Showing posts with label မှတ်မှတ်ရရ. Show all posts
Showing posts with label မှတ်မှတ်ရရ. Show all posts
26 September 2016
23 December 2012
ဘုံဘေအလှူ (၂-ကြိမ်မြောက်)
ဒုတိယ အကြိမ်ဆွမ်းစရိတ်အလှူတော်
(စောမယကောလိပ် ကျောင်းသားများ ကိုယ်စား အရှင်ဝိစိတ္တာလင်္ကာရ အလှူရှင်မိသားများထံမှ အလှူခံပေးနေစဉ်)
အိန္ဒိယနိုင်ငံ တောင်ပိုင်း၊ ဘုံဘေမြို့ (မွန်ဘိုင်း)၊ စောမယကောလိပ်တွင် Ph.Dအတွက် စာတမ်းပြုစုနေကြသော မြန်မာရဟန်းတော် အပါး ၂၀ ကျော်တို့အတွက် ဆွမ်းစရိတ်အလှူတော် အမေရိကန်ဒေါ်လာ ၅၀၀ တို့ကို အောက်ပါ မိသားစုများက (ဒုတိယ) အကြိမ်အဖြစ် လှူကြသည်။
၁။ ဒေါက်တာ ဦးမောင်မောင်ခင်+ဒေါ်ခင်အုန်း မိသားစု (ပြည်မြို့) $ 200
၂။ ကိုအောင်နိုင်ဌေး+ ဒေါက်တာသော်သော် မိသားစု (ရန်ကုန်မြို့) $ 100
၃။ ကိုပြည်ဆောင်+ မကြည်ကြည်ဝင်း မိသားစု (နယူးယောက်၊ အမေရိက)$ 100
၎။ ကိုပြည်စိုး+မမြမာလာသီ မိသားစု (စင်္ကာပူ) $ 100
ထိုမိသားစုများကပဲ ပြီးခဲ့သည့်လက ပထမအကြိမ် အမေရိကန်ဒေါ်လာ ၇၀၀တို့ကို စောမယကောလိပ်တွင် Ph.Dအတွက် စာတမ်းပြုစုနေကြသော မြန်မာရဟန်းတော် အပါး ၂၀ တို့အား လှူဒါန်းခဲ့သေးသည်။
မြန်မာ၊ အမေရိက၊ စင်္ကာပူရှိ ဆွမ်းအလှူရှင်မိသားစု အားလုံးတို့အား ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသားလျှက် လောက-သာသနာ နှစ်ဖြာအလုပ်ကို စွမ်းစွမ်းတမံ ပြုလုပ်နိုင်ကြပါစေကြောင်း ဘုံဘေမြို့ စောမယကောလိပ်မှ မြန်မာရဟန်းတော်များက မေတ္တာပို့သနေပါကြောင်း---။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၂-၁၂-၂၀၁၂
29 September 2012
အလှူရှင် (၃)စု မှတ်တမ်း
အလှူရှင် (၃)စုမှတ်တမ်း
(၁) အလှူရှင် (စင်္ကာပူ)
Mr. Henry Tan and his daughter Miss Nicolette from Singapore donated lunch, three bags of rice, and some fruit to the 24 Ph.D students who are studying in Somaiya College, Mumbai in India at 26,09.2012.
May you be happy, healthy and wealthy!
ဒီကနေ့
၂၆-၉--၂၀၁၂ နေ့မှာ ကျရောက်တဲ့ မွေးနေ့ရှင်များ ဖြစ်ကြသော စင်္ကာပူနိုင်ငံမှ Mr. Henry
Tanနှင့် သမီးဖြစ်သူ Miss Nicolette တို့က Mr. Henry Tan ၏ ၆၉
နှစ်ပြည့်မွေးနေ့နှင့် သမီးဖြစ်သူ Miss Nicolette ၏ ၂၂ နှစ်ပြည့် မွေးနေ့အတွက်
ရည်မှန်းပြီး ဘုံဘေမြို့ စောမယကောလိပ် Ph.D ကျောင်းသား ရဟန်းတော် ၂၄ ပါးတို့အား
နေ့ဆွမ်း ကပ်ခြင်း၊ ဆန် အိပ် ၃ အိပ် လှူဒါန်းခြင်းများ
ပြုလုပ်သည်။
(စင်္ကာပူအလှူရှင်)
++++++++
(၂) အလှူရှင် မြန်မာ (ရန်ကုန်)
At the same day, the donors from Yangon, Myanmar donated $ 720 for four requisites to the Ph.D students who are studying in Somaiya College, Mumbai in India.
၂၆-၉-၂၀၁၂ ရက်နေ့ကပဲ ရန်ကုန်မြို့ရှိ အလှူရှင် မိသားစုကလဲ စောမယ ကောလိပ် Ph.D ကျောင်းသား ရဟန်းတော် များ၏ ဆွမ်း, သင်္ကန်း, နေစရာ, ဆေးဝါး ပစ္စည်းလေးပါး အတွက် ရည်စူးပြီး အမေရိကန် ဒေါ်လာ ၇၂၀ ကို လှူဒါန်းလိုက်ပါသည်။
အလှူရှင်များ----
၁။ ဒေါက်တာ ဦးမောင်မောင်ခင်+ဒေါ်ခင်အုံး မိသားစု ပြည်မြို့--------------$ 100
၂။ ဒေါက်တာ ၀င်းမောင်+ဒေါက်တာ အေးမိခင် ပေါင်းတည်မြို့--------------$ 100
၃။ မနှင်းနွယ်စိုး ရန်ကုန်မြို့---------------------------------------------------$ 20
၃။ ကိုနိုင်+ဒေါက်တာသော်သော် မိသားစု ရန်ကုန်--------------------------$ 200
၅။ ဦးမောင်သာထွန်း+ဒေါ်မီမီခိုင် သမီး မမဉ္ဇူသာထွန်း စမ်းချောင်း----------$ 100
၆။ ဦးသိန်းထိုက်+ဒေါ်ခင်သန္တာမြင့် မိသားစု သင်္ဃန်းကျွန်း-------------------$ 100
၇၊ ဦးဇော်နိုင်အား ရည်ဇူး၍ ဒေါ်မြင့်သိင်ဂီ သား မောင်ဇော်ရဲထက်နိုင်၊
မောင်ကောင်းခန့်နိုင် မိသားစု တောင်ဥက္ကလာပ----------------------------$ 100
ထိုမိသားစုအားလည်း စောမယကောလိပ် Ph.D ကျောင်းသား ရဟန်းတော် များက မေတ္တာပို့ ဆုတောင်းပေးနေပါကြောင်း။
(အမေရိကန် ဒေါ်လာ (၇၂၀) အလှူရှင်များနှင့် အလှူများ)
May you be
happy, healthy and wealthy!
++++++++++
(၃) အလှူရှင် (ရန်ကုန်/ဘုံဘေ)
At 28,09,2012, the donor is U Kyaw Swe+Daw Than Than Htay and family. The family always offers some rice together with great curry, fruit, juice and others for lunch to the Ph.D students who are studying in Somaiya College, Mumbai in India. Today, the family donates Indian rupees ten thousand (Rs-1,0000=$ 200) for the Ph.D students’ lunch.
၂၈-၉-၂၀၁၂ ရက်နေ့ အလှူရှင်ကတော့ အိန္ဒိယနိုင်ငံ ဘုံဘေမြို့တွင် တာဝန် ထမ်းဆောင်နေသော ရန်ကုန်မြို့မှ ဦးကျော်ဆွေ+ ဒေါ်သန်းသန်းဌေး မိသားစု ဖြစ်သည်။ ထိုမိသားစု တစ်ပတ်ခြားလျှက် စောမယကောလိပ် Ph.D ကျောင်းသား ရဟန်းတော်များကို ဆွမ်းကပ်လေ့ရှိသည်။ ယခုအခါ ဒကာမကြီးက မြန်မာပြည် ပြန်ရောက်နေသဖြင့် ဒကာကြီးတစ်ယောက်သာ ဘုံဘေမှာ ရှိနေသည်၊ ချက်ဖို့ပြုတ်ဖို့ အဆင်မပြေသဖြင့် ဆွမ်းအလှူတော်အတွက် ရူပီး တစ်သောင်း (၁၀၀၀၀= $ 200)၊ ဆန်၊ ဆီ၊ စသည်များကို လှူဒါန်းသွားသည်။
May you be happy, healthy and
wealthy!
အထက်ဖော်ပြပါ မြန်မာ+စင်္ကာပူများမှ အလှူရှင်အားလုံး ကိုယ်ရောစိတ်ပါ
ချမ်းသာကြပါစေ။
May all of the Donors from Singapore and Myanmar be happy,
healthy and wealthy!
မြန်မာစာ မဖတ်တတ်သော တရုပ်အလှူရှင်ပါ ၀မ်းသာဖွယ်
(အနုမောဒနာ) ဖြစ်အောင် အင်္ဂလိပ်လို မတတ်တတတ်နဲ့ တွဲပြီး
ဂုဏ်ပြုလိုက်သည်၊
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၉-၉-၂၀၁၂
04 August 2012
နှစ်ပေါင်း ၂၆၀၀ ရှိ ဗုဒ္ဓယဉ်ကျေးမှုတစ်ခု
နှစ်ပေါင်း ၂၆၀၀ ရှိ ဗုဒ္ဓယဉ်ကျေးမှုတစ်ခု
ယနေ့ ၁၃၇၄ခုနှစ် ဒုတိယ၀ါဆိုလပြည့်ကျော် (၁)ရက် ဗုဒ္ဓဘာသာရဟန်းတော်များ ၀ါဆိုဝါကပ်တဲ့ နေ့ဖြစ်သည်။ ယခုနှစ် အိန္ဒိယနိုင်ငံ ဘုံဘေ (မွမ်ဘိုင်း)မြို့ရှိ စောမယကောလိပ်မှာ မြန်မာရဟန်းတော် Ph.D ကျောင်းသား ၂၀ ခန့် ၀ါကပ်တော်မူကြသည်။ စာရေးသူသည် အိန္ဒိယပြည် ဘုံဘေမြို့ စောမယကောလိပ်တွင် ဒီနှစ် ၂၀၁၂ ခုနှစ်အတွက် ၀ါဆို ၀ါကပ်ခြင်းသည် နှစ်ကြိမ်မြောက် ဖြစ်သည်။ ကျောင်းသားရဟန်းတော်များ တစ်နေရာတည်းမှာ စုစည်းပြီး ဘုရားရှိခိုးခြင်း၊ ၀ါဆိုစည်းသက်မှတ်ခြင်း၊ ၀ါဆိုခြင်း၊ မေတ္တာပွားများကြခြင်း စသည့်အစီအစဉ်များအပြီး ဒေါက်တာအလောင်းအလျာ အရှင်အရိယဓမ္မရဲ့ အလှူ အဖျော်ရည်များ ဘုန်းပေးကြသည်။ဒုတိယအကြိမ် ၀ါဆိုခြင်း
ကြည်ညိုထိုက်သော သာသနာ
ရဟန်းတော်များ ၀ါဆိုလပြည့်ကျော် (၁) ရက်နေ့တိုင်း ၀ါကပ်ရမည်ဆိုတဲ့ ကျင့်ဝတ် သို့မဟုတ် ယဉ်ကျေးမှုတစ်ခုသည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၂၆၀၀ ရှိပြီဖြစ်သဖြင့် ရှေးဟောင်း ဓလေ့ ယဉ်ကျေးမှုဟု ဆိုက မမှားနိုင်။ ဘုရားရှင်ရဲ့သာသနာသည် လက်တွေ့ကျသော သာသနာဖြစ်ရုံတင်မက (သန္ဒိဋ္ဌိက) လူအကြည်ညိုခံ (ဧဟိပဿိက) (သုပ္ပဋိပန္န) စတဲ့ သာသနာဖြစ်၏ဟုလည်းဆိုနိုင်သည်။ ထို့ကြောင့်ပင် ၀ိနည်းတော်များကို လေ့လာကြည့်ပါက ဘုရားရှင်သည် ဥပဒေပညတ်သည့်အခါတိုင်း ရဟန်းတော်များ၏ လုပ်ရှားမှု ပြောဆိုမှုများကို လူဝတ်ကြောင်များ အပြစ်တင်သောကြောင့်သာ ဖြစ်သည်ကို တွေ့ရသည်။ မြတ်စွာဘုရားရှင်၏ သာသနာမူတစ်ခုကိုက အပ္ပသန္နာနံ ပသာဒါယ- သာသနာတော်ကို မကြည်ညိုသေးတဲ့ သူတွေ ကြည်ညိုလာအောင်၊ ပသန္နာနံ ဘိယျောဘာဝါယ- ကြည်ညိုလေးစားပြီးသား သူတွေကို ပိုပြီး သဒ္ဓါတရား ထက်သန်လာအောင် အသွင်အပြင် အပြောအဆို အမူအရာများ ရှိရပါည်။
ဥပမာ- ရဟန်းတော်များများ ၀ါတွင်းကာလ, မိုးရာသီအချိန်သည် ကောက်ပဲ သီနှံများ စိုက်ပျိုးရာ အချိန်ဖြစ်သည်။ စိမ်းစိမ်းစိုစို သော ကောက်ပဲသီးနှံများ အညွှန့်တလူလူ တက်လာချိန်ဖြစ်သည်။ ထိုအချိန်မှာ ရဟန်းတော်များသည် ဘုရားဖူးရန်သော်လည်ကောင်း၊ အခြားအကြောင်းများကြောင့်လည်ကောင်း လယ်ခင်း ယာခင်းများကို ဖြတ်ပြီး ခရီးကြွကြသဖြင့် အညွှန်တလူလူတက်နေသော စိုက်ပျိုးခင်းများကို နှင်းမိသည်၊ ယာပိုင်ရှင် လယ်ပိုင်ရှင်များက ကဲ့ရဲ့အပြစ်တင်ကြသည်၊ ထိုကဲ့ရဲ့သော လူများသည် ဗြဟ္မဏ၀ါဒ ရှိသူများဖြစ်ရာကား သစ်ပင်များ အသက်ရှိဟု ယူဆကြသည်။ ထို့ကြောင့် ရဟန်းများ သစ်ပင်များကို သတ်သည်ဟု စွပ်စွဲသည်၊ ဒီလိုအချိန်မှာ ငှက်ကလေးများသည်ပင် သူတို့အသိုက်ကလေးထဲမှာပဲ ဘယ်မှ မသွားပဲ နေကြသည်။ ဒီရဟန်းတွေကတော့ မိုးတွင်းတောင်မှ ကိုယ့်နေရာကိုယ် မနေနိုင်ကြဘဲ ခရီးသွားနေကြသည် ဟုသော လူတို့ကဲ့ရဲ့သော စကားကြောင့် ရဟန်းများ ၀ါတွင်း ဘယ်မှ မသွားရ ၀ါကပ်ရမည် ဟုသော အမိန့်ကို ဘုရားရှင် ထုတ်ပြန်လိုက်ရသည်။ ဤသည်ကို ကြည့်သောအားဖြင့် ဘုရားရှင်သည် လူဝတ်ကြောင်တွေကို အလေးထားသည်၊ သူတို့ရဲ့ အပြောအဆို မခံရအောင် သူ၏တပည့်တွေကို နေစေသည်။ လူဝတ်ကြောင်များ အပြစ်ပြောလာတိုင်း ရဟန်းတော်များအတွက် စည်းကမ်းဥပဒေများ သက်မှတ်ပေးရသည်။ ၀ိနည်းသည် သာသနာတော်၏ ခြံစည်းရိုးတံတိုင်းဖြစ်သည်၊ ရဟန်းတော်များ ၀ိနည်းတော်အတိုင်း နေပါက လူအများကြည်ညိုမှုကို ရရုံမက အန္တရာယ်မှလဲ ကင်းသည်၊ ချမ်းသာမည်။ မဂ်ဥာဏ်များ ရနိုင်မည်။ ဒါသည်ပင်လဲ သာသနာတော်၏ မူတစ်ခု ဖြစ်ပြန်သည်။
အဲဒီအချိန်ကစပြီး ၀ါတွင်း ၀ါကပ်ရခြင်းသည် ရဟန်းတော်များအတွက် ကျင့်သုံးရမည့် ကျင့်ဝတ်တစ်ခု ဖြစ်လာသည်။ ထိုကျင့်ဝတ်သည် ယနေ့အထိ အသက်ဝင်နေဆဲ ဖြစ်သည်၊ နှစ်ပေါင်း ၂၆၀၀ အထိ ထိုကျင့်ဝတ်ကို ထိမ်းထားနိုင်သည်မှာလည်း ရဟန်းတော်များ၏ ဂုဏ်ကို ပြသလိုက်ခြင်းပဲ ဖြစ်သည်။
ပြည်ပရောက် ပညာတော်သင် ရဟန်းတော်များသည်လည်း မိမိတို့ရောက်လေရာ နေရာအသီးသီးမှာ တစ်နေ့တည်း ၀ါကပ်တော်မူကြသည်ကို ကြည့်သောအားဖြင့် တစ်ကမ္ဘာလုံးရှိ ရဟန်းတော် ၁၅ သိန်းကျော်တို့သည် ထိုနေ့မှာပဲ ၀ါကပ်နေတော်မူကြမည်ကို အာရုံပြု ကြည်ညိုမိသည်။
ပထမအကြိမ် ၀ါဆိုခြင်းနှင့် ၀ါဆိုရခြင်း၏သမိုင်းနဲ့ ပတ်သက်ပြီး စာရေးသူ၏ဆိုက် ဤနေရာတွင် ကြည့်ရှုနိုင်သည်။
ဘုံဘေမြို့ စောမယကောလိပ်ရှိ Ph.D မြန်မာရဟန်းတော် ၀ါဆိုသံဃာတော် ၂၁ ပါးတို့အား ဒီနေ့ စနေနေ့မှာပဲ ဒကာဦးကျော်ဆွေ+ဒကာမ ဒေါ်သန်းသန်းဋ္ဌေးတို့ မိသားစုက နေ့ဆွမ်းကပ်သည်။
ဘုံဘေမြို့ စောမယကောလိပ်ရှိ Ph.D မြန်မာရဟန်းတော် ၀ါဆိုသံဃာတော် ၂၁ ပါးတို့အား ဒီနေ့ စနေနေ့မှာပဲ ဒကာဦးကျော်ဆွေ+ဒကာမ ဒေါ်သန်းသန်းဋ္ဌေးတို့ မိသားစုက နေ့ဆွမ်းကပ်သည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃-၈-၂၀၁၂
29 May 2012
မမေ့သင့်ရာ
နှစ်လည်အထိမ်းအမှတ် အလှူ
စာမိတ်ဆက်
ဒီနေ့သည် ၂၀-၅-၂၀၁၂ တနင်္ဂနွေနေ့ ဖြစ်သည်။ လာလှူနေကျ မိသားစုအတွက် ပို့စ် မရေးဖြစ်တာ ကြာပြီ၊ လာလှူကြတဲ့ မိသားစုရဲ့ စေတနာ မေတ္တာ အလှူတွေကလဲ ပြောလို့ မကုန်နိုင်အောင်ပါပဲ။ ဘာလုပ်လုပ် ဘုန်းကြီးရဟန်းတွေ အတွက်ပဲ စဉ်းစားတတ်တဲ့ မိသားစုဖြစ်ပါသည်။ ဘယ်သွားသွား ပြန်လာရင် ဘုန်းကြီး ရဟန်းတွေအတွက် လှူဖို့ တနင့်တပိုးကြီး သယ်လာတတ်သည်။ ကောင်းမှုကုသိုလ်ကိုလဲ အကြောင်း အမျိုးမျိုးရှာပြီး ပြုလေ့ရှိသည်။ ဒါဟာလဲ သဒ္ဓါတရားရှိသူတွေရဲ့ လုပ်ရိုးလုပ်စဉ်ပဲလို့ ပြောရမှာ ဖြစ်သည်။ စာရေးသူတို့ ဘုံဘေမြို့ စောမယကောလိပ် သုတေသနဌာနတွင် Ph.D အတွက် သုတေသန စာတမ်းရေးနေကြတဲ့ မြန်မာရဟန်းတော် ၂၀ ၀န်းကျင်တို့အား တစ်ပတ်ခြား ဆွမ်းဟင်းများ၊ စားစရာများ၊ ဆန်များ စသည်တို့ကို လာရောက် လှူလေ့ရှိသည်။ ယခုအခါလဲ အကြိမ်အရေတွက်လဲ မမှတ်မိတော့ပြီ၊ တနှစ်လဲပြည့်သွားပြီ၊ တစ်လ ၂ ကြိမ် လာရောက်လှူလေ့ရှိသည့် မိသားစုအတွက် ဂုဏ်ပြုပို့စ်အဖြစ် ရေးချင်စိတ်ပေါက်လာတာနဲ့ ရေးလိုက်ရပါသည်။ မိသားစုထဲက တစ်ယောက်ယောက်၏ မွေးနေ့အတွက် လာလှူလိုက်၊ သူငယ်ချင်းမွေးနွေ့အတွက် လာလှူလိုက်နဲ့ အကြိမ်လဲ မရေမတွက်နိုင်အောင်ပါပဲ။ ကနေ့တော့ လွန်ခဲ့တဲ့ ၂၄ နှစ်က ကွယ်လွန်သွားတဲ့ အဖေဖြစ်သူ ဒကာကြီး ဦးတင်လှအတွက် အထူးအလှူဖြစ်ပါသည်။ ထိုမိသားစုအတွက် အလှူဒါနသည် သံသရာ အတွက် လမ်းဖြောင့်စေသည့် ဓမ္မဒါနပို့စ်ဖြင့် ဂုဏ်ပြုလိုက်ရပါသည်။စာမိတ်ဆက်
စာရေးသူ၏ ဘလော့ဂ်တွင် ဘလော့ဂါတစ်ယောက်၏မွေးနေ့မှာ တစ်သက်တာအမှတ်ရစေမည့် အရာများကို ရေးခဲ့ဖူးသည်။ ထိုထဲတွင် သတ္တ၀ါအားလုံးသေရမည်ဆိုတာ အမှတ်တရဖြစ်စေရမည် ဆိုတာလဲပဲ ဖြစ်သည်။ ထိုပို့စ်ထဲတွင် လူတွေက ကိုယ့်ရဲ့ မွေးနေ့ကို ပုံစံအမျိုးမျိုးနဲ့ ပုံဖော်ပြီး မွေးနေ့ကို အမှတ်တရဖြစ်စေကြသည် ဆိုတဲ့အကြောင်း ရေးခဲ့ဖူးသည်။ သို့သော်လည်း သေရမည့်အရေးကိုတော့ အမှတ်တရဖြစ်စေမည့် ပုံရိပ်ကိုတော့ ပုံဖော်၍ လုပ်လေ့ရှိသူ အနဲအကျဉ်းတော့ရှိကြမည်။ “လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သတ္တ၀ါတွေသည် နှစ်တစ်ရာအတွင်း သေရမည်ဆိုတာကို လွန်ခဲ့သော ၂၄နှစ်က ဆုံးသွားသော ဒကာဦးလှထွန်းက ပြောပြသွားသည်။ ဒီကနေ့ ဒကာ ဦးကျော်ဆွေ+ဒကာမ ဒေါ်သန်းသန်းဌေး သမီး မယဉ်သူဇာကျော်တို့က သေရမည်ဆိုတာကို မမေ့ကြ၊ ထိုသို့မမေ့အောင်လဲ စောမယကောလိပ်ရှိ ဒေါက်တာအလောင်းအလျာတို့အား ဆွမ်းအစရှိသော လှူဖွယ်တို့ဖြင့်ဆက်ကပ်ခြင်း သီလယူခြင်း ပရိတ်တရားများနာယူခြင်း ၃၁ ဘုံသားတို့အား ကောင်းမှုအစုစုတို့ကို ဝေငှခြင်းစတဲ့ ကောင်းမှုတို့ဖြင့် ဖခင်ဖြစ်သူရဲ့ ၂၄ နှစ်မြောက် သေနေ့ကို အမှတ်တရဖြစ်စေသည်။ ဒါကိုပဲ မရဏဿတိ ဘာဝနာကို ပွားများပြီးဖြစ်သည်။ ထိုမရဏဿတိ- သေခြင်းသဘောတရားကို အမှတ်ရခြင်းသည် သေခြင်းကို ရင်ဆိုင်ရာဝယ် လက်နက်ကောင်း တစ်ခု ဖြစ်သည်။ ရှောင်လွဲလို့ မရတဲ့ လမ်းကျဉ်းလေးမှာ လက်နက်မပါ သော ယောက်ျားတစ်ယောက် အဆိပ်ပြင်းမြွေနဲ့ ရင်ဆိုင်ရသလို ချွေစီးချွေပေါက်များကျလျက် ကြောက်ဒူးတုန်နေသလို မရဏဿတိတည်းဟုသော ဘာဝနာလက်နက်မပါလာပါက သေမင်းနဲ့ ရင်ဆိုင်ရသော် အကြောက်တရားကြောင့် ယောင်ယောင်ကမ်းကမ်း ဖြစ်တတ်သည်။ ထိုဘာဝနာ လက်နက်ပါသူမှာကား သေခြင်းသဘောတရားကို အကြောက်တရားကင်းစွာ ကောင်းကောင်း ရင်ဆိုင်နိုင်သည်။ ဒီကနေ့ အလှူရှင်များက ထိုသေခြင်းတရားကို အလှူဒါနပြုခြင်း သီလဆောက်တည်ခြင်း စသော ကောင်းမှုများဖြင့် ပုံဖော်အမှတ်ရစေသည်မှာ အကြောက်တရားကင်းစွာ သေခြင်းကို ရင်ဆိုင်နိုင်တဲ့ လက်နက်ကောင်းတစ်ခု ရယူလိုက်ခြင်းဖြစ်သည်။
လမ်းဖြောင့်စေသော ဒါန
ဘ၀သံသရာ ကျင်လည်ကြရာဝယ် ပေးကမ်းခြင်း (ဒါန)သည် ဘယ်အတိုင်းအတာအထိ အရေးပါသနည်းဆိုတာ စဉ်းစားဖို့လိုအပ်သည်။ တကယ်တော့ စာရေးသူ၏ဆိုက်ထဲမှာ တော်တော်များများ ရေးခဲ့ပြီးပြီဖြစ်သည်။ သံသရာကို ရှည်စေတဲ့ ဒါန သံသရာကိုပျက်စေတဲ့ သို့မဟုတ် တိုစေတဲ့ ဒါန အကြောင်းကို ၀ဋ္ဋနိဿိတကုသိုလ် ၀ိဝဋ္ဋနိဿိတ ကုသိုလ်ဖြင့် ရေးထားပြီး ဖြစ်သည်။ပေးကမ်းခြင်းက လမ်းဖြောင့်စေတယ်ဆိုတာလဲ အမှန်ဖြစ်သည် (ဒါနံ ဥဇုဂတံ မဂ္ဂံ)။ သတ္တ၀ါတွေဆိုတာ ပေးကမ်းရင် ကြိုက်ကြသည်၊ ချစ်ကြသည်။ နေရာ အတော်များများမှာ ပေးကမ်းပြီး သွားရင် ကိုယ်သွားချင်တဲ့ လမ်းကြောင်း ဖြောင့်နေတတ်သည်။ အတားအဆီး အပိတ်အပင်နေရာတွေမှာလဲ ပေးကမ်းလိုက်ရင် လမ်းကြောင်းက ပွင့်သွားသည်။ လူမှုရေး စီးပွားရေး နိုင်ငံရေးတွေမှာ ထိုနည်းသည် အကောင်းဆုံးဖြစ်သည်။
စာရေးသူတို့အဆောင်မှာကား လုံခြုံရေးတင်းကျပ်သည်၊ သူစိမ်းဧည့်သည် ၀င်ထွက်လို့ မလွယ်ကူ၊ အဆောင်သည် ၇ ထပ်အဆောင်ဖြစ်သည်၊ အောက်ဆုံး မြေညီထပ်မှာကား Mess ထမင်းစားဆောင်နှင့် ရုံးခန်းရှိသည်၊ ပထမထပ်နှင့်ဒုတိယထပ်မှာကား အမျိုးသမီးကျောင်းသူလေးများသာ ဖြစ်သည်၊ ကျန်အပေါ်ထပ်များသည် အမျိုးသားကျောင်းသားအတွက်ဖြစ်သည်၊ ထိုအဆောင်တစ်ခုတည်းမှာပင် ကျောင်းသား ၃၀၀ နီးပါးရှိမည်။ အသား ငါး မချက်ရ၊ ကွမ်းမစားရ၊ အရက်သေရည် မသောက်ရ၊ ဆေးလိပ်မသောက်ရဆိုတဲ့ စည်းကမ်းကလဲ အလွန်တင်းကြပ်သည်။ စာရေးသူတို့အဖွဲ့မှာ တစ်ရက်ခြား အသားဟင်းများ ချက်စားလေ့ရှိသည်၊ တခါက အမှတ်တမဲ့နဲ့ ငါးအရိုးတွေ အများသုံး အမှိုက်ပုံထဲ ထည့်မိရာက ပြဿနာ အကြီးအကျယ်ဖြစ်ဖူးသည်။ ဒါရိုက်တာတွေထိ ရောက်သွားသည်။ သို့သော်လည်း အထက်က နိုင်ငံခြားသားဖြစ်နေ၍ သိပ်ပြီး မတင်းကြပ်ပဲ ခက်လျှော့လျှော့တော့ ပြောသည်၊ အိန္ဒိယ ကျောင်းသားများကို တင်းကြပ်စွာ သက်မှတ်ထားသည်၊ တခါတရံ အခန်းတွေ ၀င်စစ်တတ်သလို အဆောင်အ၀င်မှာ အိပ်တွေ ဖွင့်ပြခိုင်းတတ်သည်။ ထိုအခက်ခဲတွေ အဆင်ပြေအောင် လုံခြုံရေးနှင့် သန့်ရှင်းရေးသမားကို စားစရာလေးတွေ ပေးကမ်းရသည်။ ဒါလဲ လမ်းဖြောင့်စေသည်။ ဒကာ ဦးကျော်ဆွေ+ဒကာမ ဒေါ်သန်းသန်းဌေးတို့မိသားစုက တစ်ပတ်ခြား အဆောင်ကို လာလေ့ရှိသည်၊ လာရင် အသားဟင်း ၃ ခွက်လောက် အပါး ၂၀ စာ ပါလာသည်။ လမ်းဖြောင့်အောင် အဆောင် လုံခြုံရေးကို မုံ့ထုတ်လေးတွေ ပေးတော့ လမ်းကို ဖြောင့်လို့နေတာပဲ။ ဒါလဲ ပေးသူ၏ စေတနာနဲ့ တာဝန်ရှိသူတို့ စေတနာ အပြန်အလှန် နားလည်ပေးလိုက်ခြင်းပဲ ဖြစ်သည်။
အဆောင်၏အပေါက်မှာသာ လုံခြုံရေး ရှိသည်မဟုတ်သေး ကောလိပ်တစ်ခုလုံးရဲ့ ၀င်ပေါက်ထွက်ပေါက်တွေမှာ လုံခြုံရေးတွေရှိသည်၊ ကျောင်းသားမဟုတ်ရင် ကောလိပ်ထဲ ၀င်ခွင့်မရှိ၊ အိန္ဒိယကျောင်းသားတွေဆို စစ်ဆေးလေ့ရှိသည်၊ ကျောင်းသားကဒ် အမြဲဆောင်ထားရသည်။ သို့သော် စာရေးသူတို့မှာက အဲဒီအခွင့်ရေးရပြန်သည်၊ ကားပေါ်ကနေ ခေါင်းလေးထုတ်ပြပြီး လက်ပြလိုက်ရင် လုံခြုံရေးက ဘယ်အချိန်မဆို တံခါးဖွင့်ပေးသည်။ ဤကား စာရေးသူတို့အဖွဲ့ရဲ့ တခါတရံ ငှက်ပျောသီးများ ၀ယ်ပြီး ပေးကမ်းတတ်တဲ့ အစွမ်းကြောင့်ပင်ဖြစ်သည်။ ပေးသူ လက်ခံသူတို့၏ အပြန်အလှန် စေတနာတွေကြောင့် လမ်းဖြောင့်သည်။ ထိုနည်းတူစွာ နေရာတိုင်းမှာလဲ ပေးကမ်းရင် လမ်းဖြောင့်နေတာတော့ အမှန်ပင်ဖြစ်သည်။
သံသရာတကွေ့မှာလဲ ထို့အတူပဲ ပေးကမ်းသူတွေအတွက် သံသရာမှာ ဘာအနှောက်အယှက်မရှိဘဲ ကိုယ်လိုချင်တဲ့ ပန်းတိုင်သို့ ဖြောင့်မတ်စွာ ရောက်နိုင်သည်။ ဒါနံ သဂ္ဂဿ သောပါနိံ- ပေးကမ်းခြင်းသည် ကောင်းမြတ်တဲ့ဘုံဘ၀အတွက် အဆင်သင့်တက်နိုင်ဖို့ရန် လှေခါးပဲ ဖြစ်သည်။ ပေးကမ်းမှုမရှိသည့်အတွက် မပြည့်စုံ မလုံလောက်တဲ့ ဘ၀ကိုရရှိ၊ အူမတောင့်မှ သီလစောင့်ဆိုတာလို မပြည့်စုံ မလုံလောက်နေသူအတွက် သီလမစောင့်နိုင်၊ စားဝတ်နေရေးအတွက် တိုက်ရသည်၊ ခိုးရသည်၊ လိမ်ညာရသည်၊ အသိဥာဏ်မဲ့တဲ့ ဘ၀ကိုရောက်ပြီး မကောင်းတာမှန်သမျှ အကုန်လုပ်ဖြစ်တော့သည်။ ထိုဘ၀မှာကား သူ့အတွက် လမ်းက မဖြောင့်၊ ကြမ်းတမ်း၏။ နောက်ဘ၀ရောက်သော် ကောင်းသော ဂတိရောက်ဖို့ဆိုတာ မလွယ်ကူ၊ အပါယ် ၄ ဘုံရောက်သော ပုဂ္ဂိုလ်တစ်ယောက် အပေါ် ပြန်တတ်နိုင်ဖို့ဆိုတာ အလွန်ခက်ခဲပြန်သည်။ ထိုသူအတွက် ဘ၀သံသရာ လွတ်မြောက်ရေးအတွက် မဂ်ဖိုလ်ဆိုတာ ဝေး၍ ပန်းတိုင်မှ လုံးဝသွေဖယ်ရတော့သည်။ ပေးကမ်းခြင်းမရှိသည်အတွက် ဘ၀ကား ဤမျှ အဟန့်အတားများကြုံရတတ်သည်။ ပန်းတိုင်ရောက်ဖို့ရန် လမ်းက အလွန်ဝေးသည့်အပြင် ကောက်ကွေ့လှ၏။ ထို့ကြောင့် ပေးကမ်းခြင်း ဒါနသည် ဤဘ၀ထိုဘ၀နှင့် ဘ၀ပန်းတိုင်တို့အတွက် လမ်းဖြောင့်စေသည်ကား သေချာသွားတော့သည်။
ဒီကနေ့ ကောင်းမှုလာပြုကြတဲ့ ဒကာ ဦးကျော်ဆွေ+ဒကာမ ဒေါ်သန်းသန်းဌေးတို့ မိသားစုက မိမိတို့၏ ဖခင်အတွက်ရော မိမိတို့အတွက်ပါ ဘ၀သံသရာမှာ ဘာအဟန့်အတားမှ မရှိစေဘဲ ပန်းတိုင်သို့ လမ်ဖြောင့်လမ်းမှန်ဖြင့် ရောက်ဖို့ရန် ကောင်းမှုပါရမီများ ပြုလုပ်ကြခြင်း ဖြစ်သည်။
တခါက ကောသလ မင်းကြီး၏ သမီးတော်လေး သုမန ဘုရားထံရောက်လာသည်။ မေးခွန်းတစ်ခု လာမေးဖို့ ရောက်လာခြင်းဖြစ်သည်၊ ဘုရားရှင်သာ ဖြေဆိုနိုင်မည့် မေးခွန်းဖြစ်နေသည်။ မွေးကင်းစ သူမ၏ မောင်လေး မွေးနေ့ တစ်နေ့မှာ စိန်စီပုခက်ပေါ်အိပ်နေတဲ့ သူ့မမောင်လေးက ဘေးနားမှယှဉ်လျှက်ရှိသော အိမ်က အလုပ်သမားရဲ့ သားပုခက်ထဲက ကလေးကို လှမ်းစကားပြောသတဲ့။ “သူငယ်ချင်း- ကြည့်စမ်း အခုတော့ ကောင်းကြသေးရဲ့လား၊ အရင်တုန်းက လှူပါဟဲ့လို့ တိုက်တွန်းခဲ့တုန်းက မလိုပါဘူးလို့ ပြောခဲ့တယ်၊ အခုတော့ ကြည့်စမ်း၊ ငါ့မှာက စိန်စီပုခက်၊ မင်းမှာက အသားပုခက်” ဟုပြောလိုက်တော့ တစ်ဖတ်က ကလေးကလဲ “ဘာထူးလဲကွာ-- မင်းပုခက်ရော ငါ့ပုခက်ပါ ဓာတ်ကြီးလေးပါးနဲ့ ဖွဲ့စည်းထားတာ၊ အတူတူပါပဲကွ” ဆိုတော့ သုမန မင်းသမီးလေးက မွေးကင်းစ ကလေးနှစ်ယောက် စကားပြောတာကို ကြားလိုက်ရသည်၊ စကားက သာမန်စကားမျိုး မဟုတ်ဘဲ ဓာတ်သံ ပရမတ်သံတွေနဲ့၊ ဧကန္တ- ဘုန်းကြီးဝင်စားဖြစ်ရမယ်၊ ခမည်းတော် မယ်တော်တို့ကို ပြောပြရင်လဲ ယုံမှာမဟုတ်၊ ဘီလူးလေးတွေပဲဆိုပြီး သုသာန်ထုတ် သတ်မှာ စိုး၊ ဘုရားမှပဲ ကောင်းကောင်းသိလိမ့်မယ်ဟူသော ယုံကြည်ချက်ဖြင့် ဘုရားထံရောက်။အဲဒီမှာပဲ ဘုရားက ပေးကမ်းခြင်း ဒါနအလေ့ရှိတဲ့ ပုဂ္ဂိုလ်က နတ်ပဲ ဖြစ်ဖြစ် လူပဲ ဖြစ် အသက်ရှည်ခြင်း အဆင်းလှခြင်း၊ ချမ်းသာခြင်း အချွေရံ ပရိသတ်ပေါများခြင်းနှင့် သြဇာအာဏာ ပါဝါ ပိုသာလွန်ခြင်းဆိုတဲ့ အကြောင်းဟောကြားသည်။ ပေးကမ်းတဲ့သူကို လူတိုင်းက ချစ်ကြသည်၊ မြတ်နိုးကြသည်။ ပေးကမ်းတတ်သူဆီမှာ တပည့်ခံချင်ကြသည်၊ အလုပ်လုပ်ချင်ကြသည်၊ မိတ်ဆွေတော်ချင်ကြသည်။ သူ့စကားသည်လည်း အရေးပါ အရာရောက်သည်။ ပေးကမ်းသူ၏စကားကို ယုံကြည်ကြသည်။
ဇေတ၀န်ကျောင်းဒကာ အနာထပိဏ်သူဋ္ဌေးကြီးနှင့် ပုဗ္ဗာရုံကျောင်းအမ ၀ိသာခါတို့သည် သာသနာတော်အတွက် ပေးကမ်းလှူဒါန်းသူများထဲတွင် အများဆုံးဖြစ်မည်။ သံဃာ့မေတ္တာ ရရှိသူများထဲတွင် ထိပ်ဆုံးကပဲဖြစ်မည်။ သာသနာမှာ လူဝတ်ကြောင်များတွင် အရှိန်အ၀ါ သြဇာအရှိဆုံး လူဝတ်ကြောင်များ ဖြစ်နိုင်သည်။ တခါက ကောဏ္ဍဓာန မထေရ်သည် ဆွမ်းခံသွားတိုင်း ၀ဋ်ကြွေးကြောင့် နောက်က မိန်းမတစ်ယောက် လိုက်ပါလေ့ရှိသည်ကို ပတ်ဝန်းကျင်က မြင်သည်၊ သူကားမမြင်။ ရဟန်းတွေက ဒီကျောင်းမှာ သီလမရှိတဲ့ ဒီလို ပုဂ္ဂိုလ် မထားသင့်ဘူးဆိုပြီး ကျောင်းဒကာ အနာထပိဏ်သူဋ္ဌေးကြီးနှင့် ကျောင်းအမ ၀ိသာခါတို့ထံ သွားပြီး သတင်းပို့သည်။ ဤကျောင်းတိုက်မှ နှင်ထုတ်ပေးရန် တိုင်တန်းသည်။ သာသနာအတွက် လိုလေသေးမရှိ ပေးကမ်း လှူဒါန်းသည့် ဒါနအရှိန်သည် သာသနာတော်မှာ သြဇာအာဏာဖြစ်လာသည်။ ဒါနကား ဤမျှမကာ စွမ်းအားကြီးလှပါသည်။
ရဟန်းဖြစ်တော့လဲ ရဟန်းဘ၀မှာ ၀တ်စရာ၊ စားစရာ၊ နေစရာ၊ ကျန်းမာရေးအတွက် ဆေးပစ္စည်းဆိုတဲ့ သာသနာသုံးပစ္စည်း ၄ ရပ် ကို မတောင်းဘဲ မတဘဲ ရနိုင်ပေမဲ့ ဒါနမပါခဲ့သူကတော့ ထိုအတွက် အလှူခံထွက်ရသည်။ ဒါနပါခဲ့သူကတော့ သူငယ်ချင်း မိတ်ဆွေတွေရဲ့ မေတ္တာကို သူများထက် ပိုရရှိသည်။
မြန်မာပြည်သူပြည်သားတွေ သီတဂူဆရာတော်ကြီးကို အဘယ့်ကြောင့် သူများထက် လေးစားကြည်ညိုသနည်း၊ သူများထက် အဘယ့်ကြောင့် ပြည်သူ့ထံမှ ပိုမေတ္တာရရှိသနည်း၊ မေတ္တာ စေတနာဖြင့် ပေးကမ်းခြင်းကြောင့်ကား ၇၅ ရာခိုင်နှုန်းပါမည် ထင်သည်။ ဆရာတော်ကြီးသည် ရသမျှကို အကုန်ပေးသည်။ ဆေးရုံများစွာဆောက်ပြီး ပေးသည်။ ဆေးရုံသုံးပစ္စည်းတွေ ပေးသည်။ တက္ကသိုလ်တွေ ဆောက်၍ပေးသည်။ စာသင်ကျောင်းတွေ ဆောက်ပေးသည်။ ကွန်ပြူတာစသည့် ပညာရေး အထောက်ကူပြု ပစ္စည်းများ ပေးသည်။ သောက်ရေ သုံးရေအတွက် ပေးသည်။ သာသနာတော်အတွက်သာမက လူမှုရေးအတွက်ပါ ပေးကမ်းခြင်းကြောင့် သူများထက် ပိုပြီး မေတ္တာရရှိသည်။ အလားတူ နာရေးကူညီမှုအသင်းအဖွဲ့လိုမျိုး သူတပါးအား ပေးကမ်းသူများက သူတပါးထက် ပိုပြီး မေတ္တာတွေ ရရှိကြသည်။ ထို့ကြောင့် ပေးကမ်းခြင်းသည် သူတပါးထက် ပိုပြီး မေတ္တာရရှိသည်။
နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ အရတ္တမဂ် အရဟတ္တဖိုလ်ကိုတော့ သဒ္ဓါ သီလ ပညာ ရှိသူတိုင်း အတူရောက်နိုင်သည်။ ဒါနကား သက်သောင့်သက်သာ ရောက်ခြင်းနှင့် ပင်ပန်းကြီးစွာရောက်ခြင်းသာ ကွာခြားသွားစေသည်။
ဘ၀ရိက္ခာ သို့မဟုတ် လမ်းစရိတ်
ခရီးသွားသူတစ်ယောက် ပိုက်ဆံအိပ် ပါးနေရင် စိတ်ပူရ၊ ခရီးသွားရင်း သူများဝယ်စားသလို မစားနိုင်၊ စိတ်အားငယ်ရသည်။ ပိုက်ဆံ မရှိဘဲ ကား၊ ရထားမစီးနိုင်၊ စီးပြန်နိုင်ရင်လဲ အဆင့်တန်းမြင့်မြင့် မစီးနိုင်ရကား မျက်နှာငယ်ရပြန်သည်၊ “ဒါန မပါ သံသရာ မျက်နှာ ငယ်ရသည်”တဲ့။ အိပ်ဖောင်းနေသူအတွက်ကတော့ အဆင့်တန်းမြင့်မြင့် စားနိုင်၊ အဆင့်တန်းမြင့်မြင့် စီးနိုင်သည်၊ အဆင့်တန်းမြင့်မြင့် သွားနိုင်သည်၊ ရဲရဲရင့်ရင့် သွားနိုင်သည်။ အလားတူပဲ သံသရာ ခရီးသွားသူများ သံသရာစရိတ် ဒါန မပါခဲ့ပါက မျက်နှာငယ်စွာ နေရတတ်သည်၊ ဒါနပါခဲ့မှသာ ပြီးပြည့်စုံတဲ့ ဘ၀သမ္ပတ္တိကို ရရှိမည်၊ သံသရာမှာ မျက်နှာမငယ်ရ၊ ရွာရိုးကိုးပေါက် ထီးထမ်းလျှောက်လျက် ယောင်လည်လည်ဘ၀မျိုး မကြုံရ၊ မော်မော်ကြွားကြွား မော်တော်ကားဖြင့် အငြိမ့်စား အပြန်စား သွားနိုင် လာနိုင်မည်။ “ဒါနပါမှ နောင်ဘ၀ ခေါင်က နေရမည်“ တဲ့။ ခေါင်က ထိပ်က နေချင်သူများ အတွက် ဒါနသည်သာ အကောင်းဆုံး ဖြစ်သည်။ ဒါ့ပြင် ဒါနံ ပါထေယျ မုတ္တမံ- သံသရာ ရိက္ခာအတွက် သို့မဟုတ် သံသရာခရီးစရိတ်အတွက် ဒါနသည် အကောင်းဆုံးဟု ဆိုရမည်။“ပေးကမ်းခြင်းသည် လမ်းဖြောင့်သည်၊ ပေးကမ်းခြင်းသည် အထက်ထက်သို့တက်ရန် လေးခါးဖြစ်သည်၊ ပေးကမ်းခြင်းသည် လူချစ်လူခင် ပေါသည်၊ ပေးကမ်းခြင်းသည် လူကြည်ညို လူလေးစားခံရသည်။ ပေးကမ်းခြင်းသည် မျက်နှာမငယ်ရ။ ပေးကမ်းခြင်းသည် ခေါင်အထိပ်က နေရမည်၊ ပေးကမ်းခြင်းသည် အကောင်းဆုံး ဘ၀ရိက္ခာဖြစ်သည်။” ထို့ကြောင့် ဘ၀သံသရာမှာ မျက်နှာမငယ်ရလေအောင် အကောင်းဆုံး ဘ၀စရိတ်ပါအောင် ပေးကမ်းခြင်းဖြင့် ပျော်မွေ့နိုင်ကြပါစေသတည်းးးးးးးးး။။။။။။။။။။
++++++++++++++
ဒီနှစ်လည်အတွက် ပို့စ်လေးက ပြီးခဲ့တဲ့ တနင်္ဂနွေ- ကဆုန်လကွယ်နေ့က ဖခင်ဖြစ်သူအတွက် လာလူတဲ့နေ့ကို ရည်ရွယ်ပြီးရေးထားတာ ဖြစ်ပေမဲ့ ရေးပြီးမတင်ဖြစ်ခဲ့ဘူး၊ တစ်ပတ်တောင် ကြာသွားပြီ၊ အခုလဲ ထိုမိသားစုကပဲ ပြီးတဲ့တစ်ပတ်က “ဘုန်းဘုန်းများကို မြန်မာပြည် အလွမ်းပြေ ကြာဇံဟင်းကပ်ချင်ပါတယ်”ဟုသော ကတိအတိုင်း ဒီတစ်ပတ် (၂၆-၅-၂၀၁၂) စနေနေ့ မှာ ရောက်လာပြန်ပါပြီ။ ကြာဇံဟင်းများ၊ ကြာဇံမကြိုက်တဲ့သူတွေ အတွက် ပုဇွန်နဲ့ အသီးစုံ ထမင်းကြော်၊ အဖျော်ရည်များ လာကပ်သွားသည်။ နှစ်ပတ်စာ အလှူအတွက် ဂုဏ်ပြု ပို့စ်ဖြစ်သွားပါတော့သည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၁-၅-၂၀၁၂
26 March 2012
မွေးနေ့အလှူ (Happy Birthday)
ရှားရှားပါးပါး အလှူ အပိုင်း (၅)
စာမိတ်ဆက်
ဒီကနေ့ တန်ခူးလဆန်း (၃) မြန်မာ နှစ်၏ နှစ်အစလ (၂၅-၃-၂၀၁၂) တနင်္ဂနွေနေ့ ဖြစ်သည်။ ဒကာ ဦးကျော်ဆွေ+ဒကာမ ဒေါ်သန်းသန်းဋ္ဌေး သမီး မယဉ်သူဇာကျော်တို့က ထုံးစံအတိုင်း တစ်ပတ်ခြားပြီး ဘုံဘေမြို့၊ စောမယကောလိပ်ရှိ Ph.D ကျောင်းသား ၂၀ တို့အား ဒကာ ဆွမ်းဟင်းများ လာကပ်သည်မှာ (၁၃) ကြိမ်လား (၁၄) ကြိမ်လား မသိ ဖြစ်သည်။ ဒီကနေ့တော့ အထူးဖြစ်သည်မှာ-လာမည့် (၂၈-၃-၂၀၁၂) နေ့ဆို ဒကာမကြီး ဒေါ်သန်းသန်းဋ္ဌေး၏ ၄၃ နှစ်ပြည့်မွေးနေ့ဖြစ်သလို မြန်မာပြည် ပြက္ခဒိန်၏ နှစ်ဆန်းလဲ ဖြစ်သည်။ ထို့အတွက် မွေးနေ့အလှူလဲ ဖြစ် မြန်မာနှစ်သစ်ကူးလဲ ဖြစ်သည်အတွက် မွန်ရိုးရာ သင်္ကြန်ထမင်း ဟင်းနှင့် ရွှေယဉ်အေးများ လာကပ်သည်။ ထို့ပြင် ပစ္စည်းလေးပါးအတွက် န၀ကမ္မအား တပါးလျှင် ရူပီ တစ်ထောင်ကျပ်စီ လှူဒါန်းသွားသည်။ မွေးနေ့ရှင် ဒကာမကြီး ဒေါ်သန်းသန်းအလှူအတွက် ဂုဏ်ပြုသော အားဖြင့် ဒါနနှင့်စပ်ဖွယ် ပို့စ်တစ်ခု ရေးဖို့ ဖြစ်လာပါသည်။ ထိုပို့စ်ကိုလည်း ပေတ၀တ္ထုလာ ဒါနအကြောင်း တစေ့တစောင်း ဟု အမည်တွင်စေပါသည်။စာမိတ်ဆက်

ဒါနအကြောင်း တစေ့တစောင်း
၁။ ခေတ္တူပမာ အရဟန္တော-၂။ ဒါယကော ကဿကူပမာ-
၃။ ဗီဇူပမံ ဒေယျဓမ္မံ-
အလှူခံပုဂ္ဂိုလ်များသည် လယ်မြေနှင့်တူ၏ မြေဆီ မြေလွှာတို့ဖြင့် ကြွယ်ဝသော ကောင်းသော သြဇာရှိသော လယ်မြေထဲ မျိုးစေ့များ ကျဲချ စိုက်ပျိုးကြဲလိုက်လျင် အရွက် ဖားဖား အသီးကားကား အပွင့်အာအာနဲ့ ဖြစ်ထွန်းမှာ အမှန်ပင် ဖြစ်သည်။ သို့သော်လည်း မျိုးစေ့ မအောင်ပြန်ရင်လဲ၊ သို့မဟုတ် စိုက်ပျိုးသူ လယ်သမား မကျွမ်းကျင်ပြန်ရင်လဲ အသီးအနှံ ရသင့်သလောက် ရမည်မဟုတ်။ မျိုးစေ့တွေလဲ အောင်၊ စိုက်ပျိုးသူ လယ်သမားလဲ ကျွမ်းကျင်ပေမဲ့ လယ်ယာမြေကောင်း မဟုတ်ပြန်လျင်လဲ ကြပ်တည်းကုန်းဖြစ်သည့်အတွက် ၃ တင်းကျဲမှ ၁ တင်းသာ ရသည့် လယ်မြေဖြစ်မည်။ ထို့ကြောင့် အရွက် ဖားဖား အသီးကားကား အပွင့်အာအာ အသီးအနှံများ ဖြစ်ထွန်းလိုပါလျင် ၁။ လယ်ယာမြေကောင်းဖြစ်ရခြင်း၊ ၂။ စိုက်ပျိုးသူ လယ်သမား ကျွမ်းကျင်မှု့ရှိခြင်း၊ ၃။ မျိုးစေ့ကောင်း ဖြစ်ခြင်း အချက်သုံးချက် ညီညွတ်စွာ ရှိနေရပါမည်။
၁။ ခေတ္တူပမာ အရဟန္တော-
အလားတူ-လယ်ယာမြေနှင့်တူသော အလှူခံပုဂ္ဂိုလ်က မစင်ကြယ် (အသုဒ္ဓ၊ အပရိသုဒ္ဓ) ဖြစ်နေလျှင်၊ ကိုယ်ကျင့်တရား မရှိလျှင် ထိုလယ်ယာမြေတည်းဟုသော အလှူခံ ပုဂ္ဂိုလ်မှာ စိုက်ပျိုးကြဲချ လှူဒါန်းလျှင် ‘‘၃ တင်းကျဲမှ ၁ တင်းသာ ရ’’ ဆိုတာမျိုး အကျိုးအမြတ် မရဘဲ အရှုံးရနိုင်သည်၊ အဆိပ်ပင် ရေလောင်းသလို အကျိုးမဲ့ပါလိမ့်မည်။ ကိလေသာ အညစ်ကြေးကင်းစင်သည့် သံဃာတည်းဟူသော လယ်ယာမြေကောင်းမှာ ကြဲချ စိုက်ပျိုးမှသာလျှင် ဒါန၏အကျိုး အသီးထွားထွား အပွင့်ကားကားများ ဖြစ်ထွန်းမှာ ဖြစ်သည်။
တခါက အလွန်ဆင်းရဲသော လယ်သမား မောင်ပုဏ္ဏတို့ ဇနီးမောင်နှံရှိခဲ့ဖူးသည်။ လယ်ထွန်နေသော မောင်ပုဏ္ဏအတွက် စားစရာယူလာသော ဇနီးသည် မယ်ဘဒ္ဒါတစ်ယောက် အရှင်သာရိပုတ္တရာ ဆွမ်းခံကြွလာခြင်းနဲ့ဆုံမိသည်။ ‘‘ မရှိလို့ မလှူနိုင်၊ မလှူနိုင်လို့လဲ မရှိ၊ ဒီအစားစာသည် ငါ့တို့အတွက် ဒီနေ့အတွက် ဒီတစ်ဘ၀စာအတွက်မျှသာ ဖြစ်သည်၊ အကယ်၍ အရှင်မြတ်အား လှူလိုက်ရင် တစ်သံသရာလုံးအတွက် ဖြစ်မည်’’ဟု အတွေးဝင်၍ ပါလာသော ခင်ပွန်းသည် မောင်ပုဏ္ဏအတွက် စားစရာတွေကို အရှင်မြတ်အား လှူလိုက်သည်။ လယ်ကွင်းထဲရောက်သော အခါ ခင်ပွန်းသည်အား အကျိုးအကြောင်း ပြောပြ၍ ‘‘မယ်ပြုသမျှ မောင်ကြည်ဖြူ’’ ဆိုတာလို ၀မ်းသာလွန်း၍ သာဓုခေါ်လိုက်ခြင်းကြောင့် လယ်သမားဇနီးမောင်နှံတို့သည် သူဆင်းရဲဘ၀မှ သူဌေးရာထူးအထိ ရသွားကြသည်။ အလှူခံဖြစ်သည့် ကိလေသာကင်းစင် ဖြူစင်သော အရှင်သာရိပုတ္တရာသည် ဖလသမာပတ်ဝင်းစားရာမှ ထလာအချိန်ဖြစ်ရကား အလွန်သန့်ရှင်းသော လယ်မြေဖြစ်သည်၊ ချက်ချင်းစိုက် ချက်ချင်း အသီး အပွင့် ထွက်လာမည့် လယ်ယာမြေကောင်း ဖြစ်လေသည်။
၂။ ဒါယကော ကဿကူပမာ-
အလှူပေးသူသည် လယ်သမားနှင့် တူသည်၊ စိုက်ပျိုးကျွမ်းကျင်ဖို့လိုသည်၊ စိုက်ပျိုး ကျွမ်းကျင်မှု မရှိလျှင် ပွင့်လာမည့် အပွင့် သီးလာမည့် အသီးတို့သည် ပိန်ဖျင်းပြီး သုံးမရဖြစ်မည်။ ကျွမ်းကျင်သည့် လယ်သမားနှင့်တူသော အလှူပေးပုဂ္ဂိုလ်တို့သည် ကံ၊ ကံ၏အကျိုးနှင့် ရတနာသုံးပါး၏ ဂုဏ်ရည်တို့ကို ယုံကြည်သော သဒ္ဓါတရားဖြင့်လှူဒါန်းတတ်ရမည် (သဒ္ဓါ-ဒါန)။
အလှူဝတ္ထုကိုရော အလှူခံပုဂ္ဂိုလ်ကိုပါ တလေးတစား လှူတတ်ရသည် (သက္ကစ္စ-ဒါန)။
အချိန်အခါ အားလျော်စွာ လှူတတ်ရသည်၊ အစားအစာ လိုအပ်နေချိန် အစားအစာလှူဒါန်းခြင်း၊ အ၀တ်အစား လိုအပ်ချိန် အ၀တ်အစားလှူဒါန်းတတ်ရသည်၊ ဆေးလိုချိန် ဆေးလှူတတ်ရသည်၊ စသည် လိုအပ်သည့်အခါ လှူတတ်ရသည် (ကာလ-ဒါန)။
လွတ်လွတ်ကျွတ်ကျွတ် လှူဒါန်းတတ်ရသည်၊ သန့်ရှင်းသောအလှူ အနှောင်ဖွဲ့ကင်းသော အလှူဖြစ်ရမည်၊ တချို့က ကိုယ့်ခင်အောင် ချစ်အောင် လှူတတ်သည်၊ တချို့ကတော့ ရုပ်ချောအောင် သူများအထင်ကြီးအောင် လာဘ်တစ်ခုခု ရအောင် လှူတတ်သည်၊ အကျိုးလိုလို့ ညောင်ရေလောင်းသည် အလှူမျိုးဖြစ်သည်။ သူတပါးထံမှ ဘာကိုမှ မမျော်လင့်ဘဲ လွတ်လွတ်ကျွတ်ကျွတ် လှူဒါန်းတတ်ရသည်၊ အကျိုးလိုလို့ ညောင်ရေလောင်းဆိုတာမျိုး မဖြစ်စေရ၊ (အနုဂ္ဂဟိတစိတ္တ-ဒါန)။
ကိုယ့်ကိုယ်ကိုရော သူတစ်ပါးကိုပါ မထိခိုက်စေဘဲ လှူတတ်ရသည်။ သူတစ်ပါးဂုဏ်ကို ချေဖျက်ပြီး ကိုယ့်ဂုဏ်ကိုမြှောက်လို၍ လှူဒါန်းခြင်းသည် သူတစ်ပါးကို ထိခိုက်စေသေည်။ သမင်မွေးဘိ ကျားစားဘိ ဆိုတာလို တစ်ယောက်ကို တစ်ယောက် အနိုင်လို၍ ဆုတောင်းမှားခဲ့သောကြောင့် ကြောင်နှင့်ကြက်၊ ကျားနှင့်သမင်၊ ဘီလူးမနှင့်လူမိန်းမ သံသရာမှာ တစ်လှည့်စီ အနိုင်ယူနေကြသည်။ မိမိ သူတစ်ပါးကို ထိခိုက်စေသော ဒါနမျိုးဖြစ်သည်။ ထိုကဲ့မဟုတ်ဘဲ ယုံကြည့်ချက်ဖြင့်ပင် ဆင်းရဲဒုက္ခအပေါင်းလွတ်လိုသော ဆန္ဒဖြင့် လှူဒါန်းတတ်ရသည် (အနုပဟစ္စ-ဒါန)။
ဤကဲ့သို့ လှူတတ်ခြင်းကြောင့် အကျိုးအမျိုးမျိုး ရသည်၊ (၁)သဒ္ဓါ-ဒါနကြောင့် ချမ်းသာ ကြွယ်ဝသည် ရုပ်ရေလှပသည်။
(၂) သက္ကစ္စ-ဒါနကြောင့် ချမ်းသာမည်၊ ကိုယ့်သြဇာ အရှိန်အ၀ါရှိမည်၊ သား သမီး အလုပ်သမား စတဲ့ သူတွေက ကိုယ့်စကားကို တသွေမတိမ်း နားထောင်ကြမည်။
(၃) ကာလ-ဒါနကြောင့် ချမ်းသာမည်၊ ဖြစ်လိုရာဘ၀ လိုတရ ဘ၀ရရှိမည်။
(၄) အနုဂ္ဂဟိတစိတ္တ-ဒါနကြောင့် ဖြစ်လေရာဘ၀မှာ ချမ်းသာသည့်အပြင် ကောင်းသည့် မွန်မြတ်သည့် အရာမှန်သမျှကို မြတ်နိုးခြင်း ခံစားရခြင်းဘ၀ ရရှိမည်၊ ထိုဒါနမျိုး ချို့တဲ့ခဲ့သော ကောသလတိုင်းက သူဋ္ဌေးတစ်ယောက် အလွန်ကြွယ်ဝ ချမ်းသာသော စည်းစိမ်တွေ မသုံးရက် မစားရက် ဖြစ်နေသည်၊ သူဋ္ဌေးဖြစ်ပေမဲ့ စားတော့ ဆန်အကြမ်း၊ ဆောင်းတော့ ထီးအစုတ်၊ ၀တ်တော့ အ၀တ်အဟောင်း၊ စီးတော့ ရထားအို ဖိနပ်အစုတ်၊ သူသေသွားသော် အမွေခံ သားသမီး၊ ဆွေမျိုးများမရှိ၍ မင်းဘဏ္ဍာအဖြစ် အသိမ်းပိုက်ခံရသည်။ ထိုဒါနမျိုးပါလာသူအတွက်တော့ ရောက်လေရာမှာ ကောင်းကောင်းစား ကောင်းကောင်းနေ ကောင်းကောင်းဝတ်စသည်ဖြင့် အကောင်းစားများဖြင့် ခံစားနေရတတ်သည်။
(၅) အနုပဟစ္စ-ဒါန ကြောင့် ချမ်းသာကြွယ်ဝမည်၊ မိမိပိုင် စည်းစိမ်များကို ရေကြီး၍လဲ မဖျက်စီးခံရ၊ မီးလောင်၍လဲ မပျက်စီး၊ ရေမျှော၍လည်း မပါနိုင်၊ သူခိုးဓားပြလဲ မခိုးနိုင်။ မချစ်မနှစ်သက်တဲ့သူတွေရဲ့ အနှောက်အယှက်ကလဲ လွတ်မည်၊ မင်းဘဏ္ဍာအဖြစ်လဲ အသိမ်းမခံရသဖြင့် သူတစ်ပါး အနှောက်အယှက်မှ လွတ်ကင်းမည်။ ရန်သူမျိုးငါးပါးအနှောက်အယှက်မှ လွတ်လိုလျှင် ထိုဒါနမျိုး လှူရသည်။
ဤသို့အားဖြင့် ကျွမ်းကျင်သော လယ်သမားနှင့် တူသော အလှူရှင်သည် ထိုကဲ့သို့ လှူတတ်ဖို့လိုသလို မိမိကိုယ်တိုင်ကလဲ သုဒ္ဓ-ပရိသုဒ္ဓ-စင်ကြယ်ဖို့လိုသည်။
၃။ ဗီဇူပမံ ဒေယျဓမ္မံ-
မျိုးစေ့ကောင်းမှ အသီး အပွင့်ကောင်းမည်၊ လယ်မြေကောင်းပြီး ကျွမ်းကျင်တဲ့ လယ်သမားဖြစ်ပေမဲ့ မျိုးစေ့က ညံ့နေရင် အသီးအပွင့်ကောင်း ထွက်ဖို့မဖြစ်နိုင်။ ထို့အတူပဲ မျိုးစေ့နဲ့တူသော လှူဖွယ်ဝတ္ထုသည်လည်း စင်ကြယ်ဖို့လိုသည်။ အလှူခံက သုဒ္ဓ-ပရိသုဒ္ဓ-စင်ကြယ်ပြီး ကောင်းမြတ်သော လယ်မြေဖြစ်ပေမဲ့ လှူဖွယ်ဝတ္ထုတည်းဟုသော မျိုးစေ့ မကောင်းတော့ ရသင့်သလောက် အကျိုး မဖြစ်ထွန်းနိုင်။ သမ္မာအာဇီဝဖြင့် ရအပ်သော အလှူဝတ္ထုဖြစ်ဖို့လိုသည်၊ ပါဏံ ဟန်တွာ (တွာနဲ့ဆင့်) ဒါနံ ဒေတိ-သူများအသက် သတ်ပြီး ဒါနကုသိုလ်ဖြစ်ပေမဲ့ ထိုအလှူဝတ္ထုက မစင်ကြယ်ရကား ရသင့်သလောက် ကုသိုလ်မဖြစ်၊ ခိုးယူခြင်း လုယတ်ခြင်းကြောင့် အလှူသည်လည်း ထိုနည်းတူစွာပဲ ပဋ္ဌာန်းတရားတော်အရ အကုသိုလ်ကြောင့် ကုသိုလ်ဖြစ်၏ ဟုဆိုပေမဲ့ အကျိုးကား မများနိုင်။ ထို့အတူ မလှူကောင်းသော ဒါနများ-- အလှူ-ဣတ္ထိဒါန-မိန်းမအလှူ၊ မဇ္ဇဒါန-အရက်အလှူ၊ သမဇ္ဇဒါန-ပွဲလမ်းသဘင်အလှူ၊ ဥသဘဒါန-နွားလားဥသဘအလှူ-တိရစ္ဆာန်အလှူ၊ စိတ္တကမ္မဒါန-မိန်းမရုပ်စသည် ခြယ်သထားသော ပန်းချီကားအလှူများဖြစ်သည်၊ ဒါန-စွန့်လွတ်နိုင်ပေမဲ့၊ အပုည- ကုသိုလ်ဟု မဆိုနိုင်တဲ့ အလှူမျိုးဖြစ်သည်။ အလားတူ မရှာကောင်းသော စီးပွားကား-လက်နက်ကုန်ကူး၊ အဆိပ် ရောင်းဝယ်ခြင်း၊ လူကုန်ကူးခြင်း၊ သေရည်အရက်ရောင်းဝယ်ခြင်း၊ မံသ-အသားဟင်းအတွက် စီမံရန်တွက် အသားသတွာ ရောင်းဝယ်ခြင်းတို့မှ ရလာသော စီးပွားဥစ္စာတို့သည်လည်း မစင်ကြယ်ရကား မျိုးစေ့မကောင်းသော အလှူဝတ္ထုဖြစ်သည်။ ထို့ကြောင့်အလှူ၏ အကျိုးကောင်းဖြစ်ဖို့ရန်မှာ အလှူခံ၊ အလှူပေး၊ လှူဖွယ်ဝတ္ထုများ စင်ကြယ်ဖို့လိုကြောင်း လိုပါသည်။
ခေတ္တူပမာ အရဟန္တော၊ ဒါယကော ကဿကူပမာ။
ဗီဇူပမံ ဒေယျဓမ္မံ၊ ဧတ္တော နိဗ္ဗတ္တတေ ဖလံ။
ခုဒ္ဒကနိကာယ်၊ ပေတ၀တ္ထုလာ ခေတ္တူပမပေတ၀တ္ထု ကို အမှီပြုပြီး ဤပို့စ်ကို ဖန်တီးသည်။ဗီဇူပမံ ဒေယျဓမ္မံ၊ ဧတ္တော နိဗ္ဗတ္တတေ ဖလံ။

ဆုတောင်းပဋ္ဌနာ
အလှူရှင်မိသားစု အထူးအားဖြင့် မွေးနေ့ရှင် ဒကာမကြီး ဒေါ်သန်းသန်းဌေးအား မွေးနေ့မှ သည် နှစ်များစွာ မိသားစုနဲ့အတူ ကျန်းမာ ချမ်းသာစွာဖြင့် ဘာသာ သာသနာအကျိုး ဆောင်ရွက်နိုင်ပါစေကြောင်း ဘုံဘေမြို့ စောမယကောလိပ်ရှိ Ph.D ကျောင်းသား ရဟန်းတော်များက မေတ္တာပို့ ဆုတောင်းပေးနေပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၅-၃-၂၀၁၂
30 January 2012
၁၈ နှစ်ပြည့် မွေးနေ့အလှူ
မယဉ်သူဇာကျော် မွေးနေ့
ကောင်းမှုဆိုတာ အကြောင်းရှာ ပြုတတ်ရသည်
‘‘နာနာရမ္မဏံ အာရဗ္ဘ ဒဇ္ဇေ ဒါနံ မလာဘိဘူ’’ ဆိုတဲ့ စာပိုဒ်လေးသည် အမရပူရ မဟာဂန္ဓာရုံကျောင်းတိုက်မှာ နေစဉ်က နံနက်ခင်း သြ၀ဒမှာ နာယကချုပ်ဆရာတော်၏ အလှူရှင်များအား ပြောလေ့ရှိသည့် စကားဖြစ်သည်။ စာလုံး အနည်းငယ် မှားချင်မှားလိမ့်မယ်၊ အဓိပ္ပါယ်ကတော့ အတူတူပင် ဖြစ်သည်။ ‘‘အလှူဒါန ကောင်းမှုဆိုတာ အကြောင်းရှာပြီး ပြုတတ်ရတယ်၊ သဒ္ဓါရှိသူတို့ကလည်း ကောင်းမှုကို အကြောင်းမျိုးမျိုးပြပြီး ပြုလေ့ရှိကြသည်’’ တဲ့။ယနေ့ (၂၉-၁-၂၀၁၂)လည်း ထုံးစံအတိုင်းပဲ သမီးဖြစ်သူ မယဉ်သူဇာကျော်၏ အသက် ၁၈ နှစ်ပြည့် မွေးနေ့ကို အကြောင်းပြုပြီး ဒကာဦးကျော်ဆွေး+ဒကာမ ဒေါ်သန်းသန်းဌေး သမီး မွေးနေ့ရှင် မယဉ်သူဇာကျော်တို့က ဘုံဘေမြို့ စောမယကောလိပ်ရှိ Ph.D ကျောင်းသား ၂၀ တို့၏ မျက်မှောက်မှာ မွေးနေ့ အလှူလာလုပ်ကြပါတယ်။ မွေးနေ့က မြန်မာလို မွေးနေ့ပါတဲ့။ ဒီကနေ့ အလှူသည် ၁၅ ကြိမ်မြောက်ဟု ထင်ပါသည်။
အစာအာဟာရအလှူအနေနဲ့ စောမယကောလိပ် Ph.D ကျောင်းသားရဟန်းတော်များ ဘုန်းပေးရခဲတဲ့ ကောက်ညှင်း၊ ငါးဟင်း၊ ၀က်သားဟင်း၊ ကြက်သား+ဗူးသီး အသားပြွန်းဟင်းချို၊ ပဲတီ အသားတု ကြော်၊ ၀က်-ကြက်အူချောင်း၊ ရေခဲမုံ့၊ ကိတ်မုံ့၊ ဆန်၊ ဆီ များ။ ဆေးပစ္စည်းအတွက် အဖျော်ရည်၊ ဆပ်ပြာ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ အ၀တ်အထည်အလှူအတွက် မျက်နှာသုပ်ပ၀ါ တဘက်အကြီး စသည်ဖြင့် သံဃာတော်အရှင်မြတ်များအား လှူဒါန်းကြသည်။
ဒါနသူရဲကောင်း
တခါက သီဟစစ်သူကြီးက ဘုရားထံရောက်လာပြီး မေးခွန်းတစ်ခု မေးဖူးတယ်။ အရှင်ဘုရား-- ဒါနပြုတဲ့ပုဂ္ဂိုလ်တွေရဲ့ မျက်မှောက်မြင်နိုင်တဲ့ အကျိုးကို ပြောပြနိုင်ပါသလား? သီဟစစ်သူကြီးသည်လည်း ဒါနသူရဲကောင်း ဒါယကဂုဏ်၊ အလှူ၏ အရှင်သခင် ဒါနပတိ ဂုဏ်၊ သံဃာကို ပြုစုစောင့်ရှောက်တတ်သော သံဃုပဋ္ဌာကဂုဏ်တို့ဖြင့် ကျော်ကြားသူဖြစ်သည်။ဘုရားရှင်ရဲ့ အဖြေမှာတော့- စစ်သူကြီး-- ငါ့ဘုရား ပြောပြနိုင်တာပေါ့ဟု ဖြေဆိုသည်၊ ဒါန၏ မျက်မှောက်မြင်နိုင်သော အကျိုး ၄ မျိုးနှင့် မမြင်နိုင်သော သံသရာအကျိုးတို့ကို ဟောပြပါတယ်။ သို့သော်လည်း ဒါပြုသူ၏ အရည်အချင်းကိုလဲ စကားလုံး ၂ လုံးနဲ့ ထုတ်ဖော်ပြထားသေးတယ်။ ဒါယကနှင့် ဒါနပတိ ဟုပင်ဖြစ်သည်။
၁။ ယုံကြည်ယုံ သဒ္ဓါတရားရှိနေရုံနှင့် မလုံလောက်ဘူး၊ ပေးကမ်းရဲ၊ စွန့်လွတ်ရဲတဲ့ သူရ သတ္တိလို့ ခေါ်တဲ့ ဒါယကဂုဏ်ရှိရမည်။ တချို့က ယုံကြည်ချက် သဒ္ဓါရှိကာမျှသာ ဖြစ်သည်၊ ပေးရဲ ကမ်းရဲ စွန့်လွတ်ရဲတဲ့ သတ္တိမျိုးကား မရှိ၍ အလှူတစ်ခု မအောင်မြင်ဘဲ ရှိတတ်၏။ ထို့ကြောင့် ဒါန သူရဲကောင်းဖြစ်ဖို့ ဒါယကဂုဏ် လိုသည်။
၂။ ကိုယ်စားသလို၊ သို့မဟုတ် ကိုယ်မစားနိုင်တဲ့ အညံ့စားမျိုးကို ပေးလှူ စွန့်လွတ်ခြင်းမျိုး မဟုတ်ဘဲ ကိုယ်စားနေ သုံးနေတာထက် ပိုမွန်မြတ်တဲ့အရာကို ပေးကမ်းရဲ စွန့်လွတ်ရဲတဲ့ ဒါနပတိဂုဏ် လည်းရှိရမသည်။ ဒီနေရာမှာ ဒါန အဆင့်အတန်း သုံးမျိုး သိဖို့လိုသည်။
ဒါန ၃ မျိုး--
၁။ ကိုယ်တောင် မသုံးနိုင် မစားနိုင်တဲ့ အညံ့စားများကို ပေးကမ်းခြင်းသည် ဒါနဒါသဟု ခေါ်သည်၊ အစေခံ အလုပ်သမားများအား ပေးကမ်း ကျွေးသလိုမျိုး အနိမ့်စား အလှူမျိုးကို ဆိုလိုသည်။၂။ ကိုယ်စားသည့် ကိုယ်သုံးနေသည့် အရာကို ကိုယ်နဲ့ တန်းတူထားပြီး ပေးကမ်းခြင်း စွန့်လွတ်သည့် အလှူသည် ဒါနသဟာယ ဟုခေါ်သည်၊ ကိုယ်စားသလို ကိုယ်သုံးသလို မိတ်ဆွေများကို ပေးသည့် အလှူမျိုးကို ဆိုလိုသည်။
၃။ ကိုယ်တိုင်လည်း မသုံးရက် မစားရက်ဘဲ သူတပါးအား မွန်မြတ်သည့် အလှူကို ပေးလှူခြင်းသည် ဒါနပတိဟုခေါ်သည်။ ကိုယ်ကတော့ ရှိတာလေးနဲ့ တင့်တိမ် ရောင်ရဲ မျှမျှတတ နေသည်၊ သူများကိုတော့ အကောင်းစား အမြင့်စားတွေပဲ ပေးတတ်သူကို ဒါနပတိ ဟုဆို၏။ ဒါနကို အကြီးအမှူး အရှင်သခင်အဖြစ် ပေးလှူတတ်သောကြောင့် အလှူ့ရှင်, အလှူ၏ အရှင်သခင် (ဒါနပတိ) မည်သည်။
ထိုဒါန သုံးမျိုးထဲက ဒါနသူရဲကောင်းဆိုတာ နောက်ဆုံး အလှူမျိုးကို ဆိုလိုသည်၊ ထိုနောက်ဆုံး အမြတ်စား အမြင့်စား ဒါနပတိ အလှူရှင်မျိုးသည်သာ ဘုရားပြောသော မျက်မှောက် မြင်တွေ့ရသည့် အကျိုးခံစားခွင့်နှင့် မျက်မှောက်မမြင်နိုင်သော သံသရာ အကျိုးခံစားခွင့်ကို ရမှာ ဖြစ်သည်။ ထို အကျိုးများကား--
မျက်မှောက်ဒါနအကျိုး
၁။ လောကမှာ ပေးရဲ ကမ်းရဲ စွန့်ကြဲရဲတတ်သူကို လူတိုင်းက ချစ်ကြသည်၊ လူတိုင်းက လေစားကြသည်။ လူတိုင်းရဲ့ ချစ်ခင်ခြင်း လေးစားခြင်းကို ရခြင်းသည် မျက်မှောက် ဒါနအကျိုးဖြစ်သည်။၂။ သူတော်ကောင်းတွေက ပေးရဲကမ်းရဲ စွန့်လွတ်ရဲတဲ့ ဒါနပတိကို ဆည်းကပ်ကြသည်၊ အပေါင်းသင်း မိတ်ဖွဲ့ကြသည်၊ အလေးထား ဆက်ဆံကြသည်။ ထိုကဲ့သို့ အခြံအရံ ပရိသတ်များရခြင်း မိတ်ကောင်းဆွေကောင်း ရခြင်းသည်လည်း မျက်မှောက်ဒါနအကျိုးပင်ဖြစ်သည်။
၃။ သူတော်သတင်း ပျံ့နှံ့သည်။ ပန်းရနံ့တို့သည် လေညာသို့သာ သွားသည်၊ လေယူရာ ပါကြသည်၊ ပေးကမ်းရဲသော ဒါနပတိ အလှူရှင်တို့၏ ဂုဏ်ရနံ့က လေစုန် လေညာ အထက်အောက် အရပ်လေးမျက်နှာသို့ ပျံ့နှံ့သည်။ ဤကဲ့သို့ မိမိ၏ ကောင်းသတင်း ဂုဏ်သတင်းသည်လည်း မျက်မှောက် ဒါနအကျိုးဖြစ်သည်။
၎။ ဒါနသူရဲကောင်းတို့သည် ပရိသတ်အလည် လွန်တင့်တယ်၏၊ ရဟန်းပရိသ်တ်၊ မင်းပရိသတ်၊ ဂုဏ်သရေရှိပရိသတ် မည်သည့်ပရိသတ်ကြားမဆို ရဲရင့်၏၊ သြဇာပါဝါရှိ၏၊ ၀မ်းမြောက်စွာ နေနိုင်၏။ ဒါနမရှိခဲ့ ဒါနမရှိတဲ့သူတွေကတော့ မျက်မှောက်မှာရော သံသရာမှာပါ မျက်နှာငယ်ရသည်၊ ပရိသတ်ကြားမှာလဲ အားငယ်နေတတ်သည်။ ဘယ်နေရာမဆို အပေးအကမ်းလေးနဲ့ ၀င်ထွက်ရင် ပြေလည်တတ်သည်၊ မျက်နှာမငယ်ရ။ ‘‘ဒါန မပါ သံသရာ မျက်နှာ ငယ်တတ်သည်’’ ဒါနပါမှ နောင်ဘ၀ ခေါင်က နေရမည်’’ ဟု ငယ်ငယ်က နာခဲ့ဖူးသော နံနက်ခင်း ဒါနကဗျာလေးဖြစ်သည်။ ဤသို့အားဖြင့် မျက်မှောက်ဒါနအကျိုး ၄ မျိုးကို ပြထားသည့်အပြင် မျက်မှောက်မှာ မမြင်နိုင်သော သံသရာအကျိုးတစ်ခုပါ ရနိုင်သေးကြောင့် ဘုရားရှင် မိန့်သည်။ ထိုအကျိုးကား---
သံသရာဒါနအကျိုး
ဒါနပတိ ဒါန သူရဲကောင်းတို့သည် ဒါနစေတနာအစွမ်းကြောင့် သုဂတိဘုံဘ၀သို့ ရောက်ရ၏။ ဤကား သီဟစစ်သူကြီးအား ဘုရားဟောသော ဒါနသူရဲကောင်းတို့၏ ဒါနအကျိုးဖြစ်သည်။ ထို့ကြောင့် အသိလိမ္မာရှိသူ သူတော်ကောင်းများက မစ္ဆေရအညစ်ကြေးကို ဒါနစေတနာဖြင့် ဆေးကြောကာ ထိုထိုသော ချမ်းသာသုခကို ရှာမှီးကြကုန်၏။ (တသ္မာ ဟိ ဒါနာနိ ဒဒန္တိ ပဏ္ဍိတာ၊ ၀ိနေယျ မစ္ဆေရမလံ သုခေသိနော။)မွေ့နေ့ရှင်အတွက် ဆုမွန်
‘‘ယနေ့ မွေ့နေ့မှသည် နှစ်များစွာ ဒီ ဖေဖေ ဒီမေမေ ဒီ ညီအစ်ကို မောင်နှမ ဆွေမျိုးများနှင့်အတူ ကျန်းမာပျော်ရွှင်လျှက် သာသနာအကျိုး လောကအကျိုး မိသားစုအကျိုးစီပွားများ ဆောင်ရွက်နိုင်သော အတိဇာတပုတ္တ ခေါ် အဖေ့ထက်သာသော သမီးရတနာ ဖြစ်ပါစေ’’လို့ စောမယကောလိပ် Ph.D ကျောင်းသား ရဟန်းတော်များကား ဆုတောင်းပေးလျှက်ဖြစ်ပါသည်။ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၉-၁-၂၀၁၂
15 January 2012
ကိုကောင်းမွန်ပြောသော ပူနေးအလှူရှင်မိသားစု
စာမိတ်ဆက်
အောက်ပါ ကိုကောင်းမွန်ပို့စ်ထဲက စာပိုက်လေး ဖတ်ပြီး ခရီးသွား မှတ်တမ်း အပိုင်းအစလေး တစ်ပုဒ် ရေးလိုက်ရသည်။ ကိုကောင်းမွန်ရေ-- အထူးကျေးဇူးတင်ပါတယ်။
ဒီမှာ မနက်က ဦးကောဝိဒ ဒကာကြီး မိသားစု လှူသွားတဲ့ ၀တ္ထုငွေ (၁၀၀၀)
ဦးဇ၀န အခန်းထဲဝင်လာပြီး ရူပီးငွေ (၁၀၀၀) လာပေးတယ်။ အင်တာနက်ကြေး (၂၅၀) နှုတ်လိုက်တော့ (၇၅၀) ပဲရတော့တယ်။ ဟုတ်တယ် နံက်က ဘုံဘေတက္ကသိုလ်မှာ ဒေါက်တာဘွဲ့လုပ်နေတဲ့ သီတဂူစတား လို့ နာမည်ကျော်တဲ့ ဦးကောဝိဒသီရိနှင့် သူရဲ့ ဒကာကြီးများမိသားစု ပူနေးကို sightseeing ထွက်လာရင်း ကျောင်းသားဆောင်ကိုလာပြီး မြန်မာရဟန်းတော် (၁၀) ပါးအတွက် ရူးပီးငွေ တစ်သောင်းကျပ် လှူဒါန်း သွားတယ်။ အဆောင်ကို ရောက်ရောက်ချင်း ဒကာမကြီးက သူသိဘူးတဲ့ ဦးဇင်းတစ်ပါးအထင်နဲ့ ‘ ဦးဇင်းက စကားဝဲတယ်နော်’ လို့မေးလာတယ်။ ‘ မ၀ဲပါဘူး၊ ကျုပ်က ရွှေဘိုသားပဲ အုတ်စာ’ လို့ချက်ချင်းပဲ ပြန်ဖြေ လိုက်တယ်။ အားတော့နာပါရဲ့ မြန်မာသွေးစစ်ပုံကို အထင်းသားသိစေချင်တဲ့သဘောနဲ့ ဇာတိကို ထည့်ပြော လိုက်ရတာပါ။ အလှူရှင် ဒကာကြီးမိသားစုက ရန်ကုန်ကဖြစ်ပြီး လေကြောင်း အင်ဂျင်နီယာတာဝန်နဲ့ အိန္ဒိယနိုင်ငံ ဘုံဘေမြို့မှာနေကြတယ်လို့သိရတယ်။ မြန်မာပီပီ ရတနာသုံးပါးနဲ့ကင်းပြီး မနေတတ်ကြောင့် ဘုန်းကြီး သံဃာတွေရှိတဲ့ နေရာတွေကို အရောက်သွားပြီး လိုအပ်ရာရာတွေကို အထောက်အပံ့ပြုပေးနေတဲ့ တကယ့် စေတနာရှင် မိသားစုဖြစ်တယ်ဆိုတာကို စတားရဲ့ website ကို ကြည့်ရင်သိလိမ့်မယ်။ နတ်တမာန် စေညွှန်းလိုက်လေရော့သလားမသိ။ ဘွဲ့နှင်းသဘင် ကျင်းပတဲ့နေ့မှာ ဒီအလှူရှင်မိသားစု ပူနေးကိုအရောက် လာပြီး ဘွဲ့ယူမြန်မာရဟန်းတော်များအား ဆုတော်ငွေလှူဒါန်းသလိုဖြစ်နေတယ်။ ဘာပဲဖြစ်နေနေ စာရေး သူကတော့ ဒီနေ့ ရလာတဲ့ငွေ (၁၀၀၀) ကို စာမေးပွဲအောင်လို့ ရတဲ့ ဆုအဖြစ် မှတ်ယူလိုက်ပါတယ်။ အလှူရှင်မိသားစု ဘေးဘယာ ဝေးကွာပါစေ ။
http://kaungmon2010.blogspot.com/2012/01/blog-post_15.html
ကောင်းမွန်
၁၄-၁-၂၀၁၂
ကိုကောင်းမွန် ဆိုက်ထဲက တွေ့လို့ ပူနေးတက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင်နှင့်ဆု ဆိုတဲ့ ပို့စ်ထဲက စာတစ်ပိုဒ်ကူးပြီး တင်ထားတာ ဖြစ်ပါတယ်။
မှန်ပါတယ်၊ ကိုကောင်းမွန် ပြောသလိုပဲ စာရေးသူနဲ့ ဒကာကြီး ဦးကျော်ဆွေ+ ဒကာမကြီး ဒေါ်သန်းသန်းဌေး သမီး- မယဉ်သူဇာတျော်တို့ စနေနေ့ ရုံးပိတ်ရက်လဲ ဖြစ်တော့ ပူနေးကို အလည်သွားကြတယ်။
ဒကာကြီးမိသားစုကတော့ ပူနေးကို ရောက်ဖူးရုံသက်သက်ပဲ ဖြစ်တယ်။ သူတို့ကလဲ စာရေးသူကို အားကိုးတကြီးနဲ့ ပူနေးမြို့ကို လည်မယ်ပေါ့၊ စာရေးသူလဲ တွေးပြီး ကိုယ့်ကိုယ်ကိုတောင်ရှက်မိသေးတယ်။ ပူနေးမြို့ထဲဝင်ကထဲက မျက်စိလည်နေပြီ၊ ပူနေးတက္ကသိုလ်အပေါက်ရောက်ကာမှ ဟ---ရောက်ပြီဟလို့ ပြောနိုင်တယ်၊ ပူနေးမြို့ ပူနေးတက္ကသိုလ်မှာ M.A (အမ်အေ)တန်းတက်စဉ်က ၂ နှစ်တိတိ နေခဲ့တာတောင် ပူနေးမြို့ထဲ ဘယ်လိုသွားရမှန်းမသိ၊ နေစဉ်ကတော့ ကိုယ်သွားချင်တဲ့ နေရာကို ဥပမာ-MG road တို့လိုနေရာကို တက္ကစီသမား ပြောလိုက်ရင် ဘယ်ကမောင်းမောင်း ရောက်သွားရော၊ အခုတော့ ကားသမားက ဘုံဘေက သူကလဲ ပူနေးဘယ်နား ဘာရှိတယ်ဆိုတာ မသိတော့ ကိုယ်က guide လုပ်ရပြီပေါ့၊ အဲဒီမှာ အခက်တွေ့ပြီ၊ ဘယ်သွားလို့ ဘယ်လာရမှန်းမသိဖြစ်နေသည်။ စာရေးသူလဲ ကျောင်းတက်စဉ်ကရော အခု ဘုံဘေမြို့မှာ နေတဲ့ အခိုက်ကော အခန်းအပြင်က သိပ်မထွက်တော့ ဘယ်နား ဘာရှိတယ်ဆိုတာ မသိဖြစ်နေတယ်။ ပူနေးမြို့ထဲက Pune center မှာဝင်ပြီး နေ့လည်စာကို ဒကာကြီး မိသားစုက ကပ်တယ်၊ အဲဒီကနေပဲ ကာလ လှိုဏ်ဂူဘက်ကို သွားပြီး ဘုံဘေကို ပြန်ခဲ့ရတယ်၊ ဘယ်မှာမှ ကောင်းကောင်း မရောက်ခဲ့ဘူး။
သီတဂူစတား
၁၅-၁-၂၀၁၂

ပူနေးတက္ကသိုလ် ဘွဲ့နှင်းသဘင်နှင့်ကြုံ
စာရေးသူတို့ ပူနေးတက္ကသိုလ်ရောက်သွားတော့ ပူနေးတက္ကသိုလ်ရဲ့ နှစ်စဉ်ဘွဲ့နှင်းသဘင် အခမ်းအနားနဲ့တိုးတော့ လမ်းတွေပိတ်၊ လူတွေများတော့ သွားဖို့လာဖို့အဆင်မပြေ၊ တက္ကသိုလ်ထဲလဲ ရောက်တယ်ဆိုရုံပဲ လှည်လည် မကြည့်ခဲ့ရ။ ပူနေးတက္ကသိုလ်နှင့် affiliate လုပ်ထားတဲ့ ကောလိပ်ပေါင်း ၈၀ ကျော်ရှိတယ်လို့ သိရတယ်၊ အဲဒီကောလိပ်တွေကအောင်တဲ့ Bachelor ကျောင်းသားတွေရော ပူနေးတက္ကသိုလ်ကြီးက Mastar နှင့် Ph.D ကျောင်းသားတွေရော တပြိုင်တည်း တနေ့တည်း ဘွဲ့လက်မှတ်ပေးသည် ဖြစ်သဖြင့် ၂၀၁၀ ခုနှစ်က ဘွဲ့နှင်းသဘင်ကျောင်းသား ဦးရေ ငါး (၅) သောင်းရှိသည်၊ (၂) နှစ်သောင်း ပျက်ကွက်ဟု တွေ့ရသည်၊ စာရေးသူ၏ ဆိုက်ထဲတွင် အဲဒီနှစ်က ဘွဲ့နှင်းသဘင်အကြောင်း ဓာတ်ပုံများဖြင့် ဝေေ၀ဆာဆာ တင်ခဲ့သည်။အလှူရှင်မိသားစု
ပူနေးတက္ကသိုလ်ထဲ ရောက်တုန်း ဒကာကြီး ဦးကျော်ဆွေ+ဒကာမကြီး ဒေါ်သန်းသန်းဌေးမိသားစုတို့က ပူနေးတက္ကသိုလ် M.A ကျောင်းသား၊ M.Phil ကျောင်းသား၊ Ph.D ကျောင်းသား စုစုပေါင်း ၁၀ ပါးတို့အား အိန္ဒိယရူပီးငွေ (၁,၀၀၀၀=US 200) လှူဒါန်းခဲ့သေးသည်။ ကိုကောင်းမွန်ပြောသလို ဘုန်းကြီးရဟန်း မြင်လျှင် မလှူဘဲ မနေနိုင်တဲ့ မိသားစုဖြစ်သည်၊ ဘုံဘေမြို့ စောမယကောလိပ် Ph.D ကျောင်းသားများအား စနေ တစ်ပတ်ခြားတိုင်း လာရောက် ဆွမ်းဟင်းများကို ကပ်လေ့ရှိသည်။ ရောက်တဲ့နေရာ တာဝန်ကျတဲ့ နေရာ နီးစပ်ရာ ဘုန်းကြီးရဟန်းများကို လှူလေ့ရှိသည်။ ဒကာကြီးမိသားစုကလဲ ဘုန်းဘုန်းပါလို့ ပူနေးကျောင်းသားများကို ဆွမ်းစရိတ်လှူခွင့်ရတာဆိုပြီး ကျေးဇူးတောင် တင်နေတယ်။သာဓု သာဓု သာဓု
ရွှင်လန်းချမ်းမြေ့ပါစေသီတဂူစတား
၁၅-၁-၂၀၁၂
09 January 2012
မွေးနေ့မင်္ဂလာ

မွေးနေ့မင်္ဂလာ
ဒီကနေ့ (၈-၁-၂၀၁၂) တနင်္ဂနွေမှာ စာရေးသူတို့ အဆောင် (စောမယကောလိပ်၊ ဘုံဘေ) ရှိ Ph.D ကျောင်းသား ရဟန်းတော်များကို ထုံးစံအပြင် မထုံးစံပါ လာရောက် အလှူဒါန ပြုသည်။ထုံးစံဆိုတာ- ဘုံဘေရှိ မြန်မာမိသားစုတစ်စု ဖြစ်ကြသော ဒကာဦးကျော်ဆွေ+ဒကာမဒေါ်သန်းသန်းဌေး သမီး မယဉ်သူဇာကျော်တို့က စနေနေ့တိုင်း တစ်ပတ်ခြား၍ နေ့ဆွမ်းကပ်လေ့ ထုံးစံရှိသည်။ ယခုဆို အကြိမ်ပေါင်း ၁၄ ကြိမ်ကျော်ပြီထင်သည်၊ စာရေးသူပင် ကောင်းကောင်း မမှတ်မိတော့။
မထုံးစံ- ထုံးစံအတိုင်း မဟုတ်ဘဲ တခါတရံ ကြိုကြားအလှူမျိုးဖြစ်သည်၊ ယခုလည်း မြန်မာနိုင်ငံမှာ ရှိနေသည့် သားဖြစ်သူ မောင် ရဲကျော်ဖြိုး၏ (၂၂)နှစ်ပြည့် မွေးနေ့အဖြစ် စာရေးသူတို့ အဆောင်ရောက်လာကာ နေ့ဆွမ်းအလှူ ပြုလုပ်သည်။ သားတော်မောင်အတွက် မွေးနေ့မင်္ဂလာ ပြုလုပ်ပေးသည်။
မင်္ဂလာ
မင်္ဂလာဆိုတာ စာရေးသူတို့ ငယ်ငယ်က သိထားသည့် လောကီ မင်္ဂလာ ၁၂ ခန်း ဆိုတာ ရှိသည်။ မွေးနေ့မင်္ဂလာ၊ မွေးသည့်နောက် ၇ ရက် ဆံရိပ်မင်္ဂလာ၊ အမည်ပေးမင်္ဂလာ၊ ရက်တစ်ရာပြည့်မင်္ဂလာ၊ ပုခက်တင်မင်္ဂလာ၊ ထမင်းခွန့်မင်္ဂလာ၊ ထိန်းမြှားမင်္ဂလာ စသည်ဖြင့် ၁၂ ခုရှိသည်ဟု ကြားဖူးသည်။ ထိုမင်္ဂလာများသည် လောကီ မင်္ဂလာများပင် ဖြစ်သည်။ ဘုရားရှင် မပွင့်ခင်ကထဲက ထိုမင်္ဂလာများကို ပြုလုပ်လေ့ရှိကြသည်။ ဘုရားရှင်လက်ထက်ရောက်လာတော့ ထိုလောကီမင်္ဂလာ များကို အကြောင်းပြုပြီး လောကုတ္တရာမင်္ဂလာတွေ ပြုကြသည်။မင်္ဂလာစစ်စစ်
ထိုလောကီမင်္ဂလာပွဲတွေမှာပဲ ဘုရားအမှူးရှိ သံဃာတော်များကို ပင့်ဖိတ်၍ မင်္ဂလသုတ်လာ လောကုတ္တရာမင်္ဂလာများ ရယူကြသည်။မင်္ဂံ ပါပံ လုနာတိ ဆိန္ဒတီတိ မင်္ဂလာဟု အဆိုရှိသည်နှင့်အညီ မကောင်းတာ ရှောင် ကောင်းတာ ဆောင်ခြင်းကို မင်္ဂလာဟုဆိုသည်။
အများစုသိကြတဲ့ အတိုင်း အနောက်တိုင်းလူများရော အရှေ့တိုင်းလူမျိုးများပါ နှုတ်ဆက်သည့် စကားရှိသည်၊ Good morning တို့ Good afternoon တို့ Good evening တို့ ဖြစ်သည်။ အချိန်အလိုက် နှုတ်ဆက်သည့် ယဉ်ကျေးမှု စကားလုံး (Just greeting) သာဖြစ်သည်၊ တကယ့် မင်္ဂလာ အစစ်တော့ မဟုတ်။
တကယ့်မင်္ဂလာ စစ်စစ်ကတော့ အထက်မှာ ပြဆိုသည့် အတိုင်း အကျဉ်းအားဖြင့် မကောင်းမှုမှန်သမျှ ရှောင် ကောင်းမှုမှန်သမျှ ဆောင်ခြင်းပင် ဖြစ်သည်။ အင်္ဂုတ္တရနိကာယ် ပုဗ္ဗဏှသုတ်မှာကား ‘‘ သတ္တာ ပုဗ္ဗဏှသမယံ ကာယေန သုစရိတံ စရန္တိ၊ ၀ါစာယ သုစရိတံ စရန္တိ၊ မနသာ သုစရိတံ စရန္တိ၊ သုပုဗ္ဗဏှော တေသံ သတ္တာနံ’’ ဟု ပြဆိုထားသည်။ ဆိုလိုသည်မှာ- နံနက် မိုးလင်းလို့ အိပ်ယာထ ချိန်ကစပြီး ကောင်းတဲ့အလုပ်၊ ကောင်းတဲ့စကား၊ ကောင်းတဲ့ အတွေးနဲ့ အစပြုလျင် သုပုဗ္ဗဏှ (Good morning) တကယ့် မင်္ဂလာရှိသော နံနက်ခင်းဖြစ်သည်။
အလားတူ နေ့လည်အခါမှာ ကောင်းတဲ့အလုပ် ကောင်းတဲ့ အပြော၊ ကောင်းတဲ့ အတွေးဖြင့် နေလျင် သုမဇ္ဈနိက (Good afternoon) တကယ့် မင်္ဂလာရှိသော နေ့လည်ခင်းဖြစ်သည်။ ညနေခင်း အချိန်မှာလဲ ထိုနည်းတူစွာပဲ နေမည်ဆိုပါက သုသာယနှ (Good evening) တကယ့်မင်္ဂလာရှိသော ညနေခင်း ဖြစ်သည်။ စာထဲမှာ မပါသော ကောင်းသော မင်္ဂလာရှိသော ညခင်းကိုတော့ ညချမ်း အိပ်ယာဝင်ချိန်မှာ အနန္တောအနန္တငါးပါးကို ရှိခိုး မေတ္တာပွားများ အိပ်ခြင်းစသော ကောင်းတာလုပ် ကောင်းတာဆို ကောင်းတာတွေးခြင်းသည် တကယ့်မင်္ဂလာရှိသော နေ့၏ နောက်ဆုံး သုရတ္တိံ (Good night) ဖြစ်သည်ဟုပင် ပြောရမည်ထင်။
မင်္ဂလာစစ်စစ်ကို ရယူနိုင်ခြင်း
ဒီကနေ့ သားတော်မောင် မွေးနေ့အတွက် ရောက်လာကြတဲ့ မိသားစုများသည် သားအတွက်ရော မိမိတို့အတွက်ပါ တကယ့်မင်္ဂလာ စစ်စစ်ကို ရအောင် ယူလိုက်ကြခြင်းဖြစ်သည်။ မနက် နေ့လည် ညနေပိုင်း အချိန်သုံးချိန်းလုံးမှာ သံဃာတော်များ ဆွမ်းဟင်းများကပ်ဖို့ ၀ယ်ကြခြမ်းကြ၊ ချက်ကြပြုတ်ကြ၊ သွားရလာရခြင်း စတဲ့ ကာယကံမြောက် ကောင်းတဲ့အမှုကို ပြုကြခြင်းဖြင့် မင်္ဂလာစစ်စစ် ယူကြသည်၊ သားလေးမွေးနေ့အတွက် သံဃာတော်များကို ဆွမ်းကပ်မယ်ဆိုတဲ့ ကောင်းတဲ့ အတွေးများ တွေးကြခြင်းဖြင့်လည်း မင်္ဂလာစစ်စစ် ယူကြသည်၊ ထို အလှူမင်္ဂလာနဲ့ ပတ်သက်ပြီး ပြောကြ ဆိုကြခြင်းဖြင့်လည်း မင်္ဂလာ စစ်စစ် ယူကြသည်။ဤသို့အားဖြင့် မင်္ဂလာရှိအောင် မင်္ဂလာတွေ ပြုနေကြသူတို့ မြတ်ဗုဒ္ဓ၏ သာသနာတော်မှာ ကောင်းကျိုး ချမ်းသာများ ရကြသည်။ ထို အလှူရှင်အပေါင်းတို့သည် ဆွေမျိုးမိတ်သင်္ဂဟ အပေါင်းတို့နှင့်တကွ ရောဂါကင်းရှင်း ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေကုန်သတည်း။။။
‘‘ တေ အတ္ထလဒ္ဓါ သုခိတာ၊ ၀ိရုဠှာ ဗုဒ္ဓသာသနေ။
အရောဂါ သုခိတာ ဟောထ၊ သဟ သဗ္ဗေဟိ ဥာတိဘိ။’’ (ပုဗ္ဗဏှသုတ်)
စာရေးသူတို့အတွက် အကောင်းဆုံးမင်္ဂလာကတော့ ဒီကနေ့ အလှူရှင်များကပ်တဲ့ ဘဲပေါင်း၊ ပုဇွန်ချက်၊ ပြည်ကြီးငါး၊ အသီးစုံချဉ်ရည်များနှင့် စားရခဲ့မျှ မုံ့လုံးရေပေါ်၊ အဖျော်ရည်၊ စသည် စသည်တို့ကို မြိန်ရည်လျှက်ရည် ဘုန်းပေးလိုက်ရခြင်းပင် ဖြစ်ပါတော့သည်။ (ppppppppp)
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၈-၁-၂၀၁၂
10 December 2011
သီတဂူအလှူ (အိန္ဒိယ)
အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ မြန်မာကျောင်းသားများကျောင်း၌ နှစ်စဉ် သီတဂူအလှူ (အိန္ဒိယ) ကျင်းပသည်။ ယခုနှစ် ၂-၁၂-၂၀၁၁ နေ့ ညပိုင်း၌လည်း သီတဂူဆရာတော်ကြီးနှင့် တပည့်ဒကာ ဒကာမများသည် ကျင်းပမြဲအတိုင်း ကျင်းပသည်။
ရှေးဦးစွား ကျောင်းသားများက ကန်တော့ကြသည်၊ ဒီနှစ်မှာတော့ ထူးခြားစွာ ရွှေကျင်သာသနာပိုင် သက်တော်ရှည် ၀ါဆိုဆရာတော်ကြီးကိုပါ ဖူးမျှော်ခွင့်ရသည့်အပြင် ပြောင်မြောက်သည့် သြ၀ါဒကိုလည်း နာကြားခွင့်ရသည်။ ထိုနောက် သီတဂူဆရာတော်ကြီးက သြ၀ါဒပေးသည်။ (သြ၀ါဒများကို သီးခြား ဖော်ပြပါမည်။)
ကျောင်းသားများ ကျောင်းဆောင်၌ လာရောက် ချီးမြောက်သော ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်ကြီးနှင့် သီတဂူဆရာတော်
ဒေါ်လာ ၅၂၈၀၀ အလှူ
သြ၀ါဒနာယူပြီးမှ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး) ကျောင်းအမကြီး ဒေါ်ညွှန့်ညွှန့်အေးက အိန္ဒိယနိုင်ငံရှိ ပညာသင်ကြားနေကြသော ဗမာ ရှမ်း ကချင် ချင်း ကရင် ကယား ရခိုင် မွန် အားဖြင့် ၅၂၈ ပါးအတွက် တစ်ပါးလျှင် အမေရိကန်ဒေါ်လာ ၁၀၀ စီ စုစုပေါင်း အမေရိကန် ဒေါ်လာ ငါးသောင်း နှစ်ထောင် ရှစ်ရာ (၅၂၈၀၀) ကို တက္ကသိုလ်အသီးသီးမှ ကိုယ်စားလှယ်များအား သံဃာတော်များ ရှေ့မှောက်တွင် သာဟတ္ထိကဒါန- ကိုယ်တိုင်အလှူ လှူပါသည်။ အလှူရှင်၏အကြောင်းကို အနည်းငယ် မိတ်ဆက်ပေးလိုပါသည်။ သူသည် ဘာဂုဏ် ဘာဟိတ်ဟန်မှ မထားသည့် ကျောင်းအမကြီးဖြစ်သည်။
မန္တလေးကျောင်အမကြီး
မန္တလေးကျောင်းအမကြီးဟု အသိများလာသော ဒေါ်ညွှန့်ညွန့်အေးသည် စာရေးသူနှင့် သိကျွမ်းဝင်သည်မှာ မကြာသေးပါ၊ သို့သော်လည်း ပဋ္ဌာန်းဆက်ဟူ၍ပင် ပြောရမည်ထင်သည်၊ မမြင်ဘူးသေးခင် မသိသေးခင် ကြားဖူးနေကထဲက ရင်းနှီးသလို ခံစားမိသည်။ စာရေးသူမှ မဟုတ် သီတဆရာတော်ကြီး၏ တပည့်ကျောင်းသားများအတွက်တော့ မိခင်သဖွယ် ဖြစ်နေသည်။ ဘုရားရှင်လက်ထက်တော်က မာတိကမာတာ ဒကာမကြီးသည် ကမ္မဋ္ဌာန်းတရားအားထုတ်နေသော တောရဆောက်တည် ရဟန်းတော် ၅၀၀ ၏ အမေသဖွယ် ဖြစ်သည်။ ပရစိတ္တ၀ိဇာနန-သူတပါးစိတ်ကို သိသော အဘိဥာဉ်တစ်ခု ရထားသဖြင့် ရဟန်းတော်များ၏ စိတ်ကို သိသည်၊ ဘယ်ရဟန်း ဘာလိုတယ်၊ ဘယ်ရဟန်းကတော့ ဘယ်ဆေး ဘယ်သင်္ကန်း ဘယ်အာဟာရ လိုနေတယ်ဆိုတာ သိသည်။ ထိုရဟန်းတော်များ လိုတာမှန်သမျှ မာတိကမာတာ ကျောင်းအမကြီးက ဖြည့်စီးပေးသည်။ အမည်ရင်း မာတိကာ ဒကာမကြီးသည် သံဃာတော်များကို အမေသဖွယ် စောင့်ရှောက်ကြသောကြောင့် သံဃာတော်များက မာတာ-အမိ၊ အမေ ဆိုတဲ့ စကားလုံးလေးတစ်လုံး ထက်လောင်းပြီး မာတိကမာတာဟု ခေါ်ကြသည်။ ကျောင်းအမကြီးကိုလည်း ‘‘မာတာ’’ ဟုသော စကားလုံး တိုး၍ ခေါ်ရမည်ပင်။
ကျောင်းအမကြီးသည်လည်း စာရေးသူ သိသလောက် ရဟန်းသံဃာတိုင်းကို အလေးထားသလို သီတဂူဆရာတော်ကြီး၏ တပည့်တွေကိုလည်း စောင့်ရှောက်တတ်သည်။ ဆရာတော်ကြီးအနား ဝေယျာဝစ္စပြုနေကြသော ရဟန်း ကျောင်းသား ကျောင်းသူတို့ကိုလည်း အမေတစ်ယောက်လိုပဲ ပေးကမ်းတတ်သည်၊ လိုအပ်တာ ပေးသည်၊ ဤသည်မှာ ဆရာတော်ကြီးကို ကြည်ညိုလွန်းလှသဖြင့် အနီးကပ်ပြုစုနေသူကို ဆရာတော်ကိုယ်စား ချီးမြောက်ခြင်းလည်း ဖြစ်နိုင်သည်။ လောကမှာ ဖြစ်လေ့ဖြစ်ထရှိသော ဓမ္မတာ တစ်ခုရှိသည်၊ ထင်ရှား ကျော်ကြားသူကိုသာ ကိုးကွယ် ဆည်းကပ် ပေးကမ်း လှူဒါန်းကြသည့် အလေ့ဖြစ်သည်၊ ဥပမာ-အဖွဲအစည်းတစ်ခုတွင် သို့မဟုတ် ကျောင်းတိုက်တစ်တိုက်တွင် ဦးဆောင်သူကို အများစုက ချဉ်းကပ်သည်၊ ဒါ့ပြင် ဦးဆောင်သူ၏ ကိုယ်ရေးအရာရှိ သို့မဟုတ် လုပ်ပိုင်ခွင့်ရှိသူများကိုသာ အလေးထားဆက်ဆံတတ်သည်၊ အောက်လက် ငယ်သားများကိုတော့ မမြင်တတ်ကြ၊ ဒါဟာလဲ ထုံးတမ်းအစဉ်လာပင်ဖြစ်သည်။ စာရေးသူတွေ့ကြုံရသည့် စာသင်တိုက်ကြီးမှာရော တက္ကသိုလ်အသိုင်းအ၀ိုင်းမှာရော အဖွဲ့အစည်းမှာရော ဤကဲ့သို့ပင်ဖြစ်သည်။
သို့သော်လည်း စာရေးသူ သိသော သူများတွင် မန္တလေးကျောင်းအမကြီးကတော့ တမူထူးခြားနေသည်၊ သီတဂူဆရာတော်ကြီးကို လူတိုင်းက သိပေမဲ့ သီတဂူဆရာတော်ကြီးကတော့ လူတိုင်းကို မသိ။ ထို့အတူ စာရေးသူကတော့ ကျောင်းဒကာ ကျောင်းအမတွေကို သိနေပေမဲ့ စာရေးသူကိုတော့ ကျောင်းဒကာ ကျောင်းအမတွေ မသိကြ။ ဒါပေမဲ့ မန္တလေးကျောင်းအမကြီးက သိနေသည်၊ မကြာသေးမီကမှ သီတဂူဆရာတော်ကြီးအနား ရောက်လာသော ကျောင်းအမကြီးကို လူတိုင်းက သိသည်၊ ထိုကျောင်းအမကြီးကလဲ သာမည လူမသိ သူမသိ သူဖြစ်တဲ့ စာရေးသူကို သိနေသည်။ သိနေရုံတင် မဟုတ် အမေတစ်ယောက်လိုပင် ဖြစ်သည်။ အရေးမပါသေးသော စာရေးသူအား အလေးထားသည်။
လူချစ်လူခင်ပေါ
ပေးကမ်းခြင်းသည် လူချစ် လူခင်ပေါသည်ဟု အဆိုသည် အလွန်မှန်ပါသည်။ ကျောင်းအမကြီးသည် သီတဂူဆရာတော်ထံ ရောက်လာသည်မှာ နှစ်အားဖြင့် မကြာသေး၊ သို့သော်လည်း သူ့ကို ချစ်ကြသည်၊ အချိန်တိုအတွင်းမှာ လူချစ်လူခင် ပေါသည်။ ပေးကမ်းခြင်း၏ အကျိုးဖြစ်သလို မာတိကာ ကျောင်းအမကြီးကဲ့သို့ သံဃာများအပေါ် ထားသည့် သူ၏ စိတ်ထားကြောင့် ဖြစ်သည်။ စာရေးသူ အပါဝင် သီတဂူ ရဟန်း၊ ကျောင်းသားများက ချစ်ကြသည်။ ဗုဒ္ဓဂယာ ရောက်လာတုန်းက လူမသိ သူမသိ အရေးမပါ အရာမရောက်တဲ့ စာရေးသူအား မုန့်ဖိုး ပေးသွားသေးသည်၊ အော်--ဘယ်လောက် ချစ်ဖို့ကောင်းလဲ။ မာတိကာ စိတ်ဓာတ်ပင်ဖြစ်သည်။
ကျောင်းအမကြီးသည် သီတဂူဆရာတော်ကြီးနှင့် ပဋ္ဌာန်းဆက် စပ်မိရာမှ သီတဂူဆရာတော်ကြီးနှင့် ပူပေါင်းပြီး သီတဂူအလှူများစွာတို့တွင် အများဆုံး ပါဝင်သူ ဖြစ်သည်။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)ကို တစ်ဦးတည်း သိန်းပေါင်း သောင်းချီ အကုန်ကျခံ လှူဒါန်းထားသည်။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)၊ သီတဂူဗုဒ္ဓ၀ိဟာရ၊ သီတဂူ ဆေးရုံတော်များနှင့် သီတဂူ-လူမှုရေးအလှူတော်များ၌ အများဆုံးပါဝင် လှူဒါန်းသူ ဖြစ်သည်။ ဘာအကျိုးအမြတ်ကိုမှ မမျှော်လင့်ဘဲ ဆရာတော်ကြီး၏ မွန်မြတ်သော အလုပ်တစ်ခုကိုသာ ကြည့်ပြီး သာသနာတော်အတွက် ရက်ရက်ရောရော စွန့်လွတ်နိုင်သည်။ ယနေ့ သီတဂူအလှူ (အိန္ဒိယ) အလှူမှာလည်းပဲ မြန်မာကျပ်ငွေ သိန်း ၃၀၀ ပါဝင်သည်ဟု သိရသည်။ ယခုအခါ မန္တလေးကျောင်းအကြီးဟူ၍၎င်း၊ သီတဂူကျောင်းအမကြီးဟူ၍၎င်း လူသိများလာသည်။
ဆရာဒကာလက်တွဲညီ
ဒါနရတော ယာစယောဂေါ စသော အလှူရှင်ဂုဏ်ရည်တို့အတိုင်း ပေးကမ်း စွန့်ကြဲရတာကို ပျော်မွေ့သည်။ ပေးကမ်းရတာကို နှစ်သက်သော ဆရာတော်ကြီးနောက် အိပ်စွဲပြီး ပါသမျှထုတ်လှူရတာကို ပျော်မွေ့နေပုံရသည်၊ သာသနာအတွက် လူမှုရေးအတွက် ပါသမျှ ထုတ်လှူသော ဆရာတော်ကြီး၏နောက်က တကောက်ကောက် လိုက် လှူလေ့ရှိသည်မှာ အားကျစရာပင် ဆရာတော်ကြီးက အလှူတစ်ခုခုလုပ်တော့မည်ဆိုရင်-- ကျောင်းအမကြီးလို့ ခေါ်လိုက်တာနဲ့ ကျောင်းအမကြီး ဘာလုပ်ရမည်ဆိုတာ သဘောပေါက်နေသည်၊ အဲဒီလို စကားမျိုးကိုလဲ မျော်လင့်နေပုံရသည်။ မိမိမှာ ရှာဖွေလို့ရလာတဲ့ စည်းစိမ်တွေကို အကျိုးရှိရှိ ဘယ်နေရာ ဘယ်လို လှူရမည် ပေးရမည် စွန့်လွတ်ရမည်ဆိုတာ ကောင်းကောင်း သိလာဖို့ရာ ဆရာတော်ကြီး၏ ကျေးဇူးကြောင့်ပင် ဖြစ်သည်။
ဧရာဝတီ သက်သေတည်
သီတဂူဆရာတော်ကြီးက ‘‘မေခ မလိခနှင့် ထိုမြစ်နှစ်ခုသို့ ပေါင်းစည်းလာသော ချောင်းရေ မြစ်ရေများ မရှိလျှင် ဧရာဝတီဆိုတာ မရှိနိုင်၊ ဧရာဝတီ မြစ် ဖြစ်ဖို့အတွက် ထိုမြစ်ငယ်လေးများ ပေါင်းစည်းပေးရသည်၊ အလားတူပင် ရှမ်း ကချင် ချင်း ကရင် ကယား ရခိုင် မွန် တိုင်းရင်းသား မျိုးနွယ်များ မရှိလျှင် မြန်မာဆိုတာ ရှိမလာနိုင်၊ မြန်မာဆိုတာ ဖြစ်လာဖို့အတွက် ထိုတိုင်းရင်းသား ညီအစ်ကို မောင်နှမများက ပေါင်းစပ်ပေးကြရသည်၊ ထို့ကြောင့် ဒို့များ ငယ်စဉ်ကထဲက ရှမ်းဗမာ မွန် ရခိုင် စသည်ဖြင့် ခွဲခြားမှု ဘယ်တော့ မရှိခဲ့၊ ယနေ့အလှူသည်လဲ မခွဲခြားဘဲ မြန်မာဟု သဘောထားပြီး အားလုံးကို လှူခဲ့သည်၊ အားလုံးလဲ ကိုယ့်ပြည် ကိုယ့်ရွာအတွက် အလုပ် လုပ်ကြလိမ့်မည်’’ဟု မျော်လင့်ပါကြောင်း ပြောသွားသည်။
ဤကဲ့သို့ ဆရာတော်ကြီး၏ မွန်မြတ်သော အလုပ်ကို မန္တလေး ကျောင်းအမကြီး အားမကျဘဲ ရှိအံ့နည်း။ ရှိတာ အကုန်ထုတ်လှူမည်ပင် ဖြစ်သည်။ ဆရာတော်ကြီး၏ အလုပ်ကို သိသူတိုင်း သဒ္ဓါနဲ့ဓန ရှိနေပါက ထိုကျောင်းအမကြီးလိုပဲ ဖြစ်မည်ထင်ပါသည်။ လှူလျှင်ပေါ့သည် ယူလျှင်လေးသည်တဲ့။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၆-၁၂-၂၀၁၁

16 November 2011
ထပ်ဆင့်အလှူ
ထပ်ဆင့်အလှူ
ဘုရားလက်ထက်တော်ကထဲက အနာထပိဏ်သူဋ္ဌေးတို့ ၀ိသာခါတို့သည် သူတို့ရှာဖွေလို့ရလာတဲ့ စီးစိမ်ဥစ္စာများကို ကိုယ်ချည်းပဲ မသုံးဘဲ သာသနာတော်အတွက်ပါ ဝေစားမျှစား လုပ်တတ်သူ ဖြစ်သည်။ ယခုလဲ စင်္ကာပူမှ ဒကာမလေးတစ်ယောက်သည် သူမ၏ ချွေးနဲ့စာဖြင့် တတိယအကြိမ် သွေးလှူတဲ့ အထိမ်းအမှတ်ဖြင့် ဘုံဘေမြို့ စောမယကောလိပ်ရှိ Ph.D မြန်မာကျောင်းသား (၂၀) တို့အတွက် ဆွမ်းအလှူအဖြစ် လှူဒါန်းသည်။ အရင်တစ်ခါလဲ အလှူကြီးတစ်ခုလုပ်ခဲ့ပြီး ဖြစ်သည်။
ဒီကနေ့အလှူသည် မိမိ၏ အသက် အစိတ်ပိုင်းတစ်ခုဖြစ်တဲ့ သွေးအလှူအပေါ် ထပ်လောင်းပြီး သံဃိကဒါန အလှူပါ လှူတဲ့ ထပ်ဆင့်အလှူဖြစ်သည်။ အလှူရှင်ကပြောသေးတယ်၊ လှူတာကတော့ ဘယ်မှာလှူလှူ ဖြစ်ပေမဲ့ အရှင်ဘုရားတို့လို ပုဂ္ဂိုလ်မျိုးတွေ တစ်စုတဝေးတည်း လှူခွင့်ရဖို့ဆိုတာ မလွယ်ဘူးဘုရားတဲ့။
အလှူရှင်ရေးလိုက်သော ‘စာ’
ဘုန်းဘုန်း မင်္ဂလာနံနက်ခင်းပါ
ဘုန်းဘုန်းကို အလုပ်ပိုပေးလိုက်ပြန်ပြီ။ ဘုန်းဘုန်း ရိုရိုသေသေ လေးလေးစားစား အကူညီတောင်းပါတယ်။ ဘုန်းဘုန်းတို့ကို ဆွမ်းကပ်ချင်လို့ အခုအလှူငွေလွှဲလိုက်ပါတယ်။ သမီးကိုယ်တိုင် ကိုယ်ထိလက်ယောက် ကပ်လှူချင်ပေမယ့် ဘုန်းဘုန်းတို့ဆီကို မလာနိုင်လို့ ဘုန်းဘုန်းအကူညီလိုအပ်ပါတယ်။ ဒီနေ့လှူတာက သမီးရဲ့ တတိယအကြိမ် သွေးလှူတဲ့ အမှတ်တရပါ၊ မပြောပလောက်အသေးအဖွဲလေးကို ဖြစ်မြောက်အောင်ကူညီပေးတဲ့အတွက် လေးလေးနက်နက် ရှစ်ခိုးကန်တော့လိုက်ပါတယ်ဘုန်းဘုန်း။
ဘုန်းဘုန်း နာမည်နဲ့ လွှဲလိုက်တယ်။
ရိုသေလေးစားစွာဖြင့်
စင်္ကာပူ ဒကာမ
=======================
သာဓု သာဓု သာဓု
ယနေ့အလှူရော ရှေးရှေးက အလှူတွေအတွက်ပါ သာဓု ခေါ်ပါသည်၊ ကျေးဇူးလဲ အထူးတင်ပါသည်။ စာရေးသူအား ဝေယျာဝစ္စကုသိုလ်တွေ ပေးတဲ့ အတွက်လဲ များစွာ ကျေးဇူးတင်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၆-၁၁-၂၀၁၁

30 October 2011
The Love Day
ဒီကနေ့ အောက်တိုဘာ၂၉ ရက်နေ့သည် ဒိပါဝလိနေ့များ၏ နောက်ဆုံးနေ့ (၅ ရက်မြောက်နေ့) ဖြစ်သည်။ ငါးရက်မြောက်နေ့ဖြစ်တဲ့ ဒိပါဝလိနေ့ကို ယာမ ဒွိတိယ (Yama Dvitiya) ခေါ် Bhai Dooj အတွက် ရည်ညွှန်းသည်။ အဲဒီနေ့မှာပဲ အစ်မ ညီမတွေက အဝေးရောက်နေတဲ့ သူတို့ရဲ့ အစ်ကို မောင်တွေကို အိမ်ကို ဖိတ်မန်ကြတယ်။ လက်ဆောင်ပေးကြတယ်။ ဆိုလိုတာက အစ်မ ညီမများ၏ အကို မောင်များအပေါ် ချစ်တဲ့ Love ကို ဖေါ်ပြတဲ့ နေ့ဖြစ်လို့ Love Day ဟုခေါ်သည်။
ဒီ ငါးရက်မြောက်နေ့မှာပဲ စာရေးသူတို့မြန်မာရဟန်းကျောင်းသားများ ဘုံဘေတက္ကသိုလ်ရှိ Love Day ခေါ် Happy Divali ကျင်းပရာ ဘုံဘေတက္ကသိုလ်ဝင်းထဲသို့ သွားခဲ့ကြသည်။ ထိုတက္ကသိုလ်ဝန်းထဲမှာပဲ Love Day or Happy Divali Day အခမ်းအနား ကျင်းပသည်။
အမ်းအနားကြွ မြန်မာရဟန်းတော်များ
အစီအစဉ်များ (၁)
၁။ ရှေးဦးစွာ ကြွရောက်လာသော ပြည်တွင်းပြည်ပ ကျောင်းသားများနှင့် ဧည့်သည်တော်များအား အစားအစာဖြင့် ဧည့်ခံကြိုဆိုခြင်း။
ဟန်းဆက်များ သန့်ရှင်းရေးဝန်ဆောင်မှု
၂။ အစားအစာများ စားသောက်ပြီး လက်ကိုင်ဖုန်း ဟန်းဆက်များကို သန့်ရှင်းရေးလုပ်ပေးခြင်း။
အဘယ့်ကြောင့် ဟန်းဆက် လက်ကိုင်ဖုန်းများကို ဂွမ်းစလေးများဖြင့် ဆေးရည်များ သုပ်လိမ်းပြီး သန့်ရှင်းပေးသနည်း? စိတ်ဝင်စားစရာပင်။ အမှန်တကယ်တော့ ကျန်းမာရေး စောင့်ရှောက်မူအတွက် တက္ကသိုလ်၏ လုပ်ရှားမှု့တစ်ရပ်ပင် ဖြစ်သည်။ မကြာသေးမီက ထုတ်ဝေလိုက်တဲ့ ဗြိတိသျှ မဂ္ဂဇင်း WHICH မှာ မိုဘိုင်း (လက်ကိုင်) ဖုန်းများသည် ကမ္ဘာပေါ်မှာ ဒုတိယ အညစ်ပတ်ဆုံးဖြစ်သည်ဟု ဖော်ပြထားသည်။ ဟန်းဆက်များသည် ဗက်တီးရီးယားပိုး၊ မှိုစွဲ ဖားဥစွဲခြင်း စတဲ့ ဗိုင်းရပ်ပိုးများကို မွေးမြူရာ ပေါက်ဖွားရာ ဌာနဖြစ်နေသည်။ ထိုအကူးစက်မြန်သော ဗိုင်းရပ်စ်ပိုးများသည် အသည်းရောင် ရောဂါ၊ အသားဝါရောဂါ၊ ဖျားနာခြင်းစတဲ့ ရောဂါများကို ဖြစ်စေနိုင်သည့်အပြင် ပျို့အံခြင်း၊ ဗိုက်နာခြင်း၊ ထိုင်းမှိုင်းလေးလံခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အိပ်မရခြင်း၊ မှတ်ဥာဏ်များ ဆုံးရှုံးခြင်းနှင့် အရိုးအဆစ်များ နာကျင်ခြင်းစတဲ့ ရောဂါများကိုလဲ ဖြစ်စေနိုင်သည်။
ယခုအခါ အိန္ဒိယပြည်ကြီးမှာ သန်းပေါင်း ၁၀၀ ကျော်သော ပြည်သူတွေ ကိုယ်ပိုင်ဖုန်း ဟန်းဆက်များ အသုံးပြုနေကြသဖြင့် ထိုကဲ့သို့သော ရောဂါများဖြစ်စေနိုင်ကြောင်း အသိပညာရှိဖို့လိုသည်၊ ဟန်းဆက်များကို သန့်ရှင်းဖို့လိုသည်၊ ကျွန်ုပ်တို့ ရွှေပြည်ကြီးမှာတော့ ဖုန်းဈေးနုန်းများ အဆမတန်ကြီးနေသေးသဖြင့် လူတန်းစေ့ မကိုင်နိုင်သေးသည်အတွက် အဲဒီရောဂါများအတွက် ကံကောင်းနေသေးသည်ဟု မှတ်ရမလို ဖြစ်နေသည်။ နေ့စဉ် ဖုန်းပြောနေရသဖြင့် မိမိ နှာခေါင်း ပါးစပ်မှသော်လည်ကောင်း အပြင်ဘက်မှသော်လည်ကောင်း ထိုထိုဗိုင်းရပ်ပိုးများကို မွေးမြူပေးနေသလိုဖြစ်သည်၊ အထူးသဖြင့် တပါးသူ၏ ဖုန်းများကို အတတ်နိုင်ဆုံး အသုံးမပြုဖို့ လိုသည်။
ထို့ကြောင့် ဒီကနေ့ Happy Divali နေ့မှာ အစီအစဉ်တစ်ရက် အနေနဲ့ ဟန်းဆက်နှင့်ပတ်သက်ပြီး အသိပညာ နိုးဆော်ပေးသော အနေဖြင့် ဟန်းဆက်များ သန့်ရှင်းပေးခြင်း ၀န်ဆောင်မှု (Free of Cost) လုပ်ပေးသည်။
ဆရာမကြီးက အခမ်းအနားအစီအစဉ်များ ကြေညာ
အစီအစဉ်များ (၂)
အပိုင်း (၂) မှာတော့ ကျောင်းဆောင် အပေါ်ထက်တွင် Out door အခမ်းအနားကျင်းပနိုင်ရန် စီစဉ်ထားသည်။ ထိုနေရာတွင် ညနေပိုင်း နေကျချိန်နှင့် ညပိုင်းအထိ အစီအစဉ် ဒုတိယပိုင်း စသည်။
၁။ အခမ်းအနားမှုးက အစီအစဉ်များကို နှစ်စဉ်ကျင်းပရခြင်းအကြောင်းများကို ကြေညာသည်။
၂။ ဒီကနေ့သည် Love Day ဖြစ်သည်နှင့်အညီ မိမိတို့၏ မိဘ သူငယ်ချင်း ချစ်သူများထံ တိုက်ရိုက် ဖုန်းဆက်စေသည်။ ဒီအစီစဉ်က နိုင်ငံခြားသားကျောင်းသားများသည် အလွန်ဝေးလံလှသော မိမိတို့၏တိုင်းပြည် အိမ်၊ နှင့် မိဘ ဆွေမျိုးများနဲ့ ခွဲခွါလာကြပြီး ပညာလာသင်ကြားကြရသည်၊ မိဘ ဆွေးမျိုး ချစ်သူများကို လွမ်းနေမိသည်မှာ အမှန်ဖြစ်သည်၊ ထို့ကြောင့် ကိုယ့်နိုင်ငံရှိ မိဘ ဆွေမျိုး သို့မဟုတ် ချစ်သူများထံ free of charge တိုက်ရိုက်ဖုန်းဆက်စေသည်၊ မိုက်ဖွင့်ထားသဖြင့် အခမ်းအနားရှိ ဆရာဆရာမ ကျောင်းသား ကျောင်းသူအားလုံး သူတို့ အပြန်အလှန် ပြောနေသည်ကို ကြားနေရသည်၊ လက်ခုပ်တဝေါဝေါဖြင့် အားပေးနေသည်မှာ ကြည်းနူးစရာ။ အပြန်အလှန်ပြောသမျှစကားကိုလဲ ကြွရောက်လာသူ ဧည့်ပရိသတ်ကို အင်္ဂလိပ်လို ပြန်ပြောပြရသည်။
ချစ်သူထံလား မိတ်ဆွေထံလား သူငယ်ချင်းထံလား မိဘထံလား မပြောတတ် သူ ဖုန်းဆက်နေသည်
၃။ သီချင်းဆိုခြင်း အကဖြင့် ဖျော်ဖြေခြင်း အစီအစဉ်၊ ရှေးဦးစွာ အိန္ဒိယ ကဗျာတစ်ပုဒ်ကို အင်္ဂလိပ် ဟိန္ဒီဘာသာဖြင့် ဆိုပြသည်၊ ထိုသီချင်းကိုပဲ သရုပ်ဖော်အကများဖြင့် ဖျော်ဖြေသည်။ အဲဒီနောက်ပိုင်းမှာ ကျောင်းသားများ၏ သီချင်းဆိုပွဲ ဖြစ်သည်။ တချို့လည်း သံစဉ်မပါဘဲ ဆိုသည်၊ တချို့လဲ သံစဉ်ပါသဖြင့် အကများဖြင့် ပိုပြီး မြိုင်ဆိုင်စေသည်။ ဘင်္ဂလားဒေ့ရှ် ကျောင်းသားတစ်ယောက် ပြောသွားသည့် စကားသည်လဲ အလွန်ကောင်းပါသည်။ လောကမှာ လူသားအချင်းချင်း ကြင်နာတတ်တဲ့ မေတ္တာကလွဲ ဘာမှ မရှိ၊ လူဖြူ လူမည်း၊ ဘာသာကွဲဆိုတာ မရှိ၊ အချစ် Love မေတ္တာသာ ရှိကြောင်း ပြောသွားသည်။ Love Day ဖြစ်သည်၊ လူသားအချင်းချင်း ညီအကို မောင်နှမစိတ် မေတ္တာ ထားကြရမည် ဖြစ်သည်။
မြူးကြွတဲ့သီချင်းများနဲ့အကများ
၎။ ဆိုပွဲ ကပွဲများ အပြီး ဆုပေးသည်၊ ကျောင်းသားများစွာထဲက မြန်မာကျောင်းသားတစ်ယောက် အင်္ဂလိပ်သီချင်းဆိုသည်၊ တတိယ ရသည်။
အားပေးကြတယ်
၅။ Closing Program အခမ်းအနားသိမ်း အနေနဲ့ Love Day နေ့မှာ မြန်မာကျောင်းသားရဟန်းတော်များကို Chanting ပေးရန် ပင့်ဖိတ်သည်။ Love Day နေ့အတွက် မေတ္တာသုတ် ရွတ်ပေးခဲ့ကြသည်၊ ညီမ အစ်မက အစ်ကို မောင်များကို ချစ်တဲ့ Love၊ အစ်ကို မောင်များက အစ်မ ညီမများကို ချစ်တဲ့ Love၊ သားသမီးများက မိဘများကို ချစ်တဲ့ Love၊ မိဘက သားသမီးများကို ချစ်တဲ့ Love၊ ကောင်လေးက ကောင်မလေးကို ချစ်တဲ့ Love၊ ကောင်မလေးက ကောင်လေးကို ချစ်တဲ့ Loveနှင့် သူငယ်ချင်းမျာကို ချစ်တဲ့ Love များသည် Individual Love မျှသာ ဖြစ်သည်။ စာရေးသူတို့ ဒီကနေ့ တကမ္ဘာလုံးအတွက် ရွတ်ဖတ် ပို့လွတ်လိုက်တဲ့ Love က အမိက တစ်ဦးတည်းသော သားကို ပေးတဲ့ မေတ္တာမျိုးနဲ့ တလောကလုံးရှိ သက်ရှိသတ္တ၀ါအားလုံးအပေါ်ထားတဲ့ Universal Love မေတ္တာမျိုးဖြစ်သည်။
တကမ္ဘာလုံးသို့ မေတ္တာလွတ်နေသော မြန်မာရဟန်းတော်များ
Love Day နေ့မှာ အချစ်များစွာဖြင့် ပျော်ရွှင်နိုင်ကြပါစေ။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃၀-၁၀-၂၀၁၁

12 October 2011
သီတင်းကျွတ်ဆုတောင်း
သီတင်းကျွတ်ဆုတောင်း
သီတင်းကျွတ်ခြင်းဆိုသည်မှာ ၀ါးတွင်းသုံးလအတွင်း ဘယ်မှမသွားရဘဲ တစ်နေရာတည်းမှာ သီတင်းသုံး (တည်ရှိ) နေရခြင်းတည်းဟုသော အနှောင်ဖွဲ့မှ လွတ်ခြင်း ကျွတ် (freedom) ခြင်းဖြစ်သည်။ ထိုနေ့မှာပဲ မိမိတို့သန္တာန်မှာ ကိန်းဝပ် (သီတင်းသုံး) နေသော ကိလေသာတို့သည် လွတ်သွားသည်၊ ကျွတ်သွားသည်တို့ကို အကြောင်းပြု၍ ရဟန်းတော်များ ဘုရားဖူးထွက်ကြသည်။ မိမိတို့ နှစ်သက်ရာ လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါး သွားနိုင်ကြသည်။
အားလုံးသော တရားချစ်ခင် သူတော်စင်အပေါင်းတို့လည်းပဲ ကိုယ်တွင်းကိုယ်ပမှာ ကိန်း (သီတင်းသုံး) တည်ရှိနေသော ကိလေသာ အတွင်းရန်နှင့် အနိဋ္ဌအာရုံဟုသော အပြင်ပရန်တို့ကို လွတ်စေသတည်း၊ ကျွတ်စေသတည်း။ အနှောင်ဖွဲ့မှန်သမျှ အားလုံးမှလဲ ကျွတ်လွတ်ပြီး မိမိတို့ပျော်ရာ နေရာအသီးအသီးသို့ လွတ်လွတ် လပ်လပ် ကျန်းကျန်းမာမာ ရောက်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သပါသည်။
သီတဂူစတား
(သီတင်းကျွတ်လပြည့်နေ့)
၁၂-၁၀-၂၀၁၁

24 September 2011
၁၀ ကြိမ်မြောက် နေ့ဆွမ်းအလှူရှင်
ဒီကနေ့ (၂၄-၉-၂၀၁၁) စနေနေ့ နေ့ဆွမ်းကို ဘုံဘေမြို့ လေကြောင်းအင်ဂျင်နီယာ မိသားစုများ ဖြစ်ကြသော ဒကာ ဦးကျော်ဆွေ+ဒကာမ ဒေါ်သန်းသန်းဌေး၊ သား ရဲကျော်ဖြိုး၊ သမီး ယဉ်သူဇာကျော်တို့က ဘုံဘေမြို့ စောမယကောလိပ်ရှိ မြန်မာ Ph.D ကျောင်းသား ရဟန်း ၂၃ ပါးတို့ အား လာရောက်ကပ်လှူသွားသည်။ ဒီနေ့အလှူသည် ထိုမိသားစု၏ ဆယ်ကြိမ်မြောက် အလှူဖြစ်သည်။
ဆွမ်းဟင်းများမှာ- ငါးသလောက်ချက်၊ ကြက်သားအားလူး၊ ပြည်ကြီးငါးသုပ်၊ ငါဟင်း အချဉ်ရည်၊ ခဲဖွယ်များအဖြစ် ကောက်ညှင်းငှက်ပျောပေါင်း၊ ချက်စားရန် ကြာဇံ၊ ဆန် ဆီများ လှူသွားသည်။ ဒကာမကြီးမိသာစုက မြန်မာပြည်ပြန်မည်၊ ၁ လခွဲလောက် ကြာမည်ဖြစ်သည်၊ သူတို့ပြန်မလာသေးမီ သံဃာများ နေ့လည်စာအတွက် သူတို့ရှိနေစဉ်ကလိုပဲ ကပ်လှူနိုင်ရန် ရူပီး တစ်သောင်း တစ်ထောင် (၁၁၀၀၀) (မြန်မာကျ ၂ သိန်းခွဲခန့်) ကိုပါ လှူသွားသေးသည်။
ဒီကနေ့ နေ့ဆွမ်း ဟင်းလျာများသည် ဤနေရာ ဤဒေသမှာဖြင့် စားရခဲမျှ ဖြစ်သဖြင့် သံဃာတော်များ ကျေနပ်တော်မူကြသည်။ အလှူရှင် မိသားစုအားလဲ အထူးမေတ္တာပို့ပေးကြသည်။ နောက်ထက် ကျေးဇူးတင် မေတ္တာပို့ရမည့် အလှူရှင်တစ်ဦးရှိပါသေးသည်။
ပြီးခဲ့တဲ့ (၂၀-၉-၂၀၁၁) နေ့က နေ့ဆွမ်းအလှူရှင်က အမေရိကမှ ဒေါက်တာသြသဓသာရ ဖြစ်သည်၊ KFC စားသောက်ဆိုင်မှာ တစ်ရက် နှင့် အဆောင်မှာပဲ နေ့လည်စာ ချက်ပြုတ်ပြီးတစ်ရက် ကပ်လှူခဲ့သည်။
ပေါ့ပါးသွား
ပေးလိုက်ရ လှူလိုက်ရ စွန့်လိုက်ရတဲ့ သူတွေမှာတော့ ပြုံးပျော်နိုင်သည်၊ ကိုယ့်သန္တာန်မှာလေးလံနေတဲ့ မစ္ဆရိယ၀န်ထုပ်ဝန်ပိုးကြီးကို ပြစ်ချလိုက်ရလို့ ပေါ့ပါးသွားသည်။ အာရက္ခ ဒုက္ခမရှိတော့၍လဲ ပြုံးပျော်နိုင်သလို မေတ္တာစိတ်ဖြင့် ပေးလှူလိုက်ရလို့လဲ ပြုံးပျော်နိုင်ကြသည်။ (ဣဓ မောဒတိ၊ ပေစ္စမောဒတိ၊ ကတပုညော ဥဘယတ္တ မောဒတိ) လက်ခံလိုက်ရတဲ့ သူတွေမှာတော့ အကြွေးတင်သွားသဖြင့် လေးလံသွားသည်။ အကြွေးတင်ရင် ဣဏပရိဘောဂ ရှိနေသူတွေ အတွက် အကြွေးဆပ်ရမည်မှာ အမှန်ပင်ဖြစ်သည်။ ထိုအကြွေးကျေနိုင်ရန် မေတ္တာပို့ ဆင်ခြင် စားသုံးရသည်။
အလှူရှင်မိသားစုအားလုံးသည် ကာယ စိတ္တ ချမ်းသာသုခ ပြည့်စုံလျက် သာသနာတော်အတွက် ထောက်ပံ့နိုင်ကြသော အမျိုးကောင်းသား အမျိုးကောင်းသမီးများ ဖြစ်ကြပါစေဟု သံဃာတော်များ ကိုယ်စား ဆုတောင်း မေတ္တာ ပို့သပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၄-၉-၂၀၁၁

10 September 2011
မွေးနေ့ နေ့ဆွမ်းအလှူရှင်
(၉)ကြိမ်မြောက် ဒီနေ့ နေ့ဆွမ်းအလှူရှင်
ဒီနေ့ (၁၀-၉-၂၀၁၁) စနေနေ့ ဘုံဘေမြို့၊ စောမယကောလိပ်ရှိ မြန်မာ (Ph.D) ကျောင်းသားရဟန်း ၂၂ ပါးတို့ နေ့ဆွမ်းဆက်သည့် အလှူရှင်များက ဘုံဘေမြို့ လေယာဉ်အင်ဂျင်နီယာ မြန်မာမိသားစုပဲ ဖြစ်ပါသည်။ ဒကာမကြီး၏ သူငယ်ချင်းဖြစ်သူ၏ အသက် ၄၇ နှစ်ပြည့် မွေးနေ့အတွက်ဖြစ်ပါသည်။
ဒကာ ဦးကျော်ဆွေနှင့် ဒကာမ ဒေါ်သန်းသန်းဌေး သမီး ယဉ်သူဇာကျော်တို့ အဆောင်ရောက်လာပြီး ချက်ပြီး ပြုတ်ပြီး ဆွမ်းဟင်းများ လာလှူသည်၊ ၉ ကြိမ်မြောက်ဟု ပြောလို့ရပါသည်၊ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ၇ ကြိမ်မြောက် ခေါက်ဆွဲဆွမ်း၊ ထမင်းကြောင်ဆွမ်းများ အသီးအနှံများ လာကပ်တုန်းက လှူထားခဲ့သော မြန်မာပြည်မှ သယ်ယူလာသော ရှမ်းခေါက်ဆွဲများ၊ သူနဲ့ တွဲဘက် အစားအစာအစုံများလှူထားခဲ့သဖြင့် ပြီးခဲ့တဲ့ စနေနေ့က ထိုမိသားစု အလှူနဲ့ပဲ သံဃာ ၂၂ ပါးစာအတွက် နေ့လည်စာ ရှမ်းခေါက်ဆွဲဆွမ်းများ လုပ်စားကြသည်။ ထိုမိသားစု၏ အလှူပင်ဖြစ်သည်။
ယခု စနေနေ့မှာလဲ ကြက်သားနှင့်မျှစ်ကြော်၊ ဗူးသီးအသားပြွမ်းချက်၊ ပုဇွန်ထုပ်ကွေးကြီးများ၊ ကော်ပြန့်ကြော်၊ ပန်းသီး၊ ဆန်းကစ်သီး၊ နနွင်းမကင်းများ အပြင် ၀က်အူချောင်းများ၊ ကော်ဖီမစ်ထုတ်များ၊ ဆန်၊ ဆီများ လာလှူသွားသည်၊ စာရေးသူ ဘုံဘေရောက်နေသည်မှာ ၅ လပင်ရှိပြီ၊ ပုဇွန်ထုပ်ကွေးနှင့် ကော်ပြန့်ကြော်ကိုတော့ ပထမအကြိမ် စားဖူးခြင်းပဲ ဖြစ်သည်။ ထိုမိသားစု၏ ကျေးဇူးနဲ့ပဲ တစ်ပတ်တစ်ခါ နီးပါး သံဃာများ ကောင်းကောင်း ဘုန်းပေးခွင့်ရကြသည်။
ဒီကနေ့အလှူက ဒကာမကြီး ဒေါ်သန်းသန်းဋ္ဌေးက သူ၏ သူငယ်ချင်း အသက် ၄၇ နှစ်မွေးနေ့အတွက်ပါဘုရားဟု လျှောက်သွားသည်။ အဝေးမှ မွေးနေ့ရှင်လည်း သာဓုခေါ်နိုင်ရန် ဤအလှူရှင်ဂုဏ်ပြုမှတ်တမ်း ရေးပြီးတင်လိုက်ရသည်၊ ဓာတ်ပုံရိုက်ပေးဖို့ မေ့သွားသည်။ ပြီးတဲ့ပတ်က အလှူရှင်၏ ဓာတ်ပုံအဟောင်းကိုပဲ မေတ္တာပို့လို့ ရအောင် တင်လိုက်ပါသည်။
အားလုံး မြင်ကြားသမျှ သာဓုခေါ်နိုင်ရန် ပတ္တိဒါန ပြုလိုက်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၀-၉-၂၀၁၁

31 August 2011
ဘုံဘေ မြန်မာမိသားစု၏ အလှူ
ဒီကနေ့ အလှူရှင်
ဒီကနေ့ (၃၁-၈-၂၀၁၁) အိန္ဒိယနိုင်ငံ ဘုံဘေမြို့ရှိ စောမယကောလိပ် Ph.D ကျောင်းသားများအား နေ့လည်စာအတွက် အလှူရှင်သည် ဘုံဘေမြို့ လေယာဉ်အင်ဂျင်နီယာ မြန်မာ မိသားစုဖြစ်သည်။
ဒကာဦးကျော်ဆွေ+ဒကာမ ဒေါ်သန်းသန်းဌေး သား-ရဲဖြိုးကျော်၊ သမီး-မယဉ်သူဇာကျော် မိသားစုတို့ ဖြစ်သည်။ လာနေကျ ကပ်နေကျ မိသားစုဖြစ်သည်၊ အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်ပါသည်။ ယခုဆိုလျင် ၇ ကြိမ်မြောက် ဖြစ်သည်။ ဒီမိသားစုမှ စသဖြင့် အခြားခြားသော အလှူရှင်များလဲ ပေါ်ပေါက်လာခဲ့သည်။ ဒီမိသားစုသည် စာရေးသူတို့ မြန်မာကျောင်းသား ရဟန်းတော်များနဲ့ တစ်မိသားစုတည်းလို ဖြစ်နေသည်။ ပုံမှန်အားဖြင့် စနေနေ့မှ လာတတ်သည်၊ ယခုတစ်ပတ်တော့ စနေနေ့ကိုတောင် မစောင့်နိုင်တော့ဘဲ ဗုဒ္ဓဟူးနေ့ အစ္စလာမ်ဘာသာများ၏ အစ်နေ့ ဖြစ်၍ ရုံးများ ပိတ်ထားသဖြင့် အားတဲ့အချိန်လေးကို ရောက်အောင်လာကြသည်။
ယနေ့ဆိုလျင် ဧည့်သည် ရဟန်းတော်များနဲ့ ၂၄ ပါးရှိသည်။ ဒီမိသားစုသည် ပုံမှန်အားဖြင့် အပါး ၂၀ အား တစ်လ ၂ ခါ အနဲဆုံးလာကပ်တတ်သည်၊ တစ်ခါတရံ တစ်လ ၃ ခါလောက်လာသည်။ ဒီကနေ့ ဆွမ်းအလှူမိသားစုသည် ဒါနရတော ယာစယောဂေါ ဆိုတာလို ပေးရကမ်းရတာကို အလွန်ပျော်မွေ့သူများ ဖြစ်ကြသည်။ အိမ်မှာပဲ ကိုယ်တိုင်စီမံ ကိုယ်တိုင်ချက်ပြီးမှ လာလှူလေ့ရှိသည့်အတွက် ဒါနသံဝိဘာဂရတော- အလှူဒါန ပေးရကမ်းရခြင်းတို့၌ စီမံခန့်ခွဲရတာကိုလည်း ပျော်မွေ့ကြသည်။
ဒီနေ့ကပ်သည့် အာဟာရများကလဲ စုံစုံလင်ပါပဲ၊ ခေါက်ဆွဲ အသီးစုံ အသားစုံကြော်၊ ထမင်း အသီးစုံကြော်၊ ကြက်ကုန်းဘောင်ကြီးကြော်၊ ကျောက်ပွင့်သုပ်၊ တုန်းယန်းဟင်းချို၊ သခွားသီးသုပ်၊ အခြား မြန်မာပြည်ကပါလာသည့် လဖတ်၊ မြေပဲလှော်၊ သီဟိုသီးလှော်၊ ငါးခြောက်၊ စသည်စသည်ဖြင့် မြန်မာပြည်လက်ဆောင်မျာကိုလဲ သံဃာတော်များအား ဆက်ကပ်သွားသည်။
ဒကာမတစ်ယောက်က မေးတယ် အရှင်ဘုရား ဟင်းတွေကို ဘာလို့အိုးတွေနဲ့ ထည့်တာလဲတဲ့၊ မှန်ပါသည်၊ စာရေးသူတို့အဖွဲ့က ကိုယ့်ကျောင်း ကိုယ့်နေရာလို အမြဲမနေတာက တစ်ကြောင်း၊ အဖွဲ့ကများတာက တစ်ကြောင်း ပုဂံဖြင့် မထည့်ဘဲ အိုးလိုက် အားရပါးရတည်လိုက်တော့သည်။ အခုမြင်နေရတဲ့ ဓာတ်ပုံများကို ကြည့်ပြီး မေးသူက မေးခြင်းဖြစ်သည်။
အလှူရှင်များက သံဃာများ ဘုန်းပေးရတာ အလှည့်အပြောင်းလေးဖြစ်အောင်ဆိုပြီး ခေါက်ဆွဲကြော် ထမင်းကြော်များကို လာကပ်ခြင်းဖြစ်သည်၊ ပုံမှန်အားဖြင့် ဟင်းအစုံနှင့် အသီးအနှံများ၊ ဆန်ဆီများ လှူလေ့ရှိသည်။ သံဃာတော်များလဲ အလှူရှင်မိသားစု၏ ကျေးဇူးကြောင့် မွန်မွန်မြတ်မြတ် ဘုန်းပေးခွင့်ရသည်။ ထို့အတွက် သံဃာတော်များကလဲ အလှူရှင်မိသားစုအား မေတ္တာပို့ ဆုပေးကြသည်။
အားလုံး မြင် ကြားသမျှပုဂ္ဂိုလ်တို့အား ပတ္တာနုမောဒန ဖြစ်ရန် ပတ္တိဒါန ပြုလိုက်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃၁-၈-၂၀၁၁

ဤဘလော့ဂ် ရေးသားသူသည်

စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
2009 ခုနှစ် အတွက် အကယ်ဒမီဆု
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။
ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။
ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။
လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ
Popular Posts
-
ဒီနေ့ သင်တန်းစတင်ပိတ် ********* ၂၀၁၆ B.A နောက်ဆုံးနှစ် ကျောင်းသားများနှင့် အမှတ်တရ။ (သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်) မကြာမီ နေရာအသီး...
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
ဗိုလ်ချုပ်မှူးကြီး သီတဂူအဓိပတိအား လာရောက် ဖူး ********** သီတဂူ ၂၀၁၆ သြဂုတ် ၂၁ မြန်မာနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြ...
-
သီတဂူ Study Tour အင်ဒိုနီးရှား ********** သီတဂူ ၂၀၁၆ နိုဝင်ဘာလ ၆ သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး၊ တပည့် စာချ ဆရာတော်များနှင...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
အစ္စရေးနိုင်ငံ သမ္မတအိမ်တော်ရောက် သီတဂူအဓိပတိ *********** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၂ အစ္စရေးနိုင်ငံရောက် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရာြး...
-
“ကမ္ဘာ့ကိုးကွယ်ရာဘာသာကြီးများ၏ နိဒါန်း” စာအုပ် ထွက်ပြီ ************************ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှာ သီတဂူအဓိပတိဆရ...
-
တွေ့ဆုံမေးမြန်းဓမ္မလမ်း မကြာမီထွက်မည် ********** အောက်ပါအလှူရှင်များဖြင့် မကြာမီ သီတဂူစတား စာစဉ် (၄)စာအုပ်ကလေး တစ်အုပ်ထွက်မ...
-
အမျိုးသမီးစွမ်းဆောင်ရှင် (အပိုင်း-၈) Equanimity ဘဝဆိုတာ ဒီလိုပဲကိုဗျ၊ ဟုတ်လား၊ တစ်ဘက်ကတော့Pushout လုပ်ပြီးတော့၊ တစ်ဘက်ကတော့ Wellcomeေ...
Vistors (1-1-2012)
တိုက်ကြီးများရှိ အချိန်
!-end>!-local>!-end>!-local>!-end>!-local>!-end>!-local>!-end>!-local>!-end>!-local>!-end>!-local>!-end>!-local>!-end>!-local>