ဒါလည်းနာတာပဲ၊ အုန်းသီးများတင်လိုက်လို့ရှိရင် မြတ်စွာဘုရားက လက်ညှိုးလောက်ရှိတဲ့အုန်းသီးစိတ်လေး နှစ်စိတ် သုံးစိတ်ပဲရတယ်၊ ဟိုဘက်က ဘိုးတော် မယ်တော်က အလုံးလိုက်ရတယ်၊ ဒါလည်း ဘုရားဘက်ကနာတာပဲ၊ အဲဒီလို အဂါရဝတွေဖြစ်မှာစိုးလို့၊ အဇာတသတ်က ငါသည် ငါ့သာသနာက မရိုသေဘူးဆိုတဲ့ဥစ္စာကို သူကိုယ်တိုင် အဲဒါတွေးပြီးတော့ ကြောက်ပြီးတော့ သာသနာကို မရိုသေခြင်းဟာ သာသနာကွယ်ခြင်းရဲ့ အကြောင်း ဘုရားထက်ပိုပြီးတော့ ရိုသေစရာ တခြားမှာရှိနေတယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ သာသနာတစ်စိတ်တစ်ဒေသကွယ်လာပြီ။

အဲဒါကို ကြောက်ရွံ့ စိုးရွံ့တော်မူသောမင်းတရားက ဘုရားဦးချ ပြီးတော့ သံဃာတော်ကို လက်အုပ်ချီတယ်၊ အဲဒါကို အဋ္ဌကထာအကျယ်တ ဝင့်ဆုံးဖြတ်ပြောတယ်၊ ဒီကနေ့ဘုန်းကြီးဟုတ်လား၊ ပရိသတ်ကို ဘုန်းကြီးတို့ ရဲ့သာသနာတော်အတွက် ဒါကိုထည့်ပြီးတော့ အလေးအနက်ပြောပါတယ်၊ သာသနာကိုစောင့်ရှောက်တဲ့ သူတော်ကောင်းတွေ အဇာတသတ်မင်းကြီးရဲ့ ဒီကျင့်ထုံးဟာ လိုက်နာကျင့်သုံးစရာကောင်းတယ်။

အဲဒီလို တရိုတသေ ဘုရားကိုရှိခိုး၊ သံဃာတော်ကိုလက်အုပ်ချီပြီးတော့ သံဃာတွေကို ကြည့်လိုက်တော့ ငြိမ်တိတ်နေတာပဲ၊ တစ်ပါးမှချောင်း မဟန့်ဘူး၊ ထောင့်နှစ်ရာငါးဆယ်၊ တစ်ပါးတစ်လေကများ ဟပ်ချိုးလည်း မလုပ်ဘူး၊ ချောင်းလည်းမဟန့်ဘူး၊ ဘယ်ကိုယ်တော်ကမှ ဘုရင်ကြီးကိုလှမ်းပြီးတော့ ပြူးတူးပြဲတဲ ကြည့်တယ်ဆိုတာလဲ တစ်ပါးမှ မရှိဘူး။ ခေါင်းကငုံ့ထား မျက်လုံးကြီးလှန်ကြည့်တဲ့ကိုယ်တော်မျိုးလည်း မရှိဘူးဆိုတော့ အဇာတသတ်က သံဃာတော်တွေကြည့်ပြီးတော့ စိတ်ထဲမှာ တစ်မျိုးခံစားရတယ်။ အဲသံဃာတော်တွေငြိမ်သက်လိုက်တာ၊ ဘယ်လိုပြောသလဲ။

ငြိမ်သက်လိုက်တာပါဘုရား။

''သန္တော ဝတ အယံ ဘိက္ခုသံဃော''

ဟောဒီသံဃာတော်တွေငြိမ်သက်ပေစွတကား၊ သန္တဆိုတာ ငြိမ်သက်တာ၊ အလွန်ငြိမ်သက်တာပဲ၊ တစ်ထောင်ကျော် ဟတ်ချိုးသံ မကြားဘူး ချောင်းသံမကြားဘူး၊ စကားပြောသံမကြားဘူး။ ''ခိပိတသဒ္ဒေါပိ နအဒ္ဒေါသိ'' ချောင်းဟန့်တဲ့ဟတ်ချိုးသံလေးလည်းဘယ်မှမကြားရ ပရိသတ်ကြီး၊ အဲဒါကို ဘာခေါ်သလဲဆိုရင် ပါဠိလိုပြောရင် ''သုသိက္ခိတ သုဝိနယ''ခေါ်တယ်။ ဘာလိုခေါ်မလဲ။

သုသိက္ခိတ သုဝိနယပါဘုရား။

သုသိက္ခိတ ဆိုတာက ကောင်းစွာသင်ကြား လေ့ကျင့်ထားရတာ၊ သုဝိနယ ဆိုတာ ကောင်းစွာအဆုံးအမရထားတယ်၊ မင်္ဂလသုတ်မှာ မင်္ဂလာတစ်ပါး ''ဝိနယောစ သုသိက္ခိတော''နော်၊ well train in discipline စနစ်တကျ လေ့ကျင့်သင်ကြားထားတာ၊ အဲဒီတော့ ဗုဒ္ဓရှင်တော် ရဲ့သာဝကတွေဟာ အဲဒီ သုသိက္ခိတ သုဝိနယ ဂုဏ်ကြောင့် တစ်ထောင်ကျော်ကြီး ဘာဖြစ်လဲ ငြိမ်နေတယ်၊ မလှုပ်ဘူး၊ ဘုရင်ကြီးပဲဆိုပြီးတော့ အရေးတကြီး ပြူးတူးပြဲတဲထပြီး ကြည့်တဲ့ကိုယ်တော်လည်းတစ်ပါးမှမရှိဘူး။

မိမိပြုသောအမှု တစ်ဖန်ပြန်၍ စိုးရိမ်ပြီ

အဲဒါကို ဘုရင်ကြီးက တစိမ့်စိမ့်တွေးပြီးတော့ စိတ်ထဲမှာ ဟဲ့ ငါ့ရွှေနန်းတော်အတွင်းက ပရိသတ်အဲဒီလိုငြိမ်ရင်ကောင်းမှာပဲတဲ့ တွေးလာတယ်။ သူက အဖေသတ်ပြီးတော့ ထီးနန်းယူထားတော့ သူစိတ်မချဘူးလေ အထူးသဖြင့် သူစိတ်အပူဆုံးက သူ့သား ဥဒယဘဒ္ဒ အရွယ်တော်တော်လေးရောက်လာပြီ ငါ့သား ဥဒယဘဒ္ဒ ဒီသံဃာတော်များလို ငြိမ်းချမ်းရင် ကောင်းလေစွ တကား စိုးရိမ်စိတ်နဲ့ အဲဒီလိုတွေးနေတာကို မြတ်စွာဘုရားက သူ့စိတ် ကြည့်ပြီးတော့ သိသွားတယ်။ သိသွားတော့ ဘုရားကိုယ်တော်မြတ်က မင်းကြီး သင့်သား ဥဒယဘဒ္ဒအပေါ်မှာ သင်စိုးရိမ်သလား၊ သံဃာတော် အရှင်မြတ်တွေ ငြိမ်းချမ်းတာကို သင်ကြည်နူးသလား နှုတ်ဆက်စကားလေး ပြော တော်မူတယ်။

မြတ်စွာဘုရားကိုယ်တော်မြတ်ကို မော့ပြီးတော့ သူကြည့်တယ်၊ ဘာ ဖြေရမှန်းမသိဘူး၊ ပြီးတော့မှ မင်းတရားလာတော်မူတဲ့အကြောင်းရင်းကို ငါ့ဘုရားအားလျှောက်တော့ ဘုရားကလမ်းကြောင်းကိုဖွင့်ပေးရတာ၊ မပြောရဲ ပြောရဲဖြစ်နေတာ။ မဟာပရာဓတော လေ အဖေကိုသတ်ထားတဲ့အပြစ်က အလွန်ကြီးတော့ ဘုရားကိုယ်တော်မြတ်ကို သူစကားမစရဲဘူး၊ အဲဒီလို စိတ်တွေသိပ်ပြီးတော့ ပြန့်ကျဲနေတာ ပါဠိလိုပြောမယ်ဆိုရင် ဝိက္ခိတ္တစိတ္တ ပြန့်ကျဲနေတဲ့စိတ် distression agitation irritation အဲဒီလို ပူပန်ပြီးတော့ စိတ်တွေပြန့်ပြီးတော့နေတာ ဘုရားက ဒကာတော် မင်းကြီး လာလိုတဲ့အကြောင်းအရာကိုလျှောက်စမ်း၊ ဘုရားက ဒီလိုလမ်းကြောင်းပေးလိုက်တော့မှ တပည့်တော်လျှောက်ပါ့မယ်ဆိုပြီးတော့ သူလျှောက်တယ်။

ရဟန်းပြုခြင်း၏ အကျိုးကျေးဇူး အထူးသိဖို့လို

အရှင်ဘုရားတို့ ရဟန်းပြုကြတဲ့ အရှင်ဘုရားတို့တတွေ ရဟန်းဘဝ မျက်မှောကထင်ထင် ရနိုင်တဲ့ အကျိုးဟာဘာရှိသလဲတဲ့၊ လာမေးတယ်။ တပည့်တော် သောကငြိမ်းအောင် ဟောပေးပါလို့မပြောဘူးနော်၊ ဟန်လုပ် ထားတယ်၊ တကယ်ပြောချင်တာက အဲဒါ ရင်ထဲပူလောင်နေတာတွေ၊ အဲဒါ ငြိမ်းချမ်းအောင်လုပ်ပေးပါလို့ ပြောချင်တာ အဲဒါထွက်မလာဘဲနဲ့ ရဟန်း ဝတ်တာ ဘာအကျိုးရှိသလဲတဲ့။

သန္ဒိဋ္ဌိကံ သာမညဖလံ မျက်မှောက်ထင်ထင် ကိုယ်တိုင်ရနိုင်တဲ့ ရဟန်းပြုခြင်းရဲ့ အကျိုးကျေးဇူးကို တပည့်တော်အား မိန့်ကြားပါဆိုတော့ မြတ်စွာဘုရားက ဒကာတော်မင်းကြီး အဲဒီမေးခွန်းမျိုးကို ငါ့ဘုရားထံ လာ ရောက်၍မမေးသေးမီ ဘယ်သူတွေ ဘယ်သူ့တွေထံမှာသွားပြီးတော့ မေးဖူးသေးသလဲဆိုတော့မှ ရင်ထဲမှ နည်းနည်း ခေတ်လိုပြောရင် ရင်ခုန်တာလေးတွေ ငြိမ်းသွားစေဖို့ ဘုရားရှင်အချိန်ဆွဲတာ၊ အဲဒီတော့ သူ့အတွေ့အကြုံ အကုန်လုံး ဘုရားအား လျှောက်တယ်ပေါ့ဗျာ။ ဒါဘာပြောဖို့လိုတော့လဲ၊ ခြောက်ယောက်ထံကို ခြောက်ခေါက်သွားခဲ့ပြီးပြီ၊ အမတ်ခြောက်အုပ်စုက လမ်းညွှန်လိုက်လို့ ဒီလိုမဟုတ်လား။

မှန်ပါ့ဘုရား။

ခြောက်ယောက်ထံကို ဘယ်နှစ်ခေါက်ရောက်သလဲ။

ခြောက်ခေါက်ပါဘုရား။

ခြောက်ယောက်ထံရောက်တော့ တရားခြောက်မျိုးနာရတာ သူ့စိတ် ထဲ ရင်ထဲမှာ ငြိမ်းသလား။

မငြိမ်းပါဘုရား။

မငြိမ်းဘဲနဲ့ဒေါသတွေဖြစ်ပြီးတော့ ပိုပြီးပူလာသေးတယ်။ ခြောက်ယောက်သော ဆရာကြီးတွေ ဟောလိုက်တဲ့တရားက ပရိသတ်ရေပေါင်းလိုက်ရင် သုံးလုံးပဲရှိတယ်။

(၁) နတ္ထိကဒိဋ္ဌိ

(၂) အဟေတုကဒိဋ္ဌိ

(၃) အကြိယဒိဋ္ဌိ ဒီသုံးခု

နတ္ထိကဆိုတာ ဘာလုပ်လုပ် ဘာအကျိုးမှမရှိဘူး။ အဟေတုကဒိဋ္ဌိ ဆိုတာက ဘာဖြစ်ဖြစ် ဘာအကြောင်းကြောင့်မှမဟုတ်။ အကြိယဒိဋ္ဌိဆိုတာက ဘာမှလုပ်နေဖို့မလိုဘူး။ အဲဒီဝါဒသုံးခု၊ ဒါကိုပြန်ပြီးတော့ ပေါင်းချလိုက်ရင် ဒါဟာ နိယတမိစ္ဆာဒိဋ္ဌိခေါ်တယ်၊ ဘာခေါ်မလဲ။

နိယတမိစ္ဆာဒိဋ္ဌိပါဘုရား။

ဒီအနန္တရိယကံကြီးငါးပါးနှင့် နိယတမိစ္ဆာဒိဋ္ဌိက

နိယတဆိုတာ ကိန်းသေမြဲတယ်တဲ့၊ မိစ္ဆာဒိဋ္ဌိဘယ်မှာကိန်းသေမြဲသလဲ အဝိစီမှာ၊ အဝိစီငရဲကြီးထဲမှာ အဲဒီပုဂ္ဂိုလ်တွေ ရောက်သွားတယ်၊ ဟောဒီ ကမ္ဘာကြီးက ရေကြောင့်လား၊ မီးကြောင့်လား၊ လေကြောင့်လား၊ ကမ္ဘာပျက်တဲ့ နေ့မှာ ငရဲရှစ်ထပ်လည်းပါတာကို။ အဝီစိငရဲကြီးပျက်သွားတယ်၊ အမေ သတ်လို့၊ အဖေ သတ်လို့၊ ရဟန္တာသတ်လို့၊ ဘိက္ခူနီမကိုပြစ်မှားလို့ စော်ကားလို့၊ သံဃာကို သင်းကွဲအောင်ပြုလို့ အဲဒီအနန္တရိယကံကြီးငါးပါးနှင့် အဝီ စိရောက်တဲ့ပုဂ္ဂိုလ်သည် ကမ္ဘာပျက်တဲ့နေ့မှာ အဝီစိငရဲကြီးပါ ပျက်တော့ အနန္တရိယကံငါးပါးနှင့် ရောက်တဲ့လူငါးယောက်ဟာ လွတ်သွားတယ်။ နိယတမိစ္ဆာဒိဋ္ဌိသမားဟာမလွတ်ဘူး၊ ဒီကမ္ဘာပျက်လို့ရှိရင် မပျက်တဲ့ဟိုကမ္ဘာ သူတို့ ပြောင်းခံရတယ်တဲ့၊ ဒီထောင်ကနေ ဟိုထောင်ပြောင်းတဲ့ ထောင်သက်ရှည် တဲ့လူလိုဖြစ်လာတာ၊ နိယတမိစ္ဆာဒိဋ္ဌိက ဒီလိုဆိုးတာ။

အဲဒီတော့ ခုနက ပြောခဲ့တဲ့ တိတ္ထိဆရာကြီးခြောက်ယောက် ပြီးတော့ မြတ်စွာဘုရားကို သုံးခါသတ်၊ သံဃာကို ခွဲထွက်သွားတဲ့ အရှင်ဒေဝဒတ်တို့ အဲဒီအုပ်စုကြီး တစ်စုလုံး၊ အခုလိုတရားပွဲမှာ ဘုရားကို ကာမဂုဏ်ကိစ္စနှင့် ယုတ်ယုတ်မာမာစွပ်စွဲတဲ့ မိန်းမတစ်ယောက် ဘယ်သူလဲ။

စိဉ္စမာနပါဘုရား။

တယ်သိတယ် ကိုယ့်ဆွေကိုယ်မျိုးလိုပဲ မကောင်းတာကြတော့ တော်တော်သိတဲ့လူတွေပဲ၊ ကောင်းတာပြောလိုက်ရင်တော့ သူတို့သိပ်မသိဘူး။ အဲဒီလို ယုတ်မာတဲ့အုပ်စုတွေ အကုန်လုံး ဒီကနေ့ အဝီစိမှာရှိနေသေးတယ်။ ဘုန်းကြီးတို့ဟောဒီ လှိုင်မြို့နယ်ကလူတွေ အဲဒီပုဂ္ဂိုလ်တွေ တိတ္ထိဆရာကြီး ခြောက်ယောက် စိဉ္စမာနရော ဒေဝဒတ်ရော ဘုရားရဲ့ယောက္ခမကြီသုပ္ပဗုဒ္ဓ ရှင်ဘုရင်ကြီးရော အဝီစိမှာ ရှိနေတဲ့ဥစ္စာကို ယုံရဲ့လား။

ယုံပါတယ်ဘုရား။

လေသံတော်တော်ပျော့သွားတယ် သိပ်ယုံပုံမရဘူး။ ယုံပါလို့ ဘုန်းကြီးတို့ အတင်းမပြောပါဘူး၊ ကိုယ်ရောက်တဲ့နေ့ကျရင် လိုက်ရှာကြ၊ မယုံတဲ့လူက အဲဒီကိုရောက်ကိုရောက်သွားတာ။ ကိုယ်ရောက်ခါမှ ရှာကြည့်၊ စိဉ္စ မာနတွေ့ရင် လက်ဆွဲနှုတ်ဆက်လိုက်၊ နေကောင်းရဲ့လား။ မင်းဒီမှာနေရတာ ပျော်ရဲ့လား၊ မေးကြည့်လိုက်ပေါ့ဗျာ။ ကိုယ့်အပေါင်းအသင်းတွေပဲဥစ္စာ မယုံတဲ့လူက မပြောရဲပါဘူးနော်၊ ဟုတ်လား။ မယုံရင်နေ seeing is a believe မြင်ရတဲ့အခါကြတော့ ယုံမှာပဲ။

အဲဒီတော့ နိယတမိစ္ဆာဒိဋ္ဌိသည် အနန္တရိယကံကြီးငါးပါးထက်ပို ပြီးတော့ ဘာဖြစ်လဲ၊ ငရဲသက်ပိုရှည်တယ်တဲ့၊ အဲဒီကြောက်စရာအကောင်းဆုံးက အဲဒါ မိစ္ဆာဒိဋ္ဌိပဲ၊ ဒီတော့ မြတ်စွာဘုရားရှင်တော်မြတ်ရဲ့ ရှေ့မှောက်မှာ အခုအဇာတသတ်က သူရောက်ခဲ့တဲ့ တိတ္ထိဆရာကြီးခြောက်ယောက်နဲ့ နာခဲ့ရတဲ့ဝါဒခြောက်ပုဒ် ဘုရားကိုအကုန်လျှောက်တယ်။

မြတ်စွာဘုရားကိုယ်တော်မြတ်ကိုလည်းပဲ အဲဒီ သန္ဒိဋ္ဌိက သာမညဖလဆိုတာ ဘာများလဲဆိုတာကို သူမေးတယ်၊ ဒီတော့မြတ်စွာဘုရားက ဖြေပြတယ်၊ ဒကာတော်မင်းကြီး သင့်နန်းတော်မှာသင့်ရဲ့ အစေအပါးမင်းမှုထမ်း တစ်ယောက်ရှိတယ်ဆိုပါစို့၊ ရှိပေါ့ဘုရား တစ်ယောက်ဘယ်ကမလဲ၊ မရေ မတွက်နိုင်မြောက်များစွာရှိပါတယ်၊ အနိမ့်ဆုံး မင်းမှုထမ်းသင့်ရဲ့ဖိနပ်ကိုသန့်ရှင်းအောင်လုပ်ရတယ်၊ အိမ်သာသန့်ရှင်းအောင်လုပ်ရတယ်၊ တံမြက်လှည်းရတယ်၊ အဲဒီလိုအောက်ဆုံးက သင့်ရဲ့အစေအပါးဝန်ထမ်းအလုပ်သမား တစ်ယောက်ကို သင်က ခွင့်ပြုလိုက်လို့ မင်းမှုထမ်းအဖြစ်ကနေ ထွက်ပြီးတော့ ငါ့ဘုရားသာသနာမှာ ရဟန်းဝတ်သွားတယ်ဆိုရင် အဲဒီမင်းမှုထမ်းဘဝက ထွက်လာခဲ့တဲ့ ရဟန်းနဲ့ အသင်းမင်းတရားတို့ တွေ့ကြုံတဲ့အခါ သင်၏ရွှေနန်းတော်က ထိုမင်းမှုထမ်းဘဝမှ ပြောင်းလာသော ရဟန်းက သင့်ကိုရှိခိုး ရမလား၊ သင်ကထိုရဟန်းကိုရှိခိုးရမလား၊ မင်းကြီးအဲဒါပြောပါ။

ပရိသတ်ရေအဖြေကသိပ်ရှင်းသွားပြီ၊ ရှင်ဘုရင်လက်အောက်မှာ အမှုထမ်းတုန်းကတော့ နေ့ရှိသရွေ့ ဘုရင်မျက်နှာမော့ကြည့်ပြီးတော့ရှိခိုးရတယ်နော်။

မှန်ပါ့ဘုရား။

ရဟန်းဝတ်သွားပြီလည်းဆိုရော အဲဒီရဟန်းက ဒီဘုရင်ကိုပြန်ရှိခိုး ဖို့ လိုသေးသလား။

မလိုတော့ပါဘုရား။

ဒါဟာ သန္ဒိဋ္ဌိက သာမညဖလဆိုတာ အဲဒီကစတယ်၊ မျက်မှောက် ရဟန်းဘဝရတဲ့အကျိုးကျေးဇူးက အဲဒါပဲ၊ အဲဒီကစတာ ရဟန်းဘဝရောက်ပြီဆိုကတည်း ကိုက မင်းမှုထမ်းအဖြစ်ကလည်း လွတ်မြောက်တယ်၊ ကျေးကျွန် အဖြစ်ကလည်း လွတ်မြောက်တယ်။ အဲဒီလိုလွတ်မြောက်လာပြီးတော့ သူတစ်ပါးရဲ့အခစား အစေအပါးအဖြစ်မျိုးက သန့်ရှင်းစင်၍ လွတ်မြောက်တဲ့ ပုဂ္ဂိုလ်သည် သြော် သူ့ထက်သိက္ခာကြီးသော ရဟန်းများကလွဲရင် ဘယ်လို လူမျိုးကို မဆို သူသည်အရိုအသေပေးဖို့ ရှိခိုးဖို့မလိုတော့ဘူး။ အသင်မင်းကြီးကပဲ ထိုရဟန်းကို ရှိခိုးရမယ်၊ ခရီးဦးကြိုရမယ်၊ နေရာထိုင်ခင်းပေးရမယ်၊ ဆွမ်း သင်္ကန်း ကျောင်း ဆေး လေးပါးသောပစ္စည်းကိုထောက် အသင် မင်းကြီးကပဲ စောင့်ရှောက်ရမယ်၊ ဒကာတော်မင်းကြီး မှန်ရဲ့လား။

မှန်ပါတယ်ဘုရား။

ဒကာတော်မင်းကြီး ဧတဒေဝ - အဲဒါသည်ပင်လျှင်။ သန္ဒိဋ္ဌိကံ သာမညဖလံ၊ ဧတဒေဝ - ထိုကဲ့သို မင်းမှုထမ်းဘဝကဖြစ်လာတဲ့ ရဟန်းက မင်းကိုပြန်၍ရှိမခိုးပါပဲနဲ့ မင်းကသာလျှင် ထိုရဟန်းကို ရှိခိုးရခြင်း၊ လက် အုပ်ချီရခြင်း အရိုအသေပြုရခြင်း ပစ္စည်းလေးပါးထောက် စောင့်ရှောက် တရားနဲ့လျော်ညီတဲ့ အစောင့်အရှောက် လုံခြုံမှုပေးရခြင်းဆိုတဲ့ဒီအခွင့်အရေးဟာ။ သန္ဒိဋ္ဌိကံ - မျက်မှောက်ထင်ထင်တိုင်ရနိုင်တဲ့။ သာမညဖလံ - ရဟန်းပြုခြင်းရဲ့အကျိုးကျေးဇူးပါပဲရယ်လို့။ ပဌမံ - ရှေးဦးစွာ။ ဘဂဝါ - ဘုရားရှင်ကိုယ်တော်မြတ်က။ ဗျာကရောသိ - ကောင်းစွာမသွေ ဖြေကြားတော်မူခဲ့ပါပေသတည်း။


သာဓု သာဓု သာဓု....ပါဘုရား။

အပိုင်း (၆) ဆက်ပါဦးမည်။

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။
သီတဂူစတား
၂၈-၈-၂၀၁၀


25 August 2010

ဘုန်းကံရှိသူတို့၏ အလုပ်

မေတ္တာ ကရုဏာ အလှူတော်

အကြောင်းအမျိုးကြောင့် ဆင်းရဲဒုက္ခ ရောက်နေသူများကို မေတ္တာ ဖြင့် စောင့်ရှောက်ခြင်း ကရုဏာဖြင့် ယုယခြင်း။ ပြည့်စုံသူတို့အား မုဒိတာပွားခြင်းတို့ သည် မြင့်မြတ်သော သူတော်သူမြတ်များ၏ လမ်းစဉ် ကျင့်စဉ် ဖြစ်သည်။ အစားအစာ အ၀တ် အထည် ဆေးပစ္စည်းကဲ့သို့သော ရုပ်ဝတ္ထုပစ္စည်းများဖြင့် ထောက်ပံ့ခြင်း Misnistry (အာမိသာနုဂ္ဂဟ) နှင့် မေတ္တာစကား အားပေးစကား ဓမ္မတို့ဖြင့် စိတ်ဓာတ်ခွန်အားပေးခြင်း (Missionary (ဓမ္မာနုဂ္ဂဟ) တို့ဖြင့် ချီးမြှောက်ခြင်းသည် ဘုန်းကံရှိသူတို့၏ အလုပ်ဖြစ်သည်။

သီတဂူဆရာတော်ကြီးသည် မေတ္တာအခါနေ့အဖြစ် မေတ္တာကရုဏာအလှူတော်ကြီး ပြုလုပ်မည်ဖြစ်ကြောင်း ဓမ္မစည်ကြီး ရိုက်တီးကာ ကိုယ်ကိုယ်တိုင် ပါဝင်ဦးဆောင်ကာ တပည့် ဒကာ ဒကာများကိုပါ ပါဝင်စေခဲ့သည်။ ၂၁-၈-၂၀၁၀၊ ၀ါခေါင်လဆန်း (၁၁)ရက် နေ့က သီတဂူဆရာတော်ကြီး ဦးဆောင်သော သီတဂူ တပည့်ဒကာ ဒကာမများက အင်းစိန်ထောင်ရှိ ထောင်ဝန်ထမ်းနှင့် အကျဉ်းသား ကိုးထောင် (၉၀၀၀) ကျော်တို့အား နေ့စာ ညစာတို့နှင့် အခြား အသုံးအဆောင်များကို ပေးကမ်းခြင်းဖြင့် မေတ္တာကရုဏာတော် အလှူကြီး ပြုလုပ်ခဲ့ပါသည်။

ထို အကျဉ်းသား ၉၀၀၀ ကျော်တို့အား-

၁။ ဒံပေါက် (နေ့လည်စာ)
၂။ ထမင်း (ညစာ)
၃။ ကြက်ကြော်
၎။ ပါလချောင်ကြော်
၅။ ငါးပိကြော်
၆။ ငါးပိထောင်း
၇။ ပန်းသစ်တော်၊ ငှက်ပျောသီး
၈။ ပဲကြော်၊ ပဲလှော် အမျိုးမျိုး
၉။ သရက်သီးသနပ်
၁၀။ ကော်ဖီမစ်
၁၁။ ဆပ်ပြာ
၁၂။ အချိုရည်
၁၃။ မြန်မာဆေးပစ္စည်း
၁၄။ အင်္ဂလိပ်ဆေးပစ္စည်း
၁၅။ ဘီစကစ်
၁၆။ မျက်သုပ်ပုဝါ

စသည်တို့ဖြင့် တစ်ယောက်တစ်ယောက်စီအတွက် ၁၆ မျိုးစီသော အထုပ်အပိုးများ ထုပ်ကာ ၂၀ ရက်နေ့က ကားကြီးကားငယ်များဖြင့် အင်စိန်ထောင်တွင်းသို့ ကြိုတင်ပို့ထားကြရပါသည်။ ၁၉၊ ၂၀ ရက်များတွင် တစ်ယောက်စီအား ဝေငှရန်အတွက် အထုပ်များထုပ်ရန် သီတဂူအထောက်အကူပြု အဖွဲ့များမှ စည်ကားသိုက်မြိုက်စွာ လုပ်အားဒါနပြုကြသည်မှာလည်း ကြည်နူးစရာပင်။

၂၁-၈-၂၀၁၀ နေ့ မနက် ၇ နာရီးကစပြီး အစာအာဟာရများ ဝေငှ လှူဒါန်းရန် သီတဂူသာသနာပြု အဖွဲ့များသည် သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုဗိမာန်တော်မှ အင်းစိန်ဗဟိုထောင်ဆီသို့ ထွက်ခွါကြသည်။ အမျိုးသားဆောင် ၅၊ အမျိုးသမီးဆောင်-၄၊ အမျိုးသမီးချုပ်ဆောင် စသည်တို့ဖြင့် ထမင်းကျွေးရန်မှာ ဌာနပေါင်းများစွာတို့ဖြင့် ခွဲခြားထားသည်။

ထောင်တွင်းတရားပွဲ

နေ့လည် (၂) နာရီတွင် ထောင်တွင်းရှိ ရိပ်သာတွင် ဆရာတော်ကြီးက တရာရေးအေး တိုက်ကျွေးခဲ့ပါသည်။ ၅၀၀ ကျော်သော အကျဉ်းသားများ တရားနာကြားခွင့်ရကြသည်။ ထိုတရားနာခွင့်ရသော အမျိုးသား အကျဉ်းသားမျာသည် အပြာရောင် ၀တ်စုံများ ၀တ်ဆင်ရပြီး အမျိုးသမီးအကျဉ်းသားများကတော့ အပေါ်အဖြူရောင်နှင့် ထမီကိုတော့ သျှားအနှစ်အရောင် (ယောဂီအရောင်)များဝတ်ဆင်ရသည်။ ထောင်တွင်းရှိ အကျဉ်းသားနှင့် ထောင်ဝန်ထမ်းများကလည်း ဆရာတော်ကြီးအား သင်္ကန်း ထီး ဘိနပ်နှင့် အခြားပစ္စည်းများကို စုပေါင်းကာ အလှူဒါန ပြုခွင့်ရကြသည်။

ထိုထောင်တွင်းရိပ်သာဓမ္မာရုံတွင် ဆရာတော်ကြီးက အယောဃရဇာတ်တော်ကို ဟောကြားခဲ့သည်။ ထိုဇာတ်တော်တွင် မင်းသားလေးကို ဘီလူးဘေးအန္တရာယ်မှ ကာကွယ်ရန် သံလှောင်အိမ်ကြီးထဲတွင် ပိတ်ထားရသည်။ ဆရာတော်ကြီးက ထိုဇာတ်တော်ကို အခြေခံပြီး အကျဉ်းသားများအား အားပေးစကားပြောသည်မှာ‘‘ ထောင် ဆိုတာ အနိုင်ထက် စီးနှင်း ညှင်းပန်းနိပ်စက်ရာ ဌာနမဟုတ်၊ လူတစ်ယောက်ရဲ့ ဘ၀ သို့မဟုတ် စိတ်ဓာတ် ပြောင်းလဲပေးရာ (recreation center) ဖြစ်သည်’’ ‘‘မင်းတို့တတွေကိုလည်း ဒီဌာနကြီးက မင်းတို့ဘ၀အတွက် recreation ပြုလုပ်ပေးရာ ဌာနကြီးဖြစ်တယ်’’၊ ကိုယ့်ဘ၀ကို နုညံ့သိမ်မွေ့တဲ့ ဘ၀ဆီသို့ ပြောင်းလဲနိုင်ဘို့ မိန့်ကြားတော်မူခဲ့တယ်။

ဘုန်းကံရှိသူ

ဤအလှူပွဲကြီးကို ကြည့်ပြီး စိတ်ထဲမှာ အတွေးတစ်ခု ၀င်လာသည်။ ဤကဲ့သို့သော ထူးခြားပြီး ခက်ခဲတဲ့အလုပ်မျိုးကို ဘုန်းကံရှိသူတို့သာ ပြုနိုင်ပါတကား။ ဤမျှလောက် များပြားသော လူအင်အား (men power)၊ စိတ်ဓာတ် (mind power)၊ ပစ္စည်းအင်အား ( material power) နှင့် သိန်းပေါင်း ခြောက်ရာကျော် (၆၀,၀၀၀,၀၀၀) ကျပ် (money power) တို့ကို စုစည်းနိုင်ခြင်းသည်လည်း ဘုန်းကံရှိသူများပြုနိုင်တဲ့ အလုပ်ဖြစ်ပါသည်။

ဆရာတော်ကြီး အမြဲပြောသည့်စကားထဲမှာ ‘‘ ဘုန်းကံဆိုတာ အလုပ်ကွ၊ ဘုန်းကြီးက ဘုန်းကြီးတာမဟုတ်ဘူး သာသနာက ဘုန်းကြီးတာ၊ ဘုန်းကြီး သာသနာအတွက် အလုပ်ကျွေးပြုနေတာပါ၊ အလုပ်လုပ်ပေးနေတာပါ’’ ဟူ၍ပင်ဖြစ်ပါသည်။ ဆရာတော်ကြီး၏ အလုပ်တွေကြည့်ပြီးအားကျနေမိသည်၊ ဆရာတော်ကြီး ဘာလုပ်လုပ် နောက်က အုံနှင့်ကျင်းနဲ့ လိုက်လာတဲ့ ပရိသတ်ကြီးက ပါလာသည်၊ ပရိသတ်ကြီးကလည်း ဆရာတော်ကြီး အလုပ်မှန်သမျှတွေကို နောက်ကနေ ပံ့ပိုးပေးဖို့ လက်မနှေး ချက်ချင်းပါဝင်သည် အဆင်သင့်ဖြစ်နေသည်၊ ဤကား ဆရာတော်ကြီး၏ အလုပ် ဘုန်းကံပင်ဖြစ်သည်ထင်ပါသည်။

အဲဒီလောက် လူအုပ်ကြီးက ဆရာတော်ကြီး၏ အလုပ်တွေကို လိုလေသေးမရှိအောင် ပါဝင်လှူးဒါန်းနေခြင်းသည် ဆရာတော်ကြီး၏ မွန်မြတ်သော အလုပ်ကြောင့်သာ ဖြစ်သည်ဟူ၍ မှတ်ချက်ချလိုက်ပါသည်။ သာသနာပြုခွင့်ရခြင်းကိုက ဘုန်းကံရှိသော ကြောင့်ဖြစ်သည်။ဘုန်းကံရှိသော အလှူရှင်အားလုံး၏ မွန်မြတ်သော အလှူဒါနများကို သာဓု အကြိမ်ကြိမ် ခေါ်လိုက်ပါသည်။

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။
သီတဂူစတား
၂၁-၈-၂၀၁၀

24 August 2010

ဘုန်းဘုန်းထံ ပေးစာ (၆)



သီတဂူဆရာတော်ကြီးနှင့် သီတဂူတပည့်ဒကာဒကာမတို့၏ အင်းစိန် အကျဉ်းထောင်တွင်း၌ ပြုလုပ်သော မေတ္တာကရုဏာအလှူတော်ကြီးသို့ ကိုယ်တိုင်လိုက်ပါသော ကျောင်းအမ၏ (၆) ခုမြောက် ပေးစာဖြစ်ပါတယ်။

"'ဦးဇင်းဘုရား
"

ဦးဇင်းလေးဘုရား မင်္ဂလာပါ၊ ကျန်းခံသာလို့မာပါစဘုရား၊ ဒီတစ်ခါတော့ ဘယ်သူမှ မလုပ်တဲ့ လုပ်လည်းမလုပ်နိုင်တဲ့ အလှုတော်အကြောင်းကို လျှောက်ထား တင်ပြပါမယ်ဘုရား။

သီတဂူဆရာတော်ကြီးက ၀ါခေါင်လပြည့်နေ့(မေတ္တာအခါတော်နေ့)အကြို မေတ္တာ-ကရုဏာအလှုလို့ အမည်ပေးထားတဲ့ အလှုတော်တစ်ခုကို(၂၁-၈-၂၀၁၀)၊ ရန်ကုန်မြို့ အင်းစိန်ထောင်မှာ အပစ်ဒဏ်အသီးသီး ခံနေကြရသော အကျဉ်းသားတွေကို တစ်နေ့တာအဟာရဒါန အလှူအဖြစ် လှူဒါန်းခဲ့တဲ့ အလှူအကြောင်းလေးပါဘုရား။

(၂၁-၈-၂၀၁၀)နေ့ မနက်(၇)နာရီအချိန်တွင် သီတဂူသာသနာပြုအဖွဲ့ဝင်များနှင့် အလှူရှင်များသည် အင်းစိန်အကျဉ်းထောင်သို့ အလှူဒါန လုပ်ရန် ကြိုတင်ရောက်ရှိနေကြပါသည်။ ရောက်ရှိလာလျှင်ပဲ အကျဉ်းထောင်တွင်းသို့ဝင်ရောက်ရန် လုံခြုံရေးအရ မှတ်ပုံတငိပြပြီး လည်ဆွဲကဒ်ပြားများ ထုတ်ယူကြကာ ဦးဆောင်ဆရာတော်ကြီးဖြစ်သော သီတဂူဆရာတော်ကြီး ကြွလာမည်ကို စောင့်ဆိုင်းနေကြပါသည်ဘုရား၊

ဆရာတော်ဘုရားကြီးနှင့် သံဃာတော်များကြွရောက်လာပြီး ဆရာတော်ကြီးရဲ့ စီမံမှုအောက်တွင် အဖွဲ့လိုက်ခွဲကာ သီတဂူမှခေါင်းဆောင်တစ်ဦးနှင့် အဖွဲ့ဝင်(၁၄)ယောက်လောက်ပါဝင်သော အဖွဲ့များသည် အဟာရဒါန ကုသိုလ်ပြုရန်အတွက် အကျဉ်းထောင်ထဲရှိအဆောင်များသို့ သွားရောက်ကာ အဆောင်များတွင် အသင့်ပြင်ဆင်ထားသော လှူဒါန်းရန်ပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျ အကျဉ်းသား/သူတွေဆီကို အလှူဒါနပြုကြရတယ်ဘုရား၊ လှူဒါန်းတဲ့ပစ္စည်းတွေကတော့ မနက်ပိုင်းမှာ ကြက်သားဒန်ပေါက်၊ ငပိကြော်၊ ချဉ်ပေါင်ဟင်းရည်၊ နဲ့ကော်ဖီမစ်၊ချွေးသုတ်ပုဝါ၊ ဘီစကစ်မုန့်၊သကြားလုံးတို့ကို လှူဒါန်းဝေငှကြတယ်ဘုရား။


သူတို့ကို အခုလိုမျိုး ဂရုတစိုက် ပေးဝေကြတော့ သူတို့လဲ ရင်ထဲ ခံစားကြရပြီး မျက်ရည်တွေကျကြပါတယ်ဘုရား။ တပည့်တော်တို့ကလဲ ပစ္စည်းအမယ်များပါသော အထုပ်တွေကို ဝေပေးနေရင်းနဲ့" ဒါကသီတဂူဆရာတော်င်္ကြီးနဲ့ သာသနာပြုအဖွဲ့ဝင်တွေက လှူဒါန်းကြတာပါ အားလုံးလဲကျန်းမာပါစေ၊ အမြန်ဆုံး အခုလို အပြစ်ဒဏ်တွေမှ လွတ်ကြပါစေ"

လို့ပြောကြတော့ သူတို့ကလဲ ပြန်ဆုတောင်ပေးကြပါတယ်ဘုရား။ ဆရာတော်ကြီးလဲကျန်းမာပါစေ ပေးတဲ့ဆုတွေနဲ့လဲ ပြည့်ကြပါစေလို့ဘုရား၊ သူတို့လဲ သူတို့ရတဲ့ ထမင်းတွေကို အားပါးတရစားနေကြတာကိုကြည့်ပြီး တပည့်တော်တို့လဲ ပီတိတွေဖြစ်ခဲ့ရတယ်ဘုရား။

နောက်တော့မနက်ပိုင်းကဏ္ဍလေးပြီးဆုံးပြီး ဆရာတော်ကြီးနဲ့တကွကြွလာသော သံဃာတော်များကို အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူများကနေ့ဆွမ်းဆက်ကပ်ပြီး ကြွရောက်လာသော ဧည့်သည်တွေကလည်း အဲဒီမှာပဲ မနက်စာစာသုံးကြတယ်ဘုရား။ နေ့ဆွမ်းဘုန်းပေးပြီး ဆရာတော်ကြီးခေတ္တခဏ အနားယူပါတယ်ဘုရား၊ နေ့လည်(၁၂)နာရီခွဲလောက်မှာတော့ တာဝန်ရှိသူတွေ ခြံရံပြီး အကျဉ်းသားတွေကို တရားဟောမည့်နေရာ အားကစားခန်းမသို့ ခေါ်ဆောင် လာကြပါတယ်၊ ( အားလုံးတော့ မဟုတ်ဘူးပေါ့ ဘုရား)၊ အကျဉ်းသားပေါင်း (၉၀၀၀)ကျော် ရှိတယ်လို့ သိရပါတယ်ဘုရား။ ကျန်ခဲ့တဲ့အကျဉ်းသားတွေအတွက်ကိုတော့ အဆောင်တွေမှာ တရားနာနိုင်ရန်အတွက် စပီကာတွေနဲ့ တပ်ဆင်ပေးထားကြရပါတယ်ဘုရား။

အပြစ်ဒဏ်ကျခံနေရတဲ့ သူတွေကို အထူးဦးစားပေးပြီး ဆရာတော်ရဲ့ရှေ့တည့်တည့် နေရာတွေမှာ ထိုင်စေပြီး လိုက်ပါသွာသောဧည့်သည်တွေကို ဘေးပွဲကြည့်စင်တွေမှာ နေရာချပေးကြကာ အတူတကွ တရားနာစေပါတယိဘုရား။ ဆရာတော်ကြီး အကျဉ်းသားများအား ဟောကြားခဲ့သော တရားတော်ကကိုတော့ www.sitagucenter.org ဆိုက်မှာ ဖတ်ရှုနိုင်ပါကြောင်းပါဘုရား။

ညစာအလှူ

ဆရာတော်ကြီးရဲ့တရားပွဲပြီးလျှင် ညနေစာများလှုဒါန်းဝေငှရန်အတွက် တပည့်တော်မတို့လဲ ထောင်အတွင်းသို့ ၀င်ရောက်ကာ အဆောင်များသို့ ကိုယ်တိုင် ကိုယ်ကျသွားရောက် ဝေငှကြပါတယ်ဘုရား။ ညနေစာကတော့ ထမင်းဖြူ ကြက်သားကြော်နဲ့ သီးစုံချဉ်ရည်ဟင်းတို့ အပြင် ပန်းသီး၊ ငှက်ပျောသီးနဲ့ ပဲလှော်တို့ပါရှိကြတယ်ဘုရား။ အဲဒီ့နေ့ လှူဒါန်းလိုက်တဲ့ အလှူငွေပေါင်း သိန်း၆၀၀ကျပ်ကျော်ဖိုး လှူဒါန်းနိုင် ခဲ့ပါတယ်ဘုရား။ ညနေစာ သွားရောက်လှူဒါန်းနေစဉ်မှာပဲ သီတဂူမှ တာဝန်ရှိသူတွေက တဆောင်ဝင်တဆောင်ထွက်နှင့် အဆောင်များဆီသို့ လိုက်ပါ လှူဒါန်းကြပါတယ်ဘုရား။

ရည်ရွယ်ချက်

ဆရာတော်ကြီးက ဒီလိုလှူရခြင်း၏ ရည်ရွယ်ချက်ကို ပြောပြပါတယ်ဘုရား။ ‘‘ဘုန်းကြီးက နိဗ္ဗာန်ကိုလိုချင်လို့မဟုတ်ကြောင်း အကြောင်းအမျိုးမျိုးကြောင့် အပြစ်ဒဏ်ကျခံနေရတဲ့ သူတွေကို လစ်လျူရှု့မထားဘူး’’လို့ မိန့်ကြားပြီး သီတဂူ သာသနာပြုအဖွဲ့ရဲ့ ရေအလှူတော်၊ ဆေးအလှူတော်၊ နှင့် ပညာရေးအလှုစသော ကုသိုလ်အစုစုတွေကို အပြစ်ဒဏ်ကျခံနေရတဲ့ သူတွေအတူနဲ့ အားလုံးကို အမျှပေးဝေကြပြီး သာဓု စုပေါင်းခေါ်ဆိုကြကာ အင်းစိန်ထောင်အတွင်းပြုလုပ်ခဲ့ကြသော မေတ္တာ-ကရုဏာတော် အလှူတော်ကြီးကို အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးခဲ့ပါတယ်ဘုရား၊

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ၊
ပန်းစပယ်(လှဆန်းယဉ်)
၂၃-၈-၂၀၁၀


အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။

သီတဂူစတား

18 August 2010

ပြည်မြန်မာ ခရီးသွားမှတ်တမ်း

ပြည်မြန်မာ ခရီးသွားမှတ်တမ်း

မိတ်ဆက်
ဒီတခါတော့ ပြည်မြန်မာ၏ ခရီးသွားမှတ်တမ်းလေးတစ်ခု တင်ချင်ပါသေးသည်၊ မရောက်ဘူးသေးသူများ ရောက်ဘူးသလို ခံစားနိုင်အောင် ဓာတ်ပုံများဖြင့် ဝေေ၀ဆာဆာ တန်ဆာဆင်ပြီး တင်ပြချင်ပေမဲ့ ကွန် (connection) အခက်အခဲကြောင့်၎င်း၊ ပြည်မြန်မာမှ ဆိုက်များကို ကျော်ခွနည်းများ မသိပါက ဓာတ်ပုံများ ကြည့်ခွင့်မရသောကြောင့်၎င်း ဓာတ်ပုံမဖက် သက်သက် စာသားများဖြင့်သာ တင်ဆက်လိုက်ရပါသည်။ များသောအားဖြင့် ကိုယ့်ရဲ့ ခရီးသွားမှတ်တမ်းကို ဒိုင်ယာရီထဲမှာ ရေးလေ့ရှိသည်၊ ကိုယ်ပိုင်ဘလော့ဂ်လေးဖြစ်လာတော့ ကိုယ့်ရဲ့ နေ့စဉ်မှတ်တမ်းတို့ကိုလည်း ဒိုင်ယာရီထဲမှာ မရေးဖြစ်တော့ဘဲ ဘလော့ဂ်ထဲမှာပဲ ရေးဖြစ်သွားသည်။ ထို့ကြောင့် ဘလော့ဂ်သည်လည်း ကိုယ့်ရဲ့ ဒိုင်ယာရီဟူ၍၎င်း၊ မှတ်စုဟူ၍၎င်း ခေါ်ဆိုနိုင်ပါသည်။

ခရီးအစ
၂၆-၇-၂၀၁၀ နေ့က ပြည်ပက M.A အမ်အေတန်း တစ်ခုပြီးလို့ ပြည်မြန်မာသို့ ပြန်ရောက်ပြန်သော်လည်း ဆရာတော်ကြီး၏ အမိန့်မရသေး၍ ရန်ကုန်မှာ နေရနိုးနိုး စစ်ကိုင်းကိုပဲ ပြန်ရနိုးနိုးဖြစ်နေသည်၊ ရန်ကုန် သီတဂူဗုဒ္ဓတက္ကသိုလ်မှ တာဝန်ခံ ပရော်ဖဆာများက မိမိကို ရန်ကုန်မှာပဲ နေပြီး အတန်းတစ်ခုအတွက် ဘာသာရပ်များ ပို့ချရန် တာဝန်ပေးနေသည်။ သို့သော် ဆရာတော်ကြီး၏ အမိန့်မပါဘဲ မနေရဲပေ။ ထို့ကြောင့် ဟိုမှာ နေရရင်ကောင်းမလား ဒီမှာ နေရရင် ကောင်းမလား ဆိုပြီး ယောင်ဝါးဝါးဖြစ်နေသည်။

ဒီလိုနဲ့ စစ်ကိုင်းပြန်ပြီး ကျန်းမာရေး သိပ်မကောင်းသော အမေအိုကြီးကိုလည်း တွေ့ချင်နေသည်။ ပြီးတော့ အမဖြစ်သူ၏ အိမ်တက် မင်္ဂလာနှင့် ၀ါဆိုသင်္ကန်းကပ်ပွဲကိုလည်း သွားရပေဦးမည်၊ ပြီးတော့ ရပ်ရွာက ငယ်ငယ်ကလေးကထဲက အခုချိန်အထိ ကြည့်ရှုစောင့်ရှောက်တော်မူသော ငယ်ဆရာကိုလည်း ဖူးချင်လှသည်။ ထိုထိုအကြောင်းကြောင်းတွေကြောင့် စစ်ကိုင်းသို့ အပြေးအလွား သွားခဲ့ရသည်။ ၂ နှစ်တာ ခွဲခွာနေရသော အမေက သားဦးဇင်း ပြန်လာလို့ အဲဒီနေ့ တနေလုံး ထမင်းမစားနိုင်ဖြစ်ခဲ့သည်။ ပျော်နေသည်။ ရပ်ရွာအကြောင်းကိုလည်း စုံနေအောင်ကြားခဲ့ရသည်။ ဒီနှစ် ရပ်ရွာရဲ့ထူးခြားမှုကတော့ နေပူလွန်းလို့ အသက်ကြီး အသက်ငယ် ၁၀ ယောက်လောက် ဆက်တိုက်ဆိုသလို အသက်ဆုံးရှုံးသွားခဲ့ကြသည်။ မိုးက ခေါင်သောကြောင့်လည်း ၂ နှစ်ဆက်တိုက် တောင်သူတွေလည်း ရှိတဲ့ ရွှေတိုရွှေစနှင့် နွားများလည်း ကုန်သလောက် ဖြစ်ကြသည်။ စိတ်မကောင်းစရာပဲ။

မိမိအတွက် ၀မ်းသာစရာလေးတခုကတော့ အမေ ကျန်းမာရေးပြန်လည် ကောင်းလာခြင်းပဲ ဖြစ်ပါသည်။ တက္ကသိုလ်ထဲ ရောက်ပြီးကာမှ အမေ နေမကောင်းဖြစ်ခဲ့တာကို ပြန်တွေးပြီး နောက်တစ်ချိန် ပြည်ပ ပညာတော်သင် ထက်ထွက်ရင် အမေ့ကို ပြန်တွေ့နိုင်ပါ့မလား တွေးပြီး စိတ်မကောင်းဖြစ်နေမိသည်။ ထိုအတွေးကြောင့်ပဲ နောက်နေ့မနက် စောစော အမေ့ဆီ တဖန်သွားခဲ့ပြန်သည်။ ဒီတခါ အမေနှင့် အကြာကြီးစကားပြောနိုင်ရန် ကျောင်းသို့ ပြန်မအိပ်ဘဲ အမေ့ဆီမှာပဲ ည အိပ်လိုက်သည်၊ အမေကလည်း အိမ်မှာ အိပ်ရန် ခဏခဏပြောတတ်သည်၊ အော် ဒါလည်း မိဘမေတ္တာပဲ နေမှာပါ။ အသက်အရွယ်ကလည်း သားသမီးတွေကို အားကိုးလာတဲ့ အချိန်ပေါ့။ သားသမီးများနှင့် နီးနီးကပ်ကပ် နေလိုကြသည်၊ ဖြစ်နိုင်တဲ့ အချိန်လေးမှာ အဖေအို အမေအို တို့နှင့် အတူ နေပေးနိုင်ဖို့ လိုအပ်သည်။ သားသမီး မျက်နှာလေး မြင်နေရတာကိုပင် သူတို့အတွက် ဆေးကောင်းတစ်ခွက် ဖြစ်သည်။ မိဘများကို စိတ်ချမ်းသာအောင် ထားနိုင်ဖို့ရန်မှာ ပစ္စည်းဥစ္စာဖြင့် ပေးကမ်းခြင်းကတစ်ဖုံ မိဘများ အနီး၌ နေပေးခြင်းကလည်း တစ်ဖုံနှင့် ကောင်းမှုပါရမီများ ပြုနိုင်အောင် အခွင့်လမ်းများ ရှာဖွေပေးခြင်းက အကောင်းဆုံးတို့ ဖြစ်ကြသည်။

မကွေးခရီးတစ်ထောက်
ရပ်ရွာက ကိစ္စတွေပြီးလို့ ရန်ကုန်ပြန်ဖို့ အချိန်ကျရောက်လာပြန်ပါသည်။ ရန်ကုန်ပြန်ရမည်ဆိုတော့ လမ်းခရီးကြားက ကိစ္စတစ်ခု ဖြေရှင်းရပေဦးမည်။ အညာမြေ မကွေးမြို့သို့ လာလည်ဖို့ ဖိတ်မန္တက ပြုသော မကွေးမြို့ ဧကမ္ဘာ မိသားစု (အိမ်ဆောက် ပစ္စည်းရောင်းဝယ်ရေး)၏ အိမ်မှာ ကျောင်းအဖြစ်အသုံးပြုခါ ၄ ညတာ တည်းခိုရင်း မကွေး မင်းဘူးဒေသရှိ နာမည်ကြီး နေရာများကို လေ့လာခဲ့ရသည်။ ဧကမ္ဘာမိသားစုက ထင်ထားတာထက် ပိုပြီး သဘောကောင်းကြသည်၊ ပြုစုကြသည်။ ဒီအတွက်လည်း အထူးပဲ ကျေးဇူးတင်နေမိသည်။ ဤမိသားစုရဲ့ ကျေးဇူးကြောင့် ၁၄-၈-၂၀၁၀ နေ့က ရွှေစက်တော်စေတီတော်သို့ တက်ရောက် ဖူးမျှော်ခွင့်ရခဲ့သည်။ ထိုစေတီတော်အတက်လမ်းသည် ယခု အခါ တမိုင်စာ မြေလမ်းကလွဲ၍ တောက်လျှောက် ကတ္တရာလမ်းဖြစ်သည်၊ တောတောင်များဖြင့် စိမ်းလမ်းစိုပြေနေသည်၊ စေတီတော်ကြီးကိုလည်း ခယက နှင့် မြို့မိမြိုဖများက ဆရာတော်များကို ဦးတင်ကာ ပြုပြင်လျက်ရှိသည်။ ပွဲတော်ရက် မဟုတ်သောကြောင့် လူ အသွားအလာ နည်းသည်၊ အလွန်စည်းကားလှသည့် အောက်စက်တော်ရာတွင်လဲ ယခုအခါ ခါတိုင်းကထက် မန်းချောင်းထဲမှာရေနည်းနေသည်။ ပွဲတော်ရက်တွေမှာတော့ အနယ်နယ် အရပ်ရပ်က ပြည်သူများဖြင့် ကြိတ်ကြိတ်တိုးနေသည့် နေရာဖြစ်သည်၊ ကားကြီး ကားငယ်များ သွားနိုင်ရန် ၀ါးများဖြင့် တံတားများကို တည်ဆောက်ထားသည်မှာလည်း အံ့သြစရာပင်။ ၀ါးတဲ တည်းခိုခန်းတွေမှာလည်း နေရာမလောက်ဖြစ်နေသည်။ ယခုအခါမှာတော့ ဘာတဲမှ မရှိဘဲ ချောင်းထဲက ရေအနည်းငယ်မျှသာပဲ ကျန်ရစ်သည်။

ထိုစေတီတော်မှ အပြန်လမ်းတွင်း မင်းဘူးမြို့ပေါ်ရှိ ရှင်ပင်စက္ကိန်းတဲစေတီတော်နှင့် နဂါးပွက်တောင်တို့ကိုလည်း ဖူးမျှော် လေ့လာခွင့်ရခဲ့သည်။ ညချမ်းအချိန်မှာတော့ ဧကမ္ဘာ မိသားစုရဲ့ ကျေးဇူးကြောင့်ပဲ နာမည်ကြီး ဘုရားဖြစ်တဲ့ မကွေးမြသလွန်စေတီတော်ကြီးကို ဖူးမျှော်ရန် အခွင့်ထူးရခဲ့ပါသည်။

၁၅-၈-၂၀၁၀ နေ့
နောက်နေ့မနက် စောစော ကျောင်းတော်ရာစေတီတော်ကြီး သွားဖူးရန်ဖြစ်သည်။ မနက် ၆ နာရီသွားမည်ဟု ညီမဖြစ်သူက ပြောထားသည်။ သို့သော် ညက ညီမနှင့်အတူ ဒကာမကြီးနဲ့ ညဉ့်နက်တဲ့အထိ စကားတွေ များစွာပြောဖြစ်ခဲ့ကြသည်၊ မနက်ကျ စောစော အိပ်ယာက မထနိုင်ဘဲဖြစ်နေသည်၊ ညီမငယ် လာနှိုးကာမှ မျက်နှာ အလျင်အမြန်သစ်ပြီး ကားပေါ်တက်လိုက်သည်။ လှပထယ်ဝါတဲ့ မကွေးဧရာဝတီတံတားကြီးကို ဖြတ်ပြီး မင်းဘူးဘက်ရှိ မြစ်နဘေးက နာမည်ကြီး ထမင်းသုပ်ဆိုင်မှာ ဧကမ္ဘာ မိသားစုက ထမင်းသုပ်နှင့် မဲကြော် ဆိပ်သားကြော်တို့ဖြင့် အာရုံဆွမ်းကပ်သည်၊ ထိုမှ ၁၈ မိုင်လောက် ဝေးသည့် ကျောင်းတော်ရာစေတီတော်ကြီးဆီသို့ ဦးတည်လာခဲ့ကြသည်၊ လမ်းခရီးက ကြမ်းတမ်းလှသဖြင့် ခရီးက မပေါက်သလို ကားလည်း နာလှသည်၊ နောက်အခန်းမှ လိုက်ပါလာသော ဧကမ္ဘာ ဒကာမကြီးအား အားနာမိသည်၊ သူက ကျန်းမာရေး သိပ်ကောင်းလှသည်မဟုတ်သောကြောင့် သူအတွက် အားနာနေမိသည်။ ကိုယ့်ဘာသာဆို ဒီနေရာတွေ ရောက်ဖြစ်ဘို့ မလွယ်သလို လာလည်ဘို့လည်း စိတ်ကူထဲမှာ ရှိမထားခဲ့၊ ဒီမိသားစု၏ စေတနာကြောင့်သာ ရောက်ဖြစ်တော့သည်၊ ၀ါတွင်းကာလ ငါးများ ဘုရားဖူးလာရာ ၀ါဏိဇ္ဇဂါမရွာကြီးသို့လည်းရောက်ခဲ့သည်၊ ယခုအခါ ဘုရားဖူးငါးများ လာတာ မတွေ့ရတော့ပေမဲ့ မနက်စောစော ၅ နာရီလောက် တစ်ကောင်စ နှစ်ကောင်စ ရောက်လာတတ်သေးသည်ဟု ဒေသခံများက ပြောပြသည်၊ ဓာတ်ပုံများသာရှိတော့သဖြင့် အမှန်တကယ် ငါးများဘုရားဖူးလာတယ်ဆိုတာ ပုံပြင်လို ဖြစ်သွားတော့သည်။ ဒေသခံအချို့က ပြောသေးတယ် ငါးတွေက နိုင်ငံရေး စိတ်ဝင်စားပုံရတယ်တဲ့ သူတို့တတွေ ဘုရားဖူးမလာတာ နိုင်ငံရေးအခြေအနေကြောင့်တဲ့။ ဟုတ်ဟန်တော့ မတူပါဘူး။ ဓာတ်ပုံများ အမှတ်တရ ရိုက်ပြီး ပြန်လာခဲ့ကြရာ ဧကမ္ဘာ မိသားစုအိမ် ၁၁ နာရီလောက် ပြန်ရောက်သည်။ ရေးချိုးပြီးတာနဲ့ နေ့လည်စာဆွမ်းကပ်သည်။ အနားယူ။

ညနေပိုင်းမှာတော့ မကွေးမြို့ရှိ အထင်ကရ ဖြစ်တဲ့ တက္ကသိုလ်များကို ထိုမိသားစုက လိုက်ပို့သည်။ မြို့ပြင်က မကွေးဆေးတက္ကသိုလ်ကြီးသည် လယ်တောထဲမှာ ထီးထီးမားမားကြီး တင့်တယ်လှပနေပေမဲ့ သူ့အစား အထီးကျန်သလို ခံစားမိသည်။ အခြေခံကျန်းမာရေးတက္ကသိုလ်မှ မြသလွန်စေတီတော်ကြီးကို ဒုတိယအကြိမ် ဖူးမျှော်ခဲ့သည်။ စေတီတော်ကြီးသည် ဧရာဝတီမြစ်ကမ်းနဘေးမှာ ခမ်းခမ်းနားနား တည်ရှိနေသည်ကိုက ကျက်သရေရှိလှသည်။ ဘုရားခြေတော်ရင်း လှေခါးဆင့်ဆင့်တွေပေါ်မှာ ဧကမ္ဘာမိသားစုနှင့်အတူ ဧရာဝတီမြစ်ကို ဖြတ်သန်းလာတဲ့ လတ်ဆတ်သော လေကို ခံစားရင်း စကားပြောရသည်မှာ အရသာရှိလှသည်။

နဂိုက မကွေးမြို့သည် သေးငယ်သော မြို့လေးပဲလို့ထင်ထားခဲ့သည်၊ ကမ်းရိုးတလျှောက် ကားဖြင့်လှည့်လည်ကြည့်ကာမှ မကွေးမြို့သည် သေးလှသည်မဟုတ်၊ စီးပွားရေးကောင်းသော မြို့တစ်မြို့ဖြစ်သည်၊ စိုက်ပျိုးရေးကို အဓိကထားသော မြို့ဖြစ်သည်။ မန္တလေးမြို့ကဲ့သို့ လေးထောင့်ဖြစ်သဖြင့် လမ်းများလည်း စနစ်ကျသည်၊ ညနေပိုင်း ကမ်းရိုးတလျောက်ဘေးတွင် စားသောက်များမှ ခင်းကျင်းထားသော ရောင်စုံစားပွဲများတွင် ရောင်စုံလူငယ်ကလေးများ အစုံလိုက် အစုံလိုက်ဖြင့် စည်ကားလျက်ရှိသည်။ ထိုကမ်းရိုးတလျောက် လှည့်လည်ရင်း မကွေးတက္ကသိုလ်ကြီးကို ရောက်ခဲ့သည်။ ညနေပိုင်း အိမ်ပြန်ရောက် ရေချိုး အနားယူ တနေ့တာ ခရီးပြီးသွားပြန်သည်။ ဤခရီးတွင် ဧကမ္ဘာမိသားစု အရေးပါသည့်အခန်းက ပါနေသဖြင့် သူ့အကြောင်း နဲနဲ မိတ်ဆက်ပေးဖို့လိုမည်ထင်ပါသည်။

ဧကမ္ဘာ မိသားစု
သီတဂူစတားအား ပင့်ဖိတ်ပြီး ဒေသတ၀ိုက် နာမည်ကြီး နေရာများကို လိုက်ပို့ပေးသော ဧကမ္ဘာ မိသားစုအကြောင်းကို ကြားညှပ်၍ ဖော်ပြလိုက်ပါသည်။ ဧကမ္ဘာ ဆိုသည်မှာ အိမ်ဆောက်ပစ္စည်းများကို လက်လီလက်ကား ရောင်းသော မကွေးမြို့ရှိ အထင်ကရ ဆိုင်ကြီးတစ်ဆိုင်ဖြစ်သည်။ မကွေးမြို့ ရန်မျိုးအောင်ရပ် ပြည်တော်သာလမ်းမကြီးတွင် တည်ရှိသည်။ ထိုဆိုင်ကြီးတွင် အိမ်ဆောက်ပစ္စည်းမှန်သမျှ အကုန်ရနိုင်သည်။ စီးပွားရေး ကြီးကျယ်သလောက် ရလာသည့် အမြတ်အစွန်းများကိုလည်း ဘာသာရေး လူမှုရေးတွေမှာ လှူဒါန်းလေ့ရှိသည်။ မြန်မာပြည် နေရာအနံ့အပြားတွင် များသောအားဖြင့် ယခုလို အိမ်ဆောက်ပစ္စည်းကဲ့သို့သော ကုန်မာဆိုင်များသည် ဘာသာခြားများပိုင်ဆိုင်သည့် ဆိုင်များသာ ဖြစ်သည်။ ယခု ဧကမ္ဘာမိသားစု၏ အိမ်ဆောက်ပစ္စည်း ကုန်မာဆိုင်ကြီးကတော့ သဒ္ဓါတရားကို ခြေခံသော ဘာသာရေးကိုင်းရှိုင်းသည့် မိသားစုက ပိုင်ဆိုင်ထားသည့် ဆိုင်ဖြစ်သည်။ ဘုန်းကြီး ရဟန်းများ ပျော်မွေ့ရာ အိမ်လည်းဖြစ်သည်။ အိမ်သာတော့ ဧည့်လာဆိုသလို ထိုအိမ်ရောက်သူတိုင်း ပျော်ကြသည်၊ ရောက်လာသူတိုင်းကိုလည်း နွေးနွေးထွေးထွေး ပြုစုသည်၊ နံက်စာ နေ့စာ ညစာတို့မှာလည်း တနေ့တမျိုးမရိုးနိုင်အောင် လုပ်ကျွေးပြုစုသည်၊ အပြန်ခရီးမှာလည်း များစွာသော စားဖွယ်သောက်ဖွယ်တွေနှင့် အတူ လိုရာအသုံးပြုနိုင်ရန် န၀ကမ္မပါ လှူလိုက်သေးသည့်အတွက်လည်း အားနာပြန်ရသည်။

၁၆-၈-၂၀၁၀ နေ့
နံက်အိပ်ယာထ နံက်စာ စားပြီး ဧကမ္ဘာမိသားစုအိမ်၏ မျက်နှာချင်းဆိုင်ရှိ မိဘမဲ့ဂေဟာသို့ ရောက်ခဲ့သည်။ ထိုဂေဟာသည် နိုင်ငံတော်အစိုးရ၏ အထောက်အပံ့ဖြင့် ရပ်တည်နေသည်၊ ယခုအခါ နယ်နယ်အရပ်ရပ်မှ မိဘမဲ့ ကလေးငယ်များ ၄၀ ကျော်ရှိနေသည်၊ ငါးနှစ်အောက်ကလေးငယ်များကို ထိုဂေဟာက ပြုစုစောင့်ရှောက်ပေးပြီး ၅ နှစ်အထက် ကလေးငယ်များကိုတော့ ပညာရေးကျောင်းတွင် ပညာသင်စေပါသည်။ မြင်တွေ့ခဲ့ရသည့် ကလေးငယ်များမှာ သနားစရာကောင်းပါသည်၊ ပုခက်ပေါ် ပက်လက်တဖုံ မှောက်ရပ်တမျိုး နို့ဖူးများစို့နေသော မွေးကင်းစ ကလေးငယ် ၈ ယောက်လောက်ကိုလည်း တွေ့ခဲ့ရသည်။ ကျောင်းအုပ်ဆရာမကြီးနှင့် စကားပြောဖြစ်သည်။ ကလေးတွေအတွက် နိုင်ငံတော်မှာ တစ်နေ့စာ တစ်ယောက်ကို ၄၀၀ ကျပ် ထောက်ပံ့သည်ဟု ဆိုပါသည်၊ မကွေးမြို့နှင့် ရပ်ဝေးမှ အလှူရှင်များ၏ အထောက်ပံ့များကိုလည်း လိုအပ်နေပါသေးသည်။ တနေ့စာ အတွက် ၃၀၀၀၀ (သုံးသောင်းကျပ်)မှ ၄၀၀၀၀ (လေးသောင်းကျပ်) အထိ ရှိကြောင်းလည်း သိခဲ့ရသည်။ မကွေးမြို့နှင့် နီးစပ်ရာပြည်သူများက မွေးနေ့ မင်္ဂလာ စသည့် မိမိတို့ ဆန္ဒရှိတဲ့အခါ ထိုဂေဟာသို့ ကုသိုလ်ယူလေ့ရှိကြသည်။ စိတ်ပါဝင်စားသူများ အလှူဒါနပြုရန် အခွင့်လမ်းရှာနေသူများအား ထိုဂေဟာမှာ ကောင်းမှုပြုနိုင်ကြောင်း သတင်းကောင်းပါးအပ်သည်။

အတွေးတစ်ခု
ထိုဂေဟာ၏ ဆရာမကြီးကို ‘‘ ဆရာမကြီး ကလေးတွေရဲ့ စရိတ်လက္ခဏာ ဘယ်လိုရှိလဲ’’ ဟု သီတဂူစတား မေးမိသည့်အခါ သူက ဒီလိုဖြေတယ်၊ ကလေးတွေရဲ့ စရိုက်အကောင်းအဆိုးကတော့ မျိုးရိုးအပေါ်မှာ မူတည်ပါသည်ဟု ဖြေသည်။ မိဘက မျိုးရိုးကောင်းပေမဲ့ အခြေအနေအရ စွန့်ပစ်ခဲ့ရတဲ့ ကလေးက တော်တယ် ကောင်းတယ်၊ ဒါပေမဲ့ အချို့ကလေးတွေက မျိုးရိုးမကောင်းလို့ ပြောလို့ ဆိုလို့ မကောင်းပါဘူးဘုရားဟု ဆက်လက်ပြောပြသည်။ ဆရာမရဲ့ စကားကို ကြားကြားချင်း ချက်ခြင်းဆိုသလို အတွေးတစ်ခု ၀င်လာပြန်သည်။ သူပြောအရ အိန္ဒိယပြည်တွင် ထွန်းကားသည့် အတ္တ၀ါဒ (the theory of Atma (Egoism) ဇာတ်စနစ် (Caste system)နှင့် သွားတူနေသည်။ ဟိန္ဒီဘာသာ သို့မဟုတ် ဗြာဟ္မဏ၀ါဒ အရ လူတစ်ယောက်ရဲ့ ဘ၀အနိမ့်အမြင့်သည် မျိုးရိုးဇာတ်အပေါ်မှာ အခြေခံသည်၊ မျိုးရိုးဇာတ် သို့မဟုတ် မွေးဖွားခြင်းက လူတစ်ယောက်၏ အနိမ့်အမြင့်ကို ဆုံးဖြတ်ပေးသည်။

ဇာတ် ၄ မျိုး
ဗြာဟ္မဏ၀ါဒတွင် ဗြာဟ္မဏ (ပညာသင်ကြားခြင်းနှင့် ယဇ်ပူဇော်ပေးသည့် တာဝန်ရှိသည်အမြင့်ဆုံးဇာတ်) ခတ္တိယ (ကာကွယ်ရေးတာဝန် နှင့် ပညာသင်ကြားခွင့်ရှိသော ဒုတိယဇာတ်) ဝေဿ (ကုန်သည် စီးပွားရေး တာဝန်နှင့် ပညာသင်ခွင့်ရှိသော တတိယဇာတ်) နှင့် သုဒ္ဒ (အောက်ခြေ လုပ်ငန်းဖြစ်သော အမှိုက်လှဲခြင်း ပန်းမှိုက်စွန့်ခြင်း ခ၀ါလုပ်ခြင်း ခြေသည်း လက်သည်းနှင့် ဆံပင်ညှပ်ပေးရခြင်း ရှိပေမဲ့ ပညာသင်ခွင့်မရှိသော လူတန်းစား အနိမ့်ဆုံးဇာတ် ဟူ၍ အဆင့်အတန်း ၄ မျိုး ရှိသည်။ တာဝန်နှင့် တကွသော ထိုဇာတ် ၄ မျိုး (caste system) ကို ပဇာပတိခေါ် ဗြာဟ္မာက ဖန်ဆင်းပေးထားသည် ဟု အိန္ဒိယစာပေမှာ တွေ့ရပါသည်။ အနိမ့်ဆုံးဇာတ် (lower caste) မှာ မွေးဖွားလာသော သူသည် ဘယ်တော့မှ ဇာတ်မြင့် (higher caste) ဖြစ်ခွင့်မရှိတော့သလို ဇာတ်မြင့်မှာ မွေးဖွားသူကလဲ ဘယ်သောအခါမှ ဇာတ်နိမ့်သို့ မဆင်းသက်နိုင်တော့။ ထို့ကြောင့် လူတစ်ယောက်၏ အနိမ့်အမြင့်ကို ဇာတ် သို့မဟုတ် မျိုးရိုးခေါ် မွေးဖွားခြင်းက ဆုံးဖြတ်ပေးထားသည်။ ကျွန်ုပ်တို့ မြတ်ဗုဒ္ဓက ဇာတ်စနစ် (caste system) ကို လက်မခံဘဲ ထိုဇာတ် သို့မဟုတ် မွေးဖွားခြင်းထက် ကံကို ဟောသည်၊ မြတ်ဗုဒ္ဓက-- န ဇဇ္ဇာ ၀သလာ ဟောတိ န ဇဇ္ဇာ ဟောတိ ဗြာဟ္မဏော။ ကမ္မုနာ ၀သလော ဟောတိ ကမ္မုနာ ဟောတိ ဗြာဟ္မဏော။ သုတ္တနိပါတ် ၀သလသုတ်လို့ ထင်ပါသည်။
ထိုဒေသနာတော်အရ လူတစ်ယောက်ရဲ့ ဘ၀ အနိမ့်အမြင့်သည် သူကိုယ်တိုင် ပြုလုပ်ခဲ့သော ကာယကံ ၀စီကံ မနောကံတို့ကြောင့်ဖြစ်သည်။ ထိုကံတွေကပဲ မျိုးရိုးကို ဖန်တီးပေးသည်ဟုလည်း ဆိုနိုင်ပါသည်။ ဟိန္ဒီဘာသာဝင်တို့၏ ဇာတ်စနစ် (caste system) နှင့် ဗုဒ္ဓဘာသာဝင်တို့၏ ကမ္မ သီအိုရီ (karma theory) တို့ကို ကောက်ချက်ချလိုက်ပါက လူတစ်ယောက်၏ ဘ၀အနိမ့်အမြင့်သည် ပထမ ကံကြောင့် (ultimate cause) နှင့် ဒုတိယ ဇာတ် (secondary cause) ကြောင့် ဖြစ်သည်ဟူ၍ပင်။ ဤကား သီတဂူစတားမြင်သော ထိုကလေးငယ်လေးများ၏ မတူညီသော စရိတ်နှင့်ဗီဇဖြစ်ပါသည်။

ထိုဧည့်ဂေဟာမှ ဧကမ္ဘာ ဒကာကြီးက high class စားသောက်ဆိုင်သို့ ပင့်သွားသည်၊ ထိုမှတဖန် မကွေးမြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းနှင့် သံဃာ ၅၀၀ ကျော်ရှိ အောင်မြေရတနာကျောင်းတိုက်ဆီသို့ ရောက်ခဲ့သည်၊ ထိုမှ အိမ်ပြန် နေ့စာစား အနားယူပြီး နေ့လည် ၂ နာရီတွင် မင်းဘူးမြို့နယ်ရှိ လင်းကျကန်တောရကျောင်းသို့ ရောက်ခဲ့သည်။ ထိုကျောင်းတော်တွင် ငါးများမွေးမြူထားသဖြင့် ငါးစာ ကျွေးလိုသူများ သွားရောက်လည်ပတ်ကြသည်၊ လမ်းခရီးက အလွန်ကြမ်းသည်၊ မိုးတွင်းဆိုလျင်တော့ ရွှံ့တွေဘွက်တွေ ထူထပ်သဖြင့် ဆိုင်ကယ်တောင် မသွားနိုင်သည့်လမ်းဖြစ်သည်၊ လမ်းဘေးဝဲယာတွင် ရေနံတွင်းများမှ စက်များ လည်ပတ်နေသည်ကိုလည်း တွေ့နိုင်ပါသည်။ အလွန်ကြမ်းတမ်းသော လမ်းခရီးဖြစ်ပေမဲ့ ဧကမ္ဘာမိသားစု၏ စေတနာကြောင့် ထိုဒေသများသို့ ရောက်ဖြစ်ခဲ့သည်။

၁၇-၈-၂၀၁၀ နေ့
နောက်ဆုံးနေ့ဖြစ်သည်၊ ဘယ်ကိုမှ မသွားတော့ဘဲ စာဖတ်ရင်း အနားယူသည်၊ ညနေပိုင်း ရန်ကုန်ပြန်သည်။ မန္တလေး ရန်ကုန်ခရီးကို ပြည်လမ်းမှ ဖြတ်ပြန်ခဲ့ရာ မကွေး အောင်လံ လမ်းသည် အတော်ကို ဆိုးဝါးနေသည်၊ လမ်းတောင် ပျောက်နေသည်။ တစ်နာရီ ခရီးကို ၃ နာရီလောက်မောင်းရသည်၊ ပြည်မြို့ကို ကျော်ကာမှ လမ်းက ကောင်းသည်။ မကွေးမှ ညနေ ၅ နာရီ ထွက်ခဲ့ရာ ရန်ကုန် အောင်မင်္ဂလာ ကားကြီးကွင်းသို့ မနက်စောစော ၄ နာရီလောက် ရောက်သည်။ ဤကား မကွေးအညာမြေခရီးမှတ်တမ်းတစ်ပုဒ်တည်း။

မှတ်ချက်။ ။ သီတဂူစတား၏ ပရိသတ်တစ်ဦးက ‘‘အိန္ဒိယတက္ကသိုလ်များအကြောင်း တင်ပြသလို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အကြောင်းကိုလည်း တင်ပြပေးပါဦးဘုရား’’ ဟု တောင်းဆိုထားပါသေးသည်။ အခွင့်သာတဲ့ အချိန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ ၀င်ခွင့်ပုံစံများအကြောင်းကိုလည်း တင်ပြပါဦးမည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၇-၈-၂၀၁၀

12 August 2010

ရွှေပင်နားတဲ့ ရွှေကျေး

တိုင်းပြည် ၃ခု ပေါင်းစု အလှူ

ရွှေပင်နားတဲ့ ရွှေကျေး ဆိုတဲ့ ပို့စ်လေးသည် ခရီးသွား မှတ်တမ်းလေး တစ်ပုဒ်ဖြစ်သည့်အားလျော်စွာ ရောက်ခဲ့ဖူးသော ဒေသ (နေရာ)လေးတစ်ခု၏ မှတ်တမ်းလေးပဲဖြစ်ပါသည်။ ၂၈-၇-၂၀၁၀ နေ့က ရိုးရှင်းပြီး အလွန်ကြီးကျယ်တဲ့ အလှူတစ်ခုသို့ ရောက်ခဲ့သည်၊ ထိုအလှူက အလွန်ထူးဆန်း၏၊ တိုင်းပြီးကြိး သုံးခု ပေါင်းစု ကောင်းမှုပြုတဲ့ အလှူပဲဖြစ်ပါသည်။ ထိုသုံးခုကား အလှူရှင် ရုရား၊ အလှူခံ အိန္ဒိယနှင့် အလှူဌာန မြန်မာပြည်တို့ပဲ ဖြစ်သည်။ အိန္ဒိယပြည် ပူနေးတက္ကသိုလ် ဒဿနိကဗေဒ ဌာနတွင် ပညာသင်စဉ်က သီတဂူစတား အမည်ရှိ ကလောင်နာမည်ဖြင့် သီတဂူစတား အမည်ရှိ ဘလော့ဂ်တစ်ခု တီထွင်ပြီး စာပေများရေးသားခဲ့သည်။ သီတဂူစတား ဘလော့ဂ်ကို အားပေးသူများစွာတွင် ရုရှားရောက် မြန်မာပညာတော်သင် ကျောင်းသားများလည်း ပါဝင်သည်။ ထိုအထဲတွင် မင်းလှမြို့နယ် ငှက်ကြီးသိုက်ကျေးရွာသား တစ်ယောက်လဲ သီတဂူစတား၏ စာဖတ်ပရိသတ်တစ်ယောက်ဖြစ်သည်။ ထိုသီတဂူစတား ဘလော့ဂ်ကို အကြောင်းပြုပြီး သီတဂူစတားရယ် ထိုစာဖတ်ပရိသတ်ရယ် ပြီးတော့ သူ့မိဘ ဆွေမျိုးများ ဆက်နွယ်လာပုံလေးကား-------

နေရာလေးက
၂၈ ရက်နေ့ နေ့လည်ပိုင်း အလှူရှင်၏ မိဘများဖြစ်ကြသော ဦးတင်မောင်လတ်+ဒေါ်မိုးမိုး၊ အဖွား၊ သားနှင့် တူမများ လိုက်ပါလျက် မိမိ အခန်းသို့ ရောက်လာပါတော့သည်၊ မိမိအား လာပင့်ခြင်းပင်ဖြစ်သည်။ အရင်ကလည်း တယောက်နှင့် တယောက် တခါဖူးမှ မမြင်ခဲ့ဘူးကြ။ မြင်မြင်ခြင်း အံ့သြရပြန်သည်မှာ အလှူရှင်၏ မိဘများက မိမိထက် ၁၀နှစ် လောက်ပဲ ကြီးသည်။ ငယ်ငယ်ပဲ ရှိကြသေးသည်။ ခေတ္တခဏ စကားတွေပြောရင်း ရုရှားက သားတော်မောင်နှင့် အွန်လိုင်းမှ စကားပြောစေသည်၊ အရေး ကွန်က မကောင်း လိုင်းက ကျလိုက် တက်လာလိုက် စိတ်ညစ်စရာကောင်းသည်၊ အရှင်ဘုရား ပြန်လာရင်တော့ အတော် သီးခံရမှာဘုရားဟု ပြောသော မိတ်ဆွေများ စကား မယုံခဲ့သော မိမိသည် သူတို့ပြောသလို တကယ်ပဲ ခန္တီပါရမီ ဖြည့်နေရသည်။ ခဏတာမျှ စကားပြောစေပြီး ခရီးစတင်ခဲ့သည်။ ထိုခရီးကား-- ပဲခူးတိုင်း မင်းလှမြို့နယ်က အလှူရှင်၏ မိဘများရှိရာ ငှက်ကြီးသိုက် ကျေးရွာသို့ ဓမ္မခရီးဖြစ်တယ်။ ရန်ကုန်မှ မင်းလှမြို့ အကြားတွင်း မှော်ဘီ၊ တိုက်ကြီး၊ ဥက္ကံ၊ သာယာဝတီ အစရှိသည့် မြို့များစွာကို ဖြတ်ရသည်၊ ၄ နာရီကျော် ကားစီးရသည်ဟု ထင်ပါသည်။ မိုးတွင်းကာလဖြစ်၍ထင် လမ်းဘေးဝဲယာတွင် ကော်ဇော အစိမ်းကြီးများ ခင်းထားဘိသကဲ့သို့ စိမ်းစို လှပသော လယ်ကွင်းပြင်ကြီးများကို တွေ့ရသည်။ လတ်ဆပ်သော လေကောင်း လေသန့်ရသည်၊ မိုးလေးတဖွဲဖွဲနှင့် နေချင်စရာ ကောင်းသည်၊ ယခုအချိန် ငါးရှဥ့် ပေါသည်။ ငါးရှဥ့်ကြိုက်သူများ သွားလည်ကြလေ။ ထိုခရီးစဉ် ဖြစ်ပေါ်လာပုံကား ဒီလိုဗျ။

သီတဂူစတားနှင့် အလှူရှင်
တနေ့သော အခါဝယ် ကျောင်းသားတစ်ယောက် သီတဂူစတား ဘလော့ဂ်ထဲ အလည်ရောက်ကာ စာများ မကြာ မကြာ လာဖတ်လေ့ရှိသည်၊ ပြန်သွားလျင်လဲ ဘုန်းဘုန်း ကျန်းမာပါစေ ဆိုတဲ့ စာတမ်းမျိုး စီဘောက်မှာ ရေးသွားလေ့ရှိသည်။ ထိုမှ တဖန် sitagustar2010@gmail.com သို့ ရောက်လာပါသည်။ နေ့စဉ် နီးပါး စကားများ ပြောဖြစ်သည်။ ထိုမှ တဖန် အဆင့်တက်ကာ အရှင်ဘုရား ဘာများ လိုအပ်ပါသလဲ စသည် မေးလာပါသည်၊ ဘုန်းဘုန်းမှာ ဘာမှ မလိုအပ်ကြောင်း အားလုံး ပြည့်စုံ လုံလောက်ကြောင်း ပြန်ပြောလိုက်ပါသည်။ ဤသို့အား အွန်လိုင်းပေါ်တွေ့တိုင်း လျှောက်ထားလေ့ရှိသည်။ နောက်တစ်မျိုး အဆင့်တက် လျှောက်လာတာက အရှင်ဘုရားအတွက် ပညာဒါနအလှူ လှူချင်ပါသည်ဘုရားဟု လျှောက်လာပြန်ပါသည်၊ မလိုပါ ပြည့်စုံ လုံလောက်နေပါသည်ဟူ၍ ပြန်ပြောသော် အလွန့်အလွန်ကို လှူချင်နေသည်။ တပည့်တော်တို့မှာ ဘုရားရှိခိုးလို့လည်း ရပါတယ်၊ အွန်လိုင်းကနေ တရားတော်များကိုလည်း နာခွင့်ရပါတယ်၊ သို့သော် တပည့်တော်ဆီမှာ ဘုန်းကြီး ရဟန်း သံဃာ မရှိ၍ အလှူဒါနအတွက် ခက်ခဲနေပါသည် ဟူ၍ လျှောက်ပြန်ရာ၊ သီတဂူစတားလည်း အနည်းငယ် စဉ်းစားမိသည်၊ အော်-- ဟုတ်ပေသားပဲကိုး-- ဒီလိုဆို ဘုန်းဘုန်း သီတဂူစတားအကြောင်း ကောင်းကောင်း စုံစမ်းပါ၊ သူ ဘာလုပ်နေသလဲ၊ ဘယ်လို ရဟန်းမျိုးလဲ ဆိုတာ အရင် စုံစမ်းပါ။ မသိ မမြင်ဘူးဘဲ ဖြစ်လာနိုင်သည့် အလှူ နှင့် ဘုရား လက်ထပ်က ရဟန်းတော်များ ဖိတ်မန်ထားသော ဒကာ ဒကာမများထံ ခဏခဏ အလှူခံခြင်းကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များ၏ အကြောင်းများကို ပြောပြလိုက်ပါသည်။

သီတဂူစတား အမ်အေ M.A တန်း ပြီးလို့ Ph.D အတန်းအတွက်လှုပ်ရှားနေစဉ်လည်းဖြစ်၊ ပြည်မြန်မာကိုလည်း ပြန်ခါနီးဖြစ်သည်။ ထို အချိန်ဝယ် အရှင်ဘုရား တပည့်တော် အတွက် အလှူဒါန တစ်ခုဖြစ်အောင်တော့ ကူညီပါဘုရား ဟူ၍ လျှောက်လာပြန်ပါသည်။ ဘုန်းဘုန်းလည်း ကျောင်းပြီးသွားပြီဖြစ်၍ မြန်မာပြည် ပြန်ရတော့မည်၊ အခု လောလောဆယ်ဆယ်တော့ မလိုအပ်တော့ဘူး ဟု ပြန်ကြားလိုက်ရာ၊ ဒါဆို အရှင်ဘုရား နောက်နှစ် ဒေါက်တာဘွဲ့အတွက် ပြန်လာတဲ့ အခါ သုံးရန် အလှူငွေ လှူပါရစေဘုရား။ နောက်ဆုံးတော့ ကောင်းပြီး မောင်ရင် ဘယ်လို ပုံစံနှင့် လှူချင်လဲ ဆိုကာ သူ၏ အလှူကို လက်ခံလိုက်ပါသည်။

အံသြမိခြင်း
သူသည် အံသြစရာ ကောင်းသည့် လူထူး လူဆန်းပင်ဖြစ်သည် ဟု ဆိုရပေမည်။ သူသည်လည်း ကျောင်းသားဖြစ်သည်၊ အလှူခံဖြစ်သော မိမိသည်လည်း ကျောင်းသားဖြစ်နေသည်၊ ထို့ကြောင့် ကျောင်းသားတစ်ယောက်၏ အထောက်ပံ့ကို အလှူ မခံရက်ဖြစ်နေသည်၊ ကျောင်းသားချင်း ကိုယ်ချင်းစားခြင်းကြောင့်ဖြစ်သည်။ သို့သော်လည်း အလှူဒါန တစ်ခုအောင်မြင်ရန် အကူအညီပေးပါဘုရား ကြောင့်သာ လက်ခံလိုက်ရသည်။ ကိုယ့်ရဲ့လစာ သို့မဟုတ် စပွန်ဆာထဲက ဖဲ့ပြီး လှူဒါန်းခြင်းဖြစ်သည်။ များသောအားဖြင့် ဒီအရွယ်သည် သောက်သောက် စားစား အရွယ်ဖြစ်သည်၊ အသက် ၂၃ နှစ်ဆိုသည့် အရွယ်မှာ ခေတ်ကာလ အရ ဘာသာရေးထက် အပျော်အပါးကို ဦးစားပေး အားသန်နေသည့် အရွယ်ဖြစ်သည့်အားလျော်စွာ အသောက်အစားလေးများ ရှိတတ်ကြသည်။ သို့သော် သူကား အပျော်အပါးကို စိတ်မ၀င်စား အသောက်အစားကင်း၍ ဘာသာရေးဘက် အားသန်သူဖြစ်သည်။ ပြီးခဲ့တဲ့နှစ်က သင်္ကြန်ရက်တွင် သီလတရား ချီးမြင့်ပါဘုရားလျှောက်ထားသဖြင့် သင်္ကြန်ရက်အတွင်း အွန်လိုင်းမှ သီလပွဲလေး ဖြစ်ခဲ့သည်။ အဲဒီလို နည်းအားဖြင့် သီတဂူစတားနှင့် သူ ရင်းနှီး ခင်မင်ခဲ့သည်။ သီတဂူစတား မြန်မာပြည် မပြန်မီ ကြိုတင်၍ သူ၏ အလှူအစီအစဉ်များ၊ သီတဂူစတား အကြောင်းနှင့် သီတဂူစတားနှင့် အလှူရှင်တို့ ဆက်ဆံရေးကို ကြိုတင်ပြီး မိဘများထံ မိတ်ဆက်ပေးပြီး ဖြစ်သည်။ မြန်မာပြည်ရောက်တော့ မိဘများနှင့် သီတဂူစတား ချိတ်ဆက်မိကာ သူ၏ မိဘများရှိရာ ငှက်ကြီးသိုက် ကျေးရွာသို့ ရောက်ခဲ့သည်။ ဟို ရောက်တော့ အလှူရှင်၏ ငယ်ငယ်ကထဲက ဇာတ်လမ်းကို ကြားသိရသဖြင့် ပို၍ အံသြမိသည်။

ရွှေပင်နားတော့ ရွှေကျေး
ပဋိရူပဒေသ-ပတ်ဝန်းကျင် (Environment) ဆိုတာ အလွန်အရေးပါသလို ပဏ္ဍိတာနဉ္စ သေ၀န (association) မိတ်ဆွေကောင်းကလည်း အလွန်အရေးကြီးပါသည်။ တံငါးနားနီးတော့ တံငါ၊ ရွှေပင်နားတော့ ရွှေကျေး ဆိုတာလို မိတ်ဆွေကောင်း နှင့် အတူနေခွင့်ရခြင်း သို့မဟုတ် မိတ်ဆွေကောင်းရှိရာ နေရာတွေမှာ နေခွင့်ရခြင်းသည် ရှေးဘုန်း ရှေးကံကြောင့်ဖြစ်သည်၊ ပျက်စီးဖို့ထက် ကြီးပွားဘို့ အခွင့်လမ်းများ ပိုရနိုင်သည်။ ထို့ကြောင့် မင်္ဂလာဟူ၍ ဟောထားသည်။ အလှူရှင်အကြောင်းကို သူ၏ရွာရောက်တော့မှ မိဘများကကော ကျောင်းထိုင်ဆရာတော် အရှင်စန္ဒာဝရကကော ပြောပြသဖြင့် သိရသည်၊ သူ၏ နှစ်ဖတ် မိဘ ဘိုးဘွားတွေက ဘာသာရေး စိတ်ဝင်စားသလို အလှူအတန်းဘက်မှာလည်း ရှေ့တန်းက ပါဝင်သူများ ဖြစ်ကြသည်။ သူလည်းပဲ မိဘ ဘိုးဘွားတွေရဲ့ ၀န်းကျင်မှာ နေရတော့ ရွေပင်နားတော့ ရွှေကျေးဆိုတာလို ရွှေကျေးလေး ဖြစ်နေသည်ထင်။ သူ၏ Environment နှင့် association တို့က သိပ်ကောင်းနေတော့ သူသည်လည်း ဘာသာရေး စိတ်ဝင်စားသူဖြစ်၏ဟူ၍ ဆိုနိုင်ပါသည်။ သားကောင်းတစ်ယောက် အကြောင်းပြု၍ ရပ်ဆွေရပ်မျိုး အားလုံးက ၀မ်းသာနေကြသည်၊ ဂုဏ်ယူနေကြသည်။ အလှူရှင်၏ မိဘများသည် အသက်ငယ်ပေမဲ့ သွက်သွက်လက်လက် ချက်ချက် ချာချာ ရှိပြီး သဘောကောင်း မနောကောင်းသူများ ဖြစ်ကြသည်၊ စီးပွားရေးကို ကြိုးကြိုးစား ရှာဖွေသည်၊ ရလာသည့်အကျိုးမြတ်များကိုလည်း ခေတ်နှင့်လျော်ညီစွာ သုံးတတ်သလို ကိုယ့်ပတ်ဝန်းကျင်အားလည်း ပေးကမ်း စွန့်ကြတတ်သည်။ ထိုရပ်ရွာရှိ ကျောင်းထိုင်ဆရာတော်သည်လည်း သီတဂူစတားထက် တစ်ဝါပဲ ကြီးသည်၊ ပညာရေးကို စွန့်ကာ ငယ်ငယ်ရွယ်ရွယ်နဲ့ ရပ်အကျိုး ရွာအကျိုးဆောင်ရွက်နေသူဖြစ်သည်၊ သဘောကောင်း မနောကောင်း ဆရာတော် တစ်ပါးဖြစ်သည်။ ထို့ကြောင့် ပတ်ဝန်းကျင်နှင့် မိတ်ဆွေများက ထောက်ပံ့လိုက်သဖြင့် သူသည်လည်း သူတော်ကောင်းစိတ်ရှိသော သူဖြစ်လာသည်။ ရွှေပင်နားတော့ ရွေကျေးဟူ၍ ဆိုရပေမည်။

အလှူပွဲလေး
အလှူပွဲကလေးက ရိုးရှင်းစွာပဲ ကျင်းပသည်၊ အရေးပေါ် လျှတ်တပြက် ကျင်းပလိုက်ရခြင်းဖြစ်သည်။ သီတဂူစတား အပါအ၀င် ရဟန်းတော် သုံးပါး အိမ်မှာ ပင့်ပြီး ၀ါဆို သင်္ကန်းနှင့် လှူဖွယ်များ လှူသည်၊ သီတဂူစတားအား ပညာရေးအလှူ အဖြစ် ရုရှားပညာတော်သင် ဗိုလ်ကြီးစည်သူအောင်က ၃ သိန်းကျပ်နှင့် ငှက်ကြီးသိုက်ကျေးရွာနှင့် ကျွဲတလင်းကျေးရွာရှိ သူ၏ ဆွေတော် မျိုးတော်များက ၈ သောင်းကျပ် ၀ိုင်းဝန်း လှူလိုက်ကြသည်။ ရပ်ဆွေရပ်မျိုးများကိုလည်း အိမ်မှာ ဖိတ်ကာ အစာအဟာရတိုင့်ဖြင့် ကျွေးမွေးဧည့်ခံသည်။ တောသူ တောင်သားများဖြစ်ပေမဲ့ ဤမျှလောက် များပြားလှသော အလှူများကို လှူနိုင်ကြခြင်းသည်လည်း သူတို့၏ သဒ္ဓါတရားများကို ဖော်ပြလိုက်သလိုဖြစ်ပါသည်။

ရွာသားများနှင့်အင်တာနက်
ထိုရွာက လူတွေက အရှင်ဘုရား ရုရှားမှာ ဘယ်လောက်ကြာပြီလဲဘုရားတဲ့၊ အချို့ကတော့ အရှင်ဘုရား ရုရှားမှာ ဘာပညာသွားသင်တာလဲ ဘုရားတဲ့၊ အချို့ကတော့ အရှင်ဘုရား ဗိုလ်ကြီးနှင့် တက္ကသိုလ်အတူတက်တာလားဘုရားတဲ့၊ ဟားးးးးးးးး။ သူတို့က သီတဂူစတားနှင့် အလှူရှင်ဗိုလ်ကြီး အတူနေသည်ဟူ၍ ထင်နေကြသည်ဖြစ်၍ ဤမေးခွန်းများ မေးဟန်တူပါသည်။ အင်တာနက် အီးမေးလ် အကြောင်း နားလည်အောင် ရှင်းပြဖို့ အတော်ခက်နေသည်။ လက်တွေ့ အသုံးပြုဖူးသူများအတွက်တော့ နားလည်ကြပါသည်။ အလှူ့ရှင် မိဘ ဆွေမျိုးများက ခေတ်မီကြသည်ဖြစ်၍ အင်တာနက် အီးမေးလ် အသုံးဝင်ပုံ အနည်းငယ် နားလည်ကြသည်။ တောရော မြို့ပါ အင်တာနက် အီးမေးလ် အခြေခံ သဘောလောက်တော့ အသုံးပြုနိုင်အောင် သင်ပေးဖို့ လိုလာပြီ၊ ပြည်ပမှာ အလုပ်ထွက်လုပ်နေကြသော သူများသည် ရွာသားများ ရွာသူများလည်း အများအပြားပါဝင်နေကြသည် ဖြစ်၍ ကိုယ့်မိဘ ကိုယ့်ဆွေမျိုးများနှင့် အလွယ်တကူ ဆက်သွယ်နိုင်ရန် လေ့လာထားသင့်သည်။ ခက်တာက မီးပြဿနာ၊ မြို့ကြီးပြကြီးတွေမှာတောင် အင်တာနက် တွင်တွင်ကျယ်ကျယ် အသုံးမပြုနိုင်ကြသေးပါ၊ လူဦးရေ အရေအတွက်နဲ့စာရင် အသုံးပြုသူ (user) အလွန် နည်းပါးနေသေးသည်။

နိဂုံး
ဤပို့စ်လေးရေးရခြင်း၏ အကြောင်းကား ရုရှားပညာတော်သင် မောင်စည်သူအောင် အတွက် အလှူတစ်ခု အထမြောက် အောင်မြင်ပါကြောင်း အသိပေးခြင်း၊ ထို အလှူအတွက် ၀မ်းမြောက်နုမော် သာဓုခေါ်ဆိုစေခြင်းနှင့် စာဖတ်ပရိသတ်များကိုလည်း အနုမောဒနာ ပြုနိုင်ရန် ရည်ရွယ်ပါသည်။ ‘‘သူများလှူတာ တစ်ဝက်ဆိုင် သာဓု ခက်မြိုင်မြိုင်’’ တဲ့ သူများအလှူ သာဓုခေါ်လိုက်ရခြင်းသည် တစ်ဝက် ကုသိုလ် ရတယ်ဆိုပဲ ထို့ကြောင့် အားလုံး ထို အလှူတော်အတွက် ၀မ်းမြောက်နုမော် သာဓုသာ ခေါ်လိုက်ကြပါကုန်သတည်းးးးးး။

သူတော်ကောင်းဓာတ် တရားမြတ် လွမ်းပတ် ကမ္ဘာ တည်စေသော်----

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။
သီတဂူစတား
၁-၈-၂၀၁၀

05 August 2010

ဘုန်းဘုန်းထံ ပေးစာ (၅)

မိတ်ဆက်

ကျောင်းအမ တစ်ယောက်၏ ဘာသာရေး လူမှု့ရေး ပတ်သက်သည့် ပေးစာများကို ဖော်ပြခဲ့ရာ ယခုဆိုရင် အပိုင်း (၅) ပင်ရောက်ခဲ့ပြီ။ ဤအပိုင်း (၅) တွင် တောင်ပေါ်ဒေသတွင် သီတင်းသုံးတော်မူကြသော ရဟန်းတော်များ ကိုရင်များနှင့် သူတော်စဉ်များအား နှစ်စဉ် ဆန် ဆီ ပဲ အစရှိသည့် အခြောက်အခြမ်းများကို လှူဒါန်းသည့် အစီအစဉ်လေးတစ်ခု ဖြစ်ပါသည်။ တောင်ပေါ်ဒေသများသည် ယေဘုယျအားဖြင့် မြေပြန့်ဒေသများထက် အစစ အရာရာ အခက်အခဲများ ရှိနေပါလိမ့်မည်။ ထိုအခက်အခဲများကို သိမ်ကြီးဈေးအေရုံ/ ဘီရုံဈေးသူဈေးသားတွေရက ဖြေရှင်းပေးခြင်းပဲ ဖြစ်ပါသည်။ ထိုအဖွဲ့တွင် လိုက်ပါဝင်ခဲ့သော ကျောင်းအမ၏ ပေးစာအတိုင်း ၀မ်းမြောက်နုမော် သာဓုခေါ်နိုင်ရန် တင်ပြလိုက်ပါသည်။

ဦးဇင်းလေးဘုရား

ဒီတစ်ခါတပည့်တော်မတို့ သိမ်ကြီးဈေးအေရုံ/ ဘီရုံဈေးသူဈေးသားတွေရဲ့ ၀ါတွင်းအလှူလေးတစ်ခုအကြောင်း
လျှောက်ထားချင်ပါတယ်ဘုရား။

(၃၀-၇-၂၀၁၀) သောကြာနေ့ ညချမ်းအချိန် ဗဟန်းကြားတောရလမ်းမှာရှိတဲ့ သိမ်ကြီးဈေး ဓမ္မာရုံမှာ လူစု လူဝေးနှင့် စည်းကားနေကြပါတယ်ဘုရား။ စည်ကားရတဲ့အကြောင်းရင်ကတော့ သိမ်ကြီးဈေး သူဈေးသားတွေက မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးဘုရားကြီးကို ရွှေကြာသင်္ကန်းကပ်ပွဲနှင့် ထိုတောင်တန်း အနီးတ၀ိုက်မှာရှိကြတဲ့ ဘုန်းတော်ကြီးကျောင်းများကို ၀ါတွင်းရိက္ခာများကို သွားရောက်လှူဒါန်းဖို့အတွက် စုရုံးရောက်ရှိနေကြခြင်းဖြစ်ပါတယ်ဘုရား။ တပည့်တော်တို့ သိမ်ကြီးဈေးအဖွဲ့သူအဖွဲ့သားများ ရဲ့ ယခု အလှူသည် (၂၈)ကြိမ်မြောက် ဖြစ်ပါတယ်ဘုရား။ ရှေးရှေးက ဈေးလူကြီးများ လက်ထက်ကစ ယခု မျိုးဆက်သစ်တွေ အထိ ယခုကဲ့သို့ လှူဒါန်းလာကြတာ ပါဘုရား။

လှူဒါန်းရန် လှူဖွယ်ပစ္စည်းများကို ကုန်တင်ကားကြီးများနှင့် သယ်ဆောင်ပြီး ကိုယ်တိုင်ကိုယ်ကျ သဟတ္ထိက အလှူ လှူလိုသော အလှူရှင်များကတော့ လေအိတ်ကား(၃)စီးနှင့် သွားကြပါတယ်ဘုရား။ အဖွဲ့အားလုံး တစုတဝေးတည်း ည(၉)နာရီမှာ ဓမ္မာရုံကနေ စတင်ထွက်ခွာလာကြပါတယ်ဘုရား၊

နောက်တနေ့ မနက်စောစော တောင်ပေါ်ကားလမ်းဖွင့်ဖွင့်ခြင်း ကုန်တင်ကားပေါ်မှ ပစ္စည်းများကို တောင်ပေါ်တက်ကားပေါ်သို့ တဆင့်ပြောင်းတင်ပြီး သယ်ယူရပါတယ်ဘုရား၊ လိုက်ပါကြသော အလှူရှင်တွေကလဲ တောင်တက်ကားများနှင့် ကျိုက်ထီးရိုးတောင်ပ်ါသို့ တက်ကြရပါတယ်ဘုရား။

တောင်တက်ကားတွေက ဘုန်းဘုန်းသိတဲ့အတိုင်း မိုးတွင်းကာလလဲဖြစ်ပြန် အန္တရာယ်များတဲ့ တောင်တန်းလဲ ဖြစ်တာကြောင့် ခက်ခက်ခဲခဲနှင့် တက်ခဲ့ရပါတယ်ဘုရား၊ အလွန်များတာကြောင့် ကြောက်စိတ်တွေရှိခဲ့ပေမဲ့ ထို ကြောက်စိတ်တွေကို နေ့စဉ် ရွတ်ဖတ်ထားတဲ့ မြတ်ဗုဒ္ဓ၏ ရွှေနှုတ်တော်မှ ထွက်လာသော စကားများကို တတွတ်တွတ်နဲ့ ရွတ်ရင်း အလှူကြီးတစ်ခုအတွက် ရင်ထဲကပီတိလေးနဲ့ဖြေဖျောက်ကာတောင်ပ်ါသို့ တက်လာကြရပါတယ်ဘုရား။ ကားမောင်းသမားတွေရဲ့ ကျွမ်းကျင်မှု့ကို ယုံကြည်ချက်လေးနှင့် ကြောက်စိတ်လေးတွေ နည်းသွားပါတယ်ဘုရား။ ဒီနှစ် တပည့်တော်တို့အဖွဲ့ အရမ်းကံကောင်းပါတယ်ဘုရား တောင်တက်ကော အဆင်းကော မိုးမရွာဘဲ ရာသီဥတု သာသာယာယာနဲ့မို့ ပျော်စရာအရမ်းကောင်းတယ်ဘုရား။ အရှင်ဘုရားပြောသလို ဘုန်းကံရှိတဲ့သူတွေက ဘုန်းကံရှိတဲ့အလုပ်တွေကို လုပ်နေတော့ တပည့်တော်မတို့ တရားကပဲ ပြန်စောင့်ရှောက်တယ် ထင်ပါတယ်။

ဘုရားရင်ပြင်ပေါ် ရောက်တော့မှ မြူတွေဆိုင်းနေတာကြောင့် တစ်ဦးနဲ့တစ်ဦး အနီးကပ်မှ မြင်ကြရတယ်လေ၊
အဲလိုမြူတွေဆိုင်းပြီး နေရတဲ့ အရသာလေးကတော့ တပည့်တော် အခုချိန် ကျိုက်ထီးရိုးအလှူ သွားတိုင်းခံစားရတဲ့ အကြိုက်ဆုံး ခံစားချက်လေးပေါ့ဘုရား။ တပည့်တော်မအနေနဲ့ အခု အခေါက်နဲ့ ဆိုရင် (၃)ခေါက်ရှိသွားပြီဘုရား။ နေ့လည်ခင်းပိုင်းမှာ သယ်ဆောင်လာခဲ့တဲ့လှူဖွယ်ပစ္စည်းတွေကို ကြည်ညိုဖွယ်ဖြစ်အောင် စနစ်တကျ စီစဉ်ကြပါသည်ဘုရား၊ အဲဒီလို ညီညီညွတ်ညွတ်နဲ့ အခန်းအနားပြင်ဆင်ကြရတာ အလွန်ကြည်နူးစရာ ကောင်းလိုက်တာဘုရား၊ ပျော်လည်းပျော်ကြပါတယ်ဘုရား။ ဘုရားတပည့်တော်တို့ သီတဂူဆရာတော်ကြီး မိန့်တော်မူဖူးတဲ့ ဘုရားလောင်း၏ ပါရမီဖြည့်စဉ်က လမ်းစဉ်ထဲက အဘိရတိဘာဝနာ- ပျော်ပျော်ကြီး ကောင်းမှုပြု ဆိုတဲ့ စကားလေးကိုလည်း အမှတ်ရသေးတယ်ဘုရား။
နောက်ပြီးတော့ အဲဒီဒေသ အနီးတ၀ိုက်မှာ နေကြတဲ့ ချို့တဲ့တဲ့သူတွေ မရှိနွမ်းပါးတဲ့သူတွေကို ဝေငှရန်အတွက် အ၀တ်အထည်၊ စားစရာများနှင့် စာသင်ကျောင်းတွေအတွက် စာရေးးကရိယာတွေကိုလဲ စနစ်တကျ ထုပ်ပိုးကြပြီး ညနေစာအတွက် အဖွဲ့ကပဲ ပြင်ဆင် ကျွေးမွေးတဲ့ အစားအစာများ တပျော်တပါး စားသောက်ကြပါတယ်ဘုရား။ ညနေစာ ပြီးတော့ တပည့်တော်တို့ ဘော်ဒါဆောင်က လိုက်ပါလာတဲ့ အမျိုးသမီးလေးတွေနဲ့ အတူ အဖွဲ့တော်သား အားလုံး ဆံတော်ရှင်ကျိုက်ထီးရိုး ဘုရားကြီး၏ရှေ့မှာ ပန်း၊ ရေချမ်း၊ ဆီမီးများ ပူဇော်ကြကာ ၀တ်ရွတ် ကုသိုလ်ပြုကြပါတယ်ဘုရား။

(၃၁-၇-၂၀၁၀) နေ့က ရန်ကုန်က နောက်တစ်သုတ် လိုက်ပါလာတဲ့ လေအိတ်ကား(၂)စီးကလဲ တောင်ခြေသို့ရောက်လာကြောင်း သတင်းရရှိပါသည်ဘုရား၊ မနက်ပိုင်းအာရုံမှာ အလှူခံဖို့ကြွရောက်လာတဲ့
ဘုန်းကြီးကျောင်းပေါင်း (၃၄) ကျောင်းမှ သံဃာတော်များကို မုန်းဟင်းခါးဆွမ်း ဆက်ကပ် လှူဒါန်းကြပါတယ်ဘုရား၊ အဲဒီနေ့ မနက်(၇)နာရီခွဲလောက်မှာ နောက်ကလိုက်ပါလာတဲ့ အလှူရှင် ဈေးသူ/သားတွေက တောင်ပေါ်သို့ရောက်လာကြပြီး အတူပေါင်းမိကာ မနက်(၈)နာရီမှာ ဆံတော်ရှင်စေတီတ်ေကြီးအား ရွှေကြာသင်္ကန်းကပ်လှူပွဲ အခန်းအနားကို စတင်လိုက်ပါတယ်၊ အခန်းအနားအစီအစဉ်မှာ ရွှေကြာသင်္ကန်းကို အမျိုးသားများက တစ်ဖက် အမျိုးသမီးများကတစ်ဖက်စီ ကိုင်ကာ ရင်ပြင်တော်ပေါ်တွင် ပဌာန်း(၂၄ပစ္စည်း)ကို သံပြိုင်ရွတ်ဆိုကာ လှည့်လည်ပြီး စေတီတော်ကြီးကို ရွှေကြာသင်္ကန်းနှင့် သစ္စာပန်းများကို ကပ်လှုပူဇော်ကြပါတယ်ဘုရား၊ ထိုကုသိုလ်အားလုံးကို အရပ် ၁၀ မျက်နှာရှိ ဝေနေယျတို့အား အမျှအတန်းဝေကာ ပထမပိုင်းအခန်းအနားအစီအစဉ်လေးတစ်ခု ပြီး ဆုံးလိုက်ကြတယ်လေဘုရား။

ဒုတိယပိုင်း အစီအစဉ်ကိုတော့ လှုဖွယ်ပစ္စည်းများစီတန်းထားသော ဆီမီးကိုးထောင်ဓမ္မာရုံ တွင်ဆက်လက်ကျင်းပ လှူဒါန်းကြပါတယ်ဘုရား။ ဓမ္မာရုံရှေ့တွင်မှာတော့ ပေးကမ်း ဝေငှမည့် ပစ္စည်းများကို အလှူခံရန်အတွက် ထိုဒေသရှိ အရွယ်စုံ လူစုံ ရောက်ရှိနေကြပါတယ်ဘုရား၊ တပည့်တော်တို့ အတွက်တော့ သီတဂူဆရာတော်ကြီး သာသနာပြု ၂ မျိုးထဲက ministry ပေါ့ဘုရား။

အိမ်အပြန်

တောင်ပေါ်အလှူများ အားလုံးပြီးစီးကြတော့ ရန်ကုန်ပြန်ရန်အတွက် တောင်ပေါ်မှ ကားများနှင့်ပြန်ဆင်းကာ တောင်အောက်တွင် အသင့်စောင့်နေသော လေအိတ်ကားများဆီသို့ ဦးတည်ကြပါတယ်ဘုရား၊ တောင်အောက်ရောက်တော့ အိမ်အပြန်လက်ဆောင်များကို ဒေသထွက် ယိုမျိုးစုံများဝယ်ကြသေးတယ်ဘုရား၊ သီတဂူကဦးပညာနဲ့ သီတဂူစတားတို့ကို လှူဒါန်းရန်အတွက်ကတော့ ရှောက်ယိုဗူးလေး ၀ယ်ခဲ့တယ်ဘုရား။ ဒါလေးကတော့ အိမ်အပြန် ပီတိလေးပေါ့ဘုရား။ မြေပပြန့်ရောက်တော့ လမ်းခရီးမှာ ပရဟိတဂေဟာအလှူနှင့် ဝေါမြို့ရဲ့ အလှူတော်များဖြစ်ပါတယ်။

ဂေဟာအလှူ
နောက်တစ်ခုအလှူလေးလဲရှိသေးတယ်ဘုရား။ သိမ်ကြီးဈေးသူ/သားတွေရဲ့ အလှူတွေထဲမှာ အလှူတစ်လှူ ဖြစ်တဲ့ ကျိုက်ထိုမြို့မှာရှိတဲ့ ဆိတ်ဖူးတောင် ပရဟိတဂေဟာကိုလဲ ၀င်ရောက်ကာ မိဘမဲ့နေတဲ့ အရွယ်စုံ ကလေးတွေကို မိဘ သဖွယ်တာဝန်ယူပြီး ကျွေးမွေးစောင့်ရှောက်နေတဲ့ ဆရာတော်ကြီးကို ရှစ်ခိုးကန်တော့ပြီး ထိုဂေဟာအတွက် လိုအပ်နေသော ပစ္စည်းတွေကို ၀င်ရောက်လှူဒါန်းကြပါသေးတယ်ဘုရား။

ဂေဟာလေးအကြောင်းနဲနဲ ပြောပြမယ်ဘုရား၊
အဲဒီ့ဂေဟာကို ဆရာတော်ကြီးက ဦးဆောင်တည်ထောင်ထားသည်ဟု သိရပါသည်ဘုရား၊ မိဘမဲ့ နေကြတဲ့ ကလေးပေါင်း(၈၀၀)ကျော်ကို နေ့စဉ်တာဝန်ယူပြီး ဂေဟာ ကလေးတွေရဲ့ စားဝတ်နေရေးတွေအပြင် ပညာရေး၊ ကျန်းမာရေး အားလုံးအားလုံး အရေးတွေကိုလဲ ဆရာတော်ကြီးကပဲ စီမံနေရတာပါဘုရား။ ဂေဟာကိုရောက်လာတဲ့ မိဘမဲ့ကလေးတွေကို ကြီးစဉ်ငယ်လိုက် စောင့်ရှောက်ကြတာကို တွေ့ရပါတယ်ဘုရား။ ကျောင်းနေတဲ့အရွယ်ကျောင်းတက်၊ လက်မှု့ပညာတွေလဲ သင်ပေးနေပါတယ်ဘုရာ။ အဲဒီဂေဟာကနေပြီး ထူးချွန်ထက်မြက်တဲ့ လူတော်တွေအများင်္ကြီး ပေါ်ထွန်းလာခဲ့တာကို ကျောင်းရဲ့ဓမ္မာရုံ
မှာချိတ်ဆွဲထားတဲ့ ဓါတ်ပုံတွေက သာဓကပြနေတယ်ဘုရာ။ ပညာရေးတွင်မကဘူး အနုပညာတွေမှာပါ တော်ကြတယ်ဘုရား၊ တပည့်တော်တို့ကို ကရင်ဒုံးယိမ်းအကနဲ့ ကြိုဆိုနေကြတယ်ဘုရား၊

ဆိတ်ဖူးတောင်ဂေဟာမှာတော့ အလှူငွေ (၂၂)သိန်း ကျော်ကျော်လောက်တော လှူဒါန်းနိုင်ခဲ့ပါတယ်ဘုရား။
တပည့်တော်ရဲ့စိတ်ထဲမှာတော့ လှူတဲ့ငွေပမာဏ နည်းတယ်များတယ်ကပဓာနမကျဘဲ သူတို့လေးတွေလိုအပ်နေတဲ့ ကွက်လပ်ကလေးတွေကို ပရဟိတစိတ်လေးတွေနဲ့ ဖြည့်ဆည်းပေးလိုက်ရတဲ့ ပီတိကို ပိုခံစားမိရပါတယ်ဘုရား။

ပညာရေးအလှူ

နောက်တစ်ခု အလှူတော်က တပည့်တော်တို့အဖွဲ့ ရဲ့ အပြန်လမ်းခရီးမှာ ပဲခူးတိုင်း ဝေါမြို့ အဗျားကျေးရွာမှာရှိတဲ့ ပညာဒါနကျောင်းလေးကိုလဲ ၀င်ရောက်လှူဒါန်းခဲ့ပါသေးတယ်ဘုရား၊ အဲဒီ့ကျောင်းလေးကို ဦးဆောင်နေတဲ့ ဆရာတော်ကတော့ ဦးသုမင်္ဂလ ဟု ဘွဲ့အမည်တော်ရှိပါသည်ဘုရား၊ အဲဒီ့ဆရာတော်က နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)မှာ နည်းပြနှင့် အဆာင်မှူး တာဝန်ထမ်းဆောင်နေရင်း သူရဲ့ဇာတိမွေးရပ်မြေ အဗျားဗိုလ်တဲကျေးရွာလေးမှာ ပညာရှာနေကြသော ကျောင်းသားလူငယ် ကလေးတွေအတွက် ပညာဒါနနှင့် ရပ်ရွာတွင်း ဘာသာသာသနာအတွက်သူရဲ့ အစွမ်းနဲ့ ဖွံ့ဖြိုးတိုးတက်အောင် အားထုတ်နေပါတယ်ဘုရား။ အနီးပါတ်ဝန်းကျင်မှာရှိသော ကျေးရွာများတွင် ဘာသာရေး၊ ပညာရေးတွေကို ဖွံ့ဖြိုးတိုးတက်အောင် ပညာဒါနအလှူကို ပေးလှူနေတယ်ဘုရား၊တက္ကသိုလ်မှာ အချိန်ပိုင်းဘဲစာချပြီး ရပ်ရွာမှာ ကလေးတွေပညာရေးအတွက် အားထုတ်နေသူပါဘုရား။

ဆရာတော်က ပညာဒါနအလှူအဖြစ် ရန်ကုန်မှ ဆရာ/မများ အနီးတ၀ိုက်မှ ဆရာ/မများနှင့် လက်တွဲကာ ကျောင်းသားလူငယ်လေးတွေကို ပညာပါရမီဖြည့်ပေးနေကြပါတယ်ဘုရား။ တပည့်တော်တို့ သိမ်ကြီင်္းဈေးသူ/သားတွေကလဲ တဖက်တလမ်းက နိုင်တဲ့အားလေးတွေနဲ့ စာရေးကရိယာတွေနှင့် အလျူငွေ(၃)သိန်း တို့နဲ့ အားဖြည့်ပေးကာ အလှူဒါနလေးပါလုပ်ခဲ့ကြပါတယ်ဘုရား၊ နောင်နှစ်တွေမှာလဲ အဲဒီ့လို အလှူတွေကိုဆက်လက်လှူဒါန်းနိုင်အောင် ကြိုးစားပါ့မယ်လို့ ဈေးဥက္ကဋ္ဌက ဆရာတော်ကြီးအားလျှောက်ထားသံကို ကြားလိုက်ရတော့ တပည့်တော်တို့လဲ တာဝန်ပိုပြီးရှိလာကြပြီလို့ မှတ်လိုက်ကြပါတယ်ဘုရား။

အလှူအားလုံး

ဦးဇင်းလေးဘုရား စာတွေလည်း ရှည်သွားပြီထင်တယ်၊ နိဂုံးချုပ်ပြောပြတော့မယ်ဘုရား--
ဒီနှစ် ၂၀၁၀ မှာ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကြီးမှာ သိမ်ကြီးဈေးသူ/သားတွေ လှူဒါန်းနိုင်ခဲ့တဲ့ အလှူက သိန်း(၁၀၀)ကျော်ပါတယ်ဘုရား။ တပည့်တော်တို့ရဲ့ စုပေါင်းပြီး လှူဒါန်းလိုက်ရတဲ့ အလှူလေးကိုပြန်ပြီး ပီတိဖြစ်ကြရတယ်ဘုရား။ ၀ါတွင်းကာလအတွက် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကြီး အနီးပတ်ဝန်းကျင် ဘုန်းကြီးကျောင်းတွေကို လှုဒါန်းပွဲအခန်းအနားလေးပြီးတော့ ကြွရောက်လာကြတဲ့ သံဃာတော်များကို နေ့ဆွမ်းအဖြစ် ဒံပေါက်ဆွမ်းများ ဆက်ကပ်ကြပါတယ်ဘုရား။

လိုက်ပါလာသော အလှူရှင်များကိုလဲ ဒံပေါက်နဲ့ပဲ ဧည့်ခံကြပါတယ်ဘုရား။ဒီနှစ်ဝါဆို အလှူအပြန်လမ်းလေးမှာတော့ သာသနာပြုလုပ်ငန်းတွေကို ဆက်လက်ထမ်းဆောင်ရမဲ့ အရေးကိုကြိုပြီး သီတဂူဆရာတော်ကြီးရဲ့ သီတဂူအဓိဌာန်ကို ပြန်လည်ကြားယောင်ကာ ပီတိပွားများကာ အသက်ရှင်နေမျှ ကျန်းမာ ချမ်းသာစွာနဲ့ သာသနာပြုလုပ်ငန်းတွေကို စွမ်းစွမ်းတမံ လုပ်ဆောင်နိုင်ပါစေလို့ အကြိမ်ကြိမ်အခါအခါ ဆုတောင်းနေမိပါတယ်ဘုရား။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိပါစေဘုရား၊
မပန်းစပယ် (လှဆန်းယဉ်)

ရန်ကုန်မြို့ သိမ်ကြီးဈေး အေရုံ/ဘီရုံ ဈေးသူ ဈေးသားများ၏ ကောင်းမှုကသိုလ် အ၀၀တို့ကို အားကျ ကြည်ညိုမိပါသည်၊ သာဓုလည်း အကြိမ်ကြိမ် ခေါ်မိပါသည်၊ ကောင်းမှုကုသိုလ်များကို ဝေငှ သတင်းပေးပို့သော ကျောင်းအမ မပန်းစပယ် (လှဆန်းယဉ်)အားလည်း အထူးကျေးဇူးတင်ပါသည်။
သာဓု သာဓု သာဓု

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၅-၈-၂၀၁၀


03 August 2010

ရုရှား ပေးစာ (အပိုင်း-၁)

မိတ်ဆက်

ဒီစာလေးကတော့ ရုရှား ပြည်ထောင်စုက ရုရှားလူမျိုးတစ်ယောက်၏ သီတဂူစတားထံ ပေးစာတစ်စောင်ဖြစ်ပါတယ်။ သူက ရုရှားပညာတော်သင် မြန်မာကျောင်းသားတစ်ယောက်၏ သူငယ်ချင်းဖြစ်သည်။ ဘာသာရေးကို စိတ်ဝင်စားသဖြင့် သူ့ကို မြန်မာကျောင်းသားကပဲ သီတဂူစတားနှင့် မိတ်ဆက်ပေးခြင်းဖြစ်သည်။ ရုရှားနိုင်ငံသားတစ်ယောက်၏ ဗုဒ္ဓဘာသာအပေါ် သက်ဝင်ယုံကြည်နေပုံကို သိရတော့ အလွန်ဝမ်းသာ ပီတိ ဖြစ်မိပါသည်။ ရုရှားနိုင်ငံသည် ခရစ်ယာန်ဘာသာ ထွန်းကားရာနိုင်ငံဖြစ်သည်၊ ထိုထဲမှ ရှားရှားပါးပါး ဗုဒ္ဓဘာသာကို စိတ်ဝင်စားနေသည်ကို ကြားရတော့ ၀မ်းသာလွန်းလို့ သူ၏ သီတဂူစတားထံ ပေးစာ (English) မူကို မူရင်းအတိုင်း ဘာသာပြန်ဆိုပြီး ဖော်ပြလိုက်ပါသည်။

သူ၏မူရင်းစာ

မင်္ဂလာပါ ဘုန်းဘုန်း ဦးကောဝိဒ
ကျွန်တော်က ရုရှား လူမျိုး စိန့်ပီတာစပတ်(ပီကျဲဘုရ်)မှာ နေပါတယ်။ နာမည်က ရုရှားနာမည် Bulbulshoev ဖြစ်ပါတယ်ဘုရား။ ဗုဒ္ဓဘာသာနာမည်က Chatchai လို့ ခေါ်ပါတယ်ဘုရား၊ (ဘယ်လို မြန်မာလို စာလုံးပေါင်းမလဲ မသိပါဘူး)။ ကျွန်တော်ဟာ အသက် ၂၈ နှစ်ပြည့်ပါပြီ။ ကျွန်တော့ သူငယ်ချင်း မြန်မာနိုင်ငံသား မောင် ဆိုနီက ကျွန်တော့်ကို ဘုန်းဘုန်း သီတဂူစတားနှင့် တွေ့ဘို့ရန် အကြံပေးပါတယ်။ ကျွန်တော်ဟာ ၂၀၀၅ နှစ်ကထဲက ထေရ၀ါဒဗုဒ္ဓဘာသာဝင်ဖြစ်သွားခဲ့တာပါ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းမရှိပါဘူးဘုရား။ ဆိုလိုတာက ကျွန်တော်တို့ ရုရှားနိုင်ငံမှာ ဗုဒ္ဓရုပ်ပွားရှိပေမဲ့ ဗုဒ္ဓဘာသာမရှိသေးပါဘုရား။ ကျွန်တော်တို့ ခရိုင်အနီးအနားမှာတော့ ထိုင်းထေရ၀ါဒ ဗုဒ္ဓဘာသာ စင်တာ တစ်ခုတော့ ရှိပါတယ်ဘုရား။ ၂၀၀၉ ခုနှစ်က အဲဒီ စင်တာမှာ တစ်လလောက် တပည့်တော် ကိုရင် (သာမဏေ)၀တ်ခဲ့ပါတယ်ဘုရား။ ဒါပေမဲ့ အချို့ အခက်အခဲလေးတွေကြောင့် လူဝတ်ကြောင်ဘ၀သို့ တစ်ခါ ပြန်ရောက်သွားပါတယ်ဘုရား။ ကျွန်တော်မှာ ကျွန်တော့ စားဝတ်နေရေးနှင့် အခြားကိစ္စတွေ ပြီးတော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာ စင်တာနှင့် ပတ်သက်ပြီး အခက်အခဲတွေအတွက် ဖြေရှင်းရဦးမယ်ဘုရား။
ကျွန်တော်ပြောချင်ပါတယ် ကျွန်တော်ဟာ မြန်မာကို သဘောကျပါတယ် ဘာလို့လဲဆိုတော့ ထေရ၀ါဒစာပေနှင့် ယဉ်ကျေးမှုများကို ယခုချိန်အထိ အရှိအတိုင်း ထိမ်းသိမ်းထားနိုင်တာ မြန်မာပါပဲဘုရား။ ကျွန်တော် ၂၀၁၁ ဇူလှိုင်လလောက်မှာ မြန်မာပြည်ကို သွားချင်ပါတယ်။ ပြီးတော့ အရှင်ဘုရားနှင့် အရှင်ဘုရားရဲ့ကျောင်းကို တွေ့ချင်ပါတယ်၊ ဒါ့ပြင် အရှင်ဘုရားတို့ ဘာသာစကားနှင့် အရှင်ဘုရားတို့လို ရဟန်းဘ၀ကိုလည်း လေ့လာချင်ပါသေးတယ်၊ အထူးအားဖြင့် မြတ်ဗုဒ္ဓရဲ့ ကမ္မဋ္ဌာန်းတရားတော်နှင့် ဗုဒ္ဓဘာသာတွေရဲ့ ပညာရေး (ပါဠိ) ဖြစ်ပါတယ်ဘုရား။
ကျွန်တော့်မှာ အိပ်မက်တစ်ခုရှိပါတယ်ဘုရား၊ အဲဒါကတော့ မြန်မာပြည်က ဗုဒ္ဓဘာသာကို ရုရှားကို ယူဆောင်သွားဖို့ပဲ ဖြစ်ပါတယ်။ အရှင်ဘုရား တွေ့နိုင်မည့် အချိန်ကို ပြောပြပါဘုရား။

ရိုသေစွာဖြင့်
Bulbulshoev

အတွေးတစ်ခု

ဤစာကို ဖတ်ပြီး အတွေးများစွာ ၀င်လာပါတယ်၊ လောကကြီးမှာ သတ္တ၀ါတွေဟာ အလိုမပြည့်ဖြစ်နေကြတယ်၊ အမြဲတမ်း ဆာလောင် ငတ်မွတ်နေကြတယ်၊ ဘယ်သောအခါမှ ပြည့်ဝသွားတယ်မရှိ၊ (ဥနော လောကော) သတ္တ၀ါတွေဟာ တစ်ဦးနှင့် တစ်ဦး စိတ်ဓာတ်ပိုင်းဆိုင်ရာအားဖြင့်လည်ကောင်း ကိုယ်အားဖြင့်လည်ကောင်း ထိုအလိုဆန္ဒအတွက် တိုက်ခိုက်နေကြတယ်၊ ထိုအတွက် အမြဲတမ်း ပူလောင်နေကြပါတယ်။ ထိုပူလောင် ဆာလောင်မှုကို ပြေငြိမ်းနိုင်သော ဗုဒ္ဓဘာသာကို သူတို့ ရှာဖွေနေကြပါပြီ။ ဗုဒ္ဓဘာသာသည် သူတို့၏ ပူလောင်မှု့ကို ဖြေရှင်းပေးနိုင်လိမ့်မည်ဟူ၍လည်း မျှော်လင့်ထားကြသည်။ သူတို့ ထင်ထားတာက စစ်မှန်တဲ့ ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံမှာသာ ရှိနေပါသည်။

ယခုအချိန်မှာ ရုရှားပြည်ထောင်စုက မြန်မာနိုင်ငံက ထေရ၀ါဒသာသနာကို အလိုရှိနေပါသည်၊ မြန်မာပြည်မှ ထောင်နှင့်ချီသော ရုရှားပညာတော်သင်များ၏ ကြိုးပမ်းမှု့လည်း ပါကောင်းပါပါလိမ့်မည်၊ သူတို့မှာ မြန်မာ့ယဉ်ကျေးမှု့ကို ကောင်းကောင်းပြနိုင်ဖို့ရန်လည်း အခွင့်ရေးရှိသည်။ ထိုအခွင့်အရေးကို ကောင်းကောင်း အသုံးချနိုင်ဖို့ လိုပါသည်။ ပြည်ပသာသနာပြုဆိုသည်မှာ ရဟန်းတော်များချည်း လုပ်ရမည် မဟုတ် လူဝတ်ကြောင်များကလဲ ရောက်တဲ့ နေရာတိုင်းမှာ ဗုဒ္ဓဘာသာများပီပီ ကိုယ့်ယဉ်ကျေးမှု့ကို ပြနိုင်ဖို့ဖြစ်ပါသည်။ ကိုယ်က ဗုဒ္ဓဘာသာ သားသမီးဖြစ်ပေမဲ့ အပြောအဆို၊ အနေ အထိုင်၊ အ၀တ်အစားက အစ ဘာသာခြားတို့၏ ဟော့ဟော့ရမ်းရမ်းတွေအောက် ရောက်သွားမည်ဆိုပါက ကိုယ်က ရှုံးသွားပြီဟူ၍မှတ်ပါ။

အချို့ကား ပြည်ပ (တိုင်းတပါး)တို့၏ လူနေမှုဘ၀ (life style) ကို အထင်ကြီးလွန်းသဖြင့် မြန်မာ့ယဉ်ကျေးမှု့ကို အထင်မြင်သေးလာသည်အထိ ဖြစ်လာသည်၊ မြန်မာပီပီ နေလျှင်ကိုပဲ လူရိုးဟု ထင်မည့်အစား လူအဟု ထင်မြင်လာတတ်သည်။ ၂-၈-၂၀၁၀ နေ့က သူငယ်ချင်းတစ်ယောက် ပြည်ပထွက်ရန် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ခဲ့သည်၊ ပြည်ပကိုထွက်မည့် များစွာသော လူတွေထဲတွင် မိန်းကလေးငယ်တွေကိုလည်း တွေ့ရသည်၊ ပြည်ပတောင် မရောက်သေး ပြည်တွင်းလေယာဉ်ကွင်းမှာပဲ ရှိသေးတယ် ၀တ်ထားလိုက်တဲ့ အ၀တ်ကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိသည်၊ အော်--သူလေးက ဗိုလ်ဆန်တာကို ကြိုက်နေပုံ ရသည်၊ မြင်ရတဲ့သူတွေက မြန်မာတွေဖြစ်ကြသည်၊ မြန်မာမျက်လုံးနှင့် ကြည့်နေကြသည်ကို သူလေး မသိလေရောလားဆိုပြီး တွေးပြီး သနားမိသည်။ ထိုအတွက် မိဘတွေမှာလည်း တာဝန်ရှိသည်။ မိဘတွေကိုယ်တိုင်က ဗိုလ်ကို (ဗိုလ်ဆန်) ကြိုက်နေရင်တော့ မပြောတတ်တော့ပေ။
ဘာသာခြားတွေကတောင် မြန်မာ့ယဉ်ကျေးမှု့ကို မြတ်နိုးလာချိန်မှာ မြန်မာလူမျိုးစစ်စစ်တွေက မြန်မာ့ယဉ်ကျေးမှု့နှင့် သွေဖယ်လာခြင်းသည် ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်ယဉ်ကျေးမှု့နှင့် ကိုယ့်ကိုယ်ကို အထင်သေး အမြင်သေးရာ ရောက်ပါသည်ဟု တွေးမိပါသည်။
ယခုအခါ ရုရှားလူမျိုးတစ်ယောက်သည် မြန်မာနှင့် မြန်မာ့ယဉ်ကျေးမှု့ကို သဘောကျလွန်း ကြိုက်လွန်းလို့ မြန်မာပြည်မှာ မြန်မာ့ဘ၀နှင့် စာပေများ သင်ယူလိုသည်။
နောက်အကြံတစ်ခုကား- ရုရှားနိုင်ငံမှာ မြန်မာတွေ များစွာရောက်နေပါပြီ၊ ထိုမြန်မာကျောင်းသားများကို အမှီပြုပြီး သို့မဟုတ် ထိုမြန်မာကျောင်းသားများကပဲ ထိုနိုင်ငံမှာ Theravada Buddhist Association ဗုဒ္ဓဘာသာ အဖွဲ့စည်းတစ်ခု ခိုင်ခိုင်မာမာ ရှိလျှင် ကောင်းမှာပဲဟုလည်း တွေးမိပါသည်။ စွမ်းနိုင်သူများနှင့် စိတ်ဝင်စားသူများ သို့မဟုတ် တာဝန်ရှိသူများက ဦးဆောင် လုပ်ပေးနိုင်လျှင် နောက်က လိုက်ပါကြမည့်သူများ အဆင်သင့် ရှိနေကြသည် ဖြစ်၍ အောင်မြင်ပါလိမ့်မည်၊
ရုရှား ပေးစာ (အပိုင်း-၂) ကို ဆက်လက် ဖော်ပြသွားပါမည်။

ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
၃-၈-၂၀၁၀


01 August 2010

ကုမုဒြာပွင့်တဲ့ည အပိုင်း (၄)

ကုမုဒြာပွင့်တဲ့ည အပိုင်း (၄)

ဆရာဇီဝက အစီအမံ အဇာတသတ်မင်းလက်ခံ

လောကကြီးရဲ့သဘောဟာ အဲဒီတော့ အဇာတသတ်မင်းကြီးက ဘာမှမလုပ် သွားလည်းသွားခဲ့ပြီးပြီ ဘာမှမထူး၊ အဲဒါကြောင့် ငြိမ်ပြီးတော့ နားထောင်နေတဲ့ဇီဝက ဘုရားကျောင်းဒါယိကာ သောတာပန် ဆေးဒါယကာ ဘာများပြောမလဲလို့ မင်းတရားမျှော်လင့်နေတယ်။ ဆရာဇီဝက ဘာမှမပြောဘူး၊ ငြိမ်ပြီးထိုင်နေတယ် မပြောနိုင်ဘူး ပြောခွင့်မပေးကြဘူး၊ များရာက နိုင်စတမ်းဆိုတော့ အဲဒီမှာ အမတ်ကြီးဇီဝက(သို့မဟုတ်) ဝန်ကြီးဇီဝကကို ရှင်ဘုရင်အဇာတသတ်က လှမ်းပြောရတယ်။
ဟဲ့ ဇီဝက မင်းဘယ့်နဲ့ကြောင့် ငြိမ်သက်နေသလဲ သင့်လည်းပြောခွင့်ရှိတယ်ပြော၊ အဲဒီတော့မှ ဘုရင်ကပြောဆိုပြီးတော့ အခွင့်အရေးပေးတော့မှ သူထလာတယ်၊ အဲဒီတော့ ဟိုလူတွေ မနှိမ်ရဲတော့ဘူး၊ ငြိမ်သွားတယ်၊ ပြောခွင့်ရှိတယ် ပြောပါလို့ဆိုလည်းဆိုလိုက်ရော ဆရာဇီဝကထပြောတယ်၊ မြတ်စွာဘုရား ကိုယ်တော်မြတ် အကျွန်ုပ်ရဲ့ကျောင်းတိုက် သရက်ဥယျာဉ် ကျောင်းတိုက်မှာရှိပါတယ်၊ ယခုလို ညချမ်းကာလမှာ မြတ်စွာဘုရားထံသွားဖို့ အကောင်းဆုံးပါ။
အဲဒီလို ညွှန်းလည်းညွှန်းလိုက်ရော ကိုင်း ဆရာဇီဝက ငါဘုရားဆီ သွားရမယ်ဆိုလို့ရှိရင် မြတ်စွာဘုရားထံသွားရမည့် စီမံချက်အစီအစဉ်တွေ၊ အဲဒီ ခရီးစဉ်တွေ ယနေ့ခေတ်လိုပြောရင် ခရီးလမ်းကြောင်းတွေ အဲဒါတွေကို မင်းကိုယ်တိုင် ကြီးကြပ်ပြီးတော့စီမံ တခါတည်းအမိန့်ချတယ်၊ အဲဒီလို authoriity အပြည့်အဝ အာဏာလည်းရလည်း ရလိုက်ရော တခြားအမတ်တွေ ဝင်ပြီးတော့ စွက်ဖက်လို့မဖြစ်တော့ဘူး။

အဲဒီမှာမှ ဆရာဇီဝကက စီမံတယ်၊ မင်းတရား ချက်ချင်းသွားဖို့စီမံမယ်ဆိုပြီးတော့ ဘာတွေလုပ်သလဲလို့ဆိုတော့ သေသေချာချာ train လုပ်ထားတဲ့ ဆင်မ ငါးရာကို ဆင်တင်းကုတ်ကဆွဲထုတ်၊ ဆင်ထီးမပါဘူး ပရိသတ်ရေ ဘာတွေလဲ။ဆင်မတွေပါဘုရား။

ဆင်မတွေစီမံချက်ကလေးကိုက စိတ်ဝင်စားဖို့ကောင်းတယ်၊ ဒီလောက်ထိတ်လန့်နေတဲ့ ရှင်ဘုရင်ကို ဆင်ထီးတွေ အစွယ်တွေ ပြူးတူးပြဲတည်းနဲ့ ဆင်ထီးကြီးတွေနဲ့သွားရင် ပို၍ကြောက်စရာကောင်းတယ်၊ အဲဒါကြောင့် စီမံပုံလေးကိုက အဓိပ္ပါယ်သိပ်ရှိတာ၊ အဲဒီတော့ ဆင်မငါးရာကို ရွေးထုတ် ထပ်ပြီးတော့ အဲဒီဆင်တွေကို train တွေလုပ်၊ train လုပ်ပြီးတော့ တစ်ကိုယ်လုံးမှာ လှပတဲ့ ကကြိုးတန်ဆာ ဒွါဒရာတွေ အပြည့်အစုံ ဆင်တယ်။

အမျိုးသမီးစစ်သည်တော်

ဆင်ပြီးတော့မှ အမျိုးသမီးတွေတဲ့ အရွယ်ကောင်းလေးတွေချည်းပဲ၊ သန်မာထွားကြိုင်တဲ့ အမျိုးသမီးတွေချည်း ငါးရာ ရွေး လိုက်တယ်၊ အဲဒီအမျိုးသမီးတွေကို ဘုရင်ထံက တန်ဆာဒွါဒရာတွေ အကုန်ဖြုတ်ပြီးတော့မှ စစ်သားကြီးတွေ ဝတ်တဲ့ ခေတ်လိုပြောတော့ ယူနီဖောင်းပေါ့၊ စစ်ဝတ်တန်ဆာတွေ အဲဒီ အမျိုးသမီးတွေကို ဆင်လိုက်တာ အဝေးကလှမ်း ကြည့်လိုက်ရင် အမျိုးသမီး တွေလို့မထင်ဘူး၊ ဟာ စစ်သားကြီးတွေ ဒီလိုထင်ရတယ်။ အမျိုးသမီးစစ်သည်တော်ငါးရာ အဲဒီအမျိုးသမီး စစ်သည်တော် ငါးရာကိုမီးရှုးတိုင်တွေ ကိုင်ခိုင်းပြီးတော့မှ ဆင်ပေါ်မှာအကုန်လုံးတန်စီလို့ ထိုင်၊ ဆင်ငါးရာ နှစ်ရာငါးဆယ်စီ နှစ်ရာငါးဆယ်စီ အတန်းကြီးတန်းလိုက်တော့ အလယ်ခေါင်ကမှ အဇာတသတ်မင်းကြီးစီးမည့်ဆင် ပြီးတော့မှ အဲဒီ ဆင်တန်းကြီးနှစ်တန်းရဲ့ဝဲဘက် ယာဘက်မှာ ဓားကိုင်တဲ့အမျိုးသမီးစစ်သည်တော် တစ်ဘက်က နှစ်ရာ့ငါးဆယ်၊ လှံကိုင်တဲ့အမျိုးသမီး စစ်သည်တော် တစ်ဘက်က နှစ်ရာ့ငါးဆယ်၊ အပြင်ဘက်ကရပ်တယ်၊ အလယ်ခေါင် ကမှ အဇာတသတ် မင်းကြီးရဲ့စီးတော်ဆင်။

အဲဒီစီးတော်ဆင်ရဲ့အနားမှာ ဆရာဇီဝက က မြေပြင်ကနေ ခြေလျင်လိုက်လာတယ်၊ တစ်လမ်းလုံး သဲဖြူတွေခင်း၊ ရာဇမတ်တွေကာ၊ မီးရှုးတိုင်တွေ ထွန်းပြီးတော့ ရွှေနန်းတော်ကနေ ယခုလို ဆီးနှင်းမြူတိမ် သူရိမ်မီးခိုး အညစ်ကြေးငါးမျိုး ကင်းပြီးတော့ ကုမုဒြာဖြူတွေပွင့်တဲ့ ညချမ်းကာလ ရွှေနန်းတော်ကနေ မင်းတရားကြီး ထွက်တော်မူတယ်။ မင်းတရားက ဆင်ဖြူတော်ပေါ်ကနေ ဘယ်ဘက်ကိုကြည့်လိုက် စစ်သားကြီးတွေ ဓားကိုင်ထားတယ်ထင်လို့ ကြည့်လိုက်တယ် မဟုတ်ဘူး၊ အနားကပ် သေချာကြည့်တော့ အမျိုးသမီးချောချောတွေဖြစ်နေတော့ ပရိသတ်ရေ ဘယ်ကြောက် တော့မလဲဗျာ၊ ဘယ်ဘက်ကြည့်လိုက်လည်း ဒီအတိုင်းပဲ ညာဘက်ကြည့်လိုက်လည်း ဒီအတိုင်းပဲ၊ ရှေ့ကြည့် ဒီလိုပဲ၊ နောက်ကြည့်လည်းဒီလိုပဲ။

တချို့စစ်သည်တော် အမျိုးသမီးလေးတွေက ဘုရင်ကြီးက သူတို့ကို စူးစူးစိုက်စိုက်ကြည့်တော့ ဘုရင်ကြည့်တာကတော့ စုံစမ်းတဲ့အနေနဲ့ကြည့်တာ ဘယ်ကောင်က ဓားကိုင်ပြီးတော့ အနားကနေ ငါ့ကိုခုတ်များခုတ်လိုက်မလဲ၊ ဘယ်ကောင်က လှံနဲ့ထိုးလိုက်မလဲ၊ နန်းလုခံရမယ် ထင်ပြီးတော့ စိတ်ပူလို့ ကြည့်တာ အဲဒါကို အမျိုးသမီးစစ်သည်တော်တွေက အဲဒီလိုမထင်ဘဲ ဘုရင်က တို့စိုက်စိုက်စူးစူးကြည့်ပေတယ်ဆို၊ တချို့စစ်သည်တော် အမျိုးသမီးတွေက ဘုရင်ကြီး ကြည့်ပြီးတော့ နှုတ်ခမ်းလေး ဘာလေးရွဲ့ပြသလား၊ မျက်စာလေး ပစ်သလားပေါ့လေ၊ ပြုံးပြုံးလေး ဘာလေးတွေ ဒီလိုလုပ်ပြမဲ့ လက္ခဏာရှိတယ်၊ ဖြည်းဖြည်းချင်း ဘုရင်ကြီး ကြောက်စိတ် ပြေသွားတယ်တဲ့နော်။ စီမံချက်ကောင်းတာ။

ရွှေနန်းတော်ကနေထွက်ပြီးတော့ ရာဇဂြိုဟ်မြို့ထဲကို ဖြည်းဖြည်းချင်းဝင် တောအုပ်ကြီးထဲကို ရောက်တယ်၊ ဝေဘာရတောင်ရယ်၊ ဝေပုလ္လတောင်ရယ်၊ ပဏ္ဍဝတောင်ရယ်၊ ဣသိဂိလိတောင်ရယ်၊ ဂိဇ္ဈကုဋတောင်ရယ်လို့ တောင်ငါးလုံးရံ နွားခြံတို့လို ရာဇဂြိုဟ်ဆိုတဲ့ရွှေမြို့တော်မှာ ဟိုအရှေ့မျက်နှာကို ကြည့်လိုက်မယ်ဆိုလို့ရှိရင် ဂိဇ္ဈကုဋဆိုတဲ့တောင်၊ အရှေ့မျက်နှာက ဘာတောင်လဲ။ ဂိဇ္ဈကုဋတောင်ပါဘုရား။

ဂိဇ္ဈဆိုတာ လင်းတ၊ ကူဋဆိုတာ အထွတ်၊ အဲဒီတောင်အထွတ်ကြီးက လင်းတနှုတ်သီးကြီးလိုပဲ ချွန်ကောက်ပြီးတော့ မောက်နေတာ၊ မြို့အရှေ့က တန်ဆောင်မုန်းလပြည့်နေ့ရဲ့ လက တက်တက်လာတယ်၊ လင်းတနှုတ်သီးလို့ ကောက်နေချွန် မောက်တဲ့ တောင်ထွတ်ကို မကျော်သေးတော့ ရာဇဂြိုဟ်မြို့တွင်း တစ်ခုလုံးမှာ မှောင်ရိပ်တွေဖုံးအုပ်ထား၊ မှောင်ရိပ်တွေဖုံး အုပ် နေတဲ့ တောအုပ်ကြီးထဲဝင်သွားတော့ ဘုရင်က တစိမ့်စိမ့်ကြောက်ကြောက်လာတယ်၊ ကြောက်ကြောက်လာတော့၊ ဟဲ့ ဇီဝက ဟိုတောကြီးထဲရောက်သွားပြီနော်၊ အချိန်ကလည်းပဲည၊ အမှောင်ကြီးလည်းရောက်နေပြီနော်၊ မင်း ငါ့ကိုဖြားယောင်းပြီးတော့ ခေါ်လာတာတော့ မဟုတ်တန်ဘူး၊ သူက အဲဒီလို စိုးရိမ်စိတ်နဲ့ ငါ့ကို ရန်သူတွေလက်ထဲတော့ အပ်မည့်လူ မဟုတ်ပါဘူးကွာ။
အဲဒီလိုပြောတော့ ဆရာကြီးဇီဝက က '' မာ ဘာယိ မဟာရာဇ၊ မာ ဘာယိ မဟာရာဇ'' မင်းတရား ထိတ်လန့်တော်မမူပါနဲ့၊ မင်းတရား စိုးရိမ်တော်မမူပါနဲ့။

သရက်တောဥယျာဉ်ကျောင်းမှ ဗုဒ္ဓတရားရိပ်

ဟိုရှေ့နားက သရက်ဥယျာဉ်ကို လှမ်းကြည့်ပါ၊ ဆီမီးတိုင်တွေထိန်နေတာ တွေ့ရမယ်၊ အဲဒီမှာ မြတ်စွာဘုရားပါဆိုတော့ လှမ်းကြည့်လိုက်တယ်၊ အို ဂိဇ္ဈကုဋ်တောင်ရိပ်အောက်က သရက်တောမှာ ဆီမီးတိုင်တွေ ထိန်နေတဲ့ ကျောင်းတိုက်ကြီး သံဃာတော်တွေ တစ်ထောင်နှစ်ရာငါးဆယ်တို့အား တရားဟောနေတဲ့တရားပွဲ၊ ခုလိုအသံချဲ့စက်တွေ ဘာတွေက မရှိတော့ ဘုရားရှင်ရဲ့အသံဟာ မလိုအပ်ဘဲနဲ့ အပြင်ဘက်ကို မထွက်ဘူးပေါ့ဗျာ၊ မြတ်စွာဘုရားရဲ့ တရားပွဲက ဒီအတိုင်းပဲ အံ့သြစရာသိပ်ကောင်းတာ။

ဆယ်ယောက်ရှိရင် ဘုရားရဲ့အသံသည် အဲဒီဆယ်ယောက်အတွင်းမှာ လူတစ်သောင်းရှိရင် တစ်သောင်းရဲ့ အတွင်းကို ရောက်သွားတယ်၊ လူတစ်သိန်းရှိရင် တစ်သိန်းတို့ရဲ့အတွင်းကို ဘုရားရဲ့အသံရောက်သွားတယ်၊ အပြင် မထွက်ဘူး၊ အချည်းအနှီးအကျိုးမရှိဘဲနဲ့ ဒီအသံဟာ ဟို ပရိသတ် အပြင်ဘက်ကို မထွက်ပါစေနဲ့ ဒါမြတ်စွာဘုရားရဲ့ လုပ်ထုံး၊ အခု ဘုန်းကြီးတို့ ပရိသတ်လုပ်ထုံးနဲ့ တခြားစီပဲ၊ တစ်မြို့လုံး၊ တစ်ရပ်ကွက်လုံး၊ အကုန်လုံး ကြားချင်တဲ့သူတွေလည်း ကြားရော၊ မကြားချင်တဲ့သူတွေလည်း ကြားရောဆိုပြီးတော့ သစ်ပင်ထိပ်ခေါင်ဖျား ဟွန်း ကြီးတွေတပ်ပြီးတော့ အော်ချလိုက်တာ၊ ကြိုက်တဲ့လူတွေကြိုက်ပေါ့၊ မကြိုက်တဲ့ လူကတော့ နားငြီးကွာ၊ အဲဒီအသံချဲ့စက် အိပ်လို့မရ၊ တချို့က စိတ်ညစ်ကြတယ်၊ ဒါက ဗမာ့ ဝါသနာကိုဗျ။

ဘုရားရှင်ရဲ့အသံတော်ဟာ ပရိသတ်ရဲ့ အပြင်ကို မထွက်ဘူးဆိုတော့ ဆရာဇီဝကနှင့် အဇာတသတ်မင်းတို့ ချီတက်လာတဲ့ဆီကို အသံတော် မရောက်ဘူး၊ ဒါပေမယ့် မြင်တော့မြင်နေရတယ်၊ အဲဒီတော့ မြင်နေရတဲ့ အတွက်ကြောင့် နှလုံးစိတ်ဝမ်း မင်းတရားတော်တော် အေးချမ်းသွားတယ်၊ တရွေ့ရွေ့နဲ့ချဉ်းကပ် ကျောင်းတိုက်နားရောက်သွားမှ-
''ယာဝတိကာ ယာနဿ ဘူမိ၊ ယာနာ သြရောဟိတွာ ပဒသာ ယေဝ ဘဂဝန္တံ ဥပသင်္ကမိ''ပေါ့ ဆင်ပေါ်ကဆင်းပြီးတော့ ခြေလျင်လျှောက်ပြီးတော့ မြတ်စွာဘုရားရှိရာကို တရွေ့ရွေ့မင်းတရားနဲ့ဝန်ကြီးဇီဝက ချဉ်းကပ်တယ်၊ ပါလာတဲ့ ဆင်ငါးရာက သရက်ဥယျာဉ်ကျောင်းတိုက်ကြီး တစ်တိုက်လုံး အပြင်ကနေ ဆင်ငါးရာနဲ့ဝိုင်းရံထား၊ မီးဒုတ်ကိုင်တဲ့ အမျိုးသမီး စစ်သည်တော် ငါးရာ ကျောင်းတိုက်ကြီးပတ်ထားတယ်၊ ဓားကိုင်တဲ့ အမျိုးသမီးနှစ်ရာငါးဆယ်၊ လှံကိုင်တဲ့အမျိုး သမီးနှစ်ရာငါးဆယ်၊ လက်နက်ကိုင်ထားတဲ့ အမျိုးသမီး စစ်သည်တော်ငါးရာတို့က ကျောင်းတိုက်ကြီး ပတ်ထားတယ်။
မင်းတရားနှလုံးစိတ်ဝမ်း အေးချမ်းပါစေတော့ စိတ်ချမ်းသာပါစေတော့ ကလျာဏမိတ္တ မိတ်ကောင်းတို့ရဲ့လုပ်ထုံးဟာ ဒီအတိုင်းပဲ။ တိတ္ထိဆရာကြီး ခြောက်ယောက်ထံ ပို့ခဲ့တဲ့ခြောက်အုပ်စုဟာ ပရိသတ်ရေ ကလျာဏမိတ္တ မဖြစ်နိုင်ဘူး၊ ပါပမိတ္တ - မိတ်ဆွေယုတ်။

ဓမ္မလမ်းကြောင်း ဖွင့်ထားပါ

အဲဒီတော့ မြတ်စွာဘုရားသီတင်းသုံးတဲ့ ယခုလို ဓမ္မာရုံကြီးကို ထိပ်တည့်တည့်ကနေ ရပ်ပြီးတော့ ဖူးလိုက်တယ်ဆိုလျှင်ပဲ သံဃာတော် တစ်ထောင့်နှစ်ရာငါးဆယ် အလယ်တည့်တည့်က ယခုလို ဘုန်းကြီးတို့ လာသလို လမ်းကလေး ဖွင့်ထားပြီးတော့ လက်ဝဲလက်ယာ သံဃာတော်တွေ နှစ်ဘက်ခွဲထားပြီးတော့ တစ်ဖက်ခြောက်ရာစီ တစ်ဖက်ခြောက်ရာစီ အဲဒီလို မြတ်စွာ ဘုရားကို ပစောက် သဏ္ဍာန်ပေါ့လေ ဝိုင်းရံပြီးတော့ တရားနာနေကြတာ။

အလယ်လမ်းလေးက မြတ်စွာဘုရားက အမိန့်ရှိထားတယ်၊ သံဃာ တော်တွေကို ဒီကနေ့ တန်ဆောင်မုန်းလပြည့်နေ့ညမှာ အဇာတသတ်ရှင် ဘုရင် တရားနာလာလိမ့်မယ်၊ အလယ်ကလမ်းပေထား၊ မင်းတရားကြွလာမည့်လမ်း မို့လို့ အဲဒါကို မင်းလမ်းပေါ့၊ မင်းလမ်းပေးထား၊ အခု ဘုန်းကြီးတို့ ပရိသတ်ကတော့ ဒါ ဘာလမ်းခေါ်သလဲ မသိဘူး၊ အော်သံကတော့ တစ်ခါတစ်လေကြားတယ်၊ နတ်လမ်းကလေးဖွင့်ပေးထားပါ၊ နတ်လမ်း ကလေးချဲထားပါ၊ နတ်လည်းမလာဘူး၊ လာတာကတော့ ဘုန်းကြီးပဲလာတယ်၊ အဲဒါနတ်လမ်းတဲ့နော်၊ သူတို့က နတ်ကိုလာစေချင်ပုံရတယ်၊ သူတို့ လာစေချင်တဲ့နတ်ကတော့ မလာဘဲနဲ့ ဘုန်းကြီးလာတာပေါ့၊ သူတို့ကြိုဆိုတဲ့နတ် ကမလာဘဲနဲ့ ငါကသွား ကျေနပ်ပါ့မလားလို့ တစ်ခါတစ်လေ စိတ်ထောက်ဘူးတယ်။

အဲနတ်လမ်းလား၊ ဘုန်းကြီးလမ်းလား၊ မင်းလမ်းလားပေါ့လေ၊ သူ့လမ်းနဲ့သူရှိတယ်၊ ဘုန်းကြီးလာလို့ ဘုန်းကြီးလမ်းပဲဖြစ်မယ်၊ တရားဟောတဲ့ဘုန်းကြီးဖြစ်တဲ့အတွက်ကြောင့်မို့လို ဒီလမ်းဟာ ဓမ္မလမ်းဆိုရင် ပိုကောင်းတယ်၊ ဓမ္မ လမ်းကြောင်းဖြောင့်ပါစေ ဓမ္မလမ်းကြောင်းရှင်းထားပါ ဒါဆိုအတော်အဆင်ပြေမယ်၊ ယခုတော့ နတ်လမ်း နတ်လည်းမလာ၊ မင်းလမ်းလို့ဆိုရင်လည်းပဲ ဒီလမ်းကြောင်းမှာ မင်းမလာဘူးနော်၊ ခု တရားပွဲ လာကြတဲ့ပုဂ္ဂိုလ်တွေပဲ၊ ဒီပေါ်မှာ ရှင်ဘုရင်ကိုမလာဘူးနော်၊ ဝန်ကြီး အမတ်ကြီးလည်းမလာဘူး လာရင်လည်း သူတို့ ဒီပေါ်မှာ မလျှောက်ကြဘူးပေါ့၊ ဆရာတော်လျှောက်ဖို့လမ်းဆိုတော့ ဘေးကကွေ့ပတ်သွားကြတာ သူတို့က၊ အဲဒီတော့ မင်းလမ်းဆိုပြီးတော့ ပေးထားတော့ အဇာတသတ်ရှင်ဘုရင် အဲဒီ လမ်းကြောင်းအတိုင်း တဖြည်းဖြည်းချင်းဝင်လာတယ်။

ကောမုဒိယာ စာတုမာသိနိယာ ပုဏ္ဏာယ ပုဏ္ဏမာယ ရတ္တိယာ။
စာတုမာသိနိယာ၊ မိုးလေးလရဲ့အဆုံးဖြစ်သော။ ပုဏ္ဏာယ၊ မိုးဥတု ပြည့်ထသော။ ပုဏ္ဏမာယ၊ လကလည်းကောင်းစွာ ပြည့်စုံ၍နေပေထသော။ ကောမုဒိယာ၊ ကုမုဒြာကြာတွေပွင့်တုန်းပွင့်ဆဲဖြစ်၍ နေပေထသော။ ရတ္တိယာ၊ ညချမ်းကာလမှာ။ ရာဇာ အဇာတသတ္ထု မာဂဓော ဝေဒေဟိပုတ္တော၊ မဂဓ ပြည့်ရှင် ဝေဒေဟီမိဖုရားရဲ့သား အဇာတသတ်ဆိုတဲ့ ရှင်ဘုရင်သည်။ ယေန ဘဂဝါ တေနု ပသင်္ကမိ၊ ဘုရားရှိရာချဉ်းကပ်လာတယ်။ ဥပသင်္ကမိတွာ၊ ချဉ်းကပ်ပြီးတော့မှ။ ဘဂဝန္တံ၊ ဘုန်းတော်ခြောက်ပါးသခင် သဗ္ဗညု ဘုရားရှင်ကိုယ်တော်မြတ်ကို။ အဘိဝါဒေတွာ၊ လက်အုပ်ချီမိုး ရှိခိုးပြီး တော့မှ။ ဧကမန္တံ၊ သင့်တင့်လျောက်ပတ် ကောင်းမြတ်သောနေရာမှာ။ နိသိဒီ၊ ကောင်းစွာမသွေ သီတင်းသုံး ထိုင်နေတော်မူခဲ့ပါပေသတည်း။

သာဓု သာဓု သာဓုပါဘုရား။

အပိုင်း (၅) ဆက်ပါဦးမည်။
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။
သီတဂူစတား

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes