ရဟန်းနှင့်ရဟန်းဒကာ
စာမိတ်ဆက်
တောင်မြို့ မဟာဂန္ဓာရုံကျောင်းတိုက်က ရှင်တေဇောဘာသ က သူ၏ ၇-၉-၂၀၁၁ နေ့မှာ ရဟန်းခံမှာ ဖြစ်ပါတယ်၊ ထိုရဟန်းခံပွဲ အတွက် ပို့စ်တစ်ခုလောက် ရေးပေးဖို့ အကူအညီတောင်းတယ်၊ ရဟန်းခံပွဲကြွလာ ပရိသတ်များအား ဓမ္မဒါန လက်ကမ်းစာစောင်လေးတွေ ဝေငှချင်သည်။ တောင်းဆိုသူက အမြဲနေရဟန်း စာသင်နေသည့် စာသင်တိုက်ကြီးကဖြစ်သည်။ စာရေးသူလဲ အာမမခံရဲဘူး၊ မျှော်တော့ မျှော်မထားပါနဲ့ဘုရား၊ တပည့်တော်မှာ ရေးလက်စ မပြီးပြတ်သေးတဲ့ ပို့စ်တွေကလဲ ရှိနေသေးတယ်၊ အကူညီတောင်းထားတဲ့ ပို့စ်တွေလဲ ရှိနေတော့ အာမမခံရဲဘူး၊ ဒီကြားထဲ လူသားတွေ ဘယ်ကနေ ဖြစ်လာလဲ ဆိုတဲ့ ပို့စ်ကို အရေးတကြီး ရေးပေးဖို့ မေတ္တာရပ်ခံထားတာလဲ ရှိတော့၊ စာရေးသူမှာ ကိုယ့်ကျမ်းစာအတွက် တစ်ဖက် လုံးချာလိုက်နေသည်။ ခေါင်းတည်း တစ်ခုခုကို အာရုံစိုက်မှ စာရေးရတာ အဆင်ပြေသည်၊ အခုတော့ ရေးစရာတွေက ခေါင်းထဲမှာ ရှုပ်ရှက်ခတ်နေသည်။ ဘာပဲ ဖြစ်ဖြစ် ဖြစ်သလောက်လေးတော့ ဖြစ်ညှစ်ထုတ်ပြီး ရေးပေးရတော့မည်။
(ဒီပို့စ်က ရေးပြီးတာ ကြာပါပြီ၊ တခြားပို့စ်တွေ ကြားထဲ ၀င်လာတာနဲ့ နောက်ကျသွားတာဖြစ်ပါတယ်။)
ရဟန်းခံခြင်း အမျိုးမျိုး
ရဟန်းခံတယ်ဆိုတာကတော့ -----
၁။ အမြဲ ရဟန်းအဖြစ်နဲ့ တစ်သက်လုံး နေဖို့ ၀တ်ခြင်း (Permanent)
၂။ ခဏတဖြုတ် ရဟန်းဝတ်ခြင်း (ဒုလ္ဘရဟန်းခံ) (Temporary)
နံပါတ် (၁) အမြဲနေ ရဟန်းပြုခြင်း ဆိုသည်မှာ တစ်သက်လုံး ပရိယတ်စာပေးများ သင်ကြားခြင်း ပို့ချခြင်း ဟောပြောခြင်း ဖြင့်၎င်း သို့မဟုတ် ကမ္မဋ္ဌာန်းတရားအတွက် အလုပ်လုပ်ခြင်း၎င်း ထို့သို့သောသာသနာပြုခြင်း (Missionary) အပြင် ဟိတာယ သုခါယ အရ သူတစ်ပါးအကျိုးစီးပွားအတွက် ပရဟိတ လုပ်ငန်းများလဲ ပြုလုပ်ခြင်းဖြင့် (Ministery) လဲ သာသနာပြုနိုင်သည်။
သာသနာတော်အတွက် အညွှန့်တလူလူထိုးတက်နေတဲ့ စာသင်တိုက်မှ စာသင်သား ရှင်သာမဏေလေးများကို ရဟန်းအဖြစ်သို့ ရောက်အောင် ပို့ဆောင်ပေးခြင်းသည် နံပါတ် ၁ ရဟန်းပြုခြင်းမျိုးအတွက် အလွန်မွန်မြတ်သော သာသနာပြု ဖြစ်သည်။ ရဟန်းလောင်းသည်လည်း ရဟန်းအဖြစ်ကို ရခြင်းသည် ရှေးဘုန်းရှေးကံအလွန်ကောင်းခဲ့သလို ထိုရဟန်းကို ထောက်ပံ့ခွင့်ရကြခြင်းသည်လဲ ရဟန်းဒကာ ဒကာမများအတွက် ရှေးဘုန်းရှေးကံများဖြစ်သည်။ ဆွေမတော် မျိုးမတော်ဘဲ ရဟန်းနှင့် ရဟန်းဒကာ ဒကာမ ဆုံစည်းခွင့်ရခြင်းကလဲ ရှေးဘုန်းရှေးကံပင်ဖြသည်။ တချို့ကြတော့ ကိုယ့်ဆွေ ကိုယ်မျိုးဖြစ်၍ သွေးသားတော်စပ်မှု ရှိပေမဲ့ တချို့ကြတော့ အလွန်ဝေးကွာနေရာဒေသမှ လာရောက် ဆက်စပ်ပြီး ဆွေမတော် မျိုးမတော်ဘဲ ကိုယ့်ဆွေ ကိုယ့်အမျိုးအဖြစ် ဖန်တီးယူကြသည်။ ဤကား ရှေးရေစက်ခေါ် ရှေးဘုန်းရှေးကံပင်တည်း။ ရှေးကံက ဤကဲ့သို့ ဆက်စပ်ပေးလိုက်သော ရဟန်းနှင့် ဒကာ ဟု စိတ်ဝင်စားဖွယ် အစုံ ၄ စုံရှိသည်။
လေးစုံသော ရဟန်းနှင့်ဒကာ
ရှေးဘုန်းရှေးကံကြောင့် ရဟန်းရယ် ထောက်ပံ့သူ ရဟန်းဒကာ ရဟန်းအမရယ်ဆိုပြီး ဒီဘက်ဘ၀ လာပြီး စုံစည်းခွင့် ရကြပေမဲ့ မတူညီတဲ့ အတွဲ ၄ စုံ ရှိသည်။
၁။ ရဟန်းက အသုဒ္ဓ ဖြစ်၍ ထောက်ပံ့သူ ဒကာ ဒကာမက သုဒ္ဓ ဖြစ်ခြင်း။ စာရေးသူ၏ ပတ်ဝန်းကျင်အတွေ့များကို ဤသို့ ခွဲခြမ်းသည်ဖြစ်၍ စာရေးသူ၏ အမြင်သာ ဖြစ်သည်။ တချို့ ရဟန်းက စာပေလဲ မကျိုးစားသလို ကိုယ်ကျင့်သိက္ခာကိုလဲ သိပ်မလေးစား၊ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ကိုယ့်ကို ထောက်ပံ့နေသည့် ဒကာ ဒကာမတွေရဲ့ စေတနာ သဒ္ဓါတရားကို အလွဲသုံးစားလုပ်သူ ဖြစ်သည်၊ ဒကာ ဒကာမတွေကတော့ ကိုယ့် တူ ကိုယ်သားကဲ့သို့ လိုလေးသေးမရှိ ထောက်ပံ့သည်၊ ထိုရဟန်းတောင်းသမျှ ပေးသည်၊ ကိုယ်မစားရရင် နေပစေ ဒို့ရဟန်းကိုတော့ ပြည့်စုံအောင်ထားမည်ဆိုတဲ့ ဒကာ ဒကာမတွေ ဖြစ်သည်၊ စာရေးသူလဲ စာသင်တိုက်ကြီးက ကြီးပြင်းလာတော့ ကိုယ့်ပတ်ဝန်းကျင်မှာ မြင်နေရ တွေ့နေရသည်၊ ရဟန်းက ဘာစာပေကိုမှလဲ စိတ်မ၀င်စား ယောင်ဝါးဝါး ရဟန်းကို ကိုယ့်သားအရင်းလို စောင့်ရှောက် ထောက်ပံ့နေကြသော ဒကာ ဒကာမတွေကို သနားမိသည်၊ ထိုရဟန်းအတွက် အော်--- အရှင်ဘုရားကျတော့ ဘုန်းကံကြီးလိုက်တာ ဆိုပြီး မုဒိတာ ပွားမိသည်။
၂။ ရဟန်းက သုဒ္ဓ ဖြစ်၍ ဒကာ ဒကာမကတော့ အသုဒ္ဓဖြစ်ခြင်း။ ဒါကိုပဲ စာရေးသူတို့ စာသင်တိုက်လောကမှာ ရဟန်းတစ်ခါ ဟုခေါ်သည်၊ ရဟန်းဒကာ ရဟန်းတစ်ခါ ဟု ၂ မျိုးရှိရာ ရဟန်းခံပေးပြီး ကိုယ့်ရဟန်း ဘယ်ရောက်ရောက် လည့်မကြည့်တော့ဘဲ ပစ်ထားခဲ့သည့် ရဟန်းခံပေးသူ (ဒကာ ဒကာမ)ကို ရဟန်းတစ်ခါ ဟုခေါ်သည်၊ နံပါတ် ၁ လို ဒကာ ဒကာမမျိုးကိုတော့ ရဟန်းဒကာ ဟုခေါ်သည်။ စာရေးသူ သူငယ်ချင်းနဲ့ သူ၏ရဟန်းဒကာ အိမ် အလည်လိုက်သွားဖူးသည်၊ ဒကာတွေက တောကနေတက်လာပြီး မန္တလေးမြို့ပေါ်မှာ ပွဲရုံလုပ်ငန်းဖြင့် စီးပွားရေးအောင်မြင်သူ ဖြစ်သည်၊ ထိုဒကာ လျှောက်တယ်၊ အရှင်ဘုရားလိုတာရှိတာ မိန့်ပါဘုရား၊ တပည့်တော်က ရဟန်းတစ်ခါ မဟုတ်ပါဘုရား၊ ရဟန်းဒကာပါ ဘုရားတဲ့။ စာရေးသူကိုယ်တိုင်ပင် ဒီအုပ်စုထဲ ပါမလိုဖြစ်နေသည်၊ စာရေးသူ၏ ရဟန်းအမများသည် မန္တလေးက ဖြစ်သည်၊ စာရေး ရဟန်းခံပြီးနောက် တစ်နှစ်ကြာမှာ တစ်ခါသာ လာဖူးသည်၊ စာရေးသူထံ တိုက်ရိုက်လာခြင်းမျိုးမဟုတ်ဘဲ အလှူတစ်ခုကနေ ၀င်လာခြင်းဖြစ်သည်၊ အဲဒီနောက် ပေါ်မလာတော့ပေ၊ နောက် ၁၀ နှစ်လောက်ကြာတော့မှ သူ၏ မိတ်ဆွေနဲ့ အလှူတစ်ခုမှာတွေ့လို့ စာရေးသူနဲ့ စကားစပ်မိပြောရင်း စာရေးသူ ဘယ်သူလဲ ဆိုတာ သိသွားသည်၊ နောက် ရဟန်းမတွေနဲ့တွေ့တော့ ခင်များတို့ရဟန်းနဲ့ တွေ့ခဲ့တဲ့အကြောင်း ပြောပြတော့ ဟုတ်လား ‘‘ကျုပ်တို့က လူထွက်သွားပြီထင်နေတာ’’တဲ့ ကောင်းရော။ ဟုတ်မယ် စာရေးသူက ချောတော့ လူထွက်သွားမည် ထင်ပုံပဲ ppppppppppppp။ သိသွားတော့ရော ရောက်လာဆိုတော့ ရောက်မလာပါဘူး pppppppppp၊ ဒီလိုနဲ့ စာရေးသူလဲ ဘွဲ့တွေ အတော်အတန်ရသည် အထိ ပေါ်မလာသေးဘူး၊ စာရေးသူ အိန္ဒိယ ပညာတော်သင်သွားမှ ရဟန်းအမကြီးက ဆုံးသွားပြီ ဆိုတဲ့ သတင်းကို စစ်ကိုင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ လာအကြောင်းအကြားပုံပဲ၊ စစ်ကိုင်းက သူငယ်ချင်းကလဲ ဦးဇင်းဒကာမကြီး ဆုံးသွားပြီတဲ့ ဆိုတော့-- စာရေးသူလဲ ပူထူသွားသည်၊ ငါ့အမေ ဘယ်လိုဖြစ်တာတုန်း၊ ၂ ရက် ၃ ရက် စားမပျော် အိပ်မပျော် ကျောင်းတက်ရတာလဲ အဆင်မပြေဖြစ်ခဲ့သည်၊ နောက်တော့မှ မန္တလေးက ဒကာမတဲ့။ အော်--စာရေးသူလဲ ရဟန်းခံပြီး ၁ နှစ်မှ တစ်ခါ တွေ့ပြီးနောက် ၁၇ ၀ါ မြောက် (၁၇ နှစ်) ဆိုတော့ အမှတ်တမဲ့ဖြစ်နေပြီပေါ့။ ၁၇ နှစ်ကြာပြီးမှ သေမှ သိရတဲ့အဖြစ်ပဲဆိုတော့ ရဟန်းနှင့်ဒကာ ဆုံစည်းမှု ရှေးရေစက် မပါလို့ပဲ ဖြစ်မည်။ တစ်ကြိမ်တစ်ခါ ကျေးဇူးပြုထားသည့် ဒကာဒကာမကို သတိရနေတာတော့ အမှန်ပင်ဖြစ်သည်၊ ဆုံးသွားပြီဆိုတော့လဲ ကိုယ်ကလဲ အဝေးရောက်နေသည်၊ စိတ်မကောင်းတာကလွဲလို့ ဘာတတ်နိုင်မည်နည်း။
၃။ ရဟန်းကလဲ အသုဒ္ဓ ဖြစ်သလို ရဟန်း ဒကာ ဒကာမတွေကလဲ အသုဒ္ဓ ဖြစ်ခြင်း။ ရဟန်းကလဲ စာပေ ပရိယတ္တိမရှိ ပဋိပတ်ဆို ဝေး။ ထို့အတူပဲ ရဟန်းဒကာ ဒကာမတွေကလဲ ရဟန်းဒကာ ရဟန်းအမဆိုတဲ့ ဂုဏ်လေး ရရင်ပြီးရောဆိုပြီး ရဟန်းခံပေးပြီး လှည့်မကြည့်တော့ဘဲ ပစ်ထားခဲ့သည် ရဟန်းတစ်ခါမျိုးပင် ဖြစ်သည်။ အိုးရွဲ့နဲ စလောင်းရွဲ့ဆိုသလိုဖြစ်သည်။ များသောအားဖြင့် တစ်ဖတ်ကတော်နေရင် တစ်ယောက်က ညံ့သည့် အစုံကို များစွာတွေ့ရသလို ၂ ဖတ်လုံးတော်နေသည်ကိုလဲ တွေ့ရသည်၊ ၂ ဖတ်လုံး အညံ့ကိုတော့ တွေ့ရခဲ့သည်။
၎။ ရဟန်းရော အလှူရှင် ဒကာ ဒကာမ ၂ ဦးလုံးက သုဒ္ဓဖြစ်ခြင်း။ ဒီအတွဲမျိုးတွေ့ဖို့ဆိုတာ အလွန့်လွန်ကို ဘုန်းကံရှိကြပါသည်၊ ရဟန်းကလဲ တော်သည်၊ အနေအထိုင်လဲ တော်သည်၊ စာပေပရိယတ်လဲ တော်သည်၊ သာသနာအတွက် များစွာ အကျိုးများသူဖြစ်သည်၊ ထို့အတူပဲ ထိုရဟန်းကို ထောက်ပံ့ခွင့်ရသော ဒကာ ဒကာမကလဲ တော်သည်၊ ထိုရဟန်းနှင့် ရှေ့သွား နောက်လိုက်ညီသည်၊ နေနဲ့လ ရွှေနဲ့မြလိုပဲ လိုက်ဖတ်ညီသည်။ ဒီလိုအစုံမျိုးကိုလဲ စာရေးသူတို့ ၀န်းကျင်တွင် များစွာတွေ့ရသည်၊ ၀မ်းသာသည်၊ မုဒိတာ ပွားမိသည်။
နံပါတ် (၂) ခဏတဖြုတ် ရဟန်းဝတ်ခြင်း (ဒုလ္ဘရဟန်းခံ) (Temporary) အနေ့နဲ့ မြန်မာနိုင်ငံ တောရော မြိုပါ နေရာအနှံ့အပြား မှာ နွေရာသီကျောင်းပိတ်ရက်ပဲဖြစ်ဖြစ်၊ သင်္ကြန် ရုံးတွေပိတ်ရက်တွေမှာပဲ ဖြစ်ဖြစ်၊ ဘုန်းတော်ကြီးကျောင်းတွေမှာ သားရှင်ပြု၊ ရဟန်းခံ၊ သမီး နားသ၊ သီလရှင်ဝတ်ပေးခြင်း စသည့် မင်္ဂလာများကို အကြောင်းပြု၍ အလှူကြီးတန်းကြီးတွေနဲ့ စည်ကားလျက်ရှိပါသည်။ ထိုရှင်ပြု ရဟန်းခံပွဲကို ဒုလ္လဘ ရဟန်းပြုပွဲလို့လဲ ခေါ်ဝေါ်ကြသည်။ ဒုလ္လဘဆိုသည်မှာ ရခဲ၏၊ ရဘို့ရန်မလွယ်ကူ၊ လူအနဲစုသာ ရနိုင်၏ စသည်အားဖြင့် အဓိပ္ပါယ်အမျိုးအမျိုးဖွင့်ဆိုနိုင်သည်။ လိုရင်းကတော့ တန်ဘိုးကြီးလို့ ရနိုင်ခဲခြင်းပင်ဖြစ်ပါသည်။ တန်ဘိုးဆိုသည်မှာ ရဟန်းဘ၀ရဲ့တန်ဘိုးနှင့် ထိုဘ၀ကိုရနိုင်ဘို့ ပိုင်ဆိုင်ရသည် ရှေးဘုန်းရှေးကံများပါသည်။ ဘယ်လိုတန်ဘိုးတွေနှင့် ရခဲလှတယ်ဆိုတာ ဆက်ပြောကြရအောင်နော်
ဒုလ္လဘ တရား ငါးပါး
(၁) ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ = ဘုရား၏အဖြစ်ကိုရခဲခြင်း။
(၂) မနုဿတ္တဘာဝ ဒုလ္လဘ = လူအဖြစ်ကိုရခဲခြင်း။
(၃) သဒ္ဓါသမ္ပတ္တိ ဒုလ္လဘ = သဒ္ဓါတရားနှင့် ပြည့်စုံသည့်အဖြစ်ကိုရခဲခြင်း။
(၄) ပဗ္ဗဇ္ဇိတာဘာဝ ဒုလ္လဘ = ရဟန်း၏ အဖြစ်ကိုရခဲခြင်း။
(၅) သဒ္ဓမ္မသ၀နအတိ ဒုလ္လဘ = သူတော်ကောင်းတရားနာကြားခွင့်ကို အလွန်ရခဲခြင်း။
ပဗ္ဗဇ္ဇိတဘာဝ ဒုလ္လဘ
နံပါတ် (၄) ရဟန်းအဖြစ်ကို ရခြင်းသည် ခက်ခဲ၏ ရခဲ၏၊ ဘုန်းရှိကံရှိ သူတွေသာလျှင် ရဟန်းအဖြစ်ကို ရနိုင်သည်။ ဘုရားပွင့်မှ ဘုရားသားတော် ရဟန်းများပေါ်ပေါက်လာနိုင်၏။ ထိုရဟန်းတော်များရှိမှသာလျှင် ရဟန်းအသစ်တစ်ပါးအားချီးမြှောက်ရန် အနီးကပ်ကြည့်ရှုစောင့်ရှောက်မည့် ဥပဇ္ဈာယ်ဆရာ၊ ရဟန်းခံရာဝယ် ပါဝင်မည့် ကာရက သံဃာ၊ အနုသာသက၊ ညတ်ကမ္မ၀ါစာဆရာ စသည်များရနိုင်ပါသည်။
ရဟန်းသစ်ကိုယ်တိုင်ကလဲ ပြည့်စုံရမည့် ဂုဏ်ရည်များလိုအပ်ပါသည်။
ထိုဂုဏ်ရည်တို့မှာ---
လူသား စင်စစ်ဖြစ်ရခြင်း၊ (မနုဿဘာဝေါ ဒုလ္လဘော) လူသားတစ်ယောက် ဖြစ်ဖို့ဆိုတာ အလွန်ခက်ခဲပါသည်၊ ကိုယ့်ပတ်ဝန်းကျင်ရှိ ပိုးရွ ချပုန်း၊ မဲ့ ခြင် ယင် ပိုးလောက် စတဲ့ မြင်အပ် သတ္တ၀ါများနှင့် အလွန်သေးငယ်တဲ့ မမြင်နိုင်တဲ့ သတ္တ၀ါတွေနဲ့ ယှဉ်ကြည့်ပါက လူ့အဖြစ် ရခဲလှသည်ဆိုတာ ထင်ရှားပါလိမ့်မည်။
ရဟန်းလောင်းသည် ယောက်ျားစစ် ဖြစ်ရခြင်း၊
အသက် ၂၀-ပြည့်ရခြင်း၊
တိတ္ထိ ( ဒိဋ္ဌိအယူရှိသူ ) မဟုတ်ရခြင်း၊
ပဉ္စာနန္တရိယ ကံကြီးများ ကျူးလွန်ထားသူ မဟုတ်ခြင်း-စသော အင်္ဂါတို့နှင့် ညီညွတ်သူ ဖြစ်ရ၏။ ခြေလက်အင်္ဂါ ပြည့်စုံရခြင်း၊ အနူနာ၊ တီဘီစသော ရောဂါမျိုးများကင်းစင်ရခြင်း စသည်များအပြင် အခြား သိမ်နှင့်ပတ်သက်သည့် လိုအပ်ချက်များရှိပါသေးသည်။ ဥပမာ- ဉတ္တိအနုဿာဝနတို့အရ ဉတ်ကမ္မ၀ါစာကို ဌာန်၊ ကရိုဏ်း၊ ပယတ်၊ သိထိလ၊ ဓနိတ ပီသစွာ မှန်မှန်ကန်ကန် ရွတ်ဖတ်နိုင်ရ၏။
သီမာ-အရ သိမ်သည် အောင်အောင်မြင်မြင် သမုတ်ခဲ့သော သိမ်ကောင်းဖြစ်ရ၏။
ပရိသာ-အရ ကံဆောင်သံဃာသည် အနည်းဆုံး ရဟန်းစစ်စစ် ငါးပါးရှိရ၏။ ဤသို့အားဖြင့်ရဟန်းမဖြစ်မီ ပြည့်စုံနေရမည့် ဂုဏ်ရည်များအပြင် ရဟန်းဖြစ်ပြီးသော် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ များစွာရှိနေပါသေးသည်။ ထို့ကြောင့် ရဟန်းဘ၀သည် လွယ်ကူသည်ဟူ၍ မည်သူမျှ မတွေးရဲ့ကြပေ။
ရဟန်းတော်များအား ထောက်ပံ့ခွင့်
ရဟန်းအဖြစ်ကို ရခြင်းက မလွယ်ကူသလို ထိုရဟန်းကို ထောက်ပံ့ခွင့်ရဖို့ကလဲ ခက်ခဲသည်ဟု ဆိုရမည်။ ရဟန်းမရှိဘဲ ရဟန်းဒကာ ဒကာမ မဖြစ်နိုင်၊ ထို့ကြောင့် ရှင်ရဟန်းတို့အား ထောက်ပံ့ခွင့်ရခြင်းသည်ပင် ဘုန်းရှိ ကံရှိသူတွေအတွက်သာ ဖြစ်ပါသည်။ မိထွေးတော် ဂေါတမီက သူ၏ဘ၀သံသရာ ဖြစ်စဉ်ကို ပြန်ကြည့်လိုက်သောအခါ ရဟန်းတော်များအား ချီးမြောက်ခွင့်ရခြင်းသည် နှစ်ဘ၀ပဲရှိသည်ဟု မြတ်ဗုဒ္ဓအား လျှောက်ဖူးသည်၊ တစ်ဘ၀က ပစ္စေကဗုဒ္ဓါ အရှင်မြတ်များအား ပစ္စည်းလေးပါး ထောက်ပံ့ခွင့်ရခဲ့၊ ဒုတိယဘ၀မှာ တော့ ဘုရားရဲ့ မိထွေး(အမေ) အဖြစ်နဲ့ စောင့်ရှောက်ခွင့်ရသည်။
တပည့်တော်တို့ မိန်းမသားဘ၀မှာ ဘုရင့်အမေ၊ မိဘုရားဆိုတဲ့ အမည်ထူးတွေကတော့ ရဘို့ရန် မခဲရင်းပါဘူးဘုရား၊ ဒါပေမဲ့ဘုရား ရဟန်းမယ်တော်၊ ကိုရင့်မယ်တော် ရဟန်းအမဆိုတဲ့ ဘွဲ့ထူးတွေကတော့ အလွန့်အလွန်ကို ရခဲလှပါတယ်ဘုရား။ (မိထွေးတော်ဂေါတမီ လျှောက်ခန်း)။ မိထွေးတော်ဂေါတမီကို အားကျကာ ဗုဒ္ဓဘာသာဝင်များသည် စာသင်တိုက်ကြီးတွေမှ စာတော်သော ကိုရင်များကို ပစ္စည်းလေးပါး ထောက်ပံ့ခြင်း၊ ရဟန်းခံပေးခြင်းများ ပြုလုပ်ကြသည့်အပြင် ကိုယ့်ရဲ့ ရင်သွေးများ၊ သွေးသားတော်စပ် တူ၊ မြေးစသည်များကို ရဟန်းဘောင်ရောက်အောင် ထောက်ပံ့ပေးကြသည်။
ဒီကနေ့ စာသင်သား ရဟန်းလောင်း ကိုရင်တေဇောဘာသ အား ပစ္စည်းလေးပါးထောက်ပံ့ကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်အောင် ပို့ဆောင်ပေးကြတဲ့ အလှူများသည် ရခဲလှတဲ့ ရဟန်းဒကာ ရဟန်းအမအဖြစ်ကို ရလိုက်ရသည်အတွက်၊ ကြုံခဲလှတဲ့သာသနာမှာ ဖြစ်ခဲလှတဲ့ လူ့ဘ၀ကို ရခိုက် ယခုလို သာသနာတော်ကို ချီမြောက်ထောက်ပံ့ခွင့်ရလိုက်ခြင်းသည် ဘုန်းကံရှိသူတွေသာ ဖြစ်ကြသည်။ မနုဿတ္တဘာဝေါ ဒုလ္လဘော ဆိုတာနဲ့ ပတ်သက်ပြီး မဟာဂန္ဓာရုံဆရာတော်ကြီးက ပြောတယ်၊ ‘‘လူ့ဘ၀ရဖို့တောင် မလွယ်လှဘူး၊ စာထဲမှာ ဥပမာနဲ့ ပြောထားတယ်။ ပင်လယ်ပြင်ကျယ်ကြီးထဲမှာ ထမ်းပိုးတုံးကြီးတစ်ခု လေတိုက်ရာ မျောချင်သလိုမျောနေသတဲ့၊ အပေါက်ကလည်း တစ်ပေါက်တည်းတဲ့၊ ရေပြင်အောက်ခြေမှာ ရှိတဲ့ လိပ်ကန်းကြီးကလည်း အနှစ် ၁၀၀ ကြာမှ တစ်ခါသာ ပေါ်တယ်၊ အဲဒီလိပ်ကန်းကြီးရဲ့ ခေါင်းနဲ့ ထမ်းပိုးအပေါက် စွပ်မိဖို့ဟာ ဘယ်လွယ်မလဲ။ ဒါပေမဲ့ အဲဒါကမှ ကြုံကြုံကြိုက်ကြိုက် စွပ်မိချင်စွပ်မိဦးမယ်တဲ့။ လူ့ဘ၀ကြုံဖို့က အဲဒီအထက် ခက်တယ်တဲ့၊ အဲဒီခက်ခဲတဲ့ဘ၀ကို ရနေကြပြီ၊ ရတုန်း ရခိုက် ပါရမီတွေ ဖြည်လိုက်ကြစမ်းပါ။ စိတ်ကောင်း နှလုံးကောင်း မွေးလိုက်ကြစမ်းပါ။ (နံက်ခင်းသြ၀ါဒမှ)။ ထို့ကြောင့် လူသားစင်စစ် ဖြစ်ရခြင်း၊ ရဟန်းအဖြစ်ကို ရကြခြင်း၊ ပါရမီးများ ဖြည့်ခွင့်ရခြင်းများသည် ဘုန်းကံကြီးသူများသာ ဖြစ်သည်။
(ဓာတ်ပုံအားလုံးသည် အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်ကပဲ ဖြစ်ပါသည်)
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၎-၉-၂၀၁၁
`အနုမောဒနာ သြဝါဒ´ တရားတော်(၃)
4 years ago
4 comments:
တိုက်ဆိုင်လိုက်တာ...ဆရာတော်ဘုရားရဲ့ပို့စ်ကိုဖတ်ပြီး တပည့်တော်ရဲ့ ရဟန်းတစ်ခါကို ပြန်သတိရမိတယ်ဘုရား...
ဆရာတော်ဘုရား ဆိုက်လေးမှာ စီဘောက်လေး ပြန်ထည့်ပေးထားရင် ကောင်းမယ်ထင်တယ်ဘုရား။ ဆရာတော်ဘုရားကို နုတ်ဆက်ချင်ကြသူတွေအတွက်ပေါ့ဘုရား....
ချမ်းမြေ့ပါစေဘုရား
ချယ်ရီမြေ
ချယ်ရီမြေ အရှင်ရေ--ကျေးဇူးတင်ပါတယ်ဘုရား၊ အရင်က တပည့်တော် စီဘောက်ထည့်ထားတယ်ဘုရား၊ မသင့်တော်တဲ့ဆိုက်တွေ လာကြော်ညာတာနဲ့ ဖြုတ်လိုက်တာဘုရား။
ဆရာတော်ဘုရား..ရဟန်းဒကာလာ-ရဟန်းတစ်ခါလားပိုစ်လေကိုလာရောက်ဖတ်သွားပါတယ်ဘုရား..ဆရာတော်ကျန်းမာပါစေ..
ရွှေဝန်းရတနာ...
လာရောက်အားပေးပါတယ်ဘုရား
Post a Comment