
Wednesday, November 18, 2009

သီတဂူစတား (sitagustar)
No comments
ဗိုလ်ချုပ်အောင်ဆန်း၏ သာသနာရေးအမြင်
--------------
ဗိုလ်ချုပ်အောင်ဆန်းက အာရှလူငယ် အစည်းအရုံးရှိ လူငယ်များကို “ကရင် အမျိုးသားတွေ အင်္ဂလိပ် လိုလားတာကို မင်းတို့ အပြစ်မတင်ကြနဲ့၊ ကရင် အမျိုးသားတွေအပေါ် အင်္ဂလိပ် ခရစ်ယန်ဘုန်းကြီးတွေ ကျေးဇူးပြုတာတွေက အတော်များတယ်၊ ဒို့မြန်မာ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေဟာ ခရစ်ယန်ဘုန်းကြီးတွေလို ဆောင်ရွက် ရင် ဘယ်လောက် ကောင်းမလဲ၊ အမျိုးသား စည်းလုံးညီညွတ်ရေး, ပညာရေး, နိုင်ငံပြုစုရေး, ပြန်လည်ထူထောင်ရေးတွင် ဘုန်းကြီးတွေ ဆောင်ရွက်ရင် အောင်မြင်မည့် အကြောင်းတွေပဲ”ဟု ပြောကြားခဲ့ပါသည်။
အထက်ပါ မိန့်ခွန်းကို ကြည့်လျှင် ဗိုလ်ချုပ် အောင်ဆန်းသည် နိုင်ငံရေးအမြင်သာ ရှိသည် မဟုတ်ဘဲ လက်တွေ့ကျကျ ကြည့်တတ်သော သာသနာရေး အမြင်လည်း ရှိသည်ကိုတွေ့ရ၏။ ဗိုလ်ချုပ်၏ “သာသနာရေး အမြင်”မှာ နိုင်ငံနှင့် သာသနာ တိုးတက်ဖို့ အတွက် ပညာရေးစသည့် အပိုင်းကဏ္ဍများကိုဘုန်းကြီးများက ဝိုင်းဝန်း ကူညီရမည် ဖြစ်ကြောင်း တွေ့မြင်ရပေသည်။

Tuesday, November 17, 2009

သီတဂူစတား (sitagustar)
No comments
နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ
မကွေးဆရာတော်ကြီး၏ သြ၀ါဒ (၁)
ရက်စွဲ (၀၇၊ ၁၁၊ ၂၀၀၉)
ဆရာတော်အရှင်မြတ်တို့ဘုရား-
သံဃာ့အဖွဲ့အစည်းဖွဲ့စည်း၍ သာသာနာတော်သန့်ရှင်းရေးကိုဆောင်ရွက်ခဲ့ရာ ရှေးဦးအစပိုင်းအချိန် က ရဟန်းတု၊ ရဟန်းယောင်များ ပပျောက်သလောက်ဖြစ်၍ သမဏသာရုပ္ပ မရှိသော ရဟန်တော်များလည်း နည်း ပါးလာခဲ့ပါသည်။ ပရိယတ္တိသာသနာတော်၏ အညစ်အကြေးဘေးရန်ဖြစ်သော အဓမ္မ၀ါဒများကိုလည်း ပိတ်ပင် ဟန့်တားပယ်ရှားနိုင်ခဲ့ပါသည်ဘုရား။
ယခုအခါ ပရိယတ္တိသာသနာတော်၏ဘေး၇န်ဖြစ်သော ``အဓမ္မ၀ါဒ´´ ဟုဆုံးဖြတ်ခဲ့ပြီးသော ၀ါဒများ တစ်စ တစ်စ ခေါင်းထောင်လာပြန်ပါသည်။ အချို့က မထင်မရှား ဟောပြောကြသည်။ အချို့က အထင်အရှား ဟောပြောကြသည်။ အချို့က သင်တန်းဖွင့်၍ ပြသကြသည်။ အဓမ္မ၀ါဒအဖြစ် ဆုံးဖြတ်အပ်ပြီးသော စာအုပ်စာတမ်းများကို မိတ္တူကူး၍ ဖြန့်ချိနေကြသည်များကိုလည်း အထင်အရှားတွေ့မြင် နေကြရပါသည်။
ဤအဓမ္မ၀ါဒများကို မည်သည့်ဒေသ၌ မည်သည့်ပုဂ္ဂိုလ်များ မည်သို့ မည်ပုံဟောပြော နေကြသည်။ သင်တန်းပို့ချနေကြသည် စသည်များကို `` ပြည်နယ်/တိုင်း၊ မြို့နယ်သံဃနာယက အဖွဲ့များက အတိအကျစုံ စမ်းထောက်လှမ်း၍ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ထံအစီရင်ခံတင်ပြကြရန်ညွှန်ကြားလွှာများထုတ် ထား သင့်မည်´´ ဟု သဘောရပါသည်ဘုရား။
ဤလျှောက်ထားခဲ့ပြီးသော အကြောင်းခြင်းရာများသည် ပရိယတ္တိတည်းဟူသော မြတ်ဗုဒ္ဓ၏ သာသနာတော်မသန့်မရှင်း ညစ်နွမ်းရခြင်း၏ အညစ်အကြေးများဖြစ်ပါသည်။ ဤသာသနာ့ အညစ်အကြေး များကို သုတ်သင်ပယ်ရှား တားမြစ်ခြင်းမရှိဘဲ လျစ်လျူရှုထားကြလျှင် ပရိယတ္တိဟူသော မြတ်ဗုဒ္ဓ၏ သာသနာတော်မြတ်ကြီး ပျက်စီးကွယ်ပျောက်သွားနိုင်ပါသည်။
“အမှိုက်မှစ ပြသာဒ်မီးလောင်” ဟူသော မြန်မာစကားပုံတစ်ခုရှိခဲ့ပါသည်။ ယခုဖြစ်ပေါ်နေသည့် ပြသာဒ်ကိုလောင့်မည့်မီးသည် သာမည မီးပေါက်မီးပွားကလေးမျှ မဟုတ်တော့ပါ။ ထေရ၀ါဒ ဗုဒ္ဓသာသာတော်မြတ်ကြီးတည်းဟူသော ပြသာဒ်တော်ကြီးကို မျိုဝါးလောင်မြိုက်သွားနိုင်လောက်အောင် အင်အား ကြီးမားသော မီးပုံကြီးဖြစ်နေသည်ကို လည်းသတိကြပ်ကြပ်ထားတော်မူကြစေချင်ပါသည်ဘုရား။
ပရိယတ္တိ (ပိဋကတ်စာပေ) ဟူသော မြတ်ဗုဒ္ဓ၏သာသနာတော်မြတ်ကြီး ပျက်စီးပျောက်ကွယ်သွားလျှင် ပဋိပတ္တိ (ကျင့်စဉ်) ပဋိဝေဓ (မဂ်ဖိုလ်)တည်းဟူသော သာသနာတော်မြတ်ကြီးများလည်း ပျက်စီးကွယ်ပျောက် သွားကြ ပါလိမ့်မည်ဘုရား။
ဘုရယးရှင်ကိုယ်တော်မြတ်ကြီးသည် ထိုအရေးကိုမြင်တော်မူသောကြောင့် အရှင်မဟာကဿပမထေ ရ်မြတ်အား ”ကဿပ လောက၌ ရွှေအတုမဖြစ်ပေါ်သေးသမျှ ကာလပတ်လုံး ရွှေအစစ်မကွယ်ပျောက်နိုင်သေး၊ လောက၌ ရွှေအတုဖြစ်ပေါ်လာသောအခါ၌မူကား ရွှေအစစ် ကွယ်ပျောက် နိုင်၏။
“ကဿပ ဤဥပမာ အတူပင် လောက၌ သူတော်ကောင်းတရားအတုအယောင် မဖြစ်ပေါ်သေးသမျှ ကာလပတ်လုံး သူတော်ကောင်းတရားတည်းဟူသော သာသနာတော် မကွယ်ပျောက်နိုင်သေး။ လောက၌ သူတော်ကောင်းတရား အတုအယောင်ဖြစ်ပေါ်လာသော အခါ၌မူကား သူတော်ကောင်းတရားတည်း ဟူသောသာသနာတော် ကွယ်ပျောက်နိုင်၏ ´´ ဟု ဆိုပါသည်ဘုရား။
(ဆဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီ န၀မအစည်းအဝေး)

Monday, November 16, 2009

သီတဂူစတား (sitagustar)
2 comments
(ရက်စွဲ - ၁၆၊ ၁၁၊ ၂၀၀၉)
ဘုန်းဘုန်းထံ တရားပွဲအကြောင်းသိရအောင်လို့ တပည့်တော် စာရေးပြီး လျှောက်ထားပါရစေဘုရား။ စင်္ကာပူမှာ နိုဝင်ဘာ ၁၅-ရက်၊ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ အရှင်ဘုရားတို့ရဲ့ ဆရာတော်တရားပွဲကို သွားပြီးနာရတာ တော်တော်လေး ပျော်ပါတယ်။ ဒါကြောင့် တရားပွဲအကြောင်းကို အခုလို စာရေးပြီး လျှောက်ထားခြင်းဖြစ်ပါတယ်ဘုရား။
အစက သီတဂူဆရာတော်ကြီး၏ တရားပွဲ ရှိမှန်း မသိပါ။ တရားပွဲရှိတယ်လို့ အရှင်းဘုရားဆီက email ရလို့ သွားနာ လိုက်တာပါ။ နေရာက Eunos MRT အနားရှိ Mangala Vihara သီရိလင်္ကာ ဗုဒ္ဓဘာသာကျောင်းမှာပါ။ အလုပ်မှ မအားသည့် ကြားမှ Annual Leave ယူ၍ အားတက်သရော တရားနာ သွားခဲ့ပါတယ်ဘုရား။
တပည့်တော်ကတော့ ဝေယျာဝေစ္စလုပ်ရန်အတွက် တရားပွဲ မစခင် ၃-နာရီလောက် ကတည်းက ကြိုတင်ပြီးသွားပါတယ်။ တရားပွဲ မစမီ ၃-နာရီခွဲ အတွင်းမှာပင် ကျောင်းတော်ကြီးအတွင်း ခင်းထားသော ကောဇော်များ၌ ပရိသတ်များ အပြည့်လောက် နီးပါးရောက်ရှိနေကြတယ်ဘုရား။
ဆရာတော်ကြီး ဟောကြားထားသော . . .
၁။ ဘုရားအဆူဆူတို့၏ သာသနာသုံးရပ်
၂။ကိုယ်ကျင့်တရားသည် လူတန်ခိုး
၃။ သီလအကျိုးပြတရား
၎။ သီလနှင့် ပညာ
၅။ မြတ်ဗုဒ္ဓ၏ မေတ္တာ
၆။ မဂ္ဂသုတ္တန်
၇။ ဗုဒ္ဓတရားတော်နှင့်ကမ္ဘာ့ငြိမ်းချမ်းရေးစသည့် MP3 တရားများပါသော CD တစ်ချပ်နှင့် ဆရာတော်၏ မေတ္တာပို့နည်း စာရွက်တစ်ရွက်ကို Pennisula Plaza မှ ဓမ္မပန်းခင်း စာကြည့်တိုက်မှ ဓမ္မဒါနအဖြစ် လိုက်လံ ဝေငှပါတယ်။ ၀မ်းသာလွန်းလို့ တပည့်တော်ဖြင့် သာဓုအကြိမ်ကြိမ် ခေါ်မိပါတယ်။ သောက်ရေသန့် ဗူးများလည်း ဝေယျာဝစ္စကုသိုလ်ရှင်များက တရားနာပရိသတ်များကို လိုက်လံ ဝေငှကြပါတယ်ဘုရား။
၎-နာရီမှာ တရားပွဲစမည်ဟု ကြေငြာထားသော်လည်း ၄-နာရီမှာ တရားပွဲ မစနိုင်သေးပါ။ တရားနာ ပရိသတ်များမှာ ကျောင်းတော်ကြီး၏ အောက်ထပ်၊ အပေါ်ထပ်နှင့် ဘေးဘက် မြေကွက်လပ်များအထိ ကြိတ်ကြိတ်တိုး ပြည့်ကျပ်နေတာပဲဘုရား။
တချို့ဆိုရင် ကျောင်းတော်ကြီး အပြင်ဘက် နေပူကြီးထဲမှာပင် ထိုင်၍ ရပ်၍ တရားနာရန် စောင့်နေကြပါတယ်။ နာမည်ကြီးဆရာတော်ကြီးတစ်ပါးဖြစ်ခြင်းနှင့် sunday ရုံးပိတ်ရက်ကြောင့် လူများ ဤမျှ များပြားရကြောင်းပါဘုရား။
၎-နာရီ မိနစ် ၂၀ -ဝန်းကျင်မှ တရားပွဲ စပါတယ်။ တရားမဟောကြားသေးခင်မှာ unexpected situation ဘယ်နေရာမဆို ရှိကြောင်း၊ traffic jam ဖြစ်နေလို့ အနည်းငယ် နောက်ကျနေကြောင်းကို တရားနာ ပရိသတ်အား ရှင်းပြပြီး တရားကို ဆက်လက် ဟောကြားခဲ့ပါတယ်ဘုရား။
ဆရာတော်က ဗုဒ္ဓခေတ်၌ ပေါ်ထွန်းခဲ့သော ဘုရားအမည်ခံ တိတ္ထိဆရားကြီး ၆- ယောက်မှ ပထမ ဆုံးသော တစ်ယောက်အကြောင်းနှင့် ကခြေသည်သားမှ ပရိဗိုဇ် (ရသေ့)ဘဝ ပြောင်းလာသည့် ဇာတ်ကြောင်း၊ နောက်ပြီး ဘယ်အရာမှာမှ အစွန်းမရောက်ဖို့လိုအပ်ကြောင်း၊ သီလ၊ သမာဓိ၊ ပညာဖြင့် ချင့်ချိန် အဓိကထားရမည်ဖြစ်ကြောင်း၊ ဝတ္ထုဇာတ်ကြောင်းနှင့် ရှင်းလင်းပြီး ဟောကြားခဲ့ပါတယ်။ တပည့်တော်လည်း စိတ်ဝင်တစားနှင့် နားစိုက်ပြီးနာယူခဲ့ပါတယ် ဘုရား။
နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပျက်ဆီးသွားသော စေတီ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ အား ပြန်လည် တည်ဆောက်ရန် မည်ရွေ့ မည်မျှ သီတဂူမှ လှုဒါန်းသွားပြီးပြီးဖြစ်ကြောင်း ၊ အခှု နတ်မောက်တွင် သီတဂူမှ လှုဒါန်းထားသော ဆေးရုံသစ်အတွက် လိုအပ်သော ကိရိယာများဝယ်ယူရန် ယခုတစ်ခေါက် S'pore ရောက်လာရခြင်းဖြစ်ကြောင်း၊ တပည့်များထင်သလို မြန်မာတွေနေတဲ့နေရာမှာ တရားဟော၊ အလှုငွေ ကောက်ခံပြီး ပြန်သွားရန် မဟုတ်ကြောင်း ဟာသနှောပြီး ဟောသွားလို့ ပရိတ်သတ်ကြီး တ၀ါးဝါးနှင့် ပွဲကျသွားပါတယ်ဘုရား။
၅-နာရီ ၅၀-မိနစ်ဝင်းကျင်တွင် တရားပွဲ သိမ်းတာပါ။ ဆရာတော်ကြီးမှာ ချက်ချင်းထပြန်၍ မရသေးပဲ ၁၀-မိနစ်ခန့် ပလ္လင်ပေါ်၌ သီတင်းသုံးပြီး ဒါယိကာ၊ ဒါယိကာများ လှူဒါန်းမှု အစုစုနှင့် လက်ခံတော်မူပြီး ဓာတ်ပုံရိုက်ခံနေရပါသေးတယ်ဘုရား။
တရားနာပရိသတ်တစ်ချို့မှာ တရားပွဲပြီးသွားသော်လည်း ဆရာတော်ကြီးအား ဖူးမျှော်၍ မဝနိုင်တဲ့ အတွက် ဆရာတော်ကြီး စီးနင်းလိုက်ပါမည့် မော်တော်ယာဉ်ဘေးတွင် ရပ်စောင့်ပြီး ဖူးမျှော်ခဲ့ကြပါတယ်။ ဆရာတော်ကြီးမှ ၁၅-မိနစ်ခန့် ကျောင်းထိုင်ဆရာတော်များနှင့် စကားပြောပြီး ပြန်ကြွသွားပါတယ်။ တပည့်တော်ဖြင့် တရားနာလာရတာ တော်တော်လေး ပီတိဖြစ်မိပါတယ်၊ နောက်နောင်လည်း အခုလို ဆရာတော်ကြီး ကြွနိုင်ပါစေ လို့ စိတ်ထဲမှာ ဆန္ဒဖြစ်မိပါတယ်ဘုရား။
မှ/ တပည့် -မောင်ပြည့် (စင်္ကာပူ)

Sunday, November 15, 2009

သီတဂူစတား (sitagustar)
No comments
နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ
မကွေးဆရာတော်ကြီး၏ သြ၀ါဒ (၂)
ရက်စွဲ - (၀၇၊ ၁၁၊ ၂၀၀၉)
ဆရာတော်အရှင်မြတ်တို့ဘုရား . . .
ယခုအခါ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း၌ သဒ္ဓမ္မပ္ပတိရူပကခေါ် သူတော်ကောင်း တရားတု ၊ တရားယောင်များ အထင်အရှားပေါ်ပေါက်နေပါပြီဘုရား။
ထိုတရားတု၊ တရားယောင်များကို စတင်ဟော ပြောဖြန့်ချိနေကြသော ၀ိတဏ္ဍ၀ါဒီ အဓမ္မ၀ါဒီများသည် ပါပိစ္ဆဣစ္ဆာပကတသဘောဖြင့် သံဂါယနာ(၆)တန်တင် ပါဠိတော်၊ အဋ္ဌကထာများကိုပင် ဘုရားဟောမဟုတ် ဗြဟ္မဏ၀ါဒများဖြစ်သည်ဟု ပုတ်ခတ် ပယ်ရှားပြီးလျှင် ဘုရားရှင်၏ ဒေသနာတော်ကို ခုတုံးလုပ်ကာ ဘုရားရှင်ဟောကြားတော်မူအပ်သော ဒေသနာတော်၏ အဓိပ္ပာယ်ကို အလွဲလွဲအမှားမှား ဖွင့်ဆိုကြလျက် ဘုရားရှင် ဒေသနာတော်နှင့် ဖြောင့်ဖြောင့် ဆန့်ကျင်သော ၀ါဒသစ်များထူထောင်ကြ၍ အဓမ္မ၀ါဒများကို ဟောပြောခြင်း ၊ သင်တန်းပေးခြင်း ၊ စာအုပ်စာတမ်းများ ထုတ်ဝေခြင်း စသည်တို့ဖြင့် စနစ်တကျ စီမံကိန်းချကာ ထေရ၀ါဒ ဗုဒ္ဓသာသာတော်ကို ဦးတည်၍ ထိုးနှက်တိုက်ခိုက်နေကြသော ပုဂ္ဂိုလ်များ ဖြစ်ကြပါသည်ဘုရား။
ထိုပုဂ္ဂိုလ်များသည် သံဃာ့အဖွဲ့အစည်းအခြေ ခံစည်းမျဉ်း စာမျက်နှာ (၂၇) အပိုဒ်(၁၂) အပိုဒ်ခွဲ(ဂ)၌ ``ပိဋကတ်တော်နှင့် မညီသော ရေးသားခြင်း ၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများကို တားဆီး ကာကွယ်ရန်ဖြစ်သည်´´ ဟုပြဆိုထားပါလျက် ထိုစည်းမျဉ်းစည်းကမ်းကို မလိုက်နာဘဲ ထေရ၀ါဒ ဗုဒ္ဓပိဋကတ်နှင့် မညီသော ရေးသားခြင်း၊ ဟောပြောခြင်း ပြသခြင်း ၊ ပြုလုပ်ခြင်းများကို စနစ်တကျစီမံကိန်းချကာ အင်တိုက်အားတိုက် ပြုလုပ်ဆောင်ရွက်နေကြပါသည် ဘုရား။
ဤသာသနာတော်၏ အညစ်အကြေးဘေးရန်ဖြစ်သော အဓမ္မ၀ါဒများကိုသုတ်သင် ပယ်ရှားတားမြစ်ရ မည့်တာဝန်သည် တပည့်တော်တို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ တာဝန်ဖြစ်ပါသည်။ တာဝန် အရှိဆုံးဖြစ်သော တပည့်တော်တို့ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကြီးသည် တာဝန်ကို သိသောအားဖြင့် ဤတာဝန်ကို တပည့်တော်တို့ မလွဲမသွေ ဧကန်မုချ ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
ဤသို့ဆောင်ရွက်ရာ၌ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်များကလည်း သာသနာ စိတ်ဓာတ် အပြည့်အ၀ဖြင့် အင်တိုက်အားတိုက် ၀ိုင်းဝန်းကူညီ ဆောင်ရွက် ကြရမည်ဖြစ်ပါသည်။ သံဃသမ္မုတိရ သံဃာ့ ကိုယ်စားလှယ်ဆရာတော်များကလည်း လက်ပိုက်ကာ ကြည့်မနေဘဲ နိုးနိုးကြားကြား တက်တက်ကြွကြွပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ပါသည်ဘုရား။
သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများကလည်း ဓမ္မစက်ကို အာဏာစက်ဖြင့် ကူညီ ပံ့ပိုးခြင်း၊ ဗုဒ္ဓဘာသာဝင် ဥပါသကာ,ဥပါသိကာတို့ကလည်း အာမိသာနုဂ္ဂဟ ဖြင့် အားပေးချီးမြှောက် ထောက်ပံ့ခြင်းတို့ဖြင့် သဒ္ဓါတရားထက်ထက်သန်သန် ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
ဤသို့တက်ညီလက်ညိ ဆောင်ရွက်မှသာ ဤအဓမ္မ၀ါဒများကို သုတ်သင်, ပယ်ရှားတားမြစ် နိုင်မည်ဖြစ် ပါသည်။ ဤသို့ အဓမ္မ၀ါဒသာသနာ့ အညစ်အကြေးတို့ကို သုတ်သင်, ပယ်ရှား တားမြစ်လိုက်ပါလျှင် မြတ်ဗုဒ္ဓ၏ ပရိယတ္တိသာသာတော်မြတ်ကြီး သန့်ရှင်းစင်ကြယ် သွားမည်ဖြစ် ပါသည်။
ပရိယတ္တိသာသနာတော်မြတ်ကြီး သန့်ရှင်းစင်ကြယ်လျှင် ပဋိပတ္တိသာသနာ တော်မြတ်ကြီး လည်း သန့်ရှင်းစင်ကြယ်သွားမည်ဖြစ်ပါသည်ဘုရား။
(ဆဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီ န၀မအစည်းအဝေး)

Friday, November 13, 2009

သီတဂူစတား (sitagustar)
1 comment
နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ
မကွေးဆရာတော်ကြီး၏ သြ၀ါဒ (၃)
ရက်စွဲ - (၀၇၊ ၁၁၊ ၂၀၀၉)
ဆရာတော်အရှင်မြတ်တို့ဘုရား . . .
ဘုရားတပည့်တော်တို့၏ ပြည်ထောင်စုမြန်မာနိုင်ငံတော်၌ မြို့တိုင်းလိုလိုပင် ပရိယတ္တိ စာသင်တိုက် ကြီးများဖွင့်လှစ်၍ ပရိယတ်ကို ပို့ချသင်ကြားပေးနေခြင်း၊ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်ကြီးများ ၊ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်ကြီးနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးများ၌လည်း ပရိယတ်ကျမ်းဂန်များကို ဘာသန္တရပါ တွဲဖက်၍ ခေတ်မီနည်းစနစ်ဖြင့် ပို့ချသင်ကြားပေးနေခြင်း၊ ပဋိပတ္တိကမ္မဋ္ဌာန်းနည်းပြ သာသနာ့ ရိပ်သာများ ဒေသအနှံ့အပြားဖွင့်လှစ်ပြသနေခြင်းတို့ကြောင့် ပရိယတ္တိ သာသနာတော် ပဋိပတ္တိ သာသနာတော် တည်တံ့ရေးမှာ အားရကျေနပ်ဖွယ်ရှိပါသည်။
ထို့ထက်တိုးတက် အောင်အားပေး ထောက်ပံ့ကူညီရန်သာ လိုအပ်ပါသည်ဘုရား။ သာသနာ တော်ပြန့်ပွားရေးအတွက် နယ်စပ်ဒေသနှင့် တောင်တန်းဒေသများ၌ သာသနာ ပြုကျောင်းများ ဖွင့်လှစ်ဆောင်ရွက်နေပါသည်။ အားရကျေနပ်အောင်တော့ မအောင်မြင်သေးပါ။ မအောင်မြင်ရ သေးခြင်း မှာလည်း ပစ္စည်းလေးပါး အထောက်အပံ့နည်းပါးခြင်းကြောင့် ဖြစ်ပါသည်။
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး များသည် ငွေကျပ်သိန်းတစ်ထောင်ကုန်၊ သိန်းနှစ်ထောင်ကုန်၊ သုံးထောင်ကုန် ကျောင်းကန်စသည်များ ဆောက်လုပ်လှူဒါန်းနိုင်ကြသော်လည်း ဗုဒ္ဓသာသနာတော် မထွန်းကားသေးသော ဒေသများ၌ ဆင်းဆင်းရဲရဲ သာသနာပြုနေကြသော သံဃာတော်များအား ထောက်ပံ့ရန်ကိစ္စကိုမူ နှလုံးမသွင်းမိကြဘဲ ဖြစ်နေပါသည်။
နိုင်ငံခြား သာသနာပြုကျောင်းများမှာ ကျောထောက်နောက်ခံ အထောက်အပံ့က ပြည့်စုံလုံလောက်စွာ ရနေတဲ့ အတွက် သူတို့ သာသနာပြုတွေက အောင်မြင်ကြပါသည်။ တပည့်တော် တို့က သူတို့ကို မယှဉ်နိုင်ဘဲ ဖြစ်နေကြပါသည်။ ဒီသာသနာပြုကုသိုလ်၏ ထူးကဲမွန်မြတ်ပုံကို လူအများသိအောင် ဟောပြော ဆွဲဆောင်ဖို့လိုပါသည်။
ဒီကိစ္စကိုတော့ နိုင်ငံကျော်ဓမ္မကထိကဆရာတော်များကို တရားဟောတဲ့အခါ သာသနာပြု ကုသိုလ်၏ မွန်မြတ်ပုံကို ထည့်သွင်းဟောပြောကြရန် တောင်းပန် တိုက်တွန်း သင့်ပါသည်။
ဟော ပြောရုံမက သာသနာပြုထောက်ပံ့ရေး အဖွဲ့များလည်း ဖွဲ့စည်းသင့်ပါသည်။ ဤသာသနာပြု ထောက်ပံ့ရေး အဖွဲ့များ ဖွဲ့စည်း၍ အင်တိုက်အားတိုက် ဆောင်ရွက်နေသော ဓမ္မကထိက ဆရာတော်အချို့လည်း ရှိပါသည်။ ဤဓမ္မကထိက ဆရာတော်မျိုးများများ ပေါ်ထွက်လာအောင် တောင်းပန်တိုက်တွန်းဖို့ လိုအပ်ပါသည်ဘုရား။
ကမ္ဘာမှာ ဗုဒ္ဓသာသနာတော်ပြန့်ပွားဖို့ကတော့ ဘာသန္တရကျွမ်းကျင်သော သာသနာပြု ရဟန်းတော် များ အများအပြားပေါ်ပေါက်ဖို့လိုအပ်ပါသည်။ ပရိယတ် , ပဋိပတ် အခြေခံ လုံလောက်ပြီးသော ရဟန်းတော် များ ဘာသန္တရလေ့လာဆည်းပူရန် အားပေးချီးမြှောက် ထောက်ပံ့သင့်ပါသည်ဘုရား။
ဤသို့ ပရိယတ္တိ ပဋိပတ္တိနှစ်ပါး သန့်ရှင်းတည်တံ့ပြန့်ပွားလာလျှင် ပဋိဝေဓဟူသော မဂ်ဖိုလ်နိဗ္ဗာန်အသီးအပွင့်ကို ဧကန် သုံးဆောင်ခံစားရမည်ဖြစ်ပါသည်ဘုရား ။
ယခု ဘုရားတပည့်တော် လျှောက်ထားတင်ပြခဲ့သည့်အတိုင်း သံဃာ့ အဖွဲ့အစည်း အဆင့်ဆင့်၏ ဦးတည်ချက်ဖြစ်သော ``သာသနာတော် သန့်ရှင်း , တည်တံ့ , ပြန့်ပွားရေး´´ သုံးရပ် အကောင်အထည်ပေါ် လာအောင် တာဝန်အရှိဆုံးဖြစ်သော နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကြီးက ဦးဆောင်၍ နိုင်ငံတော် ဗဟို သံဃာ့ဝန်ဆောင်ဆရာတော်များ၊ သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ်ဆရာတော်များ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့် သာသနာတော်ကို ကြည်ညိုမြတ်နိုးကြသည့် ဥပါသကာ , ဥပါသိကာ များလက်တွဲ၍ ညီညီညာညာ အင်တိုက်အားတိုက် ဆောင်ရွက်ကြပါရန် လေးလေးနက်နက် တိုက်တွန်းလျက် ဘုရားတပည့်တော်၏ သရဏီယဩ၀ါဒကထာကို နိဂုံးကမ္ပတ်အဆုံးသတ်ပါသည် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်အရှင်မြတ်တို့ဘုရား
(ဆဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီ န၀မအစည်းအဝေး)
မှတ်ချက်။ ။ အရှင်မြတ်တပါးပေးပို့လိုက်သော သြ၀ါဒများသည် ယနေ့မျက်မှောက်ခေတ်၌ အကျိုးများဖွယ်ရှိသဖြင့် တင်လိုက်ခြင်းဖြစ်ပါသည်။
သီတဂူစတား
၁၃-၁၁-၂၀၀၉

Thursday, November 12, 2009

သီတဂူစတား (sitagustar)
No comments
ကျောင်းတက်ပုံအစီအစဉ်
ကျောင်းသူ/ကျောင်းသားများသည် တနင်္ဂနွေနေ့ရောက်ပြီဆိုလျှင် နံနက် (၇) နာရီလောက် မှစပြီး ကျောင်းသို့ လာကြ၏။ ကျောင်းတက်သည့်အခါ အထက်အောက် နှစ်ခုစလုံး အဖြူရောင်ဝတ်စုံများကို ရိုးရာဓလေ့အတိုင်း ၀တ် ဆင်ကြရ၏။ အကြောင်၊ အကျား အရောင်မျိုးစုံနှင့် ခေတ်ဆန်ဆန်အ၀တ်အစားများကို မ၀တ်ကြရပါ။ နိုင်ငံတော် အစိုးရကလည်း SundaySchool ၀တ်စုံဆိုပြီးတော့ သီးသန့်သတ်မှတ်ပေးထား၏။ ယောက်ျားလေးများအတွက် လည် ကတုံး လက်ရှည် ရှပ်အင်္ကျီအဖြူနှင့် လုံချည်အဖြူဖြစ်ပြီး မိန်းကလေးများအတွက်မှာ Halfဆာရီဆိုသည့် ရိုးရာ အဖြူဝတ်စုံ ဖြစ်ပါသည်။
ဘုန်းကြီးကျောင်းသို့ ရှေးဦးစွာ ရောက်ရှိလာကြသော ကျောင်းသူကျောင်းသားများက ကျောင်းဝင်းအတွင်းရှိ ပန်းပင်များမှ ပန်းများကို ခူး၊ ပြီးတော့ ရေးဆေးကြ၏။ တချို့က မိမိတို့အိမ်မှပင် ပန်း၊ အမွှေးတိုင်၊ ဖယောင်း တိုင်တို့ကို ယူဆောင်ခဲ့ကြ၏။ ယင်းပန်း၊ အမွှေးတိုင်၊ ဖယောင်းတိုင်၊ သောက်တော်ရေစသည်တို့ကို ဗောဓိပင်အနီးရှိ ပန်းတင်ခုံပေါ်မှာ စီထားကြသည်။
စာသင်ခန်းသို့ မ၀င်မီ နံနက် ၈-နာရီ ၃၀ မိနစ်မှာ သြ၀ါဒခံယူပွဲကို ကျင်းပ၏။ ကျောင်းသူကျောင်းသား အားလုံး ဗောဓိပင်ရှေ့မှာ စီတန်းပြီး အတန်းလိုက် ရပ်ကြရ၏။ အလှည့်ကျဖြစ်သည့် ကျောင်းသူ ကျောင်းသား ၁၀-ယောက်၊ ၁၅-ယောက်ခန့်က အမွှေးတိုင်၊ ပန်းခြင်းတို့ကို တန်းစီ ယူဆောင်လာပြီး ကျောင်းသူကျောင်းသားတို့အား တစ်ယောက်ချင်း လက်နှင့် ထိစေ၏။ ပြီးမှ ဗောဓိပင်ရင်းရှိ ရုပ်ပွားဆင်းတုတော်ရှေ့မှာ ပူဇော်ကြပါသည်။
ထိုသို့ ဘုရားကို ပူဇော်ပြီးသောအခါမှသာ ကျောင်း၌ သီတင်းသုံးနေသည့် ရဟန်းတစ်ပါးပါးထံ ငါးပါးသီလကို ခံယူဆောက်တည်ကြပါသည်။ ထို့နောက် ရဟန်းတော်နှင့် ကျောင်းအုပ်ဆရာက ကျောင်းသူကျောင်းသားများကို သြ၀ါဒ စကားများကို ပြောကြားပါသည်။ (ယင်းသြ၀ါဒခံယူသည့် အခန်းအနားမှာ အချိန် ၄၅-မိနစ်ခန့်လောက် ကြာ၏။) ပြီးမှ စာသင်ခန်းအတွင်းသို့ ၀င်၍ စာသင်ကြရပါသည်။
နေ့မွန်းတည့်ခါနီး ၁၁- နာရီအချိန်မှာ အားလပ်ချိန် ၁၀-မိနစ်ခန့် အနားပေးပြီး ပေါင်မုန့်၊ လက်ဘက်ရည်စသော မုန့်ပဲသွားရေစာတို့ကို ဝေငှပါသည်။ ထိုမုန့်ပဲသွားရေစာများကို အလှူရှင်ရှိလျှင် အလှူရှင်က၊ အလှူရှင်မရှိလျှင် ကျောင်း ထိုင်ဘုန်းကြီးများက ကျွေးမွေးကြပါသည်။ ထို့နောက် စာသင်ခန်းသို့ ပြန်ဝင်ကြပြီး နေ့လည် ၁၂-နာရီ မိနစ် ၃၀-အချိန်ကျမှ သင်ကြားမှုအစီစဉ်အားလုံး ပြီးဆုံးသွားပါသည်။
သင်တန်းပြီးဆုံးချိန်မှာ ကျောင်းသူကျောင်းသားများသည် စာသင်ခန်းထဲမှပင် ဗောဓိပင်ရှိရာဘက်ကို မျက်နှာမူပြီး ရှေးဦးစွာ မေတ္တာပို့၊ ထို့နောက်မှ ဗောဓိပင်ကို ပူဇော်ကြရပါသည်။ ယင်းသို့ ပူဇော်ပြီးသောအခါမှသာ စာသင်ခန်းတွင်းမှ အားလုံး ထွက်ခွါကြရပါသည်။
ခိုင်မာသည့် အခြေခံအုတ်မြစ်
သိရီလင်္ကာရှိ ကလေးများသည် ဤကဲ့သို့ ဘုရားရှိခိုး၊ သြ၀ါဒခံယူ၊ ဗုဒ္ဓစာပေများကို သင်ကြရသည်မှာ တစ်ပတ် မဟုတ်၊ တစ်လမဟုတ်၊ တစ်နှစ် မဟုတ်၊ နှစ်ပေါင်း ၁၃- နှစ်။ ယင်းကဲ့သို့ ဗုဒ္ဓတရားနှင့် နှစ်ပေါင်းများစွာ ထိတွေ့ နေကြရကား ကလေးများ၏ ဘာသာကိုချစ်တဲ့စိတ် လူမျိုးကိုချစ်တဲ့စိတ်မှာ ဦးခေါင်းထဲမှာ သံမှိုနှက်သကဲ့သို့ ဆွဲမြဲသွား ပါတော့သည်။ ဗုဒ္ဓ၀ါဒ၏ အခြေခံ အုတ်မြစ်မှာလည်း ခိုင်မာသွားပါတော့သည်။
ကလေးများသည် ဘုန်းတော်ကြီးများနှင့် ဆရာများ၏ သြ၀ါဒများကိုလည်း နာယူကြရကား ဗုဒ္ဓဘာသာဝင် ကျင့်ဝတ်ကိုလည်း ကျွမ်းကျင်၏။ ဗုဒ္ဓ၀င်ကို သင်ကြားထားကြရကား ဘုရားဖြစ်စဉ်နှင့် ဘုရားလောင်း စိတ်ဓာတ်ကိုလည်း ခရေစေ့တွင်းကျ သိ၏။ သမိုင်းဖြစ်စဉ်တို့ကိုလည်း မှတ်သားကြရ သောကြောင့် အမျိုး ဘာသာ သာသနာကိုလည်း ချစ်၏။ ထိုအကြောင်းများကြောင့် ကလေးသူငယ်များ၏ ဘာသာသွေးကား ရဲရဲတောက် နေပေပြီ။ အဘယ်ကဲ့သို့သောသူမှ ဘာသာကူးပြောင်းအောင် မစွမ်းနိုင်တော့ပေ။
ထို့ကြောင့် သီရိလင်္ကာ၌ နှစ်ပေါင်းများစွာနေဖူးသော မြန်မာဘုန်းကြီးတစ်ပါးက ဤကဲ့သို့ ပြောဖူးလေသည်။ ``သိရိလင်္ကာရှိ ဗုဒ္ဓဘာသာဝင်ကလေးသူငယ်များဟာ ဘာသာပြောင်းတယ်ဆိုတာ မရှိဘူး၊ ဘာကြောင့်လဲဆိုရင် ကလေး ဘ၀က စတင်ပြီး အခြေခံ ဗုဒ္ဓစာပေများကို စနစ်တကျ သင်ယူခဲ့ရသည့်အတွက် ဗုဒ္ဓဘာသာရဲ့တန်ဖိုးကို ကိုယ် ကိုယ်တိုင် သိရှိနေကြပြီလေ၊ ဒီတော့ ကိုယ့်ဗုဒ္ဓဘာသာကို ဘယ်သောအခါမှ ကျောမခိုင်းတော့´´ဟူ၏။
နိုင်ငံတော်အစိုးရကလည်း ဗုဒ္ဓဘာသာဝင် ကျောင်းသူကျောင်းသားများကို ဆန်းဒေးစကူးလ်သို့ မဖြစ်မနေ တက်ရောက် သင်ကြားကြရမည်ဟု စည်းမျဉ်းထုတ်ထား၏။ အလွန်ကောင်းသော စည်းမျဉ်းတည်း။ ယင်းဆန်းဒေးစကူးလ် ကို နိုင်ငံ့အကြီးအကဲ သမ္မတတိုင်းက အားပေးကြပါ၏။ ယခုလက်ရှိ သမ္မတ Mahinda Rajapaksha က ပို၍ အားပေး၏။
ယင်းဆန်းဒေးစကူးလ် အောင်လက်မှတ်ကိုလည်း အထူးဦးစားပေး၏။ အစိုးရရုံးများ၌ အလုပ်လျှောက် သူတို့ သည် ထိုဆန်းဒေးစကူးလ် အောင်လက်မှတ်ကို ပြကြရပါသည်။ အကယ်၍ မပြနိုင်လျှင် အလုပ်ရရှိဖို့ မလွယ်ကူပေ။ တချို့ ပုဂ္ဂလိက ကုမ္ပဏီများသည်ပင် ယင်းအောင် လက်မှတ်မရှိလျှင် လုံးဝ လက်မခံပေ။ ဆန်းဒေးစကူးလ် အောင်လက်မှတ်မှာ ဤမျှလောက် အရေးပါလှပါသည်။
လှည်းဝင်ရိုးသံ တညံညံ၊ ဓမ္မစကူးလ်ပေါင်း
``လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း``ဟုကြွေးကြော်နေသည့် အမိမြန်မာပြည်ကြီး၌ စနစ်တကျ ပို့ချနေသော ဓမ္မသင်တန်းကျောင်းများ မည်မျှလောက်ရှိသနည်း၊ အကဲခတ်ကြည့်စေချင်ပါသည်။ တချို့နေရာများ၌ ရက်တိုသင်တန်းကျောင်းများကတော့ ထင်ထင်ရှားရှား ရှိပေသည်။ သို့သော် ရက်ရှည်သင်တန်းကျောင်းများကား နည်းပါးလှ၏။ ယင်းသို့နည်းပါးလှသည့်အတွက် တချို့ဗုဒ္ဓဘာသာဝင် ရင်သွေးငယ်များသည် ဘာသာရေး အခြေခံ အားနည်းကြရကား ဘာသာခြားနှင့် အိမ်ထောင်ပြုပြီး ဘာသာခြားဘက်သို့ ကူးပြောင်းသွားကြသည်ကို ၀မ်းနည်းစွာ တွေ့ခဲ့ရဖူးပါသည်။
စေတီပုထိုးများ၌ ညောင်ပင်ပေါက်လျှင် စေတီပုထိုးများ ပြိုပျက်ကြသကဲ့သို့ မိမိတို့မြန်မာ ပြည်ကြီး၌ ဘာသာ ခြားများ တိုးပွားလာလျှင် စေတီပုထိုးများ မျက်နှာတော် ညှိုးတော်မူရမည့်အခြေ အနေနှင့် ရင်ဆိုင်ရပေမည်။ ဤဖြစ်စဉ်ကို အစဉ်တွေးလျက် ယခုအချိန်မှစပြီး ဓမ္မသင်တန်းကျောင်း (သို့မဟုတ်) ဓမ္မစကူးလ်များကို မိမိတို့ တတ်စွမ်းသမျှ ဖွင့်လှစ် တည်ထောင်သင့်လှပေသည်။
ရန်ကုန်မြို့ရှိ ၀ံသာနုစိတ်ဓာတ် ကိန်းအောင်းနေသည့် ဒကာကြီး တစ်ယောက်က ``တပည့်တော်တို့ရပ်ကွက်မှာ တပည့်တော်တို့ ငယ်ငယ်တုံးက ဗုဒ္ဓဘာသာဝင်က ရာခိုင်းနှုန်း ၈၀- လောက် ရှိတယ်၊ အခုကြတော့ ဗုဒ္ဓဘာသာဝင်က ရာခိုင်းနှုန်း ၃၀-လောက်ပဲ ရှိပြီး ဘာသာခြားတွေက ပိုများနေတယ်ဘုရား``ဟု မိမိကို လျှောက်ထားဖူးပါသည်။ ရန်ကုန်မြို့ တော်ကြီး၌ ဤကဲ့သို့ဖြစ်နေသော ရက်ကွက်များ မည်၍မည်မျှလောက် ရှိနေဦးမည်မသိ။ သေချာမှုရှိသည်ကတော့ ဘာသာခြားများ တိုးပွားလာနေခြင်းပင်တည်း။
ထို့ကြောင့် ဤအချက်ကိုကောင်းကောင်းသိသော, မြန်မာပြည်အနာဂတ်အရေးကို သွေးအေးအေး မနေတတ် သော အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်ကြီးက ဤကဲ့သို့ မှာတမ်းတော် ခြွေခဲ့ပါသည်။
`` ဒို့မြေဌာနီ ရှေးခါဆီဝယ်၊ မထေရ်အပေါင်း၊ စံရာကျောင်းမှ၊ ငြိမ့်ညောင်းသာယာ၊ မိန့်အာဏာ ကို၊ ရပ်ရွာလူများ၊ လွန်လေးစားခဲ့၊ ခုကားသို့နှယ်၊ မဟုတ်ကွယ်၍၊ နယ်ပယ်ပေါက်ဖွား၊ အမျိုးသားတို့၊ ဘုန်းဘုရား ကျောင်းတွင်၊ စာမသင်တော့။
ဤသည့်တိုင်းသာ၊ နှစ်ပေါင်းကြာလျှင်၊ မြန်မာတိုင်းဖွား၊ အမျိုးသားတို့၊ ဘုရားကိုစွန့်၊ တရားစွန့် ၍၊ စွန့်လိမ့်မှန်စွာ၊ မြတ်သံဃာတည်း၊ သို့အတွက်များပြား၊ ဘုန်းဘုရားတို့၊ တရားကိုယ်ကျင့်၊ လုံအောင်ကျင့်၍၊ မလင့်စေရ၊ ကိုယ့်ဒေသ၌၊ သိပ္ပ၀ိဇ္ဇာ၊ ပြသင့်ရာကို၊ ကောင်းစွာပိုင်ပိုင်၊ ပြသနိုင်မှ၊ ဘုန်းလှိုင်ဟောပြ၊ သြ၀ါဒကို၊ စိတ်ကကြည်ဖြူ၊ လိုက်နာယူလျက်၊ ကိုယ်မူနှုတ်ပြောင်း၊ စိတ်လည်း ကောင်း၍၊ နောက်နှောင်းသာသနာ၊ ပြည်မြန်မာသည်၊ ရှည်ကြာနေသို့၊ ထွန်းမည်ကို့´´။
အကြင်အခါ၌ မြန်မာပြည်အ၀ှမ်းမှာ ``လှည်းဝင်ရိုးသံ တညံညံ၊ ဓမ္မစကူးလ်ပေါင်း´´ဟု ကြွေးကြော်နိုင်၏။ ထို အခါ၌ နတ်ရွာစံသွားလေပြီဖြစ်သော ဘုရင်မင်းမြတ် အနော်ရထာက အထက်ကောင်းကင်ယံ နတ်ပြည်မှတဆင့် ဗြဟ္မာ့ပြည်တိုင်အောင် ``အိုသူတော်ကောင်းတို့ မြန်မာပြည်ကြီးကို ကြည့်ကြကုန်လော၊ အရှင်အရဟံရဲ့သြ၀ါဒကိုခံယူပြီး ငါကိုယ်တော်တိုင် ချခဲ့တဲ့ ဓမ္မအုတ်မြစ်ပေါ်မှာ ရဟန်းရှင်လူပြည်သူများဟာ ကြီးမားသော ဓမ္မအဆောက်အဦးကြီးကို အဆင့်ဆင့် တည်ဆောက်နေကြတယ်ကွယ်၊ ငါကိုယ်တော် အားရကျေနပ်လှပါဘိ၊ ဒါမှ ဒို့တိုင်း ဒို့ပြည်၊ ဒို့မြန်မာပြည် ဖြစ်ပေသကွယ်``ဟု အားရပါးရ ကောင်းချီးနုမော် သာဓုခေါ်နေမည်မှာ မြေကြီး လက်ခတ် မလွဲသာတည်း။
သီတဂူ အရှင်ဒေ၀ိန္ဒာဘိဝံသ
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
(ashindevindabhivamsa@gmail.com)
(၀၁၊ ၀၆၊ ၂၀၀၉)
(မိမိသည် ဤဆောင်းပါးကို ကိုလံဘိုမြို့ SriJayatiladaramayaကျောင်းမှ သီရိလင်္ကာနိုင်ငံသား အရှင်ဓမ္မနန္ဒကို မေးမြန်း၍လည်းကောင်း၊ http://en.wikipedia.org/ wiki/ Buddhism_in _Sri_Lanka/ နှင့် http://www.bps.lk/wheels_library/wh_281.html#_Toc159679743 ဟူသော Website ကို ကြည့်၍လည်းကောင်း မှတ်တမ်းတင်ပြီး ရေးထားခြင်းဖြစ်ပါသည်။)

Wednesday, November 11, 2009

သီတဂူစတား (sitagustar)
No comments
သီတဂူအထူးတရားပွဲ
--------------
“ဓမ္မော ဟိ ဣသီနံ ဓဇော”
ရဟန်းတော်တို့၏ အောင်လံတံခွန်သည် “ဓမ္မ” ဖြစ်သည်။
ဓမ္မဟူသည် အဘယ်နည်း။
ဓမ္မဟူသည် သဘာဝ၊
ဓမ္မဟူသည် သစ္စာ၊
ဓမ္မဟူသည် ပညာ၊
ဓမ္မဟူသည် ကုသိုလ်၊
ဓမ္မဟူသည် ဂုဏ်၊
ဓမ္မဟူသည် ကောင်းသောအကျင့်၊
ဓမ္မဟူသည် သမာဓိ။
ဘုရားမြတ်စွာသည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ်မှာ -
“ချစ်သားတို့ ကိုယ့်နေရာလေးမှာပဲ ကိန်းအောင်းမနေဘဲ ခရီးထွက်ကြ”
“ဓမ္မကို ဟောကြ၊ ပြောကြ၊ ရေးကြ၊ ဖြန့်ချိကြ”ဟု မိန့်မှာခဲ့ပါသည်။
အထက်ပါ ဘုရားမြတ်စွာ၏ မိန့်ခွန်းတော်အတိုင်း ဘုရားမြတ်စွာ၏ တပည့်သားဖြစ်တော်မူကြ သည့် သာသနာပြု ရဟန်းတော်များသည် ဘုရားမြတ်စွာလက်ထက်မှစ၍ ယခုချိန်ထိ ဒေသ မျိုးစုံသို့ ခရီးထွက်ပြီး ဓမ္မကို ဖြန့်ချိလျက်ရှိကြ ပေသည်။
စစ်ကိုင်းတောင်ရိုး၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ အဓိပတိချုပ် ဖြစ်တော်မူသော သီတဂူ ဆရာတော် ကြီးသည် မြန်မာပြည်တွင်း၌ နေရာဒေသမျိုးစုံသို့ ကြွရောက်၍ နေ့စဉ်နှင့်အမျှ ဓမ္မကို ဟောပြောပို့ချ ပေးလျက်ရှိပေသည်။ ရံဖန်ရံခါ ပြည်ပသို့လည်း ကြွရောက်၍ ဓမ္မကို ဟောပြောပို့ချ ပေးပါသည်။
ယခု နိုဝင်ဘာ ၁၅-ရက်နေ့၌မှာ စင်္ကာပူနိုင်ငံသို့ ကြွရောက်၍ စင်္ကာပူရောက် ဗုဒ္ဓဘာသာဝင် ဒကာ, ဒကာမများအား ဓမ္မကို ဟောပြောပို့ချပေးမည် ဖြစ်ပေသည်။
အချိန် - စင်္ကာပူစံတော်ချိန် ညနေ ၄-နာရီမှ ၆-နာရီ
နေ့ရက် - ၂၀၀၉-ခု၊ နိုဝင်ဘာ ၁၅-ရက်၊ တနင်္ဂနွေနေ့
နေရာ- မင်္ဂလာဝိဟာရကျောင်းတိုက် (Eunos MRT အနီး)
မှတ်ချက်။ ။ ဤသီတဂူဓမ္မသဘင်သတင်းနှင့်တကွ သီတဂူစတားဆိုဒ်မှာရှိသော စာပေများကို မည်သူမဆို ကူးယူဖော်ပြနိုင်ပါသည် ဓမ္မမိတ်ဆွေများများ သိဘို့ ရန်နှင့် တရားတော်များ ပြန့်ပွားရေးကိုသာ အဓိကဖြစ်ပါသည်၊ ကူးယူ ဖော်ပြသူများကိုလဲ အထူးကျေးဇူးတင်နေပါသည်။
သီတဂူစတား
၁၁-၁၁-၂၀၀၉

Tuesday, November 10, 2009

သီတဂူစတား (sitagustar)
No comments
၁၃-၁၁-၂၀၀၉ နေ့သည် သီတဂူစတားရဲ့ သုံးလပြည့် မွေးနေ့ဖြစ်ပါတယ်။ ထိုမွေးနေ့အတွက် ဓမ္မလက်ဆောင်လေးဖြစ်ပါတယ်။
ထိုမွေးနေ့အတွက် လက်ဆောင်လေးရဲ့ အမည်သညာလေးက
”လူစွမ်းကောင်း”
သုံးလဆိုသည် ရက်ပေါင်း ၉၀ ကုန်လွန်သွားခြင်းကိုဆိုလိုပါသည်။ အချိန်က သတွာတွေကို စားတယ်ဆိုတဲ့ အဆိုတစ်ခုရှိပါတယ်။ အချိန်သည် သက်ရှိ သက်မဲ့အားလုံး၏ အသက် အဆင်း ခွန်အား မာန်မာနနှင့် ကျန်းမာ နုပျို သစ်လွင်နေခြင်း အားလုံးကို စားမျိုလိုက်ခြင်းပင်ဖြစ်ပါသည်။
အချိန်သည် လူကို စားမျိုတယ်ဆိုသည်မှာ အချိန်ကို အချည်းအနှီး အလကား ဖြုန်းတီးခြင်းကို ဆိုလိုပါသည်။ အချိန်ကို ကောင်းကောင်း အသုံးအချသူများကတော့ လူစွမ်းကောင်းများပင်ဖြစ်ပါသည်။ ပညာရှိတို့သည် အချိန်နှင့် အလုပ်ကို မိမိရရ ဆုပ်ကိုင်ထားပြီး အလွန်ကြီးကျယ် ခန်းနားအောင် ဖန်တီးနိုင်ကြသည်။ ရဟန္တာ အရှင်မြတ်ကြီးများကတော့ အချိန်တည်းဟူသော တဏှာ လောဘကို ဥာဏ်မီးဖြင့် လောင်မြိုက် ဖျက်ဆီးနိုင်ကြပြီး အချိန်ကို အနိုင်ယူတော်မူကြသည်။
သီတဂူစတားရဲ့ လေးလပြည့် မွေးနေ့မှ သည် အားလုံး အချိန်ကို အနိုင်ယူနိုင်ကြသော လူစွမ်းကောင်းများ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
ကာလော ဃသတိ ဘူတာနိ၊ သဗ္ဗာနေ၀ သဟတ္တနာ။
ယော စ ကာလဃသော ဘူတော သဘူတာ ပစနိံ ပစိ။
(မူလပရိယာယဇာတ်တော်)
သီတဂူစတားဘလော့ဂ်ကို ၁၃-၈-၂၀၀၉ နေ့က စတင်တည်ထောင်သည်။ သုံးလအတွင်းမှာ ဓမ္မမိတ်ဆွေ ၂၇၀၀ ကျော်အား ပို့စ်ပေါင်း ၁၀၈မျိုးတို့ဖြင့် ဗဟုသုတတွေ ပေးလိုက်ရသည့်အတွက်လည်း များစွာကျေနပ်မိပါသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သီတဂူစတား
၁၀-၁၁-၂၀၀၉

Monday, November 09, 2009

သီတဂူစတား (sitagustar)
No comments
အတွေးသစ်တို့မွေးဖွား
အတွေးဟောင်းများ ဆွေးမြေ့သည့်အခါ အတွေးသစ်များ သန္ဓေတည်လာရမြဲဖြစ်ရကား ``ဒီပနီကျမ်းပေါင်းများ စွာကို ပြုတော်မူခဲ့ပြီး နွားသားမစားရေးကို တိုက်တွန်းလှုံ့ဆော်ခဲ့သော ကမ္ဘာကျော် လယ်တီဆရာတော်(D.Litt)၊ သီဟိုဠ်ဖြစ် ဋီကာကျမ်းတစ်ဆောင်၏ အမှားကို ရဲရဲဝံ့ဝံ့ထောက်ပြသည့် ပရမတ္ထဒီပနီဟုခေါ်တွင်သည့် မြန်မာပြည်ဖြစ် ဋီကာကျမ်း၊ သူနာပြုအလုပ်ကို လုပ်ရင်း သာသနာပြုခဲ့သည့် ကမ္ဘာ့ဗုဒ္ဓသာသနာပြု အရှင်သေဋ္ဌိလ၊ သိရီလင်္ကာနိုင်ငံ သမိုင်း၏ ခေတ်တက္ကသိုလ် ကျောင်းသားအဖြစ် ပထမဆုံး ပေါ်ထွက်လာသည့် ရဟန်းတစ်ပါးဟု တနိုင်ငံလုံး ဟိုးဟိုး ကျော်သွားခဲ့ သော ဒေါက်တာ ၀ါလ်ပိုလာရာဟုလာ၊ နယ်ချဲ့တို့ပေါက်ဖွားရာ ဥရောပ၊ နေမ၀င်အင်ပါရာဟု လက်မ ထောင် ခဲ့သည့် အင်္ဂလန်၊ သင်ယူချင်သည့် အတတ်ပညာများကို သင်ယူနိုင်သည့် အောက်စဖို့ဒ် တက္ကသိုလ်၊ ကမ္ဘာ့ကုလသမဂ္ဂ ဌာနချုပ်တည်ရှိရာ အမေရိကန်၊ ပညာရှင်အမြောက်အမြား ထုတ်လုပ်နေသည့် ဟားဗတ်တက္ကသိုလ်၊ အဏုမြူဖခင် သိပ္ပံပညာရှင် အိုင်းစတိုင်း၊ ကျွန်စနစ်ကိုဖျက်သိမ်းသည့် သမ္မတ လင်ကွန်း၊ ကိုယ့်ဘာသာ ကိုယ့်လူမျိုးအတွက် အသက်ကိုပင် စတေးခဲ့သည့် ဂန္ဓီ၊ သန်းပေါင်းများစွာသော အိန္ဒိယနိုင်ငံသားများကို ဗုဒ္ဓဘာသာဝင်ဖြစ်အောင် စည်းရုံးနိုင်ခဲ သည့် ဒေါက်တာ အမ်ဘေဒကာ´´စသည့် ပုဂ္ဂိုလ်ထူး၊ ဂန္ထ၀င်စာပေ၊ ကမ္ဘာကျော်တက္ကသိုလ်၊ နိုင်ငံတကာ သမိုင်းဝင် ဖြစ်စဉ်များနှင့်အတူ B.A M.A Ph.D စသော ဘွဲ့ဒီဂရီများကို ခွဲခြမ်းစိတ်ဖြာသည့် အတွေးများသည် ရင်မှာ မသိမသာ ခိုအောင်းမိလေပြီ။
ထို့ကြောင့် ``အရှင်သုမနပါလ B.A (ကိုလံဘို) အရှင်ရေ၀တဓမ္မ M.A (ကေလနိယ) အရှင်ရာဟုလာနန္ဒ Ph.D (ဘုံဘေ)´´ဟု စသည်အားဖြင့် ရေးသားထားသည်များကို တွေ့ရသောအခါ ယင်းနိုင်ငံတကာသုံး ဘွဲ့ဒီဂရီများကို လိုချင်သည့်စိတ်များ ဖြစ်မိလေသည်။
ယင်းဘွဲ့ဒီဂရီများကို လိုချင်သည့်အတွက် သီဟိုဠ်ကျွန်းခေါ် သိရီလင်္ကာနိုင်ငံသို့ သွားရောက်၍ ပညာသင်ယူ ချင်သည့်ဆန္ဒများ ဖြစ်မိလေသည်။ သို့သော် နွားကျောင်းသား တစ်ယောက်အတွက် မြို့တော်ကြီးသည် အလှမ်းကွာဝေး လှသကဲ့သို့ မိမိမှာလည်း အစစအရာရာ အင်အားနည်းနေရကား သီရိလင်္ကာရှိ တက္ကသိုလ်ကြီးများသည် မိမိနှင့် အလှမ်း ကွာဝေးလျက်ပင် ရှိပေသည်။ သို့သော် နိုင်ငံတကာတက္ကသိုလ်အိမ်မက်များက မက်နေဆဲ။ ယင်းသို့သောအိပ်မက်များမှာ ငယ်စဉ်တောင်ကျေး ကလေးဘ၀က နားစွင့်ခဲ့ရသော ရွာဦးကျောင်း ခေါင်းလောင်းသံက စခဲ့ပေသည်။
ရွာဦးကျောင်းကခေါင်းလောင်းသံများ အိပ်မောကျနေပြီ
ယနေ့ အမိမြန်မာပြည်ကြီး၌ ရွာဦးကျောင်းက ခေါင်းလောင်းသံများ မြည်ကြပါသေး၏လော။ နားစွင့်ကြစေချင် ပါသည်။ ယင်းခေါင်းလောင်းသံများကို ဘာသာခြားတို့၏ ဂစ်တာသံများနှင့် ၀တ်ပြုသံများက လွှမ်းမိုးစ ပြုနေပေပြီ။ သတိမူလျှင် မြူတောင် မြင်နိုင်ပေ၏တကား။ နိုင်ငံ့ကျက်သရေ ဆောင်ဖြစ်သည့် ရွှေတိဂုံစေတီတော်မြတ်ကြီးသာ စကားပြောနိုင်ခဲ့လျှင် ``အော် မြန်မာနိုင်ငံသူ နိုင်ငံသားများ မိစ္ဆာဒိဋ္ဌိများ ကျောချနေတာတောင် ဓားပြမှန်း မသိကြဘဲကိုး၊ ဒါတောင် သာကီမျိုးဟေ့ တို့ဗမာလို့ အော်ကြတုန်းရှိသေးတယ်၊ ဗုဒ္ဓဘာသာဝင်များ တဖြေးဖြေးနဲ့ ပရုတ်လုံးကဲ့သို့ လုံးပါး ပါးနေသည်ကို မသိကြသည်မှာ လက်ဖျစ်ခတ်တီး အံ့ချီးထိုက်ပေစွာ့´´ဟု ငြီးတွားပေလိမ့်မည်။
ဘာသာရေးခေါင်းဆောင်များဖြစ်ကြသည့် မိမိတို့ရဟန်းတော်များသည် ``ကျောင်းသင်္ခန်း´´ မှာပင် ကိန်းအောင်း မနေဘဲ အခြားသူတို့၏ လုပ်ကွက်ကိုလည်း ကျော်၍ ကြည့်တတ်ဖို့ လိုပေသည်။ တစ်ကွက်နောက်ကျလျှင် မိစ္ဆာကျားတို့၏ ၀ါးမျိုခြင်းကို ခံရမည်သာတည်း။ အကြိမ်ပေါင်းများစွာ ၀ါးမျိုခံရသည်ကိုပင် ကျားစွယ်ကို ကြောက်ရကောင်းမှန်း မသိသေး။ ထို့ကြောင့် ၀ံသာနုစိတ်ဓာတ် ပြင်းထန်လှသည့် ဆရာတော်တစ်ပါးက “ငါတို့က ခံစစ်နှင့် ကစားနေရတာပါ၊ ဂိုးသွင်း မခံရအောင် မနည်းကြိုးစားနေရတယ်” ၀မ်းနည်းသံနှင့် ပြာခဲ့ဖူးပါသည်။ မိစ္ဆာဒိဋ္ဌိပုဂ္ဂိုလ်များ ကင်းဝင်သွားလျှင်တော့ မိမိတို့အားလုံး လည်စင်းခံကြဖို့သာ ပြင်ကြပေတော့။ ကိုယ့်ခြံစည်းရိုးကို လုံအောင်ကာဖို့ ကြိုးပမ်းကြပါစို့။
ယင်းအမြင်ကြောင့်ပင် မိမိသည် ကလေးသူငယ်များအတွက် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းများကို မုံရွာ၊ ပခုက္ကူစသည့်မြို့များ၌ ဖွင့်လှစ်ပို့ချခဲ့ပါ၏။ ကလေးတရားပွဲများကိုလည်း ဟောကြားပေး ခဲ့၏။ ကချင်ပြည်နယ် နမ္မတီးမြို့သို့ သွားရောက်ပြီး ကလေးများကို တရားဟောသည့်အခါ တရုတ်ကြီး တစ်ယောက်က ``လူငယ်ကောင်းမှ လူကြီးကောင်းမှာ၊ လူကြီး ကောင်းမှ တိုင်းပြည်ကောင်းမှာပေါ့၊ ဒါကြောင့် ကလေးများကို တရားဟောသင့်တယ်ဘုရား´´ လျှောက်ထားပြီး ကလေးများအတွက် မုန့်ပဲသွားရေစာနှင့် ဘောလ်ပင် ဗလာစာအုပ်များကို လှူဒါန်းခဲ့လေသည်။ ဤ သည်ကား မိမိဦးစီးပြီး ဟောပြောပို့ချပေးခဲ့သည့် ရက်တို ``ဓမ္မစကူးလ်´´ များပင်တည်း။ အမှန်တကယ်ကား ရေရှည် စီမံကိန်းရေး ဆွဲပြီး ``ဓမ္မစကူးလ်´´များကို ရက်ရှည် ပို့ချသင့်ပေသည်။
မိမိသည် တရားဟောသည့်အခါ၌လည်း ဘာသာခြားများနှင့် နှိုင်းယှဉ်ပြီး လူမျိုးကိုချစ်သည့်စိတ်၊ ဘာသာကို ချစ်သည့် စိတ်များ ထားရှိကြဖို့လိုအပ်ကြောင်းကိုလည်းကောင်း၊ အမျိုး ဘာသာ သာသနာကို ထောက်ပံ့နိုင်ဖို့အတွက် စီးပွားရေး ဖြစ်ထွန်းအောင်လုပ်ဖို့ လိုအပ်ကြောင်းကိုလည်းကောင်း လောကီကြီးပွားရေးတရားများကို ဦးစားပေးဟော၏။ ဓမ္မရေးရာ ဆောင်းပါးများကိုလည်း ရေး၏။ ယင်းသို့သော လုပ်ရပ်များကြောင့်ပင် ပတ်ဝန်းကျင်၏ အားပေး ထောက်ခံမှုများ ကို ထိုက်သလောက် ရရှိခဲ့ပါသည်။ သို့သော် မပြောပလောက်သေးပါ။
ဆန်းဒေးစကူးလ် (Sunday School)
မိမိသည် အသက် ၃၅-နှစ်ကျော်သောအခါမှသာ အနှစ်နှစ်အလလက အိပ်မက်မက်ခဲ့သည့် သီဟိုဠ်ကျွန်းခေါ် သီရိလင်္ကာနိုင်ငံသို့ ဆိုက်ရောက်ခဲ့ပါတော့သည်။ ကိုလံဘိုနိုင်ငံတကာလေဆိပ်သို့ ရောက်ရောက်ချင်း လေဆိပ်အတွင်း၌ ဘုရားဆင်းတုတစ်ဆူကို ဖူးမျှော်ရ၏။ ထို့နောက် လမ်းတလျှောက် လမ်းဆုံလမ်းခွများ၌လည်း ဘုရာဆင်းတုများ၊ ဗောဓိပင်များကို တွေ့ရပြန်၏။ ဗောဓိပင်များကိုလည်း အထူးတလည် အမြတ်တနိုးထားကြ၏။ သီရိလင်္ကာနိုင်ငံသားများ၏ မြတ်ဗုဒ္ဓအပေါ် တလေးတစား တန်ဖိုးထားသည့် စိတ်ကို အားရ ကျေနပ်မိပါသည်။
အစိုးရရုံးးများ၌လည်း ရဟန်းတော်များကို အထူးဦးစားပေး၍ လုပ်ပေးကြ၏။ တခါတရံ အစိုးရရုံးသို့ နေ့ဆွမ်း စားချိန် ရောက်သွားလျှင် ဆွမ်းတောင် ကပ်လှူလိုက်ပါသေးသည်။ ဘတ်စ်ကားများ၌လည်း ရဟန်း သံဃာတော်များ အတွက် အမြဲတန်း ၂-နေရာစာ ပေးထားသည်ကို တွေ့ရပြန်၏။ ဂိတ်စောင့် ရဲဘော်များသည် ဘုန်းကြီးရဟန်းများကို တွေ့လျှင် ပရိတ်ချည်ကို တောင်းလေ့ရှိ၏။ ရဟန်းတော်များ ပါဝင်သောကားများကို စစ်ဆေး မေးမြန်းခြင်း မလုပ်ဘဲ အလွယ်တကူပင် ခွင့်ပြု၏။ အစိုးရရုံးများကလည်း ဗုဒ္ဓဘာသာဝင် များကို ဦးစားပေး နေရာချ၏။ ဥပုသ်စောင့်ချင်သူများ ဥပုသ်စောင့်နိုင်ဖို့အတွက် လပြည့်နေ့တိုင်းကို အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ထား၏။ ညနေခင်းဆိုလျှင် ဘုန်းကြီး ကျောင်းများ၌ ဗောဓိပင်ကို ပန်းဆီမီးတို့ဖြင့် ပူဇော်ကြ၏။ ဤသည့်ဖြစ်စဉ်များက သီရိလင်္ကာနိုင်ငံ၏ မြတ်ဗုဒ္ဓအပေါ် အလေးအနက်ထားကြောင်း ဖေါ်ပြလျက်ရှိပေသည်။
ထို့အပြင် ဗုဒ္ဓဘာသာဝင်နိုင်ငံတိုင်း နမူနာယူသင့်သော စည်းမျဉ်းတစ်ခုရှိပါသေးသည်။ ယင်းမှာအခြားမဟုတ်။ သီရိလင်္ကာနိုင်ငံ၏ အာဏာ အရှိဆုံးဖြစ်သော သမ္မတတစ်ယောက်သည် သမ္မတဖြစ်သည်နှင့်တပြိုင်နက် သမ္မတအဖြစ် ``ကျမ်းသစ္စာ´´ ကျိန်ဆိုရ၏။ ကျမ်းသစ္စာကျိန်ဆိုပြီးသော သမ္မတအသစ်သည် အနုရာဓပူရမြို့ရှိ မဟာဗောဓိပင်နှင့် ကန္ဒီမြို့ရှိ စွယ်တော်တို့ကို ဦးတိုက်ပူဇော် ရခြင်း၊ သံဃာ့ဂိုဏ်း ၃-ဂိုဏ်းမှ ဂိုဏ်းချုပ်ဆရာတော်ကြီးတို့ကို ဦးတိုက်ပူဇော်ရ ခြင်းတို့ပေတည်း။ ဤကား မဖြစ်မနေ လုပ်ကိုလုပ်ရမည့် စည်းမျဉ်းတစ်ခု ဖြစ်ပါသည်။
``အရင်းစစ်လျှင် အမြစ်မြေက´´ ဆိုသကဲ့သို့ ယင်းသို့လျှင် နိုင်ငံတစ်နိုင်ငံလုံးက မိမိတို့ ဗုဒ္ဓဘာသာကို အသက် တမျှ တန်ဖိုးထားခြင်း၏အကြောင်းမှာ သိရီလင်္ကာနိုင်ငံအစိုးရ၏ ဆန်းဒေးစကူးလ်များကြောင့်ပင် ဖြစ်ပေသည်။ ယင်း ဆန်းဒေးစကူးလ်ကို ၁၈၈၁-ခုနှစ်၊ ဖေဖေါ်ဝါရီ ၁၃-ရက်နေ့တွင် အမေရိကန်နိုင်ငံသား Henry Olcott ဟင်နရီအောလ်ကော့ (သာသနာ့အလံကို တီထွင်သူ)က အခက်အခဲပေါင်းများစွာကို ကျော်လွှားပြီး ကိုယ့်အားကိုယ့်ကိုးဖြင့် စတင်၍ တည်ထောင် ခဲ့ပါသည် (On 13th February 1881, the first Buddhist Sunday school was started at the Society’s premises in Maliban Street )။ နောက်ပိုင်းကျမှ နိုင်ငံတော်အစိုးရက တာဝန်ယူဆောင်ရွက်လေသည်။ ယခုဆိုလျှင် နှစ်ပေါင်း ၁၀၀-ကျော် သွားပေပြီ။ ယနေ့တိုင်းပြည်၌ အုပ်ချုပ်နေကြသည့် သမ္မတ၊ ၀န်ကြီး၊ ဗိုလ်ချုပ်ကြီးများသည်ပင် ယင်းဆန်းဒေးစကူးလ် ကျောင်းဆင်းများ ဖြစ်ကြပေသည်။
ဆန်းဒေးစကူးလ် ဟူသည်မှာ တနင်္ဂနွေနေ့ တိုင်း ဗုဒ္ဓ၀င်၊ ရာဇ၀င်၊ ယဉ်ကျေးမှုစသည်များကို အထူးသင်ပေးသော ကျောင်းဖြစ်ပေသည်။ ယင်းကျောင်းများသည် ပုဂ္ဂလိကပိုင် မဟုတ်ကြ၊ နိုင်ငံတော်အစိုးရကိုယ်တိုင်က ပညာရေးစနစ်ကို သတ်မှတ်ပေးပြီး စည်းမျဉ်းဥပဒေနှင့်အညီ ဖွင့်လှစ်ထားသော ကျောင်းများ ဖြစ်ပေသည်။ နေရာကား ဘုန်းကြီးကျောင်းများ ပင်တည်း။ အချို့ဘုန်းကြီး ကျောင်းများ၌ စွမ်းနိုင်သော ကျောင်းထိုင်ဘုန်းကြီးများသည် ဆန်းဒေးစကူးလ်၏ ကျောင်းအုပ် ဖြစ်ပြီး အနည်းငယ်သောကျောင်းများမှာတော့ ကျောင်းထိုင်ဘုန်းကြီးများက ပံ့ပိုးမှု အပိုင်းလောက်သာ တာဝန်ယူ ကြပါ သည်။ ဤအချက်ကို ထောက်ဆ၍ ကလေးသူငယ်များကို သင်ပေးနိုင်ဖို့အတွက် ဘုန်းကြီးများကိုယ်တိုင်က လောကီ လောကုတ် စွယ်စုံတတ်ဖို့လိုသည်ဆိုသည်ကို သတိမူသင့်၏။
ယင်းဆန်းဒေးလ်ကျောင်း၌ လူပုဂ္ဂိုလ်များ ဆရာ, ဆရာမ ဖြစ်ဖို့အတွက် ဆရာဖြစ်သင်တန်းဟူသော သီးသန့် စာမေးပွဲတစ်ခုကို ဖြေဆိုကြရသေး၏။ ယင်းစားမေးပွဲကို အောင်မြင်မှသာ များသောအားဖြင့် ဆရာဖြစ်ကြပါသည်။ ဆန်းဒေးစကူးလ်၌ သင်ပေးကြသော ဆရာ/ ဆရာမတို့သည်ကား စေတနာ့ဝန်ထမ်းတို့သာတည်း။
ယင်းဆရာဖြစ်သင်တန်း၌ -----
၁။ ကုသိုလ်ကံ အကုသိုလ်ကံ၊ ကုသိုလ် အကုသိုလ်ကံတို့၏ အကျိုးတရား၊
၂။ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ၊
၂။ ပဋိစ္စသမုပ္ပါဒ် ၊ သမထ ၀ိပဿနာတို့ဖြစ်ပါသည်။
သိရီလင်္ကာနိုင်ငံရှိ ကလေးသူငယ်များသည် အစိုးရကျောင်းများ၌ ၅-နှစ်အရွယ်မှ စတင်ပြီး ပညာသင်ယူရ သကဲ့သို့ ဆန်းဒေးစကူးလ်၌လည်း (၅)နှစ်အရွယ်မှပင် စတင်ပြီး ပညာသင်ယူကြရပြီး ဆန်းဒေးစကူးလ်ကို အစိုးရကျောင်း များနှင့် တူညီစွာပင် အတန်းများကို သူ့အဆင့်နှင့်သူ ခွဲခြားထားပါသည်။ အစိုးရကျောင်းများက သူငယ်တန်းဆိုလျှင်လည်း ဆန်းဒေးစကူးများမှာလည်း သူငယ်တန်းပင်ဖြစ်သည်။
ဆန်းဒေးစကူးလ်ကို - - -
၁။ သူငယ်တန်း (primary)၊
၂။ ၁-တန်းမှ ၁၀-တန်း (Grade 1 to Grade 10)၊
၃။ နောက်ဆုံးအဆင့် ၁၊ အဆင့်၂ (final 1. 2) ဟု အတန်းပေါင်း ၁၃-တန်း ခွဲခြားပြီး သင်ကြားပေးပါသည်။
ပြဋ္ဌားန်းထားသည့် စာပေများမှာ ငါးရာ့ငါးဆယ်လာ ဇာတ်တော်များ၊ ဓမ္မပဒလာ ဘုရားလက်ထက်က အဖြစ် အပျက်များ၊ ယင်းအကြောင်းကို ရေးထားသည့် ကဗျာများ၊ ပါရမီ ၁၀-ပါး အကြောင်း၊ ဒါန သီလစသော ပုညကိရိယ၀တ္ထု ၁၀-ပါးတို့၏ အဓိပ္ပါယ်၊ ဘုရားဖြစ်တော်စဉ် ဗုဒ္ဓ၀င်အကြောင်း၊ ပရိတ်ကြီးပါဠိနှင့် အဓိပ္ပါယ်၊ အဘိဓမ္မာ သဘောအဓိပ္ပါယ်၊ သုတ္တနိပါတပါဠိလာ မှတ်သားဖွယ်တရားများ၊ သီရိလင်္ကာ ဗုဒ္ဓဘာသာသမိုင်း၊ ဗုဒ္ဓဘာသာနှင့် ပတ်သက်သည့် ရှေးဟောင်း ယဉ်ကျေးမှု ဗိသုကာအကြောင်း၊ ရှေးဘုရင်တို့၏အောင်ပွဲနှင့် စစ်သူကြီးများ၏ အစွမ်းသတ္တိစသည်တို့ကို ဖေါ်ပြထားသည့် ရာဇ၀င်များ ၊ ထေရ၀ါဒဗုဒ္ဓဘာသာနှင့် မဟာယာနဗုဒ္ဓဘာသာတို့၏ ကွဲပြားခြားနားပုံတို့ ဖြစ်ပါသည်။ ယင်းပြဋ္ဌာန်းစာတို့ကို အတန်း အားလျော်စွာ သူ့အဆင့်နှင့်သူ ခွဲခြားပြီး သင်ကြားပေးပါသည်။
ယင်းပြဋ္ဌာန်းစာတို့ကို မိခင်ဘာသာဖြစ်သည့် ဆင်ဟာလဘာသာနှင့် သင်ကြားပေး၏။ အင်္ဂလိပ်စာကိုလည်း သင်ပေး၏။ တချို့ဆန်းဒေးစကူးတို့၌ အင်္ဂလိပ်စာဒီပလိုမာတန်းကိုပင် ဖွင့်လှစ်ထား၏။ အတန်းတိုင်းအတွက် သင်ရိုးပြဌာန်း စာအုပ် တွေကိုလည်း သာသနာရေးဝန်ကြီးဌာနက ရိုက်နှိပ်ထုတ်ဝေပြီး အခမဲ့ဖြန့်ဝေ၏။ ယင်းဆန်းဒေး စကူးလ်စာမေးပွဲကို သာသနာရေးဝန်ကြီး ဌာနကပင် တာဝန်ယူပြီး ဒီဇင်ဘာလ ပထမပတ်မှာ ကျင်းပပေးပါသည်။
သီတဂူအရှင်ဒေ၀ိန္ဒာဘိဝံသ၊၏
အပိုင်း(၃) မျော်

Sunday, November 08, 2009

သီတဂူစတား (sitagustar)
No comments
မအူပင်မြို့ ကရုဏာလူမှုကူညီရေးအသင်း
အပတ်စဉ် လူနာ ၁၃ဝ- ခန့် အခမဲ့ကုသပေး
(အောက်တိုဘိဘာ ၂၄-ရက်)
ကျန်းမာရေး၊ လူမှုရေး၊ သဘာဝဘေးများ ကျရောက်ချိန်တွင် တတ်နိုင်သမျှ ကူညီ
ဆောင်ရွက်ရန်ရည်ရွယ်၍ လူငယ်များပူးပေါင်းဖွဲ့စည်းထားသော မအူပင်မြို့ ကရုဏာ
လူမှုကူညီရေး အသင်းက ဖွင့်လှစ်သောဆေးခန်းတွင် အပတ်စဉ်စနေ့နေ့တိုင်း လူမျိုး
ဘာသာမရွေး အခမဲ့ကုသပေးလျက်ရှိရာ လူနာဦးရေ ၁၃ဝ- ဦးခန့် ကုသပေးနိုင်ကြောင်း
အဆိုပါအသင်းအတွင်းရေးမှူး ဦးထိုက်ထိုက်က ပြောကြားသည်။
အဆိုပါဆေးခန်းတွင် အသင်းဝင် အရိုးအထူးကုဆရာဝန်၊ အထွေထွေရောဂါကု
ဆရာဝန်များကအလှည့်ကျကုသပေးလျက်ရှိကြောင်း၊ အထက်ပါ ကျန်းမာရေး ဆောင်ရွက်မှု
များအပြင် အောက်ဆီဂျင်အိုးများနှင့် ချွဲစုပ်စက်များကိုလည်း အခမဲ့ငှားရမ်းပေးလျက်
ရှိပြီး လိုအပ်ချက်ရှိသည့်နေရာများတွင် ခြင်အန္တရာယ်အတွက် ခြင်ဆေးဖျန်းခြင်း
များကိုပါ ပြုလုပ်ပေးကြောင်း ၄င်းက ရှင်းပြသည်။
ယင်းအသင်းကို ၂ဝဝ၉ ခုနှစ် ဇန် နဝါရီလ ၂ဝ -ရက်နေ့တွင် စတင်ဖွဲ့စည်း
ခဲ့ပြီး ဖော်ပြပါလုပ်ဆောင်ချက်များအပြင် HIV/AIDS ဝေဒနာရှင်များဆေးဝါးရရှိ
စေရန်၊ ရှားပါးသွေး RH(-) များ စု စည်း၍ ဘီပိုးကာကွယ်ဆေးထိုးနှံပေးရန်၊
တရားပွဲ စာပေဟောပြောပွဲများကို နှစ်စဉ်ကျင်းပပေးနိုင်ရန် ဆက်လက်လုပ်
ဆောင်လျက်ရှိကြောင်း အဆိုပါအသင်းထံမှ သိရသည်။
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
-
ဖေ့ဘုတ်အပေါ်က လူအကြိုက်များဆုံး ဓာတ်ပုံ တစ်ပုံ စာမိတ်ဆက် စာရေးသူ၏ ဖေ့ဘုတ်တွင် ပုံများစွာတင်ထားသည်။ ရောက်လေရာရာနေရာတွေက အမှတ်တရပုံတွေကော ဆရာေ...
-
အင်ဒိုနီးရှာကျောင်းသားများ ပြပွဲမှာ တိုးဝှေ့ပြီးရိုက်ထားတဲ့ ဓာတ်ပုံလေးတွေပါ စာရေးဆရာမဟုတ်သော သီတဂူစတား ဒီကနေ့ ဘာပို့စ်တင်ရမလဲ စဉ်းစ...
-
ဆရာကောင်း နည်းကောင်း တွေ့ဖို့လိုတယ် အဲဒီမှာ ဘုန်းကြီး ချက်ချင်း စဉ်းစားမိတယ်။ ''ဒီဥရောပတိုက်သား အမေရိကတိုက်သား လူတွေဟာ ဗုဒ္ဓ ဘာသာ...
-
သိကြားမင်းရဲ့လျှောက်ထားချက် အသားမည်းတဲ့ ဒီရသေ့ဟာ မည်းတဲ့မြေကွက် ပေါ်မှာ နေနေတယ်။ မည်းတဲ့အဝတ်ကိုဝတ်တယ်။ မည်းတဲ့ အစားအစာကို စားတယ်။ ဒီတော့ ...
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ်ရှိ ပူနေးမြို့ ပူနေးတက္ကသိုလ်ကြီးသည် လွန်ခဲ့သော ၈ နှစ်ကထဲက စပြီး အရှိန်အဟုန်နှင့် ကျော်ကြားလာခဲ့ရာ၊ ပြည်တွင်းပြည်...
-
သီတဂူဆရာတော် ဂျေရုစလင် မိန့်ခွန်း *********** Your Venerable Your Excellency Mr. President / Prime Minister of Israel Excellencies ...
-
သီတဂူ Study Tour အင်ဒိုနီးရှား ********** သီတဂူ ၂၀၁၆ နိုဝင်ဘာလ ၆ သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး၊ တပည့် စာချ ဆရာတော်များနှင...