စာမိတ်ဆက်
သီတဂူစတား ခရီးသွားနေသည်။ အိန္ဒိယနိုင်ငံရဲ့ ခရီးအတွေ့ကြုံ၊ စာရေးသူ၏ ခရီးသွားမှတ်တမ်းလေး တစ်ပုဒ်ဖြစ်ပါတယ်။ ၂၆-၁၁-၂၀၁၁ နေ့ ဂယာသို့ ကြွလာမည့် သီတဂူဆရာတော်ကြီးကို ကြိုရန် ဂယာသို့ အမှတ်တရ ခရီးသွား ပို့စ်ဖြစ်ပါသည်။ စာရေးသူက ခရီးသွားဝါသနာပါသည်၊ ကင်မရာတစ်လုံးနဲ့ ခရီးသွားနေရရင် ပျော်နေတတ်သည်။ ထက်ထက်မိုးဦးပြောသလို ပိုက်ဆံများရှိလို့ကတော့ ကမ္ဘာပတ်ပြစ်လိုက်မည်၊ စိန်တော့ မစီချင်ပါ။ ခရီးသွားခြင်းဖြင့် အဖိုးမဖြတ်နိုင်တဲ့ လောကအတွေ့အကြုံများစွာ ရသည်၊ လူတွေရဲ့ ဘ၀ စရိတ်ကို လူတွေထဲကပဲ ရနိုင်သည်။ ထို့ကြောင့် လောကကြီးသည် သင်ယူလို့ မကုန်နိုင်တဲ့ ကမ္ဘာ့တက္ကသိုလ်ကြီးဖြစ်သည်။
ရထားကြီးနဲ့စာရေးသူ
၂၀-၁၁-၂၀၁၁ နေ့က တစ်ယောက်တည်း ခရီးမသွားစဖူး သွားခဲ့ရသည်။ အိန္ဒိယနိုင်ငံသည် တခြားတိုင်းပြည်များလို safe သိပ်မဖြစ်ဟု ယုံကြည်ထားသဖြင့် တစ်ယောက်တည်း ခရီးသွားရမှာကို အားငယ်မိသည်။ အိန္ဒိယနိုင်ငံ၏ အရေးပါသော ပို့ဆောင်ရေးအခန်းသည် ရထားပင်ဖြစ်သည်။ ဘက်စကားတိုးစီးရသလို မြို့ပတ်ရထားများ တိုးဝှေ့ပြီးစီးရသည်၊ တခါတရံ တံခါးပေါက်ကနေ တွယ်စီးရသည်။ စာရေးသူသည် ဂယာသို့သွားရန် ကောလိပ်နှင့်အနီးဆုံးဘူတာမှ ဘုံဘေဘူတာကြီးသို့ မြို့ပတ်ရထား အရင်စီးရသည်၊ ထုံးစံအတိုင်း ရထားရောက်လာတာနဲ့ ၁ မိနစ်ခန့်သာ ရပ်သော ရထားကို တိုးဝှေ့ပြီးအတင်းတိုးတက်ရသည်၊ အပေါ်ကလူတွေက အောက်မဆင်းသေး အောက်ကလူတွေက အတင်းတိုးတက်တော့ အပေါက်မှာ မျက်နှာချင်းဆိုင်တိုးဝှေ့နေရသည်၊ စာရေးသူလဲ စိုးရိမ်စိတ်ဖြင့်အတင်းတိုးတက်တော့ ကုလားတစ်ကောင်က ပါးစပ်က ဘာတွေပြောမှန်းမသိ တွတ်ပွတွတ်ပွ လုပ်နေသည်၊ စာရေးသူသူငယ်ချင်းက တွန်းထုတ်လိုက်မှ ထိုကုလားငြိမ်သွားသည်။ ဘူတာကြီးသည် အလွန်ကြီးကျယ်သည်၊ ပလတ်ဖောင်း ၁၈ ခုရှိသည်။ ဘူတာကြီးရောက်တော့ ကိုယ်စီးမည့် ရထားနံပါတ် အတွက် ခုံ စသည်ရှာရသည်၊ သူငယ်ချင်း ၂ ယောက်လိုက်ပို့သဖြင့် အဆင်ပြေသည်။ သူတို့ပြန်သွားတော့မှ ရထားပေါ်တစ်ယောက်တည်း အထီးကျန်နေသည်၊ အားငယ်သလို ခံစားရသည်။ ၁၀ နာရီလဲ ထိုးပြီးဆိုတော့ ပရိတ်ရွတ် မေတ္တာပို့ပြီး အိပ်တော့သည်၊ နှစ်ယောက် အဲယားကွန်း (AC 2) ဆိုတော့ အိပ်ရတာ အဆင်ပြေသည်။
ဇာတ်အမျိုးမျိုး စနစ်အမျိုးမျိုး စရိုတ်အမျိုးမျိုးနဲ့ လူဦးရေ ဒီလောက် ထူထပ်တဲ့ နိုင်ငံမှာ ဒီလောက်အဆင်ပြေတဲ့ ရထားမျိုးစီစဉ်ပေးနိုင်တဲ့ အစိုးရကို မချီးကျူးဘဲ မနေနိုင်။ အလွန်တော်ပါသည်။ ရိုးရိုးအိပ်စဉ်ကတော့ လူဝင်လူထွက်အရမ်းများသည်၊ ဘူတာတစ်ခုရပ်တိုင်း ပိုက်ဆံတောင်းတဲ့သူ၊ အမိုက်လှဲပြီး ပိုက်ဆံတောင်းတဲ့သူ၊ အပြင်ဈေးသည်တွေနဲ့ ရှုပ်ရှက်ခက်နေသည်၊ တွေ့တဲ့ပစ္စည်း အကုန်ယူသည်၊ ဘိနပ်လဲအလွတ်မပေး၊ လူလစ်လစ်သလို အလစ်သုတ်တတ်သည်။ ကုလားဆိုတဲ့ လူမျိုးကလဲ အလွန်ညစ်ပတ်သည်၊ စားပြီးသောက်ပြီး အမှိုက်ကို ကိုယ့်နေရာမှာ ပစ်ထားသည်၊ ဘူတာတိုင်းမှာ အမှိုက်ရှင်းပြီး ပိုက်ဆံတောင်းသည့် ကလေးတွေ မသန်းမစွမ်းတွေ တောင်းရမ်းခြင်း အမျိုးမျိုးနဲ့ တက်လာတတ်သည်၊ သူ့လူနဲ့သူတော့ ဟုတ်နေသည်။ အဲယားကွန်း (AC 2)မှာတော့ ထိုအဖြစ်မျိုးမရှိ၊ ဈေးကလဲကြီးသဖြင့် တက်နိုင်တဲ့သူများသာ စီးနိုင်ကြသည်။ ဘယ်လောက်ပဲ ပိုက်ဆံရှိပေမဲ့ ကုလားဟာ ကုလားပါပဲ။ သူလဲ စည်းမရှိ ကမ်းမရှိ စားပြီး အမှိုက်သရိုက် ပစ်စလက်ခက် ထားသည်။
ဒီလိုနဲ့ ရထားပေါ် ခါးပူ ကျောပူနေအောင် ၂ ညအိပ်ရသည်။ ကာလကတ္တား ရထားဆိုတော့ ဂယာဘူတာသည် လမ်းခရီးမှာပဲ ဖြစ်သဖြင့် မနက် ၃-၅ မိနစ်ရောက်မည်ဟု သိထားရကား အိပ်ပျော်ပြီး တခြားဘူတာအထိ ပါသွားမှာကလဲ စိုးရိမ်ရသေးသည်။ ဖုန်းကို Alarm ပေးထားတာလဲ အဆင်မပြေ၊ စင်္ကာပူက ကလေးမလေးတစ်ယောက်က ၂-၃၃မိနစ် လောက်မှာ Alarm ပေးသဖြင့် အဆင်ပြေသွားသည်။ သို့သော်လည်း စာရင်းဇယားများအရ ၂၀ ရက်နေ့ည ဘုံဘေဘူတာမှ ထွက်သော ရထားသည် ဂယာဘူတာသို့ ၂၂ရက်နေ့မနက် ၃နာရီ ၅ မိနစ်တွင် ရောက်မည်ဟု ဆိုထားပေမဲ့ ၃ နာရီခွဲမှာ ရောက်သည်။ လမ်းဘူတာပေါင်း ၃၇ ခုကို ရပ်ခဲ့သည်။ အမြန်ရထားဖြစ်သဖြင့် ဘူတာတိုင်း မရပ်။ ၃၇ ဘူတာတွင် အများစု ဘူတာတွေမှာ ၂ မိနစ်သာရပ်သည်၊ Junction ပါသော ဗာရာဏသီက Mughal sarai Junction, မဂဓက Gaya Junction ကဲ့သို့သောဘူတာများတွင်တော့ ၁၀ မိနစ်၊ တချို့ ၁၅ မိနစ်နှင့် Allahabad Junction မှာတော့ ၃၃ မိနစ် ရပ်သည်။
ထိုနေ့ညမှာတော့ ကောင်းကောင်း အိပ်မပျော်၊ တစ်ယောက်တည်းလဲ ဖြစ်သဖြင့် စိုးရိမ်စိတ်ကြီးနေသည်၊ ဘူတာရပ်တိုင်း ဘူတာနာမည် လိုက်မှတ်နေရသည်၊ နောက်ဘူတာ ဘာလဲ ဘယ်လဲ၊ ဂယာအနီးဘူတာ နာမည်နဲ့ အချိန်ကို လိုက်မှတ်ရသည့် ဒုက္ခမသေး။ စိုးရိမ်စိတ်နဲ့အတူ ဂယာဘူတာသို့ မနက် ၄ နာရီ ၀န်းကျင်မှာ ရောက်ပါပြီ။ တက္ကစီငှါး၊ ဂယာ အရင်ရောက်နေသော သီတဂူသူငယ်ချင်းစီ ဖုန်းဆက် မရ၊ ဖုန်းပိတ်ထားသည်။ ဂယာရှိ မြန်မာကျောင်းသားကျောင်းက လက်ရှိ ဥက္ကဋ္ဌ ဘုန်းကြီဦးဇ၀နဆီ ဖုန်းဆက်သည်၊ အဆင်ပြေသည်၊ တံခါးလာဖွင့်ပေး၊ နေရာပေး၊ ကျောင်းသားကျောင်းဘုန်းကြီး၏ ကျေးဇူးနဲ့ ထိုနေ့ည အိပ်ရေးပျက်သမျှ ပန်းသမျှ ပူပန်သမျှတွေ ငြိမ်းအေးရတော့သည်။ ဘုန်းကြီးဦးဇ၀နသည် မစိုးရိမ်တိုက်ထွက်ဖြစ်သည်၊ အလွန်သဘောကောင်းသည်၊ ဂရုစိုက်သည်၊ စာပေသမားကြီးဖြစ်သည်။ ဂယာရှိ မြန်မာကျောင်းသားမျာအဆောင်ရောက်တော့လဲ အဆောင်ရှိ မြန်မာကျောင်းသားများကလဲ ဂရုစိုက်သဖြင့် စိတ်ချမ်းသာမှု ရရှိသည်။
မြန်မာကျောင်းသားကျောင်းတော်ကြီး
မြန်မာကျောင်းသားကျောင်း
အိန္ဒိယနိုင်ငံလုံးဆိုင်ရာ မြန်မာကျောင်းသားများအတွက် ဂယာတွင် ကျောင်းဆောင်းကြီးတစ်ဆောင်ကို ကျောင်းသားဟောင်းကြီးများက ဦးစီးပြီး ဆောက်လုပ်ထားခြင်းဖြစ်သည်။ စာရေးသူတို့ အဝေးကလာတဲ့ ကျောင်းသားများအဖို့ အလွန် အဖိုတန်ပါသည်။ မြန်မာနိုင်ငံမှ မည်သူများအတွက်မဆို အကျိုးများစေသည့် ကျောင်းကြီးဖြစ်သည်။ သူများနိုင်ငံမှာ ကျောချစရာ တစ်နေရာ ရဖို့ မလွယ်။ ထိုကျောင်းကြီးက အခက်အခဲကို ဖြေရှင်းပေးသည်။ စာရေးနေရေး အားလုံးအဆင်ပြေသည်။ အခုချိန် ဆောင်းရာသီဖြစ်သဖြင့် ဘုရားဖူးလာကြတဲ့ ရာသီဖြစ်သည်။ အဆောင်တွေမှာ လူပြည့်သည်။ ကျောင်းဆောင်မှာလဲ မြန်မာဘုရားဖူးများ မပြတ်သဖြင့် မြန်မာပြည်က ငါးပိ ငါးခြောက်ပေါသည်။ အခုလိုရာသီမှာ အလှူရှင်များလဲ ပေါသည်၊ ဒီ ၃ လအတွင်း အလှူရှင်မရှိသော ရက်များတွင် ကျောင်းအမကြီးက ကပ်သည်ဟု သိရသည်၊ ဒီရောက်မှပဲ မြန်မာဟင်း မြန်မာလက်ရာများကို အားပါးတရ စားရတော့သည်၊ စာရေးသူတို့ ဘုံဘေမှာတော့ မြန်မာအစားအစာ ရှားသည်၊ ပြည်မြန်မာက ပြန်လာတဲ့ အရှင်မြတ်တစ်ပါးပါးရောက်လာရင်တော့ ပါလာတဲ့ အခြောက်အခြမ်းလဲ တစ်ပတ်မျှသာ ခံသည်။ ထိုကျောင်းသားကျောင်းဆောင်သည် မဟာဗောဓိဘုရားနဲ့လဲ နီးသဖြင့် မနက်တစ်ကြိမ် ညတစ်ကြိမ် ဘုရားဖူးရောက်ဖြစ်သည်။ စာရေးသူအနေနဲ့ ဘုရားအဖြစ်ကို မွေးဖွားပေးရာ မဟာဗောဓိပင်နှင့်ရွှေပလ္လင်ကို တတိယအကြိမ် ဖူးမျှော်ရပေမဲ့ ရောက်တဲ့အချိန်တိုင်းဟာ အသစ်အဆန်းတွေချည်းပဲ ဖြစ်နေသည်ဟု ခံစားမိသည်။ ဖူးမ၀ ဖြစ်သည်။
ရွှေမြန်မာများ
အသွင်အမျိုးမျိုးနဲ့ယုံကြည်မှု
မဟာဗောဓိဘုရားဝန်းထဲမှာ နိုင်ငံပေါင်းစုံက အသွင်အမျိုးမျိုးနဲ့ လူအမျိုးမျိုးတို့သည် ယုံကြည်မှု အမျိုးမျိုးနဲ့ ဘုရားကို ပူဇော်နေကြသည်မှာ စိတ်ကြည်နူးစရာကောင်းလှသည်။ ထိုင်းနိုင်ငံနှင့် သီရိလင်္ကာအဖွဲ့တွေကတော့ အဖြူရောင်ဝတ်စုံများ ၀တ်ဆင်သည်၊ မြန်မာများကတော့ agency တံဆိပ်ပါ ယောဂီဝတ်စုံ၊ မဟာယာန တရုပ်အချို့ကတော့ အောက်က ဘောင်းဘီအရှည် အထက်က ရှက်အင်္ကျီလက်ရှည် အ၀ါရောင်များ ၀တ်ဆင်သည်၊ တချို့တရုပ်တွေနဲ့ ဗီယတ်နမ်၊ ဂျပန်၊ စသော မဟာယာနများကတော့ မီးခိုးရောင် ၀မ်းဆက်ဝတ်ဆင်ထားသည်ကို တွေ့ရသည်။ ကိုယ့်နိုင်ငံသုံးဘာသာစကားတို့ဖြင့် ဘုရားဟော သုတ္တန်များကို ပူဇော်ကြသည်၊ တရုပ်တွေကတော့ တီးလုံးတွေပါ ပါသဖြင့် ဂီတဖြင့်လဲ ပူဇော်ကြသည်၊ မဟာဗောဓိစေတီတော်ကြီးအတွင်း ရုပ်ပွားတော်ကို ဖူးမျှော်လာကြသည် အဖွဲ့လိုက်သော လူအုပ်များကလဲ အလှည့်ကျ ၀င်ရောက် ဘုရားကန်တော့ကြရသည်။ ဘုရားဝန်းထဲရှိ သတ္တသတ္တာဟ (၇ရက် ၇နှစ်လီ) သီတင်းသုံးခဲ့သော နေရာ အသီးအသီးမှာမှာလဲ ပုံစံမျိုးစုံနဲ့ လူတွေကို တွေ့ရသည်၊ အနောက်နိုင်ငံက အ၀တ်ဖြူစင် ၀တ်ပြီး အဖြူရောင် မုတ်ဆိပ်မွှေး အရှည်ကြီးနဲ့ လူကြီးကို တွေ့ရပြန်တော့ ဘုရာလက်ထက်က ဥပက တို့ အာဠာရနှင့် ဥဒက ရသေ့ကြီးတွေကို သွားသတိရမိသည်။ သူ့ကို ကုလားတစ်ယောက် ရှိခိုးနေသည်ကိုလဲ ညပိုင်းမှာ တွေ့ခဲ့ရသည်။ တစ်ယောက်တည်း ကြိတ်ပြီး ပြုံးမိသည်။ မြန်မာကဟုထင်ရသည့် အမျိုးသမီးတစ်ယောက်သည်လည်း အောက်ပိုင်းက ချိတ်ပိုးထည် ထမီးနဲ့ အထက်ပိုင်းက နန်းဝတ် နန်းရတနာများကို ခေါင်းကအစ ခြေဖျားအထိ ဆင်မြန်းထားသည့် အမျိုသမီးကြီးတစ်ယောက်ကိုလဲ တွေ့ရသည်။
ဆောင်းရာသီဆိုတော့ တိဘက်တန်လူမျိုးတွေကလဲ အုံလိုက်ကျင်းလိုက် ဆင်းလာကြသည်။ ဗုဒ္ဓဂယာသည် သူတို့အတွက် နိုင်ငံလေးတစ်နိုင်ငံလို ဖြစ်နေသည်။ သူတို့ရိုးရာ ၀တ်စုံ၊ အစားအသောက် ဈေးတန်းကြီးများဖြင့် စည်ကားလျက်ရှိသည်။ အိန္ဒိယအစိုး၏ ဒလိုင်းလားမားအပေါ် အလေးထားခြင်းပဲဖြစ်သည်။
ဘုရားဝန်းထဲက လေ့ကျင့်ခန်း
တိဘတ်တန်ဘုန်းကြီးများက တိဘတ်တန်ဘာသာဖြင့် ရေးထားသော မဟာယာနဗုဒ္ဓစာပေတွေကို တတွတ်တွတ် ရွတ်ဖတ်နေသည်။ မုံ့လေးစားလိုက် လက်တစ်ဖက်က ကြေးအိုးခွက်ကလေးကို ခေါက်လိုက် စာလေးရွတ်ဖတ်လိုက်နဲ့ ဟန်ကျနေသည်။ စေတီအကြိုအကြားတွေထဲမှာ ၀မ်းလျားမှောက် လေ့ကျင့်နည်းများကို တွေ့ရသည်၊ အောက်က လူတစ်ကိုယ်စာရှိ ပျင်ပြားကြီးကို ခံပြီး အဲဒီအပေါ်မှာပဲ မက်တက်ရပ်လိုက် ၀မ်းလျားထိုးလိုက် အကြိမ်များစွာလုပ်နေသည်၊ ဘုရားဘက်လှည့်ပြီး လုပ်နေသဖြင့် ဘုရားကို ထိခြင်းငါးပါးဖြင့်ရှိခိုးသည်ဟု ထင်ရသည်။ ‘‘လက် ခြေ နဖူး တတောင် ဒူး ငါးဦးထိခြင်းမှတ်’’ ဟုဆိုပေမဲ့ သူတို့ထိနေတာ ငါးမျိုးမက ၆ မျိုး ဖြစ်နေသည် ppppppppp။ လက်မှာ သားရေဘက်ပတ်ထားသည်၊ တချို့ကတော့ အ၀တ်တွေပတ်ထားပြီး ပျင်ပြားအပေါ် ၀မ်းလျားထိုးလိုက် ရပ်လိုက်လုပ်ခြင်းဖြင့် အောက်က ပျင်ပြားလဲ ပွတ်ပါများတော့ ပြောင်ချောနေသည်။ မနက်ပိုင်းမှာ ပိုတွေ့ရသည်၊ ဘုရားဖူးရင်း လိပ်ဥတူးဆိုတာလိုပဲ ဘုရားဝတ်ပြုရင်း လေ့ကျန်းမာရေးအတွက် လေ့ကျင့်ခန်းတစ်ခု ဖြစ်ဟန်တူသည်။ သူတို့တတွေသည် ဒီလောက်အေးနေတဲ့ မနက်စောစောမှာ အပေါ်ပိုင်း အ၀တ်တိုလေးနဲ့ နေနိုင်ကြသည်။
တချို့ဗုဒ္ဓဘာသာလိုလို ဟိန္ဒူလိုလို ဟိုမရောက် ဒီမရောက်တွေကတော့ ထိုဘုရားဝန်းထဲရှိ ရှီဝကြီးကိုလဲ သွားကန်တော့လိုက်သေးသည်။ ပုံစံအမျိုးမျိုးကို တွေ့ရပြန်တော့ ဘုရားလက်ထက်က ဘုရားနဲ့ ခေတ်ပြိုင် ဘာသာရေးခေါင်းဆောင်တို့၏ တပည့်တပန်းတွေကို သတိရမိသည်။
ညပိုင်း
ညပိုင်းမှာလဲ အသွင်တမျိုးနဲ့ မဟာဗောဓိဘုရားကြိးက သပ္ပါယ်နေပြန်သည်။ ဘုရားပုရ၀ုဏ်အတွင်း လှည့်ပတ်ပြီး ပရိတ်ရွတ် ပဋ္ဌာန်းရွတ် မေတ္တာပို့ရင်း အကြိမ်များစွာ လျှောက်ပတ်ခဲ့သည်။ စာရေးသူလိုပဲ ဘုရားကို လက်ျာလှည့်ပြီး ပါးစပ်က တတွတ်တွတ် ရွတ်နေသူတွေလဲ မနဲလှပါ။ တချို့လဲ ပုတီးကြီး တွဲလောင်းချပြီး ဖြည်းဖြည်းချင်း လျှောက်နေကြသည်။ တချို့ကျပြန်တော့ မီးခွက်လေးနဲ့ စာဖတ်နေကြသည်။ တချို့ကတော့ တစ်ယောက်ထိုင် ခြင်ထောင်ဖြင့် တရားထိုင်နေကြသည်။ ဘုရားအတွင်းမှာ အဲဒီလိုခြင်ထောင်ဖြင့် ပိုက်ဆံ ရူပီး၂၀၀ ပေးပြီး တစ်ညလုံးနေနိုင်သည်ဟု သိရသည်။ ၈ နာရီအထိ လူစည်ကားဆဲဖြစ်သည်၊ ၅-၆ နာရီဝန်းကျင်မှာတော့ လူများသဖြင့် ဘုရားဖူးရန် နေရာရဖို့ စောင့်ရသည်။ ဘုရားပြင်ဘက် ဈေးတန်းတွေမှာလဲ စည်ကားလျက်ရှိသည်။
ခြင်ထောင်လေးနဲ့ တရားထိုင်
တူညီသော ယုံကြည်ချက်
ဘုရားသို့ ရောက်လာကြတဲ့ ဒေသအသီးသီးမှ သူတွေမှာ အသွင်မတူ ပုံစံမတူပေမဲ့ သူတို့အားလုံးရဲ့ တူညီတဲ့ ယုံကြည်ချက်တစ်ခုကတော့ ‘‘ငါတို့ အားထား ကိုးကွယ်ဆည်းကပ်သည့် ဘုရားသည် ဤနေရာမှာပဲ ဘုရားအဖြစ်သို့ ရောက်ရှိသည်၊ ဘုရားအဖြစ်သို့ ရောက်ရှိခဲ့သည်၊ (The Buddha was born here)’’ ဟုပင်ဖြစ်သည်။
ရွင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၆-၁၁-၂၀၁၁
0 comments:
Post a Comment