၇-၁၁-၂၀၁၀ နေ့က ရန်ကုန်မြို့ ကမာရွတ်မြို့လှည်းတန်းရှိ လှဆန်းယဉ်အမျိုးသမီးဘော်ဒါဆောင် မိသားစုကထိန်က ပင့်ဖိတ်သဖြင့် ထိုဘော်ဒါဆောင်သို့ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ စာချကထိက အရှင်မြတ်လေးပါး ကြွရောက်ချီးမြောက်ခဲ့ကြသည်။ ထိုဘော်ဒါဆောင်မှ အဆောင်ပိုင်၊ အဆောင်မှူး၊ ကျောင်းသူကလေးများက ကိုယ့်မှာရှိတဲ့ ခွန်အားလေးနဲ့ စုပေါင်းပြီး ကထိန်အလှူတခုပြုလုပ်သည်။ ကထိန်ခေတ်ဖြစ်၍ ကထိန်သင်္ကန်းအလှူ၊ ၀ါကျွတ်ခရီးသွားရာသီဖြစ်၍ ခရီးဆောင်အိပ်များနှင့် န၀ကမ္မစသောအခြားလှူဖွယ်များကိုလည်း ကထိန်းအလှူအဖြစ် လှူကြသည်။
လှဆန်းယဉ်အမျိုးသမီးဘော်ဒါဆောင် ၈ ထပ်မြောက်လသာဆောင်ကို အလှူဌာနမင်္ဂလာမဏ္ဍပ်အဖြစ် ပြုလုပ်သည်။ ကထိန်ခေတ်ဖြစ်တာကတကြောင်း၊ ထို လှဆန်းယဉ်မိသားစု အလှူရှင်များနှင့် အနယ်နယ်အရပ်ရပ်မှ ကထိန်အလှူရှင်များအား ဂုဏ်ပြုလိုတာက တကြောင်း၊ ကထိန်ခေတ်ခါ သမယဖြစ်တာကတကြောင်း ကြောင့် ကထိန်အကြောင်း ပို့စ်ကလေး ရေးရန် စိတ်ကူးဖြစ်ခဲ့ဖြစ်သည်။
မြန်မာလူမျိုးများရဲ့ချစ်စရာဓလေ့ အလေ့အထလေးတွေထဲက တခုသော ရိုးရာလေးဖြစ်ပါသည်။ မြန်မာလူမျိုးများသည် မြတ်ဗုဒ္ဓ၏ အဆုံးအမအောက်မှာ ကြီးပြင်းလာကြသည်ဖြစ်၍ မြန်မာ့ယဉ်ကျေးမှုသည်လည်း မြတ်ဗုဒ္ဓ၏ အဆုံးအမများပင်ဖြစ်သည်။ ယဉ်ကျေးမှုဆိုတာ ဘာလဲ? ယဉ်ကျေးမှုအကြောင်းလေးကို နောက်များတွင် အလျင်းသင့်က ဖော်ပြဖို့ အစီအစဉ်ရှိပါသည်။
မြန်မာပြည်ရဲ့ ၁၂ လရာသီ ပြက္ခဒိန်တွင် လတိုင်းလတိုင်း၌ ယဉ်ကျေးမှုပွဲတော်များ ပါရှိသည်၊ ထိုပွဲတော်များသည် အထူးအားဖြင့် မြတ်ဗုဒ္ဓ၊ တရားတော်နှင့် သံဃာတော်တည်းဟူသော ရတနာသုံးပါးကို ပူဇော်သည့် ပွဲတော်များသာ ဖြစ်ပါသည်။ ယခုရာသီ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်မှ တန်ဆောင်မုန်း လပြည့်နေ့အထိ တလအတွင်း ပြုလုပ်အားထုတ်ရသည့် ပွဲတော်ကတော့ ကထိန်ပွဲတော်ဖြစ်သည်။ ထိုကထိန်နှင့်ပတ်သက်ပြီး ရှေးရှေးကထဲက များစွာသောဆိုက်တွေက ဖော်ပြထားပြီးဖြစ်ပါသည်။ ထို့ကြောင့် ဤဆိုက်တွင် ကထိန်အကြောင်းနှင့်ပတ်သက်ပြီး အနည်းငယ်မျှကိုသာ ဖော်ပြလိုပါသည်။
ကထိန်
ကထိန်ဆိုတာ မြန်မာဝေါဟာရသည် ကထိန ပါဠိပုဒ်မှ ဆင်းသက်လာသည်။ မြန်မာ့စာပေများတွင် ပါဠိစကားလုံးများကို မွေးဖွား အသုံးပြုထားသည်ကို များစွာ တွေ့ရသည်။ ကထိန်ဆိုသော မြန်မာစကားလုံးသည်လည်း ထိုနည်းတူစွာ မွေးစားစကားလုံးဖြစ်သည်။
အနုဇာနာမိ ဘိက္ခဝေ ၀ဿဝုဋ္ဌာနံ ဘိက္ခူနံ ကထိနံ အတ္ထရိတုံ။ ဆိုလိုသည်မှာ- ၀ါဆိုပြီးသော ရဟန်းတော်များအတွက် ကထိန်သင်္ကန်း ခင်းခြင်းကို ခွင့်ပြုတော်မူသည် ဟု ၀ိနည်း မဟာဝါပါဠိတော်မှာ ဘုရားရှင်ကိုယ်တိုင် နုတ်တော်မှ ထွက်လာသော မဟာကရုဏာစကားတော်ဖြစ်ပါသည်။ ကထိန်ဆိုတာ မြဲမြံခိုင်ခန့်ခြင်း ဆိုလိုခြင်းဖြစ်သည်။
(၁) အကျိုးငါးအင် အာနိသင်များကို တပြိုင်တည်း ရနိုင်သော အမှု၊ (၂) ဘုရားစသား ပုဂ္ဂိုလ်များက ချီးမွမ်းအပ်သော အမှု၊ (၃) သစ်ပင်ကြီးကဲ့သို့ မြဲမြံ ခိုင်ခန့်သော အမှု၊ (၄) သင်္ကန်းဖြတ်၊ ချုပ်၊ ဆိုးခြင်း၊ လှူခြင်း၊ ခင်းခြင်း စသော ကထိန်နှင့်စပ်သမျှ ခေါ်ဝေါအပ်သော စကားကို ကထိန (ကထိန်) ဟု ခေါ်သည်။
အစဉ်အလာရှိခဲ့
ကထိန်ခင်းခြင်းသည် ရှေးဘုရားရှင်များ လက်ထက်တော်ကပင် ရှိခဲ့ဖူးသည်။ ဒီပင်္ကရာဘုရားရှင်မှ ရေတွက်သော် ရှစ်ဆူမြောက် ပဒုမမြတ်စွာဘုရားလက်ထက်တော်ကထဲက ကထိန်ခွင့်ပြုထားသည်ကို ဗုဒ္ဓ၀ံသဋ္ဌကထာမှာ တွေ့နိုင်ပါသည်။ ထိုဘုရားရှင်လက်ထက်တော်၌ ဥသဘ၀တီမြို့သူ မြို့သားတို့သည် အဂ္ဂသာဝက သာလမထေရ်မြတ်အား ကထိန်သင်္ကန်းလှူခဲ့သည်၊ ထိုကထိန်သင်္ကန်း ချုပ်ရာတွင် ဘုရားရှင်ကိုယ်တော်တိုင် အပ်ချည် ကိုးပေါက် အပ်နဖားထိုးပေးခဲ့သည်ဟု တွေ့ရသည်။
လက်ဆင့်ကမ်းလာသော ကထိန်
လက်ရှိကမ္ဘာတွင် ဂေါတမ မြတ်စွာဘုရားလက်ထက်တော်မှာလည်း ထိုကထိန်နှင့်ပတ်သက်သည့် အစဉ်အလာ ရှိခဲ့ည်။ ပါဝေယျတိုင်းသာ ဘဒ္ဒ၀ဂ္ဂီ ညီနောင် ၃ ကျိပ်တို့ကို အကြောင်းပြု၍ ကထိန်သင်္ကန်းဖြစ်လာသည်။
ကောသလမင်းကြီးနှင့် ညီအကိုတော်သော ဘဒ္ဓ၀ဂ္ဂီညီနောင်တို့သည် မိန်းမတစ်ယောက်ပျောက်၍ မိန်းမရှာ ထွက်လာစဉ် အရှင်ဂေါတမသည်လည်း ဘုရားဖြစ်ခါစ ဥရုဝေဠတောသို့ ကြွလာရာမှာ တွေ့စုံမိကြသည်။ ထိုညီနောင် သုံးကျိပ်တို့တွင် ဘုရားရှင်၏တရားတော်ကို နာကြားရ၍ အချို့ သောတာပန်၊ အချို့ သကဒါဂမ်၊ အချို့သော သူများက အနာဂါမ် အဖြစ် တရားထူးများ ရရှိကာ ဧဟိဘိက္ခု ရဟန်းဖြစ်ခဲ့ကြသည်။ ဧဟိဘိက္ခု- ငါ့ရှင်ရဟန်းတို့ လာကြဟု ခေါ်လိုက်ရုံဖြင့် သူတို့၏ ရှေးဘုန်းရှေးကံကြောင့် အလိုအလျောက် ရဟန်းအသွင် ဖြစ်သွားကြသည်။ ထို့နောက် ထို ညီနောင်ရဟန်းတော်တို့သည် တခုသော နေရာတွင် တောရဆောက်တည်ခြင်း စသော ဓုတင်အကျင့်များကို ကျင့်ကြံအားထုတ်ကြသည်။
ထိုရဟန်းတော် ညီနောင်တို့သည်ဓုတင်အကျင်းများ ကျင့်ရင်း ပါဝါမြို့မှ သာဝတ္ထိမြို့သို့ ဘုရားဖူးကြွရာ ၆ ယူဇနာ ခရီးဝေးသဖြင့် သာဝတ္ထိမြို့ ၀ါဆိုမီ မရောက်နိုင်ကြ။ လမ်းခရီး သာကေတမြို့မှာပဲ ၀ါဆို (၀ါကပ်) တော်မူလိုက်ကြသည်။ သီတင်းကျွတ်လပြည့်နေ့ ၀ါကျွတ် ပ၀ါရဏာပြုပြီး နောက်တနေ့ သာဝတ္ထိမြို့သို့ ဘုရားဖူးရန် ခရီးဆက်ခဲ့ကြသည်။ လမ်းခရီးမှာ မိုးသည်းထန်စွာ ရွာသွန်းချသဖြင့် ရဟန်တော် ညီနောင် အားလုံး မိုးမိကာ ရေ၊ ရွှံ့ညွှန်၊ တို့ဖြင် ညစ်ပေ နေလျက် ဘုရားရှင်အား ဖူးမျော်ကန်တော့ကြသည်။ ထိုဖြစ်ရပ်ကို အကြောင်းပြု၍ ကထိန်သင်္ကန်း ခွင့်ပြုတော်မူသည်။
မှတ်ချက်။ ။ ၀ါတွင်း မိုးမိ၍ ၀ါဆိုသင်္ကန်းခွင့်ပြု၊ ၀ါကျွတ်မိုးမိ၍ ကထိန်သင်္ကန်းခွင့်ပြု။ ဘုရားရှင်က သူ့ သား တပည့်ရဟန်းတော်များကို သင်္ကန်း ၀တ်စရာနှင့်ပတ်သက်ပြီး မပင်ပန်းစေချင်တဲ့ မဟာကရုဏာဖြင့် သင်္ကန်းများ ခွင့်ပြုဟန်ပင်ဖြစ်သည်။
ကထိန်သည် ဘယ်သူ့အတွက်လဲ?
ကထိန်သင်္ကန်းသည် ပုဂ္ဂလိက (ပုဂ္ဂိုလ်)ကို ရည်မှန်း၍မလှူရ၊ စတုဒိသာ-အရပ်လေးမျက်နှာမှ သံဃာတော် အားလုံးကို ရည်ရွယ်၍ လှူရပါသည်။ ဣမံ ကထိနစီဝရံ သံဃဿ ဒေမ။ ဥတ်ကထိန်သင်္ကန်းကို သံဃာထုတဲတွင် သင်္ကန်းရှားပါးသူကို ရွေးချယ်ပြီး လှူဒါန်းရပါသည်။ ထိုကဲ့သို့ ရွေးချယ်ရာဝယ် သင်္ကန်းရှားပါးသူမရှိပါက အကြီးဆုံး မထေရ်ကြီးကို လှူရပါသည်။ ဒါဆို ကထိန်းသင်္ကန်းလှူတော့ ဘာအကျိုးရှိလဲ မေးစရာရှိလာတယ်၊ ဘယ်အကျိုးမျော်ကိုး၍ ကထိန်သင်္ကန်းများ လှူကြသလဲ မေးစရာဖြစ်လာပါတယ်။ ကထိန်းသင်္ကန်းလှူခြင်းကြောင်း အကျိုးငါးပါးရတယ်ဆိုတာ ယနေ့ခေတ် လူအတော်တော်များများ သိပြီးဖြစ်ပါလိမ့်မယ်။ သို့သော် ကထိန်အကြောင်းပြောကြပြီဆိုတော့ ထိုအကျိုးငါမျိုးကိုတော့ ချန်ထားလို့ မဖြစ်ပြန်။
အကျိုး ငါးအင် အာနိသင်
အလှူရှင်များက ရဟန်းတို့အား မအပ်စပ်သော အသုံးအနှုန်းများဖြင့် ဆွမ်းပင့်ဖိတ်ကပ်သော်လည်း အပြစ်မသင့်။ ဥပမာ-ရဟန်းတော်များ ထမင်းဘုန်းပေးကြွပါ၊ ခေါက်ဆွဲ ဘုန်းပေးကြွပါ၊ မုန့်ဟင်းခါး ဘုန်းပေးကြွပါဟူသော အသုံးနှုန်းဖြင့် ပင့်ဖိတ်အပ်သော ဆွမ်းကို လက်ခံပါက ရဟန်းတော်များအား အပြစ်ဖြစ်သည်၊ ထိုအသုံးနှုန်းဖြင့် ပင့်ဖိတ်ခြင်း လက်မခံအပ်။ ဆွမ်းဘုန်းပေးကြွပါ၊ ခေါက်ဆွဲဆွမ်း ဘုန်းပေးကြွပါ၊ မုံ့ဟင်းခါးဆွမ်း ဘုန်းပေးကြွပါ စသည်ဖြင့် ဆွမ်းဆိုတဲ့ အသုံးအနှုန်းပါရှိရပါသည်။ ဤကဲ့သို့သော အလားတူ ၀ိနည်းအပြစ်မှ လွတ်သော အကျိုးများကို ကထိန်အာနိသင်က ပေးစွမ်းနိုင်သေည်။
(၁) အနာမန္တစာရ- ရဟန်းတော်များ နေ့လွဲအခါ ရဟန်းတပါးပါးကို မပန်ကြား (မပြော)ဘဲ မြို့တွင်း ရွာတွင်းသို့ မသွားကောင်း။ သို့သော်လည်း ကထိန်အာနိသင်ကြောင့် ထိုအပြစ်တို့မှ လွတ်၏။
(၂) အသမာဒါနစာရ-တိစီဝရိတ်အဓိဋ္ဌာန်တင်အပ်သော သင်္ကန်းကို မဆောင်ယူဘဲ သွားလိုရာ သွားနိုင်ခြင်း။ ထိုသင်္ကန်းဖြင့် ညဥ့်ကင်း၍ နေနိုင်ခြင်း။ ကထိန်အာနိသင် မရှိသော ရဟန်းတော်များမှာ သွားလေရာ ထိုသင်္ကန်းကို ဆောင်ယူရသည်။
(၃) ယာဝဒတ္တစီဝရ= ရသမျှသင်္ကန်းတို့ကို အဓိဋ္ဌာန်၊ ၀ိကပ္ပနာမပြုဘဲ အလိုရှိသလောက် ထားရှိ သုံးဆောင်နိုင်ခြင်း။ ပထမ ကထိနသိက္ခာပုဒ်အရ ၁၀ ရက်ထက်လွန်သော်လည်း နိဿဂ္ဂိပါစိတ်အာပါတ် မသင့်နိုင်။
(၄) ဂဏဘောဇန-မအပ်စပ်သော တောင်းခံခြင်း၊ ပင့်ဖိတ်ခြင်းမျိုးဖြင့် တောင်းခံ ပင့်ဖိတ်အပ်သော ဆွမ်းကို ၄ ပါး၊ ၄ပါးထက် အလွန် စုပေါင်း၍ ခံယူစားနိုင်ခွင့်ရှိခြင်း။ ဘောဇန၀ဂ် ဒုတိယသိက္ခာပုဒ်အရ အပြစ်မသင့်နိုင်။
(၅) ယော စ တတ္ထ စီဝရုပ္ပါဒ- ကထိန်ခင်းရာ ကျောင်းတိုက်၌ ဖြစ်ပေါ်လာသော သင်္ကန်းတို့ကို ကထိန်းခင်းသော ရဟန်းတို့သာ ရနိုင်ခြင်း တို့ဖြစ်သည်။
ယခုပြဆိုသော အကျိုး ၅ ပါးကို ကထိန်ခင်းသော ရဟန်းနှင့် ကထိန်းခင်းရာဝယ် နုတ်ဖြင့် ၀မ်းမြောက်နုမော် သာဓုခေါ်သော ရဟန်းအားလုံး ကထိန်းခင်းသည့် နေ့မှ စ၍ တပေါင်းလပြည့်တိုင်အောင် ခံစားခွင့်ရှိသည်။
မှတ်ချက်။ ။ ၀ါကျိုးဝါပြတ်သော ရဟန်း၊ ပစ္ဆိမ၀ါကပ်သော ရဟန်းများနှင့် အခြားကျောင်းမှာ နေသော ရဟန်းများ ထိုအကျိုး ၅ မျိုးကို ခံစားခွင့်မရှိ။ သို့သော်လည်း ကင်္ခါဋီကာသစ်မှာတော့ ကထိန်မခင်းသော်လည်း သင်္ကန်းကာလ (သီတင်းကျွတ်လပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်းလပြည့်နေ့အထိ နံပါတ် (၂ ) အကျိုးကလွဲ၍ ကျန် အကျိုးအာနိသင် ၄ ပါးကို ခံစားခွင့်ရှိသေးသည်ဟု ဆိုထားသည်။
ဤမျှလောက်အနည်းငယ်သော ကထိန်နှင့်စပ် မှတ်သားဖွယ်တို့ဖြင့် ၀ါကျွတ် ကထိန်ပွဲတော်များကို ဂုဏ်ပြု ပူဇော်ပါသည်။
ကျမ်းကိုးများ
(က) ၀ိနည်းမဟာဝါ
(ခ) ပါစိတ်ပါဠိတော်
(ဂ) ပါစိတျာဒိအဋ္ဌကထာ
(ဃ) ယင်း ဘာသာဋီကာများ
(င) သရုပ်ပြ အဘိဓာန်
(စ)တိပိဋက ပါဠိမြန်မာ အဘိဓာန် အတွဲ-၅
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
10-11-2010

0 comments:
Post a Comment