နယူးဒေလီ (အိန္ဒိယ) ခရီးသွားမှတ်တမ်း
စာမိတ်ဆက်
စာရေးသူလဲ
ပတ်စပို့ကိစ္စဖြင့် နယူးဒေလီသို့ သွားဖြစ်ခဲ့။ အားလုံးအဆင်ပြေသည်။ အိန္ဒိယနိုင်ငံ
နယူးဒေလီရှိ မြန်မာသံရုံးက တာဝန်ရှိသူများကို အထူးကျေးဇူးတင်ပါသည်။ စစ်သံရုံးက ဒကာ
ဦးတိုးသိန်းကို ဆက်သွယ်ပြီး မြန်မာသံရုံးကို သွားနိုင်ခဲ့သည်၊ လပ်တလော
တာဝန်ကျနေတဲ့ အမျိုးသမီးနှစ်ယောက်ကလဲ ချက်ချင်း အကူညီပေးသည်၊ ဒေလီရဲ့
ပူပြင်းလှတဲ့အချိန်မှာ ထိုအမျိုးသမီးနှစ်ယောက်ရဲ့ အဖျော်ရည်အေးအေးတစ်ခွက်နဲ့
ကာယကံမေတ္တာတွေကြောင့် အတွင်းပူ အပြင်ပူ အပူနှစ်ဝ အေးမြသွားလေရဲ့။
ထုံးစံအတိုင်း
ရောက်တတ်ရာရာ မှတ်တမ်းရေးတတ်တဲ့ အကျင့်ရှိသည်အားလျှော်စွာ ဘုံဘေ+နယူးဒေလီ
ခရီးစဉ်မှတ်တမ်းလေး ရေးမိသည်၊ ခရီးသွားများအတွက် ရာသီဥတု တည်းခိုစရာ၊ ကား
ရထားများအကြောင်း သိထားသင့်စရာလေးတွေ စုစည်းထားသည်။ စာရေးသူတို့ ပတ်စပို့ကိစ္စလဲ
အဆင်ပြေသဖြင့် ကတညူ ကတဝေဒီအတွက်လဲ
မှတ်တမ်းရေးလိုသည်။
(Red Fort)
ကျေးဇူးတင်ပါတယ်
ရဟန်းဘ၀ဆိုတာ “ကျေးဇူးတင်ပါတယ်”ဆိုတာရယ်၊
မေတ္တာပို့ခြင်းစတဲ့ ကတညူ ကတဝေဒီဖြင့်ပဲ ကိုယ့်ဒကာ ဒကာမတွေကို
ကျေးဇူးတုန့်ပြန်ရသည်။
မြတ်ဗုဒ္ဓ သက်တော်ထင်ရှားရှိစဉ်က ရဟန်းတော်တစ်ပါးက နေ့စဉ်
သပဒါနိက ဓုတင်ခေါ်တဲ့ အိမ်စဉ်မကျော်ဘဲ ဆွမ်းခံအကျင့် ကျင့်လေ့ရှိသည်၊
ဘာသာကွဲပြားခြင်းမရှိဘဲ၊ ဆင်းရဲ ချမ်းသာ မရွေးဘဲ၊ လောင်းသည်ဖြစ်စေ မလောင်းသည်ဖြစ်စေ
မစဉ်းစားဘဲ အိမ်တိုင်းမှာ ဆွမ်းရပ်သည်။ ထိုအထဲတွင် ဘာသာခြားအိမ်တွေလဲ ပါသည်၊
ထိုဘာသာခြားအိမ်တစ်အိမ်က နေ့စဉ် ရသည်လိုက်က “ရဟန်းစုတ်၊ ဂတုံးစုတ်” စသည်ဖြင့်
ဆဲရေး၊ ကြိမ်းမောင်းခံခြင်းကိုသာ ရလိုက်သည်။ သို့သော် ထိုရဟန်းက သူ၏ အိမ်စဉ်
ဆွမ်းခံအကျင့်တိုင်းပဲ နောက်နေ့လည်း ကြွပြန်သည်၊ ဒီနေ့တော့ ထိုဘာသာခြားအိမ်က
ဘာစိတ်ကောင်း ၀င်လာသည် မသိ၊ ရှေးနေ့ရက်ကလို မဆဲတော့ဘဲ “ကန်တော့ဆွမ်းပါဘုရား”ဟု
ပြောသတဲ့၊ ထိုအခါ ရဟန်းတော်က “သာဓု သာဓု သာဓု”ဟု ခေါ်လိုက်သည့်အခါ
ထိုဘာသာခြားအိမ်ရှင်မှာတော့ အံ့အားသင့်နေသည်။
“အရှင်ဘုရားကို ကန်တော့ဆွမ်းပါလို့
ပြောတာ၊ ဘာမှလဲ မလောင်းလိုက်ဘဲနဲ့ အရှင်ဘုရားက ဘာလို့ သာဓုခေါ်တာလဲ”ဟု ထိုအိမ်ရှင်က
မေးသောအခါ၊ “ဒကာတော်- အရင်ရက်တွေက ဒကာတော်ဆီက နေ့တိုင်း အဆဲခံရခြင်း၊
ခြိမ်းခြောက်အခံရခြင်းကိုသာ ရခဲ့တာ၊ ဒီနေ့တော့ အလွန်သိမ်မွေ့တဲ့
ကန်တော့ဆွမ်းပါဆိုတဲ့ စကားလေးတစ်ခွန်း ရလိုက်လို့ သာဓုခေါ်တာပါ”ဟု ရဟန်းတော်က
ပြန်ပြောသတဲ့။
ဘာသာခြားအိမ်ရှင်လဲ “အော်--ကြည့်စမ်း၊ ဒီရဟန်းတွေ
စကားချိုချိုလေးပဲ ရလိုက်တာကို ကျေးဇူးတင်မဆုံးဖြစ်နေလိုက်တာ၊ တကယ်လို့များ ငါသာ
ဆွမ်းဟင်းများ လောင်းလှူလိုက်လျှင် ဘယ်လောက်များ ကျေးဇူးတင်လိုက်မလဲ”ဟု
စိတ်ကူးဝင်လာကာ နေ့တိုင်း ဆွမ်းလောင်းတော့သည်တဲ့။
စာရေးသူတို့မှာတော့ ဒီကနေ့
မြန်မာသံရုံးက ရောက်ရောက်ခြင်း နွေးနွေးထွေးထွေး ကြိုဆိုမှု ရသည်၊ ရုံးခန်းနှင့်
ထိုင်ရမည့်နေရာတွေအတွက် စီစဉ်ပေးသည်၊ တစ်ခါမှ မရောက်ဖူးသေးတဲ့ သူအတွက် စိတ်ထဲမှာ
နွေးထွေးမှုရရှိလှသည်ဟု ခံစားမိသည်၊ သံရုံးဝန်ထမ်းများကလဲ အဆင်ပြေအောင်
ဆောင်ရွက်ပေးခြင်းဖြင့် ကာယကံမေတ္တာ ရရှိသည်။ စာရေးသူတို့အတွက် ပတ်စပို့ကိစ္စ
အဆင်မှပြေပါ့မလားဆိုတဲ့ အတွင်းပူ၊ ပူစပ် ပူကြပ်နေတဲ့ ဒေလီမြို့ အပြင်ပူတွေ
နေ့ချင်းငြိမ်းသွားသည်၊ အေးမြခြင်းများကိုသာ ရရှိသဖြင့် ဒိထက်
ကျေးဇူးတင်စရာကောင်းတာတောင် ဒီလောက် ကောင်းမည် မထင်။ စာရေးသူတို့မှာ အထက်က
ဘုရားရှင်လက်ထက်က ရဟန်းတော်က ကျေးဇူးတင်တာထက် အဆပေါင်းများစွာ သံရုံးဝန်ထမ်းများကို
ကျေးဇူးတင်သင့်လို့ ကျေးဇူး အများကြီး တင်ပါသည်။ တစ်ဇွန်းတည်းသော ဆွမ်းအတွက်နဲ့
ကျေးဇူးတရားကို သိ၊ ကျေးဇူးတရားကို ဆပ်တဲ့အနေနဲ့ အရှင်သာရိပုတ္တရာသည်
ပုဏ္ဏားအိုကြီးတစ်ယောက်ကို လက်ခံ ရဟန်းပြုပေးခဲ့သည်။ “တစ်လုပ်စားဖူး
သူကျေးဇူး”စကားပုံသည် အရှင်သာရိပုတ္တရာ၏ ပြောင်မြောက်သော ကျေးဇူးသိခြင်း၊ ဆပ်ခြင်းက
ပေါ်ပေါက်လာခဲ့သည်၊ ကျေးဇူးတရားဆိုတာ
မမေ့ကောင်းပါ။
(Qutub Minar)
အိန္ဒိယမြို့တော်များ
စာရေးသူတို့လည်း ရောက်တဲ့နေ့မှာပဲ
သံရုံးဝန်ထမ်းများ၏ ကျေးဇူးကြောင့် အားလုံး အဆင်ပြေသွားသဖြင့် စိတ်အေးလက်အေးနဲ့
နယူးဒေလီမြို့ထဲကို လျှောက်ကြည့်ဖြစ်ကြသည်။ အိန္ဒိယပြည်ကြီး၏
အစိုးရရုံးစိုက်ရာမြို့သည် နယူးဒေလီမြို့ဖြစ်သည်၊ စီးပွားရေးနှင့်
လူဦးရေအထူထပ်ဆုံးမြို့တော်သည် ဘုံဘေ (မွမ်ဘိုင်း)မြို့ဖြစ်သည်၊ အဲဒီနောက်မှ
ကာလကတ္တား၊ ချန်နိုင်းနှင့် ဟိုဒရာဘက်မြို့တို့ ဖြစ်သည်။
ဒီအချိန်ဒီရာသီက
မိုးရာသီဖြစ်သည်၊ အိန္ဒိယတစ်ပြည်လုံး အပူရှိန်ကျရာ အချိန်ဖြစ်သည်။ ဘုံဘေကနေ
နယူးဒေလီမြို့ကိုရောက်တော့ အောက်ပြည်အောက်ရွာကနေ အညာမြေဖြစ်တဲ့ မန္တလေးကို
ရောက်ရသလို ခံစားမိသည်၊ ရာသီဥတု ခြောက်သွေ့သည်၊ မန္တလေးမြို့ထက် ပိုပူပါသည်၊
ဒီလိုချိန်မှာ အဲယားကွန်း၊ သို့မဟုတ် ကူလာ (cooler) မပါဘဲ နေလို့မဖြစ်၊
ဒီလိုအချိန်မှာ ဘုံဘေမြို့မှာ မပူ မအေး၊ နွေးထွေးသည့်အချိန်ဖြစ်သည်၊
ဆောင်းရာသီကဲ့သို့ အလွန်နေလို့ကောင်းတဲ့ ရာသီဖြစ်သည်၊ မိုးတောထဲက လာတဲ့
စာရေးသူတို့အဖို့ နယူးဒေလီမှာ ကြာကြာမနေနိုင်ခဲ့၊ ဘုံဘေကိုပဲ ပြန်ချင်နေသည်။
နယူးဒေလီမှာ ဆောင်းရာသီရောက်ပြန်လျှင်လဲ အပူပေးစက် (Heater) မပါဘဲ နေမဖြစ်ပေမဲ့
ဘုံဘေမှာက လွပ်လပ်ပေါ့ပါးစွာနေလို့ အကောင်းဆုံး အချိန်ဖြစ်သည်။ ကြီးကျယ်သည်မဟုတ်၊
တကယ်ပင် ဘုံဘေမှာ နေဖူးသူသည် နယူးဒေလီမြို့ကို နေနိုင်လိမ့်မည်
မဟုတ်။
လမ်းတံတားများနှင့် မြို့အနေအထား
နယူးဒေလီမှာတော့ သစ်ပင်ကြီးတွေ
သိပ်လှသည်၊ နိုင်ငံတကာ သံရုံးသွားတဲ့ လမ်းမှာဆိုရင် မန်ကျည်းပင်တန်း၊ တမာတန်း၊
ခရေပင်တန်း များဖြင့် မြန်မာပြည်ရဲ့ အညာမြေလို လှနေသည်။ ဘုံဘေမြို့ထဲမှာ ထိုကဲ့သို့
သစ်ပင်မျိုးမရှိ။
အဆောက်ဦးတွေသည် ဘုံဘေမြို့ကဲ့သို့ အမြင့် မရှိ၊ အများဆုံး ၅
ထပ်အဆောက်ဦးများသာ ဖြစ်သည်၊ တချို့နေရာလောက်သာ ဘုံဘေမြို့ကဲ့သို့
အမြင့်အဆောက်ဦးများတွေ့ရသည်၊ ရုံးစိုက်ရာ မြို့တော်ဖြစ်လို့ တိုက်အမြင့်ကြီးများ
ဆောက်ခွင့်မပြုဟု ထင်ရသည်၊ ဘုံဘေမှာတော့ မြို့ထဲဝင်လိုက်တာနဲ့ နေရာတိုင်းမှာ
ထပ်ပေါင်းများစွာသော အဆောက်ဦးများတွေ့ရမည်၊ အဆောက်ဦး အမြင့်တွေ များသောကြောင့်
နယူဒေလီကဲ့သို့ လမ်းတွေမှာ ကောင်းကင်ရဲ့ အလင်းရောင်အား
မကောင်း။
နယူးဒေလီမြို့နေရာ အများစုလမ်းတွေသည် ကတ္တရာလမ်းတို့ဖြင့်
သေသေသပ်သပ်ရှိသည်၊ ကွေ့ကောက်၊ လိမ်ပတ်နေတဲ့ လမ်းတံတားတွေလဲ လှလှပပတွေ့ရသည်၊
ဘုံဘေမြို့နေရာ အများစုကတော့ ကွန်ကရစ်လမ်းများသာဖြစ်သည်။ လူဦးရေသိပ်သည်းမှု၊
လမ်းတံတားတွေ ကားကြပ်မှုတို့သည် ဘုံဘေမြို့လောက် မရှိသဖြင့် ပိုသန့်သည်ဟု ဆိုရပေမဲ့
ကမ္ဘာ့ အညစ်ပတ်ဆုံး ၁၀ နိုင်ငံက မြို့တော်တွေထဲမှာ နယူးဒေလီပါသည်။ အိန္ဒိယမှာတော့
အသန့်ရှင်းဆုံးနေရာလို့ ပြောလို့ရသည်။
လူနေမှုအဆင့်အတန်း
နယူးဒေလီမြို့သည်
လူနေမှုအဆင့်အတန်းအရ ဘုံဘေမြို့နေ လူနေမှု အဆင့်အတန်းနှင့် သိပ်မကွာလှ၊
တက္ကသိုလ်တစ်ဝိုက်မှာတော့ လူငယ်တွေ အတော်များများက ရုပ်ရည်သန့်သည်၊ အဖြူရောင်
အသားရည်ရှိသူ များသည်၊ ထိုအနေထားသည် ဘုံဘေမြို့နေသူများနှင့် တူသည်၊ မတူသည်က
မျက်နှာပေါက်၊ မျက်နှာပေါက် အနေထား သိပ်မတူဟု ထင်မိသည်၊ နယူးဒေလီရှိ သူတွေမှာ
အဖြူရောင်တွေ များပေမဲ့ အများစုက မျက်နှာချွန်သည်၊ ကိုယ်လုံးကိုယ်ပေါက် သိပ်မထွား၊
ဘုံဘေရှိသူများကတော့ မာရတီလူမျိုးများစု ဖြစ်သဖြင့် မျက်နှာအနေအထား ပြည့်သည်၊
အများစုက ခန္ဓာကိုယ် ထွားကြိုင်းသည်။
ရာသီဥတု အနေအထား ကွာခြားသဖြင့်
လူနေမှုပုံစံလဲ မတူလှ၊ အိန္ဒိယပြည်၏ အများဆုံးနေရာတွေသည် အပူပိုင်းများဖြစ်သည်၊
အပူပိုင်းနေသူတို့၏ စတိုင်လ်က သိပ်မကွာလှ၊ မြို့နေ တောနေ အဆင့်သာ ကွားခြားကြမည်။
သို့သော် ဘုံဘေမြို့သည် အိန္ဒိယပြည်၏ သီးခြားနိုင်ငံတစ်ခု ဖြစ်နေသလို ပုံစံ
စတိုင်လ်ကလဲ သီးခြားဖြစ်နေသည်ကို တွေ့ရသည်။
ယဉ်ရထားနှင့်
ကား
နယူးဒေလီမြို့မှာ နယူးဒေလီ ဘူတာကြီးသည် ကြီးကျယ်သည်၊ မန္တလေးဘူတာကြီးထက်
ကြီးသော အဆောက်ဦးအသစ်ရှိသည်၊ စင်္ကြံလမ်း ၁၆ ခုထိရှိသည်။ အိန္ဒိယ
ရထားများထုံးစံအတိုင်း တစ်စီးကို အတွဲပေါင်း ၃၀ အနဲဆုံးရှိသည်။ စင်္ကြံလမ်းအတိုင်း
ကိုယ်စီးမည့် အတွဲနေရာအထိ ရောက်ဖို့ တော်တော်လေး သွားရသည်။ ထို့ကြောင့်
အိန္ဒိယရထားများစီးလျှင် ကြိုတင်သွားရဖို့လိုသည်၊ မြို့တိုင်း နေရာတိုင်းမှာ
အထူးသဖြင့် ဘုံဘေလို၊ ဒေလီလို မြို့ကြီးတွေမှာ ယာဉ်ကြောများ ပိတ်ဆို့မှုကြောင့်
ကိုယ်သွားမည့်နေရာ ကြိုတင်အချိန်ပို တွက်ယူထားရသည်။ အိန္ဒိယပြည်ကြီး၏
ကုန်းလမ်းပို့ဆောင်ရေးမှာ ရထားသည် အရေးပါဆုံးဖြစ်သည်။ အများစုသည်
တစ်ညအိပ်ခရီးများအတွက် ရထားပဲ အစီးများသည်၊ ရထားလက်မှတ်ဖြတ်ရာမှာလဲ အင်တာနက်ကနေ
ဝယ်လို့ရသလို၊ ဘူတာမှာ သွားတန်းစီရင်လဲ ရသည်၊ များသောအားဖြင့် တစ်လလောက်ကြိုပြီး
လက်မှတ်ဝယ်ထားမှ ရသည်၊ ကပ်ဝယ်လို့ မရ၊ အကယ်၍ ကိုယ်မလိုက်ဖြစ်၍ ထိုခရီးကို
ဖျက်လိုပါက ရထားထွက်ပြီး တစ်နာရီအကြာထိ လက်မှတ် ပြန်ရောင်းလို့ရသည်။ သို့မဟုတ်
တစ်ရက်ကြို မနက်ပိုင်း Tatkal (တတ်ကယ်လ်) လက်မှတ်ဝယ်လို့ရသည်၊ ထိုလက်မှတ်ကို
အင်တာနက်၊ သို့မဟုတ် ဘူတာ၊ သို့မဟုတ် အေးဂျင့်တို့မှာ ရနိုင်သည်၊ အင်တာနက်နှင့်
ဘူတာကနေ ၀ယ်လျှင် ပုံမှန်ဈေး ဖြစ်ပေမဲ့ အေးဂျင့်ကနေ ၀ယ်လျှင်တော့ ၀န်ဆောင်မှုအတွက်
ပေးရသည်၊ ထို Tatkal လက်မှတ်သည် ပုံမှန်လက်မှတ်လို
ပြန်ရောင်းမရ။
အိန္ဒိယပြည်ကြီးသည် အလွန်ကျယ်ဝန်းသည် ဖြစ်ရကား နေရာအနှံ့အပြား
လည်ပတ်လိုပါက ရထားစီးတတ်လျှင် ပိုသက်သာသည်၊ ပိုအဆင်ပြေသည်၊ မြို့ကြီးများတွင်
အိန္ဒိယရထားများသည် အဝေးပြေးနှင့် မြို့တွင်းပြေး နှစ်မျိုးရှိသည်။ အိန္ဒိယပြည်
တစ်ပြည်လုံး ရထားလမ်းများဖြင့် ကွန်ယတ် ချိတ်ဆက်ထားသဖြင့် နေရာတိုင်းမှာ
ရထားရှိသည်။ မြို့တွင်းမှာလဲ ၀န်ထမ်း၊ ကျောင်းသား ကျောင်းသူအားလုံးက ရထားပဲ
စီးကြသည်။ သို့သော် မြို့တွင်းရထားများသည် အလွန်ပြည့်သိပ်ကြပ်နေသဖြင့်
ပစ္စည်းများကို ဂရုစိုက်ရပါသည်။ ဘုံဘေမှာတော့ ခါးပိုက်နှိက် သိပ်မရှိပေမဲ့
ဒေလီမှာတော့ ခါးပိုက်နှိက် ပေါသည်။ အမျိုးသမီးများအတွက်ကတော့ သီးသန့်တွဲ
စီမံထားသဖြင့် သိပ်ပြီး တိုးဝှေ့မစီးရ။
အိန္ဒိပြည်မှာ ရာဇဓာနီရထားသည် အထူးရထားဟူ၍
ဆိုသည်၊ ဈေးလည်း တခြားရထားတွေထွက် ပိုကြီးသည်၊ စားစာရာ ၀န်ဆောင်မှုကောင်းသဖြင့်
စားစရိတ်သက်သာမည့်အပြင် အချိန်ပါသက်သာသွားသည်။ စာရေးသူတို့သည် နယူးဒေလီအသွား
ရိုးရိုးအမြန်ရထားနဲ့ သွားသည်၊ ရူပီး ၁၇၅၀ ပေးရသည်၊ အေးဂျင့်ခမပါ၊ ကိုယ့်ဘာသာ
ဘူတာသွားဖြတ်သည်။ ဘုံဘေကနေ ည ၁၁-၄၅ ထွက်သော ရထားသည် ၂ ညအိပ်ပြီးမှ နောက်နေ့မနက် ၆
နာရီလောက်မှ နယူးဒေလီမြို့ထဲဝင်သည်။ နာရီပေါင်း (၂၈) ကြာသည်။ စားစရာကို ထိုရထားက
ဝန်ဆောင်မှုမပေးသဖြင့် ၂ ရက်စာ စားစရိတ်ကုန်မည်။ အပြန်မှာတော့ ရာဇဓာနီ
ရထားလက်မှတ်ဝယ်သည်၊ အေးဂျင့်ကနေ ၀ယ်သဖြင့် ၀န်ဆောင်ခ ၃၅၀ရူပီး ပေးရသည်၊ စုစုပေါင်း
ထိုရထားခ ၂၅၀၀ ရူပီး နီးပါးကျသည်။ ကိုယ့်ဘာသာ ရထားဘူတာမှာ သွားဝယ်ရင်တော့ ၃၅၀
ရူပီးသက်သာမည်။ ရေ-ကော်ဖီ-အချိုပွဲ-ညစာ- မနက်စာ စားစရိတ်ကို ၀န်ဆောင်ပေးသည့်အပြင်
သန့်ရှင်းမှုလဲရှိသည်။ ညနေ ၄-၃၀ ကထွက်လာသည်၊ တစ်ညအိပ်ပြီး နောက်နေ့မနက် ၈-၃၀ မှာ
ဘုံဘေရောက်သည်၊ နာရီပေါင်း ၁၆ နာရီပဲ ကြာမည်ဟု လက်မှတ်မှာ ရေးထားသည်။ ၂၈ နာရီနဲ့ ၁၆
နာရီ အချိန်အရမ်းကွာသွားသည်။ နယူးဒေလီနဲ့ ဘုံဘေ မိုင်ပေါင် ၇၀၀ကျော် ၈၀၀ နီးပါးကို
လမ်းခုလပ် ၄ ဘူတာပဲ ရပ်ခဲ့သည် အတွက် အချိန်သက်သာသွားသည်။ ရိုးရိုးအမြန်ရထားများက
ဘူတာပေါင်း ၂၀ နီးပါးလောက်ရပ်သည်။ ထူးခြားတာ တစ်ခုက ရာဇဓာနီအထူးအမြန်ရထားသည်
အားလုံး အေစီတွဲတွေပဲ ပါသည်၊ ရိုးရိုးအိပ်စင်များမပါ။ အိန္ဒိယပြည် အလည်လာသူများအတွက်
ရထားအကြောင်း သိကောင်းစရာ မှတ်တမ်းတစ်ခုဖြစ်သည်၊ ဗုဒ္ဓဂယာ
ဘုရားဖူးဇုန်နေရာလောက်ကိုသာ ရောက်လိုသူများအတွက်တော့
မလိုအပ်ပါ။
ဟိုတယ်-တည်းခိုခန်းများ
အိန္ဒိယမြို့ကြီးတွေမှာ ကမ္ဘာ့အဆင့်မှီ
ကြယ်ငါးပွင့်တို့လို ဟိုတယ်တွေ များစွာရှိသည်။ ဈေးအမျိုးမျိုးရှိသည်၊ စာရေးသူလဲ
သီတဂူဆရာတော်ကြီး အမှီပြုပြီး ဖိုက်စတား ဟိုတယ်များလဲ တည်းဖူးသည်၊ ကိုယ့်ဘာသာ
ဈေးပေါပေါ တည်ခိုခန်းများမှာလဲ အတွေ့ကြုံရှိဖူးသည်။ ဘုံဘေမှာ ဟိုတယ်ဇုန်အနေနဲ့
မြို့ရဲ့ အချက်အချာကျသည့် ပင်လယ်ကမ်းခြေ နေရာမှာ ဟိုတယ်ဈေးအမျိုးမျိုးရှိသည်။
စာရေးသူတို့ကောလိပ်နဲ့ နီးတဲ့ နေရာတွေမှာလဲ သာမန်ဟိုတယ်တွေရှိသည်၊ ဈေး
အလွန်မကြီးလှ၊ တစ်ည မြန်မာငွေ ကျပ် ၅ သောင်းဝန်းကျင်ရှိသည်။ ကမ်းခြေက မြို့လည်က
ဟိုတယ်တွေကတော့ တစ်ခန်း တစ်ည အမေရိကန်ဒေါ်လာ ၁၀၀ ကနေ ၁၀၀၀ (တစ်ထောင်)
ဝန်းကျင်အထိရှိနေသည်။ နယူးဒေလီမှာလဲ ထို့အတူပင်။ စာရေးသူတို့ကတော့ ဈေးအသက်သာဆုံး
နေရာကို ရှာရသည်၊ ထိုနေရာသည် တိဘက်တန်တွေ နေရာဖြစ်သည်။ တိဘက်တွေအတွက် နေရာမှာ
တိဘက်ပိုင်တည်းခိုးခန်းများစွာရှိသည်၊ ဈေးမကြီးလှ၊ နေရာလဲ လုံခြုံမှုရှိသည်၊
အစားအစာလဲ တရုပ်အမျိုးနွယ်များဖြစ်သဖြင့် မြန်မာပါးစပ်နဲ့ အဆင်ပြေသည်၊
တိဘက်တန်ဈေးတန်းရှိသဖြင့် လိုချင်တာ အကုန်ရသည်၊ စားသောက်ဆိုင်၊ အလှကုန်ဆိုင်၊
အထည်ဆိုင်၊ ခရီးသွားအေးဂျင့်၊ ငွေလဲကောင်တာ အကုန်ရှိသဖြင့် ထိုနေရာသည်
စာရေးသူတို့အတွက် အလွန်အဆင်ပြေသည်။ နယူးဒေလီ တက္ကသိုလ်နဲ့လဲ နီးသည်၊ ထိုနေရာကား
တိဘက်တန် ကိုလိုနီ (Aruna Nagar Tibatan Colony)ဟု ခေါ်သည်။
နယူးဒေလီမြို့ကို
လည်ပတ်စရာဆိုလို့ နာမည်ကြီး လက်မှုအနုပညာ အလွန်လှပတဲ့ ဟိန္ဒူဘုရားကျောင်း Akash dhan,
Red Fort, Qutub Minar, Lotus-Temple, စတာတွေ အပြင် အနီးအနားမှာ ရှိသော
အသောကမင်းကြီးတည်ထားသော ဆန်ချီစေတီတော်ကြီးကိုလည်း သွားရောက် ဖူးနိုင်သည်။ မြတ်ဗုဒ္ဓ
မဟာသတိပဋ္ဌာန်ဟောရာ ကမ္မာသဓမ္မရွာသည်လည်း ဒေလီမြို့စွန်မှာ တည်ရှိသည်ဟုလည်း
သိရသည်။
နယူးဒေလီကို ရောက်ဖို့ အကြောင်းပါလာရင် ဈေးလည်းသက်သာ
အစားအစာလည်းအဆင်ပြေ၊ သွားဖို့လာဖို့လဲ ကားတွေက အဆင်သင့်ကြိုက်သူများအတွက် တိဘက်တန်
ကိုလိုနီ (Aruna Nagar Tibatan Colony)နေရာလေးကို
သတိရလိုက်ပါ။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၁-၇-၂၀၁၃