တင်ထားတဲ့ ဓာတ်ပုံတွေကတော့ အာဖရိကတိုက် ယုဂန္ဓာနိုင်ငံ ထေရ၀ါဒဗုဒ္ဓဘာသာကျောင်းမှ ရဟန်း သာမဏေ သီလရှင်နှင့် ဥပါသကာများရဲပုံတွေကို ဤဆိုက်ကနေ ဖူးမျှော်နိုင်ရန် ဖော်ပြလိုက်ပါသည်။
ကျောင်းထိုင်ဆရာတော်နှင့် တပည့်များ
စာမိတ်ဆက်
မနေ့က (၂-၉-၂၀၁၁) RRFO (Foreign Regional Registration Officer) ကို သွားတော့ အသားမည်းတဲ့ ပတ္တမြားခဲလေးများတွေ့ခဲ့ရ။ stay extension အတွက် ထို RRFO ရုံးသို့ သွားရသည်။ အလွန်အတ္တကြီးသည့် အိန္ဒိယနိုင်ငံမှာ သူတစ်ပါးအတွက် စဉ်းစားပေးတဲ့ မစ္ဆရိယကင်းတဲ့ သူတွေလဲ ရှိပါသေးလားဆိုတာ ခံစားမိပြီး စာရေးချင်စိတ်ပေါက်လာတာနဲ့ မှတ်စုလေး ချရေးလိုက်မိသည်။
အသားမည်းပေမဲ့ ပတ္တမြားခဲ
ဘုန်းဘုန်းက အညာသားနော်၊ အညာသားဆိုတော့ အသားတော်တော်လေးမည်းတယ်နော် ဆိုတော့ ဘုန်းဘုန်းကလဲ အသားမည်း ပတ္တမြားခဲလေဟု အားပေးရှာသည်။ လူတစ်ယောက် ရုပ်ဆိုးပေမဲ့ စိတ်ထားလေး ကောင်းနေရင် အသားမည်း ပတ္တမြားခဲဟူ၍ ဆိုသည်။ တခါ အသိပညာ အတတ်ပညာ တော်နေသူတစ်ယောက်ကိုလည်း ရုပ်ဆိုး အကျည်းတန်နေပဲမဲ့ အသားမည်း ပတ္တမြားခဲဟု ဆိုပြန်သည်။ spiritual ပိုင်းဆိုင်ရာပဲ ဖြစ်ဖြစ် education ပိုင်းဆိုင်ရာပဲ ဖြစ်ဖြစ် တစ်ခုခု တော်နေရင် ရုပ်ဆိုး အကျည်းတန်သော်လည်း အသားမည်းပေမဲ့ ပတ္တမြားခဲဟု တင်စားပြောလေ့ရှိကြသည်။ အညာသား စာရေးသူလဲ ထိုစကားပုံလေးနဲ့ပဲ ကိုယ့်ကိုကို နှစ်သိမ့်နေရသည်၊ pppppppppppppp။
အာဝါသမစ္ဆရိယကင်းသူ
RRFO ရုံးကို သူငယ်ချင်းတစ်ယောက် ခေါ်ပြီးသွားခဲ့ရသည်၊ စာရေးသူတို့ နေရာနှင့် ထိုရုံးသည် ရထားနဲ့ဆိုရင် ဘူတာ ၁၂ ခုကို ကျော်ရသည်၊ မနက်ပိုင်းအသွားဆိုတော့ မြို့ပတ်ရထားက ကြိတ်ကြိတ်တိုးစီးရသည်၊ ညနေပိုင်း ရုံးဆင်းချိန် ရန်ကုန်မြို့ ဘက်စကား တိုးစီးနေသလိုပဲ။ စာရေးသူမှာဖြင့် သင်္ကန်းကြီး ဘိုသီဘက်သီနဲ့ လူကြားတိုးပြီး ရထားစီးရတာ အဆင်မပြေလှ၊ ထိုသို့ကြိတ်ကြိတ်တိုးနေတဲ့အချိန် အိန္ဒိယသား အသက် ၄၀ ၀န်းကျင်ရှိ ဒကာတစ်ယောက်က စာရေးသူအတွက် နေရာပေးသည်၊ စာရေးသူလဲ နောက်ဘူတာမှာ သူဆင်းတော့မည်ထင်၍ ဘာမှ မပြောဘဲ ၀င်ထိုင်မိလိုက်သည်၊ Thank you ဆိုတာလောက်ကို မပြောမိခဲ့။ ဒါပေမဲ့ သူက ဆင်းမသွားသေးဘဲ စာရေးသူနားမှာ မတ်တက်ရပ်လျက် ဘူတာ ၇ ခုလောက်ထိ လိုက်ပါလာသည်။ အဲဒီကျမှ စာရေးသူလဲ မောင်မင်းကြီးသား ကျန်းမာပါစေ သက်ရှည်ပါစေ စသည်ပေါ့ မေတ္တာကြိတ်ပို့လိုက်မိသည်၊ ကျေးဇူးလဲ အရမ်းတင်မိသည်။ အော်--အသားမည်းပေမဲ့ ပတ္တမြားခဲပါလားဟု တွေးမိသည်။ အိန္ဒိယနိုင်ငံ နေဖူးသူတိုင်း အိန္ဒိသားတို့ အတ္တကြီးပုံ ခံစားဖူးကြသည်၊ အိန္ဒိယသားတွေက တပါးတိုင်းသားမပြောနဲ့ သူ့လူမျိုးအချင်းချင်းတောင် သဒ္ဓါသည်မဟုတ်။ အခုတော့ ရှားရှားပါးပါး သဒ္ဓါကောင်းသည့် သူတော်ကောင်း အသားမည်းပတ္တမြားခဲ ဒကာလေးနဲ့ တွေ့လိုက်ရသည့်အတွက် အံ့သြ၀မ်းသာမိသည်။ ကိုယ့်နေရာလေး ပေးလူလိုက်ရတာ အာဝါသ-နေရာအလှူဖြစ်လို့ မစ္ဆရိယ ၅ မျိုးထဲက အာဝါသမစ္ဆရိယကို စွန့်လွတ်နိုင်ခြင်းဖြစ်သည်၊ ကားပေါ်မှာပဲ ဖြစ်ဖြစ် ရထားပေါ်မှာပဲ ဖြစ်ဖြစ် နာနေခန်းမှာပဲ ဖြစ်ဖြစ် ဘယ်နေရာမဆို ကိုယ့်ထက် အသက်ကြီးတဲ့သူ မပေါ့မပါးဖြစ်နေတဲ့ အမျိုးသမီးများ ၀န်ထုပ်ဝန်ပိုးတွေနဲ့ မနိုင်မနှင်းဖြစ်နေသူများကို အကူညီပေးသောအားဖြင့် နေရာလေး ဖယ်ပေးလိုက်ရင် ထိုအာဝါသ-နေရာအလှူဖြစ်သလို မစ္ဆရိယကိုလဲ ပယ်ပြီးသားဖြစ်သွားသည်။ စာရေးသူတို့ မြန်မာနိုင်ငံမှာဆို ထိုသဒ္ဓါကောင်းသည့် သူတော်ကောင်းများ များစွာတွေ့ရသည်၊ ကားပေါ်မှာ ရဟန်းတော် တစ်ပါးတက်လာလျင် မြင်တဲ့ ခရီးသည်တွေက နေရာပေးကြသည်၊ အဖိုးအဖွားများ တက်လာလျင်လဲ နေရာလေး ဖယ်ပေးတတ်ကြသည်၊ မပေါ့မပါးနဲ့ အမျိုးသမီးတစ်ယောက်ယောက် တက်လာလျင်လဲ နေရာဖယ်ပေးတတ်သည်။ အလွန်ချစ်စရာကောင်းသည့် ယဉ်ကျေးမှုဖြစ်သလို ဂါရ၀ နိဝါတမင်္ဂလာလဲ ဖြစ်သည်၊ အာဝါသဒါနလဲဖြစ်သည်၊ မစ္ဆရိယကို စွန့်လွတ်နိုင်ခြင်းကြောင့်လဲ သူတော်ကောင်းစိတ်ရှိသူလဲ ဖြစ်သည်။
RRFO ရုံးကို ရောက်တော့လည်း ချက်ချင်း ပတ်စပို့မိတ္တူကူးရန် ရုံးအရာရှိအမျိုးသမီးက ညွှန်ကြားတော့ ကော်ပီကူးတဲ့ နေရာမှာ တန်းစီနေရပြန်သည်၊ စာရေးသူလည်း အလျင်လိုနေသည်၊ အကြောင်းက မိမိ Token နံပါတ် ရောက်ဖို့ ၂ နာရီနီးပါး စောင့်ထားခဲ့ရပြီးပြီ၊ မြန်မြန်ပြီးချင်နေသည်၊ ပိုဆိုးနေသည်ကား စာရေးသူ၏ ရှေ့က တရုပ်မကား ကော်ပီကူးတာတွေ များလိုက်တာ၊ ရှေ့က အာဖရိကန်သူ တစ်ယောက်ကလဲ ရှိနေသေးသည်၊ တော်တော်ကြာဦးမှာပဲ၊ တရုပ်မလဲ ပြီးရော စာရေးသူ၏ အရှေ့က အာဖရိကန်သူ မိန်းကလေးက မင်း ကော်ပီ ဘယ်နှစ်မျက်နှာ ကူးမှာလဲ မေးသည်၊ ငါ နှစ်မျက်နှာတည်းပဲဟု ပြောလိုက်တော့ သူမက အေး-ဒါဆို မင်းအရင် ကူးလိုက်တဲ့ စာရေးသူကို သူ့ရှေ့က နေရာပေးသည်၊ စာရေးသူလဲ ကျေးဇူးကြိတ်ပြီး တင်မိသည်၊ မယ်မင်းမလေး ကျန်းမာပါစေ ချမ်းသာပါစေ မေတ္တာပို့လိုက်သေးသည်။ အာဖရိကန်သူတွေက အသားအလွန်မည်းတာ၊ စာရေးသူ အညာသား အသားမည်းလှ အောင့်မေ့ သူမနဲ့တွေမှ အားရှိသွားသည်။ အသားမည်းပေမဲ့ ပတ္တမြားခဲမလေးပါလားးးးးး။
အစဉ်ကိုချောနေတာပဲ
ဒီနေ့ အားလုံးအဆင်ပြေနေသည်။ မသွားခင် ၂ ရက်လောက်ကထဲက ကိုသွားမည့် ခရီးစဉ်တကြော မေတ္တာပို့နေမိသည်၊ stay extension လုပ်တဲ့ အခါ တခါတရံ လိုအပ်သည့် စာရွက်စာတမ်းအပြင် ဘဏ်အကောင့်ပါ တောင်းတတ်သည်၊ counter ထိုင်တဲ့ သူများအပေါ်မှာ မူတည်သည်။ တချို့က တောင်းသည်၊ တချို့က မတောင်း၊ ပြီးတဲ တစ်ပတ်ကမှ စာရေးသူ သူငယ်ချင်း သွားလုပ်တာ ဘဏ်အကောင့်တောင်းလို့ တစ်ခေါက်ပြန်လာရသည်။ အဲဒီအတွက် စာရေးသူမှာ စိတ်မအေးနိုင်ဖြစ်နေသည်။ စာရေးသူမှာ ဘဏ်အကောင့်မရှိ၊ ထိုသတင်းကြားတော့မှ ဘဏ်အကောင့် မဖြစ်မနေ သွားလုပ်တော့ အခုချိန်ထိ မရသေး။ တခါတရံ တစ်လလောက်မှ ရတတ်သည်တဲ့။ အခုလဲ စာရေးသူ၏ stay permission visa က ကုန်နေသည်။ မဖြစ်မနေ သွားလုပ်ရတော့မည်။ ထိုဘဏ်အကောင့်အတွက် စိတ်ပူနေသည်၊ ရစ်တဲ့ counter နဲ့ မတွေ့ပါစေနဲ့လို ဆုတောင်းနေရသည်၊ ကြိုပြီးတော့လဲ မေတ္တာ ပို့နေရသည်။ အဆင်ပြေချင်တော့ ရထားပေါ်မှာရော ထိုရုံးမှာရော အားလုံး အိုကေနေတော့သည်၊ နေ့တိုင်း မရပ်မနား မိုးသည်းထန်နေတဲ့ ဘုံဘေမြို့ကြီးကလဲ အဲဒီနေ့ကျမှ မိုးအုပ်ရုံလောက်သာ ရှိသည်၊ သို့သော်လည်း အဆောင်လဲ ရောက်ရော တ၀ုန်းဝုန်းနဲ့ ရွာသွန်းချပါတော့သည်။ အသားမည်းပတ္တမြားခဲလေးများ ကျေးဇူးကြောင့် အားလုံးအဆင်ချောနေတော့သည်။ မေတ္တာကပဲ စူးရှသလား မပြောတတ်ပေ။
ဘာပဲဖြစ်ဖြစ် အသားမည်း ပတ္တမြားခဲလေးများအား အထူးကျေးဇူးတင်ပါသည်။ ခရီးစဉ်တစ်လျှောက်လုံး ထိုအသားမည်း ပတ္တမြားခဲလေးများအကြောင်း စဉ်းစားနေရင်း သီတဂူဆရာတော်ကြီး ပြောသည့် အသားရောင်နှင့် လူသားအကြောင်း သတိရမိသည်၊ တခါက ဆရာတော်သည် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းထဲက ဟိုတယ် (Goal Hotel) ပိုင်ရှင် မိသားစု အလှူမှာ တရားဟော ရေစက်ချသည်၊ ထိုပွဲတွင် စာရေးသူလဲ လိုက်ပါသွားခဲ့သည်၊ ဆရာတော်ကြီးက Goal Hotel ကို Golden Hotel ဟု အထင်ဖြင့် ရွှေရောင်မြို့က ရွှေရောင်ဟိုတယ်မှာ ရွှေရောင်နှလုံးသားရှိသူများ ဟု လူသားတို့ နှလုံးသားအရောင်များအကြောင်း ပထမဆုံး နာကြားလိုက်ရသည်။ ဒုတိယအကြိမ်မှာလဲ အင်ဒိုနီးရှားနိုင်ငံက သုဝဏ္ဏဘူမိ (ရွှေမြေ) မှာ Golden Pagoda ရွှေတိဂုံပုံစံတူ ရွှေစေတီကြီးတည်တဲ့ပွဲမှာ ဆောင်းပါးတစ်ပုဒ်ရေးသည်၊ ဆရာတော်ကြီးက ရှေ့က နုတ်တိုက်ပြောသည့်အခါ စာရေးသူက နောက်က လိုက်ရေးရသည်။ ဒီလိုနဲ့ ဆောင်းပါးတစ်ပုဒ်ကောင်းကောင်း ဖြစ်လာသည်။ ထိုဆောင်းပါထဲမှာ လူသားနှလုံးသား အရောင်များဟု ပါသည်။
လူသားနှလုံးသား အရောင်များ
မြတ်ဗုဒ္ဓ၏ အဘိဓမ္မာ၌ စိတ်၏ ဖန်ဆင်းနိုင်သည့်စွမ်းအား (creative power) ကို ဖွင့်ဆိုရာ၌ တဏှာ လောဘ ရာဂ စရိုတ်ရှိသူတို့မှာ နှလုံးသား နှလုံးသွေးတို့သည် ကြက်သွေးရောင်ကဲ့သို့ နီရောင်ရှိ၏။ ဒေါသစရိုတ် ရှိသူတို့မှာ သူတို့၏ နှလုံးသား နှလုံးသွေးတို့သည် ညိုပုတ်ပုတ် ရှိ၏။ မောဟစရိုတ်ရှိသူတို့မှာ နီကျဲကျဲ နီစပ်စပ် ရှိသည်။ ၀ိတက်စရိုတ်ရှိသူမှာ ပဲပြုတ်ရည်ကဲ့သို့ ဖြူကျဲကျဲရှိ၏။ သဒ္ဓါစရိုတ်ရှိသူတို့၏ နှလုံးသား နှလုံးသွေးမှာ ရွှေရောင်တောက်၏။ (မျက်နှာအဆင်းက ရွှေလို ၀င်း၏ဟူလို)။ ပညာစရိုတ်ရှိသူတို့မှာ ပတ္တမြားသွေးနှင့်တူ၏။ သဒ္ဓါ ပညာ ဤနှစ်ဖြာ အားကောင်းသော လူတို့၏ မျက်နှာ အသွင်အပြင် အသွေးအသား အရောင်အသွေးတို့မှာ သိင်္ဂီနိက် ရွှေတွင် ပတ္တမြား သွင်းထားသော လည်ဆွဲ, လက်စွပ် အသွင်ဖြစ်ပေ၏။ ကျွန်ုပ်တို့၏ အရှေ့တောင်အာရှသားတို့သည် ရွှေစင်တွင် ပတ္တမြားသွင်းထားသော ရတနာကဲ့သို့ သဒ္ဓါ ပညာ ဤနှစ်ဖြာ အားကောင်းသော လူသားများ ဖြစ်ကြသည်။
စာရေးသူ၏ဆိုက် ဤနေရာတွင် ဖော်ပြပြီးဖြစ်သည်။
တကယ်မည်းသူများ
ဆဠအဘိဇာတိသုတ်ထဲက ကဏှ (အမည်း)နှင့် သုက္က (အဖြူ) အကြောင်းကို ဟောထားသည်။ ထိုသုတ်မှာပဲ တခါက အာနန္ဒ၏ ပူရာဏကဿပ၏ဇာတ်စနစ်အကြောင်းနဲ့ ပတ်သက်ပြီး မြတ်စွာဘုရား မိန့်ဖူးတာ တစ်ခုရှိတယ်။
(၁) တကယ့်အမည်းဘ၀ ဖြစ်ပြီး တကယ် အမည်းတွေကိုပဲ ပြုလုပ်နေသူ။ ဆိုလိုတာ နိမ့်ကျတဲ့ မုဆိုးတံငါ၊ ဘုန်းတောင်းယာစကာ၊ အစားဆင်းရဲ အနေဆင်းရဲတဲ့ အမျိုးဘ၀ ရောက်နေသူ ကို အမည်းဘ၀ ဖြစ်နေသည့်အပြင် မည်းညစ်သော (ကဏှ) ကာယ ၀စီ မနော ဒုစရိတ် အလုပ်တွေကို လုပ်နေသူ တစ်စု။
(၂) တကယ့် အမည်းဘ၀ ဖြစ်နေပေမဲ့ ဖြူစင်တဲ့ အလုပ်တွေကို လုပ်နေသူက တစ်စု။ ထို နိမ့်ကျတဲ့ဘ၀မျိုးမှာ ရောက်စေကာမူ အကုသိုလ်ဒုစရိတ်များ ရှောင်ကြဉ်ပြီ ကာယ ၀စီ မနော သုစရိတ် ဆိုတဲ့ (သုက္က) ဖြူစင်တဲ့ ကုသိုလ်တွေကို ပြုလုပ်နေသူက တစ်စု။
(၃) တချို့ကြပြန်တော့ သုက္ကဇာတိလို့ ခေါ်တဲ့ သူဋ္ဌေးသူကြွယ် ကုန်သည် ပွဲစား အမြင့်စားဘ၀မှာ ရောက်နေပေမဲ့ အနိမ့်စား အမည်းညစ်ဖြစ်တဲ့ အကုသိုလ်ဒုစရိတ်တွေကို လုပ်နေသူတွေက တစ်စု။
(၄) တချို့ကတော့ အမြင့်စားဘ၀ကိုလဲ ရရှိပိုင်ဆိုင်သည်၊ အမြင့်စားအလုပ် ဖြူစင်သော အလုပ်ဆိုတဲ့ (သုက္က) သုစရိတ် တရားတွေကိုပဲ ပြုလုပ်နေသူက တစ်စု။ ၂ နှင့် ၄ အုပ်စုတွေကတွေက တော့ ဘုရားအကြိုက်ဖြစ်လို့ လူတန်း ၂ မျိုးတို့၏ ဖြူစင်သော အလုပ်ဖြစ်သည်။
ဒီသုတ်တော်အရ တကယ့်မည်းညစ်သူဆိုတာ အကုသိုလ် ဒုစရိတ်ရှိသူ (ကဏှ) ဟု ဆိုလိုသည်၊ အသားမည်းနေပေမဲ့ သူတော်ကောင်းစိတ်ရှိသူ သူတော်ကောင်းအလုပ်လုပ်နေသူများကိုသာ တကယ်အဖြူ (သုက္က) ဟု ဆိုသည်။
ဘုရားလောင်း ကဏှရသေ့သည် အသားအလွန်မည်းသည်၊ သို့သော်လည်း သူ၏ စိတ်ထားက အလွန်မွန်မြတ်လှသည့်အတွက် အသားမည်းပေမဲ့ တကယ့် ပတ္တမြားခဲဖြစ်သည်။ အောက်ပါ သူ၏စိတ်ထားနဲ့ပဲ ပတ္တမြားခဲဆိုတာ သိနိုင်သည်။
‘‘ဤသို့ပြုရ မြတ်ပုညကြောင့် ဘ၀ထိုထို နောင်အဟိုဝယ်၊
ငါ့ကိုကြောင့်သာ သူတို့မှာလျှင်၊
နှစ်ဖြာ ကိုယ် စိတ် ဆင်းရဲ ဒုက္ခ မရောက်ကြပါစေနဲ့’’
ကိုယ့်ကြောင့် သူတစ်ပါး ၀န်ထုတ်ဝန်ပိုး မဖြစ်စေချင်၊ ကိုယ်ကပဲ သူတစ်ပါးအတွက် အကူပဲ ဖြစ်ချင်တဲ့ ဘုရားလောင်း ကဏှ၏ စိတ်ဓာတ်ဖြစ်သည်။ ကိုယ်ကျိုးအတွက် မစဉ်းစားဘဲ သူတပါးအကျိုးအတွက်ကိုပဲ ကြည့်သည်။ ဤကား အသားမည်းပေမဲ့ ပတ္တမြားခဲလေးများတည်း။
ခရီးသွား မှတ်တမ်းမှတ်ရာမှ ယုဂန္ဓနိုင်ငံက အသားမည်း ပတ္တမြားခဲလေးများကို ဂုဏ်ပြုရင်း စာရေးသူ၏ မှတ်စု နိဂုံးသက်၏။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃-၉-၂၀၁၁
`အနုမောဒနာ သြဝါဒ´ တရားတော်(၃)
4 years ago
0 comments:
Post a Comment