သီတဂူစတား

သီတဂူစတား

31 December 2009

၂၀၁၀ နှစ်သစ်ကူး (ပူနေး)


၂၀၁၀ နှစ်သစ်ကူးမင်္ဂလာအတွက် ၃၁-၁၂-၂၀၀၉ နေ့ ည ၈ နာရီမှ စ၍ နိုင်ငံခြားသားကျောင်းဆောင် (အမျိုးသား) ၏ မျက်နှာစာတွင် ပါတီပွဲကျင်းပသည်။ နိုင်ငံပေါင်းစုံက ကျောင်းသားများ ပါဝင်ကြသည်၊ အချို့လည်း အပြင်မှာ ပါတီပွဲလုပ်ကြသည်တဲ့။ ထိုပါတီပွဲတွင် ညစာ ထိုင်းရိုးရာ အစားအစာနှင့် ကိတ်မုန့်များဖြင့် ဧည့်ခံကျွေးမွေးသည်။ အစားအစာ တစ်မျိုးစားပြီးတိုင်း အစီအစဉ် တမျိုးစီဖြင့် ကျင်းပသည်၊ အာဖရိက ကျောင်းသားက ကြေညာသူ (announcer)လုပ်သည်။ ထိုကျောင်းသားသည် အင်္ဂလိပ်စကား တော်တော်လေးကို ကောင်းသည်။ နိုင်ငံအသီးသီး၏ နုတ်ခွန်းဆက်စကားများကို စာရွက်ပေါ်မှာ ကူးလာကာ မိတ်ဆက်ပါသည်၊ မြန်မာနိုင်ငံအတွက် မင်္ဂလာပါ ဟု ပီပီသသကို ပြောသည့်အတွက် လက်ခုပ်သြဘာများ ပေးကြပါသည်၊ အခြားသော နိုင်ငံများလည်း ထိုနည်းတူစွား လက်ခုပ်တီးပြီး သြဘာပေးကြသည်။ တစ်နိုင်ငံစီ က dancing (သို) သီချင်း singing ဖြင့် ဖျော်ဖြေရသည။ မွန်ဂို ကျောင်းသားတစ်ယောက်ကလည်း ဂီးတာတစ်လုံးနှင့် ဖျော်ဖြေသည်။ သီတဂူစတားတို့ အလှည့်ရောက်လာတော့မည်။ သီတဂူစတားလည်း သီချင်းဆိုရမှာ ကြောက်တာနှင့် စားစရာများစား သောက်စရာများ သောက်၊ (ဖျော်ရည်)၊ ဓာတ်ပုံတစ်ပုံလောက် ရိုက်ပြီး လစ်ခဲ့ရသည်။ နို့မို့ဆို မလွယ်၊ သီချင်း အတင်းဆိုခိုင်းမည်။

တရေးနိုးတော့ ည ၁၂ နာရီ ထိုး ၂ မိနစ်အချိန်ပေါ့ ပူနေးမြို့တစ်မြို့လုံးသည် ဗြောက်ဖောက်အသံ မီးရှုးမီပန်းတွေဖြင့် စည်းကားနေသည်။ အသံတွေလဲ ဆူညံနေသည်။ နှစ်သစ်ကူးတာတဲ့။

သီတဂူစတား
၃၁-၁၂-၂၀၀၉

30 December 2009

သီတဂူစက္ခုဒါန မျက်စိဆေးရုံတော်




ကလေးမြို့ရှိ သီတဂူစက္ခုဒါနမျက်စိ ဆေးရုံတော်ကြီးဖြစ်ပါသည်။ သီတဂူဆရာတော်ကြီးဦးစီးသည့် သီတဂူသာသနာပြုအဖွဲ့ကြီးက ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ(၂၉)ရက်နေ့တွင် ထိုဆေးရုံတော်ကြီးကို ခန်းနားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ပါသည်။ ဆရာတော်ကြီးသည် ကလေးမြို့နှင့် တမူးမြို့ ဒေသ၀န်းကျင်ရှိ တပည့်ဒကာဒကာမများကိုလည်း ညစဉ် တရားတော်များချီးမြင့်တော်မူခဲ့ပါသည်။

ထို သီတဂူစက္ခုဒါန ဆေးရုံတော်ကြီးတွင် ပြည်ပမှ မျက်စိအထူးကု ဒေါက်တာဦးသိန်းမြင့်နှင့်အဖွဲ့၊ မြန်မာပြည်တွင်းမှ မျက်စိဆရာဝန်ကြီးများအဖွဲ့တို့က ကလေးပတ်ဝန်းကျင်ဒေသများမှလာရောက်ကြသော မျက်စိဝေဒနာရှင်များစွာကို ကုသပေးခဲ့ပါတယ်၊ မျက်စိခွဲစိတ်ကုသမှု့ကိုလဲပြုလုပ်ပေးခဲ့ကြပါတယ်။ ကလေးမြို့ဝန်းကျင်ရှိ ဒေသခံများအတွက် များစွာဂုဏ်ယူမိပါသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။

သီတဂူစတား
၃၀-၁၂-၂၀၀၉

29 December 2009

အမျိုးသမီးစွမ်းဆောင်ရှင် (အပိုင်း-၂)



အမျိုးသမီးစွမ်းဆောင်ရှင် ခုဇ္ဇုတ္တရာ

ဇေတဝန်ကျောင်းတော်မှာ ကျင်းပတဲ့ ဘွဲ့နှင်းသဘင်
ဒီဘွဲနှင်းသဘင်ကို မြတ်စွာဘုရားက သာဝတ္ထိပြည် ဇေတဝန်ကျောင်းတိုက်မှာ ကျင်းပတယ်၊ ဗဟုသုတဓမ္မကထိကဧတဒဂ်တဲ့၊ ပရိသတ်ကြီး ပြောလိုက်အုံး။
ဗဟုသုတဓမ္မကထိကဧတဒဂ်ပါဘုရား။
သာဝတ္ထိပြည် ဇေတဝန်ကျောင်းတိုက်မှာ ဘွဲ့နှင်းသဘင်ကျင်းပတော့ တန်းစီပြီးတော့ တစ်ယောက်ပြီးတစ်ယောက်ဘွဲ့တွေပေးတာ၊ ဘုရားကိုယ်တော်တိုင်ပေးတာ၊ ဘုန်းကြီးထင်တယ်ပေါ့လေ ဒီကနေ့ခေတ်လိုရွှေ စလွယ်ကြီးတွေ ဘာတွေတော့ပါမယ်တော့ မဟုတ်ဘူး၊ ဘုရားကြေငြာရုံလေး ကြေငြာတာပဲ၊ ဒီဘွဲ့ရကြတယ်။
အခု ဘွဲ့ခံတဲ့အမျိုးသမီးက ဘယ်အရပ်သူလဲလို့ ဆိုလို့ရှိရင် ပရိသတ်ရေ ကောသမ္ဗီမြို့သူ၊ ဘာမြို့လဲ။
ကောသမ္ဗီမြို့ပါဘုရား။
ကောသမ္ဗီမြို့ဆိုတာ ဒီကနေ့အိန္ဒိယပြည်ကြီးမှာ ဗာရာဏသီကနေ အနောက်ဘက်ထဲကို သွားလိုက်ရင် မိုင်နှစ်ရာကျော်ကျော်လေးသွားရတယ်။ ယမုံနာမြစ်ကမ်းမှာ ကောသမ္ဗီမြို့ဟောင်းဆိုတာ အသောကမင်းကြီးစိုက်ခဲ့တဲ့ ကျောက်တိုင်ကြီးနဲ့ မှတ်မှတ်သားသား၊ အဲဒီနေရာဟောင်းမှာ ယခုထိ ရှိတယ်၊ ယမုံနာမြစ်ကမ်းပေါ့၊ အဲဒီ နန်းစိုက်တဲ့ရှင်ဘုရင်က ဥတေနမင်း၊ ပြောဘယ်သူလဲ။
ဥတေနမင်းပါဘုရား။
အေး ကန္တိတိုင်းထဲမှာ ပါဝင်ပြီးတော့ ဥတေနရှင်ဘုရင်အဲဒီမှာ နန်းစိုက်တယ်၊ ဥတေန တဝင်းပူနဲ့ဖတ်ရင် တစ်ခါတစ်ခါကျတော့ ဒဒွေးနဲ့ ရေးပြီးတော့ ဥဒေနလို့ ဒီလိုလဲရှိတယ်၊ နှစ်ခုစလုံးဖတ်လို့ရတယ်၊ ဒီစာလုံးဟာ တဝမ်းပူရော ဒဒွေးရော အားလုံးပဲ ဟုတ်လား၊ ပညာရှင်တွေလက်ခံ ကြတယ်။ ဥတေနနန်းစိုက်တဲ့ကောသမ္ဗီမှာ ယမုံနာမြစ်ကမ်းက ကောသမ္ဗီမြို့၊ အဲဒီမှာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ဝါတော်ကိုးဝါအရတုန်းက ဝါဆိုသွားတယ်။
မြတ်စွာဘုရား ကိုးဝါအရ တစ်ဝါဆိုတုန်းက မြတ်စွာဘုရားထံမှာ တရားတွေနာပြီးတော့ သောတာပန်တည်လိုက်တာ ဒီမိန်းကလေးဟာ နောင်သောအခါ မြတ်စွာဘုရားက ဗဟုသုတဓမ္မကထိက ဧတဒဂ်ဆိုတဲ့ဘွဲ့ပေးတော့ သာဝတ္ထိပြည်မှာ အခမ်းအနားကြီးကျင်းပလို့အကုန်လုံးတန်းစီပြီးတော့ ဒကာမတွေ ဘွဲ့ရကြတော့ သူ့ဘွဲ့နဲ့သူ တစ်ဆယ့်သုံးယောက်ရကြတယ်၊ ဘိက္ခုနီတွေ ရကြတယ်၊ ဥပါသကာ ဒကာယောက်ျားတွေ ရကြတယ်။ ရဟန်းတော်တွေရ၊ ဧတဒဂ်ဘွဲ့ရကြတယ်။

ကောသမ္ဗီမြို့သူ မြို့သားတို့၏ဂုဏ်ရည်
အဲဒီတော့ ကောသမ္ဗီပြည်ဆိုတာက ပရိသတ်ရေ သာသနာတော် ရဲ့သမိုင်းမှာတော်တော်မှတ်သားစရာကောင်းတဲ့မြို့တစ်မြို့။ ဘာလို့လဲဆို တော့ သက်တော်တစ်ရာ့ခြောက်ဆယ် အသက်ရှည်ပြီးတော့ အနာကင်း၊ ကျန်းမာခြင်းနှင့်ပြည့်စုံတဲ့နေရာမှာ ဧတဒဂ်ရရှိတော်မူသော အရှင်ဗာကုလ အဲဒီကောသမ္ဗီမြို့မှာဖွား၊ ဗာကုလထေရ်ကြီး ဘယ်မြို့သားလဲ။
ကောသမ္ဗီမြို့သားပါဘုရား။
ထူးတယ်၊ နောက် ကောသမ္ဗီမြို့က ဘာထူးသေးလဲဆိုတော့ မေတ္တာ ဧတဒဂ်ဘွဲ့ရတဲ့သာမာဝတီဆိုတာလည်း ကောသမ္ဗီကပဲ၊ အခု ဗဟုသုတ ဓမ္မကထိကဧတဒဂ်ရတဲ့ ခုဇ္ဇုတ္တရာလည်းပဲ ကောသမ္ဗီကပဲဆိုတော့ ကောသမ္ဗီ တစ်မြို့တည်းက ထူးချွန်တဲ့ပုဂ္ဂိုလ်ကို ပရိသတ်ရေ ပေါ်ပေါက်တာ ယခုပြောတာ ဘယ်နှစ်ယောက်လဲ။
သုံးယောက်ပါဘုရား။
သုံးယောက်ထဲမှာ နှစ်ယောက်က အမျိုးသမီးဖြစ်တယ်၊ သာမာဝတီ ခုဇ္ဇုတ္တရာ၊ သာမာဝတီက မေတ္တာဝိဟာရီဧတဒဂ်၊ ဘာပါလဲ။
မေတ္တာဝိဟာရီဧတဒဂ်ပါဘုရား။
မေတ္တာနဲ့နေတယ်၊ အမြဲတန်းမေတ္တာနဲ့နေတယ်၊ အဲဒီ သာမာဝတီနဲ့ ခုဇ္ဇုတ္တရာတို့ကတွဲဖက်အလွန်ညီတဲ့ မိန်းမနှစ်ယောက်၊ တွဲဖက်သိပ်ညီတယ်၊ နှစ်ယောက်စလုံးဘွဲ့တံဆိပ်ရ။
''ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ မေတ္တာဝိဟာရီနံ ဥပါသိကာနံ ယဒိဒံ သာမာဝတီ''
ဘိက္ခဝေ - ရဟန်းတော်များ အိုချစ်သားတို့။ မမ သာသနေ - ငါ ဘုရားရှင်ရဲ့သာသနာတော်မှာ။ ယဒိဒံ ယာ ဧသာ သာမာဝတီ - အကြင် သာမာဝတီဆိုတဲ့ အမျိုးသမီးသည်။ အတ္ထိ - ရှိပါပေ၏။ ဧတံ ဧသာ သာမာ ဝတီ - ထိုသာမာဝတီဆိုတဲ့ အမျိုးသမီးငယ်သည်။ မမသာသနေ - ငါဘုရား ရှင်ရဲ့သာသနာတော်မှာ။ မမ သာဝိကာနံ - ငါဘုရားရှင်ရဲ့အဆုံးအမစ ကားကိုလိုက်နာကြကုန်သော။ မေတ္တာဝိဟာရီနံ - မေတ္တာဖြင့်နေလေ့ရှိကြကုန်သော။ ပရိသတ်ရေ ဘာနဲ့နေလဲ။
မေတ္တာနဲ့နေပါတယ်ဘုရား။
ရပ်တော့လည်း မေတ္တာနဲ့ရပ်နော၊ သွားတော့လည်း မေတ္တာပွားပြီးတော့ သွားတယ်တဲ့၊ ထိုင်တော့လည်း မေတ္တာပွားပြီးတော့ထိုင်တယ်တဲ့၊ အိပ်တော့လည်း မေတ္တာပွားလို့အိပ်တယ်၊ ဣရိယာပုတ်လေးမျိုး ခန္ဓာကိုယ်ရဲ့ လှုပ်ရှားတဲ့အနေအထာ လေးပါးစလုံးမှာ မေတ္တာလွှတ်တာ ဘယ်သူလဲ။
သာမာဝတီပါဘုရား။
သာမာဝတီ အသားကလည်းရွှေလိုဝင်းပြီးတော့ အလွန်လှတယ်။ အားလုံးရွတ်နေတဲ့သုတ္တန်မှာဒီနေနည်းပါတယ်။
''တိဋ္ဌံ စရံ နိသိန္နောဝ သယ နော ယာဝတဿ ဝိတမိဒ္ဓေါ''
ရွတ်နေတဲ့စာထဲမှာ ပရိသတ်ရေ ဒါမပါဘူးလား။
ပါပါတယ်ဘုရား။
တိဋ္ဌံ စရံ နိသိန္နောဝ သယနေ - တိဋ္ဌံ - ရပ်နေတုန်းမှာပဲဖြစ်ဖြစ်။ စရံ - သွားနေတုန်းမှာပဲဖြစ်ဖြစ်။ နိသိန္နောဝ - ထိုင်နေတုန်းမှာပဲဖြစ်ဖြစ်။ ပြီးတော့ဘာလာလဲ၊ သယနော - လျောင်းစက်နေတုန်းမှာပဲဖြစ်ဖြစ်။ ဧတံ သတိံ အဓိဋ္ဌေယျ - အဲဒီ မေတ္တာသတိကို ဆောက်တည်လို့နေကုန်ရာ၏။ ရပ်လည်းမေတ္တာ၊ သွားလည်းမေတ္တာ၊ ထိုင်လည်းမေတ္တာ၊ အိပ် လည်းမေတ္တာပေါ့၊ အဲဒီလိုနေမယ်ဆိုရင်။
ဧတံ ဝိဟရဏံ - အဲဒီလိုမေတ္တာနဲ့နေကြခြင်း ထိုင်ကြခြင်းကို။ ဗြဟ္မဝိဟာန္တိ၊ ဗြဟ္မဝိဟာရခေါ်တယ်လို့ ပရိသတ်ကြီး ဗြဟ္မဝိဟာရခေါ်ကြည့် လိုက်ပါ။
ဗြဟ္မဝိဟာရပါဘုရား။
ဗြဟ္မာကြီးတွေနေသလိုပဲတဲ့။ သာမာဝတီက ဥတေနနန်းတော်မှာ ဘယ်လိုနေသလဲ ဗြဟ္မာကြီးတွေနေသလိုနေနေတာ၊ ကမာရွတ်ကဒကာမ တွေနဲ့ နည်းနည်းကွာလိမ့်မယ် ဟုတ်လား။ အေး ဗြဟ္မဝိဟာန္တိ - ဗြဟ္မာပြည် မှာ ဗြဟ္မာကြီးတွေနေသလိုမေတ္တာနဲ့နေနေတဲ့အတွက်ကြောင့် ဗြဟ္မဝိဟာရ ခေါ်ရတယ်လို့ ပရိသတ်ရေ သာမာဝတီရဲ့နေခြင်းကို ဘာခေါ်သလဲ ဗြဟ္မဝိ ဟာရခေါ်တယ်။
Noble abiding မွန်မြတ်သော နေထိုင်ခြင်း။ အဲဒီလိုနေတဲ့ဗြဟ္မ ဝိဟာရခေါ်ရတယ်လို့။ သန္တော - ဘုရားအစရှိတဲ့အရိယာသူတော်ကောင်း တွေက။ အာဟု ကထေသိ - ကောင်းစွာမသွေ မိန့်ဆိုတော်မူကြလေကုန် သတည်း။
သာဓု သာဓု သာဓုပါဘုရား။

အမျိုးသမီးစွမ်းဆောင်ရှင် (အပိုင်း-၃)မျှော်

28 December 2009

တစ်ပိုင်းတစ်စအတွေးများ

ဘုန်းဘုန်း
ဆောင်းပါး ပို့လိုက်ပါတယ်။ အဆင်မပြေရင်တော့ မတင်ပါနဲ့။ သေချာ စစ်ကြည့်လိုက်ပါအုံး။ မှားပါမှာစိုးလို့။


တစ်ပိုင်းတစ်စအတွေးများ
တွေးမိနေတာတော့ ကြာပါပြီ။ တိုက်တိုက်ဆိုင်ဆိုင် ဟိုတလောကက ၂၀၀၉ ထုတ် မန္တလေးသာသနာ့ တက္ကသိုလ်မဂ္ဂဇင်းမှာပါတဲ့ အရှင်ဝါသဝ(နတ်မောက်)ရဲ့ မှားမှန်အဖြစ် အမှန်စစ်နိုင်ပါစေ (စာ-၄၈-၅၂)ဆိုတဲ့ဆောင်းပါးကို ဖတ်လိုက်ရတော့တွေးရုံနဲ့ အားမရလို့ရေးလိုက်တာပါ။ အဲဒီဆောင်းပါးမှာ အဓိကပြောထားတာက ဘယ်အရာမဆို အမှားအမှန်ကိုကိုယ်ပိုင်ဥာဏ်နဲ့ ဝေဖန်စိစစ်တတ်ဖို့၊ အမှားအမှန်ကို ထောက်ပြရဲတဲ့သတ္တိမျိုးရှိဖို့၊ အများနဲ့သက်ဆိုင်တဲ့ဟောပြောပွဲတွေမှာ အပြန်အလှန်ဆွေးနွေး မေးမြန်းနိုင်တဲ့စနစ်မျိုးရှိဖို့ စတာတွေကိုမြင်သာအောင် တင်ပြထားပါတယ်။ အဲဒီလိုအမှားအမှန်ကို ကိုယ်တိုင်ဝေခွဲနိုင်ပြီး အမှန်ဘက်ကနေ ရဲရဲဝံ့ဝံ့ ရပ်တည်နိုင်တဲ့သတ္တိမျိုးကိုလည်း ငယ်ငယ်ကတည်းက လေ့ကျင့်ပျိုးထောင်ပေးဖို့ အထူးသဖြင့် စာသင်ခန်းတွေမှစတင်ပြီး အဲဒီလိုသတ္တိမျိုးရအောင် ပျိုးထောင်ပေးဖို့ တိုက်တွန်းထားပါတယ်။ ဆောင်းပါးကိုဖတ်ပြီး တဆက်တည်း
ကိုယ့်ကိုကိုယ်ပြန်ဆင်ခြင်မိပါတယ်။

အော်...ဟုတ်တယ် ငါတို့တတွေဟာလည်း တစ်ချို့ကိစ္စတွေမှာ အမှားအမှန်မစစ်ဘဲ လက်ခံခဲ့တာ၊
အမှန်ကိုတကယ်မသိလို့လက်ခံခဲ့တာ၊ အကြောင်းအမျိုးမျိုးကြောင့် မှားမှန်းသိရက်နဲ့ အမှန်မပြင်နိုင်ရဲခဲ့တာတွေနဲ့ ကြီးပြင်းခဲ့ရတာပါလားလို့ ခံစားလိုက်ရပါတယ်။ ဆောင်းပါးရှင်ကတော့ ဘာသာရေးနဲ့ ပတ်သက်တာတွေကို အလေးထားပြီးတင်ပြသွားတာပါ။ ကိုယ်က ဘာသာရေးအပြင် တခြားအရေးတွေကိုပါ ဆက်ပြီးတွေးမိတာပါ။ တစ်စုံတစ်ခုအပေါ်မှာ အမှားအမှန်မစစ်ဘဲ လက်ခံလိုက်တာဟာ အမှန်ကိုတကယ်မသိလို့လဲ ဖြစ်နိုင်ပါတယ်။

ခုခေတ်မှာ အကြောင်းအရာမျိုးစုံကို နည်းမျိုးစုံနဲ့ မြင်နေ ကြားနေရပါတယ်။ တစ်ခုနဲ့တစ်ခုဟာလည်း မတူဘူးဆိုရင် ဘယ်ဟာအမှန် ဘယ်ဟာအမှားဆိုတာ ဆုံးဖြတ်ရခက်မှာပါ။ ကိုယ်ကျွမ်းကျင်တဲ့ နယ်ပယ်မဟုတ်ရင် ဆုံးဖြတ်ဖို့တော်တော်ခက်ပါတယ်။ ခုခေတ်လူတော်တော်များများဟာ ဗဟုသုတတွေအများကြီးရှိ အကြောင်းအရာ တော်တော်များများကိုလည်း သိကြပါတယ်။ ဒါပေမယ့် တစ်ခုခုကို ခြေခြေမြစ်မြစ်သိလားဆိုရင် အဲဒီလိုလူတော်တော်ရှားပါတယ်။ ဒါကြောင့် တစ်ခုခုကို အမှားအမှန်ဝေဖန်ဖို့ လိုတဲ့အခါ မဆုံးဖြတ်ခင်မှာ အဲဒီကိစ္စနဲ့ပတ်သက်တဲ့ အမှားအမှန်ကိုဝေဖန်နိုင်တဲ့ အသိဥာဏ်ပညာမျိုး၊ အတွေးအခေါ်မျိုး ကိုယ့်မှာအပြည့်အဝ ရှိနေဖို့ အရေးကြီးပါတယ်။

ဝေဖန်နိုင်တဲ့ အသိဥာဏ်ပညာမျိုးရှိမှလည်း မှန်ကန်တဲ့အဖြေရမှာပါ။ တခါတရံမှာတော့ အမှားနဲ့အမှန်ဟာ မကွဲပြားဘဲ ရှိနေတတ်ပါတယ်။ တစ်ချို့ကိစ္စတွေက အမှားအမှန်သတ်မှတ်ချက် အတိအကျရှိပေမယ့် တစ်ချို့ဟာတွေကျတော့ မရှိပါဘူး။ အဲဒီအခါမှာ အမှားအမှန်ကို ဘာနဲ့တိုင်းတာဆုံးဖြတ်မလဲလို့ စဉ်းစားစရာ ဖြစ်လာပါတယ်။ ရလာမဲ့အကျိုးဆက်ပေါ်မူတည်ပြီး ဆုံးဖြတ်ရမယ်လို့ ယူဆကြမယ်ထင်ပါတယ်။

အရာရာတိုင်းကို လိုက်ပြီး အမှားအမှန် စိစစ်ဖို့မလိုပေမယ့် ဘဝမှာအရေးပါတဲ့ကိစ္စတစ်ချို့မှာတော့ အမှားအမှန်စိစစ်ဖို့လိုပါတယ်။ တစ်ချို့ကိစ္စတွေက မှားမှားမှန်မှန် ပြသနာသိပ်မရှိပေမယ့် တစ်ချို့ကိစ္စတွေမှာတော့ အကြီးအကျယ် ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက အမှားကို တကယ်မသိလို့ လက်ခံလိုက်သူ၊ အမှန်ထင်လို့ပြောတဲ့သူကို သိတဲ့သူကအမှန်ပြင်တဲ့ကိစ္စပါ။ အဲဒီမှာ အမှန်ပြင်တဲ့သူဟာ ရိုးရိုးသားသား (ရိုးရိုးသားသား) နဲ့ သဘောထားမှန်ဖို့ အရေးကြီးပါတယ်။ အပြင်ပေးခံရသူကလည်း သဘောထားကြီးဖို့ လိုပါတယ်။ (တမင်မှားအောင် ရည်ရွယ်ချက်နဲ့လုပ်တဲ့သူကိုတော့ တစ်မျိုးပေါ့)။ တစ်ချို့ကိစ္စတွေမှာ လိမ်လိမ်မာမာ ပါးပါးနပ်နပ်နဲ့ ပြင်ပေးတတ်ဖို့ လိုပါတယ်။ မဟုတ်ရင် နောက်ဆက်တွဲတွေက မမျှော်လင့်တာတွေ ဖြစ်လာတတ်ပါတယ်။

ဒါကြောင့် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေးစတာတွေမှာ အမှားစစ်တာပဲဖြစ်ဖြစ်၊ အမှန်ပြင်တာပဲဖြစ်ဖြစ် အရေးအကြီးဆုံးက ပြင်နိုင်စစ်နိုင်တဲ့ အသိဥာဏ်ပညာမျိုး အပြည့်အဝရှိဖို့ပါ။ ဒါမှလည်းရလဒ်ကောင်းတွေ ထွက်လာမှာပါ။
အဲဒီအသိပညာမျိုးရအောင် ဘယ်လိုလေ့ကျင့်ပျိုးထောင်ပေးကြမလဲ။ ပျိုးထောင်ပေးလို့ရောရပါ့မလား။ ပျိုးထောင်ရပြီဆိုပါတော့ ပြင်ရောပြင်ရဲကြပါ့မလား။(ရိုးသားစွာနဲ့) ပြင်ဖို့တာဝန်ရှိတယ်လို့ရော
ခံစားမိကြပါ့မလား။ တွေးစရာတွေကတော့ အများကြီးပါပဲ။

မြတ်စု
၂၇-၁၂-၂၀၀၉


လွန်ခဲ့တဲ့ရက်ပိုင်းက မမြတ်စုအား မေးမိပါသည်၊ ညီမ စာရေးဝါသနာပါလားလို့၊ ၀ါသနာပါရင် ဆောင်းပါးလေးတစ်ပုဒ်လောက် ရေးပါ့လား၊ အများအတွက် ဗဟုသုတ အသိဥာဏ်ရစေမဲ့ ဆောင်းပါးမျိုးပေါ့။ သူလဲပဲ စာပေ၀ါသနာပါသည့်အလျောက် ရက်မကြာပဲ ချက်ချင်း ဆောင်းပါတစ်ပုဒ် ခေါင်းထဲက ညစ်ထုတ်ပေးနိုင်ခဲ့တယ်။ မမြတ်စုအား အထူးကျေးဇူးတင်ပါတယ်။ မမြတ်စုလိုပဲ စာပေ၀ါသနာပါသူများကို ဖိတ်ခေါ်ပါတယ်။

သီတဂူစတား
၂၈-၁၂-၂၀၀၉

27 December 2009

ရေသောက်ခြင်း၏ အကျိုးများ

ရေသည် လူတို့၏ အသက်ရှင် ရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်လှပါသည်။ ထို့ကြောင့်လည်း ရေအသက် တစ်မနက်လို့ ပြောကြတယ်ထင်ပါတယ်။ သို့ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်ဖို့ ဆိုရင်တော့ ရေကို စနစ်တကျ သောက်တတ်ဖို့လိုပါတယ်။ သောက်သင့်သည့် အချိန်တွင် သောက်သင့်သည့် ပမာဏကို သောက်သုံးပါက ခန္ဓာကိုယ်ကို အထိရောက်ဆုံး အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။

ရေသောက်သုံးသင့်သော အချိန်များ


* နံနက်အိပ်ယာထထချင်းတွင် ရေ ၂ ဖန်ခွက်သောက်ပါ။ ကိုယ်အတွင်းရှိ ကလီစာများအား နိုးရာတွင် အဆင်ပြေပါသည်။
* အစာမစားမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက်သောက်ပါ။ အစာကြေလွယ်သည်။
* ရေမချိုးမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက် သောက်ပါ။ သွေးပေါင်ချိန်ကျစေပါသည်။
* မအိပ်မီ ရေ တစ်ဖန်ခွက်သောက်ပါ။ လေဖြတ်ခြင်းနှင့် နှလုံးရောဂါကြောင့် လေဖြတ်ခြင်းတို့ကို လျော့နည်းစေပါသည်။

ရေအကျိုး ဆယ်ပါး


* ရေသည် ကျောက်ကပ်တွင် ကျောက်တည်ခြင်းအား တားဆီးနိုင်ပါသည်။ ကျောက်ကပ်တွင် ကျောက်တည်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ခန္ဓာကိုယ်တွင် ရေဓာတ်နည်းပါးသောကြောင့် ဖြစ်ပါသည်။ ရေသောက်များပါက ဆီးတွင် အနယ်ထိုင်နှုန်း နည်းသွားသည်။ ထို့ကြောင့် ကျောက်ကပ်တွင် ကျောက်တည်ဝေဒနာသည်များပါမက ရောဂါ မဖြစ်ပွားလိုသူများပါ တစ်နေ့ကို ရေ ၁၂ ဖန်ခွက်လောက် အနည်းဆုံးသောက်သင့်ပါသည်။
* ရေသည် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ကုသပေးနိုင်ပါသည်။ ရေများများသောက်လေလေ ဆီးများများသွာလေလေဖြစ်ပါသည်။ ဆီးခဏခဏသွားနေပါက ဆီအိမ်အတွင်းရှိ bacteria ပိုးများ ဆီးနှင့်အတူပါသွားသောကြောင့် မြန်မြန်သက်သာနိုင်ပါသည်။
* ရေသည် ၀မ်းလျောသည့်အခါတွင် ဆုံးရှုံးသွားသော ရေဓာတ်ကို ပြန်လည်ဖြည့်တင်းရာတွင် အထောက်အကူပြုပါသည်။ သို့သော် ရိုးရိုးရေထက် ဓာတ်ဆားရည်က ပိုမိုထိရောက်ပါသည်။
* ရေသည် အဖျားကို လျော့ချရာတွင် အထောက်အကူပြုပါသည်။ ကိုယ်အပူချိန်တက်လျင် ရေဓာတ်ဆုံးရှုံးမှု ပိုမိုများပြားပါသည်။ ရေများများသောက်ပါက ကိုယ်အပူချိန်ကျသည့်အပြင် ဆီးများများသွားသောကြောင့်လည်း ကိုယ်ပူကျ ပိုမြန်ပါသည်။
* ရေများများသောက်ပါက တုတ်ကွေးမိသောအခါ သို့မဟုတ် နှာစေးချောင်းဆိုးဖြစ်သောအခါ အထောက်အကူပြုပါသည်။ ရေဓာတ်များပါက လည်ခေါင်းအတွင်းရှိ သလိပ်များ ပိုမိုကျဲသွားပြီး ဟတ်ထုတ်ရာတွင် လွယ်ကူစေပါသည်။ ထို့အတူ နှာခေါင်းပိတ်ခြင်းကိုလည်း သက်သာစေပါသည်။
* ရေသည် အစာစားနောက်ကျသောကြောင့် ဖြစ်ပေါ်လာသည့် ရင်ပူခြင်း (acid ကြောင့် ဗိုက်အောင့်ခြင်း) ကိုသက်သာစေပါသည်။ ရေ ၂ ခွက်နှင့် ငှက်ပျောသီး တစ်လုံးသည် Antacid တစ်လုံးကဲ့သို့ စွမ်းဆောင်နိုင်ပါသည်။
* ရေများများသောက်ပါက ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ ရေသောက်နည်းပါက မစင်တုံးများသည် ပိုမိုမာကျောသွားပြီး ၀မ်းချုပ်စေပါသည်။ ထို့ကြောင့် ၀မ်းချုပ်၍ မရသည့် လိပ်ခေါင်းနှင့် စအိုဝကွဲနာ ဝေဒနာသည်များအတွက် ရေသည် ဆေးတစ်ခွက်ပင် ဖြစ်ပါသည်။
* ရေသည် လူကို လန်းဆန်းတက်ကြွ စေပါသည်။ ရေဓာတ်နည်းပါးလာပါက သွေးသည် အလိုလို စေးပျစ်လာတတ်သည်။ ထိုအခါ ဦးနှောက်သို့ သွေးစီးနှုန်း နည်းသွားပြီး ခေါင်းနောက်ခြင်းနှင့် ပင်ပန်းခြင်းတို့ကို ခံစားရနိုင်ပါသည်။
* အစာမစားမီ ရေသောက်လေ့ရှိပါက ဗိုက်ပိုတင်းပြီး အစာသိပ်မစားဖြစ်တော့ချေ။ ထို့ကြောင့် ကိုယ်အလေးချိန်လျှော့ရာတွင် ရေသည် အရေးကြီးပါသည်။
* ရေသည် အရေပြားနှင့် အသားအရေကို စိုစွတ်အေးမြစေပါသည်။ အသားအရေကိုလည်း လှပစေပါသည်။


ရေသောက်ရာတွင် လိုက်နာသင့်သည် အချက် ဆယ်ချက်


* အိပ်ယာနိုးနိုးချင်း ရေသောက်ပါ။
* တစ်နေ့ကို အနည်းဆုံး ရေဖန်ခွက် ၈ ခွက်မှ ၁၂ ခွက် အထိသောက်ပါ။
* ရေကို နည်းနည်း ဖြင့် ခဏခဏ သောက်ခြင်းက တစ်ခါတည်း အများကြီးသောက်ခြင်းထက် ပိုမို အကျိုးရှိပါသည်။
* ရေငတ်မှ ရေသောက်ခြင်းကို ရှောင်ကြဉ်ပါ။ အထူးသဖြင့် အသက်ကြီးသူများတွင် ခန္ဓာကိုယ်အတွက် ရေဓာတ်နည်းပါးနေသည်ကို အာရုံခံစွမ်းအား နည်းသွားပါသည်။
* ရေသောက်ရာတွင် ရိုးရိုးရေကိုသာသောက်ပါ။ အအေး၊ ကော်ဖီ၊ ဘီယာ နှင့် အရက်သောက်ခြင်းများ ရှောင်ကြဉ်ပါ။ အဆိုပါ အရေများသောက်ပါက ရေဓာတ်ဆုံးရှုံးမှု ပိုမို များပြားသွားပါလိမ့်မည်။
* ကလေးများကို ရေများများသောက်ရန် ကျင့်ပေးပါ။ မိမိကိုယ်တိုင် စံပြအဖြစ်လုပ်ပြပါ။
* ကစားပြီး လေ့ကျင့်ခန်းများလုပ်ပြီးပါက ရေပိုသောက်ပါ။
* ဖျားနာပြီး ကိုယ်ပူနေပါက ရေပိုသောက်ပါ။ ရေဓာတ်ဆုံးရှုံးမှု များသောကြောင့် ဖြစ်ပါသည်။
* ကိုယ်ဝန်ဆောင်သည်များအနေဖြင့် ရေပိုသောက်ပါ။ ပုံမှန်သောက်နေကျထက် ၃-၄ ခွက်ခန့် ပိုသောက်သင့်သည်။


(အလင်းစေတမန် )
မှ ကူးယူဖော်ပြပါသည်။

26 December 2009

ပူနေးသြ၀ါဒ (အပိုင်း-၁)


သီတဂူဆရာတော်သြ၀ါဒ
(ပူနေးတက္ကသိုလ် ကျောင်းသားများ အိန္ဒိယ)


လူသာလျင် အကြီးကျယ်ဆုံး
ရှေးဦးစွား သီတဂူဆရာတော်ကြီးကို ပူနေးကျောင်းသားများက အသံပြိုင်ကန်တော့ကြသည်။ ထိုနောက်ဆရာတော် အမိန့်ရှိသည်မှာ ငါအမြဲတမ်းကြော်ငြာထားတဲ့ ဆောင်ပုဒ်တစ်ပုဒ်ရှိတယ် မင်းတို့အားလုံး ရကြလိမ့်မည်ဟု မျော်လင့်တယ်။ There is nothing great in the world but man. ကမ္ဘာမှာ လူက လွဲလို့ ကြီးကျယ်တာ ဘာမှမရှိဘူး။ လူသည် ဘုရားလည်းဖြစ်နိုင်တယ်၊ ပစ္စေကဗုဒ္ဓါလည်း ဖြစ်နိုင်တယ်၊ ရဟန္တာလည်းဖြစ်နိုင်တယ်၊ စကြာဝတေးမင်းလဲဖြစ်နိုင်တယ်၊ ဘုရင်လဲဖြစ်နိုင်တယ်၊ ဗြဟ္မာလည်းဖြစ်နိုင်တယ်၊ နတ်လည်းဖြစ်နိုင်တယ်၊ သကြားလည်းဖြစ်နိုင်တယ်၊ အဲ--ယုတ်စွအဆုံး မစင်စားတဲ့ ခွေးလည်းဖြစ်နိုင်တယ်။ လူက အကုန်ဖြစ်နိုင်တဲ့ ဘ၀ပဒေသာကြီးပေါ့၊ အ၀ီစိသွားချင်လည်းရတယ်၊ လူ့ဘ၀ဟာ လမ်းဆုံပဲ (junction of the world).
အဲဒါကြောင့် မင်းတို့တစ်တွေ အထက်သွားမလား အောက်ဆင်းမလား၊ နှစ်ခြောင်းထောက်ကနေ လေးခြောင်းထောက် သွားခြင်သလား။

လူထဲက အကြီးကျယ်ဆုံးတရား
နောက်တစ်ခုက There is nothing in man but character and wisdom. လူမှာလည်း သီလနှင့်ပညာထက် ကြီးကျယ်တာ ဘာမှ မရှိဘူး၊ သီလနှင့်ပညာနုတ်လိုက်ရင် လူမှာ ဘာမှ မရှိတော့ဘူး။ လောကကြီးတခုလုံးသည် အထူးသဖြင့် သတ္တလောကကြီးတခုလုံးမှာ လူဟာ အကြီးကျယ်ဆုံးပဲ၊ Great ပဲ၊ လူ့သန္တာန်မှာလဲ ပညာနှင့် ကိုယ်ကျင့်တရားဟာ Great ပဲ၊ အကြီးအကျယ်ဆုံးပဲ၊ အဲဒီနှစ်ခု နုတ်လိုက်ရင် လူဟာ Meaningless ပဲ၊ အဓိပ္ပါယ်မရှိဘူးပေါ့၊ သူဋ္ဌေးပဲဖြစ်ဖြစ်၊ ဘုရင်ပဲဖြစ်ဖြစ်၊ ပညာမဲ့နေရင် အလကားပဲ။

ဘုရင်ဆိုတာ
ဘုရင်ဆိုတာ တိုင်းပြည်ရဲ့ service ပဲ၊ တိုင်းပြည်နှင့်လူမျိုးအတွက် service ပေးနိုင်ဘို့ရန် သူတို့ရဲ့ investment (အရင်းအနှီးက) က ကိုယ်ကျင့်တရားနှင့် ပညာပ ဒီနှစ်ခုပဲ။ King တို့ Government တို့ဆိုတာ တိုင်းပြည်ရဲ့ service အလုပ်အကြွေးပဲ။ service (အလုပ်ကြွေး) ဖြစ်ဘို့ရန် character (သီလ)နှင့် wisdom (ပညာ) လိုအပ်တယ်။ wisdom ဆိုတာကို ပြန်ပြောင်းပြောရင် education ပဲ။ အဲဒီနှစ်ခုကင်းမဲ့နေရင် အဲဒီဘုရင်ဟာ တိုင်းပြည်အတွက် အသုံးမကျဘူး၊ အဲဒီအစိုးရဟာလည်း အသုံးမ၀င်ဘူး။ အဲဒီတော့ မင်းတို့တတွေ အခု ပညာသင်နေကြတယ်၊ ကျောင်းတက်နေကြတယ်၊ ဘာလုပ်ဘို့လဲ။ Ph.D ဘွဲ့တွေချိတ်ပြီး ဘာလုပ်မလဲ။

သာသနာပြုတာဝန် ၂ ရပ်
စောစောက လောကအကြောင်းကို အတိုချုပ်ပြီးပြောခဲ့တယ်။ သာသနာမှာလည်း Ministry ရယ် Missionary ရယ် နှစ်ခုရှိတယ်။ အဲဒီ နှစ်ခုကို မင်းတို့တတွေ လုပ်ရမယ်။ Missionary ဆိုတာက လူ့လောကကြီးမှာ moral (ကိုယ်ကျင့်သီလ)၊ mental, spiritual (စိတ်ဓာတ်)၊ နှင့် intellectual (အသိဥာဏ်) ဆိုပြီး အခြေခံသုံးခုရှိတယ်။ Missionary means doing and works on the development of morality, mentality and intellectuality. အဲဒီသုံးခုကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ခြင်းသည်ပင် Missionary ခေါ်တာပဲ။

Mean why we must do service for the mission and country. Service ဆိုတာ humanity works ပဲ၊ Social works ပဲ၊ Material Life အတွက်ပဲ၊ ရုပ်လောကကြီးကို အကျင့်ကောင်းအောင် သင်ပေးတာ စိတ်ဓာတ်ကောင်းအောင် သင်ပေးတာ ပညာတက်အောင် သင်ပေးတာ၊ ဒါက Religious Leaders (ဘာသာရေး ခေါင်းဆောင်) တွေအတွက် ဒီနှစ်ခုဟာ မဖြစ်မနေလုပ်ရမယ်၊ အဲဒါဟာ Missionary ပဲ။

Ministry ဆိုတာကတော့ အကျင့်အောင် ဘယ်လိုပဲသင်ပေးပေး မထိရောက်ဘူး၊ သိပ်မွဲနေတဲ့သူတစ်ယောက် ဘယ်လိုပဲ အကျင့်ကောင်အောင် သင်ပေးပေး မဖြစ်ဘူး၊ အဲဒါကြောင့် သူတို့ကို ထောက်ပံ့ရမည်၊ စိတ်ဓာတ်ကောင်းအောင် ဘယ်လိုပဲသင်ပေးပေး ပစ္စည်းဥစ္စာမွဲနေတဲ့ ဆင်းရဲသား တစ်ယောက်ဟာ စိတ်ဓာတ်တွေ ညံ့သွားတက်တယ်။ အဲဒီတော့ အဲဒီတော့ စိတ်ဓာတ်ရယ်၊ အကျင့်တရားရယ်၊ ပညာရယ် ဒီဥစ္စာတွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေပေမဲ့ တစ်ဖက်မှာက သူတို့ရဲ့စားဝတ်နေရေး ကျန်းမာရေးတွေအတွက် လူမှုရေးလုပ်ငန်းတွေ လုပ်ဘို့လိုအပ်တယ်၊ ကျန်းမာရေးအတွက် education ဥပမာ- ငါ စာသင်ကျောင်းတွေ ဆေးရုံတွေ နေရာအနှံ့အပြား လိုက်ဆောက်နေတယ်ဆိုတာ Ministry ပဲကွ။

Ministry ဆိုတာ မင်းတို့က ၀န်ကြီးဌာနကြီးပဲလို့ အောင့်မေ့နေကြတယ်၊ Ministry ဆိုတဲ့စကားလုံးဟာ ခရစ်ယာန်သာသနာကစခဲ့တာ၊ အဲဒီတော့ မင်းတို့ Minister ဆိုရင် ၀န်ကြီးလို့ထင်နေကြတယ်၊ အဲဒါကို encyclopedia မှာ သေချာဖတ်ကြည့်။ Ministry is a service for the country. တိုင်းပြည်ရဲ့အလုပ်အကြွေးပဲ အခုတော့ အရှင်သခင်တွေဖြစ်ကုန်ပြီ။ အဲဒီတော့ မင်းတို့တတွေ ဘာလုပ်မလဲဆိုတော့ အဲဒီနှစ်ခုကိုလုပ်ရမည်။ Service moral, mental, intellectual development for the country, nations. အဲဒီနှစ်ခုကို တပြိုင်တည်းလုပ်ရမည်။

မြတ်ဗုဒ္ဓရဲ့ Mission and Ministry
မြတ်ဗုဒ္ဓ ၄၅နှစ်လုပ်သွားတာကြည့်လေ၊ အ၀ိဇ္ဇာလွှမ်းနေတဲ့ကမ္ဘာကို ဘာလုပ်ပေးသလဲ၊ အ၀ိဇ္ဇာ (အကန်းကမ္ဘာ)ကို မျက်လုံးပေးတယ်၊ အပင်းကမ္ဘာကို နားပေးတယ်၊ အိပ်နေတဲ့ကမ္ဘာကို စည်ရိုက်ပေးတယ်၊ ဓမ္မစက္ကံ ပ၀တ္တေတုံ ဂစ္ဆာမိ ကာသိနံ ပုရံ၊ ပြီးတော့ အာဟဉ္ဇံအမတ ဒုန္ဒုဘိံ။ အပင်းကမ္ဘာကို စည်းရိုက်ပြီးနိုးတယ်။

အဲဒါကြောင့် အဲဒီကစပြီး ဗုဒ္ဓရဲ့ ၄၅ နှစ်ကိုကြည့်ရင်-- အဖွားအိုတစ်ယောက် သားသမီး ၁၁ ယောက်က ပစ်လိုက်တာ ဘုရားပဲ ကောက်မွေးထားတယ်၊ အဘိုးအိုတစ်ယောက် သားတွေ သမီးတွေကနှိပ်စက် မိန်းမကြီးက အိပ်ယာကထ ခြေထောက်နှင့်ကန်နိုး နွားတွေက ပျောက် လယ်တွေက ပျက်၊ အဲဒီ ပုဏ္ဏားကြီးကိုလည်း ဘုရားပဲကောက်မွေးထားတယ်။ ရာဓပုဏ္ဏားကြီးကို ကြည့်ပါဦး၊ သားတွေ သမီးတွေက စွန့်လိုက်တော့ သူတောင်းစာဖြစ်နေတဲ့ ရာဓပုဏ္ဏား ကျောင်းကပ်ပြီးနေရတယ်၊ ပုဂံဆေး ခွက်ဆေး အိမ်သာဆေး တံမျက်လဲပြီးနေရတာ အသက်ကြီးလာတော့ ရဟန်းဝတ်ချင်စိတ် ပေါက်လာတယ်၊ ဘယ်သူမှ ရဟန်းပြုမပေးချင်ကြဘူး၊ ဘုရားက အစည်းဝေးခေါ်ပြီး ဒီ ရာဓပုဏ္ဏားက ကျေးဇူးပြုဖူးသောသူရှိရင် ထပါဆိုတော့ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးထလာတယ်၊ သူ သူတောင်းစားဘ၀က သူ့ရှေ့ကဖြတ်သွားစဉ် ဆွမ်း အိန္ဒိယလိုပြောရင် ကျပါတီ တစ်ချက်နှစ်ချက်လောက် လောင်းဖူးတယ်၊ အဲလိုဆိုရင် မင်းတာဝန်ယူပြီး ရဟန်းပြုပေးလိုက်ဆိုတော့ အရှင်သာရိပုတ်တာဝန်ယူလိုက်တယ်၊ ရာဓပုဏ္ဏားလဲ အရှင်သာရိပုတ္တရာရဲ့ လမ်းညွန်မှုအောက်မှာပဲ ရဟန္တာဖြစ်သွားခဲ့တယ်။ ဒါဟာ ဗုဒ္ဓရဲ့ Ministry ပဲ။

အပိုင်း(၂) ဆက်ပါဦးမည်။
သီတဂူစတား
၂၆-၁၂-၂၀၀၉

24 December 2009

မျိုးချစ်အာဇာနည်

ဧ၀ံ မေ ပတ္ထိတံ
-----------

“ဘုန်းဘုန်းဘုရား ”

မိမိသည် အခန်းထဲမှာ အနားယူနေခိုက် ကျောင်းသားတစ်ယောက်၏ အသံကို ကြားလိုက်ရ သဖြင့် အခန်းတံခါးကို ဖွင့်လိုက်၏။

“ဆရာတော်က ဘုန်းဘုန်းက ပင့်ခိုင်းလိုက်လို့ပါဘုရား”။

“အေးအေး - ဟုတ်ပြီ၊ ဘာကိစ္စလဲ”။

“မှန်ပါ၊ မင်္ဂလာဦးဆွမ်းကျွေးမှာ ပရိတ်တရား ချီးမြှင့်ဖို့ပါဘုရား”။

မိမိ ရောက်သည့်နေ့မှာပဲ မင်္ဂလာဦးဆွမ်းကျွေးနှင့် ပက်ပင်းတိုးမိလေသည်။ မိမိ စီးနင်း လိုက်ပါလာသည့် လေယာဉ်သည် ကွာလာလမ်ပူလေဆိပ်သို့ နံနက် ၈-နာရီခန့်မှာ ဆိုက်ရောက် သဖြင့် ဒေါက်တာအရှင်ဣန္ဒက၏ ကပုန်းကျောင်းသို့ နေ့ဆွမ်းစားအမီ ရောက်ရှိလာခြင်း ဖြစ်ပေသည်။

ကပုန်းကျောင်းတွင်းမှာ ကျင်းပသည့် မင်္ဂလာဦးဆွမ်းကျွေးပွဲ၌ မြန်မာ့ရိုးရာ လုံချည်, အင်္ကျီ တို့ကို ၀တ်ဆင်ထားသည့် သတိုးသား, သတိုးသမီးကို တွေ့ရသောအခါ “ဒါမှ မြန်မာလူမျိုးကွ” ဟု စိတ်ထဲ၌ အသံတိတ် ကြုံးဝါးမိလေသည်။ နိုင်ငံရပ်ခြား တိုင်းတပါး၌ မြန်မာ့ဝတ်စုံတို့ကို မြင်ရဖို့ မလွယ်ကူလှပေ။ မြန်မာ့ဝတ်စုံသည် မြန်မာပြည်မှာ မဆန်းသော်လည်း ပြည်ပမှာကား ဆန်း၍ လန်း၍ နေလေတော့သည်။ မြန်မာ့ရိုးရာဓလေ့ ယဉ်ကျေးမှုတို့သည်ကား ဝေးကွာလေလေ တမ်းတလေလေ ဖြစ်တော့သည်။

မိမိ အိန္ဒိယပြည်မှာ ၀ါဆိုခဲ့စဉ်က နံနက်မိုးလင်းမှာ အိန္ဒိယကုလားသီချင်းသံက မိမိ၏နားကို အမြဲတန်း နှိပ်စက်လေ၏။ ကုလားသီချင်းသံကို ကြားရလေလေ မြန်မာ့သီချင်းသံကို လွမ်းရ လေလေပင်။

“အောင်ခြင်းရှစ်ပါး အသံကြားတဲ့အခါ . . .”

“အစိန္တေယျ …. အပ္ပမေယျ … အနန္တစကြာသေဋ္ဌ …. အတုမရှိသော ကျေးဇူးဂုဏ်တော်… အပေါင်းတည်ရာ ဖြစ်တော်မူသော အရှင်ဝိပဿီ.. မြတ်စွာ . . . . ဘုရား … ကိုယ်တော်. ” စသည့်စသည့် မြန်မာ့တေးသံသာများကို အနုဿတိ (အဖန်တလဲလဲသတိရခြင်း) ကမ္မဋ္ဌာန်း စီးဖြန်းမိလေ တော့သည်။

တခါတရံ နတ်ရွာစံသွားလေပြီဖြစ်သော မြန်မာတို့၏ နောက်ဆုံးဘုရင်ဖြစ်သည့် သီပေါမင်း ကိုပင် သတိရမိလိုက်သေး၏။ “အော် သီပေါမင်းခမျာ ရတနာဂီရိမှာ အကျဉ်းကျစဉ်က ငါလိုပဲ ကုလား သီချင်းသံ၏ နှိပ်စက်မှုကို ခံရရှာမှာပဲ၊ သူ့ခမျာ မြန်မာပြည်ကြီးကို တော်တော် လွမ်းတော်မူလိမ့် မည့်ဖြစ်ခြင်း”။

တိုင်းတပါး၏ ရိုးရာယဉ်ကျေးမှုကို မြင်ရလေလေ မြန်မာ့ရိုးရာယဉ်ကျေးမှုကို သတိရလေလေ ဖြစ်ရသည်မှာ အတွင်းမှာ ကိန်းအောင်းနေသည့် ၀ံသာနုစိတ်ဓာတ်ကြောင့်ပင်တည်း။ ယခုကဲ့သို့ မြန်မာ့ရိုးရာဝတ်စုံကိုတွေ့ရသောအခါ စိတ်ထဲမှာ အလွမ်းပြေသလိုတော့ ခံစားရပါ၏။ သို့သော် ရာနှုန်းပြည့်တော့ မဟုတ်။

ယင်းဆွမ်းကျွေးပွဲ၌ ကျောင်းထိုင်ဆရာတော်က တရားနာပရိသတ်အား သီလပေးပြီးနောက် သတိုးသား, သတိုးသမီးတို့အား တစ်ယောက်နှင့် တစ်ယောက် နားလည်မှုရှိဖို့ လိုအပ်ကြောင်း၊ မယ်တစ်ထမ်း မောင်တစ်ရွက်ဆိုတာလို တာဝန်ကိုယ်စီ လုပ်ကိုင် ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း၊ ယခုလို ဘာသာတရားနှင့်အညီ ပြုလုပ်ကြခြင်းဟာ အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ခြင်းပဲ ဖြစ်ကြောင်းစသည်ဖြင့် အဆုံးအမ သြ၀ါဒစကားများကို မိန့်ကြားတော်မူ လေသည်။

“အမျိုးဘာသာ သာသနာကို စောင့်ရှောက်”ဟူသောစကားကို ကြားလိုက်ရသည့်အချိန်မှာ မန္တလေးမြို့ ၀ါခင်းကုန်းဆရာတော်ဟောကြားထားသည့် “မျိုးချစ်အာဇာနည် ဓနဉ္စာနီ” ဟူသော တရားကို နားထဲမှာ ကြားယောင်မိလေတော့သည်။ ဆရာတော်၏ အသံမှာ ကြည်လင်၏၊ ပြတ်သား၏။ နာရသည်မှာ အရသာရှိလှ၏။

“ဒကာ, ဒကာမတွေ ကိုယ့်သားသမီးတွေကို ဘုရားအဆုံးအမတွေကို ငယ်စဉ်တောင်ကျေး ကလေးဘ၀ကစပြီး ပြောပေးကြရမယ်၊ ဒါမှ သူတို့ကြီးလာတဲ့အခါမှာ အမျိုး ဘာသာရဲ့ တန်ဖိုးကို သိရှိ နားလည်ကြမှာ၊ အဲသလို မဟုတ်ရင် ဘာသာခြားနှင့် အိမ်ထောင်ပြုပြီး ဘာသာကူးပြောင်းသွားကြလိမ့် မယ်၊ ဒီကိစ္စကို ပေါ့ပေါ့တန်တန် မတွေးကြနဲ့၊ အလွန် အရေးကြီးတယ်”။

“ပြောရဦးမယ်၊ သင်ခန်းစာယူကြဖို့အတွက်၊ ဟိုတနေ့က မန္တလေးကပဲ၊ ကလေးမလေး တစ်ယောက်ဟာ ဘာသာခြားအမျိုးသားနှင့် ရည်ငံပြီး ဘာသာခြားတို့ရဲ့ ထုံးစံနှင့် အညီ နံနက်ခင်းမှာ မင်္ဂလာဆောင်တယ်၊ ညနေရောက်တော့ သမီးရှင်ဖြစ်သူမိဘတွေက သူတို့နှင့် ရပ်မိရပ်ဖတွေကို ဂါရ၀ပြုဖို့အတွက်ဆိုပြီး သတိုးသားနှင့် သတိုးသမီး သူတို့အိမ်မှာ ခေါ်လိုက်တယ်”။

“ရပ်မိရပ်ဖတွေ စုံတဲ့အချိန်မှာ အဖေဖြစ်သူက သတိုးသားနှင့် သတို့သမီးကို မြန်မာ့ ယဉ်ကျေးမှုအရ မိဘတွေကို ရှိခိုးဖို့ ပြောတဲ့အခါ သတိုးသားက `ကျွန်တော်တို့ ဘာသာတရားက အခြားဘာသာဝင်တွေကို ရှိခိုးဖို့ ပိတ်ပင်ထားပါတယ်၊ ဒါကြောင့် ရှိမခိုးနိုင်ပါဘူး`လို့ ပြောလိုက်တယ်”။

“သမီးကို ရှိခိုးဖို့ပြောတဲ့အခါကျတော့ သမီးဖြစ်သူက သူ့အမျိုးသားကို လှမ်းကြည့်လိုက်တယ်။ ဒီတော့ သတိုးသားက `ကျွန်တော့်အမျိုးသမီးကိုလည်း ကျွန်တော်တို့ ဘာသာထဲဝင်ဖို့ သစ္စာရေ တိုက်ထား ပြီးပြီ၊ ဒါကြောင့်သူကလည်း ဗုဒ္ဓဘာသာ မဟုတ်တော့ပါဘူး၊ ကျွန်တော်တို့ ဘာသာဝင် ဖြစ်သွားပါပြီ၊ ကျွန်တော်တို့ ဘာသာဝင်ဖြစ်သွားပြီဆိုရင် အခြားမည်သည့် ဘာသာဝင်ကိုမျှ ရှိမခိုးရ တော့ပါဘူး`လို့ ပြောလိုက်ပါတယ်။ အဲဒီအခါကျမှ အမေဖြစ်သူဟာ ၀မ်းနည်းပက်လက်ဖြစ်ပြီးတော့ ရင်ဘတ် စည်တီးကာ ချုံးချုံးချ ငိုပါတော့တယ်”။

“ဘယ်လောက် ရင်နာစရာကောင်းလဲ ပရိသတ်ကြီး၊ ကိုယ်မွေးတဲ့ သမီးကတောင် ကိုယ့်ကို ရှိမခိုးတော့ဘူးဆိုတော့ မိဘဖြစ်သူတွေမှာ ၀မ်းနည်းပက်လက်ဖြစ်ကြမှာပေါ့၊ ဒကာ, ဒကာမတွေ သတိထားကြ၊ ကိုယ့်သားသမီးတွေ အဲသလို မဖြစ်ကြစေနဲ့၊ ငယ်စဉ်တောင်ကျေးကလေးဘ၀က စပြီး အမျိုးဘာသာကို ချစ်တတ်, မြတ်နိုးတတ်အောင် ဆုံးမကြ၊ ကျောင်းကန်ဘုရားကို ခေါ်သွားကြ၊ ယဉ်ကျေးမှုသင်တန်းတွေမှာ တက်ခိုင်းကြပါ၊ ဒါမှ ဘာသာ သာသနာရဲ့ တန်ဖိုးကို သိကြမှာ”ဟု ၀ံသာနုစိတ်ဓာတ် အပြည့်ရှိသော ၀ါခင်းကုန်းဆရာတော် အရှင်တိက္ခ၏ တရားသံကို ကြားယောင် မိလေသည်။

ထိုကဲ့သို့ ၀ါခင်းကုန်းဆရာတော်၏တရားကို သတိရပြီး အတွေးများ လွင့်မျောနေစဉ်မှာပင် ကျောင်းထိုင်ဆရာတော်က ပရိတ်တရားရွတ်ဖတ် တော့မည်ဟု ပရိသတ်ကို ဆော်သြလိုက်တော့မှ မိမိ၏ အတွေးများ ပြတ်တောက်သွားတော့သည်။

ထို့နောက် . . .

မလေးရှားမှာ အလုပ်လုပ်နေသော်လည်း ပြည်ပရိုးရာဓလေ့ကို ခ၀ါချ၍ မြန်မာ့ရိုးရာဓလေ့ကို တန်ဖိုးထားသည့် ယင်းသတိုးသား သတိုးသမီးတို့၏ မင်္ဂလာဦးဆွမ်းကျွေးအခန်းအနားမှာ မိမိသည် ပရိတ်တရားတော်ကို ကျောင်းထိုင်ဆရာတော်နှင့်အတူတကွ အားရပါးရ ရွတ်ဖတ်၍ ချီးမြှောက် လိုက်လေသည်။

ပြည်ပရောက်နေသော်လည်း မြန်မာ့ဓလေ့ကို ခုံမင်၊ မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုး၊ မြတ်ဘုရား၏ အဆုံးအမကို တန်ဖိုးထားပြီး၊ ပရိတ်တရားတော်ကို တလေးတစား နာယူနေကြသည့် သတိုးသား, သတိုးသမီးကို ကြည့်ပြီး ဧ၀ံ- ဤသို့၊ မေ- ငါသည်၊ ပတ္ထိတံ- တောင့်တမိလေတော့သည်။

“ ဥုံ . . . ဖွဲဟဲ့ လွဲစေ ဖဲစေ၊ ယနေ့အချိန်မှစ၍ နောင်အနာဂတ်၌ မြန်မာ့ယဉ်ကျေးမှု, မြတ်ဘုရားအဆုံးအမကို ခ၀ါချပြီး လူမျိုးခြားယဉ်ကျေးမှု, ဘာသာခြား အဆုံးအမကို ခုံမင်မြတ်နိုးသည့် မြန်မာ့အမျိုးသား, အမျိုးသမီးများ မဖြစ်ပေါ်ရစ်ပါစေသား၊ မဖြစ်ပေါ်စေခလို”။


----------------------

အရှင်ဒေ၀ိန္ဒာဘိဝံသ

(၂၄၊ ၁၂၊ ၂၀၀၉)

23 December 2009

အာရှကျား


ဧ၀ံ မေ စိန္တိတံ

လောကကြီးသည် အံ့သြစရာကောင်းလှ၏။ တခါတရံ မမျှော်လင့်သော အရာများသည် ရုတ်တရက် ဖြစ်ပေါ်တတ်၏။ တောင်ယာခုတ်နေသော ကျေးတောသားတစ်ယောက်က သမ္မတ အိမ်ဖြူတော်ကို ရောက်သွားသကဲ့သို့တည်း။ (ဥပမာ- တောင်သူကြီးမင်း)။
တခါတရံ လုံးဝ မျှော်လင့်ထားသောအရာများကလည်း ရုတ်တရက် ပျောက်ကွယ်တတ်၏။ ပါးစပ်ပေါက်နား ရောက်နေသော အသားတုံး ပြုတ်ကျသွားသကဲ့သို့တည်း။ ထို့ကြောင့် ရှေးလူကြီးသူမ များက “ဘ၀ဆိုတာ သစ်ငုတ်မြင့်တုံ၊ မြက်မြင့်တုံပါပဲ”ဟု ပြောကြခြင်း ဖြစ်ပေလိမ့်မည်။ မည်သည့်အရာမဆို မတည်မမြဲဖြစ်တတ်ပုံကို သင်ခန်းစာ ယူဖို့ပင်တည်း။

မိမိသည် ဤနှစ်၌ (၂၀၀၉) မလေးရှားသို့ ရောက်လိမ့်မည်ဟု မမျှော်လင့်ခဲ့သလို သွားမည် ဟုလည်း စိတ်မကူးခဲ့ပါ။ နှစ်ပေါင်းများစွာ ကွဲကွာနေသော မိတ်ဆွေ မလေးရှားကျောင်းထိုင် ဘုန်းကြီးနှင့် အမှတ်မထင် ဆုံတွေ့ရသောကြောင့် ၂၀- ၁၂- ၂၀၀၉- ရက်နေ့တွင် မလေးရှားသို့ အမှတ်တမဲ့ ရောက်ရှိလာခြင်းဖြစ်ပေသည်။
မိမိသည် ဒေါက်တာ အရှင်ဣန္ဒကနှင့် မတွေ့သည်မှာ ၁၀-နှစ်ကျော်သွားပေပြီ။ လူချင်းမတွေ့ သော်လည်း သူသည် သီရိလင်္ကာမှ M.A ဘွဲ့ရကြောင်းကိုလည်းကောင်း၊ ဘုံဘေတက္ကသိုလ်မှ Ph.D ဒေါက်တာဘွဲ့ရကြောင်းကိုလည်းကောင်း၊ ယခုလောလောဆယ်မှာ မလေးရှားမှာ ကျောင်းထိုင်နေ ကြောင်းကိုလည်းကောင်း သူနှင့်ပတ်သက်သည့်သတင်းကတော့ ကြားသိနေရ၏။

ယခုခေတ် မီဒီယာများက လူသားများအတွက် အလွန်ကျေးဇူးများလှပေသည်။ ခေတ္တခဏ ကွဲကွာနေသော မိတ်ဆွေများ၊ လုံးဝ မတွေ့လောက်တော့ဘူးဟု ထင်ရသော မိတ်ဆွေများကို အင်တာနက်၏ ကျေးဇူးကြောင့် ပြန်လည်ဆုံတွေ့ကြ၏။ ထို့ကြောင့် အင်တာနက်သည် မိတ်ဆွေများ ဆုံစည်းရာဋ္ဌာနလေးပင် ဖြစ်နေတော့သည်။ “အို အင်တာနက် thank you very much”ဟု ပြောရမလိုပင်။
ဒေါက်တာ အရှင်ဣန္ဒကနှင့်မိမိသည် အင်တာနက်အွန်လိုင်းပေါ်မှာပင် အမှတ်မထင် ဆုံဖြစ် ခဲ့ကြလေတော့သည်။ ထိုအခါကြမှ သူ့အကြောင်း ကိုယ့်အကြောင်း ပြောဖြစ် လေတော့သည်။

သူသည် မလေးရှားရောက်သည်မှာ ၃-နှစ်ခန့်မျှ ရှိပြီ ဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာကို ကိုးကွယ်သူ တရုတ်မျိုးနွယ် ဒကာ, ဒကာမများ၏ ပင့်ဖိတ်မှုကြောင့် ရောက်လာခြင်း ဖြစ်ကြောင်း၊ ဓမ္မပြန့်ပွားရေး အတွက် တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်နေကြောင်း၊ တရုတ်ကလေးငယ်များ အတွက် ဆန်းဒေး စကူးလ် ဖွင့်လှစ်ထားကြောင်း၊ မြန်မာပြည်တွင်းမှာလည်း မိတ်ဆွေရဟန်းများနှင့် စုပေါင်း၍ ဓမ္မစင်တာ တစ်ခု ဖွင့်လှစ်ဖို့ စိုင်းပြင်းနေကြောင်း၊ အနာဂတ်ရဟန်းတော်လေးများအတွက် ပညာရေးတိုးတက်ဖို့ သင်တန်းများ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်းစသည်ဖြင့် သူ့ရည်ရွယ်ချက်ကို ပြောပြလေသည်။

မိမိလည်း သူ့၏ ဘာသာ, သာသနာအပေါ်ထားရှိသော သဒ္ဓါတရားကို အတော်လေး အားရ ကျေနပ်မိလေသည်။ သူသည် ရံဖန်ရံခါ စာရေး၏။ မြန်မာလူမျိုးများအား မြန်မာဘာသာဖြင့် ဟောပြီး နိုင်ငံခြားးသားများးအား အင်္ဂလိပ်ဘာသာဖြင့် တရားဟော၏။ ခေတ်နှင့်လျော်ညီသောအမြင်, ခေတ်နှင့်အံဝင်ဂွင်ကျဖြစ်သောအတွေး ရှိ၏။ ဗုဒ္ဓသာသနာတိုးတက်ဖို့အတွက် စိတ်အားထက်သန်၏။ အနေအထိုင်ကောင်း၏။ လူကြီးလူကောင်းပီပီ ပြောတတ်ဆိုတတ်၏။ ထို့ကြောင့် တရုတ်မျိုးနွယ်ဒကာ, ဒကာများက သူ့ကို အထူးလေးစားကြည်ညို ကြပေသည်။

သူသည် မိမိအား မလေးရှားရှိ သူ့ကျောင်းကို လေ့လာဖို့ ဖိတ်ကြားလေသည်။ သို့နှင့် မိမိသည် ကေလနိယတက္ကသိုလ် (သီရိလင်္ကာ) စာမေးပွဲပြီးဆုံးသောအခါ ကွာလာလမ်ပူမြို့သို့ အမှတ်မထင် ရောက်ရှိခဲ့လေတော့သည်။
ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ်သို့ ရောက်သောအခါ မလေးရှားနိုင်ငံ၏ အာရှ၏ ကျားတစ်ကောင်ဖြစ်မှန်းကို ကောင်းကောင်းကြီး မြင်တွေ့ရလေတော့သည်။ ကွာလာလမ်ပူ၏ ကြီးကျယ် ခန်းနားမှုက မိမိ၏ မျိုးချစ်စိတ် (၀ံသာနု)ကို အမိမြန်မာပြည်သို့ ဆွဲခေါ်သွားလေတော့သည်။ “ငါတို့ မြန်မာ ပြည်ကြီးလည်း အခုလို ကြီးကျယ်ခန်းနားလျှင် ကောင်းမှာပဲ”ဟု။

လူတိုင်းလူတိုင်းသည် ကိုယ့်နိုင်ငံကိုချစ်၏။ ကိုယ့်ဘာသာကို မြတ်နိုး၏။ ကိုယ့်သာသနာကို တန်ဖိုးထား၏။ ထို့ကြောင့်မြန်မာလူမျိုးမှန်သမျှ ရွှေတိဂုံဘုရားကို တမ်းတခြင်းဖြစ်ပေသည်။ ကမ္ဘာမှာ အလှဆုံး ဗိသုကာကို ပြပါဆိုလျှင် မိမိသည် ရွှေတိဂုံဘုရားကိုပဲ ညွှန်ပြပေမည်။ ရွှေတိဂုံကို ဖယ်ရှားလိုက်လျှင် မြန်မာပြည်၏အလှသည်လည်း နိဂုံးချုပ်သွားပေမည်။ ရွှေတိဂုံဖြင့်တန်ဆာဆင်ထား သော မြန်မာပြည်ကို စက်မှုနိုင်ငံအဖြစ်တည်ဆောက်နိုင်လျှင် အချိုပေါ်သကာလောင်းသကဲ့သို့ “အာရှ၏ ကျားဆိုမှကျား” ဖြစ်သွားပေလိမ့်မည်တကား။
မလေးရှားနိုင်ငံ၌ အလုပ်လုပ်နေကြသော မိမိနှင့်ရင်းနှီးသည့် မြန်မာလူငယ်များကို ပြောဆိုဆက်ဆံကြည့်သောအခါ သူတို့လေးများ၏ အလုပ်ကြိုးစားမှု, ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး အပေါ် ချစ်ခင်မှု, မြတ်ဘုရားသာသနာကို လေးလေးစားစား ရှိမှုကို သိမြင်ရခဲ့လေသည်။ အထူးအားဖြင့် သူတို့၏ မျိုးချစ်စိတ်ဓာတ်ကို အတော်လေး သဘောကျမိ၏။

မိမိသည် စူးစမ်းလိုသဖြင့် “မင်းတို့မြန်မာပြည်ကို မပြန်ချင်ဘူးလား”ဟု လူငယ်လေးများကို မေးလိုက်၏။
လူငယ်လေး တစ်ယောက်က ပြော၏။ “ဘုန်းဘုန်းဘုရား ဘယ်လိုမေးလိုက်တာလဲ၊ ပြန်ချင်တာပေါ့၊ အတောင်ပံပါရင် အခုပဲ ချက်ချင်း ထပြီး မြန်မာပြည်ကို ပြန်လိုက်ချင်တယ်ဘုရား”တဲ့။
တချို့ကတော့“ကြီးကျယ်ခန်းနားတဲ့ အခန်းထဲမှာ အဲယားကွန်းလေကို ရှူရတာထက် ရွာရှေ့က တမာရိပ်မှာ သင်းပြန့်ပြန့် လေရနံ့လေးကို ရှူရတာက ပိုပြီးလန်းပါတယ်”တဲ့။ အများအားဖြင့် မြန်မာ လူငယ်လေးများသည် အခြေအနေ အမျိုးမျိုးကြောင့် နိုင်ငံရပ်ခြား၌ မနေချင်ဘဲနှင့် နေကြရခြင်း ဖြစ်ပေသည်။

အလုပ်အကိုင် အတော်အဆင်ပြင်နေသော ရန်ကုန်သား လူငယ်လေးတစ်ယောက်ကတော့ “မလေးရှားမှာ နေရတာကလည်း ကြီးကျယ်ပါတယ်၊ ၀င်ငွေကလည်း မီလျံနာသူဋ္ဌေးလောက် မဟုတ်တောင် တပည့်တော်အနေနဲ့ဆိုရင် တော်တော် အဆင်ပြေပါတယ်၊ ဒါပေမဲ့ ရွှေတိဂုံဘုရားကို မဖူးရလို့ မပျော်တစ်ဝက် ပျော်တစ်ဝက်ပါဘုရား”တဲ့။
မိမိသည် နိုင်ငံရပ်ခြားတိုင်းတပါး၌ ၃-နှစ် ၃-မိုး ၀ါဆိုဖူး၏။ သို့သော် ၁-နှစ်မှ မပျော်ရွှင်ခဲ့ပါ။ အခြေအနေအရသာ နေရခြင်းဖြစ်ပေသည်။ မိခင်မြန်မာပြည်က လွဲ၍ ဘယ်တိုင်းပြည်, ဘယ်နိုင်ငံမျှ မနေချင်။ ထို့ကြောင့် သူတို့လေးများ၏ အလွမ်းဓာတ်ကို မိမိ ကိုယ်ချင်းစာမိပါသည်။ ကိုယ့်တိုင်းပြည်ကိုချစ်သောကြောင့် ကိုယ့်တိုင်းပြည်ကို လွမ်းကြခြင်းပင်တည်း။ ကိုယ်ချစ်သော အမိတိုင်းပြည်ကို တိုးတက်စေချင်သည်မှာလည်း မြန်မာလူမျိုးတိုင်းရဲ့တစ်ခုတည်းသော ဆန္ဒပင်။
ထို့ကြောင့် အာရှ၏ကျားတစ်ကောင်အဖြစ် ရပ်တည်နေသော မလေးရှားကို ကြည့်ပြီး ဧ၀ံ- ဤသို့၊ မေ- ငါသည်၊ စိန္တိတံ- ကြံစည်စဉ်းစား မိလေတော့သည်။

တနေ့သောအခါ …
“မြန်မာသည် အာရှ၏ ကျားဆိုမှကျား၊ ကိုးတောင်ပြည့် ကျား”

---------------
အရှင်ဒေ၀ိန္ဒာဘိဝံသ
(၂၃၊ ၁၂၊ ၂၀၀၇)

22 December 2009

အမျိုးသမီးစွမ်းဆောင်ရှင် (ပိုင်း-၁)


အမျိုးသမီးစွမ်းဆောင်ရှင် (အပိုင်း-၁)
၁၃၆၄ - ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၃) ရက်၊ ညချမ်း ကာလ(၇)နာရီ (၄၅)မိနစ်အချိန်က စတင်၍ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ (၆) ရပ်ကွက်၊ ဘူတာရုံလမ်း၊ ဇေယျဝတီပရိယတ္တိစာသင်တိုက် ဝိဇ္ဇာဓရဓမ္မ ဗိမာန်တော်မှာ ဦးအောင်ထွန်း+ဒေါ်အေးမြင့် သားသမီးတစ်စု ဓမ္မဒါနပြုသဖြင့် ဆင်ယင်ကျင်းပသော ဓမ္မသဘင်ကို ယခုမေတ္တာအာသီသဖြင့် မေတ္တာပတ္ထ နာဖြင့် စတင်ဖွင့်လှစ်ပါပြီ။
ဓမ္မသဘင်ပွဲသို့ရောက်ရှိလာသော တရားချစ်ခင် သူတော်စင်အ ပေါင်းတို့နှင့်တကွ သုံးဆယ့်တစ်ဘုံ အရပ်ဆယ်မျက်နှာ အနန္တစကြာဝဠာ၌ရှိကြကုန်သော အနန္တသတ္တဝါတွေ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်းကင်းငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ၊ ကိုယ် စိတ်နှစ်ပါး ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေလို့ မေတ္တာဓာတ်တွေ ဖြန့်ဝေ ပြီးတော့ ဓမ္မသဘင်ကို စတင်ဖွင့်လှစ်ပါပြီ။
ဤနေ့ ဇေယျဝတီဓမ္မသဘင်မှာ အားလုံးသောတရားချစ်ခင် သူတော်စင်တွေ ဘုန်းကြီးတို့ဟောနေတဲ့ ဓမ္မအစီအစဉ်က မြတ်စွာဘုရား လက်ထက်တော်ကာလက ဧတဒဂ်ဘွဲ့ထူးရရှိတဲ့ ပုဂ္ဂိုလ်လေးမျိုးတို့ရဲ့ဓမ္မအစီအစဉ် ဖြစ်ပါတယ်။
(၁) ရဟန်းတွေရယ်။
(၂) ရဟန်းမတွေရယ်။
(၃) ဒကာတွေရယ်။
(၄) ဒကာမတွေရယ်။
အဲဒီပုဂ္ဂိုလ်လေးမျိုးတို့ကို မြတ်စွာဘုရားက ဧတဒဂ်ဘွဲ့ထူးနဲ့ သာသနာတော်မှာ ချီးမြှောက်တော်မူခဲ့တာတွေရှိတယ်။
ဧတဒဂ်ဘွဲ့ထူးရ ပုဂ္ဂိုလ်တို့ရဲ့အကြောင်း
ဒီကနေ့ အမျိုးကောင်းသားတွေ အမျိုးကောင်းသမီးတွေ အားကျ စေဖို့ အတုယူစေဖို့ မိမိတို့ရဲ့ဘဝလမ်းကြောင်း ဖြောင့်ဖြောင့်ကြီး နိဗ္ဗာန်တိုင် လျှောက်လှမ်းပြီးတော့ ဘဝနှင့်စိတ်နေသဘောထားအာလုံး မြှင့်တက်စေဖို့ရာ နည်းလမ်းမျိုးစုံကို ပေးသွားတဲ့ ဧတဒဂ်ဘွဲ့ထူးရှင် ပုဂ္ဂိုလ်တို့ရဲ့ အကြောင်းအရာ ဘုန်းကြီးတို့ စတင်ဟောနေတဲ့ အစီအစဉ်ကတော့ ဥပါ သိကာဧတဒဂ်ဖြစ်ပါတယ်၊ ဥပါသိကာဆိုတာ အိမ်နေသူ ဒကာမတွေ ခေါင်းရိပ်လို့ ရဟန်းဝတ်နိုင်ကြတာတော့မဟုတ်ဘူး။
အိမ်မှာနေရင်း သားမွေးရင်း အိမ်ထောင်ပြုရင်း လုပ်ကိုင်ဆောင် ရွက်ရင်း စီးပွားရေး ဘာညာစသည် လောကီလူမှုရေးတွေကို ဒီလိုပဲ ပုဆိုးနှင့်ထမီနဲ့ လူ့လောကမှာ လုပ်ကိုင်ဆောင်ရွက်ရင်းနဲ့ ဧတဒဂ်ဘွဲ့ကို ရယူ သွားကြတဲ့ ယောက်ျားတွေ မိန်းမတွေ ဘုရားလက်ထက်က အများကြီးရှိ ကြတယ်။ အဲဒီတော့ ယခု အစအနေနဲ့ ဘုန်းကြီးတို့ရန်ကုန်မှာဟောနေတဲ့ အစီအစဉ်ကတော့ ဥပါသိကာတဲ့။
ဥပါသိကာ ဆိုတာ အိမ်နေသူ ဒကာမ၊ နောက်တစ်ခါ ဘိက္ခုနီဆိုရင် ရဟန်းမ၊ ရဟန်းဝတ်သွားတယ်၊ ပြီးတော့မှ ဥပါသကာဆိုတာ ဒကာ ယောက်ျား၊ နောက်ပြီးတော့ ဘိက္ခုဆိုလို့ရှိရင်ရဟန်း။ အဲဒီလို ရဟန်းရယ် ရဟန်းမရယ်၊ ဒကာရယ်၊ ဒကာမရယ်၊ လေးမျိုးထဲက ဒီကနေ့ ဥပါသိကာ ဆိုတဲ့ ဒကာမ ဧတဒဂ်ရ ပုဂ္ဂိုလ်များရဲ့အကြောင်းကို ဘုန်းကြီးတို့ပြောမယ်။
အဲဒီတော့ ရန်ကုန်ရွှေမြို့တော်ကြီက အလွန်ကျယ်ပြန့်တယ်၊ အလွန်ကြီးမားတဲ့မြို့တော်ကြီးတစ်ခုဆိုတော့ ဘုန်ကြီးတို့တရားတစ်ပုဒ်ကို မြို့ရဲ့အရှေ့ အနောက် တောင် မြောက် အရပ်လေးမျက်နှာမှာနှံ့အောင် ဟောရရင်ပိုကောင်းတယ်၊ တစ်ပုဒ်တစ်နေရာ ဟောသွား၊ နောက်တစ်နေ ရာ တစ်မျိုးပြောင်းသွား၊ ဒီလိုလည်းပဲ ဟောဖို့ရာ ဘုန်းကြီးတို့တာဝန်မ လေးဘူးပေါ့။ သို့သော်လည်းပဲ မြို့ရှိတဲ့လူတွေခပ်များများကို နှံ့စပ်အောင် တရားတစ်ပုဒ်ကို ကြားသွားရရင် ပိုကောင်းတယ်။
အဲဒီလိုယူဆတဲ့အတွက်ကြောင့် ယခုဒီကနေ့ အစီအစဉ်မှာတော့ တရားတစ်ပုဒ်ကို ဘုန်းကြီးတို့ ရန်ကုန်ရွှေမြို့တော်မှာ နေရာဝေးရင်ခွဲပြီး တော့ သုံးနေရာ၊ သို့မဟုတ် လေးနေရာ ဒီလိုဟောပြီးတော့မှ နောက်အ သစ်တစ်ခုပြောင်းမယ်။
အမျိုးသမီးစွမ်းဆောင်ရှင် ခုဇ္ဇုတ္တရာ
အဲဒီတော့ ယခုဆိုလို့ရှိရင် အားလုံးမှတ်သားဖို့ကတော့ ဗဟုသု တ ဓမ္မကထိက ဧတဒဂ်ဘွဲ့ကိုရရှိတော်မူသော ဘယ်သူလဲဆိုလို့ရှိရင် ခုဇ္ဇုတ္တရာ။ ပရိသတ်ကြီး ဘယ်သူ့အကြောင်းလဲ။
ခုဇ္ဇုတ္တရာအကြောင်းပါဘုရား။
တရားရှိတဲ့ ဧတဒဂ်ဘွဲ့ ''ဗဟုသုတဓမ္မကထိက'' ပြန်ပြောကြည့် လိုက်ပါ။
ဗဟုသုတဓမ္မကထိကပါဘုရား။
ဗဟုသုတ ဆိုတာ သင်ထားတာ၊ နာထားတာ၊ မှတ်ထားတာ၊ ဖတ် ထားတာ၊ ကြားထားတာ၊ ဆောင်ထားတာ၊ အများကြီးရှိတယ်၊ အဲဒါ ဗဟုသု တခေါ်တယ်၊ ဘာတွေကို သင်ထား ဖတ်ထား မှတ်ထား ကြားထား နာထား ဆောင်ထားသလဲမေးရင် ပိဋကတ်သုံးပုံ။ ကာတွန်းတွေ မဂ္ဂဇင်းတွေ ဂျာနယ်တွေ မဟုတ်ပါဘူး၊ ပိဋကတ်သုံးပုံကို သင်ထားတာလည်းအများကြီး၊ ကြားထားတာလဲ အများကြီး၊ သင်ထား ကြားနာထားသမျှ အကုန်လုံးမှတ် မိတယ်၊ တစ်လုံးမှမေ့မပြစ်အောင်ဆောင်ထားတယ်။ အဲဒါကြောင့် သူဟာ ဘာခေါ်သလဲဆိုတော့ ''ဗဟုသုတ'' ဘာခေါ်သလဲ။ ဗဟုသုတခေါ်ပါတယ်ဘုရား။
Burst in learning သင်ကြားတဲ့နေရာမှာ အများကြီးပဲ၊ နောက် တစ်ခါ အဲဒီသင်ထား မှတ်ထား ကြားထား ဆောင်ထားတာတွေကို ပြန်ပြီး တော့ အကုန်ဟောနိုင်တယ်၊ ပြန်ပြီးတော့ဟောနိုင်တဲ့အတွက်ကြောင့် ဘာ လဲဆိုတော့ ဓမ္မကထိက၊ သင်တာ ကြားတာများတော့ ဗဟုသုတ၊ ပြန်ဟော တော့ ဓမ္မကထိက နှစ်ထပ်ရတယ်၊
အဲဒါ အိမ်နေတဲ့မိန်းမတစ်ယောက် ရဟန်းဝတ်သွားတာကို မဟုတ် ဘူး။ အိမ်မှာနေရင်းနဲ့ ဒီဘွဲ့ရတယ်၊ ပိဋကတ်သုံးပုံကို အကုန်လုံးသူက မ သင်ဘူးတာ၊ မမှတ်ဘူးတာ၊ မကြားဘူးတာ၊ မနာဘူးတာမရှိဘူးတဲ့။ ပိဋကတ် သုံးပုံအကုန်သင်ဖူးတယ်၊ သင်ဖူးသမျှလည်းပဲ သူမှတ်မိတယ်၊ မှတ်မိသမျှ လည်း ပြန်ပြီးဟောတယ်။ ဟောဒီကမာရွတ်ကအမျိုးသမီးတွေနဲ့တော့ နည်း နည်းလောက်ပဲကွာမယ်ထင်တယ်နော်။

ခုဇ္ဇာနှင့်ဥတ္တရာ ပေါင်းစည်းခြင်း၏ ဂုဏ်ရည်
အဲဒါ ဘယ်သူလဲဆိုရင် ခုဇ္ဇုတ္တရာ၊ ခုဇ္ဇာဆိုတဲ့စာလုံးရယ်၊ ဥတ္တရာ ဆိုတဲ့စာလုံးရယ် ဒီနှစ်လုံးပေါင်းထားတာ၊ ဘာနဲ့ဘာပေါင်းထားသလဲ။
ခုဇ္ဇာနဲ့ဥတ္တရာပေါင်းထားပါတယ်ဘုရား။
ခုဇ္ဇာ ဥတ္တရာပြောကြည့်လိုက်ပါ။
ခုဇ္ဇာ ဥတ္တရာပါဘုရား။
ဥတ္တရာဆိုတဲ့နာမည်က မိဘနှစ်ပါးပေးထားတဲ့နာမည်။ ခုဇ္ဇာဆိုတာ ကတော့ ဟိုကဒီက ခေါ်ရင်းနဲ့ အရပ်ကအပေါင်းအသင်းတွေက ဝိုင်းခေါ် လို့တွင်တဲ့နာမည်။ ဘာလဲဆိုတော့ ခုဇ္ဇာက ခါးကုန်းတယ်၊ ဒီမိန်းကလေး က ခါးကုန်းကုန်းလေး၊ အဲဒါ ခါးကလေးကုန်းလို့ အရုပ်ဆိုးသလိုရှိပေမဲ့ ပိဋကတ်သုံးပုံ ကျွမ်းကျင်တာကတော့ အလွန်ပဲ၊ အရှင်အာနန္ဒာကို မှီလုမှီကမ်း ကျွမ်းကျင်တယ်၊ ပိဋကတ်သုံးပုံအကုန်လုံးဆောင်တယ်၊ ဟောတယ်၊ အဲဒါ ကြောင့် ''ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ ဗဟုဿုတာနံ ဓမ္မကထိကာ နံ ဥပါသိကာနံ ယဒိဒံ ခုဇ္ဇုတ္တရာ'' လို့ မြတ်စွာဘုရားကိုယ်တော်မြတ် သာ ဝတ္ထိပြည်မွန် ဇေတဝန်ရွှေကျောင်း ကိန်းအောင်းတော်မူနေတဲ့ကာလ ဘွဲ့ နှင်းသဘင် ပရိသတ်ရေ ဘာလုပ်တာလဲ။ ဘွဲ့နှင်းသဘင်လုပ်ပါတယ်ဘုရား။
ဘွဲ့နှင်းသဘင်အခမ်းအနားကြီးကို ဇေတဝန်မှာ တခမ်းတနားကျင်း ပပြီးတော့မှ ဒီကလေးမကို =
ဘိက္ခဝေ - ရဟန်းတော်များ အိုချစ်သားတို့။ မမ သာသနေ - ငါ ဘုရားရဲ့သာသနာတော်မှာ။ ယဒိဒံ ယာ ဧသာ ခုဇ္ဇုတ္တရာ - အကြင်ခုဇ္ဇုတ္တ ရာဆိုတဲ့ အမျိုးသမီးငယ်သည်။ အတ္ထိ - ရှိပါပေ၏။ ဧတံ ဧသာ ခုဇ္ဇုတ္တရာ - ထိုခုဇ္ဇုတ္တရာဆိုတဲ့ အမျိုးသမီးသည်။ မမသာသနေ - ငါဘုရားရှင်ရဲ့သာ သာနာတော်မှာ။ မမသာဝိကာနံ - ငါဘုရားရှင်ရဲ့အဆုံးအမစကားကို လိုက်နာကြကုန်သော။ ဗဟုဿုတာနံ - ပိဋကတ်သုံးပုံ တရားမြတ်မှာ ဗဟုသုတ များကြကုန်သော။ ဓမ္မကထိကာနံ - တရားစကားကိုဟောပြောနိုင်စွမ်းရှိ ကြကုန်သော။ ဥပါသိကာနံ - ဒကာမအပေါင်းတို့တွင်။ အဂ္ဂံအဂ္ဂေါ - အ မြတ်ဆုံး အတော်ဆုံး အသာဆုံးသည်။ ဟောတိ - ဖြစ်ပါပေတယ်ရယ်လို့ သတ္ထာ - နတ်လူတို့ဆရာ ဘုရားရှင်ကိုယ်တော်မြတ်သည်။ ခုဇ္ဇုတ္တရံ နာမ ဥပါသိကံ - ခုဇ္ဇုတ္တရာဆိုတဲ့အမျိုးသမီးကို။ ဗဟုဿုတဓမ္မကထိကဧတဒဂ္ဂ ဋ္ဌာနေ - ဗဟုသုတ ဓမ္မကထိက ဧတဒဂ်ရာထူး၌။ ဌပေသိ - ကောင်းစွာ မသွေ ချီးမြှောက်တော်မူခဲ့ပါပေသတည်း။
သာဓု သာဓု သာဓုပါဘုရား။

မှတ်ချက်။ ။ တရားဟောလိုသော အရှင်မြတ်များနှင့် ပါဠိဘာသာကို စိတ်ဝင်စားသူများအတွက် အသုံးဝင်မည်ဟု ယုံကြည်၍ ပါဠိဘာသာနှင့် အနက်ပေးမြန်မာပြန်များကို ထည့်ပေးလိုက်ရပါသည်။

အပိုင်း(၂) ဆက်ရန်

21 December 2009

မက္ခရာစေတီတော်ကြီး


၁၃၇၁ ခုနှစ် တပို့တွဲလပြည့်နေ့တွင် သီတဂူဆရာတော်ဘုရားကြီးနှင့် သီတဂူသာသနာပြုအဖွဲ့ ထီးတော်တင်မည့် မက္ခရာမြို့ဟောင်းမှ စေတီတော်ကြီးရဲ့ပုံဖြစ်ပါသည်။ ထိုစေတီတော်ကြီးသည် ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့တွင်တည်ရှိသည့် ရှေးဟောင်းစေတီတော်မြတ်ကြီးဖြစ်သည်။

မှတ်ချက်။ ။ မစပယ် (လှဆန်းယဉ်) ပေးပို့သည်။

19 December 2009

တလွဲဆံပင်ကောင်း

ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့သည် `` ဒီလောက်ရှိရင် တော်ပါပြီ၊ ကိုယ့်မိသားစု တစ်သက်စားလို့ မကုန်ဘူး၊ ဒီထက်ပိုပြီးတော့ ချမ်းသာတော့ကော ဘာလုပ်မှာလဲ၊ သေရင် ကိုယ့်နောက်မပါဘူး´´ဟု စသဖြင့် လောဘနည်းသလိုလို၊ ရောင့်ရဲသလိုလိုနဲ့ ပြောတတ်ကြ၏။ တလွဲဆန်ပင်ကောင်းခြင်းပင်တည်း။

အမှန်ကား ဤကဲ့သို့ပြောခြင်းသည် လောဘနည်းခြင်းကြောင့်မဟုတ်၊ အမျိုးဘာသာကို အားမပေးလိုခြင်း၊ ဇွဲမရှိခြင်းတို့ကြောင့် ဖြစ်ပေသည်။ ကိုယ့်မိသားစုတစ်သက် စားမကုန်လောက်အောင် ချမ်းသာနေလျှင် ဆွေမျိုးသားချင်း, ဘာသာသာသနာ, တိုင်းပြည်နှင့်လူမျိုးကို ထောက်ပံနိုင်သည် မဟုတ်ပါလော။

ဘုရားမြတ်စွာက ``ရောင့်ရဲရမည်၊ တင်းတိမ်ရမည်´´ဟု ဟောခြင်းသည် “ပစ္စည်းဥစ္စာများကို မရှာရ” ဟု ဆိုလိုသည် မဟုတ်ပါ။ တခါတရံ မတရားလောဘကြီးသည့်အခါ ``တုတ်နှင့်ပစ်လို့ရရ၊ ခဲနှင့်ပစ်လို့ရရ၊ ရဖို့သာအဓိက´´ဟု ဆိုပြီး လုယက်ခြင်း၊ ခိုးဝှက်ခြင်း၊ ချောက်တွန်းခြင်း၊ တစ်ပတ်ရိုက်ခြင်းစသော ဒုစရိုက်မျိုးစုံကို လုပ်တော့၏။
ယင်းကဲ့သို့သော မတရားလောဘများကို ထိန်းပေးဖို့အတွက် ဘုရားမြတ်စွာက ``ရှိတာလေးနှင့် ကျေနပ်ရမယ်၊ ရောင့်ရဲတင်းတိမ်ခြင်းဟာ အကောင်းဆုံးဥစ္စာပါပဲ´´ဟု ဟောတော်မူခြင်းဖြစ် ပေသည်။ စီးပွားရေး လုပ်ငန်းများကို မလုပ်ဖို့အတွက် ဟောတော်မူခြင်းမဟုတ်။

တချို့လူပုဂ္ဂိုလ်များကား လူ့ဘ၀ကြီးကို ငြီးငွေ့သည့်အတွက် စီးပွားရေးလုပ်ငန်းတွေကို မလုပ်ချင်သယောင်ယောင်၊ ၃၁-ဘုံလုံးသည် ဒုက္ခသစ္စာဖြစ်သည့်အတွက် နိဗ္ဗာန်တစ်ဘက်ကမ်းကိုပဲ အခုချက်ချင်း ကူးတော့မည့်ယောင်ယောင် သံဝေဂတရားရနေသည့် ယောဂီသူတော်စင်ကဲ့သို့ ပြောတတ်ကြသေး၏။
ထိုပုဂ္ဂိုလ်များ တရားရိပ်သာကိုသွားပြီး တရားအားထုတ်သောအခါ ၂-ရက်လောက် အားထုတ်ပြီး အိမ်ပြန်လာတော့၏။ အိမ်ပြန်ရောက်သောအခါ ``ကျန်းမာရေးကလည်း မကောင်းဘူး၊ ဒီတော့ စိတ်သွားတိုင်း ကိုယ် မပါတော့ ဘယ်အားထုတ်လို့ ကောင်းတော့မှာလဲ၊ တရားပြဆရာကလဲ အတွေ့အကြုံနုသေးတော့ တရားနာရတာက အားမရပါဘူးပေါ့ကွာ´´ဟု စသဖြင့် ဆင်ခြေအမျိုးမျိုးပေးပြီး ကိုယ့်အပြစ်ကို သူများပေါ်ပုံချလေတော့၏။ အမှန်ကား အပေါ်ယံအသိလေးကို တကယ့်``သံဝေဂတရား´´ဟု ထင်နေခြင်းပင်တည်း။

ကျောင်းဒကာကြီးအနာထပိဏ်၊ ကျောင်းအမကြီး ၀ိသာခါတို့သည် သောတာပန် အရိယာပုဂ္ဂိုလ်များဖြစ်ကြ၏။ သို့သော် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ရှိကြပေသည်သာ။ ထို့ကြောင့် လောကီလူသားမှန်သမျှ စီးပွားရေးလုပ်ငန်းကို မဖြစ်မနေ ပြုလုပ်သင့်ပေသည်။ ပိဋကတ်စာပေမှာ တရားသဖြင့် စီးပွားရေးလုပ်ခြင်းကို “သမ္မာအာဇီဝ” ဟုခေါ်၏။ မဂ္ဂင်ရှစ်ပါးထဲမှာ တစ်ပါးအပါအ၀င်တည်း။ သစ္စာအားဖြင့် “မဂ္ဂသစ္စာ”ဟု ခေါ်၏။

ဘက်ပေါင်းစုံကနေ မကြည့်ဘဲ တစ်ဖက်သတ်ကြည့်နေရင်တော့ အမြင်မှန်ကို ရနိုင်မည်မဟုတ်ပေ။ အမြင်မှန်ကို မရလျှင် လူ့ဘ၀ကြီးကို ငြီးငွေ့သလိုလို၊ စိပ်ပုတီးနှင့်ရိပ်ကြီးခိုတော့မှာလိုလိုနှင့် စီးပွားရေးလုပ်ငန်း များကို မလုပ်ဘဲနေလျှင် လောကီအကျိုးလည်း မရ၊ လောကုတ္တရာအကျိုးလည်း မရဘဲ ကီမဟုတ် ကုတ်မဟုတ်၊ မိနောက်မကျ ဖနောက်မမီ၊ ``အောက်ကလိအာ´´ ဖြစ်သွားမှာ စိုးရပေသည်။ (ကြက်တွန်သံလည်းမဟုတ်၊ ကျီးတွန်သံလည်းမဟုတ်သည်ကို အောက်ကလိအာဟု ခေါ်၏။)

လူမှန်လျှင် လူ့အလုပ်ကို လုပ်ရမည်။ ဘုန်းကြီးမှန်လျှင်လည်း ဘုန်းကြီအလုပ်ကို လုပ်ရမည်။ လူဖြစ်ပါလျက် ဘုန်းကြီးတစ်ပါးကဲ့သို့ စီးပွားရေးအလုပ်များကို မလုပ်ဘဲပစ်ထားလျှင် (သို့မဟုတ်) စီးပွားရေး လုပ်ငန်းများကို လုပ်သော်လည်း စိတ်ပါဝင်စားမှု မရှိလျှင် လူ့တာဝန် ပျက်ကွက်ခြင်းပင်တည်း။
``အလုပ်လုပ်ရင် လုပ်၊ မလုပ်ရင် သေ´´ဟူသော စကားပုံတစ်ခု ရှိ၏။ အသက်ရှင်သန်နေတုန်းမှာ ငွေများများရရှိအောင် စုဆောင်းရမည် ဟု ဆိုလိုခြင်းပင်တည်း။ ထို့ကြောင့် ပြော ကြသည်ထင်၏။ ``ငွေသည် ဒုတိယဘုရား´´ဟူသတတ်။

ဘုရားမြတ်စွာက ပစ္စုပ္ပန်ချမ်းသာရေးကိုအလိုရှိသူများအတွက် `` ဥဋ္ဌာန- မည်သည့် အလုပ်ကိုပဲ လုပ်လုပ် ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်ဆိုတဲ့ နောက်မဆုတ်တမ်းစိတ်ဓာတ် ရှိရမည်၊ အာရက္ခ- ကြွက်သေ တစ်ခု အရင်းပြုဆိုသကဲ့သို့ အလေအလွင့်မရှိအောင် ထိန်းသိမ်းစောင့်ရှောက်ရမည်၊ ကလျာဏမိတ္တ- ဈေးကွက် ချဲ့နိုင်ဖို့အတွက် တစ်ရွာတစ်ကျီ ဆောက်ရမည်၊ သမဇီဝိတ- စီမံခန့်ခွဲမှု စာရင်းအင်းပညာကို ကျွမ်း ကျင်ရမည်´´ ဟု သမ္ပဒါတရား ၄-ပါး ကို မိန့်တော်မူခဲ့ပေသည်။

ဤကဲ့သို့ ကြီးပွားရေးတရားများကို သတိမထားမိကြသူများက ``ဘုရားမြတ်စွာ၏တရားသည် ကြီးပွား တိုးတက်ဖို့အတွက် ပိတ်ဆို့သည့်တရား´´ဟု ထင်မြင်ကုန်တော့သည်။ တက်တက်စင် လွဲမှာခြင်းပင်။ အကယ်တန္တုကား ဘုရားမြတ်စွာ၏တရားများသည် လောကီဘက်မှာ ဖြစ်ဖြစ် လောကုတ္တရာဘက်မှာဖြစ်ဖြစ် အညွန့်တလူလူ တက်စေသော လမ်းပြမြေပုံ Road map များ ဖြစ်ပေသည်တမုံ့။

မှတ်ချက်။ ။ သီတဂူအရှင်ဒေ၀ိန္ဒာဘိဝံသ၏ ဆောင်းပါးကို မျှဝေပါသည်။

17 December 2009

နှိုင်းနှိုင်းချိန်ချိန်သုခမိန်


ဆုတောင်း ၆မျိုး (ဇာတ်သိမ်းပိုင်း)

နှိုင်းနှိုင်းချိန်ချိန်သုခမိန်

သုံးဆယ့်ခုနှစ်မင်းဆိုတဲ့ နတ်တွေကို သေချာကြည့်ဦး။ ကောင်းကောင်းသေတဲ့နတ် သိပ်မရှိဘူး။ လည်မျို ဒုတ်တို အနှပ်ခံရလို့ သေတဲ့အကောင်၊ မီးဖုတ်ခံရလို့ သေတဲ့အကောင် စဉ်းစားကြည့်ပေါ့။ နတ်ပဲဖြစ်မလား၊ သရဲပဲဖြစ်မလား၊ အဲဒါ စဉ်းစားဖို့ ပြောတာပါ။
သူတို့သေချင်တာနဲ့ သေပေါ့ဗျာ။ ဒါကို ကိုးကွယ်မဲ့အစား 'ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ'လို့ ဆိုတာက အကောင်းဆုံးပဲ။ 'ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဂစ္ဆာမိ'လို့ မဆိုလည်း ဘုရားက စိတ်မဆိုးဘူး။ 'သံဃံ သရဏံ ဂစ္ဆာမိ - သံဃာရတနာကို ကိုးကွယ်ပါ၏'လို့ ဆိုချင်ရင်လည်းဆို မဆိုရင်လည်း သံဃာတော်အရှင်မြတ်တို့က စိတ်မဆိုးဘူး။
ဟိုနတ်တွေက မရဘူး။ အုန်းသီးပုတ်တာနဲ့ ခေါင်း ကိုက်မယ်။ မှတ်ထား။ အဲဒါကြည့်လုပ်။ ''ဇာတံ သရဏ တော ဘယံ- ကိုးကွယ်ရာက ဘေးဖြစ်မှာ''ကို သတိထား။
ဗမာပြည်မှာ လူဦးရေ သန်းပေါင်း ၅ဝ-လောက်ရှိ တယ်။ ၁ဝ-သန်းလောက်ကနေ အုန်းသီးအလုံး ၁ဝ-သန်း လောက် နတ်တင်တယ်ဆိုလို့ရှိရင် အဲဒါကိုကျပ်-၃ဝဝနဲ့ မြှောက်ကြည့်။
တိုင်းပြည်ရဲ့ပိုက်ဆံ ကုဋေပေါင်း ဘယ်လောက် ကုန် မလဲဆိုတာ စဉ်းစားကြည့်စေချင်တယ်။ ဘုန်းကြီးတို့ ဗုဒ္ဓဝါဒသည် ဝိဘဇ္ဇဝါဒ။ ဝိဘဇ္ဇဝါဒဆိုတာ ဝေဖန်ရမယ်, သုံးသပ်ရမယ်, စဉ်းစားရမယ်။ ဘာသာတရားကို အကန်း ယုံ, အရမ်းယုံမဖြစ်ဖို့ သတိထားရမယ်။
ဗမာပြည်ရဲ့ နတ်တင်ဖို့ အုန်းသီးဖိုးငွေတွေဟာ နည်းတာမဟုတ်ဘူး၊ အဲဒီငွေတွေဟာ နတ်စားလို့ ကုန်သွား တာပဲလို့ ပြောလို့ရတယ်၊ ဘာကျေးဇူးမှ မရှိဘူး။
အဲဒီငွေတွေကို စာသင်ကျောင်းဆောက်မယ်, ဆေးရုံဆောက်မယ်ဆိုရင် ဘယ်လောက် ကောင်းလိုက် မလဲ၊ ဒီလိုအကျိုးရှိတဲ့ နေရာတွေမှာ အသုံးချတတ်ရမယ်။ အခုတော့ လူတွေက သဒ္ဓါတရားကတော့ ကောင်းကြပါတယ်။ ဒါပေမဲ့ တလွဲဆံပင်ကောင်း ဖြစ်နေကြတယ်။
ဒကာကြီးတွေ နေမကောင်းလို့ အိမ်ကအုန်းသီးကို လာစားတဲ့နတ်က ဒကာကြီးတို့ကို နေကောင်း ပျောက်ဆေး ဘယ်တုန်းက ပေးဘူးသလဲ၊ ဝမ်းကိုက်လို့ ဝမ်းကိုက်ပျောက် ဆေးကို ဘယ်နှစ်ခါလာပေးသလဲ။
သူတို့လည်း ဘာမှမတတ်နိုင်ဘူး သူ့အုန်းသီး တောင် သူမသယ်နိုင်ဘူး၊ သူတို့လည်း ထွက်ပြေးရတယ်၊ အုန်းသီးလေးတောင် မီးထဲပါသွားသေးတယ်၊ ဒီနတ်တွေကို အားကိုးရာ အဖြစ်နှင့် ကိုးကွယ်နေကြခြင်းကို စဉ်းစားကြဖို့ အချိန်တန်ပြီ။

အကျဉ်းချုပ်ကာဇာတ်ပေါင်းပြ
မြတ်စွာဘုရားက ကျွန်းပင်ကြီးအောက်က မြေ ကွက်ကြီးပေါ်မှာထိုင်ရင်း ပြောနေတာပါ။
''ငါ့ညီအာနန္ဒာ... သိကြားနဲ့ငါ အကြိတ်အနယ် ပြောရဆိုရတာ ဒီနေရာပဲ။ အဲဒီတုန်းက 'သူ့စည်းစိမ် လိုချင် လို့ တရားဓမ္မတွေကို အားထုတ်နေသလား မသိဘူး'လို့ သံသယဝင်နေတဲ့ သိကြားမင်းဟာ ခုတော့ ဟောဒီအနုရုဒ္ဓါ ပေါ''့၊ လက်သည်တရားခံက အရှင်အနုရုဒ္ဓါ ဖြစ်နေတယ်။
''ကဏှခေါ်တဲ့ရှင်ရသေ့ကတော့ ငါဘုရားရှင် ကိုယ်တော်မြတ်ပဲ''လို့ ဇာတ်ကြောင်းကို မိန့်တော်မူတယ်။
ကဏှရသေ့ကြီးရဲ့ ဆုတောင်းခြောက်ပါးတရားတော် ဒီမှာ အစအဆုံး အကုန်လုံးပြီးပြီ။


ိ''သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ''

အမျိုးသမီး သူရဲကောင်းတစ်ယောက်အကြောင်းဆက်ပါဦးမည်။
သီတဂူစတား
၁၇-၁၂-၂၀၀၉

15 December 2009

ဓမ္မောသဓတရားအကျိုးဆောင်


အထက်ပါ ဓာတ်ပုံသည် မွေးနေ့အလှူရှင်များဖြစ်ပါသည်။

မအူပင်မြို့၊ဘုရားလမ်းရှိတရားတော် CD /VCD/DVD တိတ်ခွေနှင့်ဘာသာရေး စာအုပ်များ အခမဲ့ငှားသော
ဓမ္မောသဓ အကျိုးဆောင်အဖွဲ့၏ စေတနာနှင့်ရည်ရွယ်ချက်များ-----
(၁) မိမိထံရှိ တရားခွေနှင့်တရားစာအုပ်များကို မိမိတစ်ဦးတည်းနာယူ၊ဖတ်ကြား၊ သိမ်းဆည်း
ထားခြင်းထက် သူတစ်ပါးဖတ်ကြားနိုင်ရန် လှူဒါန်းခြင်းဖြင့်အခြားသူများလည်းနာယူ၊ ဖတ်ကြား ၊ အသိဥာဏ်တိုးပွားစေလိုခြင်း။
ကုသိုလ်တရားတိုးပွားစေလိုခြင်းအယူ/အမြင်စင်ကြယ်စေလိုခြင်း။
(၂) သူတစ်ပါးထံမှ တရားခွေ၊တရားစာအုပ်များ ကိုလည်းမိမိမှအခမဲ့ နာယူ၊ဖတ်ကြားနိုင်ခြင်း
(အပြန်အလှန် အလဲ၊အလှယ်ပြုလုပ်ရာရောက်ခြင်း)
(၃) တရားခွေ၊တရားစာအုပ်များဝယ်ယူရန်ငွေကြေး အခက်အခဲရှိသူများအတွက်လည်း
အဆင်ပြေစွာအခက်အခဲမရှိ အခမဲ့ငှားနိုင်ခြင်း၊တရားတော်အလှူတော် ဖြစ်ခြင်း၊ အမြတ်ဆုံး အလှူတော်ဖြစ်နေခြင်း၊ လှူဖြစ်ခဲသော အလှူမျိုးဖြစ်ခြင်း၊ ထာဝရအလှူဖြစ် နေခြင်း။
(၄) ထေရ၀ါဒ ဗုဒ္ဓသာသနာတော်ကြီး စည်ပင်ပြန့်ပွား၍ အရှည်တည်တံ့ခိုင်ခံ့အောင်
တတ်စွမ်းသမျှသောအင်အားဖြင့်ကြောင်းကျိုးညီညွတ်မျှတအောင်ဆောင်ရွတ်
ပေးလိုခြင်း။
(၅) တရားတော်နှင့်ပတ်သက်သမျှသောအသံတော်တရားခွေ၊စာအုပ်၊စာပေများကို
မအူပင်မြို့တစ်နေရာတည်းတွင်ပြည့်စုံနိုင်အမျှပြည့်စုံအောင်ထားရှိပေးခြင်း။
(၆) ဗုဒ္ဓ၏ အဆုံးအမ၊တရားဓမ္မများကို နာယူ၊ဖတ်ကြားကြခြင်းဖြင့်၊ ဓမ္မဗဟုသုတ တိုးပွားစေခြင်း၊ အကုသိုလ်တရားနည်းပါးလာခြင်း၊ကုသိုလ်တရားတိုးပွားလာခြင်း၊ အယူအမြင်
စင်ကြယ်ကာ အသိမှအကျင့်သို့ တတ်လှမ်းနိုင်ရန်အတွက် တစ်ဖတ်တစ်လှမ်းမှ
ကူညီရာ ရောက်စေခြင်း
(၇) သဗ္ဗဒါနံ ဓမ္မဒါနံဇိနာတိ ဟူသည်နှင့်အညီတစ်ဦးခြင်းတက်စွမ်းသမျှဖြင့်၊အားလုံးစုပေါင်း
ကြ၍ တရားအလှူတော်ကြီးပေးကာ(ဓမ္မောသဓ) တရာဆေးတိုက်ကျွေးပြီး၊ သံသရာက
ပါလာသောရောဂါဆွေး၊ရောဂါဟောင်းကြီးဖြစ်သည့် ကိလေသာရောဂါ(စိတ်ရောဂါကို)
ကုသပေးရာရောက်လျှက်ရောဂါကင်းပျောက်နိဗ္ဗာန်ရောက်(ကိလေသာနိရောဓေါနိဗ္ဗာနံ)
ဖြစ်စေရန်ရည်ရွယ်ကြပါသည်။

(လာရောက်လှူဒါန်းနိုင်ပါသည်။ လာရောက်ငှားရမ်းနိုင်ပါသည်။)
သူငါအများတရားကိန်းပါစေ



စာကြည့်တိုက်မှူး
ဓမ္မောသဓတရားအကျိုးဆောင်အဖွဲ့
ဘုရားလမ်း၊မအူပင်မြို့

(၁) ဂီလာနသံဃာတော်နှင့်သီလရှင်ဆရာလေးဆရာကြီးများအား မော်တော်ယာဉ်ဖြင့် ကြိုပို့ဆောင်ရွတ်ပေးနေမှုမှတ်တမ်း
(၂) ဆေးကုသပေးနေမှုမှတ်တမ်း
(၃)ဆေးကုသပေးနေမှုမှတ်တမ်း
(၄)ဆေးကုသပေးနေမှုမှတ်တမ်း
(၅) အလှူရှင်များ၏ပီတိမှတ်တမ်း
(၆)မွေးနေ့ အလှူရှင်များ၏ပီတိမှတ်တမ်း

မှတ်ချက်။ ။ ပေးပို့သူ-- မခင်ဆွေဝင်း(မအူပင်)

ဓမ္မောသဓသာသနာပြုအကျိုးဆောင်


ဓမ္မောသဓသာသနာပြုအကျိုးဆောင်အဖွဲ့ကြီးကို ၂၀၀၅ ခုနှစ်တွင်စတင်ဖွဲ့စည်းထူထောင်ခဲ့ပြီး ဓမ္မောသဓဓမ္မစာကြည့်တိုက်ကို မအူပင်မြို့ ဘုရားလမ်း ရွှေဘုန်းမြင့်စေတီတော်အနီးတွင်စတင် ဖွင့်လှစ်ခဲ့ပါသည်။ ဓမ္မောသဓ သာသနာပြုအကျိုးဆောင်အဖွဲ့သည် အောက်ပါ သာသနာ့ ကိစ္စများကို ဆောင်ရွက်လျှက်ရှိပါသည်။

(၁) စာအုပ်၊တိတ်ခွေ၊စီဒီ၊ ဗွီစီဒီ ၊ဒီဗွီဒီခွေများ နေ့စဉ်အခမဲ့ငှားရမ်းခြင်း
(၂) ဂီလာနရဟန်းတော်များ ၊သီလရှင်များအား တပတ်လျှင် တကြိမ် အခမဲ့ဆေးကုသပေးခြင်း
(၃) အလှူ(၁)ရက်တရားစခန်းပွဲများကို လစဉ်ဖွင့်လှစ်နိုင်ခဲ့ခြင်း၊
ဝါတွင်းဥပုသ်နေ့တိုင်း ပဋိစ္စသမုပါဒ် သင်တန်းနှင့်ဝိပသနာအလုပ်ပေးတရားများ
ဟောပြောပို့ချပေးခြင်း၊အကျဉ်းထောင်တွင် (၁၀)ရက် စခန်းပွဲများ ကျင်းပပေးခြင်း စသည့်သာသနာ့ကိစ္စရပ်များကို အကျိုးဆောင်အဖွဲ့မှ ဆောင်ရွက်ပေးလျှက် ရှိပါသည်။
အထက်ပါ သာသနာ့ကိစ္စရပ်များအား ပင်စိုက်အလှူရှင်ကြီးများ၊ မတည် အလှုရှင်ကြီးများ၊ လိုရာဖြည့်အလှူရှင်ကြီးများ စသည့်သာသနာကိုကြည်ညိုလေးစားမြတ်နိုးသူများက ၀ိုင်းဝန်းလှူဒါန်းခြင်းဖြင့် ပရိယတ္တိသာသနာ၊ပရိပတ္တိသာသနာအဓွန့်ရှည်တည်တံ့ခိုင်မြဲရေးကို ဆောင်ရွတ်ပေးလျှက်ရှိပါကြောင်း အကျိုးဆောင်စာကြည့်တိုက်မှူး ဦးဝင်တင်ထွန်းထံမှသိရှိရပါသည်။
အထက်ပါသာသနာပြုလုပ်ငန်းရပ်များအပေါ်သဒ္ဒါဖွေးဖြူပေးလှူလိုကြသောသာသနာပြု အလှူရှင် ကြီးများသည် မအူပင်မြို့ ဘုရားလမ်း ဓမ္မောသဓဓမ္မစာကြည့်တိုက် အကျိုးဆောင် စာကြည့်တိုက်မှူး ဦးဝင်တင်ထွန်း ထံသို့စာတိုက်မှလည်းကောင်း damawthahta@gmail.com သို့လည်းကောင်း၊အကျိုးဆောင်အဖွဲ့ဥက္ကဌ ဦးရွှေထွန်း phone :09 8585587 သို့လည်းကောင်း ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်းသိရှိရပါသည်။

မှတ်ချက်။ ။ မအူပင်သူ မခင်ဆွေဝင်း ပေးပို့သော ပို့စ်ဖြစ်ပါတယ်။

ဖြစ်သင့်တဲ့လောဘ

ကြီးပွားတိုးတက်ချင်သော ဆန္ဒဖြင့် စီးပွားရေးလုပ်ခြင်းကြောင့် လောဘဖြစ်သည်မှာ မှန်ပေ၏။ သို့သော် လောဘဖြစ်တိုင်း ဒုစရိုက်ဟု ပြောလို့မရပေ။ လောဘသည် ၂-မျိုးရှိပေသည်။ တရားသောလောဘနှင့် မတရားသော လောဘတို့တည်း။ အများအတွက် (မိသားစု၊ ရပ်ရွာ၊ အမျိုး၊ ဘာသာ၊ သာသနာအတွက်) ရည်ရွယ်ပြီး စီးပွားရေးလုပ်ငန်းများ လုပ်လျှင် ``တရားသောလောဘ´´ ဖြစ်၏။ (သေ၀ိတဗ္ဗတဏှာ-ဟုခေါ်၏)။ ဆိုလိုသည်ကား ယင်းလောဘကြောင့် ကုသိုလ်ကောင်းမှုမျး တပွေ့တပိုက်ကြီး ရနိုင်ခြင်းပင်။ ထို့ကြောင့် တရားသော လောဘသည် ဖြစ်သင့်သောလောဘတည်း။
မိမိမှာ ပစ္စည်းဥစ္စာ များများရှိလျှင် စာသင်ကျောင်းပဲ ဆောက်ဆောက်၊ ရေတွင်းရေကန်ပဲ တူးတူး၊ မိဘဆွေမျိုးတွေကိုပဲ ထောက်ပံ့ထောက်ပံ့၊ ဆေးရုံကိုပဲလှူလှူ မိမိကြိုက်သည့်ကုသိုလ်ကို လုပ်နိုင်ပေသည်။ မိမိလုပ်ချင်သည့် ဘာသာရေး လူမှုရေးလုပ်ငန်းမှန်သမျှကိုလည်း လုပ်နိုင်၏။ အူမတောင့်မှ သီလ စောင့်နိုင်သည် မဟုတ်ပါလော။
ကျောင်းဒကာကြီး အနာထပိဏ် ကျောင်းအမကြီး ၀ိသာခါတို့ ကျောင်းတိုက်ကြီးဆောက်လုပ်ပြီး သာသနာပြုနိုင်ခြင်းသည် ဓနဥစ္စာကြွယ်ဝသောကြောင့်ပင်တည်း။ ဘုရင်မင်းမြတ်အနော်ရထာသည်သည် နိုင်ငံတော်ကြီးကို ပြုပြင်ပြောင်းလဲခဲ့၏။ ဘုရားပုထိုးများတည်ခဲ့၏။ ဆည်မြောင်းတာတမံများကို ဆောက်လုပ်၏။ ရှေး အခေါ် ပိဋကတ်တိုက် ၊ ယခုခေတ်အခေါ် စာကြည့်တိုက်များကိုလည်း တည်ဆောက်ခဲ့၏။ ထို့ကြောင့် ``စာကြည့်တိုက်အစ ပိဋကတ်တိုက်က´´ဟုပင် ပြောနိုင်ပါ၏။ ယင်းသို့ တိုင်းကျိုးပြည်ပြုအလုပ်များကို လုပ်နိုင် ခြင်းသည် တန်ခိုးသြဇာ ကြီးမားသောကြောင့်ပင်တည်း။
ယင်းတန်ခိုးသြဇာ၊ ဓနဥစ္စာတို့သည်ကား တန်ဖိုးရှိရှိ အသုံးချတတ်လျှင် နိဗ္ဗာန်ဆိပ်ကူးတံတားပင်တည်း။ ဦးအနာထပိဏ်၊ ဒေါ်ဝိသာခါ၊ ဘုရင်အနော်ရထာတို့ကား တန်ခိုးသြဇာ၊ ဓနဥစ္စာတို့ဖြင့် နတ်ရွာ နိဗ္ဗာန်သို့ တက်လှမ်းသွားကြကုန်ပြီ။ ထို့ကြောင့် တန်ခိုးသြဇာ၊ ဓနဥစ္စာတို့ကို ရရှိအောင် ကြိုးစားသင့်လှပါသည်။ တတ်နိုင်သူများအနေဖြင့် တိုက် ၁-လုံးကနေ တိုက် ၁၀-လုံး ၁၅-လုံးဖြစ်အောင်၊ ကား ၁-စီးကနေ ကား ၁၀-စီး ၁၅-စီးပိုင်အောင် စီးပွားရေးလုပ်ကြစမ်းပါ။ မိမိတို့ ဗုဒ္ဓဘာသာဝင်တစ်ယောက် သန်းပေါင်းများစွာ ချမ်းသာသော သူဋ္ဌေးသူကြွယ်ဖြစ်နေလျှင် မြန်မာလူမျိုးတို့အနေဖြင့် အင်မတန် ဂုဏ်ယူသင့်ပေသည်။

မြွေပွေး၏ ပါးစပ်ထဲသို့ရောက်သွားသည့် မိုးရေစက်သည် အဆိပ်ဖြစ်သွားသော်လည်း မုတ်ကောင်၏ ပါးစပ်ထဲသို့ ရောက်သွားသော မိုးရေစက်သည်ကား ပုလဲဖြစ်သွားပေသည်။ မိုးရေစက်ခြင်းတူသော်လည်း တန်ဖိုးခြင်း မတူတော့။
လောကကြီးသည် ခြွေမှ ရံ၏။ မခြွေလျှင် မရံပေ။ မှန်၏။ တချို့ဆင်းရဲသောဗုဒ္ဓဘာသာဝင်များသည် ဘာသာခြားတို့က ဓနဥစ္စာများဖြင့် ထောက်ပံ့ကြသောကြောင့် ဗုဒ္ဓဘာသာကို ကျောခိုင်းသွားတော့သည်။ အဘယ်သို့ ကာကွယ်မည်နည်း။ တန်ခိုးသြဇာ၊ ဓနဥစ္စာတို့သာရှိလျှင် ယင်းမိသားစုများကို စားနပ်ရိက္ခာ တို့ဖြင့်ထောက်ပံ့ပြီး ဗုဒ္ဓဘာသာဝင်ထဲသို့ရောက်အောင် ပြန်ပြီးစည်းရုံးနိုင်ပေမည်။ ထို့ကြောင့် အရင်းအနှီး တောင့်တင်းသော ဗုဒ္ဓဘာသာဝင်တို့သည် စက်ရုံအလုပ်ရုံ၊ ကုန်တိုက်စသည်များကို တည်ထောင်နိုင်အောင် ကြိုးစားသင့်လှပေသည်။ ဓနဥစ္စာတို့ရှိမှသာလျှင် ကိုယ့်လူမျိုးများကို ထောက်ပံ့နိုင်မည်မဟုတ်ပါလော။

မှတ်ချက်။ ။သီတဂူအရှင်ဒေ၀ိန္ဒာဘိဝံသ၏ ဆောင်းပါးဖြစ်ပါသည်။

12 December 2009

လမ်းလျှောက်ခြင်းအကျိုး

သက်ရှည် ကျန်းမာရေး နေစ့ဉ် ပုံမှန်လမ်းလျှောက်ပေး

ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်ရာ လူတိုင်းကျန်းမာစွာနေထိုင်နိုင်ရန် ခန္ဓာကိုယ်ကို ဖြည့်စွမ်းပေးနိုင်မည့် အစာအာဟာရများ
လိုအပ်သကဲ့သို့ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းများလည်း ပုံမှန်ပြုလုပ်ပေးရန် လိုအပ်သည်။
ကျန်းမာခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းတို့သည် အပြန်အလှန်အကြောင်းအကျိုးပြု ဆက်စပ်လျက်ရှိရာ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်လေ့ရှိသူများသည် သာမန်လူများထက် မောပန်းမှုခံနိုင်ရည်ရှိခြင်း၊ သက်လုံကောင်းမွန်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိသည့်အပြင် ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေသည်သာမက နှလုံးကြွက်သားများသည် ကိုယ်တွင်းရှိ ပိုလျှံသောအဆီများကို ဖယ်ရှားနိုင်စွမ်းရှိသည်။ ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းကြောင့် အဝလွန်ရောဂါ၊နှလုံးရောဂါ၊သွေးတိုးရောဂါ၊ဆီးချိုရောဂါနှင့် အရိုးအဆစ်များ နာကျင်ရောင်ရမ်းခြင်းစသည်တို့ကို ဖြစ်ပွားတတ်သောကြောင့် ကျန်းမာသန်စွမ်းရန် နေ့စဉ်မှန်မှန်လမ်းလျှောက်ခြင်းကို လူတိုင်းအလေးထား ပြုလုပ်သင့်ပေသည်။
လမ်းလျှောက်ခြင်းသည် ကုန်ကျစရိတ်သက်သာသော အားကစားနည်းဖြစ်သည်။

လမ်းလျှောက်ခြင်းကြောင့် သွေးတိုးမှုကျဆင်းစေခြင်း၊
စိတ်ကြည်လင်ခြင်း၊ အရိုးအဆစ်များ ကြံ့ခိုင်သန်စွမ်းစေခြင်း၊ ညောင်းညာကိုက်ခဲမှုပြေပျောက်စေခြင်း၊ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိထားနိုင်ခြင်း၊ အစာကိုကြေလွယ်စေခြင်း၊ ခန္ဓာကိုယ်ပေါ့ပါးလျင်မြန်စေခြင်း၊ နှစ်ခြိုက်စွာအိပ်ပျော်စေခြင်းနှင့် အဝလွန်သူများ ကိုယ်ရည်စစ်လာပြီး ပိန်သူများ ကျန်းမာဝဖြိုးစေခြင်းတို့ ဖြစ်စေနိုင်သည်။

လက်ရှိကာလသည် အေးမြသည့်ရာသီဥတုကို ခံစားနေကြရပြီဖြစ်ရာ တိုင်းရင်းသားပြည်သူများအားလုံး ကျန်းမာရေးအတွက် နံနက်ခင်း လမ်းလျှောက်ခြင်းလှုပ်ရှားမှုကို မှန်မှန်ပြုလုပ်သင့်ပေသည်။ ရောဂါဖြစ်ပွားမှ ကုသခြင်းထက် ကြိုတင်ကာကွယ်မှု ပြုလုပ်ခြင်းသည် လူတိုင်း လိုက်နာဆောင်ရွက်သင့်သော ကျန်းမာရေးလေ့ကျင့်ခန်းဖြစ်သည်။
လူတိုင်းနေ့စဉ် ပုံမှန်လမ်းလျှောက်ခြင်းဖြင့် ကျန်းမာသန်စွမ်းသော ခန္ဓာကိုယ်ကိုရရှိမည်ဖြစ်ပြီး စိတ်လက်ပျော်ရွှင်မှုကိုပါ ရရှိခံစားကြရမည်ဖြစ်သည်။

သို့ဖြစ်ပေရာ မိသားစုဘဝတစ်ခုလုံး ရောဂါဘယကင်းဝေး၍ သက်ရှည်ကျန်းမာစေရန် နေ့စဉ်ပုံမှန် လမ်းလျှောက်ကြရန်နှင့် လမ်းလျှောက်ခြင်းဖြင့် ကျန်းမာသော လူမှုဘဝနှင့်ပြည့်စုံ၍ နိုင်ငံတော်အတွက် ကာယ၊ ဥာဏစွမ်းအားများကိုပါ တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပါကြောင်း တင်ပြလိုက်ပါသည်။

(သုတေသနဆရာဝန်)

မှတ်ချက်။ ။ အရှင်မြတ်တစ်ပါးပို့သော ကျန်းမာရေး ဗဟုသုတဖြစ်ပါသည်။ အကျိုးများမည်ထင်၍ ဖော်ပြခြင်းဖြစ်ပါသည်။

10 December 2009

ဝန်ဇင်း ဘ-က စာသင်ကျောင်း

ဝန်ဇင်း ဘ-က စာသင်ကျောင်း
(နိုဝင်ဘာ -၂၇)
မိတ္ထီလာမြို့ ဝန်ဇင်းရပ်ရှိ ဓမ္မာစရိယတိုက်ကျောင်းဝင်းအတွင်းတွင် တည်ရှိသော ဘုန်းတော်ကြီးသင် ပရဟိတစာသင်ကျောင်း (ဘ-က)၌ ဆင်းရဲနွမ်းပါးသောကလေးများနှင့် မိဘမဲ့ ကလေးများကို အခမဲ့ လက်ခံသင်ကြားပေးလျက်ရှိရာ ယခုအခါ သူငယ်တန်းမှ စတုတ္ထတန်းအထိ ကျောင်းသူ၊ ကျောင်းသားဦးရေ ၆၃ဝ - ဦးရှိသွားပြီဖြစ်ကြောင်း အဆိုပါ ကျောင်းတိုက်ထံမှ သိရသည်။

အဆိုပါပရဟိတကျောင်းကို ၂ဝဝ၄-ခုနှစ်မှ စတင်၍ မိတ္ထီလာမြို့ ပထမကျော် ဓမ္မာစရိယတိုက်သစ် ပဓာန နာယကဆရာတော် ဘဒ္ဒန္တသီလာစာရက တည်ထောင်ခဲ့ခြင်းဖြစ်ပြီး သူငယ်တန်း ၁၅၉-ဦး၊ ပထမတန်း ၁၂၁- ဦး၊ ဒုတိယတန်း ၁၁၈ ဦး၊ တတိယတန်း ၁၅၄ ဦး၊စတုတ္ထတန်း ၇၈ ဦး စုစုပေါင်း ၆၃ဝ-ဦးကို အတန်းအလိုက် ကျောင်းသင်ရိုးညွှန်းတမ်းအပြင် ယဉ်ကျေးမှု၊ အားကစားနှင့် အနုပညာ တို့ကိုပါ သင်ကြားပေးလျက်ရှိကြောင်း သင်ကြားရေးတာဝန်ခံဆရာတော် ဦးဇနိတက မြွက်ကြားသည်။
ယင်းကျောင်းတိုက်၌ စာကြည့်တိုက်တည်ထောင်ဖွင့်လှစ်နိုင်ရန် ပြင်ဆင်လျက်ရှိ သောကြောင့် စာအုပ်များလှူဒါန်းနိုင်ကြောင်း၊ စာသင်ခုံ၊ စားပွဲ၊ကုလားထိုင်များ၊ အတန်းစဉ်အလိုက်ပုံနှိပ်နှင့် စာရေးကိရိယာများ၊ MultimediaRoom အတွက် လိုအပ်သောကွန်ပျူတာပစ္စည်းများနှင့် မျက်နှာကြက်များအတွက်လည်း တတ်အားသရွေ့ ပညာဒါနကုသိုလ်ယူနိုင်ပါကြောင်းဆရာတော်က ထပ်ဆင့်ြ>ွမက်ကြားသည်။ အဆိုပါ ပညာဒါနကျောင်းမှ ထူးချွန်သော ကျောင်းသား၊ ကျောင်းသူများကို ကုသိုလ်ရှင်များ၏ လှူဒါန်း မှုများဖြင့် နှစ်စဉ်ပညာရည်ချွန်ဆုများ ပေးအပ်လျက်ရှိသည်။


အေးကျော့ခိုင်
(The voice journal)

07 December 2009

သီတဂူဆရာတော် မိန့်ခွန်း




ညနေ ၃၊၃၀ မီးနစ်မှာ ပူနေးတက္ကသိုလ်အတွင်းရှိ တက္ကသိုလ်ခန်းမကြီးထဲတွင် သီတဂူဆရာတော်ကြီး၏ ဟောပြောပွဲ အစီအစဉ်စပါသည်။ ရှေးဦးစွာ အခမ်းအနားမှူး (အမျိုးသမီး)က မြန်မာရဟန်းတော်များအား စတိတ်ခုံပေါ်တက်စေ၍ ပရိတ်တရားများ ပွားဘို့ မေတ္တာရပ်ခံသောအခါ အားလုံးက မေတ္တာသုတ်ဖြင့် အခန်းအနားကို စတင်ဖွင့်ပေးသည်။ ထိုအခန်းအနားမစမီ ဆရာတော်နှင့် ပါဠိဌာနမှူးတို့က ဘုရားရှင်အား ဆီမီပူဇော်သည်။ အခန်းအနားမှူးက ဆရာတော်နှင့်သီတဂူသာသနာပြုလုပ်ငန်းများအကြောင်းမိတ်ဆက်သောအခါ အံသြဘနန်းဖြစ်ကြသည်။ အသက်အရွယ်အားဖြင့် ၇၃ နှစ်ရှိနေသော်လည်း လူငယ်တို့ထက် တက်တက်ကြွကြွ အလုပ်လုပ်နိုင်တာကိုလည်း အံ့သြနေကြသည်။ ထိုနောက် ဌာနမှူးကလည်း ဆရာတော်နှင့်သူစတင်တွေ့ပုံ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးမှာ ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာထေရ၀ါဒ တက္ကသိုလ်များ ညီလာခံကြီးကိုလည်း အံ့ဘနန်းဖြစ်ခဲ့ရပုံ၊ ဆရာတော် ယခုလို ပူနေးတက္ကသိုလ်သို့ကြွလာခြင်းသည် ပူနေးတက္ကသိုလ်အတွက် အထူးအခွင့်အရေးဖြစ်ကြောင်းနှင့် သီတဂူဆရာတော်သည် ပါဠိဌာနသို့ ပိဋကတ်ကျမ်းစာများနှင့် စကျင်ကျောက် ဗုဒ္ဓဆင်းတုတော်တို့ကို လှူခဲ့ကြောင်းစသည်များကို ပြောကြားကာ သီတဂူဆရာတော်အား ပူနေးတက္ကသိုလ်ကြီးရဲ့ကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်းပြောကြားသွားပါသည်။ ထို့နောက် သီတဂူဆရာတော်၏ မိန့်ခွန်းစတင်ပါတော့သည်၊ ဆရာတော်သည် မြန်မာနိုင်ငံမှာ တရားဟောသလိုမျိုးအလွတ်ပြောသွားသည့်အတွက်ကြောင်းနှင့် ဆရာတော်၏တရားတော်တို့ကို နားကြားရပြီး ပရိသတ်များက လက်ခုတ်သြဘာများပေးကြသည်။ ဟောပြောပွဲအပြီးမှာ လက်ဆောင်များပေးကြပါသည်။ စင်မြင့်ပေါ်သို့ ပါမောက္ခများတက်လာကာ ဆရာတော်အား မိတ်ဆက်စကားပြောကြပါသည်၊ ထိုအထဲတွင် သီတဂူစတား၏ဆရာမ ဒဿနိကဗေဒဌာနမှ မင်္ဂလာချင်ချိုရီလဲပါသည်။ အော်တိုများ၊ ဧည့်သည်တော်မှတ်တမ်းများရေးပြီး လေဆိပ်သို့ထွက်လာခဲ့ပါသည်။ ဆရာတော်၏ နွေးထွေး ဖော်ရွှေမှုတို့ကြောင့် ဆရာကြီးနှင့်တကွ ပရိသတ်များ အားရကျေနပ် သဘောကျကြပါသည်။ သီတဂူစတားသည် မြန်မာနိုင်ငံအတွက် ဂုဏ်ယူမဆုံးဖြစ်မိပါသည်၊ ၀မ်းသာလွန်း၍ မျက်ရည်ပင်ကျမိပါသည်။

ဆရာတော်၏ မိန့်ခွန်းကို သီတဂူစတား စာမေးပွဲအပြီးမှာ တင်ဖြစ်ပါမည်။ သီတဂူစတား ကင်မရာသည် အပျော်တမ်း အညံ့စားဖြစ်၍ ဓာတ်ပုံအရည်အသွေးမကောင်းသည်ကိုတော့ နားလည်ပေးစေလိုပါသည်။

သီတဂူစတား
၇-၁၂-၂၀၀၉

သြ၀ါဒခံယူ


ပူနေးတက္ကသိုလ်ရှိ ဌာနအသီးသီးတွင် ပညာသင်ကြားနေသော ကျောင်းသားများသည် ဆရာတော်ကြီး တည်းခိုသည့် Season Hotel သို့သွားရောက်ကာ ဖူးမျှော်ကြသည်၊ ဆရာတော် ခဏအနားယူစဉ် သီတဂူစတားတို့အဖွဲ့သည် သြ၀ါဒခံယူရန် ခန်းမဆောင်တစ်ခုတွင် နေရာယူကြသည်။ ထိုခန်းမဆောင်သည် တစ်နာရီအတွက် ဒေါ်လာ ၁၀၀ နီးပါးပေးရပါသည်။ ဆရာတော်အား ပြိုင်တူကန်တော့ပြီး ဆရာတော်ကြီးက သြ၀ါဒချီးမြင့်သည်။ Missionary and Ministry (သာသာနပြု)အတွက် မင်းတို့တတွေ ရင်းနှီးမြုတ်နှံရမှာက Education and character (ပညာနှင့် သီလ)ဖြစ်သည်ဆိုတဲ့အကြောင်း အမိန့်ရှိပါသည်။

(အသေးစိတ်ကိုတော့ သီတဂူစတား စာမေးပွဲအပြီးမှာ တင်ပါဦးမည်)
သီတဂူစတား စာမေးပွဲသည် ဒီဇင်ဘာ ၁၀ ရက်နေ့စမည်။

သီတဂူစတား
၇-၁၂-၂၀၀၉

ဆရာတော် ပူနေးရောက်


သီတဂူဆရာတော်ဘုရားကြီးသည် ၆-၁၂-၂၀၀၉ နေ့ ညနေပိုင်း အိန္ဒိယစံတော်ချိန် ၆-၃၀ မိနစ်တွင် ပူနေးလေဆိပ်သို့ရောက်သည်။ သီတဂူစတားနှင့် သူငယ်ချင်းများ၊ ပါဠိဌာန ဌာနမှူးနှင့်တပည့်များက ဆရာတော်ကြီးကို လေဆိပ်တွင် သွားကြိုဆိုနုတ်ဆက် ကြသည်။ ဆရာတော်ကြီးသည် ပူနေးတက္ကသိုလ် ပါဠိဌာနမှ ပင့်ဖိတ်ချက်အရ ကြွရောက်ခြင်းဖြစ်ပါသည်။

05 December 2009

သီတဂူစီမံကိန်းအသစ်


အပြည်ပြည်ဆိုင် သီတဂူ ၀ိပဿနာ ကမ္မဋ္ဌာန်းဌာန (စစ်ကိုင်း)
SITAGU INTERNATIONAL VIPASSANA ACADEMY (SAGAING)


သီတဂူသာသနာပြုအဖွဲ့ကြီး၏ ဦးစီးပဓာနဖြစ်တော်မူသော သီတဂူဆရာတော်ဘုရားကြီးသည်
၁။ စစ်ကိုင်းတောင် ရေအလှူတော်စီမံကိန်း
၂။ သီတဂူအာယုဒါန ဆေးရုံတော်
၃။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)နှင့်
၎။ သီတဂူ ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
၅။ သီတဂူ ဗုဒ္ဓတက္ကသိုလ် (မန္တလေး) နှင့်
၆။ သီတဂူဗုဒ္ဓ၀ိဟာရ (အမေရိက) အစရှိသော ပရဟိတ စီမံကိန်းကြီးများကို ပြည်တွင်း ပြည်ပ အလှူရှင်များ၏ ထောက်ပံ့လှူဒါန်းမှုဖြင့် အောင်မြင်စွာ တည်ထောင်နိုင်ခဲ့ပြီ။ စစ်ကိုင်းတောင်သည် သမိုင်းအစဉ်အလာအရ ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဓသာသနာ ထွန်းကားခဲ့ရာနေရာဖြစ်ပါသည်။ ယခုအခါ ထိုမြေမြတ်မဟာဝယ် အပြည်ပြည်ဆိုင်ရာ သီတဂူ ၀ိပဿနာကမ္မဋ္ဌာန်းဌာနကြီးကို အကောင်အထည်ဖော်နေပါပြီ။ အလှူဒါနပြုရန် အခွင့်ကောင်းကို ချောင်းနေသူများအတွက် အသိပေးလိုက်ပါသည်။

အဆောက်အဦး ဖွဲစည်းပုံနှင့် အလှူရှင်များ-
အဆောင်များ၏ ဦးထိပ်ဝယ်
၁။ သီတဂူ ဒီပင်္ကရစေတီ (အလှူရှင်- မင်းသီဟ (ကျပ်သိန်း ၁၀၀၀)
၂။ ထိုစေတီနှင့် ဘေးချင်းယှဉ်ကပ် ဂါလံ ၅၀၀၀၀ (ငါးသောင်း) ဆန့် ရေလှောင်ကန်ကြီး ၂လုံး (တစ်လုံးလျင်- သိန်း ၁၅၀၊ အလှူရှင်ရပြီး)။
၃။ ဆရာတော်နှင့် လက်ထောက်ဆရာတော်များ ၂ ဆောင်အတွက် (တစ်ဆောင်လျင် သိန်း ၈၀၀၊ အလှူရှင်ရပြီး)။
၎။ ၀ိပဿနာဓမ္မဗိမာန်တော် (ကျပ်သိန်း ၅၀၀၊ အလှူရှင်ရပြီး) ထိုဗိမာန်တော်ကြီးသည် အမျိုးသား အမျိုးသမီး ယောဂီဆောင် ၂ ဆောင်ကြား၌တည်ရှိသည်၊ ယောဂီပေါင်း ၃၀၀ တပြိုင်းတည်း ကမ္မဋ္ဌာန်းတရားထိုင်နိုင်သည်။

အောက်ပါအဆောင်များအတွက် လှူဒါန်းနိုင်ရန် အလှူရှင်များအခွင့်အရေးရှိပါသေးသည်။
၁။ အမျိုးသားယောဂီဆောင်ငယ်ပေါင်း ၁၀၀ အတွက် (တစ်ဆောင်လျင် ကျပ်သိန်း ၅၀)။
၂။ အမျိုးသမီးယောဂီဆောင်ငယ်ပေါင်း ၁၀၀ အတွက် (တစ်ဆောင်လျင် ကျပ်သိန်း ၅၀)။
၃။ အမျိုးသားယောဂီ ထမင်းစားဆောင်နှင့် မီးဖိုဆောင် (ကျပ်သိန်း ၂၅၀)။
၎။ အမျိုးသမီးယောဂီ ထမင်းစားဆောင်နှင့် မီးဖိုဆောင် (ကျပ်သိန်း ၂၅၀)။

ဆက်သွယ်လှူဒါန်းရန်ဌာန--
၁။ ၀၁-၅၈၁၇၇၇ (ရန်ကုန်) ။
၀၁-၅၈၁၉၉၉ (ရန်ကုန်)။
၀၁-၅၈၁၆၆၆ (ရန်ကုန်)။
၂။ ၀၇၂-၂၁၆၁၁ (စစ်ကိုင်း)။
၀၇၂-၂၁၅၈၇ (စစ်ကိုင်း)။
၀၇၂-၂၂၂၆၀ (စစ်ကိုင်း)။

ပဋိပတ္တိမဟာဌာနကြီး အလှူတော်အတွက် ၀မ်းမြောက်နုမော် သာဓုခေါ်ပါသည်။
သီတဂူ စန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။

သီတဂူစတား
၆-၁၂-၂၀၀၉

04 December 2009

မွန်မြတ်ဆု(အပိုင်း-၂)


ဆုတောင်း ၆မျိုး (အပိုင်း-၈)

ဘယ်သူ့ကိုမှမချစ်ပါရစေနဲ့


သိကြားမင်းက ကဏှကို ''အိုရှင်ရသေ့... နောက်ထပ်ဆက်လက် အမိန့်ရှိပါဦး''လို့ လျှောက်တော့ ကဏှရှင်ရသေ့က အမိန့်ရှိလိုက်တယ်။
''နတ်တို့ကို အစိုးရတဲ့သိကြားမင်း... ဤကောင်းမှု ကြောင့်ဘဝကြီးငယ် အသွယ်သွယ်မှာ ငါသည် တစ်ယောက် ယောက်ကို (သို့) ဘယ်သူ့ကိုမှ တဏှာအစေးနှင့် မချစ်ပါရစေနဲ့''။
သိနေဟဆိုတဲ့ အချစ်ဟာ အစေးကပ်တယ်။ အလွန်ကောင်းတဲ့ ကော်တစ်မျိုး၊ ဒီကနေ့ ခေတ်စားတဲ့ ဆင်ကော်ဟာ သိပ်ကပ်တယ်၊ လက်နှစ်ချောင်းကို အဲဒီကော်နှင့်ကပ်ကြည့် ပြန်ခွာမရတော့ဘူး၊ ဘာနဲ့မှ ချွတ်လို့မရဘူး၊ အသားကို လှီးဖြတ်မှ ပြုတ်သွားတာ၊ သစ်သားတွေ ဘာတွေတောင်ကပ်တာ။ ကပ်ပြီးရင် ပြန်ခွာလို့မရတဲ့ အတွက်ကြောင့် နှစ်ခုစလုံးပျက်စီးရတယ်။ စက္ကူနှစ်ရွက်ကို ကော်ကောင်းကောင်းနဲ့ နာနာကပ်၊ ပြန်ခွာရင် နှစ်ရွက်စလုံး ပျက်စီးသွားတယ်၊ အစေးကပ်ရင် မှတ်ထား၊ အဲဒါပျက်စီးမယ်။
ဒါကြောင့် ''ငါ့သန္တာန်မှာ ဘယ်သူ့ကိုမှ ဘယ်တော့မှ မချစ်ပါရစေနဲ့''လို့ ကဏှရသေ့က ဆုတောင်းတာ။ သိပ်မှတ်သားစရာ ကောင်းတယ်။
ချစ်တယ်ဆိုတာ အစေးကပ်တာ။ တစ်ယောက်ယောက်ကို အစေးကပ်တာ။ ခွာပြီ ခွဲပြီဆိုတဲ့နေ့မှ ငိုရတာ။
ဝိသာခါကျောင်းအမ သားသ္မီး-၂ဝ၊ မြေး-၄ဝဝ၊ မြစ်က-၈ဝဝဝ၊ အစေးတွေကပ်ထားတာ၊ မြေး- ၄ဝဝထဲက တစ်ယောက်ကသေသွားတယ်။ ၇-ရက်ငိုတယ်တဲ့။ သော တာပန်ကျောင်းအမကြီးပဲ၊ ဒါပေမဲ့ မြေးကလေး အပေါ်မှာ ချစ်တဲ့ တဏှာအချစ်ကြောင့် ငိုရသေးတာပဲ။
ဘုရားရှင်ကိုယ်တော်မြတ်က ''ကျောင်းအမ... ဘာဖြစ်လို့ ငိုတာလဲ? မြေးသေလို့ငိုတာပါဘုရား။ မြေး ဘယ်နှစ်ယောက်ရှိသလဲ? ၄ဝဝ-ရှိပါတယ်ဘုရား။ အခု ဘယ်နှစ်ယောက်သေသလဲ? တစ်ယောက်ထဲသေတာပါဘုရား။ တစ်ယောက်ထဲ သေတာကို ဘယ်နှစ်ရက်ငိုတာလဲ? ၇-ရက် ငိုရပါတယ်ဘုရား။
တစ်ယောက်၇-ရက်နှုန်းနဲ့ ငိုကြည့်။ တစ်ယောက် ၇-ရက်နှုန်းနဲ့ငိုမယ်ဆိုရင် မြေး၎ဝဝ-ရာ သေရဦးမှာ ဆိုတော့ ရက်ပေါင်းဘယ်နှစ်ရက်လောက် ငိုရမလဲ။ တွက်ကြည့်ပေါ့။ နောက်ထပ် မြစ်၈ဝဝဝ-က သေရဦးမှာ။ ငိုလို့ ဆုံးနိုင်ဦးမလား ဒကာမကြီးဝိသာခါ...ဤသို့ မြတ်စွာဘုရားက သောကငြိမ်းကြောင်း တရားကောင်းကို မိန့်ကြားတော်မူလိုက်တယ်။
ဒီတော့ ချစ်တယ်ဆိုတဲ့ကိစ္စက နောက်ဆုံးမှာ ငိုဖို့ဘဲ။ မခွဲရတဲ့ချစ်သူဆိုတာလဲ ကမ္ဘာမှာမရှိဘူး။ ခွဲရရင် ငိုရမှာ မဟုတ်လား။
သူခွဲငါခွဲ တစ်ယောက်ယောက်က အရင်ခွဲပြီး ငို ခိုင်းထားခဲ့မှာ။ ဒါကြောင့် ကဏှရသေ့က ''ငါ့သန္တာန်မှာ ဘဝကြီးငယ် အသွယ်သွယ်၌ ဘယ်သူ့ကိုမှ မချစ်ပါရစေနဲ့''လို့ ဆုတောင်းတာ။
လောကကြီးမှာ ဘယ်သူမှ သောကမဖြစ်ချင်ကြဘူး။ ဒါပေမယ့် မကြာခဏ ဖြစ်နေကြတယ်။ သောကဖြစ် ကြောင်းအလုပ်တွေကို လုပ်နေကြလို့ပဲဆိုတာ နားလည်ကြရမယ်။
ဤသို့ပြုရ၊ မြတ်ပုညကြောင့်၊ ဘဝထိုထို၊ နောက် အဟိုဝယ်၊ အမျက်ကောဓ၊ ဒေါသလောင်မီး၊ လိုကြီး လောဘ၊ သိနေဟအချစ်၊ မချစ်လျှင်မုန်း အလုံးစုံသော ကိလေသာ အပြစ်တို့ ဘယ်ဘဝမှာမှ မဖြစ်ရပါစေနဲ့။

အနာရောဂါတွေမဖြစ်ပါရစေနဲ့
သိကြားမင်းက ''အိုရှင်ရသေ့...ဆုတောင်းတွေ ကျန်သေးတယ်ထင်တယ်။ တောင်းစမ်းပါဦးဘုရား''လို့ လျှောက်ထားတော့ ကဏှရသေ့က နောက်ထပ်ပြီး ဆုတောင်းတယ်။
ဝရဉ္စ မေ အဒေါ သက္က၊ သဗ္ဗဘူတာနမိဿရ။
အရညေ မေ ဝိဟရတော၊ နိစ္စံ ဧကဝိဟာရိနော။
အာဗာဓာ မေ ဥပ္ပဇ္ဇေယျုံ၊ အန္တရာယကရာ ဘုသာ။
''ဤကောင်းမှုကြောင့် ဘဝကြီးငယ် အသွယ်သွယ်မှာ တောကြီးထဲမှာ တစ်ယောက်ထည်းနေလေ့ရှိတဲ့ ငါ့အား အနာရောဂါတွေ မဖြစ်ပါရစေနဲ့၊ (သို့မဟုတ်) ကျန်းကျန်းမာမာ တရားအားထုတ်နိုင်ရပါလို၏''လို့ ဆုတောင်းတယ်။
တစ်ယောက်တည်းသမားဟာ မကျန်းမာဘူးဆို လို့ရှိရင် ပြုစုစောင့်ရှောက်ဖို့ လူဟာ တကယ်လိုလာတယ်။ တစ်ယောက်တည်း တရားအားထုတ်လို့ ခေါင်းကိုက်နေရင် ဘယ်သူမှ လာနှိပ်ပေးမယ့်လူမရှိဘူး။ ကိုယ့်ခေါင်းကို ကိုယ် နှိပ်ရုံပဲ၊ ခါးနာလို့ရှိရင် ဘယ်သူမှ လာနှိပ်ပေးမယ့်လူမရှိဘူး၊ ကိုယ့်ခါးကိုယ်နှိပ်ရုံပဲ၊ ရေနွေးသောက်ချင်လို့ ကျိုပေးမဲ့လူမရှိဘူး၊ ကိုယ့်ဘာသာကို ကြိုသောက်။
ဒါကြောင့် တစ်ယောက်တည်းနေတဲ့သူဟာ ကျန်းမာမှ မကျန်းမာရင် တရားကျင့်ဘို့ မလွယ်ဘူး။
ကျောက်ဝိုင်းဆရာတော် ပြောသလိုပဲ၊ ညတရားပွဲက ပြန်သွားချွေးလေးတပြိုက်ပြိုက်နဲ့။ သင်္ကန်းဆွဲ ချွတ်ပြီးပစ်လိုက်တယ်။ တခါတည်း သင်္ကန်းအသစ်လဲ, ဖျော်ရည်လေးသောက်ပြီး အိပ်ရာထဲအိပ်ချလိုက်တယ်။ နှစ်နှစ်ခြိုက်ခြိုက် ဟောထားတဲ့တရား ကိုယ့်ဘာသာကို ပီတိဖြစ်။ ကိုယ့်ရဲ့ ဓမ္မဒါနကောင်းမှုနဲ့ အေးအေး ချမ်းချမ်းလေးနဲ့ အိပ်လို့ သိပ်ကောင်းတယ်။
အူဝဲဆိုတဲ့အသံ အိပ်ရာထဲတစ်ခါမှ မကြားဖူးဘူး။ အဆင်ပြေတယ်။ ဒါကြောင့် ''တစ်ယောက်ထီး တည်းနေလေ့ရှိတဲ့ ငါ့မှာ ပြင်းထန်တဲ့အနာရောဂါတွေ ဘယ်တော့မှ မဖြစ်ပါရစေနဲ့''လို့ ကဏှက ဆုတောင်းတာ။
ဤသို့ပြုရ၊ မြတ်ပုညကြောင့်၊ ဘဝထိုထို၊ နောက်အဟိုဝယ်၊ တစ်ကိုယ်ထည်းတည်း၊ တောရပ်မှီးကာ၊ အနာ ကင်းကွာ၊ ကျန်းမာစွာဖြင့်၊ သုံးရပ်သိက္ခာ၊ သာသနာ၊ ကောင်းစွာ အားထုတ်နိုင်ရပါလို၏။

ကိုယ့်ကြောင့် တခြားသူများ ဒုက္ခမရောက်ပါစေနဲ့
ဝရဉ္စ မေ အဒေါ သက္က၊ သဗ္ဗဘူတာနမိဿရ။
န မနော ဝါ သရီရံ ဝါ၊ မံ ကတေ သက္က ကဿစိ။
ကဒါစိ ဥပဟညေထ၊ ဧတံ သက္က ဝရံ ဝရေ။
''ဤကောင်းမှူကြောင့် ဘဝကြီးငယ် အသွယ်သွယ်မှာ ငါတည်းဟူသောအကြောင်းကြောင့် သူတစ်ပါးတို့ရဲ့ ကိုယ်ရောစိတ်ရော ဘယ်သောအခါမျှ ဆင်းရဲဒုက္ခမဖြစ်ကြပါစေနဲ့''လို့ ကဏှရသေ့ နောက်ထပ်ပြီး ဆုတောင်းသေးတယ်။
ငါတည်းဟူသောအကြောင်းကြောင့် သူတပါးတို့ ကိုယ်ဆင်းရဲ, စိတ်ဆင်းရဲ မဖြစ်ကြပါစေနဲ့၊ ဘယ်လောက် ကောင်းလဲ။
ဒီကနေ့ လူတစ်ယောက်ဟာ မဟုတ်တာလုပ်လိုက် တဲ့အတွက်ကြောင့် လူတွေရာပေါင်းများစွာ သန်းပေါင်းများ စွာ ကိုယ်ဆင်းရဲ, စိတ်ဆင်းရဲဖြစ်ရတာတွေ တိုင်းပြည်အနှံ့ နိုင်ငံတိုင်းမှာ ရှိတယ်။တခါတလေ တစ်ယောက်ယောက် ဆိုးတဲ့အတွက်ကြောင့် တစ်ရွာလုံးဒုက္ခဖြစ်တာ၊ တစ် ယောက်မိုက်တဲ့ အတွက်ကြောင့် တစ်မြို့လုံးဒုက္ခရောက်တာ၊ ခါတခါ ကမ္ဘာနဲ့ချီပြီး ဒုက္ခရောက်တာတွေရှိတယ်။
အီတလီ ဥရောပတစ်ခွင်လုံး လူအချင်းချင်း သတ်လိုက်တဲ့ဖြစ်ခြင်း၊ အင်္ဂလိပ်တွေကြောင့် လူပေါင်းများစွာ သေကြတာ၊ ဂျပန်ခေတ်က ဂျပန်တွေကြောင့် လုပေါင်းများစွာသေကြတာ၊ ဒါဘာလဲဆိုရင်ကမ္ဘာကြီးဟာ တစ်ယောက်ဆိုးတဲ့အတွက်ကြောင့် လူပေါင်းများစွာ ဒုက္ခရောက်တဲ့ဖြစ်စဉ်တွေကို ပြောပြတာပါ။
အဲဒါတွေမြင်ပြီးတော့ ရှင်ရသေ့ကြီးက''ငါ့ကြောင့် သူတစ်ပါး ဒုက္ခမဖြစ်ပါစေနဲ့''တဲ့။ အဲဒီစိတ်ဓာတ်မျိုးတွေ များများကြီး မွေးကြ။ ဒီစိတ်ဓာတ်မျိုး မပြန့်ပွားသေးရင် အေးချမ်းသာယာဖို့ မလွယ်ဘူး။ ကမ္ဘာမှာ ဒီစိတ်ဓာတ်မျိုးရှိတဲ့လူဟာ သိပ်ရှားတယ်။ ဒါကြောင့် ကမ္ဘာကြီးမငြိမ်းချမ်းတာ။
ဤသို့ပြုရ, မြတ်ပုညကြောင့်, ဘဝထိုထို, နောက်အဟိုဝယ်, ငါ့ကိုယ်ကြောင့်သာ, သူတို့မှာလျှင်, နှစ်ဖြာကိုယ်စိတ်, တစ်စိတ်စိတ်မျှ, ဆင်းရဲဒုက္ခ, မဖြစ် ကြပါစေနဲ့။
ကဏှရသေ့က ဒီဆု၆-မျိုးကို တောင်းပြီးတဲ့အခါ သိကြားမင်း သဘောကျ နှစ်ခြိုက်ပြီး ပြန်သွားတယ်။ အဲဒီက တည်းက သိကြားမင်းပြန်သွားတာ အခုထိ သိကြားမင်း မလာတော့ဘူး။
ဒကာကြီးတွေ သိကြားမင်းကို ဘယ်လောက်ပင့် ပင့် မလာတော့ဘူး။ သုံးဆယ့်ခုနှစ်မင်းနဲ့ပဲ နေကြရမှာ၊ သိကြားတော့ မလာတော့ဘူး။

ဆုတောင်း ၆မျိုး (အပိုင်း-၉)ဆက်ရန်--

02 December 2009

အမေရိကနှင့် တိုကျိုခရီးစဉ်

Sitagu Sayadaw's Dhamma Trip in U.S.A.
December 9-21, 2009

For Hawaii-US-Tokyo Trip



Dec 9, 09, Arrival to Honolulu at 8:45 a.m

Dec 12, 09, Arrival to Houston at 7:00 a.m

Dec 12, 09, Group Offering Lunch at
Sammy Thein + Mi Lay Nwe Thein House
Offering Hotel Rooms by Myat Phone Kyaw

Dec 12, 09 6:00 p.m. Night Public Dhamma Talk at
Dr. U Thein Kyaw + Daw San San House, Houston

Dec 13, 09, Offering Breakfast at
U Than Shwe + Rodica House, Houston

Dec 13, 09, Group Offering Lunch at
Dr. U Thein Kyaw + Daw San San House, Houston

Dec 14 to 16, 09
Daw Elizabeth + Dr. Win Wah Kyu + Dr. Ma Thu Zar
and Group Offering Breakfast & Lunch at
Sitagu Buddhist Vihara, Austin,Texas

Dec 17, 09, Dep-Austin 7:25 a.m. Ari-St. Paul 10:20 a.m.

Dec 18, 09, 6:00 p.m. Night Public Dhamma Talk at
Sitagu Dhamma Vihara, Maple Wood, Minnesota

Dec 19, 09 Dep-St. Paul 5:15 p.m. Ari-Houston 8:30 p.m.
Offering Hotel Rooms by
Ko Selwyn + Dr. Moe Moe Win, Houston

Dec 20, 09 Departure from Houston to Honolulu at 10:45 a.m

Dec 21, 09 Departure from Honolulu to Tokyo at 10:15 a.m

မှတ်ချက်။ ။ဤအမေရိက ခရီးစဉ်ကို အရှင်နာယကာလင်္ကာရ ဆိုဒ်မှ ကူးယူဖော်ပြပါသည်။

01 December 2009

သီတဂူဆရာတော်၏အိန္ဒိယခရီးစဉ်


သီတဂူဆရာတော်၏အိန္ဒိယခရီးစဉ်သည် အလွန်နီးကပ်နေပြီးဖြစ်ပါသဖြင့် ထပ်မံကြေညာခြင်းဖြစ်သည်။



ဒီဇင်ဘာ ၄ ရက်၊

နေ့လည် (၂း၀၀) နာရီတွင် ဂယာမြို့သို့ ဆိုက်ရောက် မည်ဖြစ်ပြီး၊ ညနေပိုင်း (၆) နာရီတွင် ဆရာတော်၏ တရားပွဲ အစီစဉ်ရှိပါသည်။
ဗုဒ္ဓဂယာရှိ Lotus Nikko (သို့မဟုတ်) Royal Residential Hotel ၌ တည်းခိုပါမည်။


ဒီဇင်ဘာ ၅ ရက်၊
ဗုဒ္ဓဂယာတွင် ဆရာတော် ရှိနေပါမည်။
ညနေပိုင်းတွင် ပညာသင်မြန်မာရဟန်းတော်များ၏ သြ၀ါဒခံယူပွဲကို ကြွ ရောက်၍ သြ၀ါဒကထာ မြွက်ကြားပါမည်။ ယင်းဟိုတယ်၌ တည်းခိုပါမည်။

ဒီဇင်ဘာ ၆ ရက်၊
နံနက်ပိုင်း Indian Airlines - 410 ဖြင့် လေယာဉ်ဖြင့် ပတ္တနားမှ ဒေလီသို့ ကြွရောက်မည်ဖြစ်ရာ နံနက် ၁၀း၃၀ နာရီတွင် ဒေလီ (IGI) လေဆိပ်သို့ ဆိုက်ရောက်ပါမည်။ ထိုလေဆိပ်မှတဆင့် Indigo-105 ဖြင့် 14:20 တွင် ပူနေးသို့ ဆက်လက်ကြွရောက်မည်ဖြစ်ပါသည်။ လေဆိပ်သို့ သီတဂူစတားတို့အဖွဲ့ ဆရာတော်ကို သွားကြိုကြပါမည်။ Season Hotelတွင် တည်းခိုပါမည်၊ ညပိုင်းတွင် ဆရာတော် အချိန်ပေးလျင် ပူနေးတက္ကသိုလ်ကျောင်းသားများ သြ၀ါဒခံယူပွဲရှိပါသည်။

ဒီဇင်ဘာ ၇ ရက်
နံနက်ပိုင်းတွင် ပူနေးမြို့ အနီးရှိ ရှေးဟောင်းဗုဒ္ဓဘာသာ ကာလာနှင့်ဘယာလိုဏ်ဂူများသို့ ကြွရောက်လေ့လာပြီး ညနေပိုင်း ၃နာရီတွင် ပုနေးတက္ကသိုလ်၏ ခန်းမဆောင်ကြီးတွင် ဆရာတော် သင်တန်းတစ်ခု သင်ကြားပြသပေးမည်။ ၅နာရီတွင် အခန်းအနားအားလုံးပြီးစီးပါမည်။ ထိုအခန်းအနားမှ လေဆိပ်သို့ဆင်းပါမည်။ ညနေပိုင်း (၇) နာရီ တွင် Jet Airways-364 ဖြင့် ဒေလီသို့ ပြန်လည် ကြွရောက်မည်ဖြစ်ပါသည်။
Pune to Delhi, Jet Airways-364, Dep: 19:00 Arr 21:10
Ashok Hotel တွင် တည်းခိုပါမည်။

ဒီဇင်ဘာ ၈ ရက်၊
ညသန်းခေါင် Thai TG 316 (00:05/ 09-12-09) ဖြင့် ဒေလီ မှ ဘန်ကောက်သို့ ပြန်လည် ကြွရောက်မည် ဖြစ်ပါသည်။

ပူနေးသို့ကြွခြင်း

သီတဂူဆရာတော်ကြီးအိန္ဒိယသို့ကြွလာခြင်းသည် တပည့်များကို ချီးမြောက်ချင်လိုသောကြောင့်လဲဖြစ်ပါသည်။ ယခုနှစ် ပူနေးတက္ကသိုလ်မှာ နှစ်စဉ် စည်းမျဉ်းအသစ်တွေကြောင့် နိုင်ငံခြားသား ကျောင်းသားများ ဒုက္ခမျိုးစုံ ရင်ဆိုင်နေရပါသည်။ International University of Organization of India ရဲ့ အသိမှတ်ပြုသော အောင်လက်မှတ်များကိုသာခွင့်ပြုသည်။ မြန်မာပြည်က ကျောင်းသားများလဲ ထိုတက္ကသိုလ်၏ အသိမှတ်ပြုလက်မှတ်ရဘို့ ညွန်ကြားလွှာများရောက်လာပါသည်၊ နယူးဒေလီမြို့မှာ သွားယူရမည်ဖြစ်သဖြင့် အလွန်ခက်ခဲပါသည်။ ထိုအခက်ခဲတွေကို သီတဂူဆရာတော်ကြီး၏ကျေးဇူးကြောင့် အလွယ်တကူနှင့်အဆင်ပြေသွားပါသည်။ ပါဠိဌာန ဌာနမှုးသည် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ ကျင်းပသော အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒတက္ကသိုလ်များ ညီလာခံသို့ရောက်ဖူးသဖြင့် သီတဂူကို ကောင်းကောင်းသိနေခြင်းကြောင့်ဖြစ်ပါသည်။ ပါဠိဌာနမှုး ဖုန်းတစ်ချက်ဆက်လိုက်တာနဲ့ ပါဠိကျောင်းသားများအားလုံး အင်္ဂလိပ်စာ ၀င်ခွင့် စာမေးပွဲတောင် မဖြေရတော့ပဲ အလွယ်တကူကျောင်းသားဖြစ်ပါသည်။ ပါဠိဌာနအတွက်သာအဆင်ပြေနိုင်ပါသည်၊ အခြား ဒဿနိကဗေဒစသော ဌာနတို့၌ ရဘို့မလွယ်ကူပါ။ အခုလို ကြွရောက်ခြင်းသည် တက္ကသိုလ်အချင်းချင်း နားလည် အားပေးခြင်းလည်းဖြစ်ပါသည်။


သီတဂူစတား
၁-၁၂-၂၀၀၉

29 November 2009

မွန်မြတ်သောဆု (အပိုင်း-၁)



ဆုတောင်း ၆ မျိုး(အပိုင်း-၇)

တောင်းဆုလေးမျိုး


''သိကြားမင်း...ငါသည် အမျက်မထွက်ရပါစေနဲ့၊ ဒေါသမရှိရပါစေနဲ့၊ လောဘမရှိရပါစေနဲ့၊ ကိလေသာ အချစ် မရှိရပါစေနဲ့ဆိုတဲ့ ဆုတွေကိုပဲ လိုချင်ပါတယ်''လို့ ကဏှက တောင်းဆိုလိုက်တယ်။ အဲဒီလို ကဏှက ဆုတွေ တောင်းတော့ သိကြားမင်းက ပြောလိုက်တယ်။

တောင်းဆိုရခြင်း အကြောင်းရင်း

''ဘာ့ကြောင့် ဒီဆုတွေကို တောင်းသလဲ၊ တောင်းဆိုခြင်းရဲ့ အကြောင်းကို ရှင်းပြတော်မူပါဦးဘုရား''လို့ လျှောက်တယ်။


အမျက် မဖြစ်ပါရစေနဲ့

''သိကြားမင်း... အမျက်ထွက်ရင် ဖြစ်ကာစက နည်းနည်းကလေးပဲ၊ နောက်တဖြည်းဖြည်းနှင့် အရှိန်ပြင်း လာတယ်။ အဲဒီလို အရှိန်ပြင်းလာရင် ခွာလို့မရအောင် ငြိကပ်တတ်တယ်။ နောက်တော့ စိတ်နှလုံးပူပန်ရတာပဲ'' လို့ ကဏှက မိန့်တော်မူလိုက်တယ်။
အမျက်က ဘာနဲ့တူသလဲဆိုရင် ဒကာကြီးတွေ လယ်တောသွားတဲ့အခါ ဖိနပ်မစီးဘဲနဲ့သွားမိရင် ခြေဖဝါးမှာ ဆူးလေးတွေဆူးတယ်။ ဆူးကိုဆွဲထုတ်လိုက်တော့ အရင်းသား တုတ်တုတ်ကြီးတွေ ထွက်သွားတယ်။ အဖျားချွန်သေးသေးလေးက ခြေဖဝါးထဲမှာကျန်နေခဲ့တာ။
အဲဒါကို အရေးတကြီးမဟုတ်ဘူး ဆိုပြီးထားတာ၊ လမ်းလျှောက်တိုင်း တစ်ရက်, နှစ်ရက်ကြာတော့ မျက်တက် မျက်တက်နဲ့ ဖြစ်လာတယ်။
အရေးမကြီးဘူးဆို ဆက်ထားရင် နောက်ခုနစ်ရက် ရှစ်ရက်ကြာတော့ ပြည်တွေဘာတွေ တည်လာတယ်နော်။ ဆူးအချွန်သေးသေးလေးစူးတာကို ဘာခေါ်လဲ?ဆူးမျက်တယ်၊ ငါးဟင်းနှင့် ထမင်းစားတဲ့အခါ တခါတလေ အရိုးသေးသေးလေး အရိုးနုနုလေးတွေကို မဝါးဘဲနဲ့မျိုချမိရင် လည်ချောင်းမှာ အရိုးလေး ငြိတော့အဲဒါကို အရိုးမျက်တယ်လို့ပြောတယ်၊ စားလို့မဖြောင့်တော့ဘူး၊ ဆူးမျက်ရင်တော့ သွားလို့မဖြောင့်တော့ဘူး။
စားမဖြောင့် သွားမဖြောင့်ဖြစ်တာ ဘာလဲဆိုတော့ အရိုးမျက်တာဆူးမျက်တာ။ ဘဝသံသရာခရီးမှာ အစားလည်းမဖြောင့် အသွားလည်းမဖြောင့် ဖြစ်ကြတာက တစ်ယောက်နဲ့တစ်ယောက် အမျက်ထွက်လို့ ဟုတ်လား။
စိတ်ထဲမျက်တာ နှုတ်ကတော့ မပြောဘူးဗျနော်၊ ဒါကြောင့် ဘဝသံသရာခရီးမှာ အစားမဖြောင့် အသွား မဖြောင့်အောင် အနှောက်အယှက်ပေးတဲ့ ဒေါသအနုစားလေးကို 'အမျက်ကောဓ'လို့ ခေါ်တယ်။
ကဏှရှင်ရသေ့က ''ငါ့သန္တာန်၌ ဘဝကြီးငယ် အသွယ်သွယ်မှာ အဲဒီလို ဆူးမျက်သလို အရိုးမျက်သလို မျက်တတ်တဲ့အမျက် အစားလည်းမဖြောင့်အောင် အသွားလည်းမဖြောင့်အောင် နှောင့်ယှက်ပေးနေတဲ့ အမျက်ဟာ ဘယ်ဘဝမှာမှ မဖြစ်ပါရစေနဲ့၊ ဘယ်အကြောင်းကြောင့်မျှ ဘယ်သူကိုမျှ အမျက်မထွက်ပါရစေနဲ့''လို့ ဆုတောင်းတယ်။
ဒကာကြီးတွေ မှတ်ထား။ ဒီလိုဆုမျိုးတောင်း နိုင်အောင် ကြိုးစားရမယ်။ ဘယ်ဘဝမှာမှ ဘယ်အကြောင်းကြောင့်မျှ ဘယ်သူကိုမျှ အမျက်မထွက်ပါရစေနဲ့တဲ့။ ဘဝငြိမ်းချမ်းရေးကို ရချင်တယ်ဆိုရင် ဒီလိုဆုမျိုးတောင်းကြ။
ကဏှရသေ့က သိကြားကို စိတ်ဆိုးသလား၊ စိတ် မဆိုးပါဘူးနော်၊ သိကြားမင်းကြီးက ''သြော်...သူတော် ကောင်းပဲ၊ စိတ်မဆိုးရှာဘူး၊ ရသေ့ကြီး ဆုတွေတောင်းတာတယ်ကောင်း၊ ကြည်ညိုပါရဲ့၊ နောက်ထပ် ဆုတောင်းရှိသေးရင် ပြောစမ်းပါဦး''လို့ လျှောက်ပြန်တယ်။

ဒေါသ မဖြစ်ပါရစေနဲ့
ကဏှရသေ့က ''ဘဝကြီးငယ် အသွယ်သွယ်မှာ ငါ့သန္တာန်၌ ဒေါသမဖြစ်ပါရစေနဲ့''လို့ တောင်းဆိုလိုက်တယ်။ သတ္တဝါအားလုံးပေါ်မှာ မေတ္တာထားမယ်ဆိုတဲ့သဘောနဲ့ ဒီဆုကိုတောင်းလိုက်တာ။
ဒေါသဟာ ရှေးဦးစွာ ဒေါသဖြစ်နေသူကို ဖျက်ဆီးတယ်။ နောက်မှတစ်ခြားသူကို ဖျက်ဆီးတာ။ ဒေါသဖြစ်နေရင် အကောင်းအဆိုးကို နားမလည်တော့ဘူး။ လုပ်ချင်ရာလုပ်တယ်။ ဒါကြောင့် ဒေါသအားကြီးတဲ့သူကို 'တုတ်ထိုး အိုးပေါက်'လို့ ပြောကြတာ။
အမျက်ကောဓဆိုတာ စိတ်ထဲမှာပဲဖြစ်နေတာ၊ ဒေါသဆိုတာ စိတ်ထဲမှာ ထိမ်းထားလို့မရတော့ဘူး။ ပါးစပ်က ထွက်လာတယ်။ ထွက်လာတဲ့စကားလုံးကလည်း တစ်လုံးမှ မကောင်းဘူး။
ပါးစပ်ကနေ သူတစ်ပါးကိုပြောလို့ အားမရတော့ ဓား,ဒုတ်ကိုင်ပြီးတော့ သူတစ်ပါးကို နှိပ်စက်တဲ့အထိ ဖြစ်လာတယ်။ အဲဒါဘာလဲ? ဒေါသ။
အဲဒီလောက်ထိမရောက်သေးဘူး။ ပါးစပ်ကလည်း မပြောသေးဘူး။ စာလုံးအနေနဲ့လဲ ရေးပြီးတော့ မဝသေးဘူး၊ စိတ်ထဲမှာတင် မျက်နေတာလေးက ကောဓ။
အဲဒီ စိတ်ထဲကဥစ္စာကို စာတွေနဲ့ရေးပြီး ဖြန့်ချီတယ်။ ပါးစပ်ကလည်း ပြောတယ်၊ ဒီကနေ့ ကမ္ဘာနဲ့ချီပြီး ပြောရရင်တော့ အသံလွှင့်တဲ့သဘောဘဲ။
အဲဒီလိုဟာမျိုးတွေ စကားလုံးကြမ်းကြမ်းတွေနဲ့ ပြောလာပြီဆိုရင် ဒါဘာခေါ်လဲ? ဒေါသ။ စာအုပ်တွေ ရေးထုတ်လိုက်ပြီ၊ ဒါလည်း ဒေါသ။
ရေးလဲမရေး၊ ပြောလည်းမပြော၊ လွှင့်လည်းမလွှင့်၊ ရင်ထဲမှာ မြုံပြီးတော့ ဖြစ်နေတာကကောဓ။ တစ်ခုမှ မကောင်းဘူး။ ဒါကြောင့်ကဏှက ဒီဆုတွေကို တောင်းရတာ၊ သိကြားမင်းကြီးကလည်း ကျေနပ်လို့။


လောဘ မရှိပါရစေနဲ့


တတိယဆုတောင်းက ဘာလဲဆိုရင် ''ငါသည် ဘဝကြီးငယ် အသွယ်သွယ်မှာ မပြည့်နိုင်အောင်လိုနေတဲ့ လောဘ မရှိပါရစေနဲ့''တဲ့။ ကဏှရသေ့ ဒီဆုကို ဘာ့ကြောင့် တောင်းရသလဲဆိုရင် လောဘသည် ဒုက္ခအားလုံးရဲ့ လက်သည်တရားခံ ဖြစ်လို့ပါပဲ။
မပြည့်နိုင်အောင်လိုနေတဲ့ လောဘ၊ ပြည့်ကိုမပြည့်ဘူး၊ အမြဲတမ်းလိုနေတာ၊ အလိုမပြည့်နိုင်အောင် လိုနေတဲ့ လောဘမျိုးဟာ သိပ်ကြောက်စရာကောင်းတယ်။
ကမ္ဘာမြေပေါ်မှာ မြစ်တွေများစွာရှိတယ်။ နေ့စဉ် နေ့စဉ်စီးဆင်းတဲ့ရေက ပင်လယ်ထဲကိုသွားတယ်။ ဧရာဝတီ ရေတွေဘယ်ဆီကိုသွား? ပင်လယ်ထဲကိုသွားတယ်။ ချင်းတွင်းတို့ စစ်တောင်းတို့ သံလွင်တို့ ဘယ်ကိုသွားလဲ? ပင်လယ်ထဲကိုသွားတယ်၊ နေ့တိုင်းစီးဆင်းပြီး သွားနေတာ။
ကုလားပြည်က မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာ လည်းဒီအတိုင်းပဲ။ ဘယ်မြစ်မဆို ရေတွေ ဘယ်ကိုသွားလဲ ဆိုရင်ပင်လယ်ထဲကိုသွား၊ ပင်လယ်ထဲကို ဒီလောက်ရေတွေ ပို့ပေးနေတာ တစ်ခါမှ ပင်လယ်ရေ မပြည့်ဘူးနော်။
လိုချင်တယ် လိုချင်တယ်ဆိုတဲ့ လောဘက ပင်လယ်လိုဘဲ။ ပေးချင်တိုင်းပေး လက်ခံတယ်။ ဘယ်တော့မှ တော်ပြီလို့မပြောဘူး။ အလိုမပြည့်ဘူး။
လောဘရှိသမျှ အလိုမပြည့်ကြဘူး။ ဒီလူတွေ အလိုမပြည့်ခင် အကုန်သေမှာဘဲ။ အလိုပြည့်ပြီးမှ သေမည့်လူရယ်လို့ မရှိကြဘူး။
အဲဒါကြောင့် အားလုံးသော သူတော်ကောင်းတွေ အလိုတော်ပြည့်ချင်တယ်ဆိုရင် လောဘကုန်အောင် အားထုတ်ရမယ်။ အလိုတော်ပြည့်ဘုရားကို တည်ရုံမျှနှင့် အလိုမပြည့်နိုင်ဘူး။ လောဘကုန်မှသာလျှင် အလိုပြည့် နိုင်မယ်။
ဒါကြောင့် သိကြားမင်းက ''ငါ့သန္တာန်မှာ ဒီကနေ့ ပြုလုပ်တဲ့ဒါန, ဆောက်တည်တဲ့သီလ, အားထုတ်တဲ့ သမထ ဝိပဿနာ, ဒီကောင်းမှုတွေကြောင့် ပင်လယ်ကြီးနှင့်အမျှ 'လိုတယ်,လိုတယ်' ဆိုတဲ့ ဒီလောဘသည် ဘယ်ဘဝမှာမှ မဖြစ်ပါရစေနဲ့''လို့ ဆုတောင်းတယ်။
ဒကာကြီးတွေ ကဏှရသေ့ဟာ ဘယ်လောက်များ ကြည်ညိုစရာကောင်းသလဲ၊ တစ်ယောက်ယောက်ကို ကလဲ့စားချေဖို့ သူတောင်းတသလား၊ မတောင်းဘူး၊ တစ်ယောက်ယောက်ကို နှိပ်စက်သတ်ဖြတ်ဖို့ မတောင်းဘူး၊ စည်းစိမ်ဥစ္စာရတနာ မိုးမြေတွေရဖို့ မတောင်းဘူး၊ မတောင်းတဆိုတာ အဲဒါနော်။
မတောင့်တရမဲ့ ဥစ္စာကို တောင့်တရင် ဒုက္ခဖြစ် မယ်၊ လောဘမဖြစ်ဖို့ တောင့်တပါ၊ ဒေါသမဖြစ်ဖို့ တောင့် တပါ၊ အမျက်မထွက် ဖို့တောင့်တပါ၊ အမျက်ထွက်ဖို့ မတောင့်တနဲ့။
ဒေါသနဲ့ သူတပါးကို ချေမှုန်းတုန့်ပြန်ဖို့ မတောင့်တနဲ့၊ လောဘနဲ့ လိုချင်တာတွေကို ဘယ်တော့မှ မတောင့်တနဲ့၊ မလိုချင်ဖို့သာ တောင့်တကြပါ။ အေး..မတောင့်တ ဆိုတာ ဒါပဲ။

ဆုတောင်း ၆ မျိုး(အပိုင်း-၈)ဆက်ရန်

28 November 2009

သီတဂူဗုဒ္ဓတက္ကသိုလ် (မန္တလေး)


ပင်မ စစ်ကိုင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးဖွင့်လှစ်ပြီးအရှိန်ရလာတာနဲ့အမျှ ရန်ကုန် သီတဂူဗုဒ္ဓတက္ကသိုလ်ကြီးကိုလည်း ဖွင့်လှစ်အောင်မြင်ခဲ့သည်။ ယခုအခါ မန္တလေးတွင်လည်း သီတဂူဗုဒ္ဓတက္ကသိုလ်ကြီးတစ်ခု တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါသည်။
သီတဂူဗုဒ္ဓတက္ကသိုလ် (မန္တလေး) ကျောင်းတော် ဖွင့်ပွဲမင်္ဂလာနှင့် ကျောင်းသားသစ် (၂ဝဝ၉-၂ဝ၁ဝ) လက်ခံကြိုဆိုပွဲ အခမ်းအနားကို (၅၊၈၊၂ဝဝ၉)ရက်၊ နံနက် (၈)နာရီမှ နေ့လယ် (၁၁)နာရီအထိ ကျင်းပခဲ့ပြီး ဖြစ်ပါသည်။
ထိုတက္ကသိုလ်ကြီးကို မန္တလေး၊ အောင်မြေသာဇံ မြို့နယ်၊ မန္တလေးတောင်ခြေ၌ တည်ထောင် ဖွင့်လှစ်သည့်။ ထိုဖွင့်ပွဲ အခန်းအနားသို့ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၊ သီတဂူဆရာတော် အပါအဝင် မြတောင်ဆရာတော်၊ ပါမောက္ခချုပ် ဆရာတော်၊ မော်ကွန်းထိန်း ဆရာတော်နှင့် စီမံ သင်ကြားဆရာတော်များ ကြွရောက် ဖွင့်လှစ်ပေးကြသည်။ ကြွရောက်လာသော ဆရာတော်များကို သီတဂူ အထောက်အကူပြု အဖွဲ့(ဗိုလ်စိန်မှန်)မှ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်ဟု သိရှိရသည်။ ယခုအခါ အင်္ဂလိပ်စာ ဒီပလိုမာနှင့် ဗုဒ္ဓဓမ္မ ဒီပလိုမာတန်းများ စတင် သင်ကြားပို့ချနေပါပြီ။

သီတဂူစတား
၂၇-၁၁-၂၀၀၉

26 November 2009

သူတော်ကောင်းဆိုတာ


ဆုတောင်း ၆ မျိုး (အပိုင်း-၆)

သူတော်ကောင်းတို့အလုပ်
ဒါပေမယ့် သိကြားက စိတ်မချဘဲ ငါ့ကိုလာနှောက် ယှက်တယ်၊ ဒါကို ငါ အမှန်တော့ ဖြေရှင်းရမယ်၊ မှန်ရင်လဲ ဝန်ခံ အမှားလာပြောရင်လဲ ဖြေရှင်းရမယ်၊ ဒါဟာ သူတော်ကောင်းတွေရဲ့အလုပ်။
သူတော်ကောင်းတွေရဲ့အလုပ်က(၂)လုပ်ပဲ ရှိတယ်၊ ''အဘူတံ အဘူတတော နိဗ္ဗိဌေတဗ္ဗံ၊ ဘူတံ ဘူတတော ပဋိဇာနိတဗ္ဗံ-မဟုတ်ဘူးဆိုရင်လည်း မဟုတ်ဘူးလို့ ဖြေရှင်းရတယ်၊ ဟုတ်နေလို့ရှိရင်လဲ ဟုတ်ပါတယ်လို့ ဝန်ခံ ရတယ်''၊ သူတော်ကောင်းတွေက ဘယ်တော့မှ မလိမ်ဘူး။
ဝန်ခံခြင်းရယ် ဖြေရှင်းခြင်းရယ် ဘယ်နှစ်မျိုး လုပ်ရလဲ? စိတ်ဆိုးပြီးတော့ ဓား,လှံကိုင်ပြီး တုန့်ပြန်မယ်ဆိုရင် သူတော်ကောင်းအလုပ်မဟုတ်ဘူးတဲ့၊ အခု ကြည့်ပါလား မဟုတ်ရင် မဟုတ်ဘူးလို့ ဖြေရှင်းရတယ်၊ ''ဘူတံ ဘူတ တော - သိကြားစည်းစိမ်တောင်းတာဟုတ်ရင်လဲ ဟုတ်တယ် လို့သာ ပြောလိုက်ပါ၊ ဒါပေမဲ့ ကဏှရသေ့က သိကြားမင်း စည်းစိမ်ကို မတောင်းဘူး။

မည်းတယ်ဖြူတယ်ဆိုတာ
သူက ဘာတောင်းလဲဆိုတော့ ဘဝဝဋ်ဆင်းရဲက လွတ်ချင်တာပဲ၊ ကဏှက ပြန်ပြောတယ်၊ အို...နတ်တို့ သေဌ်နင်း သိကြားမင်း ငါပြောပြမယ် သင်နားထောင်စမ်းလော့၊ အပေါ်ယံအရေပြားကို ကြည့်ရုံနှင့် မည်းတာလို့ မပြောနိုင်ဘူး၊ အပေါ်ယံအရေပြားလေးမည်းတာကို ကြည့်ပြီးတော့ မည်းတာလို့မပြောနဲ့၊ အသားမည်းဆိုတဲ့စကားဟာ မမှန်ဘူး။
အသားကို အပေါ်ကဖုံးထားတာ အရေထူ, အရေထူကို အပေါ်က ထပ်ဖုံးထားတာက အရေပါး၊ အမည်းဆိုတဲ့ အရောင်သည် ဘယ်အပေါ်မှာရှိသလဲ? အရေပါးပေါ်မှာရှိတယ်၊ အရေထူပေါ်တောင် မရောက်တဲ့အသားကိုဖြူတယ်, မည်းတယ်ပြောဖို့ အဝေးကြီး၊ ဘယ်အပေါ်မှာ ပြောသလဲ? အပေါ်ယံ အရေပါးအပေါ်မှာ ပြောတယ်။
လူတွေဟာ အပေါ်ယံသမားတွေချည်းပဲဆိုရင် စိတ်မဆိုးကြနဲ့၊ အပေါ်ယံပဲပြောတာပဲ၊ အတွင်းထဲကို မမြင် ကြဘူးတဲ့၊ ''န ကဏှော -အပေါ်ယံအရေပြားမည်းတာကို ကြည့်ပြီးတော့ သင်သည် လူမည်းလို့ ငါ့ကို လာမပြောနဲ့၊
မမှန်တဲ့စကားတွေကို အလွန်ပြောတဲ့ ဤကမ္ဘာ လောက၊ အသားမည်းတယ်ဆိုတာ မှန်သေးရဲ့လား၊ အရေ မည်းတာ၊ အသားဖြူတယ်ဆိုရင်လည်း ဘာဖြူသလဲ အရေပြား ဖြူတာ၊ အသားက ဖြူတယ်, မည်းတယ်လို့မရှိဘူး။
အဲဒါ ကမ္ဘာကြီးက မမှန်တာတွေ သိပ်ပြောတာ၊ ဟောဒီမှာ လှည်းနဲ့နွားနဲ့နေတဲ့ သူတွေချည်းပဲ၊ လှည်းနဲ့ နွားနဲ့ နေတဲ့လူတွေ အိမ်ရှေ့မှာ ဒုန်းဒုန်းနဲ့ မောင်းသွားတာ ဘာတွေလဲ? လှည်းတွေ မောင်းသွားကြတာပါ၊ ဒီလိုပြောတယ်၊ ဟိုလူကြီး ဘာမောင်းလဲ? လှည်းမောင်းတယ်၊ ဟို လူကြီး ဘာမောင်းလဲ? ထွန်မောင်းတယ် ထယ်မောင်းတယ် လှည်းမောင်းတယ်ဆိုတဲ့စကားလဲ တကယ်တော့ မမှန်ဘူး၊ လှည်းမောင်းလို့မှ မရဘဲ၊ နွားကိုမောင်းတာ ဟုတ်တယ် မဟုတ်လား။
အဲဒါဆို နွားမောင်းတယ်လို့ ပြောပါလား၊ လှည်း မောင်းတယ်တဲ့၊ မဟုတ်တာတွေချည်းပဲပြောတယ်၊ အဲဒီတော့ သစ္စာတရားကို ဆိုက်ဖို့အဝေကြီးပဲ၊ ဒုက္ခ, သမုဒယ, နိရောဓ, မဂ္ဂဆိုတာကို ထားစမ်းပါဦး၊ နေ့စဉ်ပြောနေတဲ့ စကားကိုတောင် မှန်အောင်ပြောဖို့ အတော်ခက်တယ်။
ဘာမောင်းသွားသလဲ၊ နွားကိုမောင်းတယ်ဆိုမှ အမှန်ပဲ၊ လူကလက်ခံလား? လက်မခံဘူး၊ လှည်းမောင်းတယ်ပြောမှ လက်ခံတယ်၊ မဟုတ်တာပြောမှ လက်ခံတဲ့ ကမ္ဘာ၊ အသားမည်းတယ်၊ အရေမည်းတယ်၊ ဒါပေမဲ့ ကမ္ဘ္ဘာကြီးက ဘယ်တုန်းက ပြောလာမှန်းမသိဘူး၊ အသားမည်းတယ်လို့ပြောတယ်၊ အမှန်ပြန်ပြောလို့ မရတော့ဘူးနော်၊ ဒါကြောင့် သစ္စာဆိုတဲ့တရားဟာ အဲဒီအမှားတွေကို ပယ်နိုင်မှသာလျှင် လောကကြီးမှာ အမှန်တရားက ပေါ်လာမှာ။

အသားမည်းပေမယ့် အသည်းဖြူပါတယ်
အခု ရသေ့ကြီးက ဖော်ပြတယ်။ အပေါ်ယံ အရေ ပြားလေးမည်းရုံနဲ့ ငါ့ကို လူမည်းတယ်လို့ လာမပြောပါနဲ့၊ အပေါ်ယံ အရေပြားမည်းပေမဲ့ အတွင်းမှာ အကျင့်ကောင်း တယ်လို့ ဆိုလို့ရှိရင် ထိုပုဂ္ဂိုလ်သည် သုဒ္ဓပုဂ္ဂိုလ်-ဖြူစင် ကောင်းမြတ်သော ပုဂ္ဂိုလ်မျိုးလို့ မှတ်ရမယ်။
အပေါ်ယံ အရေပြားမည်းပေမဲ့ အကျင့်ကောင်း နေရင် အဲဒီပုဂ္ဂိုလ်ကို လူဖြူလို့ ခေါ်ရမယ်။ အရေပြားမည်း ပေမဲ့ အကျင့်ကောင်းရင် လူဖြူလို့ ခေါ်မယ်၊ အသားဖြူ ပေမဲ့လည်း အကျင့်ယုတ်လို့ရှိရင် လူမည်းလို့ ခေါ်ရမယ်။
ဗမာပြည်က အသက်ကြီးတဲ့လူကြီးတွေ တွေ့ဘူးမှာ ပေါ့၊ ဂျပန်တွေလက်အောက်မှာ နေခဲ့ရတုန်းက ကမ္ဘာကြီးရဲ့ အရှေ့ဖျားရှိ ပင်လယ်ထဲက ဂျပန်ဆိုတာ 'ကျွန်းလေးတစ် ကျွန်း' ဖြစ်တယ်။ ဂျပန်တွေ ဗမာပြည်မှာ (၄)နှစ်လောက် နေသွားတယ်၊ ခံလိုက်ရတာ အားလုံးမှတ်မိပါလိမ့်မယ်။
အဲဒီတော့ အသားဖြူပေမဲ့ စိတ်ဓာတ်က အလွန် ကြမ်းတမ်းတယ်၊ ယုတ်မာတဲ့ အကောင်တွေ၊ အဲဒါကို လူဖြူ လို့ပြောရင် ကဏှဇာတ်တော်အတိုင်းဆိုရင် မမှန်ဘူး၊ အ နောက်ဘက် ကမ္ဘာအစွန်အဖျားက ကျွန်းကလေးဟာ 'အင်္ဂလန်'ဆိုတဲ့ ကျွန်းလေးပဲဖြစ်ပါတယ်၊ အင်္ဂလိပ်တွေ ဗမာပြည် ကို အနှစ်တစ်ရာတိတိ အုပ်ချုပ်သွားတယ်နော်။
အဲဒီအင်္ဂလိပ်လည်း ဗမာပြည်ကို အနှစ်တစ်ရာ လောက် အုပ်ချုပ်သွားခဲ့တယ်၊ ဗမာပြည်ရဲ့ဘုရင် 'သီပေါ'ကို ခွေးလေးဖမ်းသလို ခေါ်သွားခဲ့တယ်၊ အိန္ဒိယပြည်အနောက် ဘက်ပင်လယ်ထဲက တောင်ပေါက်နေတဲ့ 'ရတနာဂီရိ' ဆိုတဲ့ ကျွန်းကလေးပေါ်မှာ သေတဲ့အထိထားတယ်။ သီပေါရဲ့ သားတွေ သမီးတွေ ညီအစ်ကို မောင်နှမတွေ အကုန်လုံးကို ခေါ်သွားပါတယ်။
ဟိုမှာထားပေမယ့် တစ်ယောက်မှ ဗမာပြည်ကို ပြန်ရောက်မလာဘူး၊ သားသမီးမြေးမြစ်တွေ အကုန်လုံးဟာကုလားတွေနဲ့ညားပြီး ဘုရင်မျိုး ပြုတ်ထွက်သွားတော့တာပဲ၊ အိန္ဒိယပြည်က နောက်ဆုံးကုလား ဘုရင်ကိုလည်း ဗမာပြည် ကို ခေါ်လာခဲ့တယ်၊ ရွှေတိဂုံတောင်ပိုင်းနားက လမ်းကျဉ်း ကျဉ်းလေးထဲမှာ တိုက်ကလေးသေးသေး ဆောက်ပြီးတော့ သေတဲ့အထိ ထားလိုက်သေးတယ်။
ကုလားဘုရင်က ဗမာပြည်ကို လာသေသွားတယ်၊ ဗမာဘုရင်က ကုလားပြည်ကို သွားသေတယ်၊ အင်္ဂလိပ်က အသားဖြူတယ်၊ လူဖြူလို့ခေါ်တဲ့ မျက်နှာဖြူလေ၊ မျက်နှာတွင်မကဘူး အကုန်ဖြူတယ်၊ အသားဖြူပေမယ့် စိတ်ဓာတ်က အဲဒီလောက် ကြမ်းတမ်းရိုင်းစိုင်းနေလို့ရှိရင် ဘာခေါ်သလဲ၊ လူမည်းလူညစ် တွေလို့ ခေါ်ရမှာနော်။
ဟောဒီ ရွာသစ်ကြီးက လူတွေကို ကြည့်လိုက်တော့ ''ကျီးကန်းက အရီးလေးခေါ်မယ်၊ မီးသွေးတောင် ငိုရချည် သေး'' လို့ပြောရမလို ဖြစ်နေပြီ။
ဒါပေမယ့် ဒကာလှသိန်းတို့ အသားမည်းပေမယ့် အသည်းဖြူပါတယ်၊ ဂျပန်တို့ အင်္ဂလိပ်တို့လို မင်းတို့ မယုတ်ဘူးမဟုတ်လား၊ အဲဒါ လူဖြူပေါ့။
ဘာ့ကြောင့် ဒီကအသားမည်းပေမယ့် စိတ်ဓာတ်ဖြူစင်သလဲဆိုရင် မြတ်ဗုဒ္ဓရဲ့ ပုခက်ထဲမှာကြီးလာ လို့ပါလို့ ပြောရလိမ့်မယ်၊ မြတ်ဗုဒ္ဓရဲ့ ပုခက်ထဲမှာ ကြီးလာလို့ပဲ။
ဘုရားရှင်ရဲ့ ပုခက်ထဲကြီးလာတာ၊ မွေးလာကာစ ငယ်ငယ်တုန်းက ပုခက်ထဲမှာအိပ်တော့ အမေကလွှဲတဲ့အခါ 'ဣတိပိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ'လို့ ဆိုပြီးတော့ လွှဲတာ ဒီလိုမဟုတ်လား၊ ဒီတော့ ဒီကလူတွေ အသားမည်း ပေမယ့် အသည်းဖြူတယ်၊ ဒီလိုမှတ်ထား။
သိကြားမင်းက ''ဒီရသေ့ အသားမည်းလိုက်တာ၊ ဒို့ မကြိုက်ဘူး''တဲ့၊ ကဏှရသေ့က ပြန်ပြောတယ်၊ အသား မည်းပေမဲ့ အကျင့်ကောင်းရင် ဖြူစင်တဲ့ပုဂ္ဂိုလ်ပဲ၊ အသား ဖြူပေမဲ့ အကျင့်ယုတ်ရင် အဲဒီပုဂ္ဂိုလ်ကို လူမည်းလူညစ်လို့ခေါ်တယ်။
သိကြားမင်းက ''ဟာ..ငါက လူမည်းကြီးလို့ပြောတာ စိတ်ဆိုးမလားလို့၊ စိတ်မဆိုးဘူး၊ ငါ့ကိုတရားသဘောနဲ့ အမည်းအဖြူ ရှင်းပြနေတာ၊ ဒါဆိုရင်တော့ ဒီရသေ့ သိကြား ဖြစ်ဖို့ ဆုတောင်းသလား မတောင်းသလား၊ ငါစုံစမ်းတော့ မယ်''ဆိုပြီး ကဏှရသေ့ကို လျှောက်တယ်။
''အို ရှင်ရသေ့ကဏှ... ဘာဆုတွေလိုချင်သလဲ၊ တပည့်တော်ဆုပေးမယ်''လို့ သိကြားမင်းကပြောတော့ ကဏှရသေ့က ဆုတွေတောင်းတယ်။

(အပိုင်း-၇)မျှော်

25 November 2009

နှလှုံးရောဂါဝေဒနာရှင်များ အတွက်


နှလှုံးရောဂါဝေဒနာရှင်များ အားထားသင်သည့်
တရားထိုင်ခြင်း အလေ့အကျင့်


ကျန်းမာရေး အကျိုးကျေးဇူးများ
ခံစားရသည်ဟူ၍ သိရှိနေသည့် တရားထိုင်(ကမ္မဋ္ဌာန်း အားထုတ်)ခြင်းကြောင့်
နှလုံးရောဂါ ဝေဒနာရှင်များ သေဆုံးနှုန်းကို လျှော့ချနိုင်ကြောင်း မကြာမီက
လေ့လာတွေ့ ရှိသည်ဟု ဆိုသည်။

လျော့ပါး

နေ့စဉ် မိနစ် ၂ဝကြာမျှ နှစ်ကြိမ် တရားထိုင်လျှင် နှလုံးရောဂါဖြစ်နေသူများ၏ သေဆုံးမှုနှုန်း ၄၇ ရာခိုင်နှုန်း
လျော့ပါးသွားကြောင်း လေ့လာတွေ့ရရှိသည်။ တရားထိုင်ခြင်းကြောင့် လူတစ်ဦးချင်း၏ စိတ်ဖိစီးမှုနှင့် သွေးပေါင်ချိန်တို့ကို
သိသိသာသာ လျှော့ချနိုင်သည်။ နှလုံးရောဂါနှင့် လေဖြတ်ဝေဒနာကင်းဝေးရန် တရားထိုင်သင့်သည်ဟုဆိုသည်။

ကောက်ချက်ချ
နှလုံးရောဂါနှင့် ဆက်စပ်သည့် ရောဂါဝေဒနာများ ကာကွယ်ရေးအတွက်
တရားထိုင်ခြင်းမှာ လောလောလတ်လတ် တွေ့ရှိသည့် ဆေးဝါးအမျိုးအစား
တစ်ရပ်ဖြစ်သည်ဟု သိပ္ပံပညာရှင်များက ကောက်ချက်ချသည်။ ။

(ဆေးသိပ္ပံပညာရှင်များ)

လမင်းဘုရား



ပျိုရွယ်သွေးကြွ၊ ငယ်စဉ်ကမူ
ငါနှင့် ငါသာ၊ နှိုင်းစရာဟု
ပညာမုန်ယို၊ မဆိုစလောက်
မာန်စောင် မြောက်ခဲ့မိပါသည်။ ။

ယခုမှာမူ
ဇရာမုန်း၍၊ လူလုံးမလှ
ယွတ်တွ ယွင်းယို၊ ခန္ဓာကိုယ်နှင့်
အိုကြီးအိုမ၊ ငါ့ဘ၀သည်
မလှမပ၊ ရှိခဲ့ပြီ။ ။

လောကဓာတ်ဆုံး၊ နေလုံးကွယ်ပျောက်
ညမှောင်ရောက်သို့၊ မှဲ့ပြောက်ယှက်ဖြာ
ငါ့ခန္ဓာလည်း၊ မကြာတိမ်မြှုပ်
ဇိဝိန်ချုပ်ဖို့၊ မလှုပ်လှက်သာ
ဝိဇ္ဇာဥာဏ်ကင်း၊ အသိဖျင်းလျက်
သေမင်းခေါ်က၊ လိုက်ပါရမည်
ဘ၀နေ၀င်ချိန် ပါတကား။ ။

ထိုစဉ်ခိုက်ဝယ်
လှိုက်လှဲ မေတ္တာ၊
ကြင်နာသနား၊ လမင်းဘုရားလျှင်
ငါ့အား ချီးမြောက်၊ ကြွလာရောက်စဉ်
အစ္စယော မေ ဘန္တေ၊ အစ္စာဂမာ အစဖြာလျှက်
ကျမ်းလာယှိမှန်၊ တောင်းပန်လျှောက်ထား၊ ငါ့စကားကို
ဝုဒ္ဓိဟေသာ အာယတိံ သံဝရ မိန့်ဟစကား၊ ခွန်းတုံ့ကြားလျှက်
မြွက်ထားဆုံးမ၊ သြ၀ါဒကို
တုပ်ကွနာစဉ်၊ အသိဝင်၍
ရင်တွင်ပီတိ၊ ဂွမ်းဆီထိသို့၊
ရွန်းအိဝေဖြာ၊ ဘယာကွေကွင်း၊ ငါ့ရင်တွင်းဝယ်
လမင်း ဘုရား လင်းခဲ့ပြီ။ ။

အော် ---- အနောက်ဖက်ဆီ၊ နေ၀င်ပြီမို့
ရောင်နီပြိုးပြက်၊ မလင်းလက်လည်း
ရှေ့ဖက်ဆီမှ သော်တာလ သည်
ရွှန်းပ -- ၀င်းလက်ခဲ့ပြီတကား။ ။


လမင်းဘုရားသို့ ထာဝရ ဦးခိုက်လျှက်
တပည့်
ဒေါက်တာသြသဓသာရ
(အင်္ဂလန်)

မှတ်ချက်။ ။ သီတဂူဆရာတော်ဘုရားကြီး၏ ၇၃ နှစ်ပြည့်မွေးနေ့ကို ရည်ရွယ်၍ ပူဇော်ပါသည်။


ဆရာတော်ကြီး၏မွေးနေ့သည် တပေါင်းလပြည့်ဖြစ်သည်၊ ကဗျာ၊ ဆောင်းပါး၊ များ ပူဇော်လိုပါက sitagustar2010@gmail.com သို့ ပေးပိုင်နိုင်ပါသည်၊ ဤဆိုဒ်တွင် ဖော်ပြပေးသွားပါမည်။
ကျေးဇူးတင်ပါသည်။
သီတဂူစတား
၂၅-၁၁-၂၀၀၉

23 November 2009

စံနမူနာသာသနာပြုဘုရင် အသောက





မြတ်ဗုဒ္ဓလွန်ပြီးနောက် နှစ်(၂၀ဝ)ကျော်ကာလ ခရစ်မပေါ်မီနှစ်(၃၀ဝ)ခန့်ကာလတွင် ဇမ္ဗူဒီပတစ်ခုလုံး၏ ဧကရဇ်မင်းကြီးအသောက ပေါ်ပေါက်ခဲ့သည်။ ထိုဇမ္ဗူဒီပါ၏ ဧကရဇ်မင်းကြီးအသောကသည် မြတ်ဗုဒ္ဓ၏ ထိုသဘောထားကြီးခြင်း၊ ခွင့်လွှတ်ခြင်း၊ သည်းခံခြင်းဟူသောဝါဒကို လိုက်နာ ကျင့်သုံးရာ၌ စံနမူနာယူထိုက်သည့် မင်းကြီးတစ်ပါးဖြစ်သည်။
သူသည် အလွန်ကျယ်ပြန့်သော သူ၏ဓမ္မနိုင်ငံတော်ကြီး၌ ထင်ရှားတည်ရှိ၍နေကြကုန်သော အခြားအခြားသော ဟိန္ဒူဘာသာ , ဂျိန်းဘာသာ ,ဗြဟ္မဏဘာသာ , နတ်ကိုးကွယ် သည့်ဘာသာ အစရှိသော ဘာသာတရားအားလုံးတို့ကို လွတ်လပ်စွာ ကိုးကွယ်ခွင့်နှင့် သူကိုယ်တိုင်ဂုဏ်ပြု၍ အရိုအသေပြုခြင်း၊ အလေးအမြတ်ပြုခြင်း၊ ထောက်ပံ့အားပေးခြင်းတို့ကို ပြုလုပ်ခဲ့လေသည်။
သူ၏ဓမ္မနိုင်ငံတော်၌ ဘာသာရေးပဋိပက္ခမရှိ၊ မတူ ထူးခြားသော ဘာသာဝင်အားလုံးတို့ ချစ်ခင်ပျော်ရွှင်စွာ ပူးတွဲ နေထိုင်ကြသည်မှာ မြတ်ဗုဒ္ဓ၏ ခန္တီဝါဒ , အဟိံသဝါဒပေါ်၌ အသောကချမှတ်ထားသော Common ground-ပေါ်မှာ လက်တွဲရပ်တည်၍ နေနိုင်ကြသောကြောင့်ဖြစ်၏။
အသောကသည် အနောက်ဖက်တွင် ဂရိ၊ မြောက်ဖက်တွင် ရုရှားနှင့် ဟိမဝန္တာတစ်လျှောက်၊ အရှေ့ဖက်တွင်- ဘင်္ဂလားပင်လယ်အော်၊ တောင်ဘက်တွင်- အိန္ဒိယသမုဒ္ဒရာ၊ သူ၏ ဩဇာလွှမ်းမိုးထားသမျှ ကျယ်ပြန့်စွာသော နယ်မြေကြီး တစ်ခွင်လုံး၌ အယူဝါဒနှင့် အမျိုးဇာတ်မတူကြသည့် လူသားပေါင်းများစွာတို့ လက်တွဲနေထိုင်ကြရန် ခန္တီ , သစ္စာ , အဟိံသာ(မညှင်းဆဲခြင်း) ဟူသော Common ground-ကို မည်ကဲ့သို့ ချမှတ်ခဲ့သည် ဆိုသည်တို့ကို သူ၏ကျောက်စာပေါင်းမြောက်များစွာတို့၌ တွေ့ရှိရသည်။ တစ်ခုသောနေရာ၌ တွေ့ရသည်မှာ အောက် ဖော်ပြပါအတိုင်းဖြစ်သည်။
"တစ်ယောက်သောသူသည် မိမိကိုးကွယ်သောဘာသာတရားကိုသာ ချီးမြှောက်၍ အခြားသောသူတို့၏ ဘာသာ တရားကို ရှုံ့ချသောအမှုကို မပြုကြကုန်နှင့်၊ တစ်ယောက်သောသူသည် မိမိကိုးကွယ်သောဘာသာကို ချီးမြှောက်သကဲ့သို့ အခြားသောဘာသာကိုလည်း ချီးမြှောက်သင့်၏။ ဤသို့ ပြုခြင်းဖြင့် တစ်ယောက်သောသူသည် မိမိဘာသာကိုလည်း ကြီးပွာအောင် စောင့်ရှောက်ရာရောက်၏။
ဘာသာဝင်အားလုံးတို့သည် ဤသို့မဟုတ်မူ၍ မိမိတို့ဘာသာကို ကာကွယ်၍ သူတပါးတို့၏ဘာသာကို ရှုံ့ချ စော်ကားလာလျှင် ထိုသူသည် မိမိဘာသာတရားနှင့် မိမိအတွက် သေတွင်းကို တူးသည်နှင့်တူ၏။
မည်သူမဆို မိမိကိုးကွယ်သော ဘာသာတရား၏ ဂုဏ်ကျေးဇူးကိုပြောဆို၍ အခြားသောဘာသာတရားကို ရှုံ့ချ ကဲ့ရဲ့လျှင်၊ ထို့အပြင် မိမိကိုးကွယ်သည့်ဘာသာနှင့် တခြားသူ တို့ကိုးကွယ်သည့်ဘာသာကို နှိုင်းယှဉ်မှုပြုလျှင် နှိုင်းယှဉ်ရာမှ ပြိုင်ဆိုင်ခြင်းသို့ တက်လာနိုင်သည်။
နှိုင်းယှဉ်ခြင်းနှင့် ပြိုင်ဆိုင်ခြင်းတို့သည် ချီးမွမ်းခြင်းနှင့် ကဲ့ရဲ့ခြင်းဟူသော ရလဒ်တို့ကို ဖြစ်စေကုန်၏။ မိမိဘာ သာကို ချီးမွမ်း၍ သူတပါးဘာသာကို ကဲ့ရဲ့လျှင် ထိုသူသည် မသိသဖြင့် မိမိဘာသာကို ပို၍ပို၍ တိုက်ခိုက်ဖျက်စီး ဒဏ်ရာ အနာတရ ဖြစ်အောင်ပြုသည်မည်၏။
ထို့ကြောင့် ဤသို့ကောင်းမြတ်သော သဘောတူညီချက်တစ်ခု ရရှိပါသည်။ အားလုံးသောလူသားတို့သည် အားလုံးသော ဘာသာတရားတို့၏ အဆိုအမိန့်တို့ကို စိတ်ဝင်စားစွာ နားထောင်သင့်၏။ မိမိ၏စကားကို သူတပါးတို့ စူးစိုက်၍နားထောင်စေလိုလျှင် သူတပါးပြောသော စကားကိုလည်း မိမိတို့က စိုက်စိုက်စူးစူး နားထောင်ကြပါ´´။ (အသောကကျောက်စာအမှတ်-၁၂)

ဤနေရာ၌ ကျွန်ုပ်တို့သည် ဤကဲ့သို့သော မုဒိတာ အသိမျိုးကို ဤဘာသာရေးကိစ္စ၌သာ လက်ကိုင်ပြုအသုံးချ သင့်သည်မဟုတ်ပေ။ အခြားသော နိုင်ငံရေး လူမျိုးရေး စီးပွားရေး ပညာရေးကိစ္စတို့၌လည်း ဤသည့်မြတ်ဗုဒ္ဓ၏ ခန္တီ မေတ္တာ ကရုဏာ အဟိံသာ သစ္စာတရားတို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော Common ground-ပေါ်၌ လက်တွဲ ညီညီ၊ မိမိကလည်း သူ့ကို မရှုံ့ချ၊ သူကလည်း ငါ့ကို မကဲ့ရဲ့၊ ငါကလည်း သူ့ကိုဂုဏ်ပြု၊ သူကလည်း ငါ့ကိုလေးစား၊ သူ့စကားလည်း ငါနားထောင်၊ ငါ့စကားလည်း သူလေးစား၊ ဤသဘောထားမျိုးနှင့် သွားကြလျှင် ဆူးခင်းသောခရီး ကြမ်းဟာ မကြာမီ အဆုံးသတ်၍ ပန်းခင်းသောလမ်းပေါ်၌ ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ကြမည်ဖြစ်ပါသည်။
ဤကဲ့သို့သော ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ သဘော ထားကြီးခြင်း၊ ရင့်ကျက်သော နားလည်ခြင်းဟူသော မွန်မြတ် သည့်စိတ်ဓာတ်သည် လူ့ယဉ်ကျေးမှုသမိုင်းတွင် အလွန်မြင့် မြတ်ကြွယ်ဝသည့် ဗုဒ္ဓဘာသာအတွေးအခေါ်မှ စတင်ပေါ် ပေါက်လာခြင်းဖြစ်သည်။
ထို့ကြောင့်ပင် နှစ်ပေါင်း-(၂၅၀ဝ)ခရီး ဗုဒ္ဓဘာသာ သမိုင်းတစ်လျှောက် ဗုဒ္ဓသာသနာပြုမင်းနှင့် သာသနာပြု ပုဂ္ဂိုလ်တို့က အခြားဘာသာဝင်တို့ကို ဗုဒ္ဓဘာသာဝင်အဖြစ်သို့ အတင်းအကြပ် အနိုင်အထက်ပြု၍ ပြောင်းလဲခြင်းကြောင့် ကမ္ဘာမြေကြီးပေါ်၌ သွေးတစ်စက်တစ်ပေါက် ထိစွန်းခဲ့ဖူးသည့်ဖြစ်ရပ်မျိုး လုံးဝမရှိခဲ့ဘူးချေ။
ဗုဒ္ဓ၏ မြတ်ဓမ္မသည် အာရှတိုက်ကြီး တစ်ခုလုံးကိုသာမက ကမ္ဘာတစ်ရပ်လုံးသို့ တစိမ့်စိမ့်ပြန့်နှံ့နေရာ၌- ထိုမြတ်ဗုဒ္ဓ၏ အဆုံးအမတွေကို သူတို့၏စိတ်ဆန္ဒအလျှောက် ငွေကြေးနိုင်ငံရေးနှင့် လူမှုရေးအကြပ်ကိုင်မှုတို့မရှိပဲ လွတ်လပ် သောစိတ်ဓာတ်ဖြင့် ဓမ္မကိုကြိုက် အလိုကိုလိုက်နာကျင့်သုံးနေကြသော လူဦးရေသည် သန်းပေါင်း(၁၀ဝ၀)မျှရှိမည်ဟု ခန့်မှန်းရသည်။
မှားယွင်းသောအတွေး မကောင်းသောအပြော မကောင်းသောအလုပ် တစ်ခုခုကြောင့် ဆူပူသောင်းကြမ်း ခြင်း၊ ရမ်းကားခြင်း၊ နှိပ်စက်ခြင်းဖြစ်လာလျှင် ထိုအမှုမျိုးသည် မြတ်ဗုဒ္ဓ၏ မြတ်ဓမ္မနှင့် လုံးလုံးဆန့်ကျင်သည်သာဖြစ်၏။

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes