သီတဂူစတား ၂၀-၁၁-၂၀၁၁ တနင်္ဂနွေနေ့ ညပိုင်း ရထားဖြင့် အိန္ဒိယနိုင်ငံ အနောက်ပိုင်းရှိ ဘုံဘေမြို့မှ အရှေ့ပိုင်းရှိ ဗုဒ္ဓဂယာဘက်သို့ သွားသည်။ ကီလိုမီတာ ၁၇၁၉ ရှိသဖြင့် ရထားပေါ်မှာပဲ ၂ ညအိပ် ၃ရက်ရှိနေမည်။

(၂၀၀၉ ခုနှစ် ပူနေးတက္ကသိုလ်မှာ ဆရာတော်ကြီးမိန့်ခွန်းပြောအပြီး ပူနေးတက္ကသိုလ် ပါဠိဌာနမှဆရာများ၊ ဖီလိုဆိုဖီဌာနမှ ဆရာမများ၊ ဆန်စခရစ်ဌာနမှ ဆရာ ဆရာမများနှင့် အမှတ်တရ)
သီတဂူဆရာတော်ကြီး
သီတဂူဆရာတော်ကြီး ၂၆-၁၁-၂၀၁၁ တွင် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာသို့ စတင်ရောက်ရှိမည်ဖြစ်သည်။ ဆရာတော်ကြီးသည် နှစ်စဉ်နီးပါး၊ တစ်ခါတရံ ၂ ကြိမ် အိန္ဒိယနိုင်ငံသို့ ဘာသာရေး၊ လှုမှုရေး၊ စသည့်ကိစ္စတွေကြောင့် ကြွလေ့ရှိသည်။ ယခုနှစ်မှာလဲ အစီအစဉ်သုံးရပ်ဖြင့် ကြွလာခြင်း ဖြစ်သည်။
၁။ ဆရာတော်ကြီးသည် ယခုနှစ် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ၂၀၁၁-ခုနှစ် နိုဝင်ဘာ ၂၆-ရက်မှ နိုဝင်ဘာ ၃၀ ရက်နေ့ အထိ ကျင်းပမည့် Global Buddhist Congregation ကို တက်ရောက်မည်ဖြစ်သည်။
၂။ ဆရာတော်ကြီးသည် ၂-၁၂-၂၀၁၁ နေ့တွင် ဗုဒ္ဓဂယာရှိ တိပိဋက ရွတ်ဘာသ်ပူဇော်ပွဲတွင် ဖွင့်ပွဲ မိန့်ခွန်း ပြောကြားမည်။ ညနေတွင် တရားဓမ္မဟောကြားမည်ဖြစ်ပါသည်။
၃။ အိန္ဒိယနိုင်ငံတွင် ပညာသင်ကြားနေသော ရဟန်း သာမဏေ သီလရှင် ၅၀၀ ၀န်းကျင်တို့အား လှူနေကြအတိုင်း တစ်ပါးလျှင် အမေရိကန် ဒေါ်လာ ၁၀၀ လှူဒါန်းနိုင်ရန် အစီအစဉ်လဲ ပါသည်ဟု သိရသည်။
သီတဂူဆရာတော်ကြီးနှင့်အတူ ရွှေကျင်သာသနာပိုင်ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ပါမောက္ခ၊ သင်ကြားစီမံ၊ အုပ်ချုပ်ရေး ဆရာတော်များ၊ သီတဂူသာသနာပြုအဖွဲ့၏ အတွင်းရေးမှူးများနှင့် စာရေးဆရာများ၊ ဗီဒီယို-ကင်မရာဆရာများလဲ လိုက်ပါလာမည် ဖြစ်သည်။
ဆရာတော်ကြီး၏ တပည့်ဖြစ်တဲ့ သီတဂူစတားသည်လည်း ဆရာတော်ကြီးအား ဖူးမျှော်ရန် ဗုဒ္ဓဂယာဘက်သို့ ခရီးသွားခြင်းဖြစ်သည်။ ခန့်မှန်းခြေ သတင်း ၂ ပတ်လောက် ကြာနိုင်သည်။
ခရီးသွားဂါထာ
ဘ၀သောတံ ဘေ၀၀ါ ဟံ၊ တိဏ္ဏော ပါရင်္ဂတော အဟု။
ဧတေန သစ္စ၀စ္စေန၊ ဂမနံ မေ သမိဇ္ဈတု။
ဤဂါထားကို ငယ်ငယ်ကထဲက နှုတ်တတ်ရနေသည်၊ သီတဂူစတားငယ်ငယ်က တောင်မြို့ မဟာဂန္ဓာရုံ ယခုလက်ရှိ နာယကချုပ်ဆရာတော် ဂျပန်၊ စင်္ကာပူ၊ မလေ၊ ဘာမင်ဂန်တို့ကို သွားတုန်းက ခရီးသွားရင်း အဆင်ပြေ ချောမွေ့စေရန် ရွတ်ဆိုခဲ့သော ဂါထာဖြစ်သည်။ ကျောင်းပြန်ရောက်တော့ ဆရာတော်က ခရီးစဉ်အကြောင်းနှင့် ဒီဂါထာကို အကြောင်းကို ပြောပြစဉ်က ရခဲ့ဖူးသော ဂါထာဖြစ်သည်။ ခရီးသွားရင် ရွတ်ဆိုနိုင်ရန် အမှတ်တရ တင်လိုက်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၉-၁၁-၂၀၁၁
0 comments:
Post a Comment