စာမိတ်ဆက်
ရောက်လေရာရာမှာ မှတ်စုမှတ်တမ်းရေးလေ့ရှိသည်။ ပူနေးတက္ကသိုလ် အမ်အေတန်း တက်စဉ်ကလဲ ပူနေးတက္ကသိုလ်အကြောင်း များစွာရေးခဲ့သည်။ တက္ကသိုလ်များ စိတ်ဝင်စားသူတွေအတွက် အကျိုးများသလို မိမိအတွက်လည်း မှတ်တမ်းတစ်ခု ကျန်ခဲ့သည်။ ယခု စာရေးသူ ရောက်နေသော ကောလိပ်တစ်ခုအကြောင်း မိတ်ဆက်လိုပါသည်။ အွန်လိုင်းက တက္ကသိုလ်အကြောင်းတွေ စိတ်ဝင်စားနေသော မိတ်ဆွေများကလဲ အရှင်ဘုရားရောက်နေတဲ့ တက္ကသိုလ်အကြောင်းကို မိတ်ဆက်ပေးပါဦးဟု တောင်းဆိုလာပါသည်။ ထို့ကြောင့် သိသလောက် မှတ်သလောက်လေးပဲ တင်ပြလိုပါသည်။ လိုအပ်တာများရှိက ဖြည့်ဖတ်ပေးစေလိုပါသည်။
စောမယကောလိပ်နှင့် နာမည်ကျော်များ
သူကတော့ K.J Somaiya College အကြောင်းပဲ ဖြစ်သည်။ ဤကောလိပ်သည် အိန္ဒိယနိုင်ငံတွင် နာမည်ရ Institute တစ်ခုဖြစ်သည်။ ပုဂ္ဂလိကပိုင် ကောလိပ်ဖြစ်သည်။ အိန္ဒိယလို မဟာဒီမိုကရေစီနိုင်ငံများမှာ ပုဂ္ဂလိက ပညာရေးစင်တာများ အပြိုင်အဆိုင် ဖွင့်လျက်ရှိသည်။ အမေရိကန်နိုင်ငံတွင် ကမ္ဘာကျော်တက္ကသိုလ်ကြီးများစွာထဲက ဟားဗတ်တက္ကသိုလ်ဆိုရင် လူတိုင်းသိမည် ထင်သည်။ အထူးသဖြင့် ဥပဒေဘွဲ့မှာ ပိုနာမည်ရသည်ဟု ထင်ပါသည်။ John Harvard ဆိုသည့် Charlestown ၏ လူငယ်ဝန်ကြီးသည် 1638 ခုနှစ် သူသေပြိးနောက် သူ၏စာကြည့်တိုက်နှင့် ထို ရုံးကြီးကို ကောလိပ်အဖြစ် လှူဒါန်းခဲ့သည်။ ထိုကျေးဇူးရှင်နာမည်ကိုစွဲ၍ Harvard University ဟု ယနေ့ ကမ္ဘာ့စာမျက်နှာတွင် ထိပ်ဆုံးက ရှိနေသည်။ အလားတူ အမေရိကန်နိုင်ငံရှိ Vanderbillt တက္ကသိုလ်ကြီးသည်လည်း ကမ္ဘာကျော်တက္ကသိုလ်ကြီးတစ်ခုဖြစ်သည်။ 1873 နှစ်က ရေတပ်ဗိုလ်မှူးချုပ်ကြီး Vanderbilt သည် အမေရိကန်ဒေါ်လာ သိန်း တစ်ထောင် (၁၀၀၀) တက္ကသိုလ်တည်ထောင်ရန် လှူဒါန်းခဲ့သည်။ မူလက အကျယ်ဝန်းမှာ ၇၅ ဧကသာရှိပြီး နောက်ပိုင်းတိုးချဲ့လာရာ ၁၉၆၀ ခုနှစ်မျာတော့ ဧက ၂၆၀ အထိ ရှိလာသည်။ ထိုကျေးဇူးရှင်၏အမည်ကို အစွဲပြု၍ Vandebilt University ဟု ကမ္ဘာကျော် ပုဂ္ဂလိကတက္ကသိုလ်ကြီး တစ်ခု ဖြစ်လာသည်။
စောမယ (K.J somaiya) ဟု အမည်တွင်
အလားတူ ဤစောမယကောလိပ်သည်လည်း တည်ထောင်သူ Shri K.J. Somaiya အမည်ကို စွဲ၍ K.J Somaiya College ဟု အမည်တွင်သည်။ ထို ကောလိပ်ကို 1959 ခုနှစ် နောက်ပိုင်း Shri K.J. Somaiya (1902-1999) ကတည်ထောင်ခဲ့သည်။ သူသည် စီးပွားရေးလောကမှာ ထိပ်တန်းရောက်ခဲ့သည်၊ နောက်ပိုင်း လူမှုအကျိုးပြုလုပ်ငန်းတွေအတွက် ထက်သန်သောဆန္ဒကြောင့် အလွန်များပြားလှတဲ့ မြေဧကကို ၀ယ်လိုက်သည်။ သူသည် 1959 ခုနှစ်မှာ SOMAIYA VIDYAVIHAR (စောမယ ၀ိဇ္ဇာ ၀ိဟာရ) ဟု အမည်တင်လိုက်သည်။ ၀ိဇ္ဇာ-အတက်ပညာများကို သင်ယူရာ၊ ၀ိဟာရ- နေရာဟု အဓိပ္ပါယ်ရသည်။ စောမယကောလိပ်ဟုလည်း ခေါ်ကြသည်။ KJ Somaiya College of Arts & Commerce ကို ပထမဦးဆုံး ဇွန်လ ၂၁ရက် ၁၉၆၀ ခုနှစ်မှာ စတင်ဖွင့်လှစ်အောင်မြင်ခဲ့သည်။
Commerce ဌာန
In just five decades it has grown into a large educational complex with 34 institutions catering to diverse fields of education such as Humanities, Engineering, Education, Medicine, Management, Pure Sciences and Mass Communication, with more than 27000 students and 1700 teaching faculty on a throbbing 65 acre campus!
ထိုကောလိပ်တွင် အဓိကအားဖြင့် k.j.somaiya polytechnic, Management, Engineering, Commerce, Medicine, ဘာသာရပ်များနှင့်စပ်လျှင်းပြီး နာမည်ရကောလိပ်ဖြစ်သည်။ 65 acre ကျယ်ဝန်းသော campus ထဲမှာ ကျောင်းသားဦးရေ 27000၊ ဆရာ 1700 နှင့် ဌာနပေါင်း 34 institutions တို့ဖြင့် စည်ကားလျက်ရှိသည်ဟု ဆိုသည်။ K.J Somaiya College များသည် campus ကွဲပြားနေတာလဲ ရှိသည်။ မြန်မာ ရဟန်းတော်များ တက်ရောက်သော ဌာန နှစ်ခုသည်ကား Management, Engineering, Commerce ဌာနတို့နှင့်အတူ Vidyavihar တွင် ရှိသည်။ Somaiya College Vidyavihar ဟု ပြော၍လာရပါသည်။
မြန်မာရဟန်းတော်များ
စာရေးသူတို့ ၀ိဇ္ဇာဘွဲ့များကိုကား ဤကောလိပ်မှ အထူးမပေး၊ တခြားတက္ကသိုလ်များမှ Branch အနေနဲ့ လာရောက်ဖွင့်သည်။ အထူးသဖြင့် မြန်မာရဟန်းတော်များ အားလုံးသည် အိန္ဒိယနှင့် သီရိလင်္ကာနိုင်ငံများမှ အမ်အေ M.A ပြီး ကျောင်းသားများသာ ဖြစ်ကြသည့်အတွက် ဒေါက်တာဘွဲ့ Ph.D အတွက် စာတမ်းပြုစုရန် ရောက်လာကြသူများ ဖြစ်ကြသည်။ မြန်မာကျောင်းသားများသည် Sanskrit Nargapur University က လာရောက်ဖွင့်လှစ်သော ဆန်စကရစ်ဌာန စောမယကောလိပ်နှင့် ဘုံဘေတက္ကသိုလ် ပင်မက လာရောက်ဖွင့်လှစ်သော ပါဠိဌာန (Buddhist study) များကိုသာ စာတမ်းတင်သွင်းကြသည်။ ထိုကျောင်းသားများသည် အမ်အေတန်းတက်စဉ်က ဘာသာရပ် ဌာန၊ တက္ကသိုလ် မတူညီကြပေမဲ့ နောက်ဆုံး Ph.D စာတမ်းအတွက်ကိုတော့ ထိုနှစ်ခု တစ်ခုခုကိုသာ အများစု ရွေးခြယ်ကြသည်။ စာရေးသူသည်ပင် ပူနေးတက္ကသိုလ် ဒဿနိကဗေဒ (Philosophy) ဌာနမှ Master ပြီးခဲ့သည်၊ အချို့လဲ ဘာသာဗေဒ (Linguistic) ဌာနမှ Master ပြီးသည်၊ အချို့လဲ ဗုဒ္ဓစာပေနဲ့ ပြီးခဲ့ကြသည်။ ထိုစောမယကောလိပ် Sanskrit ဌာနနှင့် Buddhist study ဌာနတို့၌ M.A တန်း တက်ရောက်နေသော မြန်မာကျောင်းသားများကိုတော့ မတွေ့ရ၊ အိန္ဒိယကျောင်းသားများသည်ပင် ဒီပလိုမာတန်းတွေ တက်ရောက် သင်ယူနေတာကိုတော့ တွေ့ရသည်။
မှတ်ချက်။ ။ ဤတက္ကသိုလ်ဝက်ဘဆိုက်ကို ကိုးကားသည်။
ဆရာအခက်အခဲ
မတူညီသော ဘာသာရပ်များမှ အမ်အေပြီးသော ကျောင်းသားများသည် Ph.D အတွက် supervisor အလုအရက် ရှာရသည့်အချိန်ဖြစ်သဖြင့် ရရာ ဌာန ရရာ ဆရာကိုအမိရဖန်းကြရသည်။ ဘယ်ဌာနက ကောင်းတယ်၊ ဘယ်ဆရာက ကောင်းတယ်စသည့် ရွေးချယ်ဖို့ကိုပင် အချိန်မရခဲ့။ အိန္ဒိယတက္ကသိုလ်တစ်ခုခုတွင် M.A ပြီးသောကျောင်းသားတစ်ယောက်သည် Ph.D ကျောင်းသားဖြစ်ဖို့ ဆရာရှာချိန်၊ ဌာန ရှာချိန်၊ တက္ကသိုလ်ရွေးချိန် သိပ်မရတော့ပေ၊ သူ၏ဗီဇာသည် ၂ နှစ်စာမျှသာဖြစ်သောကြောင့် ဖြစ်သည်။ အကယ်၍ ပိုက်ဆံ အကုန်အကျခံနိုင်ပါက stay ရှောင်ရန် သီရိလင်္ကာ သို့မဟုတ် အခြားနိုင်ငံ သို့မဟုတ် မြန်မာပြည်ပြန်ပြီးမှ ဗီဇာအသစ်ဖြင့်လာပါက အချိန်များစွာ ရသဖြင့် စိတ်ကြိုက်ဆရာ ဌာန၊ တက္ကသိုလ်များ ရွေးချယ်ချိန် ရနိုင်ပါသေးသည်။ အချို့လဲ အဲဒီနည်းဖြင့် Ph.D ကျောင်းသားဖြစ်အောင် ကြိုးစားပြီးမှ ကိုယ့်ပြည်ကို ပြန်ကြသည်။ သို့သော်လည်း အချိန် ငွေ များစွာ အသုံးပြုရပါလိမ့်မည်။
ကျောင်းသားတစ်ယောက်ဖြစ်ရန်
M.A course ပြီးသော ကျောင်းသားတစ်ယောက် Ph.D အတွက် အမှတ် (၅၅% B Grad သို့မဟုတ် Second class)မီရပါသည်။ ထိုကျောင်းသားသည်----
၁။ supervisor ရှာရမည်၊ ထိုဆရာနှင့် မိမိ တင်သွင်းမည့် synopsis ကျမ်းစာ အနှစ်ချုပ်ကို ဆွေးနွေးရပါသည်။ ထိုဆရာ မိမိ ခေါင်းစဉ်ကို သဘောကျ လက်ခံပြီးပါက-
၂။ M.A တန်းအောင်လက်မှတ် မိတ္တူ၊ အမှတ်စာရင်း၊ Migration၊ ပတ်စပို့ ကော်ပီ၊ ဓာတ်ပုံ၊ supervisor ၏လက်မှတ်ပါရှိပြီး မိမိ၏ကျမ်းစာခေါင်းစဉ် ၁၀ မူ၊ တို့ကို ကိုင်ဆောင်ပြီး ကိုယ့်စာတမ်းတင်သွင်းမည့် ဌာနကို သွားရမည်၊ ထိုဌာနရှိ ဌာနမှူး (ဒါရိုက်တာ) နှင့်တိုင်ပင်ပြီး သူ၏လက်မှတ်များ ရယူကား ရုံးလုပ်ငန်းများ စတင်ရပါသည်။
၃။ ထိုရုံးလုပ်ငန်းဆိုသည်မှာ မှတ်ပုံတင်ခြင်းဖြစ်သည်၊ ထိုအတွက် ကျောင်းဝင်ကြေးများ ပေးဆောင်ရမည်။ နိုင်ငံခြားသားများ ဖြစ်ပါက အမေရိကန်ဒေါ်လာကို ယနေ့ပေါက်ဈေး အိန္ဒိယငွေးကြေးများလှဲလှယ်ကာ ပေးသွင်းရသည်။ ပထမဆုံး ပေးသွင်းရမည့် ပမာဏမှာ အမေရိကန် ဒေါ်လာ ၅၀၀ ဖြစ်သည်။ ထိုကြေးများကို အောက်ပါအတိုင်းဖော်ပြလိုက်သည်။
K.J Somaiya College Of Mumbai
Department of Sanskrit
Ph.D Fee Schedule
စောမယကောလိပ် Ph.D ကျောင်းသားတစ်ယောက်၏ Education Fee
---------------------------
၁။ ဖောင် (Form) 10 $
၂။ မှတ်ပုံတင် Registration Fee 200 $
၃။ Retention Fee (Six monthly) 50 $
၎။ ကျမ်းစာတင်ခြင်း (Thesis Submission Fee) 600 $
၅။ Thesis Valuation Fee 60 $
၆။ Department Fee (Yearly) 10,000 Rs 0r 250 $
ဤကား ထိုဌာ၏ စည်းမျဉ်းကို တိုက်ရိုက် ကူးတင်လိုက်ခြင်းဖြစ်သည်။ ၂နှစ်အတွင်းပြီးသော ကျောင်းသားတစ်ယောက်၏ ပညာရေးကြေးသည် အမေရိကန် ဒေါ်လာ ၁၅၂၀ ဖြစ်သည်။ ၂နှစ်ကျော်သွားပါက လစဉ် နှစ်စဉ် ပေးဆောင်ရသော ကြေးများ တိုးသွားနိုင်ပါသည်။
မှတ်ချက်။ ။ စားစရိတ် အဆောင်စရိတ်များကိုတော့ သီးသန့် ကိုယ့်ဘာသာ တာဝန်ယူကြရ ပါသည်။
ဤကား စာရေးသူ၏ Sanskrit ဌာနတွင် ကိုယ်တိုင်ကိုယ်ကျ လုပ်ခဲ့သော အတွေ့ကြုံများသာတည်း၊ ပါဠိဌာနအကြောင်းကိုတော့ သိပ်မသိပါ။ လုပ်ရိုးလုပ်စဉ်တော့ အနဲငယ်ကွာဟနိုင်ပါသည်၊ ကျောင်းဝင်ကြေးလဲ ကွာခြားနိုင်ပါလိမ့်မည်။ ထိုဌာနသည် လွန်ခဲ့သော နှစ်များက ဈေးသက်သာပေမဲ့ အခုအချိန်မှာ ကျောင်းဝင်ကြေးများ ၃ ဆ မြင့်တက်လာသည်ဟုလဲ ကြားနေရသည်။
၎။ နံပါတ် ၃ အစီအစဉ်များ ပြီးပြည့်စုံပါက ဌာနမှ supervisor နှင့် ညှိနှိုင်းပြီ ၀င်ခွင့်ဖြေရန် ရက်သက်မှတ်ပေးသည်၊ ထိုစာမေးပွဲ ဖြေဆိုပြီးပါက interview ရှိပါသေးသည်၊ ထိုဝင်ခွင့်များသည် စိတ်ပူစရာ ကြောက်စရာမဟုတ်၊ အလွယ်တကူပြီးနိုင်သည်၊ ၀င်ခွင့်ပြီးပါက ထိုဌာနမှ RV (Research Visa) လျှောက်ရန်အတွက် စာတစ်ရွက်ထွက်ခိုင်းရပါသည်။ ထိုစာရွက်ရပြီးပါက ကိုယ့်ပြည်ကို ပြန်လာလို့ ရပြီ၊ ပိုက်ဆံ အလုံလောက်ရှိပါက သွားလိုက် ပြန်လိုက် လုပ်လို့ရပါသည်။ Distance တောင်ရနိုင်သည်။ သို့သော်လည်း Research ကျောင်းသားသည် သမာဓိရဖို့လိုသည်၊ ကိုယ်ရေးမည့်ကျမ်းစာအပေါ်မှာ အာရုံစုစည်းထားမှသာ မြန်မြန်ပြီးနိုင်ပါသည်။ Sanskrit ဌာနတွင် ဤမျှသော အစီအစဉ်ဖြင့် Ph.D ကျောင်းသားတစ်ယောက် ဖြစ်သွားပါပြီ၊ Confirmation letter (approval letter) ကို စောင့်ရင်း ကျမ်းစာများ ရေးလို့ရပါပြီ။ ထိုစာသည် ၅ လ နောက်ပိုင်းမှ ထွက်ပေးသည်၊ စာရေးသူတို့အဖွဲ့ ယခုအချိန် ၉ လတောင်ရှိနေပြီ အခုထိ ထိုစာ မရသေး။
၅။ မြန်မာပြည်ပြန်သွားပြီး ပစတ်စပို့ သက်တမ်းတိုးခြင်း ဗီဇာရယူခြင်းများ ပြုလုပ်ပြီးပါက အိန္ဒိယသို့ တစ်ခေါက်လာသောအခါ-- လုပ်ဆောင်ရမည့် အချက်အလက်များ ရှိပါသေးသည်။ stay permission ဟု ခေါ်သည့် အစီအစဉ်တစ်ခု လုပ်ရပါမည်။ လုပ်ထုံးလုပ်နည်းများသည် တက္ကသိုလ်တစ်ခုနှင့် တစ်ခု မတူညီ။ ပူနေးတက္ကသိုလ်နှင့် ပူနေးအကြောင်းကိုတော့ တင်ပြပြီးဖြစ်ရကား ဘုံဘေအကြောင်းကိုပဲ တင်ပြပါမည်။ (က)ကိုယ်တက်ရောက် သင်ကြားနေသည့် ဌာနမှ Bonafiled ခေါ် ကျောင်းသားဖြစ်ကြောင်းနှင့် stay permission အတွက် ထောက်ခံစာကို ဌာနမှူး သို့မဟုတ် ဒါရိုက်တာဆီက ရယူရပါသည်။ (ခ) ကိုယ်နေသည့် အိမ် သို့မဟုတ် အဆောင် တာဝန်ခံ၏ အဆောင် (အိမ်) မှာ နေသည်မှာ မှန်ကန်ကြောင်း ထောက်ခံစာ မူရင်းစာနှင့် (ဂ) ပတ်စပို့မိတ္တူ၊ ဓာတ်ပုံ ၂၊ နှင့် မူရင် ပတ်စပို့ပါ ကိုင်ဆောင်ပြီး FRRO ( Foreign Regional Registration Office) ရုံးသို့ သွားတင်ရပါသည်။ ထိုရုံးသည် ဘုံဘေ အဓိကဘူတာ (CST) ဘူတာကြီးအနီး ရှိသည်။
မိန်းမနှင့် ရထား
ထိုဘူတာသို့ သွားရသည်မှာလဲ လွယ်ကူလှသည်မဟုတ်၊ ရထားလက်မှတ် ရဘို့ နာရီဝက်နီးပါး တန်းစီရသည်။ မြို့ပတ်ရထားဖြစ်၍ တိုးကြိတ်စီးရသည်။ ဘူတာတစ်ခုကို ၂ မိနစ်ခန့်ပဲ ရပ်သည်၊ အရေးကြီးသည့်ပစ္စည်းများ ဂရုစိုက်ရသည်။ ထိုဘူတာကြီးသည် ဂိတ်ဆုံးဖြစ်သဖြင့် အပြန်မှာတော့ နေရာကောင်းကောင်းရသည်။ စာရေးသူတို့ သွားချိန်သည် ရုံးချိန်၊ ကျောင်းသားများ စာဖြေချိန်ဖြစ်သည်၊ ရရာ လက်ကိုင်ကြိုး သို့မဟုတ် သံတိုင်တစ်ခုခုကို ဆွဲမိဆွဲရာ ဆွဲရသည်။ ၂ သောင်း ၆ ထောင်တန် ဖိနပ်ကျွတ်ကျန်ရစ်မှာကိုပဲ စိုးရိမ်နေရသေးသည်---pppppp။ တစ်ယောက်ထဲ သွားလေ့သွားထ မရှိသော စာရေးသူအတွက် အတော်ခက်ခဲပါလိမ့်မည်။ အစအစအရာအရာ ကူညီပေးသော သူငယ်ချင်းအားလဲ ကြိတ်ပြီး အထူးကျေးဇူးတင်နေရသည်။
ရထားပေါ်တွင် အမျိုးသမီးနဲသည်၊ အများစု အမျိုးသားများဖြစ်သည်။ အမျိုးသမီးများကိုတော့ သီးသန့်အခန်း ပေးထားသည်။ ထိုအခန်း ယောကျာ်းများ နေရာယူသည်ကို မတွေ့ရသဖြင့် ကုလားများ မိန်းမများကို တန်ဖိုးထားသည်ဟု ထင်ရသည်။ သို့သော် လက်ထပ်သည့်အခါမှာတော့ မိန်းမများက ယောကျာ်းလေးကို အကုန်ကျခံ တောင်းရမ်းရသည်၊ အမျိုးသမီး ၅ ယောက်လောက် မွေးသော မိဘများသည်၊ ယောက်ျားတောင်းရမ်းဖို့အတွက် မလွယ်၊ တချို့ မတောင်းနိုင်သဖြင့် ကိုယ့်ကိုကိုယ် သက်သေသည်ဟုလည်း ကြားနေရသည်။ ဘူတာကြီးသည် အံသြစရာ ကောင်းသည်။ အလွန်ကြီးကျယ်သည်။ အိန္ဒိယသည် ရထားကို အဓိက ကုန်းလမ်းပို့ဆောင်ရေးအဖြစ် အသုံးပြုသဖြင့် ဘူတာတိုင်းတွင် စက္ကန့်ပိုင်းအတွင်းမှာပင် ရထား ၃ စီးလောက် ၀င်ထွက်နေသည်။ တပြိုင်တည်း တချိန်တည်းမှာပင် ရထား ၃ စီး ပြိုင်ပြေးနေသည်ကိုလည်း တွေ့ရသည်။ နေ့စဉ် ရထားပေါ်တွင် လူ သန်း၅၀နှင့်သန်း ၃၀ အကြား ရှိနေသည်ဟု သိရသည်။ ကုလားလူဦးရေသည် နေ့စဉ်နှင့် တိုးတက်လာနေသည်၊ ယခုအခါ သန်း ၁၂၀၀ ကျော်နေပြီဟု သိရသည်။
ဘုံဘေနှင့် ပူနေး
ပူနေးက stay permission (ပြည်တွင်း နေခွင့်) ကို တင်တဲ့အချိန်ကစပြီး one year ပေးသည် သို့မဟုတ် အိန္ဒိယကို ၀င်ချိန်ကစပြီး တွက်ပေးသည်။ ဘုံဘေမှာတော့ ကိုယ့်ဗီဇာ စထုတဲ့အချိန်ကစပြီး တစ်နှစ်စာတွက်ပေးသည့်အတွက် စောစော ဗီဇာဝင်ထားလျှင် stay permission လဲ အလိုလျောက် ကုန်နေသည်။ စာရေးသူသည် လွန်ခဲ့တဲ့ ၇ လကျော်လောက်ကထဲက ဗီဇာဝင်ထားသဖြင့် stay permission ကို ၅ လပဲ ရတော့သည်။ ဘုံဘေကို လာလျင်တော့ လာခါနီးမှ ဗီဇာထုတာ အကောင်းဆုံးဖြစ်သည်။ မြန်မာကျောင်းသားများသည် ထို နိုင်ငံခြားသား မှတ်ပုံတင်ရုံးသို့ အိန္ဒိယ immigration ၀င်ချိန်ကစပြီး ၁၄ ရက်အတွင်း သွားရမည်။
ပူနေး FRO (Foreign Registration Office) ရုံးမှာ ပြည်ပကျောင်းသားများဖြင့် တန်းစီနေရသည်ကို တွေ့ရပေမဲ့ ဘုံဘေ FRRO ရုံးမှာတော့ ပြည်ပကျောင်းသားနဲသည်၊ စီးပွားရေးသမားများ၊ လုပ်ငန်းရှင်များ များစွာတွေ့ရမည်။ ရုံးကိစ္စများပြီးပါက အေးအေးဆေးဆေး စာ စတင်ရေးလို့ ရပါပြီ။ ပူနေးတက္ကသိုလ်ကျောင်းသားများသည် စည်းမျဉ်းများ စာရွက်စာတမ်းများ A form B form C form စသည်တို့ဖြင့် ရှုပ်ထွေးလှသည်၊ stay permission (ပြည်တွင်း နေခွင့်) ကိုလည်း တစ်လကြာမှ ရသည်၊ ဘုံဘေမှာတော့ သိပ်မရှုပ်၊ တစ်ရက်တည်းဖြင့် stay permission ကို ထုတ်ပေးသည်။ စာရေးသူ တွေ့ကြုံခဲ့သော တက္ကသိုလ်နှစ်ခု၏ ထူးခြားမှုများစွာထဲက အရေးပါသော အချက်များသာဖြစ်သည်။ အိန္ဒိယရှိ အခြားတက္ကသိုလ်များ၏ အစီအစဉ်များသည်လည်း သိပ်အကွာကြီးမဟုတ်လှ။
ဤကား ဤစောမယကောလိပ်နှင့်ပတ်သက်ပြီး မိမိသိသော အနည်းငယ်မျှသော အကြမ်းပြင်းမျှသာ ဖြစ်ပါသည်၊ မသိသေးသော အကြောင်းများလဲ များစွာရှိနေသေးသည်။
နှစ်သစ်မှာ ရွှင်လန်းကြပါစေ
သီတဂူစတား
၁၇-၄-၂၀၁၁
0 comments:
Post a Comment