သီတဂူစတား

သီတဂူစတား

15 February 2010

စီဘောက်က ဆွေးနွေးချက်


ကိုမောင်မောင်ရဲ့ စီဘောက်က ဆွေးနွေးချက်အရ ဒီပို့စ်ကို တင်ခြင်းဖြစ်ပါတယ်၊ ဘယ်သူကိုမှ မထိခိုက်လိုပါဘူး၊ ကိုယ့်ရဲ့ ကြိုးစားမှုနှင့် ကိုယ့်အရည်းအချင်းသည်သာ ပဓာန ဖြစ်ကြောင်းကိုသာ ရည်ရွယ်၍ ပို့စ်ကို တင်လိုက်ရပါသည်။ ဆိုလိုတာက တက္ကသိုလ် အဆင့်မီဘို့ထက် ကိုယ်အဆင့်မီနေဘို့က ပို၍ အရေးကြီးပါသည်။ စီဘောက်က ကိုမောင်မောင်၏ စာကို အရင်ဖတ်စေလိုပါသည်။

ကိုမောင်မောင်
ကိုမောင်မောင်ရေ ၊ ပူနေးတက္ကသိုလ်ကို ရောက်ဖူးစေချင်ပါတယ်။ ကိုမောင်မောင် ဘာရည်ရွယ်ချက်နဲ့ ပြောနေတယ်ဆိုတာ မသိပါ။ အိန္ဒိယမှာ ကျောင်းတက်နေတဲ့ ကျောင်းသားတွေရဲ့ အရည်အချင်းကို အထင်သေးသွားသလိုဖြစ်နေမလား။ သို့သော်လည်း အိန္ဒိယမှာရှိတဲ့ တက္ကသိုလ်အားလုံးကို မပြောသင့်ဘူးထင်ပါတယ်။ အချို့အချို့သော တက္ကသိုလ်တွေမှာ ကိုမောင်မောင် ပြောသလို M.A Ph.D တွေကို ရောင်းစားနေတယ်ဆို ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပိုက်ဆံက လူ့ရဲ့သည်းခြေဆိုတော့ အိန္ဒိယတင်မဟုတ်ပါဘူး ဘယ်နိုင်ငံမဆို ပိုက်ဆံနှင့် ဘွဲ့တွေ ၀ယ်နေတာရှိနေပါလိမ့်မယ်။ သီတဂူစတားသည် ပူနေးတက္ကသိုလ်မှာ ဒဿနိကဗေဒနှင့် အမ်အေတန်းတက်နေသူဖြစ်၍၊ ပူနေးတက္ကသိုလ်အကြောင်းကို ရေးဘို့ ပြောဘို့ တာဝန်ရှိပါတယ်။ အိန္ဒိယကျောင်းသားတစ်ယောက် အနေနဲ့ပဲဖြစ်ဖြစ် ပူးနေးကျောင်းတစ်ယောက် အနေနဲ့ပဲဖြစ်ဖြစ် sitagustar2010@gmail.com ကနေ သီတဂူစတားကို လာပြီး ဆွေးနွေးကြည့်လို့ရပါတယ်း။ အိန္ဒိယတက္ကသိုလ်တွေမှာ မြန်မာလူမျိုးအများစုထင်ကြတာက ရဟန်းတော်များသာ တက်ရတယ်လို့ အောင့်မေနေကြပါတယ်၊ ထင်လဲ ထင်ချင်စရာပါ၊ အများစုက ရဟန်းတော်များသာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပူနေးတက္ကသိုလ်၊ ဟိုက်ဒရာဘက်တက္ကလိုလ်၊ ဒေလီ၊ ဘုံဘေစတဲ့ တက္ကသိုလ်ကြီးတွေမှာတော့ မြန်မာနိုင်ငံက လွဲရင် ကမ္ဘာ့နိုင်ငံက ကျောင်းသားတွေ ရှိကြပါတယ်။ သီတဂူစတားက ပူနေးတက္ကသိုလ်မှာ ပညာသင်နေတာဆိုတော့ ပူနေးအကြောင်းကိုပဲ ပြောပြပါ့မယ်။

အာရှအသိအမှတ်ပြု
ကိုမောင်မောင် ပြောတဲ့ စင်္ကာပူ သြစတေးလျ စတဲ့ တက္ကသိုလ်ကြီးတွေနှင့် မယှဉ်လိုပါဘူး။ သို့သော် ပူနေးတက္ကသိုလ်အကြောင်းကိုတော့ ပြောပြရပါလိမ့်မည်၊ နဂိုကထဲက ရေးဘို့ အစီအစဉ်တော့ ရှိပြီးသားပါ။ ကိုမောင်မောင်ရဲ့ စီဘောက်က ဆွေးနွေးချက်က ရေးဘို့ အဆင်သင့်ဖြစ်သွားတာပေါ့။ ၂၀၀၉ ခုနှစ်က အာရှတက္ကသိုလ်များရဲ့ grade, level အဆင့်အတန်းများကို သတင်းစာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ အဲဒီအထဲမှာတော့ ဟောင်ကောင်တို့ စင်္ကာပူ စတဲ့ ချမ်းသာတဲ့ နိုင်ငံမှာ ရှိတဲ့ တက္ကသိုလ်တွေကတော့ ထိပ်ကပေါ့။ အဲဒီစာရင်းထဲမှာ အိန္ဒိယတက္ကသိုလ် ၅ ခုပါဝင်ပါတယ်၊ ၅ ခုထဲမှာတော့ ပူနေးတက္ကသိုလ်လဲ တစ်ခုအပါဝင်ပေါ့၊ ဒါပေမဲ့ မြန်မာနိုင်ငံက တက္ကသိုလ်တွေတော့ စာရင်းထဲမှာတောင် မတွေ့ရပါဘူး၊ ဘာကိုပြတယ်ဆိုတာတော့ အလွယ်တကူသိနိုင်ပါတယ်၊ ကိုယ့်နိုင်ငံက တက္ကသိုလ်တွေကို မနိမ်လိုပါဘူး၊ အမြဲတမ်းပဲ ဂုဏ်ယူနေပါတယ်။

လူတစ်ယောက်ရဲ့ အရည်အချင်း
ကျောင်းသားတစ်ယောက် အရည်အချင်းပြည့်ဝဘို့ဆိုတာ တက္ကသိုလ်ရဲ့ အရည်အချင်းအဆင့်တန်းက ၅ရာခိုင်နုန်းလောက်ပဲရှိပါတယ်၊ တကယ်တမ်းအရည်းအချင်း ပြည့်ဝဘို့က ကျောင်းသားတစ်ယောက်ရဲ့ ပင်ကိုယ်အရည်းအချင်းနှင့် ကြိုးစားမှုပေါ်မှာတည်နေတာက ၉၉ ရာခိုင်းနုန်းရှိပါတယ်။ ဒါကိုလဲ အားလုံးက လက်ခံပါလိမ့်မယ်။ သိပ်နာမည်ကြီးတဲ့ ဟားဗက်၊ ရေး၊ အောက်စ်ဖို့ဒ်စတဲ့ တက္ကသိုလ်ကြီးတွေက ကျောင်းပြီးပေမဲ့လို သူတို့မကြိုးစားရင် ဘာအရည်အချင်းမှ မရှိနိုင်ပါဘူး၊ အင်္ဂလိပ်စကားပြော နိုင်ငံတွေမှာနေရလို့ အင်္ဂလိပ်စကား ကောင်းရင် ကောင်းပါလိမ့်မယ်၊ ပညာအရည်အချင်းကတော့ ကိုယ့်ရဲ့ ကြိုးစားမှုပေါ်မှာ တည်ပါလိမ့်မယ်။ International အဆင့်မရှိဘူးဆိုတဲ့ တက္ကသိုလ်က ကျောင်းပြီးသွားတဲ့ ကျောင်းသားတွေ မြန်မာနိုင်ငံမှာ ပါမောက္ခချုပ်တွေ၊ ပါမောက္ခတွေ ဖြစ်နေကြတယ်ဆိုတာလဲ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ အဲဒီတက္ကသိုလ်တွေကို အထင်သေးလိုက်မယ်ဆိုရင် ထိုပါမောက္ခချုပ်တွေ ဘာဖြစ်သွားမလဲဆိုတာပါပဲ။ နိုင်ငံတကာ အဆင့်မရှိဘူးလို့ ထင်နေသူတွေကကော ဘယ်လိုအရည်အချင်း ရှိကြပါသလဲဆိုတာလဲ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ဘို့ အရေးကြီးပါတယ်၊ ပြီတော့ နိုင်ငံတကာအဆင့်ရှိ တက္ကသိုလ်ကပညာတွေနှင့် အဆင့်မရှိဘူးလို့ ထင်ရတဲ့ တက္ကသိုလ်လေးတွေက ပညာတွေ နှင့် ဘာတွေ အကျိုးပြုနေပါသလဲ ဆိုတာလဲ စဉ်းစားသင့်တဲ့ အချက်တစ်ခုပါပဲ။

ပူနေးတက္ကသိုလ်နှင့် မြန်မာပြည်က ကျောင်းသားများ
ပူနေးတက္ကသိုလ်ကြီးတွင် လွန်ခဲ့နှစ်ပေါင်းများစွာကထဲက (လွတ်လပ်ရေးရပြီးကာစ ဖြစ်ပါလိမ့်မယ်) မြန်မာပြည်က ကျောင်းသားတွေ တက်ရောက်ခဲ့ဖူးတယ်ဆိုတာ မြန်မာသံအမတ်သား (ပူနေးကျောင်းသား)က ပြောပြလို့သိရပါတယ်။ သူဟာ ရန်ကုန်တက္ကသိုလ်မှာ ပါမောက္ခချုပ်တာဝန် ထမ်းဆောင်သွားခဲ့ပါတယ်။ ယခု လက်ရှိ ၀န်ကြီးတစ်ယောက်လဲ ပူနေးတက္ကသိုလ် ကျောင်းသားဟောင်းဖြစ်ပါတယ်လို့ သိရပါတယ်။ (မှတ်ချက် နာမည်တွေကိုတော့ မထည့်လိုပါ သို့သော် စိတ်ဝင်စားက မိမိဘာသာ စုံးစမ်းနိုင်ပါတယ်)။ လက်ရှိအချိန်မှာတော့ မြန်မာပြည်က ကျောင်းသားတွေဟာ ရဟန်းတော်များ ၂၀ လောက်ရှိပါတယ်။ E-major ၂ ယောက်၊ Philosophy ၂ ယောက်၊ ကျန်သော ရဟန်းတော်များက ပါဠိဋ္ဌာနနှင့် ဆန်စကရစ် ဋ္ဌာနတို့တွင် M.A နှင့် Ph.D စာတမ်းများ ပြုစုလျက်ရှိပါသည်။ လူဝတ်ကြောင် ကျောင်းသားများကတော့ ၀န်ကြီး၊ စစ်ဗိုလ်များ သားသမီး အချို့လဲရှိနေပါသည်။ မြန်မာနိုင်ငံ အစိုးရ scholarship အစီအစဉ်နှင့် လာသူတွေကတော့ ကွန်ပျူတာနှင့် အနုမြူဌာနတို့မှာ ရှိနေပါသည်။

ပူနေးနှင့် ပြည်ပကျောင်းသားမျာ
ပူနေးတက္ကသိုလ်မှာတော့ ကိုမောင်မောင် ပြောတဲ့ သြစတေးလျကျောင်းသာ၊ အမေရိကကျောင်းသားတွေ အပြင် အဂ်လန် နယ်သာလန် ကနေဒါ စတဲ့ ကိုမောင်မောင် အထင်ကြီးလောက်တဲ့ နိုင်ငံသားတွေ အများကြီးရှိပါတယ်။ ၂၀၀၂ ခုနှစ်က ပြည်ပကျောင်းသား ၆၀၀၊ ၂၀၁၀ ခုနှစ်မှာတော့ နိုင်ငံပေါင်း ၆၆ ခုက ကျောင်းသားပေါင်း ၁၄၀၀၀ (တစ်သောင်း လေးထောင်) ကျော်ထိ ရောက်လာပါတယ်။ ပူနေးက ပြည်ပကျောင်းသားများ အားလုံးသည် မြန်မာနိုင်ငံက ကျောင်းသားတွေထက် ချမ်းသာသူများသာ ဖြစ်တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါ၊ မြန်မာပြည်ကျောင်းသားအနဲစုကတော့ တက်နိုင်ကြပါသည်။ ပူနေးတက္ကသိုလ်သည် စင်္ကာပူစတဲ့ ချမ်းသာတဲ့တက္ကသိုလ်များထက် ဈေးသက်သာသည်ကားတော့ မငြင်းလိုသော်လဲ အိန္ဒိယမှာတော့ ဈေးအကြီးဆုံးတက္ကသိုလ်များစာရင်းတွင် ပါဝင်ပါသည်။

အိန္ဒိသတင်းစာရဲ့ ၂၀၀၂ နှင့် ၂၀၁၀ တို့ရဲ့ တိုးတက်မှုနုန်းများ
Pune Univesity
Campus Area---------------------411 acre
Budgets (2000-(Rs- 62-52 crore (ကုဋေ)/ 2010 (Rs-339.79 crore (ကုဋေ)
Faculties:--------------13
Department----------------42
Affiliated Colleges 300 (2002) / 523 (2010)
Recognized institutes: 153 (2002)/342 (2010)
Foreign Students on campus:-------600 (2002)/ 14000 (2010)
Foreign Students in Affiliated Colleges; 8000 from 66 countries/ from 104 countries
Hostel:-------------8 for boys and 7 for girls.

From Friday 12, Feb, 2010 Time City News paper.


ကုန်ကျစရိတ်
အမ်အေ M.A သာမန်ဘာသာရပ် ဒဿနိက ဗေဒလို ဌာနမျိုးမှာတောင် ဒေါ်လာ ၅၀၀၀ အနဲဆုံးကုန်ရပါတယ်၊ ဒါဟာ သီတဂူစတား အသုံးစရိတ်အနေနှင့်တွက်တာပါ၊ သီတဂူစတား ဘယ်လိုသုံးတယ်ဆိုတာ သိရင် အံ့သြနိုင်ပါတယ်။ သူများတွေ တစ်လ ဒေါ်လာ ၂၀၀ လောက် သုံးနေတဲ့အချိန်မှာ သီတဂူစတားက ၅၀ လောက်ပဲ သုံးနေလို့ပဲ။ အဲလောက်ခြွေတာစွာ သုံးစွဲနေတာတောင် ၅၀၀၀ ၀န်ကျင်လောက်ကုန်ပါတယ်။ အခြား စီးပွားရေးဘာသာရပ်၊ သိပ္ပံဆိုင်ရာ ဘာသာရပ် နှင့် နည်းပညာဘာသာရပ်တွေမှာ ဒေါ်လာ သောင်းနှင့်ချီကုန်ကျတာပါ၊ အိန္ဒိယမှာ စင်္ကာပူတို့လို အလုပ်လုပ်ရင်း ကျောင်းတက်မယ်ဆိုတဲ့ ကျောင်းသားတွေအတွက်က လုံးဝမဖြစ်နိုင်ပါဘူး။ လူဦးရေများတဲ့နိုင်ငံဖြစ်သည်အတွက် သူ့လူနှင့်သူတောင် နေရာမလောက်ပါဘူး။

ပူနေးနှင့်အင်္ဂလိပ်စာ
ပူနေးမြို့သည် အိန္ဒိယပြည်ရဲ့ ချမ်းသာဆုံး ပညာတက်ပေါများဆုံး ဖြစ်တဲ့ မဟာရဋ္ဌပြည်တွင် ရှိပါတယ်၊ တောင်ပေါ်မြို့ဖြစ်ပါသည်၊ ဘုံဘေမြို့နှင့် မိုင် ၁၅၀ နီးပါးလောက်ရှိသည်။ Educated city, Green city, clean city, East Oxford ဟု တင်စားကာ အိန္ဒိယသတင်းစာများတွင် မကြာမကြာ တွေ့ရပါလိမ့်မယ်။ ပူနေးမြို့သည် မာရတီစကား ပထမဖြစ်၍ အင်္ဂလိပ်စကားသည် ဒုတိယ စကားဖြစ်သည်။ ၅ တန်းကျောင်းသားသည်ပင် အင်္ဂလိပ်စကား ကောင်းကောင်းပြောတက်သည်၊ သီတဂူစတား ဒီမလာခင် အင်္ဂလိပ်စာ ၁၀ နှစ်သင်ခဲ့သော်လည်း ရောက်ခါစက ထို ၅ တန်း ၇ တန်း ကျောင်းသားတွေလောက် မပြောနိုင်ခဲ့ပါ။
ဒီလောက်ဆိုရင် ပူနေးတက္ကသိုလ် အနေအထား သိလောက်မည် ထင်ပါသည်။ အရည်အချင်းက ပိုအရေးကြီးတယ်ဆိုတာလဲ ဤမျှလောက်ဖြင့် လုံလောက်မည်ထင်ပါသည်။ ကဲ ကိုမောင်မောင်ရေ ကျေးဇူးတင်ပါတယ်။

ဒီပို့စ်ကို တင်ချင်နေတာ ကြာပါပြီ၊ ဘယ်လိုရေးရမလဲ ဆိုတာ စဉ်းစားနေတာ၊ ကိုမောင်မောင်ရဲ့ ဆွေးနွေးချက်ကြောင့် ပူနေးနှင့်အခြားဗဟုသုတွေ ပေးနိုင်တာ ကျေးဇူတင်နေပါတယ်။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူစတား
၁၅-၂-၂၀၁၀

ရေးမိရေးရာများ

အင်ဒိုနီးရှာကျောင်းသားများ


ပြပွဲမှာ တိုးဝှေ့ပြီးရိုက်ထားတဲ့ ဓာတ်ပုံလေးတွေပါ
စာရေးဆရာမဟုတ်သော သီတဂူစတား
ဒီကနေ့ ဘာပို့စ်တင်ရမလဲ စဉ်းစားနေမိသည်၊ တင်စရာလဲ မရှိဖြစ်နေသည်၊ ရေးမိရေးရာ ရေးရတော့ပေမည်။ သီတဂူစတားသည် စာရေးဆရာ မဟုတ်သဖြင့် အဖွဲ့အနွဲ့တွေ ဝှေ့ကာပတ်ကာ မရေးတက်ပါ၊ ပြောချင်တာကို တိုက်ရိုက်ပြော၊ တကိုရိုက်ရေးခြင်းမျိုးနှင့်သာ ရေးသည်၊ ဆိုလိုတာက သီတဂူစတားရဲ့စာသည် တွေးစရာမရှိပါ၊ just information သတင်းတစ်ရပ်အနေနှင့်သာ ရေးလေ့ရှိပါသည်။ အခုလည်းပဲသတင်းတစ်ရပ် အနေနှင့်တင်လိုက်ဦးမယ်။

ဘာသာရေးပို့စ် မဟုတ်သော်လည်း ပူနေးတက္ကသိုလ်နှင့် ပတ်သက်တာတွေ မကြာကြာတင်ဖြစ်သည်၊ သီတဂူစတားက ပူနေးတက္ကသိုလ် ကျောင်းသားဆိုတော့ ကိုယ့်တက္ကသိုလ်အကြောင်းတွေကို အများပြည်သူတွေ သိစေချင်ပါသည်၊ အထူးသဖြင့် ပူနေးတက္ကသိုလ်ကို စိတ်ဝင်တစားဖြစ်နေသူ အတွက် ရည်ရွယ်ပါသည်။


ကိုရီးယားကျောင်းသူ၊ကျောင်းသားများ ပြပွဲ

အဖြစ်အပျက်က ဒီလိုဗျ
စနေနေ့ကပေါ့ အတန်းချိန် ဗိုက်ကဆာနေသည် မနက်ဆာ ဘာမှ မစားခဲ့ရ၊ အတန်းပြီးပြီချင်း နေပူကျဲကျဲ အဆောင်ကိုအလောတကြီး ပြန်လာခဲ့။ အဆောင်မရောက်ခင် လမ်းခုလတ်တွင် ကိုရီးယား သူငယ်ချင်းတစ်ယောက်က International Food Fair (နိုင်ငံတကာ အစားအစာ ပြပွဲ) ရှိတယ် လာသွားကြစို့တာနှင့် ပါသွားသည်၊ ငါဘာမှ မစားရသေးဘူး ဗိုက်အရမ်းဆာနေတယ် ပြောလဲမရ ဟိုရောက်ရင် ငါဝယ်ကြွေးပါ့မယ်ဆိုပြီး အတင်းခေါ်တာနှင့် ပါသွားသည်။ ပြပွဲကျင်းပရာ တက္ကသိုလ်ပန်းခြံကြီးထဲမှာ လူတွေ ကြိတ်ကြိတ်တိုးနေသည်။ သီတဂူစတားတို့ရောက်သွားတော့ တက္ကသိုလ်အာဏာပိုင်အဖွဲ့အစည်းက ပြပွဲပြုလိုက်သည့် နိုင်ငံတကာမှ အဖွဲ့အစည်းများကို ကျေးဇူးတင်စကား ပြောခြင်း လက်ဆောင်များပေးခြင်း အစီအစီရှိသဖြင့် ပြပွဲခန်းမကြီးထဲ ရောက်လာသူ ကျောင်းသားကျောင်းသူ အားလုံး အပြင်ထွက်ရန် အော်နေသည်၊ သီတဂူစတားလဲ ဗိုက်ဆာနေတာနှင့် အတော်ပဲ စားသောက်တစ်ဆိုင်မှာ အခန်းအနားပြီးသည့်အထိ နာရီဝက်ကြာ ကိုရီးယားနှင့် သူငယ်ချင်းနှင့် အိန္ဒိယနိုင်ငံသားတွေရဲ့ အပြုအမူ စိတ်နေသဘောထားနှင့် ယဉ်ကျေးမှု အကြောင်းများ ပြောဖြစ်သည်။ စကားပြောကောင်းချိန် အနီးနားက ကုလားနှစ်ယောက် စိတ်ဝင်စားဟန်တူသည်၊ သီတဂူစတားတို့ဆီလာပြီး မိတ်ဆက်သည်။ နေ့လည်စာကို ကုလားအစာအစားနှင့် ကိုရီးယားသူငယ်ချင်း ကောင်းမှုနှင့် ကျေနပ်ခဲ့ရသည်။ သီတဂူစတားက သူငယ်ချင်း သွားကြစို့ အခန်းအနား ပြီးလောက်ပြီ၊ ဒို့ ၀င်လို့ရလောက်ပြီ၊ ကိုရီးယားသူငယ်ချင်းသည် လူရိုး သဘောကောင်းဖြစ်သည်၊ နေပါဦးကွ ဟိုမှာကုလားမလေးတွေ ကြည့်ပါဦး၊ ဆိုင်ထဲ ၀င်လာတဲ့ ကုလားမ ကျောင်းသူ သုံးယောက်ကို ရည်ရွယ်၍ ပြောသည်၊ သူပြောရာသို့ မျက်စိကရောက်သွားသည်။ ဟုတ်ပါသည် သူပြောသလိုပဲ အတော်ကိုလှပါသည် ဒါပေမဲ့ သီတဂူစတားအတွက် အဆင်မပြေ။


နိုင်ငံတကာ ကျောင်းသားကျောင်းသူများ

ပြပွဲမှာ
သီတဂူစတား တောင်းဆိုတာနှင့် သူလဲ အာနာပါနာ ပါလာသည်။ ဟိုရောက်တော့ အခန်းအနားပြီးသဖြင့် လူတွေ ကြိတ်ကြိတ်တိုးနေသည်။ လူကြားထဲ သူငယ်ချင်းလဲ ဘယ်ရောက်သွားမှန်းမသိ၊ ပျောက်သွားသည်၊ သီတဂူစတား တစ်ယောက်ထဲ လက်ထဲမှာ ကင်မရာ အစုတ်ကလေးက အရန်သင့်ဆိုတော့ အကုန်လိုက်ရိုက်ဖြစ်တော့သည်။ လူအုပ်ကြီးထဲဆိုတော့ အဆင်မပြေ၊ လျှောက်ကြည့်ရင်း လူအုပ်များတဲ့နေရာကို မျက်စိရောက်သွားသည်၊ စူးစမ်းချင်စိတ်က ပေါ်လာသည်၊ အော်---- ဥဇဘက်ကင်စတန်နိုင်ငံက ကျောင်းသူတွေ သူတို့နိုင်ငံရဲ့ အစားအစာတွေကို ရောင်းနေတာကို တွေ့ရသည်၊ အများစုက ကျောင်းသားတွေ အဲနားမှာ ကြိတ်ကြိတ်တိုးနေသည်၊ အားပါးပါးးးးး ဥဇဘက်ကင်စတန်နိုင်ငံက ကျောင်းသူတွေ သိပ်ချောသကိုး။ အတော်ကိုလှပါသည်၊ ဓာတ်ပုံရိုက်ချင်စိတ်တောင်ပေါက်လာသည်၊ သို့သော်လည်း လူအုပ်က တိုးနေရသဖြင့် အဆင်မပြေ၊ ဒါနဲ့အခြားနိုင်ငံတွေဆီလျှောက်ကြည့်သည်။ နိုင်ငံပေါင်း ၄၀ ကျော်က ကျောင်းသား ကျောင်းသူတွေ သူတို့နိုင်ငံအသီးသီးရဲ့ ရိုးရာအစားအစာတွေ ရောင်းချနေသည်၊ ရောင်းတယ်ဆိုသည်မှာ ပြပွဲတစ်မျိုးဖြစ်သည်။ ၀မ်းနဲစရာက မြန်မာနိုင်ငံမပါခြင်းဖြစ်သည်၊ ပူနေးတက္ကသိုလ်မှာ မြန်မာက ရဟန်းတော်များအနည်းငယ်သာ ရှိသည်၊ လူဝတ်ကြောင်ဆိုလို့ ၃ ယောက်ပဲရှိသည်။ သူတို့လဲ ပြပွဲအတွက် မတက်နိုင်။ လူအင်အား ၃ ယောက်ထဲနှင့် ပြပွဲလုပ်နိုင်ဘို့ဆိုတာ သိပ်မလွယ်လှပါ။


အီရန်နိုင်ငံကျောင်းသူလေးတွေပါ


နိုင်ငံတကာကျောင်းသားပွဲများ


နှစ်စဉ်နှစ်တိုင်း ပူနေးတက္ကသိုလ်ကနေ နိုင်ငံတကာ ကျောင်းသား အားကစား၊ အစားအစာ နှင့် ရိုးရာယဉ်ကျေးမှုကပွဲများ ကျင်းပပေးသည်၊ မနှစ်ကတော့ ချင်းမတွေ ရှိနေသဖြင့် အစားအစာပြပွဲမှာ မြန်မာကပါသည်။ ထိုင်းနိုင်ငံရိုးရာကပွဲများသည် မြန်မာနှင့် သိပ်မကွာလှသော်လည်း အခြားနိုင်ငံမှ ရိုးရာအကတွေကတော့ ကြောက်ခမန်းလိလိပဲ၊ မြူးကြွတဲ့သံစဉ်တွေထဲ ကျောင်းသူလေးတွေရဲ့ မပေါ့တပေါ် လှုပ်ခပ်နေတဲ့ အကတွေကတော့ သီတဂူစတားတို့အတွက်တော့ အဆန်းပဲ။ ရောက်လာပါပြီ မြန်မာပြည်၊ မြန်မာပြည်က ဘယ်သူတွေထွက်လာ မလဲပေါ့၊ မြန်မာဆိုပြီးကြော်ငြာအသံကြားလိုက်ရပါပြီ၊ ထွက်လာတဲ့ကျောင်းသားတွေက ချင်းကျောင်းသား ကျောင်းသူတွေပဲ ချင်းဝတ်စုံဝတ်လာပြီး သွေချင်းများ ညီအကိုများ ဆိုတဲ့ သီချင်းနှင့် ထွက်လာသည်။ ကိုယ့်မြန်မာဆိုတော့ လက်ခုပ်တီး အားပေးခဲ့ပါသည်၊ မြန်မာအတွက် ထွက်လာပေးလို့ သူတို့ကို ကျေးဇူးတင်နေရပါသည်။


ထိုင်းနိုင်ငံကျောင်းသားများ ပြပွဲလေးပါ

ဗုံးပေါက်ကွဲ

ဒီနှစ် ချစ်သူများနေ့တွေရော၊ မဟာရဋ္ဌပြည်နယ်ရဲ့ ရိုးရာပွဲ၊ အိန္ဒိယတစ်နိုင်ငံလုံးရဲ့ပွဲတွေ၊ နိုင်ငံတကာ အစားအစာ ပြပွဲတွေရောဆိုတော့ ပွဲတွေက ဆက်တိုက်ဖြစ်နေသည်အလျောက် လူစုလူဝေးလည်းများသည်။ သောကြာနေ့က ဂျာမန်း မုန့်ဆိုင်မှာ ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။ လူ ၁၀ယောက်သေဆုံးသည်၊ နိုင်ငံခြားသား ၄ ယောက်ပါသည်။ ၄၀ ကျော်ဒဏ်ရာရသည်။ ထိုဂျာမန် မုန့်ဆိုင်သည် နိုင်ငံခြားသား အများစုသွားရာ ဆိုင်ဖြစ်သည်။ သီတဂူစတားရဲ့ ထိုင်းသူငယ်ချင်းသည် သွားနေကျဖြစ်သည်၊ ကံကောင်းထောက်မှစွာ အဲဒီနေ့က သူမသွားဖြစ်ခဲ့။ ထိုပေါက်ကွဲမှုကြောင့် ပူနေးတက္ကသိုလ်ကျောင်းသားတွေ စိုးရိမ်နေကြသည်၊ အကြောင်းက ထိုပေါက်ကွဲမှုသည် နိုင်ငံခြားသားများနှင့် ဆက်နွယ်နေသည်ဟု ယူဆနေကြသည်။ ဒီနှစ် နိုင်ငံတကာ ကျောင်းသားများ ကပွဲကို ပိတ်လိုက်သည်။

အရေးပေါ်အစည်းအဝေးများ
ယခုအခါ လုံချုံရေးအတွက် အရေးပေါ်အစည်းအဝေးများ ခေါ်ကာ ပြုလုပ်နေကြပါသည်။ ပေါကွဲမှုသည် နိုင်ငံခြားသားများရှိရာကိုသာ ရည်ရွယ်နေသည်ဟု ယုံကြည်နေသည်။ ဘုံဘေနှင့် ပူနေးမြို့ကို ပစ်မှတ်ထားနေသည်ဟု ယုံကြည်ထားကြသည်၊ ဘုံဘေမြို့သည် ၂၀၀၉ နှစ်က တိုက်ခိုက်ခံရသဖြင့် လူ ၂၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီ၊ ယခုအခါ ပူနေးမြို့တွင် စတင်ဖြစ်ပွားလာသည်အတွက် ပြည်ပကျောင်းသားများ အထူးစိုးရိမ်နေကြည်သည်။ သီတဂူစတားတို့ နေသည် နိုင်ငံခြားသား အဆောင်သည် အများဆုံးဖြစ်နေသဖြင့် အစည်းအဝေးများ ခေါ်ယူကာ လုံးချုံရေးအတွပ် အ၀င်အထွက်နှင့် ကိုင်ဆောင်လာသည့် အိပ်များကို စစ်ဆေးရန်ဖြစ်ပါသည်၊ ဆိုင်နံပါတ်များကိုလည်း လုံးခြုံရေးများထံ ပေးထားဘို့ ပြောကြားသည်။


သီတဂူစတား
၁၅-၂-၂၀၁၀

13 February 2010

သောတာပန်ဂုဏ်ရည်




တက္ကသိုလ်မုခ်ဦးနှင့် စစ်ကိုင်းတောင်က အမျိုးသမီး စွမ်းဆောင်ရှင်လေးတွေ

အမျိုးသမီးစွမ်းဆောင်ရှင်(အပိုင်း-၁၀)


ကိဉ္စာပိ သော ကမ္မ ကရောတိ ပါပကံ၊
ကာယေန ဝါစာ ဥဒ စေတသာ ဝါ။
သောတာပန်ဖြစ်တဲ့ပုဂ္ဂိုလ်သည် ကိုယ်နဲ့နှုတ် စိတ်နဲ့မကောင်းမှု တစ်ခုခုကို ပြုသည်ဖြစ်အံ့ -
အဘဗ္ဗော သော တဿ ပဋိစ္ဆဒါယ -
အဲဒီပြုမိတဲ့ မကောင်းမှုကို သောတာပန်သည် မဖုံးကွယ်ဘူးတဲ့၊ ဖြောင့်ဖြောင့်ဖွင့်၍ ဝန်ခံတယ်၊ သောတာပန်ရဲ့ဂုဏ်ရည် ဟုတ်လား၊ စီးပွားရေးရာ ဖျက်ခံရင်ခံမယ်၊ ကိုယ်ကျင့်တရား အပျက်မခံဘူး၊ အသက်နဲ့ခန္ဓာ ဖျက်ဆီးတာခံချင်ခံမယ်၊ အသက်အသေခံမယ် ကိုယ်ကျင့်တရားသီလ အဖျက်မခံဘူး။
အဲဒါတွေလျှောက်ပြောတော့၊ ဟာ သောတာပန်ဖြစ်ရတာ ကောင်းလိုက်တာ၊ နင်ဘယ်လို တရားနာခဲ့သလဲ၊
ဒီလိုနာခဲ့တယ်၊
ဘယ်မှာလဲ၊ ပန်းသည်ကြီးအိမ်မှာ၊
အဲဒါတွေပြန် Report လုပ်တော့ သာမာဝတီက ဟေ့ နင်နာခဲ့တဲ့ တရားတွေကို ငါတို့ကိုပြန်ဟောစမ်းပါ၊ တို့ကတော့ နန်းတော်ထဲက အပြင် ထွက်ခွင့်မရလို့၊ တရားမနာရတော့ဘူးကွယ်၊ နန်းတော်ထဲ လှောင်ထားပြီး ဟိုကောင်မ ကုန်းတိုက်တာနဲ့ တို့အပြင်ထွက်ခွင့်မရဘူး၊ နင်ရပြီးတဲ့ တရားလေးပြန်ဟောစမ်းပေါ့။

နန်းတွင်းအမျိုးသမီးများ
နန်းတော်ထဲက မိန်းမတွေက ဒီလိုပဲဗျနော်၊ တစ်ယောက်ကဘုရားနဲ့၊တရားနဲ့၊သံဃာနဲ့၊ ရှင်အာနန္ဒာနဲ့ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင်ဆို ဟို ဘက်က နှုတ်ခမ်းစူ၊ မျက်စောင်းထိုးလို့ ဟိုလူနှင့်ဟိုလူ ရင်းနှီးရင် ဒီလူနှင့် ဒီလူက တစ်မျိုးပဲ၊ နန်းတော်ထဲက မိန်းမတွေ ဟုတ်လား၊ အဲဒီလိုဖြစ်တယ်။
အဲဒါကြောင့် တို့ဘုရားလည်းမဖူးရ၊ တရားလည်းမနာရ၊ တို့ဒုက္ခ ရောက်နေရတယ်ကွာ၊ မင်းနာခဲ့တဲ့တရားကို ပြန်ဟောစမ်းပါ။

ဓမ္မကထိက ခုဇ္ဇုတ္တရာ
အဲဒီတော့ ခုဇ္ဇုတ္တရာက ဘာပြောသလဲလို့ဆိုတော့ ရှင်မဟောမယ်၊ ဒါပေမယ့် မြတ်စွာဘုရားရဲ့ တရားတော်ဟာ ''အနဂ္ဃဒေသနာ'' ပြောဘာလဲ၊
အနဂ္ဃဒေသနာပါဘုရား။
တန်ဖိုးမဖြတ်နိုင်တဲ့တရား၊ ဘာတရားလဲ။
တန်ဖိုးမဖြတ်နိုင်တဲ့တရားပါဘုရား။
အဲဒီလိုတန်ဖိုးကြီးမားတဲ့ ဒီတရားဒေသနာတော်ကို တန်ဖိုးထား ပြီး တရားနာရမယ်ရှင်မရေ။
ပြောစမ်းပါအုံး ဘယ်လိုတန်ဖိုးထားရမလဲ။

အမျိုးသမီးစွမ်းဆောင်ရှင်ဆိုတာ
သင်တို့က တရားနာ၊ ငါက တရားဟော၊ ငါ့ကို ကျွန်မလေးရဲ့လို့ ဆိုပြီးတော့ ကြမ်းပြင်မှာထိုင်ပြီးတော့ မဟောခိုင်းနဲ့၊ နင်တို့က ဘုရင်မကြီးဆိုပြီတော့ ပလ္လင်ပေါ်ကနေ နာလို့ကတော ငါက တရားမဟောနိုင်ဘူး၊ အောင်မယ် ဈေးကတက်လာတယ်၊ အဲဒါ အမျိုးသမီးစွမ်းဆောင်ရှင်ဆိုတာ အဲဒါပဲ ဘုရင်မကြီးပဲဖြစ်စေကာမူ တရားမရှိလျှင် ကြမ်းပြင်ပေါ်မှာထိုင်၊ ဟာ ခုဇ္ဇုတ္တရာလုပ်လိုက်တာ။

ကျုပ်က တရားဟောမယ်ပုဂ္ဂိုလ်ဆိုလျှင် တရားဟောမယ့်ပုဂ္ဂိုလ်ကို တန်ဖိုးထားသည့်အနေဖြင့် ရှေးဦးစွာ (၁) နံ့သာနဲ့ရေချိုး၊ ပြီးတော့ အဝတ် သစ်လဲပေးပါ၊ အဝတ်ဟောင်းနဲ့ မဟောနိုင်ဘူး၊ ပြီးလို့ရှိရင် ရွှေခွက်နဲ့ ထမင်းကျွေးပါ။
မိဖုရားကြီးလုပ်ရတယ်၊ ဟိုတုန်းက ခုဇ္ဇုတ္တရာက သာမာဝတီကို ရှိခိုးရတယ်နော်၊ ယခု သာမာဝတီအလှည့်ရောက်ပြီ၊ ဓမ္မကထိကခုဇ္ဇုတ္တရာ ကို သာမာဝတီက ဘာလဲ၊ ရေချိုးပေးရတယ်၊ နံ့သာနဲ့၊ ပြီးတော့ ဘာလုပ် ပေးရသလဲ၊ အဝတ်သစ်လဲ၊ ပြီးတော့ ဘာလုပ်ပေးရသလဲ၊ ရွှေခွက်နဲ့ထမင်းကျွေး၊ ပြီးတော့မှ ရွှေပလ္လင်ခင်းပြီးတော့ အဲဒီပေါ်မှာတင်၊ ပလ္လင်ပေါ်ဘယ် သူရောက်သွားသလဲ။
ခုဇ္ဇုတ္တရာပါဘုရား။
ကြမ်းပြင်မှာ ဘယ်သူတွေထိုင်နေသလဲ။
သာမာဝတီတို့ပါဘုရား။

သူဋ္ဌေးသမီး အစေခံထံ အောက်ကျို့
ဒါ သူတို့အလှည့်ပဲ၊ သာမာဝတီတို့က ကြမ်းပြင်ပေါ်ထိုင်၊ တရား တော်ကိုရိုသေလို့ရှိရင် ဒီလိုပဲလုပ်ရတယ်၊ အဲဒါမှ ပလ္လင်ပေါ်ကနေပြီးတော့ ခုဇ္ဇုတ္တရာက တရားဟောတယ်၊ တရားစဟောလိုက်တဲ့အခါမှာ ဆင်းတဲ့အ ထိ ဝါကျလေးတစ်ခုကို သူသေသေချာချာရွတ်ထားတယ်။
''ဣတိ ဝုတ္တံ ဘဂဝတာ''
သေသေချာချာ ပြန်နားထောင် ''ဣတိ ဝုတ္တံ ဘဂဝတာ'' ဘယ်လို ရွတ်သလဲ။
''ဣတိ ဝုတ္တံ ဘဂဝတာ'' ပါဘုရား။
အဲဒါ ခုဇ္ဇုတ္တရာရဲ့ဝါကျ သုတ္တန်ကြီးတစ်ခုလုံးကို နာကြားပြီးပြီ၊ ဆောင်ထားပြီးပြီ၊ မှတ်ထားပြီးပြီ၊ ပြန်ဟောတော့မယ် စတော့ ဘာနဲ့စလဲ ''ဣတိ ဝုတ္တံ ဘဂဝတာ'' ဘဂဝတာ - မြတ်စွာဘုရားသည်။ ဣတိ - ဤသို့။ ဝုတ္တံ - ဟောတော်မူအပ်၏။ ဘာသာပြန်ရင် မြတ်စွာဘုရား ဤကဲ့သို့ ဟောတော်မူ၏ သူဟောတယ်လို့မပြောဘူး၊ ဒါလေးတွေချစ်ရ ခင်ရ ကြည်ညိုရ အတုယူကြရမှာ မဟုတ်လား။

ရိုးသားသော ဓမ္မကထိက
အဲဒါ ငါသိတယ် ငါတတ်တယ် ငါဖတ်ထားတာ ငါနားလည်တာ ဆိုတာမျိုးကို မသုံးဘူး ရိုးသားတဲ့ပုဂ္ဂိုလ်ရဲ့ဟောပြောချက်က ''ဣတိ ဝုတ္တံ ဘဂဝတာ'' ဣတိ - ဤသို့။ ဘဂဝတာ - မြတ်စွာဘုရားသည်။ ဝုတ္တံ - ဟောတော်မူအပ်၏။ ဆိုပြီးတော့ လျှောက်ဟောတာ၊ ပလ္လင်ပေါ်ကနေပြီး တော့ဟောလိုက်တာ အဋ္ဌကထာဆရာက ပြောတောင်ပြောတယ်။
ဂင်္ဂါမြစ်ကြီးကို ဇောက်ထိုးကြီးထောင်ပြီးတော့ သွန်ချသလို တဝေါဝေါနဲ့ ရေတွေစီးသွားသလို သူဟောတဲ့တရားတွေက မရပ်မနား အဖုအထစ်မရှိဘူး၊ ဟောလိုက်တာ။

သောတာပန်က သောတာပန်ဖြစ်အောင် ဟောနိုင်
တရားနိဂုံးဆုံးတဲ့အခါမှာ သာမာဝတီမိဖုရားနှင့်ဟိုအမျိုးသမီးငါးရာ အကုန်လုံး သောတာပန်ဖြစ်သွားတယ်၊ ဘယ်သူဟောသလဲ။
ခုဇ္ဇုတ္တရာပါဘုရား။
စွမ်းဆောင်ရှင်အမျိုးသမီးဆိုတာ အဲဒါ၊ တကယ်စွမ်းတယ်၊ မိဖုရားကြီးတွေကို ဘာဖြစ်အောင်ဟောသလဲ။
သောတာပန်ဖြစ်အောင် ဟောပါတယ်ဘုရား။
ဘုရားဟောသမျှ တရားတွေကို မလွတ်တန်းမှတ်ထားတယ်၊ မမေ့ တမ်း မှတ်ထားတယ်၊ ပြီးတော့ ပြန်ဟောတယ်၊ မိဖုရားငါးရာ သောတာပန် တည်တယ်၊ မစွမ်းဘူးလား။
စွမ်းပါတယ်ဘုရား။
အဲဒီလိုပုဂ္ဂိုလ်မျိုးကို ဧတဒဂ်ပေးရမှာပေါ့၊ သာမာဝတီတို့သောတာပန်တည်ပြီးတော့ သာမာဝတီက ကိုင်း ရှင်မရေ ဒီကနေ့စပြီးတော့ ပန်းတော်ဆက်ရာထူးကနေပြီးတော့ သင့်ကိုဓမ္မကထိကရာထူးကိုခန့်လိုက်တယ်။ ရာ ထူးတက်သွားပြီ ဏမသာသအငသည ဟုတ်လား၊ ဘာရာထူးရသလဲ။
ဓမ္မကထိကရာထူးပါဘုရား။

တရားပွဲတိုင်း သူပါ
မြတ်စွာဘုရား သီတင်းသုံးတဲ့ ဃောသိတာရုံကျောင်းကို နေ့တိုင်းသွား၊ ဘုရားဟောတဲ့ တရားအားလုံးကို အကုန်နာ၊ အကယ်၍ ဘုရားသည် ပါဝါရိကာရုံ မှာနေရင် ပါဝါရိကသွား၊ အကယ်၍ ဘုရားကကုက္ကုဋာရုံမှာရှိရင် ကုက္ကုဋာ ရုံသွား၊ ကောသမ္ဘီမှာဘုရားနေသမျှကာလပတ်လုံး ဟောသမျှတရားတွေကို အကုန်လုံးသွားနာ၊ နာပြီးရင် နေ့တိုင်းရွှေနန်းတော်မှာ ပြန်ဟော၊ သူ့တာဝန်ပဲ၊ အဲဒါဖြစ်သွားပြီတဲ့၊ ဓမ္မကထိကတာဝန်။
အဲဒီတော့ ရွှေနန်းတော်ထဲမှာ နေ့တိုင်းတရားတပွဲခြိမ့်ခြိမ့်ဖြစ် မသွားဘူးလား၊
ဖြစ်ပါတယ်ဘုရား။

(အပိုင်း-၁၁) ဆက်ရန်

သီတဂူစတား
၁၃-၂-၂၀၁၀

10 February 2010

သီတဂူဆရာတော်ကြီး၏ မွေးနေ့မင်္ဂလာ


သီတဂူဆရာတော်၏ သက်တော်(၇၃)နှစ်ပြည့် ၀ိဇာတ မွေးနေ့မင်္ဂလာ
ဖိတ်ကြားလွှာ


ဖိတ်ကြားအပ်ပါသည်
ကျေးဇူးတော်ရှင် သီတဂူဆရာတော်၏
သက်တော်(၇၃)နှစ်ပြည့် ၀ိဇာယနအခါတော် ကုသိုလ်ကောင်းမှုမင်္ဂလာပွဲကို
ယခု ၁၃၇၁ခုနှစ် တပေါင်းလပြည့် (၂၇-၂-၂၀၁၀)နေ့တွင် ဆင်ယင်ကျင်းပမည် ဖြစ်ပါသောကြောင့်

အောက်ဖေါ်ပြပါ အစီအစဉ်အတိုင်း
ကောင်းမှုကုသိုလ်တော်ပွဲအားလုံးတွင် ပါဝင်တက်ရောက်ကြည်ညို ကုသိုလ်ယူကြပါရန်
လေးစားစွာဖိတ်ကြားအပ်ပါသည်၊

အစီအစဉ်


တပေါင်းလဆန်း(၁၂)ရက်နေ့ (၂၄-၂-၂၀၁၀)နေ့
နံနက်(၈)နာရီအချိန်တွင် သီတဂူအရှင်ဒေ၀ိန္ဒာလင်္ကရာဘိဝံသ(M.A)ကို
ယခင်ကိန္နရာချောင် ယခု သဒ္ဓမ္မဝေဒဂူချောင်၏ ကျောင်းထိုင်တာဝန်ခံအဖြစ် တင်မြှောက် အပ်နှင်းခြင်း။

တပေါင်းလဆန်း(၁၃)ရက်နေ့ (၂၅-၂-၂၀၁၀)နေ့
နံနက်(၈)နာရီအချိန်တွင်
စစ်ကိုင်းမြို့နယ်၊ ဆားတောင်ကျေးရွာ၌ သီတဂူဗြဟ္ဓာယု ဆေးရုံတော်ကြီးကို ဖွင့်လှစ်ခြင်း။

တပေါင်းလဆန်း(၁၄)ရက်နေ့ (၂၆-၂-၂၀၁၀) နေ့
နံနက်(၈)နာရီအချိန်တွင်
မက္ခရာ ရွှေစည်းခုံ စေတီတော်ကြီး၌ စေတီလေးပါး ဌာပနာသွင်း ပူဇော်ခြင်း။

တပေါင်းလပြည့် (၂၇-၂-၂၀၁၀)နေ့
နံနက်(၅)နာရီ အချိန်တွင် ပင့်သံဃာတော်အပါး(၁၀၀၀)တို့အား
သပိတ်၊သင်္ကန်း၊ဆွမ်း၊ခဲဖွယ် ဘောဇဉ် စုံလင်စွာဖြင့် လောင်းလှူပူဇော်ခြင်း၊
နံနက်(၆)နာရီအချိန်တွင်သံဃာတော်အရှင်မြတ်တို့အား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊
နံနက်(၇)နာရီ အချိန်တွင် သီတဂူဆရာတော်ကို ပုနောပသမ္ပဒ သိက္ခာထပ် မင်္ဂလာ ပြုလုပ်ခြင်း၊

တပေါင်းလပြည့်ကျော်(၁)ရက်နေ့ (၂၈-၂-၂၀၁၀)နေ့
နံနက်(၅)နာရီအချိန်တွင် သီလရှင်အပါး(၁၀၀၀)တို့အား
အရုဏ်ဆွမ်းလှူဒါန်းခြင်း။ သီလရှင်ဝတ်စုံနှင့် အခြားလှူဖွယ် ပစ္စည်းများလောင်းလှူခြင်း စသည့်
ကုသိုလ်တော်ပွဲ အရပ်ရပ်ကို ပါဝင်ကြပြီး ဝေယျာဝစ္စကောင်းမှူ့ ကုသိုလ်ဒါနဝေစု
ရယူကြပါရန် ဖိတ်ကြားအပ်ပါသည်။

စီမံအုပ်ချူပ်ရေးအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း


===============================================================

ပေးပို့သူ၏ လျှောက်ထားလွာ

သီတဂူဆရာတော်ကြီး၏ မွေးနေ့ပူဇော်ပွဲများကို နှစ်စဉ် တပေါင်းလပြည့်နေ့မှာ ပြုလုပ်လေ့ရှိပါသည်။ မွေးနေ့ပူဇာသည် မောင်ပဇင်းများ သိတဲ့အတိုင်း ရိုးရိုးရှင်းရှင်းလေးပင်ဖြစ်ပါသည်။ ပြည်တွင်းပြည်ပမှ သီတဂူဆရာတော်ကြီး၏ တပည့်ဒကာဒကာမများသည် နှစ်စဉ်နှစ်တိုင်း တပေါင်းလပြည့်နေ့တွင် ကား ရထား လေယာဉ်စသည်တို့ဖြင့် စစ်ကိုင်းတောင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ရောက်လာကာ အတူတကွ အလှူဒါနပြုရသည်မှာလဲ အလွန်ပျော်စရာကောင်းပါသည်ဘုရား။ ယခုလို ဆရာတော်ကြီး၏ တပည့်ဒကာဒကာမများ တက်ညီလက်ညီ စည်းလုံးညီညွတ်ကာ ဆရာတော်ကြီး၏ သာသနာပြုလုပ်ငန်းတွေမှာ ပါဝင်ခွင့်ရသည်မှာလည်း တပည့်တော်မတို့အတွက် တကယ့်ကို ကံထူး ဘုန်းထူးကြပါသည်ဘုရား၊ ဘုန်းထူးကံထူးလို့ပဲ ဘုရားတပည့်တော်များ ပါဝင်ခွင့်ရသည်ဟု ယုံကြည်ထားကြပါသည်ဘုရား။

မွေးနေ့ပွဲမှာဆိုရင် မနက်စောစော (၄)နာရီထိုးတာနှင့် ဆရာတော်ကြီး၏ ကြည်လင်ပြတ်သားသော တရားတော်များကို နားကြားခွင့်ရကြပါသည်ဘုရား၊ ထိုမှ မိုးလင်းတာနှင့် သံဃာတော်များ ဆွမ်းကပ်ခြင်း ဆွမ်းလောင်းခြင်း အလှူပစ္စည်းများ စာရေးတံ မဲဖောက်ကာ လှူဒါန်းခြင်း၊ သံဃာ (၁၀၀၀) နှင့် သီလရှင် (၁၀၀၀)အတန်းပေါက်လောင်းလှူကြခြင်းနှင့် ကြွရောက်လာသော ဧည့်သည်တော်များအား ဧည့်ခံကြွေးမွေးရသည်မှာ အရမ်းကို ကြည်နူးမိပါတယ်ဘုရား။

ဆရာတော်ကြီး၏ (၇၃)နှစ်မြောက်မွေးနေ့ အစီအစဉ်တွေပါဘုရား၊ အဝေးရောက် မောင်ပဇင်းများ သတိရအောင် ပို့ပေးလိုက်ပါတယ်၊ အဝေးတနေရာက ဆရာတော်၏ ကြီးရဲ့မွေးနေ့ကို ဂါရ၀ပြုရအောင် ပို့ပေးခြင်းဖြစ်ပါတယ်ဘုရား၊၊ ဆရာတော်၏ အနားမှာေ၇ာက်ပြီး မွေးနေ့ပွဲကို ကိုယ်တိုင်ပါဝင် ခံစားနေရသလို စိတ်မှာအာရုံပြုနေကြပြီး ဆရာတော်၏ မွေးနေ့ကို ဆင်နွှဲနိုင်ကြပါစေဘုရား။

တပည့်တော်မတို့လဲ(၂၃)ရက်နေ့ည ကားနဲ့ စစ်ကိုင်းကို သွားကြပါမယ်ဘုရား။ ပြန်လာတော့မှ ဓါတ်ပုံတွေ ပို့ပေးလိုက်မယ်နော်ဘုရား။ မတ်လ(၁)ရက်နေ့တော့ ရန်ကုန်ပြန်ေ၇ာက်မှာပါဘုရား။
တပည်တော်မ--မမပန်း

ယခုလို တဖတ်တလမ်းကနေ သတင်းစကားများ ပို့ပေးနေတဲ့ သီတဂူကျောင်းအမအား အထူးကျေးဇူးတင်ပါသည်။

သီတဂူစတား
၁၀-၂-၂၀၁၀

08 February 2010

အမျိုးသမီးစွမ်းဆောင်ရှင် (အပိုင်း-၉)



သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်ကြီး၏ အဓိပတိဆရာတော်နှင့် ထိုင်းနိုင်ငံ မဟာမကုဋ် တက္ကသိုလ်ကြီး၏ ပါမောက္ခချုပ်ဆရာတော်တို့ ၂၀၀၉ ခုနှစ် သီတဂူဆရာတော်ကြီး၏ မွေးနေ့တွင် အမှတ်တရ

ခုဇ္ဇုတ္တရာ

ပန်းဆက်သမ
အဲဒီတော့ သာမာဝတီတို့ငါးရာ ပရိသတ်ရေ ဘုရားဆီတရားနာဖို့ သွားခွင့်မရတော့ဘူး၊ နေ့စဉ်နေ့စဉ် သာမာဝတီထံကို ပရိသတ်ရေ ပန်းဆက်တဲ့တာဝန်ကို ယူရတဲ့ ခုနပြောထားတဲ့ ဘယ်သူများလဲ ခုဇ္ဇုတ္တရာ၊ နေ့စဉ်ပန်းဝယ်ပြီးတော့ ဆက်တဲ့ရှစ်ကျပ်ဖိုး၊ ရှစ်ကျပ်ဖိုး ပန်းဆက်တာ၊ တစ်ခုသောနေ့မှာ ပန်းရောင်းတဲ့ပန်းသည်ကြီးရဲ့ အိမ်မှာဘုရားနှင့်သံဃာကို ဆွမ်း ကပ်ကြတယ်။
အဲဒါ ခုဇ္ဇုတ္တရာက ပန်းဝယ်ဖို့သွားတယ်၊ တစ်အိမ်လုံးဆွမ်းပွဲတွေ အတွက်အလုပ်ရှုတ်နေတာကို တွေ့တော ဟာ ဒီအိမ်ကလူတွေ စည်လိုက်တာ ဘာများလဲ မေးကြည့်တော့ ပန်းသည်ကြီးကပြောတယ်၊ ဘုရားနှင့်သံဃာတော်ငါးရာကို ဆွမ်းကပ်မလို့ ပန်းမပေးနိုင်သေးဘူး၊ ဝင်ပြီးကူညီစမ်းပါအုံး။

အခွင့်ရေးကို ထိုင်စောင့်မနေနဲ့
ဆွမ်းကျွေးပွဲ ခုဇ္ဇုတ္တရာက အခွင့်အရေးရသွားပြီ ပရိသတ်ရေ၊ ဘာဝင်လုပ်လိုက်ရသလဲ၊ ဆွမ်းကျွေးပွဲ ဝေယျာဝစ္စဝင်လုပ်တယ်၊ သူ့အလှူမဟုတ် သူများအလှူ ဘုရားဆွမ်းကပ်၊ ဆွမ်းကပ်လို့ပြီးတော့ တရားဟော တရားဟောတော့ ဧည့်သည်ပန်းသည်သမားလေးနော်၊ အဲဒီဆွမ်းကပ်တဲ့ ပန်းသူဋ္ဌေးက ဘာမှမဖြစ်ဘူး၊ ပရိသတ်၊ နောက်အစွန်းကနေ ဝေယျာဝစ္စဝင်လုပ်နေရင်းနဲ့ တရားနာတဲ့ ခုဇ္ဇုတ္တရာက သောတာပန်ဖြစ်သွားတယ်။

ပန်းသည်မလေး၏ အခွင့်ရေးများ
သူဖြစ်တဲ့ သောတာပန်က တခြားသောတာပန်တွေထက် ထူးထူးဆန်းဆန်း ''စတူဟိ ပဋိသမ္ဘိ ဒါဟိ'' ပဋိသမ္ဘိဒါအပြား မဂ်ဥာဏ်လေးပါးတို့နှင့်။ သဟ - အတူတကွ။ သောတာပတ္တိဖလေ - သောတာပတ္တိမဂ်ဥာဏ် ဖိုလ်ဥာဏ်၌။ ပတိဋ္ဌာဟိ - တည် ခဲ့လေလပြီ။ အဋ္ဌကထာကပြောတယ်၊ သောတာပတ္တိမဂ်ဥာဏ်နှင့် ပဋိသမ္ဘိ ဒါဥာဏ်လေးပါးနဲ့အတွဲလိုက်ဖြစ်တာ။

ပဋိသမ္ဘိဒါဥာဏ်လေးပါး
အဲဒီ ပဋိသမ္ဘီဒါဆိုတာ အရာရာကိုခွဲခြမ်းစိပ်ဖြာ၍ဖောက်ဖောက် ထွင်းထွင်းသိတဲ့Óဏ် -
(၁) မြတ်စွာဘုရားဟောတဲ့ စကားရပ်တွေကို ဖောက်ထွင်း၍ခွဲခြမ်း စိပ်ဖြာ၍သိတယ်၊ (ဓမ္မပဋိသမ္ဘိဒါဥာဏ်)
(၂) အဲဒီစကားရပ်တွေကို အဓိပ္ပါယ်ဖွင့်ပြီးတော့ သိတယ်။ (အတ္ထ ပဋိသမ္ဘိဒါဥာဏ်)
(၃) ပါဠိ ပုဒ် ဝါကျ သဒ္ဒါအနေအထားကို သိတယ်။ (နိရုတ္တိပဋိ သမ္ဘိဒါဥာဏ်)
(၄) ကိုယ်ပိုင်ဥာဏ်နဲ့ထိုးထွင်း၍လည်းသိတယ်။ (ပဋိဘာနပဋိသမ္ဘိ ဒါဥာဏ်)
ဘယ်နှယ်နည်းသိသလဲ။
လေးနည်းသိပါတယ်ဘုရား။
အဲဒီဥာဏ်လေးပါးကို ပဋိသမ္ဘိဒါဥာဏ်လေးပါး၊ ဒါမှ ဓမ္မပဋိသမ္ဘိဒါ၊ အတ္ထပဋိသမ္ဘိဒါ၊ နိရုတ္တိပဋိသမ္ဘဒါ၊ ပဋိဘာနပဋိသမ္ဘိဒါဥာဏ်ရယ်လို့ ပဋိသမ္ဘိဒါလေးပါးရှိတယ်။
ပဋိသမ္ဘိဒါဥာဏ် အဲဒီဥာဏ်လည်းပိုင်သွားပြီး၊ ပြီးတော့မှ ပန်းဝယ် ပြီးတော့မှပြန်တယ်၊ ရွှေနန်းတော်ပြန်တယ်တဲ့ ပန်းဆက်တယ်။ ပန်းက သူ ဝယ်ဖို့ဘယ်လောက် ပေးထားသလဲဆိုတော့ တစ်နေ့တစ်နေ့ကို ပန်းဖိုးရှစ်ကျပ် ရှစ်ကျပ်ပေးတယ်၊ ရှစ်ကျပ်ဖိုးပန်းပြီးတော့ ပြန်သွားတယ်။
နန်းတော်ထဲရောက် မိဖုရားကြီးသာမာဝတီကို ပန်းတွေပုံပြီးဆက်လိုက်တယ်၊ မိဖုရားကြီးက ပန်းတွေကိုကြည့်ပြီးတော့ မျက်လုံးပြူးသွားတယ်၊ ဟဲ့ကောင်မ နင်အခါတိုင်း ပန်းတွေ ယူယူလာတာ အခုပန်းရဲ့တစ်ဝက်ပဲ ရှိတယ်၊ ဒီကနေ့ပန်းတွေက နှစ်ဆကြီးများလာတာ ဘယ်လိုဖြစ်တာလဲ၊ ဘယ်လိုလုပ်ပြီး ဒီပန်းတွေရာလာသလဲလို့ သာမာဝတီကမေးတယ်။

အဲဒီတော့ ခုဇ္ဇုတ္တရာကပြောတယ်၊ ယခင်နေ့တွေတုန်းက ပန်းဆက်တာ သခင်မရှစ်ကျပ်ပေးလိုက်ပေမယ့် လေးကျပ်ဖိုးပဲဝယ်ပြီးတော့ဆက်သ ခဲ့တာပါတဲ့၊ သောတာပန်မဖြစ်ခင်ရှေးရှေးတုန်းက ဘယ်လောက်ခိုးသလဲ။
လေးကျပ်ခိုးပါတယ်ဘုရား။

အစေခံပေမဲ့ စွမ်းဆောင်ရှင်များဖြစ်နိုင်
အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်တို့ ရတဲ့ဥာဏ်မျိုးကို ဒီအမျိုးသမီးကလေးက ရခဲ့တာ၊ သောတာပတ္တိဥဏ်နှင့်တွဲလိုက်ရင် သောတာပတ္တိ ပဋိသမ္ဘိဒါဥာဏ်ရတဲ့ပုဂ္ဂိုလ်ဆိုတာ ရှားရှားပါးပါး သူတစ်ယောက်ပဲ။ အဲဒီတော့ ပဋိသမ္ဘိဒါဥာဏ်ကို အရှင်သာရိပုတ္တရာရတဲ့ဥာဏ်မျိုးကို ဒီအမျိုးသမီးက ရသွားတော့ ပရိသတ်ရေ၊ အမျိုးသမီးတွေထဲမှာ ပန်းဆက်သမလေးဖြစ်လင့်ကစား၊ အစေအပါးလေးဖြစ်လင့်ကစား ပရိသတ်ရေ ထူးချွန်တဲ့မိန်းမ တစ်ယောက်ဆိုတာ ပရိသတ် မသေချာဘူးလား။
သေချာပါတယ်ဘုရား။

အေး ဘယ်သူမှတော့ ထူးချွန်မှန်း မသိလိုက်ဘူးပေါ့ဗျာ၊ ဘုရားရှင်ကိုယ်တော်မြတ်ပဲ သိတယ်၊ သောတာပန်ဖြစ်ပြီးပြီ ပဋိသမ္ဘိဒါဥာဏ်လေးပါး ရလိုက်ပြီဆိုတော့ ဘုရားအဲဒီနေ့ကဟောလိုက်တဲ့တရား၊ တစ်ပုဒ်လုံးကို တစ်ခုမကျန် အကုန်လုံးကို သူမှတ်မိသွားတယ်၊ ဘုန်းကြီးတို့ပရိသတ်နှင့် ကွာသွားတယ်၊ အဲဒါတွေကွာသွားတာ၊ ဘုရားဟောတဲ့တရားကို တစ်လုံး မကျန် အကုန်လုံး ဘာဖြစ်လိုက်သလဲ အကုန်လုံးရသွားပြီ မှတ်မိသွားပြီ၊ တရားလည်းရပြီးပြီ၊ သောတာပန်လည်းဖြစ်ပြီးပြီ။

သောတာပန်မဖြစ်သေးသရွေ့ စိတ်မချ

လေးကျပ်လေးကျပ် နေ့တိုင်းအိတ်ထဲထည့်၊ အဲဒီကောင်မလေးက မင်းနန်းတော်ထဲက ပန်းဆက်တဲ့လူရဲ့လုပ်ထုံးပေါ့ဗျာ၊ စပြီးတော့ပန်းဆက်တဲ့တာဝန်ပေးကထဲက ရှစ်ကျပ်ပေးတာ၊ စခန့်တဲ့နေထဲက နေ့တိုင်း လေးကျပ်လေးကျပ် ခိုးတာ၊ အခုသောတာပန်ဖြစ်ပြီးဆိုတဲ့ နေ့ကျမှ ရှစ်ကျပ်ဖိုး အပြည့်ဆက်တာ၊ အဲဒါကို သာမာဝတီက အံ့သြလို့မေးတော့မှ ဝန်ခံတယ်၊ နေ့တိုင်းနေ့တိုင်းတော့ လေးကျပ်လေးကျပ်ခိုးခိုးထားပြီးတော့ လေးကျပ်ဖိုးပဲ ဆက်ပါတယ်၊ ပန်းဆက်ရာထူရပြီးလို့ တစ်ဝက်တစ်ပျက်ကျမှ တစ်ကျပ် ခိုး နှစ်ကျပ်ခိုး ဒီလိုခိုးတာမဟုတ်ဘူးနော်၊ စခန့်တဲ့နေကတည်းက တစ်ဝက် ခိုးတာ။
အဲဒါကြောင့်မို့လို မိဖုရားကြီးက သိကိုမသိဘူး၊ ငါပန်းရှစ်ကျပ်ဖိုးက ဒါပဲလို့ထင်နေတာနော်၊ သောတာပန်ဖြစ်တဲ့နေ့ကျမှပေါ်သွားတာ၊ အဲ ဒါကြောင့် အားလုံးအတွက် ဘုန်းကြီးအထူးဆုတောင်းတာကတော့ သောတာ ပန်ဖြစ်တော်မူကြပါစေ၊ ဒါ အထူးဆုတောင်း၊ နောက်ပရိုဂျက်ကြီးတွေ တစ် ခုခုလုပ်လိုက်လို့ရှိရင်လေ ခုခုဇ္ဇုတ္တရာက ရှစ်ကျပ်ကို ဘယ်လောက်ခိုးလဲ။
လေးကျပ်ခိုးပါတယ်ဘုရား။

ကုဋေတစ်ရာ project ကို ခုဇ္ဇုတ္တရာ မင်းကိုင်စမ်းကွာ ဒါရိုက်တာလုပ်ပြီးဆွဲစမ်းဆိုရင် ကုဋေငါးဆယ်ခိုးမှာပေါ့၊ သွားပြီတိုင်းပြည်က တစ်ဝက်ပဲရမှာ၊ အဲဒါကြောင့် ဘုန်းကြီးတို့ကတော့ အထူးဆုတောင်းတယ်၊ တခြားနည်းတော့ လုပ်လို့ရမှာမဟုတ်တော့ဘူး။

အားလုံးသောတာပန်ဖြစ်ကြပါစေ
အားလုံးသောတာပန်ဖြစ်အောင် ကမ္မဋ္ဌာန်းရိပ်သာတွေက စွမ်းဆောင်တော်မူနိုင်ကြပါစေ၊ အဲဒီ project ကိုင်တဲ့လူတွေ အကုန်လုံးလဲပဲ ရိပ်သာမှာတရားတွေဝင်ပြီးတော့ သောတာပန်ဖြစ်တော်မူကြပါစေ၊ တိုင်းပြည်က ရာနှုန်းပြည့်ရအောင် ဘုန်းကြီးက ဒါကိုဆုတောင်းတာ။ အဲဒါမှ မဟုတ်ရင် fifty fifty ဖြစ်သွားမယ်၊ အဲဒီတော့ Charges တွေ နည်းမှ မနည်းပဲ။

သောတာပန်များ ခိုးမှုလုံးဝရှောင်
ခုဇ္ဇုတ္တရာက တစ်ယောက်ထဲ တုပ်ထားတာနော်၊ တစ်နေ့လေးကျပ် မိဖုရားကြီးကလေးကျပ်၊ သူကလေးကျပ်၊ အဲဒီလိုဖြစ်၊ သောတာပန်ဖြစ်တော့မှပေါ်လာတယ်၊ မိဖုရားကြီးကသိသွားတယ်၊ သြော်သောတာပန်မဖြစ်ယင်တော့ ခိုးတာပဲ၊ သောတာပန်ဖြစ်ခိုးထားတဲ့ဥစ္စာ ငါအပြည့်ပေးတာကို၊ အံ့သြပြီးတော့ သာမာဝတီက ဟဲ့နင်သောတာပန်ဖြစ်ဆိုတာ ဘယ်လိုဖြစ်၊ ဘာ ညာ ငါကိုပြောစမ်းပေါ့၊ ဟိုတုန်းကလည်း အရပ်ထံ အိမ်မှာနေတုန်းက အတူတူ၊ ရွှေနန်းတော်ကျတော့လည်း အတူတူဆိုတော့ သောတာပန်ရဲ့ဂုဏ်ရည် တွေပြောပြတယ်၊

(အပိုင်း-၁၀) ဆက်ဦးမည်။
သီတဂူစတား
၈-၂-၂၀၁၀

07 February 2010

ဘလော့ဂ်အကယ်ဒမီ

အခုတလော ရေပန်းစားနေတဲ့ ဘလော့ဂ်အကယ်ဒမီပါဘဲ။
http://www.mmblogpress.org/for-reg-concern/to-vote-mbaa2009/ အဖွဲ့ကနေ တဦးချင်းရဲ့ကိုယ်ပိုင် ဆန္ဒစနစ်နှင့် မဲပေးပြီး ဘလော့ဂ်တွေကို အမှတ်ပေးနေပါတယ်။ ဘာသာရေး၊ နည်းပညာ၊ သတင်း နှင့် သုတ စသည့်ဆိုဒ်များ အပိုင်းခွဲကာ ယှဉ်ပြိုင်စေပါတယ်။ မဲပေးပုံနည်းစနစ်တွေကို ကိုသံလုံငယ် (http://thanlonnge.info/) နှင့် ကိုညီနေမင်း (http://www.nyinaymin.com/) တို့ ဆိုဒ်တွေမှာ ကြည့်နိုင်ပါတယ်။

အဖွဲ့၏ရည်ရွယ်ချက်
ထိုအဖွဲ့၏ ရည်ရွယ်ချက်များသည်လည်း အလွန်မွန်မြတ်သည်ဟူ၍လည်း ယုံကြည်ထားပါသည်။ ဘာသာရေးအသိပညာ၊ နည်းပညာ၊ လူမှုရေး၊ ပရဟိတ စတာတွေကို တိုးတက်စေလိုတဲ့ စေတနာအရင်းခံနှင့် ဘလော့ဂ်အကယ်ဒမီ အစီအစဉ်လေး ပြုလုပ်ပေးတာလဲ ဖြစ်ပါတယ်။

ဘလော့ဂါရဲ့မျော်လင့်ချက်
ယှဉ်ပြိုင်တယ်ဆိုတဲ့အခန်းမှာလဲ ကောင်းတာရှိသလို ဆိုးကြိုးတွေလည်း ထွက်လာနိုင်တယ်ဆိုပေမဲ့ ဘလော့ဂါအားလုံးရဲ့ စိတ်နေသဘောထားများကို ယုံကြည်ပြီးသားဆိုတော့ အကောင်းဘက်ကို ဦးတည်နေသည်ဟု ယုံကြည့်ပါသည်။ ဘလော့ဂါတိုင်းရဲ့ ရင်ထဲမှာတော့ အခွင့်အရေး (ဆု) ရဘို့ထက် ကိုယ့်ဖန်းတီးထားတဲ့ ဘလော့ဂ်လေးကို စာဖတ်ပရိသတ်က ဘယ်လောက်အသိအမှတ်ပြုသလဲ၊ သူတို့အတွက် ဘယ်လောက်အကျိုးများရသွားသလဲ ဆိုတဲ့ သူတို့ရဲ့ ပီတိစကားလေးတွေကိုပဲ ပိုပြီး မျော်လင့်ကြပါတယ်။

အွန်လိုင်းမှာ ညီမတစ်ယောက် ရဲ့ ဂျီမေးလ်မှာတင်ထားတဲ့ ‘‘အနိုင်’’ ဆိုတဲ့ကဗျာလေးကို အမှတ်ရမိပါတယ်။

အနိုင်
‘‘ကံ ခြင်းတူလျှင် ဥာဏ်ရှိသူက အမြဲအနိုင်ရ တယ်၊
ဥာဏ်ခြင်းတူလျှင် ၀ိရိယရှိသူက အမြဲအနိုင်ရတယ်၊
ဝီရိယရှိသူခြင်းတူလျှင် စည်းကမ်းရှိသူက အမြဲအနိုင်ရတယ်၊
စည်းကမ်းရှိသူခြင်းတူလျှင် စေတနာရှိသူက အမြဲအနိုင်ရတယ်၊
စေတနာရှိသူခြင်းတူလျှင် ရိုးသားဖြောင့်မတ်သူက အမြဲအနိုင်ရတယ်၊
ရိုးသားဖြောင့်မတ်သူခြင်းတူလျှင် အပြောချို သာသူက အမြဲအနိုင်ရတယ်၊
အပြောချိုသာ ဖို့ဆိုရင် မိမိမျက်နှာအများကြီးမူတည်တယ်လေ
ချိုသာတဲ့မျက်နှာနဲ့ပြောဆိုဆက်ဆံရင်(50%) က အလိုလို အောင်မြင်ပြီးသားပါ။’’


စေတနာအကယ်ဒမီ
သီတဂူစတားရဲ့ အမြင်ပေါ့၊ သီတဂူစတားတို့လို သာမန် (ပုထုဇဉ်) လူသားတစ်ယောက် အနေနှင့် အပြိုင်အဆိုင်ရှိလာပြီ ဆိုရင် ကိုယ်က သူများကို အနိုင်ရချင်ကြတာ သဘာဝပါ။ သို့သော်လည်း ထိုအနိုင်က ဘာလဲဆိုတာ အရေးကြီးပါတယ်၊ ဘလော့ဂ်အကယ်ဒမီ အရွေးခံရသည်ဖြစ်စေ မသိလို့ ကျန်ခဲ့သည်ဖြစ်စေ သိပ်အရေးမကြီးလှပေ။ ဘလော့ဂ်အကယ်ဒမီ ရဘို့ထက် လူသားတွေအတွက် အသိပညာ၊ ဗဟုသုတ၊ နည်းပညာ စတဲ့ အကျိုးပြုတွေကို ဘယ်လောက်ပေးနိုင်လဲ ဆိုတဲ့ စေတနာ အကယ်ဒမီသာ (စေတနာ ပထမ) ရဘို့ လိုသည်ဟူ၍ပင် ဖြစ်ပါသတည်း။

စေတနာ အကယ်ဒမီများ ဆွတ်ခူးနိုင်ကြပါစေ။

သီတဂူစတား
၇-၂-၂၀၁၀

စိန်ရတုမဂ္ဂဇင်း စာမူဖိတ်ခေါ်

ပခုက္ကူဘိုးဘွားရိပ်သာ စိန်ရတုမဂ္ဂဇင်း စာမူဖိတ်ခေါ်
( ဒီဇင်ဘာ ၁ဝ-ရက်)


ဒေါ်ဦးဇွန်းတည်ထောင်ခဲ့သော ပခုက္ကူဘိုးဘွားရိပ်သာ၏ စိန်ရတုမဂ္ဂဇင်း ထုတ်ဝေမည်ဖြစ်၍ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထု၊ တစ်မျက်နှာဝတ္ထုတို၊ ဘာသာပြန်၊ ဟာသကာတွန်းများ ရေးသားပေးပို့နိုင်သည်ဟု နှိုးဆော်ကြော်ငြာထားကြောင်း
မဂ္ဂဇင်းစီစဉ်သူများထံမှသိရသည်။

စာမူများကို ၂ဝ၁ဝ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၆ ရက်နောက်ဆုံးထား၍ ဖိတ်ခေါ်ထားကြောင်းနှင့် စာမူကို ဒေါက်တာသက်လွင်(အမျိုးသားစာပေဆုရ) သပြေညို ဧည့်ရိပ်သာ၊ မြို့မလမ်း၊ အမှတ်(၇) ရပ်ကွက်ထံလည်းကောင်း၊ ဦးအောင်တင်(အောင်တင်သိုက်) ပခုက္ကူဦးအုံးဖေစာကြည့်တိုက် အုပ်ချုပ်ရေးမှူး ဖုန်း-ဝ၆၂-၂၁၈၂၄ ထံလည်းကောင်း၊ ဦးသောင်းရွှေ ပခုက္ကူဘိုးဘွားဂေဟာမှူး သံခိပ်ရပ်၊ အမှတ်-၃၊ ဖုန်း-ဝ၆၂-၂၁ဝ၁၄ ထံလည်းကောင်း၊ ဦးနေဦးမောင် အမှတ်
(၃)ရပ်ကွက်၊ ၆ လမ်း၊ စိုက်ပျိုးရေးဘဏ်အနီး ပခုက္ကူမြို့ထံလည်းကောင်း ပေးပို့နိုင် ကြောင်း အထက်ပါစီစဉ်သူများထံမှသိရသည်။

စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်လည်း ကြော်ငြာထည့်သွင်းခြင်းဖြင့် ကုသိုလ်ယူနိုင်ကြောင်း အဆိုပါစီစဉ်သူများထံမှ စုံစမ်းသိရှိရသည်။

မှတ်ချက်။ ။(The voice Journal)မှ ကူးယူဖော်ပြသည်။

သီတဂူစတား
၇-၂-၂၀၁၀

06 February 2010

အမျိုးသမီးစွမ်းဆောင်ရှင် (အပိုင်း-၈)



အမျိုးသမီးစွမ်းဆောင်ရှင် (အပိုင်း-၈)


Equanimity
ဘဝဆိုတာ ဒီလိုပဲကိုဗျ၊ ဟုတ်လား၊ တစ်ဘက်ကတော့Pushout လုပ်ပြီးတော့၊ တစ်ဘက်ကတော့ Wellcome ပေါ့ဗျာ၊ တစ်ဘက်ကကြိုဆိုပါ၏၊ တစ်ဘက်ကတော့ ထွက်သွား၊ ဒီလိုဖြစ်တာ။ အဲဒါလူသားတွေရဲ့ဘဝမှာ ကောင်းဆိုး ဒီလိုမျိုးအတွဲလိုက်ပဲ ရှိတတ်တယ်၊ အကောင်းနဲ့တွေ့လို့လည်းပဲ လောဘတွေနဲ့ အသာရ သာယာပြီးတော့ မြောက်မနေဘဲနဲ့၊ အဆိုးနှင့် တွေ့ကြပြန်တော့လည်း စိတ်ပျက်ငြီးငွေ့ပြီးတော့ ဟုတ်လား၊ ဒီလိုပင်ပန်း၍ မနေကြပါနဲ့၊ နှစ်ခုကို မျှတစွာသုံးသပ်နိုင်ဖို့ရာတော့ ဒါတော်တော်အရေး ကြီးတဲ့အလုပ်တစ်ခု။

အဲဒီနေရာမှာတော့ အညီအမျှသုံးဖို့ဆိုလို့ရှိရင် ဒါကို ဥပေက္ခာ လုပ်ရမယ်၊ အကောင်းကိုပဲ မတပ်မက်ဘဲ အဆိုးကိုလဲ စိတ်မပျက်ဘဲ အဲဒီ နှစ်ခုကိုမျှတစွာ ပရိသတ်ရေ သဘောထားတာကို ဒါ ဥပေက္ခာလို့ခေါ်တယ်။ Equal, Equanimity နှစ်ခုစလုံးဟာ အတူတူပါပဲ။ အနိစ္စရောက်ရင် အားလုံးအတူတူပါပဲ။ အဲဒါကြောင့် မြတ်စွာဘုရား ကောသမ္ဗီပြည်ပြီးတော့ ဃောသိတာရုံကျောင်းတိုက်၌ ကိန်းအောင်းလို့နေတဲ့အခါ သာမာဝတီက မြတ်စွာဘုရားဆီသွားပြီး တရားနာ မိန်းမငါးရာနဲ့။

Co-ordinater
ဟော တစ်ခါ သာမာဝတီနဲ့မိန်းမငါးရာ ဘုရားဆီ တရားနာပြီးတော့ အရှင်အာနန္ဒာကလည်း ပိဋကတ်သုံးပုံဆောင်ဆိုတော့ အရှင်အာနန္ဒာက မြတ်စွဘုရားထံလာလာသမျှ ပရိသတ်ကို ကြားကနေပြီးတော့ တွေ့ဆုံခွင့်ပေးတာ၊ မိတ်ဆက်ပေးတာ၊ ဘုရားကိုအကြောင်းကြာတာ၊ ပရိသတ်ကို အကြောင်းကြာတာ အားလုံး အရှင်အာနန္ဒာကလုပ်ရတာ၊ Co-ordinater ပေါ့။ ကြားကနေ ဆက်သွယ်ရတာ အရှင်အာနန္ဒာ။

အဲဒါကြောင့် အရှင်အာနန္ဒာရဲ့ကျေးဇူးကြောင့် ဘုရားကိုဖူးရပေတယ်၊ သာမာဝတီတို့က ကျေးဇူးတွေတင်ပြီးတော့ အရှင်အာနန္ဒာထံသွား ပြီးတော့ သင်္ကန်းလှူကြတယ်၊ အဲဒါ အမျိုးသမီးငါးရာ တစ်ပါးတစ်စုံလှူလိုက်တာ အရှင်အာနန္ဒာ သင်္ကန်းဘယ်နှစ်စုံရသလဲ။
အစုံငါးရာ ရပါတယ်ဘုရား။

ဦးတေန ဣဿာပွား
အဲဒါကို ဥတေနမင်းကြီးကြားတော်မူတယ် ဒီ ဘုန်းကြီးတော်တော် လောဘကြီးတဲ့ဘုန်းကြီး၊ တစ်ပါးတည်းနဲ့ အစုံငါးရာလက်ခံတယ်၊ တစ်ခါတည်း ချီတက်လာတယ်၊ ကိုယ်တော်တစ်ပါးတည်း သင်္ကန်းအစုံငါးရာလက် ခံတယ်ဆိုတာ ဟုတ်ရဲ့လား။
ဟုတ်တယ်ဒကာတော်မင်းကြီး။
ကိုယ်တော်တစ်ပါးတည်း ဘာဖြစ်လို့ သင်္ကန်းငါးရာလက်ခံရသလဲ။
ဒကာတော်မင်းကြီး တို့များသာသနာတော်မှာ တည်ဆောက်ပုံက တစ်မျိုးကွ။
ဘယ်လိုတည်ဆောက်သလဲ။
Democratically constitute ဗျာ။
Community Carlyle constitute အောင်မယ်အဲလိုတော့မပြော ဘူးပေါ့ဗျာ၊ ဘုန်းကြီးပြောတာ သာသနာတော်ကိုတည်ဆောက်တဲ့အခြေခံ စည်းမျဉ်းကတော့ ဒီမိုကရေစီနည်းကျတယ်၊ ပစ္စည်းပစ္စယတွေကိုသုံးစွဲတဲ့ နေရာမှာကတော့ ကွန်မြူနစ်ဆန်ဆန်၊ ဆိုရှယ်လစ်ဆန်ဆန်သဘောက ဝေ သုံးတာနော်။

Democratically constitute
သံဃိကဆိုတာ ဝေသုံးတာ၊ တစ်ဦးတည်းပဲ တစ်ယောက်တည်းပဲ သာသနာတော်ကအားမပေးဘူး၊ သံဃိက သံဃာတော်တွေဝေသုံးကြတယ်။ တည်ဆောက်တဲ့အခါကျတော့ အများနဲ့သဘောတူတဲ့
နည်းနဲ့တည်ဆောက်တာ၊ ဆိုကြပါစို့ - ကိုရင်တစ်ပါးကို ရဟန်းခံမလို့ အသက်နှစ်ဆယ်ပြည့် ပြီးသိမ်ထဲဝင်၊ ကမ္မဝါဖတ်၊ ကမ္မဝါစာဖတ်အဆုံးလေးနားမှာ စာလုံးတစ်လုံး ကိုသတိထားပါ၊ ယဿ နက္ခမတိ၊ သော ဘာသေယျ။
ဟောဒီ ကိုရင်ကိုရဟန်းခံမလို့ တပည့်တော်တို့ကသတ်မှတ်ပြီ၊ ယဿ နက္ခမတိ၊ သော ဘာသေယျ၊ အရှင်ဘုရားတို့ သိမ်ထဲကြွတဲ့ကိုယ်တော်တွေ မကြိုက်ရင် မကျေနပ်ရင် သော ဘာသေယျ -မကျေနပ်တဲ့ကိုယ်တော် ဒီမှာပြော၊ ဒီမှာပြော၊ ပြောခွင့်ရှိတယ် မဟုတ်လား၊ ယဿ နက္ခမတိ၊ သော ဘာသေယျ၊ ကံဆောင်တဲ့နေရာမှာနော်၊ မကြိုက်ရင် မကျေနပ်ရင် ဒီမှာပြောကြပါဘုရား၊ ပြောခွင့်ပေးတာ။

အဲဒါကြောင့် Democratically constitute ဒါမျိုးပြောတာ၊ အဲဒီတော့ မပြောဘူး မကျေနပ်တာကိုမပြောဘူး၊ ငြိမ်တယ်ဆိုရင်တော့ သဘောတူတယ်လို့မှတ်ပါတယ်ဆိုတာ ကိုယ်တော်တွေအားလုံးထပ်ပြီး မကန့်ကွက်ပါပဲနဲ့ ငြိမ်သက်နေတယ်။
အဲဒီကံဆောင်နေတာ ဘာဖြစ်လဲ အောင်မြင်သွားတယ်၊ တစ်ပါးပါးက မဟုတ်ဘူး၊ မကြိုက်ဘူးဆိုလို့ရှိရင် ထပ်ပြီးပြန်လုပ်ရမယ်နော်၊ ဒါမျိုး ကို ပြောတာ Democratically constitute ဟာ ရလာပြီ၊ ကျောင်းတိုက် ကြီးတစ်တိုက်ဟာ သီတဂူဆရာတော်ကိုလှူပါတယ်၊ ဒါပေမယ့် သီတဂူဆရာတော်က ဘာပြောလဲ သာသနာအတွက် သံဃာအားလုံးကိုလှူလိုက်၊ တစ်ပါးတည်းမဟုတ်ဘူး၊ သာသနာတော်တစ်ခုလုံး ပိုင်သွားတယ်၊ ဒါကြောင့် Democratically constitute ဒါမျိုးပြောတာ။

ရှင်အာနန္ဒာ သင်္ကန်းသုံးစွဲနည်း
ရှင်အာနန္ဒာက ခေတ်မှီတာနော်၊ အဲဒီပြန်ပြောတယ်၊ အဲဒါကြောင့် ဥတေနရှင်ဘုရင်က ဟာ အံ့သြစရာပဲ၊ ကိုယ်တော်တို့သာသနာတယ်ကောင်း ဒါဆိုရင်မေးချင်သေး၊ ကိုယ်တော်သင်္ကန်းအသစ်တစ်စုံရလို့ ဟိုသင်္ကန်းအဟောင်းကို ဘာလုပ်မလဲ စစ်ပြီ ရှင်ဘုရင်က အရှင်အာနန္ဒာက ပြောတယ်။
သင်္ကန်းအဟောင်းကိုရေသနုတ်လုပ်၊ ဘာလုပ်မလဲ။
ရေသနုပ်လုပ်ပါတယ်ဘုရား။
ဒါဆို ရေသနုပ်အဟောင်းကိုဘာဆက်လုပ်မလဲ၊ အဲဒီရေသနုပ်အဟောင်းကို အိပ်ယာခင်းလုပ်၊ ဒါဆို အိပ်ယာခင်းအဟောင်းကို ဘာဆက်လုပ် အိပ်ယာခင်းအဟောင်းကို ခြေသုတ်ပါလုပ်မယ်၊ ဒါဆိုခြေသုတ်ပဝါအဟောင်း ဘယ်ရောက်သွားလဲ ဘုရင်ကစစ်လိုက်တာလွန်ရော၊ အရှင်အာနန္ဒာမို့ မလွယ်ဘူး၊ ခြေသုတ်ပဝါအဟောင်းကို ဒကာတော်မင်းကြီး မီးရှို့ပြီးတော့ ပြာချ၊ အဲဒီအဝတ်ပြာကလေးကို နွားချေးနဲ့ရွံ့စေးစေးလေးနဲ့ပြာလေးနဲ့နယ် ပြီးတော့ ကျောင်းနံရံကို လိမ်းကျံရတယ်။

သာသနာတော်က ပစ္စည်းကို မဖြုန်းတီး
ရှေးတုန်းက အင်္ဂတေကဒါပဲ၊ ဘိလပ်မြေစက်တွေမပေါ်သေးဘူး။ ဟာ သာသနာတော်ထမ်းရဟန်းတွေ ဒါယကာ ဒါယိကာမတွေရဲ့ပစ္စည်းသုံးစွဲတာ ခြေသုတ်ပဝါတွေမကျန်ဘူး၊ အသုံးဝင်တာပဲ၊ တို့လှူသမျှ ဘာမှအ ချည်းအနှီးမဖြစ်ဘူး။ မာဂဏ္ဍီဘယ်လိုပဲရန်တိုက် ရန်တိုက် ပရိသတ်ရေ၊ အရှင်အာနန္ဒာဖြေရှင်းချက်ကောင်းတော့ ဥတေနရှင်ဘုရင်ကျေနပ်တယ်။ မာဂဏ္ဍီဟိုဘက်ကတိုက်နေတာ၊ သာမာဝတီတို့ ဘုရားဆီမသွားရအောင် တိုက်နေတယ်။
အဲဒါကြောင့် ဥတေန လာစစ်တယ်ဗျာ၊ ထောက်လှမ်းရေးစစ်သလို စစ်တာ၊ အဲဒါ အရှင်အာနန္ဒာရှင်းလင်းချက်ကောင်းတော့ ကိုင်း မိဖုရား တွေ သွားမြဲသွားစေ၊ ဆိုတော့ အရှင်အာနန္ဒာနှင့်သာမာဝတီတို့က သိတ် ပြီးတရင်းတနှီးကြီးဖြစ်သွားရော မဟုတ်လား။

မာဂဏ္ဍီ တိုက်ကွက် တမျိုးပြောင်း
အဲဒီကျတော့ လုပ်ပြန်ရော မာဂဏ္ဍီကအမျိုးမျိုးတိုက်တယ်၊ ဘုရင်ကြီး သိတ်စိတ်မချနဲ့နော်၊ အရှင်အာနန္ဒာက ရဟန္တာမဖြစ်သေးဘူး၊ လူထွက်ပြီးတော့ မိဖုရားနဲ့ညားသွားရင် ဘယ်နှယ်လုပ်မလဲ၊ အဲဒါအစိုးရိမ်ဆုံးပဲ၊ ရှင်ဘုရင်က ဟုတ်လား၊ အဲဒီလိုလဲတိုက်ရော ဘာသွားမပြောနဲ့၊ သာမာဝတီ တို့ရွှေနန်းတော်ကနေမထွက်နဲ့၊ ဃောသိတာရုံကျောင်း၊ကုက္ကုဋာရုံကျောင်း။ ပါဝါရိကာရုံကျောင်း တရားနာမသွားနဲ့၊ နန်းတော်ထဲလှောင်ထားတယ်၊ တခြားတိုက်ခိုက်တာတွေအများကြီးရှိသေးတယ်၊ ရှည်သွားမှာစိုးလို့။

(အပိုင်း-၉)ဆက်ပါဦးမည်
သီတဂူစတား
၆-၂-၂၀၁၀

04 February 2010

ပူနေး Ph.D ကျောင်းသားများ အခက်ခဲနှင့်ကြုံ



အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ်ရှိ ပူနေးမြို့ ပူနေးတက္ကသိုလ်ကြီးသည် လွန်ခဲ့သော ၈ နှစ်ကထဲက စပြီး အရှိန်အဟုန်နှင့် ကျော်ကြားလာခဲ့ရာ၊ ပြည်တွင်းပြည်ပ ကျောင်းသား ဦးရေ တစ်သိန်း (၁၀၀၀၀၀) ကျော်အထိ များပြားလာသည်ဟု မှတ်သားရပါသည်

တက္ကသိုလ်ကြီးကို လင့်ခ်ထားသော ကောလိပ်ပေါင်း ၈၃ ခု ရှိပါသည်။ ပူနေးတက္ကသိုလ်ကြီးသည်လည်း ကျောင်းသား ဦးရေများလာတာနှင့်အမျှ ဌာန Department တွေလည်း တိုးချဲ့လာခဲ့ရာ ယခုနှစ် စာရင်းအရ ဌာနပေါင်း ၄၁ ခုရှိသည်။ ပြည်တွင်းပြည်ပ ကျောင်းသားဦးရေ မြားပြားလာသောကြောင့် စည်းကမ်း အသစ်တွေလည်း နှစ်စဉ် ပြောင်းလဲ တိုးတက် ပြုပြင်လာခဲ့ရာ ယခုနှစ်ကစပြီး အိန္ဒိယနိုင်ငံပြည်တွင်း ကျောင်းသားများသည် M.A တန်းပြီးပါက ရွေးချယ်ခွင့်များ အမျိုးမျိုး ရှိလာခဲ့သည်။ ဥပမာ- M.Phil မတက်ဘဲ Ph.D တန်းကို တိုက်ရိုက် တက်လိုပါက အနည်းဆုံး အမှတ် grade 55% point ရသောကျောင်းသားများ သည်သာ အခွင့်ရှိသည်။ (ပြည်ပကျောင်းများကိုတော့ grade 50% point အထိလက်ခံပေးသည်ဟု သိရသည်) (မူလ စည်းကမ်း) ။

ယခုနှစ်မှာတော့ ထိုအမှတ်ရသော ပြည်တွင်းကျောင်းသားများသည် Ph.D အတွက် ၀င်ခွင့် စာမေးပွဲဖြေဆိုကြရမည်ဖြစ်သည်၊ ထိုဝင်ခွင့်စာမေးပွဲ မေးခွန်းတို့ကို ဌာနအလိုက် ထိုနအသီးသီးကပဲ ထုတ်ပေးသည်၊ ၎င်းဌာနအသီးသီးတို့၌ မေးခွန်းပုံစံများကို ကြည့်နိုင်ပါသည်။ ဥပမာ- ဒဿနိကဗေဒ ဌာန ဆက်တက်လိုသောကျောင်းသားများသည် ထိုဌာက ထုတ်သော ရေးဖြေ မေးခွန်း ၂မျိုးနှင့် အင်တာဗျုး (နုတ်ဖြေ) ဖြေရမည်၊ မေးခွန်း ၂ မျိုးမှာ အထွေထွေမေးခွန်း (ကျမ်းရေးပုံစနစ်များပါဝင်) နှင့် ဒဿနိကဗေဒဆိုင်ရာ အကြောင်းအရာများ ဖြေဆိုရပါမည်။ ထို Ph.D ၀င်ခွင့်စာမေးပွဲများကို တစ်နှစ်လျင် နှစ်ကြိမ်းကျင်းပပေးမည်ဟု သိရပါသည်။

သို့သော်လည်း ယခုအချိန်ထိ ပြည်ပ ကျောင်းသားများအတွက် စည်းမျဉ်းစည်းကမ်းကို မသတ်မှတ်ရသေးသဖြင့် Ph.D ကျောင်းသားအသစ်များကို လက်မခံသေးဘဲ ဖြစ်နေသည်။ ထိုအတွက် ပြည်ပ ကျောင်းသားများအတွက် အခတ်အခဲနှင့်ရင်ဆိုင်နေရသည်။ အခက်အခဲဆိုသည်မှာ အချိန်-ဗီဇာ-ငွေ စတာတွေ ပါဝင်ပါသည်။ ယခုပထမဆုံးအကြိမ် Ph.D ၀င်ခွင့်ဖြေဘို့ စာရင်းသွင်းထားသော ကျောင်းသားများသည် တစ်သောင်း (၁၀၀၀၀ ) ကျော် ဦးရှိပါသည်။ (ဤစာရင်းတွင် ပြည်ပကျောင်းသားများ မပါ)။ ထိုကျောင်းသားများအတွက် လစ်လပ်နေသော Seat (ဆရာ-guide) သည် တစ်ထောင့်နှစ်ရာ (၁၂၀၀ )မျှသာရှိနေပါသည်။ ၀င်ခွင့်အောင်သော ကျောင်းသားများ အတွက် နောက်ထပ် အခတ်အခဲ တစ်ခုက Seat (ဆရာ-guide)ရဘို့ မသေချာ ဖြစ်နေပါသည်။

ဤပို့စ်ကို ၁-၂-၂၀၁၀ နေ့ ထုတ် ပူနေးသတင်းစာကို ကိုးကားရေးပါသည်၊ ပူနေးတက္ကသိုလ်တွင် Ph.D ကျမ်းများပြုလိုသော ကျောင်းသားများအတွက် သတင်းအဖြစ်တင်ပါသည်။

သီတဂူစတား
၃-၂-၂၀၁၀

03 February 2010

မက္ခရာ ရွှေစည်းခုံစေတီတော်ကြီး





မက္ခရာ ရွှေစည်းခုံ စေတီတော်ကြီးသည် မန္တလေးတိုင်း ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ဧည့်ဗျကျေးရွာအုပ်စုရှိ မက္ခရာမြို့ဟောင်း ကျေးရွာတွင် တည်ထားသည်။ မူလဒါယကာသည် ပင်းယ ဥဇနာမင်းကြီးဖြစ်သည်။

ထိုရွှေစည်းခုံစေတီတော်ကြီးသည် ပျက်စီးယိုရွင်းပြီး အမှိုက်ပုံတွေများဖုံးအုပ်နေပါသည်မှာ နှစ်အတော်ကြာနေပြီဖြစ်ပါသည်။

ယခုအခါ ထိုစေတီတော်ကြီး ပြန်လည်ပြုပြင်မှုများ ပြီးစီးသွားပါသည်။ ထိုစေတီတော်ကြီး၏ ရွှေထီးတော်တင် လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားကို ယခုနှင့် ၂၉-၁-၂၀၁၀ တပို့တွဲလပြည့်နေ့တွင် ကျင်းပအောင်မြင်ခဲ့ပါသည်။ ထိုစေတီးတော်ကြီးကို သီတဂူဆရာတော်ကြီးနှင့် သီတဂူတပည့် ဒကာ ဒကာမများ စုပေါင်းပြီး မွန်းမံပူဇော်ခြင်းဖြစ်ပါသည်။

မက္ခရာမြို့ဟောင်းရှိ ရွှေစည်းခုံစေတီတော်ကြီးကို သက္ကရာဇ် (၆၈၇)ခုနှစ်တွင်
ပင်းယဥပဇာနာမင်းကြီးက တည်ထားတော်မူခဲ့ပါသည်။ ဥာဏ်တော်(၁၄၄)ပေ၊ ဖိနပ်တော်အလျား(၁၆၈)ပေနှင့် ထီး(၁၀)ပေရှိကြောင်းသိရပါတယ်။

ယခုလို သီတဂူသာသနာပြုအဖွဲ့ကြီးအတွက် လူအင်အားရော ငွေအင်အားပါ ပံ့ပိုးရုံတင်မက ယခုလို နေမကောင်းတဲ့ကြားက သတင်းတွေ ဓာတ်ပုံတွေ ပို့ပေးတဲ့ ကျောင်းအမအား အထူးကျေးဇူးတင်ပါသည်။

သီတဂူ စန်းလပမာချမ်းမြသာယာရှိကြပါစေ။
သီတဂူစတား
၃-၂-၂၀၁၀

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes