သီတဂူစတား

သီတဂူစတား

29 June 2013

ရဟန်းတော်များ ကြောင်းကြောင်းကြကြ ရှိသင့်

“အမျိုးဘာသာ-သာသနာ ထိန်းသိမ်းစောင့်ရှောက်ခြင်း သြ၀ါဒခံယူပွဲ” 
 ဂုဏ်ပြုပို့စ်

စာမိတ်ဆက်
အင်တာနက် ဖေ့ဘုတ်ပေါ်မှာ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး လှုပ်ရှားမှုနဲ့ပက်သက်ပြီး သံဃာတွေအပေါ် တော်တော်ရိုင်းရိုင်းစိုင်းစိုင်း ပုတ်ခတ်တာတွေ တွေ့နေရတယ်၊ စိတ်မကောင်းစရာပဲ၊ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ဒီလောက် ပုတ်ခတ်လိမ့်မည်ဟု မထင်။ ၂၇-၆-၂၀၁၃ နေ့က သီတဂူဆရာတော်ကြီးတို့ ဦးဆောင်ပြီး “အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ခြင်း သြ၀ါဒခံယူပွဲ” သတင်းတွေ လိုက်ဖတ်တော့ တလွဲဆံပင်ကောင်းနဲ့ ကွန်မန့်တွေ သွားတွေ့ရတယ်၊ ဆဲရေး ပုတ်ခတ်တာတွေလဲ တွေ့ရတာ အတော်ကို စိတ်မကောင်းစရာပါ။ အများစုကတော့ မိကောင်းဖခင် သားကောင်း သမီးကောင်း ပီပီ ယဉ်ယဉ်ကျေးကျေး ဆွေးနွေးသည်၊ လက်ခံနေသည်ကိုလည်း တွေ့ရသည်။ စာရေးသူ၏ ဖေ့ဘုတ်မှာလဲ လွန်ခဲ့ ရက်ပိုင်းများ “ဝေဖန်ပါ၊ မဆဲပါနဲ့”ဟူသော ခေါင်းစဉ်ဖြင့် အကြံပေး စာလေးတစ်စောင် ရေးခဲ့ဖူးသည်။ ဒီကနေ့လဲ နိုင်ငံနဲ့ လူမျိုး၊ ဘာသာသာ သာသနာ၊ ယဉ်ကျေးမှုအတွက် အားတက်သရော ကြောင်းကြတော်မူကြသော ရဟန်းတော်များကို ကြည်ညိုမိရင်း မြတ်မဗုဒ္ဓ၏ သားတော် ဖြစ်ကြသော အရှင်မောဂ္ဂလာန်ကို တမ်းတမိ၍ ဤပို့စ်လေး ဖြစ်လာရသည်၊ ရေးမိရေးရာ ရေးမိသည်ကိုတော့ မုဒိတာလေး ပွားပေးကြပါ။

နိုင်ငံသားတိုင်းတာဝန်
နိုင်ငံတိုင်းမှာ ကိုယ့်ယုံကြည်ချက်နဲ့သူ ရှိကြသည်၊ ကိုယ်ကိုးကွယ်တဲ့ဘာသာကို ကိုယ်ကာကွယ်ရမည့် တာဝန်သည် လူတိုင်းရဲ့ တာဝန်ဖြစ်သည်၊ ကိုယ့်ယဉ်ကျေးမှုသည် ကိုယ့်ဘာသာရဲ့ အစွယ်အပွားဆိုတာ မမေ့ဖို့လိုသည်။ ဘာသာနဲ့ ယဉ်ကျေးမှု ခွဲခြားမရပါ၊ ကိုယ့်နိုင်ငံ ယဉ်ကျေးမှုကို ကာကွယ်ဖို့ ကိုယ့်နိုင်ငံမှာရှိသည့် လူတိုင်းမှာ တာဝန်ဖြစ်သည်။

လူဆိုသည်မှာ အသိုင်းနဲ့ အ၀ိုင်းနဲ့ နေကြရသည်ဖြစ်၍ မိသားစုအရေးမှာလဲ တာဝန်မဲ့ မနေသင့်သလို လူမှုရေး၊ နိုင်ငံရေးမှာလဲ တာဝန်မဲ့ မနေသင့်၊ ကြောင်းကြမဲ့ မနေသင့်။ ကိုယ့်မိသားစုအရေး ကိုယ့်အရေး ဖြစ်သည်၊ ကိုယ့်နိုင်ငံအရေး ကိုယ့်အရေးဖြစ်သည်၊ ကိုယ့်လူမျိုးအရေး ကိုယ့်အရေးဖြစ်သည်၊ ကိုယ့်ဘာသာ အရေး ကိုယ့်အရေးဖြစ်သည်။ ကိုယ့်ယဉ်ကျေးမှုအရေး ကိုယ့်အရေးဖြစ်သည်။

လူဝတ်ကြောင်တွေမှာ လူ့လောက တာဝန်တွေအတွက် ကြောင်းကြမဲ့ မနေသင့်ဘဲ၊ တက်တက်ကြွကြွ ရှိနေသင့်သလို၊ သာသနာနှင့် ယဉ်ကျေးမှုကို ဦးဆောင်ကြသော ရဟန်းတော်များကလဲ သာသနာနှင့်ယဉ်ကျေးမှုအတွက် တက်တက်ကြွကြွ ရှိနေသင့်၏။ လူဝတ်ကြောင်တွေ အရေး ဒို့ရဟန်းတော်များနှင့် မဆိုင်ဘူး၊ ဘာမှ ၀င်ရောက် လုပ်စရာ မလိုဘူးဟူ၍ ကြောင်းကြမဲ့ မနေသင့်၊ သာသနာ၊ ယဉ်ကျေးမှုနှင့် ထိုသာသနာနှင့် ယဉ်ကျေးမှုများကို ဦးဆောင်ပါဝင် ထမ်းဆောင်နေကြသော ရဟန်းတော်များသည် လူဝတ်ကြောင်များကို အမှီပြု၍နေကြရသည်၊ လူဝတ်ကြောင်များနှင့် ကင်း၍မရ၊ လူဝတ်ကြောင်များသည် သာသနာအတွက် ကျေးဇူးကြီးမားသူများ ဖြစ်ကြသည်။ ကိုယ့်သာသနာ၊ ကိုယ့်လူမျိုး၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်တိုင်းပြည်ကို ရဟန်းသံဃာရော လူဝတ်ကြောင်တွေပါ တစ်ယောက်ကို တစ်ယောက် အမှီပြုပြီး ညီညီညွတ်ညွတ်နဲ့ ကာကွယ်ရမှာ ဖြစ်ပါသည်။ ထို့ကြောင့် ကျေးဇူးရှိသော လူဝတ်ကြောင်များကို နည်းမှန် လမ်းမှန် ရောက်အောင် လမ်းပြ ဦးဆောင်ပေးသင့်သည်။ ကြောင်းကြမဲ့၍ မနေသင့်။

အညာမြေရဟန်းတော်များ
ထိုကဲ့သို့ သာသနာ၊ ယဉ်ကျေးမှုနှင့် ကိုယ့်ကျေးဇူးရှင်များကို ကာကွယ်ပေးဖို့၊ စောင့်ရှောက်ပေးဖို့ တာဝန်ရှိနေသည်ကား မှန်သည်။ ကျေးဇူးရှိ လူဝတ်ကြောင်တွေကို အိမ်ရဲ့ တာဝန်၊ မိသားစု စားဝတ်နေရေးတွေ ထမ်းပြီး ကျေးဇူးဆပ်ဖို့ မဟုတ်ဘဲ၊ နည်းမှန် လမ်းမှန်ရောက်ဖို့ ညွှန်ပြပေးခြင်းဖြင့် ကျေးဇူးဆပ်ရာ ရောက်သည်။ သို့သော်လည်း တခါတရံ ညွှန်ကြားဖို့ အချိန်မပေးတဲ့အခါ အရေးပေါ် အထုပ် ၀ိုင်းထမ်းသင့်ရင် ထမ်းရမည်။

အညာမြေသည် အေးချိန်တန် အလွန်အေးသည်၊ ပူချိန်တန် အလွန်ပူသည်၊ ရာသီဥတု ကြမ်းသည်။ ဆောင်းအကူး နွေဦးပေါက်ချိန်၊ သစ်ပင်သစ်ရွက် ခြောက်သွေ့ချိန်၊ အညာမြေတခွင်လုံး ခြောက်သွေ့ချိန်မှာ မီးအန္တရာယ် စိုးရိမ်ရသည်၊ နေရာအနှံ့အပြား မကြာမကြာ မီးလန့်ကြသည်၊ မီးသင့်တိုင်း၊ မီးလောင်တဲ့ အချိန်တိုင်း၊ မီးသက်ကား ဥသြသံ ကြားတိုင်း နီးစပ်ရာ ကျောင်းတိုက်ရှိ တစ်တိုက်လုံး ရဟန်းတော်များက ဆွဲမိဆွဲရာ ဆွဲပြီး မီးလောင်ရာ နေရာသို့ အပြေးလာကြရသည်၊ တချို့ဆို ဖိနပ်တောင် မစီးနိုင်ဘဲ ပြေးလာကြရသည်၊ ထမိန်ထုပ်ကော ဘာကော မစဉ်းစား၊ တွေ့ရာအထုပ် ဆွဲထုတ်ပြီး ဘေးလွတ်ရာ သယ်ပေးကြသည်။ တခါတရံ မီးဝိုင်းခံနေရတဲ့ အမျိုးသမီးတွေကိုတောင် ထမ်းခေါ်ထုတ်ရသည်၊ ကိုယ့်ကျေးဇူးရှိသည့် ဒကာ

ဒကာမတွေ မီးလန့်နေချိန် တစ်တပ်တစ်အား ကူညီခြင်းပဲ ဖြစ်သည်။ ဒီလို အကူညီပေးခြင်းကြောင့် “ဒါက ပရိယတ်လဲ မဟုတ်၊ ပဋိပတ်လဲ မဟုတ်၊ ရဟန်းအလုပ်မဟုတ်ဘူးလို့” ဘုရားရှင်ကလဲ မတားမြစ်ခဲ့ဘူး၊ ဘေးထိုင် ဘုပြောသမားတွေကတော့ အားအားယားယားနဲ့ ရဟန်းအလုပ်မဟုတ်ဘူးဟု ပြောလိမ့်မည်။

အလ္လာအရှင်မြတ်ရဲ့တမာန် ဖြစ်ဖူးတဲ့ စာရေးသူ
စာရေးသူ ရဟန်း၊ သာမဏေ ၁၃၀၀ လောက်ရှိတဲ့ တောင်မြို့၊ မဟာဂန္ဓာရုံမှာ နေစဉ်က နာယကချုပ်ဆရာတော်များကလဲ နွေရာသီရောက်တိုင်း အမိန့်ရှိလေ့ရှိသည်မှာ “ဦးဇင်းတွေ၊ ကိုရင်တွေ၊ ဘယ်နား မီးလောင်လောင်၊ ကြားတဲ့နေရာ မြင်တဲ့ နေရာကနေ တွေ့ရာ ရေပုံးဆွဲပြီး ပြေးကြ၊ ၀ိုင်းဝန်း ကူညီကြ”ဟူပင် ဖြစ်သည်။

တခါက (စာရေးသူ ရဟန်းမဖြစ်ခင်က) အမရပူမြို့ထွက် စစ်ကိုင်းဘက်သွားသည့်လမ်းမှာ ဘုံးအိုးရွာဆိုတာ ရှိသည်၊ အိမ်ခြေ ၁၀၀၀ ကျော်ရှိမည်၊ ထိုတစ်ရွာလုံးသည် အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသည့် ရွာဖြစ်သည်၊ ယက်ကန်း၊ အမှတ် (၈) မော်တော်ယဉ်လုပ်ငန်းများနှင့် တောင်သမန်အင်းမှာ ငါးဖမ်း၊ ခရုကောက်လုပ်ငန်းများဖြင့် အသက်မွေးပြုကြသည်၊ ဗလီတွေလည်း အမြောက်အများရှိသည်။ မဟာဂန္ဓာရုံကျောင်းတိုက်နဲ့ဆိုရင် ၃ မိုင်ကျော်လောက်ဝေးသည်၊ တစ်နေ့တော့ ထိုရွာ မီးအကြီးအကျယ် လောင်သည်၊ တော်တော်များများ ကုန်သွားသည်၊ တောင်မြို့ မဟာဂန္ဓာရုံက ရဟန်းတော်များသည် “ကိုယ့်ဘာသာမတူသော်လည်း၊ ကိုယ့်အပေါ် ဆွမ်းသင်္ကန်းစတဲ့ ကျေးဇူးတရား မရှိသော်လည်း လူသားဆိုတဲ့ အသိစိတ်နဲ့”ပဲ အပြေးအလွား သွားရောက်ကူညီကြသည်၊ ထိုအထဲတွင် စာရေးသူလဲ ပါသည်၊ စာရေးသူ၏ သင်္ကန်းမှာ မီးလောင်ပေါက်များစွာနဲ့ ပြန်ခဲ့ရသည်။

ထိုမီးလောင်မြင်ကွင်းမှာ လူတွေ အလ္လာအရှင်မြတ်ကို ကယ်ပါ ယူပါ တစာစာနဲ့ တမ်းတနေကြသည်၊ ဘယ်သူမှ လာမကယ်၊ လာကယ်တာက မြတ်ဗုဒ္ဓရဲ့သားတော်များ ဖြစ်နေသည်၊ သို့သော် မြတ်ဗုဒ္ဓရဲ့သားတော်တွေ လာကယ်တာကိုပဲ အလ္လာအရှင်မြတ်က လွတ်လိုက်တာတဲ့၊ စာရေးသူလဲ အဲဒီရွာရောက်မှပဲ အလ္လာအရှင်မြတ်ရဲ့ တမာန် ဖြစ်ခဲ့ဖူးသည်။ ဒါက တကယ့် အဖြစ်ပျက်၊ ကိုယ်တွေ့ဖြစ်ပါသည်။ ဘာပဲ ပြောပြော လူသားချင်းစာနာသည့် လူသားဆန်တဲ့ ဤကဲ့သို့သောအလုပ်မျိုးကို စာရေးသူတို့ မကြာမကြာ လုပ်ခဲ့ဖူးကြသည်။ ကိုယ်နဲ့မတူ ကိုယ့်ရန်သူဟူ၍ ဘယ်သောအခါမှ သဘောမထားခဲ့။

သာသနာအတွက် ကြောင်းကြမဲ့ မနေသင့်
မြတ်ဗုဒ္ဓက လူသားကို လူသားအနေနဲ့မြင်ပြီး သာသနာပြုခဲ့သည်၊ သူ့ဘာသာသို့ ပြောင်းလာအောင် လူသားတွေကို အဆွယ်တရားမဟော၊ သူ၏မူအတိုင်း ဓမ္မကိုပဲ ပေးသည်၊ သစ္စာတရားကို ပေးသည်၊ နည်းမှန် လမ်းမှန်သို့ ရောက်အောင် ပို့ပေးသည်။ သူချထားတဲ့ မူကို သူ့တပည့်များကို လက်ဆင့်ကမ်း ထမ်းဆောင်စေခဲ့သည်။ သူ့ရဲ့မူအတွက်၊ သူ့သာသနာအတွက် သူ၏တပည့်တွေကို ကြောင်းကြမဲ့ မနေစေလိုဘဲ တက်တက်ကြွကြွနဲ့ အလုပ်လုပ်စေချင်ခဲ့သည်။ “အေးအေးလူလူ၊ နားအေးပါးအေးနဲ့ တောထဲ တောင်ထဲ တစ်ကိုယ်တည်း နေခြင်းထက် သာသနာအတွက် တာဝန်ယူစိတ်ကို ပိုပြီးနှစ်သက်သည်။

တစ်ခါက မြတ်ဗုဒ္ဓသည် သာကီမင်းတို့၏ စာတုမာရွာ၌ သီတင်းသုံးစဉ် အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန် မထေရ်နှစ်ပါးတို့သည် မြတ်ဗုဒ္ဓမမြင်ဖူးကြသေးသော တောရွာများမှ ရဟန်းငယ် ငါးရာကို ခေါ်လာသည်။ ကျေးတောသား ရဟန်းငယ် ငါးရာ ဆူညံနေအောင် စကားတွေ အကျယ်ကြီးပြောကြသည်၊ တစ်ယောက်နဲ့ တစ်ယောက် အော်ကြီးဟစ်ကျယ် လှမ်းခေါ်ကြသည်။ မြတ်ဗုဒ္ဓသည် ပင်ကိုယ်က ဆူညံတာ မကြိုက်၊ သူ့သာသနာကိုလဲ တိတ်ဆိတ် ငြိမ်သက်၊ အေးချမ်းမှုဖြင့် တည်ဆောက်ထားသည်။ မြတ်ဗုဒ္ဓက ဆရာဖြစ်သူ အဂ္ဂသာဝကနှစ်ပါးနှင့် တပည့် ငါးရာတို့ကို ကျောင်းတိုက်က နှင်ချလိုက်သည်။ သာကီဝင်မင်းသားများက မြတ်ဗုဒ္ဓကို တောင်းပန်လိုက်မှ ပြန်ခေါ်သည်။

ပြန်ရောက်လာသော အရှင်သာရိပုတ္တရာကို မြတ်ဗုဒ္ဓက “ငါ့ဘုရား နှင်ထုတ်လိုက်တော့ ဘယ်လို ခံစားရလဲ”လို့ မေးလိုက်သောအခါ “ယခု မြတ်ဗုဒ္ဓသည် သံဃာ့ပရိသတ်အပေါ် ကြောင်းကြစိုက်တော်မမူဘဲ ဖိုလ်ချမ်းသာများ ခံစားကာ နေလိုတော်မူပြီ၊ တပည့်တော်တို့လည်း မြတ်ဗုဒ္ဓနည်းတူ သံဃာ့တာဝန်ကို ကြောင်းကြကင်းစွာ အေးချမ်းစွာ နေတော့မည်ဟူသော စိတ် ဖြစ်ပါသည်ဘုရား”ဟု မထေရ်က ဖြေလိုက်သည်၊ မြတ်ဗုဒ္ဓသည် သာဓုခေါ်တော်မမူဘဲ နေအုံး အဲဒီလို မလုပ်သေးနဲ့အုန်းဟု တားမြစ်သည်။

အရှင်မောဂ္ဂလာန်ကို ထိုမေးခွန်းမေးတော့ “မြတ်ဗုဒ္ဓသည် သံဃာ့ပရိသတ်အပေါ် ကြောင်းကြောင်းကြကြ မရှိဘဲ နားအေးပါးအေးနေလိုပြီ၊ တပည့်တော်နှင့် အရှင်သာရိပုတ္တရာတို့က သံဃာ့ပရိသတ်တာဝန်၊ သာသနာ့တာဝန်များကို ကြောင်းကြတော့မည်၊ ထမ်းဆောင်တော့မည်”ဟု ခံစားမိကြောင်း မထေရ်က လျှောက်တော့၊ မြတ်ဗုဒ္ဓ သာဓုခေါ်သည်။

တကယ်တော့ သံဃာ့ပရိသတ်ကို ခိုင်ခိုင်ခန့်ခန့်နဲ့ ထာဝစဉ်ရှိစေချင်သည်၊ သံဃာရှိမှ ဓမ္မရှိမည်၊ ဓမ္မရှိမှ ဗုဒ္ဓရှိမည်။ လောကတွင် ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ ရတနာသုံးပါး ရှိနေပါမှ တကယ့်ချမ်းသာစစ် ချမ်းသာမှန် ရှိလိမ့်မည်။ ရတနာသုံးပါးသည် ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှု အုတ်မြစ်ဖြစ်သည်၊ ယဉ်ကျေးမှုဆင်းသက်လာရာ မူလဘူတ ဖြစ်သည်။ ထို့ကြောင့် မြတ်ဗုဒ္ဓက သူ၏ တပည့်များကို သံဃာ့ပရိသတ်၊ သံဃာ့တာဝန်၊ သာသနာတော်ရဲ့ တာဝန်တွေကို အားတက်သရော ပါဝင် ဆောင်ရွက်စေလိုသည်။ သာသနာနှင့်ပက်သက်လာလျှင်၊ သံဃာနှင့်ပတ်သက်လာလျှင် သွေးအေးမနေစေလိုသည်မှာ မြတ်ဗုဒ္ဓ အစစ်အမှန် စိတ်ထားဖြစ်သည်။

မြန်မာနှင့် သံဃာ

မြန်မာလူမျိုးများတွင် အချို့သည် ရဟန်းသံဃာများကို ဘာမှ မလုပ်စေဘဲ တရားပဲထိုင်၊ စာပဲ ကျက်စေချင်ကြသည်၊ တချို့သော သူများကတော့ သာသနာရေးမှာ သွေးအေးမနေသလို လူမျိုးနှင့် နိုင်ငံအတွက်ပါ သွေးအေး မနေစေလိုကြ။

ယနေ့ခေတ်သည် မြတ်ဗုဒ္ဓပွင့်တော်မူခဲ့သည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၆၀၀ ခေတ်နဲ့မတူသည်ကို အားလုံး လက်ခံကြရပေလိမ့်မည်။ ထိုခေတ် ထိုအခါက လူဦးရေထူထပ်မှု နဲသည်နဲ့အမျှ လောဘဖြစ်စရာလဲ နဲသည်၊ ဒေါသဖြစ်စရာလဲနဲသည်၊ လူတွေကို ထိခိုက်စေတဲ့ အရာလဲ ဒီနေ့ခေတ်လောက် အလွယ်တကူမရှိခဲ့၊ လောကကြီးရဲ့ သဘာဝအရ ဓမ္မပင်ဖြစ်သည်။ ထိုသဘာဝဓမ္မတွေ၏ အပြောင်းအလဲကို ဓမ္မသံဝေဂယူရင်း အပြောင်းအလဲတွေနဲ့ လိုက်လျောညီထွေ နေတတ်ဖို့လည်း လိုသည်။

ယနေ့ခေတ် နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ စိတ်နေ စိတ်ထားတို့သည် ရှေးခေတ်ကနဲ့ မတူသည့်အတွက်ကြောင့် ပိုပြီးတော့ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံ၊ ကိုယ့်သာသနာ၊ ကိုယ့်ယဉ်ကျေးမှုကို ပိုပို တိုးပြီး စောင့်ထိန်းဖို့ အချိန်ဖြစ်သည်။ ရဟန်းတော်များလည်း ကိုယ်လုပ်လို့ ရတဲ့ နေရာကနေ ပါဝင်ဖို့ အချိန်ကျလာသည့်ခေတ်ဖြစ်သည်၊ တောထဲ တစ်ကိုယ်တည်းနေ မဂ်ပေါက် ဖိုလ်ပေါက် ကျင့်နေဖို့ အချိန်တောင် မရတော့တဲ့ ခေတ်ဖြစ်နေသည်။ မြတ်ဗုဒ္ဓကလဲ သူ့ရဲ့တပည့်တွေကို ကြောင်းကြမဲ့နေခြင်းထက် တက်တက်ကြွကြွနဲ့ သာသာနာအရေး၊ သံဃာရေးကို ပိုပြီး လုပ်စေလိုသည်။ မင်းကွန်းဆရာတော်ကြီး၊ သီတဂူဆရာတော်ကြီးတို့သည် “ဒီဘ၀ ဒီမျှ ကိလေသာကုန်ပြီး ရဟန္တာမဖြစ်ချင်လိုကြ၊ သာသနာအတွက် နိုင်ငံအတွက် အလုပ်လုပ်ချင်ကြသည်”ဟု မကြာမကြာ မိန့်သည်ကို ကြားဖူးသည်။ ကမ္ဘာကျော်ဆရာတော်ကြီးတွေတောင် နားအေးပါးအေး မနေနိုင်ဘဲ သာသာနှင့်လူမျိုးအတွက် ကြောင့်ကြတော်မူကြသည်။ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုသည် ထိုသာသနာ သံဃာကနေ ဆင်းသက်လာသည်ကိုလဲ သတိရှိထားဖို့လိုသည်။

တချို့က ရဟန်းတော်များ နိုင်ငံရေး၊ လူမျိုရေး၊ ဘာသာရေး လှုပ်ရှားမှုတွေမှာ ပါဝင်နေသည်ကို သိပ်နားမလည်ဖြစ်နေတတ်သည်၊ လူတစ်စုရဲ့ တို့မီး ရှို့မီး၊ တိုက်သံ ခိုက်သံတွေကို ဖတ်ပြီး ဝေေ၀ ၀ါးဝါးဖြစ်နေတတ်သည်။ ထိုကိုယ့်နိုင်ငံကို ၀ါးမျိုးမည့်သူတွေရဲ့ ဗုဒ္ဓဘာသာအပေါ်ဝေဖန်မှုတွေကို ဖတ်ပြီး ကိုယ့်သဒ္ဓါတရားကို အားနဲစေခဲ့ကြသည်၊ သဒ္ဓါဆိုသည်မှာ အလုပ်ကိစ္စမှန်သမျှအပေါ်မှာ ရှိတဲ့ ယုံကြည်ချက်ဖြစ်သည်၊ သဒ္ဓေါ အာရာဓကော ဟောတိ- ယုံကြည်မှုက အရာအားလုံးကို ပြီးမြောက်စေသည်။ ထိုကြောင့် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်ယဉ်ကျေးမှုအပေါ်ထားတဲ့ ယုံကြည်မှု ပြင်းပြင်းထန်ထန် ထားသင့်သည်။ ထိုယုံကြည်ချက်ဖြင့် မျိုးချစ်စိတ်ဓာတ် အားမွေးသင့်သည်၊ မျိုးချစ်ဆိုသည်မှာ နိုင်ငံ၊ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု အားလုံးပါဝင်သည်။ ထိုသို့ဆောင်ရွက်ရာတွင် မြတ်ဗုဒ္ဓက မည်သူ တစ်ဦးတစ်ယောက်ကိုမျှ သွေးထွက်သံယို မဖြစ်စေလို၊ ငြိမ်းချမ်းရေးကိုသာ လိုလားသည်။ သူကိုယ်တိုင် စစ်ပွဲတွေ ဖြစ်တဲ့နေရာတွေ အထိ ငြိမ်းချမ်းရေးတရားများ ဟောခဲ့သည်ကိုလည်း နမူနာယူသင့်လှသည်။ လောကကြီးက လှည့်ပတ်၊ လိမ်ကောက်နေတဲ့ မာယာတွေလဲ အလွန်များလှသည်၊ ရဟန်းတော်များ ထိုမာယာများ၏ သားကောင်များ မဖြစ်ဖို့ သတိကြီးကြီး ရှိနေဖို့လဲလိုသည်။

ရဟန်းသံဃာ သီးသန့်ကြီး မမြင်သင့်

စာရေးသူတို့နိုင်ငံမှာက လူတွေရဲ့ အမြင်မှာ ရဟန်းသံဃာအဖွဲ့အစည်းနဲ့ လူဝတ်ကြောင်တွေကို သီးခြားစီ၊ သီးသန့်ကြီး မြင်နေတာကိုက စာရေးသူအနေနဲ့ သိပ်မကြိုက်လှ၊ ရဟန်းတော်များသည်လည်း ဒီပြည်သူ မိသားစုထဲက မွေးဖွာသူများဖြစ်ကြသည်၊ မိုးပေါ်က အလိုလျောက်ကျလာသူများ မဟုတ်ကြ။ သို့သော် လူတစ်မျိုး ကမ္ဘာတစ်မျိုးလို့တောင် မြင်နေလား မသိ၊ သို့သော်လည်း တိုင်းပြည်အတွက် နိုင်ငံအတွက်၊ သာသနာအတွက်၊ လူမျိုးအတွက်၊ ယဉ်ကျေးမှုအတွက် တစ်သားတည်း ဖြစ်နေသည်ကို မြင်ရတော့လည်း ၀မ်းသာမိသည်။ ဒီအတွေးကို ပြည်ပရောက်လာမှ မြင်မိခြင်းဖြစ်သည်။ ပြည်ပမှာ ရှိတဲ့ တက္ကသိုလ်တွေသည်၊ လူသား- လူမျိုး၊ ဘာသာ မခွဲဘဲ တက္ကသိုလ်တစ်ခုတည်းမှာပဲ ကိုယ်ကြိုက်တဲ့ ဘာသာရပ်ကို ယူပြီး တက်ရောက်နိုင်ကြသည်၊ တက္ကသိုလ်ကြီးကလဲ ဘာသာရပ်အားလုံးနီးပါးကို သင်ပေးနိုင်သည် ဖြစ်၍ ဘာသာရပ်ဌာနတိုင်းမှာ ကျောင်းသားရှိနေသည်၊ မြန်မာနိုင်ငံမှာ ဘာသာရေး သင်တဲ့တက္ကသိုလ်တွေက သီးသန့်ဖြစ်နေသည်၊ ဗုဒ္ဓတက္ကသိုလ်များ၊ ပရိယတ္တိတက္ကသိုလ်များသည် ရဟန်းတော်များအတွက်သာ ဖြစ်နေသည်၊ ဘုန်းကြီးတက္ကသိုလ်ကြီးအနေနဲ့ဖြစ်နေသည်။ လူဝတ်ကြောင် တက္ကသိုလ်တွေမှာ တခြားနိုင်ငံတက္ကသိုလ်တွေလို ဒဿနိကဗေဒ၊ သမိုင်း၊ ဘာသာဗေဒ၊ စိတ်ပညာ၊ ရှေးဟောင်းပညာ စတဲ့ ၀ိဇ္ဇာပိုင်းဆိုင်ရာ ရဟန်းတော်တွေ တက်ရောက်ခွင့်မရှိဖြစ်နေသည်၊ ယခုအခါ ထိုဘာသာရပ်တွေကို သင်ယူဖို့ ရဟန်းတော်များ ငွေကုန်ကြေးကျများပြီး တခြားတိုင်းပြည်က တက္ကသိုလ်တွေဆီသို့ အပင်ပန်းခံ သွားနေကြရသည်။ ပြည်ပရောက် မြန်မာရဟန်းတော်များ တစ်ထောင်ကျော်ရှိသည်၊ တစ်ပါးလျှင် တစ်နှစ် ဒေါ်လာ ၁၅၀၀နှုံးနဲ့တွက်ကြည့်ရင် ရဟန်းတစ်ထောင် အမေရိကန်ဒေါ်လာ ၁၅ သိန်းရှိမည်၊ ထိုအမောင့် (ကုန်ကျပမာဏ)သည် မြန်မာပြည်သူများကပဲ ပေးနေရသည်။ အကယ်၍သာ အဲဒီပညာရပ်တွေကို ကိုယ့်ပြည်တွင်းမှာပဲ သင်ခွင့်ရမည်ဆိုရင်---။

အဲဒီပညာရပ်တွေကို မြန်မာနိုင်ငံတက္ကသိုလ် အရှေ့တိုင်းပညာရပ်၊ အနောက်တိုင်းပညာရပ်တွေမှာ သင်ယူလို့ မရဘူးလား၊ မရပါ၊ ရဟန်းတော်တွေကို သီးခြားလူမျိုး၊ သီးခြားကမ္ဘာအနေနဲ့ မြင်နေကြလို့ပဲ ဖြစ်သည်၊ သိပ်ကြည်ညိုလွန်းလို့ပဲလား မပြောတတ်။

နိုင်ငံရေး၊ လူမှုရေးမှာလဲ အလားတူပင်။ ရဟန်းတွေကို သီးခြားစီ မြင်နေသည့်အတွက် ကိုယ့်နိုင်ငံသား ဖြစ်နေရက်နဲ့ ကိုယ့်တိုင်းပြည်အတွက် ဆန္ဒမဲလေးတောင် ပေးပိုင်ခွင့်မရှိ။ သီရိလင်္ကာနိုင်ငံသည် ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံဖြစ်သည်၊ သံဂါယနာကိုလဲ ကိုယ့်နိုင်ငံထက် နှစ်ပေါင်း ရာနဲ့ချီ စောပြီး တင်နိုင်ခဲ့သည့် နိုင်ငံဖြစ်သည်။ ထိုနိုင်ငံက လူတွေက ရဟန်းတော်တွေကို မြန်မာပြည်လောက် သီးခြားစီ မမြင်ကြ၊ မည်သည့်တက္ကသိုလ်မှာ မည်သည့်ဘာသာရပ်မဆို ရဟန်းတော်များ တက်ရောက် သင်ခွင့်ရှိသည်၊ နိုင်ငံရပ်ခြား သွားစရာမလို၊ နိုင်ငံရေး လူမှုရေးမှာလဲ ရဟန်းတော်များ တိုင်းပြည်အတွက် အလုပ်လုပ်စေသည်၊ ၀န်ကြီးဖြစ်ခွင့်ရှိသည်၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။ စာရေးသူတို့ နိုင်ငံမှာလဲ ဤလိုအခွင့်ရေးမျိုး မရှိသေးသည်ကို ဘာ့ကြောင့် နားလည်မှုမပေးနိုင်ဘဲ ရဟန်းတော်တွေကို နိုင်ငံရေး လူမျိုးရေး၊ ဘာသာရေးမှာ ၀င်ရှုပ်ရသလဲဟု မြင်နေကြသည်ကား အမြင်ကျဉ်းလွန်းလှသည်။

နိဂုံးချုပ်သော်
“အမျိုးဘာသာ သာသာနာ ထိန်သိမ်းစောင့်ရှောက်ခြင်း သြ၀ါဒခံယူပွဲ”မှာ ဆရာတော်ကြီးတွေ ပြောတဲ့ မိန့်ခွန်းတွေကို မိုက်မိုက်ရိုင်းရိုင်း ဝေဖန်တဲ့သူတွေ ကိုယ့်ဝစီကံ ကိုယ့်ဆီပြန် မရောက်ပါစေနဲ့ ဆိုတဲ့ စေတနာကောင်းနဲ့ “ဝေဖန်ပါ မဆဲပါနဲ့”လို့အကြံပေးပါရစေ။ မြန်မာရဟန်းတော်များသည် မြန်မာတိုင်းရင်းသား အားလုံးကို အမှီပြုပြီး သာသနာရေး ဘာသာရေး၊ ယဉ်ကျေးမှု အလုပ်တွေကို မပင်မပန်းလုပ်ခွင့်ရကြသည်၊ ထို့အတွက် မြန်မာတိုင်းရင်းသားများကို နည်းလမ်းတကျ ကာကွယ်ပေးတဲ့နေရာမှာ ရဟန်းတော်များ ပါဝင်လာခြင်းအတွက် များစွာ ၀မ်းသာမိပါကြောင်း။ ရှေ့ဆက်ပြီး ဒီထက်မက ကာကွယ် စောင့်ရှောက်နိုင်ကြပါစေလို့ ဆုတောင်းပတ္ထနာ ပြုလိုက်ပါသတည်းးးးးးးး။ 

ငါတို့ဖြစ်ရ၊ ဤလောက၀ယ်၊
ဘ၀သမိုင်း၊ မရိုင်းစေရန်၊
စိတ်မန်မချ၊ မာနမပါ၊ ဒို့စွမ်းရာဖြင့်၊
ဒို့သာသနာ၊ ဒို့ပြည်ရွာကို၊
သာယာစေမှု လုံ့လပြုအံ့။

ဤပို့စ်ဖြင့် 27-6-2013နေ့ ကျင်းပပြီးသော “အမျိုးဘာသာ သာသနာ ထိန်သိမ်းစောင့်ရှောက်ခြင်း သြ၀ါဒခံယူပွဲ”ကြီးကို ကြိုဆို ဂုဏ်ပြုပါသည်။

(ဓာတ်ပုံ Popular Myanmar News မှ ကူးယူသည်)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၈-၆-၂၀၁၃

27 June 2013

သီတဂူဆရာတော် သြ၀ါဒ (မလေးရှား)

မလေးရှားရောက် သီတဂူဆရာတော် သြ၀ါဒ

ဒီကနေ့ မလေးရှား ကွာလာလမ်ပူကို ရောက်လာတာဟာ ဟိုအရင်နှစ်တွေက ရောက်လာသလို တရားဟောဖို့ လာတာ မဟုတ်ဘူး၊ အရင်ခေါက်တွေ ရောက်တုန်းကတော့ မလေးရှားရောက် တပည့်တွေ ဒကာ ဒကာမတွေ အထူးသဖြင့်တော့ လူငယ် လူရွယ်တွေဟာ မြတ်ဗုဒ္ဓရဲ့ ဓမ္မနဲ့ ဝေးသွားမှာစိုးလို့၊ “မီးဝေးရင် ချိတ်မာတယ်” ဆိုတဲ့ စကားတစ်ခုရှိတယ်။ ချိတ်ဆိုတဲ့ ကပ်တဲ့ အစေးလေးတစ်မျိုးဟာ မီးနဲ့ခဏခဏ တွေ့မှ အပူပေးမှ ပျော့ပျော့ပြောင်းပြောင်း ဖြစ်တာ၊ မီးနဲ့ အထိတွေ့ မရရှိတဲ့ ချိတ်ဟာ မာကျွတ်ပြီး ဘယ်မှာမှ အထိမ်းကွပ်မရှိပြီး အကွဲအပြဲ ဖြစ်တတ်တယ်။

စာအိပ်တွေမှာ ချိတ်နဲ့ပို့တယ်ဆိုတာ၊ မီးနဲ့အပူပေးပြီး ကပ်တာ၊ အဲဒီတော့ “မီးဝေး ချိတ်မာ” ဒီစကားလိုပဲ ဗုဒ္ဓဓမ္မနဲ့ ဝေးတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ မာကျောကျော ဖြစ်ပြီး ကွဲကွဲပြားပြား ဖြစ်ကုန်မှာစိုးလို့ တရား လာလာ ဟောပြပါတယ်။

နိုင်ငံရဲ့သားငယ်သမီးငယ်တွေအတွက် စိတ်မကောင်း 
ဒီကနေ့လဲပဲ တကယ်တော့ ဟောဖို့လာတာ မဟုတ်ဘူး၊ ပေးမလို့ လာတာ၊ မလေးရှားနိုင်ငံမှာ လာပြီးတော့ စီးပွားရှာ အလုပ် လုပ်ကြတဲ့ လူငယ် အမျိုးသားတွေ အမျိုးသမီးတွေ အကြောင်းအမျိုးမျိုးပေါ့၊ အကြောင်းအမျိုးမျိုးဆိုတာ ပတ်စပို့မရှိတာ၊ ဗီဇာကုန်သွားတာ စသည်၊ အမှားအယွင်းတစ်ခုကြောင့် အကျဉ်းအကြပ် ဖြစ်နေကြတဲ့ ဒို့နိုင်ငံတော်ရဲ့ သားငယ် သမီးငယ်တွေ အကြောင်းတွေ ကြားပြီးတော့ စိတ်ထဲမှာ တော်တော် ခံစားရတယ်။

ကရုဏာဆိုတာ
ကရုဏာဆိုတဲ့ စကားလုံးကို မှတ်ထား၊ Feeling for others suffering လို့ အဓိပ္ပါယ်ရှိတယ်၊ သူတစ်ပါးတို့ ဒုက္ခရောက်နေသည်ကို အဲဒီ ဒုက္ခရောက်သူတို့ ခံစားရသလိုပဲ၊ မြင်သူ ကြားသူတို့ရဲ့ ရင်ထဲမှာ ခံစားခြင်း။ အဲဒီခံစားချက်နဲ့ ဒီကနေ့ ဒို့လာပြီးတော့ ဒုက္ခရောက်နေကြတဲ့ ညီငယ်တွေ၊ ညီမငယ်တွေ သားငယ် သမီးငယ်တွေ ဒုက္ခမှ လွတ်မြောက်ကြောင်း အနဲငယ်မျှ အထောက်ပံ့ကောင်း ဖြစ်စေတော့ ဆိုပြီးတော့ ရောက်လာတာ။

ဒို့ တရားဟောတဲ့ ဘုန်းကြီးဆိုတော့ တရားလေးဘာလေး ဟောလိုက်ရင် ရတယ်ကိုး၊ လှောင်သလိုလိုနဲ့ သီတဂူက လေဘုန်းကြီပါကွာလို့ ပြောဖူးတယ်၊ ဟုတ်ပါတယ် ဒို့က လေနဲ့ အလုပ်လုပ်တာပါ၊ လေကနေပြီး ရေဖြစ်လာတာ၊ စစ်ကိုင်းတောင် တစ်တောင်လုံး ရေးပေးတာ လေနဲ့ပေးတာ၊ နောက်တစ်ခါ လေကနေ ဆေးရုံတွေလဲ ဖြစ်ပါတယ်၊ မြန်မာပြည် တစ်ပြည်လုံး ဆေးရုံပေါင်း ၂၅ ခု ဆောက်ပြီးတော့ လှူပြီးသွားပြီ၊ အဲဒီလေနဲ့ပဲ တက္ကသိုလ်ကြီးတွေ တည်ထောင်တာ၊ တက္ကသိုလ် ၃ ခုလဲ ထောင်ပြီးပြီ၊ အဲဒီလေပေးပြီး ကျောင်းတိုက်တွေ တည်ထောင်တာ၊ အမေရိကန်မှာ ကျောင်းတိုက် ၃ ခု တည်ထောင်ပြီးပြီ၊ ကျောင်းတိုက်တစ်ခု ဆိုရင်၊ အောစတင်က ကျောင်းဆိုရင် ၂၀ ဘီလျံလောက် အကုန်ကျ ရှိတယ်၊ ၅၄ ပေရှိတဲ့ ရွှေစည်းခုံစေတီတော်ကြီး အော်စတင် တက္ကဆက်ပြည်နယ်မှာ တည်ပြီးပြီ။ ဧရာဝတီ မုန်တိုင်းတုန်းကဆို လေနဲ့ပဲ အလုပ်လုပ်တာပဲ၊ ရေဘေးသင့်တဲ့ သူတွေ တော်တော်များများ ဒို့ ထောက်ပံ့နိုင်ခဲ့တယ်၊ ၈.၅၈ ဘီလျံ ဒို့ သီတဂူရဲ့ အလှူ လှူနိုင်ခဲ့တယ်။

ဒို့ မလေးရှားက ပင်ပန်း ဆင်းရဲနေကြတဲ့ သားငယ် သမီးငယ်တွေ၊ ညီတွေ နှမငယ်တွေ အတွက် လာပြီးတော့ နဲနဲပါးပါး ကူအုန်းမယ်ဆိုပြီးတော့ ရန်ကုန်မှာ ဟောလိုက် ပြောလိုက် အလှူခံလိုက်တော့---
အမေရိကန်ဒေါ်လာ တစ်သိန်း သုံးထောင် သုံးရာ လေးဆယ် (၁၀၃၃၄၀) အဲဒါ လေးငါးရက်အတွင်းမှာ ရလာတယ်။ အဲဒါ ဒီယူလာပြီးတော့ ဒီထဲက စရိတ်ကို မသုံးဘူး၊ ကိုယ့်ပိုက်ဆံနဲ့ လေယာဉ်လက်မှတ် ၀ယ်စီး၊ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဟိုတယ်ခ ပေးပြီးတော့ အဲဒီ(၁၀၃၃၄၀)ကို ဒုက္ခဖြစ်ရှာကြတဲ့ ကလေးတွေကို လှူမလို့။ ဒီကနေ့ပွဲ့ ဘုန်းကြီးက မင်းတို့ကို ပြန်လှူတဲ့ ပွဲနော်၊ ဘယ်သူက ဘယ်သူ့ကိုမဆို လာလှူကောင်းတယ်၊ လှူတယ်ဆိုတဲ့ စကားကို ရှယ်ယာ Share ပေါ့၊ ဝေစုခွဲပေးတာ၊ ဝေပေးတာ၊ သာသနာတော်မှာ ပျော်ရွှင်စရာ အလုပ်တွေ အများကြီးရှိတဲ့ အထဲက သံဝိဘာဂ ရတော ဆိုတာ မှတ်ပါ၊ ပြော- (ပရိသတ် လိုက်ဆိုသံ)။ ဝေပေးရတဲ့ အလုပ်ကို ပျော်ရမယ်တဲ့။ ဘာလဲဟေ့--(ပရိသတ်လိုက်ဆိုသံ)၊ ဒီကနေ့ ငါဝေပေးမယ်၊ ငါ သိပ်ပျော်တယ်၊ ဝေစု ရတဲ့သူတွေကော မပျော်ဘူးလား (ပျော်ပါတယ်ဘုရား ပရိတ်သက်သံ)။

အေးး၊ ဒို့များရဲ့ မေတ္တာပို့မှာ ရှိတယ်၊ “ဒို့လဲ ၀မ်းသာ၊ ငါလည်း ရွှင်ပြုံး၊ နှလုံးစိတ်ဝမ်း လန်းလာယခု ချမ်းသာကို ပြုလျက်”။ Your happiness makes me happy. My happiness also makes you happy. မင်းတို့ ပျော်ရွှင်မှုကလဲ ငါ့ကို ပျော်ရွှင်စေရမည်၊ ငါ့ပျော်ရွှင်မှုကလဲ မင်းတို့ကို ပျော်ရွှင်စေရမည်၊ အဲဒီပျော်ရွှင်မှုနှစ်ခု ပေါင်းစပ်တဲ့ ကောင်းမှုပွဲကို တက်ရောက်လာကြတဲ့ သံမတ်ကြီးနှင့်တကွသော အားလုံးေ ညီအကိုမောင်နှမတွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်၊ ၀မ်းသာတယ်။

ဒဏ်ငွေဆောင်ခြင်းနှင့် အလှူ၏ ရည်ရွယ်ချက် 
အဲဒီတော့ အလှူငွေ အမေရိကန်ဒေါ်လာ တစ်သိန်း သုံးထောင် သုံးရာ လေးဆယ် (၁၀၃၃၄၀)ကို လှူလိုက်ကြတဲ့ အလှူရှင်တွေကတော့ ပြည်ထောင်စု မြန်မာနိုင်ငံ၊ ရန်ကုန်ဆေးခန်းက တပည့် ဒကာ ဒကာမတွေ၊ တော်ဝင်စင်တာက တပည့်ဒကာ ဒကာမတွေ၊ သီတဂူအဖွဲ့ တပည့် ဒကာဒကာမတွေ၊ အားလုံးပေါင်းပြီးတော့ လှူကြတယ်။

အဲဒါတွေကို ဘာကို သုံးရမလဲဆိုတော့၊ ဒီရောက်တော့ သံမတ်ကြီးအမှူးရှိတဲ့ တပည့်ဒကာဒကာမတွေနဲ့ ဒီလုပ်ငန်းကို ဆောင်ရွက်နေတဲ့ မောင်သီဟရယ်၊ နောက်ပြီးတော့ ဘုန်းကြီးက ငါ-နှစ်ပေါင်းများစွာ ခိုင်းလာခဲ့တဲ့သူ ဒီမှာ ရှိတယ်၊ သီဟ မောင်မောင်ဆိုတဲ့ကောင်ရယ်၊ အောင်မိုးဆိုတဲ့ ကောင်ရယ်၊ ရဲထွဋ်ဆိုတဲ့ ကောင်ရယ်၊ ရဲထွဋ်က ကျောက်တံခါး၊ အောင်မိုးက ကျိုက်ထို၊ သီဟမောင်မောင်က ရန်ကုန်သား။ ကြာပြီ-- ၁၀နှစ်လောက်ရှိပြီ၊ ဒီကောင်တွေကို ဘုန်းကြီး ဒီမှာ ခိုင်းလာတာ၊ သူတို့ရွာတွေလဲ သွားသွားပြီး တရားဟောတယ်။ အဲတော့ ဒီရောက်တော့ ငါ ဘယ်နေရာမှာ လှူရရင် ကောင်းမလဲဆိုတော့ ဧရာဝတီ ဖောင်ဒေးရှင်းကတော့ လေယာဉ်စရိတ်ကို အဓိကထားပြီး လှူကြတယ်၊ အဲဒါဆို ငါ့ကို ကျန်တဲ့ နေရာလေး တစ်နေရာပေးပါဆိုတော့ မလေး လူဝင်မှုကြည့်ကြပ်ရေး (လ၀က)မှာ အိုဗာစတေး Over Stay ကြောင့် ဖြစ်တဲ့ ဒဏ်ကြေးပေါ့၊ အဲဒါလေးတွေကို ငါက ပေးမယ်။

ဒဏ် ဆိုတဲ့စကား ငါက တော်တော်ကြိုက်တယ်၊ ဒဏ္ဍဆိုတဲ့ ပါဠိပုဒ်မှာ ဂျိန်းဘာသာမှာနော် ရှေးကနေ အထွဋ်အမြတ်ထားပြီး သုံးတဲ့ စကားလုံး၊ မင်းတို့ သြကာသ ကန်တော့တဲ့အခါ ကာယကံ၊ ၀စီကံ၊ မနောကံ ဆိုတာ ပါတယ်မလား၊ မြတ်ဗုဒ္ဓထက် နှစ်သုံးဆယ်လောက် စောတဲ့ ဂျိန်းဘာသာက ကာယကံ၊ ၀စီကံ၊ မနောကံ မပြောဘူး၊ ကာယဒဏ်၊ ၀စီဒဏ်၊ မနောဒဏ်၊ ဒီလိုပဲပြောတယ်၊ အဲဒီတော့ ဒီစကားဟာ အခုမှပေါ်တာမဟုတ်ဘူး၊ မြတ်စွာဘုရားထက် စောကြီးကထဲက ပေါ်ခဲ့တဲ့ စကားဟောင်း၊ အဲဒါကြောင့် ဒဏ်ဆိုတဲ့ စကားဟာ အမှု၊ ဘာလဲဆိုတော့ ကာယဒဏ်-ကိုယ်နှင့်ပြုတဲ့အမှု၊ ၀စီဒဏ်-နှုတ်နဲ့ပြုတဲ့ အမှု၊ မနောဒဏ်- စိတ်ထဲက ကြံတဲ့ အမှု၊ ကိုယ်-နှုတ်-စိတ် သုံးပါးကြောင့် ဖြစ်လာတဲ့ အမှုတွေကို ဘာခေါ်လဲဟေ့၊ ဒဏ်လို့ ခေါ်တယ်။ အဲဒီဒဏ်လေးတွေကို ငါက လှူမယ်။

ဘာ့ကြောင့် ငါ ဒဏ်သေးသေးတွေကို ရွှေးပြီး လှူမိလဲဆိုတော့ ငါလဲ ဒဏ်မသင့်ချင်ဘူးလေ၊ “ဘ၀အဆက်ဆက်က ကာယကံအမှား ၀စီကံအမှား၊ မနောကံအမှား၊ ကိုယ်-နှုတ်-စိတ် အမှားတွေကြောင့် သင့်လာခဲ့တဲ့ ဒဏ်တွေကို ဒီဘ၀ ဒီအလှူကြောင့် ပြေပါစေတော့လို့” ငါ့ရည်ရွယ်ချက်နဲ့ ငါဆုတောင်းလာတာ။

“မြန်မာနိုင်ငံ လူတွေရော၊ မြန်မာနိုင်ငံအပြင်ဘက်က လူတွေရော ကိုယ်အမှား နှုတ်အမှား စိတ်အမှားကြောင့် ဖြစ်လာတဲ့ ဒဏ်တွေ အားလုံး ပြေကြပါစေ၊ ပျောက်ကြပါစေ”ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အဲဒီ ဒဏ်သင့်အတွက် အလှူငွေ (၁၀၃၃၄၀) ဆိုတာကို ဒီကနေ့ လှူပါတယ်ဆိုတာကို အဲဒါ ကြေငြာပါတယ်။

သီတဂူအထောက်ကူပြုအဖွဲ့ (မလေးရှား) ဖွဲ့စည်းလိုက်
အဲဒီငွေတွေကို ဘယ်သူက ဘယ်လိုကိုင်ပြီးတော့ သုံးစွဲမလဲဆိုတော့ ဒို့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ သီတဂူသာသနာပြုအဖွဲ့ဆိုတာ ရှိတယ်။ သာသနာပြုအဖွဲ့ကြီးကို ၀ိုင်းဝန်းကူညီတဲ့ အဖွဲ့တွေကို အထောက်အကူပြု အဖွဲ့ဆိုတာရှိတယ်၊ အထောက်ကူပြုအဖွဲ့တွေက ရန်ကုန်မှာရှိတယ်၊ မန္တလေးမှာရှိတယ်၊ တခြားမြို့နယ်တွေမှာလဲရှိတယ်၊ စင်္ကာပူမှာလဲရှိတယ်၊ အင်္ဂလန်မှာလဲ ရှိတယ်၊ အမေရိကန်မှာလဲ ရှိတယ်၊ အဲဒီတော့ တစ်သိန်းကျော်သော ပိုက်ဆံတွေကို သုံစွဲဖို့ စနစ်တစ်ခုတော့ လုပ်မှ ဖြစ်မှာပဲ ဆိုတော့၊ ငါက မနေ့က ကိုင်း-ဒီပိုက်ဆံကို ဒို့ရဲ့တာဝန်ပေးချက်အရ လုပ်ဖို့ရန်အတွက် သီတဂူအထောက်ကူပြုအဖွဲ့ ဆိုတာကို မလေးရှားမှာ ဖွဲ့လိုက်အောင်ဆိုပြီး ဒို့က စီမံလိုက်တယ်။ စီမံလိုက်တော့ ဟောဒီမှာ အာရှတော်ဝင် မန်နေဂျင်းဒါရိုက်တာ ဒေါက်တာမြတ်သူ (မက်တက်ရပ်ခိုင်း)၊ သူလဲ အလှူတွေ အများကြီးပါတယ်၊ သူပါမယ်၊ ရန်ကုန်တိုင်းက ဆေး၊ ဆင်ဘရားသားဆေးကုမ္ပဏီက ဘာဘူပီကေဆင်းဆိုတာ ပါမယ်၊ သီတဂူအဖွဲ့ထဲက လှဆန်းယဉ် ကိုမြင့်အောင်ဆိုတာ ပါမယ်၊ အဲဒီ သုံးယောက်နဲ့ မလေးရှားက ခုနက ကြော်ငြာသွားတဲ့ သီဟမောင်မောင်၊ အောင်မိုး၊ ရဲထွဋ် ရယ်၊ အဲဒီသုံးယောက်ပေါင်းပြီးတော့ စုစုပေါင်း ၆ ယောက်၊ ၆ ယောက်ကို တိုက်ရိုက် ခိုင်းမှာက ဘုန်းကြီးကိုယ်တိုင်၊ ဒါရိုက်တာဆိုလဲ ဘုန်းကြီးပဲ၊ ဥက္ကဋ္ဌဆိုလဲ ဘုန်းကြီးပဲ၊ “မလေးရှား သီတဂူအထောက်ကူပြုအဖွဲ့”။ အဲဒီသီတဂူအထောက်ကူပြုအဖွဲ့ကို ဒီကနေ့ ဒီငွေတွေကို ပေးအပ်တဲ့အခမ်းအနား ဒီကနေ့ ကျင်းပခြင်းဖြစ်ပါတယ်။

(အဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့သူက “အရင်က တစ်ယောက်ကို ၄၀၀ လှူရန် အလှူခံမည်ဖြစ်သော်လည်း အခု သီတဂူဆရာတော်နှင့်အဖွဲ့က တစ်ယောက်ကို အမေရိကန် ဒေါ်လာ ၄၀၀ ဆီ ဒဏ်ကြေးငွေအတွက် လှူပေးပြီးဖြစ်၍ သီးခြား အဲဒီအတွက် အလှူမခံရတော့ကြောင်း” ပြော)

“၂၇ရက်နေ့မှာ ဒေါက်တာမြတ်သူ ရန်ကုန်ပြန်မယ်၊ အဲဒီမှာ ၂၇ ရက်နေ့ညမှာ ဘုန်းကြီးတို့ သီတဂူအဖွဲ့ အစည်းဝေးလုပ်မည်၊ ဒီထက် အင်တိုက်အားတိုက် လှူနိုင်လိမ့်မယ်၊ အစည်းဝေးပြီးတာနဲ့ ဒီထဲက လှဆန်းယဉ် ကိုမြင့်အောင်နှင့် ဘာဘူးပီကေဆင်တို့ ဒီမလေးရှားကို ထက်လွတ်မယ်၊ နောက်ထက် ၂၇ ရက်ညမှာ ဘယ်လောက် ဖြစ်မလဲ ဆိုတာ သတင်းကောင်းစောင့်နေကြအုန်း”ဟု ဆရာတော်မိန့်သည်။

 သီတဂူဆရာတော် မလေးရောက် သြ၀ါဒ ဗီဒီယိုဖိုင်မှ စာအဖြစ်ဖန်တီးသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၆-၆-၂၀၁၃

25 June 2013

သီတဂူဆရာတော်ကြီး မလေးရှားရောက်

မလေးရှားရောက် မြန်မာနိုင်ငံသားများ အားလုံး ဝမ်းသာစရာ သတင်းကောင်း....
(သီတဂူဆရာတော်ဘုရားကြီးနှင့်တကွ မြန်မာပြည်ပြန်ရန် မလေး(လဝက)ရုံးတွင် လက်ဗွေနှိပ်ရန်သွားသော မြန်မာအမျိုးသား/သ္မီးများ အမှတ်တရ)
 
မြန်မာပြည်မှ သီတဂူဆရာတော်ကြီးသည် မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားများ မိမိတို့ဌာနေသို့ အေးချမ်းစွာ ပြန်နိုင်ရန် ရည်ရွယ်၍ အလှူငွေလှူဒါန်းရန် င်္ဒီနေ့(၂၄.၆.၂၀၁၃)ညနေပိုင်းမှာ ကြွရောက်တော်မူလာပါတယ်....

လေဆိပ်မှ ဆင်းလျင်ဆင်းချင်း မလေးရှား လဝကရုံးသို့ တိုက်ရိုက်ကြွရောက်တော်မူလာပါတယ်၊ ဒီနေ့ လဝကရုံးမှာ လက်ဗွေနှိပ်ရန် ရောက်ရှိနေသူများအား ဒုက္ခရောက်နေသည်ဟု ကြား၍ ရောက်လာခဲ့ရကြောင်း မိမိမှာ အလှူငွေ ကန်ဒေါ်လာ (၁၀၀၀၀၀) ပါလာကြောင်း တတ်နိုင်သလောက် ကူညီပေးသွားမည်ဖြစ်ကြောင်း လက်ရှိ လဝကရုံးတွင် ပေးဆောင်နေရသော ဒဏ်ကြေး (၄၀၀)အား သီတဂူအထောက်အကူပြုအဖွဲ့မှ ဆရာတော်ဦးဆောင်၍ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း။

ထို့ကြောင့် ယနေ့မှစတင်၍ အမိမြန်မာပြည်သို့ ပြန်လိုသူများအနေဖြင့် ငွေကုန်ကြေးကျမရှိဘဲ မိမိတို့အိမ်သို့ ပြန်နိုင်တော့မည်ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်...........

၁။ မလေးရှားနိုင်ငံ မြန်မာသံရုံးမှ ယာယီနိုင်ငံသူလက်မှတ်(CI) အခမဲ့ထုတ်ပေးခြင်း။

၂။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်တည်ထောင်ထားသော ဧရာဝတီေ ဖာင်ဒေးရှင်းမှ လေယဉ်လက်မှတ်နှင့် လဝကရုံးသို့သွားလာရန်၎င်း လေဆိပ်သို့ပို့ဆောင်ရန်၎င်း ဘစ်ကားများ စီစဉ်ပေးခြင်း။

၃။ မြန်မာပြည် သီတဂူအထောက်အကူပြုအဖွဲ့မှ သီတဂူဆရာတော်ကြီးဦးဆောင်၍ လဝက ရုံးမှ ဒဏ်ကြေး (၄၀၀) အား ပေးဆောင်ပေးခြင်း။ အစရှိသောအကူအညီများအားလုံးကို ကျွန်တော်များ ဧရာဝတိစေတနာ့ဝန်ထမ်းအဖွဲ့(မလေးရှား)နှင့်အတူ မည်သည့် ငွေကြေးကောက်ခံခြင်း တစ်စုံတစ်ရာမရှိဘဲ ဆောင်ရွက် နေပါသဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း........

ဤသတင်းအားလဲ SHARE မျှဝေပေးခြင်းအားဖြင့် မြန်မာနိုင်ငံသားများအားလုံးသိစေရန် ကုသိုလ်ယူနိုင်ကြပါတယ်......

Myo Nyunt ဖေ့ဘုတ်မှ ကူးယူသည်။

ရွင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၅-၆-၂၀၁၃

21 June 2013

ပြည်မြန်မာလူကြီးမင်းများ တော်လာပြီ

ပြည်မြန်မာလူကြီးမင်းများ တော်လာပြီ

၂၇-၉-၂၀၁၀ နေ့ သီရိလင်္ကာမှာ ဖြစ်ပျက်ခဲ့တဲ့ သတင်းလေး မှတ်မိကြဦးမည် ထင်ပါသည်၊ နာဂစ်ဒဏ်ခံ မိဘမဲ့ ကလေးများဟု ခေါင်းစဉ်တပ်ပြီး ခေါ်သွားခံရတဲ့ ကိုရင်လေးတွေ၊ သီလရှင်လေးတွေကို သီတဂူဆရာတော်ကြီးက လေယာဉ်စရိတ်အကုန်ကျခံသည်၊ သိမ်းဆည်းခံထားရသော ပတ်စပို့တွေကို ရအောင်ယူပေးသည်။ ဤနည်းဖြင့် သီရိလင်္ကာရောက် ကိုရင်၊ သီလရှင်လေးများကို ကယ်တင်ခဲ့ဖူးသည်။ ဒီလင့်ကလေးကို ကြည်လိုက်ရင် သတင်းအပြည့်စုံ ရမည်။ 

အဲဒီအချိန်က ၀န်ကြီးဌာနတွေကို သက်ဆိုင်ရာမှ အကြောင်းကြားသော်လည်း ၀န်ကြီးဌာနများက သူတို့ဌာနနှင့် မဆိုင်ကြောင်း၊ ဟိုဘက်ပုတ်ချ၊ ဒီဘက်လွဲချနဲ့ အချိန်ကြာမြင့်ခဲ့သည်၊ တချို့ဌာနတွေကဆို “သူတို့ဌာနက ရေ မျှော ကမ်းတင်သူများကိုသာ တာဝန်ရှိသည်၊ ဒီကိစ္စမှာ တာဝန်မရှိ”ဟု မျက်နှာလွဲ ခဲပစ် လုပ်ခဲ့ကြဖူးသည်။ နောက်ဆုံး ဘယ်သူမှ တာဝန်မယူရင် သီတဂူဆရာတော် တာဝန်ယူမည်ဟု ဆုံးဖြတ်ကာ သီရိလင်္ကာ မြန်မာသံအမတ် အကူညီဖြင့် အောင်မြင်ခဲ့ဖူးသည်။
 
(Eleven Media Group မှ မလေးရှားအတွက် အလှူခံငွေများ သွားရောက်လှူဒါန်းစဉ်)
မလေးရှားအတွက် လှူဒါန်းရန်
ယခုတစ်ခါ ၂၆-၆-၂၀၁၃နေ့မှာ မလေးရှားရောက် မြန်မာပြည်သူ ပြည်သားများကို အကူအညီပေးရန် သီတဂူဆရာတော်ကြီး ကြွသွားအုန်းမည်ဟု Eleven Media Group သတင်းအရ သိရသည်။

မလေးရှားတွင် အခက်အခဲတွေ့နေသော မြန်မာနိုင်ငံသားများ အတွက် ထပ်မံလှူဒါန်းလိုသူများ အနေဖြင့် သီတဂူဆရာတော်နှင့် သီတဂူ သာသနာပြုအဖွဲ့ (ဒေါက်တာမြတ်သူ (ဘဏ္ဍာရေးမှူး)ဖုန်း - ၀၉၅၁၀၃၉၁၃၊ ဒေါက်တာကျော်ဝင်း ဖုန်း - ၀၁-၅၀၁၇၁၅)ထံ ဆက်သွယ်လှူဒါန်းနိုင်သလို Eleven Media Group သို့ ထပ်မံ လာရောက်လှူဒါန်းမှုများ အားလည်း သီတဂူဆရာတော်နှင့် သီတဂူ သာသနာပြုအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။ (Eleven Media Group)

မြန်မာလူကြီးမင်းများ တော်လာ

အစိုးရအသစ်တက်လာပြီး နောက်ပိုင်း မလေးရှားအရေးနှင့် ပက်သက်ပြီး ပြည်ပရောက် ကိုယ့်မြန်မာပြည်သူ ပြည်သားတွေကို ကြည့်တတ်လာသည်၊ စဉ်းစားပေးလာသည်၊ အကူညီတွေ ပေးလာသည်ကို တွေ့ရသဖြင့် အလွန့်အလွန် ၀မ်းသာမိသည်။ ပြည်သူတွေရဲ့ အခက်အခဲကို အဖွဲ့အစည်း၊ လုပ်ငန်းရှင်များနှင့် အစိုးရအနေနဲ့ပါ ပူးပေါင်းပြီး ၀ိုင်းဝန်းဖြေရှင်းပေးနေကြသည်ကို ကြားမိတော့ ဟိုးးးးလွန်ခဲ့တဲ့ သီရိလင်္ကာ အဖြစ်ပျက်လေးကို သွားသတိရမိသည်။ “မြန်မာလူကြီးမင်းများ တော်လာသည်”ဟု မြန်မာပြည်သားတစ်ယောက်အနေဖြင့် ခံစားမိသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၁-၆-၂၀၁၃

17 June 2013

သံဃာကို ကြည်ညိုတတ်ပါစေ

သံဃာကို ကြည်ညိုတတ်ပါစေ

စာမိတ်ဆက်

ဒီပို့စ်က ဗုဒ္ဓဘာသာဝင်တွေ အတွက်ပါမက တခြားဘာသာဝင်တွေ အတွက်ပါ များစွာ အထောက်ကူ ပြုပါလိမ့်မည်။ သံဃာကို ကြည်ညိုတတ်စေလိုပါသည်၊ သံဃာဆိုတဲ့အဓိပ္ပါယ်ကိုလည်း နားလည်စေလိုသည်။ “ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ်” ဆိုတာလို တစ်ပါးတစ်လေ မလျှော်မကန်တာလေးကို မြင်ပြီး တစ်သာသနာလုံး၊ တစ်သံဃာလုံးကို အထင်သေး အမြင်သေးပြီး အကုသိုလ် မဖြစ်စေလိုပါ။ သံဃာကို စော်ကားမိရင် အပြစ် အလွန်ကြီးများသလို သံဃာကို အကျိုးကျေးဇူးပြုရင်လဲ အလွန်အကျိုးများသည်။ တချို့ အွန်လိုင်းအပေါ်မှာ ကလေးမလေးတွေ စာရေးသူကို မေးလေ့ရှိတယ်၊ ဘယ် ဦးဇင်းကတော့ ဘယ်လို၊ ဘယ်ဘုန်းကြီးကတော့ ဘယ်ညာ၊ ဘယ်သူကတော့ ရဟန်းဖြစ်ပြီး ဘယ်လိုနေတာ၊ စသည်ဖြင့် အမြင်မကြည်တဲ့သဘောနဲ့ ပြောပြလေ့ရှိသည်၊ ဝေဖန်လေ့ရှိသြည်။ တချို့ကျပြန်တော့ အရှင်ဘုရား--ဘယ်နားက ဘုန်းကြီးက ဘယ်လိုနေတာဘုရား သင့်တော်ပါသလားဘုရားပေါ့၊ ဒီလိုနေတာ၊ ဒီလိုလုပ်တာ မသင့်တော်ပါဘူးဘုရားပေါ့၊ တစ်ချို့ဗုဒ္ဓဘာသာ စာပေနဲ့ အထိအတွေ့နှင့်လဲ နဲသည်၊ တရားတွေလဲ နာလေ့သိပ်မရှိတဲ့ ဘာသာရေးအထိအတွေ့ အရမ်းနုနယ်သေးတော့ ဘုန်းကြီးတစ်ပါး၏ မသင့်တော်တာကို မြင်တွေ့လိုက်ရပြီး ဘုန်းကြီးအားလုံး ဒီလိုပဲ နေမှာပဲ ဆိုတဲ့ အသိစိတ်ဝင်သွားပြီး သံဃာကို အထင်သေးအမြင်သေးစိတ်ဝင်ပြီး အပြစ်ကြီးတစ်ခု ရောက်သွားနိုင်သည်။ ထို့ကြောင့် ပုဂ္ဂိုလ် (Individual) နှင့် သံဃာ (The Order) ကို ကွဲကွဲပြားပြား သိစေလိုသည်အတွက် ဒီပို့စ် ဖြစ်ပေါ်လာသည်။
 
(တောင်မြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်)
စုန်းပြူးလေးတွေ
“ဆွမ်းဆန်ထဲ ကြွက်ချေးရော” “ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး ပုတ်”ဆိုတဲ့ စကားပုံများလို အဖွဲ့အစည်းတစ်ခုမှာ စုန်းပြူးလေးတွေ၊ ကြွက်ချေးလေးတွေ ပါတတ်သည်။ လူ ငါးယောက်သာ ရှိတဲ့ မိသားစုတစ်စုထဲသည်ပင် စုန်းပြူးလေးတွေ ပါတတ်သည်။ ရဟန်းတော်များသည်လည်း သာမန်ပုထုဇဉ်တွေများသာ ဖြစ်သည်၊ ထိုရဟန်းတော် ထောင်နဲ့ ချီ ရှိတဲ့ ကျောင်းတိုက်တစ်တိုက်မှာ စုန်းပြူးတွေ၊ ကြွက်ချေးတွေ ပါနိုင်သည်ကား အဆန်းမဟုတ်တော့ပေ။ ဒါကို နားလည်ထားဖို့လိုသည်၊ ထိလွယ် ရှလွယ်ဖြစ်တတ်သော ဘာသာရေးနုနယ်သူများအတွက် ရဟန်းတော် တစ်ပါးပါး အမြင်မတော်သည်ကို တွေ့လျှင် ယောနိသော မနသိကာ (သင့်သော နှလုံး)ထားတတ်ဖို့လိုသည်။

ယနေ့ခေတ်မှာ ခေတ်ရဟန်းတော်များသည် ခေတ်လူငယ်များနဲ့ ရင်ဘောင်တန်းကာ ခေတ်မှီသော စက်မှုကိရိယာများကို အမှီလိုက်ကာ အသုံးပြုနေကြသည်၊ တယ်လီဖုန်း၊ ကွန်ပြူတာ၊ အိုင်ပက်၊ အိုင်ဖုန်း၊ အင်တာနက် စသည်အားဖြင့် အသုံးပြုနေကြသည်ကို တွေ့မြင်ရမည် ဖြစ်သည်။ ထိုပစ္စည်းများသည် ရဟန်းတော်များသာ မဟုတ် လူဝတ်ကြောင် လူငယ်တွေပါ သုံးတတ်လျှင် အကျိုးများမည်၊ မသုံးတတ်လျှင်တော့ အန္တရာယ်များမည်၊ ၂၀၀၉ ခုနှစ်က ကလေးမလေးတစ်ယောက်က ရဟန်းတော်များ အင်တာနက် သုံးကောင်းပါသလား ဆိုတဲ့ မေးခွန်းအပေါ် ရဟန်းတော်နှင့်အင်တာနက် ဆိုတဲ့ပို့စ်တစ်ခု ရေးသားခဲ့ဖူးသည်။ မြန်မာနိုင်ငံမှာ အင်တာနက်တွေ စပြီး အသုံးများလာတော့ အင်တာနက်ဆိုင်တွေမှာ ရဟန်းတွေ တွေ့မြင်နေရတာကို တအံ့တသြဖြစ်သူတွေ ရှိသလို၊ ရဟန်းတွေ အင်တာနက် သုံးကောင်းပါသလားဆိုတဲ့ သံသယရှိသူတွေ ရှိကြသည်၊ ဒါ့အပြင် အမြင်မတော်ဘူးလို့ ထင်သူတွေလဲ ရှိမည်။ ကလေးမလေးတစ်ယောက်က သူမ၏ ဖေ့ဘုတ်မှာ ရေးထားသည့်စာတစ်ပုဒ် “ဟူးးးးးးးးးအင်တာနက်သုံးချင်လို့ မနက်စောစော အိပ်ယာက ထလာတယ်၊ အင်တာနက်ဆိုင်ရောက်တော့ ဘုန်းကြီးကျောင်းထဲကို ရောက်နေရသလိုပဲ”ဟု စိတ်မသက်မသာ လေသံနဲ့ ငြီးထွားနေသည်။ ဘုန်းကြီးကျောင်းနားမှာ ရှိသော အင်တာနက်ဆိုင်များသည် အင်တာနက် အသုံးပြုသော ရဟန်းတော်များကို အမှီပြုကြသည်အတွက် ဘုန်းကြီးကျောင်းအနားက အင်တာနက်ဆိုင်များကို သွားလျှင်တော့ ထိုကဲ့သို့အဖြစ်မျိုး ကြုံရမည် ဖြစ်သည်။ ခေတ်အမြင်အရ အဆန်းကား မဟုတ်ပါ၊ စာရေးသူ၏ “ရဟန်းတော်နှင့်အင်တာနက်” ပို့စ်ကို ဖတ်လျှင် ရဟန်းတော်များအတွက် အင်တာနက်သည် ဘယ်အတိုင်းအတာအထိ အရေးပါသလို၊ ဘယ်အတိုင်းအတာအထိ ဆိုးကျိုးပေးသနည်းဆိုတာပါ သိရမှာ ဖြစ်သည်။

ခေတ်ကာလအရ ပေါ်လာသည့်အလျှောက် ရဟန်းတော်များလဲ အသုံးပြုလာကြသည့်အခါ တချို့ပုဂ္ဂိုလ်များ အမြင်မတော်ဟု ထင်မှားပြီး သံဃာကို အကြည်ညိုမပျက်စေလိုပါ။ ရဟန်းတော်တွေဟာ ခေတ်နဲ့အညီ ပညာရပ်တွေလဲ သင်ယူလာကြသည့်အတွက် လူဝတ်ကြောင်တွေနဲ့ ပိုနီးစပ်လာသည်၊ ရှေးတုန်းကလို စာသင်တိုက်ထဲမှာပဲ အောင်းပြီး ဘုရားဟော ပိဋကတ်တွေကိုသာ သင်ကြသည် မဟုတ်တော့ပဲ အပြင်ထွက်ပြီး ခေတ်ပညာတွေ သင်လာကြတော့ အမြင်မတော်တာတွေ မြင်တွေ့နိုင်သည်။ ထိုအခါ ယောနိသော မနသိကာရ (အကောင်းအမြင်)နဲ့ မြင်သင့်သည်။ ပုဂ္ဂိုလ်တစ်ဦးဦးကြောင့် ဘုရားသားတော် သံဃာကို အထင်လွဲ အမြင်လွဲမှုတွေ အထိ မဖြစ်သင့်ပေ။

ကောင်းကင်ကြီးနှင့်တူသော သံဃာ
သံဃာဆိုတာ ဘုရားလက်ထက်က အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန် တို့ ဦးဆောင်ခဲ့သော သံဃာ့အဖွဲ့အစည်း၊ မြတ်စွာဘုရားမရှိသည့်နောက်ပိုင်း အရှင်မဟာကဿပ၊ အရှင်အာနန္ဒာတို့ ဆက်ပြီး ဦးဆောင်ခဲ့သော ယနေ့အထိ သံဃာ့အဖွဲ့အစည်းကို ရည်ရွယ်သည်။ ရဟန်းတစ်ပါးပါး သို့မဟုတ် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို ရည်ရွယ်သည် မဟုတ်။
သံဃာဆိုတာ ကောင်းကင်ကြီးနဲ့တူသည်၊ ကောင်းကင်ကြီးကို လက်နဲ့ ဝှေ့ယမ်းကြည့်သောအခါ ဘာကိုမှ မထိမခိုက်၊ မတိုက်မိဘဲ လှုပ်ခါ ယမ်းနိုင်သည်။ သံဃာသည်လည်း ပုဂ္ဂိုလ် မရှိသဖြင့် အလွန်ကြီးကျယ် ကျယ်ပြန့်သည်ဖြစ်ရာကား မထိခိုက်နိုင်။ ပုဂ္ဂိုလ်၊ တစ်ဦးတစ်ယောက်ချင်းကို မြင်ကြည့်လျှင်၊ မုန်းစရာ ဖြစ်လျှင် ဖြစ်မည်၊ ချစ်စရာ ဖြစ်လျှင် ဖြစ်မည်။ မုန်းစရာ ဖြစ်သောအခါ ဒေါသ ၀င်လာမည်၊ ချစ်စရာ ကြိုက်စရာဟု မြင်လာလျှင် သံယောဇဉ်၊ တွယ်တာမှုတွေ ပုဂ္ဂိုလ်စွဲတွေ ၀င်လာမည်။ ပုဂ္ဂိုလ်ကို ခင်မင်ပြီး ငါ့ဘုန်းကြီး၊ သူ့ဘုန်းကြီးဟု ဖြစ်တတ်သည်၊ ထိုအစွဲကနေ ကုလမစ္ဆရိယစိတ်တွေ၊ ဣဿာစိတ်တွေ ဆက်တိုက် ၀င်လာဦးမည်။

သံဃာပတ်သက်ပြီး အကုသိုလ်ဖြစ်လျှင်တောင် ကြီးလေးသော အပြစ် (ဂရုကံ) ဖြစ်သည်၊ ဥပမာ သံဃာ အသင်းခွဲတဲ့ အလုပ်မျိုး လုပ်မည့်ရင် အဖေကိုသတ်၊ အမေကို သတ်ခြင်းနှင့် အလားတူ အပြစ်မျိုးဖြစ်သည်။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နဲ့ ပတ်သက်ပြီး ဖြစ်သော အပြစ်မျိုးကား အပြစ်ကြီး မဆိုလှ၊ ကုသိုလ်ကောင်းမှုပိုင်းဆိုင်ရာမှာတော့ ဘုရားကို လှူတာထက် သံဃာကို လှူတာက ပိုပြီး အကျိုးများသည်။ တခါက မိဒွေးတော်ဂေါတမီသည် ကိုယ်တိုင် ချုပ်ဆိုးထားသော သင်္ကန်းကို ဘုရားရှင်အားလှူသောအခါ ဘုရားရှင်က ကျေးဇူးများသော မိထွေးတော်အား သံဃာကို လှူစေသည်၊ သံဃာအား လှူရင် ငါ့ဘုရားအား လှူတာထက် ပိုအကျိုးများမည်။ ဘုရားရှင်အား ရည်စူးထားလျှင် ငါ့အမျိုး၊ ငါ့ဘုရား ဆိုတဲ့ အစွဲ၊ သံယောဇဉ် အစွန်းတဖက် ၀င်လာမည်။ ကိုယ်မကြည်ညိုသော ပုဂ္ဂိုလ်ကို လှူလျှင်ကား ဒေါသ အစွန်းတစ်ဖတ်သို့ ရောက်သွားမည်။ သံဃာအား ရည်စူးလျှင်ကား ထိုအစွန်းနှစ်ဖက်မှ လွတ်သွားတော့သည်။

ပင်လယ်ကြီးနဲ့တူသော သံဃာ

သံဃာသည် ပင်လယ်ကြီးနဲ့လည် တူသည်ဟု ဆိုထားသေးသည်၊ သံဃာကို ရည်မှန်းပြီး အလှူဒါနပြုလျှင် ပင်လယ်ကြီးလောက် အကျိုးရသည်။ ပင်လယ်ကြီးထဲက ရေတွေကို ရေပုံးတွေနဲ့ တစ်ပုံး နှစ်ပုံးစသည်ဖြင့် ခပ်ပြီး ရေတွက်လို့ မရသလို၊ သံဃိကဒါနသည်လည် အရေအတွက်ရော အရည်အချင်းပါ နှိုင်းယှဉ်လို့ မရအောင် ကြီးမားလှသည်။ စာရေးသူ တောင်မြို့ မဟာဂန္ဓာရုံမှာ နေစဉ်က ကျောင်းတိုက်မှာ သံဃာ ၁၃၀၀ ကျော် ဆွမ်းလာ လောင်းလှူသော အလှူရှင်များကို ဆွမ်းမလောင်းမီမှာ ဆရာတော်ကြီးများ နေ့စဉ် မိန့်သည့် စကားတစ်ခွန်းရှိသည်၊ “သံဃဿ ဒေမ နိဗ္ဗာနဿ ပစ္စယော ဟောတု” ပင်ဖြစ်သည်။ စိတ်ထဲကနေ ဆို၍ ဆွမ်းလောင်းခိုင်းသည်။ ကျမ်းအပြုအကျော် ဆရာတော်ကြီးလက်ထက်ကထဲက ထိုအစဉ်အလာသည် ယနေ့အထိ သက်ဝင်နေဆဲဖြစ်သည်။

စာရေးသူတို့ကျောင်းမှာ မနက်တိုင်း သြ၀ါဒ (နံနက်ခင်း သြ၀ါဒ)ဆိုတာ ရှိသည်၊ ထိုသြ၀ါဒတွင် ကျောင်းတိုက်အတွင်းရှိ သံဃာများသာမက ကျောင်းတိုက် အနီးအနားရှိ ရပ်ကွက်ထဲက ဒကာ ဒကာမတွေပါ လာနာယူကြသည်။ ထိုအထဲတွင် ကျောင်းဒကာကြီး ဦးမြညွှန့်လဲ ပါသည်၊ သံဃာ အားလုံးက သူ့ကို သိကြသည်။ ထိုကျောင်းဒကာသည် ဆရာတော်ကြီး လက်ထက်ကထဲက မနက်ခင်းတိုင်း သြ၀ါဒ လာနာလေ့ရှိသည်၊ သြ၀ါဒအပြီး သံဃာ ၁၃၀၀ လောက် နေ့စဉ် ဆွမ်းခံကြွရာ သူ့အိမ်က ကျောင်းအပေါက်မှာ ဖြစ်သဖြင့် သံဃာ အားလုံးနီးပါး လောင်းရသည်၊ နေ့စဉ် ဆန်တစ်တင်းလောက် လောင်းရသတဲ့၊ အများစုကတော့ ရွာဘုရား ရွာသား မရိုသေ၊ ရွာနွားမြက် ရွာနွားမစား ဆိုတာလို ကျောင်းနားမှာ နေသူများက ကျောင်းက ဘုန်းကြီးများကို ကြည်ညိုခဲ၏၊ ဒါပေမဲ့ ထိုဒကာကြီးက သံဃာကို ကြည်ညိုတတ်သဖြင့် ဘယ်ရဟန်း ဘယ်လိုနေနေ ကြည်ညိုတတ်နေသည်။ ရဟန်းဆိုတဲ့ ပုဂ္ဂိုလ်ကို မကြည့်၊ သံဃာကိုပဲ ကြည့်တတ်သူဟု ဆိုရမည်။ ကျောင်းအနီးအနားမှာ ဆိုတော့ ကျောင်းတိုက်ထဲက ကိုရင်တွေ ဦးဇင်းငယ်တွေ အိမ်ရှေ့ကနေ ဖြတ်သွား ဖြတ်လာ သွားတတ်ကြသည်၊ သင်္ကန်းမရုံ၊ လူငယ်သဘာဝ လွတ်လွတ်လပ်လပ် သွားတတ်ကြသည်၊ တချို့ဆို အိမ်ရှေ့ကနေ သီချင်းတောင် အော်ဆိုသွားသေးသည်၊ အကြည်ညိုမပျက် ကျောင်းတိုက်က တစ်တိုက်လုံး သံချောင်းခေါက်ပြီး သံဃာစစ်တိုင်း မြို့ထဲ ရပ်ထဲ အသီးအသီး ရောက်နေကြသော ကိုရင်တွေ ဦးဇင်းတွေ တ၀ုန်းဝုန်းနဲ့ အိမ်ရှေ့ကနေ ဖြတ်ပြီး ပြေးတတ်ကြသည်၊ ထိုအခါ အကြည်အညို မပျက်တဲ့အပြင် အိမ်ရှေ့ထွက်ပြီး လက်အုပ်ကလေးချီကာ အရှင်ဘုရားများ မှီအောင်ပြေးတော်မူကြပါဘုရားဟု လျှောက်တတ်သေးသည်။

စာရေးသူလဲ ထိုဖြစ်စဉ်ကို ကြည့်ပြီး ဘုရားလက်ထက်က ကျောင်းဒကာ ဦးအနာထပိဏ်တို့ ကျောင်းအမ ဒေါ်ဝိသာခါတို့ကို သတိရမိလိုက်သည်။ ထိုကျောင်းဒကာ ကျောင်းအမများသည်၊ သောတာပန်များ ဖြစ်ကြသည်၊ ရဟန်းသံဃာများကို ကြည်ညိုတတ်သလို ပုဂ္ဂိလ်တစ်ပါးချင်းအားဖြင့်လဲ သံယောဇဉ်ရှိကြသည်။ ဘုရားရှင်၏ အလုပ်အကြွေး အရှင်အာနန္ဒာကို သိပ်ချစ်ကြသည်။ ယနေ့ခေတ် ဆရာတော်ကြီးများ၏ အလုပ်အကြွေးများကို ကျောင်းဒကာ ကျောင်းအမများက ချစ်ကြသလိုပင် ဖြစ်မည်။ မြတ်ဗုဒ္ဓလက်ထက်တော်ကထဲက သံဃာထဲတွင် စုန်းပြူးလေးတွေ ရှိတတ်သည်၊ ထိုကဲ့သို့သော စုန်းပြူးလေးတွေကို ကျောင်းဒကာ အနာထပိဏ်တို့ ကျောင်းအမ ဒေါ်ဝိသာခါတို့ ကောင်းကောင်း သိကြသည်။ သံဃာကို ကြည်ညိုတတ်သဖြင့် တစ်ဦးတစ်ယောက် မကောင်းတာကို မြင်ပြီး သံဃာကို အကြည်အညိုမပြတ်ခဲ့ကြ။ သံဃာ၏ လေးနက်သော အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ကောင်းကောင်း သိထားသူများ ဖြစ်ကြသည်။

ပင်လယ်နဲ့တူတဲ့ သံဃာသည် အလွန်သန့်ရှင်းသည်၊ ဖြူစင်သည်။ အညစ်အကြေးမရှိ၊ အပုပ်အနံ့ မရှိ၊ ပင်လယ်ထဲတွင် အပုပ်အကောင်များ ကျရောက်သော် ပင်လယ်၏ လှိုင်းများ ရိုက်ခက်ပြီး ကမ်းပေါ်ရောက်အောင် ပို့လေ့ရှိသည်။ ပင်ထဲတွင် ဘာအပုပ်အကောင်မှ မထား၊ ဒါသည်ပင် ပင်လယ်ကြီး၏ အံဖွယ်ရှစ်ဖြာထဲက တစ်ခု အပါဝင်ဖြစ်သည်။ အလားတူပင် သံဃာ့အဖွဲအစည်းထဲမှာလဲ အပုပ်အကောင်များ မရှိ၊ အပုပ်ကောင်များ ကျရောက်လာလျှင်လဲ အပြင်ရောက်အောင် ထုတ်ပစ်လေ့ရှိသည်။ တစ်ခါက သံဃာများစုစည်းနေချိန် မြတ်စွာဘုရား ပါတိမောက်ပြမည့်ကို စောင့်နေကြသော သံဃာတော်များက “သံဃာ ပရိသတ် စုံလင်နေပါလျှက်၊ မြတ်ဗုဒ္ဓ ဘာ့ကြောင့် ငြိမ်နေသနည်း” သံဃာများက သံဃာတွေ စုံလင်ကြောင်း လျှောက်သော်လည်း ငြိမ်မြဲငြိမ်နေသည်။ နောက်တစ်ကြိမ်တော့ မြတ်ဗုဒ္ဓက သံဃာတွင် အပုပ်အနံ့ရှိသူ ရှိနေပြီ၊ သံဃာတွင် မစင်ကြယ်သူ ရှိနေပြီဟု မိန့်မှ မစင်ကြယ်သူ အပုပ်အနံ့ရှိသူ သံဃာထဲက ထွက်သွားဖို့ အရှင်မောဂ္ဂလာန် ၃ ကြိမ်တိုင်တိုင် မိန့်သော်လည်း ထွက်မသွားသော အခါ၊ အရှင်မောဂ္ဂလာန်သည် အဘိဥာဉ်ဖြင့် မစင်ကြယ်သူ အပုပ်အနံ့ရှိသူကို ရှာပြီး လက်မောင်းကို စွဲပြီး ခေါ်ထုတ်ရတဲ့အထိ ဖြစ်ခဲ့ဖူးသည်။ သံဃာတွင် အညစ်ကြေးမတင် သန့်ရှင်း ဖြူစင်နေခြင်းသည်လည်း သာသနာတော်ကြီး၏ အံ့ဖွယ် ရှစ်ဖြာမှ တစ်ခုအပါဝင် ဖြစ်သည်။

သာသနာတော်မှ အလိုလျောက် ထွက်သွားသူများ
သာသနာအပေါ်၊ ရတနာသုံးပါးအပေါ် သဒ္ဓါအား နဲသွားသော် မြတ်ဗုဒ္ဓအဆုံးအမတွေအပေါ် လိုက်နာ ကျင့်သုံးမှု ၀ီရိယနဲသွားမည်၊ သူတော်ကောင်း အလုပ်တွေကို လုပ်ချင်စိတ် ဆန္ဒ ၀ီရိယ နဲသွားတာနဲ့အမျှ မကောင်းမှုလုပ်ချင်စိတ် တွေ ပေါ်လာမည်၊ မကောင်းမှု လုပ်ရမှာကို မရှက်တော့၊ မကြောက်တော့သဖြင့် ထိုမကောင်းမှုတွေကို လုပ်ဖြစ်သွားမည်၊ ထိုကဲ့သို့ သဒ္ဓါအားနဲခြင်း၊ ၀ီရိယ လျှော့သွားခြင်း၊ မကောင်းမူ့ကို မရှက် မကြောက်ခြင်းတို့သည် ပညာ၊ အသိပညာ ဗဟုသုတ အားနဲလွန်းသော ကြောင့် ဖြစ်သည်။ ထိုကဲ့သို့ မကောင်းမှုတွေ အပေါ် ပျော်မွေ့သွားသော သူသည် သူတော်ကောင်းများ အသိုင်းအ၀ိုင်းတွင် မနေတတ်တော့၊ မနေနိုင်ဘဲ အလိုအလျှောက် အပြင်ရောက်သွားတော့သည်။ (စ၀နသုတ်၊ အင်္ဂုတ္တရနိကာယ်)။

စာရေးသူ ငယ်စဉ်က တောင်မြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်ရဲ့ အတွေ့အကြုံလေးကို ဖောက်သည်ချချင်သည်။ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ အတွေ့ကြုံတိုင်းသည် ကိုယ့်အတွက် မမေ့စရာ၊ အမှတ်ရစရာ အဖြစ်ရှိနေသည်။ ထိုအတွေ့ကြုံလေးတွေကို တွေးမိတိုင်း ပိုငယ်သွားသလို ခံစားမိသည်၊ ကြည်နူးမိသည်၊ စိတ်ကောင်းတွေ နှိုးထလာသည်။ ထိုတိုက်ထဲမှာ နေစဉ်က ကျောင်းတိုက်ရဲ့ သေနာသန၀တ်တွေကို ဘယ်သူမှ မတိုက်တွန်းဘဲ ကိုယ့် သဒ္ဓါတရားဖြင့် လုပ်ကြသည်၊ ဖြည့်ကျင့်ကြသည်။ မနက် အိပ်ယာထ တချို့လဲ မေတ္တာဘာဝနာပွားကြ၊ တချို့လဲ လမ်းလျှောက်ရင်း ပရိတ်တရားများရွတ်ပွားကြ၊ တချို့ကျတော့ တံမျက်စီးလှဲခြင်း၊ သောက်ရေးအိုး ရေဖြည့်ခြင်းစတဲ့ သေနာသန၀တ်တွေ ပြုကြသည်၊ မနက်စာ အရုဏ်ဆွမ်းဘုန်းပေးပြီး သြ၀ါဒတရား နာကြသည်၊ သြ၀ါဒ ပြီးတာနဲ့ ကိုယ့်အသိစိတ်နဲ့ ဦးသူတော်၊ ကိုရင်၊ ရဟန်းတော် အသီးအသီးတို့က ကိုယ့်ပတ်ဝန်းကျင်မှာ သန့်ရှင်းရေးလုပ်ကြသည်၊ သောက်ရေးအိုး ရေဖြည့်သူက ဖြည့်ကြသဖြင့် မနက်ပိုင်း သဒ္ဓါအားကြောင့် တက်တက်ကြွကြွနဲ့ သူတော်ကောင်း အလုပ် လုပ်ကြသည်၊ ညနေပိုင်း စာဝါအချိန် သိမ်းချိန်မှာ တစ်ကြိမ် ကျောင်းတိုက်၏ သေနာသန၀တ်ကို ဖြည့်ကြပြန်သည်။ သဒ္ဓါတရားရှိသူများက ကိုယ့်စိတ်နဲ့ကို သေနာသန၀တ်ကိုဖြည့်ကျင့်နေကြပေမဲ့ သဒ္ဓါနဲသူ၊ မရှိသူများကတော့ သူများ လုပ်နေတာကို ဘေးကနေ မိန့်မိန့်ကြီး ထိုင်ကြည့်နေတတ်ကြသည်၊ ကိုယ့်ထက် အသက်ကြီး ၀ါကြီး ပညာကြီးသူများက တံမျက်စီးလှဲနေတဲ့ အချိန် အနားမှာ သဒ္ဓါတရားနဲသူက အလိုက်မသိ နေတတ်သည်။ ထို ပုဂ္ဂိုလ်များက သူတော်ကောင်း အလုပ်ကို မပျော်၊ သူပျော်နေတာက သာသနာနဲ့ မစပ်တဲ့ အလုပ်၊ ရဟန်းတို့ မလုပ်အပ်တဲ့ အလုပ်ဖြစ်နေသည်။ သူလဲ သိပ်မကြာပါဘူး၊ လူထွက်ရင် ထွက်၊ လူမထွက်ရင်လဲ ထိုအသိုင်းဝိုင်းမှာ ငြီးငွေ့လာသဖြင့် အလိုလိုနဲ့ အပြင်ရောက်သွားတော့သည်။

သဒ္ဓါတရားသည် သူတော်ကောင်းအလုပ် လုပ်ရန် နှိုးဆော်ပေးနိုင်စွမ်းရှိသလို သဒ္ဓါဇာတော ဥပသင်္ကမိ (စင်္ကီသုတ်) အရ သဒ္ဓါတရားသည် ဆရာသမားကို ချဉ်းကပ်စေပြီး၊ ထိုမှ ဆင့်ကဲဆင့်ကဲ သစ္စာတရားကို သိစွမ်းနိုင်သည်အထိ အရောက်ပို့သည်။ သဒ္ဓါတရား လုံးဝ မရှိလျှင်တော့ ဆန့်ကျင်ဘက် အလုပ်တွေကို လုပ်ဖို့ အခြေအနေ ရောက်သည်၊ ထိုမှ ဆင့်ကဲဆင့်ကဲ အပါယ်လေးပါးထဲသို့ ဆွဲချသည်အထိ ဖြစ်သွားတော့သည်။ သဒ္ဓါတရားမရှိလျှင်တော့ ကိုယ့်သန္တာန် သူတော်ကောင်းတရား (သာသနာ) ကွယ်ပြီဟူ၍မှတ်ရတော့မည်။
(မဟာဂန္ဓာရုံတိုက်ခွဲ မြစကြ်ာ၊ စစ်ကိုင်း)
ဗုဒ္ဓဘာသာ အဖြစ်ကိုရယူခြင်းနှင့် သံဃာ
ဗုဒ္ဓဘာသာ အဖြစ်ကို ခံယူခြင်းသည် ရတနာသုံးပါးကို လက်ခံ ယုံကြည် ကိုးကွယ်ခြင်း ဖြစ်သည့်အပြင် လူဝတ်ကြောင်များ စောင့်ထိမ်းသင့်သည့် ဥပဒေ (ခေါ်) ငါးပါးသီလကို ခံယူခြင်းတို့ဖြစ်သည်။ ထို ရတနာသုံးပါးတွင် “သံဃံ သရဏံ ဂစ္ဆာမိ” သံဃာကို ကိုးကွယ် အားထားရာဟူ၍ အသက်ထက်ဆုံး ဆည်းကပ်ပါ၏ ဟူသည် ရဟန်းတစ်ပါးပါးကို ဆည်းကပ် သည်ကို မဆိုလို။ ကောင်းကင်ကြီးနှင့်တူသော၊ ချစ်ခြင်း မုန်းခြင်း ဟူသော အစွန်းနှစ်ဖက်မှ လွတ်သော ဘုရားရှင်၏ သားတော်များ အဖွဲ့အစည်းကြီး တစ်ခုလုံးကို ဆိုလိုသည်။ သုပ္ပဋိပ္ပန္န၊ ဥဇုပ္ပဋိပ္ပန္န အစဖြာသည့် ကိုးဖြာသော ဂုဏ်တော်တွေနှင့် ပြည့်စုံသော သံဃာကို ဆိုလိုသည်။ ထိုဂုဏ်များအပြင် ယနေ့ ကုသိုလ် အကုသိုလ်၊ ကောင်း၏ မကောင်း၏၊ အပြစ်ရှိ မရှိ၊ ကံ ကံ၏အကျိုး၊ အမိအဖ၊ အစ်ကိုအစ်မ ကျေးဇူးတရားတွေကို သိရခြင်း၊ မြတ်ဗုဒ္ဓတရားတော်တွေကို ယနေ့အထိ နှစ်များစွာ လက်ဆင့်ကမ်းလာခြင်း စတဲ့ ဂုဏ်တွေကို အလေးအထားပြီး ယုံကြည် ကိုးကွယ်ခြင်းဖြစ်သည်။ ထိုဂုဏ်တွေသည် သံဃာမှာ ရှိသည်။ သံဃာသည် လယ်ယာမြေကောင်းနှင့်လည်း တူသည် (ပုညခေတ္တံ အနုတ္တရံ)၊ ထိုလယ်မြေကောင်းတွင် စိုက်ပျိုးခွင့်ရရှိသော သူတို့မှာ များစွားအကျိုးများ ရရှိကြသည်။ သံဃာသည် ထိုကဲ့သို့လယ်ယာမြေကောင်း ဖြစ်အောင် ကျင့်ဆောင်နေခြင်းကို လောကစီးပွား ပရဟိတအတွက် အားထုတ်နေသူ အစစ်များဖြစ်ကြသည်။ ထိုကဲ့သို့သော ဂုဏ်ကျေးဇူးများကို စိတ်တွင်သွင်း၍ သံဃံ သရဏံ ဂစ္ဆာမိ ဖြစ်လာရသည်။

နိဂုံးချုပ်သော်
ထို့ကြောင့် သံဃာ၊ သာသနာက အလွန်သန့်ရှင်းပါတယ်၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို မကြည့်ဘဲ သံဃာ၊ သာသနာကိုပဲ ကြည့်ပြီး ကြည်ညိုတတ်ပါစေ။ သံဃံ သရဏံ ဂစ္ဆာမိ တွင် လေးနက်သော အဓိပ္ပါယ် များစွာ ပါရှိသည်ကို သတိပြုသင့်သည်၊ ဘိက္ခုံ-သမဏံ-ပုဂ္ဂလံ သရဏံ ဂစ္ဆာမိ စတဲ့ တစ်ဦးတစ်ယောက်ကို ကိုးကွယ်သည်နှင့် မတူဟု မှတ်ထားသည်။ မြတ်ဗုဒ္ဓ၏ဓမ္မသည်ပင် သာသနာ၊ မြတ်ဗုဒ္ဓသားတော် သံဃာသည်ပင် သာသနာဖြစ်သည်အတွက် သာသနာနှင့် သံဃာကို ကြည်ညိုတတ်ကြပါစေသတည်းးးး။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၀-၁၁-၂၀၁၂

12 June 2013

သမ္မတဖြစ်ချင်သူ

သမ္မတဖြစ်ချင်သူ
(သီတဂူစတား စာတိုပေတို)

စာမိတ်ဆက်
သမ္မတဖြစ်ချင်တယ်ဆိုတဲ့ အသံ အခုတလော မကြာခဏ၊ တစ်ယောက်မက ပြောနေကြသည်ကို ကြားနေရသည်၊ စိတ်မကောင်းစရာက ထိုအသံအောက်မှာ တုန့်ပြန်သံတွေက ဝေဖန်သံထက် နားမခံသာအောင် ပုတ်ခက် ပြောဆို၊ ဆဲရေးသည့် စကားတွေသံပဲဖြစ်သည်။ ဝေဖန်တာ ကောင်းပေမဲ့၊ ကိုယ့်အဖိုး၊ ကိုယ့်အဖွား၊ ကိုယ့်အဖေ၊ ကိုယ့်အမေ အရွယ်လောက်ရှိတဲ့သူကို ဆဲတာ၊ ပုပ်ခက်တာတော့ မြန်မာ့သားကောင်း သမီးကောင်း မပီသပါဘူး၊ ကာယကံ၊ ၀စီကံ၊ မနောကံ အပြစ်ကြီးလှသည်။ ထိုအဖြစ်တွေကို မဖြစ်စေလို၍ လည်းကောင်း၊ အလားတူ သမ္မတဘာ့ကြောင့်ဖြစ်ချင်သလဲ၊ ဘယ်သူတွေ သမ္မတဖြစ်ချင်ကြသလဲ ဆိုတဲ့အတွေးကိုလည်းကောင်း မြတ်ဗုဒ္ဓဟောခဲ့သည့် သုတ္တန်တစ်ခုကို သတိရမိသဖြင့် ဤစာတိုပေတိုလေး ရေးဖြစ်သွားသည်။ နိုင်ငံရေး ပညာတတ်၍လည်း မဟုတ်၊ နိုင်ငံရေးဝါသနာပါ၍လည်း မဟုတ်၊ သို့သော် သတင်းမှန်သမျှကိုတော့ အကုန်ဖတ်သည်။

မြတ်ဗုဒ္ဓက အာသံသသုတ်ကို ရဟန္တာ ဖြစ်ချင်သူ ဖြစ်ထိုက်သူနဲ့ ဆက်စပ်ပြီး သမ္မတဖြစ်ချင်သူ၊ ဖြစ်ထိုက်သူများကို နိုင်းယှဉ်၍ဟောထားခြင်းဖြစ်သည်။ သို့သော် လူတွေက သမ္မတဖြစ်ချင်တယ်ဆိုတဲ့ အသံကို တော်တော် စိတ်ဝင်တစား ဖတ်ကြသည်၊ နားထောင်ကြသည်၊ ဝေဖန်ကြသည်၊ အော်ကြသည်။ ထို့ကြောင့် သမ္မတဖြစ်ချင်သူဆိုတာလေးကိုပဲ ကွက်ပြီး ဖော်ပြလိုက်ပါသည်။
 (သူကတော့ သမ္မတဖြစ်နိုင်တဲ့ စွမ်းရည်မရှိလို့ သမ္မတ အာသာ မရှိသူ ယာစက)

လူသုံးယောက်နှင့်သမ္မတ
သမ္မတဟူသည် သမုတိတို့မှ ဆင်းသက်သော ပါဠိစကားလုံးကို သမ္မတဟု၍လဲ မြန်မာမှုပြုထားသည်၊ ပြည်သူများက ယုံကြည်အားကိုးထိုက်ပြီး တရားမျှတစွာ အခက်အခဲ ပြဿနာများကို ဖြေရှင်းပေးနိုင်သူကို ခေါင်းဆောင်အဖြစ် သမုတ် (သမုတိ-သမ္မတ) ထားသောကြောင့် သမ္မတဟု ခေါ်သည်။ ထိုအရည်အချင်းနှင့်ပြည့်စုံသူကို ပြည်သူတွေကပဲ ရှာဖွေကာ တိုင်းပြည် ရပ်ရွာများရဲ့ အခက်အခဲများကို မျှမျှတတဖြေရှင်းပေးရန် တောင်းပန်ကြသည်။ ဤသို့အား သမ္မတ ဆိုတာ ကမ္ဘာဦး လူသားတွေ စပေါ်လာကထဲက ပေါ်ပေါက်လာသည်။ စာရေးသူဆိုက် “လူသားအစ” ပို့စ်တွင် လူသားတွေ၊ သမ္မတ၊ ကျား+မ စသည်တို့ပေါ်ပေါက်လာပုံကို ဖော်ပြခဲ့သည်။ 

(က) သမ္မတ ဖြစ်ချင်တဲ့ အာသာ ရှိတယ်ဆိုကထဲက သူ့မှာ ကိုယ့်ကိုယ်ကို ယုံကြည်တဲ့ စွမ်းရည် ရှိနေလို့ပဲဖြစ်ပါတယ်။ ကိုယ်ရည် ကိုယ်သွေး၊ အစွမ်းအစရှိပြီး သမ္မတဖြစ်ချင်သော အာသာရှိသူကို အာသံသ ပုဂ္ဂိုလ်ဟုခေါ်သည်။ ကိုယ်ကိုယ်တိုင်ကရော တခြားသူကပါ ယုံကြည်လောက်တဲ့ အရည်အချင်း ရှိသူတိုင်း၊ သို့မဟုတ် ခေါင်းဆောင်ဖြစ်ရန် ကြိုးစားသူတိုင်းက သမ္မတဖြစ်ချင်ကြသည်၊ တိုင်းပြည်ခေါင်းဆောင် ဖြစ်ချင်ကြသည်။ (အာသံသ)

(ခ) ကိုယ့်ကိုယ်ကို ယုံကြည်နိုင်လောက်တဲ့ သတ္တိ ဗျတ္တိမှ မရှိတာ ဘယ်လိုလုပ်ပြီး သမ္မတဖြစ်ချင်တယ်ဆိုတဲ့ အာသာ၊ ဆန္ဒရှိမလဲ။ မုဆိုးတံငါ၊ ပညာမဲ့ လူတန်းစား၊ ရုပ်ဆိုးအကျည်းတန်လွန်သူများ၊ နေ့မှန်အောင်တောင် မစားနိုင်တဲ့ ယာစက တွေကို သွားမေးကြည့်ပါ၊ ခင်များ သမ္မတဖြစ်ချင်တဲ့ အာသာရှိနေလားလို့၊ ကိုယ့်ကိုယ်ကို ယုံကြည်လောက်တဲ့ အရည်အချင်း သူ့မှာ မရှိလို့ သမ္မတဖြစ်ချင်တဲ့စိတ် အိပ်မက်ထဲတောင် မမက်ခဲ့ပါဘူးလို့ ဖြေပါလိမ့်မည်၊ သူ့ရဲ့အဖြေသည် အမှန်ကို ဖြေကြားသဖြင့် ရိုးသားသော အဖြေဖြစ်ပါသည်။ ကိုယ်ရည် ကိုယ်သွေး၊ အစွမ်းအစ မရှိ၍ သမ္မတဖြစ်ချင်သော အာသာ မရှိသူကို နိရာသပုဂ္ဂိုလ်ဟုခေါ်သည်။ (နိရာသ)

(ဂ) ခင်များကော သမ္မတဖြစ်ချင်လားလို့ “သမ္မတ ဖြစ်နေဆဲသူကို သွားမေးကြည့်”၊ ဘယ်လိုဖြေမလဲ ထင်လဲ။ စာထဲမှာတော့ ဘိသိတ်မြှောက်ပြီး ဘုရင်ဟာ သူများနိုင်ငံမှာ ဘယ်သူကတော့ ဘုရင် ဘိသိက်သွန်းပြီး မင်းမြှောက်နေလေရဲ့၊ ငါလဲပဲ ဘုရင်ဖြစ်ဖို့ ဘိသိက်မြှောက်ခံလိုတယ်ဆိုတဲ့ စိတ်၊ အာသာ၊ ဆန္ဒတွေ သူ့မှာ လုံးဝမရှိတော့ဘူး၊ သူဟာ ဘိသိက်မြှောက်ခံပြီး ဘုရင်ဖြစ်နေပြီး ဖြစ်၍ အာသာဆန္ဒ ငြိမ်းနေပြီးဖြစ်သောကြောင့်တည်း။ လက်ရှိဘ၀မှာ သမ္မတဖြစ်နေဆဲမို့ သမ္မတဖြစ်ချင်တဲ့ အာသာ ငြိမ်းပြီး ဖြစ်သော သူကို ၀ိဂတာသ ပုဂ္ဂိုလ်ဟု ခေါ်သည်။ (၀ိဂတာသ)

(အဲဒီခေတ်က ဘုရင်စနစ်ဖြစ်နေတာကိုး။ ယခုလို ၄ နှစ်တစ်ကြိမ် ပြည်သူရဲ့ ဆန္ဒမဲဖြင့် ဘုရင် သို့မဟုတ် သမ္မတ ဖြစ်ရမည်ဆိုရင် အဲဒီခေတ်က နံပါတ် (ဂ) ၀ိဂတာသ ဆိုတာ ရှိမည် မထင်။ ဖြစ်နေခိုက်ကိုသာ ရည်ရွယ်ပြီးဆိုလိုသဖြင့် ဒီကနေ့ခေတ်လဲ ၀ိဂတာသပုဂ္ဂိုလ် ရှိပါသည်။ သို့သော်လည်း ဒီမိုကရေစီစနစ်အရ နောက်တစ်ကြိမ် သမ္မတဖြစ်ဖို့ကိုတော့ အာသာရှိနေရကား နံပါတ် (က)အာသံသပုဂ္ဂိုလ် အမျိုးစားထဲလဲ ပါဝင်မည်။

လူတိုင်း သမ္မတဖြစ်ခွင့် ပြောဆိုနိုင်
စာပေမှာကိုက “လူ့လောကမှာ ဒီလိုပုဂ္ဂိုလ်သုံးယောက်ရှိတယ်လို့” ပြဆိုထားတာဆိုတော့ကား ပြောနိုင်တဲ့သူက သမ္မတဖြစ်ချင်တယ်လိုပဲ ပြောပြော၊ ပြောရဲတဲ့ သတ္တိမရှိလို့ မပြောရဲဘဲ နေနေ၊ ဘယ်သူ့ကိုမှ ဝေဖန် ပုတ်ခက်စရာမလိုပါဘူးလို့ ယူဆရပါသည်။ လူတိုင်းမှာ အခွင့်ရေးရှိသည်၊ ကိုယ်လဲ ပြောနိုင်တဲ့ သတ္တိ ဗျတ္တိ၊ အစွမ်းအစရှိတယ်လို့ ယုံကြည်နေရင် ပြောနိုင်ပါသည်။ ဘယ်ပုဂ္ဂိုလ်ကမှ “ခင်များက ဘယ်လို သူက ဘယ်ညာ” ဆိုပြီး သွားပုပ်လေလွင့်၊ အမနာပတွေနဲ့ ပြောစရာ မလိုပါ။

ဒီမိုကရေစီခေတ် လူတိုင်းမှာ အခွင့်ရေးရှိတယ်ဆိုပေမဲ့ နံပါတ် (ခ)လို လူမျိုးက ရူးတူးတူးပေါတောတောနဲ့ သမ္မတဖြစ်ချင်တယ်လို့ ပြောမယ်ဆိုရင်တော့ ဆွမ်းကြီး ၀ိုင်းလောင်းခံရမှာ အသေချာပင်ဖြစ်သည်၊ (ဆဲသံ ဆိုသံတွေ ညံလို့နေမည်)။ ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်ပါ၊ အစွမ်းအစ၊ အရည်အချင်းရှိပါသလား၊ ကိုယ်ကိုယ်တိုင်က မရှိဘဲ သူများကို သွားဝေဖန်နေလျှင် အဝေဖန်ခံရသူမှာ လူမိုက်၊ သို့မဟုတ် စိတ်မနံ့သူရဲ့ ချီးမွမ်းခံရသလို အောင့်သက်သက်သာဖြစ်မည်၊ ကဲ့ရဲ့ခံ၊ ဆဲဆိုခံရပါကလည်း ရွှေခြင်္သေ့ ချီးလူးဝက် ၀င်တိုက်ခံရသလိုဖြစ်မည်။

ဝေဖန်ချင်သူများ ဆဲဆိုလိုသူများ သတိပြုရန်အတွက် “ကိုယ့်ကိုယ်ကို ချီးလူးဝက်လဲ မဖြစ်စေကြပါနဲ့၊ လူမိုက်လဲ မဖြစ်ချင်ကြပါနဲ့၊ ရူးနေသူလည်း အဖြစ်မခံကြပါနဲ့လို့” ဤအာသံသ သုတ္တန်ရဲ့ အဓိပ္ပါယ်ကို ဤကဲ့သို့ ဖွင့်ဆိုလိုက်ပါသည်။

“တရားမကြိုက်၊ လျှာဒုစရိုက်နှင့်၊ လူမိုက်တစ်သောင်း၊ ချီးမွမ်းရှောင်းလည်း၊ သူကောင်းတစ်ယောက်၊ ပြစ်တင်ကြောက်လော၊ ရှေ့နောက်မဆ၊ လူ့ဗာလတို့၊ ဂုဏဒေါသ၊ နှစ်ဝကျိုးပြစ်၊ စိစစ်မြော်မြင်၊ မဆင်ခြင်ဘူး၊ ဆိုချင်မက်မော၊ ဆိုလျှင်ဆောဖြင့်၊ သဘောအလိုက်၊ တုတ်နှင့်ရိုက်သို့၊ သူမိုက်ချီးမွမ်း၊ ဂုဏ်နာနွမ်း၏။” (မဃဒေ၀လင်္ကာ)

လောကဓံထဲက ကဲ့ရဲ့ရှုံ့ချခြင်း
လောကလူသားတွေက ခက်တော့ ခက်သားပဲ၊ လောကမှာ အကဲ့ရဲ့ မခံရတဲ့သူမရှိဟု ဆိုထားသည်၊ (နတ္ထိ လောကေ အနိန္ဒိတော)။ နေမင်းကြီး သူ့ဘာသာနေတာကို နေပူလို့ဆိုပြီး ကဲ့ရဲ့ကြသည်၊ ညအခါ လမင်းကြီး သူဘာသာ လင်းထိန်နေသည်ကို အမှောင်လောကသားတွေက “ဒီနေ့ကျမှ ဒီလ သာနေလိုက်တာ”ဟု ကဲ့ရဲ့ပြန်သည်။ မပြောဘဲ ငြိမ်နေရင်လဲ မပြောလို့ဆိုပြီး ကဲ့ရဲ့ကြပြန်သည်၊ ပြောဆိုလို့ အမှန်ကို ပြောပြန်တော့လဲ ကဲ့ရဲ့ပြန်သည်။ ကိုယ့်အိမ်ထဲ အေးအေးလူလူ အနားယူနေသူကိုတောင် အလွတ်မပေး၊ ကုတ်ကမြင်းတဲ့။

လောကဥသျှောင် မြတ်ဗုဒ္ဓသည်ပင် အကဲ့ရဲ့ခံမလွတ်၊ ထိုသို့သော ချီးမွမ်းခံရခြင်း၊ ကဲ့ရဲ့ခံရခြင်းတို့ကို ကျော်လွှားနိုင်သောကြောင့်ပင် ပိုပြီးပေါ်လွင်ခဲ့သည်။ မြတ်ဗုဒ္ဓကို တိုက်ခိုက်ကြသော အတွင်းလူ အရှင်ဒေ၀ဒတ်၊ အပြင်လူ ၀ါဒကွဲဖြစ်သော တိတ္ထိဆရာကြီးများနှင့် သူတို့၏ တပည့်များစသော အတိုက်ခံတို့ကြောင့်လည်း မြတ်ဗုဒ္ဓဂုဏ်တော်၊ ကံတော်၊ ဥာဏ်တော်တို့သည် ပို၍ပို၍ပင် ထင်ပေါ်လာခဲ့သည်။ မြတ်ဗုဒ္ဓသည် တခါတရံ သူ့ကို သေကြောင်း ကြံစီတဲ့အထိ လုပ်ကြံသူများနှင့် ကြုံခဲ့ဖူးသည်။

ထို့ကြောင့် မြတ်ဗုဒ္ဓသော်မှ အကဲ့ရဲ့ခံမလွတ်သော လောကကြီးထဲမှာ ကဲ့ရဲ့ ရှုံ့ချတာကိုလဲ မမှုနဲ့၊ ချီးမွမ်းတာကိုလဲ မမြှောက်နဲ့။ နောက်ဆုံးတော့ ထိုအရာအားလုံးသည် ကိုယ့်ရဲ့ လုပ်ရည်၊ စွမ်းရည်၊ သတ္တိ၊ ဗျတ္တိ၊ သစ္စာ၊ မေတ္တာ တရားတို့အောက်မှ ပြားပြားဝပ်ဆင်းသွားရတော့သည်သာ။

မှတ်ချက်။ ။ အင်္ဂုတ္တရနိကာယ်၊ အာသံသသုတ်အရ လောကမှာ နိရာသ၊ အာသံသ၊ ၀ိဂတာသ ဆိုတဲ့ ပုဂ္ဂိုလ် သုံးယောက်အကြောင်းကို ကိုးကားဖွင့်ဆိုသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၈-၆-၂၀၁၃

08 June 2013

သိပ်လှသော လောကကြီး

သိပ်လှသော လောကကြီး
(သီတဂူစတား စာတိုပေတို)

လောကကြီးသည်-------
လောကကြီးကို မေတ္တာမျက်လုံးဖြင့် ကြည့်လျှင် အစဉ်အမြဲ လှနေသည်။
လောကကြီးကို ကရုဏာမျက်လုံးဖြင့် ကြည့်လျှင် အစဉ်အမြဲ ကြင်နာမူတွေ နွေးထွေးမှုတွေဖြင့် လှနေသည်။
လောကကြီးကို မုဒိတာမျက်လုံးဖြင့် ကြည့်လျှင် အစဉ်အမြဲ ပြုံးပျော်နေကြခြင်းဖြင့် လှနေသည်။
လောကကြီးကို ဥပေက္ခာမျက်လုံးဖြင့် ကြည့်လျှင် အစဉ်အမြဲ လူသားဆန်နေခြင်းဖြင့် လှနေသည်။
(သီတဂူအာယုဒါနဆေးရုံတော်တွင် ဆေးကုသမှုခံယူနေကြစဉ်)
(သီတဂူအာယုဒါနဆေးရုံတော်တွင် ဘာသာမရွေး ဆေးကုသမှုခံယူနေကြစဉ်)
 
မေတ္တာမှာ လူမျိုးခြားမရှိပါ၊ ဘာသာ အယူဝါဒကွဲမရှိပါ။
ကရုဏာမှာ လူမျိုးခြားမရှိပါ၊ ဘာသာ အယူဝါဒကွဲမရှိပါ။
မုဒိတာမှာ လူမျိုးခြားမရှိပါ၊ ဘာသာ အယူဝါဒကွဲမရှိပါ။
ဥပေက္ခာ လူမျိုးခြားမရှိပါ၊ ဘာသာ အယူဝါဒကွဲမရှိပါ။
တပြေးညီ၊ တသားတည်းဖြစ်သည်။
(သီတဂူအာယုဒါနဆေးရုံတော်ကြီး (စစ်ကိုင်း)
 

 သီတဂူအာယုဒါန ဆေးရုံတော်သည် မြတ်ဗုဒ္ဓ၏ လောကအလှ လေးပါးတို့ဖြင့် တည်ဆောက်ထားသဖြင့် လူမျိုး၊ ဘာသာ မရွေးဘဲ မည်သူမဆိုကို အလှဆင်ပေးနေပါသည်။
(လောကလူသား အားလုံးအတွက် ဒီလိုပဲ ဆက်ဆံရပါသည်၊ ဒီလိုခရီးလဲ ကြွရတတ်ပါသည်)
(ဒေသေထ ဘိက္ခဝေ ဓမ္မံ၊ စာရိကံ စရထ)
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၇-၆-၂၀၁၃

(ဓာတ်ပုံများ သီတဂူအရှင်ဝိသုတ ဖေ့ဘုတ်မှ ကူးယူသည်)

03 June 2013

ဗုဒ္ဓဘာသာအဖြစ် ခံယူသူတို့ ရင်တွင်းစကား

ဗုဒ္ဓဘာသာအဖြစ် ခံယူသူတို့ ရင်တွင်းစကား

စာမိတ်ဆက်
လူတိုင်း သတ္တ၀ါတိုင်းသည် အေးချမ်းခြင်းကို လိုလားသည်၊ တည်ငြိမ်ခြင်းကို လိုလားသည်၊ မိမိဘ၀ အေးချမ်းမှု၊ မိမိမိသားစု အသက်အိုးအိမ် အေးချမ်းမှုနဲ့ နောက် ဘ၀ဒုက္ခမှ လွတ်မြောက်ရေးကို တောင်းတ မျှော်လင့်ကြသည်။ ထိုကဲ့သို့သော အေးချမ်း တည်ငြိမ်သည့်ဘ၀၊ သောကတွေ ပူလောင်မှုတွေ ၀န်းရံနေတဲ့ ဘ၀ဒုက္ခမှ လွတ်မြောက်လိုသူတွေ အမြောက်အများ ဗုဒ္ဓသာသနာတော်ထဲ ၀င်ရောက်ကြသည်၊ မြတ်ဗုဒ္ဓတပည့် ရတနာသုံးပါးကို ကြည်ညိုသော ဥပါသကာ ဥပါသိကာမ မဖြစ် ခံယူကြသည်။ အမြင့် အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်တို့လို ဗြာဟ္မဏမျိုးထဲက ဇာတ်မြင့်တွေလဲ မြတ်ဗုဒ္ဓထံရောက်လာကြသည်၊ အရှင်အနုရုဒ္ဓါ၊ အရှင်အာနန္ဒာ၊ အရှင်နန္ဒ၊ အရှင်မဟာကဿ စသော မင်းမျိုးမင်းနွယ်နှင့် သူကြွယ်မျိုးဟူသော ဇာတ်မြင့်တွေလဲ သာသနာတော်ထဲ ရောက်လာကြသည်။ အောက်ထစ်ဆုံး လယ်သမား ယာသမား၊ မုဆိုး တံငါ စတဲ့ သူတွေလဲ သာသနာတော်ထဲ ရောက်လာသည်။ အသွင်မျိုးစုံ၊ အလွှာအမျိုးစုံသော သူတွေ သာသနာတော်ထဲမှာတော့ တန်းတူ အခွင့်တူ၊ ဘိက္ခုဟူသော အမည်နာမတစ်ခုတည်းသာ ဖြစ်သွားတော့သည်။

ယနေ့ခေတ် ဗုဒ္ဓဘာသာဖက်သို့ လျှိုလျှိုနဲ့ ကူးပြောင်းနေသည်ကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံနေရသည့် အပြင် သတင်းတွေမှာလည်း မျာစွာ တွေ့မြင်နေရသည်။ သူတို့တတွေ ဘာ့ကြောင့် ကူးပြောင်းလာကြသနည်း အထူးစဉ်းစားမလို၊ ငြိမ်းချမ်းမှုကို ရချင်၊ တည်ငြိမှုကို ရချင်လွန်းသော ကြောင့် လူမှုရေး အသိုင်းအ၀ိုင်းထဲကနေ စွန့်စားပြီး ကူးပြောင်းလာကြသည်မှာ လွယ်သည်တော့ မဟုတ်လှ၊ သို့သော်လည်း သူတို့တတွေ ကြမ်းထမ်း၊ ခက်ထန်၊ အကြင်နာမဲ့တဲ့ လူထု အသိုင်းအ၀ိုင်းထဲကနေ စွန့်စွန့်စားစားထွက်ခွါလာခဲ့ကြသည်။ အလားတူပဲ ဗုဒ္ဓဘာသာ၏အေးချမ်းမှုကို သိသည်၊ ကြိုက်သည်၊ နှစ်သက်သည်၊ သို့ပေမဲ့ အသိုင်းအ၀ိုင်းထဲကနေ စွန့်စားထွက်ခွါဖို့ ခက်ခဲနေသူတွေရော၊ စွန့်စားဖို့ မရဲတရဲ ရှိနေသူတွေရော၊ မစွန့်စားရဲဘဲ အသိုင်းအ၀ိုင်းထဲမှာပဲ ကြိတ်ပြီး မြတ်ဗုဒ္ဓတရားနည်းလမ်းအတိုင်း အလုပ်လုပ် လုပ်နေသူတွေရော အများပြားရှိသည်။

အိန္ဒိယနိုင်ငံ အချမ်းသာဆုံးပြည်နယ်ဖြစ်တဲ့ မဟာရဋ္ဌပြည်နယ်မှာတော့ ထိုကဲ့သို့ ကြိတ်ပြီး ဗုဒ္ဓဘာသာကို ကြိုက်နှစ်သက်သူတွေ၊ ကြိတ်ပြီး ဗုဒ္ဓဘာသာ အလုပ်လုပ်နေသူတွေ များစွာရှိသည်။ တခါတရံ ဗုဒ္ဓဘာသာဝင်တွေရဲ့ အကူအညီနဲ့ တရားဝင် လူသိရှင်ကြား ခမ်းခမ်းနားနား လုပ်ပြီး ဗုဒ္ဓဘာသာအဖြစ် ခံယူကြသည့် ပွဲများ ပြုလုပ်သည်။ ၁၉၅၆ ခုနှစ် အောက်တိုဘာလ (၁၄) ရက်နေ့က ဒေါက်တာအမ်ဘေဒကာ၏ ဦးဆောင်မှုဖြင့် လူ ငါးသိန်းခြောက်သောင်း (၅,၆၀၀၀၀)ကျော် တပြိုင်တည်း ဗုဒ္ဓဘာသာအဖြစ် ခံယူပွဲကြီး ကျင်းပခဲ့ဖူးသည်။ ယခုနှစ် (၂၅-၀၂-၂၀၁၃) ဘုံဘေမြို့အနီး ကလယန်းမှာတော့ စာရေးသူ ကိုယ်တိုင် ဗုဒ္ဓဘာသာဝင်များ ၂၀၀၀ ကျော် ခြံရံပြီး ဘာသာခြား ၂၀ ကို ဗုဒ္ဓဘာသာအဖြစ် သွပ်သွင်းသည့် အခမ်းအနား တက်ရောက်ခဲ့သည်။
(၂၄-၀၂-၂၀၁၃ နေ့၊ ဗုဒ္ဓဘာသာအဖြစ် ခံယူပွဲ မှတ်တမ်းများ — at ဘုံဘေ၊ အိန္ဒိယ)
 ဗုဒ္ဓဘာသာကို ဘာ့ကြောင့်ကြိုက်
ထိုဘာသာခြား ၂၀ ဘယ့်ကြောင့် ဗုဒ္ဓဘာသာအဖြစ် ခံယူကြသလဲ၊ သူတို့ကိုယ်တိုင်ပြောသည့် စကားတွေထဲမှာ အများစုက ဆရာကြီး ဂိုအင်ဂါဆီမှာ ၁၀ရက် စခန်း၊ ရက် ၂၀ စခန်း ၀ိပဿနာ အလုပ် လုပ်ဖူးခဲ့ကြောင်း သိရသည်။ ၀ိပဿနာ အလုပ်ကို လုပ်ဖူးသဖြင့် တကယ့် အေးချမ်းသည့် ဘာသာတရားရဲ့ အနှစ်သာရကို တွေ့သွားသည်၊ ဓမ္မအစစ်ကို တွေ့သွားသည်။ တကယ်တော့ ဓမ္မသည် ဘာသာမရှိပါ၊ နေရာမရှိပါ၊ အချိန်မရှိပါ၊ နေရာတိုင်း အချိန်တိုင်းမှာ ရှာလို့ရသည်။ ဘယ်ဘာသာတရားကမှ ပိုင်ဆိုင်သည့် ဓမ္မမဟုတ်ပါ။ မြတ်ဗုဒ္ဓက ကိုယ်တိုင်အတွေ့အကြုံဖြင့် ရရှိ ဖော်ထုတ်ခဲ့လို့ ဗုဒ္ဓဘာသာဟု အမည်တပ်ထားသည်။ တကယ်တော့ မြတ်ဗုဒ္ဓရှာဖွေခဲ့ တရားသည် ဘာသာမရှိပါ၊ နေရာတိုင်း အချိန်တိုင်းမှာ ရှိနေသည့် ဓမ္မပင်ဖြစ်သည်။ ဘာသာအမည်ခံ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဂျူးဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာ စသည်ဖြင့် အမည်တွေ ကွဲပြားနေပေမည့် ထိုတရားတော်ကို ထိုဘာသာတိုင်းက အားထုတ်နေသည်။ ထိုကဲ့သို့ အမည်ကွဲ နာမည်ကွဲ ဂိုဏ်းကွဲတွေကြောင့် ငါ့ဘာသာ ငါ့ဂိုဏ်း ငါ့အသင်း စသည်ဖြင့် တစ်ကိုယ်ကောင်းဆန်စိတ်တွေ မွေးဖွားလာသည်၊ အပြိုင်အဆိုင်တွေ ဖြစ်လာသည်၊ ဣဿာ မစ္ဆရိယ စိတ်တွေ ဖြစ်လာသည်၊ မာနတွေ ဖြစ်လာသည်၊ အချင်းချင်း အငြင်းပွားမှုတွေ ဖြစ်လာသည်၊ တင်းမာမှုတွေ ဖြစ်လာသည်။ တကယ်တော့ ဗုဒ္ဓရှာဖွေတွေ့ရှိထားသည့် ဓမ္မမှာ ဂိုဏ်းဂဏကွဲမရှိ၊ အမည်ကွဲမရှိ။ မည်သူမဆို အားထုတ်နိုင်သည်၊ လိုက်နာနိုင်သည်၊ ကိုယ်ကိုယ်တိုင် အားထုတ်သူတိုင်း လိုက်နာသူတိုင်း လက်တွေ့ အကျိုးရသည်မှာ ဓမ္မ၏ဂုဏ်ရည်သတ္တိများထဲက သန္ဒိဋ္ဌိက ဂုဏ်အင်တစ်ခု ဖြစ်သည်။

အလင်းရောင်ပေးသည့်ဘာသာ
ဗုဒ္ဓဘာသာသည် လူတစ်ဦးတစ်ယောက်ကို ကိုယ့်ဘက်ပါအောင် စည်းရုံးသည့် ဘာသာမဟုတ်၊ ကိုယ့်ဘက်ပါအောင် နည်းအမျိုးမျိုးနဲ့ ဆွဲဆောင် သိမ်းသွင်းသည့် ဘာသာမဟုတ်၊ ကိုယ်ဘက်သို့ ပြောင်းလာအောင် လုပ်နေသည်လည်းမဟုတ်။ ဆွယ်တရားမဟောသည့် ဘာသာဖြစ်သည်။ အသိဥာဏ်အလင်းကိုသာ ပေးသည့်ဘာသာဖြစ်သည်။ အမှောင်ထဲကနေ အလင်းရောက်အောင် တွန်းပေးသည့် ဘာသာဖြစ်သည်၊ မောဟအမိုက်မှောင်ထဲကနေ ဆွဲထုတ်ပေးသည့် ဘာသာဖြစ်သည်။ မကောင်းမှုဒုစရိုတ်ကနေ ကောင်းမှုသုစရိုတ်ဘက်သို့ ရောက်အောင် ပို့ပေးသည့် ဘာသာဖြစ်သည်၊ အပါယ်လေးပါး ဒုက္ခထဲကနေ သုဂတိဘုံဘ၀သို့ ဆွဲခေါ်ပေးသည့် ဘာသာဖြစ်သည်။ ကိလေသာ ရွှံ့ညွှန်ထဲကနေ ဆွဲထုတ်ပြီး နိဗ္ဗာန်သို့ တင်ပေးသည့် ဘာသာဖြစ်သည်။ ယနေ့ အိန္ဒိယပြည်မှာ ဗုဒ္ဓဘာသာသို့ ရောက်လာသူများသည် မည်သူကမှ ဖိအားပေးပြီး ဗုဒ္ဓဘာသာသို့ရောက်အောင် ခေါ်သည်မဟုတ်၊ မက်လုံးတွေ ပေးပြီး ဆွဲဆောင် သိမ်းသွင်းနေသည်လည်းမဟုတ်၊ သူတို့ဘာသာ သူတို့အသိနဲ့ အလင်းဘက်သို့ ရောက်လာကြခြင်းဖြစ်သည်။ အမည်ခံဗုဒ္ဓဘာသာက ဓမ္မအနှစ်သာရကို ကိုယ်တိုင် တွေ့ရှိ ခံစားပြီး ရောက်လာကြခြင်းဖြစ်သည်။

တိတ္ထိဆရာကြီးများ၏ တပည့် ဂရဟဒိန္နသည် သူ့သူငယ်ချင်း မိတ်ဆွေအား ဆွယ်တရားဟော၏၊ သူ၏ ဆရာများသည် အတိကိုလည်း သိသည်၊ အနာဂတ်ကိုလည်း ကြိုမြင်သည် စသည်ဖြင့် ဆရာများ၏ မရှိဂုဏ်တွေကို အရှိဂုဏ်လုပ်ပြီး ဆွယ်တရားဟော၏။ မြတ်ဗုဒ္ဓတပည့် သီရိဂုတ္တသူကြွယ်ကတော့ သူ၏ကိုးကွယ် ယုံကြည့်မှုနဲ့ပတ်သက်ပြီး သူငယ်ချင်း ဂရဟဒိန္နအား မည်သည့်အခါမျှ ဆွယ်တရားမဟော။ သို့သော်လည်း အခါက ထိုနှစ်ယောက်၏ မြတ်စွာဘုရားနှင့် တိတ္ထိဆရာကြီးတို့၏ တကယ့်ဂုဏ်ရည်အစစ်ကို ဖော်ပြလိုက်တဲ့ အခါမှာတော့ မြတ်ဗုဒ္ဓ၏အမှောင်ကို ခွင်း အလင်းဆောင်သည့် ဓမ္မကအနိုင်ရကား တိတ္ထိတို့၏ ပို့ချချက် ဟောပြချက်များကိုသာ လက်ခံယုံကြည့်ခဲ့သော၊ တိတ္ထိဆရာများကိုသာ ဘုရားဟု လက်ခံထားသော ဂရဟဒိန္နတစ်ယောက် ဓမ္မ၏ အစစ်အမှန်၊ ဗုဒ္ဓဂုဏ်၏ အစစ်အမှန်ကို သိသွားသည်။ ဓမ္မသည် အမြဲတမ်း သစ်လွင်လျက်ရှိသည်၊ အ၀ိဇ္ဇာမျက်မှန်တပ်ထားသဖြင့်သာ သတ္တ၀ါတွေသည် ဓမ္မကို မမြင်ကြခြင်းဖြစ်သည်၊ အ၀ိဇ္ဇာမျက်မှန်ချွတ်ပြီး ဓမ္မအစစ်ကို ရှာဖွေနေဖို့ပဲလိုသည်။ မည်သူ့ကိုမျှ ဆွယ်တရားဟောစရာမလိုပဲ ဓမ္မဂဝေသီ-ဓမ္မကိုရှာဖွေသူတို့ လုံ့လလေးစိုက်ပြီး ရှာဖွေလိုက်ပါက ဓမ္မအစစ်ရမည် ဖြစ်သည်။

တခါက ဖခင် ဗိမ္ဗိသာရမင်းကြီး သူ၏လုံ့လပယောဂကြောင့်ပင် နတ်ရွာစံပြီး အဇာတသတ်မင်းသည် ညတိုင်းအိပ်မရသည့် ရောဂါရသည်။ ထိုပူလောင်သည့် ရောဂါပျောက်ဖို့ မည်သူ စွမ်းနိုင်သနည်းဟု နန်းအမတ်တွေကို မေးခွန်းထုတ်သည်။ တိတ္ထိဆရာကြီးများ၏ တပည့်တွေ သူတို့ဆရာကြီးက ဘယ်လိုအစွမ်းရှိပါတယ်၊ ဘယ်လိုအရည်အချင်းရှိပါတယ်ဟူ၍ ဆရာအသီးအသီး၏ဂုဏ်ပုဒ်တွေဖြင့် ဆွယ်တရားဟောကြသည်။ မြတ်ဗုဒ္ဓ၏တပည့် ဆေးဆရာ ဒေါက်တာဇီဝက ကတော့ ဘုရင်ကြီးကိုယ်တိုင် အမည်တပ်ပြီး သူ့ကို အကူအညီမတောင်းမချင်း တိတ်ဆိတ်နေခဲ့သည်။ ဘုရင်ကြီးကို ဆွယ်စရာမလိုဘဲ သူ၏ အခြေအနေသည် မြတ်ဗုဒ္ဓမှတပါး အခြား အားကိုးစရာမရှိဟု သူကိုယ်တိုင် ခံစားသည်၊ သူကိုယ်တိုင်ပဲသိသည်။ ဤသည်ပင် မြတ်ဗုဒ္ဓဂုဏ်ရည်ပင် ဖြစ်သည်။ မြတ်ဗုဒ္ဓအလိုအရ ဆွယ်တရား ဟောစရာမလို၊ ဓမ္မကို မျှဝေဖို့ပဲ ဖြစ်သည်၊ ဤသည်ပင် လူသားတစ်ယောက်အတွက် တာဝန်ဖြစ်သည်။

လူသားဆန်တဲ့တာဝန်
လူသားတိုင်းမှာ တာဝန်တစ်ရပ်ရှိသည်၊ ထိုတာဝန်ကား လူသားတိုင်းရဲ့ အကျိုးစီးပွားကို ဆောင်ရွက်ဖို့ပင် ဖြစ်သည်။ လူသားတွေ လိုအပ်နေသည့် အသိဥာဏ်၊ ပညာ၊ များကို ဖြည့်ဆည်းပေးခြင်း၊ ၀မ်းနဲပူဆွေးရခြင်းစတဲ့ စိတ်ဆင်းရဲခြင်း၊ ကိုယ်ဆင်းရဲခြင်းတွေနဲ့ ပြည့်ကြပ်နေတဲ့ဘ၀ဒုက္ခမှ လွတ်မြောက်ရန် ဖြည့်ဆည်းပေးရန်၊ အမှောင်လောက ကနေ အလင်းလောကကို ရောက်အောင်၊ နှစ်မြူပ်နေတဲ့ ဘ၀ကနေ ရုန်းထနိုင်အောင်၊ နည်းပေး လမ်းပြ ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ပေးရန်ဖြစ်သည်။

မြတ်ဗုဒ္ဓ သဗ္ဗညုတဥာဏ်ရပြီး များမကြာမည်မှာပဲ တပည့်အပေါင်း စုဆောင်းမိသောအခါ နေရာဒေသအနှံ့ သွားရောက်ပြီး ထိုကဲ့သို့ လူသားဆန်တဲ့ တာဝန်ဝတ္တရားတွေ ဆောင်ရွက်ဖို့ စေလွတ်ခဲ့သည်။ ဘုရားသုံးလိုက်သည့် “စရထ ဘိက္ခဝေ စာရိကံ၊ ဒေသေထ ဓမ္မံ လောကဿ ဟိတာယ သုခါယ” စကားတော်သည် လူသားတာဝန်ကို ပေးလိုက်ခြင်းဖြစ်သည်။ မြတ်ဗုဒ္ဓတရားတော်အရ လူပီသသူများသည် လူသားဆန်သော လောကရဲ့ ဟိတ သုခ-အကျိုးစီးပွားများကို ပြုလုပ်ပေးရမှာဖြစ်သည်။ လူသားဆန်တဲ့ တာဝန်သည် ကိုယ့်ဘက်ပါအောင်၊ ကိုယ့်ဘာသာ ဖြစ်အောင် ခြောက်လန့်ပြီးတော့လဲ မစည်းရုံး၊ မြောက်ထိုးပင့်ကော်ပြီးတော့လည်း မစည်းရုံး၊ နည်းပေါင်းစုံနဲ့ ဖြားယောင်သွေးဆောင်ပြီးတော့လည်း မစည်းရုံး၊ ဓမ္မစစ်စစ် သုခစစ်စစ်ကို ပေးရုံမျှသာ ဖြစ်သည်၊ အသိဥာဏ်အလင်းကို ပေးရုံမျှသာ ဖြစ်သည်။

ဒီမိုကရေစီ ဆန်သော ဘာသာ
ကိုယ်စိတ်ကြိုက်မှ၊ ကိုယ်တိုင်နှစ်သက်မှ လက်ခံစေသည့် ဘာသာ၊ လူတိုင်းကို ဘာဖိအားမှ မပေး၊ တန်းတူညီမျှသော အခွင့်ရေးကိုသာ ပေးသော ဘာသာသည် ဒီမိုကရေစီဆန်သော ဘာသာဖြစ်သည်။ ကိုယ့်ကိုယ်ကို ပိုင်ဆိုင်သည့်ဘာသာ၊ မမြင်ရသည့် မည်သည့် တန်ခိုးရှင်ကိုမှ အညံ့ခံစရာမလိုဘဲ မိမိကိုယ်ကိုယ်ကို၊ မိမိ၏ ကိုယ်စွမ်း ဥာဏ်စွမ်းကို မှီရသော ဘာသာသည် ဗုဒ္ဓအလိုကျ ဖြစ်သောကြောင့် ဗုဒ္ဓဘာသာဟု ခေါ်တွင်သည်။ မြတ်ဗုဒ္ဓသည် သူ ရှာဖွေတွေ့ရှိလာသည့် ဓမ္မကို ကိုယ်တိုင်ကျင့်ပြီးမှ ကြိုက်မှ နှစ်သက်မှ လက်ခံစေသည်၊ မျက်စိစုံမိတ်ပြီး သူများပြောတာကိုပဲ လက်ခံသည်ကို မနှစ်မြို့။ ဤသည်ကား ဗုဒ္ဓဘာသာ၏ သဘောပင်ဖြစ်သည်။

တခါက မြတ်ဗုဒ္ဓသည် ကာလာမ ရွာသားများကို မိန့်ဖူးသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ ကျော်လောက်က ကာလာမရွာမှာ မိမိကိုယ်ကိုယ်ကို ဆရာကြီးအမည်ခံ ဆရာအမျိုးမျိုး ရောက်လာသည်၊ မိမိတို့အယူဝါဒ အတွေးအခေါ်များကို ဖြန့်ဝေကြသည်။ ထိုရွာသူရွာသားများသည် “ဆရာများ သားသေ”ဆိုတာလို ဘယ်ဆရာ ဘယ်အယူဝါဒက မှန်သည် မှားသည်ကို မဆုံးဖြတ်နိုင်ဘဲ ရှိသည်၊ သံသယတွေနဲ့ သို့လောသို့လော ဖြစ်၍နေသည်။ ထို့ကြောင့် မြတ်ဗုဒ္ဓက “ငါဘုရားသည်လည်း သင်တို့ဆရာအဖြစ် မသက်မှတ်ဘဲ သင်တို့ကိုယ်ပိုင်ဥာဏ် အဆုံးဖြတ် အတွေ့အကြုံတို့ဖြင့်သာ အမှန်တရားကို ရွေးချယ်ပါ”။ “ငါ့ဘုရားကိုယ်လဲ အားမကိုးနဲ့ ငါ့ဘုရားက လမ်းညွှန်ရုံသာ ညွှန်ပေးနိုင်သည်၊ သင်တို့ကိုယ် သင်တို့အားကိုး၊ သင်တို့ကိုယ်ပိုင် ဥာဏ်၊ အဆုံးဖြတ်ကိုသာ အားကိုး၊ သင်တို့၏ ကိုယ် ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်ဥာဏ်၊ ကိုယ်ပိုင်အဆုံးအဖြတ် သည်သာလျှင် သင်တို့၏ကိုယ်ပိုင်ဥစ္စာ ဖြစ်သည်”ဟု မိန့်တော်မူသည်။

မြတ်ဗုဒ္ဓတရားတော်များသည် ဘယ်လောက် သဘာဝကျသနည်း၊ ဘယ်လောက် ဓမ္မဓိဋ္ဌာန်ကျသနည်း၊ ဘယ်လောက် ဒီမိုကရေစီကျသနည်း၊ ဘယ်လောက် လူသားဆန်သနည်း။ လူသားဆန်ပြီး လူသားအတွေ့ကြုံ၊ လူသားအသိဥာဏ်တို့ဖြင့် ချပြသွားခဲ့သည့် လောက သဘာဝ၊ ဓမ္မသည် ပုဂ္ဂိုလ်ရေး (personal)မဆန်ဘဲ ဓမ္မ (Universe) သက်သက်သာ ဖြစ်သည်။ မြတ်ဗုဒ္ဓ၏ ပုဂ္ဂိုလ်ရေးမဆန်၊ ဂိုဏ်းဂဏမဆန်၊ ဓမ္မဓိဋ္ဌာန်၊ ဒီမိုကရေစီကျမှုတို့ကား ကာလာမရွာသားတွေအား ဟောခဲ့သည့် အလွန်ပြောင်မြောက်သည့် မိန့်ခွန်းဆယ်ချက်က အထင်ကရ သက်သေဖြစ်သည်။ ထိုမိန့်ခွန်းဆယ်ချက်ကို စာရေးသူ ဆိုက်ထဲက “ကမ္ဘာကျော်မိန့်ခွန်းဆယ်ချက်”မှာ လေ့လာနိုင်ပါသည်။

ကိုယ်ပိုင်အသိဥာဏ်ကို အားကိုး

ဘယ်အရာမဆို သိအောင်လေ့လာ၊ သိအောင် လေ့ကျင့်ရမည်ဖြစ်သည်။ ကောင်းသည် ဆိုးသည်၊ ကောင်းကျိုးပေးမည့်အရာ မကောင်းကျိုးပေးမည့် အရာ၊ ကုသိုလ် အကုသိုလ်၊ အမှန် အမှား၊ စတာတွေကို ကိုယ်ပိုင် အသိ ကိုယ်ပိုင် ဥာဏ်တို့ဖြင့် ဆုံးဖြတ်ရမည်။ (အတ္တာ ဟိ အတ္တနော နာထော)။ “ဤ၀ါဒ၊ ဤအယူ၊ ဤအတွေးခေါ်သည် ကောင်းသည်၊ မှန်သည်၊ ကောင်းကျိုးပေးမည်”ဟု ယူဆထားလျှင် ထိုအယူဝါဒကို လက်ခံရမည်။ ဆန့်ကျင်ဘက်အနေနဲ့ “မကောင်း၊ မှားသည်၊ မကောင်းကျိုးပေးမည်”ဟု ယူဆလျှင်ကား ထိုအယူဝါဒကို ပယ်စွန့်ရမည်။ အပြစ်မရှိ၊ မိမိကိုယ်ကိုယ်ကိုရော တစ်ပါးသူကိုပါ ကောင်းကျိုးပေးသော အရာမှန်သမျှတို့သည် ကောင်း၏၊ မှန်၏၊ ကုသိုလ်ဖြစ်၏၊ လက်ခံကျင့်သုံးရမည်။ လူမှုအသိုင်းအ၀ိုင်း၊ ပညာရှိအသိုင်းအ၀ိုင်း၊ သူတော်ကောင်းအသိုင်းအ၀ိုင်းက လက်မခံသော ရှုံ့ချအပြစ်တင်သော အရာမှန်သမျှသည် အပြစ်ဖြစ်၊ မိမိ သူတစ်ပါးတို့အား အကျိုးမဲ့ကို ဖြစ်စေ၏။ ထိုအရာသည် အကုသိုလ်၊ မကောင်း၊ မမှန်သော အရာဖြစ်၍ ပယ်စွန့်ရမည် ဖြစ်သည်။ ဤသို့လျှင် မြတ်ဗုဒ္ဓ၏ ကိုယ်ပိုင်အသိဥာဏ်နှင့် လူသားဗဟိုရ်ပြုသော ၀ါဒသည် လူသားဆန်ပြီး ဒီမိုကရေစီကျသော ဘာသာဖြစ်သည်၊ ဗုဒ္ဓဘာသာဟူ၍ပင် ဆိုအပ်။

နိဂုံးချုပ်သော်
ထို့ကြောင့် မငြိမ်မသက် ဖြစ်နေသော၊ ပူလောင်နေသော၊ တလှုပ်လှုပ် တရွရွ တုန်လှုပ် နေသော၊ ကြောက်လန့်နေသော၊ စိတ်မချ မလုံခြုံဖြစ်နေသော လောကကြီးထဲမှာ ကျွန်ုပ်တို့တတွေအားလုံး လောက၏အအေးဓာတ်၊ အငြိမ်းဓာတ်နှင့် အပူပင်ကင်းတဲ့ဘ၀ကို ပေးစွမ်းနိုင်သော ဓမ္မကို လေ့လာကြသည်၊ ကျင့်သုံးကြသည်၊ အသွင်ကူးပြောင်းကြသည်။

ဗုဒ္ဓဘာသာသည် မည်သည့် သက်ရှိသတ္တ၀ါကိုမှ သွေးမြေ ကျစေပြီး အသွင်ကူးပြောင်ရေးကို ဘယ်တော့မှာ အားမပေးခဲ့။ ဗုဒ္ဓဘာသာက အေးမြသည့် ဓမ္မအရိပ်ကို ပေးသည်၊ အပူငြိမ်းဆေးကို ကြွေးသည်၊ အငိုတိတ် တေးကို ပေးသည်၊ အသိဥာဏ် မျက်လုံးကိုဝေငှသည်၊ ဓမ္မမျက်လုံးကို ပေးသည်။ ထိုထိုသို့သော ဂုဏ်အင်တွေကြောင့် ဗုဒ္ဓဘာသာဘက်သို့ တသွင်သွင် ကူးပြောင်းလာကြခြင်း ဖြစ်ပါတော့သတည်းးးး။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၆-၀၂-၂၀၁၃

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes