အကောင်းအထုံလေးများ
စာမိတ်ဆက်
နှစ်ဆန်းတစ်ရက်နေ့က ရုရှားရောက် မြန်မာကျောင်းသားများအား အထုံနဲ့ ပတ်သက်ပြီး ဟတ္ထိပါလဇာတ်ကို အခြေခံပြီး ဟောခဲ့သည်။ အရင်ကလဲ စာရေးသူ၏တရားကို မကြာမကြာ နာယူလေ့ရှိသည့် စင်္ကာပူမှ ဒကာမအားလဲ ဟောခဲ့ဖူးသည်။ ဟောသမျှ ပြောသမျှလေးတွေကို မှတ်စုအဖြစ် ပြုစုထားခြင်းဖြစ်သည်။စာမိတ်ဆက်
အထုံဟူသည်
အထုံ ဆိုတာ ၀ါသနာ အလေ့အထ အလေ့အကျင့်တွေပါပဲ။ ထပ်တလဲလဲ ပြုလုပ်လေ့ရှိသည်ကိုပင် အထုံ အလေ့အကျင့် ၀ါသနာဟူ၍ ဆိုအပ်ဟန်တူသည်။ အဘိဓမ္မာ အခေါ်အဝေါ်အရဆိုရင် အာသေ၀န ဟုဆိုသည်။ ‘‘နောက်နောင်မွန်လေး၊ သာလွန်မွှေးအောင် ရှေးရှေး ထုံထား၊ နံ့သာလားသို့၊ မခြားမလပ်၊၊ မျိုးဇာတ်တူစွာ၊ ကုသလာကုသလ၊ ကြိယသဘော၊ နောက်နောက်ဇောအား၊ တူခြောက်ပါးတွင်၊ ခွန်အားဟုန်ပြင်း၊ ယူစေလျင်း၍၊ ထုံခြင်း’’ဟူ၍ အာသေဝနကို ဘာသာပြန်ဆိုထားသည်။ ဆိုလိုသည်မှာ ရှေးက လိမ်းကျံပြီးတဲ့ အမွှေးနံ့သာအပေါ် ထပ်တလဲလဲ လိမ်းကျံခြင်းပင် ဖြစ်သည်၊ ထပ်တလဲလဲ လိမ်းကျံသောအခါ အနံ့သည်လည်း ပိုမိုအားကောင်းလာသည်။ထို့အတူပင် ဘယ်အလုပ်မဆို ထပ်တလဲလဲလုပ်ရင် အကျင့်ပါသွားတတ်သည်၊ အကျင့်ပါသွားသည်ဆိုကိုက အထုံပါသွားသည်ဟု ဆိုရမည်။ ရဟန်းက ရဟန်းစရိုက် ရဟန်းအထုံ ရဟန်းဝါသနာရှိမည်၊ စစ်ဗိုလ်တစ်ယောက်ကလဲ စစ်ဗိုလ်စရိုက်၊ စစ်ဗိုလ်အထုံဝါသနာ ရှိနေမည်။ တံငါသည်လည်း တံငါသည်၏ စရိုက် အလေ့အထ အထုံရှိမည်။ ငါးစိမ်းသည်ကလဲ သူ၏ အထုံ အလေ့အထ ၀ါသနာ စရိုက်များ ရှိနေမည်။ အထုံပါလာသူများ၏ ခါးတို့ တနေရာရာကို တို့လိုက်ရင် ယောင်တတ်သူများက ကိုယ်အထုံပါရာကို ယောင်ရမ်းပြီး လန့်အော်တတ်ကြသည်။ တချို့ကျ ထိလိုက်တာနဲ့ အယောင်ကောင်း ယောင်တတ်သည်- ‘‘ဟဲ့-ဗုဒ္ဓေါ’’ဟု ဟူ၍ပင်ဖြစ်သည်။ တချို့ကျ နားကြားမခံသာသည့် စကား ထွက်ပြီး အော်တတ်ကြသည်၊ လူကြားသူကြားမှာ သွားတို့လိုက်လျှင် အရှက်ကွဲမှာ အသေချာပင်။ တချို့ လူရွှတ်လူနောက်တွေက အဲဒီအသံကြားချင်သဖြင့် အဲဒီလို ခါးအောက်ဟာကို အော်ပြီး ယောင်တတ်သူများကို လိုက်တို့ထိတာကိုလဲ မြင်ဖူးနေသည်။ တချို့ကျ ဘာအထုံပါလာလဲတော့ မသိ၊ တနေရာရာကို တို့ထိလိုက်တာ ‘‘ ဟဲ့-ကုလားကြီးနဲ့ ငါနဲ့ ညား’’ ဆိုတာမျိုး ယောင်တာကိုလဲ ကြားဖူးသည်။ နေ့စဉ် ထပ်တလဲ လုပ်နေ ပြောနေ ကြံနေသောကြောင့် ထိုစရိုက် အလေ့အထ ၀ါသနာတို့သည် အထုံအဖြစ် ၀ါသနာအဖြစ် စရိုက်အဖြစ် တည်ရှိနေကြသည်။
ဆိုကြပါစို့- ည အိပ်ယာဝင်ခါနီး ပရိတ် စတဲ့ ဘုရားနှုတ်တော်ထွက် စကားတွေကို စပြီး ရွတ်ပွားလေ့ရှိသူသည် အကျင့် အလေ့အထ မရှိသေးတော့ အိပ်ယာထဲသာ ၀င်သွားသည် ရွတ်ပွားဖို့ မေ့တတ်သည်။ တစ်ပတ်ကနေ နှစ်ပတ် အရှိန်ရလာသောအခါ အိပ်ယာဝင်တိုင်း အမြဲသတိရနေတတ်သည်၊ မရွတ်ဘဲ မအိပ်တတ်ဖြစ်သည်။ ဒါကိုပဲ အကျင့် အလေ့အထ သို့မဟုတ် အထုံဟု ခေါ်သည်။ အာသေ၀နသတ္တိဆိုတာ အကြိမ်များလေ ပိုမို သတ္တိအားကောင်းလေပဲ၊ ကုသိုလ်ကံ အလုပ်တွေ ထပ်တလဲလဲ လုပ်နေသူသည် အထုံအားကောင်းလေ သူ၏ သတ္တိလည်း ပိုမိုအစွမ်းထက်လေ ဖြစ်သည်။
ဘ၀တစ်ခုက အထုံ
ဒီဘက်ဘ၀က အကျင့် အလေ့အထ အထုံတို့သည် နောက်ဘ၀ဆက်တိုင်းအထိ ထိုအထုံ သတ္တိက အကျိုးကျေးဇူးပြုနေမှာ အမှန်ပင်ဖြစ်သည်။ သတ္တ၀ါတစ်ယောက်၏ ဘ၀ကို ကြည့်လျှင် မွေးခြင်း (ပဋိသန္ဓေ)နှင့် သေခြင်း (စုတိ) ဆိုတာပဲ ရှိသည်။ ဘ၀တစ်ခု ဆုံးသည့် စုတိစိတ်၏ အခြားမဲ့မှာပဲ မွေးခြင်း (ပဋိသန္ဓေ) စိတ် ကာလမခြားဘဲ တစ်ဆက်တည်း ဖြစ်သည်။ သေခြင်းနှင့် မွေးခြင်းတို့၏ စိတ်အစဉ်သည် တစ်ဆက်တည်း ဖြစ်သည်ဟု ဆိုရမည်။ ဘ၀နှစ်ခု ပေါင်းစပ်ခြင်းကို ပဋိသန္ဓေဟု ခေါ်သည်။ စိတ်အစဉ် သတ္တိတို့သည် တစ်ဆက်တည်း ဖြစ်စေကာမူ ရှေးက ဘ၀နဲ့ နောက်ဘ၀ တူနေသလားဟု မေးလာခဲ့သော်- မတူဟု ဖြေရမည်၊ လုံးဝ မတူဘူးလားဟု မေးသော်၊ အဲလိုလဲ မဟုတ်ပြန်။ ဥပမာ-ဖယောင်းတိုင် တစ်တိုင်ကနေ နောက်ဖယောင်းတိုင်ကို ထွန်းညှိလိုက်ရာ၊ နောက်ဖယောင်းတိုင်အလင်းနှင့် ရှေ့က ဖယောင်းတိုင် အလင်းတူသလား မေးသော်- မတူဟု ဖြေရပါလိမ့်မည်၊ လုံးဝမတူဘူးလား မေးသော်၊ အဲလိုလဲ မဟုတ်၊ နောက်ဖယောင်းတိုင်၏အလင်းသည် ရှေ့ဖယောင်းတိုင်၏ ကျေးဇူးပြု အထောက်ပံ့ဖြင့် လင်းနေသည့်အတွက် လုံးဝ မတူဘူးလည်း မဟုတ်ဟု ဖြစ်လာသည်။ ဆိုလိုသည်မှာ ဖယောင်းတိုင် တစ်ခုနှင့် တစ်ခု တစ်ခုစီဖြစ်ပေမဲ့ သူတို့၏အလင်းကား တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည်။ ထို့အတူပင် ရှေးဘ၀နှင့် နောက်ဘ၀တို့သည် ဘ၀ နှစ်ခုဟူ၍ မတူစေကာမူ ဆက်စပ်မှုရှိနေသည်ကတော့ အမှန်ဖြစ်သည်။‘‘၀ါသနာဘာဂီ ဆက်တိုင်းမီ’’ ဆိုသကဲ့သို့ ရှေးဘ၀က ထပ်တလဲလဲ ပြုခဲ့သော ကုသိုလ်အထုံပဲ ဖြစ်ဖြစ် အကုသိုလ်အထုံပဲဖြစ်ဖြစ် တစ်ဆက်တည်းဖြစ်နေသော နောက်ဘ၀မှာ ပါသွားနိုင်သည်ဖြစ်ရကား- ကောင်းတဲ့ အလေ့အကျင့် အထုံပါသွားအောင် ကောင်းတာလေးတွေကို ထပ်တလဲလဲ လုပ်မိစေဖို့ လိုအပ်ပါသည်။
ရှေးကောင်းအထုံ ဘုရားလောင်းပုံ
တခါက ဘုရှားလောင်း ပါရမီဖြည့်စဉ်ဘ၀က မဟောသဓဘ၀ ဟု ထင်ပါသည်။ မွေးမွေးချင်း ‘‘အမေ-ဘာများ လှူစရာရှိလဲ၊ ဘာများပေးစရာရှိလဲ’’ ဟု မေးသတဲ့။ မယ်တော်ကြီးက ဆင်ပေးသမျှသော ရွှေ ငွေရတနာများကို အထိန်းတော်များအား အကုန်ချွတ် ပေးခဲ့သည်၊ အထိန်းတော်များက မယူရဲသော် ‘‘ငါ့သားက ပေးတာ လှူတာ အကုန်ယူကြ’’ဟု မယ်တော်ကြီးခွင့်ပြုမှ ယူရဲကြသည်။ ဒါန အထုံပါလာသော ဘုရားလောင်းသည် ဘ၀ဆက်တိုင်း ပေးဖို့ ကမ်းဖို့ပဲ ဆန္ဒပြင်းပြနေသည်။ဘုရားအလောင်း၏ သုမေဓာဘ၀ကနေ ဘုရားဖြစ်ဖို့ အကြို ဝေဿန္တရာမင်းဘ၀အထိ သုံးသပ်ကြည့်သော် ဘ၀ကို ဒါန-ပေးကမ်းခြင်းကနေ စခဲ့သည်၊ ပေးကမ်းခြင်းနဲ့ပဲ ပါရမီဆုံးခဲ့သည်။ ဝေဿန္တရာမင်းဘ၀မှာ သားသမီး နှစ်ယောက်နှင့် ဇနီးကို လှူလိုက်သည့်အပြင် တိုင်းပြည်က အားထားရသည့် တိုင်းပြည်ရတနာ ဆင်ဖြူတော်ကိုလဲ တိုင်းတစ်ပါးအား ပေးလိုက်သည်။ အဲဒီခေတ်က ဆင်ဖြူတော်သည် မိုးလေ၀သကို မှန်ကန်စေသည်၊ ဆင်ဖြူတော်ရှိသော နိုင်ငံသည် စီးပွားဖွံ့ဖြိုးသည်၊ တိုင်းတစ်ပါးက မနှောက်ယှက်ရဲသည့်အတွက် တိုင်းပြည် အေးချမ်းသည်။ ထိုမျှဂုဏ်ရည်ရှိသော ဆင်ဖြူတော်ကို ပြည်သူ့ဆန္ဒမပါဘဲ တိုင်းတစ်ပါးအား ပေးလိုက်သည့်အတွက် ပြည်သူပြည်သားတွေ မကျေနပ်၍ တိုင်းပြည်က ထွက်ခွါပေးခဲ့ရသည်။
ဘုရားရှင်၏ လက်နှစ်ဖက်တို့သည် သူတစ်ပါးအား ပေးကမ်းရန်အတွက်သာ ဖြစ်သည်၊ သူတစ်ပါးထံမှ ရယူရန်မဟုတ်။ မိမိ၏လက်သည်လည်း ဘယ်လိုလက်မျိုး ဖြစ်နိုင်ပါသနည်း-------
ဘုရားလောင်းနှင့် ညီအစ်ကိုများ
တခါက တိုင်းပြည်ကို အမွှေဆက်ခံမည့် သား သမီး မရှိရှာသော ဘုရင်ကြီးနဲ့ ပုရောဟိတ်အမတ်ကြီးတို့ သကြားမင်းရဲ့ ကျေးဇူးကြောင့် ပုရောဟိတ်အမတ်ကြီးမှာ သား လေးယောက်တောင် ရခဲ့သည်။ သို့သော်လည်း သကြားမင်းက ‘‘ဒီ သားလေးယောက်က အိမ်ယာတည်ထောင် လူ့ဘောင်မှာ နေကြမည့်သူတွေ မဟုတ်ဘူး၊ ငယ်ငယ်နဲ့ပဲ ရဟန်းဝတ်ကြလိမ့်မည်’’ဟု မှာလိုက်သည်။ ဘုရင်ကြီးနဲ့ အမတ်ကြီးတို့သည်လည်း သားလေးယောက်ကို တိုင်းပြည်အပ်နှင်းဖို့ ရည်ရွယ်ချက်ရှိရကား ရဟန်းပြုသွားမည်ကို စိုးရိမ်နေသည်၊ ထို့အတွက် သားလေးယောက်ကို မိုက်မိုက်ကန်းကန်း ဖြစ်အောင် သင်ပေးဖို့ရန် တစ်ယောက်ကို ဆင်ထိန်းများထံ ပို့သည်။ သူု့ကိုတော့ ဟတ္ထိပါလ ဟု အမည်တွင်စေသည်။ ဒုတိယ သားကိုတော့ မြင်းထိန်းများထံ အပ်သည်၊ သူကတော့ အဿပါလ ဖြစ်သည်။ တတိယ သားကိုတော့ နွားကျောင်းသားတွေထံ အပ်နှံထားသည်၊ သူ့ကိုတော့ ဂေါပါလဟု အမည်ပေးသည်။ အငယ်ဆုံး စတုတ္ထသားကိုတော့ ဆိပ်ကျောင်းသားတွေထံ အပ်နှံထားသည်၊ သူ့ကို အဇပါလဟု ခေါ်ကြသည်။ ဤသို့အားဖြင့် ဟတ္ထိပါလ၊ အဿပါလ၊ ဂေါပါလ၊ အဇပါလ ဟူသော သားလေးယောက်ကို အမိုက်ကန်းဆုံး ဖြစ်အောင် အကြမ်းတမ်းဆုံး ဖြစ်အောင် သင်စေသည်။ဒီလိုနဲ့ ရပ်ကွက်ထဲ မြို့ထဲမှာ ရန်ဖြစ်ကြပြီဆိုရင် သူတို့ ညီအစ်ကို လေးယောက်ပင်ဖြစ်သည်၊ မိန်းကလေးများကို စသည်၊ တစ်မြို့တစ်ရွာက လာတဲ့သူတွေ ကို လုယတ်သည်၊ အနုကြမ်းစီးသည်၊ နာမည်ကြီးလောက် ဆိုးသွမ်းနေတာကို ကြားရ မြင်ရသော ဘုရင်ကြီးနှင့် အမတ်ကြီးတို့ သဘောကျနေသည်။
အထုံပါလာသော ဘုရားလောင်းတို့ ညီအစ်ကို
အရွယ်လဲ ရောက်ပြီ၊ သူတို့လိုချင်တဲ့ အတတ်ပညာတွေလဲ တတ်ကုန်ကြပြီဆိုတော့ ဘုရင်ကြီးနဲ့ အမတ်ကြီးတို့ စမ်းသပ်ဖို့ကြံစီကြသည်။ နှစ်ယောက်သား ရသေ့ရဟန်းအသွင်ဖန်းလိုက်သည်၊ ညစ်ပတ်ပေတူးနေတဲ့ သွားတွေ၊ မြူမှုံအလီလီ လိမ်းကျံနေတဲ့ ဆံပင်တွေ၊ သစ်ခေါက်ဆိုးသော အနီအညိုရောင်ရင့် အ၀တ်၊ ထမ်းပိုးနဲ့ ရသေ့အသုံးဆောင်တွေ၊ တောင်ဝှေးတစ်ချောင်းစီ ကိုယ်စီကိုင်စွဲလျှက် သားကြီး ဟတ္ထိပါလအထံ ရောက်သွားသည်၊ သူတို့ထင်ထားတာက ငါတို့ကို မြင်တာနဲ့ ငါတို့သားကြီးက ထွက်ရိုက်မှာပဲ၊ ထို့အတွက် အနီးနားမှာ အစောင့်တွေပါ ချထားရသည်၊ သို့သော်လည်း သူတို့ထင်ထားသလို ဖြစ်မလာ။ ဟတ္ထိပါလသည် သူတို့ကို မြင်မြင်ချင်းပဲ ဒီလိုရဟန္တာ အရှင်မြတ်ကြီးတွေကို ဖူးမြင်ခွင့်ရဖို့ စောင့်လာတာ ကြာပြီ၊ ယခုတော့ ကံကောင်းထောက်မစွာ ဖူးမျှော်ခွင့်ရပြီ ဆိုပြီး ရိုရိုသေသေနဲ့ ဦးတိုက်ပါတော့သည်။ဟဲ့ဟဲ့ ငါ့သား--တို့ကို အသေချာကြည့်ပါအုန်း၊ ဟော့ဟိုဟာက ဘုရင်ကြီး ဧသုကာရီလေ၊ ငါကတော့ မင်းအဖေလေ ဆိုပြီး ဒေါက်ချာတွေကို ချွတ်ပြ၊ အတုလုပ်ထားတာတွေ ချွတ်ပြလိုက်မှ ဘုရင်ကြီးနဲ့ အဖေဆိုတာ မှတ်မိသွားပြီ။ “အဖေတို့ရယ်--- ဘာလို့ အဲလိုလုပ်တာလဲ? မင်းကို တို့တတွေ လာစမ်းသပ်တာ၊ ထီးနန်းအပ်မလို့ဆိုတဲ့ အကြောင်းတွေ ပြောပြတော့ သားတော် ထီနန်းလက်မခံပါရစေနဲ့ သားတော် တောထွက်ပြီး ရဟန်းပြုမယ် ဆိုပြီး တရားများ ဟောလွတ်လိုက်သည်၊ ဒုတိယ သား တတိယသား စတုတ္ထသားတို့လည်း ထိုနည်းတူစွာ စမ်းသပ်သော်လည်း မအောင်မြင်ခဲ့၊ အားလုံးက ရှေးက အစ်ကိုတော်များ ထွေးတဲ့ တံထွေးကို သားတို့ ဦးခေါင်းဖြင့် လက်မခံနိုင်ပါဘူး၊ သားတို့လည်း ရဟန်းပြုမှာဖြစ်ပါတယ်လို့ ပြောလိုက်လေတော့သည်။
ပင်ကိုယ်က သူတော်ကောင်းဓာတ် သူတော်ကောင်းအထုံ ပါလာသော ဟတ္ထိပါလတို့ ညီအစ်ကို လေးယောက်သည် ကြမ်းတမ်း ရိုင်းစိုင်းတဲ့ အသိုင်းအ၀ိုင်းမှာ အဆုံးအစွန်ထိ မိုက်အောင် သင်ထားပေမဲ့ သူတော်ကောင်း အသွင် မြင်လိုက်တာနဲ့ နဂို သူတော်ကောင်း အထုံက ဖျတ်ကနဲပေါ်ပေါက်လာကာ သူတော်ကောင်းစိတ်ကြီးများ ၀င်ကာ တောထွက် ရဟန်းပြုရတဲ့ အထိရောက်သွားလေတော့သည်။ ထို့ကြောင့် သူတော်ကောင်းတွေရဲ့ အထုံကို ရအောင် အားထုတ်ဖို့လိုသည်၊ အကြောင်းမတော်လို့ ပတ်ဝန်းကျင်ကောင်း (သပ္ပုရိသနိဿျ) မရှိစေကာမူ ထိုအထုံတွေက သူတော်ကောင်းစိတ်ကို ကာကွယ် စောင့်ရှောက်ပေးမှာ ဖြစ်သည်။
နဲသော ကုသိုလ် အထင်မသေးနဲ့
ကောင်းမှု ကုသိုလ်ဆိုတာ နဲသည်ဖြစ်စေ များသည် ဖြစ်စေ အခွင့်သင့်တိုင်း ပြုသင့်သည်။ ကုသိုလ်က နဲတယ်ဆိုပြီး အထင်မသေးနဲ့၊ အဲဒီ နဲနဲလေးကနေ အများကြီးဖြစ်ဖို့ အထောက်ပံ့ ဖြစ်သည်၊ အများကြီးဖြစ်ဖို့ အင်အားတစ်ခု ဖြစ်သည်။ ထို နဲနဲလေးကိုပဲ ထပ်ခါထပ်ခါ ပြုနေရင် အားကောင်းလာပါလိမ့်မည်။ ကျွန်းသားဖြင့်ပြုလုပ်ထားသော ဗီရို၊ စားပွဲ၊ ကြမ်းခင်းတွေကို ၀င်းပြောင်အောင် ပေါလစ် တိုက်ရသည်၊ တစ်ကြိမ်တိုက်သော ပေါလစ်ထက် နှစ်ကြိမ်တိုက်ပါက ပိုအရောင်တောက်လာသည်၊ အကြိမ်များလေ ပိုအားကောင်းလေဖြစ်ပြီး အရောင်တောက်လာသည်၊ အလားတူပင် ကုသိုလ်တစ်ကြိမ်သည် နှစ်ကြိမ် သုံးကြိမ်ဖြစ်ဖို့ အားတစ်ခု ဖြစ်သည်၊ အကြိမ်များလေ ကုသိုလ်အားကောင်းလေ ဖြစ်သည်၊ သူတောင်ကောင်းအထုံသည်လည်း တစ်ကြိမ်ကနေ နှစ်ကြိမ် သုံးကြိမ်စသည် ပြုပါက အကျင့်ဖြစ်သွားတတ်သည်၊ ထိုအကျင့်ကနေ အထုံ ဖြစ်သွားပြီး အလွန်အားကောင်းသော ပါရမီဖြစ်သွားတော့သည်။ ရှေးရှေးသော အလေ့အထ အကျင့်ကောင်းက နောက်နောက်သော အလေ့အထ အကျင့်ကောင်းကို အားကောင်းစေသည်။ ဒီကနေ့ပြုလိုက်တဲ့ ကုသိုလ်အပေါ် နောက်တစ်နေ့ ပြုလိုက်တဲ့ ကုသိုလ် အားသစ်လောင်းပေးသည်။ ဒီနှစ်ပြုလိုက်တဲ့ ကိုသိုလ်ကို နောက်နှစ်နောက်နှစ်တွေက ပြုလုပ်လိုက်တဲ့ ကုသိုလ်တွေက အားသစ်လောင်းပေးလိုက်သဖြင့် ကုသိုလ်အား သို့မဟုတ် အထုံ သို့မဟုတ် ပါရမီအားသည် အထွဋ်အထိပ်သို့ ရောက်လာပြီ ဖြစ်၍ ပါရမီ ပြည့်ကာ ဘ၀၀ဋ်ဒုက္ခမှ လွတ်မြောက်သူများ ဖြစ်သွားကြသည်။ ထို့ကြောင့် ကုသိုလ်အလေ့အကျင့် အထုံတို့ကို နဲသည်ဟူ၍ အထင်မသေးသင့်။ မာဝ မညေထ ပုညဿ န မန္ဒံ အာဂမိဿတိ ဟူသတည်းးးးးး။နိဂုံး
ဒီနှစ် နှစ်ဆန်းက အကောင်းအထုံများကို နောက်နှစ်နောက်နှစ်များ၏ အကောင်းအထုံးလေးများက သတ္တိအားကောင်းအောင် အထောင့်အပံ့ပေးသွားမှာ ဖြစ်သည့်အတွက် တစ်နှစ်ထက် တစ်နှစ် ဆထက် တိုးပြီး အကောင်းအထုံလေးများကို အားထုတ်နိုင်ကြသော အမျိုးကောင်းသား အမျိုးကောင်းသမီးများ ဖြစ်ကြပါစေကုန် သတည်းးးးးးးးး။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၇-၄-၂၀၁၂
1 comments:
နှစ်ဆန်းတစ်ရက် အထူးပို့စ်လေးကို ဖတ်မှတ် ကူးယူသွားပါတယ်ဘုရား။ ဒီထက်မက တရားဓမ္မစာပေများကို ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာစွာဖြင့် မျှဝေ သာသနာပြုနိုင်ပါစေ။
Post a Comment