မြန်မာသီရိလင်္ကာ သာသနာတော်ဆက်ဆံရေး
သီတဂူဆရာတော်
ဒေါက်တာအရှင်ဥာဏိဿရ
(Ph.D, D.Litt)
အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏
အဓိပတိဆရာတော်
မြန်မာသီရိလင်္ကာ နှစ်နိုင်ငံတို့၏ ရင်းရင်းနှီးနှီး ဆက်ဆံရေးမှာ
နှစ်ပေါင်း (၂၀၀၀) ကြာညောင်းခဲ့ပြီ ဖြစ်သည်။ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန် စံပြီးသည့်နောက်
(၂၃၆)ခုနှစ်အကြာ မြန်မာနှင့် သီရိလင်္ကာသို့ ဗုဒ္ဓသာ သာနာသည် တစ်နှစ်တည်းမှာပင်
ရောက်ရှိခဲ့ကြသည်။ ဓမ္မာသောကမင်းကြီး၏ သာသနာပြုအဖွဲ့ (mission) (၉)ဖွဲ့တို့တွင်
သီရိလင်္ကာသို့ သွားသော သာသနာပြု အဖွဲ့၌ သားတော် မဟိန္ဒနှင့် သမီးတော် သင်္ဃမိတ္တတို့
ခေါင်းဆောင်ခဲ့ကြသည်။ အရှေ့တောင်အာရှ သုဝဏ္ဏဘူမိဒေသသို့ ကြွသော သာသနာပြုအဖွဲ့တွင်
အရှင်သောဏနှင့် အရှင်ဥတ္တရမထေရ် နှစ်ပါးတို့ ဦးဆောင်တော်မူခဲ့ကြသည်။
မြန်မာနိုင်ငံတော် အောက်ပိုင်း ပုသိမ်၊ ပဲခူး၊ သထုံ ဒေသတို့ကို ထိုစဉ်က မွန်တို့၏
ရာမညတိုင်းဟု ခေါ်ခဲ့ကြသည်။ ဓမ္မာသောက၏ ကြွရာဒေသကို ခြုံမိ ငုံမိအောင် ပြောရလျှင်
မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်း၊ ထိုင်းနိုင်ငံတောင်ပိုင်း အင်ဒိုနီးရှားနိုင်ငံ၏
စူမတြာကျွန်းတစ်ဝိုက် မလေးရှားကျွန်းစုအားလုံးတို့ကို သုဝဏ္ဏဘူမိရွှေနိုင်ငံဟု
ဆိုလျှင် ငြင်းခုံဖွယ်ရာမရှိပါ။ အင်ဒိုနီးရှားနှင့် မလေးရှားတို့မှာ အေဒီ
(၂)ရာစုလောက်မှာမှ ဘာသာ ပြောင်းလဲသွားကြခြင်းဖြစ်သည်။ အရှင်မောဂ္ဂလိပုတ္တတိဿ မထေရ်၏
စီမံလမ်းညွှန်ချက်အရ ဓမ္မာသောကမင်း လွှတ်လိုက်သော သုဝဏ္ဏဘူမိ သာသနာပြု အဖွဲ့သည်
ဘင်္ဂလားပင်လယ်၊ မုတ္တမပင်လယ်သို့ဖြတ်၍ မြန်မာနိုင်ငံ ရာမညဒေသ သထုံမြို့သို့
စတင်ဝင်ရောက် သာသနာပြုကြခြင်းဖြစ်သည်။ မွန်ပြည်နယ်၊ တနင်္သာရီကမ်းမြောင်ဒေသ
တစ်လျှောက်ရှိ မွန်မြန်မာတို့သည် သီရိလင်္ကာနှင့်လည်းကောင်း၊ အိန္ဒိယအရှေ့ဘက်
ကမ်းရိုးတန်းဒေသ တစ်ခွင်နှင့်လည်းကောင်း ကူးလူးဆက်ဆံမှုရှိခဲ့ကြပြီးဖြစ်သည်။
အိန္ဒိယပြည် အရှေ့တောင်ပိုင်းဒေသ တိလင်္ဂန အရပ် တိလဂူ လူမျိုးတို့
ဘင်္ဂလားပင်လယ်အော်ဖြတ်၍ ဘီလူးကျွန်းဒေသများသို့ ရောက်ရှိလာခဲ့ကြရာ ထိုလူမျိုး
တို့ကို (တေလင်္ဂန)မှ တလိုင်းဟု ပြောင်းလဲ ခေါ်ဝေါ်ကြကြောင်း မြန်မာ့သမိုင်းပညာရှင်တို့
ခန့်မှန်းကြသည်။
သာသနာနှစ် (၄၅၀)တွင် သီရိလင်္ကာ၌ စတုတ္ထသင်္ဂါယနာတင်အပြီး
ပိဋကတ်သုံးပုံကို ပေရွက်များပေါ်တွင် ရေးခဲ့ကြသည်။ ထိုပေရွက်တွင် သီဟိုဠ်အက္ခရာဖြင့်
ရေးထားသော ပိဋကတ်သုံးပုံသည် သုဝဏ္ဏဘူမိ (ရာမည) ဒေသ မွန်ရဟန်းတော်တို့ ၏
စွန့်စားအားထုတ်မှုကြောင့် သထုံသို့ ရောက်နှင့်ခဲ့ပြီး ဖြစ်ပေ လိမ့်မည်။ သာသနာနှစ်
(၁၅၀၀)ခန့် တွင် ပုဂံ အနော်ရထာမင်း သည် သထုံ ရာမညဒေသကို သိမ်းပိုက် အောင်မြင်သောအခါ
ရာမည၌ ရောက်ရှိနေသော သီဟိုဠ် အက္ခရာ ရေး ပိဋကတ်သည် မြန်မာပြည်အလယ်ပိုင်း ပုဂံသို့
ရောက်ရှိလာခဲ့သည်။ အနော်ရထာမင်း သထုံကို မသိမ်းပိုက်မီကပင် အရှင်သောဏ၊
အရှင်ဥတ္တရတို့၏ အနွယ်ဖွား ပိယဒဿီ (ရှင်အရဟံ) အရှင်သူမြတ်သည်
ထေရ၀ါဒသာသနာပြုခရီးအဖြစ် ပုဂံသို့ ကြွချီနှင့်ခဲ့ပြီး ဖြစ်လေသည်။ ထို့ကြောင့်
ဘင်္ဂလားနှင့် ချိုင်းနားဘက်မှ ဖြတ်သန်းဝင်ရောက်လာသော မဟာယာန ဗုဒ္ဓဘာသာကို
ကိုးကွယ်နေရသော အနော်ရထာသည် ပိယဒဿီအရှင်မြတ်ထံမှ ထေရ၀ါဒဓမ္မကို ကြားနာရသဖြင့်
ရာမညတိုင်း မွန်ဘုရင် မနုဟာ ထံမှ ပိဋကတ်ကို ပုဂံသို့ ပင့်ဆောင်လာ
ခဲ့ခြင်းဖြစ်လေသည်။ နှစ်ပေါင်း (၁၀၀၀)ခန့်က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီးသော
ပိဋကတ်သုံးပုံ ပေစာများကို စတုတ္ထသင်္ဂါယနာတင် သီဟိုဠ်မူများနှင့် တိုက်ဆိုင်လိုသဖြင့်
အနော်ရထာမင်းသည် ဥတ္တရဇီဝမထေရ်နှင့် ရဟန်း သာမဏေများကို သီရိလင်္ကာနိုင်ငံသို့
လွှတ်တော်မူခဲ့လေသည်။ ပရက္ကမဗာဟု မင်းသုံးဆက်တို့တွင် ပထမပရက္ကမ ဗာဟုမင်းကြီးသည်
အနော်ရထာမင်းကြီးလွှတ် လိုက်သော ဥတ္တရဇီဝမထေရ် ခေါင်းဆောင်သည့်
မြန်မာသာသနာပြုသံဃာတော်များအဖွဲ့ကို လေးစားမြတ်နိုးစွာ ကြိုဆိုသည်၊
ဧည့်ခံလုပ်ကျွေးသည်။ ဥတ္တရဇီဝမထေရ် ပုဂံသို့ ပြန်အကြွတွင် ပိဋကတ်သုံးပုံ
ပေထုပ်အသစ်တစ်စုံ လှူဒါန်းလိုက်သည်။ သထုံပိဋကတ်နှင့် သီဟိုဠ်ပိဋကတ် များကို
ညှိနှိုင်းတိုက်ဆိုင်ကြရာ တစ်သားတည်း တစ်ထပ်တည်း ဖြစ်နေသည်ကို တွေ့ရကြရသည်။
ပုဂံတစ်ပြည်လုံး ကျောင်းတိုက်များ ပိဋကတ်သုံးပုံကို မြန်မာအက္ခရာ ပြောင်းလဲ၍ ပို့ချ
သင်ကြား လာခဲ့ကြရာ ယနေ့တိုင်အောင် ဖြစ်သည်။ ဥတ္တရဇီဝမထေရ်၏ နောက်ပါတပည့် ရဟန်းသာမဏေ
တို့တွင် ဆပဒသာမဏေကျော်သည် သီဟိုဠ်ကျွန်း အနုရာဓပုရမြို့ မဟာဝိဟာရကျောင်းတိုက်၌
ရဟန်းပြုသည်။ မဟာဝိဟာရကျောင်းတိုက်၌ ပိဋကတ်ကျမ်းဂန်များကို သင်ယူသည်၊ ထို ဆပဒ
ရဟန်းတော်သည် သီဟိုဠ်သံဃာလေးပါးနှင့်အတူ ပုဂံပြည်သို့ပြန်လာရာ ပုဂံပြည်၌
သီဟိုဠ်သံဃာဂိုဏ်းကို တည်ထောင်ခဲ့လေသည်။ သီရိလင်္ကာ၊ မြန်မာ နှစ်နိုင်ငံဆက်ဆံရေးမှာ
စီးပွားရေး စစ်ရေး နိုင်ငံရေး စသည်ဖြင့် ဆက်ဆံသည့်ဆက်ဆံမှုမျိုးမဟုတ်ဘဲ သာသနာရေး
သာသနာမှုနှင့် ရင်းနှီးစွာ ဆက်ဆံသည့် နှစ်နိုင်ငံ
ဆက်ဆံရေးဖြစ်သည်။
နရပတိစည်သူမင်းလက်ထက် သီဟိုဠ်ကျွန်းသို့ ချစ်ကြည်ရေးခရီး
ကြွရောက်ခဲ့လေသည်။ သီဟိုဠ်ဘုရင် ပရက္ကမဗာဟု မင်းကြီးက ဇကားသား ဘုရားဆင်းတုတော်များ
လက်ဆောင်ပေးခဲ့ လေသည်။ သာသနိက ပစ္စည်းများ အပြန်အလှန် လက်ဆောင်ပေးခြင်းဖြင့်
နှစ်နိုင်ငံ ချစ်ကြည်ရေး မှာ တိုးတက်ခဲ့လေသည်။ အင်းဝဘုရင် မိုးညှင်းမင်းတရားလက်ထက်
သီဟိုဠ်ကျွန်းမှ သံဃာတော် များ ဓာတ်တော်များကို ပင့်ဆောင်လာရာ၌ မိုးညှင်းမင်းတရားထံ
ဆက်သကြရာ မိုးညှင်းမင်းတရား က ထိုဓာတ်တော်များကို ဌာပနာ၍ စစ်ကိုင်းဘက်တွင်
စေတီပုထိုး တည်ထားခဲ့ကြသည်။ ထို့အပြင် အင်းဝဘုရင် ရွှေနန်းကြော့ရှင် နရပတိလက်ထက်
သီဟိုဠ်မင်းများက ဓာတ်တော်များ ဆက်သကြရာ စစ်ကိုင်းဘက်တွင် စေတီပုထိုးများ တည်ထား
ခဲ့ကြသည်။ သီဟိုဠ်ကျွန်း မဟိယင်္ဂဏ အရပ်မှ သံဃာတော်များသည်လည်း ဓာတ်တော်များ
ပင့်ဆောင်၍ မြန်မာနိုင်ငံသို့ ကြွတော်မူ ခဲ့ကြရာ မြန်မာမင်းများက
ထိုဓာတ်တော်များကို လက်ခံပြီး စစ်ကိုင်းဘက်တွင် စေတီပုထိုးများ တည်ထားခဲ့ကြသည်။
ထို့ကြောင့် ယနေ့ စစ်ကိုင်းဘက်တွင် ရှိသော ထူပါရုံစေတီ၊ မဟိယင်္ဂဏစေတီ (မရှိခဏ)၊
မဟာစေတီ (ဆင်များရှင်)တို့မှာ သီဟိုဠ်မင်းအဆက်ဆက်တို့က သီဟိုဠ်သံဃာတော်များကို
မြန်မာမင်းများထံ လွှတ်၍ ဘုရားဓာတ်တော်များ ဓမ္မလက်ဆောင် ပေးရာမှ ဖြစ်ပေါ်လာသော
စေတီတော်များ ဖြစ်ကြသည်။ ရာဇမဏိစူဠာဟူသော ကောင်းမှုတော် စေတီတော်ကြီးမှာ
သီဟိုဠ်ဘုရင်တို့ ပေးပို့သော ဓာတ်တော်ကြုပ်၏ ပုံစံအတိုင်း တည်ထားခြင်း ဖြစ်သည်။
သီရိလင်္ကာ မင်းအဆက်ဆက်တို့၏ လက်ဆောင်ပဏ္ဏာတို့ကို ဌာပနာသွင်းပြီး သီရိလင်္ကာနိုင်ငံ၏
ဗိသုကာလက်ရာယဉ်ကျေးမှုပုံစံအတိုင်း မြန်မာမင်းအဆက်ဆက်တို့ စစ်ကိုင်းတွင်
တည်ထားခဲ့ကြသော ထူပါရုံစေတီ၊ ဆင်များရှင်စေတီ၊ မဟိယင်္ဂဏ ခေါ် မရှိခဏ စေတီ၊ ရာဇမဏိစူဠာ
ခေါ် ကောင်းမှုတော်စေတီ အစရှိသည့် စေတီတော်ကြီးတို့မှာ သီရိလင်္ကာ မြန်မာ
နှစ်နိုင်ငံသာသနာရေး ချစ်ကြည်ရင်းနှီးမှု၏ အထိမ်းအမှတ် မှတ်တိုင်ကြီးများ
ဖြစ်ကြပါသည်။ အေဒီ (၁၆)ရာစုတွင် ထူးခြားသော စစ်ရေးလက်ဆောင် မှတ်တမ်းတစ်ခု ရှိသည်ကို
တွေ့ရပေသည်။ ထို (၁၆)ရာစုနှစ် များတွင် သီရိလင်္ကာနိုင်ငံ၌ ဓမ္မပါလအမည်ရှိ ဗုဒ္ဓဘာသာ
ဘုရင်ကို တမီးလ်သူပုန်တွေက ၀ိုင်းဝန်းတိုက်ခိုက်ကြသဖြင့် ရာမညဘုရင် ဘုရင့်နောင်
မင်းတရားကြီးထံ စစ်ကူတောင်းခဲ့သည့် မှတ်တမ်းရှိခဲ့ဖူးသည်။ ဘုရင့်နောင်မင်းကြီးက
ရာမညပြည့်ရှင်ထံသို့ သင်္ဘောငါးစင်းဖြင့် စစ်သား (၇၀၀၀) စစ်ကူပို့၍ ဓမ္မမင်းဘက်က
ကူညီတိုက်ခိုက်ပေးခဲ့သည်။ ဘုရင့်နောင်မင်းတရားကြီး လွှတ်လိုက်သော စစ်တပ်တွင်
တပ်မှူးကြီး စန္ဒသူရိယနှင့် ရာဇဗညားတို့ ခေါင်းဆောင်၍ မိစ္ဆာဒိဋ္ဌိ မင်းတို့ကို
အပြတ်အသတ် ကူညီ နှိမ်နင်းပေးခဲ့သည်။
မိစ္ဆာဒိဋ္ဌိမင်းတို့သည် စစ်ရှုံးသောအခါ
လက်နက်ချပြီး ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူခဲ့ကြသည်။ ဤအချက်မှာ သာသနာရေးအတွက် စစ်ရေး
အကူပေးခြင်းဖြစ်သည်။ အမရပူရမြို့ နန်းတည် ဘိုးတော်မင်းတရားလက်ထက်
သီဟိုဠ်ကျွန်းသာသနာညှိုးမှိန်၍ ဆုတ်ယုတ်ခဲ့သဖြင့် သီဟိုဠ်မှ သံဃာတော်များ
အမရပူရမြို့တော်သို့ ရောက်ရှိလာကြပြီး မောင်းထောင်သံဃာ့ရာဇာကို ဥပဇ္ဈာယ်ပြု၍
ရဟန်းခံကြလျက် သီဟိုဠ်ကျွန်းသို့ ပြန်ကြွတော်မူကြရာ အမရပူရမှ ဗမာသံဃာ
တော်များစွာသည် လိုက်ပါကြွသွားတော်မူခဲ့ကြသည်။ ထိုအမရပူရသံဃာတော်တို့ သီဟိုဠ်ပြန်
ရောက်၍ သိမ်အသစ်သမုတ်ခါ ရဟန်းအသစ် ပြုတော်မူကြသဖြင့် အမရပူရ နိကာယကို သီဟိုဠ် တွင်
အေဒီ (၁၇၈၀)ခန့်က စတင်ခဲ့ကြလေသည်။ ဗုဒ္ဓသာသနာနှစ် ၂၀၀၂- ခုနှစ်၊ ခရစ်နှစ်
၁၄၇၆-ခုနှစ်များတွင် ရာမညတိုင်း ဟံသာဝတီမြို့တော် (ပဲခူး)၌ ဓမ္မစေတီမင်း မင်းပြု၏၊
ထိုမင်း မင်းပြုခိုက်တွင် ရာမညတိုင်း၌ ဗုဒ္ဓသာသနာ အထူးညှိုးမှိန်ပျက်စီးလျက်ရှိသည်ဟု
မှတ်တမ်းများက ဆိုသည်၊ ထို့ကြောင့် ဓမ္မစေတီမင်းတရားသည် မွန်သံဃာတော် (၂၂)ပါးတို့ကို
သီဟိုဠ်ကျွန်းသို့ စေလွှတ်သည်။ ထိုစဉ် သီဟိုဠ်ကျွန်း၌ ဘုဝနေကဗာဟု အမည်ရှိသောမင်း
မင်းပြုလေ၏။ ရာမည ရဟန်းတော် (၂၂)ပါးတို့သည် ဘုဝနေကဗာဟုမင်း၏ အထောက်အပံ့တို့ဖြင့်
မဟာဝိဟာရ ၀ါသီ ထေရ၀ါဒသံဃာတော်တို့က ကမ္မ၀ါစာရွတ်ဖတ်တော်မူကြ၍ ကလျာဏီမြစ် ရေသိမ်တွင်
ရဟန်း အသစ် ပြုတော်မူကြသည်။ ထိုကလျာဏီရာမညရဟန်းတော်တို့ ဟံသာဝတီသို့ ပြန်ရောက်လျှင်
သိမ်အသစ် သမုတ်တော်မူကြသည်။ သီဟိုဠ်ကျွန်းကလျာဏီမြစ်မှာ ရဟန်းခံသော ထိုရဟန်းတို့
သမုတ်ခဲ့သည့်သိမ်ကို ကလျာဏီသိမ်ဟု ယနေ့တိုင် ခေါ်ဆိုလေသည်။ ရာမညတိုင်း တစ်ခွင်၌
ကလျာဏီသိမ်ပွားပေါင်း (၃၄၇) လုံးတို့ကို သမုတ်တော်မူခဲ့ကြသည်။ ပဲခူး ကလျာဏီ
သိမ်ကြီးမှာ အသစ် အသစ်ဖြစ်ကြကုန်သော ကလျာဏီရဟန်းတော် အပါး (၁၅၆၆၆) ပါး ရှိခဲ့လေ
သည်။ ထို့ကြောင့် ထိုကလျာဏီနွယ်ဖွား သံဃာတော်များကို ကလျာဏီနိကာယဟု ခေါ်လိုက
ခေါ်ဆိုနိုင်ပေသည်။ သီရိလင်္ကာ ဘုဝနေကဗာဟုမင်းနှင့် မဟာဝိဟာရ၀ါသီ သံဃာတော်တို့၏
ရာမညတိုင်း၌ သာသနာတော်ကို ထောက်ပံ့ပေးခြင်း၏ သမိုင်းမှတ်တိုင်သည် ပဲခူးကလျာဏီ
သိမ်ကြီးပင်ဖြစ်သည်။ သီရိလင်္ကာသံဃာတို့သည်လည်း ရာမညတိုင်း ဟံသာဝတီရှိ ကလျာဏီ သိမ်မှာ
ရဟန်းပြု၍ သီဟိုဠ်ကျွန်းသို့ ပြန်ကြွတော်မူသည့် အရေအတွက်မှာလည်း မြောက်များစွာ
ပင်ဖြစ်သည်။ သို့သော် သီဟိုဠ်ကျွန်း၌ ရာမညနိကာယကို တရားဝင်တည်ထောင်ခြင်း ပြုတော်
မမူကြသေးပါ။ သာသနာတော်နှစ်(၂၃၅၀)တွင် သီဟိုဠ်ကျွန်းမှ သံဃာ့ရာဇာ ဂုဏရတန
တိဿမထေရ်ခေါင်းဆောင်သော သံဃာတော်ငါးပါးတို့ ဟံသာဝတီ ကလျာဏီသိမ်မှ
ရဟန်းသစ်ပြုတော်မူကြသည်။ ရာမညသံဃာ့ရာဇာက ဥပဇ္ဈာယ်ပြု၍ ရဟန်းပြုပေးတော်မူလိုက်ကြ သည်။
ဂုဏရတနတိဿမထေရ်နှင့် သံဃာတော်တို့ သီဟိုဠ်ကျွန်းသို့ ပြန်ရောက်လျှင် ကလျာဏီ
ဝံသနိကာယဟု သီဟိုဠ်ကျွန်း၌ တည်ထောင်ခဲ့သည်ကို မှတ်တမ်းတွင် တွေ့ရသည်။ ထို့နောင်
တစ်ကွဲပြီး တစ်ကွဲ သီဟိုဠ်သံဃာတော်များ ပဲခူးကလျာဏီသိမ်မှာ ရဟန်းပြုကြရာ ရဟန်း
(၃၅၀)ခန့် ရှိခဲ့လေသည်။ ဤသမိုင်းမှတ်တမ်းကို ရာမညသံဃာ့ရာဇာ ရာဇဂုရု မေဓင်္ကရရေးသား
သည့် သာသနသမ္ပတ္တိဒီပနီကျမ်းမှာ အသေးစိတ် ဖော်ပြထားပါသည်။ ထိုသံဃာ့ဂိုဏ်းသည်
ရာမညဂိုဏ်းပင်ဖြစ်သော်လည်း ရာမညဂိုဏ်းဟု တရားဝင်မကြေငြာပဲ ကလျာဏီဝံသနိကာယ ဟု
ကြေငြာခဲ့ပါသည်။ သာသနာနှစ် (၂၃၉၉)ခုနှစ်တွင် သီရိလင်္ကာနိုင်ငံမှ ပိဋကတ်
ကျွမ်းကျင်တတ် မြောက်သော သရဏင်္ကရမထေရ်သည် မန္တလေးမြို့သို့ ရောက်ရှိလာခဲ့သည်။
ထိုစဉ်မန္တလေးမြို့၌ မင်းတုန်းမင်းတရားကြီး နန်းစံလျက်ရှိသည်။ သီဟိုဠ်ရဟန်းတော်
သရဏင်္ကရကို မင်းတုန်းဘုရင်ကြီးက ပစ္စည်းလေးပါးထောက်ပံ့၍ ဒုတိယ မောင်းထောင်သာသနာပိုင်
ဉေယျဓမ္မာ ဘိဝံသ မထေရ်ကို ဥပဇ္ဈာယ်ပြု၍ မန္တလေးမြို့အနီး ဧရာဝတီ ရေသိမ်တွင်
ရဟန်းသစ်ပြုပေးခဲ့ သည်။ မောင်းထောင်သံဃာ့ရာဇာက ထိုသရဏင်္ကရမထေရ်၏ အမည်ကို
အမ္ဗဂဟကုရုဝတ္တေ ဣန္ဒာသဘသာမိဝရဉာဏဟု နာမည်သစ် ပေးတော်မူသည်။ သို့သော် ထိုမထေရ်သည်
မန္တလေးမှာ မင်းတုန်းမင်းတရားနှင့် မောင်းထောင်သံဃာ့ရာဇာတို့ထံမှာ ရဟန်းခံပြီး
ရာမညတိုင်း ဟံသာဝတီ ပဲခူးမြို့သို့ ရောက်သွားပြန်သည်။ ရာမညတိုင်း ပဲခူးမြို့၌
ရာမညသံဃာ့ရာဇာ ရာဇဂုရု မေဓာနန္ဒာကို ဥပဇ္ဈာယ်ပြု၍ ရာမညတိုင်း ကလျာဏီသိမ်၌ ရဟန်းသစ်
ထပ်မံ၍ ခံယူခဲ့ပြန်လေ သည်။ မန္တလေးမှာ သံဃာ့ရာဇာထံ ၀င်ပြီး၊ ရာမညတိုင်း ဟံသာဝတီ
ပဲခူးမှာ ၀င်ပြီး မြန်မာ့သံဃာ့ ရာဇာနှင့် ရာမညသံဃာ့ရာဇာထံမှာ ရဟန်းပြုခဲ့သော
သရဏင်္ကရမထေရ်နှင့် သီဟိုဠ်သံဃာတော် အဖွဲ့သည် သာသနာနှစ် (၂၄၀၆) ခုနှစ်တွင်
သီရိလင်္ကာနိုင်ငံသို့ ပြန်ကြွတော်မူကြသည်။
သာသနာနှစ် (၂၄၀၉)ခုနှစ်တွင်
သီရိလင်္ကာနိုင်ငံ၌ ရာမညနိကာယကို တည်ထောင်လိုက် ပြီ ဟု တရားဝင်ကြေငြာလိုက်လေသည်။
သီရိလင်္ကာနှင့် မြန်မာ သာသနာရေး ဆက်ဆံမှု မိတ်ရင်း ဆွေရင်း ပီသမှုမှာ ဤမျှလောက်
ရိုင်းပင်းမှု အားကောင်းခဲ့လေသည်။ ယနေ့ (၇-၉-၂-၁၃) နေ့မှာ
ထိုရာမညဂိုဏ်းတည်ထောင်ခဲ့သည့်သက်တမ်းမှာ နှစ်ပေါင်း (၁၅၀)
ပြီးမြောက်ခဲ့လေသည်။
သီဟိုဠ်ကျွန်းရောက် မွန်မြန်မာနွယ်ဖွား ရာမညသံဃာတော်တို့၏
နှစ် (၁၅၀)ပြည့်ပွဲတော် နှင့် တိုက်ဆိုင်၍ သီရိလင်္ကာဗုဒ္ဓဘာသာ လေ့လာရေးအသင်း (SLABS)
ကြီးက ဗုဒ္ဓဘာသာ လေ့လာရေး သုတေသန ညီလာခံကြီးကို သုံးရက်တိုင်တိုင် ကျင်းပခဲ့လေသည်။
အိန္ဒိယ၊ သီဟိုဠ်၊ နီပေါ၊ မြန်မာ၊ ကိုရီးယား နိုင်ငံတို့မှ သုတေသန ပညာရှင်ပေါင်း
(၁၀၆) တက်ရောက်၍ စာတမ်းပေါင်း (၁၀၂) ဖတ်ကြားခဲ့သည်။ အခမ်းအနားဖွင့်သောနေ့၌
သီတဂူဆရာတော်နှင့် Hon.Jagath Balasuriya, Minister of National Heritage က Keynote
Speech သော့ချက် မိန့်ခွန်းများကို မိန့်ကြားခဲ့ကြသည်။ သီတဂူဆရာတော်၏ အတ္ထုပ္ပတ္တိကို
Prof.G.A Somaratne က ဖတ်ကြားခဲ့သည်။ ထိုအစည်းအဝေးကြီးတစ်ခုလုံးကို အင်တိုက်
အားတိုက်လှုပ်ရှားသူမှာ Colombo တက္ကသိုလ်မှ Prof. Asanga Tilakaratane ဖြစ်သည်။
အလွန်အံ့သြဖွယ်ကောင်းသော Section အခန်းတစ်ခုမှာ ပါဠိဘာသာဖြင့်ရေး၍ ပါဠိဘာသာဖြင့်
ဟောပြောဆွေးနွေးသော အခမ်းအနားပင်ဖြစ်သည်။ အခမ်းအနားမှူးဆရာတော်သည် ဖတ်ကြား မည့်
စာတမ်းအကြောင်းနှင့် စာတမ်းဖတ်သူများကို ပါဠိဘာသာဖြင့် ကြေငြာသည်။ ပါဠိဘာသာ
စာတမ်းငါးခု တင်သွင်းရာတွင် စာတမ်းရှင် သုံးဦးတို့က စာတမ်းကို ရေး၍
ဖတ်ကြားသော်လည်း စာတမ်းရှင် နှစ်ဦးတို့က စာရွက်မပါဘဲ အလွတ်ပြောသွား လေသည်။
(
မှတ်ချက်။ ။ ယနေ့ခေတ် သီဟိုဠ်ဘာသာစကား သီဟိုဠ်သူ သီဟိုဠ်သားတို့၏ အမည်နာမများတွင်
အများစုမှာ ပါဠိဘာသာစကားများဖြစ်ကြသည်။ )
သီဟိုဠ်နိုင်ငံ၏
အတိတ်သာသနာရေးသမိုင်းကို ပြန်လည်၍ လေ့လာလျှင် ပါဠိစာပေ၏ အခန်းကဏ္ဍမှာ
အံ့သြဖွယ်ရာကောင်းလောက်အောင် အထွတ်အထိပ်ရောက်ခဲ့သည်ကို တွေ့ရပေ သည်။ မဟိန္ဒမထေရ်
အရိဋ္ဌမထေရ်တို့ နှုတ်ဖြင့် သယ်ဆောင်လာခဲ့သော ပိဋကတ်တော်များကို သာသနာနှစ် (၄၅၀)တွင်
သီဟိုဠ်ရဟန်းတော်တို့ ပေပေါ်၌ သံကညစ်ဖြင့် ရေးသားခဲ့ကြလေသည်။ ပေပေါ်မှာ
ရေးပြီးသည့်နောက် ပါဠိဘာသာဖြင့် အဋ္ဌကထာကျမ်းကြီးများကို ပြုစုခဲ့ကြလေသည်။ ထို
ရှေးဟောင်း အဋ္ဌကထာကြီးများမှာ ကုရုန္ဒီအဋ္ဌကထာ၊ မဟာပစ္စရီ အဋ္ဌကထာ၊ မဟာအဋ္ဌကထာ ဟူ၍
ရှင်မဟာဗုဒ္ဓဃောသက သူ၏အဋ္ဌကထာအသစ်၌ မကြာမကြာ ကိုးကားသည်ကို တွေ့ရ သည်။
ယခုမျက်မှောက်ခေတ်၌ ထိုရှေးဟောင်း မဟာအဋ္ဌကထာကြီးများ၏ အမည်မျှကိုသာ ကြား ရ၍
ကျမ်းရင်းကိုမူ မမြင်ဖူးတော့ချေ၊ သာသနာနှစ် (၈၀၀) ကျော်တွင် ရှင်မဟာဗုဒ္ဓဃောသနှင့်
ရှင်ဓမ္မပါလတို့ ပြုစုတော်မူသော အဋ္ဌကထာများမှာ ထိုရှေးဟောင်းအဋ္ဌကထာကျမ်းကြီးတို့၏
အနှစ်ချုပ်မျှသာ ဖြစ်လေသည်။ ထို့ပြင် နိကာယ်ငါးရပ် ဋီကာကျမ်းကြီးများကိုလည်း
ရှင်အာနန္ဒာ ရှင်သာရိပုတ္တရာ ရှင်ဓမ္မပါလ အစရှိသော သီဟိုဠ် ပါဠိပညာရှိ
ဆရာတော်ကြီးများက သာသနာနှစ် (၉၀၀)ကျော်တွင် ရေးသားတော်မူခဲ့ကြလေခြင်းဖြစ်လေသည်။
ရှင်မဟာဗုဒ္ဓဃောသ၊ ရှင်ဓမ္မပါလ၊ အိန္ဒိယပြည်ဖွား အိန္ဒိယတောင်ပိုင်းသား ပါဠိပညာရှင်
နှစ်ပါးတို့ သီဟိုဠ်ကျွန်းသို့ ကူးလာခဲ့ကြရာ သာသနာနှစ် (၉)ရာစုတွင်
ဗုဒ္ဓသာသနာမျိုးစေ့ ကြဲချ စိုက်ပျိုးရာလည်း ဖြစ်၊ ပင်စည်နှင့် အသီး အပွင့်တို့
ဝေေ၀ဆာဆာ သီးပွင့်ရာလည်းဖြစ်သော အနုရာဓမင်းနေပြည်တော်၌ အိန္ဒိယဘက်မှ ကူးဝင် လာသော
မဟာယာနဂိုဏ်းကွဲအချို့ရောက်နှင့်နေပြီးဖြစ်သည်။
သို့ဖြစ်ခြင်းကြောင့်
ရှင်မဟာဗုဒ္ဓဃောသနှင့် ရှင်ဓမ္မပါလတို့သည် သီဟိုဠ်၌ ထေရ၀ါဒ ပိဋကတ်တော်ကို လေ့လာရာ၌
ကျောင်းတိုက်ကို ရွေးချယ်တော်မူခဲ့ကြရလေသည်။ မဟာယာန ဂိုဏ်းတို့၏ သြဇာအာဏာ
လွှမ်းမိုးခြင်းအောက်သို့ ရောက်နေခဲ့ကြရသော မဟာဇေတ၀န ကျောင်းတိုက်၌ မဟာအဘယဂိရီ
ကျောင်းတိုက်တို့ကို ရှောင်ကွင်း၍ မဟာဝိဟာရ ကျောင်းတိုက်ကို
ဝင်ရောက်တော်မူခဲ့ကြလေသည်။ မဟာဝိဟာရကျောင်းတိုက်ကြီး၏ အလယ်ဗဟိုချက်၌
ဒုဋ္ဌဂါမဏိမင်းကြီး၏ မဟာစေတီတော်ကြီး တည်ရှိလေသည်။ ရှင်မဟာဗုဒ္ဓဃောသက
မဟာဝိဟာရကျောင်းတိုက်၌ ၀ိသုဒ္ဓိမဂ္ဂကျမ်းကို ရေးလိုက်သောအခါ ဇေတ၀နကျောင်းတိုက်မှ
ဝိမုတ္တိမဂ္ဂကျမ်းကို အပြိုင်ရေးတော်မူလေသည်။ သီဟိုဠ်ကျွန်း သာသနာ့သမိုင်း
တစ်လျှောက်လုံး၌ မဟာဝိဟာရကျောင်းတိုက် မထေရ်အဆက်ဆက်တို့၏ အယူဝါဒကို ထေရ၀ါဒဟု
မိန့်တော်မူကြသည်။ ယနေ့ အနုရာဓမြို့တော်ဟောင်း၌ မဟာစေတီ၊ ဇေတ၀နစေတီ၊
အဘယဂိရိစေတီတော်တို့ကို လှည့်လည်ဖူးမြှော်သောအခါ ကျောင်းတိုက်ကြီး သုံးခုတို့၏
နယ်မြေချင်း စပ်လျက် တည်ရှိနေပုံတို့ကို ကြည့်သောအခါ မန္တလေးမြို့ တောင်ပြင်က
အသောကာရာမတိုက်၊ ဘုရားကြီးတိုက်၊ ထီးလင်းတိုက်၊ မြင်းဝန်တိုက်များကဲ့သို့
နီးနီးစပ်စပ် တည်ရှိနေဟန်ကို တွေ့ရပေသည်။ ပါဠိဘာသာဖြင့် အဋ္ဌကထာ ဋီကာကျမ်းကြီးတို့ကို
ပြုစုတော်မူခဲ့ ကြကုန်သော ထိုရှေ့ဆောင် သီဟိုဠ်ထေရ်အရှင်မြတ်ကြီးတို့၏ စာသံ၊
ပေသံတို့သည်လည်း ထိုစဉ်က ဘ၀ဂ်တိုင်အောင် ဆူညံခဲ့ကြဟန် ရှိသော်လည်း ယနေ့မြင်တွေ့ရသော
အနေအထားမှာ သစ်တောအုပ်ကြီးတို့၏ အကြားအကြားဝယ် ပြန့်ကျဲ၍ နေသော
ကျောင်းတိုက်ကြီးတို့၏ အုတ်ကျောက် အတုံးအရုံးများ နှစ်ပေါင်း (၂၅၀၀) နီးပါးခန့်က
သဘာဝဘေးဒဏ် စစ်ဘေး စစ်ဒဏ်တို့ကို ကြံ့ကြံ့ကြီး သည်းခံတော်မူ၍ သီတင်းသုံးတော်မူ
ကြကုန်သော စေတီတော်ကြီးတို့ကို ဖူးမျှော်ရင်းဖူးမျှော်ရင်း
အထူးပင်ကျေးဇူးကြီးမားတော်မူ ကြသည့် သာသနာ့သမိုင်းဝင် ကျေးဇူးရှင်
ဆရာတော်ကြီးများကို လွမ်းဆွတ်ဦးညွတ်ခယတသ မိပါသည်။
သီရိလင်္ကာနိုင်ငံ
အနုရာဓပုရမြို့၊ ပေါလာနရုဝမြို့ တစ်ခွင်လှည့်လည်သော သီတဂူ သုတေသနခရီးမှာ
မြတ်စွာဘုရား၏ အသမ္ဘိန္န ဓာတ်တော် (၇)ပါးတွင် တစ်ပါး အပါအ၀င်ဖြစ်သော ညှပ်ရိုးတော်ဓာတ်
နှစ်ဆူ ကိန်းဝပ်ရာ ထူပါရာမစေတီတော် (ထူပါရုံ) ကို ဖူးမြင် ဦးတင်ရသည့်အခါ
အင်းဝဘုရင် နရပတိမင်း၏ ထူပါရုံစေတီတော်ကြီးကို အနုရာဓထူပါရုံအတိုင်းပင် ထူပါရုံ၏
မူရင်းအတိုင်းဖြစ်အောင် ပြင်ဆင်မည်ဟု စိတ်ညွတ်မိလေသည်။ မြတ်စွာဘုရားကြွရောက်၍
သီတင်းသုံးတော် မူခဲ့ရာ မဟိယင်္ဂဏသို့ ရောက်သောအခါမှာလည်း စစ်ကိုင်းက မဟိယင်္ဂဏကို
သီဟိုဠ်ကျွန်း မူရင်းမဟိယင်္ဂဏနှင့် ထပ်တူဖြစ်အောင် တည်ဆောက်ခဲ့ကြလျှင် ကောင်းမည်ဟု
စဉ်း စားခဲ့လေသည်။ မြတ်စွာဘုရား သိဟိုဋ္ဌ်ကျွန်းသို့ကြွစဉ် ဆွမ်းဘုန်းပြီး
ကလျာဏီမြစ်မှာ ရေသုံးသပ်တော်မူ၍ မုတိယင်္ဂဏာ အရပ်မှာ သမာပါတ်ဝင်စားကာ
နေ့သန့်တော်မူသည်။ ထိုမုတိယင်္ဂကာ စေတီတော်ကို ဖူးရသည်မှာ ဖူးမ၀နိုင်အောင် ရှိလေသည်။
ပဲခူး ကလျာဏီမြစ်အနားက ကလျာဏီစေတီတော်ကို ဖူးမြင်ရသော်လည်း ပဲခူး ကလျာဏီသိမ်အနီးမှာ
အဘယ့်ကြောင့် ကလျာဏီစေတီမရှိရသနည်း ဟု
စဉ်းစားဖြစ်လေသည်။
သီဟိုဠ်ကျွန်းတောင်ပိုင်း တိဿမဟာဂါမသို့ ရောက်သွားသောအခါ
တိဿမဟာရာမ စေတီတော်ကြီးကို ဦးတင်ရန် ဖူးမြင်ပါသည်။ စေတီတော်ကြီးမှာ
တောင့်တောင့်ခိုင်ခိုင်ကြီး ဖြစ်သည်။ ကောင်းမှုတော်ကြီးပမာဏရှိပါသည်၊
ကောင်းမှုတော်ကြီးနှင့်မတူ ထူးခြားသည်မှာ ရေပူပေါင်းပုံရှိသော ထူပါပေါ်၌
လေးထောင့်တိုက် ဟမ္မိက (စတုဂဗ္ဘ) ကို တည်ဆောက်ပြီး ထိုဟမ္မိကခေါ် ဓာတ်တော်တိုက်အပေါ်၌
ကျောက်ထီး တစ်ဆယ့် သုံးချက်ကို ထိစပ်အောင် ထပ်လျက် တင်လှူပူဇော်ထားသည်။ အပေါ်၌
ထီးအထွတ်ကဲ့သို့သော အထွတ်တစ်ခု တင်ထားသည်။ စေတီတော်ကြီးကို ဘုရင်ဂ၀ံတိဿ
မင်းတည်ထားသည်ဟု သမိုင်းရေးထိုး ထားသည်။
မှတ်သားဖွယ်အထူးမှာ မြတ်စွာဘုရား၏
အသမ္ဘိန္နဓာတ်တော် နဖူးသင်းကျစ်ရိုးကို ဌာပနာသွင်း၍ ပူဇော်ထားသည်ဟု ဆိုလိုလေသည်။
မြတ်စွာဘုရားပရိနိဗ္ဗာန်စံခန်းကို ဖွင့်ဆို ရေးသားထားသော သုတ်မဟာဝါ အဋ္ဌကထာ
ဋီကာတို့နှင့် စွယ်တော်လေးဆူတို့၏ ကြွရာကိုသာ ဖော်ပြထားပြီး နဖူးသင်းကျစ်အရိုးတို့၏
ကြွတော်မူရာကို ဖေါ်ပြထားခြင်း မရှိချေ။ ဤနဖူးသင်းကျစ် ဓာတ်တော်တို့ ဤတိဿမဟာရာမသို့
မည်သို့ မည်ပုံ ရောက်လာပါသနည်း ဟု စဉ်းစားရင်း သုတေသနပြုခြင်းလုပ်ငန်း၏
လိုအပ်ပုံနှင့် အဖိုးတန်ပုံကို တွေးတောမိလေသည်။
ဤတစ်ခေါက် သီဟိုဠ်ကျွန်း၌
ကျင်းပခဲ့သည့် ဗုဒ္ဓကျမ်းစာ သုတေသနစာတမ်းဖတ်ပွဲသို့ အရှင်ပညာသီဟာ လင်္ကာရ
Ph.D,ဓမ္မာစရိယ၊ အရှင်ဓမ္မိက M.A, ဓမ္မာစရိယ၊ အရှင်ဝိသုတ M.A ဓမ္မာစရိယ၊ သီတဂူ
မောင်ကျော်ဆန်းဝင်း (ဓာတ်ပုံမှတ်တမ်း)၊ သီတဂူ မောင်ထိန်လင်းဦး
(ဗွီဒီယိုကင်မရာမှတ်တမ်း) (၉)ရက်ခရီးကို လာရောက်ကြခြင်းဖြစ်ပါသည်။
(၀၇-၀၉-၂၀၁၃)
ညနေပိုင်း (၇)နာရီအချိန်၌ Napana Pemanand Mahathero ရာမညဂိုဏ်းချုပ် မဟာနာယက
သံဃရာဇာက သီတဂူဆရာတော်အား သမ္မုဒ္ဓသာသန ကိတ္တိသိရီပါဝစန ၀ိသာရဒ ဘွဲ့တံဆိပ်ကို
အခမ်းအနားဖြင့် ချီးမြှင့်တော်မူသည်။
သီတဂူဆရာတော်အား ဂုဏ်ပြုသည့် အခမ်းအနားကို
သီဟိုဠ်ဆရာတော် (၅)ပါးနှင့် ၀န်ကြီးတစ်ပါးတို့က မိန့်ခွန်းပြောကြားတော်မူခဲ့ကြသည်။
သီတဂူဆရာတော်က သင်္ကန်းခြောက်စုံ၊ ဘုရားသုံးဆူ ရွှေပြည်တန် သင်္ကန်း (၂၀)
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်စာအုပ် တစ်စုံတို့ကို ပေးအပ် လှူဒါန်းခဲ့ကြသည်။
သီရိလင်္ကာနှင့် မြန်မာ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုမှာ စစ်ရေး၊ စီးပွားရေး၊
လူမှုရေးမျိုးမဟုတ်၊ ဗုဒ္ဓသာသနာ၊ ဗုဒ္ဓဓမ္မနှင့် ပတ်သက်၍ နှစ်ပေါင်း (၂၀၀၀)နီးပါးက
နှစ်နိုင်ငံ အပြန်အလှန် အားပေးကူညီစောင့်ရှောက်ခဲ့သော ချစ်ခင်ရင်းနှီးမှု Dhamma
Friendship ဖြစ်ပါသည်။
နေနှင့်လတို့ ဤကမ္ဘာမှာ တည်ရှိသမျှကာလပတ်လုံး သီရိလင်္ကာ
မြန်မာ ဆက်ဆံရေး ဖြစ်ထွန်းတည်ရှိပါစေဟု ဆုတောင်းပါသည်။
သူတော်ကောင်းတရား
နေရာတိုင်းမှာ ထွန်းကားပါစေ။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၄-၉-၂၀၁၃