စာမိတ်ဆက်
တနေ့က တောင်မြို့မဟာဂန္ဓာရုံက ဦးဇင်းလေးတစ်ပါးက တစ်ပိုင်းတစ်စ ပို့လိုက်တဲ့ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီး၏ အဆိုအမိန့်နှင့် အဆုံးအမများကို ဖတ်ပြီး စာလေးတစ်ပုဒ်ရေးဖို့ စိတ်ကူးမိတယ်၊ ထိုပို့ပေးသော ဦးဇင်းလေးတစ်ပါးကလဲ ‘‘အရှင်ဘုရား- အရှင်ဘုရားရေးတဲ့ ပို့စ်တိုင်းကို ဖတ်ဖြစ်တယ်၊ တော်တော်များများ ပို့စ်တွေမှာ ဂန္ဓာရုံနဲ့ ပတ်သက်တဲ့ အကြောင်းလေးတွေ ပါလာတာတွေ့ရတယ်၊ ကျေးဇူးတင်ပါတယ်ဘုရား’’ တဲ့ မှန်ပါသည်၊ စာရေးသူရဲ့ အသိပညာ ဘ၀ နေနည်းထိုင်နည်းတွေကို ထိုတိုက်ကြီးက ပေးလိုက်တာပါ၊ စာရေးသူသည် ထိုတိုက်ကြီးထဲမှာပဲ ၁၉၈၆ ကနေ ၁၉၉၉ ခုနှစ်ထိ ထိုတိုက်ကြီးက ကျွေးတာတွေကို စားပြီး ထိုတိုက်ကြီးက ပေးလိုက်တဲ့ ပညာရပ်တွေနဲ့ ဘ၀ကို ကြီးပြင်းလာခဲ့ရသည်။ ထိုပညာရပ်တွေနဲ့ပဲ ရှေ့ဆက်ပြီး ကိုယ်ဝါသနာပါသည့် ပညာရပ်တွေကို ဆင့်ကဲဆင့်ကဲ သင်ယူနိုင်ခဲ့သည်၊ သို့သော်လဲ ထိုမိခင်တိုက်ကြီးအပေါ်မှာ ကျေးဇူးမဆပ်နိုင်ခဲ့။ ဦဇင်းလေးက အရှင်ဘုရားပို့စ်မှာ တောင်မြို့ဂန္ဓာရုံရဲ့အငွေ့သက်တွေ ပါနေတယ်ဆိုတော့ မှန်ပါ၊ ဟုတ်တယ်ဘုရား၊ တပည့်တော်ရဲ့ ကျေးဇူးဆပ်နည်း တမျိုးလို့ ပြောရမှာပေါ့ဘုရားလို့ပဲ ပြောလိုက်သည်။ ငယ်ငယ်က နေခဲ့သော မိခင်တိုက်ကြီး၏ ဘ၀ကို ပုံဖော်လိုသော အားဖြင့် ‘‘စာတတ်ဖို့ အရေးကြီးလား’’ ဆိုတဲ့ ခေါင်းစဉ်ဖြင့် တိုက်ကြီး စည်းကမ်း ၁၀ ချက်ကို ရေးသွားမည် ဖြစ်ပါသည်။ ထိုပို့စ်ဖြင့်ပင် မိခင်စာသင်တိုက်ကြီးကို ပူဇော်ပါသည်။ကျေးဇူးဆပ်ခွင့်
ငယ်ငယ်ကတည်းက စာရေးသူ၏ဘ၀ကို နှစ်မြုပ်ခဲ့တဲ့ ထိုမိခင်တိုက်ကြီးကို သတိတရ အမှတ်ရနေသည်မှာ အထူးအဆန်းမဟုတ်ပါ၊ စာရေးသူလှုပ်ရှားတိုင်း ပြောတိုင်း ရွေ့လျားတိုင်းတို့၌ အမှတ်ရစရာတွေ ရှိနေသည်မှာလဲ အမှန်ဖြစ်သည်။ ယခုလဲ သတိတရ ကျေးဇူးဆပ်ဖို့ အခွင့်ကြုံလာပြန်သည်၊ ‘‘ပဋိပတ်ဘက်က အလုပ်လုပ်တဲ့အချိန်များမှ တော်မယ် ပရိယတ်ချည်းကြိုးစားလာကြတာ စိတ်အနေဘာမှ ထူးထူးခြားခြား ကောင်းမလာဘူး၊ သီလအကျင့်မပါတဲ့ ပရိယတ်စာသင်နည်းကိုတော့ ဒီကျောင်းတိုက် (မဟာဂန္ဓာရုံကျောင်းတိုက်)မှာ ဘယ်နည်းနဲ့မှ လက်မခံထိုက်ဘူး’’ တစ်ဘ၀သံသရာ-နှာ-၄၅၈မှာ ပါလာတဲ့ စာပိုဒ်ကလေးကို ထိုဦးဇင်းလေးပို့လိုက်တဲ့ မဟာဂန္ဓာရုံဆရာတော်၏ သြ၀ါဒစာစုများထဲက တစ်ပုဒ်ဖြစ်သည်။ ထိုစာလေးကို ဖတ်ပြီး ထိုတိုက်ကြီးရောက်ခါစက ကျက်ခဲ့ရတဲ့ အဖိုးတန်စာပုဒ်လေးကို သတိတရရှိမိသည်။ ထိုစာပိုဒ်လေးက----မဟာဂန္ဓာရုံကျောင်းတိုက်၏ စည်းမျဉ်း(၁၀)ချက်
(၁) စိတ်ကောင်းရှိဖို့က ----------- ပထမ(၂) ၀ိနည်းလေးစားဖို့က ---------- ဒုတိယ
(၃) ကျန်းမာဖို့က ---------------- တတိယ
(၄) သန့်ရှင်းဖို့က ---------------- စတုတ္ထ
(၅) အ၀တ်အစားတတ်ဖို့က ------- ပဉ္စမ
(၆) အနေအထိုင်တတ်ဖို့က ------- ဆဌမ
(၇) အပြောအဆိုတတ်ဖို့က ------- သတ္တမ
(၈) အသွားအလာတတ်ဖို့က ------ အဌမ
(၉) စည်းကမ်းလိုက်နာဖို့က ------- န၀မ
(၁၀) စာတတ်ဖို့က -------------- ဒသမ ဤဆယ်ချက်ကို အစဉ်အတိုင်း ဂရုစိုက်ပါ ဆိုတဲ့ စာစုဖြစ်သည်။
မှန်ပါသည်။ ထိုဆယ်ချက်သည်ပင် တိုက်ကြီး၏ ဥပဒေဟု ဆိုနိုင်သည်။ တိုက်ကြီး၏ဥပဒေ ဆယ်ချက်ကို တိုက်တွင်း ရောက်ရောက်ချင်း ရအောင် ကျက်ရသည်။ အနီးကပ်ဆရာက ထိုဆယ်ချက်၏ အဓိပ္ပါယ်ကို ရှင်းပြရသည်၊ စာရေးသူတို့ ထိုဆယ်ချက်ကို ငယ်ငယ်ကထဲက ရနေတဲ့ အလွန်အဖိုးတန်သည့် ငယ်နိုင်စာစုလေးဖြစ်သည်။ မဟာဂန္ဓာရုံကျောင်းတိုက်ကြီးတွင် ကျောင်းဆောင်တိုင်းမှာ ချိတ်ဆွဲထားသည့် ထိုဥပဒေဆယ်ချက်ပါသည့် ဆိုင်းဘုတ်တစ်ခုရှိသည်၊ ထိုဆိုင်းဘုတ်ကြီးသည် မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ ဖွဲစည်းပုံအခြေခံ ဥပဒေလို့လဲ ပြောလို့ရသည်။ ထိုဆယ်ချက်ထဲက အားလုံးက အရေးကြီးပေမဲ့ ဤနေရာ၌အဆင်ပြေတာလေးတွေကိုပဲ တင်ပြရပါလိမ့်မည်။
(၁) စိတ်ကောင်းရှိဖို့က ပထမ
စိတ်ကောင်းရှိဖို့က ပထမ-- မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ စာသင်နည်းစနစ်က စာမေးပွဲတွေ အောင်ဖို့ထက် သဒ္ဓါတရားတွေ တိုးတက်လာအောင် အားကောင်းလာအောင်ကို ဦးစားပေးသည့် စနစ်ဖြစ်သည်။ တိုက်တွင်းရှိအတန်းများကိုလဲ သဒ္ဓါကို ဖြစ်စေသည့် စာပေများကို ဦးစားပေးပြဌာန်းထားသည်၊ အနိမ့်ဆုံးအတန်း အခြေပြုတန်းမှာပင် ရတနာ သုံးပါးအကြောင်း၊ ကံ ကံ၏ အကျိုးအကြောင်း သီလ အကြောင်းစသည့် သဒ္ဓါတရားကို ဖြစ်စေသော ရတနာ့ဂုဏ်ရည်စာအုပ်ကို လက်ကိုင် ပြုရသည်၊ ကိုရင်ငယ်လေးများ သိ ကျင့်ရမည့် ရှင်ကျင့်ဝတ်, နေ့စဉ်ပွားများရမည့် သံဝေဂခေါ် ဒသဓမ္မ အဘိဏှသုတ်လာ သံဝေဂတရားများ, ကိလေသာများကို နဲပါးအောင် ရှင်းလင်းသွားအောင် အားထုတ်ရသည့် ဓုတင် ၁၃ ပါး စသည့် သဒ္ဓါတရားအခြေခံသော ရုပ်ပုံရှင်ကျင့်ဝတ်စာအုပ်ကိုလဲ ရောက်ခါစ ကိုရင်လေးများ လက်ကိုင်ပြုရသည်။ ထိုစာပေများကို အနီးကပ်ဆရာက လက်တွေ့ကျကျ သွန်သင်ပြကြရသည်၊ ဤနည်းအားဖြင့် မဟာဂန္ဓာကျောင်းတိုက်ရှိ ကိုရင်လေးကအစ စာချဆရာတော်များအထိ သူများနဲ့ မတူသော နူးညံ့စိတ်ရှိကြသည်။ အထူးသဖြင့် ဣဿာ မစ္ဆရိယ နဲကြသည်။စိတ်ကောင်းရှိဖို့ဆိုသည်မှာ အဓိကအားဖြင့် ဣဿာနဲ့ မစ္ဆရိယ ၂ ပါး မရှိခြင်းပဲဖြစ်သည်။ တစ်ပါးသူ၏ အောင်မြင်မှုကို တစ်ပါးသူက ၀မ်းသာပေးနိုင်ခြင်းသည် စိတ်ကောင်းရှိသော သူပင်ဖြစ်သည်။ ကိုယ့်အောက်လူကိုလဲ ဆွဲခေါ်နိုင်သည်၊ ကိုယ်နဲ့ အဆင့်တူကိုလဲ အားပေးနိုင်သည်။ ကိုယ့်ထက်သာသူကိုလဲ အားပေးသည်။ စာရေးသူတို့ သကျသီဟသာမဏေကျော်တန်း လုပ်စဉ်က တစ်တန်းတည်းနေ သူငယ်ချင်းတွေကို ပြိုင်လေ့ရှိသည်၊ အပတ်စဉ်လေ့ကျင့်ခန်း စာမေးပွဲတွေမှာ ကိုယ့်ထက် အမြဲတမ်းသာနေသူကိုလဲ နောက်တစ်ပတ် ငါ သူ့ထက် သာကိုသာရမည်၊ ကိုယ့်အောက်ကသူကို သူ့ထက် ငါ အမှတ် အမြဲတမ်း သာနေရမယ်၊ ကိုယ်နဲ့ အဆင့်တူသူကိုလဲ သူ့ထက် သာစေရမည် ဆိုတဲ့ ပြိုင်ဆိုင်မှုတွေ ရှိခဲ့သည်၊ ဒါပေမဲ့ ဒါက ဣဿာ မဟုတ်ပါဘူး၊ ငါ သူထက် သာစေရမည်ဆိုတဲ့ စိတ်နဲ့ ကိုယ့်ကိုပဲ ပစ်မှတ်ထားပြီး ကျိုးစားခြင်းက ဣဿာ မဟုတ်ပေမဲ့ သူတပါးက ငါ့ကို ဘယ်တော့မှ မကျော်စေရဘူးဆိုတဲ့ သူတစ်ပါးကို ပစ်မှတ်ထားတဲ့ စိတ်မျိုးဆိုရင်တော့ ဣဿာစိတ်ဖြစ်နိုင်သည်။ သူတစ်ပါးအောင်မြင်မှုကို ၀မ်းသာပေးနိုင်ခြင်းက စိတ်ကောင်းရှိသူပင် ဖြစ်သည်။ ကိုယ့်ထက် အမှတ်များများရပြီး အောင်မြင်သူကို မြင်လျှင် သူ့အတွက် ၀မ်းသာပေးပြီး နောက်တစ်ကြိမ် ငါလဲ သူ့လိုပဲ သို့မဟုတ် သူ့ထက်များတဲ့ အမှတ် ရအောင် ကြိုးစားမည့်ဆိုတဲ့ စိတ်မျိုးသည် သူတော်ကောင်း စိတ်မျိုးဖြစ်သည်။
တိုက်တွင်းရှိစာသင်နည်းကိုက သူတော်ကောင်းစိတ်ဓာတ် မြင့်တင်ရေးကို ရှေ့ရှုသော နည်းဖြစ်ရာကား‘‘ စာမတတ်မူ အခေါက်ထူ လူမြင်တိုင်းက အထင်သေးကြ’’ စာမတတ်ဘူးဆိုလျှင်လဲ လူအများစုက မလေးစားကြ ထို့အတွက် စာတတ်အောင် သင်ကြရသည်၊ လူလေးစားအောင် စာသင်ကြရသည်၊ သို့သော်လဲ ‘‘ စာတတ်ပြန်လျှင် စိတ်ကြီးဝင် လူမြင်တိုင်းက အော့ချင်ကြ’’ စာတတ်လျှင်လဲ အချို့ မာန်မာန၀င်ကာ ဟိတ်ကြီး ဟန်ကြီးများပြီး ဂါရ၀ နိဝါတ နဲကာ မြင်တဲ့ သူတိုင်းက နှာခေါင်းရှုံ့ကြလိမ့်မည် ရွံကြလိမ့်၊ ထို့အတွက် လူလေးစားခံ လူကြည်ညိုခံရအောင် စာတတ်ပြီး စိတ်ကြီး မ၀င်သူ ဖြစ်နေရပါမည်။ စာသင်တိုက်တွင်းနေစဉ် ဆရာတော်ကြီးများ အောက်ပါ စာသင်နည်းများကိုလည်း မကြာမကြာ နာကြားရသည်။
စာသင်နည်း ၃ မျိုး
၁။ အလဂဒ္ဒူပမာ ပရိယတ္တိ၂။ ဘဏ္ဍာဂါရိက ပရိယတ္တိ
၃။ နိဿရဏ ပရိယတ္တိ
၁။ အလဂဒ္ဒူပမာ ပရိယတ္တိ ဆိုသည်မှာ- စာပေသင်ခြင်း တရားနာခြင်းဖြင့် ဘုရားတရားတော်များကို တတ်မြောက် နားလည်သည်ရှိသော် ငါ့ကို လူတွေက ချီးကြူးဂုဏ်ပြုကြလိမ့်မည်၊ ပစ္စည်းဥစ္စာ ပူဇော်မှုကို လည်း ရလိမ့်မည် စသည်ဖြင့် မာန်မာနကို ဖြစ်စေ၊ လောဘ စသော အကုသိုလ်တို့ကို ဖြစ်စေသော စာသင်နည်းမျိုးဖြစ်သည်။ ဤသည်ကို မြွေဖမ်းမတတ်ခြင်းကြောင့် မြွေက မိမိကို ပြန်ပေါက်သတ်သလို မိမိ သင်ယူသော စာပေ၊ ပညာများက မိမိကို ပြန်နစ်နာစေသည်၊ ဆုံးရှုံးစေသည်။
ဆိုလိုသည်မှာ- ဘုရားတရား စကားတော်များကို ကြွားဝါလို၍ လာဘ်လာဘကို မျှော်ကိုး၍ သင်ယူခြင်း၊ သင်ယူထားသော စာပေဖြင့် သူတပါးကို ချိုးနှိမ်လို၍ စသော အတ္တုက္ကံသန- မိမိကိုယ်ကို ချီးမွမ်း (ကြွားဝါ)၊ ပရ၀မ္ဘန-သူတပါးကို ချိုးနှိမ်လို၍ သင်ယူခြင်းနှင့် တပါးသူ၏ ရန်ကို ကာကွယ်လိုခြင်းမျိုး စသည်တို့ကို စာပေက အလဂဒ္ဒူပမာ ပရိယတ္တိ-မြွေဖမ်းခြင်းနှင့် တူသော စာသင်နည်းဟု ဆိုသည်။ ဤစာသင်နည်းမျိုးကား အကျိုးလုံးဝမရှိ၊ အပါယ် ၄ပါး အစာသာ ဖြစ်သည်။ ဒုတိယ စာသင်နည်းက ဘဏ္ဍာဂါရိက ပရိယတ္တိ ဖြစ်သည်။
၂။ ဘဏ္ဍာဂါရိက ပရိယတ္တိ ဆိုသည်မှာ စင်္ကြာမင်း၏ ဘဏ္ဍာစိုးနှင့်တူသော ရဟန္တာပုဂ္ဂိုလ်များ၏ စာသင်နည်းမျိုးဖြစ်သည်။ ဘဏ္ဍာတိုက်စောင့် ဘဏ္ဍာစိုးပမာ စာပေပရိယတ္တိတွေကို မပျောက်ပျက်ရလေအောင် ထိန်းသိမ်းစောင့်ရှောက်သော စာသင်နည်းမျိုးဖြစ်သည်။ ကိုယ်ကျိုးမရှိ၊ မဂ် ဖိုလ် ကို တိုက်ရိုက် မရနိုင်သည့် နည်းဖြစ်သည်။ ဆိုလိုသည်ကား ကိုယ်ကျိုးကို စွန့်၍ သာသနာ အရှည် တည်တံ့ရေးကို ရည်ရွယ်၍ စာသင်နည်းမျိုးဖြစ်သည်၊ ယနေ့ မြန်မာနိုင်ငံရှိ စာသင်တိုက်ကြီးများ အချို့ကဲ့သို့ပင် ဖြစ်ပါသည်။ တတိယ စာသင်နည်းကတော့ နိဿရဏ ပရိယတ္တိ ဖြစ်သည်။
၃။ နိဿရဏ ပရိယတ္တိ ဆိုသည်မှာ ၀ဋ်ဆင်းရဲမှ လွတ်မြောက်ရေးကို ရှေးရှု၍ သင်ကြားခြင်းမျိုးကိုဆိုလိုသည်၊ အကျိုးရှိသော စာသင်နည်းဖြစ်၍ မဂ် ဖိုလ် နိဗ္ဗာန်ကို ရနိုင်သော စာသင်နည်းဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံရှိ ပရိယတ္တိကို အခြေခံသော ၀ိပဿနာ ကမ္မဋ္ဌာန်းတိုက်များကဲ့ သို့ ဖြစ်ပါသည်။
နိဿရဏ ပရိယတ္တိ= နိဿရဏ- ၀ဋ်ဆင်းရဲမှ လွတ်မြောက်ခြင်းငှါ၊ ပရိယတ္တိ- သင်ယူခြင်း။ နိဿရဏ ပရိယတ္တိ ၀သေနာတိ အဒ္ဓါ ဣမံ ပရိယတ္တိံ နိဿာယ ၀ဋ္ဋဒုက္ခတော နိဿရိတုံ လဗ္ဘာတိ ဧ၀ံ နိဿရဏ ပရိယတ္တိဝသေန။ (သံ၊ဋီ၊၁၊၃၀၃)
‘‘ ငါသည် စာပေများကို တတ်မြောက်ပြီးပါက ထိုတရားတော်အတိုင်း သီလ သမာဓိ ၀ိပဿနာ ပညာများကို အစဉ်အတိုင်း ဖြည့်ကျင့်ကာ မဂ် ဖိုလ် နိဗ္ဗာန်ကို ရစေအံ့၊ မျက်မှောက် ပြုလတံ့’’ ဟု ရည်စူးကာ ပရိယတ္တိစာပေများကို သင်ယူခြင်းသည် အကျိုးရှိ၏ မဂ်ဖိုလ် နိဗ္ဗာန်ကို ရောက်စေနိုင်သော စာသင်နည်းဖြစ်၏။ ဤနေရာတွင် စာသင်နည်း များကို ပြထားပြီး ဖြစ်သည်။
ဆရာတော်ကြီးရဲ့ အောက်ပါ ဆုံးမစကားသည် ကျောင်းတိုက်ကြီး၏ စာသင်နည်း စနစ်ကို ပြနေသည်။ ‘‘ငါ့ရှင်တို့ ဒီကျောင်းတိုက်မှာ ရောက်ရောက်ခြင်း ကျက်မှတ်ရတဲ့ စည်းကမ်းချက်(၁၀)ချက် ရှိတယ် စိတ်ကောင်းရှိဖို့ ပထမဆိုတဲ့အချက်နဲ့ ကိုက်ညီအောင်နေကြ၊ စိတ်ကောင်းရှိဖို့ဆိုတာ လောဘ ဒေါသ မာန ဣဿာ မစ္ဆရိယ အစရှိတဲ့တရားတွေကို နည်းအောင် ကျဲအောင် ပါးအောင် အားထုတ်ကြ ဒီတရားတွေက ရဟန္တာမဖြစ်သေးသမျှ အနည်းနဲ့အများ ရှိနေမှာပဲ ဒါပေမယ့် အစွမ်းမထွက်စေနဲ့ စိတ်ထဲမှာမျိုသိပ်ထား။’’ (၁၃၄၃-ခု ၀ါဆိုလပြည့်ကျော် ၁၂ ရက်)
ထိုကဲ့သို့ သူတော်ကောင်းစိတ်ကို ရှင်သန်စေတဲ့နည်းဖြင့် တည်ဆောက်ထားသည့် တိုက်ကြီးဖြစ်ရကား တစ်ပါးနဲ့တစ်ပါးအပေါ်မှာလဲ ကူညီရိုင်းပင်းသည့်စိတ်ရှိကြသည်။ တစ်ပါး ကျန်းမာရေးမကောင်း ဖြစ်ပြီဆိုရင် သူငယ်ချင်းတွေက တစ်ပါးက ကော်ဖီ ယူပေး၊ တစ်ပါးက ဆန်ပြုတ်ယူပေး၊ တခါတရံ စွပ်ပြုတ်ပင် မြို့ထဲအထိ သွားပြီး ၀ယ်ပေးတတ်သည်၊ တစ်ချို့ကျ ဆေးရုံဆေးခန်းတွေမှာ လိုက်ပို့လေ့ရှိသည်၊ တချို့ကတော့ သင်္ကန်းတွေ အ၀တ်တွေ လျှော်ဖွတ်ပေးတတ်သည်။ ‘‘ဂိလာန-မနာမကျန်းသူကို ပြုစုလုပ်ကျွေးသူသည် ငါ့ဘုရားကို ပြုစုလုပ်ကျွေးတာနဲ့ အတူတူပဲ’’ ဆိုတဲ့ ဘုရားစကားကိုလဲ နံက်ခင်း သြ၀ါဒတွေမှာ မကြာမကြာ ကြားရသည်။ စာရေးသူ သာမဏေဘ၀က စာရေးသူတို့နှင့်အတူနေ အရှင်ဣန္ဒက အမည်ရှိ ရဟန်းတော်တစ်ပါးရှိသည်။ သူသည် သဒ္ဓါတရားအလွန်ကောင်းသည်၊ စိတ်ကောင်းစေတနာရှိသည်၊ စာရေးသူမှာ သွေးစုနာပေါက်သည်၊ သွေးစုနာဆိုသည်မှာ လူမမြင်အပ်သည့် နေရာမှ ပေါက်လေ့ရှိသည်၊ မထိုင်နိုင် မသွားနိုင် ဖြစ်နေသည်၊ သူ့မှာလည်း စာရေးသူနဲ့ အရွယ်တူ တပည့်တွေရှိသည်။ စာရေးသူအတွက် စာရေးသောက်ရေးကို တပည့်တွေကို စီမံစေသည်၊ တခါတရံစားပြီးသား သပိတ် ပုဂံတို့ကို သူကိုယ်တိုင်ဆေးကြောပေးသည်၊ သွေးစုနာ ရင့်လာသောအခါ သွေးပုတ် ပြည်ပုတ်များကို ညစ်ထုတ်ပေးသည်၊ မရွံမရှာ သန့်ရှင်းပေးသည်။ စာရေးသူကိုမှ မဟုတ် အခြား တစ်ပါးပါး နေမကောင်းဖြစ်ရင် စိတ်ပါလက်ပါကို ပြုစုပေးသည်၊ ထိုအရှင်ကို ယခုအချိန်ထိ သတိတရ အမှတ်ရနေဆဲဖြစ်သည်။
အပိုင်း (၂) ဆက်ဖော်ပြပါဦးမည်။
(၂၀-၉-၂၀၁၁ထဲက ရေးထားတဲ့ ပို့စ် အပိုင်း ၃ထိရှိသည်)
ရွှင်လန်းချမ်းမြေ့ပါစေ (၂၀-၉-၂၀၁၁ထဲက ရေးထားတဲ့ ပို့စ် အပိုင်း ၃ထိရှိသည်)
သီတဂူစတား
၂၀-၉-၂၀၁၁
1 comments:
ွှဣဿာ မစ္ဆရိယက သောတာပတ္တဂ်ရောက်ရင် ကုန်တယ်လို့ ဖတ်ရှုမှတ်သားရဖူးကြောင်းပါဘုရား။ ကောင်းသတင်းကျော်ကြားလှတဲ့ တောင်မြို့ဂန္ဓာရုံတိုက်ကြီး ကြီးပွားစည်ပင်သထက် စည်ပင်ပါစေကြောင်း ဆုမွန်တောင်းလိုက်ရပါတယ်။ မကျန်းမာရင် စည်းစည်းလုံးလုံး ပြုစုပေးကြတာတွေ ဖတ်ရတော့ သာဓုခေါ်သွားကြောင်းပါ
Post a Comment