သီတဂူစတား

သီတဂူစတား

30 November 2014

ပဲခူးတိုင်းဒေသကြီးက သီတဂူဆေးရုံ နှစ်ခု

ပဲခူးတိုင်းဒေသကြီးက သီတဂူဆေးရုံ နှစ်ခု
ယခုနှစ် ၂၀၁၄ နောက်ဆုံးဖွင့်လှစ်ခဲ့သော ပဲခူးတိုင်းဒေသကြီး အုပ်ဖိုမြို့၊ ဥတို သီတဂူစက္ခုဒါနဆေးရုံတွင် (၇)ရက်တိုင်တိုင် သီတဂူကျန်းမာရေးအဖွဲ့က ကုသခဲ့ရာ စမ်းသပ်လူနာ ( ၃၆၉၀)တို့ကို စမ်းသပ်ပြီး (၆၂၃)ယောက်တို့ကို ခွဲစိပ်ကုသ အလင်းရောင်များ ပေးနိုင်ခဲ့သည်။

သီတဂူ ရာစုသစ် ရွှေဥ စက္ခုဒါနဆေးရုံ (သဲကုန်း)
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့၊ သီတဂူ ရာစုသစ်ရွှေဥ စက္ခုဒါနဆေးရုံ (သဲကုန်း)တွင် ( ၂၈-၁၁-၂၀၁၄)ရက်နေ့က စပြီး သီတဂူမျက်စိအထူးကု အစဉ်အစဉ်များကို စတင်ခဲ့ပါသည်။

၂၉-၁၁-၂၀၁၄နေ့အထိ နှစ်ရက်စာ ကုသမှုများကား---
စမ်းသပ်လူနာ (438) ယောက်နှင့် ခွဲစိပ်လူနာ (127) ယောက်တို့ကို အောင်မြင်စွာ ကုသပေးနိုင်ခဲ့ပြိးဖြစ်သည်။

ဆရာဝန်ကြီးများအဖွဲ့ များကား--
Dr. ဦစံအေ (USA)
Dr.J. S.Smith (UK)
Dr.ဦးမြ အောင်
Dr.စ ဂျေ လွင်
Dr. ဝေနွယ်ဝင်း
Dr. ငုဝါ
Dr.ကျော်နိုင် ထွန်း
Dr.ခိုင် စုစုလွင်
Dr.သီရိဝေတို့ ဖြစ်ကြသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu .org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃၀-၁၁-၂၀၁၄
www.sitagustar2020.net

26 November 2014

၅ ရက်အတွင်း သီတဂူစက္ခုဒါနဆေးရုံ (အုတ်ဖို) အောင်မြင်မှု

၅ ရက်အတွင်း သီတဂူစက္ခုဒါနဆေးရုံ (အုတ်ဖို) အောင်မြင်မှု

ကျပ်သိန်းပေါင်း တစ်သောင်းကျော် အကုန်ကျခံ ဆောက်လုပ် လှူဒါန်းသော ဆေးရုံ၊ စာသင်ကျောင်း၊ လမ်းများ၏ အလှူရှင် သီတဂူ ဦးမောင်သောင်း (ထရန်စဖော်မာ)+ ဒေါ်ကြည်ဝင်မိသားစုတို့၏ သီတဂူစက္ခုဒါနဆေးရုံ (အုတ်ဖို)တွင် ငါးရက်အတွင်း အောင်မြင်မှုကား--
(က) စမ်းသပ် စစ်ဆေး လူနာ- ၂၀၄၃
(ခ) ခွဲစိပ်ကုသ အလင်းရ လူနာ-၄၀၇ တို့ဖြစ်ကြောင်း ၀မ်းမြောက်နုမော် သာဓုခေါ်ပါသည်။

 
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၆-၁၁-၂၀၁၄

25 November 2014

သီတဂူစက္ခုဒါနဆေးရုံ၊ စာသင်ကျောင်းများ အလှူတော် ပုံရိပ်များ

သီတဂူစက္ခုဒါနဆေးရုံ၊ စာသင်ကျောင်းများ အလှူတော် ပုံရိပ်များ
-----------------------------------

အလှူရှင် ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့၊ ဥတိုမြို့သစ် သီတဂူစက္ခုဒါနဆေးရုံ၊ စာသင်ကျောင်းများကို ၂၅-၁၁-၂၀၁၄ နေ့က ဖွင့်လှစ်လှူဒါန်း။ အလှူရှင် ထရန်စဖော်မာ ဦးမောင်သောင်း+ဒေါ်ကြည်ဝင်း မိသားစုတို့ ဖြစ်ကြသည်။
၂၀-၁၁-၂၀၁၄ ရက်နေ့ကစပြီး စမ်းသပ်မှုများ စတင် ပြုလုပ်ခဲ့သည်။
မျက်စိဝေဒနာရှင်များရော၊ လူနာစောင့်များပါမကျန် အားလုံးကို မနက်စာ၊ နေ့လည်စာ၊ ညစာတို့ဖြင့် အလှူရှင်များက ကျွေးမွေးပြုစုကြသည်။

လုပ်အားအလှူရှင် မျက်စိအထူးကု ဆရာဝန်ကြီးများ
----------------------------------
၁။ ဆရာကြီး ဦးမြ အောင်
၂။ Dr. ဒေါ်မြင့်ခိုင်
၃။ Dr. ဒေါ်ခင် အုံးဟန်
၎။ Dr. J.S.Smith (UK)
၅။ Dr. စဂျေလွင်
၆။ Dr. လှမောင် ဒင်
၇။ Dr. မိမိခင်
၈။ Dr. တင်ဇော်ဦး
၉။ Dr.ကျော်နိုင် ထွန်း
၁၀။ Dr. ဝါဝါ
၁၁။ Dr. ဆုပြည့်ဖြိုး နှင့် သီတဂူသူနာပြုအဖွဲ့၊ ဥတိုမြို့ လုပ်အားပေးအဖွဲ့။


(24-11-14) နေ့အထိ
------------------

ပြင်ပလူနာပေါင်း (1571) ဦး ခွဲစိပ်ပြီးလူနာပေါင်း
(307) ဦးတို့ ကို အလင်းအလှူ ပေးလှူခဲ့
ပါသည်။

၅ ရက်မြောက်နေ့၊ (25-11-2014) နေ့  အစီအစဉ်
-------------------------

ပြင်ပလူနာ သံဃာ ၇ ပါး၊ သီလရှင် ၂ ပါး၊ ကျား ၁၆၂ ၊ မ ၃၀၃။ ပေါင်း ၄၇၄ ယောက်။


ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၅-၁၁-၂၀၁၄
www.thesitagu.org
www.sitagustar2020.net

23 November 2014

ရိုမန်ကက်သလစ် ခရစ်ယာန်သာသနာ အခမ်းအနားတွင် သီတဂူဆရာတော် ၀မ်းမြောက်စကား ပြောခြင်း

ရိုမန်ကက်သလစ် ခရစ်ယာန်သာသနာ မြန်မာပြည်သို့ ရောက်ခြင်း နှစ် (၅၀၀) ပြည့်ပွဲအခမ်းအနားတွင် သီတဂူဆရာတော် ၀မ်းမြောက်စကား ပြောခြင်း
--------------------------------------------


ဝမ်းမြောက်ဂုဏ်ပြုသဝဏ်လွှာ
ရိုမန်ကက်သလစ် ခရစ်ယာန်သာသနာ မြန်မာပြည်သို့ရောက်ခြင်း
နှစ် (၅၀၀) ပြည့်ပွဲအခမ်းအနား
သုဝဏ္ဏကွင်း၊ ရန်ကုန်
၂၀၁၄ နိုဝင်ဘာလ ၂၃ ရက်
--------------------------------

ရိုမန်ကက်သလစ် ခရစ်ယာန်ဘာသာဝင် ညီအစ်ကိုမောင်နှမများ၏ မြန်မာပြည်ရောက်ခြင်း နှစ်(၅၀၀) ပြည့်ပွဲ အခမ်းအနားကြီးမှာ ခရစ်ယာန်ဘာသာဝင် များကိုသာမက အခြားသောဘာသာဝင်များနှင့်ပါ တွေ့ဆုံခွင့်၊ ရင်းနှီးခွင့်၊ စကားပြောခွင့်ရတဲ့အတွက်ကြောင့် အလွန်ဝမ်းမြောက်ဂုဏ်ယူပါတယ်။

မြတ်ဗုဒ္ဓကဟောတော်မူထားသော စာတစ်ပိုဒ်ရှိပါတယ်- အဘိဏှံ သန္နိပါတာ သန္နိပါတဗဟုလာ ဝုဍ္ဎိယေဝ ဘဝိဿန္တိ၊ နောပရိဟာနိ - (“As long as the monks hold regular and frequent assemblies, they may be expected to prosper and not decline.”) မြတ်ဗုဒ္ဓရဲ့မိန့်တော်မူချက်အရ ဘာသာရေးခေါင်းဆောင်များအချင်းချင်း၊ နိုင်ငံရေးခေါင်းဆောင်များ အချင်းချင်း၊ လူမှုရေးခေါင်းဆောင်များအချင်းချင်း၊ ပညာရေးခေါင်းဆောင်များအချင်းချင်း၊ စိတ်ဓာတ်ရေးခေါင်းဆောင်းများ အချင်းချင်း မပြတ်မပြတ် တွေ့ဆုံခြင်းဟာ အကျိုးများစွာရှိပါတယ်။ အချင်းချင်း ချစ်ခင်ရင်းနှီး ခွင့်ရပါတယ်။ (mutual friendship) တစ်ယောက်နှင့်တစ်ယောက် နားလည်ခွင့် ရတယ်။

ဘာသာတရားတခု၏အကြောင်းကို အခြားဘာသာ ဝင်များက နားလည်ခွင့် ရပါတယ်။ (mutual understanding) ချစ်ခင်ရင်းနှီးခြင်း အပြန်အလှန် နားလည်ခြင်း ဆိုတဲ့ အကျိုးတရားတွေက အချင်းချင်းအပြန်အလှန် ရိုသေလေးစားခြင်းဆိုတဲ့ (Mutual respect) ကိုဖြစ်စေပါတယ်။ ဒါကြောင့် ဒီကနေ့ ဒီနှစ် (၅၀၀) ပြည့်ပွဲအခမ်း အနားကြီးဟာ အထက်ပါအကျိုးတရားတွေကို များစွာဖြစ်စေနိုင်လိမ့်မယ်လို့- ယုံကြည်မျှော်လင့်ပါတယ်။

အဲဒါကြောင့် Inter-faith dialogue တွေ Multi-faith seminar-တွေ Inter-religious conference-တွေဟာ မြတ်ဗုဒ္ဓမိန့်ကြားတော်မူတဲ့ အဘိဏှသန္နိပါတ-အစချီသောဒေသနာတော်များနှင့် ထပ်တူညီမျှဖြစ်နေသည်-ဟု ကျွန်ုပ်ယုံကြည် ပါသည်။ ထို့အပြင် မြတ်ဗုဒ္ဓသည် သူ၏ဗုဒ္ဓသာသာနာတော်ကို စတင်တည်ထောင် ခါစ B.C 588 မဂဓတိုင်း၊ ရာဇဂြိုဟ်မှာပထမအကြိမ်ကျင်းပတဲ့ သံဃာ-၁၂၅၀-တို့၏ အစည်းအဝေးကြီးမှာ ပထမဆုံးပြောတဲ့ မိန့်ခွန်း၏ ပထမဆုံးသောစကားလုံးမှာ ခန္တီ ပရမံ တပေါ တိတိက္ခာ (Tolerance is the highest austerity) လို့စတင် မိန့်မြွက် တော်မူပါတယ်။

ဂျိန်းဘာသာကိုတည်ထောင်တဲ့ မဟာဝီရဆရာကြီးကတော့ အဟိံသဝါဒ (Non-violence)ကို အမြင့်ဆုံးထားဟောပါတယ်။ Jesus Christ - ရဲ့ ဟောပြော ချက်တွေ ထဲမှာလည်းကရုဏာကို ဦးစားပေးဟောပြောချက်တွေကိုလည်း တွေ့ရ ပါတယ်။
တမာန်တော်မိုဟာမက်ရဲ့မူဝါဒတွေထဲမှာ ထူးထူးခြားခြား ကျွန်ုပ်သဘောကျ မိတာနှစ်ချက်တွေ့ရပါတယ်။ အဲဒါဟာဘာလဲဆိုတော့ အမြတ်ကြီးစား ဝိသမ လောဘကို ဖယ်ရှားဖို့နဲ့ ကြွယ်ဝချမ်းသာသူတွေဟာ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ဆင်းရဲသားများအားဝေငှဖို့ဆိုတဲ့ အဆုံးအမတွေ တွေ့ရတယ်။ အဲဒါဟာ မြတ်နိုးစရာ ကောင်းတဲ့ အချက်တွေပါပဲ။

တရုတ်ပညာရှိ အတွေးအခေါ်ဆရာကြီးကွန်ဖြူးရှပ်ရဲ့ အဆုံးအမတွေထဲမှာ နိုင်ငံရေးသမားတွေဟာ ပညာတတ်ရမယ်၊ အကျင့်ကောင်းရမယ်-ဆိုတာ တွေ့ရပါ တယ်။

အဲဒီတော့ ဒီဘာသာရေးခေါင်းဆောင်များ၊ ပညာရှိများရဲ့ အဆိုအမိန့်တွေ အားလုံးကိုပေါင်းလိုက်ရင် ငြိမ်းချမ်းသော, လုံခြုံသော, တည်ငြိမ်သော, စည်းလုံးသော လူ့အဖွဲ့အစည်းတစ်ခု, နိုင်ငံတစ်ခု တည်ဆောက်ရာမှာ ဘာသာရေးကပေးတဲ့ ခန္တီ, မေတ္တာ, ကရုဏာ, ပညာ, သီလဆိုတဲ့ ၀ိဇ္ဇာစရဏ တရားများဟာ များစွာအထောက်အကူဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
နောက်ပြီးတော့ လောဘအစွန်းရောက်တဲ့ကမ္ဘာမှာ ငတ်မွတ်ခေါင်းပါးမှုတွေ၊ ဒေါသအစွန်းရောက်တဲ့ကမ္ဘာမှာ စစ်ပွဲတွေနှင့် ပဋိပက္ခတွေ၊ မောဟအစွန်း ရောက်တဲ့ ကမ္ဘာမှာ ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ မိုက်မဲမှုတွေ ထွန်းကားလာတတ်တယ်ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့သစ္စာစကားထဲမှာ ဘာသာရေးခေါင်းဆောင် အားလုံးတို့ရဲ့ အဆုံးအမများ အားလုံးစုပေါင်းဝင်သွားကြပါတယ်။ နောက်တစ်ခုပြောချင်တာက ဒီလောဘ, ဒေါသ, မောဟ အစွန်းရောက်နေကြတဲ့ လူသားအချို့ရဲ့ စိတ်ဓါတ်တွေကို ဟန်ချက် ညီအောင် - Balance of Mind - ဖြစ်အောင် ဘာသာတရားအားလုံးက ၀ိုင်းဝန်း ညှိပေးနိုင်လျှင် ပဋိပက္ခတွေဟာ လျော့ပါးနိုင်တယ်လို့ ထင်မြင်မိကြောင်း ပြောပါရစေ။

ဘာသာတိုင်းဟာ Outer shell-ဆိုတဲ့ပြင်ပအကာအခေါက်တွေ ရှိတတ်တယ်။ အဲဒါတွေဟာ ရှိခိုးခြင်း၊ ပူဇော်ခြင်း၊ ဆုတောင်းခြင်း၊ အခမ်းအနားကျင်းပခြင်းများနှင့် ဓလေ့ထုံးစံများဖြစ်ပါတယ်။ အဲဒီ Outer shell-ဆိုတဲ့ ပြင်ပအကာတွေက ကျွန်ုပ်တို့ ဘာသာတရားတွေကို ကွဲပြားခြားနားစေတာဖြစ်ပါတယ်။ ဒါပေမဲ့ မည်သို့ပင် ကွဲပြားခြားနားစေကာမူ ကျွန်ုပ်တို့ဘာသာတရားအားလုံးမှာ တူညီသောအတွင်းပိုင်း အနှစ်သာရ Inner Core-ဆိုတာ ရှိပါတယ်။ အဲဒါတွေက ဒါန-Charity- သီလ-Morality -သမာဓိ-The balance of the mind - ပညာ - Insight - ဆိုတာတွေပဲ ဖြစ်ပါတယ်။ အဲဒီ ဒါန, သီလ, သမာဓိ, ပညာတွေဟာ ဘာသာတရားတိုင်းရဲ့ အနှစ်သာရတွေဖြစ်ပါတယ်။ Charity-Morality -The balance of the mind – insight ဆိုတဲ့ဘာသာရေး အနှစ်သာရ Inner Core of Religion - ဟာ ကျွန်ုပ်တို့ရဲ့ ငြိမ်းငြိမ်း ချမ်းချမ်း ညီညီညွတ်ညွတ် လုံလုံခြုံခြုံ လက်တွဲနေထိုင်ကြရမဲ့ - Common Ground-ဖြစ်ပါတယ်။

အဲဒီသစ္စာတရားလမ်းကြောင်းပေါ်မှာ လက်တွဲလမ်းလျှောက်ကြမယ်ဆိုရင် ကျွန်ုပ်တို့ဘာသာဝင်အားလုံး မည်သည့်ဘာသာကိုးကွယ်သည့် မည်သည့် ဘာသာဝင်မဆို Universal Brotherhood Spirit-ကို တည်ဆောက် နိုင်ကြလိမ့်မည်-ဟုယုံကြည်မျှော်လင့်ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ရိုမန်ကက်သလစ် ခရစ်ယာန်ဘာသာ မြန်မာပြည်ရောက် နှစ် ( ၅၀၀) ပြည့်ပွဲသို့ တက်ရောက်လာကြကုန်သော ညီအစ်ကိုမောင်နှစ်မအားလုံး Inner Core of Religion ဆိုတဲ့- Common Ground - မှာ ငြိမ်းငြိမ်းချမ်းချမ်း ညီညီညွတ်ညွတ် လုံလုံခြုံခြုံ လက်တွဲနေထိုင်သွားကြပါစို့။ မတူညီသည့် ဘာသာရေး အကာ Outer Shell တွေပေါ်မှာ ငြင်းခုံမနေကြဘဲ တူညီသည့် ဘာသာရေး အတွင်း အနှစ်သာရ Inner Core ပေါ်မှာအားလုံး လက်တွဲ Universal Brotherhood Spirit ကိုတည်ဆောက်ကာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို အားလုံး လက်တွဲဝိုင်းဝန်း စောင့်ရှောက်၊ ငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်ကြပါစေ-ဟု ဆုတောင်းမေတ္တာပို့သ လိုက်ရပါသည်။

ဝိဇ္ဇာစရဏတရား နေရာတိုင်းမှာ ထွန်းတောက်ပါစေ။

“သီတဂူစန်းလပမာချမ်းမြသာယာရှိကြပါစေ”

သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ (Ph.D, D.Litt)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၃-၁၁-၂၀၁၄
www.thesitagu.org
www.sitagustar2020.net
Sent at 8:23 PM on Sunday

သီတဂူစက္ခုဒါနဆေးရုံ (အုပ်ဖို) ပထမအကြိမ်

သီတဂူစက္ခုဒါနဆေးရုံ (အုပ်ဖို) ပထမအကြိမ်

ပဲခူးတိုင်းဒေသကြီး၊ အုပ်ဖိုမြို့နယ်၊ ဥတိုမြို့သစ်တွင် တည်ဆောက် လှူဒါန်းထားသော သီတဂူစက္ခုဒါနဆေးရုံတွင် ၂၀-၁၁-၂၀၁၄ နေ့ကစပြီး မျက်စိဝေဒနာရှင်များကို ပထမဆုံးအကြိမ် လက်ခံစစ်ဆေးသည်။

၂၂-၁၁-၂၀၁၄ နေ့တွင် ပြင်ပစမ်းသပ်လူနာ ၃၂၆ ယောက်ရှိပြီး၊ ခွဲစိပ်လူနာ ၇၇ ယောက်တို့ကို အောင်မြင်စွာ ကုသနိုင်ခဲ့သည်။ သီတဂူဆရာတော်ကြီးလည်း သွားရောက် အားပေးသည်။

သီတဂူ ဒေါက်မြအောင် (မျက်စိအထူးကု) ဦးဆောင်သော မျက်စိအထူးကုဆရာဝန်များ၊ သီတဂူအာယုဒါနဆေးရုံ (စစ်ကိုင်း)မှ မျက်စိဆရာဝန်များ၊ သူနာပြုများ ပါဝင်ကြသည်။
၂၅-၁၁-၂၀၁၄ နေ့တွင် ထိုဆေးရုံဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်မှာ ဖြစ်ပါသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၃-၁၁-၂၀၁၄

22 November 2014

သီတဂူစက္ခုဒါနဆေးရုံဖွင့်ပွဲ (အုပ်ဖို)


သီတဂူစက္ခုဒါနဆေးရုံဖွင့်ပွဲ (အုပ်ဖို)

ပဲခူးတိုင်း၊ အုပ်ဖိုမြို့နယ်၊ ဥတိုမြို့သစ်၊ သီတဂူစက္ခုဒါနဆေးရုံကို ၂၅-၁၁-၂၀၁၄ ရက်နေ့မှာ ဖွင့်လှစ် လှူဒါန်းမှာဖြစ်သည်။

အလှူရှင်-အုပ်ဖိုမြို့၊ “ အောင်သောင်း လျပ်စစ် ထရမ်စမော်ဖာ ကုမ္ပဏီ” ပိုင်ရှင် ဦးမောင်သောင်း+ဒေါ်ကြည်ဝင်း မိသားစုတို့က ကျပ်သိန်းပေါင်းများစွာ အကုန်ကျခံ ဆောက်လုပ် လှူဒါန်းထားသည်။

၂၀-၁၁-၂၀၁၄ ရက်နေ့ကစပြီး ရပ်ဝေး ရပ်နီးမှ မျက်စိဝေဒနာရှင်များကို သီတဂူကျန်းမာရေး စောင့်ရှောက်ရေးအဖွဲ့က သွားရောက် ကုသမှုများကို ကုသပေးနေသည် ဖြစ်ပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၂-၁၁-၂၀၁၄

18 November 2014

ဗုဒ္ဓဘာသာအစည်းဝေးကြီး အောင်ပွဲ အခမ်းအနားသိမ်း

ဗုဒ္ဓဘာသာအစည်းဝေးကြီး အောင်ပွဲ အခမ်းအနားသိမ်း

၁၇-၁၁-၂၀၁၄ နေ့က သီတဂူဆရာတော်ကြီးနှင့် နီပေါလ်ဆရာတော် အရှင်ဥာဏပုဏ္ဏိကတို့ ပူးပေါင်းကျင်းပသော ကမ္ဘာ့ဗုဒ္ဓဘာသာ အစည်းအဝေးကြီးကို ၃ ရက်တိုင်တိုင်ကျင်းပခဲ့ရာ ဒီကနေ့ တတိယနေ့ ပိတ်ပွဲအဖြစ် လုမ္ဗိနီမြန်မာရွှေကျောင်းတွင် မနက်ပိုင်း၊ နေ့ပိုင်း နှစ်ပိုင်းခွဲ ကျင်းပသည်။

မနက်ပိုင်း
မနက်ပိုင်း ၉နာရီမှ နေ့လည် ၁၁ နာရီအထိ ကျင်းပသည် အခမ်းအနားမှာ ၃ နေရာ ၅ ဌာနက ကျင်းပခဲ့သည့် အစည်းအဝေး၏ ရလာဒ်များကို Moderators အသီးသီးက အနှစ်ချုပ်တင်ပြကြသည်။ တင်သွင်းသည့် စာတမ်းပေါင်း ၁၀၀ ခန့်ရှိသည်။ တက်ရောက်သည့် နိုင်ငံပေါင်း ၂၅ နိုင်ငံမှ ကိုယ်စားလှယ်ပေါင်း ၆၀ ကျော်နှင့် ဒေသခံများပါ စုစုပေါင်း ၃၀၀ ၀န်းကျင်ရှိမည်။

မနက်ပိုင်း စာတမ်းအားလုံး၏ အနှစ်ချုပ်နှင့် စပ်လျှင်းပြီး မေးခွန်းများ မေးစေရာမှာ--
၁။ လူတစ်ယောက်က “ ဒီအစည်းအဝေးကြီးသည် ဘာသာရေးအတွက် မဖြစ်စေရ၊ လူသားအားလုံးကို အသိဥာဏ်ပေးသည့် ကရုဏာ မေတ္တာများ၊ လူသားတန်းတူများ ပေးနိုင်ရမည်”ဟု ဆိုသည်။

၂။ အိန္ဒိယနိုင်ငံ လာဒတ်မှ ဆရာ ဘိက္ခုသံဃသေနက “ လုမ္ဗိနီသည် ဗုဒ္ဓဘာသာဝင်တွေအတွက် အလွန်ရေးကြီးသည်၊ ဒီနေရာ ဒီအစည်းအဝေးကြီးကို ဖြစ်မြှောက်အောင် ဆောင်ရွက်ပေးသော သီတဂူဆရာတော်ကို အထူးကျေးဇူးတင်ပါသည်။ များစွာ အကျိုးများလိမ့်မည်ဟုလည်း ယုံကြည်ပါသည်။ ပတ်ဝန်းကျင် သန့်ရှင်းဖို့နှင့် ၂၄ နာရီ လျှပ်စစ်မီးရဖို့လဲ အလွန်အရေးကြီးပါသည်”ဟု ဆိုသည်။

၃။ “ဗုဒ္ဓမွေးဖွာရာ ဤဒေသ လေထုညစ်နွမ်းလို့ မဖြစ်ပါ၊ ဘာသာသာသနာ အဆောက်အုံများ ရှိသဖြင့် အာနပါန ထွက်လေ ၀င်လေ တရားရှုမှတ်သူတို့အတွက် စိုးရိမ်ရပါသည်။ ပတ်ဝန်းကျင်လေထုညစ်နွမ်းမှု၊ အနားက ဘိလပ်မြေစက်ရုံ၊ ကျောက်ခွဲစက်ရုံ၊ ဆောက်လုပ်ရေးတို့မှ ထွက်လာသော လေထု၊ ပတ်ဝန်းကျင်း ညစ်ပတ်မှုကြောင့် အနံ့ဆိုးများသည် များစွာ ထိခိုက်စေပါသည်”ဟု ပူနေးတက္ကသိုလ် ပါမောက္ခ တစ်ယောက်က ဆိုသည်။

၎။ အကောင်းတွေ ပြောနေတဲ့ကြားထဲက ကိုးလို့ကန့်လန့် အဆိုးမြင်ဝါဒီတစ်ယောက်လည်း ပါလာသည်။ သူသည် ဒေါသအသံ ဒေါသဟန်ဖြင့် “ လုမ္ဗိနီဆိုတဲ့ နာမည် ဘယ်ကရသလဲ၊ တကယ်ရှိသလား၊ ဗုဒ္ဓဆိုတာကကော၊ ဗုဒ္ဓမွေးဖွားရာလို့ ဘယ်လိုအထောက်အထားနဲ့ ပြောသလဲ၊ အသောကကျောက်တိုင်တစ်ခုတည်းနဲ့ သတ်မှတ်သလား၊ အသောကကော တကယ် ဒီနေရာရောက်ခဲ့သလား၊” ဟု စသဖြင့် ကန့်လန့်တိုက် ပြောသည်။

၅။ နီပေါလ် ရဟန်းတော်တစ်ပါးက “ဒီအစည်းအဝေးကြီးက အဆိုပြုချက်တွေကို နီပေါလ် အစိုးရဆီ၊ ကမ္ဘာ့ကုလသမဂ္ဂဆီသို့ ရောက်အောင် တကယ်ပို့နိုင်မလားဆိုတာ သိချင်ပါသည်”ဟု ဆိုသည်။

၆။ အိန္ဒိယ ပရောဖက်ဆာ တစ်ယောက်ကတော့ “ဗုဒ္ဓဘာသာ အမွေအနှစ်များသည် နီပေါလ် ရဟန်းသီလရှင်၊ မြန်မာ၊ ထိုင်း၊ စတဲ့ ကမ္ဘာတစ်ဝှမ်းက ရဟန်း သီလရှင်တွေမှာ အဓိက တာဝန်ရှိပါသည်”ဟု ဆိုသည်။

နေ့လည်ပိုင်း--
၁။ နေ့လည်ပိုင်း အခမ်းအနားကို နေ့လည် ၁ နာရီက စသည်၊ ၃-၂၀ မိနစ်တွင် ပြီးဆုံးသည်။ ထိုအခမ်းအနားတွင် ပညာရှင်များ၊ စာတမ်းရှင်များက လုဗ္ဗိနီ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ အစည်းအဝေးကြီးနှင့် စပ်ပြီး ထင်မြင်ချက်များကို ပြောဆိုကြသည်။

၂။ ဒီအစည်းအဝေးကြီး၏ အထူးလုပ်ဆောင်နေသည့် နီပေါလ်ဘုန်းတော်ကြီး အရှင်နိဂြောဓက အစည်းအဝေးကြီးဖြစ်မြောက်အောင် အဓိကဆောင်ရွက်ပေးသော သီတဂူဆရာတော်၊ မြန်မာသာသနာရေးဝန်ကြီး၊ မြန်မာအလှူရှင်များ၊ မြန်မာရွှေကျောင်း၊ အလုပ်မှုဆောင်များ၊ နီပေါလ်ဆရာတော် အရှင်ဥာဏပုဏ္ဏိကနှင့် နီပေါလ် အစိုးရ၊ ဒကာဒကာမများ၊ တက်ရောက်လာသူ ပရိသတ်အပေါင်းအား ကျေးဇူးတင်ကြောင်း ပြောသွားသည်။
စာတမ်းတင်သူ၊ စီမံသူဆောင်ရွက်သူတို့ အားလုံးက သဘောတူ လက်မှတ် ရေးထိုးကြသည်။

၃။ သီတဂူဆရာတော်
အောင်ပွဲ၊ ပိတ်ပွဲအခမ်းအနားတွင် သီတဂူဆရာတော်ကြီးက သော့ချက်မိန့်ခွန်းပြောသည်။ ဆရာတော်ကြီးက “ဒီအစည်းအဝေးကြီးဟာ ဘုန်းကြီးကို အသိဥာဏ်တွေ ပွင့်လင်းလာစေပါသည်၊ ရဟန်းငယ် စာသင်သား ဘ၀ကို ပြန်ရောက်သွားသလို ဖြစ်ရပါသည်၊ ဒီအစည်းအဝေးကြီးက ပေးသော ပညာရှင်ပေါင်းများစွာရဲ့ ဘာသာရေးရှုထောင့်၊ ယဉ်ကျေးမှုရှုထောင့်၊ သဘာဝပတ်ဝန်းကျင် ရှုထောင့်၊ စည်းပွားရေး ရှုထောင့်၊ ပညာရေး ရှုထောင့်၊ နိုင်ငံရေး ရှုထောင့်စသဖြင့် ရှုထောင့်ပေါင်းစုံက တင်ပြသည့် သင်ခန်းစာများကို လေ့လာခွင့်ရပါသည်။

ဘုန်းကြီးတို့အားလုံးသည် ဗုဒ္ဓရဲ့ သားတော် သမီးတော်များဖြစ်ကြသဖြင့်လည်း ဗုဒ္ဓယဉ်ကျေးမှုအကြောင်းကို ပြောကြဆိုကြ ဆွေးနွေးကြသည်။

နေရူက “ဗုဒ္ဓဟာ Great son of India-အိန္ဒိယ၏ ကြီးကျယ် မြင့်မြတ်သော သူဖြစ်သည်”ဟု ဆိုသည်၊ နီပေါလ်ကလည်း “ Great son of Nepal- နီပေါလ်နိုင်ငံ၏ ကြီးကျယ် မြင့်မြတ်သော သူဖြစ်သည်”ဟုဆိုသည်။ ဘုန်းကြီးကလည်း “Great son of Myanmar- မြန်မာနိုင်ငံရဲ့ ကြီင်္းကျယ် မြင့်မြတ်သော သူဖြစ်သည်”ဟု ဆိုချင်ပါသည် ဆိုလိုက်တော့ ရယ်သံများ ထွက်လာသည်။
တကယ်တော့ ဗုဒ္ဓဟာ ဗုဒ္ဓဘာသာကလည်းမပိုင်၊ ခရစ်ယာန်ကလည်း မပိုင်၊ အစ္စလာန်ကလည်း မပိုင်၊ ဟိန္ဒူကလည်း မပိုင်၊ တကမ္ဘာလုံးက ပိုင်သည်။ ဒါကြောင့် ကမ္ဘာ့ကုလသမဂ္ဂ ရှေးဟောင်းအမွေးအနှစ်အဖြစ် သတ်မှတ်ထားသည်။

ဘာသာရေးတိုင်းမှာ အပြင်ပန်းအကာ Outer Shell နှင့် အတွင်းပိုင်းအနှစ်သာရ Inner Core ဆိုတာ ရှိကြသည်၊ ယဇ်ပူဇော်ပသမှုတွေ၊ ကိုးကွယ်မှုတွေ၊ ရှိခိုးမှုတွေ စသည်များကို အပြင်ပန်းဟုဆိုသည်၊ အတွင်းပိုင်း အနှစ်သာရကတော့ သီလ သမာဓိ ပညာပင်ဖြစ်သည်။

မဟတ္တမဂန္ဓီက “ လောကမှာ သစ္စာကလွဲ ဘာမျှမရှိ”ဟု ဆိုသည်၊ ဘာသာတိုင်းဟာ သစ္စာ-အမှန်တရားတစ်ခုပဲ ရှိသည်။ ထိုအမှန်တရားသည် သီလ၊ သမာဓိ၊ ပညာပင်ဖြစ်သည်၊ ထိုအမှန်တရားသည် ဘုံဆိုင်လမ်းဖြစ်ရကား အတူလက်တွဲလျှောက်ရမည့် ဘုံဆိုင် လမ်းတံတားပင်ဖြစ်သည်။

ထို့နောက် ဆရာတော်ကြီးက အစည်းအဝေးကြီးအတွက် ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးတင်ကြောင်းလည်း ပြောသွားသည်။ အားလုံးနောက်တစ်ကြိမ် မြန်မာနိုင်ငံတော် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာအစည်းအဝေးကြီးမှာ စုံကြပါစို့ဟု နှုတ်ဆက်ကာ အခမ်းအနားကို ရုတ်သိမ်းသည်။

အခမ်းအနားသိမ်းကို သီတဂူဆရာတော် ဦးဆောင်ကာ “ဇယန္တော ဗောဓိယာမူလေ”ဂါထာ သံပြိုင် သုံးခေါက်ဆိုက အောင်ပွဲခံကြသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၇-၁၁-၂၀၁၄

17 November 2014

ဒုတိယနေ့ ဗုဒ္ဓဘာသာအစည်းအဝေး

ဒုတိယနေ့ ဗုဒ္ဓဘာသာအစည်းအဝေး

နီပေါလ်နိုင်ငံမှာ သီတဂူဆရာတော်ကြီး ဦးဆောင်ကျင်းပနေသည့် လုမ္ဗိနီ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာအစည်းအဝေးကြီးကို ၁၅-၁၁-၂၀၁၄ ပထမနေ့ နံနက်ပိုင်း ဖွင့်ပွဲ၊ ညနေပိုင်း ၃ နေရာ ၅ ဌာနခွဲပြီး ဘာသာရပ်အလိုက် ဆွေးနွေးခြင်းများပြုလုပ်ခဲ့သည်။

ဒုတိယနေ့ (၁၆-၁၁-၂၀၁၄)
ဒုတိယနေ့မှာလည်း ၃ နေရာ ၅ ဌာနခွဲပြီး ဘာသာရပ်အလိုက် ဆွေးနွေးခြင်းများ ပြုလုပ်ရာ သီရိလင်္ကာဘုန်းတော်ကြီးကျောင်းမှာ ၂ ဌာန၊ မဟာဗောဓိအသင်းကျောင်းမှာ ၂ ဌာနနှင့် မြန်မာရွှေကျောင်း ဓမ္မာရုံကြီးမှာ ၁ ဌာနဟူ၍ သက်မှတ်သည်။ ထိုဌာနအားလုံးတွင် မနက်ပိုင်း ညနေပိုင်းဟူ၍ ခွဲခြားကာ ဆွေးနွေးကြသည်၊ ညနေ ၆နာရီအထိ သက်မှတ်ထားသော်လည်း ၇ နာရီ၊ မြန်မာကျောင်းမှာ ကျင်းပသော ဆွေးနွေးပွဲသည် ညနေ ၈နာရီအထိ ရောက်သွားသည်။

မြန်မာကျောင်းမှ မနက်ပိုင်း
လုမ္ဗိနီမြန်မာကျောင်းမှာ ကျင်းပနေသည့် ဆွေးနွေးပွဲ၏ Moderator တာဝန်ကို အိန္ဒိယတက္ကသိုလ်တစ်ခုမှ ပါမောက္ခကြီးက ဆောင်ရွက်သည်။ စာတမ်းများကိုတော့ ဒေါက်တာ ခင်မောင်ညွှန့်၊ အမေရိကမှ အလီဇဘတ်မိုး၊ ဒေါက်တာ ဓမ္မပီယ၊ ဒေါက်တာဝေဠုရိယဥာဏာလင်္ကာရ၊ ဦးအောင်သိန်းညွှန့်တို့က တင်သွင်းဖတ်ကြားကြသည်။

ဒေါက်တာခင်မောင်ညွှန့်နှင့် အလီဇဘက်မိုးတို့သည် မြန်မာနိုင်ငံ၊ ပုဂံရဲ့ ရှေးဟောင်းများအကြောင်း၊ ထိုရှေးဟောင်းများကို ဘယ်လိုထိန်းသိမ်း၊ ဘယ်လိုကာကွယ်၊ စောင့်ရှောက်ရမည့်အကြောင်းများကို တင်သွင်းကြသည်။

ထိုနှစ်ဦး၏ စာတမ်းများကို ဗီယတ်နမ်ဘုန်းတော်ကြီး ဒေါက်တာလန်းက “လုမ္ဗိနီနှင့် မြန်မာပုဂံ ဘယ်ဟာ ပိုအရေးကြီးသနည်း”ဟု မေးခွန်းထုတ်သွားသည်။

ဒေါက်တာဓမ္မပိယ
ဒေါက်တာဓမ္မပိယ၏ “မြတ်ဗုဒ္ဓမွေးဖွားရာ လုမ္ဗိနီ၏ လက်ရှိ သဘာဝပတ်ဝန်းကျင်၊ ယဉ်ကျေးမှုအမွှေအနှစ်များကို ရင်ဆိုင်နေရသော အန္တရာယ်များ၊ ထိုအန္တရာယ်များကို ကာကွယ်စောင့်ရှောက်ရန်”ကို ဗီယတ်နမ် ဘုန်းတော်ကြီး ဒေါက်တာလန်းက စိတ်အားထက်သန်စွာ ထောက်ခံ ပြောဆိုသည်။ လုမ္ဗိနီမှာ ဒီလောက်ကြီးကျယ်သည့် အစည်းဝေးကြီးဖြစ်ပေါ်အောင် ထောက်ပံ့ပေးသော သီတဂူဆရာတော်ကြီးကို ကျေးဇူးတင်ကြောင်း ပြောသွားသည်။

ဒေါက်တာ ဝေဠုရိယာဥာဏာလင်္ကာရ
ဒေါက်တာ ဝေဠုရိယာဥာဏာလင်္ကာရ၏ စာတမ်းနှင့်စပ်ပြီး ဆွေးနွေးသူတစ်ယောက်က “ လုမ္ဗိနီရှေးဟောင်းအမွှေနှစ်ကို ဘယ်လိုကာကွယ် စောင့်ရှောက်မလဲ” မေးခွန်းအပေါ် စာတမ်းရှင်က ဒေသခံလူတွေရဲ့ ပညာတတ်မှုနှင့် စည်းကမ်းရှိမှုသည် ပိုအရေးကြီးကြောင်း၊ ဘန်ကောက်က နာမည်ကြီး ကျောက်ဖုရားမြစ်တွင် မည်သည့်နိုင်ငံသား တစ်ယောက်ယောက် အမှိုက်တစ်ခုခု ပစ်ချသည်ကို မြင်သော ဒေသခံ လူတိုင်းက တားမြစ်ကြသည့်အတွက် မြစ်သည် သန့်ရှင်းသည်၊ သဘာဝပတ်ဝန်းကျင်းကို ထိန်းသိမ်းထားနိုင်သည်။

ထိုစာတမ်းနှင့်စပ်ပြီး အမေရိကန်မျိုးနွယ် မစ်စ်ဝမ်မိုးက “ သံဃာတော်အားလုံးက မြတ်ဗုဒ္ဓရဲ့စကားတော်များကို သင်ယူခြင်း၊ ပို့ချခြင်း၊ ဒကာ ဒကာမများကို ဟောပြောခြင်းသည် Preserve ထိန်းသိမ်းထားရာ ရောက်ပါကြောင်း”လည်း ထောက်ခံ ပြောသွားသည်။

နေ့လည်ပိုင်း ဆွေးနွေးချက်
နေ့လည်ပိုင်းမှာတော့ စာရေးသူသည် သီရိလင်္ကာဘုန်းတော်ကြီးကျောင်းမှာ ပြုလုပ်နေသည့် ၂ ဌာနကို သွားရောက်ခဲ့သည်။ ထို၂ ဌာနမှ တစ်ခုသော ဌာနတွင် မြန်မာနိုင်ငံ ပုဂံက ရေဆေးပန်းချီ၊ ဓာတ်ပုံများကို ထိန်းသိန်းစောင့်ရှောက်ပုံများကို အင်္ဂလန်နိုင်ငံ စာကြည့်တိုက်မှူးများက ပရိုဂျက်တာဖြင့် တင်ပြဆွေးနွေးသည်။ အိန္ဒိယ ပညာရှင်နှစ်ယောက်နှင့် သီရိလင်္ကာပညာရှင်တို့သည်လည်း သူတို့နိုင်ငံမှ ရှေးဟောင်းအမွှေအနှစ်ဖြစ်သော ဘုရား၊ ပုထိုး၊ ရုပ်ပွား၊ ဂူကျောင်းများကို ပရိုဂျက်တာဖြင့် တင်ပြဆွေးနွေးကြသည်။ တရုပ်ကလည်း သူ့နိုင်ငံမှာ ထေရ၀ါဒသာသနာနှင့် စာပေများရောက်လာပုံ ပြောသည်။ ထိုဆွေးနွေးပွဲကို မြန်မာနိုင်ငံမှ ဒေါက်တာဓမ္မဿာမိက Moderator အဖြစ်ဆောင်ရွက်သည်။

မြန်မာကျောင်းနေ့လည်းပိုင်း၊ ရှေးပိုင်းမှာတော့ နီပေါလ်ဘာသာဖြင့် ဆွေးနွေးကြသည်၊ နောက်ပိုင်း အင်္ဂလိပ်လိုပဲ ပြောကြဆွေးနွေးကြသည်၊ နောက်ဆုံး အမေရိကန် ရှေးဟောင်းသုတေသနပညာရှင်က ရှေးဟောင်းအမွှေနှစ်ဖြစ်သော မြတ်ဗုဒ္ဓဖွားရာကို တွေ့ရှိပုံတို့ကို ရှင်းလင်းတင်ပြသည်၊ ရှာဖွေပုံ စမ်းသပ်ပုံ၊ ထိန်းသိမ်းပုံတို့ကို မေးခွန်းရှင်များ၏ မေးခွန်းများအရ ဖြေဆိုရာ တစ်နာရီကျော်ကြာသွားသည်၊ ထိုနေ့ ညနေပိုင်းဆွေးနွေးပွဲသည် ည ၈နာရီမှ ပြီးစီးသည်။

ထိုဆွေးနွေးပွဲသို့ မြန်မာသာသနာရေးဝန်ကြီးလည်း လာရောက် နားထောင်သည်။ သီတဂူဆရာတော်ကြီးသည် နောက်ဆုံးအချိန်ထိ နားထောင်သည်။ ပါဝင်သည်၊ ဦးဆောင်ဦးရွက်ပြုသည်။ မြတ်ဗုဒ္ဓဖွားရာနေရာကို ရှာဖွေတွေ့ရှိသော ရှေးဟောင်းသုတေသန ပညာရှင်ကို မိုဟာမက်၊ ဂျေးဇက်၊ ဂျိန်းတို့၏ မွေးဖွားရာနေရာကို ရှာဖွေသုတေသန လုပ်ပြီးရင် သင်ပို့ချချက်ကို နားထောင်လိုကြောင်းပြောလိုက်သဖြင့် ပရိသတ် လက်ခုပ်သံ ညံသွားသည်။

 အကြောင်းကား သူတို့မွေးဖွားရာနေရာသည်လည်း ကမ္ဘာ့အမွှေနှစ်ဖြစ်သောကြောင့်တည်း။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၆-၁၁-၂၀၁၄

11 November 2014

သီတဂူအဖွဲ့ အစည်းအဝေးကြီး၏ ရှေးပြေးလုပ်ငန်းစဉ်များဆောင်ရွက်ခြင်း

သီတဂူအဖွဲ့ အစည်းအဝေးကြီး၏ ရှေးပြေးလုပ်ငန်းစဉ်များဆောင်ရွက်ခြင်း

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၅-၁၆-၁၇-၁၈ ရက်များတွင် ကျင်းပပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ အစည်းအဝေးကြီးအတွက် သီတဂူဆရာတော်ကြီး ဦးဆောင်၍ သီတဂူတပည့်များက လုမ္ဗိနီရှိ မြန်မာရွှေကျောင်း ဓမ္မာရုံကြီးတွင် အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

ကျောင်းတော်ကြီး၏ဓမ္မာရုံကြီး၏ အတွင်း အပြင် သန့်ရှင်းရေးများ၊ စားပွဲ ထိုင်ခုံ၊ ဗီနိုင်း၊ အိမ်သာ သန့်ရှင်းရေးက အစ ဆရာတော်ကြီး၏ ညွှန်ကြားချက်အတိုင်း သီတဂူတပည့်များက ပြုလုပ်ကြသည်။ နှစ်ရက် ပြင်ဆင်မှုများသည် အတော်အတန်ပြီးသွားသည်။

နေ့လည်ပိုင်းမှာတော့ လုမ္ဗိနီအနီးတ၀ိုက် ကပိလ၀တ္ထုမြို့တော်ဟောင်းနှင့် မြတ်ဗုဒ္ဓ၏ဖွားရာနေရာများကို လေ့လာကြသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၁-၁၁-၂၀၁၄

08 November 2014

သီတဂူဆရာတော် ခတ္တမန္ဒုရောက်

သီတဂူဆရာတော် ခတ္တမန္ဒုရောက်

သီတဂူဆရာတော်ကြီးနှင့်အဖွဲ့သည် နီပေါလ်နိုင်ငံ၊ ခတ္တမန္ဒုမြို့သို့ ဒီကနေ့ (၈-၁၁-၂၀၁၄) နေ့လည်ပိုင်းက ရောက်ရှိလာပါပြီ။ မနက်ဖန် မနက်စောစောမှာ 15-11-2014 နေ့မှ 18-11-2014 နေ့အထိ ကျင်းပမည့် လုမ္ဗိနီ နိုင်ငံတကာ ဗုဒ္ဓဘာသာအစည်းအဝေးကြီးအတွက် ကြိုတင်ပြင်ဆင်ရန် ကြွရောက်လာခြင်းဖြစ်သည်။

မနေ့က ရောက်နှင့်သော စာရေးသူတို့ သီတဂူအလုပ်အမှုဆောင်အဖွဲ့တို့သည် ခတ္တမန္ဒုမြို့ပေါ်ရှိ အထင်ကရ နေရာများသို့ လေ့လာကြသည်။ ခတ္တမန္ဒုတွင် နာမည်ကြီးဆုံး စေတီနှစ်ဆူမှာ ဗုဒ္ဓနာထစေတီတော်နှင့် သယမ္ဘူစေတီတော်ဖြစ်သည်၊ ထိုစေတီတော်များသည် တိဘတ်ဘုန်းတော်ကြီးများ၏ သာသနာအောက်တွင် ရှိနေပုံရသည်။

ခတ္တမန္ဒုတွင် ဗုဒ္ဓဘာသာ ၂၀ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။ ရဟန်း၊ သာမဏေ၊ သီလရှင်တို့သည် မြန်မာပြည်က ပုံစံအတိုင်းထပ်တူဖြစ်ကြသည်၊ အ၀တ်အစားကအစ မြန်မာသာသနာကို ပုံတူ၊ အတုယူနိုင်သော နိုင်ငံလည်းဖြစ်သည်။ မြန်မာစကား ကောင်းကောင်းတတ်ကြသည်၊ မြန်မာပြည်မှာ မနေခဲ့ဘူးသူများလည်း မြန်မာစကား ပြောနိုင်ကြသည်မှာ အံ့သြစရာပင်ဖြစ်သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၈-၁၁-၂၀၁၄

03 November 2014

သီတဂူအဖွဲ့ နီပေါလ်နိုင်ငံသို့ ခရီးဆက်ခြင်း

သီတဂူအဖွဲ့ နီပေါလ်နိုင်ငံသို့ ခရီးဆက်ခြင်း

နီပေါလ်နိုင်ငံ၊ ၂၀၁၄၊ ခုနှစ် နိုဝင်ဘာလ၊ ၁၅-၁၆-၁၇ ရက်များတွင် ကျင်းပမည့် လုမ္ဗိနီ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ထိပ်သီး အစည်းအဝေးသို့ ကြွရောက်ကြမည့် သီတဂူဆရာတော် ဦးဆောင်သော သီတဂူအဖွဲ့တို့သည် (နိုဝင်ဘာလ ၆ ရက်နေ့ တစ်ဖွဲ့၊ နိုဝင်ဘာလ ၇ ရက်နေ့=နံနက်၊ ညနေ နှစ်ဖွဲ့) ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စတင်ထွက်ခွါကြမည်ဖြစ်သည်။

ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် မြတ်ဗုဒ္ဓဖွားမြင်ရာ ဒေသသည် ယခုအခါ သဘာဝပတ်ဝန်းကျင် ထိခိုက်ခြင်းအခြေအနေနှင့် ရင်ဆိုင်နေရသည် ဖြစ်သည်။ ထိုဒေသကို ကာကွယ် စောင့်ရှောက်ဖို့ရန် နီပေါလ်နိုင်ငံ အစိုးရမှာသာ တာဝန်ရှိသည်မဟုတ်၊ ဗုဒ္ဓဘာသာနိုင်ငံအားလုံးမှာ တာဝန်ရှိသလို ယဉ်ကျေးမှုအမွေအနှစ်ကို ချစ်မြတ်နှိုးကြသော ပညာရှင်များမှာလည်း တာဝန်ရှိနေပါသည်။

တာဝန်ရှိသည့်အားလျှော်စွာ ထိုဒေသကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ၊ ယဉ်ကျေးမှု တွေ့ဆုံ ဆွေးနွေးပွဲကြီး ဖြစ်မြှောက်အောင် သီတဂူဆရာတော်ကြီးနှင့် နီပေါလ်နိုင်ငံ ထေရ၀ါဒတက္ကသိုလ် ဆရာတော် အရှင်ဥာဏပုဏ္ဏိကတို့ ဦးဆောင် ကမကထပြုလုပ်သည်။ သီတဂူဆရာတော်ကြီးနှင့် သီတဂူသာသနာပြုအဖွဲ့က ထိုအစည်းအဝေးကြီး၏ ကုန်ကျစရိတ်အားလုံးကို စပွန်ဆာပေးသည်။ အမေရိကန်ဒေါ်လာ နှစ်သိန်းဝန်းကျင် ခန့်မှန်းထားသည်။

မြန်မာနိုင်ငံမှ သမ္မတကြီးသ၀ဏ်လွှာနှင့် သာသနာရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ၀န်ကြီးများနှင့် တာဝန်ရှိသူများ၊ ပညာရှင်များ တက်ရောက်ကြမည်၊ နိုင်ငံပေါင်းစုံမှ ပညာရှင်များက စာတမ်းပေါင်း ( )ကို တင်သွင်း ဖတ်ကြားကြမည် ဖြစ်သည်။

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း) သုံးခုမှ ပါမောက္ခများ၊ ကထိကများလည်း ထိုအစည်းအဝေးကြီး၏ အလုပ်အမှုဆောင်အဖွဲ့တွင် ပါဝင်သဖြင့် ကြိုတင်၍ သွားရခြင်းဖြစ်သည်။

မှတ်ချက်။ ။ ထိုအစည်းအဝေးကြီသို့ စာရေးသူ သီတဂူစတားလည်း တက်ရောက်မည် ဖြစ်ပါ၍ ၆-၁၁-၂၀၁၄ နေ့ ညနေတွင် ရန်ကုန်မှ စတင်ထွက်ခွါမည် ဖြစ်ပါကြောင်း..။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂-၁၁-၂၀၁၄
Sent at 2:12 PM

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes