(၂) ၀ိနည်းလေးစားဖို့က -----ဒုတိယ
စိတ်ကောင်းရှိပါမှ ၀ိနည်းကို လေးစားပါလိမ့်မည်။ ၀ိနည်းသည် သာသနာ၏ အသက်ဖြစ်သည်၊ ၀ိနည်းသိက္ခာပုဒ်တွေ ဖယ်လိုက်ရင် သာသနာဆိုတာလဲ ပျောက်ပျက်သွားနိုင်သည် (၀ိနယော နာမ သာသနဿ အာယု၊ ၀ိနယေ ဌိတေ သာသနံ ဌိတံ)။ သာသနာတော်အတွက် အရေးတကြီး လိုအပ်သည်ကား ၀ိနည်းဖြစ်၍ ၀ိနည်းလေးစားဖို့က ဒုတိယ ဖြစ်သည်။ အထူးသဖြင့် ထိုစာသင်တိုက်ကြီးရှိ အဆောင်အဦးများသည် နိဿဂ္ဂိကင်းသော အဆောက်အဦးများဖြစ်သည်၊ စားနေသော အစားအစာ သုံးနေသော အသုံးအဆောင်များသည်လည်း နိဿဂ္ဂိလွတ်ရန် ကပ္ပိယ ဒကာများနှင့် ဖိုးသူတော်လေးများ ထားရှိသည်။ ဥပမာ-နိဿဂ္ဂိ ၀ိနည်းအရ-ကိုယ်တိုင် ပိုက်ဆံကိုင်ပြီး ဆောက်လုပ်ထားသည့် ကျောင်းသည် နိဿဂ္ဂိမလွတ်သော ကျောင်းဖြစ်ရကား ထိုကျောင်းထဲ ၀င်တဲ့ ရဟန်းတိုင်း နိဿဂ္ဂိအာပတ် သင့်တော့သည်။ စာရေးသူတို့ရှိစဉ်ကအထိ ထိုတိုက်ကြီးသည် ၀ိနည်းလေးစားသော စာသင်တိုက်ဖြစ်ဆဲပင်။ တခါတရံ တချို့ ၀ိနည်းသိက္ခာပုဒ်တွေ သင်ရုံနဲ့မလုံလောက်ဘဲ လက်တွေ့ လေ့ကျင့်မှ မှတ်မိသည်။ တခါက စာရေးသူ ရဟန်း ၃ ၀ါအရလောက်မှာ ရေညှိတွေ တက်နေသော ရေချိုးကန်ကို ဘရွတ်တွေ အုဋ္ဌ်နီခဲတွေနဲ့ ပွတ်တိုက်နေတော့ စာရေးသူ၏ အနီးကပ်ဆရာက ဒီကောင် ဘာတွေလုပ်နေတာလဲ ၀ိနည်းနားမလည်ဘူးလား ဆိုပြီး ကြိမ်းမောင်းတော့ သည်၊ အဲဒီတော့မှ စာရေးသူလဲ ဘူဇဂါမ်ဗီဇဂါမ်ဆိုတဲ့ သိက္ခာပုဒ်ကို စွဲမြဲသွားသည်။ ထိုနည်းတူစွာ နာယက ဆရာတော်ကြီးတွေ စာချဘုန်းကြီးတွေနဲ့ မြို့ထဲ ရွာထဲ ဆွမ်းစား အတူလိုက်ပါသွားသောအခါ ဆွမ်းဝိုင်းထဲတွင် အပင်ပြန်ပေါက်နိုင်သည့် ပူစီနံ ငရုပ်သီးစသည်များ ပါလာလျှင် ဒကာ ခေါ်ပြီး ‘‘ကပ္ပိယံ ကရောဟိ’’ ဟုပြောပြီး ဒကာက ‘‘ကပ္ပိယံ ဘန္တေ’’ဆိုပြီး ထို ပူစီနံ ငရုပ်သီးကို လက်သည်းနဲ့ ဖြစ်စေ တခြား အရာနဲ့ ဖြစ်စေ ဆိတ်လိုက်ရသည်ကို လက်တွေ့ကျကျ သိရသည်။ စာရေးသူ၏ အနီးကပ်ဆရာဆိုရင် ၀ိနည်း အလွန်လေးစားသည်၊ မနက်တိုင်း အရုဏ်တက်ချိန် ဆွမ်းစားကြွရန် အချိန်ဇယားအတိုင်း တုံးမောင်းခေါက်သည်။ သံဃာအားလုံးက တုံးခေါက်လို့ ဆွမ်းစားကျောင်းမှာ ဆွမ်းစားကြပေမဲ့ စာရေးသူ၏ဆရာက သွားမစားသေး၊ သူ့စိတ်ထဲမှာ အရုဏ်မတက်သေးဘူးဟု ယူဆထားသည်၊ သူအမြဲဆိုနေသည့် အရုဏ်နဲ့ ပတ်သက်ပြီး အဘိဓာန်စကားလေးရှိသည်။ အရုဏော ကဉ္စိရတ္တော စ၊ ပုဗ္ဗုဋ္ဌာယီ သိယာရုဏော။ ဆိုလိုသည်မှာ အရုဏ်ဆိုတာ မိုးတိမ်ကင်းသော အခါ အရှေ့ဘက်မှ ထွက်လာသော အနီရောင် နုနု ပန်းရောင်ရှိ အရောက်တက်လာခြင်းကို အရုဏ်တက်သည်ဟု ဆိုသည်။ နာရီအချိန်ကျရောက်ပေမဲ့ ထိုအရောင် တက်မလာသေးရင် အရုဏ်မတက်သေးဟု ဆိုသည်။ စာရေးသူလဲ အသေးအမွှား သိက္ခာပုဒ်လေးက အစ ဆရာကောင်းနားမှာ နေခွင့်ရတော့ သတိတရ ရှိနေမိသည်။ ကိုယ့်ကိုယ်ကိုလည်း ‘‘ငါ ဆရာကောင်းတွေ သူတော်ကောင်းတွေနဲ့ နေခွင့်ရ တွေ့ခွင့်ရလို့ လူဖြစ်ရကျိုးနပ်လိုက်တာ’’လို့ ပီတိဖြစ်နေမိသည်။(၃) ကျန်းမာဖို့က-- တတိယ (၄) သန့်ရှင်းဖို့က--စတုတ္ထ
ကျန်းမာခြင်းနှင့် သန့်ရှင်းခြင်းသည်လည်း အလွန်အရေးပါသည်။ ကျန်းမာပါမှ ပရိယတ် ပဋိပတ်အလုပ် လုပ်နိုင်မည်၊ စိတ်ချမ်းသာမည်၊ သမာဓိရှိနိုင်မည်၊ ကျန်းမာဖို့ အလွန်အရေးကြီးလို့ တိုက်တွင်းမှာ ဆေးရုံဆေးပေးခန်း အမြဲရှိသည်။ စိတ်ကောင်းရှိပြီး မကျန်းမာပြန်လျှင်လဲ သာသနာအတွက် အလုပ်လုပ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ကျန်းမာဖို့လဲ လိုအပ်သည်။ ကျန်းမာရေးအတွက် သန့်ရှင်းဖို့လိုသည်။ အလွန်ကျယ်ဝန်းသော မဟာဂန္ဓာရုံကျောင်းတိုက်ကြီးအတွင်း စ၀င်လိုက်တာနဲ့ ခံစားမှုမျိုးစုံး အတွေးပေါင်းစုံ ရောက်လာပါလိမ့်မည်။ ကြီးမားသော သစ်ပင် သစ်ရိပ်များနဲ့ သံဃာတော်များ၏ မေတ္တာကြောင့် ထိုတိုက်ထဲဝင်လိုက်နဲ့ တပြိုင်တည်း စိတ်၏ အေးချမ်းမှုကို ခံစားရပါလိမ့်မည်။ ကိုယ်၏ အေးချမ်းခြင်း စိတ်၏ အေးချမ်းခြင်းများ ခံစားရပါလိမ့်မည်၊ သံဃာ ၁၃၀၀ ကျော်ရှိတဲ့ကျောင်း သံဃာ တစ်ပါးမှ မရှိလောက်ဘူးဟု ထင်ရလောက်အောင် တိတ်ဆိတ်နေသည်။ တိုက်ထဲမှာ ဆူဆူညံညံ မရှိရ၊ စာကျက်တာသည်ပင် ကိုယ်ကြားရုံလောက်ပဲ ကျက်ကြသည်၊ အသံကျယ်ကျယ် အော်ပြီး စာကျက်တာမျိုးမရှိရ။ရွှေကျင်ဆရာတော်ကြီး အဆုံးမထဲက ‘‘စကားပြောကျယ် အရယ်ကျယ်နှင့် အခေါ်ကျယ် ချေကျယ် အသန်းကျယ် ကျယ်-ငါးကျယ်ကို ပယ်ရမည်’’ နံက်ခင်းသြ၀ါဒမှာတော့ ‘‘စာအံကျယ်တာကိုလဲ ပယ်ရမည်’’ဟု ထည့်ပြီး နားကြားရပါသည်။ သံဃာ ၁၃၀၀ ကျော် တစ်စုတဝေးတည်း စားနေသော ဆွမ်းစားကျောင်းသည် စကားပြောသံ ဇွန်းသံ ပုဂံသံ မကြားရ၊ တိတ်ဆိတ်နေသည်။ ဘုရားရှင်၏ အလိုကျဖြစ်သည်။ ဘုရားရှင်က ဆူညံတာကို မကြိုက်၊ တခါက အရှင်သာရိပုတ္တရာ၏ တပည့်တွေ ဆူဆူညံညံ အသံကျယ်လောင်စွာ စကားပြောနေလို့ ‘‘ဘယ်သူတွေလဲ ဘယ်သူ့တပည့်တွေလဲ၊ ငါးစိမ်းသည်တွေနဲ့ တူလိုက်တာ’’ ဆိုပြီး ရှုံ့ချကာ ဆရာဖြစ်သူ အရှင်သာရိပုတ္တရာကိုပါ နှင်ထုတ်ခဲ့ဖူးသည်။
‘‘အော်--- ကြီးကျယ်၊ တိတ်ဆိတ်ပြီး သန့်ရှင်းသပ်ရပ်သော ကျောင်းတိုက်ကြီးပါတကား’’ဟု ၀င်လာသူတိုင်း အံ့သြကာ အတွေးဝင်လာပါလိမ့်မည်။ ဒီလောက်ကျယ်ဝန်းတဲ့ ကျောင်းကြီးကို ဘယ်လိုနည်းဖြင့် တိတ်ဆိတ်အောင် သန့်ရှင်းအောင် ဖန်တီးပါလိမ့်ဟု အတွေးများစွာ ရောက်လာပါလိမ့်မည်။
စာရေးသူတို့ ငယ်ငယ်က အလင်္ကာစာဝါတက်စဉ်က စာချဘုန်းကြီးက အတိဝုတ္တအလင်္ကာနဲ့ ပတ်သက်ပြီး ဟာသအဖြစ် ပြောဖူးသည်၊ ပုံပြင်တွေ များစွာထဲက-- ‘‘တခါက တပည့်တော်တို့ကျောင်းထဲမှာ ရဟန်းတော်တစ်ပါးက ဧည့်သည်တွေကို လိုက်ပြသည်၊ လမ်းသွားရင်းလဲ ကျောင်းတိုက်ကြီး၏ သန့်ရှင်းပုံ။ တိတ်ဆိတ်ပုံတို့ကို အာပေါင်အာရင်း သန်သန်နဲ့ ရှင်းပြသည်။ ဆွမ်းစားပြီး သံဃာအားလုံး တစ်နာရီခန့် အနားယူချိန်ဖြစ်၍ သံဃာ ၁၃၀၀ ကျော်ရှိသည့် ကျောင်းတိုက်ကြီးထဲမှာ ဘုန်းကြီး ရဟန်း ကိုရင် တပါးမှ မတွေ့ရ၍ ဧည့်သည်များ အံ့သြနေသည်။ ထိုရဟန်းက ဆက်ပြောတယ်- တိတ်ဆိတ် ငြိမ်သက်တဲ့ နေရာမှာ ရဟန်းသံဃာတင်မကပါဘူး သူတို့ကို အမှီပြုပြီး အသက်ရှင်နေရတဲ့ ခွေးတွေကလဲ ငြိမ်သက်နေတဲ့ အကြောင်းပြောနေတယ်၊ ထိုအခိုက် ခွေ ၂ ကောင်က ၀ုန်းဆို အိပ်ယာက ထပြီး တ၀ုန်းဝုန်း ဟောင်ပါလေတော့သည်၊ ဘုန်းကြီးကလဲ မှင်မပြတ် ဟန်မပြတ် ‘‘ ဒကာကြီး- ဒီခွေးက အခုမှ ရောက်လာတဲ့ ခွေးအသစ် ဖြစ်မယ်၊ ဒါမို့ သောင်းကြမ်းနေတာ ဖြစ်မယ်’’ ဟု သတည်း။’’ ppppppp-
တကယ်လဲ တိတ်ဆိတ်ပြီး သန့်ရှင်းသပ်ရပ်တာတော့ အမှန်ပင်ဖြစ်သည်။ ငယ်ငယ်ကထဲက သန့်ရှင်းရေးကို အထူးအလေးထားတတ်အောင် အထူးလေ့ကျင့်ပေးထားသည်။ တကိုယ်ရေ တကာယ သန့်ရှင်းရေးအပြင် ပတ်ဝန်းကျင် သန့်ရှင်းရေးကိုလဲ အထူးအလေးထားသည်။ မနက်ခင်း သြ၀ါဒ အပြီး တစ်တိုက်လုံး နေ့စဉ် ကိုယ့်ကျောင်းအသီးသီး အတွင်းမှာရော ကျောင်းဝန်းကျင်မှာပါ တံမြတ်လှည်း အမှိုက်ကျုံးနေသည်ကို တွေ့ရမည်၊ အဖိတ် ဥပုသ်နေ့တိုင်း တစ်တိုက်လုံး တစ်ကျောင်းလုံး အထူးသန့်ရှင်းရေးလုပ်ရသည်၊ ကျောင်းဆောင်တွေရဲ့ တံခါးတွေ မှန်တွေ ကြမ်းပြင်တွေ ပွတ်တိုက်ရသည်။ အားလုံးသန့်ရှင်းပြီးတာနဲ့ ခေါင်းရိပ် အ၀တ်လျှော်သည့် တစ်ကိုယ် သန့်ရှင်းရေး အထူးလုပ်ရသည်။ ရေအိုးစဉ်များ သောက်ရေခွက်များ နေ့စဉ် သန့်ရှင်းပြီး ရေမပျက်စေရ။ ထိုအလုပ်အားလုံးသည် လူတိုင်း၏ အသိစိတ် သဒ္ဓါတရားနဲ့ လုပ်ကြသည်အတွက် စည်းကမ်းသည်လည်း စိတ်ကောင်းရှိဖို့ဆိုတဲ့ ဦးတည်ချက်နဲ့ တည်ဆောက်ထားသည်ဟု ဆိုရမည်ဖြစ်သည်။ တစ်ဦးချင်းသောသူတို့၏ လှုပ်ရှားတိုင်းသည် သူတို့၏ သဒ္ဓါတရားများ ဖြစ်ကြသည်။ ဤကား စိတ်ကောင်းရှိဖို့က----ပထမ ဆိုတဲ့ စည်းကမ်း၏ အကျိုးသက်ရောက်မှုပင် ဖြစ်သည်။
(၅) အ၀တ်အစားတတ်ဖို့က-- ပဉ္စမ (၆) အနေအထိုင်တတ်ဖို့က-- ဆဋ္ဌမ (၇) အပြောအဆိုတတ်ဖို့က-- သတ္တမ (၈) အသွားအလာတတ်ဖို့က -- အဋ္ဌမ
အ၀တ်အစား၊ အနေအထိုင်၊ အသွားအလာ၊ အပြောဆိုနဲ့ ပတ်သက်ပြီး သေခိယ သိက္ခာပုဒ်များကို လက်တွေ့ ကျင့်သုံးခြင်းဖြစ်သည်။ လူမှုအဆင့်အတန်းကို မြင့်စေတဲ့ နေနည်းထိုင်နည်းပြောနည်း ဆိုနည်းများပင် ဖြစ်သည်။ ထိုစာသင်တိုက်က ထွက် အရှင်များကို မြန်မာနိုင်ငံ အနှံ့တွေ့နိုင်သည်၊ သင်္ကန်းကို ညီညီညာညာ ၀တ်တတ်သည်၊ အ၀တ်အစားနဲ့ ပတ်သက်ရင် အမြဲတမ်း သပ်သပ်ရပ်ရပ်ရှိသည်၊ အနေအထိုင်မှာ သေသေသပ်သပ်ရှိသည်။ အပြောအဆိုမှာလဲ ယဉ်ကျေးသည်၊ အရှင်ဘုရား၊ ဦးဇင်း၊ ကိုရင် စသည်ခေါ်လေ့ရှိသည်၊ အများစုက သိပ်ရင်းနှီးရင် မင်းနဲ့ ငါနဲ့ ပြောလေ့ရှိတတ်သည်၊ စာရေးသူဆို အခုထိ ဘယ်သူနဲ့မဆို မင်းနှင့် ငါ မသုံးခဲ့ဖူးသေး၊ ကိုယ့်ထက် ငယ်သည်ဖြစ် ကြီးသည်ဖြစ်စေ ဦးဇင်းတပ်ခေါ်လေ့ ရှိသည်၊ အရှင်ဘုရား ဦးဇင်းအသုံးအနှုံးဖြင့်သာ သုံးတတ်သည့် အကျင့်ရှိသည်။‘‘ဘူး, တယ် ကို ဖျောက် ‘ပါ’ကိုရောက် လျှောက်တတ်ပါစေ’’ မဟုတ်ဘူး ဟုတ်တယ် ဆိုတဲ့ အသုံးအနှုံးအစား ‘ပါ’ ကို အစားထိုးပြီး ဟုတ်ပါဘုရား ဟုတ်ကဲ့ပါ၊ မှန်ပါဘုရား။ မဟုတ်ပါဘုရား၊ မဟုတ်ပါ ဟု အပြောအဆိုအတွက် နံနက်ခင်း သြ၀ါဒက မှတ်သားရသည်။ ‘‘ဘုရား သံဃာ ဆရာသမား ထံတော်ပါး ခစား မည်သို့ ၀င်မည်နည်’’ ‘‘လက်ကန်တော့ထိုး လက်အုပ်မိုး ညွှတ်လျှိုး ၀င်ပါမည်’’ ဟု သံဃာ့ပရိသတ်ထဲ၊ ဆရာသမားထံ၊ ကိုယ့်ထက် ကြီးသည့် ဆရာတော်များထံ ချဉ်းကပ်ရာဝယ် လက်ကန်တော့ ထိုးခြင်း၊ လက်အုပ်ချီခြင်းနှင့် ခါးကိုင်းပြီး ၀င်သွားရပါသည်။ ဤအလေ့အကျင့်သည်လည်း ငယ်ငယ်ကထဲက ပုံစံသွင်းပေးသည်။
၁၉၉၅ ခုနှစ်က ထင်ပါသည်၊ စာရေးသူ ရဟန်း ၄ ၀ါလောက်မှာ မြောက်ဥက္ကလာပက သန္တာ ရပ်ကွက် မာရ်အောင်တိုက်ထဲက ကျောင်းတစ်ကျောင်းမှာ ရက်ပေါင်း ၁၀၀ နေခဲ့ဖူးသည်။ ထိုအချိန်က အဲဒီနေရာ သိပ်မဖွံ့ဖြိုးသေး၊ အသက်ကြီးမှ ၀တ်လာတဲ့သူတွေရယ်၊ ကိုရင်ငယ်တွေရယ်လောက်ပဲ များများစားစား ရှိနေသည်။ စာရေးသူတို့ အရွယ် သိပ်မရှိ၊ အဲဒီအချိန်က စာရေးသူက ဓမ္မာစရိယတန်းရောက်နေသည်။ ထိုနေရာရောက်တော့ ထိုနေရာရဲ့ ထုံးစံအတိုင်း ဆွမ်းခံအိမ်များ ဖိတ်ရသည်၊ ၀ါတွင်းမှာ ဓမ္မာရုံတိုင်းက သောကြာပတ် စနေပတ် စသည်ဖြင့် မနက်စောစော အရုဏ်ဆွမ်းအတွက် လောင်းလှူကြသည်၊ ထိုဗဟုသုတတွေလဲ ရက် ၁၀၀ အတွင်းမှာ ကောင်းကောင်းရလိုက်သည်။ ထူးဆန်းတာက အဲဒီနားဝန်းကျင်မှာ စာရေးသူလို တောင်မြို့ဂန္ဓာရုံက ပုံစံအတိုင်း ၀တ်ပုံ စားပုံ၊ ဆွမ်းခံပုံ၊ ဆရာသမားများထံ သွားပုံ မရှိရကား စာရေးသူက လူထူးလူဆန်းဖြစ်နေသည်၊ ဆွမ်းခံအိမ်တွေကလဲ တော်တော်လေးကို ဂရုစိုက်သည်။ တခါတော့ ကျောင်းဘုန်းကြီးက ထိုတိုက်ရှိ သက်တော် ၀ါတော်အကြီးဆုံးဆရာတော်ကြီးထံ စာတစ်စောင်နှင့် ဆွမ်းစာပင့်ရန် သွားခိုင်းသည်။ စာရေးသူလဲ ထုံးစံအတိုင်း လက်ကန်တော့ထိုး လက်အုပ်ချီပြီး ဆရာတော်ကြီးအနားသွားပြီး နေရာထိုင်ခင်း ကျကျနန ခင်းပြီး စနစ်တကျ ကန်တော့သည်၊ ပြီးမှ စာကပ်ပြီး လျှောက်ခိုင်းတာမှန်သမျှ လျှောက်သည်။ အဲဒီမှာ ဆရာတော်ကြီးက စာရေးသူ၏ ဟန်နှင့် ပြောပုံဆိုပုံတို့ကို အကဲခတ်သည်၊ ပြီးမှ ဦးဇင်းလေးဘယ်ကျောင်းကလဲ၊ အခု ဘယ်မှာ နေလဲ၊ ဘယ်နှစ်ဝါ ရပြီလဲ၊ ဘာစာမေးပွဲတွေ အောင်ထားလဲ၊ စသည်ဖြင့် အလေးဂရုထားပြီး မေးသည်၊ စာရေးသူလဲ အကုန်လျှောက်ထားပြသည်။ ဆရာတော်ကြီးက မိန့်သည်မှာ‘‘ ဦးဇင်းလေး-- ဦးဇင်းလေးက အသက်လဲ ငယ်သေးတယ်၊ နေတာ ထိုင်တာလဲ စနစ်ကျတယ်၊ စာလဲ တော်တယ်၊ ဒီမှာ နေရင် ပျက်စီးသွားလိမ့်မယ်၊ ဒီမှာ မနေပါနဲ့ ကိုယ်နေခဲ့တဲ့ ကျောင်း (မဟာဂန္ဓာရုံ)ကိုပဲ ပြန်သွားပြီး စာမေးပွဲတွေ ပြီးအောင် လုပ်ပါတဲ့’’။ ဤကား ထိုစာသင်တိုက်ကြီးက ပေးလိုက်တဲ့ အ၀တ်အစား အနေအထိုင် အပြောအဆိုများပင်ဖြစ်သည်။
မှတ်ချက်။ ။ အခုချိန်မှာတော့ ထိုရက်ကွက်ရှိ ကျောင်းတိုက်များလဲ စာချစာသင်များဖြင့် စည်းကားလျက်ရှိသည်ဟု ထင်ပါသည်။
စည်းကမ်းလိုက်နာဖို့က--န၀မ
စည်းကမ်းမလိုက်နာပါက တိုက်တွင်းက ထွက်သွားရပါမည်။ တိုက်တွင်းက စည်းကမ်းသည်လည်း အထူးတည်ထွင်ထားသည့် စည်းကမ်းများ မဟုတ်၊ ဘုရားပေးထားသော စည်းကမ်းများပင် ဖြစ်သည်။ ကျောင်းတိုင်းမှာ စည်းကမ်းချက်များ မှန်ဘောင်သွင်းပြီး ချိတ်စွဲထားသည့် ဆိုင်းဘုတ်များ ရှိသည်၊ မြို့တွင်းရွာတွင်း သင်္ကန်းရုံသွားရမည်၊ ဒုတ်ဓားလက်နက် မကိုင်ဆောင်ရ၊ ရန်မဖြစ်ရ၊ သူများပစ္စည်း မခိုးရ စသည်ဖြင့် စည်းကမ်းများကို မလိုက်နာပါက ဤကျောင်းတိုက်မှ အပြီးထွက်သွားရမည်ဟု ရေးသားထားသည့် ဆိုင်းဘုတ်ကို တွေ့မြင်ရပါမည်။ ၀ိနည်းသည် စည်းကမ်းဖြစ်သည်၊ စည်းကမ်းသည် လူ၏ တန်ဖိုးဖြစ်သလို လူ့ဘောင် အဖွဲအစည်းတစ်ခု၏ အကွတ်ဖြစ်သည်။ စည်းကမ်းမရှိသော ကျောင်းတိုက်၊ အဖွဲအစည်း၊ မိသားစုသည် ဗရမ်းဗတာ ဖြစ်မည်။ စည်းကမ်းရှိသည့် အသိုင်းဝိုင်းမှ ပေါက်ဖွားလာသူနဲ့ စည်းကမ်းဟု မယ်မယ်ရရ မရှိသော အသိုင်းဝိုင်းမှ ပေါက်ဖွားလာသူတို့၏ ကိုယ်မှု နှုတ်မှု တို့ ကွာခြားသည်ကို တွေ့ရပါလိမ့်မည်။ ၀ိနည်းစည်းကမ်းသည် သာသနာတော်၏ အသက်ဖြစ်သလို စာသင်တိုက်၊ မိသားစု၊ အဖွဲ့အစည်း၊ နိုင်ငံများ၏ အသက်သွေးကြောဖြစ်သည်။ ထို့ကြောင့် စည်းကမ်းလိုက်နာဖို့သည် အရေးတကြီး လိုအပ်သောကြောင့် နံပါတ်တွင် ထည့်သွင်းထားသည်။နိဂုံး (စာတတ်ဖို့ အရေးကြီး)
စာရေးသူ၏ ပို့စ်ကို ခြုံလိုက်ရင် စာတတ်ဖို့ အရေးကြီးလားလို့ မေးလာလျှင် အရေးကြီးပါသည်ဟု ဖြေရပါမည်။ ဆိုက်မှာ စာရေးသူ၏ ပရိယတ္တိအရေးပါမှုပို့စ်တွင် စာတတ်ဖို့ အရေးကြီးကြောင်းဖော်ပြထားသည်။ ထိုစာတတ်ခြင်းသည် စိတ်ကောင်း စေတနာကောင်း သဒ္ဓါတရားတို့ဖြင့် တည်ဆောက်ထားသော စာတတ်ခြင်းဖြစ်သည်။ ထိုစာသင်တိုက်စာသင်ခြင်းစနစ်ကိုက ငယ်ငယ်ကထဲက ပါဠိတော်စာပေထဲမှာ တိုက်ရိုက် ဘုရားနဲ့တွေ့ အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်၊ အရှင်အာနန္ဒာစတဲ့ သူတော်ကောင်းကြီးတွေနဲ့တွေ့၊ ဘုရားနဲ့ သံဃာကို အမြဲတမ်း အတိုက်အခံ လုပ်တတ်သည့် အရှင်ဒေ၀ဒတ်လို ပုဂ္ဂိုလ်မျိုးတွေလဲ တွေ့ရသည့် စနစ်ဖြစ်သည်။ ဘုရားနဲ့ ယှဉ်ပြိုင်သည့် ဘာသာခြား ဆရာတို့၏ အယူဝါဒတွေ စသည်ဖြင့်လဲ လေ့လာမှတ်သားရမည်။ အတုယူစရာတွေ စံနမူထားစရာတွေရ၊ ရှောင်သင့်တာရှောင်လို့ ဆောင်သင့်တာ ဆောင်ရမည့် စနစ်များ သူတော်ကောင်းစိတ်များ ပွားမိသည်မှာ အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် သဒ္ဓါတရားအခြေခံသော စာတတ်မှသာလျှင် အကောင်းအဆိုး၊ အကြောင်းအကျိုးများ ဝေဖန်နိုင်မည်၊ ဆန်းစစ်နိုင်မည်။ တချို့က စာခံ (စာတတ်) ရင် မဂ်ဖိုလ် မရနိုင်ဘူးတဲ့၊ တကယ်တော့ မဟုတ်ပါ၊ အရှင်အာနန္ဒာသည် ဘုရားဟောသမျှ အကုန်ရနေသည်၊ ဘုရားရှင်ဟောသမျှကို အကုန်နာယူမှတ်သား အာဂုံဆောင်ထားသည်၊ အရှင်အာနန္ဒာ မပါသော တရားပွဲတိုင်းမှာ ဟောသည့် တရားများကိုလည်း သူ့အား ပြန်လည်ဟောပြရန်ရန် ဘုရားထံ ဆုပန်ထားသည့်အတွက် ဘုရားဟောသမျှ တရားတိုင်းကို အကုန်တတ်နေသည်။ ဘုရားပရိနိဗ္ဗာန်စံပြီး များမကြာမီမှာပဲ သူတတ်ထားသည့် ပရိယတ်ကပင် သူ့အား ရဟန္တာ ဖြစ်စေခဲ့သည်။ဆရာတော်ကြီးကိုယ်တိုင်ကပင် ပထမကျော်၊ သကျသီဟ အဘိဝံသ စတဲ့ စာပေနှင့်ဆိုင်သော ဘွဲ့ထူးများ ရရှိထားသည်၊ သူအလုပ်လုပ်နေတာက ပရိယတ္တိစာသင်တိုက်၊ ရေးနေတဲ့ စာတွေက ပရိယတ္တိ၏ အုဌ်မျစ်ဖြစ်သည်၊ ဘာသာဋီကာ ကျမ်းပေါင်း ၆၀ ကျော် ဖြစ်သည်။ တခါက ဆရာတော်ကြီးသည် စာရေးသူ၏ ဆရာအရင်းဖြစ်သူ (စာသင်တိုက်တွင်းမှာ စာပေနဲ့ ၀ိနည်းအရာမှာ အတော်ဆုံးသတ်မှတ်ခံထားရသူ) အား အမိန့်ရှိဘူးသည်။ ‘‘ ဦးဇနပတိ- သကျသီဟ-အဘိဝံသ စာမေးပွဲတွေ ၀င်ဖြေပါလား၊ နောင်တချိန် သာသနာပြုရာမှာ အသုံးဝင်ပါလိမ့်မည်’’ ဟု အမိန့်ရှိခဲ့ဖူးသည်။ ဤသည်မှာ ဆရာတော်ကြီးသည် စာတတ်ဖို့နှင့်ဘွဲ့တွေ ဒီဂရီတွေ အရေးပါကြောင်းကို ပြောပြနေခြင်းဖြစ်သည်။
ဤပို့စ်ဖြင့် နှစ်များစွာ ကျွေးမွေးပြီး အသိပညာတွေသာမက ဘ၀မှာ အဆင့်တန်းမြင့်မြင့် နေနည်းထိုင်နည်းတွေကိုပါ သင်ပေးလိုက်သည့် မိခင် မဟာဂန္ဓာရုံကျောင်းတိုက်ကြီးကို ပူဇော်ပါ၏။
ရွှင်လန်းချမ်းမြေ့ပါစေ သီတဂူစတား
၂၀-၉-၂၀၁၁
1 comments:
သာဓု သာဓု သာဓု။
မဟာဂန္ဓာရုံဝက်ဆိုက်ရှိရင် ကောင်းမယ်ဘုရား။
ဂန္ဓာရုံကျောင်းက တောင်မြို့မှာဆိုတော့ မန္တလေးလောက် ဆွမ်းကွမ်းရော အဆင်ပြေရဲ့လားဘုရား။။
Post a Comment