သီတဂူစတား

သီတဂူစတား

31 July 2012

ဥပဒေစိုးမိုးသော ငရဲပြည်

ဥပဒေစိုးမိုးသော ငရဲပြည် သို့မဟုတ် ယမမင်း၏ ကယ်ဆယ်ရေး
စာမိတ်ဆက်
စာရေးသူက ဘာရယ်မဟုတ် ရောက်တက်ရာရာ အွန်လိုင်းကနေ တရားဟောလေ့ရှိတယ်၊ ဟောသူ တစ်၊ နာသူတစ်နဲ့ တရားပွဲက စည်စည်ကားကားပဲ။ တရားနာသူ တစ်ကလဲ ဘာဟောဟော နာမည့်သူ၊ တရားနာ အလွန်ဝါသနာပါသူ၊ တရားနာရရင် ပြီးတာပဲ ဘာတရားပဲ နာရနာရ၊ စာရေးသူလဲ အသံကွဲ အသံဗြဲနဲ့ဆိုတော့ ကိုယ့်အသံကို ကိုယ်ပြန်ကြားရမှာ ကြောက်လွန်း ရှက်လွန်းလို့ နားကျပ်နဲ့ ပိတ် ဟောရတာ။ ဘာပဲ ဖြစ်ဖြစ် သူ့ကို ဟောနေရလို့ပဲ စာပြန်ကြည့်ဖြစ်သည်၊ အတွေးမျိုးမျိုးဝင်သည်။ ဒီနေ့တော့ ဒေ၀ဒူတသုတ်ကို ဟောခဲ့သည်။ ငယ်ငယ်က ထိုသုတ်ကို သာမန်မျှ နားလည်ခဲ့သည်။ တကယ်တော့ အလွန်စိတ်ဝင်စားဖွယ်ကောင်းသည့် သုတ်တစ်သုတ်ဖြစ်သည်။ ထိုသုတ်ကို ဟောရင်းကနေ အတွေးတစ်ခုဝင်လာတာက စာအဖြစ်ဖန်တီးလိုက်ရင် ကောင်းမှာပဲဆိုပြီး ရေးဖြစ်သွားတာ။

တကယ်တော့ ထိုသုတ္တန်က ငရဲပြည်ရှိ အမှုထမ်းတွေရဲ့ လုပ်ထုံးလုပ်နည်း၊ တရားစီရင်ရေး ဥပဒေ တစ်ခု ဖြစ်သည်၊ နိုင်ငံရေးစကားလုံးကို ငှါးသုံးရရင် ငရဲပြည်၏ ဥပဒေစိုးမိုးသည့် စနစ်တစ်ခုဖြစ်နေတာကို တွေးမိသည်။ ထို ငရဲပြည်၏ ဥပဒေဘက်တော်သားသည် သို့မဟုတ် တရားစီရင်ရေး အကြီးဆုံးသည် အများစု ကြားဖူးသည့် ယမမင်းဖြစ်သည်။
(အင်တာနက်မှ ဒေါင်းထားတဲ့ ငရဲခန်းပုံလေးပါ)

ယမမင်း King of Hell နှင့် စစ်ကြောရေး
ယမမင်းဆိုတာ ဝေမာနိက ပြိတ္တာတစ်မျိုးပဲ တစ်ခါတရံ နတ်စည်းစိမ်ခံစားခွင့်ရှိတယ်၊ တခါတရံမှာတော့ သူ့အကုသိုလ်ကို ခံစားရတယ်၊ သူ၏ အကုသိုလ်ကံသက်တမ်းရှိသရွေ့ ယမမင်း (ဝေမာနိကပြိတ္တာ) ဘ၀မှာ နေရမှာဖြစ်သည်။ ကုသိုလ်တစ်လှည့် အကုသိုလ်တစ်လှည့် ခံစားနေရတဲ့ ပြိတ္တာတစ်မျိုးက ငရဲပြည်ရဲ့ ခုံရုံး (စစ်ကြောရေး) မှာ ဥပဒေ အရာရှိလာဖြစ်နေတယ်။ စစ်ကြောရေးရုံးက ၃ ဌာရှိသည်။ ထိုဌာန သုံးခုမှာ စစ်ကြောရေးမှူး ဥပဒေအရာရှိဖြစ်တဲ့ ယမမင်းက မေးမြန်း စစ်ဆေးသည်။ သူက တကယ်တော့ ကယ်တင်ရှင်လို့ ပြောလို့ရပါတယ်၊ ကုသိုလ်ကောင်းပြုစဉ်က သူ့ကို သတိတရ အမှတ်ရပြီး အမျှဝေခဲ့တဲ့ သူတွေကို ကယ်တင်ပါတယ်။ ဒါ့ကြောင့် ကောင်းမှုပြုတိုင်း သူ့ကို အမျှဝေဖို့ မမေ့သင့်။ ဥပဒေဆိုတာ တကယ်အပြစ်ရှိသူကို အပြစ်ပေး၊ အပြစ်မရှိသူတွေကို အပြစ်ရှိသည်ဟု သံသယထဲကနေ ကယ်တင်ပေးခြင်းပဲ ဖြစ်သည်ဟု ဆိုနိုင်သည်။ ဆိုလိုတာက ဥပဒေက အပြစ်မဲ့သူတွေကို အကာအကွယ်ပေးခြင်းဖြစ်နေသည်ကို စစ်ကြောရေးသုံးဌာနမှ ဥပဒေအရာရှိ ယမမင်း၏ စစ်ဆေး ဆုံးဖြတ်ချက်က ထင်ရှားစေပါသည်။

တကယ်တော့ ထိုစစ်ကြောရေး ၃ ဌာနက သွားတွေကျိုးအောင် နဖူးကွဲ ဒူးတွေပြဲအောင် နည်းမျိုးစုံနဲ့ ညှင်းပန်းနိပ်စက် ရိုက်နှိပ်ပြီး စစ်ဆေးတဲ့ နေရာမျိုးမဟုတ်၊ အကြောင်းအားလျော်စွာ ကံမကောင်းအကြောင်းမလှ ခြေချော် လက်ချော်ပြီး ငရဲပြည်ကို ရောက်လာသူတွေကို ပြန်ကယ်တင်ရန် အခွင့်ရေးပေးသည့် ဌာနကြီးများ ဖြစ်သည်။ ကယ်တင်ရေး စစ်ကြောရေးရုံးများလို့ ပြောရင် ပိုမှန်မည်။ အပြစ်မရှိသူတွေကို ကယ်တင်သည့် ဌာနဖြစ်သည်။ ကိုယ်ပြုခဲ့တဲ့ ကုသိုလ် မှုံမှုံလေးကိုပင် သတိရအောင် နည်းမျိုးစုံ သုံးပြီး စစ်ဆေးတဲ့ ဌာနဖြစ်သည်။ မိမိကိုယ်တိုင် လုပ်ခဲ့သည့် ကောင်းတာလေးတွေကို ထောက်ပြသည့် ဌာဖြစ်သည်။ အပြစ်မရှိသည်ကို နည်းမျိုးစုံး အပြစ်ရှိလာအောင်၊ အပြစ်ရှိသူကို တော့ နည်းမျိုးစုံနဲ့ အကာအကွယ်ပေးသည့် ဌာန မဟုတ်။

စစ်ကြောရေး ၃ ဌာန
ငရဲပြည်ကို ရောက်လာသူတွေဆိုတာ အမှန်တကယ်ပဲ အပြစ်ကျူးလွန်သူတွေပဲ ရောက်လာကြတာ ဖြစ်သည်။ ငရဲပြည်ကို ရောက်လာသူကို ငရဲပြည် တံခါးစောင့် (နိရယပါလ)က လက်မောင်းဆွဲခေါ်လာပြီး ငရဲဥပဒေမှာ အာဏာအရှိဆုံးဖြစ်တဲ့ ယမမင်းထံ အပ်တယ်၊ ‘‘ အရှင်မင်းကြီး--ဒီပုဂ္ဂိုလ်ကတော့ အမေကို စော်ကားသူ၊ အမေအတွက် ဘာမှ ကောင်းကျိုးမပေးတဲ့သူ၊ အဖေကို စော်ကားသူ အဖေ့အတွက် ကောင်းကျိုးမရှိတဲ့သူ၊ ကြီးသူကို လေးစားရကောင်းမှန်းမသိသူ၊ ရဟန်းစတဲ့ သူတော်စင်တွေကို စော်ကားသူဖြစ်တယ်၊ သူ့ကို အပြစ်ပေးပါ’’ ဟု ပြောပြီး အပ်နှင်းသည်။ ဥပဒေအရာရှိတဲ့ ဖြစ်တဲ့ ငရဲသနင်း ယမမင်းကြီးက အောက်ပါ စစ်ကြောရေးမှာ မေးခွန်းသုံခုနှင့်မေးသည်။ သူ့ရဲ့ မေးခွန်းလေးတွေက ရိုးရိုးရှင်းရှင်းလေးတွေပဲ ဖြစ်သည်။

၁။ ပထမဆုံး စစ်ကြောရေးရုံး
အပြစ်ရှိသူဟု ယူဆရသော ပုဂ္ဂိုလ်တစ်ယောက်ကို တံခါးစောင့် (နိရယပါလ)က ဥပဒေအရာရှိ ယမမင်းထံ ခေါ်ဆောင်လာသောအခါ- သင်လား အပြစ်ကျုးလွန်သူ? မောင့်ရင့်ကို မေးမယ်၊ အသက် ၈၀၊ အသက် ၉၀၊ အသက် ၁၀၀၊ အသက် ၁၀၀ ကျော်ရှိ ဆံပင်တွေဖြူ သွားတွေကျိုး၊ နားတွေထိုင်း၊ အသားအရေတွေ တွန့်၊ မိမိခန္ဓာကိုယ်ကို မိမိ မသယ်နိုင်တဲ့ အိုမင်းမစွမ်းဖြစ်နေတဲ့ သူတစ်ယောက်ကို တွေ့ဖူးလာ? အရှင်¡ တွေ့ဖူးတာပေါ့၊ ကျွန်ုပ်ပတ်ဝန်းကျင်မှာ ခဏခဏ တွေ့ဖူးနေပါတယ်၊ အေး- ဒါဆို ကောင်းပြီ၊ အဲဒီလို သူအိုကြီးကို မြင်တော့ မင်းစိတ်ထဲမှာ ဘာတွေ တွေးမိလဲ? ဥပမာ- ငါလည်းပဲ နောင်တစ်ချိန် ဒီလို အိုမင်းမစွမ်း ဖြစ်ရမှာပါလားလို့ တွေးခဲ့မိပြီး အပြစ်ဖြစ်မည့် အရာများကို ရှောင် သူတပါးကောင်းကျိုး မိမိကောင်းကျိုးဖြစ်တဲ့ ကောင်းမှုတွေ ပြုမည်လို့ စိတ်ကူးဖြစ်ခဲ့ဖူးလား? အရှင်မင်းကြီး- ကျွန်ုပ် အဲဒီအတွေးမျိုး မရှိခဲ့ဖူးပါဘူး၊ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေခဲ့မိပါတယ်။

ပထမဆုံးမေးခွန်းမှာ ရာဇ၀တ်သား ရှူံးနိမ့်သွားပြီ။ အေးကွာ-ငါကတော့ မင်းကို ဒီငရဲပြည်ကို မလာစေချင်ဘူး၊ မင်းကို ဒီကနေ လွတ်ရာလွတ်ကြောင်း ဖြစ်ပါစေတော့ဆိုပြီး ကောင်းတဲ့အမှုလေးတွေကို အမှတ်စေလို၍ ဒီမေးခွန်းလေးတွေကို မေးတာပါ။ အေးကွာ မင်းထိုက်နဲ့ မင်းကံပဲ ခံပေတော့။ ဒါပေမဲ့ ဥပဒေအရာရှိက မလျှော့သေးဘူး။ နောက်ထက် မေးခွန်းတစ်ခု မေးပြန်တယ်၊ ကြည့်စမ်း အပြစ်ရှိသူဟု ယူဆသူကို ဘယ်လောက် ကရုဏာထားလဲ၊ “ကြီးသော အမှု ငယ်စေ၊ ငယ်သော အမှု ပပျောက်စေ”ဆိုတာ ဥပဒေစိုးမိုးသော ငရဲပြည်မှာပဲ ရှိနေသလောလား။ ကဲကွာ-ဒါဆိုရင် နောက်တစ်ခု ထက်မေးမယ်။

၂။ ဒုတိယ စစ်ကြောရေးရုံး
မင်းပတ်ဝန်းကျင်မှာ ရောဂါတွေနဲ့ ဒုက္ခခံစားနေရသူ၊ ပျင်းထန်သော ဝေဒနာကြောင် မိမိရဲ့ မစင်တွေနဲ့ လိမ်းကြံပြီး အိပ်ယာထဲ ဘုန်းဘုန်းလဲနေသူ၊ တပါးသူ အကူအညီနဲ့ တုန်တုန်ရီရီနဲ့ အိပ်ယာမှ ထနိုင်သူကို မင်း မြင်ဖူးလား? အရှင်မင်းကြီး- မြင်ဖူးတာပေါ့၊ ဒီလို သူနာတွေ ကျွန်ုပ်ပတ်ဝန်းကျင်မှာ နေ့စဉ်နဲ့အမျှ တွေ့မြင်နေရပါတယ်။ အေးကွာ ကောင်းပြီ။ ဒါဆို မင်း--အဲဒီလို ရောဂါ ပြင်းပြင်ထန်ထန် ခံစားနေရတဲ့သူကို မြင်တော့ “ငါလည်း နောင်တချိန် ဒီလို ဖြစ်ရမှာပါလား၊ မေ့လျှော့နေလို့ မဖြစ်ဘူး၊ ကောင်းရာကောင်းကြောင်း အလုပ်ကလေးတွေကို လုပ်မှ ဖြစ်မယ်”လို တွေးခဲ့ဖူးသလား? အရှင်မင်းကြီး၊ ကျွန်ုပ် ဒီလိုလဲ မတွေးခဲ့မိဘူး၊ မလုပ်ခဲ့မိဘူး။ ရာဇ၀တ်သား ဒုတိယအကြိမ် ရှုံးပြန်ပြီ။ အေးကွာ ငါကတော့ မင်းကို ကယ်ချင်လွန်းလို့ ဒုတိယအကြိမ် မေးမြန်းခဲ့တာ။ မင်းက ပေါ့ပေါ့ဆဆနဲ့ ဘ၀ကို ဖြတ်သမ်းခဲ့တာကိုးးး။ အေးလေးကွာ- မင်းလုပ်ခဲ့တဲ့ ကံ မင်းပဲ ခံပေတော့။
ဒီလို ငရဲပြည်မှာ ရောက်လာတယ်၊ ငရဲပြည်ကပေးတဲ့ အပြစ်တွေကို ခံရမည်ဆိုတာ မင်းကိုယ်တိုင်ပဲ လုပ်ခဲ့တာ၊ မင်းမိဘတွေက လုပ်တာမဟုတ်၊ မင်းဆွေမျိုးတွေက လုပ်တာမဟုတ်၊ ဘယ်တန်ခိုးရှင်ကမှ လုပ်တာ မဟုတ်၊ မင်းအမှုနဲ့ မင်းခံပေတော့။ ဒါပေမဲ့ ဥပဒေအရာရှိ ယမမင်းက သနားနေပုံရတယ်။ အေးကွာ-ငါ မင်းကို နောက်ဆုံး မေးခွန်းတစ်ခု ထက်မေးပါ့မယ်၊ ဒါဟာ မင်းအတွက် နောက်ဆုံး အခွင့်ရေးပဲ။

၂။ တတိယ စစ်ကြောရေးရုံး
မောင်မင်း--လောကမှာ သေပြီး တစ်ရက်လွန်၊ နှစ်ရက်လွန်၊ သုံးရက်လွန် ဖူးဖူးယောင်ပုတ် အလောင်းကောင် (သူသေကောင်) ကို မြင်းဖူးသလား? မင်းကြီး-ကျွန်ုပ်ပတ်ဝန်းကျင်မှာ မြင်နေကျ ဖြစ်ပါတယ်၊ ကျွန်ုပ် မြင်ဖူးတာပေါ့။ အေး-ဒီလိုဆိုရင်-သူသေကောင်းကြီးကို မြင်ပြီးတော့ “ငါလည်း များမကြာမီမှာ ဒီလိုပဲ မြို့စွန် ရွာဖျား တောချုံမှာ စွန့်ပစ်ခံရမည့် သူသေကောင်ဖြစ်ရမှာပါလား”လို့ တွေးပြီး ကောင်းတာလုပ် ကောင်းတာပြော ကောင်းတာ ကြံဖူးသလား? မင်းကြီး ကျွန်ုပ် မေ့လျှော့နေခဲ့ပါတယ်။ ကိုယ့်ကိုယ်ကို သေရမည်ကို မေ့နေပြီး ကောင်မှုကံတွေ မပြုမိခဲ့။ အေးကွာ-ငါကတော့ မင်းကို ဒီဆင်းရဲတွင်းက လွတ်မြောက်ရေးအတွက် သုံးကြိမ်တိုင်တိုင် နည်းမျိုးစုံနဲ့ ကျိုးစားပေးခဲ့ပြီးပြီ၊ ငါ့တာဝန် ငါကျေအောင် ထမ်းဆောင်ခဲ့ပြီးပြီ။ ကျန်တာ မင်းအပြစ်နဲ့ မင်းခံပေတော့။ ဒီလိုနဲ့ပဲ ရာဇ၀တ်သား ဘာကောင်းတာမှာ မလုပ်မိခဲ့၊ မကောင်းတာတွေနဲ့ပဲ ပျော်မွေ့ခဲ့လို့ ငရဲမှာ ခံပေးဦးတော့။

ယမမင်းကြီး တရားသူကြီးက မေးမြန်းစစ်ဆေးအပြီးမှာတော့ တကယ် အပြစ်ရှိကြောင်း ထင်ရှားသည်၊ မည်သည့်ကောင်းကံကိုမျှ မပြုလုပ်ခဲ့ မကောင်းကံတွေကို ပြုလုပ်ခဲ့သော ရာဇ၀တ်သားကို ငါးမျိုးသော ညှင်းပန်းနိပ်စက်မှုတို့ဖြင့် အပြစ်ပေးရန် ဆုံးဖြတ်လိုက်သည်။ မီးပြင်းပြင်းတိုက်ထားသည့် သံချွန်ဖြင့် ရင်ဘက်၊ လက်နှစ်ဖက်၊ ခြေနှစ်ဖတ်ဟုသော ငါးနေရာကို ထိုးဆွ ညှင်းပန်းခြင်းကို ခံရလေတော့သည်။

ယမမင်းလွတ်ပေးသူများ သို့မဟုတ် ငရဲပြည်မှ လွတ်လာသူများ

အကယ်၍သာ တရားသူကြီး ယမမင်းကြီးက စစ်ဆေးမေးမြန်းလို့ တစ်စုံတရာ ကုသိုလ်ကောင်းမှု (လူသားအကျိုးပြု) တစ်ခုခုကို သတိရသွားလျှင် အေးကွာ-မင်းလဲ အပြစ်ရှိတဲ့သူတွေနဲ့ ရောနောပြီး ပါလာတာဆိုတော့ မင်းမှာလဲ ကောင်းမှုကံလေးတွေ ပြုခဲ့တာဆိုတော့ မင်းကို ဒီငရဲပြည်ကနေ လွတ်လိုက်သည်။ “ကြီးသော အမှု ငယ်စေ၊ ငယ်သော အမှု ပပျောက်စေ”ဆိုတဲ့ သဘောပင်ဖြစ်သည်။ သို့သော်လည်း မှတ်သားစရာတစ်ခုကတော့ တကယ်အပြစ်ကြီးကြီးမားမား များစွာ ပြုခဲ့သူကိုတော့ ယမမင်းက မကယ်နိုင်ပါဘူး။ ငရဲပြည်ရဲ့ ဥပဒေအရကလဲ မစစ်ဆေးဘဲ ငရဲခန်းထဲ တိုက်ရိုက်ပို့ပါတယ်။ မကောင်းမှု အနည်းငယ်ကိုသာ ပြုခဲ့တဲ့သူကိုပဲ ယမမင်း၏ ကယ်တင်ခွင့် စစ်ဆေးခွင့် ရရှိသည်၊ ထို့ကြောင့် ကောင်းမှုများများပြုနိုင်စေ၊ မကောင်းမှုများ နဲနိုင်သမျှနဲစေ။

အပြစ်များစွာ ပြုခဲ့တဲ့သူကတော့ ခိုးထုပ်ခိုးထည် ပစ္စည်းနဲ့ လက်ပူးလက်ကျ မိခံရတဲ့ သူခိုးလိုဖြစ်သည်။ အဲလိုပုဂ္ဂိုလ်မျိုးကို စစ်ဆေးစရာမလိုဘဲ တိုက်ရိုက် ပုဒ်မတပ်ပြီး အပြစ်ပေးခြင်းဖြစ်သည်။ အကယ်၍ သံသယနဲ့ ဖမ်းခံရသူကတော့ စစ်ဆေးရုံးသို့ ရောက်ရမည်။ ယမမမင်းလို ဥပဒေဘက်တော်သားနဲ့ တွေ့ရင် ထိုအပြစ်ကလွတ်မည်။ နို့မို့ဆို မလွယ်ကူ။ ငရဲပြည်မှာ လာဘ်မစား၊ လက်ဆောင်ပေးလို့မရ။ အပြစ်နဲ့ညီမျှသော ထပ်တူ ခံရသည်။ သို့သော်လည်း ယမမင်းကို ပေးနိုင်သည့် အကောင်းဆုံး လက်ဆောင်ကတော့ ကောင်းမှုလုပ်ပြီး အမျှဝေးပေးရုံမျှသာ ဖြစ်သည်။

တခါက ၀န်ကြီးတစ်ယောက် ပန်းအိုးဖြင့် ဗုဒ္ဓမြတ်စွာ၏စေတီတော်ကြီးအား ပူဇော်ပြီး ယမမင်းကြီးအား သူ၏ကုသိုလ်တွေကို အမျှဝေခဲ့ဖူးသည်။ ထိုဝန်ကြီး ငရဲပြည်ကို ရောက်လာပေမဲ့ တရားသူကြီးယမမင်းက ထိုစစ်ဆေးနည်းသုံးမျိုးတို့ဖြင့် ထိုဝန်ကြီး၏ ကုသိုလ်ကို အမှတ်ရစေခဲ့သည်။ သင် စေတီတော်ကြီးအား ပန်းတို့ဖြင့်ပူဇော်ပြီး ငါ့ကို အမျှပေးဝေခဲ့ဖူးတယ်မဟုတ်လားဟု မေး၍ သတိရစေခဲ့သည်။ အဲဒီလိုအားဖြင့် ထိုဝန်ကြီး ငရဲပြည် အစစ်ဆေးခံရုံသာ ခံခဲ့ရပြီး နတ်ပြည်သို့ ရောက်သွားသည်။ ထို့ကြောင့် ယနေ့ခေတ် ဆရာတော်ကြီးများက ကုသိုလ်ကောင်းမှုပြုသူတွေအတွက် ကောင်းမှုပါရမီများ ရေစက်သွန်းချ အမျှဝေပေးသည့်အခါ “လူတို့သနင်း အစိုးရမင်း၊ နတ်တို့သနင်း သကြားမင်း၊ ငရဲသနင်း ယမမင်း” ဟူ၍ ယမမင်းကြီးကို ထည့်၍ အမျှပေးဝေခဲ့သည်။ ယမမင်းကို အမျှဝေခဲ့လျှင် ငရဲပြည်ကို ရောက်သွားခဲ့ရင်တော့ ယမမင်းကြီးက အဲဒီနည်းနဲ့ ပြန်ကျေးဇူးပြုသည်၊ လူတို့သနင်း အစိုးရမင်းကို အမျှပေးသူအတွက် ထောင်ဒဏ် အချုပ်ဒဏ် လျှော့ရက်ကလေးများ ရကောင်းပါရဲ့။ PPPPPPP။

တချို့က ပထမအကြိမ် စစ်ဆေးလိုက်တာနဲ့ ကိုယ်ပြုခဲ့တဲ့ ကောင်းမှုကို အမှတ်ရသည်၊ တချို့က ဒုတိယအကြိမ်မှ သတိရသည်၊ တချို့ကတော့ နောက်ဆုံး တတိယအကြိမ်မှပဲ အမှတ်ရသည်။ တရားသူကြီးယမမင်း၏ အဆင့်သုံးဆင့် စစ်ဆေးခန်းသည် ငရဲပြည် ရောက်လာသူတွေအတွက် အလွန်မျှတသော တရားစီရင်ခန်းဖြစ်သည်။ တချို့ကျပြန်တော့ ထိုသုံးမျိုးလုံးတို့ဖြင့် မစစ်ဆေးမီ ကိုယ့်ဘာသာ ကိုယ့်ရဲ့ ကောင်းမှုကို အမှတ်ရသွားသည်လည်းရှိသေးသည်။ တခါက ဒီဃဇယန္တဒမိဠ ဆိုတဲ့ အမျိုးသားတစ်ယောက် ငရဲပြည်ရောက်လာပြီးမှ မိမိရဲ့ ကောင်းကံလေးတွေကို အမှတ်ရခဲ့လို့ နတ်ပြည် ရောက်ခဲ့ရသည်။ ဒမိဠသည် သုမဂိရိကျောင်းတော်ကြီးအတွင်းက အာကာသစေတီတော်ကြီး နီးမြန်းသော အ၀တ်ဖြင့် ပူဇော်ခဲ့ဖူးသည်။ သူသည် ငရဲပြည် ရောက်လာသည့်အခါ ငရဲခန်းထဲက မီးအသံ ညှင်းဆဲအသံတွေ ကြားသောအခါ သူလှူခဲ့သော ကောင်းမှုကို အမှတ်ရပြီး ငရဲပြည်က ပေးတဲ့ အပြစ်ဒဏ် မခံရတဲ့အပြင် နတ်ပြည်က နတ်စည်းစိမ်များ ခံစားခွင့်ရသွားခဲ့သည်။ ကောင်းမှုအမျိုးစုံး ပြုတတ်ဖို့လိုသည်၊ အကယ်၍များ မတော်တဆ ငရဲပြည်ရောက်သွားပါက ကောင်းမှုများစွား ပြုခဲ့ဖူးသူက တမျိုးမဟုတ် တမျိုးဖြင့် မိမိ၏ကုသိုလ်ကို မိမိ ကိုယ်တိုင်ပဲ အမှတ်ရတတ်သည်။

ယမမင်းနဲ့ မေးခွန်းတစ်ခု
စာရေးသူ ဒီတရားဟောလို့အပြီးမှာပဲ တိုက်တိုက်ဆိုင်ဆိုင် မေးခွန်းတစ်ခု စာရေးသူကို မေးထားဖူးသည်။ စာရေးသူနဲ့ဖေ့ဘုတ်မှာ တွေ့ရင်း သူက ဒီလိုလေးမေးထားတယ်။
“တပည့်တော်က ဘုန်းဘုန်းကို သိချင်တာလေး မေးချင်လို့ပါ ဖြေလို့အားရင် ဖြေပေးပါလားဘုရား။ ဟိုလေ လူတွေကကြတော့ သံသရာမှာ ကျင်လည်နေရတယ်နော်ဘုရား၊ သေမင်းတို့ ယမမင်းတို့ ငရဲထိန်းတို့ကကော သံသရာမှာ မကျင်လည်ရဘူးလား?”

သေမင်းဆိုတာကို ပုဂ္ဂိုလ်သတ္တ၀ါ ဟု ထင်တတ်ကြသည်။ သတ္တ၀ါမဟုတ် သေခြင်းသဘောတရားကိုဆိုသည်။ တကယ်တော့ သေမင်းဆိုတာ မင်းကို တပ်ပြီး သေမင်း (King of Death) ဟုတင်စားပြောကြတာပါ၊ သူ့ကို ဘယ်သူမှ မလွန်ဆန်နိုင်လို့ မင်း- King ဟု တင်စားပြောခြင်းပဲဖြစ်သည်။ သေမင်းဆိုတာ သံသရာရှိသရွေ့ သတ္တ၀ါရှိနေသရွေ့ ကမ္ဘာကြီး ရှိနေသ၍ ရှိနေအုန်းမှာဖြစ်သည်။ လူမင်းအောက်မှာ လက်အောက်ငယ်သားတွေ ပြည်သူတွေရှိသည်၊ ယမမင်းအောက်မှာ ငရဲသားတွေ ရှိသသည်။ သိကြာမင်းအောက်မှာ နတ်သား နတ်သမီးတွေရှိတယ်၊ ဒါပေမဲ့ သေမင်းဆိုတာ အဲဒီလိုမျိုး ပြောတာမဟုတ်ဘူး။ ဒါပေမဲ့ သေမင်းအောက်မှာ သတ္တ၀ါတွေ ရှိသည်လို့ ပြောရမှာပေါ့။

ယမမင်းတို့ ငရဲသားတို့ဆိုတာ သူတို့ရဲ့ အကုသိုလ်ကြောင့် ဒီလိုဘ၀ကို ရောက်ကြရတာဖြစ်သဖြင့် သူတို့လဲ သတ္တ၀ါတမျိုးဖြစ်ရကား သံသရာ ကျင်လည်ရမည်။ သူတို့အကုသိုလ်ကံအကြွေး ဆပ်ပြီးရင်တော့ ဒီဘ၀က လွတ်မည်။ ယမမင်းနဲ့ ပတ်သက်ပြီး အထက်မှာ ပြဆိုပြီးဖြစ်သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၀-၆-၂၀၁၂

27 July 2012

နှလုံးရောဂါအတွက် (၂)

နှလုံးရောဂါအတွက် နည်းလမ်းကောင်း
သင် ယနေ့ နှလုံး တိုက်ခိုက် ခံရရင် (Heart Attack) လွန်ခဲ့တဲ့ ဆယ်စု တစ်ခု ဒါမှမဟုတ် နှစ်ခုမှာ ထက် သင်အသက်ရှင်ဖို့ အလားအလာ ပိုများပြီး မစွမ်းမသန် အထိ ထိခိုက်ခြင်းမျိုး ပိုနည်းပါး ပါလိမ့်မယ်။ ဒါက အမေရိကန်မှ နှလုံးတိုက်ခိုက်ခံ ရခြင်း အချက်အလက်များ အပေါ် ကြည့်ပြီး အထင်ကရ လေ့လာမှုကြီး ၂ခုက ကောက်ချက် ချခဲ့တာပဲဖြစ် တယ်။

သေဆုံးမှုနှုန်း ကျဆင်းခြင်း အတွက် သင်က နည်းပညာဆေးဝါး ကုသမှု၊ ဆေးရုံတွင်းပြုစု စောင့်ရှောက် မှုနှင့် ကြိုတင်ကာကွယ်ရေးနည်း လမ်းများ ဘက်မှ တိုးတက်မှုများကို ကျေးဇူးတင်ရလိမ့်မယ်။ သင်က သွေးတိုးနှင့် ကိုလက် စထရောလ်ပမာဏမြင့်မားမှုအတွက် ကုသမှုခံယူနေသူဆိုရင် နှလုံးတိုက် ခိုက်ခံရမှုကြောင့် သေဆုံးဖို့ရာအလား အလာ နည်းပါးသွား ပါတယ်လို့ နယူးယောက်မြို့ရှိ St. Luke's Roosevelt ဆေးရုံ နှလုံး သွေးကြော ရောဂါကာကွယ်ရေး အစီအစဉ်ရဲ့ ညွှန် ကြားရေးမှူး Dr. Merle Myerson က ပြောပါတယ်။

“သို့တိုင် တိုးတက်မှုအတွက် နောက်ထပ်လုပ်ဆောင်နိုင်တဲ့အရာ များ ကျန်ရှိနေပါသေးတယ်။ လူ အများက ရင်ဘတ် အောင့်ခြင်းက နှလုံးတိုက်ခိုက်ခံရခြင်းရဲ့ တစ်ခု တည်းသော ရောဂါလက္ခဏာလို့ ထင်မြင်နေဆဲပဲ ရှိနေသေးတယ်”လို့ Dr Myeson က ပြောပါတယ်။

အောက်ပါ လူသိပိုနည်းသေးတဲ့ သတိပေးချက်များကလည်း အကူ အညီ ချက်ချင်းလိုအပ်တဲ့ အခြေအနေ ဖြစ်ပါတယ်။ (၁) အနည်းငယ်အားစိုက်ထုတ် လိုက်တာနှင့် ခေါင်း ထဲရီတီတီ ဖြစ်လာ ခြင်းနှင့် အသက်ရှူကျပ်ခြင်း (၂) သင့်လက်မောင်း (အထူး သဖြင့် ဘယ်လက်မောင်း)၊ မေးရိုး၊ လည်ပင်းဒါမှမဟုတ် ကျောတွင် ထုံကျဉ်ခြင်း ဒါမှမဟုတ် နာကျင်ခြင်း (၃) ရင်ဘတ်အလယ်တွင် ဖိအားတစ်ခုသက်ရောက်သည်ဟု ခံ စားရခြင်း ဒါမှမဟုတ် စုညှစ်ထား သလို ခံစားရခြင်း။
ဦးလှမြင့်(ဂန္ဓမာ) Ref : RD May 2010

ကျန်းမာရေးအတွက် ဤနေရာမှ ကူးယူဖော်ပြသည်။


ရွှင်လန်းချမ်းမြေ့ပါစေ

သီတဂူစတား
၂၇-၇-၂၀၁၂Link

17 July 2012

မောင်မယ်သစ်လွင် ကြိုဆိုကြိုပွဲ သ၀ဏ်လွှာ

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်၏

မောင်မယ်သစ်လွင် ကြိုဆိုကြိုပွဲ သ၀ဏ်လွှာ

၃၀-၆-၂၀၁၂ နေ့က သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး) ၏ ကျောင်းသားသစ် ကြိုဆိုပွဲတွင် ပေးပို့သော သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်၏ သ၀ဏ်လွှာဖြစ်သည်။ စာရေးသူ တတ်သလောက်လေးနဲ့ ဘာသာပြန်ဆိုထားသည်။


ချစ်ခင်ရပါသော တပည့်တို့ -------

၃၀-၆-၂၀၁၂ နေ့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး) ၏ ကျောင်းသားသစ် ကြိုဆိုပွဲတွင် သ၀ဏ်လွှာပေးပို့ခွင့်ရတဲ့အတွက် အလွန်ပဲ ၀မ်းသာမိပါတယ်။

တပည့်တော်တို့တတွေဟာ ဘုရားရှင်၏ မွန်မြတ်သော သား သမီးတွေ ဖြစ်ကြပါတယ်။ ဘုရားသားတော် သမီးတော်များ ဖြစ်ကြတဲ့ ဘုရားတပည့်တော်တို့တတွေမှာ မဖြစ်မနေ တာဝန်ထမ်းဆောင်ရမည့် မြတ်ဗုဒ္ဓက လမ်းညွှန်ထားတဲ့ တာဝန်တွေရှိပါတယ်ဘုရား။ အဲဒီတာဝန်တွေကတော့ ချမ်းသာ သုခကို ဆောင်နိုင်တဲ့ ဓမ္မကို ထိမ်းသိမ်းဖို့ တာဝန်တွေပဲ ဖြစ်ပါတယ်ဘုရား။

မြတ်ဗုဒ္ဓက ဓမ္မကို ထိမ်းသိမ်းနည်း (၅) သွယ်ကို အောက်ပါအတိုင်း ညွှန်ကြားထားပါတယ်ဘုရား-

၁။ ဓမ္မကို လေးလေးစားစား နာယူခြင်း

၂။ ဓမ္မကို စိတ်ပါလက်ပါ သင်ယူခြင်း

၃။ ဓမ္မကို ဂရုတစိုက် အာဂုံဆောင် ကျက်မှတ်ခြင်း

၎။ ဓမ္မကို လေးလေးနက်နက် ဆင်ခြင်သုံးသပ်ခြင်း

၅။ ဓမ္မကို ထက်ထက်သန်သန် လက်တွေ့ အသုံးချခြင်း ဟုဆိုအပ်သော ဤနည်းငါးမျိုးဖြင့် ဓမ္မကို ထိမ်းသိမ်းပါက ဓမ္မသည် လောကကြီးထဲမှာ ကြာရှည်စွာတည်နိုင်မည်။

ထို့ကြောင့် ချစ်ခင်ရပါသော တပည့်တို့----------တပည်တော် တပည့်တို့အားလုံးကို “ဓမ္မကို ထိမ်းသိမ်းနိုင်တဲ့ နည်းလမ်းတို့ဖြင့် ဓမ္မကို အကောင်းဆုံး သင်ယူကြပါလို့”တိုက်တွန်းလိုပါတယ်။

အားလုံးကျေးဇူးတင်ပါတယ်။

ဒေါက်တာနန္ဒမာလာဘိဝံသ

==========
အဆင်ပြေသလို ဘာသာပြန်ဆိုထားပါသည်။ အဓိပ္ပါယ်အကောက်မှားက ဘာသာပြန်သူ၏ တာဝန်သာ ဖြစ်ပါသည်။

စာရေးသူ၏ ကွန်မန့်

ပါချုပ်ဆရာတော်က ဓမ္မကို ထိမ်းသိမ်းတဲ့ နေရာမှာ စာပေသင်ကြား လေ့လာနေရုံနဲ့ မလုံလောက်၊ ထိုဓမ္မကို လက်တွေ့ဘ၀ထဲ အသုံးချနိုင်မှသာလျှင် ဓမ္မဖြင့်နေသူ (ဓမ္မ၀ိဟာရီ)ဟု ဆိုအပ်။

ဓမ္မကို သင်ယူရုံ နာယူရုံမျှဖြင့် နေသူသည် ပရိယတ္တိဗဟုလော

ဓမ္မကို ဟောပြောနေရုံမျှဖြင့် နေသူသည် ပညတ္တိဗဟုလော

ဓမ္မကို စဉ်းစား ဆင်ခြင်ရုံမျှဖြင့် နေသူသည် ၀ိတက္ကဗဟုလော

ဓမ္မကို အာဂုံနှုတ်တက်ဆောင်ရုံမျှဖြင့် နေသူသည် သဇ္ဈာယဗဟုလော

ဓမ္မကို လက်တွေ့ကျကျ အားထုတ်ခြင်း၊ ဓမ္မကို သိခြင်းတို့ဖြင့် နေသူသည်သာ ဓမ္မ၀ိဟာရီ= တရားဖြင့်နေသူဟု ဆိုသည်။ (အင်္ဂုတ္တရနိကာယ်၊ ဓမ္မ၀ိဟာရီသုတ်)

ထို့ကြောင့် ဓမ္မကို ထိမ်းသိမ်းလိုသော သူတော်စင်တို့သည် ဓမ္မကိုလဲ သင်ယူ နာယူ ဟောပြော၊ သရဇ္ဈာယ်၊ ဆင်ခြင်သုံးသပ်ပြီး မိမိ၏ နှလုံးသားထဲရောက်အောင် အားထုတ်ခြင်းဖြင့် ဓမ္မကို ထိမ်းသိမ်းနိုင်ကြပါစေကုန်သတည်းးးးး။

ရွှင်လန်းချမ်းမြေ့ပါစေ

သီတဂူစတား

၁၀-၇-၂၀၁၂



Message From Rector to his students

in the Sitagu International Buddhist Academy (Mandalay) 30-Jun-2012


My Dear students

It makes me pleasure that I have an opportunity to send this
message to my all students at this glorious time today, 30-jun-2012,
in the sitagu Buddhist Academy, Mandalay.

We are pious Buddhists and sons and daughters of the Buddha. We
have noble duty that we must be performed, The Buddha taught us how to
maintain the Dhamma that brings about happiness and peace. As long as
the Dhamma remains in the world, we never lose our way to happiness
and peace.



To maintain the Dhamma, there are 5 ways that must be followed by us;

1. by listening attentively to the Dhamma.

2. by learning earnestly the Dhamma,

3. by memorizing carefully the Dhamma,

4. by contemplating the meaning of Dhamma mindfully and

5. by putting the Dhamma into practice ardently.

By means of these five ways the Dhamma taught by the Buddha would
be maintained in the world.

My dear students,

This is the message that i want to send to all of you. Let me encourage you to do your best in study of Dhamma that lead to the Dhamma maintenance.

Thank you alll

11 July 2012

အောင်မြင်သောနေ့ကို အမှတ်ရခြင်း

အောင်မြင်သောနေ့ကို အမှတ်ရခြင်း
စာမိတ်ဆက်
အောင်မြင်သူတစ်ယောက်က မိမိရဲ့ အောင်မြင်မှု (စာမေးပွဲ၊ စီးပွားရေး၊ အလုပ်)အတွက် အမှတ်တရ ဖြစ်စေ၍ ကောင်းမှုတစ်ခု လုပ်တယ်၊ ထို့အတွက် ဂုဏ်ပြုပို့စ်ရေးတယ်။ အရင်က စာရေးသူ၏ဆိုက်ထဲမှာပဲ မေ ၁၆ ရဲ့မွေးနေ့အတွက် တစ်သက်စာ အမှတ်တရဖြစ်စေရမည့် အရာများတွင် မွေးနေ့ကိုလဲ တစ်သက်စာ အမှတ်ရစေရမည်ဟု ရေးထားခဲ့သည်၊ နောက်တစ်ခုက နှစ်လည်အမှတ်တရမှာလဲ တစ်သက်စာ အမှတ်ရစေရမည့် အရာများထဲက သေခြင်းတရားကို အမှတ်တရဖြစ်ပုံကိုလဲ ရေးခဲ့သည်။ ယခုတော့ တစ်သက်စာအမှတ်တရ ဖြစ်စေရမည့် အရာထဲက အောင်မြင်သောနေ့ တစ်နေ့ပေါ့။
(ဒေါက်တာ အရှင်ဣန္ဒာဝုဓ သီတဂူစတားအား ဆွမ်းန၀ကမ္မ လှူစဉ်)

ဒီပို့စ်လေးက အောင်မြင်သူတွေအတွက် ရည်ရွယ်ပြီး ရေးသားခြင်းဖြစ်ပါတယ်။ သတိရတုန်း ရေးထားသဖြင့် ဘယ်သူတွေ အတွက်ဖြစ်မလဲ စောင့်ရင်းနဲ့ အတော်ကြာသွားပါပြီ။ အခုတော့ ပို့စ်အဖြစ်တင်ဖို့ အချိန်ကျရောက်လာပါပြီ။ ဘုံဘေတက္ကသိုလ်က (Vivaပြီး) ဒေါက်တာဘွဲ့ရသွားသော အရှင်မြတ်နှစ်ပါးနှင့် ကျမ်းတင် (Thesis submission) အရှင်မြတ်တစ်ပါးအတွက် ဖြစ်သွားပါသည်။ ပြီးခဲ့တဲ့ လလောက်က ရှေ့ဆင့်နောက်ဆင့် ဒေါက်တာဘွဲ့ လုံးဝပြီးသော အရှင်မြတ်နှစ်ပါးက ဒေါက်တာစန္ဒာဝရ (မုံရွာ) နှင့် ဒေါက်တာပါရမီ (ထေရ၀ါဒသာသပြု တက္ကသိုလ်)တို့ဖြစ်သည်။ ထိုဒေါက်တာ အရှင်မြတ်နှစ်ပါးက ဘုံဘေတက္ကသိုလ်အသီးသီးရှိ မြန်မာရဟန်းတော် ကျောင်းသားများအား ဆွမ်းကပ်ခြင်း ဆွမ်းအလှူများလှူခြင်းစတဲ့ ကောင်းမှုများဖြင့် သူတို့ရဲ့အောင်မြင်သောနေ့ကို အမှတ်တရဖြစ်စေကြသည်။ အလားတူပဲ ၉-၇-၂၀၁၂ နေ့က ကျမ်းတင်ပြီးသောနေ့အဖြစ် ဘုံဘေသံဃာတော်များအား ဆွမ်းဟင်းများ၊ သစ်သီဝလံများအပြင် တစ်ပါးစီလျှင် ရူပီး ၅၀၀ စီ လှူခြင်းဖြင့် သူ၏အောင်ပွဲကို အမှတ်တရဖြစ်စေသူကတော့ ဒေါက်တာဣန္ဒာဝုဓ ဖြစ်သည်။ ထိုအရှင်မြတ်သုံးပါးအား ဂုဏ်ပြုပါသည်။

အောင်မြင်သောနေ့ကို အမှတ်တရဖြစ်စေခြင်း
ဘုရားရှင်
ဘုရားရှင်များကတော့ ဒေ၀ပုတ္တမာရ် (မာရ်နတ်)၊ ကိလေသာမာရ် (ကိလေသာ-၁၀)၊ အဘိသင်္ခါရမာရ် (ပြုပြင်စီရင်ခြင်း)၊ ခန္ဓမာရ် (ခန္ဓာငါးပါး)၊ မစ္စုမာရ် (သေခြင်း) ဟူသော မာရ်ငါးပါးကို အောင်မြင်သော နေ့ကို အမှတ်တရဖြစ်သည်။ ဘုရားရှင်၏ ဘုရားဖြစ်ပြီး ထိုမာရ်ငါးပါးကို အောင်မြင်ရာ နေရာသည် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ မဟာဗောဓိညောင်ပင်ပဲ ဖြစ်သည်၊ ထိုနေရာကို ဗုဒ္ဓဘာသာဝင်တို့က အောင်မြေဟု သတ်မှတ်ထားကြသည်။ အောင်နိမိတ် အောင်အတိတ် ရချင်သူတွေကတော့ အောင်မြေကို လာရောက်နင်းကြသည်၊ အောင်မြေထဲက အုဋ္ဌ် ကျောက် သဲ ဗောဓိပင်ရွက် စသည့် အမှတ်သား တစ်ခုခုကို ရယူပြီး အမြတ်တနိုးပူဇော်ကြသည်။

ရဟန္တာ
ရဟန္တာအရှင်မြတ်များအတွက်ကတော့ ကိလေသာ အားလုံးကို နှိမ်နှင်းအောင်တော်မူတဲ့ နေ့ဖြစ်ပါတယ်၊ ကိလေသာအားလုံး အောင်မြင်သူသည် ဇိန (အောင်နိုင်သူ) ဟုဆိုနိုင်ပါသည်။ ထို့ကြောင့် ရဟန်းတော်များ အမြဲအမှတ်တရ ဖြစ်စေတဲ့ နေ့ထဲက ကိလေသာတို့ကို အောင်တဲ့နေ့တစ်ဖြစ်ပါသည်။
(ဒေါက်တာအရှင်ဣန္ဒာဝုဓ သံဃာတော်များအား ရူပီး ၅၀၀ စီ န၀ကမ္မအဖြစ် လှူစဉ်)

သာမန်လူတွေရဲ့ အောင်မြင်သောနေ့
စာရေးသူတို့လို အောင်မြင်သူတွေ သို့မဟုတ် အောင်မြင်မှု တစ်ခုခု ရရင် ထိုနေ့ကို အမှတ်တရအဖြစ် တစ်ခုခု လုပ်ကြသည်။ ထိုအောင်မြင်သော နေ့ကို ပုံစံအမျိုးမျိုးနဲ့ ပုံဖော်ကြသည်။ တချို့ကတော့ ပါတီပွဲလေးလုပ်ပြီး ရှမ်ပိန်(champagne) တွေ့ ဖွင့်ပြီး ပျော်ကြသည်၊ တချို့ကတော့ ပျော်ပွဲရွှင်ပွဲတွေနဲ့ အောင်ပွဲကို ဆင်နွဲကြသည်၊ တချို့ကတော့ အောင်မြင်သော နေ့အဖြစ် သူငယ်ချင်းတွေကို ဆိုင်မှာပဲ ဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် အစားအမျိုးစုံနဲ့ အောင်ပွဲကို အမှတ်တရဖြစ်စေသည်။ စာမေးပွဲအောင်လို့ပဲ ဖြစ်ဖြစ်၊ အလုပ်တစ်ခုခု အောင်မြင်လို့ပဲ ဖြစ်ဖြစ်၊ ကံကောင်း၍ ထီပေါက်အောင်မြင်တာပဲ ဖြစ်ဖြစ်၊ ပြိုင်ပွဲတစ်ခုခုကို အနိုင်ရအောင်မြင်တာပဲ ဖြစ်ဖြစ် မည်သည့်အောင်မြင်မှုမဆို အောင်ပွဲအတွက် အထိမ်းအမှတ်တစ်ခုတော့ လုပ်ကြသည်။

စာသင်တိုက်မှာနေစဉ် စာရေးသူတို့ ငယ်ငယ်က ပထမပြန်တန်း (အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်း) စာမေးပွဲ ဂေဇာက်(gazette) ထွက်ပြီဆိုရင် စာသင်တိုက်ကြီးထဲက စာရေးသူတို့အဆောင်လေးမှာ အတန်းစုံ စာမေးပွဲအောင်လေ့ရှိတယ်၊ ထိုအောင်မြင်မှုတွင် ပါဝင်တဲ့ ကိုရင် ဦးဇင်းလေးတွေက တစ်ပါးလျှင် ၁၀၀ ကျပ် သို့မဟုတ် ၂၀၀ စသည် ကိုယ်တတ်နိုင်သလောက် စုပေါင်းပြီး အဆောင်နေ သံဃာ သံဃာ ၃၀ သို့မဟုတ် ၄၀ လုံးကို မွန်မြတ်တဲ့ အစားအစာ ကပ်လေ့ရှိသည်။ ကိုရင်ဘ၀ စာသင်နေရတဲ့ အချိန်သည် လာဘ်လာဘမရှိ၍ စာသင်သားများ ပိုက်ဆံ မချမ်းသာကြ၊ သို့ပေမဲ့ မိမိရှိတာလေးနဲ့ စုပေါင်းပြီး အောင်မြင်သော နေ့ကို ဒါနဖြင့် အမှတ်တရဖြစ်စေခဲ့ကြသည်။ စာရေးသူလဲ ထိုချို့တဲ့စွာနဲ့ ပါဝင်ခဲ့ရဖူးသည်။ အလားတူပဲ သာမဏေများ (အနဲစု)သာ ဖြေဆိုရတဲ့ သာမဏေကျော် စာမေးပွဲ ကိုရင်လေးများကလဲ မိမိတို့အောင်ပွဲအတွက် တတ်နိုင်သလောက်ပြုကြသည်၊ စာရေးသူပင် သာမဏေဘ၀က သာမဏေကျော် ပထမဆင့်နှင့်ဒုတိယဆင့်ကို အောင်မြင်ခဲ့သဖြင့် ၂ ကြိမ် အောင်ပွဲအတွက် ဒါနဖြင့် အမှတ်တရဖြစ်စေခဲ့သည်။ စာရေးသူ စာချတန်း (ဓမ္မာစရိယ) တန်းအောင်တော့ စာရေးသူနေတဲ့ အဆောင်က စာရေးသူတစ်ပါးတည်း အောင်သည်၊ သံဃာ ၁၄၀၀ လောက်ရှိတဲ့အထဲက စာရေးသူအပါဝင် ၅ပါးအောင်မြင်ခဲ့သည်။ အလွန်မွဲချာသော စာရေးသူမှာ စာရေးသူနေတဲ့အဆောင်ရှိ သံဃာ ၃၀ လောက်ကို ရှိစုမဲ့စုထဲက ခြစ်ခြုတ်ပြီး ခေါက်ဆွဲဆွမ်းကပ်ပြီး အောင်မြင်သောနေ့ကို အမှတ်တရဖြစ်စေသည်၊ စာရေးသူ၏ ဘုန်းကံကြီးမားတဲ့ သူငယ်ချင်းများကတော့ မိမိတို့ရပ်ရွာမှာ ဂုဏ်ပြုပွဲတွေ အကြီးအကျယ်လုပ်ပြီး အောင်ပွဲခံကြသည်၊ စာရေးသူမှာကား ထိုဘုန်းကံမရှိ၊ ရန်ကုန်မြို့ အောင်လက်မှတ်ဆက်ကပ်ပွဲကိုတောင် အမေနဲ့အစ်မသာ ပါဝင်ခဲ့နိုင်သည်၊ သူငယ်ချင်းတွေကတော့ ရဟန်းဒကာ ရဟန်းအမတွေ၊ ဆွေမျိုးတွေနဲ့ စည်စည်ကားကား တက်ရောက်ကြသည်။

စာရေးသူတို့လို စာမေးပွဲ ၀င်ကြတဲ့ အရပ်သား လူငယ်များကလဲ ၈ တန်း ၉ တန်း ၁၀ တန်းတွေမှာ အထူးအောင်ခဲ့သော် အောင်ပွဲခံပွဲလေး အမှတ်တရလုပ်ကြသည်၊ ဆယ်တန်းအောင်မြင်သူတွေကတော့ အောင်မြင်ရုံလေးနဲ့ပဲ အောင်ပွဲအတွက် အမှတ်တရ လုပ်ကြသည်၊ စာရေးသူတို့တောရွာမှာဆို ဆယ်တန်းဂေဇာက်ထွက်တဲ့ နေ့ဟာ ဘယ်သူအောင်ပွဲခံမလဲဆိုတာ မျှော်တဲ့ နေ့တစ်နေ့လို ဖြစ်နေသည်၊ ဂေဇာက်ထွက်လို့ ကျရှုံးသူတွေကတော့ မိမိရဲ့ အရှုံးပွဲအတွက် မျက်ရည်နဲ့ ရှုံးပွဲခံကြသလို အောင်မြင်သူတွေကတော့ ပြုံးပျော်စွာ ပါတီပွဲလေးတွေနဲ့ အောင်ပွဲနေ့ကို အမှတ်တရဖြစ်စေကြသည်၊ အောင်ပွဲခံကြသည်။

ကောင်းကံမှ အကြောင်းကံ
ရှေးကုသိုလ် (ကောင်းကံ) ကံကြောင့် အောင်မြင်မှုလေးတွေ အထိုက်အလျှောက်ရရှိလာသလို လက်ရှိဘ၀ အားထုတ်မှုရဲ့ ပစ္စုပ္ပန်ကံတို့ ပေါင်းစပ်လိုက်တဲ့အခါ ပိုမိုပြီး အောင်မြင်မှုတွေ ရလာခြင်းဖြစ်သည်။ ထိုအကြောင်းကောင်းကံကြောင့် ရလာတဲ့ အကျိုးကောင်းကံလေးတွေကို ဒီဘက်ဘ၀မှာ အကျိုးမများ၊ အချည်းအနှီးမဖြစ်စေဘဲ အကြောင်းကောင်းကံ ဖြစ်အောင် လုပ်ရန် မမေ့ကြဖို့ လိုအပ်သည်။

တခါက ၀ိသာခါကျောင်းအမလောင်းက ဘာသာခြား ယောက်ျားနှင့် ယောက္ခများနောက်သို့ လိုက်သွားရသည်။ တနေ့တော့ အိမ်ပေါက်ဝ ရဟန်းတော်တစ်ပါး ကြွလာတော့ ၀ိသာခါမှာ အခက်တွေ့နေသည်၊ မိမိကိုယ်တိုင်ကလဲ ရဟန်းတော်များအား မဖူးရ မလှူရရင် မနေနိုင်၊ ဒါပေမဲ့ နေရတဲ့အိမ်က ဘာသာခြားအိမ်ဖြစ်နေသည်၊ ရဟန်းတော်များအား ဆွမ်းတစ်ဇွန်းကိုမျှ မလောင်းဘူး၊ ရဟန်းကြွလာတာကို ယောက္ခမကြီးကမြင်သည်၊ အိမ်ပေါက်ဝရောက်လာတဲ့ ရဟန်းကို မြင်လိုက်တာနဲ့ မျက်နှာလွှဲသွားသော ယောက္ခမကို ၀ိသာခါက အကဲခက်နေသည်။ ၀ိသာခါက မနေနိုင်၍ ရဟန်းတော်နားသွားပြီး လက်အုပ်ကလေးချီကာ “အရှင်ဘုရား ကန်တော့ဆွမ်းပါဘုရား၊ တပည့်တော် ယောက္ခမက အဟောင်း (ပုရာဏ)ကိုပဲ စားနေသူပါဘုရား”ဟု လျှောက်ထားသည် ထိုအသံကို ကြားသွားသော ယောက္ခမကြီးသည် သူ့ကို သူ့ချွေးမက မစင် (ချီး) တွေစားပါတယ်လို့ ပြောတယ်ထင်ပြီး မျက်ထောက်တွေနီပြီး ဒေါသထွက်နေသည်။ တကယ်တော့ ၀ိသာခါက “ပုရာဏံ ခါဒတိ-အစာဟောင်းကို စားတယ်”လို့ ပြောလိုက်ခြင်းသည် ရှေးကောင်းမှုကံကိုပဲ ထိုင်စားနေတယ်၊ ကောင်းကံ အသစ်ကို မဖန်တီးဟု ရည်ရွယ်ပြောသည်။

ထို့ကြောင့် ပုရာဏံ ခါဒတိ မဖြစ်ရလေအောင် အကြောင်းကောင်ကံအသစ်အသစ်တွေကိုလဲ ဆထက်ပိုပြီး ပြုသင့်သည်။ ဒီကနေ့ ဒေါက်တာ အရှင်မြတ် ၃ ပါးတို့က မိမိ၏ ရှေးကံကြောင့်ရော ပစ္စုပ္ပန်ဘ၀၏ ကြိုးစားမှုရော ပေါင်းစပ်ပြီး ရလာတဲ့ အောင်မြင်မှုအသီးအပွင့်ကို အကြောင်းကောင်းကံအသစ် မျိုစေ့ ဖြစ်အောင် ဖန်တီးယူလိုက်တာပဲ ဖြစ်သည်။ ထိုကဲ့သို့သော အောင်မြင်မှု အဆင့်ဆင့်ကနေ တကယ့်အောင်နိုင်သူ အစစ် ဇိန ဖြစ်အောင် အားထုတ်ကြရမှာ ဖြစ်သည်။ ဇိန ဖြစ်ခြင်းသည် ဗုဒ္ဓဘာသာဝင်တို့၏ နောက်ဆုံး ပန်းတိုင်ဖြစ်သည်။

အောင်နိုင်သူ အစစ်
အောင်နိုင်သူကို ဇိန ဟုခေါ်သည်။ (အိန္ဒိယအခေါ် ဂျိန (ဂျိန်း)။ တခါက ဘုရားရှင်သည် သူရထားသည့်တရားထူးတရားမြတ်ကို ကျေးဇူးရှိတဲ့သူတွေကို အရင်ဆုံး ကျေးဇူးဆပ်မည်ဟုသော ရည်ရွယ်ချက်ဖြင့် ခရီးကြွလာရာ ဆရာတော်ခဲ့ဖူးသူ အာဠာရနှင့် ဥဒကတို့လဲ ဆုံးသွားကြပြီ။ နောက် ကျေးဇူးရှိဆုံးသူများက သူ ၆ နှစ်လုံးလုံး တရားအားထုတ်စဉ်က ပြုစုစောင့်ရှောက်ခဲ့သော ပဉ္စ၀၀္ဂီ ငါးဦးဖြစ်သည်။ သူတို့အထံအသွား လမ်းမှာ တက္ကဒွန်း ဂျိန်း (ဇိန) အမည်ခံ ဥပကကြီးနဲ့တွေ့သည်။ ဘုရားရှင်ကို မြင်တော့ သူ အံ့သြသည်၊ ဘုရားရှင်ကိုမေးခွန်းတွေ မေးသည်။ ဘုရားရှင်က ဥပက-- တကယ့်အောင်နိုင်သူဆိုတာ ကိုယ့်သန္တာန်မှာ အကုသိုလ်စိတ်တွေ ကိလေသာတွေကို အောင်နိုင်မှ ဇိနလို့ခေါ်တာ။ ငါ့ဘုရားရှင်က ထို အကုသိုလ်တွေကို အောင်ပြီးဖြစ်လို့ တကယ့်အောင်နိုင်သူ (ဇိန) ဖြစ်တယ်ဟု ပြောတော့ ဥပကကြီးသည် ခေါင်းလေး ရမ်းပြီး ပြောလိုက်ပုံက “ဟုပေယျပါဝုသော- ဖြစ်နိုင်ဖွယ်ရှိတယ်၊ ဟုတ်ချင်လဲဟုတ်မှာပါလေ” ဟုသာ။ ကိုယ့်သန္တာန်က ကိလေသာ အကုသိုလ်စိတ်တွေ နှိမ်နှင်းအောင်နိုင်သူများကို ဇိန-တကယ့်အောင်နိုင်သူအစစ်များ ဖြစ်ကြသည်။ ဘုရားရှင်တို့ကိုတော့ အနန္တဇိန ဟုခေါ်သည်။

အောင်မြင်သောနေ့ကို အမှတ်တရဖြစ်စေသော အားဖြင့် ကောင်းမှူပါရမီများ ပြုကြသည်။ ကောင်းမှုပါရမီများဖြင့် အောင်ပွဲခံသည်။ ထိုအောင်ပွဲမှ သည်တကယ့်အောင်ပွဲခံအဖြစ် ဇိနဘွဲ့ခံ ရသည်အထိ မျှော်မှန်း တက်လှမ်းနိုင်ကြပါစေကုန်သတည်းးးးးးးးးးးးးး။

ဒေါက်တာအရှင်မြတ်များအား မိမိ တတ်နိုင်သော ဤမဖြစ်စလောက်ပို့စ်လေးဖြင့် ဂုဏ်ပြု (Congratulation!!!!!) လိုက်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၁-၇-၂၀၁၂

08 July 2012

မဟာဗောဓိအသံ (The voice of Mahabodhi)

မဟာဗောဓိအသံ
(The voice of Mahabodhi)
စာမိတ်ဆက်
မဟာဗောဓိပင်အောက်က ဘ၀ဂ်ညံတဲ့ အသံတွေ ဂီတဉ္စလီအသံတွေ အသံအမျိုးစုံ ဟန်အမျိုးစုံ အသွင်အမျိုးစုံနဲ့ စည်ကားလျက်ရှိသည်။ ယခုအခုအချိန် ဗုဒ္ဓဂယာရဲ့ ဆောင်းရာသီသည် အသည်းခိုက်အောင်အေးသည် သို့သော် တဖွဲဖွဲကျလာတဲ့နှင်းဖွေးဖွေးက အအေးဒဏ်ကို ကာကွယ်ပေးနေသည်။ မနက်မိုးလင်းတာနဲ့ ဂယာရဲ့ဆောင်းရာသီကို အံတုပြီး မဟာဗောဓိဘုရားရှင်ဆီသို့ ဦးတည်သွားကြသော လူအမျိုးမျိုးကိုလည်း မြင်တွေ့နေရသည်။ သူတို့တတွေ ဘယ်သူတွေလဲ ဘာလုပ်သွားကြတာလဲ?
အသွင်အမျိုးစုံ ကာလာအစုံ ယုံကြည်ချက်အမျိုးနဲ့ နိုင်ငံပေါင်းစုံက သူတို့တတွေရဲ့ စိတ်ထဲမှာ တူညီသော ယုံကြည်ချက် ပိုင်ဆိုင်ထားကြသည်။ အဲဒီယုံကြည်ချက်ကတော့ ‘‘ဤမဟာဗောဓိပင်အောက်မှာ ဘုရားရှင်သည် မာရ်ငါးပါးကို အောင်ပြီး ဘုရားဖြစ်ခဲ့ခြင်းနှင့် ဘုရားဖြစ်ပြီးချင်း ဤမဟာဗောဓိပင်၏ ၀န်းကျင်က ၇ ဌာနမှ ၇ ရက်စီ ၄၉ ရက်တိုင်တိုင် နေခဲ့သည်၊ ဘုရားဖြစ်ရာ ဤနေရာ (The Buddha was born here)’’ဟုပင်တည်း။ ထို့ ဤနေရာကို the Holiest Place အမြတ်ဆုံးနေရာဟု ဆိုသည်။
(တိပိဋကရွတ်ဖတ်ပွဲ ဖွင့်ပွဲတွင် ဖူးမြင်ရသော ရွှေကျင်ဆရာတော်ကြီးနှင့် သီတဂူဆရာတော်)

ဘာသာပေါင်းစုံက သူတော်စဉ်တွေ ထိုမြေမြတ်မဟာ (the Holiest Place) မှာ လာရောက် စုဝေးကာ မိမိတို့ ယုံကြည်ချက်အသီးသီးဖြင့် ထိုမြေမြတ်မဟာကို ဂါရ၀ပြုကြသည်၊ ထေရ၀ါဒ မဟာယာန ဇင် ဟိန္ဒူ တိဗက် စသည်ဖြင့် ၀ါဒတွေကွဲနေပေမဲ့ မြတ်ဗုဒ္ဓကို လေးစား ကြည်ညိုကြတာခြင်းတော့ တူညီကြသည်၊ မဇ္ဈိမဒေသမှာ မြတ်ဗုဒ္ဓဟောသည့် မဇ္ဈိမပဋိပဒါသည်လည်း ထိုဝါဒကွဲများ၏ တစ်ခုတည်းသော တူညီသည့် လမ်းကြောင်းဖြစ်သည်။ ထို့ကြောင့် အသွင်မတူ ကာလာမတူ ပုံစံ မတူပေမဲ့ မြတ်ဗုဒ္ဓ မဇ္ဈိမပဋိပဒါတည်းဟူ ပုခက်ထဲမှာ အတူကြီးပြင်းလာကြသည့် သွေးချင်းနီး ညီအစ်ကို မောင်နှမများ ဖြစ်ကြသည်။ မြတ်ဗုဒ္ဓ၏သာသနာ တိုးတက်ရန်နှင့် ခိုင်မာရန်အတွက် ကျွန်ုပ်တို့တတွေဟာ မတူတာတွေ ဘေးဖယ်ထားပြီး တူတာလေးတွေနဲ့ ပေါင်းစုပြီး ခရီးလျှောက်ကြရန် ဖြစ်ပါသည်။
(ဆရာတော်ကြီးအား လာရောက်ဖူးမြင်သော ဒကာတစ်ယောက်)

မဟာဗောဓိအသံ
မဟာဗောဓိပင်၏ အရပ်လေးမျက်နှာမှ မြတ်ဗုဒ္ဓ၏ ၄၅ နှစ်တိုင်တိုင်ဟောကြားခဲ့သော ၀ါကျပေါင်း ရှစ်သောင်း လေးထောင် (၈၄၀၀၀) ပါဝင်သည့် ပိဋကတ်သုံးပုံ အသံများ ဖြစ်သည်။ မဟာဗောဓိပင်ဝန်းကျင်တွင် ဗုဒ္ဓအသံများဖြင့် လွမ်းမိုးလျက်ရှိသည်မှာ ကြည်နူးစရာ ကောင်းလှသည်။
ဒီဇင်ဘာလ ၂ ရက် မှ ၁၂ ရက်နေ့ အထိ ၁၀ ရက်တိုင်တိုင် ထူးခြားသည့် ပူဇော်ပွဲကြီးကတော့ နိုင်ငံတကာ တိပိဋက ရွတ်ဆိုပွဲကြီး (International Tipitaka Chanting)ဖြစ်သည်။ ယခုအကြိမ်သည် (၇) ကြိမ်မြောက်ဖြစ်သည်။ မဟာဗောဓိပင်အောက်မှာ နိုင်ငံပေါင်းစုံက မဏ္ဍပ်များရှိသည်၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဗောဒီယား၊ သီရိလင်္ကာ၊ ဗီယတ်နမ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါစသည်ဖြင့် ထေရ၀ါဒဗုဒ္ဓဘာသာမဏ္ဍပ်တွေ အပြင် မဟာယာန တိဗတ် စသော မဏ္ဍပ်များစွာကိုလည်း တွေ့ရသည်။ ထိုပွဲကြီးကို စပွန်ဆာပေးသည့် အလှူရှင်မှာ အမေရိကန်နိုင်ငံက ဗုဒ္ဓဘာသာ အမေရိကန်မိသားစုဖြစ်သည်။ ထိုမိသားစုသည်လည်း စိတ်ဝင်စားစရာကောင်းသည်၊ စီမံခန့်ခွဲရေးတာဝန်ကိုတော့ နိုင်ငံတကာက အလှည့်ကျ တာဝန်ယူ ဆောင်ရွက်ရသည်။ အလွန်ကြီးကျယ်သည့် ပွဲဖြစ်သဖြင့် တာဝန်လဲ အလွန်ကြီးပါသည်။ အလှည့်ကျသည့် နိုင်ငံက ကိုယ်စွမ်းနိုင်သလောက် လူအင်အား ငွေအင်အား ဥာဏ်အင်အားတို့ဖြင့် အပြိုင်အဆိုင် ထုတ်သုံးကြသည်။

ဒါနပြိုင်ပွဲကြီး
စာရေးသူလည်း မဏ္ဍပ်ပေါင်းစုံကို လေ့လာသည်၊ နိုင်ငံတကာ မဏ္ဍပ်အသီးအသီးမှရှိသော သူတွေရဲ့ လှုပ်ရှားမှုတွေကိုလဲ ဂရုထားမိသည်။ သူတို့တတွေဟာ မဏ္ဍပ်တစ်ခုနှင့် တစ်ခု ပြိုင်နေကြသလိုပဲ။ မပြိုင်ပါဘူးလို့ ပြောနေရင်တောင် ရင်ထဲမှာတော့ ကြိတ်ပြီးပြိုင်နေကြမှာ အမှန်ပင်၊ စာရေးသူပင် ကိုယ့်မဏ္ဍပ်က သူများမဏ္ဍပ်ထက် အပြင်အဆင်နှင့် ဘုရားရှင်အား ပူဇော်ပုံတွေကို ကြည့်ပြီး ဂုဏ်ယူနေမိသည်၊ ဘုရားရှင်ကို ပန်း ဆီမီး သစ်သီးစုံ စသည်တို့ဖြင့် ပူဇော်ထားသည်မှာ မြန်မာကို မှီသည့် နိုင်ငံမရှိဟု တွေးပြီး ပီတိတွေ ဖြစ်နေမိသည်။ မြန်မာမဏ္ဍပ်ကို မဂဓရှိ တာဝန်ရှိမြန်မာကျောင်းသား ရဟန်းများနှင့် မြန်မာကျောင်းသားများ၏ ကျောင်းအမကြီးတို့ ပြင်ဆင်ထားသည်။ မြန်မာပြည်အနှံ့အပြားမှာ ပူဇော်နေကြတဲ့ ပဋ္ဌာန်းပွဲများ အပြင်အဆင်နှင့်တူသည်၊ ပဋ္ဌာန်း ၂၄ ပစ္စည်းကို ပုံဖော်သောအားဖြင့် အသီးစုံကန်တော့ပွဲ ၂၄ခု ပြင်ဆင်ထားသည်။ ထိုပုံစံမျိုး မြန်မာမဏ္ဍပ်ကလွဲရင် ဘယ်မဏ္ဍပ်မှ မတွေ့ရ။ ရဟန်းပရိသတ်အင်းအားဘက်က ကြည့်ပြန်ရင်လဲ မြန်မာက ထိပ်ဆုံးက ဖြစ်သည်၊ အသွင်အပြင်မှာ ရော ရွတ်ဖတ်သည့် အသံမှာရော မြန်မာက ပိုပြီး မြိုင်မြိုင်ဆိုင်ဆိုင် ရှိသည်ဟု ထင်သည်။
(မဟာဗောဓိပင်အောက် မြန်မာမဏ္ဍပ်တွင် မြန်မာရဟန်းတော်များ)
(မြန်မာမဏ္ဍပ်ရှေ့မှာ အမှတ်တရ စာရေးသူနှင့်မဂဓကျောင်းသား)

မြန်မာလိုပဲ ထိုင်းနိုင်ငံက မဏ္ဍပ်သည်လည်း ကြည့်လို့ကောင်းသည်၊ ရဟန်းပရိသတ် မြန်မာလောက် မရှိပေမဲ့ လူဝတ်ကြောင်ပရိသတ် အများဆုံးဖြစ်သည်၊ ဟိုတယ်မှာ ပိုက်ဆံ အများကြီး ပေးပြီး တိပိဋ လာရွတ်ကြသည့် ထိုင်း အမျိုးသား အမျိုးသမီးများကိုလဲ အထူးလေးစားမိသည်၊ စာရေးသူတို့ မြန်မာ မဏ္ဍပ်မှာတော့ လူဝတ်ကြောင် အနည်းငယ်မျှသာ ရှိသည်။ လာမည့် ၂၀၁၂ ခုနှစ်မှာ မြန်မာပြည်က ဦးဆောင် တာဝန်ယူကြရမည် ဖြစ်သဖြင့် လူအင်အား ငွေအင်အား များစွာ အသုံးပြုရပေလိမ့်မည်၊ ထို မြန်မာပြည်က ကုသိုလ်ရှင်များ ကြိုတင် ပြင်ဆင်ထားသင့်သည်။

မြန်မာမဏ္ဍပ်ကို ထိုင်းတွေ ဗီယက်နမ်တွေ ထိုင်ဝမ်တွေ လာရောက်လေ့လာ လှူဒါန်းကြသည်၊ ဒါတွေကိုလဲ အတုယူရလိမ့်မည်၊ ဒီနှစ် ဦးဆောင်တာဝန်ယူရသည့် နိုင်ငံမှာ လာအိုနိုင်ငံနှင့် ဘင်္ဂလားဒေရှ်နိုင်ငံ ဖြစ်သည်၊ အင်အားနည်းသဖြင့် ထိုင်းနိုင်ငံက ပံ့ပိုးသည်။ စာရေးသူ ထိုင်းနိုင်ငံကို အားကျသည်မှာ အလှူအတန်းပင်ဖြစ်သည်။ အိန္ဒိယနိုင်ငံ ဗုဒ္ဓဘာသာရှိသည့် နေရာတိုင်းမှာ ထိုင်းနိုင်ငံအမှတ်အသားတွေ့ရသည်၊ ဂယာလေဆိပ်မှာပင် ထိုင်းပုံစံ ရုပ်ပွားဆင်းတုတော်ကြီးကို တွေ့ရသည်၊ နေရာတိုင်းမှာ ထိုင်းနိုင်ငံရှိသည်ဟု မပြောသော်လည်း သိနေကြရသည်။ ကိုယ့်မဏ္ဍပ်ရှိ ရွတ်ဖတ် ပူဇော်နေကြသော ရဟန်းများကိုသာ လှူတန်းသည်မဟုတ် တခြားနိုင်ငံ မဏ္ဍပ်များရှိ ရဟန်းများကိုလည်း သွားရောက် လှူတန်းသည်၊ ဒါလေးတွေလဲ စာရေးသူ ရင်ထဲမှာ ထိုင်းနိုင်ငံသူနိုင်ငံသားတွေကို အလိုအလျောက် အမှတ် ပေးနေမိသည်။

အလားတူ ဗီယက်နမ်မှ သီလရှင်နှင့် ဒကာဒကာမတွေကလဲ မဏ္ဍပ်တိုင်းရှိ ရွတ်ဖတ် ပူဇော်နေကြသော အဖွဲ့ဝင်အားလုံးကို ဆွမ်းစားရာ မဏ္ဍပ်မှာပင် အလှူငွေများ လှူနိုင်သည်မှာလည်း လေးစားစရာ၊ လာမည့်နှစ်မှာ စာရေးသူတို့ မြန်မာနိုင်ငံက ဦးဆောင်ရမည် ဖြစ်သဖြင့် ဒါလေးတွေက အစ လေးလေးနက်နက် စဉ်းစားပြီး တတ်နိုင်တဲ့အလှူရှင်များက ထွက်လာပြီး နေရာယူသင့်သည်။
(မြန်မာမဏ္ဍပ်တွင် မြန်မာရဟန်းတော်များအား လာရောက်လှူဒါန်းကြသော အလှူရှင်များ)

ဒါနဆိုတာ ပြိုင်သင့်
အလှူဒါနပြုရာဝယ်သော်၎င်း၊ ကောင်းတာလုပ်ရာဝယ်၎င်း ပြိုင်ဆိုင်သင့်သည်။ သူ့ထက် သာအောင် လှူနိုင်ရမည်၊ သူ့ထက်သာအောင် ကောင်းတာ ပိုလုပ်နိုင်ရမည်ဟူသော သူတစ်ပါးကို မထိခိုက်စေသော အနုပဟစ္စဒါနမျိုးကိုကား ပြိုင်ကောင်းသည်။

ဘုရားလက်ထက်တော်က ကောသလမင်းကြီးနှင့် ပြည်သူတွေ အလှူဒါနပြိုင်ကြသည်၊ ဘုရင်က သာလိုက်၊ ပြည်သူတွေက ပြန်သာသွားလိုက်၊ ၆ ကြိမ်တိုင်တိုင် အလှူဒါန ပြိုင်ကြရာဝယ် ပြည်သူတွေရဲ့ အလှူဒါန စီမံရာမှာ ဘာဆို ဘာမှ ဟာကွက်မရှိ လိုအပ်ချက်မရှိ၊ လုံးဝ ပြည့်စုံနေသဖြင့် ဘုရင်ကြီး အရှုံးကြီးရှုံးကာ လက်မှိုင်ချပြီး စိတ်ဓာတ်ကျနေသည်၊ ထက်မြက်သည့် မလ္လိကာ မိဘုရားရဲ့ အကူညီကြောင့် ဘုရင်ကြီး၏ အလှူသည် ပြိုင်ဘက်မရှိ အသဒိသဒါနဖြစ်လာရသည်။ ထိုဇာတ်လမ်းအရ အမျိုးသမီးများ ဦးဆောင်နိုင်သည်ဟုပင် ဖြစ်သည်။ ယခု ပိဋကတ်သုံးပုံ ရွတ်ဖတ်ပူဇော်ပွဲကြီးမှာ ရဟန်းကလွဲရင် အများစုက အမျိုးသမီးများက ဦးဆောင်နေသည်။ စပွန်ဆာပေးသည့် အမေရိကန်က အလှူရှင်တို့သည်ပင် အမျိုးသမီးက အဓိက ဖြစ်နေသည်။ နောက်ဆုံးရက် ၁၃ ရက်နေ့မှာ နှစ်စဉ် အစီအစဉ်အတိုင်း တစ်နေရာစီသော ဌာနများကို ပါဝင် ရွတ်ပွားသူများကို ဘုရားဖူးပို့ပေးသည်၊ ဒီနှစ်မှာတော့ ဗာရာဏသီကို ပို့ပေးသည်၊ လိုက်သွားကြသည့် သီတင်းသုံးဖော်တွေကတော့ ထိုစပွန်ဆာ ပေးသည် မစ်စ်ဝမ်းမိုးနဲ့ သူ၏ မိသားစု၊ ညီမ၊ မိဘတို့အကြောင်းကို အာဘောင်အာရင်း သန်သန် ပြောပြပါတော့သည်၊ အလွန်တော်သည့် မိသားစုဖြစ်ကြောင်း တစ်ယောက်တမျိုး ပြောသည်ကို ကြားရသဖြင့် ပီတိဖြစ်မိသည်။ အမျိုးသမီးများ ဦးဆောင်သည့် ပွဲဖြစ်သည်။

စာရေးသူတို့ မြန်မာပြည်ကတော့ ဘယ်သူတွေ ဦးဆောင်မလဲ၊ ဗုဒ္ဓဂယာမြေမြတ်မဟာသို့ ဘုရားဖူးရောက်လာကြသည့် အဖွဲ့တိုင်းမှာ အမျိုးသမီးက ၉၀ ရာခိုင်နှုံးပါနေသည်။ အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် အားလုံး ၂၀၁၂ ခုနှစ် မြန်မာပြည်သူ ပြည်သားတွေ ကိုယ်စား ဤမြေမြတ်မဟာဝယ် လာရောက် ပေါင်းစုပြီး ကောင်းမှုပါရမီပြုကြရင်း စေတနာ သဒ္ဓါအားပြိုင်ပွဲကြီးမှာ ပါဝင်ကြပါရန်ပါ ထပ်လောင်းပြီး နှိုးဆော်လိုက်ပါသည်။
(ထိုင်းနိုင်ငံမဏ္ဍပ်တွင် တွေ့မြင်ရသော ပိဋကတ်ရွတ်ဖတ်ပူဇော်သူများ)

ရည်ရွယ်ချက်နှင့် အခွင့်လမ်း
ဤကဲ့သို့ တိပိဋက ပါဠိတော်တွေ စုပေါင်းရွတ်ဆိုခြင်းဖြင့် ဘာအကျိုးရှိအံ့နည်းဟု မေးဖွယ်ရှိသည်။ တကယ်တော့ လက်တွေ့ အကျိုးကျေးဇူးကတော့ နိုင်ငံပေါင်းစုံက ဗုဒ္ဓဘာသာအချင်းချင်း ချစ်ခင်ရင်းနှီးမှုရရှိသည်၊ ထိုသို့ ဗုဒ္ဓဘာသာအချင်းချင်း မေတ္တာ ကရုဏာတွေ ဖလှယ်ခြင်းဖြင့် ညီညွတ်မှုတစ်ခုကို ကောင်းကောင်း တည်ဆောက်ထားနိုင်ခြင်းကြောင့် သာသနာတော်၏ ဗဟိဒ္ဓဘေးရန်တွေကို အလွယ်တကူ ပူပေါင်း ကာကွယ်နိုင်သည်။ ဗုဒ္ဓဘာသာ၏အင်အားစု စည်းလုံးမှုနှင့် ငြိမ်းချမ်းသော ဘာသာတစ်ခုကို တကမ္ဘာလုံးကို မိတ်ဆက်ပေးရာလည်း ရောက်ပါသည်။ နိုင်ငံအသီးသီးက ကိုယ်စွမ်းနိုင်တဲ့ဘက်ကနေ အပြိုင်အဆိုင် မိတ်ဆက်ပေးနေကြသည်မှာလဲ ဗုဒ္ဓဘာသာရဟန်းတစ်ပါးအနေနဲ့ အလွန်ဝမ်းသာစရာပင်။

ပါဠိစာပေကို ရွတ်ဆိုခြင်း နာကြားခြင်းဖြင့် ဘုရားနှင့်တွေ့ တရားအနှစ်နဲ့တွေ့ အရှင်မဟာကဿပ အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလာန် စသော ဘုရားသားတော်များနှင်တွေ့ရသဖြင့် ဗုဒ္ဓါနုဿတိ ဓမ္မာနုဿတိ သံဃာနုဿတိများ ပွားများရာရောက်သည်။ ပါဠိဘာသာရွတ်ဆိုခြင်းဖြင့် ဘုရားဟော ပါဠိပိဋက အထုံလည်းရနိုင်ပါသည်၊ ထိုအထုံက ပဋိသမ္ဘိဒါဥာဏ်ကို အထောက်အပံ့ပေးပါသည်။ ရွတ်သူ နာသူတို့မှာ ပါဠိဘာသာဖြင့် ရွတ်ဆိုသော ဘုရားဟောပါဠိတော်များကို နားမလည်သော်လည်း အဘိဓမ္မာကို နာကြားလိုက်ရသော လင်းနှို့သား ငါးရာတို့ကဲ့သို့ အကျိုးထူးလည်း ရနိုင်ပါသည်။ ရွတ်ပွားသရဇ္ဈာယ်သော အရှင်မြတ်များအနေနဲ့ မတွေ့ဖူးသော စာပေ၏အရသာကို ခံစားရခြင်း၊ တွေ့ဖူးပြီး စာပေကိုလည်း ပြန်လည်ဆန်းစစ်နိုင်ခြင်းများလဲ ရနိုင်ပါသည်။

မြန်မာ့တာဝန်
ဒီကနေ့ ရွတ်ဖတ်ပူဇော်ပွဲ နောက်ဆုံးနေ့မှာပဲ မြန်မာအဖွဲ့ Chanting ဦးဆောင်ဖြစ်သည့် ဆရာတော်က ‘‘၂၀၁၂ နှစ်မှာ တပည့်တော်တို့ မြန်မာက ဦးဆာင်ဦးရွက် (Chief Organizer) လုပ်ဖို့ တာဝန်ယူထားကြောင်း၊ ဒီတာဝန်ကိုလည်း မြန်မာနိုင်ငံကိုယ်စား မြန်မာ့ဂုဏ်ဆောင်အနေနဲ့ မဖြစ်မနေ ယူရကြောင်းနှင့် လာမည်နှစ် မြန်မာ အဓိက ဦးဆောင်တာဝန်ယူရမည်ဟု ကြေငြာသောအခါ ထိုင်းတွေက ရယ် (ရီ)သတဲ့၊ မြန်မာက သူတို့ထက် ငွေကြေးအားဖြင့် နိမ့်ကျနေသောကြောင့် သူတို့စိတ်ထဲမှာ မြန်မာက ဒီလိုပွဲမှာ ဦးမဆောင်နိုင်ဟု သဘောပင်။ သို့သော်လည်း မြန်မာကျောင်းသားများသည် တိပိဋကစာပေအပိုင်းကရော ဘာသာသာစကားဘက်ကပါ သူတို့ထက် ပေါက်တာတော့ အမှန်ပင်ဖြစ်ကြောင်း’’ဟု ပြော။ မှန်ပါသည်၊ စာရေးသူတို့ မြန်မာကျောင်းသားများသည် သူတို့လောက် ငွေကြေးမသုံးနိုင်စေကာမူ အတတ်ပညာ အသိပညာပိုင်းမှာတော့ သူတို့ထက် မညံ့။ ထို့ကြောင့် သူတို့တောင် လုပ်နေသေးတာပဲ ကိုယ်က ဘာလို့ မလုပ်နိုင်ရမှာလဲ ဟုသော ရှိသင့်သောမာန (သေ၀ိတဗ္ဗမာန) ထားရမည်။

ယခု စာရေးနေတဲ့အခိုက်မှာပင် ဒီသတင်းကို ကြားသိကြသော မြန်မာနိုင်ငံမှာ သိန်းတစ်ရာ (၁၀၀) အလှူရှင်များ ၅ ဦး သိန်း ၅၀၀ ထွက်ပေါ်လာခဲ့သည်။ သဒ္ဓါတရားနှင့် စေတနာပိုင်းမှာ စာရေးသူတို့ မြန်မာကို မှီမည်မထင်၊ ဘယ်နေရာမှာ ဘယ်လို လှူရမလဲဆိုတာ သိအောင် ပြောပြပေးဖို့ပဲ လိုသည်၊ နောက်က လိုက်လာကြမည်မှာ မလွဲ။

သီတဂူဆရာတော်နှင့် တိပိဋက ရွတ်ပွဲ
သီတဂူဆရာတော်ကြီးသည် နှစ်စဉ်နီးပါး ဤ နိုင်ငံတကာ တိပိဋက ရွတ်ဆို ပူဇော်ပွဲကြီးမှာ တက်ရောက်လေ့ရှိသည့်အတွက် အလှူရှင် မစ်စ် ၀မ်းမိုးနှင့်လဲ ရင်းနှီးအကျွမ်းဝင်ပြီး ဖြစ်သည်၊ ဒီနှစ်မှာလဲ ဆရာတော်ကြီးသည် ဖွင့်ပွဲမှာတက်ရောက်၍ မိန့်ခွန်းပြောသွားခဲ့သေးသည့်အပြင် ညပိုင်းမှာလဲ ဗောဓိပင်အောက် တရားပွဲ ဟောသွားခဲ့သေးသည်၊ ပရိသတ်များ ကျေနပ်ကြသည်။ လာမည့်နှစ်မှာလဲ သီတဂူဆရာတော်ကြီးလည်း အဓိက အခန်းကဏ္ဍကနေ ဦးဆောင် ပါဝင်မည်ဟု သိရသည်။ ဒီနှစ်မှာ ထူးခြားသည့် အချက်တစ်ချက်ကတော့ မြန်မာနိုင်ငံ ရွှေကျင်သံဃာ့ရာဇာ ၀ါဆိုဆရာတော်ကြီးနှင့် သက်တော်ရှည် လာအို သံဃာ့ရာဇာတို့ တက်ရောက်သည်။

လာမည့်နှစ် ၂၀၁၂ နှစ်အတွက် ကိုယ်စွမ်း ဥာဏ်စွမ်း ရှိသလောက် ပါဝင်နိုင်ကြစေရန် သတင်းကောင်း ပါးလိုက်ရပါသတည်း။။။

မှတ်ချက်။ ။ ဒီမဟာဗောဓိအသံ ပို့စ်သည် ပြီးခဲ့တဲ့ ဒီဇင်ဘာက ရေးထားသည့် ပိဋကတ်ရွတ်ဖတ်ပူဇော်ပွဲ နှိုးဆော် လက်ကမ်းစာစောင်အတွက် ဖြစ်သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၃-၁၂-၂၀၁၁

02 July 2012

ရခိုင်တိုင်းရင်းသားများအလှူ (အိန္ဒိယ)

ရခိုင်တိုင်းရင်းသားများအလှူ (အိန္ဒိယကျောင်းသားများ)
“အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင် မြန်မာကျောင်းသား ရဟန်းတော်များ သာယာဖွံ့ဖြိုးရေး အဖွဲ့ကြီးမှ ရခိုင်ပြည်နယ်အတွင်း ဒုက္ခရောက်နေကြသော ဗုဒ္ဓဘာသာဝင်တို့အား မြန်မာကျပ်ငွေ ၂၆ သိန်း ၂ သောင်း တိတိကို ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှတဆင့် ဒေါက်တာ အရှင်ဥာဏိက၊ အရှင်သောပါက တို့က အဖွဲ့ကြီးကိုယ်စား ၃၀-၆-၂၀၁၂ နေ့တွင် လှူဒါန်းပါသည်။ ” ဟု အဖွဲ့ကြီး၏ အထွေထွေ အတွင်းမှူးဆရာတော်ထံမှ သတင်းရရှိသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂-၇-၂၀၁၂

01 July 2012

သီတဂူဓမ္မစကူးလ်

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သို့မဟုတ် သီတဂူဓမ္မစကူးလ်
သီတဂူသာသနာပြုအဖွဲ့အောက်ရှိ ပညာရေးကဏ္ဍဖြစ်သည့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်သည် သာသနာ့နွယ်ဝင် ရဟန်းတော်၊ သာမဏေ၊ သီလရှင်များတို့အားသာ ပညာဒါန-ပညာရေးအလှူပေးသည်မဟုတ်၊ သာသနာတော်ကို ချီးမြှောက်ကြသည့် သာသနာ့ဒါယကာ ဒါယကာမများနှင့် ဗုဒ္ဓစာပေများကို စိတ်ဝင်စားသူတို့အားလဲပဲ ပညာရေး ကုသိုလ်များ ပေးလျှက်ရှိပါသည်။ အထူးသဖြင့် ဓမ္မကိုပေးရာ ဌာနဖြစ်သောကြောင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်သည် ဓမ္မစကူးလ် (Dhamma School) မည်သည်။

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (၃) ခုတို့တွင် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွက် အောက်ပါအတိုင်း သက်ဝင်လှုပ်ရှားလျှက်ရှိသည်။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) တွင် ဒီပလိုမာ(Diploma)၊ ဘီအေ (B.A)၊ အမ်အေ (M.A)နှင့် ပီအိပ်ခ်ျ (Ph.D)တန်းများကို အတန်းစုံ ဆရာစုံတို့ဖြင့် ပုံမှန် လှုပ်ရှားသက်ဝင်လျှက်ရှိသည်။

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)မှာတော့ ဒီပလိုမာတန်းများကို သက်ဝင်လှုပ်ရှားပေးသည်မှာ ၃ နှစ်ပင်ရှိသည်။ လာမည့်နှစ်ပညာသင်နှစ်တွင် ဘီအေတန်းများ စတင်နိုင်ပါလိမ့်မည်။

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)တွင် ဒီပလိုမာတန်း၊ ဘီအေတန်း ပထမနှစ်၊ ဒုတိယနှစ်တို့ အပြင် လူဝတ်ကြောင်များအတွက် အထူးသင်တန်းအဖြစ် အခြေခံခံဗုဒ္ဓဘာသာ သင်တန်းများကိုပါ ထည့်သွင်းလျှက် သီတဂူဆရာတော်ကြီးကိုယ်တိုင် သင်ကြားပေးလျှက်ရှိပါသည်။ ထိုသင်တန်းကို အများစုက ဘွဲ့ရပြီးသော လူကြီးများကသာ တက်ရောက်သင်ယူနေသည်ကို တွေ့ရသည်။ နွေရာသီဓမ္မသင်တန်းများကိုလဲ ၂၀၁၀-၂၀၁၁ ကစပြီး ၅ တန်းမှ ဘွဲ့ရအထိ ကျောင်းသား ကျောင်းသူများကို အထူးသင်တန်းအဖြစ် သင်ကြားပေးလျှက်ရှိသည်။
(သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) အခြေခံဗုဒ္ဓဘာသာ သင်တန်း နှုတ်ခွန်းဆက်ပွဲ)

လူဝတ်ကြောင်များအတွက် သင်တန်းအကြိုမိန့်ခွန်း
၂၇-၆-၂၀၁၂ နေ့က (2012/2013 ပညာသင်နှစ်) လူပုဂ္ဂိုလ်များအတွက် အခြေခံဗုဒ္ဓဘာသာသင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ဆရာများ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။ သီတဂူဆရာတော်ကြီးက ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားပြီး သြ၀ါဒစကား မိန့်ကြားသည်။ ယခုသင်ကြားပို့ချနေသော လူဝတ်ကြောင်များအတွက် ဓမ္မစကူးလ်သည် ဒုတိယ အကြိမ်ဖြစ်သည်။
(သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး) ဒီပလိုမာသင်တန်း လက်မှတ်ပေးပွဲနှင့် ကျောင်းသားသစ်ကြိုဆို)

အလားတူပဲ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး) မှာလဲ ၃၀--၆-၂၀၁၂ နေ့က ဒီပလိုမာအောင်မြင်ပြီး ကျောင်းသား ကျောင်းသူများကို အောင်လက်မှတ် ပေးအပ်ပွဲနှင့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆို (Fresher-welcome) ကို သီတဂူအဓိပတိဆရာတော်ကြီး တက်ရောက် ချီးမြင့်ခဲ့သည်။ ဓာတ်ပုံများကို ဤနေရာမှ ကူးယူဖော်ပြသည်။Link
သီတဂူဓမ္မစကူးလ်
စာရေးသူတို့ ဗုဒ္ဓဘာသာအများစုက ဗုဒ္ဓဘာသာဝင်ရယ်လို့ ယူဆထားပေမဲ့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး အခြေခံ သဘောတရားလောက်ကိုမျှ မသိတဲ့သူက များနေသည်။ တချို့က ကိုယ့်ကိုယ်ကို မိရိုးဖလာဗုဒ္ဓဘာသာလို့ အားပါးတရ ပြောတတ်ကြသည်၊ ဂုဏ်မယူသင့်တာ ဂုဏ်ယူနေတတ်ကြသည်။ ကိုယ်ကိုးကွယ် ယုံကြည်နေတဲ့ ကိုယ့်ယဉ်ကျေးမှု၏ အခြေခံဖြစ်သည့် ဗုဒ္ဓစာပေကို သင်ရကောင်းမှန်းမသိ ဖြစ်နေတတ်ကြသည်။ တချို့ကတော့ စီးပွားရေးအကြပ်အတည်းကြောင့် စီးပွားရေးပညာဖြစ်တဲ့ လောကီပညာကိုပင် မသင်နိုင်ခဲ့ကြ။ စာရေးသူပင် ငယ်ငယ်က လေးတန်းကျောင်းသားဘ၀မျှသာ နေခဲ့သည်။ စာရေးသူ၏ ရပ်ရွာရှိ အများစုက ရေးတတ်ဖတ်တတ်ရင် ကျောင်းထုတ်ကြသည်။ မိဘတွေကိုယ်တိုင်က ပညာရေး အားမပေး၊ ကျောင်းပြီးလို့ ဘာလုပ်မလဲဆိုတဲ့ မေးခွန်းက သူတို့အတွက် ဖြေစရာမရှိဖြစ်နေသည်။ လက်တလောမှာပင် ပညာတတ်လို့ယူဆရတဲ့ ဘွဲ့ရများသည်ပင် တောင်ယာ ကိုင်းကျွန်းလုပ်ကြရသည်၊ တချို့က လက်သမား၊ ပန်းရံအလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုကြသည်။ ဘွဲ့ရရင် ဘာလုပ်မလဲဆိုတော့ မေးခွန်းအတွက် အဖြေမရှိသော မိဘများကား မိမိတို့ သားသမီးများကို အသက်ငယ်ငယ်နဲ့ပဲ ကျောင်းထုတ်ပြီး အလုပ်ထဲ ထည့်ကြသည်။ ဒီလိုနဲ့ တစ်နိုင်ငံလုံးအတိုင်းတာနဲ့ ကြည့်ရင် ပညာမဲ့လူတန်းစား၊ ပညာတတ်အလုပ်လက်မဲ့ လူတန်းစားတွေ သိပ်များနေသည်။ ပညာတက်လူတန်းစား တိုးပွားလာလေ စားဝတ်နေရေးအတွက် ကြပ်တည်းလေ ဖြစ်လာသည်။ အူမတောင့်မှ သီလစောင့် ဆိုတာလို စားဝတ်နေရေး ကြပ်တည်းလာလေလေ ဘာသာ-ယဉ်ကျေးမှုအတွက် အချိန်မပေးနိုင် ဖြစ်ကြရသည်အတွက် မိရိုးဖလာဗုဒ္ဓဘာသာဟု ကြွေးကြော်သူ များလာလေလေ ဖြစ်သည့်အပြင် မျှော်လင့်ချက် ရည်ရွယ်ချက်ကင်းမဲ့သူတွေ များလာတာနဲ့အမျှ လဘက်ရည်ဆိုင် အရက်ဆိုင် ဘားဆိုင် ကေတီဗီ KTV အစရှိသည့် လူငယ်များ မသွားသင့်သည့်နေရာများမှာ ပိုတိုးပွားလာလေ ဖြစ်လာသည်။ ထို့ကြောင့် ဘာသာတရား၏ အခြေခံကို မသိခြင်းအတွက် အပြစ်မတင်သာ ဖြစ်နေကြရသည်။ ဘာသာ ယဉ်ကျေးမှု အသိတွေ နဲလာလေ အတ္တသမားတွေ အကျင့်ပျက် ခြစားတွေ များလာလေလေ ဖြစ်မည်။
(သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး) ဒီပလိုမာသင်တန်းမြင်ကွင်း)
နိုင်ငံတစ်နိုင်ငံ၏ ဘာသာတရား ယဉ်ကျေးမှု၊ ပညာ၊ စီးပွား၊ နိုင်ငံရေးတို့သည် ကွင်းဆက် ဆက်စပ်နေသည် ဖြစ်ရကား တစ်ခု ချို့ယွင်းတာနဲ့ အားလုံး နီးပါးလိုက်ပြီး ပျက်သုန်းသွားနိုင်သည်။ ထိုအချက်ကို များစွာ ဂရုပြုသင့်သည်။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က ဒီပလိုမာ၊ ဘီအေ၊ အမ်အေ၊ ပီအိပ်ခ်ျနှင့် အခြခံဗုဒ္ဓဘာသာသင်တန်းများ၊ လူငယ်များအတွက် နွေရာသီဓမ္မစကူးလ်များကို သင်ပေးခြင်းဖြင့် ဟာကွက် ဖြစ်နေသော ထိုဘာသာ ယဉ်ကျေးမှုအသိပညာများကို ရဟန်းတော် သီလရှင်များအပြင် လူဝတ်ကြောင်များ ဖြစ်သော လူငယ် လူကြီး အားလုံးကို ဖြည့်ဆည်းပေးလျှက်ရှိသည်။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ ဓမ္မစကူးလ်သည် မျော်လင့်ချက်မဲ့နေသော လူငယ်တွေအတွက် အရက်ဆိုင် ဘားဆိုင် ကေတီဗီဆိုင်တွေသွားပြီး အချိန်ဖြုန်းနေမည့်အစား ဘာသာရေးအသိပညာ ယဉ်ကျေးမှုအသိပညာ အပြင် မြတ်ဗုဒ္ဓ၏ လူမှုရေး စီးပွားရေး နိုင်ငံရေးအသိပညာတွေကိုပါ ပေးနိုင်သည့် ဌာနတစ်ခုဖြစ်ဖြင့် ထိုဌာနသို့ သွားရောက် အချိန်ဖြုန်းကြပါလေ။

ထို့ကြောင့် “ဓမ္မစကား၊ နေ့တိုင်းကြားက၊ စိတ်ထားဖွေးလက်၊ သိဉာဏ်ထက်၏” ဟူသော ရှေးပညာရှိများအဆုံးအမများနှင့်အညီ ဓမ္မစကား နေ့တိုင်းကြားရန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ သင်ကြားပေးသော အခြေခံဗုဒ္ဓဘာသာသင်တန်း၊ နွေရာသီဓမ္မစကူးလ်များကို သွားရောက် သင်ကြားနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၈-၆-၂၀၁၂

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes