ညနေဆည်းဆာ (နေရောင် ပြင်းပြင်း)
ကိုယ်တိုင်ကြွား ပင်လယ်ကမ်းခြေ
သူများတွေတော့ ချောင်းသာသွားလိုက် ငွေဆောင် ကမ်းခြေသွားလိုက်နဲ့ ပုဇွန်ကြော်၊ ငါးအမျိုးမျိုးကြော်တွေ စားလိုက်၊ ပင်လယ်ရေ ကစားလိုက် အုန်းရေလေး တက်သောက်လိုက်နဲ့ ပျော်နေလိုက်ကြတာ မနာလိုစရာပင်။ ဒို့လဲ ကြွားဦးမှ ဖြစ်မယ် အားကျမခံပေါ့၊ ဘုံဘေ ကမ်းခြေ မိနစ်ပိုင်းလေး ပြေးကြည့်လိုက်တာလေးတော့ ကြွားဦးမှပဲ။
ဧပြီလ (၂) ရက်နေ့က ဘုံဘေမြို့ သွားဖြစ်ကြသည်၊ ပူနေးမှ သီတဂူညီအကိုတစ်စုသည် ဆရာတော်ကြီးအားဖူးရန် နေ့လည် ၂-၃၀ ကထွက်ခဲ့ကြရာ ဘုံဘေမြို့ ဆရာတော်တို့ တည်ခိုးရာ ဘုံဘေကမ်းခြေအနီးရှိ Emerald Hotel သို့ရောက်ခဲ့ကြသည်၊ ဆရာတော်နှင့် အဖွဲ့က တစ်ချိန်က ဗုဒ္ဓဘာသာ ထွန်းကားခဲ့ရာနေရာများ လှိုဏ်ဂူများကို လေ့လာ မှတ်တမ်းတင်နေကြသည်ဖြစ်၍ ဟိုတယ်သို့ ၈ နာရီထိုးခါနီးမှ ပြန်ရောက်လာကြသည်။
ဆရာတော်မရောက်မီ ၁-၃၀လောက် အချိန်ရသဖြင့် ကောင်မွန်နှင့် ဘုံဘေကမ်းခြေသွားပြီ လေသန့် သွားရူလိုက်ရသေးသည်၊ ကားမူးသဖြင့် ခေါင်းတွေကလဲခဲနေသည်၊ ဘုံဘေမြို့သည် လူဦးရေ အလွန်ထူထပ်သည့် မြို့ကြီးဖြစ်သည်၊ အိန္ဒိယနိုင်ငံ၏ ဒုတိယမြို့တော်ဆိုပေမဲ့ လူဦးရေ ထူထပ်ဆုံးမြို့ဖြစ်သည်၊ လူဦးရေ ၁၈သန်းကျော်နေပြီ၊ ပထမမြို့တော် ဒေလီမြို့သည် ၁၅ သန်းရှိသည်ဟု သိရသည်။ ဘုံဘေမြို့ထဲဝင်လိုက်တာနဲ့ မသက်မသာ အနံ့ဆိုးက နှာခေါင်းလာမိတ်ဆက်တော့သည်၊ ပူနေးမြို့သည် လူဦးရေ ဘုံဘေလောက်မထူထပ်၊ တောင်ပေါ်မြို့ ဖြစ်သည့်အားလျော်စွာ သစ်ပင်သစ်ရိပ် မျှတတဲ့ ရာသီဥတုတို့ကြောင့် လတ်ဆက်သော လေရှိသည်။
ကောင်းမွန်
ပူနေးမြို့သား သီတဂူစတားတို့အဖွဲ့သည် ဘုံဘေမြို့ရဲ့ အနံ့အသက်နှင့် အငွေ့သက်တွေ မရင်းနီးသေး၍ ခေါင်းတွေတောင် မူးလာသည်။ သူငယ်ချင်းတွေ ဟိုတယ်ဧည့်ခန်းမကြီးထဲမှာ အနားယူ စကားပြောနေခိုက် ကိုကောင်းမွန်နှင့် အတူ ဘုံဘေကမ်းခြေရဲ့ အလှနှင့် အိန္ဒိယသူတွေ အလှအပကို သွားငေးမိသည်၊ သို့သော် ကိုယ်က မငေးရဘဲ သူတို့က ကိုယ့်ကို ပြန်ငေးနေကြသည်၊ ထူးဆန်းသည့် အသွင်ပြင် ယူနီဖောင်းတွေကြောင့်ထင်ပါရဲ့၊ ချောလို့တော့ ဟုတ်မယ် မထင်။
ခက်သုတ်သုပ်လေး ဓာတ်ပုံရိုက်ဘို့လုပ်ရှားလိုက်ရသည်၊ ဆရာတော်ကြီး ဟိုတယ်ရောက်နေပြီလား ဆိုတဲ့ စိုးရိမ်စိတ်တွေကြောင့် ကမ်းခြေရဲ့အလှလဲ အားရပါးရ မခံစားခဲ့ရ။ လူဦးရေထူထပ်တဲ့မြို့ကြီး၏ ပင်လယ်ကမ်းခြေသည်။ နိုင်ငံခြားသားမရှိ သူ့လူနဲ့သူပဲ ပြည့်နေသည်။ ကမ်းရဲ့ သဘာဝအလှကို အိန္ဒိယပြည်သူတွေ တန်ဘိုးရှိအောင် အသုံးမချနိုင်ခဲ့၊ ဘုံဘေမြို့ကမ်းခြေသည် မြန်မာနိုင်ငံ ချောင်းသာကမ်းခြေ၊ ငပလီကမ်းခြေ၊ ငွေဆောင်ကမ်းခြေ၊ နှင့်ကျိုက္ခမီ စက်စဲ ကမ်းခြေတို့ရဲ့ အလှကိုမမီ။
ဘုံဘေ ကမ်းခြေ
ခက်သုတ်သုတ်
ခက်သုတ်သုတ် ဓာတ်ပုံရိုက်ပြီး ဟိုတယ်သို့ ပြန်လာခဲ့ကြသည်၊ ကိုကောင်းမွန်နှင့် သီတဂူစတားတို့သည် သူများတွေထက် ပိုသွပ်သည်သည်ထင်ရသည်၊ သူငယ်ချင်းတွေတော့ ပင်ပန်း၍ထင် အနီးအနားရှိကမ်းခြေရဲ့ အလှကို မရှုသားနိုင်၊ ရောက်တုန်းရောက်ခိုက် သွားလေ့လာသင့်သည်ထင်၍ ဟိုတယ်နှင့် ၁၀ မိနစ်ကျော်ကျော်မျှ သွက်သွက်ကလေး လမ်းလျှောက်လိုက်ရသည်။ ဘုံဘေမြို့ရဲ့ ရာသီဥတုသည် ယခုအချိန် ပူစပ်စပ်ရှိသည်၊ မိုးရာသီဆိုရင်တော့ ကမ်းခြေမြို့ဖြစ်၍ မိုးများသည်၊ သို့သော် အညစ်အကြေးအနံ့ကလဲ အတော်ပြင်းထန်ထန် တိုက်ခိုက်တော့သည်။ မြန်မာပြည်ကြီးသား ပီပီ သီတဂူစတားတို့တော့ ခန္တီပါရမီ ဖြည့်ခဲ့ကြရသည်။ ဟိုတယ်ရောက်တော့ ဆရာတော်လဲ မရောက်သေး၍ shopping ထွက်ခဲ့ကြပြန်သည်။ ဟိုတယ်များစွာ စုဝေးရာ နေရာဖြစ်၍ထင် Market ကြီးကြီး မရှိလှ၊ စတိုးဆိုင် သေးသေးလဲပဲရှိသည်။ ဟိုငေး ဒီငေးရင်း သူငယ်ချင်းက ဦးကောရေ- ဆိုပြီးဖုန်းဆက်ပြီး ပစ္စည်းများမှာ၍ ရှာဝယ်ပေးလိုက်ရသေးသည်။
ကမ်းခြေအလှ
ဟိုတယ်ရောက်
ဟိုတယ်ပြန်ရောက် ၁၅ မိနစ်လောက် အကြာတွင် ဆရာတော်နှင့် အဖွဲ့ရောက်လာကြပါပြီ၊ ဟေ့ကောင်တွေ ဘယ်ကကောင်တွေလဲ ကွ ဟူ၍ သားတပည့်တွေအား နှုတ်ဆက်လေသည်။ တပည့်များလဲ ပြုံးပြကာ ဧည့်ခန်းမှာပဲ ကြိုဆိုနုတ်ဆက် ကန်တော့လိုက်ကြသည်။ ဆရာတော်ကြီးသည် အသက်ရွယ် ၇၃ နှစ်ပြည့်ပြီးဖြစ်ပေမဲ့ အလွန်တက်ကြွနေသည်။
သြ၀ါဒပေး
ဆရာတော်ကြီးက စစချင်းပဲ မြန်မာနိုင်ငံက လူ့အဖိုးတန် ဆရာတော်ကြီးတွေလဲ ကုန်ပြီဟူ၍ စိတ်မကောင်းစွာ ပြောလေသည်၊ မကွေးဆရာတော်ကြီး လွန်တော်မူသွားခြင်းကို ရည်ရွယ်၍ ပြောပါသည်။ မင်းတို့တတွေလဲ လူ့အဖိုးတံတွေ ဖြစ်အောင် ကြိုးစားကြ။ ကိုယ့်တိုင်း ကိုယ့်ပြည် ကိုယ့်လူမျိုးနှင့် ကိုယ့်ဘာသာအတွက် အဖိုးတံတွေဖြစ်အောင် ကြိုးစားကြကွာ။
အခုမြန်မာနိုင်ငံမှာ သာသနာ့ဝန်ထမ်း ၄ သိန်းကျော်နေပြီ၊ သာသနာတော်၏ တာဝန်ကို ထမ်းဆောင်သူက နဲပြီး သာသနာက သူတို့ကို ပြန်ထမ်းနေတာက များနေတယ်၊ သာသနာ့ဝန်စီးတွေ များနေတယ်လို့ ဆိုလိုခြင်းပင်ဖြစ်ပါသည်။ သာသနာနှင့် နိုင်ငံအတွက် အလုပ်မလုပ်ဘဲ စားနေရင် မောဃံ ရဋ္ဌပိဏ္ဍံ- တိုင်းပြည်ရဲ့ အစားအစာကို အချီးအနီးစားနေခြင်းပဲ။
အရောင်မပြောင်း
အချို့ သောရဟန်းတွေ အရောင်ပြောင်းကုန်ကြပြီးကွ။ ထေရ၀ါဒ အသွင်အပြင်နှင့် မနေနိုင်တဲ့သူတွေ ထေရ၀ါဒ ၀ိနည်းစည်းကမ်းတွေ မလိုက်နာနိုင်တော့ အရောင်တွေ ပြောင်းကြတယ်။ သီဟိုဠ်က ဘုန်းကြီးတစ်ပါး ဂျပန်မှာ နေရင်းက မဟာယာနတွေနဲ့ ပေါင်းပြီး မဟာယာနအသွင်ဖြစ်သွားတယ်၊ သရေအရက်သောက်ချင်တာနဲ့ ပြောင်းလိုက်တာ၊ ပြင်သစ်က ဘုန်းကြီးတပါးလဲ ထို့အတူပဲ မနက်ပိုင်း အခန်းအနားရှိရင် ထေရ၀ါဒအသွင်၊ ညပိုင်းရောက်တော့ ညစာ စားချင်တာနဲ့ အရောင်တွေ ပြောင်းကြတယ်။
ဖားကန့်၊ မိုးကောင်းတို့က ကျောက်ဟာ အစိမ်းရောင်ပဲ၊ ဘယ်နေရာရောက် သူ့ရဲ့ အရောင် မပြောင်းဘူး၊ သူ့ရဲ့ အရည်သွေး ရော့မသွားဘူး၊ မိုးကုတ်က ပတ္တမြားကတော့ အနီရောင်ပဲ။ သူလဲ ဘယ်နိုင်ငံရောက်ရောက်၊ ဘယ်ဒေသ ဘယ်အချိန်မှာပဲဖြစ်ဖြစ် အရောင်မပြောင်းဘူး၊ သူရဲ့အရည်အချင်း အရည်သွေးတွေ ကျမသွားဘူး။
အေး--မင်းတို့တတွေလဲ ဘယ်ရောက်ရောက်၊ ဘယ်နေရာမှာပဲ ဖြစ်ဖြစ်၊ ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် အရောင်မပြောင်းကြနဲ့၊ ကိုယ့်ရဲ့အရည်အချင်း အရည်သွေးတွေ လျော့ကျ မသွားစေနဲ့။ sustainable development-ဆိုတာ မူရင်း အနှစ်သာရတွေကို မပျောက်ပျက်အောင် ထိမ်းထားကြခြင်းပဲ။
ကောင်းမွန်
နိဂုံး
ကဲကဲ မင်းတို့တတွေလဲ ပူနေးကို ပြန်ရမှာဆိုတော့ မိုးချုပ်နေပြီ ပြန်ကြတော့။ ငါက မင်းတို့ ဒီမှာ အိပ်မယ်ထင်နေတာ။ မင်းတို့အတွက် သီတဂူ သူငယ်ချင်းများက လှူလိုက်သော ငါးပိ၊ ငါးခြောက်၊ ပဲကြော်၊ ကော်ဖီမစ်များနှင့် ဟိုက ဒီက ပို့လိုက်သော နေကြာစေ့၊ အချဉ်ပေါင်းများ၊ ငါ့မွေးနေ့က သင်္ကန်းနှင့် လွယ်အိပ်လဲ ပါလာတယ်။ အဲဒါတွေ သယ်သွားကြကွာ၊ ဘုံဘေနှင့် ပူနေး ဝေယူကြကွာ ဟူ၍ မိန့်သည်။ ဆရာတော်အား ကန်တော့ပြီး ဆရာတော်နှင့်ပါလာသော သူငယ်ချင်းတွေ အားလုံးနုတ်ဆက်ကာ ပူနေးသို့ ပြန်ခဲ့ကြသည်။
အချိန်က ည ၉ နာရီရှိနေပြီ။ ညဆိုတော့ ကားလမ်းတွေ ပိတ်သည်၊ လမ်းကြပ်သည်ဖြစ်၍ ဘုံဘေမြို့ထဲမှာပဲ တစ်နာရီကျော်လောက် အချိန်ကုန်သွားသည်၊ ဘုံဘေမြို့ပြင်ကနေ ပူနေးအထိ ကား ၃ နာရီ ၀န်းကျင်လောက် စီးရဦးမယ်၊ ခရီးကတော့ အပြန်အသွား ၈ နာရီလောက်စီးလိုက်ရတာဆိုတော့ အတော်လေး ပန်းသွားသည်။
အိမ်အပြန်
အဆောင်ပြန်ရောက်တော့ နောက်နေ့မနက် အင်တာနတ်ဖွင့်လိုက်တော့ မင်္ဂလာသတင်း ၀မ်းသာသတင်းကြားရပြန်၊ ကာတာနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မောင်အောင်ကျော်တိုးက သတင်းကောင်းပါးသည်၊ ဘုန်းဘုန်း ၀မ်းသာသတင်း ပြောရဦးမယ်ဘုရားတဲ့၊ ဘုန်းဘုန်းက ၀မ်းသာရမှာလားဆိုတော့၊ အင်းပေါ့။ သူသည် အွန်လိုင်းက မိတ်ဆွေတစ်ယောက်ဖြစ်ပါသည်။ တစ်ခါမှလဲ မတွေ့ဘူး မမြင်ဘူးသူတဲ့သူပါ။ ဘာသတင်းလဲ? ၀မ်းသာသတင်းဆို မြန်မြန်ကြားချင်သဗျာ ဆိုတော့ ဘုန်ဘုန်းအတွက် ငွေပို့လိုက်တယ်ဘုရားတဲ့၊ ဟားးးးးးး၊ ကဲဗျာ အဲဒီထက် ၀မ်းသာစရာ ဘာရှိသေးလဲ။ ဆွေမတော် မျိုးမတော် တခါမှ မမြင်ဘူးဘဲ လှူနိုင်တဲ့ သဒ္ဓါတရား ဖြစ်ဘို့ဆိုတာ သိပ်မလွယ်ကူလှပေ။ ရူပီး ၃၆၂၂ တဲ့။ မနေ့ညက ခရီး ပင်ပန်းသမျှတွေ လုံးဝပျောက်သွားလေတော့ သတည်း။
မောင်အောင်ကျော်တိုးရေ- ကျေးဇူးအထူးတင်ပါတယ်။
သီတဂူစတား
၃-၄-၂၀၁၀
Posted in: ခရီးသွားမှတ်တမ်း
Email This
BlogThis!
Share to Facebook
0 comments:
Post a Comment