သီတဂူစတား

သီတဂူစတား
Showing posts with label စာတို ပေတို. Show all posts
Showing posts with label စာတို ပေတို. Show all posts

03 April 2015

သီတဂူစတား ဖန်တီးထားသည်

သီတဂူစတား ဖန်တီးထားသည်
----------------------
(၁) ဘလော့ဂ် အမျိုးစား https://www.sitagustar2020.net သီတဂူစတား

(၂) ဖေ့စ်ဘုတ် https://www.facebook.com/sitagustar.myanmar သီတဂူစတား ရန်ကုန်

(၃) Like Page ဖေ့စ်ဘုတ် စာမျက်နှာ https://www.facebook.com/thitagustar သီတဂူစတား

(၄) Group Page အဖွဲ့ဝင်စာမျက်နှာhttps://www.facebook.com/groups/Thesitagu သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်

(က)အထက်ပါ စာမျက်နှာများသည် သီတဂူစတား ကိုယ်ပိုင်ဖန်တီးထားသဖြင့် ကိုယ်ပိုင်ခံစားချက်ဖြင့် တင်ထားသော ပို့စ်များလည်း ပါရှိသည်။ တခါတရံ အမှားရှိကောင်းရှိမည်။ အမှားရှိက သီတဂူစတား၏ တာဝန်သာ ဖြစ်ပါသည်။
(ခ) များသောအားဖြင့် သီတဂူသာသနာပြုအဖွဲ့၏ အမျိုးဘာသာ သာသနာအတွက် ဆောင်ရွက်သည့် သတင်းများကို ဦးစားပေးတင်သည်။

ဘလောဂ့် (သီတဂူစတား)ကို ဖန်တီးခြင်း
--------------

https://www.sitagustar2020.net သီတဂူစတား ဘလော့ဂ် အမျိုးစားကိုတော့ ၂၀၀၉၊ အိန္ဒိယနိုင်ငံ၊ ပူနေးတက္ကသိုလ် အမ်အေတန်း (ဒဿနိကဗေဒ)ဖြင့် ပညာသင်စဉ်က ဖန်တီးထားသော ဘလော့ဂ်ဖြစ်သည်။
ထိုဘလော့ဂ်တွင် တက္ကသိုလ်တက်စဉ်က အတွေ့ကြုံများ၊ တက္ကသိုလ်ဘ၀၏ ပုံရိပ်များ၊ အွန်လိုင်းပေါ်က မေးလာသည့် ဘာသာရေးပျဿနာများ၊ ဆောင်းပါး ပို့စ်များနှင့် သတင်းများကို တင်လေ့ရှိသဖြင့် “သီတဂူစတား”ဟု လူသိများကာ ပြင်သစ်အခြေစိုက် အဖွဲ့တစ်ဖွဲ့မှ ပေးသော “သာသနာနှင့်ဆိုင်သော စာပေဆု” ဘလောဂါဆုကို ရရှိခဲ့ဖူးသည်။

ထိုဘလော့ဂ်တွင် တင်သမျှသော ပို့စ်တို့ကို မပျောက်ပျက်အောင် စာအုပ်အဖြစ် ဖန်တီးနေပါသည်၊ စာအုပ်နှစ်အုပ် ထွက်ပြီးဖြစ်ပါသည်။

သီတဂူဆရာတော်ကြီး ကိုယ်တိုင်ကပင် မိမိအား “သီတဂူစတား”ဟူ၍ပင် အသိအမှတ်ပြု ခေါ်ဝေါ်သဖြင့် အထူးအားရ ၀မ်းသာမိသည်။

ဖေ့စ်ဘုတ်ကို ဖန်တီးခြင်း
---------------------------

၂၀၁၁ခုနှစ်မှာတော့ ဖေ့ဘုတ်စာမျက်နှာတွေ ခေတ်စားလာသည်နှင့်အမျှ ဘလော့ဂ်တွေကို စိတ်ဝင်စားမှု နဲလာကြသည်ကို တွေ့ရသည်။ ထိုကြောင့် လူမှုကွန်ယတ်တွင် အသုံးပြုများသည့် ဖေ့ဘုတ်ကို ၂၀၁၁ခုနှစ်က ဖန်တီးလိုက်သည်။ ဖေ့စ်ဘုတ် နာမည်ကတော့ “//www.facebook.com/sitagustar.myanmar သီတဂူစတား ရန်ကုန်” ပဲဖြစ်သည်။

Like Page (လိုက်ခ်ပေ့ဂ်ျ)ကို ဖန်တီးခြင်း
----------------------

၂၀၁၃ ခုနှစ်မှာတော့ မိမိ၏ “သီတဂူစတား ရန်ကုန်”အမည်ရှိ ဖေ့ဘုတ်မှာ လူပေါင်း ၅၀၀၀ ပြည့်သွားသဖြင့် လိုက်ခ်ပေ့ဂ်ျ Like page ကို ဖန်တီးလိုက်ရသည်။ ထိုပေ့ဂ်ျတွင် သီတဂူသာသနာပြုအဖွဲ့ သတင်းများကိုသာ ဦးစားပေးတင်သဖြင့် လူအများ စိတ်ဝင်စားကြသည်၊ Like လုပ်ပြီး ကုသိုလ်ယူသူပေါင်း ၂၄၀၀၀ ကျော်သွားပြီဖြစ်သည်။ ထိုအတွက် များစွာ ကျေးဇူးတင်ပါသည်။

Group Page (သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်) ကို ဖန်တီးခြင်း
-----------------

https://www.facebook.com/groups/Thesitagu သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် Group Page ကိုတော့ ၂၀၁၄ခုနှစ်ကမှ စတင်ထားသည်။ သီတဂူကျောင်းတော်သူ ကျောင်းတော်သားများ စုံစည်းရာနေရာတစ်နေရာအတွက် ဖန်ထီးထားခြင်းသာ ဖြစ်သည်။ ကျောင်းတော်သူ ကျောင်းတော်သားများ မိမိတို့ အသိ၊ ပညာ၊ အတွေ့ကြုံ၊ အမျိုးဘာသာ သာသနာအတွက် ဆောင်ရွက်ခြင်းတို့ကို ဖလှယ်နိုင်ရန် ဖန်တီးထားသည်။

မည်သူမဆို အဖွဲ့ဝင်နိုင်ပါသည်။ (၃-၄-၂၀၁၅)နေ့ထိ ၂၈၁၄၁ ယောက် အဖွဲ့ဝင်လာကြသည်အတွက် အထူးကျေးဇူးတင်ပါသည်။

ထိုအဖွဲ့ဝင် အားလုံးတို့၏ ဘာသာရေး ပဋိပက္ခ၊ နိုင်ငံရေးပဋိပက္ခ၊ လူမျိုးရေး ပဋိပက္ခတို့ ရှေ့ရှုသော ပို့စ်များ၊ ဓာတ်ပုံများနှင့် ကိလေသာကို ပွားစေသော လိင်ပိုင်းဆိုင်ရာများမှ လွဲ၍ အမျိုးဘာသာ သာသနာ၊ အသိပညာအတွက် ပေးသော ဗဟုသုတများကိုတော့ လက်ခံ Approve ပေးသည်။

အထူးကျေးဇူးတင်ခြင်း
--------------

သီတဂူစတား ၏ စာဖိတ်ပရိသတ်၊ အဖွဲ့ဝင်အားလုံး၊ သီတဂူစတား စာမျက်နှာကို လိုက်ခ်လုပ်ပေးသူ၊ ရှယ်ပေးသူ၊ မှတ်ချက်ရေးပေးကြသူ အားလုံးတို့ကို အထူးကျေးဇူးတင်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃-၄-၂၀၁၅

16 December 2013

အမြတ်မရကြောင်း ၆ ပါး

အမြတ်မရကြောင်း ၆ ပါး
(သီတဂူစတား စာတိုပေတို) 

(၁) ကုသိုလ်ကောင်းမှု အရာပဲ ဖြစ်ဖြစ်၊ စီးပွားရေးအကျိုးအမြတ်အရာပဲ ဖြစ်ဖြစ် အလိုကြီးရင်၊ လိုချင်အားကြီးလျှင် မရတတ်။

(၂) အမျက်ဒေါသ ကြီးလျှင်လဲ မရတတ်ဖြစ်သည်၊ ဒီဟာကို ရကို ရစေရမည်၊ မရလျှင် သိစေရမည်ဟုသော ဒေါသကြီးလျှင် လိုချင်တာ မရတတ်ဖြစ်သည်။

(၃) အပျင်းကြီးလျှင်လဲ လိုချင်တာ မရတတ်၊ ဘယ်အရာမဆို ၀ီရိယရှိနေရမည်၊ ၀ီရိယမရှိ ထိနမိဒ္ဓဖြစ်နေလျှင် ရသင့်ရထိုက်သည့် အခွင့်အလမ်းများ ဆုံးရှုံးမည်။

(၄) စိတ်ယောက်ယက်ခက်ပြီး မတည်မငြိမ် ဖြစ်နေလျှင်လည်း ရသင့်ရထိုက်သည့် အခွင့်အလမ်းများ မရတတ်။ ၀ိပဿနာ၊ ဈာန်၊ မဂ်ဖိုလ်ကိုပဲ ဖြစ်ဖြစ်၊ လောကကြီးပွားရေးကိုပဲ ဖြစ်ဖြစ် စိတ်မတည်ငြိမ်ပါက မရတတ်။

(၅) သို့လော သို့လော သံသယဖြစ်နေလျှင်လည်း မရတတ်၊ ချီတုံချတုံ ဖြစ်နေသည်၊ ဆုံးဖြတ်ချက်ကို မချနိုင်ပါက ရသင့်ရထိုက်သည့် အခွင့်အရေးများနဲ့ လွဲသွားတတ်သည်။

(၆) အမှား-အမှန် မသိက မရတတ်။ အမှားကို အမှန်ထင်၊ အမှန်ကို အမှားထင်နေပြန်ရင်လည်း ထိုထိုသော ကောင်းကျိုးများနှင့် လွဲတတ်သည်။

(နီဝရဏ (၆)ပါး ကို အဓိပ္ပါယ်ဖွင့်ဆိုသည်၊ နီဝရဏ ဟူသည် အခွင့်အလမ်းများ၏ အပိတ်အပင် အတားအဆီးများ ဖြစ်သည်။)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၈-၀၂-၂၀၁၃

21 November 2013

အဇာတသတ်ကို လေးစားသူ

တိုက်တိုက်ဆိုင်ဆိုင် တန်ဆောင်တိုင် သာမညဖလ
(သီတဂူစတား စာတို ပေတို)

တကယ့်ကို တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ သာမညဖလ အခါတော်လမှာပဲ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဘီအေ ပထမနှစ်တန်း (ဒုတိယနှစ်ဝက်)အတွက် သာမညဖလသုတ်ကို သင်ပေးနေသည်။ ဥတု၏ပြည့်ခြင်း၊ လ၏ ပြည့်ခြင်း၊ နှစ်၏ပြည့်ခြင်းတို့ ပြည့်စုံတဲ့ တန်ဆောင်မုန်းလပြည့်နေ့၊ မြတ်ဗုဒ္ဓ သာမညဖလသုတ် ဟောတဲ့အချိန်မှာတော့ သာမညဖလသုတ် သင်ပေးနေတာ တစ်ဝက်ကျော်လာပါပြီ။

သာမညဖလသုတ် ဖြစ်ပေါ်လာပုံ၊ သာမညဖလ- ရဟန်းဘ၀၏ လက်တွေ့ဘ၀ အခွင့်လန်းများကို မြတ်ဗုဒ္ဓက တိတိကျကျ ကွက်တိ ဖြေဆိုထားသည့်အပြင် ထိုခေတ်က ဘုရားဟု ထင်ရှား ကျော်ကြားနေကြသော တိတ္ထိဆရာကြီး (အယူဝါဒကို စတင်တည်ထောင်သူ)များ၏ တလွဲတချော် အဖြေများ အတွေးများကိုလဲ လေ့လာရသည်။ သူတို့၏ ထူးဆန်းသော အတွေးအခေါ်များကိုလည်း ဗဟုသုတအဖြစ် လေ့လာခဲ့ကြသည်။

သာမညဖလသုတ်ကို လေ့လာလိုက်သည့်အခါ----------
ဖခင်ကို သတ်ခဲ့သည့် အပြစ်ကြီးကို ကျူးလွန်ခဲ့သော အဇာတသတ်တစ်ယောက် သာမညဖလသုတ်ကို နာကြားရလိုက်သဖြင့် အ၀ီစိငရဲအထိ မကျတော့ဘဲ နှစ်များ လျှော့ရက်များနှင့်အတူ ငရဲအသေးတစ်ခုမှာပဲ ကျရတော့သည်။ အကယ်၍သာ သူသည် အဖေကို သတ်ခဲ့တဲ့ အပြစ်ကြီး မရှိဘူးဆိုရင် ထိုနေရာမှာပဲ သောတာပန် အရိယာ ဖြစ်သွားနိုင်သည်။

ယခုအခါ အဖေကို သတ်ခဲ့သော အဇာတသတ်သည် သာမညဖလသုတ်တော်ကို နားကြားရသဖြင့် ငရဲ လျှော့ရက်များနှင့် နောင်တချိန် ပစ္စေကဗုဒ္ဓါဖြစ်မည်ဟု သေချာသော ကတိ၊ ဗျာဒိတ်၊ နိယတိဂတိ၊ ပန်းတိုင်တစ်ခုကို ရရှိပြီးဖြစ်သည်။

စာရေးသူတို့ဗုဒ္ဓဘာသာဝင်တွေ အများစု အပြစ်တစ်ခု ကျူးလွန်လျှင် အဇာတသတ်၊ အဇာတသတ်ဂိုဏ်းဟု အပြစ်ပြောလေ့ရှိသည်။ တကယ်တန်းစဉ်းစားကြည့်လျှင် သူသည် စာရေးသူတို့အထက် သာလွန်သော အချက် များစွာ ရှိနေသည်။

၁။ ဘုရားရှင်အား ကိုယ်တိုင်ကိုယ်ကျ ဖူးမျှော်ခွင့်ရရှိခြင်း၊ (စာရေးသူတို့ ဖူးခွင့်ရခဲ့သလား တတ်အပ် မပြောနိုင်)

၂။ ထူးခြားတဲ့ သာမညဖလသုတ်ကို ဘုရားထံမှ နားခွင့်ရခြင်း (စာရေးသူတို့ ဘုရားရှင်ထံမှာ ဘာတရားများ နာခွင့်ရကြသနည်း)

၃။ မြတ်ဗုဒ္ဓသာသနာ့ဒါယကာ (ပထမ သင်္ဂါယနာတင် ဒါယကာ)အဖြစ် သာသနာ့မှတ်တိုင် ကျန်ရှိနေခြင်း (စာရေးသူတို့ သူ့လို ဘာများ ကျန်ရှိခဲ့သနည်း)

၎။ နောင်တချိန်မှာ ပစ္စေကဗောဓိဥာဏ် ရရှိပြီး ဘ၀ဇာတ်ပြတ်မည်ဟူသော ပန်းတိုင် ရရှိပြီး (စာရေးသူတို့ဘ၀ သံသရာ ဘယ်လောက်ထိ နေရအုံးမလဲ မသိနိုင်သေး)

၅။ အဖေအပေါ် အပြစ်ကြီးကျူးလွန်မိခြင်းကြောင့် ဒီလို အပြစ်မျိုးခံရမည်ဟု သမိုင်းသက်သေ ပြသခဲ့နိုင်ခြင်း၊ (စာရေးသူ၏ ကြံဖန်ပြီး ဂုဏ်တင်ခြင်း)

၆။ သာမညဖလသုတ်ကိုနာကြားပြီး မြတ်ဗုဒ္ဓသာသနာအပေါ် အသက်ကိုအပ်နှင်းပြီး ပုံအောပြိး ကြည်ညိုနိုင်ခဲ့ခြင်းကြောင့် ဒီလိုအကျိုးများ ရရှိတယ်ဆိုတာကိုလဲ ဘုရင် အဇာတသတ် ပြသွားသည်။ (စာရေးသူတို့ သူ့လောက် ဘာတွေ လုပ်နိုင်ခဲ့သနည်း)

ဤကဲ့သို့ဆိုလျှင် သာမညဖလသုတ်သည် အလွန်ထူးခြားသည့် သုတ် တစ်ခုဖြစ်သည်ကို ကြည်ညိုမိသည်။ ထိုနေ့ ထိုအခါ တန်ဆောင်မုန်းလရောက်တိုင်း ဤသုတ်တော်ကို အမှတ်ရကြသည်အတွက် မြတ်ဗုဒ္ဓကို ကြည်ညိုမိမှာ အမှန်ပင်ဖြစ်သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၀-၁၁-၂၀၁၃

29 October 2013

အဆိုးတကာ အဆိုးဆုံး

အဆိုးတကာ အဆိုးဆုံး
(သီတဂူစတား စာတို ပေတို)

(က) မီးတကာမီးတို့တွင် ရာဂမီး အဆိုးဆုံး။
(ခ) ဖမ်းစားတတ်သူတို့တွင် ဒေါသသည် အဆိုးဆုံး။
(ဂ) ပိတ်လှောင် ဖမ်းတတ်သော ပိုက်ကွန်တို့တွင် မောဟ ပိုက်ကွန်သည် အဆိုးဆုံး။
(ဃ) မြစ်တကာမြစ်တို့တွင် တဏှာသည် အဆိုးဆုံး။

ပကတိမီးတို့သည် လောင်ကျွမ်းနေသည်ကို မြင်ရသည်၊ ငြိမ်းလိုက ငြိမ်းသတ်နိုင်သည်၊ ရာဂမီးသည်ကာ အတွင်းမှ လောင်ကျွမ်း လိုက်စားနေသဖြင့် မမြင်ရ၊ ငြိမ်းသတ်ဖို့ ခက်ခဲသည်ဖြစ်ရကား အဆိုးဆုံးဖြစ်သည်၊ တစ်ဘ၀တစ်ခါ မက လောင်ကျွမ်းနေသည်။

ဘီလူးဖမ်းစားခြင်း၊ စပါးကြီးမြွေဖမ်းစားခြင်း၊ မီးကျောင်းစသော ရေသတ္တ၀ါများ ဖမ်းစားခြင်းတို့သည် တစ်ဘ၀ တစ်ခါမျှသာ ဖမ်းစားနိုင်သည်။ ဒေါသသည်ကား ဘ၀တိုင်း ဘ၀များစွာ ဖမ်းစားနိုင်သည် ဖြစ်ရကား အဆိုးဆုံးဖြစ်သည်။

ပကတိပိုက်ကွန်တို့သည် အမှန်အားဖြင့် လုံအောင် ပိတ်လှောင် ဖမ်းမထားနိုင်၊ ထိုအထဲမှ ရုန်းထွက်လိုက ထွက်နိုင်သည်၊ မောဟတည်းဟူသော ပိုက်ကွန်သည် ဘ၀များစွာ အထက်အောက် ပတ်ပတ်လည် ရုန်းမထွက်နိုင်အောင် ပိတ်လှောင် ဖမ်းထားနိုင်သည်အတွက် အဆိုးဝါးဆုံး ပိုက်ကွန်ဖြစ်သည်။

ဂင်္ဂါ၊ ဧရာဝတီစသော မြစ်ချောင်းတို့သည် ပြည့်လာသောအခါ၊ ခြောက်သွေ့ခန်းခြောက်သော အခါ ထင်ရှားစွာ မြင်ရ၏၊ တဏှာတည်းဟုသော မြစ်ချောင်းသည်ကား ပြည့်သည်ဟူ၍ မရှိ၊ အမြဲတမ်း အလိုပြနေသည်၊ အမြဲတမ်း ယုတ်လျှော့နေသည်၊ ပြည့်အောင် ဖြည့်နိုင်ဖို့ မလွယ်ကူသောကြောင့် မြစ်တကာ ဖြစ်တို့တွင် တဏှာမြစ်သည် အဆိုးဆုံးဖြစ်သည်။

နတ္ထိ ရာသမော အဂ္ဂိ၊ နတ္ထိ ဒေါသသမော ဂဟော။
နတ္ထိ မောဟသမံ ဇာလံ၊ နတ္ထိ တဏှာသာမာ နဒီ (ဓမ္မပဒ)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၆-၁၀-၂၀၁၃

25 October 2013

ဘုရားပေးတဲ့ ဆိုရှယ်အလုပ်


 မနေ့က (၂၃-၁၀-၂၀၁၃)ည ကောင်လေးတစ်ယောက် ရောက်လာတယ်၊ သူက အမေရိကန်နိုင်ငံ နာမည်ကြီးတက္ကသိုလ်တစ်ခုက M.A ကို Social နဲ့ ပြီးလာတယ်လို့ ပြောပါတယ်။ စကားပြောရင်လဲ မြန်မာတစ်ဝက် အင်္ဂလိပ်တစ်ဝက်နဲ့ ပြောတတ်ပါတယ်။
သူက သူရလာတဲ့ ဘွဲ့တွေ အကြောင်း သီတဂူဆရာတော်ကြီးကို လျှောက်ပြနေတော့ ဆရာတော်ကြီးက-အေးကွ--- ငါကတော့ ဘာဘွဲ့မှ မရပါဘူးကွ၊ ငါက လက်တွေ့ ဆိုရှယ် (လူမှုရေး) အလုပ်တွေကို တကယ် လက်တွေ့ကျ လုပ်နေတာကွ၊ ငါက ဘယ်တက္ကသိုလ်ကမှ ဘာစာမှ မသင်ခဲ့ဘဲ ဘာဘွဲ့မှလဲ မရခဲ့ဘဲ ဘုရားပေးတဲ့ နည်းတွေနဲ့ပဲ လုပ်နေတာကွ၊ ဒီမှာ ဧရာဝတီ ဒိုင်ယာရီ စာအုပ်ကြည့်လိုက်ပါ။ အဲဒီထဲမှာ ဧရာဝတီတိုင်းတစ်ခုလုံး နာဂစ်တုန်းကြောင့် ကြေမွနေတာတွေကို ပြန်လည် တည်ဆောက်ရေးတွေ လုပ်ထားတဲ့ မှတ်တမ်းတွေ ဖြစ်တယ်။ နောက် မြန်မာနိုင်ငံ မြေပုံကို ထုတ်ပြသည်၊ ထိုမြေပုံတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ မြို့ကြီးများ၊ နယ်စွန်နယ်ဖျားတွေမှာ သီတဂူဆေးရုံများ ရှိရာတွေကို ဆေးရုံအမှတ် (ကြက်ခြေနီ)သားတွေဖြင့် ပြထားသည်။ လက်ရှိ သီတဂူဆေးရုံ (၂၄) ရုံ ဆောက်လုပ်ခဲ့ပြီး ဖြစ်သည်။ နောက်မြေပုံတစ်ခုကိုလဲ ထုတ်ပေးလိုက်သေးသည်၊ ထိုမြေပုံထဲမှာတော့ ဧရာဝတီတိုင်းထဲက နာဂစ်ဒဏ် အထိနာဆုံးနေရာ ဖြစ်တဲ့ ပြင်စလူကျွန်းမှာ (၁၅၀၀) ရေဂါလံဆန့် သောက်ရေကန် (၁၃) လုံး ရှိရာ နေရာတွေကို ဓာတ်ပုံများဖြင့် ဖော်ပြထားသည်။

သူက ဆက်လျှောက်သေးတယ်၊ မှန်ပါဘုရား--တပည့်တော်ဘ၀မှ သိပ်အားကျ အထင်ကြီးနေရတဲ့သူ ၃ ယောက်ရှိပါတယ်ဘုရား၊ သီတဂူဆရာတော်ကြီးရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ နောက်တစ်ယောက်က ဘယ်သူလဲ မသိ၊ မေ့နေတယ်၊ ကိုယ့်ဘာသာ တွေးပြီး သုံးယောက်မြောက် အထင်ကြီးခံရသူ ထည့်လိုက်ကြစို့၊ ဘယ်သူဖြစ်တယ်ပေါ့။

NGO နှင့် သီတဂူဆရာတော် ပြောသော ဆိုရှယ် အလုပ်
သူက ဆက်လျှောက်သေးတယ်၊ တပည့်တော်ကတော့ အခု အဓိက ဆိုရှယ်လုပ်နေတဲ့ NGOတွေကို သိပ်အားမကျဘူးဘုရား၊ တပည့်တော်ကိုယ်တိုင်က အဲဒီအဖွဲ့တည်းမှာ အလုပ်လုပ်နေပါတယ်ဘုရား။ မရှိ ဆင်းရဲသားတွေ အတွက် အကူညီပေးရန် တည်ထောင်ထားတဲ့ အဖွဲ့ကြီးက မြန်မာနိုင်ငံမှာ ဈေးအကြီးဆုံး Trader Hotel (ကုန်သည်ကြီးများ ဟိုတယ်လ်)လို နေရာမှာ ရုံးခန်းတွေ ဖွင့်တယ်၊ ကားအကောင်းစားတွေပဲ စီးတယ်၊ နောက်ဆုံးပေါ်တွေပဲ သုံးနေကြတယ်၊ နိုင်ငံတကကာ ပေးတဲ့ အထောက်ပံ့တွေက သူတို့ ၀န်ထမ်းတွေ စားသောက်တာနဲ့ တကယ် ဆင်းရဲတဲ့ သူတွေစီ မရောက်ဘူး၊ တကယ့်လိုအပ်တဲ့ နေရာတွေမှာ နဲနဲပဲ ရောက်တယ်ဟု လျှောက်သည်။

ဆရာတော်ကြီးက သူလျှောက်တာနဲ့ စပ်လျှင်းပြီး အေးကွ- ငါ အလုပ်လုပ်နေတဲ့ လုပ်ငန်းတွေကြည့်ကွ၊ သူ့ခေါင်းစဉ်နဲ့သူ လုပ်တာ၊ ငါ အဓိကလုပ်နေတဲ့ အလုပ်က သီတဂူ ရေအလှူတော် စီမံကိန်း၊ သီတဂူဆေးရုံများ စီမံကိန်း၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ စီမံကိန်း၊ ပြည်တွင်းပြည်ပ သီတဂူသာသနာပြုကျောင်းများ စီမံကိန်း လေးခုပဲ။ ဒါပေမဲ့ အခါအားလျှော်စွာ သဘာဝဘေးဒဏ်ကြောင့် သေကြေ ပျက်စီးကြတာတွေကို ကယ်ဆယ်ရေး ကူညီရေး လုပ်ငန်းတွေ၊ မလေးရှားနှင့် သီရိလင်္ကာနိုင်ငံမှာကဲ့သို့ အဆင်မပြေ ဖြစ်နေကြတဲ့ ဒို့နိုင်ငံသားတွေ ကူညီရေးတွေကိုပါ လုပ်နေရတယ်။

အဲဒီလို လုပ်တဲ့အခါမျိုးမှာ ပြည်တွင်းပြည်ပက လှူလိုက်တဲ့ ထောက်ပံ့လိုက်ကြတဲ့ အထဲက နဲနဲလေးမှ မသုံးဘဲ ကိုယ့်စရိတ်နဲ့ကို သွားပြီး ကူညီကြတာ၊ ငါ့တပည့်တွေ ကပ္ပိယတွေကိုလဲ ပြောထားတယ် “မင်းတို့ ဒီအလှူတွေထဲက နဲနဲလေးမှ ယူမသုံးကြနဲ့၊ ကိုယ့်စရိတ်နဲ့ကိုယ် သွားကြ လာကြ စားကြ နေကြကွ၊ ငါကိုယ်တိုင်လည်း ငါ့ကား ဆီဖိုးကအစ ငါ့ဘာသာ ငါ တာဝန်ယူတယ်။ ဒါ့ကြောင့် ပြည်တွင်းပြည်ပက လှူလိုက်တဲ့ ပစ္စည်း၊ အလှူငွေ အားလုံး တကယ်လိုအပ်တဲ့သူတွေ ဆီကို ထိထိမိမိ ရောက်တယ်ကွ”ဟု မိန့်သည်။ တပည့်တော်က ကျောင်းက ပေးတဲ့ မာစတာပါဘုရား၊ အရှင်ဘုရားက တကယ့်လက်တွေ့ကျတဲ့ ပီအိပ်ချီ ဆိုရှယ် ပါဘုရားဟု ကောင်းလေးက လျှောက်တော့သည်။

သီတဂူဆရာတော် ပြောသော ဘုရားပေးတဲ့ ဆိုရှယ်အလုပ်တည်း။။

မှတ်ချက်။ ဓာတ်ပုံများအားလုံး စစ်တွေ ငြိမ်းချမ်းရေး ဓမ္မခရီးမှ ပုံများဖြစ်သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၄-၁၀-၂၀၁၃

02 September 2013

ပျက်စီးကြောင်း လေးမျိုး

ပျက်စီးကြောင်း လေးမျိုး(သီတဂူစတား စာတိုပေတို)


(၁) ရုပ် သိပ်လှရင် ပျက်စီးတတ်သည်၊ ရုပ်ချောသူများ ၀ိုင်းဝိုင်းလည်ခံရရင် ပျက်စီးဖို့ အလားအလာဖြစ်သည်။


(၂) ပိုက်ဆံချမ်းသာလျှင် ပျက်စီးတတ်သည်။ ရေလျှံ (ငွေပေါ) နေသူများ ၀ိုင်းဝိုင်းလည်ခံရမည်၊ ပျက်စီးဖို့ နီးလာသည်။


(၃) အာဏာ ရရှိလျှင် ပျက်စီးတတ်သည်၊ အာဏာရှိသူများ ခစားသူများ၊ ကပ်ဖားသူများဖြင့် ၀ိုင်းဝိုင်းလည်ခံရသည်၊ ပျက်စီးဖို့ သေချာနေသည်။


(၄) အမှားအမှန် မသိသူသည် ပျက်စီးတတ်သည်။ (မိမိအနားကလူ၊ မိမိကို ပြုစုပေးနေသူ၏ စကားကိုသာ ယုံတတ်သည်၊ အရင်ပြောသူ၏ စကားကိုသာ ယုံတတ်သည်၊ တကယ့်အမှန်ကန်သမားတွေ၊ တကယ်အလုပ်လုပ်နေသူများကိုတော့ ချောင်ထိုးထားတတ်ကြသည်။)


(ဟိတောပဒေသကျမ်းကို ကိုးကားသည်)


ရွှင်လန်းချမ်းမြေ့ပါစေ

သီတဂူစတား

၂၇-၀၂-၂၀၁၃

10 August 2013

သိကြားရှိခိုးခံ သူများ

သိကြားရှိခိုးထိုက်သူ
(သီတဂူစတား စာတိုပေတို)
စာမိတ်ဆက်
ငယ်ငယ်ကထဲက ခဏခဏ ကြားဖူးနေတဲ့ သုတ္တန်တစ်ခုဖြစ်သည်၊ စာရေးသူ တောင်မြို့မဟာဂန္ဓာရုံမှာ နေစဉ်က ယခု နာယကချုပ်ဆရာတော် အရှင်ကုဏ္ဍလာဘိဝံသသည် မဟာဂန္ဓာရုံကျောင်းတိုက်ရှိ သံဃာ ၁၃၀၀ ကျော်တို့အား ဆွမ်းကပ်ရန် ရောက်လာကြသော အနယ်နယ်အရပ်ရပ်မှ ဒကာ ဒကာမများအား နေ့စဉ် နံနက်တိုင်း တရားစကားများ ပြောကြားရာဝယ် “သိကြားမင်းက လူဝတ်ကြောင်တွေကို ရှိခိုးလေ့ရှိတဲ့အကြောင်း”ကို မကြာမကြာ ပြောလေ့ရှိသည်။ ယခု စာဖတ်ရင်း ထိုသုတ္တန်ကို ဖတ်မိသဖြင့် အလွမ်းပြေ အမှတ်တရ စာတိုပေတို မှတ်စု ပြုစုလိုက်သည်။

သိကြားမင်း ရှိခိုးခံရသူများ

၁။ ကြာမြင့်စွာကာလကထဲက မြတ်သော အကျင့်ရှိကြတဲ့ ရဟန်းသူတော်စင်
၂။ ပရဟိတ စိတ်ရှိပြီး ဒါန၀တ်ရှိတဲ့ လူဝတ်သူတော်စင်များ
၃။ ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါး စသည်အားဖြင့် အကျင့်သီလ ရှိကြတဲ့ လူဝတ်သူတော်စင်များ
၎။ တရားသဖြင့် ရှာဖွေပြီး သား မယားကို ပြုစုသူများ။ (လင့်ဝတ်၊ မယားဝတ်၊ သားသမီးဝတ်၊ မိဘ၀တ်၊ ကျေပွန်သူများ)

မိသားစုဘ၀လေးကို စင်စင်ကြယ်ကြယ်နဲ့ ပျော်ရွှင်မှုကို ဖန်တီးပေးနိုင်သူကို သိကြားမင်း ရှိခိုးသတဲ့။
 အပြင်ထွက်လျှင် မိဘကို ရှိခိုးသွားသင့်
သိကြားမင်းက သူ၏နေရာ ဘုံဗိမာန်ကနေ အပြင်ထွက်တိုင်း ထွက်တိုင်းမှာ ရှိခိုးသင့်တဲ့သူတွေကို ရှိခိုးလေ့ရှိသတဲ့၊ ယနေ့ခေတ် ဗုဒ္ဓဘာသာဝင်တွေ၊ ဗုဒ္ဓဘာသာဝင်ဆိုတာထက် ဘာသာစိတ် အသိစိတ်ရှိတဲ့သူတွေဆိုရင် ပိုမှန်မည်ထင်သည်၊ သူတို့တတွေဟာ ကျောင်းကိုပဲ သွားသွား၊ သင်တန်းကိုပဲ သွားသွား၊ အလုပ်ကိုပဲ သွားသွား၊ ခရီးကိုပဲ သွားသွား၊ ဘယ်အကြောင်းကြောင့်ပဲ ဖြစ်ဖြစ် အပြင်ထွက်ပြီဆိုရင် ဘုရားခန်းက ဗုဒ္ဓမြတ်စွာရယ်၊ အမေ အဖေတို့ကိုပါ ကျကျနန ရှိခိုးပြီးမှ သွားလေ့ရှိသည်။ သိကြားမင်းသည်လည်း ထိုနည်းတူစွာပင် ဗုဒ္ဓ၏တပည့်ကောင်းများနည်းတူ အပြင်ထွက်ခါနီး လက်အုပ်ချီ ရှိခိုးလေ့ရှိသည်၊ ထိုသို့ရှိခိုးနေတာကို မြင်တော့ တပည့်ဖြစ်သူ မာတလိနတ်သားက “အရှင်မင်းကြီး---အရှင်မင်းကြီးက ဘယ်သူ့ကို ဘယ်အကြောင်းကြောင့် ရှိခိုးနေတာလဲ၊ တကယ်ဆို မြေပြင်ရှိ ၀ိဇ္ဇာသုံးပါး အဘိဥာဏ်များရရှိပြီးသူများနှင့် ရေမြေတောတောင်ကို အစိုးရတဲ့ ဘုရင်တွေက အရှင်နတ်မင်းကြီးကို ရှိခိုးကြရပါတယ်။ ဝေဟင်ပြင်ရှိ နတ်မင်းကြီး လေးယောက်နှင့် နတ်အပေါင်းတို့ကို အစိုးရသော တာဝတိံသာနတ်မင်းတို့ကပါ အရှင်နတ်မင်းကြီးကို ရိုသေပေးကြရတယ်၊ ရှိခိုးကြရတယ် မဟုတ်လား”ဟု မေးတော့ သိကြားမင်းက “ငါ ရှိခိုးနေတဲ့သူတွေက တခြားမဟုတ်ဘူး ရဟန်းသူတော်စင် လူ သူတော်စင်များ ဖြစ်ကြတယ်”ဟု အထက်ပါ အရှိခိုးခံထိုက်သူများကို စာရင်းလုပ် ထုတ်ပြလေသည်။

ကိုယ့်သား ကိုယ့်မယားကို သမ္မာအာဇီဝဖြင့် ပြုစုလုပ်ကျွေးနေချိန်၊ ကိုယ့် အမိအဖကို ပြုစုလုပ်ကျွေးနေတဲ့အချိန်သည် ကောင်းကင်းသိကြားမင်း၏ ရှိခိုးမှုကို ထိုက်နေသူဟု၍မှတ်။ ငါးပါးသီလ လုံတဲ့နေ့သည် သိကြားမင်း၏ ရှိခိုးခြင်းကို ကောင်းကောင်းကြီး ထိုက်နေတဲ့ အချိန်ဟူ၍မှတ်။ ပေးကမ်းနေတဲ့အချိန်၊ စွန့်ကြဲနေတဲ့အချိန် အလှူဒါန ပြုနေတဲ့အချိန်တိုင်းသည်လည်း သိကြားမင်း ရှိခိုးခြင်းကို ထိုတ်တန်တဲ့အချိန်ဟူ၍မှတ်ကြရန် သိကြားမင်းပြောသည်။

ထိုကဲ့သို့သော အလုပ်မျိုးကို သိကြားရှိခိုးခံထိုက်ရုံသာ မက၊ ပညာရှိ သူတော်ကောင်းတို့ကပါ ချီးမွးမ်းထောမနာပြုကြသည်၊ အယုံအကြည်ရှိကြသည်၊ မြတ်နိုးကြသည်၊ ပူဇော်ကြသည်။ ဖြစ်လေရာရာ ဘ၀တိုင်းမှာလဲ ထိုသူပြုအပ်သော အလုပ်တွေကပဲ ပြန်လည် ကြိုဆိုကြပါလိမ့်မည်။ သိကြားမင်းနှင့် သူတော်ကောင်းများ အရိုအသေပေးထိုက်သော ထိုအလုပ်များကို ပြုလုပ်ထားသူသည်လည်း လက်ရှိဘ၀မှာလဲ ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းသာစွာ နေရသလို ဘ၀တိုင်းမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေကြပါလိမ့်မည်။ ကိုယ်လုပ်ခဲ့သော အလုပ်ကို တွေးမိလေးတိုင်းလဲ ပီတိတွေ လှိုင်လှိုင်ဖြစ်ရပါလိမ့်မည်။

(ဂဟဋ္ဌ၀န္ဒနာသုတ်၊ သံယုတ်)


ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၎-၀၂-၂၀၁၃

25 July 2013

ဘုံဘေ (မွမ်ဘိုင်း) ၀ါဆိုခြင်း (၂၀၁၃)

ဘုံဘေ (မွမ်ဘိုင်း) ၀ါဆိုခြင်း (၂၀၁၃)
(သီတဂူစတား စာတိုပေတို)

မြတ်ဗုဒ္ဓသည် သူ၏တပည့်များကို လူမုန်းခံ မဖြစ်လို၊ လူအားလုံးရဲ့ ကြည်ညိုမှု ချစ်ခင်လေးစားမှုကိုပဲ ရစေလိုသည်။ ထို့ကြောင့် ဒကာ ဒကာမတွေရဲ့ ပစ္စယာနုဂ္ဂဟကို အမှီပြုနေရသော သာသနာတော်အတွက် လူဝတ်ကြောင်များ၏ မကြိုက်တဲ့ လေသံနဲ့ ပြောတိုင်း ဆိုတိုင်း ကဲ့ရဲ့တိုင်း ရဟန်းတော်များအတွက် ဥပဒေများ ပေါ်ပေါ်လာတတ်သည်။

ယခုမိုးတွင်းရောက်လာပြီ၊ “ငှက်ကလေးတွေတောင် မိုးရွာလို့ အသိုက်ထဲအောင်းနေကြသေးတာပဲ ရဟန်းတော်တွေက မိုးတွင်းတောင် ဟိုသွား ဒီသွား လမ်းသလားရကောင်းလား” ဆိုပြီး လူဝတ်ကြောင်တချို့ရဲ့ ကဲ့ရဲ့သံ ရှုတ်ချသံတွေကြောင့် မြတ်ဗုဒ္ဓလဲ သူတပည့်တွေကို “ဒကာ ဒကာမတွေ မကြိုက်တာ မလုပ်နဲ့၊ ဒီနေ့ကစပြီး ၀ါတွင်းသုံးလအတွင်း ခိုင်လုံတဲ့ အကြောင်းမရှိဘဲ ညအိပ် ခရီးမသွားရ၊ မသွားမဖြစ်တဲ့ အကြောင်းပေါ်လာရင်တောင် ပန်ကြားသွား”ဟု အမိန့်ထုတ်ရပြန်သည်။ ဤနည်းအားဖြင့် ရဟန်းတော်များအတွက် အကြောင်းပေါ်လာတိုင်း ပညတ်သဖြင့် အကျဉ်းအားဖြင့် ၂၂၇၊ အကျယ် ကုဋေ ကိုးထောင်ကျော်အထိ ဥပဒေပုဒ်မတွေ ရှိလာခဲ့သည်။

ယနေ့ည ၀ါဆိုလပြည့်ကျော်တစ်ရက်၊ အိန္ဒိယနိုင်ငံ ဘုံဘေ (မွမ်ဘိုင်း)မြို့ စာရေးသူတို့ မြန်မာကျောင်းသား ရဟန်းတော်များသည် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ က ပညတ်ခဲ့တဲ့ မြတ်ဗုဒ္ဓ၏ ဥပဒေအတိုင်း ၀ါကပ်တော်မူကြသည်။ တကမ္ဘာလုံးရှိ ရဟန်းတော်များသည် ဒီကနေ့ ၀ါကပ်တော်မူကြသည်။

“ဣမသ္မိံ ၀ိဟာရေ (အာရာမေ) ဣမံ တေမာသံ ၀ဿံ ဥပေမိ- ဤအာရာမ်၊ ကျောင်း၌၊ ၀ါတွင်းသုံးလကာလပတ်လုံး၊ ၀ါကပ်တော်မူသည်။” ဟူသတည်း။

ဘုရားလက်ထက်တော်က ရဟန်းတော်များ
ဘုရားလက်ထက်က ရဟန်းတော်များသည် ၀ါမ၀င်ခင် မြတ်ဗုဒ္ဓထံမှ ကမ္မဋ္ဌာန်းနည်းပညာများကို စနစ်တကျ သင်ယူပြီး ကိုယ်နဲ့ ဥတု၊ ပုဂ္ဂလ၊ ဘောဇန၊ သေနာသန အဆင်ပြေမဲ့နေရာကို ရွေးပြီး ၀ါကပ်ကြသည်။

“၀ါကျွတ်လျှင် မျက်နှာပန်းလှလှနဲ့ ဘုရားရှင်ကို သွားဖူးမည်၊ ကိုယ်ရခဲ့တဲ့ တရားထူးများကို ဘုရားထံလျှောက်မည်” ဟူသော စိတ်ကူးနဲ့ ၀ါတွင်းသုံးလ အပြင်းအထန် ရဟန်းတရား အားထုတ်တော်မူကြသည်။ တချို့ကတော့ ဘ၀သံသရာဒုက္ခကို ဖြစ်စေတဲ့ ကိလေသာတွေကို အပြင်းအထန် တိုက်ထုတ်ရင်း ၀ါတွင်းသုံးလကို ဖြတ်သန်းတော်မူကြသည်။

ဘုရားလက်ထက်တော်က ထိုရဟန်းတော်များ၏ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်၊ ထိုရဟန်းတော်များကို မွေးဖွားပေးသော သာသနာတော်အတွက် ၀ိနည်းဥပဒေများကို စနစ်တကျ ပညတ်တော်မူသော ဘုရားရှင်၏ ဂုဏ်တော်၊ ၀ိနည်း၊ သုတ္တန်၊ အဘိဓမ္မာတည်းဟုသော မြတ်ဗုဒ္ဓ၏တရားဂုဏ်တော်များကို အာရုံပြု၍ ၀ါဆိုလမှာ အထူးကုသိုလ်ယူကြပါသည်။

ဘုရားလက်ထက်က ရဟန်းများကော လူဝတ်ကြောင်တို့ကပါ ၀ါတွင်းသုံးလ၊ ရက်ပေါင်း ၁၀၀လေးမှာ အထူးကောင်းမှုအလုပ်တွေနဲ့ ဖြတ်သန်းကြသလို အားလုံးလဲ ယနေ့က စပြီး ကိုယ်-နုတ်-စိတ်တို့ကို အပြစ်မဖြစ်အောင် ထိန်းပြီး ကိုယ်စွမ်းသမျှ ကုသိုလ်တွေနဲ့ ၀ါတွင်းသုံးလကို ဖြတ်သန်းနိုင်ကြပါစေ၊ ဖေ့ဘုတ်မှာ အရည်လဲမရ အဖက်လဲမရဘဲ လက်ဆော့ပြီး အချင်းချင်း ဆဲနေကြခြင်း ရန်ဖြစ်နေကြခြင်းဖြင့် အချိန်မဖြုန်းကြရန်နှင့် တစ်ယောက်ကို တစ်ယောက် ချောက်တွန်းမနေကြဘဲ မေတ္တာ၊ ကရုဏာ၊ မုဒိတာတို့ဖြင့် အပြန်အလှန် ပွားနိုင်ကြပါစေ။

စိတ်ကို တလှုပ်လှုပ် တရွရွနဲ့ ရောက်ယက်ခက် မဖြစ်စေကြဘဲ ငြိမ်ငြိမ်လေး နေနိုင်ကြပါစေကုန်သတည်းးးးးးးး။

ဝါဆိုခြင်းနှင့်စပ်၍ စာရေးသူ၏ “သီတဂူစတား” ဘလော့ဂ်မှာ နှစ်စဉ် မတူအောင် ရေးထားသည့် ပို့စ်များ ရှိသည်။

မှတ်ချက်။ ။ ကောလိပ်က ပေးတဲ့ အဆောင်ထဲက ကုလားထိုင်မှာ သီတင်းသုံးပြီး ၀ါဆိုနေကြခြင်းသည် အဆောင်ရဲ့ အခန်းမှာ မိုးများ ပြင်းထန်စွာ ပက်ထားသဖြင့် မိုးရေတွေ စိုရွှဲနေသည်၊ ထိုင်၍မဖြစ်၍ ဤကဲ့သို့ အဆင်ပြေသလို ၀ါကပ်ကြရသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၃-၇-၂၀၁၃

12 June 2013

သမ္မတဖြစ်ချင်သူ

သမ္မတဖြစ်ချင်သူ
(သီတဂူစတား စာတိုပေတို)

စာမိတ်ဆက်
သမ္မတဖြစ်ချင်တယ်ဆိုတဲ့ အသံ အခုတလော မကြာခဏ၊ တစ်ယောက်မက ပြောနေကြသည်ကို ကြားနေရသည်၊ စိတ်မကောင်းစရာက ထိုအသံအောက်မှာ တုန့်ပြန်သံတွေက ဝေဖန်သံထက် နားမခံသာအောင် ပုတ်ခက် ပြောဆို၊ ဆဲရေးသည့် စကားတွေသံပဲဖြစ်သည်။ ဝေဖန်တာ ကောင်းပေမဲ့၊ ကိုယ့်အဖိုး၊ ကိုယ့်အဖွား၊ ကိုယ့်အဖေ၊ ကိုယ့်အမေ အရွယ်လောက်ရှိတဲ့သူကို ဆဲတာ၊ ပုပ်ခက်တာတော့ မြန်မာ့သားကောင်း သမီးကောင်း မပီသပါဘူး၊ ကာယကံ၊ ၀စီကံ၊ မနောကံ အပြစ်ကြီးလှသည်။ ထိုအဖြစ်တွေကို မဖြစ်စေလို၍ လည်းကောင်း၊ အလားတူ သမ္မတဘာ့ကြောင့်ဖြစ်ချင်သလဲ၊ ဘယ်သူတွေ သမ္မတဖြစ်ချင်ကြသလဲ ဆိုတဲ့အတွေးကိုလည်းကောင်း မြတ်ဗုဒ္ဓဟောခဲ့သည့် သုတ္တန်တစ်ခုကို သတိရမိသဖြင့် ဤစာတိုပေတိုလေး ရေးဖြစ်သွားသည်။ နိုင်ငံရေး ပညာတတ်၍လည်း မဟုတ်၊ နိုင်ငံရေးဝါသနာပါ၍လည်း မဟုတ်၊ သို့သော် သတင်းမှန်သမျှကိုတော့ အကုန်ဖတ်သည်။

မြတ်ဗုဒ္ဓက အာသံသသုတ်ကို ရဟန္တာ ဖြစ်ချင်သူ ဖြစ်ထိုက်သူနဲ့ ဆက်စပ်ပြီး သမ္မတဖြစ်ချင်သူ၊ ဖြစ်ထိုက်သူများကို နိုင်းယှဉ်၍ဟောထားခြင်းဖြစ်သည်။ သို့သော် လူတွေက သမ္မတဖြစ်ချင်တယ်ဆိုတဲ့ အသံကို တော်တော် စိတ်ဝင်တစား ဖတ်ကြသည်၊ နားထောင်ကြသည်၊ ဝေဖန်ကြသည်၊ အော်ကြသည်။ ထို့ကြောင့် သမ္မတဖြစ်ချင်သူဆိုတာလေးကိုပဲ ကွက်ပြီး ဖော်ပြလိုက်ပါသည်။
 (သူကတော့ သမ္မတဖြစ်နိုင်တဲ့ စွမ်းရည်မရှိလို့ သမ္မတ အာသာ မရှိသူ ယာစက)

လူသုံးယောက်နှင့်သမ္မတ
သမ္မတဟူသည် သမုတိတို့မှ ဆင်းသက်သော ပါဠိစကားလုံးကို သမ္မတဟု၍လဲ မြန်မာမှုပြုထားသည်၊ ပြည်သူများက ယုံကြည်အားကိုးထိုက်ပြီး တရားမျှတစွာ အခက်အခဲ ပြဿနာများကို ဖြေရှင်းပေးနိုင်သူကို ခေါင်းဆောင်အဖြစ် သမုတ် (သမုတိ-သမ္မတ) ထားသောကြောင့် သမ္မတဟု ခေါ်သည်။ ထိုအရည်အချင်းနှင့်ပြည့်စုံသူကို ပြည်သူတွေကပဲ ရှာဖွေကာ တိုင်းပြည် ရပ်ရွာများရဲ့ အခက်အခဲများကို မျှမျှတတဖြေရှင်းပေးရန် တောင်းပန်ကြသည်။ ဤသို့အား သမ္မတ ဆိုတာ ကမ္ဘာဦး လူသားတွေ စပေါ်လာကထဲက ပေါ်ပေါက်လာသည်။ စာရေးသူဆိုက် “လူသားအစ” ပို့စ်တွင် လူသားတွေ၊ သမ္မတ၊ ကျား+မ စသည်တို့ပေါ်ပေါက်လာပုံကို ဖော်ပြခဲ့သည်။ 

(က) သမ္မတ ဖြစ်ချင်တဲ့ အာသာ ရှိတယ်ဆိုကထဲက သူ့မှာ ကိုယ့်ကိုယ်ကို ယုံကြည်တဲ့ စွမ်းရည် ရှိနေလို့ပဲဖြစ်ပါတယ်။ ကိုယ်ရည် ကိုယ်သွေး၊ အစွမ်းအစရှိပြီး သမ္မတဖြစ်ချင်သော အာသာရှိသူကို အာသံသ ပုဂ္ဂိုလ်ဟုခေါ်သည်။ ကိုယ်ကိုယ်တိုင်ကရော တခြားသူကပါ ယုံကြည်လောက်တဲ့ အရည်အချင်း ရှိသူတိုင်း၊ သို့မဟုတ် ခေါင်းဆောင်ဖြစ်ရန် ကြိုးစားသူတိုင်းက သမ္မတဖြစ်ချင်ကြသည်၊ တိုင်းပြည်ခေါင်းဆောင် ဖြစ်ချင်ကြသည်။ (အာသံသ)

(ခ) ကိုယ့်ကိုယ်ကို ယုံကြည်နိုင်လောက်တဲ့ သတ္တိ ဗျတ္တိမှ မရှိတာ ဘယ်လိုလုပ်ပြီး သမ္မတဖြစ်ချင်တယ်ဆိုတဲ့ အာသာ၊ ဆန္ဒရှိမလဲ။ မုဆိုးတံငါ၊ ပညာမဲ့ လူတန်းစား၊ ရုပ်ဆိုးအကျည်းတန်လွန်သူများ၊ နေ့မှန်အောင်တောင် မစားနိုင်တဲ့ ယာစက တွေကို သွားမေးကြည့်ပါ၊ ခင်များ သမ္မတဖြစ်ချင်တဲ့ အာသာရှိနေလားလို့၊ ကိုယ့်ကိုယ်ကို ယုံကြည်လောက်တဲ့ အရည်အချင်း သူ့မှာ မရှိလို့ သမ္မတဖြစ်ချင်တဲ့စိတ် အိပ်မက်ထဲတောင် မမက်ခဲ့ပါဘူးလို့ ဖြေပါလိမ့်မည်၊ သူ့ရဲ့အဖြေသည် အမှန်ကို ဖြေကြားသဖြင့် ရိုးသားသော အဖြေဖြစ်ပါသည်။ ကိုယ်ရည် ကိုယ်သွေး၊ အစွမ်းအစ မရှိ၍ သမ္မတဖြစ်ချင်သော အာသာ မရှိသူကို နိရာသပုဂ္ဂိုလ်ဟုခေါ်သည်။ (နိရာသ)

(ဂ) ခင်များကော သမ္မတဖြစ်ချင်လားလို့ “သမ္မတ ဖြစ်နေဆဲသူကို သွားမေးကြည့်”၊ ဘယ်လိုဖြေမလဲ ထင်လဲ။ စာထဲမှာတော့ ဘိသိတ်မြှောက်ပြီး ဘုရင်ဟာ သူများနိုင်ငံမှာ ဘယ်သူကတော့ ဘုရင် ဘိသိက်သွန်းပြီး မင်းမြှောက်နေလေရဲ့၊ ငါလဲပဲ ဘုရင်ဖြစ်ဖို့ ဘိသိက်မြှောက်ခံလိုတယ်ဆိုတဲ့ စိတ်၊ အာသာ၊ ဆန္ဒတွေ သူ့မှာ လုံးဝမရှိတော့ဘူး၊ သူဟာ ဘိသိက်မြှောက်ခံပြီး ဘုရင်ဖြစ်နေပြီး ဖြစ်၍ အာသာဆန္ဒ ငြိမ်းနေပြီးဖြစ်သောကြောင့်တည်း။ လက်ရှိဘ၀မှာ သမ္မတဖြစ်နေဆဲမို့ သမ္မတဖြစ်ချင်တဲ့ အာသာ ငြိမ်းပြီး ဖြစ်သော သူကို ၀ိဂတာသ ပုဂ္ဂိုလ်ဟု ခေါ်သည်။ (၀ိဂတာသ)

(အဲဒီခေတ်က ဘုရင်စနစ်ဖြစ်နေတာကိုး။ ယခုလို ၄ နှစ်တစ်ကြိမ် ပြည်သူရဲ့ ဆန္ဒမဲဖြင့် ဘုရင် သို့မဟုတ် သမ္မတ ဖြစ်ရမည်ဆိုရင် အဲဒီခေတ်က နံပါတ် (ဂ) ၀ိဂတာသ ဆိုတာ ရှိမည် မထင်။ ဖြစ်နေခိုက်ကိုသာ ရည်ရွယ်ပြီးဆိုလိုသဖြင့် ဒီကနေ့ခေတ်လဲ ၀ိဂတာသပုဂ္ဂိုလ် ရှိပါသည်။ သို့သော်လည်း ဒီမိုကရေစီစနစ်အရ နောက်တစ်ကြိမ် သမ္မတဖြစ်ဖို့ကိုတော့ အာသာရှိနေရကား နံပါတ် (က)အာသံသပုဂ္ဂိုလ် အမျိုးစားထဲလဲ ပါဝင်မည်။

လူတိုင်း သမ္မတဖြစ်ခွင့် ပြောဆိုနိုင်
စာပေမှာကိုက “လူ့လောကမှာ ဒီလိုပုဂ္ဂိုလ်သုံးယောက်ရှိတယ်လို့” ပြဆိုထားတာဆိုတော့ကား ပြောနိုင်တဲ့သူက သမ္မတဖြစ်ချင်တယ်လိုပဲ ပြောပြော၊ ပြောရဲတဲ့ သတ္တိမရှိလို့ မပြောရဲဘဲ နေနေ၊ ဘယ်သူ့ကိုမှ ဝေဖန် ပုတ်ခက်စရာမလိုပါဘူးလို့ ယူဆရပါသည်။ လူတိုင်းမှာ အခွင့်ရေးရှိသည်၊ ကိုယ်လဲ ပြောနိုင်တဲ့ သတ္တိ ဗျတ္တိ၊ အစွမ်းအစရှိတယ်လို့ ယုံကြည်နေရင် ပြောနိုင်ပါသည်။ ဘယ်ပုဂ္ဂိုလ်ကမှ “ခင်များက ဘယ်လို သူက ဘယ်ညာ” ဆိုပြီး သွားပုပ်လေလွင့်၊ အမနာပတွေနဲ့ ပြောစရာ မလိုပါ။

ဒီမိုကရေစီခေတ် လူတိုင်းမှာ အခွင့်ရေးရှိတယ်ဆိုပေမဲ့ နံပါတ် (ခ)လို လူမျိုးက ရူးတူးတူးပေါတောတောနဲ့ သမ္မတဖြစ်ချင်တယ်လို့ ပြောမယ်ဆိုရင်တော့ ဆွမ်းကြီး ၀ိုင်းလောင်းခံရမှာ အသေချာပင်ဖြစ်သည်၊ (ဆဲသံ ဆိုသံတွေ ညံလို့နေမည်)။ ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်ပါ၊ အစွမ်းအစ၊ အရည်အချင်းရှိပါသလား၊ ကိုယ်ကိုယ်တိုင်က မရှိဘဲ သူများကို သွားဝေဖန်နေလျှင် အဝေဖန်ခံရသူမှာ လူမိုက်၊ သို့မဟုတ် စိတ်မနံ့သူရဲ့ ချီးမွမ်းခံရသလို အောင့်သက်သက်သာဖြစ်မည်၊ ကဲ့ရဲ့ခံ၊ ဆဲဆိုခံရပါကလည်း ရွှေခြင်္သေ့ ချီးလူးဝက် ၀င်တိုက်ခံရသလိုဖြစ်မည်။

ဝေဖန်ချင်သူများ ဆဲဆိုလိုသူများ သတိပြုရန်အတွက် “ကိုယ့်ကိုယ်ကို ချီးလူးဝက်လဲ မဖြစ်စေကြပါနဲ့၊ လူမိုက်လဲ မဖြစ်ချင်ကြပါနဲ့၊ ရူးနေသူလည်း အဖြစ်မခံကြပါနဲ့လို့” ဤအာသံသ သုတ္တန်ရဲ့ အဓိပ္ပါယ်ကို ဤကဲ့သို့ ဖွင့်ဆိုလိုက်ပါသည်။

“တရားမကြိုက်၊ လျှာဒုစရိုက်နှင့်၊ လူမိုက်တစ်သောင်း၊ ချီးမွမ်းရှောင်းလည်း၊ သူကောင်းတစ်ယောက်၊ ပြစ်တင်ကြောက်လော၊ ရှေ့နောက်မဆ၊ လူ့ဗာလတို့၊ ဂုဏဒေါသ၊ နှစ်ဝကျိုးပြစ်၊ စိစစ်မြော်မြင်၊ မဆင်ခြင်ဘူး၊ ဆိုချင်မက်မော၊ ဆိုလျှင်ဆောဖြင့်၊ သဘောအလိုက်၊ တုတ်နှင့်ရိုက်သို့၊ သူမိုက်ချီးမွမ်း၊ ဂုဏ်နာနွမ်း၏။” (မဃဒေ၀လင်္ကာ)

လောကဓံထဲက ကဲ့ရဲ့ရှုံ့ချခြင်း
လောကလူသားတွေက ခက်တော့ ခက်သားပဲ၊ လောကမှာ အကဲ့ရဲ့ မခံရတဲ့သူမရှိဟု ဆိုထားသည်၊ (နတ္ထိ လောကေ အနိန္ဒိတော)။ နေမင်းကြီး သူ့ဘာသာနေတာကို နေပူလို့ဆိုပြီး ကဲ့ရဲ့ကြသည်၊ ညအခါ လမင်းကြီး သူဘာသာ လင်းထိန်နေသည်ကို အမှောင်လောကသားတွေက “ဒီနေ့ကျမှ ဒီလ သာနေလိုက်တာ”ဟု ကဲ့ရဲ့ပြန်သည်။ မပြောဘဲ ငြိမ်နေရင်လဲ မပြောလို့ဆိုပြီး ကဲ့ရဲ့ကြပြန်သည်၊ ပြောဆိုလို့ အမှန်ကို ပြောပြန်တော့လဲ ကဲ့ရဲ့ပြန်သည်။ ကိုယ့်အိမ်ထဲ အေးအေးလူလူ အနားယူနေသူကိုတောင် အလွတ်မပေး၊ ကုတ်ကမြင်းတဲ့။

လောကဥသျှောင် မြတ်ဗုဒ္ဓသည်ပင် အကဲ့ရဲ့ခံမလွတ်၊ ထိုသို့သော ချီးမွမ်းခံရခြင်း၊ ကဲ့ရဲ့ခံရခြင်းတို့ကို ကျော်လွှားနိုင်သောကြောင့်ပင် ပိုပြီးပေါ်လွင်ခဲ့သည်။ မြတ်ဗုဒ္ဓကို တိုက်ခိုက်ကြသော အတွင်းလူ အရှင်ဒေ၀ဒတ်၊ အပြင်လူ ၀ါဒကွဲဖြစ်သော တိတ္ထိဆရာကြီးများနှင့် သူတို့၏ တပည့်များစသော အတိုက်ခံတို့ကြောင့်လည်း မြတ်ဗုဒ္ဓဂုဏ်တော်၊ ကံတော်၊ ဥာဏ်တော်တို့သည် ပို၍ပို၍ပင် ထင်ပေါ်လာခဲ့သည်။ မြတ်ဗုဒ္ဓသည် တခါတရံ သူ့ကို သေကြောင်း ကြံစီတဲ့အထိ လုပ်ကြံသူများနှင့် ကြုံခဲ့ဖူးသည်။

ထို့ကြောင့် မြတ်ဗုဒ္ဓသော်မှ အကဲ့ရဲ့ခံမလွတ်သော လောကကြီးထဲမှာ ကဲ့ရဲ့ ရှုံ့ချတာကိုလဲ မမှုနဲ့၊ ချီးမွမ်းတာကိုလဲ မမြှောက်နဲ့။ နောက်ဆုံးတော့ ထိုအရာအားလုံးသည် ကိုယ့်ရဲ့ လုပ်ရည်၊ စွမ်းရည်၊ သတ္တိ၊ ဗျတ္တိ၊ သစ္စာ၊ မေတ္တာ တရားတို့အောက်မှ ပြားပြားဝပ်ဆင်းသွားရတော့သည်သာ။

မှတ်ချက်။ ။ အင်္ဂုတ္တရနိကာယ်၊ အာသံသသုတ်အရ လောကမှာ နိရာသ၊ အာသံသ၊ ၀ိဂတာသ ဆိုတဲ့ ပုဂ္ဂိုလ် သုံးယောက်အကြောင်းကို ကိုးကားဖွင့်ဆိုသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၈-၆-၂၀၁၃

08 June 2013

သိပ်လှသော လောကကြီး

သိပ်လှသော လောကကြီး
(သီတဂူစတား စာတိုပေတို)

လောကကြီးသည်-------
လောကကြီးကို မေတ္တာမျက်လုံးဖြင့် ကြည့်လျှင် အစဉ်အမြဲ လှနေသည်။
လောကကြီးကို ကရုဏာမျက်လုံးဖြင့် ကြည့်လျှင် အစဉ်အမြဲ ကြင်နာမူတွေ နွေးထွေးမှုတွေဖြင့် လှနေသည်။
လောကကြီးကို မုဒိတာမျက်လုံးဖြင့် ကြည့်လျှင် အစဉ်အမြဲ ပြုံးပျော်နေကြခြင်းဖြင့် လှနေသည်။
လောကကြီးကို ဥပေက္ခာမျက်လုံးဖြင့် ကြည့်လျှင် အစဉ်အမြဲ လူသားဆန်နေခြင်းဖြင့် လှနေသည်။
(သီတဂူအာယုဒါနဆေးရုံတော်တွင် ဆေးကုသမှုခံယူနေကြစဉ်)
(သီတဂူအာယုဒါနဆေးရုံတော်တွင် ဘာသာမရွေး ဆေးကုသမှုခံယူနေကြစဉ်)
 
မေတ္တာမှာ လူမျိုးခြားမရှိပါ၊ ဘာသာ အယူဝါဒကွဲမရှိပါ။
ကရုဏာမှာ လူမျိုးခြားမရှိပါ၊ ဘာသာ အယူဝါဒကွဲမရှိပါ။
မုဒိတာမှာ လူမျိုးခြားမရှိပါ၊ ဘာသာ အယူဝါဒကွဲမရှိပါ။
ဥပေက္ခာ လူမျိုးခြားမရှိပါ၊ ဘာသာ အယူဝါဒကွဲမရှိပါ။
တပြေးညီ၊ တသားတည်းဖြစ်သည်။
(သီတဂူအာယုဒါနဆေးရုံတော်ကြီး (စစ်ကိုင်း)
 

 သီတဂူအာယုဒါန ဆေးရုံတော်သည် မြတ်ဗုဒ္ဓ၏ လောကအလှ လေးပါးတို့ဖြင့် တည်ဆောက်ထားသဖြင့် လူမျိုး၊ ဘာသာ မရွေးဘဲ မည်သူမဆိုကို အလှဆင်ပေးနေပါသည်။
(လောကလူသား အားလုံးအတွက် ဒီလိုပဲ ဆက်ဆံရပါသည်၊ ဒီလိုခရီးလဲ ကြွရတတ်ပါသည်)
(ဒေသေထ ဘိက္ခဝေ ဓမ္မံ၊ စာရိကံ စရထ)
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၇-၆-၂၀၁၃

(ဓာတ်ပုံများ သီတဂူအရှင်ဝိသုတ ဖေ့ဘုတ်မှ ကူးယူသည်)

04 May 2013

ဘ၀ဆိုတာ အိပ်မက်တစ်ခု

ဘ၀ဆိုတာ အိပ်မက်တစ်ခု
“သီတဂူစတား၏ စာတိုပေတို”

အိပ်မက်ထဲက အမှန်တရား
အိပ်မက်ထဲမှာတော့ ရေလဲ ကူးဖူးသည်၊ ကောင်းကင်သို့လဲ ပျံဖူးသည်၊ မြေကြီးထဲလဲ ၀င်ဖူးသည်၊ တောင်ပေါ်ကနေလဲ ခုန်ချဖူးသည်၊ ကြောက်စရာ ထိတ်လန့်စရာတွေနဲ့လဲ တွေ့ဖူးသည်၊ ပျော်စရာ ကြည်နူးစရာလေးတွေနဲ့လည်း ကြုံဖူးသည်၊ ငိုလည်း ငိုဖူးသည်၊ ရယ်လည်း ရယ်ဖူးသည်။ အိပ်မက်ထဲ မတွေ့ဖူးတာ မရှိ၊ အကုန်တွေ့ဖူးသည်၊ မဖြစ်နိုင်တာဆိုတာ မရှိ၊ အကုန်ဖြစ်နိုင်သည်၊ အိပ်မက်ထဲမှာ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားသောကြောင့် အိပ်မက်ထဲက မြင်သမျှ ကြုံသမျှ တွေ့သမျှ ဖြစ်ခဲ့သမျှ အရာအားလုံးသည် အမှန်ချည်းပဲ ဖြစ်သည်။

လူသား သို့မဟုတ် ပုထုဇဉ်လူသားတို့သည် ကိုယ့်ကိုယ်ကို ရှိနေသည်ဟူ၍ ယူဆထားသည်၊ ထင်ထားသည်။ အနောက်တိုင်း အတွေးခေါ်ပညာရှင် ဒေကားစ် (Descartes) ၏ အတွေးနဲ့ တူသည်၊ “I am thinking so I am” or “I am thinking therefore I exist.” ငါ စဉ်းစားသည်၊ ထို့ကြောင့် ငါ ရှိသည်။ ပုထုဇဉ်မှန်သမျှ “ငါ” မရှိဟုသော စကား ဘယ်သောအခါမှ မပြောကြ။ “ငါ” ရှိ၏ ဟုသော အဆို အယူအဆ၊ ယုံကြည်မှုတို့သည် အမှန်ဆိုရင် ငါဟူသော မိမိကိုယ်တိုင် တွေ့ကြုံရသော အရာမှန်သမျှတို့သည်လည်း အမှန်ဟူပင် ဖြစ်မည်။

ထိုအဆိုအရ လောကမှာ ငါ ရှိသည်၊ သူရှိသည်၊ ပုဂ္ဂိုလ်ရှိသည်၊ သတ္တ၀ါရှိသည်၊ ယောက်ျားဆိုတာ ရှိသည်၊ မိန်းမဆိုတာ ရှိသည်၊ အမေဆိုတာ ရှိသည်၊ အဖေဆိုတာ ရှိသည်၊ သားရှိသည်၊ သမီးရှိသည်၊ သူဋ္ဌေးရှိသည်၊ သူဆင်းရဲရှိသည်၊ ရွှေရှိသည်၊ ငွေရှိသည်၊ ကားရှိသည်၊ စသည်ဖြင့် လောကမှာ အရှိတရားတွေ များစွာရှိသည်၊ ထိုအရှိတရားများသည် ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံ ခံစား၍ အမှန်ချည်းသာ ဖြစ်သည်၊ အမှားဟူ၍ မရှိ။

အိပ်မက်အပြင်က အမှန်တရား
သို့သော် အိပ်မက်ကနေ နှိုးထလာသောအခါ အိပ်မက်ထဲက တွေ့သမျှ၊ မြင်သမျှ၊ ခံစားဖူးမှန်သမျှတို့သည် အမှားချည်းဖြစ်သွားသည်၊ တကယ် အစစ်၊ တကယ့်အမှန်တရား မဟုတ်တော့ချေ၊ ထိုသို့ တကယ်အမှန်အစစစ် မဟုတ်သည်ကိုလည်း မိမိကိုယ်တိုင် နှိုးလာခြင်းအတွေ့အကြုံက ကိုယ်တိုင် ရလိုက်ခြင်းကြောင့် အစစ်မဟုတ်၊ အမှန်မဟုတ်သည်ကို တွေ့ကြုံ ခံစား သိလိုက်ရခြင်းကလည်း အမှန်တရားပင် ဖြစ်တော့သည်။ ထိုအမှန်တရား အားလုံးကို မည်သူ့ မည်ဝါထံမှ တဆင့်စကား တဆင့်သိရခြင်း တွေ့ကြုံရခြင်းမဟုတ်ဘဲ ကိုယ်တိုင်တွေ့ကြုံရခြင်းဖြစ်သည်။ ငါ၊ မိမိ၊ ကိုယ် ဟူသော အမှန်တရားရှိနေလျှင် အိပ်မက်ထဲက အတွေ့အကြုံရော၊ အိပ်မက်အပြင်က အတွေ့ကြုံ မှန်သမျှတို့သည် အမှန်တရားများ ဖြစ်ကြသည်။

ပရမတ္ထ အမှန်တရား

အိပ်မက်ထဲက အသိ အမှန်တရားများသည် နှိုးကြားလာသော အခါ အမှန်တရားတွေက တကယ်မဟုတ်ဖြစ်သွားသည်။ အိပ်မက် အသိကို နှိုးကြားခြင်း အသိက ချေဖျက်ပြစ်လိုက်သည်။ အလားတူပဲ အိပ်မက်ပမာ ပုထုဇဉ်ဘ၀မှာ မှန်ကန်နေသည့် အမှန်တရားတွေသည် နှိုးကြားလာသော အခါ (သို့မဟုတ်) ပုထုဇဉ်ဘ၀တည်းဟူသော အိပ်မက်မှ နှိုးထလာတဲ့ အရိယာအသိ ဖြစ်လာသော အခါ ပုထုဇဉ်ဘ၀က အသိတွေသည် အမှန်မဟုတ်တော့ချေ၊ အမှားချည်း ဖြစ်သွားတော့သည်၊ ထိုအခါ ငါစဉ်းစားနေ၏ ထို့ကြောင့် ငါ ရှိ၏ဟူသော အမှန်တရား၊ အလားတူ သူရှိ၏၊ ပုဂ္ဂိုလ်ရှိ၏၊ သူဋ္ဌေး၊ ဆင်းရဲရှိ၏ ဟူသော အမှန်တရားတို့သည်လည်း အမှားချည်း ဖြစ်သွားတော့သည်၊ အိပ်မက်မှ နှိုးထလာခြင်းကြောင့် ဖြစ်သည်။
အရိယာအသိ၊ အရိယာ နယ်ပယ်သို့ ရောက်သွားသော အခါ ပုထုဇဉ်ဘ၀က ကိုယ်ကိုယ်တိုင် တွေ့ကြုံခဲ့သော အမှန်တရားတို့သည် အိပ်မက်ပမာ ပျောက်ကုန်သည်။ ယောက်ျားဆိုတာ မရှိ၊ မိန်းမဆိုတာ မရှိ၊ ပုဂ္ဂိလ်၊ သတ္တ၀ါဆိုတာ မရှိ။ ထိုသို့ ပုဂ္ဂိုလ် သတ္တ၀ါ မရှိတော့လျှင် သူဋ္ဌေး၊ ဆင်းရဲသားဆိုတာလဲ မရှိတော့။ ထိုကဲ့သို့ ဘာမှ မရှိတာကိုပဲ အမှန်တရားလားဆိုတော့၊ အဲဒါလဲ မဟုတ်ပြန်၊ တကယ့်အမှန်တရား၊ အရှိတရားကား ရုပ် သဘောတရားနှင့် နာမ်သဘောတရားမျှသာ ရှိသည်။

ပုထုဇဉ်ဘ၀တုန်းကတော့ ငါသိသည်၊ ငါ့မှာ ရှိသည်၊ ငါမှ ငါပဲ ဟု မိမိကိုယ်ကိုပင် မာနတွေ၊ ဣဿာစိတ်တွေ မစ္ဆရိယစိတ်စတဲ့ အဖျက်တရားတွေ အမှောင်တရားတွေ နဲ့ ရူးနေကြသေးသည်၊ ပုထုဇ္ဇနော ဥမ္မတ္တကော-အရိယာနယ်ပယ်ထဲ မရောက်သေးမှီမှာတော့ အားလုံးဟာ ထိုကဲ့သို့ အမှားကို အမှန်ထင် အမှန်ကို အမှားထင်နေကြတဲ့ အရူးဘ၀နဲ့ သံသရာလည်ကြရဦးမည်။ အရူးဘ၀မှ လွတ်မြောက်လိုသူ၊ အိပ်မက်ကနေ နှိုးထလိုသူတို့သည် အမှန်တရား (ပရမတ္ထ) ကို ရှာဖွေကြရမှာ ဖြစ်သည်၊ ထိုသို့ ရှာဖွေရာ၌ နည်းလမ်းသည် အပ္ပမာဒ (သတိ) ပင်ဖြစ်သည်။

သတိသည် ထိုမျှ အရေးကြီးသည်၊ ကုသိုလ်ကို ကုသိုလ်မှန်း သတိရှိသည်၊ အကုသိုလ်စိတ်ပေါ်လာပါက အကုသိုလ်စိတ်ပေါ်မှန်း သတိရှိနေသည်၊ ထိုသတိကြောင့် ကုသိုလ်ကောင်းမှု (ဒါန) အမှုကိုလဲ ပြုနိုင်သည်၊ အကုသိုလ်အမှုမှ ရှောင်ကြည်ခြင်း (သီလ)ကိုလဲ ပြုလုပ်နိုင်သည်။ ထိုမှတဆင့် သမာဓိ၊ ပညာထိရောက်ကာ ရုပ်တရား၊ နာမ်တရားတွေရဲ့ သဘောတရားတွေကို စူးစိုက်မိလာသည်၊ အတွင်းကျကျ သိလာသည်၊ ဘ၀ကို ကြောက်လာသည်၊ ငြီးငွေ့လာသည်၊ ဘ၀ကို လိုချင်တဲ့ လောဘ၊ တဏှာ (သမုဒယသစ္စာ) သေမှ နိဗ္ဗာန် (နိရောဓသစ္စာ) ရပြီး အရူးသံသရာမှ လွတ်မြောက်ကြမည် ဖြစ်သည်။

မှတ်ချက်။ ။ပျင်းပျင်းနဲ့ ဆရာကြီး ဦးရွှေအောင်၏ အတွေးများကို ဖတ်ရင်း စာရေးချင်စိတ်ပေါက်၊ “သီတဂူစတား၏ စာတိုပေတို”အဖြစ် ဖန်တီးလိုက်ရသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၈-၃-၂၀၁၃

30 April 2013

နေ (၇)စင်းထွက်သော်

နေ (၇)စင်းထွက်သော်
(သီတဂူစတား စာတို ပေတို)

ပူလွန်းတယ်--
ညက တော်တော်နဲ့လည်း အိပ်မပျော်၊ မနက်ရောက်တော့လဲ စောစော အိပ်ယာက နိုးနေသည်၊ အိပ်ရေးမ၀ ဖြစ်နေသည်။ ခန္ဓာကိုယ်နဲ့ ထိတွေ့သည့် အရာမှန်သမျှတို့ ပူနေသည်၊ ခန္ဓာကိုယ်မှာ ဘာမှ မကပ်ဘဲ တာဇံလို နေချင်စိတ်တွေတောင် ဖြစ်လာမိသည်။

မွမ်ဘိုင်း (ဘုံဘေ) သည် အပူချိန် ၃၈ ရှိနေပြီ၊ ပူစပ်စပ်ရှိလှသည်၊ မေလအကုန်ထိ ပူမည်၊ မေလကုန်ပိုင်းဆိုရင်တော့ မိုး စရွာမည်။ ဒီအချိန် အိန္ဒိယပြည် ခရီးသွားလို့ မကောင်း၊ ပင်လယ်ကမ်းခြေရှိ မွမ်ဘိုင်းလို မြို့မှာတောင် ဒီလောက်ပူနေပြီဆိုရင် နယူးဒေလီ၊ ဗုဒ္ဓဂယာ၊ ဗာရာဏသီ စတဲ့ ဒေသတွေမှာ ၄၀-၄၂ အထိရှိနေသဖြင့် ကျောပြင်တွေ လောင်မတတ် ပူပြင်းသည်ဟု သိရသည်။ ဒီကနေ့ နေရာအနံ့အပြား “ပူလိုက်တာ ပူလိုက်တာ ပူလိုက်တာ”ဟူ၍ ငြီးထွားနေကြရသည်။ ဒါတောင် နေတစ်စင်းပဲ ရှိသေးတာနော်--
နေ ၂စင်းထွက်သော်----
နေ ၃စင်း ထွက်သော်---
နေ ၄စင်း ထွက်သော်----
နေ ၅စင်း ထွက်သော်----
နေ ၆စင်း ထွက်သော်---
နေ (၇)စင်း ထွက်လာလို့ကတော့----
ချောင်းတွေ မြစ်တွေ ခန်းချောက်သွားရုံမက ပင်လည်ရေတွေပါခန်းသွားမည်၊ တောတောင်တွေက မီးခိုးတွေ ထွက်လာမည်၊ ထုထည်ကြီးမားသည် တောင်လုံးတွေပါ မကျန် မီးလောင်မည်၊ မြင့်မိုရ်တောင်ကြီး မီးပြာကျမည်၊ ထိုကမ္ဘာမီးကြီးစွဲသော် မီးပြာကိုတောင် တွေ့ရမည်မဟုတ် အကြွင်းအကျန်မရှိ လောင်ကျွမ်းပါလိမ့်မည်။ လူ့လောက၊ နတ်လောက၊ ဗြဟ္မပြည် ပထမဈာန်ဘုံအထိ မီးဟုန်းဟုန်းတောက်မည်။

ထိုကဲ့သို့သော နေ ၇စင်းထွက်သည့် အချိန် သတ္တ၀ါတိုင်း ကြုံခဲ့ကြဖူးပြီ၊ နောင်လဲ ကြုံကြရဦးမည်၊ “ဒီလို အဖြစ်မျိုး တကယ်ရှိခဲ့သည်၊ ရှိလိမ့်မည်”ဟု သောတာပန် အရိယာမှ တစ်ပါး မည်သူ ယုံနိုင်လိမ့်မည်နည်း၊ ဘ၀တဏှာ၊ အ၀ိဇ္ဇာများကား အလွန်ကြောက်စရာ။

ထုထည်ကြီးမားသည် တောတွေ တောင်လုံးကြီးတွေ၊ မြင့်မိုရ်တောင်တွေတောင် နောက်ဆုံး မီးဟုန်းဟုန်းတောက်ပြီး ပျက်စီးကြရမည်၊ သွေးသားနဲ့ တည်ဆောက်ထားသည့် ခန္ဓာကား ဘယ်ဆိုဖွယ်ရှိအံ့။ အရာအားလုံး ဘာမှ မခိုင်မြဲ၊ အနိစ္စပါတကားးးး။

အပူကောင် အပူမတွေ
ကဆုန် နယုန် ဆွေ့ဆွေ့ခုန်သည့် ပူဟုန်တောက်ထဲ နေပူထဲမှာ အားလုံးသော သတ္တ၀ါတွေဟာ အတွင်းက ကိလေသာအပူ၊ အပြင်က အာရုံငါးပါးတည်းဟုသော အပူ နှစ်ရပ်တို့ ဖိညှပ်သဖြင့် အပူကောင် အပူမတွေ ဖြစ်နေကြရပါသည်။ ကမ္ဘာတ၀ှမ်းလုံး အပြင်က ပူ၊ အတွင်းကလဲ ပူနေကြသဖြင့် အပူသည်တွေ ဖြစ်နေကြရသည်။

ကိလောသာ အပူသည်တွေ ဖြစ်နေသရွေ့ နေတစ်စင်းအပူမှ နေ ၇နှစ်စင်းအပူတို့ ခံကြရလိမ့်ဦးမည်၊ ဒီထက်ပူရှိန်အားပြင်းသည်ကား ငရဲမီးပူပင် ဖြစ်သည်။ ထို့ကြောင့် မေတ္တာမိုးတွေ ရွာချကြ၊ ကရုဏာရေတွေ ဖြန်းကြ၊ မုဒိတာ အအေးတွေ တိုက်ကြခြင်းဖြင့် ကမ္ဘာကြီး အေးချမ်းပါလိမ့်မည်။

စာတိုပေတိုလေးကို ဓာတ်ပုံလေးတစ်ပုံထည့်ပြီး ပို့စ်အဖြစ် တင်ဖို့ ခေါင်းစဉ်နဲ့ အစင်ပြေမည့် very hot images ဆိုပြီး ဂူဂဲလ်မှာ ရှာလိုက်တာ မြို့ထဲ ရပ်ကွက်ထဲက မိန်းမတာဇံတွေ တွေ့လိုက်ရသဖြင့် ရယ်မိသေးတယ်၊ ဒီပုံတွေနဲ့ တင်လိုက်လို့ကတော့ very hot ဖြစ်သွားမှာပဲ တွေးပြီး ပြုံးမိသည်။ ကိုယ်လိုချင်တာက ရာသီဥတု hot တာကို လိုချင်တာ ဘယ့်နှယ် သူ ဟော့ကြီးက အ၀တ်မပါတဲ့ တာဇံမ ဟော့ကြီးဖြစ်နေတာ။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃၀-၄-၂၀၁၃

27 April 2013

ငါချစ်ရဆုံးသူ

ငါချစ်ရဆုံးသူ
(သီတဂူစတား စာတို ပေတို)
 လူတွေက ပြောကြတယ် “ငါအချစ်ဆုံးက မင်းပါ”တဲ့၊ တကယ်တော့ ငါချစ်တာ မင်းပါလို့ ဆိုကထဲက “ငါအချစ်ဆုံးက ငါပါပဲ”လို့ပြောတာနဲ့ အတူတူပါပဲ။ ကိုယ့်စိတ်၊ ကိုယ့်ဆန္ဒအတွက် သူ့ကို ချစ်တာပါ၊ သူသည် ကိုယ့်ဆန္ဒပြည့်ဝစေဖို့ပဲ ဖြစ်သည်။ လောကမှာ ကိုယ့်ကိုယ်ကိုထက် ချစ်ရဆုံးသူဆိုတာ မရှိပါဘူး၊ မိမိသည်သာ မိမိရဲ့ အချစ်ဆုံးပါပဲ။

အမိသော်မှ အခက်အခဲ အကြပ်အတည်းနဲ့ကြုံလာလျှင် မိမိ၏ သားကိုပင် စွန့်ပစ်နိုင်ကြသည်၊ သားကို မချစ်၍မဟုတ် သို့သော် မိမိကိုယ် မိမိ ပိုချစ်နေသောကြောင့်ပင်ဖြစ်သည်။

အတ္တသမံ ပေမံ နတ္ထိ- လောကမှာ မိမိထက် ချစ်စရာ ကောင်းဆုံးသော အရာဟူ၍ မရှိ၊ သို့သော် မိမိကိုယ်သာ အချစ်ဆုံးဟူ၍ ဆိုစေကာမူ မိမိကိုယ်ကို ချစ်စရာ ဖြစ်အောင် လုပ်ကြသလားဟူ၍ကား အဓိက မေးစရာပင်ဖြစ်သည်။

မိမိကိုယ်ကို ချစ်စရာဖြစ်အောင် လုပ်သည်ဆိုသည်မှာ ဓမ္မနဲ့လျှော်ညီစွာ နေထိုင်ခြင်းပဲ ဖြစ်သည်။ ကိုယ်အမှုပဲ ဖြစ်ဖြစ်၊ နှုတ်အမှုပဲ ဖြစ်ဖြစ်၊ စိတ်အမှုပဲ ဖြစ်ဖြစ် ကိုယ်-နှုတ် စိတ်ပါ ဓမ္မနဲ့ အညီဖြစ်ဖို့လိုသည်။ မကောင်းတာ ရှောင်၊ ကောင်းတာ ဆောင်ခြင်းသည်ကား ဓမ္မနဲ့အညီ ဆောင်ရွက်ခြင်းပဲ ဖြစ်သည်။ ဓမ္မနဲ့အညီ မဆောင်ရွက်ဘဲ အဓမ္မနဲ့အညီ ဆောင်ရွက်နေပါက မိမိကိုယ်ကို ချစ်ရာ မရောက် နစ်ရာရောက်သည်၊ ဒုက္ခအတွင်းထဲသို့ နစ်ချရာရောက်သည်၊ အပါယ်လေးဘုံသို့ ဆွဲချရာရောက်သည်။
လောကမှာ မိမိကိုယ်ကို ချစ်စရာဖြစ်အောင် ဆောင်ရွက်ရာ၍ အကောင်းဆုံး၊ အမြင့်ဆုံးကို ရွေးချယ်၍ ပြုလုပ်ရသည်။ အကောင်းဆုံး အမြင့်ဆုံးကို ရွေးချယ်ရာမှာ သုတသောမဇာတ်တော်အရ-
(က) ပစ္စည်းဥစ္စာတွေထက် ခန္ဓာကိုယ် အစိတ်ပိုင်းက မြတ်သည်။
(ခ) ခန္ဓာကိုယ်ထက် အသက်က မြတ်သည်။
(ဂ) အသက်ထက် ဓမ္မက မြတ်သည်။

ထို့ကြောင့် ဓမ္မသည် သက်ရှိသက်မဲ့ အရာအားလုံးထက် မြတ်သည်ဖြစ်ရာကား မိမိကိုယ်ကို အချစ်ဆုံး အမြင့်မြတ်ဆုံးဟု ယုံကြည်သူများသည် အမြတ်ဆုံး ဓမ္မဖြင့် နေမှသာ အချစ်ဆုံး အမြတ်ဆုံးတို့ လိုက်ဖက်ညီကြမည်ဖြစ်သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၆-၄-၂၀၁၃

28 January 2013

ဘုရင်အရူး၏ဘ၀နိဂုံး

ခေါင်းဆောင်ချစ်သူ
(သီတဂူစတား စာတိုပေတို)

စာမိတ်ဆက်
ဒီ အတိုအထွာ ပို့စ်လေးကို “ဘ၀နိဂုံးချုပ်ချိန် ပြည်သူတွေ ပျော်နေတာကို မြင်ချင်သလား၊ ပြည်သူတွေ ငိုနေတာကို မြင်ချင်သလား” လို့ အမည်လေး ပေးရင် ကောင်းမလားပဲ။

၂၀၀၉ ခုနှစ်ကထင်တယ်၊ အိန္ဒိယပြည် အန္တရပရဒေ့ရှ်ပြည်နယ် (AP State)က ပြည်နယ်ဝန်ကြီးချုပ် လေယာဉ် အက်စီးဒင့်ဖြစ်ပြီး ဆုံးသွားတယ်ဆိုတဲ့ သတင်းကို ကြားတော့ ထိုပြည်နယ်ရှိ ပြည်သူတွေအားလုံး ၀မ်းနည်းကြသည်၊ ပူဆွေးကြသည်၊ ငိုကြွေးကြသည်၊ ဆွေမတော် မျိုးမစပ်၊ သွေးမတော် သားမစပ်ပေမဲ့ သူတို့၏ ခေါင်းဆောင်ကို ချစ်ကြသည်။ တချို့ဆို ရင်ဘက်စည်တီးပြီး မူးမေ့သွားရလောက်အောင် ဥပါယာသ ဖြစ်ကြသည်မှာ သူတို့၏ ခေါင်းဆောင်ကို ဘယ်လောက် ချစ်ကြသည်ဆိုတာကို သိနိုင်သည်။

ဘာ့ကြောင့်ချစ်သနည်းဆိုတာကိုတော့ စဉ်းစားစရာမလိုဟု ထင်ပါသည်။ ပြည်သူအတွက် အားကိုးထိုက်သူ၊ ပြည်သူဘက်က ရပ်တည်ပေးသူ၊ ပြည်သူကို စာနာတတ်သူ၊ ပြည်သူကို အလေးထားသူ၊ ပြည်သူကို အထင်မသေးသူ စသည်စသည်ဖြင့် သူ၏ စိတ်ဓာတ်မြင့်မားမှုနှင့် သူ၏ ကြိုးပမ်းမှုတွေက ပြည်သူ၏ အချစ်ကို တိုးပွားစေသည်၊ ပြည်သူ၏ မေတ္တာကို တိုးပွားစေသည်။ ပြည်သူက ဘာလိုချင်လဲ၊ ဘာလုပ်ချင်၊ ဘာဖြစ်ချင်လဲ ဆိုတာကို အမြဲတစေ လေ့လာပြီး ဖြည့်ဆည်းပေးနေခြင်းက ပြည်သူ၏ ခေါင်းဆောင် သူရဲကောင်းအဖြစ် သူတို့ အလေးထား ကိုးကွယ်ကြသည်မှာ သဘာဝပင်ဖြစ်သည်။
အရှင်ဒေ၀ဒတ်၏ ဘ၀နိဂုံး

စာရေးသူသည် မနက်တိုင်း သတင်းတွေ ဖတ်ဖြစ်သည်၊ ကိုယ့်တိုင်းပြည် ဖြစ်ပျက်နေတာတွေကော သူများတိုင်းပြည် ဖြစ်ပျက်နေတာတွေကိုပါ သတင်းနားစွင့်ဖြစ်သည်။ ကိုယ့်တိုင်းပြည်သတင်းတွေကို နေ့စဉ် ဖတ်ရင်းက ၂၀၀၉ ခုနှစ်လောက်က အိန္ဒိယပြည် AP-State က ပြည်နယ်ဝန်ကြီးချုပ်ဖြစ်စဉ်ကို အဖြစ်ပျက်လေးကို ပြန်သတိရမိသည်။ တပြိုင်တည်းမှာပဲ ဘုရားရှင်လက်ထက်က အဖြစ်ပျက်ကလေးတစ်ခုကိုပါ သွားသတိရမိသည်။ ထို့ကြောင့်ပင် စာရေးသူ၏ အတိုအထွာ မှတ်စုအဖြစ် ရေးမိပါသည်။ စာရေးသူ စာအတိုလေးမှာတော့ ထိုပြည်၏ အဖြစ်အပျက်ကလေးနဲ့ ကျောချင်းယှဉ်ကပ် ပြေးသည့်အလားသို့ လုံးဝလုံးဝ ဆန့်ကျင်နေသည်။

ဘုရင်အရူးထသူများ
ဘုရားလက်ထက်က ဘ၀ပေါင်းများစွာကထဲက ဘုရားအလောင်းကို အမြဲတမ်း ပြိုင်ခဲ့သူ၊ ဘုရားအလောင်းသည် ဖြစ်လေရာ ဘ၀တိုင်းမှာလဲ ခေါင်းဆောင်အဖြစ် ရပ်တည်ခဲ့ရသည်။ ထိုခေါင်းဆောင်နေရာ၊ ဘုရင့်နေရာ၊ (ယခုခေတ်၊ သမ္မတ၊ ၀န်ကြီးချုပ်နေရာ) ရဖို့ရန် အမြဲတစေ လုယူခဲ့သည်။ ဘုရင်ဘ၀၊ သမ္မတ ဘ၀ကို အရမ်းအလိုမက်မောသူဖြစ်သည်။ ထို့ကြောင့် သူသည် ဘုရင်ရူး ရူးနေသူဖြစ်သည်။ ထိုသူက တခြား မဟုတ်၊ အရှင်ဒေ၀ဒတ်ပင်ဖြစ်သည်။

အရှင်ဒေ၀ဒတ် ဘ၀လဲဖြစ်၊ ဘုရားလောင်းသည်လည်း သာသနာကို တည်ထောင်သူ ဗုဒ္ဓမြတ်စွာ အဖြစ် တစ်ဘ၀တည်းမှာ လာဖြစ်ကြသည့် အပြင် ဆွေမျိုးပင် တော်လေသည်။ သိန်းသောင်းချီတဲ့ သံဃာထုကို တည်ထောင်သူက ဘုရားရှင်ပင်ဖြစ်သည်အတွက် သာသနာတော်မှာတော့ ဘုရင်ပင်ဖြစ်သည်။ အရှင်ဒေ၀ဒတ်သည် ဘုရင်အရူး ရူးလာခဲ့တဲ့ အထုံက ဒီဘ၀အထိ ပါလာသည်။ ဘုရားရှင်နေရာကို ရဖို့ နည်းမျိုးစုံနဲ့ တိုက်သည်၊ ကိုယ့်ဖခင်ကို သတ်ရလောက်အောင် ဘုရင်အရူး ရူးနေသော အဇာတသတ်ကိုလဲ အလွယ်တကူ သိမ်းသွင်းပြီး သူတို့နှစ်ယောက် နည်းမျိုးစုံနဲ့ ဘုရင်အရူး ရူးနေကြသည်။ ထိုကဲ့သို့သော ဘုရင်အရူး ရူးထခြင်းက သာမန်ပြည်သူ သတ်ဖို့ဆိုတာ မဆိုထားနဲ့၊ ဖခင်ကိုပင် သတ်ရဲလာသည်၊ သုံးလောကလုံးက ကိုးကွယ်ရာ ဘုရားရှင်ကိုလဲ နည်းမျိုးစုံ လုပ်ကြံရဲလာသည်။
ဘုရင်အဇာတသတ်

နောက်ဆုံးတော့လဲ သူ့ဘ၀ နေ၀င်ချိန်ရောက်ချိန်ရောက်မှ နောင်တဆိုတာ ဖြစ်လာသည်။ သိပ်နောက်ကျသွားသည်။ ဘုရားရှင်ကို ပြစ်မှားမိသမျှ တောင်းပန်ဖို့ ဘုရားရှိရာ အလာ ကျောင်းဝင်းမှာ ထမ်းစဉ်ကနေ အောက်အချ၊ မြေကြီးက ဒီလောက် ဘုရင် အရူးထတဲ့သူကို လက်မခံနိုင်သဖြင့် ၀ါးမျိုလိုက်သည်။ မြေမျို ငရဲရောက်ရသည်။ အလားတူပင် ဘုရင်အရူး ရူးနေသော အဇာတ်သတ်သည်လည်း မြေကြီး၏ ၀ါးမျိုးခြင်းကို ခံရသည်။ ဘုရင်အရူးထသူတို့၏ ဘ၀ နိဂုံးကား ဤကဲ့သို့ဖြစ်သည်။

ဘုရင်ရူးကို မုန်းသူ
“အရှင်ဒေ၀ဒတ်ကြီး မြေမျိုလို့ သေပြီတဲ့”ဆိုတဲ့ သတင်းလဲ ကြားရော တပြည်လုံးက လူတွေက ပျော်ကြသတဲ့။ ပျော်ပွဲရွှင်ပွဲတွေဖြင့် အောင်ပွဲခံကြသည်။ ဘာ့ကြောင့် သူတို့တတွေပျော်ကြသနည်း မေးရန် မလိုအပ်။ သူတို့ဘုရင်အရူးထအောင် လုပ်သူကား ဒီ အရှင်ဒေ၀ဒတ်ကြီးဖြစ်သည်ဟု ယူဆကာ ပျော်နေကြသည်လား စဉ်းစားစရာဖြစ်သည်။ ထိုအကြောင်းအရာတွေကို ကြားသိကြသော ရဟန်းတော်တွေက ဘုရားရှင်အား လျှောက်ထားတော့ ဘုရားရှင်က “ဒေ၀ဒတ်သေလို့ ပြည်သူတွေ အခုမှ ပျော်ကြတာ မဟုတ်ဘူး၊ အရင်ကလဲ ဒီလိုပဲ ပျော်ခဲ့ကြတယ်” ဆိုပြီး ရှေးက ဘုရင်အရူးတစ်ယောက်အကြောင်း ပြောပြတော့သည်။

တခုသော ဘ၀မှာ အရှင်ဒေ၀ဒတ်က တိုင်းပြည်ရဲ့ ဘုရင်၊ တိုင်းပြည်ခေါင်းဆောင် ပိင်္ဂလဆိုတဲ့ အမည်နဲ့ ဘုရင်ဖြစ်ခဲ့ဖူးတယ်။ ထိုပိင်္ဂလမင်းကြီးသည် တိုင်းပြည်အပေါ် စာနာ ထောက်ထားလေ့မရှိ၊ ကိုယ့်အတ္တကိုပဲ ကြည့်တတ်သူဖြစ်သည်၊ သူ့နေရာ သူ့ကုလားထိုင် မြဲဖို့အရေးပဲ စဉ်းစားသည်၊ သူ့နေရာနှင့် သူ့မိသားစု၊ သူ့အသိုင်းဝိုင်းကို ထိလာသူမှန်သမျှကို ရှင်းလင်း သုတ်သင်လေ့ရှိသည်။ ပြည်သူပြည်သားတွေကို မစောင့်ရှောက်တဲ့ အပြင်၊ နည်းမျိုးစုံနဲ့ ညှင်းဆဲသည်၊ နိပ်စက်သည်။ မင်းကျင့်တရားဆိုတာ ကြားတောင် မကြားဖူးသည့် ဘုရင်ဖြစ်သည်။ ထိုဘုရင်ကြီးကို ပြည်သူတွေက “မချစ်သော်လည်း အောင့်ကာနမ်းဆိုတာလို၊ ခါခြင်ကောင် မာန်ဖီးလို့ တောင်ကြီးကိုတဲ့ ဖြိုမည်ကြံ ခါးက မသန်” ဆိုတာလို ဘာမျှ မတတ်နိုင်သဖြင့် ဘုရင်နှင့် အပေါင်းအပါတွေ ထုသမျှ နုနေကြရသည်၊ ဖိသမျှ ပြားနေကြရသည်။ ထိုကဲ့သို့ ပြည်သူတွေအပေါ် နိုင်ထက်စီးနှင်း၊ ကြမ်းထမ်းသော ဘုရင်ကြီး သေသွားတော့ တပြည်လုံးက ပြည်သူတွေ ပျော်လို့မဆုံး ဖြစ်ကြသည်။ တတိုင်းပြည်လုံး ဘုရင်သေလို့ ၀မ်းမနဲကြတဲ့ အပြင် ပျော်ပွဲရွှင်ပွဲတွေနဲ့ အောင်ပွဲခံကြသည်။ တချို့ကလဲ သူ အသက်ပြန်ရှင်လာမှာကို ကြောက်ရွံ့နေဆဲ ဖြစ်ကြသည်။

ဘုရင့်နန်းတော် တံခါးစောင့်က ဘုရင်ကြီးသေလို့ ငိုနေသတဲ့၊ လူအုပ်ကြီးက “ဟေးးး အမောင်တံခါးစောင့်၊ ဘာလို့ ငိုနေတာလဲ၊ ဘုရင်ကြီးသေလို့ တတိုင်းပြည်လုံးက ပြုံးပျော်နေတဲ့ အချိန်မှာ မောင်မင်းက ဘာလို့ ငိုနေတာလဲ”လို့ ၀ိုင်းမေးကြတော့၊ “ကျွန်တော်မျိုးက ဘုရင်ကြီးကို ချစ်လို့ ငိုတာ မဟုတ်ဘူး၊ နောက်တစ်ခါ ဒီဘုရင်ကြီး ပြန်ပေါ်လာမှာကို ကြောက်လို့ ငိုနေတာပါ”ဟု ပြောသတဲ့။ မုဆိုးမတွေ၊ မုဆိုးဖိုတွေရော၊ အပျိုအအို၊ လူကြီးရော ကလေးရောပါ အားလုံးက အောင်ပွဲတွေနဲ့ တစ်နေလုံး တစ်ညလုံး ပျော်နေကြသည်။

လူဆိုတာ ကိုယ့်သမိုင်းကို ကိုယ်တိုင်ရေးကြသည်၊ လွန်ခဲ့သည် နှစ်ပေါင်း ၂၆၀၀ ကျော်က အရှင်ဒေ၀ဒတ်နှင့် အဇာတသတ်တို့၏ သူတို့ကိုယ်တိုင်ရေးသည့် သမိုင်းသည် ယနေ့အထိ ရှင်သန်နေဆဲ၊ ဟို--ဘ၀များစွာက ပိင်္ဂလမင်းကြီး ရေးခဲ့သော သူ၏သမိုင်းသည်လည်း ယနေ့တိုင် ထင်ရှားနေဆဲ၊ ယနေ့မျက်မှောက်ခေတ် အဆက်ဆက် တိုင်းပြည်၏ ဘုရင်စတဲ့ ခေါင်းဆောင်တွေသည်လည်း သူတို့သမိုင်း သူတို့ရေးခဲ့ကြသည်။ သူတို့ရေးခဲ့သော သမိုင်းကောင်းသည် လူသားအတွက် ဆောင်ရန် သင်္ခန်းစာ ဖြစ်သလို၊ ပိင်္ဂလမင်း၊ အဇာတသတ်နှင့် အရှင်ဒေ၀ဒတ်တို့ရေးခဲ့သော သမိုင်းဆိုး သမိုင်းညစ်သည်ကား လူသားအတွက် ရှောင်ရန် သင်္ခန်းစာများ ဖြစ်လာသည်။ ကိုယ့်ရဲ့သမိုင်းသည် လူသားအတွက် စံပြ၊ အတုယူဖွယ် ဖြစ်ဖို့၊ ဆောင်ရန် ဖြစ်ဖို့ ဘ၀သမိုင်း လှဖို့လိုသည်။

နိဂုံး

ဘ၀နိဂုံးချုပ်ချိန် “ပြည်သူတွေ ပျော်နေတာကို မြင်ချင်သလား၊ ပြည်သူတွေ ငိုနေတာကို မြင်ချင်သလား” စာတိုပေတို လေးသည် “ဘ၀ဆိုတာ ရေပွက်ပမာလိုပဲ ခဏလေးရယ်ပါ၊ အားလုံး နှစ် ၁၀၀ အတွင်းမှာ သေကြရမှာ ဖြစ်ပါတယ်၊ အားလုံးကို စွန့်ခွါသွားကြရမှာ ဖြစ်ပါတယ်။ ဒီလို ဘ၀ကောင်း ဘ၀အတိုလေး ရနေခိုက်မှာ၊ ကိုယ့်အတ္တ၊ ကိုယ့်ဆန္ဒတွေကို ဘေးဖယ်ထား၊ တစ်ဦးဆန္ဒ တစ်ဦးက စဉ်းစားပေးရင်းဖြင့် ဘ၀တူ ပြည်သူပြည်သားတွေ အားလုံး အေးအေး ချမ်းချမ်း စိတ်ချမ်းချမ်း သာသာနဲ့ နေနိုင်ကြမှာ ဖြစ်သည်။” ဆိုတဲ့ သင်္ခန်းစာလေးတော့ ရကောင်း ရနိုင်ပါလိမ့်မည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၈-၀၁-၂၀၁၃

15 January 2013

သမီးလေးပဲ ဖြစ်ဖြစ် သားလေးပဲ ဖြစ်ဖြစ်


သမီးလေးပဲ ဖြစ်ဖြစ် သားလေးပဲ ဖြစ်ဖြစ်
(သီတဂူစတား၏ အတိုအထွာ မှတ်စု)

တချို့နိုင်ငံတွေမှာ တချို့လူတွေ သားယောက်ျားလေးကိုပဲ မျော်လင့်ကြသည်၊ သမီးကလေးဟု သိသွားတဲ့နေ့သည် သူတို့အတွက် အကြီးအကျယ် စိတ်မကောင်းဖြစ်သည့် နေ့ဖြစ်သလို၊ အမိဝမ်းထဲက သမီးလေးလဲ ကံဆိုးရှာသွားရသည်။ ရူးရူးမိုက်မိုက် မိခင်၊ ဖခင်တွေလဲ များစွာ တွေ့ရသည်၊ မွေးလာသည့် ရင်သွေးသည် ကိုယ့်ရဲ့ ရင်သွေး၊ ကိုယ့်သွေး ကိုယ့်သားဖြစ်သည့်အတွက် သူတို့အပေါ်ထားသည့် မိဘမေတ္တာသည် တစ်ညီတည်း ဖြစ်နေရမည်။ အဖြစ်အပျက်များစွားထဲက လွန်ခဲ့သည့် နှစ်ပေါင်း ၂၆၀၀ကထဲက အဖြစ်ပျက်လေးတစ်ခု ရှိခဲ့ဖူးသည်။

ဂုဏ်သရေရှိ အဆင့်တန်းရှိ မိဖုရားတွေကြားမှာ ချစ်လွန်းလို့ ယူထားတဲ့ ပန်းသည်မ မိဖုရားလေး မျက်နှာပန်းလှအောင်၊ ၀ံ့ဝံ့ကြွားကြွားနေနိုင်အောင် သားယောက်ျားလေး မွေးဖွားလိုသည်။ သူမသာ သားယောက်ျားလေးမွေးရင် အားလုံးက တပြည်လုံးက ၀ိုင်းပြီး ဂုဏ်ပြုကြမည်။သို့သော် သူစိတ်ကူးထားသလို ဖြစ်မလာ။

တခါက ကောသလမင်းကြီး ဘုရားရှင်နဲ့ စကားပြောနေစဉ် လူယုံတော်တစ်ယောက်က မင်းကြီး၏နားကပ်ပြီး “အရှင်မင်းမြတ် အချစ်ကလေး မလ္လိကာ သမီးတော်လေး မွေးဖွား”ပါကြောင်း လျှောက်ထားတော့ ဘုရင်ကြီး မျက်နှာပျက်သွားသည်။ သူလိုချင်တာက သားယောက်ျားလေး၊ အခု ချစ်ဇနီးက ပေးတာက သမီးမိန်းကလေး။

ဘုရားရှင်က ထိုအခြင်းအရာကို သိသဖြင့်--
မင်းကြီး ဘာမှ စိတ်မကောင်း မဖြစ်ပါနဲ့၊ လောကမှာ တချို့ အမျိုးသမီးတွေက တချို့ ယောက်ျားတွေထက် များစွာ သာလွန်လှပါတယ်၊ တချို့သော ယောက်ျားတွေထက် အသိပညာရှိတယ်၊ ကိုယ်ကျင့်တရားအားဖြင့်လည်း သာလွန်တယ်၊ ယောက္ခမအပေါ် သိတတ်မှုကလဲ များစွာ သာလွန်းလှပါတယ်” ဒါ့ပြင်--

အမျိုးသမီးတွေက တိုင်းပြည်အတွက် ကာကွယ်စောင့်ရှောက်မည့် သူရဲကောင်းတွေကိုလည်း မွေးထုတ်ပေးတယ်၊ တိုင်းပြည်၏အဓိပတိ ခေါင်းဆောင်များကိုလည်း မွေးထုတ်ပေးနိုင်တယ်၊ ဒီလို လှပပြီး အရည်အချင်းရှိတဲ့ အမျိုးသမီးကောင်းကို တိုင်းပြည်အတွက် ကျွေးမွေး စောင့်ရှောက်သင့်တယ်” ဟု အမိန့်ရှိတော့မှ သမီးမိန်းကလေးကိုလည်း ဘုရင်ကြီး ချစ်တတ်သွားသည်။

သားယောက်ျားပဲ မွေးမွေး သမီးလေးပဲ မွေးမွေး တိုင်းပြည်အတွက် အလုပ်လုပ်မည့်သူတွေ၊ တိုင်းပြည်အတွက် မျိုးဆက်သစ်လေးတွေ ဖြစ်သည့်အတွက် ကျွေးမွေး စောင့်ရှောက်ရမည် ဖြစ်သည်။

(အတိုအထွာ မှတ်စု။)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၄-၀၁-၂၀၁၃

29 December 2012

တိုင်းပြည် အနှစ်ရှိသူများ

တိုင်းပြည် အနှစ်ရှိသူများ

တနေ့က သီတဂူဆရာတော်ကြီး၏ နိုဝင်ဘာ ၃၀ ရက်နေ့ ရန်ကုန်မှာဟောခဲ့တဲ့ “ချမ်းမြေ့ ပျော်ရွှင်ပါစေ” ဆိုတဲ့ တရားကို နာပြီး အတွေးတွေ များစွာဝင်ခဲ့သည်။ ဆရာတော်ကြီးကလဲ အံ့သြလောက်အောင်ကို နေရာ အချိန်အခါ အံဝင်ခွင်ကျအောင် ဟောနိုင်သည်။ ဆရာတော်ကြီး၏ တရားတော်ထဲမှာ အနှစ်မရှိတဲ့ အမတ်တွေ ၀န်ကြီးတွေ အကြောင်းပြောထားတာလေး ပါရှိတယ်။ ထို အနှစ်မရှိတဲ့ အမတ်တစ်ယောက်ကြောင့် ရဟန်းတော်တွေ များစွာ အသက်ပေးခဲ့ရတယ်။

တခါတရံ တိုင်းပြည်မင်းလုပ်တဲ့သူက အလွန်တော်နေပေမဲ့ သူ့အနားမှာ နေတဲ့ အနှစ်မရှိတဲ့ ၀န်ကြီးတွေ၊ အမတ်တွေ၊ အရာရှိတွေ၊ အကြံပေးတွေက မြှောက်ထိုးပင့်ကော်မှုကြောင့် တိုင်းပြည်ပျက်စီးခဲ့ရတဲ့ သာဓကတွေလဲ များစွာရှိခဲ့တယ်။ ဆရာတော်ကြီးက ဒါကိုလဲ မီးမှောင်းထိုးပြသွားသည်။

အဇာတသတ်မင်းကြီး ဘုရားရှင်နဲ့မတွေ့ခင် ဘုရားရှင်ကို အမြဲတမ်း ဆန့်ကျင်ခဲ့တဲ့ အရှင်ဒေ၀ဒတ်ရဲ့ မြှောက်ထိုးပင့်ကော်မှုကြောင့် အဖေရင်းကိုပါ သတ်မိခဲ့သည်။ အသောကမင်းကြီးလက်ထက်ကလဲ အလားတူပဲ ဖြစ်ခဲ့သည်၊ အနှစ်မရှိတဲ့ ၀န်ကြီးတစ်ယောက်ကြောင့် ရဟန်းတော်တွေ အသတ်ခံခဲ့ရဖူးသည်။ ဘုရင်ကြီးတွေ အဲဒီလို ကြီးကျယ်တဲ့ ညစ်ညမ်းတဲ့ အမှုကြီး ကျူးလွန်ပြီးမှ တွေးတိုင်း စိတ်မအေးရ ဖြစ်ခဲ့ရသည်။ မကျူးလွန်မီကထဲက ကိုယ်ကိုယ်တိုင်ကလဲ အနှစ်ရှိဖို့လိုသလို ကိုယ့်နားက အကြံပေးဆိုတဲ့ ၀န်ကြီးတွေကလဲ အနှစ်ရှိနေဖို့လိုတယ် ဆိုတာ မြတ်ဗုဒ္ဓက အောက်ပါ သုတ္တန်ကို ဟောခဲ့သည်။

တိုင်းပြည်ကြီးပွားကြောင်း လေးပါး
၁။ တိုင်းပြည် ခေါင်းဆောင်က အနှစ်ရှိပြီး နောက်လိုက်တပည့်တွေ ဘာမှမတတ်-အကာတွေ ခြံရံခြင်း။ တစ်ကိုယ်ကောင်းဆန်၊ တိုင်းပြည်နဲ့လူမျိုးကို မကြည့်တတ်သော နောက်လိုက်များ ခြံရခြင်း။ (သာရော ဖေဂ္ဂုပရိဝါရော)

၂။ တိုင်းပြည် ခေါင်းဆောင်က ဘာမှ မလုပ်တတ်၊ အကာတုံးကြီး ဖြစ်နေပြီး နောက်လိုက်တွေက အနှစ်တွေ (ပညာတတ်) (ဖေဂ္ဂု သာရပရိဝါရော)

၃။ တိုင်းပြည် ခေါင်းဆောင်ကလဲ အကာ၊ နောက်လိုက်ကလဲ အကာတွေချည်းဖြစ်နေသူ တစ်စု (ဖေဂ္ဂု ဖေဂ္ဂုပရိဝါရော)။

၎။ တိုင်းပြည် ခေါင်းဆောင်ကလဲ အနှစ်ရှိပြီး နောက်လိုက်တွေကလဲ အနှစ်ရှိသူကတစ်စု (သာရော သာရပရိဝါရော)။

နံပါတ် (၃) တိုင်းပြည်မှာ ခေါင်းဆောင်ရော နောက်လိုက်ပါ အကာတွေချည်း ဖြစ်နေရင် အဲဒီနိုင်ငံ အဲဒီတိုင်းပြည် ဘယ်တော့ မချမ်းသာနိုင်၊ ဘယ်တော့မှ မကြီးပွားနိုင်။ နံပါတ် (၂) နောက်လိုက်တွေ အနှစ်ရှိနေပမဲ့ အာဏာမရှိ၍၊ အာဏာရှိတဲ့ တိုင်းပြည်ခေါင်းဆောင်က အကာဖြစ်နေရင်လဲ ထိုတိုင်းပြည် ထိုနိုင်ငံ အရှုံးကြီး ရှုံးမည်။

သာရော သာရပရိဝါရော-ဆိုတဲ့အတိုင်း ခေါင်းဆောင် နောက်လိုက် အားလုံးက ကိုယ်ကျိုးမဖက် တိုင်းပြည်အတွက် လူမျိုးအတွက် ဘာသာအတွက် မေတ္တာ စေတနာ ထားတဲ့ အနှစ်ရှိသူများ ဖြစ်လျှင်-----ဆန္ဒပြုပါသည်။

အင်္ဂုတ္တရနိကာယ်၊ ရုက္ခသုတ်ကို ကိုးကားသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၆-၁၂-၂၀၁၂

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes