ကျေးဇူးပြုတတ်သော သူ
မိမိတို့တတွေသည် လောကအလယ်မှာ မိမိတစ်ယောက်တည်း နေရသည့်မဟုတ်၊ အသိုင်းအ၀ိုင်း၊ အပေါင်းအသင်းနှင့် နေကြရသည်။ ထိုသို့နေကြရာဝယ် မိတ်ကောင်းဆွေကောင်းသည် မိမိတို့အတွက် လောကမှာ အလိုအပ်ဆုံးအရာဖြစ်သည်။ မိတ်ဆွေဟူသည် သူတစ်ပါး၏အကျိုးစီးပွားကို တကယ်လိုလားသူဖြစ်သည်၊ တချို့က အပြောအဆို မချိုသာသဖြင့် နားဝင်ဆိုးစေပေမဲ့ အကျိုးစီးပွားအတွက်ဆို စိတ်ပါလက်ပါ ရှိလှသည့်အတွက် မိတ္တမည်သည်။ မိတ္တလည်းမည် အပြောလည်းနားဝင်ချိုစေမယ်ဆိုလျှင်တော့ မိတ္တသုဟဇ္ဇမည်သည်၊ ချစ်စရာကောင်းသော မိတ်ဆွေဖြစ်သည်။ သာသနာ့နွယ်ဝင် ရဟန်းဘ၀မှာရော လူ့ဘောင်လူဘ၀မှာပါ မိတ်ကောင်းဆွေကောင်းတွေ ရှိကြသည်။ မိတ်ကောင်းဆွေကောင်း၏ အမှတ်အသားများကို ဆက်လက် လေ့လာကြမည်။
မိတ်ကောင်းဆွေကောင်း (သုဟဒမိတ္တ) ဟူသည်
(၁) ဥပကာရ=ကျေးဇူးပြုတတ်သော သူသည် ကောင်းသောနှလုံးပိုင်ရှင်ဖြစ်သည်။
(၂) သမာနသုခဒုက္ခ=လောကဓံကို အတူမျှဝေခံစားပေးသူသည် မိတ်ကောင်းဆွေကောင်းတို့၏ အရည်အချင်းတစ်ရပ်ဖြစ်သည်။
(၃) အတ္ထက္ခာယီ= မိတ်ဆွေ၏အကျိုးကိုသာ ပြောပြတတ်သော သူသည်လည်း မိတ်ကောင်းဆွေကောင်းပင်ဖြစ်သည်။
(၄) အနုကမ္ပက= ကရုဏာတရားကို နှလုံးသားအရည်အချင်းအဖြစ် ခံယူထားသူသည်လည်း မိတ်ကောင်း ဆွေကောင်းပင်ဖြစ်သည်။
ဥပကာရ=ကျေးဇူးပြုတတ်သော သူ၏ နှလုံးသားအရည်အချင်း (၄)မျိုး
(က) ပမတ္တံ ရက္ခတိ-မေ့လျှော့နေသူ၊ မူးယဇ်နေသူကို စောင့်ရှောက်တတ်သူ (ခ) ပမတ္တဿ သာပတေယျံ ရက္ခတိ-အရပ်တစ်ပါးသို့သွားနေသော မိတ်ဆွေ၊ သေရည်သောက် မှောက်နေသော မိတ်ဆွေ၏ အိုးအိမ်တို့ကို စောင့်ရှောက်ပေးတတ်သူ (ဂ) ဘီတဿ သရဏံ- အကြောက်တရား၊ အရှုံးတရား၊ စိုးရိမ်မှုတွေနှင့် ရင်ဆိုင်နေသော မိတ်ဆွေကို ဖေးမကူညီ၊ အားကိုးရာအဖြစ်ရပ်တည်ပေးတတ်သူ (ဃ) တဒ္ဒိဂုဏံ ဘောဂံ- တိုင်းရေးပြည်ရေးကိစ္စ၊ လူမှုရေးကိစ္စ၊ မိသားစုကိစ္စစသော အမှုတို့မှာ ငွေကြေးမလုံလောက်သော် မိတ်ဆွေအား လိုသည်ထက် တစ်ဆပိုပေးတတ်သူ။
(က) ပမတ္တံ ရက္ခတိ-မေ့လျှော့နေသူ၊ မူးယဇ်နေသူကို စောင့်ရှောက်တတ်သူ
ဥပကာရကို နဲနဲလေးတိုးပြီး (Enlarge) လေ့လာကြမည်ဆိုလျှင် (က) ပမတ္တံ ရက္ခတိ-မေ့လျှော့နေသူ၊ မူးယဇ်နေသူကို စောင့်ရှောက်တတ်သူသည် ကျေးဇူးကိုပြုတတ်သဖြင့် သုဟဒမိတ္တ-စိတ်နှလုံးကောင်း အရည်အချင်းရှိသူမည်သည်။
မူးယဇ်သော မိတ်ဆွေကို စောင့်ရှောက်တတ်၏။ မြတ်ဗုဒ္ဓသည် အံ့သြစရာကောင်းလောက်အောင်ကို ဒေါင့်စေ့တော်မူသည်။
မိတ်ကောင်းဆွေကောင်းဆိုသည်ကို
သေရည်အရက်ကြူးသူတို့အတွက်ပင် စဉ်းစားပေးထားသည်။ သေရည်အရက်ကြူးသူတို့သည် မိမိ
ခါးဝတ်ပုဆိုးကိုပင် မနိုင်ဖြစ်ရသည်၊ အရှက်တရားတွေ ပျောက်ကုန်သည်၊ အကြောက်တရားတွေ
ပျောက်ကုန်သည်၊ ပင်ကိုယ်စိတ်ကောင်းတွေ ပျောက်ကုန်သည်။ လူသူသွားလာ များသော
လမ်းဘေးတို့၌လည်း မူးယဇ်ပြီး အသိစိတ်ပျောက် မှောက်နေတတ်သည်၊ ရွာတံခါး၊ အရပ်တံခါး၊
အိမ်တံခါးဝတို့မှာလည်း မေ့မျောနေတတ်သည်။ ကြည့်၊ မြင်သွားသည့် ပုဂ္ဂိုလ်အများစုက
နှာခေါင်းရှုံ့ကြသည်၊ ရွံကြသည်၊ ကြောက်ရွံ့ကြသည်၊ လူကောင်းတစ်ယောက်ဟူ၍ မည်သူကမျှ
မှတ်ချက်ပေးသွားကြမည် မဟုတ်။ ထိုသို့အခြေအနေမျိုးမှာ မည်ကဲ့သို့သောသူက
သူ၏မိတ်ဆွေအဖြစ် ရပ်တည်နိုင်မည်နည်း။ “တံငါနားနီးတော့ တံငါ”ဆိုတာလို မိမိလည်း
“ဒီပုပ်ထဲက ဒီပဲ” ပါပဲဟု မှတ်ချက်ပြုသွားကြမည်ကို လူတိုင်း စိုးရိမ်ကြသည်။
အများသူငါ ကဲ့ရဲ့ရှုံ့ချမည်ကို ရှက်-ကြောက်နေသည်ကိုက အသိစိတ်ရှိနေသေးသည်၊ သို့မဟုတ်
သူတော်ကောင်းစိတ်လေး ရှိနေသေးသည်ဟု ဆိုရမည်။
မိမိကိုယ်ကို ထိုကဲ့သို့ အထင်ခံရမည်ကို မလိုလားသော သောက်ဖော်သောက်ဖက်တို့သည် အသိစိတ်လေး၊ ရှက်စိတ်လေး၊ ကြောက်စိတ်လေးများ ရှိနေသေးသည့်အတွက် အသိစိတ်ပျောက် မှောက်နေသော မိတ်ဆွေကို စွန့်ခွါသွားကြလိမ့်မည်။ အကြောင်းက သူ့အတ္ထထက် မိမိအတ္တကို ပိုချစ်နေသောကြောင့်ပင်ဖြစ်သည်။
သို့သော် မိတ်ဆွေအပေါ် မျက်နှာလွှဲခဲပစ် ပစ်ပစ်ခါခါ မစွန့်ရက်သော သူတို့သည်ကား အသိစိတ်ပျောက် မှောက်နေသော မိတ်ဆွေအနားပါပဲ ရပ်တည်ပေးကြလိမ့်မည်။ မိတ်ဆွေ သတိရလာသည့်အခါ ထမ်းခေါ်သွားမည်၊ လက်တွဲခေါ်သွားမည်၊ အသိစိတ်ပျောက် မှောက်နေသော မိတ်ဆွေအပေါ်မှာရှိသည့် တန်ဖိုးရှိပစ္စည်းကို ကာကွယ်ပေးရင်း၊ မိမိ၏အတ္တကို ဘေးဖယ်ထားခြင်းဖြင့် မိတ်ဆွေအပေါ်မှာ ဥပကာရ-ကျေးဇူးကို ပြုတတ်ကြသည်။ ထိုသူကို သုဟဒမိတ္တ-စိတ်ကောင်းနှလုံးကောင်း အရည်အချင်းရှိသည့် မိတ်ဆွေဟု ဆိုသည်။
မိတ်ဆွေအတုကို အစစ်ထင်သူ
တချို့က ဒင်းမရှိရင်နေ ဒင်းရှိနေရင် ဘ၀တစ်သက်တာအတွက် လုံလောက်ပြီလို့ ယူဆပြီး သေစေတတ်သည့် အရည် (သေရည်)ကို မိတ်ဖက်ပြီး နေလေ့ရှိသူလည်း လက်ညိုးညွှန်ရာတိုင်းမှာ ရှိနေသည်။ မိတ်ဆွေတစ်ယောက် သူ၏မိတ်ဆွေအိမ်ကို ကိစ္စတစ်ခုနဲ့ ဟိုဝင် ဒီထွက် တွေ့သမျှလူကို မေး၍ လာရရှာသည်။ လမ်းညွှန်သူက “မိတ်ဆွေ- ဟိုမှာ အရက်ဆိုင်တွေ့တယ်မလား၊ အဲဒီကနေ တည့်တည့်သွားရင် အရက်ဆိုင် တစ်ဆိုင်တွေ့လိမ့်မည်၊ အဲဒီအရက်ဆိုင်ကနေ ဘယ်ဘက်ချိုးလိုက်ရင် အရက်ဆိုင်တစ်ဆိုင် ထပ်တွေ့လိမ့်အုံးမည်၊ သူ့ကို နဲနဲကျော်လိုက်ရင် ဘီယာဆိုင်တစ်ဆိုင်တွေ့မယ်၊ အဲဒီဆိုင်ကနေ ညာဘက်ချိုးလိုက်၊ အမိန့်ရ အရက်ဆိုင်တွေ့လိမ့်မည်၊ အေး--မိတ်ဆွေ ရှာနေတဲ့ အိမ်က အဲဒီအရက်ဆိုင်နဲ့ ဘေးချင်းကပ် ထန်းရည်၊ ဘီယာ၊ အရက်အမျိုးစုံ ဖြန့်တဲ့ အိမ်ကပဲ”ဆိုတော့ တစ်ရပ်ကွက်လုံး အရက်ဆိုင်က နေရာ အများယူထားသလိုဖြစ်နေတယ်။ အဲဒီလိုနဲ့ စိတ်ညစ်စရာကြုံတိုင်း အရက်ကို မိတ်ပြု၊ စိတ်ပျော်တိုင်းလည်း အရက်ကို မိတ်ပြု၊ သူ့ဘ၀ အရက်ရဲ့ ကျေးကျွန်ဘ၀နဲ့ပဲ အဆုံးသတ်လိုက်ရသည်၊ လူမှုရေး၊ မိသားစုအရေး၊ ကုသိုလ်ရေးတွေ မိတ်ကောင်းဆွေကောင်းပြုရမည့်အစား အရက်ကိုပဲ မိတ်ဆွေပြုသွားကြသည့် လူ့ဘ၀တောင် ပီပီသသမရလိုက်သေးပဲ ဘ၀တစ်ခု အဆုံးသပ်သွားသူတွေ နေ့စဉ် ရေတွက်၍တောင် မကုန်နိုင်။ သူဘာယူသွားနိုင်လဲ၊ ဘာတွေ ထားခဲ့သလဲ၊ မိသားစုအတွက် အရှက်တရားတွေ၊ သောကတွေ၊ ဒုက္ခတွေကိုပဲ ထားသွားနိုင်သည်။ သူယူသွားနိုင်သည်ကား သုရာမေရယကံနှင့် ထိုမှပေါက်ဖွားလာသော အကုသိုလ်ကံတွေပဲ ဖြစ်သည်။
(ခ) ပမတ္တဿ သာပတေယျံ ရက္ခတိ-အရပ်တစ်ပါးသို့သွားနေသော မိတ်ဆွေ၊ သေရည်သောက် မှောက်နေသော မိတ်ဆွေ၏ အိုးအိမ်တို့ကို စောင့်ရှောက်ပေးတတ်သူ
မိတ်ဆွေအပေါ်မှာ မုဒိတာစိတ် အရည်အချင်းမရှိသူတို့သည် မိတ်ဆွေအပေါ်မှာ ဣဿာစိတ် (မနာလိုစိတ်)ရှိတတ်ကြသည်။ မိမိထက် အရာရာ အထက်တန်းကျနေသူကို စိတ်ထဲက ၀မ်းမသာဘဲ ကြိတ်ပြီး ပူလောင်နေတတ်သည်၊ အလိုလိုနေရင်း မိတ်ဆွေအပေါ် ကြည့်မရဖြစ်တတ်သည်၊ မျက်နှာလွဲနေတတ်သည်။ မိတ်ဆွေတစ်ယောက် အရပ်တစ်ပါးသို့ ခရီးထွက်သော် အိမ်ကိုပစ်၍ သွားရသည်။ မီးပဲလောင်လောင်၊ သူခိုးပဲခိုးခိုး၊ ရေပဲမျောမျော၊ ဓားမြပဲတိုက်တိုက် အိမ်နီးနားချင်းပီသစွာ စိတ်မပူတတ်၊ ကြောင့်ကြမစိုက်တတ်၊ မျက်နှာလွဲနေနိုင်သည်။ ယနေ့ခေတ် စာရေးသူတို့ ဗုဒ္ဓဘာသာနိုင်ငံ မြို့ကြီးပြကြီး အချို့နေရာတွေမှာ အိမ်နီးနားချင်းကပ်နေပေမဲ့ တစ်ယောက်နဲ့တစ်ယောက် မသိကြ၊ အမှုမဲ့အမှတ်မဲ့ နေတတ်ကြသည်။
စာရေးသူအသက် ၉နှစ်ရွယ်ဝန်းကျင်လောက်မှာထင်သည်၊ အဖေရယ် ကိုယ်ဝန်ရင့်မာကြီးနဲ့ အမေရယ်၊ အိမ်နီးနားချင်း မိတ်ဆွေတွေရယ် မြို့တက်ပြီး လယ်ယာကိုင်းကျွန်းမှ ထွက်သော အသီးအနှံတွေရောင်း၊ မြို့မှ ဆန်၊ ဆီ၊ ဆား စသည့် မြို့ထွက်ပစ္စည်းများ ၀ယ်ရန် သွားလေ့ရှိသည်။ တစ်နေ့တော့ မနက်စောစော ဝေလီဝေလင်း (အရုဏ်မတိုင်ခင်)ကထဲက အဖေနဲ့ အမေတို့ မြို့တက်သွားကြသည်။ တဲမှာ (ကျွန်းထဲမှာ တဲထိုးပြီးနေကြ) အမရယ်၊ စာရေးသူရယ် ညီလေးရယ်၊ ညီမငယ်ရယ် ကလေးငယ်လေး လေးယောက်သာ နွားတွေနဲ့ကျန်ခဲ့သည်။ နေ၀င်ရီအချိန်လေးမှာ အိမ်နီးနားချင်းတွေ ပြန်လာပေမယ့် အဖေနဲ့အမေ မလာသေး၊ ကလေးငယ်လေးတွေ အဖေနဲ့ အမေအလာကို မျှော်နေကြသည်။ အမေက မြို့ရောက်တော့ အရီးအိမ်မှာ မီးဖွားနေသည်ဟု သတင်းရသဖြင့် ဒီညအဖေရောအမေပါ ပြန်မလာနိုင်ကြ။ ကံဆိုးချင်တော့ ထိုညမှာပဲ လေကြီးမိုးကြီး အကြီးအကျယ် ရွာသွန်းချသည်။ စာရေးသူအပါဝင် ကလေး လေးယောက် အော်ငိုရုံနေကလွဲ ဘာမှ မတတ်နိုင်ခဲ့။
သို့သော် အိမ်နီးနားချင်း၊ မိတ်ကောင်းဆွေကောင်းတွေ ရှိကြသည်၊ အိမ်နားက အဖွားတစ်ယောက်က အိမ်လာပြီး ညအိပ်ပေးသည်၊ တချို့က နွားတွေ မိုးထဲက အိမ်ထဲရွှေ့ပေးကြသည်၊ မိုးထဲလေထဲမှာ ရှိနေသည့် အသီးအနှံတွေ တဲထဲရွှေ့ပေးကြသည်။ စာရေးသူတို့တောရွာမှာတော့ အိမ်မှာ လူမရှိပေမဲ့ မပူရ မပန်ရ၊ အိမ်နီးနားချင်းတွေက စောင့်ရှောက်ပေးကြသည်။ မိတ်ကောင်းဆွေကောင်းတို့သည် တောရပ်တောဒေသမှာ များများစားစား တွေ့နိုင်မည်ထင်ပါသည်။ သုဟဒမိတ္တ-မိတ်ကောင်း ဆွေကောင်းဆိုသည်မှာ မိတ်ဆွေအပေါ် မျက်နှာလွဲခဲပစ် မဖြစ်ဘဲ ကြောင်းကြောင်းကြကြ စောင့်ရှောက်တတ်ကြသည်။ ဣဿာမရှိဘဲ မိတ်ဆွေအပေါ်ကူညီတတ်ကြသည်၊ ကရုဏာစိတ်ထားကြသည်။
စာရေးသူတို့လို သာမန်လူသားတွေသည် အလွန်မေ့တတ်သည်၊ နမော်နမဲ့နိုင်တတ်သည်၊ သတိသည် ကမ္မဋ္ဌာန်းအားထုတ်ရာမှာသာ အသုံးဝင်နေသည်မဟုတ်၊ မိမိတို့ နေ့စဉ်ဘ၀ လှုပ်ရှားရုန်းကန်နေချိန်တွင်လည်း သတိဟာ အလွန်ရေးကြီးနေသည်။ သတိတစ်ချက်လွတ်သွားတာနဲ့ အရာအရာကို ဆုံးရှုံးသွားနိုင်သည်။ ပမာဒေါ မစ္စုနော ပဒံ- မေ့လျော့ခြင်း၊ သတိလွတ်သွားသည့်အချိန်သည် သေတာနဲ့ အတူတူပဲဖြစ်သည်၊ ဆိုလိုသည်မှာ အရာရာကို ဆုံးရှုံးသွားသည်။ ကားသမားတစ်ယောက် သတိလေးတစ်ချက်လွတ်လိုက်သည်နှင့် တပြိုင်တည်း အသက်ပေါင်းများစွာ ဆုံးရှုံးရသည်။ ထို့ကြောင့် မမေ့တတ်အောင် လေ့ကျင့်ကြဖို့လိုသည်။ သို့သော် မေ့တတ်တဲ့သူမျိုးက မေ့ကိုမေ့လိုက်ရမှ သူနဲ့တူသည်ဖြစ်တော့သည်။ မေ့လျော့ခြင်းကြောင့် အသေးစား အကျိုးလည်းရှိသေးသည်။ မိမိပစ္စည်း ပါလို့ပါမှန်းမသိခြင်းပင်ဖြစ်သည်။ မေ့တတ်ခြင်းက မိမိသည်သာ ဆုံးရှုံးသည် မဟုတ်၊ မိမိမေ့ကျန်သော ပစ္စည်းကိုတွေ့ရှိသော သူအတွက် စိတ်၏အရည်အချင်းတွေ ဆုံးရှုံးစေနိုင်သည်။ လူဆိုတာက လောဘမျိုးဖြစ်နေသည်။ ထိုလောဘဖြစ်နေမှန်း မသိပါက သို့မဟုတ် မေ့နေပါက နဂိုရှိနေသော စိတ်၏အရည်အချင်းတွေ ဆုံးရှုံးသွားနိုင်သည်။
စာရေးသူတို့လောကမှာ မြင်နေကျ တွေ့နေကျ ဖြစ်အပျက်များစွာရှိသည်။ လူတစ်ယောက် တန်ဖိုးရှိသော စာရွက်စာတမ်း၊ ငွေကြေး၊ ရတနာ တစ်ခုခု မေ့ကျန်ရစ်သော်လည်းကောင်း၊ ကျပျောက်သွားသော်လည်းကောင်း တွေ့ရှိသောသူက ပိုင်ရှင်၊ သို့မဟုတ် သက်ဆိုင်ရာဌာနသို့ ပြန်ပေးတတ်တာတွေလည်း တွေ့ရသလို မပေးဘဲ အသာလေး သိုဝှက်ထားတာတွေလည်း တွေ့ရတတ်သည်။ စာရေးသူ သူငယ်ချင်းတစ်ပါး အမေရိကတက္ကသိုလ်တစ်ခုမှ ပညာသင်ပြန်အလာ နောက်ထပ် တက္ကသိုလ်တစ်ခုတက်ရန်အတွက် ပတ်စပို့ဗီဇာများ၊ လက်ပတော့ကွန်ပြူတာ၊ ဒေါ်လာအနည်းငယ်နှင့် ကျပ်ငွေ ငါးသိန်းလောက် တက္ကစီကားပေါ်မေ့ကျန်ရစ်ခဲ့သည်၊ သတင်းစာ၊ FMရေဒီယိုလိုင်းများ၊ အင်တာနက်မီဒီယာကနေ မေ့ကျန်ရစ်ခဲ့ကြောင်း ကြေညာ အသိပေးခဲ့သော်လည်း တွေ့ရှိသူဟာ အသိစိတ်နဲ့ ပြန်လာမပို့ခဲ့။ ဒီလို လူမှုရေးစိတ်ဓာတ် မေတ္တာစိတ်ဓာတ် မေ့ကျန်ရစ်သူများ ဘယ်လောက်များ သောကရောက်နေမလဲဆိုတာ စာနာတတ်သော ကရုဏာစိတ်ဓာတ် ကင်းသော သူများလည်း လောကမှာ များစွာတွေ့နေရသည်။
သို့သော်လည်း ရှားပါးသော မိတ်ကောင်းဆွေကောင်းတွေလည်း တွေ့ရတတ်သည်။ တနေ့က အင်တာနက်စာမျက်နှာအပေါ်မှာ အလွန်နာမည်ကြီးသွားသည့် ရန်ကုန်ပြည်သူ့ဆေးရုံ ခွဲခန်းက ၀န်ထမ်းတစ်ယောက်၊ ဟိန္ဒူ အိန္ဒိယနွယ်ဖွားတစ်ယောက်၊ လူနာရှင်တွေ ကျန်ရစ်သော တန်ဖိုးရှိရွှေ ငွေ၊ နာရီများကို မကြာခဏ ပိုင်ရှင်ကို ပြန်ပေးခြင်းဘဲဖြစ်သည်။
“အူမတောင့်မှ သီလစောင့်”ဆိုတဲ့ သီလမစောင့်နိုင်သည့်သူများ၏ ဆင်ခြေကို အိန္ဒိယနွယ် မြန်မာပြည်သားက တော်လှန်နိုင်ခဲ့သည်။ သူသည် ငွေကြေးအားဖြင့် မပြည့်စုံပေမဲ့ ခွဲစိပ်ခန်း လူနာတွေကို စိတ်ရှည်လက်ရှည် ပြုစုသည့်အပြင် မေ့ကျန်ရစ်သော မည်သည့်ပစ္စည်း မည်သူ့ကိုမဆို ရောက်အောင် ပေးလေ့ရှိသည်။ ဤသည်ပင် သူ၏မိတ်ဆွေကောင်းတစ်ယောက်၏ အရည်အချင်းပင်ဖြစ်သည်။
ဤကဲ့သို့ မိတ်ဆွေကောင်းတစ်ယောက်၏ အရည်အချင်းရှိသော သူတို့ကိုလည်း မြောက်မြားစွာ တွေ့မြင်ရ၊ ကြားသိရပါသည်။ တချို့တချို့သော တက္ကစီကားသမားများလည်း မိမိတို့ ယာဉ်ပေါ်မှာ မေ့ကျန်ရစ်သော တန်ဖိုးရှိ၊ မရှိ ပစ္စည်းများကို ခရီးသည်ဆီရောက်အောင် စုံစမ်း ပို့ပေးလေ့ရှိသည်၊ မကြာမကြာ ကြားသိနေရသည်။ တစ်ဘ၀တစ်နပ်စာထက် ဘ၀သံသရာ အရှည်ကို ကြည့်တတ်သော မိတ်ဆွေကောင်း၊ တစ်ဝမ်းစာမျှကို မကြည့်ဘဲ မိမိ၏ စိတ်နှလုံးအရည်အချင်းကို တန်ဖိုးထားသူတို့လည်း များစွာရှိကြသည်။ ထို့ကြောင့် ပမတ္တဿ သာပတေယျံ ရက္ခတိ ဆိုတဲ့ မိတ်ဆွေကောင်း၏ အရည်အချင်းဆိုသည်မှာ အရပ်တစ်ပါးသို့သွားနေသော မိတ်ဆွေ၏ အိုးအိမ်စည်းစိမ်၊ သေရည်သောက် မှောက်နေသော မိတ်ဆွေ၏ အိုးခွက်မှာစ ရွှေငွေကျအောင် များလှသိုမှီး ပစ္စည်းအစုစုတို့ကို စောင့်ရှောက်ပေးတတ်သူပင် ဖြစ်တော့သည်။ နောက် မိတ်ကောင်းဆွေကောင်း၏ အရည်ချင်းကား- ဘီတဿ သရဏံ ဟောတိ။
အပိုင်း (၂) လာပါဦးမည်။
မှတ်ချ။ ။ ကျောင်းနှစ်ဝက်ပိတ် ရာသီမှာ မိတ်ကောင်းဆွေကောင်း တစ်ယောက်၏ အရည်အချင်းကို အတွဲလိုက် ရေးမိသည်။
ဓာတ်ပုံ- စင်္ကာပူ ဓမ္မမောင်နှမများ ဓမ္မသဘင်
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၃-၁၀-၂၀၁၄


Thursday, October 23, 2014
sitagustar
Posted in:
0 comments:
Post a Comment