သီတဂူစတား

သီတဂူစတား

24 April 2011

ကုမုဒြာတွေပွင့်တဲ့ည (အပိုင်း-၁ မှ ၆)

တိုက်ကြီးမြို့နယ်၊ သပြေတန်းရွာကလေးက ကုမုဒြာကြာကလေးများ

 


မိတ်ဆက်

သီတဂူစတား ဘလော့ဂ်မှာ- သီတဂူဆရာတော်ကြီး၏ ဟောစဉ်တရားများကို တင်ခဲဖူးပါသည်။ အနှစ်ကိုးပါးတရားတော်၊ ဆုတောင်း ၆ မျိုးတရားတော်၊ အမျိုးသမီးစွမ်းဆောင်ရှင် စတာတွေဖြစ်ပါသည်။ ယခုအခါ ဆရာတော်၏ တရားတော်များကို စောင့်ပြီး ဖတ်ရှုနေသော စာဖတ်ပရိသတ်အတွက် တရားတစ်ပုဒ်ကို ရွေးချယ်ထားပါသည်။ ဒီဃနိကာယ်လာ သီလက္ခန်ပါဠိတော်မှ သာမညဖလသုတ်တော်ကို အခြေခံပြီး ကုမုဒြာတွေ ပွင့်တဲ့ ညဟူ၍ တရားအမည်တပ်ထားပါသည်။ ထိုတရားတော်ကို ဆက်လက် ဖတ်ရှုနိုင်ရန် တင်ပြထားရာ ၂၀၁၀ အောက်တိုဘာလအထိ အပိုင်း (၆) အထိ တင်ခဲ့ပြီးဖြစ်သည်။ အဆက်ပြတ်သွားသဖြင့် အပိုင်း (၇) မတင်မီ ၁မှ ၆ အထိ တစ်ပိုင်းတည်း တင်လိုက်ရပါသတည်း။။

ကုမုဒြာတွေပွင့်တဲ့ည (အပိုင်း-၁)

            ယနေ့ ၁၃၆၃ - ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ မှာ ညချမ်းကာလ(၇)နာရီ အချိန်ကစတင်လို့ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ (၆)ရပ်ကွက်၊ ဇေယျဝတီ ပရိယတ္တိ စာသင်တိုက်မှာ ဦးပါစိန်+ဒေါ်ခင်မာညို သားသမီးတစုက ဓမ္မဒါန ပြုသဖြင့် ဆင်ယင်ကျင်းပသည့် ဓမ္မသဘင်ကို ယခုအခါ မေတ္တာအာသီသ မေတ္တာပတ္ထနာဖြင့် စတင်ဖွင့်လှစ်ပါပြီ။

သာသနဗဟုပကာရ

            တန်ဆောင်မုန်းလပြည့်ဆိုတော့ သာသနာတော်ရဲ့သမိုင်းမှာ အလွန် ထူးမြတ်တဲ့ နေ့တစ်နေ့၊ သာသနာ့သမိုင်းမှာ ဘာထူးလဲဆိုတော့ သာသနာ တော်မှာ အလွန်တရာကျေးဇူးများတဲ့ မင်းတစ်ပါး၊ ပါဠိလိုပြောမယ်ဆိုရင် သာသနဗဟုပကာရ သာသနာတော် ကျေးဇူးများတဲ့ ပုဂ္ဂိုလ်ကို သာသနဗဟုပကာရခေါ်။
            အဲဒီသာသနာတော် ကျေးဇူးများတဲ့ မင်းတစ်ပါး သာသနာတော်ရဲ့ လမ်းကြောင်းက သွေးဖယ်ပြီးနေရာကနေ သာသနာ့လမ်းကြောင်းပေါ်ကို ဖြောင့်ဖြောင့် တန်းတန်းကြီး ပြန်လည်ပြီးတော့ရောက်ရှိခဲ့တာဟာ ဒီကြာဖြူတွေပွင့်တုန်း တန်ဆောင်မုန်းလပြည့်နေ့ပဲ။

ကြာဖြူတွေပွင့်တုန်း တန်ဆောင်မုန်း

တန်ဆောင်မုန်းလပြည့်နေ့ဟာ ကုမုဒြာတွေလှိုင်လှိုင်ကြီးပွင့်တဲ့နေ့၊ ကုမုဒြာဆိုတဲ့ကြာမျိုးဟာ လရောင်နဲ့ ပွင့်တဲ့ကြာ၊ ပဒုမ္မာတို့တခြားကြာနီတွေဆိုလို့ရှိရင် နေရောင်နဲ့ပွင့်တယ်၊ အဲဒီတော့ ကုမုဒြာကြာက လရောင်ကို ကြိုက်တယ်၊ အဲဒီတော့ ဒီကနေ့ညဟာ ကုမုဒြာတွေပွင့်တဲ့ညလို့ ဒီလိုလည်းပြောလို့ရတယ်။
            ကုမုဒြာတွေပွင့်တဲ့ညမှာ သာသနာလမ်းကြောင်းကို အဇာတသတ်မင်း တရားကို ဖြောင့်ဖြောင့်ကြီး လျှောက်လှမ်းနိုင်တဲ့ညလည်း ဖြစ်တယ်။
            ကောင်းကင်ကို ကြည့်လိုက် တန်ဆောင်မုန်းလလည်းပြည့်၊ မိုးလေးလလည်းပြည့်၊ ရွှေလမင်းကလည်းပြည့် သုံးခုပြည့်တဲ့ ဒီညဟာ ဆီးနှင်းလည်း မကျ မြူလည်းမဆိုင်း တိမ်လည်းမဖုံးဘူး၊ အသူရိန်လို့ခေါ်တဲ့ ငပုတ်လည်း မဖမ်းဘူး၊ ပြီးတော့ မီးခိုးတွေလည်း မဆိုင်းဘူးဆိုတော့ ကောင်းကင်မှာ အပြစ်ငါးပါးကင်းတယ်။
            အဲဒီလို အပြစ်ငါးပါးကင်းတဲ့ ကောင်းကင်ကိုကြည့်လိုက်ရင် လပြည့်ဝန်းရဲ့အရောင်ဟာ တစ်ကမ္ဘာလုံးကို အေးချမ်းတဲ့ဓာတ်တွေ ကောင်းစွာ ပေးတယ် အဲဒါကြောင့် အပြစ်ကင်းတဲ့ညကို 'ဒေါသိနာ'လို့ခေါ်တယ်။ 
            ဟောဒီ တန်ဆောင်မုန်းလပြည့်နေ့ဟာ မွေ့လျော်နှစ်ခြိုက် ပျော်ပိုက်ဖွယ်ရာ ကောင်းပေစွ တကား။
            ဆီးနှင်းမြူတိမ် သူရိန်မီးခိုး ညစ်မျိုးငါးအင် သန့်ရှင်းစင်တဲ့ ဒီလိုညဥ့် ဟာ ရှု့ချင်စဖွယ် ကောင်းပေစွတကား။ ရှု့ချင်စဖွယ် ကောင်းတယ်။ ကြည့်ဖွယ် ကောင်းတယ်၊ ကြည့်ချင်စဖွယ် ကောင်းတဲ့ည၊ ညချမ်းကာလ ကောင်းကင်ထွက်ကြည့် ကြည့်လို့ကို မဝနိုင်လောက်အောင်လှတဲ့ ည။

            ဆီးနှင်းမြူတိမ် သူရိန်မီးခိုး ညစ်မျိုး ငါးအင် သန့်ရှင်းစင်တဲ့လပြည့် တန်ဆောင်မုန်း လပြည့်နေ့ရဲ့ ဒီညကို ကြည့်ရမယ်ဆိုလျှင် ကန်တိုင်းမှာရှိနေတဲ့ ကုမုဒြာကြာဖြူတွေက ကားကား စွင့်စွင့် ပွင့်လို့ ကောင်းကင်က လကလည်း လင်းတာကြောင့် ပါသာဒိကာ၊ ရှုကြည့်သူ လူအပေါင်းတို့ရဲ့ စိတ်နှလုံးမှာ ရွှင်ပြုံး ကြည်နူးဖွယ်ရာ ကောင်းလှပါပေစွ တကား။
            ဆီးနှင်းမြူတိမ် သူရိန်မီးခိုး ညစ်ကြေးငါးမျိုး ကင်းပြီးတော့ သန့်ရှင်း ကြည်လင် အေးချမ်းတဲ့ အခုလို ညချမ်းကာလဟာ -

အဘိက္ကန္တာ ဝတ၊ အလွန့် အလွန်နှလုံးမွေ့လျော်ဖွယ်ရာ ကောင်းလှပါပေစွတကားလို့။ မာဂဓော၊ မာဂဓတိုင်းကို အစိုးရသော။ ဝေဒေဟိပုတ္တော၊ ဝေဒေဟီ မိဖုရားရဲ့ သားဖြစ်သော။ ရာဇာ အဇာတသတ္ထု၊ အဇာတသတ်မင်းတရားသည်။ ဥပရိပါသာဒဂတော၊ မွန်မြတ်တဲ့ပြသာဒ်ရဲ့အထက်ဆောင်တက်ပြီးတော့။ ရာဇ မစ္စပရိဝုတော၊ ဝန်ကြီးတွေ အမတ်ကြီးတွေ ခြံရံပြီးတော့။ ဣမံ ဥဒါနံ၊ ဤဥဒါန်းကို ဥဒါနေသိ၊ ကောင်းစွာမသွေ ကျူးရင့်တော်မူခဲ့ရှာလေသတည်း။


            အဇာတသတ်မင်းတရား ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်အဇာတသတ် လသာဆောင်လို့ခေါ်တဲ့ အမိုးမရှိတဲ့ ပြသာဒ်ရဲ့အထက် တက်ပြီးတော့ ဝန်ကြီးတွေ အမတ်ကြီးတွေ အကုန်လုံး ဝိုင်းရံပြီးတော့ ကောင်းကင်က လကိုကြည့်ပြီးတော့ အဲဒီလိုစိတ်ထဲမှာ ကြည်နူးလို့ကြည်နူးတဲ့အသံတွေကို ရင်ထဲမှာကြည်နူးမှုတွေကိုပေါ့လေ ရင်ထဲမှာမျိုထားလို့မရတော့ဘူး။ သူ့အနားမှာရှိတဲ့ ဝန်ကြီးတွေ အမတ်ကြီးတွေ စစ်သူကြီးတွေ အားလုံးကြားလောက် အောင်နှုတ်ကနေ ထုတ်ပြီးတော့ဆိုတာ အဲဒါမျိုးကိုဘာခေါ်သလဲဆိုရင်'ဥဒါန' အေး ဥဒါန်းလို့ ဆိုတာဟာ ဝမ်းသာခြင်းနှင့် ရင်ထဲမှာကြည်နူးမှုတွေရင်ထဲမှာ ပြည့်ပြီးတော့ လျှံ ထွက်လာတဲ့စကား။

ဒီလိုည ချမ်းကာလဟာ  အလွန့်အလွန်လှပတင့်တယ် ရှု့မငြီးစဖွယ် ဖြစ်နေပေစွကား။ သိပ်လှတဲ့ညပဲ ပါဠိစကားလုံးက ''အဘိရူပါ''ဆိုတာအလွန်လှတယ်။ အဇာတသတ်ဆိုလို့ရှိရင် အကုန်သိတာပဲ၊ ဒါ မင်းကြမ်းတစ်ယောက်ပဲ၊ ကြမ်း တမ်းတဲ့မင်းတစ်ပါး၊ ကြမ်းတမ်းတဲ့မင်းရဲ့နှလုံးသားက ဒီလိုလှပတဲ့စကား လုံးထွက် လာလိမ့်မယ်လို့ ဘယ်သူကမှ မျှော်လင့်လိမ့်မယ်မဟုတ်ဘူး၊ ဒါပေမဲ့ လှပတဲ့ စကားလုံးတွေထွက်လာတယ်။ ပြီးတော့မှပြောလာတယ် ''ဒီလောက် သာယာ ကြည်နူးဖွယ်ကောင်းတဲ့ ဒီလိုလှပတဲ့ ညချမ်းကာလ ဒီလိုအေးချမ်းတဲ့ ညချမ်းကာလ''။

အပိုင်း(၂)

အပေါင်းအသင်းနှင့်ပတ်ဝန်းကျင်
            ဒီလိုကြည်နူးဖွယ်ကောင်းတဲ့ ညချမ်းကာလမျိုးမှာ ဒီကနေ့ ဘုန်းကြီးတို့ ပရိသတ် လူသာမန်ဆိုရင် ဘယ်လိုနေရာသွား ဘာလုပ်ရယင်ကောင်းမလဲလို့ တွေးကြမှာပါ၊ ဘုရား တရား သံဃာ ရတနာသုံးပါးနဲ့ နီးကပ်ပြီးတော့ ဓမ္မသာပျော်မွေ့တတ်တဲ့ ပုဂ္ဂိုလ်တွေကတော့ သြော်--ဆိတ်ငြိမ်ရာအရပ် ချဉ်းကပ်ပြီး တရားထိုင်ရရင် ကောင်းမယ်၊ ဘုရားသွားပြီးတော့ ပုတီးစိပ်ရယင်ကောင်းမယ် သူတော်ကောင်းစိတ်ရှိတဲ့ ပုဂ္ဂိုလ်တွေ ဒီလိုတွေးတယ်။
            ကာမဂုဏ်ဘက် ယိုင်သွားတဲ့ ပုဂ္ဂိုလ်တွေကတော့ ဒီလောက်တိတ် ဆိတ်ငြိမ်သက် အေးချမ်းကြည်နူးဖွယ်ကောင်းတဲ့ ညချမ်းမှာ ဘယ်လို ဟိုတယ် သွားပြီးတော့ နိုက်ကလပ်တွေ ဘာတွေ သွားကလိုက်ရရင် ကောင်းမလဲလို့ ဒီလိုတွေးတဲ့ လူတွေလည်းရှိရင်ရှိမယ်၊ ဘဝဆိုတာ တစ်ယောက်နှင့် တစ် ယောက် အကြိုက်ချင်းက မတူတော့ လမ်းကြောင်းလည်းမတူဘူး။

            အဇာတသတ်မင်းတရားက အဖေကိုသတ်တဲ့မင်းဆိုတာ အကုန်လုံး သိတယ်၊ အလွန်ကြမ်းတမ်းတယ်၊  ကြမ်းတမ်းတဲ့စိတ်ထားတွေနှင့် ကြမ်းတမ်းတဲ့ အပြုအမူတွေကို သူပြုမိတာ။ ဘုန်းကြီးတို့ပရိသတ်ကြီး အကြောင်းနှစ်ခုရှိတယ်၊ တစ်ခုက ဘာလဲဆိုရင် ''အပေါင်းအသင်း'' နောက်တစ်ခု ဘာလဲဆိုရင် ''ပတ်ဝန်းကျင်''ပေါ့၊ association နှင့် enviroment  အဲဒီနှစ်ခုဟာ လူတွေရဲ့ ဘဝကိုအကြီး အကျယ်ပြောင်းလဲစေတတ်တယ်။

            သရက်ပင်သိပ်ပြီးတော့ ချိုတယ်ပေါ့လေ၊ သီးလိုက်တာ အဲဒီ သရက်ပင်သွားပြီးတော့ ခွေးတောက်ပင်ကလေးကပ်စိုက်ထား၊ ခွေးတောက်ပင်က တဖြည်းဖြည်းလေး တက်လာလို့ အပင်ပေါ်နွယ်တွေလွှမ်းသွားပြီဆိုရင် နောက်မကြာခင် အဲဒီသရက်သီးခါးသွားတယ်၊ သရက်မြစ်နှင့် ခွေးတောက်မြစ် ရောယှက်မိလျှင် သရက်သီးဟာ အခါးသီးလာတယ်။ အဲဒါ association ပေါင်းသင်းဆက်ဆံမှု၊ အဲဒီတော့ သရက်မြစ်နှင့်ခွေးတောက်မြစ် မပေါင်း မိတောင်မှ ဘေးနားကအဲဒီ သရက်ပင်ရဲ့ ဘေးပတ်ဝန်းကျင်ရှိသမျှအပင်တွေပေါ်မှာ ခွေးတောက်နွယ်တွေ အကုန်တက်နေရင် ဒါ environment အမြစ်ချင်းမပေါင်းဘူး၊ ပတ်ဝန်းကျင်တစ်ခုလုံးက ခွေးတောက်တောကြီး (သို့မဟုတ်) တမာတောကြီးဆိုရင်လဲ အဲဒီသရက်သီးခါးသွားတယ်။ ဒါဘာ လဲဆိုရင် ပတ်ဝန်းကျင် ''enviroment''
            လူတွေရဲ့ဘဝကိုပြုပြင်တဲ့နေရာမှာ ''အရပ်ကောင်းဖို့ အရေးကြီး တယ်'' လို့ အဲဒီစကားလုံးတစ်လုံးဟာ environment နှင့် ပတ်သက်တယ်။ အရပ်ကောင်းပြီးတဲ့အခါမှာ ဘာကောင်းဖို့လိုသလဲဆိုရင် အပေါင်းအသင်း ကောင်းဖို့လိုတယ်။ ပါဠိလိုပြောရရင် ''ပတိရူပဒေသဝါသ'' နှင့် ''ကလျာဏ မိတ္တ''၊ အဲဒီ နှစ်ခုက အတူတူပါပဲ။

ဒေဝဒတ်ရဲ့အကြံ အဇာတသတ်မင်းခံ
            အဇာတသတ်မင်းသား ခပ်ငယ်ငယ် ဟာ ငါ့အဖေနတ်ရွာစံရင်တော့ ငါရှင်ဘုရင်ဖြစ်မှာပဲ အစဉ်အလာအားဖြင့် ရှိတဲ့မျှော်လင့်ချက်၊ အဲဒီ အစဉ်အလာအတိုင်းရှိတဲ့ မျှော်လင့်ချက်ကို ပြောင်းလဲပစ်တာက အပေါင်းအသင်း။ ဒေဝဒတ်ကနေပြီးတော့ သူရဲ့စိတ်တွေကို အကုန်လုံးပြောင်းပစ်လိုက်တယ်။ မြတ်စွာဘုရားရဲလက်ဝဲဘက်မှာ အရှင်မောဂ္ဂလာန်၊ လက်ယာဘက်မှာ အရှင်သာရိပုတ္တရာ၊ အဂ္ဂသာဝကဆိုတဲ့ ရာထူးကြီးတွေ မြတ်စွာ ဘုရားခန့်အပ်ထားတာ။
            သာသနာတော်မှာ မြတ်စွာဘုရားကလွဲရင် ဒီနှစ်ပါးကအကြီးဆုံးပဲ။ အဲဒီ အရှင်သာရိပုတ္တရာနဲ့အရှင်မောဂ္ဂလာန်တို့ဆိုတာ ဘုရားနှင့်ဆွေမျိုး သားချင်း ဘာမှ မတော်ဘူး။ ပုဏ္ဏားမျိုးတွေ ဗြဟ္မဏလူမျိုးတွေ၊ နာလန္ဒသားတွေ၊ အဲဒါကိုကြည့်ကြည့်ပြီးတော့ ညီအကိုတစ်ဝမ်းကွဲလည်းတော်တယ်၊ ယောက်ဖလည်းတော်တယ်၊ ဒေဝဒတ်ဆိုတဲ့ရဟန်းက မကျေနပ်ဘူး၊ ဆွေမတော် မျိုးမတော်တဲ့ ပုဂ္ဂိုလ်တွေ ရာထူးကြီးကြီးပေးရမလားကွာ၊ တကယ်ဆို ရာထူးကြီးကြီး ငါကိုပေးဖို့ကောင်းတယ် အစဉ်မပြတ်တွေးနေတာ ရှင်ဒေ ဝဒတ်။
            မြတ်စွာဘုရားကိုယ်တော်မြတ်ရဲ့ ဟိုအလောင်းတော်ဘဝတုန်းက ကြင်ယာတော်ဖြစ်ခဲ့ဖူးသော ယသော်ဓရာဟာ ဒေဝဒတ်ရဲ့ နှမအရင်းဖြစ်တယ်၊ နောက် မြတ်စွာဘုရားကိုယ်တော်ရဲ့အမေ မဟာမာယာဒေဝီဟာ ဒေဝဒတ်ရဲ့ အဖေဖြစ်တဲ့သုပ္ပဗုဒ္ဓနှင့်မောင်နှမ၊ အဲဒီတော့ သွေးသားက ဒီလို စပ်တော့ တကယ်ဆို အဂ္ဂသာဝကလက်ဝဲရံ လက်ယာရံကို ငါ့ကိုအပ်ဖို့ ကောင်းတာ၊ ခုတော့ ငါ့မပေးဘူး၊ ငါတို့အမျိုးကို မပေးဘဲနဲ့ အမျိုးမတူတဲ့ ပုဏ္ဏားမျိုးတွေ ရာထူးပေးရကောင်းလား အဲဒီကတည်းကစပြီးတော့ ဒေဝဒတ်မကျေနပ်တာ၊ နောက်ပြီးတော့ သိပြီးသားတွေဆိုတော့ အတိုချုံးလိုက်တော့ ဘုရားကိုသတ်မလို့ သုံးကြိမ်တိုင်တိုင် ပရိသတ်ရေ မအောင်မြင်ခဲ့ဘူး။ အဲဒီတော့ သူကသွားပြီးတော့ စည်းရုံးသေးတယ်။
            'ငါတစ်ယောက်တည်း ဒီအတိုင်းလုပ်ကြံလို့တော့ မဖြစ်သေးဘူး၊ ရှင်ဘုရင်အကူအညီပါမှဖြစ်မယ်' ဆိုပြီးတော့ ဗိမ္မိသာရမင်းတရားကြီးကို သူစည်းရုံးလို့မရဘူး။ ဗိမ္မိသာရမင်းကြီးက သောတာပန်၊ အဲဒီတော့ မင်းသား လေးခပ်ငယ်ငယ် ငါသွားပြီးစည်းရုံးမယ်ဆိုပြီးတော့ အဇာတသတ်ကို ညဥ့် သန်ခေါင်ယံအခန်းထဲ မှာ သူတန်ခိုးတွေ အဘိညာဉ်တွေ အသုံးချပြီးတော့ ဒေဝဒတ်ကဝင်သွား ဝင်သွားပြီးတော့ ဘာလုပ်လဲဆိုတော့ တစ်ကိုယ်လုံး မြွေကြီးတွေပတ်ထားပြီးတော့ 'အဲဒါ မြွေအလမ္ပါယ်ဆရာကြီး'လို့ အဇာတသတ်မင်း အိပ်နေတဲ့ကုတင်ဘေးကနေသွားပြီး ဘွားကနဲရပ်တော့ ဟိုက လန့်နိုးလိုက်တဲ့အချိန်မှာ၊ ဟာ မြွေတွေက ပါးပျဉ်းထောင် တရှုးရှုး တရှဲရှဲ အလမ္ပာယ်ဆရာ ဘယ့်နဲ့အိပ်ရာဘေးရောက်နေလဲ ဆိုပြီးတော့ လှမ်းအော်တော့ ဓားကိုင် လှံကိုင်လုပ်တော့ အဲဒီတော့ မြွေတွေပါ အကုန်လုံးဖျောက်၊ ရုပ်ဖျောက် ဒီတော့ မူလအလမ္ပာယ်ဆရာရုပ်ဖျောက်ပြီးတော့ သူရဲ့ရဟန်းအသွင်ပြန်ပြောင်းတော့၊ ဟာ လက်စသတ်တော့ အလမ္ပာယ်ဆရာမဟုတ်ဘူး၊ အရှင်ဒေဝဒတ်ပါလား ဒီလောက်တန်ခိုးကြီးတာ ယခုမှသိရတယ်၊ အထင်ကြီးသွားတယ်၊ သူ့ကိုစည်းရုံးတာ၊ အဲဒါကို Super antural Power လို့ခေါ်တယ်။

            သဘာဝလွန်တဲ့တန်ခိုးတွေ သဒ္ဓါတရားကောင်းပြီးတော့ ဥာဏ်နည်းတဲ့ပုဂ္ဂိုလ်တွေဟာ စည်းရုံးသိမ်းသွင်းခံရတာ၊ ဒီကနေ့မျက်မှောက်လဲ အများကြီးရှိနိုင်တယ်။ အဲဒါ သာသနာလမ်းကြောင်းက တဖြည်းဖြည်း သွေးဖယ်သွားတတ်တယ်၊ သာသနာတော်ရဲ့အနှစ်ဖြစ်တဲ့ သီလ သမာဓိ ပညာတို့ကို မသိမိလိုက်တာ သာသနာတော်ရဲ့အနှစ်သာရဟာ ဒါမျိုးပဲ လားလို့ထင်ပြီးတော့ အဲဒီနောက်ပါသွားရင် အနှစ်ကိုမရဘဲနှင့် ထိုလူက အကာနဲ့ခရီးဆုံးသွားတယ်။ အဲဒီကစပြီးတော့ ဒေဝဒတ်ကို ချဉ်းကပ်မိတာ၊ နောက်ဆုံး ဆရာတပည့်တိုင်ပင်ကြတာ မင်းက အဖေသတ် ရှင်ဘုရင်လုပ်ကွာ၊ ငါကဘုရားကိုသတ်ပြီးတော့ ဘုရားလုပ်မယ်ဆိုပြီးတော့ လုပ်ကြတာ မအောင် မြင်ကြဘူးလေ။

ကျူးလွန်မိတဲ့အပူမီး ဘယ်သူငြိမ်း၍အေးမည်နည်း
            ရှင်ဒေဝဒတ် နောက်ဆုံးမြေမျိုသွားတာ အားလုံးအသိပဲ၊ အဇာတသတ် ရှင်ဘုရင်ကတော့ အဖေကိုသတ်လိုက်တဲ့ပြစ်မှုကြီး အကြီးအကျယ် လွန်ကျူးပြီးတဲ့နောက်ပိုင်း ရင်ထဲမှာ ဟိုလှတောလူတွေပြောသလိုပြောရင် ငရဲရှစ်ထပ်မျိုထားတဲ့အတိုင်းပဲတဲ့၊ သောကမီးတွေ တငွေ့ငွေ့လောင်တယ်၊ အဲဒါငြိမ်းပေးနိုင်တဲ့ပုဂ္ဂိုလ် ကမ္ဘာမှာရှာကြည့်တယ်၊ သူ့ရဲ့ဆရာဒေဝဒတ်လည်းမတတ်နိုင်ဘူး၊ အဲဒီလိုဖြစ်တယ်။ အဲဒါကြောင့် ယခုလိုပေါ့လေ ညချမ်း ကာလ တိတ်တိတ်ဆိတ်ဆိတ် ဆီးနှင်းမြူတိမ် သူရိန်မီးခိုး အညစ်အကြေး ငါးမျိုးကင်းပြီးတော့ သန့်ရှင်းကြည်လင်တဲ့ ညများမှာ အဲဒီလသာ ဆောင်ပေါ်မှာတက်ပြီးတော့ ဝန်ကြီးတွေ၊ အမတ်ကြီးတွေနဲ့ ထိုင်ထိုင်ပြီးတော့ ရင်ထဲမှာပူတယ်ကွာ၊ သိပ်ပူလောင်တာပဲ၊ အဲဒီပူလောင်မှုတွေ ငြိမ်းချမ်းအောင် ယခုလို ကြည်နူးဖွယ်ရာကောင်းတဲ့ညမှာ ဘယ်လို သမဏ ဗြဟ္မဏ တို့ကိုချဉ်းကပ်ရကောင်းမလဲလို့ ဝန်ကြီးတွေ အမတ်ကြီးတွေနဲ့အစည်း အဝေးထိုင်ထိုင်ပြီးတော့ပြောကြပါတယ်။

            မင်းတရား အဲဒီပူလောင်မှုတွေကို ငြိမ်းစေဖို့ ပုရာဏကဿပ ဆရာကြီးဆီကိုသွားပါ၊ ပုရာဏကဿပ အစရှိတဲ့တိတ္ထိဆရာကြီး ခြောက်ယောက် မြတ်စွာဘုရားထက် ခပ်စောစောပေါ်ပေါက်ကြတယ်။ လောကသုံးပါးမှာ ဘုရားပွင့်မယ် ကောလာဟလတွေ ဗြဟ္မာကြီးတွေ ကြွေးကြော်တဲ့ အချိန်ကစပြီးတော့ တိတ္ထိဆရာကြီးတွေ ထွက်လာပြီးတော့ ကိုယ့်ကိုကိုယ် ဘုရားလို့ကြေညာပြီးတော့ လောကမှာ တရားတွေဟောနေကြတယ်၊ အားလုံး ထင်ရှားတဲ့ ဆရာကြီးခြောက်ယောက် မင်းတရား အဲဒီသောကတွေငြိမ်းစေဖို့ ပုရာဏကဿပဆီသွားပါ၊ အဲဒါ ဝန်ကြီးတွေ အမတ်ကြီးတွေ ပြောသည့်အတိုင်း သွားကြည့်တယ် ပုရာဏကဿပ က ဟောလိုက်တယ်၊ ဘာဟော လိုက်သလဲဆိုရင် ပရိသတ်ရေ တိုတိုလေးပြောမယ်၊ ''အကိရိယဝါဒ'' ကို ဟောတယ်၊ ဘာဝါဒလဲ။
            အကိရိယဝါဒပါဘုရား။

အကိရိယဝါဒ

            အကိရိယဝါဒ ဟောပြောချက်တွေ အများကြီးချုံးလိုက်ရင် ဒီတစ်လုံးပဲ အကိရိယဝါဒဆိုတာက ဘာလုပ်လုပ် လုပ်ရာ မရောက်ဘူးဆိုတဲ့ဝါဒ၊ အခု တို့အားလုံး ဘာလုပ်ကြ၊ ကုသိုလ်တွေပြုလုပ်ကြတယ်၊ အလကားပဲ ဒါတွေ ဘာအကျိုးမှမပေးဘူး၊ အကုသိုလ်ကော ဒါလည်းအလကားပဲ ဘာမှမဖြစ်ဘူး၊ လုပ်ချင်တာလုပ် ဘာမှမဖြစ်ဘူးဆိုတဲ့ဝါဒ၊ ကြိုက်များကြိုက်လိုက်ရင် ကမ္ဘာ့လူသားတွေ လမ်းကြောင်းဘယ်လောက်မှားသွားမလဲ၊ အဲဒါသွားပြီးတော့ ပြန်လာတယ်၊ အဇာတသတ်မင်းကြီး စိတ်ဆင်းရဲလာတယ်။
            ငါ့ရင်ထဲမှာ သောကငြိမ်းမလားလို့ချဉ်းကပ်ကြည့်တယ်၊ သောက မငြိမ်းတဲ့အပြင် မကျေနပ်စရာ ဒီဆရာကြီးတွေဟောနေတာ၊ လူ့လောက ကြီးကို လမ်းမှားကိုသူတို့ပို့နေကြတာ၊ ငါလိုမင်းတရားကို ပညာမတတ် လူအ လူနုံလို့ထင်ပြီးတော့ ဝါဒမှားတွေ ဟောနေတယ်၊ ဒီလိုဆရာမျိုး ငါ့တိုင်းပြည်မှာ မရှိထိုက်ဘူးလို့ထင် စိတ်ထဲမှာဒေါသဖြစ်ပြီးတော့ သံလျက် ခပ်တင်း တင်းဆုပ်မိတယ်၊ တစ်ခါမှားပြီးရင် နောက်ထပ် နှစ်ခါမမှားစေနဲ့တော့ပေါ့ စိတ်ကိုချုပ်ထိန်းပြီးတော့ ပြန်လာခဲ့တယ်။

ဥစ္ဆေဒဝါဒ
            နောက်တစ်ကြိမ်ဒီလိုပဲ  ညချမ်းကာလ လပြည့်ဝန်းကြီးထွန်းလင်း တဲ့ တစ်ညပဲ ဒီလိုအမတ်တွေ ဝန်ကြီးတွေနဲ့အစည်းအဝေးခေါ် စိတ်ထဲမှာ ပူလာတယ်။ ဘယ်သွားရကောင်းမလဲ ပြောပြန်တယ်၊ အမတ်တွေက မက္ခလိ ဂေါသာလ ဆရာဆီသွားပါ၊ သွားပြန်တယ်၊ မေးတယ်၊ မေးတာကတခြား ဖြေတာကတခြား စိတ်ဆင်းရဲပြီးတော့ပြန်လာတယ်၊ မက္ခလိဂေါသာလက ဘာဟောသလဲဆိုတော့ ဥစ္ဆေဒဝါဒကိုဟောပါတယ်၊ ဥစ္ဆေဒဆိုတာ လောကကြီး သုခ ဒုက္ခဖြစ်ချင်တာဖြစ် ကုသိုလ် အကုသိုလ်တွေ လောဘ ဒေါသ မောဟ အလောဘ အဒေါသ အမောဟဆိုတဲ့ ဟေတုပေါ့၊ အဲဒီအကြောင်း တွေနဲ့လုံးဝမဆိုင်ဘူး။

             Cause in Condition ဆိုတဲ့ဥစ္စာတွေဟာ ဒီ Effect ပေါ့၊ အကျိုးတ ရားတွေနဲ့လုံးဝမဆိုင်ဘူး၊ ဖြစ်ချင်လို့ဖြစ်တာ၊ အကြောင်းမဲ့ဝါဒ၊ စိတ်ညစ် ပြီးတော့ ပြန်လာခဲ့တယ် ပရိသတ်ရေ၊ ပတ်ဝန်းကျင် associtation နော်၊ enviroment associatiotion အဇာတသတ်မင်းကြီးရဲ့ ဒီလောက် အမှားပြုမိ တဲ့ရှင်ဘုရင်ရဲ့အနားမှာနေကြတဲ့ ဝန်ကြီးတွေ အမတ်ကြီးတွေဟာ ဒီရှင်ဘုရင်ကို လမ်းမှန်ကို မပို့နိုင်ဘူးတဲ့၊ အမှားပဲထပ်ပို့ကြတယ်၊ အဲဒါကြောင့် မင်္ဂလသုတ်ဟာ ဘယ်လောက်တန်ဖိုးရှိသလဲ၊ စစချင်း အသေဝနာ စ ဗာလာနံ Not associated with the fool. It is the highest speculation. အဲဒီလို ပုဂ္ဂိုလ် တွေနဲ့ ဝေးဝေးနေနိုင်မှ ဘဝကြီးပွားတိုးတက်မှုဖြစ်မယ်၊ ဒါကို မင်္ဂလာခေါ်တယ်။

နတ္ထိက ဝါဒ
            အဲဒီတော့ အဇာတသတ်ရှင်ဘုရင်က တစ်ယောက်က ညွှန်ကြားလို့ သွားလိုက် စိတ်မကျေနပ်ဘဲ ပြန်လာခဲ့လိုက်၊ ဘယ်နှစ်ကြိမ် ဘယ်နှစ်ယောက် စီသွားခဲ့သလဲဆိုရင် ပရိသတ်ရေချုံးလိုက်တော့ အားလုံးခြောက်ကြိမ်သွားခဲ့တယ်၊ တိတ္ထိဆရာကြီး ခြောက်ယောက်စေ့ရော၊ ပူရာဏကဿပ၊ မက္ခလိဂေါသာလ၊ တတိယပုဂ္ဂိုလ်က အဇိတကေသကမ္ဗလ သူကတော့ နတ္ထိက ဝါဒကိုဟောတယ်၊ နတ္ထိကဝါဒဆိုတာ လက်ရှိဘဝရှိလား၊ (မရှိပါဘုရား) နတ်ပြည်ရှိလား၊ (မရှိပါဘုရား) နိဗ္ဗာန်ရှိလား၊ (မရှိပါဘုရား) သမထ ဝိပဿနာ အလကား၊ အဲဒါတွေ ဘာမှမရှိဘူး၊ အဲဒီလို မရှိဝါဒကို ဟောတာ နတ္ထိက။
            နောက်ပကုဓကစ္စာယန၊ နောက် နိဂဏ္ဌနာဋပုတ္တ၊ နောက်သဉ္စယဗေလဋ္ဌပုတ္တ ခြောက်ခေါက်သွားတယ်၊ ခြောက်ယောက်ကိုတွေ့ဆုံပြီးတော့ သူ့သော ကငြိမ်းကြောင်းကိုမေးမြန်းခဲ့တယ်၊ ပြီးတော့ သန္ဒိဋ္ဌိကသာမညဖလ အဲဒါကိုလည်း သူမေးပါတယ်။


အပိုင်း (၃)
ကိုယ်တွေ့ရနိုင်တဲ့အကျိုး
            သန္ဒိဋ္ဌိကဆိုတာက လက်တွေ့ မျက်တွေ့ ကိုယ်တိုင်ရနိုင်တာ သာမညဖလဆိုတာ ရသေ့ရဟန်းပြုခြင်းရဲ့အကျိုး၊ အရှင်ဘုရားတို့ ရသေ့ ရဟန်း လုပ်နေကြတာ လက်တွေ့ ဘာအကျိုးတွေကိုရသလဲ၊ အဲဒါပြောပါအုံး၊ ဒါကို ခေါ်တယ် ''သန္ဒိဋ္ဌိကသာမညဖလ'' ပရိသတ်ပြောကြည့်စမ်းပါ။
            သန္ဒိဋ္ဌိကသာမညဖလပါဘုရား။
            ကိုယ်တွေ့ရနိုင်သော ရဟန်းပြုခြင်း၏အကျိုးဟာ ဘာအကျိုးရှိသလဲ အဲဒါသွားမေးတာ၊ တစ်ယောက်မှ မပြောနိုင်ဘူး၊ အဲဒီတော့ မေးတာကတခြား ဖြေတာက တခြား၊ ဥပမာဆိုပါစို့ သရက်ပင်ဘယ်မလဲ မေးလိုက်ရင် ဒီမှာ ဒီမှာ ပိန္နဲပင်။
            သေယျထာပိ ဘန္တေ အမ္ဗံ ဝါ ပုဋ္ဌော သမာနော လဗုဇံ ဗျာက ရေယျ၊ လဗုဇံ ဝါ ပုဋ္ဌော သမာနော အမ္ဗံ ဗျာကရေယျ။
            ပိန္နဲပင်ဘယ်မလဲမေးရင် သရက်ပင်ပြ၊ အမေးတခြား အဖြေတခြား ဆရာကြီးတွေ ဘာမျှမပြောနိုင်ဘဲနဲ့ ဆရာလုပ်ကြ အကြီးအကျယ် စိတ်ညစ်လို့ပြန်လာခဲ့ရတယ်။
            အဲဒီတော့ ပရိသတ်ကြီး တိတ္ထိဆရာကြီးခြောက်ယောက်ထံကို ခြောက်ကြိမ်သွားခဲ့ပြီးပြီ။ သူ့သောက ပရိဒေဝကို ငြိမ်းစေနိုင်တဲ့နည်းလမ်းကို ဘယ်သူပေးနိုင်လဲ၊ ဘယ်သူမှ မပေးနိုင်ဘူး၊ သူလိုချင်တဲ့ သာမညဖလ ရဟန်းပြုခြင်းရဲ့ အကျိုးကျေးဇူးကို အဲဒီ ရဟန်းလို့အမည်ခံနေတဲ့ပုဂ္ဂိုလ်ကြီး တွေပြောနိုင်လား။
            မပြောနိုင်ပါဘုရား။

သဒ္ဓါတရားတစ်ခုတည်းနဲ့ သာသနာတော်မှာမလုံလောက်ဘူး
            အေး ဘုန်းကြီးတို့ ပရိသတ်ရေ သဒ္ဓါတရားတစ်ခုတည်းနဲ့ သာသနာတော်မှာမလုံလောက်ဘူး၊ အသိပညာနဲ့မှ၊ ယုံကြည်မှုတစ်ခုတည်းနဲ့သာသနာ တော်မှာမပြီးဘူး ပရိသတ်ရေ၊ အသိပညာနဲ့မှ အသိပညာတစ်ခုတည်းထည်းနဲ့ လည်း မလုံလောက်ဘူး ယုံကြည်မှုဆိုတဲ့သဒ္ဓါနဲ့မှ ဒီနှစ်ခုဟာ balance ဖြစ်ရမယ်။ in knowledge အဲဒီနှစ်ခုဟာ must be balance ညီညွတ်ရမယ်။ တစ်ခုခုလွန်သွားပြီဆိုရင် အဲဒါမှားတာပဲ၊ ယုံကြည်မှုတွေက လွန်ကဲတယ်၊ အသိဥာဏ်မပါဘူး ဒါမှားတာ၊ အသိဥာဏ်တွေက သိပ်များပြီးတော့ ယုံကြည်မှုမရှိဘူးဆိုတော့ သူက ကောက်ကျစ်စဉ်းလဲတဲ့ဘက်ကို ယိုင်သွား တယ်၊ အဲဒီနှစ်ခု မျှတရမယ် ဒါဗုဒ္ဓရှင်တော်ရဲ့ သာသနာမှာနေတဲ့ ပုဂ္ဂိုလ်ရဲ့အခြေခံအရည်အချင်းဟာ သဒ္ဓါနဲ့ပညာ၊ ဗုဒ္ဓဘာသာ မဟုတ်ဘူးဆိုလို့ ရှိရင်တော့ပညာသိပ်မလိုဘူး၊ believe ယုံကြည်ရင် ကိစ္စပြီးတယ်။ ဗုဒ္ဓဘာသာ မဟုတ်ခဲ့ရင်တော့ ယုံကြည်ခြင်းသည်ပဓာန၊ အသိပညာတွေ အသုံးချပြီးတော့ မေးတာ မြန်းတာ ဝေဖန်တာ စိစစ်တာ အကြောင်းအကျိုးကိုစုံစမ်းတာ သွားမလုပ်နဲ့၊ အဲဒီလိုလုပ်လို့ရှိရင် ဘုရားသခင်က ခွင့်မလွှတ်ဘူး၊ မြတ်ဗုဒ္ဓကတော့ သဒ္ဓါနဲ့ပညာမျှတစွာဝေဖန် စိစစ်တာမျိုးကို အလွန်ကြိုက်တယ်။
                                                                       
အဲဒါကြောင့် လူသားတွေရဲ့ အသိဥာဏ်ကို လွတ်လပ်ခွင့်ပေးတာဟာ မြတ်ဗုဒ္ဓ၏ဒီဓမ္မ င်္freedom thought' အတွေးအခေါ်များ လွတ်လပ်ခွင့်ရှိတယ်။ သို့သော် reasoning ဆိုတဲ့ စုံးစမ်းစိစစ်ခြင်းသည် must be base the believe သဒ္ဓါ ယုံကြည်မှု သဒ္ဓါပေါ်မှာအခြေခံရတယ်။ ဒါဘာသာရေး အခြေခံဒီနှစ်ခု အဇာတသတ်ရှင်ဘုရင်မှားခဲ့တာ ဘာကြောင့်လည်း သဒ္ဓါတရားတစ်ခုတည်းနဲ့ သူသည် ရှင်ဘုရင်တက်ဖြစ်ခဲ့တာ အဲဒီမှာ မှားသွားတယ်။ အသိဥာဏ်မပါဘူး၊ သူ့ကို ဘာနဲ့စည်းရုံးလဲ၊ တန်ခိုးနဲ့စည်းရုံးခံရတယ်၊ သီလ သမာဓိ ပညာ သူဘာမှနားမလည်ခဲ့ဘူး။ အဲဒီတော့ ခြောက် ကြိမ်တိုင်တိုင် ခြောက်ယောက်သော ဆရာကြီးတွေထံသွားခဲ့တယ်၊ သူလိုချင် တာတွေ ဘာမှမရခဲ့ဘူး။
            အကြီးအကျယ်စိတ်ပန်းပြီးတော့ နွမ်းနေတဲ့ချိန် ယခု တန်ဆောင်မုန်းလပြည့်ညချမ်းကာလ open space လို့ခေါ်မယ်ပေါ့လေ၊ ပြဿာဒ်ရဲ့ အပေါ်ဆောင်အမိုးမရှိတဲ့ လေသာဆောင်တက်ပြီးတော့ ဝန်ကြီးတွေ အမတ်ကြီးတွေနဲ့ ညချမ်းမှာ စည်းဝေးထိုင် ကောင်းကင်ကြီးကြည့်လိုက်တော့ ခုနက သူပြောတဲ့စကား-
            ၁။ အဘိက္ကန္တာ ဝတ ဘော ဒေါသိနာ ရတ္တိ။
            ၂။ အဘိရူပါ ဝတ ဘော ဒေါသိနာ ရတ္တိ။
            ၃။ ရမဏီယာ ဝတ ဘော ဒေါသိနာ ရတ္တိ။
            ၄။ ပါသာဒိကာ ဝတ ဘော ဒေါသိနာ ရတ္တိ။
            ၅။ ဒဿနီယာ ဝတ ဘော ဒေါသိနာ ရတ္တိ။
            ၆။ လက္ခညာ ဝတ ဘော ဒေါသိနာ ရတ္တိ။
            အယံ ရတ္တိ၊ ဟောဒီ တန်ဆောင်းမုန်းလပြည့်ဆိုတဲ့ ညချမ်းကာလသည်။ ဒေါသိနာ၊ ဆီးနှင်းမြူတိမ် သူရိန်မီးခိုး ညစ်ကြေးငါးမျိုး ကင်းပြီးတော့ သန့်ရှင်း ကြည်လင်နေတဲ့အတွက်ကြောင့်။ အဘိက္ကန္တာ ဝတ၊ အလွန့်အလွန် နှစ်သက်ဖွယ်ရာကောင်းလှပေတော့သည်တကား။ ရမဏီယာ ဝတ၊ မွေ့လျော်နှစ်ခြိုက် ပျော်ပိုက်ဖွယ်ရာ ကောင်းလှပေတော့သည်တကား။ ဒဿနီယာ ဝတ၊ ရှုချင်ဖွယ်ရာ ရှိ၍နေပါပေတော့သည်တကား။ ပါသာဒိကာ ဝတ၊ ရှု့ကြည့်သူတို့အားလုံးတို့ရဲ့ စိတ်နှလုံးမှာ ရွှင်ပြုံးကြည်နူးဖွယ်ရာ ကောင်းလှပေတော့သည်တကား။ အယံ ရတ္တိ၊ ဤညဥ့်သည်။ ဒေါသိနာ၊ အပြစ်ကင်းပြီးတော့ ဆီးနှင်းမြူတိမ် သူရိန်မီးခိုး ညစ်ကြေးငါးမျိုး ကင်းပြီးတော့ သန့်ရှင်းကြည်လင်၍နေတဲ့အတွက်ကြောင့်။ လက္ခညာ ဝတ၊ မှတ်သားဖွယ်ရာ ကောင်းလှပေတော့သည်တကားလို့။ ရာဇာ မာဂဓော အဇာတသတ္ထု ဝေဒေဟိပုတ္တော၊ ဝေဒေဟီမိဖုရားရဲ့သား မဂဓပြည့်ရှင် ဘုရင်အဇာတသတ်သည်။ ဣမံ ဥဒါနံ၊ ဤဥဒါန်းကို။ ဥဒါနေသိ၊ ကောင်းစွာမသွေ ကျူးရင့်တော်မူခဲ့ရှာပေသတည်း။
            သာဓု သာဓု သာဓုပါဘုရား။

            ကုမုဒြာတွေပွင့်တဲ့ည အဇာတသတ် ရှင်ဘုရင်ခုနှစ်ကြိမ်မြောက် ပရိသတ်ရေ ဝန်ကြီးတွေ အမတ်ကြီးတွေနဲ့စည်းဝေး ဟောဒီလောက် ကြည်နူး ဖွယ်ကောင်းတဲ့ည။
            ''ကံ နု ခွဇ္ဇ သမဏံ ဝါ ဗြဟ္မဏံ ဝါ ပယိရုပါသေယျာမ''
            ဘယ်လို သမဏတွေ ဗြဟ္မဏတွေထံ သွားရင်ကောင်းမလဲလို့ အစည်းအဝေးမှာ အဲဒီလို သူထုတ်ပြီးတော့ကြေညာပြန်တယ်။ ယခင် ခြောက် ကြိမ်တော့ ပရိသတ်ရေ မိစ္ဆာဒိဋ္ဌိဆရာကြီးခြောက်ယောက်စီ ရောက်ခဲ့ပြီးပြီ၊ အခု ငါးကြိမ်မြောက် တန်ဆောင်မုန်းလပြည့် အစည်းအဝေးမှာလည်း ဒါပြောပြန်တယ်။ ပြောတော့ အမတ်တွေထလာပြန်တယ်၊ ယခင်အမတ် တွေပဲ မိစ္ဆာဒိဋ္ဌိဆရာကြီးတွေထံတွန်းပို့တဲ့အမတ်တွေ ဝန်ကြီးတွေ ထပြော ပြန်တယ်။
            မင်းတရား ဒီလောက်လှပကြည်နူး သာယာဖွယ်ကောင်းတဲ့ညချမ်း ကာလမှာ မက္ခလိဂေါသာလထံ သွားတရားနာပါလား။ ရှင်ဘုရင်မလှုပ်ဘူး၊ ဘာမှပြန်မပြောဘူး၊ အဲဒီတော့ မြတ်စွာဘုရားထံသွားပါလားလို့ပြောမယ့် ပုဂ္ဂိုလ်တစ် ယောက်တစ်လေ မရှိတော့ဘူးလားလို့စဉ်းစားစရာ၊ ဘုရားလည်း အဲဒီရာဇဂြိုဟ် မှာပဲရှိတယ်။

ဆရာဇီဝက ဘဝပုံရိပ်
            ရာဇဂြိုဟ်မြို့မှာ ဗိမ္မိသာရမင်းတရား ဆောက်လုပ်လှူဒါန်းတဲ့ ဝေဠုဝန်ကျောင်း၊ နောက် အဲဒီဆရာကြီးဇီဝက ဆောက်လုပ်လှူဒါန်းတဲ့ သရက်တောကျောင်း အမ္ဗဝနခေါ်တယ်၊ ဇီဝကလှူဒါန်းတဲ့ သရက်တောကျောင်းကို အပြည့် အစုံပြောရင် ဇီဝကမ္ဗဝန ဒီလိုခေါ်တယ်။ အဲဒီဇီဝကဆိုတဲ့ပုဂ္ဂိုလ်ဟာ ဆေးပညာမှာ အလွန်ကျွမ်းကျင် တတ်မြောက်တဲ့ပုဂ္ဂိုလ်၊ တက္ကသီလာလို့ ခေါ်တဲ့မြို့တော်ကြီးမှာ ဆေးပညာသွားသင် အတတ်ပညာစုံလို့ နေပြည် တော်ပြန်ခါနီးတော့ ဒိသာပါမောက္ခဆရာက သူ့ကိုစာမေးပွဲစစ်တယ်။ သွား မင်းထွက်သွား သစ်ပင်လျှောက် ကြည့် မြက်ပင်တွေ ခြုံတွေ လျှောက်ကြည့် ဆေးဖက်မဝင်တဲ့အပင်များတွေ့ရင် ယူလာခဲ့လို့စာမေးပွဲစစ်တာ။
            ကြည့်လိုက်တာ မြက်ပင်ရော ခြုံရော သစ်ပင်ရော ဆေးဖက် မဝင်တာ တစ်ပင်မှမတွေ့ခဲ့ဘူး၊ အဲဒါပြန်လာပြီးတော့ ပါမောက္ခချုပ်ကိုပြောတော့ ပါမောက္ခချုပ်က - အေး မင်းတကယ်တတ်ပြီ ပြန်ပေတော့ ဆိုပြီးတော့ ရာဇဂြိုဟ်ပြန်လာတာ၊ ဆရာဇီဝကရဲ့ဘဝက တစ်ဖက်က ကြည့်ရင်လည်းပဲ စိတ်ထဲမှာ စို့နင့်စရာအချက်လေးတွေ သူမှာလည်းရှိတယ်၊ စို့နင့်စရာ ဆိုတာက သူ့အမေဟာ 'သလ္လာဝတီ' လို့ခေါ်တယ်၊ ပြည့်တန်ဆာ၊ ပြည့်တန်ဆာ ကိုယ်ဝန်ရတော့ အဲ့ဒီကိုယ်ဝန်ကို လူမသိအောင် တိတ်တဆိတ်ဖွားပြီးတော့မှ ဖွားကာစကလေးကို အမှိုက်ပုံထဲသွားပြီးတော့ ပြည့်တန်ဆာ သူ့အမေက ပစ်ထားတာ၊ အမှိုက်ပုံထဲ မနက်ခင်းမှာ ကျီးတွေက အသားလေးတွေ နီနေတဲ့ ကလေးလေး ဖွါးကာစကို ကျီတွေအုံနေတယ်။
            တချို့ကျီတွေကလာထိုးတယ်၊ ကလေးလေးက ခြေကလေး လက်ကလေး ကန်ကန် ကန်ကန်လုပ်တော့ ကျီးတွေ မထိုးရဲဘူး၊ အဲဒါကို ဗိမ္မိသာရမင်း ကြီးရဲ့သားတော် အဘယမင်းသားက နံနက်ခင်းလမ်းလျှောက်သွားရင်းနဲ့-
            ဟာ ဟိုမှာ ကျီးတွေအုံနေတယ် ဘာလဲဟေ့၊ သွားကြည့်ကြဆိုတော့ သူ့လုံခြုံရေးအရာရှိတွေ သွားကြည့်တော့။
            မင်းသား အမှိုက်ပုံထဲမှာ ကလေးလေး ဖွါးကာစ၊ ဟဲ့ အဲဒါဆို အသက်ရှင်သေးလား၊ အသက်ရှင်သေးလားဆိုတဲ့စကားက ''ဇီဝတီတိ ကိံ'' အဲဒီတော့ ပြန်ပြောတယ် ''ဇီဝကော'' အသက်ရှိသေးတယ်၊ ဒါဆိုကောက်ခဲ့ ဆိုပြီးတော့ အဘယမင်းသားကမွေးထားတာ၊ အဲဒါနဲ့ ဒီကလေး ဇီဝကဖြစ်လာတာ၊ ပြီးတော့ မှ အဘယမင်းသားက တက္ကသိုလ်ပို့ ပညာသင်တော့ ဆေးပညာတစ်ဖက်ကမ်းခတ်တတ်၊ အဲဒီ သူတတ်တဲ့ဆေးပညာနဲ့ မြတ်စွာဘုရားကို ဆေးကုတာ။

            ဘုရားရှင်ကိုယ်တော်မြတ် တစ်ခုသောနေ့မှာ ဝမ်းတွေအကြီးအကျယ်ချုပ်ပြီးတော့ လေးဘက်ချုပ် ပင်ပန်းနေတာကို ကောင်းမွန်စွာ ဆေးတိုက်တယ်၊ မြတ်စွာဘုရား ကျန်းမာခြင်းသို့ကောင်းစွာရောက်ပြီးတော့ ဘုရားကိုယ်တော်မြတ် မမာမကျန်းဖြစ်နေတုန်းက ဝတ်တဲ့သင်္ကန်းစွန့်လိုက်ပါဘုရား၊ တပည့်တော် သင်္ကန်းအသစ်လှူမယ်ဆိုပြီး ဘုရားနာလန်ထတဲ့ နေ့မှာ သူ သင်္ကန်းအသစ်တစ်စုံသွားလှူတာ၊ ကာသိတိုင်းဖြစ်တဲ့ နုညံ့တဲ့ သင်္ကန်းကလေး မြတ်စွာဘုရားက အဲဒီသင်္ကန်းကိုလာလှူတဲ့အချိန်မှာ ဆရာဇီဝကကို သင်္ကန်းလှူတဲ့ဒါယကာကို ဆေးကုတဲ့ဒါယကာကို ဘုရားကတရား ဟောတယ်၊ သောတာပန်ဖြစ်သွားတယ်၊ သောတာပန်ဖြစ်လည်းပြီးရော ဘုရားနဲ့သံဃာကို ငါတစ်သက်လုံးဆေးပညာနဲ့ ပြုစုတော့မယ်ဆိုပြီးတော့ ဗိမ္မိသာရဘုရင်ကြီးက သူ့ကိုဆုလာဘ်အဖြစ်နဲ့ပေးထားတဲ့ သရက်ဥယျာဉ် ကြီးတစ်ခုလုံး ကျောင်းတိုက်တည်ပြီးတော့ ဘုရားလှူတော့ ဘုရားနှင့် သာသနာတော်အတွက် ဟုတ်လား။ သံဃာတော်တွေအတွက် ဆေးဒါယကာလည်း ဟုတ်တယ်၊ ကျောင်းဒါယကာလည်း ဟုတ်တယ်၊ ပစ္စည်လေးပါး ဒါယကာ လည်းဟုတ်တယ်၊ သာသနာတော်မှာ ဘယ်လောက်အဖိုးတန်တဲ့ ဒါယကာ တစ်ယောက်ဖြစ်သွားလဲ။
            ဗိမ္မိသာရမင်းတရားနတ်ရွာစံပြီးတော့ အဇာတသတ်မင်းရဲ့ထံမှာ ဆက်လက်ပြီးတော့ ဆေးပညာနဲ့ခစားတယ်၊ ဒီကနေ့ခေတ်လိုပြောရင် ကျန်း မာရေး ဝန်ကြီးအဆင့်မျိုးမှာ သူရှိမှာ၊ ယခုညီလာခံထဲမှာ အဇာတသတ် မင်းတရားစိတ်တွေ ပင်ပန်းလို့ ဘယ်ရဟန်း ဘယ်ရသေ့ ချဉ်းကပ်ပြီးတော့ တရားနာသွားရကောင်းမလဲလို့ဆိုတော့ ယခင်ခြောက်ကြိမ်သော အစည်း အဝေးမှာ သူတစ်လုံး မှပြောခွင့်မရခဲ့ဘူး၊ ပြောခွင့်မရခဲ့တာက ပရိသတ်ရေ ဘာသာရေးအရ ဘာဖြစ်တာလဲ ဝိုင်းနှိမ်တာလည်းပါတယ်။
            နောက်လူခုနှစ်ပုံပုံရင် ဗုဒ္ဓဘာသာက အဲဒီအစည်းအဝေးမှာ တစ်ပုံပဲရှိမယ်လို့ပြောနိုင်တယ် ပရိသတ်ရေ၊ ဘာကြောင့်လဲ တိတ္ထိဆရာ ကြီးခြောက် ယောက်ထံပို့တဲ့အုပ်စုက ခြောက်အုပ်စုရှိနေပြီလေ၊ မြတ်စွာ ဘုရားဆီပို့မယ့် အုပ်စုက ဇီဝက ခေါင်းဆောင်တဲ့တစ်စုပဲရှိနိုင်တယ်။ များရာကနိုင်စတမ်း ဆိုတဲ့ခေတ်မျိုးဆိုတော့ အဲဒါ ဗုဒ္ဓဘာသာအမတ်ဝန်ကြီး ဦးရေကနည်းနေတဲ့အတွက်ကြောင့် တိတ္ထိဦးရေကများတဲ့အတွက်ကြောင့် ဇီဝကမပြောရဲဘူး၊ ပြောမလို့ ဟန်ပြင်လိုက်ရင်လည်း ဟိုလူတွေက ဒီလူတွေက ဦးအောင် ထထပြောပြောသွားတာနဲ့ သူ ငြိမ်ပြီးတော့နေခဲ့ရတယ်၊ အဲဒီလိုဖြစ်တယ်။
            နောက်တစ်ခုက ဒီလူကို ကျန်းမာရေးဝန်ကြီးသာ ခန့်ထားတာ အလကားလူပါကွာ၊ အမှိုက်ပုံကကောက်မွေးထားတဲ့ ပြည့်တန်ဆာသားပါဆို ဒါတွေလည်းပဲစွပ်စွဲပြီးတော့ ဝိုင်းနှိပ်ခံရတာကို၊ အဲဒီလိုအနေအထားမှာဆိုတော့ ခြောက် ကြိမ် သူမပြောခဲ့ရဘူး၊ ဆုံးရှုံးတော့ အဇာတသတ်မင်းတရား တိတ္ထိတွေထံကိုပဲ ရောက်ခဲ့ရတယ်၊ မှားပြီးရင်းမှားရင်း ဒီလိုဖြစ်တာ။
            အဲဒါကြောင့် အရေးကြီးတာကဘဝမှာ association နဲ့ enviroment အပေါင်းအသင်းနှင့်ပတ်ဝန်းကျင်၊ အခု ခုနှစ်ကြိမ်မြောက် တန်ဆောင်မုန်း ပြည့်နေ့ရဲ့ အစည်းအဝေးမှာ ဒီလိုပဲ မင်းကြီးက မေးမြန်းတယ်၊ ''ကံ နုခွဇ္ဇ သမဏံ ဝါ ဗြဟ္မဏံ ဝါ ပယိရုပါသေယျာမ'' ဘယ်လိုသမဏ ဗြဟ္မဏထံချဉ်းကပ်ပြီးတော့ တို့သွားတရားနာရကောင်းမလဲ ပြောပြစမ်း ဆိုတော့၊ ဟာ တစ်ယောက်တစ်ပေါက် အမတ်တွေရုတ်ရုတ်သဲသဲ ထပြော မက္ခလိဂေါသာလဆီသွား၊ ပုရာဏကဿပဆီသွား၊ သူ့ဆရာ သူ့ဆရာတွေကို အကုန်လုံး အဇာတသတ်မင်းကို လျှောက်တင်ပြီးတော့ သူတို့ကိုးကွယ်တဲ့ ဆရာတွေဆီဆွဲဆွဲခေါ်သွားကြတာ။

ကုမုဒြာပွင့်တဲ့ည အပိုင်း (၄)

ဆရာဇီဝက အစီအမံ အဇာတသတ်မင်းလက်ခံ
            လောကကြီးရဲ့သဘောဟာ အဲဒီတော့ အဇာတသတ်မင်းကြီးက ဘာမှမလုပ် သွားလည်းသွားခဲ့ပြီးပြီ ဘာမှမထူး၊ အဲဒါကြောင့် ငြိမ်ပြီးတော့ နားထောင်နေတဲ့ဇီဝက ဘုရားကျောင်းဒါယကာ သောတာပန် ဆေးဒါယကာ ဘာများပြောမလဲလို့ မင်းတရားမျှော်လင့်နေတယ်။ ဆရာဇီဝက ဘာမှမပြောဘူး၊ ငြိမ်ပြီးထိုင်နေတယ် မပြောနိုင်ဘူး ပြောခွင့်မပေးကြဘူး၊ များရာက နိုင်စတမ်းဆိုတော့ အဲဒီမှာ အမတ်ကြီးဇီဝက(သို့မဟုတ်) ဝန်ကြီးဇီဝကကို ရှင်ဘုရင်အဇာတသတ်က လှမ်းပြောရတယ်။
            ဟဲ့ ဇီဝက မင်းဘယ့်နဲ့ကြောင့် ငြိမ်သက်နေသလဲ သင့်လည်းပြောခွင့်ရှိတယ်ပြော၊ အဲဒီတော့မှ ဘုရင်ကပြောဆိုပြီးတော့ အခွင့်အရေးပေးတော့မှ သူထလာတယ်၊ အဲဒီတော့ ဟိုလူတွေ မနှိပ်ရဲတော့ဘူး၊ ငြိမ်သွားတယ်၊ ပြောခွင့်ရှိတယ် ပြောပါလို့ဆိုလည်းဆိုလိုက်ရော ဆရာဇီဝကထပြောတယ်၊ မြတ်စွာဘုရား ကိုယ်တော်မြတ် အကျွန်ုပ်ရဲ့ကျောင်းတိုက် သရက်ဥယျာဉ် ကျောင်းတိုက်မှာရှိပါတယ်၊ ယခုလို ညချမ်းကာလမှာ မြတ်စွာဘုရားထံသွားဖို့ အကောင်းဆုံးပါ။
            အဲဒီလို ညွှန်းလည်းညွှန်းလိုက်ရော ကိုင်း ဆရာဇီဝက ငါဘုရားဆီ သွားရမယ်ဆိုလို့ရှိရင် မြတ်စွာဘုရားထံသွားရမည့် စီမံချက်အစီအစဉ်တွေ၊ အဲဒီ ခရီးစဉ်တွေ ယနေ့ခေတ်လိုပြောရင် ခရီးလမ်းကြောင်းတွေ အဲဒါတွေကို မင်းကိုယ်တိုင် ကြီးကြပ်ပြီးတော့စီမံ တခါတည်းအမိန့်ချတယ်၊ အဲဒီလို authoriity အပြည့်အဝ အာဏာလည်းရလည်း ရလိုက်ရော တခြားအမတ်တွေ ဝင်ပြီးတော့ စွက်ဖက်လို့မဖြစ်တော့ဘူး။
            အဲဒီမှာမှ ဆရာဇီဝကက စီမံတယ်၊ မင်းတရား ချက်ချင်းသွားဖို့စီမံမယ်ဆိုပြီးတော့ ဘာတွေလုပ်သလဲလို့ဆိုတော့ သေသေချာချာ train လုပ်ထားတဲ့ ဆင်မ ငါးရာကို ဆင်တင်းကုတ်ကဆွဲထုတ်၊ ဆင်ထီးမပါဘူး ပရိသတ်ရေ ဘာတွေလဲ။
            ဆင်မတွေပါဘုရား။
            ဆင်မတွေစီမံချက်ကလေးကိုက စိတ်ဝင်စားဖို့ကောင်းတယ်၊ ဒီလောက်ထိတ်လန့်နေတဲ့ ရှင်ဘုရင်ကို ဆင်ထီးတွေ အစွယ်တွေ ပြူးတူးပြဲတည်းနဲ့ ဆင်ထီးကြီးတွေနဲ့သွားရင် ပို၍ကြောက်စရာကောင်းတယ်၊ အဲဒါ ကြောင့်စီမံပုံလေးကိုက အဓိပ္ပါယ်သိပ်ရှိတာ၊ အဲဒီတော့ ဆင်မငါးရာကို ရွေးထုတ် ထပ်ပြီးတော့ အဲဒီဆင်တွေကို train တွေလုပ်၊ train လုပ်ပြီးတော့ တစ်ကိုယ်လုံးမှာ လှပတဲ့ ကကြိုးတန်ဆာ ဒွါဒရာတွေ အပြည့်အစုံ ဆင်တယ်။

အမျိုးသမီးစစ်သည်တော်
 ဆင်ပြီးတော့မှ အမျိုးသမီးတွေတဲ့ အရွယ်ကောင်းလေးတွေချည်းပဲ၊ သန်မာထွားကြိုင်တဲ့ အမျိုးသမီးတွေချည်း ငါးရာရွေးလိုက်တယ်၊ အဲဒီအမျိုးသမီးတွေကို ဘုရင်ထံက တန်ဆာဒွါဒရာတွေ အကုန်ဖြုတ်ပြီးတော့မှ စစ်သားကြီးတွေ ဝတ်တဲ့ ခေတ်လိုပြောတော့ ယူနီဖောင်းပေါ့၊ စစ်ဝတ်တန်ဆာတွေ အဲဒီ အမျိုးသမီးတွေကို ဆင်လိုက်တာ အဝေးကလှမ်း ကြည့်လိုက်ရင် အမျိုးသမီး တွေလို့မထင်ဘူး၊ ဟာ စစ်သားကြီးတွေ ဒီလိုထင်ရတယ်။ အမျိုးသမီးစစ်သည်တော်ငါးရာ အဲဒီအမျိုးသမီး စစ်သည်တော် ငါးရာကိုမီးရှုးတိုင်တွေ ကိုင်ခိုင်းပြီးတော့မှ ဆင်ပေါ်မှာအကုန်လုံးတန်စီလို့ ထိုင်၊ ဆင်ငါးရာ နှစ်ရာငါးဆယ်စီ နှစ်ရာငါးဆယ်စီ အတန်းကြီးတန်းလိုက်တော့ အလယ်ခေါင်ကမှ အဇာတသတ်မင်းကြီးစီးမည့်ဆင် ပြီးတော့မှ အဲဒီ ဆင်တန်းကြီးနှစ်တန်းရဲ့ဝဲဘက် ယာဘက်မှာ ဓားကိုင်တဲ့အမျိုးသမီးစစ်သည်တော် တစ်ဘက်က နှစ်ရာ့ငါးဆယ်၊ လှံကိုင်တဲ့အမျိုးသမီး စစ်သည်တော် တစ်ဘက်က နှစ်ရာ့ငါးဆယ်၊ အပြင်ဘက်ကရပ်တယ်၊ အလယ်ခေါင် ကမှ အဇာတသတ်မင်းကြီးရဲ့စီးတော်ဆင်။

            အဲဒီစီးတော်ဆင်ရဲ့အနားမှာ ဆရာဇီဝက က မြေပြင်ကနေ ခြေလျင်လိုက်လာတယ်၊ တစ်လမ်းလုံး သဲဖြူတွေခင်း၊ ရာဇမတ်တွေကာ၊ မီးရှုးတိုင်တွေ ထွန်းပြီးတော့ ရွှေနန်းတော်ကနေ ယခုလို ဆီးနှင်းမြူတိမ် သူရိမ်မီးခိုး အညစ်ကြေးငါးမျိုး ကင်းပြီးတော့ ကုမုဒြာဖြူတွေပွင့်တဲ့ ညချမ်းကာလ ရွှေနန်းတော်ကနေ မင်းတရားကြီး ထွက်တော်မူတယ်။ မင်းတရားက ဆင်ဖြူတော်ပေါ်ကနေ ဘယ်ဘက်ကိုကြည့်လိုက် စစ်သားကြီးတွေ ဓားကိုင်ထားတယ်ထင်လို့ ကြည့်လိုက်တယ် မဟုတ်ဘူး၊ အနားကပ် သေချာကြည့်တော့ အမျိုးသမီးချောချောတွေဖြစ် ပရိသတ်ရေ ဘယ်ကြောက် တော့မလဲဗျာ၊ ဘယ်ဘက်ကြည့်လိုက်လည်း ဒီအတိုင်းပဲ ညာဘက်ကြည့်လိုက်လည်း ဒီအတိုင်းပဲ၊ ရှေ့ကြည့် ဒီလိုပဲ၊ နောက်ကြည့်လည်းဒီလိုပဲ။

            တချို့စစ်သည်တော် အမျိုးသမီးလေးတွေက ဘုရင်ကြီးက သူတို့ကို စူးစူးစိုက်စိုက်ကြည့်တော့ ဘုရင်ကြည့်တာကတော့ စုံစမ်းတဲ့အနေနဲ့ကြည့်တာ ဘယ်ကောင်က ဓားကိုင်ပြီးတော့ အနားကနေ ငါ့ကိုခုတ်များခုတ်လိုက်မလဲ၊ ဘယ်ကောင်က လှံနဲ့ထိုးလိုက်မလဲ၊ နန်းလုခံရမယ် ထင်ပြီးတော့ စိတ်ပူလို့ ကြည့်တာ အဲဒါကို အမျိုးသမီးစစ်သည်တော်တွေက အဲဒီလိုမထင်ဘဲ ဘုရင်က တို့စိုက်စိုက်စူးစူးကြည့်ပေတယ်ဆို၊ တချို့စစ်သည်တော် အမျိုးသမီးတွေက ဘုရင်ကြီး ကြည့်ပြီးတော့ နှုတ်ခမ်းလေး ဘာလေးရွဲ့ပြသလား၊ မျက်စာလေး ပစ်သလားပေါ့လေ၊ ပြုံးပြုံးလေး ဘာလေးတွေ ဒီလိုလုပ်ပြမဲ့ လက္ခဏာရှိတယ်၊ ဖြည်းဖြည်းချင်း ဘုရင်ကြီး ကြောက်စိတ် ပြေသွားတယ်တဲ့နော်။ စီမံချက်ကောင်းတာ။

            ရွှေနန်းတော်ကနေထွက်ပြီးတော့ ရာဇဂြိုဟ်မြို့ထဲကို ဖြည်းဖြည်းချင်းဝင် တောအုပ်ကြီးထဲကို ရောက်တယ်၊ ဝေဘာရတောင်ရယ်၊ ဝေပုလ္လတောင်ရယ်၊ ပဏ္ဍဝတောင်ရယ်၊ ဣသိဂိလိတောင်ရယ်၊ ဂိဇ္ဈကုဋတောင်ရယ်လို့ တောင်ငါးလုံးရံ နွားခြံတို့လို ရာဇဂြိုဟ်ဆိုတဲ့ရွှေမြို့တော်မှာ ဟိုအရှေ့မျက်နှာကို ကြည့်လိုက်မယ်ဆိုလို့ရှိရင် ဂိဇ္ဈကုဋဆိုတဲ့တောင်၊ အရှေ့မျက်နှာက ဘာတောင်လဲ။
            ဂိဇ္ဈကုဋတောင်ပါဘုရား။
            ဂိဇ္ဈဆိုတာ လင်းတ၊ ကူဋဆိုတာ အထွတ်၊ အဲဒီတောင်အထွတ်ကြီးက လင်းတနှုတ်သီးကြီးလိုပဲ ချွန်ကောက်ပြီးတော့ မောက်နေတာ၊ မြို့အရှေ့က တန်ဆောင်မုန်းလပြည့်နေ့ရဲ့ လက တက်တက်လာတယ်၊ လင်းတနှုတ်သီးလို့ ကောက်နေချွန် မောက်တဲ့ တောင်ထွတ်ကို မကျော်သေးတော့ ရာဇဂြိုဟ်မြို့တွင်း တစ်ခုလုံးမှာ မှောင်ရိပ်တွေဖုံးအုပ်ထား၊ မှောင်ရိပ်တွေဖုံးအုပ်နေတဲ့ တောအုပ်ကြီးထဲဝင်သွားတော့ ဘုရင်က တစိမ့်စိမ့်ကြောက်ကြောက်လာတယ်၊ ကြောက်ကြောက်လာတော့၊ ဟဲ့ ဇီဝက ဟိုတောကြီးထဲရောက်သွားပြီနော်၊ အချိန်ကလည်းပဲည၊ အမှောင်ကြီးလည်းရောက်နေပြီနော်၊ မင်း ငါ့ကိုဖြားယောင်းပြီးတော့ ခေါ်လာတာတော့ မဟုတ်တန်ဘူး၊ သူက အဲဒီလို စိုးရိမ်စိတ်နဲ့ ငါ့ကို ရန်သူတွေလက်ထဲတော့ အပ်မည့်လူ မဟုတ်ပါဘူးကွာ။
            အဲဒီလိုပြောတော့ ဆရာကြီးဇီဝက က '' မာ ဘာယိ မဟာရာဇ၊ မာ ဘာယိ မဟာရာဇ'' မင်းတရား ထိတ်လန့်တော်မမူပါနဲ့၊ မင်းတရား စိုးရိမ်တော်မမူပါနဲ့။

သရက်တောဥယျာဉ်ကျောင်းမှ ဗုဒ္ဓတရားရိပ်
            ဟိုရှေ့နားက သရက်ဥယျာဉ်ကို လှမ်းကြည့်ပါ၊ ဆီမီးတိုင်တွေထိန်နေတာ တွေ့ရမယ်၊ အဲဒီမှာ မြတ်စွာဘုရားပါဆိုတော့ လှမ်းကြည့်လိုက်တယ်၊ အို ဂိဇ္ဈကုဋ်တောင်ရိပ်အောက်က သရက်တောမှာ ဆီမီးတိုင်တွေ ထိန်နေတဲ့ ကျောင်းတိုက်ကြီး သံဃာတော်တွေ တစ်ထောင်နှစ်ရာငါးဆယ်တို့အား တရားဟောနေတဲ့တရားပွဲ၊ ခုလိုအသံချဲ့စက်တွေ ဘာတွေက မရှိတော့ ဘုရားရှင်ရဲ့အသံဟာ မလိုအပ်ဘဲနဲ့ အပြင်ဘက်ကို မထွက်ဘူးပေါ့ဗျာ၊ မြတ်စွာဘုရားရဲ့ တရားပွဲက ဒီအတိုင်းပဲ အံ့သြစရာသိပ်ကောင်းတာ။

            ဆယ်ယောက်ရှိရင် ဘုရားရဲ့အသံသည် အဲဒီဆယ်ယောက်အတွင်းမှာ လူတစ်သောင်းရှိရင် တစ်သောင်းရဲ့ အတွင်းကို ရောက်သွားတယ်၊ လူတစ်သိန်းရှိရင် တစ်သိန်းတို့ရဲ့အတွင်းကို ဘုရားရဲ့အသံရောက်သွားတယ်၊ အပြင် မထွက်ဘူး၊ အချည်းအနှီးအကျိုးမရှိဘဲနဲ့ ဒီအသံဟာ ဟို ပရိသတ် အပြင်ဘက်ကို မထွက်ပါစေနဲ့ ဒါမြတ်စွာဘုရားရဲ့ လုပ်ထုံး၊ အခု ဘုန်းကြီးတို့ ပရိသတ်လုပ်ထုံးနဲ့ တခြားစီပဲ၊ တစ်မြို့လုံး၊ တစ်ရပ်ကွက်လုံး၊ အကုန်လုံး ကြားချင်တဲ့သူတွေလည်း ကြားရော၊ မကြားချင်တဲ့သူတွေလည်း ကြားရောဆိုပြီးတော့ သစ်ပင်ထိပ်ခေါင်ဖျား ဟွန်း ကြီးတွေတပ်ပြီးတော့ အော်ချလိုက်တာ၊ ကြိုက်တဲ့လူတွေကြိုက်ပေါ့၊ မကြိုက်တဲ့ လူကတော့ နားငြီးကွာ၊ အဲဒီအသံချဲ့စက် အိပ်လို့မရ၊ တချို့က စိတ်ညစ်ကြတယ်၊ ဒါက ဗမာ့ ဝါသနာကိုဗျ။

            ဘုရားရှင်ရဲ့အသံတော်ဟာ ပရိသတ်ရဲ့ အပြင်ကို မထွက်ဘူးဆိုတော့ ဆရာဇီဝကနှင့် အဇာတသတ်မင်းတို့ ချီတက်လာတဲ့ဆီကို အသံတော် မရောက်ဘူး၊ ဒါပေမယ့် မြင်တော့မြင်နေရတယ်၊ အဲဒီတော့ မြင်နေရတဲ့ အတွက်ကြောင့် နှလုံးစိတ်ဝမ်း မင်းတရားတော်တော် အေးချမ်းသွားတယ်၊ တရွေ့ရွေ့နဲ့ချဉ်းကပ် ကျောင်းတိုက်နားရောက်သွားမှ-
            ''ယာဝတိကာ ယာနဿ ဘူမိ၊ ယာနာ သြရောဟိတွာ ပဒသာ ယေဝ ဘဂဝန္တံ ဥပသင်္ကမိ''ပေါ့ ဆင်ပေါ်ကဆင်းပြီးတော့ ခြေလျင်လျှောက်ပြီးတော့ မြတ်စွာဘုရားရှိရာကို တရွေ့ရွေ့မင်းတရားနဲ့ဝန်ကြီးဇီဝက ချဉ်းကပ်တယ်၊ ပါလာတဲ့ ဆင်ငါးရာက သရက်ဥယျာဉ်ကျောင်းတိုက်ကြီး တစ်တိုက်လုံး အပြင်ကနေ ဆင်ငါးရာနဲ့ဝိုင်းရံထား၊ မီးဒုတ်ကိုင်တဲ့ အမျိုးသမီး စစ်သည်တော် ငါးရာ ကျောင်းတိုက်ကြီးပတ်ထားတယ်၊ ဓားကိုင်တဲ့ အမျိုးသမီးနှစ်ရာငါးဆယ်၊ လှံကိုင်တဲ့အမျိုး သမီးနှစ်ရာငါးဆယ်၊ လက်နက်ကိုင်ထားတဲ့ အမျိုးသမီး စစ်သည်တော်ငါးရာတို့က ကျောင်းတိုက်ကြီး ပတ်ထားတယ်။
            မင်းတရားနှလုံးစိတ်ဝမ်း အေးချမ်းပါစေတော့ စိတ်ချမ်းသာပါစေတော့ ကလျာဏမိတ္တ မိတ်ကောင်းတို့ရဲ့လုပ်ထုံးဟာ ဒီအတိုင်းပဲ။ တိတ္ထိဆရာကြီး ခြောက်ယောက်ထံ ပို့ခဲ့တဲ့ခြောက်အုပ်စုဟာ ပရိသတ်ရေ ကလျာဏမိတ္တ မဖြစ်နိုင်ဘူး၊ ပါပမိတ္တ - မိတ်ဆွေယုတ်။

ဓမ္မလမ်းကြောင်း ဖွင့်ထားပါ
            အဲဒီတော့ မြတ်စွာဘုရားသီတင်းသုံးတဲ့ ယခုလို ဓမ္မာရုံကြီးကို ထိပ်တည့်တည့်ကနေ ရပ်ပြီးတော့ ဖူးလိုက်တယ်ဆိုလျှင်ပဲ သံဃာတော် တစ်ထောင့်နှစ်ရာငါးဆယ် အလယ်တည့်တည့်က ယခုလို ဘုန်းကြီးတို့ လာသလို လမ်းကလေး ဖွင့်ထားပြီးတော့ လက်ဝဲလက်ယာ သံဃာတော်တွေ နှစ်ဘက်ခွဲထားပြီးတော့ တစ်ဖက်ခြောက်ရာစီ တစ်ဖက်ခြောက်ရာစီ အဲဒီလို မြတ်စွာ ဘုရားကို ပစောက် သဏ္ဍာန်ပေါ့လေ ဝိုင်းရံပြီးတော့ တရားနာနေကြတာ

            အလယ်လမ်းလေးက မြတ်စွာဘုရားက အမိန့်ရှိထားတယ်၊ သံဃာ တော်တွေကို ဒီကနေ့ တန်ဆောင်မုန်းလပြည့်နေ့ညမှာ အဇာတသတ်ရှင် ဘုရင် တရားနာလာလိမ့်မယ်၊ အလယ်ကလမ်းပေထား၊ မင်းတရားကြွ လာမည့်လမ်း မို့လို့ အဲဒါကို မင်းလမ်းပေါ့၊ မင်းလမ်းပေးထား၊ အခု ဘုန်းကြီးတို့ ပရိသတ်ကတော့ ဒါ ဘာလမ်းခေါ်သလဲ မသိဘူး၊ အော်သံကတော့ တစ်ခါတစ်လေကြားတယ်၊ နတ်လမ်းကလေးဖွင့်ပေးထားပါ၊ နတ်လမ်း ကလေးချဲထားပါ၊ နတ်လည်းမလာဘူး၊ လာတာကတော့ ဘုန်းကြီးပဲလာတယ်၊ အဲဒါနတ်လမ်းတဲ့နော်၊ သူတို့က နတ်ကိုလာစေချင်ပုံရတယ်၊ သူတို့ လာစေချင်တဲ့နတ်ကတော့ မလာဘဲနဲ့ ဘုန်းကြီးလာတာပေါ့၊ သူတို့ကြိုဆိုတဲ့နတ် ကမလာဘဲနဲ့ ငါကသွား ကျေနပ်ပါ့မလားလို့ တစ်ခါတစ်လေ စိတ်ထောက်ဘူးတယ်။

            အဲနတ်လမ်းလား၊ ဘုန်းကြီးလမ်းလား၊ မင်းလမ်းလားပေါ့လေ၊ သူ့လမ်းနဲ့သူရှိတယ်၊ ဘုန်းကြီးလာလို့ ဘုန်းကြီးလမ်းပဲဖြစ်မယ်၊ တရားဟောတဲ့ဘုန်းကြီးဖြစ်တဲ့အတွက်ကြောင့်မို့လို ဒီလမ်းဟာ ဓမ္မလမ်းဆိုရင် ပိုကောင်းတယ်၊ ဓမ္မ လမ်းကြောင်းဖြောင့်ပါစေ ဓမ္မလမ်းကြောင်းရှင်းထားပါ ဒါဆိုအတော်အဆင်ပြေမယ်၊ ယခုတော့ နတ်လမ်း နတ်လည်းမလာ၊ မင်းလမ်းလို့ဆိုရင်လည်းပဲ ဒီလမ်းကြောင်းမှာ မင်းမလာဘူးနော်၊ ခု တရားပွဲ လာကြတဲ့ပုဂ္ဂိုလ်တွေပဲ၊ ဒီပေါ်မှာ ရှင်ဘုရင်ကိုမလာဘူးနော်၊ ဝန်ကြီး အမတ်ကြီးလည်းမလာဘူး လာရင်လည်း သူတို့ ဒီပေါ်မှာ မလျှောက်ကြဘူးပေါ့၊ ဆရာတော်လျှောက်ဖို့လမ်းဆိုတော့ ဘေးကကွေ့ပတ်သွားကြတာ သူတို့က၊ အဲဒီတော့ မင်းလမ်းဆိုပြီးတော့ ပေးထားတော့ အဇာတသတ်ရှင်ဘုရင် အဲဒီ လမ်းကြောင်းအတိုင်း တဖြည်းဖြည်းချင်းဝင်လာတယ်။

            ကောမုဒိယာ စာတုမာသိနိယာ ပုဏ္ဏာယ ပုဏ္ဏမာယ ရတ္တိယာ။
            စာတုမာသိနိယာ၊ မိုးလေးလရဲ့အဆုံးဖြစ်သော။ ပုဏ္ဏာယ၊ မိုးဥတု ပြည့်ထသော။ ပုဏ္ဏမာယ၊ လကလည်းကောင်းစွာ ပြည့်စုံ၍နေပေထသော။ ကောမုဒိယာ၊ ကုမုဒြာကြာတွေပွင့်တုန်းပွင့်ဆဲဖြစ်၍ နေပေထသော။ ရတ္တိယာ၊ ညချမ်းကာလမှာ။ ရာဇာ အဇာတသတ္ထု မာဂဓော ဝေဒေဟိပုတ္တော၊ မဂဓ ပြည့်ရှင် ဝေဒေဟီမိဖုရားရဲ့သား အဇာတသတ်ဆိုတဲ့ ရှင်ဘုရင်သည်။ ယေန ဘဂဝါ တေနု ပသင်္ကမိ၊ ဘုရားရှိရာချဉ်းကပ်လာတယ်။ ဥပသင်္ကမိတွာ၊ ချဉ်းကပ်ပြီးတော့မှ။ ဘဂဝန္တံ၊ ဘုန်းတော်ခြောက်ပါးသခင် သဗ္ဗညု ဘုရားရှင်ကိုယ်တော်မြတ်ကို။ အဘိဝါဒေတွာ၊ လက်အုပ်ချီမိုး ရှိခိုးပြီး တော့မှ။ ဧကမန္တံ၊ သင့်တင့်လျောက်ပတ် ကောင်းမြတ်သောနေရာမှာ။ နိသိဒီ၊ ကောင်းစွာမသွေ သီတင်းသုံး ထိုင်နေတော်မူခဲ့ပါပေသတည်း။
            သာဓု သာဓု သာဓုပါဘုရား။

ကုမုဒြာပွင့်တဲ့ည အပိုင်း အပိုင်း (၅)
            အလယ်ခေါင် မင်းလမ်းကြောင်းအတိုင်း လျှောက်ပြီးတော့ ဝင်လာ လက်အုပ်ချီလို့ တရွေ့ရွေ့နဲ့ဘုရားနားချဉ်းကပ် ချဉ်းကပ်လို့ ဘုရားရှေ့မှောက်လည်းရောက်ရော နဖူးကျအောင် ဒူးကျအောင် တတောင်ကျအောင် မြတ်စွာဘုရားကို ဦးသုံးကြိမ်ချတယ်။

ဂရုဂါရဝ ရိုသေမှ ထိခြင်း ငါးပါးရှိခိုးကြ
            ထိခြင်းငါးပါး ဘုရားဦးသုံးကြိမ်ချပြီးတော့ ဝဲယာ နောက်မျက်နှာ ပေါ့လေ၊ အဲဒီသုံးဌာန သုံးရပ်မှာ ရှိနေတဲ့ သံဃာတော်တွေကို လှည့်ကြည့်ပြီးတော့ လက်အုပ်ချီပြီးတော့ ထိုင်သွားတယ်၊ ဦးမချဘူး။
            ဘာကြောင့် ဦးမချတာလဲဆိုတော့ ဘုရားလည်း ဦးသုံးကြိမ်၊ သံဃာလည်း ဦးသုံးကြိမ်၊ လောကဓာတ်တစ်ခုလုံး အမြတ်ဆုံးဘုရားလည်း သုံးကြိမ် သံဃာလည်း၊ တပည့်သံဃာလည်း သုံးကြိမ်ပဲဆို၊ အဲဒါ ဘုရားကို မရိုသေ
ရာကျတယ်။
            အဲ့တော့ ဖြစ်ဖို့ကောင်းတာက ဘုရားကို ဦးသုံးကြိမ်ချတယ်။ သံဃာကို တစ်ကြိမ်ချတယ်ဆိုတော့ သိပ်မဆိုးပါဘူး။ သို့သော် အဇာတသတ်မင်းကြီးက စိုးရိမ်နေတယ်၊ ဘုရားကိုဦးချပြီးတော့ သံဃာဘက်လှည့်လည် ဦးချ လိုက်ရော စဉ်းစားကြည့်တာ သူ့ရဲ့ ဒီ position ဟာဘယ်လိုဖြစ်သွား၊ စောစောက ဘုရားဘက်မျက်နှာမူလို့ဦးချတယ်၊ သံဃာတော် တွေဘက် လှည့်ပြီးဦးချလိုက်ရော ဘုရားကို ကျောပေးမိရဲ့သား ဖြစ်သွားတယ်။ အဲဒါကို သူကြောက်တာတဲ့၊ ဘုရားကို မရိုသေရာကျတယ်၊ ဘုန်းကြီးတို့ပရိသတ် သတိ မပြုမိဘူး၊ အဲဒါတွေကို ကြောက်တယ် စိုးရိမ်တယ်လို့ သူတို့မရှိကြဘူး။

            ဟာ ဘုရားတစ်ဆူ သွားဖူးတယ်၊ မြတ်စွာဘုရားကို အားပါးတရဦးချ ရှိခိုး ပန်း ရေချမ်း ဆီးမီတင်ပြီးလည်ပြီးရော ပန်း ရေချမ်း ဆီမီး ကတစ်ဝက်ခွဲထားတယ်၊ ဘုရားတစ်ဝက် ကျန်တဲ့တစ်ဝက်ကို ယူသွားပြီးတော့ ဟိုး ဘက် စနေဒေါင့် ရာဟုဒေါင့် တစ်နေရာရှိတဲ့ ဘိုးတော်ကြီးသွားလဲရှိခိုးလိုက်ရော ဘုရားကျောပေးမိရဲ့သားဖြစ်သွားပါတယ်။
            ဘုရားလည်းသုံးကြိမ်ပဲ၊ ဘိုးတော်လည်းသုံးကြိမ်ပဲဆို၊ ဘုရားနာတယ်၊ ဘုရားဘက်ကနာတယ်၊  ပြီးတော့ ဘုရားကို ကျောပေးပြီးမှဦးချတာ ဆိုတော့ပိုနာတယ်၊ ဒီပန်းကလေးက ဘုရားတစ်ဝက် ဘိုးတော်တစ်ဝက်ဆိုတော့ ဒါလည်းနာတာပဲ၊ အုန်းသီးများတင်လိုက်လို့ရှိရင် မြတ်စွာဘုရားက လက်ညှိုးလောက်ရှိတဲ့အုန်းသီးစိတ်လေး နှစ်စိတ် သုံးစိတ်ပဲရတယ်၊ ဟိုဘက်က ဘိုးတော် မယ်တော်က အလုံးလိုက်ရတယ်၊ ဒါလည်း ဘုရားဘက်ကနာတာပဲ၊ အဲဒီလို အဂါရဝတွေဖြစ်မှာစိုးလို့၊ အဇာတသတ်က ငါသည် ငါ့သာသနာက မရိုသေဘူးဆိုတဲ့ဥစ္စာကို သူကိုယ်တိုင် အဲဒါတွေးပြီးတော့ ကြောက်ပြီးတော့ သာသနာကို မရိုသေခြင်းဟာ သာသနာကွယ်ခြင်းရဲ့ အကြောင်း ဘုရားထက်ပိုပြီးတော့ ရိုသေစရာ တခြားမှာရှိနေတယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ သာသနာတစ်စိတ်တစ်ဒေသကွယ်လာပြီ။

            အဲဒါကို ကြောက်ရွံ့ စိုးရွံ့တော်မူသောမင်းတရားက ဘုရားဦးချ ပြီးတော့ သံဃာတော်ကို လက်အုပ်ချီတယ်၊ အဲဒါကို အဋ္ဌကထာအကျယ်တ ဝင့်ဆုံးဖြတ်ပြောတယ်၊ ဒီကနေ့ဘုန်းကြီးဟုတ်လား၊ ပရိသတ်ကို ဘုန်းကြီးတို့ ရဲ့သာသနာတော်အတွက် ဒါကိုထည့်ပြီးတော့ အလေးအနက်ပြောပါတယ်၊ သာသနာကိုစောင့်ရှောက်တဲ့ သူတော်ကောင်းတွေ အဇာတသတ်မင်းကြီးရဲ့ ဒီကျင့်ထုံးဟာ လိုက်နာကျင့်သုံးစရာကောင်းတယ်။
            အဲဒီလို တရိုတသေ ဘုရားကိုရှိခိုး၊ သံဃာတော်ကိုလက်အုပ်ချီပြီးတော့ သံဃာတွေကို ကြည့်လိုက်တော့ ငြိမ်တိတ်နေတာပဲ၊ တစ်ပါးမှချောင်း မဟန့်ဘူး၊ ထောင့်နှစ်ရာငါးဆယ်၊ တစ်ပါးတစ်လေကများ ဟပ်ချိုးလည်း မလုပ်ဘူး၊ ချောင်းလည်းမဟန့်ဘူး၊ ဘယ်ကိုယ်တော်ကမှ ဘုရင်ကြီးကိုလှမ်းပြီးတော့ ပြူးတူးပြဲတဲ ကြည့်တယ်ဆိုတာလဲ တစ်ပါးမှ မရှိဘူး။ ခေါင်းကငုံ့ထား မျက်လုံးကြီးလှန်ကြည့်တဲ့ကိုယ်တော်မျိုးလည်း မရှိဘူးဆိုတော့ အဇာတသတ်က သံဃာတော်တွေကြည့်ပြီးတော့ စိတ်ထဲမှာ တစ်မျိုးခံစားရတယ်။ အဲသံဃာတော်တွေငြိမ်သက်လိုက်တာ၊ ဘယ်လိုပြောသလဲ။
            ငြိမ်သက်လိုက်တာပါဘုရား။

            ''သန္တော ဝတ အယံ ဘိက္ခုသံဃော''
            ဟောဒီသံဃာတော်တွေငြိမ်သက်ပေစွတကား၊ သန္တဆိုတာ ငြိမ်သက်တာ၊ အလွန်ငြိမ်သက်တာပဲ၊ တစ်ထောင်ကျော် ဟတ်ချိုးသံ မကြားဘူး ချောင်းသံမကြားဘူး၊ စကားပြောသံမကြားဘူး။ ''ခိပိတသဒ္ဒေါပိ နအဒ္ဒေါသိ'' ချောင်းဟန့်တဲ့ဟတ်ချိုးသံလေးလည်းဘယ်မှမကြားရ ပရိသတ်ကြီး၊ အဲဒါကို ဘာခေါ်သလဲဆိုရင် ပါဠိလိုပြောရင် ''သုသိက္ခိတ သုဝိနယ''ခေါ်တယ်။ ဘာလိုခေါ်မလဲ။
            သုသိက္ခိတ သုဝိနယပါဘုရား။
            သုသိက္ခိတ ဆိုတာက ကောင်းစွာသင်ကြား လေ့ကျင့်ထားရတာ၊ သုဝိနယ ဆိုတာ ကောင်းစွာအဆုံးအမရထားတယ်၊ မင်္ဂလသုတ်မှာ မင်္ဂလာတစ်ပါး ''ဝိနယောစ သုသိက္ခိတော''နော်၊ well train in discipline စနစ်တကျ လေ့ကျင့်သင်ကြားထားတာ၊ အဲဒီတော့ ဗုဒ္ဓရှင်တော် ရဲ့သာဝကတွေဟာ အဲဒီ သုသိက္ခိတ သုဝိနယ ဂုဏ်ကြောင့် တစ်ထောင်ကျော်ကြီး ဘာဖြစ်လဲ ငြိမ်နေတယ်၊ မလှုပ်ဘူး၊ ဘုရင်ကြီးပဲဆိုပြီးတော့ အရေးတကြီး ပြူးတူးပြဲတဲထပြီး ကြည့်တဲ့ကိုယ်တော်လည်းတစ်ပါးမှမရှိဘူး။

မိမိပြုသောအမှု တစ်ဖန်ပြန်၍ စိုးရိမ်ပြီ
            အဲဒါကို ဘုရင်ကြီးက တစိမ့်စိမ့်တွေးပြီးတော့ စိတ်ထဲမှာ ဟဲ့ ငါ့ရွှေနန်းတော်အတွင်းက ပရိသတ်အဲဒီလိုငြိမ်ရင်ကောင်းမှာပဲတဲ့ တွေးလာတယ်။ သူက အဖေသတ်ပြီးတော့ ထီးနန်းယူထားတော့ သူစိတ်မချဘူးလေ အထူးသဖြင့် သူစိတ်အပူဆုံးက သူ့သား ဥဒယဘဒ္ဒ အရွယ်တော်တော်လေးရောက်လာပြီ ငါ့သား ဥဒယဘဒ္ဒ ဒီသံဃာတော်များလို ငြိမ်းချမ်းရင် ကောင်းလေစွ တကား စိုးရိမ်စိတ်နဲ့ အဲဒီလိုတွေးနေတာကို မြတ်စွာဘုရားက သူ့စိတ် ကြည့်ပြီးတော့ သိသွားတယ်။ သိသွားတော့ ဘုရားကိုယ်တော်မြတ်က မင်းကြီး သင့်သား ဥဒယဘဒ္ဒအပေါ်မှာ သင်စိုးရိမ်သလား၊ သံဃာတော် အရှင်မြတ်တွေ ငြိမ်းချမ်းတာကို သင်ကြည်နူးသလား နှုတ်ဆက်စကားလေး ပြော တော်မူတယ်။
            မြတ်စွာဘုရားကိုယ်တော်မြတ်ကို မော့ပြီးတော့ သူကြည့်တယ်၊ ဘာ ဖြေရမှန်းမသိဘူး၊ ပြီးတော့မှ မင်းတရားလာတော်မူတဲ့အကြောင်းရင်းကို ငါ့ဘုရားအားလျှောက်တော့ ဘုရားကလမ်းကြောင်းကိုဖွင့်ပေးရတာ၊ မပြောရဲ ပြောရဲဖြစ်နေတာ။ မဟာပရာဓတော လေ အဖေကိုသတ်ထားတဲ့အပြစ်က အလွန်ကြီးတော့ ဘုရားကိုယ်တော်မြတ်ကို သူစကားမစရဲဘူး၊ အဲဒီလို စိတ်တွေသိပ်ပြီးတော့ ပြန့်ကျဲနေတာ ပါဠိလိုပြောမယ်ဆိုရင် ဝိက္ခိတ္တစိတ္တ ပြန့်ကျဲနေတဲ့စိတ် distression agitation irritation အဲဒီလို ပူပန်ပြီးတော့ စိတ်တွေပြန့်ပြီးတော့နေတာ ဘုရားက ဒကာတော် မင်းကြီး လာလိုတဲ့အကြောင်းအရာကိုလျှောက်စမ်း၊ ဘုရားက ဒီလိုလမ်းကြောင်းပေးလိုက်တော့မှ တပည့်တော်လျှောက်ပါ့မယ်ဆိုပြီးတော့ သူလျှောက်တယ်။

ရဟန်းပြုခြင်း၏ အကျိုးကျေးဇူး အထူးသိဖို့လို
            အရှင်ဘုရားတို့ ရဟန်းပြုကြတဲ့ အရှင်ဘုရားတို့တတွေ ရဟန်းဘဝ မျက်မှောကထင်ထင် ရနိုင်တဲ့ အကျိုးဟာဘာရှိသလဲတဲ့၊ လာမေးတယ်။ တပည့်တော် သောကငြိမ်းအောင် ဟောပေးပါလို့မပြောဘူးနော်၊ ဟန်လုပ် ထားတယ်၊ တကယ်ပြောချင်တာက အဲဒါ ရင်ထဲပူလောင်နေတာတွေ၊ အဲဒါ ငြိမ်းချမ်းအောင်လုပ်ပေးပါလို့ ပြောချင်တာ အဲဒါထွက်မလာဘဲနဲ့ ရဟန်း ဝတ်တာ ဘာအကျိုးရှိသလဲတဲ့။
            သန္ဒိဋ္ဌိကံ သာမညဖလံ မျက်မှောက်ထင်ထင် ကိုယ်တိုင်ရနိုင်တဲ့ ရဟန်းပြုခြင်းရဲ့ အကျိုးကျေးဇူးကို တပည့်တော်အား မိန့်ကြားပါဆိုတော့ မြတ်စွာဘုရားက ဒကာတော်မင်းကြီး အဲဒီမေးခွန်းမျိုးကို ငါ့ဘုရားထံ လာ ရောက်၍မမေးသေးမီ ဘယ်သူတွေ ဘယ်သူ့တွေထံမှာသွားပြီးတော့ မေးဖူးသေးသလဲဆိုတော့မှ ရင်ထဲမှ နည်းနည်း ခေတ်လိုပြောရင် ရင်ခုန်တာလေးတွေ ငြိမ်းသွားစေဖို့ ဘုရားရှင်အချိန်ဆွဲတာ၊ အဲဒီတော့ သူ့အတွေ့အကြုံ အကုန်လုံး ဘုရားအား လျှောက်တယ်ပေါ့ဗျာ။ ဒါဘာပြောဖို့လိုတော့လဲ၊ ခြောက်ယောက်ထံကို ခြောက်ခေါက်သွားခဲ့ပြီးပြီ၊ အမတ်ခြောက်အုပ်စုက လမ်းညွှန်လိုက်လို့ ဒီလိုမဟုတ်လား။
            မှန်ပါ့ဘုရား။
            ခြောက်ယောက်ထံကို ဘယ်နှစ်ခေါက်ရောက်သလဲ။
            ခြောက်ခေါက်ပါဘုရား။
            ခြောက်ယောက်ထံရောက်တော့ တရားခြောက်မျိုးနာရတာ သူ့စိတ် ထဲ ရင်ထဲမှာ ငြိမ်းသလား။
            မငြိမ်းပါဘုရား။
            မငြိမ်းဘဲနဲ့ဒေါသတွေဖြစ်ပြီးတော့ ပိုပြီးပူလာသေးတယ်။ ခြောက်ယောက်သော ဆရာကြီးတွေ ဟောလိုက်တဲ့တရားက ပရိသတ်ရေပေါင်းလိုက်ရင် သုံးလုံးပဲရှိတယ်။
            (၁)        နတ္ထိကဒိဋ္ဌိ
            (၂)        အဟေတုကဒိဋ္ဌိ
            (၃)        အကြိယဒိဋ္ဌိ ဒီသုံးခု
            နတ္ထိကဆိုတာ ဘာလုပ်လုပ် ဘာအကျိုးမှမရှိဘူး။ အဟေတုကဒိဋ္ဌိ ဆိုတာက ဘာဖြစ်ဖြစ် ဘာအကြောင်းကြောင့်မှမဟုတ်။ အကြိယဒိဋ္ဌိဆိုတာက ဘာမှလုပ်နေဖို့မလိုဘူး။ အဲဒီဝါဒသုံးခု၊ ဒါကိုပြန်ပြီးတော့ ပေါင်းချလိုက်ရင် ဒါဟာ နိယတမိစ္ဆာဒိဋ္ဌိခေါ်တယ်၊ ဘာခေါ်မလဲ။
            နိယတမိစ္ဆာဒိဋ္ဌိပါဘုရား။

ဒီအနန္တရိယကံကြီးငါးပါးနှင့် နိယတမိစ္ဆာဒိဋ္ဌိက

            နိယတဆိုတာ ကိန်းသေမြဲတယ်တဲ့၊ မိစ္ဆာဒိဋ္ဌိဘယ်မှာကိန်းသေမြဲသလဲ အဝိစီမှာ၊ အဝိစီငရဲကြီးထဲမှာ အဲဒီပုဂ္ဂိုလ်တွေ ရောက်သွားတယ်၊ ဟောဒီ ကမ္ဘာကြီးက ရေကြောင့်လား၊ မီးကြောင့်လား၊ လေကြောင့်လား၊ ကမ္ဘာပျက်တဲ့ နေ့မှာ ငရဲရှစ်ထပ်လည်းပါတာကို။ အဝီစိငရဲကြီးပျက်သွားတယ်၊ အမေ သတ်လို့၊ အဖေ သတ်လို့၊ ရဟန္တာသတ်လို့၊ ဘိက္ခူနီမကိုပြစ်မှားလို့ စော်ကားလို့၊ သံဃာကို သင်းကွဲအောင်ပြုလို့ အဲဒီအနန္တရိယကံကြီးငါးပါးနှင့် အဝီ စိရောက်တဲ့ပုဂ္ဂိုလ်သည် ကမ္ဘာပျက်တဲ့နေ့မှာ အဝီစိငရဲကြီးပါ ပျက်တော့ အနန္တရိယကံငါးပါးနှင့် ရောက်တဲ့လူငါးယောက်ဟာ လွတ်သွားတယ်။ နိယတမိစ္ဆာဒိဋ္ဌိသမားဟာမလွတ်ဘူး၊ ဒီကမ္ဘာပျက်လို့ရှိရင် မပျက်တဲ့ဟိုကမ္ဘာ သူတို့ ပြောင်းခံရတယ်တဲ့၊ ဒီထောင်ကနေ ဟိုထောင်ပြောင်းတဲ့ ထောင်သက်ရှည် တဲ့လူလိုဖြစ်လာတာ၊ နိယတမိစ္ဆာဒိဋ္ဌိက ဒီလိုဆိုးတာ။

            အဲဒီတော့ ခုနက ပြောခဲ့တဲ့ တိတ္ထိဆရာကြီးခြောက်ယောက် ပြီးတော့ မြတ်စွာဘုရားကို သုံးခါသတ်၊ သံဃာကို ခွဲထွက်သွားတဲ့ အရှင်ဒေဝဒတ်တို့ အဲဒီအုပ်စုကြီး တစ်စုလုံး၊ အခုလိုတရားပွဲမှာ ဘုရားကို ကာမဂုဏ်ကိစ္စနှင့် ယုတ်ယုတ်မာမာစွပ်စွဲတဲ့ မိန်းမတစ်ယောက် ဘယ်သူလဲ။
            စိဉ္စမာနပါဘုရား။
            တယ်သိတယ် ကိုယ့်ဆွေကိုယ်မျိုးလိုပဲ မကောင်းတာကြတော့ တော်တော်သိတဲ့လူတွေပဲ၊ ကောင်းတာပြောလိုက်ရင်တော့ သူတို့သိပ်မသိဘူး။ အဲဒီလို ယုတ်မာတဲ့အုပ်စုတွေ အကုန်လုံး ဒီကနေ့ အဝီစိမှာရှိနေသေးတယ်။ ဘုန်းကြီးတို့ဟောဒီ လှိုင်မြို့နယ်ကလူတွေ အဲဒီပုဂ္ဂိုလ်တွေ တိတ္ထိဆရာကြီး ခြောက်ယောက် စိဉ္စမာနရော ဒေဝဒတ်ရော ဘုရားရဲ့ယောက္ခမကြီသုပ္ပဗုဒ္ဓ ရှင်ဘုရင်ကြီးရော အဝီစိမှာ ရှိနေတဲ့ဥစ္စာကို ယုံရဲ့လား။
            ယုံပါတယ်ဘုရား။

            လေသံတော်တော်ပျော့သွားတယ် သိပ်ယုံပုံမရဘူး။ ယုံပါလို့ ဘုန်းကြီးတို့ အတင်းမပြောပါဘူး၊ ကိုယ်ရောက်တဲ့နေ့ကျရင် လိုက်ရှာကြ၊ မယုံတဲ့လူက အဲဒီကိုရောက်ကိုရောက်သွားတာ။ ကိုယ်ရောက်ခါမှ ရှာကြည့်၊ စိဉ္စ မာနတွေ့ရင် လက်ဆွဲနှုတ်ဆက်လိုက်၊ နေကောင်းရဲ့လား။ မင်းဒီမှာနေရတာ ပျော်ရဲ့လား၊ မေးကြည့်လိုက်ပေါ့ဗျာ။ ကိုယ့်အပေါင်းအသင်းတွေပဲဥစ္စာ မယုံတဲ့လူက မပြောရဲပါဘူးနော်၊ ဟုတ်လား။ မယုံရင်နေ seeing is a believe မြင်ရတဲ့အခါကြတော့ ယုံမှာပဲ။

            အဲဒီတော့ နိယတမိစ္ဆာဒိဋ္ဌိသည် အနန္တရိယကံကြီးငါးပါးထက်ပို ပြီးတော့ ဘာဖြစ်လဲ၊ ငရဲသက်ပိုရှည်တယ်တဲ့၊ အဲဒီကြောက်စရာအကောင်းဆုံးက အဲဒါ မိစ္ဆာဒိဋ္ဌိပဲ၊ ဒီတော့ မြတ်စွာဘုရားရှင်တော်မြတ်ရဲ့ ရှေ့မှောက်မှာ အခုအဇာတသတ်က သူရောက်ခဲ့တဲ့ တိတ္ထိဆရာကြီးခြောက်ယောက်နဲ့ နာခဲ့ရတဲ့ဝါဒခြောက်ပုဒ် ဘုရားကိုအကုန်လျှောက်တယ်။
            မြတ်စွာဘုရားကိုယ်တော်မြတ်ကိုလည်းပဲ အဲဒီ သန္ဒိဋ္ဌိက သာမညဖလဆိုတာ ဘာများလဲဆိုတာကို သူမေးတယ်၊ ဒီတော့မြတ်စွာဘုရားက ဖြေပြတယ်၊ ဒကာတော်မင်းကြီး သင့်နန်းတော်မှာသင့်ရဲ့ အစေအပါးမင်းမှုထမ်း တစ်ယောက်ရှိတယ်ဆိုပါစို့၊ ရှိပေါ့ဘုရား တစ်ယောက်ဘယ်ကမလဲ၊ မရေ မတွက်နိုင်မြောက်များစွာရှိပါတယ်၊ အနိမ့်ဆုံး မင်းမှုထမ်းသင့်ရဲ့ဖိနပ်ကိုသန့်ရှင်းအောင်လုပ်ရတယ်၊ အိမ်သာသန့်ရှင်းအောင်လုပ်ရတယ်၊ တံမြက်လှည်းရတယ်၊ အဲဒီလိုအောက်ဆုံးက သင့်ရဲ့အစေအပါးဝန်ထမ်းအလုပ်သမား တစ်ယောက်ကို သင်က ခွင့်ပြုလိုက်လို့ မင်းမှုထမ်းအဖြစ်ကနေ ထွက်ပြီးတော့ ငါ့ဘုရားသာသနာမှာ ရဟန်းဝတ်သွားတယ်ဆိုရင် အဲဒီမင်းမှုထမ်းဘဝက ထွက်လာခဲ့တဲ့ ရဟန်းနဲ့ အသင်းမင်းတရားတို့ တွေ့ကြုံတဲ့အခါ သင်၏ရွှေနန်းတော်က ထိုမင်းမှုထမ်းဘဝမှ ပြောင်းလာသော ရဟန်းက သင့်ကိုရှိခိုး ရမလား၊ သင်ကထိုရဟန်းကိုရှိခိုးရမလား၊ မင်းကြီးအဲဒါပြောပါ။

            ပရိသတ်ရေအဖြေကသိပ်ရှင်းသွားပြီ၊ ရှင်ဘုရင်လက်အောက်မှာ အမှုထမ်းတုန်းကတော့ နေ့ရှိသရွေ့ ဘုရင်မျက်နှာမော့ကြည့်ပြီးတော့ရှိခိုးရတယ်နော်။
            မှန်ပါ့ဘုရား။
            ရဟန်းဝတ်သွားပြီလည်းဆိုရော အဲဒီရဟန်းက ဒီဘုရင်ကိုပြန်ရှိခိုး ဖို့ လိုသေးသလား။
            မလိုတော့ပါဘုရား။

            ဒါဟာ သန္ဒိဋ္ဌိက သာမညဖလဆိုတာ အဲဒီကစတယ်၊ မျက်မှောက် ရဟန်းဘဝရတဲ့အကျိုးကျေးဇူးက အဲဒါပဲ၊ အဲဒီကစတာ ရဟန်းဘဝရောက်ပြီဆိုကတည်း ကိုက မင်းမှုထမ်းအဖြစ်ကလည်း လွတ်မြောက်တယ်၊ ကျေးကျွန် အဖြစ်ကလည်း လွတ်မြောက်တယ်။ အဲဒီလိုလွတ်မြောက်လာပြီးတော့ သူတစ်ပါးရဲ့အခစား အစေအပါးအဖြစ်မျိုးက သန့်ရှင်းစင်၍ လွတ်မြောက်တဲ့ ပုဂ္ဂိုလ်သည် သြော် သူ့ထက်သိက္ခာကြီးသော ရဟန်းများကလွဲရင် ဘယ်လို လူမျိုးကို မဆို သူသည်အရိုအသေပေးဖို့ ရှိခိုးဖို့မလိုတော့ဘူး။ အသင်မင်းကြီးကပဲ ထိုရဟန်းကို ရှိခိုးရမယ်၊ ခရီးဦးကြိုရမယ်၊ နေရာထိုင်ခင်းပေးရမယ်၊ ဆွမ်း သင်္ကန်း ကျောင်း ဆေး လေးပါးသောပစ္စည်းကိုထောက် အသင် မင်းကြီးကပဲ စောင့်ရှောက်ရမယ်၊ ဒကာတော်မင်းကြီး မှန်ရဲ့လား။
            မှန်ပါတယ်ဘုရား။

            ဒကာတော်မင်းကြီး ဧတဒေဝ - အဲဒါသည်ပင်လျှင်။ သန္ဒိဋ္ဌိကံ သာမညဖလံ၊ ဧတဒေဝ - ထိုကဲ့သို မင်းမှုထမ်းဘဝကဖြစ်လာတဲ့ ရဟန်းက မင်းကိုပြန်၍ရှိမခိုးပါပဲနဲ့ မင်းကသာလျှင် ထိုရဟန်းကို ရှိခိုးရခြင်း၊ လက်  အုပ်ချီရခြင်း အရိုအသေပြုရခြင်း ပစ္စည်းလေးပါးထောက် စောင့်ရှောက် တရားနဲ့လျော်ညီတဲ့ အစောင့်အရှောက် လုံခြုံမှုပေးရခြင်းဆိုတဲ့ဒီအခွင့်အရေးဟာ။ သန္ဒိဋ္ဌိကံ - မျက်မှောက်ထင်ထင်တိုင်ရနိုင်တဲ့။ သာမညဖလံ - ရဟန်းပြုခြင်းရဲ့အကျိုးကျေးဇူးပါပဲရယ်လို့။ ပဌမံ - ရှေးဦးစွာ။ ဘဂဝါ - ဘုရားရှင်ကိုယ်တော်မြတ်က။ ဗျာကရောသိ - ကောင်းစွာမသွေ  ဖြေကြားတော်မူခဲ့ပါပေသတည်း။
            သာဓု သာဓု သာဓုပါဘုရား။

ကုမုဒြာတွေပွင့်တဲ့ည အပိုင်း (၆)

၂ ခုမြောက် ရဟန်းပြုရကျိုး
            မြတ်စွာဘုရား ထိုထက်အဆင့်မြင့်သော ရဟန်းပြုခြင်းရဲ့အကျိုး ကျေးဇူးကို မိန့်ကြားတော်မူပါအုံး ဆိုတော့ ပရိသတ်ရေ အလွန်ရှည်လျားစွာသော သုတ္တန်ကြီးကို ဘုန်းကြီးတို့ သုံးလုံးထဲနဲ့ခြုံပြောမယ်။ အဲဒီသုတ္တန် ကြီးတစ်ခုလုံးကို ဘာအဓိပ္ပါယ်မှမပြောဘဲနဲ့ ပါဠိရှိသလောက်ပါဠိကြည့် အရှိအတိုင်းမှန်မှန်လေး ရွတ်ဖတ်သွားရင် နှစ်နာရီပိုပိုလေးရွတ်ရမယ်၊ ပါဠိချည်းလျှောက်ရွတ်၊ ဘာမှမပြောနဲ့ အဓိပ္ပါယ်ပါပြောမယ်ဆိုရင် (၁ဝ) ရက် (၁၅) ရက်ပြောရမယ်။
            ခု ဘုန်းကြီးက သုံးလုံးထည်းနဲ့ဟုတ်လား၊ (၅)မိနစ်လောက်အတွင်း ပြီးအောင်ပြောမယ်၊ ဘာလဲဆိုတော့ နောက်ရလာတဲ့အကျိုးကျေးဇူးက သီလ ရယ် သမာဓိရယ် ပညာရယ်၊ ခုနက မြတ်စွာဘုရား ပထမစစချင်းပြောလိုက် တာက သီလ သမာဓိ ပညာ မပါသေးဘူး၊ ရဟန်းပြုရုံလေးပြုထားတဲ့ပုဂ္ဂိုလ် သီလ သမာဓိ ပညာကိုပရိသတ်ရေ ဘုရားကထည့်မပြောသေးဘူး၊ ဒီလောက်ပဲ ရဟန်းပြုရုံမျှပြုထားတာကိုပဲ ဘုရင်ကို သူရှိခိုးဖို့ မလိုတော့ဘူး၊ ဘုရင်ကပဲ ထိုရဟန်းကို ရှိခိုးရမယ်တဲ့ ဒီလိုဖြစ်သွားတယ်၊ ဘုရင်ကြီးကို သူက ထောက်ပံ့စရာမလိုတော့ဘူး၊ ဘုရင်ကပဲ သူ့အလုပ်သမားရဟန်းကို သူက ထောက်ပံ့ရမယ်။ အဲဒီလိုလေး ကွာသွားတယ်၊ အခုတက်လာရတဲ့ ပရိသတ်ရေ သီလအကျင့် ဘာအကျင့်လဲ။ သီလအကျင့်ပါဘုရား။

            ဒီကနေ့ ဘုန်းကြီးတို့ပရိသတ် သီလဆိုတာ ဘာလဲလို့ဆိုလို့ရှိရင် ဒီလိုလေးမှတ်ထား၊ ကိုယ်အမူအရာကို ထိန်းသိမ်းသောစည်းကမ်း၊ နှုတ်အမူအရာကို ထိန်းသိမ်းသောစည်းကမ်း၊ အသက်မွေးလုပ်ငန်းကို သန့်ရှင်းအောင် ထိန်းသိမ်းသောစည်းကမ်း၊ ဒီသုံးခုပဲ။
            (၁) က ဘာထိန်းသိမ်းသလဲ။
            ကိုယ်အမူအရာကို ထိန်းသိမ်းသောစည်းကမ်းပါဘုရား။
            BODILY DISCIPLINE TO CONTROL THE BODILY ACTION NOT THE COMMIT ANY EVIL. မကောင်းမှုမှန်သမျှ ဘာမှမလုပ်နဲ့ မလွန်ကျူးမိအောင် ထိန်းထားတဲ့စည်းကမ်း၊ ပါဏာတိပါတာ ဝေရမဏိ စသည်က ဒါ စည်းကမ်း။ နောက်ပါးစပ်ကို ထိန်းသိမ်းတဲ့စည်းကမ်း မုသာဝါဒါဝေရမဏိ၊ ပိသုဏဝါစာဝေရမဏိ ဒါတွေမဟုတ်လား။ မှန်ပါဘုရား။

            အေးနောက်တစ်ခါ သက်မွေးမှုလုပ်ငန်းကို ထိန်းသိမ်းပေးတဲ့ စည်းကမ်း (၁) အဆိပ်ရောင်းဝယ်ပြီးတော့ အသက်မမွေးနဲ့။
            (၂) လက်နက်နဲ့အသက်မမွေးနဲ့။
            (၃) အသားစားသတ္တဝါတွေနဲ့ အသက်မမွေးနဲ့
            (၄) ပြည့်တန်ဆာလုပ်ဖို့ အမျိုးသမီးတွေ ရောင်းဝယ်ပြီးတော့ အသက်မမွေးနဲ့၊ ကျေးကျွန်လုပ်ဖို့ ယောက်ျား မိန်းမအရောင်းအဝယ် မလုပ်နဲ့ ဒါမျိုးတွေ။
            (၅) ယစ်မူးစေတတ်တဲ့ ပစ္စည်းတွေရောင်းဝယ်လို့အသက်မမွေးနဲ့။ အဲဒါတွေက သက်မွေးလုပ်ငန်းရဲ့စည်းကမ်းချက် အခြေခံငါးခုနော်။ အကျယ် တဝင့်တော့ရှိပါတယ်။ ဒီသုတ္တန်မှာ အကျယ်ဟောတယ်။
            (၁)        ကိုယ်ကိုထိန်းတဲ့စည်းကမ်း။
            (၂)        နှုတ်ကိုထိန်းတဲ့စည်းကမ်း။
            (၃)        အသက်မွေးလုပ်ငန်းကိုထိန်းတဲ့စည်းကမ်း။
            အဲဒီ discipline လို့ခေါ်တဲ့စည်းကမ်းမှန်သမျှက ဒါသီလ၊ အဲဒီလိုစည်းကမ်းကောင်းတဲ့ပုဂ္ဂိုလ်ဟာ ပရိသတ်ရေ သူ့မှာ ကာယကံလွန်ကျူးတဲ့အပြစ်၊ ဝစီကံလွန်ကျူးတဲ့အပြစ် သူ့မှာ ရှိသေးလား။
            မရှိတော့ပါဘုရား။

            စည်းကမ်းတကျ နေတဲ့ပုဂ္ဂိုလ်ဟာ အပြစ်ကင်းတယ်၊ ဘာဖြစ်လဲ။
            အပြစ်ကင်းပါတယ်ဘုရား။
            အပြစ်ကင်းတာကို ပါဠိလိုပြောရင် ''အနဝဇ္ဇ'' ပြောပါ။
            ''အနဝဇ္ဇပါဘုရား''။

အရသာဆိုတာ
            စည်းပွား ဥစ္စာ ရာထူး အာဏာ တောင်လိုမောက်၍နေစေကာမူ ရထားတဲ့ထိုစီးပွား ဥစ္စာ ရာထူး အာဏာတွေဟာ နောက်က လွန်ကျူးထားတဲ့ အပြစ်တွေက တစ်ပုံကြီးနဲ့ဆိုလို့ရှိရင် အဲဒီပုဂ္ဂိုလ်ရဲ့စီးပွား ဥစ္စာ ရာထူး အာဏာကိုခံစားနေရတာဟာ အရသာမရှိဘူး။ ပရိသတ်ရေ ဘာကပိုပြီးတော့ အရသာရှိသလဲ။ အပြစ်ကင်းတဲ့ဘဝဟာ အရသာပိုရှိတယ်။ ဘာလဲ။             အပြစ်ကင်းတဲ့ဘဝ အရသာပိုရှိပါတယ်ဘုရား။  
            စားစရာမရှိလို့ ထမင်းရည်ဆားခတ်ပြီးတော့ သောက်နေရစေကာမူ အဲဒီထမင်းရည်ထဲမှာ ဘာအပြစ်မှမပါဘူးဆိုရင် ဒါအရသာထွက် တယ်။
            မှန်ပါဘုရား။
            အဲဒီချမ်းသာမျိုးကိုခေါ်ရင် မှတ်ထား ''အနဝဇ္ဇသုခ'' ဘာသုခလဲ။
            အနဝဇ္ဇသုခပါဘုရား။
             အပြစ်ကင်းသောချမ်းသာ၊ ဘယ်ကရသလဲ သီလကရတယ်၊ ဒကာတော်မင်းကြီး သီလကိုစောင့်ရှောက်တဲ့ပုဂ္ဂိုလ်ဟာ အပြစ်ကင်းတဲ့ချမ်းသာကိုရတယ်။ နားလည်နိုင်ဖို့ရန် ဒါ တစ်ချို့လူတွေအတွက် ခက်လိမ့်မယ်။ အပြစ်ကင်းလို့ရှိရင် ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ချနေတဲ့ဥစ္စာလေးကိုက ဒါ အရသာရှိတယ်။
            ပရိသတ်ရေ ဘယ်အထဲဝင်သွားသွား ဘာအပြစ်မှမရှိရင် ဘာမှ ပူစရာမလိုဘူး။ အေး ဘယ်အကြောင်းကြောင့်မှ နှလုံးစိတ်ဝမ်း မအေးချမ်းဘဲနဲ့ နောက်ကြောင်းကိုပြန်တွေးပြီးတော့ ကုက္ကုစ္စဆိုတဲ့ပူပန်မှုဖြစ်စရာ ဘာမှ မရှိရင် ဒါချမ်းသာတယ်၊ အဲဒါကို အားလုံး ''အနဝဇ္ဇသုခ'' ပြောကြည့်ပါ။
            အနဝဇ္ဇသုခပါဘုရား။

            ဒကာတော်မင်းကြီး သီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ရဲ့ချမ်းသာခြင်းသည် အနဝဇ္ဇသုခဆိုတာ အပြစ်ကင်းတဲ့ ချမ်းသာကိုရတယ်၊ အဲဒါဟာ ဒုတိယံ သန္ဒိဋ္ဌိကံ သာမညဖလံ ရဟန်းပြုခြင်းကြောင့်ရလာတဲ့ ဒုတိယအကျိုးက တော့ အနဝဇ္ဇသုခပါပဲ။ ဘာကိုကျင့်လို့ရတယ်။
            သီလကိုကျင့်လို့ရပါတယ်ဘုရား။
            သီလကိုကျင့်သုံးခြင်းကြောင့် ပရိသတ်ရေ ဘာသုခရနိုင်သလဲ။
            အနဝဇ္ဇသုခပါဘုရား။

            ဟာ သေပြီးသည်မှနောက်ဘဝအသက်ရှင်တယ်၊ အနာကင်းတယ်၊ ကျန်းမာတယ်၊ စီးပွားတက်တယ်၊ အဲဒါတွေတော်တော်ဝေးသေးတယ်၊ အခု ဒီဘဝမှာ မသေခင်ရနေတာက အနဝဇ္ဇသုခ၊ သူ့အတွက်အနှောက်အယှက် ဘာမှမရှိတော့ဘူး။
            ဒကာတော်မင်းကြီး အဲဒီသုခမျိုးကိုရချင်လျှင် သီလကိုဆောက်တည်၊ ရဟန်းဘဝ ဒီချမ်းသာရတယ်ကွယ့်။ ထို့ထက်လွန်သော သန္ဒိဋ္ဌိက သာမညဖလ ဘာရှိသေးလဲ မြတ်စွာဘုရားမိန့်တော်မူပါ။

ဒုတိယ ကျင့်စဉ် (သို့) သမာဓိ
            ဒကာတော်မင်းကြီး ဒုတိယကျင့်စဉ်က သမာဓိ(သို့မဟုတ်) သမထ ပရိသတ်ကြီး ဒုတိယကျင့်စဉ်ကဘာလဲ။
            သမာဓိပါဘုရား။
            သမာဓိဆိုတာ ဘာလဲလို့မေးရင် ပရိသတ်ရေ စိတ်၏စည်းကမ်း လို့မှတ်ကြပါ၊ ဘာများလဲ။
            စိတ်၏စည်းကမ်းပါဘုရား။
            MENTAL DISCIPLINE စိတ်ကိုစည်းကမ်းတကျထိန်းနိုင်တဲ့ ပုဂ္ဂိုလ်ချမ်းသာတယ်၊ ခုနကတော့ ကိုယ်နဲ့နှုတ်ကိုထိန်းတာက သီလ၊ ကိုယ်နဲ့နှုတ်ကို ထိန်းတော့ ကာယကံလည်း အပြစ်ကင်းတယ်၊ ဝစီကံလည်းအပြစ် ကင်းတယ်၊ အနဝဇ္ဇသုခရတယ်တဲ့။ ဒါပေမဲ့ စိတ်ကို မထိန်းနိုင်တော့ စိတ်ချည်ပဲသတ်နေ၊ စိတ်နဲ့ချည်း  လွန်ကျူးနေတာတွေ ဖြစ်နိုင်တယ်၊ စိတ်ထဲက အကြိမ်ကြိမ်ပရိသတ်ရေ ဟိုလူဒီလူကို သတ်ဖူးတဲ့လူတွေ ကိုယ့်ဟာကိုယ် ပြန်တွေးကြည့်ရှိရင်ရှိမှာ။
            ဟာ လှလှပပလေး အမျိုးသားလေးတစ်ယောက်တွေ့လိုက်ရင် အမျိုး သမီးကလည်း စိတ်နဲ့ အမျိုးသမီးလှလှလေးတွေ့လိုက်ရင် အမျိုးသားတွေကလည်း စိတ်နဲ့နော်၊ ကာမေသုမိစ္ဆာစာရ ဖြစ်ချင်ဖြစ်နိုင်တယ်၊ ဟုတ်လား။
            မှန်ပါ့ဘုရား။

            အဲဒီတော့ မျောက်လိုဖြစ်နေတဲ့စိတ်၊ ပရမ်းပတာ ဟိုအပင်ခုန် ဒီ အပင်ခုန် မျောက်လေး၊ နှာခေါင်းကြိုးမရှိတဲ့ နွားလိုဖြစ်နေတဲ့စိတ်၊ ဟိုခြံ ဒီ  ခြံအကုန်စား၊ ဟိုအပြေးမြန်တဲ့ မြင်းလိုဖြစ်နေတဲ့စိတ်၊ ရွာလယ်ခေါင်ရောက် လာတဲ့တောသမင်လို ချောက်ချားနေတဲ့စိတ်၊ အဲဒီစိတ်ကို ဘာနဲ့ထိန်းလဲ ဆိုတော့ သမထနဲ့ထိန်းတယ်။ ဘာနဲ့ထိန်းသလဲ။
            သမထနဲ့ထိန်းပါတယ်ဘုရား။
            ဝီရိယနဲ့သတိ စိတ်ကို ထိန်းလို့ ဒီစိတ်က တစ်နေရာတည်းမှာမြဲလို့ ငြိမ်သွားပြီဆိုတော့မှ သမာဓိကဝင်လာတယ်၊ အဲဒါကို သမာဓိကိုခေါ်တာ စိတ်၏ စည်းကမ်းတဲ့၊ ဘာလဲ။
            စိတ်၏စည်းကမ်းပါဘုရား။
            MENTAL DISCIPLINE အဲဒီတော့ တစ်ခုတည်းသောအာ ရုံပေါ်မှာ ဝီရိယ သတိ သမာဓိနဲ့ ထိန်းထားတဲ့အတွက်ကြောင့် စိတ်သည် ငြိမ်နေပြီဆိုရင် အဲ ခေတ်လိုပြောရရင် ဒီပုဂ္ဂိုလ်စိတ်မများတော့ဘူးပေါ့၊ ဘာဖြစ်သလဲ။ စိတ်မများတော့ပါဘုရား။

စိတ္တ၀ိဝေကသုခ

            တစ်အာရုံထဲမှာ တစ်စိတ်ထဲမှာနေတယ်၊ အာရုံအားလုံးလည်းဆိတ် ငြိမ်သွားတယ်၊ စိတ်တွေလည်း တခြားမလိုအပ်တဲ့ စိတ်တွေလည်း ကင်းဆိတ်သွားတယ်၊ အဲ မလိုအပ်သော အာရုံတွေနဲ့မလိုအပ်တဲ့ စိတ်တွေကင်းပြီးတော့ တစ်အာရုံထဲ တစ်စိတ်ထဲနေတာကို စိတ္တဝိဝေကခေါ်တယ်၊ ခေါ်ကြည့်ပါ။
            စိတ္တဝိဝေကပါဘုရား။ MENTAL SECLUSION အာရုံတွေ့ကင်းပြီးတော့ ငြိမ်ပြီး တစ်စိတ်တည်းဖြစ်တယ်။ အဲဒီလိုတစ်စိတ်တည်း တစ်အာရုံတည်းနေတဲ့ ချမ်းသာကိုခေါ်ရင် ဝိဝေကသုခ၊ ဘာသုခလဲ။
            ဝိဝေကသုခပါဘုရား။

            ဟိုနတ်ပြည်ခြောက်ထပ်က နတ်စည်းစိမ်တက်ခံစားရတဲ့ချမ်းသာနဲ့ အဲဒီအာရုံတို့မှာ ကင်းနေပြီးတော့ တစ်စိတ်တည်း တစ်အာရုံတည်းနေတဲ့ချမ်းသာ ယှဉ်ကြည့်ရင် တစ်စိတ်ထဲ တစ်အာရုံထဲချမ်းသာက ပိုပြီးတော့ မြိန်ယှက်ဖွယ်ကောင်းတယ်တဲ့၊ ဒါကို ဝိဝေကသုခ ခေါ်ပါတယ်။
            ဒကာတော်မင်းကြီး သမထ (သို့မဟုတ်) သမာဓိကျင့်သဖြင့် အာရုံငါးပါးဆိတ်သွားတဲ့ အတွက်ကြောင့်မို့လို့ တစ်အာရုံထဲ တစ်စိတ်ထဲနေတဲ့ ပုဂ္ဂိုလ်ရဲ့ချမ်းသာ ဝိဝေကသုခသည်၊ ပရိသတ်ကြီး ဘာသုခ။
            ဝိဝေကသုခပါဘုရား။
            အဲဒီ ဝိဝေကဇံ ပီတိသုခံ - ဝိဝေကကြောင့်ဖြစ်လာတဲ့ ဒီချမ်းသာခြင်းဟာ ငြိမ်းချမ်းခြင်းဟာ။ ဒုတိယံ - နှစ်ခုမြောက်သော။ သန္ဒိဋ္ဌိကံ သာမညဖလံ - ရဟန်းဘဝမှလက်တွေ့ မျက်မှောက်ကိုယ်တိုင်ရနိုင်တဲ့အကျိုးတရားပါပဲလို့။ သတ္ထာ - နတ်လူတို့ဆရာဘုရားရှင်သည်။ ဗျာကရောသိ - ကောင်းစွာမသွေ ဖြေကြားတော်မူလိုက်ပါပေသတည်း။
            သာဓု သာဓု သာဓုပါဘုရား။

            ပရိသတ်ရေ မမေ့စေနဲ့ သီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဘာသုခရလဲ။
            အနဝဇ္ဇသုခရပါတယ်ဘုရား။
            သမာဓိပြည့်စုံတဲ့ပုဂ္ဂိုလ်ဘာချမ်းသာရလဲ။
            ဝိဝေကသုခပါဘုရား။
            ဝိဝေကသုခ မျက်မှောက်ထင်ထင်ရနိုင်တာ၊ သေပြီးတဲ့အထိစောင့် စရာမလိုဘူးတဲ့။ NO DEED TO WAIT AFTER DEAD, EVERY BODY CAN ATTAIN DISABUSE IN THIS EVERY LIFE. မျက် မှောက်ဘဝမှာ ဒါမျိုးကိုရတယ်၊ သီလ သမာဓိ မြတ်စွာဘုရား ထို့ထက်ပို သော သန္ဒိဋ္ဌိက သာမညဖလ ရှိပါသေးသလား။
            ရှိတယ် ဒကာတော်မင်းကြီး။
            ဘုန်းကြီးက သမာဓိတစ်လုံးတည်းပြောတယ်၊ ပထမဈာန်သမာဓိ၊ ဒုတိယဈာန်သမာဓိ၊ တတိယဈာန်သမာဓိ၊ စတုတ္ထဈာန်သမာဓိ ဈာန်လေး ပါးကို အဆင့်ဆင့်ပြောတယ်။ ပြီးတော့မှ ဘာပြောလဲဆိုတော့ လောကီ အဘိညာဉ်ငါးပါး ဘုရားက ဒီလောက်အသေးစိတ်ပြောတယ်၊ ဘုန်းကြီးတို့ ပရိသတ်ကလည်း ဒီလောက်အသေးစိတ်စရာမလိုဘူး။

အပိုင်း (၇)ဆက်ပါဦးမည်။

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။
သီတဂူစတား
၂၄-၄-၂၀၁၁

18 April 2011

စောမယကောလိပ် (Somaiya College)




စာမိတ်ဆက်
ရောက်လေရာရာမှာ မှတ်စုမှတ်တမ်းရေးလေ့ရှိသည်။ ပူနေးတက္ကသိုလ် အမ်အေတန်း တက်စဉ်ကလဲ ပူနေးတက္ကသိုလ်အကြောင်း များစွာရေးခဲ့သည်။ တက္ကသိုလ်များ စိတ်ဝင်စားသူတွေအတွက် အကျိုးများသလို မိမိအတွက်လည်း မှတ်တမ်းတစ်ခု ကျန်ခဲ့သည်။ ယခု စာရေးသူ ရောက်နေသော ကောလိပ်တစ်ခုအကြောင်း မိတ်ဆက်လိုပါသည်။ အွန်လိုင်းက တက္ကသိုလ်အကြောင်းတွေ စိတ်ဝင်စားနေသော မိတ်ဆွေများကလဲ အရှင်ဘုရားရောက်နေတဲ့ တက္ကသိုလ်အကြောင်းကို မိတ်ဆက်ပေးပါဦးဟု တောင်းဆိုလာပါသည်။ ထို့ကြောင့် သိသလောက် မှတ်သလောက်လေးပဲ တင်ပြလိုပါသည်။ လိုအပ်တာများရှိက ဖြည့်ဖတ်ပေးစေလိုပါသည်။
Management ဌာန

စောမယကောလိပ်နှင့် နာမည်ကျော်များ
သူကတော့ K.J Somaiya College အကြောင်းပဲ ဖြစ်သည်။ ဤကောလိပ်သည် အိန္ဒိယနိုင်ငံတွင် နာမည်ရ Institute တစ်ခုဖြစ်သည်။ ပုဂ္ဂလိကပိုင် ကောလိပ်ဖြစ်သည်။ အိန္ဒိယလို မဟာဒီမိုကရေစီနိုင်ငံများမှာ ပုဂ္ဂလိက ပညာရေးစင်တာများ အပြိုင်အဆိုင် ဖွင့်လျက်ရှိသည်။ အမေရိကန်နိုင်ငံတွင် ကမ္ဘာကျော်တက္ကသိုလ်ကြီးများစွာထဲက ဟားဗတ်တက္ကသိုလ်ဆိုရင် လူတိုင်းသိမည် ထင်သည်။ အထူးသဖြင့် ဥပဒေဘွဲ့မှာ ပိုနာမည်ရသည်ဟု ထင်ပါသည်။ John Harvard ဆိုသည့် Charlestown ၏ လူငယ်ဝန်ကြီးသည် 1638 ခုနှစ် သူသေပြိးနောက် သူ၏စာကြည့်တိုက်နှင့် ထို ရုံးကြီးကို ကောလိပ်အဖြစ် လှူဒါန်းခဲ့သည်။ ထိုကျေးဇူးရှင်နာမည်ကိုစွဲ၍ Harvard University ဟု ယနေ့ ကမ္ဘာ့စာမျက်နှာတွင် ထိပ်ဆုံးက ရှိနေသည်။ အလားတူ အမေရိကန်နိုင်ငံရှိ Vanderbillt တက္ကသိုလ်ကြီးသည်လည်း ကမ္ဘာကျော်တက္ကသိုလ်ကြီးတစ်ခုဖြစ်သည်။ 1873 နှစ်က ရေတပ်ဗိုလ်မှူးချုပ်ကြီး Vanderbilt သည် အမေရိကန်ဒေါ်လာ သိန်း တစ်ထောင် (၁၀၀၀) တက္ကသိုလ်တည်ထောင်ရန် လှူဒါန်းခဲ့သည်။ မူလက အကျယ်ဝန်းမှာ ၇၅ ဧကသာရှိပြီး နောက်ပိုင်းတိုးချဲ့လာရာ ၁၉၆၀ ခုနှစ်မျာတော့ ဧက ၂၆၀ အထိ ရှိလာသည်။ ထိုကျေးဇူးရှင်၏အမည်ကို အစွဲပြု၍ Vandebilt University ဟု ကမ္ဘာကျော် ပုဂ္ဂလိကတက္ကသိုလ်ကြီး တစ်ခု ဖြစ်လာသည်။
စောမယ (K.J somaiya) ဟု အမည်တွင်
အလားတူ ဤစောမယကောလိပ်သည်လည်း တည်ထောင်သူ Shri K.J. Somaiya အမည်ကို စွဲ၍ K.J Somaiya College ဟု အမည်တွင်သည်။ ထို ကောလိပ်ကို 1959 ခုနှစ် နောက်ပိုင်း Shri K.J. Somaiya (1902-1999) ကတည်ထောင်ခဲ့သည်။ သူသည် စီးပွားရေးလောကမှာ ထိပ်တန်းရောက်ခဲ့သည်၊ နောက်ပိုင်း လူမှုအကျိုးပြုလုပ်ငန်းတွေအတွက် ထက်သန်သောဆန္ဒကြောင့် အလွန်များပြားလှတဲ့ မြေဧကကို ၀ယ်လိုက်သည်။ သူသည် 1959 ခုနှစ်မှာ SOMAIYA VIDYAVIHAR (စောမယ ၀ိဇ္ဇာ ၀ိဟာရ) ဟု အမည်တင်လိုက်သည်။ ၀ိဇ္ဇာ-အတက်ပညာများကို သင်ယူရာ၊ ၀ိဟာရ- နေရာဟု အဓိပ္ပါယ်ရသည်။ စောမယကောလိပ်ဟုလည်း ခေါ်ကြသည်။ KJ Somaiya College of Arts & Commerce ကို ပထမဦးဆုံး ဇွန်လ ၂၁ရက် ၁၉၆၀ ခုနှစ်မှာ စတင်ဖွင့်လှစ်အောင်မြင်ခဲ့သည်။  

Commerce ဌာန

In just five decades it has grown into a large educational complex with 34 institutions catering to diverse fields of education such as Humanities, Engineering, Education, Medicine, Management, Pure Sciences and Mass Communication, with more than 27000 students and 1700 teaching faculty on a throbbing 65 acre campus!
ထိုကောလိပ်တွင် အဓိကအားဖြင့် k.j.somaiya polytechnic, Management, Engineering, Commerce, Medicine, ဘာသာရပ်များနှင့်စပ်လျှင်းပြီး နာမည်ရကောလိပ်ဖြစ်သည်။ 65 acre ကျယ်ဝန်းသော campus ထဲမှာ ကျောင်းသားဦးရေ 27000၊ ဆရာ 1700 နှင့် ဌာနပေါင်း 34 institutions တို့ဖြင့် စည်ကားလျက်ရှိသည်ဟု ဆိုသည်။ K.J Somaiya College များသည် campus ကွဲပြားနေတာလဲ ရှိသည်။ မြန်မာ ရဟန်းတော်များ တက်ရောက်သော ဌာန နှစ်ခုသည်ကား Management, Engineering, Commerce ဌာနတို့နှင့်အတူ Vidyavihar တွင် ရှိသည်။ Somaiya College Vidyavihar ဟု ပြော၍လာရပါသည်။
Engineering ဌာန

မြန်မာရဟန်းတော်များ
စာရေးသူတို့ ၀ိဇ္ဇာဘွဲ့များကိုကား ဤကောလိပ်မှ အထူးမပေး၊ တခြားတက္ကသိုလ်များမှ Branch အနေနဲ့ လာရောက်ဖွင့်သည်။ အထူးသဖြင့် မြန်မာရဟန်းတော်များ အားလုံးသည် အိန္ဒိယနှင့် သီရိလင်္ကာနိုင်ငံများမှ အမ်အေ M.A ပြီး ကျောင်းသားများသာ ဖြစ်ကြသည့်အတွက် ဒေါက်တာဘွဲ့ Ph.D အတွက် စာတမ်းပြုစုရန် ရောက်လာကြသူများ ဖြစ်ကြသည်။ မြန်မာကျောင်းသားများသည် Sanskrit Nargapur University က လာရောက်ဖွင့်လှစ်သော ဆန်စကရစ်ဌာန စောမယကောလိပ်နှင့် ဘုံဘေတက္ကသိုလ် ပင်မက လာရောက်ဖွင့်လှစ်သော ပါဠိဌာန (Buddhist study) များကိုသာ စာတမ်းတင်သွင်းကြသည်။ ထိုကျောင်းသားများသည် အမ်အေတန်းတက်စဉ်က ဘာသာရပ် ဌာန၊ တက္ကသိုလ် မတူညီကြပေမဲ့ နောက်ဆုံး Ph.D စာတမ်းအတွက်ကိုတော့ ထိုနှစ်ခု တစ်ခုခုကိုသာ အများစု ရွေးခြယ်ကြသည်။ စာရေးသူသည်ပင် ပူနေးတက္ကသိုလ် ဒဿနိကဗေဒ (Philosophy) ဌာနမှ Master ပြီးခဲ့သည်၊ အချို့လဲ ဘာသာဗေဒ (Linguistic) ဌာနမှ Master ပြီးသည်၊ အချို့လဲ ဗုဒ္ဓစာပေနဲ့ ပြီးခဲ့ကြသည်။ ထိုစောမယကောလိပ် Sanskrit ဌာနနှင့် Buddhist study ဌာနတို့၌ M.A တန်း တက်ရောက်နေသော မြန်မာကျောင်းသားများကိုတော့ မတွေ့ရ၊ အိန္ဒိယကျောင်းသားများသည်ပင် ဒီပလိုမာတန်းတွေ တက်ရောက် သင်ယူနေတာကိုတော့ တွေ့ရသည်။
မှတ်ချက်။ ။ တက္ကသိုလ်ဝက်ဘဆိုက်ကို ကိုးကားသည်။
ဆရာအခက်အခဲ
မတူညီသော ဘာသာရပ်များမှ အမ်အေပြီးသော ကျောင်းသားများသည် Ph.D အတွက် supervisor အလုအရက် ရှာရသည့်အချိန်ဖြစ်သဖြင့် ရရာ ဌာန ရရာ ဆရာကိုအမိရဖန်းကြရသည်။ ဘယ်ဌာနက ကောင်းတယ်၊ ဘယ်ဆရာက ကောင်းတယ်စသည့် ရွေးချယ်ဖို့ကိုပင် အချိန်မရခဲ့။ အိန္ဒိယတက္ကသိုလ်တစ်ခုခုတွင် M.A ပြီးသောကျောင်းသားတစ်ယောက်သည် Ph.D ကျောင်းသားဖြစ်ဖို့ ဆရာရှာချိန်၊ ဌာန ရှာချိန်၊ တက္ကသိုလ်ရွေးချိန် သိပ်မရတော့ပေ၊ သူ၏ဗီဇာသည် ၂ နှစ်စာမျှသာဖြစ်သောကြောင့် ဖြစ်သည်။ အကယ်၍ ပိုက်ဆံ အကုန်အကျခံနိုင်ပါက stay ရှောင်ရန် သီရိလင်္ကာ သို့မဟုတ် အခြားနိုင်ငံ သို့မဟုတ် မြန်မာပြည်ပြန်ပြီးမှ ဗီဇာအသစ်ဖြင့်လာပါက အချိန်များစွာ ရသဖြင့် စိတ်ကြိုက်ဆရာ ဌာန၊ တက္ကသိုလ်များ ရွေးချယ်ချိန် ရနိုင်ပါသေးသည်။ အချို့လဲ အဲဒီနည်းဖြင့် Ph.D ကျောင်းသားဖြစ်အောင် ကြိုးစားပြီးမှ ကိုယ့်ပြည်ကို ပြန်ကြသည်။ သို့သော်လည်း အချိန် ငွေ များစွာ အသုံးပြုရပါလိမ့်မည်။
ကျောင်းသားတစ်ယောက်ဖြစ်ရန်
M.A course ပြီးသော ကျောင်းသားတစ်ယောက် Ph.D အတွက် အမှတ် (၅၅% B Grad သို့မဟုတ် Second class)မီရပါသည်။ ထိုကျောင်းသားသည်----
၁။ supervisor ရှာရမည်၊ ထိုဆရာနှင့် မိမိ တင်သွင်းမည့် synopsis ကျမ်းစာ အနှစ်ချုပ်ကို ဆွေးနွေးရပါသည်။ ထိုဆရာ မိမိ ခေါင်းစဉ်ကို သဘောကျ လက်ခံပြီးပါက-
၂။ M.A တန်းအောင်လက်မှတ် မိတ္တူ၊ အမှတ်စာရင်း၊ Migration၊ ပတ်စပို့ ကော်ပီ၊ ဓာတ်ပုံ၊ supervisor ၏လက်မှတ်ပါရှိပြီး မိမိ၏ကျမ်းစာခေါင်းစဉ် ၁၀ မူ၊ တို့ကို ကိုင်ဆောင်ပြီး ကိုယ့်စာတမ်းတင်သွင်းမည့် ဌာနကို သွားရမည်၊ ထိုဌာနရှိ ဌာနမှူး (ဒါရိုက်တာ) နှင့်တိုင်ပင်ပြီး သူ၏လက်မှတ်များ ရယူကား ရုံးလုပ်ငန်းများ စတင်ရပါသည်။
၃။ ထိုရုံးလုပ်ငန်းဆိုသည်မှာ မှတ်ပုံတင်ခြင်းဖြစ်သည်၊ ထိုအတွက် ကျောင်းဝင်ကြေးများ ပေးဆောင်ရမည်။ နိုင်ငံခြားသားများ ဖြစ်ပါက အမေရိကန်ဒေါ်လာကို ယနေ့ပေါက်ဈေး အိန္ဒိယငွေးကြေးများလှဲလှယ်ကာ ပေးသွင်းရသည်။ ပထမဆုံး ပေးသွင်းရမည့် ပမာဏမှာ အမေရိကန် ဒေါ်လာ ၅၀၀ ဖြစ်သည်။ ထိုကြေးများကို အောက်ပါအတိုင်းဖော်ပြလိုက်သည်။
K.J Somaiya College Of Mumbai
Department of Sanskrit
Ph.D  Fee Schedule
စောမယကောလိပ် Ph.D ကျောင်းသားတစ်ယောက်၏ Education Fee
---------------------------
၁။ ဖောင် (Form)                                                                            10 $
၂။ မှတ်ပုံတင် Registration Fee                                                          200 $
၃။ Retention Fee (Six monthly)                                                      50 $
၎။ ကျမ်းစာတင်ခြင်း (Thesis Submission Fee)                                     600 $
၅။ Thesis Valuation Fee                                                                60 $
၆။ Department Fee (Yearly)                                10,000 Rs 0r         250 $
ဤကား ထိုဌာ၏ စည်းမျဉ်းကို တိုက်ရိုက် ကူးတင်လိုက်ခြင်းဖြစ်သည်။ ၂နှစ်အတွင်းပြီးသော ကျောင်းသားတစ်ယောက်၏ ပညာရေးကြေးသည် အမေရိကန် ဒေါ်လာ ၁၅၂၀ ဖြစ်သည်။ ၂နှစ်ကျော်သွားပါက လစဉ် နှစ်စဉ် ပေးဆောင်ရသော ကြေးများ တိုးသွားနိုင်ပါသည်။
မှတ်ချက်။ ။ စားစရိတ် အဆောင်စရိတ်များကိုတော့ သီးသန့် ကိုယ့်ဘာသာ တာဝန်ယူကြရ ပါသည်။
ဤကား စာရေးသူ၏ Sanskrit ဌာနတွင် ကိုယ်တိုင်ကိုယ်ကျ လုပ်ခဲ့သော အတွေ့ကြုံများသာတည်း၊ ပါဠိဌာနအကြောင်းကိုတော့ သိပ်မသိပါ။ လုပ်ရိုးလုပ်စဉ်တော့ အနဲငယ်ကွာဟနိုင်ပါသည်၊ ကျောင်းဝင်ကြေးလဲ ကွာခြားနိုင်ပါလိမ့်မည်။ ထိုဌာနသည် လွန်ခဲ့သော နှစ်များက ဈေးသက်သာပေမဲ့ အခုအချိန်မှာ ကျောင်းဝင်ကြေးများ ၃ ဆ မြင့်တက်လာသည်ဟုလဲ ကြားနေရသည်။
ကျောင်းသားများ အဆောင်

၎။ နံပါတ် ၃ အစီအစဉ်များ ပြီးပြည့်စုံပါက ဌာနမှ supervisor နှင့် ညှိနှိုင်းပြီ ၀င်ခွင့်ဖြေရန် ရက်သက်မှတ်ပေးသည်၊ ထိုစာမေးပွဲ ဖြေဆိုပြီးပါက interview ရှိပါသေးသည်၊ ထိုဝင်ခွင့်များသည် စိတ်ပူစရာ ကြောက်စရာမဟုတ်၊ အလွယ်တကူပြီးနိုင်သည်၊ ၀င်ခွင့်ပြီးပါက ထိုဌာနမှ RV (Research Visa) လျှောက်ရန်အတွက် စာတစ်ရွက်ထွက်ခိုင်းရပါသည်။ ထိုစာရွက်ရပြီးပါက ကိုယ့်ပြည်ကို ပြန်လာလို့ ရပြီ၊ ပိုက်ဆံ အလုံလောက်ရှိပါက သွားလိုက် ပြန်လိုက် လုပ်လို့ရပါသည်။ Distance တောင်ရနိုင်သည်။ သို့သော်လည်း Research ကျောင်းသားသည် သမာဓိရဖို့လိုသည်၊ ကိုယ်ရေးမည့်ကျမ်းစာအပေါ်မှာ အာရုံစုစည်းထားမှသာ မြန်မြန်ပြီးနိုင်ပါသည်။ Sanskrit ဌာနတွင် ဤမျှသော အစီအစဉ်ဖြင့် Ph.D ကျောင်းသားတစ်ယောက် ဖြစ်သွားပါပြီ၊ Confirmation letter (approval letter) ကို စောင့်ရင်း ကျမ်းစာများ ရေးလို့ရပါပြီ။ ထိုစာသည် ၅ လ နောက်ပိုင်းမှ ထွက်ပေးသည်၊ စာရေးသူတို့အဖွဲ့ ယခုအချိန် ၉ လတောင်ရှိနေပြီ အခုထိ ထိုစာ မရသေး။
၅။ မြန်မာပြည်ပြန်သွားပြီး ပစတ်စပို့ သက်တမ်းတိုးခြင်း ဗီဇာရယူခြင်းများ ပြုလုပ်ပြီးပါက အိန္ဒိယသို့ တစ်ခေါက်လာသောအခါ-- လုပ်ဆောင်ရမည့် အချက်အလက်များ ရှိပါသေးသည်။ stay permission ဟု ခေါ်သည့် အစီအစဉ်တစ်ခု လုပ်ရပါမည်။ လုပ်ထုံးလုပ်နည်းများသည် တက္ကသိုလ်တစ်ခုနှင့် တစ်ခု မတူညီ။ ပူနေးတက္ကသိုလ်နှင့် ပူနေးအကြောင်းကိုတော့ တင်ပြပြီးဖြစ်ရကား ဘုံဘေအကြောင်းကိုပဲ တင်ပြပါမည်။ (က)ကိုယ်တက်ရောက် သင်ကြားနေသည့် ဌာနမှ Bonafiled ခေါ် ကျောင်းသားဖြစ်ကြောင်းနှင့် stay permission အတွက် ထောက်ခံစာကို ဌာနမှူး သို့မဟုတ် ဒါရိုက်တာဆီက ရယူရပါသည်။ (ခ) ကိုယ်နေသည့် အိမ် သို့မဟုတ် အဆောင် တာဝန်ခံ၏ အဆောင် (အိမ်) မှာ နေသည်မှာ မှန်ကန်ကြောင်း ထောက်ခံစာ မူရင်းစာနှင့် (ဂ) ပတ်စပို့မိတ္တူ၊ ဓာတ်ပုံ ၂၊ နှင့် မူရင် ပတ်စပို့ပါ ကိုင်ဆောင်ပြီး FRRO ( Foreign Regional Registration Office) ရုံးသို့ သွားတင်ရပါသည်။ ထိုရုံးသည် ဘုံဘေ အဓိကဘူတာ (CST) ဘူတာကြီးအနီး ရှိသည်။
မိန်းမနှင့် ရထား
ထိုဘူတာသို့ သွားရသည်မှာလဲ လွယ်ကူလှသည်မဟုတ်၊ ရထားလက်မှတ် ရဘို့ နာရီဝက်နီးပါး တန်းစီရသည်။ မြို့ပတ်ရထားဖြစ်၍ တိုးကြိတ်စီးရသည်။ ဘူတာတစ်ခုကို ၂ မိနစ်ခန့်ပဲ ရပ်သည်၊ အရေးကြီးသည့်ပစ္စည်းများ ဂရုစိုက်ရသည်။ ထိုဘူတာကြီးသည် ဂိတ်ဆုံးဖြစ်သဖြင့် အပြန်မှာတော့ နေရာကောင်းကောင်းရသည်။ စာရေးသူတို့ သွားချိန်သည် ရုံးချိန်၊ ကျောင်းသားများ စာဖြေချိန်ဖြစ်သည်၊ ရရာ လက်ကိုင်ကြိုး သို့မဟုတ် သံတိုင်တစ်ခုခုကို ဆွဲမိဆွဲရာ ဆွဲရသည်။ ၂ သောင်း ၆ ထောင်တန် ဖိနပ်ကျွတ်ကျန်ရစ်မှာကိုပဲ စိုးရိမ်နေရသေးသည်---pppppp။ တစ်ယောက်ထဲ သွားလေ့သွားထ မရှိသော စာရေးသူအတွက် အတော်ခက်ခဲပါလိမ့်မည်။ အစအစအရာအရာ ကူညီပေးသော သူငယ်ချင်းအားလဲ ကြိတ်ပြီး အထူးကျေးဇူးတင်နေရသည်။
ရထားပေါ်တွင် အမျိုးသမီးနဲသည်၊ အများစု အမျိုးသားများဖြစ်သည်။ အမျိုးသမီးများကိုတော့ သီးသန့်အခန်း ပေးထားသည်။ ထိုအခန်း ယောကျာ်းများ နေရာယူသည်ကို မတွေ့ရသဖြင့် ကုလားများ မိန်းမများကို တန်ဖိုးထားသည်ဟု ထင်ရသည်။ သို့သော် လက်ထပ်သည့်အခါမှာတော့ မိန်းမများက ယောကျာ်းလေးကို အကုန်ကျခံ တောင်းရမ်းရသည်၊ အမျိုးသမီး ၅ ယောက်လောက် မွေးသော မိဘများသည်၊ ယောက်ျားတောင်းရမ်းဖို့အတွက် မလွယ်၊ တချို့ မတောင်းနိုင်သဖြင့် ကိုယ့်ကိုကိုယ် သက်သေသည်ဟုလည်း ကြားနေရသည်။ ဘူတာကြီးသည် အံသြစရာ ကောင်းသည်။ အလွန်ကြီးကျယ်သည်။ အိန္ဒိယသည် ရထားကို အဓိက ကုန်းလမ်းပို့ဆောင်ရေးအဖြစ် အသုံးပြုသဖြင့် ဘူတာတိုင်းတွင် စက္ကန့်ပိုင်းအတွင်းမှာပင် ရထား ၃ စီးလောက် ၀င်ထွက်နေသည်။ တပြိုင်တည်း တချိန်တည်းမှာပင် ရထား ၃ စီး ပြိုင်ပြေးနေသည်ကိုလည်း တွေ့ရသည်။ နေ့စဉ် ရထားပေါ်တွင် လူ သန်း၅၀နှင့်သန်း ၃၀ အကြား ရှိနေသည်ဟု သိရသည်။ ကုလားလူဦးရေသည် နေ့စဉ်နှင့် တိုးတက်လာနေသည်၊ ယခုအခါ သန်း ၁၂၀၀ ကျော်နေပြီဟု သိရသည်။

ဘုံဘေနှင့် ပူနေး
ပူနေးက stay permission (ပြည်တွင်း နေခွင့်) ကို တင်တဲ့အချိန်ကစပြီး one year ပေးသည် သို့မဟုတ် အိန္ဒိယကို ၀င်ချိန်ကစပြီး တွက်ပေးသည်။ ဘုံဘေမှာတော့ ကိုယ့်ဗီဇာ စထုတဲ့အချိန်ကစပြီး တစ်နှစ်စာတွက်ပေးသည့်အတွက် စောစော ဗီဇာဝင်ထားလျှင် stay permission လဲ အလိုလျောက် ကုန်နေသည်။ စာရေးသူသည် လွန်ခဲ့တဲ့ ၇ လကျော်လောက်ကထဲက ဗီဇာဝင်ထားသဖြင့် stay permission ကို ၅ လပဲ ရတော့သည်။ ဘုံဘေကို လာလျင်တော့ လာခါနီးမှ ဗီဇာထုတာ အကောင်းဆုံးဖြစ်သည်။ မြန်မာကျောင်းသားများသည် ထို နိုင်ငံခြားသား မှတ်ပုံတင်ရုံးသို့ အိန္ဒိယ immigration ၀င်ချိန်ကစပြီး ၁၄ ရက်အတွင်း သွားရမည်။
ပူနေး FRO (Foreign Registration Office) ရုံးမှာ ပြည်ပကျောင်းသားများဖြင့် တန်းစီနေရသည်ကို တွေ့ရပေမဲ့ ဘုံဘေ FRRO ရုံးမှာတော့ ပြည်ပကျောင်းသားနဲသည်၊ စီးပွားရေးသမားများ၊ လုပ်ငန်းရှင်များ များစွာတွေ့ရမည်။ ရုံးကိစ္စများပြီးပါက အေးအေးဆေးဆေး စာ စတင်ရေးလို့ ရပါပြီ။ ပူနေးတက္ကသိုလ်ကျောင်းသားများသည် စည်းမျဉ်းများ စာရွက်စာတမ်းများ A form B form C form စသည်တို့ဖြင့် ရှုပ်ထွေးလှသည်၊ stay permission (ပြည်တွင်း နေခွင့်) ကိုလည်း တစ်လကြာမှ ရသည်၊ ဘုံဘေမှာတော့ သိပ်မရှုပ်၊ တစ်ရက်တည်းဖြင့် stay permission ကို ထုတ်ပေးသည်။ စာရေးသူ တွေ့ကြုံခဲ့သော တက္ကသိုလ်နှစ်ခု၏ ထူးခြားမှုများစွာထဲက အရေးပါသော အချက်များသာဖြစ်သည်။ အိန္ဒိယရှိ အခြားတက္ကသိုလ်များ၏ အစီအစဉ်များသည်လည်း သိပ်အကွာကြီးမဟုတ်လှ။
ဤကား ဤစောမယကောလိပ်နှင့်ပတ်သက်ပြီး မိမိသိသော အနည်းငယ်မျှသော အကြမ်းပြင်းမျှသာ ဖြစ်ပါသည်၊ မသိသေးသော အကြောင်းများလဲ များစွာရှိနေသေးသည်။

နှစ်သစ်မှာ ရွှင်လန်းကြပါစေ
သီတဂူစတား
၁၇-၄-၂၀၁၁


12 April 2011

သီတဂူမေတ္တာကရုဏာ (တာလေ)



၁၂-၄-၂၀၁၁ နေ့က သီတဂူဆရာတော်ကြီး ဦးဆောင်သော သီတဂူတပည့်များသည် ရှမ်းပြည်တောင်ပိုင်း တာချီလိတ် တာလေဒေသဘက်သို့ သွားရောက်ခဲ့ကြသည်။ ထိုအရပ်ဒေသသည် ၂၀၁၁ နှစ် မတ်လ ၂၄ရက်က ပြင်းထန်သော မြေငလျင်ကြောင့် အသက် အိုးအိမ် များစွာ ပျက်စီးဆုံးရှူံးခဲ့သည်။ 
သီတဂူ၏ သာသနာပြုနည်းများတွင် Ministery မေတ္တာကရုဏာ အလှူတော်များ ပြုလုပ်ခဲ့သည်မှာ နှစ်များစွာရှိခဲ့သည်။ ယခုအခါ လောလောလတ်လတ် ဖြစ်ပျက်ခဲ့သော တာလေမြေငလျင်ခံ ဒေသသို့ သွားရောက်ပြီး မေတ္တာကရုဏာအလှူဒါနများ ပြုလုပ်ခဲ့သည်။

၁၂-၄-၂၀၁၁ နေ့သည် ပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်း ၂၁ အား ပေးလှူသည့် မေတ္တာ ကရုဏာတော် အလှူပွဲဖြစ်သည်။ သီတဂူဆရာတော်ကြီးနှင့် တပည့်သီတဂူဒကာ ဒကာမများက သိန်းပေါင်း နှစ်ထောင့်တစ်ရာ (၂၁၀၀) ကျပ်တို့ကို ထိုကျောင်း ၂၁ အတွက် လှူဒါန်းသည်ဟု သိရသည်။


လှူဒါန်းရန် ကျောင်းစာရင်း

ပြည်မြန်မာသူတွေအတွက် ကျော်ခွ မ၀င်နိုင်ရင် ဓာတ်ပုံများ ကြည့်ခွင့်မရတာကို စိတ်မကောင်းဖြစ်သည်။


ဓာတ်ပုံနှင့် သတင်းများ ပေးပို့သော တာချီလိတ်သား မောင်စိုးနိုင်ထွန်းအား အထူးကျေးဇူးတင်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
၁၂-၄-၂၀၁၁

08 April 2011

ဘုံဘေတစ်ခေါက် ရောက်ပြန်

PG လေကြောင်းပိုင် လေယာဉ်
ဝေဟင်မှ ဘန်ကောက်ရဲ့ ကောင်းကင်လမ်းမကြီးများ
သုဝဏ္ဏဘူမိလေဆိပ် တနေရာ အမှတ်တရ

ဝန်ဆောင်မှုမဆိုး

စာရေးသူ တစ်ခါမှ မစီးဘူးသေးသော လေကြောင်းက PG (Bangkok Airway) လေကြောင်းပဲဖြစ်သည်။ ဘုံဘေမြို့ကိုပြန်မယ်ဆိုတော့ Sun far အေးဂျင့်မှာ လက်မှတ်စုံစမ်းသည်၊ TGလေကြောင်းသည် one way ကိုပဲ အမေရိကန် ဒေါ်လာ ၅၅၀ ရှိနေသည်။ ဈေးသည် တစ်ရက်နှင့်တစ်ရက် အပြောင်းအလဲ ရှိသည်၊ အထူးသဖြင့် သောကြာ တနင်္ဂနွေရက်များအတွက် ပိုဈေးမြင့်သည်။ လူအသွားအလာ များသောကြောင့် ဖြစ်ဟန်တူသည်။ TG ၅၅၅ ဒေါ်လာ ဈေးများနေသဖြင့် နောက်ထက် လေကြောင်းတစ်ခုကို စုံစမ်းရာ PG ဘန်ကောက် အဲယားဝေးကို တွေ့သည်၊ သူက ဈေးသက်သာသည်၊ one way ကို ၄၀၅ ဒေါ်လာပဲ ပေးရသဖြင့် ၁၀၀ ကျော်လောက် သက်သာသည်။ လေယာဉ်ထွက်ချန်ကတော့ ရန်ကုန်မှ မနက်ပိုင်း ၁၀ နာရီးတစ်ကြိမ်နှင့် ညနေပိုင်း ၄-၄၀ တစ်ကြိမ်ရှိသည်။ ထိုလေယာဉ်သည် ဘန်ကောက်မှ ဘုံဘေသို့ ညနေ ၉ နာရီ တစ်စီးတည်းသာ ရှိသဖြင့် ရန်ကုန်မှ ညနေ ၄-၄၀ လေယာဉ်စီးလျင် သိပ်ကြာကြာ မစောင့်ရပေမဲ့ မနက်ပိုင်း လေယာဉ်စီးမိပါက တနေကုန် လေဆိပ်တည်းမှာ နေရလိမ့်မည်။ ၀န်ဆောင်မှုလဲကောင်းသည်ဟု ဆိုရပေမည်၊ ဘုန်းတော်ကြီးများကို ဂရုစိုက်သည်။ ဘန်ကောက်ရောက်တော့ သူတို့လေကြောင်းရုံးခန်း နားနေခန်းများကို နေရာပေးသဖြင့် အဆင်ပြေသည်။ ဘုံဘေရောက်တော့လည်း ကားစီးရသည်အထိ ၀န်ဆောင်မှု လိုက်လုပ်ပေးသည်အတွက် ဘုန်းတော်ကြီးများ အတွက် အဆင်ပြေသည်။

မရိုးနိုင်တဲ့ သုဝဏ္ဏဘူမိ

ဘန်ကောက်လေဆိပ်မှာ လေယာဉ်က ကွင်းနေရာရောက်ဖို့ ကွင်းထဲပတ်မောင်းစဉ် (ကွင်းနေရာ ရွေးရင်း) သိပ်လှပတဲ့ ကွင်းကြီးနှင့် ငှက်ကြီးတစ်ကောင် ပျံနေသည့်အလား လေဆိပ်ကြီးကို ကြည့်ပြီး စိတ်ကူးမိသည်။ သုဝဏ္ဏဘူမိဆိုတဲ့ အရပ်ဒေသကို မြန်မာ အင်ဒိုနီးရှား ထိုင်းနှင့် အိန္ဒိယတို့က အလုအယတ် ပိုင်ဆိုင်မှု လုပ်နေကြသည်။ မြန်မာကလည်း သထုံသည် သုဝဏ္ဏဘူမိ ဖြစ်သလို အင်ဒိုနီးရှားကလဲ ဂျာဗားပြည်နယ် ဆုမတြာကျွန်းကို သုဝဏ္ဏဘူမိဟု ဆိုပြန်သည်။ ထိုင်းနိုင်ငံသူ နိုင်ငံသားတွေကလည်း နခွန်ပထွမ် (နဂရ ပထမ)ကို သောဏ ဥတ္တရမထေရ်တို့ သာသနာသယ်ဆောင်ရာ ပထမဆုံးမြို့ဟု ဆိုကာ သုဝဏ္ဏဘူမိဟု အသိမှတ်ပြုနေကြသည်၊ ဤနည်းအားဖြင့် သူ့ဘက် ကိုယ့်ဘက် ထို သုဝဏ္ဏဘူမိ (ရွှေမြေ) ကို လုနေကြစဉ် ဟော-ဗြုန်းဆို သုဝဏ္ဏဘူမိနိုင်ငံတကာလေဆိပ်ကြီး တည်ဆောက်လိုက်တော့ ကမ္ဘာက သုဝဏ္ဏဘူမိဆိုတာကို ထိုင်းနိုင်ငံနှင့်တွဲမှတ်သွားကြသည်။ အဲဒီအတွေး စာရေးသူသာ မဟုတ် အခြား မိတ်ဆွေများလည်း တွေးမိလိမ့်မည် ထင်သည်။ သုဝဏ္ဏဘူမိ၏ နောက်ခံ story လေး ကမ္ဘာ့လူသားတွေနှလုံးသားထဲအထိ အရောက်ပို့နိုင်ရင် ကောင်းမှာပဲ ဆိုတဲ့အတွေးလည်း ဆင့်ကဲပေါ်လာသည်။ လေဆိပ်ကြီးထဲ အကြိမ်ကြိမ်ရောက်ဖူးပေမဲ့ မရိုးနိုင် မအီနိုင်ဘဲရှိနေသည်၊ ရောက်တိုင်း အသစ်အဆန်းဖြစ်နေသည်။ ဂိတ်ပေါင်း ၅၀ ၀န်းကျင် ရှိသည်အတွက် ကိုယ်သွားမည့်နိုင်ငံ၏ ဂိတ် (Gate) ကို ရှာရသည့် ဒုက္ခလဲ မသေးလှ၊ သိပ်ကြီးကျယ် သိပ်ခန်းနားသည့် ကမ္ဘာကျော်လေဆိပ်ကြီးတစ်ခု ဖြစ်သည်။

သူငယ်ချင်းများ လာကြို့

ဘန်ကောက် သုဝဏ္ဏဘူမိကမ္ဘာကျော်လေဆိပ်မှ ၄-၄-၂၀၁၁ ၉ နာရီ ထွက်လာရာ ဘုံဘေသို့ ၅-၄-၂၀၁၁ နေ့ မနက်စောစော ၁ နာရီ နိုင်ငံတကာဘုံဘေလေဆိပ်သို့ ရောက်သည်။ PG လေကြောင်းမှ ၀န်ဆောင်မှုများပေးသဖြင့် အဆင်ပြေသည်။ အပြင်ရောက်တော့ ကိုမေဓာတို့ စောင့်နေကြသည်။ အားလုံးအဆင်ပြေသည်။ အဆောင်ရောက်တော့ ၂ နာရီဝန်းကျင်ရှိနေသည်။ တချို့ ကျောင်းသားများ မအိပ်ကြသေး၊ အင်တာနက်သုံးသူက သုံး၊ တီဗီကြည့်နေသူက ကြည့်၊ အချို့လဲ စာဖတ်နေကြသေးသည်ကို တွေ့ရသည်။ အော်-- တော်တော် ကြိုးစားကြတာပဲလို့ တွေးမိသည်။ သူငယ်ချင်းဖြစ်သူများက နေရာလည်း အရန်သင့်ခင်းကျင်းထားသည်။ တော်လိုက်တဲ့ သူငယ်ချင်းကောင်းတွေပဲ။ ယခုချိန် ဘုံဘေမြို့ရာသီဥတုသည် နေလို့ကောင်းသည့် အချိန်ဖြစ်သည်၊ မိုးမရွာသေး နေလည်းအရမ်းမပူသေးရကား သင့်တင့်သော ဥတုပင်ဖြစ်သည်။ သို့သော်လည်း ဘုံဘေလေဆိပ်က ထွက်လာတာနဲ့ အသက်ရှူမ၀ ဖြစ်တော့သည်။ လူဦးရေ အထူထပ်ဆုံးမြို့လည်းဖြစ်သလို ကမ္ဘာ့မြိုကြီးများနှင့် နှိုင်းယှဉ်ပြန်ရင်လဲ ညစ်ပတ်ဆုံးမြို့ဟု ဆိုလို့ရပြန်သည်။ မြင့်မားသော အဆောက်အဦးများ ထူထပ်၍လည်း လေကောင်း လေသန့်မရနိုင်။ ကောလိပ်အတွင်း ရောက်ကာမှ လေဖြူဖြူလေးရသည်၊ အသက်ရှူရတာ အရသာရှိလှသည်။ ကိုယ်နေရမည့် အိပ်ယာသည်လည်း ၆ ထပ်မြောက်ရှိ မြန်မာမာကျောင်းသားများ စုဝေးနေသည့် အခန်းထဲက တစ်နေရာဖြစ်သည်။

ငါးပိငါးခြောက်နှင့် ချဉ်ပေါင်ကြော်

နောက်နေ့မနက် ၈ နာရီ (မြန်မာချိန် ၉ နာရီ) မှာ အိပ်ယာထဖြစ်သည်၊ မနေ့က အရမ်းပင်ပန်းနေသည်၊ ၃ နာရီထိုးခါနီးမှ အိပ်ယာဝင်ဖြစ်သည်၊ နေရာအသစ် အိပ်ယာသစ်ဖြစ်၍ ခဏခဏ နိုးနေသည်။ နောက်နေ့ အိပ်ယာက စောစောမထနိုင်။ အိပ်ယာက ထ ထချင်း မနက်စာအတွက် မြန်မာပြည်က ပါလာသည့် အကြော်အလှော် အခြောက်အခြမ်းအထုပ်တွေ ခွဲတန်းချသည်။ လက်ဆောင်ပေးရန်၊ ဟိုကဒီက သူတို့ သူငယ်ချင်း မိတ်ဆွေများအတွက် ပါးလိုက်သည့်အထုပ်တွေ ရွေးထုပ်ပြီး ကိုယ့်အတွက်ပါလာသည့် အထုပ်တွေကိုတော့ အများသုံးထမင်းစားခန်းမှာ ထည့်လိုက်သည်။ ဒကာ ဒကာမများ ညီမများက ချဉ်ပေါင်ကြော်၊ သရက်သီးသနပ်၊ ငါးခြောက်ကြော်၊ ကြက်သားကြော်၊ ပုဇွန်ခြောက်၊ ငါးခြောက်ဖုတ်များ၊ ပဲကြော်များနှင့် ဆေးပစ္စည်း စသည်များကို လှူလိုက်ကြသည်။ ကျောင်းသားရဟန်းတော်များ နှစ်သက်တော်မူကြသဖြင့် အလှူရှင်အားလုံးအတွက် ၀မ်းသာဖွယ်ဖြစ်ရသည်။ ထိုအစားအစာများသည် ဘုံဘေမြို့တွင် ရနိုင်ဖို့ မလွယ်ကူသလို အဆောင်မှာ ချက်ခွင့်မရှိ ကြော်လှော်ခွင့်မရသဖြင့် ပြည်မြန်မာ ဒကာဒကာမတွေရဲ့ ငါးပိ ငါးခြောက် ချဉ်ပေါင်ကြော်စတို့သည်ကား များစွာ ကျေးဇူးများလှသည်။ 

ဘုံဘေနှင့် လူနေမှု

ဘုံဘေမြို့ စောမယကောလိပ်တွင် ပညာသင်ရဟန်းတော် များစွာရှိသည်။ ယခုလောလောဆယ် တပေါင်းတည်း အတူစား ရဟန်းတော်များ ၁၈ ပါးလောက်ရှိသည်။ မီးဖိုပါ အခန်းကြီးတစ်ခန်းနှင့် ၄ ပါးနေ အခန်း ၂ ခန်းရသည်။ အခန်းကြီးတွင် ၁၀ ပါးဝန်းကျင်လောက်နေရသည်။ ခပ်ကြပ်ကြပ် နေရသည်။ စာသင်တိုက်ကြီးမှာ နေရသည့် စာသင်သားငယ်လေးများ ပြန်ဖြစ်သွားသည်။ တစ်ယောက်ခန်းထဲမှာ နှစ်များစွာ နေခဲ့ရသော စာရေးသူအတွက် တစ်ခန်း ၄ ပါးနေရသည်မှာ သိပ်အဆင်မပြေပေမဲ့ သူငယ်ချင်းများက သဘောကောင်းကြသဖြင့် အဆင်ပြေသည်။ ပူနေးတက္ကသိုလ်မှာ နေစဉ်က တစ်ယောက် တစ်ခန်းဖြစ်သည့်အပြင် အားလုံး ပြည်ပကျောင်းသားများဖြစ်သဖြင့် နေရသည်မှာ လွတ်လပ်၏။ ကိုယ်စားချင်တာ ချက်ပြုတ်စားသောက်နိုင်သည်။ နိုင်ငံပေါင်းစုံက ဟင်းလျာများ၏ အနံ့မျိုးစုံကို မလွဲမသေ ခံစားရမှာအမှန်။ လွတ်လပ်စွာ နေနိုင်သလို လွတ်လပ်စွာ ချက်ပြုတ်နိုင်သည်၊ လွတ်လပ်စွာ အားကစား၊ လေ့ကျင့်ခန်းများ လုပ်နိုင်သည့် နေရာ များစွာရှိသည့်အတွက် အဆင်ပြေလှသည်။

ဘုံဘေမြို့သည်ကား အိန္ဒိယနိုင်ငံ၏ လူဦးရေအထူထပ်ဆုံးမြို့ဖြစ်သလို စီးပွားရေးမြို့တော်လည်းဖြစ်သည်။ ဘုံဘေမြို့ရှိ ဤစောမယကောလိပ်မှာ ပညာသင် မြန်မာကျောင်းသားများအားလုံးသည် ပြည်တွင်းမှာတော့ စာချဘုန်းကြီးများဖြစ်ကြသည်။ သို့သော်လည်း ပညာရချင် ဘွဲ့ရချင်လိုသောကြောင့် အဆင်းရဲဒဏ် အပင်ပန်းခံရလေတော့သည်။ ပြည်ပကျောင်းသားများ အဆောင်ဟု သီးသန့်မရှိသဖြင့် အိန္ဒိယ ကျောင်းသားများနှင့် အတူနေကြရသည်မှာ သိပ်အဆင်မပြေလှ။ အချက်အပြုတ်ကအစ အဆင်မပြေ၊ ချေးများ အတိုင်အတောထူတဲ့ ကုလားကြားမှာ နေရတာလဲ သိပ်မလွယ်လှ၊ အသား ငါးမစားသော ဟိန္ဒူဘာသာ အစွန်းရောက်သော ကုလားများကြားတွင် အမှိုက်ပုံးထဲ ကြက်ရိုး ငါးရိုး တစ်ခုတွေ့မိပါက သိပ်ကြီးလေးသော အပြစ်ဟု ယူဆကာ အတိုင်အတောခံရပေမည်။ မြန်မာရဟန်းတော်များအတွက် အခန်းများသည်လည်း ၆ ထပ်မြောက်မှာသာ ရှိသည်။ နတ်ပြည် ၆ ထပ်မှာ နေရသည်ဟု အောင့်မေ့၍ နေရပေတော့မည်၊ ငလျင်တွေ သိပ်ခေတ်စားနေတော့ အဆောက်အဦးကြီး ကြည့်ပြီး ကြက်သီးထမိသေးသည်။ ပင်လယ်ကမ်းခြေမှာကိုးးးးး။ အလှည့်အကျ ချက်စားရသည့် မိသားစု စနစ်ပဲဖြစ်သည်။ စုပေါင်း ကုန်ကျစရိတ်သည် တစ်လ ရူပီး ၂ သောင်းဝန်းကျင် (ကျပ် ၄ သိန်းကျော်) လောက် ကုန်ကျသည်ဟု ခန့်မှန်းကြည့်မိသည်။ စာရေးသူတော့ အခုမှ စရောက်သဖြင့် ချက်ခန်းပြုတ်ခန်းထဲ မ၀င်ရသေးဘဲ အချက်ပြုတ်အလွန်ကောင်းသည့် နောင်တော် ညီတော်များ ချက်ပြုတ်ကျွေးတာကိုပဲ မြိန်ရည်လျှက်ရည် အသာတကြည် ၀င်စားနေရသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၈-၄-၂၀၁၁

04 April 2011

မကွေးသို့ ပေးစာ

သီတဂူစတား၏ မိသားစုသဖွယ် ဧကမ္ဘာမိသားစု၏ အိမ်ဦး ဘုရားခန်း

ဒီစာလေးကတော့ ခရီးသွားမှတ်တမ်းဖြစ်သလို စာရေးသူအား စပွန်ဆာပေးတဲ့ မကွေးမြို့ ဧကမ္ဘာအိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး မိသားစုသို့ ပေးစာဆိုလဲ မမှားပါဘူး။

စစ်ကိုင်းက မိဘ ဆရာသမားများကို နုတ်ဆက်၊ သီတဂူဆရာတော်ကြီး၏ မွေးနေ့ပွဲသို့ သွားရောက်ခြင်းစသော ခရီးစဉ်များအပြီး ရန်ကုန်ပြန်ရောက်၊ 4-4-2011 ရက်နေ့ ဘုံဘေသွားဖို့ လက်မှတ်ဝယ်၊ ယူရမည့်ပစ္စည်းများရွေး၊ ရှိစုမဲ့စုလေးတွေ အ၀ါ အနီ အပြာမှ အစိမ်းလဲရ။ အခုတော့ ပြီးသလောက်ဖြစ်နေသည်။ အားလုံးပြီးစီး၍ ကျန်ရှိနေသေးသော ရက်ကလေးမှာ ဆွေမျိုးများရှိရာ မကွေးမြို့သို့ ဒုတိယအကြိမ် ရောက်ခဲ့သည်။ 

ပညာရေးမြို့တော်

မကွေးမြို့သည် အရင်ကနဲ့မတူတဲ့ ပညာရေးမြို့တော်လေး (Educated City) တစ်ခုဖြစ်လာသည်။ အရင်က မကွေးမြို့သည် တိုင်းမြို့ဖြစ်ပေမဲ့ လူအသိနဲသည်၊ စာရေးသူတို့ပင် ပြည်နယ်နှင့်တိုင်း ဘောလုံးပြိုင်ပွဲတွေခေတ်က မကွေးတိုင်းဘောလုံးအသင်းဟုသာ ကြားဖူးသည်၊ မြို့ဟူ၍ကား မထင်ရှား။ မြသလွန်ဘုရားကြောင့် မကွေးမြို့ကို လူအသိရှိခဲ့ပေမယ့် ယခုတော့ ထိုလူအသိနည်းသော မြို့သည် ဆေးတက္ကသိုလ်၊ ကွန်ပြူတာနည်းပညာတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်၊ ဆေးဝါးကျွမ်းကျင်မှုတက္ကသိုလ်၊ အထွေထွေတက္ကသိုလ် (မကွေးတက္ကသိုလ်)နှင့် အခြားပညာရေးဆိုင်ရာ တက္ကသိုလ်များဖြင့် အလှဆင်ထားသည့် မြန်မာပြည်ရဲ့ အလယ်ပိုင်းဒေသ မြို့တော်ကလေးဖြစ်လာသည်။ မြို့ထဲဝင်လိုက်တာနဲ့ အညာသူ အညာသားတို့၏ ပုံစံကိုသာ တွေ့ရသော မြို့ကလေးသည် ယခုအခါမှာတော့ ရောင်စုံလူငယ်ကလေးများဖြင့် စည်ကားလျက်ရှိသည်။ အားလုံးတိုးတက်လာသည်ဟု မဆိုသာပေမဲ့ အဆောက်အဦးတွေတော့ ထီးထီးပေါ်နေလို့ အတော်အတန်တိုးတက်လာသည်ဟု ထင်ရသည်။ သို့သော် လမ်းကတော့ အတော်ကို ဆိုးဝါးနေသေးသည်။ ရန်ကုန်ကိုပြန်လာတော့ မကွေးမြို့အထွက်မှာ လေပြင်းကျသည်၊ ဘာဆိုဘာကိုမှ မမြင်ရတော့ဘူး၊ ကားမီးများသည်လည်း နှင်းထုကို ဖောက်ထွင်းနိုင်ပေမယ့် ဖုံထုကိုတော့ မဖောက်ထွင်းနိုင်ပဲ ရှိ၏။ ဖုံလုံးကြီးများဖြင့် လမ်းတလျှောက်လုံး ပိတ်ဆို့နေသည်၊ ကတ္တရာလမ်းမဟုတ်သော သဲလမ်း ဖုံလမ်းအတိပြီးသော လမ်းသာဖြစ်၏၊ တချို့ခင်းထားသော ကတ္တရာမပါသော ကျောက်လမ်းများကလဲ ခါးတွေ အရိုးတွေကို ဇိမ်ပြေနပြေနဲ့ ချိုးဖဲ့နေသည်ဟု ထင်ရသည်။ လမ်းပန်းဆက်သွယ်ရေးသာ ကောင်းကောင်းပြုပြင် ခင်းကျင်းလိုက်မယ်ဆိုရင် ပညာရေးမြို့တော်အပြင် စီးပွားရေးမြို့တော်လေးပါ ဖြစ်လာနိုင်ဖွယ်ရှိသည်၊ ထိုဒေသရှိ မြို့ငယ်ပေါင်းများစွာသည် မကွေးမြို့ကို အမှီပြုရသည်။ မကွေးမြို့သည် ထိုဒေသအတွက် အချက်အချာကျသော အလယ်ပိုင်းဒေသ မြို့ကလေး ဖြစ်လာနိုင်ဖွယ်ရှိသည်။

ရွှေစက်တော် (အောက်)၏ လှပသော မန်းချောင်းနဘေးက တဲကျောင်းကလေးများနှင့်ဆိုင်တန်းများ
တည်းခိုခန်း ဆိုင်တန်းများဖြင့် လှပသော မန်းချောင်း (အောက်စက်တော်)
မကွေးက သီတဂူစတား၏ မိသားစု
သမိုင်းဝင် မုဆိုးကြီးနှင့် ခွေးနက်ကြီး နောက်ခံ အမှတ်တရ

မကွေးနှင့် သမိုင်းဝင်ရွှေစက်တော်

မကွေးမြို့နှင့်အနီးပတ်ဝန်းကျင်တွင် သမိုင်းဝင် စေတီ ပုထိုးများစွားရှိသည်။ အထူးသဖြင့် ရွှေစက်တော်နှင့် ကျောင်းတော်ရာစေတီတော်တို့သည် အထင်ကရ စေတီများဖြစ်ကြသည်။ ရွှေစက်တော်သည် မကွေးမြို့မှ ၁-၃၀ လောက်သာ ကားစီးရသည်။ တစ်ဖက်ကမ်းက မင်းဘူးမြို့နှင့် ရွှေစက်တော်ဘုရား၊ စန္ဒကူးများဖြင့် တည်ဆောက်ထားသော ကျောင်းတော်ရာစေတီ စသော ထင်ရှားသော စေတီပုထိုးများသို့ ရှေုးတုန်းကလို သင်္ဘောများဖြင့် တဆင့်သွားစရာမလိုဘဲ ကားဖြင့် တိုက်ရိုက်သွားနိုင်သည်။ အများစု ရောက်ဖူးပြီးသား ဖြစ်ပေမယ့် ကြားဖူးရုံသာရှိသော စာရေးသူက ဧကမ္ဘာမိသားစု ကျေးဇူးကြောင့် ပထမဆုံးအကြိမ် ရောက်ခွင့်ရသည်။ ကတ္တရာလမ်းမဟုတ်သေးသော မြေလမ်းကား ၄၅ မိနစ်လောက် မောင်းရသေးသည်၊ ထိုလမ်းရဲ့ဆွဲဆောင်မှုကတော့ ဖုံလုံးများပင်ဖြစ်သည်။ ဘုရားရောက်တာနဲ့ ကားပေါ်ရှိလူများ ကိုယ့်လူ သူ့လူ မကွဲပြားတော့၊ အားလုံး ဖုံးအတိပြိးသော ဖုံရုပ်များဖြစ်ကြသည်၊ ဘုရားရောက်ရောက်ချင်း မန်းချောင်းထဲ ခုန်ဆင်းလိုက်ရတဲ့ အရသာက ဘုရားဖူးပြည်သူများရဲ့ ဆွဲဆောင်မှုတစ်ခုဖြစ်သည်။ သိပ်လှပတဲ့ မန်းချောင်းပါ။ တစ်မိုင်ဝန်းကျင်လောက် ရှိတဲ့ ချောင်းနဘေးမှာ ဆိုင်တန်းများ၊ တည်းခိုခန်း (ဒေသအခေါ် တည်းကျောင်း) များကို မန်းချောင်းဘေးနှစ်ဖတ်တွင် စနစ်တကျ တည်ဆောက်ထားသည်မှာလည်း ကြည်လို့ကောင်းသည်။ ၃-ပေကျော် ၄-ပေလောက် နက်သော မန်းချောင်းအောက်ခြေရှိ ကျောက်စလစ်ခဲလေးများကိုပင် မြင်နေရသည်။ ကြည်လင် သန့်ရှင်းသည်။ ထိုချောင်းတွင် ည မှောင်ချိန်ကလွဲ၍ တနေကုန် အရွယ်စုံ ကာလာစုံလူငယ်ကလေးများ ရေကစားနေသည်မှာ ချောင်းသာ ငပလီ တို့ကပင် မနာလိုလောက်အောင် ဖြစ်ရသည်။ နယ်နယ်အရပ်ရပ်မှ လာရောက် ဖွင့်လှစ်သော ဈေးတန်းများသည် စာရေးသူတို့နယ်က ပွဲတော်ရပ် ဈေးတန်းများနဲ့မတူ၊ ခိုင်ခိုင်မာမာ တည်ဆောင်ထားသည်ကို တွေ့ရသည်၊ ပွဲတော်ရက်ကား ၂ ရက် ၃ ရက် မဟုတ်ဘဲ တစ်လကျော် ၂ လနီးပါးဖြစ်သည်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့က နောက်ဆုံးပွဲတော်ရက်ဖြစ်သည်ဟု သိရသည်။ ယခု ဆယ်တန်းစာမေးပွဲကလဲ ပြီးစ၊ သင်္ကြန်ရက်ကလဲ နီးနေပြီဖြစ်လို့ စည်ကားသည့် အချိန်ဖြစ်သည်။ တဲကျောင်းတစ်ခန်းကို တစ်သောင်းမှ တစ်သောင်းခွဲ၊ ၂သောင်းအထိပေးရသည်၊ ဖျာတစ်ချက်သာရှိသော ထိုအခန်းလေး ရဘို့ကိုပင် တန်းစီရသည်တဲ့။ အရင်က တီဗီထဲမှာသာမြင်ဖူးသော ထိုဒေသကို စာရေးသူ တကယ်ရောက်ခဲ့သည်၊ စပွန်ဆာပေးသော ဧကမ္ဘာမိသားစုကိုလဲ အထူးကျေးဇူးတင်သည်။

ဧကမ္ဘာမိသားစုက စာရေးသူအား မရောက်ဘူးသေးသော ရွှေစက်တော်ပွဲသို့ ပို့ပေးရန်သာ သက်သက် ပင့်သည်မဟုတ် သွားခါနီး နုတ်ဆက်ရန်၊ စားစရာများ၊ ကျောင်းစရိတ်များ လှူရန်လည်း ဖြစ်သည်။ ကိုယ်က သွားချင်ပေမဲ့ ဟိုရောက်ရင် သူတို့က လိုလေးသေးမရှိ ဂရုစိုက်လွန်းတော့ မနေတတ်၊ လူမှုရေး စီးပွားရေး ရပ်ရေး ရွာရေး အလွန်များတော့ ထိုဃရာဝါသ အိမ်နေသူတို့အတွက် အနှောက်ယှက်ဖြစ်ပါလိမ့်မည်။ ဤကား မကွေးသို့ ဒုတိယအကြိမ် ရောက်ခဲ့ခြင်းတည်း။

ဧပြီလ ၄ ရက်နေ့ ဘုံဘေသို့ ထွက်ခွါသွားပါပြီ။ အားလုံး မြန်မာ့နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ။

ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
၎-၄-၂၀၁၁


01 April 2011

မွေးနေ့မင်္ဂလာပွဲ (အပိုင်း-၄)

စတုတ္ထနေ့

(အပိုင်း(၄)မှာတော့ ဆရာတော်ကြီး၏ မွေးနေ့ ပူဇော်ပွဲနှင့် စာရေးသူ၏ ပြင်ဦးလွင်မြို့ ခရီးသွားမှတ်တမ်း အကြောင်း ရေးထားခြင်းဖြစ်ပါသည်။)

ဒီနေ့ဆိုရင် စတုတ္ထမြောက်နေ့သို့ ရောက်လာပါပြီ။ ဒီကနေ ၁၉-၃-၂၀၁၁ တပေါင်းလပြည့် ဖြစ်သည်အတွက် ဆရာတော်ကြီး၏ မွေးနေ့ဖြစ်သည်။ နောက်ဆုံးနေ့ဖြစ်တဲ့ မွေးနေ့ပူဇာကို စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတီမှာ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ သံဃာ ၅၀၀ ဆွမ်းလောင်းပွဲကျင်းပသည်။ ဒီပွဲကိုတော့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က သံဃာတွေကိုတော့ ပင့်သံဃာထဲ ထည့်မထားပါဘူး။ ဆရာတော်ကြီးနှင့် သံဃာအချို့ သီတဂူဒကာ ဒကာမတွေ လိုက်ပါသွားကြပြီး အပြင်ကသံဃာတွေကိုပဲ လောင်းလှူကြခြင်းဖြစ်သည်။ မနက်စောစော ၄-၃၀ လောက်ကထဲက သွားကြတာဆိုတော့ စာရေးသူ လိုက်မသွားလိုက်နိုင်ခဲ့၊ ဓာတ်ပုံမှတ်တမ်းများလည်း မရလိုက်။ ပြန်လာတဲ့ပင့်သံဃာများကို ကြည့်လိုက်တော့ သပိတ် သင်္ကန်းစသော အခြားလှူဖွယ်များစွာနှင့်ပြန်ကြွလာတာကိုတော့ တွေ့လိုက်ရပါတယ်။ သီတဂူလင်္ကာဒီပ ကျောင်းအမကြီးနှင့် စကားစပ်မိလို့ ပြောဖြစ်တော့ သူလည်း ဆွမ်းဦးပုညရှင် ပင့်သံဃာ ၅၀၀ ကို အလှူငွေများ လောင်းလှူခဲ့သေးကြောင်း သိလိုက်ရပါသည်။

နေ့လည်ပိုင်း

နေ့လည်ပိုင်းမှာတော့ ဟောပြောပွဲအချိန်ပဲ ဖြစ်သည်။ ထိုဟောပြောပွဲမှာ နီပေါနိုင်ငံ အရှင်ဥာဏပုဏ္ဏိက နီပေါနိုင်ငံ ဗုဒ္ဓဘာသာ အဆင့်ဆင့် တိုးတက်ပြောင်းလဲလာပုံတို့ကို ဟောပြောသည်။ မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီးက ဂျူးလူမျိုးနှင့် ဂျူးဘာသာအကြောင်းများကို တင်ပြသွားသည်။ နောက်ဆုံး သီးတဂူဆရာတော်ကြီး၏ နိဂုံးချုပ်များနှင့် မေးခွန်းများ အဖြေများဖြင့် အဆုံးသတ်သည်။

အကြီးကျယ်ဆုံးမွေးနေ့ပူဇာ

များသောအားဖြင့် မွေးနေ့ပွဲတွေမှာ နာရီပိုင်းအတွင်း ပြီးသွားကြတာများပါတယ်။ အချို့လည်း ရိုးရိုးလေး သံဃာတွေ ဆွမ်းပင့်ကပ် လှူစရာများ လှူဒါန်းပြီး ကောင်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှဝေးကြပါတယ်။ အချို့ကျပြန်တော့ ဆိုင်တွေမှာ ပင့်ပြီးတော့ ကပ်လေ့ရှိတယ်။ အချို့ကတော့ ကျောင်းရှိ သံဃာတော်တွေအတွက် စားဖွယ်သောက်ဖွယ်များ ပေးပို့လှူဒါန်းကြတယ်။ တချို့ကတော့ ကိုယ့်မိတ်ဆွေလောက်နဲ့ပဲ ပျော်ပွဲ စားပွဲလေးလုပ်ပြီး မွေးနေ့ပွဲကို ကျင်းပကြတယ်။ သီတဂူဆရာတော်ကြီး၏ မွေးနေ့ပွဲကိုတော့ များသောအားဖြင့် ၂ရက်၊ ၃ရက်၊ အခု နောက်ပိုင်း ၄ ရက်အထိ တိုးချဲ့ပြီး ကျင်းပလာခဲ့တာ နှစ်တောင် အတော်ကြာခဲ့ပြီ။ အကြီးကျယ်ဆုံးနှင့် ရှည်လျားဆုံး မွေးနေ့ဟု ထင်ပါသည်။
ဆရာတော်ကြီးသည် အလှူဒါနပြုရတာကို ပျော်မွေ့သည်အလျောက် သူ၏မွေးနေ့ပွဲမှာလည်း အလှူကြီးများဖြင့်သာ ကျင်းပခဲ့သည်။ ဘုရားရှင် ဘ၀ကို ပြန်သုံးသပ်လျင် ဘုရားဖြစ်ဖို့ အလှူဒါနနှင့် စခဲ့သလို အလှူဒါနနဲ့ပဲ အဆုံးသက်ခဲ့တယ်။

ဒါနနှင့်စ ဒါနနှင့်ဆုံးတဲ့ဘုရား

ဒီပင်္ကရာဘုရားလက်ထက်မှာ သုမေဓာဘ၀က သူ့မိဘထားခဲ့သော ကုဋေ ၈၀ သော ပစ္စည်းတွေ အကုန်လှူပြီး တောထွက် ရသေ့ရဟန်းပြုပြီး ဘုရားဖြစ်ဖို့ ဒါနနှင့် ဘ၀ကိုစခဲ့ပါတယ်။ ဘုရားဖြစ်ဖို့ ရှေ့တစ်ဘ၀မှာအကြိုမှာ ဝေဿန္တရာမင်းကြီးဘ၀နဲ့ ဇနီးကိုစွန့်၊ သားနှင့်သမီးကို လှူဒါန်း၊ တိုင်းပြည်ကြီးကိုပါ စွန့်လွတ်လှူဒါန်းပြီး တောထွက်ခဲ့ပါတယ်။ ဤနည်းအားဖြင့် ဘုရားဖြစ်ဖို့ အလှူဒါနဖြင့် အဆုံးသက်ကာ တာဝတိံသာနတ်ဘ၀မှ လူ့ဘ၀ သိဒ္ဓတ္ထမင်းသား အဖြစ်မှ ဂေါတမဘုရားဖြစ်ခဲ့သည်။ ဆရာတော်ကြီးက ဒါနသည် အလွန်အရေးကြီးသည်ဟု ခံယူထားသည်အတွက် နေရာအနံ့အပြား အလှူများဖြင့် သာသနာရေး လူမှုရေးများကို တည်ဆောက်လျက်ရှိသည်။

ဤကား သီတဂူဆရာတော်ကြီး၏ (၇၄) နှစ်ပြည့် မွေးနေ့ပူဇာများ ဖြစ်သည်။ အပြည့်အစုံမတင်ပြနိုင်သော်လည်း အစီအစဉ်များလောက်ကိုတော့ တင်ပြထားပါသည်။ (၇၅)နှစ် မွေးနေ့ပူဇာမှာ ပြန်လည်ဆုံးဆည်းကြပါစို့။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁-၄-၂၀၁၁

(ထိုနေ့ကား စာရေးသူသည် ညီမများရဲ့ စပွန်ဆာဖြင့် ပြင်ဦးလွင်မြို့ခရီး အခွင့်လမ်းတစ်ခု ရရှိခဲ့သည်။)

မဟာနန္ဒမုလှိုဏ်ဂူ (၁၉၉၀) တည်ဆောက်
စာရေးသူ၏ ၂၀နှစ်မြောက် မေမြို့ခရီး

နှစ် ၂၀ ကြာမှ တစ်ကြိမ် ပြန်ရောက်ခွင့်ရသော စာရေးသူ၏ မေမြို့ခရီးဖြစ်သည်။ ထို့နေ့က ဟောပြောပွဲများကို ကိုယ်တိုင်မတက်နိုင်ခဲ့။ တက်ရောက်ခဲ့သူ သီတင်းသုံးဖော်များအား မေးမြန်းခဲ့ရပါသည်။ မနက်စောစောကတည်းက စာရေးသူ၏ ညီမများက မေမြို့ကို လိုက်ပို့ချင်ပါတယ်ဘုရားတဲ့ စာရေးသူလည်း လွန်ခဲ့တဲ့ ၂၀နှစ်လောက်ဝန်းကျင်က တစ်ခေါက်သာ ရောက်ခဲ့ဖူးသော မေမြို့ကို ရောက်ချင်နေသည်မှာ ကြာပြီ။ မန္တလေးတက္ကသိုလ်၏ အနီး ချောကလျာ အမျိုးသမီးဘောဒါဆောင်၊ လကမ္ဘာစတိုးနှင့် sky blue အင်တာနက်ကဖေး ပိုင်ရှင် မိသားစုတို့က စပွန်ဆာပေးသဖြင့် ကျေးဇူးအထူးတင်ရပါသည်။ ဒါ့ပြင် သူ၏ သူငယ်ချင်းတစ်ယောက်လဲဖြစ် စာရေးသူ၏ ညီမတစ်ယောက်လို ခင်ရသည့် သူတစ်ယောက်လဲ ပါလာသည်။ သူတို့တတွေအားလုံးသည် စာရေးသူ၏ ညီအကို မောင်နှမအရင်းတွေလို ဖြစ်ကြသည်။ သူတို့တစ်တွေသည် လူငယ်များဖြစ်ကြပေမဲ့ စေတနာကောင်းကြသည်၊ ဘာသာတရား ကိုင်းရှိုင်းကြပုံရသည်၊ ဘုန်းကြီးရဟန်းအပေါ် ကြည်ညိုတတ်ကြသည်။ ဘုန်းကြီးရဟန်းတွေကို ဤကဲ့သို့ ဘုရားဖူး လိုက်ပို့ပေးနေရတာကို ပျော်တတ်ကြသည်၊ စာရေးသူအားလဲ သွားချင်သည့်နေရာပြောပါ လိုက်ပို့ပေးမည်ဟု ဖိတ်မန်ထားသည်။ စာရေးသူအပေါ် ဂရုစိုက်လွန်းတော့ အားတောင် နာနေရသည်။ ပိတ်ချင်းမြောင်ဈေးတန်း ရောက်တုန်းအမှတ်တရ သူတို့မသိအောင် မေမြို့ မက်မန်းသီးထုပ်ကလေး ၀ယ်မယ်လုပ်နေတုန်း နောက်ကနေ ပိုက်ဆံ လာရှင်းပေးသွားသည်။ နောက်တော့ ၀ယ်ဖို့ နေနေသာသာ ဈေးတောင် မမေးရဲတော့ဘူး၊ ဈေးဆိုင်နားလဲ မသွားရဲတော့ဘူး။

မေမြို့ခေါ် ယခု ပြင်ဦးလွင်မြို့သည် စာရေးသူတို့ လွန်ခဲ့သည် ၂၀နှစ်က ရောက်တဲ့အချိန်နှင့် လုံးဝ ခြားနားသွားသည်။ တောင်ပေါ်တက်လမ်းက အစ ကွာသွားသည်။ အသွားလမ်း အပြန်လမ်းများ ဖြစ်သည်၊ လမ်းများလဲ ကောင်းမွန်သဖြင့် စိတ်ချရသည်၊ မန္တလေးမြို့ထဲမှ မေမြို့ထဲအထိ တစ်နာရီပဲ ကားမောင်းရသည်။ ကားသမား၏ ကျွမ်းကျင်မှုလည်းပါသည်။ မြို့ကြီးကလဲ တဖြည်းဖြည်း ကျယ်ဝန်းလာသည်။ ပိတ်ချင်းမြောင် မဟာနန္ဒမူလှိုဏ်ဂူ (၁၉၉၀)နှင့် မဟာအံ့ထူးရှင်ခေါ် ပြည်ချစ်ဘုရားကြီးလည်း ပေါ်ပေါက်လာသဖြင့် လည်စရာပက်စရာ တိုးလာသည်။ အမျိုးသား ဥယျာဉ်ကြီးကလည်း သိပ်လှသည်။ ရောင်စုံပန်းများဖြင့် ခြယ်မှုံးထားသည်၊ ပန်းချီကားချပ်ကြီးအလား အလှကြွယ်နေသည်ကား ပန်းမြို့တော်ဟု ခေါ်ရလောက်အောင်ကို ၀ံ့ကြွားနေသည်။ ဒေသစုံမှ လူမျိုးစုံ ရွယ်မျိုးစုံတွေ ပျော်မြူးနေကြသည်မှာလည်း ကြည်နူးစရာ။ တပေါင်းလပြည့်နေ့လည်းဖြစ် စနေနေ့လည်းဆိုတော့ ပိုစည်ကားသည်ဟု ထင်ပါသည်။ ရာသီဥတုသည်လည်း ပြောင်းသွားသည်။ မေမြို့သည် နွေရာသီမှာတောင် အေးစိမ့်တဲ့နေရာသည် ယခုတပါင်းလပြည့်နေ့သည် အအေးဓာတ် ရှိတယ်ဆိုရုံလောက်သာဖြစ်တော့သည်။ နေလို့တော့ ကောင်းသည်၊ Fresh air လေကောင်းလေသန့်ရသည်၊ သစ်တော သစ်ပင်ရနံ့တို့ဖြင့် တော်ပျော် တောသား စာရေးသူအဖို့ မွေ့လျော်ဖွယ် မြို့ကလေးဖြစ်သည်။

မေမြို့သွားရန် ညီ,ညီမတစ်တွေ စစ်ကိုင်းကို လာပင့်ကြသည်၊ မနက် ၇ နာရီကျော်နေပြီ၊ မန္တလေး Oriental House မှ နံက်စာကပ်ကြသည်။ ထိုဆိုင်မှာလည်း လပြည့်နေ့ စနေနေ့ဆိုတော့ အလှူမင်္ဂလာပွဲ၏ ပရိသတ်တွေ စားသုံးသူတွေနဲ့ ပြည့်နေသည်၊ နေရာရဖို့ စောင့်ဆိုင်းနေရသေးသည်။ စကားမဆက်ကြားညှပ်ပြီး ကြွားလိုက်ဦးမယ၊် ရန်ကုန်မှာရှိသော Oriental House ကိုတော့ မကြာမကြာရောက်ခဲ့ဖူးသည်။ မန္တလေးကိုတော့ မထမဆုံးဖြစ်သည်၊ ဆိုင်ကလဲ ရန်ကုန်ကဆိုင်ထက် ကြီးသည်။ မနက် ၉ နာရီကျော်မှ မန္တလေးက စတင်ထွက်ဖြစ်သည်။ ရှေးဦးစွာ မဟာအံ့ထူးကံသာဘုရား ၀င်ဖူးကြသည်။ နေ့လည် ၁၁-၃၀ ရောက်တော့ ညီမများ စားနေကျ တရုပ်စားသောက်ဆိုင်မှာ နေ့စာ ကပ်သည်။ မဟာအံ့ထူးကံသာဘုရားကနေ ပိတ်ချင်းမြောင်ကို တိုက်ရိုက်မသွားဘဲ မြို့ထဲပြန်လည့်သည်၊ နေ့လည်စာကို စားသောက်ဆိုင်ကောင်းကောင်းမှာ ကပ်ချင်လို့ မြို့ထဲကို ပြန်မောင်းလာသည်ဟု ညီမဖြစ်သူက ပြောသည်။ ထိုမှ ပိတ်ချင်းမြောင်၊ ပွဲကောက်ရေတံခွန်နှင့် နောက်ဆုံး ကံတော်ကြီးထဲသို့ဝင်ကာ ပြန်ဆင်းခဲ့ကြသည်။

ပိတ်ချင်းမြောင်လှိုဏ်ဂူ

ပိတ်ချင်းမြောင်လှိုဏ်ဂူကြီးကိုတော့ သဘောကျခဲ့သည်။ ထိုလှိုဏ်သည် ၀က်ဝံကျေးရွာ တောင်ပေါ်ကနေ အောက်တဖြည်းဖြည်းဆင်းသက်သွားရသည်၊ ဒယ်အိုးအလား တဖြည်းဖြည်း ချိုင့်ဝင်သွားရာ အောက်ဆုံးနေရာတွင် လှိုဏ်ကြီးဖြစ်နေသည်၊ သဘာဝလှိုဏ်ကြီးဟု ထင်ပါသည်။ လှိုဏ်ကြီးအတွင်း ၁၂လရာသီ ရေများ စမ်းရေများ စိမ့် စီးဆင်းနေသည်မှာ တဝေါဝေါနဲ့ မိုးရွားနေသည်ဟု ထင်ရသည်။ လပြည့်နေ့လည်းဖြစ် စနေနေ့နဲ့လည်းကြုံနေသဖြင့် ဘုရားဖူးများ ဖြင့်စည်ကားလျက်ရှိသည်။ သွားရင်း ဂရုပြုမိသည့်တစ်ခုက ခရီးသွားအများစုသည် Light Track ကားလေးများဖြင့် အဖွဲ့လိုက် မိသားစုလိုက်သွားနေကြသည်ကို တွေ့ရသည်။ စာရေးသူတို့လည်း ထိုကားအမျိုးစားပင်ဖြစ်သည်။ နေရာတိုင်းမှာ ထိုကားလေးတွေ တွေ့နေရသည်။ မကွေး ရွှေစက်တော်ရောက်တော့လည်း ထိုကားအမျိုးအစား အသုံးများနေတာကို တွေ့ရသည်။ ဘုရား၊ ပန်းခြံများ၌ ထိုကားလေးများ စုပြုံရပ်ထားသည်ကို တွေ့ရသည်။ အများစုက ထိုကားဖြင့် carry လုပ်နေသည်ဟုလည်း သိရသည်။

နောက်နေ့တော့ တစ်ရက် အနားယူပြီး ရန်ကုန်ကို ဆင်းခဲ့ကြသည်။ ရန်ကုန်အပြန်မှာလဲ စာရေးသူရဲ့ ပညာရေးမွေးဖွားခဲ့ရာ ဦးပိန်တံတားနှင့် နေပြည်တော်မှာ ၀င်ခဲ့သဖြင့် ရန်ကုန်မြို့သို့ ည-၉ နာရီလောက်မှ ရောက်ကြသည်။

ဤကား စာရေးသူ၏ ဒေသန္တရဗဟုသုတ ဒိုင်ယာရီမျှသာ ဖြစ်ပါသဖြင့် စာရေးသူအတွက် မှတ်စုဖြစ်ပါသည်။

မေမြို့ခရီးအတွက် စပွန်ဆာပေးသော မိသားစု သူငယ်ချင်းတစ်စုအား အထူးကျေးဇူးတင်ရှိပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁-၄-၂၀၁၁


29 March 2011

မွေးနေ့အကြို မင်္ဂလာပွဲ (အပိုင်း-၃)


တတိမြောက်နေ့

ဒီနေ့ဆိုရင် မွေးနေ့ပွဲအကြိုမင်္ဂလာသည် တတိယမြောက်နေ့ ဖြစ်ပါသည်။ ရောက်လာတဲ့ ပရိသတ်က အရင်ရက်ကထက် ပိုများလာသည်။ ဘွဲ့နှင်းသဘင်အတွင်းဝန်း ပတ်ပတ်လည်မှာ ကိုယ့်အုပ်စုနဲ့ကိုယ် နေရာယူထားပြီး သံဃာ ၁၂၀၀ တို့အား လောင်းလှူနေကြသည်မှာလည်း မျက်ရည်ကျသည့် ၀မ်းသာ ပီတိဖြစ်မိသည်။

ရှေးဦးစွာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) (ရန်ကုန်) (မန္တလေး) ရှိ သံဃာများကို အစဉ်အတိုင်း ပင့်ခေါ်ပြီး လောင်းလှူစေသည်၊ စောစောအလှူခံပြီးသော ဗုဒ္ဓတက္ကသိုလ် သံဃာများက ထိုလောင်းလှူရာနေရာများ၌ လုပ်အားပေးကြရသည်။

စာရေးသူ ရလိုက်တဲ့ လှူရန်ပစ္စည်းများမှာ အလှူငွေ ၂၀၀၀၀ (နှစ်သောင်း) ကျော်နှင့် ဆေးပစ္စည်းများ၊ ကျောင်းသုံးပစ္စည်းများ၊ သင်္ကန်း၊ တဘက်၊ ဆပ်ပြာအမွှေးအမျိုးစုံ၊ ဆပ်ပြာမှုံ့အမျိုးစုံ၊ ဆန်၊ ငရုပ်၊ ငါးပိနှင့် စားစရာအမျိုးမျိုး စသော မရေတွက်နိုင်တဲ့ ပစ္စည်းများပင် ဖြစ်သည်။ သံဃာ ၁၂၀၀ တို့အား အရုဏ်အတွက် ခေါက်ဆွဲနှင့် နေ့လည်စာအတွက် ဆွမ်းဟင်းအမျိုးစုံတို့ကို တပြိုင်တည်း လှူလိုက်သည်။ ကြွရောက်လာကြသော ရပ်ဝေး ရပ်နီး အရက်လေးမျက်နှာမှ ဓမ္မမိတ်ဆွေအပေါင်းတို့အား ဘိုကလေးမြို့ သီတဂူတပည့်များက ဗူးသီးကြော်များဖြင့် ကျွေးမွေးဧည့်ခံသည်။
မနက်စော သံဃာ ၁၂၀၀ ဆွမ်းလောင်လှူပွဲ
ဘွဲ့နှင်းသဘင်ခမ်းမဆာင် ပရ၀ုဏ်အတွင်း ပတ်ပတ်လည်မှာ အလှူများက လောင်းလှူကြစဉ်
မန္တလေးသီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကျောင်းအမကြီး ဒေါ်ညွှန့်ညွှန့်အေးတို့အဖွဲ့က သရီးရိုင်ဖယ်၊ မာတင်သင်္ကန်းများ
သီတဂူလင်္ကာဒီပကျောင်းဆောင် ကျောင်းအမကြီး ဒေါ်ယင်ထွေးက န၀ကမ္မများ လောင်းလှူနေစဉ်
လင်္ကာဒီပကျောင်းအမသမီးနှင့် သီတဂူကပ္ပိယအဖွဲ့ဝင် သီတဂူကျောင်းအမ ဒေါ်ခင်သိန်းကလဲ န၀ကမ္မများ လောင်းလှူ
မောရိယမိသားစုက မောရိယဆေးများ လောင်းလှူစဉ်
ကျောင်းအမလေး မ၀င်းဝင်းကလဲ သင်္ကန်းများ လောင်းလှူနေစဉ်

သဒ္ဓါပွားရ

လောင်းလှူလိုက်သည့် ကာလတံဖိုးမှာ သိန်း ၉၀၀ (သိန်းကိုးရာ) ၀န်းကျင်ရှိမည်ဟု ခန့်မှန်းရသည်။ တစ်ပါးလျှင် ၂၀၀၀၀ (နှစ်သောင်းကျပ်) သံဃာ ၁၂၀၀ ဆိုရင် သိန်း ၂၂၀ (နှစ်ရာ့နှစ်ဆယ်) ရှိနေပြီ။ သင်္ကန်းဒွိစုံ တစ်စုံတန်ဖိုးသည် ၁၅၀၀၀ ဆိုရင် သိန်း ၁၅၀ ကျော်နေပြီ။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် လင်္ကာဒီပဆောင်ကျောင်းအမကြီး သံဃာအားလုံး တစ်ပါးလျင် ၁၀၀၀ ကျပ်စီအပြင် တက္ကသိုလ်သံဃာများအား ၅၀၀၀ တန်တစ်ရွက်စီပါ လှူလိုက်သေးသည်။ စာရေးသူ မှတ်မိသည်မှာ သီတဂူကျောင်းအမများစုက ၁၀၀၀ တန်တွေ လောင်းလှူကြတာ များပါသည်။ မန္တလေး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကျောင်းအမကြီး ဒေါ်ညွှန့်ညွှန့်အေးနှင့်အဖွဲ့က မာတင်ဘိုမ သင်္ကန်းတွေ လောင်းလှူနေတာကိုလည်း တွေ့ရသည်။ မန္တလေးကျောင်းအမဖွဲ့က သပိတ်များ လောင်းလှူကြသည်။ ကျောင်းအမ ဒေါ်ခင်သိန်းနှင့် လှဆန်းယဉ်တို့မိသားစုအဖွဲ့လည်း အလှူငွေ ၁၀၀၀ တန်တွေ လောင်းလှူနေတာကို တွေ့ရသည်။ စာရေးသူ မရင်းနှီးသေးသော သီတဂူ အဖွဲ့များစွာတို့ကလည်း မိမိတို့ဒေသထွက်ကုန်များ၊ ကိုယ်နိုင်ရာကို လှူဒါန်းနေသည်မှာလည်း ဘုရားလက်ထက်တော်အခါက အနာထပိဏ် ၀ိသာခါတို့အိမ် သံဃာ ထောင်နှင့်ချီ၊ ရာနှင့်ချီပြီး ဆွမ်းခံကြွနေသည့်အလား ကြည်ညိုသဒ္ဓါပွားရပါသည်။
အုပ်အုပ်သဲသဲ နောက်ဆုံးနေ့ စိန်ဖူးတော် တင်ပွဲနှင့် ငှက်မျက်နားတော် တင်ပွဲ
စာရေးသူတို့ Toefl ဆရာမလေး Venassa အမေရိကန်သူလေးလဲ လက်အုပ်ချီ ကြည်ညိုနေစဉ်

စိန်ဖူးတော်တင်ပွဲ

ဒီကနေ့ မဟာစည်းခုံစေတီတော်ကြီး၏ နောက်ဆုံးနေ့ အခမ်းအနားအစီအစဉ်အရ န၀ရတ် ကိုးသွယ် စီခြယ်ထားသော ငှက်မျက်နားတော်နှင့် န၀ရတ်ပါး လွှမ်းခြုံထားသော စိန်ဖူးတော် တင်လှူပွဲဖြစ်သည်။ ထီးအလှူရှင်၊ စိန်ဖူးတော်အလှူရှင်နှင့် ငှက်မျက်နားတော် အလှူရှင်တို့၏ အမည်နာမများ မမှတ်မိသဖြင့် ခွင့်လွတ်ပါရန်လည်း တစ်ဆက်တည်း မေတ္တာရပ်ပါသည်။ အစိုးရလူကြီးများဖြစ်ကြသော ဗိုလ်ချုပ်ကြီးတင်အေး၊ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် သာအေး၊ ၀န်ကြီးဗိုလ်ချုပ်ကြီးမြင့်ဆွေနှင့် သာသနာရေးဝန်ကြီး ၄ ဦး၊ တိုင်းမှူစသော စစ်ဗိုလ်ချုပ်ကြီး ၄ ဦးတို့နှင့် မိသားစုများလည်း တက်ရောက် ကြည်ညိုကြသည်ကို တွေ့ရသည်။ စိန်ဖူးတော်နှင့် ငှက်မျက်နားတော်များကို ထိုဝန်ကြီးများနှင့် ဗိုလ်ချုပ်ကြီးများက စေတီတော်ကြီး တစ်ပတ်လည် ပင့်ဆောင်ပြီး လှည့်လည်အပူဇော်ခံသည်။

ဌာပနာတိုက်ထဲမှာ ရတနာမျိုးစုံတို့ဖြင့် ထည့်သွင်းပူဇော်ထားသည်။ စိန်ဖူးတော်တင်လှူအပြီး ရေစက်ချအခမ်းအနားမှာ သီတဂူဆရာတော်ကြီးက ‘‘ပုပ်သိုးနေတဲ့ ခန္ဓာကိုယ်ကြီးကို တံဆာဆင်မည့်အစား လောကထွဋ်တင် ဘုရားမြတ်ရတနာအား ရတနာတို့ဖြင့် တံဆာဆင် ပူဇော်ကြကုန်လေ၊ ပုပ်သိုးနေတဲ့ခန္ဓာကြီးကို တံဆာဆင်ခြင်းဖြင့် ဘာအကျိုးရှိအံ့နည်း’’ ဟု မိန့်ကြားသောအခါ သူဌေးကော သူကြွယ်ရော သူဆင်းရဲပါမကျန် မိမိတို့ နား,လက်,လယ်ပင်, ခေါင်းတို့မှာ ရွှေရတနာ ကျောက်မျက်ရတနာ တံဆာများကို ချွတ်လှူနေတာကို မြင်ရတော့ ပီတိမျက်ရည်များပင် ကျမိသည်။

သီတဂူကျောင်းဒကာ ကျောင်းအမများရဲ့ သိန်းပေါင်း ရာဂဏန်းရှိ ရွှေမိုး ငွေမိုးများကလည်း တ၀ုန်းဝုန်းနဲ့ အုပ်အုပ်သဲသဲရှိ၏။ အောင်စည်အောင်မောင်းသံတို့ဖြင့် ဇေယျာတစ်ခွင် လွှမ်းခြုံလျက်ရှိသည်။
ဟောပြောပွဲသို့ ကြွရောက် နာယူကြသော အရှင်မြတ်များ

နေ့လည်ပိုင်း

နေ့ပိုင်းအစီးအစဉ်ကတော့ မနေ့ကလိုပဲ ဟောပြောပွဲကို တမ္ပ၀တီ ဦးဝင်းမောင်က ဘုရားစေတီပုထိုး အဆင့်ဆင့် ပေါ်ပေါက် ပြောင်းလဲလာပုံတို့ကို တင်ပြဆွေးနေသွားသည်။ အင်ဒိုနီးရှားနိုင်ငံရှိ ဗောဓောဗုဓောဘုရား သမိုင်းကိုတော့ သြစတေးလျှနိုင်ငံမှ တိဘက်စုလက်ဘာက ဆွေးနွေးတင်ပြသွားသည်။ သီတဂူဆရာတော်ကြီးကလည်း ၀င်ရောက် ဆွေးနွေးသွားသည်။ ထိုနေ့က ညနေ ၆ နာကျော်မှ ပြီးသွားသည်။ စာရေးသူတော့ ဒီနေ့ဟောပြောပွဲ မတက်နိုင်ခဲ့။ တက္ကသိုလ်အဆောင်အားလုံး ဧည့်သည်များဖြင့် ပြည့်နေသည်ဖြစ်၍ စာရေးသူတို့ နေရာတွေပါ ဖယ်ပေးလိုက်ရသည်။ ထိုနေ့ ဧည့်သည်များအတွက် နေရာရွှေ့ပေးနေရသဖြင့် ဟောပြောပွဲသို့ မတက်ရောက်နိုင်ခဲ့။

ညပိုင်း

ညပိုင်းမှာတော့ ဖျော်ဖြေရေးကဏ္ဍပဲဖြစ်သည်၊ ဇေယျာကွက်သစ် အားကစားကွင်းမှာ မြို့မတေးဂီတအဖွဲ့နှင့် သီတဂူဂီတဉ္စလီအဖွဲ့တို့က သီဆိုဖျော်ဖြေကြသည်။

မွေးနေ့ပွဲရက် တပေါင်းလပြည့်နေ့ အပိုင်း (၄) ဆက်လက်ဖော်ပြသွားပါမည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၉-၃-၂၀၁၁

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes