လိစ္ဆ၀ိမင်းသားများအား ဟောသော ကြီးပွားကြောင်းလမ်းစဉ် (၅) ချက်
စာမိတ်ဆက်
ဒီတရားလေးက ရုရှားရောက် မြန်မာစစ်ဗိုလ်ကျောင်းသားများအား (၁၄-၄-၂၀၁၂)နေ့က ဟောပေးသော တရားဖြစ်ပါတယ်။ သူတို့တတွေဟာ မြန်မာနှစ်သစ်ကူး သင်္ကြန်အတောအတွင်းမှာ သီလယူ၊ တရားနားလေ့ရှိကြတယ်။ နောင်တချိန်မှာ တိုင်းပြည်တနေရာရာကနေ ခေါင်းဆောင်ဖြစ်လာမည့် သူတွေကို မဟာနာမ်နှင့်လိစ္ဆ၀ိမင်းသားတွေကို ဟောသော တရားနှင့် သင့်တော်မည်ထင်၍ အင်္ဂုတ္တရနိကာယ်လာ လိစ္ဆ၀ိကုမာရသုတ်ကို ဟောပေးလိုက်သည်၊ အရင်ကလဲ စင်္ကာပူမှ ဒကာမတစ်ယောက်အား ဟောပေးခဲ့ဖူးသည်။ ထိုဟောခဲ့သည်များကို မှတ်စုကလေးအဖြစ် မှတ်တမ်းတင်ထားပါသည်။စာမိတ်ဆက်
လူ့အဖွဲအစည်းကြီး
လူရယ်လို့ ဖြစ်လာရင် ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း အဖွဲ့အစည်းနဲ့ နေကြရသည်၊ မိသားစု၊ ဆွေးမျိုး၊ ရပ်ကွက်၊ မြို့၊ ခရိုင်၊ တိုင်း၊ ပြည်၊ နိုင်ငံ၊ နိုင်ငံချင်းချင်း ဟူ၍ လူ့အဖွဲ့အစည်းကြီးတစ်ခုအနေနဲ့ နေကြရသည်။ ထိုအဖွဲ့အစည်းတွင်လည်း ခေါင်းဆောင်ဆိုတာပါရှိပြီးဖြစ်သည်၊ ကမ္ဘာ့ခေါင်းဆောင်၊ နိုင်ငံ့ခေါင်းဆောင်၊ တိုင်း-ပြည် ခေါင်းဆောင်၊ မြိုနယ်ခေါင်းဆောင်၊ ရပ်ရွာခေါင်းဆောင် ဆွေတစ်စု မျိုးတစ်စုရဲ့ ခေါင်းဆောင်၊ မိသားစု ခေါင်းဆောင် ဆိုပြီး ခေါင်းဆောင်နှင့်နောက်လိုက်၊ အလုပ်သမား စသည် ပါရှိသည်။ ထိုကဲ့သို့ လူ့အဖွဲအစည်းတွင် ခေါင်းဆောင်နှင့် နောက်လိုက်၊ အလုပ်ရှင်နှင့် အလုပ်သမား၊ အိမ်ရှင်နှင့် အိမ်ဖော်၊ အလုပ်တူ စီးပွားတူ မိတ်ဆွေ အပေါင်းအသင်း စသည်တို့သည် အချင်းချင်း အပြန်အလှန် နားလည်ပြီး မေတ္တာ ရရှိဖို့လိုသည်။ မြတ်ဗုဒ္ဓကလဲ ထိုလူ့အဖွဲ့အစည်းကြီးအတွက် ကြီးပွားရာ ကြီးပွားကြောင်းကို ဘက်ပေါင်းစုံ ရှု့ထောင့်ပေါင်းစုံကနေ လစ်လပ်မှုမရှိ ဟာကွက်မရှိအောင်ကို ထောက်ပြပြီး ဟောထားသည်မှာ မှတ်သားစရာ ကောင်းလှသည်။မဟာနာမ်နှင့် လိစ္ဆ၀ိမင်းသားများ
တနေ့တောာ့ မြတ်ဗုဒ္ဓသည် ဝေသာလီမြို့ထဲ ဆွမ်းခံအပြန် တောအုပ်တစ်ခုမှာ ခေတ္တ သတင်းသုံးတော်မူခိုက် လိစ္ဆ၀ိမင်းသားတွေ တောလိုက်ခွေးများ အခြံရံပြီး လက်ထဲမှာလဲ ဒုတ်တွေ ဓားတွေ လေးတွေ မြှားတွေ ကိုင်ဆောင်လျှက် တောလိုက်ထွက်လာကြသည်၊ တောအုပ်ကြီးထဲရောက်တော့ ဘုရားရှင်ကို မြင်တွေ့သဖြင့် လက်ထဲက လက်နက်တွေ အားလုံး တောထဲ ချုံဘုတ်တွေမှာ ဖွက်၊ ပါလာတဲ့ တောလိုက်ခွေးတွေကိုလဲ မောင်းထုတ်ပြီး ဘုရားရှင်အနား ချဉ်းကပ်ပြီး လက်အုပ်ချီ ကန်တော့နေသည်။ ထိုအခြင်းအရာကို မြင်သော မဟာနာမ်သည် ၀မ်းသာလွန်းသဖြင့် ဥဒါန်းကျူးရင့်သည်၊ “ဘ၀ိဿန္တိ ၀ဇ္ဇီ၊ ဘ၀ိဿန္တိ ၀ဇ္ဇီ- ၀ဇ္ဇီမင်းသားတို့သည် ကြီးပွား ချမ်းသာကြလိမ့်ဦးမည်”ဟုသတည်း။လိစ္ဆ၀ိမင်းသားများနှင့် ဟိရီ-သြတ္တပ္ပ
မင်းသားတွေ ဘုရားရှင်လဲ မြင်လိုက်ရော ဘုရားရှင်ကို အထူးမြတ်ဆုံး အလေးထားရဆုံးပုဂ္ဂိုလ်ဟု သိထားဖြင့် ပါလာတဲ့ လေးတွေ မြှားတွေ ဒုတ်တွေ ဓားတွေ လက်နက်တွေ အားလုံး ဘုရားရှင် မြင်မှာကို စိုးရိမ်သည်၊ ဘုရားကဲ့ရဲ့မှာကို ကြောက်သည်။ ဘုရားရှင်သည် မိမိတို့အဖြစ်ကို မြင်တွေ့မှာကို ရှက်သည်။ ဤသည်ပင် မင်းသားများ၏ ဟိရီနှင့် သြတ္တပ္ပပင်ဖြစ်သည်။ မိမိကိုယ်ကို အလေးထား ရိုသေခြင်းသည် ဟိရီမည်သည်၊ ဟိရီ တရားရှိသူတိုင်း မိမိကိုယ်ကိုယ် ရိုသေ လေးစားကြသည်၊ မိမိကိုယ်ကို လေးစားသူတိုင်း မကောင်းမှုကို မပြုကြ။ သြတ္တပ္ပ၏ သဘောသည် သူတော်တွေ ငြိုငြင်မှာ ကဲ့ရဲ့မှာ အပြစ်တင် ဝေဖန်မှာကို ကြောက်ခြင်းဖြစ်ရကား သူတပါးကို လေးစားခြင်း ရိုသေခြင်းဖြစ်သည်။ သူတပါးကို လေးစားသူတိုင်း မကောင်းမှုလုပ်ရမှာကို ကြောက်ကြသည်၊ သူတော်ကောင်းတွေရဲ့ ပြစ်တင်မှာကို ကြောက်ကြသည်။ ကိုယ့်ကိုယ်ကိုလဲ မလေးစား၊ သူတပါးကိုလဲ မရိုသေသူတို့သည် လောကကြီးမှာ ဖြစ်ချင်တာဖြစ်ဆိုပြီး နေတတ်ကြသည်၊ မည်သည့်ပတ်ဝန်းကျင်ကိုမှ အလေးထားစရာမလိုဟု ယူဆကာ ဖြစ်ချင်တိုင်း ဖြစ်နေကြသည်မှာ ဟိရီနှင့်သြတ္တပ္ပ ဟုသော လောကပါလ တရား နှစ်ပါး ပျေက်ကွယ်နေခြင်းကြောင့် ဖြစ်သည်။သူတော်ကောင်းတရား ၇ ပါး
ဟိရီနှင့်သြတ္တပ္ပသည် သူတော်ကောင်းတရား ၇ ပါးထဲက ၂ ပါးဖြစ်သည်။ “သဒ္ဓါ သတိ ဟိရိ သြတ္တ ၀ီရိယ နှင့် သုတ ပညာ ၇ နှစ်ဖြာ သဒ္ဓမ္မဟုပြ” လိစ္ဆ၀ိမင်းသားတွေ ၀ါသနာအရ တောလိုက်မုဆိုး လုပ်ပေမဲ့ ပင်ကိုယ်က ဟိရီနှင့်သြတ္တပ္ပ သူတော်ကောင်းတရား ရှိနေသောကြောင့် ဘုရားနှင့်တွေ့သော် ရှက်ကြသည်၊ ကြောက်ကြသည်။ ဟိရီ သြတ္တပ္ပရှိသူတိုင်း မကောင်းမှုမှ ရှက်ကြ ကြောက်ကြသည်၊ သူတော်ကောင်းများ ဖြစ်ကြသည်။တခါက ဘုရင်ကိုးကွယ်ခံ ကျောင်းဘုန်းကြီးတစ်ပါး ၀ါသနာ အထုံအရ အင်းဘေးမှာ ထိုင်ပြီး ငါးမျှားနေလေ့ရှိသတဲ့။ တနေ့တော့ ဘုရင်ကြီးက သူ့တပည့်တွေကို ဆရာတော်ဆီ နေ့ဆွမ်းအတွက် ဆွမ်းအုပ် သွားပို့ခိုင်းလိုက်တယ်၊ တပည့်တွေကလဲ ဆရာတော်ကြီး ရှိရာ စုံစမ်းသွားတော့ ငါးမျှားနေတာကို တွေ့တော့ ကြည်ညိုတဲ့ စိတ်တွေ ပျောက်ပြီး ဆွမ်းအုပ်လဲ မကပ်ဘဲ ပြန်လာခဲ့ကြတယ်၊ နန်းတော်ရောက်တော့ ဘုရင်ကြီးကို အကြောင်းစုံလျှောက်ထားတယ်၊ ဘုရင်ကြီးကလဲ သူတို့ပြောတဲ့အတိုင်း ဟုတ်မဟုတ် သေချာချင်တော့ ကိုယ်တိုင်သွားစုံစမ်းတယ်၊ ဘုန်းကြီးလဲ သူ့ကို ကိုးကွယ်တဲ့ ဘုရင်ကြီးကိုလဲ မြင်ရော ငါးမျှားတံတို့ ငါးအစာတို့ကို တနေရာကို ဖွက်ထားသတဲ့၊ ဒါကို ဘုရင်ကြီးက မြင်သွားတော့ “အော်--သူမှာ ၀ါသနာပါလို့သာ ငါးမျှားဟန်တူတယ်၊ ဒါပေမဲ့ ဟိရီ သြတ္တပ္ပတော့ ရှိနေသေးသားပဲ၊ သူတော်ကောင်းတရား သူ့သန္တာန်မှာ ရှိနေတာပဲ” ဟု တွေးပြီး ပိုကြည်ညိုသတဲ့။
မြတ်ဗုဒ္ဓဟောသော ကြီးပွားရေးလမ်းစဉ်
ဒီလိုနဲ့ မဟာနာမ်က ဥဒါန်းကြူးရခြင်းအကြောင်းကို မြတ်ဗုဒ္ဓအား လျှောက်ထားသည်၊ “ဒီလိစ္ဆ၀ိမင်းသားတွေဟာ အလွန်ဆိုးသွမ်းပါတယ်ဘုရား၊ အပြောအဆို အမူအရာ အားလုံး ရိုင်းစိုင်း ကြမ်းတမ်းကြပါတယ်ဘုရား၊ ဘုရင့်အတွက် တိုင်းတစ်ပါး၊ မြို့ရွာ၊ မိတ်ဆွေတွေဆီက ပို့လိုက်သော လက်ဆောင်တွေကို လမ်းကနေ ဖြတ်လုလေ့ရှိပါတယ်ဘုရား၊ မိန်းကလေးတွေ နောက်ကလိုက်ပြီး စတယ် နောက်ပြောင်လေ့ရှိပါတယ်ဘုရား၊ ဒီလောက် ဆိုးသွမ်းတဲ့ မင်းသားတွေ မြတ်ဗုဒ္ဓကို မြင်တော့ ရှက်ရကောင်းမှန်းသိကြတယ်၊ ကြောက်ရကောင်းမှန်းလဲ သိကြတယ်ဘုရား၊ တပည့်တော် အံ့သြလွန်းလို့ ဒီလို ဆိုမိတာပါဘုရား”ဟု လျှောက်တော့ ဘုရားရှင်က လူ့လောကအတွက် ကြီးပွားရေးလမ်းစဉ် ၅ ခုကို ဆက်ပြီး ဟောပြလိုက်သည်။ကြီးပွားရေးလမ်းစဉ် (၅)
(၁) မာတာပိတရော သက္ကရောတိ- တရားသဖြင့် ကိုယ့်လုလ္လဖြင့် ရအပ်သော ပစ္စည်းတို့ဖြင့် မိဘကို ပြုစု ထောက်ပံ့ခြင်း။ မိဘကို လုပ်ကျွေးသော သားအလိမ္မာ သမီးအလိမ္မာလေးတွေကို မိဘတွေက ကောင်းသော စိတ်၊ ကရုဏာစိတ်တို့ဖြင့် “ငါ့သား ငါ့သမီး အသက်ရှည်ပါစေ၊ ဘုန်းကြီးပါစေ” လို့ ဆိုပြီး စောင့်ရှောက်ကြသည်။ မိဘချစ်ခင်မှုကို ရသော၊ မိဘမေတ္တာကို ရရှိသော သား သမီးသည် ဘယ်တော့မှ ဆင်းဒုက္ခနှင့်မတွေ့ရ၊ ကောင်းကျိုးမင်္ဂလာတွေနဲ့ပဲ တွေ့ရမှာ ဖြစ်သည်။တခါတရံ ပြောမရ ဆိုမရတဲ့ သားကို ကရုဏာဒေါသောဖြင့် စိတ်ဆိုးမာန်ဆိုးနဲ့ “လမ်းမှာ ကျွဲရိုင်းမကြီးနဲ့ တွေ့ပါစေ”လို့ ကျိန်ပြောလိုက်မိသည်။ တကယ်ပဲ အမေက ကျိန်ပြောလိုက်သလိုပဲ ကျွဲမကြီးက သူ့ကို ခွေ့သက်တော့မည့်ဟန်ဖြင့် တည့်တည့်မည့်မည့် လာနေသည်ကို မြင်တော့ ကြောက်ဒူးတွေတုန်နေသည်။ သားဖြစ်သူက “ငါ့အမေ ပါးစပ်က ထွက်လာတဲ့စကားသည် ရင်ထဲက တကယ်မဟုတ်၊ ငါ့အမေရဲ့ ရင်ထဲက စကားသည် ငါ့ကို သေစေချင်တဲ့ဆန္ဒ လုံးဝမရှိ၊ ဤမှန်ကန်သော သစ္စာစကားကြောင့် ကျွဲမကြီး ငါ့အနားက ထွက်ခွါသွားပါစေ” ဟု သစ္စာဆိုလိုက်သောအခါ ခွေ့သက်ရန်လာသော ကျွဲမကြီး သူအနီးအနားရောက်မှ လမ်းကြောင်းလွဲထွက်သွားသည်။
မိဘများသည် သားသမီးအပေါ် ဗြဟ္မာလိုတမျိုး မိဘလိုတမျိုး ဆရာလိုတမျိုး စောင့်ရှောက်တတ်သောကြောင့် သားသမီးတွေရဲ့ အပူဇော်ထူးကို ခံထိုက်သူများ ဖြစ်ကြသည်။ ထို့ကြောင့် မိဘများသည် လောကမှာ အလေးထား ပူဇော်သင့်သူများ ဖြစ်ကြသည်။ နောက် ကြီးပွားကြောင်းတစ်ခုကတော့ မိဘအပြင် သား မယား၊ အလုပ်သမားများပင်ဖြစ်သည်။
(၂) ပုတ္တဒါရဒါသကမ္မကရပေါရိသေ သက္ကရောတိ- သား၊ မယား၊ ကျွန်၊ အလုပ်သမားများကို ချီးမြောက်ခြင်း၊ ပေးကမ်းခြင်း။ မိသားစုတစ်စု၏ ဦးစီးတစ်ယောက်သည် သား မယားကို ပြုစုရမည်၊ ပေးကမ်း ချီးမြင့်ရမည်၊ အလုပ်ရှင်သည် အလုပ်သမား၊ အိမ်အကူ စသော ကိုယ့်အောက် ငယ်သားတွေကို ချီမြောက်ရမည်၊ ပေးကမ်းရမည်၊ အလေးထားရမည်။ ထို့အတူ တိုင်းပြည်ခေါင်းဆောင်၊ မြို့၊ ရပ်ရွာ ခေါင်းဆောင်တို့သည် ပြည်သူပြည်သားတွေကို အလေးထားရမည်၊ ပေးကမ်းချီးမြောက်ရမည်။ အလုပ်သမား အိမ်ဖော်တွေရဲ့ မေတ္တာရရှိမှ အိမ်ရှင် အလုပ်ရှင်တို့ လုံခြုံ စိတ်ချပြီး ကြီးပွားမည် ဖြစ်သည်။ ပြည်သူပြည်သားတွေ မေတ္တာရရှိမှ ခေါင်ဆောင်းတို့သည် အလုပ်လုပ်ရတာ အဆင်ပြေသလို တိုင်းပြည်အတွက် အေးချမ်းသာယာပြီး ကြီးပွားမည် ဖြစ်သည်။ ထို့ကြောင့် ကိုယ့်အောက် ရာထူး အဆင့်အတန်း ဂုဏ်စသည် ငယ်သည် သေးသည်ဟူ၍ အထင်မသေးသင့်ဘဲ အလေးထားရမည် ဖြစ်သည်။ ကိုယ့်အောက်ငယ်သားတို့၏ မေတ္တာ ရရှိခြင်းသည်လည်း ကြီးပွားကြောင်း လမ်းစဉ် တစ်ခု ဖြစ်သည်။
(၃) ခေတ္တကမ္မန္တသာမန္တာသဗျောဟာရေ သက္ကရောတိ-လယ်ချင်းကပ် ယာချင်းကပ်၊ ခြံခြင်းကပ် စီပွားဘက်များကိုလည်း အလေးထားခြင်း ပေးကမ်းခြင်း။ လူ့အဖွဲ့အစည်း ပတ်ဝန်းကျင်နဲ့နေကြရသော လူတို့အတွက် ပတ်ဝန်းကျင်သည်လည်း အလေးထားရမည့်သူများ ဖြစ်ကြသည်။ သူတို့ကို အလေးထား မေတ္တာထား ပေးကမ်းချီမြောက်မှသာလျှင် သူတို့တတွေရဲ့ မေတ္တာရရှိမည်။ အိမ်ချင်းကပ် မိသားစု၊ လယ်ချင်း၊ ယာချင်းကပ် စီးပွားဘက်၊ မိတ်ဆွေ၊ ဒီထက် ပိုကျယ်ကျယ်ပြန့်ပြန့် တွေးသော် နိုင်ငံချင်းကပ် မိတ်ဆွေတို့ထံမှ ပေးကမ်းချီးမြောက်ခြင်းဖြင့် မေတ္တာရယူရပါသည်။ ကိုယ့်ကို မေတ္တာထားသော သူတို့သည် ကိုယ့်အကျိုးအစီးပွားကို ဘယ်တော့မှ ဖျက်ဆီးလိမ့်မည် မဟုတ်၊ ကြီးပွားရေးကိုပဲ အားပေး ထောက်ပံ့နေကြမည် ဖြစ်သည်။ ထို့ကြောင့် သူတို့တတွေ၏ မေတ္တာ ကရုဏာများ ရခြင်းသည်လည်း ကြီးပွားကြောင်းတစ်ခု ဖြစ်သည်။
(၄) ဗလိပဋိဂ္ဂါဟိကာ ဒေ၀တာ သက္ကရောတိ-ဘိုးစဉ်ဘောင်ဆက်ကထဲက စောင့်ရှောက်ပေးကြသော နတ်များကို ပူဇော်ခြင်း။ လောကပတ်ဝန်းကျင်ဆိုတဲ့ နေရာမှာ သာမန်လူသားတွေ မမြင်နိုင်တဲ့ပုဂ္ဂိုလ်တွေ၊ လူတွေနဲ့ နီးနီးစပ်စပ်ရှိတဲ့ သူတွေဆိုတာ ရှိတယ်။ တောစောင့်နတ်၊ တောင်စောင့်နတ်၊ ရုက္ခစိုး စတဲ့ နတ်တွေဆိုတာ ရှိပါတယ်၊ ယနေ့ခေတ် မြန်မာတချို့ယုံကြည်တဲ့ မနဲလေး၊ အမေဂျမ်း၊ ကိုကြီးကျော်၊ ဘိုးမင်းခေါင်စတဲ့ ပုဂ္ဂိုလ်မျိုးတွေ နတ်မျိုးတွေကို ဆိုလိုသည်မဟုတ်။ တကယ်ရှိနေတဲ့ ဘိုးစဉ်ဘောင်ဆက်ကထဲက ကိုယ့်ကို စောင့်ရှောက်နေတဲ့ လူသားတွေနဲ့ ဆက်စပ်မှုရှိတဲ့ နတ်တွေကို ဆိုလိုပါသည်။ တကယ်တော့ ထိုနတ်တွေဆိုတာလဲ တမလွန်ရောက် မိမိတို့ရဲ့ ဆွေတော်မျိုးတော်များဖြစ်ကြသည်။ သူတို့ကို ပူဇော်တယ်ဆိုတာလဲ ကိုယ် နေ့စဉ်ပြူသမျှကို မေတ္တာပို့ အမျှပေးဝေခြင်းပဲ ဖြစ်သည်၊ နတ်စဉ်တွေ သင်ပင်ကြီးတွေအောက် ထမင်းဟင်းတွေ ကန်တော့ပွဲထိုးပြီး ပူဇော်တာမျိုး မဟုတ်၊ ထိုပူဇော်မျိုးက အချိန်ကုန် ပိုက်ဆံကုန်တာပဲ အဖတ်တင်ပြီး နှစ်ဦးနှစ်ဖတ် ဘာမှ အကျိုးမရဘဲရှိ၏။ လူသားတွေနဲ့ နီးနီးစပ်စပ်ရှိတဲ့နတ်တွေကို ပူဇော်ခြင်းဖြင့် သူတို့တတွေရဲ့ မေတ္တာကို ရရှိမည်၊ သူတို့တတွေရဲ့မေတ္တာဖြင့် ဘေးအန္တရာယ်နဲ့ မကြုံရ၊ ကောင်းကျိုး မင်္ဂလာတွေနဲ့ပဲ တွေ့ကြုံရမည်။
စစ်ကိုင်းတောင်က ဆွမ်းခံ အမြဲကြွလေ့ရှိတဲ့ သက်တော်ရှည်ဆရာတော်ကြီး၏ ဖြစ်ရပ်မှန် တစ်ခု ကြားဖူးသည်။ ဓုတင်လဲဆောင် သီလလုံခြုံသော ဆရာတော်ကြီးက နေ့စဉ် နတ်တွေကို မေတ္တာပို့ အမျှဝေလေ့ရှိသတဲ့၊ တနေ့တော့ နေ့စဉ်ဆွမ်းခံမပျက် ဆွမ်းခံကျင့်ဝတ်ရှိတဲ့ ဆရာတော်ကြီး ခေါင်းထဲမှာ မူးသလိုလိုဖြစ်၊ ဗိုက်ထဲမှာလဲ မအီမသာဖြစ်၊ ဆွမ်းခံသွားလို့ မရလောက်အောင်ကို ဖြစ်နေသည်။ နေ့စဉ် ၇ နာရီ ဆွမ်းခံကြွလေ့ရှိသော ဆရာတော်ကြီးကို မျှော်နေသော ချောင်က သီလရှင်ဆရာကြီးများကလဲ “ပုံမှန် ဆွမ်းခံဝတ်မပျက် ကြွလေ့ရှိတဲ့ဆရာတော်ကြီး ဒီနေ့မှ ထူးထူးဆန်းဆန်း ဘာလို့ မကြွပါလိမ့်”ဟု အတွေးဝင်နေသည်။ ၉ နာရီကလဲ ထိုးနေပြီ၊ ဒီအချိန်မှ မကြွရင် ကြွမလာလောက်တော့ဘူးဟု ဆုံးဖြတ်ပြီး ဆရာတော်ကြီးအတွက် ခင်းထားလေ့ရှိသည့် နေရာထိုင်ခင်းကို ရုတ်လိုက်သည့်အခါ မြွေပွေးကြီးတစ်ကောင် ခွေနေသည်ကို တွေ့ရသည်။ အကယ်၍သာ ဆရာတော်ကြီး ကြွလာပြီး ထိုင်မိလိုက်ရင် မတွေးဝံ့စရာ။ ယခုတော့ ဆရာတော်ကြီး ကံကောင်းသွားသည်။ ဤသည်မှာ ဆရာတော်ကြီးကို ချစ်သော နတ်ဒေ၀ါတွေက ဆရာတော်ကြီးကို ကယ်လိုက်ခြင်းပဲ ဖြစည်။ ဒီလို ဖြစ်ရပ်မှန်တွေ များစွာတွေ့ရသည်၊ တချို့လဲ မိသားစုလိုက် အက်စီးဒင့်ဖြစ်ပြီး အသက်ဆုံးကြပေမဲ့ ထိုနေ့ ထိုခရီးစဉ်ကို လိုက်ချင်စိတ်မရှိလို့ ကျန်ရစ်သူ တစ်ယောက်သာ အသက်ရှင်ခွင့်ရသည့် အဖြစ်အပျက်တွေကလဲ များစွာတွေ့ကြုံနေရသည်။ မမြင်နိုင်တဲ့သူတွေရဲ့ အစောင့်ရှောက်ကို ရခြင်းသည်လည်း ကြီးပွားချမ်းသာကြောင်း လမ်းစဉ် တစ်ခုဖြစ်သည်။
(၅) သမဏဗြဟ္မဏေ သက္ကရောတိ- ရဟန်းသံဃာ သူတော်စဉ်တို့ကို ပေးကမ်း ပူဇော်ခြင်း၊ အလေးထားခြင်း။ ကိုယ့်ပတ်ဝန်းကျင်တွင် အလေးထားရဆုံး သူတော်စဉ်များကို ရိုသေ ဦးတိုက်ခြင်း၊ ပူဇော်ခြင်းအလေ့ရှိသူတို့ကို ထိုရဟန်းသံဃာ သူတော်စဉ်များက မေတ္တာပို့ ကရုဏာပွားခြင်းတို့ဖြင့် စောင့်ရှောက်ကြသည်။ သူတော်ကောင်းတွေရဲ့ မေတ္တာ ရရှိသူတို့သည် ဘယ်တော့ ဆင်းရဲဒုက္ခနဲ့ မတွေ့ရ၊ မကြုံရ၊ ကောင်းကျိုးချမ်းသာ မင်္ဂလာများဖြင့်သာ ဆုံကြရ ကြုံကြရမှာ ဖြစ်သည်။ ရဟန်းသံဃာ သူတော်စဉ်တို့သည်လည်း လူ့အဖွဲ့အစည်းကြီးထဲက အလေးထားရဆုံးအဖြစ် ပါဝင်ကြသည်၊ သူတို့ကို ပူဇော်ခြင်းသည်လည်း ကြီးပွားကြောင်း လမ်းစဉ်တစ်ခု ဖြစ်သည်။
အဆုံးသက်စကား
ဤ ကြီးပွားကြောင်းလမ်းစဉ် ၅ ခုကို ခြုံကြည့်လိုက်လျှင် အားလုံးသည် လူ့အဖွဲ့အစည်း၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ်နဲ့ နီးနီးစပ်စပ် နေသူများဖြစ်ကြသော (၁)မိဘကို (၂) သားမယား၊ အလုပ်သမား၊ အိမ်အကူ စသည်များ၊ (၃) အိမ်ချင်းကပ်၊ ခြံချင်းကပ်၊ ယာချင်းကပ် စီးပွာဘက်နှင့် မိတ်ဆွေများ၊ (၄) မိရိုးဖလာ ဆွေးစဉ်မျိုးဆက်ကထဲက အစောင့်အရှောက်နတ် ဆွေတော်မျိုးတော်နတ်များနှင့် (၅) ရဟန်းသံဃာ သူတော်စင်များကို ပေးကမ်းခြင်း၊ ချီမြောက်ခြင်းတို့ပဲ ဖြစ်သည်။ ပေးကမ်းသော လက်ကို မည်သူမျှ ရန်မမူ၊ ပေးကမ်းသော လက်ကို လူမျိုးစုံ အရွယ်မျိုးစုံ စရိုက်မျိုးစုံက လက်ကမ်းကြိုဆိုကြမည် ဖြစ်သည်။ ထို့ကြောင့် ပေးကမ်းခြင်းဖြင့် မေတ္တာကို ရရှိနိုင်သည်။ထိုသူအားလုံးရဲ့ မေတ္တာကို ရရှိသော သူ၊ နိုင်ငံ၊ ပြည်၊ တိုင်း၊ မြို့၊ ရပ်ရွာတို့သည် ဘယ်သောအခါမှ ဆင်းရဲခြင်းမျိုးနှင့် မဆုံရ မကြုံရဘဲ ကောင်းကျိုးမင်္ဂလာများနှင့်သာ ဆုံရ ကြုံရမည်။
“ယဿ ကဿစိ၊ မဟာနာမ၊ ကုလပုတ္တဿ ဣမေ ပဉ္စဓမ္မာ သံဝိဇ္ဇန္တိ----ယဒိ ၀ါ ရညော (ပ) ဂါမ ဂါမဏိကဿ ၀ါ၊ ယဒိ ၀ါ ပူဂဂါမဏိကဿ၊ ယေ ၀ါ ပန ကုလေသု ပစ္စေကာဓိပစ္စံ ကာရေန္တိ၊ ၀ုဒ္ဓိယေ၀ ပါဋိကင်္ခါ၊ နော ပရိဟာနိ”
“မဟာနမ်-- ဤကြီးပွားကြောင်း လမ်းစဉ်ကို လိုက်နာ ပြုကျင့်အားထုတ်တဲ့ပုဂ္ဂိုလ်သည် တိုင်းပြည်မင်းလုပ် ဘုရင်ပဲ ဖြစ်ဖြစ်၊ အမတ်ပဲဖြစ်ဖြစ်၊ ၀န်ကြီးပဲ ဖြစ်ဖြစ်၊ စစ်သေနာပတိပဲဖြစ်ဖြစ်၊ ရွာသူကြီးပဲ ဖြစ်ဖြစ်၊ ပြည်သူ ပြည်သားတွေပဲ ဖြစ်ဖြစ်၊ ရွာသူရွာသားတွေပဲ ဖြစ်ဖြစ် ကြီးပွားချမ်းသာကြမည်၊ ဘယ်တော့မှ ဆုတ်ယုတ်ခြင်း ဆင်းရဲခြင်းမျိုးနဲ့ မကြုံဘူး”ဟု ဘုရားက နိဂုံးအနေနဲ့ မဟာနာမ်အမှူးကြီးသော လိစ္ဆ၀ိမင်းသားတွေကို ဟောခဲ့သည်။
ဒါ့ကြောင့် အားလုံး-- လိဇ္ဇ၀ီမင်းသားများအား ဟောကြားတဲ့ ကြီးပွားကြောင်းလမ်းစဉ်တရားကို နာကြားရပြီး မိမိတို့တတွေလဲ ကြီးပွားရာ ကြီးပွားကြောင်းများကို ကိုယ်စီ အားထုတ်နိုင်သော အမျိုးကောင်းသားများ အမျိုးကောင်းသမီးများ ဖြစ်ကြပါစေကုန်သတည်း-- ဤကဲ့သို့ ပြုလုပ်အားထုတ်သွားကြသော ရှေးရှေးသော သူတော်ကောင်းတို့ ရအပ် ရောက်အပ်သော သိမြင်အပ်သော အသင်္ခတ နိဗ္ဗာန်ကို လျှင်မြန်စောစွာ ရကြရာ ရောက်ကြရာပါစေကုန်သောဟူ၍ ပဋ္ဌနာအောင်ဆု ပြုလိုက်ကြကုန်ရာ သတည်းးးးးးး
သာဓု သာဓု သာဓု
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၄-၄-၂၀၁၂
0 comments:
Post a Comment