သီတဂူစတား

သီတဂူစတား

15 November 2011

သီတဂူအာရောဂျဒါန ဆေးရုံ (မြိုင်ကြီးငူ)



ဆေးရုံတော်ကြီး မြင်ကွင်း
သီတဂူအာရောဂျဒါန ဆေးရုံ (မြိုင်ကြီးငူ)

ကရင်ပြည်နယ်၊ မြိုင်ကြီးငူဒေသရှိ ပြည်သူများအတွက် ရောက်လာပါပြီ သီတဂူ။ သီတဂူဆရာတော်ကြီးသည် မြန်မာပြည်တ၀ှမ်းလုံးရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးများ၊ ဝေးလံခေါင်သော နေရာများကို သွားရောက်၍ သီတဂူဆေးရုံတော်များ ဆောက်လုပ်လှူဒါန်းသည်။ မျက်စိအထူးကုဆေးရုံများနှင့် အထွေထွေ ဆေးရုံတော် များဖြစ်သည်။

ယခုနှစ် ၂၀၁၁၊ နိုဝင်ဘာ (၁၄) ရက်နေ့တွင် ကရင်ပြည်နယ် မြိုင်ကြီးငူဒေသအတွက် အမှတ်စဉ် (၁၄) သီတဂူအာရောဂျဒါန (အထွေထွေဆေးရုံ) ဆေးရုံတော်ကြီးကို သီတဂူဆရာတော်ကြီးနှင့် တပည့်ဒကာ ဒကာမများ သွားရောက် ဖွင့်လှစ်ခဲ့သည်။

ဆေးရုံဖွင့်ပွဲအခမ်းအနား
ထိုဆေးရုံဖွင့်ပွဲ အခမ်းအနားကို DKBA ဌာနက လက်ခံ ကျင်းပပေးသည်။ သီတဂူဆရာတော်ကြီးနှင့် အတူ လိုက်ပါလာသော အလှူရှင် သီတဂူဒကာ ဒကာမများအား DKBA မှ ကရင်ဝတ်စုံများကို လက်ဆောင်ပေးသည်။ ထိုဝတ်စုံများ ၀တ်ဆင်ကာ အခမ်းအနား ဖွင့်ပွဲကို တက်ရောက်ကြရသည်။


ရွှင်လန်းချမ်းမြေ့ပါစေ

သီတဂူစတား

၁၅-၁၁-၂၀၁၁

12 November 2011

ကုမုဒြာပွင့်တဲ့ည အပိုင်း (၇)


မနေ့က တန်ဆောင်မုန်းလပြည့်နေ့ဆိုတာ မေ့နေမိသည်၊ ဒီနေ့တစ်ရက်ကျော်မှ သတိရသဖြင့် တန်ဆောင်းမုန်းလပြည့်နေ့ ဟောသော သာမညဖလသုတ် သို့မဟုတ် ကုမုဒြာတွေပွင့်တဲ့ည တရားတော်အဆက် ကို တင်လိုက်ပါသည်၊ လွန်ခဲ့သောနှစ်က ဒီလိုအချိန်မှာ အပိုင်း (၆) အထိ တင်ခဲ့ပြီး ဖြစ်သည်၊ စာဖတ်ပရိသတ်တစ်ယောက်ကလဲ အဆက်တွေကို နာချင်သည် ဖတ်ချင်ပါသည်ဆိုသဖြင့် သတိရကာ တင်လိုက်ရပါသည်။

တတိယကျင့်စဉ် (သို့) ပညာ
နောက်ဘာများရှိ သေးသလဲဆိုတော့မှ တတိယအဆင့်က ပရိသတ်ကြီး ပညာကျင့်စဉ်၊ ဘာ ကျင့်စဉ်လဲ။
ပညာကျင့်စဉ်ပါဘုရား။
ပညာဆိုတာ အသေးစိတ်သိတဲ့အသိကိုခေါ်တယ်၊ ဘယ်လိုသိ။
အသေးစိတ်သိတာပါဘုရား။
အသေးစိတ်၍သိတာ၊ အလုံးလိုက်သိတာ လုံးလုံးထွေးထွေးသိတာ မဟုတ်ဘူး၊ အသေးစိတ်ဆိုတဲ့ ဥပမာက၊ ယခုဘုန်းကြီးကိုင်ထားတယ် ဘာလဲဆိုတော့ စက္ကူနော် စက္ကူဆိုတာဘာလဲ ဝေဖန်စိစစ်တော့ ပရိသတ်ကြီး လောလောဆယ်ဆယ်မြင်ရတာ အဖြူရောင် မဟုတ်လား။ အဖြူရောင်ကို စက္ကူခေါ်သလားလို့ စိစစ်လိုက်ရင် ပရိသတ် အဲဒါနည်းနည်းရှင်းသွား၊ အဖြူ ရောင်ဟာကာလာပဲ ဒါ စက္ကူမခေါ်ဘူး။ လေးထောင့်ပုံသဏ္ဌာန်လေးတွေ့မယ်၊ လေးထောင့်သည် စက္ကူလားဆိုတော့ လေးထောင့်စက္ကူပါပဲဆို၊ နောက် လေးထောင့်တွေအများကြီးထွက်လာမယ်၊ အကုန်လုံးစက္ကူတွေချည်ပဲလား။ အဖြူရောင်သည် စက္ကူဆို အဖြူတိုင်းစက္ကူခေါ်မလား။

မခေါ်ပါဘုရား။

အဲဒါပရိသတ်ရေ ပညာ၊ ကျောင်းတွေမှာ သင်တဲ့ပညာတစ်မျိုးပေါ့၊ ခန္ဓာမှာ သင်တဲ့ ပညာတစ်မျိုးပေါ့နော်။ မှန်ပါဘုရား

အဲဒီတော့ အဖြူရောင်ရတယ်၊ ပုံသဏ္ဌာန်လည်းတွေ့ရတယ်၊ လက်နဲ့ ကိုင်ကြည့် ချောချောမွတ်မွတ်ကလေး၊ နာနာဆုတ်ကြည့်တော့ ခပ်တင်းတင်း ခပ်ကြမ်းကြမ်းတွေ့တယ်၊ နူးညံ့တာ ချောမွတ်တာ ဒါဟာ စက္ကူမဟုတ် ဘူး။ ဟာ လက်နဲ့ကိုင်ကြည့်၊ အေးအေးလေးနော်၊ တော်တော်လေးကြာ တော့နွေးသွားတယ်၊ အဲဒီအေးတာနဲ့နွေးတာ ဒါစက္ကူမဟုတ်ဘူး၊ ဒီလိုတွေ နော်။

နှာခေါင်းနဲ့နမ်းကြည့်၊ အနံ့ရှိတယ်၊ အနံ့သည် စက္ကူမဟုတ်ဘူး၊ ပိုးဟပ်တွေ ဘာတွေဆိုရင် စက္ကူကိုစားတယ်နော်၊ အရသာရှိလို့စားတာ ပေါ့၊ အာဟာရဓာတ်ရှိလို့စားတာပေါ့၊ အဲဒီ အရသာတွေ၊ အာဟာရဓာတ် တွေဟာ စက္ကူလား မဟုတ်ဘူး။ အရသာကို အရသာခေါ်မယ်၊ အာဟာရကို အာဟာရခေါ်မယ်။ ပရိသတ်ကြီး စက္ကူဆိုတဲ့စာလုံးလေးတစ်လုံးထဲမှာ ရုပ်ဝတ္ထုရှစ်မျိုးတို့ စုပေါင်းနေကြတာ၊ အဲဒီရှစ်မျိုးသော ရုပ်ဝတ္ထုတို့ကို အသေးစိတ်သိတဲ့ အသိမျိုးကို ခေါ်တာက ပညာ။ အဲဒါကြောင့် From head to feet. From feet to head. ခြေဖျားကဆံပင်ဖျား၊ ဆံပင်ဖျားက ခြေဖျား In this a very fathom long body တစ်လံမျှရှိတဲ့ဒီကိုယ်ထဲမှာ What are the reality တကယ်အရှိတရားတွေ ဘာတွေလဲ What are the truth အမှန်တရားတွေက ဘာတွေလဲ၊ အဲဒီနှစ်မျိုးကိုသိရင် အဲဒီပုဂ္ဂိုလ် ပညာတတ်ပြီနော်။

မှန်ပါဘုရား။

အဲဒီလိုဥစ္စာမျိုးကို ဘာခေါ်လဲ ပညာ၊ ဘာခေါ်မလဲ။

ပညာခေါ်ပါတယ်ဘုရား။
အရှိတရားနဲ့အမှန်တရား အရှိတရားကို ပရမတ္ထ။ အမှန်တရားကို သစ္စာဟုခေါ်တယ်၊ အဲဒီအရှိတရား အမှန်တရား ပရမတ္ထတရားနဲ့သစ္စာ တရားကိုသိတဲ့ပညာမျိုးကို တတ်ပြီဟေ့ဆိုလို့ရှိရင် ဒီပုဂ္ဂိုလ်ရဲ့စိတ်ကိုနှောင် ဖွဲ့တဲ့ ကိလေသာအားလုံးမှ သူသည်လွတ်မြောက်သွားတယ်။

ဝိမုတ္တိသုခ
စိတ်ကိုနှောင်ဖွဲ့ထားသောကိလေသာအနှောင်အဖွဲ့တို့မှ ဘာဖြစ် ပြီလဲ၊ အနုပါဒါယ အာသဝေဟိ စိတ္တာနိ ဝိမုစ္စိံသု အနတ္တလက္ခနသုတ်အဆုံး နားမှာဖတ်ကြည့်၊ စိတ်ဟာ အဲဒီအနှောင်အဖွဲ့အားလုံးတို့မှ ဘာဖြစ်ပြီလဲ၊ လွတ်သွားပြီ။ ထောင်ထဲမှာနေတဲ့လူသည် အမြဲတန်းဘာမျှော်လဲ၊ လွတ်ရက် ကိုမျှော်တယ်နော်၊ လွတ်လာပြီဆိုတဲ့ပုဂ္ဂိုလ်ကို မင်းတော်တော်ဆင်းရဲသလား ချမ်းသာသလား၊ ကိုယ်လွတ်တဲ့အချိန်မှာ သိတ်ချမ်းသာတာပေါ့၊ ချမ်းသာ ပုံလေးပြောပြဆိုရင် သူမပြောပြနိုင်ဘူး၊ ချမ်းသာတာကတော့ အမှန်ပဲ။ အဲဒီလိုလွတ်လာတဲ့ ချမ်းသာဟာ ဘာခေါ်မလဲဆိုရင် မှတ်ထား ဝိမုတ္တိသုခ ဘာခေါ်လဲ။
ဝိမုတ္တိသုခပါဘုရား။

ဝိမုတ္တိသုခအကြောင်းကို နားလည်ချင်ရင် လွတ်မြောက်တဲ့ချမ်းသာကို နားလည်ချင်ရင် အကျဉ်းကျတာနဲ့ယှဉ်ကြည့်ရမယ်၊ အလင်းရောင်ရဲ့ အရသာကို နားလည်ချင်ရင် လောင်တဲ့မီးနဲ့ယှဉ်ကြည့်ရမယ်၊ ဒီလို Comparative Study လုပ်တာဘာခေါ်လဲ၊ ပညာ။ အဲဒါကြောင့် ပညာတကယ် တတ်ပြီ ခန္ဓာတွင်ရှိတဲ့အရှိနဲ့ အမှန်ကိုသိတဲ့ပညာ၊ ဝိပဿနာÓဏ်နဲ့ပြော ရင် ဆယ်ပါး၊ လောကုတ္တရာဥာဏ်နဲ့ပညာနဲ့ပြောရင် ရှစ်ပါး၊ အဲဒီဥာဏ် ဆယ်ပါးနဲ့ရှစ်ပါး၊ ဆယ့်ရှစ်ပါးဆုံးပြီးဆိုလို့ရှိရင် အဲဒီပုဂ္ဂိုလ် ပညာကုန်သွား ပြီ၊ အဲဒီလို ပညာအဆုံးတိုင်ရောက်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာ ဘာဖြစ်လဲ၊ ကိလေ သာအနှောင်အဖွဲ့တို့မှလွတ်ပြီ၊ လွတ်လပ်တဲ့ချမ်းသာကိုခေါ်တယ်၊ ဝိမုတ္တိ သုခ၊ ခေါ်ကြည့်လိုက်။
ဝိမုတ္တိသုခပါဘုရား။

ဒကာတော်မင်းကြီး။ မဟာရာဇ - သမ္မုတိနတ်အိုမင်းမြတ်။ ဧတဒေ ဝ - အဲဒီပညာတတ်တဲ့အတွက်ကြောင့် ဝိမုတ္တိသုခကိုရရှိလာခြင်းသည်ပင် လျှင်။ သန္ဒိဋ္ဌိကံ သာမညဖလံ - မျက်မှောက်ထင်ထင် ရဟန်းပြုခြင်းရဲ့ ရဟန်းဘဝမှရနိုင်တဲ့အကျိုးတရားပါပဲရယ်လို့။ သတ္ထာ - နတ်လူတို့ဆရာ ဘုရားရှင်ကိုယ်တော်မြတ်သည်။ ဗျာကရောသိ - ကောင်းစွာမသွေ ဖြေကြား တော်မူခဲ့ပါပေသတည်း။
သာဓု သာဓု သာဓုပါဘုရား။

သီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ် အနဝဇ္ဇသုခ၊ သမာဓိနဲ့ပြည့်စုံရင် ဝိဝေက သုခ၊ ပညာနဲ့ပြည့်စုံတော့ ဝိမုတ္တိသုခ။ သြော် သာသနာဆိုတာ သီလ သမာ ဓိ ပညာ ရဟန်းပြုဆိုတာ အဲဒီသုံးပါးကို လာကျင့်တာ မဟုတ်လား။
မှန်ပါ့ဘုရား။

အဲဒီသုံးပါးကို ကျင့်တော့ အခုပြောတဲ့ အကျိုးတရားသုံးပါးကို ရတယ်၊ အသေးစိတ်ရင် အဆင့်တွေအများကြီးရှိတယ်နော်၊ ဒကာတော် မင်းကြီး ဒီသုံးခု ဒါ သန္ဒိဋ္ဌိက သာမညဖလပဲလို့ မြတ်စွာဘုရားကရှင်းပြ တယ်၊ တရားကအလွန်ရှည်သွားတယ်၊ တန်ဆောင်မုန်းလပြည့်ညဥ့်ဦးယံ ဂိဇ္ဈ ကုဋ်တောင်စွယ်ကို နေမကျော်သေးမီကတည်းက ဘုရားဆီရောက်နေတာ ဂိဇ္ဈကုဋ်တောင်ကြီးတစ်ခုလုံးကို နေကကျော်ပြီးတော့ ရာဇဂြိုဟ်တစ်မြို့လုံး အကုန်လင်းနေတယ်။
အို ဘော်ရည်တွေသွန်းသလိုပေါ့၊ နို့ရည်တွေသွန်းသလို တစ်မြို့လုံး လရောင်အောက်မှာဖွေးလို့ ကန်တွေ ကန်တွေမှာလည်း ဘာတွေ့လဲ၊ ကုမု ဒြာကြာတွေဖွေးဖွေးလက်လက်ပွင့်နေကြ၊ အဇာတသတ်မင်းရဲ့ နှလုံးစိတ်ဝမ်းလည်း ဘာဖြစ်သွားပြီလဲ၊ အေးချမ်းသွားတယ်။

အဘိက္ကန္တံ ဘန္တေ အဘိက္ကန္တံ ဘန္တေ -အလွန့်အလွန်ကျေနပ်ဖွယ် ရာ နှစ်သက်ဖွယ်ရာ ကောင်းလှပေတော့သည်ဘုရား။ သေယျထာပိ ဘန္တေ နိက္ကုဇ္ဇိတံ ဝါ ဥက္ကုဇ္ဇေယျ - မှောက်ထားတဲ့အိုးကို လှန်ပြသလိုပဲ၊ အလွန်ပဲ သိတ်ရှင်းသွားတယ်။ ပဋိစ္ဆန္နံ ဝါ ဝိဝရေယျ - ဖုံးလွှမ်းထားတာတွေ ထောင် ဖွင့်ပြသလိုပါပဲ။ မူဠှဿ ဝါ မဂ္ဂံ အာစိက္ခေယျ - လမ်းမှားလျှောက်နေတဲ့ သူတစ်ယောက်လက်ကိုကိုင်ဆွဲပြီး ဒီလမ်းသွားဟဲ့လို့ သေချာစွာညွှန်ကြား လိုက်သလိုပဲ အမှန်ရောက်သွားပြီ။ အန္ဓကာရေ ဝါ တေလပဇ္ဇောတံ ဓာရေ ယျ စက္ခုမန္တော ရူပါနိ ဒက္ခန္တီ'တိ - ညအမှောင်ကြီးထဲမှာ ဘုရား၊ မျက်စိ ကောင်းတဲ့လူတွေအတွက် ဆီမီးတိုင်တွေထွန်းပြသလိုပဲ၊ ဆီမီးတိုင်တွေ ည ထွန်းဟေ့ မီးထွန်းဟေ့ ဆိုတာ မျက်စိကောင်းတဲ့လူတွေအတွက် ထွန်းပေးတာ၊ မျက်စိနှစ်ကွင်းမလင်းတဲ့ပုဂ္ဂိုလ် ဆီမီးတိုင်ပေါင်းကုဋေချီ ထွန်းပေးလည်းပဲ အချည်းနှီးပဲ။
ဒါကြောင့် တပည့်တော်တို့ ဥာဏ်မျက်စိရှိတဲ့ ပုဂ္ဂိုလ်တွေအတွက် မြတ်စွာဘုရားရဲ့ ဒီဓမ္မဟာ ဆီမီးတိုင်ကြီးပါဘုရား။ ကျေနပ်သွားတယ်။ အဲ ဒါကြောင့် ''အဇ္ဇတဂ္ဂေ ပါဏုပေတံ' ဒီကနေ့မှစ၍ အသက်ရှင်သေးသမျှ ကာလပတ်လုံး။ အဟံ - တပည့်တော်သည်။ ဘဂဝန္တံ - ဘုရားရှင်ကို။ ဓမ္မံ - ဓမ္မတော်ကို။ သံဃံ - သံဃာတော်ကို။ သရဏံ သရဏံဣတိ - ကိုးကွယ် ရာဟူ၍။ ဂစ္ဆာမိ - ယုံကြည်သိမှတ် တပည့်တော်ဆည်းကပ်ပါပြီ။

ဒီကနေ့မှစ အသက်ရှင်နေသမျှကာလပတ်လုံး ဘုရား တရား သံ ဃာရတနာသုံးပါးကို တပည့်တော် ယုံကြည်သိမှတ် ဆည်းကပ်ကိုးကွယ်ပါ ပြီ။ ဥပါသကံ မံ ဘဂဝါ ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတံ - ဒီကနေ့မှစ တပည့်တော်အသက်ရှင် နေသမျှကာလပတ်လုံး ရတနာသုံးရပ် ကို ဆည်းကပ်ကိုးကွယ်သော ဥပါသကာ ဟူ၍။ ဓာရေတု - အသိအမှတ် ပြုတော်မူပါမြတ်စွာဘုရား။ ဘဂဝန္တံ - ဘုန်းခြောက်ပါးသခင် ဘုရားရှင်ကို။ အဝေါစ - ရွှေနာတော်ကြားအောင် လျှောက်ထား ရှာလေတော့သတည်း။
သာဓု သာဓု သာဓုပါဘုရား။

မြတ်စွာဘုရားထံမှ သရဏဂုံသုံးပါး ဆောက်တည်တယ်၊ သရဏဂုံ သုံးပါးဆောက်တည်ပြီးတော့ ငါးပါးသီလဆောက်တည်တယ်၊ သရဏဂုံသီလ ဆောက်တည်ပြီးတော့ သူကြေညာတယ်တဲ့။ ဒီကနေ့မှစ၍ တပည့်တော် အသက်ရှင်နေသမျှကာလပတ်လုံး ဘာတဲ့လဲ၊ ဥပါသကာ၊ ဘာခေါ်လဲ။
ဥပါသကာပါဘုရား။

အပိုင်း (၈)ဆက်ပါဦးမည်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
သီတဂူစတား
၁၁-၁၁-၂၀၁၁

05 November 2011

ချက်တင်စကားဝိုင်း

ဒီချက်တင်စကားဝိုင်းလေးက ကြာပါပြီ၊ ရေးထားတာလဲ ကြာပြီ အခုမှပဲ တင်ဖြစ်တော့တယ်။ chatting မှာ ကလေးတစ်ယောက်က ဒီလို မေးထားတယ်။

လောကမှာ ဘုရားတွေ အများကြီးရှိတယ်လို့ သိရပါတယ်ဘုရား ဘယ်လိုသိနိုင်မလဲ၊ ဘုရားတွေက သူ့ဟာမှန်တယ် ကိုယ့်ဟာမှန်တယ်လို့ ပြောနေကြတယ် ဘယ်ဟာမှန်တယ်ဆိုတာကို ဘယ်လို သိနိုင်ပါသလဲ? နိဗ္ဗာန်ရောက်အောင် ဘယ်လိုလုပ်ရပါ့မလဲ? စတဲ့ ဘာသာရေးအသိ နုနယ်သေးတဲ့ ကလေးတစ်ယောက်ဟု ထင်ပါသည်။ သို့မဟုတ် ဘာသာခြားကောင်လေးတစ်ယောက်လဲ ဖြစ်နိုင်ပါသည်။

စာရေးသူနဲ့ချက်တင်မှာ မေးတာတွေကို စာရေးသူကပဲ ပြန်ဖြေကြားထားတာတွေကို စုစည်းထားသည့် စကားများကို ချက်တင်စကားဝိုင်းလို့ပဲ ခေါ်ပါမည်၊ အကျိုးရှိမည့် ဗဟုသုတလဲ ဖြစ်မည့် စကားများဖြစ်သဖြင့် ပို့စ်အဖြစ် စုစည်းပြီး တင်လိုက်ရပါသည်။

အဖြေ

သူဆိုလိုတဲ့ ဘုရားဆိုတာ ဗုဒ္ဓဘာသာမှာ သမ္မာသမ္ဗုဒ္ဓ-ဘုရား ရှိသလို ခရစ်ယာန် မွတ်စလင် ဟိန္ဒူစတဲ့ ဘာသာတွေမှာလဲ သူတို့ယုံကြည်ရာ ဘုရားများရှိနေသည်ဟု ဆိုလိုပါသည်။
ဗုဒ္ဓဘာသာမှာ ဘုရားများစွာရှိခဲ့သည်၊ ဂင်္ဂါဝါဠု သဲစုမက လို့ဆိုပါတယ်၊ ဂင်္ဂါမြစ်ထဲက သဲပွင့်လေးတွေ မက ဘုရားများစွာ ပွင့်ခဲ့ပါတယ်။ ဘုရားတွေ ပေါလှပါလားလို့ မေးစရာ ရှိလာတယ်။ မှန်ပါတယ် ပေါပါတယ်လို့ ဖြေရမှာပါ။ ဒါပေမဲ့ သံသရာကလဲ အနမတဂ္ဂ- သံသရာ၏ အစဆိုတာကို ဘုရားရှင်ဥာဏ်တော်ဖြင့်တောင် မသိနိုင်၊ မရေတွက်နိုင်တဲ့ ကမ္ဘာတွေမှာ ဘုရားတစ်ဆူပွင့်ဖို့ဆိုတာလဲ လေးအသင်္ချေနဲ့ ကမ္ဘာ တစ်သိန်း ပါရမီဖြည့်မှ ဘုရားဖြစ်ကြရတာ ဆိုတော့ ဘုရားဖြစ်ဖို့ပဲ မရွေတွက်နိုင်တဲ့ ကမ္ဘာက ၄ ခု၊ ရေတွက်လို့ရတာ တစ်သိန်းနဲ့ပေါင်းတော့ လေးအသင်္ချေနဲ့ကမ္ဘာတစ်သိန်းဆိုတာ ဖြစ်လာတယ်။ ဘုရားဖြစ်ဖို့တောင် အဲဒီလောက် အသင်္ချေတွေ ပေါနေတော့ မသိနိုင် မရေတွက်နိုင်တဲ့ ကမ္ဘာအသင်္ချေပေါင်း များစွာရှိနေသည်ကိုလည်း သိနိုင်သည်။ ထိုမရေတွက်နိုင်တဲ့ ကမ္ဘာအသင်္ချေတွေထဲမှာ ဘုရားများစွာ ပွင့်ခဲ့သည်ဆိုသည်မှာ ဖြစ်နိုင်ပါသည်။

ဘုရားပွင့်သော ကမ္ဘာများ
ဒီအထဲမှာ ဘုရားမပွင့်တဲ့ သုညကမ္ဘာတွေက ပိုများပါတယ်။ ဘုရားပွင့်သော ကမ္ဘာကား အနဲငယ်မျှသာ ရှိပါသည်။
(၁) ဘုရားတစ်ဆူသာ ပွင့်တဲ့ကမ္ဘာကို သာရကမ္ဘာ၊
(၂) နှစ်ဆူပွင့်သော ကမ္ဘာကိုတော့ မဏ္ဍကမ္ဘာ၊
(၃) သုံးဆူပွင့်သော ကမ္ဘာကို ၀ရကမ္ဘာ၊
(၄) လေးဆူပွင့်သော ကမ္ဘာကိုတော့ သာရမဏ္ဍကမ္ဘာဟု ခေါ်သည်၊
(၅)ဘုရားအများဆုံး ငါးဆူပွင့်သော ကမ္ဘာကို ဘဒ္ဒကကမ္ဘာ ဟုခေါ်သည်။ ဘုရားမပွင့်သော ကမ္ဘာများကိုတော့ သုညကမ္ဘာဟုခေါ်သည်။ မရေတွက်နိုင်သော ကမ္ဘာအနန္တတွေကို ထောက်ဆပြီး ဘုရားများစွာ ပွင့်ခဲ့သည်ဟု ဆိုရပါမည်။

ဘယ်ဘုရားဟောကမှန်ပါသလဲ?
ဘယ်ဘုရားဟောက မှန်ပါသလဲဆိုတော့ စာရေးသူက ဗုဒ္ဓဘာသာက ယုံကြည်လက်ခံထားတဲ့ ဘုရားများကို ရည်ရွယ်ပြီး မေးသည်ဟု ထင်၍ ဗုဒ္ဓဘာသာက လက်ခံထားတဲ့ ဘုရားတိုင်းတဲ့ ကွဲပြားသော တရားမရှိပါ၊ သီလ သမာဓိ ပညာ၊ သစ္စာ ၄ ပါး၊ မဂ္ဂင် ၈ပါး စသည်ဖြင့် တစ်ထပ်ရာတည်း ဟောထားသဖြင့် ဘယ်ဘုရားဟောက မှန်တယ် မှားတယ်ဆိုတာ ကွဲပြားမှုမရှိဟု ဖြေလိုက်မိပါသည်။ တကယ်တော့ သူမေးချင်တာက ခရစ်ယာန်ကိုးကွယ်သော ဘုရား၊ အစ္စလာမ် ကိုးကွယ်သော ဘုရား ဟိန္ဒူကိုးကွယ်သော ဘုရားစသည်ဖြင့် ဘုရားများစွာတို့သည် သူမှန်တယ် ကိုယ်မှန်တယ် ဟုဟောနေကြသည်၊ ဘယ်ဘုရားဟောက မှန်ပါသလဲဘုရား ဟု မေးဟန်တူသဖြင့် နောက်တစ်နည်း ထပ်ပြီး အဖြေပေးလိုက်သည်။

ခရစ်ယာန်ဘုရားဟောက ဘယ်လို၊ မွတ်စလင်ဘုရားက ဘယ်လိုဟောတ၊ ဟိန္ဒူက ဘယ်လိုပြောတာ စသည်ဖြင့် ဝေဖန်နေဖို့မလို။ ဘယ်ဘုရားဟောက မှားတယ်မှန်းတယ်ဆိုတာထက် လက်တွေ့လုပ်ကြည့်ဖို့က အကောင်းဆုံးပဲဟု ပြောလိုက်သောအခါ မသိလို့ပါဘုရား ဘယ်လိုလုပ်ရမလဲ?ဟု သူက ဆက်ပြောသည်။ ဗုဒ္ဓဘာသာကိုက ဝေဖန်ရေးကို ဦးစားမပေး၊ လက်တွေ့ကိုပဲ ဦးစားပေးသည်။ ထို့ကြောင့်ဗုဒ္ဓဘာသာက စိတ်ကူးဆန်သော ဘာသာမဟုတ် လက်တွေ့ကျသော ဘာသာဖြစ်သည်ဟု မှတ်ပါ။

စာရေးသူလဲ ‘‘သူပြော လူပြောနဲ့ ယုံရမည့်ဘာသာထဲမှာ ဗုဒ္ဓဘာသာက လက်မခံပါဘူး၊ ကောင်းတယ်ထင်တယ်လို့ ယူဆထားတဲ့ အရာတစ်ခု လုပ်ကြည့်ပါ၊ ကိုယ့်အတွက် သို့မဟုတ် သူတစ်ပါး အတွက် မထိခိုက်ဘူး အပြစ်မဖြစ်ဘူး၊ အပြစ်ပြောစရာမရှိဘူးဆိုရင် ကောင်းတယ်လို့ ခေါ်ပါတယ်။ ဒါဆိုရင် လက်ခံပြီး လက်တွေ့ဆန်ဆန် ကျင့်သုံးကြည့်ပါ၊ အကျိုးတစ်ခု ရလာပါလိမ့်မယ်လို့ပဲ ပြောပြလိုက်သည်။

ဒါဆို နိဗ္ဗာန်ရောက်အောင် ဘယ်လိုလုပ်ရမလဲ? ဟုသော သူ့အမေးကို စာရေးသူက အတိုချုပ်ချင်တာကြောင့် ‘‘နိဗ္ဗာန်ရောက်ဖို့ဆိုတာ မစဉ်းစားနဲ့ဦး၊ ကောင်းတာတွေပဲ အရင်လုပ်ကြည့်ပါ၊ ကောင်းတာတွေ လုပ်ရင်းနဲ့ အကောင်းဆုံးလို့ ဆိုရသည့်အရာထိ ရရှိပါလိမ့်မယ်၊ ဒါကို နိဗ္ဗာန်လို့ ခေါ်ချင်လဲ ခေါ်ပေါ့’’ လို့ပဲ ဖြေကြားလိုက်ရပါသည်။ ခက်တော့ ခက်သားပဲ ဘာမှ မလုပ်ရသေးဘဲ သူများပြောတာနဲ့ နိဗ္ဗာန်ဆိုတာ ဘယ်မှာလဲ? နိဗ္ဗာန်ကို ရောက်ချင်တဲ့ဆိုတဲ့ သူတွေက ခက်များများပဲ။ သူက အတွန့်တက်လာသေးတယ် ‘‘ကောင်းတာတွေ မလုပ်နိုင်တာလဲ ရှိသေးတယ်၊ အဲဒါ ဘယ်လိုလုပ်မလဲ?’’ တဲ့၊ ဒါကတော့ကွာ လုပ်နိုင်တာ မလုပ်နိုင်တာ ကိုယ့်ပေါ်မှာ မူတည်တာပဲ။ ကိုယ်လုပ်ချင်တဲ့ ဆန္ဒ စေတနာ သဒ္ဓါတရားစတဲ့ အခြေခံအရည်အချင်း လုံလောက်မှုရှိရင်တော့ ထို သဒ္ဓါစေတနာ အားလျှော်စွာ လုပ်နိုင်ကြမှာပဲ။ ထိုအခြေခံ အရည်အချင်းမရှိရင်တော့ ဘာမှ မလုပ်လို့ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။

လောကမှာ လူစွမ်းကောင်း ရှိပါသလား

နောက်တစ်ဆက်တည်း မေးလာတာက-‘‘ အပြစ်တစ်ခုကျရောက်ရင်ဘယ်လိုလုပ်လည်း၊ အပြစ်ကျူးလွန်မိရင် ဘယ်လိုလုပ်မလဲ?’’ လို့ သူက မေးတော့ အပြစ်မကျူးလွန်မိအောင် နဂိုကထဲက ရှောင်ကြဉ်ရပါတယ် ထိန်းသိမ်းရပါတယ်၊ အကယ်၍ ကျူးလွန်မိရင်တော့ ကုစားလို့ ရတဲ့ အပြစ်ရှိသလို ကုစားလို့ မရတာတွေ ရှိတယ် အထူးသဖြင့် အနဲဆုံးတော့ ၅ ပါးသီလလောက်တော့ ထိန်းနိုင်ရမှာပေါ့။ ဥပမာ- ပဉ္စာနန္တရိယကံလို့ ခေါ်တဲ့ ကံကြီး ငါးပါး မကျူးမိအောင်တော့ ထိန်းဖို့လိုတယ်၊ ထိုအပြစ်ကျူးလွန်မိသူသည်၊ သံသရာအတွက်သာ ကြီးလေးအပြစ်ခံစားရမှာမဟုတ်ဘူး ဒီဘ၀မှာ ရသင့်တဲ့ အခွင့်ရေးတွေကို မရနိုင်တော့ဘူး၊ ဥပမာ- ရဟန်းပြုခွင့်မရခြင်း၊ ပရိတ်အကျိုးများ မရရှိခြင်းစတဲ့ အခွင့်ရေးတွေ မရတော့အပြင် ဈာန်မဂ်ဖိုလ်တွေနဲ့လဲ လုံးဝ ဝေးသွားတယ်၊ အဇာတသတ်မင်းကြီးသည် ဒီဘ၀မှာပဲ အရိယာပုဂ္ဂိုလ် ဖြစ်နိုင်တဲ့ ပါရမီရှိရက်သားနဲ့ လူမိုက်နဲ့ပေါင်းပြီး အာဏာရူး ရူးခဲ့သည်၊ ထိုသို့သော အာဏာရူးသွပ်ခြင်းက အဖေကို လုပ်ကြံ သတ်ဖျတ်ပြီး အာဏာလုခဲ့တဲ့ အပြစ်ကြီးတစ်ခု ကို ကျူးလွန်စေခဲ့သည်။ ထိုကံကြောင့်ပဲ အရိယာဘ၀နဲ့ လွဲခဲ့ရတယ်။ တချို့ အပြစ်သေးလေးတွေက ရေများ ရေနိုင် မီးများ မီးနိုင်ဆိုတာလို ကုသိုလ်ကောင်းမှုတွေ များများ ပြုခြင်းဖြင့် ပြုခဲ့မိသော အကုသိုလ် အသေးလေးတွေက အကျိုးမပေးတော့ပဲ အဟောသိကံ ဖြစ်သွားတာမျိုးရှိပါတယ်။ ဒါ့ကြောင့် ကုစားလို့ရတဲ့ အကုသိုလ်အပြစ်များ ရှိသလို ကုစားလို့ မရတဲ့ အပြစ်များလဲ ရှိသူဟုမှတ်ပါ။

နောက်တစ်ခုက အကုသိုလ် မကျူးလွန်မိအောင် ဘယ်လိုလုပ်ရပါ့မလဲ ဆိုတော့ စိတ်တစ်ခုတည်းကိုပဲ ထိန်းဖို့လိုပါတယ်။ ဒါကို ဣန္ဒြိယသံဝရ သီလ လို့ခေါ်မှာပေါ့။ အဘိဓမ္မာ ၀ိနည်း သုတ္တန်တွေ ထဲက ထိန်းစရာတွေ လိုက်နာစရာတွေ များလိုက်တာပဲ ဆိုပြီး ငြီးငွေ့နေစရာမလို၊ စိတ်တစ်ခုတည်းကိုပဲ ထိန်းလိုက်ပါ။ ‘‘ပါပသ္မိံ ရမတိ မနော’’ လူတွေရဲ့ စိတ်ကိုက မကောင်းဘက်မှာ ပျော်တတ်တယ်၊ ကောင်းတာနဲ့ မကောင်းတာ ယှဉ်လိုက်ရင် မကောင်းတတ်ဘက်ကိုပဲ ပိုအားသာနေတယ်၊ ထို့ကြောင့် လောကမှာ ကောင်းတဲ့သူနဲ့ မကောင်းတဲ့သူ မကောင်းသူက ပိုများနေခြင်းပဲ ဖြစ်သည်။

လူစွမ်းကောင်းဆိုတာ ကိုယ့်စိတ်ကို ထိန်းနိုင်သူပဲ

စိတ်ကို ထိန်းနိုင်တဲ့ သူကော ရှိလားဘုရားဆိုတော့၊ ရှိတာပေါ့၊ ‘‘စိတ်ကို ထိန်းနိုင်တဲ့သူဟာ လူစွမ်းကောင်းပဲ၊’’ လူစွမ်းကောင်းတွေကော ရှိနိုင်ပါ့မလားတဲ့၊ ရှိတာပေါ့၊ စိတ်ကို ကောင်းကောင်း ထိန်းနိုင် ခြယ်လှယ်နိုင်ပြီး အနိုင်ရသွားတဲ့ သူရဲကောင်းတွေကို ဘုရား၊ ရဟန္တာများဟု ခေါ်တာပေါ့။ သူတို့တစ်တွေဟာ တကယ့် လူစွမ်းကောင်းတွေပေါ့။ ဒါကိုပဲ မောင်ရင်ပြောတဲ့ နိဗ္ဗာန်ကို ရောက်သွားသော သူများလို့လဲ ခေါ်ပါတယ်။ နိဗ္ဗာန်ရောက်ချင်ရင် လူစွမ်းကောင်း ဖြစ်အောင်လုပ်။

ချက်တင်စကားဝိုင်း (၂) လာပါဦးမည်

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၈-၈-၂၀၁၁

03 November 2011

လိပ်စာအပြောင်းအလဲ

မေတ္တာရပ်ခံပါသည်

သီတဂူစတား၏ ဆိုက်လိပ်စာ http://www.sitagustar.net/သည် သက်တမ်းကုန်သည်ဟု ထင်ပါသည်၊ ဖွင့်မရဖြစ်နေသည်၊ ယခုသက်တမ်းတိုးထားသော လိပ်စာအသစ် http://www.sitagustar2020.net/ မှ ၀င်ကြည့်နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃-၁၁-၂၀၁၁

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes