ဖေ့ဘုတ်အပေါ်က လူအကြိုက်များဆုံး ဓာတ်ပုံ တစ်ပုံ
စာမိတ်ဆက်စာရေးသူ၏ ဖေ့ဘုတ်တွင် ပုံများစွာတင်ထားသည်။ ရောက်လေရာရာနေရာတွေက အမှတ်တရပုံတွေကော ဆရာတော်ကြီးများ၏ သာသနာရေး လူမှုရေးဆိုင်ရာ စသည့် ပုံများစွာကိုလဲ တင်ထားသည်။ တခါတရံ ရယ်စရာအဖြစ် ဟာသပုံလေးတွေကိုလဲ တင်ထားသည်၊ တခါတရံ ဖေ့ဘုတ်မောင်နှမများထံမှ ထူးဆန်းတဲ့ ပုံလေးတွေကို ကူး၊ ရှယ်ယာရင်း မြတ်ဗုဒ္ဓလက်ထက်က ဖြစ်ပျက်ခဲ့တဲ့ သမိုင်းလေးတွေ အဆုံးအမလေးတွေကို ထိုဓာတ်ပုံနှင့် မိတ်ဆက် တင်ခဲ့သည်။
ထူးခြားသည့်ပုံ
ထိုပုံများစွာထဲက ပုံတစ်ပုံကိုတော့ ထူးထူးခြားခြား လူပေါင်း တစ်ထောင်ကျော် ရှယ်ယာလုပ်ကြသည်။ Like လုပ်ကြသည်။ ထိုပုံလေးမှာ မြန်မာနိုင်ငံက သီတဂူဆရာတော်ကြီး၊ ယုဂန္ဓာနိုင်ငံက ဆရာတော်လေးနှင့် တပါးက ခဏခဏတွေ့ဖူးပေမဲ့ ဘယ်နိုင်ငံကလဲ ကောင်းကောင်း မမှတ်မိ၊ ထင်တာကတော့ ချက်သမ္မတနိုင်ငံကလို့ ထင်သည်။ ထိုဆရာတော်သုံးပါး အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ကျင်းပတဲ့ ဗုဒ္ဓဘာသာဆိုင်ရာ ထိပ်သီးအစည်းဝေးပွဲတစ်ခုမှာ ဆုံတွေ့ကြခြင်းဖြစ်သည်။ “ကမ္ဘုာလုံးဆိုင်ရာ ဗုဒ္ဒဘာသာဝင်တို့၏ အစည်းအဝေးပွဲကြီး ဤ အစည်းအဝေးကြီးပွဲကြီးကို 2011 ခု နိုင်ဝင်ဘာလ 27 28 29 ရက်နေ့များတွင် သုံးရက်တိုင်တိုင် နယူးဒေလီမြို့မှာ ကျင်းပ၍ (30)ရက်နေ့တွင် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆုတောင်းခြင်း၊ အစည်းအဝေးအောင်မြင်ခြင်းနှင့် ဗုဒ္ဒဘာသာဝင်အားလုံးတို့၏ စုစည်းညီညွတ်မှု အထိမ်းအမှတ်အဖြစ် ဗောဓိပင်စိုက်ပျိုးခြင်း တိဗက်ရဟန်းမင်းကြီး ဒလိုင်းလားမား၏ ၀မ်းမြောက်ဂုဏ်ပြု စကားပြောကြားခြင်းဖြင့် အခမ်းအနားပြီးဆုံးခဲ့သည်။”
ထိုပွဲတော်ကြီးကို ရွှေကျင်သာသနာပိုင်ဆရာတော် သက်တော်ရှည် ၀ါဆိုဆရာတော်ကြီးနှင့် သီတဂူဆရာတော်ကြီးတို့လည်း တက်ရောက် ချီမြောက်သည်။ ထိုအကြောင်းနှင့်ပါတ်သက်ပြီး စာရေးသူ၏ ဆိုက်တွင် တင်ပြီးဖြစ်သည်။
ညီညွတ်ချစ်ခင်မှုကို လူတိုင်းတောင်းတ
ထိုပွဲတွင် ထိုဆရာတော်သုံးပါး၏ ပုံကို ဖေ့ဘုတ်မှာ “အသားရောင်မခွဲခြားတဲ့ ဗုဒ္ဓရဲ့သားတော် ညီအစ်ကိုတွေ (နယူးဒေလီ)”ဆိုတဲ့ စာတမ်းလေး ထိုးပြီးတင်ခဲ့သည်။ လူအကြိုက်အများဆုံးဖြစ်သည်။ ဒါကို ကြည့်သောအားဖြင့် လူတိုင်းက လူသား ဟူသော ခေါင်းစဉ်အောက်မှာ လူသားတိုင်း ညီညီညွတ်ညွတ် ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ ပျော်ပျော်ရွှင်ရွင် ၀မ်းပန်းတသာ ဆက်ဆံကြတာကို မြတ်နိုးသည်၊ နှစ်သက်ကြသည်။ တခြားသူတွေ ချစ်ချစ်ခင်ခင် ညီညီညွတ်ညွတ် ရှိနေတာကို သဘောကျနေခြင်းသည် ကိုယ့်ရဲ့ ဣဿာကင်း မစ္ဆရိယ (ကုလမစ္ဆရိယ) ရှင်းပြီး မုဒိတာစိတ်ကို ဖော်ပြခြင်းပဲ ဖြစ်သည်။ ဤသည်ပင် သူတော်ကောင်းစိတ်ဟု ခေါ်သည်။
တစ်ကမ္ဘာလုံးကသာ ညီညွတ်မှု အေးချမ်းမှု ချစ်ခင်မှု ကြင်နာမှုကို တန်ဖိုးထားမယ်ဆိုရင် တစ်သွေးစိတ် တစ်သားစိတ်ရှိနေမယ်ဆိုရင် ယနေ့ကမ္ဘာမှာ စစ်ပွဲတွေဆိုတာ မရှိနိုင်၊ ဘာသာရေးအငြင်းပွားမှုတွေဆိုတာ မလာနိုင်၊ လူမျိုးရေး ခွဲခြားဆက်ဆံမှုတွေဆိုတာ ကြားဖူးမည်တောင်မထင်ပါ။(သမဂ္ဂါနံ တပေါ သုခေါ)
သာသနာတော်အတွင်းမှာ ခတ္တိယ ဗြဟ္မဏ သုဒ္ဓ ဝေဿစတဲ့ ဘယ်အမျိုးနွယ်ကပဲလာလာ သာသနာတော်အတွင်း ရောက်လာရင် ဘုရားသား ရဟန်းဆိုတဲ့ အမည်တစ်ခုတည်း ဖြစ်သွားသည်။ ဆင်းရဲသားပဲ လာလာ၊ ဘုရင့်သားတော်ပဲလာလာ၊ ဗြဟ္မဏ၀ါဒကပဲလာလာ၊ ဂျိန်းဘာသာကပဲ လာလာ၊ မည်သည့်ဘာသာဝင်ကပဲ လာလာ မြတ်ဗုဒ္ဓ၏ သာသနာအတွင်းရောက်လာရင် အားလုံး ဘုရားသားတော် ဘိက္ခုဆိုတဲ့ အမည်တစ်ခုအောက်မှာ တစ်သွေးတည်း တစ်သားတည်း တစ်မိန့်တည်း ညီညီညွတ်ညွတ်နဲ့ နေကြရသည်။ ဒါသည်ပင် သာသနာတော်၏ အံ့ဖွယ် (၈) ဖြာမှ တစ်ခုဖြစ်သည်။ သာသနာတော်၏လမ်းစဉ်အတိုင်း မည်သူမဆို လျှောက်လှမ်းနေပါက မဂ်ဖိုလ်တည်းဟုသော တစ်ရသာတည်းကိုပဲ အခွင့်တူ ခံစားကြရမည်။ မည်သူ့ကို သာစေ နာစေဆိုတာမရှိ၊ ဤသည်ပင်လည်း သာသနာတော်၏ အံ့ဖွယ်တစ်ပါးဖြစ်သည်။
သာသနာတော်၏ အံ့ဖွယ်တစ်ခုဖြစ်တဲ့ တစ်သွေးတည်း တစ်သားတည်း တစ်မည်တည်း တစ်ရသာတည်း ဆိုတာလေးကို ရည်ရွယ်ပြီး “အသားရောင်မခွဲခြားတဲ့ ဗုဒ္ဓရဲ့သားတော် ညီအစ်ကိုတွေ” ဆိုတဲ့ စာသားလေးနဲ့ ထို မတူညီတဲ့ ဝေးလံလှတဲ့ တစ်မြေတစ်နေရာဆီမှ ဆရာတော်သုံးပါး၏ ဓာတ်ပုံလေးကို မိတ်ဆက်ပေးခြင်းဖြစ်သည်။
သုံးကိုယ်တစ်စိတ် ဒီဓာတ်ပုံလေး
အရောင်သွေးမတူ တမြေစီခြားပေမဲ့ တစ်သွေးတည်း တမြေတည်းဖွား၍ တစ်စိတ်တည်းရှိနေကြသော ထိုဓာတ်ပုံလေးကို မြင်ရတာ ဘုရားရှင်လက်ထက်တော်က အနုရုဒ္ဓါမထေရ်၊ ကိမိလမထေရ်နှင့် နန္ဒိယမထေရ်တို့ သုံးပါးကို အမှတ်ရမိသည်။ တခါက ဗုဒ္ဓမြတ်စွာ ကောသမ္ဗီပြည်မှာ သီတင်းသုံးစဉ် ထိုမြို့မှာပဲ ရဟန်းတော်နှစ်ပါး၏ သေးသေးမွှားမွှားလေးသော အငြင်းပွားမှုကို အကြောင်းပြု၍ အမှိုက်ကစ ပြာဿဒ်မီးလောင်ဆိုတာလို တစ်မြို့လုံး အငြင်းပွားဖြစ်ကြသည်။ နောက်ဆုံး ဗြဟ္မာပြည်အထိအောင် ရန်ငြိုးရန်စ မီးက ထတောက်သည်၊ ဘုရားရှင် ဖြေရှင်းသော်လည်းမရ၍ ဘုရားရှင်လဲ ထိုအရပ် နေသင့်သော အရပ်မဟုတ်ဟုဆိုဆုံးမကာ ထွက်လာရင်းက ပါစိန၀ံသတောအုပ်ကြီးထဲ ရောက်လာသည်။ ဘုရားရှင်ကြွလာတော့ ထိုတောအုပ်ထဲမှာ သီတင်းသုံးနေသော အနုရုဒ္ဓါမထေရ်၊ ကိမိလမထေရ်နှင့် နန္ဒိယမထေရ်တို့ သုံးပါးတို့ တစ်ညီတညွတ်ထဲ ဘုရားကို ထွက်ကြိုကြသည်။ တစ်ပါးက သပိတ်ယူ၊ တပါးက သင်္ကန်းယူ၊ တပါးက ခြေဆေးရေ ယူပေး၊ နေရာထိုင်ခင်းပေးခြင်း စသည်ဖြင့် တပြိုင်တည်း အစဉ်ပြေသလို ပြုစုကြသည်မှာ ညီညွတ်မှုရဲ့ အရသာကို ဘုရားရှင် ခံစားရသည်မှာ မလွဲဟု တွေးမိသည်။ တစ်ပါးနဲ့တစ်ပါး တစ်အုပ်စုနဲ့ တစ်အုပ်စု အငြင်းပွား ရန်ဖြစ်နေတဲ့ နေရာက ကြွလာသော ဘုရားရှင်သည် ယခု အေးချမ်း တည်ငြိမ်သော နေရာရောက်လာတော့ ညီညွတ်ခြင်း၏ အေးချမ်းမှုကို ခံစားရမှာ မလွဲပေ။
ဘုရားရှင်က ဒီတောအုပ်ကြီးက သာယာလိုက်တာ၊ အေးချမ်းလိုက်တာ၊ ငါ့ရှင်တို့ ဒီတောအုပ်ကြီးကို ဒီလောက် တည်ငြိမ်အေးချမ်းပြီး တင့်တယ်အောင် ဘယ်လို ကျင့်သုံးကြသလဲလို့ ဘုရားမိန့်တော့၊ အရှင်အနုရုဒ္ဓမထေရ်က “တပည့်တော်သည် မိမိရဲ့ လိုအင်ဆန္ဒ၊ အတ္တစိတ်လေးကို ဘေးဖယ်ထားပြီး ကျန် အရှင်မြတ်နှစ်ပါး၏ အလိုအတိုင်းနေပါတယ်ဘုရား”ဟု လျှောက်သည်၊ အရှင်ကိမိလ မထေရ်ကလဲ ထိုနည်းစွာလျှောက်သည်၊ အရှင်နန္ဒိယကလဲ ထိုနည်းတူစွာပဲ ကိုယ့်ရဲ့ဆန္ဒကို အလေးမထားဘဲ ကျန် မိတ်ဆွေနှစ်ပါးရဲ့ အလိုအတိုင်းနေပေးသည်။ ဤနည်းအားဖြင့် မထေရ်သုံးပါးက တစ်ပါး၏အလိုကို တစ်ပါးက လိုက်နာကြသဖြင့် ညီညွတ်နေကြခြင်းဖြစ်သည်။
အကွဲအပြဲဖြစ်နေကြခြင်းသည် လောဘ ဒေါသ မောဟတို့အခြေခံပြီး ကိုယ့်အတွက်ပဲ ကြည့်ကြခြင်းတည်းဟုသော တစ်ကိုယ်ကောင်းဆန်စိတ် အတ္တစိတ်ကြောင့်ပင် ဖြစ်သည်။ ယနေ့ကမ္ဘာကြီး အချင်းချင်း ရန်ဖြစ်နေကြခြင်း သက်ဖြတ်နေကြခြင်းသည် ထိုတရားများကြောင့်သာ ဖြစ်သည်။ အကယ်၍သာ ကိုယ့်အတ္တစိတ် တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်လေးကို ဖယ်ထားပြီး တစ်စိတ်တည်း တစ်ညီတစ်ညွတ်တည်း နေကြမယ်ဆိုရင် ပါစီန၀ံသတောအုပ်ကြီးလို ဒီကမ္ဘာမြေကြီး အေးချမ်းသာယာပြီး တင့်တယ်လှပသွားမည်ဖြစ်ပါကြောင်း သုံးကိုယ်တစ်စိတ် ဒီဓာတ်ပုံလေးက ပြောပြနေပါသည်။
လူအကြိုက်အများဆုံးပုံရှိရာလင့်ခ်
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂-၈-၂၀၁၂
15 comments:
သီတကူဆရာတော်အားလေးစားပါသည်။
လေးစားတယ်
လေးစားတယ်
သီတဂူဆရာတော်ဘုရားသက်တော်ရှည်ပါစေ
ဆရာတော်ဘုရားသက်တော်ရာကျော်ရှည်ပါစေ
MDYမှာဝိနည်းအတိအကျနဲ့နေတဲ့ဘုန်းကြီးMDYတောငိကားလမ်း အတက် ဘေးမှာရှိတယ်လေးစားတယ်ဆျိစုံစမ်းကြည့်ပြီးမှလေးစားသင့်တယ်
ဆရာတော်ကဲ့သို့ သူတော်စင် များ ထပ် မျှော်လင့်
ဆရာတော်ကျန်းမာရွှင်လန်းနိုင်ပါစေ။
ဆရာတော်အားကြည်ညိုလေးစားပါသည်။
ဆရာတော်ဘုရားများသက်တော်ရှည်ပါစေ။
ဆရာတော်သက်တော်ရှည်ပါစေ
ဆရာတော်စတဲ့တပိုးကျန်မာပါစေ. ရှမ်းပြည်နယ် တောင်ကြီး
ဆရာတော်ဘုရားကျန်းမာချမ်းသာပါစေ
ဆရာတော်ကိုကြည်ညိုပါသည်
ဆရာတော်ကိုကြည်ညိုပါသည်
Post a Comment