သီတဂူစတား

သီတဂူစတား

31 December 2011

သီတဂူဆရာတော် သြ၀ါဒ (ဂယာ)


သီတဂူဆရာတော်သြ၀ါဒ
နေရာ-ဗုဒ္ဓဂယာ မြန်မာကျောင်းသားများကျောင်း
အချိန်- ၁-၁၂-၂၀၁၁၊ ည ၈ နာရီ

တက်ရောက်နာကြားသူ- အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်အသီးသီးရှိ မြန်မာရဟန်းတော်များ၏ ကိုယ်စား မဂဓတက္ကသိုလ်ကျောင်းသားများ။


ရွှေကျင်ဆရာတော်ကြီးသြ၀ါဒအပြီးမှာပဲ သီတဂူဆရာတော်ကြီးက ဆက်လက်ပြီး မဂဓတက္ကသိုလ်ကျောင်းသားများအား သြ၀ါဒ ချီးမြင့်သည်။




အနှစ်ချုပ်
သာသနာပိုင်ဆရာတော်ကြီး၏ သြ၀ါဒမှာ တပ်မတော်နှင့်တိုင်းပြည်ကို စံထားပြီးတော့ သာသနာတော်နှင့် သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေကို ပြောသွားတဲ့စကားဟာ မင်းတို့ ငါတို့အတွက် မှတ်သားဖွယ်၊ မှတ်သားရုံမကဘဲ လိုက်နာဖွယ်ဖြစ်တယ်။

ငါသည် သာသနာအတွက် ဖြစ်ရမည်၊ သာသနာသည် ငါ့အတွက် မဖြစ်ရဘူး။ အဲဒါ သံမှုနှပ်ပြီးတော့ ခေါင်းထဲမှာ စွဲနေအောင် ထားပါ။ ဒို့ဆရာ အနီးစခန်းပြောတာ တစ်ခုရှိတယ်၊ အခု သာသနာပိုင်ဆရာတော်ကြီးပြောတာနဲ့ အဓိပ္ပါယ်တော့ အတူတူပဲ။ ‘‘ သာသနာ့ဝန်ထမ်းဆိုတာ သာသနာတော်ရဲ့ တာဝန်ကို ထမ်းရမှာ၊ သာသနာက မင်းတို့ ငါတို့ကို ထမ်းပြီးတော့ ၀န်လေးမသွားစေနဲ့’’တဲ့ သာသနာရဲ့ တာဝန်ကို ထမ်းရမှာ သာသနာက ဒို့တာဝန်ကို ထမ်းရမှာ မဟုတ်ဘူး။ အဲဒါတော့ ဒို့ဆရာ အနီးစခန်း ပြောသွားတာ။
ဧရာဝတီသက်သေတည်
အဲဒီတော့ ဒီကနေ့ ၅၂၈ ပါးသော အိန္ဒိယပြည်ရောက် မြန်မာပတ်စပို့ကိုင်၍ ကျောင်းတက်ကြသော မြန်မာ့ သံဃာ အားလုံး မွန်ရော ရှမ်းရော ရခိုင်ရော ဗမာရော စသည်ဖြင့် အကုန်လုံးပဲ ငါ ဗမာ (မြန်မာ)လို့ပဲ တမျိုးတည်း သဘောထားတည်။ ပြည်ထောင်စု မြန်မာနိုင်ငံ နယ်နမိတ်အတွင်း ဒီမြေကြီးအပေါ်မှာ မွေးကြတာ။
မေခနဲ့ မလိခ ၂ခုရဲ့ အထက်နား လိုက်ကြည့်တယ်၊ မြစ်ကလေးတွေ ချောင်းကလေးတွေ အများကြီးပဲ ဟို--တိဗတ်ကုန်မြေထဲကစ ဟို--တရုပ်ပြည်ထဲကစလို့ ဆင်းလာခဲ့တာ၊ ချောင်းငယ်လေးတွေ အများကြီး ပေါင်းပေါင်းပြီးတော့မှ မေခနဲ့ မလိခဆိုတာ မြစ်နှစ်ခု ဖြစ်လာတာ၊ အဲဒီ မြစ်နှစ်ခုဟာလဲ မပေါင်းနိုင်ရင် မစုံနိုင်ရင် ဧရာဝတီမြစ် မဖြစ်ဘူးကွဲ့၊ မေခနဲ့မလိခ ပေါင်းမရရင် ဧရာဝတီမဖြစ်ဘူး။

အဲဒီတော့ မင်းတို့တတွေ ရှမ်းကတမျိုး မွန်တမျိုး ရခိုင်တမျိုး ဗမာတမျိုး ကရင်တမျိုး ချင်းတမျိုး ကယား ကချင်တစ်မျိုး၊ ဒီလို မလုပ်ကြနဲ့။ မေခ မလိခ နာမည် ဖယ်လိုက်ရင် ဒီအထဲမှာ ရေပဲရှိတာ။ မြစ်နှစ်ခုဆုံတဲ့နေရာ မြစ်ဆုံဆိုတဲ့ နေရာမှာ ရောလိုက်ပြီးတော့ ဧရာဝတီထဲ ရောက်တဲ့ အခါမှာ ဧရာဝတီနာမည်ခံပြီးတော့ ဆက်စီးတဲ့အခါမှာ အဲဒီရေတွေကို ဓာတ်ခွဲခန်းထဲယူပြီး မေခနဲ့ မလိခရေ ခွဲကြည့်လို့ ရသေးလား၊ (မရပါဟု-သံဃာများ၏ အသံ)။ Harmony ဆိုတာ အဲဒီလို အားလုံး နှစ်လုံးသားချင်းက ဆက်ပြီးတော့ ပေါင်းနေကြရမှာ။

အဲဒါကြောင့် ဒို့များတော့ ကရင်တမျိုး ကချင်တမျိုး မွန်တမျိုး ရခိုင်တမျိုး ရှမ်းတမျိုး ဆိုတဲ့စိတ်ဓာတ် ရည်ရွယ်ချက် ငယ်ငယ်ကထဲက မရှိခဲ့တာ၊ အခုထိ မရှိတာ၊ နောင်လဲ ရှိမှာ မဟုတ်ဘူး၊ အဲဒီတော့ ဒို့များ တတ်နိုင်သလောက် လှူလာတဲ့ အလှူဒါနဟာ ဗမာနိုင်ငံဖွား ဗမာ့စာသင်သား အားလုံး ဗမာ့သာသနာအတွက် အလုပ်လုပ်ကြလိမ့်မယ်လို့ မျှော်လင့်ချက်နဲ့ တတ်နိုင်တာလေးတွေ စုပြီးတော့ တစ်နှစ်တစ်ခါ လာလှူတာ။

မသင်ရင် သေပြီ
အဲဒီတော့ ဒီကနေ့ စာသင်သားဆိုတော့ Leaner. As long as we're alive- အသက်ရှင်နေသမျှ ကာလပတ်လုံး We must learn ပဲ၊ သင်နေရမယ်။ As long as we learn-ဒို့တတွေ သင်ယူနေသမျှကာလပတ်လုံးလည်း၊ We are alive- အသက်ရှင်နေကြမှာ။ အသက်ရှင်နေသမျှ ဘာလုပ်ကြရမှာလဲ? သင်ဟု (သံဃာများ ဖြေ)၊ သင်နေသမျှလဲ? ရှင်နေရမယ် (သံဃာများ ဖြေ)။ မသင်ရင်တော့ သေပြီးပဲ၊ အဲဒါကြောင့်သင်ကြ။

မှတ်စုစာအုပ်လေးနဲ့ သီတဂူဆရာတော်
မှတ်စုစာအုပ်လေးတစ်ခု ဆောင်ထားပြီးတော့ (ဆရာတော် စာအုပ်ကလေး ဖွင့်နေစဉ်) ကြုံရာကြုံရာစာအုပ်တွေကို ဖတ်တိုင်းဖတ်တိုင်း မှတ်ထားပြီး ရေးထားလေ့ရှိတယ်၊ အခုလဲပဲ အစည်းအဝေးကြီးမှာ ၄၆ နိုင်ငံကတက်တဲ့ Global Buddhist Confederation (GBC) ဆိုတဲ့ အစည်းအဝေးကြီးမှာ ဘယ်သူတွေ ဘာပြောတယ်ဆိုတာလေးတွေ မှတ်ဖို့ မှတ်စုစာအုပ်လေးယူထားပြီးတော့ မှတ်ထားတာရှိတယ်။ မှတ်စရာက များများ မရဘူးကွ၊ မှတ်စရာ များများမရဘူးဆိုလို့ရှိရင် အစည်းအဝေးတက်လာတဲ့ လူတွေကို ဘုန်းကြီးတွေကို မင်းတို့ ခန့်မှန်းကြည့်လိုက်တော့ ဟုတ်လား၊။

ဒလိုင်းလားမားပြောသော စကားသုံးခွန်း
တိဗတ်ရဟန်းမင်းကြီး ဒလိုင်းလားမား၊ သူပြောထားတာလေးတွေထဲက ဒို့က ၃ လုံးတော့ သေသေချာချာ မှတ်ထားလိုက်တယ်။

၁။ တစ်လုံးက ဘာလဲဆိုတော့၊ ဗုဒ္ဓစာပေမှာ ပါဠိစာပေဟာ အရင်းအမြစ်ကျဆုံးပဲ။ အဲဒီစကားလုံးထွက်လာနိုင်တဲ့ တိဗက်ဘာသာရေးခေါင်းဆောင်ရဲ့ နှလုံးသားကို မှန်းကြည့်လိုက်၊ Very Honest အလွန်ရိုးသားတဲ့ စိတ်ထားရှိတယ်လို့ ခန့်မှန်းလို့ ရတယ်၊ Tibetan Buddhism ဆိုတာဟာ ဆန်စခရစ် (Sanskrit Buddhism) ပဲ၊ မင်းတို့ အိန္ဒိယပြည်ကြီးမှာ ကျောင်းတက်နေတာဆိုတော့ သင်ပြီးသား ဖြစ်မှာပေါ့၊ ဘုရားသာသနာ နှစ် ၅၀၀ လောက်မှာ ကန္ဓာရတိုင်း ကသ္မီရဒေသ ဒီကနေ့ပြောတော့ ကသျှမီးပေါ့၊ ကနိသျှအင်ပါရာကြီးဟာ ရုရှားပြည် တစ်ခြမ်း အနောက်ဘက် အာဖဂန်နစ္စတန်တို့ ဂရိတို့အထိ ရောက်တယ်၊ မြောက်ဘက်ဆို ရုရှားပြည် တောင်ဘက်ခြမ်း တစ်ခြမ်းလုံးပဲ၊ စတန် (stan)၊ စတန် စတန်ဆိုတဲ့ နာမည်နဲ့ နိုင်ငံပေါင်း ဘယ်လောက်ရှိလဲ သိလား? ။ တာဂျစ္စတန်၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ ဥဇဘက်ကစ္စတန်နဲ့ စတန်စတန် စတန်နဲ့ နိုင်ငံပေါင်း ဘယ်လောက်ရှိလဲ? (သံဃာများ တုဏှီ)။ As long as we're alive, we must learn.
အသက်ရှင်သမျှကာလပတ်လုံး သင်နေရမှာ၊ အားလုံး ၇ ခုရှိတယ်။ အဲဒါတွေ အားလုံးက Buddhist Countries တွေချည်းပဲ၊ မင်းတို့ကို ငါပြောမှာက သာသနာ နှစ် ၅၀၀ လောက်မှာ အဲဒီကသျှမီးဒေသ ဟိမ၀န္တာတောင်ခြေမှာ ကနိသျှကဘုရင်ကြီး၏ အထောက်အပံ့နဲ့ သံဂါယနာ တစ်ခုတင်သွားတယ်၊ သံဂါယနာပွဲ ခေါင်းဆောင်းတဲ့သူက အဿဃောသ၊ ၀သုဗန္ဒု၊ ဂိုဏ်းက သဗ္ဗတ္ထိဝါဒဂိုဏ်းက ခေါင်းဆောင်တာ၊ ယောဂစာရ ဂိုဏ်းထဲပါတယ်။ ယောဂစာရ ဂိုဏ်းသည် သဗ္ဗတ္ထိဝါဒဂိုဏ်းထဲက ခွဲထွက်သွားတာ။ အဲဒီ သံဂါယနာတင်ပွဲမှာ သံဃာ ၁၀၀၀ ပါတယ်။

ဘာလုပ်သလဲ တိုတိုပြောရရင် ပါဠိနဲ့ ထိန်းထားတဲ့ ပိဋကတ်ကို သက္ကဋအဖြစ်ပြောင်းတာ၊ အဲဒီမှာ ပြောင်းတာ၊ ပါဠိပိဋကတ်ကို သက္ကဋနဲ့ပြောင်းပြီးတော့ သုတ္တန်ရော အဘိဓမ္မာရော ၀ိနည်းရော အကုန်လုံး အသစ်ပြန်ရေးပြစ်လိုက်တာ၊ သံဂါယနာတင်လိုက်တာ၊ ဘုရားလက်ထက်ကတော့ ရဟန်းတစ်ပါး ပိဋကတ်တော်တွေကို သက္ကတနဲ့ရေးမယ်ဆိုတော့ ဘုရားကတားတာ သိက္ခာပုဒ် မင်းတို့ သိပါတယ်။ ဒါပေမဲ့ သဗ္ဗတ္ထိဝါဒဂိုဏ်းနဲ့ ယောဂါစာရဂိုဏ်းက ပိဋကတ်ကို အကုန်လုံး သက္ကဋဘာသာနဲ့ ပြန်ရေးပြစ်လိုက်တာ၊ ၀ိဘာသာဆိုပြီးတော့ နာမည်ပြောင်းသွားတယ်၊ အဲဒီလို သက္ကဋဘာသာနဲ့ ရေးထားတဲ့ ကနိသျှကမင်း အထောက်အပံ့နဲ့ အဿဃောသခေါင်းဆောင် တင်တဲ့ သံဂါယနာက သက္ကဋပိဋကတ်ကို Sanskrit Buddhism ကို ဘိက္ခုဗောဓိက တရုပ်ဘာသာပြန်တာ၊ ဘိက္ခုဗောဓိက ဘယ်အရပ်သားလဲ? (သံဃာများ တုဏှီ)၊ As long as you're alive, you must learn. တမီနာရူး (Taminaru)သား၊ တမီးကုလား ဘိက္ခုဗောဓိ၊ သူက အဲဒီဘက်ရောက်ပြီးတော့ အဲဒီသံဂါယနာပိဋကတ်ကို တရုပ်ဘာသာပြန်ပြစ်လိုက်တာ၊ တရုပ်နဲ့တိဘက် ဟိမ၀န္တာကျော်ချသွားတာ ဟိုမြောက်ဘက် ဂျပန်အထိ ရောက်သွားတာ။

အဲဒီလိုတိဗက်ကရလာတဲ့ Buddhism က စင်တင် သံဂါယနာမှ ဖြစ်ပေါ်လာသော သက္ကဋပိဋကတ်ကို ဘိက္ခုဗောဓိက ဘာသာပြန်ပေးတာ၊ ဘာသာပြန်မှ တဆင့် သူတို့ ရရှိကြတာ၊ အဲဒါကြီးကို ဒလိုင်းလားမားဆိုတဲ့ ပုဂ္ဂိုလ်က ကောင်းကောင်းသိတယ်၊ သက္ကဋဘာသာပြန်၊ သက္ကဋမှ တရုပ်၊ တရုပ်ဘာသာမှ တိဗက်ဘာသာပြန်၊ အဲဒီလို အမျိုးအမျိုး ဘာသာပြန်သွားတာကို သူသိတယ်၊ အခု သူဘာပြောလဲ?

မြန်မာသာသနာပိုင်ဆရာတော်ကို ဖူးချင်တဲ့ တိဗတ် ဒလိုင်းလားမား
ဒို့တည်းနေတဲ့ ဟိုတယ်ကို သာသနာပိုင်ဆရာတော်ကြီးကို ဖူးတွေ့ချင်ပါတယ်၊ လာအို့သာသနာပိုင်ဆရာတော်နဲ့ မြန်မာပြည်က သာသနာပိုင်ဆရာတော်ကို ဖူးတွေ့ချင်တယ်ဆိုတဲ့ သတင်းကို သူတို့ တိဗက်ဘုန်းတော်ကြီးတွေကနေ တဆင့် ဒို့တပည့် ဒေါက်တာကုမာရဆီကို လာတယ်၊ ဒေါက်တာကုမာရက ငါ့ကိုလာလျှောက်တယ်၊ အေး-ဖူးချင်ရင် ဒို့ရှိတဲ့နေရာလာ၊ ဒို့က တွေ့ချင်လို့ လိုက်ရှာတာ မဟုတ်ဘူး၊ သူတွေ့ချင်ရင် ဒို့ဆီ လာခဲ့၊ ငါက အဲလို ပြောလိုက်တာ။ ဒို့တည်းတဲ့အခန်းထဲလာပြီး အေးအေးဆေးဆေးတွေ့ပြီး နာရီဝက်လောက်ကြာအောင် စကားပြောသွားတယ်၊ ဒို့ကလိုက်တွေ့တာ မဟုတ်ဘူး၊ သူလာတွေ့တာနော်။

အဲတော့ သူပြောတယ်၊ တစ်က ဘာလဲ? ဗုဒ္ဓသာသနာမှာ ပါဠိစာပေသည် အရင်းအမြစ်အကျဆုံးပဲ။ ဘယ်နေ့ ဘယ်နေရာ ဘယ်ချိန်မှာ ပြောတယ်ဆိုတာလေးကို မှတ်ထားလိုက်တယ်။ ပြီးတော့မှ ဆန်စခရစ် (Sanskrit) တို့ တန္တရစ် (Tantric) တို့ကတော့ အပေါ်ယံကသွားကြတာ။ (Sanskrit) တို့ တန္တရစ် (Tantric)၊ ၀ါဇီရာယာနတို့ မဟာယာနတို့ ဟီနယာနတို့ ဒါတွေဟာ so call name ပဲ၊ နာမည်မျှပဲကွ၊ အနှစ်သာရကတော့ သီလ သမာဓိ ပညာပဲ။ ဟော-မှတ်သားစရာ ကောင်းတယ်။

သဘောထားကြီးကြ
အဲတော့ ခုနက ငါပြောတာ မင်းတို့ မေ့သွားပြီလား၊ ဘာမြစ်နဲ့ ဘာမြစ် မပေါင်းရင် ဘာမဖြစ်ဘူးလဲ? (မေခနဲ့မလိခ မြစ် မပေါင်းရင် ဧရာဝတီမြစ် မဖြစ်ဟု သံဃာများ ဖြေ)။ အဲဒါ broad mind သဘောထား ကြီးကြဖို့ပဲ။

သင်ကြားဆိုတာ ဘယ်နေရာက ဘာပဲရရ အကုန်သင်ထား၊ ထေရ၀ါဒနဲ့ မဟာယာန ၀ဇိရာယာန၊ အဲဒါတွေ ဘာပဲပြောပြောပါ၊ သီလ သမာဓိ ပညာသည်သာ အနှစ်သာရပါ။

(အပိုင်း(၂) ဆက်ပါဦးမည်--မျှော်)

မှတ်ချက်။ ။ အသံဖိုင်မှ စာအဖြစ် သီတဂူစတား တည်းဖြတ်သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၃၁-၁၂-၂၀၁၁

27 December 2011

သီတဂူမျက်စိဆေးရုံသတင်း (အတိုအထွာ)

မြစ်ကြီးနား၊ အောက်တိုဘာ ၁၀
ကချင်ပြည်နယ် မြစ်ကြီးနားမြို့  တောင်တန်းသာသနာပြုကျောင်းဝင်း အတွင်း၌ နိုဝင်ဘာ ၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည့် သီတဂူဆေးရုံကြီးတွင် ရပ်နီးရပ်ဝေးမှ မျက်စိဝေဒနာရှင်များကို ပြည်ပမှ မျက်စိပါရဂူ ဆရာဝန်ကြီးများနှင့် ပြည်တွင်းမှ မျက်စိအထူးကု ဆရာဝန်ကြီးများဖြင့် နိုဝင်ဘာ ၁ ရက်မှ ၅ ရက်အထိ အခမဲ့စမ်းသပ် ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ရပ်ဝေးမှ လာရောက်ကုသမည့် မျက်စိဝေဒနာရှင်များကိုလည်း နေရေးထိုင်ရေး စားသောက်ရေးတို့ကို တာဝန်ယူစီစဉ် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါမျက်စိဆေးရုံကြီးသို့ တက်ရောက်ကုသလိုသော မျက်စိဝေဒနာရှင်များအနေဖြင့် မိမိတို့သက်ဆိုင်ရာ ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုး ရုံးများသို့ စာရင်းများပေးသွင်းနိုင်ကြောင်း သက်ဆိုင်ရာမှ ကျေးရွာအုပ်ချုပ်ရေးရုံးများသို့ တိုက်တွန်းနှိုးဆော်ထားကြောင်း သတင်းရရှိပါသည်။
ကျန်းမာရေးစစ်တမ်းများအရ ကမ္ဘာပေါ်တွင် ၅ စက္ကန့်တိုင်း၌ လူတစ်ဦးနှုန်း မျက်စိကွယ်လျက်ရှိပြီး ၅၀ % မှာ အာရှတိုက်မှဖြစ်ကြောင်း သိရသည်။ အာရှတွင် မျက်စိရောဂါများ အဖြစ်များရခြင်းမှာ မျက်စိကျန်းမာရေးအတွက် ဂရုတစိုက် စောင့်ရှောက်ထိန်းသိမ်းမှု နည်းပါးခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ အောက်တိုဘာ ၁၃ ရက်နေ့အား ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ (World Sight Day) အဖြစ် သတ်မှတ်ပြီး ကမ္ဘာ့ပြည်သူများ မျက်စိကျန်းမာရေးအတွက် ကျန်းမာရေး စီမံဆောင်ရွက်မှုများကိုလည်း နှစ်စဉ် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ဤနေရာမှ ကူးယူဖော်ပြသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၇-၁၂-၂၀၁၁

နမ့်ခမ်းမြို့

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့ ဇေယျသုခ-ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းဝင်း အတွင်း၌ သီတဂူစက္ခုဒါန (မျက်စိ) အထူးကုဆေးရုံကြီး တည်ဆောက်မည် ဖြစ်ကြောင်း ၂၉-၆-၂၀၁၁ ရက်က သိရသည်။ ထိုဆေးရုံကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ အရှင်ဉာဏိဿရ၏ လမ်းညွှန်လှူဒါန်းချက် အရ တည်ဆောက်ခြင်း ဖြစ်ပြီး ဆေးဝါးများ၊ ခွဲစိတ် ကိရိယာများကို ဆရာတော်က တာဝန်ယူ၍ လှူဒါန်းမည် ဖြစ်ကြောင်း သိရသည်။ မျက်စိ ဆေးရုံကြီး၌ လူမျိုးဘာသာ မရွေး၊ နေရာဒေသ မရွေးမှ လာရောက်သည့် မျက်စိ ဝေဒနာရှင်များအား အခမဲ့ ခွဲစိတ် ကုသ ပေးမည် ဖြစ်ပြီး သုံးလ တစ်ကြိမ် အင်္ဂလန်မှ ပါရဂူကြီးများက လာရောက် ခွဲစိတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

"မျက်စိ ဆေးရုံကို ၁၄-၆-၂၀၁၁ ရက်က ပန္နက်တင်ခဲ့ပြီး ခုတင် ၅၀ ဆံ့ ဆေးရုံ တစ်ထပ်ခွဲဆောင် အဖြစ် တည်ဆောက်မှာပါ။ ဆေးရုံ တည်ဆောက်ဖို့ အတွက် ကျပ်သိန်း ၂၅၀၀ ကုန်ကျမှာ ဖြစ်ပြီး လှူဒါန်းချင်တဲ့ အလှူရှင်တွေ အနေနဲ့လည်း ထည့်ဝင် လှူဒါန်းနိုင်ပါတယ်။

မျက်စိဆေးရုံ ပြီးသွားလို့ မျက်စိရောဂါရှင်တွေကို ခွဲစိတ်ကုသပေးတဲ့အခါမှာလည်း သွေးတိုး၊ ဆီးချို၊ သွေးချိုရောဂါတွေကိုပါ ကုသပေးပြီး ခွဲစိတ်တဲ့အထိ အားလုံး အခမဲ့ ပါပဲ " ဟု အဆိုပါ ဇေယျသုခ ကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တ၀ိနယာစာရ က မိန့်ကြားခဲ့သည်။

လှူဒါန်းနိုင်သည်
ယင်း နမ့်ခမ်းမြို့ သီတဂူစက္ခုဒါန (မျက်စိ) အထူးကုဆေးရုံအတွက် ပါဝင် လှူဒါန်းလိုသူများ အနေဖြင့် မျက်စိ ခွဲစိတ်ခန်း၊ အမျိုးသား၊ အမျိုးသမီး လူနာဆောင်၊ ဆရာဝန် နားနေခန်း၊ ဆေး စတိုခန်းနှင့် စမ်းသပ်ခန်း၊ လူနာများ စောင့်ဆိုင်းရန် နေရာ၊ စာဖတ်ခန်း၊ ပြတင်းပေါက်၊ အမိုးသွပ်၊ ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက် နှင့် ဆေးရုံသုံး ပရိဘောဂများ စသည်တို့ကိုလည်း ပါဝင် လှူဒါန်း နိုင်ကြောင်း သိရသည်။

အဆိုပါ ဆေးရုံသို့ လှူဒါန်းနိုင်သောအလှူခံ ဌာနများမှာ
၁။ နမ့်ခမ်းမြို့ ဇေယျသုခ ကျောင်းတိုက် ဖုန်း-၀၈၂-၆၁၀၁၂ ၊ ၀၉၄၇၃၂၂၄၅၃ ၊
၂။ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး (နမ့်ခမ်းမြို့) ဖုန်း-၀၈၂-၆၁၆၉၉ ၊
၃။ စိုင်းအုန်းမြ(မန္တလေး)ဖုန်း-၀၉၂၀၂၄၆၆၁ နှင့်
၎။ ရန်ကုန်မြို့ ဖုန်း-၅၅၈၄၄၇ သို့ ဆက်သွယ် လှူဒါန်း နိုင်ကြောင်း သိရသည်။
ဤနေရာမှ ကူးယူဖော်ပြသည်။


ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၇-၁၂-၂၀၁၁

26 December 2011

ဝါဆိုဆရာတော်ကြီး သြ၀ါဒ (ဂယာ)

ဝါဆိုဆရာတော်ကြီး သြ၀ါဒ
၁-၁၂-၂၀၁၁ ည ၇ နာရီ
ကျောင်းသားများ ကျောင်းဆောင်
ဗုဒ္ဓဂယာ၊ အိန္ဒိယ
ရှေးဦးစွာ မဂဓတက္ကသိုလ်ရှိ ကျောင်းသားများ ကန်တော့၊ သီတဂူဆရာတော်ကြီးက ဆုပေး။
ထို့နောက် အိန္ဒိယနိုင်ငံ တက္ကသိုလ် အသီးအသီးတွင် ပညာသင်ကြားနေကြသော ရဟန်း သီလရှင် ၅၂၈ ပါး ရှိကြောင်း ကျောင်းသားများအဖွဲ့ လက်ရှိ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဇ၀နက ကြော်ငြာသည်။
ထို့နောက် သီတဂူဆရာတော်က ရွှေကျင်သာသနာပိုင်ဆရာတော်ကြီး စကားနဲနဲ ပြောပေးရန် လျှောက်ထားသည်၊ ကျောင်းသားများကိုလည်း ‘‘ဆရာတော်ကြီး၏ အဆုံးအမ နာကြားခွင့်ရခြင်းသည် မင်းတို့တတွေ သိပ်ကံကောင်းတယ်’’ဟု အမိန့်ရှိသည်။ ထို့နောက်မှာတော့ ရွှေကျင်သာသနာပိုင် သက်တော်ရှည် ၀ါဆိုဆရာတော်ကြီးက သြ၀ါဒပေးသည်။

ရွှေကျင်ဆရာတော်နှင့် မဂဓတက္ကသိုလ်ကျောင်းသားများ


ဝါဆိုဆရာတော်ကြီး၏ သြ၀ါဒ
ဒါနအမျိုးမျိုး
သီတဂူဆရာတော်နှင့်၊ ကျောင်းအမကြီးများ၏ ပညာဒါန၊ ပညာပါရမီ ကုသိုလ်ပွဲကို နောက်ကနေပြီး လိုက်ကြည့်ရတာ သြ၀ါဒ ပေးစရာ သိပ်မလိုပါဘူး။
နောက်ကနေကြည့်ပြီး ၀မ်းသာတာပါ။ ၀မ်းမြောက်ပါတယ် သဘောတူပါတယ်။ သဘောတူတယ်ဆိုတာ နောက်ကနေ လိုက်ပြီး သဘောတူတာ ဘုန်းကြီးတို့ နဲနဲ ချောင်တာပေါ့၊ သီတဂူလိုတော့ တာဝန်မရှိဘူးပေါ့၊ နောက်ကနေ သဘောတူတယ်ဆိုတာလဲ ဒါနပဲ။ ဒါနဆိုတာ ကိုယ်တိုင် သာဟတ္ထိက ဆိုတာရှိတယ်။ သူတပါးကို တိုက်တွန်းတာ အာဏတ္တိကဒါန၊ သီတဂူဆရာတော်တို့ကတော့ သာဟတ္ထိကဒါနပဲ။ ၀ဏ္ဏဘာသနာဆိုတာ ရှိသေးတယ်၊ ၀ဏ္ဏဘာသနဆိုတာ ချီးမွမ်းတာ၊ သီတဂူကို ချီးမွမ်းတာ သီတဂူအလှူကို ချီးမွမ်းတာလည်းပဲ သီတဂူအလှူလှူသလို ကိုယ်က အလှူရှင်ထဲ ပါသွားတာပေါ့။ နောက်ကနေ ချီးမွမ်းတာ အလှူရှင် အစစ်မဟုတ်ပေမဲ့ အချောင် အလှူရှင်ဖြစ်တယ်။ အလှုရှင် အချောင်ပေါ့ဗျာ (သံဃာများ ရယ်သံ)
သမနုညဆိုတာ ရှိသေးတယ်၊ သမနုညဆိုတာ စိတ်တူတယ် သဘောတူတယ် သာဓုခေါ်တယ်။ အဲဒီတော့ ဒို့က သာဟတ္ထိက အာဏတ္တကဒါန သမားတော့ မဟုတ်ဘူး၊ ၀ဏ္ဏာဘာသန ဒါန သမားတော့ ပါတယ် (ရယ်၍ ပြော)။ သမနုညထဲလဲ ပါတယ်၊ သီတဂူအလှူလှူတဲ့ အလှူကို နောက်ကနေ လိုက်ပြီး ချီးမွမ်းတော့ သီတဂူအလှူနဲ့ ကုသိုလ် အတူတူပဲ၊ ဒို့လည်း ကုသိုလ်ရတာပဲ အချောင် ကုသိုလ်ရတာပဲ (ရယ်ပြော)။ သမနုည-သဘောတူ။

ကျောင်းသား ရဟန်းတော်များ
အဲဒီတော့ ကျောင်းသား ကျောင်းသားဆိုပေမဲ့ ရဟန်းတော်တွေပါ၊ သာသနာ့ဝန်ထမ်း ရဟန်းတော်တွေပဲ၊ သာသနာ့ဝန်ထမ်းတွေ ဘာလုပ်ကြတာလဲ မေးရင် ပညာသင်တာပဲ။ ပညာသင်တာဆိုရင် ပရိယတ်လား ပရိပတ်လား မေးရင်တော့ ပရိယတ်ထဲပါတယ်၊ ဦးဇင်းတို့က ကိုယ့်ကိုယ်ကို အထင်မသေးကြနဲ့၊ သဒ္ဒါ သင်ဂြိုဟ် သင်မှ ပရိယတ်မဟုတ်ဘူး၊ မာတိကာ ဓာတုကထာတွေ သင်မှ ပရိယတ် မဟုတ်ဘူး၊ ဦးဇင်းတို့ အခု သင်နေတာ ပရိယတ်တွေပဲ။
ပရိယတ်မှ ပရိပတ်
ပရိယတ်ဆိုတာ ဘယ်သွားဖို့လဲ ပရိပတ်သွားဖို့ပဲ၊ အချိန်ရှိခိုက်လုံးလစိုက်ဆိုတာလိုပဲ၊ အခု အချိန်ရှိတုန်းမှာ သဒ္ဒါ သင်ဂြိုဟ်တွေတင် မဟုတ်ဘဲနဲ့ စွယ်စုံ ပရိယတ္တိကျအောင် စနစ်ကျကျသင်၊ ပညာတွေ တတ်အောင်သင်၊ မိဝေး ဖဝေး ဒီလာပြီးတော့ သင်ရတာ၊ အဲဒါ သာသနာ စိတ်တော့ လက်မလွတ်နဲ့၊ ဒီသာသနာတော်ကြီးဟာ ငါ့အတွက် ပေါ်လာတာလို့ အောင့်မမေ့နဲ့၊ ဘုရားသာသနာတော် ဖြစ်တယ်၊ ဘုရားသာသနာတော်အတွက် ငါဖြစ်လာတာ၊ ဘုရားသာသနာတွေအတွက် ငါ ရဟန်းတော်တစ်ပါးအနေနဲ့ လူတစ်ယောက် ဖြစ်လာတယ်ဆိုတော့ သာသနာတော်ကြီး ကြီးပွားအောင်၊ ဒို့တတွေ ပညာတွေ တတ်အောင်သင်မယ်၊ ပညာတွေ တတ်ရင် ဘယ်လိုကြီးပွားအောင် လုပ်မလဲ၊ မေတ္တာရပ်ခံ တောင်းပန်ချင်တာက အဲဒါ မြန်မာပြည် ပြန်ရောက်ပြီးတော့ စာတွေ ဘာတွေ ပြန်ချ၊ စာချတဲ့ နေရာလိုက်ရှာ၊ ဒီလိုပညာတွေကို ဘယ်လို အသုံးချမလဲ ဆိုတာကို ဟိုဟို ဒီဒီ စိတ်မကူးပါနဲ့၊ ဖြစ်ချင်တဲ့ အခါ ဖြစ်သွားမှာပေါ့။ အခြေအနေ ပေးလို့တော့ ဖြစ်ချင် ဖြစ်လာမှာပေါ့။ ကျောင်းတော့ မှန်မှန် တက်ကြ၊ စာတော့ အံကြ လုပ်စရာရှိတာ လုပ်ကြ၊ ဟိုဟာ ဒီဟာလုပ်မယ် စိတ်မကူးကြနဲ့။
(ငါသည် သာသနာအတွက် ဖြစ်လာတာ၊ သာသနာသည် ငါ့အတွက် ဖြစ်လာတာမဟုတ်)

မနေနိုင်လူထွက်
မင်းတို့ ကျောင်းပေါက် ထွက်သွားလို့ ကလေးမလေး တစ်ယောက်က ကိုယ့်တော့ကို မရရင် တပည့်တော်မ သေရပါတော့မယ် ဆိုရင်တော့ လူထွက် ယူလိုက်ပေါ့ (သံဃာများ ရယ်သံ)။ မယူနိုင်ရင် သူနဲ့ မတွေ့အောင် နေပေါ့၊ သူနဲ့ မတွေ့မခြင်းကတော့ စာအံရမှာပဲ (သံဃာများ ရယ်သံ)၊ အဲဒီ အခြေအနေလေးတွေကို နဲနဲ သိဖို့ အရေးကြီးတယ်၊ ဟိုစိတ်ကူး ဒီစိတ်ကူး မကူးနဲ့၊ ငါဟာ သာသနာအတွက်ပဲ၊ ငါဟာ သာသနာအတွက် ပေါ်လာတာပဲ၊ သာသနာသည် ငါ့အတွက် ဒီလိုမဟုတ်ဘဲနဲ့ ငါသည် သာသနာအတွက်၊ ငါတည်းဟုသော အကြောင်းကြောင့် သာသနာတော်ကို ကြီးပွားအောင် လုပ်မယ်လို့ စိတ်ကူးပြီးတော့ သင်ကြပါ၊ ပရိယတ်ပါ၊ ပရိယတ်မို့လို့ သီတဂူဆရာတော်က အားပေးနေတာပါ၊ သီတဂူဆရာတော်လည်း နောက်ဘ၀ သံသရာ ဘ၀တိုင်းဘ၀တိုင်း ပညာတတ်ဖို့ ပညာတွေ အထက်တန်းကျဖို့ အကျိုးလိုလားပြီးတော့ လှူဒါန်းတာ၊ အဲဒါ ခုနကပြောတဲ့ ၀ဏ္ဏဘာသန ဒို့က အချောင် ကုသိုလ်ရနေတာ။ သမနုည-စိတ်တူတယ် သဘောတူတယ်၊ သီတဂူလှူတဲ့ အလှူကို ဒို့က သဘောတူတယ် ၀မ်းမြောက်တယ်၊ အလှူ့ရှင်ထဲ ပါသွားတာပဲ၊ အလှူရှင်နဲ့တူတာတော့ သီတဂူလုပ်တဲ့ အလုပ်တွေကို ဒို့က နောက်ကနေ ၀မ်းမြောက် ၀မ်းသာတယ်၊ အားပေးနေတယ်၊ သီတဂူအစား သီတဂူရဲ့ ကိုယ်စား ဒို့က မင်းတို့ကို သြ၀ဒါပေးတာ၊ ဒါ ပရိယတ်အလုပ်ပါ၊ ဒို့ကတော့ ထောက်ခံတယ်။

ကိုယ့်စာပေကို ချစ်ပါ
ဦးဇင်းတို့ သင်ကြားနေတဲ့ ပရိယတ်ကို ထောက်ခံတယ်၊ သင်ပါ သင်ကြားသင့်ပါတယ်၊ သင်ကောင်းပါတယ် တတ်ကောင်းပါတယ်၊ တတ်ပါ၊ ဘာသာ တစ်ခုတည်း မဟုတ်ဘဲနဲ့ ဘယ်နှစ်ခုတတ်တတ်၊ အင်္ဂလိပ်တင် မဟုတ်ဘူး ကုလားလဲ တတ်အောင်သင်ခဲ့၊ ကုလားစကားလဲ တတ်အောင်သင် နောက် ကုလားနဲ့တွေ့ရင် သြ၀ါဒပေးရအောင် တရားဟောရအောင် (သံဃာများ ရယ်သံ)။ ဒီအထဲ တရုပ်လဲ တတ်ရင် ကောင်းတာပဲ၊ ပြင်သစ်စကားလဲ ကောင်းတာပဲ၊ ချစ်တာတော့ ကိုယ့်စာပေကို ချစ်ပါ။ ကိုယ့်စာကိုယ့်မျိုး ကိုယ့်သာသနာကို ချစ်ပါ။

‘‘ကိုယ့်မျိုး ကိုယ့်စာ၊ ကိုယ့်မြို့ရွာ ကိုယ်ပါ ချစ်၍ မြတ်နှိုးမယ်’’

ကိုယ့်မျိုးကို ချစ်ပါ၊ ကိုယ့်စာကို ချစ်ပါတဲ့၊ အဲဒါ မြန်မာရက်စွဲလေးတွေ မမေ့စေနဲ့၊ အရှင်ဘုရားတို့ မြန်မာ ရက်စွဲ ချစ်ပါ၊ သုံးတာတော့ ဘာပဲ ဖြစ်ဖြစ် သုံးပါ၊ မြန်မာနိုင်ငံမှာ ရေဒီယိုတွေ ဘာတွေမှာ ကြော်ငြာတယ်၊ သတင်းစာတွေမှာ ထွက်နေတယ်၊ မြန်မာရက်စွဲလဲ ပါတာပဲ။ အင်္ဂလိပ် ရက်စွဲလဲ ပါတာပဲ၊ ကမ္ဘာသုံးတဲ့ ရက်စွဲ ပါရမှာပေါ့။ တဘက်သက်တော့ မလုပ်ပါနဲ့၊ အင်္ဂလိပ်စကားလေး နဲနဲတတ်တော့ ခေတ်မီတယ်ပေါ့၊ တချို့ အင်္ဂလိပ်စကား ဘာမတတ် ညာမတတ်နဲ့ အလကားနေရင်း သူတို့ကို သူတို့ ခေတ်မီနေတယ် ထင်နေယ်၊ ရှိသေးတယ် ဦးဇင်းလေးတစ်ပါး မန္တလေးမှာ တွေ့ရတယ်၊ ဘယ်လမှန်းမသိ၊ တခူးလမှန်းမသိ ကဆုန်လမှန်းမသိ ၀ါဆိုလမှန်းမသိနဲ့ သူများဝါဆိုလို့သာ ၀ါဆိုလပြည့်ကျော် ၁ ရက်နေ့ ၀ါဆိုလိုက်ရတယ် (သံဃာများ ရယ်သံ)၊ သူများ ပ၀ါရဏာပြုလို့သာ သီတင်းကျွတ်လပြည့် ပ၀ါရဏာပြုလိုက်ရတာ၊ ဘာမှ မသိဘူး။
ဦးဇင်းလေးတစ်ပါး ငါ့ဆီလာပြီး ရဟန်းခံလာပင့်တယ်၊ ‘‘ဆရာတော်ဘုရား၊ တပည့်တော် ရဟန်းခံမယ်မလို့ ဆရာတော် လိုက်ပြီး ချီးမြောက်ပေးပါဦးဘုရား၊ ဘယ်တော့လဲ မေးတော့ ဖေဖေ၀ါရီလ ၂ ရက်တဲ့ (သံဃာများ ရယ်သံ)၊’’ ဖေဖော်ဝါရီလတွေ ဘာတွေ ငါမသိဘူးကွ၊ ငါ ပြန်တွက်ကြည့်ရအုန်းမှာ၊ ပြောပေါ့ မြန်မာလို၊ အဲတော့မှ တပည့်တော် ပြန်တွက်အုန်းမယ်ဘုရားတဲ့။ ငါ့ပင့်တော့ ဖေဖော်ဝါရီလ ၂ ရက်တဲ့၊ အဲဒါ မကောင်းဘူး၊ နဲနဲ ကျော်နေတယ်၊ နဲနဲ လွဲနေတယ်၊ အမှန်ကတော့ ဖေဖော်ဝါရီလ ၂ရက်တို့ ၃ ရက်တို့ နောက် သိရမှာ၊ ကိုယ့်မြန်မာလ ရက်ကိုတော့ အရင် ဦးအောင် လုပ်ထားရမှာပေါ့။ ကိုယ့်စာကိုတော့ ချစ်ပါ၊ တတ်အောင်သင်ပါ၊ ကိုယ့်စာကို တတ်မှ ဘာစာဖြစ်ဖြစ် တတ်အောင်သင်ပါ၊ တတ်လေ ကောင်းလေပဲ၊ မင်းတို့ အိန္ဒိယကနေ ပြန်လာတယ်၊ မြန်မာပြည်ရောက်တယ်၊ ဘာတွေ တတ်လာတယ်၊ တပည့်တော်ဘုရား အမ်အေ (M.A) တန်းအောင်ခဲ့တယ်ဘုရား၊ ၀မ်းသာတယ်၊ အာ-တပည့်တော် ပီအိပ်ချီ(Ph.D) ဘွဲ့တွေ ရခဲ့တယ်ဘုရား၊ ၀မ်းသာတယ်၊ ဘာလုပ်မှာလဲဆိုတော့ ကိုယ့်ကိုယ်ကို စဉ်းစားပေါ့၊ မြန်မာလူမျိုး ဖြစ်တယ်၊ မြန်မာဘုန်းကြီးဖြစ်တယ်၊ မြန်မာနိုင်ငံမှာ မိမိတို့ကျောင်း အသီးအသီး ရှိကြတယ်၊ ကိုယ့်မိခင်ကျောင်းကို ပြန်ကြည့် ဘာလိုတယ်၊ စာဝင်ချရမယ်၊ စာလုပ်မယ် ဘာလုပ်မယ်။

ပရိယတ်မှ ဈေးဆိုင်သို့
သီတဂူဆရာတော့်တပည့်တွေလဲ ပြည့်လို့၊ ဒေါက်တာဘွဲ့တွေ ဘာတွေရတာ သီတဂူရဲ့ အစီးအစဉ်အတိုင်း စာတွေချနေရတယ်၊ စာတွေ ပြနေရတယ်၊ အဲဒါ သိပ်ကောင်းတာ၊ ပရိယတ်က ပရိယတ်နယ်ပယ်က မထွက်ဘူး၊ အဲဒီက ထွက်ရင် ပဋိပတ်ကို ကူးရမှာ၊ ပရိယတ်နယ်ပယ်က ထွက်ပြီးတော့ ဒီပြင်နယ် ကူးသွားရင် မကောင်းဘူး၊ ပရိယတ်မှ ပဋိပတ္တိသို့၊ ပရိယတ်မှ ဘယ်ရပ်ကွက်သို့ ဘယ်ဈေးဆိုင်သို့ (သံဃာများ ရယ်သံ)၊ ဆိုက်ကားနှင်းမည့်သူကလဲ ဘယ်ဆိုက်ကားသို့ (သံဃာများ ရယ်သံ)။ ဒို့က ပရိယတ်ထဲမှာဆိုတော့ ပဋိပတ်ထဲကို တက်ရမှာ၊ အဲဒါလေးတွေ သတိထားပြီး ကြိုးစားကြဖို့ပဲ။ အဲဒါ ‘‘ကိုယ့်မျိုး ကိုယ့်စာ၊ ကိုယ့်မြို့ရွာ ကိုယ်ပါ ချစ်၍ မြတ်နှိုးမယ်’’ တဲ့၊ ကိုယ်တည်းဟုသော အကြောင်းကြောင့် ဆရာသမားတွေ နာမည် မပျက်အောင်၊ သီတဂူကိုလဲ အားပေးရင်း သီတဂူရဲ့ ဂုဏ်ကျေးဇူးတွေကို အာရုံပြုပြီး ကြိုးစားကြ။ ပရိယတ်လုပ်နေတာ၊ တနေ့ကျရင် စာပြန်ချရမယ်၊ ဘယ်လိုသာသနာပြုမယ်၊ ကိုယ့်ရွာကို ပြန်ကြည့်၊ ကိုယ့်မြို့ကို ပြန်ကြည့်၊ ကိုယ့်စာသင်တိုက်ကို ပြန်ကြည့်၊ ဘာလိုတယ် ညာလိုတယ် အဲဒါတွေ သတိထား။ အခြေအနေကတော့ အခြေအနေရပေါ့၊ အခြေအနေမှ မရောက်သေးဘူး စောစောကထဲက အချိန်ကုန်လာတာ မကောင်းဘူး။

ဗိုလ်ချုပ်နှင့်သမီးရည်းစား
ဗိုလ်အောင်ဆန်း ပြောသလိုပဲ၊ ဗိုလ်ချုပ်အောင်ဆန်းက သမီးရည်းစားထားတဲ့ အချိန်တွေ အကုန်မခံဘူး၊ နောက်တော့ ဆေးရုံတက်ရင်းနဲ့ ဒေါ်ခင်ကြည်နဲ့ တွေ့လို့ တစ်ယောက်နဲ့ တစ်ယောက် လက်စွပ်ခြင်း လဲပြီး လင်မယားဖြစ်သွားတာ (သံဃာများ ရယ်သံ)။ သမီးရည်းစား ဖြစ်တဲ့ အချိန်လေး ဘာမှ မရှိလိုက်ဘူး၊ သမီးရည်းစား ဖြစ်တဲ့ အချိန် တစ်ရက်နှစ်ရက်ပဲ၊ တစ်ယောက်နဲ့ တစ်ယောက် အကြောင်းပါရမီဆက်သွားကြတာ။ အခု သူမွေးလာတဲ့သူတွေက လူစွမ်းကောင်းတွေချည်းပဲ၊ ဒေါ်အောင်ဆန်းစုကြည်ဆိုလဲ ကမ္ဘာကျော်နေတာ၊ နိုဘယ်လ်ဆုတွေ ရတာ။ အဲဒါ ဗိုလ်ချုပ်အောင်ဆန်းလို လုပ်။

ဒါမှမဟုတ် အလကားနေမည့်အစား ဗိုလ်ချုပ်အောင်ဆန်းက အင်္ဂလိပ်ကို တိုက်တယ် ခိုက်တယ်ဆိုတာ တိုက်တာ ခိုက်တာ မဟုတ်ဘူး၊ အင်္ဂလိပ်ကို ကန့်ကွက်တာ၊ အင်္ဂလိပ်က မဆီမဆိုင် သခင်လုပ်ပြီးတော့ မြန်မာကို ကျွန်လုပ်ပြီးတော့ကို နေလို့၊ မြန်မာကို ကျွန်အဖြစ် အကြာကြီးမလုပ်ပါနဲ့ ခင်များတို့ကို ကျုပ်တို့ ကန့်ကွက်တယ်၊ ဒါ ကန့်ကွက်တာ။ ကန့်ကွက်တာ တမျိုး တိုက်တာခိုက်တာက တမျိုး၊ အဲဒါ သေနပ်ကိုင်ပြီးတော့ တိုက်တာ ခိုက်တာ မလုပ်ချင်ဘူး၊ တက္ကသိုလ်မှာလဲ သူ့အပေါင်းအသင်းတွေကို အင်္ဂလိပ်စကားတတ်အောင် သင်စေတယ် သူကိုယ်တိုင်ကလဲ တတ်အောင်လုပ်တယ်၊ ဒို့က အင်္ဂလိပ်ကို တော်လှန်ဖို့ အင်္ဂလိပ်စကား တတ်မှ ဖြစ်မယ်၊ ဒါ့ကြောင့် ဘာဖြစ်ဖြစ် တတ်ရင်ကောင်းတယ်။ အင်္ဂလိပ်စကား တတ်အောင်သင်၊ တိဗတ်က ဦးဇင်းတွေ မနက်ကလာလို့ အဲဒါပြောတယ်၊ တရုပ်ကို တိုက်တယ်ခိုက်တယ် မလုပ်နဲ့ပေါ့ တရုပ်တွေကို ကိုယ့်တိုင်းပြည်ကို လာမအုပ်ချုပ်အောင် ကန့်ကွက်ပေါ့လို့။ ကန့်ကွက်နိုင်အောင် တိဗက်စာ များများတတ်အောင် လုပ်ရတယ်၊ တရုပ်စာကို များများတတ်အောင် လုပ်ရတယ်လို့၊ အဲဒါ စာများများတတ်ဖို့ အရေးကြီးတယ်။ ဘာစာတတ်တတ် ကောင်းပါတယ်၊ ပညာတွေတတ်တာ ကောင်းပါတယ်ဆိုတဲ့ အကြောင်းကို ပြောတာပါ။ ဒါ့ကြောင့် ကိုယ့်မျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာကြီးပွားအောင် လုပ်ပါ။

တပ်မတော်သည် တိုင်းပြည်အတွက်
မန္တလေးမှာဆိုပြောတယ် ‘‘တပ်မတော်သည် နိုင်ငံအတွက် ဖြစ်တယ်၊ နိုင်ငံတော်သည် တပ်မတော်အတွက်ဆို သွားရော’’လို့ အဲဒါပြောတယ်၊ (သံဃာများ ရယ်သံ)။ တပ်မတော်သည် ထင်ရာလုပ်တော့မှာလေ၊ (သံဃာများ ရယ်သံ)။ ငါလည်း အစိုးရတွေ ဘာတွေ ကြားအောင် ပြောတာ။ တပ်မတော်သည် ဘာလဲ မင်းတို့သိတဲ့အတိုင်း ကတ္တားလေးက အလွန်အရေးကြီးတယ်၊ တပ်မတော်သည် တိုင်းပြည်သည် ငါသည် အဲဒီကတ္တားလေးက တော်တော် အရေးကြီးတယ်။

အမှန်ကတော့‘‘ တပ်မတော်သည် တိုင်းပြည်အတွက် ဖြစ်ရမယ်၊ တိုင်းပြည်သည် တပ်မတော်အတွက် မဟုတ်ဘူး’’ ထို့အတူပဲ သာသနာတော်သည် ငါ့အတွက်မဟုတ်၊ ငါသည် သာသနာအတွက်၊ သာသနာတော် ကြီးပွားအောင်၊ ငါ့မိခင်တိုက်ပြီးရင် တိုးတက်ပြီးရင် ကိုယ့်ရွာ ကိုယ့်မြို့ ပြန်ပြီး သာသနာပြုမယ်၊ ဘယ်သူတွေ မျက်စိပွင့်အောင် ဘယ်လိုပြောမယ် ဘယ်လို ဆိုမယ်၊ ဘယ်လို စည်းရုံးမလဲ။

ဘုန်းကြီးခေါင်းဆောင်မှ
မြန်မာနိုင်ငံမှာ မင်းတို့ သိတဲ့အတိုင်းပဲ တောရွာတွေက ဘုန်းကြီးတွေ မပါရင် မဖြစ်ဘူး၊ ဘုန်းကြီးတွေ ခေါင်းဆောင်မှဖြစ်တာ၊ လူတွေ တစ်ယောက်နဲ့ တစ်ယောက် မယုံကြဘူး၊ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်စရာ သိပ်မရှိဘူး (သံဃာများ ရယ်သံ)။ ဂေါပကတွေ ဘာတွေဖွဲ့ ဘာဖွဲ့ ညာဖွဲ့နဲ့ တော်ကြာ ပိုက်ဆံတွေပျောက်နဲ့ (သံဃာများ ရယ်သံ)။ ရွာတစ်ရွာရောက်တော့ မေးကြည့်တယ်၊ မင်းတို့ရွာမှာ ဘုရားခန်းတွေ ဘုရားကျောင်းတွေမှာ ဘယ်လို လုပ်ကြလဲ၊ ဂေါပကတွေ ဘာတွေ မရှိဘူးလား မေးတော့၊ တပည့်တော်တိုဆီ ဂေါပကတွေ မရှိဘူးဘုရား၊ ဂေါပကတွေ နဂိုကတော့ ရှိတယ်ဘုရားတဲ့၊ အခု ဘာဖြစ်ကုန်လဲ မေးတော့ ဂေါပကတွေက ဂေါပကုတ်တွေ ဖြစ်ကုန်ပြီတဲ့ (သံဃာများ ရယ်သံ)။ လူတွေက ဘုန်းကြီးတွေကို အားကိုးနေတာ၊ ဦးဇင်းတွေ ခေါင်းဆောင်နေရတာ။

နိဂုံးချုပ်
ဦးဇင်းတို့လဲ ဒီလာနေကြရတာ ပညာတတ်အောင် သင်ဖို့၊ ပရိယတ်တတ်အောင် သင်ဖို့၊ ပရိယတ္တိကနေ ပဋိပတ္တိသို့ သွားဖို့၊ ငါသည် သာသနာ့အတွက် ဖြစ်ဖို့ ငါ့ရပ်ရွာ ကောင်းစားဖို့၊ ငါ့မြို့ ကောင်းစားဖို့၊ ငါ့မိခင် စာသင်တိုက်ကြီး ကောင်းစားဖို့၊ ငါ ဓမ္မာစရိယ အောင်ခဲ့တဲ့ နေရာ၊ ငါ ပထမကြီး အောင်ခဲ့တဲ့ နေရာ၊ ဘာလိုနေလဲ၊ ငါပြန် စာချရမယ် စာသင်ပေးရမယ် ဒီလို စိတ်တွေ ထားပြီးတော့ ပြစ်မထားဖို့ ကိုယ့်ဘ၀တစ်သက်တာ ကိုယ့်ဘ၀ကို မမေ့ဖို့၊ ကိုယ့်ရွာက ဆရာသမားတွေ ကိုယ့်မိဘ ကိုယ့်အမျိုးတွေကို အားကိုးပြိးတော့ ဒီလာကြတာ၊ သီတဂူက အဲဒီကိစ္စမှာ လမ်းဖြောင့်အောင်လို့ လမ်းဖြောင့်သွားရအောင်လို့ ထောက်ပံ့တာ။ အဲဒါ ယုံကြည်ချက်ချပြီး ကိုယ့်အတွက်ရော သာသနာတော်ကြီး အတွက်ပါ ကောင်းစားအောင် သာသနာအတွက် ကြိုးစားအောင် သာသနာတော်ကြီး တိုးပွားအောင် ကြိုးစား အားထုတ် ဆောင်ရွက်နိုင်ကြပါစေကုန်သတည်း။။။။။။
(သံဃာအားလုံး ရဲ့ သာဓုသံ)

မှတ်တမ်းတင်သူ ။ ။ အသံဖိုင်ကို သီတဂူစတားက စာအဖြစ်ရောက်အောင် စာစီသည်၊ သီတဂူဆရာတော်ကြီး သြ၀ါဒ လာပါဦးမည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၂၀-၁၂-၂၀၁၁

22 December 2011

သီတဂူဆေးရုံ (လွိုင်ကော်)



သီတဂူတက်လမ်းစက္ခုဒါန ဆေးရုံတော်ကြီး (လွိုင်ကော်မြို့)

သီတဂူတက်လမ်းစက္ခုဒါနဆေးရုံ
သီတဂူဆရာတော် ဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့နှင့် တက်လမ်းဆောက်လုပ်ရေးကုမ္ပဏီ မိသားစုတို့ လှူဒါန်းသော အမှတ်စဉ် (၁၅)သီတဂူတက်လမ်းစက္ခုဒါနဆေးရုံ (လွိုင်ကော်)ကို
(၂၀-၁၂-၂၀၁၁)နေ့ မနက်ပိုင်းက ကယားပြည်နယ် လွိုင်ကော်မြို့ ကန္တာရ၀တီကျောင်းတိုက်ရှိ ဆေးရုံတည်နေရာတွင် ဖွင့်လှစ်ကျင်းပပါသည်။
လွိုင်ကော်ရောက် သီတဂူဆရာတော်ကြီး

အစီအစဉ်
၁။ ရှေးဦးစွာ တက်လမ်းဆောက်လုပ်ရေးမှ ဦးရှိန်ဝင်းက ဆေးရုံဆောက်လုပ်
ဖြစ်ပေါ်လာမှုကို တင်ပြပါသည်၊
၂။ နောက် ပြည်နယ်ဝန်ကြီးချုပ်က ကျေးဇူးတင်စကား ပြောကြားသည်၊
၃။ သီတဂူ ဆရာတော်ကြီးမှ သြ၀ါဒ စကားမိန့်ကြားပါသည်၊
၎။ ပြည်နယ်တာဝန်ရှိသူများ၊ ပြည်နယ်သံဃာနာယက ဆရာတော်များ၊ ခရစ်ယာန်ဘုန်းတော်ကြီးများ၊ တိုင်းရင်းသားကိုယ်စားလှယ်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပါသည်။ (ထိုအချိန်တွင် အမြှောက် (၉)ချက်ဖေါက်ပြီး ဂုဏ်ပြုပါသည်၊
၅။ ထိုနောက် ပြည်နယ် ၀န်ကြီးချုပ်က ဆေးရုံဆိုင်းဘုတ်ကို
စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပါသည်၊
၆။ ထို့နောက် ဆေးရုံဖွင်ပွဲ အထိမ်းအမှတ်အလံများနဲ့ ပြည်နယ်ဝန်ကြီးချုပ်က
အမှတ်တရ လက်ဆောင်ပေးအပ်ပါသည်၊
၇။ ၎င်းနောက် ဆေးရုံမော်ကွန်းကျောက်စာကို သီတဂူဆရာတော်နဲ့ ပြည်နယ်မှ သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်လမ်းဆောက်လုပ်ရေးမှ ဦးရှိန်ဝင်းတို့က နံ့သာရေများ ပက်ဖြန်းပေးသည်၊
ကြွရောက်လာသော ဆရာတော် သံဃာတော်များက ဇယန္တော ဗောဓိယာမူလေ အစချီပြီး မင်္ဂလသုတ် မေတ္တာသုတ် ပုဗ္ဗဏှသုတ်များ ရွတ်ဖတ်ကြ ပူဇော်ကြသည်။
၈။ ကြွရောက်လာသော သံဃာတော်များနှင့် ဧည်သည်တော်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု့
ကြကာ ဖွင့်ပွဲအခန်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။
တိုင်းရင်းသားများနဲ့ ဆေးရုံတော်ကြီး ဖွင့်ပွဲ

ကုန်ကျစရိတ်
သီတဂူသာသနာပြုအဖွဲ့မှ ဆေးရုံသုံးပစ္စည်းများနှင့် မီးစက်အတွက် အလှုငွေ
ကျပ်သိန်ပေါင်း (၂၀၀၀)ကျော်နှင့် တက်လမ်းဆောက်လုပ်ရေးမှ အဆောက်အဦးအတွက် သိန်းပေါင်း(၃၀၀၀) ကျော်ဖိုး အကုန်အကျခံ ဆောက်လုပ် လှူဒါန်းခဲ့ကြပါသည်။
တိုင်းရင်းသူများ (ဆေးရုံတော်ဖွင့်ပွဲအမှတ်တရ)
ပြည်သူ့ဆေးရုံကြီးအတွက် အလှူတော်
၉။ နေ့လည်ပိုင်းတွင်လဲ သီတဂူဆရာတော်ကြီး ဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့သည်
လွိုင်ကော် ပြည်သူ့ဆေးရုံသို့ သွားရောက်ကာ သိန်း(၁၅၀၀)ကျော်မှ တန်ဘိုးရှိသော ဆေးရုံသုံးပစ္စည်းများကို လှူဒါန်းခဲ့ကြပါသေးသည်။

သီတဂူ စန်းလပမာ ချမ်းမြသာယာရှိပါစေ။
လှဆန်းယဉ်မိသားစု
၂၀-၁၂-၂၀၁၂
ဆေးရုံတော်၏ အတွင်းပိုင်း

ကိုယ်တိုင်လိုက်သွားပြီး သတင်းဓာတ်ပုံများ ပေးပို့သော ကျောင်းအမအား အထူးကျေးဇူးတင်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၂၁-၁၂-၂၀၁၂

18 December 2011

တောင်းပန်ခြင်း

သီရိလင်္ကာမှာ နေဖူးသူ အရှင်မြတ်တစ်ပါးက ဘုန်းဘုန်းအရှင်ကောဝိဒသိရီသို့ ဆိုတဲ့ ပေးစာနဲ့ ပတ်သက်ပြီး စာရေးသူကို ပြောပါတယ်၊ စင်္ကာပူဒကာမ၏ စာရေးသူကိုမေးသော မေးခွန်းသည် ပိုဂ္ဂိုရေးအတွက် ထိခိုက်နိုင်ပါတယ်တဲ့၊ မေးလာသူ ဒကာမဆီကိုပဲ အီးမေးလ်ကနေ ပြန်ဖြေကြားသင့်ကြောင်း အကြံပြုလာပါတယ်။ အကြံပြုချက်အတွက် များစွာ ကျေးဇူးတင်ပါသည်။

အဲဒီလို တစ်ဦးတစ်ယောက်ကြောင့်၎င်း၊ ဤပို့စ်ကြောင့်သော်၎င်း ထိုတိုင်းပြည် ထိုဒေသမှာ ကျောင်းတက်နေကြတဲ့ အရှင်များအတွက် ထိခိုက်စရာ ဖြစ်လာတယ်ဆိုရင် တောင်းပန်ပါသည်။ စာရေးသူလဲ ရေးသင့် မရေးသင့် အကြိမ်ကြိမ် စဉ်းစားပါသည်။ စာရေးသူ၏ ရည်ရွယ်ချက်က ထိခိုက်လိုသော ဆန္ဒမပါ၊ ထိခိုက်လိမ့်မည်ဟူ၍လည်း မထင်ခဲ့။ မေးလာသူနဲ့ စာဖတ်ပရိသတ်အတွက် ဗဟုသုတ ပေးရုံသာ ဖြစ်ပါသည်။

စာရေးသူ ရည်ရွယ်ချက်
စာရေးသူ အဖြေမှာတော့ ဗဟုသုတဖြစ်ဖွယ်ရော၊ စိတ်နေစိတ်ထား ထားတတ်အောင်ပါ ရေးထားသဖြင့် သူ့အတွက်ရော လူဝတ်ကြောင် စာဖတ်ပရိသတ်အတွက်ပါ အကျိုးများမည်ထင်၍ တင်လိုက်ရခြင်း ဖြစ်ပါသည်။ စာရေးသူအနေနဲ့ ကိုယ့်ပေါင်ကို ကိုယ်လှန် ထောင်းသလို ကိုယ့်သာသနာအတွက် သိက္ခာကျစရာ ဖြစ်လာရင် တောင်းပန်ပါကြောင်း ထပ်လောင်း လျှောက်ထားပါသည်။

တကယ်တော့ စာရေးသူ စေတနာက လူဝတ်ကြောင်တွေအတွက် ဒီလိုအဖြစ်မျိုးတွေ ကြုံလာရင် ဒီလို စိတ်ထားမျိုး ထားတတ်အောင် ရေးထားခြင်း ဖြစ်သည်။ ဒီလို အဖြစ်မျိုးတွေက ဗုဒ္ဓဘာသာ နိုင်ငံတိုင်းမှာ ဖြစ်လေ့ဖြစ်ထ ရှိတယ်ဆိုတာလဲ သိစေချင်းကြောင်းပါ။

ဒီလို ဖုန်းတွေ အင်တာနက်တွေ မရှိသေးခင် ဘုရားလက် ထက်တော်ကထဲက ဒီလိုစကားမျိုးတွေ ပြောခဲ့ကြလို့ ကထာဝတ္ထု ၁၀ ပါးကနေ ၃၂ အထိ ဟောထားခဲ့ကြောင်းကို ထောက်ဆ၍ ဒီကနေ့ ဒီလို အဖြစ်မျိုးတွေကို ကြုံတွေ့လာတဲ့ အခါ ဘာမှ မဟုတ်ကြောင်း နားလည်ပေးစေလိုကြောင်း အဓိပ္ပါယ် များစွာ ပါပါသည်။

စာရေးသူ၏ ပြန်စာကို ဖတ်ပြီး စိတ်ကောင်းထားတတ်အောင် လိုက်နာပါမည် ဖြစ်ကြောင်း၊ နေ့စဉ် ပဋ္ဌာန်းရွတ်ဖတ် ပူဇော်နေကြောင်းပါ လျှောက်ထားသည်။ ဒီလို ပြုပြင်သွားတတ်ခြင်းသည် စာရေးသူတို့အတွက် အမြတ်အစွန်းပဲ ဖြစ်သည်။ စာရေးသူတိုင်းက သူတို့ပေးသော စာသည် လူတစ်ဦးတစ်ယောက်အတွက် အသိ တစ်ခု ရသွားခဲ့တယ်ဆိုရင် အဲဒီ ပီတိက သူတို့ရဲ့ အာဟာရပဲ ဖြစ်သည်။

စာရေးသူနဲ့ စာဖတ်ပရိသတ်
စာရေးသူ၏ Gtalk ဘောက်ထဲမှာ ရဟန်းတွေရော ယောက်ျား မိန်းမ များစွာရှိပါသည်၊ တချို့လည်း မိသားစုလို ခင်မင်သူများ ရှိသည်၊ အားလုံးက စာရေးသူကို ခင်မင်ကြသူများသာ ဖြစ်ပါသည်၊ စာရေးသူ၏ စာဖတ်ပရိသတ်လို့ ပြောရင်လဲ မမှားပါ။ ထိုသူတွေနဲ့ စာရေးသူကိုယ်တိုင် ဘာသာရေး လူမှုရေး နိုင်ငံအရေးတွေကို ကြုံသလို ပြောဖြစ်သည်၊ တခါတရံ မာကြောင်း သာကြောင်း ဂေဟဿိတ စကားတွေကိုတောင် ပြောဖြစ်သည်။ စာရေးသူ အသိရှိသလောက် ဝေငှဖြစ်သည်။ ခေတ်စကားနဲ့ ပြောရရင် ဒါကို ကြူတယ်လို့ ခေါ်နိုင်မလား၊ သို့မဟုတ် စာသံပေသံနဲ့ ဆွေးနွေတယ် ပြောမလား၊ အသိပေးတယ် ပြောမလား၊ အဆင်ပြေသလို စာရေးသူအပေါ် ခေါင်းစဉ်တပ်၍ ပြောနိုင်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၈-၁၂-၂၀၁၁

16 December 2011

ဘုန်းဘုန်း အရှင်ကောဝိဒသိရီ သို့




ဒီ မေးထားတဲ့ မေးခွန်းကိုတော့ အဖြေနဲ့တကွ မေးသူထံပို့ပြီး ဆွေးနွေးပြီးသားဖြစ်သည်၊ သူလဲ ကျေနပ်သွားသည်၊ လောကမှာ ဖြစ်တတ်သည့် သဘောပါလားဆိုတာ အတွေးတစ်ခုလဲ ရနိုင်ကောင်းပါသည်၊ ထိုအတွက် စာရေးသူ၏ပို့စ်ထဲမှာ ဖြစ်တတ်သည့်သဘာဝကို ပြသော ရဟန်းတော်နှင့် အမျိုးသမီး အမည်ရှိ ပို့စ်လည်း ရှိပြီးသားဖြစ်ပါသည်။ ပို့စ်အဖြစ် တင်ရကောင်းမလားဆိုတာကိုတော့ အကြိမ်ကြိမ် အခါအခါ စဉ်းစားခဲ့သည်၊ ဘယ်သူ့ကိုမှ ထိခိုက်စရာမပါသဖြင့်၎င်း၊ အဖြေကို ဖတ်လိုက်ရခြင်းကြောင့် ဗဟုသုတတစ်ခု ရနိုင်သည်ဟု ယူဆရသောကြောင့်၎င်း တင်လိုက်ရပါသည်။
======

ဘုန်းဘုန်း ကောဝိဒသိရီ ဘုရား
တပည့်တော်မသည် ဘုန်းဘုန်း ဧ။် သီတဂူစတား Web Site ကို အမြဲတမ်း ဖတ်ရှု လေ့လာသော အရှင် ဘုရား ဧ။် ဘလော့ ပရိတ်သတ် တယောက်ပါ ဘုရား။ ဘုန်းဘုန်းကို မေးစရာ မေးခွန်းလေးများ ရှိနေပါ သဖြင့် အီးမေးရေးရခြင်း ဖြစ်ပါသည် ဘုရား။ ဦးစွာ ပထမ တပည့်တော်ဧ။် အရေး အသားထဲတွင် အမှားပါခဲ့ပါက ရိုသေစွာ တောင်းပန်အပ်ပါသည် ဘုရား။


တပည့်တော်မသည် စင်ကာပူမှာ နေ၍ အလုပ်လုပ်ရင်းဖြင့် မိဘများကို ကျေးဇူးဆပ်နေပါသည်ဘုရား။ တပည့်တော် မတို့ စင်ကာပူမှာ နေသည်မှာ အရှင်ဘုရားလဲ သိပါလိမ့်မည်ဘုရား။ တအိမ်လုံး ငွေ ကုန်ကြေး ကျခံကာ မငှားဘဲနဲ့ တစ်ခန်းလျင် ၂ ယောက် သို့မဟုတ် ၃ ယောက် မိန်းခလေးများ စု နေကြပါသည် ဘုရား။ ထိုသို့နေထိုင်ကြသည့် အအခါ တဦးကိုတဦး လေးစား၍သော်လည်းကောင်း ကိုယ်ချင်းစာ၍သော် လည်းကောင်း အဆင်ပြေအောင်ကြိုးစား၍ နေကြ ရပါသည်ဘုရား။

ယခု တပည့်တော်မ နေထိုင်သည့် အခန်ုးမှာ အနည်းငယ် နေသာ ထိုင်သာ ရှိပါသဖြင့် အိမ်ခန်း ငှားခ သက်သာစေရန် တခန်းတည်းမှာ မိန်းခလေး ၄ ယောက် နေပါသည်ဘုရား။ ထိုသို့ နေထိုင်ကြသည်မှာ တစ်လ မပြည့်ခင်မှာပင် အခန်းထဲမှ အခန်းဖော် အမျိုးသမီးမှာ သူဧ။် အမျိုး ဦးပဇင်း ဆိုသူနှင့် ညတိုင်း ဖုန်း ပြော, Gtalk ပြောသည်မှာ ကျန်သည့် အခန်းဖော်များ အားလုံး အနှောက်အယှက် ဖြစ်ကြရပါသည်ဘုရား။
ဦးပဇင်း ဆိုသည့် ဘုန်းကြီးသည် သိရီလင်္ကာသို့ မာစတာဘွဲ့ ယူရန် ဆိုလား ဒေါက်တာဘွဲ့ ယူရန်ဆိုလား ကျောင်းသား အဖြစ်နှင့် ရောက်နေပါသည်တဲ့ဘုရား။ တပည့်တော်မတို့မှာ တစ်ညတလေဆို အရှင်ဘုရားကို အချိန်တို့ကို အကုန်ခံ ခိုင်းနေစရာ မလိုပါဘုရား။ အခုဟာက ညတိုင်းဘုရား။ တစ်လ ပြည့်တော့မယ်။ တပည့်တော်မတို့ ညတိုင်း အိပ်ရေး ပျက်ကြရပါသည်ဘုရား။ အိပ်ရေး ပျက်ရုံတင် မကတော့ဘဲ အခုက တပည့်တော်တို့မှာ ငရဲ ကြီးနေကြပါပီဘုရား။

ဒီဘက်က ဒကာမက ပြောနိုင်သည်ထားဦး သိရီလင်ကာဘက်မှ ဦးပဇင်းကရော အဲလို အချိန်ကုန်ခံပီး ပြောရကောင်းလား ဆိုပီး တပည့်တော်တို့မှာ ညတိုင်း စိတ်နှင့် ပြစ်မှား နေကြရပါသည်ဘုရား။
တပည့်တော် မေးလိုသည် မှာ …..
၁။ စာသင်သား ဘုန်းဘုန်းများသည် ဒကာ ဒကာမများနှင့် အရေးမပါသည့် လူမှုရေး ဆွေမျိုး အကြောင်းများကို ထို ကဲ့သို့ ပြောနေလို့ ရပါသလားဘုရား။ ညတိုင်း ပြောနေကြသည်မှာ ည ဂ နာရီခန့်မှ နေ၍ အနည်းဆုံး မပြောဘူး ဆိုသောညသည် ည ၁၂ နာရီထိ ပြောပါသည်ဘုရား။ ထို့ကြောင့် မေးမြန်း ပါရစေပါဘုရား။
၂။ ထိုသို့ ပြောနေကြသည့် ဘုရားအကြောင်း တရားအကြောင်း မဟုတ်သော အလာပ သလာပ စကားများ ပြောနေသည်ကို ကာယကံရှင်မှ စပီကာဖွင့် ပြောနေသဖြင့် ၂ ဖက် စလုံးဧ။် စကားများကို တပည့်တော် မတို့က မကြားချင်မှ အဆုံးပါဘုရား။ ထို့ကြောင့် တပည့်တော်မတို့မှာ စာသင်နေသည် ဆိုသည့် ဘုန်းကြီးကလဲ အဲလောက်တောင် ပြောနိုင်ရကောင်းလားဆိုပီး ညတိုင်း စိတ်နှင့် ဒေါသထွက်နေကြရပါ သဖြင့် တပည့်တော်မတို့မှာ အဘယ်ကဲ့သို့သော အပြစ်များ ရောက်နိုင်ပါသလဲဆိုတာ ဖြေကြား ပေးတော်မူပါဘုရား။
၃။ သိရီလင်ကာမှ ဦးပဇင်း (ဘွဲ.နာမည် မသိပါ အညာဘက်မှ ဖြစ်ပါသည် )ကိုလဲ သိစေချင်ပါသည်ဘုရား။
ထိုကဲ့သို့သော ဦးပဇင်းများဧ။် လုပ်ရပ်များကြောင့် ဗုဒ္ဓဘာသာကို အကြည်အညိုပျက် အရိုအသေ ပျက်စေ သည်ဟု မြင်ပါသည်ဘုရား။ တပည့်တော်မဧ။် အမြင်မှားနေပါက ပြင်ပေးတော်မူပါဘုရား ။တပည့်တော်မဧ။် စာကို ဘုန်းဘုန်း အဆင်ပြေသလို တည်းဖြတ်၍ ဖြေကြားပေးတော်မူပါဘုရား။
တပည့်တော်ဧ။် နာမည်ကို မရေးပါနှင့်ဘုရား
အရှင်ဘုရား အစဉ်အမြဲ ကျန်းမာ ရွှင်လန်းပါစေဘုရား။
(ဒကာမ-စင်္ကာပူ)

၁၁-၁၂-၂၀၁၁
ဟလို-ဟလို----

00000000000000000

သို့ စင်္ကာပူမှ ဒကာမလေး
ရှေးဦးစွာ ဘုန်းဘုန်းဆိုက်ကို အားပေးဖော်ရတဲ့ သီတဂူစတား၏ ပရိသတ်တစ်ယောက် ကျေးဇူးအထူးတင်ပါသည်။ ဘုန်းဘုန်း၏ ဆိုက်ထဲမှာ ရဟန်းနဲ့အမျိုးသမီး ပို့စ်တွေ အပိုင်း (၁-၂) တင်ပြီးသားရှိပါတယ်။ အဲဒါ အရင် ဖတ်ကြည့်ပါအုန်း။
မေးခွန်းတွေကို မဆွေးနွေးခင် လူမှုရေးအသိအကြောင်းလေး ပြောကြရအောင်၊ စောစောက ဒကာမပြောပြတဲ့ ဇာတ်လမ်းထဲက ဘုန်းဘုန်းက အညာသားဆိုတော့ ဘုန်းဘုန်းက ရီချင်သွားတယ်၊ ဘာလို့လဲဆိုတော့ ဘုန်းဘုန်းကလဲ အညာသားလေ၊ စစ်ကိုင်းသားဆိုတော့ အညာသားစစ်စစ်ကြီးပေါ့နော်။ ဘုန်းဘုန်းများ ဖြစ်နေမလားppppp။

အချင်းချင်းနားလည်မှု
တခန်းတည်းမှာ အတူနေသူတွေဆိုတာ တစ်ဦးအပေါ်တဦး နားလည်ပေးသင့်ပါတယ်၊ အိပ်ချိန် အနားယူချိန်မှာ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် ကိုယ့်ကြောင့် သူတစ်ပါးအတွက် အနှောက်အယှက် မဖြစ်စေရဘူး။ အိပ်ချိန်မှာ Gtalk ကနေ စကား အကျယ်ကြီးပြောတာတို့ တယ်လီဖုန်းနဲ့ အကျယ်ကြီးပြောတာတို့ အနားယူနေသူတွေကို အနှောက်အယှက်ဖြစ်စေတာ အမှန်ပါ။ မဖြစ်သာလို့ ပြောချင်ရင်တောင် အပြင်ဘက် ထွက်ပြောသင့်ပါတယ်။ အချင်းအချင်း လေးစားခြင်း စာနာခြင်း အားနာခြင်း စတဲ့ တဦးအပေါ်တဦး နားလည်တဲ့စိတ်ရှိရပါမည်။ ဘုန်းကြီးနဲ့ အချိန်မတော် စပီကာဖွင့်ပြီး တယ်လီဖုန်းပြောနေတာကတော့ လူမှုရေး နားမလည်လို့လား၊အရွဲ့  တိုက်တာလား၊ တစ်ယောက်ယောက်နဲ့ စကားပြောနေတာကို ထင်ယောင်ထင်မှားဖြစ်အောင် ကြွားနေတာလား၊ တဖက်လူကို ဂရုမစိုက်တာလား ဆိုတဲ့ လားများစွာ ရှိနေပါတယ်။
ဘုန်းဘုန်းတို့လည်း ဘုံဘေမှာ တစ်ခန်းကို ၄ ပါးနေရပါတယ်၊ ပိုက်ဆံပေးပြီး အပြင်မှာ အိမ်ခန်းငှါးမနေနိုင်လို့ တက္ကသိုလ်က ပေးတဲ့ Local အဆောင်မှာပဲ အခန်းကျင်းလေးထဲ ၄ပါး နေရပါတယ်၊ တပါးနဲ့တပါး တစ်တောင်လောက်ရှိတဲ့ စားပွဲခုံလေးတစ်လုံးပဲ ခြားထားပါတယ်၊ ဒီအထဲ တစ်ယောက်ယောက်က လေအကျယ်ကြီး လည်လို့ မနဲအောင့်အီးနေရတာပါ။ ကိုယ်ကိုယ်တိုင်ကတော့ ပတ်ဝန်းကျင်ကို အသံကော တခြားနှောက်ယှက်စေတဲ့ အရာကို မဖြစ်အောင် အတတ်နိုင်ဆုံး ထိန်းပါတယ်။ ဒါလဲ လူ့ကျင့်ဝတ်တစ်မျိုးဖြစ်ပါတယ်။

ဒကာမအနေနဲ့ အဝေးက ဘုန်းကြီးကို လှမ်းပြောနေမဲ့အစား အနီးဆုံးလူကို နားလည်အောင်ပြောသင့်ပါတယ်၊ တချို့က လူမှုရေးတွေ သိပ်အလေးထားတာ မဟုတ်ဘူး၊ အဲဒီလို ပုဂ္ဂိုလ်မျိုးကိုတော့ အားမနာပါနဲ့၊ ပြောစရာရှိတာ ပြောလိုက်ပါ။ ဘုန်းကြီးနဲ့ ဒကာမ ဆွေးမျိုးပဲ တော်သည်ပဲဖြစ်စေ၊ မတော်သည်ဖြစ်စေ၊ ဘယ်လိုပဲတော်စပ်တော်စပ် ဘာပဲ ပြောပြော သူတို့ဘာသာ ပြောပါစေ၊ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စ၊ ဒါပေမဲ့ ပတ်ဝန်းကျင်ကို အနှောက်အယှက် ဖြစ်လာပြီဆိုရင်တော့ သူဘာပဲ ဖြစ်ဖြစ် ပြောသာ ပြောလိုက်ပါ။ The man who is unable to live in society must be a beast or God. ဒီအင်္ဂလိပ်စာ စာပိုဒ်ကလေးက ဒကာမအတွက် အသုံးဝင်မှာပါ၊ လူအဖွဲအစည်း, ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ မနေတတ်သူဟာ အသိဥာဏ်ကင်းမဲ့တဲ့ တိရိစ္ဆာန်ပဲ ဖြစ်ရမည်၊ ဒါမှမဟုတ် လူသားမဟုတ်တဲ့ ဘုရားလျှင်လဲ ဖြစ်ရမည်တဲ့။ သူငယ်ချင်းတစ်ယောက် Gtalk ဘောက်ထဲမှာ ရေးထားတာ တွေ့တာနဲ့ ကူးယူထားလိုက်တာပါ။ ဒကာမရဲ့ မေးခွန်းတွေနဲ့ ပတ်သက်ပြီး တစ်ခုချင်းကို ပြောပြပါ့မယ်။

အမေး (၁)
၁။ စာသင်သား ဘုန်းဘုန်းများသည် ဒကာ ဒကာမများနှင့် အရေးမပါသည့် လူမှုရေး ဆွေမျိုး အကြောင်းများကို ထို ကဲ့သို့ ပြောနေလို့ ရပါသလားဘုရား။ ညတိုင်း ပြောနေကြသည်မှာ ည ဂ နာရီခန့်မှ နေ၍ အနည်းဆုံး မပြောဘူး ဆိုသောညသည် ည ၁၂ နာရီထိ ပြောပါသည်ဘုရား။ ထို့ကြောင့် မေးမြန်း ပါရစေပါဘုရား။

အဖြေ
စာသင်သားပဲ ဖြစ်ဖြစ် တရားအားထုတ်နေတဲ့ ဘုန်းကြီးပဲ ဖြစ်ဖြစ် လူဝတ်ကြောင်ပဲ ဖြစ်ဖြစ် အရေမရ အဖတ်မရ အရေးမပါသည့် စကားပြောနေရင်တော့ မုသာဝါဒ ၄ မျိုးထဲက သမ္ဖပ္ပလာပ၀ါစာ ခေါ်တာပေါ့။ ၀ိနည်းသိက္ခာပုဒ်အရ အပြစ်မရှိဘူးဆိုရင်တောင် သုတ္တန်သဘောအရ အဘိဓမ္မာ သဘောအရ ဘုန်းကြီးရော လူဝတ်ကြောင် ဒကာမရော အပြစ်ဖြစ်ပါတယ်။ တိရစ္ဆာနကထာ ၁၀ မျိုးရှိပါတယ်၊ မဂ်ဖိုလ်နိဗ္ဗာန်မှ သွေဖယ်သော စကားမျိုးဖြစ်သည်အတွက် အပြစ်ဖြစ်၊ ဂေဟဿိတပေမ၊ ဂေဟဿိတ တဏှာကို ဖြစ်စေနိုင်သောကြောင့်လည်း အကုသိုလ်က ဖြစ်ပြန်။ လူတစ်ကိုယ် သိုလ်နှစ်ခုတဲ့၊ လူတစ်ကိုယ်မှာ ကုသိုလ်နဲ့ အကုသိုလ်ပဲ ရှိတာ၊ အကုသိုလ်မဖြစ်ရင် ကုသိုလ်ဖြစ်ပေါ့။ ကုသိုလ်မဖြစ်ရင် အကုသိုလ်ဖြစ်ပေါ့၊ ကုသိုလ် မဖြစ်စေတဲ့ စကားတွေ ပြောနေကြရင် နှစ်ယောက်လုံး အကုသိုလ်ဖြစ်မှာပေါ့။ ကုသိုလ်ဖြစ်စေတဲ့ ဘာသာရေးအကြောင်း၊ ဘာသာရေးနဲ နှီးနွယ်နေတဲ့ စကားတွေ ပြောနေရင်တော့ အကုသိုလ်မဖြစ်ဘူးပေါ့။
စာပေမှာ ပြဆိုထားတဲ့ ဘုန်းကြီးပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ် မဂ်ဖိုလ်နိဗ္ဗာန်လမ်းကြောင်းကို လျှောက်ချင်သူတိုင်း မပြောသင့်သော စကားများဟူ၍ ပြဆိုထားသည်။ တိရစ္ဆာနကထာ ဟူ၍ဆိုအပ်၏။

တိရစ္ဆာနကထာ (၁၀)
စာပေက အနိယျာနိကတ္တာ-၀ဋ်ဆင်းရဲမှ လွတ်မြောက်ကြောင်း စကားလဲမဟုတ်၊ သဂ္ဂမောက္ခမဂ္ဂါနံ တိရစ္ဆာနဘူတံ- နတ်ပြည် မဂ်ဖိုလ် နိဗ္ဗာန်တို့ လမ်းကြောင်းမှ ဖီလာကန့်လန့် ဆန့်ကျင်သော သဘောရှိသောကြောင့် တိရစ္ဆာနကထာဟု ဆို၏။ သံယုတ်ပါဠိတော်မှ လာသော ကထာ ဆယ်မျိုးကို အောက်ပါအတိုင်းမှတ်ပါလေ။

၁။ ရာဇကထာ-ဘယ်မင်းက ဘယ်လို၊ ဘယ်သမ္မတက ဘယ်လို၊ ဘယ်ဝန်ကြီးချုပ်က ဘယ်လို စသည်ဖြင့် နိုင်ငံ့အကြီးဆုံးဟုဆိုသော သူတို့၏ အကြောင်းကို ပြောခြင်း။
၂။ စောရကထာ- သူခိုး ဓားပြ တို့၏ အကြောင်း ပြောခြင်း။
၃။ မဟာမတ္တကာ-၀န်ကြီးများ အမတ်ကြီးများ အကြောင်းကို ပြောခြင်း။
၎။ သေနာကထာ-စစ်တပ်နှင့်ပတ်သက်သော အကြောင်း ပြောခြင်း။
၅။ ဘယကထာ-ကြောက်စရာ လန့်စရာ အကြောက်တရားနှင့်စပ်ပြီး ပြောခြင်း။
၆။ ယုဒ္ဓကထာ-စစ်ပွဲအကြောင်း ရန်ပွဲအကြောင်း တိုက်ပွဲအကြောင်းများ ပြောခြင်း။
၇။ အန္နကထာ-အစားအစာနှင့် ပတ်သက်သော အကြောင်း ပြောခြင်း။
၈။ ပါနကထာ- သောက်ဖွယ်နှင့်ပတ်သက်ပြီး ပြောခြင်း။
၉။ ၀တ္ထကထာ- အ၀တ်အစားနှင့်ပတ်သက်ပြီး ပြောခြင်း။
၁၀။ သယနကထာ- အိပ်ယာနေရာနှင့်ပတ်သက်ပြီး ပြောခြင်းများ နှင့် အဋ္ဌကထာဆရာက ဆိုသေးတယ်၊ ဥာတိကထာ- ဆွေမျိုးများအကြောင်း၊ ဂါမကထာ- နိဂမကထာ-နဂရကထာ- မြို့ရွာအကြောင်း။ ဣတ္ထိကထာ- အမျိုးသမီးများအကြောင်း စသည်ဖြင့် လူတို့နှင့်စပ်သော စကားများ ၃၂ ခုထိ ပြဆိုထားသည်။

ထိုစကားကများသည် မဂ်ဖိုလ် နိဗ္ဗာန် တို့နှင့် မဆက်စပ်ဘဲ အိမ်၌နေသူတို့၏ စကားများနှင့်သာ ဆက်စပ်၍ ပြောခြင်းကို ဆိုလိုသည်။ စာအလိုအရ ဂေဟဿိတ ကထာများ ဟု ခေါ်သည်။ ဒီတော့ ဒကာမ မေးတဲ့ အမေးကို ဤကထာ ၁၀ မျိုးနဲ့ တိုင်းတာကြည့်ပါ၊ ဘယ်သူတွေ ဘာတွေ ပြောပြောနေ ကိုယ် မပြောဖို့က အဓိကဖြစ်သည်။ ရဟန်းပဲ ဖြစ်ဖြစ် လူဝတ်ကြောင်ပဲ ဖြစ်ဖြစ် ပြောချင်တာ ပြောပါစေပေါ့။ သူ့အကြောင်းနဲ့သူ သွားမှာလေ။ ကိုယ်က အနေသာကြီးပါ၊ သို့သော်လည်း ပတ်ဝန်းကျင်ကို အနှောက်အယှက် ဖြစ်လာရင်တော့ အကျိုးအကြောင်း နားလည်အောင် ပြောပြရမှာပေါ့။

လူမှုရေးတွေ ပရဟိတတွေ လုပ်နေသူတွေကတော့ မေတ္တာ ကရုဏာတရားတို့ အခြေခံပြီး တချို့ လူမှုရေးစကားတွေ ပြောကြရသည်။ ဒါတွေက လောကအပြစ်မဟုတ်သဖြင့် အပြစ်မဟုတ်ဟု ယူဆပါသည်။ သူတပါးလည်း မထိခိုက် ကိုယ့်ကိုယ်ကိုလည်း မထိခိုက်ဘူးဆိုရင် အပြစ်မဖြစ်ပါ။ မိမိကိုယ်ပဲ ဖြစ်ဖြစ် သူတပါးကိုပဲ ဖြစ်ဖြစ် ထိခိုက်နေရင်တော့ အပြစ်ဖြစ်သည်။ ဒါကို အန၀ဇ္ဇ ဟုခေါ်သည်။ နောက်တစ်ခုက သုခ၀ိပါက- မိမိအတွက်သော်၎င်း၊ သူတပါးအတွက်၎င်း အကျိုးရှိစေမယ်ဆိုရင် ပြောသင့်ပါသည်။ ဒီလောက်ဆိုရင် ဒီမေးခွန်းအတွက် အဆင်ပြေမယ်ထင်ပါတယ်။

အမေး (၂)
၂။ ထိုသို့ ပြောနေကြသည့် ဘုရားအကြောင်း တရားအကြောင်း မဟုတ်သော အလ္လာပ သလ္လာပ စကားများ ပြောနေသည်ကို ကာယကံရှင်မှ စပီကာဖွင့် ပြောနေသဖြင့် ၂ ဖက် စလုံးဧ။် စကားများကို တပည့်တော် မတို့က မကြားချင်မှ အဆုံးပါဘုရား။ ထို့ကြောင့် တပည့်တော်မတို့မှာ စာသင်နေသည် ဆိုသည့် ဘုန်းကြီးကလဲ အဲလောက်တောင် ပြောနိုင်ရကောင်းလားဆိုပီး ညတိုင်း စိတ်နှင့် ဒေါသထွက်နေကြရပါ သဖြင့် တပည့်တော်မတို့မှာ အဘယ်ကဲ့သို့သော အပြစ်များ ရောက်နိုင်ပါသလဲဆိုတာ ဖြေကြား ပေးတော်မူပါဘုရား။
အဖြေ
စပီကာ ဖွင့်ပြောတာကတော့ နားသိပ်မကောင်းလို့နဲ့ တူပါတယ် pppppp။ ဒါမှမဟုတ် ဒီလိုမိတ်ဆွေမျိုး သူ့မှာ ရှိတယ်ဆိုတာ ကြွားချင်လို့လား။ တခုခုပေါ့နော်။ အဲဒါကတော့ သူမကိုယ်တိုင်ကိုပဲ မေးကြည့်မှ ရမယ်ထင်တယ်၊ စာသင်နေသည့် ဆိုသည့် ဘုန်းကြီးကတော့ သူ့မှာ ပြောမကုန်တဲ့ ဗဟုသုတတွေ များနေလို့ ဖောက်သည်ချနေတာ နေမှာပါ ppppp။ ဒကာမအနေနဲ့ သူတို့ပြောတာတွေကြားပြီး ဒေါသထွက်နေတာကတော့ အေးချမ်းနေတဲ့ ကိုယ့်ကိုယ်ကို မီးမြိုက်နေသလိုပါပဲ၊ ယောနိသော မနသိကာရ မထားတတ်ရင် အဲဒီလို အပူလောင်ခံနေရမှာပါ။ အဲဒီလို အပူလောင်မခံရအောင် မေတ္တာ များများ ပွားလိုက်ပါ။ သူတို့မှာ ပြောမကုန်တဲ့ ဗဟုသုတတွေ ဖလှယ်နေကြတာပါလားလို့ အကောင်းဘက်က တွေးပြီး မေတ္တာသာ နာနာ ဖိပို့လိုက်။ ဒိထက်မက ပြောနိုင်ကြပါစေပေါ့ ppppp။ ဘုန်းဘုန်းမှာလဲ ပြောမကုန်တဲ့ စကားတွေ ရှိပါတယ် ဒါပေမဲ့ နားထောင်ပေမဲ့ သူမရှိတာရယ်၊ ဖုန်းဖိုးမတတ်နိုင်ရယ်ကြောင့် ပြောမကုန်တဲ့ စကားတွေ ဒီလိုပဲ အလကား ဖြစ်ကုန်ပြီထင်ပါရဲ့။ သို့သော်လည်း ပါးစပ်က မပြောပေမဲ့ စာတွေနဲ့ ရေးပြီး ပို့စ်မှာ စာဖတ်ပရိသတ်ကို အများကြီး ပြောထားပါတယ်။ ဒကာမရေ- ဘယ်သူ့အကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုတော့ အကုသိုလ် အဖြစ်မခံပါနဲ့။

အမေး (၃)
၃။ တတိယ မေးခွန်းကတော့- သိရီလင်ကာမှ ဦးပဇင်း (ဘွဲ့နာမည် မသိပါ အညာဘက်မှ ဖြစ်ပါသည်) ကိုလဲ သိစေချင်ပါသည်ဘုရား။

အဖြေ
အညာသားဆိုတော့ သီတဂူစတားများ ဖြစ်နေမလားppppp။ သီတဂူစတားလဲ အညာသားပဲလေ၊ အညာသားဆိုတော့ အညာသားသတ္တိ ပြနေတာ နေမှာပါ။ သီတဂူစတားတော့ ဘာသတ္တိမှ မရှိလို့ မပြရဲပါဘူး။
ဒကာမရေ- ဖြေတာလေးတွေကို ပျော်စေ ပျက်စေ ဖြေထားတယ် ဆိုပေမဲ့ အမှန်တရားမဟုတ်ဘူးလို့တော့ မတွေးလိုက်ပါနဲ့နော်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၁၃-၁၂-၂၀၁၁

12 December 2011

ပေးစာ (သီတဂူအလှူ)

စာရေးသူထံ သီတဂူဆရာတော်ကြီးအလှူနဲ့ ပတ်သက်ပြီး မရှင်းတာကို မေးသော ပေးစာဖြစ်ပါသည်၊ စာရေးသူမေးလ်ထဲ ရောက်လာခြင်း ဖြစ်ပါသည်။ ပေးစာ မူရင်းအတိုင်း ဖော်ပြလိုက်ပါသည်။

သီတဂူစတားဘုရား
တပည့်တော်သည် စတားဘလော့ ပရိသတ်ပါဘူရား သီတဂူဆရာတော်မှ အိန္ဒိယကျောင်းသားသံဃာများအား တပါးလျှင် ဒေါ်လာ ၁၀၀ စီ လှူသည်ဟု ဘလော့မှာ ဖတ်ရလို့ ၀မ်းသာရပါသည်ဘုရား။ သံဃာ ၅၂၈ ပါးအတွက် တပါး ၁၀၀ ဟု ဖတ်ရပါသည်။

သို့သော် ယခုတကယ် ဝေဖန် လှူဒါန်းသောအခါ အိန္ဒိယလက်ရှိ နေထိုင်သော သံဃာကိုသာ လှူပါသည်။
ကျောင်းတက်နေဆဲ စာရင်းဝင်ဖြစ်သော်လည်း ကိုယ့်နိုင်ငံပြန်နေသော ကျောင်းသားများကို မလှူပါဘုရား။
သို့ပါသောကြောင့် ဆရာတော်ကြီးက မည်သို့လှူသည်ကို ဘလော့မှ အများသိအောင် ရေးတော်မူပါရန်
လျှောက်ထားပါသည်ဘုရား။ ကျောင်းသားအဖွဲ့ခေါင်းဆောင်များ လုပ်ကိုင်ပုံမူမမှန်ဟု သံသယရှိနေကြပါသည်ဘုရား။ ဦးသိန်းစိန် အလှူငွေကိုလဲ စာရင်းမသွင်းလိုက်ရလို့ဆိုပြီး တချို့ကျောင်းသားများ မရခဲ့ပါဘုရား။ ဘလော့ရေးသောအခါ အမည် စသည်မဖော်ပြရန် တောင်းပန်ပါသည်ဘုရား။
လေးစားစွာဖြင့်
(အရှင်မြတ်တပါး)
မှတ်ချက်။ ။ အမည်နာမ မဖော်ရန် ပေးသူရဲ့ မေတ္တာရပ်ခံချက်အရ မဖော်ပါ။ သူပေးသည့် စာအတိုင်း ဖော်ပြလိုက်ပါသည်၊ သီတဂူအလှူနဲ့ ပတ်သက်နေခြင်းကြောင့်သာ ဖော်ပြပါသည်။

အရှင်ဘုရား
တပည့်တော် ဆိုက်ကို အားပေးဖော်ရလို့ ရှေးဦးစွာ ကျေးဇူးတင်ပါရစေဘုရား။
ကျန်တဲ့ ကိစ္စတွေကိုတော့ တပည့်တော် ကောင်းကောင်း မသိပါဘုရား၊ တပည့်တော်တို့ သီတဂူဆရာတော်ကြီး အလှူအကြောင်းကိုပဲ ပြောပါရစေဘုရား။ ဧရာဝတီ သက်သေတည်လို့ တပည့်တော် ရေးထားသလိုပါပဲ ဆရာတော်ကြီးက ဗမာ ရှမ်း ကချင် စသည်အားဖြင့် တိုင်းရင်းသားများဖြင့် တည်ဆောက်ထားလို့ မြန်မာဆိုတာ ဖြစ်လာတာပါဘုရား။ ထို့ကြောင့် လူမျိုးခြား ခွဲခြားမှုမရှိဘဲ အားလုံးကို မြန်မာဟု သတ်မှတ်ပြီး ကျောင်းမပြီးသေးသော မြန်မာပတ်စပို့ကိုင် အားလုံးကို လှူပါသည်ဘုရား၊ ကျောင်းတက်နေရင်း ဘယ်မှာပဲ ရောက်ရောက် လူမရှိပေမဲ့ ကျောင်းသားဖြစ်နေဆဲဆိုရင် အကုန်လှူတာပါဘုရား။

အခု သီတဂူဆရာတော်ကြီးလှူတဲ့ ကိစ္စမှာ ကျောင်းသားများအဖွဲ့ဝင်ခေါင်းဆောင်နဲ့ မဆိုင်ပါဘုရား၊ သီတဂူက ဦးဇင်းတစ်ပါးကပဲ တက္ကသိုလ် အသီးသီးသို့ ကျောင်းသားစာရင်းများ ပေးပို့ရန် ဖုန်းဖြင့်သော်၎င်း အီမေးလ်ဖြင့်သော်၎င်း အကြောင်းကြားပါသည်ဘုရား။ ဆိုက်အသီးသီးက သို့မဟုတ် တက္ကသိုလ်အသီးသီးက ခေါင်းဆောင် သို့မဟုတ် စာရင်းပေးသူကသာ အဓိက ဖြစ်ပါသည်ဘုရား။ တပည့်တော်တို့ ဘုံဘေသည်ပင် စာရင်းပေးတာတွေ မှားနေတာ တွေ့ရပါတယ်ဘုရား၊ အရှင်ဘုရား ပြောသလိုပဲ တပည့်တော်ဘွဲ့ စာရင်းထဲမှာ မပါဘဲ လူမရှိတော့တဲ့ သူတွေရဲ့ ဘွဲ့တွေ ထည့်ထားတာ တွေ့ရပါတယ်ဘုရား။ တပည့်တော် သိရသလောက်တော့ စာရင်းအင်းတွေကို ဌာနအသီးသီးသို့ တောင်းခံပါတယ်ဘုရား၊ သီတဂူဆရာတော်ကြီး အလှူသည် ကျောင်းသားအဖွဲ့ထဲ ၀င်သည် ဖြစ်စေ မ၀င်သည် ဖြစ်စေ အကုန်လှူပါသည် ဘုရား။
သီတဂူဆရာတော်ကြီး အလှူနဲ့ပတ်သက်ပြီး သံသယရှင်းပါဘုရား၊ တခြာတခြား အလှူတွေနဲ့ ပတ်သက်တာတွေကို တော့ တပည့်တော် မသိပါဘုရား။ လောလောဆယ် တပည့်တော်လည်း ကျောင်းသားများကျောင်းမှာ ဧည့်သည်အဖြစ်နဲ့ နေနေရပါတယ်ဘုရား။ အစအစအရာအရာ အဆင်ပြေပါသည် ဘုရား။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၂-၁၂-၂၀၁၁

10 December 2011

သီတဂူအလှူ (အိန္ဒိယ)

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ မြန်မာကျောင်းသားများကျောင်း၌ နှစ်စဉ် သီတဂူအလှူ (အိန္ဒိယ) ကျင်းပသည်။ ယခုနှစ် ၂-၁၂-၂၀၁၁ နေ့ ညပိုင်း၌လည်း သီတဂူဆရာတော်ကြီးနှင့် တပည့်ဒကာ ဒကာမများသည် ကျင်းပမြဲအတိုင်း ကျင်းပသည်။

ရှေးဦးစွား ကျောင်းသားများက ကန်တော့ကြသည်၊ ဒီနှစ်မှာတော့ ထူးခြားစွာ ရွှေကျင်သာသနာပိုင် သက်တော်ရှည် ၀ါဆိုဆရာတော်ကြီးကိုပါ ဖူးမျှော်ခွင့်ရသည့်အပြင် ပြောင်မြောက်သည့် သြ၀ါဒကိုလည်း နာကြားခွင့်ရသည်။ ထိုနောက် သီတဂူဆရာတော်ကြီးက သြ၀ါဒပေးသည်။ (သြ၀ါဒများကို သီးခြား ဖော်ပြပါမည်။)
ကျောင်းသားများ ကျောင်းဆောင်၌ လာရောက် ချီးမြောက်သော ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်ကြီးနှင့် သီတဂူဆရာတော်

ဒေါ်လာ ၅၂၈၀၀ အလှူ
သြ၀ါဒနာယူပြီးမှ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး) ကျောင်းအမကြီး ဒေါ်ညွှန့်ညွှန့်အေးက အိန္ဒိယနိုင်ငံရှိ ပညာသင်ကြားနေကြသော ဗမာ ရှမ်း ကချင် ချင်း ကရင် ကယား ရခိုင် မွန် အားဖြင့် ၅၂၈ ပါးအတွက် တစ်ပါးလျှင် အမေရိကန်ဒေါ်လာ ၁၀၀ စီ စုစုပေါင်း အမေရိကန် ဒေါ်လာ ငါးသောင်း နှစ်ထောင် ရှစ်ရာ (၅၂၈၀၀) ကို တက္ကသိုလ်အသီးသီးမှ ကိုယ်စားလှယ်များအား သံဃာတော်များ ရှေ့မှောက်တွင် သာဟတ္ထိကဒါန- ကိုယ်တိုင်အလှူ လှူပါသည်။ အလှူရှင်၏အကြောင်းကို အနည်းငယ် မိတ်ဆက်ပေးလိုပါသည်။ သူသည် ဘာဂုဏ် ဘာဟိတ်ဟန်မှ မထားသည့် ကျောင်းအမကြီးဖြစ်သည်။
လက်ရှိ ကျောင်းသားများဥက္ကဋ္ဌ (အိန္ဒိယ) ဘဒ္ဒန္တဇ၀နက တက္ကသိုလ်အသီးသီးရှိ ကျောင်းသားစာရင်းများကို ကြေညာစဉ်
မန္တလေးကျောင်အမကြီး
မန္တလေးကျောင်းအမကြီးဟု အသိများလာသော ဒေါ်ညွှန့်ညွန့်အေးသည် စာရေးသူနှင့် သိကျွမ်းဝင်သည်မှာ မကြာသေးပါ၊ သို့သော်လည်း ပဋ္ဌာန်းဆက်ဟူ၍ပင် ပြောရမည်ထင်သည်၊ မမြင်ဘူးသေးခင် မသိသေးခင် ကြားဖူးနေကထဲက ရင်းနှီးသလို ခံစားမိသည်။ စာရေးသူမှ မဟုတ် သီတဆရာတော်ကြီး၏ တပည့်ကျောင်းသားများအတွက်တော့ မိခင်သဖွယ် ဖြစ်နေသည်။ ဘုရားရှင်လက်ထက်တော်က မာတိကမာတာ ဒကာမကြီးသည် ကမ္မဋ္ဌာန်းတရားအားထုတ်နေသော တောရဆောက်တည် ရဟန်းတော် ၅၀၀ ၏ အမေသဖွယ် ဖြစ်သည်။ ပရစိတ္တ၀ိဇာနန-သူတပါးစိတ်ကို သိသော အဘိဥာဉ်တစ်ခု ရထားသဖြင့် ရဟန်းတော်များ၏ စိတ်ကို သိသည်၊ ဘယ်ရဟန်း ဘာလိုတယ်၊ ဘယ်ရဟန်းကတော့ ဘယ်ဆေး ဘယ်သင်္ကန်း ဘယ်အာဟာရ လိုနေတယ်ဆိုတာ သိသည်။ ထိုရဟန်းတော်များ လိုတာမှန်သမျှ မာတိကမာတာ ကျောင်းအမကြီးက ဖြည့်စီးပေးသည်။ အမည်ရင်း မာတိကာ ဒကာမကြီးသည် သံဃာတော်များကို အမေသဖွယ် စောင့်ရှောက်ကြသောကြောင့် သံဃာတော်များက မာတာ-အမိ၊ အမေ ဆိုတဲ့ စကားလုံးလေးတစ်လုံး ထက်လောင်းပြီး မာတိကမာတာဟု ခေါ်ကြသည်။ ကျောင်းအမကြီးကိုလည်း ‘‘မာတာ’’ ဟုသော စကားလုံး တိုး၍ ခေါ်ရမည်ပင်။
သီတဂူအလှူ (အိန္ဒိယ) သို့ ကြွရောက်လာကြသော တက္ကသိုလ် အသီးသီးမှ ကျောင်းသားများ

ကျောင်းအမကြီးသည်လည်း စာရေးသူ သိသလောက် ရဟန်းသံဃာတိုင်းကို အလေးထားသလို သီတဂူဆရာတော်ကြီး၏ တပည့်တွေကိုလည်း စောင့်ရှောက်တတ်သည်။ ဆရာတော်ကြီးအနား ဝေယျာဝစ္စပြုနေကြသော ရဟန်း ကျောင်းသား ကျောင်းသူတို့ကိုလည်း အမေတစ်ယောက်လိုပဲ ပေးကမ်းတတ်သည်၊ လိုအပ်တာ ပေးသည်၊ ဤသည်မှာ ဆရာတော်ကြီးကို ကြည်ညိုလွန်းလှသဖြင့် အနီးကပ်ပြုစုနေသူကို ဆရာတော်ကိုယ်စား ချီးမြောက်ခြင်းလည်း ဖြစ်နိုင်သည်။ လောကမှာ ဖြစ်လေ့ဖြစ်ထရှိသော ဓမ္မတာ တစ်ခုရှိသည်၊ ထင်ရှား ကျော်ကြားသူကိုသာ ကိုးကွယ် ဆည်းကပ် ပေးကမ်း လှူဒါန်းကြသည့် အလေ့ဖြစ်သည်၊ ဥပမာ-အဖွဲအစည်းတစ်ခုတွင် သို့မဟုတ် ကျောင်းတိုက်တစ်တိုက်တွင် ဦးဆောင်သူကို အများစုက ချဉ်းကပ်သည်၊ ဒါ့ပြင် ဦးဆောင်သူ၏ ကိုယ်ရေးအရာရှိ သို့မဟုတ် လုပ်ပိုင်ခွင့်ရှိသူများကိုသာ အလေးထားဆက်ဆံတတ်သည်၊ အောက်လက် ငယ်သားများကိုတော့ မမြင်တတ်ကြ၊ ဒါဟာလဲ ထုံးတမ်းအစဉ်လာပင်ဖြစ်သည်။ စာရေးသူတွေ့ကြုံရသည့် စာသင်တိုက်ကြီးမှာရော တက္ကသိုလ်အသိုင်းအ၀ိုင်းမှာရော အဖွဲ့အစည်းမှာရော ဤကဲ့သို့ပင်ဖြစ်သည်။
သို့သော်လည်း စာရေးသူ သိသော သူများတွင် မန္တလေးကျောင်းအမကြီးကတော့ တမူထူးခြားနေသည်၊ သီတဂူဆရာတော်ကြီးကို လူတိုင်းက သိပေမဲ့ သီတဂူဆရာတော်ကြီးကတော့ လူတိုင်းကို မသိ။ ထို့အတူ စာရေးသူကတော့ ကျောင်းဒကာ ကျောင်းအမတွေကို သိနေပေမဲ့ စာရေးသူကိုတော့ ကျောင်းဒကာ ကျောင်းအမတွေ မသိကြ။ ဒါပေမဲ့ မန္တလေးကျောင်းအမကြီးက သိနေသည်၊ မကြာသေးမီကမှ သီတဂူဆရာတော်ကြီးအနား ရောက်လာသော ကျောင်းအမကြီးကို လူတိုင်းက သိသည်၊ ထိုကျောင်းအမကြီးကလဲ သာမည လူမသိ သူမသိ သူဖြစ်တဲ့ စာရေးသူကို သိနေသည်။ သိနေရုံတင် မဟုတ် အမေတစ်ယောက်လိုပင် ဖြစ်သည်။ အရေးမပါသေးသော စာရေးသူအား အလေးထားသည်။
ပူနေးတက္ကသိုလ်ကိုယ်စား အရှင်မြတ်တစ်ပါးအား ကျောင်းအမကြီး ဒေါ်ညွှန့်ညွှန့်အေးက လှူဒါန်းစဉ်
လူချစ်လူခင်ပေါ
ပေးကမ်းခြင်းသည် လူချစ် လူခင်ပေါသည်ဟု အဆိုသည် အလွန်မှန်ပါသည်။ ကျောင်းအမကြီးသည် သီတဂူဆရာတော်ထံ ရောက်လာသည်မှာ နှစ်အားဖြင့် မကြာသေး၊ သို့သော်လည်း သူ့ကို ချစ်ကြသည်၊ အချိန်တိုအတွင်းမှာ လူချစ်လူခင် ပေါသည်။ ပေးကမ်းခြင်း၏ အကျိုးဖြစ်သလို မာတိကာ ကျောင်းအမကြီးကဲ့သို့ သံဃာများအပေါ် ထားသည့် သူ၏ စိတ်ထားကြောင့် ဖြစ်သည်။ စာရေးသူ အပါဝင် သီတဂူ ရဟန်း၊ ကျောင်းသားများက ချစ်ကြသည်။ ဗုဒ္ဓဂယာ ရောက်လာတုန်းက လူမသိ သူမသိ အရေးမပါ အရာမရောက်တဲ့ စာရေးသူအား မုန့်ဖိုး ပေးသွားသေးသည်၊ အော်--ဘယ်လောက် ချစ်ဖို့ကောင်းလဲ။ မာတိကာ စိတ်ဓာတ်ပင်ဖြစ်သည်။
နာလန္ဒာတက္ကသိုလ် ကိုယ်စား အမေ့သားလှ အလှူခံစဉ်

ကျောင်းအမကြီးသည် သီတဂူဆရာတော်ကြီးနှင့် ပဋ္ဌာန်းဆက် စပ်မိရာမှ သီတဂူဆရာတော်ကြီးနှင့် ပူပေါင်းပြီး သီတဂူအလှူများစွာတို့တွင် အများဆုံး ပါဝင်သူ ဖြစ်သည်။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)ကို တစ်ဦးတည်း သိန်းပေါင်း သောင်းချီ အကုန်ကျခံ လှူဒါန်းထားသည်။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)၊ သီတဂူဗုဒ္ဓ၀ိဟာရ၊ သီတဂူ ဆေးရုံတော်များနှင့် သီတဂူ-လူမှုရေးအလှူတော်များ၌ အများဆုံးပါဝင် လှူဒါန်းသူ ဖြစ်သည်။ ဘာအကျိုးအမြတ်ကိုမှ မမျှော်လင့်ဘဲ ဆရာတော်ကြီး၏ မွန်မြတ်သော အလုပ်တစ်ခုကိုသာ ကြည့်ပြီး သာသနာတော်အတွက် ရက်ရက်ရောရော စွန့်လွတ်နိုင်သည်။ ယနေ့ သီတဂူအလှူ (အိန္ဒိယ) အလှူမှာလည်းပဲ မြန်မာကျပ်ငွေ သိန်း ၃၀၀ ပါဝင်သည်ဟု သိရသည်။ ယခုအခါ မန္တလေးကျောင်းအကြီးဟူ၍၎င်း၊ သီတဂူကျောင်းအမကြီးဟူ၍၎င်း လူသိများလာသည်။
ဗာရာဏသီဆိုက်ရှိ ကျောင်းသားများကိုယ်စား ကျောင်းသားတစ်ပါးအား ကျောင်းအမကြီးက လှူဒါန်းစဉ်
ဆရာဒကာလက်တွဲညီ
ဒါနရတော ယာစယောဂေါ စသော အလှူရှင်ဂုဏ်ရည်တို့အတိုင်း ပေးကမ်း စွန့်ကြဲရတာကို ပျော်မွေ့သည်။ ပေးကမ်းရတာကို နှစ်သက်သော ဆရာတော်ကြီးနောက် အိပ်စွဲပြီး ပါသမျှထုတ်လှူရတာကို ပျော်မွေ့နေပုံရသည်၊ သာသနာအတွက် လူမှုရေးအတွက် ပါသမျှ ထုတ်လှူသော ဆရာတော်ကြီး၏နောက်က တကောက်ကောက် လိုက် လှူလေ့ရှိသည်မှာ အားကျစရာပင် ဆရာတော်ကြီးက အလှူတစ်ခုခုလုပ်တော့မည်ဆိုရင်-- ကျောင်းအမကြီးလို့ ခေါ်လိုက်တာနဲ့ ကျောင်းအမကြီး ဘာလုပ်ရမည်ဆိုတာ သဘောပေါက်နေသည်၊ အဲဒီလို စကားမျိုးကိုလဲ မျော်လင့်နေပုံရသည်။ မိမိမှာ ရှာဖွေလို့ရလာတဲ့ စည်းစိမ်တွေကို အကျိုးရှိရှိ ဘယ်နေရာ ဘယ်လို လှူရမည် ပေးရမည် စွန့်လွတ်ရမည်ဆိုတာ ကောင်းကောင်း သိလာဖို့ရာ ဆရာတော်ကြီး၏ ကျေးဇူးကြောင့်ပင် ဖြစ်သည်။

ဧရာဝတီ သက်သေတည်
သီတဂူဆရာတော်ကြီးက ‘‘မေခ မလိခနှင့် ထိုမြစ်နှစ်ခုသို့ ပေါင်းစည်းလာသော ချောင်းရေ မြစ်ရေများ မရှိလျှင် ဧရာဝတီဆိုတာ မရှိနိုင်၊ ဧရာဝတီ မြစ် ဖြစ်ဖို့အတွက် ထိုမြစ်ငယ်လေးများ ပေါင်းစည်းပေးရသည်၊ အလားတူပင် ရှမ်း ကချင် ချင်း ကရင် ကယား ရခိုင် မွန် တိုင်းရင်းသား မျိုးနွယ်များ မရှိလျှင် မြန်မာဆိုတာ ရှိမလာနိုင်၊ မြန်မာဆိုတာ ဖြစ်လာဖို့အတွက် ထိုတိုင်းရင်းသား ညီအစ်ကို မောင်နှမများက ပေါင်းစပ်ပေးကြရသည်၊ ထို့ကြောင့် ဒို့များ ငယ်စဉ်ကထဲက ရှမ်းဗမာ မွန် ရခိုင် စသည်ဖြင့် ခွဲခြားမှု ဘယ်တော့ မရှိခဲ့၊ ယနေ့အလှူသည်လဲ မခွဲခြားဘဲ မြန်မာဟု သဘောထားပြီး အားလုံးကို လှူခဲ့သည်၊ အားလုံးလဲ ကိုယ့်ပြည် ကိုယ့်ရွာအတွက် အလုပ် လုပ်ကြလိမ့်မည်’’ဟု မျော်လင့်ပါကြောင်း ပြောသွားသည်။
ဘုံဘေတက္ကသိုလ်ရှိကျောင်းသားများ ကိုယ်စား သီတဂူစတား အလှူခံပေးစဉ်

ဤကဲ့သို့ ဆရာတော်ကြီး၏ မွန်မြတ်သော အလုပ်ကို မန္တလေး ကျောင်းအမကြီး အားမကျဘဲ ရှိအံ့နည်း။ ရှိတာ အကုန်ထုတ်လှူမည်ပင် ဖြစ်သည်။ ဆရာတော်ကြီး၏ အလုပ်ကို သိသူတိုင်း သဒ္ဓါနဲ့ဓန ရှိနေပါက ထိုကျောင်းအမကြီးလိုပဲ ဖြစ်မည်ထင်ပါသည်။ လှူလျှင်ပေါ့သည် ယူလျှင်လေးသည်တဲ့။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၆-၁၂-၂၀၁၁

05 December 2011

ရွှေကျင်သံဃာ့ရာဇာ နယူးဒေလီမိန့်ခွန်း

နယူးဒေလီမြို့၊ “The Hotel Lalit”၌ ကျင်းပသော တစ်ကမ္ဘာလုံး ဆိုင်ရာ ဗုဒ္ဓဘာသာညီလာခံကြီး၌ ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်ဘုရားကြီး၏ နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်
ချစ်ခင်လေးစားအပ်ပါသော သံဃာတော်များ၊
ထူးခြားသည့် ဧည့်သည်တော်ကြီးများ၊
ဘာသာရေး နိုင်ငံရေးခေါင်းဆောင်များ၊
ပညာရှင်များနှင့် ဓမ္မမိတ်ဆွေအပေါင်းတို့ ရှေးဦးစွား “Asoka mission” ဆိုတဲ့ အသောကသာသနာပြုအဖွဲ့နှင့် စည်းရုံးရေးအဖွဲ့ဝင်များ၏ ဤမျှကြီးကျယ်ခမ်းနားသော တစ်ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာညီလာခံကြီး ဖြစ်ပေါ်လာအောင် ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်ခဲ့သည့်အတွက် အလေးအနက် ကျေးဇူးတင်ကြောင်း ပြောကြားလိုပါသည်။

ထို့အပြင် ဤအစည်းအဝေးကြီး၌ အကျွန်ုပ်အား နှုတ်ခွန်းဆက်စကား ပြောကြားခွင့်ပေးသည့်အတွက်လည်း မြန်မာနိုင်ငံ သံဃာတော်ပေါင်း ငါးသိန်းကျော်တို့နှင့် သန်းခြောက်ဆယ်ကျော်မျှရှိသော မြန်မာနိုင်ငံပြည်သူ/သားတို့ကိုယ်စား အထူးပင် ကျေးဇူးတင်ကြောင်းကိုလည်း ပြောကြားလိုပါသည်။ ဤမျှကြီးကျယ်ခမ်းနားသော တစ်ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာအစည်းအဝေးကြီး၌ ထူးခြားသည့်ဧည့်သည်တော်များ၊ ပညာရှိများ၊ နိုင်ငံရေး ဘာသာရေး စိတ်ဓာတ်ရေးရာ ခေါင်းဆောင်များနှင့် အတူတကွ ပါဝင်တက်ရောက်ရန် အထူးအခွင့်အရေးရရှိသည့်အတွက် အမှန်တကယ်ပင် ဂုဏ်ယူဝမ်းမြောက်ပါသည်။

ကြီးမြတ်သော ယောက်ျား
အကျွန်ုပ်တို့သည် အိန္ဒိယနိုင်ငံတော်ကြီး၏ ဘာသာရေးအတွေးအခေါ်ပညာ၊ စိတ်ပညာ၊ စာပေအနုပညာ စသည်တို့၌ ကြီးကျယ်မြင့်မြတ်သော ဗုဒ္ဓကဲ့သို့သော ဘာသာရေးခေါင်းဆောင်များ၊ ဇိနကဲ့သို့သော ဘာသာရေးခေါင်းဆောင်များ၊ ရ၀ိန္ဒြာနတ်တဂိုးကဲ့သို့သော စာပေပညာရှင်များထံမှ မျိုးဆက်တစ်ခုမှတစ်ခု ယနေ့တိုင် အဆက်မပြတ် ကြီးကျယ်ဖြစ်ထွန်းရရှိနေသည်ကိုလည်း အကျွန်ုပ်တို့ အထူးပင်စိတ်ဝင်တစား ရှိရပါသည်။ မဟတ္တမဂန္ဓီ၏ အဟိံသာ ၀ါဒသည် မြတ်ဗုဒ္ဓ၏ ကရုဏာတို့နှင့် ဆက်စပ်နေသည်မှာလည်း အထူးပင် အံ့သြဖွယ်ရာ ဖြစ်ပါသည်။ မဟာဝီရ၏ အဟိံသာဝါဒတို့သည် အာရှတိုက်၏ နိုင်ငံရေး ဘာသာရေးခေါင်းဆောင်များအပေါ်မှာသာ လွှမ်းမိုးနိုင်ခဲ့ရုံမျှမက ကမ္ဘာ့နိုင်ငံရေး ခေါင်းဆောင်များကိုပါ အကြီးအကျယ် လွှမ်းမိုးနိုင်ခဲ့သည်မှာ အံ့ချီးဖွယ်ရာ ဖြစ်ပါသည်။
ကြီးမြတ်သော ယောက်ျားတို့သည် ကြီးမြတ်သောစိတ်ဓာတ်ဖြင့် ကြီးကျယ်မြင့်မြတ်သော အလုပ်တို့ကို ကမ္ဘာ့သမိုင်းတွင်အောင် လုပ်ဆောင်ခဲ့ကြသည်။ ရ၀ိန္ဒြာနတ်တဂိုး ရေးသားခဲ့သော ကဗျာတို့၏ အရောင်အရိပ်များသည် ယနေ့တိုင်အောင် လူ့လောကကြီးတစ်ခုလုံးအပေါ်မှာ နွေးထွေးစွာ လွှမ်းမိုးလျက်ရှိပါသည်။ သူ၏ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လူသားတို့အကျိုးပြု ကဗျာစာပေတို့မှာ နိုင်ငံနှင့် လူမျိုး နယ်နိမိတ်အားလုံးကို ကျော်ဖြတ်၍ ယနေ့တိုင် တစ်ကမ္ဘာလုံးကို လွှမ်းမိုးလျက် ရှိပါသည်။

အမှောင်နဲ့ အလင်း
ဒါကြောင့် ဒီကနေ့ တစ်ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာညီလာခံကြီး၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍လည်း အကျွန်ုပ်စကားအနည်းငယ်မျှ ပြောကြားလိုပါသေးသည်။ အမှောင်ထဲမှာ နေရတဲ့လူတို့အတွက် အလင်းရောင်ဆိုတာ တကယ်ပဲလိုက်အပ်ပါတယ်။ သို့သော် အမှောင်နှင့်အလင်း ဤနှစ်ခုသည် ပူးတွဲရပ်တည်လို့ မရပါ။ မှောင်တဲ့နေရာမှာ အကျွနု်ပ်တို့သည် အလင်းကို အစားထိုးရမှာ ဖြစ်ပါသည်။ ထို့အပြင် မီးရှိတယ် မီးလောင်တယ်ဆိုရင် ရေသည် မရှိမဖြစ် လိုအပ်တဲ့ပစ္စည်းတစ်ခုပါ။ သို့သော် ရေနှင့်မီးတို့သည် အတူတကွတွဲ၍ မရပ်တည်နိုင်ကြပေ။ လေးစားအပ်ပါသော သံဃာတော်များ၊ ချစ်ခင်ရပါသော ဂုဏ်သရေရှိ ပရိသတ်များ ယနေ့ မျက်မှောက်ခေတ်တွင် ကမ္ဘာကြီးသည် စိုးရိမ်ပူဆွေးခြင်း၊ လုံခြုံမှုမရှိခြင်း၊ ဆင်းရဲငတ်မွတ်ခြင်းတို့အောက်တွင် အများဆုံးရောက်ရှိနေပါသည်။ ထိုဒုက္ခအပေါင်းတို့ကို ဖြစ်စေတာကတော့ ညှင်းဆဲနှိပ်စက်ခြင်း၊ စစ်မက်ဖြစ်ပွားခြင်းနှင့် ပဋိပက္ခဖြစ်ခြင်းတို့ ဖြစ်ကြပါသည်။ မြတ်ဗုဒ္ဓ၏ အဆုံးအမတစ်ခု၌ “အန္ဓီဘူတော အယံ လောကော၊ ဤလောကကြီးသည် ကန်း၏”။ “သဗ္ဗော လောကော ပကမ္ပိတော၊ ဤလောကကြီးသည် တုန်လှုပ်နေ၏”။ “သဗ္ဗော လောကော ပဇ္ဇလီတော၊ ဤလောကကြီးသည် လောင်ကျွမ်းနေ၏” ဟု မိန့်တော်မူထားတာ ရှိပါသည်။
သိပ်ချစ်နေကြတဲ့ သံဃာ့ရာ (၀ါဆိုဆရာတော်နှင့် တိဘက်ရဟန်းမင်း ဒလိုင်းလားမား)

ကမ္ဘာ့ခေါင်းဆောင်များနှင့် စိန်ခေါ်မှု
သစ္စာတရားကို မသိနားမလည်ခြင်း၊ အာဏာနှင့်စည်းစိမ်ကို မက်မောခြင်းတို့ကြောင့် ကမ္ဘာ့သမိုင်းတစ်လျှောက်လုံး၌ ကမ္ဘာမြေကြီး သွေးနီစွန်းခဲ့သည်မှာ များပြားလှပေသည်။ ထို့ကြောင့် ယနေ့မျက်မှောက်ကမ္ဘာမှာ လူသားအားလုံးတို့ကို ငြိမ်းချမ်းစွာ ညီညွတ်စွာ အတူတကွ လက်တွဲကြဖို့ အရေးကြီး လိုအပ်နေပြီ ဖြစ်ပါသည်။ ဤလိုအပ်ချက်က ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များ၊ စိတ်ဓာတ်ရေးရာခေါင်းဆောင်များ၊ နိုင်ငံရေးရာခေါင်ဆောင်များကို အထူးပင် စိန်ခေါ်နေပြီဖြစ်ပါသည်။ အကျွန်ုပ်တို့အားလုံး ထိုစိန်ခေါ်ချက်များကို ရင်ဆိုင်ရပါလိမ့်မည်။ အကျွန်ုပ်တို့ ခေါင်းဆောင်များအားလုံး ကမ္ဘာကြီး၏လိုအပ်ချက်တို့အပေါ်မှာ တာဝန်ရှိနေကြသည်ဆိုတာကို လက်ခံကြရပေလိမ့်မည်။ ယနေ့ ကမ္ဘာသူ/သားတို့ ကိုးကွယ်နေကြသည့် ဘာသာတရားတိုင်းမှာ အပြင်လွှာအကာနှင့် အတွင်းပိုင်းအနှစ်ဟူ၍ နှစ်မျိုးရှိပါသည်။ ကျမ်းစာများ၊ ပုံဝတ္ထုများ၊ ယုံကြည့်မှုများ၊ အခန်းအနားများ၊ ရဇ်စသည်ပူဇော်ခြင်းများမှာ ဘာသာတရားအားလုံး၏ အပေါ်လွှာအကာပင် ဖြစ်ပါသည်။ ထိုအပေါ်ယံ အကာအခေါက်များက ဘာသာတရားတစ်ခုနှင့်တစ်ခုကို ခြားနားကွဲပြားစေကြတာ ဖြစ်ပါသည်။ သို့သော် ဘာသာတရားတိုင်းမှာ အတွင်းပိုင်းအနှစ်ဆိုတာ ရှိပါတယ်။ အတွင်းအနှစ်သို့ရောက်လျှင် ဘာသာတရားအားလုံး တူညီသွားကြပါသည်။ ဒါန၊ သီလ၊ ကိုယ်ကျင့်တရား၊ လူ့ဘ၀စည်းကမ်းစိတ်ဓာတ်ထိမ်းခြင်း၊ စိတ်ဓာတ်ဖြူစင်ခြင်း၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ခန္တီ၊ ပညာတို့မှာ ဘာသာတရားတိုင်း၏ အနှစ်သာရ တူမျှနေသော အချက်ပင်ဖြစ်ပါသည်။ လူသားတိုင်း အညီအမျှ လက်ခံနိုင်ကြသည့် သီလ၊ သမာဓိ၊ ပညာ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ခန္တီ ဤအချက်များကို အားလုံးသော ဘာသာရေးခေါင်ဆောင်တို့က လောကကြီးတစ်ခုလုံးကို အလေးအနက်ထား၍ သင်ကြားပို့ချပေးဖို့ လိုအပ်ပါသည်။

ဘာသာတရားကို ကိုးကွယ်ဆည်းကပ်ကြသည့် လူသားအားလုံးတို့က အထက်ပါ ဘာသာရေးအနှစ်သာရကို အလေးအနက်ထားပြီး လိုက်နာကျင့်သုံးကြဖို့ လိုအပ်ပါသည်။ အကယ်၍သာ ဘာသာရေးခေါင်ဆောင်များနှင့် ဘာသာဝင်အားလုံးတို့က ဘာသာတရား၏ အနှစ်သာရကို သင့်တင့်လျှောက်ပတ်စွာ အလေးအနက်ထား ဦးစားပေးကျင့်သုံးနိုင်ကြမည်ဆိုလျှင် ခန္တီ၊ မေတ္တာ၊ ကရုဏာ၊ ပညာ၊ အဟိံသာတရားတို့က ပဋိပက္ခနှင့် စစ်မက်များကို လျှော့ပါးသွားအောင် ပျောက်ကွယ်သွားအောင် စွမ်းဆောင်နိုင်မည်ဖြစ်ပါသည်။ အားလုံးသော လူသားတို့သည် မိမိတို့ ယုံကြည်ရာ ကိုးကွယ်ရာကို လွတ်လပ်စွာယုံကြည်ခွင့် ကိုးကွယ်ခွင့် ဟောပြောခွင့် ရှိသင်ပေသည်။ သို့သော် လူသားတိုင်း သတိပြုရမှာက ဆိုင်ရာဆိုင်ရာ ဘာသာတရားတို့၏ အနှစ်သာရကို ကျင့်သုံးလိုက်နာဖို့ မချွတ်မယွင်း မပျက်ကွက်ရန်ပင် ဖြစ်ပါသည်။ ထို့အပြင် မိမိဘာသာတရားဖြင့် အခြားသောဘာသာတရားတို့ကို အနှောက်အယှက်မပြုရန်လည်း အရေးကြီးပေသည်။
(တိဗက်ရဟန်းမင်းကြီးက ၀ါဆိုဆရာတော်ကြီးအား လက်ဆောင် ပေးစဉ်)
သဘောထားကြီးဖို့လို
ဓမ္မာသောကမင်းကြီး၏ ကျောက်စာ၌ ဖေါ်ပြထားသကဲ့သို့ မိမိတို့၏ ဘာသာတရားထွန်းကားရေးအတွက် အခြားအခြားသော ဘာသာတရားနှင့် ဘာသာဝင်တို့ကို မနှောက်ယှက်ရန် မပုတ်ခတ်ရန် အရေးကြီးပေသည်။ ဤကဲ့သို့ ဘာသာတရားများ များပြားစွာရှိရာ၌ ဘာသာအယူဝါဒ အမျိုးမျိုးရှိကြကုန်သော လူတို့သည် မြတ်ဗုဒ္ဓကို ချဉ်းကပ်ကြသည့်အခါ မြတ်ဗုဒ္ဓက ဤကဲ့သို့ ပြန်လည်၍ မိန့်တော်မူဘူးပါသည်။ “အို အချင်းလူသားတို့ သဘောမတူနိုင်သည့်အချက်များကို ဘေးဖယ်ထားလိုက်ကြပါစို့၊ သဘောတူညီနိုင်သည့် အချက်များကိုပဲ ဆွေးနွေးပြောဆိုကြပါစို့၊ အကျွန်ုပ်တို့ ကျင့်သုံးလိုက်နာရမည့် ကျင့်စဉ်များ၌ ငါတို့ ကျင့်သုံးရမည့် ကျင့်စဉ်များ၌ည ငါတို့အားလုံး သဘောတူနိုင်သည့်အချက်များကိုပဲ ထည့်သွင်းဆွေးနွေးကြပါစို့၊ အဘယ့်ကြောင့် မတူညီသည့်အချက်များကို ရှေးတန်းတင်၍ ငြင်းခုံနေကြပါသနည်း?”

ဤသို့လျှင် အံ့ချီးဖွယ်ကောင်းသော ပညာရှင်တို့၏ ညီညွတ်ရေးစကား၏ စွမ်းရည်သတ္တိများသည် ယနေ့ထက်တိုင်အောင် ကမ္ဘာပေါ်၌ ထင်ရှားတည်ရှိလျက်ပင် ရှိပါသေးသည်။ ဆူပူသောင်းကြမ်းခြင်း၊ နှောက်ယှက်ဖျက်ဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းတို့ကိုသာ စူးစိုက်လုပ်နေကြမည်ဆိုလျှင် ထိုရက်စက်ကြမ်းကြုတ်သော ပုဂ္ဂိုလ်တို့သည် မိမိတို့၏ သွေးရင်းသားရင်း ညီအစ်ကိုမောင်နှမများကို ညှင်းပန်းနှိပ်စက်နေကြသူများ ဖြစ်သည်မှာ ရှင်းလင်းစွာ သိသာလှပေသည်။ သူတို့ဟာ သီးမခံနိုင်ခြင်း၊ ခွင့်မလွတ်နိုင်ခြင်းက တုန့်ပြန်သည်မှာ ရက်စက်ကြမ်းကြုတ်ခြင်း ပုန်းအောင်းလုပ်ကြံခြင်းတို့ ဖြစ်ကြပါသည်။ အခြားတစ်ဖက်၌ ကောင်းခြင်းမင်္ဂလာဆိုသည်မှာ ကရုဏာတရားပင် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ထိုရက်စက်ကြမ်းကြုတ်သူတို့မှာ သနားခြင်းကရုဏာတရားကိုပင် အကျိုးအမြတ်ရကြပေလိမ့်မည်။ ဤသည်ကား သဘာဝဥပဒေဖြစ်သည်။ ဤသည်ကို ဘုရားသခင်၏ အညီအမျှဆုံးဖြတ်ချက်ဖြစ်ခြင်းဟု ခေါ်ဆိုနိုင်သည်။ ဆိုလိုသည်မှာ ဆူပူသောင်းကြမ်း ရက်စက်ကြမ်းကြုတ်သူများကို ကရုဏာပြုရမည်ဟု ဆိုချင်သည်။
မြတ်ဗုဒ္ဓ၏ အဆုံးအမ၌ “ရန်ကို ရန်တုန့်ပြန်ခြင်းဖြင့် ရန်ပွဲမငြိမ်းနိုင်၊ ဆဲဆိုသူကို ပြန်လည်ဆဲဆိုခြင်းဖြင့် ဆဲဆိုပွဲကြီး ကျယ်ပြန့်လာနိုင်သည်။ စွပ်စွဲသူကို ပြန်လည်စွပ်စွဲခြင်းဖြင့် စွပ်စွဲမှုတွေ ရှုပ်ထွေးလာနိုင်သည်။ ရန်ပြုခြင်း၊ စွပ်စွဲခြင်း၊ ဆဲရေးခြင်းတို့ကို သီးခံခြင်း၊ ခွင့်လွတ်ခြင်း၊ မေတ္တာထားခြင်းတို့ဖြင့်သာ ငြိမ်းအေးစေနိုင်သည်။ တိုက်ခိုက်လာသူကို ပြန်လည်၍ တိုက်ခိုက်ခြင်းဖြင့် မငြိမ်းအေးနိုင်၊ အကြမ်းဖက်သူကို ပြန်လည်၍ အကြမ်းဖက်ခြင်းဖြင့် မငြိမ်းချမ်းနိုင်၊ ရက်စက်ခြင်း အကြမ်းဖက်ခြင်းတို့ကို ခန္တီ၊ မေတ္တာတို့ဖြင့်သာ ငြိမ်းချမ်းစေနိုင်သည်။ ဤသည်ကား ကမ္ဘာ့လူသားတို့ ကျင့်သုံးသည့်တရား၊ ကမ္ဘာဆုံးအောင် ကျင့်ရမည့်တရား၊ ဘာသာတရားတိုင်းမှာ ရှိရမည့်တရား ဖြစ်သည်။
(ငြိမ်းချမ်းရေး ဆုတောင်းပွဲ)
ဓမ္မဆိုတာဘုံဆိုင်
ဤသည်ကား ဓမ္မ၊ ဓမ္မဆိုတာ ဤကမ္ဘာမှာ ဗုဒ္ဓလည်းမဟုတ်ဘူး၊ Buddhism, Hinduism, Sikhism, Islamism, Judism, Jainism, Christianity” လည်း မဟုတ်ပါဘူး။ ဓမ္မဆိုတာ ဘာအစ်ဇင်းမှ မဟုတ်ပါဘူး။ တကယ်စင်စစ် ဓမ္မဆိုတာ သစ္စာတရားပဲ ဖြစ်ပါတယ်။ ဓမ္မက အကျွန်ုပ်တို့ကို သင်ပြသည်မှာ မည်သူ့ကိုမျှ ဒုက္ခနပေးပါနှင့်တဲ့၊ အကျွန်ုပ်တို့သည် သူတပါးကို ဒုက္ခပေးမည်ဆိုလျှင် အကျွန်ုပ်တို့စိတ်ထဲမှာ ရှေးဦးစွာ ဒုက္ခဖြစ်နေပြီဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။ သူတပါးကို ဒုက္ခပေးမည်ဆိုသည့် မလိုလားအပ်သည့် စိတ်ယုတ်မာတို့ကို အကျွန်ုပ်တို့ ထုတ်ဖယ်ဖြစ်နိုင်လျှင် အကျွန်ုပ်တို့ချက်ချင်း အကျွန်ုပ်တို့ကိုယ်တိုင် ငြိမ်းချမ်းရေး ရမည်ဖြစ်ပါသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးဆိုတာကို အကျွန်ုပ်တို့ရဲ့ ကိုယ်တွင်းမှာပဲ ရှာဖွေတွေ့ရှိနိုင်ပါသည်။ အကျွန်ုပ်တို့ကိုယ်တိုင် ငြိမ်းချမ်းရေးရဖို့ အကျွန်ုပ်တို့ကိုယ်တွင်းက ယုတ်မာသောစိတ်ဓာတ် (Mental negativities of mind) များကို ထုတ်ဖယ်ပြစ်ဖို့ အရေးကြီးပါသည်။ ဤသို့ အားထုတ်နိုင်ကြလျှင် အကျွန်ုပ်တို့ တစ်ယောက်ချင်း ပိုင်ဆိုင်ထားသည့် ငြိမ်းချမ်းရေးကို တစ်ကမ္ဘာလုံး ဖြန့်ကျက်နိုင်မည် ဖြစ်ပါသည်။ အကျွန်ုပ်တို့ တစ်ယောက်ချင်း၏ ငြိမ်းချမ်းရေးကို တစ်ကမ္ဘာလုံးသို့ဖြန်နိုင်ကြပါစေ။
(အမှတ်တရ ဗောဓိပင်စိုက်ပျိုး)

နိဂုံးချုပ်
အထူးလေးအပ်ပါသော ထေရ၀ါဒနှင့် မဟာယာနသံဃာတော်များ၊ ဂုဏ်သရေရှိ ဧည့်သည်တော်များနှင့် ဓမ္မမိတ်ဆွေများ -----------------
နိဂုံးချုပ်ပြောကြားလိုသည်မှာ အကျွန်ုပ် အထက်မှာ ပြောခဲသည့်အတိုင်း ဤတစ်ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာအစည်းအဝေးကြီးက လူသားအားလုံး ငြိမ်းငြိမ်းချမ်းချမ်း ညီညွတ်စွာ အတူတကွ လက်တွဲနေထိုင်ကြခြင်းဟူသော အဓိကရည်ရွယ်သုံးခုကို တည်ဆောက်ပေးမည့် စိတ်ဓာတ်များကို ဖြန့်ချိနိုင်လိမ့်မည်ဟု အကျွန်ုပ်တို့ သဘောတူ လက်ခံယုံကြည်သည်။ ထို့အပြင် ယဉ်ကျေးမှု၊ ယုံကြည်မှု လူမျိုး အမျိုးမျိုးရှိကြသည့် လူသားလုံးတို့အတွက် အကျွန်ုပ်တို့ အစည်းအဝေးတက်ရောက်လာကြသည့် ဘာသာရေးခေါင်းဆောင် အားလုံးတို့ကလည်း တာဝန်အသီးသီး ခွဲဝေယူကြလိမ့်မည်ဆိုတာကို အကျွန်ုပ်တို့ သဘောတူ ယုံကြည်လက်ခံပါသည်။ မြန်မာနိုင်ငံ ထေရ၀ါဒသံဃာငါးသိန်းကျော်တို့ကိုယ်စား၊ သန်းပေါင်းခြောက်ဆယ်ကျော်သော ပြည်သူ/သားတို့ကိုယ်စား ပြောကြားလိုသည်မှာ ကမ္ဘာ့ငြိမ်းချမ်းရေး၊ ကမ္ဘာ့လူသားအားလုံး တည်ငြိမ်ရေး၊ ကမ္ဘာ့လူသားအားလုံးတို့ မပူမပန် မကြောင့်မကြ စားဝတ်နေမှု ပြည့်စုံရေးတို့အတွက် ဤအစည်းအဝေးကြီးက ချမှတ်သည့် လုပ်ငန်းစီမံချက်များ အားလုံးတို့ကို လှိုက်လှိုက်လှဲလှဲ ထောက်ခံကြောင်း၊ အားပေးကြောင်း ပြောကြားလိုပါသည်။ ထို့အပြင် ဘာသာရေးကို အခြေခံ၍ ဆင်ခြင်တုန်တရား ကင်းမဲ့ခြင်း၊ တရားဥပဒေ ကင်းမဲ့ခြင်း၊ ဆူပူသောင်းကြမ်းခြင်းတို့ကို ဆန့်ကျင်တိုက်ဖျက်ရာ၌ အားလုံးသော အစည်းအဝေးတက်ရောက်လာကြကုန်သော ညီတော်နောင်တော်တို့ တစ်သွေးတည်း တစ်သံတည်း ဆုံးဖြတ်နိုင်ကြလိမ့်မည်ဟုလည်း လှိုက်လှိုက်လှဲလှဲ ယုံကြည့်ကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါသည်။ ။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
“သူတော်ကောင်းတရား ကမ္ဘာ့နေရာတိုင်းမှာ သန့်သန့်ရှင်းရှင်း ထွန်းတောက်ပါစေ”
သီတဂူဆရာတော်
၂၇-၁၁-၂၀၁၁


(၀ါဆိုဆရာတော်ကြီးက မြန်မာဘာသာဖြင့် မိန့်ကြားတော်မူ၍ သီတဂူဆရာတော်က အင်္ဂလိပ်ဘာသာပြန်ဆို ပြောကြားခဲ့သည်။ (၂၇-၁၁-၂၀၁၁)။

မှတ်တမ်းတင်သူ-ရှင်သုခ(မင်းလှ)
(28-11-11-01:40)

ရှင်သုခ (မင်းလှ)၏ဆိုက်မှ ကူးယူဖော်ပြသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၅-၁၂-၂၀၁၁

03 December 2011

ကမ္ဘာကျော်တို့တွေ့စုံရာ (နယူးဒေလီ)

ကမ္ဘုာလုံးဆိုင်ရာ ဗုဒ္ဒဘာသာဝင်တို့၏ အစည်းအဝေးပွဲကြီး
ဤ အစည်းအဝေးကြီးပွဲကြီးကို 2011 ခု နိုင်ဝင်ဘာလ 27 28 29 ရက်နေ့များတွင် သုံးရက်တိုင်တိုင်ကျင်းပ၍ (30)ရက်နေ့တွင် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆုတောင်းခြင်း၊ အစည်းအဝေးအောင်မြင်ခြင်းနှင့် ဗုဒ္ဒဘာသာဝင်အားလုံးတို့၏ စုစည်းညီညွတ်မှုအထိမ်းအမှတ်အဖြစ် ဗောဓိပင်စိုက်ပျိုးခြင်း တိဗက်ရဟန်းမင်းကြီး ဒလိုင်းလားမား၏ ၀မ်းမြောက်ဂုဏ်ပြုစကားပြောကြားခြင်းဖြင့် အခမ်းအနားပြီးဆုံးခဲ့သည်။
အစည်းအဝေးနှင့် ရွှေကျင်သာသနာပိုင်ဆရာတော် မိန့်ခွန်း

ကိုယ်စားလှယ်များ
နိုင်ငံပေါင်း (47)နိုင်ငံမှ ကိုယ်စားလှယ်တော်များနှင့် လေ့လာသူပေါင်း (500)ခန့် တက်ရောက်ကြသည်။ ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာဝင်တို့၏ အစည်းအဝေးပွဲကို နယူးဒေလီမြို့တွင်အခြေစိုက်သော မဟာယာန ၀ဇီရာယာန ထေရ၀ါဒတို့ ပူးပေါင်း ပါဝင်သည့် အသောကမစ်ရှင် အသောကသာသာနပြုအဖွဲ့က တာဝန်ယူ၍ စည်းရုံး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဖိတ်ကြားထားသော ဧည့်သည်တော်များ၏ အသွား အပြန်ခရီးစရိတ်နှင့် (5)ရက်စာ ဟိုတယ်ခများကို အသောကမစ်ရှင်အဖွဲ့က လှူဒါန်း ခဲ့သည်။ ထို့ပြင် အထူးဧည့်သည်တော်များကိုမူ အိန္ဒိယအဲယားလိုင်းဖြင့် ဗုဒ္ဓဂယာနှင့် ဗာရဏသီ သံဝေဇနိယဒေသနှစ်ခုသို့ ညအိပ်ဘုရားဖူးပို့ပေးခဲ့ပါသည်။
သီတဂူဆရာတော် မိန့်ခွန်းပြော

အစည်းအဝေးကြီး၏ ရည်ရွယ်ချက်
‘‘ဤဗုဒ္ဓဘာသာ အစည်းအဝေးကြီး၏ ရည်ရွယ်ချက်မှာ ထေရ၀ါဒ၊ မဟာယာန၊ ၀ဇီရာယာနဗုဒ္ဓဘာသာဂိုဏ်း အဖွဲ့အစည်းပေါင်းစုံပါဝင်သည့် ကျယ်ပြန့်ခိုင်မာသော အဖွဲ့အစည်းကြီးတစ်ခု ဖွဲ့စည်းတည်ထောင်ရန်ရည်ရွယ်သည်။ ထိုဗုဒ္ဓဘာသာအစည်းအရုံးကြီးကို (International Buddhist confederation(IBC) ဟုခေါ်ဆိုသည်။ ဤအဖွဲ့အစည်းကြီးသည် ဗုဒ္ဓဘာသာဂိုဏ်းအချင်းချင်း အသင်းအဖွဲ့အချင်းချင်း မကြာမကြာတွေ့ဆုံဆွေးနွေး၍ အသိဥာဏ်များဖလှယ်ကြရန် ချစ်ခင်ရင်းနှီးမှုများကို တည်ဆောက်ကြရန် ဗုဒ္ဓသာသနာထိန်းသိမ်းရေး, ပြန့်ပွားရေး, တိုးတက်ရေးနှင့် ကာကွယ်စောက်ရှောက်ရေးတို့ကို ဗုဒ္ဓဘာသာဝင်အားလုံး အတူလက်တွဲဆောင်ရွက်ကြရန်ရည်ရွယ်သည်။
ထို့ပြင် အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဘာသာအမွေအနှစ်များ၊ အထူးသဖြင့် လုမ္ဗိနီ ဗုဒ္ဓဂယာ မိဂဒါဝုန် သာဝတ္ထိ ကုသိနာရုံ ဆန်ချီ အဂျန်တာအစရှိသော ဒေသများကို ၀ိုင်းဝန်းထိမ်းသိမ်းစောက်ရှောက်ကြရန် ရည်ရွယ်သည်။ လူငယ်များအတွက် အခြေခံ ဗုဒ္ဓသာသနာပြုကျောင်းများနှင့် စကော်လာပညာရှင်များအတွက် ကောလိပ် တက္ကသိုယ်များကိုရည်ရွယ်သည်။ အတိုချုပ်မှာ United Buddhist organization တစ်ခုဖွဲ့စည်း၍ common-platform တစ်ခုတည်ဆောက်ကြကာ လက်တွဲလမ်းလျှောက်ကြရန် ဗုဒ္ဓသာသနာကို ကာကွယ်စောက်ရှောက်ကြရာ၌ တစ်ခုတည်းသောအသံ (united voice) ဖြင့် ကာကွယ်စောက်ရှောက်ကြ ရန်ရည်ရွယ်သည်။ သို့ဖြစ်ခြင်းကြောင့် Global Buddhist Congregation က International Buddhist Confederation ကို ဖွဲ့စည်းသည်။
ကမ္ဘာကျော်ဆရာတော်ကြီးတို့ ရင်းနှီးစွာတွေ့စုံ

တသွေးတည်းတသားတည်း
ဤအဖွဲ့အစည်းကြီး၏ အောက်၌ ဆပ်ကော်မတီများစွာဖြစ်လာမည်။ လိုရင်းအချက်မှာ Buddhist Confederation က Collaboration of Buddhist Affair လုပ်ရမှာဖြစ်သည်။ ဂင်္ဂါ ယမုနာနှင့် အိန္ဒုမြင့်နှင့် အမည်မျှသာကွဲပြားကြခြင်းဖြစ်သည်။ ရေဆိုသည်မှာ အတူတူပင်ဖြစ်သည်။ ဂင်္ဂါ ယမုနာ အိန္ဒုတို့သည် သူတို့၏ အမည်နာမများကို ကုန်းပေါ်မှာအားလုံးထားခဲ့ကြပြီး ကောင်းကင်ပြာအောက်က ဆားငန်ရေမှာပေါင်းသွားကြသည်။ ပင်လယ်သမုဒ္ဒရာ၌ confederate နှင့် collaborate လုပ်လိုက်ကြသည့်အတွက် တစ်ရောင်တည်း တစ်သွေးတည်း အရသာ တစ်ခုတည်းဖြစ်ကြလေကုန်၏။

တရုပ်အော်သံ အိန္ဒိယကြည့်
ဤဗုဒ္ဓဘာသာအစည်းအဝေးကြီးကို နိုဝ်င်ဘာလ(27)ရက် နံနက် (9)နာရီမှာ အသောကဟိုတယ် အစည်းအဝေးခန်းမဆောင်ကြီးနှိုက် ကျင်းပပါသည်။ ထေရ၀ါဒပါဠိဖြင့် ပရိတ်ရွတ်ခြင်း သက္ကဋကိုအခြေခံသော တိဗက်သံဖြင့် ပရိတ်ရွတ်ခြင်းတို့ဖြင့် ဖွင့်လှစ်သည်။ စည်းရုံးရေးကော်မတီဥက္ကဋ္ဌ lov zan က နှုတ်ခွန်းဆက်စကား မိန့်ကြားသည်။ အိန္ဒိယနိုင်ငံသမ္မတ, ၀န်ကြီးချုပ်, ယဉ်ကျေးမှုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ တက်ရောက်ကြမည်ဖြစ်သော်လည်း တိဗက်သံဃာတော်တို့ ခေါင်းဆောင်စီမံသော အစည်းအ၀းကြီး၌ တိဗက်ရဟန်းမင်းကြီးဒလိုင်းလားမား တက်ရောက်သည်ကို တရုတ်နိုင်ငံအစိုးရက ကန့်ကွက်သည်ဖြစ်ခြင်းကြောင့် အိန္ဒိယ အစိုးရ၏ အဖွဲ့အစည်းများမှ မည်သူမျှ တက်ရောက်လာခြင်းမရှိတော့ပေ။ နံနက်ခင်းဖွင့်ပွဲနှိုက် တိဗက်၊ ကိုရီးယား၊ ဂျပန်၊ သီရိလင်္ကာ၊ လာအို၊ ကမ္ဘောဒီးယား မြန်မာကိုစားလှယ်တို့ အသီးသီးစကားပြောကြသည်။ အထူးသဖြင့် မြန်မာနိုင်ငံ ရွှေကျင်နိကာယ သံဃရာဇာ သာသနာပိုင် ၀ါဆိုဆရာတော်ဘုရားကြီး မြန်မာလိုပြောကြားသည့် မိန့်ခွန်းကို သီတဂူဆရာတော်က အင်္ဂလိပ်ဘာသာဖြင့် ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ဘူတန်၊ မွန်ဂိုးလီးယား၊ မလေးရှား ၊ အင်ဒိုနီးရှား၊ ထိုင်ဝမ်၊ ပန်ဂျပ် အာဖရိကနိုင်ငံ ဗုဒ္ဓဘာသာကိုယ်စားလှယ်များကလည်း အသီးသီးမိန့်ခွန်း ပြောကြသည်။ လားမားကြီး lov zan က ကျေးဇူးတင်စကားပြော၍ ဖွင့်ပွဲအစီအစဉ်ပြီးဆုံးသည်။ ညနေ (၆)နာရီနိုက် စကာပြော ပုဂ္ဂိုလ်များနှင့် အလုပ်အမှုဆောင်အဖွဲ့တို့ ဆွေးနွေးညှိနှိုင်းကြသည်။ ညပိုင်းတွင် ယဉ်ကျေးမှုအကများဖြင့် ဧည့်ခဲ၍ ညစာစားပွဲကျင်းပသည်။ လူပုဂ္ဂိုလ်များနှင့် မဟာယာနသံဃာတော်တို့ ညစာစားသုံးကြသည်။

ကဏ္ဍအလိုက်အစည်းအဝေး
(၂၈)နေ့၌ အစည်းဝေးကို ဆက်လက်ကျင်းပရာ Lalit Hotel ၌ အခန်းလေးခန်းခွဲ၍ကျင်းပသည်။ အခန်းတစ်ခုမှာ ဗုဒ္ဓသာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ဖြန့်ချိခြင်းနှင့် ဖွဲ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သည်။ ဤအခန်းနှိုက် စကားပြောသူ (၇)ယောက်ရှိပြီး မြန်မာနိုင်ငံကိုယ်စားလှယ် သီတဂူဆရာတော်က စာတမ်းတစ်ခု မှတ်တမ်းတင် ပြောကြားခဲ့သည်။ (ထိုစားတမ်း၏မြန်မာပြန်ကို သီးခြားဖေါ်ပြမည်)။ အခန်းကဏ္ဍ(၂)၌ ဗုဒ္ဓတရားတော်နှင့် စိတ်ဓာတ်ကြံ့ခိုင်ကျန်းမာရေးအကြောင်း ဆွေးနွေးကြသည်။ တတိယအခန်းကဏ္ဍ၌ ကိုယ်ကျင့်တရာနှင့် ဘ၀တန်ဘိုးအကြောင်း ဆွေးနွေးကြသည်။ စတုတ္ထအခန်းကဏ္ဍနှုက် ပြောင်းလဲနေသော ကမ္ဘာ၌ ဗုဒ္ဓဘာသာ၏အနေအထား အသက်မွေးလုပ်ငန်းနှင့် ဖွံ့ဖြိုးတိုးတက်ခြင်းအကြောင်းတို့ကို ဆွေးနွေးကြသည်။ အထူးကဏ္ဍတစ်ရပ်အနေဖြင့် ဗုဒ္ဓဘာသာဝင်တို့၏ ပတ်ဝန်းကျင်နှင့် သဘာဝကမ္ဘာအကြာင်းကို Park Hotel တွင် ကျင်ပသည်။ (၂၉)ရက်နေ့ ၌ Lalit Hotel ပင် အသိပညာများစာစောင်းခြင်း၊ Collective wisdom, Engaged Buddhism, လူမှုရေး ဗုဒ္ဓဘာသာအကြောင်း ဆွေးနွေးကြသည်။ ကမ္ဘာတစ်ဝှမ်းလုံးနှိုက်ဖြစ်ပေါ်နေသော ပဋိပက္ခများနှင့် အကြမ်းဖက်းခြင်း ဆူပူသောင်းကြမ်းခြင်းတို့ကို ဗုဒ္ဓ၀ါဒရှုဒေါင့်မှ တုန်းပြန်ခြင်းနှင့် ဗုဒ္ဓသာသနာ၌ အမျိုးသမီးတို့၏ အခန်းကဏ္ဍအကြောင်းကို ဆွေးနွေးကြသည်။ ညနေပိုင်း (၆)နာရီခွဲနှိုက် အထူးအစည်းအဝေးအဖြစ် မိမိဆိုင်ရာ ညီညွတ်ဗုဒ္ဓဘာသာအဖွဲ့ ဖွဲ့စည်းပုံရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို အကြောင်းကို ဆွေးနွေးကြသည်။ Park Hotel ၌ သိပ္ပံပညာ နည်းပညာနှင့် ဗုဒ္ဓဘာသာဝင်တို့၏ အမြင်ဟူသော အကြောင်းအရာကို ဆွေးနွေးကြသည်။
(၃၀)ရက်နေ့ နံက်ခင်း၌ လာအိုသံဃရာဇာ မြန်မာရွှေကျင်နိကာယ သံဃရာဇာ၊ တိဗက်သံဃရာဇာ (ဒလိုင်းလားမား)တို့ ခေါင်းဆောင်သော ဂိုဏ်းပေါင်းစုံ အရောင်စုံ အသွင်အပြင်မျိုးစုံသော သံဃာတော်အားလုံးတို့နှင့် ခရစ်ယန် အစ်စ်လာမ် ဟိန္ဒူ အခြားဘာသာဝင်များ စုပေါင်း၍ မဟတ္တမဂန္ဓီဗိမာန်၌ ငြိမ်းချမ်းရေး ဆုတောင်းပွဲကျင်းပကြသည်။ ဗုဒ္ဓဘာသာဂိုဏ်းပေါင်းစုံတို့ စုဆောင်း၍ မြန်မာ လားအို တိဗက် သံဃာရာဇာသုံးပါးတို့က ဗောဓိပင်သုံးပင်ကို နေုရူအထိမ်းအမှတ် ဥယျာဉ်၌ စိုက်ပျိုးကြသည်။ လားအိုက မဟာဗောဓိ၊ တိဗက်(ဒလိုင်းလားမား) သီဟိုဠ်ဗောဓိ၊ မြန်မာက အာနန္ဒာဗောဓိကို စိုက်ပျိုးခဲ့ကြသည်။ (၃၀)ရက်နေ့ ညနေပိုင်း၌ International Buddhist Confederation ဖွဲ့စည်းပုံရည်ရွယ်ချက်နှင့် လုပ်ငန်းများ၊ လုပ်ငန်းကော်မတီများကို အပြီးသတ်သုံးသတ် ဆုံးဖြတ်ကြသည်။
မဟတ္တမဂန္ဓီဗိမာန်၌ ငြိမ်းချမ်းရေး ဆုတောင်းပွဲ
ဖျော်ဖြေရေး အစီးအစဉ်
ညပိုင်း၌ အသောကမစ်ရှင် ကျောင်းတိုက်အတွင်း ဂျပန်ဘုန်းတော်ကြီးများ စီမံထုတ်လုပ်သည့် သဒ္ဓမ္မပုဏ္ဍရိကကျမ်းလာသော ဘုရားလောင်းဆယ်ပါးတို့အကြောင်း ဇာတ်လမ်းခင်း၍ စတိတ်ရှိုးပြသည်။ အမေရိကန်လာသည့် ဂျပန်နွယ်ဗုဒ္ဓဘာသာအဖွဲ့တစ်ခုက ဓမ္မတေးသီချင်းတို့ကို Rock and Roll ဖြင့် သီဆိုတီးမှုတ်ဖျော်ဖြေသွားသည်။ ရောင်စုံမီးတို့ဖြင့် ရှုမငြီးဖွယ်ထိုးထားသော ဗောဓိသတ္တဇာတ်လမ်းများကို ကြည်၍ Rock and Roll ဓမ္မတေးများကို နားထောင်လျက် လူပုဂ္ဂိုလ်များနှင့် မဟာယာနဘုန်းတော်ကြီးတို့ ညစာစားပွဲမှာ အထူးမြိန်ရှက်ဖွယ်ကောင်းလိမ့်ဟု ထင်မြင်မိသည်။
သံဃာရာဇာသုံးပါးတို့က ဗောဓိပင်သုံးပင်ကို နေုရူအထိမ်းအမှတ် ဥယျာဉ်၌ စိုက်ပျိုး
သီတဂူသာသနာပြု ကပ္ပိယကာရကအဖွဲ့ဝင်တို့ ၀င်တန်းသည့် ကုလားလို ဒိုစာခေါ်သည့် တိုရှည်မုန့်များကို တိုးစားသည့်လူတန်းကြီးမှာ အတော်ရှည်ပါသည်။ နယူးဒေလီ၏ ဆောင်းဦးသည်လည်း အတော်ချမ်းအေးပါသည်။ မြူတွေဆိုင်းလာသဖြင့် စလိုက်မီးရောင်တို့ မုန်မှိုင်းလာသည့်အခါ ဗောဓိသတ္တများလည်း အိပ်တန်းဝင်သွားကြသည့်အလား စင်မြင့်ပေါ်က ပျောက်သွားကြသည်။ Rock and Roll ဓမ္မအသံက နယူးဒေလီ၏ ကြိတ်ကြိတ်တိုးမောင်းနှင်နေသော မော်တော်ကားအသံတို့ကို လွှမ်းမိုးသွားသည်။ ရရာကားတောင်း၍ အသောကမစ်ရှင် ဗောဓိသတ္တစတိတ်ရှိုးမှ ပြန်ခဲ့ရာ ည(၁၀)နာရီခွဲမှာ Lalit Hotel သို့ ပြန်ရောက်သည်။ ရေနွေးပူပူချိုး၍ အိပ်ယာဝင်ခဲ့သည်။ အိပ်ယာထဲရောက်တော့ မြင်ရောင်နေသည်မှာ အင်္ကျီမပါတဲ့ ဘုရားလောင်း ဆယ်ယောက်တို့တော့ ထွက်ခန်း ဘယ်လောက်များချမ်းလိုက်မလဲဟုတွေးမိသည်။ ကြားရောင်နေမိသည်မှာလည်း ဘုရားလောင်းစတိတ်ရှိုးက Rock and Roll ဓမ္မတေးသံဖြစ်သည်။ Hold Samsara, Hold Samsara, Hold Samsara. အို သံသရာကြီး ရပ်ပါတော့၊ အို သံသရာကြီး ရပ်ပါတော့၊ အို သံသရာကြီး ရပ်ပါတော့ ဖြစ်သည်။
ဘုရားသားတော် ညီအစ်ကိုနှစ်ယောက်တွေ့ဆုံခြင်း

အခမ်းအနားအောင်ပွဲ
နိုဝင်ဘာ(၃၀)ရက်နံက်ခင်း အခန်းအနားသိမ်းပွဲ၌ တိဗက်ပရိတ်ဖြင့် အခန်းအနားဖွင့်သည်။ Organization ကော်မတီက စတင်စကားပြောသည်။ ဗီယက်နမ်ဘုန်းတော်ကြီး သစ်ကွမ်ဘက (IBC) ဖွဲ့စည်းခြင်းနှင့် အခြေခံသဘောတရားဖွဲ့စည်းပုံ ရည်ရွယ်ချက်တို့ကို ကြေညာသည်။ ကိုရီယား၊ ဂျပန်၊ တိဗက်၊ သီဟိုဠ်၊ ဂျာမဏီ၊ အင်္ဂလန်ကိုယ်စားလှယ်များ မိန့်ခွန်းပြောသည်။ အထူးသဖြင့် ဂျာမန်ကိုယ်စားလှယ်က ဘိက္ခုနီသာသနာပြန်လည် ဖေါ်ထုတ်ဖို့ ဦးစားပေးပြောသွားသည်။ သူပြုစုထားသည့် ဘိက္ခုနီသာသာနာအကြောင်း စာအုပ်ငယ်လေး၌ နိဒါန်းေးရးပေးရန် ဒလိုင်းလားမားအား တောင်းပန်သွားသည်။ စာအုပ်လက်ဆောင်များ အပြန်အလှန် ပေးကြသည်။ အထူးကိုယ်စာလှယ်များကို တိဗက်ရဟန်းမင်းကြီးက ကိုယ်တိုင်လက်ဆောင်ပေးသည်။ တိဗက်ရဟန်းမင်းကြီး ဒလိုင်းလားမားက နိဂုံးချုပ် အနှစ်ချုပ်စကား ပြောကြားသည်။

ဒလိုင်းလားမား အောင်ပွဲမိန့်ခွန်း အနှစ်ချုပ်
သူ၏အနှစ်ချုပ်စကားကို ထပ်မံ၍အနှစ်ချုပ်ရလျှင် ဗုဒ္ဓဘာသာတရားတော်သည် ရှေးခေတ်က အာရှ၏ကိုးကွယ်ရာတရား Asian Religion ဖြစ်ခဲ့သည်။ သို့သော် ယနေ့မျက်မှောက်ခေတ်၌ ကမ္ဘာ့ဘာသာတရား World Religion ဖြစ်နေပြီ၊ သို့ဖြသ်ခြင်းကြောင့် ဗုဒ္ဓဘာသာတရားတော်၏ အနှစ်သာရများကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တိုးပွားအောင်လုပ်ဖို့ ပြန့်ပွားအောင်လုပ်ဖို့ တိုက်တွန်းလေသည်။ ထို့အပြင် ဗုဒ္ဓတရားတော်များ၏ မူရင်းအခြေခံမှာ ပါဠိဘာသာဖြစ်သည်ဟု မိန့်ကြားသည်။ ပါဠိဗုဒ္ဓ၀င်ကို ဖေါင်ဒေးရှင်းချ၍ သက္ကတဗုဒ္ဓ၀င်ကို အပေါ်က အိမ်သဖွယ်တည်ဆောက်ထားခြင်းဖြစ်သည်။ တန်တရစ်ဗုဒ္ဓ၀င်ကား အိမ်၏ အချွန်အတက်များသာဖြစ်သည်ဟု မိန့်ကြားတော်မူသွားသည်။ ဗုဒ္ဓဘာသာဂိုဏ်းတွေအားလုံး အပေါ်ယံအကာပိုင်းမှာ မတူညီနိုင်ကြသော်လည်း အတွင်းအနှစ်သာရပိုင်းမှာ တူညီနိုင်ပါသည်။ ဘာသာတရားတို့၏အနှစ်သာရသည် သီလ၊ သမာဓိ၊ ပညာပင်ဖြစ်သည်။ သီလကောင်းမှ သမာဓိရမည်၊ သမာဓိရှိသောပုဂ္ဂိုလ်၏ပညာသည် သစ္စာကိုထိုးထွင်းသိမြင်နိုင်မည်။ ပညာဝင်မှ ကိလေသာထွက်သည် ကိလေသာချုပ်ခြင်းကို နိရောဓဟုခေါ်သည်။ အဲဒါကြောင့် မဟာယာနတွေ ဟိနယာနတွေ ဘိက္ခုတွေ ဘိက္ခုနီတွေ ဒီနာမည်တွေက အပိုတွေပဲ Inner core အတွင်းပိုင်းအနှစ်သာရက သီလ၊ သမာဓိ၊ ပညာပါပဲ Inner core ရှိမှုညညနမ စနခေန ကိုရတယ်။ အဲဒါကြောင့် ဘာအစ်ဇင်း ဘယ်ယာနကိုကျင့်ကျင့် အသွင်အပြင်တွေ အမည်နာမတွေ အရေးမကြီးပါဘူး အတွင်းပိုင်းအနှစ်သာရကို ကျင့်၍ အတွင်းပိုင်းငြိမ်းချမ်းရအောင် လုပ်ကြပါဟု မိန့်ကြား၍ နိဂုံးချုပ်ပါသည်။
ဝါဆိုဆရာတော်ကြီးအား လာရောက် ကန်တော့သော တိဘတ်ရဟန်းမင်းကြီး ဒလိုင်းလားမား
ထေရ၀ါဒသံဃရာဇာကို လာကန်တော့သော ဒလိုင်းလားမား
ဒလိုင်းလားမားကိုကြည့်ရတာ ဂါရ၀ နိဝါတရှိသည့် ရိုးသားသော ရဟန်းသူတော်စင်တစ်ပါးဖြစ်သည်ဟု ယူဆသည်။ လားအို မြန်မာသံဃာရာဇာနှစ်ပါးကို ဖူးမျှော်ချင်သည်ဟု သတင်းလာပို့သည့်အခါ ဖူးချင်လျှင် ကြွာလာခဲ့ပါ လက်ခံတွေ့ဆုံပါမည်ဟု ပြန်လည်သတင်းပို့လိုက်တော့ (၂၉)ရက်နေ့ နေ့လည်ခင်း (၃)နာရီမှာ မြန်မာကိုယ်စားလှယ်တော်အဖွဲ့တည်းခိုရာ Lalit Hotel သို့ ရောက်ရှိလာပါသည်။ ဟိုတယ်အတွေတွေ မန်နေဂျာက ဟိုတယ်(၁၄)ထပ် ရွှေကျင်သာသနာပိုင်ဆရာတော်ကြီး တည်းခိုနေသော အခန်းဘေးက ဧည့်ခန်းကိုပြင်ဆင်ပေးပါသည်။ လုံခြုံရေးအစောင့်များနှင့် ညနေ(၃)နာရီတွင် ရောက်ရှိလာပါသည်။
လားအိုသာသနာပိုင်ဆရာတော်ကြီးကို လက်ဆွဲနှုတ်ဆက် လက်အုပ်ချီ ဒူးကိုအကြိမ်ကြိမ်ဦးတိုက်၍ ရှိခိုးနှုတ်ဆက်သည်။ ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်ကြီးကိုလည်း လက်အုပ်ချီ၍ နဖူးခိုင် ဦးတိုက်လျက် အကြိမ်ကြိမ်ရှိခိုးလေသည်။ ပြီးတော့ စကားပြောကြသည်။ သီတဂူဆရာတော်ကို စတင်၍ မေးသည်မှာ အခုအသက် ဘယ်လောက်ရှိပြီလဲ၊ အသက်ဘယ်လောက်တုန်းက ရဟန်းဝတ်သလဲ၊ မေးပြီးတော့ သူအသက်(၂၀)ကထဲက ရဟန်းဝတ်တာ အခု (၈၅)နှစ်ရှိပြီ၊ (၆၅)၀ါရပြီဟုဆိုပါသည်။ ၀ါဆိုဆရာတော်ကြီး၏ သက်တော်ကို မေးသည် (၉၆)နှစ်ရှိပြီဟု ပြောသည့်အခါ ဦးတိုက်၍တိုက်၍ နဖူးခိုက်လျက် အကြိမ်ကြိမ်ရှိခိုးပြန်ပါသည်။
အသွေးရောင်မတူသော်လည်း သွေးချင်းနီး
သံဃရာဇာတို့ ဆွေးနွေးခန်း
ဝိနည်းအကြောင်းပြောကြသည် ထေရ၀ါဒမှာ (၂၂၇)သွယ်ရှိသည် တိဗက်မှာ (၂၅၃)ရှိသည်ဟု ပြောပါသည်။ များများနည်းနည်းဘုရားပေးတဲ့ စည်းကမ်းတွေပဲ အကုန်လိုက်နာလျှင် ကောင်းသည်ဟုဆိုပါသည်။ သုတ္တန်တွေကတော့ အများကြီးပဲ ဒါပေမဲ့ ကျင့်ရမှာကတော့ မဂ္ဂင်ရှစ်ပါးပါ၊ အဘိဓမ္မာဆိုတာ သစ္စာတရားပဲဟု ဆွေးနွေးကြသည်။ သစ္စာသိရင် နိရောဓပဲပေါ့ဟုဆိုသည်။ ဗုဒ္ဓသာသနာမှာ မူရင်းအကျဆုံးဆိုတာကို သဘောတူလက်ခံသည်။ သီလ၊ သမာဓိ၊ ပညာသည် ဗုဒ္ဓဘာသာဝင်အာလုံးတို့၏ အနှစ်သာရဆိုသည်ကိုလည်း သဘောတူလက်ခံသည်။ သစ္စာတရားသည် ငြိမ်းချမ်းရေးတရားပင်ဖြစ်သည်၊ အားပါးတရ ပွင့်ပွင့်လင်းလင်း ပြောကြသည်။ ရွှေကျင်သာသနာပိုင်ဆရာတော်ကြီးနှင့် တိဗက်သာသနာပိုင် ပုဂ္ဂိုလ်တို၏ ဆွေးနွေးခန်းကို သီတဂူဆရာတော်ကြီးနှင့် ဒေါက်တာမျိုးမြင့်တို့က ဘာသာပြန်ပေးကြသည်။ ကာလေန ဓမ္မသာကစ္ဆာ အမှန်ပင်ဖြစ်သည်။ ဓမ္မသာကစ္ဆာနိဂုံး၌ ၀ါဆိုဆရာတော်ကြီးက စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်ထား လောကဓမ်ရှစ်ပါး မုန်တိုင်းတိုက်ခိုက်ရာ၌ မတုန်လှုပ်စေနဲ့ မိန့်ကြားတောေ်မူသည်။ တိဗက်သံဃာ မြန်မာသံဃာ မေတ္တာကြိုး ခိုင်ခိုင်ချည်ထားရမည်ဟု မိန့်ကြားတော်မူသည်။ နဖူးတိုက် ဦးခိုက်၍ပြန်ခါနီးတွင် မြန်မာတို့ ၀ိနည်းစည်းကမ်းကောင်းကြောင်း ပိဋကတ်စာပေ တတ်ကျွမ်းကြောင်း ကြားသိရသဖြင့် အလွန်လေးစားချစ်ခင်ပါသည်။ မြန်မာသံဃာများကိုလည်း နောက်ထပ်ဖူးတွေ့ချင်ပါသည်၊ ကမ္ဘာအလွန်ကျော်ကြားသည့်ရွှေတိဂုံစေတီတော်ကြီးကိုလည်း လာရောက်ဖူးမျှော်ချင်ပါသည်ဟု မိန့်ကြားတော်မူသည်။ ထိုအခါ ရွှေကျင်သာသနာပိုင်ဆရာတော်ကြီး၏ မိန့်ကြားချက်ကို ဘာသာပြန်၍ပြောလိုက်သည်။ ဖိတ်ကြားလို့ ဖြစ်သည့်အခါ ဖိတ်ကြားပါမည်၊ လာရောက်ဖူးမျှော်ဖို့ သင့်လျှော်သည့်အခါ ရွှေတိဂုံစေတီတော်ကို ဖူးမျှော်လှဲ့ပါ။ ဟေ့ ဟေ့ ဖိတ်ဖို့ မမေ့နဲ့ပါဟု ပြုံးပြုံးပျော်ပျော်ပြော၍ ဟိုတယ်မှ ပြန်လည်ထွက်ခွါသွားပါသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သူတော်ကောင်းတရား ကမ္ဘာ့နေရာတိုင်းမှာ ထွန်းတောက်ပါစေ။
သီတဂူဆရာတော်
၁-၁၂-၂၀၁၁


( ဗုဒ္ဓဂယာ Royal Residence Hotel တွင် သီတင်းသုံးစဉ် ရေးသားအပ်သော စာတမ်းဖြစ်သည်။)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၃-၁၂-၂၀၁၁

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes