သီတဂူစတား

သီတဂူစတား
Showing posts with label ခရီးသွားမှတ်တမ်း. Show all posts
Showing posts with label ခရီးသွားမှတ်တမ်း. Show all posts

09 March 2016

သီတဂူစတား စင်္ကာပူဓမ္မသဘင်

သီတဂူစတား စင်္ကာပူဓမ္မသဘင်
*********
၆-၃-၂၀၁၆ တနင်္ဂနွေနေ့ည စင်္ကာပူ တရားပွဲ ည ၉နာရီတွင် ပြီးဆုံး။
စင်္ကာပူရောက် ဓမ္မမောင်နှမအဖွဲ၏ ဓမ္မဒါနအပြီး ဒီကနေ့ နေ့လည်ပိုင်းက ရန်ကုန် အဆင်ပြေစွာ ရောက်ရှိ။
ဓမ္မမောင်နှမအဖွဲ့နှင့် မော်တော်ယာဉ်အကြိုအပို့ ယာနဒါနအလှူရှင်, နံနက်ဆွမ်း, နေ့ဆွမ်းအလှူရှင်များအား အထူးကျေးဇူးတင်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

07 May 2014

ရောက်ခဲ့သည့်နေရာ (၂)

ကိုရီးယားရောက် ဒုတိယနေ့
ဒုတိယနေ့ (၂၅-၄-၂၀၁၄)မှာတော့ မနက်ပိုင်းမှာ Lotus Lantern Festival ပွဲတော်သို့ ပင့်ဖိတ်ထားသော နိုင်ငံ ၉နိုင်ငံမှ ကိုယ်စားလှယ်များကို Imjingak လိုက်ပို့ပေးသည်။ ဆိုးလိုမြို့ပြင် တောင်ကိုးရီးယားနှင့် မြောက်ကိုရီးယား နယ်စပ်၊ ဆိုးလ်မြို့တော်မှ ကားဖြင့် တစ်နာရီလောက် သွားရသည့် Imjingak သို့ သွားကြသည်။
ထိုနေရာ တောင်ကိုရီးယား မြောက်ကိုရီးယားတို့ စစ်ဖြစ်ပွားခဲ့နေရာဖြစ်သလို တောင်မြောက်ကွဲကွာခဲ့ရာမှ ဆွေတော်မျိုးတော်များ တကွဲတပြား ဖြစ်သွားရာနေရာလည်းဖြစ်၊ တောင်-မြောက် ကိုရီးယား ဆွေတော်မျိုးတော်များ အချင်းချင်း စုံတွေ့ရာ နေရာလည်း ဖြစ်သည်။ စစ်ဖြစ်ပွားချိန်က မြောက်ကိုရီးယားတပ်မှ ပစ်ခက်လိုက် သော ရထားအပျက်အစီး၊ သေကြေသွားကြသော တောင်ကိုရီးယားတပ်များကို ဆုတောင်းပေးရာ နေရာလည်းဖြစ်သည်။
ထို့ပြင် ဆွေတော်မျိုးတော်များ ပြန်လည်စုံစည်းရာ၊ ခေါင်းလောင်းကြီးကို ထုကာ ဆုတောင်းပေးရာ ငြိမ်းချမ်းရေးနယ်မြေလည်းဖြစ်သည်။ ယခုအခါ နိုင်ငံတကာမှ စိတ်ဝင်စားရာ နေရာတစ်ခု ဖြစ်သည့်အတွက် လည်ပက်စရာတစ်ခုဖြစ်နေသည်။ နေ့လည်စာကို ကိုရီးယား ရိုးရာအစားအစာများဖြင့် Imjingakက ဆိုင်မှာပဲ ဧည့်ခံသည်။

ညနေပိုင်းတွင် ကိုရီးယားနိုင်ငံ မဟာယာနဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများကို သွားရောက်လေ့လာကြသည်။ ကျောင်းထိုင်ဆရာတော်ကြီးများနှင့် အပြန်အလှန် မိတ်ဆက်ကြခြင်း၊ လက်ဆောင်များ ပေးကြခြင်းဖြင့် ချစ်ချင်ရင်းနှီးမှုများကို ဖန်တီးကြသည်။ ဂိုဏ်းဂဏမတူသော်လည်း မြတ်ဗုဒ္ဓ၏ တစ်ခုတည်းသော ဓမ္မထီးအရိပ်ဝယ် အတူလက်တွဲလျှောက်ကြသည်။
အပိုင်း (၃) မျှော်

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃-၅-၂၀၁၄

02 May 2014

ကိုရီးယားရောက် ပထမနေ့

ကိုရီးယားရောက် ပထမနေ့
ကိုရီးယားရောက် ပထမနေ့ (၂၄-၄-၂၀၁၄)က ညနေပိုင်း ကိုရီးယားနိုင်ငံရဲ့ အထင်ကရ တစ်ခုဖြစ်တဲ့ ဆိုးလ်တာဝါကို စပွန်ဆာပေးသည့် ဂျိုဂဲစ ဗုဒ္ဓဘာသာအဖွဲ့၏ ကောင်းမှုဖြင့် ရောက်ခဲ့။ အလွန်လှပသည့်နေရာလေးတစ်ခုဖြစ်၊ လေးဘက်လေးတန်က ဆိုးလ်တစ်မြို့လုံးကို လွမ်းခြုံ မြင်ရ။ ချစ်သူ စုံတွဲတွေ အများစုလာကြ၊ ထိုနေရာ၏ စွဲဆောင်မှုတစ်ခုကတော့ ချစ်သူစုံတွဲတွေ၊ မိသားစုတွေက သူတို့ရဲ့ သံယောဇဉ်၊ အချစ်တွေ အမြဲတမ်း တွဲနေမယ်၊ တစ်ယောက်နှင့်တစ်ယောက် မခွဲတမ်းဆိုတဲ့ သင်္ကေတနဲ့ သော့တွဲလေးတွေ အပေါ်မှာ အမှတ်တရစာတမ်းလေးရေးပြီး ထိုနေရာမှာ ချိတ်ဆွဲထားသဖြင့် သော့တွဲအပုံကြီးကို ယခုလို တွေ့မြင်ရ။ ထိုဆိုးလ်တာဝါပေါ် စာရေးသူတို့ ပြည်ပအဖွဲ့များအား ညစာဖြင့် ဧည့်ခံ၊ စာရေးသူကတော့ အအေးနဲ့ပဲ ပြီးခဲ့ရ။
မဟာယာနဘုန်းတော်ကြီးများကတော့ ဆိုးလ်မြို့ အလှအပကို ငေးမောရင်း အားရပါးရ ဘုန်းပေးတော်မူကြလေရဲ့။

ဒုတိယနေ့ ပုံရိပ်များမျှော်
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၀၁-၀၅-၂၀၁၄

22 September 2013

နေပြည်တော်ရောက်

နေပြည်တော်ရောက်

၂၀-၉-၂၀၁၃ ရက်နေ့က နေပြည်တော်ကို ကိစ္စတစ်ခုနဲ့သွားခဲ့သည်၊ ၂၀၁၃ ခုနှစ် အောက်တိုဘာလ (၁)ရက်နှင့် (၂)ရက်နေ့များတွင် နိုင်ငံတကာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၊ စာတမ်းဖတ်ပွဲများကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)တွင် လက်ခံကျင်းပမည်ဖြစ်သည်။ ထိုကိစ္စအတွက် ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတကြီးထံ အကြောင်းကြားစာ သွားပို့ရန်အတွက် နေပြည်တော်သို့ ရောက်ခဲ့သည်။

နေပြည်တော်ကို ဘက်စ်ကားအကြီးနဲ့ပဲ ဖြတ်သွားဖြတ်လာ သွားဖူးသည်၊ ဒီကနေ့တော့ သီတဂူတပည့် ကပ္ပိယကားနဲ့ သွားဖြစ်သည်။ လမ်းတစ်လျှောက်တွေ့ကြုံတာလေးတွေ ဗဟုသုတအဖြစ် မှတ်စုဒိုင်ယာရီအဖြစ်ရေးလိုသည်။

သိပ်လှတဲ့နေပြည်တော်
နေပြည်တော်ကြီးသည် သိပ်လှသည်၊ သိပ်ပူသည်၊ လူသူမရှိ၊ ကျိုးတို့ကြဲတဲသော ကားများ၊ သိပ်ကျယ်လွန်းသော လမ်းမကြီးတွေက ရန်ကုန်မြို့လို မြို့ကြီးတွေ အတွက် မနာလိုစရာပင်ဖြစ်သည်။ နောင်နှစ်ပေါင်း ၁၀၀ အထိ အဲဒီလမ်းတွေက ရန်ကုန်မြို့လို ကားကြပ်မှုတွေ မဖြစ်နိုင်၊ မလိုအပ်ဘဲ ဖြုန်းတီးနေတယ်လို့ ထင်ရပေမဲ့ ရှေးနှစ် ၁၀၀ အတွက် ကြိုတင် စီမံကိန်းချထားဟန်ရှိတယ်လို့ အကောင်းဘက်က တွေးကြည့်မိသည်။ ''မလိုအပ်ဘဲ မီးတိုင်ကြီးတွေကလဲ တစ်တိုင်နှင့်တစ်တိုင် သိပ်ကပ်လွန်းနေတယ်''လို့ တခြားမြို့တွေအတွက် မနာလိုစရာပင်၊ တခြားမြို့တွေမှာ မီးစက်တွေ၊ မီးအားမြင့်စက်တွေ သုံးနေရပဲမဲ့ နေပြည်တော်က ဘယ်နိုင်ငံမှ စနစ်မရှိတဲ့ တစ်တိုင်နှင့်တစ်တိုင် သိပ်ကပ်လွန်းနေတဲ့ မီးတိုင်ကြီးတွေက ပြည်မြန်မာ လျှပ်စစ်ပေါကြောင်း ကြွားနေသလားဟု ထင်ရသည်။

ဗဟုသုတအဖြစ် စူပါမားကတ်တစ်ခုအပေါ်တက်ပြီး လေ့လာကြည့်တော့ စူပါမားကတ်နဲ့ မတူဘဲ ရှိုးပြအခန်းကြီးလို့တောင် ထင်ရသည်၊ ကျိုးတို့ကြဲတဲသော ဈေးဝယ်သူနှင့် ဈေးရောင်းသူ ၀န်ထမ်းတွေရဲ့ အလုပ်မရှိလို့ ပျင်းပျင်းနဲ့ ထိုင်နေကြရပုံ မြင်ရတော့ မားကတ်အပေါ် ရောက်နေတာ ဟုတ်ပါ့မလားတောင် ကိုယ့်ကိုယ်ကို ထင်မိသည်။ မြို့ကလဲကျယ်၊ လမ်းတွေကလဲ ကျယ်၊ ကားကလဲ ရှားပါးတဲ့အတွက် သာမန်လူတန်းစား အဲဒီဈေးတွေကို ရောက်ဖို့မလွယ်၊ ဈေးကိုမရောက်ခင် လမ်းစရိတ်နဲ့တင် လယ်ထဲ ယာထဲက ပါသမျှ ပိုက်ဆံတွေ ကုန်မည်ထင်။ စာရေးသူကတော့ အထက်အောက် မြို့ကြီးများကို ဆက်သွယ်ပေးသော မြို့ကြီးတစ်မြို့ ပေါ်ပေါက်သည့်အတွက် အလွန်ကောင်းသည်ဟု တွေးမိသည်။ နှောင်တစ်ခေတ်တစ်ချိန်မှာ အစီကားဆုံးမြို့ကြီး မဖြစ်နိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်။

သိပ်လှတဲ့နေပြည်တော် လမ်းမကြီး
စာရေးသူ ပြည်ပနေစဉ်၊ ရန်ကုန်နေပြည်တော်လမ်းကြီးက သိပ်နာမည်ကြီးသည်၊ နာမည်ကြီးသည်ဆိုသည်မှာ အကောင်းနာမည်ကြီးတာတော့မဟုတ်၊ ကားအက်ဆီးဒင့်ကြောင့် ခဏခဏလူတွေ သေကြ၊ ကားတွေပျက်စီးကြပဲ ဖြစ်သည်။ စာရေးသူလဲ ကားထွက်တာနဲ့ ထုံးစံအတိုင်း ရွှတ်ပွားနေကြ ဘုရားဂုဏ်တွေ တရားဂုဏ်တွေ သံဃာ့ဂုဏ်တွေ ရွတ်နေမိသည်။
ရွတ်ဖက်ပြီးတာနဲ့ လမ်းကြောတစ်လျှောက်ကို လမ်းဘေးက သိပ်လှသည့် စိမ်းစိုသော ခြံကြီးတွေ တောင်တန်းကြီးတွေ ကြည့်ရင်း ငေးမောနေမိသည်၊ လမ်းတွေက သိပ်ခုန်လွနေတာကြောင့် သဘာဝရှုခင်းခံစားရတဲ့ အရသာ ပျက်လှသည်။ မျက်လုံးတွေ အတွေးတွေက လမ်းမကြီးတွေဘက်ရောက်သွားသည်၊ အကဲခက်သည်၊ တွေးသည်။ ထိုတွေးရင်းက လမ်းတွေ ကားအက်ဆီးဒင့်တွေ သတင်းတွေကို အမှတ်ရမိသည်။

လမ်းကို ဖြတ်ကူးရင်း တခြားနိုင်ငံတွေရဲ့ လမ်းတွေနဲ့ အကဲခပ် နှိုင်ယှဉ်ကြည့်မိသည်။ လမ်းနဲ့ပတ်သက်ပြီး ကြုံတွေ့နေကြရတဲ့သူတွေ သူတို့ မြင်တွေ့သမျှ တွေ့ကြုံသမျှတွေကို သူတို့နည်းသူတို့ဟန်နဲ့ ထောက်ပြပြီး ဒီလမ်းကြီးရဲ့ လိုအပ်ချက်တွေ တင်ပြီးဖြစ်ကြသည်။

စာရေးသူလဲ လမ်းမကြီးပေါ်ရောက်တော့ လမ်းကြောင်း မကျွမ်းကျင်ပေမဲ့ မတူတာလေးတွေတော့ ကြည့်မိသည်၊ တွေးမိသည်၊ ရေးမိသည်။ ထိုမတူတာလေးတွေကပဲ အန္တရာယ်ကို ဖြစ်စေတတ်သည်ဟု ထင်ပါသည်။

လမ်းကြီးက သိပ်ကောင်းပါသည်၊ သိပ်လှပါသည်၊ သို့ တချို့တံတားတွေက အန္တရာယ်ကို ပြနေသည်၊ ကားသမားတွေကလဲ လမ်းရှင်း လမ်းဖြောင့်ရောက်တာနဲ့ အရှိန်ပြင်းစွာ မောင်းနှင်ကြသည်၊ ထိုသို့အပြင်းအထန်မောင်းလာသော ကားများသည် နဲနဲလေး ပိုကျဉ်းသွားသော တံတားနှင့် မကြာမကြာတွေ့ရမည်၊ ပိုဆိုးတာက ထိုလမ်းထက်ပိုကျင်းနေသော တံတားက လမ်းဘက်မှာ ၆ လက်မလောက် အစွန်းထွက်နေသည်။ ထိုတံတားအများစုသည် ချက်ချင်း အကွေ့နဲ့တွေ့နေရတတ်သည်၊ ဒါတွေက ကားဘီးပေါက်ခြင်း၊ ဘရိတ်ပေါက်ခြင်း၊ ကားသမား အိပ်ငိုက်ခြင်း၊ မူးနေခြင်းစတဲ့ ကြိုတင်မမြင်နိုင်တဲ့ အကြောင်းတွေကြောင့် အလွယ်တကူ အန္တရာယ်ဖြစ်စေနိုင်သည်။

ဒီလောက်ကောင်းတဲ့ လမ်းမကြီးက ကားအသေးကိုစီ၍ သွားသောအခါ သက်သောင့်သက်သာ ဖြစ်မည်ဟု ထင်ထားသည်၊ ခါးတွေ ဇက်တွေ တင်ပါးတွေလဲ မသက်မသာ ဖြစ်ရသည်။ မြင်းစီးနေရသလို ခုန်တက်လိုက် ခုန်ဆင်းလိုက် ဖြစ်နေခြင်းကိုက ဒီလမ်းရဲ့ ထူးခြားချက်ဖြစ်နေသည်။ လမ်းအစပ်တွေက မို့ပြီး အခုံးဖြစ်နေသည်၊ နှစ်ကြာလာတော့ လမ်းတွေ ကျွံကျသွားသည်ဟုထင်သည်။ တချို့ ကတ္တရာဖြင့် ပြန်လည်ပြုပြင်ထားသည့် နေရာကလွဲ ကျန်လမ်းတွေက လှိုင်းထနေသည်။

လမ်းဘေးဝဲယာမှာ ရေးဆင်းဖို့ ရေမြှောင်း မပါတဲ့အတွက် တင်နေသော မိုးရေကြောင့် အရှိန်ဖြင့်မောင်းနှင်လာသော ကားတွေ ချော်လဲဖို့ အလွယ်တကူဖြစ်နေသည်။ ဘေးဝဲယာမှာလဲ လမ်းအကာ မပါသဖြင့် ကားသမားများ အိပ်ငိုက်ခြင်း သို့မဟုတ် မူးဝေနေခြင်းကြောင့် လမ်းဘေးထိုးကျဖို့ သိပ်လွယ်ကူသည်။

ပို၍အန္တရာယ်ကြီးနေသည်က အဝေးပြေးလမ်းမှကြီးပေါ်မှာ ရွာတွေ နယ်တွေက လမ်းပြောင်းပြန်မောင်းနှင်းနေသော ဆိုင်ကယ်တွေ၊ ကားတချို့တွေပဲ ဖြစ်သည်။ ကားသမားအများစုကလဲ မီတာ ၁၀၀ ထက်ပိုမောင်းနေသည်။ နေရာအတော်များများမှာ လမ်းပြောင်းပြန်မောင်းနေတာကို တွေ့နေရသည့်အတွက် ကားမောင်းသူတွေမှာ ပိုပြီးသတိကြီးစွာ ထားသင့်သည်။ 
သတိရှိစွာ မောင်းနှင်နိုင်ကြပါစေ၊

သီတဂူစတား
ရွှင်လန်းချမ်းမြေ့ပါစေ
၂၁-၉-၂၀၁၃

19 September 2013

ဟေးးးး ဒို့ဦးဇင်း ဒေါက်တာဖြစ်သွားပြီတဲ့

စာမိတ်ဆက်
တစ်နေ့က ဘုံဘေ (မွမ်ဘိုင်း) အိန္ဒိယကနေ ပြန်လာတော့ ရန်ကုန်မှာ နေရာတကျဖြစ်တဲ့ အချိန် ရွာက ဆရာသမားရယ် မွေးသမိခင် အမေရယ်၊ ဆွေတော်အပေါင်း မျိုးတော်အပေါင်းတို့ကို ပြည်တော်ပြန် သွားပြရသည်။ ရွာပြပို့စ်လေး ရေးချင်သည်၊ အင်တာနက် အခက်ခဲကြောင့် ဘာစာမှကို ရေးချင်စိတ်မရှိ၊ အင်တာနက်ပေါ်လဲ မတတ်ဖြစ်ခဲ့၊ ဒီနေ့တော့ သတိရတုန်း ရွာက အမျိုးတွေရဲ့ အာဘောင်အာရင်းနဲ့ ပြောတဲ့ ''ဒို့ဦးဇင်း ဒေါက်တာဖြစ်သွားပြီတဲ့''ဆိုတဲ့ တောသူတောင်သားတွေရဲ့ အရိုးခံလေးကို သဘောကျမိသည်။

ရှေးဦးစွာ
ရောက်ရောက်ချင်းပဲ အမေကို တွေ့သည်၊ အံ့သြစရာကောင်းသည်ကား စာရေးသူ၏အမေသည် ထင်မထားလောက်အောင်ကို ကျန်းမာရေးတိုးတက်နေသည်။ မတွေ့တာလဲကြာပြီ၊ နေမကောင်းဖြစ်နေတာလဲ ကြာနေပြီ၊ အခြေအနေကို သိထားသော ကိုယ့်မှာတော့ အသက်အရွယ်အရ ငါ့အမေဟာ အရမ်းပိန်သွားပြီး ခြောက်ကပ်နေမည်ဟု စိတ်ထဲမှာ တွေးထားမိသည်၊ သို့သော် ထင်ထားသည်ကား လုံးဝ လွဲသွားတော့သည်။ စာရေးသူလဲ အမေနဲ့ မတွေ့တာ ကြာပြီ၊ အမေမသေခင်လေးတော့ ခဏခဏ တွေ့မှ ဖြစ်မည်ဆိုတဲ့ အတွေးက အိန္ဒိယမှာနေစဉ် သတိရတိုင်းတွေးနေမိသည်။ အမေလည်း သားတော်မောင်ကို သိပ်တွေ့ချင်နေသည်၊ ပြန်မလာသေးဘူးလား ခဏခဏမေးနေသည်။ ဒီလိုနဲ့ ရွာကို ရောက်အောင် သွားဖြစ်တော့သည်။

သားတော်မောင် ပြန်လာမည်ကို တွေးပြီး ပီတိတွေ ဖြစ်နေတဲ့ အမေ့ရဲ့မျက်နှာလည်း ၀ါဝင်းလို့နေသည်။ သားတော်မောင် ပြည်ပထွက်သွားကထဲက အစာအိမ်ရောဂါဖြစ်လိုက်၊ သွေးတိုးရောဂါဖြစ်လိုက်၊ လေဖြတ်လိုက်၊ ရောဂါတွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်နေတဲ့ အမေလဲ ခန္ဓာကိုယ်လဲ ပိန်ကျသွားသည်၊ အသားရေလည် ခြောက်ကပ်သွားသည်၊ နှစ်များစွာ ခွဲခွါခဲ့ရတဲ့ သားတော်မောင် ပြန်လာတော့မည်ဆိုကထဲက ကျန်းမာရေးတွေ ပြန်ကောင်းလာသည်၊ အသားအရေတွေ ၀ါဝင်းလာပြီး ပြည့်ဖြိုးလာသည်၊ လမ်းတွေလဲ လျှောက်လာနိုင်သည်။ သားသမီးအပေါ် ထားသည့် မိဘ၏ မေတ္တာသည်ကား အံ့သြလောက်သည်။

သားသမီးတို့သည် မိဘတို့၏ အသည်းနှလုံးဖြစ်သည်၊ မိဘတို့၏နှလုံးသားကျန်းမာရေးကို သားလိမ္မာ သမီးလိမ္မာများကသာ ကုသပေးနိုင်သည်။ သားလိမ္မာ သမီးလိမ္မာတို့က အမေ အဖေကို နုပျိုစေသည်၊ အရွယ်တင်စေသည်၊ ကျန်းမာစေသည်၊ စိတ်ချမ်းသာစေသည်၊ ကိုယ်ကျန်းမာစေသည်။ အဝေကနေပဲ ဖြစ်ဖြစ် အဝေးကနေ ပြန်လာတာပဲ ဖြစ်ဖြစ် "အမေ နေကောင်းလား၊ အဖေနေကောင်းလား၊ ကျန်းမာရေးဂရုစိုက်နော်၊ မတတ်တာတွေ မစားပါနဲ့နော်" ဆိုတဲ့ သားသမီးတို့၏ နုတ်ခွန်းဆက်သတဲ့ အသံ၊ သားသမီးတို့၏ တတွတ်တွတ်မှာကြားသည့်အသံသည် မိဘများအတွက် အကောင်းဆုံး အားဆေးတစ်ခွက်ဖြစ်နေသည်ကို မမေ့သင့်ကြ။
ဒုတိယ
အမေနဲ့စကားတွေ အများကြီး ပြောပြီး ငယ်ငယ်လေးကထဲ စောင့်ရှောက် ထောက်ပံ့ခဲ့တဲ့ ရပ်ရွာက ကျေးဇူးရှင် ဆရာတော် (ရှစ်မျက်နှာဆရာတော်) ကို သွားကန်တော့သည်၊ မိမိဆရာသည်လည်း မိမိ၏ အမေနဲ့ အသက်အရွယ် သိပ်ကွာမည် မထင်၊ စာရေးသူ ကိုရင်ဘ၀တုန်းကး မြင်တွေ့ရသလို နုပျိုမှုတွေ မရှိတော့ပြီ၊ မျက်ခုံးမွှေးတွေ ဖြူကုန်ပြီ၊ ဆံပင်တွေလဲ တစ်ခေါင်းလုံးနီးပါး ဖြူဆွတ်လို့နေသည်၊ ကျန်းမာရေးလဲ အရင်ကလို မခိုင်တော့၊ ဆရာဘုန်းကြီးကို ကြည့်ပြီး အတွေးများစွာ ဖြစ်မိသည်၊ အချိန်တိုအတွင်းမှာပဲ ရုပ်တွေ ပြောင်းလွဲသွားသည်ဟု ထင်မိသည်၊ ပိုပြီး စိတ်မကောင်းဖြစ်သည်ကား အနားမှာ အားကိုး ယုံကြည်ရလောက်တဲ့ တပည့် မရှိခြင်းပဲ ဖြစ်သည်။

ဆရာဘုန်းကြီးက စာရေးသူ စာသင်တိုက်မှာ နေစဉ်ကလဲ စာမေးပွဲအောင်တိုင်း တစ်မျိုးမဟုတ် တစ်မျိုး ဆုချတတ်သည်၊ အစိုးရဓမ္မာစရိယဘွဲ့အောင်စဉ်က အထူးချီးမြှောက်ခဲ့သည်၊ စာရေးသူ ပြည်ပပညာတော်သင်သွားစဉ်ကလဲ သူနိုင်သလောက် ထောက်ပံ့လိုက်သေးသည်၊ ယခု ကျောင်းပြီးလို့ ပြန်လာတော့လည်း အထူးချီးမြှောက်ပြန်သည်၊ ဆရာသမား၏ မေတ္တာ စေတနာသည်ကား အံ့သြလောက်သည်။ ဆရာသမားတွေ ကောင်းသလောက် တပည့်တွေ ပြန်ကောင်းနိုင်ကြပါ့မလားဆိုပြီး တွေးကာ ရှက်စိတ်ဝင်မိသေးသည်။

တတိယ (ညီအကိုမောင်နှမ ဆွေးတော်မျိုးတော်များနဲ့ တွေ့ဆုံခြင်း)
တိုင်းတပါးကနေနှစ်အတန်ကြာမှ ပြန်လာသော အစ်ကို၊ မောင်၊ တူဖြစ်သူကို ကြိုဆိုနေကြတဲ့ ဆွေတော်မျိုးတော်တို့ရဲ့ အပြုံးပန်းသည်လည်း အလွန်ပီတိဖြစ်စရာ ကောင်းလှသည်။ ဒေါက်တာဘွဲ့ ရလာတယ်တဲ့ဆိုပြီး ရွာက စာဥတို့ သာအေးတို့ကလဲ ဂုဏ်ယူနေကြသည်၊ ဒို့ရွာက ဒေါက်တာတစ်ပါး ထွက်လာပြီတဲ့ဟု ရွာနီးချောက်ချက်တွေ လျှောက်ပြောသဖြင့်လဲ နေ့ချင်းညချင်း နာမည်ကြီးသွားသေးသည်။ သို့သော် သူတို့တစ်တွေ ဒေါက်တာဘွဲ့ဆိုတာကို သိပ်မသိကြ၊ ဆေးကုသတဲ့ ဆရာဝန်ကိုသာ ဒေါက်တာဟု သိထားကြသည်။

အစ်မဖြစ်သူက ရောက်ရောက်ချင်း စာရေးသူအား ကံထပ်အလှူလုပ်ပေးလိုက်တော့ အဝေးရောက် ဆွေးတော်မျိုးတော်တွေ ရောက်လာကြသည်။ စာရေးသူကို တခါမှ အထင်မကြီး၊ လှည့်တောင် မကြည့်ခဲ့ကြတဲ့ အမျိုးတွေတောင် လာကြသည်တဲ့၊ ရွာဘုရား ရွာသား မရိုသေဆိုတဲ့ သဘောကို စာရေးသူတို့ ကောင်းကောင်း သဘောပေါက်ထားသည်။ စာရေးသူက ဓမ္မာရုံထဲမှာ ဧည့်ခံစကားပြောနေစဉ် ရွာက ဒကာမတစ်ယောက်က "ဦးဇင်းက အခု ရန်ကုန်မှာ ဆေးကုသနေတာလား"တဲ့ စာရေးသူလဲ ကြိတ်ပြီး ရယ်လိုက်မိသေးသည်၊ အော် တောသူ တောင်သားတွေ အတော်ကို ဗဟုသုတ နဲရှာသကိုး၊ ကိုယ့်ရပ်ရွာက လူတွေ ကြည့်ပြီး သနားမိသည်၊ မြို့နဲ့ နီးကပ်နေပါလျှက်နဲ့ ဘာအသိပညာမှ မရှိကြ၊ စာဖတ်တတ်ရုံမျှသာ ရှိကြသည်၊ စာ မရေးတတ်ကြ၊ အတော့်ကို ၀မ်းနဲဖို့ကောင်း၏။ တကယ်တော့ သူတို့တစ်တွေ ကျောင်းမတက်နိုင်ခဲ့ကြပါ၊ ကျောင်းတက်ဖို့ ပိုက်ဆံမရှိ၊ အချိန်မရှိ၊ မွေးကထဲက သူတို့ရဲ့ အချိန်အားလုံးသည် ၀မ်းစာအတွက် ရှာနေကြရသည်၊ ကိုယ့်ပြည် ကိုယ့်ရွာရဲ့ ကြွယ်ဝမှုက ဤမျှသာဖြစ်သည်၊ ပြောပြန်ရင်လဲ အောင်မင်းလွန်ရာကြဦးမည်၊ နိုင်ငံရေးတွေ ပါလာတော့မည်၊ မပြောတော့ပြီ။

မြန်မာ့အင်တာနက်

မပြောတော့ဘူးဆိုပေမဲ့ ပြောတော့ ပြောလိုက်ဦးမယ်၊ စာရေးသူက အတွေ့အကြုံ ဗဟုသုတတွေ စာရေးချင်သည်၊ ကိုယ့်ရဲ့ နေ့စဉ်မှတ်တမ်းအဖြစ် ဘလော့ဂ်၊ ဖေ့ဘုတ်မှာ တင်ချင်သည်၊ သို့သော် တော်တော်ကို အသုံးမကျတဲ့ အင်တာနက် အမြန်နှုံးကြောင့် စိတ်ဓာတ်တွေကျမိသည်၊ အင်တာနက်ကို ဖွင့်ချင်စိတ်တောင်ပျက်မိသည်။

ဆရာတော်ကြီးက စာရေးသူအား ၀က်ဘဆိုက်တစ်ခု တည်ဆောက်ရန် ညွန်ကြားထားသည်၊ ယခုအခါ သီတဂူ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြုအဖွဲ့ရဲ့ လုပ်ငန်းစဉ်များကို ကမ္ဘာတလွှားမှ ဓမ္မမိတ်ဆွေတို့ ၀မ်းမြောက်စေရန် လွှင့်ထုတ်လိုသည်၊ မြန်မာ့အင်တာနက်ကုမ္ပဏီမှ ၀က်ဘဆိုက်ကို ၀ယ်ယူထားသည်၊ ပထမနှစ်အတွက် ၁၇,၉၉၀၀၀ (ဆယ်ခွန်နှစ်သိန်း ကိုးသောင်း ကိုးထောင်) ပေးဆောင်ရမည်၊ တစ်နှစ်တစ်ခါ နှစ်စဉ်ကြေးအဖြစ် ၁၂ သိန်းကျပ် ပေးဆောင်ရဦးမည်။ အဲဒါနဲ့တွဲဖက်အသုံးပြုရန်အတွက် အင်တာနက် ကောင်းကောင်းလိုသည်၊ ကုမ္ပဏီတစ်ခုနဲ့ ဆက်သွယ်ပြီး ဆွေးနွေးလိုက်တော့ မိမိတို့ မြောက်ဒဂုံ ဘေလီတံတားထိပ်ရှိ သီတဂူ အပြည်ပြည်ဆိုင်ရာ သာသနာပြု ဗိမာန်အရောက် ဖိုင်ဘာဆက်ရန်နှင့် တပ်ဆင်ပြီးအထိ သိန်း (၆၀)ကျပ်ကုန်ကျမည်တဲ့။ လစဉ်ကျေး ၂ မက် (2mbps)ကို အမေရိကန် ဒေါ်လာ ၈၅၀၊ ၁ မက်(1mbps) ကိုတော့ ၅၅၀ဟု ဆိုသည်။ စာရေးသူတို့က ၂ မက် (2mbps)ယူဖို့ စဉ်းစားထားသည်၊ အဲဒီလောက် ငွေးကြေးကုန်ခံပြီးပြီရင် အင်တာနက်လိုင်းတွေ ကောင်းရောလားဆိုတော့ မြန်မာနိုင်ငံမှာတော့ အကောင်းဆုံးတဲ့၊ ကောင်းတယ်သာပြောတာ အဲဒီဖိုင်ဘာနဲ့ သုံးနေတဲ့ ကုမ္ပဏီတစ်ခုကို သွားကြည့်တော့ သိပ်မထူးလှ၊ စိတ်ရှည်ပြီး သုံးရင်တော့ ရရုံလောက်ပဲ ဖြစ်မည်။ မဖြစ်မနေတော့ ၀ယ်ရလိမ့်ဦးမည်။

ဘုံဘေ (မွမ်ဘိုင်း) အိန္ဒိယမှာ စာရေးသူတို့ ယူဆာ ၂၀ သုံးတဲ့ အင်တာနက်သည် မူဗီများ တိုက်ရိုက်ကြည့်နိုင်သည်၊ အမြန်နှုံး အရမ်းကောင်းသဖြင့် စိတ်ချမ်းသာရသည်၊ အချိန်သက်သာသည်၊ ယူဆာတစ်ယောက် ၆ လမှ မြန်မာကျပ်ငွေ တစ်သောင်းခွဲမျှလောက်ပဲ ပေးရသည်။ မြန်မာပြည်မှာ အဲလောက် မြန်နှုံးထက်နိမ့်နေတာတောင် တစ်လ ခြောက် (၈) သိန်းကျပ်ပေးနေရသည်ကို နားမလည်တော့ပေ။ အဘယ့်ကြောင့် အင်တာနက်တွေ ဒီလောက်ညံ့ပြီး ဒီလောက် အဆမတန် ဈေးကြီးနေရသနည်း။

ရေးရင်းက ရွာအကြောင်း၊ အခုတော့ ရွာကနေ အင်တာနက်တွေ ကမ္ဘာကြီးအထိ ရောက်သွားသည်။ ဆယ်တန်းအောင်ပြီး၊ ဘွဲ့ရပြီး အလုပ်မရှိ၊ တောထဲမှာပဲ ယာလုပ်၊ မြေလုပ်၊ လက်သမားလုပ်၊ ပန်ရံလုပ်နေတဲ့ ညီငယ် ညီမငယ်များကိုလဲ အင်တာနက်သုံးတတ်အောင် သင်ကြဖို့ ရွာ တရားပွဲမှာလဲ ထည့်ဟောခဲ့သေးသည်၊ ခက်တာ အင်တာနက်မပြောနဲ့ ကွန်ပြူတာတောင် မြင်ဖူးကြသည့်မဟုတ်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၆-၉-၂၀၁၃

မနက်စောစော အင်တာနက်ဖွင့်ရတုန်း အပြေးအလွားတင်လိုက်ရသည်။

20 August 2013

အောင်မြင်သော ခရီးသည်





အောင်မြင်သော ခရီးသည်
 ဘ၀သောတံ ဘေ၀၀ါဟံ၊ တိဏ္ဏော ပါရင်္ဂတော အဟု။
ဧတေန သစ္စ၀စ္စေန၊ ဂမနံ မေ သမိဇ္ဈတု။

မြတ်ဗုဒ္ဓသည် ဘ၀သံသရာတည်းဟု ရေပင်လယ်ကြီးကို လွန်မြောက်တော်မူသည်။
ဤမှန်ကန်သော သစ္စာ စကားကြောင့် ယနေ့ ကျွနိုပ်သွားမည့် ခရီးစဉ်သည်လည်း အဆင်ပြေ ချောချောမွေ့ပါစေသတည်း။

မဟာကပ္ပိနမင်းကြီးနှင့် ဇနီးသည် မိဖုရား အနော်ဇာတို့ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်နှင့် သံဃာဂုဏ်တော်တို့ကို အာရုံပြု ပွားများ၍ မြစ်ကြီး သုံးစင်းကို ကျော်လွန်နိုင်ခဲ့ကြသည်။

ဤမှန်ကန်သော သစ္စာကြောင့် ဘုရား တရား သံဃာ ရတနာသုံးပါး ဂုဏ်တော်ကျေးဇူးများဖြင့် အိန္ဒိယမဟာသမုဒ္ဒရာကြီးကို ချောမွေ့စွာ ကျော်ဖြတ်နိုင်ပါစေသတည်း။

ဒီကနေ့ည စာရေးသူသည် ဘုံဘေလေဆိပ်မှ စထွက်မည်၊ နောက်တစ်နေ့ မနက် ဘန်ကောက်လေဆိပ်ရောက်၊ ထိုနေ့မှာပဲ ၉ နာရီ ရန်ကုန်လေဆိပ်ရောက်။

၆-၈-၂၀၁၃ နေ့က Ph.D  ကျမ်းတင်ခဲ့သည်။ ၁၉-၈-၂၀၁၃ နေ့က နှုတ်ဆက်ပွဲ  Ph.D မြန်မာ ကျောင်းသားများအား ဆွမ်းကပ်ခဲ့သည်။ ပြီးလုနီးပါးဖြစ်သော ပညာရေးခရီးသည် ဘ၀။

ဘ၀သံသရာခရီးသွားပြီး (ဂတဒ္ဓိက)သူများကို ကြည်ညိုရင်း ကျွန်ုပ်ရဲ့ လောကခရီးသည်လည်း ပြီးဆုံးတိုင် အောင်မြင်နိုင်ပါစေသတည်းးး

 သံသရာခရီးသည်တွေ ဘ၀ခရီးသည်တွေ လောကခရီးသည်တွေ အားလုံး မိမိတို့ရာ လိုရာ ခရီး ပြီးမြောက်အောင်မြင်နိုင်ကြပါစေကုန်သတည်းးးး

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၀-၈-၂၀၁၃

22 July 2013

နယူးဒေလီ (အိန္ဒိယ) ခရီးသွားမှတ်တမ်း

နယူးဒေလီ (အိန္ဒိယ) ခရီးသွားမှတ်တမ်း

စာမိတ်ဆက်
စာရေးသူလဲ ပတ်စပို့ကိစ္စဖြင့် နယူးဒေလီသို့ သွားဖြစ်ခဲ့။ အားလုံးအဆင်ပြေသည်။ အိန္ဒိယနိုင်ငံ နယူးဒေလီရှိ မြန်မာသံရုံးက တာဝန်ရှိသူများကို အထူးကျေးဇူးတင်ပါသည်။ စစ်သံရုံးက ဒကာ ဦးတိုးသိန်းကို ဆက်သွယ်ပြီး မြန်မာသံရုံးကို သွားနိုင်ခဲ့သည်၊ လပ်တလော တာဝန်ကျနေတဲ့ အမျိုးသမီးနှစ်ယောက်ကလဲ ချက်ချင်း အကူညီပေးသည်၊ ဒေလီရဲ့ ပူပြင်းလှတဲ့အချိန်မှာ ထိုအမျိုးသမီးနှစ်ယောက်ရဲ့ အဖျော်ရည်အေးအေးတစ်ခွက်နဲ့ ကာယကံမေတ္တာတွေကြောင့် အတွင်းပူ အပြင်ပူ အပူနှစ်ဝ အေးမြသွားလေရဲ့။

ထုံးစံအတိုင်း ရောက်တတ်ရာရာ မှတ်တမ်းရေးတတ်တဲ့ အကျင့်ရှိသည်အားလျှော်စွာ ဘုံဘေ+နယူးဒေလီ ခရီးစဉ်မှတ်တမ်းလေး ရေးမိသည်၊ ခရီးသွားများအတွက် ရာသီဥတု တည်းခိုစရာ၊ ကား ရထားများအကြောင်း သိထားသင့်စရာလေးတွေ စုစည်းထားသည်။ စာရေးသူတို့ ပတ်စပို့ကိစ္စလဲ အဆင်ပြေသဖြင့် ကတညူ ကတဝေဒီအတွက်လဲ မှတ်တမ်းရေးလိုသည်။
(Red Fort)
ကျေးဇူးတင်ပါတယ်
ရဟန်းဘ၀ဆိုတာ “ကျေးဇူးတင်ပါတယ်”ဆိုတာရယ်၊ မေတ္တာပို့ခြင်းစတဲ့ ကတညူ ကတဝေဒီဖြင့်ပဲ ကိုယ့်ဒကာ ဒကာမတွေကို ကျေးဇူးတုန့်ပြန်ရသည်။

မြတ်ဗုဒ္ဓ သက်တော်ထင်ရှားရှိစဉ်က ရဟန်းတော်တစ်ပါးက နေ့စဉ် သပဒါနိက ဓုတင်ခေါ်တဲ့ အိမ်စဉ်မကျော်ဘဲ ဆွမ်းခံအကျင့် ကျင့်လေ့ရှိသည်၊ ဘာသာကွဲပြားခြင်းမရှိဘဲ၊ ဆင်းရဲ ချမ်းသာ မရွေးဘဲ၊ လောင်းသည်ဖြစ်စေ မလောင်းသည်ဖြစ်စေ မစဉ်းစားဘဲ အိမ်တိုင်းမှာ ဆွမ်းရပ်သည်။ ထိုအထဲတွင် ဘာသာခြားအိမ်တွေလဲ ပါသည်၊ ထိုဘာသာခြားအိမ်တစ်အိမ်က နေ့စဉ် ရသည်လိုက်က “ရဟန်းစုတ်၊ ဂတုံးစုတ်” စသည်ဖြင့် ဆဲရေး၊ ကြိမ်းမောင်းခံခြင်းကိုသာ ရလိုက်သည်။ သို့သော် ထိုရဟန်းက သူ၏ အိမ်စဉ် ဆွမ်းခံအကျင့်တိုင်းပဲ နောက်နေ့လည်း ကြွပြန်သည်၊ ဒီနေ့တော့ ထိုဘာသာခြားအိမ်က ဘာစိတ်ကောင်း ၀င်လာသည် မသိ၊ ရှေးနေ့ရက်ကလို မဆဲတော့ဘဲ “ကန်တော့ဆွမ်းပါဘုရား”ဟု ပြောသတဲ့၊ ထိုအခါ ရဟန်းတော်က “သာဓု သာဓု သာဓု”ဟု ခေါ်လိုက်သည့်အခါ ထိုဘာသာခြားအိမ်ရှင်မှာတော့ အံ့အားသင့်နေသည်။

“အရှင်ဘုရားကို ကန်တော့ဆွမ်းပါလို့ ပြောတာ၊ ဘာမှလဲ မလောင်းလိုက်ဘဲနဲ့ အရှင်ဘုရားက ဘာလို့ သာဓုခေါ်တာလဲ”ဟု ထိုအိမ်ရှင်က မေးသောအခါ၊ “ဒကာတော်- အရင်ရက်တွေက ဒကာတော်ဆီက နေ့တိုင်း အဆဲခံရခြင်း၊ ခြိမ်းခြောက်အခံရခြင်းကိုသာ ရခဲ့တာ၊ ဒီနေ့တော့ အလွန်သိမ်မွေ့တဲ့ ကန်တော့ဆွမ်းပါဆိုတဲ့ စကားလေးတစ်ခွန်း ရလိုက်လို့ သာဓုခေါ်တာပါ”ဟု ရဟန်းတော်က ပြန်ပြောသတဲ့။


ဘာသာခြားအိမ်ရှင်လဲ “အော်--ကြည့်စမ်း၊ ဒီရဟန်းတွေ စကားချိုချိုလေးပဲ ရလိုက်တာကို ကျေးဇူးတင်မဆုံးဖြစ်နေလိုက်တာ၊ တကယ်လို့များ ငါသာ ဆွမ်းဟင်းများ လောင်းလှူလိုက်လျှင် ဘယ်လောက်များ ကျေးဇူးတင်လိုက်မလဲ”ဟု စိတ်ကူးဝင်လာကာ နေ့တိုင်း ဆွမ်းလောင်းတော့သည်တဲ့။

စာရေးသူတို့မှာတော့ ဒီကနေ့ မြန်မာသံရုံးက ရောက်ရောက်ခြင်း နွေးနွေးထွေးထွေး ကြိုဆိုမှု ရသည်၊ ရုံးခန်းနှင့် ထိုင်ရမည့်နေရာတွေအတွက် စီစဉ်ပေးသည်၊ တစ်ခါမှ မရောက်ဖူးသေးတဲ့ သူအတွက် စိတ်ထဲမှာ နွေးထွေးမှုရရှိလှသည်ဟု ခံစားမိသည်၊ သံရုံးဝန်ထမ်းများကလဲ အဆင်ပြေအောင် ဆောင်ရွက်ပေးခြင်းဖြင့် ကာယကံမေတ္တာ ရရှိသည်။ စာရေးသူတို့အတွက် ပတ်စပို့ကိစ္စ အဆင်မှပြေပါ့မလားဆိုတဲ့ အတွင်းပူ၊ ပူစပ် ပူကြပ်နေတဲ့ ဒေလီမြို့ အပြင်ပူတွေ နေ့ချင်းငြိမ်းသွားသည်၊ အေးမြခြင်းများကိုသာ ရရှိသဖြင့် ဒိထက် ကျေးဇူးတင်စရာကောင်းတာတောင် ဒီလောက် ကောင်းမည် မထင်။ စာရေးသူတို့မှာ အထက်က ဘုရားရှင်လက်ထက်က ရဟန်းတော်က ကျေးဇူးတင်တာထက် အဆပေါင်းများစွာ သံရုံးဝန်ထမ်းများကို ကျေးဇူးတင်သင့်လို့ ကျေးဇူး အများကြီး တင်ပါသည်။ တစ်ဇွန်းတည်းသော ဆွမ်းအတွက်နဲ့ ကျေးဇူးတရားကို သိ၊ ကျေးဇူးတရားကို ဆပ်တဲ့အနေနဲ့ အရှင်သာရိပုတ္တရာသည် ပုဏ္ဏားအိုကြီးတစ်ယောက်ကို လက်ခံ ရဟန်းပြုပေးခဲ့သည်။ “တစ်လုပ်စားဖူး သူကျေးဇူး”စကားပုံသည် အရှင်သာရိပုတ္တရာ၏ ပြောင်မြောက်သော ကျေးဇူးသိခြင်း၊ ဆပ်ခြင်းက ပေါ်ပေါက်လာခဲ့သည်၊ ကျေးဇူးတရားဆိုတာ မမေ့ကောင်းပါ။
(Qutub Minar) 
အိန္ဒိယမြို့တော်များ
စာရေးသူတို့လည်း ရောက်တဲ့နေ့မှာပဲ သံရုံးဝန်ထမ်းများ၏ ကျေးဇူးကြောင့် အားလုံး အဆင်ပြေသွားသဖြင့် စိတ်အေးလက်အေးနဲ့ နယူးဒေလီမြို့ထဲကို လျှောက်ကြည့်ဖြစ်ကြသည်။ အိန္ဒိယပြည်ကြီး၏ အစိုးရရုံးစိုက်ရာမြို့သည် နယူးဒေလီမြို့ဖြစ်သည်၊ စီးပွားရေးနှင့် လူဦးရေအထူထပ်ဆုံးမြို့တော်သည် ဘုံဘေ (မွမ်ဘိုင်း)မြို့ဖြစ်သည်၊ အဲဒီနောက်မှ ကာလကတ္တား၊ ချန်နိုင်းနှင့် ဟိုဒရာဘက်မြို့တို့ ဖြစ်သည်။
ဒီအချိန်ဒီရာသီက မိုးရာသီဖြစ်သည်၊ အိန္ဒိယတစ်ပြည်လုံး အပူရှိန်ကျရာ အချိန်ဖြစ်သည်။ ဘုံဘေကနေ နယူးဒေလီမြို့ကိုရောက်တော့ အောက်ပြည်အောက်ရွာကနေ အညာမြေဖြစ်တဲ့ မန္တလေးကို ရောက်ရသလို ခံစားမိသည်၊ ရာသီဥတု ခြောက်သွေ့သည်၊ မန္တလေးမြို့ထက် ပိုပူပါသည်၊ ဒီလိုချိန်မှာ အဲယားကွန်း၊ သို့မဟုတ် ကူလာ (cooler) မပါဘဲ နေလို့မဖြစ်၊ ဒီလိုအချိန်မှာ ဘုံဘေမြို့မှာ မပူ မအေး၊ နွေးထွေးသည့်အချိန်ဖြစ်သည်၊ ဆောင်းရာသီကဲ့သို့ အလွန်နေလို့ကောင်းတဲ့ ရာသီဖြစ်သည်၊ မိုးတောထဲက လာတဲ့ စာရေးသူတို့အဖို့ နယူးဒေလီမှာ ကြာကြာမနေနိုင်ခဲ့၊ ဘုံဘေကိုပဲ ပြန်ချင်နေသည်။ နယူးဒေလီမှာ ဆောင်းရာသီရောက်ပြန်လျှင်လဲ အပူပေးစက် (Heater) မပါဘဲ နေမဖြစ်ပေမဲ့ ဘုံဘေမှာက လွပ်လပ်ပေါ့ပါးစွာနေလို့ အကောင်းဆုံး အချိန်ဖြစ်သည်။ ကြီးကျယ်သည်မဟုတ်၊ တကယ်ပင် ဘုံဘေမှာ နေဖူးသူသည် နယူးဒေလီမြို့ကို နေနိုင်လိမ့်မည် မဟုတ်။

လမ်းတံတားများနှင့် မြို့အနေအထား
နယူးဒေလီမှာတော့ သစ်ပင်ကြီးတွေ သိပ်လှသည်၊ နိုင်ငံတကာ သံရုံးသွားတဲ့ လမ်းမှာဆိုရင် မန်ကျည်းပင်တန်း၊ တမာတန်း၊ ခရေပင်တန်း များဖြင့် မြန်မာပြည်ရဲ့ အညာမြေလို လှနေသည်။ ဘုံဘေမြို့ထဲမှာ ထိုကဲ့သို့ သစ်ပင်မျိုးမရှိ။

အဆောက်ဦးတွေသည် ဘုံဘေမြို့ကဲ့သို့ အမြင့် မရှိ၊ အများဆုံး ၅ ထပ်အဆောက်ဦးများသာ ဖြစ်သည်၊ တချို့နေရာလောက်သာ ဘုံဘေမြို့ကဲ့သို့ အမြင့်အဆောက်ဦးများတွေ့ရသည်၊ ရုံးစိုက်ရာ မြို့တော်ဖြစ်လို့ တိုက်အမြင့်ကြီးများ ဆောက်ခွင့်မပြုဟု ထင်ရသည်၊ ဘုံဘေမှာတော့ မြို့ထဲဝင်လိုက်တာနဲ့ နေရာတိုင်းမှာ ထပ်ပေါင်းများစွာသော အဆောက်ဦးများတွေ့ရမည်၊ အဆောက်ဦး အမြင့်တွေ များသောကြောင့် နယူဒေလီကဲ့သို့ လမ်းတွေမှာ ကောင်းကင်ရဲ့ အလင်းရောင်အား မကောင်း။

နယူးဒေလီမြို့နေရာ အများစုလမ်းတွေသည် ကတ္တရာလမ်းတို့ဖြင့် သေသေသပ်သပ်ရှိသည်၊ ကွေ့ကောက်၊ လိမ်ပတ်နေတဲ့ လမ်းတံတားတွေလဲ လှလှပပတွေ့ရသည်၊ ဘုံဘေမြို့နေရာ အများစုကတော့ ကွန်ကရစ်လမ်းများသာဖြစ်သည်။ လူဦးရေသိပ်သည်းမှု၊ လမ်းတံတားတွေ ကားကြပ်မှုတို့သည် ဘုံဘေမြို့လောက် မရှိသဖြင့် ပိုသန့်သည်ဟု ဆိုရပေမဲ့ ကမ္ဘာ့ အညစ်ပတ်ဆုံး ၁၀ နိုင်ငံက မြို့တော်တွေထဲမှာ နယူးဒေလီပါသည်။ အိန္ဒိယမှာတော့ အသန့်ရှင်းဆုံးနေရာလို့ ပြောလို့ရသည်။

လူနေမှုအဆင့်အတန်း
နယူးဒေလီမြို့သည် လူနေမှုအဆင့်အတန်းအရ ဘုံဘေမြို့နေ လူနေမှု အဆင့်အတန်းနှင့် သိပ်မကွာလှ၊ တက္ကသိုလ်တစ်ဝိုက်မှာတော့ လူငယ်တွေ အတော်များများက ရုပ်ရည်သန့်သည်၊ အဖြူရောင် အသားရည်ရှိသူ များသည်၊ ထိုအနေထားသည် ဘုံဘေမြို့နေသူများနှင့် တူသည်၊ မတူသည်က မျက်နှာပေါက်၊ မျက်နှာပေါက် အနေထား သိပ်မတူဟု ထင်မိသည်၊ နယူးဒေလီရှိ သူတွေမှာ အဖြူရောင်တွေ များပေမဲ့ အများစုက မျက်နှာချွန်သည်၊ ကိုယ်လုံးကိုယ်ပေါက် သိပ်မထွား၊ ဘုံဘေရှိသူများကတော့ မာရတီလူမျိုးများစု ဖြစ်သဖြင့် မျက်နှာအနေအထား ပြည့်သည်၊ အများစုက ခန္ဓာကိုယ် ထွားကြိုင်းသည်။
ရာသီဥတု အနေအထား ကွာခြားသဖြင့် လူနေမှုပုံစံလဲ မတူလှ၊ အိန္ဒိယပြည်၏ အများဆုံးနေရာတွေသည် အပူပိုင်းများဖြစ်သည်၊ အပူပိုင်းနေသူတို့၏ စတိုင်လ်က သိပ်မကွာလှ၊ မြို့နေ တောနေ အဆင့်သာ ကွားခြားကြမည်။ သို့သော် ဘုံဘေမြို့သည် အိန္ဒိယပြည်၏ သီးခြားနိုင်ငံတစ်ခု ဖြစ်နေသလို ပုံစံ စတိုင်လ်ကလဲ သီးခြားဖြစ်နေသည်ကို တွေ့ရသည်။

ယဉ်ရထားနှင့် ကား
နယူးဒေလီမြို့မှာ နယူးဒေလီ ဘူတာကြီးသည် ကြီးကျယ်သည်၊ မန္တလေးဘူတာကြီးထက် ကြီးသော အဆောက်ဦးအသစ်ရှိသည်၊ စင်္ကြံလမ်း ၁၆ ခုထိရှိသည်။ အိန္ဒိယ ရထားများထုံးစံအတိုင်း တစ်စီးကို အတွဲပေါင်း ၃၀ အနဲဆုံးရှိသည်။ စင်္ကြံလမ်းအတိုင်း ကိုယ်စီးမည့် အတွဲနေရာအထိ ရောက်ဖို့ တော်တော်လေး သွားရသည်။ ထို့ကြောင့် အိန္ဒိယရထားများစီးလျှင် ကြိုတင်သွားရဖို့လိုသည်၊ မြို့တိုင်း နေရာတိုင်းမှာ အထူးသဖြင့် ဘုံဘေလို၊ ဒေလီလို မြို့ကြီးတွေမှာ ယာဉ်ကြောများ ပိတ်ဆို့မှုကြောင့် ကိုယ်သွားမည့်နေရာ ကြိုတင်အချိန်ပို တွက်ယူထားရသည်။ အိန္ဒိယပြည်ကြီး၏ ကုန်းလမ်းပို့ဆောင်ရေးမှာ ရထားသည် အရေးပါဆုံးဖြစ်သည်။ အများစုသည် တစ်ညအိပ်ခရီးများအတွက် ရထားပဲ အစီးများသည်၊ ရထားလက်မှတ်ဖြတ်ရာမှာလဲ အင်တာနက်ကနေ ၀ယ်လို့ရသလို၊ ဘူတာမှာ သွားတန်းစီရင်လဲ ရသည်၊ များသောအားဖြင့် တစ်လလောက်ကြိုပြီး လက်မှတ်ဝယ်ထားမှ ရသည်၊ ကပ်ဝယ်လို့ မရ၊ အကယ်၍ ကိုယ်မလိုက်ဖြစ်၍ ထိုခရီးကို ဖျက်လိုပါက ရထားထွက်ပြီး တစ်နာရီအကြာထိ လက်မှတ် ပြန်ရောင်းလို့ရသည်။ သို့မဟုတ် တစ်ရက်ကြို မနက်ပိုင်း Tatkal (တတ်ကယ်လ်) လက်မှတ်ဝယ်လို့ရသည်၊ ထိုလက်မှတ်ကို အင်တာနက်၊ သို့မဟုတ် ဘူတာ၊ သို့မဟုတ် အေးဂျင့်တို့မှာ ရနိုင်သည်၊ အင်တာနက်နှင့် ဘူတာကနေ ၀ယ်လျှင် ပုံမှန်ဈေး ဖြစ်ပေမဲ့ အေးဂျင့်ကနေ ၀ယ်လျှင်တော့ ၀န်ဆောင်မှုအတွက် ပေးရသည်၊ ထို Tatkal လက်မှတ်သည် ပုံမှန်လက်မှတ်လို ပြန်ရောင်းမရ။

အိန္ဒိယပြည်ကြီးသည် အလွန်ကျယ်ဝန်းသည် ဖြစ်ရကား နေရာအနှံ့အပြား လည်ပတ်လိုပါက ရထားစီးတတ်လျှင် ပိုသက်သာသည်၊ ပိုအဆင်ပြေသည်၊ မြို့ကြီးများတွင် အိန္ဒိယရထားများသည် အဝေးပြေးနှင့် မြို့တွင်းပြေး နှစ်မျိုးရှိသည်။ အိန္ဒိယပြည် တစ်ပြည်လုံး ရထားလမ်းများဖြင့် ကွန်ယတ် ချိတ်ဆက်ထားသဖြင့် နေရာတိုင်းမှာ ရထားရှိသည်။ မြို့တွင်းမှာလဲ ၀န်ထမ်း၊ ကျောင်းသား ကျောင်းသူအားလုံးက ရထားပဲ စီးကြသည်။ သို့သော် မြို့တွင်းရထားများသည် အလွန်ပြည့်သိပ်ကြပ်နေသဖြင့် ပစ္စည်းများကို ဂရုစိုက်ရပါသည်။ ဘုံဘေမှာတော့ ခါးပိုက်နှိက် သိပ်မရှိပေမဲ့ ဒေလီမှာတော့ ခါးပိုက်နှိက် ပေါသည်။ အမျိုးသမီးများအတွက်ကတော့ သီးသန့်တွဲ စီမံထားသဖြင့် သိပ်ပြီး တိုးဝှေ့မစီးရ။

အိန္ဒိပြည်မှာ ရာဇဓာနီရထားသည် အထူးရထားဟူ၍ ဆိုသည်၊ ဈေးလည်း တခြားရထားတွေထွက် ပိုကြီးသည်၊ စားစာရာ ၀န်ဆောင်မှုကောင်းသဖြင့် စားစရိတ်သက်သာမည့်အပြင် အချိန်ပါသက်သာသွားသည်။ စာရေးသူတို့သည် နယူးဒေလီအသွား ရိုးရိုးအမြန်ရထားနဲ့ သွားသည်၊ ရူပီး ၁၇၅၀ ပေးရသည်၊ အေးဂျင့်ခမပါ၊ ကိုယ့်ဘာသာ ဘူတာသွားဖြတ်သည်။ ဘုံဘေကနေ ည ၁၁-၄၅ ထွက်သော ရထားသည် ၂ ညအိပ်ပြီးမှ နောက်နေ့မနက် ၆ နာရီလောက်မှ နယူးဒေလီမြို့ထဲဝင်သည်။ နာရီပေါင်း (၂၈) ကြာသည်။ စားစရာကို ထိုရထားက ၀န်ဆောင်မှုမပေးသဖြင့် ၂ ရက်စာ စားစရိတ်ကုန်မည်။ အပြန်မှာတော့ ရာဇဓာနီ ရထားလက်မှတ်ဝယ်သည်၊ အေးဂျင့်ကနေ ၀ယ်သဖြင့် ၀န်ဆောင်ခ ၃၅၀ရူပီး ပေးရသည်၊ စုစုပေါင်း ထိုရထားခ ၂၅၀၀ ရူပီး နီးပါးကျသည်။ ကိုယ့်ဘာသာ ရထားဘူတာမှာ သွားဝယ်ရင်တော့ ၃၅၀ ရူပီးသက်သာမည်။ ရေ-ကော်ဖီ-အချိုပွဲ-ညစာ- မနက်စာ စားစရိတ်ကို ၀န်ဆောင်ပေးသည့်အပြင် သန့်ရှင်းမှုလဲရှိသည်။ ညနေ ၄-၃၀ ကထွက်လာသည်၊ တစ်ညအိပ်ပြီး နောက်နေ့မနက် ၈-၃၀ မှာ ဘုံဘေရောက်သည်၊ နာရီပေါင်း ၁၆ နာရီပဲ ကြာမည်ဟု လက်မှတ်မှာ ရေးထားသည်။ ၂၈ နာရီနဲ့ ၁၆ နာရီ အချိန်အရမ်းကွာသွားသည်။ နယူးဒေလီနဲ့ ဘုံဘေ မိုင်ပေါင် ၇၀၀ကျော် ၈၀၀ နီးပါးကို လမ်းခုလပ် ၄ ဘူတာပဲ ရပ်ခဲ့သည် အတွက် အချိန်သက်သာသွားသည်။ ရိုးရိုးအမြန်ရထားများက ဘူတာပေါင်း ၂၀ နီးပါးလောက်ရပ်သည်။ ထူးခြားတာ တစ်ခုက ရာဇဓာနီအထူးအမြန်ရထားသည် အားလုံး အေစီတွဲတွေပဲ ပါသည်၊ ရိုးရိုးအိပ်စင်များမပါ။ အိန္ဒိယပြည် အလည်လာသူများအတွက် ရထားအကြောင်း သိကောင်းစရာ မှတ်တမ်းတစ်ခုဖြစ်သည်၊ ဗုဒ္ဓဂယာ ဘုရားဖူးဇုန်နေရာလောက်ကိုသာ ရောက်လိုသူများအတွက်တော့ မလိုအပ်ပါ။

ဟိုတယ်-တည်းခိုခန်းများ
အိန္ဒိယမြို့ကြီးတွေမှာ ကမ္ဘာ့အဆင့်မှီ ကြယ်ငါးပွင့်တို့လို ဟိုတယ်တွေ များစွာရှိသည်။ ဈေးအမျိုးမျိုးရှိသည်၊ စာရေးသူလဲ သီတဂူဆရာတော်ကြီး အမှီပြုပြီး ဖိုက်စတား ဟိုတယ်များလဲ တည်းဖူးသည်၊ ကိုယ့်ဘာသာ ဈေးပေါပေါ တည်ခိုခန်းများမှာလဲ အတွေ့ကြုံရှိဖူးသည်။ ဘုံဘေမှာ ဟိုတယ်ဇုန်အနေနဲ့ မြို့ရဲ့ အချက်အချာကျသည့် ပင်လယ်ကမ်းခြေ နေရာမှာ ဟိုတယ်ဈေးအမျိုးမျိုးရှိသည်။ စာရေးသူတို့ကောလိပ်နဲ့ နီးတဲ့ နေရာတွေမှာလဲ သာမန်ဟိုတယ်တွေရှိသည်၊ ဈေး အလွန်မကြီးလှ၊ တစ်ည မြန်မာငွေ ကျပ် ၅ သောင်းဝန်းကျင်ရှိသည်။ ကမ်းခြေက မြို့လည်က ဟိုတယ်တွေကတော့ တစ်ခန်း တစ်ည အမေရိကန်ဒေါ်လာ ၁၀၀ ကနေ ၁၀၀၀ (တစ်ထောင်) ၀န်းကျင်အထိရှိနေသည်။ နယူးဒေလီမှာလဲ ထို့အတူပင်။ စာရေးသူတို့ကတော့ ဈေးအသက်သာဆုံး နေရာကို ရှာရသည်၊ ထိုနေရာသည် တိဘက်တန်တွေ နေရာဖြစ်သည်။ တိဘက်တွေအတွက် နေရာမှာ တိဘက်ပိုင်တည်းခိုးခန်းများစွာရှိသည်၊ ဈေးမကြီးလှ၊ နေရာလဲ လုံခြုံမှုရှိသည်၊ အစားအစာလဲ တရုပ်အမျိုးနွယ်များဖြစ်သဖြင့် မြန်မာပါးစပ်နဲ့ အဆင်ပြေသည်၊ တိဘက်တန်ဈေးတန်းရှိသဖြင့် လိုချင်တာ အကုန်ရသည်၊ စားသောက်ဆိုင်၊ အလှကုန်ဆိုင်၊ အထည်ဆိုင်၊ ခရီးသွားအေးဂျင့်၊ ငွေလဲကောင်တာ အကုန်ရှိသဖြင့် ထိုနေရာသည် စာရေးသူတို့အတွက် အလွန်အဆင်ပြေသည်။ နယူးဒေလီ တက္ကသိုလ်နဲ့လဲ နီးသည်၊ ထိုနေရာကား တိဘက်တန် ကိုလိုနီ (Aruna Nagar Tibatan Colony)ဟု ခေါ်သည်။

နယူးဒေလီမြို့ကို လည်ပတ်စရာဆိုလို့ နာမည်ကြီး လက်မှုအနုပညာ အလွန်လှပတဲ့ ဟိန္ဒူဘုရားကျောင်း Akash dhan, Red Fort, Qutub Minar, Lotus-Temple, စတာတွေ အပြင် အနီးအနားမှာ ရှိသော အသောကမင်းကြီးတည်ထားသော ဆန်ချီစေတီတော်ကြီးကိုလည်း သွားရောက် ဖူးနိုင်သည်။ မြတ်ဗုဒ္ဓ မဟာသတိပဋ္ဌာန်ဟောရာ ကမ္မာသဓမ္မရွာသည်လည်း ဒေလီမြို့စွန်မှာ တည်ရှိသည်ဟုလည်း သိရသည်။

နယူးဒေလီကို ရောက်ဖို့ အကြောင်းပါလာရင် ဈေးလည်းသက်သာ အစားအစာလည်းအဆင်ပြေ၊ သွားဖို့လာဖို့လဲ ကားတွေက အဆင်သင့်ကြိုက်သူများအတွက် တိဘက်တန် ကိုလိုနီ (Aruna Nagar Tibatan Colony)နေရာလေးကို သတိရလိုက်ပါ။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၁-၇-၂၀၁၃

01 November 2012

Ph.D သိမ်

Ph.D သိမ် (သို့) ခရီးသွားမှတ်တမ်း

စာမိတ်ဆက်

ရှေးကတော့ ရဟန္တာများ သမုတ်တဲ့ သိမ်ကို ရဟန္တာသိမ်ဟု ခေါ်သည်၊ ရဟန္တာ အရှင်မြတ် အရှင်အရဟံ သမုတ်တဲ့ သိမ်ကို အရှင်အရဟံ သိမ်ဟု ခေါ်သည်၊ ဘုရားရှင်၏ အရဟံဂုဏ်တော်ကို ဂုဏ်ပြု၍ အရဟံသိမ်ဟုလဲ အမည်ပေးကြသည်။ စာရေးသူနေခဲ့တဲ့ မဟာဂန္ဓာရုံကျောင်းတိုက်မှာတော့ ပွဲကုန်းရပ်က ဆောက်လုပ်လှူဒါန်းလို့ ပွဲကုန်းသိမ်ဟု အမည်တွင်သလို မိုးကုတ်မြို့က လှူဒါန်းသော သိမ်ကိုတော့ မိုးကုတ်သိမ်ဟု ခေါ်ခဲ့ကြသည်။ ယနေ့တော့ Ph.D ကျောင်းသား ရဟန်းတော်များ သမုတ်ခဲ့လို့ Ph.D သိမ်လို့တောင် အမည်ပေးရတော့မလို ဖြစ်သည်။

ဘုံဘေမြို့ စောမယကောလိပ်ရှိ၊ စာရေးသူတို့အဖွဲ့သည် ၂၆-၁၀-၂၀၁၂ သောကြာနေ့ည သိမ်နုတ် သိမ်သမုတ်ခြင်း၊ ရဟန်းခံပေးခြင်း စတဲ့ သံဃာ့ကံကိစ္စနဲ့ နာဂပူမြို့သို့ ဒုတိယအကြိမ်ရောက်ခဲ့ပြန်သည်။ စာရေးသူကိုယ်တိုင်ကလဲ ထိုနာဂပူမြို့သို့ရောက်ခဲ့ပြီး ၁၂ ရက်တိုင်တိုင် နေခဲ့ပြီးသည်၊ “ကမ္ဘာ့အကြီးကျယ်ဆုံး ဘာသာရေးပြောင်းပွဲကြီး” ဆိုတဲ့ပို့စ်ဖြင့် ထိုဒေသအကြောင်း ရေးခဲ့ပြီးသည်။ စာရေးသူမှာလဲ supervisor နဲ့ စာရေးလိုက် စာပြလိုက် စာပြင်လိုက် အလုပ်များနေတဲ့ကြားက ထိုဒေသသို့ ရောက်ဖူးပေမဲ့ သံဃာ့ကံကိစ္စကြောင့် မဖြစ်မနေ လိုက်သွားခဲ့ရသည်။ အကျိုးများစွာလည်းရှိပါသည်။
 
(ထီးတော်တင်လှူပွဲ) 
(ထီးတော်တင်လှူရန် ထီးတော်အဆင့်ဆင့်များ ပင့်ဆောင်ခြင်း)
သာသနာအတွက် အရေးပါသည့်သိမ်
သိမ်ဆိုတာကတော့ သိတဲ့အတိုင်းပဲ သံဃာ့အရေးမှာ အရေးပါဆုံးဖြစ်သည်။ သူမရှိရင် မဖြစ် ဖြစ်နေသည်။ ထိုသိမ်ကပဲ ရဟန်းအဖြစ်ကို မွေးထုတ်ပေးနိုင်သည်၊ ထိုသိမ်မရှိက ရဟန်းဖြစ်ဖို့မလွယ်၊ ဒေါက်တာအမ်ဘေဒကာကြောင့် ဗုဒ္ဓဘာသာ အသက်ပြန်လည်ရှင်သန်လာသော နာဂပူမြို့မှာ သိမ်မရှိတဲ့အတွက် ရဟန်းတစ်ပါးဖြစ်ဖို့ရာ အလွန်ခက်ခဲနေသည်၊ လူဆိုတာ ခက်ခဲရင် ဘာမှ မလုပ်ချင်ကြ၊ အလွယ်တကူဖြစ်မှသာ လုပ်ချင်ကြသည်၊ အလွယ်ကို သိပ်ကြိုက်ကြသည်။ အထူးသဖြင့် ဘာသာရေးလို ကိစ္စမျိုးတွေမှာဆို ပိုလို့တောင် ဆိုးသေးသည်။ ဘုန်းကြီးကျောင်းကိုတောင် အနီးအနားမှာ အလွယ်တကူရှိမှ သွားချင်ကြသည်၊ ခက်ခဲရင် မရောက်ဖြစ်တော့၊ ဝေးနေရင် နှစ်ခေါက် သုံးခေါက်ရောက်ရမည့်အစား တစ်ခေါက်ပဲ ရောက်ဖြစ်တော့သည်။ အလားတူပဲ သိမ်အခက်ခဲကြောင့် သိမ်ရှိတဲ့ အလွန်ဝေးလံလှတဲ့ နေရာမှာ သွားပြီး ရဟန်းပြုဖို့ဆိုတာ သာမန် စိတ်ဓာတ်၊ သဒ္ဓါတရား ၀ိရိယတို့ဖြင့် မလွယ်ကူ။ ထိုဒေသမှာ သိမ်အလွယ်တကူ ရှိနေရင် အရင် တစ်ပါးကနေ နှစ်ပါး သုံးပါး အထိ တိုးလာနိုင်သည်။ ယနေ့ စာရေးသူတို့အဖွဲ့က သွားရောက်ပြီး သိမ်ကိစ္စကို စနစ်တကျ ဆောင်ရွက်ပေးလိုက်ခြင်းကြောင့် သာသနာအတွက် များစွာအထောက်ကူပြုသည်ဟု ဆိုနိုင်သည်။ ယခင်က ရဟန်းတစ်ပါး ဖြစ်ချင်ရင် ရထားဖြင့် တစ်ညအိပ် ခရီးသွားရတဲ့ ဗုဒ္ဓဂယာဘက်ထိ သွားပြီး ရဟန်းပြုကြရသည်။ အခုဆိုရင် အဲဒီအခက်အခဲကို စာရေးသူတို့အဖွဲ့က ဖြေရှင်းပေးလိုက်သည်။

ဘာမှ မသိရှာ သနားစရာ

တကယ်တော့ ထိုဒေသရှိ ဗုဒ္ဓဘာသာဝင်များသည် ရဟန်းတစ်ပါး ဖူးမြင်ရဖို့ အလွန်ခက်ခဲသလို ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး ဘာမှ မသိရှာ၊ သိမ်အကြောင်း၊ ရဟန်းခံခြင်း၊ ကထိန်ခင်းခြင်း စတဲ့ ကံကြီးကံငယ်အကြောင်း သိဖို့ အတော်ကို ဝေးနေသည်။ ထိုဒေသမှာ လူဝတ်ကြောင် မပြောနဲ့ အိန္ဒိယဘုန်းကြီးတွေတောင် ယခုကဲ့ သိမ်နုတ်ခြင်း၊ သိမ်သမုတ်ခြင်းကို မြင်ဖူးမည် မထင်။ စာရေးသူတို့အဖွဲ့က သိမ်နုတ်ရန် အကွက်ရိုက်ခြင်း၊ သိမ်နုတ်ကမ္မ၀ါဆောင်ခြင်၊ သိမ်းနိမိတ်ကြားခြင်း၊ သိမ်သမုတ်ကမ္မ၀ါဆောင်ခြင်းကိစ္စများကို မြန်မာပြည်က လုပ်ရိုးလုပ်နည်းအတိုင်း စနစ်တကျ ဆောင်ရွက်ပေးလိုက်သဖြင့် သူတို့တတွေ အံ့သြ ၀မ်းသာ ပီတိ ဖြစ်နေကြသည်။ မြန်မာပြည်က အတိုင်းပဲ သိမ်ဆင်းပွဲတွေ ကျင်းပပေးလိုက်သည်၊ နောက်နေ့ အိန္ဒိယကျောင်းသားတစ်ယောက်အား ထိုသိမ်အသစ်မှာပဲ ပထမဆုံးအကြိမ် ရဟန်းခံပေးလိုက်သည်။ တစ်ချိန်တည်း တစ်နေရာတည်းမှာပဲ သိမ်နုတ်၊ သိမ်သမုတ်၊ ရဟန်းခံခြင်း ကံဆောင်မင်္ဂလာကို ချပြပေးလိုက်ခြင်းဖြင့် ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး ဘာမှ မသိသေးတဲ့ ထိုဒေသရှိ သာသနာအတွက် များစွာ အားရစရာ ဖြစ်ရသည်။ ထိုသိမ်သမုတ်ပွဲနဲ့ ရဟန်းခံပွဲတွေမှာ နာဂပူက အကြီးဆုံး ဆရာတော်ကြီး (သံဃာ့နာယက) နှစ်ပါးလဲကြွလာသည်၊ စာရေးသူတို့အဖွဲ့ သွားရောက် ကန်တော့ကြသည်။ ဆရာတော်ကြီးများလဲ အားရ ကျေနပ်တော်မူကြသည်၊ မြန်မာရဟန်းတော်တွေ အလွန်နှုညံ့သိမ်မွေ့ကြတယ်၊ တော်လည်းတော်ကြတယ်ဟု အမိန့်ရှိသည်။ ကျောင်းထိုင်ဆရာတော်ကဆို တအားဝမ်းသာနေသည်၊ အရှင်ဘုရားများကို အရမ်းကျေးဇူးတင်တယ်ဘုရား၊ တပည့်တော်တစ်ပါးတည်းဆို ဘာမှ မလုပ်တတ်ဘူး၊ အရှင်ဘုရားများ ကျေးဇူးကြောင့် အကောင်းဆုံးနဲ့ အအောင်မြင်ဆုံးဖြစ်သွားတယ်ဘုရား၊ အဲဒီနေ့က အိန္ဒိယ ရုပ်သံကလဲ တိုက်ရိုက်ထုတ်လွင့်သည်။ ထိုနာဂပူမြို့၊ သာရိပုတ္တဗုဒ္ဓ၀ိဟာရကျောင်းရှိ သိမ်တော်ကို အိန္ဒိယနိုင်ငံ၊ ဘုံဘေမြို့ စောမယကောလိပ်ရှိ မြန်မာရဟန်းတော် Ph.D ကျောင်းသားများချည်း သမုတ်ခဲ့လို့ Ph.D သိမ်လို့ ဆိုချင်အံ့။
(မြန်မာနိုင်ငံမှ လှူဒါန်းလိုက်သော စိန်ဖူးတော်နှင့် ထီးတော်များ ပင့်ဆောင်လာစဉ်)
မြန်မာဆန်တဲ့ ဘုရားထီးတင်ပွဲ
စာရေးသူတို့ မြန်မာနိုင်ငံမှာတော့ နေရာအနံ့အပြားမှာ ဘုရားထီးတော်တင်ပွဲတွေ တွေ့နေရသည်၊ ထိုအတွက် ဗုဒ္ဓဘာသာနိုင်ငံတွေ အတွက် အထူးအဆန်းကား မဟုတ်တော့၊ သို့သော်လည်း ဗုဒ္ဓဘာသာနဲ့ဆိုင်ရာ ယဉ်ကျေးမှု လုံးဝနည်းပါး ပျောက်ကွယ်သွားသော အိန္ဒိယလို နေရာမျိုးမှာကတော့ အထူးအဆန်းဖြစ်လိမ့်မည်။ သိမ်ကိစ္စနဲ့ ရဟန်းခံပေးခြင်း ကိစ္စပြီး နောက်နေ့မနက် ၂၉ ရက်နေ့မှာတော့ ထိုမြို့ ထိုကျောင်းသုံထပ်ရှိ ခေါင်မိုးအပေါ်မှာ တည်ထားတဲ့ စေတီတော်ကို ထီး စိန်ဖူး၊ ငှက်မြက်နား စသည်များကို တင်လှူပူဇော်ပွဲ ဖြစ်သည်။ စေတီပုထိုးတောင် ကောင်းကောင်း မမြင်ဖူးတဲ့ ထိုဒေသရှိ ဗုဒ္ဓဘာသာဝင်တွေအတွက် ထီးတော်တင်လှူပွဲကား အံ့သြ ၀မ်းသာစရာ ဖြစ်သည်။ တကယ်တော့ သူတို့တတွေသည် စေတနာ သဒ္ဓါတရား မညံ့ကြပါ၊ ဘာလုပ်ရမလဲ ဘယ်လိုလုပ်ရမလဲ ဆိုတာကိုတော့ အသိပညာ ဗဟုသုတ အလွန်နည်းပါးကြသည်။ ဒီနေ့တော့ မြန်မာမှု မြန်မာဟန်ဖြင့် ထိုစေတီ ထီးတင်ပူဇော်ပွဲကို ခန်းခန်းနားနား အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့သည်အတွက် သမိုင်းမှတ်တိုင် တစ်ခုဖြစ်ခဲ့သည်။

မြန်မာ့ဟန်နဲ့ နာဂပူ

ဘုရားထီးတင်ပူဇော်ရာဝယ် ထီးတော်များ ပင့်ဆောင်ခြင်း၊ လှည့်လှည်ပူဇော်ခြင်း၊ ရွှေမိုးငွေမိုးများရွာသွန်းခြင်း စတဲ့ မြန်မာမှုမြန်မာ့ဟန်များကို အိန္ဒိယနိုင်ငံ နာဂပူမြို့မှာ ပြသနိုင်ခဲ့သဖြင့် မြန်မာနှင့်ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာနှင့်မြန်မာဟု တွဲမြင်စေခဲ့သည်။ စာရေးသူတို့အဖွဲ့အား လိုလေးသေးမရှိအောင် ကျောင်းထိုင်ဘုန်းကြီးက စောင့်ရှောက်သည်၊ ရပ်ကွက်ရှိ ဒကာဒကာမများကလဲ အလှည့်ကျ ဆွမ်းကပ်ကြသဖြင့် တာဝန်ကျေကြသည်။ အိန္ဒိယပြည်တွင် အများစုက သက်သက်လွတ်စားကြသည်၊ အသားဟင်းများဖြင့် မစားတတ်ကြ၊ ထိုသက်သက်လွတ်ဝါဒသည် မြန်မာပြည်အထိ လွမ်းမိုးလာခဲ့သည်။ သက်သက်လွတ်စားလျှင် ကုသိုလ်ရသည်ဟု ထင်တတ်ကြသည်၊ သတွာတွေ အပေါ် မေတ္တာ ကရုဏာကြောင့် သက်သက်လွတ်စားနေတာ ကောင်းပေမဲ့ ထိုသက်သက်လွတ် အစားအစားအပေါ် ရသတဏှာ ၀င်နေခြင်းက ဘုရားအလိုတော်ကျ မဟုတ်။ ဘုရားရှင်က မစားကောင်းသော အသားကြီး ၁၀ မျိုးကလွဲရင် ကျန်သော အသားဟင်းများကို မိမိအတွက် ရည်စူး၍ သတ်ဖြတ်သည်ဟူသော မြင်ခြင်း ကြားခြင်း၊ ယုံမားသံသယဖြစ်ခြင်း စတဲ့ အစွန်သုံးပါးက လွတ်နေလျှင် စားကောင်းသည်ဟု ဟောခဲ့။ အသားဟင်းစားနေပေမဲ့ ထိုအစားအစာအပေါ် ဆင်ခြင်စားနေပါက ထိုထိုသက်သက်လွတ်သမားထက် ပိုကုသိုလ်ရသည်။ အိန္ဒိယသက်သက်လွတ်သမားများသည် ထိုကဲ့သို့ကား မသိ၊ သူ့ရိုးရာအရ သက်သက်လွတ်စားနေကြပေမဲ့ မြန်မာရဟန်းတော်များ အတွက် ကုလားအစားအစာ အနံ့ နဲနိုင်သမျှ နဲအောင် စီမံပြီး အသားဟင်းများကိုလဲ အထူးစီမံပေးသည်။
 
(သိမ်နုတ်၊ သိမ်သမုတ် အခမ်းအနားတွင် နာဂပူသံဃာ့နာယက ဆရာတော်ကြီးများအား ရိုသေပေးခြင်း)

ရပ်ကွက်ထဲက အိမ်တက်မင်္ဂလာအတွက်လဲ သံဃာများ သွားရောက် ချီးမြောက်ပေးလိုက်ကြသည်၊ သံဃာရှားပါးသော နေရာမှာ ယခုလို သံဃာများများစားစား နဲ့ အရွယ်တူ ဆိုက်တူ အသွင်တူများကို ဖူးမျှော်ရသည့်အတွက် အားရ ကျေနပ်နေကြသည်။ သံဃာကို ဖူးရကောင်းမှန်းသိသည်၊ သံဃာကို ပြုစုတတ်လာကြသည်၊ သံဃာ့ဂုဏ်ရည်ပင်ဖြစ်သည်၊ ယခုလို အ၀တ်အစား ညီညီ၊ အရွယ်ညီညီ ဖူးမြင်ရသည့်အတွက် ပိုပြီး သံဃာ့ဂုဏ်ကို ထင်ဟပ်စေသည်၊ သံဃာ (အဖွဲ့လိုက်) မဟုတ်ဘဲ တပါးချင်းစီဆိုရင် ကြည်ညိုဖွယ် ဖြစ်ချင်မှ ဖြစ်မည်၊ တောင်မြို့ မဟာဂန္ဓာရုံမှာ နေစဉ်က ဆရာတော်ကြီးများက မကြာမကြာပြောလေ့ရှိသည်၊ “အ၀တ်အစား အရောင်တူ၊ ဆံရိပ်တာချင်းလဲ တူ၊ သပိတ်လွယ်၊ ဘိနပ်ကအစ တူစေသည်၊ ညီစေသည်၊ ထိုသို့ညီညွတ်ချင်းက ကြည်ညိုစရာ ဖြစ်စေသည်၊ တစ်ပါးချင်းစီဆိုရင် မြင်ရမှာက ရွဲ့တာ စောင်းတာ၊ မဲ့တာ၊ မည်းတာ၊ တိုတာ၊ ပုတာ၊ ရှည်တာ၊ ကွေးတာ ကောက်တာ စသည်အားဖြင့် အသွင်မတူသည့်အတွက် လူတွေရဲ့ စိတ်ကို မဖမ်းစားနိုင်၊ စိတ်ရဲ့ ကြည်လင်မှု၊ အေးချမ်းမှုကို မပေးနိုင်” ဟု မိန့်သည်၊ ထို့ထက် ပိုပြင်းထန်သော စကားမှာ တစ်ယောက်ချင်းစီကို လိုက်ကြည့်နေရင် ဂျိုကျိုး နားရွက်ပဲ့နေမှာ အများနဲ့ အသွင်တူ အဆင်တူ မြင်ရတော့ ထိုပျော့ကွက် ဟာကွက်တွေ ပျောက်ပြီး သံဃာ့ဂုဏ်ကို ပီပြင်စေသည်။

စာရေးသူတို့အဖွဲ့လဲ အလားတူပင် ဖြစ်မည်၊ အရွယ်တူ ဆိုက်တူ အဆင်းတူ ကျောင်းသား ရဟန်းတော်များကို ဖူးမြင်ရသဖြင့် နာဂပူသားတွေ ပီတိတွေ ဖြစ်သည်။ အလှူအတန်းမရှိသော အိန္ဒိယလူမျိုးတွေ လှူတတ်သွားသည်၊ လှူရကောင်းမှန်းသိလာသည်၊ ထို ဘုရားထီးတော် တင်ပွဲနေ့ကပဲ ကျောင်းဘေးမှာ မဏ္ဍပ်များထိုးပြီး မနက်ပိုင်းကစပြီး ညနေပိုင်းအထိ လာသမျှလူတွေကို စတုဒိသာ ကျွေးမွေးသည်။
 
(သံဃာတော်များ ဆွမ်းကပ်ခြင်း၊ စတုဒိသာ ကျွေးခြင်းများ)


ပြန်မည့်နေ့မှာလဲ တပည့်ဒကာ ဒကာမတွေ လာနုတ်ဆက်သည်၊ တန်းစီကြွလာသော စာရေးသူတို့အဖွဲ့အား အိန္ဒိယရူပီးများလဲ လမ်းစရိတ်အဖြစ် လာလောင်းလှူကြသည်။ ကျောင်းဘုန်းကြီးလဲ အားရကျေနပ်နေသည်၊ မြန်မာမှုမြန်မာ့ဟန်များကို လက်တွေ့ချပြလိုက်ရသဖြင့် ပီတိတွေ ဖြစ်နေသည်။ ကျောင်းဘုန်းကြီးရော ဒကာ ဒကာမတွေကပါ နောက်နောင်လဲ အဆက်မပြတ် ကြွရောက်ဖို့ ဖိတ်သည်၊ အားလုံးကို ကျေးဇူးတင်ခြင်းဖြင့် နာဂပူမြို့ကို နုတ်ဆက်ကာ ညနေ ၈-၅၀ ရထားဖြင့် ဘုံဘေမြို့သို့ ပြန်ခဲ့ကြသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃၁-၁၁-၂၀၁၂

08 August 2012

ကမ္ဘာ့အကြီးကျယ်ဆုံး ဘာသာရေးပြောင်းပွဲကြီး

ကမ္ဘာ့အကြီးကျယ်ဆုံး ဘာသာရေးပြောင်းပွဲကြီး
စာမိတ်ဆက်
၁၅-၇-၂၀၁၂ ရက်နေ့က ဘုံဘေမြို့ ဘူတာကြီးမှ ညပိုင်း ၈နာရီ ရထားဖြင့် စီးခဲ့ရာ နောက်နေ့မနက် ၁၆-၇-၂၀၁၂ စောစော ၇ နာရီလောက်မှာ နာဂမြို့ရှိ Duranto ဘူတာကြီးသို့ ရောက်သည်။ သူငယ်ချင်းတစ်ပါးက ထိုမြို့မှာ စေတီတစ်ဆူတည်ခြင်းနှင့် သိမ်အတွက် စီမံခြင်းကိစ္စဖြင့် သွားရာ စာရေးသူလဲ သူလဲ အဖော်ရ၊ ကိုယ်လဲ သွားချင်ဆုံးနေရာလဲ ဖြစ်တော့ ရက်ကြာပေမဲ့ လိုက်သွားဖြစ်သည်။ မှတ်မှတ်ရရလဲဖြစ်အောင် ကမ္ဘာ့အကြီးဆုံး ဘာသာရေးပြောင်းပွဲကြီး ပို့စ်လဲဖြစ် သို့မဟုတ် စာရေးသူ၏ ခရီးသွားမှတ်တမ်းလဲဖြစ်သည့် ပို့စ်ကို မှတ်တမ်းတင်ဖြစ်သည်။
(ဟိန္ဒူလူထု ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူပွဲ ကျင်းပရာ Deekshabhoomi, Nagpur)

နာဂပူမြို့
နာဂပူမြို့ (Nargpur)သည် အိန္ဒိယပြည်ကြီး၏ ကြွယ်ဝချမ်းသာဆုံး ပြည်နယ်ဖြစ်တဲ့ မဟာရဋ္ဌပြည်နယ်တွင် တတိယ အကြီးမားဆုံးမြို့ဖြစ်သည်။ ဘုံဘေမြို့နဲ့ ပူနေးမြို့ပြီးရင် နာဂပူမြို့ဟာ အကြီးဆုံးမြို့ဖြစ်သလို အိန္ဒိယအလယ်ပိုင်းဒေသရှိ အကြီးဆုံးမြို့ဟုလည်းဆိုသည်။ လူဦးရေမှာ ၂၀၁၁ စစ်တမ်းအရ 2,405,421 ရှိသည်။ ဘာသာစကားများစွာနှင့် ဘာသာရေးမှာလဲ ဟိန္ဒူ၊ အစ္စလာမ်၊ ခရစ်ယာန်၊ ဗုဒ္ဓဘာသာ၊ ဂျိန်း၊ ဆစ်ခ်၊ ဂျူး၊ နှင့် Zoroastrians အစရှိသည့် ဘာသာရေးတွေ ထူထပ်သည့်မြို့ တစ်မြို့ဖြစ်သည်။
မဟာရဋ္ဌပြည်နယ်၏ မြို့တော်သည် ဘုံဘေမြို့ဖြစ်သည်၊ လူဦးရေ သန်း ၂၀ ရှိသဖြင့် အိန္ဒိယပြည်၏ လူဦးရေ အထူအထပ်ဆုံးမြို့ဖြစ်သည်၊ စီးပွားရေးမြို့တော်လဲဖြစ်သည်၊ သို့သော်လည်း နာဂပူမြို့သည် မဟာရဋ္ဌပြည်နယ်၏ အုပ်ချုပ်ရေးနှင့် နိုင်ငံရေးမြို့တော် (winter capital city) ဖြစ်သည်။ နာဂပူမြို့ကို Orange City လို့လဲ ခေါ်ကြသည်။ အဲဒီဒေသမှာ လိမ္မော်ခြံ အထူးပေါများသဖြင့် အိန္ဒိယနိုင်ငံ၏ လိမ္မော်အရောင်းအ၀ယ် အချက်အချာကျသည့် မြို့ဖြစ်သည်။

နာဂပူမြို့သည် ရထားဖြင့် ဘုံဘေမြို့ကနေ ကီလိုမီတာ ၈၆၃ (မိုင်ပေါင်း ၅၃၆) ခရီးဝေးရှိသဖြင့် ညနေ ၈နာရီကနေ နောက်နေ့မနက် ၇ နာရီအထိ ရထားစီးရသည်။ နာဂပူမြို့ကို ရောက်ပါပြီ မြို့ခံ ကျောင်းဆရာတော် ဦးနန္ဒမာလာ Duranto (နာဂပူဘူတာကြီး) သို့ မနက်စောစောကထဲက ရောက်နင့်နေသည်။ သူလာကြိုသဖြင့် အဆင်ပြေသည်။ သူသီတင်းသုံးသည့် သာရိပုတ္တဗုဒ္ဓ၀ိဟာကျောင်း (shranjivi Nagar, Near New Kailash Nagar, Nagpur) သို့ ရောက်သွားသည်၊ ထိုရပ်ကွက်သည် ဗုဒ္ဓဘာသာဝင် အများစု နေရာ ရပ်ကွက်ဖြစ်သဖြင့် လုံခြုံ စိတ်ချရသည့်အပြင် သန့်ရှင်းသော နေရာဖြစ်သည်။ မြန်မာနိုင်ငံမှာ ကိုယ့်ရဲ့ဘာသာတရား အထိမ်းအမှတ်နဲ့ အိမ်တွေမှာ အရဟံတို့လို စာတမ်းရေးတာတို့၊ လိုဂို တံဆိပ်တပ်ဆင်တာတို့လို ထိုရပ်ကွက်ရှိဗုဒ္ဓဘာသာအိမ်များမှာလဲ ဗုဒ္ဓဘာသာသို့ပြောင်းခြင်း လှုပ်ရှားမှုသင်္ကေတဖြစ်တဲ့ လိုဂိုတံဆိပ်ကို တပ်ဆင်ထားသည်၊ ထိုလိုဂိုတံဆိပ်သည်လည်း အပြာရောင်ရှိင ပဋ္ဌာန်း ၂၄ပစ္စည်းကို ပုံဖော်ထားသည်။ ထိုရပ်ကွက်ရှိ ဗုဒ္ဓဘာသာဝင်များ စုပေါင်း လှူဒါန်းဆောက်လုပ်ထားသော ထိုရပ်ကွက်ရှိ သာရိပုတ္တဗုဒ္ဓ၀ိဟာကျောင်းသည်လည်း ထိုမြို့မှာတော့ ကြီးကျယ်ထည်ဝါဆုံး ဖြစ်သည်။ ထိုကျောင်းဆရာတော်သည် အသက် ၅၀ ကျော်ရှိ၊ ၀ါတော် ၆၀ါမျှသာ ရသေးသော်လည်း သူ့နေရာမှာတော့ အထင်ကရဖြစ်ပုံရသည်။ မြန်မာပြည် မော်လမြိုင်ဖွား အိန္ဒိယမျိုးနွယ်ဖြစ်သည်။ အိန္ဒိယရောက်သည်မှာ ၅ နှစ်မျှသာ ရှိသေးပေမဲ့ အိန္ဒိယစကားကို မွတ်နေအောင် ပြောနိုင်သည်။ မြန်မာပြည်ဖွားဖြစ်သဖြင့် မြန်မာစကားအတွက် အထူးပြောဖွယ်မရှိ၊ သို့သော် နိုင်ငံတကာလဲ လှည့်လည်သွားလာနေသူ ဖြစ်ရကား အင်္ဂလိပ်စာလဲ မွတ်နေသည်။ ဘာသာစကားအတွက် ကျွမ်းကျင်နိုင်နင်းပြီဖြစ်ရကား ဗုဒ္ဓစာပေ တိုး၍တိုး၍လေ့လာမည်ဆိုပါက ဒီိနယ်တစ်ဝိုက်မှာ ဒိတ်ဒိတ်ကျဲကြီး ဖြစ်မည်။ ယခုလဲ ပဋိစ္စသမုပ္ပါဒနည်းဖြင့် တရားပြလျှက်ရှိသည်။ အိန္ဒိယသားတွေ သူဟောသည့် တရားအောက်မှာ ငြိမ်ဝပ်ပိပြားလျှက်ရှိနေသည်မှာလည်း အားရစရာပင်။
(စက်ဝိုင်းတံဆိပ်နဲ့ ရပ်ကွက်ထဲက ဗုဒ္ဓဘာသာအိမ်များ)

ထိုရပ်ကွက်သည် မြန်မာပြည်က ရပ်ကွက်တွေနဲ့ ဆင်သည်၊ ရှားရှားပါးပါး ဗုဒ္ဓဘာသာထွန်းကားဆုံးနေရာ ဖြစ်သည်။ ဆွမ်းဟင်းချိုင့်များ ကျောင်းသို့ပို့သည်မှာလဲ မြန်မာနဲ့ တူလှသည်။ ညပိုင်း ပုံမှန် တရားထိုင် တရားနာယူကြသည်၊ ညပိုင်း သုံးထပ်ကျောင်းဆောင် အပေါ်မိုးထက်မှာ လမ်းလျှောက်စဉ် အနီးအနားရှိ ဓမ္မာရုံများမှ အမျိုးသား အမျိုးသမီးများ ဗုဒ္ဓစာပေများ ရွတ်ဖတ်သံကြားတော့ မြန်မာပြည်ကိုတောင် လွမ်းမိသည်။

နာဂပူနှင့်ဗုဒ္ဓဘာသာ
နာဂပူမြို့သည် အိန္ဒိယပြည်တွင် ဗုဒ္ဓဘာသာဦးရေ အများဆုံးဖြစ်သလို နှစ်စဉ် ဗုဒ္ဓဘာသာဘက်သို့ ကူးပြောင်းလာသော ဦးရေမှာလဲ များသထက်များလာသည်။ တချို့လဲ မသိမသာ ဗုဒ္ဓဘာသာဘက်သို့ ပြောင်းလာကြသူများလဲ ရှိသည်၊ တရားဝင် အခမ်းအနားတွေ ကျင်းပ၍လည်း လူသိ ရှင်ကြား ပြောင်းလာသူများလဲ ရှိကြသည်။

အထင်ရှားဆုံးတစ်ခုမှာ ၁၉၅၆ ခုနှစ် အောက်တိုဘာလ (၁၄) ရက်ဖြစ်သည်။ ထိုနေ့ နာဂပူမြို့မှာ လူထုဘာသာအယူဝါဒ ပြောင်းပွဲကြီး ဖြစ်ခဲ့သည်။ ဟိန္ဒူဘာသာမှ ဗုဒ္ဓဘာသာဘက်သို့ ကူးပြောင်းခြင်းလှုပ်ရှားမှုကြီးတစ်ခုဖြစ်သည်။ လူပေါင်း ၅,၆၀၀၀၀ (ငါးသိန်းကျော်) လူထုသည် ရဟန်းသံဃာတော်များထံမှာ သရဏံဂုဏ်ဆောက်တည်ခြင်း၊ ငါးပါးသီလ ခံယူကြခြင်းဖြင့် ဗုဒ္ဓဘာသာဝင်အဖြစ် အသိအမှတ်ပြုပွဲကြီး ပြုလုပ်ကြသည်၊ ကမ္ဘာမှာ ဘာသာအယူဝါဒ ပြောင်းခြင်း အကြီးအကျယ်ဆုံး ဖြစ်ခဲ့သည်။
(နာဂပူသားတွေရဲ့ ပြတ်သားတဲ့ သံန္နိဋ္ဌာန် ၂၂ ပါ ကျောက်စာတိုင်)

နာဂပူသားတွေရဲ့ သံန္နိဋ္ဌာန် (၂၂)
ထိုဗုဒ္ဓဘာသာ ခံယူပွဲခြင်းမှာ အလွန်ပြောင်မြောက်ပြီး အာမာန် အပြည့်လဲရှိ ရဲစွမ်းသတ္တိလဲရှိတဲ့ သံန္နိဋ္ဌာန် (၂၂) ချက်တို့ဖြင့် ကြွေးကြော်ခဲ့ကြသဖြင့် ဟိန္ဒူဝါဒကြီးစိုးသော အိန္ဒိယပြည်ကြီး တုန်လှုပ်ခဲ့သည်။
၁။ ကျွန်ုပ်သည် ဗြဟ္မာ,ဗိဿနိုးနှင့် မဟေရွှာရ ကို အယုံအကြည်မရှိ၊ ဘယ်တော့ မရှိခိုး။
၂။ ကျွန်ုပ်သည် ထာဝရဘုရား ၀င်စားသည်ဟု ယူဆသော ရာမနှင့် ကရိရှနကို အယုံအကြည်မရှိ၊ ဘယ်တော့ မရှိခိုး။
၃။ ကျွန်ုပ်သည် ဂေါရီ (Gauri), Ganapati နှင့် အခြား ဟိန္ဒူ နတ်ထီး နတ်မများကို အယုံအကြည်မရှိ၊ ဘယ်တော့ မရှိခိုး။
၎။ ကျွန်ုပ်သည် ထာဝရဘုရား လူဝင်စားသည်ကို အယုံအကြည်မရှိ။
၅။ ကျွန်ုပ်သည် ဂေါတမဗုဒ္ဓသည် ဗိဿနိုးဝင်စားတယ်ဟူသော ဟိန္ဒူအယူကို လုံးဝ လုံးဝ အယုံအကြည်မရှိ။
၆။ ကျွန်ုပ်သည် မိဘသေဆုံးခြင်းနှင့် ပတ်သက်ပြီး ဟိန္ဒူတို့ထုံးတမ်းစဉ်လာဖြစ်တဲ့ ယဇ်ပူဇော်မှုမျိုး (Shraddha) ဘယ်တော့မှ မလုပ်၊ ဟိန္ဒူဓလေ့ဖြစ်တဲ့ သေသူအတွက် ရည်စူးပြီး ဆန်လုံး ဂျုံလုံးဖြင့် ပြုလုပ်ထားသော ခဲဘွယ်ကို ဘယ်တော့မှ မပေး (Pind-dan)။
၇။ ကျွန်ုပ်သည် မြတ်ဗုဒ္ဓချမှတ်သော စည်းကမ်းကို ဘယ်တော့မှ မချိုးဖောက်၊ သူ၏တရားကိုလဲ ချိုးဖောက်တဲ့ အမှု ဘယ်တော့မှ မလုပ်။
၈။ ကျွန်ုပ်သည် ဗြဟ္မဏ-ပုဏ္ဏားတွေပြုလုပ်တဲ့ မည်သည့်ပွဲမျိုးမဆို ခွင့်မပြု။
၉။ ကျွန်ုပ်သည် လူသားချင်း တန်းတူညီမျှ အခွင့်အရေးကို ယုံကြသည်။
၁၀။ ကျွန်ုပ်သည် လူသားချင်းတန်းတူညီမျှ အခွင့်ရေးကို တည်ဆောက်မည်။
၁၁။ ကျွန်ုပ်သည် မြတ်ဗုဒ္ဓဟောကြားသည် မဂ္ဂင် ၈ပါးကို လိုက်နာကျင့်သုံးမည်။
၁၂။ ကျွန်ုပ်သည် မြတ်ဗုဒ္ဓကျင့်အပ်သော ပါရမီများကို လိုက်နာမည်။
၁၃။ ကျွန်ုပ်သည် သတ္တ၀ါ အားလုံးအပေါ် ကရုဏာနှင့်မေတ္တာရှိရမည်၊ ကာကွယ်ရမည်။
၁၄။ ကျွန်ုပ်သည် ဘယ်တော့မှ သူတစ်ပါး ပစ္စည်းကို မခိုး။
၁၅။ ကျွန်ုပ်သည် ဘယ်တော့မှ မုသားစကား မပြော။
၁၆။ ကျွန်ုပ်သည် ဘယ်တော့မှ သူများ သားမယား မကျူးလွန်။
၁၇။ ကျွန်ုပ်သည် မူးယဇ်စေသော အရာများကို ဘယ်တော့မှ မသောက် မသုံး။
၁၈။ ကျွန်ုပ်သည် မဂ္ဂင်ရှစ်ပါးကို အားထုတ်နိုင်အောင် ကျိုးစားရမည်၊ နေ့စဉ်ဘ၀မှာ ကရုဏာ မေတ္တာတရားများ ပွားများအားထုတ်ရမည်။
၁၉။ ကျွန်ုပ်သည် လူသားချင်း ဇာတ်ခွဲခြားဆက်ဆံသဖြင့် လူသားအားလုံးကို အကျိုးမပြုသော တိုးတက်မှုကို ပိတ်စို့သော ဟိန္ဒူဝါဒကို စွန့်လွတ်ပြီး ဗုဒ္ဓ၀ါဒကို ကျွန်ုပ်၏ ကိုးကွယ်ရာအဖြစ် လက်ခံပါသည်။
၂၀။ ကျွန်ုပ်သည် မြတ်ဗုဒ္ဓတရားသည်သာ လောကမှာ အမှန်တရားအဖြစ် ခိုင်မြဲစွာ ယုံကြည် လက်ခံသည်။
၂၁။ ကျွန်ုပ်သည် ပြန်လည် မွေးဖွားခြင်း (re-birth)ဆိုတဲ့ သံသရာကို ယုံကြည်သည်။ (ဆိုလိုသည်မှာ- reincarnation လူသေရင် လူပြန်ဖြစ်တဲ့ လူဝင်စားဝါဒ ကို လက်မခံ)
၂၂။ ကျွန်ုပ်သည် ယခုအချိန်ကစပြီး ကျွန်ုပ်၏ဘ၀မှာ မြတ်ဗုဒ္ဓ၏ တရားတော်အတိုင်း နေပါမည်ဟု ကြေညာပါသည်၊ ခိုင်မြဲစွာ ဆုပ်ကိုင်ထားပါသည်။

ဤအဓိဋ္ဌာန် ၂၂ ချက်ကို ခြံငုံသုံးသပ်လိုက်ရင်-- ဟိန္ဒူ ဗြဟ္မဏ၀ါဒကြီးစိုးသော အိန္ဒိယပြည်ကြီး၏ လူထုရှေ့မှောက်မှာ ဟိန္ဒူဝါဒမှန်သမျှကို လုံးဝ အယုံအကြည်မရှိဟု ကြေညာသည်။ အလွန့်အလွန်ကို အန္တရာယ်များသည့် အသက်စွန့်ဆံဖျား အလုပ်ကို ဒေါက်တာအမ်ဘေဒကာ ဦးဆောင်မှုဖြင့် နာဂပူမြို့နှင့် အိန္ဒိယပြည်ရှိ လူထု ၅ သိန်း ၆ သောင်းခန့်က ဆောင်ရွက်နိုင်ခဲ့ကြသည်။ ထိုအဓိဋ္ဌာန်ထဲတွင် ငါးပါးသီလလဲပါသည်၊ မြတ်ဗုဒ္ဓနှင့် သူ၏တရားတော်ကို လုံးဝ ယုံကြည် လက်ခံကြောင်း ကြေညာသွားသည်။

ခေါင်းဆောင် ဒေါက်တာအမ်ဘေဒကာကို ယနေ့အထိ အိန္ဒိယဗုဒ္ဓဘာသာဝင်တွေက လူစွမ်းကောင်းဟု ကိုးကွယ်ရင်းကနေ ဘုရားအလောင်းအထိ အဆင့်တိုးမြင့်ကာ ကိုးကွယ်နေကြသည်။ ဒေါက်တာအမ်ဘေဒကာနှင့် ပတ်သက်ပြီး စာရေးသူ ပို့စ် အပိုင်း (၁) အပိုင်း (၂) အပိုင်း (၃)ခွဲကာ တင်ခဲ့ပြီးဖြစ်သည်၊ စိတ်ဝင်စားဖွယ်ကောင်းသည်။
ဤသို့အားဖြင့် တစ်ကြိမ်တစ်ခါတည်းပင် ၅ သိန်းကျော်သော လူထုက ဗုဒ္ဓဘာသာဝင် ဖြစ်ကြပြီဆိုရင် ရှိပြီးသားနှင့် နောက်တိုးများ ပေါင်းလိုက်ပါက ၁၀ သိန်းကျော် ရှိမည်။ လူဦးရေ ၂ သန်းကျော် ရှိတဲ့ အနက် ဟိန္ဒူ အစ္စလာမ်၊ ခရစ်ယာန်၊ ဆစ်ခ၊ ဂျူး၊ ဂျိန်း၊ စသည်အားဖြင့် ဘာသာပေါင် ရှိတဲ့ အနက် လူဦးရေတစ်ဝက်ခန့်က ဗုဒ္ဓဘာသာဝင်များဆိုတော့ နာဂပူမြို့မှာ ၈၅ ရာခိုင်းနှုန်းက ဗုဒ္ဓဘာသာဝင်များ ဖြစ်သည်ဟု ပူနေးမြို့ အိန္ဒိယသူငယ်ချင်းတစ်ယောက် ပြောသော စကားသည် ဖြစ်နိုင်သည်။

ထိုနှစ်ကစပြီး ၂၀၀၇ ခုနှစ်အထိ နှစ်စဉ်နီးပါး အိန္ဒိယပြည် မဟာရဋ္ဌပြည်နယ်မှာ ဗုဒ္ဓဘာသာဝင် ကူးပြောင်းရေးပွဲများ ခေတ်စားလာခဲ့သည်။ ၁၉၃၅ ခုနှစ်က ဘုံဘေ (မွမ်ဘိုင်း) မြို့ အစည်းဝေးပွဲတစ်ခုမှာ အိန္ဒိယပြည်ကြီး၏ ဖွဲ့စည်းပုံဥပဒေကို ရေးဆွဲခဲ့တဲ့ ဒေါက်တာ အမ်ဘေဒကာက လူထုကို ပြောတယ် “ ဟိန္ဒူ အဖြစ်နဲ့ မွေးဖွားလာခဲ့ပေမဲ့ ဟိန္ဒူဘ၀နဲ့တော့ ဘယ်တော့မှ မသေနိုင်ဘူး” ဟူသတည်း။ သူက ဆက်လက်ပြီး လူထုကို တိုက်တွန်းခဲ့တယ် “ဘာသာရေးဟာ လူသားအတွက် ဖြစ်ရမယ်၊ လူသားက ဘာသာရေးရဲ့ အတွက် သားကောင် မဖြစ်ရဘူး” တစ်ဆက်တည်းမှာပဲ----
၁။ သင်ဟာ ကိုယ့်ကိုယ်ကို လေးစားတန်ဖိုးထားရင် သင့်ရဲ့ ဘာသာရေးကို ပြောင်းလိုက်ပါ။
၂။ သင်ဟာ လူ့အဖွဲ့အစည်းနဲ့ အကျိုးတူ ဖန်တီးချင်တယ်ဆိုရင် သင့်ရဲ့ ဘာသာရေးကို ပြောင်းလိုက်ပါ။
၃။ သင်ဟာ အရှိန်သြဇာ ပိုင်ဆိုင်ချင်တယ်ဆိုရင် သင့်ရဲ့ ဘာသာရေးကို ပြောင်းလိုက်ပါ။
၎။ သင်ဟာ တန်းတူညီမျှ အခွင့်ရေး ရချင်တယ်ဆိုရင် သင့်ရဲ့ ဘာသာရေးကို ပြောင်းလိုက်ပါ။
၅။ သင်ဟာ ကိုယ့်ကိုယ် လွတ်လပ်မှုကို ရချင်တယ်ဆိုရင် သင့်ရဲ့ ဘာသာရေးကို ပြောင်းလိုက်ပါ။
၆။ သင်ဟာ ကမ္ဘာကြီးကို ပျော်ရွှင်မှုတွေ ပေးချင်တယ်ဆိုရင် သင့်ရဲ့ ဘာသာရေးကို ပြောင်းလိုက်ပါ။

အထက်ပါ ၆ ချက်သော အခွင့်လမ်းတွေကို ဗုဒ္ဓဘာသာမှာပဲ ရနိုင်သည်၊ ဗုဒ္ဓဘာသာကလွဲရင် ဘယ်မှာမှ မရနိုင်ဘူး ဟု ထိုခေတ် ထိုအခါက အဖိနှိပ်ခံ သူ့လူမျိုး (ဇာတ်နိမ့်)တွေနှင့် တခြား လူတန်းစားတွေကို တိုက်တွန်းလိုက်ခြင်းဖြစ်ပါတယ်။ သူ၏ ပြောင်မြောက်လှတဲ့ နိုင်ငံရေးအတွက် ဘာသာရေးကို အသုံးချတဲ့ နည်းဟာလဲ အတုယူစရာဖြစ်ပါသည်။ ဗုဒ္ဓဘာသာသည် နိုင်ငံရေးအတွက် အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု ဒေါက်တာအမ်ဘေဒကာ ယုံကြည်သည်။ ထို့ကြောင့်ပင် သူ၏ဇာတ်နိမ့်ဘ၀နှင့် နိမ့်ကျနေတဲ့ လူထုကို ဗုဒ္ဓဘာသာဖြင့် မြင့်တင်ပေးခဲ့သည်။
(နာဂပူရဲ့ ဗုဒ္ဓဘာသာ ပုံရိပ်တစ်ခုဖြစ်တဲ့ ပရဟိတ စာသင်ကျောင်း၊ ဂျပန်ကောင်းမှု)
၁၉၅၆ ခုနှစ် အောက်တိုဘာလ (၁၄)ရက်က ဗုဒ္ဓဘာသာသို့ပြောင်းပွဲကြီးအပြီး နှစ်လအကြာမှာပဲ အိန္ဒိယဗုဒ္ဓဘာသာဝင်တို့အတွက် ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ သူတို့ရဲ့ခေါင်းဆောင် ဒေါက်တာအမ်ဘေဒကာ ဘ၀တစ်ခု အဆုံးသတ်သွားပါတယ်။ လူသေပေမဲ့ နာမည်မသေ၊ ခန္ဓာအိမ်ပျောက်ကွယ်သွားပေမဲ့ သူ၏ ၂၂ ချက်သော အဓိဋ္ဌာန် သို့မဟုတ် ကျမ်းဂန်တို့သည် ယနေ့အထိ တောက်ပြောင်လျှက်ရှိပြီး အသက်ဝင် လှုပ်ရှားနေဆဲပင် ဖြစ်သည်။

ချိတ်ဆက်မိသော ဗုဒ္ဓဘာသာ
ယခုအခါ ဒေါက်တာအမ်ဘေဒကာ မွေးဖွားပေးလိုက်သော ဗုဒ္ဓဘာသာ လူထုနှင့် ကမ္ဘာကျော် ၀ိပဿနာ ဆရာကြီး ဂိုအင်ကာ၏ ဗုဒ္ဓဘာသာဝင်များ ချိတ်ဆက်မိနေသည်။ သို့သော်လဲ သူတို့နှစ်ယောက် ဗုဒ္ဓဘာသာဘက်ကို ချဉ်းကပ်လာပုံခြင်းက အလွန်ကွာခြားလှသည်။ ဒေါက်တာအမ်ဘေဒကာ၏ ဗုဒ္ဓဘာသာသို့ ချဉ်းကပ်ခြင်းသည် သူ့လူမျိုးများကို ကယ်တင်လို၍ နိုင်ငံရေးအတွက် လှုပ်ရှားမှုကနေ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို တွေ့သွားသည်။ စာဖတ် အလွန်ဝါသနာ ပါသူဖြစ်သည်အလျှောက် အလွန်ထက်မြတ်ပြီး အလွန်ကြိုးစားသူဖြစ်သည်။ ဆရာကြီး ဂိုအင်ကာကတော့ မြန်မာနိုင်ငံမှာ နေစဉ်ကထဲက ဗုဒ္ဓရဲ့ မဂ္ဂင်ရှစ်ပါးနှင့် သတိပဋ္ဌာန်ကို ကောင်းကောင်း ရလိုက်သူဖြစ်သည်။ ကိုယ်တိုင်လည်း အထူးအားထုတ်ထားသူ ဖြစ်ရကား သူ၏ သတိပဋ္ဌာန်နဲ့ ၀ိပဿနာဟောပြောနည်းတို့သည် အလွန်ပြောင်မြောက်သည်၊ အိန္ဒိယပြည်ကြီးရှိ ဘာသာပေါင်းစုံကလာသော ပညာရှင်အသိုင်းအ၀ိုင်းကသာမက ကမ္ဘာအရပ်ရပ်ရှိ အစ္စလာမ် ခရစ်ယာန် ဂျူး ဟိန္ဒူစသော ဘာသာကြီးများက ပညာရှင်အသိုင်းဝိုင်းကပါ အထူးစိတ်ဝင်စားကြသည်။ ထို့ကြောင့်လဲ ကမ္ဘာကျော်ခဲ့သည်။ ယနေ့ခေတ်ဆိုလျှင် အိန္ဒိယပြည်ရှိ မဟာရဋ္ဌပြည်ကြီးမှာ အထက်ဖော်ပြပါ ဆရာကြီးနှစ်ယောက်ရဲ့ ကျေးဇူးကြောင့် ဗုဒ္ဓဘာသာဝင် လူထုအများအပြားရှိသဖြင့် နေရာအနှံအပြားမှာ ဒေါက်တာအမ်ဘေဒကာပုံနှင့် သာသနာ့အလံများ တွေ့ရသည်။ ဒေါက်တာအမ်ဘေဒကာကိုတော့ နိုင်ငံရေးထူးချွန်သူတစ်ယောက်အနေနဲ့ ဗုဒ္ဓဘာသာဝင်များသာမက ဟိန္ဒူ အစ္စလာမ် ဂျိန်း ဆစ်ခ် ဂျူးအစရှိတဲ့ ဘာသာဝင်များကပါ လေစားကြည်ညိုကြသည်။
(ဒေါက်တာအမ်ဘေဒကာ၏ အသုံးအဆောင်များ ထားရာ ပြတိုက်)

ဘူမိနက်သန် အောင်မြေဖြစ်ရာ နာဂပူမြို့
ထိုမျှလောက် နာမည်ကြီးသော ဒေါက်တာအမ်ဘေဒကာရဲ့ ဘူမိနက်သန် အောင်မြေဖြစ်ရာ နာဂပူမြို့ကို ရောက်ချင်ခဲ့သည်မှာလဲ ကြာခဲ့ပြီ။ သူ၏ ခြေရာ လက်ရာများကို ကြည့်ချင်သည် လေ့လာချင်သည်၊ ထို့ကြောင့်ပင် သူငယ်ချင်းတစ်ယောက် ထိုမြို့သို့အကြောင်းကိစ္စတစ်ခုနဲ့ သွားတာ ကြုံတာနဲ့ အဆင်ပြေသွားသည်၊ လိုက်ဖြစ်သွားခဲ့သည်။

ရောက်ပြီး နောက်ရပ်တွေမှာ ဆရာတော်က မြို့ထဲ လိုက်ပို့ပေးသည်။ ပထမရက်မှာတော့ မြို့ထဲက ရှော့ပင်းမောတွေ လိုက်ကြည့်သည်။ နောက်ရက်မှာတော့ မြို့နဲ ၂၅ ကီလိုမီတာလောက် ဝေးတဲ့ မြို့ပြင်က နေရာတစ်ခုသို့ ရောက်ခဲ့သည်။ လူသူမနီးတဲ့ လယ်တောမြေကွက် အကျယ်ကြီးတစ်ခုထဲမှာ ဒေါက်တာအမ်ဘေဒကာ၏ စာရေးကိရိယာ အ၀တ်အစား ရုံးသုံး လက်နှိပ်စာများနှင့် သူသွားလေရာ ပါသွားသည့် မြန်မာပြည်က ဗုဒ္ဓကြေးရုပ်ဆင်းတုတော် စသည်အားဖြင့် သူ၏အသုံးဆောင်များ ထားရာ ပြတိုက်သို့ လေ့လာခဲ့သည်။ နှစ်အတော်ကြာပြီးဖြစ်သဖြင့် တချို့ အ၀တ်အစားများသည် အနိစ္စသဘောအရ ဟောင်းနွမ်းပြီး ဆွေးမြေ့နေသည်ကို မြင်ရတော့လဲ တဒင်္ဂ သံဝေဂဖြစ်မိသည်။
ထိုမှ အပြန် နာဂပူတက္ကသိုလ်ကို ဖြတ်ပြီး ၁၉၅၆ ခုနှစ်က ၅ သိန်းကျော်သော ဟိန္ဒူလူထု ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူပွဲ ကျင်းပရာ Deekshabhoomi, Nagpur နေရာသို့ ရောက်ခဲ့သည်။ စာရေးသူ သွားချင်ဆုံးနေရာဖြစ်သည်။ အလွန်ကျယ်ပြန့်သော နေရာဖြစ်သည်၊ ယခုအခါ ထိုနေရာကို အမှတ်တရအဖြစ် ကြီးမားသော အသောကမင်းကြီးခေတ်ဟန် ဆန်ချီစေတီပုံစံရှိ အဆောက်အဦးအကြီးတစ်ခု တည်ဆောက်ထားသည်။ လှိုင်ခေါင်းပါသဖြင့် အောက်ထက်မှာ ဒေါက်တာအမ်ဘေဒကာ၏ ဘာသာရေး နိုင်ငံရေးနှင့် လူမျိုးအတွက် လှုပ်ရှားမှုဓာတ်ပုံများပြထားသည်၊ ဗုဒ္ဓဘာသာဝင်များ အခါအားလျှော်စွာ ဟောပြောပွဲကျင်းပရာ နေရာလဲဖြစ်သည်။ နှစ်စဉ် ဒေါက်တာအမ်ဘေဒကာ၏ မွေးနေ့ပွဲအတွက် အိန္ဒိယပြည်ရှိ နေရာအနှံ့အပြားမှ သူ၏တပည့်များ လာရောက် ဂါရ၀ပြုရာ နေရာလဲဖြစ်သည်။ စာရေးသူလဲ အမှတ်တရ ဓာတ်ပုံများ ရိုက်ခဲ့သည်။
(ဗုဒ္ဓဘာသာ ပုံရိပ်တစ်ခု Nagalok, Dragon Palace Temple )
နောက်တစ်နေ့မှာတော့ မိုးတွေရွာနေသဖြင့် အခန်းအောင်း စာဖတ်သည်။ နောက်နေ့မှာတော့ ဗုဒ္ဓဘာသာအမှတ်အသားဖြစ်တဲ့ Nagalok, Dragon Palace Temple သို့ရောက်ခဲ့သည်။ ရပ်တော်မူ ရုပ်ပွားတော် အကြီးကြီးတစ်ဆူရှိသည်။ ထိုကွင်းမှာပဲ ဗုဒ္ဓဘာသာနှင့်ဆိုင်သော တက္ကသိုလ်တစ်ခု ဖွင့်ရန်ရှိသည်ဟု လိုက်ပြသူက ဆိုသည်။

ရက်ပေါင်း ၁၀ ရက်လောက် နာဂပူမှာ အိန္ဒိယသားတွေ ချက်ပြုတ်ကျွေးတဲ့ အစားအစာတွေကို ကြိတ်မှိတ်ပြီး စားခဲ့ရသည်။ လည်စရာလဲ နှစ်ရက်လောက်လည်လျှင် ပြည့်စုံသွားသည်။ လည်ပတ်စရာ သိပ်မရှိ။ လည်ပတ်စရာမရှိတော့ ကျန်တဲ့ ၇ ရက်လောက်က အခန်းအောင်းပြီး စာပဲ ဖိဖတ်ရင်း အနားယူခဲ့သည်။
ခရီးသွားရင်း ရလာသည့် ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး ဗဟုသုတများကို အားဆေးအဖြစ် သို့မဟုတ် စာရေးသူ၏ မှတ်စုအဖြစ် မှတ်တမ်းတင်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၉-၇-၂၀၁၂

08 April 2012

သီတဂူဓမ္မဒူတခရီး (ဘုံဘေ)

သီတဂူဓမ္မဒူတခရီး (ဘုံဘေ)

စာမိတ်ဆက်
သီတဂူဆရာတော်ကြီးသည် အိန္ဒိယပြည်ကြီးကို နှစ်စဉ်လာလေ့ရှိသည်၊ တခါတရံ တနှစ်တည်း ၂ ကြိမ် ၃ ကြိမ်တောင် လာတတ်သည်။ အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ရှေးဟောင်းဌာနအသင်းအဖွဲ့များက ပင့်၍ကြွတတ်သလို အိန္ဒိယပြည်ရှိ တက္ကသိုလ်အသီးအသီးတွင် ပညာသင်ကြားနေကြသော မြန်မာရဟန်းတော်များကို နှစ်စဉ်နီးပါး ပညာရေးအလှူတော်များအတွက် ကြွလာတတ်သည်။ နှစ်စဉ် သီတဂူကျောင်းဒကာ ကျောင်းအမများနှင့် သီတဂူသာသနာပြုလုပ်ငန်းတွင် များစွာကျေးဇူးရှိသူများ၊ တပည့်သီတဂူကျောင်းသားများကို အိန္ဒိယနိုင်ငံရှိ ရှေးဟောင်းအနုပညာဌာနများ၊ ပြတိုက်များ၊ ဘုရားရှင်ရောက်ခဲ့ရာ နေရာများ၊ ဘုရားရှင်၏ ဖွား-ပွင့်-ဟော-စံ လေးဌာန စသော နေရာများကို အပင်ပန်းခံ ပို့ပေးလေ့ရှိသည်။ ထိုသို့သောအကြောင်းကြောင့် ကမ္ဘာမှာ စာပေနှင့်အနုပညာ ထွန်းကားဆုံးဖြစ်ရာ အိန္ဒိယပြည်သို့ ကြွခြင်းပဲ ဖြစ်သည်။
(ရတနာဂီရိ သီပေါမင်းစံအိမ်နောက်ခံလျှက်- ဓာတ်ပုံ သီတဂူစတား)
ဘုံဘေ (မွမ်ဘိုင်း) ရောက်
၂၈-၃-၂၀၁၂ နေ့ည သီတဂူဆရာတော်ကြီးနှင့်အဖွဲ့ ရောက်မည်ဟု သတင်းရရှိသဖြင့် ဆရာတော်ကြီး ဆန္ဒအရ ဘုံဘေမြို့ နာမည်ကြီးနေရာဖြစ်တဲ့ ပင်လယ်ကမ်းခြေ (Marine Drive) ရှိ Intercontinental Hotel မှာ ကြိုတင် ဘုတ်ကင်လုပ်ရသည်။ အိန္ဒိယနိုင်ငံမှာ ဗုဒ္ဓဂယာတစ်ဝိုက်ကလွဲရင် ဘုန်းကြီးကျောင်းမရှိ၊ ဟိုတယ်နှင့် တည်းခိုခန်းတွေမှာပဲ တည်းခိုရသည်။ တချို့က ပြည်ပမထွက်ဖူးသေးတော့ တခြားနိုင်ငံတွေလဲ ကိုယ့်နိုင်ငံလိုပဲ အောင့်မေ့တတ်သည်။ တစ်နေ့က စာရေးသူ၏ အသိတစ်ယောက်လည်း သူ့ဒကာမတွေနဲ့ ဘုံဘေ (မွမ်ဘိုင်း)ကို လာချင်သည်၊ ဒကာမတွေက ဟိုတယ်မှာ မတည်းချင်ဘူး ဘုန်းကြီးကျောင်းမှာပဲ တည်းချင်ပါသည်တဲ့။ အရှင်ဘုရား ဘုန်းကြီးကျောင်းတို့ ရိပ်သာတို့ ဘုရားတို့မှာ တည်းခိုချင်ရင် ဘုံဘေ (မွမ်ဘိုင်း)ကို မလာပါနဲ့ ကိုယ့်မြန်မာပြည်မှာပဲ အေးအေးဆေးဆေး နေပေတော့လို့ လို့ပဲ ပြောလိုက်ရသည်။

ဆရာတော်ကြီးသည် ရောက်လေရာအရပ်တိုင်း များသောအားဖြင့် ဟိုတယ်မှာ တည်းလေ့ရှိသည်။ ဘုန်းကြီးကျောင်းတည်းသည့်အခါ ကျောင်းနေသံဃာများအတွက် တာဝန်ကြီးတစ်ခု ဖြစ်နေမှာကိုလဲ ငဲ့သည်၊ တချို့က ဆရာတော်ကြီး ဟိုတည်မှာ တည်းခိုတာကိုပဲ အမြင်တမျိုးမြင်တတ်သည်၊ တကယ်တော့ ဟိုတယ်မှာ တည်းခိုခြင်းကြောင့် သူများကို အလုပ်မရှုပ်စေတဲ့အပြင် နေစရာ၊ အိပ်စရာ၊ စာရေးစားပွဲ စသည်များနှင့် ရေချိုးခန်း၊ အိမ်သာများသည် အသက်အရွယ်ကြီးသော ဆရာတော်အတွက် သက်သောင့်သက်သာ ဖြစ်စေသည်။ သန့်ရှင်း သပ်ရပ်မှုကို နှစ်သက်သော ဆရာတော်အတွက် ဟိုတယ်သည် အသင့်တော်ဆုံးဟု ထင်သည်၊ မြန်မာပြည် တချို့နေရာတွေမှာ ဆရာတော် တရားဟောကြွလာရင် သက်သောင့်သက်သာ သီတင်းသုံးရန် စံကျောင်းဆောက်လုပ် လှူဒါန်းထားသည်ကိုလဲ တွေ့ရတတ်သည်။ ထိုကဲ့သို့သော နေရာ အဆင်သင့် သီးသန့်ရှိထားရင်တော့ ထိုနေရာမှာပဲ သီတင်းသုံးလေ့ရှိသည်။
(ဘုံဘေမြို့အလည်က နာမည်ကြီး အမျိုးသားဥယျာဉ် အမှတ်တရ)

မွမ်ဘိုင်း (ဘုံဘေ)ကို ကြွလာသော ဆရာတော့်အတွက် Five-Star ဟိုတယ်ကို ရှာရသည်၊ ယခုအချိန် (April, March, May, June) ဧည့်သည်ပါးချိန် ဖြစ်သဖြင့် အခန်းခ တစ်ဝက်နီးပါး သက်သာသည်၊ သက်သာသည့် အချိန်သည်ပင် ဟိုတယ် တစ်ခန်း တစ်ည အမေရိကန် ဒေါ်လာ အောက်ထစ်ဆုံး ၂၀၀ မှ ၄၀၀-၅၀၀- ရှိနေသည်။ ဆရာတော်အပါဝင် လူ ၄၅ ယောက်စာအတွက် ၃ည တည်းရန် အခန်း ၂၃ ခု ငှါးခဲ့သည်။ ဆရာတော်ကြီးအတွက် သီးသန့် တစ်ခန်း ငှါးသည်။ အခန်းများသည်လည်း တန်ဖိုးအနဲအများ အားလျှော်စွာ ပင်လယ်ဘက်မျက်နှာမူသည့် အခန်း၊ ပင်လယ်ကို တစ်ဝက်သာ မြင်ရသည့်အခန်း၊ ပင်လယ်ကို လုံးဝမမြင်ရဘဲ နောက်ကျောအခန်း ဟူ၍ ဖြစ်သည်။ Five-Star အဆင့်အားလျှော်စွာ ၀န်ဆောင်မှု၊ အခန်းပြင်ဆင်မှုနှင့် နည်းပညာများသည် အရမ်းခေတ်မီပါသည်။ စာရေးသူတို့အတွက် ကိုယ့်ဘာသာကိုယ် ထိုအခန်းမျိုး မတည်းနိုင်၊ ဆင်ဖြူတော်မှီ၍ ကြံစုပ်ရသည့် အခြေအနေပင်။

တကယ်တော့ ဆရာတော်ကြီးက ၂၈ ရက်နေ့ အဖွဲ့နဲ့ ပါမလာဘဲ ၂၉ ရက်နေ့မှ အမေရိကကနေ ကြွလာရသည်။ ၂၈ ရက်နေ့မှာတော့ ဆရာတော်ကြီး၏ တပည့် ဒကာဒကာမများကိုသာ လေဆိပ်သွားကြိုပြီး ဟိုတယ်မှာ နေရာချ၊ လေဆိပ်နှင့် ဟိုတယ်သည် ဘုံဘေမြို့၏ ရှေ့ထိပ်နှင့် နောက်ထိပ်ဖြစ်သဖြင့် အတော်ဝေးသည်။ နောက်နေ့မနက်ပိုင်း ဘုံဘေကမ်းခြေ၊ အမျိုးသား ဥယျာဉ်နှင့် ဆရာကြီးဂိုအင်ကာ တည်ထားသည် ပုံတူ ရွှေတိဂုံဘုရားကြီးသွားရောက်ဖူးကြသည်၊ အပြန် ညနေပိုင်း ဈေးဝယ်ထွက်ကြသည်၊ ညပိုင်း- အမေရိကမှ ကြွလာမည့် ဆရာတော်ကြီးကို လေဆိပ်သွားကြိုသည်။
(ဒကာဦးကျော်ဆွေ+ဒကာမဒေါ်သန်းသန်းဌေး သမီး မယဉ်သူဇာကျော်တို့ ဆရာတော်အား လှူဖွယ်များ ဆက်ကပ်စဉ်)

ဘုံဘေနိုင်ငံတကာ လေဆိပ် ရောက်
၂၉-၃-၂၀၁၂ ရက်နေ့ည ဘုံဘေနိုင်ငံတကာ လေဆိပ်သို့ ဆရာတော်ကြီး ရောက်လာပါပြီ၊ ဆရာတော်ကြီးအား ဖူးမျှော်ရန် နိုင်ငံခြားသူ မစ်စ် ၀မ်မို (Mrs Wanmoe) လဲရောက်လာသည်၊ သူမသည် ဆရာတော်ကြီးအား လေဆိပ်မှာ ကြိုရန် စာရေးသူအား ကြိုတင်ဖုန်းဆက်ထားသည်၊ ဆရာတော်ကြီးကို လျှောက်ချင်တာ လျှောက်ဖို့ ကြိုတင် မိတ်ဆက်ပေးရန်ကိုလည်း စာရေးသူကို ပြောထားသည်။ ဆရာတော်ကြီးနဲ့ သီးသန့်တွေ့ရန်အတွက်သာ ဘုံဘေကို လာကြောင်းလဲ ပြောသည်။ ဒါပေမဲ့ စာရေးသူတောင် မိတ်ဆက်ပေးစရာမလိုပဲ အဆင်ပြေသွားသည်။ သူမကို အိန္ဒိယပြည်ရှိ ဗာရာဏသီ၊ နာလန္ဒ ဂယာ တက္ကသိုလ်ကျောင်းသားများ သိကြသည်၊ စာရေးသူတောင် မနှစ်က မဟာဗောဓိပင်အောက် တိပိဋက ရွတ်ဖတ်ပူဇော်ပွဲမှာ တွေ့ရလို့ သိခဲ့ရသည်၊ ထိုပွဲကို သူကစပြီး စပွန်ဆာပေးကာ ကျင်းပခဲ့သည်။
နောက် ဆရာတော်ကြီးကို ဖူးမျှော်ရန်ရောက်လာသူကတော့ ဒကာဦးကျော်ဆွေ+ဒကာမ ဒေါ်သန်းသန်းဌေး သမီး မယဉ်သူဇာကျော်တို့ပဲ ဖြစ်သည်။ သူတို့မိသားစုက ဘုံဘေမှ လေယာဉ်အင်ဂျီနီယာ မိသားစုဖြစ်သည်။ သာသနာကို အလွန်ယုံကြည်သော ဥပါသကာ ဥပါသိကာများ ဖြစ်ကြသည်။ စာရေးသူတို့ ဘုံဘေတက္ကသိုလ်များရှိ Ph.D ကျောင်းသားများအား တစ်လ နှစ်ကြိမ် ဆွမ်းကပ်လေ့ရှိသည်၊ မွေးနေ့ကဲ့သို့သော အခါအားလျော်စွာ အထူးအဖြစ် ပစ္စည်း ၄ပါးအတွက် န၀ကမ္မပါ လှူလေ့ရှိသည်။ ထိုမိသားစုသည် ယခု ဆရာတော်ကြီးအား ဖူးမျှော်ရန် ရောက်လာသည်၊ စာရေးသူလဲ လေဆိပ်အပေါက်မှာပဲ မိတ်ဆက်ပေးလိုက်သည်။ ဟိုတယ်အထိ ဆရာတော်ကြီးအား အလှူပစ္စည်းလှူရန် လိုက်လာသည်။ အလှူခံပေးရန်အတွက် ဆရာတော်ကြီးအား လျှောက်ထားလိုက်သောအခါ ဆရာတော်ကြီးက လက်ခံသည်။ စကားပြောသည်။ အသီးအနှံများ၊ အဖျော်ရည်များ၊ အမေရိကန်ဒေါ်လာ ၁ ထောင်နဲ့ ညီမျှသော ရူပီး ၅ သောင်းလှူသည်။ သူတို့လှူလိုက်သော အဖျော်ရည်၊ စနှိုးတာဝါ၊ အသီးအနှံတို့သည် အလွန်ဝေးသော ရတနာဂိရိသို့သွားသောအခါ ပူပြင်းသောရာသီဥတုအတွက် အလွန့်အလွန်ကို အသုံးတည့်သွားသည့်၊ ကာလဒါနဖြစ်သွားသည်။ လိုအပ်တဲ့အချိန် လိုအပ်သော ပစ္စည်းအလှူသည် ကာလဒါနဖြစ်သည်။ ဆရာတော်လဲ အလွန်ပင်ပန်းနေပုံရသည့်အတွက် အခန်းအနားယူရန် ပြင်ဆင်သည်။ ဒကာကြီးတို့ မိသားစုလဲ ကန်တော့ပြီး ပြန်သွားကြသည်။ ဆရာတော်လဲ အခန်းထဲရောက်ပြီး သင်္ကန်းများလဲအပြီးအမှာ အနားယူရင် စကားပြောဖြစ်သည်။ ဟိုတယ်စရိတ်၊ ကားခစသည်များအတွက် ပြင်ဆင်ရင်း ဒကာကြီး ဦးကျော်ဆွေတို့လှူလိုက်သော အလှူကိုလဲ ရေတွက်ခိုင်းပြီး သူ၏ ခရီးစရိတ်အဖြစ်သုံးရန် ပြောသည်။ ဒီဒကာတွေ အကြောင်း ပြန်ပြောပြသောအခါ ‘‘အေးကွ-ဟေး-မင်းတို့တတွေ ဒီလိုမိသားစုမျိုးကို ချစ်အောင် နေတတ်ရတယ်၊ ဘယ်တော့မှ မုန်းအောင် မနေနဲ့၊ ငါ့မျှက်နာလဲ အရှက်ရအောင် မလုပ်ကြနဲ့’’ ဟု ပြောကာ မင်းတို့ကော-အရှက်ရအောင် လုပ်သလားဟု မေးသည်၊ မလုပ်ပါဘုရားဟူ၍ပင် လျှောက်လိုက်သည်။
(ရတနာဂီရိ သီပေါမင်းစံအိမ်နှင့် ဆရာတပည့်များ အမှတ်တရ)

ရတနာဂီရိသို့
၃၀-၃-၂၀၁၂ ရက်နေ့က ဆရာတော်ကြီး ခေါင်းဆောင်၍ ကားလေး ၂ စီး ၄၅ ယောက်ဆန့် ကားကြီးတစ်စီးဖြင့် သီပေါမင်း စံအိမ်ရှိရာ ရတနာဂိရိသို့ သွားခဲ့ကြသည်၊ ရတနာဂိရိသည် အလွန်ဝေးသော ခရီးဖြစ်သည့်အပြင် အကွေ့အကောက်များသော တောင်တက်လမ်းဖြစ်သည်။ ထို တစ်ညအိပ်သွားရမည့်ခရီးကို နေ့ချင်းပြန်သွားရသဖြင့် အလွန်ပင်ပန်းသည်။ ရတနာဂိရိပတ်သက်ပြီး စာရေးသူ ပထမအကြိမ် ဒကာကြီးဦးကျော်ဆွေ စပွန်ဆာဖြင့် ရောက်ခဲ့တုန်းက မှတ်တမ်းပို့စ်တစ်ခု ရေးပြီး တင်ခဲ့ဖူးသည်။ အပြည့်စုံ ထိုနေရာတွင်ဖတ်နိုင်ပါသည်။ စာရေသူတို့ အဖွဲ့ ဟိုတယ်မှာ မနက် ၇ နာရီကျော်မှ ထွက်ခဲ့သည်၊ နေ့လည်စာအတွက် ဟိုတယ်မှ ထုတ်ပေးလိုက်သော ထမင်းဟင်းများဖြင့် ကားပေါ်မှာပဲ နေ့လည်စာကို ဖြစ်သလို ပြီးလိုက်ရသည်။ စားစရာ ဇွန်းများ ပါမသွား၊ လက်ဖြင့် မစားတတ်သူအတွက် အခက်တွေ့နေသည်၊ ဦးဇင်းတစ်ပါးက ဇွန်းအတွက် ထမင်း ဟင်းဗူးအခွန်ကို ခါးက ချိုးလိုက်ပြီး ထိုဟင်းဗူးဖုံးကိုပဲ ဇွန်းအဖြစ် အသုံးပြုလိုက်ရသည်၊ ကြည့်ရတာ ပျော်စရာလဲကောင်း ရီစရာလဲ ဖြစ်သည်။ ဒကာကြီး ဦးကျော်ဆွေ+ဒကာမဒေါ်သန်းသန်းဌေးတို့ မိသားစု လှူလိုက်သော အသီးအနှံများ၊ အဖျော်ရည်ဗူးများနှင့် တာဝါများက ဒီနေရာမှာ အတော် အသုံးတည့်သွားသည်။ ထို့အတွက် ထိုမိသားစုကို အထူးကျေးဇူးတင်မိသည်။
လမ်းခရီးက အကွေ့အကောက်များလွန်းသဖြင့် တော်တော်များများက ပင်ပန်းကြသည်၊ တချို့ဆို အန်ကြသည်။ တချို့ကလဲ ဘယ်သူက ဘာလို့ သီပေါမင်းကို ဒီလောက်ဝေးတဲ့ နေရာကို ခေါ်သွားရတာလဲဟု စိတ်မသက်မသာနဲ့ ပြောသည်၊ ဒကာမတစ်ယောက်ကတော့ ဆရာတော်က ဒို့ကို ဘာလို့ ဒီလောက်အဝေးကြီးကို ခေါ်လာရလဲ မသိဘူးနော်ဟု ပြောပြန်သည်။ ဒီလိုနဲ့ပဲ သီပေါစံအိမ်ကိုရောက်သည်။ စံအိမ်ရောက်တော့ ဓာတ်ပုံတွေရိုက်ကြ၊ ဆရာတော်ကြီးက သီပေါမင်းအကြောင်းပြောကာ ပန်းသမျှ နွမ်းသမျှတွေလဲ ပျောက်သွားသည်၊ ရာသီဥတုကြောင့် အပူတွေလဲ ငြိမ်း။ ဆရာတော်ကြီးက ပရိသတ်ကို ‘‘ အားလုံး ဒီလောက်ဝေးတဲ့ ခရီးကို လိုက်လာလို့ ကျေးဇူးတင်ပါတယ်၊ ပင်ပန်းပြီး အန်ကြတဲ့ သူတွေကိုလဲ ဘုန်းကြီး တောင်းပန်ပါသည်၊ ထိုအန်ခြင်းနဲ့ပတ်သက်ပြီး ကိလေသာတွေကို အန်ချနိုင်အောင် ကြိုးစားရမှာ ဖြစ်သည်’’ဟု မိန့်သည်။ ဒီနေရာမှာ အင်္ဂလိပ်အစိုးရက သီပေါမင်းက အကျယ်ချုပ် ချုပ်ထားသည်၊ အိန္ဒိယဘုရင်ကိုတော့ ရန်ကုန်မှာ အကျယ်ချုပ်ထားသည်နှင့်ပတ်သက်ပြီး အမိန့်ရှိသည်၊ မျိုးချစ်စိတ်ဓာတ်နဲ့ ကြည့်ရင်တော့ ဘယ်တော့မှ ခွင့်လွတ်စရာ မကောင်း၊ တရားသဘောနဲ့ ကြည့်ရင်တော့ သံဝေဂ ရဖွယ် ဆိုတဲ့ အကြောင်းပါ အမိန့်ရှိသည်။ သီပေါမင်းနဲ့ ဆွေတော်မျိုးတော်တွေကို သီတဂူ၏ ပြုခဲ့သမျှသော ကောင်းမှုကုသိုလ် အစုစုတို့ကို အမျှဝေသော အခါ စိတ်ထဲမှာ တမျိုးခံစားရသည်။ ပင်ပန်းသမျှတွေလဲ ဆရာတော်ကြီး၏ ဓမ္မရေအေးဖြင့် ပြေပျောက်ကာ အပြန်ခရီးမှာတော့ လန်းလန်း၊ ပေါ့ပေါ့ပါးပါး ပြန်ခဲ့ကြသည်၊ ဘုံဘေမြို့ ဟိုတယ်သို့ နောက်နေ့မနက်စောစော ၂-၃၀မှ ပြန်ရောက်သည်။
(ဆရာကြီးဦးဂိုအင်ကာ ရိပ်သာ ဓမ္မဂီရိ အမှတ်တရ)

ဓမ္မဂိရိ (အိဂတ်ပူ) နှင့် အော်ရမ်ဂဘက် (အာဂျင်တာ-အလိုရာလှိုဏ်ဂူ)
၃၁-၃-၂၀၁၂ ရက်နေ့မှာတော့ မနက်စောစော ဟိုတယ်မှာပဲ နံနက်စာ စားပြီး အထုတ်အပိုးအားလုံး ကားပေါ်တင်။ ဟိုတယ် ၃-ညစာအတွက် အပြီးသက် ငွေးရှင်းရာ အိန္ဒိယ ရူပီး ၁၃ သိန်းကျော်သည် (ယနေ့ပေါက်ဈေး ဒေါ်လာ-၁၀၀= ရူပီး ၅၀၀၀၊ ၅၀ ဈေးနှုန်းရှိ)။ လူများတော့ အိပ်တွေ အထုပ်တွေ ကားထဲထည့်တာနဲ့ကို ၁ နာရီ အချိန်ကုန်သွားသည်၊ ၈ နာရီကျော်မှ ဟိုတယ်မှထွက်နိုင်သည်။ ဆရာကြီးဦးဂိုအင်ကာကြီး၏ ရိပ်သာသို့ နေ့လည်စာအချိန်ရောက်သည်၊ ကုလားဟင်း ကုလားထမင်းနဲ့ပဲ နေ့စာ ပြီးလိုက်ရသည်။ ရိပ်သာကြီးမှ ဆရာများ၊ မန်နေဂျာများက လိုက်လံ ရှင်းပြသည်။
ဆရာတော်ကြီးက ပါလာသည့်ဧည့်သည်များကို မိတ်ဆက်ပေးရာဝယ် စာရေးသူအတွက် အမှတ်တရဖြစ်စေသည်၊ အတုယူစရာလဲဖြစ်သည်။ ရောက်တဲ့နေရာ တွေ့တဲ့လူနဲ့ အစဉ်တည့်အောင် ပြောတတ်သည်မှာလဲ အံသြစရာပင်။ မျက်စိပါရဂူကြီး ဒေါက်တာမြအောင်နဲ့ ကမ္မဋ္ဌာန်းဆရာ (meditation master) မိတ်ဆက်ပေးရာဝယ် ‘‘ဒီဒကာကြိးက physical-eye ကိုပဲ ကြည့်နိုင်သည့်၊ စမ်းသပ်နိုင်သည့် ကုသနိုင်သည့် မျက်စိဆရာဝန်ကြီးဖြစ်သည်၊ ဘုန်းကြီးတို့ ဆရာကြီးတို့က mental-eye ကို စမ်းသပ်နိုင် ကြည့်နိုင် ကုသနိုင်တဲ့ ဥာဏ်မျက်ဆရာဝန်တွေ ဖြစ်ပါတယ်။’’ဟု မိတ်ဆက်ပေးသည်။ နောက်တစ်ယောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီး၏ အဆောက်အဦးအကြီးများကို ဖန်တီးသော ဗိသုကာဆရာကြီး Engineer ဦးစောထွေးဇော်နဲ့ မိတ်ဆက်ပေးရာဝယ် ‘‘ဒီဒကာကြီးကတော့ physical house တွေကိုပဲ construction တည်ဆောက်နိုင်တဲ့ Engineer ဖြစ်တယ်၊ ဘုန်းကြီးတို့ ဆရာကြီးတို့ကတော့ mental-house သို့မဟုတ် Wisdom House ကို တည်ဆောက်ပေးနေတဲ့ Engineer ဖြစ်တယ်’’လို့ ပြောခဲ့သည်။
ရိပ်သာအတွင်း ၂ နာရီနီးပါးလောက် နေပြီး အောရမ်ဂဘက်မြို့ရှိ အာဂျင်တာ အလိုရာ လှိုဏ်များလေ့လာဖို့ရန် ထိုမြိုပြင်ရှိ The Meawindows Hotel တွင် ည ၇ နာရီလောက် ရောက်သည်။ ဟိုတယ်သည် ဘန်ဂလိုများဖြစ်သည်။ ဟိုတယ်မှာ နေရာအသီးသီးယူပြီး ညစာ စား၊ အားလုံး ဆရာတော်ကြီးထံ သြ၀ါဒခံယူကြသည်။ ဆရာတော်ကြီးက ရောက်တဲ့နေရာတိုင်းမှာ ခရီးသွားမှတ်တမ်းရေးတတ်ကြဖို့နှင့် အသေအချာလေ့လာဖို့မိန့်သည်၊ ရောက်တဲ့နေရာတိုင်းမှာလဲ ဆရာတော်ကြီးက ထိုထိုနေရာများ၏ သမိုင်း၊ အနုပညာ၊ စာပေအကြောင်းများကို ရှင်းပြသည်။ ဆရာတော်ကြီးနဲ့အတူလိုက်ရသည့် အကျိုးများပင်ဖြစ်သည်။
(သိပ်လှပ ခန်ညားတဲ့ အလိုရာ ဗုဒ္ဓဘာသာ သုံးထပ်လှိုဏ်ဂူကြီး)

အာဂျင်တာနှင်အလိုရာ လှိုဏ်ဂူများ
၁-၄-၂၀၁၂ ရက်နေ့မှာတော့ ကမ္ဘာကျော် ပန်းချီပန်းပု ဗိသုကာ အနုပညာလက်ရာမြောက်သည့် ရှေးဟောင်းဗုဒ္ဓဘာသာ လှိုဏ်ဂူများကို သွားရောက်လေ့လာကြသည်။ ထိုဂူများအကြောင်းကို စာရေးသူ၏ ဆိုက်ထဲမှာပဲ ဒုတိမြောက်ခရီးစဉ်တွင် ခရီးသွားမှတ်တမ်းပို့စ်အဖြစ် ဖော်ပြပြီးဖြစ်သည်။ စိတ်ဝင်းစားလိုသူများ လေ့လာနိုင်သည်။ ထိုလှိုဏ်ဂူများရောက်တော့ လိုက်ပါလာသည့် ပရိသတ်လဲ အံ့ကြဘနန်းဖြစ်ရသည်။ ဤနေရာမျိုးက ရောက်ဖို့မလွယ်၊ မြန်မာပြည်သားများ အများစုက ဗုဒ္ဓဂယာ သံဝေဇနိယ ၄ ဌာနလောက်သာ ရောက်ကြသည်၊ ဤမျှလောက် အနုပညာလက်ရာမြောက်သည့်နေရာမျိုးကိုကား မရောက်ကြပေ။ အာဂျင်တာလှိုဏ်ဂူမှာပဲ နေ့လည်စာကို ဘူဘေးစနစ်မှာထားပြီး စားခဲ့ကြသည်။ ထို့နောက် အလိုရာလှိုဏ်ဂူဘက်သို့ဆက်လက် လေ့လာကြသည်၊ ထိုနေ့သည် ဧပြီလ (၁) ရက်နေ့ဖြစ်သည်။ မြန်မာပြည်သားတိုင်း ရင်ခုန်ကြသည့်နေ့ဖြစ်သည်။ အလိုရာလှိုဏ်ဂူရောက်တော့ ဒကာမတစ်ယောက်က မြန်မာပြည်ဖုန်းဆက်နေသည်၊ ရွေးကောက်ပွဲအခြေအနေကို မေးနေသည်၊ နေရာတော်တော်များများမှာ အနိုင်ရယူနိုင်ကြောင်း ကြားကြတော့ ပါလာတဲ့ပရိသတ်တွေအားလုံး မြူးပျော်နေကြသည်။ ဆရာတော်ကြီးက ရှေ့ကနေ (၇)နေ့ဘုရားရှိခိုးကို တိုင်ပေးသည်၊ အားလုံးက ညီညာစွာလိုက်ဆိုကြပြီး အမျှဝေပြီး ဓာတ်ပုံများ ရိုက်ကြသည်၊ စုပေါင်းဓာတ်ပုံများလဲ ရိုက်ကြသည်။ ဆရာတော်ကြီးနဲ့အတူ မုံရွာအဖွဲ့၊ မန္တလေးအဖွဲ့၊ လောက်ကိုင်အဖွဲ့၊ ရန်ကုန်အဖွဲ့စသည်ဖြင့် တဖွဲ့ချင်းခေါ်ပြီး ရိုက်စေသည်။ အားလုံးလေ့လာပြီးတော့ ညနေ ၅ နာရီထိုးနေပြီ၊ ဟိုတယ်ပြန်ပြီး အနားယူရန် မိန့်သဖြင့် ဟိုတယ်သို့ ပြန်လာခဲ့ကြသည်။ ဟိုတယ်ရောက် ရေမိုးချိုး အနားယူကြသည်။ နောက်နေ့မနက် အောရမ်ဂဘက်လေဆိပ်မှ ဘုံဘေ၊ ဒေလီ သို့ သွားရန် အထုတ်အပိုးများ ညကတည်းက တခါတည်း အပြီးအစီးပြင်ဆင်ပြီး ကားပေါ်တင်ထားကြရသည်။ မနက် ၅ နာရီ ခွဲ မနက်စာ ဟိုတယ်မှာပဲ စားပြီး ၆ နာရီ လေဆိပ်သို့ဆင်းကြမည်။
(အလိုရာလှိုဏ်ဂူကြီးများနှင့် ဆရာတပည့် အမှတ်တရ)
စာရေးသူတို့အဖွဲ့ ဘုံဘေသို့ပြန်
၁-၄-၂၀၁၂ စာရေးသူနှင့်သူငယ်ချင်း ၂ ပါးသည် ဟိုတယ်မှ ဘုံဘေဘက်သို့သွားသည်၊ ဆရာတော်ကြီးတို့အဖွဲ့က လေဆိပ်သို့သွားကြသည်။ အပြန်ခရီးတွင် နာဆစ်ခ်မြို့ထဲအရောက် စာရေးသူစီးသော ကားသမားက ချိန်ထားသည့်ကိစ္စရှိသဖြင့်အချိန်မှီမောင်းဟန်တူသည်၊ အလျှင်လိုနေသည်၊ တခြားကားသေးသေးလေးတစ်စီးကို ပွတ်ဆွဲမိသွားသည်၊ တခါတည်း ဘာမျှမပြောဘဲ အတင်းမောင်းပြီး ထွက်ပြေးလာသည်။ ကီလိုမီတာ ၁၄၀-၁၆၀ နှုန်းထားအထိမောင်းနေသဖြင့် စာရေးသူတို့လည်း လန့်သွားသည်၊ နောက်က လိုက်လာသည့်ကားကို တကြည့်ကြည့်နဲ့မောင်းသည်၊ မြို့ဝင် ဂိတ်ကြေး ပိုက်ဆံထုတ်ပေးတော့ လက်တွေ တုန်တုန်ရီရီ ဖြစ်နေသည်။ စကားတွေလဲ တုန်နေသည်။ စာရေးသူတို့လဲ ထိတ်လန့်သဖြင့် ခါးပတ်ကြိုးဆွဲပတ်လိုက်ရသည်။ တစ်နေရာရောက်တော့ အအေးဆိုင်ဝင်ချင်တယ် ပြောပြီး ကားသမား ရပ်ခိုင်းရသည်၊ ဖြေးဖြေးမောင်းပါ၊ အလျှင်မလိုပါနဲ့ ဟုတောင်းပန်ပြောလိုက်ရသည်။ အအေးဆိုင်နားလိုက်တာ မှန်သွားသည်၊ သူ့နောက်လိုက်လာတဲ့ ကားလဲ မျက်ခြေပျက်သွားပုံရသည်၊ သူလဲ စိတ်ငြိမ်သွားပုံရသည်။ နို့မို့ဆို ရင်တထိတ်ထိတ်နဲ့ လိုက်လာရသည်။ ဘုံဘေမြို့လည်း အစောကြီးရောက်သည်။ ဒကာဦးခင်ဝင်းက သူ့အိမ်ကို မောင်းခဲ့ဖို့၊ အိမ်မှာ မုန့်ဟင်းခါးဆွမ်းကပ်သည်၊ ဦးခင်ဝင်းတို့ မိသားစုသည် မြန်မာပြည်မှာ ဖွားသည့် အိန္ဒိယနွယ်ဖွားဖြစ်သည်၊ ဘုံဘေမှာ မြန်မာစကားပြောသည့် တခုတည်းသော မိသားစုဖြစ်သည်။ အလွန်သဒ္ဓါတရားကောင်းသည့် မိသားစုဖြစ်သည်။ အဲဒီကနေမှ ကောင်လေးတစ်ယောက် မြန်မာပြည်ပြန်ရန် လေဆိပ်လိုက်ပို့၊ အဆောင်ကို ည ၁၀ နာရီမှ ပြန်ရောက်သည်။ အိပ်ရေးတွေလဲပျက်၊ ခရီးကလဲပန်း၊ နေကလဲ ပူသဖြင့်၊ လူလဲကြေနေပြီ။

နိဂုံး
စာရေးသူသည် အိဂတ်ပူရ (ဓမ္မဂိရိရိပ်သာ) ၃ ခေါက်၊ အာဂျင်တာ-အလိုရာလှိုဏ်ဂူ (အောရမ်ဂဘက်) ၃ ခေါက်နှင့် ရတနာဂိရိ ၂ ခေါက် ရောက်ခဲ့ပြီး ဖြစ်သည်။ ဤကား စာရေးသူလိုက်ပါသွားသော ၂၈-၂၉-၃၀-၃၁-၃။ နှင့် ၁-၂,၄-၂၀၁၂ (၆) ရက်တိုင်တိုင် လိုက်ပါသွားသော ခရီးသွားမှတ်တမ်းအကျဉ်းဖြစ်သည်။

ရွင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၆-၄-၂၀၁၂

28 November 2011

သီတဂူဆရာတော် ဂယာသို့ရောက်

၂၆-၁၁-၂၀၁၁ နေ့ မနက်ပိုင်း ၁၁-၃၀ လောက်က သီတဂူဆရာတော်ကြီးသည် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ပါမောက္ခ၊ အုပ်ချုပ်ရေး၊ သင်ကြား ဆရာများနှင့် သီတဂူသာသနာပြုအဖွဲ့ အတွင်းရေးမှူးများ၊ မန္တလေးသီတဂူကျောင်းအမကြီး ပါဝင်လျှက် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာသို့ ရောက်ရှိသည်။ ဒီတစ်ခေါက် ထူးခြားသည်မှာ သက်တော် ၉၀ ကျော်ရှိ ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်ကြီး ပါလာခြင်းဖြစ်သည်။
တိပိဋက ပူဇော်ပွဲ အလှူရှင် ဆရာတော်ကြီးအား လာရောက် ကြိုဆို

ဂယာလေဆိပ်
ဂယာလေဆိပ်သည် ပုံမှန်အားဖြင့် ပြည်တွင်း အရေးပေါ်လေယာဉ်ဆင်းသက်ရာဌာန ဖြစ်သလို ပြည်တွင် လေယာဉ်အချို့သာ တခါတရံပဲ ဆင်းသည်ဟု ထင်ပါသည်။ ယခုလို ဆောင်းရာသီ ဘုရားဖူးအချိန်အခါမှာတော့ ဗုဒ္ဓဘာသာနိုင်ငံများဖြစ်ကြသော မြန်မာ သီရိလင်္ကာ ထိုင်းစတဲ့ နိုင်ငံများက ဘုရားဖူးတွေလာနေတာကြောင့် ထိုလေဆိပ် လေယာဉ်မပြတ်ဘဲ ရှိနေသည်။ လေဆိပ်ဝင်ပေါက်က အစ ခန်းခန်းနားနား မရှိလှ၊ အိမ်ခြံဝင်းတစ်ခုက ၀င်ပေါက်တံခါးများလို တပ်ဆင်ထားသည်။ အ၀င်အထွက်လဲ သိပ်ရှိပုံမရ၊ အမြဲတမ်းပိတ်ထားသည်၊ ကားလာမှ ထိုသံတံခါး ဖွင့်ပေးသည်။ ဒီနေ့ ဆရာတော်တို့အဖွဲ့လာတော့ နီလာ တို့ ဒါနတို့ GL ပို့ဆောင်ရေးတို့က ဘုရားဖူးအဖွဲ့များကိုလဲ တွေ့ရသည်၊ နေ့လည် ၁၁ လောက်ဆင်းလာသည်၊ လေယာဉ်ဆင်းသက်ပြီးဖြစ်နေပေမဲ့ လေကြောင်းအဆင်းအတက် ဆိုင်းဘုတ်မှာတော့ 10-30-Yangon Expected ဟု စာတမ်းထိုးနေဆဲပင်၊ လူအုပ်ကြီးက Immigration ရုံးမှာ ထွက်ဖို့ စုရုံးနေပေမဲ့ ရုံးဝန်ထမ်းက မလာသေး၊ လူတွေက ဆူဆူညံညံနဲ့ အော်ခေါ်မှ တစ်ယောက်ရောက်လာပြီး ရာနဲ့ချီတဲ့ လူအုပ်ကြီးထဲက လူတစ်ယောက်ချင်း၏ ပတ်စပို့များကို လက်ညိုးတစ်ချောင်းတည်းဖြင့် ကွန်ပြူတာထဲ ရိုက်ထည့်နေသည်။ စောင့်နေတဲ့ လူအုပ်ကြီးကိုမှ အားမနာ။ ခရီးသည်တွေကို အလေးမထားတဲ့ သဘောပင်။ ပိုက်ဆံယူဖို့ ဟန်ပြတော့ ကောင်းသည်၊ ဂယာလေဆိပ်ထဲမှာ ဘုရားရုပ်ပွားဆင်းတုတော်ကြီးကို ရှိုး (show) အဖြစ်ပြထားသည်။ အဲဒီနားမှာလဲ အလှူခံပုံးတစ်ပုံးချထားသည်၊ ဗုဒ္ဓဘာသာဆိုတဲ့လူမျိုးတွေကလဲ ဘုရားနဲ့တွေ့ရင် မလှူဘဲ မနေနိုင်၊ ကုလားကတော့ အိပ်ထဲထည့်။ အိန္ဒိယမှာ ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး နေရာအတော်များများတွေကို ကြည့်လျှင် ဘုရားရှင်သည် ကုလားတွေကို ယနေ့တိုင်ထိ လုပ်ကျွေးနေဆဲပင်ဖြင်ပေမဲ့ ကုလားကတော့ ဘုရားကို ကျေးဇူးပင်တင်ရကောင်းမှန်း သိမည် မထင်။
သွားရောက်ကြိုဆိုကြသော လက်ရှိ ကျောင်းသားများ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနဲ့အတူ

ကြိုဆို
မြန်မာနိုင်ငံက အထင်ကရ ဆရာတော်ကြီးတွေ ကြွလာမည်ဆိုတော့ ကျောင်းသားကျောင်းရှိ လူကြီး လူငယ်မကျန် အားလုံးက ကျောင်းတော်ကြီးကို သန့်ရှင်းရေးလုပ်ကြရသည်၊ သန့်ရှင်းတာကို နှစ်သက်တော်မူသော ဆရာတော်ကြီးများ စိတ်ချမ်းသာစေရန် ရေဆေးခြင်း၊ မကောင်းသော အနံ့မထွက်အောင် ဆေးရေများဖြင့် ဆေးကြောရသည်၊ ကိုယ့်နိုင်ငံရှိ ဆရာတော်ကြီးများကို အလေးထား အသိအမှတ်ပြုခြင်း၊ လေးစားခြင်းစတဲ့ ဂါရ၀ သင်္ကေတများပင် ဖြစ်သည်။
ဆရာတော်ကြီးများကို ကြိုဆိုရန် ဂယာလေဆိပ်သို့ သွားကြပါပြီ၊ အိန္ဒိယနိုင်ငံ ကျောင်းသားများ ဥက္ကဋ္ဌဟောင်းများ၊ လက်ရှိဥက္ကဋ္ဌနှင့်အတူ သီတဂူဆရာတော်တပည့်များ၊ အပြည်ပြည်ဆိုင်ရာ တိပိဋကရွတ်ဆိုပူဇော်ပွဲကို နှစ်စဉ် စပွန်ဆာပေးသည့် အလှူရှင်၊ ကျောင်းသားကျောင်း၏ ကျောင်းအမနှင့် မဂဓတက္ကသိုလ်ကျောင်းသားအချို့က လေဆိပ်အထိ သိုင်းသိုင်းဝိုင်းဝိုင်းနဲ့ သွားရောက်ကြိုဆိုကြသည်။ သီတဂူဆရာတော်ကြီးက ၀မ်းပန်းတသာ နုတ်ခွန်းဆက်သည်၊ ၀ါဆိုဆရာတော်ကြီးကို လာကြိုဆိုသော အဖွဲ့၊ အလှူရှင်များနဲ့ မိတ်ဆက်ပေးသည်။ လေဆိပ်မှ ကျောင်းသားများကျောင်းဆာင်သို့ သွားကြသည်၊ နေ့ဆွမ်းဘုန်းပေးကြသည်၊ ထိုနေ့အတွက် တစ်နေ့စာ အလှူကို သီတဂူတပည့်များက ကပ်သည်။

ရွှေကျင်သာသနာပိုင်ဆရာတော်နှင့် သီတဂူဆရာတော်


ကျောင်းသားများအတွက် သိန်း ၃၀၀ အလှူရှင် မန္တလေး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကျောင်းအမကြီး

ကျောင်းသားများအတွက် အလှူ
သီတဂူဆရာတော်ကြီးက လာရောက်ကန်တော့ကြသော မဂဓကျောင်းသားများအား သြ၀ါဒပေးသည်၊ အိန္ဒိယနိုင်ငံတွင် မြန်မာနိုင်ငံမှ ဗမာ ရှမ်း ကချင် ကရင် ရခိုင် မွန် ကယား ချင်းဟူသော မြန်မာပတ်စပို့ကိုင် ကျောင်းသား ၅၂၈ အတွက် လှူရန် အမေရိကန်ဒေါ်လာ ငါးသောင်း နှစ်ထောင့် ရှစ်ရာ (၅၂၈၀၀) ကို ကျောင်းသားကျောင်း ယခုလက်ရှိ ဥက္ကဋ္ဌထံ အပ်နှံလိုက်သည်၊ ဒီဇင်ဘာ ၁ ရက်နေ့မှ လှူဒါန်းပွဲ ပြုလုပ်မည် ဖြစ်သည်။ ဆရာတော်ကြီးနှင့်အဖွဲ့အတွက် ဟိုတယ် ဘုတ်ကင်လုပ်ထားသော်လည်း ဟိုတယ်မှာ မနေဘဲ မဟာဗောဓိဘုရားသို့ သွားဖူးရန် ဆရာတော် အမိန့်ရှိသဖြင့် ဘုရားသို့ ချီတက်ကြသည်၊ ဘုရားမှာပဲ ဘုရားဖူး ဓာတ်ပုံရိုက်ရင်း ၁ နာရီခွဲလောက်နေပြီဖြစ်သည်၊ ၂-၃၀ မိနစ် ရောက်တာနဲ့ ဆရာတော်ကြီးနဲ့ အဖွဲ့ နယူးဒေလီသို့ ကြွရန် လေဆိပ်သို့သွားကြပြန်သည်။


နယူးဒေလီတွင် အိန္ဒိယအစိုးရ၏ စပွန်ဆာဖြင့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ညီလာခံ (Global Buddhist Congregation) ၏ ၂၆ ရက်နေ့ ဖွင့်ပွဲနှင့် ၃၀ ရက်နေ့ဖွင့်ပွဲနှင့်ပိတ်ပွဲကို Ashok Hotel, Diplomatic Enclave, 50-B Chanakayapuri ဟိုတယ်မှာ ကျင်းပမည်။ ၂၇-ရက်နေ့နှင့် ၂၈ ရက်နေ့တွင် ကဏ္ဍ အလိုက် အုပ်စုခွဲ ဆွေးနွေးပွဲများကို နယူးဒေလီရှိ The Lalit New Delhi Hotel, Barakhamba Avenue, Connaught Place, New Delhi 110001 တွင် ကျင်းပမည် ဖြစ်ပါသည်။
ဆရာကြီး မင်းယုဝေ

ဆရာတော်ကြီးများသည် ဒီဇင်ဘာ ၁-၂-၃ ရက်နေ့များတွင် ဗုဒ္ဓဂယာ မဟာဗောဓိဘုရားကြီးဝင်း အတွင်း International Tipitaka Chanting နိုင်ငံတကာ တိပိဋကရွတ်ဆို ပူဇော်ပွဲသို့ ကြွရောက်ပြီး ဟောပြောမည် ဖြစ်သည်။ ထိုရက်များအတွင်း ညပိုင်းတွင် အဆင်ပြေတဲ့အချိန်မှာ မဂဓတက္ကသိုလ်ရှိ ကျောင်းသားများအား သြ၀ါဒပေးရန်လဲ ပါရှိသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၂၇-၁၁-၂၀၁၁

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes