သီတဂူစတား

သီတဂူစတား

07 November 2009

အိတ်ဖွင့်ပေးစာ






(ရက်စွဲ - ၇၊ ၁၀၊ ၂၀၀၉)

ဘုန်းဘုန်းထံ - - -


တပည့်တော်စာရေးလိုက်ပါတယ်။ ဘုန်းဘုန်း နေကောင်းတယ်နော်။ အစစအရာရာ အဆင်ပြေပါစေလို့ ဘုန်းဘုန်း အတွက် တပည့်တော် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

တပည့်တော်တို့လည်း ဘုန်းဘုန်းတို့ ပို့သသော မေတ္တာကြောင့် အလုပ်အကိုင် အဆင်ပြေပါတယ် ဘုရား။ ကိုယ်ရှာဖွေလို့ ရတဲ့ ပစ္စည်းထဲကနေ အနှစ်ထုတ်ယူရမယ်လို့ ဘုန်းဘုန်းတို့ ဟောကြားထားလို့ အလှူဒါနကိုလည်း ကိုယ်တတ်နိုင်သမျှ လုပ်နေပါတယ်။ သီတဂူ သာသနာ့ဗိမာန်(မြောက်ဒဂုံ) ကိုလည်း မကြာမကြာ သွားရောက်ပြီး ဆွမ်းကပ် ပန်းလှူပြီး ဝေယျာဝေစ္စ လုပ်ကိုင်ဆောင်ရွက်နေပါတယ်။

ဒီနှစ်မှာ ထူးထူးခြားခြားလုပ်ဖြစ်တဲ့ ကုသိုလ်ကတော့ တန်ဆောင်မုန်းလပြည့်နေ့က လုပ်တဲ့ သီတဂူ တရားပွဲပါပဲဘုရား။ တပည့်တော်ဖြင့်လေ ပျော်လိုက်တာ။ တပည့်တော်တို့လမ်း (ကမာရွတ်မြို့နယ်၊ ဦးထွန်းလင်းခြံလမ်း) မှာ ရှိကြတဲ့ ဗုဒ္ဓဘာသာဝင် မိသားစုတွေ စုပေါင်းပြီး လုပ်တဲ့ အထူးတရားပွဲပါ။ တပည့်တော်တို့လည်း ဒီတရားပွဲဖြစ်မြောက်ရေးအဖွဲ့မှာ ပါဝင်ဆောင်ရွက်ခွင့်ရတဲ့ အတွက် ဓမ္မပီတိဖြစ်ရပါတယ်။

သီတဂူဆရာတော်ဘုရားကလည်း တက်တက်ကြွကြွ တရားရေအေးအမြိုက်ဆေးကို တိုက် ကျွေးခဲ့ပါတယ်၊ အဲဒီတရားလေးကတော့ (ဒါနစစ်ပွဲ) ဆိုတဲ့တရားတော်ပါ။ အရွယ်တော်ကြီးရင့်ပြီ ဖြစ်သော်လည်း ဆရာတော်ဘုရားရဲ့ အသံတော်က စည်တော်ကြီးလို မြည်ဟည်းတုန်းပါ။

တရားးနာပရိသတ်တွေက အလွန်များပါတယ်။ တစ်လမ်းလုံး လျှံထွက်သွားတာပဲဘုရား။ ဆရာတော်ရဲ့ ဘုန်းတန်ခိုးလို့ ပြောရမှာပေါ့။ န၀ကမ္မအလှူငွေကလည်း သိန်း (၂၀၀)နဲ့ အမေရိကန် ဒေါ်လာ(၁၃၀) ရရှိခဲ့ပါတယ်။ အားလုံးစုပေါင်းပြီး ဒါနပြုကြတာပါ၊ ဝေယျာဝစ္စပြုကြတဲ့သူတွေ အားလုံးက ဆရာတော့်ကို ခုလို သိန်း၂၀၀- လှူဒါန်းနိုင်ခဲ့ကြလို့ ပျော်နေကြတယ်ဘုရား။ ပီတိတွေဖြစ်ကြနေကြပါတယ်။

တပည့်တော်လည်း အတိုင်းအထက်အလွန်ပဲပေါ့ဘုရား။ ဘာကြောင့်လဲဆိုတော့ ဆရာတော်ကို အခုလို သီတဂူဆရာတော်ရယ်လို့ တစ်တိုင်းပြည်လုံး ဟိုလေးတကျော်ဖြစ်မှ ကိုးကွယ်တာမဟုတ်ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀-ကျော်ထဲက တပည့်တော်ရဲ့ ဖေဖေ နှင့် မေမေဟာ ဆရာတော်ကို ဆည်းကပ်ကိုးကွယ်ခဲ့ကြတာပါ။ ဆရာတော်နှင့် ပတ်သက်ပြီးတော့ သီတဂူ ဆရာတော်ရဲ့ သာသနာပြုလုပ်ငန်းတွေမှာ တတ်နိုင်သမျှ လှူဒါန်းခဲ့ပါတယ်။ ဒီအလှူဒါနတွေကို တွေးမိတိုင်း ပီတိဖြစ်ရပါတယ်ဘုရား။

သီတဂူချောင်အလှူ၊ သီတဂူရေကန်အလှူ၊ သယမ္ဘူစေတီအလှူ၊ သီတဂူအာယုဒါန ဆေးရုံအလှူ၊ သီတဂူဗုဒ္ဓတက္ကသိုလ်အလှူ၊ သိမ်တော်ကြီးလှူ၊ ရန်ကုန် သီတဂူစင်တာ အလှူတွေဟာ ဆရာတော်ဘုရားကို အကြောင်းပြုပြီးလှူဖြစ်တဲ့ အလှူတွေပါ။ ဒါပေမဲ့ လှူရတာ အားမရသေးဘူး ဘုန်းဘုန်းရယ်။

နောက်ထပ်လည်း ဆရာတော်ဘုရားရဲ့ သာသနာပြုလုပ်ငန်းတွေမှာ တတ်နိုင်တဲ့ဘက်ကနေ လှူဖို့ စိတ်ကူးထားပါတယ်ဘုရား။ သီတဂူသာသနာပြုလုပ်ငန်းကြီးက များပြားလွန်းတော့ ဆရာတော် ဘုရားရဲ့ န၀ကမ္မအလှူငွေဟာ ဘယ်လောက်များများ လုံလောက်တယ်လို့ မရှိဘူးဘုရား။

သိန်း (၁၀၀)တစ်ရာပဲ ရရ၊ သိန်း (၁၀၀၀) တစ်ထောင်ပဲ ရရ၊ ပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ ဆရာတော်က နိုင်ငံအနှံ့ ခြေဆန့်ပြိး လှူနေတာဆိုတော့ အမြဲတန်း လိုနေတယ်ဘုရား။ တခြားမကြည့်ပါနဲ့၊ နာဂစ်အလှူတစ်ခုတည်းကိုပဲ ကြည့်မယ်ဆိုရင် သီတဂူဆရာတော်နှင့် တပည့်ဒကာ, ဒကာမတွေက နာဂစ်အတွက် ကျပ်သိန်းပေါင်း (၈၀,၀၀၀) ရှစ်သာင်းကျော် လှူထားတာလေ ဘုရား။ တပည့်တော်တို့ လှဆန်းယဉ် မိသားစုက အနီးကပ်ကိုးကွယ်နေတာဆိုတော့ အကုန်သိနေတယ်လေ။

ပြီးတော့ ဆရာတော်မှာ ကျောင်းမှာ အေးအေးဆေးဆေး နားတယ်ဆိုတာကို မတွေ့ရဘူး။ ပြည်တွင်း ပြည်ပ ဥဒဟို သွားနေရတယ်။ ကားမှ တဆင့် လေယာဉ်၊ တခါတရံ သင်္ဘော၊ သင်္ဘောမှ တဆင့် လေယာဉ်၊ တဖန် လေယာဉ်မှတဆင့် ကားပေါ် ပြန်တက်၊ အဲဒီလိုပဲ လူးလားခေါက်ပြန်ကူးနေရ တယ်ဘုရား။

ဒါကြောင့် တပည့်တော် “အော် ဆရာတော်ကို လူတွေက ဘုန်းတန်ခိုး ကြီးတယ်လို့ ပြောနေကြပေမဲ့ ဆရာတော်ခမျာမှာတော့ နားရတယ်လို့ကို မရှိဘူး၊ ပင်ပန်းလိုက်တာ၊ အိပ်ချိန်တန် မအိပ်ရ၊ စားချိန်တန်မစားရ။ ဒါကြောင့် ဘုန်းကြီးတယ်ဆိုတာ ဒုက္ခကြီးတာကို ပြောတာပါပဲ” လို့ တွေးမိပါတယ်။ “တခါတရံ အလုပ် လုပ်စရာရှိရင် ည ၂-နာရီ ကျော်လောက်မှ ကျိန်းစက်တယ်”လို့ ဆရာတော်ရဲ့ အလုပ်အကျွေး ဦးဇင်းလေး တစ်ပါးက ပြောပြလို့ တပည့်တော်ဖြင့် ဆရာတော်ကို ကြည်ညိုလို့ မဆုံးဘူးဘုရား။

ဘုန်းဘုန်းလဲ အဲဒီမှာ ကျောင်းတက်ရတာ အဆင်ပြေတယ်မဟုတ်လားဘုရား။ အထူး အားဖြင့်တော့ ကျန်းမာရေးကို ဂရုစိုက်ပါ၊ ကိုယ့်နိုင်ငံ ပြန်လာပြီဆိုရင် ဆရာတော်က အလုပ် တန်းခိုင်းတော့မှာလေ။ ဆရာတော်ကိုယ်တိုင်က အလုပ်ကို ဦးစားပေးတယ်။ ဆရာတော်က “အလုပ်ဟာ အခွင့်အရေးပဲ”လို့ မကြာမကြာ မိန့်တော်မူတာကို ဘုန်းဘုန်းတို့ အသိပဲလေ။

ဘုန်းဘုန်းတို့လဲ ဆရာတော်ဘုရားရဲ့ သာသနာပြုလုပ်ငန်းတွေကို တစ်ဘက်တစ်လမ်းကနေ ၀ိုင်းဝန်း လုပ်ကိုင်နိုင်ပါစေလို့ ဆန္ဒပြုရင်း - - -

မစပယ်(လှဆန်းယဉ်)

ကမာရွတ်၊ ရန်ကုန်

ဆန်းဒေးစကူးလ် (အပိုင်း-၁)

ယခင် ဓမ္မစကူးလ်နှင့် ယခု ဆန်းဒေးစကူးလ်
---------------------
``ဣတိပိသော ဘဂ၀ါ ´´ ``သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ´´ (ဘုရားရှိခိုး)
``လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့ ၊ မမှီဝဲနှင့် ကင်းအောင်နေ´´ (မင်္ဂလသုတ်)
``အဆိပ်ပြင်းတောက်၊ မြွေဟောက်ကြီးကို၊ ဖားငယ်မများ ကိုက်ဝါးကိုမျို၊ ကညာယူထား သက်ကြားဖိုးအို၊ မယားဆဲ အမြဲအော်ငေါက်သကို´´(ကောသလအိပ်မက်)
မိမိတို့ ကျောင်းသားပေါက်စအရွယ်က ညနေ ၇-နာရီ ဘုရားဝတ်တက်အပြီးမှာ ရွာဦးကျောင်း ဘုန်းကြီးကို ၀တ်ဖြည့်ပေးရင်း ဘုန်းကြီးက အထက်ပါအတိုင်း စာတိုပေစများ၊ ကဗျာများ နှုတ်တိုက် ချပေးသည်ကို မိမိတို့ကျောင်းသား ကိုရင်များက အလွတ်လိုက်ဆိုခဲ့ရပါသည်။ တခါတရံ အဖွဲ့လိုက်၊ တခါတရံ တစ်ယောက်ချင်း ဆိုရ၏။ ပြီးမှ ဘုန်းကြီးက ဆိုင်ရာဆိုင်ရာ အဓိပ္ပါယ်များကို ကလေးများ သဘောပေါက်အောင် ရှင်းပြ၏။ ရှေးဟောင်း နှောင်းဖြစ်များ၊ ငါးရာ့ငါးဆယ် လာ ဖြစ်တော်စဉ်များ၊ ရိုးရာပုံပြင်များကိုလည်း စိတ်ဝင်စားမှုရှိအောင် ပြောပြ၏။ အချိန်ကား ၁-နာရီ/ ၁-နာရီကျော် ၀န်းကျင်လောက် ကြာမြင့်ပေသည်။ ဤသည်ကား တစ်ညတာ မဟုတ်၊ အလုပ်မရှုတ်လျှင် ညစဉ်ညတိုင်းတည်း။ ထို့ကြောင့် ရွာဦးကျောင်းက ညဉ့်ဦးယာမ်သည် မိမိတို့ ကျောင်းသား ကိုရင်လေးများအတွက် ယနေ့ခေတ်အနေနှင့် ပြောရလျှင် ``ဓမ္မစကူးလ်´´ (Dhamma School) ပင် ဖြစ်ပေတော့သည်။
ရွာဦးကျောင်းက ဓမ္မစကူးလ်မှာ သင်ယူခဲ့သည့် ဗုဒ္ဓ၀င်ဆိုင်ရာ အခြေခံစာတိုပေစများက စာပေကို တတ်ချင်၊ ပညာကိုလိုချင်သည့် စိတ်များ ဖြစ်ပေါ်အောင် နှိုးဆော်ပေးဟန်တူလေ၏။ ထို့ကြောင့်ထင်၏။ ၁၀-နှစ်သားအရွယ်မှာ ရှင်သာမဏေ၀တ်ပြီး ၁၃-နှစ်အရွယ်မှာ စာပေများ သင်ကြားဖို့အတွက် ပရိယတ္တိစာသင်တိုက်ကြီးသို့ ပျော်ပျော် ပါးပါးပင် သွားခဲ့လေသည်။

စာသင်တိုက်ကြီးဆီသို့ မယောင်မလည်

စာသင်တိုက်ကြီးသို့ရောက်ပြီးသည့်နောက်၌ သဒ္ဒါကြီးစာအုပ်၊ အဘိဓမ္မတ္ထသင်္ဂဟစာအုပ်တို့ကို ကိုင်ဆောင်ပြီး အလွတ် ကျက်မှတ်ရလေသည်။ ထိုသို့ကျက်မှတ်ရင်း အဘိဓမ္မတ္ထသင်္ဂဟစာအုပ်မျက်နှာဖုံးမှာ ရေးသားထားသည့် ``သီဟိုဠ်ကျွန်း အရှင် အနုရုဒ္ဓါမထေရ် စီစဉ်ရေးသားအပ်သော အဘိဓမ္မတ္ထသင်္ဂဟ``ဟူသော စာကိုတွေ့မိသောအခါ ``မိမိတို့နယ်မြို့လေးမှ မုံရွာကို သွားသည့် ကတ္တရာလမ်းလေးကိုပင် အာရှတိုက်၏ အကြီးဆုံးလမ်းမကြီး´´ဟု ထင်ခဲ့သော မိမိသည် ``သီဟိုဠ် ကျွန်းဆိုတာ ဘယ်မှာလဲ၊ တနင်္သာရီတိုင်းမှာလား၊ ရခိုင်ပြည်နယ်မှာလား´´ဟု မယောင်မလည်နှင့် ၀ိုးတ၀ါး တွေဝေ စဉ်းစားမိခဲ့သည်။ ယင်းသို့စဉ်းစားမိရင်းနှင့်ပင် စာသင်တိုက်မျိုးစုံသို့ သွားရောက်၍ ပရိယတ္တိ စာပေများကို သင်ယူခဲ့သည်။ ထို့နောက် သူ့အရွယ်နှင့်သူ သတ်မှတ်ထားသည့် စာမေးပွဲမျိုးစုံကို ကြိုးစားပြီး ၀င်ရောက်ဖြေဆိုခဲ့ရင်း အသက် ၂၇-နှစ်သို့ ချဉ်းနင်းရောက်ရှိခဲ့လေသည်။ အများအသိအမှတ်ပြုသည့် ဘွဲ့ဒီဂရီများကိုလည်း ရရှိခဲ့ပါသည်။
အသက် ၂၇-နှစ်သို့ရောက်သောအခါ ထိုက်သလောက် လေ့လာထားသည့် ဗဟုသုတ၊ ရင်ဆိုင်ကျော်လွှားခဲ့သည့် အတွေ့အကြုံ၊ အရာရာကို စူးစမ်းတတ်သည့် အတွေးအခေါ်များ သူ့အရွယ်နှင့်သူ ရင့်ကျက်လာပြီဖြစ်သည်အား လျော်စွာ `` သီဟိုဠ်ကျွန်းဆိုတာ တနင်္သာရီတိုင်းမှာလား၊ ရခိုင်ပြည်နယ်မှာလား´´ဟူသော ၀ိုးတ၀ါး အတွေးများ စုန်းစုန်းမြုပ် နိဂုံးချုပ်သွားခဲ့လေပြီ။

အပိုင်း (၂) မျှော်

မှတ်ချက်။ ။ ဒီတစ်ပက် သီတဂူအရှင်ဒေ၀ိန္ဒာဘိဝံသ၏ ဆန်းဒေးစကူးလ် (Article) ကို အပိုင်း (၃)ခုခွဲ တင်သွားပါမည်။

06 November 2009

သီတဂူဗုဒ္ဓတက္ကသိုလ် (မန္တလေး)


သီတဂူဗုဒ္ဓတက္ကသိုလ် (မန္တလေး) စတင်ဖွင့်လှစ်

သီတဂူဗုဒ္ဓ တက္ကသိုလ်(မန္တလေး) ဖွင့်ပွဲနှင့် ကျောင်းအလှူရေစက်ချပွဲ ကို အောက်တိုဘာလ ၂၉- ရက်နေ့က တက္ကသိုလ်တည်ရှိရာ မန္တလေးတောင်ခြေ၌ ကျင်းပခဲ့သည်။ ဖွင့်ပွဲတွင် မန္တလေးတောင်ပေါ်နှင့် အနီးပတ်ဝန်းကျင် ကျောင်းတိုက်များရှိ သံဃာတော် အပါး ၂၀၀-ကို သပိတ်၊ ဆွမ်း၊ ဆေး စသဖြင့် လှူဖွယ်ဝတ္ထုအစုစုကိုဆက်ကပ်ပြီး ပင့်သံဃာတော် ၂၅-ပါးကို လည်း ဆွမ်းကပ်လှူဒါန်းခဲ့သည်။
သီတဂူဗုဒ္ဓ တက္ကသိုလ်(မန္တလေး)ကို ပင်မနှစ်ထပ် စာသင်ဆောင် အပါအ၀င် စာကြည့်တိုက်၊ ရုံးခန်း၊ စီမံရေးနှင့် အစည်းအဝေးခန်းမ၊ကထိကဆောင်၊ ဓမ္မာရုံ၊ လောကနန္ဒာမော်ကွန်း စေတီတော်များဖြင့် တည်ဆောက်ထားသည်။

တက္ကသိုလ်၏ ပထမစာသင်နှစ်တွင် ရဟန်းရှင်လူ၊ သီလရှင် စသည့် စာသင်သား ၁၁၂- ဦး တက်ရောက်သင် ကြားလျက်ရှိကြောင်း သိရသည်။

သီတဂူစတား
၆-၁၁-၂၀၀၉

05 November 2009

ရုပ်တုတော်

ကြေးသွန်း သီတဂူဆရာတော်ကြီး၏ ရုပ်တုတော်ကို
တပေါင်းလပြည့်အမီ ပြီးစီးမည်


မန္တ္တေလေး၊ အောက်တ်တိုဘိဘာ ၂၃

မန္တလေးမြို့တော် တမ္ပဝတီရပ်ကွက်ကြေးသွန်းအလုပ်ရုံတစ်ခု၌ သွန်းလုပ်မည့်
ကမ္ဘာ့ဗုဒ္ဓသာသနာပြုဆရာတော် သီတဂူဆရာတော်ကြီး၏ ရုပ်တုတော်ကို
ဆရာတော်၏ခွင့်ပြုချက်ယူကာ တပေါင်းလပြည့်အမီ ပြုလုပ်မည်ဖြစ်ကြောင်း
ဆရာတော်ကြီး၏ တပည့်ဒါယိကာတစ်ဦးက ဆိုသည်။
ရုပ်တုမှာ အရပ်ခုနစ်ပေ ခြောက်လက်မ၊ အောက်ခုံခြောက်လက်မ၊ ကြေးပိဿာ
၂၅ဝ မှ ၃ဝဝ ခန့် ကုန်မည်ဖြစ်ကာ အောက်တိုဘာလ ၁၁ ရက်နေ့တွင် သီတဂူ
ဆရာတော်၏ နောက်ဆုံးအကြိမ်အတည်ပြုချက်ရယူပြီးဖြစ်ကြောင်း ရုပ်တုပြုလုပ်ရာ
တွင်ပါဝင်မည့် ကြေးသွန်းပညာရှင်တစ်ဦးကဆိုသည်။
သီတဂူဆရာတော်ဘုရားကြီး၏ ပုံတူကြေးသွန်းရုပ်တု ထုလုပ်ပြီးစီးပါက
စစ်ကိုင်းမြို့ သီတဂူသိမ်တော်ကြီး၏ရှေ့၌ ထားရှိမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

04 November 2009

သာသနာပြုနည်း



အနှစ်ကိုးပါး(အပိုင်း-၂၅)

ဗုဒ္ဓကို သားမက်တော်ချင်လို့တဲ့
ဆရာတော်ဘုရားကြီးက ''မနေနိုင်အောင် နှောင့် ယှက်တဲ့နေရာမှာ ဘုရားကိုယ်တော်မြတ်ကဲ့သို့ နေဖြစ် အောင်ကို နေပြရမယ်၊ ငါငယ်ငယ်တုန်းက ဇာတ်ကြည့်ဖူးတယ်''။
''ငယ်ငယ်တုန်းက ဇာတ်သွားကြည့်တော့ အဲဒီတုန်းက ဖိုးစိန်ကြီးဇာတ်၊ အဲဒီဇာတ်ထဲမှာ သာမာဝတီတို့၊ မာဂဏ္ဍီတို့ ဇာတ်ထုပ်ကိုခင်းတာ၊ ဥတေနမင်းဟာ သာမာဝတီမိဘုရားနဲ့ မာဂဏ္ဍီမိဖုရား မိဖုရားနှစ်ယောက် ထားတယ်''။
''မာဂဏ္ဍီဆိုတာ ပုဏ္ဏေးမကြီး၊ ဘုရားကိုယ်တော် မြတ်အပေါ်မှာ မကျေမနပ်ဖြစ်ပြီး ရန်ငြိုးပြင်းထန်တဲ့ မိဖုရားကြီး၊ သူ ရန်ငြိုးပြင်းထန်ပုံက ဒီလို။ သူက အချောအလှ''။
''ဘုရားကိုယ်တော်မြတ် ဒေသစာရီလှည့်ရင်းနဲ့ မာဂဏ္ဍီပုဏ္ဏားကြီးတို့နဲ့ တွေ့ကြတာ''။
''တွေ့တော့ မာဂဏ္ဍီပုဏ္ဏားကြီးက ဘုရားကို ကြည့်ပြီးတော့ 'သြော် လောကမှာ ဒါလောက်ချောတဲ့ ယောက်ျားဟာ ငါ့သားသမက်ဖြစ်ရင် ကောင်းလေစွ' လို့ စိတ်ကူးမိသတဲ့''။
''ငါ့သမက်ဖြစ်ရင် ကောင်းလေစွ၊ ငါ့သမီး ချောနဲ့ လက်ထပ်မယ်ဆိုပြီး၊ အိမ်ခပ်မြန်မြန် ပြန်ပြီးတော့ ဇနီး မယားခေါ်၊ သမီးအလှ မာဂဏ္ဍီကို အလှပြင်ပြီးတော့ သားအမိ သားအဖ သုံးယောက်သား ဘုရားဆီပြန်လာကြတာ''။
''ဘုရားဆီရောက်တော့ ဘုရားကို အပ်တယ်၊ 'အရှင်ဘုရား တပည့်တော်တို့ရဲ့ သမီးဟာ လောကမှာ အချောဆုံးမို့လို့ အချောဆုံးဖြစ်တဲ့ အရှင်ဘုရားနဲ့မှ တော်ပါတယ်၊ သမီး မာဂဏ္ဍီကို ယူတော်မူပါ'လို့ ဘုရားကို သမီး အပ်တယ်''။
'' ဒီတော့ ဘုရားကိုယ်တော်မြတ်က 'မစင်အပြည့် ထားတဲ့ အိုးကို ပန်းချီရေးထားသလို ငါ ထင်တယ်၊ ခြေ ထောက်နဲ့တောင်မှ နင့် သမီးကို ငါ မတို့ချင်ဘူး၊ ငါဘုရား ဖြစ်ကာစ ဗောဓိပင်နားမှာ မာရ်နတ်ကြီး သမီးသုံးယောက် လာအပ်တာတောင် ငါ လက်မခံခဲ့တာ၊ ဒါ့ကြောင့် နင့် သမီးကို ခြေဖျားနဲ့တောင် မတို့လိုဘူး'လို့ ဘုရားက မိန့် လိုက်တယ်''။
''သူကတော့ လောကမှာ အချောဆုံးသမီး၊ အမြတ် ဆုံးသမီးဆိုပြီးတော့ မြတ်မြတ်နိုးနိုးထား၊ ဘုရားက အဲဒီလို ပြောလိုက်တော့ ဘုရားကိုစိတ်ဆိုးပြီးတော့ ရန်ငြိုးထားတာ၊ အဲဒီမှာ မာဂဏ္ဍီပုဏ္ဏေးမလေးဟာ ဘုရားအပေါ်မှာ မကျေနပ်တာ''။
''ငါသာ တွန်းလှန်နိုင်တဲ့အချိန် တုံပြန်နိုင်တဲ့ အချိန်မှာ ဒီသိဒ္ဓတ္ထကို တုံ့ပြန်လိုက်ဦးမယ်လို့ ရန်ငြိုးထားပြီး တော့ ဘုရားရှင်ကိုယ်တော်မြတ် ကောသမ္ဗီပြည်အကြွမှာ အကြီးအကျယ် အနှောင့်အယှက်တွေပေးတာ၊ ဘုရား မနေ နိုင်အောင်လုပ်တယ်၊ လူငယ်တွေကို အရက်တိုက်၊ မြှောက် ပေးပြီးတော့ ဘုရားကို အဆဲခိုင်းတယ်''။
''သာမာဝတီကလဲ ခုဇ္ဇုတ္တရာရဲ့တရားကို နာပြီး တော့ သောတာပန်ဖြစ်တော့ ဘုရားကို သိပ်ပြီးတော့ ကြည် ညိုတယ်၊ မပြတ် မပြတ်တရားနာ၊ သင်္ကန်းတွေလှူ၊ ဒီလိုလုပ်နေတာ၊ ဥတေနမင်းက ဘုရားကို မကြည်ညိုသေးဘူး၊ အဲဒီ တော့ မာဂဏ္ဍီက အခွင့်ရတယ်''။
''သာမာဝတီတို့ မြတ်ဘုရားကို ဂရုစိုက်လေသမျှ မာဂဏ္ဍီ က ကုန်းတိုက်စရာ အကွက်ချည်း ဖြစ်ဖြစ်နေတယ်၊ ဘုရားကိုယ်တော်မြတ်နဲ့ သာမာဝတီဟာ တိတ်တဆိတ် ဖောက်ပြန်နေသလိုလို သူက ဥတေနမင်းကြီးကို သွားသွား ပြီးတော့ တိုက်တာ''။
''အဲဒီမှာ ဥတေနကလဲပဲ သူ့အသက်ထိရင် တော်သေးတယ်၊ မိဖုရားထိရင်တော့ အသက်ကို ထိတာထက် ဆိုးတယ်၊ ဟုတ်လား၊ အဲဒီတော့ ဥတေနကလဲ ဒေါသူပုန်ထတော့ ဘုရားကိုယ်တော်မြတ်ဟာ အဲဒီ ကောသမ္ဗီပြည်မှာ ဒုက္ခ ဖြစ်လိုက်တာ''။
''ဘုရားကိုယ်တော်မြတ် ကောသမ္ဗီမှာ မနေနိုင်အောင် မာဂဏ္ဍီက ကုန်းတိုက်ပြီးတော့ ဥတေနမင်းရဲ့ အကူအညီနဲ့ ဘုရားကို နှင်ထုတ်သလိုပဲတဲ့၊ တို့ သာသနာပြု ရဟန်းတော်တွေ အိန္ဒိယမှာ မနေနိုင်အောင် ဒီလိုလုပ်တဲ့ ပုဂ္ဂိုလ်တွေ အများကြီးပဲ''လို့ ဆရာတော်ကြီး ပြောပြတယ်။

သာသနာပြုပုဂ္ဂိုလ်များရဲ့ အရည်အချင်း
ဘာပဲဖြစ်ဖြစ် ဘုန်းကြီးတို့ သာသနာ့ဝန်ထမ်း ရှင် ရဟန်းများဟာ နောင်ခါးဆရာတော်ကြီးကို နမူနာယူပြီး ကိုယ့်တစ်နေရာတည်းမှာ မနေဘဲ လိုအပ်တဲ့နေရာမှာ နေဖို့, ဘာသာခြားတွေ ဘယ်လိုပင် နှောက်ယှက် နှောက်ယှက် ခုံခံကာကွယ်ဖို့, သည်းခံခြင်း ခန္တီနှင့် ဇွဲလုံ့လရှိဖို့ အထူး လိုအပ်လှပါတယ်။
ထိုကဲ့သို့ ခိုင်မာသောစိတ်ဓာတ်, ပြင်းထန်သော ဆန္ဒရှိမှသာလျှင် သာသနာတော်ကြီးဟာ ရေရှည်တည်တံ့ နိုင်မှာ ဖြစ်ပါတယ်။ ''ဘုရင့်နောင်ဖောင်ဖျက်နည်း''ဟာ သာသနာပြုနည်းများစွာထဲက သာသနာပြုနည်းတစ်မျိုး ပါပဲ။ နောက်မဆုတ်တဲ့စိတ်ဟာ သိပ်ပြီးတော့ လိုအပ်ပါ တယ်။

အနှစ်(၉)ပါး
ဒီတော့ နိဂုံးချုပ်အနေနဲ့ ပြောရအောင် အနှစ် ကိုးပါးဆိုတာ ''သုံးပါးရတနာ၊ သုံးသိက္ခာ၊ သုံးဖြာလက္ခဏာ'' ပါပဲ။ ရတနာ ၃-ပါး၊ သိက္ခာ ၃-ပါး၊ လက္ခဏာ ၃-ပါး။ ပေါင်း ၉-ပါး။
ဗုဒ္ဓဆိုတာ အလွန်တရာထူးခြားတဲ့ အတွေးအခေါ် ပညာရှင်တယောက်ပါဆိုတော့ ဗုဒ္ဓရတနာအပေါ်မှာ ယုံ မှားကြတယ်။
ဘုရားရတနာ ရှိတယ်ဆိုပေမယ့် အဲဒီ ဘုရား ကိုယ်တော်မြတ်ရဲ့ အပေါ်မှာ ခုနကပြောသလို မယုံတဝက် ယုံတဝက်နဲ့ ဘုရားကိုးကွယ်တာဆိုတော့ မပြည့်စုံသေးဘူး။
ဘုရားဟောတဲ့ ပိဋကတ်သုံးပုံတော့ လက်ခံပါတယ်။ သို့သော်တချို့ပိဋကတ်တွေဟာ လုပ်ကြံပြီးတော့ ရေးထည့်ထားတာဆိုပြီး ဓမ္မရတနာအပေါ်မှာ ယုံမှားကြတယ်။
ဓမ္မရတနာကို လက်ခံတယ်ဆိုပေမယ့်လဲပဲ တရား အကုန်လက်ခံတာ မဟုတ်ဘူး။ မဂ္ဂင်ရှစ်ပါး သစ္စာ လေးပါး လောက်ပဲ လက်ခံတယ်ဆိုတဲ့လူက အများကြီးပဲ။ ကျန်တဲ့ ပိဋကတ်တွေ အားလုံးဖယ်ပစ်တယ်။ ဒီလိုလဲ ရှိသေးတာ။
သံဃာလို့ဆိုပင်ဆိုသော်လည်း သိပ်မရှိဘူး။ ကမ္မ ဝါစာ မရှိဘူး ဆိုကတည်းက သံဃာဖြစ်ကို ဖြစ်မလာဘူး။ တိဘက်ဘုန်းကြီးတွေ သိမ်ထဲမှာ ရဟန်းဖြစ်တာမဟုတ်ဘူး။ကမ္မဝါစာ မလိုဘူး။ သူတို့နည်းနဲ့ သူတို့လုပ်ကြတာ။
ဘုန်းကြီးတို့ မြန်မာပြည်မှာတော့ အဲဒီ ၉-မျိုးစလုံး အကုန်ရှိတယ်။ အကုန်လုံးကို လက်ခံတယ်။ ဒါ့ကြောင့် အနှစ်ပြည့်တဲ့ တိုင်းပြည်မှာ လူဖြစ်ရတာ အနှစ်ပြည့်တဲ့လူ လာဖြစ်လို့ ကံကောင်းပါတယ်။ ကိုယ့်တန်ဖိုးကို နားလည် ကြပါ။ တန်ဖိုးရှိမှန်းသိမှလည်း တန်ဖိုးထားပါတယ်။
ရတနတ္တယံ စ လက္ခဏံ၊ သိက္ခတ္တယံ စ ထာပရံ။ တိတိဂုဏာ ဣမေ ဓမ္မာ၊ သာရာ ဟိ ပိဋကတ္တယေ။
ရတနတ္တယံ စ၊ ဘုရား၊ တရား၊ သံဃာဟု ဆိုအပ်သော ရတနာသုံးပါးလည်းကောင်း။ သိက္ခတ္တယံ စ၊ သီလ၊ သမာဓိ၊ ပညာဟု ဆိုအပ်သော သိက္ခာသုံးပါးလည်းကောင်း။ လက္ခဏံ လက္ခဏတ္တယံ စ၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ ဆိုရ သည့် လက္ခဏာသုံးပါးလည်းကောင်း။ ဣတိ၊ ဤသို့။ တိတိ ဂုဏာ၊ သုံးသုံးလီ ဖြစ်ကြကုန်သော။ ဣမေဓမ္မာ၊ ဤတရား သည် ကား။ ပိဋကတ္တယေ၊ ဘုရားဟောဖော် ပိဋကတ်သုံးပုံ ပါဠိတော်၌။ သာရာဟိ သာရဧဝ၊ အနှစ်တရားတို့သည် သာလျှင်။ ဟောန္တိ၊ ကောင်းစွာမသွေ ဖြစ်ပါပေကုန် သတည်း။
''သာဓု သာဓု သာဓုပါဘုရား''။


ဆက်လက်ပြီး ဆုတောင်း-၆မျိုးတရားဆဆက်များကို တင်ပြသွားပါမည်။
သီတဂူစတား
၎-၁၁-၂၀၀၉

02 November 2009

သီတဂူစတားဘုံဘေခရီးမှတ်တမ်း (၄)


သီတဂူစတားကို ဘုံဘေ ကမ္ဘာ့ရွှေတိဂုံဘုရားဘေး မြန်မာကျောင်းအုတ်မြစ်ချပွဲအခန်းအနားတွင် အမေရိကန် ကာလီဖိုနီးတက္ကသိုလ်မှ ပါဠိ scholar တစ်ယောက် လာမိတ်ဆက်သည်၊ ၂၀၀၉နှစ် ပူနေးတက္ကသိုလ်တွင် ဒီဇင်ဘာလ တွင်ကျင်းပမည့် နိုင်ငံတကာဗုဒ္ဓဘာသာထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်နှင့် ပါဠိဆောင်းပါးတစ်ခုတင်သွင်းရန် သူ့ကို ပါဠိဌာနမှ ဖိတ်ထားသည်ဟု ပြောပါသည်။ နိုင်ငံခြားသားတစ်ယောက် ပါဠိစာပေအပေါ် စိတ်ဝင်နေသည်ကို မြင်ရတော့ ၀မ်းမြောက်ဝမ်းသာ အထူးဖြစ်မိပါသည်။ သီတဂူစတားတို့အဖွဲ့ ပြန်ဘို့ရန် ဘုရားအောက်ခြေမှာ ကားကို ခဏရပ်ပြီး စာအုပ်အရောင်းဆိုင်မှာ စာအုပ်များရှာနေစဉ် အိန္ဒိယကျောင်းသားဟုထင်ရသည့် ကျောင်းသား နှစ်ယောက် သီတဂူစတားနား ကပ်ပြီး မေးခွန်းလေးခုလောက်မေးသည်၊ အဲဒီအထဲမှာမှ မှတ်မိသည့် မေးခွန်းများကို စာဖက်သူများ- စဉ်းစားနိုင်အောင် ဖော်ပြပါမည်၊
(၁) အရှင်ဘုရားတို့က အိမ်ထောင်ပြုလို့ရလား၊
(၂) ဘာ့ကြောင့် အိမ်ထောင်ပြုခွင့်မပေးတာလဲ၊
(၃) အိမ်ထောင်ပြုတော့ကော ဘာဖြစ်မလဲ၊ ဆိုတဲ့ မေးခွန်းလေးတွေကို ဖြေကြည့်ပါလား။ မေးခွန်းများသည် လွယ်သရောင်ထင်ရပေမဲ့ ကပ်ဖဲ့လာပြီး ချောင်ပိတ်လာသည်အထိ မေးလာနိုင်ပါသည်။ နောက်မေးခွန်းတစ်ခု ထပ်လာနိုင်တာက ငါးပါးသီလလေး လုံလောက်ရုံနဲ့ လူဝတ်ကြောင်တောင် သားမယားနှင့်နေပြီး မဂ်ဖိုလ်ဝင်နိုင်သေးတာပဲ ဘယ်ကြောင့် ရဟန်းတော်များလဲ အိမ်ထောင်နေပြီး မဂ်ဖိုမ၀င်နိုင်ရတာလဲ။
အပြန်ခရီးမှာ-- ကားပေါ် ကားဒရိုင်ဘာ ငိုက်မှာစိုးတာနဲ့ ထိုမေးခွန်းများကို နောင်တော်ကြီး ဦးသုန္ဒရ (Ph.D)ကျောင်းသားအား မေးလိုက်ပါသေးသည်၊ သူတက်နိုင်သည့် အဖြေများပေးပါသည်၊ ဒီမေးခွန်းတွေ သီတဂူစတားကိုယ်တိုင် မေးသည်၊ ဖြေကြည့်သည်၊ သို့သော် ကျေနပ်သည့် အဖြေ အခုထိမရသေးပါ။ စာဖက်သူများဆီက အဖြေလေးတစ်ခု မျော်လင့်ပါတယ်။

သီတဂူစတား
၂-၁၁-၂၀၀၉

သီတဂူစတားဘုံဘေခရီးမှတ်တမ်း (၃)



ဓမ္မသာလာအမည်ရှိ မြန်မာကျောင်းတော်ကြီး၏ အုတ်မြစ်ချ ပန်နပ်ရိုက်အခန်းအနားတွင် သီတဂူစတားတို့အဖွဲ့ မေတ္တာသုတ်တော် (မင်္ဂလာအခါတော်အတွက်)၊ ဇယန္တော ဗောဓိယမူလေ စသော ပုဗ္ဗဏှသုတ် (မင်္ဂလာနက္ခတ်) အောင်တော်မူ ဂါတာများနှင့် ဘ၀တု သဗ္ဗမင်္ဂလာတို့ကို ရွတ်ဆိုပူဇော်ခဲ့ကြသည်၊ ထိုနောက် ဆရာကြီးဂိုအင်ကာက သာသနာရေးလျှောက်ထားခြင်းနှင့် ကျေးဇူးတင်စကားပြောကြားတွင်-
(၁) မြန်မာနိုင်ငံဟာ အိန္ဒိယနှင့် ကမ္ဘာတ၀ှမ်းကို ဗုဒ္ဓဓမ္မများ ပျံ့ပွားစေရာမှာ အလွန်အရေးပါသည့်နိုင်ငံဖြစ်ပါသည်။
(၂) ယခုအခန်းအနားသည် အလွန်အရေးပါသည့်အခန်းအနားဖြစ်ပါသည်၊ မြန်နိုင်ငံနှင့် အိန္ဒိယတို့ ပူးတွဲဆောင်ရွက်သည့် foundation ကြီးတစ်ခုဖြစ်ပါသည်။
(၃) မြန်မာနိုင်ငံကို ကျေးဇူးဆပ်ဘို့ရန်အတွက် မြန်မာမုခ်ဦးကြီးတစ်ခု တည်ဆောက်ဘို့ ပုံကြမ်းများဆွဲနေပါပြီ။
(၄)ဒီစေတီတော်ကြီး၏အဓိပ္ပါယ်မှာ မြန်မာနိုင်ငံမှဓမ္ဓ (တရားတော်များ) သည် အိန္ဒိယနိုင်ငံသို့ ပြန်လည်ရောက်လာခြင်း၏ အထိမ်းအမှတ်ဖြစ်ပါသည်။
(၅)ဘုရား၏ အနုစိတ်နှင့် ပန်ချီ၊ ဗုဒ္ဓ၀င်ပြခန်းမကြီးများတွင် တံဆာဆင်ထားသည့် အနုပညာလက်ရာများသည် မြန်မာနိုင်ငံ၏ ဂုဏ်၊ ကျက်သရေများကို ဖော်ဆောင်နေခြင်းပင်ဖြစ်ပါသည်။
(၆) ဒီစေတီတော်ကြီးသည် ဆရာဖြစ်ခဲ့သူ မြန်မာနိုင်ငံမှ ဆရာကြီးဦးဘခင် ကိုယ်စားပြုသည့်အတွက် ပရိယတ် ပရိပဋ်တို့ကို သန့်စင်စွာ သယ်ဆောင်တော်မူလာကြသော သံဃာတော်များကို အမှတ်ရစေခြင်းဖြစ်ပါသည်။
(၇)သူ၏ သာသနာပြု ဆောင်ရွက်ချက်များကို ကောင်းကင်မှ ဆရာကြီးဦးဘခင်သည် ၀မ်းမြောက်နေမှာ အမှန်ပင်ဖြစ်ပါသည်။
(၈)မြန်မာပြည်ဆရာတော် သံဃာတော်များနှင့် အလှူရှင် စေတနာရှင်များကြောင့် ၀ိပဿနာတရား ကမ္ဘာသို့ ပျံ့နှံ့နေတာဖြစ်ပါတယ်။ ဒါ့ကြောင့် နိဂုံးချုပ်အနေနှင့် မြန်မာပြည်သူပြည်သားအားလုံးကို အထူးကျေးဇူးတင်ပါကြောင်းပြောကြားပါသည်။ အဲဒီနောက်မြန်မာ့ဓလေ့ထုံးတန်းအစဉ်လာအတိုင်း ရွှေမိုးငွေမိုးများရွာသည်၊ သာသာရေးဌာနမှ ဒုဝန်ကြီးကလဲ သူ့မှာရှိသောပိုက်ဆံများကို မကြဲတော့ပဲ သီတဂူစတားတို့အဖွဲ့အား တစ်ပါးလျင် ရှုပီး ၂၀ (မြန်မာကျပ် ငွေဖြင့် ၄၀၀ ကျော်)စီ စက္ကူအဖြစ်သက်မှတ်ပြီးအလှူခံပါဘုရားဟု လျှောက်ရှာသည်။

မှတ်ချက်။ ။ဆရာကြီး၏ဟောပြောစဉ် မီသလောက် မှတ်တမ်းမျှသာဖြစ်ပါသည်။

သီတဂူစတား
၁-၁၁-၂၀၀၉

01 November 2009

သီတဂူစတားဘုံဘေခရီးမှတ်တမ်း (၂)



သီတဂူစတားတို့ ဘုံဘေခရီးစဉ်သည် မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာတစ်ခုဖြစ်သည်၊ ကမ္ဘာ့ရွှေတိဂုံဘုရားကြီး၏အနီးတွင် မြန်မာနိုင်ငံမှ ဆရာတော်သံဃာတော်များနှင့် ဘုရားဖူးခရီးသည်များတည်ခိုနိုင်ဘို့ရန် မြန်မာဘုန်းတော်ကြီးကျောင်း အုတ်မြစ်ချမင်္ဂလာပွဲဖြစ်ပါသည်။ ထိုအခန်းအနားသို့ ပူနေးတက္ကသိုလ်မှ ကျောင်းသားများဖြစ်သော သီတဂူစတားတို့အဖွဲ့၊ အိန္ဒိယနိုင်ငံ မြန်မာသံအမတ်ကြီးမိသားစု၊ သာသနာရေးဝန်ကြီးဌာနမှ ဒုဝန်ကြီးနှင့် ညွန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံမှ ကုသိုလ်ရှင်များနှင့် ဆရာကြီး ဂိုအင်ကာ၏တပည့်ဒကာ ဒကာမများ၊ တက်ရောက်ကြသည်။

သီတဂူစတားဘုံဘေခရီးမှတ်တမ်း (၁)


ပူနေးတက္ကသိုလ်မှ သီတဂူစတားနှင့် နောင်တော်ကြီးတို့ ၇ပါးအဖွဲ့သည် တန်ဆောင်မုန်းလဆန်း (၁၄)ရက်(၃၁-၁၀-၂၀၀၉) နေ့က ဘုံဘေမြို့ ကမ္ဘာ့ရွှေတိဂုံဘုရားကြီးရှိရာသို့ သွားခဲ့ကြသည်။ တက္ကသိုလ်မှ နေ့လည် (၁-၃၀)က ထွက်ခဲ့ရာ ဘုံဘေမြို့သို့ ညနေ (၅)နာရီမှရောက်သည်၊ လမ်းမှာကားဘီးပေါက်သဖြင့် ခရီး တစ်နာရီလောက် နောက်နှေးသွားသည်၊ မြို့ထဲရောက်တော့ ကားလမ်းတွေကြပ်နေတာကြောင့် ဘုရားသို့ ညနေ ၆ နာ ၃၀ မီနှစ်မှ ရောက်သည်။ ထိုဘုရားကြီးသည် ဘုံဘေမြို့ပြင် ပင်လယ်ကမ်းခြေ တောင်ထိပ်ပေါ်မှာတည်ထားသဖြင့် အဝေးကနေ ဖူးမြော်နိုင်ပါသည်၊ ည မောင်မောင်အချိန်မှာ ဘုရားနားရောက်တော့ သူငယ်ချင်းတစ်ယောက်က အားရ၀မ်းသာအော်မိသည်၊ ဟာ-ဘုရားကြီးဆိုပြီ၊ ဘုရားမမြင်ရတာ ကြာနေပြီဖြစ်၍ပင် ၀မ်းသာအားရ အော်မိလိုက်ခြင်းဖြစ်သည်။ မြန်မာပြည်ကို မြန်ရောက်ရသလိုပင်ခံစားရပါသည်။ ဘုရားကြီး၏ထူးခြားဖွယ်တွေမှာ များအပြားပင်၊ ထိုထက် အံသြစရာကား ဘိလပ်မြေလုံးဝ မသုံးဘဲ ကျောက်သားများဖြင့် အဆင့်ဆင့် စီထားသည့်အပြင် လှိုင်ခေါင်းဖြစ်ဖြစ်၍ ယောဂီပေါင်း ၈၀၀၀ကျော် တစ်ပြိုင်တည်း တရားအားထုတ်နိုင်သည်၊ ပို၍အံ့သြဖွယ်မှာ အလွန်ကြီးကျယ်သည့်ဘုရားလှိုင်ခေါင်းအတွင်း၌ တိုင်းဖြောက် လုံးဝ တိုင် မသုံးသည်ကိုတွေ့ရသည်၊ အားလုံအနုပညာလက်ရာများသည် မြန်မာပြည် ပညာရှင်များ၏လက်ရာများပင်တည်း ထိုဘုရာသို့ရောက်လျင် မြန်မာပြည်သို့ရောက်နေသလိုအောင့်မေ့မိသည်။ ကုန်ကျသည့်ပမာဏမှာ မြန်မာငွေဖြင့် ဂဏန်းပင်မရှိဟုဆိုသည်။

စတား "net" ကုသိုလ်ရှင်


သီတဂူစတားရဲ့ ဘလော့ဂ်ကို မြန်မာပြည်သူ ပြည်သားတွေ လေ့လာခွင့်ရအောင် blog အဖြစ်မှ web net အဖြစ် ပြောင်းလဲလိုက်ပါသည်။ ထို net website ကို အမေရိကန်နိုင်ငံမှ မောင်ကိုကို က လှူဒါန်းပါသည်။ ထိုကိုသိုလ်အတွက် မောင်ကိုကိုအား အထူးကျေးဇူးတင်ပါသည်။

သီတဂူစတား
၁၊၁၁၊၂၀၀၉

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes