သီတဂူစတား

သီတဂူစတား
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

19 October 2015

မင်းတုန်းမင်းတရားကြီး၏ မဟာဗောဓိရွှေညောင်တော် ကျောက်စာ သံပိုင်းမော်ကွန်း

မင်းတုန်းမင်းတရားကြီး၏ မဟာဗောဓိရွှေညောင်တော် ကျောက်စာ သံပိုင်းမော်ကွန်း - (ပါဠိ၊ မြန်မာ - နှစ်ဘာသာ)
------------------
၂၀၁၅ခုနှစ်၊ အောက်တိုဘာလ (၁၉)ရက်

သုရဂ္ဂဘူပေါ ဇဂတောသဘော၊ ဒယောဒကံ သီတမုဘေတု သေတုသေ။
ဝနီကဇန္တူ  သုသုခံ တပံ တပံ၊ ယသံ ဓရော ယော သဟ ဝေ သဒါ သဒါ။

ယသံ၊ တန်ခိုးကျော်စောခြင်းကို။ ဓရော၊ ဆောင်တော်မူနိုင်သော။ ဇဂတိ အာသဘဥသဘော၊ လူအပေါင်းတို့ထက်မြတ်သော၊ ဥသဘမြှောက်ပြီး အာသဘကြီးဖြစ်တော်မူသော။ ယော သုရဂ္ဂဘူပေါ၊ အကြင်နတ်အပေါင်းတို့ထက် မြတ်သည်၏အဖြစ်ကြောင့် သုရဇေဋ္ဌက မလာသနမည်သော ဗြဟ္မာမင်း တည်းဟူသော တရားမင်းမြတ်သည်။ သေ၀နိကဇန္တူသု၊ မိမိကိုမှီကုန်သော တိုင်းနိုင်ငံသူ ရှင်လူ အပေါင်းတို့၌။ သီတံ-သီတေန၊ ချမ်းအေးလှစွာသော။ ဒယာဥဒကံ - ဒယာဥဒကေန၊ မေတ္တာတည်း ဟူသောရေအေးဖြင့်။ ဥဘေတု - သိဉ္စတု၊ သွန်းလောင်းဖျန်းဆွတ်ပါစေသတည်း။ သသော သုရဂ္ဂဘူပေါ - ထိုနတ်အပေါင်းတို့ထက် မြတ်သည်၏အဖြစ်ကြောင့် သုရဇေဋ္ဌက မလာသနမည်သော ဗြဟ္မာမင်း တည်းဟူသော တရားမင်းမြတ်သည်။ တပံ၊ အဇ္ဈတ္တိကဗာဟိရသန္တာန်၌ ကျရောက်လာသော ပူပန်ခြင်း ဒုက္ခကို။ တပံ - တပန္တော၊ မိမိကပူပန်စေလျက်။ ဟဝေ - ဧကန္တေန၊ စင်စစ်သဖြင့်။ သဒါ သဒါ - အခါခပ်သိမ်း။ သုခံ - ကိုယ်စိတ်နှစ်ဖြာချမ်းသာစွာ။ သေတု၊ အတ္တဘော၌ ဘေးနှောမရှိဘဲ ပကတိ ဖြစ်ပါစေ သတည်း။

ဗုဒ္ဓမြတ်စွာပွင့်တော်မူရာ မဟာဗောဓိပင်သို့ ၁၉၈၁ ခုနှစ်မှစ၍ နှစ်စဉ်လောက်နီး ရောက်ရှိခဲ့သည်။ (၂၅) ကြိမ်ထက် မနည်းရောက်ရှိခဲ့သည်။ မဟာဗောဓိပင်ကို ဖူးမျော်ပြီးလျင် ရှေးဟောင်း ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ်ရုပ်တု၊ ဆင်းတု၊ ပန်းပု၊ အနုပညာတို့ကို လေ့လာခဲ့သည်။ မဖြစ်မနေ ရောက်ရှိခဲ့သော နေရာတစ်ခုမှာ မင်းတုန်းမင်းကြီး၏ ကောင်းမှုတော်ဌာပနာစေတီနှင့် ကောင်းမှုတော် ကျောက်စာစေတီတို့ ဖြစ်သည်။

မင်းတုန်းမင်းကောင်းမှု စေတီနှစ်ဆူ
--------------
ထိုစေတီဟောင်းနှစ်ဆူမှာ နေရဉ္ဇရာကို မေးတင်ဆောက်ထားသည်။ ဟိန္ဒူဘုန်းတော်ကြီး မဟန္တာ၏ ကျောင်းအတွင်းမှာရှိသည်။ သစ်ပင်ခြုံနွယ်များပိတ်ဖုံးလျက် ကြိုးပဲ့ပျက်စီးကာ ရေညှိများ တက်ကာ ပင်ပန်းညှိုးငယ်စွာ စံပယ်လျက်ရှိပါသည်။

ခြုံနွယ်ပိတ်ပေါင်းတို့ကိုတိုးဝှေ့၍ ကျောက်စာ စေတီတွင်းသို့ဝင်ကာ ကျောက်စာတို့ကိုကြိုးစား၍ ဖတ်ကြည့်ပါသည်။ ပါဠိ၊ မြန်မာ၊ ဒေ၀နာဂရီဖြင့် ရေးသော သက္ကတဘာသာဟု သုံးဘာသာဖြင့် ရေးထိုးထားသော စကျင်ကျောက်ဖြူသား (၅)ပေခန့်အမြင့်ရှိသော ကျောက်စာကိုလွမ်းမောဖွယ် တွေ့ရလေသည်။ ကျောက်စာ၌ တွေ့ရသော မှတ်တမ်းအကျဉ်းချုပ်မှာ သာသနာနှစ် ၂၄၁၇ခု၊ ကောဇာသက္ကရာဇ် ၁၂၃၆ ခု၊ တန်ဆောင်မုန်းလတွင် မြောင်လှမြို့စားဝန်ထောက် မင်းကြီး သီရိမဟာဇေယျသူ၊ စာရေးကြီး နေမျိုးမင်းထင်စည်သူ၊ အမှာရေး နေမျိုးမင်းထင်ကျော်ခေါင်တို့ကို အခြံအရံနှင့်တကွ စေခန့်တော်မူ၍ လှူဖွယ်ဝတ္ထုတို့ကိုလည်း စကြာယဉ်မွန် မီးသင်္ဘောတော်တွင်တင်၍ မဟာဗောဓိ ရွှေညောင်တော် အရောက် စေလွှတ်ပို့သ တင်လှူတော်မူသည်။

စိန်အလုံးရေ (၅၁၁)၊ မြအလုံးရေ (၃၁၁)၊ ကျောက်နီလုံးရေ (၃၉၆၆)၊ ပုလဲလုံးရေ (၆၂၃)၊ ဆွေတော်မျိုးတော် သားတော်သ္မီးတော်တို့လှူသော ရွှေထီး၊ တံခွန်၊ ကုက္ကား၊ မုလေးပွါး၊ ရွှေပန်းခိုင်၊ ငွေပန်းခိုင်တို့ကား များပြားစွာဘိတောင်း။ မြန်မာဘာသာ ကျောက်စာ၌ “အပရာဇိ၊ ညောင်ဗောဓိသို့၊ အသဒိသ၊ မြတ်ဒါနဟု၊ စိန်, မြ, ပတ္တမြား၊ ကိုးပါးန၀ရတ်၊ လျှောက်ပတ်ခြယ်လှယ်၊ လွန်ဆန်းကြယ်ကို၊ ကျယ်မကုန်နိုင်၊ ဆုံးမပိုင်တည့်၊ နိုင်ငံသုံးလူ၊ သာဓုယူလျှက်၊ လှူရေစက်ဖြင့်၊ ပန္နက်ဆုကြီး၊ မဂ်ဖိုလ်ထီးဟု၊ ညီးညီးပွင့်လျှက်၊ မြင့်ထက်မြင့်သား၊ ကြည်မင်းဗိမာန်၊ မြိုက်နိဗ္ဗာန်ကို၊ ဧကန် မျက်မှောက်၊ ပြုရမြောက်စိမ့်၊ လျှင်တောက်တပို၊ မိန့်မြွတ်ဆိုပြီး၊ ထိုသည့်ဒါန၊ ဒါတဗ္ဗကို’’ … စသည်ဖြင့် ရေးထိုးထားခဲ့လေသည်။

ထိုစဉ်က မဟာဗောဓိပင်နှင့် မဟာဗောဓိစေတီတော်ကြီးမှာ စနစ်တကျ ဖွဲ့စည်းအုပ်ချုပ်သော ရှေးဟောင်း အဖွဲ့များမရှိသေးမူ၍ အင်္ဂလိပ်အစိုးရကလည်း ကိုင်တွယ်နိုင်ခြင်းမရှိသေးသဖြင့် ဟိန္ဒူ ဘုန်းတော်ကြီး မဟန္တာ ယောဂီက အုပ်ချုပ်ထားလေသည်။ မင်းတုန်းမင်းကြီးသည် ထိုကျောက်မျက် ရတနာတို့ကို မဟာဗောဓိ စေတီတော်ကြီးအား ပြုပြင်ရန်ရည်ရွယ်၍ လှူဒါန်းခြင်းဖြစ်သည်။ ပြုပြင်ခွင့်ကိုလည်း တောင်းဆိုခဲ့လေသည်။

မဟာဗောဓိစေတီတော်ကြီး စီမံအုပ်ချုပ်ရေးအာဏာပိုင်များမှာ - ဂယာဒေသ အုပ်ချုပ်ရေးအရာရှိ လက်တွင် မရှိဘဲ မဟန္တာဘုန်းတော်ကြီးများ၏ လက်မှာသာရှိသောကြောင့် မဟန္တာဘုန်းတော်ကြီးနှင့် ညှိနိုင်းမှုမပြီးဆုံးဘဲ ရတနာများကို ထိုမဟန္တာဘုန်းကြီးများအား အပ်နှံထားခဲ့ရလေသည်။

ထို့ကြောင့် မြောင်လှမြို့စားမင်းကြီး သီရိမဟာဇေယျသူ ခေါင်းဆောင်သော မြန်မာ့သံတမန် အဖွဲ့က ကျောက်မျက်ရတနာများ သိမ်းဆည်းရန် အုတ်တိုက်စေတီတစ်ဆူနှင့် ကျောက်စာစေတီ တစ်ဆူတို့ကို မဟန္တာယောဂီ (ဇောဂျီ)ကြီး၏ ကျောင်းဝင်းအတွင်းမှာတည်ထား၍ ပြန်ခဲ့ကြရလေသည်။ မဟာဗောဓိ စေတီတော်ကြီးကို ပြုပြင်ခွင့်ကား မရခဲ့ချေ။

(အခြားမှတ်တမ်းများ၌ မဟန္တာယောဂီကြီးက ခရစ်နှစ်၁၈၇၇-ခုနှစ်တွင်မှ ပြင်ခွင့်ပေး၍ မြန်မာ့မစ်ရှင်မန္တလေးမှ ပြန်လာလုပ်ငန်းစသည်ဟု ဆိုပါသည်။ သို့သော် - မင်းတုန်းမင်းကြီးသည် ၁၈၇၈-ခုနှစ် (စက်တင်ဘာ)တွင် နတ်ရွာ စံတော်မူခဲ့လေပြီ။ မင်းကြီးနတ်ရွာစံသော် ဗုဒ္ဓဂယာရောက် မြန်မာမစ်ရှင်အဖွဲ့လည်း မန္တလေးသို့ပြန်ခဲ့ရပြီး ဖြစ်လိမ့်မည်။ ကောင်းမှုတော်ကား ခရီးမပေါက် မပြီး မရောက်ဖြစ်ခဲ့လေသည်။)

ယနေ့မြင်ကွင်းမှာမူ ကျောက်မျက်တို့ သိုလှောင်ရာ ဂိုဒေါင်သဖွယ်ဖြစ်ခဲ့သော (ဌာပနာစေတီ) ဌာပနာတိုက်မှာ ဘုရားသီတင်းသုံးရန် ပလ္လင်ငယ်ကလေးနှင့် ဟင်းလင်း ဟောင်းလောင်း-ဟိန္ဒူ ပန်းရံတို့ အကြိမ်ကြိမ်အဖန်ဖန် ပြင်ဆင်ထားသောကြောင့် မြန်မာ့ဟန် မန္တလေးလက်ရာ ယဉ်ကျေးမှုများ ပျောက်ကွယ်လျက်ရှိနေလေပြီ။ ကျောက်စာတိုက်စေတီမှာလည်း မြန်မာစေတီလော? ဟိန္ဒူ စေတီ လော? ထင်မှားစရာဖြစ်ပါသည်။ ကျောက်စာ တိုက်ကိုပြင်၍ ကျောင်စာချပ်ကြီး မပျောက် မပျက်အောင် ထိန်းသိမ်းထားခဲ့ကြသော မဟန္တာဘုန်းတော်ကြီး အဆက်ဆက်ကို အထူးပင်ကျေးဇူးတင်ရပါသည်။ သို့သော် မင်းတုန်းမင်းကြီး၏ ကောင်းမှုတော် ကျောက်မျက်ရတနာ တို့ကိုတော့ မှန်းမျှော်၍ လွမ်းမိ ပါသည်။

မြန်မာ့ယဉ်ကျေးမှု၊ ဘာသာရေး၊ သမိုင်းအမွေအနှစ်များကို ထိန်းသိမ်း စောင့်ရှောက်ရန် မြန်မာ တစ်မျိုးသားလုံးမှာ တာဝန်ရှိပါသည်။ ဗုဒ္ဓဂယာသို့ရောက်တိုင်း ဟိန္ဒူကျောင်းတွင်းက ညှိုးညှိုးငယ်ငယ် စံပယ်တော် မူနေသော ရတနာစေတီနှင့် ကျောက်စာစေတီနှစ်ဆူတို့ ဖူးမျှော်ရတိုင်း ရယူချင်သော ကုသိုလ်အခွင့်ကို မဟာဗောဓိပင်မှာ အကြိမ်ကြိမ် ဆုတောင်းမိသည်။ သမိုင်းပေးကုသိုလ်ရယူဖို့ သမ္မတကြီး ဦးသိန်းစိန် အိန္ဒိယသွားတော့ မှာလိုက်မိသည်။ သမ္မတကြီးက ၀န်ကြီးချုပ် နရိန္ဒရာမိုဒီကို ပြောသည်။ တရားဝင် ပြင်ဆင်ခွင့်ရလေပြီ။

၁၃၊ ၁၀၊ ၂၀၁၅နေ့က အိန္ဒိယလေကြောင်းဖြင့် ဂယာသို့ရောက်သည်။ တမ္ပ၀တီ ဦးဝင်းမောင်၊ တမ္ပ၀တီ ချိုဇော်မင်း၊ သီတဂူဘာဘူတို့ အဖွဲ့ဝင်အဖြစ်ပါလာသည်။ ဘီဟာပြည်နယ် ယဉ်ကျေးမှုဌာန အရာရှိများ ဂယာလေဆိပ်မှာ ပန်းစီးဆက်၍ ကြိုဆိုကြသည်။ နေ့ ၂း၀၀ရီရောက်လေသည်။ ညနေ၄း၀၀ နာရီမှာ မဟာဗောဓိ ဂေါပကအဖွဲ့ရုံးခန်း၌ ဟိန္ဒူမဟန္တာဘုန်းတော်ကြီး၊ ဆရာတော်ဦးဉာဏိန္ဒ၊ ဦးနန္ဒောဘာသ၊ မြန်မာကောင်စစ်ဝန် ဦးသန်းထွေး၊ အိန္ဒိယပြည်ရှေးဟောင်းသုတေသန ပညာရှင်များ၊ နိုင်ငံခြားရေးဌာနမှ အရာရှိများ၊ မဟာဗောဓိ စေတီတော်အတွင်းရေးမှူးတို့ တက်ရောက်ကြသည်။ ၅း၀၀နာရီမှာ အစည်းအဝေးပြီးသည်။ မြန်မာမှု မြန်မာ့ဟန်နှင့် မြန်မာတို့ပြင်ဖို့ သဘောတူ ဆုံးဖြတ်ကြ သည်။ ၁၄၊ ၁၀၊ ၂၀၁၅ နေ့မှာ ကွင်းဆင်း၍ အသေးစိတ် လေ့လာ တိုင်းတာ တွက်ချက်၊ ပုံထုတ် နေရာ ရှင်းကြသည်။

၁၅-ရက်နေ့တစ်နေ့လုံး ဆရာတော်ကိုယ်တိုင်၊ တမ္ပ၀တီဦးဝင်းမောင်၊ တမ္ပ၀တီချိုဇော်မင်း၊ သီတဂူ ဘာဘူ၊ ကောင်စစ်ဝန်ကိုသန်းထွေးတို့ငါးဦး Royal Residency Hotel ၌ ညှိနိုင်းတိုင်ပင်၍ ကွန်ပျူတာနှင့် ပုံစံများ ထုတ်ကြသည်။ ၁၅ရက်နေ့ ညနေခင်းတွင် အုပ်ချုပ်ရေးအဖွဲ့၊ ရှေးဟောင်းသုတေသနအဖွဲ့၊ သီတဂူအဖွဲ့နှင့် မြန်မာ့သံတမန်အဖွဲ့တို့ ဒုတိယအကြိမ်ထပ်မံ တွေ့ဆုံကြသည်။ လက်ရှိအဆောက်အဦ အဟောင်း၏ မြန်မာ့ပုံဟန်မကျသော အပေါ်ယံမွမ်းမံမှုများကို ခွာချဖျက်သိမ်း၍ မန္တလေးမူ မန္တလေးဟန် မင်းတုန်းခေတ်အသွင်ဖြင့် ပီပီသသဆောက်လုပ်ရန် သဘောတူ အပြီးသတ်ဆုံးဖြတ်ကြသည်။ မန္တလေးဘုရင်ကြီး၏ ကောင်းမှုစေတီနှစ်ဆူကို မန္တလေးသူ၊ မန္တလေးသားတို့ အကုန်လှူကြမည်ဟု ကတိပြုထားကြပြီ။ စေတီနှစ်ဆူစလုံးကို မန္တလေးကျောက်စာ စေတီများ၏ပုံအတိုင်း ပြန်လည်တည်ဆောက် သွားမည်ဖြစ်သည်။

အပရာဇိ၊ ညောင်ဗောဓိသို့၊ အသဒိသ၊ မြတ်ဒါနဟု၊
စိန်, မြ, ပတ္တမြား၊ ကိုးပါးန၀ရတ်၊ လျှောက်ပတ်ခြယ်လှယ်၊
လွန်ဆန်းကြယ်ကို၊ ကျယ်မကုန်နိုင်၊ ဆုံးမပိုင်တည့်။
နိုင်ငံသုံးလူ၊ သာဓုယူလျှက်၊ လှူရေစက်ဖြင့်၊
ပန္နက်ဆုကြီး၊ မဂ်ဖိုလ်ထီးဟု၊ ညီးညီးပွင့်လျှက်၊
မြင့်ထက်မြင့်သား၊ ကြည်မင်းဗိမာန်၊ မြိုက်နိဗ္ဗာန်ကို၊
ဧကန် မျက်မှောက်၊ ပြုရမြောက်စိမ့် …..

(မဟာဗောဓိရွှေညောင်တော်ကျောက်စာ မြန်မာဘာသာကို စာရေးကြီး နေမျိုးမင်းထင် စည်သူ ရေးသားပြီး၊ ပါဠိဘာသာ ဤမော်ကွန်းစာကို မဟာဓမ္မရာဇဂုရု ဘွဲ့တံဆိပ်တော်ရ ဒီပါလင်္ကာရ သိရီက၀ိဓဇ မဟာထေရ်က ရေးသားတော်မူသည်။)

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။

သီတဂူဆရာတော်
အရှင်ဉာဏိဿရ
တွဲဖက်ရွှေကျင်သာသနာပိုင် (၄)၊ အဂ္ဂမဟာပဏ္ဍိတ၊
Ph.D., D.Litt.
၁၅.၁၀.၂၀၁၅၊ ဗုဒ္ဓဂယာ
www.thestagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၉-၁၀-၂၀၁၅
www.sitagustar2020.net

01 May 2015

၂၆၃၉ နှစ်မြောက် ဗုဒ္ဓနေ့မှာ နှုတ်ခွန်းဆက်လွှာ

၂၆၃၉ နှစ်မြောက် ဗုဒ္ဓနေ့မှာ နှုတ်ခွန်းဆက်လွှာ

      လူနတ်တို့၏ ကြီးမြတ်သောဆရာ မြတ်ဗုဒ္ဓ၏ ထူးမြတ်သော အခါတော်နေ့မှာ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်မှ မေတ္တာဆုမွန် တောင်း၍ နှုတ်ခွန်းဆက်သအပ်ပါသည်။
•    သူတော်ကောင်းတရား နေရာတိုင်းမှာ ထွန်းတောက်ပါစေ။
•    လူသားတိုင်းမှာ သူတော်ကောင်းစိတ်ဓာတ် ကိန်းဝပ်ပါစေ။
•    ကမ္ဘာတစ်ဝန်းငြိမ်းချမ်းသာယာရှိပါစေ။

ဝိသာခါ ပုဏိ္ဏမာဟု သိသာထင်ရှားသည့် ကဆုန်လပြည့်နေ့တွင် ကျရောက် လာသောဗုဒ္ဓနေ့ အခါတော်ကို ဦးညွှတ်ပူဇော်သောအားဖြင့် ဤနှုတ်ခွန်းဆက် ဆုမွန်လွှာကို ကမ္ဘာတစ်ဝန်းလုံးသို့ ရေးသားပေးပို့ပါသည်။

      ကမ္ဘာလောကကြီးတစ်ခုလုံး၏ စစ်ဘေးဒဏ်အားလုံး၊ သဘာဝ ဘေးဒဏ် အားလုံး အပြီးတိုင် ချုပ်ငြိမ်းကြပါစေဟု လေးနက်သော ကရုဏာဖြင့် ဆုမွန်ကောင်း တောင်းပါသည်။ လူမျိုးမရွေး၊ ဘာသာမရွေး လူသားအားလုံးတို့ ငြိမ်းချမ်းပျော်ရွှင်စွာ လက်တွဲနေထိုင်နိုင်ကြပါစေဟု သတ္တ၀ါလောက တစ်ခုလုံးသို့ ဖြူစင်သော မေတ်္တာဓာတ်ကို ပို့လွှတ်ပါသည်။       သုံးမျိုးသုံးထပ်အားဖြင့် ထူးမြတ်သော ဤဗုဒ္ဓနေ့သည် ဗုဒ္ဓဘာသာဝင် တို့အတွက် သာမဟုတ် ကမ္ဘာပေါ်ရှိ လူသားအားလုံးတို့အတွက်ပါ အထူး မြတ်ဆုံးသော မင်္ဂလာ အခါတော်နေ့ပင် ဖြစ်ပါသည်။ မေလ၏ လပြည့်နေ့ဟု ဆိုရသော ဤကဆုန်လပြည့်နေ့၌......

      (က)    သိဒ္ဓတ္ထဂေါတမမြတ်ဗုဒ္ဓသည် သက္ကတိုင်း ကပိလ၀တ်မြို့အနီး
လုမိ္ဗနီဥယျာဉ်၌ ဖွားမြင်တော်မူခဲ့သည်။       ( ခ)    သိဒ္ဓတ္ထဂေါတမမြတ်ဗုဒ္ဓသည် မဂဓတိုင်းဂယာမြို့အနီး ဥရုဝေလ
တောအုပ်, နေရဉ္ဇရာမြစ်ကမ်းညောင်ပင်ရိပ်၌ ကိလေသာခပ်သိမ်း
ချုပ်ငြိမ်း၍ ဤကဆုန်ပြည့်နေ့မှာပင် ဗုဒ္ဓအဖြစ်သို့ ရောက်ရှိတော်
မူခဲ့သည်။ ( ဂ)    သိဒ္ဓတ္ထမြတ်ဗုဒ္ဓသည် မလ္လတိုင်း၊ ကုသိနာရာမြို့အနီး
အင်ကြင်းတော၌ ဤကဆုန်လပြည့်နေ့မှာပင် ပရိနိဗ္ဗာန်
ပြုတော်မူခဲ့သည်။

ဤသို့လျှင် အကြောင်းအရာ သုံးမျိုးသုံးထပ်တို့ဖြင့် ထူးမြတ်သည့် မြတ်ဗုဒ္ဓ၏ အခါတော်နေ့၌ အံသြဖွယ်ကောင်းသည့် မြတ်ဗုဒ္ဓ၏ ကြွေးကြော်သံ သုံးရပ်တို့ကို ဝေငှလိုပါသည်။
ကြွေးကြော်သံ (၁)
ဘီစီ ၆၂၃ လုဗိ္ဗနီအင်ကြင်းတောတွင် ဖွားမြင်တော် မူစဉ်က အောက်ပါ စကားသုံးခွန်းကို မိန့်ဆို တော်မူခဲ့ပါသည်။
(က)    အဂ္ဂေါဟ မသိ္မလောကဿ။         ငါသည် ဤကမ္ဘာလောက၌ အကြီးမြတ်ဆုံးဖြစ်သည်။     ( ခ)    အယမနိ္တမာ ဇာတိ။         ဤမှာပင် ကျွန်ုပ်၏  ဒုက်္ခဇာတ်အဆုံးသတ်လေပြီ။     ( ဂ)    နတိ္ထ ဒါနိ ပုနဗ္ဘဝေါ။         နောက်တစ်ဖန် မည်သည့်ဘ၀ဇာတ်ခုံမှာမှ တစ်ဖန် ပြန်လာ
တော့မည် မဟုတ်တော့ပေ။

ကြွေးကြော်သံ (၂)    
 
ဘီစီ ၅၈၈ မဂဓတိုင်းဂယာမြို့အနီး ဥရုဝေလတောအုပ် နေရဉ္ဇရာ မြစ်ကမ်း ညောင်ပင်ရိပ်ဝယ် အောက်ပါဂါထာ (၂)ပုဒ်ဖြင့် ဒုတိယကြွေးကြော် သံကို  ရဲရဲတောက် ကြွေးကြော်ခဲ့သည်။     (က)    အနေကဇာတိသံသာရံ၊ သန္ဓာဝိဿံ အနိဗိ္ဗသံ။         ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခာ ဇာတိ ပုနပ္ပုနံ။         ဘ၀သံသရာ၌ အဖန်ဖန်အခါခါမွေးဖွားရခြင်းသည် မွေးဖွားခြင်း၏ နောက်၌ အို, နာ, သေ တို့ အဆက်မပြတ်နှိပ်စက် အပ်သောကြောင့် ပင်ပန်းဆင်းရဲလှ၏။ ထို့ကြောင့် ငါသည် ဒုက္ခဒေါမနဿတို့ဖြင့် ပြည့်လျှံ နေသော ခန္ဓာအိမ်ကို မည်သူများ တည်ဆောက် ဖန်ဆင်းလေသနည်းဟု ဘ၀များစွာ သံသရာ၌ ခန္ဓာအိမ်တည်ဆောက်ဖန်ဆင်းသူကို ရှာဖွေခဲ့ပြီ။ သို့သော် ရှာဖွေ၍ မတွေ့သောကြောင့် ဒုက္ခဇာတ်ကိုရပ်၍မရဘဲ ဘ၀များစွာ သံသရာ၌ မရပ်မနားဆင်းရဲပင်ပန်းစွာ ပြေးသွားကျင်လည်ခဲ့ရလေပြီ။

     ( ခ)    ဂဟကာရက ဒိဋ္ဌောသိ၊ ပုန ဂေဟံ န ကာဟသိ။         သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ၀ိသင်္ခတံ။         ၀ိသင်္ခါရဂတံ စိတ္တံ၊ တဏှာနံ ခယမဇ္ဈဂါ။         ဟယ်!....တဏှာယောက်ျား လက်သမား ယခုအခါ ဒုက္ခ ယှက်လိမ် ခန္ဓာအိမ်ကို တည်ဆောက်သော (Doer, Maker, Creator) ဟူသည့် အယုတ်တမာ သင်းတဏှာကို ငါတွေ့ပြီ။ သင်တဏှာသည် စေတနာနှင့်ပေါင်း၍ ဒုက္ခယှက်လိမ် ခန္ဓာအိမ်ကို အကြိမ်ကြိမ်တည်ဆောက် ခဲ့ပြီမဟုတ်လော။ ယခုအခါ အယုတ်တမာ သင်တဏှာသည် ငါ့ခန္ဓာအိမ်ကို တည်ဆောက်နိုင်တော့မည် မဟုတ်တော့ချေ။ သင်တဏှာ ယောက်ျား လက်သမားကို လေးမဂ်လျှံရှိန် ဉာဏ်ပုဆိန်ဖြင့် လေးကြိမ်ဖြတ်ခုတ် အမြစ်ပြုတ်သည့် ထန်းပင်ငုတ်တိုဟန် နင်ဖြစ်ခဲ့လေပြီတကား။ အယုတ် တမာ သင်တဏှာ၏ အပေါင်းအသင်း ကိလေသာခပင်းတို့ကိုလည်း ငါအကြွင်းမဲ့ ချေမှုန်းလိုက်ပြီ။ အ၀ိဇ္ဇာတည်းဟူသော ခန္ဓာအိမ်၏ အထွတ် ကိုလည်း မှုန့်မှုန့်ကြေမွ ငါဖျက်ချလိုက်လေပြီ။ ယခုအခါငါ၏ စိတ်အစဉ်သည် သင်္ခါရစက်ကွင်း ဒုက္ခခပင်းမှ ကင်းလွတ်ခဲ့လေပြီ။ ယခုအခါ ငါသည် တဏှာခေါင်းဆောင်သည့် ကိလေသာအားလုံးတို့၏ ကုန်ခမ်းခြင်းသို့ ဆိုက်ရောက်ခဲ့လေပြီတကား။

ကြွေးကြော်သံ (၃)       
  ဘီစီ ၅၄၃ သက်တော် (၈၀)အရွယ်၌မြတ်ဗုဒ္ဓသည် မလ္လတိုင်း ကုသိနာရာမြို့ ၏ အနောက်တောင်ကွေ့က အင်ကြင်းတောဝယ် ဘ၀ဇာတ် ချုပ်ငြိမ်း၍ ရုပ်သိမ်းတော်မူခဲ့သည်။ ဤပရိနိဗ္ဗာန်ပွဲ၌ နောက်ဆုံးဖူးမျှော်ရန် လာရောက်ကြကုန်သော သံဃာတော် (၇)သိန်းကျော်တို့၏ အစည်း အဝေးကြီး၌ မြတ်စွာဘုရား၏ နောက်ဆုံးမိန့်မှာကြား ချက်မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။
“၀ယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ။”

အ၀ိဇ္ဇာ တဏှာ ကံတို့၏ စီမံဖန်တီးချက်ကို စင်း၍ခံနေကြရကုန်သော ရုပ်နာမ်သင်္ခါရတို့မှာ အဆက်မပြတ် ဖောက်ပြန်ပျက်စီးသော သဘော ရှိကြလေကုန်၏။ ထို့ကြောင့် သတိကို တည်ဆောက်ကြယ  ထိုသင်္ခါရတို့၏ သဘောကို သတိနှင့် စောင့်ကြည့်ကြ, သင်္ခါရတို့၏ လက္ခဏာကို သတိနှင့် မိအောင် စောင့်ကြည့်နိုင်လျှင် သင်္ခါရစက်ကွင်း ဒုက္ခခပင်းမှ လွတ်မြောက် ကြလိမ့်မည်။

 “အပ္ပမာဒေန သမ္ပာဒေထ” ဤသည်ကား မြတ်ဗုဒ္ဓ၏  နောက်ဆုံး စကားပေတည်း။

သူတော်ကောင်းတရား နေရာတိုင်းမှာ ထွန်းတောက်ပါစေ။
လူသားတိုင်းမှာ သူတော်ကောင်းစိတ်ဓာတ် ကိန်းဝပ်ပါစေ။
ကမ္ဘာတစ်ဝန်းငြိမ်းချမ်းသာယာရှိပါစေ။


သီတဂူဆရာတော် 
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ
၂၆၃၉ နှစ်မြောက် ဗုဒ္ဓနေ့မှာ နှုတ်ခွန်းဆက်လွှာ
   

23 October 2014

မိတ်ဆွေကောင်းတစ်ယောက်၏ အရည်အချင်း (၁)

မိတ်ဆွေကောင်းတစ်ယောက်၏ အရည်အချင်း (၁)

ကျေးဇူးပြုတတ်သော သူ
မိမိတို့တတွေသည် လောကအလယ်မှာ မိမိတစ်ယောက်တည်း နေရသည့်မဟုတ်၊ အသိုင်းအ၀ိုင်း၊ အပေါင်းအသင်းနှင့် နေကြရသည်။ ထိုသို့နေကြရာဝယ် မိတ်ကောင်းဆွေကောင်းသည် မိမိတို့အတွက် လောကမှာ အလိုအပ်ဆုံးအရာဖြစ်သည်။ မိတ်ဆွေဟူသည် သူတစ်ပါး၏အကျိုးစီးပွားကို တကယ်လိုလားသူဖြစ်သည်၊ တချို့က အပြောအဆို မချိုသာသဖြင့် နားဝင်ဆိုးစေပေမဲ့ အကျိုးစီးပွားအတွက်ဆို စိတ်ပါလက်ပါ ရှိလှသည့်အတွက် မိတ္တမည်သည်။ မိတ္တလည်းမည် အပြောလည်းနားဝင်ချိုစေမယ်ဆိုလျှင်တော့ မိတ္တသုဟဇ္ဇမည်သည်၊ ချစ်စရာကောင်းသော မိတ်ဆွေဖြစ်သည်။ သာသနာ့နွယ်ဝင် ရဟန်းဘ၀မှာရော လူ့ဘောင်လူဘ၀မှာပါ မိတ်ကောင်းဆွေကောင်းတွေ ရှိကြသည်။ မိတ်ကောင်းဆွေကောင်း၏ အမှတ်အသားများကို ဆက်လက် လေ့လာကြမည်။

မိတ်ကောင်းဆွေကောင်း (သုဟဒမိတ္တ) ဟူသည်
(၁) ဥပကာရ=ကျေးဇူးပြုတတ်သော သူသည် ကောင်းသောနှလုံးပိုင်ရှင်ဖြစ်သည်။
(၂) သမာနသုခဒုက္ခ=လောကဓံကို အတူမျှဝေခံစားပေးသူသည် မိတ်ကောင်းဆွေကောင်းတို့၏ အရည်အချင်းတစ်ရပ်ဖြစ်သည်။
(၃) အတ္ထက္ခာယီ= မိတ်ဆွေ၏အကျိုးကိုသာ ပြောပြတတ်သော သူသည်လည်း မိတ်ကောင်းဆွေကောင်းပင်ဖြစ်သည်။
(၄) အနုကမ္ပက= ကရုဏာတရားကို နှလုံးသားအရည်အချင်းအဖြစ် ခံယူထားသူသည်လည်း မိတ်ကောင်း ဆွေကောင်းပင်ဖြစ်သည်။

ဥပကာရ=ကျေးဇူးပြုတတ်သော သူ၏ နှလုံးသားအရည်အချင်း (၄)မျိုး

(က) ပမတ္တံ ရက္ခတိ-မေ့လျှော့နေသူ၊ မူးယဇ်နေသူကို စောင့်ရှောက်တတ်သူ (ခ) ပမတ္တဿ သာပတေယျံ ရက္ခတိ-အရပ်တစ်ပါးသို့သွားနေသော မိတ်ဆွေ၊ သေရည်သောက် မှောက်နေသော မိတ်ဆွေ၏ အိုးအိမ်တို့ကို စောင့်ရှောက်ပေးတတ်သူ (ဂ) ဘီတဿ သရဏံ- အကြောက်တရား၊ အရှုံးတရား၊ စိုးရိမ်မှုတွေနှင့် ရင်ဆိုင်နေသော မိတ်ဆွေကို ဖေးမကူညီ၊ အားကိုးရာအဖြစ်ရပ်တည်ပေးတတ်သူ (ဃ) တဒ္ဒိဂုဏံ ဘောဂံ- တိုင်းရေးပြည်ရေးကိစ္စ၊ လူမှုရေးကိစ္စ၊ မိသားစုကိစ္စစသော အမှုတို့မှာ ငွေကြေးမလုံလောက်သော် မိတ်ဆွေအား လိုသည်ထက် တစ်ဆပိုပေးတတ်သူ။

(က) ပမတ္တံ ရက္ခတိ-မေ့လျှော့နေသူ၊ မူးယဇ်နေသူကို စောင့်ရှောက်တတ်သူ

ဥပကာရကို နဲနဲလေးတိုးပြီး (Enlarge) လေ့လာကြမည်ဆိုလျှင် (က) ပမတ္တံ ရက္ခတိ-မေ့လျှော့နေသူ၊ မူးယဇ်နေသူကို စောင့်ရှောက်တတ်သူသည် ကျေးဇူးကိုပြုတတ်သဖြင့် သုဟဒမိတ္တ-စိတ်နှလုံးကောင်း အရည်အချင်းရှိသူမည်သည်။

မူးယဇ်သော မိတ်ဆွေကို စောင့်ရှောက်တတ်၏။ မြတ်ဗုဒ္ဓသည် အံ့သြစရာကောင်းလောက်အောင်ကို ဒေါင့်စေ့တော်မူသည်။ 

မိတ်ကောင်းဆွေကောင်းဆိုသည်ကို သေရည်အရက်ကြူးသူတို့အတွက်ပင် စဉ်းစားပေးထားသည်။ သေရည်အရက်ကြူးသူတို့သည် မိမိ ခါးဝတ်ပုဆိုးကိုပင် မနိုင်ဖြစ်ရသည်၊ အရှက်တရားတွေ ပျောက်ကုန်သည်၊ အကြောက်တရားတွေ ပျောက်ကုန်သည်၊ ပင်ကိုယ်စိတ်ကောင်းတွေ ပျောက်ကုန်သည်။ လူသူသွားလာ များသော လမ်းဘေးတို့၌လည်း မူးယဇ်ပြီး အသိစိတ်ပျောက် မှောက်နေတတ်သည်၊ ရွာတံခါး၊ အရပ်တံခါး၊ အိမ်တံခါးဝတို့မှာလည်း မေ့မျောနေတတ်သည်။ ကြည့်၊ မြင်သွားသည့် ပုဂ္ဂိုလ်အများစုက နှာခေါင်းရှုံ့ကြသည်၊ ရွံကြသည်၊ ကြောက်ရွံ့ကြသည်၊ လူကောင်းတစ်ယောက်ဟူ၍ မည်သူကမျှ မှတ်ချက်ပေးသွားကြမည် မဟုတ်။ ထိုသို့အခြေအနေမျိုးမှာ မည်ကဲ့သို့သောသူက သူ၏မိတ်ဆွေအဖြစ် ရပ်တည်နိုင်မည်နည်း။ “တံငါနားနီးတော့ တံငါ”ဆိုတာလို မိမိလည်း “ဒီပုပ်ထဲက ဒီပဲ” ပါပဲဟု မှတ်ချက်ပြုသွားကြမည်ကို လူတိုင်း စိုးရိမ်ကြသည်။ အများသူငါ ကဲ့ရဲ့ရှုံ့ချမည်ကို ရှက်-ကြောက်နေသည်ကိုက အသိစိတ်ရှိနေသေးသည်၊ သို့မဟုတ် သူတော်ကောင်းစိတ်လေး ရှိနေသေးသည်ဟု ဆိုရမည်။

မိမိကိုယ်ကို ထိုကဲ့သို့ အထင်ခံရမည်ကို မလိုလားသော သောက်ဖော်သောက်ဖက်တို့သည် အသိစိတ်လေး၊ ရှက်စိတ်လေး၊ ကြောက်စိတ်လေးများ ရှိနေသေးသည့်အတွက် အသိစိတ်ပျောက် မှောက်နေသော မိတ်ဆွေကို စွန့်ခွါသွားကြလိမ့်မည်။ အကြောင်းက သူ့အတ္ထထက် မိမိအတ္တကို ပိုချစ်နေသောကြောင့်ပင်ဖြစ်သည်။

သို့သော် မိတ်ဆွေအပေါ် မျက်နှာလွှဲခဲပစ် ပစ်ပစ်ခါခါ မစွန့်ရက်သော သူတို့သည်ကား အသိစိတ်ပျောက် မှောက်နေသော မိတ်ဆွေအနားပါပဲ ရပ်တည်ပေးကြလိမ့်မည်။ မိတ်ဆွေ သတိရလာသည့်အခါ ထမ်းခေါ်သွားမည်၊ လက်တွဲခေါ်သွားမည်၊ အသိစိတ်ပျောက် မှောက်နေသော မိတ်ဆွေအပေါ်မှာရှိသည့် တန်ဖိုးရှိပစ္စည်းကို ကာကွယ်ပေးရင်း၊ မိမိ၏အတ္တကို ဘေးဖယ်ထားခြင်းဖြင့် မိတ်ဆွေအပေါ်မှာ ဥပကာရ-ကျေးဇူးကို ပြုတတ်ကြသည်။ ထိုသူကို သုဟဒမိတ္တ-စိတ်ကောင်းနှလုံးကောင်း အရည်အချင်းရှိသည့် မိတ်ဆွေဟု ဆိုသည်။

မိတ်ဆွေအတုကို အစစ်ထင်သူ
တချို့က ဒင်းမရှိရင်နေ ဒင်းရှိနေရင် ဘ၀တစ်သက်တာအတွက် လုံလောက်ပြီလို့ ယူဆပြီး သေစေတတ်သည့် အရည် (သေရည်)ကို မိတ်ဖက်ပြီး နေလေ့ရှိသူလည်း လက်ညိုးညွှန်ရာတိုင်းမှာ ရှိနေသည်။ မိတ်ဆွေတစ်ယောက် သူ၏မိတ်ဆွေအိမ်ကို ကိစ္စတစ်ခုနဲ့ ဟိုဝင် ဒီထွက် တွေ့သမျှလူကို မေး၍ လာရရှာသည်။ လမ်းညွှန်သူက “မိတ်ဆွေ- ဟိုမှာ အရက်ဆိုင်တွေ့တယ်မလား၊ အဲဒီကနေ တည့်တည့်သွားရင် အရက်ဆိုင် တစ်ဆိုင်တွေ့လိမ့်မည်၊ အဲဒီအရက်ဆိုင်ကနေ ဘယ်ဘက်ချိုးလိုက်ရင် အရက်ဆိုင်တစ်ဆိုင် ထပ်တွေ့လိမ့်အုံးမည်၊ သူ့ကို နဲနဲကျော်လိုက်ရင် ဘီယာဆိုင်တစ်ဆိုင်တွေ့မယ်၊ အဲဒီဆိုင်ကနေ ညာဘက်ချိုးလိုက်၊ အမိန့်ရ အရက်ဆိုင်တွေ့လိမ့်မည်၊ အေး--မိတ်ဆွေ ရှာနေတဲ့ အိမ်က အဲဒီအရက်ဆိုင်နဲ့ ဘေးချင်းကပ် ထန်းရည်၊ ဘီယာ၊ အရက်အမျိုးစုံ ဖြန့်တဲ့ အိမ်ကပဲ”ဆိုတော့ တစ်ရပ်ကွက်လုံး အရက်ဆိုင်က နေရာ အများယူထားသလိုဖြစ်နေတယ်။ အဲဒီလိုနဲ့ စိတ်ညစ်စရာကြုံတိုင်း အရက်ကို မိတ်ပြု၊ စိတ်ပျော်တိုင်းလည်း အရက်ကို မိတ်ပြု၊ သူ့ဘ၀ အရက်ရဲ့ ကျေးကျွန်ဘ၀နဲ့ပဲ အဆုံးသတ်လိုက်ရသည်၊ လူမှုရေး၊ မိသားစုအရေး၊ ကုသိုလ်ရေးတွေ မိတ်ကောင်းဆွေကောင်းပြုရမည့်အစား အရက်ကိုပဲ မိတ်ဆွေပြုသွားကြသည့် လူ့ဘ၀တောင် ပီပီသသမရလိုက်သေးပဲ ဘ၀တစ်ခု အဆုံးသပ်သွားသူတွေ နေ့စဉ် ရေတွက်၍တောင် မကုန်နိုင်။ သူဘာယူသွားနိုင်လဲ၊ ဘာတွေ ထားခဲ့သလဲ၊ မိသားစုအတွက် အရှက်တရားတွေ၊ သောကတွေ၊ ဒုက္ခတွေကိုပဲ ထားသွားနိုင်သည်။ သူယူသွားနိုင်သည်ကား သုရာမေရယကံနှင့် ထိုမှပေါက်ဖွားလာသော အကုသိုလ်ကံတွေပဲ ဖြစ်သည်။

(ခ) ပမတ္တဿ သာပတေယျံ ရက္ခတိ-အရပ်တစ်ပါးသို့သွားနေသော မိတ်ဆွေ၊ သေရည်သောက် မှောက်နေသော မိတ်ဆွေ၏ အိုးအိမ်တို့ကို စောင့်ရှောက်ပေးတတ်သူ

မိတ်ဆွေအပေါ်မှာ မုဒိတာစိတ် အရည်အချင်းမရှိသူတို့သည် မိတ်ဆွေအပေါ်မှာ ဣဿာစိတ် (မနာလိုစိတ်)ရှိတတ်ကြသည်။ မိမိထက် အရာရာ အထက်တန်းကျနေသူကို စိတ်ထဲက ၀မ်းမသာဘဲ ကြိတ်ပြီး ပူလောင်နေတတ်သည်၊ အလိုလိုနေရင်း မိတ်ဆွေအပေါ် ကြည့်မရဖြစ်တတ်သည်၊ မျက်နှာလွဲနေတတ်သည်။ မိတ်ဆွေတစ်ယောက် အရပ်တစ်ပါးသို့ ခရီးထွက်သော် အိမ်ကိုပစ်၍ သွားရသည်။ မီးပဲလောင်လောင်၊ သူခိုးပဲခိုးခိုး၊ ရေပဲမျောမျော၊ ဓားမြပဲတိုက်တိုက် အိမ်နီးနားချင်းပီသစွာ စိတ်မပူတတ်၊ ကြောင့်ကြမစိုက်တတ်၊ မျက်နှာလွဲနေနိုင်သည်။ ယနေ့ခေတ် စာရေးသူတို့ ဗုဒ္ဓဘာသာနိုင်ငံ မြို့ကြီးပြကြီး အချို့နေရာတွေမှာ အိမ်နီးနားချင်းကပ်နေပေမဲ့ တစ်ယောက်နဲ့တစ်ယောက် မသိကြ၊ အမှုမဲ့အမှတ်မဲ့ နေတတ်ကြသည်။

စာရေးသူအသက် ၉နှစ်ရွယ်ဝန်းကျင်လောက်မှာထင်သည်၊ အဖေရယ် ကိုယ်ဝန်ရင့်မာကြီးနဲ့ အမေရယ်၊ အိမ်နီးနားချင်း မိတ်ဆွေတွေရယ် မြို့တက်ပြီး လယ်ယာကိုင်းကျွန်းမှ ထွက်သော အသီးအနှံတွေရောင်း၊ မြို့မှ ဆန်၊ ဆီ၊ ဆား စသည့် မြို့ထွက်ပစ္စည်းများ ၀ယ်ရန် သွားလေ့ရှိသည်။ တစ်နေ့တော့ မနက်စောစော ဝေလီဝေလင်း (အရုဏ်မတိုင်ခင်)ကထဲက အဖေနဲ့ အမေတို့ မြို့တက်သွားကြသည်။ တဲမှာ (ကျွန်းထဲမှာ တဲထိုးပြီးနေကြ) အမရယ်၊ စာရေးသူရယ် ညီလေးရယ်၊ ညီမငယ်ရယ် ကလေးငယ်လေး လေးယောက်သာ နွားတွေနဲ့ကျန်ခဲ့သည်။ နေ၀င်ရီအချိန်လေးမှာ အိမ်နီးနားချင်းတွေ ပြန်လာပေမယ့် အဖေနဲ့အမေ မလာသေး၊ ကလေးငယ်လေးတွေ အဖေနဲ့ အမေအလာကို မျှော်နေကြသည်။ အမေက မြို့ရောက်တော့ အရီးအိမ်မှာ မီးဖွားနေသည်ဟု သတင်းရသဖြင့် ဒီညအဖေရောအမေပါ ပြန်မလာနိုင်ကြ။ ကံဆိုးချင်တော့ ထိုညမှာပဲ လေကြီးမိုးကြီး အကြီးအကျယ် ရွာသွန်းချသည်။ စာရေးသူအပါဝင် ကလေး လေးယောက် အော်ငိုရုံနေကလွဲ ဘာမှ မတတ်နိုင်ခဲ့။

သို့သော် အိမ်နီးနားချင်း၊ မိတ်ကောင်းဆွေကောင်းတွေ ရှိကြသည်၊ အိမ်နားက အဖွားတစ်ယောက်က အိမ်လာပြီး ညအိပ်ပေးသည်၊ တချို့က နွားတွေ မိုးထဲက အိမ်ထဲရွှေ့ပေးကြသည်၊ မိုးထဲလေထဲမှာ ရှိနေသည့် အသီးအနှံတွေ တဲထဲရွှေ့ပေးကြသည်။ စာရေးသူတို့တောရွာမှာတော့ အိမ်မှာ လူမရှိပေမဲ့ မပူရ မပန်ရ၊ အိမ်နီးနားချင်းတွေက စောင့်ရှောက်ပေးကြသည်။ မိတ်ကောင်းဆွေကောင်းတို့သည် တောရပ်တောဒေသမှာ များများစားစား တွေ့နိုင်မည်ထင်ပါသည်။ သုဟဒမိတ္တ-မိတ်ကောင်း ဆွေကောင်းဆိုသည်မှာ မိတ်ဆွေအပေါ် မျက်နှာလွဲခဲပစ် မဖြစ်ဘဲ ကြောင်းကြောင်းကြကြ စောင့်ရှောက်တတ်ကြသည်။ ဣဿာမရှိဘဲ မိတ်ဆွေအပေါ်ကူညီတတ်ကြသည်၊ ကရုဏာစိတ်ထားကြသည်။

စာရေးသူတို့လို သာမန်လူသားတွေသည် အလွန်မေ့တတ်သည်၊ နမော်နမဲ့နိုင်တတ်သည်၊ သတိသည် ကမ္မဋ္ဌာန်းအားထုတ်ရာမှာသာ အသုံးဝင်နေသည်မဟုတ်၊ မိမိတို့ နေ့စဉ်ဘ၀ လှုပ်ရှားရုန်းကန်နေချိန်တွင်လည်း သတိဟာ အလွန်ရေးကြီးနေသည်။ သတိတစ်ချက်လွတ်သွားတာနဲ့ အရာအရာကို ဆုံးရှုံးသွားနိုင်သည်။ ပမာဒေါ မစ္စုနော ပဒံ- မေ့လျော့ခြင်း၊ သတိလွတ်သွားသည့်အချိန်သည် သေတာနဲ့ အတူတူပဲဖြစ်သည်၊ ဆိုလိုသည်မှာ အရာရာကို ဆုံးရှုံးသွားသည်။ ကားသမားတစ်ယောက် သတိလေးတစ်ချက်လွတ်လိုက်သည်နှင့် တပြိုင်တည်း အသက်ပေါင်းများစွာ ဆုံးရှုံးရသည်။ ထို့ကြောင့် မမေ့တတ်အောင် လေ့ကျင့်ကြဖို့လိုသည်။ သို့သော် မေ့တတ်တဲ့သူမျိုးက မေ့ကိုမေ့လိုက်ရမှ သူနဲ့တူသည်ဖြစ်တော့သည်။ မေ့လျော့ခြင်းကြောင့် အသေးစား အကျိုးလည်းရှိသေးသည်။ မိမိပစ္စည်း ပါလို့ပါမှန်းမသိခြင်းပင်ဖြစ်သည်။ မေ့တတ်ခြင်းက မိမိသည်သာ ဆုံးရှုံးသည် မဟုတ်၊ မိမိမေ့ကျန်သော ပစ္စည်းကိုတွေ့ရှိသော သူအတွက် စိတ်၏အရည်အချင်းတွေ ဆုံးရှုံးစေနိုင်သည်။ လူဆိုတာက လောဘမျိုးဖြစ်နေသည်။ ထိုလောဘဖြစ်နေမှန်း မသိပါက သို့မဟုတ် မေ့နေပါက နဂိုရှိနေသော စိတ်၏အရည်အချင်းတွေ ဆုံးရှုံးသွားနိုင်သည်။

စာရေးသူတို့လောကမှာ မြင်နေကျ တွေ့နေကျ ဖြစ်အပျက်များစွာရှိသည်။ လူတစ်ယောက် တန်ဖိုးရှိသော စာရွက်စာတမ်း၊ ငွေကြေး၊ ရတနာ တစ်ခုခု မေ့ကျန်ရစ်သော်လည်းကောင်း၊ ကျပျောက်သွားသော်လည်းကောင်း တွေ့ရှိသောသူက ပိုင်ရှင်၊ သို့မဟုတ် သက်ဆိုင်ရာဌာနသို့ ပြန်ပေးတတ်တာတွေလည်း တွေ့ရသလို မပေးဘဲ အသာလေး သိုဝှက်ထားတာတွေလည်း တွေ့ရတတ်သည်။ စာရေးသူ သူငယ်ချင်းတစ်ပါး အမေရိကတက္ကသိုလ်တစ်ခုမှ ပညာသင်ပြန်အလာ နောက်ထပ် တက္ကသိုလ်တစ်ခုတက်ရန်အတွက် ပတ်စပို့ဗီဇာများ၊ လက်ပတော့ကွန်ပြူတာ၊ ဒေါ်လာအနည်းငယ်နှင့် ကျပ်ငွေ ငါးသိန်းလောက် တက္ကစီကားပေါ်မေ့ကျန်ရစ်ခဲ့သည်၊ သတင်းစာ၊ FMရေဒီယိုလိုင်းများ၊ အင်တာနက်မီဒီယာကနေ မေ့ကျန်ရစ်ခဲ့ကြောင်း ကြေညာ အသိပေးခဲ့သော်လည်း တွေ့ရှိသူဟာ အသိစိတ်နဲ့ ပြန်လာမပို့ခဲ့။ ဒီလို လူမှုရေးစိတ်ဓာတ် မေတ္တာစိတ်ဓာတ် မေ့ကျန်ရစ်သူများ ဘယ်လောက်များ သောကရောက်နေမလဲဆိုတာ စာနာတတ်သော ကရုဏာစိတ်ဓာတ် ကင်းသော သူများလည်း လောကမှာ များစွာတွေ့နေရသည်။

သို့သော်လည်း ရှားပါးသော မိတ်ကောင်းဆွေကောင်းတွေလည်း တွေ့ရတတ်သည်။ တနေ့က အင်တာနက်စာမျက်နှာအပေါ်မှာ အလွန်နာမည်ကြီးသွားသည့် ရန်ကုန်ပြည်သူ့ဆေးရုံ ခွဲခန်းက ၀န်ထမ်းတစ်ယောက်၊ ဟိန္ဒူ အိန္ဒိယနွယ်ဖွားတစ်ယောက်၊ လူနာရှင်တွေ ကျန်ရစ်သော တန်ဖိုးရှိရွှေ ငွေ၊ နာရီများကို မကြာခဏ ပိုင်ရှင်ကို ပြန်ပေးခြင်းဘဲဖြစ်သည်။
“အူမတောင့်မှ သီလစောင့်”ဆိုတဲ့ သီလမစောင့်နိုင်သည့်သူများ၏ ဆင်ခြေကို အိန္ဒိယနွယ် မြန်မာပြည်သားက တော်လှန်နိုင်ခဲ့သည်။ သူသည် ငွေကြေးအားဖြင့် မပြည့်စုံပေမဲ့ ခွဲစိပ်ခန်း လူနာတွေကို စိတ်ရှည်လက်ရှည် ပြုစုသည့်အပြင် မေ့ကျန်ရစ်သော မည်သည့်ပစ္စည်း မည်သူ့ကိုမဆို ရောက်အောင် ပေးလေ့ရှိသည်။ ဤသည်ပင် သူ၏မိတ်ဆွေကောင်းတစ်ယောက်၏ အရည်အချင်းပင်ဖြစ်သည်။

ဤကဲ့သို့ မိတ်ဆွေကောင်းတစ်ယောက်၏ အရည်အချင်းရှိသော သူတို့ကိုလည်း မြောက်မြားစွာ တွေ့မြင်ရ၊ ကြားသိရပါသည်။ တချို့တချို့သော တက္ကစီကားသမားများလည်း မိမိတို့ ယာဉ်ပေါ်မှာ မေ့ကျန်ရစ်သော တန်ဖိုးရှိ၊ မရှိ ပစ္စည်းများကို ခရီးသည်ဆီရောက်အောင် စုံစမ်း ပို့ပေးလေ့ရှိသည်၊ မကြာမကြာ ကြားသိနေရသည်။ တစ်ဘ၀တစ်နပ်စာထက် ဘ၀သံသရာ အရှည်ကို ကြည့်တတ်သော မိတ်ဆွေကောင်း၊ တစ်ဝမ်းစာမျှကို မကြည့်ဘဲ မိမိ၏ စိတ်နှလုံးအရည်အချင်းကို တန်ဖိုးထားသူတို့လည်း များစွာရှိကြသည်။ ထို့ကြောင့် ပမတ္တဿ သာပတေယျံ ရက္ခတိ ဆိုတဲ့ မိတ်ဆွေကောင်း၏ အရည်အချင်းဆိုသည်မှာ အရပ်တစ်ပါးသို့သွားနေသော မိတ်ဆွေ၏ အိုးအိမ်စည်းစိမ်၊ သေရည်သောက် မှောက်နေသော မိတ်ဆွေ၏ အိုးခွက်မှာစ ရွှေငွေကျအောင် များလှသိုမှီး ပစ္စည်းအစုစုတို့ကို စောင့်ရှောက်ပေးတတ်သူပင် ဖြစ်တော့သည်။ နောက် မိတ်ကောင်းဆွေကောင်း၏ အရည်ချင်းကား- ဘီတဿ သရဏံ ဟောတိ။

အပိုင်း (၂) လာပါဦးမည်။
မှတ်ချ။ ။ ကျောင်းနှစ်ဝက်ပိတ် ရာသီမှာ မိတ်ကောင်းဆွေကောင်း တစ်ယောက်၏ အရည်အချင်းကို အတွဲလိုက် ရေးမိသည်။ 
ဓာတ်ပုံ- စင်္ကာပူ ဓမ္မမောင်နှမများ ဓမ္မသဘင်

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၃-၁၀-၂၀၁၄

21 October 2014

မတူညီသော ပေါင်းစည်း ညီညွတ်မှု

မတူညီသော ပေါင်းစည်း ညီညွတ်မှု 

လောကမှာ အယူအဆအမျိုးမျိုး၊ ၀ါဒ အဖုံဖုံတို့ဖြင့် “သူ့ အယူအဆ မှန်သည်၊ ငါ့ အယူအဆ မှန်သည်” စသည်ဖြင့် ငြင်းခုံနေကြလေသည်၊ မတူညီသော ငြင်းခုံမှုတွေထဲတွင် တူညီသော အဖြေ ရှိတတ်စမြဲဖြစ်ပါသည်၊ ထို့ကြောင့် သီတဂူ ဆရာတော်ဘုရားကြီး မကြာခဏ မိန့်မှာသော စကား တခွန်း ရှိပါသည်၊ ထို စကားတခွန်းကား “လောကမှာ မတူညီတာတွေအပေါ်မှာ ငြင်းခုံမှု ပြုမနေကြဘဲနှင့် တူညီမှုတွေ အပေါ်မှာ ၀ိုင်းပြီး အတူလက်တွဲလျှောက်လှမ်းကြဖို့” ဖြစ်ပါသည်၊ (Common Platform) ဘုံလမ်းကို အတူတူ လျှောက်လှမ်းဖို့ တိုက်တွန်း အားပေးတော်မူပါသည်။

မှန်ပေသည်၊ ထို ရည်ရွယ်ချက်ဖြင့် သီတဂူဆရာတော်ဘုရားကြီးသည် လောက၌ လူမျိုး၊ ဘာသာ ခွဲခြားမှု မပြုဘဲ လောကအကျိုး၊ သာသနာအကျိုးကို နေ့မအား ညမနားဘဲ အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်လျှက် ရှိသည်မှာ ကမ္ဘာတလွှား ဆရာတော်ဘုရားကြီး၏ များစွာသော လုပ်ငန်းစဉ်များက သက်သေခံလျှက် ရှိပါသည်၊ များစွာသော လူမှုရေး လုပ်ငန်းစဉ်များဖြစ်သော သီတဂူ ရေအလှူတော် စီမံကိန်း၊ သီတဂူဆေးရုံအလှူ စီမံကိန်း၊ ကျန်းမာရေး စောင့်ရှောက်မှု စီမံကိန်း၊ ပညာရေးအလှူ စီမံကိန်း စသည်တို့တွင် တခုအပါအ၀င်ဖြစ်သော ပညာရေး အလှူ စီမံကိန်းတွင် သီတဂူဆရာတော်ဘုရားကြီး၏ ရည်ရွယ်ချက်ကို အထင်သား တွေ့မြင်ရပေမည်၊ ထိုရည်ရွယ်ချက်ကား “အ၀ိဇ္ဖာ ဖုံးလွှမ်းသော အကမ်းကမ္ဘာကို ဓမ္မအလင်းရောင် ပညာတန်ဆောင်ဖြင့် လောကကို အလှဆင် အလင်းပေးဖို့” ရည်ရွယ်ချက် ဖြစ်ပါသည်၊ ထိုရည်ရွယ်ချက်ဖြင့် သီတဂူဆရာတော်ဘုရားကြီးသည် ပညာတော်သင် စာသင်သားများစွာကို နိုင်ငံတကာသို့ စေလွှတ်ပြီး ပညာသင်ကြားရေးတွင် စာသင်သားများအတွက် လိုအပ်မှု တစုံတရာ မရှိအောင် အစစအရာရာ အားပေး ထောက်ပံ့ တော်မူပါသည်။

သီတဂူဆရာတော်ဘုရားကြီး၏ ပညာရေးအထောက်အပံ့ဖြင့် ကမ္ဘာတလွှား ပညာသင်ယူ နေကြသော တပည့်များစွာတို့တွင် ထိုင်းနိုင်ငံ Assumption တက္ကသိုလ်တွင် M.A နှင့် Ph.D ပညာသင်ယူနေကြသော ရဟန်းတော် (၇) ပါးတို့လည်း အပါအ၀င်ဖြစ်ပါသည်၊ ၂၀၀၇ ခုနှစ် နာဂစ် မုန်းတိုင်းခံ မြန်မာပြည်သားများအတွက် ဆရာတော်ဘုရားကြီးသည် မေတ္တာ၊ ကရုဏာကြီးမားစွာဖြင့် နာဂစ် မုန်းတိုင်းခံ ပြည်သူများအတွက် ကူညီထောက်ပံ့မှု များစွာကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ပါသည်၊ နာဂစ်ဒေသခံ ပြည်သူများအတွက် ကူညီထောက်ပံ့မှုတွင် သီတဂူဆရာတော်ကြီးနှင့်အတူ ထိုင်းနိုင်ငံ Assumption တက္ကသိုလ်မှ ခရစ်ယာန် ဘုန်းတော်ကြီးများနှင့် အတူလက်တွဲပြီး နာဂစ်ပြည်သူများ၏ သောကနှင့် ဒုက္ခကို ကူညီဆောင်ရွက်ပေးခဲ့ပါသည်။

မတူညီသော ဘာသာနှစ်ခု၏ တူညီသော ရည်ရွယ်ချက်ကား လောကသားတို့၏ ဆင်းရဲမှန်သမျှကို ပယ်ဖျောက်ပေးပြီး သောကကို ပယ်ဖျောက်ပေးဖို့ဖြစ်ပါသည်၊ တူညီသော ရည်ရွယ်ချက်ဖြင့် သီတဂူဆရာတော်ဘုရားကြီးနှင့်အတူ ထိုင်းနိုင်ငံ Assumption တက္ကသိုလ်မှ ခရစ်ယာန်ဘုန်းတော်ကြီးများ၏ အတူလက်တွဲ ဆောင်ရွက်မှုကြောင့် ယခုဆိုလျှင် အေဘက် တက္ကသိုလ်တွင် ပညာဆည်းပူးလျှက်ရှိသော ရဟန်းတော်များပင် ဘွဲ့များ အသီးသီး ရရှိခဲ့လေပြီ၊ ဘွဲ့ရရှိသော ရဟန်းတော်များ၏ ရရှိသော ဘွဲ့နှင့် ခုနှစ်အချက်အလက်တချို့ကို အောက်ပါတွင် ဖတ်ရှုနိုင်ပါသည်။

စဉ် ဘွဲ့တော် အမည် ရရှိသော ဘွဲ့ ကျောင်းသား ID ခုနှစ်
၁ အရှင်ကိတ္တိသာရ M.A(Religious studies) 531 9512 2014
၂ အရှင် ၀ိသာဒရ M.A(Religious studies) 531 951 thesis
၃ အရှင် ပဏ္ဍိတဓဇာလင်္ကာရ M.A(Educational Admi) 541 9517 2014
၎ အရှင် သူရိယ M.A(Religious studies) 531 951 2013
၅ အရှင် နန္ဒာစာရာလင်္ကာရ M.A(Religious studies) 531 9513 2014
၆ အရှင် ဇဋိလ M.A(Educational Admi) 541 9516 2014
၇ အရှင် ခေမာသာရ Ph.D(Educational Leadership) 551 9848 Thesis

၂၃.၁၁.၂၀၁၄ နေ့တွင် သီတဂူဆရာတော်ဘုရားကြီးမှ မြန်မာနိုင်ငံ ရိုမန်ကက်သလစ် ခရစ်ယာန် နှစ် ၅၀၀ ပြည့်အထိမ်းအမှတ်နေ့တွင် တက်ရောက်ပြီး မိန့်ခွန်း ပြောကြားပေးမှာဖြစ်ပါသည်။ ဤသည်ကား မတူညီသော ဘာသာတရားနှစ်ခု၏ တူညီသောလမ်းပေါ် အတူတူ လျှောက်လှမ်းခြင်း၏ အသီးအပွင့် အကျိုးကျေးဇူးများ ဖြစ်ပါသည်၊ နိဂုံးချုပ်အနေဖြင့် ဆရာတော်ဘုရားကြီး၏ လူမှုရေး၊ ဘာသာရေး လုပ်ငန်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်အောင် ပါဝင် ကူညီနိုင်ကြပညာသင်ကြားပြီးသော ဘွဲ့တဆိပ်တော် ရရှိပြီးသော သံဃာတော်များလည်း မိမိတို့ တတ်စွမ်းသမျှ ပညာရေး အသီးအပွင့်များကို မိမိတို့ အမိဌာနေ တက္ကသိုလ်ကြီးဖြစ်တဲ့ သီတဂူ အဓိပတိဆရာတော်ဘုရားကြီး တည်ထောင်ပေးတော်မူခဲ့သော စစ်ကိုင်း၊ မန္တလေးနှင့် ရန်ကုန် (၃) ဌာနတို့မှာ နောင်လာ နောက်သား အနာဂတ်သာသနာ့ကြယ်ပွင့်လေးများ ထွန်းပေါက်လာအောင် ပညာရေးစီမံကိန်းတွေမှာ ပါဝင်လုပ်ဆောင်သွားဖို့ ဆရာတော်ကြီး၏ လမ်းညွန်ချက်ဖြင့် မိမိတို့ စွမ်းနိုင်သမျှ လောကအကျိုး၊ လူမှုရေးအကျိုး၊ သာသနာအကျိုး မျှော်ကိုးကာ အနာဂတ်သာသနာ အတွက် ဆက်လက် ကြိုးစားသွားဖို့ရန် ဆန္ဒပြုလိုက်ပါသည်။

သီတဂူ စမ်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သီတဂူဆရာတော်ဘုရားကြီး၏ တပည့်
အရှင်ကိတ္တိသာရ၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၁-၁၀-၂၀၁၄

12 October 2014

ရောက်ခဲ့သည့် ငါးတစ်ပိုင်း ခြင်္သေ့တစ်ပိုင်းမြို့

  ရောက်ခဲ့သည့် ငါးတစ်ပိုင်း ခြင်္သေ့တစ်ပိုင်းမြို့

ခြင်္သေ့ဦးခေါင်းနှင့်တူသော တံငါကုန်းပေါ်မှာ တည်ထားသည့် မြို့၊ ငါးတစ်ပိုင်း ခြင်္သေ့တစ်ပိုင်းသင်္ကေတဖြင့် ပုံဖော်ထားသော မြို့သည် သို့မဟုတ် နိုင်ငံသည် စင်္ကာပူနိုင်ငံပဲဖြစ်သည်။ အလွန်သန့်ရှင်း သပ်ရပ်သော မြို့ဖြစ်သည်။ စည်းကမ်း စနစ်များ အလွန်ကောင်းသည်။ မြို့ဧရိယာကျဉ်းသဖြင့်လည်း စင်္ကာပူအစိုးရက ဘက်ပေါင်းစုံက ပြည့်စုံအောင် ပြုလုပ်နိုင်သည်။ သူ့နိုင်ငံမှာ သယံဇာတ၊ အသီးအနှံကအစ ဘာမျှမထွက်ပေမဲ့ တကမ္ဘာလုံးက ထွက်သည့် ရေထွက်၊ ကုန်းထွက် ပစ္စည်း အကုန်ရှိအောင် ဖန်တီးနိုင်သည်။

နိုင်ငံတစ်နိုင်ငံလုံးသည် ရှော့ပင်းစင်တာများ၊ ဟိုတယ်များ၊ အရောင်းပြခန်းများ၊ ပျော်ရွှင်စရာ အပန်းဖြေစခန်းများဖြင့် ပြည့်နေသည်၊ တကမ္ဘာလုံးက စီးပွားရေးသမား၊ သူဌေးသူကြွယ်များ၊ ပညာရှင်များကို ရအောင်ခေါ်နိုင်သည်။ ထိုသည်ပင် သူ့နိုင်ငံ၏ အဓိကစီးပွားရေးဖြစ်ဟန်တူသည်။

နာမည်ကြီးလှသည့် ထိုမြို့သို့ ရောက်ခဲ့ပါပြီ
မိမိသည် ကမ္ဘာ၏အရှေ့ချမ်း သြစတေးလျ၊ ကိုရီးယားနှင့် အနောက်ချမ်း ဂျာမနီ၊ ဆွစ်ဆာလန်၊ ပြင်သစ်၊ ရုရှားနှင့် အိမ်နီးချင်းနိုင်ငံအချို့သို့ ရောက်ခဲ့ပြီးဖြစ်သည်။ သို့သော် အာရှမှာ အလွန်နာမည်ကြီးသည့် ထိုမြို့ကို ရောက်ချင်နေသည်မှာ ကြာပြီ ဖြစ်သည်၊ တစ်ချိန်ချိန်တော့ ရောက်မှာပဲဟု တွေးတောမိသည်။ မိမိ၏ မိတ်ဆွေအများစုတို့သည် ရောက်ဖူးနှင့်ပြီး ဖြစ်ကြသည်။ ကျေးဇူးကြီးမားသည့် မိမိ၏ဆရာနှင့် စင်္ကာပူရောက် မြန်မာမိသားစုကျေးဇူးကြောင့် ဆန္ဒပြည့်သွားသည်။

စင်္ကာပူတရားပွဲများ
၃-၁၀-၂၀၁၄ နေ့ ည စင်္ကာပူရောက်၊ ၄-၅ရက်များမှာ စင်္ကာပူရောက် ဓမ္မမောင်နှမများ၊ မြန်မာမိသားစု၏ ဓမ္မပူဇာပွဲတွင် သီတဂူဆရာတော်ကြီး တရားချီးမြင့်သည်၊ ၂ရက်လုံး ခန်းမဆောင်ကြီး ၂ထပ်လုံးအပြည့် လာရောက် တရားနာယူကြသည်။ ထူးခြားသည်မှာ တရားနာသူအများစုတို့သည် လူငယ်များသာ ဖြစ်ကြသည်၊ တရားပွဲ ဖြစ်မြောက်ရေးအတွက် ဝေယျာဝေစ္စအဖွဲ့များသည်လည်း လူငယ်တွေချည်းပဲ ဖြစ်သည်။ စုပေါင်း ညီညီညာ တက်တက်ကြွကြွ လုပ်ဆောင်နေကြတာကို မြင်ရသဖြင့် ကျက်သရေမင်္ဂလာ ရှိလှသည်။

၆-၁၀-၂၀၁၄ နေ့မှာတော့ အစီအစဉ်မရှိဘဲ တရားပွဲ ကျင်းပသည်၊ ထိုနေ့အတွက် အစ်နေ့ကိုတောင် ကျေးဇူးတင်ရပါလိမ့်မည်။ စနေ တနင်္ဂနွေ အလုပ်ပိတ်ရက်မှာ ဆရာတော်ကြီး၏ တရားဓမ္မများကို နာယူခွင့်ရကြသည်။ ပုံမှန်အားဖြင့် တနင်္လာနေ့သည် စင်္ကာပူနိုင်ငံရှိ အားလုံးတို့သည် အိပ်ချိန်မှပဲ အိမ်ပြန်ရောက်ရသည့် နေ့ဖြစ်သည်၊ အလုပ်များကြသည်။ အစ်နေ့ အားလပ်ရက် ဖြစ်သဖြင့် မိမိအား ဓမ္မပလ္လင်ပေါ်တင်လိုက်ခြင်းဖြစ်သည်။ ထိုအထွက် သုံးရက်ဆက်တိုက် အပင်ပန်းခံ တရားပွဲသို့ အားခဲရောက်လာကြသည့် စင်္ကာပူရောက် ဓမ္မမောင်နှမများနှင့် တရားချစ်ခင်သူတော်စင်တို့အား အထူးကျေးဇူတင်ပါသည်။

အထူးကျေးဇူးတင်ရှိခြင်း
စင်္ကာပူရောက်ခိုက် နံနက်ပိုင်း နံနက်စာဆွမ်းကို ဟိုတယ်မှာပဲ စားသည်၊ နားချိန်များတွင် ဟိုတယ်အနီးတ၀ိုက် လျှောက်ကြည့်ဖြစ်သည်။ နေ့လည်စာဆွမ်းကိုတော့ မြန်မာမိသားစုများအိမ်သို့ သွားစားကြသည်။ နေ့ဆွမ်းပြီးတိုင်း စင်္ကာပူမြို့ အထင်ကရနေရာများကို လိုက်ပို့ပေးသော ဒကာကြီး ဦးတင်မောင်ဝင်းနှင့်အဖွဲ့အား အထူးပင် ကျေးဇူးတင်ပါသည်။ မိမိ၏ တရားပွဲပြီးပြီးချင်း MRT စီးဖူးအောင်လည်း ဆောင်ရွက်ပေးကြသည်။ အထူးအားဖြင့် မိမိအား ဓမ္မာသန (တရားပလ္လင်)ပေါ်သို့ အရောက်ပို့ပေးသူအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းးး။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၁-၁၀-၂၀၁၄

22 August 2014

သီတဂူဆရာတော် ဘာသာရေးလွတ်လပ်ခွင့် အမေရိကန်ကော်မရှင်အဖွဲ့အား ပြတ်သားစွာ မိန့်လိုက်ပြီ


အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့် အမေရိကန်ကော်မရှင် အဖွဲ့သည် ၂၁-၈-၂၀၁၄ ခု၊ ယနေ့ နံက်(၀၉း၀၀)နာရီတွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ သီတဂူဆရာတော်ကြီးအား လာရောက်တွေ့ဆုံသည့်ပွဲမှာ သီတဂူဆရာတော်ကြီးပြောလိုက်သည့် စကားများ

လူကြီးမင်းများခင်ဗျား၊ 
ကောင်းသောနံနက်ခင်းပါ။ 
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က ရင်းနှီးစွာ ကြိုဆိုပါတယ်။ 
တွေ့ဆုံခွင့်၊ စကားပြောဆိုဆွေးနွေးခွင့်ရလို့ ၀မ်းသာပါတယ်။

ယနေ့ကမ္ဘာပေါ်မှာ လူသားတို့ကိုးကွယ်ရာ အဓိကကျသောဘာသာကြီး(၆)ခု ရှိကြပါတယ်။ ကမ္ဘာဦးလူသားတွေ မြေကြီးပေါ်ရောက်လာတဲ့အချိန်ကစပြီး လူသားတို့သည် ကြောက်စိတ်ကိုအခြေခံ၍ နေကိုကိုးကွယ်ခြင်း၊ လကိုကိုးကွယ်ခြင်း၊ နတ်အမျိုးမျိုးကိုကိုးကွယ်ခြင်းတို့ ရှိခဲ့ကြပါတယ်။ အဲဒါကို Primitive Religion လို့ခေါ်ပါတယ်။ အဲဒီခေတ်မှာ ဖြစ်ပေါ်လာခဲ့တဲ့ Religionတွေကို ကြောက်စိတ်က စတယ်လို့ ပညာရှိအများစုတို့က ဆိုကြပါတယ်။ အကြောက်တရားတွေမှ သက်သာရာရစေဖို့ ကိုးကွယ်မှုဆိုင်ရာ အယူအဆတွေ စတင်ခဲ့ကြတာလို့ ဗုဒ္ဓကလည်း အတိအလင်း ပြောထားပါတယ်။ ဒါဆိုရင် ဘာသာတရားတိုင်းဟာ လူသားတွေရဲ့ရင်ထဲက အကြောက်တရားတွေကို သက်သာရာ ရစေဖို့နဲ့ ဖြစ်နိုင်ရင် အကြောက်တရားတွေကို လုံးဝဖယ်ရှားပေးဖို့ တာဝန်ရှိပါတယ်။

ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ ကြောက်စရာကောင်းတဲ့ ဘာသာတရားတချို့နဲ့ ကြောက်စရာ ကောင်းတဲ့ ဘာသာဝင်တချို့ ပေါ်ပေါက်လာတာဟာ အလွန်ပဲ ၀မ်းနည်းစရာကောင်းပါတယ်။ Primitive Religionတွေရဲ့ နောက်မှာတော့ ဟိန္ဒူဘာသာ ပေါ်ပေါက်လာပါတယ်။ ဟိန္ဒူဘာသာ ထွန်းကားတဲ့ နယ်မြေမှာ ဂျိန်းဘာသာရယ်လို့ ပေါ်ပေါက်လာပြန်တယ်။ ဂျိန်းဘာသာ ပေါ်ပေါက်လာပြီးသည့်နောက် အနှစ်လေးဆယ်လောက်အကြာမှာ ဗုဒ္ဓဘာသာ ပေါ်ပေါက်ခဲ့ပြန်ပါတယ်။ ဗုဒ္ဓဘာသာဟာ ဟိန္ဒူဘာသာနှင့် ဂျိန်းဘာသာဝင်တို့ရဲ့ နယ်မြေမှာပေါ်ပေါက်ခဲ့ပြီး ဟိန္ဒူဘာသာဝင်တွေ ဂျိန်းဘာသာဝင်တွေနှင့် နှစ်ပေါင်းများစွာ အတူတကွငြိမ်းချမ်းစွာယှဉ်တွဲ နေထိုင်လာခဲ့ကြပါတယ်။ ဂျိန်း၊ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာဝင်တို့ရဲ့သမိုင်းမှာ အချင်းချင်းသွေးထွက်သံယို တိုက်ခိုက်သတ်ဖြတ်နှိပ်စက်တဲ့ ပဋိပက္ခတွေ ဖြစ်ခဲ့ဘူးတယ်ရယ်လို့ မရှိခဲ့ဖူးပါဘူး။

ဟိန္ဒူဘာသာဝင်တို့က ဗုဒ္ဓဟာ ဗိဿနိုးဝင်စားတဲ့သူလို့ ဆိုတာတောင်မှ ပြန်လှန်တိုက်ခိုက်ခြင်း ပဋ္ဋိပက္ခမျိုး မရှိခဲ့ပါဘူး။ ဟောပြောရေးသားတုန့်ပြန်ချေပတာလောက်ပဲ ရှိခဲ့ပါတယ်။

ဗုဒ္ဓ၏နောက် အနှစ်ခြောက်ရာကျော်ကြာတော့ Jesus Christ ပေါ်ပေါက်လာပါခဲ့တယ်။ Jesus Christ ဟောပြတဲ့ ပညတ်တော်(၁၀)ပါးမှာ ဗုဒ္ဓဟောပြသောသီလတရား ဗြဟ္မစရိယတရားတွေနှင့် ထပ်တူညီမျှတဲ့ အချက်တွေ များစွာတွေ့ရပါတယ်။ ခရစ်ယာန်သာသနာပြုတို့ အရှေ့အာရှဘက်ကို ၀င်ရောက်လာကြတော့ ဟိန္ဒူဘာသာဝင်တွေ ဗုဒ္ဓဘာသာဝင်တွေရဲ့ နိုင်ငံများဖြစ်ကြတဲ့ အိန္ဒိယ၊ သီဟိုဠ်၊ ဗမာ၊ ထိုင်း၊ ကိုးရီးယား၊ ဂျပန် စတဲ့ နိုင်ငံတွေမှာ ၀င်ရောက်ပြီး ခရစ်ယာန်သာသနာကို ဖြန့်ချီခဲ့ကြပါတယ်။ အဲဒီခရစ်ယာန်သာသနာပြုတွေနှင့် သူတို့ရောက်ရာတိုင်းပြည်အသီးသီးက ဗုဒ္ဓဘာသာဝင်တွေ ဟိန္ဒူ ဘာသာဝင်တွေဟာ အချင်းချင်း ချစ်ခင်ရင်းနှီးစွာ ဆက်ဆံပေါင်းသင်း၍ နေထိုင်ခဲ့ကြပါတယ်။ ပဋိပက္ခရယ်လို့ မရှိခဲ့ကြပါဘူး။ အဲဒါဘာကြောင့်လည်းဆိုတော့ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ ဂျိန်းဘာသာ၊ ခရစ်ယာန်ဘာသာဝင်တွေဟာ သူတို့သက်ဆိုင်ရာဘာသာတရား အသီးသီးမှာ ဟောထားတဲ့ သီလ(morality)၊ မေတ္တာ (loving-kindness)၊ ကရုဏာ(compassion)ဆိုတဲ့ common-platformပေါ်မှာ အတူတကွ လက်တွဲ လျှောက်လှမ်းနေကြတဲ့အတွက်ပဲ ဖြစ်ပါတယ်။

မေတ္တာနှင့်ကရုဏာကို အခြေခံသောဘာသာရေးမှာ ပဋိပက္ခကင်းပြီးတော့ ကျန်းမာရေး ပညာရေး အစရှိတဲ့ လူမှုရေးအကျိုးစီးပွားတွေကိုသာ ဆောင်ရွက်ကြတာဖြစ်ပါတယ်။ ခရစ်ယာန်တွေ ဗုဒ္ဓဘာသာထဲ ကူးပြောင်းဝင်ရောက်ကြတာတွေ အတိတ်မှာရော ပစ္စုပ္ပန်မှာပါ အများကြီးရှိပါတယ်။ ဗုဒ္ဓဘာသာဝင်တွေက အတင်းအကြပ်နှိပ်စက်လို့ ၀င်လာကြတာမျိုး မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်တွေ ခရစ်ယာန်ဘာသာထဲ ကူးပြောင်းဝင်ရောက်ကြတာလည်း ကျွန်ုပ်တို့မြန်မာနိုင်ငံထဲမှာ အများအပြားပဲ ရှိပါတယ်။ ခရစ်ယာန်တွေကခြိမ်းခြောက်လို့ ၀င်ရောက်ကြတာမဟုတ်ပါဘူး။ သူတို့ဆန္ဒနဲ့ သူတို့ ၀င်ရောက်ကြတာဖြစ်ပါတယ်။ မည်သည့်ဘာသာမဆိုလွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့် freedom of worship, freedom of belief ဆိုတာရှိပါတယ်။

Aggressiveness and extremism ၀ါဒဟာ ဘာသာရေးမှာရော နိုင်ငံရေးမှာပါ ပဋိပက္ခ ဖြစ်ခြင်းရဲ့ အစလို့ အားလုံးသတိပြုကြရမှာ ဖြစ်ပါတယ်။ ဒီကနေ့ အီရတ်မှာ အစ္စလာမ်းမစ် အစွန်းရောက်တွေက ရှေးဟောင်း Zoroastrianism ဘာသာဝင်တွေကို သေနတ်နှင့်ချိန်ပြီးတော့ သူတို့ဘာသာထဲ အတင်းအကျပ် ၀င်ခိုင်းနေပါတယ်။ အစ္စလာမ်ဘာသာထဲ မပြောင်းရင် သတ်မယ်လို့ ခြိမ်းခြောက်နေပါတယ်။ အာဖရိကမှာတော့ အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ယောက် ခရစ်ယာန်ဘာသာထဲ ၀င်ခဲ့ရောက်လို့ သေဒဏ်ပေးခံရတဲ့ သတင်းကိုလည်း ကြားရပါတယ်။ ဒါကြောင့် ဒို့အရှေ့အာရှကအင်အားချိနဲ့တဲ့ ဗုဒ္ဓဘာသာဝင်နိုင်ငံလေးတွေဟာ ယနေ့အရှိန်အဟုန်နဲ့ ကြီးမား ကျယ်ပြန့်လာတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဓါးအောက် ကျရောက်ရမှာကို ကြောက်ရွံ့ စိုးရိမ် နေကြပါတယ်။ အနှစ်လေးဆယ်ကြာခရူးဆိတ် ဘာသာရေး စစ်ပွဲကြီးကို ကြည့်ပါ။ ကမ္ဘာ့သမိုင်းမှာ မှတ်တမ်းတင်ရတဲ့ စစ်ပွဲကြီးတစ်ခုပါ။

အေဒီ-(၁၃ရာစု)နှစ်လောက်က တူရကီမှအိန္ဒိယပြည်ကြီးကို ဖြတ်သန်းချီတက်လာတဲ့ မွတ်စလင်စစ်တပ်ကြီးဟာ ပါလခေါ်တဲ့ ဗုဒ္ဓဘာသာနိုင်ငံကြီးတစ်ခုလုံးကို တိုက်ခိုက်ဖျက်ဆီး၍ အတင်း အကျပ် အစ္စလာမ်းမစ်နိုင်ငံအဖြစ် ပြောင်းခဲ့တဲ့ သမိုင်းတစ်ခုရှိခဲ့ပါတယ်။ ဗုဒ္ဓဘာသာမင်းဆက်ပေါင်း ၁၂-ဆက် မျှအုပ်ချုပ်ခဲ့တဲ့ ပါလဗုဒ္ဓဘာသာနိုင်ငံတော်ကြီးဟာ ဒီကနေ့ ကမ္ဘာကျော်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံပါပဲ။ ဖိလစ်ပိုင် နိုင်ငံတောင်ပိုင်းမှာ အစ္စလာမ်ဘာသာဝင်တွေ လက်နက်ကိုင် တိုက်ခိုက်ခဲ့တာ အနှစ်နှစ်ဆယ်လောက် ကြာခဲ့ပါတယ်။ ဒီကနေ့ မွတ်စလင် Muslim State ထူထောင်လိုက်ပါပြီ။ ထိုင်းနိုင်ငံ တောင်ပိုင်းမှာလည်း အစ္စလာမ်ဘာသာဝင်တွေ ဒီကနေ့ လက်နက်ကိုင်တိုက်ခိုက် နေကြပါပြီ။ မူစလင် နိုင်ငံထူထောင်ရေးပါပဲ။ ဘာသာရေးကို သန့်သန့်ရှင်းရှင်း၊ လူတို့ရဲ့အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ စိတ်ထားဖြူစင်ရေးနဲ့ လူမှုရေး ကောင်းရာကောင်းကျိုးတွေအတွက်သာ အသုံးပြုရမှာ ဖြစ်ပေမယ့် ဒီကနေ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ လောကမှာ ဘာသာရေးစစ်ပွဲဆင်နွှဲပြီးတော့ အစ္စလာမ်းမစ်နိုင်ငံထူထောင်ဖို့ လုပ်နေကြတာဟာ အလွန်ပဲစိတ်ပျက်ဝမ်းနည်းဖွယ်ရာ ကောင်းပါတယ်။

ကျွန်ုပ်တို့ မြန်မာနိင်ငံဟာ ၁၉၄၈-ခုနှစ်က အင်္ဂလိပ်လက်အောက်က လွတ်မြောက်ခဲ့ပါတယ်။ အင်္ဂလိပ်က ကျွန်ုပ်တို့နိုင်ငံကို အနှစ်တစ်ရာနီးပါးအုပ်ချုပ်ခဲ့တယ်။ အဲဒီအင်္ဂလိပ်တွေက မြန်မာနိုင်ငံမှာ ကားလမ်း ရထားလမ်းဖောက်ခြင်းစတဲ့ အလုပ်တွေအတွက် အလုပ်သမားတွေကိုအိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်ကနေပြီး စည်းမဲ့ကမ်းမဲ့ဥပဒေကင်းမဲ့စွာနဲ့ မြောက်များစွာ တင်သွင်းခဲ့တယ်။ အမေရိကန်တွေ United Statesကို ထူထောင်ခဲ့စဉ်တုန်းက အာဖရိကကလူမည်းတွေကို ကျေးကျွန်အဖြစ် ခေါ်သွင်းခဲ့ကြသလိုပါပဲ။ ပြီးတော့ အင်္ဂလိပ်ရဲ့ အုပ်ချုပ်မှုစနစ်ဟာ မြန်မာနိုင်ငံ အနာဂတ်ဆိုးကျိုးကို များစွာဖြစ်စေခဲ့တဲ့ အချက်တစ်ခု ရှိပါသေးတယ်။ အင်္ဂလိပ်အုပ်ချုပ်ခဲ့တဲ့ အနှစ်တစ်ရာအတွင်းမှာ ဗမာ့တပ်မတော်ရယ်လို့ ဗမာတွေကို စစ်တပ်ဖွဲ့၍ အုပ်ချုပ်ခဲ့တာမရှိပါဘူး။ ဒါပေမယ့် အံ့သြစရာ ကောင်းတာက ကရင်တပ်မတော် ကချင်တပ်မတော် ချင်းတပ်မတော် ကယားတပ်မတော်တွေရယ်လို့ ခရစ်ယာန်ဘာသာဝင်အများစုဖြစ်ကြတဲ့ တိုင်းရင်းသားတွေကို စစ်တပ်ဖွဲ့ပြီး ဒို့ဗမာနိုင်ငံကို အုပ်ချုပ်ခဲ့ကြတယ်။

အင်္ဂလိပ်အစိုးရအင်္ဂလန်ပြန်သွားတဲ့အခါမှာ သူတို့ဖွဲ့ထားခဲ့တဲ့ ကရင်တပ်တွေ ကချင်တပ်တွေ ကယားတပ်တွေ အားလုံးသူပုန်ထပြီး ဗမာအစိုးရကို တော်လှန်ကြတော့တာပါပဲ။ အဲဒီပြဿနာတွေကို ဒီကနေ့တိုင် ဒို့နိုင်ငံမှာဖြေရှင်းလို့ မရသေးပါဘူး။ အဲဒါဟာလွတ်မြောက်ပြီးစ ဒို့လို ကိုလိုနီနိုင်ငံလေးများရဲ့ ခံစားရစမြဲဖြစ်တဲ့ ဒုက္ခတွေပါပဲ။ နောက်တစ်ခုရှိသေးတယ်၊ ရခိုင်ပြည်နယ်တစ်ခွင်မှာ အင်္ဂလိပ်အုပ်ချုပ်ခဲ့တဲ့ အနှစ်တစ်ရာနီးပါးမျှကာလပတ်လုံး ဥပေဒမဲ့ ၀င်ရောက်နေထိုင်ခဲ့ကြတဲ့ ဘင်္ဂါလီတွေဟာ (၁၉၄၈-၄၉) ခုနှစ်များမှာ မူဂျာဟစ်အမည်နဲ့ သူပုန်ထပြီးတော့ ပြည်နယ်တောင်းခဲ့ကြတယ်။ Musulim State ထူထောင်ဖို့ ကြိုးစားခဲ့ကြတယ်။ အဲဒီအစ္စလာမ်းမစ် မူဂျာဟစ်သူပုန်တွေကို ဗမာ့တပ်မတော်ဟာ အကြိတ်အနယ် တိုက်ခိုက်ခဲ့ရဖူးပါတယ်။ ဒီကနေ့တော့ သူတို့ဟာ ဘင်္ဂါလီလို့လည်းမပြောဘူး။ မူဂျာဟစ်လို့လည်း မပြောဘူး။ ရိုဟင်ဂျာလို့ ကြေညာပြီးတော့ သူတို့ကိုယ်တိုင် သူတို့အိမ်တွေကို မီးရှို့ပြီးတော့ သူပုန်ထဖို့၊ သီးခြားနယ်မြေတောင်းဖို့ ကြိုးစားနေကြပါတယ်။

ဒို့တတွေက ကမ္ဘာမှာဒုတိယအင်အားအကြီးမားဆုံး ငွေကြေးအကြွယ်ဝဆုံး ဖြစ်တဲ့ အစ္စလာမ်ကမ္ဘာကို မပြိုင်နိုင်ကြဘူး၊ မယှဉ်နိုင်ကြဘူး။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တွေထဲမှာတောင် အစ္စလာမ်းမစ်နိုင်ငံတွေက ဒုတိယနေရာအများဆုံးမှာ ရောက်နေကြပြီ။ မီဒီယာလောကမှာလည်း Money Powerနဲ့ မီဒီယာတွေအပေါ်မှာ လွှမ်းမိုးလို့နေပါပြီ။ Money Powerအားကောင်းတဲ့ အစ္စလာမ်တွေက ကမ္ဘာမှာ ရေဒီယို တယ်လီဗေးရှင်းနဲ့ ဂျာနယ် တော်တော် များများကို ဆုပ်ကိုင်ထားပြီး ဖြစ်နေပါတယ်။ အဲဒီလို သြဇာအာဏာကြီးမားတဲ့ မီဒီယာလောကကို ဒို့ဆင်းရဲတဲ့ဗမာနိုင်ငံလေးဟာ ထိုးဖောက်နိုင်ခြင်းမရှိလို့ ဗမာကပြောသမျှ ကမ္ဘာကမယုံဘူး။ အစ္စလာမ်ကပြောလိုက်ရင် တစ်ကမ္ဘာလုံး တအုန်းအုန်းဖြစ်နေကြတယ်။ ဒို့နိုင်ငံတော်ရဲ့ ဂုဏ်သတင်းဟာ ကမ္ဘာမှာ မကောင်းဘဲဖြစ်နေတာဟာ အစ္စလာမ်မီဒီယာတွေရဲ့ သြဇာအာဏာကြောင့်ပဲဖြစ်တယ်။

ဒါကြောင့် ဒို့ကတော့ မြတ်ဗုဒ္ဓဆုံးမတဲ့အတိုင်း favour နှင့် fear အစွန်းနှစ်ဘက်က လွတ်အောင်ရှောင်ပြီး ဒို့တိုင်းပြည်နဲ့ဒို့လူမျိုးကို ဓမ္မဓိဌာန်ကျကျ စောင့်ရှောက် ကာကွယ်သွားမည် ဖြစ်ကြောင်းပြောကြားလိုပါတယ်။

လူကြီးမင်းများခင်ဗျား ------------
နိဂုံးချုပ်အားဖြင့် ပြောကြားလိုတာကတော့ ကျွန်ုပ်တို့ မြန်မာနိုင်ငံဟာ အင်္ဂလိပ်ကိုလိုနီဘ၀နဲ့ နှစ်ပေါင်းတစ်ရာနီးပါးနေခဲ့ကြရတဲ့ အတွက်ကြောင့်လည်းကောင်း၊ လွတ်လပ်ရေးရပြီးတဲ့အခါမှာလည်း နှစ်ပေါင်းခြောက်ဆယ်နီးပါး ပြည်တွင်းမှာ လူမျိုးရေးစစ်ပွဲတွေ ဖြစ်ပွားခဲ့ရတဲ့အတွက်ကြောင့်လည်းကောင်း ကျွန်ုပ်တို့မြန်မာနိုင်ငံဟာ အခက်အခဲပေါင်းများစွာနဲ့ ကြုံတွေ့နေကြရပါတယ်။ ဤအခက်အခဲများကို ကူညီဖြေရှင်းပေးမည်ဟု ပြည်ပအဖွဲ့အစည်း အကူအညီတွေလာကြသော်လည်း ပြဿနာတွေ ပြေလည်မသွားဘဲ ပိုမိုခက်ခဲအောင် လုပ်သွားခဲ့ကြတာတွေ ရံခါမှာတွေ့ရပါတယ်။

သို့ဖြစ်ခြင်းကြောင့် ကျွန်ုပ် ဒီနေ့ပြောကြားလိုသည်မှာ ထိုအခက်အခဲပြဿနာများကို ခင်ဗျားတို့တတ်နိုင်သည့်ဘက်က ၀ိုင်းဝန်းဖြေရှင်းပေးကြပါလို့ ကျွန်ုပ် မေတ္တာရပ်ခံလိုပါတယ်။

နောက်တစ်ခုပြောချင်တာက - လူမျိုးရေးစစ်ပွဲတွေ ချုပ်ငြိမ်းသွားစေဖို့ ကျွန်ုပ်တို့အစိုးရက စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်နေတဲ့အချိန်မှာ နိုင်ငံရေး အစွန်း ရောက်နှင့် ဘာသာရေးအစွန်းရောက်တချို့က ဘာသာရေးပဋိပက္ခများဖြစ်အောင် လှုံ့ဆော်ဖန်တီး နေကြတာကိုလည်း တွေ့နေကြရပါတယ်။ ဤပဋိပက္ခများကို ငြိမ်းချမ်းသွားအောင် ၀ိုင်းဝန်း ဖြေရှင်းပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ ငြိမ်းချမ်းအောင် ဖြေရှင်းပေးရာမှာ နည်းစနစ်ဟာ အလွန် အရေးကြီးပါတယ်။ ဖြေရှင်းရင်း ဖြေရှင်းရင်းဖြင့် ပို၍ပို၍ ရှုတ်ထွေးမသွားအောင် သတိပြုကြဖို့ လိုပါတယ်။ ကျွန်ုပ်တို့ကလည်း ဗုဒ္ဓဘာသာဗမာပီပီ မြတ်ဗုဒ္ဓရဲ့အဆုံးအမအတိုင်း သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ သူတပါးအကျိုး ဆောင်ရွက်ခြင်း၊ ကိုယ်ကျိုးစီးပွားစွန့်လွတ်ခြင်း၊ ကျိုးကြောင်းဆင်ခြင် သုံးသပ်ခြင်းဆိုတဲ့ ခန္တီ မေတ္တာ သတိ ပညာ ကြီးကြီးထား၍ ဤဘာသာရေး ပြဿနာများကို အကြမ်းဖက်ခြင်း လုံးဝကင်းလျှက် ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။
အားလုံး ငြိမ်းချမ်းသာယာရှိကြပါစေ။
ဒေါက်တာအရှင်ဉာဏိဿရ ( Ph.D,D.Litt )
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
စစ်ကိုင်း၊ မြန်မာ
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၁-၈-၂၀၁၄

03 February 2014

မျက်လုံးနှစ်ဖက်နဲ့ လူ

မျက်လုံးနှစ်ဖက်နဲ့ လူ
 စာမိတ်ဆက်
စာဖတ်ပါများ၊ ဖတ်ပြီးသားစာ ထပ်တလဲလဲ ဖတ်၊ အတွေးအသစ် အမြင်သစ်များပေါ်လာမည်၊ နာဖူး ကြားဖူးသည်ကို အကြိမ်ဖန်များစွာ နာ၊ ကြားပြန်တော့ အတွေးထူး အမြင်ထူးများ တိုးလာသည်၊ ဖတ်ဖူး၊ နာဖူး ကြားဖူးသည်များကို တွေးပါများ ကြံပါများတော့လည်း အတွေးသစ်၊ အမြင်သစ်များ ရလာသည်။ သို့အတွက် ဖတ်ပြီး နာနာဖတ်၊ နာဖူး ကြားဖူးလည်း နာဖူးထပ်မံ၊ ကြားဖူးထပ်မံ၊ စိတ်ကို အလကားမထားဘဲ အချိန်ရတိုင်း စိတ်ကို အလုပ်ပေး၊ တွေး၊ ကြံ သင့်လှသည်။

စာရေးသူသည် အသက် ၁၅-၂၀ နှစ်အရွယ်က အင်္ဂုတ္တရနိကာယ် ၁၁ကျမ်းလုံးကို သင်ယူဖူးသည်၊ ထိုအထဲတွင် တိကနိပါတ်မှ အန္ဓသုတ်ကို သာမဏေကျော်တန်းအတွက် သင်ယူဖူးသည်။ စာမေးပွဲအတွက်သာ လေ့လာခြင်း၊ အရွယ်ကလည်း ငယ်ရွယ်ခြင်းတို့ကြောင့် လေ့လာမှုစနစ်သည်လည်း စာထဲပါသည်မျှသာ၊ အရှိအတိုင်းသာ တွေးတတ်၊ မှတ်တတ်သည်၊ ထို့ထက်မပိုဘဲ လျှော့ရုံပဲရှိသည်။ စာသင်တိုက်မှာ နေစဉ်ကထဲကလည်း ဆွမ်းကပ်လာ အလှူရှင်များအား ဆရာတော်ကြီးများက ထိုသုတ်တော်ဖြင့် တရားချီးမြင့်သည်ကိုလည်း အကြိမ်ဖန်များစွာ နာခဲ့ဖူးသည်၊ နာတုန်းအခိုက်၊ ကြားတုန်းအခိုက်တော့ ထိုဆရာတော်၏ အတွေးများ ရရှိခဲ့ဖူးသည်။

မကြာသေးမီက လစဉ် အရုဏ်ဆွမ်းလာကပ်သည့် အလှူရှင်တစ်ဦးက စာရေးသူအခန်းထဲရောက်လာပြီး ဆုံးမစကားလေး ချီးမြင့်ပေးပါရန် လျှောက်ထားသဖြင့် ထိုအန္ဓသုတ်ကိုပဲ အတွေးထဲ ဘယ်လိုဝင်လာလည်း မသိ ကောက်ကာ ငင်ကာ ဆွဲယူဟောပေးမိသည်။ ထိုသုတ်တော်လာ မြတ်ဗုဒ္ဓ၏ အဆုံးအမလေးကို မှတ်တမ်းကျန်ရန် ရည်ရွယ်၍ စာတစ်ပုဒ် ရေးလိုက်ရခြင်းဖြစ်သည်။

လူသုံးမျိုးနှင့် အမြင်သုံးမျိုး

ဤလောကကြီးတွင် မှီတင်းနေထိုင်ကြသည့် သတ်ရှိသတ္တ၀ါတို့ကို ထိုအန္ဓသုတ်တော်ဖြင့် မြင်ကြည့်ပါက အုပ်စု သုံးမျိုးသာ ထွက်လာသည်။ “(၁) လောကမျက်လုံး၊ ဓမ္မမျက်လုံး စုံလုံးကန်းနေသော၊ အမြင်နှစ်ဖက် ချို့တဲ့နေသော (အန္ဓစက္ခု) ပုဂ္ဂိုလ် တစ်စု။ (၂) လောကမျက်လုံး အလင်းသာရှိ၊ ဓမ္မမျက်လုံး အလင်းမရှိသော၊ ၀ါ- တစ်ဖက်မြင် တစ်ဖက် မလင်းသော (ဧကစက္ခု) ပုဂ္ဂိုလ် တစ်စု။ (၃) လောကမျက်လုံးကော ဓမ္မမျက်လုံးပါ အလင်းနှစ်ဖက်ရှိသော၊ ၀ါ- နှစ်ဖက်မြင် နှစ်ဖက်လင်းရှိသော (ဒွိစက္ခု) ပုဂ္ဂိုလ် တစ်စု။”ဟု ပုဂ္ဂိုလ် သုံးမျိုးရှိသည်။ (တယောမေ ဘိက္ခဝေ သန္တော သံဝိဇ္ဇမာနော လောကသ္မိံ။ အံ-၁-၁၂၆) ဤသုတ်တော်သည် လူတန်းစား သုံးမျိုး၊ အဆင့်သုံးမျိုး ခွဲခြားပေးလိုက်ခြင်းဖြစ်သည်။

(၁) အန္ဓစက္ခု-စုံလုံးကန်း၊ အလင်းနှစ်ဖက်မရသော ပုဂ္ဂိုလ်

လောကကြီးပွားရေးအတွက် ဥာဏ်အမျှော်အမြင် မရှိသူ၊ သံသရာကြီးပွားရေးအတွက် ဥာဏ်ပညာ မရှိသူကို စုံလုံးကန်းနေသူ၊ အလင်းနှစ်ဖက် မရသူဟု ဆိုသည်။ ထိုသူသည် လက်ရှိဘ၀မှာလည်း ပြည့်စုံမှု မရနိုင်၊ စိတ်ချမ်းသာမှု မရနိုင်။ လောကလူသားတို့သည် ပတ်ဝန်းကျင်နှင့် နေကြရသည်၊ အသိုင်းအ၀န်းနှင့် နေကြရသည်ဖြစ်ရကား ကိုယ့်ရဲ့ စားဝတ် နေရေးအပြင် ရပ်ရေး၊ ရွာရေး၊ တိုင်းရေး ပြည်ရေး ကိစ္စတွေ၊ အနီးပတ်ဝန်းကျင်၏ သာရေး နာရေး ကိစ္စတွေ ရှိကြသည်။ ထိုကဲ့သို့ ကိစ္စများမြောင် လူတို့ဘောင်မှာကား မရှိမဖြစ် လိုအပ်နေသည်ကား ထိုကဲ့သို့သော လူ့ပတ်ဝန်းကျင်နှင့်အဆင်ပြေအောင်၊ လိုက်လျှော ညီထွေရှိအောင် နေတတ်ဖို့ဆိုသည်မှာ လောက မျက်လုံး၊ လူမှုရေး အမြင်၊ စီးပွားရေးအမြင် အလွန်လိုအပ်လှပါသည်။

စီးပွားရေးမှာ တိုးတက်လာအောင်၊ ရရှိနေပြီးသည်ထက် ပိုရလာအောင် စွမ်းနိုင်သည့် စူးရှသည့် လောကမျက်လုံး၊ ရရှိပြီးသားတွေကို ကျ မသွားအောင် ထိန်းထားနိုင်သည့် အမျှော်အမြင်များ အတွေးအခေါ်များ လိုအပ်သည်။ ထိုကဲ့သို့ လောကမျက်လုံး မရှိသူသည် “အူမတောင့်မှ သီလစောင့်” ဆိုသကဲ့သို့ စားစရာ နေစရာ ရှားပါးနေသူများ၊ မရှိသူများမှာ နေစရာအတွက် စားစရာအတွက် တစ်ဘ၀လုံး အချိန်ပေးနေရသည့်အတွက် လောကမျက်လုံးမရှိနိုင်၊ လောကမျက်လုံး မရှိသောသူသည် ဓမ္မမျက်လုံး၊ ဓမ္မအမြင်များ ရရှိနိုင်ဖို့ အလွန်ခက်ခဲသွားသည်။ လောကမျက်လုံး မရှိသောသူသည် သံသရာအတွက် မစဉ်းစားနိုင်ဘဲ ရှိနေသည်၊ လက်ရှိဘ၀ ခက်ခဲနေသူသည် နောင်ရေးအတွက် မျှော်လင့် တောင်းတနေမည်မဟုတ်။ သို့အတွက် သံသရာကြီးပွားရေးအတွက် ဓမ္မမျက်လုံးကို ပိုင်ဆိုင်နိုင်ဖို့ဆိုသည်မှာ အလွန်လွန်ကို ခက်ခဲသွားတော့သည်။

မြတ်ဗုဒ္ဓလက်ထက်တော်အခါ ကုဋေရှစ်ဆယ် ကြွယ်ဝသည့် သူဌေးသားတစ်ယောက်သည် ငယ်စဉ်ကတည်းက ဘာပညာမှ မသင်၊ မိဘများသည်လည်း “သူတို့ပိုင်ဆိုင်ထားသည့်စည်းစိမ်များသည် သူတို့သားလေးတစ်သက် မကုန်နိုင်”ဟု ယူဆထားခြင်းကြောင့်နှင့် သားလေးကို ချစ်လွန်း၍ ပညာသင်လျှင် သား ပင်ပန်းမည်ဟုသော သားအပေါ်ထားရှိသည့် ကရုဏများကြောင့် သူတို့မျက်စိအောက်မှာ သားလေးကို ပညာသင်ခွင့်မပေးခဲ့။ မိဘများ၏ သားအပေါ် ထားရှိသည့် မဟာအမှား တစ်ခုဖြစ်သည်။ ကရုဏာ ပညာ ဟန်ချက်ညီအောင် ထားနိုင်ခြင်း မရှိသည့် မိဘများ၏ အမှားကြောင့် သားလေးတစ်ယောက် ပညာမဲ့လူတန်းစား တစ်ယောက်ဖြစ်ရသည်။ မိဘများ ကွယ်လွန်သည့်အခါ ထို ပညာမဲ့ သူဌေးသားလေးသည် တစ်ယောက်တည်း ကျန်ရစ်သည်။ မိဘများ ရှာဖွေထားသည့် ကုဋေရှစ်ဆယ်ပစ္စည်းများကို မိမိလက်ထက်မှာ တိုးပွားလာအောင် စွမ်းဆောင်နိုင်သည့် ပညာမရှိ၊ ထိုရှစ်ဆယ်သော ကုဋေမှ လျှော့ကျ မသွားအောင် ထိန်းထားနိုင်သည် လောကမျက်လုံးလည်း မရှိ၊ ပေါင်းသင်းထိုက်သူ မပေါင်းသင်းထိုက်သူများကို ခွဲခြားသိမြင်သော လူမှုရေးပညာ၊ ကောင်း၏ မကောင်း၏၊ အပြစ်ရှိ အပြစ်မရှိ၊ လုပ်သင့် မလုပ်သင့်သည်များကိုလဲ ခွဲခြားသိမြင်းသော ဓမ္မမျက်လုံးလည်း မရှိ၊ စုံလုံးကန်း (အန္ဓစက္ခုက) ပုဂ္ဂိုလ်ဖြစ်သည်အတွက် လူလိမ်လူညာများ၊ အမူးသမား အရူးသမား၊ အပျော်ကျူး၊ အလောင်းကစားကျူးသူများနှင့်ပေါင်းမိကာ ရှိသမျှပစ္စည်းတွေလည်းကုန်၊ နေစရာ အိမ်ပါ မကျန်တော့သဖြင့် ထိုလူမိုက်များနှင့်ပေါင်းကား သူခိုး ဓားပြဘ၀သို့ ရောက်သွားလေတော့သည်။

အကယ်၍သာ ပထမအရွယ်၊ သို့မဟုတ် ဒုတိယ အရွယ်၊ သို့မဟုတ် တတိယအရွယ် တစ်ခုခုမှာ လောကမျက်လုံးရှိခဲ့ရင် သူဌေးကြီး၊ သူဌေးလတ်၊ သူဌေးငယ် တစ်ခုခု ဖြစ်နိုင်ခွင့် ရှိသေးသည်။ အလားတူပင် ထိုအရွယ်သုံးပါ တစ်ပါးပါးတွင် ဓမ္မမျက်လုံး အလင်းရှိခဲ့ပါက ထို တစ်ရွယ်ရွယ်တွင် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် အရိယာမဂ်အဆင့်ထိ တစ်ဆင့်ဆင့်သို့ ရောက်နိုင်မည်။ သို့သော် နှစ်ဖက်ကန်း၊ စုံလုံးကန်း (အန္ဓစက္ခုက) ပုဂ္ဂိုလ်ဖြစ်နေသောကြောင့် ထို လောကအခွင့်ရေး ဓမ္မအခွင့်ရေးနှစ်ခုလုံး ဆုံးရှုံးကာ လက်ရှိဘ၀မှာလဲ ဆင်းရဲပေါင်းများစွာဖြင့် လူလုံးမလှ အပူလုံးကြွကာ၊ နောင်ဘ၀အသစ်မှာတော့ အပါယ်လေးပါးလားရတော့သည်။

(၂) ဧကစက္ခုက-တစ်ဖက်လင်း၊ တစ်ဖက် မမြင်
လောကမျက်လုံး အလင်းသာရှိ၊ ဓမ္မမျက်လုံး အလင်းမရှိသော (၀ါ) တစ်ဖက်မြင် တစ်ဖက် မလင်းသော ပုဂ္ဂိုလ်ကို ဧကစက္ခုက ပုဂ္ဂိုလ်ဟု ဆိုသည်။ ထိုကဲ့သော ပုဂ္ဂိုလ်မျိုးတွေ လောကတွင် အမြောက်အများ ရှိသည်။ စီးပွားရေး အမြင်ရှိသည်၊ ငွေ ရွှေ ဘယ်လိုဝင်လာအောင်၊ ဘယ်လိုတိုးလားအောင် နည်းလမ်းပေါင်းစုံ ကျွမ်းကျင်သည်။ လောကစီးပွားရေး အတွက် လောကမျက်လုံးပဲရှိ၊ ဓမ္မမျက်လုံးကိုကား မရှိသောကြောင့် ဘယ်သူသေသေ ငတေ ချမ်းသာ ပြီးရောဆိုတဲ့ ပုဂ္ဂိုလ်မျိုးဖြစ်သည်။ တစ်ဖက်အစွန်းရောက်နေသော လောကမျက်လုံးကို ထိန်းညှိပေးသည့် ဓမ္မမျက်လုံး မရှိသည်အတွက် ၀ိသမနည်းလမ်းတွေဖြင့်လည်း ရအောင် အားထုတ်သည်။ လောကကောင်းကျိုးမပြုသည့် အရောင်းအ၀ယ်၊ လောကအကျိုးမဲ့စေသည့် အရောင်းများဖြစ်သည့် လက်နက်အရောင်းဝယ်၊ လူကုန်ကူးမှု၊ မူးယဇ်ဆေးဝါး အရောင်းအ၀ယ်စတဲ့ လူသားအကျိုးမဲ့ စီပွားရေးများကို ငွေ၊ ရွှေ ရပြီးရောဆိုပြီး ရှာဖွေနိုင်သည့် လောကမျက်လုံးကားရှိသည်။ ဓမ္မမျက်လုံး အလင်းကား မရရှာသဖြင့် အလိုဣစ္ဆာကြီးသူသည် လောကကောင်းကျိုး၊ လောက မကောင်းကျိုး၊ အကောင်းအဆိုးကို ခွဲခြားသိမြင်နိုင်သော ဥာဏ်မျက်လုံးမရှိ။
မြတ်ဗုဒ္ဓလက်ထက်တော်အခါက စုံလုံးကန်းနေသည့် လူတစ်ယောက်အကြောင်း၊ အနည်းစပ်ဆုံး၊ လူအသိများဆုံး ဇာတ်လမ်းတစ်ပုဒ်ရှိသည်။ ထိုသူသည် နှစ်ပေါင်း ၅၅နှစ်တိုင်တိုင်၊ သူသေသိတိုင်အောင် သားသတ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသည်။ ထိုသူကား စုန္ဒ ဖြစ်သည်။ ၀က်သတ်၍ စီးပွားရှာသဖြင့် သူ့ကို စုန္ဒသူကရိကဟု လူအသိများသည်။ နှစ်ပေါင်း ၅၅ တိုင် ၀က်များကို တိုင်မှာချည်နှောင်၊ တူ၊ ဒုတ်၊ ဓားစသည့်လက်နက်များဖြင့် ထုရိုက်သတ်ပြီး၊ မသေမရှင်၊ အရှင်လတ်လတ် ရေနွေးပူဖြင့်လောင်း၊ အမွှေးများနှုတ်၊ အသားပြုလုပ်၍ လက်လီလက္ကားအရောင်းအ၀ယ်ဖြင့် စီးပွားတော့ ဖြစ်နေသည်။ ထိုအလုပ်သည် ဓမ္မမျက်လုံးရှိသူအတွက် အလွန်အပြစ်ကြီးသည့် အလုပ်ဖြစ်နေသည်။ ဓမ္မမျက်လုံးရှိနေသူ မည်သူမဆို ထိုအလုပ်မျိုး မလုပ်နိုင်။ သူကတော့ ၅၅ နှစ်တိုင် ထိုအစီးအပွားဖြင့် အဆင်ပြေနေခဲ့သည်။ သို့သော်လည်း သေခါနီးအချိန် ၀က်လိုအော်၊ အခုတ်အသတ်ခံ၊ ရေနွေးအပူခံ၍ ၀က်များအော်သလို (၇)ရက်တိုင် အော်ပြီး သေသွားရှာသည်။ နောင်ဘ၀လားသော် ငရဲအထိ ဆင်းရတော့သည်။

လောကမျက်းလုံး ဓမ္မမျက်လုံး (balance) ညီမျှနေဖို့လိုသည်။ လောကမျက်လုံးသာ ရှိသူသည် အစွန်းရောက်တတ်သည်၊ ထိုသို့ အစွန်းမရောက်အောင် စဉ်စားဆင်ခြင် သုံးသပ်နိုင်သည့် ဓမ္မမျက်လုံးရှိရမည်၊ ဓမ္မမျက်လုံး မရှိပါက အကောင်းအဆိုး၊ လုပ်သင့် မလုပ်သင့်၊ အပြစ်မရှိ အပြစ်ရှိသည်ကို ခွဲမခြားနိုင်၊ အစွန်းရောက်သွားတတ်သည်။ ဓမ္မမျက်လုံးဖြင့် လောကမျက်လုံးကို ထိန်းညှိပေးရသည်။ အလားတူပင် ဓမ္မမျက်လုံးသာ ရှိ၍ ဓမ္မမျက်လုံး မရှိသော ဧကစက္ခု ပုဂ္ဂိုလ်လည်း ရှိသေးသည်၊ ထိုပုဂ္ဂိုလ်မျိုးကို မြတ်ဗုဒ္ဓက ထည့်သွင်းပြီး ဟောထားခြင်းမရှိသော်လည်း၊ မှန်းဆ၊ တွေးတော၊ နှိုင်းချိန်ပြီး အနုလုံ ပဋိလုံ နားလည်ရမည်ဖြစ်သည်။

စာရေးသူတို့ အားလုံး သတ်ရှိသတ္တ၀ါများ ဖြစ်ကြသည်၊ ထို့ကြောင့် နေစရာ၊ စားစရာ၊ ၀တ်စရာ၊ ကျန်းမာရေး စသည်အားဖြင့် ဘ၀အသက်ရှင်ရေးအတွက် လိုအပ်ချက်များစွာ ရှိပါသည်။ ထိုလိုအပ်ချက်များကို ရှာနိုင်သည့် လောကမျက်လုံးက ရှိဖို့လိုသည်။ အူမတောင့်မှ သီလစောင့် ဆိုတာလို ဘ၀ကား အဆင်ပြေနေမှ ဓမ္မမျက်လုံးကို ရဖို့ ကြိုးစားရမည်၊ ဓမ္မမျက်လုံးသာ ရှိနေလျှင် လောကမျက်လုံး မရှိပြန်လျှင်လည်း လူမှုရေးကျင့်ဝတ်တွေ လူမှုဆက်ဆံရေးတွေ အားနဲသွားနိုင်သည်။ ထိုကြောင့် မြတ်ဗုဒ္ဓက ထိုနှစ်ခု ညီမျှနေဖို့လိုသည်အတွက်ကြောင့် ဒွိစက္ခု-နှစ်ဖက်မြင် နှစ်ဖက်လင်း ပုဂ္ဂိုလ်ကို ဆက်လက်ဟောကြားသည်။

ဒွိစက္ခုက-နှစ်ဖက်မြင် နှစ်ဖက်လင်း
လောကမျက်လုံး အလင်းလည်းရှိ၊ ဓမ္မမျက်လုံးလင်းလည်းရှိသူကို ဒွိစက္ခုကဟုခေါ်သည်၊ နှစ်ဖက်အမြင်၊ နှစ်ဖက်အလင်းရှိသူဖြစ်သည်။ လောကကြီးပွားရေး အမြင်လည်းရှိသည်၊ သံသရာ ကြီးပွားရေး အမြင်လည်းရှိသည်။ လောကီ လောကုတ် နှစ်မြာအလုပ်ကို လုပ်စွမ်းနိုင်သည့် အမြင်ရှိသူ ဖြစ်သည်။ လောကီနယ်ပယ်မှာ နေသူများပဲ ဖြစ်ဖြစ် လောကုတ္တရာနယ်ပယ်မှာပဲ ဖြစ်ဖြစ် ဘ၀အသက်ရှင်ရေးအတွက် ရှာရ ဖွေရမည်၊ ထိုသို့ ရှာဖွေတတ်သည့် အမြင်များ ရှိဖို့လိုသည်။ ဇေတ၀န်ကျောင်းဒကာ အနာထပိဏ်သူဌေးတို့၊ ပုဗ္ဗာရုံကျောင်းအမ ၀ိသာခါတို့လို လူ့လောက၀ယ် သို့မဟုတ် လောကီနယ်ပယ်တွင် စီးပွားရေး အမြင်ရှိသူများ ဖြစ်ကြသည်။ ထိုခေတ် ထိုကာလက သူတို့သည် တိုင်းပြည်မင်းလုပ် အုပ်ချုပ်ရေးနေသူများအတွက် အားကိုး အားထားရာလည်း ဖြစ်သည်၊ တိုင်းပြည်၊ မြို့၊ ရပ်ရွာတွေအတွက်လည်း အားကိုးရာဖြစ်သည့် သူဌေးများ ဖြစ်ကြသည်။ ဓမ္မမျက်လုံး၊ သံသရာကြီးပွားရေး အမြင်များ ရှိသူလည်းဖြစ်ကြသည့်အားလျှော်စွာ သူတို့ ရှာဖွေစုဆောင်းထားသည့် စည်းစိမ်ဥစ္စာတို့သည် ဓမ္မိယလဒ္ဓဖြစ်သည်၊ သန့်သန့်ရှင်းရှင်းဖြင့် ရရှိထားသည့် စီးပွားရေးလုပ်ငန်းများဖြစ်သည်။ ထိုစီးပွားရေးမှ ရရှိလာသည့် အကျိုးအမြတ်တို့သည် လူမှုရေးအပြင် တိုင်းရေး ပြည်ရေးအတွက်ပါ အကျိုးပြုသည်၊ ထိုစီးပွားရေးမှ ဖြစ်ထွန်းလာသော အကျိုးအမြတ်အစွန်းတို့သည် သာသနာတော်အတွက်လည်း ဖြစ်လာသည်။ သူတို့သည် လောကမျက်လုံး အမြင်ရှိသူများ ဖြစ်ကြသည့်အားလျှော်စွာ စီးပွားရေးလောကတွင် ထိပ်ထိပ်ကြဲ သူဌေးများ ဖြစ်ကြသည်။ ထိုစီးပွားရေးအမြင်ကို ဓမ္မမျက်လုံးဖြင့် ထိန်းကျောင်းထားနိုင်သဖြင့်လည်း တိုင်းပြည်နှင့်လူမျိုး၊ ဘာသာသာသနာအတွက်ပါ အကျိုးများစွာ ဖြစ်သည်။

လောကမျက်လုံးရှိသူ စီးပွားရေးသမားသည် စီးပွားရှာရာမှာ လောဘရှိရမည်၊ လောဘရှိမှ စီးပွားဖြစ်မည်၊ သို့သော် ထိုလောဘသည့် ရှိသင့်ရှိထိုက်သော လောဘဖြစ်သည်။ လောဘဟူသည် သေ၀ိတဗ္ဗလောဘ- ရှိသင့်ရှိထိုက်သောလောဘနှင့် အသေ၀ိတဗ္ဗ- မရှိသင့်မရှိထိုက်သော လောဘဟု နှစ်မျိုးရှိသည်။ လုပ်အား အားလျှော်စွာ ရသင့်ရထိုက်သည့် အကျိုးအမြတ်အတွက် လောဘသည် ရှိသင့်သော လောဘဖြစ်သည်၊ လိမ်ညာခြင်း၊ လှည့်ပတ်ခြင်း၊ သတ်ဖြတ်ခြင်း၊ စသည်ဖြင့် သူတပါး ဒုက္ခဖြစ်စေသည့် စီးပွားရေးသည် အသေ၀ိတဗ္ဗလောဘ-မရှိသင့်သော လောဘဖြစ်သည်၊ ရသင့်တာ ပိုလိုချင်သည့် လောဘဖြစ်သည်၊ ထို့အပြင် လက်နက်၊ မူးယဇ်ဆေးဝါး၊ လူကုန်ကူးခြင်းစတဲ့ တပါးသူများ ဆင်းရဲစေမည့် အလုပ်တို့သည် ၀ိသမလောဘများ ဖြစ်ရကား အသေ၀ိတဗ္ဗလောဘပင် ဖြစ်သည်။ ထိုအသေ၀ိတဗ္ဗလောဘသည် မရှိသင့်ဟု မြင်နိုင်စွမ်းသည်ကား ဓမ္မမျက်လုံးဖြစ်သည်၊ ရှိသင့်သော လောဘ၊ မရှိသင့်သောလောဘဟု ခွဲခြားသိမြင်ခြင်းသည်လည်း ဓမ္မမျက်လုံးဖြစ်သည်၊ ထိုဓမ္မမျက်လုံးဖြင့် လောကမျက်လုံးကို ထိန်းကျောင်းခြင်းသည်ပင် လောကမျက်လုံး ဓမ္မမျက်လုံးတို့ ဟန်ချက်ညီနေကြခြင်းဖြစ်သည်။ အထက်ဖော်ပြပါ ကျောင်းဒကာ ကျောင်းအမကြီးများကဲ့သို့ လောကမျက်လုံး ဓမ္မမျက်လုံးဟန်ချက် ညီနေမှ လောက သံသရာနှစ်ဖြာ ချမ်းသာမည်၊ နှစ်ဖက်မြင် နှစ်ဖက်အလင်းရှိနေပါမှ ဘ၀သံသရာ ၀ဋ်မှ လွတ်မည်။

နိဂုံး
ဤသုတ်တော်လာ လူတန်းစား သုံးမျိုး အဆင့်အတန်းသုံးမျိုးတွင် စာရေးသူတို့ မည်သည့်အဆင့်တွင်ပါဝင်နေသနည်း?၊ မည်သည့် အုပ်စုတွင်ပါဝင်နေသနည်း?၊ ဆင်ခြင်သုံးသပ်ရမည် ဖြစ်သည်။ မြတ်ဗုဒ္ဓဟောကြားခဲ့သည့် တရားတော်များသည် ကြေးမှုံ မှန်နှင့် တူသည်။ မှန်သည် ကြည့်ဖို့ ဖြစ်သည်၊ မျက်နှာမှာ အစွန်းအထင်း၊ မှဲ့၊ အကွက် စသည့် အဆင်မပြေသည့်အရာများကို မြင်နိုင်ရန် ကြည့်မှန် ဖြစ်သည်၊ ကြည့်ပြီး ပြင်သင့်တာ ပြင်ရသည်။ အလားတူပင် ဓမ္မကြေးမှုံသည်လည်း ကိုယ်ဘာလဲ ဆိုတာ ပြန်ကြည့်နိုင်ရန် မှန်တစ်ချပ်ဖြစ်သည်။ ထိုမှန်ကို ကြည့်ပြီး အန္ဓလား၊ ဧကစက္ခုလား၊ ဒွိစက္ခုလား၊ ကိုယ့်သန္တာန်မှာ ဘာအပြစ်အနာဆာတွေ ရှိနေသနည်း ထိုမှန်ကို ကြည့်ပြီး ပယ်သင့်တာပယ်၊ ဖယ်သင့်တာ ဖယ်၊ ဖြည့်သင့်တာ ဖြည့်ရမည် ဖြစ်သည်။ မလိုအပ်တာ ဖယ်၊ လိုအပ်နေသေးသည့် ကောင်းသည့်အရာမှန်သမျှ ဖြည့်ရမည်သာတည်။ နှစ်ဖက်လုံးကန်းနေလျှင် ဘာမှ မဖြင်နိုင်၊ တစ်ဖက်သာ အမြင်ရှိသူကတော့ ဝေေ၀၀ါးဝါး မြင်နိုင်သေးသည်၊ နှစ်ဖက်မြင်သူကတော့ အလင်းအားပိုကောင်းသဖြင့် အရာအားလုံးကို မြင်နိုင်တော့သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၇-၁-၂၀၁၄

12 October 2013

ပရဟိတစိတ်

ပရဟိတစိတ်
စာမိတ်ဆက် 
၆-၁၀-၂၀၁၃ နေ့က စာရေးသူ၏ ဒုတိယ မြောက် ထွက်လာမည့် စာအုပ်အတွက် မိုးကျော်သူ စာပေဖြန့်ချီရေးက ကိုအောင်လင်းသူဆီ စာမူများ သွားပေးဖို့ ထွက်လာခဲ့သည်။ အဲနေ့က သူကလဲ ပေးပျော် ပရဟိတအဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်တစ်ယောက် ဖြစ်နေတော့ သူတို့ရဲ့ အလှူဒါနတစ်ခုမှာ ကြုံတုန်းကြုံခိုက် တရားချီးမြှင့်ပေးရန် လျှောက်သည်။ ၀မ်းမြောက်စရာပါပဲ၊ ပရဟိတအဖွဲ့ဆိုတဲ့အတိုင်း တကယ့် ပရဟိတ စိတ်ရှိကြတဲ့ အဖွဲ့ပဲ၊ နယ်စွန်နယ်ဖျား ရှားပါး ကျောင်းတွေကို ထောက်ပံ့နေတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တော့ သူတို့ပွဲမှာ ပရဟိတစိတ် အကြောင်း နဲနဲ ပြောခဲ့သည်။ စာရေးသူဟောခဲ့သမျှတို့ကို နာချင်သူများ ရှိသည်၊ မကြာမကြာလဲ ဟောပေးခဲ့သည်၊ တစ်ယောက်သော ကလေးမတစ်ယောက်က ဘုန်းဘုန်း ဘာတရားဟောခဲ့လဲ၊ စာရေးပြီး ပို့စ်တင်ပါ့လားဘုရား၊ အများဖတ်ရတာပေါ့ ဟု ပြောသည်။ ထို့အတွက် ရေးဖို့ ရည်ရွယ်ချက်မရှိပေမဲ့ ဖြစ်ညှစ်ပြီး စာတစ်ပုဒ် အားထုတ်မိသည်။

သူတော်ကောင်း အမှတ်သားဟူသည်

ထိုပွဲအတွက် အပိုင်း ၃ခုနဲ့ မျှဝေခဲ့သည်၊ အပိုင်း (၁)မှာ သူတော်ကောင်းလက္ခဏာ၊ မစ္ဆရိယကင်းမှ သူတော်ကောင်း ဖြစ်နိုင်၊ မစ္ဆရိယကင်းမှ ပေးနိုင် စွန့်နိုင်။ အပိုင်း (၂)မှာ မစ္ဆရိယကင်းမှ ပရဟိတစိတ် ဖြစ်နိုင်ပုံနှင့် အပိုင်း (၃) မစ္ဆရိယကင်းသော ပရဟိတ စိတ်သည် အသင်းအဖွဲ့တစ်ဖွဲ့၏ ညီညွတ်ရေးကိုလည်း ဖြစ်စေနိုင်ပုံကို တိုတိုကျဉ်းကျဉ်း လိုရင်းဖြင့် မျှဝေခဲ့သည်။

အပိုင်း (၁) သူတော်ကောင်း အမှတ်သား
ဒဿန၀တော သီလ၀တံ၊ သဒ္ဓမ္မံ သောတု မိစ္ဆတိ။
ဝိနယေ မစ္ဆေရ မလံ၊ သဝေ သဒ္ဓေါတိ ၀ုစ္စတိ။ (အင်္ဂုတ္တရနိကာယ်)

ဒဿန၀တော သီလ၀တံ= ကိုယ်ကျင့်သီလရှိတဲ့ သူတော်ကောင်းများကို ဖူးမြင် တွေ့မြင် ဆုံချင်သူ သည် သူတော်ကောင်းတစ်ယောက်၏ ရှိသင့်သော အမှတ်အသား လက္ခဏာတစ်ခု ဖြစ်သည်။ တချို့ကျပြန်တော့ သူတော်စင်များနဲ့ တွေ့ရမှာ ရှက်ကြသည်၊ ကြောက်ကြသည်၊ သူတော်ကောင်းများနှင့် တွေ့ဖို့ ဆွေးနွေးဖို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိဖြစ်နေတတ်သည့်အတွက် မတွေ့လို မမြင်လို၍ ဝေးဝေးက ရှောင်လွဲ သွားတတ်ကြသည်။ ချဉ်းကပ်ဖို့ဆို ပိုလို့တောင် ဝေးနေတော့သည်။ ဒါကို သဒ္ဓါနဲသူဟု ခေါ်သည်၊ သဒ္ဓါတရားရှိသူသည် သူတော်ကောင်းများကို ချဉ်းကပ်ခွင့်ရဖို့ အမြဲပဲ အခွင့်လမ်းရှာနေသူ ဖြစ်သည်။

သဒ္ဓမ္မံ သောတု မိစ္ဆတိ= သူတော်ကောင်းတရား နားကြားလိုစိတ်ရှိခြင်း၊ သူတော်ကောင်းတွေရဲ့ အဆုံးအမကို ခံယူလိုခြင်း၊ သူတော်ကောင်းတွေနဲ့ ဆွေးနွေးလိုစိတ်ရှိခြင်းသည် သူတော်ကောင်းများ၏ အမှတ်အသားများဖြစ်သည်။ အရှင်ရာဟုလာသည် သာမဏေဘ၀ကပင် လက်ထဲက သဲ နှစ်ဆုပ်ကိုကြည့်ပြီး သူ့ကို ဆုံးမ လမ်းပြမည့် ဆရာကောင်းများ ဤလက်ထဲက သဲပွင့်လေးတွေလောက်မက ရပါရစေဟု ဆန္ဒပြုသည်။ ဤကဲ့သို့ သူတော်ကောင်းတို့၏ စိတ်နေ စိတ်ထားရှိသူသည် သဒ္ဓါတရား ရှိသူဟုလည်း ဆိုသည်။

ဝိနယေ မစ္ဆေရ မလံ= ပေးချင် ကမ်းချင် စွန့်ကြဲချင်စိတ်သည် သူတော်ကောင်းတို့၏ အမှတ်အသား လက္ခဏာ ဖြစ်သည်။ ပေးကမ်း စွန့်ကြဲလိုစိတ်သည် မစ္ဆရိယ (နှမျောတွန့်တို) စိတ်ကင်းမှသာလျှင် ဖြစ်နိုင်သည်။ ၀ိနယမစ္ဆေရမလ၊ ၀ိဂတမစ္ဆေရမလ- မစ္ဆရိယစိတ် မရှိခြင်းကို ပယတ္တပါဏီ ဝေါသဂ္ဂရတော ဒါနသံဝိဘာဂရတော စသည်တို့ဖြင့် တန်ဆာဆင်ထားသည်။ ဆိုလိုသည်မှာ သတ္တ၀ါတို့၏ လက်သည် အလုပ်နှစ်မျိုးလုပ်သည်၊ ယူခြင်းနှင့် ပေးခြင်း ဟူသော ကိစ္စနှစ်ရပ်ပင်ဖြစ်သည်၊ ပစ္စည်းတစ်ခုကို ယူနေတဲ့ အခိုက်အတန့် ထိုလက်မှာ လိုချင်မှု တဏှာ ကပ်ညှိနေသည်၊ သို့သော် ပေးသူ၏ လက်မှာတော့ ထိုတဏှာ သန့်ရှင်းနေသည်အတွက် ပယတ္တပါဏီ-သန့်ရှင်းသော လက်ရှိသူ၊ သန့်စင်ပြီးသော လက်ရှိသူဟု ဆိုအပ်၏။ မစ္ဆရိယစိတ် ကင်းသောကြောင့်သာ သန့်ရှင်းသော လက်ပိုင်ရှင် ဖြစ်ကြသည်။

မစ္ဆရိယသည် ကိုယ့်ပစ္စည်းအပေါ်မှသာ ဖြစ်တတ်သည်၊ ဣဿာကတော့ သူတပါးပစ္စည်းအပေါ်မှာ ဖြစ်တတ်သည်ဟု မှတ်သားထားခဲ့ဖူးသည်။ တခါတရံ သူတစ်ပါးပစ္စည်းအပေါ်မှာလဲ မစ္ဆရိယစိတ်ဖြစ်သည်ကို တွေ့ရသည်။ ကောသလမင်းကြီး၏ အသဒိသဒါနအလှူပွဲမှာ မြတ်ဗုဒ္ဓက လေးပါဒမျှသာရှိသည့် ဂါထာလေးတစ်ပုဒ်သာ ဟောခဲ့သဖြင့် မင်းကြီး စိတ်ဆိုးသည်။ မြတ်ဗုဒ္ဓကတော့ ဘုရားတစ်ဆူလက်ထက်မှာ တစ်ကြိမ်တစ်ခါသာ ပေါ်လာတဲ့ ဒီလောက်ကြီးကျယ်တဲ့ အလှူပွဲမှာ အလှူဒါနနှင့် သင့်လျှော်သော ဓမ္မမိုးရွာသွန်းလျှင် ဘာဖြစ်နိုင်မလဲ၊ တရားနာ ပရိသတ်ကကော လက်ခံနိုင်စွမ်းရှိရဲ့လားဟု ဥာဏ်တော်ဖြင့် ကြည့်လိုက်ရာ ပရိသတ်မစင်ကြယ်သည်ကိုတွေ့ရသည်၊ ထိုအထဲမှာ ၀န်ကြီးနှစ်ယောက်၏ အခြေအနေကို မြင် သိနေရသည်။ ကာဠအမည်ရှိ ၀န်ကြီးကတော့ ကွန်မြူနစ်ဆန်ဆန် တွေးခေါ်သည်၊ “အရပ်ရှစ်မျက်နှာက ပြည်သူတွေအား ကျွေးတဲ့ အသဒိသအလှူပွဲကြီးမှာ ဘုရင်ကြီးသည် တိုင်းပြည် မင်းဘဏ္ဍာကို ဖြုန်းတီးပစ်သည်၊ မကြာမီ တိုင်းပြည်မွဲပြာကျတော့မည်၊ ဒီအလှူက ကျွေးလိုက်တဲ့ အစားအစာတွေ စားသုံးပြီး အဲဒီလူတွေလဲ အိပ်ကြလိမ့်မည်”ဟု တွေးတောနေသည်။ ဇုဏှအမည်ရှိ ၀န်ကြီးကတော့ သူနဲ့ ဆန့်ကျင်ဘက် တွေးသည်၊ အော်--အလှူပွဲကြီး ကြီးကျယ်လိုက်တာ၊ ဒီလောက် ပြည့်စုံတဲ့ အလှူပွဲကြီးမျိုးကို ဘုရင်များသာ ပြုနိုင်သည်ဟု တွေးကာ ၀မ်းမြောက်နုမော် သာဓုခေါ်နေသည်။

အကယ်၍သာ အကြီးအကျယ် ဓမ္မမိုး ရွာသွန်းလိုက်လျှင် မစ္ဆရိယထန်သော ၀န်ကြီး ကာဠ ခေါင်း ၇စိပ် ၇လွှာ ကွဲတော့မည်၊ ၀န်ကြီး ဇုဏှကတော့ တစ်ထိုင်းတည်းမှာပဲ သောတာပန် ဖြစ်လိမ့်မည်ကို မြင်တော်မူသော မြတ်ဗုဒ္ဓသည် မဟာကရုဏာဖြင့် ၀န်ကြီး ကာဠကို သနားရကား လေးပါဒမျှသော ဂါထာဖြင့်သာ အသဒိသအလှူပွဲကြီး ပြီးဆုံးခဲ့ရသည်။ ကရုဏာသည် သာသူ နာသူ ယှဉ်လာလျှင် နာသူအပေါ်ကိုသာ ကရုဏာ သက်ရောက်သည်။

မြတ်ဗုဒ္ဓထံ စိတ်ဆိုးမာန်ဆိုးနဲ့ ရောက်လာသော ကောသလမင်းကြီးလည်း သူ၏ပရိသတ် မစင်ကြယ်သည်ကို ကောင်းကောင်း သဘောပေါက်သွားသည်၊ အမတ်ကြီးနှစ်ယောက်ကို ခေါ်ပြီး စစ်ဆေးကြည့်ရာ မြတ်ဗုဒ္ဓမိန့်သည့်အတိုင်း အမှန်ဖြစ်နေသည်။ ၀န်ကြီး ကာဠကို သင်ကတော့ ကိုယ်နဲ့လဲ မဆိုင်၊ သူများအလှူအပေါ်မှာ (သူများပစ္စည်းအပေါ်မှာ) မစ္ဆရိယစိတ် ဖြစ်တဲ့အတွက် တိုင်းပြည်က ထွက်စေဟု ပြည်နှင်ဒဏ်ပေးလိုက်သည်။ ၀န်ကြီး ဇုဏှကိုတော့ သင်ကတော့ သူများအလှူအပေါ်မှာ ၀မ်းမြောနုမော် သာဓုခေါ်ပေးတဲ့ အတွက် ဤမျှလောက်သော စည်းစိမ်တွေကို ယူပြီး ၇ ရက်တိုင်တိုင် အလှူဒါန ပြုလောဟု ချီးမြောက်သည်။

မစ္ဆရိယစိတ်သည် လက်တွေ့ဘ၀မှာပင် ယခုကဲ့သို့ အကျိုးပေးသည်၊ တမလွန်ဘ၀မှာလဲ သုဂတိဘုံဘ၀သို့ မရောက်နိုင်၊ သူတော်ကောင်းစိတ် ရှိသူ မစ္ဆရိယစိတ် ကင်းသူ သူတစ်ပါးအလှူဒါနအပေါ် ၀မ်းသာ ပေးနိုင်သူများကတော့ လက်တွေ့ဘ၀မှာပဲ ဇုဏှအမတ်ကြီးလို ကောင်းကျိုးချမ်းသာ ရမည်၊ နောင်ဘ၀အဆက်ဆက်မှာလဲ ကောင်းသော ဘ၀ ဂတိကို ပိုင်ဆိုင်မည်။

န ဝေ ကဒရိယော ဒေ၀လောကံ ၀ဇန္တိ၊ ဗာလော ဟဝေ နပ္ပသန္တိ ဒါနံ။
ဓီရော စ ဒါနံ အနုမောဒမာနော၊ တေ နေ၀ သော ဟောတိ သုခီ ပရတ္ထ။ (ဓမ္မပဒ)

မစ္ဆရိယစိတ် မရှိမှသာလျှင် ကရုဏာစိတ် ရှိမည်၊ စွန့်ကြဲပေးကမ်းနိုင်မည်။ နောက်တစ်ပုဒ်က ဝေါသဂ္ဂရတော- သူတစ်ပါးကို ပေးရ ကမ်းရ လှူရတန်းရတာကို ပျော်မွေ့ခြင်းနှင့် ဒါနသံဝိဘာဂရတော- အလှူဒါနပွဲတွေမှာ စီမံ ခန့်ခွဲနေရတာကို ပျော်မွေ့ခြင်းတို့သည် သူတော်ကောင်းတို့ အသွင်ဖြစ်သည်။

ဘုရားလောင်း ကျင့်စဉ် (၅)မျိုး

ကောင်းမှုပြုနေရတာကို ပျော်မွေ့ခြင်းကလည်း ဘုရားလောင်းတို့ ကျင့်စဉ် ၅ ခုထဲက တစ်ခုဖြစ်သည်။ ဘုရားလောင်းတို့သည် ကောင်းမှုပါရမီ ဖြည့်ကျင့်ရာဝယ် (၁) စိရကာလ ဘာဝနာ- အကြာကြီးပြုလုပ်ခြင်း၊ ဘုရားဖြစ်ရန် လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း အကြာကြီး ပါရမီများ ဖြည့်ကျင့်ခဲ့ရသည်။ (၂) နိရန္တရ ဘာဝနာ- အဆက်မပြတ် ပြုလုပ်ခြင်း၊ ကောင်းမှုပြုရာ၌ တစ်ကြိမ်ပြုလိုက် ရပ်လိုက်၊ နောက်မှ ပြန်လုပ်လိုက်၊ ယခုလို ပရဟိတအလှူပွဲတွေ ဒီလမှာ ပါဝင်ပြီး နောက်လမှာ ရပ်လိုက်တာမျိုးသည် ဘုရားလောင်းတို့ ကျင့်စဉ်မဟုတ်။ အလှူအဖွဲ့ရဲ့ အစီအစဉ်အတိုင်း လစဉ် နှစ်စဉ် အဆက်မပြတ် ပါဝင်ခြင်းက ဘုရားလောင်းတို့ ကျင့်စဉ်ဖြစ်သည်။ (၃)နိရ၀သေသ ဘာဝနာ- ကောင်းမှုမှန်သမျှ ကုသိုလ်မှန်သမျှ ကောင်းတာမှန်သမျှ သိမ်းကြုံးလုပ်ခြင်း၊ နေရာ မရွေး၊ အချိန်မရွေး အခါမရွေး အလှူအမျိုးစား မရွေးဘဲ အကြွင်းကျန်မရှိ အကုန် လုပ်ခြင်းသည် ဘုရားလောင်းများ ကျင့်စဉ်ဖြစ်သည်။ (၄) သက္ကစ္စ ဘာဝနာ-ကောင်းမှုပြုရာဝယ် ကပျက်ကချော် စိတ်မပါတပါမျိုး မဟုတ်ဘဲ စိတ်ပါပါ တလေးတစား ပြုခြင်းသည် ဘုရားလောင်းတို့ ကျင့်စဉ်ဖြစ်သည်။ နောက်ဆုံး နံပါတ် (၅) အဘိရတိ ဘာဝနာ-ကောင်းမှုပြုသော အခါ ပျော်ပျော်ကြီး ပြုရာ၏။

မစ္ဆရိယစိတ်မရှိခြင်း၊ သူတော်ကောင်း အမှတ်အသား၊ သဒ္ဓါတရားရှိသူတို့ လက္ခဏာတွင် ကောင်းမှုပြုရခြင်းကို ပျော်မွေ့ခြင်းက အသွင်အပြင်တစ်ခု ဖြစ်သည်။ ပျော်ပျော်ကြီး ကုသိုလ်ကောင်းမှု ပြုနိုင်ခြင်းက ဘုရားလောင်းအကျင့်ဖြစ်သည်။

အပိုင်း(၂) မစ္ဆရိယကင်းမှ ပရဟိတစိတ်ဖြစ်

ပရ=တစ်ပါးသူ၊ ဟိတ= အကျိုးစီးပွား၊ ပရဟိတ-တစ်ပါးသူ၏ အကျိုးစီးပွား။ သူတစ်ပါးအကျိုးစီးပွားအတွ ဆောင်ရွက်လိုစိတ်၊ ဆောင်ရွက်သော စိတ်သည်။ ပရဟိတစိတ် ဟုခေါ်သည်။ မိမိအကျိုးစီးပွားကို မကြည့်ဘဲ သူတစ်ပါးအကျိုးစီးပွားကို လိုလားသော စိတ်သည် ပရဟိတ စိတ်မည်သည်။ မစ္ဆရိယ စိတ်ရှိသူတို့သည် ကိုယ့်အကျိုးစီးပွားကိုယ်သာ လိုလားသည်၊ သူတစ်ပါးအကျိုးစီးပွားကို မလိုလား။ မစ္ဆရိယစိတ် ရှိနေသရွေ့ ပရဟိတစိတ် မဖြစ်နိုင်၊ ပရဟိတ အလုပ်ကို လုပ်နိုင်သူများသည် ကိုယ့်အကျိုးစီးပွားကို စွန့်ထားရသည်၊ မစ္ဆရိယကို စွန့်နိုင်ရသည်။

ငွေအားနှင့်ပဲ ဖြစ်ဖြစ်၊ ကိုယ်အားနှင့်ပဲဖြစ်ဖြစ်၊ ဥာဏ်အားနှင့်ပဲ ဖြစ်ဖြစ် သူတစ်ပါးအကျိုးစီးပွားအတွက် ဆောင်ရွက်နေသူများသည် လာဘမစ္ဆရိယ၊ ဓမ္မမစ္ဆရိယ၊ ကုလမစ္ဆရိယ၊ အာဝါသမစ္ဆရိယ၊ ၀ဏ္ဏမစ္ဆရိယ ကာယဂရု မစ္ဆရိယတို့ကို ပယ်စွန့်နိုင်သူများ ဖြစ်ကြသဖြင့် သူတော်ကောင်းကြီးများ ဖြစ်ကြသည်။

တစ်ခါက သီဟိုဠ်ကျွန်းမှာ မဟာမိတ္တအမည်ရှိ ရဟန်းတပါးသည် ကဿက လိုဏ်ဂူ၌ သီတင်းသုံးကာ ရဟန်းတရား အားထုတ်၍ နေလေ့ရှိသည်။ သူသည် နေ့စဉ်နှင့်အမျှ ထို လိုဏ်ဂူအနီးအနားရှိ ဆင်းရဲသား မိသားစုအိမ်သို့ ဆွမ်းခံကြွလေ့ရှိသည်။ ထိုမိသားစုမှာလည်း အမေနှင့် သမီး သားအမိ ၂ ယောက်သာရှိသည်။ တစ်နေ့သ၌ မိခင်ကြီးသည် တောထဲသို့ မသွားမီ သမီးအား ‘‘ သမီးရေ--သမီး အကိုကြီး ဆွမ်းခံကြွလာရင် ထမင်းချက်ပြီး နို့၊ ထောပတ်၊ တင့်လဲ တို့ကို လောင်းလှူလိုက်ပါ၊ သမီးလည်း စားပေါ့’’ဟု မှာကြားခဲ့သည်၊ ကိုယ့်လယ်ယာမှ ထွက်သော ဆန်စပါးများကို ကိုယ်ကိုတိုင် ဖွတ်ထောင်းပြီး ထားခဲ့သော နေရာကို သမီးအား ပြပြီး အထွက်တွင် ‘‘မေမေကော ဘာစားပြီးပြီလဲ’’ ဟု သမီးက မေးရာ မေမေတော့ မနေ့က ကျန်တဲ့ ထမင်ကြမ်းခဲကို ထမင်းရည်နဲ့ စမ်းပြီး စားလိုက်ပြီ သမီး။ ဒါဆို နေ့လည်စာအတွက်ကော မေမေ? နေ့လည်စာအတွက်တော့ ဆန်ကွဲလေးကို ပြုတ်ပြီး ဟင်းရွက်ကလေးခပ်လိုက်ရင် ဒို့သားအမိ နှစ်ယောက်စာအတွက် လုံလောက်ပြီပေါ့။

မဟာမိတ္တမထေရ်သည် ဆွမ်းခံရန်အတွက် သပိတ် သင်္ကန်းတို့ကို ပြင်ဆင်နေစဉ် ဒိဗ္ဗသောတ အဘိဥာဉ်ဖြင့် သားအမိ နှစ်ယောက် ပြောသမျှ စကားအားလုံးကို ကြားသိရသဖြင့် သတိသံဝေရကာ သူ့ကိုယ်သူ ဆုံးမသည်မှာ ‘‘ မောင် မိတ္တ-- မင်း ကြားရဲ့လား၊ သူတို့ခမျာ ထမင်းရည်၊ ထမင်းကြမ်း၊ ဟင်းကြမ်းမျှဖြင့် တစ်နပ်သာ စားရရှာပေမဲ့ မင်းအတွက်တော့ ကောင်းပေ့ဆိုတဲ့ ထောပတ်၊ ဆီဦး၊ ဆန်ကောင်း၊ နို့ထမင်းတို့ဖြင့် အကောင်းချည်းပဲ လှူဖို့ စိတ်ဆန္ဒစောနေကြတယ်၊ သူတို့က မင်းဆီက ရွှေ ငွေ ကျောက်သံ ပတ္တမြား ဘယ်ဥစ္စာကိုမှ မျှော်လင့်နေကြတာ မဟုတ်ဘူး၊ မင်းနဲ့ ဆွေမျိုးတော်လို့ လှူကြတာလဲ မဟုတ်ဘူး၊ လူနတ် နိဗ္ဗာန် ချမ်းသာကိုသာ မျှော်ကိုးပြီး လှူနေကြတာ ဖြစ်၍ သင်ကကော သူတို့မျှော်သလို ပေးနိုင်တဲ့ လယ်ယာ မြေကောင်းကြီးကော ဟုတ်ရဲ့လား၊ ထို့ကြောင့် မောင်မိတ္တ- သင့်မှာ ရာဂ၊ ဒေါသ၊ မောဟ အစရှိတဲ့ ကိလေသာတွေနဲ့ သူတို့ လှူတဲ့ ဆွမ်းကို စားသင့်ရဲ့လား’’ ဟူပင်တည်း။

ဆင်းရဲသား သားအမိနှစ်ယောက်၏ မစ္ဆရိယကင်းပုံ၊ ကိုယ့်ကျိုးမကြည့် တစ်ပါးသူ၏အကျိုးစီးပွားကိုသာ ကြည့်ပုံနှင့် မွန်မြတ်သော ပရဟိတစိတ်တို့သည် အလွန်ပင် အားကျဖွယ်ကောင်းလှသည်။

အပိုင်း (၃) ပရဟိတ စိတ်သည် ညီညွတ်ရေးကို ဖြစ်စေ
ပရဟိတစိတ်သည် ညီညွတ်မှုကိုလဲ ဖြစ်စေနိုင်ပါသည်။ မိသားစု၊ အဖွဲ့အစည်း၊ ကျေးရွာ၊ မြို့၊ နိုင်င်ငံတို့မှာ တစ်ဦးချင်းစီ ပရဟိတစိတ် ရှိနေပါလျှင် အေးချမ်းသော မိသားစု၊ အေးချမ်းသော တိုင်းပြည် ဖြစ်ပါလိမ့်မည်။ ထိုသို့မဟုတ် ကိုယ့်အတ္တ ကိုယ့်အကျိုးကိုပဲ ကြည့်နေကြပါက မည်သို့မျှ ညီညွတ်လိမ့်မည်မဟုတ်၊ အေးချမ်းလိမ့်မည် မဟုတ်။

တစ်ခါက ကောသမ္ဗီမြို့မှာ ရဟန်းတော်များသည် အမှုကိစ္စလေး သေးသေးမွှားမွှားလေးကနေ အကျယ်ကျယ်ချဲ့ကာ ရန်ပွဲကြီးဖြစ်ခဲ့ကြသည်။ ထိုရန်ပွဲကြီး မြတ်ဗုဒ္ဓသည်ပင် ဥပေက္ခာပြုရလောက်အောင် ထိဖြစ်ခဲ့သည်၊ မြတ်ဗုဒ္ဓသည် ဆူညံပွက်လောရိုက်နေသော ထိုအရပ်ကို စွန့်ခွါ၍ ဂေါသိင်္ဂဥယျာဉ်ဘက်သို့ ရောက်လာသည်။ ထိုတောအုပ်ကြီးတွင် အရှင်အနုရုဒ္ဓါ၊ အရှင်နန္ဒိယနှင့် အရှင်ကိမိလတို့ သီတင်းသုံးနေကြသည်။ မြတ်ဗုဒ္ဓသည် ပူလောင်သော အရပ်ဆီကနေ အေးချမ်းသော ထိုဥယျာဉ်ကြီးသို့ ရောက်သောအခါ စိတ်ထဲ ကြည်နူးမှုဖြစ်သည်။ ဒီလောက် လှပတဲ့တောအုပ်ကြီးထဲမှာ အေးချမ်းအောင် လှပအောင် ငါ့ရှင်တို့ ဘယ်လို ဘယ်ပုံ သီတင်းသုံးကြသနည်းဟု မြတ်ဗုဒ္ဓ မေးသောအခါ တစ်ပါးစီတစ်ပါးစီ လျှောက်ထားသော တူညီသော စကားမှာ “တပည့်တော်သည် ကိုယ့်ရဲ့ အတ္တစိတ် (ကိုယ်ကျိုးစိတ်)ကို ဘေးဖယ်ထားပြီး ကျန် အရှင်မြတ်နှစ်ပါး၏ စိတ်ဆန္ဒ အတိုင်း နေပါတယ်ဘုရား”ဟုသတည်း။ ဤ၀တ္ထုလေးမှာ ရဟန်းတော် သုံးပါးလုံး၏ ပရဟိတစိတ်ထားကြောင့် တစ်ပါးနှင့်တစ်ပါး ညီညွတ်ကာ ဥယျာဉ်ကြီးတစ်ခုလုံး အေးချမ်းနေသည်၊ လှပလို့နေသည်။ ပရဟိတစိတ်က ညီညွတ်ခြင်းကို ဖြစ်စေနိုင်သည်ဆိုသည်မှာ တကယ်လက်တွေ့ဆန်ပါသည်။ ကျင့်သုံးနိုင်ကြဖို့ပဲ လိုပါသည်။

နိဂုံးချုပ်သော်
“ဒီကနေ့ ပရဟိတ အလုပ်ကို လုပ်နေသူများမှာ ကိုယ့်သန္တာန်မှာ သူတော်ကောင်း စိတ် သဒ္ဓါကို မွေးရပါသည်၊ မစ္ဆရိယစိတ်ကို ဝေးစေရပါသည်၊ ဖယ်ထုတ်ရပါသည်၊ ထိုမှသာလျှင် ပရဟိတ စိတ်ကို မွေးနိုင်ပြီး အလွန်မွန်မြတ်သော ပရဟိတ အလုပ်များကို ညီညီညွတ်ညွတ် လုပ်ဆောင်နိုင်ကြမှာ ဖြစ်ပါကြောင်း ပရဟိတစိတ် ပို့စ် နိဂုံးသပ်ပါသတည်းးးးးးး

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၁-၁၀-၂၀၁၃

25 September 2013

မြန်မာသီရိလင်္ကာ သာသနာတော်ဆက်ဆံရေး သီတဂူဆရာတော်

မြန်မာသီရိလင်္ကာ သာသနာတော်ဆက်ဆံရေး
သီတဂူဆရာတော်
ဒေါက်တာအရှင်ဥာဏိဿရ (Ph.D, D.Litt)
အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်
မြန်မာသီရိလင်္ကာ နှစ်နိုင်ငံတို့၏ ရင်းရင်းနှီးနှီး ဆက်ဆံရေးမှာ နှစ်ပေါင်း (၂၀၀၀) ကြာညောင်းခဲ့ပြီ ဖြစ်သည်။ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန် စံပြီးသည့်နောက် (၂၃၆)ခုနှစ်အကြာ မြန်မာနှင့် သီရိလင်္ကာသို့ ဗုဒ္ဓသာ သာနာသည် တစ်နှစ်တည်းမှာပင် ရောက်ရှိခဲ့ကြသည်။ ဓမ္မာသောကမင်းကြီး၏ သာသနာပြုအဖွဲ့ (mission) (၉)ဖွဲ့တို့တွင် သီရိလင်္ကာသို့ သွားသော သာသနာပြု အဖွဲ့၌ သားတော် မဟိန္ဒနှင့် သမီးတော် သင်္ဃမိတ္တတို့ ခေါင်းဆောင်ခဲ့ကြသည်။ အရှေ့တောင်အာရှ သုဝဏ္ဏဘူမိဒေသသို့ ကြွသော သာသနာပြုအဖွဲ့တွင် အရှင်သောဏနှင့် အရှင်ဥတ္တရမထေရ် နှစ်ပါးတို့ ဦးဆောင်တော်မူခဲ့ကြသည်။ မြန်မာနိုင်ငံတော် အောက်ပိုင်း ပုသိမ်၊ ပဲခူး၊ သထုံ ဒေသတို့ကို ထိုစဉ်က မွန်တို့၏ ရာမညတိုင်းဟု ခေါ်ခဲ့ကြသည်။ ဓမ္မာသောက၏ ကြွရာဒေသကို ခြုံမိ ငုံမိအောင် ပြောရလျှင် မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်း၊ ထိုင်းနိုင်ငံတောင်ပိုင်း အင်ဒိုနီးရှားနိုင်ငံ၏ စူမတြာကျွန်းတစ်ဝိုက် မလေးရှားကျွန်းစုအားလုံးတို့ကို သုဝဏ္ဏဘူမိရွှေနိုင်ငံဟု ဆိုလျှင် ငြင်းခုံဖွယ်ရာမရှိပါ။ အင်ဒိုနီးရှားနှင့် မလေးရှားတို့မှာ အေဒီ (၂)ရာစုလောက်မှာမှ ဘာသာ ပြောင်းလဲသွားကြခြင်းဖြစ်သည်။ အရှင်မောဂ္ဂလိပုတ္တတိဿ မထေရ်၏ စီမံလမ်းညွှန်ချက်အရ ဓမ္မာသောကမင်း လွှတ်လိုက်သော သုဝဏ္ဏဘူမိ သာသနာပြု အဖွဲ့သည် ဘင်္ဂလားပင်လယ်၊ မုတ္တမပင်လယ်သို့ဖြတ်၍ မြန်မာနိုင်ငံ ရာမညဒေသ သထုံမြို့သို့ စတင်ဝင်ရောက် သာသနာပြုကြခြင်းဖြစ်သည်။ မွန်ပြည်နယ်၊ တနင်္သာရီကမ်းမြောင်ဒေသ တစ်လျှောက်ရှိ မွန်မြန်မာတို့သည် သီရိလင်္ကာနှင့်လည်းကောင်း၊ အိန္ဒိယအရှေ့ဘက် ကမ်းရိုးတန်းဒေသ တစ်ခွင်နှင့်လည်းကောင်း ကူးလူးဆက်ဆံမှုရှိခဲ့ကြပြီးဖြစ်သည်။ အိန္ဒိယပြည် အရှေ့တောင်ပိုင်းဒေသ တိလင်္ဂန အရပ် တိလဂူ လူမျိုးတို့ ဘင်္ဂလားပင်လယ်အော်ဖြတ်၍ ဘီလူးကျွန်းဒေသများသို့ ရောက်ရှိလာခဲ့ကြရာ ထိုလူမျိုး တို့ကို (တေလင်္ဂန)မှ တလိုင်းဟု ပြောင်းလဲ ခေါ်ဝေါ်ကြကြောင်း မြန်မာ့သမိုင်းပညာရှင်တို့ ခန့်မှန်းကြသည်။

သာသနာနှစ် (၄၅၀)တွင် သီရိလင်္ကာ၌ စတုတ္ထသင်္ဂါယနာတင်အပြီး ပိဋကတ်သုံးပုံကို ပေရွက်များပေါ်တွင် ရေးခဲ့ကြသည်။ ထိုပေရွက်တွင် သီဟိုဠ်အက္ခရာဖြင့် ရေးထားသော ပိဋကတ်သုံးပုံသည် သုဝဏ္ဏဘူမိ (ရာမည) ဒေသ မွန်ရဟန်းတော်တို့ ၏ စွန့်စားအားထုတ်မှုကြောင့် သထုံသို့ ရောက်နှင့်ခဲ့ပြီး ဖြစ်ပေ လိမ့်မည်။ သာသနာနှစ် (၁၅၀၀)ခန့် တွင် ပုဂံ အနော်ရထာမင်း သည် သထုံ ရာမညဒေသကို သိမ်းပိုက် အောင်မြင်သောအခါ ရာမည၌ ရောက်ရှိနေသော သီဟိုဠ် အက္ခရာ ရေး ပိဋကတ်သည် မြန်မာပြည်အလယ်ပိုင်း ပုဂံသို့ ရောက်ရှိလာခဲ့သည်။ အနော်ရထာမင်း သထုံကို မသိမ်းပိုက်မီကပင် အရှင်သောဏ၊ အရှင်ဥတ္တရတို့၏ အနွယ်ဖွား ပိယဒဿီ (ရှင်အရဟံ) အရှင်သူမြတ်သည် ထေရ၀ါဒသာသနာပြုခရီးအဖြစ် ပုဂံသို့ ကြွချီနှင့်ခဲ့ပြီး ဖြစ်လေသည်။ ထို့ကြောင့် ဘင်္ဂလားနှင့် ချိုင်းနားဘက်မှ ဖြတ်သန်းဝင်ရောက်လာသော မဟာယာန ဗုဒ္ဓဘာသာကို ကိုးကွယ်နေရသော အနော်ရထာသည် ပိယဒဿီအရှင်မြတ်ထံမှ ထေရ၀ါဒဓမ္မကို ကြားနာရသဖြင့် ရာမညတိုင်း မွန်ဘုရင် မနုဟာ ထံမှ ပိဋကတ်ကို ပုဂံသို့ ပင့်ဆောင်လာ ခဲ့ခြင်းဖြစ်လေသည်။ နှစ်ပေါင်း (၁၀၀၀)ခန့်က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီးသော ပိဋကတ်သုံးပုံ ပေစာများကို စတုတ္ထသင်္ဂါယနာတင် သီဟိုဠ်မူများနှင့် တိုက်ဆိုင်လိုသဖြင့် အနော်ရထာမင်းသည် ဥတ္တရဇီဝမထေရ်နှင့် ရဟန်း သာမဏေများကို သီရိလင်္ကာနိုင်ငံသို့ လွှတ်တော်မူခဲ့လေသည်။ ပရက္ကမဗာဟု မင်းသုံးဆက်တို့တွင် ပထမပရက္ကမ ဗာဟုမင်းကြီးသည် အနော်ရထာမင်းကြီးလွှတ် လိုက်သော ဥတ္တရဇီဝမထေရ် ခေါင်းဆောင်သည့် မြန်မာသာသနာပြုသံဃာတော်များအဖွဲ့ကို လေးစားမြတ်နိုးစွာ ကြိုဆိုသည်၊ ဧည့်ခံလုပ်ကျွေးသည်။ ဥတ္တရဇီဝမထေရ် ပုဂံသို့ ပြန်အကြွတွင် ပိဋကတ်သုံးပုံ ပေထုပ်အသစ်တစ်စုံ လှူဒါန်းလိုက်သည်။ သထုံပိဋကတ်နှင့် သီဟိုဠ်ပိဋကတ် များကို ညှိနှိုင်းတိုက်ဆိုင်ကြရာ တစ်သားတည်း တစ်ထပ်တည်း ဖြစ်နေသည်ကို တွေ့ရကြရသည်။ ပုဂံတစ်ပြည်လုံး ကျောင်းတိုက်များ ပိဋကတ်သုံးပုံကို မြန်မာအက္ခရာ ပြောင်းလဲ၍ ပို့ချ သင်ကြား လာခဲ့ကြရာ ယနေ့တိုင်အောင် ဖြစ်သည်။ ဥတ္တရဇီဝမထေရ်၏ နောက်ပါတပည့် ရဟန်းသာမဏေ တို့တွင် ဆပဒသာမဏေကျော်သည် သီဟိုဠ်ကျွန်း အနုရာဓပုရမြို့ မဟာဝိဟာရကျောင်းတိုက်၌ ရဟန်းပြုသည်။ မဟာဝိဟာရကျောင်းတိုက်၌ ပိဋကတ်ကျမ်းဂန်များကို သင်ယူသည်၊ ထို ဆပဒ ရဟန်းတော်သည် သီဟိုဠ်သံဃာလေးပါးနှင့်အတူ ပုဂံပြည်သို့ပြန်လာရာ ပုဂံပြည်၌ သီဟိုဠ်သံဃာဂိုဏ်းကို တည်ထောင်ခဲ့လေသည်။ သီရိလင်္ကာ၊ မြန်မာ နှစ်နိုင်ငံဆက်ဆံရေးမှာ စီးပွားရေး စစ်ရေး နိုင်ငံရေး စသည်ဖြင့် ဆက်ဆံသည့်ဆက်ဆံမှုမျိုးမဟုတ်ဘဲ သာသနာရေး သာသနာမှုနှင့် ရင်းနှီးစွာ ဆက်ဆံသည့် နှစ်နိုင်ငံ ဆက်ဆံရေးဖြစ်သည်။

နရပတိစည်သူမင်းလက်ထက် သီဟိုဠ်ကျွန်းသို့ ချစ်ကြည်ရေးခရီး ကြွရောက်ခဲ့လေသည်။ သီဟိုဠ်ဘုရင် ပရက္ကမဗာဟု မင်းကြီးက ဇကားသား ဘုရားဆင်းတုတော်များ လက်ဆောင်ပေးခဲ့ လေသည်။ သာသနိက ပစ္စည်းများ အပြန်အလှန် လက်ဆောင်ပေးခြင်းဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရေး မှာ တိုးတက်ခဲ့လေသည်။ အင်းဝဘုရင် မိုးညှင်းမင်းတရားလက်ထက် သီဟိုဠ်ကျွန်းမှ သံဃာတော် များ ဓာတ်တော်များကို ပင့်ဆောင်လာရာ၌ မိုးညှင်းမင်းတရားထံ ဆက်သကြရာ မိုးညှင်းမင်းတရား က ထိုဓာတ်တော်များကို ဌာပနာ၍ စစ်ကိုင်းဘက်တွင် စေတီပုထိုး တည်ထားခဲ့ကြသည်။ ထို့အပြင် အင်းဝဘုရင် ရွှေနန်းကြော့ရှင် နရပတိလက်ထက် သီဟိုဠ်မင်းများက ဓာတ်တော်များ ဆက်သကြရာ စစ်ကိုင်းဘက်တွင် စေတီပုထိုးများ တည်ထား ခဲ့ကြသည်။ သီဟိုဠ်ကျွန်း မဟိယင်္ဂဏ အရပ်မှ သံဃာတော်များသည်လည်း ဓာတ်တော်များ ပင့်ဆောင်၍ မြန်မာနိုင်ငံသို့ ကြွတော်မူ ခဲ့ကြရာ မြန်မာမင်းများက ထိုဓာတ်တော်များကို လက်ခံပြီး စစ်ကိုင်းဘက်တွင် စေတီပုထိုးများ တည်ထားခဲ့ကြသည်။ ထို့ကြောင့် ယနေ့ စစ်ကိုင်းဘက်တွင် ရှိသော ထူပါရုံစေတီ၊ မဟိယင်္ဂဏစေတီ (မရှိခဏ)၊ မဟာစေတီ (ဆင်များရှင်)တို့မှာ သီဟိုဠ်မင်းအဆက်ဆက်တို့က သီဟိုဠ်သံဃာတော်များကို မြန်မာမင်းများထံ လွှတ်၍ ဘုရားဓာတ်တော်များ ဓမ္မလက်ဆောင် ပေးရာမှ ဖြစ်ပေါ်လာသော စေတီတော်များ ဖြစ်ကြသည်။ ရာဇမဏိစူဠာဟူသော ကောင်းမှုတော် စေတီတော်ကြီးမှာ သီဟိုဠ်ဘုရင်တို့ ပေးပို့သော ဓာတ်တော်ကြုပ်၏ ပုံစံအတိုင်း တည်ထားခြင်း ဖြစ်သည်။ သီရိလင်္ကာ မင်းအဆက်ဆက်တို့၏ လက်ဆောင်ပဏ္ဏာတို့ကို ဌာပနာသွင်းပြီး သီရိလင်္ကာနိုင်ငံ၏ ဗိသုကာလက်ရာယဉ်ကျေးမှုပုံစံအတိုင်း မြန်မာမင်းအဆက်ဆက်တို့ စစ်ကိုင်းတွင် တည်ထားခဲ့ကြသော ထူပါရုံစေတီ၊ ဆင်များရှင်စေတီ၊ မဟိယင်္ဂဏ ခေါ် မရှိခဏ စေတီ၊ ရာဇမဏိစူဠာ ခေါ် ကောင်းမှုတော်စေတီ အစရှိသည့် စေတီတော်ကြီးတို့မှာ သီရိလင်္ကာ မြန်မာ နှစ်နိုင်ငံသာသနာရေး ချစ်ကြည်ရင်းနှီးမှု၏ အထိမ်းအမှတ် မှတ်တိုင်ကြီးများ ဖြစ်ကြပါသည်။ အေဒီ (၁၆)ရာစုတွင် ထူးခြားသော စစ်ရေးလက်ဆောင် မှတ်တမ်းတစ်ခု ရှိသည်ကို တွေ့ရပေသည်။ ထို (၁၆)ရာစုနှစ် များတွင် သီရိလင်္ကာနိုင်ငံ၌ ဓမ္မပါလအမည်ရှိ ဗုဒ္ဓဘာသာ ဘုရင်ကို တမီးလ်သူပုန်တွေက ၀ိုင်းဝန်းတိုက်ခိုက်ကြသဖြင့် ရာမညဘုရင် ဘုရင့်နောင် မင်းတရားကြီးထံ စစ်ကူတောင်းခဲ့သည့် မှတ်တမ်းရှိခဲ့ဖူးသည်။ ဘုရင့်နောင်မင်းကြီးက ရာမညပြည့်ရှင်ထံသို့ သင်္ဘောငါးစင်းဖြင့် စစ်သား (၇၀၀၀) စစ်ကူပို့၍ ဓမ္မမင်းဘက်က ကူညီတိုက်ခိုက်ပေးခဲ့သည်။ ဘုရင့်နောင်မင်းတရားကြီး လွှတ်လိုက်သော စစ်တပ်တွင် တပ်မှူးကြီး စန္ဒသူရိယနှင့် ရာဇဗညားတို့ ခေါင်းဆောင်၍ မိစ္ဆာဒိဋ္ဌိ မင်းတို့ကို အပြတ်အသတ် ကူညီ နှိမ်နင်းပေးခဲ့သည်။

မိစ္ဆာဒိဋ္ဌိမင်းတို့သည် စစ်ရှုံးသောအခါ လက်နက်ချပြီး ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူခဲ့ကြသည်။ ဤအချက်မှာ သာသနာရေးအတွက် စစ်ရေး အကူပေးခြင်းဖြစ်သည်။ အမရပူရမြို့ နန်းတည် ဘိုးတော်မင်းတရားလက်ထက် သီဟိုဠ်ကျွန်းသာသနာညှိုးမှိန်၍ ဆုတ်ယုတ်ခဲ့သဖြင့် သီဟိုဠ်မှ သံဃာတော်များ အမရပူရမြို့တော်သို့ ရောက်ရှိလာကြပြီး မောင်းထောင်သံဃာ့ရာဇာကို ဥပဇ္ဈာယ်ပြု၍ ရဟန်းခံကြလျက် သီဟိုဠ်ကျွန်းသို့ ပြန်ကြွတော်မူကြရာ အမရပူရမှ ဗမာသံဃာ တော်များစွာသည် လိုက်ပါကြွသွားတော်မူခဲ့ကြသည်။ ထိုအမရပူရသံဃာတော်တို့ သီဟိုဠ်ပြန် ရောက်၍ သိမ်အသစ်သမုတ်ခါ ရဟန်းအသစ် ပြုတော်မူကြသဖြင့် အမရပူရ နိကာယကို သီဟိုဠ် တွင် အေဒီ (၁၇၈၀)ခန့်က စတင်ခဲ့ကြလေသည်။ ဗုဒ္ဓသာသနာနှစ် ၂၀၀၂- ခုနှစ်၊ ခရစ်နှစ် ၁၄၇၆-ခုနှစ်များတွင် ရာမညတိုင်း ဟံသာဝတီမြို့တော် (ပဲခူး)၌ ဓမ္မစေတီမင်း မင်းပြု၏၊ ထိုမင်း မင်းပြုခိုက်တွင် ရာမညတိုင်း၌ ဗုဒ္ဓသာသနာ အထူးညှိုးမှိန်ပျက်စီးလျက်ရှိသည်ဟု မှတ်တမ်းများက ဆိုသည်၊ ထို့ကြောင့် ဓမ္မစေတီမင်းတရားသည် မွန်သံဃာတော် (၂၂)ပါးတို့ကို သီဟိုဠ်ကျွန်းသို့ စေလွှတ်သည်။ ထိုစဉ် သီဟိုဠ်ကျွန်း၌ ဘုဝနေကဗာဟု အမည်ရှိသောမင်း မင်းပြုလေ၏။ ရာမည ရဟန်းတော် (၂၂)ပါးတို့သည် ဘုဝနေကဗာဟုမင်း၏ အထောက်အပံ့တို့ဖြင့် မဟာဝိဟာရ ၀ါသီ ထေရ၀ါဒသံဃာတော်တို့က ကမ္မ၀ါစာရွတ်ဖတ်တော်မူကြ၍ ကလျာဏီမြစ် ရေသိမ်တွင် ရဟန်း အသစ် ပြုတော်မူကြသည်။ ထိုကလျာဏီရာမညရဟန်းတော်တို့ ဟံသာဝတီသို့ ပြန်ရောက်လျှင် သိမ်အသစ် သမုတ်တော်မူကြသည်။ သီဟိုဠ်ကျွန်းကလျာဏီမြစ်မှာ ရဟန်းခံသော ထိုရဟန်းတို့ သမုတ်ခဲ့သည့်သိမ်ကို ကလျာဏီသိမ်ဟု ယနေ့တိုင် ခေါ်ဆိုလေသည်။ ရာမညတိုင်း တစ်ခွင်၌ ကလျာဏီသိမ်ပွားပေါင်း (၃၄၇) လုံးတို့ကို သမုတ်တော်မူခဲ့ကြသည်။ ပဲခူး ကလျာဏီ သိမ်ကြီးမှာ အသစ် အသစ်ဖြစ်ကြကုန်သော ကလျာဏီရဟန်းတော် အပါး (၁၅၆၆၆) ပါး ရှိခဲ့လေ သည်။ ထို့ကြောင့် ထိုကလျာဏီနွယ်ဖွား သံဃာတော်များကို ကလျာဏီနိကာယဟု ခေါ်လိုက ခေါ်ဆိုနိုင်ပေသည်။ သီရိလင်္ကာ ဘုဝနေကဗာဟုမင်းနှင့် မဟာဝိဟာရ၀ါသီ သံဃာတော်တို့၏ ရာမညတိုင်း၌ သာသနာတော်ကို ထောက်ပံ့ပေးခြင်း၏ သမိုင်းမှတ်တိုင်သည် ပဲခူးကလျာဏီ သိမ်ကြီးပင်ဖြစ်သည်။ သီရိလင်္ကာသံဃာတို့သည်လည်း ရာမညတိုင်း ဟံသာဝတီရှိ ကလျာဏီ သိမ်မှာ ရဟန်းပြု၍ သီဟိုဠ်ကျွန်းသို့ ပြန်ကြွတော်မူသည့် အရေအတွက်မှာလည်း မြောက်များစွာ ပင်ဖြစ်သည်။ သို့သော် သီဟိုဠ်ကျွန်း၌ ရာမညနိကာယကို တရားဝင်တည်ထောင်ခြင်း ပြုတော် မမူကြသေးပါ။ သာသနာတော်နှစ်(၂၃၅၀)တွင် သီဟိုဠ်ကျွန်းမှ သံဃာ့ရာဇာ ဂုဏရတန တိဿမထေရ်ခေါင်းဆောင်သော သံဃာတော်ငါးပါးတို့ ဟံသာဝတီ ကလျာဏီသိမ်မှ ရဟန်းသစ်ပြုတော်မူကြသည်။ ရာမညသံဃာ့ရာဇာက ဥပဇ္ဈာယ်ပြု၍ ရဟန်းပြုပေးတော်မူလိုက်ကြ သည်။ ဂုဏရတနတိဿမထေရ်နှင့် သံဃာတော်တို့ သီဟိုဠ်ကျွန်းသို့ ပြန်ရောက်လျှင် ကလျာဏီ ၀ံသနိကာယဟု သီဟိုဠ်ကျွန်း၌ တည်ထောင်ခဲ့သည်ကို မှတ်တမ်းတွင် တွေ့ရသည်။ ထို့နောင် တစ်ကွဲပြီး တစ်ကွဲ သီဟိုဠ်သံဃာတော်များ ပဲခူးကလျာဏီသိမ်မှာ ရဟန်းပြုကြရာ ရဟန်း (၃၅၀)ခန့် ရှိခဲ့လေသည်။ ဤသမိုင်းမှတ်တမ်းကို ရာမညသံဃာ့ရာဇာ ရာဇဂုရု မေဓင်္ကရရေးသား သည့် သာသနသမ္ပတ္တိဒီပနီကျမ်းမှာ အသေးစိတ် ဖော်ပြထားပါသည်။ ထိုသံဃာ့ဂိုဏ်းသည် ရာမညဂိုဏ်းပင်ဖြစ်သော်လည်း ရာမညဂိုဏ်းဟု တရားဝင်မကြေငြာပဲ ကလျာဏီဝံသနိကာယ ဟု ကြေငြာခဲ့ပါသည်။ သာသနာနှစ် (၂၃၉၉)ခုနှစ်တွင် သီရိလင်္ကာနိုင်ငံမှ ပိဋကတ် ကျွမ်းကျင်တတ် မြောက်သော သရဏင်္ကရမထေရ်သည် မန္တလေးမြို့သို့ ရောက်ရှိလာခဲ့သည်။ ထိုစဉ်မန္တလေးမြို့၌ မင်းတုန်းမင်းတရားကြီး နန်းစံလျက်ရှိသည်။ သီဟိုဠ်ရဟန်းတော် သရဏင်္ကရကို မင်းတုန်းဘုရင်ကြီးက ပစ္စည်းလေးပါးထောက်ပံ့၍ ဒုတိယ မောင်းထောင်သာသနာပိုင် ဉေယျဓမ္မာ ဘိဝံသ မထေရ်ကို ဥပဇ္ဈာယ်ပြု၍ မန္တလေးမြို့အနီး ဧရာဝတီ ရေသိမ်တွင် ရဟန်းသစ်ပြုပေးခဲ့ သည်။ မောင်းထောင်သံဃာ့ရာဇာက ထိုသရဏင်္ကရမထေရ်၏ အမည်ကို အမ္ဗဂဟကုရုဝတ္တေ ဣန္ဒာသဘသာမိဝရဉာဏဟု နာမည်သစ် ပေးတော်မူသည်။ သို့သော် ထိုမထေရ်သည် မန္တလေးမှာ မင်းတုန်းမင်းတရားနှင့် မောင်းထောင်သံဃာ့ရာဇာတို့ထံမှာ ရဟန်းခံပြီး ရာမညတိုင်း ဟံသာဝတီ ပဲခူးမြို့သို့ ရောက်သွားပြန်သည်။ ရာမညတိုင်း ပဲခူးမြို့၌ ရာမညသံဃာ့ရာဇာ ရာဇဂုရု မေဓာနန္ဒာကို ဥပဇ္ဈာယ်ပြု၍ ရာမညတိုင်း ကလျာဏီသိမ်၌ ရဟန်းသစ် ထပ်မံ၍ ခံယူခဲ့ပြန်လေ သည်။ မန္တလေးမှာ သံဃာ့ရာဇာထံ ၀င်ပြီး၊ ရာမညတိုင်း ဟံသာဝတီ ပဲခူးမှာ ၀င်ပြီး မြန်မာ့သံဃာ့ ရာဇာနှင့် ရာမညသံဃာ့ရာဇာထံမှာ ရဟန်းပြုခဲ့သော သရဏင်္ကရမထေရ်နှင့် သီဟိုဠ်သံဃာတော် အဖွဲ့သည် သာသနာနှစ် (၂၄၀၆) ခုနှစ်တွင် သီရိလင်္ကာနိုင်ငံသို့ ပြန်ကြွတော်မူကြသည်။

သာသနာနှစ် (၂၄၀၉)ခုနှစ်တွင် သီရိလင်္ကာနိုင်ငံ၌ ရာမညနိကာယကို တည်ထောင်လိုက် ပြီ ဟု တရားဝင်ကြေငြာလိုက်လေသည်။ သီရိလင်္ကာနှင့် မြန်မာ သာသနာရေး ဆက်ဆံမှု မိတ်ရင်း ဆွေရင်း ပီသမှုမှာ ဤမျှလောက် ရိုင်းပင်းမှု အားကောင်းခဲ့လေသည်။ ယနေ့ (၇-၉-၂-၁၃) နေ့မှာ ထိုရာမညဂိုဏ်းတည်ထောင်ခဲ့သည့်သက်တမ်းမှာ နှစ်ပေါင်း (၁၅၀) ပြီးမြောက်ခဲ့လေသည်။
သီဟိုဠ်ကျွန်းရောက် မွန်မြန်မာနွယ်ဖွား ရာမညသံဃာတော်တို့၏ နှစ် (၁၅၀)ပြည့်ပွဲတော် နှင့် တိုက်ဆိုင်၍ သီရိလင်္ကာဗုဒ္ဓဘာသာ လေ့လာရေးအသင်း (SLABS) ကြီးက ဗုဒ္ဓဘာသာ လေ့လာရေး သုတေသန ညီလာခံကြီးကို သုံးရက်တိုင်တိုင် ကျင်းပခဲ့လေသည်။ အိန္ဒိယ၊ သီဟိုဠ်၊ နီပေါ၊ မြန်မာ၊ ကိုရီးယား နိုင်ငံတို့မှ သုတေသန ပညာရှင်ပေါင်း (၁၀၆) တက်ရောက်၍ စာတမ်းပေါင်း (၁၀၂) ဖတ်ကြားခဲ့သည်။ အခမ်းအနားဖွင့်သောနေ့၌ သီတဂူဆရာတော်နှင့် Hon.Jagath Balasuriya, Minister of National Heritage က Keynote Speech သော့ချက် မိန့်ခွန်းများကို မိန့်ကြားခဲ့ကြသည်။ သီတဂူဆရာတော်၏ အတ္ထုပ္ပတ္တိကို Prof.G.A Somaratne က ဖတ်ကြားခဲ့သည်။ ထိုအစည်းအဝေးကြီးတစ်ခုလုံးကို အင်တိုက် အားတိုက်လှုပ်ရှားသူမှာ Colombo တက္ကသိုလ်မှ Prof. Asanga Tilakaratane ဖြစ်သည်။ အလွန်အံ့သြဖွယ်ကောင်းသော Section အခန်းတစ်ခုမှာ ပါဠိဘာသာဖြင့်ရေး၍ ပါဠိဘာသာဖြင့် ဟောပြောဆွေးနွေးသော အခမ်းအနားပင်ဖြစ်သည်။ အခမ်းအနားမှူးဆရာတော်သည် ဖတ်ကြား မည့် စာတမ်းအကြောင်းနှင့် စာတမ်းဖတ်သူများကို ပါဠိဘာသာဖြင့် ကြေငြာသည်။ ပါဠိဘာသာ စာတမ်းငါးခု တင်သွင်းရာတွင် စာတမ်းရှင် သုံးဦးတို့က စာတမ်းကို ရေး၍ ဖတ်ကြားသော်လည်း စာတမ်းရှင် နှစ်ဦးတို့က စာရွက်မပါဘဲ အလွတ်ပြောသွား လေသည်။
( မှတ်ချက်။ ။ ယနေ့ခေတ် သီဟိုဠ်ဘာသာစကား သီဟိုဠ်သူ သီဟိုဠ်သားတို့၏ အမည်နာမများတွင် အများစုမှာ ပါဠိဘာသာစကားများဖြစ်ကြသည်။ )

သီဟိုဠ်နိုင်ငံ၏ အတိတ်သာသနာရေးသမိုင်းကို ပြန်လည်၍ လေ့လာလျှင် ပါဠိစာပေ၏ အခန်းကဏ္ဍမှာ အံ့သြဖွယ်ရာကောင်းလောက်အောင် အထွတ်အထိပ်ရောက်ခဲ့သည်ကို တွေ့ရပေ သည်။ မဟိန္ဒမထေရ် အရိဋ္ဌမထေရ်တို့ နှုတ်ဖြင့် သယ်ဆောင်လာခဲ့သော ပိဋကတ်တော်များကို သာသနာနှစ် (၄၅၀)တွင် သီဟိုဠ်ရဟန်းတော်တို့ ပေပေါ်၌ သံကညစ်ဖြင့် ရေးသားခဲ့ကြလေသည်။ ပေပေါ်မှာ ရေးပြီးသည့်နောက် ပါဠိဘာသာဖြင့် အဋ္ဌကထာကျမ်းကြီးများကို ပြုစုခဲ့ကြလေသည်။ ထို ရှေးဟောင်း အဋ္ဌကထာကြီးများမှာ ကုရုန္ဒီအဋ္ဌကထာ၊ မဟာပစ္စရီ အဋ္ဌကထာ၊ မဟာအဋ္ဌကထာ ဟူ၍ ရှင်မဟာဗုဒ္ဓဃောသက သူ၏အဋ္ဌကထာအသစ်၌ မကြာမကြာ ကိုးကားသည်ကို တွေ့ရ သည်။ ယခုမျက်မှောက်ခေတ်၌ ထိုရှေးဟောင်း မဟာအဋ္ဌကထာကြီးများ၏ အမည်မျှကိုသာ ကြား ရ၍ ကျမ်းရင်းကိုမူ မမြင်ဖူးတော့ချေ၊ သာသနာနှစ် (၈၀၀) ကျော်တွင် ရှင်မဟာဗုဒ္ဓဃောသနှင့် ရှင်ဓမ္မပါလတို့ ပြုစုတော်မူသော အဋ္ဌကထာများမှာ ထိုရှေးဟောင်းအဋ္ဌကထာကျမ်းကြီးတို့၏ အနှစ်ချုပ်မျှသာ ဖြစ်လေသည်။ ထို့ပြင် နိကာယ်ငါးရပ် ဋီကာကျမ်းကြီးများကိုလည်း ရှင်အာနန္ဒာ ရှင်သာရိပုတ္တရာ ရှင်ဓမ္မပါလ အစရှိသော သီဟိုဠ် ပါဠိပညာရှိ ဆရာတော်ကြီးများက သာသနာနှစ် (၉၀၀)ကျော်တွင် ရေးသားတော်မူခဲ့ကြလေခြင်းဖြစ်လေသည်။ ရှင်မဟာဗုဒ္ဓဃောသ၊ ရှင်ဓမ္မပါလ၊ အိန္ဒိယပြည်ဖွား အိန္ဒိယတောင်ပိုင်းသား ပါဠိပညာရှင် နှစ်ပါးတို့ သီဟိုဠ်ကျွန်းသို့ ကူးလာခဲ့ကြရာ သာသနာနှစ် (၉)ရာစုတွင် ဗုဒ္ဓသာသနာမျိုးစေ့ ကြဲချ စိုက်ပျိုးရာလည်း ဖြစ်၊ ပင်စည်နှင့် အသီး အပွင့်တို့ ဝေေ၀ဆာဆာ သီးပွင့်ရာလည်းဖြစ်သော အနုရာဓမင်းနေပြည်တော်၌ အိန္ဒိယဘက်မှ ကူးဝင် လာသော မဟာယာနဂိုဏ်းကွဲအချို့ရောက်နှင့်နေပြီးဖြစ်သည်။

သို့ဖြစ်ခြင်းကြောင့် ရှင်မဟာဗုဒ္ဓဃောသနှင့် ရှင်ဓမ္မပါလတို့သည် သီဟိုဠ်၌ ထေရ၀ါဒ ပိဋကတ်တော်ကို လေ့လာရာ၌ ကျောင်းတိုက်ကို ရွေးချယ်တော်မူခဲ့ကြရလေသည်။ မဟာယာန ဂိုဏ်းတို့၏ သြဇာအာဏာ လွှမ်းမိုးခြင်းအောက်သို့ ရောက်နေခဲ့ကြရသော မဟာဇေတ၀န ကျောင်းတိုက်၌ မဟာအဘယဂိရီ ကျောင်းတိုက်တို့ကို ရှောင်ကွင်း၍ မဟာဝိဟာရ ကျောင်းတိုက်ကို ၀င်ရောက်တော်မူခဲ့ကြလေသည်။ မဟာဝိဟာရကျောင်းတိုက်ကြီး၏ အလယ်ဗဟိုချက်၌ ဒုဋ္ဌဂါမဏိမင်းကြီး၏ မဟာစေတီတော်ကြီး တည်ရှိလေသည်။ ရှင်မဟာဗုဒ္ဓဃောသက မဟာဝိဟာရကျောင်းတိုက်၌ ၀ိသုဒ္ဓိမဂ္ဂကျမ်းကို ရေးလိုက်သောအခါ ဇေတ၀နကျောင်းတိုက်မှ ၀ိမုတ္တိမဂ္ဂကျမ်းကို အပြိုင်ရေးတော်မူလေသည်။ သီဟိုဠ်ကျွန်း သာသနာ့သမိုင်း တစ်လျှောက်လုံး၌ မဟာဝိဟာရကျောင်းတိုက် မထေရ်အဆက်ဆက်တို့၏ အယူဝါဒကို ထေရ၀ါဒဟု မိန့်တော်မူကြသည်။ ယနေ့ အနုရာဓမြို့တော်ဟောင်း၌ မဟာစေတီ၊ ဇေတ၀နစေတီ၊ အဘယဂိရိစေတီတော်တို့ကို လှည့်လည်ဖူးမြှော်သောအခါ ကျောင်းတိုက်ကြီး သုံးခုတို့၏ နယ်မြေချင်း စပ်လျက် တည်ရှိနေပုံတို့ကို ကြည့်သောအခါ မန္တလေးမြို့ တောင်ပြင်က အသောကာရာမတိုက်၊ ဘုရားကြီးတိုက်၊ ထီးလင်းတိုက်၊ မြင်းဝန်တိုက်များကဲ့သို့ နီးနီးစပ်စပ် တည်ရှိနေဟန်ကို တွေ့ရပေသည်။ ပါဠိဘာသာဖြင့် အဋ္ဌကထာ ဋီကာကျမ်းကြီးတို့ကို ပြုစုတော်မူခဲ့ ကြကုန်သော ထိုရှေ့ဆောင် သီဟိုဠ်ထေရ်အရှင်မြတ်ကြီးတို့၏ စာသံ၊ ပေသံတို့သည်လည်း ထိုစဉ်က ဘ၀ဂ်တိုင်အောင် ဆူညံခဲ့ကြဟန် ရှိသော်လည်း ယနေ့မြင်တွေ့ရသော အနေအထားမှာ သစ်တောအုပ်ကြီးတို့၏ အကြားအကြားဝယ် ပြန့်ကျဲ၍ နေသော ကျောင်းတိုက်ကြီးတို့၏ အုတ်ကျောက် အတုံးအရုံးများ နှစ်ပေါင်း (၂၅၀၀) နီးပါးခန့်က သဘာဝဘေးဒဏ် စစ်ဘေး စစ်ဒဏ်တို့ကို ကြံ့ကြံ့ကြီး သည်းခံတော်မူ၍ သီတင်းသုံးတော်မူ ကြကုန်သော စေတီတော်ကြီးတို့ကို ဖူးမျှော်ရင်းဖူးမျှော်ရင်း အထူးပင်ကျေးဇူးကြီးမားတော်မူ ကြသည့် သာသနာ့သမိုင်းဝင် ကျေးဇူးရှင် ဆရာတော်ကြီးများကို လွမ်းဆွတ်ဦးညွတ်ခယတသ မိပါသည်။

သီရိလင်္ကာနိုင်ငံ အနုရာဓပုရမြို့၊ ပေါလာနရုဝမြို့ တစ်ခွင်လှည့်လည်သော သီတဂူ သုတေသနခရီးမှာ မြတ်စွာဘုရား၏ အသမ္ဘိန္န ဓာတ်တော် (၇)ပါးတွင် တစ်ပါး အပါအ၀င်ဖြစ်သော ညှပ်ရိုးတော်ဓာတ် နှစ်ဆူ ကိန်းဝပ်ရာ ထူပါရာမစေတီတော် (ထူပါရုံ) ကို ဖူးမြင် ဦးတင်ရသည့်အခါ အင်းဝဘုရင် နရပတိမင်း၏ ထူပါရုံစေတီတော်ကြီးကို အနုရာဓထူပါရုံအတိုင်းပင် ထူပါရုံ၏ မူရင်းအတိုင်းဖြစ်အောင် ပြင်ဆင်မည်ဟု စိတ်ညွတ်မိလေသည်။ မြတ်စွာဘုရားကြွရောက်၍ သီတင်းသုံးတော် မူခဲ့ရာ မဟိယင်္ဂဏသို့ ရောက်သောအခါမှာလည်း စစ်ကိုင်းက မဟိယင်္ဂဏကို သီဟိုဠ်ကျွန်း မူရင်းမဟိယင်္ဂဏနှင့် ထပ်တူဖြစ်အောင် တည်ဆောက်ခဲ့ကြလျှင် ကောင်းမည်ဟု စဉ်း စားခဲ့လေသည်။ မြတ်စွာဘုရား သိဟိုဋ္ဌ်ကျွန်းသို့ကြွစဉ် ဆွမ်းဘုန်းပြီး ကလျာဏီမြစ်မှာ ရေသုံးသပ်တော်မူ၍ မုတိယင်္ဂဏာ အရပ်မှာ သမာပါတ်ဝင်စားကာ နေ့သန့်တော်မူသည်။ ထိုမုတိယင်္ဂကာ စေတီတော်ကို ဖူးရသည်မှာ ဖူးမ၀နိုင်အောင် ရှိလေသည်။ ပဲခူး ကလျာဏီမြစ်အနားက ကလျာဏီစေတီတော်ကို ဖူးမြင်ရသော်လည်း ပဲခူး ကလျာဏီသိမ်အနီးမှာ အဘယ့်ကြောင့် ကလျာဏီစေတီမရှိရသနည်း ဟု စဉ်းစားဖြစ်လေသည်။

သီဟိုဠ်ကျွန်းတောင်ပိုင်း တိဿမဟာဂါမသို့ ရောက်သွားသောအခါ တိဿမဟာရာမ စေတီတော်ကြီးကို ဦးတင်ရန် ဖူးမြင်ပါသည်။ စေတီတော်ကြီးမှာ တောင့်တောင့်ခိုင်ခိုင်ကြီး ဖြစ်သည်။ ကောင်းမှုတော်ကြီးပမာဏရှိပါသည်၊ ကောင်းမှုတော်ကြီးနှင့်မတူ ထူးခြားသည်မှာ ရေပူပေါင်းပုံရှိသော ထူပါပေါ်၌ လေးထောင့်တိုက် ဟမ္မိက (စတုဂဗ္ဘ) ကို တည်ဆောက်ပြီး ထိုဟမ္မိကခေါ် ဓာတ်တော်တိုက်အပေါ်၌ ကျောက်ထီး တစ်ဆယ့် သုံးချက်ကို ထိစပ်အောင် ထပ်လျက် တင်လှူပူဇော်ထားသည်။ အပေါ်၌ ထီးအထွတ်ကဲ့သို့သော အထွတ်တစ်ခု တင်ထားသည်။ စေတီတော်ကြီးကို ဘုရင်ဂ၀ံတိဿ မင်းတည်ထားသည်ဟု သမိုင်းရေးထိုး ထားသည်။
မှတ်သားဖွယ်အထူးမှာ မြတ်စွာဘုရား၏ အသမ္ဘိန္နဓာတ်တော် နဖူးသင်းကျစ်ရိုးကို ဌာပနာသွင်း၍ ပူဇော်ထားသည်ဟု ဆိုလိုလေသည်။ မြတ်စွာဘုရားပရိနိဗ္ဗာန်စံခန်းကို ဖွင့်ဆို ရေးသားထားသော သုတ်မဟာဝါ အဋ္ဌကထာ ဋီကာတို့နှင့် စွယ်တော်လေးဆူတို့၏ ကြွရာကိုသာ ဖော်ပြထားပြီး နဖူးသင်းကျစ်အရိုးတို့၏ ကြွတော်မူရာကို ဖေါ်ပြထားခြင်း မရှိချေ။ ဤနဖူးသင်းကျစ် ဓာတ်တော်တို့ ဤတိဿမဟာရာမသို့ မည်သို့ မည်ပုံ ရောက်လာပါသနည်း ဟု စဉ်းစားရင်း သုတေသနပြုခြင်းလုပ်ငန်း၏ လိုအပ်ပုံနှင့် အဖိုးတန်ပုံကို တွေးတောမိလေသည်။
ဤတစ်ခေါက် သီဟိုဠ်ကျွန်း၌ ကျင်းပခဲ့သည့် ဗုဒ္ဓကျမ်းစာ သုတေသနစာတမ်းဖတ်ပွဲသို့ အရှင်ပညာသီဟာ လင်္ကာရ Ph.D,ဓမ္မာစရိယ၊ အရှင်ဓမ္မိက M.A, ဓမ္မာစရိယ၊ အရှင်ဝိသုတ M.A ဓမ္မာစရိယ၊ သီတဂူ မောင်ကျော်ဆန်းဝင်း (ဓာတ်ပုံမှတ်တမ်း)၊ သီတဂူ မောင်ထိန်လင်းဦး (ဗွီဒီယိုကင်မရာမှတ်တမ်း) (၉)ရက်ခရီးကို လာရောက်ကြခြင်းဖြစ်ပါသည်။
(၀၇-၀၉-၂၀၁၃) ညနေပိုင်း (၇)နာရီအချိန်၌ Napana Pemanand Mahathero ရာမညဂိုဏ်းချုပ် မဟာနာယက သံဃရာဇာက သီတဂူဆရာတော်အား သမ္မုဒ္ဓသာသန ကိတ္တိသိရီပါဝစန ၀ိသာရဒ ဘွဲ့တံဆိပ်ကို အခမ်းအနားဖြင့် ချီးမြှင့်တော်မူသည်။

သီတဂူဆရာတော်အား ဂုဏ်ပြုသည့် အခမ်းအနားကို သီဟိုဠ်ဆရာတော် (၅)ပါးနှင့် ၀န်ကြီးတစ်ပါးတို့က မိန့်ခွန်းပြောကြားတော်မူခဲ့ကြသည်။ သီတဂူဆရာတော်က သင်္ကန်းခြောက်စုံ၊ ဘုရားသုံးဆူ ရွှေပြည်တန် သင်္ကန်း (၂၀) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်စာအုပ် တစ်စုံတို့ကို ပေးအပ် လှူဒါန်းခဲ့ကြသည်။ သီရိလင်္ကာနှင့် မြန်မာ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုမှာ စစ်ရေး၊ စီးပွားရေး၊ လူမှုရေးမျိုးမဟုတ်၊ ဗုဒ္ဓသာသနာ၊ ဗုဒ္ဓဓမ္မနှင့် ပတ်သက်၍ နှစ်ပေါင်း (၂၀၀၀)နီးပါးက နှစ်နိုင်ငံ အပြန်အလှန် အားပေးကူညီစောင့်ရှောက်ခဲ့သော ချစ်ခင်ရင်းနှီးမှု Dhamma Friendship ဖြစ်ပါသည်။
နေနှင့်လတို့ ဤကမ္ဘာမှာ တည်ရှိသမျှကာလပတ်လုံး သီရိလင်္ကာ မြန်မာ ဆက်ဆံရေး ဖြစ်ထွန်းတည်ရှိပါစေဟု ဆုတောင်းပါသည်။

သူတော်ကောင်းတရား နေရာတိုင်းမှာ ထွန်းကားပါစေ။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၄-၉-၂၀၁၃

01 August 2013

“မေတ္တာနှလုံးသားမှ မေတ္တာနှလုံးသား”သို့

“Heart to Heart” “မေတ္တာနှလုံးသားမှ မေတ္တာနှလုံးသား”သို့

မြစ်တို့သည် မြင့်ရာမြင့်ရာအရပ်မှ နိမ့်ရာနိမ့်ရာသို့ စီးသွားကြမြဲဖြစ်ကြကုန်၏။ ကျွန်ုပ်တို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် အီကွေတာစက်ဝိုင်း၏ မြောက်ဖက်၌ရှိသောကြောင့် ကမ္ဘာ့မြောက်ခြမ်း၌ တည်ရှိပေသည်။ သို့သော် အိန္ဒိယပြည်နှင့်တရုတ်ပြည်ကြီးတို့၏ အစိတ်အပိုင်းအချို့သည် မြန်မာနိုင်ငံမြောက်ဖက်စွန်းဒေသကို အရှေ့အနောက် နှစ်ဖက်ညှပ်၍ ဆက်စပ် ဝိုင်းပတ်ထားကြသည်။ သို့ဖြစ်ခြင်းကြောင့် အိန္ဒိယပြည် အရှေ့မြောက်ဒေသ၊ တရုတ်ပြည် အနောက်တောင်ဒေသ အစိတ်အပိုင်း အသီးသီး၌ စီးသွားကြကုန်သော မြစ်အားလုံးတို့သည် မြန်မာနိုင်ငံ မြောက်ပိုင်း၊ အနောက်ပိုင်း၊ အရှေ့မြောက်ပိုင်းဒေသတို့မှ မြန်မာနိုင်ငံအတွင်းသို တောတောင် လျှိုမြောင် အသီးသီးတို့မှ တိုးလျှိုး စိမ့်ဝင် စီးဆင်းလာကြကုန်၏။
 
ဒုဋ္ဌဝတီမြစ်၊ သံလွင်မြစ်တို့သည် တရုတ်ပြည် အရှေ့ပိုင်းနှင့် မြောက်ပိုင်းတို့မှ စီးဝင်လာကြလျှက် ရှမ်းကုန်းပြင်မြင့် တစ်ခွင်ကို ဖြတ်သန်းကာ ဧရာဝတီသို့ ဝင်ရောက်ပူးပေါင်းကြကုန်၏။ မေခမြစ်သည်လည်း တရုတ်ပြည် အနောက်တောင်ပိုင်းမှ ရှမ်းနှင့် ကချင်နယ်မြေတို့ကို တိုးလျှိုး စီးဝင်ကာ ဧရာဝတီသို့ ဝင်ရောက်ကြကုန်၏။ မလိခမြစ်သည်လည်း တရုတ်ပြည်အနောက်တောင် တိဘက်နှင့် အိန္ဒိယပြည်အရှေ့မြောက် အာသံနယ်များကို ဖြတ်သန်း၍ မြင့်မောက်သည့် ကချင်တောင်တန်းကြီးများ အကြားမှ စီးဝင်ကာ ဧရာဝတီသို့ပင် ပူးပေါင်းစီးဝင်ကြသည်။

တရုတ်ပြည်၏ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ကြီးတစ်ခုလုံးနီးပါးက မြစ်ငယ်၊ ချောင်းငယ် အားလုံးတို့သည် ရွှေလီမြစ်သို့ စီးဝင်ကြကုန်လျှက် ထိုရွှေလီ မြစ်သည်လည်း ယူနန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် နယ်စပ်များကို ကွေ့လျှက် လိမ်လျှက် မြွေကြီးကောင်ရှည်ကဲ့သို့ တလွန့်လွန့် တလူးတလူး မြန်မာမြေသို့ စီးဝင်ကာ ကချင်ပြည်နယ် ဗန်းမော်မြို့အောက်နား မိုးတားမြို့အနီး၌ ဧရာဝတီသို့ စီးဝင်ပူးပေါင်းခဲ့လေသည်။ ယူနန်နယ်က တာပန်ဆိုသော မြစ်ငယ် တစင်းသည်လည်း မြန်မာပြည်တွင်းသို့ စီးဝင်ကာ ဗန်းမော်မြို့ အထက်နား၌ ဧရာဝတီသို့ပင် ပူးပေါင်းဝင်ရောက်ခဲ့လေသည်။

“ဗမာ”ဟူသည်
ရှေးဟောင်းသမိုင်းဆရာများ ရေးသားခဲ့ကြသည့် သမိုင်းအချက်အလက်အချို့ကို မှတ်သားမိသည်မှာ “ဗမာ”ဟူသည် တိဘက်တိုဘားမင်း (Tibeto-burman) မျိုးနွယ်မှ ဆင်းသက်လာသည်။ မွန်ခမာတို့သည် သံလွင်မြစ်ကြောင်းမှ ဝင်ရောက်လာသည်။ ရှမ်း ပလောင်တို့သည် ယူနန်နယ်မှ ဝင်ရောက်လာကြသည်ဟု ရေးသားကြသည်ကို ကြားဖူးဖတ်ဖူးပါသည်။

နယ်စပ်နယ်ခြားရှိ တောင်ကြား, တောင်ကြားလမ်းများနှင့် မြစ်ရေစီးကြောင်းများသည် တနယ်မှာရှိသော လူမျိုးစုများသည် အခြားနယ်မှာ ရှိသော လူမျိုးစုများနှင့် ကူးလူးရောယှက်ရန် လမ်းကြောင်းများ ဖြစ်ခဲ့ကြလေသည်။ ယူနန်ပြည်နယ်တစ်ခွင်၌ အခြေကျကျကြာမြင့်စွာ နေလာကြကုန်သော လူမျိုးတို့၏ လူနေမှုစနစ်, ဓလေ့ထုံးစံ, စရိုက်, ပြောဆိုသည့်ဘာသာစကား, ၀တ်စားဆင်ယင်မှု ဓလေ့ထုံးစံအများစုသည် ရှမ်းပြည်နယ်အရှေ့ပိုင်း, မြောက်ပိုင်းက ရှမ်း, ပလောင်မျိုးနွယ်များ, ကချင်ပြည်နယ်က ဂျိန်းဖောမျိုးနွယ်များနှင့် အများဆုံးရောယှက် တူညီနေသည်ကို တွေ့ရပေမည်။ မန္တလေး၊ ရန်ကုန်၊ ပုသိမ်၊ မော်လမြိုင်စသည့်မြို့များတစ်ခွင်သို့ ယူနန်တရုတ်တို့ ကာလကြာမြင့်စွာက စိမ့်ဝင်ရောနှော မြန်မာမှုပြုပြီး နေခဲ့ကြသည်ကို မေခ မလိခ, ရွှေလီစသည့်တရုတ်မြစ်တို့က ရေတို့သည် ဧရာဝတီမှာ ပေါင်းသကဲ့သို့ ဖြစ်ပေသည်ဟု စဉ်းစားမိပေသည်။
(နမ်းခမ်း သီတဂူစက္ခုဒါနဆေးရုံ)

 ဧရာဝတီမှ ရွှေလီသို့ အဆန်
မြန်မာနယ်စပ် ရွှေလီမြစ်အနီးက ရွှေလီမြို့သို့ ဓမ္မဒူတခရီးအဖြစ် နှစ်ခေါက်သုံးခေါက် ရောက်ခဲ့ရာ မန္တလေးက တရုတ်တန်း၊ ရန်ကုန်မြို့က လသာလမ်းတို့မှာ တရုတ်လူမျိုးတွေ ရောင်းဝယ် ဖောက်ကား စီးပွားရှာနေကြသလိုပင် မြန်မာပြည်အနှံ့က မြန်မာတို့သည်လည်း ရွှေလီမြို့မှာ မြန်မာရပ်ကွက်၊ မြန်မာလမ်း၊ မြန်မာဆိုင်းဘုတ်နှင့် ဆိုင်တွေ ဖွင့်၍ ရောင်ဝယ်ဖောက်ကား နေကြသည်ကို မြင်ရပြန်လေသည်။ ထိုသို့ဆိုလျှင် ရွှေလီမှ ဧရာဝတီသို့ ဟူသောစကားကို ဧရာဝတီမှ ရွှေလီသို့ဟု အဆန်စကား ပြောကြားရပေမည်။

အံ့ဖွယ် ရှမ်းတို့၏စိတ်ဓာတ်
အင်္ဂလိပ်ကိုလိုနီခေတ်က ဗုဒ္ဓဘာသာမစ်ရှင်တို့ အရောက်အပေါက်မရှိခဲ့ကြသည့် တောကြား၊ တောင်ကြား၊ နယ်ခြားဒေသများသို့ ခရစ်ယာန်သာသနာပြုမစ်ရှင်များ နေရာအနှံ့ရောက်ခဲ့ကြသည်။ အမေရိက, ဥရောပမှ လာကြကုန်သော ခရစ်ယာန်မစ်ရှင်တို့၏ စွန့်စားခြင်း၊ စွန့်လွှတ်ခြင်း၊ စူးစမ်းခြင်းနှင့် ဇွဲသတ္တိတို့မှာ အံ့ချီးဖွယ်ကောင်းပါသည်။ မိမိငယ်စဉ်က (အသက် ၂၅-နှစ်) နမ့်ခမ်းမြို့သို့ အလည်အပတ် တစ်ခေါက် ရောက်ခဲ့သည်။ ယနေ့အထိ နမ့်ခမ်းသို့ ဆယ်ခေါက်ထက်မနည်း ရောက်ခဲ့ပြီးဖြစ်သည်။ လွန်ခဲ့သောနှစ် - ၅၀ ခန့်က နမ့်ခမ်းမြို့နှင့် ယနေ့နမ့်ခမ်းမြို့တို့ မှတ်သားမိသလောက် နှိုင်းယှဉ်ကြည့်မိရာ လူနေမှုစနစ်, ယဉ်ကျေးမှုဓလေ့ထုံးစံ, ဘာသာရေး, လူမျိုးရေးအလွန်ကြီး ကွာခြားမှုမရှိ၊ ပကတိမူလအတိုင်းလောက်နီးနီးပင် တည်ရှိနေသည်ကို တွေ့ရသည်မှာ အံ့သြဖွယ်ဖြစ်သည်။

မိုင်-၂၀ သာသာကလေးမျှသာဝေးသော နယ်ခြားဝင်ပေါက်ထွက်ပေါက်မြို့ မူဆယ်မှာ ထူးထူးခြားခြား ပြောင်းလဲတိုးတက်မှုတွေကြောင့် ရှမ်းဗုဒ္ဓဘာသာတို့၏ မူရင်းအနှစ်သာရအပေါ်မှာ ယဉ်ကျေးမှု စရိုက်မျိုးစုံတို့ ၀ိုင်းအုံလွှမ်းခြုံနေသည့်အဖြစ်ကို မူဆယ်ရှမ်းတို့ ကြံ့ကြံ့ခံခုခံနေရပေသည်။ နမ့်ခမ်းမှာမူ မူရင်းရှမ်းဗုဒ္ဓဘာသာတို့၏ ယဉ်ကျေးမှု, လူမှုရေး, ဘာသာရေးအနှစ်သာရတို့ကို မပျောက်ပျက်စေဘဲ မူရင်းဘာသာရေး, ယဉ်ကျေးမှု အနှစ်သာရအပေါ်၌ ခေတ်ဆန်သော ခေတ်မှီသော လူနေမှုစနစ်နှင့်စရိုက်တို့ လွှမ်းမိုးခြင်းမခံရအောင် ကြံ့ကြံ့ခိုင်ခိုင် ခုခံနိုင်ကြသည့် နမ့်ခမ်း ရှမ်းတို့၏စိတ်ဓာတ်ကို အံ့ဩချီးကျူးမိပေသည်။
(ပထမဆုံးပေါ်ပေါက်လာသော သီတဂူအာယုဒါနဆေးရုံ-စစ်ကိုင်း)

သီတဂူဆေးရုံများ၏ မျိုးစေ့
စာသင်သားဘ၀ နမ့်ခမ်းမြို့ကို ရောက်တုန်းက ဘက်ပတစ် ဘုန်းတော်ကြီး ဒေါက်တာ ဆီးဂရေး၏ တောင်ကုန်းကလေးပေါ်က ဆေးရုံကြီးကိုကြည့်ပြီး အားကျမိခဲ့ပေသည်။ သူ၏ဆေးရုံမှာ သံဃာတော်များ၊ သီလရှင်များ ဆေးကုသမှုခံယူနေကြသည်ကို မြင်ခဲ့၍လည်း “ငါ့အချိန်ရောက်လာလျှင် ငါဆေးရုံဆောက်တော့မည်” ဟူသော ဆေးရုံမျိုးစေ့ကို စတင်ရယူခဲ့မိလေသည်။ ဆီးဂရေးဆေးရုံပေါ်က မြောက်ဘက်သို့ကြည့်လျှင် မိုးကာလဖြစ်လို့ ရှမ်းတို့စိုက်ပျိုးထားသော လယ်ကွင်းများမှာ စိမ်းညို့ညို့ရှိပေသည်။ ကောက်ပင်လေးတွေ အတော်ရင့်ကုန်၍ မြင့်နေပြီဖြစ်လို့ လေများတိုက်လိုက်တိုင်း အစိမ်းရောင်လှိုင်းတံပိုးကို တအိအိမြင်ရသည်။ ရွှေလီမြစ်ပေါ်က ဖြတ်တိုက်လာသော လေသည် အေးမြမြရှိပေသည်။ ရွှေလီသည် ယူနန်ကိုကျော်၍ ရှမ်းမြေထဲသို့ တိုးဝင်လာသည်။ ဧရာဝတီမှာ ပေါင်းသွားသည်။ သို့သော် ယနေ့ ဧရာဝတီသည် ရွှေလီသို့ဆန်လာခဲ့ပြီ။ နမ့်ခမ်းမြို့ ဇေယျသုခပရဟိတကျောင်းတိုက် ရှမ်းလူမျိုး ဆရာတော် ဦးဝိနယစာရ နှင့် သီတဂူဆရာတော်တို့ ရွှေလီမြစ်အနီးမှာ ဆုံမိကြရာ နမ့်ခမ်းမှာ သီတဂူစက္ခုဒါနဆေးရုံ ပေါ်ပေါက်လာခဲ့ပေပြီ။ စက္ခုဒါနဆေးရုံတော်ကို ဇေယျသုခပရဟိတကျောင်းထဲမှာ တည်ဆောက်ခဲ့သည်။ ဆေးရုံအဆောက်အဦးဆောက်လုပ်ခြင်း ကိစ္စတို့ကို နမ့်ခမ်းက ရှမ်းအားလုံးတို့ တာဝန်ယူလှူဒါန်းခဲ့ကြသည်။ ကျပ်သိန်း ၃၀၀၀ ကျော်ဖိုးခန့်ရှိမည်။ ဆရာဝန်သုံး ပစ္စည်းအားလုံးတို့ကို သီတဂူတော်ဝင် ဦးကိုကိုထွေး မိသားစုက လှူဒါန်းကြသည်။ သိန်း ၁၂၀၀ ခန့် တန်ဖိုးရှိမည်။ ဂိလာနအသုံးအဆောင်ပစ္စည်း အားလုံးတို့ကို သီတဂူဆရာတော်က လှူဒါန်းသည်။ သိန်း ၁၀၀၀ ခန့် တန်ဖိုးရှိသည်။ မေခ, မလိခ, ရွှေလီမြစ်အားလုံးတို့ ဧရာဝတီမှာ ပေါင်းကြသလို သီတဂူနှင့် တော်ဝင်ပြည်သူအားလုံးတို့၏ စက္ခုဒါနသည် ကြည်ကြည်ဖြူဖြူ ရွှေလီမှာပေါင်းခဲ့ကြပါပြီ။

ဒေါက်တာဆီးဂရေး အသက်ရှင်လျှက်ရှိနေသေးလျှင် ပြလိုက်ချင်ပါသည်။ ဆေးရုံတော်ကို ၁၄-၁၁-၂၀၁၂ နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။ စမ်းသပ်စစ်ဆေးခံ လာရောက်သူပေါင်း၂၅၀၀- ယောက်ရှိသည်။ ခွဲစိပ်ကုသမှုခံယူပြီး မြင်ရသူပေါင်း ၃၇၅-ရောက် ရှိပါသည်။ ယခုနှစ် ၂၄-၇-၂၀၁၃ နေ့က သီတဂူမျက်စိ အထူးကုအဖွဲ့ ဒုတိယအကြိမ် သွားရောက်ခဲ့ကြသည်။ ၅- ရက်ကြာ ခွဲစိပ်ကုသခဲ့ကြသည်။ လာရောက်စမ်းသပ်ခံယူသူပေါင်း ၁၀၀၀-ကျော်ရှိသည်။ မျက်စိအလင်းရသူပေါင်း ၁၅ဝ- ယောက်ရှိသည်။ နမ့်ခမ်းဟူသော ရွှေမြစ် မြို့လေးသည် ရိုးရိုး ငြိမ်ငြိမ် အေးအေး ချမ်ချမ်း ရှိသည်။ ချစ်စဖွယ်ကောင်းသည်။ မြောက်ဘက်လက်တစ်ကမ်းမှာ တရုတ်ပြည်ရှိသည်။ အနောက်ဘက် ခြေတစ်လှမ်းမှာ ကချင်ပြည်နယ်ရှိသည်။ နမ့်ခမ်းရှမ်းတို့သည် မြန်မာ့ယဉ်ကျေးမှု စရိုက်တို့ကို ကောင်းကောင်းကြီး စောင့်ရှောက်ထားနိုင်ခဲ့ကြသည်။

ဇေယျာပြည် ဧရာဝတီမှ ရွှေလီသို့
သီတဂူ မျက်စိအထူးကု ဆေးရုံသို့ ယူနန်က တရုတ်တို့လည်း လာရောက် မျက်စိခွဲစိပ်ကုသမှု ခံယူသွားခဲ့ကြသည်။ အားလုံးကို ကုသိုလ်ဖြစ် အခမဲ့ ခွဲစိပ်ကုသပေးလိုက်ကြသည်။ ကချင်ဒုက္ခသည် စခန်းများမှ ဒုက္ခသည်များကိုလည်း ဒေါက်တာဆီးဂရေး၏ တပည့် အစဉ်အဆက် ဘရားသာ, ဖားသာ, ဘစ်ရှော့ဘုန်းတော်ကြီးများက ၅ဝ-တစ်စု ၁ဝဝ-တစ်စု ခေါ်လာ ခေါ်လာ ကြသည်။ ဇေယျသုခ ပရဟိတ ဆရာတော်က ကျောင်းမှာ အိပ်ယာ နေရာ ပေးသည်။ ထမင်းကျွေးသည်။ သီတဂူက ကြည်ကြည် ဖြူဖြူ မျက်စိကုသပေးပါသည်။ ယ္ခုနှစ် ကချင် ခရစ်ယာန် ညီအကို မောင်နှမ ပေါင်း ၁၆ဝ- ယောက်တို့ လာရောက်ကြရာ ၁၂- ယောက်တို့ကို မျက်စိခွဲစိပ် ကုသပေးလိုက်ပါသည်။

အချို့သော မျက်စိ ဝေဒနာရှင်များမှာ ကချင်လွတ်မြောက်ရေး စစ်ပြန်များ ဖြစ်ကြပါသည်။ သူတို့လည်း ဘုန်းကြီးကျောင်းမှာ ပျော်ပျော် ပါးပါး အိပ်အိပ် စားစား နေသွားကြသည်။ ကချင်စစ်ပြန်ကြီး တစ်ယောက် ဝတ်ထားသော အင်္ကျီ၏ ရင်ဘတ်ကတံဆိပ်ကို အမှတ်မထင် သတိပြုမိသည်။ ဆက်လက်၍ စူးစူး စိုက်စိုက် ကြည့်မိပါသည်။ ရေးထားသည်မှာ “Heart to Heart” “နှလုံးသားမှ နှလုံးသားသို့” ဟု ရေးထားသည်ကို ကျေနပ်စွာ တွေ့လိုက်ရသည်။ ပို၍ ချစ်စဖွယ်ကောင်းသော စာတမ်းတစ်ခုမှာ “တရားမျှတမှ ထာဝရငြိမ်းချမ်းရေး ရမည်” ဟူ၍ ဖြစ်ပါသည်။

ထိုသို့ဆိုလျှင် ဤစာတမ်း၏ ခေါင်းစဉ်ကို “ဇေယျာပြည် ဧရာဝတီမှ ရွှေလီသို့“ ဟု ပြင်လိုက်ချင်ပါသည်။ မေတ္တာဟူသည် ရေနှင့်တူသည်။ ရေသည် သောက်သုံးသူတို့၏ နှလုံးကို အေးချမ်းစေသည်။ ချိုးသုံးသူတို့၏ ကိုယ်ကို သန့်ရှင်း ရွှင်လန်းစေသည်။ ရွှေလီက လူတွေရော ဧရာဝတီက လူတွေပါ အားလုံး မေတ္တာလွှမ်းခြုံ၍ သန့်ရှင်းသော စိတ်ဓာတ်, ရွှင်လန်းသော စိတ်ဓာတ်, အေးချမ်းသောစိတ်ဓာတ်တို့ဖြင့် ဘဝခရီးကို ရွှေလီနှင့် ဧရာဝတီကဲ့သို့ ငြိမ်းချမ်းစွာ လျှောက်လှမ်းနိုင်ကြပါစေကုန်သတည်းဟု ဆုတောင်းပါသည်။

Heart to Heart” “မေတ္တာနှလုံးသားမှ မေတ္တာနှလုံးသားသို့
ဇူလိုင် ၂၇- ရက်နေ့လည်ခင်းမှာ ဖားသားတို့ ဘရားသားတို့နှင့်တကွ လွယ်ကျယ်မှ ရောက်လာကြသော ကချင်လူမျိုး ၁၂ဝ- တို့ အထုပ်ကိုယ်စီ ပိုက်၍ သီတဂူစက္ခုဒါန ဆေးရုံတော်မှ ရွှေလီမြစ်ကို ဖြတ်၍ နေရပ်သို့ ပြန်သွားကြရာ မိမိသည် နောက်ကျောမှ ကြည့်ရင်း တဒုံးဒုံး နှင့် ဒုန်းစိုင်း မောင်းနှင်သွားကြသည့် သူတို့၏ ထော်လာဂျီ အိပ်ဇောသံများသည် မိမိနားကို ဖောက်ထွင်းခြင်းငှာ မစွမ်းနိုင်ကြ၊ စူးစိုက်၍ စဉ်းစားနေမိသည်ကား ရွှေလီနှင့် ဧရာဝတီစသည့် မြစ်တို့သည် အမည်နာမ မျှသာ ကွာပြားကြကုန်၏။ အမည်နာမကို လွန်မြောက် အတွင်းပေါက်အောင် ကြည့်လိုက်လျှင် မြစ်အားလုံးတို့မှာ ရေတစ်ခုတည်းသာရှိုပေသည်။ တကယ်တော့ ဧရာဝတီဟူသော အမည်နာမနှင့် ရွှေလီဟူသော အမည်နာမတို့ ပေါင်းစည်းကြသည်မဟုတ်၊ ရေနှင့် ရေတို့သာ ပေါင်းစည်းကြသည်သာ ဖြစ်၏။ ဤမြေမှာ ရှိကြသည့် လူသားအားလုံးတို့သည် ရွှေလီနှင့် ဧရာဝတီက ရေတို့ အချင်းချင်း ရောနှော စီးဆင်းကြသလို မေတ္တာရေစီးကြောင်းမှာ အေးချမ်း ကြည်လင် သန့်ရှင်းသော စိတ်ဓာတ်ဖြင့် ပေါင်းစည်း ညီညွတ်ကြပါစေကုန်သတည်း ဟု မေတ္တာဆုတောင်းလိုက်ပါသည်။

“Heart to Heart” “မေတ္တာနှလုံးသားမှ မေတ္တာနှလုံးသားသို့”

သိတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ…….
သီတဂူဆရာတော်
၂၇ - ၇ - ၂ဝ၁၃

+++++++++++

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁-၈-၂၀၁၃

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes