သီတဂူစတား

သီတဂူစတား

15 November 2011

သီတဂူအာရောဂျဒါန ဆေးရုံ (မြိုင်ကြီးငူ)



ဆေးရုံတော်ကြီး မြင်ကွင်း
သီတဂူအာရောဂျဒါန ဆေးရုံ (မြိုင်ကြီးငူ)

ကရင်ပြည်နယ်၊ မြိုင်ကြီးငူဒေသရှိ ပြည်သူများအတွက် ရောက်လာပါပြီ သီတဂူ။ သီတဂူဆရာတော်ကြီးသည် မြန်မာပြည်တ၀ှမ်းလုံးရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးများ၊ ဝေးလံခေါင်သော နေရာများကို သွားရောက်၍ သီတဂူဆေးရုံတော်များ ဆောက်လုပ်လှူဒါန်းသည်။ မျက်စိအထူးကုဆေးရုံများနှင့် အထွေထွေ ဆေးရုံတော် များဖြစ်သည်။

ယခုနှစ် ၂၀၁၁၊ နိုဝင်ဘာ (၁၄) ရက်နေ့တွင် ကရင်ပြည်နယ် မြိုင်ကြီးငူဒေသအတွက် အမှတ်စဉ် (၁၄) သီတဂူအာရောဂျဒါန (အထွေထွေဆေးရုံ) ဆေးရုံတော်ကြီးကို သီတဂူဆရာတော်ကြီးနှင့် တပည့်ဒကာ ဒကာမများ သွားရောက် ဖွင့်လှစ်ခဲ့သည်။

ဆေးရုံဖွင့်ပွဲအခမ်းအနား
ထိုဆေးရုံဖွင့်ပွဲ အခမ်းအနားကို DKBA ဌာနက လက်ခံ ကျင်းပပေးသည်။ သီတဂူဆရာတော်ကြီးနှင့် အတူ လိုက်ပါလာသော အလှူရှင် သီတဂူဒကာ ဒကာမများအား DKBA မှ ကရင်ဝတ်စုံများကို လက်ဆောင်ပေးသည်။ ထိုဝတ်စုံများ ၀တ်ဆင်ကာ အခမ်းအနား ဖွင့်ပွဲကို တက်ရောက်ကြရသည်။


ရွှင်လန်းချမ်းမြေ့ပါစေ

သီတဂူစတား

၁၅-၁၁-၂၀၁၁

12 November 2011

ကုမုဒြာပွင့်တဲ့ည အပိုင်း (၇)


မနေ့က တန်ဆောင်မုန်းလပြည့်နေ့ဆိုတာ မေ့နေမိသည်၊ ဒီနေ့တစ်ရက်ကျော်မှ သတိရသဖြင့် တန်ဆောင်းမုန်းလပြည့်နေ့ ဟောသော သာမညဖလသုတ် သို့မဟုတ် ကုမုဒြာတွေပွင့်တဲ့ည တရားတော်အဆက် ကို တင်လိုက်ပါသည်၊ လွန်ခဲ့သောနှစ်က ဒီလိုအချိန်မှာ အပိုင်း (၆) အထိ တင်ခဲ့ပြီး ဖြစ်သည်၊ စာဖတ်ပရိသတ်တစ်ယောက်ကလဲ အဆက်တွေကို နာချင်သည် ဖတ်ချင်ပါသည်ဆိုသဖြင့် သတိရကာ တင်လိုက်ရပါသည်။

တတိယကျင့်စဉ် (သို့) ပညာ
နောက်ဘာများရှိ သေးသလဲဆိုတော့မှ တတိယအဆင့်က ပရိသတ်ကြီး ပညာကျင့်စဉ်၊ ဘာ ကျင့်စဉ်လဲ။
ပညာကျင့်စဉ်ပါဘုရား။
ပညာဆိုတာ အသေးစိတ်သိတဲ့အသိကိုခေါ်တယ်၊ ဘယ်လိုသိ။
အသေးစိတ်သိတာပါဘုရား။
အသေးစိတ်၍သိတာ၊ အလုံးလိုက်သိတာ လုံးလုံးထွေးထွေးသိတာ မဟုတ်ဘူး၊ အသေးစိတ်ဆိုတဲ့ ဥပမာက၊ ယခုဘုန်းကြီးကိုင်ထားတယ် ဘာလဲဆိုတော့ စက္ကူနော် စက္ကူဆိုတာဘာလဲ ဝေဖန်စိစစ်တော့ ပရိသတ်ကြီး လောလောဆယ်ဆယ်မြင်ရတာ အဖြူရောင် မဟုတ်လား။ အဖြူရောင်ကို စက္ကူခေါ်သလားလို့ စိစစ်လိုက်ရင် ပရိသတ် အဲဒါနည်းနည်းရှင်းသွား၊ အဖြူ ရောင်ဟာကာလာပဲ ဒါ စက္ကူမခေါ်ဘူး။ လေးထောင့်ပုံသဏ္ဌာန်လေးတွေ့မယ်၊ လေးထောင့်သည် စက္ကူလားဆိုတော့ လေးထောင့်စက္ကူပါပဲဆို၊ နောက် လေးထောင့်တွေအများကြီးထွက်လာမယ်၊ အကုန်လုံးစက္ကူတွေချည်ပဲလား။ အဖြူရောင်သည် စက္ကူဆို အဖြူတိုင်းစက္ကူခေါ်မလား။

မခေါ်ပါဘုရား။

အဲဒါပရိသတ်ရေ ပညာ၊ ကျောင်းတွေမှာ သင်တဲ့ပညာတစ်မျိုးပေါ့၊ ခန္ဓာမှာ သင်တဲ့ ပညာတစ်မျိုးပေါ့နော်။ မှန်ပါဘုရား

အဲဒီတော့ အဖြူရောင်ရတယ်၊ ပုံသဏ္ဌာန်လည်းတွေ့ရတယ်၊ လက်နဲ့ ကိုင်ကြည့် ချောချောမွတ်မွတ်ကလေး၊ နာနာဆုတ်ကြည့်တော့ ခပ်တင်းတင်း ခပ်ကြမ်းကြမ်းတွေ့တယ်၊ နူးညံ့တာ ချောမွတ်တာ ဒါဟာ စက္ကူမဟုတ် ဘူး။ ဟာ လက်နဲ့ကိုင်ကြည့်၊ အေးအေးလေးနော်၊ တော်တော်လေးကြာ တော့နွေးသွားတယ်၊ အဲဒီအေးတာနဲ့နွေးတာ ဒါစက္ကူမဟုတ်ဘူး၊ ဒီလိုတွေ နော်။

နှာခေါင်းနဲ့နမ်းကြည့်၊ အနံ့ရှိတယ်၊ အနံ့သည် စက္ကူမဟုတ်ဘူး၊ ပိုးဟပ်တွေ ဘာတွေဆိုရင် စက္ကူကိုစားတယ်နော်၊ အရသာရှိလို့စားတာ ပေါ့၊ အာဟာရဓာတ်ရှိလို့စားတာပေါ့၊ အဲဒီ အရသာတွေ၊ အာဟာရဓာတ် တွေဟာ စက္ကူလား မဟုတ်ဘူး။ အရသာကို အရသာခေါ်မယ်၊ အာဟာရကို အာဟာရခေါ်မယ်။ ပရိသတ်ကြီး စက္ကူဆိုတဲ့စာလုံးလေးတစ်လုံးထဲမှာ ရုပ်ဝတ္ထုရှစ်မျိုးတို့ စုပေါင်းနေကြတာ၊ အဲဒီရှစ်မျိုးသော ရုပ်ဝတ္ထုတို့ကို အသေးစိတ်သိတဲ့ အသိမျိုးကို ခေါ်တာက ပညာ။ အဲဒါကြောင့် From head to feet. From feet to head. ခြေဖျားကဆံပင်ဖျား၊ ဆံပင်ဖျားက ခြေဖျား In this a very fathom long body တစ်လံမျှရှိတဲ့ဒီကိုယ်ထဲမှာ What are the reality တကယ်အရှိတရားတွေ ဘာတွေလဲ What are the truth အမှန်တရားတွေက ဘာတွေလဲ၊ အဲဒီနှစ်မျိုးကိုသိရင် အဲဒီပုဂ္ဂိုလ် ပညာတတ်ပြီနော်။

မှန်ပါဘုရား။

အဲဒီလိုဥစ္စာမျိုးကို ဘာခေါ်လဲ ပညာ၊ ဘာခေါ်မလဲ။

ပညာခေါ်ပါတယ်ဘုရား။
အရှိတရားနဲ့အမှန်တရား အရှိတရားကို ပရမတ္ထ။ အမှန်တရားကို သစ္စာဟုခေါ်တယ်၊ အဲဒီအရှိတရား အမှန်တရား ပရမတ္ထတရားနဲ့သစ္စာ တရားကိုသိတဲ့ပညာမျိုးကို တတ်ပြီဟေ့ဆိုလို့ရှိရင် ဒီပုဂ္ဂိုလ်ရဲ့စိတ်ကိုနှောင် ဖွဲ့တဲ့ ကိလေသာအားလုံးမှ သူသည်လွတ်မြောက်သွားတယ်။

ဝိမုတ္တိသုခ
စိတ်ကိုနှောင်ဖွဲ့ထားသောကိလေသာအနှောင်အဖွဲ့တို့မှ ဘာဖြစ် ပြီလဲ၊ အနုပါဒါယ အာသဝေဟိ စိတ္တာနိ ဝိမုစ္စိံသု အနတ္တလက္ခနသုတ်အဆုံး နားမှာဖတ်ကြည့်၊ စိတ်ဟာ အဲဒီအနှောင်အဖွဲ့အားလုံးတို့မှ ဘာဖြစ်ပြီလဲ၊ လွတ်သွားပြီ။ ထောင်ထဲမှာနေတဲ့လူသည် အမြဲတန်းဘာမျှော်လဲ၊ လွတ်ရက် ကိုမျှော်တယ်နော်၊ လွတ်လာပြီဆိုတဲ့ပုဂ္ဂိုလ်ကို မင်းတော်တော်ဆင်းရဲသလား ချမ်းသာသလား၊ ကိုယ်လွတ်တဲ့အချိန်မှာ သိတ်ချမ်းသာတာပေါ့၊ ချမ်းသာ ပုံလေးပြောပြဆိုရင် သူမပြောပြနိုင်ဘူး၊ ချမ်းသာတာကတော့ အမှန်ပဲ။ အဲဒီလိုလွတ်လာတဲ့ ချမ်းသာဟာ ဘာခေါ်မလဲဆိုရင် မှတ်ထား ဝိမုတ္တိသုခ ဘာခေါ်လဲ။
ဝိမုတ္တိသုခပါဘုရား။

ဝိမုတ္တိသုခအကြောင်းကို နားလည်ချင်ရင် လွတ်မြောက်တဲ့ချမ်းသာကို နားလည်ချင်ရင် အကျဉ်းကျတာနဲ့ယှဉ်ကြည့်ရမယ်၊ အလင်းရောင်ရဲ့ အရသာကို နားလည်ချင်ရင် လောင်တဲ့မီးနဲ့ယှဉ်ကြည့်ရမယ်၊ ဒီလို Comparative Study လုပ်တာဘာခေါ်လဲ၊ ပညာ။ အဲဒါကြောင့် ပညာတကယ် တတ်ပြီ ခန္ဓာတွင်ရှိတဲ့အရှိနဲ့ အမှန်ကိုသိတဲ့ပညာ၊ ဝိပဿနာÓဏ်နဲ့ပြော ရင် ဆယ်ပါး၊ လောကုတ္တရာဥာဏ်နဲ့ပညာနဲ့ပြောရင် ရှစ်ပါး၊ အဲဒီဥာဏ် ဆယ်ပါးနဲ့ရှစ်ပါး၊ ဆယ့်ရှစ်ပါးဆုံးပြီးဆိုလို့ရှိရင် အဲဒီပုဂ္ဂိုလ် ပညာကုန်သွား ပြီ၊ အဲဒီလို ပညာအဆုံးတိုင်ရောက်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာ ဘာဖြစ်လဲ၊ ကိလေ သာအနှောင်အဖွဲ့တို့မှလွတ်ပြီ၊ လွတ်လပ်တဲ့ချမ်းသာကိုခေါ်တယ်၊ ဝိမုတ္တိ သုခ၊ ခေါ်ကြည့်လိုက်။
ဝိမုတ္တိသုခပါဘုရား။

ဒကာတော်မင်းကြီး။ မဟာရာဇ - သမ္မုတိနတ်အိုမင်းမြတ်။ ဧတဒေ ဝ - အဲဒီပညာတတ်တဲ့အတွက်ကြောင့် ဝိမုတ္တိသုခကိုရရှိလာခြင်းသည်ပင် လျှင်။ သန္ဒိဋ္ဌိကံ သာမညဖလံ - မျက်မှောက်ထင်ထင် ရဟန်းပြုခြင်းရဲ့ ရဟန်းဘဝမှရနိုင်တဲ့အကျိုးတရားပါပဲရယ်လို့။ သတ္ထာ - နတ်လူတို့ဆရာ ဘုရားရှင်ကိုယ်တော်မြတ်သည်။ ဗျာကရောသိ - ကောင်းစွာမသွေ ဖြေကြား တော်မူခဲ့ပါပေသတည်း။
သာဓု သာဓု သာဓုပါဘုရား။

သီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ် အနဝဇ္ဇသုခ၊ သမာဓိနဲ့ပြည့်စုံရင် ဝိဝေက သုခ၊ ပညာနဲ့ပြည့်စုံတော့ ဝိမုတ္တိသုခ။ သြော် သာသနာဆိုတာ သီလ သမာ ဓိ ပညာ ရဟန်းပြုဆိုတာ အဲဒီသုံးပါးကို လာကျင့်တာ မဟုတ်လား။
မှန်ပါ့ဘုရား။

အဲဒီသုံးပါးကို ကျင့်တော့ အခုပြောတဲ့ အကျိုးတရားသုံးပါးကို ရတယ်၊ အသေးစိတ်ရင် အဆင့်တွေအများကြီးရှိတယ်နော်၊ ဒကာတော် မင်းကြီး ဒီသုံးခု ဒါ သန္ဒိဋ္ဌိက သာမညဖလပဲလို့ မြတ်စွာဘုရားကရှင်းပြ တယ်၊ တရားကအလွန်ရှည်သွားတယ်၊ တန်ဆောင်မုန်းလပြည့်ညဥ့်ဦးယံ ဂိဇ္ဈ ကုဋ်တောင်စွယ်ကို နေမကျော်သေးမီကတည်းက ဘုရားဆီရောက်နေတာ ဂိဇ္ဈကုဋ်တောင်ကြီးတစ်ခုလုံးကို နေကကျော်ပြီးတော့ ရာဇဂြိုဟ်တစ်မြို့လုံး အကုန်လင်းနေတယ်။
အို ဘော်ရည်တွေသွန်းသလိုပေါ့၊ နို့ရည်တွေသွန်းသလို တစ်မြို့လုံး လရောင်အောက်မှာဖွေးလို့ ကန်တွေ ကန်တွေမှာလည်း ဘာတွေ့လဲ၊ ကုမု ဒြာကြာတွေဖွေးဖွေးလက်လက်ပွင့်နေကြ၊ အဇာတသတ်မင်းရဲ့ နှလုံးစိတ်ဝမ်းလည်း ဘာဖြစ်သွားပြီလဲ၊ အေးချမ်းသွားတယ်။

အဘိက္ကန္တံ ဘန္တေ အဘိက္ကန္တံ ဘန္တေ -အလွန့်အလွန်ကျေနပ်ဖွယ် ရာ နှစ်သက်ဖွယ်ရာ ကောင်းလှပေတော့သည်ဘုရား။ သေယျထာပိ ဘန္တေ နိက္ကုဇ္ဇိတံ ဝါ ဥက္ကုဇ္ဇေယျ - မှောက်ထားတဲ့အိုးကို လှန်ပြသလိုပဲ၊ အလွန်ပဲ သိတ်ရှင်းသွားတယ်။ ပဋိစ္ဆန္နံ ဝါ ဝိဝရေယျ - ဖုံးလွှမ်းထားတာတွေ ထောင် ဖွင့်ပြသလိုပါပဲ။ မူဠှဿ ဝါ မဂ္ဂံ အာစိက္ခေယျ - လမ်းမှားလျှောက်နေတဲ့ သူတစ်ယောက်လက်ကိုကိုင်ဆွဲပြီး ဒီလမ်းသွားဟဲ့လို့ သေချာစွာညွှန်ကြား လိုက်သလိုပဲ အမှန်ရောက်သွားပြီ။ အန္ဓကာရေ ဝါ တေလပဇ္ဇောတံ ဓာရေ ယျ စက္ခုမန္တော ရူပါနိ ဒက္ခန္တီ'တိ - ညအမှောင်ကြီးထဲမှာ ဘုရား၊ မျက်စိ ကောင်းတဲ့လူတွေအတွက် ဆီမီးတိုင်တွေထွန်းပြသလိုပဲ၊ ဆီမီးတိုင်တွေ ည ထွန်းဟေ့ မီးထွန်းဟေ့ ဆိုတာ မျက်စိကောင်းတဲ့လူတွေအတွက် ထွန်းပေးတာ၊ မျက်စိနှစ်ကွင်းမလင်းတဲ့ပုဂ္ဂိုလ် ဆီမီးတိုင်ပေါင်းကုဋေချီ ထွန်းပေးလည်းပဲ အချည်းနှီးပဲ။
ဒါကြောင့် တပည့်တော်တို့ ဥာဏ်မျက်စိရှိတဲ့ ပုဂ္ဂိုလ်တွေအတွက် မြတ်စွာဘုရားရဲ့ ဒီဓမ္မဟာ ဆီမီးတိုင်ကြီးပါဘုရား။ ကျေနပ်သွားတယ်။ အဲ ဒါကြောင့် ''အဇ္ဇတဂ္ဂေ ပါဏုပေတံ' ဒီကနေ့မှစ၍ အသက်ရှင်သေးသမျှ ကာလပတ်လုံး။ အဟံ - တပည့်တော်သည်။ ဘဂဝန္တံ - ဘုရားရှင်ကို။ ဓမ္မံ - ဓမ္မတော်ကို။ သံဃံ - သံဃာတော်ကို။ သရဏံ သရဏံဣတိ - ကိုးကွယ် ရာဟူ၍။ ဂစ္ဆာမိ - ယုံကြည်သိမှတ် တပည့်တော်ဆည်းကပ်ပါပြီ။

ဒီကနေ့မှစ အသက်ရှင်နေသမျှကာလပတ်လုံး ဘုရား တရား သံ ဃာရတနာသုံးပါးကို တပည့်တော် ယုံကြည်သိမှတ် ဆည်းကပ်ကိုးကွယ်ပါ ပြီ။ ဥပါသကံ မံ ဘဂဝါ ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတံ - ဒီကနေ့မှစ တပည့်တော်အသက်ရှင် နေသမျှကာလပတ်လုံး ရတနာသုံးရပ် ကို ဆည်းကပ်ကိုးကွယ်သော ဥပါသကာ ဟူ၍။ ဓာရေတု - အသိအမှတ် ပြုတော်မူပါမြတ်စွာဘုရား။ ဘဂဝန္တံ - ဘုန်းခြောက်ပါးသခင် ဘုရားရှင်ကို။ အဝေါစ - ရွှေနာတော်ကြားအောင် လျှောက်ထား ရှာလေတော့သတည်း။
သာဓု သာဓု သာဓုပါဘုရား။

မြတ်စွာဘုရားထံမှ သရဏဂုံသုံးပါး ဆောက်တည်တယ်၊ သရဏဂုံ သုံးပါးဆောက်တည်ပြီးတော့ ငါးပါးသီလဆောက်တည်တယ်၊ သရဏဂုံသီလ ဆောက်တည်ပြီးတော့ သူကြေညာတယ်တဲ့။ ဒီကနေ့မှစ၍ တပည့်တော် အသက်ရှင်နေသမျှကာလပတ်လုံး ဘာတဲ့လဲ၊ ဥပါသကာ၊ ဘာခေါ်လဲ။
ဥပါသကာပါဘုရား။

အပိုင်း (၈)ဆက်ပါဦးမည်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
သီတဂူစတား
၁၁-၁၁-၂၀၁၁

05 November 2011

ချက်တင်စကားဝိုင်း

ဒီချက်တင်စကားဝိုင်းလေးက ကြာပါပြီ၊ ရေးထားတာလဲ ကြာပြီ အခုမှပဲ တင်ဖြစ်တော့တယ်။ chatting မှာ ကလေးတစ်ယောက်က ဒီလို မေးထားတယ်။

လောကမှာ ဘုရားတွေ အများကြီးရှိတယ်လို့ သိရပါတယ်ဘုရား ဘယ်လိုသိနိုင်မလဲ၊ ဘုရားတွေက သူ့ဟာမှန်တယ် ကိုယ့်ဟာမှန်တယ်လို့ ပြောနေကြတယ် ဘယ်ဟာမှန်တယ်ဆိုတာကို ဘယ်လို သိနိုင်ပါသလဲ? နိဗ္ဗာန်ရောက်အောင် ဘယ်လိုလုပ်ရပါ့မလဲ? စတဲ့ ဘာသာရေးအသိ နုနယ်သေးတဲ့ ကလေးတစ်ယောက်ဟု ထင်ပါသည်။ သို့မဟုတ် ဘာသာခြားကောင်လေးတစ်ယောက်လဲ ဖြစ်နိုင်ပါသည်။

စာရေးသူနဲ့ချက်တင်မှာ မေးတာတွေကို စာရေးသူကပဲ ပြန်ဖြေကြားထားတာတွေကို စုစည်းထားသည့် စကားများကို ချက်တင်စကားဝိုင်းလို့ပဲ ခေါ်ပါမည်၊ အကျိုးရှိမည့် ဗဟုသုတလဲ ဖြစ်မည့် စကားများဖြစ်သဖြင့် ပို့စ်အဖြစ် စုစည်းပြီး တင်လိုက်ရပါသည်။

အဖြေ

သူဆိုလိုတဲ့ ဘုရားဆိုတာ ဗုဒ္ဓဘာသာမှာ သမ္မာသမ္ဗုဒ္ဓ-ဘုရား ရှိသလို ခရစ်ယာန် မွတ်စလင် ဟိန္ဒူစတဲ့ ဘာသာတွေမှာလဲ သူတို့ယုံကြည်ရာ ဘုရားများရှိနေသည်ဟု ဆိုလိုပါသည်။
ဗုဒ္ဓဘာသာမှာ ဘုရားများစွာရှိခဲ့သည်၊ ဂင်္ဂါဝါဠု သဲစုမက လို့ဆိုပါတယ်၊ ဂင်္ဂါမြစ်ထဲက သဲပွင့်လေးတွေ မက ဘုရားများစွာ ပွင့်ခဲ့ပါတယ်။ ဘုရားတွေ ပေါလှပါလားလို့ မေးစရာ ရှိလာတယ်။ မှန်ပါတယ် ပေါပါတယ်လို့ ဖြေရမှာပါ။ ဒါပေမဲ့ သံသရာကလဲ အနမတဂ္ဂ- သံသရာ၏ အစဆိုတာကို ဘုရားရှင်ဥာဏ်တော်ဖြင့်တောင် မသိနိုင်၊ မရေတွက်နိုင်တဲ့ ကမ္ဘာတွေမှာ ဘုရားတစ်ဆူပွင့်ဖို့ဆိုတာလဲ လေးအသင်္ချေနဲ့ ကမ္ဘာ တစ်သိန်း ပါရမီဖြည့်မှ ဘုရားဖြစ်ကြရတာ ဆိုတော့ ဘုရားဖြစ်ဖို့ပဲ မရွေတွက်နိုင်တဲ့ ကမ္ဘာက ၄ ခု၊ ရေတွက်လို့ရတာ တစ်သိန်းနဲ့ပေါင်းတော့ လေးအသင်္ချေနဲ့ကမ္ဘာတစ်သိန်းဆိုတာ ဖြစ်လာတယ်။ ဘုရားဖြစ်ဖို့တောင် အဲဒီလောက် အသင်္ချေတွေ ပေါနေတော့ မသိနိုင် မရေတွက်နိုင်တဲ့ ကမ္ဘာအသင်္ချေပေါင်း များစွာရှိနေသည်ကိုလည်း သိနိုင်သည်။ ထိုမရေတွက်နိုင်တဲ့ ကမ္ဘာအသင်္ချေတွေထဲမှာ ဘုရားများစွာ ပွင့်ခဲ့သည်ဆိုသည်မှာ ဖြစ်နိုင်ပါသည်။

ဘုရားပွင့်သော ကမ္ဘာများ
ဒီအထဲမှာ ဘုရားမပွင့်တဲ့ သုညကမ္ဘာတွေက ပိုများပါတယ်။ ဘုရားပွင့်သော ကမ္ဘာကား အနဲငယ်မျှသာ ရှိပါသည်။
(၁) ဘုရားတစ်ဆူသာ ပွင့်တဲ့ကမ္ဘာကို သာရကမ္ဘာ၊
(၂) နှစ်ဆူပွင့်သော ကမ္ဘာကိုတော့ မဏ္ဍကမ္ဘာ၊
(၃) သုံးဆူပွင့်သော ကမ္ဘာကို ၀ရကမ္ဘာ၊
(၄) လေးဆူပွင့်သော ကမ္ဘာကိုတော့ သာရမဏ္ဍကမ္ဘာဟု ခေါ်သည်၊
(၅)ဘုရားအများဆုံး ငါးဆူပွင့်သော ကမ္ဘာကို ဘဒ္ဒကကမ္ဘာ ဟုခေါ်သည်။ ဘုရားမပွင့်သော ကမ္ဘာများကိုတော့ သုညကမ္ဘာဟုခေါ်သည်။ မရေတွက်နိုင်သော ကမ္ဘာအနန္တတွေကို ထောက်ဆပြီး ဘုရားများစွာ ပွင့်ခဲ့သည်ဟု ဆိုရပါမည်။

ဘယ်ဘုရားဟောကမှန်ပါသလဲ?
ဘယ်ဘုရားဟောက မှန်ပါသလဲဆိုတော့ စာရေးသူက ဗုဒ္ဓဘာသာက ယုံကြည်လက်ခံထားတဲ့ ဘုရားများကို ရည်ရွယ်ပြီး မေးသည်ဟု ထင်၍ ဗုဒ္ဓဘာသာက လက်ခံထားတဲ့ ဘုရားတိုင်းတဲ့ ကွဲပြားသော တရားမရှိပါ၊ သီလ သမာဓိ ပညာ၊ သစ္စာ ၄ ပါး၊ မဂ္ဂင် ၈ပါး စသည်ဖြင့် တစ်ထပ်ရာတည်း ဟောထားသဖြင့် ဘယ်ဘုရားဟောက မှန်တယ် မှားတယ်ဆိုတာ ကွဲပြားမှုမရှိဟု ဖြေလိုက်မိပါသည်။ တကယ်တော့ သူမေးချင်တာက ခရစ်ယာန်ကိုးကွယ်သော ဘုရား၊ အစ္စလာမ် ကိုးကွယ်သော ဘုရား ဟိန္ဒူကိုးကွယ်သော ဘုရားစသည်ဖြင့် ဘုရားများစွာတို့သည် သူမှန်တယ် ကိုယ်မှန်တယ် ဟုဟောနေကြသည်၊ ဘယ်ဘုရားဟောက မှန်ပါသလဲဘုရား ဟု မေးဟန်တူသဖြင့် နောက်တစ်နည်း ထပ်ပြီး အဖြေပေးလိုက်သည်။

ခရစ်ယာန်ဘုရားဟောက ဘယ်လို၊ မွတ်စလင်ဘုရားက ဘယ်လိုဟောတ၊ ဟိန္ဒူက ဘယ်လိုပြောတာ စသည်ဖြင့် ဝေဖန်နေဖို့မလို။ ဘယ်ဘုရားဟောက မှားတယ်မှန်းတယ်ဆိုတာထက် လက်တွေ့လုပ်ကြည့်ဖို့က အကောင်းဆုံးပဲဟု ပြောလိုက်သောအခါ မသိလို့ပါဘုရား ဘယ်လိုလုပ်ရမလဲ?ဟု သူက ဆက်ပြောသည်။ ဗုဒ္ဓဘာသာကိုက ဝေဖန်ရေးကို ဦးစားမပေး၊ လက်တွေ့ကိုပဲ ဦးစားပေးသည်။ ထို့ကြောင့်ဗုဒ္ဓဘာသာက စိတ်ကူးဆန်သော ဘာသာမဟုတ် လက်တွေ့ကျသော ဘာသာဖြစ်သည်ဟု မှတ်ပါ။

စာရေးသူလဲ ‘‘သူပြော လူပြောနဲ့ ယုံရမည့်ဘာသာထဲမှာ ဗုဒ္ဓဘာသာက လက်မခံပါဘူး၊ ကောင်းတယ်ထင်တယ်လို့ ယူဆထားတဲ့ အရာတစ်ခု လုပ်ကြည့်ပါ၊ ကိုယ့်အတွက် သို့မဟုတ် သူတစ်ပါး အတွက် မထိခိုက်ဘူး အပြစ်မဖြစ်ဘူး၊ အပြစ်ပြောစရာမရှိဘူးဆိုရင် ကောင်းတယ်လို့ ခေါ်ပါတယ်။ ဒါဆိုရင် လက်ခံပြီး လက်တွေ့ဆန်ဆန် ကျင့်သုံးကြည့်ပါ၊ အကျိုးတစ်ခု ရလာပါလိမ့်မယ်လို့ပဲ ပြောပြလိုက်သည်။

ဒါဆို နိဗ္ဗာန်ရောက်အောင် ဘယ်လိုလုပ်ရမလဲ? ဟုသော သူ့အမေးကို စာရေးသူက အတိုချုပ်ချင်တာကြောင့် ‘‘နိဗ္ဗာန်ရောက်ဖို့ဆိုတာ မစဉ်းစားနဲ့ဦး၊ ကောင်းတာတွေပဲ အရင်လုပ်ကြည့်ပါ၊ ကောင်းတာတွေ လုပ်ရင်းနဲ့ အကောင်းဆုံးလို့ ဆိုရသည့်အရာထိ ရရှိပါလိမ့်မယ်၊ ဒါကို နိဗ္ဗာန်လို့ ခေါ်ချင်လဲ ခေါ်ပေါ့’’ လို့ပဲ ဖြေကြားလိုက်ရပါသည်။ ခက်တော့ ခက်သားပဲ ဘာမှ မလုပ်ရသေးဘဲ သူများပြောတာနဲ့ နိဗ္ဗာန်ဆိုတာ ဘယ်မှာလဲ? နိဗ္ဗာန်ကို ရောက်ချင်တဲ့ဆိုတဲ့ သူတွေက ခက်များများပဲ။ သူက အတွန့်တက်လာသေးတယ် ‘‘ကောင်းတာတွေ မလုပ်နိုင်တာလဲ ရှိသေးတယ်၊ အဲဒါ ဘယ်လိုလုပ်မလဲ?’’ တဲ့၊ ဒါကတော့ကွာ လုပ်နိုင်တာ မလုပ်နိုင်တာ ကိုယ့်ပေါ်မှာ မူတည်တာပဲ။ ကိုယ်လုပ်ချင်တဲ့ ဆန္ဒ စေတနာ သဒ္ဓါတရားစတဲ့ အခြေခံအရည်အချင်း လုံလောက်မှုရှိရင်တော့ ထို သဒ္ဓါစေတနာ အားလျှော်စွာ လုပ်နိုင်ကြမှာပဲ။ ထိုအခြေခံ အရည်အချင်းမရှိရင်တော့ ဘာမှ မလုပ်လို့ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။

လောကမှာ လူစွမ်းကောင်း ရှိပါသလား

နောက်တစ်ဆက်တည်း မေးလာတာက-‘‘ အပြစ်တစ်ခုကျရောက်ရင်ဘယ်လိုလုပ်လည်း၊ အပြစ်ကျူးလွန်မိရင် ဘယ်လိုလုပ်မလဲ?’’ လို့ သူက မေးတော့ အပြစ်မကျူးလွန်မိအောင် နဂိုကထဲက ရှောင်ကြဉ်ရပါတယ် ထိန်းသိမ်းရပါတယ်၊ အကယ်၍ ကျူးလွန်မိရင်တော့ ကုစားလို့ ရတဲ့ အပြစ်ရှိသလို ကုစားလို့ မရတာတွေ ရှိတယ် အထူးသဖြင့် အနဲဆုံးတော့ ၅ ပါးသီလလောက်တော့ ထိန်းနိုင်ရမှာပေါ့။ ဥပမာ- ပဉ္စာနန္တရိယကံလို့ ခေါ်တဲ့ ကံကြီး ငါးပါး မကျူးမိအောင်တော့ ထိန်းဖို့လိုတယ်၊ ထိုအပြစ်ကျူးလွန်မိသူသည်၊ သံသရာအတွက်သာ ကြီးလေးအပြစ်ခံစားရမှာမဟုတ်ဘူး ဒီဘ၀မှာ ရသင့်တဲ့ အခွင့်ရေးတွေကို မရနိုင်တော့ဘူး၊ ဥပမာ- ရဟန်းပြုခွင့်မရခြင်း၊ ပရိတ်အကျိုးများ မရရှိခြင်းစတဲ့ အခွင့်ရေးတွေ မရတော့အပြင် ဈာန်မဂ်ဖိုလ်တွေနဲ့လဲ လုံးဝ ဝေးသွားတယ်၊ အဇာတသတ်မင်းကြီးသည် ဒီဘ၀မှာပဲ အရိယာပုဂ္ဂိုလ် ဖြစ်နိုင်တဲ့ ပါရမီရှိရက်သားနဲ့ လူမိုက်နဲ့ပေါင်းပြီး အာဏာရူး ရူးခဲ့သည်၊ ထိုသို့သော အာဏာရူးသွပ်ခြင်းက အဖေကို လုပ်ကြံ သတ်ဖျတ်ပြီး အာဏာလုခဲ့တဲ့ အပြစ်ကြီးတစ်ခု ကို ကျူးလွန်စေခဲ့သည်။ ထိုကံကြောင့်ပဲ အရိယာဘ၀နဲ့ လွဲခဲ့ရတယ်။ တချို့ အပြစ်သေးလေးတွေက ရေများ ရေနိုင် မီးများ မီးနိုင်ဆိုတာလို ကုသိုလ်ကောင်းမှုတွေ များများ ပြုခြင်းဖြင့် ပြုခဲ့မိသော အကုသိုလ် အသေးလေးတွေက အကျိုးမပေးတော့ပဲ အဟောသိကံ ဖြစ်သွားတာမျိုးရှိပါတယ်။ ဒါ့ကြောင့် ကုစားလို့ရတဲ့ အကုသိုလ်အပြစ်များ ရှိသလို ကုစားလို့ မရတဲ့ အပြစ်များလဲ ရှိသူဟုမှတ်ပါ။

နောက်တစ်ခုက အကုသိုလ် မကျူးလွန်မိအောင် ဘယ်လိုလုပ်ရပါ့မလဲ ဆိုတော့ စိတ်တစ်ခုတည်းကိုပဲ ထိန်းဖို့လိုပါတယ်။ ဒါကို ဣန္ဒြိယသံဝရ သီလ လို့ခေါ်မှာပေါ့။ အဘိဓမ္မာ ၀ိနည်း သုတ္တန်တွေ ထဲက ထိန်းစရာတွေ လိုက်နာစရာတွေ များလိုက်တာပဲ ဆိုပြီး ငြီးငွေ့နေစရာမလို၊ စိတ်တစ်ခုတည်းကိုပဲ ထိန်းလိုက်ပါ။ ‘‘ပါပသ္မိံ ရမတိ မနော’’ လူတွေရဲ့ စိတ်ကိုက မကောင်းဘက်မှာ ပျော်တတ်တယ်၊ ကောင်းတာနဲ့ မကောင်းတာ ယှဉ်လိုက်ရင် မကောင်းတတ်ဘက်ကိုပဲ ပိုအားသာနေတယ်၊ ထို့ကြောင့် လောကမှာ ကောင်းတဲ့သူနဲ့ မကောင်းတဲ့သူ မကောင်းသူက ပိုများနေခြင်းပဲ ဖြစ်သည်။

လူစွမ်းကောင်းဆိုတာ ကိုယ့်စိတ်ကို ထိန်းနိုင်သူပဲ

စိတ်ကို ထိန်းနိုင်တဲ့ သူကော ရှိလားဘုရားဆိုတော့၊ ရှိတာပေါ့၊ ‘‘စိတ်ကို ထိန်းနိုင်တဲ့သူဟာ လူစွမ်းကောင်းပဲ၊’’ လူစွမ်းကောင်းတွေကော ရှိနိုင်ပါ့မလားတဲ့၊ ရှိတာပေါ့၊ စိတ်ကို ကောင်းကောင်း ထိန်းနိုင် ခြယ်လှယ်နိုင်ပြီး အနိုင်ရသွားတဲ့ သူရဲကောင်းတွေကို ဘုရား၊ ရဟန္တာများဟု ခေါ်တာပေါ့။ သူတို့တစ်တွေဟာ တကယ့် လူစွမ်းကောင်းတွေပေါ့။ ဒါကိုပဲ မောင်ရင်ပြောတဲ့ နိဗ္ဗာန်ကို ရောက်သွားသော သူများလို့လဲ ခေါ်ပါတယ်။ နိဗ္ဗာန်ရောက်ချင်ရင် လူစွမ်းကောင်း ဖြစ်အောင်လုပ်။

ချက်တင်စကားဝိုင်း (၂) လာပါဦးမည်

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၈-၈-၂၀၁၁

03 November 2011

လိပ်စာအပြောင်းအလဲ

မေတ္တာရပ်ခံပါသည်

သီတဂူစတား၏ ဆိုက်လိပ်စာ http://www.sitagustar.net/သည် သက်တမ်းကုန်သည်ဟု ထင်ပါသည်၊ ဖွင့်မရဖြစ်နေသည်၊ ယခုသက်တမ်းတိုးထားသော လိပ်စာအသစ် http://www.sitagustar2020.net/ မှ ၀င်ကြည့်နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃-၁၁-၂၀၁၁

30 October 2011

The Love Day

ဒီကနေ့ အောက်တိုဘာ၂၉ ရက်နေ့သည် ဒိပါဝလိနေ့များ၏ နောက်ဆုံးနေ့ (၅ ရက်မြောက်နေ့) ဖြစ်သည်။ ငါးရက်မြောက်နေ့ဖြစ်တဲ့ ဒိပါဝလိနေ့ကို ယာမ ဒွိတိယ (Yama Dvitiya) ခေါ် Bhai Dooj အတွက် ရည်ညွှန်းသည်။ အဲဒီနေ့မှာပဲ အစ်မ ညီမတွေက အဝေးရောက်နေတဲ့ သူတို့ရဲ့ အစ်ကို မောင်တွေကို အိမ်ကို ဖိတ်မန်ကြတယ်။ လက်ဆောင်ပေးကြတယ်။ ဆိုလိုတာက အစ်မ ညီမများ၏ အကို မောင်များအပေါ် ချစ်တဲ့ Love ကို ဖေါ်ပြတဲ့ နေ့ဖြစ်လို့ Love Day ဟုခေါ်သည်။

ဒီ ငါးရက်မြောက်နေ့မှာပဲ စာရေးသူတို့မြန်မာရဟန်းကျောင်းသားများ ဘုံဘေတက္ကသိုလ်ရှိ Love Day ခေါ် Happy Divali ကျင်းပရာ ဘုံဘေတက္ကသိုလ်ဝင်းထဲသို့ သွားခဲ့ကြသည်။ ထိုတက္ကသိုလ်ဝန်းထဲမှာပဲ Love Day or Happy Divali Day အခမ်းအနား ကျင်းပသည်။
အမ်းအနားကြွ မြန်မာရဟန်းတော်များ

အစီအစဉ်များ (၁)
၁။ ရှေးဦးစွာ ကြွရောက်လာသော ပြည်တွင်းပြည်ပ ကျောင်းသားများနှင့် ဧည့်သည်တော်များအား အစားအစာဖြင့် ဧည့်ခံကြိုဆိုခြင်း။
ဟန်းဆက်များ သန့်ရှင်းရေးဝန်ဆောင်မှု
၂။ အစားအစာများ စားသောက်ပြီး လက်ကိုင်ဖုန်း ဟန်းဆက်များကို သန့်ရှင်းရေးလုပ်ပေးခြင်း။
အဘယ့်ကြောင့် ဟန်းဆက် လက်ကိုင်ဖုန်းများကို ဂွမ်းစလေးများဖြင့် ဆေးရည်များ သုပ်လိမ်းပြီး သန့်ရှင်းပေးသနည်း? စိတ်ဝင်စားစရာပင်။ အမှန်တကယ်တော့ ကျန်းမာရေး စောင့်ရှောက်မူအတွက် တက္ကသိုလ်၏ လုပ်ရှားမှု့တစ်ရပ်ပင် ဖြစ်သည်။ မကြာသေးမီက ထုတ်ဝေလိုက်တဲ့ ဗြိတိသျှ မဂ္ဂဇင်း WHICH မှာ မိုဘိုင်း (လက်ကိုင်) ဖုန်းများသည် ကမ္ဘာပေါ်မှာ ဒုတိယ အညစ်ပတ်ဆုံးဖြစ်သည်ဟု ဖော်ပြထားသည်။ ဟန်းဆက်များသည် ဗက်တီးရီးယားပိုး၊ မှိုစွဲ ဖားဥစွဲခြင်း စတဲ့ ဗိုင်းရပ်ပိုးများကို မွေးမြူရာ ပေါက်ဖွားရာ ဌာနဖြစ်နေသည်။ ထိုအကူးစက်မြန်သော ဗိုင်းရပ်စ်ပိုးများသည် အသည်းရောင် ရောဂါ၊ အသားဝါရောဂါ၊ ဖျားနာခြင်းစတဲ့ ရောဂါများကို ဖြစ်စေနိုင်သည့်အပြင် ပျို့အံခြင်း၊ ဗိုက်နာခြင်း၊ ထိုင်းမှိုင်းလေးလံခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အိပ်မရခြင်း၊ မှတ်ဥာဏ်များ ဆုံးရှုံးခြင်းနှင့် အရိုးအဆစ်များ နာကျင်ခြင်းစတဲ့ ရောဂါများကိုလဲ ဖြစ်စေနိုင်သည်။

ယခုအခါ အိန္ဒိယပြည်ကြီးမှာ သန်းပေါင်း ၁၀၀ ကျော်သော ပြည်သူတွေ ကိုယ်ပိုင်ဖုန်း ဟန်းဆက်များ အသုံးပြုနေကြသဖြင့် ထိုကဲ့သို့သော ရောဂါများဖြစ်စေနိုင်ကြောင်း အသိပညာရှိဖို့လိုသည်၊ ဟန်းဆက်များကို သန့်ရှင်းဖို့လိုသည်၊ ကျွန်ုပ်တို့ ရွှေပြည်ကြီးမှာတော့ ဖုန်းဈေးနုန်းများ အဆမတန်ကြီးနေသေးသဖြင့် လူတန်းစေ့ မကိုင်နိုင်သေးသည်အတွက် အဲဒီရောဂါများအတွက် ကံကောင်းနေသေးသည်ဟု မှတ်ရမလို ဖြစ်နေသည်။ နေ့စဉ် ဖုန်းပြောနေရသဖြင့် မိမိ နှာခေါင်း ပါးစပ်မှသော်လည်ကောင်း အပြင်ဘက်မှသော်လည်ကောင်း ထိုထိုဗိုင်းရပ်ပိုးများကို မွေးမြူပေးနေသလိုဖြစ်သည်၊ အထူးသဖြင့် တပါးသူ၏ ဖုန်းများကို အတတ်နိုင်ဆုံး အသုံးမပြုဖို့ လိုသည်။
ထို့ကြောင့် ဒီကနေ့ Happy Divali နေ့မှာ အစီအစဉ်တစ်ရက် အနေနဲ့ ဟန်းဆက်နှင့်ပတ်သက်ပြီး အသိပညာ နိုးဆော်ပေးသော အနေဖြင့် ဟန်းဆက်များ သန့်ရှင်းပေးခြင်း ၀န်ဆောင်မှု (Free of Cost) လုပ်ပေးသည်။
ဆရာမကြီးက အခမ်းအနားအစီအစဉ်များ ကြေညာ

အစီအစဉ်များ (၂)
အပိုင်း (၂) မှာတော့ ကျောင်းဆောင် အပေါ်ထက်တွင် Out door အခမ်းအနားကျင်းပနိုင်ရန် စီစဉ်ထားသည်။ ထိုနေရာတွင် ညနေပိုင်း နေကျချိန်နှင့် ညပိုင်းအထိ အစီအစဉ် ဒုတိယပိုင်း စသည်။
၁။ အခမ်းအနားမှုးက အစီအစဉ်များကို နှစ်စဉ်ကျင်းပရခြင်းအကြောင်းများကို ကြေညာသည်။

၂။ ဒီကနေ့သည် Love Day ဖြစ်သည်နှင့်အညီ မိမိတို့၏ မိဘ သူငယ်ချင်း ချစ်သူများထံ တိုက်ရိုက် ဖုန်းဆက်စေသည်။ ဒီအစီစဉ်က နိုင်ငံခြားသားကျောင်းသားများသည် အလွန်ဝေးလံလှသော မိမိတို့၏တိုင်းပြည် အိမ်၊ နှင့် မိဘ ဆွေမျိုးများနဲ့ ခွဲခွါလာကြပြီး ပညာလာသင်ကြားကြရသည်၊ မိဘ ဆွေးမျိုး ချစ်သူများကို လွမ်းနေမိသည်မှာ အမှန်ဖြစ်သည်၊ ထို့ကြောင့် ကိုယ့်နိုင်ငံရှိ မိဘ ဆွေမျိုး သို့မဟုတ် ချစ်သူများထံ free of charge တိုက်ရိုက်ဖုန်းဆက်စေသည်၊ မိုက်ဖွင့်ထားသဖြင့် အခမ်းအနားရှိ ဆရာဆရာမ ကျောင်းသား ကျောင်းသူအားလုံး သူတို့ အပြန်အလှန် ပြောနေသည်ကို ကြားနေရသည်၊ လက်ခုပ်တဝေါဝေါဖြင့် အားပေးနေသည်မှာ ကြည်းနူးစရာ။ အပြန်အလှန်ပြောသမျှစကားကိုလဲ ကြွရောက်လာသူ ဧည့်ပရိသတ်ကို အင်္ဂလိပ်လို ပြန်ပြောပြရသည်။
ချစ်သူထံလား မိတ်ဆွေထံလား သူငယ်ချင်းထံလား မိဘထံလား မပြောတတ် သူ ဖုန်းဆက်နေသည်

၃။ သီချင်းဆိုခြင်း အကဖြင့် ဖျော်ဖြေခြင်း အစီအစဉ်၊ ရှေးဦးစွာ အိန္ဒိယ ကဗျာတစ်ပုဒ်ကို အင်္ဂလိပ် ဟိန္ဒီဘာသာဖြင့် ဆိုပြသည်၊ ထိုသီချင်းကိုပဲ သရုပ်ဖော်အကများဖြင့် ဖျော်ဖြေသည်။ အဲဒီနောက်ပိုင်းမှာ ကျောင်းသားများ၏ သီချင်းဆိုပွဲ ဖြစ်သည်။ တချို့လည်း သံစဉ်မပါဘဲ ဆိုသည်၊ တချို့လဲ သံစဉ်ပါသဖြင့် အကများဖြင့် ပိုပြီး မြိုင်ဆိုင်စေသည်။ ဘင်္ဂလားဒေ့ရှ် ကျောင်းသားတစ်ယောက် ပြောသွားသည့် စကားသည်လဲ အလွန်ကောင်းပါသည်။ လောကမှာ လူသားအချင်းချင်း ကြင်နာတတ်တဲ့ မေတ္တာကလွဲ ဘာမှ မရှိ၊ လူဖြူ လူမည်း၊ ဘာသာကွဲဆိုတာ မရှိ၊ အချစ် Love မေတ္တာသာ ရှိကြောင်း ပြောသွားသည်။ Love Day ဖြစ်သည်၊ လူသားအချင်းချင်း ညီအကို မောင်နှမစိတ် မေတ္တာ ထားကြရမည် ဖြစ်သည်။
မြူးကြွတဲ့သီချင်းများနဲ့အကများ

၎။ ဆိုပွဲ ကပွဲများ အပြီး ဆုပေးသည်၊ ကျောင်းသားများစွာထဲက မြန်မာကျောင်းသားတစ်ယောက် အင်္ဂလိပ်သီချင်းဆိုသည်၊ တတိယ ရသည်။
အားပေးကြတယ်

၅။ Closing Program အခမ်းအနားသိမ်း အနေနဲ့ Love Day နေ့မှာ မြန်မာကျောင်းသားရဟန်းတော်များကို Chanting ပေးရန် ပင့်ဖိတ်သည်။ Love Day နေ့အတွက် မေတ္တာသုတ် ရွတ်ပေးခဲ့ကြသည်၊ ညီမ အစ်မက အစ်ကို မောင်များကို ချစ်တဲ့ Love၊ အစ်ကို မောင်များက အစ်မ ညီမများကို ချစ်တဲ့ Love၊ သားသမီးများက မိဘများကို ချစ်တဲ့ Love၊ မိဘက သားသမီးများကို ချစ်တဲ့ Love၊ ကောင်လေးက ကောင်မလေးကို ချစ်တဲ့ Love၊ ကောင်မလေးက ကောင်လေးကို ချစ်တဲ့ Loveနှင့် သူငယ်ချင်းမျာကို ချစ်တဲ့ Love များသည် Individual Love မျှသာ ဖြစ်သည်။ စာရေးသူတို့ ဒီကနေ့ တကမ္ဘာလုံးအတွက် ရွတ်ဖတ် ပို့လွတ်လိုက်တဲ့ Love က အမိက တစ်ဦးတည်းသော သားကို ပေးတဲ့ မေတ္တာမျိုးနဲ့ တလောကလုံးရှိ သက်ရှိသတ္တ၀ါအားလုံးအပေါ်ထားတဲ့ Universal Love မေတ္တာမျိုးဖြစ်သည်။
တကမ္ဘာလုံးသို့ မေတ္တာလွတ်နေသော မြန်မာရဟန်းတော်များ

Love Day နေ့မှာ အချစ်များစွာဖြင့် ပျော်ရွှင်နိုင်ကြပါစေ။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃၀-၁၀-၂၀၁၁

26 October 2011

ပျော်ရွှင်ဖွယ် ဒီပါဝလိ၊ ဒိဝါလိ နေ့များ (Happy Diwali Days)

စာမိတ်ဆက်
စာရေးသူ အိန္ဒိယရောက်နေသည်မှာ ၃ နှစ်နီးပါးရှိပြီ၊ ပူနေးမြိ့ ပူနေးတက္ကသိုလ်မှာ အမ်အေ M.A တန်းတက်စဉ်က ၂ နှစ်၊ ယခု ဘုံဘေမြို့ စောမယကောလိပ်တွင် Ph.Dအတွက် စာတမ်းရေးနေဆဲအချိန် ၁ နှစ်နီးပါး နေခဲ့ပြီးဖြစ်သည်။ ဒီပါဝလိနေ့များနှင့် နှစ်များ ၃ နှစ်ကြုံခဲ့ပေမဲ့ ဒီပါဝလိ သို့မဟုတ် ဒိဝါလိ ဆိုတာ ဘာမှန်းမသိခဲ့၊ အသံယောင်မှားပြီး ဒေ၀ါလီ ဟုခေါ်ခဲ့၊ ဘဏ်တွေ ကုမ္ပဏီတွေ အရှုံးပေါ် (bankruptcy) ဒေ၀ါလီခံ ဆိုတဲ့ အသံကို မှားပြီး အဓိပ္ပါယ်တူသည်ဟု ထင်ခဲ့သည်။ ဒေ၀ါလီခံဆိုသည် မြန်မာစကားလဲ ဘယ်က လာမှန်းမသိခဲ့။ တကယ်တော့ ဒီပါဝလိ သို့မဟုတ် ဒိဝါလိဆိုတာ ဒေ၀ါလီနှင့် လုံးဝ မတူခြားနားသည်။ စာရေးသူလဲ စိတ်ထဲမှာ မှတ်မှတ်ရရဖြစ်သွားအောင် ပို့စ်တစ်ခု ရေးမယ်ဆိုပြီး စိတ်ကူးနေမိသည်။ မှတ်စုလဲ ကျန်သွားအောင်ဟု ရည်ရွယ်ပြီး ပို့စ်တစ်ခု ဖြစ်သွားခြင်းဖြစ်သည်။
အိန္ဒိယပြည်ကြီးသည် လူအမျိုးမျိုး ဇာတ်အဖုံဖုံရှိသည်အတွက် နတ်ဘုရား god ပေါင်း ၁၀၀၀ ကျော်ရှိသည်၊ ကိုးကွယ်မှုပေါင်းများစွာရှိသည်။ ထို့ကြောင့် ဒီပါဝလိနေ့နှင့်ပတ်သက်တဲ့ နတ်များအကြောင်းကား အလွန်ကျယ်ဝန်းလှသည်၊ သို့သော် ဤပို့စ်၌ကား Happy Diwali အရိပ်အမြွက်မျှကိုသာ တင်ပြမည်ဖြစ်သည်။

ဒီပါဝလိဟူသည်
ဒီပါဝလီဆိုတဲ့ အမည်က အိန္ဒိယက စခဲ့ပေမဲ့၊ ယခုအခါမှာ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ၊ မြန်မာ မလေးရှား၊ စင်္ကာပူ စတဲ့ ဟိန္ဒူဘာသာဝင်အများစု ရှိရာ နိုင်ငံတွေမှာ အစိုးရရုံးတွေ ပိတ်ပြီး National Holiday အားလပ်ရက်အဖြစ် သက်မှတ်ပေးကြသည်။

ဒီပါဝလိ ကို Diwali သို့မဟုတ် Divali လို့ ရေးကြတယ်၊ တချို့ကြပြန်တော့ Deepavali မီးထွန်းပွဲ (festival of lights) ဟု ခေါ်ကာ တွင်တွင်ကျယ်ကျယ် အသုံးပြုကြသည်။ ဟိန္ဒူဘာသာဝင်တွေရဲ့ အရေးပါတဲ့ ပွဲတော်များထဲက တစ်ပွဲဖြစ်သည်။ ဆန်စခရစ် သို့မဟုတ် ပါဠိအလိုအရ ဒီပါဝလိ(ဒီပ+အာဝလိ) ဒီပ-ဆီမီး၊ အာဝလိ အစဉ်အတန်း ( row of lamps) ဟု ဘာသာပြန်သည်။ ကောင်းမှုတွေက မကောင်းမှုတွေကို အောင်နိုင်တဲ့ အထိမ်းအမှတ်အနေနဲ့ ဆီကို မီးထွန်းရာမှာ အသုံးပြုတာဖြစ်ပါတယ်။ ဒီပါဝလိနေ့မှာ ပွဲတော်ပါဝင်သူတွေက ရောင်စုံအ၀တ်စုံများဝတ်ဆင်ကြသည်၊ မိထားခေါ် မုန့်များကို တစ်ယောက်နဲ့ တစ်ယောက် ပေးကမ်းကြသည်။ မြန်မာပြည် သီတင်းကျွတ်ပွဲတော်မှာလိုပဲ ပွဲရက်မတိုင်မီကထဲက ရောင်စုံမီးတွေ ထွန်းနေကြပါပြီ၊ ဈေးဆိုင်တွေမှာလဲ ရောင်စုံမီးလုံး ပုံစံအမျိုးနဲ့ ရောင်းချနေပါပြီ။ အထူးသဖြင့် ဒီပါဝလိနေ့များအတွင်း ဈေးနှုံးချ၍ ရောင်းခြင်းလည်းပါသည်။
ပွဲရက်ကိုတော့ အောက်တိုဘာနှင့် နိုဝင်ဘာအကြားမှာ ပြုလုပ်လေ့ရှိတယ်။ ဟိန္ဒူဘာသာဝင်တွေ အတွက်ကတော့ တစ်နှစ်မှာ အရေးပါဆုံးပွဲဆိုရင် မမှားပါဘူး။ မိသားစုလိုက်ပဲ ဖြစ်ဖြစ်၊ အစုလိုက် အဖွဲ့လိုက်ပဲဖြစ်ဖြစ်၊ ရပ်ကွက်လိုက်ပဲ အဖြစ်ဖြစ် ရိုးရာအက ပွဲများဖြင့် ကျင်းပကြတယ်။ အခုဆိုရင် ဘုံဘေတစ်မြို့လုံးလည်းပဲ ဗြောက်သံတို့ဖြင့် တအုံးအုံး ဆူညံလျက်ရှိသည်၊ ရောင်စုံမီးပန်းတို့ဖြင့်လည်း လှပနေသည်။

ဒီပါဝလီ ၅ရက်ဆက်တိုက် ပွဲတော်များ
ပထမဆုံးရက် (အောက်တိုဘာ ၂၅)

ပထမဆုံးရက်မှာ Dhanteras ခေါ် အိန္ဒိယစီးပွားရေးအဖွဲ့တွေရဲ့ ဘဏ္ဍာရေးနှစ် (financial-year) အတွက် အိန္ဒိယမြောက်ပိုင်းမှာ ကျင်းပလေ့ရှိတယ်။ Dhan+teras= dhan ဆိုတာ wealth စီးပွားရေးကိုဆိုလိုသည်။ Dhantrayodashi သို့မဟုတ် Dhanvantari Triodasi ဟုလဲ ခေါ်ကြသည်။ လာဘ်ကောင်ဖြစ်တဲ့ ဇီးကွက်ရုပ်ပုံသဏ္ဌာန် နတ်ရုပ်ကို စီးပွားရေးကောင်းရန်အတွက် ပူဇော်ကြတဲ့နေ့ဖြစ်သည်။
ထိုနေ့သည် မင်္ဂလာရှိသောနေ့ မင်္ဂလာကျရောက်သောနေ့ဟု အိန္ဒိယပြက္ခဒိန်များတွင် ဖော်ပြသည်။ အဲဒီရက်ကို လမိုက်ရက်များ (စန္ဒြမာသ) (Thirteenth Lunarday of Karishna paksha=Dark fortnight) ဟု ခေါ်သည်။ အောက်တိုဘာနှင့် နိုဝင်ဘာအကြား သီတင်းနှစ်ပတ်။

မြန်မာပြည်မှာလဲ ဇီးကွက်ရုပ်ကို တွင်တွင်ကျယ်ကျယ် လုပ်ရောင်းနေသည်၊ အိမ်တွေမှာလဲ စွဲချိတ်ထားသည်ကို တွေ့ရသည်၊ လာဘ်ခေါ် ဇီးကွက်ရုပ်ပဲထင်ပါသည်၊ အိန္ဒိယဓလေ့ လွှမ်းမိုးခံရခြင်းဖြစ်သည်။ မြန်မာပြည်မှာ အိန္ဒိယ အခေါ်အဝေါ် အသုံးအနှုံးတွေ ဓလေ့တွေ ရိုးရာတွေ များစွာရှိနေသည်ကို တွေ့ရသည်။

ဒုတိယနေ့ (အောက်တိုဘာ ၂၆)

ဒုတိယနေ့မှာတော့ Naraka Chanturadasi နေ့ဖြစ်တယ်။ Krishna ဘုရားနှင့် သူ့ဇနီး Satyabhama တို့က Naraka ဆိုတဲ့ မကောင်းဆိုးဝါးနတ်ကို နှိမ်နင်းနိုင်တဲ့နေ့ဖြစ်သည်။ အောင်တော်မူနေ့ဟု ခေါ်သည်။
ဗုဒ္ဓဘာသာဝင်တွေကတော့ ‘‘မြတ်ဗုဒ္ဓသည် ကဆုန်လပြည့်နေ့မှာ ဘုရားဖြစ်သည်၊ မာရ်ငါးပါးကို အောင်တော်မူသည်တွက် ကဆုန်လသည် ဗုဒ္ဓဘာသာဝင်တွေအတွက် အောင်နက္ခတ် အောင်နေ့ အောင်လ အောင်နှစ်’’ဟု ယုံကြည်ကြသည်။

တတိယနေ့(အောက်တိုဘာ ၂၇)
တတိယနေ့မှာ လက်ခ်ရှမိ (Lakshmi) စီးပွားရေးနှင့်ဆိုင်သော နတ်မကို ပူဇော်ကြတယ်၊ သူ့မကိုပူဇော်သူတွေကို လိုအင်ဆန္ဒပြည့်ဝစေတယ်၊ ဂျိန်းဘာသာဝင်တွေမှာလဲ မဟာလက်ခ်ရှမိ (mahalakshmi) ဆိုတာရှိတယ်၊ သူကတော့ ကံကောင်းခြင်းများကို သယ်ဆောင်လာတယ်လို့ ဂျိန်းဘာသာဝင်တွေက ယုံကြည်ကြတယ်။ သူ့ကို ယုံကြည်သူတွေကိုလဲ စီးပွားရေး ငွေရေးကြေးရေးစတဲ့ အရာရာနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ မရှိရလေအောင် ကာကွယ်စောင့်ရှောက်ပေးတယ်လို့ ယုံကြည်ထားကြတယ်။
lakshmi နတ်မပုံ

Lakshmi ဆိုတဲ့စကားလုံးသည် LakS ဆိုတဲ့ ပုံစံကနေဆင်းသက်လာတာဖြစ်သည်၊ အဓိပ္ပါယ်မှာ ကာကွယ်စောင့်ရှောက်ခြင်း Rakkha (ရက္ခ) ဟုဆိုသည်။ ဝေဒကျမ်းမှာတော့ မဟာလက်ခ်ရှမိ (mahalakshmi) လူသားတွေရဲ့ ဘ၀ကို မြှင့်တင်ပေးရေး ရည်ရွယ်ချက် ဦးတည်ချက်ရှိတဲ့ သူတစ်ယောက်ဟု ယုံကြည်လက်ခံကြသည်။ ဂုဏ်တော် ၆ ပါးနှင့်ပြည့်စုံတယ်လို့ ယူဆကြသည်၊ သူနဲ့ပတ်သက်ပြီး ယုံကြည်ချက်များစွာရှိနေသေးသည်။ ထိုထိုဆိုခဲ့သော အကြောင်းကြောင့် ထိုနတ်မကို ထိုနေ့မှာ ပူဇော်ကြသည်တဲ့။

ဒီပါဝလီနေ့မှာပဲ အမ၀သျှ (amavasya) ကလဲ ‘‘နတ်သမီးလူပုကလေး ၀င်စားတဲ့ ဗိသျှနူးနတ်က Bali ကို နှင်ထုတ်ပြီး သူ့ကို Patala ခေါ်တဲ့ အသုရာပြည်သို့ နှင်ထုတ်သည်ဟု ဆိုထားသည်။
Bali နတ်ပုံ

စတုတ္ထနေ့ (အောက်တိုဘာ ၂၈)

စတုတ္ထနေ့မှာတော့ အထက်မှာ ပြဆိုထားတဲ့ အသုရာနတ်မင်းရဲ့ အလုပ်ကျွေ့း Baliက မြေအောက်ရှိ ဘုံ ၇ ခုတို့မှ အနိမ့်ဆုံးဘုံဖြစ်တဲ့ Patala ခေါ်တဲ့ နဂါးဘုံ သွားပြီး နေရာအသစ် ယူသူဖြစ်သည်။ မကောင်းဆိုးဝါးတွေ ဘီလူးတွေ မြွေလိုလူသားတွေ နဂါးတွေသည် ထို Patala ဘုံမှာ နေကြသည်။ ဟိန္ဒူဘာသာအရ Heaven ခေါ်ကောင်းကင်ဘုံနှင့် ပထ၀ီ အောက်ရှိ Patala ဘုံဟု ၂မျိုးရှိသည်။ ထို့ကြောင့် စတုတ္ထနေ့မှာ Bali မြေအောက်သွားတဲ့နေ့ဟု သက်မှတ်၍ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ကြသည်။ မြေအောက်ရှိဘုံသားများကို ပူဇော်ခြင်းမျိုးဖြစ်ဟန်တူသည်။

ပဉ္စမနေ့ (အောက်တိုဘာ ၂၉)

ငါးရက်မြောက်နေ့ကိုတော့ ယာမ ဒွိတိယ (Yama Dvitiya) ခေါ် Bhai Dooj အတွက် ရည်ညွှန်းသည်။ အဲဒီနေ့မှာပဲ အစ်မ ညီမတွေကို အဝေးရောက်နေတဲ့ သူတို့ရဲ့ အကို မောင်တွေကို အိမ်ကို ဖိတ်မန်ကြတယ်။ လက်ဆောင်ပေးကြတယ်။
ဂျိန်းဘာသာဝင်တွေအတွက်ကတော့ အဲဒီဒီပါဝလိနေ့သည် သူတို့ရဲ့ဘုရား မဟာဝီရ မောက္ခ သို့မဟုတ် နိဗ္ဗာန်ကို ရရှိတဲ့နေ့ဟု အသိမှတ်ပြုကြသည်။
ဟိန္ဒူဘာသာအရ ဒီပါဝလိ၏နောက်ခံသမိုင်းနှင့် ဒေသအလိုက် ပွဲတော်ရက်များမှာ နတ်ဘုရားများကို ပူဇော်ခြင်း၊ မီးထွန်းခြင်း၊ sweet ခေါ် အချိုမုန့်များ မတူထူးခြားစွာ ပြုလုပ်ကြပေမဲ့ အဓိက လိုရင်းအဓိပ္ပါယ်ကတော့ ‘‘အတ္တမ’’ (The Inner Light) နှင့် အရာအားလုံးပေါ်မှာ တည်ရှိနေတဲ့ ဗြဟ္မာ တို့ကို ကျေနပ်စေဖို့နှင့် ပျော်ရွှင်စေဖို့ပဲ ဖြစ်သည်။
ဗုဒ္ဓဘာသာဝင်တွေကတော့ အတ္တနှင့် ဗြဟ္မာကို လက်မခံ။ ယခုလို သီတင်းကျွတ်လမှာပဲ ဖြစ်ဖြစ် တခြား လတွေမှာပဲ ဖြစ်ဖြစ် အေးငြိမ်းတော်မူသော ဘုရားရှင်ကို အာရုံပြုပြီး ကောင်းမှုပြုနေသော သူတော်စင်တို့သည် ကိုယ်သန္တာန်မှာ လောဘ ဒေါသ မောဟ စတဲ့ အကုသိုလ်အပူတွေ ငြိမ်းအေးခြင်း ရသကို ခံစားကြသည်။ ဓမ္မရသ ဓမ္မပီတိကို သဘောကျ နှစ်ခြိုက်ကြသည်။

မြန်မာဆီမီးထွန်းပွဲတော်

ဒီပါဝလိပွဲတော်များကဲ့သို့ စာရေးသူတို့မြန်မာနိုင်ငံမှာတော့ သီတင်းကျွတ်လပြည့်နေ့သည် ဘုရားရှင်က ၀ါတွင်း၃လပတ်လုံး သူ၏မယ်တော်ဖြစ်ခဲ့သော သန္တုသိတနတ်သားကို အဘိဓမ္မာတရားတော်များကို ဟောပြီးအပြန်မှာ ဂုဏ်ပြုပူဇော်တဲ့အနေနဲ့ ဆီမီးပူဇော်ကြသည်၊ ဘုရားရှင်က သူ၏မယ်တော်ကို ကျေးဇူးဆပ်ခြင်းကို အာရုံပြုပြီး မိဘတွေကို ကန်တော့ကြခြင်း၊ အသက်ကြီး ရွယ်အိုများကို သန့်ရှင်းရေးလုပ်ပေးခြင်း၊ ကန်တော့ခြင်းစတဲ့ ဂါရ၀ နိဝါတ ပူဇာ မင်္ဂလာတွေ လုပ်တဲ့အပြင် ဘုန်းတော်ကြီးကျောင်းတွေမှာ သွားပြီး အလှူအဒါန်းလုပ်ခြင်းနှင့် ဥပုသ်သီလစောင့်ခြင်းစတဲ့ အထူးကုသိုလ်များ ပြုလုပ်ကြသည်။ ဤကား သီတင်းကျွတ်ပွဲ သို့မဟုတ် ဒီပါဝလိပွဲတော်များ၏ ဟန်များဖြစ်သည်။

(ပျော်ရွှင်စရာ ဒိဝါလိနေ့ရက်များမှာ- အောက်တိုဘာ ၂၅-၂၆-၂၇-၂၈-၂၉ ငါးရက်ဖြစ်သည်။)

စာရေးသူတို့ပြည်ပကျောင်းသားများကိုလည်း ဘုံဘေတက္ကသိုလ် ဌာနတစ်ခုက ၂၉ ရက် ဒိဝါလိနောက်ဆုံးရက် Happy Divali ပွဲတော်ကျင်းပမည် ဖြစ်ပါ၍ ပါဝင်ဆင်နွဲရန် ဖိတ်ထားသည်၊ ဗဟုသုတအဖြစ် တက်ရောက်ပါဦးမည်။
အိန္ဒိယရောက်တုန်း ရောက်ခိုက် အိန္ဒိယရဲ့ အရေးပါတဲ့ ရိုးရာဓလေ့ တစေ့တစောင်းကို ဗဟုသုတအဖြစ် လေ့လာစုစည်းပြီး တင်ပြလိုက်ပါသည်။

Happy Divali Days! ပျော်ရွှင်သော ဒိဝါလိနေ့များ ဖြစ်ကြပါစေ။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၀-၁၀-၂၀၁၁

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes