စာတတ်ဖို့ အရေးကြီးလား အပိုင်း (၂)
ကိုယ့်စေတနာကိုယ်
ထိုခေတ်က ကျောင်းတိုက်အတွင်းရှိ သံဃာအားလုံး သိတဲ့ အရှင်တပါးကတော့ အရှင်ခေမာစာရ ဖြစ်သည်။ မနက် ၄ နာရီ တုံးကြီးခေါက်ခေါက်ချင်း မျက်နှာသစ်ပြီး ဧက ၈၀ ကျော်ရှိ တိုက်ကြီး၏ လမ်းများအပေါ်က ခွေးချီးပုံများကို ရဟန်း ရှင်လူ များ မနှင်းမိအောင် ခွေးချီးကျုံးဂေါ်နဲ့ လိုက်ကျုံးသည်၊ ခွေးချီးဂေါ်ဆိုသည်မှာ ဂေါက်ရိုက်တံနှင့်တူသည်၊ စာရေးသူလဲ ဂေါက်ရိုက်နေတဲ့သူတွေရဲ့ ဂေါက်တံကို မြင်တိုင်း ကျောင်းတိုက်က လုပ်ပေးတဲ့ ခွေးချီးကော်သည့် ဂေါ်ကို အမှတ်ရပြီး ရယ်မိသည်။ ထိုအရှင်သည် သံဃာ ၁၃၀၀ ကျော်သုံးသည့် အိမ်သာ (ကုဋီ) အားလုံးကို မနက် သြ၀ါဒပြီးတိုင်း သန့်ရှင်းရေးလုပ်သည်၊ သံဃာ ၁၃၀၀ ကျော်စုပေါင်းပြီး သြ၀ါဒနာယူခြင်းနှင့် ဂုဏ်တော်ပွားခြင်း၊ သံဝေဂပွားသည့်အခါမှာလဲ အမြဲ ဦးဆောင်သည်အတွက် သံဃာအားလုံးက သိနေကြသည်။ တိုက်ကြီးထဲတွင် သောက်ရေခပ်ခြင်း၊ သောက်ရေခွက်၊ အိုးများ သန့်ရှင်းခြင်း၊ ရေအိုးစဉ်များ သန့်ရှင်းတို့သည် မည်သူကမျှ မည်သူကို တာဝန်ပေးထားသည် မဟုတ် ကိုယ့်စေတနာ ကိုယ့်သဒ္ဓါတရားနဲ့ လုပ်ကြသည်၊ မနက်ပိုင်းဆွမ်းခံအပြန်၊ ညနေပိုင်း စာဝါပြီးချိန်တို့၌ တစ်တိုက်လုံးက သောက်ရေခပ်သည့် ရေတွင်းတွင် ကျောင်းအသီးအသီးက သူတော်ကောင်း ရဟန်းသာမဏေများ ရေခပ်ရန် စုဝေးလာကြသည်မှာ အလွန်ကျက်သရေ ရှိလှသည်။ မြင်သူတိုင်းလဲ သဒ္ဓါပွားမိသည်။ ဤသို့အားဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး စိတ်ကောင်း စေတနာရှိသူများ ဖြစ်တော့ ရွှေပင်နားတော့ ရွှေကျေးဆိုတာလို သူတော်ကောင်းစိတ်များ ဖြစ်မိသည်။ ဘယ်အရာမဆို ကိုယ့်အသိစိတ် ကိုယ့်သဒ္ဓါတရားနဲ့ကိုယ် လုပ်ကြသည်။ကိုယ့်စေတနာကိုယ်
စာရေးသူနဲ့ အတူနေခဲ့သည့် သူငယ်ချင်းက ပြောတယ် ‘‘ ဦးကောရေ- တပည့်တော်လဲ အပြင် (မဟာဂန္ဓာရုံကျောင်းမှ အပြင်) ရောက်မှ သူတော်ကောင်းစိတ်ဓာတ်တွေ သဒ္ဓါတရားတွေ မှေးမှိန်လာတယ်၊ လုံးဝပျောက်သွားမှာ စိုးရိမ်ရတယ်’’ဟု ငြီးငြူးရှာသည်။ မှန်ပါသည် သူတော်ကောင်း စိတ်ကောင်း ရှိဖို့ဆိုတာလဲ သပ္ပုရိသနိဿျ- သူတော်ကောင်းများနဲ့ ဆုံရခြင်းနှင့် ပဋိရူပဒေသ၀ါသ- ပတ်ဝန်းကျင်ကောင်းဖို့ အလွန်အရေးကြီးပါသည်။ စာရေးသူလည်း ထိုငယ်ငယ်ကထဲက ပါလာသည့် အကျင့်ကောင်းလေးက ထိုစာသင်တိုက်ကြီး၏ အပြင်ရောက်နေပေမဲ့ အလေ့ကျင့်မပျက်ရလေအောင် ယနေ့ထိ လုပ်နေဆဲပင်၊ မနက် အိပ်ယာထ မျက်နှာသစ် ဗုဒ္ဓါနုဿတိ စသည့် ကမ္မဋ္ဌန်းတစ်ခုခု လုပ်ခြင်း၊ မေတ္တာပွားခြင်း၊ အခန်းထဲ တံမျက်စီးလှည်းခြင်း စသည့် လုပ်ပြီးမှ ကွန်ပြူတာဖွင့် စာရှာ စာဖတ် စာရေးသည့်အလုပ် လုပ်လေ့ရှိသည်။ ထိုအလေ့ကျင့်သည် ငယ်ငယ်ကထဲက ထိုစာသင်တိုက်ကြီးက ပေးလိုက်သော အလေ့ကျင့်ကောင်းလေး တစ်ခုဖြစ်သည်။
ပရိယတ်အခြေခံသေ ပဋိပတ်
ဆရာတော်ကြီးက သူ၏ကျောင်းတိုက်ကြီးသည် အပြင်ပန်းက ကြည့်ရင် စာသင်တိုက်ကြီးပဲလို့ ထင်ရပေမဲ့ တကယ်တမ်း အထဲတဲ ၀င်ကြည့်လျှင်တော့ ပရိယတ်အခြေခံသော ပဋိပတ် စာသင်တိုက်ကြီး ဟု သိရပါလိမ့်မည်။ စာသင်တိုက်ကြီးအတွင်းမှာ ကမ္မဋ္ဌာန်းကျောင်းကလေးများကို ကျောင်းတိုက်ကြီး၏ အစွန်အဖျားတွင် သစ်ရိပ် သစ်ပင်ကြီးများ အောက်မှာ သေသပ်လှပစွာ စီတန်းလျက် ဆောက်ထားသည်ကို မြင်တွေ့နိုင်သည်။ ထို ကမ္မဋ္ဌာန်းကျောင်းလေးများရှိသော နေရာကို ဥယျာဉ်ဟု ခေါ်သည်၊ ထိုဥယျာဉ်သည် သစ်ရိပ်သစ်ပင်များဖြင့် အေးချမ်းလှသည်၊ ထိုနေရာကို ရောက်သွားသည့်သူတိုင်း စိတ်၏ ငြိမ်းချမ်းမှုကို ခံစားရသည်၊ ထို့အပြင် သစ်ပင်သစ်ရိပ် တောင်သမန်အင်းမှ ဖြတ်တိုက်လာသော လတ်ဆတ်သော လေအေးအေးတို့ကြောင့်လဲ ခရီးပန်းလာသူတစ်ယောက်အတွက် အေးချမ်းသွားသည် လန်းဆန်းသွားသည်ကို ခံစားရမည်။ ကမ္မဋ္ဌာန်းတရားအားထုတ်သူအဖို့လဲ ၀နသညာ တောရိပ်တော့ငွေ့ တောသညာများရရှိပြီး သမာဓိကို ကောင်းကောင်း အထောက်ပံ့ပေးနေသည်။ ထိုစာသင်တိုက်ကြီး၏ ကမ္မဋ္ဌာန်းကျောင်းလေးများက ပေးလိုက်သော အေးချမ်းမှုဖြစ်သည်။မင်္ဂလာနံနက်ခင်း
နံက်ခင်းအိပ်ယာထတဲ့အခါတိုင်း ကိုယ်ရော စိတ်ပါ သန့်စင်သည့်အလုပ်ကို လုပ်ကြသည်။ ကိုယ်လက်သန့်ရှင်းရေးများ ပြီးသောအခါ မင်္ဂလာရှိသော လှပသော နံက်ခင်းကို အစပြုရန် ကျုးလွန်ခဲ့မိသော အသေးအမွှားအပြစ်ကလေးတွေ သန့်စင်ဖို့ ရဟန်း ၂ ပါး သို့မဟုတ် ၃ ပါး အချင်းချင်း ကိုယ့်အပြစ်ကို ထုတ်ဖော်ကာ တောင်းပန်သည့် အကျင့်တစ်ခု လုပ်ကြသည်။ ဒါကိုပဲ အာပတ်ဖြေ သို့မဟုတ် အာပတ်ကုစား သို့မဟုတ် ဒေသနာကြားသည်ဟု ခေါ်သည်။ ထိုသို့ ကိုယ်ရောစိတ်ပါ ၂ ပါးလုံး သန့်စင်ပြီး ဘုရားဂုဏ်တော်ကဲ့သို့ ကိုယ်နှစ်သစ်ရာ ဘာဝနာတစ်ခုခု ပွားကြသည်၊ တချို့လည်း ကိုယ့်နေရာမှာ တရားထိုင်သည်၊ တချို့လည်း ဗုဒ္ဓါနုဿတိဘာဝနာ ပွားများကြသည်၊ တချို့ကတော့ လမ်းလျှောက်ရင်း မေတ္တာပွားသည်၊ တချို့ကြပြန်တော့ ကျက်ပြီးသားစာတွေကို မမေ့အောင် ပြန်ဆိုကြသည်။ ဤနည်းအား နေ့၏အစသည် မင်္ဂလာရှိသော အပြုအမူတို့ဖြင့် ဖွင့်လှစ်ပြီး (သုပုဗ္ဗဏှ) သံချောင်းခေါက်တာနံက် နံနက်စာ စားရန် ဆွမ်းစားကျောင်းသို့ ကြွကြသည်၊ ဆွမ်းစားပြီးတာနဲ့ နံနက်ခင်းသြ၀ါဒ စပါသည်။ သံဃာအားလုံး ကျောင်းတော်ကြီးမှာ တစ်စုတစ်ဝေးတည်း စုပြီး ရှေးဦးစွား ဘုရားဂုဏ် တရားဂုဏ် သံဃာ့ဂုဏ်တော်များကို ရွတ်ပွားပြီ သံဝေဂ ဂါထာ၊ ကဗျာ၊ လင်္ကာများကို ရွတ်ကြသည်၊ ထို့နောက် မေတ္တာပွားများ၊ အမျှဝေကြသည်၊ အားလုံးပြီးသော အခါ နာယက ဆရာတော်ကြီးများက အလှည့်ကျ တစ်ရက်စီ ဆုံးမစကားများ ပြောသည်။ထိုနံနက်ခင်းသြ၀ါဒသည် အလွန်တန်ဖိုးရှိလှသည်၊ စာသင်တိုက်ကြီးအတွင်း နေစဉ်က နေ့တိုင်းကြားနေရ၍ တန်ဖိုးရှိမှန်း မသိခဲ့၊ နေ့စဉ်ကြားနေရသော ဆောင်ပုဒ်ကဗျာလေးတွေလဲ အလွတ်ရနေသည်၊ နေ့စဉ်တရားနာနေကြရတော့ ဟောနည်း ပြောနည်းကို အထူးသင်စရာပင် မလိုတော့။ ထိုတိုက်ကြီး အပြင်ဘက်ရောက်သွားသောအခါမှ ထိုနံနက်ခင်းသြ၀ါဒကို ပိုပြီး သတိတရ အမှတ်ရကာ အဖိုးမဖြတ်နိုင်သော ဆုံးမစကားများဟု သိလိုက်ရသည်။ နံနက်ခင်းသြ၀ါဒက သဒ္ဓါမရှိသူတွေ သဒ္ဓါတရားရှိလာအောင် သဒ္ဓါတရားရှိပြီးသူတွေကိုလဲ တိုး၍တိုး၍ သူတော်ကောင်းစိတ်များ ဖြစ်လာအောင် ပေးသည့်အပြင် ဘ၀မှာ အဆင့်တန်းမြင့်မြင့် နေနည်း ထိုင်နည်း ပြောနည်း ဟောနည်း ဆက်ဆံနည်းတွေကို ပေးသည်။ ထို့ကြောင့် ထိုတိုက်ထွက်က ရဟန်းသာမဏေများသည် ကိုယ်အမူရာ နှုတ်အမူရာများ သိမ်မွေ့သည်အပြင် အ၀တ်အစားမှာလဲ သေသေသပ်သပ်ရှိလှသည်ကို တွေ့ရသည်။
ထိုစာသင်တိုက်ကြီးက လူတော်ဖြစ်အောင်ကိုသာ သင်ပေးသည့် မဟုတ် လူကောင်းဖြစ်အောင်ကိုလည်း သင်ပေးသည်။ လူကောင်းဖြစ်ဖို့ကို ဦးစားပေးပြီး လူတော်တစ်ယောက် ဖြစ်အောင် ပေးသော ပဋိပတ်အခြေခံသော စာသင်တိုက်ဟူ၍၎င်း ပရိယတ်အခြေခံသော ပဋိပတ်ဟူ၍၎င်း ဆိုနိုင်ပါသည်။ ပရိယတ်နှင့်ပဋိပတ်ကို ဟန်ချက်ညီညီနဲ့ လုပ်ရှားသက်ဝင်နေသည့် စာသင်တိုက်ကြီး ဖြစ်သည်။
မစ္ဆရိယ
စိတ်ကောင်းစေတနာ သဒ္ဓါတရားရှိသူ သို့မဟုတ် စိတ်ကောင်းရှိဖို့ဆိုတာ မစ္ဆရိယစိတ်ကင်းသူကိုလဲ ဆိုပါသေးသည်။ တောင်မြို့မဟာဂန္ဓာရုံသို့ ရောက်လာသည့် သာမဏေငယ် ရဟန်းငယ် အသစ်ကလေးများကို ရက်ရောတဲ့စိတ် ပေးကမ်းချင်တဲ့စိတ် ပေးကမ်းခြင်း၌ ပျော်မွေ့တတ်သည့် သူတော်ကောင်းစိတ်ဖြစ်အောင်လဲ ရိုက်သွင်းပေးထားသည်၊ လေ့ကျင့်ပျိုးထောင်ပေးထားသည်။(မှော်ဘီ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးတွင် ပထမပြန်စာမေးပွဲတွင် အင်္ဂလိပ်စာနှင့်သင်္ချာထည့်သွင်းရေးစသော သာသနာတော် ပြုပြင်စောင့်ရှောက်ရေးနှင့်ဆိုင်သော စာတမ်းငယ်ကြောင့် ရှေးရိုးစွဲဝါဒီတို့၏ နည်းမျိုးစုံနဲ့ကန့်ကွက်ခြင်းကို ခံလိုက်ရသော ဆရာတော်ကြီးအား ရွှေကျင်သာသနာပိုင် ဆရာတော် စံကင်းဆရာတော်ကြီး၏ ‘‘ထိတော့ ထိတယ် မနာဘူးမဟုတ်လာ’’ ဟု
ဆုံးမမှုကို နာခံစဉ်)
ဆုံးမမှုကို နာခံစဉ်)
တိုက်တွင်းစရောက်လာသူတိုင်း စတင်လေ့လာရသည့် တိုက်တွင်းက အတန်း ၃ တန်းရှိသည်၊ အခြေခံတန်းများ ဖြစ်သည်၊ ၆ လတစ်ကြိမ် စာမေးပွဲကျင်းပပေးသည့်အတွက် ၁ နှစ် ၆ လဆိုရင် အတန်း ၃ တန်းလုံးပြီးသည်။ ထို့နောက် တိုက်တွင်းက ကျင်းပတဲ့ သာမဏေကျော်တန်း ၃ တန်းနှင့် မဟာဂန္ဓာရာမိကဓမ္မာစရိယတန်း ဟူ၍ဖြစ်သည်။ နှစ်စဉ် အောင်လက်မှတ်နှင်းအပ်ပွဲ ကျင်းပသည်။ ထိုအောင်လက်မှတ်ပေးအပ်ပွဲအတွက် သင်္ကန်း သပိတ် စာရေးကိရိယာ စသည်ဖြင့် လှူသည်ဖြစ်၍ လက်မှတ်နှင်းအပ်ပွဲ နီးလာသော အခါ ကျောင်းအသီးအသီးမှ သံဃာများက ကိုယ်သဒ္ဓါသလောက် ကိုယ့်မှာ အပိုရှိနေတဲ့ ပစ္စည်းလေးတွေကို စုစည်းပြီး လှူဖို့ရန် သွားပို့ကြရသည်။ ၆ လ တစ်ကြိမ်ကျင်းပတဲ့ အခြေခံတန်းများအတွက်ရော နှစ်စဉ်ကျင်းပတဲ့ သာမဏေကျော်နှင့် ဓမ္မာစရိယတန်းအတွက်ပါ ကိုယ်တတ်နိုင်သလောက် လှူကြသည်၊ ဤနည်းအားဖြင့် ကိုယ့်မှာ အပိုရှိနေသော ပစ္စည်းလေးများကို စွန့်နိုင်တဲ့ အခွင့်အလမ်းရှိအောင် လမ်းဖွင့်ပေးထားသဖြင့် မစ္ဆရိယစိတ်ကင်းပြီး သူတပါးကို ဝေငှချင်စိတ်ရှိအောင်လဲ လေ့ကျင့်ပေးထားသည်။
စိတ်ကောင်းရှိဖို့က ပထမ၊ စာတက်ဖို့က--ဒသမ
စာတတ်ဖို့ကို စည်းကမ်းထဲမှာ နောက်ဆုံးအနေနဲ့ ထားတယ်၊ စည်းကမ်း ဆယ်ချက်လုံးဟာ အရေးကြီးတာချည်းပဲ။ အားလုံးပဲ လူတိုင်းမှာ ရှိရမည့်အချက်တွေပဲ သို့သော်လည်း ဘယ်အချက်က အရေးကြီးလဲ မေးလာရင် အရေးကြီးတာချင်းတူပေမဲ့ တစ်ခုပြီးတစ်ခု အစဉ်တိုင်းကျင့်ဖို့ရန် စီစဉ်ထားသည်အတွက် အားလုံးအရေးကြီးသည်ဟု ဖြေရပါလိမ့်မည်၊ ဒါ့ကြောင့် နံပါတ်အစဉ်နဲ့ အစဉ်လိုက်ထားခြင်းဖြစ်သည်။ စိတ်ကောင်းမရှိဘဲ စာသာ တတ်နေပြန်လျှင် လူမြင်တိုင်းက အော့ချင် အံချင်စရာဖြစ်မည်၊ စာမတတ်ပြန်လျှင်လဲ လူထဲ ရှင်ထဲ အသုံးမကျဖြစ်မည်။ ‘‘စာမတတ်မူ အခေါက်ထူ လူထဲ ရှင်ထဲ အသုံးမကျ၊’’ ဟူ၍၎င်း၊ ‘‘စာတတ်ပြန်လျှင် စိတ်ကြီးဝင် လူမြင်တိုင်းက အော့ချင်ကြ’’ဟူ၍၎င်း နံနက်ခင်းသြ၀ါဒ အဆုံးမများမှ မှတ်သား နာယူခဲ့ဖူးသည်။ ရှေ့ အစဉ် ၉ ချက်ပြည့်စုံနေသူတစ်ယောက်သည်သာ စာသင်ဖို့ စာတက်ဖို့ အဆင်ပြေသည်။ စိတ်ကောင်း မရှိ ရည်ရွယ်ချက် လွဲမှားနေသော စာသင်နည်းဖြစ်နေပါက အလဂဒ္ဒူပမာ-ပရိယတ္တိ ခေါ် မြွေဖမ်းသည့် စာသင်နည်းနှင့်တူပါလိမ့်မည်။ အန္တရာယ်များသော စာသင်နည်းဖြစ်သလို အန္တရာယ်များသော စာတတ်ခြင်း ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် စိတ်ကောင်းရှိပြီး စာတတ်စေသော စာသင်နည်းသည်သာ နိဿရဏ-ပရိယတ္တိခေါ် လွတ်မြောက်ကြောင်း စာသင်နည်း ဖြစ်ပါလိမ့်မည်။ အကျိုးများသော စာသင်နည်းဖြစ်ပါလိမ့်မည်။တချို့က အထင်မှားနေတတ်သည်၊ ဆရာတော်ကြီးက သူ၏ စည်းကမ်း ၁၀ ချက်တွင် စာတတ်ဖို့ကို နောက်ဆုံးမှ ထားခြင်းကို ကြည့်ပြီး စာတတ်စရာ မလိုဟု ယူဆတတ်သည်၊ တကယ်တော့ မဟုတ်ပါ။ ဆယ်ချက်လုံး အရေးကြီးလိုအပ်သည်ဖြစ်သည်။ ထို ၁၀ ချက်ကိုပဲ အစဉ်အတိုင်း ထားဖို့ကိုပဲ ပြောပါသည်။ ဆရာတော်ကြီး၏ ဘ၀နဲ့အလုပ်ကို ခြုံငုံသုံးသပ်ကြည့်ပါက စိတ်ကောင်းရှိသည်မှာလဲ အံ့သြလောက်သည်၊ ဆရာတော်ကြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ကျော်ကြားလာသည်မှာ သူ၏ စာပေကြောင့်ဖြစ်သည်။ ထိုသို့ကျော်ကြားလာရာဝယ် သစ်ပင်များ အမြင့်ရောက်လာလေလေ လေဒဏ် မိုးဒဏ် နေဒဏ် ပိုခံရလေပဲ ဖြစ်သည်၊ ထို့အတူပါပဲ ဆရာတော်ကြီး၏ အောင်မြင်ကျော်ကြားမှုက ထိုကဲ့သို့ ပြင်းထန်သော ဒဏ်များ ရိုက်ခပ်လာတာတောင် မတုန်လှုပ်ခဲ့၊ ပင်ကိုယ် စိတ်ကောင်းရှိနေခြင်းကြောင့် လာသမျှ ဣဿာ ဒဏ်တွေ မစ္ဆရိယဒဏ်တွေကို ရှိရင်းစွဲစိတ်ကောင်းစေတနာက တွန်းလှန်ပြစ်နိုင်ခဲ့သည်။ ဆရာတော်ကြီး ပြောတဲ့စကားတစ်ခွန်းက ‘‘အလုပ်တစ်ခုလုပ်လျှင် ကောင်း မကောင်း စိစစ်ပြီးပြုပြင်လိုက်ကြစမ်းပါ၊ သူများကို မနာလို ၀န်တိုဖို့လည်း မလိုဘူး။ အဲဒီစိတ်တွေဖြစ်လျှင် ကိုယ်သာဆင်းရဲရတယ်၊ အပြောခံရသူမှာတော့ ဘာမျှမဖြစ်ပါဘူး။ ကိုယ်က အထက်တန်းရောက်နေလျှင် စိတ်ကောင်းလည်း ရှိရတယ်၊ အပြောလဲ ခံရမယ်၊ သို့မဟုတ်လျှင် ပြန်ကျသွားနိုင်တယ်။’’ ဟု ဖြစ်သည်။ (နံက်ခင်းသြ၀ါဒမှ)
သူတည်ထောင်ထားသည့် ကျောင်းတိုက်ကြီးသည်လည်း ပရိယတ္တိစာသင်တိုက်ကြီးဖြစ်သည်၊ သူကိုယ်တိုင်ကလဲ ကျော်ကြားသည့်စာမေးပွဲများ အောင်မြင်ထားသည်၊ သူလုပ်နေတဲ့ အလုပ်ကလဲ ဘာသာဋီကာ ကျမ်းများစွာရေးခြင်းဖြစ်သည်။ အားလုံးသည် စာပေပရိယတ္တိနှင့်ဆိုင်နေသည် ဆိုတော့ကား စာတတ်ဘို့လိုလားဆိုတဲ့ အမေးကို ဆရာတော်ကြီး အလုပ်ဖြင့် အဖြေပေးလိုက်ခြင်းသည် လုံလောက်မည် ထင်ပါသည်။ ပထမဆုံးနှင့် နောက်ဆုံး ဒသမကို ဤမျှလောက် အရေးပါနေလျှင် အလည်က စည်းကမ်းချက်များလဲ အရေးပါနေသည်ဟု သိနိုင်ပါသည်။
အပိုင်း (၃) ဆက်ဖော်ပြပါဦးမည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၀-၉-၂၀၁၁
3 comments:
ဂန္ဒာရုံကျောင်းကို အရှင်ဘုရားရေးပြမှ ရောက်ဖူးချင်လာပြီ။ ဂန္ဒာရုံ ဓမ္မာစရိယက အခြားဓမ္မာစရိယဘွဲ့များနဲ့ အတူတူပါပဲလားဘုရား
ဂန္ဓာရုံတိုက်တွင်းက ပေးသော ဓမ္မာစရိယဘွဲ့သည် သင်ရိုးညွှန်းတမ်းများက အစိုးရဓမ္မာစရိယအတိုင်း ဖြစ်ပါသည်။ ထိုဘွဲ့သည်လည်း ‘‘မဟာဂန္ဓာရာမိကဓမ္မာစရိယ’’ ဟု အမည်တွင်ပါသည်။
ဂန္ဓာရုံဆရာတော်ကြီးတို့၊ ရွှေတောင်တုန်း ဆရာတော်ကြီးတို့က အခက်အခဲကြုံရင် သစ္စာဆိုပြီး ဖြေရှင်းတယ်လို့ ကြားဖူးပါတယ်။ ဘုန်းဘုန်းတို့ကိုယ်တွေ့ သစ္စာတန်ခိုးတွေ ရှိရင် တင်ပေးတော်မူပါဘုရား
Post a Comment