သီတဂူစတား

သီတဂူစတား

07 January 2011

လောက အဖျက်တရား



စာမိတ်ဆက်

ပို့စ်တွေ မရေးဖြစ်တာလဲ ကြာပြီ၊ စာလဲမဖတ် ခရီးလဲမထွက်၊ ဘယ်မှမသွား၊ ဘာမှ မဖတ်၊ ဘာမှ မစဉ်းစားဖြစ်တော့ တွေးစရာမရှိ၊ ရေးစရာမရှိ။ သို့သော်လည်း ဒီကနေ့တော့ မနက် အိပ်ယာထ အရုဏ်ဆွမ်းစားပြီးတိုင်း သီတဂူဆရာတော်ကြီး ဟောစဉ်ထဲက သက္ကပဥှသုတ္တန်တရားတော်များကို လမ်းလျှောက်ရင်း ဖတ်မိသည်။ သက္ကပဥှသုတ်သည် ဒီဃနိကာယ်လာ မဟာဝဂ္ဂပါဠိတော်တွင် ပါရှိသည်။ အလွန်ရှည်လျားသော သုတ်တစ်သုတ်ဖြစ်သည်။ သကြားမင်းမေးသော မေးခွန်းကို မြတ်ဗုဒ္ဓဖြေကြားသော သုတ္တန်လည်းဖြစ်သည်။ ထိုမေးခွန်းများစွာထဲမှ ပထမဦးဆုံး မေးခွန်းကို အခြေခံပြီး လောကကို ဖျက်ဆီးနိုင်သောအရာ ဟု စာရေးသူက အမည်ပေးထားပါသည်။

အလွန်စိတ်ဝင်စားဖို့ကောင်းပါသည်။ စာရေးသူကိုယ်တိုင်က ပုထုဇဉ်ပီပီ လောကအဖျက်တရားတွေ ရှိနေတော့ ဒီသုတ္တန်ကို ဖတ်ရင်း ကိုယ့်ကိုယ်ကို နားလည်ပြီး နှလုံးသွင်းကောင်းနိုင်အောင်ကျိုးစားရသည်၊ လူတိုင်းမှာ မတူညီသော ကိုယ်ပိုင်စရိုတ်များရှိကြသည်၊ ကိုယ့်မှာ ရာဂစရိုတ်အားကြီးသလား၊ ဒေါသစရိုတ်အားကြီးသလား၊ မောဟစရိုတ် အားကောင်းနေသလား၊ ဒါမှမဟုတ် အကောင်းဘက်က ဗုဒ္ဓိအစရှိသည့် စရိုတ်တွေ ရှိနေသလား ဆိုတာ သုံးသပ်သင့် ဆင်ခြင်သင့်သည်။ ထိုအကောင်းအဆိုး စရိုတ်များကို နားလည်ပြီးမှ ကုစားဘို့ရန် လွယ်ကူပါလိမ့်မည်ဟု ယုံကြည်မိသည်။ ထိုသက္ကပဥှသုတ္တန်ကို ဖတ်ရင်း စဉ်းစားမိသည်မှာ-- ဒီတရားသည် ငါ့ကို ရည်ရွယ်ဟောနေပါလား၊ ငါ့အတွက် အကောင်းဆုံးကုသရန် ဆေးကောင်း တစ်ခွက်ဖြစ်သလို တိုက်ဖျက်ရန် လက်နက်ကောင်းတစ်လက်ဖြစ်သည်။ စာရေးသူအတွက် အလွန်ကောင်း အလွန်သင့်လျော်သော တရားတစ်ပုဒ်ဖြစ်ပါသည်။ ထို့ကြောင့် လောက၏အဖျက်တရား များစွာထဲက တစ်ခုသော အကြောင်းကိုသာ ထုတ်နှုတ်၍ဖော်ပြပါမည်။

စိတ်စွမ်းရည်

စာရေးသူတို့ လူသားတွေသန္တာန်မှာ စိတ်စွမ်းရည် နှစ်မျိုးရှိသည်။ အလွန်စွမ်းထက်သော သတ္တိရှိသည်။ စိတ်၏ စွမ်းအင် ( mental power) လို့ ခေါ်သည့် ကုသိုလ် အကုသိုလ်ဟူ၍လည်းဆိုနိုင်သည်။ ထိုနှစ်မျိုးတွင် တစ်ခုမဟုတ် တစ်ခုတော့ ရှိနေမြဲဖြစ်သည်။ ဒါကိုပဲ Constructive Power အပြုသဘောဆောင်သော စိတ်၏ စွမ်းရည်နှင့် Destructive Power အဖျက်သဘောဆောင်သော စိတ်၏ စွမ်းရည်ဟူ၍ ခေါ်ဆိုနိုင်ပါသည်။ နှလုံးသွင်း မကောင်းသော သူတွေမှာ မကောင်းသော ဒေါသ ဣဿာ မစ္ဆရိယ စသော အကုသိုလ်စိတ်တွေ ၀င်လာတဲ့အခါ ထိုသူတို့၏ စိတ်သည်လည်း အဖျက်သဘောဆောင် (Destructive Power) သော စိတ်၏စွမ်းရည် အဖြစ် ပြောင်းလဲသွားသည်။ စိတ်ကောင်းနှလုံးကောင်းရှိသော နှလုံးသွင်းမှန်ကန်သော သူတွေမှာတော့ မေတ္တာ ကရုဏာ စသော အပြုသဘောဆောင် (Constructive Power) သော စိတ်စွမ်းရည်ဘက်သို့ ကူးပြောင်းလာပါသည်။ ကိုယ့်သန္တာန်မှာ ထိုနှစ်မျိုးတို့တွင် ဘယ်စရိုတ် ဘယ်တရားများ ကိန်းအောင်းနေပါသနည်း သို့မဟုတ် အဖြစ်များနေပါသနည်းဟု ကြိမ်ဖန်များစွာ သုံးသပ်ဆင်ခြင် သင့်လှပေသည်။

သိကြားအမေး

သိကြားမင်းက မြတ်ဗုဒ္ဓအား ဤသို့မေးတယ်‘‘ အို ရှင်တော်မြတ်ဘုရား-- လောကမှာ ဘုရား--- လူတွေ နတ်တွေ နဂါး ဂဠုန် အသုရာ ကချေသည် စသည့် များစွာသော သတ္တ၀ါတွေ ရှိကြပါတယ်ဘုရာ၊ ထိုများစွာသော သတ္တ၀ါတိုင်းမှာ တူညီသော ဆန္ဒတစ်ခုရှိပါတယ်ဘုရား၊ အချင်းချင်း ရန်မဖြစ်လိုကြဘူး၊ အချင်းချင်း အမျက်ဒေါသ အာဃာတ မထားလိုကြဘူး၊ အေးအေးချမ်းချမ်း ငြိမ်းချမ်းစွာ နေလိုကြပါသည်ဘုရား။ သို့သော်လည်း သူတို့တတွေ အဲဒီလို သူတို့ ဖြစ်ချင်သလို လိုလားသလို ဖြစ်မလာကြပါဘုရား။ လောကကြီးက တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေကြပါတယ်၊ အာဃာတတွေ ထားနေကြပါတယ်၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲတွေနဲ့ နေ နေကြရပါတယ်။ ထိုသို့ဖြစ်ချင်တိုင်းမဖြစ်ကြရခြင်းသည် အဘယ်သံယောဇဉ်ကြောင့် ဖြစ်ပါသလဲ ဘုရား’’ဟု မေးသည်။

လူတိုင်းချမ်းသာချင်

လူသားတိုင်းသည် ချမ်းသာချင်ကြသည်၊ အေးအေးချမ်းချမ်း နေလိုကြသည်၊ မေတ္တာပို့သည်အခါမှာလဲ ‘‘အဟံ အဝေရော ဟောမိ’’က အစပြုသည်။ ကျွန်ုပ် ဘေးရန်ကင်းကွာ ချမ်းသာရပါလို၏၊ အဟံ အဗျာပဇ္ဇော ဟောမိ- ကျွန်ုပ် စိတ်ချမ်းသာပါရစေ စသည်ဖြင့် ကိုယ့်ကိုကို ဦးစွာ မေတ္တာပို့သည်။ ဤကဲ့သို့ မိမိက အရင်စ၍ မေတ္တာပို့ခြင်း လူသားတိုင်း သက်ရှိသတ္တ၀ါတိုင်း မိမိကဲ့သို့ ချမ်းသာချင်ကြမည်၊ ဘေးကင်းလိုကြမည်ဟု စာနာတတ်အောင် ဆိုထားခြင်းဖြစ်သည်။ လူသားတိုင်း သက်ရှိသတ္တ၀ါတိုင်း ချမ်းသာချင်ကြပေမဲ့ ချမ်းသာစွာ မနေနိုင်ကြပေ။ အဘယ့်ကြောင့်နည်းဟု သိကြားမင်းက မေးခြင်းဖြစ်သည်။

သံယောဇဉ်

သိကြာမင်းက သံယောဇဉ်ကို မေးတာ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓက ဣဿာအစရှိသော သံယောဇဉ်များကြောင့် သတ္တ၀ါတွေ ချမ်းသာစွာ နေလိုကြပေမဲ့ မနေနိုင်ကြောင်း အဖြေပေးသည်။ ဘုရားအဖြေက ဣဿာနှင့် မစ္ဆရိယသံယောဇဉ်ဖြစ်ပါသည်။ ဤပို့စ်၌ ဣဿာ သံယောဇဉ် အကြောင်းကိုပဲ တင်ပြမည်ဖြစ်ပါသည်။ မစ္ဆရိယသံယောဇဉ်ကိုတော့ အပိုင်း (၂) မှာ ဆွေးနွေးမှာ ဖြစ်ပါသည်။

စာရေးသူတို့ လူအများစုက သံယောဇဉ်ကို ဘယ်လိုနားလည်ထားကြသလဲဆိုတော့ အချစ် (love) တဲ့။ အချစ်တစ်ခုတည်းကိုပဲ သံယောဇဉ်ဟု နားလည်ထားကြသည်။ တကယ်တော့ သံယောဇဉ်ဆိုတာ‘‘ သတ္တေ အနတ္ထေ (ဒုက္ခေ) သံယောဇေန္တိ ဗန္ဓေန္တီတိ သံယောဇနာ’’ ဟု စာပေမှာ ဆိုသည်။ သတ္တ၀ါတို့ကို အကျိုးမဲ့ မကောင်းသောအကျိုးတို့၌ ချည်နှောင်ထားတတ်သည်။ ထိုသံယောဇဉ်ကြောင့်ပဲ သက်ရှိ လောကကြီးသည် လူသားအချင်းချင်း သက်ဖြတ်ခြင်း၊ မတရားပြုကျင့်ခြင်း၊ အောင်မြင်မှုနှင့် ဘ၀စည်းစိမ်များကို ဖျက်ဆီးခြင်း၊ အောင်မြင်ရန်အလားလာများကို တားမြစ် ပိတ်ဆို့ခြင်း စတဲ့ လောကကြီးပွားခြင်းကို ခြေမှုန်းနေကြသည်။ ထိုသို့သော ဒုက္ခတို့၌ ချည်နှောင်ထားတတ်သည်။

စာပေမှာ သံယောဇဉ် ၁၀ပါး ပြဆိုထားသည်။ အများစု နားလည်ထားသည့် အချစ်ဆိုတဲ့ သံယောဇဉ်သည် ကာမရာဂသံယောဇဉ် ဘ၀ရာဂသံယောဇဉ် တို့ကို ဆိုလိုသည်။ သို့ပေမဲ့ အခြားသော ဣဿာ (စောင်းမြောင်းငြူစူခြင်း) သံယောဇဉ်၊ ဒေါသ ပဋိဃ (ရန်ငြိုးထားခြင်း အငြိုးတေးထားခြင်း အမျက်ထွက်ခြင်း) သံယောဇဉ်စတဲ့ သံယောဇဉ်များကိုတော့ သံယောဇဉ်ဟု ခံယူမထားကြပေ။ မုန်းတီးခြင်း၊ ရန်ငြိုးဖွဲ့ခြင်း အာဃာတထားခြင်းသည်လည်း သံယောဇဉ်မည်ပါသည်။ ဒုက္ခပေါင်းစုံမှ ရုန်းမထွက်နိုင်အောင် ချည်နှောင်ထားသောကြာင့် ဖြစ်သည်။ အေးချမ်းသော ဘ၀ကို ပိုင်ဆိုင်နိုင်ရန် ထိုသံယောဇဉ်များကို ကျော်လွားနိုင်ဘို့ လိုအပ်ပါသည်။ ထိုသံယောဇဉ်များကို မတားဆီးနိုင်သရွေ့ ရန်သူတွေဝိုင်းရံနေတဲ့ ဘ၀မှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်။ လောကကြီးသည် သို့မဟုတ် ဘ၀သည် အချင်းချင်းအာဃာတတွေ၊ အပြိုင်အဆိုင်တွေ၊ ပိတ်ပင်တားဆီးမှုတွေ၊ အဖျက်သမားတွေ၊ တစ်ယောက်နှင့်တစ်ယောက် ရှုတ်ချ အပြစ်တင်ခြင်းတွေ၊ ပစ္စည်းဥစ္စာများကို မတရားသဖြင့် သိမ်းယူခြင်းဆိုတဲ့ ဥစ္စာဒဏ်၊ လက်နက်ဖြင့် ခြိမ်းခြောက်ခြင်းဆိုတဲ့ လက်နက်ဒဏ်စသည်တို့ဖြင့် ၀ိုင်းရံခံနေရသည်။ ထိုအန္တရာယ်များသည် မနာလို ငြူစူခြင်းဟုသော ဣဿာ သံယောဇဉ်လျှင် မြစ်ဖျားခံသည်။ လောကကြီးကို ခြိမ်းခြောက်နေသောကြာင့် လောကအဖျက်တရားဟူလည်း ခေါ်ဆိုနိုင်သည်။ ဣဿာသည် လောကကြီးပျက်ဆီးသွားသည်အထိ ဖြစ်သွားနိုင်သည်ကို သတိထားသင့်သည်။ စာရေးသူတို့ ဗုဒ္ဓဘာသာနိုင်ငံတွေမှာ အဖြစ်မများပေမဲ့ တစ်ကမ္ဘာလုံးနှင့်ခြုံကြည့်ပါက နေရာအနှံ့ပြား များစွာတွေ့နိုင်ပါသည်။

ဣဿာ (မနာလို သ၀န်တို)

လောကအဖျက်တရားများစွာထဲက ဣဿာ (စောင်းမြောင်းငြူဆူခြင်း) သံယောဇဉ်သည်လည်း ကြောက်စရာ အဖျက်တရားတစ်ခုဖြစ်သည်။ ဒါကို ခေတ်စကားအနေနဲ့ jealous ဖြစ်တယ်လို့ ဆိုပါတယ်။ အနီးစခန်းဆရာတော်က ‘‘ မင်းတို့ခေတ်က ဣဿာ မစ္ဆရိယတွေ လွှမ်းမိုးတဲ့ ခေတ်ကွ၊ ဘယ်တော့မှ မချမ်းသာနိုင်ဘူး’’ ဟု အမိန့်ရှိဖူးသည်။ မှန်ပါသည်၊ ထိုဣဿာလွှမ်းမိုးနေသမျှ လောကကြီးသည် အေးအေးသက်သာ ရှိလိမ့်မည်မဟုတ်။ ထိုဣဿာသည် အဘိဓမ္မာသဘောအရ ဒေါသနောက်ခံရှိသည်။ အဘိဓမ္မတ္ထသင်္ဂဟစာအုပ်ကလေးတွင် ‘‘ဒေါသော ဣဿာ မစ္ဆရိယ ကုက္ကုစ္စဉ္စာပိ ဒွီသု ပဋိဃသမ္ပယုတ္တစိတ္တေသု’’ ဣဿာသံယောဇဉ်သည် ဒေါသနောက်ခံရှိသည်ဟု ဆိုလိုပါသည်။ ဣဿာရဲ့သဘောတရားကို အဘိဓမ္မာအဋ္ဌကထာ ဆရာကြီးက ရှင်းချက် ၅ မျိုးဖြင့် ဖော်ပြထားသည်။

၁။ ပရသမ္ပတ္တိ ခီယန လက္ခဏာ- လုလ္လပယောဂ၊ ကံ ဥာဏ် ၀ီရိယတို့ဖြင့် ရအပ်သော ဘ၀သမ္ပတ္တိ-ဘ၀မှာ အရာရာပြီးပြည့်စုံခြင်း၊ ဘောဂသမ္ပတ္တိ-စည်းစိမ်ဥစ္စာပြည့်စုံခြင်း စသည့် သူတပါး၏ ပြီးပြည့်စုံခြင်းကို ရှုတ်ချ ကဲ့ရဲ့ အပြစ်တင် ဝေဖန်ခြင်းသဘော ဖြစ်သည်။ ကားအကောင်းစားစီးနိုင်သူကိုမြင်လျှင် ဒီကောင် ဒီလူ ဘယ်လိုနည်းနဲ့ စီးပွားရှာတယ် ဘယ်လိုနည်းနဲ့ ကားအကောင်းစား စီးနိုင်တယ်၊ စီးနိုင်မှာပေါ့ သူ့အဖေက သို့မဟုတ် သူ့အမေက ဘယ်ဝန်ကြီးနှင့်ဘယ်လို ပတ်သက်တာ စသည်ဖြင့် ရှုတ်ချတတ်သည်၊ ကဲ့ရဲ့တတ်သည်။ ဂုဏ်ထူးများစွာဖြင့် စာမေးပွဲအောင်သူကို မြင်လျှင် အောင်မှာပေါ့ သူ့အဖေက ပညာရေးဝန်ကြီးနဲ့ ဘယ်လိုပတ်သက်တာ၊ ဆရာဆရာမတွေနှင့် ဘယ်လိုပတ်သက်မှုရှိတာ စသည်ဖြင့် ဝေဖန်ပြောဆိုတတ်သည်။ နောက်ဆုံး သမီးရည်းစား အဆင်ပြေနေတာတောင် အလွတ်မပေးခြင်းသဘောတရားသည် ဣဿာ၏ လက္ခဏာပင်ဖြစ်သည်။ ‘‘ကြီးပွားချမ်းသာ ရှုတ်ချခါ ဣဿာဟူ၍မှတ်’’ ဣဿာသည် သူတပါးကြီးပွား ချမ်းသာနေတာကို အမြဲတန်း ကဲ့ရဲ့ ရှုတ်ချတက်သည်။ သူတပါးပြီးပြည့်စုံနေတာကို ၀မ်းမသာနိုင်ဘဲ ရှုတ်ချနေတက်သည်။ ဤကဲ့သို့ အချင်းချင်း ကြီးပွားမှုကို ရှုတ်ချ ကဲ့ရဲ့လျှင် ဒီလောက ဘယ်တော့မှ မချမ်းသာနိုင်တော့ပေ။

၂။ ပရသမ္ပတ္တိ ဥဿူယနလက္ခဏာ- သူတပါးကြီးပွားချမ်းသာမှုအပေါ်မှာ အမြဲတမ်း ဖျက်ဆီးဖို့ရန် စောင်းမြောင်းခြင်းသဘောဖြစ်သည်။ သူတစ်ပါး တိုက်တွေ ကားတွေ စိန်တွေ ရွှေတွေ စသည်ဖြင့် ပြီးပြည့်စုံခြင်းကို ၀မ်းမသာနိုင်ဘဲ အားမပေးဘဲ ဖျက်ဆီးဖို့ရန်သာ စောင်းမြောင်းနေတတ်သည်။ ကဒါ နုခေါ ဧသ ဣမာယ သမ္ပတ္တိယာ ပရိဟာယိတွာ စရိဿတီတိ= ဘယ်သောအခါမှာ ဤပုဂ္ဂိုလ်သည် ဤပြီးပြည့်စုံခြင်းမှာ ဆုတ်ယုတ် ပျက်ဆီးပြီး ကျရှုံးလိမ့်မည်နည်းဟူ၍သာ ကြံစီတွေးတော နေတတ်သည်။ အကြောင်းအမျိုးမျိုးကြောင့် သူတပါး ထိုကဲ့သို့ ပြည့်စုံမှုမှ ဆုတ်ယုတ် ပျက်ပြားသွားသော် ၀မ်းသာ နေတက်သည်။ ဤနည်းအားဖြင့် သူများစည်းစိမ်အကြောင်းပြုပြီး ဣဿာပွားနေသူမှာ ပူလောင်မှုဖြင့် စိတ်ပင်ပန်းနေရသည်။ စာကဆိုသည်မှာ--
‘‘ ဣဿာနလာသိခါ ယေသံ၊ ဟဒယေ ဇလတီဓ တေ။
နေ၀ ၀ိန္ဒန္တိ ပါမောဇ္ဇံ သမ္ဗုဒ္ဓါဒီဟိ သေ၀ိတံ’’ ဟုပင် ဖြစ်သည် (အဘိ-ဋီ-၃၁၉)။ ဆိုလိုသည်မှာ- ဣဿာမီး အပူလောင်ခံရသော ပုဂ္ဂိုလ်တို့မှာ ဘုရားပစ္စေက အရိယာတို့ မှီဝဲအပ် ခံစားအပ်သော နုသော ၀မ်းမြောက်ခြင်း (ပါမောဇ္ဇ) မရနိုင်၊ ပါမောဇ္ဇမရရှိခြင်းကြောင့် ရင့်သော ၀မ်းမြောက်ခြင်း (ပီတိ) မရ၊ စိတ် စေတသိတ်တို့၏ ငြိမ်းအေးသော ပဿဒ္ဓိ၊ ချမ်းသာခြင်း သုခ၊ စိတ်၏တည်ကြည်မှု သမာဓိမရနိုင်ခြင်းကြောင့် ရုပ်နာမ်သဘာဝတရားကို ထိုးထွင်းသိနိုင်သော မဂ်ဥာဏ်မရနိုင်၊ နောက်ဆုံး နိဗ္ဗာန်အထိ အဆင့်ဆင့် မရနိုင်တော့ပေ။ ဣဿာသည် နိဗ္ဗာန်၏ ရန်သူဖြစ်လေတော့သည်။

၃။ တတ္ထ အနဘိရတိ ရသာ- သူတပါးစည်းစိမ် ကြွယ်ဝမှုအပေါ်မှာ မမွေ့လျော်ခြင်းသဘောဖြစ်သည်။ သူတပါးကြီးပွားချမ်းသာမှုအပေါ်၌ နဲနဲလေးမှ ၀မ်းမမြောက်နိုင်တဲ့သဘောပင်။ သူမြတ်အကျင့် ၄ပါးထဲက မုဒိတာသည် သူတစ်ပါး၏ စည်းစိမ် ဥစ္စာနှင့် အောင်မြင်မှုများကို ၀မ်းမြောက်ပေးသည်။ ဣဿာကတော့ ၀မ်းမမြောက်နိုင် မပျော်နိုင်။ မုဒိတာက သူတစ်ပါးအဆင်ပြေနေတာကို ၀မ်းမြောက်ပေးသည်။ ဣဿာက စိတ်မသက်မသာ ဖြစ်သည်။ ပြီးပြည့်စုံသူ အောင်မြင်သူကို မြင်သောအခါ ‘‘ ကဒါ နုခေါ ဣမာယ သမ္ပတ္တိယာ ပရိဟာယိတွာ ကပဏော ဟုတွာ စရိဿတိ- ဒီလူ၏ စည်းစိမ်တွေ ဘယ်သောအခါမှ ဆုံးရှုံးပြီး မွဲပြာကျသွားမလဲ တွေးတောနေတက်သည်၊ ထိုသို့ တွေးတောထားသည်အတိုင်း ဖြစ်လာလျင် ၀မ်းမြောက်တတ်သည်။ ဤသည်ကား ဣဿာ သဘောတရားပင်ဖြစ်သည်။ အချင်းချင်း မုဒိတာမပွားနိုင်တဲ့လောကကြီး၊ အချင်းချင်းပြီးပြည့်စုံခြင်းကို ၀မ်းမမြောက်နိုင်သော လောကကြီးသည် ဘယ်တော့မှ ချမ်းသာလိမ့်မည်မဟုတ်၊ အေးချမ်းလိမ့်မည်မဟုတ်။

၎။ တတော ၀ိမုခဘာဝ ပစ္စုပဋ္ဌာနံ- သူတစ်ပါးချမ်းသာခြင်း အောင်မြင်ခြင်း ပြည့်စုံခြင်းတို့အပေါ် မျက်နှာလွဲခြင်းလျှင်ထင်ရှားသည်။ ဣဿာရှိတဲ့သူသည် ချမ်းသာ အောင်မြင်သူကိုမြင်လျှင် မျက်နှာလွဲတတ်သည်၊ မမြင်ချင် မကြည့်ချင်ဖြစ်သည်။ ကိုယ့်အပေါ် မနာလိုဖြစ်နေသလား၊ ငြူစူနေသလား၊ ဖျက်ဆီးချင်နေသလားဆိုတာ ထိုဣဿာပွားနေသူ၏ မျက်နှာပေါ်မှာ ပေါ်လွင်နေသည့်အတွက် အလွယ်တကူ အကဲခတ်နိုင်သည်။ သူ၏မျက်နှာအပေါ်တွင်၎င်း သူ၏ ကိုယ်အမူအရာ နှုတ်အမူအရာတို့၌၎င်း ပေါ်လွင်နေတတ်ပါသည်။ ဤနည်းဖြင့် ကိုယ့်ရဲ့ ရန်သူကို အကဲခတ်နိုင်သည်။ ငါ့စီးပွားတွေကို သူမကြည့်ချင်တော့ဘူးဆိုရင် သူသည် ဣဿာလွှမ်းမိုးနေတာပဲဖြစ်တယ်။ ဒုက္ခဖြစ်အောင် သူလုပ်တော့မယ် ဆိုတာ သတိထားနိုင်သည်။

၅။ ပရသမ္ပတ္တိ ပဒဋ္ဌာနံ- ထိုသို့ ဣဿာပွားခြင်းသည် တစ်ပါးသူ၏ စည်းစိမ်ဥစ္စာကြွယ်ဝမှုနှင့် အောင်မြင်မှုတို့ကြောင့် ဖြစ်သည်။ ကိုယ်နှင့်လဲမဆိုင်ဘဲ သူများပစ္စည်းနှင့် အလကားသက်သက် အချောင် အကုသိုလ်ယူလိုက်ခြင်းပဲ ဖြစ်သည်။ ဣဿာ၏ဆန့်ကျင်ဘက်က မုဒိတာဖြစ်သည်။ မုဒိတာသည် သူများပစ္စည်းနှင့် အချောင် ကုသိုလ်ရနိုင်ခြင်းဖြစ်သည်။ ကုသိုလ်အချောင်ရနိုင်သည့် သူမြတ်တို့အကျင့် မုဒိတာသည် သူများပစ္စည်းနှင့်ပတ်သက်ပြီး ၀မ်းမြောက်နေခြင်းပဲဖြစ်သည်။ သူ၏ အတိတ် ပစ္စုပ္ပန်က ကံ၊ ဥာဏ်၊ လုလ္လပယောဂ ၀ီရိယတို့ဖြင့်ရအပ်၏ဟု တွေးကာတွေးကာ ၀မ်းသာနေခြင်းဖြစ်သည်။
ထိုသို့နှလုံးသွင်းကောင်းမှန်ကန်ခြင်းကြောင့် ဣဿာအပူမီး အလောင်မခံရသည့်အပြင် နုသောဝမ်းမြောက်ခြင်း ရင့်သော ၀မ်းမြောက်ခြင်း၊ စိတ်စေတသိတ်တို့ အေးချမ်းခြင်း၊ စိတ်ချမ်းသာခြင်း၊ သမာဓိရရှိခြင်း၊ ထိုသမာဓိကြောင့် မဂ်ဥာဏ်နှင့် နောက်ဆုံး နိဗ္ဗာန်အထိ ရောက်နိုင်သည်။ သာဓကဇာတ်ကြောင်းတစ်ခု ထုတ်ပြသော်-။

သာဓကဇာတ်ကြောင်း

တခါက သာဝတ္ထိမြို့မှာ အမေအို အဖေအိုကို လုပ်ကြွေးနေတဲ့ အမျိုးသားတစ်ယောက်ရှိခဲ့ဖူးတယ်။ တစ်ဦးတည်းသောသား ဖြစ်သည်၊ အမျိုးနွယ် စီးပွားဥစ္စာ အမွှေစားအမွေခံ မျိုးဆက်သစ်မရှိ၍ မိဘများက သားတော်မောင်ကို အိမ်ထောင်ချပေးလိုက်သည်၊ သို့သော်လည်းနှစ်တွေသာကုန်သွားပေမဲ့ ချွေးမလေးမှာ ယခုထိ ကိုယ်ဝန်မဆောင်နိုင်သေးသဖြင့် အမွေဆက်ခံမည့်သူပြတ်မည်ကို ကြောက်သောကြောင့် နောက်ထပ် အမျိုးသမီးတစ်ယောက်နှင့် လက်ထပ်ပေးပြန်သည်။ ဒုတိယအမျိုးသမီး ကိုယ်ဝန်ရှိလာသောအခါ အမျိုးသားရော မိဘတွေကပါ ဖူးဖူးမှုတ်ထားကြသည်၊ သိပ်ချစ်ကြသည်၊ အချက်ပြုတ်၊ အ၀တ်လျှော် သန့်ရှင်းရေး စသည့်အိမ်မှုလုပ်ငန်းအ၀၀ကို မယားကြီးက လုပ်ပေးရသည်၊ မိဘဆွေမျိုး၏ ၀ိုင်းယုယ အချစ်ခံရသော ကိုယ်ဝန်ဆောင်အမျိုးသမီး၏ ပြည့်စုံခြင်း ပျော်ရွှင်ခြင်းများကို မယားကြီး မပျော်နိုင်။ ဣဿာဝင်လာသည်နှင့်တပြိုင်တည်း ဖျက်ဆီးဘို့ရန် စိတ်ကူးလာတော့သည်။ ကိုယ်ဝန်ရှိသော အမျိုးသမီး၏ အစားအစာထဲတွင် ကိုယ်ဝန်ပျက်ကျစေ နိုင်သော ဆေးထည့်လိုက်သည်။ ကိုယ်ဝန်ပျက်ကျသွားသည်၊ ဒုတိယ ကိုယ်ဝန်၊ တတိယကိုယ်ဝန်တို့ကို ဆက်တိုက် ဆေးခပ်အဖျက်ခံရသည်။ စတုတ္ထမြောက်ကိုယ်ဝန်ကိုတော့ မယားကြီးမသိအောင် တနေရာသွားပြီးပုန်းနေရသည်၊ ဖွားခါနီးအချိန်ခါမှ အိမ်ပြန်လာသည်၊ မယားကြီးအံ့သြတုန်လှုပ်သွားသည်၊ ထိုမွေးဖွားခါနီးဆဲဆဲမှာပဲ ဆေးခပ်ထည့်ပြန်သည်၊ ကိုယ်ဝန်ပျက်မကျဘဲ အမေရော ကလေးပါ သေလုနီးပါးထိရောက်ချိန်မှာ ‘‘ငါရော ငါ့သားပါ သေအောင်လုပ်တဲ့ မိန်းမ နောက်ဘ၀ သင်၏ကလေးတွေကို ပြန်စားနိုင်သော ဘီလူးဖြစ်ရပါလို၏’’ဟု ဆုတောင်းခဲ့၍၊ ထိုအိမ်မှာပဲ ကြောင်ဖြစ်၍ မယားကြီးကတော့ ကြက်မလာဖြစ်ပြီး ပေါက်လာတဲ့ကလေးတိုင်း အစားခံရပြန်သည်၊ ဤသို့အားဖြင့် အပြန်အလှန် ကလဲ့စားချေလိုသော စိတ်ဖြင့် ဆုတောင်းလာလိုက်ရာ သမင်ဖြစ်ပြီး ကျားအစာဖြစ်ရ။ နောက်ဆုံးဘ၀မှာ ကိုယ်ဝန်ဆောင်မယားက သူ၏ဆုတောင်းအတိုင်း ဘီလူးမလာဖြစ်သည်၊ မယားကြီးကတော့ အမျိုးသမီးလာဖြစ်သည်။ ဤနည်းအားဖြင့် ဘတစ်ပြန်ကျားတစ်ပြန် အပြန်အလှန် တိုက်ခိုက်ခြင်းသည် မူလအခြေခံ ဣဿာကြောင့်ဖြစ်သည်။ ထို့ကြောင့် ဣဿာသည် ကြောက်စရာကောင်းသော လောကအဖျက်တရားဖြစ်သည်။

ဣဿာ ၂ မျိုး

ဣဿာသည် အဂါရိက ဣဿာ (လူဝတ်ကြောင်များ၏ ဣဿာ) နှင့် အနာဂါရိက ဣဿာ (အိမ်ယာမထောင် ရဟန်းဘောင်များ ဣဿာ) ဟူ၍ နှစ်မျိုးရှိသည်။ လူဝတ်ကြောင်များမှာ ဣဿာ မနာလို ၀န်တို ငြူစူခြင်းရှိသလို အိမ်ယာမထောင်သော ရဟန်းတော်များမှာလည်း ရှိတတ်သည်။ စာပေဗဟုသု ပရိယတ္တိ အစရှိသည်တို့ကို အမှီပြုပြီး ကြီးပွားချမ်းသာသော ရဟန်းတစ်ပါးကို မြင်လျှင် ဣဿာဝင်ပူးသော ရဟန်းမှာ မပျော်နိုင်၊ ၀မ်းမသာနိုင်ဘဲ ဒီကိုယ်တော် ဘယ်နေ့ ဒီကြီးပွားအောင်မြင်မှုကနေ ကျရှုံးမလဲ တွေးတောနေသည်၊ အကြောင်းတစ်စုံတစ်ခုကြောင့် ပျက်ဆီးဆုံးရှုံးသွားသော် ၀မ်းမြောက်တက်သည်။

ယနေ့မျက်မှောက်ခေတ်နှင့်ကမ္ဘာ

စာရေးသူတို့နေရာ ယနေ့မျက်မှောက်ခေတ်ကို လက်လှမ်းမီသလောက် ကြည့်မယ်ဆိုရင်၊ ကျွန်ုပ်တို့နေရာ ဤကမ္ဘာကြီး၌ ပြိုင်ဆိုင်မှုတွေ၊ စိန်ခေါ်မှုပေါင်းများစွာဖြင့် ရင်ဆိုင်နေရသည်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန်အလှန်တိုက်ခိုက်မှုတွေ၊ ပြိုင်ဆိုင်မှုတွေရှိနေကြသည်။ တချို့သောနိုင်ငံတွေမှာ အလွန်ချမ်းသာ ကြွယ်ဝသည် အချို့နိုင်ငံများမှာတော့ ဆင်းဆင်းရဲရဲဘ၀ဖြင့် ရုန်းမထွက်နိုင်သေးဘဲ ရှိနေကြသေးသည်မှာ ကမ္ဘာကြီး၏ မညီမျှမှုကို ပြနေခြင်းဖြစ်သည်။ ထိုသို့သော မညီမျှမှုတွေကြောင့် လူတွေရဲ့ စိတ်သည် အဖျက်သဘောဆောင်သည့် Destructive Power ခေါ်သည့် စွမ်းအင်ဘက်သို့ ပြောင်းလာကြသည်။ တစ်ယောက်ကြီးပွားမှုကို တစ်ယောက်က မလိုလားပေ၊ တစ်နိုင်ငံချမ်းသာမှုကို တစ်နိုင်ငံက ၀မ်းမသာနိုင်ပေ။ စီးပွားရေးအင်အား လက်နက်အင်အား စွမ်းအင် အင်အားများကို ကိုယ့်ထက်သာသွားမည်ကို အပြန်အလှန် စိုးရိမ်နေကြသည်၊ ပူလောင်နေကြသည်။ နည်းမျိုးစုံဖြင့် ပိတ်ပင်တားဆီးနေကြသည်၊ ကြီးပွားဆဲ ကြီးပွားလတံ့သော နိုင်ငံများကို တက်မလာနိုင်အောင် ဖိအားပေးခြင်း၊ ကြီးပွားပြီး ချမ်းသားပြီးနိုင်ငံများကိုလည်း နည်းမျိုးစုံဖြင့် ဖျက်ဆီးဖို့ရန် ကြံစည်ခြင်း၊ ဖျက်ဆီးခြင်း စသည့် အဖျက်သဘောများ၏ စိန်ခေါ်မှုများကလည်း ကမ္ဘာကြီးအတွက် ကြီးမားသောပြဿနာပင်ဖြစ်သည်။

မိနစ်ပိုင်း စက္ကန့်ပိုင်းအတွင်း သိန်းချီ သန်းချီသော လူများစွာရဲ့ အသက်ဇီဝိန်ကို ယူနိုင်သည့် နျူးကလီးယားစသည့် အဖျက်လက်နက်များကလည်း သူ့ထက်ငါ အပြိုင်အဆိုင် တီထွင်လျှက် ခြောက်လှန့်နေကြသည်။ ဤကဲ့သို့ လူသားအချင်းချင်း၊ တိုင်းပြည်အချင်းချင်း အပြန်အလှန် အဆိပ်သင့်စေသည့် မကောင်းသောဓာတ်တစ်ခုက ဣဿာ-မနာလိုခြင်းပင်ဖြစ်သည်။ အဆိပ်သဖွယ်ဖြစ်သည့် ထိုဣဿာ တရားသည် လူသားအချင်းချင်း ဆိုးရွားသော လုပ်ကြံမှုများနှင့် အလွန်အန္တရာယ်ကြီးမားသော ထိပ်တိုက် ရင်ဆိုင်မှုနှင့် အပြိုင်အဆိုင်များကို ဖြစ်စေသည်။ လူသားအချင်းချင်း တိုင်းပြည်အချင်းချင်း ညီညွတ်မှုနှင့် အေးချမ်းမှုကို ပျက်ပြားစေသည့် ဓာတ်တစ်ခုဖြစ်သည်။


ဤပုံကလေးတွေကတော့ ၉-၁၁ world trade center ကြီး လောကအဖျက်တရားကြောင့် အသက်ပေါင်းမျာစွာ တပြိုင်တည်း ဆုံးရှုံသွားစဉ်

ဗုဒ္ဓဘာသာနှင့် ယနေ့ပြဿနာ

ထိုကဲ့သို့သော လောကကြီးရင်ဆိုင်နေရသော လူမှုရေးပြဿနာတွေ၊ သဘာဝဘေးဒဏ် ပြဿနာတွေနှင့် ကမ္ဘာကြီး ရင်ဆိုင်နေရသော စိန်ခေါ်မှုများ ပြဿနာများကို ဗုဒ္ဓဘာသာက ဘယ်လို ဖြေရှင်းပေးနိုင်သလဲဆိုတဲ့ မေးခွန်းသည် ဗုဒ္ဓဘာသာဝင်များ သိထားသင့်သည် အလေးထား စဉ်းစားသင့်သည် အချက်တစ်ခုဖြစ်ပါသည်။ ဗုဒ္ဓဘာသာက ထိုမေးခွန်းအတွက် ပြီးပြည့်စုံစွာ ဖြေကြားရန် အဆင်သင့်ရှိနေသည်။ အကောင်းဆုံး အရှင်းဆုံး ဖြေပေးထားသည်။ ထိုသို့ ဖြေရှင်းနိုင်ပေးသော အကောင်းဆုံးနည်းလမ်းသည် လူမြတ်တို့ ကျင့်အပ်သည် မြတ်သောအကျင့်ဖြစ်သည်။ ဒါကိုပဲ စာလိုအားဖြင့် ဗြဟ္မ၀ိဟာရ၊ ဗြဟ္မစရိယ ဟူ၍ခေါ်ဆိုသည်။ ထိုလူမြတ်ကျင့်စဉ်များကို အသားရောင်၊ လူမျိုး၊ ကိုးကွယ်မှုဘာသာ စသည်မခွဲခြားဘဲ လိုက်နာကျင့်သုံးပါက လူသားတို့ နေရာ ဤကမ္ဘာကြီးသည် ငြိမ်းချမ်းသော တည်ငြိမ်သော နေရာဖြစ်မှာ အမှန်ပင်ဖြစ်ပါတော့သည်။

သူမြတ်တို့ကျင့်စဉ်

၁။ ရန်ငြိုးဖွဲ့ခြင်း၊ ဒေါသ အာဃာတ တို့၏ဆန့်ကျင်ဘက် မေတ္တာတရား
၂။ ညှင်းပန်းနှိပ်စက် အနိုင်ကျင့်ခြင်း ရက်စက်ခြင်းဟုသော ၀ိဟိံသ ၏ ဆန့်ကျင်ဘက် ကရုဏာတရား
၃။ မနာလို စောင်းမြောင်းငြူစူခြင်းဟုသော ဣဿာ၏ ဆန့်ကျင်ဘက် မုဒိတာတရား
၎။ အစွန်းရောက်သော ချစ်ခြင်း မုန်းခြင်းဟုသော သံယောဇဉ်တရားတို့၏ ဆန့်ကျင်ဘက် ဥပေက္ခာ တရား။ ထို မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာတို့သည် သူမြတ်တို့၏ မြတ်သောအကျင့်တည်း။

ဤမျှလောက်ဖြင့် လောကအဖျက်တရားနှင့် ထိုအဖျက်တရားကို ကုစားနိုင်သော အရိပ်မြွတ်မျှသော နည်းလမ်းတို့သည် နားလည်လွယ် သဘောပေါက်လွယ်ရကား အကျဉ်းမျှဖြင့်သာ (ပို့စ်တစ်ခုစာမျှ) ဖော်ပြလိုက်ပါသည်။

ကျမ်းကိုးများ
၁။ ဓမ္မပဒ အဋ္ဌကထာ
၂။ အဋ္ဌသာလိနီ
၃။ သုတ်မဟာဝဂ္ဂ
၎။ အဘိဓမ္မတ္ထသင်္ဂဟပါဌ်
၅။ သီတဂူဆရာတော်ကြီး၏ သက္ကပဥှသုတ်တရားတော်
၆။ သီတဂူဆရာတော်ကြီး၏ သြ၀ါဒ
၇။ အဘိ-ဋီကာ
၈။ Summit Speech by Sitagu Sayadaw 2000

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၇-၀၁-၂၀၁၁

03 January 2011

ပူနေးကျောင်းသား ဘဝ

စာမိတ်ဆက်
ဒီပို့စ်လေးကို အပိုင်းများခွဲပြီး လွန်ခဲ့သော ၅ လ ၆ လ လောက်ကထဲက တင်ပြီးဖြစ်ပါသည်။ သို့သော်လည်း ပူးနေတက္ကသိုလ် သို့မဟုတ် အိန္ဒိယတက္ကသိုလ် တခုခုသို့ တက်ရောက် ပညာသင်လိုသူများက ပြန်လည်တင်ပေးဖို့ တောင်းဆိုလာသဖြင့် အပိုင်း(၁) အပိုင်း(၂)နှင့် အပိုင်း (၃) တို့ကို တစုတဝေးထဲ ပေါင်းပြီး တင်လိုက်ရပါသည်။

ပူနေးကျောင်းသားဘဝ

ဤပို့စ်ကတော့ ယျေဘုယျ ကျောင်းတိုင်းအတွက် မဖြစ်မနေ တွေ့ကြုံရမည့် အခက်အခဲများပင်ဖြစ်ပါသည်။ ထို့ကြောင့် အိန္ဒိယပြည်ကြီးမှာ ကျောင်းသားတစ်ယောက် ဖြက်သန်းရတဲ့ဘ၀လေးကို စာဖတ်ပရိသတ်များအား ခံစားကြည့်စေချင်တဲ့ ဆန္ဒလေးတစ်ခုတည်းနဲ့ ဤပို့စ်လေးကို တင်ဖြစ်သွားခြင်းဖြစ်ပါသည်။

အိန္ဒိယကို ရောက်လာကြတဲ့ ပြည်ပကျောင်းသားတိုင်းမှာ အခက်အခဲများစွာရှိတယ်ဆိုတာ အိန္ဒိယပြည်မှာ ကျောင်းတက်ဖူးသူတိုင်း သိရှိပြီးဖြစ်ပါသည်။ ဒေသတစ်ခု စည်းမျဉ်းတစ်ခုဖြစ်ပါတယ်။ ပူနေးမြို့မှာတော့ ပြည်ပကျောင်းသား များလာတာကြောင့် အခြားမြို့များထက် စည်းမျဉ်းဥပဒေတွေ ပိုများနေသည်ဟူ၍ ဆိုပါတယ်။

ပူနေးရောက်လျင်
မြို့ကိုရောက်လာတာနှင့်တပြိုင်တည်း ပထမဆုံး ကျောင်းသားဖြစ်ဘို့ထက် stay-permit ရဘို့ ပိုအရေးကြီးနေသည်၊ မွတ်ဆလင်ဘာသာဝင်နိုင်ငံတွေက လွဲရင် အခြားနိုင်ငံခြားကျောင်းသားများသည် ၁၄ ရက်အတွင်း FRO (Foreign Register Office) သို့ အပြေးသွားရသည်။ မွတ်ဆလင်ဘာသာဝင် နိုင်ငံမှ ကျောင်းသားများသည် ၁၄ နာရီအတွင်း ဖော်ပြပါရုံးသို့ သွားရောက် သတင်းပို့ရပါသည်။

ထိုရုံးကို သွားတော့ ကျောင်းသားတစ်ယောက် ဖြစ်ကြောင်း ထောက်ခံစာများစွာ ပါရပါတယ်၊ တက္ကသိုလ်က ထုတ်ပေးသော (၁) Eligible Letter ခေါ် ကျောင်းသားဖြစ်ကြောင်း ယာယီထောက်ခံစာ ကော်ပီ။ (၂) ပတ်စပို့မိတ္တူ (၃) ရဲရုံးအတွက်တင်ရန် A Form C form စသည်များ ဖြည့်ရ (၄) မိမိနေသည့် အိမ် (သို့) အဆောင်၏ ထောက်ခံစာ (၅) မိမိတက်မည့် ဌာနက ထုတ်ပေးသော Bonafide ခေါ် ကျောင်းသား ဖြစ်ကြောင်း certificate (မူရင်း) (၆) ဓာတ်ပုံ ၂ ပုံ ယူဆောင်ကာ ဖော်ပြပါရုံးသို့ သွားကာ တန်းစီရပါသည်။ ကျောင်းသားလက်ခံချိန်ဖြစ်သဖြင့် ရုံးတိုင်းမှာ နိုင်ငံခြားသားကျောင်းသားများသဖြင့် တန်းစီရတဲ့ ဒုက္ခ မသေးလှပါ။

Department မှ Bonafide Certificate
ကိုယ်တက်ရောက် သင်ကြားမည့် ဌာန Department မှ ကျောင်းသားတစ်ယောက် တရားဝင်ဖြစ်ကြောင်း လုပ်ထုံးများကလဲ အများသား။ International Student Center ခေါ် ပြည်ပကျောင်းသားရေးရာဌာန၊ ကိုယ်တက်ရောက်မည့် ဌာနနှင့် ဘဏ် တို့ကို ပြေးလွားရပေသည်၊ ပြည်ပကျောင်းသားရေးရာဌာနမှ ကျောင်းသားဖြစ်ရန် အချက်အလက် certificate အားလုံးပြီးပြည့်စုံစွာ စစ်ဆေးပြီးမှသာ အမေရိကန် ဒေါ်လာ ၆၅၅ သွင်းဘို့ ချလန် (ငွေပြေစာ) ထုတ်ပေးသည်၊ ထိုငွေပြေစာကို ဘဏ်မှာ သွားသွင်းရသည်၊ ထိုငွေးသွင်းပြီး ပြေစာများဖြင့် ကိုယ်တက်ရောက်မည့် ဌာနသို့ သွားရောက်ရပြန်သည်၊ ထိုဌာနမှ Department fee ရူပီး ၁၂၀၀၀ (အမေရိကန်ဒေါ်လာ ၂၅၀ ၀န်းကျင်) တန် တနှစ်စာ ချလန်ဖြတ်ပိုင်းထုတ်ပေးသည်၊ ဘဏ်သို့ ပြေးရပြန်သည်၊ ဘဏ်မှာက ရာနှင့်ချီသော ကျောင်းသားများက တန်စီးနေကြသဖြင့် စောင့်ဆိုင်းရသည့် ဒုက္ခ မလွယ်ပါ။ ထိုအားလုံးပြီးကာမှ မိမိတက်ရောက်မည့် ဌာနရဲ့ Head လက်မှတ်ဖြင့် Bonafide Certificate ထုတ်ပေးရန် ခွင့်ပြုချက်ရယူကာ Department Office မှ တံဆိပ်ရယူပြန်သည်။ ထိုထောက်ခံစာ အားလုံး စုစည်းပြီးကာမှ အထက်ဖော်ပြပါ ရဲရုံး FRO သို့ သွားရသည်။ အချို့လဲ ဤ procedure များအားလုံး ၁၄ အတွင်းပြီးနိုင်သလို အချို့မှာတော့ မမီသဖြင့် ရှိတဲ့ လက်မှတ်လေးနှင့် အရင်တင်ထားရသည်၊ ကျန်တာ နောက်မှ ပြန်ပို့ရင်ရသည်။ ၁၄ ရက်အတွင်း မပို့ပါက ဒဏ်ရိုက်ခံရမည်။

နေစရာဘယ်လို ဖန်တီးမလဲ?
အခုဆိုရင် ကျောင်းသားတစ်ယောက် ဖြစ်သွားပါပြီ။ အဓိက အရေးကြီးသည့် ပြဿနာတစ်ခုရှိပါသေးသည်။ သူကတော့ နေစရာပင် ဖြစ်သည်။ International Hostel တွင် အခန်းရဘို့ မလွယ်၊ ကြိုတင်ပြီး တင်ထားသော ကျောင်းသားများသည်ပင် တစ်နှစ်စောင့်ရသည်၊ မနှစ်က ရောက်လာသော ပါဠိဌာနမှ သီတဂူစတား သူငယ်ချင်းတွေ အခုထိ အခန်းမရရှိသေးပါ၊ အပြင်မှာ အိမ်ခန်းငှါး နေရသည်။ ပူနေး အိမ်ငှါးစရိတ်သည် နှစ်စဉ် မြင့်မားလာသည့်အတွက် တစ်ယောက်တည်း အိမ်ခန်းငှါးပြီး နေဘို့ဆိုတာ သီတဂူစတားတို့လို ဘုန်းကံနဲသူတွေအတွက် မဖြစ်နိုင်၊ ကြွားလိုက်ဦးမယ်။ စုပေါင်းငှါးမှသာ လုံခြုံရေးရော ငွေရေးကြေးရေးရော သက်သာမည်။ မနှစ်က သီတဂူကျောင်းသားများ စုပေါင်းငှါးသည့် အိမ်သည် တစ်လလျင် ၁၂၀၀၀ (အမေရိကန် ဒေါ်လာ ၃၀၀ ၀န်းကျင်)။ တက္ကသိုလ်က အဆောင်ရလျင်တော့ ၆ လ ရူပီး ၉၀၀၀ (အမေရိကန် ဒေါ်လာ ၂၀၀) ပေးဆောင်ရသည်၊ သက်သာသည်ဟု ဆိုနိုင်သည်၊ လုံခြုမှုရှိသည်။ ယခုအခါ အခန်းရဘို့ စောင့်ဆိုင်းနေသူ waiting lists တွေ များစွာ တန်းစီနေသည်။ အချို့တော့ အဆောင်မှာ မနေချင်ကြ၊ ချစ်သူ ရီးစားရှိသူတွေ၊ ပိုက်ဆံတတ်နိုင်သူတွေကတော့ အပြင်မှာ အိမ်ခန်းငှါးနေကြသည်၊ ပိုလွတ်လပ်သည်၊ အဆောင်မှာက အမျိုးသားဆောင်သို့ အမျိုးသမီးမတက်ရသလို အမျိုးသမီးဆောင်မှာ လဲ အမျိုးသားမ၀င်ရ၊ ယခုအခါ လုံခြုံရေးအတွက် ပိုတင်းကျပ်လာသည်ဖြစ်ရကား အမျိုးသားဧည့်သည် သည်ပင် အမျိုးသားဆောင် တက်ခွင့်မရတော့ပါ၊ သူငယ်ချင်းတွေ လာတွေ့လျင် အောက်ထက်က ဧည့်ခန်းမှာ တွေ့ရန် လုံးခြုံရေးက လာပြောပေးသည်။

ဘယ်လိုစားမလဲ?
နောက်တစ်ခု အရေးကြီးသည့် အချက်တစ်ခု ရှိပါသေးသည်၊ စားရေးသောက်ရေးပင် ဖြစ်သည်။ စားရေးသောက်ရေးကို ဘယ်လို ဖြေရှင်းကြမလဲ? တက္ကသိုလ်အဆောင်မှာ စားစရိတ်ကို ကိုယ့်ဘာသာ ဖြေရှင်းရသည်။ အချို့တက္ကသိုလ်များက အဆောင်တွင် mass ပါသည်။ ပြည်ပကျောင်းသား အများစုသည် အသားဟင်းကို ကြိုက်ကြသည်။ အိန္ဒိယနိုင်ငံသား ၈၅ ရာခိုင်နှုံးက အသား မစား၊ ပြဿနာက သူတို့က အသားမစားတော့ အချို့တက္ကသိုလ်တွေရဲ့အဆောင်မှာ အသားမချက်ရ၊ ပူနေးတက္ကသိုလ်ကတော့ ပြည်ပကျောင်းသားတွေချည်း နေသဖြင့် ကျောင်းသား ၁၀ ယောက်အတွက် မီးဖိုခန်း တစ်ခန်းပေးသည်။ အပြင်မှာ အိမ်ငှါးလျင် အသားချက်ခွင့်ရှိသည့် အိမ်ကို ရှာဖွေ ငှါးရသည်၊ အချို့အိမ်ပိုင်ရှင်များက အသားဟင်း ချက်စားခွင့် မပြု။ သူငယ်ချင်းတွေ စုချက်စားလျင် အကုန်အကျ သက်သာသည်။ သီတဂူစတားတို့ သီးတင်းသုံးဖော်တွေ ဌာနမတူပေမဲ့ အဆောင်မှာ အတူနေ အတူုချက်စားသည့် မိသားစုစနစ်တစ်ခုဖြစ်သည်။ အလှည့်ကျ ချက်စားကြသည်။ အချို့လဲ အတူမချက်ပေမဲ့ ကိုယ့်ဘာသာချက်ပြီး စားချိန်ရောက် အတူဝိုင်းဖွဲ့စားကြသဖြင့် အခြားပြည်ပကျောင်းသားများသည်ပင် အံသြချီးမွမ်းကြသည်။ မြန်မာတွေက စည်းရုံးမှုရှိသည်၊ cooperation ရှိသည်။ အများစုနိုင်ငံတွေက ကိုယ့်ဘာသာ နေကြသည်၊ self-life style ကို သဘောကျသည်။

ပါတီပွဲလေးများ
အဆောင်မှာတော့ ပြည်ပကျောင်းသားများ စုဝေးရာဖြစ်သောကြောင့် ကိုယ့်နိုင်ငံရဲ့ နေ့ထူးနေ့မြတ်၊ ဥပမာ နှစ်သစ်ကူးလိုမျိုးရောက်လာလျင် အဆောင်မှူးထံ ခွင့်ယူကာ ပါတီပွဲ၊ အတီးအက အခုံ၊ အစားအစာတို့ဖြင့် ကျင်းပတတ်သည်။ အပြင်မှာ အိမ်ခန်းငှါးနေသော ကျောင်းသား ကျောင်းသူတွေက အဆောင်မှာ လာစုတက်ကြသည်။ အဆောင်သည် စုရပ်တစ်ခု ဖြစ်နေသည်။ အမျိုးသားဆောင်နှင့် အမျိုးသမီးဆောင်သည် ကပ်လျက်ရှိနေသည်အတွက် စုဝေးရတာ ပိုအဆင်ပြေနေသည်။

ယာယီလက်မှတ်

Admission Letter or Eligible Letter
သူငယ်ချင်းတစ်ယောက်က မေးတယ်၊ အရှင်ဘုရား- အရှင်ဘုရားတို့ ပူနေးတက္ကသိုလ်တက်ချင်ရင် Admission Letter or Eligible Letter ကို ဘယ်လို ရအောင်လုပ်မလဲ ဘုရားတဲ့ ဆိုတဲ့ မေးခွန်းသည်လည်း အရေးပါနေ၍ ကျွန်ုပ်နှင့်ဖီလိုဆိုဖီ ပို့စ်မတင်မီ ပူနေးတက္ကသိုလ်တက်ရန် စိတ်ဝင်စားသည့် ကျောင်းသားများအတွက် ရည်ရွယ်၍ ဤပို့စ်ကို တင်လိုက်ရပါသည်။
မှန်ပါသည်၊ မေးသင့်သည့် မေးခွန်းဖြစ်သည့်အပြင် အကျိုးများမည့် မေးခွန်းလဲဖြစ်ပါတယ်၊ ဒီအချက် တင်ပြဘို့ မေ့သွားခဲ့ပါတယ်၊ ပူနေးကျောင်းသားတစ်ယောက် ဖြစ်ဘို့ရန် အလွန်အရေးပါသည့် မေးခွန်းတစ်ခုဖြစ်ပါသည်၊ ဤ Letter မပါဘဲ student visa မရနိုင်ပါ၊ အိန္ဒိယသံရုံးက တက္ကသိုလ်တစ်ခုခုက ကျောင်းသားဖြစ်ကြောင်း လက်ခံလိုက်တဲ့ admission စာတစ်စောင်ပါမှ ကျောင်းသားဗီဇာ အတွက် ၂ နှစ်စာ ထုတ်ပေးသည် ထိုနှစ်နှစ်စာအတွက် အမေရိကန် ဒေါ်လာ ၇၅ ပေးဆောင်ရသည်။

ကိုယ့်နေရာကနေ Admission Letter or Eligible Letter ဘယ်လို ရအောင် လုပ်မလဲ?
အိန္ဒိယပြည်၊ ကိုယ်တက်ရောက်မည့် တက္ကသိုလ်သို့ ကိုယ်တိုင် သွားရလျင် သွားစရိတ် ပြန်စရိတ် အမေရိကန် ဒေါ်လာ ၇၀၀ လောက် ကုန်ကျဦးမည်။ ဒါမှမဟုတ် လူကြုံနှင့်ပို့ပြန်လျင်လဲ အပြန်အသွားဆိုတော့ အချိန်ကြာမည်၊ စိတ်လဲ မချရပေ။ မြန်မာပြည်မှာ အင်တာနတ်ခေတ်တွေ ခေတ်မစားခင်က အဲဒီလို လူကြုံနှင့်ပို့ကြရသည်၊ ဒါမှမဟုတ် ကိုယ်တိုင် သွားပြီး ဆောင်ရွက်ရသည်၊ လူပန်း ငွေကုန် အချိန်ကုန်ခေတ်ပေါ့။ ယခုအခါမှာ အင်တာနတ်တွေ အီမေးလ် တွေ အဆင်ပြေလာတော့ လူကိုယ်တိုင် သွားစရာမလိုတော့ပေ၊ google ကို အထူးကျေးဇူးတင်ရပေသည်။ အဲဒီတော့ အဲဒီ စာကို ကိုယ့် ပြည်တွင်းကနေဘယ်လို ရအောင် လုပ်မလဲ?

အိန္ဒိယမှာ ကိုယ့်သူငယ်ချင်း၊ ဒါမှ မဟုတ် ကိုယ့်အတွက် အကူအညီပေးနိုင်မည့် မိတ်ဆွေ လိုပါသည်၊ အကောင်းဆုံးက ကိုယ်တက်ရောက်မည့် တက္ကသိုလ်တွင် တက်ရောက် ပညာသင်ဆဲ ပုဂ္ဂိုလ်ဆိုလျင် ပိုအဆင်ပြေသည်၊ အကြောင်းကား သွားရ လာရတာမလွယ်ကူပါ၊ အိန္ဒိယပြည်ကြီးသည် အလွန်ကျယ်ဝန်းသည်ဖြစ်ရကား တနေရာနှင့် တနေရာ သွားဘို့ဆိုတာ ခက်ခဲပါသည်။ ရုံးကိစ္စများသည်လည်း တစ်ရက်တည်းနှင့် ပြီးသည်မဟုတ်၊ ခဏခဏ ရုံးကိုသွားရသည်၊ ကုလား tomorrow တို့ ဧ မိနစ် တို့ဆိုတာ အလွန်ကြောက်စရာပါ၊ tomorrow ဆို တစ်ပတ်လောက်တော့ အနဲဆုံး သွားရသည်။ ထို့ကြောင့် ကိုယ်တက်ရောက်မည့် တက္ကသိုလ်နှင့် ဘာသာရပ်ကို အတိအကျ ပြောဘို့ လိုသည်၊ ဟိုတက္ကသိုလ်တက်ချင်သလိုလို ဒီတက္ကသိုလ်လိုလို ဟိုဘာသာရပ်တက်ချင် သလိုလို ဒီဘာသာ ယူချင်သလိုလို ၀ါးတားတား လုပ်နေရင် လုပ်ပေးရသည့် ပုဂ္ဂိုလ်အတွက် အရမ်းကို ခက်ခဲပါသည်။ ဒါ့ကြောင့် အတိကျသာ ပြောလိုက်ပါ။

ဘာတွေ လိုအပ်သလဲ
ကိုယ်တက်ရောက်မည့် တက္ကသိုလ်နှင့် ဘာသာရပ်တို့ကို ဖြစ်နိုင်ခြေရှိသည့် (လုပ်ပေးနိုင်သူ) သူအား အတိအကျပြောပြီး၊ ကိုယ့်ရဲ့ ကိုယ်ရေးရာဇ၀င် စသည်တို့ကို ပို့ပေးရပါသည်။ အဲဒါတွေကတော့ (၁) ပတ်စပို့ (၂) ပတ်စ်ပို့ ဓာတ်ပုံဆိုဒ် ပုံများ (၂) အောင်လက်မှတ် certificate (၃) ထိုအောင်လက်မှတ်ရဲ့ အမှတ်စာရင်း Mark sheet (၄) မွေးစားရင်း Birth Certificate (၅) တက္ကသိုလ်တစ်ခုခုရဲ့ ထောက်ခံစာ (အောင်လက်မှတ်ရခဲ့သည့် နေရာ) No Objection (၆) ဖြစ်နိုင်ရင် ကိုယ့်အတွက် လုပ်ပေးမည့်သူထံ အမေရိကန် ဒေါ်လာ ၅၀ ကြိုပို့ပေးထားလျင် ပိုကောင်းသည်၊ အထက်ပါ အချက်အလက်များကို စကန် scan ဖတ်ပြီး အီးမေးလ်ကနေ ပို့နိုင်ပါသည်။ အကြောင်းကား (၁)လျှောက်လွာများ ၀ယ်ခြင်း၊ (၂) Notary ခေါ် ရှေ့နေ ထောက်ခံစာ ရအောင် ယူခြင်း၊ (၃) လျှောက်လွှာတင်ခြင်းနှင့် စရိတ်စကတွေ ရှိနေပါသည်။

အချိန်
ဘယ်အချိန် အဲဒီ Admission Letter ထွက်လာမလဲဆိုတော့ အတိအကျ ပြော၍ မရပါ။ သီတဂူစတားတုန်းက လုပ်ပေးနေတဲ့ သူငယ်ချင်းအား ခဏခဏ အပူတိုက်မိသည်၊ မရသေးဘူးလား မထွက်သေးဘူးလား ကြာလှပါလား စသည်ဖြင့် ပြောမိသည်၊ သူစိတ်ဆိုးသည်၊ ဟုတ်ပါသည် သီတဂူစတားလဲ အခြေအနေကို ကောင်းကောင်းမသိခဲ့၊ သူငယ်ချင်းနှစ်ယောက်အတွက် ကိုယ်တိုင်ကိုယ်ကျ လုပ်ပေးလိုက်တော့မှ အတွေ့အကြုံရလိုက်သည်။ International Center ကို ခေါက်တုန့်ခေါက်ပြန်သွားနေရသည်၊ ကျောင်းသားအသစ် လက်ခံချိန်ဖြစ်တာကြောင့် ဒီထွက်လာမည့် စာလေးတစ်ဆောင်ရဘို့ သွားစောင့်ရတာမလွယ်၊ တန်းစီနေရသည်၊ ရောက်သွားပြန်တော့လဲ ကိုယ့်လူအတွက် စာက ထွက်မလာသေး၊ နောက်နေ့ ထက်သွား တန်းစီရပြန်၊ ကိုယ့်ရှေ့မှာက နိုင်ငံပေါင်းစုံက ကျောင်းသာတန်းရှိသည်၊ မြန်မာပြည်မှာတုန်းကလို ဘုန်းကြီးပဲ ဆိုပြီး ရှေ့မှာကျော်တက်လို့မရပါ။ အဲဒီအချိန်မှာတော့ မြန်မာပြည်ရဲ့ ယဉ်ကျေးမှုကို သတိရမိသည်၊ လွမ်းမိသည်။

ပုံမှန်ကျောင်းသားလက်ခံချိန်
ကျောင်းသားလက်ခံချိန်သည် ယေဘုယျအားဖြင့် တက္ကသိုလ်ကြီးတွေမှာ တူညီကြပါသည်။ လုပ်ထုံးလုပ်နည်းလေး နဲနဲတော့ ကွာကြသည်၊ ပူနေးတက္ကသိုလ်ကျောင်းသား စတင်လက်ခံချိန်သည် June လမှာ ဖြစ်ပြီး admission ကတော့ လျှောက်လွာများတင်ပြီး ၂၀ ရက် သို့မဟုတ် တစ်လ ထိရှိနိုင်သည်။ admission ပိတ်ချိန်သည် July လက်ကုန်အထိဖြစ်နိုင်ပါသည်။ ၀င်ခွင့် စာမေးပွဲသည် August လ ပထမဆုံးတနင်္ဂနွေနေ့ ကျင်းပသည်။ ကျောင်းစဖွင့်ချိန်ကတော့ August လမှာပဲ စဖွင့်သည်။ Admission ထွက်လာလျင် အိန္ဒိယမှ ဆောင်ရွက်ပေးနေသူက ကိုယ့်ရဲ့ admission ကို စကန်ဖတ်ပြီး အီးမေးလ်နှင် ပြန်ပို့ပေးပါလိမ့်မည်၊ ရရခြင်းပဲ ထိုစာဖြင့် အိန္ဒိယသံရုံးကို သွားကာ ကျောင်းသား ဗီဇာ လျှောက်လေသတည်း။ ဤ admission သည် ဗီဇာလျှောက်ရန် ယာယီကျောင်းသားဖြစ်ကြောင်း လက်မှတ်ပဲဖြစ်ပါသည်၊ တကယ့်ကျောင်းသားဖြစ်ဘို့ကိုတော့ ကိုယ်တက်မည့် တက္ကသိုလ်ရောက်ခါမှသာ ရုံးကိစ္စတွေ ဆက်လက် လှုပ်ရှားရပါသည်။ သို့ဖြစ်ပါသောကြောင့် ပူနေးတက္ကသိုလ်တက်ရန် ပြင်စင်ထားသူများ ရှေးဦးစွာ သိထားရန် ရည်ရွယ်ပါသည်။

ပူနေးတက္ကသိုလ်နှင့် Migration
မိတ်ဆက်

တက္ကသိုလ်တစ်ခုမှ B.A, B.Sc ပြီးသော ကျောင်းသားတစ်ယောက် သို့မဟုတ် M.A, M.Sc ပြီးသော ကျောင်းသားတစ်ယောက်သည် အခြားတက္ကသိုလ်တစ်ခုသို့ ပြောင်းရွှေ့ပြီး M.A, M.Sc သို့မဟုတ် Ph.D အတွက် ကျောင်းတက်မည်ဆိုလျှင် ကျောင်းပြောင်းလွှဲစာ (Migration certificate သို့မဟုတ် transfer certificate) လိုအပ်သည်။ ထို certificate ထုတ်ပေးသည့် စနစ်မှာ တက္ကသိုလ် တစ်ခုနှင့် တစ်ခုမတူညီကြပါ။ သီတဂူစတား သိသော migration certificate ကို ဘယ်လိုယူရမလဲ ဆိုတာ ပူနေးတက္ကသိုလ်၏ system ကို ဗဟုသုတအဖြစ် တင်ပြလိုပါသည်။ မောင်ကောရေ- ဒီလောက် ခက်ခက်ခဲခဲ လုပ်ယူရတဲ့ migration ကို နောင် ပူနေးတက္ကသိုလ် ကျောင်းတက်မည့်သူတွေအတွက် မှတ်တမ်းလေးရေးထားခဲ့ပါဟု သီတင်းသုံးဖော်တစ်ယောက်က ပြောလာပါသည်။ ဒီမှတ်စုလေးက ပူနေးတက္ကသိုလ်သို့ ကျောင်းတက်မည့်သူ migration ရရန်အတွက် အားထုတ်နေသူတွေနှင့် အခြားဗဟုသုတရလိုသော သူတွေအတွက် မှတ်စုလေးတစ်ပုဒ်အဖြစ် တင်ပြလိုက်ပါသည်။

ပူနေး migration
ပုံမှန်အားဖြင့် ပူနေးတက္ကသိုလ်သည် ဘယ်တက္ကသိုလ်ပဲ လာလာ ဘယ်နိုင်ငံကပဲ လာလာ migration certificate မပါဘဲ လက်ခံလေ့ရှိသည်၊ သို့သော် အိန္ဒိယတက္ကသိုလ်များ ဘုတ်အဖွဲ့ကသော်၎င်း သို့မဟုတ် ကျောင်းသား၏ နိုင်ငံမှာ ရှိသော အိန္ဒိယသံရုံးကသော်၎င်း၊ သို့မဟုတ် အိန္ဒိယနိုင်ငံရှိ ကျောင်းသား၏နိုင်ငံပိုင် သံရုံးကသော်၎င်း ထို အောင်လက်မှတ် Passing Certificate နှင့် အမှတ်စာရင်း Mark sheet တို့ကို အသိမှတ်ပြုဘို့ လိုသည်၊ ထိုဌာနတစ်ခုခုမှ အသိမှတ်ပြု ထောက်ခံစာများ ပါရပါသည်။ ဤကား ပူနေးတက္ကသိုလ်မှ migration certificate မပါဘဲ အောင်လက်မှတ်များကို လက်ခံခြင်းအကြောင်းဖြစ်ပါသည်။

ပူနေးတက္ကသိုလ်မှ migration ထုတ်ယူခြင်း
ပူနေးတက္ကသိုလ်မှ M.A ပြီးသော ကျောင်းသားသည် အကယ်၍ ပူနေးတက္ကသိုလ်မှာ ဆက်မတက်တော့ဘဲ အခြားတက္ကသိုလ်မှာ Ph.D ဆက်လုပ်မယ်ဆိုရင် Migration ထုတ်ယူဘို့လိုပါသည်။ ထိုသို့ migration certificate တစ်ခုရဘို့ရာ လမ်းကြောင်း procedure မသိရင်တော့ ရွာလည်ပြီသာမှတ်ပေတော့။ သီတဂူစတားသည်လည်း ဆရာ guide အခက်အခဲ ကြောင့်၎င်း၊ ပူနေးတက္ကသိုလ်ရဲ့ ရှည်လျားလှတဲ့ procedure တွေကြောင့် ဗီဇာ limitation ရှိနေတာကြောင့် အခြားတက္ကသိုလ်တစ်ခုသို့ ပြောင်းရွှေ့ကာ Ph.D လုပ်ရန်စိတ်ကူးထားသည်ဖြစ်၍ migration certificate ရရန်ကြိုးပမ်းနေရသည်။ လမ်းကြောင်းသိရင်တော့ သိပ်မခက်ခဲပေမဲ့ ဘာသတင်း information မှ ရမထားဘဲ ကိုယ်ကိုယ်တိုင်လုပ်ကြည့်တော့ ၅ ရက်လောက် အချိန် အလကား ကုန်သွားသည်။ ရှေးဦးစွာ ကိုယ့်ရဲ့ဌာန (ဖီလိုဆိုဖီဌာန) က ရုံးမှာ သွားစုံစမ်းခဲ့သည်၊ ငါ migration certificate လိုချင်တယ် ဘယ်မှာ ရနိုင်မလဲ? မေးတော့ ဟာ ငါတို့ ဌာနက migration ရော transfer certificate (TC) ကိုရော ပြည်တွင်းကျောင်းသားအတွက်ရော ပြည်ပကျောင်းသားတွေ အတွက်ပါ ထုတ်ပေးလေ့မရှိဘူး။ Migration Department ကို သွားပါဆိုတော့ ညွှန်ကြားတဲ့အတိုင်း သွားခဲ့သော်လည်း local (ပြည်တွင်း) ကျောင်းသားတွေ အတွက်သာ ထုတ်ပေးတာ ပြည်ပကျောင်းသားတွေ အတွက်မပါဘူး၊ International Center (ပြည်ပကျောင်းသားရေးရာ ဌာန) မှာ သွားစုံစမ်းပါလို့ ပြောလိုက်ပြန်၊ သူပြောသည့်အတိုင်း ထို ဌာနသို့ သွားသည့်အခါ ရာနှင့်ချီသော ပြည်ပကျောင်းသားများ ရုံးထဲ ၀င်ရန် တန်းစီနေကြသည်။ ဒီလူအုပ်ကြီး မြင်ပြီး စိတ်မသက်မသာ ဖြစ်မိသည်၊ ငါ ဘယ်လိုလုပ် ဒီဌာနထဲသို့ ၀င်လို့ရမလဲ။ ဒီလိုနဲ့ လူအုပ်ထဲတိုးပြီး အတင်းကြည့်တော့ ရုံးထဲဝင်ရန် အပြင်ဘက်မှာ လက်မှတ်ထိုးနေရသည်၊ ပါလာသော အိပ်တွေကို လုံခြုံရေး ဒုတ်ချောင်းတွေနှင့် ထိုးပြီး စစ်ဆေးနေသည်။ တစ်ယောက်ချင်းစီ စစ်ဆေးနေတော့ အပြင်မှာတင် ၁ နာရီလောက်ကြာသွားသည်။

ဌာန အဆောက်အဦးအတွင်းရောက်ပြန်တော့လည်း ရုံထဲရောက်ဖို့ တစ်ခါ တန်ဆီရပြန်သည်၊ အတော်ကို စိတ်ပျက်ဖို့ကောင်းသည်၊ အဲဒီလောက် ခက်ခဲစွာ တန်းစီးပြီးမှ ရုံးခန်းထဲသို့ရောက်ရသည်၊ အဆင်ပြေ အမောပြေမလား အောင့်မေ့ migration ကိုသာ ဒီဌာနက ထုတ်ပေးသည် (TC) transfer certificate မပါဘဲ ထုတ်ပေးလို့ မရဘုးဟုပြောပြန်သည်၊ ဒါဆို အဲဒီ TC ကို ဘယ်က ရနိုင်မလဲဆိုတော့ မင်းတို့ ဖီလိုဆိုဖီဌာနကပဲ ပေးမှာပေါ့ ဟု လွှဲချပြန်တော့--ဟူးးးးးးးး မောသွားလိုက်တာမှ လွန်ပါရော-- Ph.D ဆက်လုပ်ချင်စိတ်တောင် ပျောက်သွားတယ်။ TC, DD, စသည့် ဖောင်များ ဖြည့်ပြီး ပို့ခဲ့လို့ tomorrow လာခဲ့ ဟု ပြောသည်၊ သွားတန်းစီရပြန်သည်။ မင်းဟာ ဒါရိုက်တာဆီမှာပဲ ရှိသေးတယ် tomorrow လာခဲ့လို့ ပြောပြန်သည်၊ နောက်နေ့ သူပြောတဲ့အတိုင်း သွားပြန်သော်လည်း ဒီနေ့ ဒါရိုက်တာမလာဘူး tomorrow တော့ သေချာ ရမှာပါကွာဟု ပြောပြန်သည်။ အိန္ဒိယ၏ tomorrow, one minute, one second ဆိုတာတွေရဲ့ အထာကို ကုလားတိုင်းက သိကြသည်။ ဒါ့ကြောင့် သူတို့ အချင်းချင်းသည်ပင် ပြောသည့် စကားတိုင်းကိုပင် တံဖိုးမထားကြတော့ပေ၊ ယုံကြည်မှုလည်းမရှိကြတော့ပေ။

ပြည်မြန်မာပြန်ချင်
အိန္ဒိယမှာ နှစ်နှစ်လောက် နေလိုက်ရတော့ အတော်လေး ရိုးအီးသွားသည်၊ အချို့ကျောင်းသားတွေတော့ မြန်မာပြည် ပြန်ချင်စိတ်ကို မရှိကြတာ၊ အကြောင်းကတော့ ဒီမှာက ပိုက်ဆံအကုန်အကျ များပေမဲ့ နေရတာ အဆင်ပြေပုံရသည်ထင်၊ မီးမပျက် ရေက အဆင်သင့်၊ လိုင်း speed အား ကောင်းတဲ့ အင်တာနက်ကိုလည်း ဈေးပေါပေါနဲ့ သုံးနိုင်၊ အလွယ်တကူ တံဖိုးနဲနဲနှင့် တယ်လီဖုန်းကိုလည်း လူတိုင်း သုံးနိုင်ခြင်းတို့ကြောင့် ဖြစ်ဟန်တူသည်။ သီတဂူစတားတော့ အဲဒီဟာတွေကို သိပ်မမက်မောပေ သို့သော်ရချင်သည်၊ P:၊ ဒါမေပဲ့  အိန္ဒိယ (ကုလား)ရဲ့ tomorrow, one minute, one second ဆိုတဲ့ ရုံး၊ ရဲစခန်း၊ ဌာနက ပြောသော စကားတွေကို စိတ်ပျက်ပြီး ကြောက်ရွှံ့နေတော့သည်။ ယခု migration ရရန် ကြိုးစားကြည့်လိုက်မှ အတော်ကို ခက်ခဲတဲ့ အိန္ဒိယ လူမျိုးတွေပဲ။ လွယ်တာကို ခက်အောင်လုပ်၊ အလုပ်ရှုပ်အောင်လုပ်တဲ့ သူတွေပဲလို့ မြင်မိသည်။ ဒီလိုနဲ့ ဌာန၊ ကျောင်းသားရေးရာ ဌာန နှင့် migration office တို့ သတင်းအတိအကျ မပေးဘဲ ဟိုလွှဲချ ဒီလွှဲချခြင်းဖြင့် ခံရသည့်ကျောင်းသားတွေမှာတော့ မသက်သာ၊ အချိန်ကုန် လူပင်ပန်း။ ကိုယ်လည်း မြန်မာပြည်ကို အမြန်ပြန်ချင်တာကြောင့် migration ကို မရ ရအောင် မပျင်းမရိ ဟိုမေး ဒီမေးရင်းနဲ့ အဖြေတစ်ခုတော့ရလာသည်။

ဘယ်လိုရအောင် ယူမလဲ?
လမ်းကြောင်းသိဖို့သာ လိုသည်။ သီတဂူစတားလဲ လမ်းကြောင်းပေါ် ရောက်လာရော သီတဂူစတားလိုပဲ migration ရရန် ကြိုးစားနေသူတွေ ရှိနေကြသည်။ ထိုင်းကျောင်းသား E-major နှင့် Education ဌာနက ကျောင်းသား ၂ ယောက် သီတဂူစတားထံ ရောက်လာသည်၊ သိပ်မကြာပါ အီရန်ကျောင်းသားတစ်ယောက်လဲ ရောက်လာပြန်သည်။ သီတဂူစတား migration နှင့်ပတ်သက်ပြီး ဆရာကြီးဖြစ်သွားသည်။ ကိုယ့်ရှေ့က ပြီးသွားတဲ့ မြန်မာ ကျောင်းသားတွေကတော့ ပူနေးတက္ကသိုလ်မှာပဲ ပြန်လုပ်ကြသည်ဖြစ်၍ migration နှင့်ပတ်သက်ပြီး မသိကြ။ ဒီနှစ် မြန်မာကျောင်းသား ပူနေးတက္ကသိုလ်မှ M.A ပြီး ၄ ယောက်ရှိသည်၊ ဖီလိုဆိုဖီဌာနမှ ၁၊ ပါဠိဌာနမှ ၂၊ နှင့် အင်္ဂလိပ်စာဌာနမှ ၁၊ တို့ဖြစ်သည်။ အားလုံးက ပူနေးတက္ကသိုလ်မှာ ဆက်မတက်ကြတော့ဘဲ အခြားတက္ကသိုလ်တွေမှာ တက်ဖို့ ပြင်ဆင်နေကြသည်။ migration နှင့်ပတ်သက်ပြီး သီတဂူစတားက အရင်လျှောက်ထားသည်ဖြစ်၍ နောက်လူတွေအတွက် အလွယ်တကူ လျှောက်နိုင်သည်။
Migration ကို International student center ကနေ နိုင်ငံခြားသား ကျောင်းသားများ အတွက် ထုတ်ပေးသည်။ ထိုသို့ ထုတ်ပေးရာမှာ ပြည့်စုံရမည့် documents တွေကတော့----
၁။ TC (transfer certificate) ထို certificate ကို publish department မှ ၅ ရူးပီး ပေးပြီး ၀ယ်ရပါသည်။ ထို ဖောင်တွင် ညွှန်ကြားထားသည့်အတိုင်း ဖြည့်သင့်တာ ဖြည့်ပြီး ကိုယ် အောင်ခဲ့တဲ့ ဌာနမှူးထံသွားပြီး လက်မှတ်ထိုးခိုင်းရပါသည်၊ ထိုဌာန၏ ရုံးတံဆိပ်ပါ ထုခဲ့ရသည်။
၂။ Mark sheet (M.A) တန်း အောင်ခဲ့သော အမှတ်စာရင်း။ ကိုယ်အောင်ခဲ့သော ဌာနမှ ထုတ်ပေးပါသည်။
၃။ DD form (demand draft) ဖြစ်ပါသည်။ ဒီဖောင်ကိုတော့ ပူနေးတက္ကသိုလ် ဘဏ်မှ ရယူပြီး ၂၀၀ တန်းလက်မှတ်ဝယ်ပြီး ငွေသွင်းပြီး DD form ချက်ချင်း ထုတ်ပေးပါသည်။
၎။ online application form migration ပါရပါမည်။ ထိုဖောင်ကို ရဘို့ရန်မှာ ရှေးက ၁-၂-၃ documents တွေ ပြည့်စုံပြီးမှ အွန်လိုင်းသို့ သွားရပါမည်။ ထိုအွန်လိုင်းမှာ- http://migration.unipuenonline.in/ သို့ သွားပြီး မိမိအကောင့်တစ်ခု ဖန်တီးရန် account create ကို သွားရပါမည်။ ညွှန်ကြားထားသည့်အတိုင်း ထို account creation အောင်မြင်ပြီးပါက ကိုယ်ဖြည့်မည့် application form နေရာသို့ ရောက်လာပါလိမ့်မည်၊ ထိုနေရာတွင် ဖြည့်ရမှာက-- ကိုယ့်ရဲ့ အမည်၊ အမေနာမည်၊ ကိုယ် Ph.D ဆက်လုပ်မည့် တက္ကသိုလ် သို့မဟုတ် ကောလိပ်၊ TC နံပါတ် နှင့် သူ့ကို ထုတ်ပေးသည့် ရက်စွဲ၊ DD နံပါတ်နှင့် သူ့ကို ထုတ်ပေးသည့် ရက်စွဲ စသည်အားဖြင့် ညွှန်ကြားထားသည့်အတိုင်း ဖြည့်စွပ်ပြီးပါက submission လုပ်ရပါသည်။ ထိုအစီအစဉ် အားလုံး အောင်မြင်ပြီးပါက ပရင့်ထုတ်ရန် Online application Form ထွက်လာပါလိမ့်မည်။ ပရင့်ထုတ်လိုက်ပါ။

ဤသို့အားဖြင့် ပူနေးတက္ကသိုလ်ရဲ့ Migration တစ်ခုရဘို့ရန်မှာ အစီအစဉ် သိရှိထားပါက လွယ်ကူပါသည်။ အများစုက ထိုလမ်းကို မလျှောက်ခဲ့ကြသေးသဖြင့် သိပ်မသိကြသေးပါ။ ကျောင်းသားတစ်ယောက်သည် အင်တာနက်ကို မဖြစ်မနေ သုံးကို သုံးတတ်ရပါမည်။
၅။ ထိုပြဆိုခဲ့သော form သို့မဟုတ် certificate ၄ ခုကို ယူပြီး international student center မှာ သွားပြီး ထို ဖောင်များကိုပြကာ ရူပီး ၅၀၀ တန် ဖြက်ပိုင်းတစ်ခု တောင်းရပါသည်၊ ပူနေးတက္ကသိုလ် ဘဏ်မှာ ထို ဖျက်ပိုင်းနှင့် ၅၀၀ သွားသွင်းရပါသည်။
၆။ အထက်ပါ ဖောင် ၄ ခုနှင့် ၅၀၀တန် ဘဏ်ဖျက်ပိုင်းတို့ကို ယူပြီး international student center မှာ သွားတင်ရပါမည်။ ဘဏ်နှင့် ကျောင်းသားရေးရာဌာနတို့၌ ခေါက်တုန့်ခေါက်ပြန် သွားရပါမည်၊ သွားရတာ မပင်ပန်းပေမည့် ထိုဌာနတွေမှာ တန်းစီရသည့် ဒုက္ခက မသေးလှပါ။ လုပ်ဖူး ကြုံဖူးမှ သိပါမည်။
ထို့ကြောင့် နောင်လာ နောက်သားများ အင်တာနက် သုံးတက်အောင် သင်ထားကြရန်နှင့် ပူနေးတက္ကသိုလ်မှ M.A ပြီးသော ကျောင်းသားများ migration ထုတ်ယူလိုသော ကျောင်သားများနှင့် စာဖတ်ပရိသတ် အတွက် ဗဟုသုတအဖြစ် ဤပို့စ်ကို သတင်းအဖြစ် တင်လိုက်ရပါသည်။

Ph.D (သုတေသန) ကျောင်းသား
ပထမခြေလှမ်း

Course တစ်ခု ပြီးပြန်တော့လဲ နောက်ထပ် Course တစ်ခုတက်ရန်ပြင်ရပြန်၊ မည်သည့် subject (ဘာသာရပ်)နှင့်မဆို M.A ပြီးကျောင်းသားတစ်ယောက်ဟာ Ph.D ဒေါက်တာဘွဲ့အတွက် ကျမ်းရေးရန် Supervisor or Guide ရှာရတဲ့ ဒုက္ခ နှင့် မလွဲမသွေ ရင်ဆိုင်ကြရမည်။ မထမဆုံး အခက်အခဲကတော့ ကိုယ့်ကျမ်းစာ အတွက် လမ်းညွှန်ပေးမဲ့ ဆရာရဘို့ပင်ဖြစ်သည်၊ ဆရာတစ်ယောက်ကို Ph.D ကျောင်းသား ၈ ယောက်သာ လက်ခံခွင့်ရှိသည်ဟု မှတ်သားရပါသည်။
ရာနှင့်ချီသော M.A ကျောင်းသားများ
အိန္ဒိယနှင့် သီရိလင်္ကာ နှစ်နိုင်ငံတွင်ပင် တစ်နှစ်ကို M.A ဘွဲ့ရ မြန်မာကျောင်းသား ရာဂဏန်းနှင့်ချီပြီး မွေးထုတ်ပေးနေသည်။ ပူနေးတက္ကသိုလ်တွင်ပင် ၂၀၁၀ ခုနှစ်တွင် ဒဿနိကဗေဒ တစ်ယောက် (သီတဂူစတား)၊ အင်္ဂလိပ်စာ ဌာန တစ်ယောက်နှင့် ပါဠိဌာန ၂ ယောက်၊ စုစုပေါင်း ၄ ယောက်သော မြန်မာကျောင်းသားများကို မွေးထုတ်ပေးလိုက်သည်။ အိန္ဒိယနိုင်ငံတွင် မဂဓတက္ကသိုလ်၊ ဆန်စခရစ်တက္ကသိုလ်နှင့် နာလန္ဒာတက္ကသိုလ်ကြီးများမှ ရာနှင့်ချီသော မြန်မာကျောင်းသားများ၊ အထူးအားဖြင့် ရဟန်းတော်များ မွေးထုတ်ပေးနိုင်သလို သီရိလင်္ကာတက္ကသိုလ်များမှလဲ မြန်မာကျောင်းသားများကို ရာနှင့်ချီပြီး မွေးထုတ်ပေးနေသည်ဟု သိရသည်။ ဤသို့အားဖြင့် ထိုတက္ကသိုလ်အသီးသီးမှ တစ်နှစ်ကို M.A ဘွဲ့ရ မြန်မာကျောင်းသား ၂၀၀ ၀န်းကျင် မွေးထုတ်ပေးနိုင်လိမ့်မည်ဟု ခန့်မှန်းရပါသည်။

ပြဿနာက

ထို M.A ပြီးကျောင်းသားအားလုံး ရှေ့ဆက်ပြီး Ph.D အတွက် ပြင်ဆင်နိုင်ကြမည်ဟူ၍ မဆိုနိုင်ပေမဲ့ (အကြောင်းအမျိုးမျိုကြောင့် ဆက်မတက်နိုင်ပေမဲ့) တစ်ဝက်လောက် (၁၀၀ နီးပါး)က ဆက်တက်နိုင်ကြမည်။ ပြဿနာက ထို ၁၀၀ နီးပါးသော ကျောင်းသားတွေ အတွက် Ph.D ကျမ်းပြုရန် Supervisor အဖြစ် ဆရာ အလုံလောက် မပေးနိုင်ခြင်းပင်ဖြစ်သည်။ သီရိလင်္ကာမှ ကျောင်းသား အများစုကလဲ အိန္ဒိယဘက်ကိုပဲ ရောက်လာကြသည်။

Ph.D ကျောင်းသားဖြစ်ရန်
Ph.D ကျောင်းသားဖြစ်ဘို့ရန် M.A တန်းမှာတုန်းက ရမှတ်သည် အနဲဆုံး ၅၅ % နှုန်းရှိရမည်ဟု သိရသည်။ အိန္ဒိယ တက္ကသိုလ်တွေမှာ ယေဘုယျအားဖြင့် တူညီတဲ့ စည်းမျဉ်းများရှိသလို မတူညီတဲ့ စည်းမျဉ်းများလဲ ရှိနေသည်။ ပူနေးတက္ကသိုလ်တွင်မှာလဲ ဌာနတစ်ခု စည်းကမ်းတစ်မျိုးရှိတက်သည်။ ယခုအခါ Ph.D ကျောင်းသားများသည် ပြည်တွင်းရော ပြည်ပကျောင်းပါ ၀င်ခွင့်ဖြေဆိုရမည်။ ၀င်ခွင့် ဖြေဆိုနိုင်သော ကျောင်းသားသည် ပြည်တွင်းကျောင်းသားဖြစ်ပါက အနဲဆုံး Grade Point 55 or Second class ဖြစ်ရမည်၊ ပြည်ပကျောင်းသားဖြစ်ပါက အနဲဆုံး grade point 50 ဆို ၀င်ခွင့်ဖြေဆိုခွင့်ရှိသည်။ တက္ကသိုလ် တစ်ခုနှင့် တစ်ခုလဲ Grade Point သက်မှတ်ပုံ ကွဲပြားပြန်သည်။

ပူနေးတက္ကသိုလ်၏ Grade Point

ပူနေးတက္ကသိုလ်မှာတော့ 40မှ 44 E grade? 45 မှ 49 အထိ D grade ၊ 50 မှ 54 point အထိ C grade ဟုသက်မှတ်သည်၊ 55 မှ 64 အထိ B၊ 65မှ 74 အထိ A grade နှင့် 75 မှ 100 အထိ O grade ဟုသက်မှတ်ထားသည်၊ ပူနေးတက္ကသိုလ်၏ ပုံစံသည် Semester နှင့် သွားသည်ဖြစ်ရကား M.A တန်းအတွက် Semester 4 ခု ရှိသည်၊ ထို semester အားလုံးမှ grade points တွေကို ပေါင်းပြီး နောက်ဆုံးရမှတ်ကို အတည်ပြုသည်။ သီတဂူစတားတို့ ဒဿနိကဗေဒဌာနတွင် ကျောင်းသားအများစုသည် B grade (55) နှင့် B grade အောက်မှာပဲ ရှိကြသည်၊ B grade- 55 ရဘို့ပင် အလွန်ခက်ခဲပါသည်၊ အင်္ဂလိပ်စာတော်လှပါသည်ဆိုသည့် အိန္ဒိယကျောင်းသားများသည်ပင် 55 အောက်မှာ အများစုရှိကြသည်၊ သို့သော် သူတို့အတွက် ကိစ္စမရှိ၊ M.Phil ဆက်တက်နိုင်ရန် အချိန်ပေးနိုင်သောကြောင့်။
သီတဂူစတားရရှိထားသည့် grade points မျာသည်-
First semester တွင် 56 point B grade Second semester တွင် 56 point B grade
Third semester တွင် 64 point B grade မျှသာ ရရှိထားပြီးဖြစ်သည်။ Fourth semester တွင်လည်း 64 point B grade မျှသာ ရရှိထားပြီးဖြစ်သည်။ အားလုံးပေါင်း 57.45 တို့ဖြင့် အောင်မြင်သဖြင့် Ph.D အတွက် ဆက်လှမ်းရန် အဆင်ပြေခဲ့သည်။

ဆိုလိုသည်မှာ ပူနေးတက္ကသိုလ်က ဒဿနိကဗေဒ ကျောင်းသားသည် အခြားတက္ကသိုလ်တွေမှာ Ph.D ကျောင်းသားဖြစ်ရန် အခက်ခဲရှိနိုင်သည်၊ အများစုတက္ကသိုလ်ကြီးတွေက 55 point ကို အနဲဆုံးထား သက်မှတ်ထားသည့် အတွက်ကြောင့်ပင်ဖြစ်သည်၊ ကိုယ့်ပူနေးတက္ကသိုလ်မှာပင် ပြန်တက်ဘို့ စိတ်ကူးပြန်တော့လဲ ၀င်ခွင့် စာမေးပွဲကြောင့် ဗီဇာ မလောက်ဖြစ်၍ အခြားတက္ကသိုလ်တွေမှာတက်ဘို့ စိတ်ကူးရပြန်။ ထို့ကြောင့် ဆရာ (supervisor) ရပေမဲ့ 55 point မရပါက ရှေ့ဆက်ရန် စိတ်မချရပေ။ အဲဒီအတွက်လဲ စိတ်ပူရပြန်သည်။

စတင်လှုပ်ရှား

ယခုအချိန်အခါသည် supervisor အလုအရက် ရှာနေရသည့် ခေတ်ဖြစ်နေသည်။ ထို့ကြောင့် မနေ့က ဂေဇာတ် မထွက်သေးပေမဲ့ supervisor ရှာ ထွက်ခဲ့ရသည်၊ အစဉ်ပြေပါသည် ပူနေးတက္ကသိုလ်မှ အနားယူတော့မည့် ဆရာမကြီးသည် အခြားတက္ကသိုလ်တွင် ဆက်လက်လုပ်မည် ဟု သူငယ်ချင်းများထံမှ တဆင့်ကြားရသဖြင့် ချက်ခြင်း လှုပ်ရှားရတော့သည်၊ seat ပြည့်သွားရင် တက္ကသိုလ်များ တစ်ခုပြီးတစ်ခု လိုက်ရှာနေရရင် ပိုက်ဆံ၊ အချိန်ကုန်မည်၊ နေကလဲပူနဲ့ လူလဲ အရမ်းပင်ပန်းမည်။ သူငယ်ချင်းတစ်ယောက် အကူအညီဖြင့် ဆရာမကြီးဆီ သွားကြသည်။ တွေ့ပါပြီ ဆရာမ၊ ငါက ဒီတက္ကသိုလ်မှာ အနားယူလိုက်ပြီဆိုတော့ ကျောင်းသားလက်ခံဘို့ မဖြစ်နိုင်ဟုပြောရှာပေမဲ့ ကြိုတင်သတင်းရယူထားသော သီတဂူစတားက ချက်ချင်းပဲ နောက်ထက် တက္ကသိုလ်တစ်ခုမှာ အလုပ်လုပ်မည်ဟုကြားသိထားပါတယ်၊ ဆရာမ ဆက်လက် အလုပ်လုပ်မည့် တက္ကသိုလ်မှာ ဆရာမဆီမှာပဲ Ph.D ဆက်လုပ်ချင်ပါသည်ဆိုတော့။

ဆရာမက ကိုယ်ရေးမဲ့ ခေါင်းစဉ်ကို မေးသည်၊ မင်းရေးမည့်ခေါင်းစဉ်က သူများရေးထားတာ ရှိသလား? ဟုမေးသည်၊ မရှိပါဘူးဆရာမ၊ အေး အဲဒါဆို မနက်ဖန်ခါ ကိုယ်ရေးမဲ့ ကျမ်းစာ(thesis)ရဲ့ အကျဉ်းချုပ် SYNOPSIS ရေးခဲ့ဟု ညွှန်ကြားသည့်အတိုင်း အဲဒီနေ့ကပဲ ဆရာမဆီက အပြန် ချက်ချင်း ရေးရသည်၊ နဂိုကလဲ နဲနဲပြင်ဆင်ထားသဖြင့် ပို၍အဆင်ပြေသွားသည်။ ဒီကနေ့တော့ ဆရာမနှင့် သွားတွေ့ပြီး ကျမ်းစာအကျဉ်းချုပ် စာတမ်းကို အပ်ခဲ့သည်၊ သဘောကျဟန်ရှိပေမဲ့ နောက်နေ့ ထက်ချိန်ပြန်သည်၊ ငါဖတ်ကြည့်ဦးမယ် မနက်ဖန်ခါ ထက်လာခဲ့ဦးတဲ့၊ နေပူပူနဲ့ သွားရလိမ့်မည်။ ကိုယ်က မြန်မြန်နှင့် အဆင်ပြေချင်တော့ နေပူပူ မိုးရွာရွာ၊ တုံးတိုက်တိုက် ကျားကိုက်ကိုက် သည်းခံကာ သွားရမည်။ ကုလားပြည်မှာ သည်းမခံ၍မရ။ အချိန် ၊ ဗီဇာ ၊ ငွေကြေး စသည်တို့ကြောင့် မြန်မြန်ပြီးလေ ကောင်းလေပဲ။ ဤကား Ph.D ကျောင်းသားတစ်ယောက်၏ ပထမဆုံး တွေ့ကြုံရမည့် ဒုက္ခပင်ဖြစ်သည်။

သီတဂူစတားသည် လောလောဆယ် ဤ အစီအစဉ်ထိ အဆင်ပြေနေသေးသည်ဟူ၍ ဆိုနိုင်သည်၊ ဂေဇာတ် ကောင်းဘို့ရန်သာ လိုသည်။ အခုမှ ပထမ ခြေလှမ်းသာရှိပါသေးသည်။ နောက်ထက် အစီအစဉ်များကိုတော့ အစီအစဉ် အားလုံးပြီးမှ ဆက်ရေးပါဦးမည်။ အိန္ဒိယနိုင်ငံ၏ Ph.D ကျောင်းသားဘ၀ တစ်စိတ်တဒေသ အဖြစ် ဗဟုသုတရရန် ရည်ရွယ်ပါသည်။

မှတ်ချက်။ ။ ပြောင်းလဲမှုမရှိဘဲ နဂိုမူလ တင်ပြီးပို့စ်ကိုပဲ ပြန်တင်ထားပါသည်။


ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
၁၉-၅-၂၀၁၀

27 December 2010

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စာမေးပွဲ

စစ်ကိုင်း၊ မန္တလေးနှင့် ရန်ကုန်မြို့ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၌ ၂၀၁၀-၂၀၁၁ ပညာသင်နှစ်အတွက် ဒုတိယ အကြိမ် စာမေးပွဲများကို တပြိုင်တည်း တချိန်တည်းမှာ ကျင်းပပေးနေသည်။

စာမေးပွဲများ
အမ်အေ (M.A) တန်း
ဘီအေ (B.A)တန်း
ဒီပလိုမာ (Diploma ) တန်း

ဒီပလိုမာကျောင်းသားများ စာဖြေနေစဉ် (ရန်ကုန်)



ရက်များ
၂၇-၁၂-၂၀၁၀
၂၈-၁၂-၂၀၁၀
၂၉-၁၂-၂၀၁၀
၃၀-၁၂-၂၀၁၀
၃၁-၁၂-၂၀၁၀ ရက်များဖြစ်သည်။

ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
၂၇-၁၂-၂၀၁၀

23 December 2010

သီတဂူအာစရိယ ပူဇော်ပွဲ (ရန်ကုန်)



စာမိတ်ဆက်
ပူဇာ စ ပူဇနေယျာနံ ဧတံ မင်္ဂလမုတ္တမံ- ပူဇော်သင့်သူကို ပူဇော်ခြင်းက မွန်မြတ်သော မင်္ဂလာဟူသတည်း။ ဆရာနဲ့ တပည့်ဆိုရာဝယ် ဆရာသည် ပူဇနေယျ- အပူဇော်ခံဖြစ်သည်၊ မိဘနှင့် သားသမီးတွင် မိဘက အပူဇော်ခံဖြစ်သည်။ လူကြီးနှင့် လူငယ်တွင် လူကြီးသည် အပူဇော်ခံ ပူဇနေယျ ဖြစ်သည်။ ထိုနည်းတူစွာ အကိုကြီး အမကြီးများသည် ညီငယ် နှမငယ်များ၏ အပူဇော်ကို ခံယူထိုက်သူများ ဖြစ်ကြသည့်အတွက် ပူဇနေယျပုဂ္ဂိုလ်များ ဖြစ်ကြသည်။

မြန်မာလူမျိုးများကို မြတ်ဗုဒ္ဓ၏အဆုံးမအောက်တွင် ကြီးပြင်းလာရာကား ကြီးသူကို ရိုသေ ငယ်သူကို လေးစားသည့် ယဉ်ကျေးမှုကို ပိုင်ဆိုင်ထားသူများဖြစ်ကြသည့်အတွက် ကမ္ဘာက လေးစားကြည်ညို အားကျကြသည်။ အသက်ဂုဏ် (ဂုဏ၀ုဎ္ဋိ, ၀ယ၀ုဎ္ဋိ) ပညာဂုဏ် အစရှိသော ကြီးရင့်သူတို့ကို ပူဇော်သူတို့အား အခွင့်အရေး ၄ မျိုးရရှိမှာဖြစ်တယ်၊ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာခြင်းနှင့် ခွန်အားကောင်းခြင်း တို့ဖြစ်သည်။ (အဘိဝါဒနသီလိဿ နိစ္စံ ၀ုဎ္ဋပဇာယိနော၊ စတ္တာရော ဓမ္မာ ၀ုဎုန္တိ အာယု ၀ဏ္ဏေ သုခံ ဗလံ)။ ထို့ပြင် ပညာရှိ သူတော်ကောင်းတို့၏ ချီးမွမ်းခြင်းကိုလည်း ရရှိမှာဖြစ်ပါသည်။

ယခုအခါ မြန်မာနိုင်ငံတွင် နေရာအနှံ့အပြား အာစရိယပူဇော်ပွဲများ ကျင်းပလျက် ဆရာများ၏ အဆုံးအမများနှင့် လမ်းညွှန်မှုများကို နာယူမှတ်သားနေကြသည်မှာ ၀မ်းမြောက်ဖွယ်ရာဖြစ်ပါသည်။ ၂၀၀၅နှစ် နွေရာသီက သီတဂူဆရာတော်ကြီး၏ အမိန့်အရ စာရေးသူသည် သူငယ်ချင်း နောင်တော် ဒေါက်တာ အရှင်ပညောနှင့်အတူ မိုးကုတ်မြို့သို့ နွေရာသီအင်္ဂလိပ်စာသင်တန်းနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းအတွက် သွားခဲ့ကြသည်။ ထိုသင်တန်းတွင် အရွယ်စုံ အတန်းစုံနှင့်ဆရာမများပင် တက်ရောက်ကြ သည်။ သင်တန်းတွေပြီးသောအခါ ထိုသင်တန်းတွင်ပါသော ဆရာမကြီးတစ်ယောက်က တပည့်တော်တို့ ဆရာပူဇော်ပွဲ ပြုလုပ်ချင်ပါတယ်ဘုရားဟု လျှောက်သည်။ စာရေးသူတို့က ကျောင်းသား ကျောင်းသူကလေးတွေရဲ့ အလှူတွေကို ငြင်းလိုက်မိသည်၊ သူတို့လေးတွေသည် အလွန်နွမ်းပါးကြသည်အတွက် မိမိကပဲ ပေးချင်သည်၊ ထောက်ပံ့ချင်သည်။ သို့သော် ဆရာမကြီးက ‘‘အရှင်ဘုရား တပည့်တော်တို့ ကလေးတွေက ဆင်းရဲကြတယ်ဆိုတာ မှန်ပါတယ်ဘုရား၊ သို့သော်လည်း ဆရာကို လေးစားရတယ်၊ ပူဇော်ရတယ်ဆိုတာလေးကို သူတို့လေးတွေကို သိစေချင်တာပါဘုရား၊ လက်ဆင့်ကမ်းချင်ပါတယ်ဘုရား၊ အဲဒါကြောင့် ခွင့်ပြုပါဘုရား’’ ဟု လျှောက်သောအခါမှ သဘောပေါက်၍ ခွင့်ပြုလိုက်သည်။ ယနေ့ မြန်မာနိုင်ငံရှိ စာသင်ကျောင်းများ တက္ကသိုလ်များတွင် ထိုကဲ့သို့ အာစရိယ ပူဇော်ပွဲများကို ကျင်းပခြင်းသည် နောင်လာနောက်သား မျိုးဆက်သစ်လေးတွေအတွက် လမ်းညွှန်ကောင်း ဖြစ်နိုင်ပါသည်။ ယခုအခါ ၀မ်းသာစရာကောင်းသည်မှာ တကမ္ဘာလုံးက ဆရာကို အသိအမှတ်ပြုလာကြသည်၊ အောက်တိုဘာလ ၅ ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့ (The world Teacher’s Day) ဟု အသိမှတ်ပြုကာ ဂုဏ်ပြု ချီးကြူးပူဇော်ပွဲများ ကျင်းပလျက်ရှိခြင်းပင် ဖြစ်သည်။

ကျောင်းသား ရဟန်းတော်များ ကန်တော့စဉ်

သီတဂူအာစရိယပူဇော်ပွဲ
ထိုနည်းတူစွာ ၂၃-၁၂-၂၀၁၀ နေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဘုရားခန်းမဆောင်တွင် အဓိပတိဆရာတော်ကြီး အမှူးပြုသော ပါမောက္ခ၊ ကထိက ဆရာများအား ၂၀၁၀-၂၀၁၁ ပညာသင်နှစ် ကျောင်းသားများက ပူဇော်တဲ့ပွဲကိုကျင်းပရန် အစီးအစဉ်ဆွဲခဲ့သည်။ သို့သော်လည်း ဆရာတော်ကြီးသည် နဂိုက ၂၃ ရက်နေ့ နံက်ပိုင်း အမေရိကမှ ပြန်ရောက်လာမည် ဖြစ်သော်လည်း အနောက်နိုင်ငံတွေမှာ အထူးသဖြင့် အင်္ဂလန်မှာ နှင်းထူထပ်နေသောကြောင့် လေယာဉ်ခရီးစဉ်များကို ယာယီ စောင့်ဆိုင်းထားရခြင်းဖြစ်ရကာ မူလ အစီအစဉ်ပြောင်းရမလိုဖြစ်နေသည်၊ ပင့်ပြိး ဖိတ်ပြီးဖြစ်နေသောကြောင့် ရှိနေသော ဆရာများနှင့် ပူဇော်ပွဲ သက်မှတ်ပြီး ၂၃ ရက်နေ့မှာပဲ ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း ဆုံးဖြတ်ကြသည်။ ဆရာတော်ကြီးသည် ၂၅ ရက်နေ့မှ ပြန်ရောက်မည်ဖြစ်သဖြင့် ထိုနေ့ကျမှ ဆရာတော်ကြီးအား သီးသန့် ကန်တော့ရန်သာ ဖြစ်ပါတော့သည်။

အခမ်းအနား အစီအစဉ်
၁။ နမော တဿ ဖြင့် အခမ်းအနား ဖွင့်
၂။ ကျောင်းသားများက ကန်တော့ပြီး ဒေါက်တာအဂ္ဂဓမ္မက ဆုပေး သြ၀ါဒပေး
၃။ ဒေါက်တာ ဣန္ဒက က သြ၀ါဒ ပေး
၎။ ဒေါက်တာကိတ္တိဗလ က သြ၀ါဒပေး
၅။ အရှင်ကောဝိဒ B.A, M.A (Philosophy),Ph.D(Thesis) သီတဂူစတားက သြ၀ါဒပေး
၆။ အရှင်ဥက္ကံသ M.A (Philosophy,က သြ၀ါဒပေး
၇။ ကျောင်းသားများက ကန်တော့ပန်းလွှာ လျှောက်ထားခြင်း
၈။ ဆရာများအား လှူဖွယ်များ ကပ်ခြင်း
၉။ သီတဂူအဓိဋ္ဌာန်ဖြင့် အခမ်းအနားကို ရုပ်သိမ်းခြင်း
အခမ်းအနား ပြီးဆုံးသောအခါ နေ့ဆွမ်းအလှူရှင် သီတဂူဦးတင်အေး မိသားစုမှ ကြွရောက်လာကြသော ဆရာတော် သံဃာတော်များနှင့် ဧည့်ပရိသတ်အပေါင်းတို့အား ဒံပေါက်ဆွမ်းဖြင့် ဧည့်ခံကျွေးမွေးသည်။

တပည့်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ

ပထမရွှေကျင်ဆရာတော်ကြီး၏ အဆုံးအမများစွထဲက တစ်ခုသော အဆုံးအမတွင်----------------
‘‘ပန်းဘဲဆရာ အထုမခံရသော သံတုံးသည် ဓားကောင်းတစ်လက် မဖြစ်နိုင်။
ကျောက်ဆစ်ဆရာ၏ အဖြတ်မခံရသော ကျောက်တုံးသည် ဘုရားမဖြစ်။
ဆရာကောင်း အဆုံးအမကို မခံရသော တပည့်သည်လည်း သူကောင်းမဖြစ်’’ ဟု ပါရှိသည်။ ဓားကောင်းတစ်လက်ဖြစ်ဖို့ရန် သံတုံးသံရိုင်းသည် ပန်းပဲဆရာ၏ မီးပြင်းပြင်းအတိုက်ခံရပြီး အထုအရိုက်ကို နာနာ ခံရသည်။ ထိုသို့ ပန်းပဲဆရာ၏ ကြိမ်ဖန်များစွာ အထုခံရမှသာ ဓားကောင်းတစ်လက်ထွက်လာရသည်။

ကျောက်ရိုင်း ကျောက်တုံးသည် ကျောက်ဆစ်ဆရာ၏ လက်နက် အကြီးအသေး အမျိုးမျိုးတို့ဖြင့် ထုရိုက် လှီးဖြတ် ခံရပြီးမှသာ လူတို့ကိုးကွယ်အပ်သော အလွန်သပ္ပါယ်သော ဘုရားရုပ်ဆင်းတုဖြစ်လာရသည်။
ဆရာသည် ပန်းပဲဆရာ ပန်းပုဆရာ ကျောက်ဆစ်ဆရာတို့နှင့်တူသည်။ မိမိ၏ တပည့်ကို လူတလုံးသူတလုံး လောကအလည်မှာ တင့်တယ်ပြီး သာသနာအကျိုး လောကအကျိုးအစီးပွားကို ဆောင်ရွက်နိုင်သော တပည့်ကောင်း သူတော်ကောင်းလေဖြစ်လာနိုင်ဖို့ရန် ခြောက်တန်လျှင်ခြောက် မြှောက်တန်မြှောက်၍ နာနာမောင်းနှင်ပေးရသည်၊ နာနာ ထုပေးရသည်။ ထိုအဆုံးမကို သီတဂူဆရာတော် ကြီးသည် မကြာမကြာ မိန့်ဖူးသည့်အတွက် စာရေးသူတို့ နားရည် ၀နေပါပြီ။

ငယ်စဉ်ဘဝ
စာရေးသူသည် အသက် ၁၄ နှစ်ကထဲက အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်သို့ ရောက်ခဲ့သည်။ ဖိုးသူတော်အရွယ် ဖြစ်သဖြင့် သူငယ်ချင်း အများစုတွေကလည်း ကိုရင်ငယ် ဖိုးသူတော် အငယ်ကလေးများသာ ဖြစ်သည်။ ထိုခေတ်က ထိုကျောင်းတိုက်ကြီးသည် စည်းကမ်းကြီးသည်၊ စည်းစနစ်ကျသည်၊ စာသင်နည်းစနစ် ကောင်းသည်ဟု နာမည်ကျော်သည်။ ထိုစာသင်တိုက်သို့ ရောက်ဖို့ရန်မှာ မလွယ်ကူလှပေ၊ ဆရာတော်ကြီး ရှိစဉ်ကဆို ပိုလို့တောင် ခက်ခဲသည်၊ ရုပ်ရည်ကိုပါကြည့်၍ လက်ခံသဖြင့် ရုပ်ရည်ကြမ်းသော စာရေးသူတို့အဖို့ ထိုခေတ်က ထိုကျောင်းသို့ ရောက်နိုင်လိမ့်မည်မဟုတ်။ ငယ်ငယ်ကထဲက အဆော့မက်သည်၊ အဆော့ သန်သည်၊ သင်္ကန်းစုတ်၊ အ၀တ်စုတ်ကလေးတွေကို လုံးအောင်ချုပ်ပြီး ဘော့ကန်သောကြောင့် ကွဲခဲ့တဲ့ မီးချောင်းတွေ၊ ရေနွေးဓာတ်ဗူးတွေလဲ မနဲဘူး၊ သူများတွေက ကျောင်းပိတ်ရက် ဥပုသ်နေ့ကို မျှော်နေကြပေမဲ့ စာရေးသူက ဥပုဒ်နေ့ ရောက်မှာကို ကြောက်နေမိသည်၊ ကျောင်းပိတ်၍ စာသင်ပျက်မှာကို ကြောက်လို့မဟုတ်၊ ဥပုသ်နေ့ရောက်တိုင်း ဆရာဖြစ်သူ (အာမခံ)က တပည့်တွေ ခေါ်ပြီး သြ၀ါဒပေးလေ့ရှိသည်၊ တစ်ပတ်စာအတွင်း ကျူးလွန်ခဲ့သော အပြစ်များ ဖော်ထုတ်ကာ ကြိမ်နဲ့ ဆော်လေ့ရှိသည်။ စာရေးသူလည်း တစ်ပတ် တစ်ခါတော့ အနဲဆုံးတော့ ဆော်ခံရသည်။ ငယ်စဉ်က ဆရာက ထိုကဲ့သို့ ရိုက်ဆုံးမသည်ကို မုန်းမိသည်၊ အသက်အရွယ် ရလာတဲ့ အခါ ဆရာသမားတွေနဲ့ ဝေးသောအခါမှ ထိုကြိမ်လုံးလေးကို တမ်းတ အမှတ်ရနေမိကာ လွမ်းနေ တော့သည်။

‘‘ နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း၊
ဝမ်းတွင်း မသို၊ ဟုတ်တိုင်းဆို၍
ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ ဆရာဟူလော့’’ ဆရာ၏ စေတနာကို ဖော်ကျူးသည် ကဗျာလေးဖြစ်သည်။ ဆရာသည် အိုးလုပ်သမားနှင့်လည်း တူသည်ဟူ၍ နီတိဆရာတို့ ဆိုကြသေးသည်။ အိုးလုပ်သမားသည် အိုးကို နာနာ ကြိမ်ဖန်များစွာ ရိုက်ပုတ်ရာဝယ် အိုးကို ကွဲစေလို၍ မဟုတ်ဘဲ အလွန်ခိုင်ခံ့သော အိုးကောင်းတစ်လုံး ဖြစ်ဖို့ပဲ ဖြစ်သည်။ ဆရာသည်လည်း တပည့်ကို ခြောက်လန့်ခြင်းတစ်ဖုံ မြှောက်ခြင်းတမျိုး အမျိုးမျိုး ဆုံးမခြင်းသည် ပျက်စီးသွားစေဖို့မဟုတ်၊ တပည့်ကောင်းတစ်ယောက် ဖြစ်ဖို့ပဲ ဖြစ်သည်။ ‘‘သိဿာနံ ဟိတံ အစရတီတိ အာစရိယော’’ ဟု စာက ဆိုသည်၊ တပည့်တို့၏ အကျိုးစီးပွားကို ပြုကျင့်အားထုတ်တတ်သောကြောင့် အာစရိယ (ဆရာ) ဟု ခေါ်သည်။

ရွှေအိုးပြသော ဆရာ
ဆရာသည် မြေ၀ယ်မြုတ်ထား ရွှေအိုးကို ဖော်ထုတ်ပြသော သူနှင့်လည်း တူသည်ဟု ဘုရားအဆုံးအမတွင် တွေ့ရသည်။ တခါက ကျောင်းမှာ ဝေယျာဝေစ္စပြုလုပ်နေသော အဖိုးအို ရာဓပုဏ္ဏားကြီးသည် ရဟန်းဝတ်လိုသော ဆန္ဒရှိနေပေမဲ့ ဘယ်ရဟန်းတော်ကမှ သူ့ကို ဂရုမစိုက်၊ အလေးမထား၊ ဘုရားရှင်၏ ဥာဏ်တော်ထဲတွင် ပုဏ္ဏားကြီး တရားထူးရမည်ကို ထင်လာသည်၊ ဘုရားရှင်က ရဟန်းများ စုဝေးရာတွင် ‘‘ရာဓပုဏ္ဏားကြီးကို မည်သူ တာဝန်ခံ ရဟန်းပြုပေးနိုင်မလဲ?’’ဟု မေးရာ ရဟန်းတော်အများစု တိတ်ဆိတ်နေရာမှ အရှင်သာရိပုတ္တရာမထေရ်က ‘‘ ဘုရားတပည့်တော် တာဝန်ယူ ပေးပါမည်၊ တစ်ချိန်သော အခါက ဘုရားတပည့်တော်အား ဆွမ်းတစ်ဇွန်းမျှ လောင်းလှူဖူးပါတယ်ဘုရား’’ ဟု လျှောက်လိုက်သောအခါ ရဟန်းများအားလုံး အံ့အားသင့်သွားကြသည်။ ထို့နောက် များမကြာမီမှာပဲ ရာဓရဟန်းကြီး ရဟန္တာဖြစ်သွားပြီးသောအခါ ဘုရားရှင်က ရာဓပုဏ္ဏားကြီးသည် ပြောစကား နားထောင်သည်၊ ပြောရဆိုရလွယ်ကူသည်ဖြစ်ရကား ထိုကဲ့သို့သော တပည့်မျိုး ဘယ်လောက် လိုချင်ပါသလဲဟု အရှင် သာရိပုတ္တရာအား မေးရာ များစွာ အလိုရှိပါကြောင်း လျှောက်ထားဖူးသည်။ ရာဓရဟန်းကြီးသည် ပြောစကား ဆိုစကား နားထောင်ခြင်းကို အကြောင်းပြု၍ ‘‘နိဓီနံဝ ပ၀တ္တေယျ၊ ယံ ပေဿ ၀ဇ္ဇဒဿိနံ။ နိဂ္ဂယှဝါဒိံ မေဓာဝိံ၊ တာဒိသံ ပဏ္ဍိတံ ဘဇေ။ တာဒိသံ ဘဇမာနဿ သေယျော ဟောတိ န ပါပိယျော= အပြစ်ကို ပြ၍ ဆိုဆုံးမသော ဆရာကို စိတ်မဆိုးသင့်၊ အပြစ်မမြင်သင့်ဘဲ မြေ၀ယ်မြုတ်ထား ရွှေအိုးကို ဖော်ထုတ်ပြသကဲ့သို့ မှတ်ယူက လိုက်နာသင့်ကြောင်း၊ ထိုသို့လိုက်နာခြင်းကြောင့် ထိုတပည့် ကြီးပွားရုံသာပဲ ရှိတော့၏၊ ဘယ်တော့မှ မပျက်ဆီး၊ မဆုတ်ယုတ် ’’ဟု မိန့်တော်မူသည်။ (ဓမ္မပဒအဋ္ဌကထာ)။

ဆရာ ၅ မျိုး

စာပေမှာတော့ ဆရာ ၅ မျိုးပြထားသည်ကို တွေ့ရသည်။ ဘာသာရေးဆိုင်ရာ ဆရာများဆိုပေမဲ့ လောကလူသား (လောကီ) သားတို့အတွက်လည်း ဖြစ်ပါသည်။ ထို ဆရာအမျိုးမျိုးတို့မှာ-------------
၁။ ပဗ္ဗဇ္ဇာစရိယ- ရှင်ပြုပေးသော ဆရာ၊ ဥပမာ- မြတ်ဗုဒ္ဓ၏သားတော် ရှင်ရာဟုလာကို ရှင်ပြုပေးသော ဆရာသည် အရှင်သာရိပုတ္တရာဖြစ်သည်။
၂။ ဥပသမ္ပဒါစရိယ- ရဟန်းပြုပေးသော ဆရာ၊ စာရေးသူအား ရဟန်းပြုသော ဥပဇ္ဈာယ်သည် အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ ယခုလက်ရှိ နာယကချုပ်ဆရာတော် အရှင်ကုဏ္ဍလာဘိဝံသ အဂ္ဂမဟာပဏ္ဍိတ မထေရ်ဖြစ်သည်။
၃။ နိဿယာစရိယ- နိသျည်းပေးသော ဆရာ။
၎။ ဥဒ္ဒေသာစရိယ- စာပေသင်ကြားပေးသော စာချဆရာများ။
၅။ သြ၀ါဒါစရိယ- ဆုံးမစကား ပြောကြားပေးခြင်း၊ လမ်းညွှန်ခြင်း၊ မကောင်းမြစ်တာ ကောင်းရာ ညွှန်သော ဆရာဟူ၍ စာပေမှာ တွေ့ရှိရသည်။
ရှင်ပြုခြင်း ရဟန်းခံစသည်ဖြင့် သာသနာနှင့်ဆိုင်သော ဆရာဖြစ်ပေမဲ့ နံပါတ် ၄ နှင့် ၅ တို့သည် လောကီ လောကုတ် ၂ မျိုးလုံးဆိုင်သော ဆရာများဖြစ်သည်။

ဆရာ့တာဝန်
စာရေးသူတို့ ငယ်စဉ်က ကျောင်းသုံးဗလာစာအုပ်တွေ၏ နောက်ကျောတွင် ဆရာ့ကျင့်ဝတ်၊ တပည့်ကျင့်ဝတ်၊ မိဘနှင့် သားသမီးတို့ ကျင့်ဝတ်ဟူ၍ အလွယ်တကူ ကြည့်နိုင်အောင် ဖော်ပြထားသည်ကို တွေ့ရသည်။ သို့သော် ထို လူသားတိုင်း ဘာသာတိုင်း ကျင့်သုံးရမည့် ကျင့်ဝတ် (Universal Duties) တွေအစား ရုပ်ရှင်မင်းသား မင်းသမီးများနှင့် ကြော်ငြာတွေက နေရာယူလာသည်ကို တွေ့ရသဖြင့် နှမြောတသ ဖြစ်မိသည်။ ထို ကျင့်ဝတ်များစွာမှ ဆရာ့ဂုဏ်များကိုသာ သိင်္ဂါလောဝါဒသုတ်မှာ ဆိုထားသည့်အတိုင်း ပြန်လည် ဖော်ပြလိုက်ပါသည်။
ထိုဆရာ့ဂုဏ်အင်္ဂါ ၅ပါးကား---
၁။ အန္တေ၀ါသိံအနုကမ္ပန္တိ- ဘယ်အရပ်ရောက်ရောက် အစဉ်သနား စောင့်ရှောက်၏။
၂။ သုဝီနိတံ ၀ိနေန္တိ- ဆုံးမသင့် ဆုံးမထိုက်သော အရာမှန်သမျှတို့ကို ဆို ဆုံးမပေး၏။
၃။ သုဂ္ဂဟိတံ ဂါဟာပေန္တိ- သင်သင့် သင်ထိုက်သော အတတ်ပညာများကို သင်စေ၏။
၎။ သဗ္ဗသိပ္ပဿုတံ သမက္ခာယိနော ဘ၀န္တိ- ဆရာစားမချန် မိမိတတ်သော ပညာရပ် အားလုံးကို သင်ပေး၏။
၅။ မိတ္တာမစ္စေသု ပဋိယာဒေန္တိ- မိတ်ဆွေကောင်းတို့ အထံမှာ စိတ်ချစွာ အပ်နှင်းပေး၏။
အရှင်သာရိပုတ္တရာသည် ဆရာရှိနိုင်သည့် အရပ်ဘက်သို့ မှန်းပြီး ရှိခိုးလေ့ရှိသတဲ့။ တခါက ဆရာဆိုတာကို ကိုယ့်ရဲ့ တောင်ဘက်အရပ်မှာ ထားပြီး ပူဇော်ကြရမယ်လို့ သိင်္ဂါလအမည်ရှိ သူကြွယ်တယောက်အား ဟောကြားခဲ့။ အကြောင်းကား ဆရာသည် ထိုဂုဏ်အင်္ဂါ ၅ ပါးနှင့် ပြည့်စုံသောကြောင့် ဖြစ်သည်။
ထိုငါးပါးသော ဂုဏ်တို့ကြောင့် တောင်အရပ်နှင့် တူသော ဆရာသည် တပည့်တို့၏ အရိုသေ ပူဇော်အထူးကို ခံထိုက်၏။ တပည့်တို့အတွက် ပညာရှိကို ဆည်းကပ်ခြင်း မင်္ဂလာ၊ ပူဇော်သင့်သူကို ပူဇော်သော မင်္ဂလာ၊ ဂါရ၀နှင့် နိဝါတမင်္ဂလာ၊ ဓမ္မသာကစ္ဆမင်္ဂလာ အစရှိသော မင်္ဂလာတရားတို့ကို ရစေနိုင်၏။

ဆရာ့အပေါ်မာနကြီးသူ

ဆရာနှင့်ဆက်စပ်ပြီး ဗြာဟ္မဏသံယုတ် မာနတ္ထဒ္ဓသုတ်မှာ ဆိုထားသေးသည်။ တခါက ပုဏ္ဏားတစ်ယောက်သည် အလွန်ခက်ထန်သော မာနရှိ၏၊ အမေကို ရှိမခိုး၊ အဖေကို ရှိမခိုး၊ အစ်ကို အမတို့ကိုလည်း မလေးစား။ ထိုသို့မာနကြီးသော ပုဏ္ဏားသည် သူ၏စိတ်ကို သိနေသော မြတ်စွာဘုရားအား ရိုသေလေးစားသည်။ မိဘ အစ်ကိုအမကို ရှိခိုးလေ့မရှိသော ပုဏ္ဏားတစ်ယောက်ကား ဘုရားရှင်အား ရှိခိုးနေသည်ကို မြင်ကြရသော ပရိသတ်ကို အံသြစေ၏။ မြတ်စွာဘုရားအပေါ်ကြည်ညိုလာသော ထိုမာနကြီးသော ပုဏ္ဏားသည် ‘‘အရှင်ဘုရား- ဘယ်လိုပုဂ္ဂိုလ်မျိုးကို မာနမထားသင့်လဲ၊ ဘယ်လိုပုဂ္ဂိုလ်များကို ရှိခိုးသင့်ပါသလဲဘုရား’’ ဟု ဘုရားအား လျှောက်ထားရာ-- ဘုရားရှင်က‘‘ ပုဏ္ဏား- အမိ၊ အဖ၊ အစ်ကို၊ အမ နှင့် ဆရာသမားများအပေါ်တို့၌ မာနမထားသင့်၊ ရှိခိုးသင့်၏၊ ရိုသေသမှုကို ပြုကုန်ရာ၏’’ဟု မိန့်၏။ တဖန် ရဟန်းတော်များကိုလည်း မာန်မာန ချိုးနိမ်၍ ရှိခိုးရာ၏ဟု မိန့်တော်မူသော မြတ်ဗုဒ္ဓ၏စကားကို ပုဏ္ဏားကြီး ကျေနပ်နှစ်သက်ကာ တစ်သက်ပတ်လုံး မိဘ ဆရာ အစ်ကိုအစ်မများကို ရိုသေ ရှိခိုးလေတော့သတည်း။

(မာတရိ ပိတရိ စာပိ၊ အထော ဇေဋ္ဌမှိ ဘာတရိ။
အာစရိယေ စတုတ္ထမှိ၊ တေသု မာနံ န ကရိယာထ။
တေသု အဿ သဂါရဝေါ၊
တ်ႆ အပစိတာ အႆု၊
တ်ႆု သာဓု သုပူဇိတာ။)

ဆရာကို အကောင်းဆုံး ပူဇော်ခြင်း

တပည့်တွေက ဆရာများအား ပစ္စည်းပစ္စယဖြင့် ကန်တော့ခြင်းထက် အောင်မြင်သော တပည့်ကောင်းတစ်ယောက်၊ သာသနာအကျိုး လောကအကျိုး ဆောင်ရွက်နိုင်သော တပည့်ကောင်းတစ်ယောက် ဖြစ်ဖို့ကို လိုလားကြသည်။
တခါက နတ်တွေ ဗြဟ္မာတွေ လူတွေက မြတ်ဗုဒ္ဓအား ပန်းတွေ နံ့သာတွေ လူဖွယ် ပစ္စည်းများဖြင့် ပူဇော်နေကြခြင်းနှင့်စပ်လျင်းပြီး အရှင်အာနန္ဒာအား မြတ်ဗုဒ္ဓ မိန့်ကြားသည်မှာ ‘‘ အာနန္ဒာ- ဤကဲ့သို့သော လူဖွယ်တွေ ပန်းနံ့သာတွေဖြင့် ပူဇော်ခြင်းသည် ငါ့ဘုရားအား အကောင်းဆုံး ပူဇော်ခြင်းမျိုးမဟုတ်။ ငါ့ဘုရားရှင်၏ အလိုတော်ကျ တရားတော်အတိုင်း အားထုတ်ခြင်း လိုက်နာခြင်းဖြင့်သာ ငါ့ဘုရားအား အကောင်းဆုံး ပူဇော်ခြင်းမည်၏။
ထို့ကြောင့် ဆရာကို ပူဇော်လိုသော တပည့်အပေါင်းတို့သည် ဘုရားရှင်၏အဆုံးအမဖြစ်သော ၀ိနည်းကို လိုက်နာ၊ ၀ိနည်းသည် ငါတို့၏ စည်းကမ်း၊ ဓမ္မသည် ငါ့တို့၏ အခွင့်အရေး ဟူ၍ ခံယူကာ အားထုတ်ကြခြင်းဖြင့် ပူဇော်နိုင်ကြပါစေကုန်သတည်း။

ကျမ်းကိုးများ
၁။ ဓမ္မပဒအဋ္ဌကထာ
၂။ ပါထိက၀ဂ္ဂပါဠိတော် (ထိုအဋ္ဌကထာ)
၃။ ခုဒ္ဒပါဌ (သုတ္တနိပါတ)
၎။ အင်္ဂုတ္တရနိကာယပါဠိတော်
၅။ ၀ိနည်းမဟာဝါ
၆။ ပါထိက၀ဂ်ပါဠိတော်
၇။ ဗြဟ္မာဏသံယုတ်
၇။ သီတဂူ ဓမ္မအသံ (The Voice of Dhamma) ၂၀၀၆ ခုနှစ်ထုတ်၊

အာစရိယပူဇော်ပွဲကို ဂုဏ်ပြုသောအားဖြင့် ဤပို့စ်ကို ရေးသား ပူဇော်ပါသည်။

သီတဂူစတား
၂၃-၁၂-၂၀၁၀

17 December 2010

ဓမ္မကထိက ဟူသည်

စာမိတ်ဆက်
ဒီပို့စ်လေးဖြစ်လာပုံကတော့ မနေ့တနေ့ကမှ စာရေးသူအကောင့်ကို ဖိတ်ပြီး မေးခွန်းတခု မေးလာပါတယ်၊ သူကတော့ အရှင်မြတစ်ပါးဖြစ်ပါတယ်။ အရှင်က မေးတယ်‘‘ အရှင်ဘုရား၊ မေးခွန်းတခုလောက် မေးပါရစေ၊ ဓမ္မကထိက တပါးဖြစ်ဖို့ ဘယ်အချက်အလက်တွေနှင့် ပြည့်စုံရပါမည်ဘုရာ?’’ တဲ့။ စာရေးသူ ဖြေလိုက်ပါတယ် ‘‘အရှင်ဘုရား တပည့်တော်က ဓမ္မကထိက မဟုတ်လို့ ဓမ္မကထိကတွေ ဘာတွေ ပြည့်စုံရမည်ဆိုတာ မသိပါဘုရား၊ ဒါပေမဲ့ စာတွေထဲမှာတော့ တွေ့ဖူးပါတယ်ဘုရား။’’ ရှာကြည့်လိုက်ပါဦးမယ်ဘုရား၊ ငယ်ငယ်က လေ့လာဖူးခဲ့တာဆိုတော့ မေ့နေပြီ၊ ဘယ်နားမှာ ပါရှိတယ်ဆိုတာလောက်ပဲ မမှတ်မိတော့ပါဘုရားဟူ၍ပဲ ပြန်ကြားလိုက်ရပါသည်။

မေးသူသည် ဓမ္မကထိကတစ်ပါးလဲ ဖြစ်ကောင်းဖြစ်နိုင်ပါသည်၊ သို့မဟုတ် ဓမ္မကထိကတစ်ပါး ဖြစ်ချင်သူလည်း ဖြစ်နိုင်ပါသည်၊ ဒါမှမဟုတ် ယနေ့ခေတ်သစ် ခေတ်ပေါ် ဓမ္မကထိကဆရာတော်လေးများကို စိတ်ဝင်စားနေသူလဲဖြစ်နိုင်ပါသည်။ ခေတ်သစ်ဓမ္မကထိက ဆရာတော်လေးများသည် အရှိန်မြင့်စွာ တဟုန်ထိုး ပေါ်လာပြီး မကြာမီမှာပဲ အရှိန်ပြင်းစွာ ကျဆင်းသွားသူတွေလဲ ရှိနေသည်၊ တချို့လည်း တဖြည်းဖြည်းချင်း ကျသွားနေသူတွေလဲ ရှိသည်။ အချို့လဲ ရပ်တန့်နေသူတွေလည်းရှိနေသည်၊ တချို့ကျတော့ အရှိန်မြင့်စွာ တက်လျှက်ပင်၊ အောင်မြင်လျှက်ပင် ရှိနေသည်။ ထိုအသွင်အမျိုးမျိုးသော ဓမ္မကထိကများကို မြင်တွေ့နေ ရသော ထိုအရှင်သည် ဤကဲ့သို့ မေးဟန်တူပါသည်။

ဘုန်းကံရှိသော ဓမ္မကထိက
ကျမ်းပြုအကျော် တောင်မြို့မဟာဂန္ဓာရုံဆရာတော် ဘုရားကြီးကမူ‘‘ ဓမ္မကထိက တစ်ပါးဖြစ်ဖို့ထက် စာချဘုန်းကြီးဖြစ်ဖို့ အလွန်ခက်ခဲပါတယ်’’ဟူ၍လည်း မှတ်ချက်ပေးသွားသည်။ ဆရာတော်ကြီးသည် စာချဘုန်းကြီများကိုလည်း စာချပျက်မည်ဆိုးသဖြင့် တရားဟောခြင်းကို မလိုလားပေ။ စာချဘုန်းကြီး တစ်ပါးဖြစ်ဖို့ဆိုရင် နှစ်ပေါင်းများစွာ စာသင်တိုက်ကြီးထဲမှာ ပင်ပင်ပန်းပန်း ပေးဆက်ရသည်။ သံဃာထုပရိသတ်ကို စာချ စာသင်ပေးနိုင်ဖို့ဆိုတာ လွယ်ကူလှသည်မဟုတ်သော်လည်း အာဝဇ္ဖန်း ကောင်းသော သူများ ဓမ္မကထိကတစ်ပါးဖြစ်ဖို့ရန်မှာ ခက်ခဲလိမ့်မည်မဟုတ်။ သို့သော် အောင်မြင်ကျော်ကြား အကျိုးများသည့် ဓမ္မကထိကတပါး ပေါ်ထွန်းလာဖို့ကလည်း အလွန်ရှားပါးလှပါသည်၊ ခက်ခဲပါလိမ့်မည်။ ဘာပဲဖြစ်ဖြစ် ဓမ္မကထိက ဆိုသော ဂုဏ်ပုဒ်သည် ဘုရားလက်ထက်တော်ကထဲကပင် ရှိနေခဲ့သည်။ အပြောကောင်း အဟောကောင်း ဓမ္မကထိက တစ်ပါးဖြစ်ဖို့သည် သူ၏ ရှေးဘုန်းရှေးကံကြောင့်ဖြစ်နိုင်သည်။ ဘုရားရှင်လက်ထက် အမျိုးသားဘက်ကရော အမျိုးသမီးဘက်ကရော တရားဟော အကောင်းဆုံး ဘွဲ့ (ဓမ္မကထိကဘွဲ့)ထူးများကို ဘုရားရှင်ကိုယ်တော်တိုင် ချီးမြှောက်ခဲ့သည်။ လက်ယာရံ ပညာအရာအတော်ဆုံး အရှင်သာရိပုတ္တရာနှင့် လက်ဝဲ တန်ခိုးအကြီးဆုံး အရှင်မောဂ္ဂလာန်တို့ကို ထူးချွန်သူများ ဖြစ်ကြသော်လည်း တရားဟော ဓမ္မကထိကအရာ၌ကား အရှင်ပုဏ္ဏမထေရ်နှင့် ဓမ္မဒိန္နာရဟန်းမတို့လောက် မပြောင်မြောက် သောကြောင့် ဓမ္မကထိကရာထူး ဘွဲ့ထူးမရကြ။ ထို့ကြောင့် ဓမ္မကထိကဟူသော ဂုဏ်ပုဒ်သည်လည်း ထူးခြားသော ဂုဏ်တခုဖြစ်ရကား အများစုက အားကျကြသည်။

လူကြည်ညိုများ
အဒ္ဓမိဒံ ဘိက္ခဝေ လာဘာနံ ယဒိဒံ ဓမ္မကထိကတ္တံ= ဘုန်းကံကြီးကြောင်း များစွာထဲက တရားဟောဓမ္မကထိကသည်လည်း တပါးအပါဝင်ဖြစ်သည်။ ဘုန်းကြီးလိုလျှင် တရားဟောဟု ဆိုလိုသည်။ ထိုအဂုင်္တ္တရ နိကာယ်ထဲမှာပဲ လောကမှာ လူအများ ကြည်ညိုခြင်းအကြောင်း လေးမျိုးကို ပြထားသည်။ ဘုန်းကြီးကြောင်း ၄ မျိုးလို့လဲ ခေါ်ပါတယ်။

၁။ ရူပပ္ပမာဏော= ရုပ်ကို ကြည့်၍ ကြည်ညိုသူ။ စာက ဆိုတယ် ၃ ယောက်တွင်၂ ယောက်သောသူက ရုပ်ကိုပဲ ကြည့်ပြီး ကြည်ညိုကြသည်။
၂။ ဃောသပ္ပမာဏော= အကျော်အဇောကို သို့မဟုတ် အသံကောင်းသူကို ကြည့်ပြီး ကြည်ညိုသူတို့သည် ၅ ယောက်တွင် ၄ ယောက်သောသူများဖြစ်ကြသည်။
၃။ လူခပ္ပမာဏော= ခြိုးခြိုးခြံခြံ၊ ခေါင်းခေါင်းပါးပါး ကျင့်သောသူကို ၁၀ ယောက်တွင် ၉ယောက်သော သူတို့ ကြည်ညိုကြ၏။
၎။ ဓမ္မပ္ပမာဏော= သူ၏သန္တာန်မှာ ရှိသောတရားတော်ကို သို့မဟုတ် သူဟောသော တရားကို ကြည်ညိုသူများကတော့ တသိန်းမှ တယောက်ပဲ ရှိသည်တဲ့။ ဆိုလိုသည်မှာ သဒ္ဓါကဲ ပညာနဲသူတွေ များပြားသည်ဟု ဆိုလိုသည်။
ယနေ့ခေတ်တွင်လည်း အဟောပြောကောင်းတာချင်း တူနေရင်တောင်မှ ဥပရိရုပ်ကောင်းသော ဓမ္မကထိကများက နေရာပိုပေးခံရသည်။ အချို့ ပြောင်ချော်ချော်ဓမ္မကထိက က‘‘ ဘုန်းဘုန်းက (ဦးဇင်းက) ဘယ်သူနဲ့တူတယ် ဘယ်ဝါနဲ့တူသည်’’ ဆိုပြီး ရုပ်ရှင်မင်းသား နာမည်တပ်ခါ ပြောလေ့ရှိသည်။

ခေါင်းခေါင်းပါးပါး ခြိုးခြံစွာ နေသူထက် တောက်တောက် ပြောင်ပြောင် သန့်သန့်ပြန့်ပြန့် နေသူကို ပိုအထင်ကြီးနေကြသည်ဟု ထင်မိသည်။ စာထဲမှာတော့ ၁၀ ယောက်တွင် ၉ ယောက်က လောဘနဲ၍ ခေါင်းခေါင်းပါးပါး ကျင့်ကြံအားထုတ်နေသူကို ကြည်ညိုကြ၏ဟု ဆို၏။ ဖြစ်နိုင်ပါသည်၊ အမှန်တကယ် ခေါင်းခေါင်းပါးပါး ကျင့်နေသူများကို ကြည်ညိုသူများကိုလည်း စာပေမှာ များစွာတွေ့ရသည်။ အရှင်မဟာကဿပ မထေရ်ကြီးကဲ့သို့ ဓုတင်အကျင့်ကို အားထုတ်သူများကို ကြည်ညိုသူတို့သည် ဥာဏ်နှင့်ယှဉ်သော သဒ္ဓါတရားရှိသူတို့ ဖြစ်ကြသည်။ ယနေ့ မျက်မှောက်ခေတ် သာသနာမှာ ဥာဏ်ရှိသူများ များစွာလိုအပ်ပေသည်။ ဘိုးတော်ယောင်ယောင် ဘွားတော်ယောင်ယောင် အကြားအမြင်ယောင်ယောင် သာသနာကို ဗန်းပြပြီး အသက်မွေးဝမ်းကြောင်း ပြုနေသည်ကို ပညာမွဲ သဒ္ဓါကဲတဲ့သူတွေက အားပေး အားမြောက် လုပ်ပေးနေသည်တို့သည် သာသနာအတွက် များစွာ အန္တရာယ်ဖြစ်ပါသည်။ သာသနာတော်ကို အနီးကပ် တိုက်ဖျက်နေသူများဖြစ်ကြသည်။ အတွင်း ရန်သူဟူ၍လဲ ခေါ်နိုင်ပါသည်။ မှန်ပါသည်၊ သဒ္ဓါတရားအားကောင်းပြီး ပညာနဲတဲ့ (ဗလ၀ သဒ္ဓေါ မန္ဒပညော) သူတွေအတွက် မုဓပ္ပသန္န= အချည်းအနှီး အကျိုးမများတဲ့ နေရာတွေမှာ ကြည်ညိုတတ်ကြသည်။

ဘုရားရှင် လက်ထက်တော်အခါက ဇမ္ဗူကအမည်ရှိ တက္ကဒွန်း တစ်ယောက် ရှိခဲ့ဖူးသည်။ သူ၏ ရှေး အကုသိုလ်ကံကြောင့် ည အခါ လူ့မစင်တွေကို စားပြီး မြေကြီးပေါ်မှာ အိပ်လေ့ရှိသော ထိုတက္ကဒွန်းကြီးကို လူတွေက သိပ်ကြည်ညိုကြတယ်၊ လူတွေရှေ့မှာတော့ ခေါင်းခေါင်းပါးပါး အကျင့်ယောင်ဆောင်ပြီး လူတွေ လှူသော ကောင်းပေ့ဆိုသည့် အစားအစာများကို လူတွေ ကျေနပ်အောင်ဆိုပြီး မြတ်ဖျားလေးဖြင့်တို့ကာ စားပြသည်၊ လှူသမျှ အ၀တ်တွေကိုလည်း ငါမ၀တ်ဟု ပယ်ကာ အမိမွေးတိုင်းအဖမွေးတိုင်းသာ နေသည်၊ မြေကြီးပြိုမှာစိုး၍ ခြေတစ်ဖက်ပဲ ထောက်ထားပြီး ရပ်ထားပြလေ့ရှိသည်၊ လေကိုပဲ စားသည်ဟု ဆိုကာ ပါးစပ်ကို အမြဲတမ်း ဟ ထားပြသည်။ လူတွေကို ၀ါကြွားသည်၊ လှည့်ပတ်ပေမဲ့ လူတွေကတော့ အဟုတ်ထင်ပြီး ကြည်ညိုလိုက်ကြသည်၊ ညရောက်သောအခါ လူသူ မရှိသောအခါမှ အပြင်ထွက်ပြီး လူ့မစင်ကို စားသည်၊ မြေကြီးပေါ်မှာပဲ အိပ်သည်။ ဒါကိုပဲ မုဓပ္ပသန္န ဟုခေါ်သည်၊ သဒ္ဓါလွန်ပြီး ပညာနဲသောသူတို့သာ ဖြစ်သည်။

ဓမ္မကထိကများ တာဝန်
နိုင်ငံမှာ အဟောအပြောဖြင့် အရေးပါအရာရောက်နေသူများဟု ဆိုသော ဓမ္မကထိကများကသာ ထိုအတွင်းရန် အပြင်ရန်တွေကို ကျယ်ပြန့်စွာတားဆီးနိုင်ခြင်း၊ အသိဥာဏ်နဲသူများကို ကျယ်ကျယ်ပြန့်ပြန့် ဗဟုသုတများ ပေးနိုင်ကြသဖြင့် မုဓပ္ပသန္နပုဂ္ဂိုလ်များ လျော့သွားနိုင်ဖွယ်ရှိသည်။ ထိုဓမ္မကထိကများကိုတော့ အလင်းရောင်ပေးသူ၊ အမတဒဒေါ- အမြိုက်နိဗ္ဗာန်ကို ပေးသူဟူ၍ ခေါ်ကြသည်။ ဒါ့ပြင် သာသနာတော်အတွက် အကျိုးများမည့် သာသနာပြုလုပ်ငန်း၊ ပရဟိတ လုပ်ငန်းများ၊ လူမှုရေးလုပ်ငန်းများကို ထိုဓမ္မကထိက များက တက်နိုင်သဖြင့် သာသနာအတွက် အားကိုးထိုက်သူများ (ဗဟုဇနဟိတဓရ-အများအကျိုးသယ်ပိုးသူ) ဟု ဆိုနိုင်သည်။ သို့သော် နှမြောစရာကောင်းသည်မှာ ယနေ့ ခေတ်သစ်ဓမ္မကထိကများသည် တဖြုတ်ဖြုတ်နဲ့ ပြုတ်ကျနေသည်တို့မှာ သဒ္ဓါတရားအားနဲခြင်း၊ ပညာနဲခြင်း၊ အစွန်းရောက် ပညာများကြောင့် ဖြစ်သည်ဟု ထင်ပါသည်။

ထို့ကြောင့် သီတဂူဆရာတော်ကြီးက အိန္ဒိယရောက် ပညာတော်သင် မြန်မာရဟန်းတော်များကို ‘‘ရဟန်းတော်တွေအနေနဲ့ ပိဋကတ်တော်က လေးနက်တဲ့ ကျမ်းကြီး ကျမ်းခိုင်တွေကို ပိုင်နိုင်အောင် လုပ်ထားကြ။ လေးနက်တဲ့အတွေးတွေနဲ့ လေ့လာထားရင် ပညာရှိကြီးတွေကြား မှာ ကြာရှည်တည်တံ့တယ်။ အဲလိုမဟုတ်ဘဲ ပေါ်ပြူလာလိုက်နေရင်တော့ စတာနဲ့ဆုံးနိုင်တယ်။ ယနေ့မြန်မာ နိုင်ငံက ဓမ္မကထိက တွေကြားမှာ ခုပေါ်လိုက် ခုပျောက်လိုက်ဖြစ်နေကြတာဟာ ဗုဒ္ဓရဲ့ လေးနက်တဲ့ ပိဋကတ်တော်တွေကို ပိုင်နိုင်အောင် မကိုင်ကြလို့ဖြစ်တယ်။ ဓမ္မကထိကလုပ်ချင်ရင် ပဋိသမ္ဘိဒါမဂ် ၀ိသုဒ္ဓိမဂ် မဟာသတိပဋ္ဌာန သုတ်တွေကို ကြေညက်အောင်လေ့လာပြီး ကိုယ်နဲ့အတူ ဆောင်ထားရမယ်။ ဒါတွေဟာ ပိဋိကတ်တော်ထဲက လေးနက်တဲ့ ကျမ်းကြီးတွေပဲ’’ ဟု သတိပေးစကား အမိန့်ရှိသည်။ ကိုယ်နှင့်အတူဆောင်ထားရမည် ဆိုသည်မှာ ထိုတရားတော်တွေကို ကိုယ့်နှလုံးသားထဲမှာ ထည့်ထားဖို့ပင်ဖြစ်သည်။

‘‘ပလ္လင်ပေါ်က အောက်ဆင်းမသွားနဲ့၊ ရွှေပလ္လင်ပေါ်ထိုင်နေတဲ့သူသည် ရွှေပလ္လင်နှင့်တန်အောင်ပြော၊ ရွှေပလ္လင်က စကားကိုပဲ ပြော၊ လမ်းဘေးက လူလေ လူလွင့်တွေရဲ့စကားကို ပလ္လင်ပေါ်ယူပြောလျှင် ကိုယ် ဘယ်ရောက်သွားမလဲ? လမ်းဘေးက လူဖြစ်သွားမည်’’ ဟု စံကင်းဆရာတော်ကြီးက ဓမ္မကထိကအကျော် အနီးစခန်းဆရာတော်အား သတိပေးစကား ပြောခဲ့သည်။ ပိဋကတ်ကျမ်းလာ မဟုတ်ဘဲ သူပြော လူပြော လမ်းဘေးက စကားများကို ပလ္လင်ပေါ်သယ်လာပြီ တွင်တွင်ကြီး ဟောနေလျင် မိမိလည်း လမ်းဘေးကလူဖြစ်သွာမည်တဲ့။

သီတဂူဆရာတော်နှင့်ဓမ္မကထိက
ယခုဆိုလျှင် သီတဂူဆရာတော်ကြီး၏ သက်တော်သည် ၇၄ နှစ်ရှိပြီး လာမည့်တပေါင်းလပြည့်နေ့ဆိုရင် ၇၅ နှစ်ပြည့်မှာ ဖြစ်ပါသည်။ သက်တော်ကြီးရင့်ပေမဲ့ လူငယ်တွေ ထက်ပင် သာသနာနှင့် လူမျိုးအတွက် သွက်သွက်လက်လက် အလုပ် လုပ်နိုင်နေသေးသည်မှာ အံသြစရာပင်ဖြစ်သည်။ နှစ်ပေါင်း ၄၀ ကျော်အထိ သီတဂူဆရာတော်ကြီးသည် ဓမ္မကထိက လောကမှာ ထိပ်ဆုံးက နေရာယူနိုင်ခြင်းသည် အဘယ့်ကြောင့်နည်း? သီတဂူဆရာတော်ကြီးသည် ဓမ္မကထိကအသိုင်းအ၀ိုင်းတွင် သဲကုန်းဆရာတော်ဟူ၍၎င်း၊ သပိတ်အိုင် ဆရာတော်ဟူ၍၎င်း လူသိများ ကျော်ကြားလာခဲ့ရာမှ သီတဂူသာသနာပြု အဖွဲ့ဟူ၍ အမည်သစ်တင်ကာ သာသနာပြု လုပ်ငန်းများကို အင်တိုက်အားတိုက် မရပ်မနား နှစ်ပေါင်း ၄၀ ကျော် အလုပ်လုပ်လာရာက သီတဂူဆရာတော်ဟူ၍ တကမ္ဘာလုံးက သိလာကြသည်။ ဓမ္မကထိကလောကတွင် လူငယ် လူလတ် လူကြီးတွေ တဖြုတ်ဖြုတ်ကျလိုက် အသစ်အသစ်တွေ ပေါ်လာချိန်မှာ ထိုအရွယ်မျိုးစုံဓမ္မကထိက အသိုင်းအ၀ိုင်းထဲမှာ ယနေ့အထိ ရှေ့တန်းက ရပ်တည်နိုင်နေခြင်းသည် သူ၏ သာသနာပြု စိတ်ဓာတ်နှင့် သာသနာပြု ပြယုဂ်များကြောင့် ဖြစ်သည်။

ရေစီမံကိန်း (ရေအလှူတော်)၊ ဆေးရုံများစီမံကိန်း (ဆေးအလှူတော်)၊ တက္ကသိုလ်များ စီမံကိန်း (ပညာရေးအလှူတော်)နှင့် သာသပြုအသင်းအဖွဲ့များ (လူမှုရေးအလှူတော်)များအပြင် ဆရာတော်ကြီးသည် နိုင်ငံတကာတွင် နိုင်ငံတော်ကိုယ်စားပြုအဖြစ် ကမ္ဘာ့ဗုဒ္ဓဘာသာများတွင် မြန်မာက ရှေ့တန်းက ရပ်တည်နိုင်စေခဲ့သည်။ နိုင်ငံတကာ ဘာသာရေးအစည်းအဝေးများ၊ နိုင်ငံတကာ ပညာရေးနှီးနှောဖလှယ်ပွဲများ၊ ဟောပြောပွဲများစွာကို တက်ရောက်ကာ မြန်မာ့ဂုဏ် သာသနာ့ဂုဏ်ကို ဆောင်နိုင်ခဲ့သည်။ ထိုသို့သော ဂုဏ်များကို ဆောင်နိုင်ရန်မှာ ပိဋကတ်တော်ကို ပိုင်ပိုင်နိုင်နိုင်ရှိသောကြောင့်၎င်း၊ သာသနာပြုလိုစိတ် သဒ္ဓါတရားစိတ်ကို (Mind power) ကို ရှေ့တန်းတင်ကာ မိမိကိုယ်တိုင်ကပင် ပဋိပတ်တွင် နှစ်မြုပ်၍ နှစ်များစွာ အားထုတ်ခဲ့ဖူးသော စရဏအစွမ်းတွေနှင့် အဟောအပြော စွမ်းရည်တို့ပေါင်းစပ်ကာ အားထုတ်သောကြောင့်ပင် ဖြစ်သူဟု သုံးသပ်မိပါသည်။

စာရေးခြင်း (ကျမ်းပြု)၊ စာချခြင်း၊ ပဋိပတ် (စရဏ) နှင့် တရားဟောခြင်းတို့ကို တပြိုင်တည်း အလုပ်လုပ်သောကြောင့် စာဆိုတော် ဓမ္မကထိက၊ ကျမ်းပြုဓမ္မကထိကဟူသော စွမ်းရည်သတ္တိ တို့သည် ပလ္လင်ကို ခိုင်မြဲစေရုံမက ရှေ့သို့တိုး၍တိုး၍ပင် ချီတက်စေနိုင်သည်။

ဓမ္မကထိက အင်္ဂါများ
အခါတစ်ပါး အရှင်အာနန္ဒာက ဘုရားရှင်အား ပရိသတ်ပေါင်း ထောင်နဲ့ချီ ခြံရံလျက် ဥဒါယီအရှင်မြတ် တရားဟောနေတယ်ဆိုတဲ့ အကြောင်း လျှောက်ထားတော့ ညီဘွားအာနန်! တရားဟောဓမ္မကထိကကောင်း တပါးဖြစ်ဖို့ဆိုတာ မလွယ်လှပါဘူး၊ ဓမ္မကထိက (တရားဟော) ကောင်းတပါးဖြစ်ဖို့ဆိုတာ ကိုယ်တွင်းမှာ အချက် ၅ ရပ် ရှိထားဖို့ လိုတယ်။ ကိုယ့်သန္တာန်မှာ အဲဒီ အင်္ဂါ (၅) ရပ် ပြည့်စုံနေကာမှ ဓမ္မကထိကကောင်း တယောက်ဖြစ်မှာ အမှန်ပင် ဖြစ်သည်။ ပလ္လင်ပေါ်တက်ပြီး ဟောပြောနေသူတိုင်းကို ဓမ္မကထိကဟု မဆိုနိုင်ဟူ၍လည်း မှတ်သားရမည်။ (အင်္ဂုတ္တရနိကာယ်၊ ပဉ္စကနိပါတ်၊ ဥဒါယီသုတ်)

ထိုအင်္ဂါ များက--
(၁) အနုပုဗ္ဗိံ ကထံ ကထေဿာမိ= တရားတော်ကို အစဉ်အတိုင်း ဟောကြားခြင်း။
တရားဟောသည့်အခါ ဒါနကထံ သီလကထံ သဂ္ဂကထံ စသည်အားဖြင့် အစဉ်အတိုင်း ဟောရမည်၊ အနုပုဗ္ဗီကထာ ဟူ၍လည်း ခေါ်သည်။ အနုပုဗ္ဗီကထာ ဟူသည်- ဒါန၏အကျိုးကျေးဇူး သီလ၏အကျိုးကျေးဇူး ထိုဒါန သီလတို့ကြောင့် ဘ၀မှ လွတ်မြောက်ပုံ စသဖြင့် ဟောကြားခြင်း။ ဒေသနာ အစဉ်အတိုင်းကိုသော်၎င်း၊ သုတ္တန် ဂါထာလာစသည်တို့၏ သင့်တင့်လျောက်ပတ်သော တရားတော်ကို ဟောမည်ဟူ၍ စိတ်တွင် ထားရှိရပါမည်။ ဆိုလိုသည် ထိုဒါန သီလ သုတ္တန် ဂါထာတို့မှ သွေဖယ်သော မလျော်သော ဆန့်ကျင်သော အခြားစကားများကို မဟောသင့်ဟု ဆိုလိုသည်။ မြတ်ဗုဒ္ဓ၏ အဆုံးမမှ သွေဖယ်သော ဆန့်ကျင်သော တရားများ မဟောသင့်ဟု မှတ်သားရမည်။

(၂) ပရိယာယဒဿာဝီ ကထံ ကထေဿာမိ= အကြောင်းအကျိုးကို ပြလျက် တရားတော်ကို ဟောကြားခြင်း။ ပရိယတ္တိစာပေများ ကျွမ်းကျွမ်းကျင်ကျင် နိုင်နှင်း (၀ိဇ္ဇာ) ပြီး ပဋိပတ် (စရဏ) ပါအားထုတ်ကာမှ ဤကဲ့သို့သော အကြောင်းအကျိုး သဘာဝတရားများ ဆက်စပ်လျှက် လေးလေးနက်နက် ဟောနိုင်ပြောနိုင်မှာ ဖြစ်ပါသည်။
(၃) အနုဒ္ဒယတံ ပဋိစ္စ ကထံ ကထေဿာမိ= အစဉ်သနားခြင်းကို အကြောင်းပြု၍ (သနား စောင့်ရှောက်လို သဖြင့်) တရားတော်ကို ဟောကြားခြင်း။

သတ္တ၀ါတို့သည် သံသရာ ဒုက္ခတည်းဟူသော ကျဉ်းမြောင်းအရပ်မှာ ဖြစ်နေရသဖြင့် အို နာ သေ သောက ပရိဒေ၀ စသော ဒုက္ခများစွာ ခံစားနေကြရသည်။ ထိုဒုက္ခမှ ကယ်တင်မယ်ဆိုတဲ့ သနား ကရုဏာစိတ် ထားဖြင့် တရားတော်ကို ဟောကြားခြင်းဖြစ်သည်။

(၄) န အာမိသန္တရော ကထံ ကထေဿာမိ= လာဘ သက္ကာရ (အာမိသ) ကို မငဲ့ကွက်ဘဲ (မလိုလားဘဲ) တရားတော်ကို ဟောကြားခြင်း။

ဒုတိယသပိတ်အိုင်တောရ ဆရာတော်ကြီးက ‘‘ မင်းတို့ နယ်လှည့်ဓမ္မကထိကများ ငွေတွေ သိပ်ရတယ်၊ အဲဒါ အဆိပ်ပြင်းတဲ့ မြွေတွေကွ၊ မင်းတို့က တရားဟောပြီး မြွေဟောက်တွေ ကျောင်းယူပြန်လာတာကိုးကွ၊ သတိထားကွ ကိုက်လိမ့်မယ်‘‘ ဟု ဓမ္မကထိကများအတွက် မှတ်သားစရာပြောခဲ့သည်။ ရလာတဲ့ အဆိပ်ပြင်းမြွေနှင့်တူသော ငွေတွေကို ဘယ်လိုအသုံးချမလဲ How to apply? ဓမ္မပူဇာမှ ရရှိလာသော အဆိပ်ပြင်းသော မြွေနှင့်တူသော ငွေများကို သာသနာရေးအတွက်နှင့် လူမှုရေးတွေအတွက် ကောင်းကောင်း အသုံးချနိုင်လျှင် ထိုအဆိပ်ပြင်းမြွေကို လယ်ပင်နာနာညစ်နိုင်သလိုပင် ဖြစ်သည်။ အသုံးချမှုမှန်ကန်သည်ဟု ဆိုလိုသည်။

(၅) အတ္တာနဉ္စ ပရဉ္စ အနုပဟစ္စ ကထံ ကထေဿာမိ= မိမိကိုယ်ကို၎င်း သူတပါးကို၎င်း မထိပါး မပုတ်ခတ်ဘဲ တရားတော်ကို ဟောကြားခြင်း။

အထက်ဖော်ပြပါ ဂုဏ်အင် ၅ မျိုးတို့တွင် ၁ နှင့် ၂ သည် ပရိယတ္တိအရည်အချင်း (Learned or Learned power, Knowledge) ကို ပြသည်။ ၃၊၄နှင့် ၅ အချက်တို့သည် ဓမ္မကထိက၏ စိတ်ဓာတ် (Mintal power, Mental quality) ကိုပြသည်။ ဆိုလိုသည်မှာ ၀ိဇ္ဇာနှင့်စရဏ ၂ မျိုးလုံးပြည့်စုံထားဖို့ပဲဖြစ်သည်။ စာပေပရိယတ္တိများစွာ လေ့လာပြီးသော သူသည် မြတ်ဗုဒ္ဓ၏တရားတော် အဆုံးအမများကို မှန်မှန်ကန်ကန် ဟောနိုင်ပြောနိုင်မည်။ သဒ္ဓါ သီလ စသော သူတော်ကောင်းတရား စရဏများ မိမိသန္တာန်ကိန်းဝပ်နေသော သူသည် သံသရာဝဋ်ဆင်းရဲတွင် ကျနေသော သတ္တ၀ါတွေ အပေါ် သနားစိတ် မေတ္တာစိတ်များ ထားရှိကာ လာဘသက္ကာရ=အလှူဝတ္ထု (ဓမ္မပူဇာ)အပေါ်မှာ ignorance လုပ်နိုင်မှာ အမှန်ပင်ဖြစ်သည်။

နံပါတ် ၅ အရည်အချင်းသည် ဓမ္မကထိကများအဖို့ သတိထားစရာ တစ်ခုဖြစ်ပါသည်။ အချို့သောပုဂ္ဂိုလ်များက မိမိကိုယ်ကို မြင့်တင် သို့မဟုတ် ကြွားဝါလိုသောကြောင့် သူတစ်ပါးအား ရှုံ့ချ အပြစ်ဝေဖန်တတ်သည်။ ကိုယ်ကပဲ တတ်သလိုလိုနဲ့ ရှေးက ကျမ်းအပြုကျော်ဆရာတော်ကြီးတွေ၊ သာသနာတော်အတွက် စွမ်းစွမ်းတမံအလုပ်လုပ်နေသူတွေကို သေးငယ်သော မပြောပလောက်သော အကြောင်းအရာလေးကိုပင် အပြစ်ကြီးလုပ်ကာ ချဲ့ထွင်တက်သည်။ ဒါကို စာက အတ္တုက္ကံသန ပရ၀မ္ဘန ဟု ခေါ်သည်။

ဓမ္မကထိက ၄ မျိုး
ထို့ပြင် ထိုအင်္ဂုတ္တရနိကာယ်လာ ဓမ္မကထိကသုတ်နှင့် အဘိဓမ္မာပုဂ္ဂလပညတ် ပါဠိတော်တို့မှာလည်း ဓမ္မကထိက ၄ မျိုးကိုပြဆိုထားသည်။
၁။ အချို့သော ဓမ္မကထိကသည် တရားကို အနည်းငယ်သာ ဟော၏၊ ထိုတရားသည် လူတို့ အကျိုးစီးပွားနှင့်လည်း မပတ်သက်။ ထိုဓမ္မကထိက၏ ပရိသတ်သည်လည်း အကျိုးရှိ မရှိကို နားမလည်။ ဤအုပ်စုကို ဗာလဓမ္မကထိကနှင့် ဗာလ ပရိသတ်ဟု ခေါ်သည်။
၂။ အချို့သော ဓမ္မကထိကသည် အနည်းငယ်သော တရားတော်ကို ဟောပေမဲ့ အကျိုးစီးပွားနှင့်ဆက်စပ်မှုရှိ၏၊ သို့သော် ထိုသူ၏ ပရိသတ်ကမူ အကျိုးစီးပွားနှင့်ဆက်သည် မဆက်သည်ကို မသိ နားမလည်။ အနီးစခန်းဆရာတော် ပြောသလို အိုးကွဲထဲ ရေလောင်းထည့်သလိုပဲတဲ့။ ကွဲနေသာ အိုးထဲ ရေဘယ်လောက်ပင် လောင်းထည့်ထည့် ဘာမှ ကျန်လိမ့်မည်မဟုတ်။ ဤအုပ်စုကိုတော့ သဘာဝ ဓမ္မကထိကနှင့် ဗာလပရိသတ် ဟု ဆို၏။
၃။ အချို့သော ဓမ္မကထိကတော့ များများဟောပေမဲ့ အကျိုးကားမရှိ၊ သို့သော်လည်း ပရိသတ်သည် အကျိုးစီးပွားနှင့်ဆက်စပ်သည် မဆက်စပ်သည်ကိုတော့ ကောင်းကောင်း သိ၏၊ နားလည်၏။ ဗာလဓမ္မကထိကနှင့် ပဏ္ဍိတပရိသတ် ဟုမှတ်။
၎။ အချို့သော ဓမ္မကထိကကတော့ များများလည်းဟော၏၊ အကျိုးစီးပွားနဲ့လည်းယှဉ်၏၊ သူ၏ပရိသတ်ကလည်း အကျိုးရှိ မရှိကိုလည်း ကျွမ်းကျင်လှ၏။ ဤအုပ်စုကိုတော့ ပဏ္ဍိတဓမ္မကထိကနှင့် ပဏ္ဍိတပရိသတ် ဟု ခေါ်၏။
ဤသို့အားဖြင့် ဟောသူ နာသူတို့၏ အရည်အချင်းအစုံတို့ကို ထုတ်ပြထားသည်၊ ကိုယ် ဘယ်အုပ်စု ဘယ်အစုံမှာ ပါဝင်နေသလဲဆိုတာ ကိုယ့်ဘာသာကို ပြန်လည်ဆန်းစစ်ကြရပေလိမ့်မည်။ နံပါတ် (၁)အုပ်စုသည် အညံ့ဆုံးဖြစ်သည်၊ နံပါတ် (၄) အုပ်စုသည်ကား အကောင်းဆုံး အတော်ဆုံး ဖြစ်သည်။

နိဂုံး
ဓမ္မကထိကနှင့် ပတ်သက်သော အကြောင်းအရာများကို စာပေမှာ များစွာ ရှာဖွေ တွေ့နိုင်ပါသည်၊ သို့သော် မိမိလက်လှမ်းမီသလောက်ကိုသာ တင်ပြရသဖြင့် ဝေေ၀ဆာဆာ ဖြစ်လိမ့်မည်မဟုတ်။ နားလည်ပေးနိုင်ပါလိမ့်မည်ဟု မျှော်လင့်မိပါသည်။

ကျမ်းကိုးများ
၁။ အင်္ဂုတ္တရနိကာယပါဠိတော် ပထမအုပ်
၂။ အင်္ဂုတ္တရနိကာယအဋ္ဌကထာ ပထမအုပ်၊ ဒုတိယအုပ်
၃။ ဓမ္မပဒအဋ္ဌကထာ
၎။ သရုပ်ပြအဘိဓာန်
၅။ သီတဂူဆရာတော်၏သြ၀ါဒများ
၆။ ပုဂ္ဂလပညတ်ပါဠိတော် (၎င်း အဋ္ဌကထာ)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၇-၁၂-၂၀၁၀

11 December 2010

ကျွန်ုပ်နှင့် ပတ်စပို့

စာမိတ်ဆက်
ဟိုတနေ့က အိန္ဒိယသံရုံးသွားပြီး ဗီဇာ သွားတင်တယ်။ ဗီဇာ သက်တမ်းနှင့်ပတ်သက်ပြီး စိတ်ထဲ မကောင်းဖြစ်မိတယ်။ စိတ်ထဲမှာ ခံစားနေရတာကို ပို့စ်နဲ့ပဲ ရင်ဖွင့်လိုက်တာပါ။ နောက်တခုက ပြည်ပ ပညာတော်သင် သို့မဟုတ် အလည်သွားမည့် ရဟန်းတော်များအတွက် ပတ်စပို့အသစ် သို့မဟုတ် သက်တမ်းတိုးခြင်းနှင့်ပတ်သက်ပြီး သိထားသင့်တယ်ထင်လို့ စိတ်ကူးမိပြီး ဒီပို့စ်ကလေးကို ရေးဖြစ်သွားခြင်းပဲ ဖြစ်ပါသည်။ ဒါပေမဲ့ သူငယ်ချင်းတယောက်က ပြောသေးတယ်၊ အရှင်--- အရှင်ရဲ့ပို့စ်နှင့်ပတ်သက်ပြီး သတိထားဗျတဲ့၊ ဒါဆို ဒီပို့စ်နှင်ပတ်သက်ပြီး တပည့်တော်အတွက် အန္တရာယ်ရှိနေမလား? လို့မေးမိသည်။ နဲနဲတောင် လန့်သွားသည်၊ ကိုယ့်ဟာကို ပြန်ဖတ်ရပြန်သည်၊ သူပြောမှ နိုင်ငံရေးတွေ ဘာတွေ ပါနေမလားပေါ့၊ သို့သော် ကိုယ်ရေးလိုက်သည့်ပို့စ်သည် နိုင်ငံရေးမဟုတ်ပါ။ လက်တလော ကိုယ်ဖြစ်နေတာ ကိုယ်တွေ့ကြုံတာလေးတွေကို ရင်ဖွင့်ခြင်းမျှသာဖြစ်သည်။

ဗီဇာဖြင့် ကုလားလုပ်ကြွေး
ဗီဇာက သုတေသန ဗီဇာ (Research Visa) ဖြစ်တော့ ၅ နှစ်ပေးရမှာ ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံက ပတ်စပို့သည် ၃ နှစ်စာသာ ဖြစ်နေသောကြောင့် ပတ်စပို့သက်တမ်း နှစ်လချန်ပြီး ဇီဇာပေးပါသည်။ ပတ်စပို့က လွန်ခဲ့တဲ့ ၂ လလောက်က လုပ်ထားတာဆိုတော့ ၄ လ စာ နှုတ်လိုက်တော့ ၅ နှစ်ပေးရမည့် သုတေသန ဗီဇာက ၂ နှစ် ကျောပဲ ပေးလိုက်တော့သည်။ သံရုံးက ၀န်ထမ်းကို သုတေသန ဗီဇာအတွက် ၅ နှစ်ပေးဘို့ မေတ္တာရပ်ခံတော့ မင်းတို့ပတ်စပို့ကမှ ၃ နှစ်စာပဲ ငါတို့က ဘယ်လိုလုပ် ပေးလို့ရမှာလဲတဲ့။ ၅ နှစ်လဲ ဒေါ်လာ ၂၀၀၊ ၃ နှစ်လဲ ဒေါ်လာ ၂၀၀၊ ၂ နှစ်ခွဲလဲ ဒေါ်လာ ၂၀၀ ပေးရမှာတဲ့။ ဗီဇာကုန်တော့ ထပ်တိုးလို့ရတာပေါ့တဲ့၊ အဲလိုဆို ပိုက်ဆံ ထပ်ပေးရဦးမှာလားလို့ မေးတော့ ပေးရမှာပေါ့တဲ့။ အဲဒါဆို တို့နိုင်ငံက သုတေသနကျောင်းသားတွေ ရှုံးတာပေါ့၊ သူများနည်းတူ ၅ နှစ်မရဘဲ ၃နှစ်၊ ၂ နှစ်ကျော်ပဲ ရတယ်လို့ ပြောလိုက်တော့ အဲဒါ မင်းတို့ နိုင်ငံ ကဏ္ဍပဲတဲ့၊ တို့နှင့်မဆိုင်ဘူး တို့က မင်းတို့ ပတ်စပို့နှစ်ကို ကြည့်ပေးရမှာပဲတဲ့။

စိတ်မကောင်းတာက စီးပွားရေးဘက်ကကြည့်ရင် ကိုယ့်နိုင်ငံဘက်က အရှုံးပဲဖြစ်တယ်။ ကုလားတိုင်းပြည်ကို လုပ်ကြွေးနေရသလိုပဲ။ ကိုယ့်နိုင်ငံက ပိုက်ဆံ သူများနိုင်ငံ ၅နှစ်ကို အမေရိကန် ဒေါ်လာ ၂၀၀ ပေးရမည့်အစား ၃ နှစ်၊ ၂နှစ်ခွဲလောက်ကိုပဲ ဒေါ်လာ၂၀၀ ပေးနေရတယ်။ သက်တမ်းတိုးတော့ ပိုက်ဆံထပ်ကုန်ပြန်၊ ကုလားကို ထပ် ပူဇော်ရပြန်။ ပတ်စပို့ ၅ နှစ်သာ ပေးမယ်ဆိုရင် ကိုယ့်နိုင်ငံက ပြည်သူတွေ ထောက်ပံ့လိုက်တဲ့ ဒေါ်လာတွေ နောက်ထက် ကုလားကို ပေးစရာမလိုတော့သဖြင့် ကိုယ့်အတွက်ရော နိုင်ငံအတွက်ရော save money ဖြစ်ပါလိမ့်မည်။

နိုင်ငံတကာ ဗီဇာ
အိန္ဒိယနိုင်ငံ ပူနေးတက္ကသိုလ်မှာ ကျောင်းတက်စဉ်က ကိုရီးယားသူငယ်ချင်းနှင့် ထိုင်း သူငယ်ချင်းတို့နှင့် စကားစပ်မိပြီး ဗီဇာအကြောင်း ဆွေးနွေးဖြစ်တယ်။ ကိုယ့်နိုင်ငံကကျောင်းသားတွေ ဗီဇာကုန်လို့ ပတ်စပို့သက်တမ်းကုန်လို့ ပြန်ကြရတာတွေနှင့် ပတ်သက်ပြီး စဆွေးနွေးဖြစ်တာပါ။ သူတို့က ပြောတယ် မင်းတို့နိုင်ငံက ဘာလို့ ပတ်စပို့သက်တမ်းကို ၃ နှစ်ပဲ ပေးသလဲပေါ့။ ဘာရည်ရွယ်ချက်နဲ့ ၃ နှစ်ပေးတယ်ဆိုတာ မသိတာအမှန်ပဲ။ ဒါ့ကြောင့် I don’t know ပဲ ပြောလိုက်ရတယ်။ ထိုင်းသူငယ်ချင်းက ပြောသေးတယ် ‘‘နိုင်ငံတကာ ဗီဇာဆိုတာ အနဲဆုံး ၅ နှစ်ပေးတာတဲ့၊’’ ကိုယ်လဲပဲ ဗီဇာနှင့်ပတ်သက်ပြီး ဃဃနန သိပ်ပြီးမသိဘူး။ ကိုရီးယားသူငယ်ချင်းကို မေးကြည့်တော့ သူတို့နိုင်ငံက ၁၀ နှစ်တောင် ပေးသတဲ့။

ပတ်စပို့အသစ် (သို့) သက်တမ်းတိုး
ပတ်စပို့ အသစ်ပဲ ဖြစ်ဖြစ်၊ သက်တမ်းတိုးတာပဲ ဖြစ်ဖြစ် လုပ်ငန်းစဉ်က သိပ်မကွာလှပါဘူး။ နံပါတ် (၁ ) အရေးကြီးဆုံးက သာသနာရေးဝန်ကြီးဌာန၏ ထောက်ခံစာ ပါရှိပါမှ ပတ်စ်ပို့ရုံးက သတ်တမ်းတိုးပေးခြင်း အသစ်လုပ်ပေးခြင်းများ ပြုလုပ်ပေးမှာဖြစ်ပါတယ်။ ၀န်ကြီးထောက်ခံစာ ဘယ်လို ရနိုင်မလဲ? ပတ်စပို့လုပ်သူတိုင်း တွေ့ကြုံရသည့် ပြဿနာ တစ်ခုဖြစ်သည်။

ဝန်ကြီးထောက်ခံစာ ရဘို့ -----------
(၁) ၀န်ကြီးထံသို့ မေတ္တာရပ်ခံစာ
(၂) ကိုယ်သွားမည့်နိုင်ငံ၏ ဖိတ်စာ၊
(၃) သာသနာဝင်မှတ်တမ်း မိတ္တူ
(၄) ပတ်စပို့ မိတ္တူ
(၅) ဓာတ်ပုံ
(၆) မြို့နယ် ရပ်ကွက်သံဃာ့နာယက ထောက်ခံစာ
(၇) ရဲစခန်း ထောက်ခံစာ ဟူသော အချက်အလတ် ၇ မျိုးပါရှိရမည်။

(၁) ၀န်ကြီးထံ မေတ္တာရပ်ခံစာ ဆိုသည်မှာ ပတ်စပို့ အသစ်လုပ်မည် သို့မဟုတ် သက်တမ်းတိုးမည် မှန်ကန်ကြောင်းကို ကိုယ်နေသည့် ကျောင်းထိုင်ဆရာတော်၏ လက်မှတ် ပါရှိရပါသည်။ ဒါက ပြဿနာမဟုတ်ပေမဲ့ နံပါတ် (၂) က အနဲငယ် ခက်ခဲပါလိမ့်မည်။

(၂) ကိုယ်သွားမည့်နိုင်ငံ၏ ဖိတ်စာ၊ ကျောင်းသားဖြစ်ပါက တက္ကသိုလ်က ခေါ်စာ၊ ဆိုင်ရာကပြောပါလိမ့်မည်၊ ထိုခေါ်စာ ပင့်စာများသည် နိုင်ငံအသီးအသီးရှိ မြန်မာသံရုံး၏ အသိမှတ်ပြု ထောက်ခံစာ ပါရမည်တဲ့။ တက္ကသိုလ်က ကျောင်းသားဖြစ်ကြောင်းစာများသည် ဘယ်သံရုံးကိုမှ ပို့လေ့မရှိ၊ ဘာမှလဲ မပတ်သက်၊ အိန္ဒိယပြည်ကြီးသည် အလွန်ကျယ်ဝန်းရကား မြန်မာသံရုံးသို့ အသိအမှတ်ပြုလက်မှတ်ရဘို့ မလွယ်၊ အချိန် ငွေ များစွာပေးရလိမ့်မည်။ ထိုကုန်ကျစရိုက်သည် သူ့ပြည်မှာ ဖြစ်ပျက်တာဆိုတော့ သူ့နိုင်ငံကို လုပ်ကြွေးနေရခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ပိုက်ဆံ ချွေချွေတာတာ သုံးနေရသော မြန်မာ ကျောင်းသားများအတွက် မြန်မာသံရုံး၏ အသိမှတ်ပြုလက်မှတ် ရနိုင်ဘို့ရာ အလွန်ခက်ခဲပါသည်။ ပြည်ပအခြေအနေကိုလဲ မသိ တာဝန်အရ ထမ်းဆောင်နေကြသော တာဝန်ရှိသူများကို နားလည်အောင် ပြောပြရပါသည်၊ ဟိုက အခက်အခဲကို ရှင်းပြရပါသည်။

(၆) (၇) တို့လဲ ခက်ခဲသည့်မဟုတ် ရဲစခန်းကို ဘယ်ပုံ ဘယ်လို လက်မှတ်ရအောင် ယူမလဲဆိုတာ ကျွန်ုပ်တို့ ပြည်သူပြည်သားတိုင်း ကောင်းကောင်းကြီး သိထားသည်။ ဒါကတော့ ကိုယ့်နိုင်ငံတွင်သာမဟုတ် နိုင်ငံတော်တော်များများမှာ ဖြစ်တတ်သည့် သဘောတရားပင်။ သို့သော်လည်း အလုပ်သဘောအရဆိုတော့ အလုပ်နဲနဲ ရှုပ်သွားသည်။

အချိန်ဘယ်လောက်စောင့်ရမလဲ?
ထို အချက်အလက် (Documents) တွေ အားလုံး စုပြီး ဌာနဆိုင်ရာသို့တင်ရပါသည်။ အချိန်ဘယ်လောက်ပေးရမလ? ဘယ်မှာ သွားတင်ရမလဲ? ဆိုတာ သိဘို့ လိုလာသည်။ နည်းလမ်း ၂ သွယ်ရှိပါသည်။ တနည်းက မဟာပါသာဏလိုဏ်ဂူ နောက်ကျော ဘဲဥပုံ စာကြည့်တိုက်မှာ သာသနာရေးဌာန တစ်ခုရှိသည်။ ထိုနေရာသို့ သွားတင်ရပါသည်။ တစ်နာရီးလောက် အချိန်ပေးရပါလိမ့်မည်။ ထိုဌာနမှာ ဖြည့်စွက်စရာရှိဖြည့်စွက်ရပါသည်။ ဘယ်လောက် ကြာမှ ၀န်ကြီးထောက်ခံစာ ရမလဲ မေးကြည့်တော့ အားရစရာပင်၊ ၂ ပတ် သို့မဟုတ် တစ်လ ကြာမည်တဲ့။ ဘာလို့ အဲလောက်ကြာလဲလို့ ဆက်မေးကြည့်တော့ ‘‘ အရှင်ဘုရားတဲ့ အရှင်ဘုရားတို့ ဖိုင်တွဲ (သူက ပြစ်မှုဖိုင်တွဲဟု ခေါ်သည်) တွေကို နေပြည်တော်ကို ပို့ရပါတယ်ဘုရား၊ နေပြည်တော်မရောက်ခင် ဒီမှာရှိတဲ့ လူကြီးတွေရဲ့ လက်မှတ်တွေ ပါရပါသေးတယ်ဘုရားတဲ့။ လက်မှတ်ထိုးပေးမည့် သူတွေ ရှိနေမှ အဆင်ပြေတာဘုရား။ လူကြီးတွေက နယ်ဘက်ရောက်နေရင် စောင့်ရပါတယ်ဘုရား၊ ဒီမှာ လက်မှတ်ထိုးပြီးရင် နေပြည်တော်သွားမည့် လူကြုံရှာရပါသေးတယ်ဘုရား၊ ဖိုင်တွေအားလုံး စုစည်းပြီး လူကြုံနဲ့ နေပြည်တော်ကို ပို့ပေးရပါတယ်ဘုရား။ ဟိုနေပြည်တော်ရောက်သွားတော့လည်း လူကြီးတွေ စုံစုံညီညီ ရှိနေမှ အဆင်ပြေမယ်ဘုရား။ အကယ်၍ နယ်ရောက်နေကြရင် ထပ်စောင့်ရပါဦးမယ်ဘုရား။ အားလုံးပြီးကာမှ ဟိုကနေ ဒီကို လူကြုံရှိတဲ့အခါ အရှင်ဘုရားတို့ဖိုင်တွဲတွေ ပြန်ပို့ပါတယ်ဘုရား’’ ဟု တာဝန်ရှိသူက ပြောပြသည်။ သူ့ရဲ့လုပ်ငန်းစဉ် the process ကြီးကို ကြည့်မယ်ဆိုရင် ထောက်ခံစာ ရမည့် အချိန်သည် မသေချာ မရေရာ ဖြစ်သည်၊ ထို့ကြောင့် စောစောသာ လုပ်ထားဖို့လိုသည်။

ဒုတိယ နည်းကတော့ နေပြည်တော်ကို တိုက်ရိုက်သွားခြင်းပဲ ဖြစ်သည်။ နေပြည်တော်ရောက်တော့လည်း ဌာနဆိုင်ရာ လူကြီးတွေ စုံညီမှ သူတို့ရဲ့လက်မှတ် ရမည်၊ အကယ်၍ လူကြီးတယောက်ယောက်က နယ်ဘက် ရောက်နေရင် နေပြည်တော်မှာ စောင့်ပေဦးတော့၊ တည်းခိုစရာ နေရာမရှိသူအတွက်ကတော့ ပိုက်ဆံအကုန်ခံပြီး တည်းခိုခန်းရှာရပေဦးမည်။ ပတ်စပို့ရုံးကို မရောက်ခင် ၀န်ကြီးထောက်ခံစာ ရဖို့အတွက် ဤမျှ ကိစ္စများပါသည်။

ပတ်စပို့ရုံး
ဝန်ကြီးထောက်ခံစာ ရလျှင် ပတ်စပို့ရုံးသို့ သွားတင်လို့ရပါပြီ။ ဓာတ်ပုံရိုက်ခြင်း၊ ဘဏ်သွင်းခြင်း စသည်စသည်ဖြင့် မြန်မာကျပ်ငွေ ၃၀၀၀၀ (သုံးသောင်း) ကျပ် ကုန်ကျပါလိမ့်မည်။ အေးဂျင့်နှင့်လုပ်ပါက ၄၀၀၀၀ (လေးသောင်း) ပေးရပါလိမ့်မည်။ တစ်သောင်းပဲ ပိုတာဆိုတော့ အေးဂျင့်နှင့်လုပ်ရင် မဆိုးပါဘူး၊ ဒါက ရဟန်းတော်အများအတွက်ဖြစ်ပါတယ်၊ လူဝတ်ကြောင်တွေ အတွက်တော့ ဈေးတမျိုးဖြစ်ပါလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည့်အလျောက် ရဟန်းတော်များက လူဝတ်ကြောင်တွေလို တန်းစီစရာ မလိုဘဲ အေးဂျင့်က ရုံးများကို တိုက်ရိုက်ဝင်ပေးသဖြင့် အချိန်သက်သာသည်။ ၅၀ ကျော် လူဝတ်ကြောင် အဖိုးအဖွားအတွက်လည်း တန်းစီစရာ မလိုဘဲ တိုက်ရိုက်သွားနိုင်ရန် သီးသန့်လုပ်ပေးထားတာ တွေ့ရပါသည်။ ဒါလေးတွေကတော့ ချစ်စရာလေးတွေပါပဲ။
ဤကဲ့သို့သော အကြောင်းတွေကြောင့် အလုပ်အရှုပ်မခံချင်ပါက ကိုယ်နေဆဲ နိုင်ငံမှ ကိုယ့်တိုင်းပြည်၏သံရုံးမှာပဲ ပတ်စပို့ သက်တမ်းတိုးခဲ့ရင် ပိုအဆင်ပြေပါတယ်။ အိန္ဒိယ ပညာတော်သင် အရှင်မြတ်များကတော့ နယူးဒေလီက ကိုယ့်နိုင်ငံသံရုံးမှာ ပတ်စပို့သက်တမ်းတိုးရင် ပိုအဆင်ပြေပါတယ်၊ သွားစရိတ် လာစရိတ်တွေ ကြီးပေမဲ့ အိန္ဒိယရှိ လက်ရှိမြန်မာသံရုံးဝန်းထမ်းတွေက အလွန်တော်ကြပါသည်။ ရဟန်းတော်များအတွက် ပိုက်ဆံ ပေးဆောင်စရာမလိုဘဲ သက်တမ်းတိုးမှုများကို ဆောင်ရွက်ပေးနေပါသည်။ ပတ်စပို့ အသစ်လဲရမည်ဆိုပါက လူကိုယ်တိုင် သွားရပါလိမ့်မည်၊ သက်တမ်းတိုးရုံ သက်သက်ဆိုရင်တော့ လူကြုံဖြင့်ပင် အဆင်ပြေအောင် လုပ်ပေးနေသည့်အတွက် သံအမတ်ကြီးနှင့် ၀န်ထမ်းများကို ကျေးဇူးတင်ရပါည်။

အကောင်း နှင့် အဆိုး
နိုင်ငံတကာက အနည်းဆုံးပတ်စပို့သက်တမ်း ၅ နှစ်ပေးချိန်မှာ ကိုယ့်တိုင်းပြည်က ၃ နှစ်ထဲပဲ ပေးတော့ ကောင်းကျိုး ဆိုးကျိုးတော့ ရှိပါလိမ့်မည်။ သူများနိုင်ငံတွေလို အနည်းဆုံး ၅ နှစ်ပေးရင် သိပ်ကောင်းမှာပဲဆိုပြီး တွေးမိတယ်။ ဒါက ကိုယ်ဖြစ်ချင်တာကိုပဲ စိတ်ကူးမိတာ ဖြစ်ပါသည်။ အကယ်၍သာ ၅နှစ် သို့မဟုတ် ၁၀ နှစ်သာ ပေးလိုက်မယ်ဆိုရင် ခဏခဏ ခက်ခဲတဲ့ လူကြီးတွေရဲ့ ထောက်ခံစာတွေ မလိုတော့ပေ၊ ဟိုဟို ဒီဒီက ထောက်ခံစာတွေကိုလည်း ယူစရာ မလိုတော့ပေ၊ ဟိုရုံး ဒီရုံးတွေကို သွားရ လာရတဲ့ ဒုက္ခလဲ သက်သာသွားပါလိမ့်မည်၊ အချိန်ကုန် ငွေကုန် လူပန်း သက်သာသွားမှာတော့ အမှန်ပင်ဖြစ်သည်။ သူများနည်း Research Visa (RV) ကို ၅ နှစ်ရတဲ့အတွက်ကြောင့် နောက်ထပ် ကုလားကို ပေးရမည့် ဗီဇာသက်တမ်းတိုး Visa Extention အတွက် ပိုက်ဆံ အကုန်သက်သာသွားမည်။ တကယ်တော့ ထိုဗီဇာအတွက် ပေးနေရတဲ့ ပိုက်ဆံတွေသည် ကိုယ့်ပြည်တွင်းက ပြည်သူတွေရဲ့ ပိုက်ဆံပဲဖြစ်သည်အတွက် ကိုယ့်တိုင်းပြည်က ပိုက်ဆံကိုပဲ သူများကို ပေးလိုက်ရသည်ဟု မြင်မိသည်။

၅ နှစ် သက်တမ်း ထုတ်ပေးလိုက်ခြင်းကြောင့် အဆိုးကျိုးနှင့်ပတ်သက်ပြီး ဘာဖြစ်နိုင်သလဲ? စဉ်းစားမရ ဖြစ်နေသည်။ တချို့ကတော့ပြောပါတယ် ပတ်စပို့နှင့် အသက်မွေးဝမ်းကြောင်းနေသူတွေအတွက် ၀င်ငွေနဲသွားနိုင်သည်။ ဒါလည်းဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့သော် တိုင်းပြည်ချင်း ယှဉ်တဲ့အခါ ကိုယ့်ပြည်တွင်းက ငွေ ကိုယ့်ပြည်တွင်းက အရယူခြင်းထက် ပြည်ပငွေကို အရယူနိုင်မှသာ တိုင်းပြည်အတွက် ပိုပြီး တိုးတက်နိုင်သည်ဟု ပြောသည်။ ဒါလည်းဖြစ်နိုင်တာပဲ။

အိန္ဒိယနှင့် သနားတတ်သော သူငယ်ချင်း

အိန္ဒိယအစိုးရသည် သူများနိုင်ငံက ငွေ ပိုက်ဆံကို ကိုယ့်နိုင်ငံအတွင်း ၀င်အောင် ရောက်လာအောင်သာ ခွင့်ပြုသည်၊ သူ့ပြည်တွင်းက ငွေ ပြည်ပသို့ ထွက်ခွင့်မရှိ။
တကယ့်ဖြစ်ရပ်မှန် တစ်ခု ပြောပြပါဦးမယ်။ စာရေးသူ အိန္ဒိယပြည် မဟာရဋ္ဌပြည်နယ်ရှိ ပူနေးတက္ကသိုလ်မှာ အမ်အေတန်းတက်စဉ်က ခံလိုက်ရတဲ့ သူငယ်ချင်းမြန်မာ ရဟန်းတော်တစ်ပါးအကြောင်းဖြစ်ပါတယ်။ အင်တာနက်ကနေ လိမ်စား ညာစာနေသူတွေ အများကြီးရှိပါတယ်။ မေးလ်တွေ လာပါလိမ့်မည်၊ ငါ့မှာ ဒုက္ခရောက်နေပါတယ်။ အခု ဘယ်မှာနေနေရပါတယ်။ ပထွေးနဲ့ နေရပါတယ်။ ပထွေးက နှိပ်စက်တာ ခံနေရပါတယ်။ တချို့လည်း တိုင်းပြည်ကနေ ထွက်ပြေးနေရပါတယ်။ တိုင်းပြည်အစိုးရက ညှင်းပန်းနှိပ်စက်လို့ ရှောင်ပြေးနေရပါတယ်၊ ငါ့ အဖေက ဘဏ်မှာ ပိုက်ဆံ မီလျံပေါင်းများစွာ အပ်နှံထားပါတယ်၊ သူက စာချုပ်ထားတာက အိမ်ထောင်ကျတဲ့အခါမှသာ ဒီပိုက်ဆံတွေကို ထုတ်ယူခွင့်ရှိမှာပါ ဆိုပြီး မေးလ်တွေ မကြာမကြာ ရရှိပါလိမ့်မည်။။ အများစုက အာဖရိကတိုက်က ဖြစ်ပါတယ်။ ကိုယ်က သနားပြီး စာပြန်လိုက်ရင် နောက်ထက် တဆင့်တက်လာပါလိမ့်မည်။ ဘယ်သူ့ပုံမှန်းမသိတဲ့ ဓာတ်ပုံတွေ ပို့ပေးလိမ့်မည်။ နောက်တဆင့်က ဘဏ်အကောင့် တောင်းပါလိမ့်မည်။ ငွေလွှဲခိုင်းပါလိမ့်မည်။ စာရေးသူ ခဏခဏ ကြုံဖူးပါသည် သို့သော် ဘဏ်အကောင့်မရှိသဖြင့် မခံလိုက်ရ။

ဘုန်းကြီးဆိုတဲ့အမျိုးက သူများဒုက္ခရောက်ရင် သနားတတ်တဲ့ သဘောကိုး။ စာရေးသူ သူငယ်ချင်းက သနားလွန်းလို့ ထင်ပါရဲ့ သူ့ဆီလာတဲ့ ဖော်ပြခဲ့ပါ မေးလ်မျိုးရောက်လာတော့ နှလုံးလှုပ်ခါသွားတယ်၊ ပြီးတော့ မရမက ဆက်သွယ်တယ်၊ ဖုန်းတွေဆက်တဲ့ အဆင့်ရောက်တယ်၊ ဖုန်းနဲ့ တွေ့တော့လဲ သူ့ကို အုပ်ချုပ်တဲ့သူဆိုသည့် အဘိုးအိုနှင့် တွေ့ရတယ်၊ ပထမတော့ အိန္ဒိယ စာတိုက်ကနေ အမေရိကန် ဒေါ်လာ ၁၀၀ ပို့လိုက်တယ်၊ ရောက်သွားတယ်၊ ကုလားအစိုးရ မျက်စိလည်သွားပုံပဲ၊ နောက် ဒုတိယအကြိမ် အမေရိကန် ဒေါ်လာ ၆၀၀ ပို့လိုက်တယ်။ ဒီတခါတော့ ကုလားအစိုးရ တွေ့သွားပါတယ်။ ပို့သူ သူငယ်ချင်းကို ရဲက ခေါ်စစ်ပါလေရော။ မင်းပို့လိုက်တဲ့ ငွေတွေ ပို့မရဘူးဟု ရဲက ပြောသည်။ ပို့လိုက်တဲ့ ငွေက ၆၀၀ သို့သော် ကုလားက ၂၀၀ ပဲ ပြန်ပေးသည်။ အင်း---စဉ်းစားကြည့်တယ်၊ ကိုယ့်သူငယ်ချင်းက တကယ်ပဲ ကရုဏာရှိတာလား၊ သူငယ်ချင်းတယောက် ချီးမွမ်းတယ်၊ ဒီ အရှင်က ဘုရားအလောင်းကွတဲ့။ ဘယ်ကလာ ဘုရားလောင်းဖြစ်ရမှာလဲ အတာ၊ ထုံတာ၊ မအူမလည်လုပ်တာ၊ ခံလိုက်ပေါ့ ဟု နောက်သူငယ်ချင်းကတော့ သြဘာပြုသွားတယ်။ ကုလားအစိုးရကောင်းလို့ ၂၀၀ ပြန်ရတယ်၊ နို့မိုဆို ၉၀၀လုံး အလကား ဘုမသိဘဲ ပေးလိုက်ရသလိုဖြစ်သွားမယ်၊ အခုတော့ ၂၀၀ သက်သာသွားတယ်။

ဆိုလိုချင်တာက ဗီဇာ သက်တမ်းတိုးရင် ကိုယ်သွားရမည့် (သို့မဟုတ်) ကိုယ်နေရမည့်နိုင်ငံ၏သံရုံးကို အမေရိကန် ဒေါ်လာပေးရသည်၊ အနည်းငယ်သော ပတ်စပို့သက်တမ်းကြောင့် ဗီဇာ ၅ နှစ်ရမည့်အစား ၂ နှစ်ခွဲလောက် ရတဲ့ ဗီဇာအတွက် ၂၀၀ ဒေါ်လာပေးရမည်၊ ထိုအနည်းငယ်သော ဗီဇာကြောင့် သက်တမ်းတိုးက ပိုက်ဆံ များစွာကုန်သည့်အပြင် အချိန်ကုန် လူပင်ပန်းဦးမည်။ ထို့ကြောင့် ကျွန်ုပ်တို့အတွက် ပတ်စပို့သက်တမ်း ၅ နှစ် အနဲဆုံး ရလျှင် ကောင်းမှာပဲ ဟု စိတ်ကူးသာ ယဉ်နေရပါတော့သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၉-၁၂-၂၀၁၀

07 December 2010

ပရိယတ္တိ အရေးပါမှု

စာမိတ်ဆက်
ဒီပို့စ်လေးသူည် မည်သူကိုမှ မရည်ရွယ်ဘဲ စိတ်ကူးပေါက်၍ ရေးခြင်းမျှသာ ဖြစ်ပါသည်။ ခေါင်းစဉ်သည် အလွန်ကျယ်ဝန်းပေမဲ့ ထိမိရုံမျှ တီးမိ ခေါက်မိရုံမျှသော အတွေးကလေးများကို ပို့စ်တစ်ခုအဖြစ် ဖန်တီးခြင်းမျှသာဖြစ်သည်။ အပြန်အလှန် ငြင်းပွားစရာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မည်၊ သို့သော် မိမိလက်လှမ်းမီသလောက်လေးမျှဖြင့် စုစည်းကာ ပို့စ်တစ်ခု အဖြစ် ပေါ်ပေါက်လာခဲ့ပါသည့် စာတမ်းကလေးသည် မည်သူတဦးတယောက်ကိုမျှ မရည်ရွယ်၊ ပရိယတ္တိအရေးကိုသာ ရည်ရွယ်ပါသည်။
ပရိယတ္တိမလိုသော သို့မဟုတ် အက္ခရာမပါသော တရားဆိုတဲ့ အရေးသည် တဖြေးဖြေးကျယ်ပြန့်လာသည်ဟု ခံစားမိပါသည်။ တချို့ပုဂ္ဂိုလ်တွေက ပရိယတ္တိမလိုပါဘူး၊ စာသင်စရာမလိုပါဘူး၊ စာမသင်ဘဲ ၀ိပဿနာပဲ အားထုတ်သင့်တယ်၊ ဘယ်ဆရာထံမှ ချဉ်းကပ်စရာမလိုဘဲ ၀ိပဿနာ အားထုတ်လဲ ဖြစ်ပါသည်၊ စသည်ဖြင့် စာသင်စရာမလိုပါဘူးဆိုပြီး ပလ္လင်ပေါ်တက်ပြီး ဟောပြောနေသူတွေကိုလည်း တွေ့နေရသည်။ ထိုကဲ့သို့ ဟောပြောသောသူများကို လေ့လာကြည့်သောအခါ စာပေမသင်ဘူးဘဲ သူပြောလူပြောနဲ့ အသက်ကြီးကာမှ ရဟန်းဘောင်သို့ ရောက်လာသူများဖြစ်ကြသည်။ ဘုန်းကြီး ရဟန်းပြောသမျှ ဟောသမျှ အမှန်ချည်းပဲဟုထင်သော ဒကာ ဒကာမအများစုကလည်း အာဘောင်အာရင်းသန်သန် ဟောပြောနေသည်ကို သဘောကျ ကျေနပ်နေကြသည်။ မှားသည် မှန်သည် မဝေဖန်နိုင်ဘဲရှိနေတတ်ကြသည်။ သာသနာအတွက် အန္တရာယ်ဟု ယူဆမိပါသည်။

ပရိယတ်အခြေပြုသော ပဋိပတ်အကျော်များ
ပရိယတ္တိနယ်ပယ်မှ ထွန်းတောက် ကျော်ကြားလာသော ဆရာတော်ကြီးများက ဤကဲ့သို့တွေးလိမ့်မည်မဟုတ်။ ဤကဲ့သို့ ဟောပြောလိမ့်မည် မဟုတ်၊ ပရိယတ္တိ ဂုဏ်ရည်ကို ထည့်သွင်းပြောကြပါလိမ့်မည်။ ဥပမာ-ဆဋ္ဌသင်္ဂါယနာတင်စဉ်က အမေး-မဟာစည်ဆရာတော်ကြီးဖြစ်သည်။ အဖြေ တိပိဋက မင်းကွန်းဆရာတော်ကြီး။ မဟာစည်ဆရာတော်ကြီးသည် ပရိယတ္တိနယ်ပယ်တွင် ကျွမ်းကျင်နိုင်နင်းပြီး ပဋိပတ္တိနယ်ပယ်တွင် အောင်မြင်ကျော်ကြားလာသူ ဖြစ်သည်။ ထို့အတူ သူ၏တပည့်များဖြစ်သော ချမ်းမြေ့ဆရာတော်၊ ရွှေတောင်ကုန်းဆရာတော်ကြီးများသည် ပရိယတ္တိအကျော်အမော်များဖြစ်ကာ ပဋိပတ္တိနယ်တွင် အောင်မြင်သူများဖြစ်ကြသည်။ အလားတူ ဓမ္မဒူတဆရာတော်ကြီး ဧတဒဂ် အရှင်ပညာဇောတနှင့် ဖားအောက်တောရဆရာတော်ကြီးတို့သည်လည်း ပရိယတ္တိ အကျော်အမော်များဖြစ်ကြသည်။ သူ၏မျိုးဆက်များဖြစ်သော ဓမ္မဒူတဆရာတော်များသည်လည်း ပရိယတ်အခြေခံသော ပဋိပတ်တွင် အောင်မြင်နေသူများ ဖြစ်ကြသည်။ ပဋိပတ်သည် ပရိယတ်ဖြင့်ကင်း၍ မရစကောင်း၊ ထို့ကြောင့် ပဋိပတ္တိဌာနတွင် ပရိယတ္တိ စာသင်ခြင်း (learning)၊ စာပေပို့ချခြင်း( teaching)၊ စာရေးခြင်း (writing)၊ စသော ပရိယတ်တို့ဖြင့်တွဲဖက်ကာ အလုပ်လုပ်နေကြသောကြောင့် ပရိယတ် စာမေးပွဲလောကတွင်လည်း ပထမကျော် အဂ္ဂမဟာကျော်နှင့် အထူးတန်းများ အောင်မြင်ကျော်ကြားလျက်ရှိနေသည်ကို တွေ့ရသည်။

အာဘောင်သန် အာရင်းသန်သန်
အချိုသော ပုဂ္ဂိုလ်များကိုတော့ အာဘောင်အာရင်းသန်သန်နှင့် ပလ္လင်ပေါ်တက်ကာ ပရိယတ်သည် အရေးမပါဟု ဟစ်နေသဖြင့် မြတ်ဗုဒ္ဓအလိုတော်မှ သွေဖယ်သော လမ်းကြောင်းပေါ်သို့ပို့နေကြသူများဟု မြင်မိပါသည်။ တခါက ဓမ္မကထိက သြ၀ါဒခံယူပွဲတွင် သီတဂူဆရာတော်ကြီးက ‘‘ လမ်းဘေးက စကားကို ပလ္လင်ပေါ်မှာ ယူလာလျင် ကိုယ်လဲပဲ လမ်းဘေးကလူဖြစ်သွားမယ်’’ဟု မိန့်ခဲ့သည်။ ဒီစကားဟာ အလွန်အဓိပ္ပါယ်ရှိပါသည်။ ပရိယတ္တိလမ်းကြောင်းပေါ်ကပဲ သွားဖို့၊ ပရိယတ္တိစာပေနှင့်အညီ ဟောဖို့ ပြောဖို့ပဲဖြစ်ပါတယ်။ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသက ဦးကျော်ဟိန်းခေါ် အရှင်ကိတ္တိသာရ ကို မိန့်ကြားဝယ်‘‘ ဦးကိတ္တိရေ- စာများများဖတ်ပါ၊ စာများများဖတ်ပြီးမှ ပရိယတ္တိလမ်းကြောင်းပေါ်ကနေ ဟောပြောပါ’’ ဟူ၍ အကြံပေးထားတာကိုလည်း မှတ်သားခဲ့ဖူးပါသည်။

ပရိယတ္တိမာန
ဒါဆို ပရိယတ်ကိုပဲ အားကိုးပြီး ပဋိပတ္တိ မလိုတော့ဘူးလားဆိုတော့ အလွန့်အလွန်ကို လိုပါသည်။ ပရိယတ္တိစာပေသမားများ ဖြစ်တတ်သည့် အချက်ကတော့ ပရိယတ္တိမာနပဲဖြစ်သည်။ သတိထားဖွယ်ဖြစ်ပါသည်။ ထိုမာနက မဂ်ဥာဏ်အတွက် အန္တရာယ်တခုဖြစ်တယ်ဆိုတာလဲ သတိထားဖွယ်ဖြစ်ပါတယ်။ အရှင်အနုရုဒ္ဓါ မထေရ်ကြီး ရဟန္တာမဖြစ်နိုင်ခြင်း အကြောင်း ၃ ခုအနက် တစ်ခုသော အကြောင်းက မာနပဲ ဖြစ်ပါသည်။ မထေရ်ကြီးသည် ရဟန္တာဖြစ်နိုင်တဲ့ ပါရမီရှင်ဖြစ်ပေမဲ့ ‘‘ ငါဟာ လောကဓာတ်တစ်ထောင်လုံးကို နတ်မျက်စိဖြင့် မြင်နိုင်စွမ်းရှိပါလျက်နဲ့ ဘာ့ကြောင့် ကိလေသာ မကုန်ခန်းနိုင်ရမှာလဲ’’ ဆိုသော မာနကလေးက သူ့အတွက် အတားအဆီးတခုဖြစ်ခဲ့သည်။ ရွှေကျင်ဆရာတော်ကြိးဆုံးမစာများစွာတွင် ‘‘စာမတတ်မူ အခေါက်ထူ လူထဲရှင်ထဲ အသုံးမကျ၊ စာတတ်ပြန်လျှင် စိတ်ကြီးဝင် လူမြင်တိုင်းက အော့ချင်ကြ’’ ဆိုတဲ့ အဆိုအမိန့်ကလေးကလဲ အလွန်မှတ်သားစရာ ကောင်းလှပါသည်။ ပရိယတ္တိ စာပေမရှိလျှင် လူထဲမှာရော ရှင်ရဟန်းလောကမှာရော ဘယ်နေရာမှ အသုံးချ၍ ရမည်မဟုတ်။ ပရိယတ္တိစာပေတွေ အလွန်တတ်ပြီး မာန်မာနတွေ ထောင်လွှားနေပြန်လျှင်လဲ တွေ့ကြုံတဲ့သူတိုင်းက အဝေးကရှောင်ကြလိမ့်မည်၊ ရွံမုန်းကြလိမ့်မည်။

ပရိယတ္တိအကျော် ပေါဋ္ဌိလမထေရ်
တခါက မြတ်ဗုဒ္ဓက ပရိယတ္တိအကျော်အမော် ၅၀၀ သော ရဟန်းတော်တို့၏ ဦးစီးနာယက ဖြစ်သော ပေါဋ္ဌိလမထေရ်အား တုစ္ဆ တုစ္ဆ (emptiness emptiness) ဟု ခေါ်သည်။ ထိုအခါ မထေရ်ကြီးသည် ‘‘ ငါသည် ပရိယတ္တိဓမ္မဘက်တွင် အားခွန်အားစိုက် အားထုတ်ခဲ့ပါသော်လည်း မြတ်ဗုဒ္ဓက ငါ့အား တုစ္ဆ တုစ္ဆ (အချည်းအနှီး) ဟု ခေါ်၏’’ ဟုတွေးကာ စိတ်မသက်သာ ဖြစ်နေသည်။ အဘယ့်ကြောင့် တပည့်တော်သည် အချည်းအနှီးဖြစ်ရပါသလဲဘုရားဟု ဘုရားရှင်အား လျှောက်ထားရာ ဘုရားရှင်က ‘‘ ပေါဋ္ဌိလ သင်ဟာ ကန်ဘောင်ရိုးကိုသာ လုံခြုံစွာ ဆယ်၍ ကန်တွင်းရှိ ရေကိုကား မသောက်လိုသောကြောင့် ဤကဲ့သို့ တုစ္ဆ တုစ္ဆ ဟု ခေါ်ရပါတယ်’’ ဟု မိန့်တော်မူလိုက်လေသည်။ ပရိယတ္တိအကျော်အမော် ပုထုဇဉ် မထေရ်ကြီးသည် မာနကို ထိလာသဖြင့် မခံချင်စိတ်ဖြစ်နိုင်ပါလိမ့်မည်။

ထို မခံချင်စိတ်ဖြင့်ပင် မထေရ်ကြီးသည် သင်္ကန်း ၃ ထည်နှင့် သပိတ်တစ်လုံးတို့ကို ယူဆောင်ကာ အရှင်ဘုရား တပည့်တော်အား ကမ္မဋ္ဌာန်းတရား ပေးတော်မူပါဘုရားဟု လက်အုပ်ချီ လျှောက်သောအခါ ဘုရားရှင်သည် ကျောင်းတော်မှ ၃ ယူဇနာဝေးသော တောရမထေရ်တပါးထံသို့ လွတ်လိုက်လေသည်။ တောရမထေရ်ကြီးထံ ကမ္မဋ္ဌာန်းတရား တောင်းသောအခါ မထေရ်ကြီးကလည်း အခြေအနေကို သုံးသပ်ကာ ကမ္မဋ္ဌာန်းတရား မပေးသေးဘဲ မီတင်းကုတ် (မီးဖို) မှာ ဆော့ကစားနေသော ကိုရင်လေးတစ်ပါးအထံ ညွှန်ကြားလိုက်သည်။ ပေါဋ္ဌိလ မထေရ်သည် ကိုရင်လေးတစ်ပါးအထံမှ ကမ္မဋ္ဌာန်းဖြင့်ပင် ရဟန္တာဖြစ်သွားခဲ့ရသည်။ ဤနေရာမှာ အဘယ့်ကြောင့် ယူဇနာ ဝေးသော တောကျောင်းသို့ စေလွတ်သနည်း? အဘယ့်ကြောင့် ကိုရင်လေးထံမှ ကမ္မဋ္ဌာန်းတရားကို သင်ယူခိုင်းသနည်း? ဟု ပြန်လည်သုံးသပ်ရသော် ပေါဋ္ဌိလမထေရ်ကြီး၏ ပရိယတ္တိမာန်ကို ချိုးနှိမ်လိုသောကြောင့် ဖြစ်ဟန်တူပါသည်။ နဂိုကတည်းက ပရိယတ္တိအခြေခံရှိပြီးဖြစ်သော မထေရ်သည် မာနလေးကို ချပြီး ကမ္မဋ္ဌာန်းတရား အားထုတ်လိုက်ရာ တခဏလေးအတွင်းမှာပဲ ရဟန္တာဖြစ်သွားသည်။

အချို့က ပေါဋ္ဌိလမထေရ်၏ ဇာတ်ကြောင်းကို ကြည့်ပြီး ပရိယတ္တိမပါဘဲ တရားထူးရနိုင်သည်ဟု ဆိုကြသေးသည်။ တကယ်တော့ ပရိယတ္တိအခြေခံ ရှိပြီးဖြစ်သောကြောင့် ပရိယတ္တိမာန်ကလေး ပယ်လိုက်ခြင်းဖြင့် နည်းမှန်လမ်းမှန်ကို တခဏအတွင်း ရောက်ရှိခြင်းဖြစ်ပါသည်။ ပရိယတ္တိသည် Universal အများအတွက် ဘယ်လောက် အရေးပါနေသလဲဆိုတာ ပြောပြစရာမလိုလောက်အောင်ပင် ထင်ရှားပါသည်၊ ယနေ့ မြင်တွေ့နေရသော သာသနာတော်ကြီးသည် ပရိယတ္တိဝန်ဆောင်တို့ လက်ဆင့်ကမ်းလာသော သာသနာဆိုလျင် ဘယ်သူမှ ငြင်းလိမ့်မည်မထင်။ ပရိယတ္တိစာသင်တိုက်ကြီးတွေ အခိုင်အမာ ရှိနေသေးသ၍ သာသနာတော်ကြီး ခိုင်ခန့်နေဦးမှာ အမှန်ပင်ဖြစ်ပါသည်။ ပဋိပတ်စင်တာ (meditation centre) ကြီးတွေ ကမ္ဘာအနှံ့အပြား ရပ်တည်နိုင်နေသည်မှာ ပရိယတ္တိအခြေံခံ ကောင်းသောကြောင့်ပင်ဖြစ်ပါသည်။ ဤနေရာမှာ တစ်ဦးတစ်ယောက်ချင်း (Personality, Individuality) အတွက်ပဲ ဆွေးနွေးနေခြင်းဖြစ်သည့်အတွက် Universal ပရိယတ္တိ ကို ချန်ထားခဲ့ပါသည်။

မြတ်ဗုဒ္ဓနှင့်ဆရာ
မြတ်ဗုဒ္ဓသည်ပင် ဆရာမကူ သယမ္ဘူ ဟုဆိုသော်လည်း ဘုရားမဖြစ်ခင်က ပရိဗိုဇ်များစွာတို့၏ဆရာ ဖြစ်သော အာဠာရနှင့် ဥဒက ရသေ့ကြီး နှစ်ပါးအထံ ကျင့်စဉ်များကို လေ့လာသင်ယူပြီး ကျင့်ခဲ့ရသေးသည်။ ထိုလမ်းစဉ်များ အားလုံးတတ်မြောက်ပြီးသောအခါ ဘ၀မှလွတ်မြောက်မှုမဟုတ်ဟု နားလည်သဘောပေါက်သည်၊ ထိုလမ်းစဉ်ဖြင့် ကျေနပ်အားရမှုမရှိ၍ ထိုဆရာကြီး ၂ ယောက်လုံးကို စွန့်ခွါခဲ့သည်။ ထိုဆရာကြီး ၂ ပါး၏ လမ်းစဉ်တို့ အစွန်းရောက်သော ကျင့်စဉ်များဟု နားလည်ကာ သုံးသပ်ကာ မဇ္ဈိမပဋိပဒါ ခေါ် အလယ်လမ်းကို ရှာဖွေခဲ့သည်၊ တွေ့ရှိခဲ့သည်။ ဘုရားမဖြစ်ခင် အစွန်းရောက်ကျင့်စဉ်များသည်လည်း မဇ္ဈိမပဋိပဒါ အကျင့်ကို ရရှိရန် အထောက်အကူများဖြစ်ခဲ့၏ ဟု ဆိုလျှင်ကား ဘုရားရှင်သည် ဆရာရှိခဲ့၏ ဟုဆိုနိုင်ဖွယ်ရှိသည်။ ဆိုလိုသည်မှာ ဘုရားလောင်းသည်ပင် ဘုရားဖြစ်ဖို့ရန် နည်းမှန်လမ်းမှန်ရောက်ဖို့ရန် နည်းမျိုးစုံ လေ့လာ သင်ယူ စမ်းသပ်ရပါသည်။ ဘုရားရှင်တောင် လောကီဆရာတွေ သို့ဟုတ် သူတော်ကောင်းကြီးတွေကို ဆည်းကပ်ခဲ့ရသေးတယ်ဆိုရင် သာမန် ကျွနုပ်တို့အတွက်ကတော့ ဆရာမရှိဘဲ ဘာကိုမှ မသင်ယူဘဲ Learning (ပရိယတ္တိ) မရှိဘဲ လမ်းကြောင်းအမှန်ပေါ်သို့ ရောက်ဖို့ရန် အလွန်ခဲရင်းပါလိမ့်မည်။

သံယုတ်ပါဠိတော် နိဒါန၀ဂ္ဂ သတ္ထုသုတ် (သတ္ထာပရိယေသနသုတ်)မှာ မြတ်ဗုဒ္ဓပြောသွားတဲ့ အမှာစကားလေးရှိပါတယ်။ ဇာတိ ဇရာ (ပ) သင်္ခါရ ဟူသော သဘောတရားနှင့် ထိုသဘောတရားတွေ၏ အကြောင်းအကျိုးဆက်နွယ်ပုံ( ပဋိစ္စသမုပ္ပါဒ သဘောတရား) တွေကို သိနိုင်ဖို့ရန် ဆရာရှာသင့်ကြောင်း၊ ဆရာကို ချဉ်းကပ်သင့်ကြောင်းပဲ ဖြစ်ပါတယ်။ နည်းမှန် လမ်းမှန် ရောက်ဖို့ ဆရာကို ချဉ်းကပ်သင့်သည်ဟူဆိုသော ထိုသုတ္တန်က ပရိယတ္တိသည် မဂ်ဖိုလ်နိဗ္ဗာန် (လွတ်မြောက်မှု)အတွက် အလွန်ရေးပါကြောင်း ပြောပြခြင်းပဲ ဖြစ်ပါသည်။

သာမဏေကျော်များနှင့်ပရိယတ် ၀ိပဿနာ

တကယ်တော့ ၇နှစ်သားအရွယ်ကလေးနှင့် ရဟန္တာဖြစ်သွားကြသော သံကိစ္စသာမဏေ, ပဏ္ဍိတသာမဏေငယ်လေးတို့သည် ဆရာ့ထံမှ ‘‘ကေသာ လောမာ နခါ ဒန္တာ တစော’’ ဟူသော တစပဉ္စက ကမ္မဋ္ဌာန်းမျှဖြင့် ရဟန္တာဖြစ်သွားကြသည်။ ရှေးဦးစွာ ထိုကမ္မဋ္ဌာန်းကို သင်ယူရပါသည် (ပရိယတ် Learing)၊ ဆံပင်များ ရိတ်သောအခါ ထိုသင်ယူထားသည့်အတိုင်း ကမ္မဋ္ဌာန်းကို ပွားများ ဆင်ခြင်သည် ပဋိပတ် (Practicing)။ ခေါင်းရိတ်ပြီးသည့်တပြိုင်တည်း ရဟန္တာဖြစ်သွားကြသည်။ ဤကိုရင်လေးများသည် ရှေးဘ၀များက ဖြည့်ခဲ့သော ပါရမီ၊ ယခုလောလောလတ်လတ် သင်ယူအပ်သော ကမ္မဋ္ဌာန်းနှင့် ထိုကမ္မဋ္ဌာန်းကို ပွားများခြင်း ဤသို့အား ဖြင့် သင်ယူခြင်း ပရိယတ်နှင့် ပွားများခြင်း ပဋိပတ်တို့ ဟန်ချက်ညီညီ အားထုတ်သောကြောင့် သာမဏေဘ၀ (ကိုရင်ဘ၀)မှာပင် ဘ၀လွတ်မြှောက်မှု (နိဗ္ဗာန်) ကို မျက်မှောက်ပြုနိုင်ခဲ့ကြသည်။

ပရိယတ္တိ

သင်ခြင်း၊ ပါဠိတော်ကို သင်ခြင်း၊ စာပေကျမ်းဂန် သင်ခြင်း၊ စွမ်းနိုင်ခြင်း၊ (ဦးဟုတ်စိန် ပါဠိမြန်မာ အဘိဓာန်) ဟု အဓိပ္ပါယ်ရှိသည်။ သုတမယ, စိန္တာမယ, ဘာဝနာမယ ပညာ ဟူ၍ စာပေမှာ ပညာရကြောင်း သုံးမျိုးပြထားသည်။ ဘုရားလက်ထက်တော်အခါ နာယူခြင်းဖြင့် လေ့လာခြင်း (သောတ၊ သုတ)ကိုသာ အသုံးပြုကြဟန်ရှိသည်။ စာအုပ် စာတမ်းများ တွင်တွင်ကျယ်ကျယ် အသုံးပြုဟန် မတူဘဲ နား (သောတ) ကိုသာ အဓိက အသုံးပြုဟန်တူပါသည်။ စာပေသင်ကြားရာဝယ် နာယူခြင်း (သုတမယ)ဖြင့် ပရိယတ္တိကို ဆည်းပူးကြသည်၊ များများ နားထောင်ထားမှုရှိသူကို ဗဟုသုတ ရှိသူဟုဆိုသည်။ ထိုနာယူမှတ်သားပြီးသော အကြောင်းအရာကို မမေ့အောင် ထပ်တလဲလဲ ကြံစည်ခြင်း တွေးတောခြင်း (စာပြန်ခြင်း) ဖြင့် ပရိယတ္တိကို လေ့လာကြရပါသည်၊ ထိုနာယူ ကြံစီထားသည့်အတိုင်း ပွားများအားထုတ်၍ ရအပ်သော အသိသည် ဘာဝနာမယပညာ ဖြစ်သည်။ ဤသို့အားဖြင့် ပညာ ကို ရရှိဘို့ရန်မှာ ပရိယတ်နှင့်ပဋိပတ် ၂ မျိုးလုံးပါရသည်ကို တွေ့ရသည်။ ထိုသို့သော ဆရာသမားများထံမှ နာယူခြင်း, စာအုပ်မှ လေ့လာခြင်း စသော သုတမရှိဘဲ ပလ္လင်ပေါ်တက်ပြီး မှန်ကန်စွာ ဟောနိုင် ပြောနိုင်ပါဦးမည်လော? ပရိယတ်မပါသော ပဋိပတ်သည် ပဲ့ မပါသော လှေကဲ့သို့ ဦးတည်ရာမဲ့နေမည်မှာ အမှန်ပင်ဖြစ်ပါသည်။

သဒ္ဒနီတိဆရာ၏ အဆိုအမိန့်
ကမ္ဘာကျော် သဒ္ဒနီတိဆရာက သူ၏ကျမ်းနိဂုံးတွင် ‘‘ သုတ္တန်တရား တည်သရွေ့၊ ၀ိနည်းရှိနေသရွေ့ သာသနာရောင် ထွန်းလင်းပါလိမ့်ဦးမည်။ သုတ္တန်တရားမရှိ၊ ၀ိနည်းကိုမေ့သော် သာသနာလဲ ကွယ်ပါလိမ့်မည်။ သုတ္တန်စောင့်သူ ၀ိနည်းကို လေးစားနေသူ ရှိနေသေးသမျှ ပဋိပတ်သည်လည်း စောင့်ရှောက်သူများ ရှိနေပါဦးမည်၊ ပဋိပတ်သာသနာ တည်ရှိနေကာမှ ၀ိမုတ္တိသာသနာ (ပဋိဝေဓသာသနာ) လည်း ခိုင်ခန့်နေဦးမည်ဖြစ်ပါသည်။ ဆိုလိုသည်မှာ ပရိယတ္တိသာသနာသည် သာသနာတော်၏ ရေသောက်မြစ်ဖြစ်၏’’ ဟု ဆိုထားပါသည်။

သမ္မောဟ၀ိနောဒနီအဋ္ဌကထာ (၀ိဘင်္ဂအဋ္ဌကထာ)က မူ ‘‘ သာသနဿဋ္ဌိတိယာ ပန ပရိယတ္တိယေ၀ ပမာဏံ= သာသနာတော်ကြီးတည်တံ့ခိုင်မြဲဖို့ဆိုတာ ပရိယတ္တိသည်သာ အဓိက အရေးပါလှပါသည်’’ ထိုအထဲမှာပဲ အဘိဓမ္မာက အစပြု၍ အစဉ်အတိုင်း နောက်ဆုံး ၀ိနည်းသာသနာပျောက်သွားပုံတို့ကို စနစ်တကျ ရှင်းပြထားသည်။ ထိုအဋ္ဌကထာကပဲ ‘‘ ပရိယတ္တိကို သင်ယူခြင်းသည် ဒုက္ခမှ မလွတ်နိုင်၍ ငါတို့တော့ မသင်ဟု ပြောဆိုသောသူမှာ သာသနာတော်ကို စော်ကားသူဖြစ်ကြောင်းနှင့် ပြိုင်ဘက်မရှိ သူခိုးကြီးဖြစ်ကြောင်း ဆိုထားသည်။ ဒါ့ပြင် ပရိယတ်သာ သာသနာ၏မူလဖြစ်ပုံ ပါစိတ်ဘာသာဋီကာ ၂၊၅၃။ ပရိယတ်သသည် သာသနာ သုံးပါးကို တည်စေပုံတို့ကို စူဠ၀ါဘာသာဋီကာ ၂၄၄ တို့၌ လေ့လာနိုင်ပါသည်။
သို့သော်လည်း ဓမ္မကထိကတပါးက ‘‘ဘုရားလက်ထက်က ပါဠိတော် အဋ္ဌကထာတွေကို တဗြန်းဗြန်းလှန်ကြည့်ပြီး ရဟန္တာဖြစ်သွားသူတွေ ခင်များတို့ တွေ့ဖူးလား’’ဟု ပရိသတ်ကိုမေးသတဲ့။ စာရေးသူထင်ပါသည် သူသည် ပရိယတ္တိ စာသင်တိုက်ကြီးတွေမှာ မနေဘူးခြင်းကြောင့်၎င်း၊ ပရိယတ္တိကို မလေ့လာခဲ့ဘူးသောကြောင့်၎င်း၊ ပရိယတ္တိအကြောင်းကို ကောင်းကောင်းနားမလည်ခြင်းကြောင့်၎င်း ဤကဲ့သို့ပြောနေခြင်းပဲဖြစ်သည်၊ အသက်ကြီးကာမှ သာသနာ့ဘောင်သို့ ရောက်လာသူလည်း ဖြစ်နိုင်ပါသည်။ ယနေ့ မြင်တွေ့နေရသော ပရိယတ္တိ ပဋိပတ္တိ ၂ မျိုးလုံးသည် ပရိယတ္တိကြောင့် မြင်တွေ့နေရတယ်ဆိုတာ သူလည်း သိကောင်း သိနေပါလိမ့်မည်။ နာမည်ကြီးအောင် ထင်ရှားအောင် ပရိယတ်မလိုပါဘူးဆိုတဲ့ ထွင်လုံးများကို ပလ္လင်ပေါ်မှာ ပြောဟောနေခြင်းက လူတွေကို ယောင်ဝါးဝါးဖြစ်စေသည်။ ပရိယတ္တိကို အထင်သေး အမြင်သေးစေသည်၊ သာသနာကို ဖျက်ဆီးရာရောက်နေသည်ဟု ခံစားမိသည်။

သီတဂူဆရာတော်နှင့်ပရိယတ် ပဋိပတ်

သီတဂူဆရာတော်ကြီးသည် သူ၏ တက္ကသိုလ်များတွင် စာကြည့်တိုက်ကို အဓိက ပင်မသွေးကြောအနေဖြင့်ထားပြီး နိုင်ငံတကာ စာကြည့်တိုက်များနှင့် စာအုပ်တိုက်များမှ စာအုပ်များကို မူရင်းတမျိုး ကော်ပီ (မိတ္တူ)တဖုံ စုဆောင်းလေ့ရှိသည်။ သူ၏တပည့်တွေကိုလည်း စာကြည့်တိုက်ကို နာနာ အသုံးချဖို့ ထပ်တလဲလဲ မိန့်သည်။ ဆရာတော်သည် စာဖတ် စာကြည့်ရတာကို အလွန်မြတ်နိုးသူဖြစ်ရကား စာကြည့်တိုက်တွင် နေ့စဉ်နီးပါးရောက်သည်၊ သုတေသနလုပ်ငန်းများ လုပ်လေ့ရှိသည်။ လုပ်သည့်အခါတိုင်း အနီးအနားမှာ တပည့်တပါးပါးကို ခေါ်ကာ ရှေ့ကနေ နှုတ်ဖြင့်ပြောသည်ကို လိုက်ရေးမှတ်ရသည်။ လိုချင်သောစာအုပ်ရှာခိုင်းသည့်အခါ မရှာတတ်ဘဲ ယောင်ဝါးဝါးဖြစ်နေလျှင် အငေါက်ခံရမည်၊ ‘‘ မင်းတို့ကောင်တွေ စာကြည့်တိုက် (Library) ကို အသုံးမချဘူး’’ ဟု ဆိုဆုံးမလေ့ရှိသည်။ သူ၏တက္ကသိုလ်များတွင်လည်း ဆရာအဖြစ် သင်တန်း (training) ပေးဖို့ရန် အနည်းဆုံး ၇ နှစ်ဝါအတွင်း ဓမ္မာစရိယ (စာချ)တန်းကို အောင်မြင်ပြီးသူကိုသာ လက်ခံသည်။ ဤကား ပရိယတ်ကို အားပေးခြင်းသဘောပင်ဖြစ်သည်။ ယခုအခါ ‘‘ရှေ့သို့ ချီလော ရှေ့သို့တက်လော (အဘိက္ကမ အဘိက္ကမ)’’ ဆောင်ပုဒ်အတိုင်း စစ်ကိုင်းတောင်တွင် သီတဂူအပြည်ပြည်ဆိုင်ရာ ၀ိပဿနာ ဌာနကြီးကို တည်ဆောက်လျက်ရှိသည်။ ပရိယတ်နှင့်ပဋိပတ်ကို တပြိုင်တည်း ဆောင်ရွက်ခြင်းပင်ဖြစ်သည်။

နိဂုံး
မြတ်ဗုဒ္ဓ၏ တရားတော် အားလုံးသည် ဂမ္ဘီရ ဂုဏ်ရှိ၏၊ နက်နဲ ခက်ခဲ၏၊ အလွယ်တကူ ပေါ့ပေါတန်တန်နှင့် မရနိုင်၊ အချို့က ပလ္လင်ပေါ်မှာ ပြောသေးသည်၊ ၀ိပဿနာဟာ မခက်ပါဘူး၊ တထိုင်တည်းဖြင့် သောတာပန်ဖြစ်အောင် ဟောပေးနိုင်သည်ဟု ကြုံးဝါးနေသည်ကို တွေ့ရသည်၊ သူကိုယ်တိုင်ပင် သောတာပန် ဖြစ်နေသလိုလို ယောင်ဝါးပြီး အထင်ကြီးအောင် ဟောပြောနေသူတွေလည်း ရှိနေသည်။ အမှန်တကယ် မြတ်ဗုဒ္ဓ၏ တရားတော်အားလုံးသည် နက်နဲသည် ခက်ခဲသည်ဖြစ်ရကား ကျားကုတ်ကျားခဲ သင်ယူရမည်၊ အပြင်းအထန် အားထုတ်ရမည်။
မသင်ယူဘဲ (ပရိယတ္တိ) ကျင့်ရုံ(ပဋိပတ္တိ)မျှဖြင့်လည်း လမ်းမှန်သို့ မရနိုင်ရကား သံသရာ၌ ပင်ပန်းတတ်သည်။ မကျင့်ဘဲ သင်ယူရုံမျှဖြင့်လည်း နက်နဲသော ဓမ္မရသကို ခံစားနိုင်ကြမည်မဟုတ်ဘဲ သံသရာ၌ ပင်ပန်းတတ်သည်။ သင်ယူခြင်း learning (ပရိယတ်) ကျင့်ခြင်း practicing (ပဋိပတ်) နှစ်မျိုးလုံးဖြင့် ဟန်ချက်ညီညီ အားထုတ်ရပါမည်။ ဤကဲ့သို့ ဟန်ချက်ညီညီ အားထုတ်ခြင်းဖြင့် ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာမှ ပဋိဝေဓသာသနာအထိ ပြုလုပ် အားထုတ်နိုင်ကြပါစေကုန်သတည်း။

ကျမ်းကိုးများ
၁။ ဓမ္မပဒအဋ္ဌကထာ
၂။ သံယုတ်ပါဠိတော်
၃။ အင်္ဂုတ္တိုရ်ပါဠိတော် ပထမအုပ်
၎။ တိပိဋကပါဠိ အဘိဓာန်
၅။ ၀ိပဿနာ အခြေံနှင့် အဖြေမှန် (ဦးပဂျီငို)
၆။ သီတဂူဆရာတော် သြ၀ါဒ
၇။ ဒေါက်တာနန္ဒမာလာဘိဝံသ သြ၀ါဒ
၈။ ဦးဟုတ်စိန် ပါဠိမြန်မာ အဘိဓာန်
၉။ သမ္မောဟ၀ိနောဒနီအဋ္ဌကထာ
၁၀။ သဒ္ဒနီတိသုတ္တမာလာ
၁၁။ ပိဋကတ်လမ်းညွှန်

ပရိယတ္တိအခြေခံသော ပဋိပတ္တိသာသနာ ထွန်းလင်းတောက်ပ ပါစေ။

သီတဂူစတား
၆-၁၂-၂၀၁၀

03 December 2010

သ၀ဏ်လွှာ (၂)

၂၀၁၀-ပြည့်နှစ် အောက်တိုဘာလ ၃၀-ရက်နေ့တွင် ကျင်းပသော
အင်ဒိုနီးရှားနိုင်ငံ ဆုမတြကျွန်းမြောက်ပိုင်း ဘရာစတာဂီမြို့၌ကျင်းပသည့်
ရွှေတိဂုံပုံတူစေတီတော် အနေကဇာတင်ပွဲအခမ်းအနားသို့
အင်ဒိုနီးရှားနိုင်ငံ သာသနာရေးဝန်ကြီး ဒေါက်တာ သူရိယဓမ္မအလီ၏ သ၀ဏ်လွှာ


မိတ်ဆွေနိုင်ငံများမှ သံအမတ်ကြီးများ
ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ သာသနာရေးဝန်ကြီး
အင်ဒိုနီးရှားနိုင်ငံနှင့် မိတ်ဆွေနိုင်ငံများမှ သံဃာတော်များ
တက်ရောက်သူအားလုံးနှင့်မိတ်ဆွေများခင်ဗျား

ဘုရားသခင် ကောင်းချီးပေးပါစေဟု ဆုတောင်းပါတယ်

ယခုကဲ့သို့ အရေးပါသော အခမ်းအနားကြီးတစ်ရပ်ကို ကျင်းပနိုင်အောင် ကောင်းချီးပေးသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးကျူးအပ်ပါတယ်။ အခုကဲ့သို့ ထူးခြားလှသည့် အခမ်းအနားကြီးမှာ မြန်မာနိုင်ငံ သာသနာရေးဝန်ကြီးနှင့် မိတ်ဆွေသံအမတ်ကြီးများ မိတ်ဆွေနိုင်ငံများမှ ဆရာတော် သံဃာ တော်များကို ကြိုဆိုနှုတ်ခွန်းဆက်ပါကြောင်း ပြောကြားလိုပါတယ်။ ယခုလို အခါသမယမျိုးမှာ အင်ဒိုနီးရှား နိုင်ငံရဲ့ အလှအပနှင့် သဘာဝများကို ခံစားနိုင်ကြပါစေလို့ မျှော်လင့်မိပါတယ်။

ရွှေတိဂုံပုံတူစေတီတော်ကြီးကို အောင်မြင်စွာတည်ဆောက်ခဲ့ကြတဲ့ ကုသိုလ်ကောင်းမှုများအတွက် ဗဟိုစည်းရုံးရေးကောင်မတီရဲ့ ကြိုးစားအားထုတ်မှုကို ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း ပြောကြားလိုပါတယ်။ ဒီစေတီတော်ကြီးကို ကမ္ဘာလှည့်ခရီးသည်များရဲ့ နယ်မြေမှာတည်ထားတဲ့အတွက် ရေရှည်အကျိုးခံစားခွင့် ရရှိမှာဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသည် နယ်မြေဒေသတွင် ထင်ရှားကျော်ကြားသော နေရာမှာ ဒီစေတီ တော်ကြီးတည်ထားခြင်းဟာ ၀မ်းမြောက်ဂုဏ်ယူဖွယ်ရာဖြစ်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် များအတွက် ဒီစေတီတော်ကြီးဟာ အနာဂတ်ကာလမှာ ဘာသာရေးဆိုင်ရာ ခရီးသွားလုပ်ငန်းရဲ့ အစိတ် အပိုင်းတစ်ခုအဖြစ် တည်ရှိလာတော့မှာဖြစ်ပါတယ်။

ဧည့်သည်တော်များခင်ဗျား
ဒီအခမ်းအနားကြီးမှာ အင်ဒိုနီးရှားနိုင်ငံရဲ့ ကိုးကွယ်မှုဘာသာရေးအခြေအနေကို ပြောကြားလိုပါ တယ်။ အင်ဒိုနီးရှားလူမှုအဖွဲ့အစည်းဟာ ကွဲပြားခြားနားတဲ့ လူမျိုးစုများ ဘာသာစကားများ ယဉ်ကျေးမှု များနှင့် ဘာသာကိုးကွယ်မှုများဖြင့် ဖွဲ့စည်းထားပါတယ်။ အထူးသဖြင့် ဘာသာရေးကိုးကွယ် ယုံကြည်မှုမှာ ငါးမျိုးရှိပါတယ်။ အစ္စလာမ်ဘာသာဝင်ဦးရေ ၈၇.၂ ရာခိုင်နှုန်း၊ ခရစ်ယာန်ဘာသာဝင်ဦးရေ ၆-ရာခိုင်နှုန်း၊ ကက်သလစ်ဘာသာဝင်ဦးရေ ၃.၆ ရာခိုင်နှုန်း၊ ဟိန္ဒူဘာသာဝင်ဦးရေ ၃.၆ ရာခိုင်နှုန်း၊ ဗုဒ္ဓဘာသာဝင်ဦးရေ ၁-ရာခိုင်နှုန်းနှင့် ကွန်ဟုချုနှင့် အခြားဘာသာဝင်ဦးရေ ၀.၃ ရာခိုင်နှုန်းရှိပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ကိုးကွယ်မှုဘာသာများ၏ တည်ရှိနေမှုကို အကာအကွယ်ပေးပါတယ်။ ဘာသာရေးယုံကြည်မှု လွတ်လပ်ခွင့်ကို အာမခံချက်ပေးပါတယ်။ ဒီအချက်တွေကို ၁၉၄၅-ခုနှစ်၊ အင်ဒိုနီးရှား နိုင်ငံအခြေခံဥပဒေ အပိုဒ် ၂၉-မှာ သတ်မှတ်ပြဌာန်းထားခဲ့ပါတယ်။ ဘာသာကိုးကွယ်မှုသည် အဓိပ္ပါယ်ပြည့်ဝ ပြီး အရေးကြီးတဲ့ အခန်းကဏ္ဍတွင်ပါဝင်ကြောင်း လူမှုအသိုင်းအ၀ိုင်းနဲ့ အမျိုးသားရေးဘ၀မှ သီးခြား ခွဲထုတ်၍မရနိုင်ကြောင်းကို အခြေခံအချက်အနေနဲ့ ယုံကြည်လက်ခံထားပါတယ်။ ဘာသာယုံကြည်မှုဟာ လူသားများရဲ့ အပြုအမူကို တွန်းအားပေးနိုင်တဲ့ အရင်းအမြစ် တည်ထွင်ဆန်းသစ်မှုကို တွန်းအားပေးနိုင်တဲ့ အရင်းအမြစ်၊ လူမှုဘ၀မှာ လူသားစွမ်းအင်ကို စုစည်းပေးနိုင်တဲ့ အရင်းအမြစ်အဖြစ် အရေးပါပြီး အဓိပ္ပါယ် ပြည့်ဝကြောင်း မှတ်ယူထားပါတယ်။

အခမ်းအနားများ လူမှုရေးဘ၀များ စီးပွါးရေးဘ၀များ၊ နိုင်ငံရေးလုပ်ဆောင်မှုများနှင့် ယဉ်ကျေးမှု ရေးရာ ကိစ္စမှန်သမျှမှာ နေ့စဉ်နေ့တိုင်း ဘာသာရေးကိုးကွယ်မှုဟာ ရောင်ပြန်ဟပ်လျက် ရှိပါတယ်။ ဒီရောင်ပြန်ဟပ်မှုများနှင့်အတူ ဘာသာရေးကိုးကွယ်မှုနှင့် လူ့အဖွဲ့အစည်းဟာ ပတ်ဝန်းကျင်လူမှုဘ၀များ နှင့်အတူ တပေါင်းတစည်းတည်း တည်ရှိလာမှာဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ ရောနှောလျက်ရှိသော လူမူအဆောက်အအုံအတွက် ကိုးကွယ်မှုဘာသာရေး ယုံကြည်ချက်သဟဇာတဖြစ်မှုဟာ နိုင်ငံစည်းလုံးရေးအတွက် ရေရှည်ရပ်တည်ရေးအတွက် အရေးကြီးသော ကဏ္ဍမှ ပါဝင်လျက်ရှိပါတယ်။ သဟဇာတမျှတညီညွတ်မှုဟာ ဘာသာအယူဝါဒတိုင်း ဘာသာရေးလုပ်ငန်း တာဝန်များ လုပ်ဆောင်တဲ့နေရာမှာ အခြေခံအချက်များကို ညှိနှိုင်းရခြင်းမရှိဘဲနှင့် အတူတကွ ယှဉ်တွဲ နေထိုင်ခွင့်ရှိသော လူမှုပတ်ဝန်းကျင် အခြေအနေတစ်ရပ်အပေါ် တည်မှီလျက်ရှိပါတယ်။

ရောနှောလျက်ရှိတဲ့ လူမှုအဆောက်အအုံတစ်ခုကို ထိန်းကျောင်းရတဲ့အလုပ်ဟာ လွယ်ကူတဲ့အလုပ် မဟုတ်ပါဘူး။ နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ဘာသာရေး လူ့အဆောက်အအုံတစ်ခုဟာ မျှော်မှန်း ချက်ကို ရယူဖို့နဲ့ ကိုယ်ပိုင်ရပ်တည်ခွင့်ကို ထိန်းကျောင်းရန် ကြိုးစားအားထုတ်ရမှာဖြစ်ပါတယ်။ အခြား တဘက်က ကြည့်ပြန်ပါလျင်လည်း နိုင်ငံစည်းလုံးညီညွတ်မှုကို ထိန်းကျောင်းရန်အတွက် လိုအပ်မှာဖြစ်ပါ တယ်။ ဒီလိုလုပ်ဆောင်ရတဲ့အခါ အသိဉာဏ်နဲ့ရင့်ကျက်မှုတို့ဟာ လွန်စွာအရေးကြီးပါတယ်။ ဘာသာရေး လူ့အဖွဲ့အစည်းများအတွင်း အုပ်စုတစ်စုရဲ့ အကျိုးစီးပွါးနှင့် တစ်နိုင်ငံလုံးရဲ့ အကျိုးစီးပွါး ညီမျှမှုကို ထိန်းသိမ်းဖို့ ဒီအသိဉာဏ်နဲ့ ရင့်ကျက်မှုတို့ဟာ အရေးကြီးပါတယ်။ ဒါကြောင့်မို့ ဒီလုပ်ငန်းများကို အကောင်အထည်ဖေါ်ဆောင်ရွက်ရာမှာ သာသနာရေးဝန်ကြီးဌာနက မျှော်မှန်းချက်တစ်ရပ်ကို ချမှတ်ထားပါ တယ်။ ဒီမျှော်မှန်းချက်ကတော့ ‘အင်ဒိုနီးရှားနိုင်ငံအတွင်း ဘာသာဝင်များအချင်းချင်း အပြန်အလှန် လေးစားမှု အသိဉာဏ်ရှိပြီး တိုးတက်ဖြစ်ထွန်းမှုတို့ကို နားလည်သိရှိထားရန်’ လို့ပဲ ဖြစ်ပါတယ်။

ဒီမျှော်မှန်းချက်ကို ရောက်ရှိဖို့အတွက် သာသနာရေးဝန်ကြီးဌာနဟာ သာသာရေးဆိုင်ရာ လူမှု အဆောက်အအုံအချင်းချင်း သဟဇာတဖြစ်ထွန်းရန် ထိန်းသိမ်းဖို့နဲ့ တိုးတက်အောင် ဆောင်ရွက်ဖို့ မူဝါဒ နှစ်ရပ် ချမှတ်ထားပြီးဖြစ်ပါတယ်။ ပထမအချက်ကတော့ ယေဘုယျအားဖြင့် လူမှုအဆောက်အအုံအတွင်း ဆောင်ရွက်ခွင့် ပေးအပ်ထားခြင်းနှင့် ဘာသာရေးအုပ်စုများ ဘာသာရေးခေါင်းဆောင်များ ဘာသာရေး သဟဇာတဖြစ်ထွန်းမှုဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် မတူကွဲပြားတဲ့ ဘာသာဝင်များအချင်းချင်း ညှိနှိုင်းဆွေးနွေးနိုင်ရန် အားပေးခြင်းမျိုး ဖြစ်ပါတယ်။

သာသနာရေးဝန်ကြီးဌာနက အမျိုးမျိုးသော ဘာသာပေါင်းစုံညှိနှိုင်းဆွေးနွေးပွဲများ ကွဲပြားခြားနားသော ယဉ်ကျေးမှုဆိုင်ရာ အမြင်များ၊ တိုးတက်ဖြစ်ထွန်းစေရန် ဆောင်ရွက်မှုများ ဘာသာရေးဆိုင်ရာ နက်နဲသော အမြင်သဘောထား တူညီမှုများ တူညီသောအမြင်ဖြင့် ဘာသာရေးပညာပေးခြင်းများကို ကူညီအားပေးထောက်ပံ့လျက်ရှိပါတယ်။ အခြေခံ သဘောထားတူညီမှုနှင့် မတူညီမှုများစွာကို ယင်းသို့သောညှိနှိုင်းဆွေးနွေးမှုလုပ်ငန်းစဉ်များဖြင့် သိသာရှင်း လင်းအောင်ဆောင်ရွက်ပြီး ဘာသာရေးသဟဇာတဖြစ်ထွန်းမှုအတွက် တည်ငြိမ်သော မူဝါဒတစ်ရပ် ချမှတ် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ဒုတိယအချက်အနေနဲ့ ဘာသာရေးသဟဇာတဖြစ်ထွန်းမှုကို ထိန်းညှိရာမှာ လမ်းညွန်မှုများကို ပေးပါတယ်။ ဒီလမ်းညွန်မှုများဟာ ကွဲပြားခြားနားတဲ့ အယူဝါဒကြောင့် မတူညီသော အကျိုးစီးပွါးရရှိနိုင်တဲ့ ပြည်သူပြည်သားတို့ရဲ့ ဘ၀ကို ညီညွတ်မျှတအောင် ထိန်းညှိပေးနိုင်တဲ့ အခြေခံဥပဒေဆိုင်ရာ စည်းမျဉ်း စည်းကမ်းများပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် လွတ်လပ်စွာကိုးကွယ်ခွင့်ဆိုင်ရာ စည်မျဉ်းစည်းကမ်းများ ဘာသာရေးနှင့် ဘာသာရေးရုပ်သံလွှင့်ဆိုင်ရာ ထိပါးစော်ကားမှုများအတွက် စည်းမျဉ်းစည်းကမ်းများ အင်ဒိုနီးရှားနိုင်ငံအတွင်း ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများအား ပြည်ပနိုင်ငံများမှ အကူအညီပေးခြင်း ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ဘာသာရေးရုံးပိတ်ရက်များအတွင်း ကျင်းပသော ဘာသာရေးအခမ်းအနား ကျင်းပခြင်းဆိုင်ရာ ညွှန်ကြားချက်များ ဘာသာရေးသဟဇာတဖြစ်ထွန်းမှုကို ထိန်းညှိပေးရာ၌ ဒေသဆိုင်ရာ ဘာသာရေးခေါင်းဆောင်များအတွက် လမ်းညွှန်မှုများ ဘာသာရေးညီညွတ်မှုအတွက် ဆွေးနွေးပွဲများ ဆောင်ရွက် လုပ်ကိုင်ခွင့်အပေါ် လမ်းညွှန်ချက်များ၊ ၀တ်ပြုရှိခိုးခြင်းဆိုင်ရာ အဆောက်အဦများ ဆောက်လုပ် ခြင်းဆိုင်ရာ လမ်းညွှန်ချက်များ ဖြစ်ပါတယ်။

ဧည့်သည်တော်များခင်ဗျား
လူမှုအဆောက်အအုံအတွင်း ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများရဲ့ တည်ရှိမှုနှင့် အသက်ဝင် မှုဟာ သဟဇာတဖြစ်ထွန်းသော လူမှုဘ၀ကို ထိန်းသိမ်းရာတွင် လွန်စွာအရေးပါလှပါတယ်။ သို့ရာတွင် အရေးကြီးဆုံး အချက်ကတော့ ဘာသာရေးသဟဇာတဖြစ်ထွန်းအောင် ထိန်းသိမ်းကြတဲ့အခါမှာ ဘာသာဝင် အားလုံးက နှလုံးသားအတွင်းက ပေါ်ထွက်လာတဲ့စေတနာနဲ့ ရိုးသားမှုဟာ အရေးတကာ့ အရေးအကြီးဆုံး အချက်ဖြစ်ကြောင်း ပြောကြားပါရစေ။
ဘာသာရေးသဟဇာတဖြစ်ထွန်းမှု တိုးတက်အောင် ဆောင်ရွက်ကြတဲ့အခါမှာ အတူယှဉ်တွဲ ပေါ်ပေါက်လာတတ်တဲ့ ပြဿနာများစွာကို ဘာသာဝင်အသီးသီးရဲ့ ခေါင်းဆောင်များက ဖြူစင်မြင့်မြတ် သော နှလုံးသားဖြင့် ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာနိုင်ကြောင်း ပြောကြားလိုပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ကဲ့သို့သော ဘာသာဝင်အမျိုးမျိုးဖြင့် တည်ဆောက်ထားသည့် နိုင်ငံမျိုးတွင် ညီညွတ်သော လူမှုဘ၀များကို တည်ဆောက်ရာမှာ ဒီအချက်ဟာ လုပ်ငန်းအောင်မြင်ရန် အရေးပါသော အချက်တစ်ချက်ဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ဒီလိုလက်တွေ့ကျတဲ့ အတွေ့အကြုံကို လူ့အဖွဲ့အစည်း တိုးတက်ရေးနှင့် လူ့ဘ၀ တန်ဖိုး ထိန်းကျောင်းနိုင်ရေးအတွက် လေ့လာသင်ယူနိုင်ကြပါစေလို့ မျှော်လင့်တောင့်တဆုတောင်းရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။

အားလုံးကို ကျေးဇူးတင်ပါတယ်။
သာသနာရေးဝန်ကြီး
H. Suryadharma Ali

ဆက်လက်ဖော်ပြပါဦးမည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃-၁၂-၂၀၁၀

30 November 2010

သ၀ဏ်လွှာ (၂)

အင်ဒိုနီးရှားသမ္မတနိုင်ငံဆိုင်ရာ သီရိလင်္ကာ ဆိုရှယ်လစ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီး ဗိုလ်ချုပ် (အငြိမ်းစား) နန္ဒာ မော်လ၀ါး ရပ်ခ်ျချီ၏ ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာ

၂၀၁၀-ခုနှစ် အောက်တိုဘာလ ၃၀-၃၁-ရက်နေ့ ဆုမတြကျွန်းမြောက်ပိုင်း ဘရာဆာဂီမြို့တွင် ကျင်းပမည့် ရွှေတိဂုံပုံတူစေတီတော်ဖွင့်ပွဲအခမ်းအနားနှင့် ဗုဒ္ဓဓမ္မဆွေးနွေးပွဲကျင်းပသည့်အချိန်အခါတွင် ယခုသ၀ဏ်လွှာကို ၀မ်းမြောက်ဝမ်းသာစွာဖြင့် ပေးပို့လိုက်ပါသည်။

ဗုဒ္ဓသာသနာတော်နှစ်ပေါင်း ၂၆၀၀-ပြည့် အခမ်းအနားအတွက် ကျင်းပရန် ဗုဒ္ဓဘာသာဝင် နိုင်ငံများက ပြင်ဆင်နေချိန် ယခုကဲ့သို့ ၂၀၁၀-ဗုဒ္ဓဓမ္မဆွေးနွေးပွဲကျင်ပခြင်းသည် အလွန်တရာမှ ထူးခြားလှ ပါပေသည်။ အင်ဒိုနီးရှားနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့သည် ရာစုနှစ်ပေါင်းများစွာ ခိုင်မာသော ဗုဒ္ဓယဉ်ကျေးမှု အဆက်အသွယ်ရှိခဲ့ကြသည်။ ထိုအချက်ကို ထင်ရှားစေသည်မှာ ရှေးဟောင်း ဗောရောဗုဓော စေတီတော်ကြီး တည်ထားရန် အသုံးပြုသည့် ကျောက်တုံးများကို သီရိလင်္ကာမှ ကျောက်ဆစ်ပညာရှင် များက ပြုလုပ်ခဲ့ကြောင်း ဗုဒ္ဓကျမ်းစာများတွင်တွေ့ရှိရသည်။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပေဒအရ အင်ဒိုနီးရှားနိုင်ငံသည် ဗုဒ္ဓဘာသာအပါအ၀င် ဘာသာအားလုံး ကို အစဉ်ရိုသေလေးစားသော နိုင်ငံဖြစ်သည်။ ထိုအချက်ကို ထင်ရှားစေသည့် အကြောင်းအရာမှာ ၂၀၀၉-ခုနှစ် ဗောရောဗုဓော စေတီတော်ကြီး၏ခြေတော်ရင်း၌ တောင်အာရှနိုင်ငံမှ ယဉ်ကျေးမှုဝန်ကြီးအားလုံး ဗုဒ္ဓဘာသာရေးအဖွဲ့ဝင်အားလုံးကို ဖိတ်ကြားပြီး ဗုဒ္ဓမွေးနေ့ (ကဆုန်လပြည့်နေ့)ကို ကျင်းပခဲ့ခြင်းပင် ဖြစ်သည်။

ကျွန်ုပ်သတိပြုမိသည့် အချက်မှာ သီရိလင်္ကာ ဗုဒ္ဓဘာသာဝင်များသည် လွန်ခဲ့သော သုံးနှစ်ကာလ အတွင်း ပဉ္စသီလတရားငါးပါး ဗုဒ္ဓဘာသာတရားများကို ဟောပြောခဲ့သည်သာမက အစဉ်တစိုက်လဲ လိုက်နာ ကျင့်သုံးခဲ့ကြသည်။

ရွှေတိဂုံပုံတူစေတီဖွင့်ပွဲအခမ်းအနားနှင့် ဗုဒ္ဓဓမ္မဆွေးနွေးပွဲတို့ လွန်စွာအောင်မြင်စေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

ဗိုလ်ချုပ် (ငြိမ်း) နန္ဒာ မော်လ၀ါချီ
သံအမတ်ကြီး
မှတ်ချက်။ ။ အခြားသူ ဘာသာပြန်ပြီး သ၀ဏ်လွှာကို တင်လိုက်ပါသည်။

ဆက်လက်ဖော်ပြသွားပါမည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃၀-၁၁-၂၀၁၀

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes