သီတဂူစတား

သီတဂူစတား

28 April 2012

အောင်သင်းပြောသော ရိုဟင်ဂျာ

(ဓာတ်ပုံ မိုးမခ မီဒီယာမှ)

မေး ။ ။ ရိုဟင်ဂျာဟာ မြန်မာပြည်ရဲ့ တိုင်းရင်းသားတွေထဲမှာပါဝင်ပါသလား ဆရာ၊ သူ့သမိုင်းကကော ဘယ်လို ရှိပါသလဲ၊ ဘီဘီစီကတော့ မြန်မာပြည်မြေပုံထဲမှာ ရိုဟင်ဂျာကို ထည့်သွင်းထားတဲ့အတွက် ပြသနာတွေ ဖြစ်နေကြပါတယ်။ ဆရာ့အနေနဲ့ကော ဘယ်လိုမြင်မိပါသလဲ`လို့ ကျမက မေးပါတယ်။

ဖြေ ။ ။ `ဆရာ့အနေနဲ့က ရိုဟင်ဂျာကိုတိုင်းရင်းသားထဲပါတယ်လို့တခါမှမယူဆခဲ့ဘူး။ သူ့သမိုင်းကြောင်းကိုပြန်ကြည့်ရင် သူဟာ တိုင်းရင်းသားထဲမှာမပါဘူး။ ဗမာပြည်လွတ်လပ်ရေးရတဲ့အချိန်မှာ သူတို့တွေက နေရာယူချင်လာတယ်။ နယ်စပ်မှာဖြစ်နေတဲ့ အခါကျတော့အစိုးရကမလွှမ်းမိုးနိုင်ဘူး။ အဲဒီအခါမှာ ရိုဟင်ဂျာက ပြည်တွင်းမှာသူပုန်အနေနဲ့ ၀င်လာပြီး သောင်းကျန်းမှု့တွေတော်တော်လုပ်ခဲ့တယ်။ အဲဒါနဲ့ပတ်သက်လို့ ဗမာစာရေးဆရာကြီးအချို့တွေကလည်း ရိုဟင်ဂျာတွေ အကြောင်းကို ၀တ္ထုတွေထဲမှာ တော်တော်လေးရေးခဲ့တယ်။ ရိုဟင်ဂျာတွေကလည်း လက်နက်ကိုင်ပြီးတော့လွှမ်းမိုးနိုင်လာချင်တယ်။ အဲဒီနေရာမှာရှိတဲ့ ဗမာတိုင်းရင်းသားတွေက လက်နက်မဲ့တဲ့ အခါကျတော့ ခံခဲ့ရတာတွေ ရှိတယ်။ ဗမာတွေက သိပ်ကိုမုန်းတီးခဲ့တယ်။ ဆိုလိုတာက တိုင်းရင်းသားတွေထဲမှာ ရိုဟင်ဂျာကို ဘယ်တုန်းကမှတိုင်းရင်းသားလို့မသတ်မှတ်ဘူး။ သူတို့က ပြည်ထဲဝင် ဇွတ်အတင်းနေရာယူ သောင်းကျန်းသူတွေပဲဖြစ်တယ်လို့ ဆရာကတော့ အဲလိုပဲ မြင်တယ်`

ဆရာအောင်သင်းနှင့် အင်တာဗျူး ( ၂ )

မမေသင်္ကြန်ဟိန်း

ဤနေရာမှ ကူးယူ ဖော်ပြသည်။
ရွှင်လန်းချမ်းမြေ့ပါစေ

သီတဂူစတား

၂၈-၄-၂၀၁၂

27 April 2012

စာပေတန်ခိုး (ပေးစာ)


စာမိတ်ဆက်
ဒီပေးစာလေးက စာရေးသူထံ မကြာမကြာ မေးလေ့ရှိတဲ့ သူရဲ့ စာဖြစ်ပါတယ်၊ စာရေးသူ၏ ပြန်စာကြောင့် လူတစ်ယောက် အသိတရားရလာပြီး ဘ၀ကို ပြုပြင်နိုင်သွားတဲ့ဆိုတဲ့အကြောင်းတွေ ၀မ်းမြောက်ဝမ်းသာ ပြောပြထားပါတယ်။

ဘုန်းဘုန်း
တပည့်တော်နာမည် နောင်နောင်ပါဘုရား ..
အရင်တုန်းက ကာမေသုမိစ္ဆာရကံအကြောင်း၊ ရဟန်းကမယ်တော်၊ ခမည်းတော်ကို ပြန်ရှိခိုးထိုက်ပါသလားဆိုတဲ့ အကြောင်းတွေကို မေးဖူးတဲ့သူပါဘုရား.....
တပည့်တော်ရဲ့ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်ကို အရှင်ဘုရားပြောတဲ့ အကြောင်းတွေကို ပြန်ပြောပြတော့ နောင်တတွေရပြီး ပြန်ပြင်နေပါပြီဘုရား။ သူက အရင်တုန်းကဆို (ကျောင်းတက်တဲ့သုံးနှစ်လုံး) ရည်းစားတွေထည်လဲတွဲပြီး လက်မထပ်ရုံတမယ် တစ်ပတ်ရိုက်တွေ လုပ်တယ်ဘုရား၊ အဲဒီတုန်းက တပည့်တော်လည်း ကာမေသုမိစ္ဆာရကံနဲ့ပတ်သက်ပြီး သိပ်မသိတော့
မပြောပြမိခဲ့ဘူးဘုရား။ သူ့လိုတွေကလည်း ကျောင်းတုန်းက သူငယ်ချင်းတွေထဲမှာက
အများကြီးဆိုတော့ သူတို့တွေရော မင်းဘယ်လိုပြောမလဲဆိုပြီး ပြစရာတွေဖြစ်နေတော့ တပည့်တော် မပြောဖြစ်ခဲ့ဘူး။

တပည့်တော့ကတော့ ဘ၀ပေးအခြေအနေအရ အမျိုးတွေအိမ်မှာနေပြီး
ကျောင်းတက်တာဖြစ်လို့ ရည်းစားထားတယ်အသံကြားရင် ပညာရေးအတွက် အနှောင့်အယှက် ဖြစ်မှာစိုးတာကြောင့်ရယ်၊ ကိုယ်တကယ် နှလုံးသားထဲက ရင်ခုန်တဲ့သူမရှိတာကြောင့်ရယ် ရည်းစားမထားဖြစ်ခဲ့ပါဘူးဘုရား။ ....

အဲလိုနဲ့နေလာခဲ့တာ. .. အရင်တလောကအထိ အဲဒီသူငယ်ချင်းက ရည်းစားသုံးယောက် တစ်ပြိုင်တည်းထားပြီး သုံးယောက်လုံး တစ်ပြိုင်တည်း ကိုယ်ဝန်ပေါ်လာလို့ ဖျက်ပေးခဲ့ရတယ်လို့
ပြောတယ်ဘုရား။ အဲလိုစကားစပ်မိတော့ တပည့်တော်လည်း အရှင်ဘုရားရဲ့ ဘလော့ထဲက
အကြောင်းတွေကို ပြောပြမှ သူလည်း ဟုတ်လားဟုတ်လားနဲ့နေတော့တာပဲဘုရား ...
အေး----အဲဒါဆိုလည်း အခုပြင်တော့ နောက်မကျသေးဘူး... တစ်သက်လုံး လက်တွဲမယ့်သူကိုပဲ ကောင်းကောင်းရှာရွေးပြီး သစ္စာရှိရှိ တွဲတော့လို့ ပြောပြရတယ်ဘုရား။ သူထင်တာက အမျိုးသမီးတစ်ယောက်နဲ့ လက်မထပ်ခင်အထိ ရည်းစားဆိုတာ ကြိုက်သလောက်ထားခွင့်ရှိတယ်။ ရည်းစားအဆင့်ကျော်လို့မကလဲ Living together ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ကြိုက်သလိုနေခွင့်ရှိတယ်...
အဲတရားဝင်လက်ထပ်တဲ့သူရှိပြီးရင်တော့ နောက်တစ်ယောက်တွေ ဘာတွေ လုံးဝ မထားရတော့ဘူး။ အဲလိုဆိုရင် အပြစ်ရှိသွားပြီလို့ အရင်တုန်းက သူက သဘောပေါက်ထားတာတဲ့ဘုရား ... (ပြောလို့သာပြောတာပါဘုရား အရင်တုန်းကတော့ တပည့်တော်လည်း အဲဒီကိစ္စတွေကိုေ၀၀ါးဝါးပဲဘုရား။ အရှင်ဘုရားနဲ့တွေ့ပြီး မေးဖြစ်မှသာ ရှင်းရှင်းလင်းလင်းသိရတာပါဘုရား)
သူအဲလိုအတွေးမှန်ရပြီး ပြင်သွားတော့ တပည့်တော်လည်း ၀မ်းသာတယ်ဘုရား။ အရှင်ဘုရားလည်း သာဓုခေါ်ရအောင် ရေးလိုက်တာပါဘုရား ....

(အရှင်ဘုရားတို့နဲ့ မအပ်စပ်တဲ့ စကားလုံးများ ပါပါက သည်းခံခွင့်လွှတ်ပေးပါဘုရား)
အရှင်ဘုရားဒီထက်မက သာသနာ့အကျိုးကို ထမ်းရွက်နိုင်ပါစေကြောင်း ဆုရည်လျှက်ပါဘုရား ......
ရိုသေစွာဖြင့် ..
နောင်နောင်
(ခေတ္တ - ဟားခါး)

လူငယ်များ စာပေနဲ့ မဝေးသင့်
အထူးလဲဝမ်းသာတယ် အထူးလဲ ကျေးဇူးတင်ပါတယ်။ ယခုလို မောင်ရင့် သူငယ်ချင်း အသိတရား ရပြီး ပြုပြင် ပြောင်းလဲနိုင်တာဟာ မောင်ရင့်ရဲ့ ကျေးဇူးတွေလဲ ပါတာပေါ့။ လူတစ်ယောက် အသိရ သွားတယ်ဆိုရင်ပဲ ကိုယ့်အတွက် အများကြီးကုသိုလ်ရလိုက်တယ်၊ သူတစ်ယောက်ကြောင့် ဒုက္ခရောက်မည့်သူတွေကို အများကြီး ကယ်တင်နိုင်လိုက်တာပဲ။ အဲဒီအတွက်လဲ၊ အလွန့်လွန် ၀မ်းသာမိပါတယ်။ ယခုလို အသိတစ်ခု ရပြီး ဘ၀တစ်ခုကို ပြုပြင်နိုင်ခြင်းဟာ စာပေရဲ့ တန်ခိုးဖြစ်ပါသည်။ "ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက သား မယားပင် သိမြင်ကင်းကွာ မလိမ္မာလည်း စာပေစကား နေ့တိုင်းကြားက ထူးခြားလိမ္မာ ရှိသည်သာတည်းးးး" ဆိုသည့် ရှင်မဟာရဋ္ဌသာရ၏ အဆိုအမိန့်ထဲကလိုပဲ လူလိမ္မာ တစ်ယောက် ဖြစ်သွားသည်၊ ထို့ကြောင့် လူငယ်များ ဘာသာရေး စာပေများ အချိန်ရှိခိုက် အခွင့်သာခိုက် ဖတ်စေလိုသည်၊ နာကြားစေလိုသည်။ လူကြီးများကလဲ လူငယ်တွေ စာပေနဲ့ နီးစပ်အောင် ဖန်တီးပေးသင့်သည်။

သူမေးခဲ့ဖူးတဲ့ အကြောင်း----
ကာမေသုမိစ္ဆာစာရ အကြောင်း လင့်ခ် http://www.sitagustar2020.net/2010/10/blog-post_16.html
သားရဟန်းက အမေကို ရှိခိုးသင့်လား လင့်ခ် http://www.sitagustar2020.net/2011/03/blog-post_13.html

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၂၇-၄၀၂၀၁၂

22 April 2012

မြန်မာ့နှစ်ဆန်းတစ်ရက် အထူးပို့စ် (၂၀၁၂)


အကောင်းအထုံလေးများ
စာမိတ်ဆက်
နှစ်ဆန်းတစ်ရက်နေ့က ရုရှားရောက် မြန်မာကျောင်းသားများအား အထုံနဲ့ ပတ်သက်ပြီး ဟတ္ထိပါလဇာတ်ကို အခြေခံပြီး ဟောခဲ့သည်။ အရင်ကလဲ စာရေးသူ၏တရားကို မကြာမကြာ နာယူလေ့ရှိသည့် စင်္ကာပူမှ ဒကာမအားလဲ ဟောခဲ့ဖူးသည်။ ဟောသမျှ ပြောသမျှလေးတွေကို မှတ်စုအဖြစ် ပြုစုထားခြင်းဖြစ်သည်။

အထုံဟူသည်
အထုံ ဆိုတာ ၀ါသနာ အလေ့အထ အလေ့အကျင့်တွေပါပဲ။ ထပ်တလဲလဲ ပြုလုပ်လေ့ရှိသည်ကိုပင် အထုံ အလေ့အကျင့် ၀ါသနာဟူ၍ ဆိုအပ်ဟန်တူသည်။ အဘိဓမ္မာ အခေါ်အဝေါ်အရဆိုရင် အာသေ၀န ဟုဆိုသည်။ ‘‘နောက်နောင်မွန်လေး၊ သာလွန်မွှေးအောင် ရှေးရှေး ထုံထား၊ နံ့သာလားသို့၊ မခြားမလပ်၊၊ မျိုးဇာတ်တူစွာ၊ ကုသလာကုသလ၊ ကြိယသဘော၊ နောက်နောက်ဇောအား၊ တူခြောက်ပါးတွင်၊ ခွန်အားဟုန်ပြင်း၊ ယူစေလျင်း၍၊ ထုံခြင်း’’ဟူ၍ အာသေဝနကို ဘာသာပြန်ဆိုထားသည်။ ဆိုလိုသည်မှာ ရှေးက လိမ်းကျံပြီးတဲ့ အမွှေးနံ့သာအပေါ် ထပ်တလဲလဲ လိမ်းကျံခြင်းပင် ဖြစ်သည်၊ ထပ်တလဲလဲ လိမ်းကျံသောအခါ အနံ့သည်လည်း ပိုမိုအားကောင်းလာသည်။

ထို့အတူပင် ဘယ်အလုပ်မဆို ထပ်တလဲလဲလုပ်ရင် အကျင့်ပါသွားတတ်သည်၊ အကျင့်ပါသွားသည်ဆိုကိုက အထုံပါသွားသည်ဟု ဆိုရမည်။ ရဟန်းက ရဟန်းစရိုက် ရဟန်းအထုံ ရဟန်းဝါသနာရှိမည်၊ စစ်ဗိုလ်တစ်ယောက်ကလဲ စစ်ဗိုလ်စရိုက်၊ စစ်ဗိုလ်အထုံဝါသနာ ရှိနေမည်။ တံငါသည်လည်း တံငါသည်၏ စရိုက် အလေ့အထ အထုံရှိမည်။ ငါးစိမ်းသည်ကလဲ သူ၏ အထုံ အလေ့အထ ၀ါသနာ စရိုက်များ ရှိနေမည်။ အထုံပါလာသူများ၏ ခါးတို့ တနေရာရာကို တို့လိုက်ရင် ယောင်တတ်သူများက ကိုယ်အထုံပါရာကို ယောင်ရမ်းပြီး လန့်အော်တတ်ကြသည်။ တချို့ကျ ထိလိုက်တာနဲ့ အယောင်ကောင်း ယောင်တတ်သည်- ‘‘ဟဲ့-ဗုဒ္ဓေါ’’ဟု ဟူ၍ပင်ဖြစ်သည်။ တချို့ကျ နားကြားမခံသာသည့် စကား ထွက်ပြီး အော်တတ်ကြသည်၊ လူကြားသူကြားမှာ သွားတို့လိုက်လျှင် အရှက်ကွဲမှာ အသေချာပင်။ တချို့ လူရွှတ်လူနောက်တွေက အဲဒီအသံကြားချင်သဖြင့် အဲဒီလို ခါးအောက်ဟာကို အော်ပြီး ယောင်တတ်သူများကို လိုက်တို့ထိတာကိုလဲ မြင်ဖူးနေသည်။ တချို့ကျ ဘာအထုံပါလာလဲတော့ မသိ၊ တနေရာရာကို တို့ထိလိုက်တာ ‘‘ ဟဲ့-ကုလားကြီးနဲ့ ငါနဲ့ ညား’’ ဆိုတာမျိုး ယောင်တာကိုလဲ ကြားဖူးသည်။ နေ့စဉ် ထပ်တလဲ လုပ်နေ ပြောနေ ကြံနေသောကြောင့် ထိုစရိုက် အလေ့အထ ၀ါသနာတို့သည် အထုံအဖြစ် ၀ါသနာအဖြစ် စရိုက်အဖြစ် တည်ရှိနေကြသည်။
ဆိုကြပါစို့- ည အိပ်ယာဝင်ခါနီး ပရိတ် စတဲ့ ဘုရားနှုတ်တော်ထွက် စကားတွေကို စပြီး ရွတ်ပွားလေ့ရှိသူသည် အကျင့် အလေ့အထ မရှိသေးတော့ အိပ်ယာထဲသာ ၀င်သွားသည် ရွတ်ပွားဖို့ မေ့တတ်သည်။ တစ်ပတ်ကနေ နှစ်ပတ် အရှိန်ရလာသောအခါ အိပ်ယာဝင်တိုင်း အမြဲသတိရနေတတ်သည်၊ မရွတ်ဘဲ မအိပ်တတ်ဖြစ်သည်။ ဒါကိုပဲ အကျင့် အလေ့အထ သို့မဟုတ် အထုံဟု ခေါ်သည်။ အာသေ၀နသတ္တိဆိုတာ အကြိမ်များလေ ပိုမို သတ္တိအားကောင်းလေပဲ၊ ကုသိုလ်ကံ အလုပ်တွေ ထပ်တလဲလဲ လုပ်နေသူသည် အထုံအားကောင်းလေ သူ၏ သတ္တိလည်း ပိုမိုအစွမ်းထက်လေ ဖြစ်သည်။

ဘ၀တစ်ခုက အထုံ
ဒီဘက်ဘ၀က အကျင့် အလေ့အထ အထုံတို့သည် နောက်ဘ၀ဆက်တိုင်းအထိ ထိုအထုံ သတ္တိက အကျိုးကျေးဇူးပြုနေမှာ အမှန်ပင်ဖြစ်သည်။ သတ္တ၀ါတစ်ယောက်၏ ဘ၀ကို ကြည့်လျှင် မွေးခြင်း (ပဋိသန္ဓေ)နှင့် သေခြင်း (စုတိ) ဆိုတာပဲ ရှိသည်။ ဘ၀တစ်ခု ဆုံးသည့် စုတိစိတ်၏ အခြားမဲ့မှာပဲ မွေးခြင်း (ပဋိသန္ဓေ) စိတ် ကာလမခြားဘဲ တစ်ဆက်တည်း ဖြစ်သည်။ သေခြင်းနှင့် မွေးခြင်းတို့၏ စိတ်အစဉ်သည် တစ်ဆက်တည်း ဖြစ်သည်ဟု ဆိုရမည်။ ဘ၀နှစ်ခု ပေါင်းစပ်ခြင်းကို ပဋိသန္ဓေဟု ခေါ်သည်။ စိတ်အစဉ် သတ္တိတို့သည် တစ်ဆက်တည်း ဖြစ်စေကာမူ ရှေးက ဘ၀နဲ့ နောက်ဘ၀ တူနေသလားဟု မေးလာခဲ့သော်- မတူဟု ဖြေရမည်၊ လုံးဝ မတူဘူးလားဟု မေးသော်၊ အဲလိုလဲ မဟုတ်ပြန်။ ဥပမာ-ဖယောင်းတိုင် တစ်တိုင်ကနေ နောက်ဖယောင်းတိုင်ကို ထွန်းညှိလိုက်ရာ၊ နောက်ဖယောင်းတိုင်အလင်းနှင့် ရှေ့က ဖယောင်းတိုင် အလင်းတူသလား မေးသော်- မတူဟု ဖြေရပါလိမ့်မည်၊ လုံးဝမတူဘူးလား မေးသော်၊ အဲလိုလဲ မဟုတ်၊ နောက်ဖယောင်းတိုင်၏အလင်းသည် ရှေ့ဖယောင်းတိုင်၏ ကျေးဇူးပြု အထောက်ပံ့ဖြင့် လင်းနေသည့်အတွက် လုံးဝ မတူဘူးလည်း မဟုတ်ဟု ဖြစ်လာသည်။ ဆိုလိုသည်မှာ ဖယောင်းတိုင် တစ်ခုနှင့် တစ်ခု တစ်ခုစီဖြစ်ပေမဲ့ သူတို့၏အလင်းကား တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည်။ ထို့အတူပင် ရှေးဘ၀နှင့် နောက်ဘ၀တို့သည် ဘ၀ နှစ်ခုဟူ၍ မတူစေကာမူ ဆက်စပ်မှုရှိနေသည်ကတော့ အမှန်ဖြစ်သည်။
‘‘၀ါသနာဘာဂီ ဆက်တိုင်းမီ’’ ဆိုသကဲ့သို့ ရှေးဘ၀က ထပ်တလဲလဲ ပြုခဲ့သော ကုသိုလ်အထုံပဲ ဖြစ်ဖြစ် အကုသိုလ်အထုံပဲဖြစ်ဖြစ် တစ်ဆက်တည်းဖြစ်နေသော နောက်ဘ၀မှာ ပါသွားနိုင်သည်ဖြစ်ရကား- ကောင်းတဲ့ အလေ့အကျင့် အထုံပါသွားအောင် ကောင်းတာလေးတွေကို ထပ်တလဲလဲ လုပ်မိစေဖို့ လိုအပ်ပါသည်။

ရှေးကောင်းအထုံ ဘုရားလောင်းပုံ
တခါက ဘုရှားလောင်း ပါရမီဖြည့်စဉ်ဘ၀က မဟောသဓဘ၀ ဟု ထင်ပါသည်။ မွေးမွေးချင်း ‘‘အမေ-ဘာများ လှူစရာရှိလဲ၊ ဘာများပေးစရာရှိလဲ’’ ဟု မေးသတဲ့။ မယ်တော်ကြီးက ဆင်ပေးသမျှသော ရွှေ ငွေရတနာများကို အထိန်းတော်များအား အကုန်ချွတ် ပေးခဲ့သည်၊ အထိန်းတော်များက မယူရဲသော် ‘‘ငါ့သားက ပေးတာ လှူတာ အကုန်ယူကြ’’ဟု မယ်တော်ကြီးခွင့်ပြုမှ ယူရဲကြသည်။ ဒါန အထုံပါလာသော ဘုရားလောင်းသည် ဘ၀ဆက်တိုင်း ပေးဖို့ ကမ်းဖို့ပဲ ဆန္ဒပြင်းပြနေသည်။

ဘုရားအလောင်း၏ သုမေဓာဘ၀ကနေ ဘုရားဖြစ်ဖို့ အကြို ဝေဿန္တရာမင်းဘ၀အထိ သုံးသပ်ကြည့်သော် ဘ၀ကို ဒါန-ပေးကမ်းခြင်းကနေ စခဲ့သည်၊ ပေးကမ်းခြင်းနဲ့ပဲ ပါရမီဆုံးခဲ့သည်။ ဝေဿန္တရာမင်းဘ၀မှာ သားသမီး နှစ်ယောက်နှင့် ဇနီးကို လှူလိုက်သည့်အပြင် တိုင်းပြည်က အားထားရသည့် တိုင်းပြည်ရတနာ ဆင်ဖြူတော်ကိုလဲ တိုင်းတစ်ပါးအား ပေးလိုက်သည်။ အဲဒီခေတ်က ဆင်ဖြူတော်သည် မိုးလေ၀သကို မှန်ကန်စေသည်၊ ဆင်ဖြူတော်ရှိသော နိုင်ငံသည် စီးပွားဖွံ့ဖြိုးသည်၊ တိုင်းတစ်ပါးက မနှောက်ယှက်ရဲသည့်အတွက် တိုင်းပြည် အေးချမ်းသည်။ ထိုမျှဂုဏ်ရည်ရှိသော ဆင်ဖြူတော်ကို ပြည်သူ့ဆန္ဒမပါဘဲ တိုင်းတစ်ပါးအား ပေးလိုက်သည့်အတွက် ပြည်သူပြည်သားတွေ မကျေနပ်၍ တိုင်းပြည်က ထွက်ခွါပေးခဲ့ရသည်။

ဘုရားရှင်၏ လက်နှစ်ဖက်တို့သည် သူတစ်ပါးအား ပေးကမ်းရန်အတွက်သာ ဖြစ်သည်၊ သူတစ်ပါးထံမှ ရယူရန်မဟုတ်။ မိမိ၏လက်သည်လည်း ဘယ်လိုလက်မျိုး ဖြစ်နိုင်ပါသနည်း-------

ဘုရားလောင်းနှင့် ညီအစ်ကိုများ
တခါက တိုင်းပြည်ကို အမွှေဆက်ခံမည့် သား သမီး မရှိရှာသော ဘုရင်ကြီးနဲ့ ပုရောဟိတ်အမတ်ကြီးတို့ သကြားမင်းရဲ့ ကျေးဇူးကြောင့် ပုရောဟိတ်အမတ်ကြီးမှာ သား လေးယောက်တောင် ရခဲ့သည်။ သို့သော်လည်း သကြားမင်းက ‘‘ဒီ သားလေးယောက်က အိမ်ယာတည်ထောင် လူ့ဘောင်မှာ နေကြမည့်သူတွေ မဟုတ်ဘူး၊ ငယ်ငယ်နဲ့ပဲ ရဟန်းဝတ်ကြလိမ့်မည်’’ဟု မှာလိုက်သည်။ ဘုရင်ကြီးနဲ့ အမတ်ကြီးတို့သည်လည်း သားလေးယောက်ကို တိုင်းပြည်အပ်နှင်းဖို့ ရည်ရွယ်ချက်ရှိရကား ရဟန်းပြုသွားမည်ကို စိုးရိမ်နေသည်၊ ထို့အတွက် သားလေးယောက်ကို မိုက်မိုက်ကန်းကန်း ဖြစ်အောင် သင်ပေးဖို့ရန် တစ်ယောက်ကို ဆင်ထိန်းများထံ ပို့သည်။ သူု့ကိုတော့ ဟတ္ထိပါလ ဟု အမည်တွင်စေသည်။ ဒုတိယ သားကိုတော့ မြင်းထိန်းများထံ အပ်သည်၊ သူကတော့ အဿပါလ ဖြစ်သည်။ တတိယ သားကိုတော့ နွားကျောင်းသားတွေထံ အပ်နှံထားသည်၊ သူ့ကိုတော့ ဂေါပါလဟု အမည်ပေးသည်။ အငယ်ဆုံး စတုတ္ထသားကိုတော့ ဆိပ်ကျောင်းသားတွေထံ အပ်နှံထားသည်၊ သူ့ကို အဇပါလဟု ခေါ်ကြသည်။ ဤသို့အားဖြင့် ဟတ္ထိပါလ၊ အဿပါလ၊ ဂေါပါလ၊ အဇပါလ ဟူသော သားလေးယောက်ကို အမိုက်ကန်းဆုံး ဖြစ်အောင် အကြမ်းတမ်းဆုံး ဖြစ်အောင် သင်စေသည်။
ဒီလိုနဲ့ ရပ်ကွက်ထဲ မြို့ထဲမှာ ရန်ဖြစ်ကြပြီဆိုရင် သူတို့ ညီအစ်ကို လေးယောက်ပင်ဖြစ်သည်၊ မိန်းကလေးများကို စသည်၊ တစ်မြို့တစ်ရွာက လာတဲ့သူတွေ ကို လုယတ်သည်၊ အနုကြမ်းစီးသည်၊ နာမည်ကြီးလောက် ဆိုးသွမ်းနေတာကို ကြားရ မြင်ရသော ဘုရင်ကြီးနှင့် အမတ်ကြီးတို့ သဘောကျနေသည်။

အထုံပါလာသော ဘုရားလောင်းတို့ ညီအစ်ကို
အရွယ်လဲ ရောက်ပြီ၊ သူတို့လိုချင်တဲ့ အတတ်ပညာတွေလဲ တတ်ကုန်ကြပြီဆိုတော့ ဘုရင်ကြီးနဲ့ အမတ်ကြီးတို့ စမ်းသပ်ဖို့ကြံစီကြသည်။ နှစ်ယောက်သား ရသေ့ရဟန်းအသွင်ဖန်းလိုက်သည်၊ ညစ်ပတ်ပေတူးနေတဲ့ သွားတွေ၊ မြူမှုံအလီလီ လိမ်းကျံနေတဲ့ ဆံပင်တွေ၊ သစ်ခေါက်ဆိုးသော အနီအညိုရောင်ရင့် အ၀တ်၊ ထမ်းပိုးနဲ့ ရသေ့အသုံးဆောင်တွေ၊ တောင်ဝှေးတစ်ချောင်းစီ ကိုယ်စီကိုင်စွဲလျှက် သားကြီး ဟတ္ထိပါလအထံ ရောက်သွားသည်၊ သူတို့ထင်ထားတာက ငါတို့ကို မြင်တာနဲ့ ငါတို့သားကြီးက ထွက်ရိုက်မှာပဲ၊ ထို့အတွက် အနီးနားမှာ အစောင့်တွေပါ ချထားရသည်၊ သို့သော်လည်း သူတို့ထင်ထားသလို ဖြစ်မလာ။ ဟတ္ထိပါလသည် သူတို့ကို မြင်မြင်ချင်းပဲ ဒီလိုရဟန္တာ အရှင်မြတ်ကြီးတွေကို ဖူးမြင်ခွင့်ရဖို့ စောင့်လာတာ ကြာပြီ၊ ယခုတော့ ကံကောင်းထောက်မစွာ ဖူးမျှော်ခွင့်ရပြီ ဆိုပြီး ရိုရိုသေသေနဲ့ ဦးတိုက်ပါတော့သည်။
ဟဲ့ဟဲ့ ငါ့သား--တို့ကို အသေချာကြည့်ပါအုန်း၊ ဟော့ဟိုဟာက ဘုရင်ကြီး ဧသုကာရီလေ၊ ငါကတော့ မင်းအဖေလေ ဆိုပြီး ဒေါက်ချာတွေကို ချွတ်ပြ၊ အတုလုပ်ထားတာတွေ ချွတ်ပြလိုက်မှ ဘုရင်ကြီးနဲ့ အဖေဆိုတာ မှတ်မိသွားပြီ။ “အဖေတို့ရယ်--- ဘာလို့ အဲလိုလုပ်တာလဲ? မင်းကို တို့တတွေ လာစမ်းသပ်တာ၊ ထီးနန်းအပ်မလို့ဆိုတဲ့ အကြောင်းတွေ ပြောပြတော့ သားတော် ထီနန်းလက်မခံပါရစေနဲ့ သားတော် တောထွက်ပြီး ရဟန်းပြုမယ် ဆိုပြီး တရားများ ဟောလွတ်လိုက်သည်၊ ဒုတိယ သား တတိယသား စတုတ္ထသားတို့လည်း ထိုနည်းတူစွာ စမ်းသပ်သော်လည်း မအောင်မြင်ခဲ့၊ အားလုံးက ရှေးက အစ်ကိုတော်များ ထွေးတဲ့ တံထွေးကို သားတို့ ဦးခေါင်းဖြင့် လက်မခံနိုင်ပါဘူး၊ သားတို့လည်း ရဟန်းပြုမှာဖြစ်ပါတယ်လို့ ပြောလိုက်လေတော့သည်။

ပင်ကိုယ်က သူတော်ကောင်းဓာတ် သူတော်ကောင်းအထုံ ပါလာသော ဟတ္ထိပါလတို့ ညီအစ်ကို လေးယောက်သည် ကြမ်းတမ်း ရိုင်းစိုင်းတဲ့ အသိုင်းအ၀ိုင်းမှာ အဆုံးအစွန်ထိ မိုက်အောင် သင်ထားပေမဲ့ သူတော်ကောင်း အသွင် မြင်လိုက်တာနဲ့ နဂို သူတော်ကောင်း အထုံက ဖျတ်ကနဲပေါ်ပေါက်လာကာ သူတော်ကောင်းစိတ်ကြီးများ ၀င်ကာ တောထွက် ရဟန်းပြုရတဲ့ အထိရောက်သွားလေတော့သည်။ ထို့ကြောင့် သူတော်ကောင်းတွေရဲ့ အထုံကို ရအောင် အားထုတ်ဖို့လိုသည်၊ အကြောင်းမတော်လို့ ပတ်ဝန်းကျင်ကောင်း (သပ္ပုရိသနိဿျ) မရှိစေကာမူ ထိုအထုံတွေက သူတော်ကောင်းစိတ်ကို ကာကွယ် စောင့်ရှောက်ပေးမှာ ဖြစ်သည်။

နဲသော ကုသိုလ် အထင်မသေးနဲ့
ကောင်းမှု ကုသိုလ်ဆိုတာ နဲသည်ဖြစ်စေ များသည် ဖြစ်စေ အခွင့်သင့်တိုင်း ပြုသင့်သည်။ ကုသိုလ်က နဲတယ်ဆိုပြီး အထင်မသေးနဲ့၊ အဲဒီ နဲနဲလေးကနေ အများကြီးဖြစ်ဖို့ အထောက်ပံ့ ဖြစ်သည်၊ အများကြီးဖြစ်ဖို့ အင်အားတစ်ခု ဖြစ်သည်။ ထို နဲနဲလေးကိုပဲ ထပ်ခါထပ်ခါ ပြုနေရင် အားကောင်းလာပါလိမ့်မည်။ ကျွန်းသားဖြင့်ပြုလုပ်ထားသော ဗီရို၊ စားပွဲ၊ ကြမ်းခင်းတွေကို ၀င်းပြောင်အောင် ပေါလစ် တိုက်ရသည်၊ တစ်ကြိမ်တိုက်သော ပေါလစ်ထက် နှစ်ကြိမ်တိုက်ပါက ပိုအရောင်တောက်လာသည်၊ အကြိမ်များလေ ပိုအားကောင်းလေဖြစ်ပြီး အရောင်တောက်လာသည်၊ အလားတူပင် ကုသိုလ်တစ်ကြိမ်သည် နှစ်ကြိမ် သုံးကြိမ်ဖြစ်ဖို့ အားတစ်ခု ဖြစ်သည်၊ အကြိမ်များလေ ကုသိုလ်အားကောင်းလေ ဖြစ်သည်၊ သူတောင်ကောင်းအထုံသည်လည်း တစ်ကြိမ်ကနေ နှစ်ကြိမ် သုံးကြိမ်စသည် ပြုပါက အကျင့်ဖြစ်သွားတတ်သည်၊ ထိုအကျင့်ကနေ အထုံ ဖြစ်သွားပြီး အလွန်အားကောင်းသော ပါရမီဖြစ်သွားတော့သည်။ ရှေးရှေးသော အလေ့အထ အကျင့်ကောင်းက နောက်နောက်သော အလေ့အထ အကျင့်ကောင်းကို အားကောင်းစေသည်။ ဒီကနေ့ပြုလိုက်တဲ့ ကုသိုလ်အပေါ် နောက်တစ်နေ့ ပြုလိုက်တဲ့ ကုသိုလ် အားသစ်လောင်းပေးသည်။ ဒီနှစ်ပြုလိုက်တဲ့ ကိုသိုလ်ကို နောက်နှစ်နောက်နှစ်တွေက ပြုလုပ်လိုက်တဲ့ ကုသိုလ်တွေက အားသစ်လောင်းပေးလိုက်သဖြင့် ကုသိုလ်အား သို့မဟုတ် အထုံ သို့မဟုတ် ပါရမီအားသည် အထွဋ်အထိပ်သို့ ရောက်လာပြီ ဖြစ်၍ ပါရမီ ပြည့်ကာ ဘ၀၀ဋ်ဒုက္ခမှ လွတ်မြောက်သူများ ဖြစ်သွားကြသည်။ ထို့ကြောင့် ကုသိုလ်အလေ့အကျင့် အထုံတို့ကို နဲသည်ဟူ၍ အထင်မသေးသင့်။ မာဝ မညေထ ပုညဿ န မန္ဒံ အာဂမိဿတိ ဟူသတည်းးးးးး။

နိဂုံး

ဒီနှစ် နှစ်ဆန်းက အကောင်းအထုံများကို နောက်နှစ်နောက်နှစ်များ၏ အကောင်းအထုံးလေးများက သတ္တိအားကောင်းအောင် အထောင့်အပံ့ပေးသွားမှာ ဖြစ်သည့်အတွက် တစ်နှစ်ထက် တစ်နှစ် ဆထက် တိုးပြီး အကောင်းအထုံလေးများကို အားထုတ်နိုင်ကြသော အမျိုးကောင်းသား အမျိုးကောင်းသမီးများ ဖြစ်ကြပါစေကုန် သတည်းးးးးးးးး။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၁၇-၄-၂၀၁၂

17 April 2012

ကြီးပွားကြောင်းလမ်းစဉ် (၅) ချက်

လိစ္ဆ၀ိမင်းသားများအား ဟောသော ကြီးပွားကြောင်းလမ်းစဉ် (၅) ချက်
စာမိတ်ဆက်
ဒီတရားလေးက ရုရှားရောက် မြန်မာစစ်ဗိုလ်ကျောင်းသားများအား (၁၄-၄-၂၀၁၂)နေ့က ဟောပေးသော တရားဖြစ်ပါတယ်။ သူတို့တတွေဟာ မြန်မာနှစ်သစ်ကူး သင်္ကြန်အတောအတွင်းမှာ သီလယူ၊ တရားနားလေ့ရှိကြတယ်။ နောင်တချိန်မှာ တိုင်းပြည်တနေရာရာကနေ ခေါင်းဆောင်ဖြစ်လာမည့် သူတွေကို မဟာနာမ်နှင့်လိစ္ဆ၀ိမင်းသားတွေကို ဟောသော တရားနှင့် သင့်တော်မည်ထင်၍ အင်္ဂုတ္တရနိကာယ်လာ လိစ္ဆ၀ိကုမာရသုတ်ကို ဟောပေးလိုက်သည်၊ အရင်ကလဲ စင်္ကာပူမှ ဒကာမတစ်ယောက်အား ဟောပေးခဲ့ဖူးသည်။ ထိုဟောခဲ့သည်များကို မှတ်စုကလေးအဖြစ် မှတ်တမ်းတင်ထားပါသည်။
(၁-၄-၂၀၁၂ နေ့ အိန္ဒိယပြည်၊ အောရမ်ဂဘက် အလိုရာ ဗုဒ္ဓလှိုဏ်ဂူ အမှတ်တရ)

လူ့အဖွဲအစည်းကြီး
လူရယ်လို့ ဖြစ်လာရင် ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း အဖွဲ့အစည်းနဲ့ နေကြရသည်၊ မိသားစု၊ ဆွေးမျိုး၊ ရပ်ကွက်၊ မြို့၊ ခရိုင်၊ တိုင်း၊ ပြည်၊ နိုင်ငံ၊ နိုင်ငံချင်းချင်း ဟူ၍ လူ့အဖွဲ့အစည်းကြီးတစ်ခုအနေနဲ့ နေကြရသည်။ ထိုအဖွဲ့အစည်းတွင်လည်း ခေါင်းဆောင်ဆိုတာပါရှိပြီးဖြစ်သည်၊ ကမ္ဘာ့ခေါင်းဆောင်၊ နိုင်ငံ့ခေါင်းဆောင်၊ တိုင်း-ပြည် ခေါင်းဆောင်၊ မြိုနယ်ခေါင်းဆောင်၊ ရပ်ရွာခေါင်းဆောင် ဆွေတစ်စု မျိုးတစ်စုရဲ့ ခေါင်းဆောင်၊ မိသားစု ခေါင်းဆောင် ဆိုပြီး ခေါင်းဆောင်နှင့်နောက်လိုက်၊ အလုပ်သမား စသည် ပါရှိသည်။ ထိုကဲ့သို့ လူ့အဖွဲအစည်းတွင် ခေါင်းဆောင်နှင့် နောက်လိုက်၊ အလုပ်ရှင်နှင့် အလုပ်သမား၊ အိမ်ရှင်နှင့် အိမ်ဖော်၊ အလုပ်တူ စီးပွားတူ မိတ်ဆွေ အပေါင်းအသင်း စသည်တို့သည် အချင်းချင်း အပြန်အလှန် နားလည်ပြီး မေတ္တာ ရရှိဖို့လိုသည်။ မြတ်ဗုဒ္ဓကလဲ ထိုလူ့အဖွဲ့အစည်းကြီးအတွက် ကြီးပွားရာ ကြီးပွားကြောင်းကို ဘက်ပေါင်းစုံ ရှု့ထောင့်ပေါင်းစုံကနေ လစ်လပ်မှုမရှိ ဟာကွက်မရှိအောင်ကို ထောက်ပြပြီး ဟောထားသည်မှာ မှတ်သားစရာ ကောင်းလှသည်။

မဟာနာမ်နှင့် လိစ္ဆ၀ိမင်းသားများ
တနေ့တောာ့ မြတ်ဗုဒ္ဓသည် ဝေသာလီမြို့ထဲ ဆွမ်းခံအပြန် တောအုပ်တစ်ခုမှာ ခေတ္တ သတင်းသုံးတော်မူခိုက် လိစ္ဆ၀ိမင်းသားတွေ တောလိုက်ခွေးများ အခြံရံပြီး လက်ထဲမှာလဲ ဒုတ်တွေ ဓားတွေ လေးတွေ မြှားတွေ ကိုင်ဆောင်လျှက် တောလိုက်ထွက်လာကြသည်၊ တောအုပ်ကြီးထဲရောက်တော့ ဘုရားရှင်ကို မြင်တွေ့သဖြင့် လက်ထဲက လက်နက်တွေ အားလုံး တောထဲ ချုံဘုတ်တွေမှာ ဖွက်၊ ပါလာတဲ့ တောလိုက်ခွေးတွေကိုလဲ မောင်းထုတ်ပြီး ဘုရားရှင်အနား ချဉ်းကပ်ပြီး လက်အုပ်ချီ ကန်တော့နေသည်။ ထိုအခြင်းအရာကို မြင်သော မဟာနာမ်သည် ၀မ်းသာလွန်းသဖြင့် ဥဒါန်းကျူးရင့်သည်၊ “ဘ၀ိဿန္တိ ၀ဇ္ဇီ၊ ဘ၀ိဿန္တိ ၀ဇ္ဇီ- ၀ဇ္ဇီမင်းသားတို့သည် ကြီးပွား ချမ်းသာကြလိမ့်ဦးမည်”ဟုသတည်း။
လိစ္ဆ၀ိမင်းသားများနှင့် ဟိရီ-သြတ္တပ္ပ
မင်းသားတွေ ဘုရားရှင်လဲ မြင်လိုက်ရော ဘုရားရှင်ကို အထူးမြတ်ဆုံး အလေးထားရဆုံးပုဂ္ဂိုလ်ဟု သိထားဖြင့် ပါလာတဲ့ လေးတွေ မြှားတွေ ဒုတ်တွေ ဓားတွေ လက်နက်တွေ အားလုံး ဘုရားရှင် မြင်မှာကို စိုးရိမ်သည်၊ ဘုရားကဲ့ရဲ့မှာကို ကြောက်သည်။ ဘုရားရှင်သည် မိမိတို့အဖြစ်ကို မြင်တွေ့မှာကို ရှက်သည်။ ဤသည်ပင် မင်းသားများ၏ ဟိရီနှင့် သြတ္တပ္ပပင်ဖြစ်သည်။ မိမိကိုယ်ကို အလေးထား ရိုသေခြင်းသည် ဟိရီမည်သည်၊ ဟိရီ တရားရှိသူတိုင်း မိမိကိုယ်ကိုယ် ရိုသေ လေးစားကြသည်၊ မိမိကိုယ်ကို လေးစားသူတိုင်း မကောင်းမှုကို မပြုကြ။ သြတ္တပ္ပ၏ သဘောသည် သူတော်တွေ ငြိုငြင်မှာ ကဲ့ရဲ့မှာ အပြစ်တင် ဝေဖန်မှာကို ကြောက်ခြင်းဖြစ်ရကား သူတပါးကို လေးစားခြင်း ရိုသေခြင်းဖြစ်သည်။ သူတပါးကို လေးစားသူတိုင်း မကောင်းမှုလုပ်ရမှာကို ကြောက်ကြသည်၊ သူတော်ကောင်းတွေရဲ့ ပြစ်တင်မှာကို ကြောက်ကြသည်။ ကိုယ့်ကိုယ်ကိုလဲ မလေးစား၊ သူတပါးကိုလဲ မရိုသေသူတို့သည် လောကကြီးမှာ ဖြစ်ချင်တာဖြစ်ဆိုပြီး နေတတ်ကြသည်၊ မည်သည့်ပတ်ဝန်းကျင်ကိုမှ အလေးထားစရာမလိုဟု ယူဆကာ ဖြစ်ချင်တိုင်း ဖြစ်နေကြသည်မှာ ဟိရီနှင့်သြတ္တပ္ပ ဟုသော လောကပါလ တရား နှစ်ပါး ပျေက်ကွယ်နေခြင်းကြောင့် ဖြစ်သည်။

သူတော်ကောင်းတရား ၇ ပါး
ဟိရီနှင့်သြတ္တပ္ပသည် သူတော်ကောင်းတရား ၇ ပါးထဲက ၂ ပါးဖြစ်သည်။ “သဒ္ဓါ သတိ ဟိရိ သြတ္တ ၀ီရိယ နှင့် သုတ ပညာ ၇ နှစ်ဖြာ သဒ္ဓမ္မဟုပြ” လိစ္ဆ၀ိမင်းသားတွေ ၀ါသနာအရ တောလိုက်မုဆိုး လုပ်ပေမဲ့ ပင်ကိုယ်က ဟိရီနှင့်သြတ္တပ္ပ သူတော်ကောင်းတရား ရှိနေသောကြောင့် ဘုရားနှင့်တွေ့သော် ရှက်ကြသည်၊ ကြောက်ကြသည်။ ဟိရီ သြတ္တပ္ပရှိသူတိုင်း မကောင်းမှုမှ ရှက်ကြ ကြောက်ကြသည်၊ သူတော်ကောင်းများ ဖြစ်ကြသည်။

တခါက ဘုရင်ကိုးကွယ်ခံ ကျောင်းဘုန်းကြီးတစ်ပါး ၀ါသနာ အထုံအရ အင်းဘေးမှာ ထိုင်ပြီး ငါးမျှားနေလေ့ရှိသတဲ့။ တနေ့တော့ ဘုရင်ကြီးက သူ့တပည့်တွေကို ဆရာတော်ဆီ နေ့ဆွမ်းအတွက် ဆွမ်းအုပ် သွားပို့ခိုင်းလိုက်တယ်၊ တပည့်တွေကလဲ ဆရာတော်ကြီး ရှိရာ စုံစမ်းသွားတော့ ငါးမျှားနေတာကို တွေ့တော့ ကြည်ညိုတဲ့ စိတ်တွေ ပျောက်ပြီး ဆွမ်းအုပ်လဲ မကပ်ဘဲ ပြန်လာခဲ့ကြတယ်၊ နန်းတော်ရောက်တော့ ဘုရင်ကြီးကို အကြောင်းစုံလျှောက်ထားတယ်၊ ဘုရင်ကြီးကလဲ သူတို့ပြောတဲ့အတိုင်း ဟုတ်မဟုတ် သေချာချင်တော့ ကိုယ်တိုင်သွားစုံစမ်းတယ်၊ ဘုန်းကြီးလဲ သူ့ကို ကိုးကွယ်တဲ့ ဘုရင်ကြီးကိုလဲ မြင်ရော ငါးမျှားတံတို့ ငါးအစာတို့ကို တနေရာကို ဖွက်ထားသတဲ့၊ ဒါကို ဘုရင်ကြီးက မြင်သွားတော့ “အော်--သူမှာ ၀ါသနာပါလို့သာ ငါးမျှားဟန်တူတယ်၊ ဒါပေမဲ့ ဟိရီ သြတ္တပ္ပတော့ ရှိနေသေးသားပဲ၊ သူတော်ကောင်းတရား သူ့သန္တာန်မှာ ရှိနေတာပဲ” ဟု တွေးပြီး ပိုကြည်ညိုသတဲ့။

မြတ်ဗုဒ္ဓဟောသော ကြီးပွားရေးလမ်းစဉ်
ဒီလိုနဲ့ မဟာနာမ်က ဥဒါန်းကြူးရခြင်းအကြောင်းကို မြတ်ဗုဒ္ဓအား လျှောက်ထားသည်၊ “ဒီလိစ္ဆ၀ိမင်းသားတွေဟာ အလွန်ဆိုးသွမ်းပါတယ်ဘုရား၊ အပြောအဆို အမူအရာ အားလုံး ရိုင်းစိုင်း ကြမ်းတမ်းကြပါတယ်ဘုရား၊ ဘုရင့်အတွက် တိုင်းတစ်ပါး၊ မြို့ရွာ၊ မိတ်ဆွေတွေဆီက ပို့လိုက်သော လက်ဆောင်တွေကို လမ်းကနေ ဖြတ်လုလေ့ရှိပါတယ်ဘုရား၊ မိန်းကလေးတွေ နောက်ကလိုက်ပြီး စတယ် နောက်ပြောင်လေ့ရှိပါတယ်ဘုရား၊ ဒီလောက် ဆိုးသွမ်းတဲ့ မင်းသားတွေ မြတ်ဗုဒ္ဓကို မြင်တော့ ရှက်ရကောင်းမှန်းသိကြတယ်၊ ကြောက်ရကောင်းမှန်းလဲ သိကြတယ်ဘုရား၊ တပည့်တော် အံ့သြလွန်းလို့ ဒီလို ဆိုမိတာပါဘုရား”ဟု လျှောက်တော့ ဘုရားရှင်က လူ့လောကအတွက် ကြီးပွားရေးလမ်းစဉ် ၅ ခုကို ဆက်ပြီး ဟောပြလိုက်သည်။

ကြီးပွားရေးလမ်းစဉ် (၅)
(၁) မာတာပိတရော သက္ကရောတိ- တရားသဖြင့် ကိုယ့်လုလ္လဖြင့် ရအပ်သော ပစ္စည်းတို့ဖြင့် မိဘကို ပြုစု ထောက်ပံ့ခြင်း။ မိဘကို လုပ်ကျွေးသော သားအလိမ္မာ သမီးအလိမ္မာလေးတွေကို မိဘတွေက ကောင်းသော စိတ်၊ ကရုဏာစိတ်တို့ဖြင့် “ငါ့သား ငါ့သမီး အသက်ရှည်ပါစေ၊ ဘုန်းကြီးပါစေ” လို့ ဆိုပြီး စောင့်ရှောက်ကြသည်။ မိဘချစ်ခင်မှုကို ရသော၊ မိဘမေတ္တာကို ရရှိသော သား သမီးသည် ဘယ်တော့မှ ဆင်းဒုက္ခနှင့်မတွေ့ရ၊ ကောင်းကျိုးမင်္ဂလာတွေနဲ့ပဲ တွေ့ရမှာ ဖြစ်သည်။
တခါတရံ ပြောမရ ဆိုမရတဲ့ သားကို ကရုဏာဒေါသောဖြင့် စိတ်ဆိုးမာန်ဆိုးနဲ့ “လမ်းမှာ ကျွဲရိုင်းမကြီးနဲ့ တွေ့ပါစေ”လို့ ကျိန်ပြောလိုက်မိသည်။ တကယ်ပဲ အမေက ကျိန်ပြောလိုက်သလိုပဲ ကျွဲမကြီးက သူ့ကို ခွေ့သက်တော့မည့်ဟန်ဖြင့် တည့်တည့်မည့်မည့် လာနေသည်ကို မြင်တော့ ကြောက်ဒူးတွေတုန်နေသည်။ သားဖြစ်သူက “ငါ့အမေ ပါးစပ်က ထွက်လာတဲ့စကားသည် ရင်ထဲက တကယ်မဟုတ်၊ ငါ့အမေရဲ့ ရင်ထဲက စကားသည် ငါ့ကို သေစေချင်တဲ့ဆန္ဒ လုံးဝမရှိ၊ ဤမှန်ကန်သော သစ္စာစကားကြောင့် ကျွဲမကြီး ငါ့အနားက ထွက်ခွါသွားပါစေ” ဟု သစ္စာဆိုလိုက်သောအခါ ခွေ့သက်ရန်လာသော ကျွဲမကြီး သူအနီးအနားရောက်မှ လမ်းကြောင်းလွဲထွက်သွားသည်။

မိဘများသည် သားသမီးအပေါ် ဗြဟ္မာလိုတမျိုး မိဘလိုတမျိုး ဆရာလိုတမျိုး စောင့်ရှောက်တတ်သောကြောင့် သားသမီးတွေရဲ့ အပူဇော်ထူးကို ခံထိုက်သူများ ဖြစ်ကြသည်။ ထို့ကြောင့် မိဘများသည် လောကမှာ အလေးထား ပူဇော်သင့်သူများ ဖြစ်ကြသည်။ နောက် ကြီးပွားကြောင်းတစ်ခုကတော့ မိဘအပြင် သား မယား၊ အလုပ်သမားများပင်ဖြစ်သည်။

(၂) ပုတ္တဒါရဒါသကမ္မကရပေါရိသေ သက္ကရောတိ- သား၊ မယား၊ ကျွန်၊ အလုပ်သမားများကို ချီးမြောက်ခြင်း၊ ပေးကမ်းခြင်း။ မိသားစုတစ်စု၏ ဦးစီးတစ်ယောက်သည် သား မယားကို ပြုစုရမည်၊ ပေးကမ်း ချီးမြင့်ရမည်၊ အလုပ်ရှင်သည် အလုပ်သမား၊ အိမ်အကူ စသော ကိုယ့်အောက် ငယ်သားတွေကို ချီမြောက်ရမည်၊ ပေးကမ်းရမည်၊ အလေးထားရမည်။ ထို့အတူ တိုင်းပြည်ခေါင်းဆောင်၊ မြို့၊ ရပ်ရွာ ခေါင်းဆောင်တို့သည် ပြည်သူပြည်သားတွေကို အလေးထားရမည်၊ ပေးကမ်းချီးမြောက်ရမည်။ အလုပ်သမား အိမ်ဖော်တွေရဲ့ မေတ္တာရရှိမှ အိမ်ရှင် အလုပ်ရှင်တို့ လုံခြုံ စိတ်ချပြီး ကြီးပွားမည် ဖြစ်သည်။ ပြည်သူပြည်သားတွေ မေတ္တာရရှိမှ ခေါင်ဆောင်းတို့သည် အလုပ်လုပ်ရတာ အဆင်ပြေသလို တိုင်းပြည်အတွက် အေးချမ်းသာယာပြီး ကြီးပွားမည် ဖြစ်သည်။ ထို့ကြောင့် ကိုယ့်အောက် ရာထူး အဆင့်အတန်း ဂုဏ်စသည် ငယ်သည် သေးသည်ဟူ၍ အထင်မသေးသင့်ဘဲ အလေးထားရမည် ဖြစ်သည်။ ကိုယ့်အောက်ငယ်သားတို့၏ မေတ္တာ ရရှိခြင်းသည်လည်း ကြီးပွားကြောင်း လမ်းစဉ် တစ်ခု ဖြစ်သည်။

(၃) ခေတ္တကမ္မန္တသာမန္တာသဗျောဟာရေ သက္ကရောတိ-လယ်ချင်းကပ် ယာချင်းကပ်၊ ခြံခြင်းကပ် စီပွားဘက်များကိုလည်း အလေးထားခြင်း ပေးကမ်းခြင်း။ လူ့အဖွဲ့အစည်း ပတ်ဝန်းကျင်နဲ့နေကြရသော လူတို့အတွက် ပတ်ဝန်းကျင်သည်လည်း အလေးထားရမည့်သူများ ဖြစ်ကြသည်။ သူတို့ကို အလေးထား မေတ္တာထား ပေးကမ်းချီမြောက်မှသာလျှင် သူတို့တတွေရဲ့ မေတ္တာရရှိမည်။ အိမ်ချင်းကပ် မိသားစု၊ လယ်ချင်း၊ ယာချင်းကပ် စီးပွားဘက်၊ မိတ်ဆွေ၊ ဒီထက် ပိုကျယ်ကျယ်ပြန့်ပြန့် တွေးသော် နိုင်ငံချင်းကပ် မိတ်ဆွေတို့ထံမှ ပေးကမ်းချီးမြောက်ခြင်းဖြင့် မေတ္တာရယူရပါသည်။ ကိုယ့်ကို မေတ္တာထားသော သူတို့သည် ကိုယ့်အကျိုးအစီးပွားကို ဘယ်တော့မှ ဖျက်ဆီးလိမ့်မည် မဟုတ်၊ ကြီးပွားရေးကိုပဲ အားပေး ထောက်ပံ့နေကြမည် ဖြစ်သည်။ ထို့ကြောင့် သူတို့တတွေ၏ မေတ္တာ ကရုဏာများ ရခြင်းသည်လည်း ကြီးပွားကြောင်းတစ်ခု ဖြစ်သည်။

(၄) ဗလိပဋိဂ္ဂါဟိကာ ဒေ၀တာ သက္ကရောတိ-ဘိုးစဉ်ဘောင်ဆက်ကထဲက စောင့်ရှောက်ပေးကြသော နတ်များကို ပူဇော်ခြင်း။ လောကပတ်ဝန်းကျင်ဆိုတဲ့ နေရာမှာ သာမန်လူသားတွေ မမြင်နိုင်တဲ့ပုဂ္ဂိုလ်တွေ၊ လူတွေနဲ့ နီးနီးစပ်စပ်ရှိတဲ့ သူတွေဆိုတာ ရှိတယ်။ တောစောင့်နတ်၊ တောင်စောင့်နတ်၊ ရုက္ခစိုး စတဲ့ နတ်တွေဆိုတာ ရှိပါတယ်၊ ယနေ့ခေတ် မြန်မာတချို့ယုံကြည်တဲ့ မနဲလေး၊ အမေဂျမ်း၊ ကိုကြီးကျော်၊ ဘိုးမင်းခေါင်စတဲ့ ပုဂ္ဂိုလ်မျိုးတွေ နတ်မျိုးတွေကို ဆိုလိုသည်မဟုတ်။ တကယ်ရှိနေတဲ့ ဘိုးစဉ်ဘောင်ဆက်ကထဲက ကိုယ့်ကို စောင့်ရှောက်နေတဲ့ လူသားတွေနဲ့ ဆက်စပ်မှုရှိတဲ့ နတ်တွေကို ဆိုလိုပါသည်။ တကယ်တော့ ထိုနတ်တွေဆိုတာလဲ တမလွန်ရောက် မိမိတို့ရဲ့ ဆွေတော်မျိုးတော်များဖြစ်ကြသည်။ သူတို့ကို ပူဇော်တယ်ဆိုတာလဲ ကိုယ် နေ့စဉ်ပြူသမျှကို မေတ္တာပို့ အမျှပေးဝေခြင်းပဲ ဖြစ်သည်၊ နတ်စဉ်တွေ သင်ပင်ကြီးတွေအောက် ထမင်းဟင်းတွေ ကန်တော့ပွဲထိုးပြီး ပူဇော်တာမျိုး မဟုတ်၊ ထိုပူဇော်မျိုးက အချိန်ကုန် ပိုက်ဆံကုန်တာပဲ အဖတ်တင်ပြီး နှစ်ဦးနှစ်ဖတ် ဘာမှ အကျိုးမရဘဲရှိ၏။ လူသားတွေနဲ့ နီးနီးစပ်စပ်ရှိတဲ့နတ်တွေကို ပူဇော်ခြင်းဖြင့် သူတို့တတွေရဲ့ မေတ္တာကို ရရှိမည်၊ သူတို့တတွေရဲ့မေတ္တာဖြင့် ဘေးအန္တရာယ်နဲ့ မကြုံရ၊ ကောင်းကျိုး မင်္ဂလာတွေနဲ့ပဲ တွေ့ကြုံရမည်။

စစ်ကိုင်းတောင်က ဆွမ်းခံ အမြဲကြွလေ့ရှိတဲ့ သက်တော်ရှည်ဆရာတော်ကြီး၏ ဖြစ်ရပ်မှန် တစ်ခု ကြားဖူးသည်။ ဓုတင်လဲဆောင် သီလလုံခြုံသော ဆရာတော်ကြီးက နေ့စဉ် နတ်တွေကို မေတ္တာပို့ အမျှဝေလေ့ရှိသတဲ့၊ တနေ့တော့ နေ့စဉ်ဆွမ်းခံမပျက် ဆွမ်းခံကျင့်ဝတ်ရှိတဲ့ ဆရာတော်ကြီး ခေါင်းထဲမှာ မူးသလိုလိုဖြစ်၊ ဗိုက်ထဲမှာလဲ မအီမသာဖြစ်၊ ဆွမ်းခံသွားလို့ မရလောက်အောင်ကို ဖြစ်နေသည်။ နေ့စဉ် ၇ နာရီ ဆွမ်းခံကြွလေ့ရှိသော ဆရာတော်ကြီးကို မျှော်နေသော ချောင်က သီလရှင်ဆရာကြီးများကလဲ “ပုံမှန် ဆွမ်းခံဝတ်မပျက် ကြွလေ့ရှိတဲ့ဆရာတော်ကြီး ဒီနေ့မှ ထူးထူးဆန်းဆန်း ဘာလို့ မကြွပါလိမ့်”ဟု အတွေးဝင်နေသည်။ ၉ နာရီကလဲ ထိုးနေပြီ၊ ဒီအချိန်မှ မကြွရင် ကြွမလာလောက်တော့ဘူးဟု ဆုံးဖြတ်ပြီး ဆရာတော်ကြီးအတွက် ခင်းထားလေ့ရှိသည့် နေရာထိုင်ခင်းကို ရုတ်လိုက်သည့်အခါ မြွေပွေးကြီးတစ်ကောင် ခွေနေသည်ကို တွေ့ရသည်။ အကယ်၍သာ ဆရာတော်ကြီး ကြွလာပြီး ထိုင်မိလိုက်ရင် မတွေးဝံ့စရာ။ ယခုတော့ ဆရာတော်ကြီး ကံကောင်းသွားသည်။ ဤသည်မှာ ဆရာတော်ကြီးကို ချစ်သော နတ်ဒေ၀ါတွေက ဆရာတော်ကြီးကို ကယ်လိုက်ခြင်းပဲ ဖြစည်။ ဒီလို ဖြစ်ရပ်မှန်တွေ များစွာတွေ့ရသည်၊ တချို့လဲ မိသားစုလိုက် အက်စီးဒင့်ဖြစ်ပြီး အသက်ဆုံးကြပေမဲ့ ထိုနေ့ ထိုခရီးစဉ်ကို လိုက်ချင်စိတ်မရှိလို့ ကျန်ရစ်သူ တစ်ယောက်သာ အသက်ရှင်ခွင့်ရသည့် အဖြစ်အပျက်တွေကလဲ များစွာတွေ့ကြုံနေရသည်။ မမြင်နိုင်တဲ့သူတွေရဲ့ အစောင့်ရှောက်ကို ရခြင်းသည်လည်း ကြီးပွားချမ်းသာကြောင်း လမ်းစဉ် တစ်ခုဖြစ်သည်။

(၅) သမဏဗြဟ္မဏေ သက္ကရောတိ- ရဟန်းသံဃာ သူတော်စဉ်တို့ကို ပေးကမ်း ပူဇော်ခြင်း၊ အလေးထားခြင်း။ ကိုယ့်ပတ်ဝန်းကျင်တွင် အလေးထားရဆုံး သူတော်စဉ်များကို ရိုသေ ဦးတိုက်ခြင်း၊ ပူဇော်ခြင်းအလေ့ရှိသူတို့ကို ထိုရဟန်းသံဃာ သူတော်စဉ်များက မေတ္တာပို့ ကရုဏာပွားခြင်းတို့ဖြင့် စောင့်ရှောက်ကြသည်။ သူတော်ကောင်းတွေရဲ့ မေတ္တာ ရရှိသူတို့သည် ဘယ်တော့ ဆင်းရဲဒုက္ခနဲ့ မတွေ့ရ၊ မကြုံရ၊ ကောင်းကျိုးချမ်းသာ မင်္ဂလာများဖြင့်သာ ဆုံကြရ ကြုံကြရမှာ ဖြစ်သည်။ ရဟန်းသံဃာ သူတော်စဉ်တို့သည်လည်း လူ့အဖွဲ့အစည်းကြီးထဲက အလေးထားရဆုံးအဖြစ် ပါဝင်ကြသည်၊ သူတို့ကို ပူဇော်ခြင်းသည်လည်း ကြီးပွားကြောင်း လမ်းစဉ်တစ်ခု ဖြစ်သည်။

အဆုံးသက်စကား
ဤ ကြီးပွားကြောင်းလမ်းစဉ် ၅ ခုကို ခြုံကြည့်လိုက်လျှင် အားလုံးသည် လူ့အဖွဲ့အစည်း၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ်နဲ့ နီးနီးစပ်စပ် နေသူများဖြစ်ကြသော (၁)မိဘကို (၂) သားမယား၊ အလုပ်သမား၊ အိမ်အကူ စသည်များ၊ (၃) အိမ်ချင်းကပ်၊ ခြံချင်းကပ်၊ ယာချင်းကပ် စီးပွာဘက်နှင့် မိတ်ဆွေများ၊ (၄) မိရိုးဖလာ ဆွေးစဉ်မျိုးဆက်ကထဲက အစောင့်အရှောက်နတ် ဆွေတော်မျိုးတော်နတ်များနှင့် (၅) ရဟန်းသံဃာ သူတော်စင်များကို ပေးကမ်းခြင်း၊ ချီမြောက်ခြင်းတို့ပဲ ဖြစ်သည်။ ပေးကမ်းသော လက်ကို မည်သူမျှ ရန်မမူ၊ ပေးကမ်းသော လက်ကို လူမျိုးစုံ အရွယ်မျိုးစုံ စရိုက်မျိုးစုံက လက်ကမ်းကြိုဆိုကြမည် ဖြစ်သည်။ ထို့ကြောင့် ပေးကမ်းခြင်းဖြင့် မေတ္တာကို ရရှိနိုင်သည်။

ထိုသူအားလုံးရဲ့ မေတ္တာကို ရရှိသော သူ၊ နိုင်ငံ၊ ပြည်၊ တိုင်း၊ မြို့၊ ရပ်ရွာတို့သည် ဘယ်သောအခါမှ ဆင်းရဲခြင်းမျိုးနှင့် မဆုံရ မကြုံရဘဲ ကောင်းကျိုးမင်္ဂလာများနှင့်သာ ဆုံရ ကြုံရမည်။
“ယဿ ကဿစိ၊ မဟာနာမ၊ ကုလပုတ္တဿ ဣမေ ပဉ္စဓမ္မာ သံဝိဇ္ဇန္တိ----ယဒိ ၀ါ ရညော (ပ) ဂါမ ဂါမဏိကဿ ၀ါ၊ ယဒိ ၀ါ ပူဂဂါမဏိကဿ၊ ယေ ၀ါ ပန ကုလေသု ပစ္စေကာဓိပစ္စံ ကာရေန္တိ၊ ၀ုဒ္ဓိယေ၀ ပါဋိကင်္ခါ၊ နော ပရိဟာနိ”
“မဟာနမ်-- ဤကြီးပွားကြောင်း လမ်းစဉ်ကို လိုက်နာ ပြုကျင့်အားထုတ်တဲ့ပုဂ္ဂိုလ်သည် တိုင်းပြည်မင်းလုပ် ဘုရင်ပဲ ဖြစ်ဖြစ်၊ အမတ်ပဲဖြစ်ဖြစ်၊ ၀န်ကြီးပဲ ဖြစ်ဖြစ်၊ စစ်သေနာပတိပဲဖြစ်ဖြစ်၊ ရွာသူကြီးပဲ ဖြစ်ဖြစ်၊ ပြည်သူ ပြည်သားတွေပဲ ဖြစ်ဖြစ်၊ ရွာသူရွာသားတွေပဲ ဖြစ်ဖြစ် ကြီးပွားချမ်းသာကြမည်၊ ဘယ်တော့မှ ဆုတ်ယုတ်ခြင်း ဆင်းရဲခြင်းမျိုးနဲ့ မကြုံဘူး”ဟု ဘုရားက နိဂုံးအနေနဲ့ မဟာနာမ်အမှူးကြီးသော လိစ္ဆ၀ိမင်းသားတွေကို ဟောခဲ့သည်။

ဒါ့ကြောင့် အားလုံး-- လိဇ္ဇ၀ီမင်းသားများအား ဟောကြားတဲ့ ကြီးပွားကြောင်းလမ်းစဉ်တရားကို နာကြားရပြီး မိမိတို့တတွေလဲ ကြီးပွားရာ ကြီးပွားကြောင်းများကို ကိုယ်စီ အားထုတ်နိုင်သော အမျိုးကောင်းသားများ အမျိုးကောင်းသမီးများ ဖြစ်ကြပါစေကုန်သတည်း-- ဤကဲ့သို့ ပြုလုပ်အားထုတ်သွားကြသော ရှေးရှေးသော သူတော်ကောင်းတို့ ရအပ် ရောက်အပ်သော သိမြင်အပ်သော အသင်္ခတ နိဗ္ဗာန်ကို လျှင်မြန်စောစွာ ရကြရာ ရောက်ကြရာပါစေကုန်သောဟူ၍ ပဋ္ဌနာအောင်ဆု ပြုလိုက်ကြကုန်ရာ သတည်းးးးးးး
သာဓု သာဓု သာဓု

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၁၄-၄-၂၀၁၂

14 April 2012

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပညာသင်နှစ်အတွက် ကြေငြာ


သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
(စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်)
၂၀၁၂-၂၀၁၃ ပညာသင်နှစ် ကြေငြာချက် (၀၅/၂၀၁၂)
ကျောင်းသားအသစ်များ လျှောက်လွှာ ခေါ်ယူခြင်း
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်) ၂၀၁၂-၂၀၁၃ ခု ပညာသင်နှင်တွင် ပညာဆည်းပူးလိုသူများသည် M.A တန်း၊ B.A တန်းနှင့် Diploma တန်းများအတွက် လျှောက်လွှာ (Form) ပုံစံများကို ၁၃၇၄ ခုနှစ် တန်ခူးလပြည့်ကျော် ၁၁ ရက်၊ (၁၇-၀၄-၂၀၁၂) မှ ၁၃၇၄ ခုနှစ် နယုန်လဆန်း ၁၁ ရက် (၃၁-၀၅-၂၀၁၂) အထိ သတ်မှတ်ထားသည့် ရက်အတွင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်)များရှိ မော်ကွန်းထိန်းရုံးခန်း (သို့မဟုတ်) ပညာရေးဌာနရုံးခန်းများတွင် လာရောက် ထုတ်ယူခြင်း ပြန်လည်တင်သွင်းခြင်း ပြုလုပ်နိုင်ပါပြီ ဖြစ်ကြောင်း ကြေငြာအပ်ပါသည်။

ကျောင်းဖွင့်ရက်နှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)၌ အဆောင်နေခွင့် စာမေးပွဲရက်၊ ပြည့်စုံရမည့်တက္ကသိုလ်ဝင်ခွင့် စည်းကမ်းများကို သက်ဆိုင်ရာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၌ ကြေငြာထားပါသည် သိလိုသော အကြောင်းအရာများကို အောက်ပါ ဖုန်းနံပါတ်များတွင် ဆက်သွယ် စုံးစမ်းနိုင်ပါသည်

ဖုန်းနံပါတ်များ
၀၇၂-၂၁၆၁၁ (စစ်ကိုင်း)
၀၇၂-၂၂၁၆၅ (စစ်ကိုင်း)
၀၂-၇၅၂၇၈ (မန္တလေး)
၀၁-၅၈၁၇၇၇ (ရန်ကုန်)
၀၁-၅၈၁၉၉၉ (ရန်ကုန်)

ဒေါက်တာ အရှင်ကုမာရ
သင်ကြားစီမံအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
စစ်ကိုင်း
(အသေးစိတ်ကြေငြာဇယား)
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဖေ့ဘုတ်မှာ ကူးယူဖော်ပြပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၄-၄-၂၀၁၂

08 April 2012

သီတဂူဓမ္မဒူတခရီး (ဘုံဘေ)

သီတဂူဓမ္မဒူတခရီး (ဘုံဘေ)

စာမိတ်ဆက်
သီတဂူဆရာတော်ကြီးသည် အိန္ဒိယပြည်ကြီးကို နှစ်စဉ်လာလေ့ရှိသည်၊ တခါတရံ တနှစ်တည်း ၂ ကြိမ် ၃ ကြိမ်တောင် လာတတ်သည်။ အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ရှေးဟောင်းဌာနအသင်းအဖွဲ့များက ပင့်၍ကြွတတ်သလို အိန္ဒိယပြည်ရှိ တက္ကသိုလ်အသီးအသီးတွင် ပညာသင်ကြားနေကြသော မြန်မာရဟန်းတော်များကို နှစ်စဉ်နီးပါး ပညာရေးအလှူတော်များအတွက် ကြွလာတတ်သည်။ နှစ်စဉ် သီတဂူကျောင်းဒကာ ကျောင်းအမများနှင့် သီတဂူသာသနာပြုလုပ်ငန်းတွင် များစွာကျေးဇူးရှိသူများ၊ တပည့်သီတဂူကျောင်းသားများကို အိန္ဒိယနိုင်ငံရှိ ရှေးဟောင်းအနုပညာဌာနများ၊ ပြတိုက်များ၊ ဘုရားရှင်ရောက်ခဲ့ရာ နေရာများ၊ ဘုရားရှင်၏ ဖွား-ပွင့်-ဟော-စံ လေးဌာန စသော နေရာများကို အပင်ပန်းခံ ပို့ပေးလေ့ရှိသည်။ ထိုသို့သောအကြောင်းကြောင့် ကမ္ဘာမှာ စာပေနှင့်အနုပညာ ထွန်းကားဆုံးဖြစ်ရာ အိန္ဒိယပြည်သို့ ကြွခြင်းပဲ ဖြစ်သည်။
(ရတနာဂီရိ သီပေါမင်းစံအိမ်နောက်ခံလျှက်- ဓာတ်ပုံ သီတဂူစတား)
ဘုံဘေ (မွမ်ဘိုင်း) ရောက်
၂၈-၃-၂၀၁၂ နေ့ည သီတဂူဆရာတော်ကြီးနှင့်အဖွဲ့ ရောက်မည်ဟု သတင်းရရှိသဖြင့် ဆရာတော်ကြီး ဆန္ဒအရ ဘုံဘေမြို့ နာမည်ကြီးနေရာဖြစ်တဲ့ ပင်လယ်ကမ်းခြေ (Marine Drive) ရှိ Intercontinental Hotel မှာ ကြိုတင် ဘုတ်ကင်လုပ်ရသည်။ အိန္ဒိယနိုင်ငံမှာ ဗုဒ္ဓဂယာတစ်ဝိုက်ကလွဲရင် ဘုန်းကြီးကျောင်းမရှိ၊ ဟိုတယ်နှင့် တည်းခိုခန်းတွေမှာပဲ တည်းခိုရသည်။ တချို့က ပြည်ပမထွက်ဖူးသေးတော့ တခြားနိုင်ငံတွေလဲ ကိုယ့်နိုင်ငံလိုပဲ အောင့်မေ့တတ်သည်။ တစ်နေ့က စာရေးသူ၏ အသိတစ်ယောက်လည်း သူ့ဒကာမတွေနဲ့ ဘုံဘေ (မွမ်ဘိုင်း)ကို လာချင်သည်၊ ဒကာမတွေက ဟိုတယ်မှာ မတည်းချင်ဘူး ဘုန်းကြီးကျောင်းမှာပဲ တည်းချင်ပါသည်တဲ့။ အရှင်ဘုရား ဘုန်းကြီးကျောင်းတို့ ရိပ်သာတို့ ဘုရားတို့မှာ တည်းခိုချင်ရင် ဘုံဘေ (မွမ်ဘိုင်း)ကို မလာပါနဲ့ ကိုယ့်မြန်မာပြည်မှာပဲ အေးအေးဆေးဆေး နေပေတော့လို့ လို့ပဲ ပြောလိုက်ရသည်။

ဆရာတော်ကြီးသည် ရောက်လေရာအရပ်တိုင်း များသောအားဖြင့် ဟိုတယ်မှာ တည်းလေ့ရှိသည်။ ဘုန်းကြီးကျောင်းတည်းသည့်အခါ ကျောင်းနေသံဃာများအတွက် တာဝန်ကြီးတစ်ခု ဖြစ်နေမှာကိုလဲ ငဲ့သည်၊ တချို့က ဆရာတော်ကြီး ဟိုတည်မှာ တည်းခိုတာကိုပဲ အမြင်တမျိုးမြင်တတ်သည်၊ တကယ်တော့ ဟိုတယ်မှာ တည်းခိုခြင်းကြောင့် သူများကို အလုပ်မရှုပ်စေတဲ့အပြင် နေစရာ၊ အိပ်စရာ၊ စာရေးစားပွဲ စသည်များနှင့် ရေချိုးခန်း၊ အိမ်သာများသည် အသက်အရွယ်ကြီးသော ဆရာတော်အတွက် သက်သောင့်သက်သာ ဖြစ်စေသည်။ သန့်ရှင်း သပ်ရပ်မှုကို နှစ်သက်သော ဆရာတော်အတွက် ဟိုတယ်သည် အသင့်တော်ဆုံးဟု ထင်သည်၊ မြန်မာပြည် တချို့နေရာတွေမှာ ဆရာတော် တရားဟောကြွလာရင် သက်သောင့်သက်သာ သီတင်းသုံးရန် စံကျောင်းဆောက်လုပ် လှူဒါန်းထားသည်ကိုလဲ တွေ့ရတတ်သည်။ ထိုကဲ့သို့သော နေရာ အဆင်သင့် သီးသန့်ရှိထားရင်တော့ ထိုနေရာမှာပဲ သီတင်းသုံးလေ့ရှိသည်။
(ဘုံဘေမြို့အလည်က နာမည်ကြီး အမျိုးသားဥယျာဉ် အမှတ်တရ)

မွမ်ဘိုင်း (ဘုံဘေ)ကို ကြွလာသော ဆရာတော့်အတွက် Five-Star ဟိုတယ်ကို ရှာရသည်၊ ယခုအချိန် (April, March, May, June) ဧည့်သည်ပါးချိန် ဖြစ်သဖြင့် အခန်းခ တစ်ဝက်နီးပါး သက်သာသည်၊ သက်သာသည့် အချိန်သည်ပင် ဟိုတယ် တစ်ခန်း တစ်ည အမေရိကန် ဒေါ်လာ အောက်ထစ်ဆုံး ၂၀၀ မှ ၄၀၀-၅၀၀- ရှိနေသည်။ ဆရာတော်အပါဝင် လူ ၄၅ ယောက်စာအတွက် ၃ည တည်းရန် အခန်း ၂၃ ခု ငှါးခဲ့သည်။ ဆရာတော်ကြီးအတွက် သီးသန့် တစ်ခန်း ငှါးသည်။ အခန်းများသည်လည်း တန်ဖိုးအနဲအများ အားလျှော်စွာ ပင်လယ်ဘက်မျက်နှာမူသည့် အခန်း၊ ပင်လယ်ကို တစ်ဝက်သာ မြင်ရသည့်အခန်း၊ ပင်လယ်ကို လုံးဝမမြင်ရဘဲ နောက်ကျောအခန်း ဟူ၍ ဖြစ်သည်။ Five-Star အဆင့်အားလျှော်စွာ ၀န်ဆောင်မှု၊ အခန်းပြင်ဆင်မှုနှင့် နည်းပညာများသည် အရမ်းခေတ်မီပါသည်။ စာရေးသူတို့အတွက် ကိုယ့်ဘာသာကိုယ် ထိုအခန်းမျိုး မတည်းနိုင်၊ ဆင်ဖြူတော်မှီ၍ ကြံစုပ်ရသည့် အခြေအနေပင်။

တကယ်တော့ ဆရာတော်ကြီးက ၂၈ ရက်နေ့ အဖွဲ့နဲ့ ပါမလာဘဲ ၂၉ ရက်နေ့မှ အမေရိကကနေ ကြွလာရသည်။ ၂၈ ရက်နေ့မှာတော့ ဆရာတော်ကြီး၏ တပည့် ဒကာဒကာမများကိုသာ လေဆိပ်သွားကြိုပြီး ဟိုတယ်မှာ နေရာချ၊ လေဆိပ်နှင့် ဟိုတယ်သည် ဘုံဘေမြို့၏ ရှေ့ထိပ်နှင့် နောက်ထိပ်ဖြစ်သဖြင့် အတော်ဝေးသည်။ နောက်နေ့မနက်ပိုင်း ဘုံဘေကမ်းခြေ၊ အမျိုးသား ဥယျာဉ်နှင့် ဆရာကြီးဂိုအင်ကာ တည်ထားသည် ပုံတူ ရွှေတိဂုံဘုရားကြီးသွားရောက်ဖူးကြသည်၊ အပြန် ညနေပိုင်း ဈေးဝယ်ထွက်ကြသည်၊ ညပိုင်း- အမေရိကမှ ကြွလာမည့် ဆရာတော်ကြီးကို လေဆိပ်သွားကြိုသည်။
(ဒကာဦးကျော်ဆွေ+ဒကာမဒေါ်သန်းသန်းဌေး သမီး မယဉ်သူဇာကျော်တို့ ဆရာတော်အား လှူဖွယ်များ ဆက်ကပ်စဉ်)

ဘုံဘေနိုင်ငံတကာ လေဆိပ် ရောက်
၂၉-၃-၂၀၁၂ ရက်နေ့ည ဘုံဘေနိုင်ငံတကာ လေဆိပ်သို့ ဆရာတော်ကြီး ရောက်လာပါပြီ၊ ဆရာတော်ကြီးအား ဖူးမျှော်ရန် နိုင်ငံခြားသူ မစ်စ် ၀မ်မို (Mrs Wanmoe) လဲရောက်လာသည်၊ သူမသည် ဆရာတော်ကြီးအား လေဆိပ်မှာ ကြိုရန် စာရေးသူအား ကြိုတင်ဖုန်းဆက်ထားသည်၊ ဆရာတော်ကြီးကို လျှောက်ချင်တာ လျှောက်ဖို့ ကြိုတင် မိတ်ဆက်ပေးရန်ကိုလည်း စာရေးသူကို ပြောထားသည်။ ဆရာတော်ကြီးနဲ့ သီးသန့်တွေ့ရန်အတွက်သာ ဘုံဘေကို လာကြောင်းလဲ ပြောသည်။ ဒါပေမဲ့ စာရေးသူတောင် မိတ်ဆက်ပေးစရာမလိုပဲ အဆင်ပြေသွားသည်။ သူမကို အိန္ဒိယပြည်ရှိ ဗာရာဏသီ၊ နာလန္ဒ ဂယာ တက္ကသိုလ်ကျောင်းသားများ သိကြသည်၊ စာရေးသူတောင် မနှစ်က မဟာဗောဓိပင်အောက် တိပိဋက ရွတ်ဖတ်ပူဇော်ပွဲမှာ တွေ့ရလို့ သိခဲ့ရသည်၊ ထိုပွဲကို သူကစပြီး စပွန်ဆာပေးကာ ကျင်းပခဲ့သည်။
နောက် ဆရာတော်ကြီးကို ဖူးမျှော်ရန်ရောက်လာသူကတော့ ဒကာဦးကျော်ဆွေ+ဒကာမ ဒေါ်သန်းသန်းဌေး သမီး မယဉ်သူဇာကျော်တို့ပဲ ဖြစ်သည်။ သူတို့မိသားစုက ဘုံဘေမှ လေယာဉ်အင်ဂျီနီယာ မိသားစုဖြစ်သည်။ သာသနာကို အလွန်ယုံကြည်သော ဥပါသကာ ဥပါသိကာများ ဖြစ်ကြသည်။ စာရေးသူတို့ ဘုံဘေတက္ကသိုလ်များရှိ Ph.D ကျောင်းသားများအား တစ်လ နှစ်ကြိမ် ဆွမ်းကပ်လေ့ရှိသည်၊ မွေးနေ့ကဲ့သို့သော အခါအားလျော်စွာ အထူးအဖြစ် ပစ္စည်း ၄ပါးအတွက် န၀ကမ္မပါ လှူလေ့ရှိသည်။ ထိုမိသားစုသည် ယခု ဆရာတော်ကြီးအား ဖူးမျှော်ရန် ရောက်လာသည်၊ စာရေးသူလဲ လေဆိပ်အပေါက်မှာပဲ မိတ်ဆက်ပေးလိုက်သည်။ ဟိုတယ်အထိ ဆရာတော်ကြီးအား အလှူပစ္စည်းလှူရန် လိုက်လာသည်။ အလှူခံပေးရန်အတွက် ဆရာတော်ကြီးအား လျှောက်ထားလိုက်သောအခါ ဆရာတော်ကြီးက လက်ခံသည်။ စကားပြောသည်။ အသီးအနှံများ၊ အဖျော်ရည်များ၊ အမေရိကန်ဒေါ်လာ ၁ ထောင်နဲ့ ညီမျှသော ရူပီး ၅ သောင်းလှူသည်။ သူတို့လှူလိုက်သော အဖျော်ရည်၊ စနှိုးတာဝါ၊ အသီးအနှံတို့သည် အလွန်ဝေးသော ရတနာဂိရိသို့သွားသောအခါ ပူပြင်းသောရာသီဥတုအတွက် အလွန့်အလွန်ကို အသုံးတည့်သွားသည့်၊ ကာလဒါနဖြစ်သွားသည်။ လိုအပ်တဲ့အချိန် လိုအပ်သော ပစ္စည်းအလှူသည် ကာလဒါနဖြစ်သည်။ ဆရာတော်လဲ အလွန်ပင်ပန်းနေပုံရသည့်အတွက် အခန်းအနားယူရန် ပြင်ဆင်သည်။ ဒကာကြီးတို့ မိသားစုလဲ ကန်တော့ပြီး ပြန်သွားကြသည်။ ဆရာတော်လဲ အခန်းထဲရောက်ပြီး သင်္ကန်းများလဲအပြီးအမှာ အနားယူရင် စကားပြောဖြစ်သည်။ ဟိုတယ်စရိတ်၊ ကားခစသည်များအတွက် ပြင်ဆင်ရင်း ဒကာကြီး ဦးကျော်ဆွေတို့လှူလိုက်သော အလှူကိုလဲ ရေတွက်ခိုင်းပြီး သူ၏ ခရီးစရိတ်အဖြစ်သုံးရန် ပြောသည်။ ဒီဒကာတွေ အကြောင်း ပြန်ပြောပြသောအခါ ‘‘အေးကွ-ဟေး-မင်းတို့တတွေ ဒီလိုမိသားစုမျိုးကို ချစ်အောင် နေတတ်ရတယ်၊ ဘယ်တော့မှ မုန်းအောင် မနေနဲ့၊ ငါ့မျှက်နာလဲ အရှက်ရအောင် မလုပ်ကြနဲ့’’ ဟု ပြောကာ မင်းတို့ကော-အရှက်ရအောင် လုပ်သလားဟု မေးသည်၊ မလုပ်ပါဘုရားဟူ၍ပင် လျှောက်လိုက်သည်။
(ရတနာဂီရိ သီပေါမင်းစံအိမ်နှင့် ဆရာတပည့်များ အမှတ်တရ)

ရတနာဂီရိသို့
၃၀-၃-၂၀၁၂ ရက်နေ့က ဆရာတော်ကြီး ခေါင်းဆောင်၍ ကားလေး ၂ စီး ၄၅ ယောက်ဆန့် ကားကြီးတစ်စီးဖြင့် သီပေါမင်း စံအိမ်ရှိရာ ရတနာဂိရိသို့ သွားခဲ့ကြသည်၊ ရတနာဂိရိသည် အလွန်ဝေးသော ခရီးဖြစ်သည့်အပြင် အကွေ့အကောက်များသော တောင်တက်လမ်းဖြစ်သည်။ ထို တစ်ညအိပ်သွားရမည့်ခရီးကို နေ့ချင်းပြန်သွားရသဖြင့် အလွန်ပင်ပန်းသည်။ ရတနာဂိရိပတ်သက်ပြီး စာရေးသူ ပထမအကြိမ် ဒကာကြီးဦးကျော်ဆွေ စပွန်ဆာဖြင့် ရောက်ခဲ့တုန်းက မှတ်တမ်းပို့စ်တစ်ခု ရေးပြီး တင်ခဲ့ဖူးသည်။ အပြည့်စုံ ထိုနေရာတွင်ဖတ်နိုင်ပါသည်။ စာရေသူတို့ အဖွဲ့ ဟိုတယ်မှာ မနက် ၇ နာရီကျော်မှ ထွက်ခဲ့သည်၊ နေ့လည်စာအတွက် ဟိုတယ်မှ ထုတ်ပေးလိုက်သော ထမင်းဟင်းများဖြင့် ကားပေါ်မှာပဲ နေ့လည်စာကို ဖြစ်သလို ပြီးလိုက်ရသည်။ စားစရာ ဇွန်းများ ပါမသွား၊ လက်ဖြင့် မစားတတ်သူအတွက် အခက်တွေ့နေသည်၊ ဦးဇင်းတစ်ပါးက ဇွန်းအတွက် ထမင်း ဟင်းဗူးအခွန်ကို ခါးက ချိုးလိုက်ပြီး ထိုဟင်းဗူးဖုံးကိုပဲ ဇွန်းအဖြစ် အသုံးပြုလိုက်ရသည်၊ ကြည့်ရတာ ပျော်စရာလဲကောင်း ရီစရာလဲ ဖြစ်သည်။ ဒကာကြီး ဦးကျော်ဆွေ+ဒကာမဒေါ်သန်းသန်းဌေးတို့ မိသားစု လှူလိုက်သော အသီးအနှံများ၊ အဖျော်ရည်ဗူးများနှင့် တာဝါများက ဒီနေရာမှာ အတော် အသုံးတည့်သွားသည်။ ထို့အတွက် ထိုမိသားစုကို အထူးကျေးဇူးတင်မိသည်။
လမ်းခရီးက အကွေ့အကောက်များလွန်းသဖြင့် တော်တော်များများက ပင်ပန်းကြသည်၊ တချို့ဆို အန်ကြသည်။ တချို့ကလဲ ဘယ်သူက ဘာလို့ သီပေါမင်းကို ဒီလောက်ဝေးတဲ့ နေရာကို ခေါ်သွားရတာလဲဟု စိတ်မသက်မသာနဲ့ ပြောသည်၊ ဒကာမတစ်ယောက်ကတော့ ဆရာတော်က ဒို့ကို ဘာလို့ ဒီလောက်အဝေးကြီးကို ခေါ်လာရလဲ မသိဘူးနော်ဟု ပြောပြန်သည်။ ဒီလိုနဲ့ပဲ သီပေါစံအိမ်ကိုရောက်သည်။ စံအိမ်ရောက်တော့ ဓာတ်ပုံတွေရိုက်ကြ၊ ဆရာတော်ကြီးက သီပေါမင်းအကြောင်းပြောကာ ပန်းသမျှ နွမ်းသမျှတွေလဲ ပျောက်သွားသည်၊ ရာသီဥတုကြောင့် အပူတွေလဲ ငြိမ်း။ ဆရာတော်ကြီးက ပရိသတ်ကို ‘‘ အားလုံး ဒီလောက်ဝေးတဲ့ ခရီးကို လိုက်လာလို့ ကျေးဇူးတင်ပါတယ်၊ ပင်ပန်းပြီး အန်ကြတဲ့ သူတွေကိုလဲ ဘုန်းကြီး တောင်းပန်ပါသည်၊ ထိုအန်ခြင်းနဲ့ပတ်သက်ပြီး ကိလေသာတွေကို အန်ချနိုင်အောင် ကြိုးစားရမှာ ဖြစ်သည်’’ဟု မိန့်သည်။ ဒီနေရာမှာ အင်္ဂလိပ်အစိုးရက သီပေါမင်းက အကျယ်ချုပ် ချုပ်ထားသည်၊ အိန္ဒိယဘုရင်ကိုတော့ ရန်ကုန်မှာ အကျယ်ချုပ်ထားသည်နှင့်ပတ်သက်ပြီး အမိန့်ရှိသည်၊ မျိုးချစ်စိတ်ဓာတ်နဲ့ ကြည့်ရင်တော့ ဘယ်တော့မှ ခွင့်လွတ်စရာ မကောင်း၊ တရားသဘောနဲ့ ကြည့်ရင်တော့ သံဝေဂ ရဖွယ် ဆိုတဲ့ အကြောင်းပါ အမိန့်ရှိသည်။ သီပေါမင်းနဲ့ ဆွေတော်မျိုးတော်တွေကို သီတဂူ၏ ပြုခဲ့သမျှသော ကောင်းမှုကုသိုလ် အစုစုတို့ကို အမျှဝေသော အခါ စိတ်ထဲမှာ တမျိုးခံစားရသည်။ ပင်ပန်းသမျှတွေလဲ ဆရာတော်ကြီး၏ ဓမ္မရေအေးဖြင့် ပြေပျောက်ကာ အပြန်ခရီးမှာတော့ လန်းလန်း၊ ပေါ့ပေါ့ပါးပါး ပြန်ခဲ့ကြသည်၊ ဘုံဘေမြို့ ဟိုတယ်သို့ နောက်နေ့မနက်စောစော ၂-၃၀မှ ပြန်ရောက်သည်။
(ဆရာကြီးဦးဂိုအင်ကာ ရိပ်သာ ဓမ္မဂီရိ အမှတ်တရ)

ဓမ္မဂိရိ (အိဂတ်ပူ) နှင့် အော်ရမ်ဂဘက် (အာဂျင်တာ-အလိုရာလှိုဏ်ဂူ)
၃၁-၃-၂၀၁၂ ရက်နေ့မှာတော့ မနက်စောစော ဟိုတယ်မှာပဲ နံနက်စာ စားပြီး အထုတ်အပိုးအားလုံး ကားပေါ်တင်။ ဟိုတယ် ၃-ညစာအတွက် အပြီးသက် ငွေးရှင်းရာ အိန္ဒိယ ရူပီး ၁၃ သိန်းကျော်သည် (ယနေ့ပေါက်ဈေး ဒေါ်လာ-၁၀၀= ရူပီး ၅၀၀၀၊ ၅၀ ဈေးနှုန်းရှိ)။ လူများတော့ အိပ်တွေ အထုပ်တွေ ကားထဲထည့်တာနဲ့ကို ၁ နာရီ အချိန်ကုန်သွားသည်၊ ၈ နာရီကျော်မှ ဟိုတယ်မှထွက်နိုင်သည်။ ဆရာကြီးဦးဂိုအင်ကာကြီး၏ ရိပ်သာသို့ နေ့လည်စာအချိန်ရောက်သည်၊ ကုလားဟင်း ကုလားထမင်းနဲ့ပဲ နေ့စာ ပြီးလိုက်ရသည်။ ရိပ်သာကြီးမှ ဆရာများ၊ မန်နေဂျာများက လိုက်လံ ရှင်းပြသည်။
ဆရာတော်ကြီးက ပါလာသည့်ဧည့်သည်များကို မိတ်ဆက်ပေးရာဝယ် စာရေးသူအတွက် အမှတ်တရဖြစ်စေသည်၊ အတုယူစရာလဲဖြစ်သည်။ ရောက်တဲ့နေရာ တွေ့တဲ့လူနဲ့ အစဉ်တည့်အောင် ပြောတတ်သည်မှာလဲ အံသြစရာပင်။ မျက်စိပါရဂူကြီး ဒေါက်တာမြအောင်နဲ့ ကမ္မဋ္ဌာန်းဆရာ (meditation master) မိတ်ဆက်ပေးရာဝယ် ‘‘ဒီဒကာကြိးက physical-eye ကိုပဲ ကြည့်နိုင်သည့်၊ စမ်းသပ်နိုင်သည့် ကုသနိုင်သည့် မျက်စိဆရာဝန်ကြီးဖြစ်သည်၊ ဘုန်းကြီးတို့ ဆရာကြီးတို့က mental-eye ကို စမ်းသပ်နိုင် ကြည့်နိုင် ကုသနိုင်တဲ့ ဥာဏ်မျက်ဆရာဝန်တွေ ဖြစ်ပါတယ်။’’ဟု မိတ်ဆက်ပေးသည်။ နောက်တစ်ယောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီး၏ အဆောက်အဦးအကြီးများကို ဖန်တီးသော ဗိသုကာဆရာကြီး Engineer ဦးစောထွေးဇော်နဲ့ မိတ်ဆက်ပေးရာဝယ် ‘‘ဒီဒကာကြီးကတော့ physical house တွေကိုပဲ construction တည်ဆောက်နိုင်တဲ့ Engineer ဖြစ်တယ်၊ ဘုန်းကြီးတို့ ဆရာကြီးတို့ကတော့ mental-house သို့မဟုတ် Wisdom House ကို တည်ဆောက်ပေးနေတဲ့ Engineer ဖြစ်တယ်’’လို့ ပြောခဲ့သည်။
ရိပ်သာအတွင်း ၂ နာရီနီးပါးလောက် နေပြီး အောရမ်ဂဘက်မြို့ရှိ အာဂျင်တာ အလိုရာ လှိုဏ်များလေ့လာဖို့ရန် ထိုမြိုပြင်ရှိ The Meawindows Hotel တွင် ည ၇ နာရီလောက် ရောက်သည်။ ဟိုတယ်သည် ဘန်ဂလိုများဖြစ်သည်။ ဟိုတယ်မှာ နေရာအသီးသီးယူပြီး ညစာ စား၊ အားလုံး ဆရာတော်ကြီးထံ သြ၀ါဒခံယူကြသည်။ ဆရာတော်ကြီးက ရောက်တဲ့နေရာတိုင်းမှာ ခရီးသွားမှတ်တမ်းရေးတတ်ကြဖို့နှင့် အသေအချာလေ့လာဖို့မိန့်သည်၊ ရောက်တဲ့နေရာတိုင်းမှာလဲ ဆရာတော်ကြီးက ထိုထိုနေရာများ၏ သမိုင်း၊ အနုပညာ၊ စာပေအကြောင်းများကို ရှင်းပြသည်။ ဆရာတော်ကြီးနဲ့အတူလိုက်ရသည့် အကျိုးများပင်ဖြစ်သည်။
(သိပ်လှပ ခန်ညားတဲ့ အလိုရာ ဗုဒ္ဓဘာသာ သုံးထပ်လှိုဏ်ဂူကြီး)

အာဂျင်တာနှင်အလိုရာ လှိုဏ်ဂူများ
၁-၄-၂၀၁၂ ရက်နေ့မှာတော့ ကမ္ဘာကျော် ပန်းချီပန်းပု ဗိသုကာ အနုပညာလက်ရာမြောက်သည့် ရှေးဟောင်းဗုဒ္ဓဘာသာ လှိုဏ်ဂူများကို သွားရောက်လေ့လာကြသည်။ ထိုဂူများအကြောင်းကို စာရေးသူ၏ ဆိုက်ထဲမှာပဲ ဒုတိမြောက်ခရီးစဉ်တွင် ခရီးသွားမှတ်တမ်းပို့စ်အဖြစ် ဖော်ပြပြီးဖြစ်သည်။ စိတ်ဝင်းစားလိုသူများ လေ့လာနိုင်သည်။ ထိုလှိုဏ်ဂူများရောက်တော့ လိုက်ပါလာသည့် ပရိသတ်လဲ အံ့ကြဘနန်းဖြစ်ရသည်။ ဤနေရာမျိုးက ရောက်ဖို့မလွယ်၊ မြန်မာပြည်သားများ အများစုက ဗုဒ္ဓဂယာ သံဝေဇနိယ ၄ ဌာနလောက်သာ ရောက်ကြသည်၊ ဤမျှလောက် အနုပညာလက်ရာမြောက်သည့်နေရာမျိုးကိုကား မရောက်ကြပေ။ အာဂျင်တာလှိုဏ်ဂူမှာပဲ နေ့လည်စာကို ဘူဘေးစနစ်မှာထားပြီး စားခဲ့ကြသည်။ ထို့နောက် အလိုရာလှိုဏ်ဂူဘက်သို့ဆက်လက် လေ့လာကြသည်၊ ထိုနေ့သည် ဧပြီလ (၁) ရက်နေ့ဖြစ်သည်။ မြန်မာပြည်သားတိုင်း ရင်ခုန်ကြသည့်နေ့ဖြစ်သည်။ အလိုရာလှိုဏ်ဂူရောက်တော့ ဒကာမတစ်ယောက်က မြန်မာပြည်ဖုန်းဆက်နေသည်၊ ရွေးကောက်ပွဲအခြေအနေကို မေးနေသည်၊ နေရာတော်တော်များများမှာ အနိုင်ရယူနိုင်ကြောင်း ကြားကြတော့ ပါလာတဲ့ပရိသတ်တွေအားလုံး မြူးပျော်နေကြသည်။ ဆရာတော်ကြီးက ရှေ့ကနေ (၇)နေ့ဘုရားရှိခိုးကို တိုင်ပေးသည်၊ အားလုံးက ညီညာစွာလိုက်ဆိုကြပြီး အမျှဝေပြီး ဓာတ်ပုံများ ရိုက်ကြသည်၊ စုပေါင်းဓာတ်ပုံများလဲ ရိုက်ကြသည်။ ဆရာတော်ကြီးနဲ့အတူ မုံရွာအဖွဲ့၊ မန္တလေးအဖွဲ့၊ လောက်ကိုင်အဖွဲ့၊ ရန်ကုန်အဖွဲ့စသည်ဖြင့် တဖွဲ့ချင်းခေါ်ပြီး ရိုက်စေသည်။ အားလုံးလေ့လာပြီးတော့ ညနေ ၅ နာရီထိုးနေပြီ၊ ဟိုတယ်ပြန်ပြီး အနားယူရန် မိန့်သဖြင့် ဟိုတယ်သို့ ပြန်လာခဲ့ကြသည်။ ဟိုတယ်ရောက် ရေမိုးချိုး အနားယူကြသည်။ နောက်နေ့မနက် အောရမ်ဂဘက်လေဆိပ်မှ ဘုံဘေ၊ ဒေလီ သို့ သွားရန် အထုတ်အပိုးများ ညကတည်းက တခါတည်း အပြီးအစီးပြင်ဆင်ပြီး ကားပေါ်တင်ထားကြရသည်။ မနက် ၅ နာရီ ခွဲ မနက်စာ ဟိုတယ်မှာပဲ စားပြီး ၆ နာရီ လေဆိပ်သို့ဆင်းကြမည်။
(အလိုရာလှိုဏ်ဂူကြီးများနှင့် ဆရာတပည့် အမှတ်တရ)
စာရေးသူတို့အဖွဲ့ ဘုံဘေသို့ပြန်
၁-၄-၂၀၁၂ စာရေးသူနှင့်သူငယ်ချင်း ၂ ပါးသည် ဟိုတယ်မှ ဘုံဘေဘက်သို့သွားသည်၊ ဆရာတော်ကြီးတို့အဖွဲ့က လေဆိပ်သို့သွားကြသည်။ အပြန်ခရီးတွင် နာဆစ်ခ်မြို့ထဲအရောက် စာရေးသူစီးသော ကားသမားက ချိန်ထားသည့်ကိစ္စရှိသဖြင့်အချိန်မှီမောင်းဟန်တူသည်၊ အလျှင်လိုနေသည်၊ တခြားကားသေးသေးလေးတစ်စီးကို ပွတ်ဆွဲမိသွားသည်၊ တခါတည်း ဘာမျှမပြောဘဲ အတင်းမောင်းပြီး ထွက်ပြေးလာသည်။ ကီလိုမီတာ ၁၄၀-၁၆၀ နှုန်းထားအထိမောင်းနေသဖြင့် စာရေးသူတို့လည်း လန့်သွားသည်၊ နောက်က လိုက်လာသည့်ကားကို တကြည့်ကြည့်နဲ့မောင်းသည်၊ မြို့ဝင် ဂိတ်ကြေး ပိုက်ဆံထုတ်ပေးတော့ လက်တွေ တုန်တုန်ရီရီ ဖြစ်နေသည်။ စကားတွေလဲ တုန်နေသည်။ စာရေးသူတို့လဲ ထိတ်လန့်သဖြင့် ခါးပတ်ကြိုးဆွဲပတ်လိုက်ရသည်။ တစ်နေရာရောက်တော့ အအေးဆိုင်ဝင်ချင်တယ် ပြောပြီး ကားသမား ရပ်ခိုင်းရသည်၊ ဖြေးဖြေးမောင်းပါ၊ အလျှင်မလိုပါနဲ့ ဟုတောင်းပန်ပြောလိုက်ရသည်။ အအေးဆိုင်နားလိုက်တာ မှန်သွားသည်၊ သူ့နောက်လိုက်လာတဲ့ ကားလဲ မျက်ခြေပျက်သွားပုံရသည်၊ သူလဲ စိတ်ငြိမ်သွားပုံရသည်။ နို့မို့ဆို ရင်တထိတ်ထိတ်နဲ့ လိုက်လာရသည်။ ဘုံဘေမြို့လည်း အစောကြီးရောက်သည်။ ဒကာဦးခင်ဝင်းက သူ့အိမ်ကို မောင်းခဲ့ဖို့၊ အိမ်မှာ မုန့်ဟင်းခါးဆွမ်းကပ်သည်၊ ဦးခင်ဝင်းတို့ မိသားစုသည် မြန်မာပြည်မှာ ဖွားသည့် အိန္ဒိယနွယ်ဖွားဖြစ်သည်၊ ဘုံဘေမှာ မြန်မာစကားပြောသည့် တခုတည်းသော မိသားစုဖြစ်သည်။ အလွန်သဒ္ဓါတရားကောင်းသည့် မိသားစုဖြစ်သည်။ အဲဒီကနေမှ ကောင်လေးတစ်ယောက် မြန်မာပြည်ပြန်ရန် လေဆိပ်လိုက်ပို့၊ အဆောင်ကို ည ၁၀ နာရီမှ ပြန်ရောက်သည်။ အိပ်ရေးတွေလဲပျက်၊ ခရီးကလဲပန်း၊ နေကလဲ ပူသဖြင့်၊ လူလဲကြေနေပြီ။

နိဂုံး
စာရေးသူသည် အိဂတ်ပူရ (ဓမ္မဂိရိရိပ်သာ) ၃ ခေါက်၊ အာဂျင်တာ-အလိုရာလှိုဏ်ဂူ (အောရမ်ဂဘက်) ၃ ခေါက်နှင့် ရတနာဂိရိ ၂ ခေါက် ရောက်ခဲ့ပြီး ဖြစ်သည်။ ဤကား စာရေးသူလိုက်ပါသွားသော ၂၈-၂၉-၃၀-၃၁-၃။ နှင့် ၁-၂,၄-၂၀၁၂ (၆) ရက်တိုင်တိုင် လိုက်ပါသွားသော ခရီးသွားမှတ်တမ်းအကျဉ်းဖြစ်သည်။

ရွင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၆-၄-၂၀၁၂

04 April 2012

ဒီမိုကရေစီနှင့် တိုးတက်လာသော ပညာရေး

ဒီမိုကရေစီနှင့် တိုးတက်လာသော ပညာရေး (၁)

စာမိတ်ဆက်
ဒီကနေ့ အမေရိကမှာ နေတဲ့ မြန်မာဆရာဝန်တစ်ယောက်နဲ့ စကားပြောဖြစ်ကြတယ်။ သူက ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး အလွန်စိတ်ဝင်စားသူ ယုံကြည်သူ၊ ဘာသာရေးစိတ် ပြင်းထန်သူ ဖြစ်သည်။ သူက စာရေးသူအား ဖေ့ဘုတ်မှ မိတ်ဆက်လာပါသည်၊ စာရေးသူအား မေးခွန်းများ မေးခွင့်ပြုရန် ခွင့်တောင်းသည်၊ စာရေးသူ အိန္ဒိယနိုင်ငံ ဘုံဘေမြို့မှာ Ph.D အတွက် စာတမ်းရေးနေရာဝယ် ၀တ္ထုငွေ လှူချင်ပါသည် ဟုလဲ လျှောက်သည်။ စာရေးသူလဲ ‘‘ဒကာရေ-ဘုန်းဘုန်း ပြည့်စုံပါတယ်၊ ဒကာတို့ မိသားစုပဲ အဲဒီမှာ ပြည့်စုံအောင် နေကြပါ၊ ကျေးဇူးအထူးတင်ပါသည်’’ဟူ၍သာ ပြောပြလိုက်ပါသည်။ ဒီလိုနဲ့ အမေရိကရောက် မြန်မာနိုင်ငံသား ကလေးငယ်များအတွက် ဘာသာရေး၊ ယဉ်ကျေးမှုများအတွက် စိုးရိမ်ကြောင်းပြောပါသည်။ ထိုအကြောင်းအရာများနှင့် ယနေ့ခေတ်ဖြစ်သင့်သော ပညာရေးအကြောင်းကို တစေ့တစောင်း ပေါင်းစပ်ပြီး ‘‘ဒီမိုကရေစီနှင့် တိုးတက်လာသော ပညာရေး ’’ဟု အမည်ပေးပြီး ပို့စ်တစ်ခု ရေးလိုက်ရပါသည်။

ဒီမိုကရေစီနှင့် ဘာသာရေး
စာရေးသူကမေးတယ် ဒကာတို့ မိသားစုက မြန်မာပြည်ကို မပြန်တော့ဘူးလား၊ ပြန်မှာပေါ့ဘုရားတဲ့ ဒါပေမဲ့ အမေရိကမှာ အနှစ် ၂၀ တောင် နေရဦးမယ်တဲ့။ မွေးလာတဲ့ သားသမီးတွေက အဲဒီအချိန်ဆို ဘွဲ့တွေတောင် ရနေပြီဆိုတော့ မူလတန်းကနေ အဲဒီမှာ ကျောင်းစတက်ရမည့်သူတွေ အတွက် တခြားဘာသာဝင်တစ်ယောက် အနေနဲ့ အခက်တွေ့ရသည်။

အမေရိကန် နိုင်ငံသည် ဒီမိုကရေစီ အကြီးမားဆုံး နိုင်ငံလို့ ပြောမယ်ဆိုရသည်။ ဘာသာရေးလွတ်လပ်ခွင့် ရှိတယ်ဆိုပေမဲ့ အတိုင်းအတာ တစ်ခုထိသာ ဖြစ်သည်။ စာရေးသူလဲ အမေရိကကို မရောက်ဖူး၍ မသိပေမဲ့ ထိုဒကာလေး ပြောပြလို့ သိရသဖြင့် ကိုယ့်နိုင်ငံအတွက်ပါ စဉ်းစားမိသည်။ ဒီမိုကရေစီဘက်သို့ ချီတက်နေသော ကိုယ့်နိုင်ငံအတွက် စံနမူထားစရာ တစ်ခုအဖြစ် တွေးမိသည်။

အမေရိကန်နိုင်ငံရှိ ကောလိပ်ကစလို့ တက္ကသိုလ်တွေမှာ တခြားနိုင်ငံတွေကလို ဘာသာရပ်အလိုက် လွတ်လွတ်လပ်လပ် သင်ယူရပေမဲ့ ကောလိပ်အောက်က အတန်းတွေကိုတော့ သူတို့နိုင်ငံက ကိုးကွယ်တဲ့ ဘာသာရေးအခြေခံတွေကို မဖြစ်မနေ သင်ယူရပါတယ်။ မူလတန်းကထဲက သင်ရိုးညွှန်းတမ်းတွေမှာ ဘာသာရေးစာပေတွေ ထည့်ထားသည်။ မသင်မနေရ ဖြစ်သည်။ မနက်တိုင်း ဘုရားကျောင်းမှာ ၀တ်ပြုကြရသည်။

အမှတ်ပေးတဲ့ နေရာမှာလဲ သူတို့ဘုရားကျောင်းကို အကူပေးရင်၊ ၀တ်ပြုတာကို အကူပေးရင်၊ သူတို့ဘာသာရေး ဘုန်းကြီးတွေကို အကူအညီပေးရင် အမှတ်တွေ အများဆုံးပေ:သည်။ ကျောင်းစာအပြင် တခြား အပြင် ဘာသာရေးလှုပ်ရှားမှုတွေ အတွက်ပါ အမှတ်ပေးနေသည်။ အဲဒီနည်းအားဖြင့် ငယ်ငယ်ကထဲက သူတို့ဘာသာကို သံမှိုနှင့်ရိုက်ထားသလို စွဲသွားအောင် ဖန်တီးသည်။ ဘာသာရေးသံမှိုရိုက်ပေးနေသည်မှာ ဒီမိုကရေစီ နိုင်ငံကြီးဖြစ်သည်။

ကောလိပ်ကျောင်းတက်ဖို့ လျှောက်လွှာတင်ရင် တခြားဘာသာဝင်တွေဆို ကျောင်းကောင်းမရ။ သူက ဆက်ပြောတယ် ‘‘ပိုဆိုးတာက စကော်လာရှ်ပဲ၊ တပည့်တော် ကိုယ်တိုင် တစ်ခါကြုံဖူးတယ်။ ဘွဲ့လွန်တက်ချင်လို့ စကော်လာရှ်ဝင်ဖို့ လုပ်တယ်။ နှစ်ယောက်ယှဉ်တော့ တပည့်တော်ကိုမေးတယ်။ ဘာ ဘာသာကိုးကွယ်လဲတဲ့။ တပည့်တော်က ဗုဒ္ဓဘာသာလို့ ပြောလိုက်တယ်၊ သူက ဆက်မေးတယ်၊ ချက် (Church) ကျောင်းနဲ့ ပတ်သက်ပြီး ဘာတွေ လုပ်ဖူးလဲ၊ ဘာမှ မလုပ်ဖူးဘူး ပြောလိုက်တော့ ပြုတ်တာပဲ။ ဒီနိုင်ငံမှာပေးနေတဲ့ အကောင်းစား စကော်လရှ် မှန်သမျှ ဘာသာရေးနဲ့ တစ်နည်းမဟုတ် တစ်နည်း ပတ်သက်ကြတာချည်းပဲ ဘုရား’’ ဟု ပင်ဖြစ်သည်။

ဒီလိုဆိုတော့ ငယ်ငယ်ကထဲက ဘာသာရေး အသိတွေကို စာသင်ကျောင်းကပေးတဲ့ နည်းစနစ်ပဲ။ ဒီမိုကရေစီကြီးဖြစ်သော နိုင်ငံသည်ပင် ဤကဲ့သို့ နိုင်ငံ၏ပညာရေးကို ဘာသာရေးအသိဖြင့် အစပြုထားသည်။
နောက်တစ်ခု ထိုဒကာလေးက ပြောသေးတယ်၊ ‘‘တပည့်တော် သူငယ်ချင်းရဲ့ သမီးလေးဟာ ဗုဒ္ဓဘာသာဖြစ်တာကြောင့် ကျောင်းမှာ ဘာသာရေးသင်ခန်းစာဖြေရင် အမြဲကျတယ်။ သူမ ကို်ယ်တိုင်စိတ်မ၀င်စားတာဆိုတော့ ခုဆိုရင် သူမကို တခြားဘာသာမှာ ထူးချွန်ပေမယ့် ဘာသာရေးမှာ အားနည်းတာကြောင့် ကျောင်းမှာအတော်ဆုံးဆိုတဲ့ ဆုတံဆိပ်မရဘူး ဖြစ်နေတယ်ဘုရား’’တဲ့။ ကမ္ဘာ့အင်အားကြီးနိုင်ငံမှာ ဤကဲ့သို့သော စနစ်တွေက ဗုဒ္ဓဘာသာနိုင်ငံများတွင် သာသနာပြုလိုသည့် အရာရှိအရာထမ်းများနှင့် ဘာသာရေးခေါင်းဆောင်များအတွက် သတိထားစရာ အချက်တစ်ခုဖြစ်သည်။ ကိုယ့်နိုင်ငံမှာကော ဘယ်လို လုပ်သင့်သလဲ ဆိုတာ စဉ်းစားပြီး လုပ်သင့်လုပ်ထိုက်တာ အကောင်အထည်ဖော်ဖို့ သွေးမအေးသင့်တော့ဘူးဆိုတာကို မီးမှောင်းထိုးပြသွားသည်။

အခြေခံကောင်းသော ပညာရေး
ကောင်းတာလေးတွေကို ယူ၊ မကောင်းတာလေးတွေကို ဘေးဖယ်ထားပြီး အတုယူသင့်တာတွေကို အတုယူသင့်သည်။ စာရေးသူတို့ ဗုဒ္ဓဘာသာဝင်များသည် ကိုယ့်ဘာသာရေးနှင့်ပတ်သက်ပြီး မိရိုးဖလာ အဆင့်လောက်သာ ရှိသည်၊ ကိုယ့်ဘာသာ မိဘ ဘိုးဘွားအစဉ်အလာအရ ကိုးကွယ်သူများသဖြင့် ဘာသာတရားရဲ့ သမိုင်းနှင့် အနှစ်သာရကို သိသင့်သလောက် မသိကျဘဲ ဖြစ်နေသည်။ ထိုသို့ ဘာသာတရားအသိနဲသောကြောင့် ဘာသာခြားတို့၏ အာဘောင်အာရင်းသန်သန်၊ ပုံစံကျကျ စွဲဆောင်မှုအောက်မှာ မျှောပါသွားတတ်သည်၊ ကိုယ့်ဘာသာအကြောင်းကို ဂဃနန မသိရင်တောင် အခြေခံသဘောလောက် သိနေတယ်ဆိုရင်ပဲ အားပြိုင် ပြောနိုင်ဆိုနိုင်သည်။

ထို့ကြောင့် ပညာရေးစနစ်ကို အခြခံတန်းကနေ ကောလိပ်အတန်းမ၀င်မီ ဥပစာတန်းများအားလုံးတို့၌ မိမိတို့နိုင်ငံ၏ ၉၀ ရာခိုင်နှုန်းသော ပြည်သူတို့ ကိုးကွယ်ရာ ဘာသာရေးအသိ စာပေများကို အဆင့်အလိုက် ပြဌာန်းသင့်သည်။ ဘာသာရေးလွတ်လပ်ခွင့် ရှိတယ်ဆိုပေမဲ့ ကိုယ့်နိုင်ငံ၏ ယဉ်ကျေးမှုသည် ဗုဒ္ဓဘာသာအောက်မှာ ရှိနေသဖြင့် ထိုဗုဒ္ဓဘာသာစာပေများကို မဖြစ်မနေ ပြဌာန်းသင့်သည်။ ထိုကဲ့သို့ ငယ်ငယ်ကထဲက ဘာသာရေးအသိ၊ ယဉ်ကျေးမှုအသိတွေ သူတို့လေးတွေရဲ့ ဦးနှောက်ထဲ ထည့်ပေးခြင်းဖြင့် အရွယ်ရောက်လာတာနဲ့အမျှ လွတ်လပ်စွာ တွေးခေါ်နိုင်ပြီး မိမိရဲ့ ယုံကြည်ချက်ကို ယုံယုံကြည်ကြည် ခိုင်ခိုင်မာမာ ရဲရဲဝံ့ဝံ့ ပြောရဲဆိုရဲ ဆွေးနွေးရဲနိုင်ပါလိမ့်မည်။ ထိုကဲ့သို့ ယုံကြည်ချက်နှင့် သတ္တိများကို ငယ်စဉ်ဘ၀ကထဲက သူတို့နှလုံးသားထဲကို ထည့်ပေးနိုင်ခြင်းသည် အစိုးရ အခြေခံတန်းများ၌ ဘာသာရေးအသိနှင့် ယဉ်ကျေးမှုအသိပေး စာပေများကို ထည့်သွင်း ပြဌာန်းပေးခြင်းပဲ ဖြစ်ပါသည်၊ အခြေခံကောင်းသော ပညာရေးတစ်ခု ဖြစ်သည်။

ဆန်းဒေးစကူးလ် (Sunday School)
သီရိလင်္ကာနိုင်ငံ၏ ပညာရေးစနစ်သည် စာရေးသူတို့အတွက် စံနမူနာကောင်း တစ်ခုဖြစ်သည်။ ‘‘ယင်းဆန်းဒေးစကူးလ်ကို ၁၈၆၃-ခုနှစ်၌ အမေရိကန် နိုင်ငံသား ဟင်နရီအောဂတ်ဆိုသူက စတင်တည်ထောင်ခဲ့ရကား ယခုဆိုလျှင် နှစ်ပေါင်း ၁၄၆-နှစ် ရှိသွားပေပြီ။ ယနေ့တိုင်းပြည်၌ အုပ်ချုပ်နေကြသည့် သမ္မတ၊ ၀န်ကြီး၊ ဗိုလ်ချုပ်ကြီး များသည်ပင် ယင်းဆန်းဒေးစကူးလ်ကျောင်းဆင်းများ ဖြစ်ကြပေသည်။’’ ဟု သီတဂူအရှင်ဒေ၀ိန္ဒာဘိဝံသ၏ ဆောင်းပါးမှ ဖော်ပြထားသည်ကို တွေ့ရသည်။
တနင်္ဂနွေနေ့တိုင်း ဗုဒ္ဓစာပေ သမိုင်း ယဉ်ကျေးမှုများကို သင်ပေးသော ကျောင်းကို ဆန်းဒေးစကူးလ် ဟုအမည်ပေးထားသည်။ နိုင်ငံတော်အစိုးရက ပညာရေး အက်ဥပဒေအောက်မှာ ဖွင့်လှစ်ထားသော ကျောင်းဖြစ်သည် အလျောက် ထိုကျောင်းထွက်မှ ကျောင်းသား ကျောင်းသူများကိုသာ ဦးစားပေး၍ ကုမ္ပဏီများ အစိုးရရုံးဌာနများက အလုပ်ပေးကြသည်။ ထိုကျောင်းက ပေးလိုက်သော အောင်လက်မှတ် (certificate)သည် ရဲစခန်း ရပ်ကွက်ရုံးတို့မှ ထောက်ခံပေးသော အကျင့်စာရိတ္တ ကောင်းကြောင်း ပြစ်မှုကင်းရှင်းကြောင်း စာရွက်ထက် ပိုပြီး ခိုင်မာသည်၊ ယုံကြည်ရသည်။ ထိုကျောင်းထွက်များသည်၊ ယဉ်ကျေးသည်၊ သိမ်မွေ့သည်၊ ကိုယ်အမူရာ နှုတ်အမူရာများ မကြမ်းတမ်းကြဘဲ ဘာသာတရားကို လေးနက်စွာ ကိုင်းရှိုင်းကြသူများ ဖြစ်ကြသည်။

ဤနည်းသည်လည်း စာရေးသူတို့ နိုင်ငံတွင် အသုံးချသင့်သော စနစ်တစ်ခု ဖြစ်သည်။ အစိုးရအတန်းများတွင် ဗုဒ္ဓစာပေနှင့် ပတ်သက်သော သမိုင်း၊ ယဉ်ကျေးမှုများ၊ အသိပညာများကို ပြဌာန်းသင့်သည်၊ ဒါမှ မဟုတ် သီးသန့် ဆန်းဒေးစကူးလ်ကျောင်းများ နိုင်ငံအတွင်း နေရာအနှံ့အပြားမှာ အစိုးရ၏အကူအညီဖြင့် ဖွင့်လှစ်ကာ အစိုးရရုံးနှင့် ကုမ္ပဏီများက အားပေးသင့်သည်။ အားပေးသင့်သည် ဆိုသည်မှာ ထိုကျောင်းထွက်များကိုသာ ဦးစားပေးစနစ်ဖြင့် အလုပ်၊ နေရာ၊ ရာထူးများ ပေးသင့်သည်ဟုပင် ဖြစ်သည်။
ဤသို့အားဖြင့် ပညာရေးကို ဘာသာရေးစာပေများဖြင့် ထည့်သွင်းပြဌာန်းခြင်းတို့ကြောင့် လူငယ်များ ဘာသာရေးအသိသည် မိရိုးဖလာ ဘာသာရေးမဟုတ်ဘဲ ထိုဘာသာရေးနှင့်ပတ်သက်ပြီး တွေးတတ် ခေါ်တတ် စဉ်းစားတတ်သော ဘာသာတရား ယုံကြည်မှုရှိအောင် လေ့ကျင့်ပေးလိုက်သဖြင့် ယောင်ဝါးဝါး အသိ ယုံကြည်မှုမဖြစ်တော့ပေ။ သူ၏အသိသည် ဘယ်ဘာသာမဆို လေ့လာသင်ယူနိုင်သည်၊ ဘယ်သူဘယ်ဝါ ဘယ်ဘာသာကမှ သွေးဆောင်၍မရ၊ စဉ်းစားဆင်ခြင်တတ်သော အသိဖြင့် ယုံကြည် ထားသော ဘာသာတရားကို ဘယ်တော့မှ စွန့်လိမ့်မည်မဟုတ်၊ ငယ်ငယ်ကထဲက ဤနည်းဖြင့် စဉ်းစားဆင်ခြင်တတ်သော အသိဥာဏ်ကို သံမှိုရိုက်ပေးလိုက်ခြင်းကြောင့်ဖြစ်သည်။

နိုင်ငံခြားရောက် မြန်မာကလေးငယ်များ
ဒကာလေးက ‘‘ငယ်တုန်းကတော့ ပညာရေးအတွက် သွားချင်တာ၊ ရောက်တော့မှ ရပ်ပြစ်ရှစ်ပါးထဲက တစ်ပါးမှာ ရောက်နေသလိုပဲဘုရား။ သူများတွေပြောရင်တော့ USA မှာနေတာ ကံကောင်းလို့တဲ့။ တပည့်တော်ကတော့ ကံဆိုးတာပါဘုရား’’ ဟု ပြောရှာသည်။ လောကီစီးပွားရေးနဲ့ တွေးပြန်တော့လဲ ရုပ်ဝတ္ထုတွေ ချမ်းသာတဲ့ နိုင်ငံဆိုတော့ သူ ကံကောင်းတယ်လို့ ပြောတဲ့သူတွေအတွက် ဟုတ်မှာပဲ။ ဒါပေမဲ့ ဗုဒ္ဓဘာသာဝင် တစ်ယောက်အတွက်တော့ သူရဲ့မျိုးဆက်သစ်လေးတွေကို သူ့ရဲ့ ဘာသာတရားနှင့်ယဉ်ကျေးမှုကို လက်ဆင့်ကမ်းဖို့ အခက်တွေ့ရပြန်သည်။ သူကပြောတယ် ‘‘မွေးလာမယ့် သားသမီးတွေက ဘာပဲပြောပြော မြန်မာနိုင်ငံထက်စာရင် ဘာသာရေးအရ အဆုံးအမနဲတော့မှာကို တွေးမိရင် စိတ်မချမ်းသာပါဘူးဘုရား။ တပည့်တော် နောင်တအရဆုံးဖြစ်မှာက တပည့်တော်တို့ ကိုးကွယ်ယုံကြည်တဲ့ ရတနာသုံးပါးကို တပည့်တော် သားသမီးတွေကို အမွေမပေးနိုင်မှာကိုပဲဘုရား’’ဟု ပြောသည်။ ဟုတ်တယ်၊ အဲဒါ အမှန်ပင်ဖြစ်သည်။
ဒကာလေးရဲ့စကားက ပြည်ပသာသနာပြုဆဲ ပြုလတံ့သော ရဟန်းတော်များအာ ကိုယ့်ဗုဒ္ဓဘာသာ မျိုးဆက်သစ်လေးတွေအတွက် ဘာလုပ်ပေးသင့်လဲဆိုတာကို ပြောပြနေပါသည်။

ကလေးငယ်များဖွံ့ဖြိုးရေး (Childhood Development)
အမေရိကရှိ မြန်မာနိုင်ငံသား ကလေးတွေနှင့်ပတ်သက်ပြီး ဒကာလေးက ‘‘တပည့်တော်ကိုယ်တိုင်မှာ ကလေးတွေမရှိသေးပေမယ့်လို့၊ တပည့်တော် ဒီမှာ ယဉ်ကျေးလိမ္မာ သင်တန်းလိုမျိုးလုပ်နိုင်င်အောင် ကြိုးစားနေပါတယ်ဘုရား၊ တပည့်တော်အမြင်ကို တင်ပြပါရစေဘုရား၊ တပည့်တော်တို့ဘာသာရေးမှာ Childhood Development ကို ကျွမ်းတဲ့သူတွေ နည်းတယ်ဘုရား။ ဒီတော့ တပည့်တော်တို့ ဘာသာရေးကိုယ်တိုင်က လေးနက်နေတော့ ကလေးတွေကိုယ်တိုင် နားမလည်လောက်ဘူး၊ ကလေးတွေကို အမြင့်ကြီးတွေ ပြောနေရင် သူတို့တွေ လန့်ထွက်ကုန်တယ်။ တခြားဘာသာတွေမှာကျတော့ သူတို့ဘုရားကို ကလေးတွေကိုသင်ရင် သူတို့လက်ခံနိုင်လောက်တဲ့ ဇာတ်ကောင်လောက်နဲ့ ယှဉ်ပြောတာတွေ့ရတယ်။’’ ဟု သူ၏ အမြင်ကို ပြောသည်။

အမှန်ပင်ဖြစ်ပါသည်၊ စာရေးသူတို့ဗုဒ္ဓဘာသာရဲ့ ပန်းတိုင်က ခန္ဓာဇာတ်သိမ်း အေးငြိမ်းရာ နိဗ္ဗာန်ဖြစ်သည်၊ ထိုနိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့ရန် မဂ်အကြောင်း ဖိုလ်အကြောင်းနှင့် တန်ခိုးပါဝါလို့ ခေါ်တဲ့ ဈာန်အကြောင်း၊ အဘိဥာဉ်အကြောင်းတွေသည် အလွန်နက်နဲသည်၊ အလွန်သိမ်မွေ့သည်၊ သိနိုင် မြင်နိုင်ဖို့ ခက်ခဲသည်။ ထို့ကြောင့် ကလေးတွေကို စိတ်ဝင်စားစေနိုင်တဲ့ ဘုရားမဖြစ်မီ ဖြတ်သန်းခဲ့ရတဲ့ ဘုရားလောင်းဖြစ်တော်စဉ်များနှင့် ဘုရားရှင်၏သမိုင်း ဘုရားဖြစ်တော်စဉ်များကို အတုယူမှတ်သားလောက်အောင် ပြောပြသင့်သည်။ ထိုမှ တိုးတက်၍ မင်္ဂလသုတ်လာ မင်္ဂလာအကြောင်းတွေ၊ သိင်္ဂါလသုတ်လာ လူအချင်းချင်း အပြန်အလှန် လေးစား လိုက်နာရမည့် လူမှုရေးကျင့်ဝတ်များကို နားလည်အောင် ပြောပြခြင်းဖြင့် ကလေးတွေရဲ့ ကိုယ်အမူရာ (လှုပ်ရှားမှု) နှုတ်အမူအရာ (အပြော) တို့ နုးညံ့သိမ်မွေ့လာနိုင်သလို ရတနာ သုံးပါး မိဘ ဆရာတို့၏ ကျေးဇူးတရားကို သိတတ်နားလည်သူများ ဖြစ်လာပါလိမ့်မည်။

ကျောင်းတက်ရင်း တခြားဘာသာရေး ယဉ်ကျေးမှုတွေနဲ့ ယဉ်ပါး ရင်းနှီးလာသော ကလေးများကို မိမိတို့ ဗုဒ္ဓဘာသာ၏ ရိုးရာ ယဉ်ကျေးမှုများ၊ ဘာသာရေးလုပ်ငန်းများကို ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းများ၊ အသံဖိုင်စသော အထောက်ကူပြုတို့ဖြင့် ရင်းနှီးအောင် လုပ်ပေးသင့်သည်။ ကလေးငယ်များသည် သိချင်တာတွေ များသဖြင့် မေးမြန်းထူပါလိမ့်မည်၊ ထိုအခါ စိတ်ရှည်လက်ရှည် ရှင်းပြဖို့လိုသည်။
သူကပြောသေးတယ် ‘‘ခက်တာက ကလေးဆိုတာက တန်ခိုးတို့ ပါဝါတို့ ဆုတောင်းရင် ဘွားကနဲပေါ်တာလောက်ကိုသာ စိတ်ပါကြသည်’’ မြတ်ဗုဒ္ဓက သူ၏သာဝကတွေကို တန်ခိုးပါဝါများ မပြရဟု အမိန့်ထုတ်ထားသည်။ သို့ပေမဲ့ ဘုရားရှင်ကိုယ်တိုင် တန်ခိုးပြပြီး မာနတ်၊ အင်္ဂုလိမာလစသည်တို့အောင်တော်မူပုံတွေ၊ ဘုရားရှင် အမိန့်နဲ့ အရှင်မောဂ္ဂလာန်၏ တန်ခိုးပြ၍ နဂါးကြီးကို ဆုံးမပုံတွေ စသည်ဖြင့် များစွာရှိပါသည်။ လိုအပ်ပါက အသုံးချနိုင်ပါသည်။

ရဟန်းပညာရေး
ထိုသို့ လူဝတ်ကြောင် ကျောင်းသားများရဲ့ပညာရေးတွင် ဗုဒ္ဓစာပေများ ထည့်သွင်း ပြဌာန်းထားသင့်သလို ဗုဒ္ဓစာပေချည်း သက်သက် သင်ယူနေကြရသော ရဟန်းတော်များ၏ပညာရေးတွင်လည်း ခေတ်ပညာဟုဆိုသည် အင်္ဂလိပ်စာ သင်္ချာအတတ်ပညာများ အခြေခံအတန်းကစပြီး ထည့်သွင်းဖို့ အချိန်ကျရောက်နေပြီ ဖြစ်သည်။ လွန်ခဲ့သည့် နှစ် ၄၀ ၀န်းကျင်ကထဲက တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီးက ပထမပြန်စာမေးပွဲ ပြဌာန်းစာများတွင် အင်္ဂလိပ်စာနှင့် သင်္ချာထည့်သွင်းပြဌာန်းဖို့ အဆိုတင်သွင်းခဲ့ဖူးသည်။ တိရစ္ဆာန၀ိဇ္ဇာဟု ဆိုကာ ပယ်ချခံရဖူးသည်၊ တိရစ္ဆာန၀ိဇ္ဇာဆိုသည်မှာ သူတစ်ပါးကို ထိခိုက်စေ၊ အကျိုးပျက်စေသော အတတ်ပညာဖြစ်သည်။ အင်္ဂလိပ်စာသည် လူတို့ အချင်းချင်းနားလည်လွယ်အောင် ဆက်စပ်ပေးသော မီဒီယာ ဘာသာစကားတစ်ခုဖြစ်သည်။ အင်္ဂလိပ်စာသည် တိရစ္ဆာန၀ိဇ္ဇာဟုဆိုလျှင် မြန်မာစာ မြန်မာဘာသာ၊ ပါဠိဘာသာ ပါဠိစကား၊ တရုပ်ဘာသာ တရုပ်စကား စသည်တို့သည်လည်း တိရစ္ဆာန၀ိဇ္ဇာဖြစ်သွားပါတော့သည်။

တခြားသော နိုင်ငံများက ရဟန်းတော်များထက် မြန်မာရဟန်းတော်များကား ပိဋကတ်အရာမှာ အဆများစွာ ကျွမ်းကျင်နိုင်နင်းပေမဲ့ တခြားဘာသာရေးတွေလောက် ကမ္ဘာကို မဖေါက်နိုင်ဘဲရှိနေသည်။ ဗုဒ္ဓဘာသာဖြစ်သည့် သီရိလင်္ကာလင်္ကာနိုင်ငံသည် ရဟန်းတော်အရေအတွက် အလွန်နဲသလို ပိဋက်တ်စာပေနှံ့စပ်မှုလဲ မြန်မာရဟန်းတော်များလောက် မရှိပေမဲ့ အင်္ဂလိပ်စာတတ်ကျွမ်းမှုကြောင့် သီရိလင်္ကာမှ ရဟန်းတော်များ၏ ဗုဒ္ဓစာပေဆိုင်ရာ စာအုပ်ကျမ်းစာများက ကမ္ဘာပေါက်သည်၊ အင်တာနက် (အွန်လိုင်း)တွင် နိုင်ငံတကာသုံးအင်္ဂလိပ်စာပေဖြင့် ရေးသားထားသော စာအုပ်များရှာလျှင် သီရိလင်္ကာဆရာတော်များ ရေးသည့် စာအုပ်တွေနှင့် မဟာယာနကျမ်းစာတွေကိုပဲ အတွေ့များသည်။ ယခုနောက်ပိုင်းမှသာ မြန်မာရဟန်းတော်တစ်ပါးစ နှစ်ပါးစ ရေးသည် အင်္ဂလိပ်မူစာအုပ်များ အနဲငယ်တွေ့လာရသည်၊ ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်ချင်သော နိုင်ငံခြားသားများ၊ ဘာသာခြားများနဲ့ မကြာမကြာတွေ့ရသည်၊ သူတို့ကမေးတယ် ‘‘ဘန္တေကြီး--ဗုဒ္ဓဘာသာဖြစ်ချင်ရင် ဘာတွေ သိထားရမလဲ၊ ဘယ်စာအုပ်တွေ ဖတ်ရမလဲ’’. ထိုသူတို့အတွက် ထေရ၀ါဒစစ်စစ် ဗုဒ္ဓဘာသာကောင်းတစ်ယောက် အကြောင်းကို စနစ်တကျ ရေးထားသည့် သီရိလင်္ကာက ဆရာတော်များ စာအုပ်ကိုပဲ ညွှန်းဆိုနေရသည်၊ မြန်မာရဟန်းတော်များနှင့် စာပေပညာရှင်များ ရေးသည့် စာအုပ်ရှိပေမဲ့ မြန်မာစာဖြင့် ရေးထားသဖြင့် အခက်တွေ့ရသည်။

ထို့ကြောင့်ဘာသာရေးကို ကျယ်ကျယ်ပျံ့ပျံ့ ဖြစ်စေဖို့ ကမ္ဘာ့ပေါင်းကူးဖြစ်သည့် အင်္ဂလိပ်စာသည် ယနေ့ခေတ်တွင် မဖြစ်မနေ သင်ကြားရတော့မည် ဖြစ်ခြင်းကြောင့် ရဟန်းတော်များ စာမေးပွဲများတွင် ပြဌာန်းဖို့ အချိန်ကျရောက်နေပြီ ဖြစ်သည်။
အပိုင်း (၂) ဖော်ပြပါဦးမည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၅-၂-၂၀၁၂

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes