Wednesday, November 04, 2009
သီတဂူစတား (sitagustar)
1 comment
အနှစ်ကိုးပါး(အပိုင်း-၂၅)
ဗုဒ္ဓကို သားမက်တော်ချင်လို့တဲ့
ဆရာတော်ဘုရားကြီးက ''မနေနိုင်အောင် နှောင့် ယှက်တဲ့နေရာမှာ ဘုရားကိုယ်တော်မြတ်ကဲ့သို့ နေဖြစ် အောင်ကို နေပြရမယ်၊ ငါငယ်ငယ်တုန်းက ဇာတ်ကြည့်ဖူးတယ်''။
''ငယ်ငယ်တုန်းက ဇာတ်သွားကြည့်တော့ အဲဒီတုန်းက ဖိုးစိန်ကြီးဇာတ်၊ အဲဒီဇာတ်ထဲမှာ သာမာဝတီတို့၊ မာဂဏ္ဍီတို့ ဇာတ်ထုပ်ကိုခင်းတာ၊ ဥတေနမင်းဟာ သာမာဝတီမိဘုရားနဲ့ မာဂဏ္ဍီမိဖုရား မိဖုရားနှစ်ယောက် ထားတယ်''။
''မာဂဏ္ဍီဆိုတာ ပုဏ္ဏေးမကြီး၊ ဘုရားကိုယ်တော် မြတ်အပေါ်မှာ မကျေမနပ်ဖြစ်ပြီး ရန်ငြိုးပြင်းထန်တဲ့ မိဖုရားကြီး၊ သူ ရန်ငြိုးပြင်းထန်ပုံက ဒီလို။ သူက အချောအလှ''။
''ဘုရားကိုယ်တော်မြတ် ဒေသစာရီလှည့်ရင်းနဲ့ မာဂဏ္ဍီပုဏ္ဏားကြီးတို့နဲ့ တွေ့ကြတာ''။
''တွေ့တော့ မာဂဏ္ဍီပုဏ္ဏားကြီးက ဘုရားကို ကြည့်ပြီးတော့ 'သြော် လောကမှာ ဒါလောက်ချောတဲ့ ယောက်ျားဟာ ငါ့သားသမက်ဖြစ်ရင် ကောင်းလေစွ' လို့ စိတ်ကူးမိသတဲ့''။
''ငါ့သမက်ဖြစ်ရင် ကောင်းလေစွ၊ ငါ့သမီး ချောနဲ့ လက်ထပ်မယ်ဆိုပြီး၊ အိမ်ခပ်မြန်မြန် ပြန်ပြီးတော့ ဇနီး မယားခေါ်၊ သမီးအလှ မာဂဏ္ဍီကို အလှပြင်ပြီးတော့ သားအမိ သားအဖ သုံးယောက်သား ဘုရားဆီပြန်လာကြတာ''။
''ဘုရားဆီရောက်တော့ ဘုရားကို အပ်တယ်၊ 'အရှင်ဘုရား တပည့်တော်တို့ရဲ့ သမီးဟာ လောကမှာ အချောဆုံးမို့လို့ အချောဆုံးဖြစ်တဲ့ အရှင်ဘုရားနဲ့မှ တော်ပါတယ်၊ သမီး မာဂဏ္ဍီကို ယူတော်မူပါ'လို့ ဘုရားကို သမီး အပ်တယ်''။
'' ဒီတော့ ဘုရားကိုယ်တော်မြတ်က 'မစင်အပြည့် ထားတဲ့ အိုးကို ပန်းချီရေးထားသလို ငါ ထင်တယ်၊ ခြေ ထောက်နဲ့တောင်မှ နင့် သမီးကို ငါ မတို့ချင်ဘူး၊ ငါဘုရား ဖြစ်ကာစ ဗောဓိပင်နားမှာ မာရ်နတ်ကြီး သမီးသုံးယောက် လာအပ်တာတောင် ငါ လက်မခံခဲ့တာ၊ ဒါ့ကြောင့် နင့် သမီးကို ခြေဖျားနဲ့တောင် မတို့လိုဘူး'လို့ ဘုရားက မိန့် လိုက်တယ်''။
''သူကတော့ လောကမှာ အချောဆုံးသမီး၊ အမြတ် ဆုံးသမီးဆိုပြီးတော့ မြတ်မြတ်နိုးနိုးထား၊ ဘုရားက အဲဒီလို ပြောလိုက်တော့ ဘုရားကိုစိတ်ဆိုးပြီးတော့ ရန်ငြိုးထားတာ၊ အဲဒီမှာ မာဂဏ္ဍီပုဏ္ဏေးမလေးဟာ ဘုရားအပေါ်မှာ မကျေနပ်တာ''။
''ငါသာ တွန်းလှန်နိုင်တဲ့အချိန် တုံပြန်နိုင်တဲ့ အချိန်မှာ ဒီသိဒ္ဓတ္ထကို တုံ့ပြန်လိုက်ဦးမယ်လို့ ရန်ငြိုးထားပြီး တော့ ဘုရားရှင်ကိုယ်တော်မြတ် ကောသမ္ဗီပြည်အကြွမှာ အကြီးအကျယ် အနှောင့်အယှက်တွေပေးတာ၊ ဘုရား မနေ နိုင်အောင်လုပ်တယ်၊ လူငယ်တွေကို အရက်တိုက်၊ မြှောက် ပေးပြီးတော့ ဘုရားကို အဆဲခိုင်းတယ်''။
''သာမာဝတီကလဲ ခုဇ္ဇုတ္တရာရဲ့တရားကို နာပြီး တော့ သောတာပန်ဖြစ်တော့ ဘုရားကို သိပ်ပြီးတော့ ကြည် ညိုတယ်၊ မပြတ် မပြတ်တရားနာ၊ သင်္ကန်းတွေလှူ၊ ဒီလိုလုပ်နေတာ၊ ဥတေနမင်းက ဘုရားကို မကြည်ညိုသေးဘူး၊ အဲဒီ တော့ မာဂဏ္ဍီက အခွင့်ရတယ်''။
''သာမာဝတီတို့ မြတ်ဘုရားကို ဂရုစိုက်လေသမျှ မာဂဏ္ဍီ က ကုန်းတိုက်စရာ အကွက်ချည်း ဖြစ်ဖြစ်နေတယ်၊ ဘုရားကိုယ်တော်မြတ်နဲ့ သာမာဝတီဟာ တိတ်တဆိတ် ဖောက်ပြန်နေသလိုလို သူက ဥတေနမင်းကြီးကို သွားသွား ပြီးတော့ တိုက်တာ''။
''အဲဒီမှာ ဥတေနကလဲပဲ သူ့အသက်ထိရင် တော်သေးတယ်၊ မိဖုရားထိရင်တော့ အသက်ကို ထိတာထက် ဆိုးတယ်၊ ဟုတ်လား၊ အဲဒီတော့ ဥတေနကလဲ ဒေါသူပုန်ထတော့ ဘုရားကိုယ်တော်မြတ်ဟာ အဲဒီ ကောသမ္ဗီပြည်မှာ ဒုက္ခ ဖြစ်လိုက်တာ''။
''ဘုရားကိုယ်တော်မြတ် ကောသမ္ဗီမှာ မနေနိုင်အောင် မာဂဏ္ဍီက ကုန်းတိုက်ပြီးတော့ ဥတေနမင်းရဲ့ အကူအညီနဲ့ ဘုရားကို နှင်ထုတ်သလိုပဲတဲ့၊ တို့ သာသနာပြု ရဟန်းတော်တွေ အိန္ဒိယမှာ မနေနိုင်အောင် ဒီလိုလုပ်တဲ့ ပုဂ္ဂိုလ်တွေ အများကြီးပဲ''လို့ ဆရာတော်ကြီး ပြောပြတယ်။
သာသနာပြုပုဂ္ဂိုလ်များရဲ့ အရည်အချင်း
ဘာပဲဖြစ်ဖြစ် ဘုန်းကြီးတို့ သာသနာ့ဝန်ထမ်း ရှင် ရဟန်းများဟာ နောင်ခါးဆရာတော်ကြီးကို နမူနာယူပြီး ကိုယ့်တစ်နေရာတည်းမှာ မနေဘဲ လိုအပ်တဲ့နေရာမှာ နေဖို့, ဘာသာခြားတွေ ဘယ်လိုပင် နှောက်ယှက် နှောက်ယှက် ခုံခံကာကွယ်ဖို့, သည်းခံခြင်း ခန္တီနှင့် ဇွဲလုံ့လရှိဖို့ အထူး လိုအပ်လှပါတယ်။
ထိုကဲ့သို့ ခိုင်မာသောစိတ်ဓာတ်, ပြင်းထန်သော ဆန္ဒရှိမှသာလျှင် သာသနာတော်ကြီးဟာ ရေရှည်တည်တံ့ နိုင်မှာ ဖြစ်ပါတယ်။ ''ဘုရင့်နောင်ဖောင်ဖျက်နည်း''ဟာ သာသနာပြုနည်းများစွာထဲက သာသနာပြုနည်းတစ်မျိုး ပါပဲ။ နောက်မဆုတ်တဲ့စိတ်ဟာ သိပ်ပြီးတော့ လိုအပ်ပါ တယ်။
အနှစ်(၉)ပါး
ဒီတော့ နိဂုံးချုပ်အနေနဲ့ ပြောရအောင် အနှစ် ကိုးပါးဆိုတာ ''သုံးပါးရတနာ၊ သုံးသိက္ခာ၊ သုံးဖြာလက္ခဏာ'' ပါပဲ။ ရတနာ ၃-ပါး၊ သိက္ခာ ၃-ပါး၊ လက္ခဏာ ၃-ပါး။ ပေါင်း ၉-ပါး။
ဗုဒ္ဓဆိုတာ အလွန်တရာထူးခြားတဲ့ အတွေးအခေါ် ပညာရှင်တယောက်ပါဆိုတော့ ဗုဒ္ဓရတနာအပေါ်မှာ ယုံ မှားကြတယ်။
ဘုရားရတနာ ရှိတယ်ဆိုပေမယ့် အဲဒီ ဘုရား ကိုယ်တော်မြတ်ရဲ့ အပေါ်မှာ ခုနကပြောသလို မယုံတဝက် ယုံတဝက်နဲ့ ဘုရားကိုးကွယ်တာဆိုတော့ မပြည့်စုံသေးဘူး။
ဘုရားဟောတဲ့ ပိဋကတ်သုံးပုံတော့ လက်ခံပါတယ်။ သို့သော်တချို့ပိဋကတ်တွေဟာ လုပ်ကြံပြီးတော့ ရေးထည့်ထားတာဆိုပြီး ဓမ္မရတနာအပေါ်မှာ ယုံမှားကြတယ်။
ဓမ္မရတနာကို လက်ခံတယ်ဆိုပေမယ့်လဲပဲ တရား အကုန်လက်ခံတာ မဟုတ်ဘူး။ မဂ္ဂင်ရှစ်ပါး သစ္စာ လေးပါး လောက်ပဲ လက်ခံတယ်ဆိုတဲ့လူက အများကြီးပဲ။ ကျန်တဲ့ ပိဋကတ်တွေ အားလုံးဖယ်ပစ်တယ်။ ဒီလိုလဲ ရှိသေးတာ။
သံဃာလို့ဆိုပင်ဆိုသော်လည်း သိပ်မရှိဘူး။ ကမ္မ ဝါစာ မရှိဘူး ဆိုကတည်းက သံဃာဖြစ်ကို ဖြစ်မလာဘူး။ တိဘက်ဘုန်းကြီးတွေ သိမ်ထဲမှာ ရဟန်းဖြစ်တာမဟုတ်ဘူး။ကမ္မဝါစာ မလိုဘူး။ သူတို့နည်းနဲ့ သူတို့လုပ်ကြတာ။
ဘုန်းကြီးတို့ မြန်မာပြည်မှာတော့ အဲဒီ ၉-မျိုးစလုံး အကုန်ရှိတယ်။ အကုန်လုံးကို လက်ခံတယ်။ ဒါ့ကြောင့် အနှစ်ပြည့်တဲ့ တိုင်းပြည်မှာ လူဖြစ်ရတာ အနှစ်ပြည့်တဲ့လူ လာဖြစ်လို့ ကံကောင်းပါတယ်။ ကိုယ့်တန်ဖိုးကို နားလည် ကြပါ။ တန်ဖိုးရှိမှန်းသိမှလည်း တန်ဖိုးထားပါတယ်။
ရတနတ္တယံ စ လက္ခဏံ၊ သိက္ခတ္တယံ စ ထာပရံ။ တိတိဂုဏာ ဣမေ ဓမ္မာ၊ သာရာ ဟိ ပိဋကတ္တယေ။
ရတနတ္တယံ စ၊ ဘုရား၊ တရား၊ သံဃာဟု ဆိုအပ်သော ရတနာသုံးပါးလည်းကောင်း။ သိက္ခတ္တယံ စ၊ သီလ၊ သမာဓိ၊ ပညာဟု ဆိုအပ်သော သိက္ခာသုံးပါးလည်းကောင်း။ လက္ခဏံ လက္ခဏတ္တယံ စ၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ ဆိုရ သည့် လက္ခဏာသုံးပါးလည်းကောင်း။ ဣတိ၊ ဤသို့။ တိတိ ဂုဏာ၊ သုံးသုံးလီ ဖြစ်ကြကုန်သော။ ဣမေဓမ္မာ၊ ဤတရား သည် ကား။ ပိဋကတ္တယေ၊ ဘုရားဟောဖော် ပိဋကတ်သုံးပုံ ပါဠိတော်၌။ သာရာဟိ သာရဧဝ၊ အနှစ်တရားတို့သည် သာလျှင်။ ဟောန္တိ၊ ကောင်းစွာမသွေ ဖြစ်ပါပေကုန် သတည်း။
''သာဓု သာဓု သာဓုပါဘုရား''။
ဆက်လက်ပြီး ဆုတောင်း-၆မျိုးတရားဆဆက်များကို တင်ပြသွားပါမည်။
သီတဂူစတား
၎-၁၁-၂၀၀၉
Posted in: တရားတော်
Email This
BlogThis!
Share to Facebook
1 comments:
ဘုန်းဘုန်း တကယ်ကို အနှစ်ရှိတဲ့ စာကောင်းလာဖတ်ပါတယ်
ဦးတင်ပါတယ်ဘုရား
Post a Comment