
Sunday, February 13, 2011

sitagustar
1 comment

သီတဂူဆရာတော်ကြီးက သီတဂူအာရောဂျဒါန ဆေးရုံတော်ကို ဖွင့်ရန်

သီတဂူဆရာတော်ကြီးကို ဖူးမျှော်ရန် ထားဝယ်သူ ထားဝယ်သားများ ကြိတ်ကြိတ်တိုးနေစဉ်

သီတဂူအာရောဂျဒါန ဆေးရုံတော်ကြီးရှေ့တွင် ဆရာတော်ကြီးအား ၀န်းရံလျက် ဆရာဝန်များ သူနာပြုများနှင့် အမှတ်တရ

ဆရာတော်ကြီးက ခွဲစိပ်ပြီး အဖွားအား ဟာသနော၍ မေးမြန်းနေစဉ်

ဆရာတော်ကြီးက အစ္စလာမ်ဘာသာဝင်အမျိုးသမီးတစ်ယောက်အား ကြည့်ရှုပေးနေစဉ်

ဆရာတော်ကြီးက လူမျိးမရွေး ဘာသာမရွေး အားပေးနေစဉ်

ဆရာတော်ကြီးက အစ္စလာမ်ဘာသာဝင်အမျိုးသားတစ်ယောက်အား အားပေးစကား ပြောကြား

သီတဂူအာရောဂျဒါန ဆေးရုံတော်အတွင်း ခွဲစိပ်ပြီး မျက်စိဝေဒနာရှင်များ

ခွဲစိပ်ကုသရန် အဆင်သင့်ဖြစ်နေသော မျက်စိဝေဒနာရှင်များ

ဆေးရုံတော်ရှေ့တွင် ဆရာတော်ကြီးနှင့် သီတဂူသာသနာပြုအဖွဲ့ အမှတ်တရ

သီတဂူအာရောဂျဒါနဆေးရုံ (ထားဝယ်) ၏ ပုံပြည့်မြင်ကွင်း
၁၃၇၂ ခုနှစ် တပိုတွဲလဆန်း(၉)ရက်၊ (12-2-2011) ပြည်ထောင်စုနေ့တွင် တနင်္သာရီတိုင်း ထားဝယ်မြို့၌ သီတဂူအာရောဂျဒါနဆေးရုံ (ထားဝယ်) ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည်။ ထိုဆေးရုံအဆောက်ဦးကြီးကို ထားဝယ်မြို့သူ မြို့သားများက ဆောက်လုပ်လှူဒါန်းပြီး ဆေးရုံသုံးပစ္စည်းအားလုံးနှင့်လူနာသုံး ပစ္စည်းများကို သီတဂူသာသနာပြုအဖွဲ့က လှူဒါန်းသည်။
ပြည်ထောင်စုနေ့တွင် သီတဂူဆရာတော်ကြီးကိုယ်တိုင် ကြွရောက်ပြီး စစ်ဆေးခြင်း၊ လိုအပ်သည်များကို ဖြည့်စွပ်ခြင်းများကို ပြုလုပ်ပြီး ဖွင့်လှစ်ပေးခဲ့သည်။ သီတဂူအာရောဂျဒါန (ထားဝယ်) ဆေးရုံသည် သီတဂူဆေးရုံများ၏ ၁၀ ခုမြောက်ဖြစ်သည်။
ဆေးရုံဖွင့်ပွဲအခမ်းအနားမတိုင်မီ စစ်ကိုင်းမြို့ သီတဂူအာယုဒါနဆေးရုံမှ ဆေးရုံးအုပ်ကြီး ဒေါက်တာခင်မောင်ဇော်နှင့်အဖွဲ့ ကြိုတင်ပြင်ဆင်မှုနှင့် လိုအပ်သည်များကို ဖြည့်ဆည်းသည်။ ထို့နောက် စစ်ကိုင်း သီတဂူအာယုဒါနဆေးရုံ မျက်စိအထူးကုဌာနမှ ဆေးရုံအုပ် ဒေါက်တာမိမိခင်နှင့်သူနာပြုများ လိုက်ပါပြီး မျက်စိဝေဒနာရှင်များကို လူမျိုးမရွေး ဘာသာမခွဲခြားဘဲ ကြိုတင်စစ်ဆေးမှုများ ပြုလုပ်ပေးသည်။ ခွဲရမည့်လူနာနှင့် ခွဲစရာမလိုဘဲ ဆေးစားရမည့် မျက်စိဝေဒနာရှင်များကို စနစ်တကျ စစ်ဆေးသည်။
ပညာဒါန လုပ်အားဒါနပြုကြသော မျက်စိအထူးကု ဆရာဝန်ကြီးများမှာ---
၁။ ဒေါက်တာ မြအောင်
၂။ ဒေါက်တာ သိန်းမြင့် (အင်္ဂလန်)
၃။ ဒေါက်တာ စဂျေလွင်
၎။ ဒေါက်တာ ပွင့်ဦး
၅။ ဒေါက်တာ တင့်ဇော်ဦး
၆။ ဒေါက်တာမင်းသန်းနိုင်ဦး (ထားဝယ် မျက်စိဆေးရုံ) နှင့်သူနာပြုများ၊ တက္ကသိုလ် ကောလိပ်မှ ဆရာ ဆရာများ၊ သီတဂူအာယုဒါနမှ ဆေးရုံအုပ်ကြီး၊ မျက်စိဌာနမှ ဆေးရုံအုပ် နှင့် အထူးသူနာပြု ဆရာ ဆရာမတို့ ဖြစ်ကြသည်။
၈-၂-၂၀၁၁ နေ့မှ ၁၃-၂-၂၀၁၁ အထိ မနားမနေ စစ်ဆေးခြင်းနှင့် ခွဲစိတ်မှုပြုလုပ်ခဲ့ရာ ယနေ့ ၁၂ ရက်နေ့အထိ ၃၀၅ ယောက် ခွဲစိတ်ပြီးဖြစ်သည်။ ကျန်လူနာများကို ယနေ့ ၁၃ ရက်နေ့ အပြီးသက် ခွဲစိတ်မည်ဟုသိရသည်။
စမ်းသပ်စစ်ဆေး- လူနာ ၁၅၀၀ (တစ်ထောင်ငါးရာ)ကျော် နှင့် ခွဲစိတ်ပြီး- မျက်စိ ဝေဒနာရှင် ၃၁၈ ယောက်ကို မျက်စိအလင်း ပေးနိုင်ခဲ့ပါသည်။
ဆရာတော်ကြီး၏ စီမံညွန်ကြားချက်အတိုင်း သီတဂူသာသနာပြုအဖွဲ့၏ ဘာသာရေး လူမှုရေးလုပ်ငန်းများကို ပါဝင်ပြီး ကာယဒါန ပြုကြသော ထားဝယ်မြို့သူမြို့သားများ၊ ဓနဒါန အလှူငွေများနှင့် ဆေးရုံသုံးပစ္စည်းများ လှူဒါန်းကြသော ထားဝယ်သူ ထားဝယ်သားများနှင့် အနယ်နယ်အရပ်ရပ်ရှိ အလှူရှင်များ၊ ဥာဏဒါန- မိမိတို့အတက်ပညာဖြင့် လုပ်အားပေးကြသော အနယ်နယ် အရပ်ရပ်ရှိ မျက်စိအထူးကုဆရာဝန်ကြီးများ၊ သူနာပြုများနှင့် အခြားကုသိုလ်ရှင်များ အားလုံးကို ဤပို့စ်ဖြင့် ဂုဏ်ပြုမှတ်တမ်းတင်ပါသည်။
နှိုးဆော်
ဤသို့အားဖြင့် သီတဂူသာသနာပြုအဖွဲ့၏ အင်တိုက်အားတိုက် အဆက်မပြတ် ဘာသာရေး၊ လူမှုရေး ဆောင်ရွက်မှုများတွင် ကိုယ်စွမ်းသလောက် ဥာဏ်စွမ်းရှိသလောက် မည်သူမဆို ပါဝင်နိုင်ပါကြောင်းလည်း တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
၁၃-၂-၂၀၁၁

Friday, February 11, 2011

sitagustar
No comments
တပေါင်းလပြည့်နေ့ ပိုစ့် ဖိတ်ခေါ်
၁၃၇၂ခုနှစ် တပေါင်းလပြည့်နေ့ ( ၁၉-၃-၂၀၁၁) သီတဂူဆရာတော်ကြီး၏ သက်တော် (၇၄) နှစ်ပြည့်မွေးနေ့ပွဲကို စစ်ကိုင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီး အတွင်းမှာပဲ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
မွေးနေ့---- တပေါင်းလပြည့်နေ့ ( ၁၉-၃-၂၀၁၁)
အစီအစဉ်
မွေးနေ့ပွဲက ရိုးရိုးရှင်းရှင်းလေးနဲ့ အလွန်ခန်းနားထယ်ဝါစွာ ကျင်းပမည်ဖြစ်သည်။ နှစ်စဉ်ကျင်းပမြဲအတိုင်းပဲ သံဃာ ၁၀၀၀ သီလရှင်ဆရာလေး အပါး ၁၀၀၀ တို့အား သင်္ကန်း စသည့်လှူပွဲများနှင့် ဆွမ်းဟင်းများ လောင်းလှူကြခြင်းဖြစ်သည်။
၁။ တပေါင်းလဆန်ုး (၁၂) (၁၆-၃-၂၀၁၁) ရက်နေ့
သီလရှင်ဆရာလေး (၁၀၀၀) တစ်ထောင်တို့အား သီလရှင် အ၀တ်အစုံ၊ အခြားလှူဖွယ်များလှူဒါန်းပြီး မုန့်ဟင်းခါးဆွမ်းဖြင့် ဆက်ကပ်ပါမည်။
၂။ တပေါင်းလဆန်း (၁၃) (၁၇-၃-၂၀၁၁) ရက်နေ့
သံဃာတော် အပါး (၁၀၀၀) တစ်ထောင် တို့အား သပိတ် သင်္ကန်း၊ ဆွမ်းခဲဖွယ်များနှင့် အခြားအသုံးအဆောင် ပစ္စည်းများကို လောင်းလှူပါမည်။
တပေါင်းလဆန်း (၁၄) (၁၈-၃-၂၀၁၀) ရက်နေ့
ဆရာတော်ကြီးသည် စစ်ကိုင်းတိုင်းမှူး၏ အကူအညီဖြင့် ပျက်စီးယိုယွင်းပြီး ချုံတွေဖြင့် ပိတ်ဖုံးနေသော မဟာစည်းခုံစေတီတော်ကြီးကို ပြန်လည်ပြုပြင် တည်ဆောက်လျက်ရှိရာ၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော် တင်လှူပွဲကြီး ကျင်းပပါမည်။
တပေါင်းလဆန်း (၁၅) ၁၉-၃-၂၀၁၁) ရက်နေ့
မဟာစည်ခုံစေတီတော်ကြီး အောင်မြင်ခြင်းအထိမ်းအမှတ် ရေစက်ချ အခမ်းအနား ကျင်းပပါမည်။
နှိုးဆော်
ဆရာတော်ကြီး၏ လူမျိုး ဘာသာ သာသနာပြုစိတ်ဓာတ်တို့ကို အာရုံပြု၍ ဂါထာ၊ ဆောင်ပုဒ်၊ ကဗျာ၊ ဆောင်းပါးနှင့် ပို့စ်များကို ရေးသား ပူဇော်နိုင်ပါသည်။ ကိုယ်ပိုင် ၀က်ဘဆိုက်၊ ဘလော့ဂ်ရှိလျှင် ကိုယ့်ဆိုက်မှာပဲ တင်နိုင်ပါသည်၊ အကယ်၍ ကိုယ်ပိုင် ဘလော့ဂ်၊ ၀က်ဘဆိုက် မရှိပါက သီတဂူစတားဆိုက်တွင် တင်ပြီး ပူဇော်ပေးပါမည်။
Sitagustar.0073@gmail.com
Sitagustar2010@gmail.com
မေးလ်များသို့ ပေးပို့နိုင်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၁-၂၀၁၀

Sunday, February 06, 2011

sitagustar
No comments

သီတဂူအာယုဒါနဆေးရုံ စစ်ကိုင်း

သီတဂူစက္ခုဒါနဆေးရုံ သီပေါမြို့၊ ရှမ်းပြည်နယ်

သီတဂူစက္ခုဒါနဆေးရုံ ကလေးမြို့၊ စစ်ကိုင်းတိုင်းဒေသ

သီတဂူတက်လမ်းစက္ခုဒါနဆေးရုံ မင်းတပ်မြို့၊ ချင်းပြည်နယ်

သီတဂူဗြဟ္မာယုပြည်သူ့ဆေးရုံ
ဆားတောင်၊ စစ်ကိုင်း

သီတဂူဒီပင်္ကရာစက္ခုဒါနဆေးရုံ
နတ်မောက်မြို့၊ မကွေးတိုင်းဒေသ
သီတဂူဆရာတော်ကြီး ဦးဆောင်ပဓာနပြုလျက် သီတဂူသာသနာပြုအဖွဲ့ကြီး၏ အဓိက စီမံကိန်းများဖြစ်သော စစ်ကိုင်းတောင် ရေအလှူတော် (1982 ခုနှစ်)၊ သီတဂူအာယုဒါန ဆေးရုံအလှူတော် (1989)နှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အလှူ ဟူသော စီမံကိန်းကြီး ၃ ရပ်ကို ပင်မထားကာ ဘာသာရေး လူမှူကယ်ဆယ်ရေးနှင့် အခြားသော လူမှုအကျိုးပြုလုပ်ငန်းများကို မနားမနေ အင်တိုက်အားတိုက် ဆောင်ရွက်လာရာ အလွန်အောင်မြင်လာခဲ့သည်။
သီတဂူသာသနာပြုအဖွဲ့ကြီးကို ၁၉၈၀ ကဆုန်လပြည့်နေ့တွင် တည်ထောင်သည်။ ထိုအဖွဲ့ကြီးကို သာသနာတော်တွင် အလေးဂရုပြုအပ်သော ဆရာတော်ကြီးများ၏ သြ၀ါဒကိုခံယူကာ ဦးဆောင်ပဓာနအဖြစ် သီတဂူဆရာတော်ကြီးက ဆောင်ရွက်ပြီး ထိုအဖွဲ့ကြီးတွင် senate ဆရာတော်များအဖြစ် ဆရာတော်ကြီး လေးပါးက ဆောင်ရွက်လျက် သီတဂူဝန်ဆောင်သံဃာ့အဖွဲ့နှင့် အထက်/အောက်မြန်မာပြည် ကပ္ပိယကာရအဖွဲ့တို့ဖြင့် စနစ်တကျ ဖွဲ့စည်းထားသည်။
သီတဂူဆေးရုံများ
ယခုအခါ စစ်ကိုင်းတောင် သီတဂူအာယုဒါနဆေးရုံအပြင် မြန်မာနိုင်ငံ တိုင်းဒေသကြီး (၇) ခုနှင့် ပြည်နယ်ကြီး (၇)ပြည်တို့၌ သီတဂူအရောဂျဒါဆေးရုံ၊ သီတဂူစက္ခုဒါနဆေးရုံအမည်ရှိ ၁၆ ခုကို တိုးချဲ့ တည်ဆောက်လျက်ရှိသည်။
ဖွင့်လှစ်ပြီးဆေးရုံးများ
၁။ သီတဂူအာယုဒါနဆေးရုံ
စစ်ကိုင်းတောင်။ စစ်ကိုင်းမြို့၊ စစ်ကိုင်းဒေသ
၁၉၈၉ ခုနှစ် ဖွင့်လှစ်သည်။
၂။ သီတဂူမြမေတ္တာ စက္ခုဒါန ဆေးရုံ
ပန်းတနော်၊ ဧရာဝတီတိုင်းဒေသ
၂၀၀၈ ခုနှစ်တွင် ဖွင့်လှစ်သည်။
၃။ သီတဂူစက္ခုဒါနဆေးရုံ
သီပေါမြို့၊ ရှမ်းပြည်နယ်
၂၀၀၈ နှစ်တွင် ဖွင့်လှစ်သည်။
၎။ သီတဂူစက္ခုဒါနဆေးရုံ
ကလေးမြို့။ စစ်ကိုင်းတိုင်း
၂၀၀၉ ခုနှစ်တွင် ဖွင့်လှစ်သည်။
၅။ သီတဂူအာရောဂျဒါနဆေးရုံ
စဥ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာ၊ မန္တလေးတိုင်းဒေသ
၂၀၁၁ နှစ်တွင် ဖွင့်လှစ်သည်။
၆။ သီတဂူဒီပင်္ကရာစက္ခုဒါနဆေးရုံ
နတ်မောင်မြို့၊ မကွေးတိုင်းဒေသ
၂၀၁၀ ခုနှစ်တွင် ဖွင့်လှစ်သည်။
၇။ သီတဂူဗြဟ္မာယုပြည်သူ့ဆေးရုံ
ဆားတောင်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး
၂၀၁၀ ခုနှစ်တွင် ဖွင့်လှစ်သည်။
၈ ။ သီတဂူအာရောဂျဒါနဆေးရုံ
ရင်းငြိမ်၊ မွန်ပြည်နယ်။
၂၀၁၀ ခုနှစ်တွင် ဖွင့်လှစ်သည်။
၉။ သီတဂူတက်လမ်းစက္ခုဒါနဆေးရုံ
မင်းတပ်မြို့၊ ချင်းပြည်နယ်။
၂၇-၁၂-၂၀၁၀ ခုနှစ်တွင် ဖွင့်လှစ်သည်။
၁၀။ သီတဂူအာရောဂျဒါနဆေးရုံ
ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသ
၁၂-၂-၂၀၁၁ နေ့ ဖွင့်လှစ်သည်။
၁၁။ သီတဂူရွှေပြည်ဟိန်းစက္ခုဒါနဆေးရုံ
ရန်ကုန်။
ဧပြီလ (၂၇) ၂၀၁၁ ခုနှစ်တွင် ဖွင့်လှစ်သည်။
တည်ဆောက်ဆဲဆေးရုံးများ
၁၂။ သီတဂူအာရောဂျဒါနဆေးရုံ
မြိုင်ကြီးငူဒေသ၊ ကရင်ပြည်နယ်
၁၃။ သီတဂူစက္ခုဒါနဆေးရုံ
လွိုင်ကော်မြို့၊ ကယားပြည်နယ်
၁၄။ သီတဂူစက္ခုဒါနဆေးရုံ
မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်
၁၅။ သီတဂူမေတ္တာဆေးရုံ
အင်းလေးဒေသ၊ ဟဲယားရွာမ၊ ရှမ်းပြည်နယ်။
၁၆။ သီတဂူစက္ခုဒါနဆေးရုံ
သံတွဲမြို့၊ ရခိုင်ပြည်နယ်။
မှတ်ချတ်။ ။ ဓာတ်ပုံများမစုံသေးသဖြင့် ရောက်ရှိလာပြီးသော ဓာတ်ပုံများကိုသာ တင်လိုက်ရပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
၆-၂-၂၀၁၁

Sunday, February 06, 2011

sitagustar
No comments
စာမိတ်ဆက်
စီဘောက်ကနေ မေးလာတဲ့ မေးခွန်း ဖြစ်ပါတယ်၊ အမှန်တကယ်တော့ မေးလာတဲ့မေးခွန်းတွေကို ဖြေလေ့ ဖြေထ မရှိခဲ့ပါဘူး၊ မဖြေချင်တာထက် အချိန်သိပ်မပေးနိုင်လို့ ပြောရင် ပိုမှန်ပါတယ်။ သို့သော်လည်း မိမိကိုယ်တိုင်က ခင်ပွန်းကြီးဆယ်ပါးကို ဖတ်ကြည့်ချင်နေတာ အမှန်ပါ၊ လွန်ခဲ့သော ၈ နှစ် လောက်ကဖြစ်မယ်ထင်တယ်၊ ညောင်ရွှေမြို့ ရွှေကျင်သာသနာပိုင် ညောင်ရွှေဆရာတော် ကြီးကျောင်းတိုက်မှာ ၁၅ ကြိမ်မြောက် ဂိုဏ်းလုံးကျွတ်အစည်းအဝေးကြီး ကျင်းပခဲ့တယ်၊ စာရေးသူတို့လည်း သီတဂူဆရာတော်ကြီးက ခေါ်သဖြင့် လိုက်ပါခွင့်ရသည်၊ အဲဒီအစည်းအဝေးမှာ စာရေးသူတို့အဖွဲ့က ပြန်ကြားရေး တာဝန်ယူရခြင်းဖြစ်ပါတယ်။ မှတ်မိပါသေးသည် သီတဂူဆရာတော်ကြီး၊ ယောဆရာတော်ကြီးနှင့် မြစင်္ကြာဆရာတော်ကြီးများက ညစဉ် အလှည့်ကျ တရားတော်များ ဟောကြားခဲ့ကြသဖြင့် တစ်နေရာတည်းမှာ ကမ္ဘာကျော်ဆရာတော်ကြီးများ၏ တရားတော်များကို နာကြားခွင့် ရခဲ့သည်။ ထိုတရားပွဲ တစ်နေ့မှာ မြစင်္ကြာဆရာတော်ကြီးက ခင်ပွန်းကြီးဆယ်ပါးအကြောင်း အကျယ်တ၀န့် ဟောခဲ့သည်။ အဲနေ့ကစပြီး ခင်ပွန်းကြီးဆယ်ပါးဆိုတာ ဘယ်စာအုပ် ဘယ်ကျမ်းစာထဲမှာ ပါသလဲ? ဆိုတဲ့ မေးခွန်း ကိုယ့်ကိုယ်ကို မေးခဲ့ဖူးသည် သို့သော် ရှာမဖတ်ဖြစ်ခဲ့။ အခုတော့ မောင်မောင်လွင်က ခင်မွန်ကြီး ၁၀ ပါးအကြောင်း သိချင်လိုပါ အရှင်ဘုရားဟု ဆိုလာသဖြင့် ပြန်လည် အမှတ်ရမိသည်။ ဒီတစ်ခါတော့ ငါ ရအောင်ရှာမယ်ဟု စိတ်ဆုံးဖြတ်ဖြင့် ပို့စ်တစ်ခု အနေဖြင့် တင်ဖြစ်လိုက်ရပါသည်။
ခင်ပွန်းကြီး ဆယ်ပါး
ကျေးဇူးလည်းမမေ့အပ် မပြစ်မှားအပ် မပြစ်မှားထိုက်သော မိတ်ဆွေကောင်းကြိး ဆယ်ယောက်ရှိသည်။ ထိုမိတ်ဆွေကောင်းကြီးများကို ခင်ပွန်းကြီးဟုလည်း ခေါ်ကြသည်။ သမံ ခမတီတိ သမီးခင်မွန်း။ တစ်ယောက်ကို တစ်ယောက် သီးခံခွင့်လွတ် နားလည်ပေးခြင်း၊ အညီအမျှ ခွင့်လွတ် နားလည်ပေးကြခြင်းကြောင့် သမီးခင်မွန်းဟု ခေါ်ဆိုသည်။ လင်နှင့်မယားကို ရည်ညွှန်းသည်။ ဤနေရာ၌ ခင်ပွန်းကြီးသည် မိမိလင် ခင်ပွန်းထက် မြင့်မြတ်သော ပုဂ္ဂိုလ်ဖြစ်ရာကား ‘‘ကြီး’’ ဟု မွန်မွန်မြတ်မြတ် လေးလေးစား ဂုဏ်ပြုပြီး ခင်ပွန်းကြီးဟူ၍ ဆိုလိုဟန် တူပါသည်။
ခင်ပွန်းကြီး ၁၀ ယောက်ရှိသည်ဟု စာပေမှာတွေ့ရပါသည်။ သရုပ်ပြအဘိဓာန်တွင် ထိုခင်ပွန်းကြီး ၁၀ ယောက်ကို အောက်ပါအတိုင်း ပြဆိုထားပြီး တေမိယဇာတက ပါဠိတော်,ဒု-၁၅၀ မှာပါရှိဟုပြထားသည်။ သို့သော်လည်း ထိုပါဠိတော် အဋ္ဌကထာမှာတော့ ဒသ မိတ္တပူဇဂါထာ အာရဘိ ဟုပြဆိုထားသည်၊ မိတ်ဆွေကောင်း ဆယ်ပါးကို ပူဇော်တဲ့ ဂါထာများဖြစ်သည်ဟု ဆိုသည်။ ထိုဆယ်ပါးသရုပ်ကိုကား ပြမထား၊ မိတ္တာနံ-ဗုဒ္ဓါဒီနံ ကလျာဏမိတ္တာနံ- ဘုရားစသော မိတ်ဆွေကောင်း ဆယ်ယောက်ဟုသာ ဆိုထားသည်။ သို့ပေမဲ့ သရုပ်ပြ အဘိဓာန်မှာတော့ သရုပ်ပြအဘိဓာန်ဆိုသည့်အတိုင်း ထိုဇာတကပါဠိတော်ကို ကိုးကားပြီး ထို ၁၀ ပါးကို သရုပ်ပြထားသည်။
ထို ၁၀ ပါးကား--
၁။ ဗုဒ္ဓ-သဗ္ဗညူတ ဘုရားရှင်
၂။ ပစ္စေကဗုဒ္ဓ- ဘုရားငယ်ဟုခေါ်သော ပစ္စေကဗုဒ္ဓ (သာသနာပ-သာသနာမထွန်းကားရာအချိန်၌ ပေါ်ထွန်းလာသော ဘုရားငယ်)။
၃။ ပကတိသာဝက ( ရဟန္တာ- ကိလေသာ, စိတ်အညစ်အကြေး လုံးဝကုန်ပြီးသော ရဟန္တာ)။
၎။ အဂ္ဂသာဝက- ဘုရားရှင်၏ လက်ျာရံ၊ လက်ဝဲရံ ဟူဆိုအပ်သော လက်ရုံးတော် သာဝက ၂ပါး။ (အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန် ကဲ့သို့)။
၅။ မာတာ-မွေးသမိခင် ကျေးဇူးရှင်။
၆။ ပိတာ- မွေးသဖခင် ကျေးဇူးရှင်။
၇။ ၀ုဒ္ဓါပစာယန- အသက်, သိက္ခာ, ဂုဏ်ဝါ, သီလ, အာစာအကျင့် စသော ဂုဏ်တို့ဖြင့် မိမိထက် သာသူ မြတ်သူများ။
၈။ အာစရိယ- သွန်သင်ဆုံးမ, ပညာသင်ပေးသော ဆရာသခင် ကျေးဇူးရှင်။
၉။ ဟိတကရ- စားဖွယ်, သောက်ဖွယ်, နေစရာ, အ၀တ်အစား စသည့် တစ်ခုခုဖြင့် ပေးကမ်းဖူးသော ကျေးဇူးရှင် (အလှူရှင်)
၁၀။ ဓမ္မကထိက- ကောင်းကျိုးရရေးအတွက် တရားဟောပေးသူ၊ တရားဟောဆရာ။
မှတ်ချက်။ ။ အချို့စာအုပ်တွေမှာ နံပါတ် ၄ အဂ္ဂသာဝက ၂ ပါးကို တစ်ပါးစီ ရေတွက်ပြီး နံပါတ် ၇ ၀ုဒ္ဓါပစာယန ကို ချန်လှပ်ထားပြီး ၁၀ ယောက် ရေတွက်ထားသည်ကို တွေ့ရသည်။
ဘယ်လိုပဲ မူကွဲပြားစေကာမူ ထိုခင်ပွန်းကြီး ၁၀ ပါးကို မပြစ်မှားအပ်၊ ပူဇော်အပ်၏။ ထိုသို့ပူဇော်ခြင်း၊ မပြစ်မှားခြင်းတို့ကြောင့် ကောင်းကျိုးများ ရနိုင်သည်။
ခင်ပွန်းကြီးများပူဇော်ထိုက်ခြင်း
၁။ တခြားသော နေရာ၊ အရပ်တပါးသို့ ရောက်ငြားသော်လည်း အစားအစာ ကျွေးမွေးမည့်သူ ပေါများခြင်း။
၂။ အခြားတစ်ပါးသော အရပ်သို့ ရောက်သော်လည်း အောက်တန်းမကျခြင်း၊ လာဘ်လာဘ ပူဇော်သက္ကာရများ ပေါများခြင်း။
၃။ မီးဘေး၊ သူခိုးဓားပြနှင့် ညှင်းပန်းနှိပ်စက်တတ်သူများနှင့် မတွေ့ကြုံရခြင်း။ ချမ်းသာစွာ နေရခြင်း။
၎။ ကြယ်တာရာ ၀န်းရံသော လပြည့်ဝန်းကဲ့သို့ လူသူပရိသတ်အလယ်တွင် တင့်တယ်စွာ နေရခြင်း။
၅။ ရဲရင့်တည်ကြည်သော ဂုဏ်ကျေးဇူးတို့၏ တည်ရာဖြစ်ခြင်း။
၆။ ကောင်းသတင်း ကျော်ဇောခြင်း၊ ပျံ့နှံ့ခြင်း။
၇။ အခြံအရံ ပရိသတ်တို့နှင့် အမြဲမကွာ တင့်တယ်စွာ နေရခြင်း။
၈။ ဆင်၊ မြင်း၊ ကျွဲ၊ နွား နှင့် လယ်ယာ အသီးအနှံ၊ ဆန်ရေ စပါးများ ပေါကြွယ်ဝခြင်း။
၉။ တောင်ထိပ် အဆောက်အဦးကဲ့သို့သော အမြင့်မှ မတော်တဆ ပြုတ်ကျသော်လည်း ကယ်တင်မည့်သူပေါ်ပေါက်သဖြင့် အသက်ဘေးမှ လွတ်ခြင်း။
၁၀။ သား သမီး မြေးမြစ် တို့နှင့် အသက်ဆုံးတိုင် ပျော်ရွှင်စွာ နေနိုင်ခြင်း။
၁၁။ တနေ့တခြား တက်နေအလားသို့၎င်း အကိုင်းအခက်ပြည့်စုံသော ပင်ညောင်ကြီးကဲ့သို့ တိုးပွားစည်ပင်ခြင်း ဟူသော ကောင်းကျိုးများ ရနိုင်ကြောင်း တေမိယဇာတ်တော်တွင် တွေ့နိုင်ပါသည်။
အကယ်၍ ထိုခင်ပွန်းကြီး ၁၀ ပါးတွင် တပါးပါးကို ပြစ်မှားမိပါက အောက်ပါ မကောင်းကျိုးများ၊ ဆိုးကျိုး ၁၀ မျိုး ရနိုင်သည်ကို သတိပြုသင့်သည်။
ဆိုးကျိုးများကား
၁။ ဆင်းရဲဝေဒနာ ပြင်းစွာ ခံစားရခြင်း
၂။ ပစ္စည်းဥစ္စာ ကုန်ခန်း ပျက်စီးခြင်း
၃။ အသက်ဆုံးရှုံးရခြင်း
၎။ နူနာ ရောဂါစွဲကပ်ခြင်း
၅။ စိတ်မနှံ့ဖြစ်ရခြင်း
၆။ ရာထူးဌာနန်မှ ဖယ်ရှားခံရခြင်း(မင်းပစ် မင်းဒဏ် သင့်ခြင်း)
၇။ စည်းပွားဥစ္စာ ပျက်စီးခြင်း
၈။ သူတပါး မတရား စွပ်စွဲခံရခြင်း
၉။ ဆွေမျိုးများ ပျက်စီးခြင်း
၁၀။ မိမိနေအိမ် မီးအလောင်ခံရခြင်း ဟူသော အပြစ် ၁၀ မျိုး ခံစားတတ်သည်။
ထို့ကြောင့် ခင်ပွန်းကြီး ၁၀ ယောက်ကို မပြစ်မှားမိအောင် ရှောင်ကြဉ်ဖို့လိုသည့်အပြင် ကောင်းကျိုးများ ရနိုင်ရန်အတွက် ထိုခင်ပွန်းကြီး ၁၀ ယောက်ကို ရိုသေနိုင်အောင် ကန်တော့နိုင်အောင် ပူဇော်နိုင်အောင် ကြိုးစားကြပါကုန်လေ။
ရွှင်လန်းချမ်းမြေ့ကြပါစေ
သီတဂူစတား
၁-၂-၂၀၁၁

Wednesday, February 02, 2011

sitagustar
No comments

ဒီစာလေးက သီတဂူစတားထံ ရောက်လာတဲ့ စာတစ်စောင်ဖြစ်ပါတယ်။ ပြည်တွင်းပြည်ပရှိ သီတဂူ သာသနာပြု စီမံကိန်းကြီးကို စိတ်ဝင်စားသူများ ကြည်ညို သဒ္ဓါပွားနိုင်စေရန် တရားပွဲ ဖြစ်မြောက်ရေးအတွက် အားကြိုးမာန်နဲ့ ဆောင်ရွက်နေသော သီတဂူလှဆန်းယဉ်မိသားစု၏ ပေးစာကို ပို့စ်အဖြစ်တင်ပြီး share လိုက်ပါသည်။
ဘုန်းဘုန်းစတား
ဘုန်းဘုန်းတို့ကို ၀မ်းသာသတင်း ပြောရဦးမယ်ဘုရား။ မနေ့ညက (၃၁-၁-၂၀၁၀)က မစပယ်တို့လမ်း (ဦးထွန်းခြံလမ်း) မှာ သီတဂူဆရာတော်ကြီးတရားပွဲ ကျင်းပပါတယ်ဘုရား။
တရားပွဲ၏ ရည်ရွယ်ချက်က သီတဂူစီမံကိန်းများစွာထဲက တစ်ခုအပါအ၀င် ဖြစ်တဲ့ သီတဂူ အပြည်ပြည်ဆိုင်ရာ ၀ိပဿနာကမ္မဌာန်းဌာနအလှူတော်အတွက် ကျင်းပခြင်းဖြစ်ပါသည်။ (ထိုကမ္မဋ္ဌာန်းဌာနကြီးကို စစ်ကိုင်းတောင်တွင် အင်တိုက်အားတိုက် တည်ဆောက်လျက်ရှိသည်။)
တပည့်တော်မတို့ ရပ်ကွက်သူ ရပ်ကွက်သားများက တက်ညီလက်ညီ ဆရာတော်ကြီး၏ သာသနာပြုလုပ်ငန်းတွေကို အရမ်းကြည်ညို လွန်းလို့ ယခုလို ပျော်ပျော်ရွှင်ရွင်နဲ့ ဆောင်ရွက်နိုင်ခဲ့ကြပါတယ်ဘုရား။
တရားပွဲမှာ လူတွေ အရမ်းစည်ကားလိုက်တာဘဲဘုရား။ ဒါတောင် မိုးနဲနဲ ရွာလိုက်သေးတယ်ဘုရား။ တပည့်တော်တို့လည်း မိုးရွာမှာကို အရမ်းစိုးရိမ် နေကြတယ်ဘုရား။ (၂) ရက်ဆက်တိုက် မိုးရွားသွန်းထားတာဆိုတော့ ဒီနေ့လဲ မိုးက တဖွဲဖွဲနဲ့လေဘုရား ပိုပြီး စိတ်ပူမိကြတယ်ဘုရား။ စိတ်ပူမိတာနဲ့ ဘုန်းဘုန်းဆီ ဖုန်းဆက်ပြီး လျှောက်လိုက်မိသေးတယ်။ ဘုန်းဘုန်းက ပြောလိုက်သေးတယ် စိတ်မပူပါနဲ့ ‘‘သူတော်သွားလမ်း မိုးကြီးဖြန်းသို့’’ သူတော်ကောင်းအလုပ် လုပ်နေသူတွေအတွက် မိုးက ကြိုပြီး သန့်ရှင်းရေး လုပ်ပေးတာပဲတဲ့။ ဘုန်းဘုန်းစကား ကြားရတော့မှ နဲနဲ စိတ်ထဲ သက်သာသွားတယ်။ ဘုန်းဘုန်း ပြောသလိုပါပဲ။ တရားပွဲမစမီ မိုးလေး တစ်ပြောက်ပြောက်လောက်ပဲ ကျတော့တယ်ဘုရား၊ တရားနာရန် လူထုကြီးကလည်း ထီးဆောင်းကာ ဆရာတော်ကြီး တရားပွဲ လာရောက် နာယူကြတာဖြင့် ကြက်သီးထလောက်တယ်ဘုရား။ အရှင်ဘုရားပြောသလိုပါပဲ တရားပွဲကျင်းပချိန်မှာ မိုးက ချက်ချင်းရပ်သွားတယ်ဘုရား၊ ၀မ်းသာလို့မဆုံးပါပဲဘုရား။
ဒီနေ့ညမှာ ဆရာတော်ကလဲ တက်တက်ကြွကြွ ရှိလိုက်တာဘုရား၊ သက်တော် ၇၄ နှစ်ဆိုတာ ထင်တောင် မထင်ရဘူးဘုရား။ ဟောကောင်းကောင်းနဲ့ ဟောလိုက်တာ ၁၀နာရီကျော်မှ တရားပွဲ ပြီးသွားတယ်ဘုရား။
တပည့်တော်တို့ တရားပွဲ ဖြစ်မြောက်ရေးအဖွဲ့က တရားပွဲအတွက်လာရောက် လှူဒါန်းကြသော အလှူငွေများထဲက ကမ္မဌာန်းဌာနအတွက် အလှူငွေက သိန်း(၁၅၀)၊ အမေရိကန်ဒေါ်လာ (၂၅၀) ကို လှူဒါန်းပြီး သိန်း (၅၆) သိန်းနဲ့ ဒေါ်လာ (၂၂၀) နှင့် ကျန်ထိုင်း ဘတ်၊ အက်အီးစီ၊ မလေးပိုက်ဆံများကိုတော့
ဆရာတော် လိုအပ်ရာရာ သုံးစွဲနိုင်အတွက် န၀ကမ္မအလှုငွေအတွက် ရည်မှန်းထားကြပါတယ်ဘုရား။
အလှူငွေများကို စနစ်တကျ အသုံးချ
သို့သော် ဆရာတော်က တရားမဟောခင်ကထဲက ဒီလမ်းတရားပွဲက ရရှိမည့် အလှူငွေကို ကမ္မဌာန်းဌာနမှာ လမ်းမီးတိုင်ကြီး (၂)ခုအတွက် အသုံးပြုမယ်လို့ တရားဟောပလ္လင်ပေါ်ကနေပြောပါတယ်ဘုရား။ တရားပွဲပြီးလို့ စင်အောက်လဲရောက်တော့ တပည့်တော်တို့ကို မိန့်သွားသေးတယ် ‘‘အလှူငွေ ၂ခုပေါင်း သိန်း(၂၀၆)သိန်းနဲ့ ဒေါ်လာ (၄၇၀) ကျော်တို့ အားလုံးကို ဓါတ်မီးတိုင်ကြီးတွေအတွက် အသုံးပြုလိုက်မယ်’’ လို့ မိန့်ခဲ့တယ်ဘုရား။ ဆရာတော်ကြီးဆန္ဒက ဦးမြင့်စိန်(လှဆန်းယဉ်) မိသားစုတို့က ရေလှောင်ကန်တွေ လှူထားတဲ့အတွက် လှဆန်းယဉ်မိသားစု ဦးစီး ကျင်းပတဲ့ ဒီတရားပွဲမှရတဲ့ အလှူငွေတွေကိုလည်း တရားပွဲကျင်းပရာ လမ်းနာမည် (ဦးထွန်းလင်းလမ်း) နဲ့လဲ ကိုက်ညီအောင် မီးတိုင်ကြီးတွေ ထွန်းလင်းမယ်။ ရေနဲ့မီး ကိုက်ညီအောင်ဆိုပြီး အသုံးပြုတဲ့အကြောင်းပါ ထည့်ဟောသွားပါသေးတယ်ဘုရား။
ဆရာတော်လည်း သူ့သာသနာပြုအတွက် များစွာအထောက်ကူတွေရလို့ တော်တော်လေး ၀မ်းသာနေတယ် ထင်ပါတယ်ဘုရား။ ဆရာတော်ကြီးက တရားပွဲထဲမှာ သီတဂူသာသနာပြုလုပ်ငန်းတွင် ကျန်းမာရေးအခန်းကဏ္ဍ အတွက်လဲ လုပ်ဆောင်နေပါတယ်၊ တိုင်းဒေသကြီး ၇ ခုနှင့် ပြည်နယ်ကြီး ၇ ခုတို့မှာ သီတဂူဆေးရုံအခွဲတွေ တည်ဆောက်နေပါတယ်ဆိုတဲ့ အကြောင်း မိန့်သွားပါတယ်ဘုရား။
တရားနာပရိသတ်များကလည်း ဆရာတော်ကြီးက သာသနာတော်အတွက် စနစ်တကျဆောင်ရွက်နေတာကို ကြားရ မြင်ရတော့ ၀မ်းသာလို့ မဆုံးပါပဲဘုရား။
ထိုကဲ့သို့ ဆရာတော်ကြီး၏ ပညာရေးအလှူ, ကျန်းမာရေးအလှူ, ကမ္မဋ္ဌာန်းဌာနအလှူ, ရေ အလှူ, အခြား လူမှုရေးအလှူများတွင် ကိုယ်စိတ်ပါဝင်စားရာ အလှူဌာနတို့၌ လှူဒါန်းနိုင်ပါကြောင်း သတင်းကောင်းပါးလိုက် ပါသည်။
အားလုံးကျန်းမာ ချမ်းသာစွာနဲ့ သာသနာ့ အကျိုးသည်ပိုးနိုင်ကြပါစေ။
သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
ပန်းစပယ် (လှဆန်းယဉ်)
ရွှ့င်လမ်းချမ်းမြေ့ကြပါစေ။
သီတဂူစတား
၂-၂-၂၀၁၁

Sunday, January 30, 2011

sitagustar
No comments
စာမိတ်ဆက်
ပေါ့ပေါ့ပါးပါး ခရီးသွားမှတ်တမ်း၊ သတင်း (information) တွေကို ရေးရတာကို ပိုသဘောကျသည်။ ခရီးလည်းမသွားဖြစ်တာကြောင့် ခရီးသွားပို့စ်များ မတင်ဖြစ်သေး။ ဒါပေမဲ့ လူအမျိုးမျိုး နတ်အမျိုးမျိုးဆိုသလို အကြိုက်လဲ တစ်မျိုးစီဖြစ်ကြသည်။ ဗဟုသုတအဖြစ် ရစေရန် ရည်ရွယ်ပြီး သီတဂူစတား ခရီးသွားပို့စ်တွေ ရေးတင်ပေမည့် အချို့က ဝေဖန်သည်။ သိပ်မကြိုက်ကြ။ ပြစ်ပြစ်ခါခါ ဝေဖန်တာတွေလည်း ရှိခဲ့ဖူးပြီ။ အချို့ကြပြန်တော့ သတင်းနှင့်ပေါ့ပေါ့ပါးပါးဆောင်းပါး, မှတ်တမ်းပုံစံမျိုးကို ကြိုက်ကြသည်။ ဒါ့ကြောင့် လူ့အလို နတ်မလိုက်နိုင်တာဆိုတာ ဒါမျိုးပဲ ဖြစ်သည်။ အခု နောက်ပိုင်း ခရီးမသွားဖြစ်တာကြောင့် ဗုဒ္ဓစာပေများကိုပဲ ဖတ်ရင်း ရေးရင်း သင်ရင်းဖြင့် အချိန်ကုန်စေခဲ့သည်။
ကျေနပ်စရာကောင်းသည်ကတော့ သီတဂူစတားပို့စ်ကို တင်တိုင်းဖတ်ဖော်ရတဲ့ ပရိသတ်များရှိသလို အချို့ရဟန်းတော်များက ပလ္လင်ပေါ်မှာတောင် အသုံးချနိုင်ကြသည်။ သူငယ်ချင်းက အရှင့်ပို့စ်နဲ့ ဒီနေ့ တရားဟောကြောင်း သတင်းပို့သဖြင့် ထိုအရှင်ကို များစွာ ကျေးဇူးတင်မိသည်၊ မိမိ၏ ပို့စ်များကို ပရိသတ်ရင်ထဲ ရောက်အောင် ပို့ပေးနိုင်ခြင်းကြောင့်လဲ ၀မ်းသာမိပါသည်။ သူငယ်ချင်းဓမ္မကထိက တစ်ပါးကလဲ မစ္ဆရိယနှင့်ပတ်သက်ပြီး ပို့စ်တစ်ခုလောက် ရေးပေးပါဦးဟု မိန့်သဖြင့် လောကအဖျက်တရား အပိုင်း (၂) တွင် မစ္ဆရိယအကြောင်း ရေးဖြစ်ဖို့ အကြောင်းတစ်ရပ်လည်း ဖြစ်သွားသည်။
မစ္ဆရိယနှင့် ဒေါသနောက်ခံရှိပုံ
မစ္ဆရိယအကြောင်း လေ့လာကြမယ်ဆိုရင် ရှေးဦးစွာ အဘိဓမ္မာကို ရှာရပါလိမ့်မည်။ စိတ် စေတသိတ်တွေရဲ့ သဘောတရားတွေကို အဘိဓမ္မာတွင်သာ များစွာ တွေ့နိုင်ပါသည်။ အဘိဓမ္မာမှ ကင်း၍ မရပါ။ မစ္ဆရိယသည်လည်း သံယောဇဉ်တရားဖြစ်သောကြောင့် လောကအဖျက်တရားပင် ဖြစ်သည်။ သီတဂူစတားလည်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ Intermediate Level တန်းအတွက် အဘိဓမ္မာနှင့်ပတ်သက်ပြီး သင်တန်းတစ်ခု တာဝန်ယူထားသဖြင့် အဆင့်သင့်ဖြစ်သွားသည်။ မစ္ဆရိယဟုသော ပါဠိဘာသာအသုံးသည် မြန်မာဝေါဟာရအဖြစ် အသုံးပြုထားသဖြင့် ယေဘုယျအားဖြင့် မြန်မာလူမျိုးများ အတော်အတန် နားလည်သင့်သလောက် နားလည်ထားကြသည်။ မစ္ဆရိယကို ၀န်တိုခြင်းဟု ဘာသာပြန်ဆိုသည်၊ avarice ဟူ၍လည်း ပြန်ဆိုထားသည်။ ယခုအခါ၌ မလှူရက် မပေးကမ်းရက်သော သူကို မစ္ဆရိယရှိသူဟု ခေါ်ဆိုကြသည်။ နှမြှောခြင်း, ကပ်စေးနှဲခြင်း, တွန့်တိုခြင်း စသည်အားဖြင့် ဘာသာပြန်ဆိုကြသည်။ အမှန်ကား မစ္ဆရိယသဘောသည် မလှူချင် မပေးချင်မှုမျိုးမဟုတ် သူတပါးတို့အား မရစေခြင်းသဘောဖြစ်သည်၊ မိမိပစ္စည်းကို တွယ်တာသောမှုသည် လောဘသာတည်း၊ မိမိစည်းစိမ်ပဲ ဖြစ်ဖြစ် ဂုဏ်ပဲဖြစ်ဖြစ် သူတပါးမရစေခြင်း သဘောကိုသာ မစ္ဆရိယဟု ခေါ်သည်။ (ကိုယ်ကျင့်အဘိဓမ္မာ-၇၁)
မစ္ဆရိယသည် ကိုယ့်ပစ္စည်း၊ ကိုယ့်စည်းစိမ်ကို နှမြောမှု ၀န်တိုမှုသဘော ဖြစ်သည်အတွက် လောဘနှင့်ယှဉ်ရမည်၊ လောဘအရင်းခံ ရှိရမည်ဟု ထင်မိကြပါလိမ့်မည်။ တကယ်တော့ မပေးရက်လို ၀န်တိုခြင်း မစ္ဆရိယသည် လောဘအရင်းခံရှိရမည်ကား မှန်၏၊ သို့သော် ကိုယ့်ပစ္စည်း ကိုယ့်စည်းစိမ်များကို တခြားသူနှင့် မဆက်ဆံစေလိုခြင်း၊ ဆက်ဆံ ပတ်သက်လာလျှင်လည်း သည်းမခံနိုင်ခြင်းသဘော ဒေါသ ရှိရကား မစ္ဆရိယဖြစ်ခိုက်မှာ လောဘသည် ချုပ်နေပြီးဖြစ်သည့်ကြောင့် ဒေါသ၌ယှဉ်သည်ဟု ဆိုသည်။ ဒေါသယှဉ်သော မစ္ဆရိယသည် လောကအဖျက်သဘောပင်ဖြစ်သည်။
သဘောလက္ခဏာများ
ဓမ္မသင်္ဂဏီအဋ္ဌကထာ (အဋ္ဌသာလိနီ)တွင် မစ္ဆရိယ၏ သဘောလက္ခဏာများကို အောက်အတိုင်း ဖော်ပြထားသည်ကို တွေ့ပေလိမ့်မည်။
၁။ လဒ္ဓါနံ ၀ါ လဘိတဗ္ဗာနံ ၀ါ အတ္တနော သမ္ပတ္တီနံ နိဂူဟနလက္ခဏံ- ရအပ်ပြီး (ရှိပြီး) ရလတံ့ ရထိုက်သော မိမိ၏ ဘ၀စည်းစိမ် ဥစ္စာများကို သူများအား မပေးချင်သော ကြောင့် လျှို့ဝှက်ထားခြင်း ဖွက်ထားခြင်း သဘောလက္ခဏာသည် မစ္ဆရိယမည်။ ကိုယ့်မှာရှိနေသော ပစ္စည်းများကို တပါးသူများယူမှာ တပါးသူများကို ပေးရမှာ တစ်ပါးသူများနှင့် မြင်မှာ အခြားသူနှင့်ဆက်ဆံမှာကို စိုးရိမ်နေသဖြင့် ဖွက်ထားခြင်းသဘောဖြစ်သည်။
မြတ်ဗုဒ္ဓလက်ထက်တော်က အလွန်နှမြောသော အဒိန္နပုဗ္ဗကအမည်ရှိ ပုဏ္ဏားတစ်ယောက်မှာ မဋ္ဌကုဏ္ဍလီအမည်ရှိ သားတစ်ယောက်ရှိသည်။ တစ်ခါဖူးမျှ တစ်ကြိမ်တစ်ခါမျှ မလှူမဒါန်း မပေးကမ်းခဲ့ဘူးသောကြောင့် အဒိန္နပုဗ္ဗကဟု အများစုက နာမည်ပေးခေါ်ကြသည်။ တစ်နေ့တော့ ၁၆ နှစ်အရွယ်ရှိ သားလေးမှာ အသားဝါရောဂါ (အသည်းရောဂါ) ရလေသည်။ ရောဂါ တနေ့တခြား တိုးလာတော့ အမေဖြစ်သူက အဖေဖြစ်သူ ပုဏ္ဏားအား ကြိမ်ဖန်များစွာ ဆေးကုသခိုင်းပေမဲ့ ဆေးဖိုးကုန်မည်စိုး၍ မကုသခဲ့။ ဆေးဆရာခေါ်လျှင်လည်း ဆေးဖိုးအပြင် ဆေးဆရာ၏စားစရိတ်ပါ ကုန်မည်ကို တွေး၍ ဆေးဆရာမခေါ်ဘဲ ကိုယ်တိုင် သစ်ခေါက်တွေကို ကျိုပြီး ဆေးကုသသော်လည်း ရောဂါသည် တနေ့တခြားတိုးလာတော့သည်၊ နောက်နေ့ ထိုရောဂါဖြင့်ပင် သားဖြစ်သူ ဆုံးသွားသည်။ သား သေသောအခါ ကိုယ့်သားအတွက်တောင် မသဒ္ဓါသောပုဏ္ဏားကြီးသည် တွေးတော ကြံစီနေသည်။ အကယ်၍ လူတွေက သားသေကြောင်း သတင်းလာမေးလျှင် ငါ့အိမ်မှာရှိတဲ့အတွင်းပစ္စည်းများကို သူတို့တွေ မြင်ကြလိမ့်မည်ဟု တွေးကာ သားလေး၏ အလောင်းကို အိမ်အပြင်ထုတ်ထားလိုက်သည်။ သားသေတာတောင် မိမိပစ္စည်း လူမြင်မည်စိုး၍ ဖွတ်ထားခြင်းကား ပုဏ္ဏားကြီး၏ မစ္ဆရိယပင်ဖြစ်သည်။
၂။တာသံယေ၀ ပရေဟိ သာဓာရဏဘာဝဿ အက္ခမနရသံ- ထိုမိမိစည်းစိမ်ဥစ္စာတို့ သူတပါးတို့နှင့် ဆက်ဆံနေပါလျှင်လည်း သည်းမခံနိုင်တဲ့ သဘောသည်လည်း မစ္ဆရိယပင်တည်း။ ကိုယ့်မှာရှိနေတဲ့ပစ္စည်း သူတပါးနှင့် ပတ်သက်မှုကို သည်းမခံနိုင်သော ဒေါသအရင်းခံရှိသော သဘောဖြစ်သည်။ ကိုယ့်မှာရှိတဲ့ပစ္စည်း ဖွတ်ထားခြင်း၊ အကယ်၍ မတတ်သာလို့ သူတပါးက မြင်တွေ့လို့ ဆက်ဆံနေလျှင်လည်း မနှစ်မျို့ခြင်းသဘောဖြစ်သည်။
ကောသိယအမည်ရှိ သူဌေးတစ်ယောက်ကို အလွန်နှမျှော ၀န်တိုလွန်းလို့ မစ္ဆရိယကောသိယဟု ဂုဏ်ထူးဝိသေသနှင့် အများက ခေါ်ကြသည်။ ထိုကုဋေ ၄၀ ကြွယ်ဝသော သူဌေုးုဖြစ်ပေမဲ့ သူတစ်ပါးအားလည်း မပေးရက်၊ ကိုယ့်သားသမီးကိုတောင် မကျွေးရုံမက ကိုယ့်ကိုပင်မသဒ္ဓါသော သူဌေးကြီးသည် မြိုရွာဇနပုဒ်ထဲက မုံ့ဆီကြော်စားနေသူကို ကြည့်ပြီး ရသတဏှာဖြစ်လာသည်။ ထိုသူဌေးကြီး ထိုရသတဏှာအတွက် ကြံစည်ရ တော့သည်။ ‘‘အကယ်၍ လူအများကြီးနှင့်အတူစားလျှင် ငါ့မှာရှိတာ များစွာ ကုန်သွားလိမ့်မယ်ဟု တွေးတောကာ မစားရက် မသောက်ရက်၊ ထို ဆာလောင်မှုကိုလည်း ဘယ်သူကိုမှ မပြောရဲ၊ အဖြတ်ရဆုံးသော ဆာလောင်မှုတဏှာ ကြိတ်မိတ်ပြီး သည်းခံလာရာမှ တစ်နေ့တခြား ခန္ဓာကိုယ် ကျုံလှီပိန်ခြုံးလာသည်ကို ဇနီးဖြစ်သူက မေးလာသောကြောင့် ငါ့မှာ တဏှာဖြစ်နေတယ် ရှင်မရေဆိုတော့ ရှင်က ဘာတဏှာတွေ ဖြစ်နေတာလဲ ပြောစမ်းပါဦးဆိုတော့မှ မုံ့ဆီကြော်ဆာလောင်မှု တဏှာ ဖြစ်ကြောင်း ပြောပြသောအခါ အောင်မလေးတော်- ဒီလောက်ကလေးဖြင့် စောစောက ပြောရောပေါ့၊ ကျွန်မ လုပ်ကျွေးမှာပေါ့။ တမြို့လုံးကိုကျွေးလောက်အောင် လုပ်ပေးပါ့မယ်တော်။ ရှင်မရေ- ဒီလိုလဲမဖြစ်သေးဘူးလေ ဒို့မှာရှိတာတွေ ကုန်သွားမှာပေါ့။ ဒီတော့ ဘယ်သူမှ မသိတဲ့ နေရာမှာ ရှင်နှင့်ကျွန်မ နှစ်ယောက်ထဲသွားပြီး ရှင့်အတွက် မုံ့ဆီကြော်လုပ်ပေးပါ့မယ်၊ နှမြှောလွန်း၍ ဆန်အညံ့စား ဆန်ကွဲတို့ဖြင့် မုံ့လုပ်ပေးရသည်။ ဤကား ကောသိယသူဌေး၏ မိမိစားဖွယ်သူများမြင်မှာ သူများနှင့် ဆက်ဆံမည်ကို စိုးရိမ်စိတ်ဖြင့် ဘယ်သူမှ မသိတဲ့ တံခါးအဆင့်ဆင့် ပိတ်ပင်ပြီး အစောင့်အထပ်ထပ်ချကာ ဘုံ ၇ဆင့်ရှိ တိုက်ခန်းအပေါ်ထပ် တစ်နေရာမှာ သွားပြီး မုံ့လုပ်စားခြင်းပဲဖြစ်သည်။ မစ္ဆရိယသဘောပင်တည်း။ မုံ့ဆီကြော်သူများမြင်မှာ သူများနှင့်ဆက်နွယ်ခြင်းကို မလိုလားခြင်းသဘောဖြစ်သည်။
၃။ သင်္ကောစန ပစ္စုပဋ္ဌာနံ- တွန့်တိုသည်၏အဖြစ်ထင်ရှားသည်။ ဆားဖြင့်အတို့ခံ့ရသော တီကောင်ကလေး တွန့်တိုသွားသလို သူများက ပစ္စည်းကိုလာတို့ လာကိုင်လျှင် တွန့်တိုသွားတက်သည်။ မကျေနပ်သည့်အခြင်းအရာ အမူအရာတွေ ပေါ်လာတတ်သည်။ ယောင်းမဖျားဖြင့် ပေးကမ်းတတ်သည့် အခြင်းရာသည် ထင်ရှား၏။ ဤနည်းအားဖြင့် မစ္ဆရိယရှိသူကို အကဲခက်နိုင်သည်။
ဘုရားရှင်၏ ‘‘ ကိုယ်တိုင်လည်းလှူ သူ့ကိုလည်း လှူစေဟုသော ဒါနသည် ဘ၀၏ ပြည့်စုံခြင်းဟု ဆိုအပ်သော စည်းစိမ်ဥစ္စာပြည့်စုံခြင်းနှင့် အချွေအရံအကျော်အဇောပြည့်စုံခြင်းဟူသော ဥဘယသမ္ပတ္တိကို ပြည့်စုံနိုင်ကြောင်း’’ဟုသော ဒါနဂုဏ်ရည် တရားတော်ကို နာကြားပြီး အမျိုးကောင်းသားတစ်ယောက် မြို့ထဲလှည့်လည်ကာ အလှူဒါနပြုရန်အတွက် အလှူခံထွက်လာရာ သူဋ္ဌေးတစ်ယောက်၏ အိမ်ပေါက်ရောက်လာသည်။ ‘‘ ဒီလူတော့ ကိုယ်နိုင်သလောက်ကိုပဲ မလှူဘဲ သူများဆီ လိုက်အလှူခံနေတယ်’’ဟု တွေးက ထိုသူဋ္ဌေး ထိုအလှူခံအပေါ် စိတ်ဆိုးသည်၊ အမျက်ထွက်သည်။ ထို့ကြောင့် ဆန်, ပဲစသည်ကို လက်ကလေးဖြင့် ကော်၍ အနည်းငယ်မျှသာ လောင်းလှူသည်။ ဗိဠာလပါဒကသူဋ္ဌေးဟူ၍ နာမည်တွင်လေသည်။ မစ္ဆရိယ၏ သင်္ကောစန သဘောတရားပင်တည်း။
၎။ အတ္တသမ္ပတ္တိ ပဒဋ္ဌာနံ-ထိုသို့ မစ္ဆရိယ စိတ်ဝင်လာခြင်းသည် မိမိ၏ကိုယ်ပိုင် စည်းစိမ်ဥစ္စာကြောင့်ပင်ဖြစ်သည်၊ ဣဿာက သူတစ်ပါး၏ ပြည့်စုံခြင်းကြောင့်ဖြစ်သည်။ ဣဿာက သူများဥစ္စာနှင့် အကုသိုလ်ဖြစ်သည်၊ မစ္ဆရိယကတော့ ကိုယ့်ပစ္စည်းနှင့်ကိုယ် အကုသိုလ် ဖြစ်သည်။
စာပေမှာက ဂုဏ်ပကာသနပဲဖြစ်ဖြစ် ရာထူးဌာနန်ပဲ ဖြစ်ဖြစ်၊ စီးပွာပဲဖြစ်ဖြစ် စသည်များကို ငါသာပိုင်စေ ငါ့ဥစ္စာပဲ ဖြစ်စေ၊ သူတစ်ပါးအတွက် မဖြစ်ပါစေနဲ့ဆိုသော သဘောတရားများသည်လည်း မစ္ဆရိယပင်တည်း။ ကိုယ်ချည်းပဲ အကုန်ရခြင် သူတစ်ပါးကိုတော့ ရစေလိုစိတ်မရှိ ရဘိုရန်မလိုလားသော စိတ်သည် မဟာမစ္ဆရိယ-ကြီးကျယ်သော ၀န်တိုခြင်းဟု ခေါ်သည်။
မှတ်ချက်။ ။ ၀ိဂတမစ္ဆရိယ- မစ္ဆရိယမရှိသူ၊ မစ္ဆရိယကင်းသူ သဘောကို အလှူရှင်ဂုဏ်ရည် ပို့စ်တွင် ဖော်ပြထားပြီးဖြစ်သည်။
မစ္ဆရိယ ၅ မျိုး
အဂုင်္တ္တရနိကာယ်တွင် မစ္ဆရိယ ၅ မျိုးပြထားသည်။ အာဝါသမစ္ဆရိယ,ကုလမစ္ဆရိယ, လာဘမစ္ဆရိယ, ၀ဏ္ဏမစ္ဆရိယ, ဓမ္မမစ္ဆရိယ ဟူ၍ပင်ဖြစ်သည်။ ရဟန်းတော်များကို ဦးတည်၍ဟောထားသော်လည်း လူဝတ်ကြောင်များအတွက်လည်း အလားတူ နည်းယူနိုင်ပါသည်။
၁။ အာဝါသမစ္ဆရိယ- နေရာထိုင်းခင်း၊ ကျောင်း၊ အိမ် စသည်တို့ ၌ ၀န်တိုခြင်း။ ထိုမိမိပိုင် နေရာလေးကို သူများ နေရာယူခြင်းကို သည်းမခံနိုင်ခြင်းသည် နေရာနှင့်ဆက်သောမစ္ဆရိယ ဖြစ်သည်။ ဥပမာ- ကားစီးတဲ့အခါမှာပဲ ဖြစ်ဖြစ်၊ သင်္ဘော လေယာဉ်စသော ယာဉ်များစီးတဲ့အခါမှာဖြစ်ဖြစ် ကိုယ်ထိုင်တဲ့ နေရာလေးကို ၀န်တိုသည်၊ သူများထိုင်သွားလျှင်လည်း သည်းမခံနိုင်ဖြစ်တတ်သည်။ နှစ်ယောက်ထိုင်ခုံကလေးကိုပင် သူတပါးလာထိုင်မည်ကို သည်းမခံနိုင်သဖြင့် ခြေဆန့်ထိုင်တာမျိုး၊ နှစ်ခုံကြားထိုင်တာမျိုး၊ နှစ်ယောက်ထိုင်လောက်တဲ့နေရာမှာ နောက်တစ်ယောက် လာမည်ကို မလိုလားခြင်းမျိုးသည် မစ္ဆရိယဖြစ်သည်။
အကယ်၍ နှစ်ယောက်ထိုင်လောက်နေရာကို နောက်လူပါ ချမ်းချမ်းသာသာ ထိုင်နိုင်ရန် နေရာလေးကြုံ့ပေးလိုက်လျှင် သို့မဟုတ် တဒင်္ဂ မိမိပိုင်ဆိုင်တဲ့နေရာလေးကို ရဟန်းသံဃာ၊ အဘိုးအဖွား၊ မပေါ့မပါးသော အမျိုးသမီးများ အစရှိသူများအား ပေးလိုက်လျှင် အာဝါသဒါနဖြစ်သလို အာဝါသမစ္ဆရိယကိုလည်း ပယ်ရာရောက်သည်။ ဤသို့အားဖြင့် တစ်ယောက်နှင့်တစ်ယောက် ကိုယ်ချင်းစာ စိတ်ကလေးမွေးကာ နဲနဲလေးပဲဖြစ်ဖြစ် တစ်ထွာလောက်လေးပဲ ဖြစ်ဖြစ် နေရာလေး၊ ထိုင်ခုံကလေး ပေးလှူလိုက်ရင် ထိုမစ္ဆရိယကို ပယ်သတ်ခြင်းဖြစ်သည်။ သွားရင်းလာရင်း ကားစီး ရထားစီးရင်းဖြင့် အချောင် ကုသိုလ်ရနိုင်တဲ့ နည်းလမ်းလည်း ဖြစ်နိုင်ပါသည်။ ပိုက်ဆံမကုန်ဘဲ ကုသိုလ်ရနိုင်သည်။ တချို့ကိုယ့်ရပ် ကိုယ့်ဒေသ ကိုယ့်ရပ်ကွက် ကိုယ့်အိမ် ကိုယ့်နေရာသို့ ရောက်လာလျှင် ၀မ်းပန်းတသာ ကြိုဆိုခြင်းသည်လည်း အချောင်ကုသိုလ်ရသော နည်းလမ်းဖြစ်သည်။ အကျင့်ကောင်းတဲ့သူ ကောင်းစားအောင် လုပ်မည့်သူများကို မလာစေချင်ဘူးဆိုရင်,နှင်ထုတ်မယ်ဆိုရင် မစ္ဆရိယစိတ်ဝင်လာခြင်းဖြစ်သည်။ မကောင်းတဲ့ပုဂ္ဂိုလ်များ မလာအောင် တားမြစ်ခြင်းမျိုးကား မစ္ဆရိယမဟုတ်ပေ။ အာဝါသမစ္ဆရိယ ရှိသူ သေသောအခါ ထိုကျောင်း ထိုအိမ် ထိုနေရာမှာပဲ ပြိတ္တာဖြစ်နေတတ်သည်၊ သို့မဟုတ် သံအိမ်ငရဲ၌ နေရတတ်သည်ဟု တွေ့ရသည်။
၂။ ကုလမစ္ဆရိယ- အမျိုးနှင့်ပတ်သက်ပြီး ၀န်တိုမှုဖြစ်ခြင်းသည် မစ္ဆရိယမည်၏။ ကိုယ့်ဆွေ ကိုယ့်မျိုး ကိုယ့်မိတ်ဆွေ ကိုယ်ချဉ်းကပ်လာသူများကိုလည်း သည်းမခံနိုင်ခြင်းဖြစ်သည်။ ရဟန်းလောကမှာ မိမိဒကာ ဒကာမ, ဆွေမျိုးတို့ကို အခြားရဟန်းများနှင့် မဆက်ဆံစေလိုခြင်းသည် မစ္ဆရိယမည်၏၊ သို့သော် သဒ္ဓါတရားကို ဖျက်ဆီးမည့်သူကို မဆက်ဆံစေခြင်းသည်ကား မစ္ဆရိယမဟုတ်။ မိမိ၏ မိတ်ဆွေ အမျိုး ပရိသတ်နှင့် အခြားပုဂ္ဂိုလ်တို့ ဆက်ဆံနေသည်ကို မြင်နေရသော မစ္ဆရိယရှိသောသူ၏ ရင်ထဲတွင် ပူပူလောင်လောင်ဖြစ်တတ်သည်။ သွေးအန်တတ်သည်၊ ၀မ်းလျှောတတ်သည်။ နောက်ဘ၀တွင်လည်း လာဘ်လာဘ ရှားပါတတ်သည်။
နောက်လိုက်ဗိုလ်ပါ ပရိသတ်ကို ငါချည်းပဲ ပိုင်ဆိုင်ချင်သည်၊ တစ်ပါးသူ မပိုင်စေရ၊ တစ်ပါးသူ ပိုင်ဆိုင်နေလျှင်လည်း ၀မ်းမသာနိုင်ဘဲ ရင်ထဲ ပူလောင်နေတတ်သည်၊ ဒါကို မစ္ဆရိယအပူလောင်ခံရ ခြင်းဟုခေါ်သည်။
ကဿပဘုရားရှင်လက်ထက်တော်က အနှစ် နှစ်သောင်း တရားအားထုတ်ထားတဲ့ ရဟန်းတော်ကြီးတစ်ပါး ရှိခဲ့ဘူးတယ်။ တောရွာလေးတစ်ရွာမှာ သတင်းသုံးနေသည်။ ထိုရဟန်းတော်အတွက် ဒကာတစ်ဦးတည်းကနေ နေစရာ စားစရာ ဆေးပစ္စည်း အ၀တ် ပစ္စည်း လေးပါးတို့ကို ထောက်ပံ့ လှူဒါန်းနေခဲ့သည်။ တစ်နေ့တော့ အာဂန္တု ရဟန္တာအရှင်မြတ်တစ်ပါး ထိုရွာထဲကို ဆွမ်းခံကြွအလာကို ကြည်ညိုသော အာဝါသိကရဟန်း၏ တစ်ဦးတည်းသော ကျောင်းဒကာက ကြည်ညိုလွန်းလို့ အိမ်မှာပင့်ပြီး လိုအပ်တာအားလုံးလှူဒါန်းခဲ့သည်။ တပည့်တော်အိမ်မှာ နေ့စဉ် ဆွမ်းခံကြွပါဘုရား၊ ဆွမ်းဘုန်းပေးကြွပါဘုရားဟု လျှောက်ထားလေသည်။ ထိုဒကာအိမ်ဝယ် နှစ်ပါးစုံမိတော့ အာဝါသိက အမြဲနေရဟန်းက အာဂန္တုက ဧည့်သည်ရဟန်းတော် (ရဟန္တာ) ကို သဘောမကျ၊ သူ့ဒကာနှင့် ဆက်ဆံနေသည်ကို မခံမရဖြစ်နေသည်။
ကျောင်းဒကာသည် ရဟန္တာအရှင်မြတ်၏ သင်္ကန်းများဟောင်နွမ်းနေသည်ကို မြင်သောအခါ သင်္ကန်းလှူပါရစေဘုရာ။ ဆံပင်ရှည်နေသည်ကိုမြင်ရသောအခါ ခေါင်းရိပ်ရန် ကျောင်းသို့ ဆတ္တာသည် လွတ်လိုက်ပါ့မယ်ဘုရား တပည့်တော်တို့ ကိုးကွယ်ထားတဲ့ တောကျောင်းလေးမှာ အရှင်ဘုရား ပျော်သလောက် သတင်းသုံးပါဘုရား။ ထိုကဲ့သို့ ရဟန္တာအရှင်မြတ်ကြီးအား ပစ္စည်း၎ ပါးဖြင့် ဖိတ်မန်နေသည်ကို အာဝါသိက ရဟန်း သည်းမခံနိုင်ဖြစ်နေသည်။ ဒီဒကာနှယ် ခုမှတွေ့တဲ့ ကိုယ်တော်ကို လောကွတ်တွေလုပ်နေလိုက်တာ ငါ့ကို တစ်သက်လုံးချဉ်းကပ် ကိုးကွယ်ပေမဲ့ ဒီလောက် ငါ့အပေါ်တော့ လောကွတ်လုပ်ဖော်မရဘူး။ ထိုသို့မစ္ဆရိယစိတ်တွေ ၀င်လာတော့ မကောင်းတဲ့ အဖျက်သဘောဆောင်သည့် သဘော ( destructive power) သို့ ရောက်သွားသည်။ ‘‘အရှင်ဘုရား- ဟောဒီ ကျောင်းဒကာက လောကွတ်ကောင်းတာကို အရှင်ဘုရား သိပ်အထင်ကြီးမနေနဲ့ဦး တကယ်တော့ လူယုတ်မာကြီးပဲဘုရား၊ သူလှူတဲ့ ဆွမ်းတွေ စားမဲ့အစား မစင်စားတာကမှ တော်ဦးမယ်၊ သူလှူတဲ့ သင်္ကန်းဝတ်မည့်အစား ကိုယ်တုံးလုံးပဲ နေတာမှ ကောင်းသေးတယ်ဘုရား၊ သူလှူတဲ့ ခေါင်းရိတ်ဆတ္တာသည် ခေါင်းရိတ်ပေးမည့်အစား ခေါင်းကဆံပင်တွေကို ထန်းစေ့အခြောက်ကလေး ထက်ခြမ်းခွဲပြီး ညှပ်ပြီးနှုတ်တာမှ ပိုတော်ဦးမယ်ဘုရား။ သူလှူလိုက်တဲ့ အခင်းတွေအပေါ် နေမည့်အစား မြေကြီးအပေါ် အိပ်တာကမှ ကောင်းပါသေးတယ်ဘုရား’’ ဟု မစ္ဆရိယစိတ်ကြောင့် ဤကဲ့သို့ပြောလိုက်သည့် အကုသိုလ်က ဂေါတမ မြတ်စွာဘုရားလက်ထက်မှာ ဇမ္ဗူက အမည်ရှိ ပရဗိုဇ်လာဖြစ်သည်။ မစ္ဆရိယစိတ်ကြောင့် ထို ရဟန္တာအရှင်မြတ်အား ပြောခဲ့သော စကားကြောင့် သူ၏ခေါင်း သွေးသံတရဲရဲနှင့် အုန်းမုတ်ခွက်ဖြင့် အနှုတ်ခံရသည်၊ မစင်ပဲ စားနေရသည်၊ မြေကြီးမှာပဲ အိပ်ရသည်၊ အ၀တ်အစား မ၀တ်ရဘဲ မိမွေးတိုင်း ဖမွေးတဲ့အတိုင်း နေ နေရသည်။ ဤကား ကုလမစ္ဆရိယကြောင့်ပင်တည်း။
၃။ လာဘမစ္ဆရိယ-ပစ္စည်းလာဘ်လာဘ အပေါ်၌ ၀န်တိုမှု။ သူတစ်ပါးအား ပစ္စည်းလာဘ်လာဘ မရစေလိုခြင်းတည်း။ သူတစ်ပါးရနေတာကို မိမိချည်း ရချင်တယ်ဆိုရင် မစ္ဆရိယပင်တည်း။ ဇမ္ဗူက၏ အတိတ်ဘ၀ ရဟန်းဖြစ်စဉ်က သူ၏ကျောင်းဒကာသည် အလည်လာသော ရဟန္တာအရှင်မြတ်တစ်ပါးအား လှူဒါန်းနေသည်ကို မကြိုက်၊ မလှူနိုင်အောင် မကောင်းကြောင်းပြောခြင်းသည် မစ္ဆရိယသဘောပင်တည်း။ သို့သော် လာဘ်လာဘကို အမှီပြုပြီး သာသနာဖျက်မည်၊ အကျိုးမဲ့ကို ပြုမည်၊ မတရားသဖြင့် သုံးစွဲမည်ဆိုသော ပုဂ္ဂိုလ်အား မရစေလိုခြင်းသည်ကား မစ္ဆရိယမဟုတ်ပါ။
၎။ ၀ဏ္ဏမစ္ဆရိယ- ကိုယ်အဆင်းနှင့် ဂုဏ်သတင်းတို့၌ ၀န်တိုမှု။ မိမိထက် အဆင်းလှမည်ကို ၀န်တိုမှု၊ မိမိထက် ဂုဏ်သတင်းကြီးမည့်ကို ၀န်တိုမှုသည် မစ္ဆရိယတစ်မျိုးဖြစ်သည်။ သူများအလှ သူများဂုဏ်တွေကို အတင်းလိုချင်သည်၊ သူတစ်ပါး၏ ရှေးကံကြောင့် အလှနှင့် ဂုဏ်သတင်းကိုမြင်လျှင်လည်း ၀မ်းမသာနိုင်ဘဲ ပျက်ဆီးသွားနိုင်မည့် နည်းလမ်းကိုပဲ တွေးတောနေတတ်သည်။ သူတစ်ပါးအလှကို ဖျက်ဆီးသည့် အကြောင်း ဇာတ်လမ်းများကို ဇာတ်တော်ထဲတွင် များစွာတွေ့နိုင်သည်။ ထိုမစ္ဆရိယ ကြီးသူသည် ဖြစ်လေရာဘ၀မှာ ရုပ်အဆင်းဆိုးဝါးတတ်သည်၊ ဂုဏ်သတင်းလည်း မကောင်းတတ်။
၅။ ဓမ္မမစ္ဆရိယ- မိမိတတ်သိသော အတတ်ပညာ အသိပညာ, စာပေ, လက်မှု,နှုတ်မှု စသော အတတ်ပညာတို့၌ ၀န်တိုခြင်း။ သူများကို စာသင်ပေးတာပဲ ဖြစ်ဖြစ် နည်းပညာပဲ ဖြစ်ဖြစ် အကုန်သင်မပေးဘဲ ချန်ထားတတ်သည်၊ ကိုယ့်ထက် သာသွားမည်ကို စိုးသည်။ ကိုယ်ရထားတဲ့ စာပေ ဗဟုသုတတွေကို သူတစ်ပါးအား မဖြန့်ဖြူးလို။ တိတ်တဆိတ်လေး ကိုယ်ချည်းပဲ တတ်ချင်သည်။ ကိုယ်ပဲ လူစွမ်းကောင်းလုပ်ချင်သည်။ ငါသာ သိစေ သူတစ်ပါး မသိစေနဲ့ သဘောတရားသည် မစ္ဆရိယပင်တည်း။ ထိုအတတ်ပညာဖြင့် ဖျက်ဆီးမည့်သူကို မပေးခြင်း မဖြန့်ဖြူးခြင်းသည် မစ္ဆရိယမဟုတ်ပါ။ ဤမစ္ဆရိယ ရှိသူသည် ဖြစ်လေရာ ဘ၀သံသရာမှာ အဖျင်းအအ ဖြစ်တတ်သည်၊ ပြာပူငရဲ၌ ရောက်တတ်သည်။
ထိုမစ္ဆရိယ ငါးပါးတို့တွင် နောက်ဆုံးဖြစ်သော ဓမ္မမစ္ဆရိယသည် အယုတ်ဆုံး အညံ့ဆုံး စက်ဆုပ်စရာ အကောင်းဆုံးဟု ဟောထားသည်။ ထိုမစ္ဆရိယ ငါးမျိုးကို မပယ်နိုင်သမျှကာလပတ်လုံး ဈာန်မက်ဖိုလ် မရနိုင်ဟု ဆိုထားပြန်သေးသည်။
နိဂုံး
ထိုမစ္ဆရိယ ငါးပါးကို ပြန်လည်သုံးသပ်လျှင် ရဟန်းတော်များကိုသာ ဦးစားပေးဟောထားသော်လည်း လူဝတ်ကြောင်များအတွက်လည်း မှတ်သားသင့်သည်။ သူတစ်ပါး အလှူဒါနကို အမှီပြုနေရသော ရဟန်း သီလရှင် သာမဏေများ၌ အဖြစ်များဖွယ်ရှိသည်။ လူဝတ်ကြောင်များ၌လည်း ကိုယ့်ထက် အိမ်ကောင်း ရာကောင်းရှိမှာစိုးခြင်း၊ ကိုယ့်ထက် ဥစ္စာပေါမှာစိုးခြင်း၊ ကိုယ့်ထက် စီးပွားရေးကောင်းမှာစိုးခြင်း၊ ကိုယ့်ထက်လှမှာစိုးခြင်း၊ ကိုယ့်ထက် ရာထူး ဂုဏ်ကြီးမှာစိုးခြင်း၊ ကိုယ့်ထက် အသိပညာ အတတ်ပညာ သာမှာ စိုးခြင်း စသောအားဖြင့် ဖြစ်တတ်သည်။ ထိုသို့မစ္ဆရိယ အဖြစ်ခံရသူမှာ အကျိုးမယုတ်ဘဲ မိမိမှာတော့ စိတ်ယုတ်မာခြင်းကြောင့် ပြိတ္တာဖြစ်ဖို့ရန်သာ ရှိတော့၏။
ဤကဲ့သို့ ဣဿာ မစ္ဆရိယသည် လောက ကြီးပွားခြင်း၊ ချမ်းသာခြင်း၏ အဟန့်အတား အတားအဆီး အန္တရာယ် ဖြစ်ရုံသာမက ထို ဣဿာ မစ္ဆရိမီး အလောင်ခံရသော သူတို့သည် ဘယ်သောအခါမှ နုသော ၀မ်းမြောက်ခြင်း (ပါမောဇ္ဇ)၊ ရင့်သော ၀မ်းမြောက်ခြင်း (ပီတိ)၊ စိတ်စေတသိတ်တို့၏ ငြိမ်းချမ်းခြင်း (ပဿဒ္ဓိ)၊ ချမ်းသာခြင်း (သုခ) တည်ငြိမ်ခြင်း (သမာဓိ)၊ မဂ် ဖိုလ်၊ နိဗ္ဗာန် မရနိုင်ကြောင်း အန္တရာယ်များ ဖြစ်ကြသည်။
မစ္ဆရိယနှင့် ပတ်သက်သော မှတ်သားဖွယ်ရာများ ပိဋတ်တော်တွင် များစွာရှိပါသည်၊ သို့သော် ပို့စ်တစ်ခုသာ ဖော်ပြရသဖြင့် ဤမျှဖြင့် နိဂုံးချုပ်လိုက်ပါသည်။
ကျမ်းညွန်း
၁။ သင်္ဂြီုဟ်ဘာသာဋီကာ (အရှင်ဇနကာဘိဝံသ)
၂။ သက္ကပဥှသုတ် (သီတဂူဆရာတော်)
၃။ ကိုယ်ကျင့်အဘိဓမ္မာ (အရှင်ဇနကာဘိဝံသ)
၎။ ဓမ္မပဒအဋ္ဌကထာ ပ+ဒု
၅။ အင်္ဂုတ္တိုရ် ပဉ္စကနိပါတ် နှင့် ၎င်းး အဋ္ဌကထာ
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၄-၀၂-၂၀၁၁

Monday, January 24, 2011

sitagustar
No comments

ကြမ်းတမ်းသော လမ်း ဆိုက်ကားဖြင့် ကြွပုံ

လူနာများအား အားပေးစကားပြောနေစဉ်

စမ်းသပ်မှုခံယူရန် စောင့်ဆိုင်းနေကြစဉ်

ဆရာတော်ကြီးက လူနာအား အားပေးစကားပြောနေစဉ်

မျက်စိဝေဒနာရှင်များ စမ်းသပ်မှုခံယူရန် စောင့်ဆိုင်းနေကြစဉ်

သီတဂူဒေါက်တာ ဒေါ်မိမိခင် မျက်စိစမ်းသပ်နေစဉ်

ဆရာတော်ကြီးက လူနာအား မေတ္တာပို့ပေးနေစဉ်
Missionary and Ministry ဟူသော သာသနာပြုနည်းကို မူထားလျက် သီတဂူဆရာတော်ကြီး ဦးဆောင်လျက် သီတဂူ မျက်စိအထူးကုဆရာဝန်ကြီးများနှင့် သူနာပြု ဆရာ ဆရာမများ ၁၄ ယောက်အဖွဲ့တို့သည် ဘိုကလေးမြို့နယ်၊ ကဒုံကနိကျေးရွာ ကဒုံကနိတိုက်နယ်ဆေးရုံတွင် သီတဂူစက္ခုဒါန အလှူတော်များ ပြုလုပ်ခဲ့သည်။ ကဒုံကနိကျေးရွာသို့ ဘိုကလေးမြို့မှ သင်္ဘောဖြင့် ၄ နာရီကျော် စီးရသည်။ လမ်းခရီးက ကြမ်းသည်။ ထော်လာဂျီ၊ ဆိုက်ကား၊ လှေ၊ မော်တော်ဘုတ်များဖြင့်သာ သွားနိုင်သည်။ သက်တော် ၇၄ နှစ်ရှိသော ဆရာတော်ကြီးသည် ထိုခရီးကြမ်းကို မမှုဘဲ ထိုဒေသရှိ မျက်စိဝေဒနာရှင်များအား အစဉ်သနားသော ကရုဏာ၏ အစွမ်းကြောင့်သာ ဆိုက်ကားတတန် ထော်လာဂျီတမျိုး လေသင်္ဘောတဖုံတို့ဖြင့် အဆင်ပြေချောမွေ့စွာ သွားနိုင်ခဲ့သည်။
၁၈-၁-၂၀၁၁ နေ့ကစပြီး တိုက်နယ်ဆရာဝန် ဒေါက်တာအေးနိုင်နှင့်အဖွဲ့၊ သီတဂူအာယုဒါနဆေးရုံအုပ်ကြီး ဒေါက်တာခင်မောင်ဇော်နှင့် သီတဂူဒေါက်တာ ဒေါ်မိမိခင် တို့ဦးဆောင်သော သီတဂူဆရာ ဆရာမများက မျက်စိဝေဒနာရှင်များကို ကြိုတင် စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်ကြသည်။ ၁၉-၂၀-၂၁-၂၂-၂၃-၂၄ ရက်များတွင် မျက်စိအထူးကု ဆရာဝန်ကြီးများဖြစ်ကြသော ဒေါက်တာမြအောင်၊ ဒေါက်တာ စဂျေလွင်၊ ဒေါက်တာတင်ဇော်ဦးတို့က ခွဲစိတ်ကုသမှုများ ပြုလုပ်ကာ အလှူဒါနပြုခဲ့ကြပါသည်။
လူနာများ
စမ်းသပ်လူနာ- အယောက် ၁၀၀၀ ကျော်
ခွဲစိတ်လူနာ-၂၈၃ ယောက်
ဤသို့အားဖြင့် ၁၀၀၀ ကျော်သော မျက်စိဝေဒနာရှင်များကို ကုသမှုများပြုလုပ်ကာ ၂၈၃ ယောက်သော မျက်စိဝေဒနာရှင်များအား အလင်းရောင်ပေးလှူနိုင်ခဲ့သည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၅-၁-၂၀၁၁

Saturday, January 22, 2011

sitagustar
2 comments
အင်္ဂလိပ်စာ အထူးသင်တန်း (TOEFL)
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်ကြီး၏ စီမံချက်ဖြင့် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ အင်္ဂလိပ်စာအထူး (TOEFL) သင်တန်းကို ၁၅-၀၁-၂၀၁၁ နေ့က ရန်ကုန်မြို့ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ရန်ကုန်တွင် စတင်ဖွင့်လှစ်သည်။ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ရန်ကုန်နှင့် စစ်ကိုင်းတို့မှ ကျောင်းသားများ တက်ရောက်ကြသည်။
အောက်ဆရာများက အောက်ပါဖော်ပြပါ ဘာသာရပ်, အချိန်အလိုက် ယူကြပါသည်။
၁။ ဆရာကြီး ဦးကျော်ဋ္ဌေး
အင်္ဂလိပ်စာ နားစွမ်းရည် (listening skill), အင်္ဂလိပ်စာ သဒ္ဒါ (Grammar), စကားလုံး အမှားအမှန်ရွေးခြယ်ခြင်း (words choice), အစရှိသည်များ။
Mon, Wed, Fri နံနက် ၈-၃၀ နာရီမှ ၁၀-၃၀။ ၁၂-၃၀ မှ ၁-၃၀ အထိ။
၂။ Miss Jackie (USA)
Writing skill စာစီစာကုံး (Essay)
Mon, Tue ညနေ ၄ နာရီမှ ၆ နာရီအထိ
၃။ Miss Veneuss (University of Virginia) USA
စာဖတ်စွမ်းရည် (Reading skill) and vocabulary
၎။ Mss Paular (USA)
အင်္ဂလိပ်သဒ္ဒါ (Grammar)
၅။ ဆရာကြီး ဒေါက်တာ ခင်မောင်ညွှန့်
အထွေထွေ (General Knowledge)
၆။ ဆရာကြီး ဒေါက်တာ မျိုမြင့်
အထွေထွေ (General Knowledge)
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၂-၁-၂၀၁၁

Wednesday, January 19, 2011

sitagustar
2 comments
၁၈--၀၁-၂၀၁၁ နေ့ နံနက်စောစောပိုင်း (၆-၀၀) က အောင်မင်္ဂလာ အဝေးပြေးကားဂိတ်မှ မြောက်ဒဂုံ ဘေလီတံတားထိပ် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သို့ လိုက်ပါ ပို့ဆောင်သော တက္ကစီကား အဖြူရောင်ပေါ်တွင် ပစ္စည်းများ မေ့ကျန်ရစ်ခဲ့ပါသည်။ အလွန်အရေးကြီးသောကြောင့် တွေ့ရှိပါက ပြန်လည်အကြောင်းကြား ပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။
(အထူး ကျေးဇူးဆပ်ပါမည်။)
ပါဝင်သောပစ္စည်းများ
၁။ အနက်ရောင်အိပ် ထိုထဲတွင်
၂။ နိုင်ငံကူး ပတ်စပို့----------၉၈၉၂၁၈
၃။ သာသနာဝင်မှတ်ပုံတင်---၉/မဟမ(သ)၀၀၂၃၉၃
၎။ အမေရိကန် ဗီဇာဝင်ရန်နှင့် ကျောင်းတက်ရန် အရေးကြီးသော စာရွက်စာတမ်းများ
၅။ အိပ်ဆောင်ကွန်ပြူတာအနီရောင် Dell
၆။ အမေရိကန်ဒေါ်လာ ၅၀၀
၇။ မြန်မာကျပ်ငွေ ၂၀၀၀၀၀ (နှစ်သိန်း)
ပျောက်ဆုံးသူ အရှင်သုစိတ္တသည် အမေရိကန်နိုင်ငံတွင် ပညာသင်သွားရန် ရက် နီးကပ်နေပါသောကြောင့် အမြန်ဆုံးဆက်သွယ် ပေးပါရန် ထပ်လောင်းပြီး မေတ္တာရပ်ခံပါသည်။
ဆက်သွယ်ရန်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
မြောက်ဒဂုံ၊ ဘေလီတံတားထိပ်၊ ပင်လုံလမ်း
ဖုန်း-၀၁-၅၈၁၇၇၇။ ၀၁-၅၈၁၉၉၉
ကျေးဇူးပြု၍ ကော်ပီကူးပြီး လက်လှမ်းမီသလောက် မျှဝေပေးစေလိုပါသည်။ ကုသိုလ်ယူလိုက်ကြပါကုန်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၉-၁-၂၀၁၁

Friday, January 14, 2011

sitagustar
No comments

မြန်မာကိုရင်လေးများ

သီတဂူသာသနာပြုအဖွဲ့ အတွင်းရေးမှူးကပင့်ဆောင်လာပုံ

သီတဂူမှ နွေးထွေးစွာ ပြုစုပုံ
ဆရာမိဘများထံ အပ်နှင်းပုံ
ယနေ့ ၁၄-၀၁-၂၀၁၁ နေ့ နံက်ပိုင်းတွင် သီရိလင်္ကာရောက် မြန်မာကိုရင်ငယ်လေးများကို သီတဂူဆရာတော်ကြီး အမိန့်အတိုင်း သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် သီတဂူသာသနာပြုအဖွဲ့မှ ကမကထ ပြုလုပ်ကာပြန်လည်ပင့်ဆောင်ရေးနှင့် ကြိုဆိုရေး ကျွေးမွေးဧည့်ခံရေးများကို စနစ်တကျ ပြုလုပ်သည်။
ထိုကိုရင်ငယ် ၂၄ ပါးတို့၏ လေယာဉ်စရိတ်များကို ဂျပန်နိုင်ငံရှိ မြန်မာဒကာများဖြစ်ကြသော ဦး +ဒေါ် မိသားစုတို့က ယာနဒါ ပြုကြသည်။ အလှူရှင် အမည်မသိ၍ ချန်ထားသည်ကို သည်းခံ ခွင့်လွတ်ပါရန်။
အစီအစဉ်များ
၁။ သီတဂူကပ္ပိယ ဦးဟန်၊ ဦးဝင်းအောင်နှင့် ဦးမြင့်အောင်တို့က သီရိလင်္ကာနိုင်ငံသို့ သွားရောက်ကာ ကိုရင်လေးများအား မြန်မာပြည်သို့ ပင့်ဆောင်ခြင်း။
၂။ သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် သီတဂူကပ္ပိယအချို့က ကြိုဆိုပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) သို့ ပင့်ဆောင်ကြခြင်း။
၃။ နေ့ဆွမ်းအလှူရှင် ရွှေစင်မိသားစုက ကြွရောက်လာကြသော သီတဂူကပ္ပိယအဖွဲ့၊ သာသနာရေးဝန်ကြီးဌာနမှ လူကြီးမင်းများ၊ ကိုရင်ငယ်လေးများ၊ ထိုကိုရင်ငယ်များ၏ ဆရာများ၊ မိဘများနှင့် ဖိတ်မန်ထားသော ပရိသတ် ၂၀၀ အား ဒံပေါက်ဆွမ်း၊ မုန့်ပဲသရေစာ ရေခဲမုန့်တို့ဖြင့် ကျွေးမွေးဧည့်ခံခြင်း။
၎။ ကိုရင်ငယ်များကို ဆရာ မိဘများထံ အပ်နှံသည့် အခမ်းအနား ကျင်းပခြင်း။
၅။ ထိုအခမ်းအနားတွင် သီတဂူဒေါက်တာစန္ဒာသိရီက ကြိုဆိုနုတ်ခွန်းဆက် ကျေးဇူးတင်စကားပြောခြင်းနှင့် သီတဂူသာသနာပြုအဖွဲ့က သူတို့၏ဆန္ဒအလျောက် ပြန်ချင်သော ကိုရင်လေးများကိုသာ ပြန်လည်ပင့်ဆောင်ခြင်းဆိုတဲ့ အကြောင်း မိန့်ကြားခြင်း။
၆။ ဒေါက်ပညာသီဟာလင်္ကာရက ကိုရင်ငယ်များ၏ စာရင်းဖတ်ကြားခြင်းနှင့် ကြိုဆိုပြုစုရခြင်းအကြောင်း ပြောကြားခြင်း။
၇။ သာသနာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ယခုလို ကိုရင်ငယ်လေးများ ပြန်လည်ပင့်ဆောင်ရခြင်း အကြောင်းနှင့် မြန်မာသီရိလင်္ကာ နှစ်နိုင်ငံအကြား ဘာသာရေး နိုင်ငံရေးများသည် ရှေးယခင်ကထဲက ရင်းနှီးချစ်ကျွမ်းဝင်ပြီးဖြစ်ကြောင်းများ ပြောကြားခြင်း။
၈။ သီတဂူသာသနာပြုအဖွဲ့က ကိုရင်လေးများအား တစ်ပါးလျှင် နှစ်သောင်း ငါးထောင်(၂၅၀၀၀) ကျပ်စီ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း။
ဤကဲ့သို သီတဂူသာသနာပြုအဖွဲ့က ထိုကိုရင်လေးများနှင့် ဆရာမိဘများအား နွေးနွေးထွေးထွေး ကြိုဆိုပြုစုခြင်းသည်ကား သီတဂူသာသနာပြုအဖွဲ့၏ သာသနာပြုနည်း Ministry များစွာထဲက တစ်စိတ်တဒေသသော ကရုဏာ သာသနာပြု ဖြစ်ပါကြောင်း ၀မ်းမြောက်နုမော် သာဓုခေါ်လိုက်ပါသတည်းးးးးး။
မှတ်ချက်။ ။ အစစအရာရာ ကူညီပံ့ပိုးသော မြန်မာနိုင်ငံသာသနာရေးဝန်ကြီးဌာနအား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၄-၀၁-၂၀၁၁
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
-
ဖေ့ဘုတ်အပေါ်က လူအကြိုက်များဆုံး ဓာတ်ပုံ တစ်ပုံ စာမိတ်ဆက် စာရေးသူ၏ ဖေ့ဘုတ်တွင် ပုံများစွာတင်ထားသည်။ ရောက်လေရာရာနေရာတွေက အမှတ်တရပုံတွေကော ဆရာေ...
-
အင်ဒိုနီးရှာကျောင်းသားများ ပြပွဲမှာ တိုးဝှေ့ပြီးရိုက်ထားတဲ့ ဓာတ်ပုံလေးတွေပါ စာရေးဆရာမဟုတ်သော သီတဂူစတား ဒီကနေ့ ဘာပို့စ်တင်ရမလဲ စဉ်းစ...
-
ဆရာကောင်း နည်းကောင်း တွေ့ဖို့လိုတယ် အဲဒီမှာ ဘုန်းကြီး ချက်ချင်း စဉ်းစားမိတယ်။ ''ဒီဥရောပတိုက်သား အမေရိကတိုက်သား လူတွေဟာ ဗုဒ္ဓ ဘာသာ...
-
သိကြားမင်းရဲ့လျှောက်ထားချက် အသားမည်းတဲ့ ဒီရသေ့ဟာ မည်းတဲ့မြေကွက် ပေါ်မှာ နေနေတယ်။ မည်းတဲ့အဝတ်ကိုဝတ်တယ်။ မည်းတဲ့ အစားအစာကို စားတယ်။ ဒီတော့ ...
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ်ရှိ ပူနေးမြို့ ပူနေးတက္ကသိုလ်ကြီးသည် လွန်ခဲ့သော ၈ နှစ်ကထဲက စပြီး အရှိန်အဟုန်နှင့် ကျော်ကြားလာခဲ့ရာ၊ ပြည်တွင်းပြည်...
-
သီတဂူဆရာတော် ဂျေရုစလင် မိန့်ခွန်း *********** Your Venerable Your Excellency Mr. President / Prime Minister of Israel Excellencies ...
-
သီတဂူ Study Tour အင်ဒိုနီးရှား ********** သီတဂူ ၂၀၁၆ နိုဝင်ဘာလ ၆ သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး၊ တပည့် စာချ ဆရာတော်များနှင...