သီတဂူစတား

သီတဂူစတား

30 May 2014

သြစတေးလျရောက် သီတဂူအဖွဲ့

သြစတေးလျရောက် သီတဂူအဖွဲ့
သြစတေးလျနိုင်ငံမြောက်ပိုင်းမြို့ Brisbane မြို့ နိုင်ငံတကာ လေဆိပ် ၂၈-၅-၂၀၁၄ နံနက် ဒေသစံချိန် ၁၁ ခွဲရောက်။ ထိုမြို့ကနေ ၃ နာရီလောက် ကားစီးရသော Lismore မြို့ရှိ Bodhi Tree Monastery သြစတေလျဘုန်းတော်ကြီးကျောင်း ရောက်ရှိ။ သီတဂူဆရာတော်ကြီးနှင့် တပည့် ၈ပါးတို့သည် ထိုကျောင်းတွင် ညနေပိုင်း သိမ်သမုတ်မည့်နေရာ ပြင်ဆင်၊ နောက်နေ့မနက် (၂၉-၅-၂၀၁၄) နေ့ ဆရာတော်ကြီး ဦးဆောင်၍ သိမ်နှုတ်၊ တစ်ဆက်တည်း သိမ်သမုတ်ကြသည်။
 သီတဂူဆရာတော်ကြီးက သိမ်ဆောက်လုပ်ဖို့ရန် အမေရိကန် ဒေါ်လာ နှစ်သောင်း ငါးထောင် (၂၅၀၀၀)ကို ကျောင်းထိုင်ဆရာတော်အား လှူဒါန်းခဲ့သည်။ တပည့်များ သွားစရိတ် လာစရိတ်များသည်လည်း ဆရာတော်ကြီး၏ ကောင်းမှုပဲ ဖြစ်သည်။
 ညနေပိုင်း သြစတေးလျတိုက်၏ အရှေ့ဘက် ပစိဖိတ်သမုဒ္ဒရာကမ်းခြေနှင့် အနီးအနားတ၀ိုက် လေ့လာရေးထွက်ကြသည်။
 ဆောင်းရာသီ စတင်ဝင်ရောက်နေသော သြစတေးလျနိုင်ငံ၏ ရာသီဥတုသည် မြန်မာပြည် အညာဒေသ အအေးဆုံးအချိန်နှင့်တူသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၉-၅-၂၀၁၅

26 May 2014

သီတဂူစတား ခရီးသွားမည်

နက်ဖန် (၂၇-၅-၂၀၁၄) ည ၇း၂၅ မိနစ်အချိန် သြစတေးလျနိုင်ငံသို့ သွားမည်ဖြစ်သည်။

“ပအုန်းရည်ချဉ်လို့ သူချဉ်ရ ကန်ဇွန်းရွက်က မထောင်နဲ့”။ “ဆပ်ပြာကောင်းလို့ ခေါင်းပေါင်းဖြူ” ဆိုတဲ့ စကားပုံလို ကိုယ့်ဘုန်း ကိုယ့်ကံကြောင့်တော့ မဟုတ် ဆရာတော်ကြီးဘုန်းကံဖြင့် သြစတေးလျသို့ ရောက်မည် ဖြစ်သည်။

ပြီးတဲ့လခလည်း ဘန်ကောက်နှင့် ကိုရီးယားသို့ ရောက်ခဲ့ပြီးဖြစ်ည်။

၁၅-၆-၂၀၁၄ မှာတော့ ဂျာမနီ၊ ဆွစ်ဆာလန်နှင့် ရုရှားနိုင်ငံများသို့ ခရီးဆက်မည်။ 

ဆပ်ပြာကောင်းလို့ ခေါင်းပေါင်း ဖြူနေခြင်းပဲ ဖြစ်ပါကြောင်း----။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၆-၅-၂၀၁၄

25 May 2014

သီတဂူစက္ခုဒါန အလှူတော် နှိုးဆော်လွှာ မြစ်ကြီးနား

သီတဂူစက္ခုဒါန အလှူတော် နှိုးဆော်လွှာ
မြစ်ကြီးနား

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီး ဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့က ကြီးမှူး၍ မြစ်ကြီးနားမြို့၊ သီတဂူစက္ခုဒါနဆေးရုံတော်ကြီးတွင် (၃၁-၅-၂၀၁၄) မှ (၅-၆-၂၀၁၄) နေ့အထိ (၆)ရက်တိုင်တိုင် မျက်စိဝေဒနာရှင်များကို လူမျိုးမရွေး၊ ဘာသာမရွေး (အခမဲ့)ကုသပေးမည် ဖြစ်ပါသည်။ 

သို့ဖြစ်ပါ၍ မျက်စိဝေဒနာရှင်များကို ၂၅-၅-၂၀၁၄ ရက်နေ့ နံနက် (၉း၀၀)နာရီမှ နေ့လည် (၂း၀၀)နာရီအထိ စာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ
သီတဂူသာနာပြုအဖွဲ့
www.thesitagu.org
thesitagu@gmail.com

21 May 2014

သီတဂူဆရာတော်၏ လျှောက်ထားချက် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး ၁၃၇၆-ခု၊ (သာသနာတော်နှစ်-၂၅၅၈နှစ်) ကဆုန်လဆန်း (၁၅)ရက်


သီတဂူဆရာတော်၏
လျှောက်ထားချက်
ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး
၁၃၇၆-ခု၊ (သာသနာတော်နှစ်-၂၅၅၈နှစ်) ကဆုန်လဆန်း (၁၅)ရက်
ယနေ့ ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီးသို့ ကြွရောက်တော်မူလာကြကုန်သော သြ၀ါဒါစရိယ ဆရာတော်ကြီးများ၊ သံဃမဟာနာယက ဆရာတော်ကြီးများ၊ ဗဟိုသံဃ၀န်ဆောင် ဆရာတော်ကြီးများနှင့် သမ္မုတိရ၊ အထူးပင့်သံဃာတော် အရှင်မြတ်တို့ဘုရား---။ ဘုရားတပည့်တော် ဥာဏိဿရ ဂါရ၀မေတ္တာဖြင့် ရှေးဦးစွာ ဦးညွတ်အရိုအသေ ပြုအပ်ပါသည်ဘုရား။

ဘုရားတပည့်တော် မနေ့က ဗီယတ်နမ်နိုင်ငံ ဗုဒ္ဓဘာသာအစည်းအဝေးကြီးမှ ပြန်လာခဲ့ပါတယ်ဘုရား၊ နိုင်ငံပေါင်း (၉၅)မှ ကိုယ်စားလှယ်ပေါင်း၊ ဗုဒ္ဓဘာသာဂိုဏ်းပေါင်းစုံက ခေါင်းဆောင်ပေါင်း (၁၅၀၀) ကျော် တက်ရောက်ကြပါတယ်ဘုရား။ အဲဒီအစည်းအဝေးကြီးမှာ ဘုရားတပည့်တော် “၆” မိနစ် စကားပြောခွင့်ရခဲ့ပါတယ်ဘုရား။ ထိုင်းနိုင်ငံ ဗုဒ္ဓနေ့ အစည်းအဝေးမှာတော့ “၈” မိနစ် စကားပြောခွင့် ရခဲ့ပါတယ်ဘုရား။ အဲဒီတော့ ဒီကနေ့ မြန်မာသံဃ ဂိုဏ်းပေါင်းစုံအစည်းအဝေးမှာ တပည့်တော်အား “၁၅” မိနစ် စကားပြောခွင့်၊ လျှောက်ထားခွင့် ပြုတော်မူပါဘုရား။
 အနုပ္ပန္န ပုဗ္ဗာဓမ္မာ ဥပ္ပဇ္ဇန္တိ၊ ဥပ္ပန္နာ ဓမ္မာ နိရုဇ္ဈန္တိ- မဖြစ်ပေါ်ဘူးတာတွေ ဖြစ်ပေါ်လာကြကုန်ပြီ၊ ဖြစ်ပေါ်ပြီးတာတွေလဲ ကွယ်ပျောက် ချုပ်ငြိမ်းကုန်ပြီ။ နိစ္စန၀ါသင်္ခါရာ ဥပ္ပဇ္ဇန္တိ ၀ယန္တိ စ- သင်္ခါရတရားတွေဟာ ဖြစ်ပေါ်လာလိုက် ပျောက်ကွယ်သွားလိုက်၊ အဟောင်းအဟောင်းတွေ ကွယ်ပျောက်၍ အသစ်အသစ်တွေ ပေါ်ပေါက် ပေါ်ပေါက်လာတတ်ကြပါသည်ဘုရား။ အဲဒါ သင်္ခါရတရားတို့ရဲ့ ဓမ္မတာပါပဲ ဘုရား။ ဘုရင်ခေတ်က ဘုရင်ခန့်တဲ့ သံဃရာဇာ သာသနာပိုင်ခေတ်တွေ ကုန်ဆုံးသွားတဲ့အခါ လွတ်လပ်ရေးခေတ်ကြိုကာလမှာ လွတ်လပ်ရေးဦးတည်ချက်နဲ့ သံဃအဖွဲ့အစည်းများစွာ ပေါ်ပေါက်ခဲ့ပါသည်ဘုရား။ လွတ်လပ်ရေး ရပြီးနောက်မှာလဲ သာသနာရေး နိုင်ငံရေး၊ လူမှုရေး၊ အရေးမျိုးစုံရောယှက်တဲ့ သံဃအဖွဲ့အစည်းများစွာ ပေါ်ပေါက်ခဲ့ပါသည်ဘုရား။

ဖဆပလ အစိုးရ လက်ထက်မှာ နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့ကို တည်ထောင်ပြီး အက်ဥပဒေများ ပြုစု၊ ပါလီမန်မှာ ပြဋ္ဌာန်းအတည်ပြု၊ ဆဋ္ဌသံဂါယနာတင်ပွဲကြီးများ ဆင်နွှဲပြီး သာသနာတော်ကို အားပေးထောက်ပံ့ခဲ့တာတွေ ရှိခဲ့ဖူးပါသည်ဘုရား။ ထို့ပြင် ဗုဒ္ဓသာသနာကို တရားဝင် အခိုင်အမာ ထောက်ပံ့ စောင့်ရှောက်ဘို့ ရည်ရွယ်ချက်များနဲ့ တိပိဋကရွေးချယ်ရေးအဖွဲ့ အက်ဥပဒေ၊ ဓမ္မာစရိယ အက်ဥပဒေ၊ ပါဠိပထမပြန် အက်ဥပဒေ၊ ပါဠိတက္ကသိုလ်အက်ဥပဒေများ ပြဋ္ဌာန်း၍ ခိုင်မာအောင် ဆောင်ရွက်ခဲ့တာတွေ ရှိခဲ့ဖူးပါသည် ဆရာတော် အရှင်သူမြတ်တို့ဘုရား။
၁၉၆၂-ခုနှစ်မှာတော့ ခေတ်ပြောင်း တော်လှန်ရေးတစ်ရပ် ပေါ်ပေါက်ခဲ့ပါတယ်ဘုရား။ တပ်မတော်က နိုင်ငံရေးအာဏာကို သိမ်းပိုက်လိုက်ပြီး ပါတီစုံပါလီမန် ဒီမိုကရေစီစံနစ်ကို ဖျက်သိမ်းလိုက်ပါသည်။ မြန်မာဆိုရှယ်လစ်လမ်းစဉ်ကို ချမှတ်ပြီး တစ်ပါတီ အာဏာရှင် စံနစ်ကို ကျင့်သုံးချီတက်ခဲ့ပါသည်ဘုရား။ အဲဒီတစ်ပါတီအာဏာရှင် စံနစ်ရဲ့လက်အောက်မှာ တပည့်တော်တို့ရဲ့ သာသနာရေး အားပေးထောက်ပံ့မှုဆိုင်ရာ အက်ဥပဒေအားလုံး ဖျက်သိမ်းခြင်းခံလိုက်ရပါသည် ဘုရား။ ထို့ပြင် ဆိုရှယ်လစ်တစ်ပါတီ အာဏာရှင်စံနစ်ရဲ့ အာဏာအရှိန်အဟုန် အမြင့်တက်ဆုံးလို့ ဆိုရမယ့် ၁၉၈၀-ခုနှစ် ၀န်းကျင် သံဃအဖွဲ့အစည်းအားလုံးကို ဖိနှိပ်ဖျက်သိမ်း၊ သာသနာသန့်ရှင်းရေးအလုပ်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့တွေ ဖွဲ့စည်းခဲ့ပါသည်။ တစ်ပါတီအာဏာရှင်စံနစ်ရဲ့ လမ်းညွှန်မှုအောက်မှာ ဖွဲ့စည်းခဲ့တဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးထဲမှာ တစ်ပါတီစံနစ်ရဲ့ အငွေ့အသက်တွေ၊ တစ်ပါတီအာဏာရှင် စံနစ်ရဲ့ အသွေးအရောင်တွေ လွမ်းမိုးလျှက်၊ ငုတ်ဝင်လျှက်ရှိနေပါသေးသည် ဘုရား။ အဲဒါတွေ ပြင်ရမှာပါဘုရား။

ဥပမာ- မြန်မာနိုင်ငံတော်တွင် “နိုင်ငံတော် သံဃမဟာနာယက”အဖွဲ့များမှ တစ်ပါး၊ အခြား မည်သည့် သံဃအဖွဲ့အစည်းမျှ မရှိစေရ” ဆိုတဲ့ အချက်မျိုးဟာ တစ်ပါတီအာဏာရှင် စံနစ်ရဲ့ အငွေ့အသက်တွေ ကျန်နေသေးတယ်ဆိုတဲ့ အချက်ပါပဲဘုရား။ ယနေ့ မျက်မှောက်ခေတ် အခြေအနေအရ- သံဃအဖွဲ့အစည်းတွေ များစွာ လိုအပ်နေပါတယ်ဘုရား။
+ မိဘမဲ့ ကလေးများ စောင့်ရှောက်ရေးအတွက် သံဃအဖွဲ့အစည်းများ၊
+ အားကိုးရာမဲ့ မိန်းကလေးများ ကယ်တင် စောင့်ရှောက်ရေး သံဃအဖွဲ့အစည်းများ၊
+ သဘာဝဘေးဒါဏ်သင့်ရောက်ရာ ဒေသများက ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး သံဃအဖွဲ့အစည်းများ၊
+ ဘုန်းတော်ကြီးသင် မူလ၊ အလယ်၊ အထက်တန်းကျောင်းများဆိုင်ရာ ပညာရေး စောင့်ရှောက်မှု သံဃအဖွဲ့အစည်းများ၊
+ ပြည်ပသာသနာပြုလုပ်ငန်းဆိုင်ရာ သံဃအဖွဲ့အစည်းများ စသည်ဖြင့် လူမျိုးရေး၊ လူမှုရေး၊ သာသနာရေး စောင့်ရှောက်မှုဆိုင်ရာ အဖွဲ့အစည်းများကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးက ဦးဆောင်၍ စည်းကမ်းဥပဒေ အနည်းဆုံးဖြင့် သည်းခံခြင်းပေါင်းများစွားဖြင့်၊ ခွင့်လွတ်ခြင်းပေါင်းများစွာဖြင့် လက်တွဲခေါ်ဆောင် ဖွဲ့စည်းသွားဘို့ တိုက်တွန်း လျှောက်ထားပါသည် ဘုရား။

ထို့ပြင် ၂၅ ရာခိုင်နှုန်းဆိုတဲ့ ဥပဒေပုဒ်မကြီးနဲ့ အင်အားချိနဲ့တဲ့ ကူးတို့ဂိုဏ်း၊ ငှက်တွင်းဂိုဏ်း၊ ဝေဠုဝန်ဂိုဏ်းစတဲ့ ဂိုဏ်းကလေးတွေကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ထဲမှာ ပါဝင်ခွင့်မရအောင် တားမြစ်ထားခြင်းဟာလည်း ယနေ့ခေတ်မှာ အလွန်အဆင်မပြေတဲ့ အချက်ဖြစ်ပါတယ်ဘုရား။ ယနေ့ခေတ်မှာ ပါတီစုံပါလီမန် ဒီမိုကရေစီနဲ့ နိုင်ငံတော်ကို တည်ဆောက်နေတဲ့ အချိန်ဖြစ်သည့် အားလျှော်စွာ အင်အားငယ်တဲ့ သူတွေကို အင်အားကြီးတဲ့သူတွေက အားပေးရမှာပါ၊ တွဲခေါ်သွားရမှာပါ။ လူဦးရေ သိန်းဂဏန်းမျှသာရှိတဲ့ “၀”လူမျိုးစုများ၊ ကိုးကန့်လူမျိုးစုများ၊ နာဂလူမျိုးစုများဟာ သီးခြားအစိုးရဖွဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်များ ရနေကြပါပြီဘုရား။ အဲဒါကြောင့် အဲဒီ ၂၅ ရာခိုင်နှုန်း ကန့်သတ်ချက်နဲ့ ဘေးဖယ်ထားခံရတာကြာပြီဖြစ်တဲ့ ဂိုဏ်းငယ်ကလေးများကို မဟာနာယကအဖွဲ့ထဲ အလိုအလျောက်ပါဝင်ခွင့် ပေးလိုက်ဘို့ လျှောက်ထားလိုပါတယ် ဘုရား။
ဆရာတော် သံဃာတော် အရှင်သူမြတ်တို့ဘုရား--- တပည့်တော်တို့ရဲ့ သံဃမဟာနာယကအဖွဲ့ကြီးဟာ နိုင်ငံတော်မှာ ရှိသမျှသာသနာရေး၊ လူမှုရေး၊ သံဃအဖွဲ့အားလုံးနှင့် တသားတည်း၊ တစုတပေါင်းတည်း ပေါင်းစည်းမိဘို့ သိပ်လိုအပ်ပါတယ်ဘုရား။ သံဃမဟာနာယကအဖွဲ့ကြီးရဲ့ ရည်ရွယ်ချက် သုံးခု ချမှတ်ထားတာ ရှိပါတယ်ဘုရား။ 
 အဲဒီအထဲမှာ--
၁၊ သာသနာတော် သန့်ရှင်းရေး
၂၊ သာသနာတော် တည်တံ့ရေး
၃။ သာသနာတော် ပြန့်ပွာရေး လို့ သုံးချက် တွေ့ရပါတယ်ဘုရား။
ဘုရားတပည့်တော် စိတ်စိုက်နေမိတာက သာသနာတော် တည်တံ့ရေးဆိုတဲ့ အချက်ဖြစ်ပါတယ်။ တည်တံ့ရေးအတွက် ဆရာတော်များက ပရိယတ္တိသည်သာလျှင် ပဓာနဟူ၍ ဖွင့်ဆိုတော်မူကြပါတယ်။ ဘုရားတပည့်တော်ကတော့ ပရိယတ္တိနှင့် ပဋိပတ္တိအားထုတ်တော်မူကြသည့် သံဃာတော်များနှင့် ကျောင်းတိုက်များကို ကာကွယ်စောင့်ရှောက်ဘို့၊ ထိန်းသိမ်းပေးဘို့လဲ အထူးအရေးကြီးတယ်လို့ ဆိုချင်ပါတယ်ဘုရား။ တပည့်တော် လွန်ခဲ့သော ခုနှစ်ရက်က ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဟတ်ယိုင်မြို့မှာ တရားဟောပါတယ်။ ကျောင်းတိုက်တွေ ၅၀ ရာခိုင်နှုန်းမှာ သံဃာတော်တွေမရှိတော့ပါဘူး၊ ဆွမ်းခံထွက်ရင် ရဲအစောင့်နဲ့ သွားရပါတယ်၊ ချောင်းမြောင်း ပစ်ခတ် သတ်ဖြတ်မှုတွေ ရှိနေပါတယ်။ Religious Terrorisms တွေကြောင့် သာသနာတော် တည်တံ့ရေးအတွက်---
၁၊ Preservation of Buddha Sasana= ဗုဒ္ဓသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့
၂၊ Protection of Buddha Sasana= ဗုဒ္ဓသာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ဆိုတဲ့ ထိန်းသိမ်းခြင်းနဲ့ ကာကွယ်စောင့်ရှောက်ခြင်း နှစ်ခုဟာ အထူးပဲ အရေးကြီးပါတယ်ဘုရား။ ဒါ့ကြောင့် သံဃမဟာနာယကအဖွဲ့ကြီးကို ပိုမို၍ အင်အားကောင်းလာအောင် အားဖြည့်ဘို့လိုပါတယ်ဘုရား။ သံဃမဟာနာယကအဖွဲ့ကြီးဟာ ကမ္ဘာအေးမှာပဲ ရုံးခန်းထဲမှာပဲ အစဉ်အလာလုပ်ငန်းတွေနဲ့ပဲ အချိန်ကုန်နေကြမှာဖြစ်တော့ အထက်ပါ လူမှုရေးနှင့် သာသနာအန္တရာယ် ကာကွယ်ရေးတို့မှာ ခေတ်အမြင် တတ်သိနားလည်းခြင်းရှိ၊ ကျွမ်းကျင်မှုလည်းရှိသော သံဃမဟာနာယကအဖွဲ့က ချက်မှတ်ထားသော စည်းကမ်းအတိုင်း ဖွဲ့စည်းထားသော သံဃနာယကအဖွဲ့အစည်းများနှင့် လက်တွဲ ဆောင်ရွက်မှသာ ထိရောက် အောင်မြင်နိုင်လိမ့်မည်ဟု- လျှောက်ထားအပ်ပါသည် ဘုရား။

ယနေ့မျက်မှောက်ခေတ်မှာတော့ ပေါ်ပေါက်လာကြတဲ့ အသင်းအဖွဲ့တွေကို ကြည့်တဲ့အခါ ခေတ်သစ်တစ်ခုရဲ့ ခေတ်ဆန်းချိန်တစ်ခုသို့ ရောက်ပြီဟု ပြောဆိုရလောက်အောင်ပင် အသစ်အသစ် ပေါ်ပေါက်လာကြတဲ့ အသင်းအဖွဲ့တွေဟာ နိုင်ငံရေးအသင်းအဖွဲ့တွေ ရော့ပါးသွားပြီးတော့ မျိုးချစ်စိတ်နဲ့ ဗုဒ္ဓသာသနာကို ချစ်မြတ်နိုးသော စိတ်ဓာတ်အခြေခံသော သာသနာတော် စောင့်ရှောက်ရေးအသင်းများ၊ ၀ိပဿနာပြန့်ပွားရေးအသင်းများ၊ လူမျိုးစောင့်အသင်းများ၊ ကလေးသူငယ် စောင့်ရှောက်ရေးအသင်းများ၊ ကရုဏာအသင်းများ အစရှိသည်ဖြင့် မျိုးချစ်စိတ်ဓာတ်နှင့် သာသနာချစ်စိတ်ဓာတ်များကို အခြေခံသော အသင်းအဖွဲ့များ ပေါ်ပေါက်လာနေကြသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ကြပါသည်ဘုရား။ ထိုအသင်းအဖွဲ့များ အားလုံးကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကြီးက သင့်လျော်သော စည်းကမ်းချက်များဖြင့် ကောင်းစွာ အသိမှတ်ပြု၍ သံဃမဟာနာယကအဖွဲ့ကြီး၏ အင်အားတစ်ရပ်အနေဖြင့် အသုံးပြုသွားနိုင်ရန် အထူးလိုအပ်ပါသည် အရှင်သူမြတ်တို့ဘုရား။

ဆရာတော် သံဃာတော် အရှင်သူမြတ်တို့ဘုရား--- မေခနှင့် မလိခ မြစ်နှစ်စင်းတို့ မပေါင်းနိုင်လျှင် ဧရာဝတီမြစ် ဖြစ်လာမှာ မဟုတ်ပါဘုရား၊ မေခနှင့် မလိခတို့ ပေါင်းစည်းမိတဲ့အတွက် ဧရာဝတီဖြစ်လာတာပါဘုရား။ “ဧရာဝတီ” ဆိုတဲ့အမည်နဲ့ မြစ်ကြီးဖြစ်လာတော့ မေခ၊ မလိခ နာမည်တွေ မကျန်တော့ပါဘုရား။ ဗန်မော်မြို့နားရောက်တော့ ဧရာဝတီက ရွှေလီကို တွဲခေါ်သွားပါတယ်ဘုရား။ စစ်ကိုင်း အင်းဝနားရောက်ပြန်တော့ ဒုဋ္ဌ၀တီမြစ်ကို တွဲခေါ်သွားပါတယ်၊ ပခုက္ကူအောက်နားရောက်တော့ ချင်းတွင်းမြစ်ကို ပေါင်းစည်း သိမ်းသွင်း ခေါ်ဆောင်ခဲ့ပါတယ်ဘုရား။ ဘယ်မြစ်ငယ်ကလေးများကမှ ငြင်းပယ်ခြင်း မရှိခဲ့ကြပါဘုရား။ မြစ်ငယ်လေး တစ်စင်းနှင့် တခါ ပေါင်းစည်းမိတိုင်း ဧရာဝတီရဲ့ ရေစီးအားဟာ တဆင့်ပြီး တဆင့် အရှိန်အဟုန် မြင့်တက်ခဲ့ပါတယ်ဘုရား။ ဆရာတော် သံဃာတော် အရှင်မြတ်တို့ဘုရား--- ဂိုဏ်းပေါင်းလည်းစုံ၊ အဖွဲ့ပေါင်းလည်းစုံ၊ အကုန်ပေါင်းပြီး သံဃအင်အားထုကြီး၏ အရှိန်၊ သံဃအဟုန်ကို မြင့်တင်ဘို့ တောင်းပန်လျှောက်ထားအပ်ပါသည်ဘုရား။ သို့မှသာ သာသနာ့အန္တရာယ် ကာကွယ်ရေးအတွက် အဆင်သင့် ဖြစ်မှာပါဘုရား။

လာအိုနိုင်ငံမှ သံဃအဖွဲ့အစည်းတစ်ခုတည်းသာ ရှိပါသည်၊ ကွန်မြူနစ်ပါတီက ချုပ်ကိုင်ထားပါသည်၊ ဗီယတ်နိုင်ငံမှာလည်း ထိုနည်းတူစွာပါဘုရား။ ကမ္ဗောဒီးယားမှာ သံဃဂိုဏ်း ၂ ဂိုဏ်းရှိပါသည်၊ သီးခြားစီ ရပ်တည်ကြပါသည်၊ ပေါင်းစည်းနိုင်ခြင်မရှိပါဘုရား။ ထိုင်းနိုင်ငံမှာ နိကာယ ၂ ခုရှိပါသည်။ ထေရသမာဂမ သံဃမဟာနာယက- အဖွဲ့ကို တစ်ဖွဲ့တည်း ဖွဲ့စည်းနိုင်ပါသည်။ ဘုရင်၏ ချီးမြှောက် ထောက်ပံ့မှုနဲ့ စီမံအုပ်ချုပ်ပါသည်။ သီရိလင်္ကာမှာ နိကာယ လေးခု ရှိပါသည်။ ပေါင်းစည်းနိုင်ခြင်း မရှိပါ၊ သီးခြားစီ ရပ်တည်နေကြပါသည်။ လွတ်လပ်ခြင်း အပြည့်အလျှံ ရှိပါသည်။ သီဟိုဠ် သံဃာများ နိုင်ငံရေး လုပ်ပိုင်ခွင့်ရှိပါသည်၊ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့်ရှိပါသည်၊ ပြိုင်လည်းပြိုင်ကြသည်၊ တချို့ သံဃာတွေ ၀န်ကြီးအဖွဲ့မှာ ပါဝင်ကြပါသည်။ ချုပ်ချယ်လွန်းလျှင်လည်း မကောင်းပါ။ လာအိုသံဃရာဇာ ပါတီနှင့် တိုင်မင်ပြီးမှ အလုပ်လုပ်ရပါသည်။ ခေတ်မှီလွန်းတော့လည်း မကောင်းပါ။ သီဟိုဠ်မှာ ဘုန်းကြီးအမတ်တွေ ပါလီမန်ထဲမှာ ရောက်နေပါသည်။ မူရင်းအနှစ်သာရကို မပျက် မပျောက်စေဘဲ တိုးတက်ခြင်း (Sustainable Development) ကောင်းပါသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကို ပြင်ဆင် မွမ်းမံတိုးချဲ့ရာ၌-----
(၁) ပညာရေးဌာန
(၂) လူမှုရေးဌာန
(၃) နိုင်ငံခြားရေးဌာန များကို ခေတ်မှီပညာတတ်၊ အပြည်ပြည်ဆိုင်ရာ အမြင်ကျယ်သော မျက်လုံးရှိသော ဆရာတော်များဖြင့် ဖွဲ့စည်းသင့်ပါသည်ဘုရား။

ဖွဲ့စည်းပုံများနှင့် ပတ်သက်လို့ ဘုရားလက်ထက်က သာဓကတစ်ရပ်ကို လျှောက်ထားလိုပါသည်ဘုရား။ အဲဒါက အရိုအသေပြုရန်နေရာမှ သက်ကြီး ၀ါကြီး ထေရ်စဉ် ၀ါစဉ် (Seniority) ဟာ အထူးပင် လိုအပ်ပါတယ်။ သို့သော် အလုပ်သဘော၊ အလုပ်ခွင်မှာတော့ စွမ်းဆောင်နိုင်သူတို့သာ ပဓာနပါဘုရား။ မြတ်စွာဘုရား ဘုရားဖြစ်ပြီးနောက် ၉လကြသောအခါ တပိုတွဲလပြည့်နေ့မှာ ယခုလို သံဃမဟာသန္နိပါတ (သံဃအစည်းအဝေးကြီး)ကို ရာဇဂြိုဟ် ဝေဠုဝန်မှာ ကျင်းပခဲ့ပါသည်။ ထိုအစည်းအဝေးကြီးမှာ သံဃာတော်ပေါင်း ၁၂၅၀ တက်ရောက်တော်မူခဲ့ကြပါသည်ဘုရား။ ထိုအစည်းအဝေးကြီးမှာ မြတ်စွာဘုရားက အရှင်သာရိပုတ္တရာကို ပထမအဂ္ဂသာဝက ခန့်အပ်တော်မူပြီး၊ အရှင်မောဂ္ဂလာန်ကို ဒုတိယအဂ္ဂသာဝက ခန့်အပ်တော်မူခဲ့ပါသည်ဘုရား။ မြတ်စွာဘုရား၏ သံဃာ့အစည်းအရုံးကြီးကို ဖွဲ့စည်းအုပ်ချုပ်ဘို့ ရာထူး တာဝန် ခွဲဝေပေးခြင်းဖြစ်ပါသည်ဘုရား။ ပထမနှင့် ဒုတိယအဂ္ဂသာဝကကြီး နှစ်ပါးစလုံး တပိုတွဲလဆန်း (၁)ရက်နေ့ကမှ ရဟန်းပြုကြတာဖြစ်လို့ ရဟန်းသိက္ခာ ၁၅ ရက်မျှသာ ရှိတော်မူကြပါသေးသည်ဘုရား။ ရသေ့ ၁၀၀၀မှ ဖြစ်လာသော ရဟန်း ၁၀၀၀တို့သည် ပြာသိုလ်လပြည့်မှာ ရဟန်းပြုကြတာ ဖြစ်လို့ အဂ္ဂသာဝကကြီး နှစ်ပါးထက် ၁၅ ရက် သိက္ခာ ကြီးကြပါသည်၊ သို့သော် ရာထူးမရကြပါဘုရား။ ပဉ္စ၀ဂ္ဂီ ၅ပါး၊ ယသနှင့်တကွ ၅၅ပါးတို့မှာလည်း အဂ္ဂသာဝကကြီးနှစ်ပါးထက် ၆လခွဲမျှ သိက္ခာကြီးကြသော်လည်း မည်သည့်ရာထူးမျှ တာဝန်ပေးအပ်ခန့်ထားခြင်း မရှိခဲ့ပါဘုရား။ အထင်ရှားဆုံး သာဓကကတော့ ရဟန်းအသက်ရှည်ဆုံး အရှင်ကောဏ္ဍညမထေရ်ကြီးဟာ မြတ်စွာဘုရားနောက်နား(နောက်ကျော)မှာ နေရာယူရခြင်းဖြစ်ပါသည်ဘုရား။ ၁၅ရက်မျှသာ ရှိတော်မူကြသည့် အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန်တို့မှာ မြတ်စွာဘုရား၏ လက်ျာ လက်ဝဲမှာ နေရာ အသီးအသီး ရယူတော်မူခဲ့ကြပါသည်ဘုရား။ ပိဋကတ်တော်လာ ဤသာဓကမှာ သာသနာရေးရာ လုပ်ငန်းများ၌ စွမ်းနိုင်သူတို့သည်သာ ပဓာနဖြစ်ကြောင်း သိသာထင်ရှားပါသည်။ ထိုသံဃအစည်းအဝေးကြီးမှာ ကန့်ကွက်သူ တပါးမျှမရှိ၊ တည်ငြိမ်အေးချမ်းစွာဖြင့် ရာထူးခန့်အပ်ပွဲ ပြီးစီးခဲ့ပါသည်။ သည်းခံခြင်းနှင့် ခွင့်လွှတ်ခြင်း၊ ထို့ပြင် စွန့်လွှတ်ဘို့ဟာ တည်ငြိမ်အေးချမ်းရေးအတွက် အခြေခံအုတ်မြစ် ဖြစ်ကြောင်းကို “ခန္တီ ပရမံ တပေါ တိတိက္ခာ”-စသော သြ၀ါဒ-က ညွှန်ပြနေပါသည်ဘုရား။ “အတ္ထေ ဇာတေ စ ပဏ္ဍိတံ”-ပါဠိတော်အရ အရေးကိစ္စပေါ်လာလည်း စွမ်းရည်ရှိသော ကျွမ်းကျင်သော ပညာရှိများ အထူးလိုအပ်ကြောင်း လျှောက်ထားပါသည် အရှင်သူမြတ်တို့ဘုရား။

ဆရာတော် ဦးသေဋ္ဌိလတို့၊ ဆရာတော် ဦးသီလာနန္ဒတို့ မရှိတဲ့ နောက်ပိုင်း အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ညီလာခံများရဲ့ စင်မြင့်ပေါ်မှာ မြန်မာသံဃာတော်တို့ နေရာရရှိရေးအတွက် တပည့်တော်များ ယနေ့ အကြိတ်အနယ် ကြိုးစားရပါသည်ဘုရား။ ထိုင်းနိုင်ငံ သံဃနာယကအဖွဲ့ အတွင်းရေးမှူးဟာ ကမ္ဘာ့ဘာသာရေးစင်မြင့်တိုင်းလိုလိုမှာ တက်ရောက် စကားပြောနေတဲ့ Ph.D ဘွဲ့ရ ဆရာတော်တစ်ပါးပါဘုရား။ သီဟိုဠ်သံဃာတော်တွေက အပြည်ပြည်ဆိုင်ရာ စင်မြင့်တိုင်းမှာ သူတို့ ကုလားထိုင်ချည်းပါဘုရား။ ရောမ ပုပ်ရဟန်းကြီးရဲ့ အဖွဲ့များ ဖွဲ့စည်းပုံမှာ ၀န်ကြီးအဖွဲ့ (Cabinet)နှင့် တော်တော်တူနေပါသည်ဘုရား။ သာသနာပြုလုပ်ငန်းမှာ လူမှုရေးလုပ်ငန်းနှင့် ဟန်ချက်ညီညီ တွဲလုပ်မှ ထိရောက်အောင်မြင်ကြောင်း ရိုသေစွာ လျှောက်ထားရပါကြောင်း ဆရာတော် သံဃာတော် အရှင်မြတ်တို့ဘုရား။

ဆရာတော် သံဃာတော် အရှင်မြတ်တို့ဘုရား---
နိဂုံးချုပ်အားဖြင့် ဘုရားတပည့်တော် လျှောက်ထားလိုသည်မှာ-
သာသနာတော် တည်တံ့ခိုင်မြဲရေးအတွက် ဖဆပလ အစိုးရလက်ထက်က လုပ်ထားခဲ့သလို သာသနာရေးဆိုင်ရာ ထောက်ပံ့မှု၊ ကာကွယ်စောင့်ရှောက်မှု ဆိုင်ရာတို့ကို အက်ဥပဒေများ ပြုစု၍ လွတ်တော်တွင် ပြဋ္ဌာန်းအတည်ပြုထားရစ်တော်မူခဲ့ကြပါရန် ရိုသေလေးမြတ်စွာ လျှောက်ထားအပ်ပါသည်ဘုရား။ ဘယ်ဗုဒ္ဓဘာသာနိုင်ငံမှာမှ မရှိတဲ့ သာသနာရေးဝန်ကြီးဌာနကိုလည်း ခိုင်မာအောင် သာသနာရေးဝန်ကြီးဌာန အက်ဥပဒေတစ်ရပ် ပြဋ္ဌာန်း၍၎င်း၊ ရတောင့်ရခဲ စုစည်းရရှိခဲ့သည့် ဂိုဏ်းပေါင်းစုံ သံဃမဟာနာယက အဖွဲ့ကြီးကိုလည်း အက်ဥပဒေတစ်ရပ် ပြဋ္ဌာန်း၍၎င်း၊ ထို့ပြင် တိပိဋကရွေးချယ်ရေး အက်ဥပဒေ၊ နိုင်ငံတော် ဗုဒ္ဓသာသနာတော်အဖွဲ့ အက်ဥပဒေ၊ တက္ကသိုလ်များ အက်ဥပဒေ၊ ဓမ္မာစရိယအက်ဥပဒေနှင့် ပါဠိပထမပြန်အက်ဥပဒေများကို ပြန်လည်ဖော်ထုတ် အသက်သွင်း ပြင်ဆင်၍ အနာဂတ်အစိုးရအဆက်ဆက်နှင့် သံဃအဖွဲ့အစည်း အဆက်ဆက် လက်ထက်တိုင် ကြာမြင့်စွာ တည်တံ့အောင် အားထုတ် ဆောင်ရွက်တော်မူခဲ့ကြပါရန် အကြောင်း ခြေတော်ဦးခိုက် လျှောက်ထားအပ်ပါသည် ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးကြီးလာ ဆရာတော် သံဃာတော် အရှင်သူမြတ်တို့ဘုရား။ ။

မှတ်ချက်။ ။ အနည်းငယ် ပြန်လည် ပြင်ဆင် ဖြည့်စွတ်ထားပါသည်။

မေတ္တာဂါရ၀ဖြင့်
သီတဂူဆရာတော် အရှင်ဥာဏိဿရ
၁၃၇၆-ကဆုန်လပြည့်နေ့
၂၀၁၄၊ မေလ၊ ၁၃ ရက်
မဟာပါသာဏလှိုဏ်ဂူတော်၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ
ရန်ကုန်

လျှောက်ထားလွှာ၏မိတ္တူများကို---
၁။ နိုင်ငံတော် သမ္မတရုံး
၂။ မန္တလေးတိုင်း သံဃနာယကအဖွဲ့
၃။ ရန်ကုန်တိုင်း သံဃနာယကအဖွဲ့
၎။ သာသနာရေးဝန်ကြီး
၅။ အင်တာနက်
၆။ ရုံးလက်ခံ
ဌာနများသို့ ပေးပို့ပါသည်။
www.thesitagu.org
thesitagu@gmail.com

16 May 2014

သီတဂူဆရာတော် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီး တက်ရောက် မိန့်ခွန်းပြော

သီတဂူဆရာတော် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီး တက်ရောက် မိန့်ခွန်းပြော
သာသနာနှစ် ၂၅၅၈နှစ်ပြည့်နှစ်၊ ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီးကို ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ ဆဋ္ဌသံဂါယနာလှိုင်ဂူတော်အတွင်း၌ ဂိုဏ်းပေါင်းစုံက ဆရာတော် ၂၅၅၈ပါးတို့က တက်ရောက်ပြီး သုံးရက်တိုင်တိုင် ကျင်းပခဲ့သည်။ ဒုတိယနေ့ မေလ (၁၂)ရက်နေ့ မနက်ပိုင်းမှာတော့ သီတဂူဆရာတော်ကြီး တက်ရောက် မိန့်ခွန်းပြောခဲ့သည်။

ဆရာတော်ကြီး မိန့်ခဲ့သည့်မိန့်ခွန်း အကျဉ်းချုပ်

၁။ ယခုကဲ့သို့ သံဃာ့ဂိုဏ်းကြီး (၉)ဂိုဏ်းရဲ့ စုစည်း၊ ညီညွတ်သည့် အစည်းအဝေးကြီးမျိုး ဘယ်တိုင်းပြည်မှ မရှိခြင်း၊ မြန်မာနိုင်ငံမှာသာ ရှိခြင်း။

၂။ နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့ကို ၁၉၈၀ပြည့်နှစ်က စတင်ဖွဲ့ခဲ့သည်။ ၁၉၈၀ခုနှစ်ရှေ့ပိုင်းတွင် ဆိုရှယ်လစ်ပါတီ တစ်ပါတီစနစ်ဖြင့် သွားနေသည့် အချိန်ဖြစ်သည်အတွက် အငွေ့အသက်တွေ ဤအဖွဲအစည်းတွင် ပါနေခြင်း။

အခြေခံ စည်းမျဉ်းထဲမှာ ပါရှိနေသော သံဃာ့မဟာနာယကအဖွဲ့မှ တစ်ပါး၊ တစ်ခြားအဖွဲ့အစည်းများကို ဖွဲ့ပိုင်ခွင့် မရှိသော အချက်ကို တက်ရောက်လာကြသော ဆရာတော် သံဃာတော်များက ပြင်ဆင်ပေးကြလိမ့်မည်ဟု မျှော်လင့်ခြင်း။

၃။ ရာထူးဌာန၊ တာဝန်ပေးအပ်သည့်အခါ စွမ်းနိုင်သည့် ပုဂ္ဂိုလ်များကို စွမ်းနိုင်သလိုပေးဖို့ လိုအပ်ကြောင်း လျှောက်ထားခြင်း။ သံဃာ့မဟာနာယက ဖွဲ့စည်းသည့်အခါမှာလည်း ဂိုဏ်းပေါင်းစုံ သံဃာ့မဟာနာယကအဖွဲ့က ညီညွတ်စွာ ဒီအချက်ကို ထည့်သွင်း စဉ်းစားရန်၊ ဖွဲ့စည်းရန် လိုအပ်ကြောင်း လျှောက်ထားခြင်း။

၎။ သံဃာ့မဟာနာယကအဖွဲ့အစည်းမှာ ထိုင်း၊ လာအို၊ ကမ္ဗောဒီးယားတို့ကဲ့သို့ နိုင်ငံခြားရေးရာဌာန၊ ပညာရေးဌာန ထည့်သွင်း၊ ပြင်ဆင် ဖွဲ့စည်းဖို့ လိုအပ်ကြောင်း။

၅။ “သံဃာ့မဟာနာယကအဖွဲ့ရဲ့အချက်က သာသနာသန့်ရှင်းရေး၊ တည်တံ့ရေး၊ ပြန့်ပွားရေးအတွက် အလွန်အရေးကြီးကြောင်း၊ သာသနာကို ထိန်းဖို့ အလွန်အရေးကြီးကြောင်း။

 ဒီကနေ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်က ပါလီမန်ဒီမိုကရေစီ စနစ်ဖြင့် ချီတက်နေသည့်အခါ ပါဠိတက္ကသိုလ် အက်ဥပဒေ၊ ဓမ္မာစရိယအက်ဥပဒေ၊ ပါဠိပထမပြန်အက်ဥပဒေ၊ ဗုဒ္ဓသာသနာအဖွဲ့အစည်း အက်ဥပဒေ၊ တောင်တန်းသာသနာပြု အက်ဥပဒေတွေကို စနစ်တကျ ခေတ်နဲ့လျှော်ညီစွာ ပြင်ဆင်ရေးဆွဲပြီး အနာဂတ်သာသနာတော်အတွက် ခိုင်ခိုင်မာမာ ဖြစ်အောင် ဆောင်ရွက်တော်မူကြပါ”ဟု လျှောက်ထားခြင်း။

NEWSWEEK (၁၅-၅-၂၀၁၄) နေ့ထုတ် သတင်းစာမှ ကောက်နုတ်ဖော်ပြပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၆-၅-၂၀၁၄

14 May 2014

ကျောင်းသားသစ်ကြိုဆိုပွဲ

ကျောင်းသားသစ်ကြိုဆိုပွဲ
***********************************
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)၏ ၂၀၁၄-၂၀၁၅ ပညာသင်နှစ် ကျောင်းသားသစ်ကြိုဆိုပွဲ (Fresher Welcome)ကို မြန်မာသက္ကရာဇ်၊ ၁၃၇၆ခုနှစ် နယုန်လဆန်း (၁၂)ရက် (၉-၆-၂၀၁၄) တနင်္လာနေ့တွင် ကျင်းပမည် ဖြစ်ပါသည်။

ယခုနှစ်တွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)က ဒီပလိုမာတန်းများ၊ ဘီအေတန်းများနှင့် ဗုဒ္ဓဓမ္မပါဒက (Fundamental Buddha-Dhamma)များကို ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပါသည်။

သင်ကြားစီမံအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
ရန်ကုန်
www.thesitagu.org

07 May 2014

ရောက်ခဲ့သည့်နေရာ (၂)

ကိုရီးယားရောက် ဒုတိယနေ့
ဒုတိယနေ့ (၂၅-၄-၂၀၁၄)မှာတော့ မနက်ပိုင်းမှာ Lotus Lantern Festival ပွဲတော်သို့ ပင့်ဖိတ်ထားသော နိုင်ငံ ၉နိုင်ငံမှ ကိုယ်စားလှယ်များကို Imjingak လိုက်ပို့ပေးသည်။ ဆိုးလိုမြို့ပြင် တောင်ကိုးရီးယားနှင့် မြောက်ကိုရီးယား နယ်စပ်၊ ဆိုးလ်မြို့တော်မှ ကားဖြင့် တစ်နာရီလောက် သွားရသည့် Imjingak သို့ သွားကြသည်။
ထိုနေရာ တောင်ကိုရီးယား မြောက်ကိုရီးယားတို့ စစ်ဖြစ်ပွားခဲ့နေရာဖြစ်သလို တောင်မြောက်ကွဲကွာခဲ့ရာမှ ဆွေတော်မျိုးတော်များ တကွဲတပြား ဖြစ်သွားရာနေရာလည်းဖြစ်၊ တောင်-မြောက် ကိုရီးယား ဆွေတော်မျိုးတော်များ အချင်းချင်း စုံတွေ့ရာ နေရာလည်း ဖြစ်သည်။ စစ်ဖြစ်ပွားချိန်က မြောက်ကိုရီးယားတပ်မှ ပစ်ခက်လိုက် သော ရထားအပျက်အစီး၊ သေကြေသွားကြသော တောင်ကိုရီးယားတပ်များကို ဆုတောင်းပေးရာ နေရာလည်းဖြစ်သည်။
ထို့ပြင် ဆွေတော်မျိုးတော်များ ပြန်လည်စုံစည်းရာ၊ ခေါင်းလောင်းကြီးကို ထုကာ ဆုတောင်းပေးရာ ငြိမ်းချမ်းရေးနယ်မြေလည်းဖြစ်သည်။ ယခုအခါ နိုင်ငံတကာမှ စိတ်ဝင်စားရာ နေရာတစ်ခု ဖြစ်သည့်အတွက် လည်ပက်စရာတစ်ခုဖြစ်နေသည်။ နေ့လည်စာကို ကိုရီးယား ရိုးရာအစားအစာများဖြင့် Imjingakက ဆိုင်မှာပဲ ဧည့်ခံသည်။

ညနေပိုင်းတွင် ကိုရီးယားနိုင်ငံ မဟာယာနဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများကို သွားရောက်လေ့လာကြသည်။ ကျောင်းထိုင်ဆရာတော်ကြီးများနှင့် အပြန်အလှန် မိတ်ဆက်ကြခြင်း၊ လက်ဆောင်များ ပေးကြခြင်းဖြင့် ချစ်ချင်ရင်းနှီးမှုများကို ဖန်တီးကြသည်။ ဂိုဏ်းဂဏမတူသော်လည်း မြတ်ဗုဒ္ဓ၏ တစ်ခုတည်းသော ဓမ္မထီးအရိပ်ဝယ် အတူလက်တွဲလျှောက်ကြသည်။
အပိုင်း (၃) မျှော်

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃-၅-၂၀၁၄

02 May 2014

ကိုရီးယားရောက် ပထမနေ့

ကိုရီးယားရောက် ပထမနေ့
ကိုရီးယားရောက် ပထမနေ့ (၂၄-၄-၂၀၁၄)က ညနေပိုင်း ကိုရီးယားနိုင်ငံရဲ့ အထင်ကရ တစ်ခုဖြစ်တဲ့ ဆိုးလ်တာဝါကို စပွန်ဆာပေးသည့် ဂျိုဂဲစ ဗုဒ္ဓဘာသာအဖွဲ့၏ ကောင်းမှုဖြင့် ရောက်ခဲ့။ အလွန်လှပသည့်နေရာလေးတစ်ခုဖြစ်၊ လေးဘက်လေးတန်က ဆိုးလ်တစ်မြို့လုံးကို လွမ်းခြုံ မြင်ရ။ ချစ်သူ စုံတွဲတွေ အများစုလာကြ၊ ထိုနေရာ၏ စွဲဆောင်မှုတစ်ခုကတော့ ချစ်သူစုံတွဲတွေ၊ မိသားစုတွေက သူတို့ရဲ့ သံယောဇဉ်၊ အချစ်တွေ အမြဲတမ်း တွဲနေမယ်၊ တစ်ယောက်နှင့်တစ်ယောက် မခွဲတမ်းဆိုတဲ့ သင်္ကေတနဲ့ သော့တွဲလေးတွေ အပေါ်မှာ အမှတ်တရစာတမ်းလေးရေးပြီး ထိုနေရာမှာ ချိတ်ဆွဲထားသဖြင့် သော့တွဲအပုံကြီးကို ယခုလို တွေ့မြင်ရ။ ထိုဆိုးလ်တာဝါပေါ် စာရေးသူတို့ ပြည်ပအဖွဲ့များအား ညစာဖြင့် ဧည့်ခံ၊ စာရေးသူကတော့ အအေးနဲ့ပဲ ပြီးခဲ့ရ။
မဟာယာနဘုန်းတော်ကြီးများကတော့ ဆိုးလ်မြို့ အလှအပကို ငေးမောရင်း အားရပါးရ ဘုန်းပေးတော်မူကြလေရဲ့။

ဒုတိယနေ့ ပုံရိပ်များမျှော်
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၀၁-၀၅-၂၀၁၄

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes