သီတဂူစတား

သီတဂူစတား

30 January 2011

လောက အဖျက်တရား အပိုင်း (၂)

စာမိတ်ဆက်

ပေါ့ပေါ့ပါးပါး ခရီးသွားမှတ်တမ်း၊ သတင်း (information) တွေကို ရေးရတာကို ပိုသဘောကျသည်။ ခရီးလည်းမသွားဖြစ်တာကြောင့် ခရီးသွားပို့စ်များ မတင်ဖြစ်သေး။ ဒါပေမဲ့ လူအမျိုးမျိုး နတ်အမျိုးမျိုးဆိုသလို အကြိုက်လဲ တစ်မျိုးစီဖြစ်ကြသည်။ ဗဟုသုတအဖြစ် ရစေရန် ရည်ရွယ်ပြီး သီတဂူစတား ခရီးသွားပို့စ်တွေ ရေးတင်ပေမည့် အချို့က ဝေဖန်သည်။ သိပ်မကြိုက်ကြ။ ပြစ်ပြစ်ခါခါ ဝေဖန်တာတွေလည်း ရှိခဲ့ဖူးပြီ။ အချို့ကြပြန်တော့ သတင်းနှင့်ပေါ့ပေါ့ပါးပါးဆောင်းပါး, မှတ်တမ်းပုံစံမျိုးကို ကြိုက်ကြသည်။ ဒါ့ကြောင့် လူ့အလို နတ်မလိုက်နိုင်တာဆိုတာ ဒါမျိုးပဲ ဖြစ်သည်။ အခု နောက်ပိုင်း ခရီးမသွားဖြစ်တာကြောင့် ဗုဒ္ဓစာပေများကိုပဲ ဖတ်ရင်း ရေးရင်း သင်ရင်းဖြင့် အချိန်ကုန်စေခဲ့သည်။

ကျေနပ်စရာကောင်းသည်ကတော့ သီတဂူစတားပို့စ်ကို တင်တိုင်းဖတ်ဖော်ရတဲ့ ပရိသတ်များရှိသလို အချို့ရဟန်းတော်များက ပလ္လင်ပေါ်မှာတောင် အသုံးချနိုင်ကြသည်။ သူငယ်ချင်းက အရှင့်ပို့စ်နဲ့ ဒီနေ့ တရားဟောကြောင်း သတင်းပို့သဖြင့် ထိုအရှင်ကို များစွာ ကျေးဇူးတင်မိသည်၊ မိမိ၏ ပို့စ်များကို ပရိသတ်ရင်ထဲ ရောက်အောင် ပို့ပေးနိုင်ခြင်းကြောင့်လဲ ၀မ်းသာမိပါသည်။ သူငယ်ချင်းဓမ္မကထိက တစ်ပါးကလဲ မစ္ဆရိယနှင့်ပတ်သက်ပြီး ပို့စ်တစ်ခုလောက် ရေးပေးပါဦးဟု မိန့်သဖြင့် လောကအဖျက်တရား အပိုင်း (၂) တွင် မစ္ဆရိယအကြောင်း ရေးဖြစ်ဖို့ အကြောင်းတစ်ရပ်လည်း ဖြစ်သွားသည်။

မစ္ဆရိယနှင့် ဒေါသနောက်ခံရှိပုံ

မစ္ဆရိယအကြောင်း လေ့လာကြမယ်ဆိုရင် ရှေးဦးစွာ အဘိဓမ္မာကို ရှာရပါလိမ့်မည်။ စိတ် စေတသိတ်တွေရဲ့ သဘောတရားတွေကို အဘိဓမ္မာတွင်သာ များစွာ တွေ့နိုင်ပါသည်။ အဘိဓမ္မာမှ ကင်း၍ မရပါ။ မစ္ဆရိယသည်လည်း သံယောဇဉ်တရားဖြစ်သောကြောင့် လောကအဖျက်တရားပင် ဖြစ်သည်။ သီတဂူစတားလည်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ Intermediate Level တန်းအတွက် အဘိဓမ္မာနှင့်ပတ်သက်ပြီး သင်တန်းတစ်ခု တာဝန်ယူထားသဖြင့် အဆင့်သင့်ဖြစ်သွားသည်။ မစ္ဆရိယဟုသော ပါဠိဘာသာအသုံးသည် မြန်မာဝေါဟာရအဖြစ် အသုံးပြုထားသဖြင့် ယေဘုယျအားဖြင့် မြန်မာလူမျိုးများ အတော်အတန် နားလည်သင့်သလောက် နားလည်ထားကြသည်။ မစ္ဆရိယကို ၀န်တိုခြင်းဟု ဘာသာပြန်ဆိုသည်၊ avarice ဟူ၍လည်း ပြန်ဆိုထားသည်။ ယခုအခါ၌ မလှူရက် မပေးကမ်းရက်သော သူကို မစ္ဆရိယရှိသူဟု ခေါ်ဆိုကြသည်။ နှမြှောခြင်း, ကပ်စေးနှဲခြင်း, တွန့်တိုခြင်း စသည်အားဖြင့် ဘာသာပြန်ဆိုကြသည်။ အမှန်ကား မစ္ဆရိယသဘောသည် မလှူချင် မပေးချင်မှုမျိုးမဟုတ် သူတပါးတို့အား မရစေခြင်းသဘောဖြစ်သည်၊ မိမိပစ္စည်းကို တွယ်တာသောမှုသည် လောဘသာတည်း၊ မိမိစည်းစိမ်ပဲ ဖြစ်ဖြစ် ဂုဏ်ပဲဖြစ်ဖြစ် သူတပါးမရစေခြင်း သဘောကိုသာ မစ္ဆရိယဟု ခေါ်သည်။ (ကိုယ်ကျင့်အဘိဓမ္မာ-၇၁)

မစ္ဆရိယသည် ကိုယ့်ပစ္စည်း၊ ကိုယ့်စည်းစိမ်ကို နှမြောမှု ၀န်တိုမှုသဘော ဖြစ်သည်အတွက် လောဘနှင့်ယှဉ်ရမည်၊ လောဘအရင်းခံ ရှိရမည်ဟု ထင်မိကြပါလိမ့်မည်။ တကယ်တော့ မပေးရက်လို ၀န်တိုခြင်း မစ္ဆရိယသည် လောဘအရင်းခံရှိရမည်ကား မှန်၏၊ သို့သော် ကိုယ့်ပစ္စည်း ကိုယ့်စည်းစိမ်များကို တခြားသူနှင့် မဆက်ဆံစေလိုခြင်း၊ ဆက်ဆံ ပတ်သက်လာလျှင်လည်း သည်းမခံနိုင်ခြင်းသဘော ဒေါသ ရှိရကား မစ္ဆရိယဖြစ်ခိုက်မှာ လောဘသည် ချုပ်နေပြီးဖြစ်သည့်ကြောင့် ဒေါသ၌ယှဉ်သည်ဟု ဆိုသည်။ ဒေါသယှဉ်သော မစ္ဆရိယသည် လောကအဖျက်သဘောပင်ဖြစ်သည်။

သဘောလက္ခဏာများ

ဓမ္မသင်္ဂဏီအဋ္ဌကထာ (အဋ္ဌသာလိနီ)တွင် မစ္ဆရိယ၏ သဘောလက္ခဏာများကို အောက်အတိုင်း ဖော်ပြထားသည်ကို တွေ့ပေလိမ့်မည်။

၁။ လဒ္ဓါနံ ၀ါ လဘိတဗ္ဗာနံ ၀ါ အတ္တနော သမ္ပတ္တီနံ နိဂူဟနလက္ခဏံ- ရအပ်ပြီး (ရှိပြီး) ရလတံ့ ရထိုက်သော မိမိ၏ ဘ၀စည်းစိမ် ဥစ္စာများကို သူများအား မပေးချင်သော ကြောင့် လျှို့ဝှက်ထားခြင်း ဖွက်ထားခြင်း သဘောလက္ခဏာသည် မစ္ဆရိယမည်။ ကိုယ့်မှာရှိနေသော ပစ္စည်းများကို တပါးသူများယူမှာ တပါးသူများကို ပေးရမှာ တစ်ပါးသူများနှင့် မြင်မှာ အခြားသူနှင့်ဆက်ဆံမှာကို စိုးရိမ်နေသဖြင့် ဖွက်ထားခြင်းသဘောဖြစ်သည်။
မြတ်ဗုဒ္ဓလက်ထက်တော်က အလွန်နှမြောသော အဒိန္နပုဗ္ဗကအမည်ရှိ ပုဏ္ဏားတစ်ယောက်မှာ မဋ္ဌကုဏ္ဍလီအမည်ရှိ သားတစ်ယောက်ရှိသည်။ တစ်ခါဖူးမျှ တစ်ကြိမ်တစ်ခါမျှ မလှူမဒါန်း မပေးကမ်းခဲ့ဘူးသောကြောင့် အဒိန္နပုဗ္ဗကဟု အများစုက နာမည်ပေးခေါ်ကြသည်။ တစ်နေ့တော့ ၁၆ နှစ်အရွယ်ရှိ သားလေးမှာ အသားဝါရောဂါ (အသည်းရောဂါ) ရလေသည်။ ရောဂါ တနေ့တခြား တိုးလာတော့ အမေဖြစ်သူက အဖေဖြစ်သူ ပုဏ္ဏားအား ကြိမ်ဖန်များစွာ ဆေးကုသခိုင်းပေမဲ့ ဆေးဖိုးကုန်မည်စိုး၍ မကုသခဲ့။ ဆေးဆရာခေါ်လျှင်လည်း ဆေးဖိုးအပြင် ဆေးဆရာ၏စားစရိတ်ပါ ကုန်မည်ကို တွေး၍ ဆေးဆရာမခေါ်ဘဲ ကိုယ်တိုင် သစ်ခေါက်တွေကို ကျိုပြီး ဆေးကုသသော်လည်း ရောဂါသည် တနေ့တခြားတိုးလာတော့သည်၊ နောက်နေ့ ထိုရောဂါဖြင့်ပင် သားဖြစ်သူ ဆုံးသွားသည်။ သား သေသောအခါ ကိုယ့်သားအတွက်တောင် မသဒ္ဓါသောပုဏ္ဏားကြီးသည် တွေးတော ကြံစီနေသည်။ အကယ်၍ လူတွေက သားသေကြောင်း သတင်းလာမေးလျှင် ငါ့အိမ်မှာရှိတဲ့အတွင်းပစ္စည်းများကို သူတို့တွေ မြင်ကြလိမ့်မည်ဟု တွေးကာ သားလေး၏ အလောင်းကို အိမ်အပြင်ထုတ်ထားလိုက်သည်။ သားသေတာတောင် မိမိပစ္စည်း လူမြင်မည်စိုး၍ ဖွတ်ထားခြင်းကား ပုဏ္ဏားကြီး၏ မစ္ဆရိယပင်ဖြစ်သည်။

၂။တာသံယေ၀ ပရေဟိ သာဓာရဏဘာဝဿ အက္ခမနရသံ- ထိုမိမိစည်းစိမ်ဥစ္စာတို့ သူတပါးတို့နှင့် ဆက်ဆံနေပါလျှင်လည်း သည်းမခံနိုင်တဲ့ သဘောသည်လည်း မစ္ဆရိယပင်တည်း။ ကိုယ့်မှာရှိနေတဲ့ပစ္စည်း သူတပါးနှင့် ပတ်သက်မှုကို သည်းမခံနိုင်သော ဒေါသအရင်းခံရှိသော သဘောဖြစ်သည်။ ကိုယ့်မှာရှိတဲ့ပစ္စည်း ဖွတ်ထားခြင်း၊ အကယ်၍ မတတ်သာလို့ သူတပါးက မြင်တွေ့လို့ ဆက်ဆံနေလျှင်လည်း မနှစ်မျို့ခြင်းသဘောဖြစ်သည်။

ကောသိယအမည်ရှိ သူဌေးတစ်ယောက်ကို အလွန်နှမျှော ၀န်တိုလွန်းလို့ မစ္ဆရိယကောသိယဟု ဂုဏ်ထူးဝိသေသနှင့် အများက ခေါ်ကြသည်။ ထိုကုဋေ ၄၀ ကြွယ်ဝသော သူဌေုးုဖြစ်ပေမဲ့ သူတစ်ပါးအားလည်း မပေးရက်၊ ကိုယ့်သားသမီးကိုတောင် မကျွေးရုံမက ကိုယ့်ကိုပင်မသဒ္ဓါသော သူဌေးကြီးသည် မြိုရွာဇနပုဒ်ထဲက မုံ့ဆီကြော်စားနေသူကို ကြည့်ပြီး ရသတဏှာဖြစ်လာသည်။ ထိုသူဌေးကြီး ထိုရသတဏှာအတွက် ကြံစည်ရ တော့သည်။ ‘‘အကယ်၍ လူအများကြီးနှင့်အတူစားလျှင် ငါ့မှာရှိတာ များစွာ ကုန်သွားလိမ့်မယ်ဟု တွေးတောကာ မစားရက် မသောက်ရက်၊ ထို ဆာလောင်မှုကိုလည်း ဘယ်သူကိုမှ မပြောရဲ၊ အဖြတ်ရဆုံးသော ဆာလောင်မှုတဏှာ ကြိတ်မိတ်ပြီး သည်းခံလာရာမှ တစ်နေ့တခြား ခန္ဓာကိုယ် ကျုံလှီပိန်ခြုံးလာသည်ကို ဇနီးဖြစ်သူက မေးလာသောကြောင့် ငါ့မှာ တဏှာဖြစ်နေတယ် ရှင်မရေဆိုတော့ ရှင်က ဘာတဏှာတွေ ဖြစ်နေတာလဲ ပြောစမ်းပါဦးဆိုတော့မှ မုံ့ဆီကြော်ဆာလောင်မှု တဏှာ ဖြစ်ကြောင်း ပြောပြသောအခါ အောင်မလေးတော်- ဒီလောက်ကလေးဖြင့် စောစောက ပြောရောပေါ့၊ ကျွန်မ လုပ်ကျွေးမှာပေါ့။ တမြို့လုံးကိုကျွေးလောက်အောင် လုပ်ပေးပါ့မယ်တော်။ ရှင်မရေ- ဒီလိုလဲမဖြစ်သေးဘူးလေ ဒို့မှာရှိတာတွေ ကုန်သွားမှာပေါ့။ ဒီတော့ ဘယ်သူမှ မသိတဲ့ နေရာမှာ ရှင်နှင့်ကျွန်မ နှစ်ယောက်ထဲသွားပြီး ရှင့်အတွက် မုံ့ဆီကြော်လုပ်ပေးပါ့မယ်၊ နှမြှောလွန်း၍ ဆန်အညံ့စား ဆန်ကွဲတို့ဖြင့် မုံ့လုပ်ပေးရသည်။ ဤကား ကောသိယသူဌေး၏ မိမိစားဖွယ်သူများမြင်မှာ သူများနှင့် ဆက်ဆံမည်ကို စိုးရိမ်စိတ်ဖြင့် ဘယ်သူမှ မသိတဲ့ တံခါးအဆင့်ဆင့် ပိတ်ပင်ပြီး အစောင့်အထပ်ထပ်ချကာ ဘုံ ၇ဆင့်ရှိ တိုက်ခန်းအပေါ်ထပ် တစ်နေရာမှာ သွားပြီး မုံ့လုပ်စားခြင်းပဲဖြစ်သည်။ မစ္ဆရိယသဘောပင်တည်း။ မုံ့ဆီကြော်သူများမြင်မှာ သူများနှင့်ဆက်နွယ်ခြင်းကို မလိုလားခြင်းသဘောဖြစ်သည်။

၃။ သင်္ကောစန ပစ္စုပဋ္ဌာနံ- တွန့်တိုသည်၏အဖြစ်ထင်ရှားသည်။ ဆားဖြင့်အတို့ခံ့ရသော တီကောင်ကလေး တွန့်တိုသွားသလို သူများက ပစ္စည်းကိုလာတို့ လာကိုင်လျှင် တွန့်တိုသွားတက်သည်။ မကျေနပ်သည့်အခြင်းအရာ အမူအရာတွေ ပေါ်လာတတ်သည်။ ယောင်းမဖျားဖြင့် ပေးကမ်းတတ်သည့် အခြင်းရာသည် ထင်ရှား၏။ ဤနည်းအားဖြင့် မစ္ဆရိယရှိသူကို အကဲခက်နိုင်သည်။

ဘုရားရှင်၏ ‘‘ ကိုယ်တိုင်လည်းလှူ သူ့ကိုလည်း လှူစေဟုသော ဒါနသည် ဘ၀၏ ပြည့်စုံခြင်းဟု ဆိုအပ်သော စည်းစိမ်ဥစ္စာပြည့်စုံခြင်းနှင့် အချွေအရံအကျော်အဇောပြည့်စုံခြင်းဟူသော ဥဘယသမ္ပတ္တိကို ပြည့်စုံနိုင်ကြောင်း’’ဟုသော ဒါနဂုဏ်ရည် တရားတော်ကို နာကြားပြီး အမျိုးကောင်းသားတစ်ယောက် မြို့ထဲလှည့်လည်ကာ အလှူဒါနပြုရန်အတွက် အလှူခံထွက်လာရာ သူဋ္ဌေးတစ်ယောက်၏ အိမ်ပေါက်ရောက်လာသည်။ ‘‘ ဒီလူတော့ ကိုယ်နိုင်သလောက်ကိုပဲ မလှူဘဲ သူများဆီ လိုက်အလှူခံနေတယ်’’ဟု တွေးက ထိုသူဋ္ဌေး ထိုအလှူခံအပေါ် စိတ်ဆိုးသည်၊ အမျက်ထွက်သည်။ ထို့ကြောင့် ဆန်, ပဲစသည်ကို လက်ကလေးဖြင့် ကော်၍ အနည်းငယ်မျှသာ လောင်းလှူသည်။ ဗိဠာလပါဒကသူဋ္ဌေးဟူ၍ နာမည်တွင်လေသည်။ မစ္ဆရိယ၏ သင်္ကောစန သဘောတရားပင်တည်း။

၎။ အတ္တသမ္ပတ္တိ ပဒဋ္ဌာနံ-ထိုသို့ မစ္ဆရိယ စိတ်ဝင်လာခြင်းသည် မိမိ၏ကိုယ်ပိုင် စည်းစိမ်ဥစ္စာကြောင့်ပင်ဖြစ်သည်၊ ဣဿာက သူတစ်ပါး၏ ပြည့်စုံခြင်းကြောင့်ဖြစ်သည်။ ဣဿာက သူများဥစ္စာနှင့် အကုသိုလ်ဖြစ်သည်၊ မစ္ဆရိယကတော့ ကိုယ့်ပစ္စည်းနှင့်ကိုယ် အကုသိုလ် ဖြစ်သည်။
စာပေမှာက ဂုဏ်ပကာသနပဲဖြစ်ဖြစ် ရာထူးဌာနန်ပဲ ဖြစ်ဖြစ်၊ စီးပွာပဲဖြစ်ဖြစ် စသည်များကို ငါသာပိုင်စေ ငါ့ဥစ္စာပဲ ဖြစ်စေ၊ သူတစ်ပါးအတွက် မဖြစ်ပါစေနဲ့ဆိုသော သဘောတရားများသည်လည်း မစ္ဆရိယပင်တည်း။ ကိုယ်ချည်းပဲ အကုန်ရခြင် သူတစ်ပါးကိုတော့ ရစေလိုစိတ်မရှိ ရဘိုရန်မလိုလားသော စိတ်သည် မဟာမစ္ဆရိယ-ကြီးကျယ်သော ၀န်တိုခြင်းဟု ခေါ်သည်။
မှတ်ချက်။ ။ ၀ိဂတမစ္ဆရိယ- မစ္ဆရိယမရှိသူ၊ မစ္ဆရိယကင်းသူ သဘောကို အလှူရှင်ဂုဏ်ရည် ပို့စ်တွင် ဖော်ပြထားပြီးဖြစ်သည်။

မစ္ဆရိယ ၅ မျိုး

အဂုင်္တ္တရနိကာယ်တွင် မစ္ဆရိယ ၅ မျိုးပြထားသည်။ အာဝါသမစ္ဆရိယ,ကုလမစ္ဆရိယ, လာဘမစ္ဆရိယ, ၀ဏ္ဏမစ္ဆရိယ, ဓမ္မမစ္ဆရိယ ဟူ၍ပင်ဖြစ်သည်။ ရဟန်းတော်များကို ဦးတည်၍ဟောထားသော်လည်း လူဝတ်ကြောင်များအတွက်လည်း အလားတူ နည်းယူနိုင်ပါသည်။

၁။ အာဝါသမစ္ဆရိယ- နေရာထိုင်းခင်း၊ ကျောင်း၊ အိမ် စသည်တို့ ၌ ၀န်တိုခြင်း။ ထိုမိမိပိုင် နေရာလေးကို သူများ နေရာယူခြင်းကို သည်းမခံနိုင်ခြင်းသည် နေရာနှင့်ဆက်သောမစ္ဆရိယ ဖြစ်သည်။ ဥပမာ- ကားစီးတဲ့အခါမှာပဲ ဖြစ်ဖြစ်၊ သင်္ဘော လေယာဉ်စသော ယာဉ်များစီးတဲ့အခါမှာဖြစ်ဖြစ် ကိုယ်ထိုင်တဲ့ နေရာလေးကို ၀န်တိုသည်၊ သူများထိုင်သွားလျှင်လည်း သည်းမခံနိုင်ဖြစ်တတ်သည်။ နှစ်ယောက်ထိုင်ခုံကလေးကိုပင် သူတပါးလာထိုင်မည်ကို သည်းမခံနိုင်သဖြင့် ခြေဆန့်ထိုင်တာမျိုး၊ နှစ်ခုံကြားထိုင်တာမျိုး၊ နှစ်ယောက်ထိုင်လောက်တဲ့နေရာမှာ နောက်တစ်ယောက် လာမည်ကို မလိုလားခြင်းမျိုးသည် မစ္ဆရိယဖြစ်သည်။
အကယ်၍ နှစ်ယောက်ထိုင်လောက်နေရာကို နောက်လူပါ ချမ်းချမ်းသာသာ ထိုင်နိုင်ရန် နေရာလေးကြုံ့ပေးလိုက်လျှင် သို့မဟုတ် တဒင်္ဂ မိမိပိုင်ဆိုင်တဲ့နေရာလေးကို ရဟန်းသံဃာ၊ အဘိုးအဖွား၊ မပေါ့မပါးသော အမျိုးသမီးများ အစရှိသူများအား ပေးလိုက်လျှင် အာဝါသဒါနဖြစ်သလို အာဝါသမစ္ဆရိယကိုလည်း ပယ်ရာရောက်သည်။ ဤသို့အားဖြင့် တစ်ယောက်နှင့်တစ်ယောက် ကိုယ်ချင်းစာ စိတ်ကလေးမွေးကာ နဲနဲလေးပဲဖြစ်ဖြစ် တစ်ထွာလောက်လေးပဲ ဖြစ်ဖြစ် နေရာလေး၊ ထိုင်ခုံကလေး ပေးလှူလိုက်ရင် ထိုမစ္ဆရိယကို ပယ်သတ်ခြင်းဖြစ်သည်။ သွားရင်းလာရင်း ကားစီး ရထားစီးရင်းဖြင့် အချောင် ကုသိုလ်ရနိုင်တဲ့ နည်းလမ်းလည်း ဖြစ်နိုင်ပါသည်။ ပိုက်ဆံမကုန်ဘဲ ကုသိုလ်ရနိုင်သည်။ တချို့ကိုယ့်ရပ် ကိုယ့်ဒေသ ကိုယ့်ရပ်ကွက် ကိုယ့်အိမ် ကိုယ့်နေရာသို့ ရောက်လာလျှင် ၀မ်းပန်းတသာ ကြိုဆိုခြင်းသည်လည်း အချောင်ကုသိုလ်ရသော နည်းလမ်းဖြစ်သည်။ အကျင့်ကောင်းတဲ့သူ ကောင်းစားအောင် လုပ်မည့်သူများကို မလာစေချင်ဘူးဆိုရင်,နှင်ထုတ်မယ်ဆိုရင် မစ္ဆရိယစိတ်ဝင်လာခြင်းဖြစ်သည်။ မကောင်းတဲ့ပုဂ္ဂိုလ်များ မလာအောင် တားမြစ်ခြင်းမျိုးကား မစ္ဆရိယမဟုတ်ပေ။ အာဝါသမစ္ဆရိယ ရှိသူ သေသောအခါ ထိုကျောင်း ထိုအိမ် ထိုနေရာမှာပဲ ပြိတ္တာဖြစ်နေတတ်သည်၊ သို့မဟုတ် သံအိမ်ငရဲ၌ နေရတတ်သည်ဟု တွေ့ရသည်။

၂။ ကုလမစ္ဆရိယ- အမျိုးနှင့်ပတ်သက်ပြီး ၀န်တိုမှုဖြစ်ခြင်းသည် မစ္ဆရိယမည်၏။ ကိုယ့်ဆွေ ကိုယ့်မျိုး ကိုယ့်မိတ်ဆွေ ကိုယ်ချဉ်းကပ်လာသူများကိုလည်း သည်းမခံနိုင်ခြင်းဖြစ်သည်။ ရဟန်းလောကမှာ မိမိဒကာ ဒကာမ, ဆွေမျိုးတို့ကို အခြားရဟန်းများနှင့် မဆက်ဆံစေလိုခြင်းသည် မစ္ဆရိယမည်၏၊ သို့သော် သဒ္ဓါတရားကို ဖျက်ဆီးမည့်သူကို မဆက်ဆံစေခြင်းသည်ကား မစ္ဆရိယမဟုတ်။ မိမိ၏ မိတ်ဆွေ အမျိုး ပရိသတ်နှင့် အခြားပုဂ္ဂိုလ်တို့ ဆက်ဆံနေသည်ကို မြင်နေရသော မစ္ဆရိယရှိသောသူ၏ ရင်ထဲတွင် ပူပူလောင်လောင်ဖြစ်တတ်သည်။ သွေးအန်တတ်သည်၊ ၀မ်းလျှောတတ်သည်။ နောက်ဘ၀တွင်လည်း လာဘ်လာဘ ရှားပါတတ်သည်။

နောက်လိုက်ဗိုလ်ပါ ပရိသတ်ကို ငါချည်းပဲ ပိုင်ဆိုင်ချင်သည်၊ တစ်ပါးသူ မပိုင်စေရ၊ တစ်ပါးသူ ပိုင်ဆိုင်နေလျှင်လည်း ၀မ်းမသာနိုင်ဘဲ ရင်ထဲ ပူလောင်နေတတ်သည်၊ ဒါကို မစ္ဆရိယအပူလောင်ခံရ ခြင်းဟုခေါ်သည်။

ကဿပဘုရားရှင်လက်ထက်တော်က အနှစ် နှစ်သောင်း တရားအားထုတ်ထားတဲ့ ရဟန်းတော်ကြီးတစ်ပါး ရှိခဲ့ဘူးတယ်။ တောရွာလေးတစ်ရွာမှာ သတင်းသုံးနေသည်။ ထိုရဟန်းတော်အတွက် ဒကာတစ်ဦးတည်းကနေ နေစရာ စားစရာ ဆေးပစ္စည်း အ၀တ် ပစ္စည်း လေးပါးတို့ကို ထောက်ပံ့ လှူဒါန်းနေခဲ့သည်။ တစ်နေ့တော့ အာဂန္တု ရဟန္တာအရှင်မြတ်တစ်ပါး ထိုရွာထဲကို ဆွမ်းခံကြွအလာကို ကြည်ညိုသော အာဝါသိကရဟန်း၏ တစ်ဦးတည်းသော ကျောင်းဒကာက ကြည်ညိုလွန်းလို့ အိမ်မှာပင့်ပြီး လိုအပ်တာအားလုံးလှူဒါန်းခဲ့သည်။ တပည့်တော်အိမ်မှာ နေ့စဉ် ဆွမ်းခံကြွပါဘုရား၊ ဆွမ်းဘုန်းပေးကြွပါဘုရားဟု လျှောက်ထားလေသည်။ ထိုဒကာအိမ်ဝယ် နှစ်ပါးစုံမိတော့ အာဝါသိက အမြဲနေရဟန်းက အာဂန္တုက ဧည့်သည်ရဟန်းတော် (ရဟန္တာ) ကို သဘောမကျ၊ သူ့ဒကာနှင့် ဆက်ဆံနေသည်ကို မခံမရဖြစ်နေသည်။

ကျောင်းဒကာသည် ရဟန္တာအရှင်မြတ်၏ သင်္ကန်းများဟောင်နွမ်းနေသည်ကို မြင်သောအခါ သင်္ကန်းလှူပါရစေဘုရာ။ ဆံပင်ရှည်နေသည်ကိုမြင်ရသောအခါ ခေါင်းရိပ်ရန် ကျောင်းသို့ ဆတ္တာသည် လွတ်လိုက်ပါ့မယ်ဘုရား တပည့်တော်တို့ ကိုးကွယ်ထားတဲ့ တောကျောင်းလေးမှာ အရှင်ဘုရား ပျော်သလောက် သတင်းသုံးပါဘုရား။ ထိုကဲ့သို့ ရဟန္တာအရှင်မြတ်ကြီးအား ပစ္စည်း၎ ပါးဖြင့် ဖိတ်မန်နေသည်ကို အာဝါသိက ရဟန်း သည်းမခံနိုင်ဖြစ်နေသည်။ ဒီဒကာနှယ် ခုမှတွေ့တဲ့ ကိုယ်တော်ကို လောကွတ်တွေလုပ်နေလိုက်တာ ငါ့ကို တစ်သက်လုံးချဉ်းကပ် ကိုးကွယ်ပေမဲ့ ဒီလောက် ငါ့အပေါ်တော့ လောကွတ်လုပ်ဖော်မရဘူး။ ထိုသို့မစ္ဆရိယစိတ်တွေ ၀င်လာတော့ မကောင်းတဲ့ အဖျက်သဘောဆောင်သည့် သဘော ( destructive power) သို့ ရောက်သွားသည်။ ‘‘အရှင်ဘုရား- ဟောဒီ ကျောင်းဒကာက လောကွတ်ကောင်းတာကို အရှင်ဘုရား သိပ်အထင်ကြီးမနေနဲ့ဦး တကယ်တော့ လူယုတ်မာကြီးပဲဘုရား၊ သူလှူတဲ့ ဆွမ်းတွေ စားမဲ့အစား မစင်စားတာကမှ တော်ဦးမယ်၊ သူလှူတဲ့ သင်္ကန်းဝတ်မည့်အစား ကိုယ်တုံးလုံးပဲ နေတာမှ ကောင်းသေးတယ်ဘုရား၊ သူလှူတဲ့ ခေါင်းရိတ်ဆတ္တာသည် ခေါင်းရိတ်ပေးမည့်အစား ခေါင်းကဆံပင်တွေကို ထန်းစေ့အခြောက်ကလေး ထက်ခြမ်းခွဲပြီး ညှပ်ပြီးနှုတ်တာမှ ပိုတော်ဦးမယ်ဘုရား။ သူလှူလိုက်တဲ့ အခင်းတွေအပေါ် နေမည့်အစား မြေကြီးအပေါ် အိပ်တာကမှ ကောင်းပါသေးတယ်ဘုရား’’ ဟု မစ္ဆရိယစိတ်ကြောင့် ဤကဲ့သို့ပြောလိုက်သည့် အကုသိုလ်က ဂေါတမ မြတ်စွာဘုရားလက်ထက်မှာ ဇမ္ဗူက အမည်ရှိ ပရဗိုဇ်လာဖြစ်သည်။ မစ္ဆရိယစိတ်ကြောင့် ထို ရဟန္တာအရှင်မြတ်အား ပြောခဲ့သော စကားကြောင့် သူ၏ခေါင်း သွေးသံတရဲရဲနှင့် အုန်းမုတ်ခွက်ဖြင့် အနှုတ်ခံရသည်၊ မစင်ပဲ စားနေရသည်၊ မြေကြီးမှာပဲ အိပ်ရသည်၊ အ၀တ်အစား မ၀တ်ရဘဲ မိမွေးတိုင်း ဖမွေးတဲ့အတိုင်း နေ နေရသည်။ ဤကား ကုလမစ္ဆရိယကြောင့်ပင်တည်း။

၃။ လာဘမစ္ဆရိယ-ပစ္စည်းလာဘ်လာဘ အပေါ်၌ ၀န်တိုမှု။ သူတစ်ပါးအား ပစ္စည်းလာဘ်လာဘ မရစေလိုခြင်းတည်း။ သူတစ်ပါးရနေတာကို မိမိချည်း ရချင်တယ်ဆိုရင် မစ္ဆရိယပင်တည်း။ ဇမ္ဗူက၏ အတိတ်ဘ၀ ရဟန်းဖြစ်စဉ်က သူ၏ကျောင်းဒကာသည် အလည်လာသော ရဟန္တာအရှင်မြတ်တစ်ပါးအား လှူဒါန်းနေသည်ကို မကြိုက်၊ မလှူနိုင်အောင် မကောင်းကြောင်းပြောခြင်းသည် မစ္ဆရိယသဘောပင်တည်း။ သို့သော် လာဘ်လာဘကို အမှီပြုပြီး သာသနာဖျက်မည်၊ အကျိုးမဲ့ကို ပြုမည်၊ မတရားသဖြင့် သုံးစွဲမည်ဆိုသော ပုဂ္ဂိုလ်အား မရစေလိုခြင်းသည်ကား မစ္ဆရိယမဟုတ်ပါ။

၎။ ၀ဏ္ဏမစ္ဆရိယ- ကိုယ်အဆင်းနှင့် ဂုဏ်သတင်းတို့၌ ၀န်တိုမှု။ မိမိထက် အဆင်းလှမည်ကို ၀န်တိုမှု၊ မိမိထက် ဂုဏ်သတင်းကြီးမည့်ကို ၀န်တိုမှုသည် မစ္ဆရိယတစ်မျိုးဖြစ်သည်။ သူများအလှ သူများဂုဏ်တွေကို အတင်းလိုချင်သည်၊ သူတစ်ပါး၏ ရှေးကံကြောင့် အလှနှင့် ဂုဏ်သတင်းကိုမြင်လျှင်လည်း ၀မ်းမသာနိုင်ဘဲ ပျက်ဆီးသွားနိုင်မည့် နည်းလမ်းကိုပဲ တွေးတောနေတတ်သည်။ သူတစ်ပါးအလှကို ဖျက်ဆီးသည့် အကြောင်း ဇာတ်လမ်းများကို ဇာတ်တော်ထဲတွင် များစွာတွေ့နိုင်သည်။ ထိုမစ္ဆရိယ ကြီးသူသည် ဖြစ်လေရာဘ၀မှာ ရုပ်အဆင်းဆိုးဝါးတတ်သည်၊ ဂုဏ်သတင်းလည်း မကောင်းတတ်။

၅။ ဓမ္မမစ္ဆရိယ- မိမိတတ်သိသော အတတ်ပညာ အသိပညာ, စာပေ, လက်မှု,နှုတ်မှု စသော အတတ်ပညာတို့၌ ၀န်တိုခြင်း။ သူများကို စာသင်ပေးတာပဲ ဖြစ်ဖြစ် နည်းပညာပဲ ဖြစ်ဖြစ် အကုန်သင်မပေးဘဲ ချန်ထားတတ်သည်၊ ကိုယ့်ထက် သာသွားမည်ကို စိုးသည်။ ကိုယ်ရထားတဲ့ စာပေ ဗဟုသုတတွေကို သူတစ်ပါးအား မဖြန့်ဖြူးလို။ တိတ်တဆိတ်လေး ကိုယ်ချည်းပဲ တတ်ချင်သည်။ ကိုယ်ပဲ လူစွမ်းကောင်းလုပ်ချင်သည်။ ငါသာ သိစေ သူတစ်ပါး မသိစေနဲ့ သဘောတရားသည် မစ္ဆရိယပင်တည်း။ ထိုအတတ်ပညာဖြင့် ဖျက်ဆီးမည့်သူကို မပေးခြင်း မဖြန့်ဖြူးခြင်းသည် မစ္ဆရိယမဟုတ်ပါ။ ဤမစ္ဆရိယ ရှိသူသည် ဖြစ်လေရာ ဘ၀သံသရာမှာ အဖျင်းအအ ဖြစ်တတ်သည်၊ ပြာပူငရဲ၌ ရောက်တတ်သည်။

ထိုမစ္ဆရိယ ငါးပါးတို့တွင် နောက်ဆုံးဖြစ်သော ဓမ္မမစ္ဆရိယသည် အယုတ်ဆုံး အညံ့ဆုံး စက်ဆုပ်စရာ အကောင်းဆုံးဟု ဟောထားသည်။ ထိုမစ္ဆရိယ ငါးမျိုးကို မပယ်နိုင်သမျှကာလပတ်လုံး ဈာန်မက်ဖိုလ် မရနိုင်ဟု ဆိုထားပြန်သေးသည်။

နိဂုံး

ထိုမစ္ဆရိယ ငါးပါးကို ပြန်လည်သုံးသပ်လျှင် ရဟန်းတော်များကိုသာ ဦးစားပေးဟောထားသော်လည်း လူဝတ်ကြောင်များအတွက်လည်း မှတ်သားသင့်သည်။ သူတစ်ပါး အလှူဒါနကို အမှီပြုနေရသော ရဟန်း သီလရှင် သာမဏေများ၌ အဖြစ်များဖွယ်ရှိသည်။ လူဝတ်ကြောင်များ၌လည်း ကိုယ့်ထက် အိမ်ကောင်း ရာကောင်းရှိမှာစိုးခြင်း၊ ကိုယ့်ထက် ဥစ္စာပေါမှာစိုးခြင်း၊ ကိုယ့်ထက် စီးပွားရေးကောင်းမှာစိုးခြင်း၊ ကိုယ့်ထက်လှမှာစိုးခြင်း၊ ကိုယ့်ထက် ရာထူး ဂုဏ်ကြီးမှာစိုးခြင်း၊ ကိုယ့်ထက် အသိပညာ အတတ်ပညာ သာမှာ စိုးခြင်း စသောအားဖြင့် ဖြစ်တတ်သည်။ ထိုသို့မစ္ဆရိယ အဖြစ်ခံရသူမှာ အကျိုးမယုတ်ဘဲ မိမိမှာတော့ စိတ်ယုတ်မာခြင်းကြောင့် ပြိတ္တာဖြစ်ဖို့ရန်သာ ရှိတော့၏။

ဤကဲ့သို့ ဣဿာ မစ္ဆရိယသည် လောက ကြီးပွားခြင်း၊ ချမ်းသာခြင်း၏ အဟန့်အတား အတားအဆီး အန္တရာယ် ဖြစ်ရုံသာမက ထို ဣဿာ မစ္ဆရိမီး အလောင်ခံရသော သူတို့သည် ဘယ်သောအခါမှ နုသော ၀မ်းမြောက်ခြင်း (ပါမောဇ္ဇ)၊ ရင့်သော ၀မ်းမြောက်ခြင်း (ပီတိ)၊ စိတ်စေတသိတ်တို့၏ ငြိမ်းချမ်းခြင်း (ပဿဒ္ဓိ)၊ ချမ်းသာခြင်း (သုခ) တည်ငြိမ်ခြင်း (သမာဓိ)၊ မဂ် ဖိုလ်၊ နိဗ္ဗာန် မရနိုင်ကြောင်း အန္တရာယ်များ ဖြစ်ကြသည်။
မစ္ဆရိယနှင့် ပတ်သက်သော မှတ်သားဖွယ်ရာများ ပိဋတ်တော်တွင် များစွာရှိပါသည်၊ သို့သော် ပို့စ်တစ်ခုသာ ဖော်ပြရသဖြင့် ဤမျှဖြင့် နိဂုံးချုပ်လိုက်ပါသည်။

ကျမ်းညွန်း
၁။ သင်္ဂြီုဟ်ဘာသာဋီကာ (အရှင်ဇနကာဘိဝံသ)
၂။ သက္ကပဥှသုတ် (သီတဂူဆရာတော်)
၃။ ကိုယ်ကျင့်အဘိဓမ္မာ (အရှင်ဇနကာဘိဝံသ)
၎။ ဓမ္မပဒအဋ္ဌကထာ ပ+ဒု
၅။ အင်္ဂုတ္တိုရ် ပဉ္စကနိပါတ် နှင့် ၎င်းး အဋ္ဌကထာ

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၄-၀၂-၂၀၁၁

24 January 2011

သီတဂူ အလင်းရောင်အလှူ

ကြမ်းတမ်းသော လမ်း ဆိုက်ကားဖြင့် ကြွပုံ

လူနာများအား အားပေးစကားပြောနေစဉ်
စမ်းသပ်မှုခံယူရန် စောင့်ဆိုင်းနေကြစဉ်

ဆရာတော်ကြီးက လူနာအား အားပေးစကားပြောနေစဉ်
မျက်စိဝေဒနာရှင်များ စမ်းသပ်မှုခံယူရန် စောင့်ဆိုင်းနေကြစဉ်
သီတဂူဒေါက်တာ ဒေါ်မိမိခင် မျက်စိစမ်းသပ်နေစဉ်
ဆရာတော်ကြီးက လူနာအား မေတ္တာပို့ပေးနေစဉ်

Missionary and Ministry ဟူသော သာသနာပြုနည်းကို မူထားလျက် သီတဂူဆရာတော်ကြီး ဦးဆောင်လျက် သီတဂူ မျက်စိအထူးကုဆရာဝန်ကြီးများနှင့် သူနာပြု ဆရာ ဆရာမများ ၁၄ ယောက်အဖွဲ့တို့သည် ဘိုကလေးမြို့နယ်၊ ကဒုံကနိကျေးရွာ ကဒုံကနိတိုက်နယ်ဆေးရုံတွင် သီတဂူစက္ခုဒါန အလှူတော်များ ပြုလုပ်ခဲ့သည်။ ကဒုံကနိကျေးရွာသို့ ဘိုကလေးမြို့မှ သင်္ဘောဖြင့် ၄ နာရီကျော် စီးရသည်။ လမ်းခရီးက ကြမ်းသည်။ ထော်လာဂျီ၊ ဆိုက်ကား၊ လှေ၊ မော်တော်ဘုတ်များဖြင့်သာ သွားနိုင်သည်။ သက်တော် ၇၄ နှစ်ရှိသော ဆရာတော်ကြီးသည် ထိုခရီးကြမ်းကို မမှုဘဲ ထိုဒေသရှိ မျက်စိဝေဒနာရှင်များအား အစဉ်သနားသော ကရုဏာ၏ အစွမ်းကြောင့်သာ ဆိုက်ကားတတန် ထော်လာဂျီတမျိုး လေသင်္ဘောတဖုံတို့ဖြင့် အဆင်ပြေချောမွေ့စွာ သွားနိုင်ခဲ့သည်။

၁၈-၁-၂၀၁၁ နေ့ကစပြီး တိုက်နယ်ဆရာဝန် ဒေါက်တာအေးနိုင်နှင့်အဖွဲ့၊ သီတဂူအာယုဒါနဆေးရုံအုပ်ကြီး ဒေါက်တာခင်မောင်ဇော်နှင့် သီတဂူဒေါက်တာ ဒေါ်မိမိခင် တို့ဦးဆောင်သော သီတဂူဆရာ ဆရာမများက မျက်စိဝေဒနာရှင်များကို ကြိုတင် စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်ကြသည်။ ၁၉-၂၀-၂၁-၂၂-၂၃-၂၄ ရက်များတွင် မျက်စိအထူးကု ဆရာဝန်ကြီးများဖြစ်ကြသော ဒေါက်တာမြအောင်၊ ဒေါက်တာ စဂျေလွင်၊ ဒေါက်တာတင်ဇော်ဦးတို့က ခွဲစိတ်ကုသမှုများ ပြုလုပ်ကာ အလှူဒါနပြုခဲ့ကြပါသည်။
လူနာများ
စမ်းသပ်လူနာ- အယောက် ၁၀၀၀ ကျော်
ခွဲစိတ်လူနာ-၂၈၃ ယောက်
ဤသို့အားဖြင့် ၁၀၀၀ ကျော်သော မျက်စိဝေဒနာရှင်များကို ကုသမှုများပြုလုပ်ကာ ၂၈၃ ယောက်သော မျက်စိဝေဒနာရှင်များအား အလင်းရောင်ပေးလှူနိုင်ခဲ့သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၂၅-၁-၂၀၁၁

22 January 2011

အင်္ဂလိပ်စာ အထူးသင်တန်း (TOEFL)




အင်္ဂလိပ်စာ အထူးသင်တန်း (TOEFL)
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်ကြီး၏ စီမံချက်ဖြင့် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ အင်္ဂလိပ်စာအထူး (TOEFL) သင်တန်းကို ၁၅-၀၁-၂၀၁၁ နေ့က ရန်ကုန်မြို့ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ရန်ကုန်တွင် စတင်ဖွင့်လှစ်သည်။ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ရန်ကုန်နှင့် စစ်ကိုင်းတို့မှ ကျောင်းသားများ တက်ရောက်ကြသည်။

အောက်ဆရာများက အောက်ပါဖော်ပြပါ ဘာသာရပ်, အချိန်အလိုက် ယူကြပါသည်။
၁။ ဆရာကြီး ဦးကျော်ဋ္ဌေး
အင်္ဂလိပ်စာ နားစွမ်းရည် (listening skill), အင်္ဂလိပ်စာ သဒ္ဒါ (Grammar), စကားလုံး အမှားအမှန်ရွေးခြယ်ခြင်း (words choice), အစရှိသည်များ။
Mon, Wed, Fri နံနက် ၈-၃၀ နာရီမှ ၁၀-၃၀။ ၁၂-၃၀ မှ ၁-၃၀ အထိ။
၂။ Miss Jackie (USA)
Writing skill စာစီစာကုံး (Essay)
Mon, Tue ညနေ ၄ နာရီမှ ၆ နာရီအထိ
၃။ Miss Veneuss (University of Virginia) USA
စာဖတ်စွမ်းရည် (Reading skill) and vocabulary
၎။ Mss Paular (USA)
အင်္ဂလိပ်သဒ္ဒါ (Grammar)
၅။ ဆရာကြီး ဒေါက်တာ ခင်မောင်ညွှန့်
အထွေထွေ (General Knowledge)
၆။ ဆရာကြီး ဒေါက်တာ မျိုမြင့်
အထွေထွေ (General Knowledge)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၂-၁-၂၀၁၁

19 January 2011

ကျေးဇူးဆပ်ပါမည်

၁၈--၀၁-၂၀၁၁ နေ့ နံနက်စောစောပိုင်း (၆-၀၀) က အောင်မင်္ဂလာ အဝေးပြေးကားဂိတ်မှ မြောက်ဒဂုံ ဘေလီတံတားထိပ် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သို့ လိုက်ပါ ပို့ဆောင်သော တက္ကစီကား အဖြူရောင်ပေါ်တွင် ပစ္စည်းများ မေ့ကျန်ရစ်ခဲ့ပါသည်။ အလွန်အရေးကြီးသောကြောင့် တွေ့ရှိပါက ပြန်လည်အကြောင်းကြား ပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။
(အထူး ကျေးဇူးဆပ်ပါမည်။)
ပါဝင်သောပစ္စည်းများ
၁။ အနက်ရောင်အိပ် ထိုထဲတွင်
၂။ နိုင်ငံကူး ပတ်စပို့----------၉၈၉၂၁၈
၃။ သာသနာဝင်မှတ်ပုံတင်---၉/မဟမ(သ)၀၀၂၃၉၃
၎။ အမေရိကန် ဗီဇာဝင်ရန်နှင့် ကျောင်းတက်ရန် အရေးကြီးသော စာရွက်စာတမ်းများ
၅။ အိပ်ဆောင်ကွန်ပြူတာအနီရောင် Dell
၆။ အမေရိကန်ဒေါ်လာ ၅၀၀
၇။ မြန်မာကျပ်ငွေ ၂၀၀၀၀၀ (နှစ်သိန်း)
ပျောက်ဆုံးသူ အရှင်သုစိတ္တသည် အမေရိကန်နိုင်ငံတွင် ပညာသင်သွားရန် ရက် နီးကပ်နေပါသောကြောင့် အမြန်ဆုံးဆက်သွယ် ပေးပါရန် ထပ်လောင်းပြီး မေတ္တာရပ်ခံပါသည်။
ဆက်သွယ်ရန်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
မြောက်ဒဂုံ၊ ဘေလီတံတားထိပ်၊ ပင်လုံလမ်း
ဖုန်း-၀၁-၅၈၁၇၇၇။ ၀၁-၅၈၁၉၉၉
ကျေးဇူးပြု၍ ကော်ပီကူးပြီး လက်လှမ်းမီသလောက် မျှဝေပေးစေလိုပါသည်။ ကုသိုလ်ယူလိုက်ကြပါကုန်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၉-၁-၂၀၁၁

14 January 2011

သီတဂူကရုဏာ

မြန်မာကိုရင်လေးများ
သီတဂူသာသနာပြုအဖွဲ့ အတွင်းရေးမှူးကပင့်ဆောင်လာပုံ
သီတဂူမှ နွေးထွေးစွာ ပြုစုပုံ

ဆရာမိဘများထံ အပ်နှင်းပုံ

ယနေ့ ၁၄-၀၁-၂၀၁၁ နေ့ နံက်ပိုင်းတွင် သီရိလင်္ကာရောက် မြန်မာကိုရင်ငယ်လေးများကို သီတဂူဆရာတော်ကြီး အမိန့်အတိုင်း သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် သီတဂူသာသနာပြုအဖွဲ့မှ ကမကထ ပြုလုပ်ကာပြန်လည်ပင့်ဆောင်ရေးနှင့် ကြိုဆိုရေး ကျွေးမွေးဧည့်ခံရေးများကို စနစ်တကျ ပြုလုပ်သည်။

ထိုကိုရင်ငယ် ၂၄ ပါးတို့၏ လေယာဉ်စရိတ်များကို ဂျပန်နိုင်ငံရှိ မြန်မာဒကာများဖြစ်ကြသော ဦး +ဒေါ် မိသားစုတို့က ယာနဒါ ပြုကြသည်။ အလှူရှင် အမည်မသိ၍ ချန်ထားသည်ကို သည်းခံ ခွင့်လွတ်ပါရန်။

အစီအစဉ်များ
၁။ သီတဂူကပ္ပိယ ဦးဟန်၊ ဦးဝင်းအောင်နှင့် ဦးမြင့်အောင်တို့က သီရိလင်္ကာနိုင်ငံသို့ သွားရောက်ကာ ကိုရင်လေးများအား မြန်မာပြည်သို့ ပင့်ဆောင်ခြင်း။
၂။ သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် သီတဂူကပ္ပိယအချို့က ကြိုဆိုပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) သို့ ပင့်ဆောင်ကြခြင်း။
၃။ နေ့ဆွမ်းအလှူရှင် ရွှေစင်မိသားစုက ကြွရောက်လာကြသော သီတဂူကပ္ပိယအဖွဲ့၊ သာသနာရေးဝန်ကြီးဌာနမှ လူကြီးမင်းများ၊ ကိုရင်ငယ်လေးများ၊ ထိုကိုရင်ငယ်များ၏ ဆရာများ၊ မိဘများနှင့် ဖိတ်မန်ထားသော ပရိသတ် ၂၀၀ အား ဒံပေါက်ဆွမ်း၊ မုန့်ပဲသရေစာ ရေခဲမုန့်တို့ဖြင့် ကျွေးမွေးဧည့်ခံခြင်း။
၎။ ကိုရင်ငယ်များကို ဆရာ မိဘများထံ အပ်နှံသည့် အခမ်းအနား ကျင်းပခြင်း။
၅။ ထိုအခမ်းအနားတွင် သီတဂူဒေါက်တာစန္ဒာသိရီက ကြိုဆိုနုတ်ခွန်းဆက် ကျေးဇူးတင်စကားပြောခြင်းနှင့် သီတဂူသာသနာပြုအဖွဲ့က သူတို့၏ဆန္ဒအလျောက် ပြန်ချင်သော ကိုရင်လေးများကိုသာ ပြန်လည်ပင့်ဆောင်ခြင်းဆိုတဲ့ အကြောင်း မိန့်ကြားခြင်း။
၆။ ဒေါက်ပညာသီဟာလင်္ကာရက ကိုရင်ငယ်များ၏ စာရင်းဖတ်ကြားခြင်းနှင့် ကြိုဆိုပြုစုရခြင်းအကြောင်း ပြောကြားခြင်း။
၇။ သာသနာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ယခုလို ကိုရင်ငယ်လေးများ ပြန်လည်ပင့်ဆောင်ရခြင်း အကြောင်းနှင့် မြန်မာသီရိလင်္ကာ နှစ်နိုင်ငံအကြား ဘာသာရေး နိုင်ငံရေးများသည် ရှေးယခင်ကထဲက ရင်းနှီးချစ်ကျွမ်းဝင်ပြီးဖြစ်ကြောင်းများ ပြောကြားခြင်း။
၈။ သီတဂူသာသနာပြုအဖွဲ့က ကိုရင်လေးများအား တစ်ပါးလျှင် နှစ်သောင်း ငါးထောင်(၂၅၀၀၀) ကျပ်စီ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း။

ဤကဲ့သို သီတဂူသာသနာပြုအဖွဲ့က ထိုကိုရင်လေးများနှင့် ဆရာမိဘများအား နွေးနွေးထွေးထွေး ကြိုဆိုပြုစုခြင်းသည်ကား သီတဂူသာသနာပြုအဖွဲ့၏ သာသနာပြုနည်း Ministry များစွာထဲက တစ်စိတ်တဒေသသော ကရုဏာ သာသနာပြု ဖြစ်ပါကြောင်း ၀မ်းမြောက်နုမော် သာဓုခေါ်လိုက်ပါသတည်းးးးးး။

မှတ်ချက်။ ။ အစစအရာရာ ကူညီပံ့ပိုးသော မြန်မာနိုင်ငံသာသနာရေးဝန်ကြီးဌာနအား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၁၄-၀၁-၂၀၁၁

07 January 2011

လောက အဖျက်တရား



စာမိတ်ဆက်

ပို့စ်တွေ မရေးဖြစ်တာလဲ ကြာပြီ၊ စာလဲမဖတ် ခရီးလဲမထွက်၊ ဘယ်မှမသွား၊ ဘာမှ မဖတ်၊ ဘာမှ မစဉ်းစားဖြစ်တော့ တွေးစရာမရှိ၊ ရေးစရာမရှိ။ သို့သော်လည်း ဒီကနေ့တော့ မနက် အိပ်ယာထ အရုဏ်ဆွမ်းစားပြီးတိုင်း သီတဂူဆရာတော်ကြီး ဟောစဉ်ထဲက သက္ကပဥှသုတ္တန်တရားတော်များကို လမ်းလျှောက်ရင်း ဖတ်မိသည်။ သက္ကပဥှသုတ်သည် ဒီဃနိကာယ်လာ မဟာဝဂ္ဂပါဠိတော်တွင် ပါရှိသည်။ အလွန်ရှည်လျားသော သုတ်တစ်သုတ်ဖြစ်သည်။ သကြားမင်းမေးသော မေးခွန်းကို မြတ်ဗုဒ္ဓဖြေကြားသော သုတ္တန်လည်းဖြစ်သည်။ ထိုမေးခွန်းများစွာထဲမှ ပထမဦးဆုံး မေးခွန်းကို အခြေခံပြီး လောကကို ဖျက်ဆီးနိုင်သောအရာ ဟု စာရေးသူက အမည်ပေးထားပါသည်။

အလွန်စိတ်ဝင်စားဖို့ကောင်းပါသည်။ စာရေးသူကိုယ်တိုင်က ပုထုဇဉ်ပီပီ လောကအဖျက်တရားတွေ ရှိနေတော့ ဒီသုတ္တန်ကို ဖတ်ရင်း ကိုယ့်ကိုယ်ကို နားလည်ပြီး နှလုံးသွင်းကောင်းနိုင်အောင်ကျိုးစားရသည်၊ လူတိုင်းမှာ မတူညီသော ကိုယ်ပိုင်စရိုတ်များရှိကြသည်၊ ကိုယ့်မှာ ရာဂစရိုတ်အားကြီးသလား၊ ဒေါသစရိုတ်အားကြီးသလား၊ မောဟစရိုတ် အားကောင်းနေသလား၊ ဒါမှမဟုတ် အကောင်းဘက်က ဗုဒ္ဓိအစရှိသည့် စရိုတ်တွေ ရှိနေသလား ဆိုတာ သုံးသပ်သင့် ဆင်ခြင်သင့်သည်။ ထိုအကောင်းအဆိုး စရိုတ်များကို နားလည်ပြီးမှ ကုစားဘို့ရန် လွယ်ကူပါလိမ့်မည်ဟု ယုံကြည်မိသည်။ ထိုသက္ကပဥှသုတ္တန်ကို ဖတ်ရင်း စဉ်းစားမိသည်မှာ-- ဒီတရားသည် ငါ့ကို ရည်ရွယ်ဟောနေပါလား၊ ငါ့အတွက် အကောင်းဆုံးကုသရန် ဆေးကောင်း တစ်ခွက်ဖြစ်သလို တိုက်ဖျက်ရန် လက်နက်ကောင်းတစ်လက်ဖြစ်သည်။ စာရေးသူအတွက် အလွန်ကောင်း အလွန်သင့်လျော်သော တရားတစ်ပုဒ်ဖြစ်ပါသည်။ ထို့ကြောင့် လောက၏အဖျက်တရား များစွာထဲက တစ်ခုသော အကြောင်းကိုသာ ထုတ်နှုတ်၍ဖော်ပြပါမည်။

စိတ်စွမ်းရည်

စာရေးသူတို့ လူသားတွေသန္တာန်မှာ စိတ်စွမ်းရည် နှစ်မျိုးရှိသည်။ အလွန်စွမ်းထက်သော သတ္တိရှိသည်။ စိတ်၏ စွမ်းအင် ( mental power) လို့ ခေါ်သည့် ကုသိုလ် အကုသိုလ်ဟူ၍လည်းဆိုနိုင်သည်။ ထိုနှစ်မျိုးတွင် တစ်ခုမဟုတ် တစ်ခုတော့ ရှိနေမြဲဖြစ်သည်။ ဒါကိုပဲ Constructive Power အပြုသဘောဆောင်သော စိတ်၏ စွမ်းရည်နှင့် Destructive Power အဖျက်သဘောဆောင်သော စိတ်၏ စွမ်းရည်ဟူ၍ ခေါ်ဆိုနိုင်ပါသည်။ နှလုံးသွင်း မကောင်းသော သူတွေမှာ မကောင်းသော ဒေါသ ဣဿာ မစ္ဆရိယ စသော အကုသိုလ်စိတ်တွေ ၀င်လာတဲ့အခါ ထိုသူတို့၏ စိတ်သည်လည်း အဖျက်သဘောဆောင် (Destructive Power) သော စိတ်၏စွမ်းရည် အဖြစ် ပြောင်းလဲသွားသည်။ စိတ်ကောင်းနှလုံးကောင်းရှိသော နှလုံးသွင်းမှန်ကန်သော သူတွေမှာတော့ မေတ္တာ ကရုဏာ စသော အပြုသဘောဆောင် (Constructive Power) သော စိတ်စွမ်းရည်ဘက်သို့ ကူးပြောင်းလာပါသည်။ ကိုယ့်သန္တာန်မှာ ထိုနှစ်မျိုးတို့တွင် ဘယ်စရိုတ် ဘယ်တရားများ ကိန်းအောင်းနေပါသနည်း သို့မဟုတ် အဖြစ်များနေပါသနည်းဟု ကြိမ်ဖန်များစွာ သုံးသပ်ဆင်ခြင် သင့်လှပေသည်။

သိကြားအမေး

သိကြားမင်းက မြတ်ဗုဒ္ဓအား ဤသို့မေးတယ်‘‘ အို ရှင်တော်မြတ်ဘုရား-- လောကမှာ ဘုရား--- လူတွေ နတ်တွေ နဂါး ဂဠုန် အသုရာ ကချေသည် စသည့် များစွာသော သတ္တ၀ါတွေ ရှိကြပါတယ်ဘုရာ၊ ထိုများစွာသော သတ္တ၀ါတိုင်းမှာ တူညီသော ဆန္ဒတစ်ခုရှိပါတယ်ဘုရား၊ အချင်းချင်း ရန်မဖြစ်လိုကြဘူး၊ အချင်းချင်း အမျက်ဒေါသ အာဃာတ မထားလိုကြဘူး၊ အေးအေးချမ်းချမ်း ငြိမ်းချမ်းစွာ နေလိုကြပါသည်ဘုရား။ သို့သော်လည်း သူတို့တတွေ အဲဒီလို သူတို့ ဖြစ်ချင်သလို လိုလားသလို ဖြစ်မလာကြပါဘုရား။ လောကကြီးက တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေကြပါတယ်၊ အာဃာတတွေ ထားနေကြပါတယ်၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲတွေနဲ့ နေ နေကြရပါတယ်။ ထိုသို့ဖြစ်ချင်တိုင်းမဖြစ်ကြရခြင်းသည် အဘယ်သံယောဇဉ်ကြောင့် ဖြစ်ပါသလဲ ဘုရား’’ဟု မေးသည်။

လူတိုင်းချမ်းသာချင်

လူသားတိုင်းသည် ချမ်းသာချင်ကြသည်၊ အေးအေးချမ်းချမ်း နေလိုကြသည်၊ မေတ္တာပို့သည်အခါမှာလဲ ‘‘အဟံ အဝေရော ဟောမိ’’က အစပြုသည်။ ကျွန်ုပ် ဘေးရန်ကင်းကွာ ချမ်းသာရပါလို၏၊ အဟံ အဗျာပဇ္ဇော ဟောမိ- ကျွန်ုပ် စိတ်ချမ်းသာပါရစေ စသည်ဖြင့် ကိုယ့်ကိုကို ဦးစွာ မေတ္တာပို့သည်။ ဤကဲ့သို့ မိမိက အရင်စ၍ မေတ္တာပို့ခြင်း လူသားတိုင်း သက်ရှိသတ္တ၀ါတိုင်း မိမိကဲ့သို့ ချမ်းသာချင်ကြမည်၊ ဘေးကင်းလိုကြမည်ဟု စာနာတတ်အောင် ဆိုထားခြင်းဖြစ်သည်။ လူသားတိုင်း သက်ရှိသတ္တ၀ါတိုင်း ချမ်းသာချင်ကြပေမဲ့ ချမ်းသာစွာ မနေနိုင်ကြပေ။ အဘယ့်ကြောင့်နည်းဟု သိကြားမင်းက မေးခြင်းဖြစ်သည်။

သံယောဇဉ်

သိကြာမင်းက သံယောဇဉ်ကို မေးတာ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓက ဣဿာအစရှိသော သံယောဇဉ်များကြောင့် သတ္တ၀ါတွေ ချမ်းသာစွာ နေလိုကြပေမဲ့ မနေနိုင်ကြောင်း အဖြေပေးသည်။ ဘုရားအဖြေက ဣဿာနှင့် မစ္ဆရိယသံယောဇဉ်ဖြစ်ပါသည်။ ဤပို့စ်၌ ဣဿာ သံယောဇဉ် အကြောင်းကိုပဲ တင်ပြမည်ဖြစ်ပါသည်။ မစ္ဆရိယသံယောဇဉ်ကိုတော့ အပိုင်း (၂) မှာ ဆွေးနွေးမှာ ဖြစ်ပါသည်။

စာရေးသူတို့ လူအများစုက သံယောဇဉ်ကို ဘယ်လိုနားလည်ထားကြသလဲဆိုတော့ အချစ် (love) တဲ့။ အချစ်တစ်ခုတည်းကိုပဲ သံယောဇဉ်ဟု နားလည်ထားကြသည်။ တကယ်တော့ သံယောဇဉ်ဆိုတာ‘‘ သတ္တေ အနတ္ထေ (ဒုက္ခေ) သံယောဇေန္တိ ဗန္ဓေန္တီတိ သံယောဇနာ’’ ဟု စာပေမှာ ဆိုသည်။ သတ္တ၀ါတို့ကို အကျိုးမဲ့ မကောင်းသောအကျိုးတို့၌ ချည်နှောင်ထားတတ်သည်။ ထိုသံယောဇဉ်ကြောင့်ပဲ သက်ရှိ လောကကြီးသည် လူသားအချင်းချင်း သက်ဖြတ်ခြင်း၊ မတရားပြုကျင့်ခြင်း၊ အောင်မြင်မှုနှင့် ဘ၀စည်းစိမ်များကို ဖျက်ဆီးခြင်း၊ အောင်မြင်ရန်အလားလာများကို တားမြစ် ပိတ်ဆို့ခြင်း စတဲ့ လောကကြီးပွားခြင်းကို ခြေမှုန်းနေကြသည်။ ထိုသို့သော ဒုက္ခတို့၌ ချည်နှောင်ထားတတ်သည်။

စာပေမှာ သံယောဇဉ် ၁၀ပါး ပြဆိုထားသည်။ အများစု နားလည်ထားသည့် အချစ်ဆိုတဲ့ သံယောဇဉ်သည် ကာမရာဂသံယောဇဉ် ဘ၀ရာဂသံယောဇဉ် တို့ကို ဆိုလိုသည်။ သို့ပေမဲ့ အခြားသော ဣဿာ (စောင်းမြောင်းငြူစူခြင်း) သံယောဇဉ်၊ ဒေါသ ပဋိဃ (ရန်ငြိုးထားခြင်း အငြိုးတေးထားခြင်း အမျက်ထွက်ခြင်း) သံယောဇဉ်စတဲ့ သံယောဇဉ်များကိုတော့ သံယောဇဉ်ဟု ခံယူမထားကြပေ။ မုန်းတီးခြင်း၊ ရန်ငြိုးဖွဲ့ခြင်း အာဃာတထားခြင်းသည်လည်း သံယောဇဉ်မည်ပါသည်။ ဒုက္ခပေါင်းစုံမှ ရုန်းမထွက်နိုင်အောင် ချည်နှောင်ထားသောကြာင့် ဖြစ်သည်။ အေးချမ်းသော ဘ၀ကို ပိုင်ဆိုင်နိုင်ရန် ထိုသံယောဇဉ်များကို ကျော်လွားနိုင်ဘို့ လိုအပ်ပါသည်။ ထိုသံယောဇဉ်များကို မတားဆီးနိုင်သရွေ့ ရန်သူတွေဝိုင်းရံနေတဲ့ ဘ၀မှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်။ လောကကြီးသည် သို့မဟုတ် ဘ၀သည် အချင်းချင်းအာဃာတတွေ၊ အပြိုင်အဆိုင်တွေ၊ ပိတ်ပင်တားဆီးမှုတွေ၊ အဖျက်သမားတွေ၊ တစ်ယောက်နှင့်တစ်ယောက် ရှုတ်ချ အပြစ်တင်ခြင်းတွေ၊ ပစ္စည်းဥစ္စာများကို မတရားသဖြင့် သိမ်းယူခြင်းဆိုတဲ့ ဥစ္စာဒဏ်၊ လက်နက်ဖြင့် ခြိမ်းခြောက်ခြင်းဆိုတဲ့ လက်နက်ဒဏ်စသည်တို့ဖြင့် ၀ိုင်းရံခံနေရသည်။ ထိုအန္တရာယ်များသည် မနာလို ငြူစူခြင်းဟုသော ဣဿာ သံယောဇဉ်လျှင် မြစ်ဖျားခံသည်။ လောကကြီးကို ခြိမ်းခြောက်နေသောကြာင့် လောကအဖျက်တရားဟူလည်း ခေါ်ဆိုနိုင်သည်။ ဣဿာသည် လောကကြီးပျက်ဆီးသွားသည်အထိ ဖြစ်သွားနိုင်သည်ကို သတိထားသင့်သည်။ စာရေးသူတို့ ဗုဒ္ဓဘာသာနိုင်ငံတွေမှာ အဖြစ်မများပေမဲ့ တစ်ကမ္ဘာလုံးနှင့်ခြုံကြည့်ပါက နေရာအနှံ့ပြား များစွာတွေ့နိုင်ပါသည်။

ဣဿာ (မနာလို သ၀န်တို)

လောကအဖျက်တရားများစွာထဲက ဣဿာ (စောင်းမြောင်းငြူဆူခြင်း) သံယောဇဉ်သည်လည်း ကြောက်စရာ အဖျက်တရားတစ်ခုဖြစ်သည်။ ဒါကို ခေတ်စကားအနေနဲ့ jealous ဖြစ်တယ်လို့ ဆိုပါတယ်။ အနီးစခန်းဆရာတော်က ‘‘ မင်းတို့ခေတ်က ဣဿာ မစ္ဆရိယတွေ လွှမ်းမိုးတဲ့ ခေတ်ကွ၊ ဘယ်တော့မှ မချမ်းသာနိုင်ဘူး’’ ဟု အမိန့်ရှိဖူးသည်။ မှန်ပါသည်၊ ထိုဣဿာလွှမ်းမိုးနေသမျှ လောကကြီးသည် အေးအေးသက်သာ ရှိလိမ့်မည်မဟုတ်။ ထိုဣဿာသည် အဘိဓမ္မာသဘောအရ ဒေါသနောက်ခံရှိသည်။ အဘိဓမ္မတ္ထသင်္ဂဟစာအုပ်ကလေးတွင် ‘‘ဒေါသော ဣဿာ မစ္ဆရိယ ကုက္ကုစ္စဉ္စာပိ ဒွီသု ပဋိဃသမ္ပယုတ္တစိတ္တေသု’’ ဣဿာသံယောဇဉ်သည် ဒေါသနောက်ခံရှိသည်ဟု ဆိုလိုပါသည်။ ဣဿာရဲ့သဘောတရားကို အဘိဓမ္မာအဋ္ဌကထာ ဆရာကြီးက ရှင်းချက် ၅ မျိုးဖြင့် ဖော်ပြထားသည်။

၁။ ပရသမ္ပတ္တိ ခီယန လက္ခဏာ- လုလ္လပယောဂ၊ ကံ ဥာဏ် ၀ီရိယတို့ဖြင့် ရအပ်သော ဘ၀သမ္ပတ္တိ-ဘ၀မှာ အရာရာပြီးပြည့်စုံခြင်း၊ ဘောဂသမ္ပတ္တိ-စည်းစိမ်ဥစ္စာပြည့်စုံခြင်း စသည့် သူတပါး၏ ပြီးပြည့်စုံခြင်းကို ရှုတ်ချ ကဲ့ရဲ့ အပြစ်တင် ဝေဖန်ခြင်းသဘော ဖြစ်သည်။ ကားအကောင်းစားစီးနိုင်သူကိုမြင်လျှင် ဒီကောင် ဒီလူ ဘယ်လိုနည်းနဲ့ စီးပွားရှာတယ် ဘယ်လိုနည်းနဲ့ ကားအကောင်းစား စီးနိုင်တယ်၊ စီးနိုင်မှာပေါ့ သူ့အဖေက သို့မဟုတ် သူ့အမေက ဘယ်ဝန်ကြီးနှင့်ဘယ်လို ပတ်သက်တာ စသည်ဖြင့် ရှုတ်ချတတ်သည်၊ ကဲ့ရဲ့တတ်သည်။ ဂုဏ်ထူးများစွာဖြင့် စာမေးပွဲအောင်သူကို မြင်လျှင် အောင်မှာပေါ့ သူ့အဖေက ပညာရေးဝန်ကြီးနဲ့ ဘယ်လိုပတ်သက်တာ၊ ဆရာဆရာမတွေနှင့် ဘယ်လိုပတ်သက်မှုရှိတာ စသည်ဖြင့် ဝေဖန်ပြောဆိုတတ်သည်။ နောက်ဆုံး သမီးရည်းစား အဆင်ပြေနေတာတောင် အလွတ်မပေးခြင်းသဘောတရားသည် ဣဿာ၏ လက္ခဏာပင်ဖြစ်သည်။ ‘‘ကြီးပွားချမ်းသာ ရှုတ်ချခါ ဣဿာဟူ၍မှတ်’’ ဣဿာသည် သူတပါးကြီးပွား ချမ်းသာနေတာကို အမြဲတန်း ကဲ့ရဲ့ ရှုတ်ချတက်သည်။ သူတပါးပြီးပြည့်စုံနေတာကို ၀မ်းမသာနိုင်ဘဲ ရှုတ်ချနေတက်သည်။ ဤကဲ့သို့ အချင်းချင်း ကြီးပွားမှုကို ရှုတ်ချ ကဲ့ရဲ့လျှင် ဒီလောက ဘယ်တော့မှ မချမ်းသာနိုင်တော့ပေ။

၂။ ပရသမ္ပတ္တိ ဥဿူယနလက္ခဏာ- သူတပါးကြီးပွားချမ်းသာမှုအပေါ်မှာ အမြဲတမ်း ဖျက်ဆီးဖို့ရန် စောင်းမြောင်းခြင်းသဘောဖြစ်သည်။ သူတစ်ပါး တိုက်တွေ ကားတွေ စိန်တွေ ရွှေတွေ စသည်ဖြင့် ပြီးပြည့်စုံခြင်းကို ၀မ်းမသာနိုင်ဘဲ အားမပေးဘဲ ဖျက်ဆီးဖို့ရန်သာ စောင်းမြောင်းနေတတ်သည်။ ကဒါ နုခေါ ဧသ ဣမာယ သမ္ပတ္တိယာ ပရိဟာယိတွာ စရိဿတီတိ= ဘယ်သောအခါမှာ ဤပုဂ္ဂိုလ်သည် ဤပြီးပြည့်စုံခြင်းမှာ ဆုတ်ယုတ် ပျက်ဆီးပြီး ကျရှုံးလိမ့်မည်နည်းဟူ၍သာ ကြံစီတွေးတော နေတတ်သည်။ အကြောင်းအမျိုးမျိုးကြောင့် သူတပါး ထိုကဲ့သို့ ပြည့်စုံမှုမှ ဆုတ်ယုတ် ပျက်ပြားသွားသော် ၀မ်းသာ နေတက်သည်။ ဤနည်းအားဖြင့် သူများစည်းစိမ်အကြောင်းပြုပြီး ဣဿာပွားနေသူမှာ ပူလောင်မှုဖြင့် စိတ်ပင်ပန်းနေရသည်။ စာကဆိုသည်မှာ--
‘‘ ဣဿာနလာသိခါ ယေသံ၊ ဟဒယေ ဇလတီဓ တေ။
နေ၀ ၀ိန္ဒန္တိ ပါမောဇ္ဇံ သမ္ဗုဒ္ဓါဒီဟိ သေ၀ိတံ’’ ဟုပင် ဖြစ်သည် (အဘိ-ဋီ-၃၁၉)။ ဆိုလိုသည်မှာ- ဣဿာမီး အပူလောင်ခံရသော ပုဂ္ဂိုလ်တို့မှာ ဘုရားပစ္စေက အရိယာတို့ မှီဝဲအပ် ခံစားအပ်သော နုသော ၀မ်းမြောက်ခြင်း (ပါမောဇ္ဇ) မရနိုင်၊ ပါမောဇ္ဇမရရှိခြင်းကြောင့် ရင့်သော ၀မ်းမြောက်ခြင်း (ပီတိ) မရ၊ စိတ် စေတသိတ်တို့၏ ငြိမ်းအေးသော ပဿဒ္ဓိ၊ ချမ်းသာခြင်း သုခ၊ စိတ်၏တည်ကြည်မှု သမာဓိမရနိုင်ခြင်းကြောင့် ရုပ်နာမ်သဘာဝတရားကို ထိုးထွင်းသိနိုင်သော မဂ်ဥာဏ်မရနိုင်၊ နောက်ဆုံး နိဗ္ဗာန်အထိ အဆင့်ဆင့် မရနိုင်တော့ပေ။ ဣဿာသည် နိဗ္ဗာန်၏ ရန်သူဖြစ်လေတော့သည်။

၃။ တတ္ထ အနဘိရတိ ရသာ- သူတပါးစည်းစိမ် ကြွယ်ဝမှုအပေါ်မှာ မမွေ့လျော်ခြင်းသဘောဖြစ်သည်။ သူတပါးကြီးပွားချမ်းသာမှုအပေါ်၌ နဲနဲလေးမှ ၀မ်းမမြောက်နိုင်တဲ့သဘောပင်။ သူမြတ်အကျင့် ၄ပါးထဲက မုဒိတာသည် သူတစ်ပါး၏ စည်းစိမ် ဥစ္စာနှင့် အောင်မြင်မှုများကို ၀မ်းမြောက်ပေးသည်။ ဣဿာကတော့ ၀မ်းမမြောက်နိုင် မပျော်နိုင်။ မုဒိတာက သူတစ်ပါးအဆင်ပြေနေတာကို ၀မ်းမြောက်ပေးသည်။ ဣဿာက စိတ်မသက်မသာ ဖြစ်သည်။ ပြီးပြည့်စုံသူ အောင်မြင်သူကို မြင်သောအခါ ‘‘ ကဒါ နုခေါ ဣမာယ သမ္ပတ္တိယာ ပရိဟာယိတွာ ကပဏော ဟုတွာ စရိဿတိ- ဒီလူ၏ စည်းစိမ်တွေ ဘယ်သောအခါမှ ဆုံးရှုံးပြီး မွဲပြာကျသွားမလဲ တွေးတောနေတက်သည်၊ ထိုသို့ တွေးတောထားသည်အတိုင်း ဖြစ်လာလျင် ၀မ်းမြောက်တတ်သည်။ ဤသည်ကား ဣဿာ သဘောတရားပင်ဖြစ်သည်။ အချင်းချင်း မုဒိတာမပွားနိုင်တဲ့လောကကြီး၊ အချင်းချင်းပြီးပြည့်စုံခြင်းကို ၀မ်းမမြောက်နိုင်သော လောကကြီးသည် ဘယ်တော့မှ ချမ်းသာလိမ့်မည်မဟုတ်၊ အေးချမ်းလိမ့်မည်မဟုတ်။

၎။ တတော ၀ိမုခဘာဝ ပစ္စုပဋ္ဌာနံ- သူတစ်ပါးချမ်းသာခြင်း အောင်မြင်ခြင်း ပြည့်စုံခြင်းတို့အပေါ် မျက်နှာလွဲခြင်းလျှင်ထင်ရှားသည်။ ဣဿာရှိတဲ့သူသည် ချမ်းသာ အောင်မြင်သူကိုမြင်လျှင် မျက်နှာလွဲတတ်သည်၊ မမြင်ချင် မကြည့်ချင်ဖြစ်သည်။ ကိုယ့်အပေါ် မနာလိုဖြစ်နေသလား၊ ငြူစူနေသလား၊ ဖျက်ဆီးချင်နေသလားဆိုတာ ထိုဣဿာပွားနေသူ၏ မျက်နှာပေါ်မှာ ပေါ်လွင်နေသည့်အတွက် အလွယ်တကူ အကဲခတ်နိုင်သည်။ သူ၏မျက်နှာအပေါ်တွင်၎င်း သူ၏ ကိုယ်အမူအရာ နှုတ်အမူအရာတို့၌၎င်း ပေါ်လွင်နေတတ်ပါသည်။ ဤနည်းဖြင့် ကိုယ့်ရဲ့ ရန်သူကို အကဲခတ်နိုင်သည်။ ငါ့စီးပွားတွေကို သူမကြည့်ချင်တော့ဘူးဆိုရင် သူသည် ဣဿာလွှမ်းမိုးနေတာပဲဖြစ်တယ်။ ဒုက္ခဖြစ်အောင် သူလုပ်တော့မယ် ဆိုတာ သတိထားနိုင်သည်။

၅။ ပရသမ္ပတ္တိ ပဒဋ္ဌာနံ- ထိုသို့ ဣဿာပွားခြင်းသည် တစ်ပါးသူ၏ စည်းစိမ်ဥစ္စာကြွယ်ဝမှုနှင့် အောင်မြင်မှုတို့ကြောင့် ဖြစ်သည်။ ကိုယ်နှင့်လဲမဆိုင်ဘဲ သူများပစ္စည်းနှင့် အလကားသက်သက် အချောင် အကုသိုလ်ယူလိုက်ခြင်းပဲ ဖြစ်သည်။ ဣဿာ၏ဆန့်ကျင်ဘက်က မုဒိတာဖြစ်သည်။ မုဒိတာသည် သူများပစ္စည်းနှင့် အချောင် ကုသိုလ်ရနိုင်ခြင်းဖြစ်သည်။ ကုသိုလ်အချောင်ရနိုင်သည့် သူမြတ်တို့အကျင့် မုဒိတာသည် သူများပစ္စည်းနှင့်ပတ်သက်ပြီး ၀မ်းမြောက်နေခြင်းပဲဖြစ်သည်။ သူ၏ အတိတ် ပစ္စုပ္ပန်က ကံ၊ ဥာဏ်၊ လုလ္လပယောဂ ၀ီရိယတို့ဖြင့်ရအပ်၏ဟု တွေးကာတွေးကာ ၀မ်းသာနေခြင်းဖြစ်သည်။
ထိုသို့နှလုံးသွင်းကောင်းမှန်ကန်ခြင်းကြောင့် ဣဿာအပူမီး အလောင်မခံရသည့်အပြင် နုသောဝမ်းမြောက်ခြင်း ရင့်သော ၀မ်းမြောက်ခြင်း၊ စိတ်စေတသိတ်တို့ အေးချမ်းခြင်း၊ စိတ်ချမ်းသာခြင်း၊ သမာဓိရရှိခြင်း၊ ထိုသမာဓိကြောင့် မဂ်ဥာဏ်နှင့် နောက်ဆုံး နိဗ္ဗာန်အထိ ရောက်နိုင်သည်။ သာဓကဇာတ်ကြောင်းတစ်ခု ထုတ်ပြသော်-။

သာဓကဇာတ်ကြောင်း

တခါက သာဝတ္ထိမြို့မှာ အမေအို အဖေအိုကို လုပ်ကြွေးနေတဲ့ အမျိုးသားတစ်ယောက်ရှိခဲ့ဖူးတယ်။ တစ်ဦးတည်းသောသား ဖြစ်သည်၊ အမျိုးနွယ် စီးပွားဥစ္စာ အမွှေစားအမွေခံ မျိုးဆက်သစ်မရှိ၍ မိဘများက သားတော်မောင်ကို အိမ်ထောင်ချပေးလိုက်သည်၊ သို့သော်လည်းနှစ်တွေသာကုန်သွားပေမဲ့ ချွေးမလေးမှာ ယခုထိ ကိုယ်ဝန်မဆောင်နိုင်သေးသဖြင့် အမွေဆက်ခံမည့်သူပြတ်မည်ကို ကြောက်သောကြောင့် နောက်ထပ် အမျိုးသမီးတစ်ယောက်နှင့် လက်ထပ်ပေးပြန်သည်။ ဒုတိယအမျိုးသမီး ကိုယ်ဝန်ရှိလာသောအခါ အမျိုးသားရော မိဘတွေကပါ ဖူးဖူးမှုတ်ထားကြသည်၊ သိပ်ချစ်ကြသည်၊ အချက်ပြုတ်၊ အ၀တ်လျှော် သန့်ရှင်းရေး စသည့်အိမ်မှုလုပ်ငန်းအ၀၀ကို မယားကြီးက လုပ်ပေးရသည်၊ မိဘဆွေမျိုး၏ ၀ိုင်းယုယ အချစ်ခံရသော ကိုယ်ဝန်ဆောင်အမျိုးသမီး၏ ပြည့်စုံခြင်း ပျော်ရွှင်ခြင်းများကို မယားကြီး မပျော်နိုင်။ ဣဿာဝင်လာသည်နှင့်တပြိုင်တည်း ဖျက်ဆီးဘို့ရန် စိတ်ကူးလာတော့သည်။ ကိုယ်ဝန်ရှိသော အမျိုးသမီး၏ အစားအစာထဲတွင် ကိုယ်ဝန်ပျက်ကျစေ နိုင်သော ဆေးထည့်လိုက်သည်။ ကိုယ်ဝန်ပျက်ကျသွားသည်၊ ဒုတိယ ကိုယ်ဝန်၊ တတိယကိုယ်ဝန်တို့ကို ဆက်တိုက် ဆေးခပ်အဖျက်ခံရသည်။ စတုတ္ထမြောက်ကိုယ်ဝန်ကိုတော့ မယားကြီးမသိအောင် တနေရာသွားပြီးပုန်းနေရသည်၊ ဖွားခါနီးအချိန်ခါမှ အိမ်ပြန်လာသည်၊ မယားကြီးအံ့သြတုန်လှုပ်သွားသည်၊ ထိုမွေးဖွားခါနီးဆဲဆဲမှာပဲ ဆေးခပ်ထည့်ပြန်သည်၊ ကိုယ်ဝန်ပျက်မကျဘဲ အမေရော ကလေးပါ သေလုနီးပါးထိရောက်ချိန်မှာ ‘‘ငါရော ငါ့သားပါ သေအောင်လုပ်တဲ့ မိန်းမ နောက်ဘ၀ သင်၏ကလေးတွေကို ပြန်စားနိုင်သော ဘီလူးဖြစ်ရပါလို၏’’ဟု ဆုတောင်းခဲ့၍၊ ထိုအိမ်မှာပဲ ကြောင်ဖြစ်၍ မယားကြီးကတော့ ကြက်မလာဖြစ်ပြီး ပေါက်လာတဲ့ကလေးတိုင်း အစားခံရပြန်သည်၊ ဤသို့အားဖြင့် အပြန်အလှန် ကလဲ့စားချေလိုသော စိတ်ဖြင့် ဆုတောင်းလာလိုက်ရာ သမင်ဖြစ်ပြီး ကျားအစာဖြစ်ရ။ နောက်ဆုံးဘ၀မှာ ကိုယ်ဝန်ဆောင်မယားက သူ၏ဆုတောင်းအတိုင်း ဘီလူးမလာဖြစ်သည်၊ မယားကြီးကတော့ အမျိုးသမီးလာဖြစ်သည်။ ဤနည်းအားဖြင့် ဘတစ်ပြန်ကျားတစ်ပြန် အပြန်အလှန် တိုက်ခိုက်ခြင်းသည် မူလအခြေခံ ဣဿာကြောင့်ဖြစ်သည်။ ထို့ကြောင့် ဣဿာသည် ကြောက်စရာကောင်းသော လောကအဖျက်တရားဖြစ်သည်။

ဣဿာ ၂ မျိုး

ဣဿာသည် အဂါရိက ဣဿာ (လူဝတ်ကြောင်များ၏ ဣဿာ) နှင့် အနာဂါရိက ဣဿာ (အိမ်ယာမထောင် ရဟန်းဘောင်များ ဣဿာ) ဟူ၍ နှစ်မျိုးရှိသည်။ လူဝတ်ကြောင်များမှာ ဣဿာ မနာလို ၀န်တို ငြူစူခြင်းရှိသလို အိမ်ယာမထောင်သော ရဟန်းတော်များမှာလည်း ရှိတတ်သည်။ စာပေဗဟုသု ပရိယတ္တိ အစရှိသည်တို့ကို အမှီပြုပြီး ကြီးပွားချမ်းသာသော ရဟန်းတစ်ပါးကို မြင်လျှင် ဣဿာဝင်ပူးသော ရဟန်းမှာ မပျော်နိုင်၊ ၀မ်းမသာနိုင်ဘဲ ဒီကိုယ်တော် ဘယ်နေ့ ဒီကြီးပွားအောင်မြင်မှုကနေ ကျရှုံးမလဲ တွေးတောနေသည်၊ အကြောင်းတစ်စုံတစ်ခုကြောင့် ပျက်ဆီးဆုံးရှုံးသွားသော် ၀မ်းမြောက်တက်သည်။

ယနေ့မျက်မှောက်ခေတ်နှင့်ကမ္ဘာ

စာရေးသူတို့နေရာ ယနေ့မျက်မှောက်ခေတ်ကို လက်လှမ်းမီသလောက် ကြည့်မယ်ဆိုရင်၊ ကျွန်ုပ်တို့နေရာ ဤကမ္ဘာကြီး၌ ပြိုင်ဆိုင်မှုတွေ၊ စိန်ခေါ်မှုပေါင်းများစွာဖြင့် ရင်ဆိုင်နေရသည်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန်အလှန်တိုက်ခိုက်မှုတွေ၊ ပြိုင်ဆိုင်မှုတွေရှိနေကြသည်။ တချို့သောနိုင်ငံတွေမှာ အလွန်ချမ်းသာ ကြွယ်ဝသည် အချို့နိုင်ငံများမှာတော့ ဆင်းဆင်းရဲရဲဘ၀ဖြင့် ရုန်းမထွက်နိုင်သေးဘဲ ရှိနေကြသေးသည်မှာ ကမ္ဘာကြီး၏ မညီမျှမှုကို ပြနေခြင်းဖြစ်သည်။ ထိုသို့သော မညီမျှမှုတွေကြောင့် လူတွေရဲ့ စိတ်သည် အဖျက်သဘောဆောင်သည့် Destructive Power ခေါ်သည့် စွမ်းအင်ဘက်သို့ ပြောင်းလာကြသည်။ တစ်ယောက်ကြီးပွားမှုကို တစ်ယောက်က မလိုလားပေ၊ တစ်နိုင်ငံချမ်းသာမှုကို တစ်နိုင်ငံက ၀မ်းမသာနိုင်ပေ။ စီးပွားရေးအင်အား လက်နက်အင်အား စွမ်းအင် အင်အားများကို ကိုယ့်ထက်သာသွားမည်ကို အပြန်အလှန် စိုးရိမ်နေကြသည်၊ ပူလောင်နေကြသည်။ နည်းမျိုးစုံဖြင့် ပိတ်ပင်တားဆီးနေကြသည်၊ ကြီးပွားဆဲ ကြီးပွားလတံ့သော နိုင်ငံများကို တက်မလာနိုင်အောင် ဖိအားပေးခြင်း၊ ကြီးပွားပြီး ချမ်းသားပြီးနိုင်ငံများကိုလည်း နည်းမျိုးစုံဖြင့် ဖျက်ဆီးဖို့ရန် ကြံစည်ခြင်း၊ ဖျက်ဆီးခြင်း စသည့် အဖျက်သဘောများ၏ စိန်ခေါ်မှုများကလည်း ကမ္ဘာကြီးအတွက် ကြီးမားသောပြဿနာပင်ဖြစ်သည်။

မိနစ်ပိုင်း စက္ကန့်ပိုင်းအတွင်း သိန်းချီ သန်းချီသော လူများစွာရဲ့ အသက်ဇီဝိန်ကို ယူနိုင်သည့် နျူးကလီးယားစသည့် အဖျက်လက်နက်များကလည်း သူ့ထက်ငါ အပြိုင်အဆိုင် တီထွင်လျှက် ခြောက်လှန့်နေကြသည်။ ဤကဲ့သို့ လူသားအချင်းချင်း၊ တိုင်းပြည်အချင်းချင်း အပြန်အလှန် အဆိပ်သင့်စေသည့် မကောင်းသောဓာတ်တစ်ခုက ဣဿာ-မနာလိုခြင်းပင်ဖြစ်သည်။ အဆိပ်သဖွယ်ဖြစ်သည့် ထိုဣဿာ တရားသည် လူသားအချင်းချင်း ဆိုးရွားသော လုပ်ကြံမှုများနှင့် အလွန်အန္တရာယ်ကြီးမားသော ထိပ်တိုက် ရင်ဆိုင်မှုနှင့် အပြိုင်အဆိုင်များကို ဖြစ်စေသည်။ လူသားအချင်းချင်း တိုင်းပြည်အချင်းချင်း ညီညွတ်မှုနှင့် အေးချမ်းမှုကို ပျက်ပြားစေသည့် ဓာတ်တစ်ခုဖြစ်သည်။


ဤပုံကလေးတွေကတော့ ၉-၁၁ world trade center ကြီး လောကအဖျက်တရားကြောင့် အသက်ပေါင်းမျာစွာ တပြိုင်တည်း ဆုံးရှုံသွားစဉ်

ဗုဒ္ဓဘာသာနှင့် ယနေ့ပြဿနာ

ထိုကဲ့သို့သော လောကကြီးရင်ဆိုင်နေရသော လူမှုရေးပြဿနာတွေ၊ သဘာဝဘေးဒဏ် ပြဿနာတွေနှင့် ကမ္ဘာကြီး ရင်ဆိုင်နေရသော စိန်ခေါ်မှုများ ပြဿနာများကို ဗုဒ္ဓဘာသာက ဘယ်လို ဖြေရှင်းပေးနိုင်သလဲဆိုတဲ့ မေးခွန်းသည် ဗုဒ္ဓဘာသာဝင်များ သိထားသင့်သည် အလေးထား စဉ်းစားသင့်သည် အချက်တစ်ခုဖြစ်ပါသည်။ ဗုဒ္ဓဘာသာက ထိုမေးခွန်းအတွက် ပြီးပြည့်စုံစွာ ဖြေကြားရန် အဆင်သင့်ရှိနေသည်။ အကောင်းဆုံး အရှင်းဆုံး ဖြေပေးထားသည်။ ထိုသို့ ဖြေရှင်းနိုင်ပေးသော အကောင်းဆုံးနည်းလမ်းသည် လူမြတ်တို့ ကျင့်အပ်သည် မြတ်သောအကျင့်ဖြစ်သည်။ ဒါကိုပဲ စာလိုအားဖြင့် ဗြဟ္မ၀ိဟာရ၊ ဗြဟ္မစရိယ ဟူ၍ခေါ်ဆိုသည်။ ထိုလူမြတ်ကျင့်စဉ်များကို အသားရောင်၊ လူမျိုး၊ ကိုးကွယ်မှုဘာသာ စသည်မခွဲခြားဘဲ လိုက်နာကျင့်သုံးပါက လူသားတို့ နေရာ ဤကမ္ဘာကြီးသည် ငြိမ်းချမ်းသော တည်ငြိမ်သော နေရာဖြစ်မှာ အမှန်ပင်ဖြစ်ပါတော့သည်။

သူမြတ်တို့ကျင့်စဉ်

၁။ ရန်ငြိုးဖွဲ့ခြင်း၊ ဒေါသ အာဃာတ တို့၏ဆန့်ကျင်ဘက် မေတ္တာတရား
၂။ ညှင်းပန်းနှိပ်စက် အနိုင်ကျင့်ခြင်း ရက်စက်ခြင်းဟုသော ၀ိဟိံသ ၏ ဆန့်ကျင်ဘက် ကရုဏာတရား
၃။ မနာလို စောင်းမြောင်းငြူစူခြင်းဟုသော ဣဿာ၏ ဆန့်ကျင်ဘက် မုဒိတာတရား
၎။ အစွန်းရောက်သော ချစ်ခြင်း မုန်းခြင်းဟုသော သံယောဇဉ်တရားတို့၏ ဆန့်ကျင်ဘက် ဥပေက္ခာ တရား။ ထို မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာတို့သည် သူမြတ်တို့၏ မြတ်သောအကျင့်တည်း။

ဤမျှလောက်ဖြင့် လောကအဖျက်တရားနှင့် ထိုအဖျက်တရားကို ကုစားနိုင်သော အရိပ်မြွတ်မျှသော နည်းလမ်းတို့သည် နားလည်လွယ် သဘောပေါက်လွယ်ရကား အကျဉ်းမျှဖြင့်သာ (ပို့စ်တစ်ခုစာမျှ) ဖော်ပြလိုက်ပါသည်။

ကျမ်းကိုးများ
၁။ ဓမ္မပဒ အဋ္ဌကထာ
၂။ အဋ္ဌသာလိနီ
၃။ သုတ်မဟာဝဂ္ဂ
၎။ အဘိဓမ္မတ္ထသင်္ဂဟပါဌ်
၅။ သီတဂူဆရာတော်ကြီး၏ သက္ကပဥှသုတ်တရားတော်
၆။ သီတဂူဆရာတော်ကြီး၏ သြ၀ါဒ
၇။ အဘိ-ဋီကာ
၈။ Summit Speech by Sitagu Sayadaw 2000

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၇-၀၁-၂၀၁၁

03 January 2011

ပူနေးကျောင်းသား ဘဝ

စာမိတ်ဆက်
ဒီပို့စ်လေးကို အပိုင်းများခွဲပြီး လွန်ခဲ့သော ၅ လ ၆ လ လောက်ကထဲက တင်ပြီးဖြစ်ပါသည်။ သို့သော်လည်း ပူးနေတက္ကသိုလ် သို့မဟုတ် အိန္ဒိယတက္ကသိုလ် တခုခုသို့ တက်ရောက် ပညာသင်လိုသူများက ပြန်လည်တင်ပေးဖို့ တောင်းဆိုလာသဖြင့် အပိုင်း(၁) အပိုင်း(၂)နှင့် အပိုင်း (၃) တို့ကို တစုတဝေးထဲ ပေါင်းပြီး တင်လိုက်ရပါသည်။

ပူနေးကျောင်းသားဘဝ

ဤပို့စ်ကတော့ ယျေဘုယျ ကျောင်းတိုင်းအတွက် မဖြစ်မနေ တွေ့ကြုံရမည့် အခက်အခဲများပင်ဖြစ်ပါသည်။ ထို့ကြောင့် အိန္ဒိယပြည်ကြီးမှာ ကျောင်းသားတစ်ယောက် ဖြက်သန်းရတဲ့ဘ၀လေးကို စာဖတ်ပရိသတ်များအား ခံစားကြည့်စေချင်တဲ့ ဆန္ဒလေးတစ်ခုတည်းနဲ့ ဤပို့စ်လေးကို တင်ဖြစ်သွားခြင်းဖြစ်ပါသည်။

အိန္ဒိယကို ရောက်လာကြတဲ့ ပြည်ပကျောင်းသားတိုင်းမှာ အခက်အခဲများစွာရှိတယ်ဆိုတာ အိန္ဒိယပြည်မှာ ကျောင်းတက်ဖူးသူတိုင်း သိရှိပြီးဖြစ်ပါသည်။ ဒေသတစ်ခု စည်းမျဉ်းတစ်ခုဖြစ်ပါတယ်။ ပူနေးမြို့မှာတော့ ပြည်ပကျောင်းသား များလာတာကြောင့် အခြားမြို့များထက် စည်းမျဉ်းဥပဒေတွေ ပိုများနေသည်ဟူ၍ ဆိုပါတယ်။

ပူနေးရောက်လျင်
မြို့ကိုရောက်လာတာနှင့်တပြိုင်တည်း ပထမဆုံး ကျောင်းသားဖြစ်ဘို့ထက် stay-permit ရဘို့ ပိုအရေးကြီးနေသည်၊ မွတ်ဆလင်ဘာသာဝင်နိုင်ငံတွေက လွဲရင် အခြားနိုင်ငံခြားကျောင်းသားများသည် ၁၄ ရက်အတွင်း FRO (Foreign Register Office) သို့ အပြေးသွားရသည်။ မွတ်ဆလင်ဘာသာဝင် နိုင်ငံမှ ကျောင်းသားများသည် ၁၄ နာရီအတွင်း ဖော်ပြပါရုံးသို့ သွားရောက် သတင်းပို့ရပါသည်။

ထိုရုံးကို သွားတော့ ကျောင်းသားတစ်ယောက် ဖြစ်ကြောင်း ထောက်ခံစာများစွာ ပါရပါတယ်၊ တက္ကသိုလ်က ထုတ်ပေးသော (၁) Eligible Letter ခေါ် ကျောင်းသားဖြစ်ကြောင်း ယာယီထောက်ခံစာ ကော်ပီ။ (၂) ပတ်စပို့မိတ္တူ (၃) ရဲရုံးအတွက်တင်ရန် A Form C form စသည်များ ဖြည့်ရ (၄) မိမိနေသည့် အိမ် (သို့) အဆောင်၏ ထောက်ခံစာ (၅) မိမိတက်မည့် ဌာနက ထုတ်ပေးသော Bonafide ခေါ် ကျောင်းသား ဖြစ်ကြောင်း certificate (မူရင်း) (၆) ဓာတ်ပုံ ၂ ပုံ ယူဆောင်ကာ ဖော်ပြပါရုံးသို့ သွားကာ တန်းစီရပါသည်။ ကျောင်းသားလက်ခံချိန်ဖြစ်သဖြင့် ရုံးတိုင်းမှာ နိုင်ငံခြားသားကျောင်းသားများသဖြင့် တန်းစီရတဲ့ ဒုက္ခ မသေးလှပါ။

Department မှ Bonafide Certificate
ကိုယ်တက်ရောက် သင်ကြားမည့် ဌာန Department မှ ကျောင်းသားတစ်ယောက် တရားဝင်ဖြစ်ကြောင်း လုပ်ထုံးများကလဲ အများသား။ International Student Center ခေါ် ပြည်ပကျောင်းသားရေးရာဌာန၊ ကိုယ်တက်ရောက်မည့် ဌာနနှင့် ဘဏ် တို့ကို ပြေးလွားရပေသည်၊ ပြည်ပကျောင်းသားရေးရာဌာနမှ ကျောင်းသားဖြစ်ရန် အချက်အလက် certificate အားလုံးပြီးပြည့်စုံစွာ စစ်ဆေးပြီးမှသာ အမေရိကန် ဒေါ်လာ ၆၅၅ သွင်းဘို့ ချလန် (ငွေပြေစာ) ထုတ်ပေးသည်၊ ထိုငွေပြေစာကို ဘဏ်မှာ သွားသွင်းရသည်၊ ထိုငွေးသွင်းပြီး ပြေစာများဖြင့် ကိုယ်တက်ရောက်မည့် ဌာနသို့ သွားရောက်ရပြန်သည်၊ ထိုဌာနမှ Department fee ရူပီး ၁၂၀၀၀ (အမေရိကန်ဒေါ်လာ ၂၅၀ ၀န်းကျင်) တန် တနှစ်စာ ချလန်ဖြတ်ပိုင်းထုတ်ပေးသည်၊ ဘဏ်သို့ ပြေးရပြန်သည်၊ ဘဏ်မှာက ရာနှင့်ချီသော ကျောင်းသားများက တန်စီးနေကြသဖြင့် စောင့်ဆိုင်းရသည့် ဒုက္ခ မလွယ်ပါ။ ထိုအားလုံးပြီးကာမှ မိမိတက်ရောက်မည့် ဌာနရဲ့ Head လက်မှတ်ဖြင့် Bonafide Certificate ထုတ်ပေးရန် ခွင့်ပြုချက်ရယူကာ Department Office မှ တံဆိပ်ရယူပြန်သည်။ ထိုထောက်ခံစာ အားလုံး စုစည်းပြီးကာမှ အထက်ဖော်ပြပါ ရဲရုံး FRO သို့ သွားရသည်။ အချို့လဲ ဤ procedure များအားလုံး ၁၄ အတွင်းပြီးနိုင်သလို အချို့မှာတော့ မမီသဖြင့် ရှိတဲ့ လက်မှတ်လေးနှင့် အရင်တင်ထားရသည်၊ ကျန်တာ နောက်မှ ပြန်ပို့ရင်ရသည်။ ၁၄ ရက်အတွင်း မပို့ပါက ဒဏ်ရိုက်ခံရမည်။

နေစရာဘယ်လို ဖန်တီးမလဲ?
အခုဆိုရင် ကျောင်းသားတစ်ယောက် ဖြစ်သွားပါပြီ။ အဓိက အရေးကြီးသည့် ပြဿနာတစ်ခုရှိပါသေးသည်။ သူကတော့ နေစရာပင် ဖြစ်သည်။ International Hostel တွင် အခန်းရဘို့ မလွယ်၊ ကြိုတင်ပြီး တင်ထားသော ကျောင်းသားများသည်ပင် တစ်နှစ်စောင့်ရသည်၊ မနှစ်က ရောက်လာသော ပါဠိဌာနမှ သီတဂူစတား သူငယ်ချင်းတွေ အခုထိ အခန်းမရရှိသေးပါ၊ အပြင်မှာ အိမ်ခန်းငှါး နေရသည်။ ပူနေး အိမ်ငှါးစရိတ်သည် နှစ်စဉ် မြင့်မားလာသည့်အတွက် တစ်ယောက်တည်း အိမ်ခန်းငှါးပြီး နေဘို့ဆိုတာ သီတဂူစတားတို့လို ဘုန်းကံနဲသူတွေအတွက် မဖြစ်နိုင်၊ ကြွားလိုက်ဦးမယ်။ စုပေါင်းငှါးမှသာ လုံခြုံရေးရော ငွေရေးကြေးရေးရော သက်သာမည်။ မနှစ်က သီတဂူကျောင်းသားများ စုပေါင်းငှါးသည့် အိမ်သည် တစ်လလျင် ၁၂၀၀၀ (အမေရိကန် ဒေါ်လာ ၃၀၀ ၀န်းကျင်)။ တက္ကသိုလ်က အဆောင်ရလျင်တော့ ၆ လ ရူပီး ၉၀၀၀ (အမေရိကန် ဒေါ်လာ ၂၀၀) ပေးဆောင်ရသည်၊ သက်သာသည်ဟု ဆိုနိုင်သည်၊ လုံခြုမှုရှိသည်။ ယခုအခါ အခန်းရဘို့ စောင့်ဆိုင်းနေသူ waiting lists တွေ များစွာ တန်းစီနေသည်။ အချို့တော့ အဆောင်မှာ မနေချင်ကြ၊ ချစ်သူ ရီးစားရှိသူတွေ၊ ပိုက်ဆံတတ်နိုင်သူတွေကတော့ အပြင်မှာ အိမ်ခန်းငှါးနေကြသည်၊ ပိုလွတ်လပ်သည်၊ အဆောင်မှာက အမျိုးသားဆောင်သို့ အမျိုးသမီးမတက်ရသလို အမျိုးသမီးဆောင်မှာ လဲ အမျိုးသားမ၀င်ရ၊ ယခုအခါ လုံခြုံရေးအတွက် ပိုတင်းကျပ်လာသည်ဖြစ်ရကား အမျိုးသားဧည့်သည် သည်ပင် အမျိုးသားဆောင် တက်ခွင့်မရတော့ပါ၊ သူငယ်ချင်းတွေ လာတွေ့လျင် အောက်ထက်က ဧည့်ခန်းမှာ တွေ့ရန် လုံးခြုံရေးက လာပြောပေးသည်။

ဘယ်လိုစားမလဲ?
နောက်တစ်ခု အရေးကြီးသည့် အချက်တစ်ခု ရှိပါသေးသည်၊ စားရေးသောက်ရေးပင် ဖြစ်သည်။ စားရေးသောက်ရေးကို ဘယ်လို ဖြေရှင်းကြမလဲ? တက္ကသိုလ်အဆောင်မှာ စားစရိတ်ကို ကိုယ့်ဘာသာ ဖြေရှင်းရသည်။ အချို့တက္ကသိုလ်များက အဆောင်တွင် mass ပါသည်။ ပြည်ပကျောင်းသား အများစုသည် အသားဟင်းကို ကြိုက်ကြသည်။ အိန္ဒိယနိုင်ငံသား ၈၅ ရာခိုင်နှုံးက အသား မစား၊ ပြဿနာက သူတို့က အသားမစားတော့ အချို့တက္ကသိုလ်တွေရဲ့အဆောင်မှာ အသားမချက်ရ၊ ပူနေးတက္ကသိုလ်ကတော့ ပြည်ပကျောင်းသားတွေချည်း နေသဖြင့် ကျောင်းသား ၁၀ ယောက်အတွက် မီးဖိုခန်း တစ်ခန်းပေးသည်။ အပြင်မှာ အိမ်ငှါးလျင် အသားချက်ခွင့်ရှိသည့် အိမ်ကို ရှာဖွေ ငှါးရသည်၊ အချို့အိမ်ပိုင်ရှင်များက အသားဟင်း ချက်စားခွင့် မပြု။ သူငယ်ချင်းတွေ စုချက်စားလျင် အကုန်အကျ သက်သာသည်။ သီတဂူစတားတို့ သီးတင်းသုံးဖော်တွေ ဌာနမတူပေမဲ့ အဆောင်မှာ အတူနေ အတူုချက်စားသည့် မိသားစုစနစ်တစ်ခုဖြစ်သည်။ အလှည့်ကျ ချက်စားကြသည်။ အချို့လဲ အတူမချက်ပေမဲ့ ကိုယ့်ဘာသာချက်ပြီး စားချိန်ရောက် အတူဝိုင်းဖွဲ့စားကြသဖြင့် အခြားပြည်ပကျောင်းသားများသည်ပင် အံသြချီးမွမ်းကြသည်။ မြန်မာတွေက စည်းရုံးမှုရှိသည်၊ cooperation ရှိသည်။ အများစုနိုင်ငံတွေက ကိုယ့်ဘာသာ နေကြသည်၊ self-life style ကို သဘောကျသည်။

ပါတီပွဲလေးများ
အဆောင်မှာတော့ ပြည်ပကျောင်းသားများ စုဝေးရာဖြစ်သောကြောင့် ကိုယ့်နိုင်ငံရဲ့ နေ့ထူးနေ့မြတ်၊ ဥပမာ နှစ်သစ်ကူးလိုမျိုးရောက်လာလျင် အဆောင်မှူးထံ ခွင့်ယူကာ ပါတီပွဲ၊ အတီးအက အခုံ၊ အစားအစာတို့ဖြင့် ကျင်းပတတ်သည်။ အပြင်မှာ အိမ်ခန်းငှါးနေသော ကျောင်းသား ကျောင်းသူတွေက အဆောင်မှာ လာစုတက်ကြသည်။ အဆောင်သည် စုရပ်တစ်ခု ဖြစ်နေသည်။ အမျိုးသားဆောင်နှင့် အမျိုးသမီးဆောင်သည် ကပ်လျက်ရှိနေသည်အတွက် စုဝေးရတာ ပိုအဆင်ပြေနေသည်။

ယာယီလက်မှတ်

Admission Letter or Eligible Letter
သူငယ်ချင်းတစ်ယောက်က မေးတယ်၊ အရှင်ဘုရား- အရှင်ဘုရားတို့ ပူနေးတက္ကသိုလ်တက်ချင်ရင် Admission Letter or Eligible Letter ကို ဘယ်လို ရအောင်လုပ်မလဲ ဘုရားတဲ့ ဆိုတဲ့ မေးခွန်းသည်လည်း အရေးပါနေ၍ ကျွန်ုပ်နှင့်ဖီလိုဆိုဖီ ပို့စ်မတင်မီ ပူနေးတက္ကသိုလ်တက်ရန် စိတ်ဝင်စားသည့် ကျောင်းသားများအတွက် ရည်ရွယ်၍ ဤပို့စ်ကို တင်လိုက်ရပါသည်။
မှန်ပါသည်၊ မေးသင့်သည့် မေးခွန်းဖြစ်သည့်အပြင် အကျိုးများမည့် မေးခွန်းလဲဖြစ်ပါတယ်၊ ဒီအချက် တင်ပြဘို့ မေ့သွားခဲ့ပါတယ်၊ ပူနေးကျောင်းသားတစ်ယောက် ဖြစ်ဘို့ရန် အလွန်အရေးပါသည့် မေးခွန်းတစ်ခုဖြစ်ပါသည်၊ ဤ Letter မပါဘဲ student visa မရနိုင်ပါ၊ အိန္ဒိယသံရုံးက တက္ကသိုလ်တစ်ခုခုက ကျောင်းသားဖြစ်ကြောင်း လက်ခံလိုက်တဲ့ admission စာတစ်စောင်ပါမှ ကျောင်းသားဗီဇာ အတွက် ၂ နှစ်စာ ထုတ်ပေးသည် ထိုနှစ်နှစ်စာအတွက် အမေရိကန် ဒေါ်လာ ၇၅ ပေးဆောင်ရသည်။

ကိုယ့်နေရာကနေ Admission Letter or Eligible Letter ဘယ်လို ရအောင် လုပ်မလဲ?
အိန္ဒိယပြည်၊ ကိုယ်တက်ရောက်မည့် တက္ကသိုလ်သို့ ကိုယ်တိုင် သွားရလျင် သွားစရိတ် ပြန်စရိတ် အမေရိကန် ဒေါ်လာ ၇၀၀ လောက် ကုန်ကျဦးမည်။ ဒါမှမဟုတ် လူကြုံနှင့်ပို့ပြန်လျင်လဲ အပြန်အသွားဆိုတော့ အချိန်ကြာမည်၊ စိတ်လဲ မချရပေ။ မြန်မာပြည်မှာ အင်တာနတ်ခေတ်တွေ ခေတ်မစားခင်က အဲဒီလို လူကြုံနှင့်ပို့ကြရသည်၊ ဒါမှမဟုတ် ကိုယ်တိုင် သွားပြီး ဆောင်ရွက်ရသည်၊ လူပန်း ငွေကုန် အချိန်ကုန်ခေတ်ပေါ့။ ယခုအခါမှာ အင်တာနတ်တွေ အီမေးလ် တွေ အဆင်ပြေလာတော့ လူကိုယ်တိုင် သွားစရာမလိုတော့ပေ၊ google ကို အထူးကျေးဇူးတင်ရပေသည်။ အဲဒီတော့ အဲဒီ စာကို ကိုယ့် ပြည်တွင်းကနေဘယ်လို ရအောင် လုပ်မလဲ?

အိန္ဒိယမှာ ကိုယ့်သူငယ်ချင်း၊ ဒါမှ မဟုတ် ကိုယ့်အတွက် အကူအညီပေးနိုင်မည့် မိတ်ဆွေ လိုပါသည်၊ အကောင်းဆုံးက ကိုယ်တက်ရောက်မည့် တက္ကသိုလ်တွင် တက်ရောက် ပညာသင်ဆဲ ပုဂ္ဂိုလ်ဆိုလျင် ပိုအဆင်ပြေသည်၊ အကြောင်းကား သွားရ လာရတာမလွယ်ကူပါ၊ အိန္ဒိယပြည်ကြီးသည် အလွန်ကျယ်ဝန်းသည်ဖြစ်ရကား တနေရာနှင့် တနေရာ သွားဘို့ဆိုတာ ခက်ခဲပါသည်။ ရုံးကိစ္စများသည်လည်း တစ်ရက်တည်းနှင့် ပြီးသည်မဟုတ်၊ ခဏခဏ ရုံးကိုသွားရသည်၊ ကုလား tomorrow တို့ ဧ မိနစ် တို့ဆိုတာ အလွန်ကြောက်စရာပါ၊ tomorrow ဆို တစ်ပတ်လောက်တော့ အနဲဆုံး သွားရသည်။ ထို့ကြောင့် ကိုယ်တက်ရောက်မည့် တက္ကသိုလ်နှင့် ဘာသာရပ်ကို အတိအကျ ပြောဘို့ လိုသည်၊ ဟိုတက္ကသိုလ်တက်ချင်သလိုလို ဒီတက္ကသိုလ်လိုလို ဟိုဘာသာရပ်တက်ချင် သလိုလို ဒီဘာသာ ယူချင်သလိုလို ၀ါးတားတား လုပ်နေရင် လုပ်ပေးရသည့် ပုဂ္ဂိုလ်အတွက် အရမ်းကို ခက်ခဲပါသည်။ ဒါ့ကြောင့် အတိကျသာ ပြောလိုက်ပါ။

ဘာတွေ လိုအပ်သလဲ
ကိုယ်တက်ရောက်မည့် တက္ကသိုလ်နှင့် ဘာသာရပ်တို့ကို ဖြစ်နိုင်ခြေရှိသည့် (လုပ်ပေးနိုင်သူ) သူအား အတိအကျပြောပြီး၊ ကိုယ့်ရဲ့ ကိုယ်ရေးရာဇ၀င် စသည်တို့ကို ပို့ပေးရပါသည်။ အဲဒါတွေကတော့ (၁) ပတ်စပို့ (၂) ပတ်စ်ပို့ ဓာတ်ပုံဆိုဒ် ပုံများ (၂) အောင်လက်မှတ် certificate (၃) ထိုအောင်လက်မှတ်ရဲ့ အမှတ်စာရင်း Mark sheet (၄) မွေးစားရင်း Birth Certificate (၅) တက္ကသိုလ်တစ်ခုခုရဲ့ ထောက်ခံစာ (အောင်လက်မှတ်ရခဲ့သည့် နေရာ) No Objection (၆) ဖြစ်နိုင်ရင် ကိုယ့်အတွက် လုပ်ပေးမည့်သူထံ အမေရိကန် ဒေါ်လာ ၅၀ ကြိုပို့ပေးထားလျင် ပိုကောင်းသည်၊ အထက်ပါ အချက်အလက်များကို စကန် scan ဖတ်ပြီး အီးမေးလ်ကနေ ပို့နိုင်ပါသည်။ အကြောင်းကား (၁)လျှောက်လွာများ ၀ယ်ခြင်း၊ (၂) Notary ခေါ် ရှေ့နေ ထောက်ခံစာ ရအောင် ယူခြင်း၊ (၃) လျှောက်လွှာတင်ခြင်းနှင့် စရိတ်စကတွေ ရှိနေပါသည်။

အချိန်
ဘယ်အချိန် အဲဒီ Admission Letter ထွက်လာမလဲဆိုတော့ အတိအကျ ပြော၍ မရပါ။ သီတဂူစတားတုန်းက လုပ်ပေးနေတဲ့ သူငယ်ချင်းအား ခဏခဏ အပူတိုက်မိသည်၊ မရသေးဘူးလား မထွက်သေးဘူးလား ကြာလှပါလား စသည်ဖြင့် ပြောမိသည်၊ သူစိတ်ဆိုးသည်၊ ဟုတ်ပါသည် သီတဂူစတားလဲ အခြေအနေကို ကောင်းကောင်းမသိခဲ့၊ သူငယ်ချင်းနှစ်ယောက်အတွက် ကိုယ်တိုင်ကိုယ်ကျ လုပ်ပေးလိုက်တော့မှ အတွေ့အကြုံရလိုက်သည်။ International Center ကို ခေါက်တုန့်ခေါက်ပြန်သွားနေရသည်၊ ကျောင်းသားအသစ် လက်ခံချိန်ဖြစ်တာကြောင့် ဒီထွက်လာမည့် စာလေးတစ်ဆောင်ရဘို့ သွားစောင့်ရတာမလွယ်၊ တန်းစီနေရသည်၊ ရောက်သွားပြန်တော့လဲ ကိုယ့်လူအတွက် စာက ထွက်မလာသေး၊ နောက်နေ့ ထက်သွား တန်းစီရပြန်၊ ကိုယ့်ရှေ့မှာက နိုင်ငံပေါင်းစုံက ကျောင်းသာတန်းရှိသည်၊ မြန်မာပြည်မှာတုန်းကလို ဘုန်းကြီးပဲ ဆိုပြီး ရှေ့မှာကျော်တက်လို့မရပါ။ အဲဒီအချိန်မှာတော့ မြန်မာပြည်ရဲ့ ယဉ်ကျေးမှုကို သတိရမိသည်၊ လွမ်းမိသည်။

ပုံမှန်ကျောင်းသားလက်ခံချိန်
ကျောင်းသားလက်ခံချိန်သည် ယေဘုယျအားဖြင့် တက္ကသိုလ်ကြီးတွေမှာ တူညီကြပါသည်။ လုပ်ထုံးလုပ်နည်းလေး နဲနဲတော့ ကွာကြသည်၊ ပူနေးတက္ကသိုလ်ကျောင်းသား စတင်လက်ခံချိန်သည် June လမှာ ဖြစ်ပြီး admission ကတော့ လျှောက်လွာများတင်ပြီး ၂၀ ရက် သို့မဟုတ် တစ်လ ထိရှိနိုင်သည်။ admission ပိတ်ချိန်သည် July လက်ကုန်အထိဖြစ်နိုင်ပါသည်။ ၀င်ခွင့် စာမေးပွဲသည် August လ ပထမဆုံးတနင်္ဂနွေနေ့ ကျင်းပသည်။ ကျောင်းစဖွင့်ချိန်ကတော့ August လမှာပဲ စဖွင့်သည်။ Admission ထွက်လာလျင် အိန္ဒိယမှ ဆောင်ရွက်ပေးနေသူက ကိုယ့်ရဲ့ admission ကို စကန်ဖတ်ပြီး အီးမေးလ်နှင် ပြန်ပို့ပေးပါလိမ့်မည်၊ ရရခြင်းပဲ ထိုစာဖြင့် အိန္ဒိယသံရုံးကို သွားကာ ကျောင်းသား ဗီဇာ လျှောက်လေသတည်း။ ဤ admission သည် ဗီဇာလျှောက်ရန် ယာယီကျောင်းသားဖြစ်ကြောင်း လက်မှတ်ပဲဖြစ်ပါသည်၊ တကယ့်ကျောင်းသားဖြစ်ဘို့ကိုတော့ ကိုယ်တက်မည့် တက္ကသိုလ်ရောက်ခါမှသာ ရုံးကိစ္စတွေ ဆက်လက် လှုပ်ရှားရပါသည်။ သို့ဖြစ်ပါသောကြောင့် ပူနေးတက္ကသိုလ်တက်ရန် ပြင်စင်ထားသူများ ရှေးဦးစွာ သိထားရန် ရည်ရွယ်ပါသည်။

ပူနေးတက္ကသိုလ်နှင့် Migration
မိတ်ဆက်

တက္ကသိုလ်တစ်ခုမှ B.A, B.Sc ပြီးသော ကျောင်းသားတစ်ယောက် သို့မဟုတ် M.A, M.Sc ပြီးသော ကျောင်းသားတစ်ယောက်သည် အခြားတက္ကသိုလ်တစ်ခုသို့ ပြောင်းရွှေ့ပြီး M.A, M.Sc သို့မဟုတ် Ph.D အတွက် ကျောင်းတက်မည်ဆိုလျှင် ကျောင်းပြောင်းလွှဲစာ (Migration certificate သို့မဟုတ် transfer certificate) လိုအပ်သည်။ ထို certificate ထုတ်ပေးသည့် စနစ်မှာ တက္ကသိုလ် တစ်ခုနှင့် တစ်ခုမတူညီကြပါ။ သီတဂူစတား သိသော migration certificate ကို ဘယ်လိုယူရမလဲ ဆိုတာ ပူနေးတက္ကသိုလ်၏ system ကို ဗဟုသုတအဖြစ် တင်ပြလိုပါသည်။ မောင်ကောရေ- ဒီလောက် ခက်ခက်ခဲခဲ လုပ်ယူရတဲ့ migration ကို နောင် ပူနေးတက္ကသိုလ် ကျောင်းတက်မည့်သူတွေအတွက် မှတ်တမ်းလေးရေးထားခဲ့ပါဟု သီတင်းသုံးဖော်တစ်ယောက်က ပြောလာပါသည်။ ဒီမှတ်စုလေးက ပူနေးတက္ကသိုလ်သို့ ကျောင်းတက်မည့်သူ migration ရရန်အတွက် အားထုတ်နေသူတွေနှင့် အခြားဗဟုသုတရလိုသော သူတွေအတွက် မှတ်စုလေးတစ်ပုဒ်အဖြစ် တင်ပြလိုက်ပါသည်။

ပူနေး migration
ပုံမှန်အားဖြင့် ပူနေးတက္ကသိုလ်သည် ဘယ်တက္ကသိုလ်ပဲ လာလာ ဘယ်နိုင်ငံကပဲ လာလာ migration certificate မပါဘဲ လက်ခံလေ့ရှိသည်၊ သို့သော် အိန္ဒိယတက္ကသိုလ်များ ဘုတ်အဖွဲ့ကသော်၎င်း သို့မဟုတ် ကျောင်းသား၏ နိုင်ငံမှာ ရှိသော အိန္ဒိယသံရုံးကသော်၎င်း၊ သို့မဟုတ် အိန္ဒိယနိုင်ငံရှိ ကျောင်းသား၏နိုင်ငံပိုင် သံရုံးကသော်၎င်း ထို အောင်လက်မှတ် Passing Certificate နှင့် အမှတ်စာရင်း Mark sheet တို့ကို အသိမှတ်ပြုဘို့ လိုသည်၊ ထိုဌာနတစ်ခုခုမှ အသိမှတ်ပြု ထောက်ခံစာများ ပါရပါသည်။ ဤကား ပူနေးတက္ကသိုလ်မှ migration certificate မပါဘဲ အောင်လက်မှတ်များကို လက်ခံခြင်းအကြောင်းဖြစ်ပါသည်။

ပူနေးတက္ကသိုလ်မှ migration ထုတ်ယူခြင်း
ပူနေးတက္ကသိုလ်မှ M.A ပြီးသော ကျောင်းသားသည် အကယ်၍ ပူနေးတက္ကသိုလ်မှာ ဆက်မတက်တော့ဘဲ အခြားတက္ကသိုလ်မှာ Ph.D ဆက်လုပ်မယ်ဆိုရင် Migration ထုတ်ယူဘို့လိုပါသည်။ ထိုသို့ migration certificate တစ်ခုရဘို့ရာ လမ်းကြောင်း procedure မသိရင်တော့ ရွာလည်ပြီသာမှတ်ပေတော့။ သီတဂူစတားသည်လည်း ဆရာ guide အခက်အခဲ ကြောင့်၎င်း၊ ပူနေးတက္ကသိုလ်ရဲ့ ရှည်လျားလှတဲ့ procedure တွေကြောင့် ဗီဇာ limitation ရှိနေတာကြောင့် အခြားတက္ကသိုလ်တစ်ခုသို့ ပြောင်းရွှေ့ကာ Ph.D လုပ်ရန်စိတ်ကူးထားသည်ဖြစ်၍ migration certificate ရရန်ကြိုးပမ်းနေရသည်။ လမ်းကြောင်းသိရင်တော့ သိပ်မခက်ခဲပေမဲ့ ဘာသတင်း information မှ ရမထားဘဲ ကိုယ်ကိုယ်တိုင်လုပ်ကြည့်တော့ ၅ ရက်လောက် အချိန် အလကား ကုန်သွားသည်။ ရှေးဦးစွာ ကိုယ့်ရဲ့ဌာန (ဖီလိုဆိုဖီဌာန) က ရုံးမှာ သွားစုံစမ်းခဲ့သည်၊ ငါ migration certificate လိုချင်တယ် ဘယ်မှာ ရနိုင်မလဲ? မေးတော့ ဟာ ငါတို့ ဌာနက migration ရော transfer certificate (TC) ကိုရော ပြည်တွင်းကျောင်းသားအတွက်ရော ပြည်ပကျောင်းသားတွေ အတွက်ပါ ထုတ်ပေးလေ့မရှိဘူး။ Migration Department ကို သွားပါဆိုတော့ ညွှန်ကြားတဲ့အတိုင်း သွားခဲ့သော်လည်း local (ပြည်တွင်း) ကျောင်းသားတွေ အတွက်သာ ထုတ်ပေးတာ ပြည်ပကျောင်းသားတွေ အတွက်မပါဘူး၊ International Center (ပြည်ပကျောင်းသားရေးရာ ဌာန) မှာ သွားစုံစမ်းပါလို့ ပြောလိုက်ပြန်၊ သူပြောသည့်အတိုင်း ထို ဌာနသို့ သွားသည့်အခါ ရာနှင့်ချီသော ပြည်ပကျောင်းသားများ ရုံးထဲ ၀င်ရန် တန်းစီနေကြသည်။ ဒီလူအုပ်ကြီး မြင်ပြီး စိတ်မသက်မသာ ဖြစ်မိသည်၊ ငါ ဘယ်လိုလုပ် ဒီဌာနထဲသို့ ၀င်လို့ရမလဲ။ ဒီလိုနဲ့ လူအုပ်ထဲတိုးပြီး အတင်းကြည့်တော့ ရုံးထဲဝင်ရန် အပြင်ဘက်မှာ လက်မှတ်ထိုးနေရသည်၊ ပါလာသော အိပ်တွေကို လုံခြုံရေး ဒုတ်ချောင်းတွေနှင့် ထိုးပြီး စစ်ဆေးနေသည်။ တစ်ယောက်ချင်းစီ စစ်ဆေးနေတော့ အပြင်မှာတင် ၁ နာရီလောက်ကြာသွားသည်။

ဌာန အဆောက်အဦးအတွင်းရောက်ပြန်တော့လည်း ရုံထဲရောက်ဖို့ တစ်ခါ တန်ဆီရပြန်သည်၊ အတော်ကို စိတ်ပျက်ဖို့ကောင်းသည်၊ အဲဒီလောက် ခက်ခဲစွာ တန်းစီးပြီးမှ ရုံးခန်းထဲသို့ရောက်ရသည်၊ အဆင်ပြေ အမောပြေမလား အောင့်မေ့ migration ကိုသာ ဒီဌာနက ထုတ်ပေးသည် (TC) transfer certificate မပါဘဲ ထုတ်ပေးလို့ မရဘုးဟုပြောပြန်သည်၊ ဒါဆို အဲဒီ TC ကို ဘယ်က ရနိုင်မလဲဆိုတော့ မင်းတို့ ဖီလိုဆိုဖီဌာနကပဲ ပေးမှာပေါ့ ဟု လွှဲချပြန်တော့--ဟူးးးးးးးး မောသွားလိုက်တာမှ လွန်ပါရော-- Ph.D ဆက်လုပ်ချင်စိတ်တောင် ပျောက်သွားတယ်။ TC, DD, စသည့် ဖောင်များ ဖြည့်ပြီး ပို့ခဲ့လို့ tomorrow လာခဲ့ ဟု ပြောသည်၊ သွားတန်းစီရပြန်သည်။ မင်းဟာ ဒါရိုက်တာဆီမှာပဲ ရှိသေးတယ် tomorrow လာခဲ့လို့ ပြောပြန်သည်၊ နောက်နေ့ သူပြောတဲ့အတိုင်း သွားပြန်သော်လည်း ဒီနေ့ ဒါရိုက်တာမလာဘူး tomorrow တော့ သေချာ ရမှာပါကွာဟု ပြောပြန်သည်။ အိန္ဒိယ၏ tomorrow, one minute, one second ဆိုတာတွေရဲ့ အထာကို ကုလားတိုင်းက သိကြသည်။ ဒါ့ကြောင့် သူတို့ အချင်းချင်းသည်ပင် ပြောသည့် စကားတိုင်းကိုပင် တံဖိုးမထားကြတော့ပေ၊ ယုံကြည်မှုလည်းမရှိကြတော့ပေ။

ပြည်မြန်မာပြန်ချင်
အိန္ဒိယမှာ နှစ်နှစ်လောက် နေလိုက်ရတော့ အတော်လေး ရိုးအီးသွားသည်၊ အချို့ကျောင်းသားတွေတော့ မြန်မာပြည် ပြန်ချင်စိတ်ကို မရှိကြတာ၊ အကြောင်းကတော့ ဒီမှာက ပိုက်ဆံအကုန်အကျ များပေမဲ့ နေရတာ အဆင်ပြေပုံရသည်ထင်၊ မီးမပျက် ရေက အဆင်သင့်၊ လိုင်း speed အား ကောင်းတဲ့ အင်တာနက်ကိုလည်း ဈေးပေါပေါနဲ့ သုံးနိုင်၊ အလွယ်တကူ တံဖိုးနဲနဲနှင့် တယ်လီဖုန်းကိုလည်း လူတိုင်း သုံးနိုင်ခြင်းတို့ကြောင့် ဖြစ်ဟန်တူသည်။ သီတဂူစတားတော့ အဲဒီဟာတွေကို သိပ်မမက်မောပေ သို့သော်ရချင်သည်၊ P:၊ ဒါမေပဲ့  အိန္ဒိယ (ကုလား)ရဲ့ tomorrow, one minute, one second ဆိုတဲ့ ရုံး၊ ရဲစခန်း၊ ဌာနက ပြောသော စကားတွေကို စိတ်ပျက်ပြီး ကြောက်ရွှံ့နေတော့သည်။ ယခု migration ရရန် ကြိုးစားကြည့်လိုက်မှ အတော်ကို ခက်ခဲတဲ့ အိန္ဒိယ လူမျိုးတွေပဲ။ လွယ်တာကို ခက်အောင်လုပ်၊ အလုပ်ရှုပ်အောင်လုပ်တဲ့ သူတွေပဲလို့ မြင်မိသည်။ ဒီလိုနဲ့ ဌာန၊ ကျောင်းသားရေးရာ ဌာန နှင့် migration office တို့ သတင်းအတိအကျ မပေးဘဲ ဟိုလွှဲချ ဒီလွှဲချခြင်းဖြင့် ခံရသည့်ကျောင်းသားတွေမှာတော့ မသက်သာ၊ အချိန်ကုန် လူပင်ပန်း။ ကိုယ်လည်း မြန်မာပြည်ကို အမြန်ပြန်ချင်တာကြောင့် migration ကို မရ ရအောင် မပျင်းမရိ ဟိုမေး ဒီမေးရင်းနဲ့ အဖြေတစ်ခုတော့ရလာသည်။

ဘယ်လိုရအောင် ယူမလဲ?
လမ်းကြောင်းသိဖို့သာ လိုသည်။ သီတဂူစတားလဲ လမ်းကြောင်းပေါ် ရောက်လာရော သီတဂူစတားလိုပဲ migration ရရန် ကြိုးစားနေသူတွေ ရှိနေကြသည်။ ထိုင်းကျောင်းသား E-major နှင့် Education ဌာနက ကျောင်းသား ၂ ယောက် သီတဂူစတားထံ ရောက်လာသည်၊ သိပ်မကြာပါ အီရန်ကျောင်းသားတစ်ယောက်လဲ ရောက်လာပြန်သည်။ သီတဂူစတား migration နှင့်ပတ်သက်ပြီး ဆရာကြီးဖြစ်သွားသည်။ ကိုယ့်ရှေ့က ပြီးသွားတဲ့ မြန်မာ ကျောင်းသားတွေကတော့ ပူနေးတက္ကသိုလ်မှာပဲ ပြန်လုပ်ကြသည်ဖြစ်၍ migration နှင့်ပတ်သက်ပြီး မသိကြ။ ဒီနှစ် မြန်မာကျောင်းသား ပူနေးတက္ကသိုလ်မှ M.A ပြီး ၄ ယောက်ရှိသည်၊ ဖီလိုဆိုဖီဌာနမှ ၁၊ ပါဠိဌာနမှ ၂၊ နှင့် အင်္ဂလိပ်စာဌာနမှ ၁၊ တို့ဖြစ်သည်။ အားလုံးက ပူနေးတက္ကသိုလ်မှာ ဆက်မတက်ကြတော့ဘဲ အခြားတက္ကသိုလ်တွေမှာ တက်ဖို့ ပြင်ဆင်နေကြသည်။ migration နှင့်ပတ်သက်ပြီး သီတဂူစတားက အရင်လျှောက်ထားသည်ဖြစ်၍ နောက်လူတွေအတွက် အလွယ်တကူ လျှောက်နိုင်သည်။
Migration ကို International student center ကနေ နိုင်ငံခြားသား ကျောင်းသားများ အတွက် ထုတ်ပေးသည်။ ထိုသို့ ထုတ်ပေးရာမှာ ပြည့်စုံရမည့် documents တွေကတော့----
၁။ TC (transfer certificate) ထို certificate ကို publish department မှ ၅ ရူးပီး ပေးပြီး ၀ယ်ရပါသည်။ ထို ဖောင်တွင် ညွှန်ကြားထားသည့်အတိုင်း ဖြည့်သင့်တာ ဖြည့်ပြီး ကိုယ် အောင်ခဲ့တဲ့ ဌာနမှူးထံသွားပြီး လက်မှတ်ထိုးခိုင်းရပါသည်၊ ထိုဌာန၏ ရုံးတံဆိပ်ပါ ထုခဲ့ရသည်။
၂။ Mark sheet (M.A) တန်း အောင်ခဲ့သော အမှတ်စာရင်း။ ကိုယ်အောင်ခဲ့သော ဌာနမှ ထုတ်ပေးပါသည်။
၃။ DD form (demand draft) ဖြစ်ပါသည်။ ဒီဖောင်ကိုတော့ ပူနေးတက္ကသိုလ် ဘဏ်မှ ရယူပြီး ၂၀၀ တန်းလက်မှတ်ဝယ်ပြီး ငွေသွင်းပြီး DD form ချက်ချင်း ထုတ်ပေးပါသည်။
၎။ online application form migration ပါရပါမည်။ ထိုဖောင်ကို ရဘို့ရန်မှာ ရှေးက ၁-၂-၃ documents တွေ ပြည့်စုံပြီးမှ အွန်လိုင်းသို့ သွားရပါမည်။ ထိုအွန်လိုင်းမှာ- http://migration.unipuenonline.in/ သို့ သွားပြီး မိမိအကောင့်တစ်ခု ဖန်တီးရန် account create ကို သွားရပါမည်။ ညွှန်ကြားထားသည့်အတိုင်း ထို account creation အောင်မြင်ပြီးပါက ကိုယ်ဖြည့်မည့် application form နေရာသို့ ရောက်လာပါလိမ့်မည်၊ ထိုနေရာတွင် ဖြည့်ရမှာက-- ကိုယ့်ရဲ့ အမည်၊ အမေနာမည်၊ ကိုယ် Ph.D ဆက်လုပ်မည့် တက္ကသိုလ် သို့မဟုတ် ကောလိပ်၊ TC နံပါတ် နှင့် သူ့ကို ထုတ်ပေးသည့် ရက်စွဲ၊ DD နံပါတ်နှင့် သူ့ကို ထုတ်ပေးသည့် ရက်စွဲ စသည်အားဖြင့် ညွှန်ကြားထားသည့်အတိုင်း ဖြည့်စွပ်ပြီးပါက submission လုပ်ရပါသည်။ ထိုအစီအစဉ် အားလုံး အောင်မြင်ပြီးပါက ပရင့်ထုတ်ရန် Online application Form ထွက်လာပါလိမ့်မည်။ ပရင့်ထုတ်လိုက်ပါ။

ဤသို့အားဖြင့် ပူနေးတက္ကသိုလ်ရဲ့ Migration တစ်ခုရဘို့ရန်မှာ အစီအစဉ် သိရှိထားပါက လွယ်ကူပါသည်။ အများစုက ထိုလမ်းကို မလျှောက်ခဲ့ကြသေးသဖြင့် သိပ်မသိကြသေးပါ။ ကျောင်းသားတစ်ယောက်သည် အင်တာနက်ကို မဖြစ်မနေ သုံးကို သုံးတတ်ရပါမည်။
၅။ ထိုပြဆိုခဲ့သော form သို့မဟုတ် certificate ၄ ခုကို ယူပြီး international student center မှာ သွားပြီး ထို ဖောင်များကိုပြကာ ရူပီး ၅၀၀ တန် ဖြက်ပိုင်းတစ်ခု တောင်းရပါသည်၊ ပူနေးတက္ကသိုလ် ဘဏ်မှာ ထို ဖျက်ပိုင်းနှင့် ၅၀၀ သွားသွင်းရပါသည်။
၆။ အထက်ပါ ဖောင် ၄ ခုနှင့် ၅၀၀တန် ဘဏ်ဖျက်ပိုင်းတို့ကို ယူပြီး international student center မှာ သွားတင်ရပါမည်။ ဘဏ်နှင့် ကျောင်းသားရေးရာဌာနတို့၌ ခေါက်တုန့်ခေါက်ပြန် သွားရပါမည်၊ သွားရတာ မပင်ပန်းပေမည့် ထိုဌာနတွေမှာ တန်းစီရသည့် ဒုက္ခက မသေးလှပါ။ လုပ်ဖူး ကြုံဖူးမှ သိပါမည်။
ထို့ကြောင့် နောင်လာ နောက်သားများ အင်တာနက် သုံးတက်အောင် သင်ထားကြရန်နှင့် ပူနေးတက္ကသိုလ်မှ M.A ပြီးသော ကျောင်းသားများ migration ထုတ်ယူလိုသော ကျောင်သားများနှင့် စာဖတ်ပရိသတ် အတွက် ဗဟုသုတအဖြစ် ဤပို့စ်ကို သတင်းအဖြစ် တင်လိုက်ရပါသည်။

Ph.D (သုတေသန) ကျောင်းသား
ပထမခြေလှမ်း

Course တစ်ခု ပြီးပြန်တော့လဲ နောက်ထပ် Course တစ်ခုတက်ရန်ပြင်ရပြန်၊ မည်သည့် subject (ဘာသာရပ်)နှင့်မဆို M.A ပြီးကျောင်းသားတစ်ယောက်ဟာ Ph.D ဒေါက်တာဘွဲ့အတွက် ကျမ်းရေးရန် Supervisor or Guide ရှာရတဲ့ ဒုက္ခ နှင့် မလွဲမသွေ ရင်ဆိုင်ကြရမည်။ မထမဆုံး အခက်အခဲကတော့ ကိုယ့်ကျမ်းစာ အတွက် လမ်းညွှန်ပေးမဲ့ ဆရာရဘို့ပင်ဖြစ်သည်၊ ဆရာတစ်ယောက်ကို Ph.D ကျောင်းသား ၈ ယောက်သာ လက်ခံခွင့်ရှိသည်ဟု မှတ်သားရပါသည်။
ရာနှင့်ချီသော M.A ကျောင်းသားများ
အိန္ဒိယနှင့် သီရိလင်္ကာ နှစ်နိုင်ငံတွင်ပင် တစ်နှစ်ကို M.A ဘွဲ့ရ မြန်မာကျောင်းသား ရာဂဏန်းနှင့်ချီပြီး မွေးထုတ်ပေးနေသည်။ ပူနေးတက္ကသိုလ်တွင်ပင် ၂၀၁၀ ခုနှစ်တွင် ဒဿနိကဗေဒ တစ်ယောက် (သီတဂူစတား)၊ အင်္ဂလိပ်စာ ဌာန တစ်ယောက်နှင့် ပါဠိဌာန ၂ ယောက်၊ စုစုပေါင်း ၄ ယောက်သော မြန်မာကျောင်းသားများကို မွေးထုတ်ပေးလိုက်သည်။ အိန္ဒိယနိုင်ငံတွင် မဂဓတက္ကသိုလ်၊ ဆန်စခရစ်တက္ကသိုလ်နှင့် နာလန္ဒာတက္ကသိုလ်ကြီးများမှ ရာနှင့်ချီသော မြန်မာကျောင်းသားများ၊ အထူးအားဖြင့် ရဟန်းတော်များ မွေးထုတ်ပေးနိုင်သလို သီရိလင်္ကာတက္ကသိုလ်များမှလဲ မြန်မာကျောင်းသားများကို ရာနှင့်ချီပြီး မွေးထုတ်ပေးနေသည်ဟု သိရသည်။ ဤသို့အားဖြင့် ထိုတက္ကသိုလ်အသီးသီးမှ တစ်နှစ်ကို M.A ဘွဲ့ရ မြန်မာကျောင်းသား ၂၀၀ ၀န်းကျင် မွေးထုတ်ပေးနိုင်လိမ့်မည်ဟု ခန့်မှန်းရပါသည်။

ပြဿနာက

ထို M.A ပြီးကျောင်းသားအားလုံး ရှေ့ဆက်ပြီး Ph.D အတွက် ပြင်ဆင်နိုင်ကြမည်ဟူ၍ မဆိုနိုင်ပေမဲ့ (အကြောင်းအမျိုးမျိုကြောင့် ဆက်မတက်နိုင်ပေမဲ့) တစ်ဝက်လောက် (၁၀၀ နီးပါး)က ဆက်တက်နိုင်ကြမည်။ ပြဿနာက ထို ၁၀၀ နီးပါးသော ကျောင်းသားတွေ အတွက် Ph.D ကျမ်းပြုရန် Supervisor အဖြစ် ဆရာ အလုံလောက် မပေးနိုင်ခြင်းပင်ဖြစ်သည်။ သီရိလင်္ကာမှ ကျောင်းသား အများစုကလဲ အိန္ဒိယဘက်ကိုပဲ ရောက်လာကြသည်။

Ph.D ကျောင်းသားဖြစ်ရန်
Ph.D ကျောင်းသားဖြစ်ဘို့ရန် M.A တန်းမှာတုန်းက ရမှတ်သည် အနဲဆုံး ၅၅ % နှုန်းရှိရမည်ဟု သိရသည်။ အိန္ဒိယ တက္ကသိုလ်တွေမှာ ယေဘုယျအားဖြင့် တူညီတဲ့ စည်းမျဉ်းများရှိသလို မတူညီတဲ့ စည်းမျဉ်းများလဲ ရှိနေသည်။ ပူနေးတက္ကသိုလ်တွင်မှာလဲ ဌာနတစ်ခု စည်းကမ်းတစ်မျိုးရှိတက်သည်။ ယခုအခါ Ph.D ကျောင်းသားများသည် ပြည်တွင်းရော ပြည်ပကျောင်းပါ ၀င်ခွင့်ဖြေဆိုရမည်။ ၀င်ခွင့် ဖြေဆိုနိုင်သော ကျောင်းသားသည် ပြည်တွင်းကျောင်းသားဖြစ်ပါက အနဲဆုံး Grade Point 55 or Second class ဖြစ်ရမည်၊ ပြည်ပကျောင်းသားဖြစ်ပါက အနဲဆုံး grade point 50 ဆို ၀င်ခွင့်ဖြေဆိုခွင့်ရှိသည်။ တက္ကသိုလ် တစ်ခုနှင့် တစ်ခုလဲ Grade Point သက်မှတ်ပုံ ကွဲပြားပြန်သည်။

ပူနေးတက္ကသိုလ်၏ Grade Point

ပူနေးတက္ကသိုလ်မှာတော့ 40မှ 44 E grade? 45 မှ 49 အထိ D grade ၊ 50 မှ 54 point အထိ C grade ဟုသက်မှတ်သည်၊ 55 မှ 64 အထိ B၊ 65မှ 74 အထိ A grade နှင့် 75 မှ 100 အထိ O grade ဟုသက်မှတ်ထားသည်၊ ပူနေးတက္ကသိုလ်၏ ပုံစံသည် Semester နှင့် သွားသည်ဖြစ်ရကား M.A တန်းအတွက် Semester 4 ခု ရှိသည်၊ ထို semester အားလုံးမှ grade points တွေကို ပေါင်းပြီး နောက်ဆုံးရမှတ်ကို အတည်ပြုသည်။ သီတဂူစတားတို့ ဒဿနိကဗေဒဌာနတွင် ကျောင်းသားအများစုသည် B grade (55) နှင့် B grade အောက်မှာပဲ ရှိကြသည်၊ B grade- 55 ရဘို့ပင် အလွန်ခက်ခဲပါသည်၊ အင်္ဂလိပ်စာတော်လှပါသည်ဆိုသည့် အိန္ဒိယကျောင်းသားများသည်ပင် 55 အောက်မှာ အများစုရှိကြသည်၊ သို့သော် သူတို့အတွက် ကိစ္စမရှိ၊ M.Phil ဆက်တက်နိုင်ရန် အချိန်ပေးနိုင်သောကြောင့်။
သီတဂူစတားရရှိထားသည့် grade points မျာသည်-
First semester တွင် 56 point B grade Second semester တွင် 56 point B grade
Third semester တွင် 64 point B grade မျှသာ ရရှိထားပြီးဖြစ်သည်။ Fourth semester တွင်လည်း 64 point B grade မျှသာ ရရှိထားပြီးဖြစ်သည်။ အားလုံးပေါင်း 57.45 တို့ဖြင့် အောင်မြင်သဖြင့် Ph.D အတွက် ဆက်လှမ်းရန် အဆင်ပြေခဲ့သည်။

ဆိုလိုသည်မှာ ပူနေးတက္ကသိုလ်က ဒဿနိကဗေဒ ကျောင်းသားသည် အခြားတက္ကသိုလ်တွေမှာ Ph.D ကျောင်းသားဖြစ်ရန် အခက်ခဲရှိနိုင်သည်၊ အများစုတက္ကသိုလ်ကြီးတွေက 55 point ကို အနဲဆုံးထား သက်မှတ်ထားသည့် အတွက်ကြောင့်ပင်ဖြစ်သည်၊ ကိုယ့်ပူနေးတက္ကသိုလ်မှာပင် ပြန်တက်ဘို့ စိတ်ကူးပြန်တော့လဲ ၀င်ခွင့် စာမေးပွဲကြောင့် ဗီဇာ မလောက်ဖြစ်၍ အခြားတက္ကသိုလ်တွေမှာတက်ဘို့ စိတ်ကူးရပြန်။ ထို့ကြောင့် ဆရာ (supervisor) ရပေမဲ့ 55 point မရပါက ရှေ့ဆက်ရန် စိတ်မချရပေ။ အဲဒီအတွက်လဲ စိတ်ပူရပြန်သည်။

စတင်လှုပ်ရှား

ယခုအချိန်အခါသည် supervisor အလုအရက် ရှာနေရသည့် ခေတ်ဖြစ်နေသည်။ ထို့ကြောင့် မနေ့က ဂေဇာတ် မထွက်သေးပေမဲ့ supervisor ရှာ ထွက်ခဲ့ရသည်၊ အစဉ်ပြေပါသည် ပူနေးတက္ကသိုလ်မှ အနားယူတော့မည့် ဆရာမကြီးသည် အခြားတက္ကသိုလ်တွင် ဆက်လက်လုပ်မည် ဟု သူငယ်ချင်းများထံမှ တဆင့်ကြားရသဖြင့် ချက်ခြင်း လှုပ်ရှားရတော့သည်၊ seat ပြည့်သွားရင် တက္ကသိုလ်များ တစ်ခုပြီးတစ်ခု လိုက်ရှာနေရရင် ပိုက်ဆံ၊ အချိန်ကုန်မည်၊ နေကလဲပူနဲ့ လူလဲ အရမ်းပင်ပန်းမည်။ သူငယ်ချင်းတစ်ယောက် အကူအညီဖြင့် ဆရာမကြီးဆီ သွားကြသည်။ တွေ့ပါပြီ ဆရာမ၊ ငါက ဒီတက္ကသိုလ်မှာ အနားယူလိုက်ပြီဆိုတော့ ကျောင်းသားလက်ခံဘို့ မဖြစ်နိုင်ဟုပြောရှာပေမဲ့ ကြိုတင်သတင်းရယူထားသော သီတဂူစတားက ချက်ချင်းပဲ နောက်ထက် တက္ကသိုလ်တစ်ခုမှာ အလုပ်လုပ်မည်ဟုကြားသိထားပါတယ်၊ ဆရာမ ဆက်လက် အလုပ်လုပ်မည့် တက္ကသိုလ်မှာ ဆရာမဆီမှာပဲ Ph.D ဆက်လုပ်ချင်ပါသည်ဆိုတော့။

ဆရာမက ကိုယ်ရေးမဲ့ ခေါင်းစဉ်ကို မေးသည်၊ မင်းရေးမည့်ခေါင်းစဉ်က သူများရေးထားတာ ရှိသလား? ဟုမေးသည်၊ မရှိပါဘူးဆရာမ၊ အေး အဲဒါဆို မနက်ဖန်ခါ ကိုယ်ရေးမဲ့ ကျမ်းစာ(thesis)ရဲ့ အကျဉ်းချုပ် SYNOPSIS ရေးခဲ့ဟု ညွှန်ကြားသည့်အတိုင်း အဲဒီနေ့ကပဲ ဆရာမဆီက အပြန် ချက်ချင်း ရေးရသည်၊ နဂိုကလဲ နဲနဲပြင်ဆင်ထားသဖြင့် ပို၍အဆင်ပြေသွားသည်။ ဒီကနေ့တော့ ဆရာမနှင့် သွားတွေ့ပြီး ကျမ်းစာအကျဉ်းချုပ် စာတမ်းကို အပ်ခဲ့သည်၊ သဘောကျဟန်ရှိပေမဲ့ နောက်နေ့ ထက်ချိန်ပြန်သည်၊ ငါဖတ်ကြည့်ဦးမယ် မနက်ဖန်ခါ ထက်လာခဲ့ဦးတဲ့၊ နေပူပူနဲ့ သွားရလိမ့်မည်။ ကိုယ်က မြန်မြန်နှင့် အဆင်ပြေချင်တော့ နေပူပူ မိုးရွာရွာ၊ တုံးတိုက်တိုက် ကျားကိုက်ကိုက် သည်းခံကာ သွားရမည်။ ကုလားပြည်မှာ သည်းမခံ၍မရ။ အချိန် ၊ ဗီဇာ ၊ ငွေကြေး စသည်တို့ကြောင့် မြန်မြန်ပြီးလေ ကောင်းလေပဲ။ ဤကား Ph.D ကျောင်းသားတစ်ယောက်၏ ပထမဆုံး တွေ့ကြုံရမည့် ဒုက္ခပင်ဖြစ်သည်။

သီတဂူစတားသည် လောလောဆယ် ဤ အစီအစဉ်ထိ အဆင်ပြေနေသေးသည်ဟူ၍ ဆိုနိုင်သည်၊ ဂေဇာတ် ကောင်းဘို့ရန်သာ လိုသည်။ အခုမှ ပထမ ခြေလှမ်းသာရှိပါသေးသည်။ နောက်ထက် အစီအစဉ်များကိုတော့ အစီအစဉ် အားလုံးပြီးမှ ဆက်ရေးပါဦးမည်။ အိန္ဒိယနိုင်ငံ၏ Ph.D ကျောင်းသားဘ၀ တစ်စိတ်တဒေသ အဖြစ် ဗဟုသုတရရန် ရည်ရွယ်ပါသည်။

မှတ်ချက်။ ။ ပြောင်းလဲမှုမရှိဘဲ နဂိုမူလ တင်ပြီးပို့စ်ကိုပဲ ပြန်တင်ထားပါသည်။


ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
၁၉-၅-၂၀၁၀

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes