သီတဂူဓမ္မဒူတခရီး (ဘုံဘေ)
စာမိတ်ဆက်
သီတဂူဆရာတော်ကြီးသည် အိန္ဒိယပြည်ကြီးကို နှစ်စဉ်လာလေ့ရှိသည်၊ တခါတရံ တနှစ်တည်း ၂ ကြိမ် ၃ ကြိမ်တောင် လာတတ်သည်။ အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ရှေးဟောင်းဌာနအသင်းအဖွဲ့များက ပင့်၍ကြွတတ်သလို အိန္ဒိယပြည်ရှိ တက္ကသိုလ်အသီးအသီးတွင် ပညာသင်ကြားနေကြသော မြန်မာရဟန်းတော်များကို နှစ်စဉ်နီးပါး ပညာရေးအလှူတော်များအတွက် ကြွလာတတ်သည်။ နှစ်စဉ် သီတဂူကျောင်းဒကာ ကျောင်းအမများနှင့် သီတဂူသာသနာပြုလုပ်ငန်းတွင် များစွာကျေးဇူးရှိသူများ၊ တပည့်သီတဂူကျောင်းသားများကို အိန္ဒိယနိုင်ငံရှိ ရှေးဟောင်းအနုပညာဌာနများ၊ ပြတိုက်များ၊ ဘုရားရှင်ရောက်ခဲ့ရာ နေရာများ၊ ဘုရားရှင်၏ ဖွား-ပွင့်-ဟော-စံ လေးဌာန စသော နေရာများကို အပင်ပန်းခံ ပို့ပေးလေ့ရှိသည်။ ထိုသို့သောအကြောင်းကြောင့် ကမ္ဘာမှာ စာပေနှင့်အနုပညာ ထွန်းကားဆုံးဖြစ်ရာ အိန္ဒိယပြည်သို့ ကြွခြင်းပဲ ဖြစ်သည်။စာမိတ်ဆက်
ဘုံဘေ (မွမ်ဘိုင်း) ရောက်
၂၈-၃-၂၀၁၂ နေ့ည သီတဂူဆရာတော်ကြီးနှင့်အဖွဲ့ ရောက်မည်ဟု သတင်းရရှိသဖြင့် ဆရာတော်ကြီး ဆန္ဒအရ ဘုံဘေမြို့ နာမည်ကြီးနေရာဖြစ်တဲ့ ပင်လယ်ကမ်းခြေ (Marine Drive) ရှိ Intercontinental Hotel မှာ ကြိုတင် ဘုတ်ကင်လုပ်ရသည်။ အိန္ဒိယနိုင်ငံမှာ ဗုဒ္ဓဂယာတစ်ဝိုက်ကလွဲရင် ဘုန်းကြီးကျောင်းမရှိ၊ ဟိုတယ်နှင့် တည်းခိုခန်းတွေမှာပဲ တည်းခိုရသည်။ တချို့က ပြည်ပမထွက်ဖူးသေးတော့ တခြားနိုင်ငံတွေလဲ ကိုယ့်နိုင်ငံလိုပဲ အောင့်မေ့တတ်သည်။ တစ်နေ့က စာရေးသူ၏ အသိတစ်ယောက်လည်း သူ့ဒကာမတွေနဲ့ ဘုံဘေ (မွမ်ဘိုင်း)ကို လာချင်သည်၊ ဒကာမတွေက ဟိုတယ်မှာ မတည်းချင်ဘူး ဘုန်းကြီးကျောင်းမှာပဲ တည်းချင်ပါသည်တဲ့။ အရှင်ဘုရား ဘုန်းကြီးကျောင်းတို့ ရိပ်သာတို့ ဘုရားတို့မှာ တည်းခိုချင်ရင် ဘုံဘေ (မွမ်ဘိုင်း)ကို မလာပါနဲ့ ကိုယ့်မြန်မာပြည်မှာပဲ အေးအေးဆေးဆေး နေပေတော့လို့ လို့ပဲ ပြောလိုက်ရသည်။ဆရာတော်ကြီးသည် ရောက်လေရာအရပ်တိုင်း များသောအားဖြင့် ဟိုတယ်မှာ တည်းလေ့ရှိသည်။ ဘုန်းကြီးကျောင်းတည်းသည့်အခါ ကျောင်းနေသံဃာများအတွက် တာဝန်ကြီးတစ်ခု ဖြစ်နေမှာကိုလဲ ငဲ့သည်၊ တချို့က ဆရာတော်ကြီး ဟိုတည်မှာ တည်းခိုတာကိုပဲ အမြင်တမျိုးမြင်တတ်သည်၊ တကယ်တော့ ဟိုတယ်မှာ တည်းခိုခြင်းကြောင့် သူများကို အလုပ်မရှုပ်စေတဲ့အပြင် နေစရာ၊ အိပ်စရာ၊ စာရေးစားပွဲ စသည်များနှင့် ရေချိုးခန်း၊ အိမ်သာများသည် အသက်အရွယ်ကြီးသော ဆရာတော်အတွက် သက်သောင့်သက်သာ ဖြစ်စေသည်။ သန့်ရှင်း သပ်ရပ်မှုကို နှစ်သက်သော ဆရာတော်အတွက် ဟိုတယ်သည် အသင့်တော်ဆုံးဟု ထင်သည်၊ မြန်မာပြည် တချို့နေရာတွေမှာ ဆရာတော် တရားဟောကြွလာရင် သက်သောင့်သက်သာ သီတင်းသုံးရန် စံကျောင်းဆောက်လုပ် လှူဒါန်းထားသည်ကိုလဲ တွေ့ရတတ်သည်။ ထိုကဲ့သို့သော နေရာ အဆင်သင့် သီးသန့်ရှိထားရင်တော့ ထိုနေရာမှာပဲ သီတင်းသုံးလေ့ရှိသည်။
မွမ်ဘိုင်း (ဘုံဘေ)ကို ကြွလာသော ဆရာတော့်အတွက် Five-Star ဟိုတယ်ကို ရှာရသည်၊ ယခုအချိန် (April, March, May, June) ဧည့်သည်ပါးချိန် ဖြစ်သဖြင့် အခန်းခ တစ်ဝက်နီးပါး သက်သာသည်၊ သက်သာသည့် အချိန်သည်ပင် ဟိုတယ် တစ်ခန်း တစ်ည အမေရိကန် ဒေါ်လာ အောက်ထစ်ဆုံး ၂၀၀ မှ ၄၀၀-၅၀၀- ရှိနေသည်။ ဆရာတော်အပါဝင် လူ ၄၅ ယောက်စာအတွက် ၃ည တည်းရန် အခန်း ၂၃ ခု ငှါးခဲ့သည်။ ဆရာတော်ကြီးအတွက် သီးသန့် တစ်ခန်း ငှါးသည်။ အခန်းများသည်လည်း တန်ဖိုးအနဲအများ အားလျှော်စွာ ပင်လယ်ဘက်မျက်နှာမူသည့် အခန်း၊ ပင်လယ်ကို တစ်ဝက်သာ မြင်ရသည့်အခန်း၊ ပင်လယ်ကို လုံးဝမမြင်ရဘဲ နောက်ကျောအခန်း ဟူ၍ ဖြစ်သည်။ Five-Star အဆင့်အားလျှော်စွာ ၀န်ဆောင်မှု၊ အခန်းပြင်ဆင်မှုနှင့် နည်းပညာများသည် အရမ်းခေတ်မီပါသည်။ စာရေးသူတို့အတွက် ကိုယ့်ဘာသာကိုယ် ထိုအခန်းမျိုး မတည်းနိုင်၊ ဆင်ဖြူတော်မှီ၍ ကြံစုပ်ရသည့် အခြေအနေပင်။
တကယ်တော့ ဆရာတော်ကြီးက ၂၈ ရက်နေ့ အဖွဲ့နဲ့ ပါမလာဘဲ ၂၉ ရက်နေ့မှ အမေရိကကနေ ကြွလာရသည်။ ၂၈ ရက်နေ့မှာတော့ ဆရာတော်ကြီး၏ တပည့် ဒကာဒကာမများကိုသာ လေဆိပ်သွားကြိုပြီး ဟိုတယ်မှာ နေရာချ၊ လေဆိပ်နှင့် ဟိုတယ်သည် ဘုံဘေမြို့၏ ရှေ့ထိပ်နှင့် နောက်ထိပ်ဖြစ်သဖြင့် အတော်ဝေးသည်။ နောက်နေ့မနက်ပိုင်း ဘုံဘေကမ်းခြေ၊ အမျိုးသား ဥယျာဉ်နှင့် ဆရာကြီးဂိုအင်ကာ တည်ထားသည် ပုံတူ ရွှေတိဂုံဘုရားကြီးသွားရောက်ဖူးကြသည်၊ အပြန် ညနေပိုင်း ဈေးဝယ်ထွက်ကြသည်၊ ညပိုင်း- အမေရိကမှ ကြွလာမည့် ဆရာတော်ကြီးကို လေဆိပ်သွားကြိုသည်။
ဘုံဘေနိုင်ငံတကာ လေဆိပ် ရောက်
၂၉-၃-၂၀၁၂ ရက်နေ့ည ဘုံဘေနိုင်ငံတကာ လေဆိပ်သို့ ဆရာတော်ကြီး ရောက်လာပါပြီ၊ ဆရာတော်ကြီးအား ဖူးမျှော်ရန် နိုင်ငံခြားသူ မစ်စ် ၀မ်မို (Mrs Wanmoe) လဲရောက်လာသည်၊ သူမသည် ဆရာတော်ကြီးအား လေဆိပ်မှာ ကြိုရန် စာရေးသူအား ကြိုတင်ဖုန်းဆက်ထားသည်၊ ဆရာတော်ကြီးကို လျှောက်ချင်တာ လျှောက်ဖို့ ကြိုတင် မိတ်ဆက်ပေးရန်ကိုလည်း စာရေးသူကို ပြောထားသည်။ ဆရာတော်ကြီးနဲ့ သီးသန့်တွေ့ရန်အတွက်သာ ဘုံဘေကို လာကြောင်းလဲ ပြောသည်။ ဒါပေမဲ့ စာရေးသူတောင် မိတ်ဆက်ပေးစရာမလိုပဲ အဆင်ပြေသွားသည်။ သူမကို အိန္ဒိယပြည်ရှိ ဗာရာဏသီ၊ နာလန္ဒ ဂယာ တက္ကသိုလ်ကျောင်းသားများ သိကြသည်၊ စာရေးသူတောင် မနှစ်က မဟာဗောဓိပင်အောက် တိပိဋက ရွတ်ဖတ်ပူဇော်ပွဲမှာ တွေ့ရလို့ သိခဲ့ရသည်၊ ထိုပွဲကို သူကစပြီး စပွန်ဆာပေးကာ ကျင်းပခဲ့သည်။နောက် ဆရာတော်ကြီးကို ဖူးမျှော်ရန်ရောက်လာသူကတော့ ဒကာဦးကျော်ဆွေ+ဒကာမ ဒေါ်သန်းသန်းဌေး သမီး မယဉ်သူဇာကျော်တို့ပဲ ဖြစ်သည်။ သူတို့မိသားစုက ဘုံဘေမှ လေယာဉ်အင်ဂျီနီယာ မိသားစုဖြစ်သည်။ သာသနာကို အလွန်ယုံကြည်သော ဥပါသကာ ဥပါသိကာများ ဖြစ်ကြသည်။ စာရေးသူတို့ ဘုံဘေတက္ကသိုလ်များရှိ Ph.D ကျောင်းသားများအား တစ်လ နှစ်ကြိမ် ဆွမ်းကပ်လေ့ရှိသည်၊ မွေးနေ့ကဲ့သို့သော အခါအားလျော်စွာ အထူးအဖြစ် ပစ္စည်း ၄ပါးအတွက် န၀ကမ္မပါ လှူလေ့ရှိသည်။ ထိုမိသားစုသည် ယခု ဆရာတော်ကြီးအား ဖူးမျှော်ရန် ရောက်လာသည်၊ စာရေးသူလဲ လေဆိပ်အပေါက်မှာပဲ မိတ်ဆက်ပေးလိုက်သည်။ ဟိုတယ်အထိ ဆရာတော်ကြီးအား အလှူပစ္စည်းလှူရန် လိုက်လာသည်။ အလှူခံပေးရန်အတွက် ဆရာတော်ကြီးအား လျှောက်ထားလိုက်သောအခါ ဆရာတော်ကြီးက လက်ခံသည်။ စကားပြောသည်။ အသီးအနှံများ၊ အဖျော်ရည်များ၊ အမေရိကန်ဒေါ်လာ ၁ ထောင်နဲ့ ညီမျှသော ရူပီး ၅ သောင်းလှူသည်။ သူတို့လှူလိုက်သော အဖျော်ရည်၊ စနှိုးတာဝါ၊ အသီးအနှံတို့သည် အလွန်ဝေးသော ရတနာဂိရိသို့သွားသောအခါ ပူပြင်းသောရာသီဥတုအတွက် အလွန့်အလွန်ကို အသုံးတည့်သွားသည့်၊ ကာလဒါနဖြစ်သွားသည်။ လိုအပ်တဲ့အချိန် လိုအပ်သော ပစ္စည်းအလှူသည် ကာလဒါနဖြစ်သည်။ ဆရာတော်လဲ အလွန်ပင်ပန်းနေပုံရသည့်အတွက် အခန်းအနားယူရန် ပြင်ဆင်သည်။ ဒကာကြီးတို့ မိသားစုလဲ ကန်တော့ပြီး ပြန်သွားကြသည်။ ဆရာတော်လဲ အခန်းထဲရောက်ပြီး သင်္ကန်းများလဲအပြီးအမှာ အနားယူရင် စကားပြောဖြစ်သည်။ ဟိုတယ်စရိတ်၊ ကားခစသည်များအတွက် ပြင်ဆင်ရင်း ဒကာကြီး ဦးကျော်ဆွေတို့လှူလိုက်သော အလှူကိုလဲ ရေတွက်ခိုင်းပြီး သူ၏ ခရီးစရိတ်အဖြစ်သုံးရန် ပြောသည်။ ဒီဒကာတွေ အကြောင်း ပြန်ပြောပြသောအခါ ‘‘အေးကွ-ဟေး-မင်းတို့တတွေ ဒီလိုမိသားစုမျိုးကို ချစ်အောင် နေတတ်ရတယ်၊ ဘယ်တော့မှ မုန်းအောင် မနေနဲ့၊ ငါ့မျှက်နာလဲ အရှက်ရအောင် မလုပ်ကြနဲ့’’ ဟု ပြောကာ မင်းတို့ကော-အရှက်ရအောင် လုပ်သလားဟု မေးသည်၊ မလုပ်ပါဘုရားဟူ၍ပင် လျှောက်လိုက်သည်။
ရတနာဂီရိသို့
၃၀-၃-၂၀၁၂ ရက်နေ့က ဆရာတော်ကြီး ခေါင်းဆောင်၍ ကားလေး ၂ စီး ၄၅ ယောက်ဆန့် ကားကြီးတစ်စီးဖြင့် သီပေါမင်း စံအိမ်ရှိရာ ရတနာဂိရိသို့ သွားခဲ့ကြသည်၊ ရတနာဂိရိသည် အလွန်ဝေးသော ခရီးဖြစ်သည့်အပြင် အကွေ့အကောက်များသော တောင်တက်လမ်းဖြစ်သည်။ ထို တစ်ညအိပ်သွားရမည့်ခရီးကို နေ့ချင်းပြန်သွားရသဖြင့် အလွန်ပင်ပန်းသည်။ ရတနာဂိရိပတ်သက်ပြီး စာရေးသူ ပထမအကြိမ် ဒကာကြီးဦးကျော်ဆွေ စပွန်ဆာဖြင့် ရောက်ခဲ့တုန်းက မှတ်တမ်းပို့စ်တစ်ခု ရေးပြီး တင်ခဲ့ဖူးသည်။ အပြည့်စုံ ထိုနေရာတွင်ဖတ်နိုင်ပါသည်။ စာရေသူတို့ အဖွဲ့ ဟိုတယ်မှာ မနက် ၇ နာရီကျော်မှ ထွက်ခဲ့သည်၊ နေ့လည်စာအတွက် ဟိုတယ်မှ ထုတ်ပေးလိုက်သော ထမင်းဟင်းများဖြင့် ကားပေါ်မှာပဲ နေ့လည်စာကို ဖြစ်သလို ပြီးလိုက်ရသည်။ စားစရာ ဇွန်းများ ပါမသွား၊ လက်ဖြင့် မစားတတ်သူအတွက် အခက်တွေ့နေသည်၊ ဦးဇင်းတစ်ပါးက ဇွန်းအတွက် ထမင်း ဟင်းဗူးအခွန်ကို ခါးက ချိုးလိုက်ပြီး ထိုဟင်းဗူးဖုံးကိုပဲ ဇွန်းအဖြစ် အသုံးပြုလိုက်ရသည်၊ ကြည့်ရတာ ပျော်စရာလဲကောင်း ရီစရာလဲ ဖြစ်သည်။ ဒကာကြီး ဦးကျော်ဆွေ+ဒကာမဒေါ်သန်းသန်းဌေးတို့ မိသားစု လှူလိုက်သော အသီးအနှံများ၊ အဖျော်ရည်ဗူးများနှင့် တာဝါများက ဒီနေရာမှာ အတော် အသုံးတည့်သွားသည်။ ထို့အတွက် ထိုမိသားစုကို အထူးကျေးဇူးတင်မိသည်။လမ်းခရီးက အကွေ့အကောက်များလွန်းသဖြင့် တော်တော်များများက ပင်ပန်းကြသည်၊ တချို့ဆို အန်ကြသည်။ တချို့ကလဲ ဘယ်သူက ဘာလို့ သီပေါမင်းကို ဒီလောက်ဝေးတဲ့ နေရာကို ခေါ်သွားရတာလဲဟု စိတ်မသက်မသာနဲ့ ပြောသည်၊ ဒကာမတစ်ယောက်ကတော့ ဆရာတော်က ဒို့ကို ဘာလို့ ဒီလောက်အဝေးကြီးကို ခေါ်လာရလဲ မသိဘူးနော်ဟု ပြောပြန်သည်။ ဒီလိုနဲ့ပဲ သီပေါစံအိမ်ကိုရောက်သည်။ စံအိမ်ရောက်တော့ ဓာတ်ပုံတွေရိုက်ကြ၊ ဆရာတော်ကြီးက သီပေါမင်းအကြောင်းပြောကာ ပန်းသမျှ နွမ်းသမျှတွေလဲ ပျောက်သွားသည်၊ ရာသီဥတုကြောင့် အပူတွေလဲ ငြိမ်း။ ဆရာတော်ကြီးက ပရိသတ်ကို ‘‘ အားလုံး ဒီလောက်ဝေးတဲ့ ခရီးကို လိုက်လာလို့ ကျေးဇူးတင်ပါတယ်၊ ပင်ပန်းပြီး အန်ကြတဲ့ သူတွေကိုလဲ ဘုန်းကြီး တောင်းပန်ပါသည်၊ ထိုအန်ခြင်းနဲ့ပတ်သက်ပြီး ကိလေသာတွေကို အန်ချနိုင်အောင် ကြိုးစားရမှာ ဖြစ်သည်’’ဟု မိန့်သည်။ ဒီနေရာမှာ အင်္ဂလိပ်အစိုးရက သီပေါမင်းက အကျယ်ချုပ် ချုပ်ထားသည်၊ အိန္ဒိယဘုရင်ကိုတော့ ရန်ကုန်မှာ အကျယ်ချုပ်ထားသည်နှင့်ပတ်သက်ပြီး အမိန့်ရှိသည်၊ မျိုးချစ်စိတ်ဓာတ်နဲ့ ကြည့်ရင်တော့ ဘယ်တော့မှ ခွင့်လွတ်စရာ မကောင်း၊ တရားသဘောနဲ့ ကြည့်ရင်တော့ သံဝေဂ ရဖွယ် ဆိုတဲ့ အကြောင်းပါ အမိန့်ရှိသည်။ သီပေါမင်းနဲ့ ဆွေတော်မျိုးတော်တွေကို သီတဂူ၏ ပြုခဲ့သမျှသော ကောင်းမှုကုသိုလ် အစုစုတို့ကို အမျှဝေသော အခါ စိတ်ထဲမှာ တမျိုးခံစားရသည်။ ပင်ပန်းသမျှတွေလဲ ဆရာတော်ကြီး၏ ဓမ္မရေအေးဖြင့် ပြေပျောက်ကာ အပြန်ခရီးမှာတော့ လန်းလန်း၊ ပေါ့ပေါ့ပါးပါး ပြန်ခဲ့ကြသည်၊ ဘုံဘေမြို့ ဟိုတယ်သို့ နောက်နေ့မနက်စောစော ၂-၃၀မှ ပြန်ရောက်သည်။
ဓမ္မဂိရိ (အိဂတ်ပူ) နှင့် အော်ရမ်ဂဘက် (အာဂျင်တာ-အလိုရာလှိုဏ်ဂူ)
၃၁-၃-၂၀၁၂ ရက်နေ့မှာတော့ မနက်စောစော ဟိုတယ်မှာပဲ နံနက်စာ စားပြီး အထုတ်အပိုးအားလုံး ကားပေါ်တင်။ ဟိုတယ် ၃-ညစာအတွက် အပြီးသက် ငွေးရှင်းရာ အိန္ဒိယ ရူပီး ၁၃ သိန်းကျော်သည် (ယနေ့ပေါက်ဈေး ဒေါ်လာ-၁၀၀= ရူပီး ၅၀၀၀၊ ၅၀ ဈေးနှုန်းရှိ)။ လူများတော့ အိပ်တွေ အထုပ်တွေ ကားထဲထည့်တာနဲ့ကို ၁ နာရီ အချိန်ကုန်သွားသည်၊ ၈ နာရီကျော်မှ ဟိုတယ်မှထွက်နိုင်သည်။ ဆရာကြီးဦးဂိုအင်ကာကြီး၏ ရိပ်သာသို့ နေ့လည်စာအချိန်ရောက်သည်၊ ကုလားဟင်း ကုလားထမင်းနဲ့ပဲ နေ့စာ ပြီးလိုက်ရသည်။ ရိပ်သာကြီးမှ ဆရာများ၊ မန်နေဂျာများက လိုက်လံ ရှင်းပြသည်။ဆရာတော်ကြီးက ပါလာသည့်ဧည့်သည်များကို မိတ်ဆက်ပေးရာဝယ် စာရေးသူအတွက် အမှတ်တရဖြစ်စေသည်၊ အတုယူစရာလဲဖြစ်သည်။ ရောက်တဲ့နေရာ တွေ့တဲ့လူနဲ့ အစဉ်တည့်အောင် ပြောတတ်သည်မှာလဲ အံသြစရာပင်။ မျက်စိပါရဂူကြီး ဒေါက်တာမြအောင်နဲ့ ကမ္မဋ္ဌာန်းဆရာ (meditation master) မိတ်ဆက်ပေးရာဝယ် ‘‘ဒီဒကာကြိးက physical-eye ကိုပဲ ကြည့်နိုင်သည့်၊ စမ်းသပ်နိုင်သည့် ကုသနိုင်သည့် မျက်စိဆရာဝန်ကြီးဖြစ်သည်၊ ဘုန်းကြီးတို့ ဆရာကြီးတို့က mental-eye ကို စမ်းသပ်နိုင် ကြည့်နိုင် ကုသနိုင်တဲ့ ဥာဏ်မျက်ဆရာဝန်တွေ ဖြစ်ပါတယ်။’’ဟု မိတ်ဆက်ပေးသည်။ နောက်တစ်ယောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီး၏ အဆောက်အဦးအကြီးများကို ဖန်တီးသော ဗိသုကာဆရာကြီး Engineer ဦးစောထွေးဇော်နဲ့ မိတ်ဆက်ပေးရာဝယ် ‘‘ဒီဒကာကြီးကတော့ physical house တွေကိုပဲ construction တည်ဆောက်နိုင်တဲ့ Engineer ဖြစ်တယ်၊ ဘုန်းကြီးတို့ ဆရာကြီးတို့ကတော့ mental-house သို့မဟုတ် Wisdom House ကို တည်ဆောက်ပေးနေတဲ့ Engineer ဖြစ်တယ်’’လို့ ပြောခဲ့သည်။
ရိပ်သာအတွင်း ၂ နာရီနီးပါးလောက် နေပြီး အောရမ်ဂဘက်မြို့ရှိ အာဂျင်တာ အလိုရာ လှိုဏ်များလေ့လာဖို့ရန် ထိုမြိုပြင်ရှိ The Meawindows Hotel တွင် ည ၇ နာရီလောက် ရောက်သည်။ ဟိုတယ်သည် ဘန်ဂလိုများဖြစ်သည်။ ဟိုတယ်မှာ နေရာအသီးသီးယူပြီး ညစာ စား၊ အားလုံး ဆရာတော်ကြီးထံ သြ၀ါဒခံယူကြသည်။ ဆရာတော်ကြီးက ရောက်တဲ့နေရာတိုင်းမှာ ခရီးသွားမှတ်တမ်းရေးတတ်ကြဖို့နှင့် အသေအချာလေ့လာဖို့မိန့်သည်၊ ရောက်တဲ့နေရာတိုင်းမှာလဲ ဆရာတော်ကြီးက ထိုထိုနေရာများ၏ သမိုင်း၊ အနုပညာ၊ စာပေအကြောင်းများကို ရှင်းပြသည်။ ဆရာတော်ကြီးနဲ့အတူလိုက်ရသည့် အကျိုးများပင်ဖြစ်သည်။
အာဂျင်တာနှင်အလိုရာ လှိုဏ်ဂူများ
၁-၄-၂၀၁၂ ရက်နေ့မှာတော့ ကမ္ဘာကျော် ပန်းချီပန်းပု ဗိသုကာ အနုပညာလက်ရာမြောက်သည့် ရှေးဟောင်းဗုဒ္ဓဘာသာ လှိုဏ်ဂူများကို သွားရောက်လေ့လာကြသည်။ ထိုဂူများအကြောင်းကို စာရေးသူ၏ ဆိုက်ထဲမှာပဲ ဒုတိမြောက်ခရီးစဉ်တွင် ခရီးသွားမှတ်တမ်းပို့စ်အဖြစ် ဖော်ပြပြီးဖြစ်သည်။ စိတ်ဝင်းစားလိုသူများ လေ့လာနိုင်သည်။ ထိုလှိုဏ်ဂူများရောက်တော့ လိုက်ပါလာသည့် ပရိသတ်လဲ အံ့ကြဘနန်းဖြစ်ရသည်။ ဤနေရာမျိုးက ရောက်ဖို့မလွယ်၊ မြန်မာပြည်သားများ အများစုက ဗုဒ္ဓဂယာ သံဝေဇနိယ ၄ ဌာနလောက်သာ ရောက်ကြသည်၊ ဤမျှလောက် အနုပညာလက်ရာမြောက်သည့်နေရာမျိုးကိုကား မရောက်ကြပေ။ အာဂျင်တာလှိုဏ်ဂူမှာပဲ နေ့လည်စာကို ဘူဘေးစနစ်မှာထားပြီး စားခဲ့ကြသည်။ ထို့နောက် အလိုရာလှိုဏ်ဂူဘက်သို့ဆက်လက် လေ့လာကြသည်၊ ထိုနေ့သည် ဧပြီလ (၁) ရက်နေ့ဖြစ်သည်။ မြန်မာပြည်သားတိုင်း ရင်ခုန်ကြသည့်နေ့ဖြစ်သည်။ အလိုရာလှိုဏ်ဂူရောက်တော့ ဒကာမတစ်ယောက်က မြန်မာပြည်ဖုန်းဆက်နေသည်၊ ရွေးကောက်ပွဲအခြေအနေကို မေးနေသည်၊ နေရာတော်တော်များများမှာ အနိုင်ရယူနိုင်ကြောင်း ကြားကြတော့ ပါလာတဲ့ပရိသတ်တွေအားလုံး မြူးပျော်နေကြသည်။ ဆရာတော်ကြီးက ရှေ့ကနေ (၇)နေ့ဘုရားရှိခိုးကို တိုင်ပေးသည်၊ အားလုံးက ညီညာစွာလိုက်ဆိုကြပြီး အမျှဝေပြီး ဓာတ်ပုံများ ရိုက်ကြသည်၊ စုပေါင်းဓာတ်ပုံများလဲ ရိုက်ကြသည်။ ဆရာတော်ကြီးနဲ့အတူ မုံရွာအဖွဲ့၊ မန္တလေးအဖွဲ့၊ လောက်ကိုင်အဖွဲ့၊ ရန်ကုန်အဖွဲ့စသည်ဖြင့် တဖွဲ့ချင်းခေါ်ပြီး ရိုက်စေသည်။ အားလုံးလေ့လာပြီးတော့ ညနေ ၅ နာရီထိုးနေပြီ၊ ဟိုတယ်ပြန်ပြီး အနားယူရန် မိန့်သဖြင့် ဟိုတယ်သို့ ပြန်လာခဲ့ကြသည်။ ဟိုတယ်ရောက် ရေမိုးချိုး အနားယူကြသည်။ နောက်နေ့မနက် အောရမ်ဂဘက်လေဆိပ်မှ ဘုံဘေ၊ ဒေလီ သို့ သွားရန် အထုတ်အပိုးများ ညကတည်းက တခါတည်း အပြီးအစီးပြင်ဆင်ပြီး ကားပေါ်တင်ထားကြရသည်။ မနက် ၅ နာရီ ခွဲ မနက်စာ ဟိုတယ်မှာပဲ စားပြီး ၆ နာရီ လေဆိပ်သို့ဆင်းကြမည်။၁-၄-၂၀၁၂ စာရေးသူနှင့်သူငယ်ချင်း ၂ ပါးသည် ဟိုတယ်မှ ဘုံဘေဘက်သို့သွားသည်၊ ဆရာတော်ကြီးတို့အဖွဲ့က လေဆိပ်သို့သွားကြသည်။ အပြန်ခရီးတွင် နာဆစ်ခ်မြို့ထဲအရောက် စာရေးသူစီးသော ကားသမားက ချိန်ထားသည့်ကိစ္စရှိသဖြင့်အချိန်မှီမောင်းဟန်တူသည်၊ အလျှင်လိုနေသည်၊ တခြားကားသေးသေးလေးတစ်စီးကို ပွတ်ဆွဲမိသွားသည်၊ တခါတည်း ဘာမျှမပြောဘဲ အတင်းမောင်းပြီး ထွက်ပြေးလာသည်။ ကီလိုမီတာ ၁၄၀-၁၆၀ နှုန်းထားအထိမောင်းနေသဖြင့် စာရေးသူတို့လည်း လန့်သွားသည်၊ နောက်က လိုက်လာသည့်ကားကို တကြည့်ကြည့်နဲ့မောင်းသည်၊ မြို့ဝင် ဂိတ်ကြေး ပိုက်ဆံထုတ်ပေးတော့ လက်တွေ တုန်တုန်ရီရီ ဖြစ်နေသည်။ စကားတွေလဲ တုန်နေသည်။ စာရေးသူတို့လဲ ထိတ်လန့်သဖြင့် ခါးပတ်ကြိုးဆွဲပတ်လိုက်ရသည်။ တစ်နေရာရောက်တော့ အအေးဆိုင်ဝင်ချင်တယ် ပြောပြီး ကားသမား ရပ်ခိုင်းရသည်၊ ဖြေးဖြေးမောင်းပါ၊ အလျှင်မလိုပါနဲ့ ဟုတောင်းပန်ပြောလိုက်ရသည်။ အအေးဆိုင်နားလိုက်တာ မှန်သွားသည်၊ သူ့နောက်လိုက်လာတဲ့ ကားလဲ မျက်ခြေပျက်သွားပုံရသည်၊ သူလဲ စိတ်ငြိမ်သွားပုံရသည်။ နို့မို့ဆို ရင်တထိတ်ထိတ်နဲ့ လိုက်လာရသည်။ ဘုံဘေမြို့လည်း အစောကြီးရောက်သည်။ ဒကာဦးခင်ဝင်းက သူ့အိမ်ကို မောင်းခဲ့ဖို့၊ အိမ်မှာ မုန့်ဟင်းခါးဆွမ်းကပ်သည်၊ ဦးခင်ဝင်းတို့ မိသားစုသည် မြန်မာပြည်မှာ ဖွားသည့် အိန္ဒိယနွယ်ဖွားဖြစ်သည်၊ ဘုံဘေမှာ မြန်မာစကားပြောသည့် တခုတည်းသော မိသားစုဖြစ်သည်။ အလွန်သဒ္ဓါတရားကောင်းသည့် မိသားစုဖြစ်သည်။ အဲဒီကနေမှ ကောင်လေးတစ်ယောက် မြန်မာပြည်ပြန်ရန် လေဆိပ်လိုက်ပို့၊ အဆောင်ကို ည ၁၀ နာရီမှ ပြန်ရောက်သည်။ အိပ်ရေးတွေလဲပျက်၊ ခရီးကလဲပန်း၊ နေကလဲ ပူသဖြင့်၊ လူလဲကြေနေပြီ။
နိဂုံး
စာရေးသူသည် အိဂတ်ပူရ (ဓမ္မဂိရိရိပ်သာ) ၃ ခေါက်၊ အာဂျင်တာ-အလိုရာလှိုဏ်ဂူ (အောရမ်ဂဘက်) ၃ ခေါက်နှင့် ရတနာဂိရိ ၂ ခေါက် ရောက်ခဲ့ပြီး ဖြစ်သည်။ ဤကား စာရေးသူလိုက်ပါသွားသော ၂၈-၂၉-၃၀-၃၁-၃။ နှင့် ၁-၂,၄-၂၀၁၂ (၆) ရက်တိုင်တိုင် လိုက်ပါသွားသော ခရီးသွားမှတ်တမ်းအကျဉ်းဖြစ်သည်။ရွင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၆-၄-၂၀၁၂
1 comments:
ဆရာတော်ကြီးရဲ့ဘုံဘေခရီးဆောင်းပါးရှည်ကြီးကား ဖတ်လို့ မငြီးနိုင်ပါ။
ပစ္စည်းလေးပါးအလှူရှင်တို့ ချစ်အောင်(အကြည်ညိုမပျက်အောင်)နေတတ်ဘို့ ဆုံးမတာကို မှတ်သားထားမိပါသည်။
သက်ရွယ်တော်ကြီးရင့်ပေမဲ့ စိတ်ဓါတ်အင်အားကြံ့ခိုင်တော်မူဆဲ ဆရာတော်ကြီး၏ လှုပ်ရှားမှုများကို ပေါ်လွင်အောင်ခြယ်မှုန်းနိုင်သော ကိုစတားရဲ့လက်ရာကိုလဲ အသိအမှတ်ပြုပါသည်။
Post a Comment