၂၄-၂-၂၀၁၁ နေ့ နံနက်စောစော အိပ်ယာထ ဘိုကလေးသို့ သွားဖို့ပြင်ဆင်ရသည်။ ဘိုကလေးမြို့သည် ၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်းအထိခံရသည့် မြို့တစ်မြို့ဖြစ်သည်။ ထိုဒေသသို့သွားချင်နေသည်မှာ ကြာပြီဖြစ်သည်။ နာဂစ်မုန်တိုင်းထိ ပြည်သူတွေ ကယ်ဆယ်ရေးလုပ်စဉ်က သီတဂူဆရာတော်ကြီးနှင့် ပြည်တွင်းပြည်ပ အလှူရှင်များက အများဆုံးနှင့် အထိအရောက်ဆုံး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ခဲ့သည်ဖြစ်သည်။ ထိုအချိန်က စာရေးသူက ထိုကယ်ဆယ်ရေးတွေကို ကိုယ်တိုင်ကိုယ်ကျ လိုက်ပါပြီး မလုပ်နိုင်ခဲ့။ ပြည်ပပညာတော်သင်သွားဖို့ ပြင်ဆင်နေချိန်ဖြစ်သည်။ သို့သော် ကျောင်းကနေပဲ ၀ိုင်းဝန်းလုပ်ပေးနိုင်ခဲ့သည်။ ကိုယ်တိုင်ကိုယ်ကျ လိုက်ပါသွားသော သူငယ်ချင်းများက အားပါးတရ ပြောပြကြသဖြင့် ထိုဒေသရှိပြည်သူများအား ကရုဏာစိတ် ပို၍၀င်ကာ သွားချင်စိတ်များ ဖြစ်ခဲ့သည်။ ခုတော့ ထိုဒေသသို့ တကယ်ပဲ ရောက်ခဲ့ပါပြီ။
သိမ်နုတ် သိမ်သမုတ်
ဘိုကလေးမြို့သည် ပင်လယ်ဒေသနှင့်အလွန်နီးရကား ငါးပိ ငါးခြောက် ပုဇွန် ပေါသည့် နေရာဖြစ်သလို စပါးခင်းကြီးများကလည်း လမ်းဘေးဝဲယာ တမျော်တခေါ် ကော်ဇောအစိမ်းကြီးများ ခင်းထားသည့်အလား သိပ်ကို လှပပါသည်။ ရန်ကုန်မှ မှန်လုံးအကောင်းစာ ကားသည်ပင် ၆ နာရီကြာ ချောင်းတွေမြောင်းတွေ ဖြတ်ကျော်ပြီးမှ ဘိုကလေးသို့ ရောက်ရသည်။ ကမ္ဘာအေးမှ ၅ နာရီစထွက်ရာ ဘိုကလေးမြို့သို့ ၁၁ နာရီ ဆွမ်းစားအမီရောက်သည်။ ဘိုကလေးမြို့မှ လူတစ်ခေါ်သာမျှသော တဖတ်ကမ်းဘက်သို့ စက်လေများဖြင့် သီတဂူဓမ္မ၀ိဟာရစာသင်တိုက်သို့သွားရသည်။ ကမ်းတဖတ်သို့ ရောက်ရောက်ချင်းပဲ စာသင်သား ကိုရင် ဖိုးသူတော်နှင့် အလှူရှင်များက တန်းစီပြီး ကြိုဆိုကြသည်။ ပါလာသည့်လက်စွဲအိတ်များ ကိုယ်နေရမည့် ကုဋီတွင် ထားပြီး ရေချိုးသည်။ ဆွမ်းစားလာပင့်သည်။ ဘိုကလေးမှ အလှူရှင်များသည် အလွန်စေတနာ သဒ္ဓါတရားကောင်းကြသည်။ ရဟန်းသံဃာတွေအပေါ် ရိုရိုသေသေ လေးလေးစား ပြုစုကြသည်ကို ကြည့်ပြီး ပီတိဖြစ်မိသည်၊ ထိုဒေသရှိ ရဟန်းတော်များကိုလည်း တဆက်တည်း ချီးကြူးမိသည်၊ ကျေးဇူးလည်းတင်မိသည်။ ထိုရဟန်းတော်များ၏ ဟောပြော ဆုံးမ သွန်သင်မှုကြောင့်ပင်ဖြစ်သည်။
နေ့လည်ပိုင်းအနားယူသည်၊ နေအရမ်းပူနေသည်။ ညနေပိုင်း နေကျချိန် ၅-၃၀ လောက်မှ စပြီး ရန်ကုန်က သံဃာ ၄၀ လောက်နှင့် ဂေါစဂါမ်ရှိ သံဃာ ၂၀ သံဃာအင်အား ၆၀ လောက် သိမ်သမုတ်ခြင်း အစီအစဉ် ပါတော့သည်၊ သိမ်ဧရိယာသည် ပေ ၁၀၀ ပေ ၂၀၀ ကျယ်ဝန်းသည်ဖြစ်၍ ည ၈-၃၀ အထိ အပြီးမသတ်နိုင်ဘဲရှိသည်။ နောက်နေ့တစ်မနက်စာ ချန်ထားခဲ့ရသည်။ သံဃာတွေလဲ ၄ နာရီလောက် Non stop မရပ်ဘဲ တောက်လျှောက် သမုတ်ကြသည်၊ ပေါင်ကြောတွေ ခြေသလုံတွေလဲ တောင့်တင်းပြီး လှဲတော့မတတ် ဖြစ်ကြသည်၊ အသံတွေလည်း ပျော့လာသည်။ ထိုင်ပြီးတလှည့် ရပ်ပြီးတလှည့် သမုတ်ကြရသည်။ ထိုပွဲကို မဟာသိမ်တော်ကြီးကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တကုမာရကဆောင်ရွက်သည်။ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) မှ ဆရာများ၊ မဟာသိမ်တော်ကြီးကျောင်းတိုက်မှ သံဃာများနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ဆရာများ ပါဝင်ကြသည်။
မှတ်ချက်။ ။သီတဂူဓမ္မ၀ိဟာရ စာသင်တိုက်သည် နာဂစ်မုန်တိုင်းကယ်ဆယ်ရေး စခန်းချရာ နေရာဖြစ်ခဲ့သည်။ ကျောင်းတိုက်က ဘိုးကလေးတစ်ဝိုက်တွင် နာမည်ကျော် ပေါ်တော်မူဘုရားကို ငုံထားသည်။ စာသင်သံဃာ ဖိုးသူတော်များဖြင့် စည်ကားပြီး သန့်ရှင်းသပ်ရပ် လှပသော ကျောင်းတိုက်ဖြစ်သည်။ မြစ်ကမ်းနဘေးတွင် တည်ရှိရကား လေကောင်းလေသန့်ရသည်၊ ကမ္မဋ္ဌာန်းတရား အားထုတ်ချင်သူတွေအတွက် အလွန်သင့်တော်သော နေရာဖြစ်သည်။ ကျောင်းထိုင်ဆရာတော်သည် အရှင်အဂ္ဂ၀ရ သာသနဓဇဓမ္မာစရိယနှင့် လက်ထောက်နာယကဆရာတော်သည် အရှင်ပုညာနန္ဒာလင်္ကာရ သာသနဓဇဓမ္မာစရိယ သာမဏေကျော်တို့ဖြစ်သည်။ ဘိုကလေးရောက်ရင် ထိုနေရာသို့ ရောက်ဖြစ်အောင်ကို သွားလိုက်ကြပါ။
ဘိုကလေး လမ်း
ရန်ကုန်မှ စထွက်လာရာ ပုသိမ် မအူပင်လမ်းခွဲအထိ လမ်းကောင်းသည်။ ထိုလမ်းစုံမှ မအူပင်မြို့အထိ ကတ္တရာလမ်း အနည်းငယ်သာ ရှိသေးသည်၊ ရှိပြီးသား ကတ္တရာလမ်းများကား မိုးများသောဒေသဖြစ်၍လား ဒါမှမဟုတ် ကတ္တရာပဲ ပုလင်းခေါင်းမူးအောင် ဆီစမ်းသလို စမ်းပြီး ခင်းထားလို့လား မပြောတတ် ခင်းပြီးကတ္တရာများ ပျောက်နေသည်။ ကတ္တရာများမရှိ ဖုံအတိပြီးသော လမ်းဖြစ်နေသည်။ မှန်လုံကား မဟုတ်ရင်တော့ လူတကိုယ်လုံး မြင်ရတော့မည်မဟုတ်။ နှင်းတွေရော ဖုံတွေရော လုံးထွေးနေသဖြင့် ဘာမှမမြင်ရ၊ ကားသမားများ အထူးဂရုစိုက် မောင်းနေရသည်။ နှင်းတွေကြောင့် ကားမှန်တွေမှာ စိုရွဲနေသည်၊ ဖုံးလုံးများ ထပ်လောင်းပြီး ပံ့ပိုးလိုက်တော့ ကားတစ်စီးလုံးလဲ ဗွတ်ထနေတော့သည်။ သောက်ရေသန့်ဗူးဖြင့် ရေဖြန်းမောင်းနေရသည်။
အခုတော့ ကျောက်တွေချ သဲတွေဖြူး ရေတွေဖြန်းပြီး စက်ကြီးများဖြင့် ကြိတ်နေသည်မှာ ထိုဒေသအတွက် ၀မ်းသာရဦးမှာပေါ့။ မအူပင်တံတားကြီးလည်း လှပါသည်။ မအူပင်မြို့က အထွက် ကျိုက်လတ်မြို့အထိ ထိုနည်းတူစွာ လမ်းကောင်းတချက် မကောင်းတချက်ဖြစ်သည်။ ကျိုက်လတ်မှ ဖျာပုံအထိ လမ်းနဲနဲ ကောင်းလာသည်။ ဖျာပုံမြို့သည် ခရိုင်မြို့ဖြစ်သည်အလျောက် ဘိုကလေး ကျိုက်လတ်မြို့များထက် ပိုစည်ကားသည်၊ စီးပွားရေးလဲ ပိုကောင်းသည်။ ဖျာပုံမြို့အထိ ချောင်းကူးတံတားများသည် ကွန်ကရစ်တမျိုး သံကူတံတားတမျိုး ဖြစ်ပေမဲ့ ဖျာပုံကအထွက် ဘိုကလေးအထိ ချောင်းကူးတံတားများ ဖြတ်ကူးတိုင်း ရင်တုံနေရသည်၊ ပရိတ်ပဋ္ဌာန်းတွေလဲ တံတားဖြတ်တိုင်း ရွတ်နေရတော့သည်။ တံတားတစ်ခုဆို သေမင်းတမာန်တံတားဟု ခေါ်ကြသည်။ ဒေသခံတစ်ယောက်က ပြောပြသဖြင့် အပြန် ပိုကြောက်သွားသည်။ ဘယ်သူတွေ ကံဆိုးမလဲ မသိ။ ဖျာပုံ ဘိုကလေးအကြားရှိ တံတားအများစုက သစ်သားဖြင့် ပြုလုပ်ထားသည်။ အချို့လဲ ဟောင်းနွမ်း ပျက်ဆီးနေသဖြင့် စိုးရိမ်ရသည်။ ဘိုကလေးမြို့ဝင် လမ်းမကြီးသည် ပြုလုပ်ဆဲဖြစ်သည်၊ လမ်းကောင်းသည် ကားရှင်းသည်၊ သို့သော် လမ်းများက မပြီးသေး။
ရာသီဥတုသည် ကောင်းသည်။ မိုးများမည်ထင်သည်၊ အေးမည်ထင်၍ အနွေးထည်များယူသွားသေးသည်၊ မထင်မှတ်ဘဲ နေ့လည်မှာတော့ နွေရာသီ နီးပါး ပူနေသည်။
အပြန်လမ်း
နောက်တနေ့ မနက်စာစားပြီး ကျန်နေသေးသော အကွက်များကို ဆက်လက်ပြီး သိမ်နုတ်ကြပြန်သည်။ ၁-၃၀ လောက်ကြာသည်။ ခဏနားစဉ် သိမ်သမုတ်မည့်နေရာ မဏ္ဍပ်တည်ဆောက်နေသည်။ ထိုအပြီး သိမ်သမုတ်ပွဲ စပါတော့သည်၊ သိမ်သည် ကျောက်နိမိတ်သိမ်ဖြစ်သည်။ တဆက်တည်း သိမ်ကျောင်းဒကာများက ရဟန်းဝတ်ကြသဖြင့် သိမ်သမုတ်အပြီး ရဟန်း ၇ ပါး သိမ်ဝင်ရန်ပြင်ဆင်ကြသည်။ အချိန်ကား ၁၀-၄၅ လောက်ရှိပြီး ပထမအသုပ် ရဟန်းလောင်း ၃ ပါး ရဟန်းခံပြီး ၁၁-၃၀ ရောက်နေပြီး ကျန် ၂ သုပ် ပါ ဆက်လက်ကံဆောင် နေဦးမယ်ဆိုရင် အဲဒီနေ့ နေ့လည်စာ ငက်ကြလိမ့်မည်။ နောက် ၄ ပါးအတွက် ရပ်ထားပြီး ချက်ချင်း ဆွမ်းစားကျောင်း ပြေးရတော့သည်။ နေကပူပူ ချွေးတလုံးလုံးနဲ့ ရေတောင်မချိုးနိုင်ဘဲ အချိန်မီ ဆွမ်းစားကြရသည်။ ဆွမ်းစားအပြီး အများစုက ခဏအနားယူနေစဉ် ဂေါစဂါမ်ရှိ ရဟန်းတော်များက ကျန်ရဟန်းလောင်းများကို သိမ်ဝင်ပေးကြသည်၊ သိမ်းဆင်းလောင်းလှူအပြီး ရန်ကုန်ပြန်ဖို့ ပြင်ဆင်ကြတော့သည်။ အားလုံးက အတော်ပြန်ချင်ပုံပဲ ချက်ချင်း လှေဆိပ်သို့ဆင်းလာကြသည်။ လူစောင့်ရင်း ၂-၃၀ မှ ပြန်ထွက်ဖြစ်ကြသည်။
အပြန်လမ်းမှာတော့ မင်းသမီးမဆင့်မွေးနေ့ ပါရမီရှင် အငြိမ့်၏ လူရွှင်တော်တွေရဲ့ ပြတ်လုံးတွေ မင်းသမီးလေးတွေရဲ့ အကအလှနှင့် တ၀ါးဝါးနဲ့ ပါးရိုး နားရိုးတွေနာအောင် ရယ်ကြရင်း တ၀ုန်းဝုန်းစောင့်နေတဲ့ ကား၊ ပူထူနေတဲ့ ခါးတွေ တင်တွေ မူးနေက်နေတဲ့ ခေါင်းတွေလဲ မေ့ပျောက်ခဲ့ရသည်။ ကျောင်းရောက်တော့ ည ၈-၃၀ခွဲပြီ။ ရေချိုးအနားယူ အင်တာနက်ဖွင့်ကြည့်၊ ရောက်လာတဲ့ မေးလ်ဖွင့်ကြည့်၊ တစ်နေ့တာ အနားယူလိုက်သည်။ ဘိုကလေးအမှတ်တရ ဤတွင်ပြီးဆုံးပါပြီ။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၆-၂-၂၀၁၁

0 comments:
Post a Comment