ဆရာကောင်း နည်းကောင်း တွေ့ဖို့လိုတယ်
အဲဒီမှာ ဘုန်းကြီး ချက်ချင်း စဉ်းစားမိတယ်။ ''ဒီဥရောပတိုက်သား အမေရိကတိုက်သား လူတွေဟာ ဗုဒ္ဓ ဘာသာကို လေ့လာ လိုက်စားကြတယ်။ ဗုဒ္ဓဘာသာကို သူတို့အလွန် စိတ်ဝင်စားနေကြတယ်။ ဗုဒ္ဓဘာသာကို အလွန်စိတ်ဝင်စားလို့ ဗုဒ္ဓဘာသာ ကျင့်နည်းကြံနည်းကို ကျင့်ကြံကြိုးကုတ် အားထုတ်မယ်လို့ နည်းရှာကြတဲ့ အခါမှာ ဒီလူတွေဟာ တကယ် 'ထေရဝါဒသာသနာနည်း'ကို မရကြပဲ တိဘက် 'ဒလိုင်းလားမား'ထံမှာ တပည့်ခံပြီးတော့ 'မဟာ ယာနနည်း'တွေကို သူတို့ကျင့်မိနေကြတယ်ဆိုတာကို အဲဒီမှာ ဘုန်းကြီး သဘောပေါက်သွားတယ်။
ဘုန်းကြီးတို့ပရိသတ်များ သူတို့တတွေမှာ ဆရာကောင်းမရကြဘူးနော်။ ခုနက ပြောထားတဲ့အချက်ကို မမေ့လိုက်နဲ့။
သမထကမ္မဋ္ဌာန်းကို စီးဖြန်းတဲ့အခါမှာ ပညတ်ကိုချည်း တစ်ဘက်သတ် ဖိရှုသွားတဲ့ ပုဂ္ဂိုလ်တွေက ဈာန်လမ်း ချည်းသွားတယ်။ ဥာဏ်လမ်း မလာတော့ဘူး။ သမာဓိ အတော် အတန်ရတဲ့အခါမှာ ရုပ်နာမ်သို့ပြောင်းရှုတဲ့ ပုဂ္ဂိုလ်တွေကတော့ ဥာဏ်လမ်းကို တက်သွားတယ်။
သူတို့ လုပ်နေတဲ့အလုပ်က ဈာန်လမ်းကို ဦးတည ပြီးတော့ ကောင်းကင်ပျံဖို့တို့ မြေကြီးထဲငုပ်ဖို့တို့ မီးထဲလမ်း လျှောက်ဖို့တို့ ရေပေါ်မှာ အိပ်ပြဖို့တို့ အဲဒါတွေစိတ်ဝင်စား ပြီးတော့ သူတို့လုပ်နေကြတာ။
ဒီတော့ သူတို့လူအုပ်ကြီး ဗောဓိပင်နားမှာ တရားထိုင်ကြတယ်။ မနက် ၈-နာရီလောက်မှာ တစ်ကြိမ်၊ နေ့လည် ၂-နာရီလောက်မှာ တစ်ကြိမ်၊ ည ၈-နာရီလောက် မှာ တစ်ကြိမ် တရားထိုင်ကြပါတယ်။
သူတို့နဲ့ရောပြီးတော့ ဝင်ထိုင်ကြည့်တယ်
မနက်ပိုင်းနဲ့ နေ့ခင်းပိုင်းထိုင်တဲ့ အချိန်မှာတော့ သူတို့အနားမှာ ဘုန်းကြီး အချိန်ကြာကြာ မရှိဘူး။ ည ၈-နာရီထိုင်တဲ့ အချိန်ကျတော့ ဘုန်းကြီးကလဲ ''ကိုင်းကွာ ငါ လဲပဲ တရားထိုင်မယ်''ဆိုပြီး သူတို့နဲ့ရောပြီးတော့ ဘေးနားက အသားလေး ကပ်ထိုင်တယ်။
အတန်းလိုက် အတန်းလိုက် သူတို့တတွေ ထိုင်ကြတယ်။ ရှေ့ဆုံးတန်းကို မှန်းပြီးတော့ ကြည့်လိုက်စမ်းပါ။ အင်္ဂလိပ်အမျိုးသမီးရဲ့ ဂါဝန်သဏ္ဌာန်ရှိတဲ့ တိဘက်သင်္ကန်း နီနီကြီး ဝတ်ထားတဲ့ ခပ်ဝဝ တိဘက်ဘုန်းကြီး တစ်ပါး၊ အပေါ်ရုံခြုံထည်ကြီးခြုံပြီးတော့ သူက အလယ် တည့်တည့်က ထိုင်တယ်။
သူ့လက်ထဲမှာ ဂလိုင်ကလေး တစ်လုံးပါတယ်။ နောက်ပြီးတော့ ဟောဒီမြန်မာပြည်က ဆိုင်းဝိုင်းတွေမှာ တီးတဲ့ သံချွင်လေး တစ်ခုပါတယ်။ တိဘက်ဘုန်းကြီးကြီး ရှေ့ဘက်မှာ အမွှေးတိုင်လေးတွေ ထွန်းလို့ သူ့ဘေးနားမှာ ဝဲယာမှာဆိုလို့ရှိရင် တိဘက်ကိုယ်တော် ခပ်ငယ်ငယ် နှစ်ပါး။
တိဘက်ကိုယ်တော် ခပ်ငယ်ငယ်နှစ်ပါးမှာ နှဲ တစ်ယောက် တစ်ချောင်းစီကိုင်ထား တာတွေ့ရတယ်။ နှဲတစ် လက်စီပါတယ်။ အစွန်းဘက်ကို လှမ်းကြည့်လိုက်ယင် လက်ဝဲဘက်အစွန်းမှာ ကိုယ်တော်တစ်ပါးက နှဲကြီး အကြီးကြီး တစ်ချောင်းပါတယ်။
လက်ယာဘက်အစွန်းလှည့်ကြည့်လိုက်တဲ့ အခါကျတော့ လက်ယာဘက်အစွန်းက ကိုယ်တော် တစ်ပါးရဲ့ လက်ထဲမှာတော့ မြန်မာပြည်က ခေတ်ပေါ်တီးဝိုင်းတွေမှာ တီးတဲ့ ဘင်သဏ္ဌာန်ရှိတဲ့ ဒိန်း ဒိန်းနဲ့ထုတဲ့ အရာဝတ္ထုကြီး တစ်ခု သူ့လက်ထဲမှာပါတယ်။
ရှေ့ဆုံးက သူတို့ထိုင်ကြတယ်။ အလယ်ကတော့ ဆရာကြီးပေါ့။ နောက်နားက သူ့နေရာနဲ့သူ စီတန်းပြီးတော့ ထိုင်ကြတယ်။ အဲဒါ ဗောဓိပင်အောက်မှာ။
ဗုဒ္ဓကိုပူဇော်ကြမလို့ ထင်တယ်
ဘုရား ကိုယ်တော်မြတ် ဒီဗောဓိပင် အောက်မှာ သစ္စာလေးပါးကို သိမြင်ပြီးတော့ ဘုရားအဖြစ်သို့ရောက်၊ မာရ်ငါးပါးကို အောင်မြင်တော်မူတဲ့ ၁ဝ၃-ခုနှစ်၊ ကဆုန်လ လပြည့်ကျော် ၁-ရက်နေ့သို့ကူးတဲ့အချိန်။
အဲဒီအချိန်အခါတုန်းက ဒီဗောဓိပင်အောက်မှာ မာရ်ငါးပါး အောင်မြင်တော်မူတဲ့ မြတ်စွာဘုရားကို စကြာဝဠာ တစ်သောင်းက နတ်ဗြဟ္မာအပေါင်း နဂါးတွေရော၊ ဂဠုန်တွေရော၊ နတ်တွေရော၊ ဗြဟ္မာတွေရော၊ တူရိယာ ဂီတမျိုးစုံနဲ့ ဘုရားကိုယ်တော်မြတ်ကို သီဆိုတီးမှုတ်ပြီ ဘုရားကို ပူဇော်တယ်။
သိကြားမင်းကြီးကလဲ ခရုသင်းကြီးမှုတ်ပြီးတော့ ဘုရားကို ပူဇော်တယ်။ ပဉ္စသိင်္ခနတ်သားကြီးကလဲ စောင်း နဲ့ ပူဇော်တယ်။
ကာဠနဂါးမင်းကြီးကလဲ သမီးတွေခေါ်လာပြီးတော့ အဲဒီမှာ ဂီတတွေနဲ့ သီဆိုတီးမှုတ်ပြီးတော့ သမီးတွေကို ကခိုင်းပြီးတော့ ဘုရားကိုယ်တော်မြတ်ကို ပူဇော်တယ်။
ဘုရားကိုယ်တော်မြတ် ဗောဓိပင်နဲ့ ရွှေပလ္လင်၊ မာရ် ငါးပါးအောင်တုန်းက နတ်တွေ ဗြဟ္မာတွေ နဂါးတွေ ဂဠုန်တွေက တူရိယာဂီတတွေနဲ့ ပူဇော်တယ်လို့ ကြားဖူး တယ်။ အခုတော့ ဘုန်းကြီးတွေက ဘုရားကို နှဲနဲ့ မှုတ်ပြီး တော့ ပူဇော်ကြတော့မယ်လို့ စိတ်ထဲမှာ အတွေး ပေါက်လာတယ်။
သူတို့ တရားနာပုံ၊ တရားထိုင်ပုံ
တော်တော်လဲကြာရော အလယ်တည့်တည့်က ထိုင်တဲ့ကိုယ်တော်ကြီးက လက်ထဲကဂလိုင်ကို ဖြည်းဖြည်း ဖြည်းဖြည်းနဲ့ အသံလေး ခပ်နိမ့်နိမ့်နဲ့ သူလှုပ်ပါတယ်။ နောက် တော်တော်ကြာတော့ တအားပြင်းပြီးတော့ အသံ ခပ်ပြင်းပြင်းနဲ့ အသံဆူညံသွားအောင် လှုပ်လိုက်ပါတယ်။
အဲဒီလို ဂလိုင်လှုပ်နေတဲ့အချိန်မှာ ပရိသတ် အားလုံးဟာ လက်အုပ်ချီပြီးတော့ နေကြတယ်။ တော်တော် ကြာတော့ ဖြုတ်ခနဲဂလိုင်သံကို ရပ်ပစ်လိုက်တယ်။ ရပ်ပစ်လိုက်ပြီးတော့မှ ရှေ့တည့်တည့် နားမှာထိုင်နေတဲ့ သီလရှင် တစ်ယောက်ရှိတယ်။
အဲဒီသီလရှင်က အင်္ဂလိပ်အမျိုးသမီး၊ တိဘက် နည်းနဲ့ သီလရှင်ဝတ်ထားတာ။ သူကလဲပဲ သူကရှေ့ ကနေ ပေထုပ်ကလေးဖွင့်ပြီးတော့ နည်းနည်းစပေးတယ်။
နည်းနည်းလေး စပေးလိုက်တဲ့အခါကျတော့မှ ဘေးဝဲယာအစွန်းမှာ ထိုင်နေတဲ့ နှဲကိုင်တဲ့ ကိုယ်တော်တွေ ကနေပြီးတော့ သံမှန်လေး ပေါ့လေ။ နှဲတော့မမှုတ် သေးဘူး။ ကဗျာလေးတွေ မန္တာန်လေးတွေကို တိုးတိုး တိုးတိုးနဲ့ ရွတ်ပေးတယ်။ ရှေ့က စပေးတယ်။ ခုနဘေးက ကိုယ်တော် တွေကရွတ်တယ်။ နောက် ပရိသတ်အကုန်လုံးဟာ သံပြိုင် တစ်ညီတစ်ညွတ်တည်း လိုက်ပြီးတော့ ဆိုကြတယ်။
ဘုရားရှင်ကိုယ်တော်မြတ်ကို ပူဇော်နေကြတာပဲလို့ ထင်တယ်။ ဘာမှတော့ ဘုန်းကြီး နားမလည်ဘူး။ သူတို့ရွတ် နေရလို့ အသံညီလာပြီဆိုတော့မှ အသံကို တော်တော် မြှင့် ပြီး တော့ သံပြိုင်သူတို့ရွတ်ကြတယ်။
အသံမြှင့်ပြီးတော့ ရွတ်လို့ အားကောင်းနေတဲ့ အချိန်မှာ အလယ်ကောင်က ဆရာကြီးကနေပြီး လက်ထဲက သံချွန်လေး ကိုင်ပြီးတော့ ''ချွင်''ဆို တစ်ချက် ခေါက်ပေး လိုက်တယ်။ အဲဒီလို တစ်ချက်ခေါက် ပေးလိုက်ရော ကိုယ် တော်တွေ အကုန်လုံး အသံတွေ တိတ်သွားကြတယ်။
အသံတွေ တိတ်သွားတော့ အဲဒီသံချွင်ကိုင်တဲ့ ဂလိုင်ကိုင်တဲ့ ကိုယ်တော်ကြီးက တိုးတိုးတိုးတိုးနဲ့ သူက တရားဟောတယ်။ သူ တရားဟောတာကို နောက်က အားလုံး စိတ်စိုက်ပြီးတော့ လက်အုပ်ချီထားကြ။ ဘယ်ဘက် လက်ပေါ်မှာ ညာဘက်လက်ကလေး ထပ်ပြီးတော့ မျက်စိ မှိတ်ထိုင် တရားနာကြတယ်။
တရားနာပြီးတဲ့အခါကျတော့ ဂလိုင်လေးကိုတစ်ခါ ဖြည်းဖြည်း ဖြည်းဖြည်းနဲ့ သူလှုပ်ပြန်ရော၊ အသံဟာမြင့် မြင့်ပြီးတော့ တက်လာရော၊ နောက်ဆုံးတအားမြှင့်ပြီးတဲ့ အခါကျတော့မှ ဖြုတ်ကနဲဆို အသံ ရပ်လိုက်ပြီးတော့ နောက်တစ်ခါ မန္တာန်တွေ ရွတ်ကြပြန်ရော။
အဲဒီလို သုံးကြိမ်သုံးခါ ရွတ်လိုက်၊ ဘုရားရှိခိုးလိုက်၊ တရားဟောလိုက်၊ ရွတ်လိုက်၊ ဘုရားရှိခိုးလိုက်၊ တရား ဟောလိုက်နဲ့ သုံးကြိမ်လောက်လုပ်ပြီးတဲ့အခါကျတော့မှ ငြိမ်ပြီးတော့ သူတို့တတွေ တရားထိုင်နေကြတယ်။
အပိုင် (၁၀)ဆက်လက်ဖော်ပြပါမည်။
Posted in: တရားတော်
Email This
BlogThis!
Share to Facebook
0 comments:
Post a Comment