စာမိတ်ဆက်
ပူဇာ စ ပူဇနေယျာနံ ဧတံ မင်္ဂလမုတ္တမံ- ပူဇော်သင့်သူကို ပူဇော်ခြင်းက မွန်မြတ်သော မင်္ဂလာဟူသတည်း။ ဆရာနဲ့ တပည့်ဆိုရာဝယ် ဆရာသည် ပူဇနေယျ- အပူဇော်ခံဖြစ်သည်၊ မိဘနှင့် သားသမီးတွင် မိဘက အပူဇော်ခံဖြစ်သည်။ လူကြီးနှင့် လူငယ်တွင် လူကြီးသည် အပူဇော်ခံ ပူဇနေယျ ဖြစ်သည်။ ထိုနည်းတူစွာ အကိုကြီး အမကြီးများသည် ညီငယ် နှမငယ်များ၏ အပူဇော်ကို ခံယူထိုက်သူများ ဖြစ်ကြသည့်အတွက် ပူဇနေယျပုဂ္ဂိုလ်များ ဖြစ်ကြသည်။
မြန်မာလူမျိုးများကို မြတ်ဗုဒ္ဓ၏အဆုံးမအောက်တွင် ကြီးပြင်းလာရာကား ကြီးသူကို ရိုသေ ငယ်သူကို လေးစားသည့် ယဉ်ကျေးမှုကို ပိုင်ဆိုင်ထားသူများဖြစ်ကြသည့်အတွက် ကမ္ဘာက လေးစားကြည်ညို အားကျကြသည်။ အသက်ဂုဏ် (ဂုဏ၀ုဎ္ဋိ, ၀ယ၀ုဎ္ဋိ) ပညာဂုဏ် အစရှိသော ကြီးရင့်သူတို့ကို ပူဇော်သူတို့အား အခွင့်အရေး ၄ မျိုးရရှိမှာဖြစ်တယ်၊ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာခြင်းနှင့် ခွန်အားကောင်းခြင်း တို့ဖြစ်သည်။ (အဘိဝါဒနသီလိဿ နိစ္စံ ၀ုဎ္ဋပဇာယိနော၊ စတ္တာရော ဓမ္မာ ၀ုဎုန္တိ အာယု ၀ဏ္ဏေ သုခံ ဗလံ)။ ထို့ပြင် ပညာရှိ သူတော်ကောင်းတို့၏ ချီးမွမ်းခြင်းကိုလည်း ရရှိမှာဖြစ်ပါသည်။
ယခုအခါ မြန်မာနိုင်ငံတွင် နေရာအနှံ့အပြား အာစရိယပူဇော်ပွဲများ ကျင်းပလျက် ဆရာများ၏ အဆုံးအမများနှင့် လမ်းညွှန်မှုများကို နာယူမှတ်သားနေကြသည်မှာ ၀မ်းမြောက်ဖွယ်ရာဖြစ်ပါသည်။ ၂၀၀၅နှစ် နွေရာသီက သီတဂူဆရာတော်ကြီး၏ အမိန့်အရ စာရေးသူသည် သူငယ်ချင်း နောင်တော် ဒေါက်တာ အရှင်ပညောနှင့်အတူ မိုးကုတ်မြို့သို့ နွေရာသီအင်္ဂလိပ်စာသင်တန်းနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းအတွက် သွားခဲ့ကြသည်။ ထိုသင်တန်းတွင် အရွယ်စုံ အတန်းစုံနှင့်ဆရာမများပင် တက်ရောက်ကြ သည်။ သင်တန်းတွေပြီးသောအခါ ထိုသင်တန်းတွင်ပါသော ဆရာမကြီးတစ်ယောက်က တပည့်တော်တို့ ဆရာပူဇော်ပွဲ ပြုလုပ်ချင်ပါတယ်ဘုရားဟု လျှောက်သည်။ စာရေးသူတို့က ကျောင်းသား ကျောင်းသူကလေးတွေရဲ့ အလှူတွေကို ငြင်းလိုက်မိသည်၊ သူတို့လေးတွေသည် အလွန်နွမ်းပါးကြသည်အတွက် မိမိကပဲ ပေးချင်သည်၊ ထောက်ပံ့ချင်သည်။ သို့သော် ဆရာမကြီးက ‘‘အရှင်ဘုရား တပည့်တော်တို့ ကလေးတွေက ဆင်းရဲကြတယ်ဆိုတာ မှန်ပါတယ်ဘုရား၊ သို့သော်လည်း ဆရာကို လေးစားရတယ်၊ ပူဇော်ရတယ်ဆိုတာလေးကို သူတို့လေးတွေကို သိစေချင်တာပါဘုရား၊ လက်ဆင့်ကမ်းချင်ပါတယ်ဘုရား၊ အဲဒါကြောင့် ခွင့်ပြုပါဘုရား’’ ဟု လျှောက်သောအခါမှ သဘောပေါက်၍ ခွင့်ပြုလိုက်သည်။ ယနေ့ မြန်မာနိုင်ငံရှိ စာသင်ကျောင်းများ တက္ကသိုလ်များတွင် ထိုကဲ့သို့ အာစရိယ ပူဇော်ပွဲများကို ကျင်းပခြင်းသည် နောင်လာနောက်သား မျိုးဆက်သစ်လေးတွေအတွက် လမ်းညွှန်ကောင်း ဖြစ်နိုင်ပါသည်။ ယခုအခါ ၀မ်းသာစရာကောင်းသည်မှာ တကမ္ဘာလုံးက ဆရာကို အသိအမှတ်ပြုလာကြသည်၊ အောက်တိုဘာလ ၅ ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့ (The world Teacher’s Day) ဟု အသိမှတ်ပြုကာ ဂုဏ်ပြု ချီးကြူးပူဇော်ပွဲများ ကျင်းပလျက်ရှိခြင်းပင် ဖြစ်သည်။
ကျောင်းသား ရဟန်းတော်များ ကန်တော့စဉ်
သီတဂူအာစရိယပူဇော်ပွဲ
ထိုနည်းတူစွာ ၂၃-၁၂-၂၀၁၀ နေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဘုရားခန်းမဆောင်တွင် အဓိပတိဆရာတော်ကြီး အမှူးပြုသော ပါမောက္ခ၊ ကထိက ဆရာများအား ၂၀၁၀-၂၀၁၁ ပညာသင်နှစ် ကျောင်းသားများက ပူဇော်တဲ့ပွဲကိုကျင်းပရန် အစီးအစဉ်ဆွဲခဲ့သည်။ သို့သော်လည်း ဆရာတော်ကြီးသည် နဂိုက ၂၃ ရက်နေ့ နံက်ပိုင်း အမေရိကမှ ပြန်ရောက်လာမည် ဖြစ်သော်လည်း အနောက်နိုင်ငံတွေမှာ အထူးသဖြင့် အင်္ဂလန်မှာ နှင်းထူထပ်နေသောကြောင့် လေယာဉ်ခရီးစဉ်များကို ယာယီ စောင့်ဆိုင်းထားရခြင်းဖြစ်ရကာ မူလ အစီအစဉ်ပြောင်းရမလိုဖြစ်နေသည်၊ ပင့်ပြိး ဖိတ်ပြီးဖြစ်နေသောကြောင့် ရှိနေသော ဆရာများနှင့် ပူဇော်ပွဲ သက်မှတ်ပြီး ၂၃ ရက်နေ့မှာပဲ ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း ဆုံးဖြတ်ကြသည်။ ဆရာတော်ကြီးသည် ၂၅ ရက်နေ့မှ ပြန်ရောက်မည်ဖြစ်သဖြင့် ထိုနေ့ကျမှ ဆရာတော်ကြီးအား သီးသန့် ကန်တော့ရန်သာ ဖြစ်ပါတော့သည်။
အခမ်းအနား အစီအစဉ်
၁။ နမော တဿ ဖြင့် အခမ်းအနား ဖွင့်
၂။ ကျောင်းသားများက ကန်တော့ပြီး ဒေါက်တာအဂ္ဂဓမ္မက ဆုပေး သြ၀ါဒပေး
၃။ ဒေါက်တာ ဣန္ဒက က သြ၀ါဒ ပေး
၎။ ဒေါက်တာကိတ္တိဗလ က သြ၀ါဒပေး
၅။ အရှင်ကောဝိဒ B.A, M.A (Philosophy),Ph.D(Thesis) သီတဂူစတားက သြ၀ါဒပေး
၆။ အရှင်ဥက္ကံသ M.A (Philosophy,က သြ၀ါဒပေး
၇။ ကျောင်းသားများက ကန်တော့ပန်းလွှာ လျှောက်ထားခြင်း
၈။ ဆရာများအား လှူဖွယ်များ ကပ်ခြင်း
၉။ သီတဂူအဓိဋ္ဌာန်ဖြင့် အခမ်းအနားကို ရုပ်သိမ်းခြင်း
အခမ်းအနား ပြီးဆုံးသောအခါ နေ့ဆွမ်းအလှူရှင် သီတဂူဦးတင်အေး မိသားစုမှ ကြွရောက်လာကြသော ဆရာတော် သံဃာတော်များနှင့် ဧည့်ပရိသတ်အပေါင်းတို့အား ဒံပေါက်ဆွမ်းဖြင့် ဧည့်ခံကျွေးမွေးသည်။
တပည့်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ
ပထမရွှေကျင်ဆရာတော်ကြီး၏ အဆုံးအမများစွထဲက တစ်ခုသော အဆုံးအမတွင်----------------
‘‘ပန်းဘဲဆရာ အထုမခံရသော သံတုံးသည် ဓားကောင်းတစ်လက် မဖြစ်နိုင်။
ကျောက်ဆစ်ဆရာ၏ အဖြတ်မခံရသော ကျောက်တုံးသည် ဘုရားမဖြစ်။
ဆရာကောင်း အဆုံးအမကို မခံရသော တပည့်သည်လည်း သူကောင်းမဖြစ်’’ ဟု ပါရှိသည်။ ဓားကောင်းတစ်လက်ဖြစ်ဖို့ရန် သံတုံးသံရိုင်းသည် ပန်းပဲဆရာ၏ မီးပြင်းပြင်းအတိုက်ခံရပြီး အထုအရိုက်ကို နာနာ ခံရသည်။ ထိုသို့ ပန်းပဲဆရာ၏ ကြိမ်ဖန်များစွာ အထုခံရမှသာ ဓားကောင်းတစ်လက်ထွက်လာရသည်။
ကျောက်ရိုင်း ကျောက်တုံးသည် ကျောက်ဆစ်ဆရာ၏ လက်နက် အကြီးအသေး အမျိုးမျိုးတို့ဖြင့် ထုရိုက် လှီးဖြတ် ခံရပြီးမှသာ လူတို့ကိုးကွယ်အပ်သော အလွန်သပ္ပါယ်သော ဘုရားရုပ်ဆင်းတုဖြစ်လာရသည်။
ဆရာသည် ပန်းပဲဆရာ ပန်းပုဆရာ ကျောက်ဆစ်ဆရာတို့နှင့်တူသည်။ မိမိ၏ တပည့်ကို လူတလုံးသူတလုံး လောကအလည်မှာ တင့်တယ်ပြီး သာသနာအကျိုး လောကအကျိုးအစီးပွားကို ဆောင်ရွက်နိုင်သော တပည့်ကောင်း သူတော်ကောင်းလေဖြစ်လာနိုင်ဖို့ရန် ခြောက်တန်လျှင်ခြောက် မြှောက်တန်မြှောက်၍ နာနာမောင်းနှင်ပေးရသည်၊ နာနာ ထုပေးရသည်။ ထိုအဆုံးမကို သီတဂူဆရာတော် ကြီးသည် မကြာမကြာ မိန့်ဖူးသည့်အတွက် စာရေးသူတို့ နားရည် ၀နေပါပြီ။
ငယ်စဉ်ဘဝ
စာရေးသူသည် အသက် ၁၄ နှစ်ကထဲက အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်သို့ ရောက်ခဲ့သည်။ ဖိုးသူတော်အရွယ် ဖြစ်သဖြင့် သူငယ်ချင်း အများစုတွေကလည်း ကိုရင်ငယ် ဖိုးသူတော် အငယ်ကလေးများသာ ဖြစ်သည်။ ထိုခေတ်က ထိုကျောင်းတိုက်ကြီးသည် စည်းကမ်းကြီးသည်၊ စည်းစနစ်ကျသည်၊ စာသင်နည်းစနစ် ကောင်းသည်ဟု နာမည်ကျော်သည်။ ထိုစာသင်တိုက်သို့ ရောက်ဖို့ရန်မှာ မလွယ်ကူလှပေ၊ ဆရာတော်ကြီး ရှိစဉ်ကဆို ပိုလို့တောင် ခက်ခဲသည်၊ ရုပ်ရည်ကိုပါကြည့်၍ လက်ခံသဖြင့် ရုပ်ရည်ကြမ်းသော စာရေးသူတို့အဖို့ ထိုခေတ်က ထိုကျောင်းသို့ ရောက်နိုင်လိမ့်မည်မဟုတ်။ ငယ်ငယ်ကထဲက အဆော့မက်သည်၊ အဆော့ သန်သည်၊ သင်္ကန်းစုတ်၊ အ၀တ်စုတ်ကလေးတွေကို လုံးအောင်ချုပ်ပြီး ဘော့ကန်သောကြောင့် ကွဲခဲ့တဲ့ မီးချောင်းတွေ၊ ရေနွေးဓာတ်ဗူးတွေလဲ မနဲဘူး၊ သူများတွေက ကျောင်းပိတ်ရက် ဥပုသ်နေ့ကို မျှော်နေကြပေမဲ့ စာရေးသူက ဥပုဒ်နေ့ ရောက်မှာကို ကြောက်နေမိသည်၊ ကျောင်းပိတ်၍ စာသင်ပျက်မှာကို ကြောက်လို့မဟုတ်၊ ဥပုသ်နေ့ရောက်တိုင်း ဆရာဖြစ်သူ (အာမခံ)က တပည့်တွေ ခေါ်ပြီး သြ၀ါဒပေးလေ့ရှိသည်၊ တစ်ပတ်စာအတွင်း ကျူးလွန်ခဲ့သော အပြစ်များ ဖော်ထုတ်ကာ ကြိမ်နဲ့ ဆော်လေ့ရှိသည်။ စာရေးသူလည်း တစ်ပတ် တစ်ခါတော့ အနဲဆုံးတော့ ဆော်ခံရသည်။ ငယ်စဉ်က ဆရာက ထိုကဲ့သို့ ရိုက်ဆုံးမသည်ကို မုန်းမိသည်၊ အသက်အရွယ် ရလာတဲ့ အခါ ဆရာသမားတွေနဲ့ ဝေးသောအခါမှ ထိုကြိမ်လုံးလေးကို တမ်းတ အမှတ်ရနေမိကာ လွမ်းနေ တော့သည်။
‘‘ နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း၊
ဝမ်းတွင်း မသို၊ ဟုတ်တိုင်းဆို၍
ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ ဆရာဟူလော့’’ ဆရာ၏ စေတနာကို ဖော်ကျူးသည် ကဗျာလေးဖြစ်သည်။ ဆရာသည် အိုးလုပ်သမားနှင့်လည်း တူသည်ဟူ၍ နီတိဆရာတို့ ဆိုကြသေးသည်။ အိုးလုပ်သမားသည် အိုးကို နာနာ ကြိမ်ဖန်များစွာ ရိုက်ပုတ်ရာဝယ် အိုးကို ကွဲစေလို၍ မဟုတ်ဘဲ အလွန်ခိုင်ခံ့သော အိုးကောင်းတစ်လုံး ဖြစ်ဖို့ပဲ ဖြစ်သည်။ ဆရာသည်လည်း တပည့်ကို ခြောက်လန့်ခြင်းတစ်ဖုံ မြှောက်ခြင်းတမျိုး အမျိုးမျိုး ဆုံးမခြင်းသည် ပျက်စီးသွားစေဖို့မဟုတ်၊ တပည့်ကောင်းတစ်ယောက် ဖြစ်ဖို့ပဲ ဖြစ်သည်။ ‘‘သိဿာနံ ဟိတံ အစရတီတိ အာစရိယော’’ ဟု စာက ဆိုသည်၊ တပည့်တို့၏ အကျိုးစီးပွားကို ပြုကျင့်အားထုတ်တတ်သောကြောင့် အာစရိယ (ဆရာ) ဟု ခေါ်သည်။
ရွှေအိုးပြသော ဆရာ
ဆရာသည် မြေ၀ယ်မြုတ်ထား ရွှေအိုးကို ဖော်ထုတ်ပြသော သူနှင့်လည်း တူသည်ဟု ဘုရားအဆုံးအမတွင် တွေ့ရသည်။ တခါက ကျောင်းမှာ ဝေယျာဝေစ္စပြုလုပ်နေသော အဖိုးအို ရာဓပုဏ္ဏားကြီးသည် ရဟန်းဝတ်လိုသော ဆန္ဒရှိနေပေမဲ့ ဘယ်ရဟန်းတော်ကမှ သူ့ကို ဂရုမစိုက်၊ အလေးမထား၊ ဘုရားရှင်၏ ဥာဏ်တော်ထဲတွင် ပုဏ္ဏားကြီး တရားထူးရမည်ကို ထင်လာသည်၊ ဘုရားရှင်က ရဟန်းများ စုဝေးရာတွင် ‘‘ရာဓပုဏ္ဏားကြီးကို မည်သူ တာဝန်ခံ ရဟန်းပြုပေးနိုင်မလဲ?’’ဟု မေးရာ ရဟန်းတော်အများစု တိတ်ဆိတ်နေရာမှ အရှင်သာရိပုတ္တရာမထေရ်က ‘‘ ဘုရားတပည့်တော် တာဝန်ယူ ပေးပါမည်၊ တစ်ချိန်သော အခါက ဘုရားတပည့်တော်အား ဆွမ်းတစ်ဇွန်းမျှ လောင်းလှူဖူးပါတယ်ဘုရား’’ ဟု လျှောက်လိုက်သောအခါ ရဟန်းများအားလုံး အံ့အားသင့်သွားကြသည်။ ထို့နောက် များမကြာမီမှာပဲ ရာဓရဟန်းကြီး ရဟန္တာဖြစ်သွားပြီးသောအခါ ဘုရားရှင်က ရာဓပုဏ္ဏားကြီးသည် ပြောစကား နားထောင်သည်၊ ပြောရဆိုရလွယ်ကူသည်ဖြစ်ရကား ထိုကဲ့သို့သော တပည့်မျိုး ဘယ်လောက် လိုချင်ပါသလဲဟု အရှင် သာရိပုတ္တရာအား မေးရာ များစွာ အလိုရှိပါကြောင်း လျှောက်ထားဖူးသည်။ ရာဓရဟန်းကြီးသည် ပြောစကား ဆိုစကား နားထောင်ခြင်းကို အကြောင်းပြု၍ ‘‘နိဓီနံဝ ပ၀တ္တေယျ၊ ယံ ပေဿ ၀ဇ္ဇဒဿိနံ။ နိဂ္ဂယှဝါဒိံ မေဓာဝိံ၊ တာဒိသံ ပဏ္ဍိတံ ဘဇေ။ တာဒိသံ ဘဇမာနဿ သေယျော ဟောတိ န ပါပိယျော= အပြစ်ကို ပြ၍ ဆိုဆုံးမသော ဆရာကို စိတ်မဆိုးသင့်၊ အပြစ်မမြင်သင့်ဘဲ မြေ၀ယ်မြုတ်ထား ရွှေအိုးကို ဖော်ထုတ်ပြသကဲ့သို့ မှတ်ယူက လိုက်နာသင့်ကြောင်း၊ ထိုသို့လိုက်နာခြင်းကြောင့် ထိုတပည့် ကြီးပွားရုံသာပဲ ရှိတော့၏၊ ဘယ်တော့မှ မပျက်ဆီး၊ မဆုတ်ယုတ် ’’ဟု မိန့်တော်မူသည်။ (ဓမ္မပဒအဋ္ဌကထာ)။
ဆရာ ၅ မျိုး
စာပေမှာတော့ ဆရာ ၅ မျိုးပြထားသည်ကို တွေ့ရသည်။ ဘာသာရေးဆိုင်ရာ ဆရာများဆိုပေမဲ့ လောကလူသား (လောကီ) သားတို့အတွက်လည်း ဖြစ်ပါသည်။ ထို ဆရာအမျိုးမျိုးတို့မှာ-------------
၁။ ပဗ္ဗဇ္ဇာစရိယ- ရှင်ပြုပေးသော ဆရာ၊ ဥပမာ- မြတ်ဗုဒ္ဓ၏သားတော် ရှင်ရာဟုလာကို ရှင်ပြုပေးသော ဆရာသည် အရှင်သာရိပုတ္တရာဖြစ်သည်။
၂။ ဥပသမ္ပဒါစရိယ- ရဟန်းပြုပေးသော ဆရာ၊ စာရေးသူအား ရဟန်းပြုသော ဥပဇ္ဈာယ်သည် အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ ယခုလက်ရှိ နာယကချုပ်ဆရာတော် အရှင်ကုဏ္ဍလာဘိဝံသ အဂ္ဂမဟာပဏ္ဍိတ မထေရ်ဖြစ်သည်။
၃။ နိဿယာစရိယ- နိသျည်းပေးသော ဆရာ။
၎။ ဥဒ္ဒေသာစရိယ- စာပေသင်ကြားပေးသော စာချဆရာများ။
၅။ သြ၀ါဒါစရိယ- ဆုံးမစကား ပြောကြားပေးခြင်း၊ လမ်းညွှန်ခြင်း၊ မကောင်းမြစ်တာ ကောင်းရာ ညွှန်သော ဆရာဟူ၍ စာပေမှာ တွေ့ရှိရသည်။
ရှင်ပြုခြင်း ရဟန်းခံစသည်ဖြင့် သာသနာနှင့်ဆိုင်သော ဆရာဖြစ်ပေမဲ့ နံပါတ် ၄ နှင့် ၅ တို့သည် လောကီ လောကုတ် ၂ မျိုးလုံးဆိုင်သော ဆရာများဖြစ်သည်။
ဆရာ့တာဝန်
စာရေးသူတို့ ငယ်စဉ်က ကျောင်းသုံးဗလာစာအုပ်တွေ၏ နောက်ကျောတွင် ဆရာ့ကျင့်ဝတ်၊ တပည့်ကျင့်ဝတ်၊ မိဘနှင့် သားသမီးတို့ ကျင့်ဝတ်ဟူ၍ အလွယ်တကူ ကြည့်နိုင်အောင် ဖော်ပြထားသည်ကို တွေ့ရသည်။ သို့သော် ထို လူသားတိုင်း ဘာသာတိုင်း ကျင့်သုံးရမည့် ကျင့်ဝတ် (Universal Duties) တွေအစား ရုပ်ရှင်မင်းသား မင်းသမီးများနှင့် ကြော်ငြာတွေက နေရာယူလာသည်ကို တွေ့ရသဖြင့် နှမြောတသ ဖြစ်မိသည်။ ထို ကျင့်ဝတ်များစွာမှ ဆရာ့ဂုဏ်များကိုသာ သိင်္ဂါလောဝါဒသုတ်မှာ ဆိုထားသည့်အတိုင်း ပြန်လည် ဖော်ပြလိုက်ပါသည်။
ထိုဆရာ့ဂုဏ်အင်္ဂါ ၅ပါးကား---
၁။ အန္တေ၀ါသိံအနုကမ္ပန္တိ- ဘယ်အရပ်ရောက်ရောက် အစဉ်သနား စောင့်ရှောက်၏။
၂။ သုဝီနိတံ ၀ိနေန္တိ- ဆုံးမသင့် ဆုံးမထိုက်သော အရာမှန်သမျှတို့ကို ဆို ဆုံးမပေး၏။
၃။ သုဂ္ဂဟိတံ ဂါဟာပေန္တိ- သင်သင့် သင်ထိုက်သော အတတ်ပညာများကို သင်စေ၏။
၎။ သဗ္ဗသိပ္ပဿုတံ သမက္ခာယိနော ဘ၀န္တိ- ဆရာစားမချန် မိမိတတ်သော ပညာရပ် အားလုံးကို သင်ပေး၏။
၅။ မိတ္တာမစ္စေသု ပဋိယာဒေန္တိ- မိတ်ဆွေကောင်းတို့ အထံမှာ စိတ်ချစွာ အပ်နှင်းပေး၏။
အရှင်သာရိပုတ္တရာသည် ဆရာရှိနိုင်သည့် အရပ်ဘက်သို့ မှန်းပြီး ရှိခိုးလေ့ရှိသတဲ့။ တခါက ဆရာဆိုတာကို ကိုယ့်ရဲ့ တောင်ဘက်အရပ်မှာ ထားပြီး ပူဇော်ကြရမယ်လို့ သိင်္ဂါလအမည်ရှိ သူကြွယ်တယောက်အား ဟောကြားခဲ့။ အကြောင်းကား ဆရာသည် ထိုဂုဏ်အင်္ဂါ ၅ ပါးနှင့် ပြည့်စုံသောကြောင့် ဖြစ်သည်။
ထိုငါးပါးသော ဂုဏ်တို့ကြောင့် တောင်အရပ်နှင့် တူသော ဆရာသည် တပည့်တို့၏ အရိုသေ ပူဇော်အထူးကို ခံထိုက်၏။ တပည့်တို့အတွက် ပညာရှိကို ဆည်းကပ်ခြင်း မင်္ဂလာ၊ ပူဇော်သင့်သူကို ပူဇော်သော မင်္ဂလာ၊ ဂါရ၀နှင့် နိဝါတမင်္ဂလာ၊ ဓမ္မသာကစ္ဆမင်္ဂလာ အစရှိသော မင်္ဂလာတရားတို့ကို ရစေနိုင်၏။
ဆရာ့အပေါ်မာနကြီးသူ
ဆရာနှင့်ဆက်စပ်ပြီး ဗြာဟ္မဏသံယုတ် မာနတ္ထဒ္ဓသုတ်မှာ ဆိုထားသေးသည်။ တခါက ပုဏ္ဏားတစ်ယောက်သည် အလွန်ခက်ထန်သော မာနရှိ၏၊ အမေကို ရှိမခိုး၊ အဖေကို ရှိမခိုး၊ အစ်ကို အမတို့ကိုလည်း မလေးစား။ ထိုသို့မာနကြီးသော ပုဏ္ဏားသည် သူ၏စိတ်ကို သိနေသော မြတ်စွာဘုရားအား ရိုသေလေးစားသည်။ မိဘ အစ်ကိုအမကို ရှိခိုးလေ့မရှိသော ပုဏ္ဏားတစ်ယောက်ကား ဘုရားရှင်အား ရှိခိုးနေသည်ကို မြင်ကြရသော ပရိသတ်ကို အံသြစေ၏။ မြတ်စွာဘုရားအပေါ်ကြည်ညိုလာသော ထိုမာနကြီးသော ပုဏ္ဏားသည် ‘‘အရှင်ဘုရား- ဘယ်လိုပုဂ္ဂိုလ်မျိုးကို မာနမထားသင့်လဲ၊ ဘယ်လိုပုဂ္ဂိုလ်များကို ရှိခိုးသင့်ပါသလဲဘုရား’’ ဟု ဘုရားအား လျှောက်ထားရာ-- ဘုရားရှင်က‘‘ ပုဏ္ဏား- အမိ၊ အဖ၊ အစ်ကို၊ အမ နှင့် ဆရာသမားများအပေါ်တို့၌ မာနမထားသင့်၊ ရှိခိုးသင့်၏၊ ရိုသေသမှုကို ပြုကုန်ရာ၏’’ဟု မိန့်၏။ တဖန် ရဟန်းတော်များကိုလည်း မာန်မာန ချိုးနိမ်၍ ရှိခိုးရာ၏ဟု မိန့်တော်မူသော မြတ်ဗုဒ္ဓ၏စကားကို ပုဏ္ဏားကြီး ကျေနပ်နှစ်သက်ကာ တစ်သက်ပတ်လုံး မိဘ ဆရာ အစ်ကိုအစ်မများကို ရိုသေ ရှိခိုးလေတော့သတည်း။
(မာတရိ ပိတရိ စာပိ၊ အထော ဇေဋ္ဌမှိ ဘာတရိ။
အာစရိယေ စတုတ္ထမှိ၊ တေသု မာနံ န ကရိယာထ။
တေသု အဿ သဂါရဝေါ၊
တ်ႆ အပစိတာ အႆု၊
တ်ႆု သာဓု သုပူဇိတာ။)
ဆရာကို အကောင်းဆုံး ပူဇော်ခြင်း
တပည့်တွေက ဆရာများအား ပစ္စည်းပစ္စယဖြင့် ကန်တော့ခြင်းထက် အောင်မြင်သော တပည့်ကောင်းတစ်ယောက်၊ သာသနာအကျိုး လောကအကျိုး ဆောင်ရွက်နိုင်သော တပည့်ကောင်းတစ်ယောက် ဖြစ်ဖို့ကို လိုလားကြသည်။
တခါက နတ်တွေ ဗြဟ္မာတွေ လူတွေက မြတ်ဗုဒ္ဓအား ပန်းတွေ နံ့သာတွေ လူဖွယ် ပစ္စည်းများဖြင့် ပူဇော်နေကြခြင်းနှင့်စပ်လျင်းပြီး အရှင်အာနန္ဒာအား မြတ်ဗုဒ္ဓ မိန့်ကြားသည်မှာ ‘‘ အာနန္ဒာ- ဤကဲ့သို့သော လူဖွယ်တွေ ပန်းနံ့သာတွေဖြင့် ပူဇော်ခြင်းသည် ငါ့ဘုရားအား အကောင်းဆုံး ပူဇော်ခြင်းမျိုးမဟုတ်။ ငါ့ဘုရားရှင်၏ အလိုတော်ကျ တရားတော်အတိုင်း အားထုတ်ခြင်း လိုက်နာခြင်းဖြင့်သာ ငါ့ဘုရားအား အကောင်းဆုံး ပူဇော်ခြင်းမည်၏။
ထို့ကြောင့် ဆရာကို ပူဇော်လိုသော တပည့်အပေါင်းတို့သည် ဘုရားရှင်၏အဆုံးအမဖြစ်သော ၀ိနည်းကို လိုက်နာ၊ ၀ိနည်းသည် ငါတို့၏ စည်းကမ်း၊ ဓမ္မသည် ငါ့တို့၏ အခွင့်အရေး ဟူ၍ ခံယူကာ အားထုတ်ကြခြင်းဖြင့် ပူဇော်နိုင်ကြပါစေကုန်သတည်း။
ကျမ်းကိုးများ
၁။ ဓမ္မပဒအဋ္ဌကထာ
၂။ ပါထိက၀ဂ္ဂပါဠိတော် (ထိုအဋ္ဌကထာ)
၃။ ခုဒ္ဒပါဌ (သုတ္တနိပါတ)
၎။ အင်္ဂုတ္တရနိကာယပါဠိတော်
၅။ ၀ိနည်းမဟာဝါ
၆။ ပါထိက၀ဂ်ပါဠိတော်
၇။ ဗြဟ္မာဏသံယုတ်
၇။ သီတဂူ ဓမ္မအသံ (The Voice of Dhamma) ၂၀၀၆ ခုနှစ်ထုတ်၊
အာစရိယပူဇော်ပွဲကို ဂုဏ်ပြုသောအားဖြင့် ဤပို့စ်ကို ရေးသား ပူဇော်ပါသည်။
သီတဂူစတား
၂၃-၁၂-၂၀၁၀