PG လေကြောင်းပိုင် လေယာဉ်
ဝေဟင်မှ ဘန်ကောက်ရဲ့ ကောင်းကင်လမ်းမကြီးများ
သုဝဏ္ဏဘူမိလေဆိပ် တနေရာ အမှတ်တရ
ဝန်ဆောင်မှုမဆိုး
စာရေးသူ တစ်ခါမှ မစီးဘူးသေးသော လေကြောင်းက PG (Bangkok Airway) လေကြောင်းပဲဖြစ်သည်။ ဘုံဘေမြို့ကိုပြန်မယ်ဆိုတော့ Sun far အေးဂျင့်မှာ လက်မှတ်စုံစမ်းသည်၊ TGလေကြောင်းသည် one way ကိုပဲ အမေရိကန် ဒေါ်လာ ၅၅၀ ရှိနေသည်။ ဈေးသည် တစ်ရက်နှင့်တစ်ရက် အပြောင်းအလဲ ရှိသည်၊ အထူးသဖြင့် သောကြာ တနင်္ဂနွေရက်များအတွက် ပိုဈေးမြင့်သည်။ လူအသွားအလာ များသောကြောင့် ဖြစ်ဟန်တူသည်။ TG ၅၅၅ ဒေါ်လာ ဈေးများနေသဖြင့် နောက်ထက် လေကြောင်းတစ်ခုကို စုံစမ်းရာ PG ဘန်ကောက် အဲယားဝေးကို တွေ့သည်၊ သူက ဈေးသက်သာသည်၊ one way ကို ၄၀၅ ဒေါ်လာပဲ ပေးရသဖြင့် ၁၀၀ ကျော်လောက် သက်သာသည်။ လေယာဉ်ထွက်ချန်ကတော့ ရန်ကုန်မှ မနက်ပိုင်း ၁၀ နာရီးတစ်ကြိမ်နှင့် ညနေပိုင်း ၄-၄၀ တစ်ကြိမ်ရှိသည်။ ထိုလေယာဉ်သည် ဘန်ကောက်မှ ဘုံဘေသို့ ညနေ ၉ နာရီ တစ်စီးတည်းသာ ရှိသဖြင့် ရန်ကုန်မှ ညနေ ၄-၄၀ လေယာဉ်စီးလျင် သိပ်ကြာကြာ မစောင့်ရပေမဲ့ မနက်ပိုင်း လေယာဉ်စီးမိပါက တနေကုန် လေဆိပ်တည်းမှာ နေရလိမ့်မည်။ ၀န်ဆောင်မှုလဲကောင်းသည်ဟု ဆိုရပေမည်၊ ဘုန်းတော်ကြီးများကို ဂရုစိုက်သည်။ ဘန်ကောက်ရောက်တော့ သူတို့လေကြောင်းရုံးခန်း နားနေခန်းများကို နေရာပေးသဖြင့် အဆင်ပြေသည်။ ဘုံဘေရောက်တော့လည်း ကားစီးရသည်အထိ ၀န်ဆောင်မှု လိုက်လုပ်ပေးသည်အတွက် ဘုန်းတော်ကြီးများ အတွက် အဆင်ပြေသည်။
မရိုးနိုင်တဲ့ သုဝဏ္ဏဘူမိ
ဘန်ကောက်လေဆိပ်မှာ လေယာဉ်က ကွင်းနေရာရောက်ဖို့ ကွင်းထဲပတ်မောင်းစဉ် (ကွင်းနေရာ ရွေးရင်း) သိပ်လှပတဲ့ ကွင်းကြီးနှင့် ငှက်ကြီးတစ်ကောင် ပျံနေသည့်အလား လေဆိပ်ကြီးကို ကြည့်ပြီး စိတ်ကူးမိသည်။ သုဝဏ္ဏဘူမိဆိုတဲ့ အရပ်ဒေသကို မြန်မာ အင်ဒိုနီးရှား ထိုင်းနှင့် အိန္ဒိယတို့က အလုအယတ် ပိုင်ဆိုင်မှု လုပ်နေကြသည်။ မြန်မာကလည်း သထုံသည် သုဝဏ္ဏဘူမိ ဖြစ်သလို အင်ဒိုနီးရှားကလဲ ဂျာဗားပြည်နယ် ဆုမတြာကျွန်းကို သုဝဏ္ဏဘူမိဟု ဆိုပြန်သည်။ ထိုင်းနိုင်ငံသူ နိုင်ငံသားတွေကလည်း နခွန်ပထွမ် (နဂရ ပထမ)ကို သောဏ ဥတ္တရမထေရ်တို့ သာသနာသယ်ဆောင်ရာ ပထမဆုံးမြို့ဟု ဆိုကာ သုဝဏ္ဏဘူမိဟု အသိမှတ်ပြုနေကြသည်၊ ဤနည်းအားဖြင့် သူ့ဘက် ကိုယ့်ဘက် ထို သုဝဏ္ဏဘူမိ (ရွှေမြေ) ကို လုနေကြစဉ် ဟော-ဗြုန်းဆို သုဝဏ္ဏဘူမိနိုင်ငံတကာလေဆိပ်ကြီး တည်ဆောက်လိုက်တော့ ကမ္ဘာက သုဝဏ္ဏဘူမိဆိုတာကို ထိုင်းနိုင်ငံနှင့်တွဲမှတ်သွားကြသည်။ အဲဒီအတွေး စာရေးသူသာ မဟုတ် အခြား မိတ်ဆွေများလည်း တွေးမိလိမ့်မည် ထင်သည်။ သုဝဏ္ဏဘူမိ၏ နောက်ခံ story လေး ကမ္ဘာ့လူသားတွေနှလုံးသားထဲအထိ အရောက်ပို့နိုင်ရင် ကောင်းမှာပဲ ဆိုတဲ့အတွေးလည်း ဆင့်ကဲပေါ်လာသည်။ လေဆိပ်ကြီးထဲ အကြိမ်ကြိမ်ရောက်ဖူးပေမဲ့ မရိုးနိုင် မအီနိုင်ဘဲရှိနေသည်၊ ရောက်တိုင်း အသစ်အဆန်းဖြစ်နေသည်။ ဂိတ်ပေါင်း ၅၀ ၀န်းကျင် ရှိသည်အတွက် ကိုယ်သွားမည့်နိုင်ငံ၏ ဂိတ် (Gate) ကို ရှာရသည့် ဒုက္ခလဲ မသေးလှ၊ သိပ်ကြီးကျယ် သိပ်ခန်းနားသည့် ကမ္ဘာကျော်လေဆိပ်ကြီးတစ်ခု ဖြစ်သည်။
သူငယ်ချင်းများ လာကြို့
ဘန်ကောက် သုဝဏ္ဏဘူမိကမ္ဘာကျော်လေဆိပ်မှ ၄-၄-၂၀၁၁ ၉ နာရီ ထွက်လာရာ ဘုံဘေသို့ ၅-၄-၂၀၁၁ နေ့ မနက်စောစော ၁ နာရီ နိုင်ငံတကာဘုံဘေလေဆိပ်သို့ ရောက်သည်။ PG လေကြောင်းမှ ၀န်ဆောင်မှုများပေးသဖြင့် အဆင်ပြေသည်။ အပြင်ရောက်တော့ ကိုမေဓာတို့ စောင့်နေကြသည်။ အားလုံးအဆင်ပြေသည်။ အဆောင်ရောက်တော့ ၂ နာရီဝန်းကျင်ရှိနေသည်။ တချို့ ကျောင်းသားများ မအိပ်ကြသေး၊ အင်တာနက်သုံးသူက သုံး၊ တီဗီကြည့်နေသူက ကြည့်၊ အချို့လဲ စာဖတ်နေကြသေးသည်ကို တွေ့ရသည်။ အော်-- တော်တော် ကြိုးစားကြတာပဲလို့ တွေးမိသည်။ သူငယ်ချင်းဖြစ်သူများက နေရာလည်း အရန်သင့်ခင်းကျင်းထားသည်။ တော်လိုက်တဲ့ သူငယ်ချင်းကောင်းတွေပဲ။ ယခုချိန် ဘုံဘေမြို့ရာသီဥတုသည် နေလို့ကောင်းသည့် အချိန်ဖြစ်သည်၊ မိုးမရွာသေး နေလည်းအရမ်းမပူသေးရကား သင့်တင့်သော ဥတုပင်ဖြစ်သည်။ သို့သော်လည်း ဘုံဘေလေဆိပ်က ထွက်လာတာနဲ့ အသက်ရှူမ၀ ဖြစ်တော့သည်။ လူဦးရေ အထူထပ်ဆုံးမြို့လည်းဖြစ်သလို ကမ္ဘာ့မြိုကြီးများနှင့် နှိုင်းယှဉ်ပြန်ရင်လဲ ညစ်ပတ်ဆုံးမြို့ဟု ဆိုလို့ရပြန်သည်။ မြင့်မားသော အဆောက်အဦးများ ထူထပ်၍လည်း လေကောင်း လေသန့်မရနိုင်။ ကောလိပ်အတွင်း ရောက်ကာမှ လေဖြူဖြူလေးရသည်၊ အသက်ရှူရတာ အရသာရှိလှသည်။ ကိုယ်နေရမည့် အိပ်ယာသည်လည်း ၆ ထပ်မြောက်ရှိ မြန်မာမာကျောင်းသားများ စုဝေးနေသည့် အခန်းထဲက တစ်နေရာဖြစ်သည်။
ငါးပိငါးခြောက်နှင့် ချဉ်ပေါင်ကြော်
နောက်နေ့မနက် ၈ နာရီ (မြန်မာချိန် ၉ နာရီ) မှာ အိပ်ယာထဖြစ်သည်၊ မနေ့က အရမ်းပင်ပန်းနေသည်၊ ၃ နာရီထိုးခါနီးမှ အိပ်ယာဝင်ဖြစ်သည်၊ နေရာအသစ် အိပ်ယာသစ်ဖြစ်၍ ခဏခဏ နိုးနေသည်။ နောက်နေ့ အိပ်ယာက စောစောမထနိုင်။ အိပ်ယာက ထ ထချင်း မနက်စာအတွက် မြန်မာပြည်က ပါလာသည့် အကြော်အလှော် အခြောက်အခြမ်းအထုပ်တွေ ခွဲတန်းချသည်။ လက်ဆောင်ပေးရန်၊ ဟိုကဒီက သူတို့ သူငယ်ချင်း မိတ်ဆွေများအတွက် ပါးလိုက်သည့်အထုပ်တွေ ရွေးထုပ်ပြီး ကိုယ့်အတွက်ပါလာသည့် အထုပ်တွေကိုတော့ အများသုံးထမင်းစားခန်းမှာ ထည့်လိုက်သည်။ ဒကာ ဒကာမများ ညီမများက ချဉ်ပေါင်ကြော်၊ သရက်သီးသနပ်၊ ငါးခြောက်ကြော်၊ ကြက်သားကြော်၊ ပုဇွန်ခြောက်၊ ငါးခြောက်ဖုတ်များ၊ ပဲကြော်များနှင့် ဆေးပစ္စည်း စသည်များကို လှူလိုက်ကြသည်။ ကျောင်းသားရဟန်းတော်များ နှစ်သက်တော်မူကြသဖြင့် အလှူရှင်အားလုံးအတွက် ၀မ်းသာဖွယ်ဖြစ်ရသည်။ ထိုအစားအစာများသည် ဘုံဘေမြို့တွင် ရနိုင်ဖို့ မလွယ်ကူသလို အဆောင်မှာ ချက်ခွင့်မရှိ ကြော်လှော်ခွင့်မရသဖြင့် ပြည်မြန်မာ ဒကာဒကာမတွေရဲ့ ငါးပိ ငါးခြောက် ချဉ်ပေါင်ကြော်စတို့သည်ကား များစွာ ကျေးဇူးများလှသည်။
ဘုံဘေနှင့် လူနေမှု
ဘုံဘေမြို့ စောမယကောလိပ်တွင် ပညာသင်ရဟန်းတော် များစွာရှိသည်။ ယခုလောလောဆယ် တပေါင်းတည်း အတူစား ရဟန်းတော်များ ၁၈ ပါးလောက်ရှိသည်။ မီးဖိုပါ အခန်းကြီးတစ်ခန်းနှင့် ၄ ပါးနေ အခန်း ၂ ခန်းရသည်။ အခန်းကြီးတွင် ၁၀ ပါးဝန်းကျင်လောက်နေရသည်။ ခပ်ကြပ်ကြပ် နေရသည်။ စာသင်တိုက်ကြီးမှာ နေရသည့် စာသင်သားငယ်လေးများ ပြန်ဖြစ်သွားသည်။ တစ်ယောက်ခန်းထဲမှာ နှစ်များစွာ နေခဲ့ရသော စာရေးသူအတွက် တစ်ခန်း ၄ ပါးနေရသည်မှာ သိပ်အဆင်မပြေပေမဲ့ သူငယ်ချင်းများက သဘောကောင်းကြသဖြင့် အဆင်ပြေသည်။ ပူနေးတက္ကသိုလ်မှာ နေစဉ်က တစ်ယောက် တစ်ခန်းဖြစ်သည့်အပြင် အားလုံး ပြည်ပကျောင်းသားများဖြစ်သဖြင့် နေရသည်မှာ လွတ်လပ်၏။ ကိုယ်စားချင်တာ ချက်ပြုတ်စားသောက်နိုင်သည်။ နိုင်ငံပေါင်းစုံက ဟင်းလျာများ၏ အနံ့မျိုးစုံကို မလွဲမသေ ခံစားရမှာအမှန်။ လွတ်လပ်စွာ နေနိုင်သလို လွတ်လပ်စွာ ချက်ပြုတ်နိုင်သည်၊ လွတ်လပ်စွာ အားကစား၊ လေ့ကျင့်ခန်းများ လုပ်နိုင်သည့် နေရာ များစွာရှိသည့်အတွက် အဆင်ပြေလှသည်။
ဘုံဘေမြို့သည်ကား အိန္ဒိယနိုင်ငံ၏ လူဦးရေအထူထပ်ဆုံးမြို့ဖြစ်သလို စီးပွားရေးမြို့တော်လည်းဖြစ်သည်။ ဘုံဘေမြို့ရှိ ဤစောမယကောလိပ်မှာ ပညာသင် မြန်မာကျောင်းသားများအားလုံးသည် ပြည်တွင်းမှာတော့ စာချဘုန်းကြီးများဖြစ်ကြသည်။ သို့သော်လည်း ပညာရချင် ဘွဲ့ရချင်လိုသောကြောင့် အဆင်းရဲဒဏ် အပင်ပန်းခံရလေတော့သည်။ ပြည်ပကျောင်းသားများ အဆောင်ဟု သီးသန့်မရှိသဖြင့် အိန္ဒိယ ကျောင်းသားများနှင့် အတူနေကြရသည်မှာ သိပ်အဆင်မပြေလှ။ အချက်အပြုတ်ကအစ အဆင်မပြေ၊ ချေးများ အတိုင်အတောထူတဲ့ ကုလားကြားမှာ နေရတာလဲ သိပ်မလွယ်လှ၊ အသား ငါးမစားသော ဟိန္ဒူဘာသာ အစွန်းရောက်သော ကုလားများကြားတွင် အမှိုက်ပုံးထဲ ကြက်ရိုး ငါးရိုး တစ်ခုတွေ့မိပါက သိပ်ကြီးလေးသော အပြစ်ဟု ယူဆကာ အတိုင်အတောခံရပေမည်။ မြန်မာရဟန်းတော်များအတွက် အခန်းများသည်လည်း ၆ ထပ်မြောက်မှာသာ ရှိသည်။ နတ်ပြည် ၆ ထပ်မှာ နေရသည်ဟု အောင့်မေ့၍ နေရပေတော့မည်၊ ငလျင်တွေ သိပ်ခေတ်စားနေတော့ အဆောက်အဦးကြီး ကြည့်ပြီး ကြက်သီးထမိသေးသည်။ ပင်လယ်ကမ်းခြေမှာကိုးးးးး။ အလှည့်အကျ ချက်စားရသည့် မိသားစု စနစ်ပဲဖြစ်သည်။ စုပေါင်း ကုန်ကျစရိတ်သည် တစ်လ ရူပီး ၂ သောင်းဝန်းကျင် (ကျပ် ၄ သိန်းကျော်) လောက် ကုန်ကျသည်ဟု ခန့်မှန်းကြည့်မိသည်။ စာရေးသူတော့ အခုမှ စရောက်သဖြင့် ချက်ခန်းပြုတ်ခန်းထဲ မ၀င်ရသေးဘဲ အချက်ပြုတ်အလွန်ကောင်းသည့် နောင်တော် ညီတော်များ ချက်ပြုတ်ကျွေးတာကိုပဲ မြိန်ရည်လျှက်ရည် အသာတကြည် ၀င်စားနေရသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၈-၄-၂၀၁၁
2 comments:
ဘုန်း၂ အစစ အဆင်ပြေပါစေ ဘုရား
ဘုံဘေမြို့ကြီးနဲ့ စောမယတက္ကသိုလ်ပို့စ်တွေ၊ ခရီးသွားဆောင်းပါးတွေ ဖတ်ရတာ သိပ်ကောင်းပါတယ်။ကိုယ်တိုင်မြင်တွေ့ရသလို ခံစားရပါတယ်။ဆက်ပြီးရေးနိုင်ပါစေ ကိုစတား။
Post a Comment