အင်ဒိုနီးရှားနိုင်ငံ ဆုမတြာကျွန်း ရွှေတိဂုံပုံစံတူစေတီတော် ပူဇော်ပွဲနှင့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာညီလာခံကြီးတွင် ဖတ်ကြားတင်သွင်းသော သော့ချက်မိန့်ခွန်း
ကြည်ညိုလေးစားရပါသော သံဃရာဇာ မထေရ်ကြီးများ
ဆရာတော်အရှင်မြတ်များ၊ အထူးဧည့်သည်တော်များ၊
ဓမ္မမိတ်ဆွေများနှင့် ဂုဏ်သရေရှိ လူကြီးမင်းများခင်များ---
ကမ္ဘာတ၀ှမ်းလုံးရှိ နိုင်ငံပေါင်းစုံမှ ထေရ၀ါဒ, မဟာယာန သံဃာတော် ၂၀၀၀နီးပါးနှင့် တပည့်ဒါယကာ ဒါယိကာမအပေါင်းတို့ စုဝေးရာ၌ သော့ချက်မိန့်ခွန်းပြောခွင့်ရတာဟာဖြင့် ဘုရားတပည့်တော်အတွက် အလွန် မွန်မြတ်တဲ့ အခွင့်ထူးတစ်ရပ် ဖြစ်ပါတယ်ဘုရား။
လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာကထဲက ဗုဒ္ဓဓမ္မ ပြန့်ပွားခဲ့ရာဟု တပည့်တော်များ ဂုဏ်ယူဝံ့ကြွားရသော ဆုမတြာ ခေါ် သုဝဏ္ဏဒီပ ရွှေကျွန်းသို့ ကြွရောက်လာသော လူကြီးမင်းအားလုံးကို ရှေးဦးစွာ ကြိုဆိုနုတ်ခွန်းဆက်ပါတယ်ဘုရား။
တနေရာတည်းမှာ သံဃာ ၂၀၀၀ နီးပါး စုစည်းနိုင်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ညီလာခံကြီး ကျင်းပနိုင်ခြင်းသည် အလုပ်အမှုဆောင်အဖွဲ့(Orgnizing Committee) ရဲ့ မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်ပါတယ်၊ အလွန်နှစ်သက် ၀မ်းမြောက်ဖွယ်ရာလည်းဖြစ်ရပါတယ်ဘုရား။ ရွှေတိဂုံစေတီတော်ပုံတူ တည်ဆောက်ပြီး အနေကဇာတင်ပူဇော်ပွဲမှာ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ညီလာခံကြီးကို ထည့်လောင်း အားဖြည့် ကျင်းပလိုက်ခြင်းပဲ ဖြစ်ပါသည်ဘုရား။ သံဃာတော်များ ကြိမ်ဖန်များစွာ စုဝေးခြင်း၊ တိုင်ပင်ဆွေးနွေးခြင်း၊ နှီးနှောဖလှယ်ခြင်းများကို ပြုလုပ်ခြင်းသည် သံဃာထုနှင့် သာသနာတော်အတွက် တိုးပွား စည်ပင်ကြောင်း ဖြစ်ပါသည်ဟူ၍ အပရိဟာနိယသုတ္တန်မှာ မြတ်ဗုဒ္ဓဟောကြားခဲ့ပါတယ်ဘုရား။
အင်ဒိုနီးရှားနိုင်ငံ၌ ကြီးကျယ် ခမ်းနားသော ရွှေတိဂုံစေတီပုံတူ တည်ဆောက်ပူဇော်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာ သံဃာ့ညီလာခံကြီး ကျင်းပနိုင်ခြင်းသည် ဗုဒ္ဓဘာသာသမိုင်းမှာ သမိုင်းမှတ်တိုင်တခု ဖြစ်ပါတယ်ဘုရား။ ဒီလို ပူဇော်ပွဲကြီးနှင့် သံဃာ့ညီလာခံကြီး ကျင်းပနိုင်ခြင်းသည် မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှား နှစ်နိုင်ငံအကြား ခိုင်မာ ရင်းနှီးသော မိတ်ဆွေဖြစ်ခွင့် ရသလို ကမ္ဘာတ၀ှမ်းလုံးသို့ မြတ်ဗုဒ္ဓရဲ့ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး တရားတော်များကို ပို့ခွင့်ရတဲ့ အခွင့်ရေးကြီးတရပ်လည်း ဖြစ်ပါတယ်ဘုရား။ အလုပ်အမှုဆောင်အဖွဲ့(Orgnizing Committee) ရဲ့ ဆုမတြာကျွန်းပေါ်မှာ ကြီးကျယ် ခမ်းနားသော ရွှေတိဂုံစေတီပုံတူ တည်ဆောက်ပူဇော်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာ သံဃာ့သမဂ္ဂကြီး ကျင်းပနိုင်ရန် စီမံနိုင်ခြင်းကို ဘုရားတပည့်တော် ရိုးသားစွာ ဂုဏ်ပြု ချီးကြူးပါတယ်ဘုရား။ ဘုရားတပည့်တော် နောက်တခု ဂုဏ်ပြု ချီးကြူး ကျေးဇူးတင်လိုသူတို့မှာ ဘရာစတာဂီ(Brastagi)မြို့မှာ ဘုရားဒကာကြီး Mr. Tongariodjo Angkasa, ရွှေတိဂုံစေတီ ပုံတူကို တည်ဆောက်ရာဝယ် အကြံဥာဏ်ပေးသော မန်နေဂျာ ဦးဝင်းဖေ၊ သူ၏ Metta Centre အဖွဲ့နှင့် Taman Alam Lumbini ရဲ့ အဖွဲ့တော်သားများဖြစ်ပါတယ်ဘုရား။
ယခုတော့ Mr. Tongariodjo Angkasa ရဲ့ သနားကြင်နာတဲ့ ကရုဏာစိတ်ဓာတ်၊ အလှူအတန်း ရက်ရောမှုနှင့် လူမှုရေးဆောင်ရွှက်မှုတို့ကို ချီးကြူးခွင့်ရရှိပါသည်ဘုရား။ အလုပ်အမှုဆောင်အဖွဲ့(Orgnizing Committee)ဟာ ရွှေတိဂုံပုံတူ စေတီတော်ကြီး၏ အစမှ အဆုံးထိ တည်ဆောက်ခြင်းကို ပြည်ထောင်စု မြန်မာနိုင်ငံ သာသနာရေးဝန်ကြီးဌာနနှင့် ပူပေါင်း ဆောင်ရွက်ခြင်းဖြစ်ပါသည်ဘုရား။ တချိန်တည်းမှာပဲ သံဃာတော် ၂၀၀၀ နီးပါးကို ဆုမတြာကျွန်းပေါ်သို့ ပင့်ဆောင်ခြင်း သင့်လျော်လျောက်ပတ်သော အစားအစာ နေရာထိုင်ခင်းများ ဖန်တီးပေးခြင်း၊ လိုအပ်သည်များကို ဖြည့်ဆည်းပေးခြင်း, ဧည့်ခံဖျော်ပေးခြင်နှင့် သယ်ယူပို့ဆောင်ပေးခြင်းတို့သည် အထူးကောင်းမွန်တဲ့ စွမ်းဆောင်မှုများ ရှိလှပါသည်ဘုရား။ ဘုရားတပည့်တော်တို့ ယခုပြုလုပ်အားထုတ်ခဲ့သော ရွှေတိဂုံစေတီတော်ပုံတူ ပူဇော်ခြင်းနှင့် သံဃာ့ညီလာခံကြီး ကျင်းပပြုလုပ်ခဲ့သော ကောင်းမှုကုသိုလ်တို့ကို သက်ရှိသတ္တ၀ါ အားလုံးတို့အား အမျှပေးဝေပါကုန်၏။
ကမ္ဘာကြီးရဲ့ ဒီအစိတ်ပိုင်းတခုပေါ်မှာ အလွန်ကြီးကျယ်ခန်းနားတဲ့ ရွှေတိဂုံစေတီတော်ပုံတူ စေတီတော်ကြီးတဆူ ပေါ်ပေါက်လာခြင်းဟာ ဘုရားတပည့်တော်အတွက် မယုံနိုင်လောက်အောင် အံ့သြမိပါတယ်ဘုရား။ အမှန်တကယ်တော့ ပေပေါင်း ၁၃၅ မြင့်တဲ့ ဒီပုံတူစေတီတော်ကြီးဟာ မြန်မာပြည်ကလွဲရင် ဒုတိယအကြီးဆုံးစေတီတော်ကြီးဖြစ်ပါတယ်။ အဘယ့်ကြောင့် လူတွေက မြန်မာပြည် အပြင်ဘက်မှာ ဒီလိုရွှေတိဂုံစေတီတော် ပုံတူကို တည်ဆောက် ပူဇော်ကြသလဲဆိုရင် ရွှေတိဂုံစေတီတော်ကြီးသည် သမိုင်းမှာရော ဘာသာရေးရဲ့ အရေးပါမှုမှာရော မွန်မြတ်ဆုံး ကြီးကျယ်ဆုံးသော စေတီးတော်ကြီးဆိုတာ ထင်ရှားပါတယ်ဘုရား။ ရွှေတိဂုံစေတီတော်ကြီးအတွင်းပိုင်းမှာ သက်တော်ထင်ရှားမြတ်ဗုဒ္ဓရဲ့ မွေတော် ၄ ဆူထည့်ပြီး ဌာပနာထားပါတယ်၊ ထိုမွေတော် ၄ ဆူတို့မှာ ကကုသန္ဓမြတ်စွာဘုရားရှင်၏ တောင်ဝှေးတော်၊ ကောဏာဂမနမြတ်စွာဘုရား၏ ရေစစ်တော်၊ ကဿပမြတ်စွာဘုရာ၏ သင်္ကန်းတော်နှင့် ဂေါတမမြတ်စွာဘုရား၏ ဆံတော်များဖြစ်ပါတယ်ဘုရား။ ရွှေတိဂုံစေတီတော်ကြီးသည် ခရစ်မပေါ်မီ ထောင်စုများစွာကထဲက သာသနာတော်ကြီး အမှတ်သားတံဆိပ် တခု ဖြစ်ခဲ့ပါတယ်ဘုရား။ ရွှေမြန်မာက ရွေဘုရားကြိးသည် ဗုဒ္ဓသာသနာတော်အတွက် ကျက်သရေရှိ ခမ်းနားထည်ဝါစွာ တောက်ပလျက်ရှိပါသည်ဘုရား။ ရာစုနှစ်များစွားကထဲက မျိုးဆက်သစ်များက လက်ဆင့်ကမ်းလျက် မြတ်နိုးကော်ရော် ပူဇော်ခဲ့ကြပါတယ်ဘုရား။
ယခုအခါ အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်းဆုမတြာကျွန်း Bratasgi မြို့မှာ နောက်ထပ် ရွှေတိဂုံပုံစံတူ စေတီတော်ကြီးတဆူကို တည်ထားကိုးကွယ်နေကြပါတယ်။ ဒီရွှေတိဂုံစေတီတော်ပုံတူကြီးကတော့ အင်ဒိုနီးရှားနိုင်ငံမှာ ဗုဒ္ဓသာသနာ နှစ်ပေါင်း ၅၀၀ ကျော်ကြာ ပျောက်ကွယ်သွားပြီးနောက် ပြန်လည်ပေါ်ပေါက်လာသော အထိမ်းအမှတ်ဖြစ်ပါလိမ့်မယ်ဘုရား။ မဟာပရိနိဗ္ဗာနသုတ်တော်မှာ မြတ်ဗုဒ္ဓက အရှင်အာနန္ဒာအား မိန့်မှာသလို မွန်မြတ်သော ဓာတ်တော်တို့သည် လူအများ ကိုးကွယ် အလေးမြတ်ပြုရာဖြစ်သော အလွန်ခမ်းနား ထည်ဝါသော ထိုရွှေတိဂုံစေတီတော်ကြီးသည် ဓာတ်တော် မွေတော်တွေအတွက် သင့်တင့်လျောက်ပတ်သော နေရာဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့က မြောက်ပိုင်းဆုမတြာကျွန်းရှိ ဘရာစတာဂီမြို့ရဲ့ အလွန်ခမ်းနားကြီးကျယ်သော ပွဲကြီးတခုမှာ ၁၀၈ဆူသော ဓာတ်တော်မွေတော်တွေ, ၂၅၉၈ ဆူသော ဗုဒ္ဓရုပ်ပွားဆင်တုတော်များနှင့် ၃၀ သော ရဟန္တာဆင်းတုတော်များကို ရွှေတိဂုံစေတီတော်ပုံတူကြီးအတွင်းမှာ ဌာပနာသွင်း ပူဇော်ခဲ့ကြသည်။ ဒီဌာပနာသွင်းပူဇော်ပွဲကြီးကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယ ဥက္ကဋ္ဌဆရာတော်နှင့် တိပိဋကဆရာတော်များက ဦးစီးကျင်းပခဲ့သည်။ နောက်ဆုံး အနေကဇာတင်ပူဇော်ပွဲကြီးပြီးမြောက် အောင်မြင်သောအခါ ရွှေတိဂုံစေတီတော်ပုံတူကြီးက အင်ဒိုနီးရှား ပြည်သူပြည်သားအပေါင်းတို့အား တရားတော်၏ ရောင်ခြည်တော်များ, ငြိမ်းချမ်းရေးနှင့် ကြီးပွားချမ်းသာခြင်းတို့ကို ပေးပါလိမ့်မည်။ ဤသို့အားဖြင့် ဆုမတြာကျွန်းက ရွှေတိဂုံစေတီတော်ပုံတူစေတီတော်ကြီးသည် မြန်မာနိုင်ငံတော်က အင်ဒိုနီးရှားနိုင်ငံသို့ ပေးလိုက်သော လက်ဆောင်ဖြစ်ပါသည်ဘုရား။ မြန်မာပြည်သူပြည်သားတွေကလည်း သူတို့ပြုလုပ် အားထုတ်ချင်သော ရွှေတိဂုံပုံတူစေတီတော် တည်ဆောက်လိုက်ရခြင်းဟူသော ကောင်းမှုများအတွက် အလွန့်အလွန် ပျော်ရွှင်ပြီး ၀မ်းမြောက်နုမော် သာဓုခေါ်နေကြပါသည်ဘုရား။
ရွှေတိဂုံပုံတူစေတီတော် စီမံကိန်းကြီးကို ပြုလုပ်ရာဝယ် ပြည်ထောင်စု မြန်မာနိုင်ငံတော်မှ သံဃာထု ၅ သိန်း၏ ကိုယ်စား နိုင်ငံတော် သံဃမဟာနာယကအဖွဲ့နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအထံမှ ကိုယ်ရောစိတ်ပါ အားတတ်သရော အထောက်အပံ့များ အကူအညီများ ရရှိပါတယ်ဘုရား။ ဒီစေတီတော်ကြီးသည် မြန်မာ အင်ဒိုနီရှား နှစ်နိုင်ငံတို့၏ ချစ်ကြည်ရေး အမှတ်အသားလည်း ဖြစ်ရပါသည်ဘုရား။ သမိုင်းမှတ်တမ်းများအရ ဆုမတြာကျွန်းသည် သုဝဏ္ဏဘူမိခေါ် ရွှေမြေ၏ တစိတ်တဒေသ တစ်နေရာဖြစ်ပါသည်။ ဆုမတြာကျွန်းသူ ကျွန်းသားများနှင့် အရှေ့တောင်အာရှရှိ ပြည်သူပြည်သားတို့သည် မြတ်ဗုဒ္ဓ၏အဆုံးအမ အောက်မှာ အတူ ကြီးပြင်းလာကြပါသည်ဘုရား၊ ဘီစီ ၃၃၀(330 BC) တုန်းက ကိုးတိုင်းကိုးဌာန သာသနာပြု အစီအစဉ်မှာ အသောကမင်းကြီးက သာသနာပြုရဟန်းတော်တပါးကို အဲဒီ ဆုမတြာကျွန်းသို့ စေလွတ်ခဲ့ပါတယ်ဘုရား။ ပထမ အေဒီ ရာစုနှစ်မှာ Javadwipa (Java) ဂျာဘားကျွန်းနှင့် Suvamedwipa (Sumatera ) ဆုမတြာကျွန်း ၂ ခုတို့သည် အလွန်ထင်ရှားသော ကျွန်းများဖြစ်သည်။ ပထမဆုံးအကြိမ် အင်ဒိုနီးရှားနိုင်ငံသို့ ရောက်လာသော ဗုဒ္ဓဘာသာ ယဉ်ကျေးမှုများသည် ထေရ၀ါဒမူများ ဖြစ်ခဲ့ပါသည်ဘုရား။
အေဒီ ၄၂၃ တွင် ဗုဒ္ဓဘာသာသည် ဂျာဘားကျွန်းတွင် ပြန့်ပွား စည်ပင်ခဲ့သည်။ အေဒီ ၆၇၁ မှာတော့ တရုပ်လူမျိုး ခရီးသည် I-Tsing အပြောအရ ဆုမတြာကျွန်းက ဘောဇ (Bhoja) မှာ ရဟန်းတော် ၁၀၀၀ တို့သည် အိန္ဒိယနိုင်ငံ၌ မြတ်ဗုဒ္ဓဟောသည့် ဒေသနာမူရင်းအတိုင်း ဓမ္မကို လေ့လာသင်ယူနေခဲ့ကြပါသည်ဘုရား။ ဆုမတြာကျွန်းက အများစုသော ဗုဒ္ဓဘာသာဝင်တို့သည် ထေရ၀ါဒဗုဒ္ဓဘာသာဂိုဏ်းများဖြစ်ခဲ့ကြသည်။ အေဒီ ၇ ရာစုလောက်မှာ မဟာယာနဗုဒ္ဓဘာသာသည် ဆုမတြာကျွန်းသို့ ၀င်ရောက်လာပြီး ဂျာဗား (Java, Mtaram Kingdom) အထိ ရောက်လာခဲ့သည်။ သိရီဝိဇယ (Sriwijaya) မှာ အင်ဒိုနီးရှားနိုင်ငံ ဂျာဗားက Mataram တက္ကသိုလ်ကြီးနှင့် အိန္ဒိယနိုင်ငံ နာလန္ဒတက္ကသိုလ်ကြီး ၂ ခုတို့နှင့် အလွန်ရင်းနှီး ဆက်ဆံသော ဗုဒ္ဓတက္ကသိုလ်ကြီး တစ်ခု ရှိခဲ့ဖူးသည်။ Mataram ကို သေလိန္ဒြ (Syailendre) မင်းဆက်က အုပ်ချုပ်သည်၊ ထိုမင်းဆက်သည် ဗောရောဗုဒေါ ဘုရားနှင့် Mendut အပါဝင် အလွန်ထင်ရှားသော ဘုန်းတော်ကြီးကျောင်းများ ဘုရားကျောင်းများကို တည်ဆောက်ခဲ့သူဖြစ်သည်။
၁၄ ရာစုနှစ် Majapahit ခေတ်မှာ ဗုဒ္ဓဘာသာသည် အထွဋ်အထိပ်အထိ တိုးတက် စည်ပင်ခဲ့သည်။ နောက်ပိုင်းမှာတော့ ထို Majapahit ခေတ်က ဗုဒ္ဓဘာသာသည် တဖြည်းဖြည်း မှေးမှိန်ကာ အစ္စလာမ်ဘာသာက အစားထိုး နေရာယူခဲ့သည်။ ဒါပေမဲ့ ၂၀ ရာစုနှစ်ပိုင်းမှာတော့ ဗုဒ္ဓဘာသာ ရဟန်းတော်များနှင့် ဗုဒ္ဓဘာသာ ဥပါသကာ ဥပါသိကာတို့က ဗုဒ္ဓဘာသာကို ပြန်လည် ရှင်သန်စေခဲ့သည်၊ ပြန်လည် အသက်သွင်းခဲ့သည်။ လွန်ခဲ့သော နှစ် ၅၀ လောက်ကထဲက ဗုဒ္ဓဘာသာအဖွဲ့အစည်းများနှင့် ကောလိပ်များ တဖြည်းဖြည်း ပြန့်ပွား စည်ပင်လာခဲ့ပါသည်။ ယခုအခါ မြန်မာ, အင်ဒိုနီးရှား, သီရိလင်္ကာနှင့် ထိုင်းရဟန်းတော်များ၏ ကြိုးပမ်းအားထုတ်မှုကြောင့် အင်ဒိုနီးရှားနိုင်ငံမှာ ထေရ၀ါဒဗုဒ္ဓဘာသာသည် လမ်းကြောင်းမှန်ပေါ်သို့ တဖန် အရှိန်အဟုန်မြင့်စွာ လှုပ်ရှားလျက်ရှိပါသည်။
ဘာသာတရားသည် ကမ္ဘာကြီးကို စည်းလုံးစေသည်၊ လူထုကို မခွဲခြား။ ဘာသာရေးသမိုင်းတခုအရ ဗုဒ္ဓဘာသာသည် အလွန်သိမ်မွေ့နုညံ့သည်၊ သနားကြင်နာ တတ်သော ကရုဏာရှိသည်၊ သီးခံ ခွင့်လွတ်တတ်သည့် ဘာသာဖြစ်ဖြစ်သည်။ မြတ်ဗုဒ္ဓတရားတော်က ပေးကမ်း စွန့်လွှတ်ခြင်းကို အားပေးသည်၊ စွန့်ကြဲပေးကမ်း ဝေငှခြင်း၏ ကောင်းကျိုးကို ပြောပြသည်၊ ချီးမွမ်းသည်။ သူများပစ္စည်း အပိုင် သိမ်းတာမျိုး လုံးဝ မရှိ။ ဗုဒ္ဓဘာသာက ညီညွတ်မှုကို ကြိုက်သည်၊ အငြင်းပွားမှုကို မနှစ်မြို့။ ဗုဒ္ဓဘာသာက အကူအညီလိုသူများကို အကူညီပေးသည်၊ ဆူပူသောင်းကြမ်း အကြမ်းဖက်မှုကိုတော့ ပြင်းထန်စွာ ရှုံ့ချသည်။ ဗုဒ္ဓဘာသာသည် တဦးချင်းသော်၎င်း အားလုံးကိုသော်၎င်း ငြိမ်းချမ်းအေးမြမှုကို အားပေးသည်၊ ချီးမွမ်းသည်။
ဗုဒ္ဓသာသနာတော်ကြီး၏ သမိုင်းမှတ်တိုင်ဖြစ်သော ဗောရောဗုဒေါ ဘုရားကြီးကဲ့သို့ ဆုမတြာရွှေကျွန်းမှာရော အခြားအခြားသော နေရာတွေမှာရော မြတ်ဗုဒ္ဓသာသနာ၏ မျိုးစေ့ကို စိုက်ပျိုးခဲ့လေပြီ။ ဗုဒ္ဓဘာသာသမိုင်းတလျှောက်မှာ ဗုဒ္ဓ, ဓမ္မ နှင့် သံဃာအမည်ဖြင့် စစ်ပွဲ တခါတလေတောင်မှ မရှိခဲ့ပါဘူး။ အလားတူ ဗုဒ္ဓဘာသာကြောင့် သွေးတစက်ကလေးမျှ မကျခဲ့ပါဘူးဘုရား။
ဆုမတြာရွှေကျွန်းပေါ်မှာ ကမ္ဘာ့နိုင်ငံသားများဖြစ်ကြသည်အားလျော်စွာ ကျွန်ုပ်တို့တတွေသည် နှစ်ပေါင်း ၂၀၀၀ ကျော်ကြာအောင် ညီအကို မောင်နှမ စိတ်ဓာတ်ဖြင့် ညီညီညွတ်ညွတ်နဲ့ တကယ့်အမှန်တရား တကမ္ဘာလုံး လိုက်နာရမည့် တရားများကို လေးစားလိုက်နာ ကျင့်သုံးနေခဲ့ကြပါတယ်။ ကရုဏာစိတ်ဓာတ် သီးခံခွင့်လွတ်ခြင်းစိတ်ဓာတ်တွေဟာ သိဒ္ဓတ္တဂေါတမဗုဒ္ဓ၏ ချီးမွမ်းဖွယ် နှစ်လိုဖွယ် အလေးထားဖွယ် ကောင်းသော အဆုံးအမပင်ဖြစ်ပါသည်။ သိဒ္ဓတ္ထဂေါတမဗုဒ္ဓကို လူသားအားလုံးအား ကမ္ဘာ့အလင်းရောင်နှင့် မျက်လုံးပေးသူ ဟူ၍၎င်း၊ အမှားအမှန်ခွဲခြားသော နည်းလမ်းများကို ပေးသူဟူ၍၎င်း ဂုဏ်ပြု ချီးကြူးကြသည်။ ဆာအဒ်ဝင်အာနိုး (Sir Edwin Arnold) က မြတ်ဗုဒ္ဓသည် အာရှအလင်းရောင် (the light of Asia)ဟူ၍ အမည်ပေးခဲ့သည်။ ဘာထရန်ရပ်ဆ် (Betrand Russel ) ကမူ မြတ်ဗုဒ္ဓကို ကမ္ဘာ့လူသား ယဉ်ကျေးမှုအားလုံးက ပိုင်ဆိုင်သည်ဟူ၍လည်း ပြောခဲ့သည်။ ဒလိုင်းလားမား (Dalai Lama)က မြတ်ဗုဒ္ဓသည် လူသားတွေအတွက် အလင်းရောင်ပဲ (The light of Mankind) ဟု ဆိုခဲ့သည်။
မြတ်ဗုဒ္ဓသည် လူသားတဦးတယောက်ချင်း၏ ဘ၀ပြဿနာကိုသော်၎င်း လူ့အဖွဲ့အစည်းများအကြား ပဋိပက္ခများ ဆန့်ကျင်မှုများကိုသော်၎င်း ဖြေရှင်းပေးနိုင်သော လူသားတယောက်ပင် ဖြစ်ပါသည်။ မြတ်ဗုဒ္ဓ၏တရားတော်သည်သာလျင် လူသားတို့သန္တာန်မှာ အမြစ်တွယ်နေသော ရာဂ, ဒေါသ, မောဟ, တကိုယ်ကောင်းဆန်ခြင်းနှင့် အတ္တကြီးခြင်းစသော လူသားများ၏ အနာရောဂါများကို ကုသပေးနိုင်သည်။ သူ ကျင့်သုံးခံယူ လက်ခံထားသော မေတ္တာ, ကရုဏာ, မုဒိတာ နှင့် ဥပေက္ခာ ဟူသော ဗြဟ္မ၀ိဟာရတရားလေးပါးသည် ကမ္ဘာလောကကြီးအတွက် ငြိမ်းချမ်းခြင်း စည်းလုံးညီညွတ်ခြင်းတို့ကို ပေးနိုင်သော တခုတည်းသော လမ်းကြောင်းဖြစ်သည်၊ ထိုမှတပါး အခြားနည်းလမ်းမရှိ။
ထို့ကြောင့် မြတ်ဗုဒ္ဓသာသနာတော်ကြီး တိုးတက်စည်ပင် ၀ပြောလာဖို့ရန်အတွက် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ညီလာခံကြီးက အောက်ပါ ဦးတည်ချက် ၄ ရပ်တို့ကို ထုတ်ဖော်ပြလိုက်သည်။
၁။ ကမ္ဘာလောကကြီး၏ နေရာတိုင်းမှာ မြတ်ဗုဒ္ဓ၏ အဆုံးအမများ တိုးတက် ပြန့်ပွားရန်
၂။ ကမ္ဘာကြီး ငြိမ်းချမ်းဖို့ရန် ညီအကိုမောင်နှမ စိတ်ဓာတ်ဖြင့် လက်တွဲညီကာ အားထုတ်ရန်
၃။ ဗုဒ္ဓဘာသာဝင်များ ညီညွတ်ဖို့ရန်နှင့် ပူးပေါင်းဆောင်ရွက်ဖို့ရန် ခိုင်မာသော သန္နိဋ္ဌာန် ကတိ ရှိခြင်း
၎။ ရှေးက ဗုဒ္ဓနိုင်ငံတော်ဖြစ်ဖူးသော နိုင်ငံများမှာ ဗုဒ္ဓတရား ပြန်လည် အသက်ရှင်လာရန်၊ ပြန်လည်သက်ဝင် နိုးကြားလာရန် အားပေးခြင်း ထောက်ပံ့ခြင်း
၅။ မတူညီတဲ့ ဂိုဏ်းအသီးသီး ဘာသာရေးအဖွဲ့အသီးသီးကြားတွင် နားလည်မှု တံတား တည်ဆောက်ခြင်းနှင့် အပြန်အလှန် ယုံကြည်မှုတို့ ပိုမိုအားကောင်းလာစေခြင်း ခိုင်မာခြင်းများကို တိုးတက်လာစေခြင်းတို့ ဖြစ်သည်။
မြတ်ဗုဒ္ဓတရားတော်ကို အရှိအရှိအတိုင်း မူရင်းအတိုင်း လက်ခံထားသော ထေရ၀ါဒဗုဒ္ဓဘာသာဖြစ်သည့် နိုင်ငံတနိုင်ငံအနေနှင့်ကား နိုင်ငံတော် သံဃမဟာနာယကအဖွဲ့နှင့် သာသနာရေးဝန်ကြီးဌာနတို့က ဆုမတြာကျွန်း၌ ရွှေတိဂုံစေတီတော်ပုံတူ တည်ထားကိုးကွယ်ရာဝယ် များစွာသော အကူအညီများနှင့် လိုအပ်သည်များကို ထောက်ပံ့ပေးခဲ့သည်။ ရွှေတိဂုံစေတီတော်ပုံစံတူ ဒီဇိုင်းကိုတော့ ဒေါက်တာလှသန်းနှင့်အဖွဲ့က ရေးဆွဲသည်။ ၂၀၀၇ ခုနှစ် မတ်လ ၁၉ ရက် နံနက် ၉ နာရီ မင်္ဂလာအချိန်ခါတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တကုမာရ (အဘိဓဇမဟာရဋ္ဌဂုရု) က အုဋ္ဌ်မြစ်ချမင်္ဂလာ ပြုပေးတော်မူခဲ့သည်။ ၂၀၀၉ စက်တင်ဘာလ ၉ ရက်နေ့က နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော်နှင့် တိပိဋကဆရာတော်များက မြတ်ဗုဒ္ဓ၏ ဓာတ်တော်မွေတော်များကို ဌာပနာသွင်းသည့်ပွဲကျင်းပပေးခဲ့ပါသည်။ ၂၀၁၀ ခုနှစ် မေ ၃၀ ရက်နေ့မှာတော့ ထိုရွှေတိဂုံစေတီပုံတူတော်ကို ထီးတော်တင်လှူပွဲ ကျင်းပခဲ့ပါတယ်၊ ထိုပွဲသို့ ဘုရားဒါယကာကြီး Mr.Tongariodjo Angkasa, ဦးဝင်းဖေ, Mettar Centre အဖွဲ့, Taman Alam, Lumbini အဖွဲ့နှင့် အထွေထွေ ညွန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးမြင့်တို့ တက်ရောက်ကြသည်။ ၂၀၁၀ နှစ် သြဂုတ်လ ၈ ရက်နေ့မှာ သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရ ဦးဆောင်ပြီး ဓာတ်တော် ရတနာ လှူပွဲကျင်းခဲ့ပါတယ်။ ရွှေတိဂုံပုံတူစေတီတော်ကြီး၏ ထီးတော်တင်ပွဲအတွက် ပုလဲ, ရွှေအလံများ, ရွှေဘယက်, ရွှေခေါင်းလောင်း, ငွေခေါင်းလောင်းများ လှူဒါန်းတဲ့ပွဲ ကျင်းပဲခဲ့ခြင်းဖြစ်ပါတယ်။ သာသနာရေးဝန်ကြီးဌာနက ဆောက်လုပ်ရေးကော်မတီးအား လိုအပ်သော ဆောက်လုပ်ရေးပစ္စည်းများ ရုပ်ပွားဆင်းတုတော်များ၊ ငွေကြေး၊ အလံများနှင့်အခြားလိုအပ်တာများကို ဘုရားကြီးတည်ဆောက်ရေး အတွက် များစွာ အကူအညီပေးခဲ့ပါသည်ဘုရား။
မြန်မာ့ဗိသုကာပညာရှင်များ ပန်းရံများ, ပန်းပုဆရာများ, ပန်းချီဆရာများ, လက်သမားဆရာများ, လက်မှုပညာရှင်များ, ပန်းပုပညာရှင်များ, ပန်းတမော့ပညာရှင်များက ရွှေတိဂုံပုံတူစေတီတော်ကြီးကို ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ကြီးနှင့် တထပ်တည်းကျအောင် ပြုလုပ်နိုင်ခဲ့သည်။ ထိုပညာရှင်များ၏ ကျွမ်းကျင်စွာ တည်ဆောက်ထားမှုကြောင့် အမှန်တကယ် ရွှေတိဂုံစေတီတော်အစစ်ကြီးကို ဖူးမြင်းရသလို ခံစားမိပါသည်။ ထို့ကြောင့် ၂၀၁၀ ခု အောက်တိုဘာ ၃၀ ရက်နေ့က အပါး ၆၅၀ သော မြန်မာရဟန်းတော်များက အမိမြေက ရွှေတိဂုံစေတီတော်ကြီးဆီသို့ ဖူးရသလို ဆုမတြာကျွန်းပေါ်က ရွှေတိဂုံပုံတူစေတီတော်ကြီးဆီသို့ အားတက်သရော ၀မ်းပန်းတသာ ကြွရောက်ဖူးမြင်တော်မူခဲ့ကြသည်။ အခြားအခြားနိုင်ငံအသီးအသီးမှ ရဟန်းတော်များလည်း အလားတူ ခံစားချက်မျိုးရှိမည်ဟု ထင်မိပါသည်။
ဤ အလွန်မွန်မြတ်သည့် ပွဲတော်ကြီးသို့ ကြွရောက်တော်မူလာကြေသော ခရစ်ယာန်, မွတ်ဆလင်ဘာသာဝင် ညီအကိုမောင်နှမ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ အရင်ကဘာသာရေးပွဲတော်တွေမှာလည်း များစွာသော ဘာသာရေးအဖွဲ့ဝင်များကိုလည်း ယခုလို စုံစုံညီညီ ရှိခဲ့ဖူးပါသည်။ တကယ်တော့ တပည့်တော်တို့ဟာ လက်တွေ့အားဖြင့် အချင်းချင်း ယုံကြည့်မှုတွေရပြီး အောင်မြင်ခြင်းဖြစ်ပါတယ်ဘုရား။ Orgnizing Committee ရဲ့ ကိုယ်စား ဒီလိုတသက်အောက်မေ့ဖွယ်ရာ ပွဲကြီးကို ပြုလုပ်ပေးသော အင်ဒိုနီးရှား အစိုးရအား ရင်ထဲက လှိုက်လှိုက်လှဲလှဲကို ကျေးဇူးဥပကာရ တင်မိပါကြောင်းပါ ဘုရား။
အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာ့ဘာသာရေးသမဂ္ဂ၏ အုဋ္ဌ်မြစ်နှင့် လွတ်လပ်သော ကိုးကွယ်မှုကို ပြလိုက်ခြင်းပဲ ဖြစ်ပါတယ်ဘုရား။ တပည့်တော်တို့ အားလုံး အစွန်းရောက်ဝါဒနှင့် အကြမ်းဖက်ဝါဒ ခေတ်ကြီးမှာ ဒီလိုစိတ်ဓာတ်မျိုး တိုးတက်လာအောင် အထူးကြိုးစားရမှာ ဖြစ်ပါတယ်ဘုရား။ ဘုရားတပည့်တော်ဟာ တယောက်နှင့်တယောက် အမှားရှိက ခွင့်လွှတ်ခြင်း သည်းခံခြင်းဖြင့် ကမ္ဘာမြေကြီးပေါ်မှာ အတူနေနိုင်ဖို့ရန် ကြိုးစားရမှာပါဘုရား။ နိုင်ငံအချင်းအချင်း အပြန်အလှန် မိတ်ဆွေအဖြစ်ဆက်ဆံရာမှာ သည်းခံ ခွင့်လွှတ်ခြင်းဟူသော စိတ်ဓာတ်ကို ထားရှိရမှာဖြစ်ပါတယ်ဘုရား။ ဤကဲ့သို့သော ငြိမ်းချမ်းခြင်း ညီညွတ်ခြင်းဟူသော စိတ်ဓာတ်ဖြင့်သာ ကမ္ဘာကြီးကို လှပစေမှာဖြစ်ပြီး ကျွန်ုပ်တို့ နေသင့်နေထိုက်သော လှပသော ကမ္ဘာကြီးဖြစ်မှာပါဘုရား။
အနှစ်ချုပ်ပြီး ပြောရမယ်ဆိုရင် ကမ္ဘာကြီး ရင်ဆိုင်နေရသော နျူးကလီးယား, သဘာဝဘေးအန္တရာယ်, ဆင်းရဲငတ်မွတ်ခြင်း, ရောဂါဘယများ, စွမ်းအင်, အကြမ်းဖတ်ခြင်း, အစွန်းရောက်ခြင်းနှင့် စစ်မက်ရဲ့ ခြိမ်းခြောက်မှုစသော ပြဿနာတွေကို ဖြေရှင်းနိုင်ရန် အထက်ပါဆိုခဲ့သော နည်းကလွဲ၍ မရှိပါဘုရား။ ရွှေတိဂုံစေတီတော်ပုံတူ အနေကဇာတင်ပူဇော်ပွဲကြီးနှင့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဗုဒ္ဓဘာသာ ညီလာခံကြီးသို့ တက်ရောက်လာကြသော ရဟန်းတော်များ ဥပါသကာ ဥပါသိကာမများသည် ယနေ့ပြုလုပ် ကျင်းပခဲ့သော အလွန်ကြီးကျယ်ခမ်းနားသော ပွဲကြီး၏အမှတ်တရများကို မိမိတို့ နိုင်ငံအသီးသီးသို့ သယ်ဆောင်သွားကြမည်ဟု ယုံကြည်မိပါသည်ဘုရား။ ရွှေတိဂုံစေတီပုံတူကို ပြုလုပ်ပူဇော်ကြခြင်းဖြင့် ဗောရောဗုဒေါ ဘုရားကြီးကို ဖူးမျှော်ခွင့်ရကြခြင်းသည် ဘုရားတပည့်တော်များအတွက် အလွန်မွန်မြတ်တဲ့ အခွင့်ရေးကြီးဖြစ်ပါသည်ဘုရား။ ဤကဲ့သို့ သမိုင်းမှတ်တိုင် စေတီတော်ကြီးကို တည်ထားကိုးကွယ်ရခြင်းဖြင့် ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးတို့ကို လူသားအားလုံးအတွက် ဆုတောင်းပေးပါတယ်ဘုရား။
အင်ဒိုနီးရှားနိုင်ငံတ၀ှမ်းလုံး မြတ်ဗုဒ္ဓ၏အဆုံးအမများ ထွန်းလင်းတောက်ပပါစေ။ အင်ဒိုနီးရှားနိုင်ငံသူ နိုင်ငံသား အားလုံး ချမ်းသာသုခများနှင့် အောင်မြင်မှုသရဖူများ ထာဝရ ပိုင်ဆိုင်နိုင်ပါစေ။
ဒေါက်တာမျိုးမြင့်
ညွန်ကြားရေးမှူးချုပ်
ဒေါက်တာမျိုးမြင့်၏ Keynote Speech ကို အတက်နိုင်ဆုံးအဆင်ပြေအောင် ဘာသာပြန်ဆိုထားသည်၊
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၇-၁၁-၂၀၁၀

Saturday, November 27, 2010
sitagustar
Posted in:
0 comments:
Post a Comment