စာမိတ်ဆက်
ပြီးတဲ့ တနင်္ဂနွေနေ့က စာရေးသူတို့ ကောလိပ်ရှိ Ph.D ကျောင်းသား ၂၀ တို့အား မွေးနေ့မင်္ဂလာ အထိမ်းအမှတ် အလှူတစ်ခုနဲ့ပတ်သက်ပြီး မွေးနေ့အတွက် ပို့စ်လေး ရေးခဲ့တယ်၊ ဒါန သူရဲကောင်းများအကြောင်း ဖြစ်တယ်၊ ထိုအထဲတွင် ဒါနဒါသ ဒါနသဟာယနှင့် ဒါနပတိ ဆိုပြီး ဒါန ၃ မျိုးကို အကျဉ်းမျှ ဖော်ပြထားခဲ့တယ်။ စာရေးသူတို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကျောင်းအမတစ်ယောက်က ဒါန ၃ မျိုးနဲ့ သူ၏ နေ့စဉ်ဘ၀ အကြောင်းနဲ့ ဆက်စပ်ပြီး မရှင်းလို့မေးထားတာ ဖြစ်ပါတယ်။ စာရေးသူ၏ ဆိုက်ကို အမြဲတမ်း အားပေးနေသူ ဖြစ်ပါတယ်၊ အဲဒီအတွက် များစွာ ကျေးဇူးတင်ပါတယ်။ ထိုကျောင်းအမလိုပဲ ဒါန ၃ မျိုးအကြောင်း မရှင်းမလင်းသူတွေ ရှိနေပါလိမ့်မည်၊ ထို့အတွက် ဒီချက်တင်စကားဝိုင်းက အထောက်ကူ ပြုပါလိမ့်မည်။ကျောင်းအမး စတား ဘာလုပ်နေလဲ? အားလား? မေးစရာလေးရှိလို့တဲ့၊ ဒီနေ့ မွေးနေ့အလှူလေးအကြောင်း ဖတ်ပြီး အတွေးဝင်လာ လို့ မေးမလို့။ ‘‘ကိုယ်တောင် မသုံးနိုင် မစားနိုင်တဲ့ အညံ့စားများကို ပေးကမ်းခြင်းသည် ဒါနဒါသဟု ခေါ်သည်၊ အစေခံ အလုပ်သမားများအား ပေးကမ်း ကျွေးသလိုမျိုး အနိမ့်စား အလှူမျိုးကို ဆိုလိုသည်’’ အဲဒီ ဒါနမျိုးကို မေးချင်လို့။
အမပြောပြမယ်၊ အမတို့ အိမ်မှာ အမှိုက်တွေ လာလာ သိမ်းတဲ့သူ မိန်းမ ၃ယောက်ရှိတယ်၊ အမတို့က သူတို့ကို စားစရာတွေ ပေးတယ်လေ၊ ပေးတဲ့အခါ ကိုယ်စားတဲ့ အထဲက ပေးတာလဲရှိတယ်၊ ကိုယ် စားလို့ ပိုတာလဲပေးတာရှိတယ်၊ နောက် ကိုယ်မစားတဲ့ အစားအသောက်တွေပေးတာလဲ ရှိတယ်ပေါ့။
အဲဒါနောက်ဆုံး အစားအသောက်က အညံ့ဆုံး အစားအသောက်များဖြစ်လို့ အညံ့ဆုံးအလှူ ဒါနဒါသများ ဖြစ်နေမလား?
ဒါနဒါသ
သီတဂူစတား အဲဒီတော့ ကိုယ်စိတ်ထဲမှာ ကိုယ်မစားနိုင်လို့ သို့မဟုတ် မကောင်းတော့လို ပေးလိုက်တယ်ဆိုရင် ဒါနဒါသလို့ ခေါ်နိုင်ပါတယ်။အခါတပါး ဆဗ္ဗဂ္ဂီ ရဟန်းအုပ်စုထဲက မေတ္တိယနှင့် ဘူမဇက ရဟန်း ၂ပါးကား ဘုန်းကံနည်းရှာသည်၊ သူဌေးတွေ ကျောင်းဒကာ ကျောင်းအမများကား အိမ်မှာ အလှူမင်္ဂလာပွဲကျင်းပလျှင် ပညာကြီး အရှင်သာရိပုတ္တရာ၊ တံခိုးကြီးတဲ့ အရှင်မောဂ္ဂလာန်၊ ဘုရှားရှင်၏ အလုပ်ကျွေး အရှင်အာနန္ဒာ စတဲ့ နာမည်ကြီး မထေရ်များကိုသာ ပင့်သွားလေ့ရှိသည်။ တနေ့တော့ နေရာထိုင်းခင်း တာဝန်နှင့် ဆွမ်းစားကွမ်းစားကြွရမည့် သံဃာစာရင်းကိုင် တာဝန်များကို ယူနေသည့် အရှင်ဒဗ္ဗက မေတ္တိယနှင့် ဘူမဇက ရဟန်း ၂ပါးအား မနက်ဖန် သူဌေးအိမ်မှာ ဆွမ်းစားကြွရမည်ဖြစ်သည်၊ အရှင်ဘုရားတို့ ၂ ပါးအလှည့်ကြသဖြင့် ကြွရမည်ဖြစ်သည်။ တခါမှ သူဌေးကပ်တဲ့ ဆွမ်းမစားဘူးတဲ့ ရဟန်းငယ် ၂ပါးတော့ ‘‘မနက်ဖန် အစားကောင်း သောက်ကောင်းများ စားရချေရဲ့’’ ဆိုပြီး ၀မ်းသာလွန်းလို့ ထိုညတစ်ည အိပ်မပျော်ကြ။
သူဌေးကလဲ သူ့အိမ်ဆွမ်းစာအလှည့် ထိုရဟန်းငယ် ၂ ပါးအလှည့်ကျ၍ ကြွလာမည်ဟုသော သတင်းကို ကြားကထဲက စိတ်မသက်သာ ဖြစ်နေသည်၊ အစေခံကောင်မလေးတစ်ယောက်ကို ခေါ်ပြီး မနက်ဖန် ပါပဘိက္ခုတွေ လာလိမ့်မယ်၊ အိမ်အပြင်က ၀ရံတာဘက်မှာပဲ နေရာပေးပြီး ဆန်းကွဲထမင်းနဲ့ပဲ ကပ်လိုက်တော့ဟု ညွှန်ကြားသည်။ ပုံမှန်အားဖြင့် အိမ်ထဲမှာ ကျန ခမ်းနားစွာနေရာခင်းပြီး စားကောင်းသောက်ကောင်းများဖြင့်သာ ကပ်လေ့ရှိသော သူဌေးသည် ယခုတော့ ကျွဲနွားများကိုသာ ကျွေးသော ဆန်ကွဲထမင်းဖြင့် ကပ်ခိုင်းသည်။ နောက်နေ့ ကြွလာသော ရဟန်းငယ် ၂ ပါးလဲ အခြေအနေကို အကဲခပ်မိသည်၊ စိတ်မကောင်းခြင်းများစွာဖြင့် ထိုနေ့ကပ်သော အစားအစာများကို မစားနိုင်ခဲ့။
ဤသည်မှာ သူဌေးက သူတောင် မစားနိုင်တဲ့ ဆန်ကွဲထမင်း အညံ့စားများကို ပေးလှူသဖြင့် အလှူမြောက်သော်လည်း အညံ့စား ဒါနဒါသ ဖြစ်သည်။
ဒါန သဟာယ
ကျောင်းအမ: တပည့်တော်တို့က မကောင်းတော့လို့ ပေးလိုက်တာတော့ မဟုတ်ဘူး ဘုရား။
သီတဂူစတား: အဲလိုမဟုတ်ဘဲ ကိုယ့်စိတ်ထဲမှာ ကိုယ်လဲစားနိုင်တယ် ဒါပေမဲ့ ပိုလျှံနေလို့ ပေးတယ် ဆိုရင် ဒါနသဟာယ အလတ်တန်းစား အလှူမျိုး ဖြစ်ပါတယ်။
ဘုရားလက်တော်က ကျောင်းဒကာ အနာထပိဏ်သူဌေးတို့၊ ကျောင်းအမ ၀ိသာခါတို့ဆိုရင် နေ့စဉ် သံဃာ ၂၀၀၀ ဆွမ်းလောင်းသည်၊ သူတို့စားနေကျ အစားအစားများကို လောင်းလှူသည်၊ ထိုမှ ကြွင်းကျန်သော အစားစာများကို အလုပ်သမား၊ ဘုန်းတောင်းယာစကာများကို ပေးကမ်းသည်။ အလုပ်သမား ဘုန်းတောင်းယာစကာများတို့အား ပေးသည့် အစားစာသည် အကြွင်းကျန်ဆိုပေမဲ့ ကိုယ်စားနေကျ ပိုလျှံ၍ ပေးကမ်းသဖြင့် အလတ်တန်းစား ဒါနသဟာယ ဖြစ်သည်။
ဒါနပတိ
ကျောင်းအမ: တင်ပါး၊ ဆက်ပြောပါဘုရား။သီတဂူစတား ကိုယ်တောင် မစားရက်ဘဲ အကောင်းစားတွေကို ပေးတယ်ဆိုရင်တော့ ဒါနပတိပေါ့၊ စတားတို့ မြန်မာနိုင်ငံမှာ ရံဖန်ရံခါ ရဟန်းသံဃာများ အိမ်မှာ ပင့်ပြီး ဆွမ်းကပ်လေ့ရှိတယ်၊ ထိုရဟန်းများကိုတော့ အထူးစပါယ်ရှယ် စီမံပြီး ကပ်လေ့ရှိသည်၊ ကိုယ်ကိုတိုင်လည်း နေ့စဉ် မစားနိုင်တဲ့ မွန်မြတ်တဲ့အစားအစာမျိုး (ပဏီတဘောဇဉ်) ကို ကပ်လေ့ရှိကြသည်။ ဒီလို ဒါနမျိုးကိုတော့ ဒါနပတိလို့ ခေါ်နိုင်ပါတယ်။
ဘုရားလက်ထက်တော်က ကောသလမင်းကြီးနှင့် ပြည်သူတွေ အလှူဒါနပြိုင်ကြသည်၊ ဘုရင်က သာလိုက်၊ ပြည်သူတွေက ပြန်သာသွားလိုက်၊ ၆ ကြိမ်တိုင်တိုင် အလှူဒါန ပြိုင်ကြရာဝယ် ပြည်သူတွေရဲ့ အလှူဒါန စီမံရာမှာ ဘာဆို ဘာမှ ဟာကွက်မရှိ လိုအပ်ချက်မရှိ၊ လုံးဝ ပြည့်စုံနေသဖြင့် ဘုရင်ကြီး အရှုံးကြီးရှုံးကာ လက်မှိုင်ချပြီး စိတ်ဓာတ်ကျနေသည်၊ ထက်မြက်သည့် မလ္လိကာ မိဖုရားရဲ့ အကူညီကြောင့် ဘုရင်ကြီး၏ အလှူသည် ပြိုင်ဘက်မရှိ အသဒိသဒါနဖြစ်လာရသည်။ ဒီလိုဒါနမျိုးက အကောင်းတကာထက် ကောင်းအောင် စီမံပြီး လှူတဲ့ အလှုမျိုးဖြစ်တာကြောင့် ဒါနပတိ ဟု ဆိုနိုင်သည်။
ဟင်းပို ထမင်းအပိုများ လှူဒါန်းရင် ဘယ်လိုဒါနလဲ?
ကျောင်းအမး တင်ပါ့ဘုရား။ နားလည်ပါပြီဘုရား။ ဒါပေမဲ့ အလုပ်သမားဆိုပေမဲ့ သူတို့ကို အမတို့က တတ်နိုင်သမျှ ကိုယ်စားတဲ့ အထဲက ပေးတာပါဘုရား။ ဥပမာ ထမင်းကြမ်း ပေးတာ အရင်နေ့က ချက်ထားတဲ့ထမင်း ဒါပေမဲ့ ကောင်းနေသေးတယ်၊ စားလို့ရသေးတယ်။ ဟင်းတွေဆို အရင်နေ့ကချက်ထားတဲ့ဟင်း၊ ကိုယ်မစားချင်တော့တာလဲ မဟုတ်ဘူး၊ သူတို့လာလို့ ပေးစရာ မရှိလို့ ပေးတာပါဘုရား။ အဲလိုမျိုးဆိုရင်ကောဘုရား?
သီတဂူစတားး ဒါဆို ဒါနသဟာယ ဖြစ်ပါတယ်၊ ထမင်းကြမ်းကတော့ စားကြွင်းစားကျန်ဖြစ်နေပြီ ကိုယ်လဲ မစားချင်တော့ဘူးလေ ကောင်းတယ်ဆိုပေမဲ့ ကိုယ်မှ မစားချင်တော့တာ ကိုယ့်စိတ်ထဲမှာ ကိုယ်မစားချင်တဲ့ အစားစာဖြစ်သွားတယ်ဆိုရင် ဒါနဒါသထဲ ပါသွားနိုင်တယ်။ သို့သော်လည်း တခါတရံ သူတို့ မလာလို့ ကိုယ်လဲ ထမင်းကြမ်းစားမယ်၊ အဲဒီ ဟင်းကျန်စားမယ်၊ အခု သူတို့လာတဲ့အခါ သူတို့ကို ပေးတယ်ဆိုရင် ဒါနသဟာယ ဖြစ်ပါတယ်။ တခြားပေးစရာမရှိတော့ အဲဒီ ကိုယ်လဲ စားနိုင်တဲ့ ထမင်းကျန် ဟင်းကျန် ပေးတယ်ဆိုရင် ဒါနသဟာယထဲ ပါနိုင်ပါတယ်။ အဲဒီ ထမင်းကျန် ဟင်းကျန် မပေးဘဲ ချက်ခါစ ပူပူနွေးနွေးကို ပေးလိုက်မယ်ဆိုရင် ဒါနသဟာယ အပြင် ဒါနပတိတောင် ဖြစ်နိုင်သေးတယ်။
ကိုယ့်စိတ်မှာလဲ မူတည်ပါသည်။ ဥပမာ- တခါက ဆင်းရဲသား သားအမိနှစ်ယောက် သူတို့မှာ ဆင်းရဲလွန်းလို့ ဆန်ကွဲပဲ ချက်စားရသည်၊ တနေ့တော့ အရှင်သာရိပုတ္တရာ မထေရ်ကြွလာတော့ လှူစရာမရှိ၊ ဒါပေမဲ့ ထိုဆန်ကွဲကိုပဲ လှူလိုက်သည်၊ သူတို့သားအမိနှစ်ယောက်ကတော့ အရင်ရက်တွေက ကျန်တဲ့ မုံ့ပိုင်းလေးကိုပဲ ၂ ယောက် မျှစားကြသည်။ ဤသည်မှာ လှူဖွယ်သည် ဆန်ကျိုး ဆန်ကွဲ ဖြစ်ပေမဲ့ သူတို့သားအမိအတွက်တော့ ပဏီတပင် ဖြစ်နေသည်။ ထို့ကြောင့် ဆန်ကွဲ ထမင်းသည်လည်း ကိုယ့်စိတ်က မွန်မြတ်ဟု ခံယူထားလျှင် ဒါနပတိ ဖြစ်သည်။
ကျောင်းအမ: တင်ပါးဘုရား။ သူတို့တွေကလဲ ပေးစရာတွေများနေလို့ မျှော်နေရင် ရောက်မလာကြဘူး၊ ပေးစရာ မရှိရင် ရောက်လာကြတယ် အဲဒါသူတို့ရဲ့ ရှေးက ကုသိုလ် တရားတွေပေါ့နော်၊
သီတဂူစတား: ဟုတ်လား၊ အေးပေါ့၊ ရထိုက်တဲ့ ကံမပါတော့လဲ အဲလို လွဲတတ်တာပဲ။ ဘုရားလက်ထက်က မထေရ်ကြီးတပါးရှိတယ်၊ သူက အလှူဒါန မပြုခဲ့တော့ ရဟန္တာဖြစ်တဲ့ အထိ ငတ်ငတ်ပြတ်ပြတ် နေခဲ့ရတယ်။ အရှင်သာရိပုတ္တရာနဲ့ အတူ ဆွမ်းခံကြွတယ်၊ ဒကာ ဒကာမတွေက အရှင်သာရိပုတ္တရာကိုပဲ လောင်းတယ်၊ နောက်က ပါလာတဲ့ မထေရ်ကို မလောင်းဘူး၊ ဘာလို့ မလောင်းကြလဲ ဆိုတော့ စေတနာ မပါကြလို့တော့ မဟုတ်ဘူး၊ ထိုမထေရ် သပိတ်ဖွင့်လိုက်ရင် ဒကာ ဒကာမတွေရဲ့ မျက်လုံးထဲမှာ သူ၏သပိတ်ထဲ လောင်းထည့်စရာ နေရာမရှိအောင်ကို ပြည့်နေလို့ပဲ။ အခုလဲ ကိုယ်က သူတို့ကို ပေးချင်လို့ မျှော်နေပေမဲ့ သူတို့ရောက်မလာ၊ ကိုယ်မပေးချင်တဲ့ အချိန်မှ သူတို့က ရောက်လာ။ သူတို့ကံတရားပဲပေါ့။
ကျောင်းအမ: နောက် အလှူတွေမှာ ပိုနေတာတွေကို ပေးကမ်းရင်ကော ဘယ်လို ဒါနမျိုးလဲ အားလုံးပြီးစီးမှလေ။
သီတဂူစတားး ဒါနသဟာယပါပဲ။ မိတ်ဆွေ ဆွေမျိုးတွေကို ကျွေးတဲ့ အစားအစာလေ၊ ကိုယ်လဲ စားတယ် မိတ်ဆွေ သဟာယတွေလဲ စားတယ်၊ အဲဒါမျိုးကို ပေးရင် အကျန် ဖြစ်ပေမဲ့ ဒါနသဟာယပါပဲ။
ကျောင်းအမ: အော်-- တင်ပါးဘုရား။
ကျောင်းအမး ကိုယ်သုံးနေတဲ့ အသုံးအဆောင် အ၀တ်အထည်တွေကို ကိုယ်အဆင်မပြေလို့ ပေးလိုက်တယ်ဆိုရင်ကော ဘယ်လို ဒါန မျိုးလဲဘုရား။: ကိုယ် အ၀တ်ချုပ်လိုက်တယ် ကိုယ် ၀တ်ရတာ အဆင်မပြေလို့ သူများပေးရင်ကောဘုရား။
သီတဂူစတား: ဒါန သဟာယ ဖြစ်ပါတယ်၊ ကိုယ်နဲ့ မတော်လို့ပေးတာပဲ၊ ကိုယ့်ခန္ဓာကိုယ်နဲ့ ကွက်တိမကျ၊ အရောင်လဲ ကိုယ်နဲ့ မကိုက်၊ ပုံစံက ကိုယ်နဲ့အဆင်မပြေတာတို့၊ သို့သော်လဲ အ၀တ်ကအစား အကောင်းစားဖြစ်နေတယ် ကိုယ်ဝတ်နေတဲ့ အ၀တ်ရဲ့ တန်ဖိုးနဲ့လည်း ညီမျှတယ်၊ ကိုယ်ကြိုက်လို့ ၀ယ်လိုက်တာပဲ ပုံစံက ကိုယ်နဲ့အဆင်မပြေ ဖြစ်တာပဲ၊ အဲဒါကို သူများပေးလိုက်တော့ ဒါနသဟာယ ဖြစ်ပါတယ်။
ကျောင်းအမ: စတား ရေးထားတာ တွေ့လို့ ဒါနတွေအကြောင်း ထပ် စပ်စုတာပါ။ အခုလိုရှင်းပြတာ ကျေးဇူး အထူးတင်ပါတယ်။ စတားစာတွေကိုလဲ အမြဲ ဖတ်ဖြစ်ပါတယ်။
သီတဂူစတား အာ--ရပါတယ်။ စတားကတောင် ကျေးဇူးတင်ရမှာ၊ စတားစာတွေ ဖတ်ဖော်ရလို့။
ဒီကနေ့ ချက်တင်းစကားဝိုင်းလေးက ဤမျှသာတည်း။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃၀-၁-၂၀၁၂
1 comments:
အစားတစ်လုတ်အတွက် အိနြေ္ဒမရ လုယက်နေကြတဲ့ လောကကြီးထဲမှာ တောင်မြို့ကျောင်းတိုက်က သံဃာတွေ တည်ငြိမ်အေးချမ်းစွာ ဆွမ်းအလှူခံ ဘုဉ်းပေးနေတဲ့ပုံတွေ ဖူးရတာ ရင်ထဲမှာ အေးမြမှုကို ခံစားရတယ်ကိုစတားရေ။
Post a Comment